၃၇။ “အရည်အချင်းကို အသိအမှတ်မပြုရင် အလုပ်ကြိုးစားတဲ့အတွက်တော့ အသိအမှတ်ပြုခံရသင့်တယ်”ဆိုတဲ့ အမြင်က သမ္မာတရားနဲ့ ကိုက်ညီပါသလား
၂၀၂၂ ခုနှစ် ဩဂုတ်လ အစောပိုင်းမှာ၊ ကျွန်မတို့ စုဝေးပွဲတွေထဲက တစ်ခုကို ပြီးစီးခဲ့ပြီး၊ အစ်မ ဝန်ဂျင်းက၊ “ကျန်းမင်းက အိမ်မှာ ဆင်ခြင်သုံးသပ်ဖို့ သီးခြားခွဲထားခံရတယ်”ဆိုပြီး ပြောတယ်။ ဒါကို ကျွန်မကြားတော့၊ “ဘာတွေဖြစ်နေကြတာလဲ”လို့ မေးလိုက်တယ်။ ဝန်ဂျင်းက ပြောတယ်။ “ကျန်းမင်းက သူ့တာဝန်မှာ ပေါ်တဲ့ ပြဿနာတွေကို ညီအစ်ကို မောင်နှမတွေက ထောက်ပြတိုင်းမှာ၊ လက်ခံဖို့ကို ဆက်တိုက် ငြင်းဆန်ပြီး၊ သူ့ကိုယ်သူတောင် ကျိုးကြောင်းပြပြောပြီး ခုခံချေပတယ်။ သူက ငိုပြီးတော့ ဆူဆူညံညံနဲ့ ဗရုန်းဗရင်းဖြစ်အောင်လုပ်တယ်။ သူ့ရဲ့ ခံပြင်းမှုကို သူ့တာဝန်ပေါ်တောင် ပုံချတယ်။ ဒီဟာကြောင့် အလုပ်က ပုံမှန် ရှေ့မဆက်နိုင်ဘဲ အသင်းတော် အသက်တာမှာ အနှောင့်အယှက်နဲ့ အဖျက်အမှောင့်တွေ ဖြစ်သွားတယ်။ သူက သူ့ကိုယ်သူ သုံးသပ်ပြီး သိအောင် မကြိုးစားဘဲ သူ့ကိုယ်သူ ခုခံချေပဖို့ ကြိုးစားနေသေးရင်၊ ရှင်းလင်းခံရနိုင်တယ်”တဲ့။ ဒါပေမဲ့ ဒါကို ကျွန်မကြားတော့၊ အရမ်းအံ့ဩမိတယ်။ ကျန်းမင်းက ဘုရားကို နှစ်တွေအကြာကြီး ယုံကြည်လာခဲ့တဲ့ အချိန်အတွင်းမှာ သူ့ကိုယ်သူ အမြဲ စွန့်လွှတ်ပြီး အသုံးခံတယ်၊ ပြီးတော့ လူသစ်တွေကို ရေလောင်းတဲ့အခါ သူက ချစ်ခင်တတ်ပြီး ဖော်ရွေတတ်တယ်လို့ ကျွန်မ ထင်ခဲ့တာလေ။ ဘယ်လောက်ပဲ နောက်ကျပါစေ၊ လူသစ်တစ်ယောက်မှာ ပြဿနာရှိတဲ့အခါတိုင်း၊ အဲဒီလူသစ်နဲ့ မိတ်သဟာယပြုပြီး ပြဿနာကို ဖြေရှင်းဖို့ သူ အစွမ်းကုန် လုပ်တယ်။ ပြီးတော့ မိသားစု ကိစ္စ ပေါ်လာတဲ့အချိန်မှာတောင် တာဝန်ကို ဘေးချိတ်မထားခဲ့ဘူး။ သမ္မာတရားကို အခု သူ လက်မခံရင်တောင်၊ သူ အသိအမှတ်မပြုသေးတာပဲ ဖြစ်နိုင်တယ်။ ဒါကို သူ တဖြည်းဖြည်း တွေးဆ၊ သုံးသပ်ပြီး အသိအမှတ်ပြုလာဖို့ ကြိုးစားရင်၊ အဆင်ပြေမှာပဲ မဟုတ်လား။ သူ ရှင်းလင်းမခံရထိုက်ဘူး။ သူ့လိုလူတစ်ယောက် ရှင်းလင်းခံရရင်၊ ကျွန်မကိုယ်တိုင်ရဲ့ စွန့်လွှတ်မှုနဲ့ အသုံးခံမှုတွေက သူ့ဟာနဲ့ နှိုင်းလို့မရတာကို စဉ်းစားတဲ့အခါ၊ နောက်ဆုံးမှာ ကျွန်မလည်း ဖယ်ရှားရှင်းလင်းခံရမှာပဲ မဟုတ်လား။ အဲဒီအချိန်အတောအတွင်းမှာ၊ ဒါကို ကျွန်မ တွေးတဲ့အခါတိုင်း၊ ကျွန်မအခြေအနေက အတော်လေး အပျက်သဘောဆောင်လာပြီး၊ ကျွန်မတာဝန်ကို လုပ်နေတဲ့အချိန်မှာ အားမရှိခဲ့ဘူး။
နောက်ပိုင်း၊ စုဝေးပွဲတစ်ခုမှာ၊ အသင်းတော် ခေါင်းဆောင် ဝမ်ယုက ကျန်းမင်းကို ရှင်းလင်းတဲ့ စာရွက်စာတမ်းတွေ လာစစ်ပြီး၊ ကျွန်မက၊ “ကျန်းမင်းက နှစ်တော်တော်များများ သူ့တာဝန်ကို ထမ်းဆောင်တဲ့နေရာမှာ သူ့မိသားစုကို စွန့်ပစ်ပြီး အသက်မွေးအလုပ်ကို စွန့်လွှတ်ခဲ့တယ်။ အရည်အချင်းကို အသိအမှတ်မပြုရင် အလုပ်ကြိုးစားတဲ့အတွက်တော့ အသိအမှတ်ပြုခံရသင့်တယ်။ ဘာလို့ သူက ရှင်းလင်းခံနေရတာလဲ။ သူ့တာဝန်ကို ဒီလိုလုပ်ပြီးတော့ ကယ်တင်ခြင်းမရနိုင်ရင်၊ ကျွန်မက သူ့လောက် အခက်အခဲဒုက္ခမခံရသလို၊ သူ့လောက် အဖိုးအခမပေးတဲ့အတွက်၊ ကျွန်မလည်း ဖယ်ရှားရှင်းလင်းခံရသင့်တယ် မဟုတ်လား”လို့ ကျွန်မရဲ့ အယူအဆနဲ့ မရှင်းတာကို ထုတ်ပြောလိုက်တယ်။ ကျွန်မမှာ အယူအဆတွေ ဖြစ်နေတာကို မြင်တော့၊ ဝမ်ယုက စိတ်ရှည်ရှည်နဲ့ ကျွန်မကို မိတ်သဟာယပြုတယ်။ “အစ်မ မြင်တာက အပြင်ပန်းမှာ ကျန်းမင်းက ဘယ်လိုအလုပ်လုပ်တဲ့ ပုံစံရှိတယ်ဆိုတဲ့ဟာပဲ။ သမ္မာတရားအပေါ် သူ့ရဲ့သဘောထားက တစ်လျှောက်လုံး ဘယ်လိုရှိနေခဲ့တယ်ဆိုတာကို အစ်မမမြင်ရသေးဘူး။ ညီအစ်ကို မောင်နှမတွေရဲ့ ဆန်းစစ်ချက်အရ ကျန်းမင်းအပေါ် ကိစ္စတွေ ဖြစ်တဲ့အခါ၊ သူက ဘုရားဆီကနေ ဘာကိုမှ လက်မခံသလို၊ လူတွေနဲ့ အမှုအရာတွေကို အရမ်း ကောက်ချက်ချလွန်းတယ်။ ညီအစ်ကို မောင်နှမတွေက သူနဲ့ မိတ်သဟာယပြုပြီး သူ့ကို အကြိမ်တော်တော်များများ ကူညီခဲ့တယ်။ ဒါပေမဲ့ သမ္မာတရားကို သူ နည်းနည်းမှ လက်မခံခဲ့ဘူး။ သူ့ကိုယ်သူ ကျိုးကြောင်းပြပြောပြီး ခုခံချေပသလို၊ သူ့ရဲ့ ခံပြင်းစိတ်ကို သူ့တာဝန်အပေါ်တောင် ပုံချတယ်”တဲ့။ ပြီးတော့ ခေါင်းဆောင်က ဥပမာတစ်ခု ပေးတယ်။ “တစ်ခါ လူသစ်တွေကို ရေလောင်းပေးတာနဲ့ပတ်သက်လို့ ကျန်းမင်းရဲ့ ပြဿနာတွေကို သူ့ရဲ့ ကြီးကြပ်ရေးမှူးက ထောက်ပြတော့၊ ကျန်းမင်းက လက်မခံခဲ့သလို၊ ကြီးကြပ်ရေးမှူးက သူ့ကို တမင် ပစ်မှတ်ထားနေတယ်လို့ ထင်ခဲ့တယ်။ သူ ဒေါသထွက်သွားပြီး၊ ‘ဒီတာဝန်ကို ကျွန်မ မလုပ်နိုင်တော့ဘူး။ လုပ်ဖို့ တခြားတစ်ယောက်ယောက်ကို ရှာပါ’လို့ ပြောတယ်။ ပြီးတော့ သူ ငိုပြီး ထွက်သွားတယ်”တဲ့။ တစ်လျှောက်လုံး ဒါက ကျန်းမင်းရဲ့ သရုပ်သကန်တွေ ဖြစ်ခဲ့ပြီး၊ သူ့မာနနဲ့ အဆင့်အတန်း ပါဝင်ပတ်သက်တဲ့ အရာတစ်ခုခု ရှိချိန်တိုင်းမှာ သူက သောင်းကျန်းပြီး ဘယ်သူကမှ သူ့ကို ဆွဲထားလို့မရဘူးလို့ ခေါင်းဆောင်က ပြောတယ်။ သူ့ရဲ့ ကြီးကြပ်ရေးမှူးတောင် သူ့ကြောင့် စိတ်ကျဉ်းကျပ်ခဲ့တယ်။ သူ့ရဲ့ ဒီအပြုအမူတွေက အသင်းတော် အသက်တာကို ဆိုးဆိုးရွားရွား နှောင့်ယှက်ခဲ့ပြီး ရေလောင်းတဲ့အလုပ်ကို ထိခိုက်ခဲ့တယ်။ ဘုရားကို ယုံကြည်တဲ့ ဒီနှစ်တွေအတောအတွင်းမှာ ကျန်းမင်းက သူ့တာဝန်ကို လုပ်နေခဲ့ပေမဲ့၊ သမ္မာတရားကို လုံးဝ မလိုက်စားခဲ့ဘူး။ ကိစ္စတွေ သူ့အပေါ် ကျရောက်တဲ့အခါ၊ အဲဒါတွေကို ဘုရားဆီကနေ သူ လုံးဝ လက်မခံခဲ့သလို၊ ကိုယ့်ကိုယ်ကိုယ် မသုံးသပ်ဘဲ သင်ခန်းစာသစ်တွေ မသင်ယူခဲ့ဘူး။ သူက မယုံကြည်သူတစ်ယောက်ပဲ။ ဆက်ပြီးတော့ ဝမ်ယုက ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ပြတယ် “လူသားများက အခြားလူသားများကို ဝေဖန်အကဲဖြတ်သည့် စံနှုန်းမှာ ၎င်းတို့၏ အပြုအမူပေါ်တွင် အခြေခံသည်။ ၎င်းတို့၏ အပြုအမူ ကောင်းမွန်သောသူများသည် ဖြောင့်မတ်ကြသော်လည်း၊ ၎င်းတို့၏ အပြုအမူက စက်ဆုပ်ဖွယ်ကောင်းသူများသည် ဆိုးယုတ်ကြပေသည်။ လူသားများကို ဘုရားသခင် တရားစီရင်သော စံနှုန်းမှာ ၎င်းတို့၏ အနှစ်သာရက သူ့ကို ကျိုးနွံနာခံမှု ရှိမရှိဆိုသည့်အပေါ် အခြေခံသည်။ ဤလူ၏ အပြုအမူ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ပြီးလျှင် ၎င်းတို့၏ စကားက မှန်သည်ဖြစ်စေ၊ မမှန်ကန်သည်ဖြစ်စေ၊ ဘုရားသခင်ကို ကျိုးနွံနာခံသောသူသည် ဖြောင့်မတ်သူတစ်ဦး ဖြစ်သော်လည်း၊ ဘုရားသခင်ကို ကျိုးနွံမနာခံသောသူသည် ရန်သူတစ်ဦးနှင့် ဆိုးယုတ်သောသူတစ်ဦး ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်) ပြီးတော့ သူက မိတ်သဟာယပြုပြီး ပြောတယ်။ “လူတွေက တခြားလူတွေကို သူတို့ရဲ့ အပြင်အပန်းတွေကို အခြေခံပြီး အကဲဖြတ်ကြတယ်။ တစ်ယောက်ယောက်ရဲ့ အပြုအမူက ကောင်းပုံရရင်၊ လူကောင်းဖြစ်ပြီး၊ ဆိုးပုံရရင်၊ မကောင်းတဲ့ လူတစ်ယောက်ပဲလို့ပေါ့။ ဘုရားကတော့ လူတွေကို သူတို့ရဲ့ သဘာဝ အနှစ်သာရနဲ့ သမ္မာတရားအပေါ် သူတို့ သဘောထားကို အခြေခံပြီး ကြည့်တယ်။ လူတွေက သူနဲ့ သမ္မာတရားကို ကျိုးနွံနာခံနိုင်ခြင်း ရှိမရှိဆိုတာကို ဘုရားက ကြည့်တယ်။ အပေါ်ယံမှာ သူတို့ဘယ်လောက် စွန့်လွှတ်၊ ဒုက္ခခံပြီး အလုပ်လုပ်ပုံပေါ်တာကို မကြည့်ဘူး”တဲ့။ ဒီမိတ်သဟာယကတစ်ဆင့် ကျန်းမင်း ရှင်းလင်းခံရချိန်မှာ သူ့အတွက် ကျွန်မ စိတ်မကောင်းဖြစ်ရတဲ့ အကြောင်းရင်းက သူ့ရဲ့ အပြင်ပန်းတွေကိုပဲ ကျွန်မ မြင်ခဲ့လို့ဖြစ်မှန်း သုံးသပ်မိတယ်။ သူက သူ့မိသားစုကို စွန့်ပစ်နိုင်တယ်၊ သူ့ရဲ့ အသက်မွေးအလုပ်ကို စွန့်နိုင်တယ်၊ ဆင်းရဲဒုက္ခကို ခါးစီးခံပြီး အဖိုးအခပေးနိုင်သလို၊ လူသစ်တွေက ပြဿနာတွေ ကြုံရတဲ့အခါ၊ သူတို့နဲ့ မိတ်သဟာယပြုဖို့ အချိန်ယူတာကို စိတ်အနှောင့်အယှက်မဖြစ်ခဲ့ဘူး၊ ဒါကြောင့် သူက သမ္မာတရား လိုက်စားသူတစ်ယောက်လို့ ကျွန်မ ယုံကြည်ခဲ့တယ်။ ဒါပေမဲ့ သူ့အပေါ် ကိစ္စတွေ ကျရောက်တဲ့အခါ သမ္မာတရားကို သူ လက်ခံ၊ ကျိုးနွံနာခံနိုင်ခြင်း ရှိမရှိဆိုတာကို ကျွန်မ မကြည့်ခဲ့ဘူး။ ဒါမှမဟုတ် သူ့တာဝန်ကနေ ရတဲ့ ရလဒ်တွေက ဘာနဲ့တူလဲဆိုတာကို မကြည့်ခဲ့ဘူး။ သူ့အပေါ် ဘုရားအိမ်တော်ရဲ့ သတ်မှတ်ချက်တွေက အရမ်းပြင်းထန်ပြီး၊ သူ ရှင်းလင်းမခံရသင့်ဘူးလို့ ကျွန်မ တွေးခဲ့တယ်။ လက်စသတ်တော့၊ လူတွေ ဒါမှမဟုတ် အမှုအရာတွေကို ကျွန်မ မရိပ်စားနိုင်ခဲ့တာပဲ။ ကျွန်မ အရမ်း မသိနားမလည်ဖြစ်ခဲ့တာ။
နောက်ပိုင်းမှာ အဖွဲ့ငယ်လေးတစ်ခုမှာ ကျွန်မ စုဝေးတဲ့အခါ၊ ကျန်းမင်း ရှင်းလင်းခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး၊ ညီအစ်ကို မောင်နှမတချို့ကလည်း “အရည်အချင်းကို အသိအမှတ်မပြုရင် အလုပ်ကြိုးစားတဲ့အတွက် တော့ အသိအမှတ်ပြုခံရသင့်တယ်”ဆိုတဲ့အမြင် ရှိကြမှန်း ကျွန်မ တွေ့ရတယ်။ ဒီပြဿနာကို ပစ်မှတ်ထားပြီးတော့၊ ဖတ်ရမဲ့ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မ ရှာခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ပေါလုသည် သမ္မာတရားကို မလိုက်စားခဲ့ပေ။ သူသည် သူ၏ ဇာတိပကတိအတွက် အနာဂတ်နှင့် ခရီးပန်းတိုင်တစ်ခု ရှာသောကြောင့်သာ ဘုရားသခင်ကို ယုံကြည်ခဲ့ခြင်း ဖြစ်သည်။ သူသည် ဆုလာဘ်နှင့် သရဖူများရရှိရန်သာ ကြိုးစားခဲ့သည်။ ဘုရားသခင်က သူ့ကို နှုတ်ကပတ်တော်များစွာ ပြောခဲ့သည်၊ များစွာ ဆုံးမပဲ့ပြင်၊ ဉာဏ်အလင်းပေးကာ အလင်းပြခဲ့သည့်တိုင် ဘုရားသခင်ကို သူ ကျိုးနွံနာခံခဲ့ခြင်းမရှိ သို့မဟုတ် သမ္မာတရားကို လက်မခံခဲ့ပေ။ သူသည် ဘုရားသခင်ကို အမြဲ ပုန်ကန်ခဲ့သကဲ့သို့ အတိုက်အခံလုပ်ခဲ့ကာ အဆုံးတွင် သူသည် အန္တိခရစ်တစ်ဦးဖြစ်လာပြီး ရှုတ်ချကာ အပြစ်ပေးခြင်းခံခဲ့ရသည်။ ပေါလုသည် မလုပ်ဆောင်ရမည့်အရာ၏ စံနမူနာအဖြစ် အသုံးတော်ခံ၏။...လူ၏ အယူအဆများနှင့် စိတ်ကူးများအရ လူတို့က ‘ဘုရားသခင်သည် ပေါလုကို ထိုသို့မဆက်ဆံသင့်ပါ။ ပေါလုသည် များစွာ လုပ်ဆောင်ခဲ့ပြီး အလွန်များစွာ ဆင်းရဲဒုက္ခခံခဲ့လေပြီ။ ထို့အပြင် သူသည် ဘုရားသခင်ကို သစ္စာစောင့်သိပြီး ဆက်ကပ်သည်။ အဘယ်ကြောင့် ဘုရားသခင်က သူ့ကို ထိုသို့ ဆက်ဆံမည်နည်း’ဟု တွေးထင်ကြသည်။ လူတို့သည် ဤအရာကို ပြောဆိုသည်မှာ မှန်ကန်ပါသလော။ သမ္မာတရားနှင့် ကိုက်ညီပါသလော။ မည်သည့် နည်းလမ်းဖြင့် ပေါလုသည် ဘုရားသခင်ကို အလွန် သစ္စာစောင့်သိ၊ ဆက်ကပ်ပါသနည်း။ ၎င်းတို့သည် အမှန်တရားကို မလိမ့်တပတ်လုပ်နေကြခြင်း မဟုတ်လော။ ပေါလုသည် မိမိအတွက် ကောင်းချီးများ ရရှိရန် သစ္စာစောင့်သိကာ ဆက်ကပ်ခဲ့ပေသည်။ ယင်းသည် ဘုရားသခင်ကို သစ္စာစောင့်သိခြင်းနှင့် ဆက်ကပ်ခြင်း ဖြစ်သလော။ လူတို့သည် သမ္မာတရားကို နားမလည်သည့်အခါ၊ ပြဿနာ၏ အနှစ်သာရကို ရှင်းလင်းစွာ မမြင်နိုင်သကဲ့သို့ မိမိတို့၏ခံစားချက်များအပေါ် အခြေခံ၍ ကြောင်းကျိုးမမြင်ဘဲ စကားပြောဆိုသည့်အခါ ၎င်းတို့သည် ဘုရားသခင်ကို ပုန်ကန်ပြီး အတိုက်အခံလုပ်နေခြင်း မဟုတ်လော။ လူတိုင်းက ပေါလုကို ကြည်ညိုကြသည်မှာ မထူးဆန်းပေ။ စာတန်နှင့် သက်ဆိုင်သူတို့သည် စာတန်ကို ကြည်ညိုကြပြီး မိမိတို့၏ခံစားချက်များကို အခြေခံ၍ စာတန်အတွက်ပင် စကားပြောကြသည်။ ဤအရာက လူတို့သည် စာတန်နှင့် သီးခြားဖြစ်ပုံရနိုင်သော်လည်း ဆက်နွှယ်မှုရှိနေဆဲဖြစ်သည်ကို ဆိုလိုပေသည်။ အမှန်တွင် စာတန်အတွက် လူတို့ စကားပြောသည့်အခါ မိမိတို့အတွက်လည်း စကားပြောနေကြခြင်း ဖြစ်သည်။ လူတို့သည် ပေါလုနှင့်တူကြပြီး သူကဲ့သို့ တစ်လမ်းတည်းပေါ်တွင် ရှိကြသောကြောင့် သူ့ကို စာနာကြပေသည်။ လူ၏ ဘဝပေးအသိအရ ဘုရားသခင်သည် ပေါလုကို ထိုသို့ မဆက်ဆံသင့်ပေ။ သို့သော် ဘုရားသခင် လုပ်ခဲ့သည့်အရာသည် လူ၏ ဘဝပေးအသိနှင့် ဆန့်ကျင်ဘက် အတိအကျဖြစ်ခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားဖြစ်ပြီး သမ္မာတရား ဖြစ်သည်။ လူတစ်ဦးသည် လူ၏ ဘဝပေးအသိနှင့်အညီ စကားပြောဆိုပါက ၎င်းတို့က ‘ပေါလုသည် များစွာ စွမ်းဆောင်ရရှိခြင်း မရှိခဲ့လျှင်ပင် သူသည် အလုပ်နှင့် အားထုတ်မှုများစွာ ရှိခဲ့သည်။ သူဆင်းရဲဒုက္ခခံခဲ့သည့် နှစ်အရေအတွက်ကြောင့်ပင် သူသည် ချမ်းသာပေးခံရသင့်သည်။ သူသည် အလုပ်လုပ်ပေးသူတစ်ဦး ဖြစ်လျှင်ပင် အဆင်ပြေမည်။ အပြစ်ပေးမခံရသင့်၊ သို့မဟုတ် ငရဲသို့ အပို့မခံရသင့်ပါ’ဟု ဆိုကောင်းဆိုနိုင်သည်။ ဤသည်မှာ လူ၏ ဘဝပေးအသိနှင့် ခံစားချက်များ ဖြစ်သည်။ သမ္မာတရား မဟုတ်ပေ။ ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်အကောင်းဆုံး သွင်ပြင်လက္ခဏာမှာ အဘယ်နည်း။ သူသည် လူ၏ ဘဝပေးအသိ မရှိခြင်း ဖြစ်သည်။ သူလုပ်သမျှတိုင်းသည် သမ္မာတရား၊ သူ၏ အနှစ်သာရတို့နှင့် အညီဖြစ်သည်။ သူသည် ဖြောင့်မတ်သော စိတ်သဘောထားကို ထုတ်ဖော်ပြသ၏။ ဘုရားသခင်သည် သင်၏ ဓမ္မဓိဋ္ဌာန်ကျသော ဆန္ဒများကို အလေးမထားသကဲ့သို့ သင် လုပ်ဆောင်ပြီးသည့်အရာ၏ ဓမ္မဓိဋ္ဌာန်ကျသော အချက်များကိုလည်း အလေးမထားပေ။ ဘုရားသခင်သည် သင်လုပ်ဆောင်သည့်အရာ၊ သင် ထုတ်ဖော်ပြသည့်အရာနှင့် သင်လျှောက်လှမ်းသည့် လမ်းကြောင်းပေါ် အခြေခံ၍ သင် မည်သည့်လူစားမျိုးဖြစ်သည်ကို ဆုံးဖြတ်ပြီး သတ်မှတ်ကာ သင့်အပေါ် အသင့်လျော်ဆုံးသော သဘောထားကို ခံယူလေသည်။ ဤသည်မှာ ပေါလု၏ အဆုံးသတ် ရောက်လာပုံ ဖြစ်သည်။ ပေါလု၏ ကိစ္စရပ်ကို ကြည့်သည့်အခါ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ မရှိသည့်အလား ထင်ရသည်။ ပေတရုနှင့် ပေါလုတို့ နှစ်ဦးလုံးသည် ဖန်ဆင်းခံများ ဖြစ်ကြသော်လည်း ဘုရားသခင်က ပေတရုကို အသိအမှတ်ပြုကာ ကောင်းချီးပေးစဉ်တွင် သူသည် ပေါလုကို ဖော်ထုတ်၊ စိတ်ဖြာလေ့လာ၊ တရားစီရင်ပြီး ရှုတ်ချခဲ့သည်။ ပေါလု၏ အဆုံးသတ်ကို ဘုရားသခင် ဆုံးဖြတ်သည့် နည်းလမ်းတွင် သူ၏ ချစ်ခြင်းမေတ္တာကို သင် မမြင်နိုင်ပေ။ ထို့ကြောင့် ပေါလုထံ ဖြစ်ပျက်သည့်အရာကို အခြေခံ၍ ဘုရားသခင်သည် မချစ်ပါဟု သင် ဆိုနိုင်မည်လော။ မဆိုနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် အကြိမ်များစွာ ဘုရားသခင်က သူ့ကို ဆုံးမပဲ့ပြင်ခဲ့ကာ နောင်တရရန် အခွင့်အရေးများစွာ ပေးလျက် အလင်းပေးခဲ့သော်လည်း ပေါလုသည် ခေါင်းမာစွာ ငြင်းပယ်ပြီး ဘုရားသခင်ကို အတိုက်အခံလုပ်သည့် လမ်းကြောင်းကို လျှောက်ခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် အဆုံးတွင် ဘုရားသခင်သည် သူ့ကို ရှုတ်ချကာ အပြစ်ပေးခဲ့သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားကို နားလည်ခြင်းအားဖြင့်သာ ဘုရားသခင်၏လုပ်ဆောင်ချက်များကို သိနိုင်သည်) “အဆုံးတွင် အချို့သော လူများက၊ ‘အကျွန်ုပ်သည် ကိုယ်တော့်အတွက် အလွန် များလှစွာသော အလုပ်ကို လုပ်ဆောင်ပြီးဖြစ်ကာ၊ မည်သည့် ထင်ရှားသော စွမ်းဆောင်အောင်မြင်မှုတို့ ပြုကောင်းပြုနိုင်မည်မဟုတ်သော်လည်း၊ အကျွန်ုပ်သည် အကျွန်ုပ်၏ အားထုတ်မှုများတွင် လုံ့လရှိဆဲဖြစ်လေပြီ။ အသက်၏အသီးကို စားသုံးရန် ကောင်းကင်ဘုံထဲသို့ ကိုယ်တော်သည် အကျွန်ုပ်အား ဝင်ခွင့်သာပေး၍ မရသလော။’ ဟူ၍ ပြောကြပေလိမ့်မည်။ မည်ကဲ့သို့သော လူမျိုးကို ငါ လိုချင်သည်ကို သင်သိရမည်။ မဖြူစင်သော သူများကို နိုင်ငံတော်အထဲသို့ ဝင်ရောက်ရန် အခွင့်မပြုထားပေ၊ မဖြူစင်သော သူများကို သန့်ရှင်းသောမြေအား အသရေဖျက်စေရန် အခွင့်မပြုထားပေ။ သင်သည် အလွန်များသော အလုပ်ကို လုပ်ဆောင်ပြီးဖြစ်ကာ နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ အဆုံး၌ သင်သည် မနှစ်မြို့ဖွယ်ရာ ညစ်ညူးနေဆဲ ဖြစ်ပါက၊ သင်သည် ငါ့နိုင်ငံတော်ထဲသို့ ဝင်ရောက်လိုသည်မှာ ကောင်းကင်ဘုံ၏ ဥပဒေသအဖို့ သည်းမခံနိုင်ဖွယ် ဖြစ်ပေလိမ့်မည်။ ကမ္ဘာလောကကို အုတ်မြစ်ချသည့် အချိန်မှသည် ယနေ့အထိ၊ ငါ့ကို မျက်နှာလို မျက်နှာရ ပြုကြသော ထိုသူများအား ငါ့နိုင်ငံတော်ထဲသို့ မည်သည့်အခါမျှ လွယ်ကူစွာ ဝင်ရောက်ခွင့် မပေးဖူးပေ။ ဤသည်မှာ ကောင်းကင်ဘုံဆိုင်ရာ စည်းမျဉ်း ဖြစ်ပြီး၊ မည်သူမျှ ချိုးဖောက်၍မရနိုင်။ သင်သည် အသက်အား ရှာဖွေရမည်။ ယနေ့ခေတ်တွင် ပြီးပြည့် စုံလင်စေခြင်း ခံရမည့် သူများသည် ပေတရုကဲ့သို့သော သူများ ဖြစ်ကြသည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် စိတ်သဘောထားတွင် ပြောင်းလဲမှုများကို ရှာဖွေသောသူများ ဖြစ်ကြပြီး၊ ဘုရားသခင်အား သက်သေခံရန်နှင့် ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦး အနေဖြင့် ၎င်းတို့၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းရန်ရန် လိုလားနေကြသူများ ဖြစ်သည်။ ဤကဲ့သို့သော လူများသာ စုံလင်စေခြင်း ခံရပေလိမ့်မည်။ အကယ်၍ သင်သည် ဆုလာဘ်များကိုသာ မျှော်လင့်ပြီး၊ သင်၏ကိုယ်ပိုင် အသက်စိတ်သဘောထားကို ပြောင်းလဲရန် မကြိုးစားပါက၊ သင်၏ အားထုတ်မှု အားလုံးသည် အချည်းနှီး ဖြစ်သွားလိမ့်မည်၊ ဤသည်မှာ ပြောင်းလဲ၍ မရနိုင်သော သမ္မာတရားတစ်ခု ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်) “ငါသည် လူတစ်ဦးစီ၏ ပန်းတိုင်ကို အသက်၊ ဝါရင့်ခြင်း၊ ဒုက္ခခံရသည့်ပမာဏနှင့် အနည်းဆုံးအနေဖြင့် ၎င်းအပေါ် သနားစိတ်ပေါ်စေသည့် အတိုင်းအတာတို့ကို အခြေပြု၍ ဆုံးဖြတ်ခြင်း မဟုတ်ဘဲ၊ သမ္မာတရားကို ၎င်းတို့ ပိုင်ဆိုင်ခြင်း ရှိမရှိအပေါ်တွင် မူတည်၍ ဆုံးဖြတ်ခြင်းဖြစ်၏။ ဤအရာမှတစ်ပါး တခြားရွေးချယ်စရာ မရှိ။ ဘုရားသခင်၏ အလိုတော်ကို မလိုက်သူအားလုံး အပြစ်ပေးခြင်း ခံရမည်ကို သင်တို့ သဘောပေါက်ရမည်။ ဤသည်မှာ မပြောင်းလဲနိုင်သော အချက်ဖြစ်၏။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့) ဘုရားနှုတ်ကပတ်တော်တွေကနေ၊ ဘုရားရဲ့ စိတ်သဘောထားက ဖြောင့်မတ်၊ သန့်ရှင်းတာကို ကျွန်မ မြင်ခဲ့တယ်။ လူတစ်ယောက်ရဲ့ ရလဒ်က ဘာဖြစ်တယ်ဆိုတာနဲ့ သူတို့ ကယ်တင်ခံရခြင်း ရှိမရှိဆိုတာတွေက သူတို့ ဘယ်လောက် အလုပ်လုပ်ပုံပေါ်တယ် ဒါမှမဟုတ် သူတို့ကိုယ်သူတို့ ဘယ်လောက် စွန့်လွှတ်ပြီး အသုံးခံပုံပေါ်တယ်ဆိုတာတွေအပေါ် မမူတည်ပါဘူး။ အရေးကြီးတာက ဒီလူဟာ သမ္မာတရားကို လိုက်စားတဲ့သူတစ်ယောက် ဟုတ်မဟုတ်ဆိုတာနဲ့ သူ့ရဲ့ အသက်စိတ်သဘောထားကို ပြောင်းလဲခြင်း ရှိမရှိဆိုတာပါပဲ။ သူက အလုပ်ကြိုးစားဖို့ပဲ အာရုံစိုက်ပြီး သူ့ရဲ့ အသက်စိတ်သဘောထား ပြောင်းလဲဖို့ အားမထုတ်ရင်၊ နောက်ဆုံးမှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်မှာ မဟုတ်သလို အနှေးနဲ့ အမြန် ဖယ်ရှားရှင်းလင်းခံရမှာပဲ။ အဲဒါက ကျေးဇူးတော်ခေတ်အတွင်းက ပေါလုလိုပဲပေါ့။ သူက နှစ်အတော်များများ အလုပ်လုပ်ခဲ့တယ်။ ဆင်းရဲဒုက္ခအများကြီး ခါးစီးခံခဲ့တယ်။ ဧဝံဂေလိ ဖြန့်နေတုန်းမှာ လူတော်တော်များများကို ရခဲ့ပြီး အသင်းတော်တွေအများကြီး တည်ထောင်ခဲ့တယ်။ ဒါပေမဲ့ သူ့ကိုယ်သူ အသုံးခံတာက ဆုလာဘ်နဲ့ သရဖူတစ်ခု ရဖို့ သက်သက်ဖြစ်ပြီး၊ သူ့ရဲ့ ရည်ရွယ်ချက်က ဘုရားနဲ့ အပေးအယူလုပ်ဖို့ပဲ။ နောက်ပြီးတော့ ပေါလုရဲ့ သဘောဝက အရမ်းကို မာနထောင်လွှားပြီး စိတ်ကြီးဝင်သလို၊ ဘယ်သူကိုမှ အလေးမထားခဲ့ဘူး။ ခရစ်တော်လို သူ အသက်ရှင်ခဲ့တယ်လို့တောင် သက်သေခံခဲ့တယ်။ ဘုရားကို အတိုက်အခံလုပ်တဲ့ အန္တိခရစ် လမ်းကြောင်းကို ပေါလု လျှောက်ခဲ့ပြီး၊ နောက်ဆုံးမှာ ဘုရားရဲ့ စိတ်သဘောထားကို သူ ပုန်ကန်ပြစ်မှားမိသလို ဘုရားရဲ့ အပြစ်ဒဏ်နဲ့ တွေ့ခဲ့တယ်။ ကျန်းမင်း ရှင်းလင်းခံရတာနဲ့ ပတ်သက်လာတဲ့အခါ ကျွန်မလည်း အဲဒီလိုအမှားကို လုပ်ခဲ့တယ်။ ကျန်းမင်းက အလုပ်ကြိုးစားပြီး သူ့တာဝန်ကို လုပ်ဖို့ သူ့မိသားစုကို စွန့်ပစ်သလို သူ့ရဲ့ အသက်မွေးအလုပ်ကိုလည်း လက်လျှော့ခဲ့တယ်၊ ပြီးတော့ သူ့အရည်အချင်းကို အသိအမှတ်မပြုရင်၊ အလုပ်ကြိုးစားတဲ့အတွက်တော့ ဒါမှမဟုတ် အနည်းဆုံး သူ ပင်ပန်းခဲ့ပုံအတွက်တော့ သူ ချီးကျူးခံရသင့်တယ်၊ အနိမ့်ဆုံးအနေနဲ့၊ နောင်တရဖို့ အခွင့်အရေး သူ့ကို ပေးသင့်တယ်လို့ ကျွန်မ ယုံကြည်ခဲ့တယ်။ အခု၊ သူ့ရဲ့ တစ်သမတ်တည်းဖြစ်တဲ့ သရုပ်သကန်တွေကို ကြည့်တဲ့အခါ၊ သူက သမ္မာတရားကို နည်းနည်းမှ လက်မခံသလို၊ သမ္မာတရားကို မနှစ်မြှို့ဘူးဆိုတာ၊ ပြီးတော့ ကိစ္စတစ်ခု သူ့အပေါ် ဖြစ်တဲ့အခါတိုင်းမှာ၊ သူ့မာနနဲ့ အဆင့်အတန်းကို ထိသရွေ့၊ သူက သောင်းကျန်းတယ်ဆိုတာကို ကျွန်မ မြင်ရတယ်။ ညီအစ်ကို မောင်နှမတွေရဲ့ ထောက်ပြချက်တွေနဲ့ အကူအညီတွေကို သူ လက်မခံခဲ့ရုံမက၊ ကျိုးကြောင်းမသင့်ဘဲ သူက ဒုက္ခပေးတယ်၊ ကျိန်ဆဲပြီး အဓိပ္ပာယ်မရှိတာတွေ ပြောသလို၊ သူ့ရဲ့ ခံပြင်းစိတ်ကို သူ့တာဝန်အပေါ် ပုံချတယ်။ သူက ဘုရားကို ယုံကြည်တဲ့လူတစ်ယောက်နဲ့ ဘာမှမတူဘူး။ သူ့ပြဿနာတွေကို ညီအစ်ကို မောင်နှမတွေက ဖော်ထုတ်ပြီး ထောက်ပြတဲ့အခါ၊ သူတို့က သူ့ကို ရည်ရွယ်ချက်ရှိရှိ နှောင့်ယှက်နေတယ်လို့ သူ ထင်ခဲ့တယ်။ တစ်ခါတလေ မတရားခံရတယ်လို့ ခံစားပြီး အဲဒီလိုနဲ့ ခေါင်းဆောင်ကို လျစ်လျူရှုတယ်။ အဲဒါနဲ့ ခေါင်းဆောင်က အလုပ်ကို အကောင်အထည်မဖော်နိုင်တော့ဘူး။ အသင်းတော်မှာ ရှိနေပြီးတော့၊ သူက ညီအစ်ကို မောင်နှမတွေနဲ့ အလုပ်ကို အဖျက်အမှောင့်ဖြစ်စေခဲ့တယ်။ ဆိုးကျိုးက ကောင်းကျိုးထက် အလေးပိုတယ်လို့ ပြောလို့ရတယ်။ အသင်းတော်က သူ့ကို ရှင်းလင်းတာက ဘုရားရဲ့ ဖြောင့်မတ်ခြင်းကို လုံးဝ ထုတ်ဖော်ပြတယ်။ ဒါပေမဲ့ ကျွန်မက ဒီကိစ္စကို သမ္မာတရား စည်းမျဉ်းတွေပေါ် အခြေခံပြီး အကဲမဖြတ်ခဲ့ဘူး။ သူ ရှင်းလင်းခံရတာကို ကြားတော့၊ ဘုရားကို ကျွန်မ အထင်လွဲပြီး ကျန်းမင်းရဲ့ တရားခံရှေ့နေ ဖြစ်လာတယ်။ ကျွန်မမှာ သမ္မာတရား မရှိခဲ့သလို၊ လူတွေကို ဘယ်လို သိမြင်ရမယ်ဆိုတာနဲ့ ဘုရားကို အချိန်မရွေး ကျွန်မ အတိုက်အခံလုပ်နိုင်တယ်ဆိုတာကို ကျွန်မ မြင်ခဲ့တယ်။
နောက်ပိုင်းမှာ၊ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ယေဘုယျအားဖြင့် မတန်တဆ စိတ်အနှောင့်အယှက်ပေးသော လူများသည် အရေးပါသည့် ဖောက်ပြန်သော သို့မဟုတ် ဆိုးယုတ်သော မည်သည့်လုပ်ဆောင်ချက်များကိုမျှ မကျူးလွန်နိုင်သော်လည်း ၎င်းတို့၏အကျိုးစီးပွားများ၊ ဂုဏ်သတင်း၊ သို့မဟုတ် ဂုဏ်သိက္ခာတို့ ပါဝင်လာသောအခိုက်တွင် ၎င်းတို့သည် ချက်ချင်းဆိုသလို ဒေါသတကြီး ပေါက်ကွဲကြသည်၊ ဝုန်းဒိုင်းကြဲလျက် ဒေါထကာ ရိုင်းစိုင်းစွာ ပြုမူကြပြီး ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ပြုရန်ပင် ခြိမ်းခြောက်ကြသည်။ ငါ့ကို ပြောလော့။ အကယ်၍ ထိုကဲ့သို့သောအဓိပ္ပါယ်မရှိသည့်၊ ရိုင်းစိုင်းသည့် လူတစ်ဦးသည် မိသားစုတစ်စုအတွင်းတွင် ပေါ်ထွက်လာပါက တစ်မိသားစုလုံး ဆင်းရဲဒုက္ခ ခံစားရကြလိမ့်မည် မဟုတ်လော။ ထိုအခါတွင် အိမ်ထောင်စုသည် ငိုသံများနှင့် အော်ဟစ်သံများဖြင့် ပြည့်နှက်နေကာ အသက်ရှင်နေထိုင်ဖို့ မခံမရပ်နိုင်လောက်အောင် ဖြစ်စေသော၊ ဆိုးညစ်၍ စိတ်ဓာတ်ကျလောက်ဖွယ် စိတ်ပျက်စရာ ဝန်းကျင်အခြေအနေတစ်ခုတွင် နစ်မြုပ်ကြရလိမ့်မည်။ အချို့အသင်းတော်များတွင် ထိုကဲ့သို့သောလူများရှိကြသည်။ အရာအားလုံးက ပုံမှန်အတိုင်း ရှိနေသောအချိန်တွင် ယင်းက မသိသာနိုင်သော်လည်း ၎င်းတို့သည် မည်သည့်အချိန်တွင် ရုတ်တရက် ထပေါက်ကွဲပြီး မိမိတို့ကိုယ်ကို ထုတ်ဖော်နိုင်မည်ကို သင်မည်သည့်အခါမျှ မသိနိုင်ပေ။ ထိုကဲ့သို့သော လူများ၏အဓိကသရုပ်သကန်များတွင် ဝုန်းဒိုင်းကြဲလျက် ဒေါထခြင်း၊ ယုတ္တိမရှိသော အငြင်းအခုံစကားများခြင်းဖြင့် စကားကြောရှည်ခြင်းနှင့် အများပြည်သူရှေ့၊ အခြားလူများအကြားတို့တွင် ဆဲဆိုခြင်းတို့ ပါဝင်သည်။ ဤကဲ့သို့သော အပြုအမူများသည် တစ်လတစ်ကြိမ် သို့မဟုတ် နှစ်ဝက်တစ်ကြိမ်မျှသာ ပေါ်ပေါက်လျှင်ပင် ၎င်းတို့သည် လူအများစု၏အသင်းတော်အသက်တာသို့ ခြားနားသော အနှောင့်အယှက်အဆင့်များကို ဆောင်ယူလာလျက် ကြီးမားသောပူပင်သောကနှင့် အခက်အခဲတို့ကို ဖြစ်စေသည်။ အကယ်၍ လူတစ်ဦးသည် ဤလူစားမျိုးထဲတွင် ပါဝင်လာကြောင်း အမှန်တကယ် ခိုင်မာလျှင် ၎င်းကို မဆိုင်းမတွ ကိုင်တွယ်သင့်ပြီး အသင်းတော်မှနေ၍ ဖယ်ထုတ်ပစ်သင့်သည်။ ‘ဤလူများသည် ပုံမှန်အားဖြင့်ဆိုလျှင် ဒုစရိုက်အမှုတစ်ခုခုကို မလုပ်ကြပါ။ ၎င်းတို့ကို ဆိုးယုတ်သောလူများအဖြစ် ယူဆ၍ မရနိုင်ပါ။ ၎င်းတို့ကို အောင့်အည်းပြီး သည်းခံသင့်သည်’ ဟု လူအချို့က ပြောနိုင်သည်။ ငါ့ကိုပြောလော့။ ထိုကဲ့သို့သောလူများကို မကိုင်တွယ်ဘဲနေဖို့ အဆင်ပြေမည်လော။ (မဟုတ်ပါ၊ အဆင်မပြေပါ။) အဘယ်ကြောင့် အဆင်မပြေရမည်နည်း။ (အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏လုပ်ရပ်များသည် လူအများစုထံသို့ ကြီးမားသောဒုက္ခနှင့် စိတ်အနှောင့်အယှက်တို့ကို ဖြစ်စေသောကြောင့်ဖြစ်ပြီး အသင်းတော်အသက်တာကိုလည်း အဖျက်အမှောင့်လုပ်ခြင်းများဖြစ်စေသည်။) ဤသုံးသပ်ချက်အရ အသင်းတော်အသက်တာကို အဖျက်အမှောင့်လုပ်သောသူများသည် ဆိုးယုတ်သောလူများ သို့မဟုတ် အန္တိခရစ်များ မဟုတ်ကြသည့်တိုင်အောင် ၎င်းတို့ကို အသင်းတော်တွင် ဆက်ရှိမနေစေသင့်သည်မှာ ရှင်းနေသည်။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့သောလူများသည် သမ္မာတရားကို မချစ်ကြဘဲ အလွန်အမင်း မနှစ်မြို့သောကြောင့် ဖြစ်သည်။ ၎င်းတို့ ဘုရားသခင်ကို နှစ်ပေါင်းမည်မျှကြာကြာ ယုံကြည်သည်ဖြစ်စေ သို့မဟုတ် တရားဒေသနာမည်မျှများများ ၎င်းတို့ကြားရပါစေ၊ ၎င်းတို့သည် သမ္မာတရားကို လက်ခံကြလိမ့်မည် မဟုတ်ပေ။ မကောင်းသည့်တစ်ခုခုကို ၎င်းတို့လုပ်မိပြီး ပြုပြင်ခြင်းခံရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ဝုန်းဒိုင်းကြဲ၍ ဒေါထကြပြီး ပေါက်ကရပြောကြတော့သည်။ ၎င်းတို့ကို လူတစ်ဦးက သမ္မာတရားနှင့်ပတ်သက်၍ မိတ်သဟာယပြုသောအခါတွင်ပင်လျှင် ၎င်းတို့သည် ယင်းကို လက်မခံကြပေ။ ၎င်းတို့ကို မည်သူမျှ အကျိုးသင့်အကြောင်းသင့်ပြော၍ မရကြချေ။ ၎င်းတို့အား သမ္မာတရားနှင့်ပတ်သက်၍ ငါ မိတ်သဟာယ ပြုသောအခါတွင်ပင်လျှင် ၎င်းတို့သည် အပေါ်ယံတွင် နှုတ်ဆိတ်၍ နေကောင်းနေနိုင်သော်လည်း အတွင်းစိတ်ထဲတွင်မူ ယင်းကို လက်မခံကြပေ။ တကယ့်လက်တွေ့အခြေအနေအချို့နှင့် ရင်ဆိုင်ကြုံတွေ့လာရသောအခါတွင်မူ ၎င်းတို့သည် အမြဲတမ်း ပြုမူနေကျအတိုင်းပင် ဆက်လက်ပြုမူနေကြသေးသည်။ ငါ၏စကားများကို ၎င်းတို့ နားမထောင်ကြပေ၊ ထို့ကြောင့် သင်တို့၏ အကြံဉာဏ်ကို ၎င်းတို့က လက်ခံဖို့ဆိုသည်မှာ ပို၍ပင် နည်းလိမ့်မည်။ ဤလူများသည် ကြီးမားသော ဒုစရိုက်မှုကြီးများကို မကျူးလွန်ကောင်း မကျူးလွန်နိုင်ကြသော်လည်း ၎င်းတို့သည် သမ္မာတရားကို စိုးစဉ်းမျှပင် လက်မခံကြချေ။ ၎င်းတို့၏ သဘာဝအနှစ်သာရကို ကြည့်လျှင် ၎င်းတို့တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ ကင်းမဲ့ကြရုံသာမက ၎င်းတို့သည် မလိုအပ်သော ပြဿနာဖြစ်စေနိုင်သည့်အပြင် အကျိုးသင့်အကြောင်းသင့်မဟုတ်သည်လည်း ဖြစ်နိုင်ကြသည်။ ထိုကဲ့သို့သောလူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရနိုင်သလော။ လုံးဝ မရနိုင်ပေ။ သမ္မာတရားကို လုံးဝ လက်မခံသူများသည် မယုံကြည်သူများနှင့် ညီမျှသည်။ ၎င်းတို့သည် စာတန်၏ လက်ပါးစေများဖြစ်ကြသည်။ ကိစ္စများက ၎င်းတို့ဖြစ်စေချင်သကဲ့သို့ မဖြစ်ကြသောအခါ ၎င်းတို့သည် ဝုန်းဒိုင်းကြဲ၍ ဒေါထကြသည်၊ အဓိပ္ပာယ်မရှိသော အငြင်းအခုံစကားများကို ဆက်တိုက်ပြော၍ စကားကြောရှည်ကြပြီး သမ္မာတရားကို မည်မျှမိတ်သဟာယဖွဲ့ပါစေ နားမထောင်ကြပေ။ ထိုကဲ့သို့သောလူများသည် အကျိုးသင့်အကြောင်းသင့် ပြော၍မရနိုင်သည့် ပြဿနာရှာသူများဖြစ်ကြသည်၊ စင်စစ်ကို နတ်ဆိုးများနှင့် မကောင်းသောဝိညာဉ်များ ဖြစ်ကြသည်။ ၎င်းတို့သည် လူ့တိရစ္ဆာန်များထက် ပို၍ဆိုးပေသည်။ ၎င်းတို့သည် ကျပ်မပြည့်သည့် စိတ်ရောဂါသည်များနှင့် တူသည့်အပြင် မည်သည့်အခါမျှ အစစ်အမှန် နောင်တရဖို့ မတတ်နိုင်ကြပေ။ အသင်းတော်တွင် ၎င်းတို့ ကြာကြာနေလေ၊ ဘုရားသခင်နှင့် ပတ်သက်သည့်အယူအဆများ ၎င်းတို့တွင် ပို၍များများ ဖြစ်လေဖြစ်ကာ ဘုရားအိမ်တော်ထံမှ အကျိုးအကြောင်းမသင့်သည့် တောင်းဆိုမှုများကို ၎င်းတို့ ပို၍များများ ပြုကြလေဖြစ်သည့်အပြင် အသင်းတော်အသက်တာသို့ ပို၍ကြီးမားသော အဖျက်အမှောင့်လုပ်ခြင်းနှင့် အန္တရာယ်တို့ ဖြစ်ပေါ်စေလေဖြစ်သည်။ ဤသည်က ဘုရားသခင် ရွေးချယ်သည့်လူများ၏ အသက်ဝင်ရောက်မှုနှင့် အသင်းတော်အလုပ်၏ ပုံမှန်တိုးတက်မှုတို့အပေါ် ထိခိုက်စေသည်။ အသင်းတော်၏အလုပ်သို့ ၎င်းတို့၏ ထိခိုက်နစ်နာစေမှုသည် ဆိုးယုတ်သောလူများ၏ ထိခိုက်နစ်နာစေမှုထက် ပို၍မနည်းချေ။ ၎င်းတို့ကို အသင်းတော်မှနေ၍ ခပ်စောစောပင် ဖယ်ထုတ်သင့်သည်။ ‘၎င်းတို့သည် အနည်းငယ် ရိုင်းစိုင်းနေကြရုံသာ ဖြစ်သည် မဟုတ်လား။ ၎င်းတို့သည် ဆိုးယုတ်သောလူများ ဖြစ်သည်အထိ မရောက်ကြသေးသောကြောင့် ၎င်းတို့အား ချစ်ခြင်းမေတ္တာဖြင့် ဆက်ဆံပါက ပို၍ ကောင်းမည် မဟုတ်လော။ ၎င်းတို့အား ကျွန်ုပ်တို့ ဆက်ခေါ်ထားပါက ၎င်းတို့ ပြောင်းလဲနိုင်ပြီး ကယ်တင်ခြင်း ခံရကောင်း ခံရနိုင်သည်’ ဟူ၍ လူအချို့က ပြောကြသည်။ သင့်ကို ငါ ပြောမည်၊ ယင်းမှာ မဖြစ်နိုင်ပေ။ ၎င်းနှင့်ပတ်သက်ပြီး ‘ဖြစ်နိုင်ကောင်းသည်’ ဆိုသည်မှာ မရှိပေ။ ဤလူများသည် ကယ်တင်ခြင်းခံရဖို့ လုံးဝ မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သမ္မာတရားကို လက်ခံဖို့ မဆိုထားနှင့်၊ နားပင်မလည်နိုင်ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ မရှိကြပေ။ ၎င်းတို့၏ စဉ်းစားတွေးခေါ်ပုံ လုပ်ငန်းစဉ်များသည် ပုံမှန် မဟုတ်ကြသည့်အပြင် ၎င်းတို့တွင် လူသားဖြစ်ခြင်းအတွက် လိုအပ်သော အခြေခံအကျဆုံး သာမန်လူပြိန်းအသိပင်လျှင် မရှိကြပေ။ ၎င်းတို့သည် ကျပ်မပြည့်သည့်လူများဖြစ်ကြသည်။ ဘုရားသခင်သည် ထိုကဲ့သို့သောလူများကို လုံးဝ မကယ်တင်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၆)) ဘုရားနှုတ်ကပတ်တော်တွေကနေ၊ ကျွန်မ မြင်လိုက်ရတယ်။ မတန်တဆ ဒုက္ခပေးတတ်တဲ့လူတွေက မကောင်းမှု ကြီးကြီးမားမား ဘာတစ်ခုမှ မလုပ်ပေမဲ့၊ ကိစ္စတစ်ခုခုမှာ သူတို့ရဲ့ အကျိုးစီးပွားပါနေတဲ့အချိန်တိုင်း၊ သောင်းကျန်းပြီး စဉ်းစားတာတွေက မမှန်ဘူးဆိုတာပေါ့။ သူတို့နဲ့ သမ္မာတရားကို ဘယ်လောက်ပဲ မိတ်သဟာယပြုပါစေ၊ လက်မခံကြသလို၊ အသင်းတော် အသက်တာကိုလည်း ဆိုးဆိုးရွားရွား နှောင့်ယှက်ကြတယ်။ နောက်ပြီးတော့ မတန်တဆ ဒုက္ခပေးတဲ့ အဲဒီလိုလူတွေက ပုံမှန် လူ့သဘာဝရဲ့ အသိစိတ်နဲ့ ဆင်ခြင်တုံတရား မပိုင်ဆိုင်ကြသလို၊ ဘုရားကို နှစ်ဘယ်လောက်ကြာကြာ ယုံကြည်ပါစေ၊ သမ္မာတရားကို တစ်စက်လေးမှ နားမလည်နိုင်ကြဘူး။ အဲဒီလိုလူတွေကို ဘုရားက မကယ်တင်ဘူး။ ကျန်းမင်းက အဲဒီလိုလူစားမျိုးပဲ။ တစ်ခုခုက သူ့အကျိုးစီးပွားကို ထိသရွေ့၊ ပြဿနာ ဖြစ်အောင်ဆွပြီး တော်တော်သောင်းကျန်းတယ်။ လုံးဝ အဆင်ပြေနေတဲ့ စုဝေးပွဲတစ်ခုကို ပရမ်းပတာအခြေအနေတစ်ခုအဖြစ် ပြောင်းလိုက်တယ်။ တခြားလူတွေအတွက်က ငြိမ်ငြိမ်နေပြီး ဘုရားနှုတ်ကပတ်တော်တွေကို မိတ်သဟာယပြုဖို့ မဖြစ်နိုင်ဘူး။ အသင်းတော် အသက်တာကို ကာကွယ်စောင့်ရှောက်ဖို့ ဒီလူစားမျိုးတွေကို အချိန်မီ ကိုင်တွယ်သင့်တယ်။ တကယ်တော့၊ အသိစိတ်နဲ့ ဆင်ခြင်တုံတရား နည်းနည်း ရှိတဲ့လူတွေအားလုံးက ရှင်းလင်းခံရတာက မတော်တဆတစ်ခု မဟုတ်တာကို သိကြတယ်။ သူတို့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ဖို့ သူတို့စိတ်နှလုံးတွေကို ငြိမ်စေပြီး အဲဒီကနေ သင်ခန်းစာ ယူကြမှာပဲ။ အဲဒီအချိန်မှာ သူတို့ နားမလည်ပေမဲ့၊ အနည်းဆုံးတော့ သူတို့ရဲ့ အယူအဆတွေကို ဖြန့်မှာ မဟုတ်သလို၊ သူတို့ရဲ့ စိတ်ခံစားမှုတွေကို ဖွင့်ထုတ်မှာမဟုတ်ဘူး။ ဒီလိုလူတွေမှာ ဘုရားကိုကြောက်တဲ့စိတ် နည်းနည်းရှိပြီး နောင်တရဖို့ အခွင့်အရေး ရှိသေးတယ်။ ဒါပေမဲ့ ဒီကိစ္စက ကျန်းမင်းပေါ် ကျရောက်တဲ့အခါ၊ သူက သမ္မာတရားကို မရှာဘူး၊ ကိုယ့်ကိုယ်ကိုယ် မသုံးသပ်ဘူး။ အဲဒီအစား ဘုရားအပေါ် အယူအဆတွေနဲ့ အထင်လွဲတာတွေ အပြည့်ရှိခဲ့တယ်။ ဘုရားကို မဖြောင့်မတ်တဲ့အတွက် အပြစ်တင်ပြီး တခြားလူတွေကို အခွင့်အရေးပေးပေမဲ့ သူ့ကို ဘာလို့မပေးလဲလို့တောင် မေးတယ်။ ရှင်းလင်းခံရပြီးတဲ့နောက်မှာ၊ သူက သူ့ကိုယ်သူ မသုံးသပ်သေးဘူး။ ဘုရားကို ကျိုးကြောင်းပြပြောပြီး ပွတ်လောညံအောင် ကန့်ကွက်နေရင်းနဲ့ သူ့ရဲ့ မကျေနပ်ချက်နဲ့ မခံမရပ်နိုင်တဲ့စိတ်ကို ဖွင့်ထုတ်တဲ့အပြင်၊ သူ့ရဲ့ အယူအဆတွေကို ဖြန့်ပြီး လူတွေကို အထင်အမြင်မှားစေတယ်။ သူ့မှာ နောင်တရတဲ့ သဘောထား နည်းနည်းမှ မရှိတာကို မြင်ရတဲ့အခါ၊ သူရှင်းလင်းခံရတဲ့အဖြစ်က လုံးဝ ဘုရားရဲ့ ဖြောင့်မတ်ခြင်းပါပဲ။
ဒီအတွေ့အကြုံကနေ၊ လူတွေရဲ့ အနှစ်သာရကို ဘုရားနှုတ်ကပတ်တော်တွေပေါ် အခြေခံပြီး သိမြင်ဖို့က ဘယ်လောက် အရေးကြီးမှန်းကို ကျွန်မ နားလည်လာခဲ့တယ်။ “အရည်အချင်းကို အသိအမှတ်မပြုရင် အလုပ်ကြိုးစားတဲ့အတွက် တော့ အသိအမှတ်ပြုခံရသင့်တယ်” ဆိုတဲ့ ဆိုရိုးစကားက အတွေးမှားတစ်ခုဖြစ်ပြီး သမ္မာတရားနဲ့ မကိုက်ပါဘူး။ ဘုရားနှုတ်ကပတ်တော်တွေပေါ် အခြေခံပြီး တခြားလူတွေကို ဘယ်လို သိမြင်ရမယ်ဆိုတာ မသိတဲ့သူတွေက လှည့်စားခံရမှာဖြစ်ပြီး၊ မယုံကြည်သူတွေနဲ့ ဆိုးယုတ်တဲ့ လူတွေကိုတောင် သူတို့ရဲ့ ညီအစ်ကို မောင်နှမတွေအဖြစ် အလေးထားမိမှာဖြစ်သလို၊ အဲဒီလူတွေရဲ့ တရားခံရှေ့နေ ဖြစ်လာမှာပဲ။ ဘုရားနှုတ်ကပတ်တော်တွေအတိုင်း လူတွေနဲ့ အမှုအရာတွေကို ရှုမြင်တာကသာ မှန်ကန်တိကျပါတယ်။ ကျန်းမင်းက ရှင်းလင်းခံရလို့ဆိုပြီး ကျွန်မ စိတ်မကောင်းမဖြစ်တော့ဘူး။ ပြီးတော့ ကျွန်မ ပြုပြင်ခံရတဲ့အခါ၊ တရားစီရင်ခံရပြီး ပြစ်တင်ဆုံးမခံရတဲ့အခါ၊ သမ္မာတရားကို ရှာနိုင်တာ၊ ကိုယ့်ကိုယ်ကိုယ် သုံးသပ်နိုင်ပြီး ဘုရား လုပ်သမျှတိုင်းက ဖြောင့်မတ်တယ်ဆိုတာကို ယုံကြည်တာ သေချာစေဖို့ ကိုယ့်ကိုယ်ကိုယ်လည်း ပို သတိရှိခဲ့တယ်။ အကျိုးအမြတ်တချို့ကို ကျွန်မ ခံစားနိုင်ခဲ့တာက ဘုရားနှုတ်ကပတ်တော်ကြောင့် ရတဲ့ ရလဒ်တစ်ခုပါပဲ။