၂၄။ ကျွန်မသည် ပြစ်မှားခြင်း၏ ချည်နှောင်ခြင်းကို မခံရတော့ပါ
၂၀၀၆ ခုနှစ်၊ ဇူလိုင်လရဲ့ နေ့တစ်နေ့မှာ ကျွန်မရဲ့ တွဲဖက်အမှုဆောင်တွေနဲ့ အစည်းအဝေးလုပ်ဖို့ သွားနေတုန်း လမ်းမှာ ကျွန်မ ရုတ်တရက် အဖမ်းခံလိုက်ရတယ်။ အဲဒီညမှာ ကျွန်မကို စစ်မေးဖို့အတွက် လျှို့ဝှက်နေရာတစ်ခုဆီကို ကျွန်မကို ခေါ်သွားတယ်။ ရဲတွေက ကျွန်မဆီကနေ အသင်းတော်ငွေအတွက် ပြေစာတွေကို တွေ့သွားတယ်။ အဲဒါနဲ့ ကျွန်မကို အလှည့်ကျ စစ်မေးပြီး အသင်းတော်ပိုက်ဆံထိန်းသိမ်းသူတွေနဲ့ စီနီယာခေါင်းဆောင်တွေရဲ့ နာမည်တွေကို ပေးဖို့ ကျွန်မကို ဖိအားပေးကြတယ်။ ကျွန်မက မပြောဘူး။ အဲဒါနဲ့ သူတို့က ကျွန်မကို သားရေခါးပတ်နဲ့ ရိုက်တယ်။ ကျွန်မ လက်ကောက်ဝတ်ကို လက်ထိပ်ခတ်ပြီး သံကြိုးတစ်ခုကို သုံးပြီး ကျွန်မကို ချိတ်ဆွဲထားတယ်။ ကျွန်မကို ဒီလိုပုံစံနဲ့ တစ်ပတ် နှိပ်စက်ကြတယ်။ ကျွန်မ ရေငတ်ပြီး ဗိုက်လည်းဆာတယ်။ လုံးဝ အားမရှိတော့ဘူး။ တစ်ချိန်ကျတော့ ကျွန်မ မေ့မျောသွားတယ်။ ကျွန်မ နှိုးတော့ သူတို့က ကျွန်မသောက်ဖို့ ဘာပေးခဲ့လဲဆိုတာ ကျွန်မ သေချာမသိဘူး။ ဒါပေမဲ့ ကျွန်မပါးစပ်မှာ အရသာတစ်မျိုးရတယ်။ ကျွန်မ အသက်မရှူနိုင်ဖြစ်နေပြီး တစ်ကိုယ်လုံး စူးရှနာကျင်နေတယ်။ အဲဒီအချိန်မှာ ကျွန်မ အသွေးအသားက ခံနိုင်တဲ့ အတိုင်းအတာကို ကျော်တော့မယ်။ ကျွန်မကို နောက်ထပ် ဘာလုပ်ကြမလဲဆိုတာ ကျွန်မ မသိခဲ့ဘူး။ ကျွန်မ တော်တော်ကြောက်မိတယ်။ နှိပ်စက်တာကို မခံနိုင်ဘဲ ယုဒဖြစ်သွားမှာကို ကြောက်မိတယ်။ ပြီးတော့ ကျွန်မ စိတ်နှလုံးထဲကနေ ဘုရားကို အလေးအနက်ဆုတောင်းပြီး ကျွန်မရဲ့ သက်သေခံချက်မှာ ခိုင်ခိုင်မာမာရပ်တည်အောင် ကူညီပေးဖို့ ဘုရားကို တောင်းလျှောက်တယ်။ ကျွန်မက ဒီလို ညှဉ်းပန်းခံရပြီး အသင်းတော်ရဲ့ ခေါင်းဆောင်တွေနဲ့ ပိုက်ဆံအကြောင်းကို ထုတ်မပြောသေးတာကို ရဲတွေက မြင်တော့ ကျွန်မကို သွေးဆောင်ဖို့အတွက် ပရိယာယ်ပြောင်းပြီး မိသားစုချစ်ခင်မှုကို အသုံးပြုတယ်။ “မင်း အိမ်မပြန်တာ သုံးလေးနှစ်ရှိပြီ။ မင်းမိသားစုနဲ့ ကလေးတွေက မင်းကို တော်တော်သတိရမှာပဲ။ အသင်းတော်ပိုက်ဆံက ဘယ်မှာလဲ။ ငါတို့ကို အကုန်ပြောပြရင် မင်းကို အိမ်ပြန်ခွင့်ပြုမယ်” ဆိုပြီးတော့ ပြောတယ်။ သူတို့က ပိုက်ဆံနည်းနည်းလည်း ထုတ်ပြပြီး အသင်းတော်ပိုက်ဆံ ထိန်းသိမ်းသူတွေကို သူတို့ တွေ့ပြီးပြီလို့လည်း ပြောတယ်။ ဒါကို ကြားတော့ ကျွန်မ ကိုယ့်ဘာသာ တွေးလိုက်တယ်။ “သူတို့က ပိုက်ဆံကို သိမ်းပြီးမှတော့ ငါ သူတို့ကို ပြောသည်ဖြစ်စေ၊ မပြောသည်ဖြစ်စေ မထူးတော့ဘူး။ ငါ သူတို့ကို တစ်ခုခုပြောလိုက်ရင် နှိပ်စက်တာ မခံရလောက်တော့ဘူး။” ပေါ့။ ကျွန်မ သူတို့ကို အသင်းတော်ပိုက်ဆံကို ထိန်းသိမ်းတဲ့ မိသားစုတစ်စုကို ပြောပြလိုက်တယ်။ ပြီးတော့ ရဲတွေက အဲဒီပိုက်ဆံကို သွားသိမ်းဖို့ ကျွန်မကို ခေါ်သွားခိုင်းတယ်။ သူတို့ထောင်ချောက်ထဲကို ကျွန်မရောက်သွားတယ်ဆိုတာ အဲဒီအချိန်ကျမှပဲ သဘောပေါက်လိုက်တယ်။ အဲဒီအချိန်မှာ ကျွန်မခံနိုင်သမျှကို တောင့်ခံခဲ့တယ်။ ကျွန်မ ကိုယ့်ဘာသာတွေးတယ်။ “ငါက ထိန်းသိမ်းတဲ့ မိသားစုအကြောင်းကို ဖော်လိုက်ပြီ။ သူတို့ကို အဲဒီနေရာဆီ ခေါ်မသွားရင် ငါ့ကို သေချာပေါက် ဆက်နှိပ်စက်မှာပဲ။ ပြီးတော့လည်း ငါအဖမ်းခံရတာ တစ်ပတ်ရှိနေပြီ။ အသင်းတော်ပိုက်ဆံက နေရာရွှေ့ပြီးလောက်ပြီ” ပေါ့။ အတွက်မှားလိုက်မိတဲ့အချိန်ခဏမှာပဲ ကျွန်မက ရဲတွေကို ထိန်းသိမ်းသူရဲ့ အိမ်ကို ခေါ်သွားလိုက်တယ်။ ကျွန်မ အဖမ်းခံရတာကို အသင်းတော်က ကြားပြီးတဲ့နောက်မှာ သူတို့က အသင်းတော်ပိုက်ဆံကို ချက်ချင်း ရွှေ့ကြတယ်။ ထိန်းသိမ်းတဲ့မိသားစုဆီက ညီအစ်ကိုက အဖမ်းခံရလုနီးပါး ဖြစ်သွားတယ်။ ဒါပေမဲ့ ဘုရားရဲ့ ကွယ်ကာမှုအောက်မှာ ရဲတွေ ရုတ်တရက် ဝင်ဖမ်းတာကို လွတ်သွားတယ်။ ရဲတွေက အသင်းတော်ပိုက်ဆံကို ရှာမတွေ့တော့ ကျွန်မကို ထောင်တစ်နှစ်နဲ့ ကိုးလဆိုပြီး စိတ်ကူးပေါက်သလို စီရင်ချက်ချလိုက်တယ်။
ထောင်မှာ ကျွန်မ ကုန်ဆုံးရတဲ့ နေ့ရက်တိုင်းက ဒုက္ခတွေ၊ ဝေဒနာတွေနဲ့ ပြည့်နေတယ်။ အထူးသဖြင့် ဒီလိုပြောထားတဲ့ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ တွေးမိတဲ့အခါ “ဆင်းရဲဒုက္ခကြီးစွာ ခံစားရချိန်များတွင် ငါ့အပေါ် စိုးစဉ်းမျှ သစ္စာစောင့်သိမှု မပြသခဲ့သူများအား ငါသည် နောက်ထပ် သနားကြင်နာတော့မည် မဟုတ်ဘဲ ငါ၏ကရုဏာသည် အကန့်အသတ်ရှိကြောင်းကို ငါရှင်းလင်းစေရမည်။ ထို့ပြင် တစ်ချိန်က ငါ့ကို သစ္စာဖောက်ခဲ့သူ မည်သူ့ကိုမျှ ငါနှစ်သက်ခြင်းမရှိ၊ ၎င်းတို့၏မိတ်ဆွေများ၏ အကျိုးအပေါ် သစ္စာဖောက်သူများနှင့် ငါသည် သာ၍ပင် ပတ်သက်ဆက်နွှယ်လိုခြင်း မရှိ။ ထိုသူသည် မည်သူပင်ဖြစ်စေ ဤသည်မှာ ငါ၏စိတ်သဘောထား ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့) အဲဒီညီအစ်ကိုအကြောင်း ဖော်လိုက်ခြင်းအားဖြင့် ကျွန်မက ယုဒဖြစ်သွားပြီဆိုတာ ကောင်းကောင်း သိခဲ့ပါတယ်။ ဘုရားရဲ့ စိတ်သဘောထားကို ကျွန်မ ပုန်ကန်ပြစ်မှားခဲ့တယ်။ ခွင့်လွှတ်လို့မရတဲ့ အပြစ်ကို ကျွန်မ ကျူးလွန်ခဲ့တယ်။ ဒါကို စဉ်းစားမိတော့ ကျွန်မ စိတ်နှလုံးက အရမ်းနာကျင်ရတယ်။ ဘုရားကို ကျွန်မ သစ္စာဖောက်ခဲ့ပြီ။ ကျွန်မကို သူ သေချာပေါက် ကယ်တင်မှာ မဟုတ်ဘူး။ ဘုရားကို ယုံကြည်တဲ့ ကျွန်မ အချိန်က လုံးဝ ပြီးဆုံးသွားနိုင်တယ်။ အဲဒီအချိန်ကစပြီး ကျွန်မ စိတ်ဓာတ်ကျသွားတယ်။ နေ့တိုင်း စိတ်ဆင်းရဲစွာနဲ့ ဖြတ်သန်းရတယ်။ ကျွန်မ စိတ်နှလုံးက ဒုက္ခခံနေရပြီး သေတာက ပိုကောင်းမယ်လို့ ခံစားမိတယ်။ ကျွန်မက သေဖို့သက်သက် စောင့်နေခဲ့ပြီး အဲဒီနေ့ကျရင် ကျွန်မ လွတ်မြောက်သွားမှာပဲ။ ဘုရားကို ကျွန်မ ဆုတောင်းသေးပေမဲ့ ကျွန်မ ပြစ်မှားမှုကို တွေးမိတိုင်း ဘုရားက ကျွန်မကို အလိုရှိမှာမဟုတ်တော့ဘူးလို့ ခံစားရတယ်။ ပြီးတော့ ကျွန်မက ဘုရားရှေ့ကိုလာဖို့ မထိုက်တန်ဘူးလို့ တွေးမိတယ်။ ကျွန်မ ထောင်ကနေ ထွက်ပြီး နှစ်နှစ်ကြာတော့ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို ရှာတွေ့ကြတယ်။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် သိမြင်မှုနည်းနည်းရှိတာကို သူတို့မြင်တော့ ကျွန်မရဲ့ အသင်းတော်အသက်တာကို ပြန်နေခွင့်ပြုပြီး ကျွန်မအတွက် တာဝန်တစ်ခု စီစဉ်ပေးတယ်။ ကျွန်မ အရမ်းကို ခံစားရပြီး ဘုရားက ကျွန်မကို နောင်တရဖို့ အခွင့်အရေးပေးနေတာပဲလို့ တွေးမိတယ်။ ဘုရားအပေါ် ကျွန်မ အကြွေးတင်တယ်လို့ ပိုပြီးတော့တောင် ခံစားမိတယ်။ ဘုရားကို ဆုတောင်းရင်းနဲ့ ခါးသီးတဲ့ မျက်ရည်တွေကျတယ်။ “ဘုရားသခင်၊ သမီးက ကိုယ်တော့်ရှေ့ကို လာဖို့ တကယ်ကို မထိုက်တန်ပါဘူး။ အခြေအနေတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ သမီးက ဘာသက်သေကိုမှ လုံးဝ မခံခဲ့ပါဘူး။ အဲဒီညီအစ်ကိုအကြောင်းကို သမီး ထုတ်ပြောခဲ့ပြီး ယုဒဖြစ်သွားခဲ့တယ်။ ရှက်စရာကောင်းတဲ့သူတစ်ယောက် ဖြစ်ခဲ့တယ်။ ဒီနေ့ အသင်းတော်ဆီ ပြန်လာပြီး တာဝန်ထမ်းဆောင်ဖို့ ကိုယ်တော်က သမီးကို အခွင့်အရေးပေးခဲ့ပါတယ်။ ကိုယ်တော်ရဲ့ သနားကရုဏာကို သမီး မြင်နိုင်ပါတယ်။” ဆိုပြီးတော့။ တာဝန်ကို လုံ့လရှိရှိနဲ့ ထမ်းဆောင်ဖို့ ကျွန်မရဲ့ ပြစ်မှားမှုအတွက် ဖာထေးဖို့၊ ဘုရားရဲ့ ချစ်ခြင်းကို ပြန်ပေးဆပ်ဖို့ ကျွန်မ စိတ်နှလုံးထဲမှာ တိတ်တဆိတ် စိတ်ပိုင်းဖြတ်လိုက်တယ်။ နောက်ပိုင်းမှာ အသင်းတော်က ကျွန်မအတွက် ဘာတာဝန်ကိုပဲ စီစဉ်ပေးပါစေ ကျွန်မက အမြဲတမ်း စိတ်ထက်ထက်သန်သန်နဲ့ ပူးပေါင်းလုပ်ခဲ့တယ်။ ကျွန်မ ကြုံရတဲ့ အခြေအနေတွေက ဘယ်လောက်ဆိုးပါစေ ဒီအခက်အခဲတွေကို ကျွန်မကို စိတ်ညစ်အောင်လုပ်ခွင့်မပေးခဲ့ဘူး။ ကျွန်မရဲ့ ပြစ်မှားမှုအတွက် ဖာထေးဖို့ အကောင်းဆုံး လုပ်ချင်ခဲ့တယ်။
တစ်နေ့မှာ ချန်ဟွာက အဖမ်းခံရပြီး ယုဒဖြစ်သွားတယ်၊ ခေါင်းဆောင်တွေ၊ အမှုဆောင်တွေ၊ ပိုက်ဆံထိန်းသိမ်းတဲ့ မိသားစုတွေအများကြီးအကြောင်းကို ဖော်ပြောခဲ့ပြီး နောက်ကျတော့ အသင်းတော်ကနေ ရှင်းလင်းပစ်ခံရတယ်ဆိုတာ ကျွန်မ ကြားရတယ်။ ဒီသတင်းကို ကြားတော့ ကျွန်မကိုယ်တိုင်ရဲ့ အခြေအနေကို ချက်ချင်းပဲ တွေးမိတယ်။ ကျွန်မလည်း လူတွေအကြောင်းကို ဖော်ပြောခဲ့တာပဲ။ ဒါကြောင့် အသင်းတော်ပိုက်ဆံကို ရဲတွေက သိမ်းလုနီးပါး ဖြစ်သွားခဲ့တယ်။ ဒီဟာကြောင့်မို့ ပိုက်ဆံထိန်းသိမ်းတဲ့ ညီအစ်ကိုက အိမ်ပြန်လို့ မရတော့ဘူး။ ဒီညီအစ်ကိုအကြောင်းကို ကျွန်မ ဖော်ပြောတဲ့ သဘောသဘာဝက ချန်ဟွာနဲ့ အတူတူပဲ၊ အစွန်းအထင်းကြီးတစ်ခုပဲလို့ ကျွန်မ တွေးမိတယ်။ ဘုရားက ကျွန်မ ပြစ်မှားမှုကို ခွင့်လွှတ်မှာမဟုတ်ဘူး။ အခု ချန်ဟွာက အသင်းတော်ကနေ ရှင်းလင်းပစ်ခံလိုက်ရပြီ။ တစ်နေ့ကျရင် ကျွန်မလည်း ရှင်းလင်းခံရပြီး ဖယ်ရှားခံရနိုင်တာပဲ။ ဒီလို စဉ်းစားမိပြီး ကျွန်မ တော်တော်စိတ်ဓာတ်ကျသွားတယ်။ အဲဒီနောက်တော့ အသင်းတော်က ကျွန်မကို ချပေးတဲ့ ဘယ်တာဝန်မဆို ကျွန်မ လုပ်ပေမဲ့ ကျွန်မ အရင်ကရှိခဲ့သလို ဘုရားအတွက် အသုံးခံဖို့ တက်ကြွမှု မရှိတော့ဘူး။ တစ်ခါတလေ အဖိုးအခပေးဆပ်ပြီး သမ္မာတရား စည်းမျဉ်းတွေကို ရှာဖို့ လိုအပ်တဲ့အချိန်မှာ ကျွန်မက မရှာဘူး။ ပြဋ္ဌာန်းထားတဲ့ ပုံစံအတိုင်းပဲ ပြီးအောင်လုပ်ပြီး နည်းနည်းပါးပါး အစေခံတာနဲ့ပဲ ပြီးလိုက်တယ်။ ကျွန်မအလုပ်က ရလဒ်တွေ ရနေသလားဆိုတာကိုလည်း ထည့်မစဉ်းစားဘဲ တာဝန်ကို ထိန်းထားဖို့အတွက် အသိတရားအနည်းဆုံးအဆင့်ကိုပဲ အမှီပြုထားတယ်။ အဲဒီအချိန်မှာ ညီအစ်မတစ်ယောက်က အဖမ်းခံရမှာကြောက်ပြီး သူ့တာဝန်ကို မလုပ်ရဲတာကို ကျွန်မ သတိရတယ်။ သူ့ကို ကျွန်မ ကူညီပံ့ပိုးသင့်တယ်ဆိုတာ ကျွန်မသိတယ်။ ဒါပေမဲ့ ဘုရားသခင်ကို ကျွန်မ သစ္စာဖောက်ပြီးပြီဆိုတော့ သူများတွေကို ကျွန်မက မိတ်သဟာယပြုဖို့ ဘယ်လို့ အရည်အချင်းပြည့်မီမှာလဲ။ ရလဒ်တွေရဖို့အတွက် ဘယ်လိုမိတ်သဟာယပြုရမယ်ဆိုတာကို ကျွန်မ ချင့်ချိန်ကြည့်ဖို့ စိတ်မပါခဲ့ဘူး။ ကျွန်မ ဖြစ်သလိုပဲ လုပ်ခဲ့ပြီး အယူဝါဒ အသိပညာနည်းနည်းကိုပဲ ပြောခဲ့တယ်။ ကျွန်မတာဝန်ကို ဒီသဘောထားနဲ့ ချဉ်းကပ်တာက ဘုရားအလိုတော်နဲ့ မညီဘူးဆိုတာ ကျွန်မသိတယ်။ ကျွန်မ အခြေအနေကို ပြောင်းလဲဖို့ ကြိုးစားချင်တယ်။ ဒါပေမဲ့ အရမ်းကြီးတဲ့ ပြစ်မှားမှုကို ကျွန်မ ကျူးလွန်ခဲ့ပြီး ကယ်တင်ခြင်းခံရဖို့ မျှော်လင့်ချက်မရှိတာကို တွေးမိတာနဲ့ တစ်ပြိုင်နက် ကျွန်မ စိတ်နှလုံးက မောပန်းပြီး နေ့ရက်တိုင်းကို ဦးတည်ရာမဲ့ ကုန်ဆုံးခဲ့တယ်။ တာဝန်ထမ်းဆောင်တဲ့အခါမှာ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ကျွန်မ ထုတ်ဖော်ပြတဲ့အချိန်မှာ ကျွန်မက ပြဿနာကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေသင့်တယ်၊ ဒီလိုလုပ်ရင် ကျွန်မရဲ့အလုပ်နဲ့ အသက်ဝင်ရောက်မှုအတွက် အကျိုးရှိလိမ့်မယ်ဆိုတာကို ကျွန်မ သိခဲ့တယ်။ ဒါပေမဲ့ ကျွန်မရဲ့ ခွင့်လွှတ်လို့မရနိုင်တဲ့ ပြစ်မှားမှုနဲ့ ကျွန်မ ရှင်းလင်းခံရနိုင်ပုံကို တွေးမိတာနဲ့ ကျွန်မ လုပ်ကို မလုပ်နိုင်ခဲ့ဘူး။ ကျွန်မအတွက်က ကျွန်မအလုပ်ကို နေ့တိုင်းပြီးတာနဲ့တင် လုံလောက်နေပြီ။ ကျွန်မအခြေအနေကို ဖြေရှင်းဖို့အတွက် သမ္မာတရားရှာဖို့ အာရုံမစိုက်ခဲ့ဘူး။ နောက်ပိုင်းမှာ ကျွန်မ ခဏခဏ ခေါင်းကိုက်တယ်။ ပြန်ပြန်ဖြစ်နေတဲ့ အစာအိမ်ရောဂါလည်း ရှိတယ်။ အစတော့ ကျွန်မအခြေအနေကို မှန်မှန်ကန်ကန်နဲ့ ကိုင်တွယ်တယ်။ ဒါပေမဲ့ ကြာလာတော့ ကျွန်မရောဂါက မသက်သာရုံမကဘဲ ပိုပြီးတော့လည်း ဆိုးလာတယ်။ ဒီရောဂါက ဘုရားရဲ့ အပြစ်ဒဏ်လားဆိုပြီး တွေးမိတယ်။ အရင်တုန်းက ကျွန်မ ဘုရားကို သစ္စာဖောက်ပြီး ကျွန်မကို သူစက်ဆုပ်၊ မုန်းတီးအောင် လုပ်ခဲ့တယ်။ အခု ကျွန်မ နေမကောင်းဖြစ်သွားပြီ။ ဘုရားက သေချာပေါက် ကျွန်မကို အလိုမရှိပါဘူး။ တစ်ခါတလေမှာ ကျွန်မက တာဝန်မှာ ရလဒ်တွေ မဖြစ်ထွန်းဘူး။ ဘုရားက ကျွန်မအပေါ် အလုပ်မလုပ်ဘူးလို့ တွေးမိတယ်။ ကျွန်မအတွက်က ဆက်ပြီးတော့ သမ္မာတရား လိုက်စားပြီး တာဝန်ထမ်းဆောင်ဖို့ အသုံးမဝင်တော့ဘူး။ ဒီအတွေးတွေ တွေးမိတိုင်း ကျွန်မ စိတ်နှလုံးထဲမှာ ပြောပြလို့မရတဲ့ စိတ်မချမ်းသာတဲ့ ခံစားချက်ဖြစ်တယ်။ အရင်က ဘုရားကို သစ္စာဖောက်မိတာကို ကျွန်မ တကယ် နောင်တရခဲ့တယ်။ ကျွန်မသာ နည်းနည်းလေးပိုပြီး တောင့်ခံနိုင်ခဲ့ရင် ကျွန်မရဲ့ သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်မှာမဟုတ်ဘူးလား။ ဒီညီအစ်ကိုအကြောင်းကို ကျွန်မ ဘာလို့ဖော်ခဲ့တာလဲ။ ကျွန်မရဲ့ အသွေးအသားကို ဂရုစိုက်လွန်းပြီး ဘုရားကို တကယ်အလိုရှိတဲ့ စိတ်နှလုံးမရှိတဲ့အတွက် ကျွန်မ ကိုယ့်ကိုယ်ကိုယ် မုန်းခဲ့တယ်။ အဲဒီတုန်းက ကျွန်မရဲ့ သက်သေခံချက်မှာ ခိုင်ခိုင်မာမာရပ်တည်ခဲ့ရင် ဒီဝိညာဉ်ရေးရာ ညှဉ်းဆဲမှုကို ခံရမှာမဟုတ်တော့ဘူး မဟုတ်ဘူးလား။ ကျွန်မ တွေးလေလေ၊ စိတ်မချမ်းသာဖြစ်လေလေဖြစ်ပြီး အပျက်သဘောဆောင်တဲ့ အခြေအနေမှာ ကျွန်မ ခဏခဏ အသက်ရှင်နေခဲ့တယ်။
တစ်ခါတော့ ကျွန်မအခြေအနေကို အစ်မတစ်ယောက်နဲ့ ကျွန်မ ဆွေးနွေးခဲ့တယ်။ သူက ကျွန်မကို ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ပြတယ်။ “စိတ်ဓာတ်ကျခြင်းနှင့်ဆိုင်သည့် စိတ်ခံစားမှုထဲသို့ လူတို့ ကျဆင်းကြခြင်းအတွက် အခြားသော အကြောင်းတရားတစ်ခုလည်း ရှိ၏။ ယင်းမှာ ၎င်းတို့ အသက်အရွယ် ရမလာမီ၊ သို့မဟုတ် လူကြီများအဖြစ်သို့ ၎င်းတို့ အရွယ်ရောက်ပြီးနောက်တွင် လူတို့အပေါ် ဖြစ်ပျက်သည့် အချို့သော အမှုကိစ္စတစ်စုံတစ်ရာဖြစ်သည့် ပြစ်မှားမှုအချို့ကို ကျူးလွန်မိကြခြင်း၊ သို့မဟုတ် ရူးနှမ်းသော အရာများ၊ မိုက်မဲသော အရာများနှင့် မသိနားမလည်သော အရာများ အချို့ကို လုပ်ဆောင်မိကြခြင်း ဖြစ်သည်။ ၎င်းတို့ လုပ်ဆောင်မိပြီးဖြစ်သည့် ဤပြစ်မှားမှုများကြောင့်၊ ဤရူးနှမ်းပြီး မသိနားမလည်သော အရာများကြောင့် စိတ်ဓာတ်ကျခြင်းထဲသို့ ၎င်းတို့ ကျဆင်းကြသည်။ ဤစိတ်ဓာတ်ကျခြင်းမျိုးသည် မိမိကိုယ်ကို ရှုတ်ချခြင်းတစ်ခုဖြစ်ပြီး ၎င်းတို့ မည်သည့် လူစားမျိုးဖြစ်သည်ကို စိစစ်သတ်မှတ်ခြင်းမျိုးလည်း ဖြစ်သည်။...သမ္မာတရားနှင့် ပတ်သက်သည့် တရားဒေသနာ၊ သို့မဟုတ် မိတ်သဟာယတစ်ခုကို ၎င်းတို့ နားထောင်သည့်အခါတိုင်းတွင် ဤစိတ်ဓာတ်ကျခြင်းက ၎င်းတို့၏ စိတ်ထဲနှင့် ၎င်းတို့၏ အတွင်းကျကျ စိတ်နှလုံးထဲ တဖြည်းဖြည်း ဖြစ်ပေါ်လာပြီး ၎င်းတို့က ‘ငါ ဤအရာကို လုပ်ဆောင်နိုင်ပါသလား။ သမ္မာတရားကို ငါလိုက်စားနိုင်ပါသလား။ ကယ်တင်ခြင်းကို ငါ ရရှိနိုင်ပါသလား။ ငါသည် မည်သည့် လူစားမျိုးဖြစ်ပါသနည်း။ ထိုအရာကို ယခင်က ငါ လုပ်ခဲ့သည်၊ ထိုလူစားမျိုး ငါ ဖြစ်လေ့ရှိခဲ့သည်။ ငါသည် ကယ်တင်မခံရနိုင်တော့ပြီလား။ ဘုရားသခင်က ငါ့ကို ကယ်တင်ဦးမည်လား’ဟု မေးလျက် မိမိတို့ကိုယ်ကို ဖိ၍ စစ်ဆေးနေမိကြသည်။ လူအချို့သည် တစ်ခါတစ်ရံ ၎င်းတို့၏ စိတ်ဓာတ်ကျသည့် ခံစားချက်များကို လက်လွှတ်နိုင်ကြပြီး နောက်ချန်ထားရစ်နိုင်ကြသည်။ ၎င်းတို့သည် မိမိတို့၏ ရိုးသားစစ်မှန်မှုနှင့် မိမိတို့ စုစည်းနိုင်သည့် အားအင်ရှိသမျှကို ယူပြီး မိမိတို့အလုပ်၊ မိမိတို့၏ ဝတ္တရားများနှင့် တာဝန်များကို ထမ်းဆောင်ရာတွင် အသုံးပြုကြပြီး သမ္မာတရားကို လိုက်စားခြင်းနှင့် ဘုရားနှုတ်ကပတ်တော်များ ချင့်ချိန်စဉ်းစားရာတွင် စိတ်နှင့်နှလုံးကိုပင် အကြွင်းမဲ့ ထားရှိနိုင်ကြကာ ဘုရားနှုတ်ကပတ်တော်များထဲသို့ မိမိတို့ အားထုတ်မှုများကို စိုက်ထုတ်ကြသည်။ သို့သော် ထူးခြားသည့် အနေအထား၊ သို့မဟုတ် အခြေအနေ အစပြုလာသည့်အခိုက်တွင် စိတ်ဓာတ်ကျသည့် စိတ်ခံစားမှုက ၎င်းတို့ကို တစ်ဖန် ထိန်းချုပ်ပြီး မိမိတို့ စိတ်နှလုံးနက်နက်တွင် စွပ်စွဲခြင်း တစ်ဖန်ခံစားရစေသည်။ ၎င်းတို့က ‘ယခင်က ထိုအရာကို သင် လုပ်ဆောင်ခဲ့ပြီး သင်သည် ထိုလူစားမျိုး ဖြစ်သည်။ ကယ်တင်ခြင်းကို သင် ရရှိနိုင်ပါသလား။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာတွင် အဓိပ္ပာယ်တစ်ခုတလေ ရှိပါသလား။ သင် လုပ်ဆောင်မိပြီး ဖြစ်သည့်အရာအပေါ် ဘုရားသခင် မည်သည့်အရာကို တွေးပါသနည်း။ သင် လုပ်ဆောင်မိသည့်အတွက် ဘုရားသခင်က သင့်ကို ခွင့်လွှတ်လိမ့်မည်လား။ ယခုတွင် ဤသို့ အဖိုးအခပေးဆပ်ခြင်းသည် ထိုပြစ်မှားမှုအတွက် ထေမိစေနိုင်ပါသလား’ဟု မိမိတို့ဘာသာ တွေးကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို မကြာခဏ အပြစ်ဖော်ဆုံးမကြပြီး စိတ်ထဲတွင် စွပ်စွဲခြင်းခံစားရကြသကဲ့သို့ မေးခွန်းများဖြင့် မိမိတို့ကိုယ်ကို အမြဲ သံသယထားနေကြသည်၊ အမြဲ ဖိစစ်နေကြလေသည်။ ၎င်းတို့သည် ဤစိတ်ဓာတ်ကျသည့် ခံစားချက်များကို လုံးဝ နောက်ချန်မထားနိုင်၊ သို့မဟုတ် မစွန့်ပယ်နိုင်ကြသကဲ့သို့ ၎င်းတို့ လုပ်ဆောင်မိပြီးဖြစ်သည့် ရှက်ဖွယ်သော အရာနှင့်ပတ်သက်၍ မစဲသော စိုးရိမ်ပူပန်မှု ခံစားချက်တစ်ခု ခံစားကြရသည်။ ထို့ကြောင့် ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ပြီးဖြစ်လင့်ကစား ဘုရားသခင် ပြောဆိုပြီးသည့် အရာတစ်ခုတလေကို ၎င်းတို့ လုံးဝ နားမထောင်ဖူးသကဲ့သို့ နားမလည်ခဲ့သည့်အလား ဖြစ်လေသည်။ ထိုအရာမှာ ၎င်းတို့အနေဖြင့် ကယ်တင်ခြင်း ရရှိခြင်းသည် ၎င်းတို့နှင့် ပတ်သက်မှုတစ်ခုတလေ ရှိမရှိ၊ ၎င်းတို့ လွတ်ငြိမ်းခွင့်ပေးခံရပြီး ရွေးနုတ်ခံရနိုင်ခြင်း ရှိမရှိ၊ သို့မဟုတ် ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ကယ်တင်ခြင်းတို့ကို ရရှိရန် ၎င်းတို့ အရည်အချင်း ပြည့်မီခြင်းရှိမရှိဆိုသည်ကို ၎င်းတို့ မသိကြသည့်အလား ဖြစ်သည်။ ဤအရာအားလုံးကို ၎င်းတို့ မသိကြချေ။ မည်သည့် အဖြေကိုမျှ ၎င်းတို့ မရရှိသောကြောင့်၊ ပြီးလျှင် တိကျမှန်ကန်သည့် မည်သည့် ထင်မြင်ချက်တစ်ခုမျှ ၎င်းတို့ မရရှိကြသောကြောင့် စိတ်ထဲတွင် စဉ်ဆက်မပြတ် ၎င်းတို့ စိတ်ဓာတ်ကျကြသည်။ ၎င်းတို့၏ အတွင်းကျကျ စိတ်နှလုံးတွင် ၎င်းတို့ လုပ်ဆောင်ခဲ့သည့်အရာကို အဖန်ဖန် ၎င်းတို့ အမှတ်ရကြသည်။ အားလုံး အစပြုခဲ့ပုံနှင့် အဆုံးသတ်ခဲ့ပုံကို သတိရလျက်၊ အစမှအဆုံးထိ အားလုံးကို သတိရလျက် မိမိတို့ စိတ်တွင် ထိုအရာကို အဖန်အဖန် ပြန်တွေးမိကြသည်။ ထိုအရာကို ၎င်းတို့ မည်မျှ သတိရသည်ကို ပဓာနမထားဘဲ ၎င်းတို့ အပြစ်ရှိသည်ဟု အမြဲ ခံစားရသောကြောင့် နှစ်ချီကြာ ဤကိစ္စနှင့်ပတ်သက်၍ ၎င်းတို့ စဉ်ဆက်မပြတ် စိတ်ဓာတ်ကျခြင်းခံစားကြရသည်။ မိမိတို့တာဝန်ကို ၎င်းတို့ ထမ်းဆောင်သည့် အချိန်တွင်ပင်၊ အလုပ်တစ်ခုခုကို ၎င်းတို့ ကြီးကြပ်သည့်အချိန်တွင်ပင် ကယ်တင်ခံရမည့် မျှော်လင့်ချက် မရှိသကဲ့သို့ ၎င်းတို့ ခံစားကြရဆဲ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် သမ္မာတရား လိုက်စားခြင်းကို မည်သည့်အခါတွင်မျ အတိအလင်း ရင်ဆိုင်ခြင်း မရှိကြသကဲ့သို့ ထိုအရာကို အမှန်ကန်ဆုံးနှင့် အရေးအကြီးဆုံးသော အရာတစ်ခုအဖြစ် မှတ်ယူခြင်း မရှိကြချေ။ ၎င်းတို့ ပြုလုပ်မိပြီးဖြစ်သည့် အမှား၊ သို့မဟုတ် အတိတ်ကာလက ၎င်းတို့ လုပ်ဆောင်ပြီးသည့် အရာကို လူအများစုက ဆိုးဝါးစွာ ထင်မြင်ခဲ့ကြကြောင်း၊ သို့မဟုတ် လူတို့၏ ရှုတ်ချခြင်းနှင့် စက်ဆုပ်ခြင်းကို ၎င်းတို့ ခံရနိုင်ကြောင်း၊ သို့မဟုတ် ဘုရားသခင်၏ ရှုတ်ချခြင်းကိုပင် ခံရနိုင်ကြောင်း ၎င်းတို့ ယုံကြည်ကြလေသည်။ ဘုရားသခင်၏ အမှုတော် မည်သည့်အဆင့်တွင် ရှိသည်ဖြစ်စေ၊ သို့မဟုတ် မိန့်မြွက်ချက် မည်မျှ သူပြုလုပ်ပြီးသည်ဖြစ်စေ သမ္မာတရား လိုက်စားခြင်း ကိစ္စရပ်ကို မှန်ကန်သည့် နည်းလမ်းဖြင့် ၎င်းတို့ လုံးဝ ရင်ဆိုင်ခြင်း မရှိကြချေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ ၎င်းတို့သည် မိမိတို့၏ စိတ်ဓာတ်ကျခြင်းကို နောက်ချန်ထားရန် သတ္တိ မရှိကြ။ ဤသည်မှာ ဤအရာများကို တွေ့ကြုံရခြင်းမှ ဤလူစားမျိုးက ကောက်ချက်ဆွဲသည့် နောက်ဆုံး ကောက်ချက်ဖြစ်ပြီး မှန်ကန်သည့် ကောက်ချက်ကို ၎င်းတို့ မဆွဲကြသောကြောင့် မိမိတို့၏ စိတ်ဓာတ်ကျခြင်းကို ၎င်းတို့ နောက်ချန်ထားရစ်နိုင်စွမ်း ရှိကြချေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂)) ဒီဘုရားနှုတ်ကပတ်တော်တွေက ကျွန်မအခြေအနေနဲ့ အရမ်းနီးစပ်တာပဲ။ တကယ်တမ်းက ဒီသုံးလေးနှစ်မှာ တစ်ယောက်ယောက်က ယုဒဖြစ်တာကြောင့် နှင်ထုတ်ခံရတယ်လို့ ကျွန်မ ကြားရတိုင်း ဒါကို ကျွန်မက ကိုယ့်ကိုယ်ကိုယ်နဲ့ ဆက်စပ်လိုက်ပြီး ကျွန်မက ညီအစ်ကိုအကြောင်း ဖော်ခဲ့တယ်၊ ယုဒဖြစ်ခဲ့တယ်၊ ဘုရားရှေ့မှာ ပြစ်မှားခဲ့တယ်လို့ ယုံကြည်ခဲ့တယ်။ ဒီနောက်မှာ ဘုရားက ကျွန်မကို အလိုရှိဦးမှာလား။ ကျွန်မက ကယ်တင်ခြင်းခံရဖို့ မျှော်လင့်ချက်တစ်ခုခုရှိဦးမှာလား ပေါ့။ ဒီလို တွေးမိတာနဲ့ ကျွန်မက အပျက်သဘောဆောင်ပြီး နေနေတော့တာပဲ။ ကျွန်မက အပေါ်ယံမှာ တာဝန်ထမ်းဆောင်ပေမဲ့ စိတ်ထဲမှာက ဝန်ထုပ်ကို တကယ်မထမ်းရွက်ဘူး။ သမ္မာတရားလိုက်စားတာက ကျွန်မနဲ့ မဆိုင်ဘူးလို့ ပိုပြီးတော့တောင် ခံစားမိတယ်။ သမ္မာတရားလိုက်စားသူတွေရဲ့ အဆင့်ရဲ့ အပြင်ဘက်မှာ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်းထားတယ်။ ဘုရားရဲ့ လမ်းပြတဲ့၊ အားပေးတဲ့၊ တိုက်တွန်းတဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ လက်မခံရဲခဲ့ဘူး။ အဲဒီနှုတ်ကပတ်တော်တွေက ကျွန်မလိုလူမျိုးအတွက် ပြောတာမဟုတ်ဘူးလို့ ထင်ပြီးတော့ပေါ့။ ဘုရားရှေ့မှာ ကျွန်မ ကျမ်းကျိန်တုန်းက ကျွန်မက မထိုက်တန်ဘူး၊ ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကို လက်ခံဖို့ ပိုပြီးတော့တောင် မထိုက်တန်ဘူးလို့ တောင် ကျွန်မ ခံစားမိခဲ့တယ်။ အထူးသဖြင့် ချန်ဟွာက ယုဒဖြစ်သွားပြီး ရှင်းလင်းပစ်ခံရတယ်လို့ ကျွန်မ ကြားတဲ့အချိန်မှာ ချန်ဟွာနဲ့ ကျွန်မက အတူတူ၊ အနူနူပဲလို့ တွေးမိတယ်။ ကျွန်မက ကိုယ့်ကိုယ်ကိုယ်ပဲ ကယ်တင်ချင်တော့ အသင်းတော်ပိုက်ဆံနဲ့ ညီအစ်ကိုအကြောင်း ထုတ်ပြောလိုက်တယ်။ ရလဒ်အနေနဲ့ အဲဒီညီအစ်ကိုက လိုက်ဖမ်းတာခံရပြီး အိမ်ကို မပြန်နိုင်ဘူး။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ဒီညီအစ်ကိုအပေါ် အရမ်းဆိုးရွားတဲ့ ဘေးဒုက္ခကို ဖြစ်စေခဲ့တယ်။ ကျွန်မက တကယ်ကို တစ်ကိုယ်ကောင်းဆန်လွန်းတယ်။ လူ့သဘာဝ ကင်းမဲ့လွန်းတယ်။ ကျွန်မလုပ်ရပ်တွေရဲ့ သဘောသဘာဝက ယုဒရဲ့ သဘောသဘာဝတွေပဲ။ ကျွန်မ လုပ်ခဲ့တာကို ကြည့်ရင် ဘုရားက ကျွန်မအပေါ် ဘာမဆိုလုပ်နိုင်တယ်။ သူက ကျွန်မကို ငရဲပို့ရင်တောင် လွန်မှာမဟုတ်ဘူး။ ဒါပေမဲ့ ဘုရားသခင်က ကျွန်မရဲ့ ပြစ်မှားမှုကို အခြေခံပြီး ကျွန်မကို လုံးဝ မဆက်ဆံဘူး။ သူက ကျွန်မ အသင်းတော်အသက်တာကို အသက်ရှင်ပြီး တာဝန်ထမ်းဆောင်ဖို့ အခွင့်အရေးပေးခဲ့တယ်။ ကျွန်မ ဒီနေ့အသက်ရှင်ပြီး တာဝန်ထမ်းဆောင်နိုင်တာက ဘုရားရဲ့ ကျေးဇူးတော်နဲ့ မြှင့်တင်မှုကြောင့်ပါ။ သမ္မာတရားကို ကျွန်မ လိုက်စားသင့်ပြီး ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှုကို ဖြေရှင်းခဲ့သင့်တယ်။ နောင်တရပြီး တာဝန်ကို ကောင်းကောင်းထမ်းဆောင်ခဲ့သင့်တယ်။ ဒါပေမဲ့ ကျွန်မက ကိုယ့်ရဲ့ ပြစ်မှားမှုထဲမှာ ပိတ်မိနေတုန်းပဲ။ အဲဒါကြောင့် ကျွန်မရဲ့ ရှေ့ရေးနဲ့ ကံကြမ္မာကို စိုးရိမ်နေမိတယ်။ စိတ်ဓာတ်ကျပြီး အပျက်သဘောဆောင်တဲ့ အခြေအနေမှာ အသက်ရှင်နေသလို တာဝန်ထမ်းဆောင်တဲ့အခါမှာ ပိုပိုပြီး မတက်မကြွဖြစ်လာတယ်။ ဒါကြောင့်မို့ ကျွန်မအလုပ်မှာ ဆုံးရှုံးမှုတွေ ထပ်ဖြစ်နေရုံမကဘဲ ကျွန်မရဲ့ အသက်ဝင်ရောက်မှုကလည်း စွက်ဖက်ခံရတယ်။ သမ္မာတရားကိုရဖို့ အခွင့်အရေးတွေ အများကြီး ဆုံးရှုံးခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ ဘုရားသခင်က ကျွန်မကို မျက်နှာချင်းဆိုင် စကားပြောနေတယ်လို့ ခံစားမိတယ်။ သူက လူတွေကို ပြစ်မှားမှုတစ်ခု ကျူးလွန်ပြီးတဲ့နောက်မှာ စိတ်ဓာတ်ကျမသွားစေချင်ဘူး။ လူတွေကို ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး သူတို့ရဲ့ လိုက်စားမှုမှာ ဆက်ပြီး ကြိုးပမ်းစေချင်တယ်။ ဘယ်လိုအချိန်ပဲဖြစ်ဖြစ် သမ္မာတရား လိုက်စားတာကို လက်မလျှော့ရဘူး။ ဘုရားရဲ့ ချစ်ခြင်းက ဘယ်လောက်စစ်မှန်တယ်ဆိုတာ ကျွန်မ မြင်ပြီး သမ္မာတရားကို ရှာပြီး ကျွန်မရဲ့ အပျက်သဘောဆောင်တဲ့ အခြေအနေရဲ့ ချည်နှောင်မှုတွေကို ဖယ်ရှားဖို့ စိတ်ပိုင်းဖြတ်လိုက်တယ်။
နောက်ပိုင်းမှာ ကျွန်မ ဘုရားနှုတ်ကပတ်တော် နည်းနည်းဖတ်တယ်။ “လူတို့သည် ကောင်းချီးခံစားရရန်၊ ဆုလာဘ်ချီးမြှင့်ခြင်းခံရရန်၊ ဆုသရဖူရရှိရန်အတွက် ဘုရားသခင်ကို ယုံကြည်ကြသည်။ လူတိုင်း၏ စိတ်နှလုံးတွင် ဤအရာ တည်ရှိသည်မဟုတ်လော။ ဤအရာတည်ရှိသည်မှာ အမှန်တရားဖြစ်သည်။ ထိုအကြောင်းကို လူတို့က မကြာခဏ မပြောကြသော်လည်း၊ ကောင်းချီးများရရန် ၎င်းတို့၏ ရည်ရွယ်ချက်နှင့် ဆန္ဒကိုပင် ဖုန်းကွယ်သော်လည်း၊ လူတို့၏ စိတ်နှလုံးအတွင်းတွင်ရှိသော ဤဆန္ဒနှင့် ရည်ရွယ်ချက်သည် အစဉ် ပြောင်းလဲ၍ မရနိုင်ပေ။ လူတို့သည် ဝိညာဉ်ရေးရာ သဘောတရားများကို မည်မျှ နားလည်သည်ဖြစ်စေ၊ အတွေ့အကြုံ၊ သို့မဟုတ် အသိပညာ မည်မျှရှိသည်ဖြစ်စေ၊ မည်သည့်တာဝန်ကို ထမ်းဆောင်နိုင်သည်ဖြစ်စေ၊ မည်မျှ ဒုက္ခခံနိုင်သည်ဖြစ်စေ၊ သို့မဟုတ် မည်မျှ အဖိုးအခပေးဆပ်နိုင်သည်ဖြစ်စေ၊ ၎င်းတို့စိတ်နှလုံးအတွင်းနက်နက်ထဲတွင် ကွယ်ဝှက်နေသော ကောင်းချီးရလိုသည့် စိတ်ဓာတ်လှုံ့ဆော်မှုကို မည်သည့်အခါမျှ လက်မလွှတ်နိုင်ဘဲ အစေခံရာတွင် အစဉ်သဖြင့် တိတ်ဆိတ်စွာ ကြိုးပမ်းလုပ်ဆောင်သည်။ ဤသည်မှာ လူတို့၏ စိတ်နှလုံးအတွင်းထဲရှိ အနက်ဆုံးနေရာတွင် မြုပ်နှံထားသောအရာ မဟုတ်လော။ ကောင်းချီးမင်္ဂလာများ ရရှိဖို့ ဤလှုံ့ဆော်မှုမရှိလျှင် သင်တို့သည် မည်သို့ခံစားရမည်နည်း။ မည်သည့်သဘောထားနှင့် တာဝန်ကို ထမ်းဆောင်ပြီး ဘုရားသခင်နောက် လိုက်မည်နည်း။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဖုံးကွယ်နေသော ကောင်းချီးရရှိဖို့ဖြစ်သည့် ဤစိတ်ဓာတ်လှုံ့ဆော်မှုကို ဖယ်ရှားပစ်လိုက်လျှင် လူတို့သည် မည်သည့်အရာ ဖြစ်လာမည်နည်း။ လူများစွာက အပျက်သဘောဆောင်လာခြင်း ဖြစ်နိုင်သည်။ အချို့မှာ မိမိတို့၏တာဝန်များတွင် စိတ်အားလျော့လာမည်။ ၎င်းတို့၏ ဝိညာဉ်က ပျောက်ကွယ်သွားခဲ့ပြီးဖြစ်သည့်အလား ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုတွင် စိတ်ဝင်စားမှု ပျောက်သွားပေမည်။ ၎င်းတို့၏ စိတ်နှလုံးက ဆွဲယူခံခဲ့ရပြီးသည့် ပုံပေါ်နေမည်။ ဤအတွက်ကြောင့် ကောင်းချီးရရန် စိတ်ဓာတ်လှုံ့ဆော်မှုသည် လူတို့၏ စိတ်နှလုံးတွင် နက်နက်ရှိုင်းရှိုင်း ကွယ်ဝှက်နေသည့်အရာ ဖြစ်သည်ဟု ငါပြောရခြင်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘဝ ကြီးထွားတိုးတက်ခြင်း၏ အညွှန်းခြောက်ခု) ဘုရားကို ယုံကြည်သူတွေအားလုံးက ကိုယ်ပိုင် ဖုံးကွယ်နေတဲ့ ရည်ရွယ်ချက်တွေရှိနေပုံကို ဘုရားက ဖော်ထုတ်တာကို ကျွန်မ တွေ့ခဲ့ရတယ်။ ဒါတွေအားလုံးက ကောင်းချီးတွေရဖို့အတွက်ပဲ။ ရှေ့ရေးတွေနဲ့ ကံကြမ္မာက ပါဝင်ပတ်သက်လာပြီး ကောင်းချီးတွေမရနိုင်တာနဲ့ပဲ ဘုရားကို ယုံကြည်တာက အဓိပ္ပာယ်မရှိဘူးလို့ သူတို့က ထင်ကြတယ်။ စိတ်ဓာတ်ကျတဲ့ အခြေအနေမှာ နေပြီး သူတို့စိတ်နှလုံးထဲမှာ မကြိုးစားတော့ဘူး။ ဒါက ဘုရားအပေါ် ယုံကြည်မှုမှာ လူရဲ့ မှားနေတဲ့ လိုက်စားမှုပဲ။ ဘုရားနှုတ်ကပတ်တော်အပေါ် အခြေခံပြီး ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ခဲ့တယ်။ အရင်တုန်းက ကျွန်မက ဘုရားရဲ့ ဒီအမှုတော်အဆင့်ကို လက်ခံတာ မကြာသေးတဲ့အချိန်မှာ ကောင်းချီးရဖို့အတွက် ကိုယ့်ကိုယ်ကိုယ် အသုံးခံပြီး အားထုတ်တယ်။ ကျွန်မ အဖမ်းခံရပြီးတော့ ဆင်းရဲဒုက္ခခံရပြီး သေတဲ့အထိ နှိပ်စက်ခံရမှာကြောက်လို့ ဒီညီအစ်ကိုအကြောင်း ထုတ်ပြောခဲ့ပြီး ပြစ်မှားမိခဲ့တယ်။ ကျွန်မက ကယ်တင်ခံရဖို့ နောက်ထပ် အခွင့်အရေးလုံးဝ ရှိမှာမဟုတ်ဘူးလို့ ထင်ပြီး စိတ်ဓာတ်ကျတဲ့အခြေအနေမှာ အသက်ရှင်ပြီး ကိုယ့်ကိုယ်ကိုယ် ဆုံးဖြတ်ချက်ချလိုက်တယ်။ ထောင်ကထွက်လာတော့ ကျွန်မထမ်းဆောင်တဲ့ ဘယ်တာဝန်ကိုမဆို ကျွန်မ လက်ခံပြီး နာခံလိုစိတ်ရှိတာက ကျွန်မအပြစ်တွေ ပြေပြီး ကောင်းချီးရဖို့အတွက်ပဲ။ စစ်မှန်တဲ့ နောင်တမဟုတ်ဘူး။ ကျွန်မ ကယ်တင်ခြင်းမခံရနိုင်ဘူး၊ ကောင်းချီးရမှာမဟုတ်ဘူးလို့ တွေးမိလိုက်တာနဲ့ အရမ်းအပျက်သဘောဆောင်လာပြီး တာဝန်ထမ်းဆောင်ဖို့ စိတ်မပါတော့ဘူး။ ကျွန်မက ကောင်းချီးရဖို့အတွက် တာဝန်ထမ်းဆောင်နေမှန်း၊ ဘုရားနဲ့ အလဲအလှယ်လုပ်နေမိမှန်းကို မြင်ခဲ့တယ်။ ကျွန်မက ပေါလုလိုပါပဲ။ အရင်တုန်းက ပေါလုက သခင့်ရဲ့ တပည့်တော်တွေကို ဖမ်းဆီးဖိနှိပ်ပြီး သခင်ယေရှုကို အာခံဖို့အတွက် သူတတ်နိုင်သမျှလုပ်ခဲ့တယ်။ နောက်ဆုံးမှာ တောက်ပတဲ့အလင်းက သူ့ကို ထိမှန်ခဲ့တယ်။ အဲဒီအချိန်မှာ သူ့အပြစ်တွေကိုပဲ ဝန်ခံခဲ့တယ်။ နောက်ပိုင်းမှာ သူက သခင့်အတွက် ဧဝံဂေလိ ဖြန့်တော့ အဲဒါကလည်း အပြစ်ပြေဖို့ အတွက်ပဲ။ ဒီထဲက ဘယ်ဟာကမှ စစ်မှန်တဲ့နောင်တနဲ့ ပြောင်းလဲမှု မဟုတ်ဘူး။ ဘုရားကို အာခံတဲ့ သူကိုယ်တိုင်ရဲ့ အနှစ်သာရကို သူမသိခဲ့ဘူး။ သူ့အလုပ်မှာ ရလဒ်တချို့ရလာတော့ သူ့မှာ အရင်းအနှီးရှိတယ်လို့ထင်ပြီး ဘုရားနဲ့ ပြောင်ပြောင်တင်းတင်း အလဲအလှယ်လုပ်တဲ့အထိပဲ။ “ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏” (တိမောသေ ဩဝါဒစာ ဒုတိယစောင် ၄:၈) ဆိုပြီးပြောတယ်။ ဘုရားရဲ့ စိတ်သဘောထားကို သူ ပုန်ကန်ပြစ်မှားခဲ့တယ်။ ဘုရားက ကျိန်ဆဲတာ၊ အပြစ်ဒဏ်ပေးတာ ခံခဲ့ရတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဆင်ခြင်ပြီး ကိုယ့်ကိုယ်ကိုယ် ပိုပြီးတော့တောင် မုန်းခဲ့တယ်။ ကျွန်မက အရမ်းကြီးတဲ့ မကောင်းမှုကို လုပ်ခဲ့ပြီး ဘုရားနဲ့ အလဲအလှယ်လုပ်နေတုန်းပဲ။ ဘာအသိစိတ်မှ လုံးဝ မရှိဘူး။ ကျွန်မက အနာဂတ်မှာ ကောင်းတဲ့ရလဒ်နဲ့ ခရီးပန်းတိုင်မရှိခဲ့ရင်တောင် ဒါ ဘုရားရဲ့ ဖြောင့်မတ်ခြင်း ဖြစ်မှာပဲ။ ဒါက ကျွန်မကိုယ်တိုင်ရဲ့ မကောင်းမှုလုပ်ခြင်းနဲ့ ဘုရားကို သစ္စာဖောက်ခြင်းကြောင့် ဖြစ်မှာပဲ။ ကျွန်မခြေထောက်က အနာတွေက ကျွန်မလျှောက်တဲ့လမ်းကြောင်းကနေ ရလာတာပါ။ ကျွန်မစိုက်တဲ့အရာကို ကျွန်မရိတ်သိမ်းရမှာပဲ။ ကျွန်မ ရလဒ်က ဘယ်လိုပဲ ဖြစ်နိုင်ပါစေ ဖန်ဆင်းခံအနေနဲ့ ကျွန်မနေရာကို ခံယူပြီး တာဝန်ကို ကောင်းကောင်းထမ်းဆောင်သင့်တယ်။ ဒါက ကျွန်မ ပိုင်ဆိုင်သင့်တဲ့ အသိစိတ်နဲ့ လက်တွေ့လုပ်ဆောင်မှုပဲ။ ဘုရားရှေ့ကို ကျွန်မလာပြီး ဆုတောင်းတယ်။ “ဘုရားသခင်၊ သမီးက ကောင်းချီးတွေ၊ ဆုလာဘ်တွေရဖို့ ကိုယ်တော်ကို ယုံကြည်ခဲ့ပါတယ်။ စွန့်လွှတ်ပြီး အသုံးခံတဲ့အခါမှာ သမီးက ကိုယ်တော်နဲ့ အလဲအလှယ်လုပ်နေခဲ့တာပါ။ သမီးမှာ အသိစိတ် လုံးဝ မရှိပါဘူး။ လူတစ်ယောက်မှာ ခွေးတစ်ကောင်ရှိရင် အဲဒီခွေးက သူ့ပိုင်ရှင်ကို ကျေးဇူးပြန်ဆပ်ရမယ်ဆိုတာ သိပြီး အိမ်ကို လုံအောင်ထားပါလိမ့်မယ်။ ဒါပေမဲ့ သမီးကတော့...ကိုယ်တော်ဟာ သမီးကို ရေလောင်းခဲ့ပြီး သမ္မာတရားများစွာနဲ့ ပံ့ပိုးပေးခဲ့တယ်။ သမီးအပေါ် သနားကရုဏာနဲ့ သည်းခံခြင်းကို ပြခဲ့တယ်။ ဒါပေမဲ့ သမီးက ကိုယ်တော်နဲ့ အလဲအလှယ်လုပ်ခဲ့တယ်။ သမီးမှာ ကောင်းတဲ့ ခရီးပန်းတိုင်မရှိနိုင်ဘူးလို့ ထင်တဲ့အချိန်မှာ တာဝန်ကို ကြိုးကြိုးစားစား မလုပ်ချင်ခဲ့ဘူး။ သမီးက ခွေးထက်တောင် ပိုဆိုးပါတယ်။ ဘုရားသခင်၊ သမီး နောင်တရလိုစိတ်ရှိပါတယ်။ နောင်မှာ သမီးရဲ့ ရလဒ်က ဘယ်လိုပဲ ဖြစ်ပါစေ တာဝန်ကို သစ္စာရှိရှိနဲ့ ထမ်းဆောင်ပြီး ကောင်းချီးရဖို့အတွက် ကိုယ်တော်ကို မယုံကြည်တော့ပါဘူး” ဆိုပြီးပေါ့။
အဲဒီနောက်တော့ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားနဲ့ ဆိုင်တဲ့ အသိပညာတချို့ကို ကျွန်မကို ရစေခဲ့တဲ့ နောက်ထပ် ဘုရားနှုတ်ကပတ်တော် တချို့ကို ကျွန်မ ဖတ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူအများစုသည် ပြစ်မှားကြပြီး နည်းလမ်းအချို့ဖြင့် မိမိတို့ကိုယ်ကို နာမည်ဖျက်ကြပြီးဖြစ်သည်။ ဥပမာ လူအချို့သည် ဘုရားသခင်ကို အာခံပြီး ပြစ်မှားစော်ကားသောအရာများကို ပြောဆိုကြပြီးဖြစ်သည်။ လူအချို့သည် ဘုရားသခင်၏ စေခိုင်းချက်ကို ငြင်းဆန်ခဲ့ကြပြီး ၎င်းတို့တာဝန်ကို မထမ်းဆောင်ကြဘဲ ဘုရားသခင်၏ ပစ်ပယ်ခြင်းကို ခံရပြီးဖြစ်သည်။ လူအချို့သည် စုံစမ်းသွေးဆောင်ခြင်းနှင့် ရင်ဆိုင်ခဲ့ရသည့်အခါ ဘုရားသခင်ကို သစ္စာဖောက်ခဲ့ကြသည်။ လူအချို့သည် အဖမ်းခံရသည့်အခါတွင် ‘စာသုံးစောင်’ကို လက်မှတ်ထိုးခြင်းအားဖြင့် ဘုရားသခင်ကို သစ္စာဖောက်ခဲ့ကြသည်။ အချို့မှာ လှူဖွယ်ပစ္စည်းများကို ခိုးယူခဲ့ကြသည်။ အချို့မှာ လှူဖွယ်ပစ္စည်းများကို ဖြုန်းတီးခဲ့ကြသည်။ အချို့မှာ အသင်းတော်အသက်တာကို မကြာခဏ နှောင့်ယှက်ခဲ့ပြီး ဘုရားသခင် ရွေးချယ်ထားသော လူများကို ထိခိုက်နစ်နာစေကြသည်။ အချို့မှာ အုပ်စုများဖွဲ့ပြီး အခြားလူများကို ကြမ်းတမ်းစွာ ကိုင်တွယ်ကြကာ အသင်းတော်ကို ကမောက်ကမဖြစ်အောင် လုပ်ခဲ့ကြသည်။ အချို့မှာ အယူအဆများနှင့် သေခြင်းကို ဖြန့်ကြပြီး ညီအစ်ကိုမောင်နှမများကို နစ်နာစေခဲ့ကြသည်။ အချို့မှာ မကောင်းသောမေထုန်နှင့် လူတကာနှင့် မေထုန်မှီဝဲကြကာ ဆိုးဝါးသော ဩဇာလွှမ်းမိုးမှုတစ်ခု ဖြစ်နေခဲ့သည်။ လူတိုင်းက ပြစ်မှားမှုများနှင့် စွန်းထင်းမှုများရှိသည်ဟု ဆိုရန် လုံလောက်သည်။ သို့တိုင်အောင် လူအချို့သည် သမ္မာတရားကို လက်ခံနိုင်ပြီး နောင်တရနိုင်သည်။ အခြားလူများက ဤသို့မလုပ်ဆောင်နိုင်ဘဲ နောင်တမရမီတွင် သေကြမည်ဖြစ်သည်။ ထို့ကြောင့် လူတို့ကို ၎င်းတို့၏ သဘာဝ အနှစ်သာရနှင့် ၎င်းတို့၏ တစ်သမတ်တည်းဖြစ်သော အပြုအမူတို့နှင့်အညီ ဆက်ဆံသင့်သည်။ နောင်တရနိုင်သောသူတို့သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောသူများ ဖြစ်သည်။ သို့ရာတွင် အမှန်တကယ်ကို နောင်တမရနိုင်သူများအတွက်မူ ရှင်းလင်းပစ်ပြီး နှင်ထုတ်သင့်သည့်သူများကို ရှင်းလင်းပစ်သင့်ပြီး နှင်ထုတ်လိမ့်မည်။...လူအသီးသီးကို ဘုရားသခင်၏ ကိုင်တွယ်ခြင်းသည် ထိုအချိန်က ထိုလူ၏ အခြေအနေများနှင့် နောက်ခံအခြေအနေတို့နှင့်ပတ်သက်သော တကယ့်အခြေအနေများတွင် အခြေခံထားသည့်အပြင် ထိုသူ၏ လုပ်ရပ်များနှင့် အပြုအမူ၊ ပြီးလျှင် ၎င်း၏ သဘာဝ အနှစ်သာရတို့တွင်လည်း အခြေခံထားသည်။ ဘုရားသခင်သည် မည်သူ့ကိုမျှ ဘယ်သောအခါမျှ မတရားသဖြင့် ဆက်ဆံလိမ့်မည်မဟုတ်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရား၏ ဘက်တစ်ဖက် ဖြစ်သည်။...လူတစ်ယောက်ကို ဘုရားသခင်က ကိုင်တွယ်ခြင်းသည် လူတို့ စိတ်ကူးသကဲ့သို့ မရိုးရှင်းပေ။ လူတစ်ယောက်အပေါ် သူ၏ သဘောထားသည် စက်ဆုပ်ခြင်း၊ သို့မဟုတ် ရွံရှာခြင်းဖြစ်သောအခါ၊ သို့မဟုတ် အဆိုပါအကြောင်းအရာတစ်ခုတွင် ဤလူက ပြောဆိုသည့်အရာနှင့် ပတ်သက်သည့်အခါ ဘုရားသခင်သည် ၎င်းတို့၏ အခြေအနေများကို ကောင်းစွာနားလည်သည်။ ဤသည်မှာ ဘုရားသခင်က လူ၏ စိတ်နှလုံးနှင့် အနှစ်သာရကို စိစစ်သောကြောင့်ဖြစ်သည်။ လူတို့က အစဉ် စဉ်းစားကြသည်။ ‘ဘုရားသခင်က သူ၏ ဘုရားသဘောသဘာဝ သာရှိသည်။ သူက ဖြောင့်မတ်ပြီး လူသားထံမှ ပုန်ကန်ပြစ်မှားမှုကို သည်းမခံပါ။ လူ၏ အခက်အခဲများကို ထည့်မတွက်ပါ၊ သို့မဟုတ် လူများကို ကိုယ်ချင်းမစာဘူး။ လူတစ်ယောက်က ဘုရားကို အာခံလျှင် ဘုရားက သူ့ကို အပြစ်ဒဏ်ပေးမည်သာဖြစ်သည်’ ဟူ၍ဖြစ်သည်။ အမှုကိစ္စများသည် လုံးဝ ဤသို့ မဟုတ်ပေ။ ဤသည်မှာ ဘုရား၏ ဖြောင့်မတ်ခြင်း၊ ဘုရား၏ အမှုတော်နှင့် လူတို့အပေါ် သူ၏ ဆက်ဆံမှုကို လူတစ်ယောက်က နားလည်သည့်ပုံစံဖြစ်လျှင် ထိုသူသည် အလွန်ပင် မှားယွင်းသည်။ လူတစ်ယောက်၏ အဆုံးသတ်အပေါ် ဘုရားသခင်၏ ဆုံးဖြတ်ချက်သည် လူ၏ အယူအဆများ၊ စိတ်ကူးထင်မြင်မှုများအပေါ် အခြေမခံဘဲ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားတွင် အခြေခံသည်။ လူတစ်ယောက်ချင်းစီကို ၎င်းတို့လုပ်ဆောင်ခဲ့သည့်အရာနှင့်အညီ ဘုရားသခင်က ပြန်လည်ပေးဆပ်လိမ့်မည်။ ဘုရားသခင်က ဖြောင့်မတ်သည်။ အနှေးနှင့် အမြန် လူတိုင်းက လုံးလုံးလျားလျား လက်ခံယုံကြည်စေရန် ဘုရားသခင်က သေချာလုပ်ဆောင်မည်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ ဘုရားသခင်က လူတွေကို ဆက်ဆံတဲ့နေရာမှာ စည်းမျဉ်းတွေရှိတယ်ဆိုတာ ကျွန်မ နားလည်ခဲ့တယ်။ ခဏတာ ပြစ်မှားမှုလုပ်တဲ့အချိန်တစ်ခုကို အခြေခံပြီး လူတွေရဲ့ ရလဒ်ကို သူ မဆုံးဖြတ်ဘူး။ ဒီအစား လူတွေရဲ့ လုပ်ရပ်တွေရဲ့ အခြေအနေနဲ့ သဘောသဘာဝကို အခြေခံပြီး၊ သမ္မာတရားကို လက်ခံပြီး တကယ် နောင်တရနိုင်ခြင်းရှိမရှိအပေါ် အခြေခံပြီး ဆုံးဖြတ်တယ်။ ဒါက ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းပဲ။ ဒါကို ဆင်ခြင်ရင်းနဲ့ ကျွန်မ ရုတ်တရက် အလင်းကို တွေ့လိုက်ရတယ်။ ဘုရားက လူကို ဆက်ဆံတဲ့နေရာမှာ ဖြောင့်မတ်တဲ့ တရားစီရင်ခြင်းရှိရုံမကဘဲ သနားကရုဏာလည်းရှိတယ်ဆိုတာ ကျွန်မ တွေ့ခဲ့တယ်။ သူက လူတွေကို တစ်သမတ်တည်းနည်းလမ်းနဲ့ မဆက်ဆံဘူး။ ကျွန်မရဲ့ ဇာတိပကတိက အားနည်းတာကြောင့် ဘုရားကို ကျွန်မ သစ္စာဖောက်ခဲ့တဲ့ အချိန်ကို ပြန်တွေးကြည့်တော့ ကျွန်မက ဒီလိုအရာမျိုးကို လုပ်ခဲ့သရွေ့ ရှုတ်ချခံရပြီး ဖယ်ရှားခံရမှာပဲ၊ ဘယ်လိုပဲ နောင်တရပါစေ ကယ်တင်ခြင်းခံရဖို့ လမ်းမရှိဘူးဆိုပြီး ယုံကြည်ခဲ့တယ်။ အခု ကျွန်မက ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို နားမလည်ခဲ့တဲ့ ပုံစံရှိတယ်။ ချန်ဟွာနဲ့ ကျွန်မတို့ နှစ်ယောက်လုံးက ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ထုတ်ပြောလိုက်ပုံမျိုးပဲ။ အသင်းတော်က ကျွန်မကို တာဝန်ထမ်းဆောင်ဖို့ နောက်ထပ် အခွင့်အရေးပေးခဲ့ပြီး၊ အဲဒါက ကျွန်မရဲ့ သစ္စာဖောက်ခြင်း အခြေအနေနဲ့ သဘောသဘာဝကို အဓိက အခြေခံတယ်။ ကျွန်မတာဝန်ကို လုပ်နေတဲ့အချိန်မှာ ကျွန်မရဲ့ တစ်သမတ်တည်းဖြစ်တဲ့အပြုအမူကို အကဲဖြတ်ထားတာပါ။ အဲဒီတုန်းက ကျွန်မက ရဲတွေ နှိပ်စက်တာကို ခုနှစ်ရက်၊ ခုနှစ်ညခံရပြီး ခန္ဓာကိုယ်က ဆက်ပြီး မခံနိုင်တော့ဘူး။ စာတန်ရဲ့ ဉာဏ်များတဲ့ အကြံအစည်ကို ကျွန်မ မရိပ်စားမိခဲ့ဘူး။ အားနည်းတဲ့အချိန်ခဏမှာ ဘုရားကို သစ္စာဖောက်ခဲ့တယ်။ ဆုံးရှုံးမှုတွေ အများကြီး မဖြစ်ခဲ့ပါဘူး။ နောက်တော့ ကျွန်မ အရမ်းနောင်တရပြီး ကိုယ့်ကိုယ့်ကိုယ် ရွံရှာခဲ့တယ်။ ဒါကို ကြီးလေးတဲ့ ပြစ်မှားမှုအဖြစ် သတ်မှတ်ခဲ့ပြီး ဘုရားအိမ်တော်က ကျွန်မကို နောင်တရဖို့ အခွင့်အရေးပေးခဲ့တယ်။ ဒီအချိန်မှာ ချန်ဟွာက အဖမ်းခံရပြီးတော့ ရဲတွေက သူ့ကို မေးခွန်းနည်းနည်းပဲ မေးရသေးတဲ့အချိန်မှာ သူက အဆင်းနီသောနဂါးကြီးရဲ့ အလွဲသုံးစား အာဏာကို အရှုံးပေးပြီး ခေါင်းဆောင်တွေ၊ အမှုဆောင်တွေအများကြီး နဲ့ စာအုပ်တွေကို ထိန်းသိမ်းတဲ့သူတွေရဲ့ အိမ်တွေကို ထုတ်ပြောလိုက်တယ်။ ဒီလိုနဲ့ ညီအစ်ကိုမောင်နှမတွေအများကြီး အဖမ်းခံရပြီး အသင်းတော်အလုပ်က ဆုံးရှုံးမှုတွေ အများကြီး ဖြစ်သွားတယ်။ ချန်ဟွာရဲ့ ပြစ်မှားမှုက ခဏတာ အားနည်းမှုမဟုတ်ဘူး။ သူ့မှာ ယုဒရဲ့ အနှစ်သာရရှိတယ်။ အသင်းတော်က သူ့လုပ်ရပ်တွေရဲ့ သဘာဝနဲ့ အဲဒါတွေကြောင့်ဖြစ်တဲ့ အကျိုးဆက်တွေကို အခြေခံပြီး သူ့ကို ရှင်းလင်းပစ်လိုက်တာပါ။ ဒါက လုံးဝ ဘုရားရဲ့ ဖြောင့်မတ်ခြင်းပဲ။ ကျွန်မ ဒီလောက်အထိ နားလည်ပြီး ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားအပေါ် သိမြင်မှုတချို့ရှိခဲ့တယ်။ ပြီးတော့ သူ့စိတ်သဘောထားက လှပပြီး ကောင်းမွန်တယ်ဆိုတာကို မြင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မက ဘုရားကို သတိထားနေပြီး သံသယဝင်နေခဲ့တယ်။ အခု ကျွန်မ သူ့အပေါ် အကြွေးတင်တယ်လို့ ပိုပြီးတော့တောင် ခံစားမိတယ်။ နောင်တရပြီး ပြောင်းလဲဖို့ ကျွန်မ စိတ်ပိုင်းဖြတ်လိုက်တယ်။ ပြီးတော့ ကျွန်မ ထပ်ပြီး အဖမ်းခံရပြီး ဖိနှိပ်ခံခဲ့ရရင် ကျွန်မရဲ့ အသွေးအသားက ဘယ်လောက်နာကျင်ပါစေ၊ သေသွားရင်တောင်မှ ဘုရားအတွက် ကျွန်မရဲ့ သက်သေခံချက်မှာ ခိုင်ခိုင်မာမာရပ်တည်ပြီး စာတန်ကို အရှက်ရအောင်လုပ်မယ်။ ဘုရားကို သစ္စာမဖောက်တော့ဘူး။
နောက်တော့ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ပြီး ကျွန်မရဲ့ ပြစ်မှားမှုကို ဘယ်လို ကိုင်တွယ်သင့်တယ်ဆိုတာ သင်ယူခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ပြီးလျှင် ဘုရားသခင်၏ အပြစ်ဖြေခြင်းနှင့် ခွင့်လွှတ်ခြင်းကို သင်မည်သို့ ရရှိနိုင်သနည်း။ ဤသည်မှာ သင်၏ စိတ်နှလုံးအပေါ် မူတည်သည်။ သင် အမှန်တကယ် ဝန်ချပါက သင်၏အမှားနှင့် ပြဿနာ၊ ပြီးလျှင် ထိုအရာမှာ သင်ကျူးလွန်မိသည့် ပြစ်မှားမှု၊ သို့မဟုတ် အပြစ်တစ်ခု ဟုတ်မဟုတ်ဆိုသည်ကို အမှန်တကယ် အသိအမှတ်ပြုပါက၊ စစ်မှန်သည့် ဝန်ချခြင်း သဘောထားကို သင် ခံယူပါက သင်လုပ်မိခဲ့သည့်အရာအတွက် စစ်မှန်သော အမုန်းတရားကို သင် ခံစားရပြီး ထိုမှားသည့်အရာကို တစ်ဖန် မည်သည့်အခါတွင်မျှ မလုပ်ဆောင်ရန်အလို့ငှာ မိမိကိုယ်ကို အမှန်တကယ် ပြောင်းလဲစေပါက ဘုရားသခင်၏ အပြစ်ဖြေခြင်းနှင့် ခွင့်လွှတ်ခြင်းတို့ကို သင် တစ်နေ့ ရရှိလိမ့်မည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် သင်၏ အဆုံးသတ်ကို ယခင်က သင် လုပ်ဆောင်ခဲ့သည့် မသိနားမလည်သည့်၊ မိုက်မဲပြီး ညစ်ညမ်းသော အရာများအပေါ် အခြေခံ၍ သတ်မှတ်တော့မည်မဟုတ်ပေ။...လူအချို့က ‘ဘုရားသခင်က ကျွန်ုပ်ကို ခွင့်လွှတ်ပြီးဖြစ်ကြောင်း မသိရှိမီ ကျွန်ုပ် မည်မျှ ဆုတောင်းရမည်နည်း’ဟု မေးကြသည်။ ဤကိစ္စရပ်ဖြင့် သင်စွပ်စွဲခြင်းမခံရတော့သည့်အခါ၊ ဤကိစ္စရပ်ကြောင့် စိတ်ဓာတ်ကျမှုထဲသို့ သင် မကျဆင်းတော့သည့်အခါ ယင်းမှာ ရလဒ်များကို သင် ရရှိပြီးဖြစ်မည့် အချိန်ဖြစ်ပြီး ထိုအရာက ဘုရားသခင်သည် သင့်ကို အပြစ်ဖြေလွှတ်ပြီးဖြစ်ကြောင်း ပြလိမ့်မည်။ မည်သည့်လူမျှ၊ မည်သည့် တန်ခိုးနှင့် ပြင်ပ အင်အားစုကမျှ သင့်ကို မနှောင့်ယှက်နိုင်သည့်အခါ၊ ပြီးလျှင် မည်သည့်လူ၊ အဖြစ်အပျက်၊ သို့မဟုတ် အမှုအရာမျှ၏ ဩဇာလွှမ်းမိုးမှုအောက်တွင် သင် မရှိတော့သည့်အခါ ယင်းမှာ ရလဒ်များ သင် စွမ်းဆောင်ရရှိပြီးဖြစ်မည့်အချိန် ဖြစ်သည်။ ဤသည်မှာ သင် လျှောက်လှမ်းရန် လိုအပ်သည့် ပထမခြေလှမ်း ဖြစ်သည်။ ဒုတိယခြေလှမ်းမှာ အပြစ်ဖြေလွှတ်ခြင်းအတွက် ဘုရားသခင်ကို စဉ်ဆက်မပြတ် တောင်းပန်နေစဉ်တွင် သင်၏ တာဝန်ကို သင် ထမ်းဆောင်သည်နှင့်အမျှ သင်လိုက်လျှောက်သင့်သည့် စည်းမျဉ်းများကို တက်ကြွစွာ လိုက်ရှာသင့်သည်။ ဤအရာကို လုပ်ဆောင်ခြင်းအားဖြင့်သာ သင်၏ တာဝန်ကို ကောင်းစွာ သင် ထမ်းဆောင်နိုင်လိမ့်မည်။ ဤသည်မှာလည်း လက်တွေ့ကျသည့် လုပ်ရပ်တစ်ခု၊ သင်၏ ပြစ်မှားမှုကို ထေမိစေပြီး သင် နောင်တရကြောင်းနှင့် သင့်ကိုယ်သင် ပြောင်းလဲပြီးဖြစ်ကြောင်း သက်သေပြသည့် လက်တွေ့ကျသော ဖော်ပြချက်နှင့် သဘောထားတစ်ခု ဖြစ်သည်မှာ အမှန်ဖြစ်၏။ ဤသည်မှာ သင်လုပ်ဆောင်သင့်သည့် တစ်စုံတစ်ရာ ဖြစ်သည်။ သင်၏ တာဝန်၊ ဘုရားသခင် သင့်ကို ပေးသည့် စေခိုင်းချက်တာဝန်ကို သင် မည်မျှကောင်းစွာ ထမ်းဆောင်ပါသနည်း။ ထိုအရာကို စိတ်ဓာတ်ကျသည့် သဘောထားဖြင့် သင် ချဉ်းကပ်သလော၊ သို့မဟုတ် သင့်ကို ဘုရားသခင် လိုက်လျှောက်ရန် တောင်းဆိုသည့် စည်းမျဉ်းများဖြင့် ချဉ်းကပ်သလော။ သင်၏ သစ္စာစောင့်သိခြင်းကို သင် ပူဇော်သလော။ မည်သည့် အခြေခံအကြောင်းရင်းအရ ဘုရားသခင်က သင့်ကို ဖြေလွှတ်ရမည်နည်း။ နောင်တတရား တစ်ခုတလေ သင်ဖော်ပြပြီးပြီလော။ ဘုရားသခင်ထံ မည်သည့်အရာကို သင်ပြသနေပါသနည်း။ ဘုရားသခင်၏ အပြစ်ဖြေလွှတ်ခြင်းကို သင် ရရှိရန် ဆန္ဒရှိပါက ပထမဦးစွာ သင် ရိုးသားစစ်မှန်ရမည်။ တစ်နည်းအားဖြင့် သင်သည် လေးနက်သည့် ဝန်ချခြင်း သဘောထားတစ်ခု ရှိရမည်ဖြစ်ပြီး သင်၏ ရိုးသားစစ်မှန်မှုကိုလည်း ယူဆောင်လာကာ သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရမည်။ သို့မဟုတ်ပါက ပြောစရာ မည်သည့်အရာမျှ မရှိပေ။ ဤအရာနှစ်ခုကို သင်လုပ်ဆောင်နိုင်ပါက သင်၏ စစ်မှန်ရိုးသားမှုနှင့် ကောင်းမွန်သည့် ယုံကြည်ခြင်းဖြင့် ဘုရားသခင်ကို သင်တို့ထိနိုင်ပြီး ဘုရားသခင်က သင်၏ အပြစ်များမှ သင့်ကို ဖြေလွှတ်ပေးအောင် လုပ်နိုင်ပါက သင်သည် အခြားလူများကဲ့သို့ပင် ဖြစ်လိမ့်မည်။ အခြားလူများကို ဘုရားသခင် ကြည့်ရှုသကဲ့သို့ သင့်ကိုလည်း ကြည့်ရှုလိမ့်မည်။ အခြားလူများကို သူ ဆက်ဆံသကဲ့သို့ သင့်ကိုလည်း ဆက်ဆံလိမ့်မည်ဖြစ်ပြီး အခြားလူများကို သူလုပ်ဆောင်သကဲ့သို့ သင့်ကို သူ တရားစီရင်ပြီး ပြစ်တင်ဆုံးမလိမ့်မည်၊ သင့်ကို စစ်ဆေးပြီး သန့်စင်စေလိမ့်မည်။ သင်သည် မည်သို့မျှ ခြားနားစွာ ဆက်ဆံခြင်းခံရလိမ့်မည် မဟုတ်။ ဤသို့ဖြင့် သင်သည် သမ္မာတရား လိုက်စားရန် စိတ်ပိုင်းဖြတ်ချက်နှင့် စိတ်ဆန္ဒ ရှိလိမ့်မည်ဖြစ်ရုံသာမက သင်၏ သမ္မာတရား လိုက်စားမှုတွင်လည်း အလားတူစွာ ဘုရားသခင်က သင့်ကို ဉာဏ်အလင်း ပေးလိမ့်မည်၊ လမ်းပြလိမ့်မည်ဖြစ်ပြီး သင့်ကို ထောက်ပံ့ပေးလိမ့်မည်။ ယခုတွင် သင်သည် ရိုးသားစစ်မှန်သည့် စိတ်ဆန္ဒတစ်ခုနှင့် လေးနက်သည့် သဘောထားတစ်ခု ရှိသောကြောင့် ဘုရားသခင်သည် သင့်ကို အခြား မည်သူနှင့်မျှ မည်သည့် ကွဲပြားခြားနားမှုမျှမရှိဘဲ ဆက်ဆံလိမ့်မည်၊ အခြားလူများကဲ့သို့ပင် ကယ်တင်ခြင်း ရရှိရန် အခွင့်အရေး သင်ရှိလိမ့်မည်မှာ အမှန်ဖြစ်၏။ ဤအရာကို သင်နားလည်သည်လော။ (နားလည်ပါသည်။)” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂)) အရင်က ဘယ်လိုပြစ်မှားမှုတွေကိုပဲ ကျူးလွန်ခဲ့ပါစေ ဘုရားအလိုရှိတာက ကိုယ့်ရဲ့ စစ်မှန်တဲ့ နောင်တနဲ့ ပြောင်းလဲမှုပဲဆိုတာ ဘုရားနှုတ်ကပတ်တော်ကို ဆင်ခြင်ပြီးတော့ ကျွန်မ နားလည်ခဲ့တယ်။ အမှားတစ်ခုလုပ်မိရင် ဘုရားရှေ့ကိုလာပြီး ကိုယ့်အပြစ်တွေကို ရိုးရိုးသားသားဝန်ခံရမယ်။ နောက်တစ်ခုက ကိုယ့်တာဝန်ကို ကိုင်စွဲထားပြီး သစ္စာရှိရှိနဲ့ ထမ်းဆောင်ရမယ်။ ကိုယ့်ရဲ့ ပြစ်မှားမှုတွေကို ဖာထေးဖို့ လက်တွေ့လုပ်ရပ်တွေကို အသုံးပြုရမယ်။ ဒါဝိဒ်လိုပေါ့။ ဥရိယရဲ့ မိန်းမနဲ့ အိပ်ပြီး မတရားသောမေထုန်ကို ကျူးလွန်တာကြောင့် ဘုရားက သူ့ကို စကားပြောဖို့ ပရောဖက်တစ်ဦးကို စေလွှတ်တယ်။ ဒါဝိဒ်က သူ အပြစ်ကျူးလွန်ခဲ့တာကို သိပြီး ဝန်ခံပြီးတော့ ဘုရားထံမှာ နောင်တရခဲ့တယ်။ သူ့အခန်းထဲမှာရှိတဲ့ အိပ်ရာက မျောသွားတဲ့အထိ မျက်ရည်တွေကျပြီး သူ ငိုတယ်။ သူ အသက်ကြီးတော့ သူ့ရဲ့စောင်ကို နွေးစေခဲ့တဲ့ မိန်းမပျိုကို ထိတောင်မထိဘူး။ နောက်ပြီးတော့ အလေးအနက် နောင်တရရင်းနဲ့ သူ့တာဝန်ကို ထိန်းသိမ်းဖို့အတွက်လည်း လက်တွေ့လုပ်ရပ်ကို အသုံးပြုခဲ့ပြီး သန့်ရှင်းသော ဗိမာန်တော်ကို ဆောက်တယ်။ ယေဟောဝါဘုရားသခင်ကို ကိုးကွယ်ဖို့အတွက် ဣသရေလတွေကို ဦးဆောင်တယ်။ ဒါဝိဒ်ရဲ့ ပြစ်မှားမှုအပေါ်မှာရှိတဲ့ သဘောထားက စိတ်ဓာတ်ကျခြင်းမဟုတ်ဘူး။ ဒီအစား အပြုသဘောဆောင်ပြီး ရှေ့ဆက်တဲ့ သဘောထားပဲ။ သူ့မှာ စစ်မှန်တဲ့ နောင်တနဲ့ ပြောင်းလဲခြင်းရှိခဲ့တယ်။ သခင့်ကို သုံးကြိမ်ငြင်းဆန်ပြီး သူ့ရဲ့ သက်သေခံချက်ကို ဆုံးရှုံးခဲ့တဲ့ ပေတရုလည်းရှိတယ်။ ပေတရုရဲ့ သဘောထားကလည်း စိတ်ဓာတ်ကျခြင်း မဟုတ်ဘူး။ ဒီအစား ဘုရားရှေ့မှာ သူ့ပြစ်မှားမှုတွေကို ရိုးရိုးသားသား ဝန်ခံပြီး စစ်မှန်တဲ့ နောင်တရှိခဲ့တယ်။ အဆုံးမှာ ဘုရားအတွက် သူ့ချစ်ခြင်းရဲ့ သက်သေခံချက်အနေနဲ့ သခင့်အတွက် ပြောင်းပြန် ကားစင်တင်ခံခဲ့ရတယ်။ ဒါဝိဒ်နဲ့ ပေတရုရဲ့ စံနမူနာနောက်ကို ကျွန်မ လိုက်ရမယ်။ ကျွန်မရဲ့ ပြစ်မှားမှုကို အပြုသဘောနဲ့ ရင်ဆိုင်ပြီး ကျွန်မရဲ့ စိတ်ဓာတ်ကျတဲ့ အခြေအနေကို လက်လွှတ်ရမယ်။ ဘုရားရှေ့မှာ စစ်မှန်တဲ့နောင်တနဲ့ ပြောင်းလဲမှုကို လိုက်စားရမယ်။ ဒါက ကျွန်မမှာ ရှိသင့်တဲ့ လက်တွေ့လုပ်ဆောင်မှုနဲ့ သဘောထားပဲ။
နောက်ပိုင်းမှာ အရင်က ကျွန်မ အဖမ်းခံရတုန်းက ဘာကြောင့် ဘုရားကို သစ္စာဖောက်ခဲ့တယ်ဆိုတာကို ဆင်ခြင်သုံးသပ်ကြည့်တယ်။ ကျွန်မက အသွေးအသားကို အရမ်းအရေးစိုက်ပြီး ကိုယ်ပိုင်ဘဝကို အရမ်းချစ်မြတ်နိုးလို့ပဲ။ သခင်ယေရှုပြောခဲ့တာကို ကျွန်မ တွေးမိတယ်။ “အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှါ အလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့်အသက်ရှုံး၏၊ ထိုသူသည် မိမိအသက်ကို ကယ်ဆယ်လိမ့်မည်။” (ရှင်လုကာခရစ်ဝင် ၉:၂၄) တကယ်တမ်းက ကျွန်မရှင်မလား၊ သေမလားဆိုတာကို ဘုရားက စီစဉ်ညွှန်ကြားပြီး အုပ်စိုးတာပါ။ ကျွန်မက သေတဲ့အထိ ရဲတွေ ဖိနှိပ်တာခံရရင်တောင် ဘုရားအတွက် ကျွန်မရဲ့ သက်သေခံချက်မှာ ခိုင်ခိုင်မာမာရပ်တည်နိုင်သရွေ့ ကျွန်မရဲ့ သေခြင်းက တန်ဖိုးနဲ့ အဓိပ္ပာယ်ရှိလိမ့်မယ်။ အခု ကျွန်မက ဘုရားကို သစ္စာဖောက်ခဲ့ပြီ။ ကျွန်မရဲ့ အသွေးအသားက ဒုက္ခမခံရပေမဲ့ ကျွန်မ ခံရတာက ကျွန်မစိတ်နှလုံးရဲ့ ဒုက္ခပဲ။ ဒီညီအစ်ကိုနဲ့ အသင်းတော်ပိုက်ဆံကို ကျွန်မ ထုတ်ပြောလိုက်တာကို တွေးမိတိုင်း ကျွန်မ နှလုံးသားကို ဓားနဲ့ထိုးသလိုပဲ နာကျင်ရတယ်။ ဒါက ကျွန်မရဲ့ အမြဲရှိနေမဲ့ အစွန်းအထင်း၊ အဆုံးမရှိတဲ့ နာကျင်မှု ဖြစ်လာတယ်။ တကယ်တမ်းမှာ အသွေးအသားဒုက္ခက ခဏတာပဲ။ သည်းခံလိုက်ရင် ပြီးသွားမှာ။ ဒါပေမဲ့ စိတ်နှလုံး ဒုက္ခကတော့ အမြဲရှိနေတာလေ။ ကျွန်မက ကိုယ့်အသွေးအသားကို ထိန်းသိမ်းခဲ့ပေမဲ့ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းအားလုံး ဆုံးရှုံးသွားတယ်။ ကျွန်မက လမ်းလျှောက်နေတဲ့ အလောင်းကောင်လို အသက်ရှင်နေခဲ့တယ်။ ကိုယ့်ရဲ့ သက်သေခံချက်မှာ ခိုင်ခိုင်မာမာရပ်တည်ခဲ့တဲ့ ထောင်ထဲက ညီအစ်ကိုမောင်နှမတွေကို ကျွန်မ တွေးမိတယ်။ သူတို့ရဲ့ အသွေးအသားက အများကြီး ဒုက္ခခံရပေမဲ့၊ တချို့ဆိုရင် ရဲတွေက သေတဲ့အထိတောင် အရိုက်ခံရပေမဲ့ သူတို့က တရားမျှတမှုအတွက် သေဆုံးခဲ့တာ။ ဒီလိုသေခြင်းက တန်ဖိုးနဲ့ အဓိပ္ပာယ်ရှိတယ်။ ဘုရားက လက်ခံပြီး အမှတ်ရတယ်။ အသင်းတော်အကြောင်းကို ကျွန်မ ဘာလို့ထုတ်ပြောခဲ့သလဲဆိုတာမှာ တခြားရှုထောင့်တစ်ခုရှိတာကို ကျွန်မ သတိထားမိခဲ့တယ်။ အဲဒါက ရဲတွေရဲ့ ဉာဏ်များတဲ့ အကြံအစည်ကို ကျွန်မ မရိပ်စားမိခဲ့တာပဲ။ သူတို့က အသင်းတော်ပိုက်ဆံကို တွေ့သွားပြီလို့ ပြောတာကို ကျွန်မကြားတော့ သူတို့က သိမ်းပြီးနေပြီဆိုတော့ ကျွန်မက ဘာပဲ ပြောပြော၊ မပြောပြော အရေးမပါတော့ဘူးလို့ ထင်ခဲ့တယ်။ ကျွန်မက ထုတ်ပြောလိုက်ရင် နှိပ်စက်ခံရမှာ မဟုတ်တော့ဘူးပေါ့။ ရလဒ်အနေနဲ့ ကျွန်မရဲ့ သက်သေခံချက်ကို ဆုံးရှုံးသွားတယ်။ လက်တွေ့မှာ အသင်းတော်ပိုက်ဆံကို သူတို့ တွေ့သည်ဖြစ်စေ ကျွန်မပါးစပ်ကို ပိတ်ထားခဲ့သင့်တယ်။ ဘုရားသခင် လိုချင်တာက ကျွန်မရဲ့ သစ္စာရှိမှုနဲ့ သက်သေခံချက်ပဲ။ ကျွန်မရဲ့ ကျရှုံးမှုအတွက် အကြောင်းရင်းကို တွေ့ပြီးသွားတော့ ကျွန်မ စိတ်ပိုင်းဖြတ်လိုက်တယ်။ နောင်မှာ ကျွန်မထပ်ပြီး အဖမ်းခံရရင် သေရမယ်ဆိုရင်တောင် အသင်းတော်ရဲ့ အကျိုးစီးပွားတွေကို ထုတ်မပြောတော့ဘူးပေါ့။ အရင်သုံးလေးနှစ်ကို ပြန်စဉ်းစားကြည့်တော့ ကျွန်မက ဒီပြဿနာကို အမြဲတမ်း ရှောင်နေခဲ့တာ။ ကျွန်မက လက်တွေ့အရှိတရားကို ရင်ဆိုင်ပြီး ကိုယ့်ပြဿနာကို ဖြေရှင်းချင်စိတ်မရှိခဲ့ဘူး။ ကိုယ့်ကိုယ်ကိုယ် မုန်းခဲ့ပေမဲ့ လုံးဝ ကိုယ့်ကိုယ်ကိုယ် တကယ် မသိခဲ့ဘူး။ ကျွန်မရဲ့ စိတ်ဓာတ်ကျခြင်းကနေ မလွတ်မြောက်ခဲ့ဘူး။ ဘုရားနှုတ်ကပတ်တော်ရဲ့ လမ်းပြမှုအောက်မှာ ဘုရားနဲ့ ကျွန်မကြားမှာရှိတဲ့ ကွာဟမှုနဲ့ အထင်လွဲတာတွေကို နောက်ဆုံးမှာ ကျွန်မ ဖယ်ရှားခဲ့တယ်။ အခု လူသစ်တွေကို ရေလောင်ပေးရတဲ့ တာဝန်ထမ်းဆောင်ဖို့ ဘုရားက ကျွန်မကို ကျေးဇူးပြုခဲ့တယ်။ ရေလောင်းတဲ့အလုပ်ကို စည်းမျဉ်းတွေအတိုင်း ကျွန်မ ဆောင်ရွက်သင့်တယ်။ ညီအစ်ကိုမောင်နှမတွေကို သမ္မာတရားနားလည်အောင် လမ်းပြသင့်တယ်။ လမ်းမှန်ပေါ်မှာ အမြစ်တွေချပြီး ကောင်းမှုတွေကို ပြင်ဆင်သင့်တယ်။ အခု ကျွန်မရဲ့ ပြစ်မှားမှုကို မှန်မှန်ကန်ကန် ကိုင်တွယ်နိုင်ပြီ။ ဘုရားကို နားလည်မှုမလွဲတော့ဘူး၊ ဘုရားကို သတိထားကာကွယ်မနေတော့ဘူး။ ဒီကျရှုံးတဲ့ အတွေ့အကြုံကို ညီအစ်ကိုမောင်နှမတွေနဲ့လည်း ကျွန်မ ဖွင့်ပြောပြီး မိတ်သဟာယပြုပြီးတော့ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို သက်သေခံခဲ့တယ်။ လူနည်းတဲ့ အဖွဲ့တွေမှာ ကျွန်မတို့ စုဝေးတော့ ကျွန်မ တက်တက်ကြွကြွ မိတ်သဟာယဖွဲ့တယ်။ တာဝန်မှာ ပြဿနာတွေ၊ အခက်အခဲတွေကို ကျွန်မ ကြုံရတဲ့အချိန်မှာ သမ္မာတရားကို သတိရှိရှိနဲ့ ရှာနိုင်တယ်။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်နိုင်တယ်။ အချိန်ကာလတစ်ခုအထိ လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် ကျွန်မ အခြေအနေကို ရှင်းရှင်းလင်းလင်း ပြောင်းလဲပစ်ခဲ့တယ်။ ဘုရားသခင်ကလည်း ကျွန်မ တာဝန်ထမ်းဆောင်မှုမှာ လမ်းပြနေခဲ့ပါတယ်။ ကျွန်မရဲ့ ပြစ်မှားမှုကြောင့် ဘုရားက ကျွန်မကို မစွန့်ပစ်ဘဲ ကျွန်မကို ဦးဆောင်လမ်းပြနေဆဲပဲဆိုတာကို မြင်ရတော့ ပြစ်မှားခြင်းက ကြောက်စရာအကောင်းဆုံးမဟုတ်ဘူးဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ စည်းမျဉ်းတွေနဲ့အညီ ရိုးရိုးသားသားဝန်ခံပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သရွေ့ ဘုရားရဲ့ သနားကရုဏာနဲ့ လမ်းပြခြင်းကို ရရှိနိုင်ပါတယ်။ ဘုရားသခင် ပြောသလိုပဲ “ဘုရားသခင်၏ သနားကရုဏာနှင့် သည်းခံမှုတို့သည် မနည်းပါးပေ— လူသား၏ စစ်မှန်သည့် နောင်တသာ နည်းပါးခြင်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)) ဒီအသိပညာနဲ့ ဒီကိုယ်တွေ့ အတွေ့အကြုံတွေကို ကျွန်မ ရနိုင်တာက အားလုံး ဘုရားရဲ့ လမ်းပြမှုကြောင့်ပါ။ ဘုရားသခင် ဘုန်းကြီးပါစေ။