၉။ အသက်ကြီးလာခြင်းအတွက် ကျွန်မ စိုးရိမ်ပူပန်ခြင်းမရှိတော့ပါ
ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံပြီးတဲ့နောက်မှာ ကျွန်မဟာ အသင်းတော်မှာ တာဝန်ထမ်းဆောင်နေခဲ့ပါတယ်။ အသက်ငါးဆယ်ကျော်အရွယ်တုန်းက စာနဲ့ပတ်သက်တဲ့ တာဝန်တွေကို စလုပ်ခဲ့တယ်လေ။ အဲဒီမှာ ကျွန်မရဲ့ တုံ့ပြန်နှုန်းနဲ့ မှတ်ဉာဏ်က ငယ်ရွယ်တဲ့ ညီအစ်ကိုမောင်နှမတွေထက် သိပ်မညံ့တာကို ကျွန်မတွေ့ခဲ့ရတယ်။ ပြီးတော့ ကိုယ့်တာဝန်မှာ ကျွန်မရဲ့ စွမ်းဆောင်ရည်နဲ့ ထိရောက်မှုကလည်း သူတို့နဲ့ တော်တော်လေး အတူတူပါပဲ။ ကျွန်မ တော်တော်ပျော်ခဲ့ပြီး ကိုယ့်တာဝန်မှာ တအားစိတ်အားထက်သန်တယ်လို့ ခံစားခဲ့ရတယ်။ ဒါပေမဲ့ အသက်ကြီးလာတာနဲ့အမျှ ကျွန်မခန္ဓာကိုယ်က ယိုယွင်းလာပြီး သွေးတိုးရောဂါပါ ဖြစ်လာခဲ့တယ်။ ကျွန်မရဲ့ ကိုယ်ကာယခွန်အားနဲ့ အင်အားကလည်း တဖြည်းဖြည်း ကျဆင်းလာသလို ဦးနှောက်ကလည်း ပိုပြီးတော့ နှေးကွေးလေးလံလာတယ်။ တစ်ခါတလေ ဘုရားနှုတ်ကပတ်တော်တွေကို နည်းနည်းမြန်မြန် စားသောက်လိုက်တဲ့အခါ ကျွန်မဦးနှောက်က လိုက်မမီနိုင်ဘူး။ တစ်ခါတလေဆို အခုလေးတင် ဖတ်ပြီးသွားတာကို မေ့သွားလို့ နောက်တစ်ခါပြန်သွားပြီး ထပ်ဖတ်ရတယ်။ ကျွန်မရဲ့ မှတ်ဉာဏ်က ပိုဆိုးလာပြီး အရမ်းကို မေ့တတ်လာတယ်။ ခဏခဏဆိုသလို စကားလုံးတွေက ပါးစပ်ဖျားမှာတင်ရှိပေမဲ့ ပြောချင်တဲ့စားကို မမှတ်မိနိုင်ဘူး။ အဲဒီနောက် အသက်သုံးဆယ်ကျော်အရွယ်၊ အားအင်အပြည့်နဲ့ ဉာဏ်ထက်မြက်တဲ့ ကျွန်မရဲ့တွဲဖက် ညီအစ်မကို ကြည့်မိတယ်။ သူက မျက်စိလျင်ပြီး လက်သွက်တယ်၊ မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက် အလုပ်လုပ်တယ်။ သူ နာရီဝက်နဲ့ ပြီးနိုင်တဲ့အလုပ်က ကျွန်မအတွက် တစ်နာရီခွဲလောက် ကြာတယ်။ ကျွန်မက သူ့ရဲ့ နုပျိုမှုနဲ့ အားအင်တွေကို ခဏခဏ အားကျမိသလို တစ်ချိန်တည်းမှာပဲ ကိုယ့်ကိုယ်ကိုယ်လည်း စိုးရိမ်လာပြီး တွေးမိတယ်၊ “နောက်ထပ်သုံးလေးနှစ်ကြာလို့၊ ငါ့ဦးနှောက်က ဒီထက်ပိုပြီး ထိုင်းသွားရင် ဘယ်လိုလုပ်မလဲ။ အဲဒီအချိန်ကျရင် ငါ ဘာတာဝန်မှ မထမ်းဆောင်နိုင်တော့ဘဲ တကယ့်ကို အသုံးမကျတဲ့သူ ဖြစ်သွားမှာကို ငါစိုးရိမ်တယ်။ အဲဒီအခါကျရင် ငါ ဘယ်လိုလုပ် ကယ်တင်ခြင်းကို ရနိုင်တော့မှာလဲ” လို့ပေါ့။ တစ်ခါတလေဆို ကျွန်မစိတ်နှလုံးထဲမှာတောင် ညည်းညူမိတယ်၊ “ငါက ဘာလို့ ဒီလောက်အသက်ကြီးမှ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံမိရတာလဲ။ ငါသာ အနှစ်နှစ်ဆယ်လောက် ငယ်မယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ။ အခုတော့ ငါအသက်ကြီးပြီး လုံးဝ အသုံးမကျတော့ပါဘူး” လို့ပေါ့။ တကယ်တော့ ကိုယ့်တာဝန်ကို ကိုယ့်အစွမ်းအစရှိသလောက် အကောင်းဆုံး ထမ်းဆောင်ချင်ပေမဲ့ ကျွန်မက အသက် ၆၀ တောင် ရှိနေပြီလေ။ ကျွန်မရဲ့ ဦးနှောက်နဲ့ အမြင်အာရုံက အရင်လိုမဟုတ်တော့ဘူး၊ သွေးတိုးရောဂါလည်း ရှိသေးတယ်။ ညဘက်မှာ နည်းနည်းလေး အချိန်ပိုပြီး အလုပ်လုပ်လိုက်တာနဲ့ အရမ်းပင်ပန်းတယ်လို့ ခံစားရပြီး စောစော အနားယူရတော့တာပဲ။ ကိုယ်နဲ့ လူငယ်တွေကြားက တာဝန်တွေမှာ စွမ်းဆောင်ရည် ကွာဟချက်ကြီးကို မြင်ရတော့ ကျွန်မ စိတ်ဓာတ်ကျပြီး သိမ်ငယ်မိတယ်၊ အပျက်သဘောဆောင်တဲ့ အခြေအနေထဲမှာ နေထိုင်ဖြစ်ခဲ့တယ်။ ကိုယ့်တာဝန်မှာ အဖိုးအခပေးဖို့ ဒါမှမဟုတ် ကိုယ့်ကျွမ်းကျင်မှုတွေ တိုးတက်အောင် အာရုံစိုက်ဖို့တောင် မလုပ်ချင်တော့ဘူး။ ကိုယ့်အလုပ်ရလဒ်တွေ တိုးတက်အောင် ကိုယ့်လမ်းလွဲမှုတွေကို ဆင်ခြင်သုံးသပ်ဖို့တောင် စိတ်မဝင်စားတော့ဘူး။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ငါက အသက်ကြီးပြီး အသုံးမကျတော့ဘူး။ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ငါ့တာဝန်ကို ကောင်းကောင်းထမ်းဆောင်နိုင်မှာမဟုတ်ဘူး။ တစ်နေ့နေ့ကျရင် ငါက လုံးဝ အမှိုက်လိုဖြစ်ပြီး ဖယ်ရှားရှင်းလင်းတာ ခံရတော့မှာပဲ” လို့ပေါ့။
ကျွန်မရဲ့ စိုးရိမ်ပူပန်မှုတွေကြားထဲမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “ညီအစ်ကို မောင်နှမများထဲတွင် အသက် ၆၀ မှ ၈၀ သို့မဟုတ် ၉၀ ခန့်ထိရှိပြီး၊ မိမိတို့၏ အိုမင်းသည့် အသက်အရွယ်ကြောင့် အချို့သော အခက်အခဲများလည်း တွေ့ကြုံကြရသည့် သက်ကြီးရွယ်အိုများလည်း ရှိသည်။ ၎င်းတို့၏ အသက်အရွယ် ထိုသို့ဖြစ်စေကာမူ၊ ၎င်းတို့၏ အတွေးအခေါ်သည် သေချာပေါက် မှန်ကန်ခြင်း သို့မဟုတ် ယုတ္တိတန်ခြင်း သိပ်မရှိသကဲ့သို့၊ ၎င်းတို့၏ စိတ်ကူးများနှင့် အမြင်များသည် သမ္မာတရားနှင့် သေချာပေါက် ကိုက်ညီခြင်း မရှိပေ။ ဤသက်ကြီးရွယ်အိုများသည် အလားတူ ပြဿနာများသာ ရှိကြပြီး၊ ၎င်းတို့က၊ ‘ငါ့ ကျန်းမာရေး သိပ်မကောင်းတော့သကဲ့သို့ မည်သည့်တာဝန်ကို ငါ ထမ်းဆောင်နိုင်သည်နှင့်ပတ်သက်၍ အကန့်အသတ်ရှိသည်။ ဤသေးငယ်သည့် တာဝန်ကိုသာ ငါ ထမ်းဆောင်လျှင်၊ ဘုရားသခင်က ငါ့ကို သတိရပါမည်လား။ တစ်ခါတစ်ရံတွင် ငါ နာဖျားတတ်ပြီး ငါ့ကို စောင့်ရှောက်ဖို့ တစ်စုံတစ်ဦး လိုအပ်သည်။ ငါ့ကို စောင့်ရှောက်ရန် မည်သူမျှ မရှိသည့်အခါ၊ ငါ့တာဝန်ကို ငါ ထမ်းဆောင်နိုင်ခြင်း မရှိပါ။ ထို့ကြောင့် မည်သည့်အရာကို ငါ လုပ်ဆောင်နိုင်သနည်း။ ငါသည် အိုမင်းပြီး၊ ဘုရားနှုတ်ကပတ်တော်များကို ဖတ်သည့်အခါ ထိုနှုတ်ကပတ်တော်များကို မမှတ်မိနိုင်သကဲ့သို့ သမ္မာတရားကို နားလည်ရန် ငါ့အတွက် ခက်ခဲသည်။ သမ္မာတရားနှင့် ပတ်သက်၍ မိတ်သဟာယပြုနေချိန်တွင်၊ ကမောက်ကမဖြစ်ပြီး ယုတ္တိမရှိသော ပုံစံဖြင့် ငါ စကားပြောပြီး ဝေမျှထိုက်သည့် မည်သည့် အတွေ့အကြုံမျှ မရှိပါ။ ငါသည် အိုမင်းပြီဖြစ်ပြီး၊ လုံလောက်သည့် အားအင်မရှိပါ။ ငါ့အမြင်အာရုံသည် သိပ်မကောင်းသကဲ့သို့ ငါ မသန်မာတော့ပါ။ အရာရာသည် ငါ့အတွက် ခက်ခဲ၏။ ငါ့တာဝန်ကို ငါ မထမ်းဆောင်နိုင်ရုံမက၊ အမှုအရာများကို ငါ အလွယ်တကူ မေ့ပြီး၊ တလွဲဖြစ်စေသည်။ တစ်ခါတစ်ရံ ငါ စိတ်ရှုပ်ထွေးပြီး အသင်းတော်နှင့် ငါ၏ ညီအစ်ကို မောင်နှမများအတွက် ပြဿနာများဖြစ်စေသည်။ ငါသည် ကယ်တင်ခြင်း ရရှိလိုပြီး သမ္မာတရားကို လိုက်စားလိုသော်လည်း၊ အလွန်ခက်ခဲသည်။ မည်သည့်အရာကို ငါ လုပ်နိုင်သနည်း’ဟု အမြဲ စိုးရိမ်ပူပန်ကြလေသည်။ ဤအရာများကို ၎င်းတို့ တွေးသည့်အခါ၊ ‘ဘုရားသခင်ကို ငါ ဤအသက်အရွယ်တွင်သာ စတင် ယုံကြည်လာခဲ့သည်မှာ အဘယ်သို့ ဖြစ်ရသနည်း။ မိမိတို့ အသက် ၂၀ နှင့် ၃၀ ခန့်အရွယ်တွင် ရှိကြသူများ သို့မဟုတ် မိမိတို့ အသက် ၄၀၊ ၅၀ ခန့်အရွယ်တွင်ရှိသူများနှင့်ပင် ငါ အဘယ်သို့ မတူရသနည်း။ အလွန်အိုမင်းသည့် ယခုအချိန်တွင်သာ ဘုရားသခင်၏ အမှုတော်ကို ငါ အဘယ်သို့ အမှတ်မထင် ကြုံလာရသနည်း။ ငါ့ ကံကြမ္မာ ဆိုးခြင်းတော့ မဟုတ်ပါ။ အနည်းဆုံးအနေဖြင့် ဘုရားသခင်၏ အမှုတော်ကို ယခု ငါ ကြုံရပြီဖြစ်သည်။ ငါ့ ကံကြမ္မာ ကောင်းမွန်ပြီး၊ ဘုရားသခင်က ငါ့ကို သနားကြင်နာလေပြီ။ ငါ ပျော်ရွှင်ချမ်းမြေ့ခြင်းမရှိသည့်အရာ တစ်ခုသာရှိပြီး ထိုအရာမှာ ငါ အိုမင်းလွန်းခြင်း ဖြစ်သည်။ ငါ့ မှတ်ဉာဏ် သိပ်မကောင်းသကဲ့သို့၊ ငါ့ ကျန်းမာရေးလည်း ထိုမျှမကောင်းပါ။ သို့သော် ငါ့မှာ ခိုင်ခံ့ပြီး မယိမ်းယိုင်သည့် အတွင်းခွန်အား ရှိပါသည်။ ငါ့ ခန္ဓာကိုယ်က ငါ့ကို မနာခံတော့ခြင်းသာဖြစ်ပြီး၊ စုဝေးပွဲများတွင် အတန်ငယ် နားထောင်ပြီးနောက် ငါ အိပ်ငိုက်သွားသည်။ တစ်ခါတစ်ရံ ငါ ဆုတောင်းဖို့ မျက်လုံးများမှိတ်ပြီးနောက် အိမ်မောကျသွားကာ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ချိန်တွင် ငါ့စိတ်က ပျံ့လွင့်နေသည်။ အနည်းငယ်မျှ ဖတ်ပြီးနောက်တွင်၊ ငါ အိပ်ငိုက်သွားပြီး၊ တစ်မှေးအိပ်မိကာ နှုတ်ကပတ်တော်များကို သဘောမပေါက်ပါ။ ငါ မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။ ထိုသို့သော လက်တွေ့ကျသည့် အခက်အခဲများဖြင့်၊ သမ္မာတရားကို ငါ လိုက်စားပြီး နားလည်နိုင်သေးပါသလား။ နားမလည်နိုင်လျှင်၊ သမ္မာတရား စည်းမျဉ်းများအတိုင်း ငါ လက်တွေ့လုပ်ဆောင်နိုင်ခြင်းမရှိလျှင်၊ ငါ၏ ယုံကြည်မှုအားလုံးသည် အချည်းနှီးဖြစ်မည် မဟုတ်ပါလား။ ကယ်တင်ခြင်း ရရှိရန် ငါ ပျက်ကွက်မည်မဟုတ်ပါလား။ မည်သည့်အရာကို ငါ လုပ်ဆောင်နိုင်သနည်း။ ငါ အလွန် စိုးရိမ်မိသည်။...’...ဤသက်ကြီးရွယ်အိုများသည် ၎င်းတို့၏ အသက်အရွယ်ကြောင့်၊ နက်ရှိုင်းသည့် စိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှုထဲသို့ ကျဆင်းကြသည်။ အခက်အခဲ၊ အနှောင့်အယှက်၊ ဆင်းရဲဒုက္ခ သို့မဟုတ် အတားအဆီးအချို့ကို ၎င်းတို့ ကြုံရသည့်အချိန်တိုင်းတွင်၊ မိမိတို့၏ အသက်အရွယ်ကို ၎င်းတို့ အပြစ်တင်ကြပြီး၊ မိမိတို့ကိုယ်ကိုပင် မုန်းတီးကာ မိမိတို့ကိုယ်ကို သဘောမကျကြပေ။ သို့ရာတွင် မည်သို့ပင်ဖြစ်စေ အကြောင်းမထူး၊ ဖြေရှင်းချက် မရှိသကဲ့သို့ ရှေ့ဆက်ရမည့်လမ်း မရှိကြချေ။ ၎င်းတို့တွင် အမှန်တကယ် ရှေ့ဆက်ရမည့်လမ်း မရှိခြင်းများ ဖြစ်နိုင်မည်လော။ ဖြေရှင်းချက် တစ်ခုတလေ ရှိပါသလော။ (သက်ကြီးရွယ်အိုများသည်လည်း မိမိတို့တာဝန်များကို မိမိတို့ တတ်နိုင်သလောက် ထမ်းဆောင်သင့်ပါသည်။) သက်ကြီးရွယ်အိုများက ၎င်းတို့ တတ်နိုင်သလောက် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းမှာ လက်ခံနိုင်စရာဖြစ်သည်မဟုတ်လော။ သက်ကြီးရွယ်အိုများသည် မိမိတို့၏ အသက်အရွယ်ကြောင့် သမ္မာတရားကို မလိုက်စားနိုင်တော့သည်လော။ သမ္မာတရားကို ၎င်းတို့ နားလည်နိုင်စွမ်း မရှိသလော။ (နားလည်နိုင်စွမ်း ရှိကြပါသည်။) သက်ကြီးရွယ်အိုများသည် သမ္မာတရားကို နားလည်နိုင်ကြသလော။ ၎င်းတို့သည် အချို့ကို နားလည်နိုင်ကြပြီး၊ ငယ်ရွယ်သည့် လူများပင်လည်း အားလုံးကို နားမလည်နိုင်ကြချေ။ သက်ကြီးရွယ်အိုများသည် ၎င်းတို့ မရှင်းမလင်းဖြစ်ကြကြောင်း၊ ၎င်းတို့ မှတ်ဉာဏ်မကောင်းကြောင်းနှင့် ထို့ကြောင့် သမ္မာတရားကို ၎င်းတို့ နားမလည်နိုင်ကြောင်း ယုံကြည်လျက်၊ အမြဲ နားလည်မှုလွဲခြင်းတစ်ခုရှိကြသည်။ ၎င်းတို့ မှန်ကန်ပါသလော။ (မမှန်ပါ။) ငယ်ရွယ်သောလူများသည် သက်ကြီးရွယ်အိုများထက် သာ၍ များစွာ အားအင်ရှိကြပြီး၊ ရုပ်ပိုင်းအရ သာ၍ သန်မာကြသော်လည်း၊ အမှန်တွင် ၎င်းတို့၏ နားလည်၊ သဘောပေါက်ပြီး သိနိုင်စွမ်းသည် သက်ကြီးရွယ်အိုများနှင့် အတူတူပင် ဖြစ်သည်။ သက်ကြီးရွယ်အိုများသည်လည်း တစ်ချိန်က ငယ်ရွယ်ခဲ့ကြသည် မဟုတ်လော။ ၎င်းတို့သည် မွေးရာပါ အိုမင်းကြခြင်း မဟုတ်သကဲ့သို့၊ ငယ်ရွယ်သည့်လူများသည်လည်း တစ်နေ့တွင် အားလုံး အိုမင်းသွားကြမည်ဖြစ်သည်။ သက်ကြီးရွယ်အိုများက ၎င်းတို့ အိုမင်းကြသောကြောင့်၊ ရုပ်ပိုင်းအရ အားနည်းပြီး နေထိုင်မကောင်းသကဲ့သို့ မကောင်းသည့် မှတ်ဉာဏ်များ ရှိကြသောကြောင့် ငယ်ရွယ်သော လူများနှင့် ကွာခြားကြသည်ဟု အမြဲ တွေးမနေရပေ။ အမှန်တွင်၊ ကွာခြားမှုမရှိ။...သက်ကြီးရွယ်အိုများသည် သမ္မာတရားကို မလိုက်စားနိုင်ခြင်း မဆိုထားနှင့်၊ လုပ်ဆောင်ရန် မည်သည့်အရာမျှ မရှိကြခြင်း မဟုတ်သကဲ့သို့၊ မိမိတို့တာဝန်များကို မထမ်းဆောင်နိုင်ကြခြင်းလည်း မဟုတ်ပေ။ ၎င်းတို့အတွက် လုပ်ဆောင်စရာများစွာ ရှိ၏။ သင်၏ တစ်သက်တာအတွင်း သင် စုဆောင်းပြီးဖြစ်သည့် အမျိုးမျိုးသော အယူလွဲများနှင့် အတွေးမှားများအပြင်၊ အမျိုးမျိုးသော အစဉ်အလာ စိတ်ကူးများနှင့် အယူအဆများ၊ မသိနားမလည်သည့်၊ ခေါင်းမာသည့်အရာများ၊ ရှေးရိုးစွဲ အရာများ၊ ယုတ္တိမရှိသည့် အရာများနှင့် သင် စုဆောင်းပြီးသည့် လိုရာဆွဲပြောသော အရာများအားလုံး သင့်စိတ်နှလုံးတွင် စုပုံနေပြီးဖြစ်ကာ ဤအရာများကို ဖော်ထုတ်၊ စိတ်ဖြာလေ့လာပြီး သတိပြုရန် သင်သည် သာ၍ပင် အချိန်ကုန်ဆုံးသင့်ပေသည်။ သင့်အနေဖြင့် လုပ်ဆောင်ရန် မည်သည့်အရာမျှ မရှိသည်မှာ မဟုတ်ပေ၊ သို့မဟုတ် သင် မျှော်လင့်ချက် ကုန်ဆုံးသည့်အခါ စိတ်ဖိစီး၊ ပူပန်သောကရောက်သင့်သည်ဆိုသည်မှာ မဟုတ်ပေ။ ဤသည်မှာ သင်၏ အလုပ်မဟုတ်သကဲ့သို့ တာဝန်လည်း မဟုတ်ချေ။ ဦးစွာပထမ၊ သက်ကြီးရွယ်အိုများသည် မှန်ကန်သည့် တွေးခေါ်မှုအလေ့အထ ရှိသင့်ကြသည်။ သင်သည် အသက်ကြီးနိုင်ပြီး ရုပ်ပိုင်းအရ အတော်အတန် အိုမင်းနေနိုင်သော်လည်း၊ ငယ်ရွယ်သည့် တွေးခေါ်မှု အလေ့အထ ရှိသင့်နေဆဲ ဖြစ်သည်။ သင်သည် အသက်အိုမင်းလာနေသော်လည်း၊ သင်၏ တွေးခေါ်ခြင်းသည် နှေးကွေးပြီး သင်၏ မှတ်ဉာဏ်အားနည်းသော်လည်း၊ သင့်ကိုယ်သင် သိရှိနိုင်ဆဲ၊ ငါပြောသည့် စကားများကို နားလည်နိုင်ဆဲဖြစ်ပြီး၊ သမ္မာတရားကို နားလည်နိုင်ဆဲဖြစ်ပါက၊ ယင်းမှာ သင်သည် အိုမင်းခြင်းမရှိကြောင်းနှင့် သင်၏ အစွမ်းအစသည် ချို့တဲ့ခြင်း မရှိကြောင်း သက်သေပြပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မရဲ့ အခြေအနေကို အတိအကျ ဖော်ထုတ်ခဲ့တယ်။ ကျွန်မနဲ့ တွဲဖက်ညီအစ်မက ငယ်ရွယ်ပြီး သူ့တာဝန်ကို စွမ်းစွမ်းတမံလုပ်ဆောင်နိုင်တာကို ကျွန်မတွေ့ခဲ့ရတယ်၊ ကျွန်မကတော့ အသက်ပိုကြီးတယ်၊ သွေးတိုးရှိတယ်၊ ဦးနှောက်ကလည်း ပိုထိုင်းတယ်၊ ကိုယ့်တာဝန်မှာ ကျွန်မရဲ့ စွမ်းဆောင်မှုက သူ့ထက် အများကြီး နိမ့်ကျနေတယ်။ ကျွန်မက အသက်ကြီးပြီး အသုံးမကျတော့တဲ့အတွက် ဘုရားသခင်က ကျွန်မကို သေချာပေါက် ပစ်ပယ်ပြီး ကယ်တင်တော့မှာ မဟုတ်ဘူးလို့ ထင်ခဲ့တယ်။ ကျွန်မဟာ ဘုရားသခင်ကို အထင်လွဲမှားတဲ့ အခြေအနေထဲမှာ နေထိုင်နေခဲ့တာပါ။ နောက်သုံးလေးနှစ်နေရင် ကျွန်မခန္ဓာကိုယ်က ဒီထက်ပိုပြီး ယိုယွင်းလာမှာနဲ့၊ အဲဒီအချိန်ကျရင် ကျွန်မ ဘာတာဝန်မှ ထမ်းဆောင်နိုင်တော့ဘဲ ဖယ်ရှားရှင်းလင်း ခံရမှာကို စိုးရိမ်ခဲ့တယ်။ ဒီလိုတွေးမိတော့ ကျွန်မ စိတ်မကောင်းဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ဘုရားသခင်က လူငယ်နဲ့ လူကြီးကို တန်းတူညီတူ ဆက်ဆံတယ်ဆိုတာကို ကျွန်မ နားလည်သွားတယ်။ ဘုရားသခင်က သမ္မာတရားကို ဖော်ပြတဲ့အခါ လူငယ်တွေအတွက်ချည်းပဲ မဟုတ်သလို၊ လူကြီးတွေအတွက်ချည်းပဲလည်း မဟုတ်ပါဘူး။ ဘုရားသခင်က သူရွေးချယ်ထားတဲ့သူတွေကို အသက်အရွယ်အလိုက် အဆင့်အတန်းတွေ ခွဲခြားတာမျိုး ဘယ်တော့မှ မလုပ်ခဲ့သလို၊ သက်ကြီးရွယ်အိုတွေကို အသင်းတော်ကနေ ဖယ်ရှားသင့်တယ်လို့လည်း ဘယ်တုန်းကမှ မပြောခဲ့ပါဘူး။ ဘုရားသခင်က မျက်နှာသာမပေးဘူး၊ လူတစ်ယောက်က အသက်ဘယ်လောက်ကြီးကြီး၊ သူတို့ဟာ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ရေလောင်းခြင်းနဲ့ ထောက်ပံ့ခြင်းကို ခံယူနိုင်ပါတယ်။ ဘုရားသခင်က လူတိုင်းကို ကယ်တင်ခြင်းခံရဖို့ တန်းတူညီတူ အခွင့်အရေးပေးပါတယ်။ လူတစ်ယောက်က သမ္မာတရားကို မလိုက်စားဘဲ အလွန်အမင်း မနှစ်မြို့ဘူးဆိုရင် အသက်အရွယ်မရွေး ကယ်တင်ခြင်းကို မခံရနိုင်ပါဘူး။ ဘုရားသခင်က လူတစ်ယောက်ရဲ့ အဆုံးသတ်နဲ့ ပန်းတိုင်ကို အသက်အရွယ်ပေါ်မူတည်ပြီး ဆုံးဖြတ်တာမဟုတ်ဘဲ အဓိကအားဖြင့် အဲဒီလူက သမ္မာတရားကို ရရှိသလားဆိုတဲ့အပေါ်မှာ မူတည်ပြီး ဆုံးဖြတ်တာပါ။ လူတစ်ယောက်က အသက်ဘယ်လောက်ကြီးကြီး၊ ဘုရားနှုတ်ကပတ်တော်တွေကို နားလည်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သရွေ့ သူတို့ဟာ စိတ်သဘောထား ပြောင်းလဲမှုကို ရရှိနိုင်ပြီး ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို လက်ခံရရှိနိုင်ပါတယ်။ ကျွန်မက အသက်ခြောက်ဆယ်ရှိနေပြီဖြစ်ပြီး ကျွမ်းကျင်မှုအသစ်တွေကို နှေးနှေးကွေးကွေး သင်ယူခဲ့ပေမဲ့၊ ကျွန်မရဲ့စိတ်က ကြည်လင်နေတုန်းပဲ၊ ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်တဲ့အခါမှာလည်း နားလည်နိုင်တုန်းပါပဲ။ ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့် ကျွန်မရဲ့ ချို့ယွင်းချက်တွေနဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကိုလည်း အသိအမှတ်ပြုနိုင်ခဲ့တယ်။ ကျွန်မအသက်ကြီးလို့ဆိုပြီး ဘုရားသခင်က ကျွန်မကို ဉာဏ်ပွင့်စေခြင်းနဲ့ လမ်းပြခြင်းကို မရပ်တန့်ခဲ့ပါဘူး၊ ပြီးတော့ ဘုရားသခင်က ကျွန်မ ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ဖို့ အချိန်ပိုပေးနိုင်ဖို့ မျှော်လင့်တယ်။ ဘုရားသခင်က ကျွန်မကို စာတန်ရဲ့ အဆိပ်အတောက်တွေ၊ ရှင်သန်မှုဆိုင်ရာ ဥပဒေသတွေနဲ့ ရိုးရာယဉ်ကျေးမှုတွေကို ပိုင်းခြားသိမြင်မှု ရစေချင်တယ်။ ကိုယ်တော်က ကျွန်မကို ဒီအပျက်သဘောဆောင်တဲ့အရာတွေကို ဖယ်ရှားပြီး သမ္မာတရားကိုအခြေခံပြီး ကျင့်ကြံပြုမူစေချင်တယ်။ ဒါက ဘုရားသခင် မြင်ချင်တဲ့အရာပါပဲ။ ကျွန်မရဲ့စိတ်က အခုထိ ကြည်လင်ပြီး မူမှန်နေတုန်းပဲ၊ ကိုယ့်တာဝန်တွေကိုလည်း ထမ်းဆောင်နိုင်တုန်းပဲ၊ ဒါကြောင့် အခုရှိနေတဲ့အချိန်ကို ကျွန်မ တန်ဖိုးထားသင့်တယ်၊ ကိုယ့်တာဝန်တွေကို အကောင်းဆုံးထမ်းဆောင်ပြီး စိတ်သဘောထား ပြောင်းလဲမှုကို လိုက်စားသင့်တယ်။ ကျွန်မရဲ့ အသက်အရွယ်ကို သမ္မာတရားမလိုက်စားဖို့အတွက် ဆင်ခြေတစ်ခုအဖြစ် ဆက်ပြီး အသုံးချလို့မဖြစ်တော့ဘူး။ ကျွန်မသာ စိုးရိမ်ပူပန်မှုတွေထဲမှာ နေထိုင်ပြီး ကိုယ့်တာဝန်အတွက် ဝန်တာထားတဲ့စိတ်မရှိဘဲ စိတ်သဘောထား ပြောင်းလဲမှုကို မလိုက်စားဘူးဆိုရင် တကယ့်ကို အသုံးမကျတဲ့သူ ဖြစ်သွားမှာဖြစ်ပြီး နောက်ဆုံးမှာ ဘုရားသခင်ရဲ့ ဖယ်ရှားရှင်းလင်းတာကို ခံရမှာပဲ။
နောက်ပိုင်းမှာ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “အန္တိခရစ်တို့သည် အကျိုးအမြတ်နှင့် ကောင်းချီးများ ရရှိရန် ရည်ရွယ်ချက်တစ်ခုတည်းအတွက် ဘုရားသခင်ကို ယုံကြည်ကြသည်။ ဆင်းရဲဒုက္ခတစ်ခုခုကို ၎င်းတို့ ခါးစည်းခံရလျှင်၊ သို့မဟုတ် အဖိုးအခအချို့ကို ပေးရလျှင် ဘုရားသခင်နှင့် အပေးအယူလုပ်ရန်အလို့ငှာသာ ဖြစ်သည်။ ကောင်းချီးများနှင့် ဆုလာဘ်များ ရရှိရန်ဖြစ်သော ၎င်းတို့၏ ရည်ရွယ်ချက်နှင့် လိုအင်ဆန္ဒတို့သည် အလွန်ကြီးမားပြီး ထိုအရာကို ၎င်းတို့က တင်းကျပ်စွာ ဖက်တွယ်ကြသည်။ ဘုရားသခင် ဖော်ပြပြီးဖြစ်သည့် သမ္မာတရားများစွာထဲမှ တစ်ခုကိုမျှ ၎င်းတို့ လက်မခံကြပေ။ ၎င်းတို့က ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းချီးများ ရရှိခြင်းနှင့် ကောင်းမွန်သော ခရီးပန်းတိုင်တစ်ခုကို အရယူခြင်းအကြောင်းသာ ဖြစ်ကြောင်း၊ ယင်းမှာ အမြင့်ဆုံးသော စည်းမျဉ်းဖြစ်ပြီး ထိုအရာကို မည်သည့်အရာကမျှ မကျော်လွန်နိုင်ကြောင်း ၎င်းတို့၏ စိတ်နှလုံးများတွင် အမြဲ တွေးထင်ကြသည်။ ကောင်းချီးများ ရရှိဖို့အတွက် မဟုတ်လျှင် လူတို့အနေဖြင့် ဘုရားသခင်ကို မယုံကြည်သင့်ကြောင်းနှင့် ကောင်းချီးများအတွက် မဟုတ်လျှင် ဘုရားသခင်ကို ယုံကြည်မှုသည် မည်သည့် အဓိပ္ပာယ် သို့မဟုတ် တန်ဖိုးမျှ ရှိမည်မဟုတ်ကြောင်း၊ ထိုအရာက အဓိပ္ပာယ်နှင့် တန်ဖိုး ဆုံးရှုံးမည်ဖြစ်ကြောင်း ၎င်းတို့ တွေးထင်ကြလေသည်။ ဤအရာများကို အန္တိခရစ်များထဲသို့ အခြားတစ်စုံတစ်ဦးက သွတ်သွင်းပေးခဲ့ခြင်း ဖြစ်သလော။ ယင်းတို့သည် အခြားတစ်စုံတစ်ဦး၏ လေ့ကျင့်သင်ကြားပေးခြင်း သို့မဟုတ် လွှမ်းမိုးမှုမှ ဆင်းသက်သလော။ မဟုတ်ပေ၊ ယင်းတို့ကို မည်သူမျှ ပြောင်းလဲ၍ မရနိုင်သည့်အရာတစ်ခု ဖြစ်သော အန္တိခရစ်များ၏ ပင်ကိုသဘာဝ အနှစ်သာရက အဆုံးအဖြတ်ပေးခြင်းဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်က ယနေ့ခေတ်တွင် နှုတ်ကပတ်တော်များစွာ ပြောဆိုနေလင့်ကစား အန္တိခရစ်များက ထိုအရာများထဲမှ တစ်ခုကိုမျှ လက်မခံကြဘဲ ထိုအစား ယင်းတို့ကို အတိုက်အခံလုပ်ကာ ပြစ်တင်ရှုတ်ချကြလေသည်။ သမ္မာတရားကို ၎င်းတို့၏ အလွန်အမင်း မနှစ်မြို့ခြင်းနှင့် သမ္မာတရားကို မုန်းတီးခြင်း သဘာဝသည် လုံးဝ မပြောင်းလဲနိုင်ပေ။ ယင်းတို့ မပြောင်းလဲနိုင်လျှင် ဤအရာက မည်သည့်အရာကို ညွှန်ပြသနည်း။ ၎င်းတို့၏ သဘာဝက ကောက်ကျစ်ဆိုးယုတ်ကြောင်း ညွှန်ပြပေသည်။ ဤသည်မှာ သမ္မာတရားကို လိုက်စားခြင်း၊ မလိုက်စားခြင်း ကိစ္စတစ်ခု မဟုတ်ပေ။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတစ်ခု ဖြစ်သည်။ ဘုရားသခင်ကို ပြောင်ပြောင်တင်းတင်း ကန့်ကွက်ပြောဆိုခြင်းနှင့် ဘုရားသခင်ကို ရန်လုပ်ခြင်းဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ သဘာဝ အနှစ်သာရဖြစ်သည်။ ၎င်းတို့၏ စစ်မှန်သော စရိုက်အမှန်သာဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၇- ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်ကာ မသိမသာ ဒုက္ခပေးတတ်ပြီး လှည့်စားတတ်သည် (အပိုင်း ၂)) ဘုရားသခင်က ဖော်ထုတ်ထားတာက အန္တိခရစ်တွေဟာ ဘုရားသခင်ကို သူတို့ရဲ့ ယုံကြည်ခြင်းမှာ ဘယ်လောက်ပဲ ဒုက္ခခံရခံရ၊ ဘယ်လောက်ပဲ အဖိုးအခပေးရပေးရ၊ သူတို့ဟာ ကောင်းချီးမင်္ဂလာတွေအတွက် ဘုရားသခင်နဲ့ အမြဲတမ်း အပေးအယူလုပ်ဖို့ ကြိုးစားနေကြတယ်တဲ့။ သူတို့ဟာ ကယ်တင်ခြင်းအတွက် သမ္မာတရားကို လိုက်စားတာထက် ကောင်းချီးမင်္ဂလာတွေကို ပိုတန်ဖိုးထားကြတယ်။ ကောင်းချီးမင်္ဂလာတွေကို မရနိုင်တဲ့အခါ ဘာတာဝန်ကိုမှ ထမ်းဆောင်ချင်စိတ်၊ ဘာအဖိုးအခကိုမှ ပေးဆပ်ချင်စိတ် မရှိကြဘူး။ သူတို့က ဘုရားသခင်ကိုတောင် အတိုက်အခံလုပ်ပြီး ဘုရားသခင်က မဖြောင့်မတ်ဘူးလို့ ညည်းညူကြတယ်။ ဒါဟာ အန္တိခရစ်တစ်ယောက်ရဲ့ ကောက်ကျစ်ဆိုးယုတ်တဲ့ စိတ်သဘောထားပါပဲ။ နောက်ဆုံးသောကာလက ဘုရားသခင်ရဲ့အမှုတော်ကို လက်ခံပြီးတဲ့နောက်မှာ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ကြည့်တော့ ဘုရားသခင်ကို ယုံကြည်ခြင်းက ကောင်းချီးမင်္ဂလာတွေနဲ့ ကယ်တင်ခြင်းခံရပြီး ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ဖို့ အခွင့်အရေးတွေ ယူဆောင်လာတာကို ကျွန်မတွေ့ခဲ့ရတယ်၊ ဒီအတွက်လည်း ပျော်ရွှင်ခဲ့တယ်၊ ဒါကြောင့် ဘာပဲဖြစ်ဖြစ် ကိုယ့်တာဝန်တွေကို ထမ်းဆောင်ခဲ့တယ်။ ကိုယ့်အလုပ်က ရလဒ်ကောင်းတွေ ထွက်ပေါ်လာတာကို မြင်တဲ့အခါမှာ အသင်းတော်အတွက် အကျိုးပြုနေတယ်လို့ ခံစားခဲ့ရတယ်၊ ဒါကြောင့် ဘုရားသခင်က ကျွန်မကို ပန်းတိုင်ကောင်းတစ်ခု သေချာပေါက် ပေးလိမ့်မယ်လို့ ထင်ခဲ့တယ်။ ဒါပေမဲ့ အခု ကျွန်မအသက်ကြီးပြီး ကျန်းမာရေးပြဿနာတွေ ရှိလာတဲ့အခါမှာ ကိုယ့်တာဝန်တွေမှာ ကျွန်မရဲ့ စွမ်းဆောင်ရည်နဲ့ ရလဒ်တွေက လူငယ်တွေရဲ့ စွမ်းဆောင်ရည်နဲ့ ရလဒ်တွေကို လိုက်မမီနိုင်တော့ဘူး၊ ဒါကြောင့် အသက်ပိုကြီးလာတာနဲ့အမျှ ဘာတာဝန်မှ ထမ်းဆောင်နိုင်တော့မှာ မဟုတ်ဘဲ အဲဒီအခါကျရင် ဘုရားသခင်ရဲ့ ဖယ်ရှားရှင်းလင်းတာကို ခံရမှာကို စိုးရိမ်ခဲ့တယ်။ ကောင်းချီးမင်္ဂလာတွေ ရရှိဖို့ မျှော်လင့်ချက်အားလုံး ပျောက်ဆုံးသွားပြီလို့ ခံစားရပြီး အပျက်သဘောဆောင်တဲ့ စိတ်ခံစားမှုတွေထဲကို ကျရောက်သွားတယ်၊ နာကျင်မှု၊ စိုးရိမ်ပူပန်မှုနဲ့ အပျက်သဘောဆောင်တဲ့ အတိုက်အခံလုပ်မှုတွေထဲမှာ နေထိုင်ခဲ့တယ်။ ကျွန်မရဲ့ ကြိုးစားအားထုတ်မှုတွေနဲ့ အသုံးခံမှုတွေက ကိုယ့်တာဝန်တွေအတွက်လို့ ကျွန်မ အခိုင်အမာပြောခဲ့ပေမဲ့ စိတ်ထဲမှာတော့ ကိုယ့်ရဲ့အဆုံးသတ်နဲ့ ပန်းတိုင်အတွက် အမြဲတမ်း တွက်ချက်နေခဲ့တာ။ ကျွန်မဟာ ကိုယ့်တာဝန်တွေကိုသုံးပြီး ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ ကြိုးစားနေခဲ့တာပါ။ အနှစ်သာရမှာတော့ ကျွန်မဟာ ဘုရားသခင်ကို ခြယ်လှယ်အသုံးချဖို့ ကြိုးစားနေခဲ့တာပဲ။ ကျွန်မဟာ တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းလိုက်ပုံကို မြင်ခဲ့ရတယ်။ ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်ဖို့ နှုတ်ကပတ်တော်ပေါင်း သန်းနဲ့ချီပြီး ဖော်ပြခဲ့ပုံ၊ ကျွန်မဟာ ဘုရားသခင်ရဲ့ မျက်မှောက်ကို ရောက်လာရတာ ဘယ်လောက်ကံကောင်းပုံ၊ ပြီးတော့ ဘုရားနှုတ်ကပတ်တော်ရဲ့ ထောက်ပံ့မှုကို အများကြီး ခံစားခဲ့ရပြီး အပျက်သဘောဆောင်တဲ့အရာတွေအပေါ် ပိုင်းခြားသိမြင်မှု ရခဲ့ပုံတွေကို ကျွန်မ တွေးမိတယ်။ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ အသက်ရှင်ခြင်းရဲ့ တန်ဖိုးနဲ့ အဓိပ္ပာယ်ကို ကျွန်မ နားလည်လာခဲ့ပြီး ကယ်တင်ခြင်းခံရဖို့ အခွင့်အရေး ရခဲ့တယ်။ ဘာသာတရားမရှိသူတွေလို အကျိုးအမြတ်အတွက် ကြိုးပမ်းပြီး သာယာမှုကို မွေ့လျော်ခံစားတဲ့ အနှစ်မဲ့ခြင်းထဲမှာ ကျွန်မ မနေတော့ဘူး။ ကိုယ့်တာဝန်ကြောင့် ဘုရားသခင်ရှေ့မှာ ကျွန်မ အသက်ရှင်နိုင်တယ်၊ ဒါက ကျွန်မကို စာတန်ရဲ့ ဒုက္ခပေးမှုတွေ အများကြီးကနေ ချမ်းသာရာပေးခဲ့တယ်။ အခုဆိုရင် ကျွန်မ အသက်ကြီးပြီး သွေးတိုးရောဂါ ရှိပေမဲ့ ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ မရှိဘူး၊ ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း ထိန်းသိမ်းနေသရွေ့ ကိုယ့်တာဝန်တွေကို ပုံမှန်ထမ်းဆောင်ဖို့ ဆေးဝါးမလိုအပ်ဘူး။ ဒါဟာ ကျွန်မအပေါ်ထားတဲ့ ဘုရားသခင်ရဲ့ ကျေးဇူးတော် မဟုတ်ဘူးလား။ ဒါတောင်မှ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို ခံစားခဲ့ရပြီးတဲ့နောက်မှာ ကျွန်မက ဒါကို ပြန်ဆပ်ရမဲ့အစား ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ ကိုယ့်တာဝန်တွေကို အသုံးချခဲ့တယ်။ ကျွန်မဟာ တကယ်ကို အသိစိတ်နဲ့ ဆင်ခြင်တုံတရား ကင်းမဲ့ခဲ့တာပါပဲ။ ကျွန်မ ဘုရားသခင်ရှေ့မှောက်ကို ရောက်လာပြီး နောင်တရခဲ့တယ်၊ “အို ဘုရားသခင်၊ သမီးဟာ ကိုယ့်တာဝန်တွေမှာ ကိုယ်တော်နဲ့ အမြဲတမ်း အပေးအယူလုပ်ဖို့ ကြိုးစားခဲ့တယ်၊ ကောင်းချီးမင်္ဂလာတွေကို လိုက်စားရင်း ကိုယ်တော် စက်ဆုပ်ရွံရှာပြီး မုန်းတီးအောင် လုပ်ခဲ့မိပါတယ်။ ကိုယ်တော့်ဆီမှာ တကယ် နောင်တရလိုပါတယ်” လို့ပေါ့။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်မဖတ်ခဲ့ပြီး လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခုကို တွေ့ရှိခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “မိမိတို့တာဝန်ကို အစွမ်းကုန် ကောင်းစွာ ထမ်းဆောင်နိုင်ခြင်းအပြင် သက်ကြီးရွယ်အိုများ လုပ်ဆောင်နိုင်သည့် အမှုအရာများစွာ ရှိ၏။ သင်သည် ထုံအခြင်း၊ စိတ်မနှံ့ခြင်းမရှိသကဲ့သို့ သမ္မာတရားကို နားမလည်နိုင်ခြင်း မရှိပါက၊ ပြီးလျှင် မိမိကိုယ်ကို မစောင့်ရှောက်နိုင်ခြင်း မဟုတ်ပါက၊ သင် လုပ်ဆောင်သင့်သည့်အရာများစွာ ရှိ၏။ ငယ်ရွယ်သည့်လူများကဲ့သို့ပင်၊ သင်သည် သမ္မာတရားကို လိုက်စားနိုင်သည်၊ သမ္မာတရားကို ရှာဖွေနိုင်ပြီး၊ ဆုတောင်းရန် ဘုရားသခင်ရှေ့မှောက်သို့ သင် မကြာခဏ လာသင့်သည်၊ သမ္မာတရား စည်းမျဉ်းများကို ရှာဖွေသင့်ပြီး၊ သမ္မာတရားကို သင်၏ စံအဖြစ် ထားရှိလျက် ဘုရားနှုတ်ကပတ်တော်များအတိုင်း လုံးလုံးလျားလျား လူများနှင့် အမှုအရာများကို ရှုမြင်ကာ ကျင့်ကြုံပြုမူပြီး ဆောင်ရွက်ရန် ကြိုးပမ်းသင့်သည်။ ဤသည်မှာ သင် လိုက်လျှောက်သင့်သည့် လမ်းကြောင်းဖြစ်ပြီး၊ သင့်ထံတွင် အနည်းငယ်ဖျားနာမှု များစွာရှိသောကြောင့်၊ သို့မဟုတ် သင်၏ ခန္ဓာကိုယ်သည် အိုမင်းရင့်ရော်နေခြင်းကြောင့် သင့်အနေဖြင့် စိတ်ဖိစီး၊ ပူပန်သောကမရောက်သင့်၊ သို့မဟုတ် မစိုးရိမ်သင့်ပေ။ စိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှုတို့ကို ခံစားခြင်းသည် လုပ်ဆောင်ရန် မှန်ကန်သည့်အရာ မဟုတ်ပေ။ ထိုအရာများသည် ယုတ္တိမရှိသည့် သရုပ်သကန်များ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့် ကျွန်မ နားလည်ခဲ့တာက သက်ကြီးရွယ်အိုတွေဟာ ဘုရားသခင်က သတ်မှတ်ထားတဲ့ အသက်ကြီးခြင်း၊ နာမကျန်းဖြစ်ခြင်းနဲ့ သေဆုံးခြင်းဆိုတဲ့ သဘာဝတရားတွေကို မှန်မှန်ကန်ကန် ရင်ဆိုင်ရတဲ့အပြင်၊ ဘုရားသခင်ရှေ့မှောက်ကို ခဏခဏ လာပြီး ကိုယ်တော့်ကို ဆုတောင်းရှာဖွေသင့်တယ်၊ ပေါ်ပေါက်လာတဲ့ လူတွေ၊ ဖြစ်ရပ်တွေနဲ့ အမှုအရာတွေကို သမ္မာတရား စည်းမျဉ်းတွေပေါ်အခြေခံပြီး ဆက်ဆံသင့်တယ်၊ ဘုရားသခင်ကို ကျေနပ်စေဖို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ အာရုံစိုက်သင့်တယ် ဆိုတာပါပဲ။ သူတို့ဟာ အသက်ပိုကြီးပြီး လူငယ်တွေထက် စွမ်းဆောင်ရည်နည်းလို့ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်စရာမလိုသလို၊ ကိုယ့်အသက်အရွယ်ကြောင့် ဘောင်ခတ်ခံရတယ်လို့လည်း မခံစားသင့်ဘူး။ သူတို့ရဲ့ အင်အားနဲ့ ကိုယ်ခန္ဓာအခြေအနေကို ထည့်သွင်းစဉ်းစားပြီး သူတို့ရဲ့တာဝန်တွေကို အစွမ်းကုန် ထမ်းဆောင်သင့်တယ်။ ဒါဟာ သက်ကြီးရွယ်အိုတွေ ရှိသင့်တဲ့ စိတ်နေစိတ်ထားပါပဲ။ ဒါကို နားလည်သွားတော့ ကျွန်မလည်း ကိုယ့်အသက်အရွယ်နဲ့ ချို့ယွင်းချက်တွေကို ကောင်းကောင်းမွန်မွန် ရင်ဆိုင်နိုင်လာခဲ့တယ်။ ကိုယ်က အသက်ကြီးပြီး မေ့တတ်တာကို စိတ်ထဲမှာထားပြီး လုပ်ရမယ့်အလုပ်တွေကို ကြိုတင်ပြီး မှတ်စုရေးထားလိုက်တယ်၊ ဒီလိုဆိုတော့ အလုပ်မနှောင့်နှေးတော့ဘူး။ အထူးပြုကျွမ်းကျင်မှုတွေနဲ့ ပတ်သက်ရင် လူငယ်တွေက တစ်ခါသင်ရုံနဲ့ မှတ်မိနိုင်ကြပေမဲ့၊ ကျွန်မကတော့ မှတ်ဉာဏ်မကောင်းသလို နားလည်မှုလည်း နှေးတယ်။ ဒါကြောင့် ကျွန်မက ပိုပြီး အားထုတ်တယ်၊ တစ်ခေါက်နဲ့ မရရင် သုံးခေါက် လေ့လာတယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် လူငယ်တွေနဲ့ အမြဲတမ်း နှိုင်းယှဉ်နေလို့မဖြစ်ဘူး၊ အဲဒီအစား သမ္မာတရားကို လိုက်စားပြီး ကိုယ့်တာဝန်တွေကို အစွမ်းကုန် ကောင်းကောင်းမွန်မွန် ထမ်းဆောင်ဖို့ ကြိုးစားသင့်တယ်။ အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ တွေးမိတယ်။ “ငါသည် လူတစ်ဦးစီ၏ ပန်းတိုင်ကို ၎င်း၏အသက်အရွယ်၊ ဝါရင့်ခြင်း၊ ခံစားရသော ဆင်းရဲဒုက္ခပမာဏတို့အပေါ်၌ အခြေခံ၍ ဆုံးဖြတ်ခြင်း မဟုတ်ပေ၊ သနားစရာကောင်းသည့် အတိုင်းအတာတို့အပေါ်၌ အခြေခံ၍ ဆုံးဖြတ်ခြင်း ပို၍ပင် မဟုတ်ဘဲ သမ္မာတရားကို ၎င်းတို့ ပိုင်ဆိုင်ခြင်း ရှိမရှိအပေါ်တွင် မူတည်၍ ဆုံးဖြတ်ခြင်းဖြစ်၏။ ဤအရာမှတစ်ပါး တခြားရွေးချယ်စရာ မရှိ။ ဘုရားသခင်၏ အလိုတော်ကို လိုက်မလျှောက်သူအားလုံး ချွင်းချက်မရှိ အပြစ်ဒဏ်ပေးခြင်း ခံရမည်ကို သင်တို့ သဘောပေါက်ရမည်။ ဤသည်မှာ မည်သည့်လူတစ်ဦးကမျှ မပြောင်းလဲနိုင်သည့် အရာတစ်ခုဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့) ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့် ကျွန်မ နားလည်ခဲ့တယ်။ ဘုရားသခင်က လူတစ်ယောက်ရဲ့ အဆုံးသတ်နဲ့ ပန်းတိုင်ကို ဆုံးဖြတ်တာဟာ သူတို့ရဲ့ အသက်အရွယ်ပေါ်မှာ မူတည်တာ မဟုတ်သလို၊ လူတစ်ယောက်ဟာ ဘယ်လောက် ဆင်းရဲဒုက္ခခံစားခဲ့ရတယ်ဆိုတဲ့အပေါ်မှာ မူတည်တာလည်း မဟုတ်ဘဲ၊ အဲဒီအစား သူတို့ သမ္မာတရားကို ရမရ၊ သူတို့ရဲ့ စိတ်သဘောထား ပြောင်းလဲသွားတာမျိုး ရှိမရှိ ဆိုတဲ့အပေါ်မှာ မူတည်ပြီး ဆုံးဖြတ်တာ ဖြစ်တယ်ဆိုတာကိုပေါ့။ ကျွန်မသာ သမ္မာတရားကို မလိုက်စားဘူး၊ ကောင်းချီးမင်္ဂလာတွေအတွက် ကျွန်မရဲ့လိုအင်ဆန္ဒကို မစွန့်လွှတ်ဘူး၊ ပြီးတော့ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက မပြောင်းလဲဘူးဆိုရင် ကျွန်မသာ အနှစ်နှစ်ဆယ်ငယ်နေခဲ့ရင်တောင် ဖယ်ရှားရှင်းလင်းတာကို ခံရဦးမှာပဲ။ ကျွန်မရဲ့ မှားယွင်းပြီး အဓိပ္ပါယ်မဲ့တဲ့ အမြင်တွေကို ဆက်ပြီး ဆုပ်ကိုင်မထားချင်တော့ဘူး၊ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံဖို့ပဲ ရှာဖွေချင်တယ်၊ အသက်ရှင်နေတုန်းမှာ ကိုယ့်တာဝန်တွေကို ကောင်းကောင်းထမ်းဆောင်ပြီး စိတ်သဘောထား ပြောင်းလဲမှုကို လိုက်စားဖို့နဲ့ နောက်ဆုံးမှာ ကျွန်မမှာ ကောင်းမွန်တဲ့ အဆုံးသတ် မရှိရင်တောင် ကိုယ့်တာဝန်တွေကို ဆက်ပြီး ကောင်းကောင်း ဖြည့်ဆည်းသင့်တယ်။ ဒါဟာ လူတစ်ယောက်မှာ ရှိသင့်တဲ့ အသိစိတ်နဲ့ ဆင်ခြင်တုံတရားဖြစ်ပြီး ကျွန်မ လိုက်စားသင့်တဲ့ ဦးတည်ချက်ပါပဲ။
ကျွန်မ မှတ်မိသေးတယ်၊ တစ်ခါက ကျွန်မတို့ လက်ရှိပြဿနာတွေနဲ့ ပတ်သက်ပြီး အလုပ်နဲ့ဆိုင်တဲ့ ကျွမ်းကျင်မှုတွေကို လေ့လာဖို့ စုဝေးခဲ့ကြတယ်၊ ဒါပေမဲ့ ကျွန်မ သိပ်နားမလည်သေးတဲ့ ပြဿနာတချို့ ရှိခဲ့တယ်။ ကျွန်မရဲ့တွဲဖက်က သူ့ရဲ့ ထိုးထွင်းသိမြင်မှုတွေကို စပြီး မိတ်သဟာယပြုတဲ့အခါမှာ သူ့ရဲ့မိတ်သဟာယက တော်တော်ကောင်းနေတော့ ကျွန်မရဲ့ အပျက်သဘောဆောင်တဲ့ စိတ်ခံစားမှုတွေ ပြန်ပေါ်လာပြီး တွေးမိတယ်၊ “ငါက အခု အသက်ကြီးနေပြီ၊ အရာရာကို နားလည်ဖို့ အချိန်အကြာကြီး ယူရတယ်။ နောက်ထပ် နှစ်နှစ်ကြာလို့ ငါ ဒီထက်ပိုပြီး ထိုင်းသွားရင် ဘာတာဝန်မှ လုပ်နိုင်တော့မှာ မဟုတ်တော့ဘူး” လို့ပေါ့။ ဒီအတွေးတွေက ကျွန်မစိတ်ထဲမှာ မသက်မသာဖြစ်သွားစေတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ ကျွန်မ ဘုရားနှုတ်ကပတ်တော်တွေကို သတိရလိုက်တယ်။ “ရုပ်ပိုင်းအရ သင်၏ တာဝန်ကို သင်ထမ်းဆောင်နိုင်စွမ်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ အလုပ်တစ်ခုခုကို သင် တာဝန်ယူနိုင်သည်ဖြစ်စေ၊ မယူနိုင်သည်ဖြစ်စေ၊ သင်၏ ကျန်းမာရေးက သင်၏ တာဝန်ကိုထမ်းဆောင်ရန် အခွင့်ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ သင်၏ စိတ်နှလုံးက ဘုရားထံမှ သွေဖည်သွားရမည်မဟုတ်သကဲ့သို့ သင်၏ စိတ်နှလုံးတွင် သင်၏ တာဝန်ကို သင် မစွန့်ပစ်ရပေ။ ဤနည်းဖြင့် သင်သည် သင်၏ တာဝန်များ၊ သင်၏ ဝတ္တရားများနှင့် သင်၏ အလုပ်ကို ဖြည့်ဆည်းလိမ့်မည်။ ဤသည်မှာ သင် စွဲကိုင်သင့်သည့် သစ္စာရှိခြင်း ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မရဲ့ စိုးရိမ်မှုတွေကို ချက်ချင်းပဲ လွင့်ပြယ်စေခဲ့တယ်။ နောင်မှာ ကျွန်မ အသက်ကြီးလာလို့ အရာရာကို မြန်မြန်ဆန်ဆန် သဘောပေါက်နားလည်နိုင်စွမ်း မရှိတော့ဘဲ စာနဲ့ပတ်သက်တဲ့ တာဝန်တွေကို မထမ်းဆောင်နိုင်တော့ဘူးဆိုရင်တောင် ကိုယ့်စွမ်းဆောင်နိုင်မှုနဲ့ ကိုက်ညီတဲ့ တခြားတာဝန်တွေကို လုပ်နိုင်ပါသေးတယ်။ တစ်နေ့နေ့မှာ ကျွန်မရဲ့ ကိုယ်ခန္ဓာအခြေအနေကြောင့် တာဝန်တွေကို မထမ်းဆောင်နိုင်တော့ဘူးဆိုရင်တောင် ကျွန်မရဲ့စိတ်နှလုံးက ဘုရားသခင်ဆီကနေ မထွက်ခွာသရွေ့၊ ကိုယ်တော့်ကို ဟစ်ခေါ်နိုင်တယ်၊ ကိုယ်တော့်နှုတ်ကပတ်တော်တွေကို စားသောက်ပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်နိုင်သရွေ့ ဘုရားသခင်က ကျွန်မကို ပစ်ပယ်မှာ မဟုတ်ဘူး။ ဘုရားသခင် စက်ဆုပ်ရွံရှာတာက ကျွန်မက ကောင်းချီးမင်္ဂလာတွေကို အမြဲလိုက်စားနေပြီး ကိုယ်တော့်အပေါ် စစ်မှန်တဲ့ ယုံကြည်ခြင်း မရှိတာကိုပဲ။ ဒီလိုတွေးမိတော့ ကျွန်မစိတ်နှလုံးထဲမှာ လွတ်မြောက်သွားသလို ခံစားခဲ့ရပြီး အပျက်သဘောဆောင်တာ၊ မတက်ကြွတာတွေ မရှိတော့ဘူး။ အဲဒီအစား အရာရာကို နက်နက်နဲနဲ စပြီး တွေးတောလေ့လာခဲ့တယ်၊ လက်ရှိကျွမ်းကျင်မှုတွေကို သင်ယူရာမှာ တိုးတက်မှုတချို့ ရခဲ့တယ်။ ကျွန်မရဲ့စိတ်နှလုံးထဲကနေ ဘုရားသခင်ရဲ့ လမ်းပြမှုအတွက် ကိုယ်တော့်ကို ကျေးဇူးတင်ပါတယ်။ ကျွန်မရဲ့ ကိုယ်ခန္ဓာအခြေအနေ ဘယ်လိုပဲဖြစ်ဖြစ်၊ ဘယ်လို အဆုံးသတ် ဒါမှမဟုတ် ပန်းတိုင်မျိုးကိုပဲ ရင်ဆိုင်ရပါစေ၊ ကျွန်မဟာ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံပြီး ကိုယ့်တာဝန်တွေကို ကောင်းကောင်းမွန်မွန် ထမ်းဆောင်ဖို့ လိုလိုလားလားရှိပါတယ်။