၉၅။ တစ်စုံတစ်ယောက်၏ ကျေးဇူးကို ဆပ်ခြင်းသည် ကျင့်ကြံပြုမူခြင်းဆိုင်ရာ စည်းမျဉ်းတစ်ခု ဖြစ်ပါသလား
၂၀၂၂ ဖေဖော်ဝါရီလ တစ်နေ့မှာ အသင်းတော်ခေါင်းဆောင်က ကျွန်တော့်ကို ဝူဂျွန်အကြောင်း အကဲဖြတ်ချက်ရေးခိုင်းတယ်။ ကျွန်တော် လန့်သွားပြီး တွေးမိတယ်။ “အသင်းတော်က ဒီအချိန်မှာ ဖယ်ရှားရေးအလုပ် လုပ်နေတာ။ ဝူဂျွန်ကို ဖယ်ရှားပစ်ဖို့ ပြင်ဆင်တဲ့အနေနဲ့ အသင်းတော်က သူ့အကြောင်း အကဲဖြတ်ချက်တွေ တောင်းနေတာများဖြစ်နိုင်မလား” ပေါ့။ အဲဒီအချိန်မှာ သူနဲ့ ကျွန်တော် ဆက်ဆံဖူးတဲ့ ပုံရိပ်တွေ ခေါင်းထဲ ဖြတ်ခနဲ ပေါ်လာတယ်။ ၂၀၁၉ တုန်းက ဝူဂျွန်က စာနဲ့ပတ်သက်တဲ့တာဝန်ကို ထမ်းဆောင်နေပြီး ကျွန်တော်က အသင်းတော်ရဲ့ စာနဲ့ပတ်သက်တဲ့အလုပ်ကို တာဝန်ယူထားရတယ်။ အဲဒီတုန်းက သူက အသေးအဖွဲကိစ္စတွေနဲ့ပတ်သက်ပြီး သူ့တွဲဖက်ညီအစ်ကိုနဲ့ ခဏခဏ အဆုံးမရှိ ငြင်းခုံတတ်တယ်၊ စုဝေးပွဲတွေအတွင်းမှာ သူက အဲဒီအငြင်းပွားမှုတွေကို ကျွန်တော်တို့ကို အဆုံးအဖြတ်ပေးခိုင်းတယ်။ ကျွန်တော်တို့က သူ့ကို မိတ်သဟာယပြုပေးပြီး အရာရာကို အရမ်း ခွဲခြမ်းစိတ်ဖြာမနေဘဲ ဘုရားသခင်ဆီကနေ ခံယူဖို့၊ သင်ခန်းစာယူဖို့ တိုက်တွန်းခဲ့တယ်။ ဒါပေမဲ့ သူက ဒါကို လက်မခံဘဲ နောက်ပိုင်းမှာလည်း ဒီပုံစံအတိုင်း ဆက်လုပ်တယ်။ အဲဒီကာလတုန်းက စုဝေးပွဲတိုင်းမှာ သူ့ပြဿနာတွေကို ဖြေရှင်းဖို့ပဲ အာရုံစိုက်ရပြီး ပုံမှန် မိတ်သဟာယ မပြုနိုင်ခဲ့ဘူး။ အသင်းတော်အသက်တာရော၊ အသင်းတော်အလုပ်ပါ သိသိသာသာ အနှောင့်အယှက် ဖြစ်ခဲ့ရတယ်။ ဝူဂျွန်က သမ္မာတရားကို မရှာဖွေဘဲ အမှားအမှန်ကိုပဲ အမြဲတမ်း ငြင်းခုံနေပြီး တခြားသူတွေရဲ့ လမ်းပြမှုကိုရော အကူအညီကိုရော လက်မခံတာကြောင့် နောက်ဆုံးကျတော့ သူ့တာဝန်ကနေ ဖြုတ်ချခံလိုက်ရတယ်။ ၂၀၂၁ မှာ ကျွန်တော်က အသင်းတော်တချို့ရဲ့ ဧဝံဂေလိအလုပ်ကို တာဝန်ယူရတယ်။ အဲဒီတုန်းက ဝူဂျွန်က အသင်းတော်မှာ ဧဝံဂေလိအမှုဆောင်ဖြစ်ပြီး ဧဝံဂေလိသင်းထောက် လီချန်ကို အရမ်းထောက်ခံအားပေးတယ်။ လီချန်က တကယ့်အလုပ်မလုပ်တော့ ခေါင်းဆောင်တွေက ညီအစ်ကိုမောင်နှမတွေဆီကနေ လီချန်နဲ့ပတ်သက်တဲ့ အကဲဖြတ်ချက်တွေ တောင်းကြတယ်။ ဒါပေမဲ့ ဝူဂျွန်က ညီအစ်ကိုမောင်နှမတွေကို ပြောတယ်။ “လီချန်အကြောင်း ဘယ်သူမဆို မကောင်းပြောရင် ကျွန်တော် သူတို့နဲ့ စာရင်းရှင်းမယ်” တဲ့။ နောက်ပိုင်းမှာ ခေါင်းဆောင်တွေက အခြေခံစည်းမျဉ်းတွေအပေါ်အခြေခံပြီး လီချန်ကို ဖြုတ်ချလိုက်တယ်။ ဝူဂျွန်က ဒီကိစ္စနဲ့ပတ်သက်ပြီး လုံးဝ မကျေမနပ်ဖြစ်ပြီး အတိုက်အခံပြုတဲ့အခြေအနေထဲမှာ ရှိတယ်၊ ဟိတ်ဟန်ထုတ်ပြီး ဆန့်ကျင်နေတာပေါ့။ ဧဝံဂေလိအလုပ်နဲ့ပတ်သက်ပြီး ဆွေးနွေးတဲ့အခါ သူက စိတ်ကောက်ပြီး ဘာမှမပြောဘဲ နေတယ်။ တစ်ခါတစ်ခါ စုဝေးပွဲတွေမှာ လူမစုံသေးခင် သူ့မကျေနပ်ချက်တွေကိုတောင် ဖွင့်ဟပြီး ပြောတယ်၊ “ခေါင်းဆောင်တွေက အလုပ်နဲ့ပတ်သက်ပြီး ကျွန်တော့်တွဲဖက်ညီအစ်ကိုနဲ့ပဲ ဆွေးနွေးတယ်၊ ကျွန်တော့်ဆီ မလာဘူး။ အခု ကျွန်တော် ဖြုတ်ချခံထားရပြီလားဆိုတာတောင် ကျွန်တော် မသိဘူး” တဲ့။ ကျွန်တော် အဲဒီတုန်းက သူ့ကို သတိပေးခဲ့တယ်၊ သူက အရာရာကို အရမ်းကြီး ခွဲခြမ်းစိတ်ဖြာနေတယ်ပေါ့၊ ပြီးတော့ ဘုရားသခင်ဆီက ခံယူဖို့၊ သင်ခန်းစာယူဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ဖို့ အကြံပေးခဲ့တယ်။ ဒါပေမဲ့ သူက လက်မခံတဲ့အပြင် ငြင်းခုံပြီးတော့လည်း ဆင်ခြေပေးတယ်။ မကြာခင်မှာပဲ သူ ဖြုတ်ချခံလိုက်ရပေမဲ့ ကိုယ့်ကိုယ်ကိုယ်သိတဲ့အသိ သိပ်မရှိဘဲ ဆက်ပြီး ပြဿနာရှာတာ၊ ဆူပူတာတွေ လုပ်တယ်။ သူက ခေါင်းဆောင်တွေကိုလည်း ဝေဖန်ပိုင်းခြားပြီး သူတို့ အလုပ်ဘယ်လိုလုပ်ရမယ်ဆိုတာ မသိဘူးလို့ ပြောတယ်။ သူ့မှာ တခြားဆင်တူ အပြုအမူတွေ အများကြီးရှိသေးတယ်။
ဒါကို ဆင်ခြင်သုံးသပ်ရင်း ကျွန်တော် ဘုရားနှုတ်ကပတ်တော်တွေကို သတိရသွားတယ်။ “လူအချို့သည် ၎င်းတို့အပေါ်တွင် တစ်စုံတစ်ခု ဖြစ်ပျက်သောအခါတိုင်းတွင် တစ်ဆိတ်ကို တစ်အိတ်လုပ်ကြပြီး အကျိုးမရှိသောအရာများကို လုပ်ဆောင်သည်မှာ ယုတ်မာခြင်း မဟုတ်သလော။ ဤသည်မှာ ကြီးမားသော ပြဿနာဖြစ်သည်။ စိတ်ရှင်းလင်းသောလူတို့သည် ဤအမှားမျိုးကို ကျူးလွန်မည်မဟုတ်ပေ။ သို့သော် ယုတ္တိမရှိသောသူများသည် ဤကဲ့သို့ဖြစ်ကြသည်။ ၎င်းတို့က အခြားလူများသည် ၎င်းတို့ကို အခက်အခဲဖြစ်အောင် ပြုလုပ်သည်၊ အခြားလူများသည် ၎င်းတို့ကို တမင်ရည်ရွယ်၍ မကြင်မနာ ဆက်ဆံသည်ဟု အစဉ်သဖြင့် စိတ်ကူးထင်မြင်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် အခြားလူများကို အခက်ကြုံအောင် အစဉ်သဖြင့် ပြုလုပ်ကြသည်။ ဤသည်မှာ လမ်းလွဲခြင်းမဟုတ်လော။ ၎င်းတို့သည် သမ္မာတရားအပေါ် အားစိုက်ထုတ်မှု မရှိဘဲ မိမိကိုယ်ကို သိကျွမ်းရန် သမ္မာတရားကို ရှာဖွေခြင်း မရှိ။ ၎င်းတို့တွင် တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ အသေးအဖွဲ အသေးစိတ်အချက်များအပေါ် အစဉ်သဖြင့် စိတ်စွဲပြီး ရှင်းပြချက်များ တောင်းဆိုကြသည်။ သိက္ခာဆည်ရန် ကြိုးစားကြသည်။ ပြီးလျှင် ဤကိစ္စရပ်များကို ချဉ်းကပ်ရန်အတွက် လူသား၏ ဖြေရှင်းနည်းများကို အစဉ် အသုံးပြုလိုကြသည်။ ဤသည်မှာ အသက်ဝင်ရောက်မှုအတွက် အကြီးမားဆုံး အဟန့်အတားဖြစ်သည်။ သင်သည် ဘုရားသခင်ကို ဤသို့ ယုံကြည်လျှင်၊ သို့မဟုတ် ဤသို့ လက်တွေ့လုပ်ဆောင်လျှင် သင်သည် ဘုရားသခင်ရှေ့သို့ မည်သည့်အခါမျှ မလာရောက်သောကြောင့် သမ္မာတရားကို မည်သည့်အခါမျှ ရရှိလိမ့်မည်မဟုတ်ပေ။ သင်သည် ဘုရားသခင်က သင့်အတွက် စီစဉ်ဖွဲ့စည်းပေးသည့် အရာအားလုံးကို လက်ခံရရှိရန် ဘုရားသခင်ရှေ့သို့ မည်သည့်အခါမျှ မလာသကဲ့သို့ ဤအရာအားလုံးကို ချဉ်းကပ်ရန်အတွက် သမ္မာတရားကို အသုံးမပြုပေ။ ထိုအစား သင်သည် အမှုအရာများကို ချဉ်းကပ်ရန် လူသား၏ ဖြေရှင်းနည်းများကို အသုံးပြုသည်။ သို့ဖြစ်၍ ဘုရားသခင်၏ အမြင်တွင် သင်သည် သူ့ထံမှ အလွန်ဝေးကွာအောင် လမ်းလွဲသွားပြီဖြစ်သည်။ သင်၏ စိတ်နှလုံးသည် သူ့ထံမှ ဝေးကွာသွားရုံမကဘဲ သင်၏ ဖြစ်တည်မှုတစ်ခုလုံးက သူ၏ မျက်မှောက်တော်တွင် အသက်မရှင်ပေ။ ဤသည်မှာ စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းတတ်ပြီး အသေးအဖွဲ အသေးစိတ်အချက်များကို အစဉ်သဖြင့် စိတ်စွဲသည့်သူများအား ဘုရားသခင် မြင်သည့်ပုံစံဖြစ်သည်။...ဘုရားသခင်ကို ယုံကြည်သူတစ်ယောက်သည် မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ၊ ပြင်ပအမှုကိစ္စများကို ကိုင်တွယ်သည်ဖြစ်စေ၊ ဘုရားအိမ်တော်၏ အမျိုးမျိုးသော အလုပ်နှင့်ဖြစ်စေ၊ ကျွမ်းကျင်မှုနယ်ပယ်များနှင့်ဖြစ်စေ ဆက်စပ်သောတာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ ဘုရားသခင်ရှေ့သို့ ကြိမ်ဖန်များစွာ မလာလျှင်လည်းကောင်း၊ ဘုရားသခင်၏ မျက်မှောက်တော်တွင် အသက်မရှင်လျှင်လည်းကောင်း၊ ဘုရားသခင်၏ စိစစ်မှုကို လက်မခံရဲလျှင်လည်းကောင်း၊ ဘုရားသခင်ထံမှ သမ္မာတရားကို မရှာဖွေလျှင်လည်းကောင်း သူသည် မယုံကြည်သူတစ်ယောက်ဖြစ်ပြီး ၎င်းတို့သည် ဘာသာတရားမရှိသူတစ်ယောက်နှင့် မကွာခြားသည်ကို ငါ သင်တို့အားပြော၏။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်၏ ရှေ့မှောက်၌ မကြာခဏ အသက်ရှင်ခြင်းသည်သာလျှင် အကြင်သူသည် သူနှင့် ပုံမှန်ဆက်ဆံရေးကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်တော် နားလည်လိုက်တာက လူတွေ၊ ကိစ္စတွေအပေါ် အရမ်း ခွဲခြမ်းစိတ်ဖြာပြီး အမှားအမှန်ကို ငြင်းခုံတဲ့သူ၊ ကိုယ့်အမြင်ကိုပဲ အမြဲဖက်တွယ်ပြီး ကိုယ်မှန်တယ်လို့ ယုံကြည်နေတဲ့သူ၊ ဘုရားသခင်ဆီက ခံယူတာ၊ သမ္မာတရားကို ရှာဖွေတာ မလုပ်တဲ့သူ၊ ဘယ်သူမဆိုဟာ စစ်မှန်တဲ့ ဘုရားယုံကြည်သူ မဟုတ်ဘူးဆိုတာပါပဲ။ အနှစ်သာရအားဖြင့် ဒီလိုလူမျိုးဟာ မယုံကြည်သူပါပဲ။ ဘုရားနှုတ်ကပတ်တော်ရဲ့ ဖော်ထုတ်ချက်နဲ့ ချိန်ထိုးကြည့်လိုက်တော့ “ဝူဂျွန်က ဒီအတိုင်း အတိအကျပဲ။ သူ့အပြုအမူအကြောင်း ငါသာ အမှန်အတိုင်းရေးလိုက်ရင် သူ ဖယ်ရှားပစ်ခံရဖို့ အရမ်းများတယ်” လို့ ကျွန်တော် တွေးမိတယ်။ သူ့အကဲဖြတ်ချက်ကို ရေးဖို့ စဉ်းစားလိုက်တာနဲ့ အရင်တုန်းက သူ ကျွန်တော့်ကို ကူညီခဲ့တဲ့ မြင်ကွင်းတွေ ခေါင်းထဲ ဝင်လာတယ်။ ကျွန်တော် ဘုရားကို ယုံကြည်တာ နှစ်နှစ်၊ သုံးနှစ်လောက်ရှိတုန်းက ကျွန်တော့်အမျိုးသမီး ဆုံးပါးသွားပြီး အိမ်မှာ အခက်အခဲတချို့ ပေါ်လာတော့ ကျွန်တော် အပျက်သဘောဆောင်တဲ့အခြေအနေထဲ ကျရောက်သွားတယ်။ အဲဒီအချိန်တုန်းက ကျွန်တော် ဘုရားနှုတ်ကပတ်တော် မဖတ်တော့ဘူး၊ ဓမ္မတေးတွေ မဆိုတော့ဘူး၊ စုဝေးပွဲတောင် မတက်တော့ဘူး။ တစ်လကျော်ကျော်လောက် ကျွန်တော် အမှောင်ထဲမှာပဲ လုံးလုံးလျားလျား နေခဲ့ရပြီး အသက်မရှင်ချင်တော့ဘူးဆိုတဲ့ အတွေးတွေတောင် ရှိခဲ့တယ်။ ဝူဂျွန်က ကျွန်တော့်အခြေအနေကို သိသွားပြီးတဲ့နောက်မှာ ကျွန်တော့်ကို အကူအညီနဲ့ အထောက်အပံ့တွေပေးပြီး အကြိမ်ကြိမ် မိတ်သဟာယပြုပေးတယ်။ အဲဒီလိုလုပ်ပေးတိုင်း သူ အိမ်ပြန် တော်တော်နောက်ကျတယ်။ သူ့လုပ်ရပ်တွေကြောင့် ကျွန်တော် တော်တော်လေး တို့ထိခံစားခဲ့ရတယ်။ အချိန်တစ်ခုကြာပြီးတဲ့နောက်မှာ ကျွန်တော် အပျက်သဘောဆောင်တာကနေ တဖြည်းဖြည်း ရုန်းထွက်နိုင်ခဲ့တယ်။ ကျွန်တော် အပျက်သဘောအဆောင်ဆုံးနဲ့ အနာကျင်ရဆုံးအချိန်တွေမှာ ကျွန်တော့်ကို ကူညီခဲ့တာ ဝူဂျွန်ပါပဲ။ ဒါကို တွေးမိတော့ သူ့အပေါ် ကျွန်တော့်ရဲ့ ကျေးဇူးတင်စိတ်က ပိုတိုးလာတယ်။ ကျွန်တော် တွေးမိတယ်၊ “အရင်တုန်းက သူ ငါ့ကို ကူညီထောက်ပံ့ပေးတာက ငါ့ကို ဘုရားရှေ့မှောက် ခေါ်ဆောင်လာဖို့ပဲ။ အခု ငါသာ သူ့အကဲဖြတ်ချက်ကို ရေးလိုက်ရင် သူ အသင်းတော်ကနေ ဖယ်ရှားပစ်ခံရမလား၊ မခံရဘူးလားဆိုတာနဲ့ ဆက်စပ်သွားမှာပဲ။ ဝူဂျွန်သာ တကယ် ဖယ်ရှားပစ်ခံရပြီး ငါ သူ့ကို ဖော်ထုတ်လိုက်မှန်း သူသိရင် ငါက ကျေးဇူးကန်းတယ်လို့ သူ သေချာပေါက် ပြောမှာပဲ။ အဲဒီကျရင် ငါ သူ့ကို ဘယ်လိုမျက်နှာချင်းဆိုင်နိုင်မှာလဲ” ပေါ့။ ဒါကို တွေးမိပြီး ကျွန်တော် မရိုးမသားနဲ့ ရေးလိုက်တယ်၊ “မကြာသေးခင်က ဝူဂျွန်နဲ့ ကျွန်တော် သိပ်အဆက်အသွယ်မရှိဘူး၊ ကျွန်တော်တို့ စုဝေးပွဲ နှစ်ခါသုံးခါလောက်ပဲ အတူတက်ဖူးတာ၊ သူ့အကြောင်း ကျွန်တော် သိပ်မသိဘူး” ဆိုပြီးတော့ပေါ့။
ရက်နည်းနည်းကြာတော့ အသင်းတော်ခေါင်းဆောင်ဆီကနေ စာတစ်စောင် ထပ်ရတယ်၊ ဝူဂျွန်ရဲ့အပြုအမူအကြောင်း ရေးခိုင်းတာပဲ။ ကျွန်တော် တွေးမိတယ်၊ “ခေါင်းဆောင်က ဝူဂျွန်ရဲ့ အကဲဖြတ်ချက်ကိုပဲ ငါ့ကို ဆက်တိုက်ရေးခိုင်းနေတာ။ သူ့အပြုအမူတွေအကုန်လုံးကို ငါသာ ရေးလိုက်ရင် တခြားညီအစ်ကိုမောင်နှမတွေ ပေးထားတဲ့ အချက်အလက်တွေနဲ့ပေါင်းလိုက်တဲ့အခါ မယုံကြည်သူတစ်ယောက်အနေနဲ့ သူ သတ်မှတ်ခံရဖို့က ကျိုးကြောင်းခိုင်လုံသွားဖို့ အလားအလာ အရမ်းများတယ်။ အသင်းတော်က လူတွေကို သူတို့ရဲ့ မပြောင်းလဲတဲ့ အပြုအမူအပေါ် အခြေခံပြီး ဖယ်ရှားတာလေ။ လူကောင်းတစ်ယောက်က မတရားသဖြင့် စီရင်ခံရမှာ မဟုတ်သလို၊ လူဆိုးတစ်ယောက်ကလည်း လွတ်သွားမှာ မဟုတ်ဘူး။ အသင်းတော်ရဲ့ ဖယ်ရှားရေးအလုပ်နဲ့ ငါ ပူးပေါင်းဆောင်ရွက်ပြီး သူ့အပြုအမူအကြောင်း ရေးမှဖြစ်မယ်၊ မဟုတ်ရင် သူ့ကို ဖုံးကွယ်ပေးပြီး ကာကွယ်ပေးရာ ရောက်နေမှာပဲ” လို့ပေါ့။ ဒါပေမဲ့ နောက်တော့ ကျွန်တော် ပြန်တွေးမိတယ်၊ “ဝူဂျွန်သာ တကယ် ရှင်းလင်းပစ်ခံရရင် နောက်ပိုင်း ငါ သူ့ကို ဘယ်လိုမျက်နှာချင်းဆိုင်မလဲ။ သူ့အကဲဖြတ်ချက်ကို ငါရေးမှန်း သူသိသွားရင် ငါ့မှာ အသိစိတ်မရှိဘူးလို့ သူ ပြောမလား။ အဲဒီလိုသာဖြစ်လာရင် ငါက ကျေးဇူးမသိတတ်သူဆိုပြီး တကယ်ပဲ တံဆိပ်ကပ်ခံရတော့မှာ၊ ပြီးတော့ ဘယ်သူက ငါနဲ့ အလုပ်တွဲလုပ်ဖို့၊ ပေါင်းသင်းဖို့ ဆန္ဒရှိတော့မှာလဲ” ပေါ့။ ဒါကို စဉ်းစားပြီးတော့ အကဲဖြတ်ချက် မရေးခင် ဝူဂျွန်နဲ့ မိတ်သဟာယပြုဖို့ အခွင့်အရေးတစ်ခု ကျွန်တော် ရှာချင်ခဲ့တယ်။ ဒါကြောင့် ကိုယ့်အမြင်ကို ထည့်မရေးဘဲ စာကြောင်းတိုတိုလေး နည်းနည်းပဲ ရေးလိုက်တယ်။ စာပို့ပြီးတော့ ကျွန်တော် နည်းနည်း နေရခက်သလို ခံစားရတယ်၊ “ငါက ပုဂ္ဂိုလ်ရေးဆက်ဆံရေးကို အသင်းတော်အကျိုးစီးပွားထက် ပိုဦးစားပေးနေတာလား” ပေါ့။ ဒါပေမဲ့ နောက်တော့ ဒါက ကိစ္စကြီးမဟုတ်လောက်ပါဘူး၊ ပြီးတော့ အခြေခံစည်းမျဉ်းတွေကို ချိုးဖောက်ရာလည်း သိပ်မကျဘူး၊ ဘာလို့လဲဆိုတော့ ငါ့ရည်ရွယ်ချက်က ညီအစ်ကိုကို ကူညီဖို့ပဲလေလို့ တွေးမိတယ်။ ကျွန်တော် အဲဒါကို ခဏလောက်ပဲ တွေးပြီးတော့ အဲဒီကိစ္စကို မေ့လိုက်တယ်။ အချိန်တစ်ခုကြာတော့ ကိစ္စတချို့ကြောင့် ခေါင်းဆောင်က ကျွန်တော်နေတဲ့ ဧည့်ခံတဲ့နေအိမ်ကို ရောက်လာတယ်၊ ကျွန်တော့်ကို မြင်တော့ သူက တဲ့တိုးပဲ ပြောတယ်။ “ညီလေး၊ ဝူဂျွန်ရဲ့ အကဲဖြတ်ချက်ကို ရေးပေးဖို့ ခိုင်းထားတာလေ။ ဘာလို့ ဒီလောက် ကြာနေတာလဲ။ ညီလေးက ရိုးသားတဲ့လူတစ်ယောက်အနေနဲ့ အသေးစိတ်အချက်အလက်အားလုံး အပြည့်အစုံ ရေးပေးလိုက်လို့ပဲ မရဘူးလား။ ဒီလိုလုပ်နေတာက ကိစ္စတွေကို တကယ် ကြန့်ကြာစေတယ်” တဲ့။ အဲဒီလို အပြစ်တင်ခံလိုက်ရတော့ ကျွန်တော် တော်တော်လေး ရှက်သွားပြီး ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ဒီအကဲဖြတ်ချက်ကို ငါအချိန်ဆွဲထားတာ တစ်လကျော်နေပြီ၊ ဒါနဲ့ပတ်သက်ပြီး ဆင်ခြေပေးစရာ အကြောင်း တကယ် မရှိဘူး” ပေါ့။ အဲဒီအချိန်မှာပဲ ကျွန်တော် စပြီး ဆင်ခြင်သုံးသပ်မိတယ်၊ အကဲဖြတ်ချက်ကို အမှန်အတိုင်း မရေးချင်ရတဲ့ နောက်ကွယ်က အရင်းခံအကြောင်းရင်းက ဘာလဲဆိုတာကို စဉ်းစားတာပေါ့။
နောက်ပိုင်းမှာ ကျွန်တော့်အခြေအနေနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ကို ကျွန်တော် ဖတ်လိုက်ရတယ်။ ဘုရားသခင်က ပြောသည် “‘တစ်လုတ်စားဖူး သူ့ကျေးဇူး’ ဆိုသည့် အယူအဆသည် တရုတ်ရိုးရာယဉ်ကျေးမှုတွင် လူတစ်ယောက်က ကိုယ်ကျင့်တရားရှိသည်၊ မရှိသည်ကို အကဲဖြတ်သည့် အကောင်းဆုံးသော စံသတ်မှတ်ချက်တစ်ခုဖြစ်သည်။ လူတစ်ယောက်က ကောင်းသော၊ သို့မဟုတ် ဆိုးသော လူ့သဘာဝရှိသလော၊ မွန်မြတ်ခြင်းရှိမရှိ ဆိုသည်ကို အကဲဖြတ်သောအခါ စံအမှတ်တစ်ခုမှာ သူရရှိသော အခွင့်အရေး၊ သို့မဟုတ် အကူအညီကို ပြန်လည်ပေးဆပ်ခြင်းရှိမရှိ၊ ‘တစ်လုတ်စားဖူး သူ့ကျေးဇူး’ ဆိုသည်ကို ကျင့်သုံးသောသူဟုတ်မဟုတ်ဟူ၍ ဖြစ်သည်။ တရုတ်ရိုးရာယဉ်ကျေးမှုအတွင်းတွင်၊ ဧကန်အမှန် လူသားရိုးရာယဉ်ကျေးမှုတစ်ခုလုံးအတွင်းတွင် လူတို့သည် ဤအရာကို သူတော်ကောင်းတရား၏ အရေးကြီးသောအတိုင်းအတာအဖြစ် မှတ်ယူကြသည်။ လူတစ်ယောက်က ‘တစ်လုတ်စားဖူး သူ့ကျေးဇူး’ ဆိုသည်ကို မကျင့်သုံးလျှင် ထိုသူသည် ကျေးဇူးမသိတတ်သူဖြစ်ပြီး အသိစိတ်ကင်းမဲ့ကာ ပေါင်းသင်းဆက်ဆံရန် မထိုက်တန်ဟု ယူဆကြသည်။ ၎င်းတို့ကို အားလုံးက အထင်အမြင်သေးသည်။ ပစ်ပယ်သည်၊ သို့မဟုတ် ငြင်းဆန်ကြသည်။ အခြားတစ်ဖက်တွင် လူတစ်ယောက်က ‘တစ်လုတ်စားဖူး သူ့ကျေးဇူး’ ဆိုသည်ကို ကျင့်သုံးလျှင်၊ ထိုသူသည် ကျေးဇူးသိတတ်ပြီး တတ်နိုင်သမျှ နည်းလမ်းတိုင်းဖြင့် အခွင့်အရေးနှင့် အကူအညီကို ပြန်ပေးလျှင် ထိုသူကို အသိစိတ်နှင့် လူ့သဘာဝရှိသည့်သူအဖြစ် မှတ်ယူသည်။ တစ်စုံတစ်ယောက်က အခြားလူတစ်ယောက်ထံမှ အကျိုးအမြတ်၊ သို့မဟုတ် အကူအညီတစ်ခုကို လက်ခံရရှိသော်လည်း ပြန်လည်မပေးဆပ်လျှင်၊ သို့မဟုတ် ရိုးရှင်းသည့် ‘ကျေးဇူးတင်ပါတယ်။’ ဟူသည့်စကားဖြင့် အနည်းငယ် ကျေးဇူးသိတတ်မှုကို ဖော်ပြပြီး ထို့ထက် မည်သည့်အရာမျှမပိုလျှင် အခြားလူက မည်သို့ ထင်မည်နည်း။ စိတ်အနှောင့်အယှက် ဖြစ်ကောင်းဖြစ်မည်လော။ ထိုသူက ‘ဒီလူက ကူညီပေးဖို့ မတန်ဘူး။ လူကောင်းမဟုတ်ဘူး။ ငါက သူ့ကို အများကြီးကူညီပြီး သူက ဒီလိုတုံ့ပြန်တာဆိုရင် သူက အသိတရား၊ ဒါမှမဟုတ် လူ့သဘာဝမရှိဘူး။ ပေါင်းဖို့ မတန်ဘူး’ ဟူ၍ စဉ်းစားကောင်း စဉ်းစားမည်လော။ ထိုသူသည် ဤသို့သောလူစားမျိုးနှင့် တဖန် ကြုံတွေ့လျှင် ထိုသူကို ကူညီဦးမည်လော။ အနည်းဆုံးအနေဖြင့် ကူညီလိုစိတ်ရှိမည်မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၇)) “လူအချို့သည် အခက်အခဲ၊ သို့မဟုတ် အန္တရာယ်ရှိနေစဉ် ၎င်းတို့၏ အကျဉ်းအကျပ်မှ ၎င်းတို့ကို လွတ်မြောက်အောင် လမ်းဖွင့်ပေးသည့် ဆိုးယုတ်သော လူတစ်ဦးထံမှ အကူအညီကို တိုက်တိုက်ဆိုင်ဆိုင် ရရှိသည့်အခါ ထိုဆိုးယုတ်သော လူသည် လူကောင်းတစ်ယောက်ဖြစ်သည်ဟု ၎င်းတို့ ယုံကြည်လာပြီး မိမိတို့၏ ကျေးဇူးတင်စိတ်ကို ပြရန် ထိုသူအတွက် တစ်စုံတစ်ရာကို လုပ်ဆောင်ပေးဖို့ လိုလားနေကြလေသည်။ သို့ရာတွင် ထိုသို့သော အခြေအနေများ၌ ဆိုးယုတ်သောလူသည် သူ၏ ယုတ်ညံ့သော လုပ်ဆောင်ချက်များတွင် ၎င်းတို့အား ပါဝင်ပတ်သက်ခိုင်းဖို့ ကြိုးစားလိမ့်မည်ဖြစ်ပြီး မကောင်းသည့် လုပ်ရပ်များ ဆောင်ရွက်ဖို့ ၎င်းတို့ကို အသုံးပြုလိမ့်မည် ဖြစ်သည်။ ၎င်းတို့ ငြင်းပယ်နိုင်ခြင်း မရှိပါက အန္တရာယ်များလာနိုင်၏။ ထိုသို့သော လူအချို့သည် ဤအခြေအနေများတွင် ဝိရောဓိစိတ်ကို ခံစားရမည် ဖြစ်သည်။ အကြောင်းမှာ ၎င်းတို့၏ ထိုဆိုးယုတ်သော မိတ်ဆွေကို မကောင်းသည့် လုပ်ရပ်အနည်းငယ် လုပ်ဆောင်ရာတွင် မကူညီပေးပါက ဤခင်မင်မှုကို ၎င်းတို့ လုံလောက်စွာ တုံ့ပြန်ခြင်း မရှိသည့်အလား ထင်ရလိမ့်မည် ဖြစ်သော်လည်း မှားယွင်းသည့် တစ်စုံတစ်ရာကို လုပ်ဆောင်ရန်မှာမူ ၎င်းတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ချိုးဖောက်ရာကျလိမ့်မည် ဖြစ်သောကြောင့် ဖြစ်သည်။ ထိုသို့ဖြင့် ဤအကျပ်ရိုက်သည့် အခြေအနေတွင် ၎င်းတို့ ပိတ်မိကြလေတော့သည်။ ဤသည်မှာ ကြင်နာမှုကို ပြန်ကျေးဇူးဆပ်ပေးခြင်းဟူသော ရိုးရာယဉ်ကျေးမှုရှိ ဤအယူအဆ၏ လွှမ်းမိုးမှုကို ခံရခြင်းနှင့်ဆိုင်သည့် အကျိုးရလဒ်တစ်ခု ဖြစ်သည်။ ၎င်းတို့သည် ဤအယူအဆ၏ ချုပ်ချယ်ခြင်းခံရကာ ချည်နှောင်ခြင်းခံရပြီး ထိန်းချုပ်ခြင်းလည်း ခံရလေသည်။ ဖြစ်ရပ်များစွာတွင် ရိုးရာယဉ်ကျေးမှုမှ လာသည့် ဤဆိုရိုးများသည် လူ၏ အသိစိတ်သဘောနှင့် ပုံမှန် ဝေဖန်ပိုင်းခြားနိုင်စွမ်းတို့၏ နေရာကို ဝင်ယူလေသည်။ ထိုအရာများသည် လူ၏ ပုံမှန် စဉ်းစားတွေးခေါ်ပုံနှင့် မှန်ကန်သည့် ဆုံးဖြတ်ချက်ချခြင်းတို့ကိုလည်း လွှမ်းမိုးကြောင်းကိုမူ ပြောနေရန်ပင် မလို။ ရိုးရာယဉ်ကျေးမှုဆိုင်ရာ အယူအဆများသည် မှန်ကန်ခြင်း မရှိသကဲ့သို့ လူကို မကောင်းသည့် ဆုံးဖြတ်ချက်များ ပြုလုပ်စေလျက် အမှုအရာများအပေါ် လူ၏ အမြင်များကိုလည်း တိုက်ရိုက် လာထိခိုက်သည်။ ရှေးခေတ်မှ မျက်မှောက်ခေတ်အထိ မရေမတွက်နိုင်သည့် လူတို့သည် ကြင်နာမှုကို ပြန်ကျေးဇူးဆပ်ခြင်းနှင့် စပ်လျဉ်းသည့် ဤအယူအဆ၊ အမြင်နှင့် စံသတ်မှတ်ချက်တို့၏ လွှမ်းမိုးခြင်းကို ခံကြရပြီးဖြစ်သည်။ ၎င်းတို့အပေါ် ကြင်နာမှုပေးသည့် လူသည် ဆိုးယုတ်သည့်၊ သို့မဟုတ် မကောင်းသည့် လူတစ်ဦး ဖြစ်နေကာ ယုတ်ညံ့သည့် လုပ်ရပ်များနှင့် မကောင်းသည့် လုပ်ဆောင်ချက်များ လုပ်ဆောင်ရန် ၎င်းတို့ကို အတင်းအကျပ်ခိုင်းသည့် အချိန်တွင်ပင် ၎င်းတို့သည် ထိုသူတို့၏ ကြင်နာမှုကို ပြန်ကျေးဇူးဆပ်ရန်အလို့ငှာ မိမိတို့ ကိုယ်ပိုင် အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ဆန့်ကျင်၍ ဆိုးရွားသော အကျိုးဆက်များစွာဖြင့် မျက်စိစုံမှိတ် လိုက်လျောဆဲပင် ဖြစ်သည်။ လူများစွာတို့သည် အကျင့်စာရိတ္တဆိုင်ရာ ဤစံသတ်မှတ်ချက်၏ လွှမ်းမိုးခြင်း၊ ချုပ်ချယ်ခြင်း၊ ဘောင်ခတ်ခြင်း၊ ချည်နှောင်ခြင်းတို့ ခံထားရသည်ဖြစ်ရာ ကြင်နာမှုကို ပြန်ကျေးဇူးဆပ်ခြင်းဟူသည့် ဤအမြင်ကို မျက်စိစုံမှိတ်လျက် လွဲမှားစွာ ထိန်းသိမ်းကြပြီး ဆိုးယုတ်သည့် လူများကိုပင် အထောက်အကူပြုကာ အားပေးကူညီမည့် အလားအလာရှိပေသည်။ ယခု သင်တို့သည် ငါ၏ မိတ်သဟာယကို နာယူပြီးကြပြီဖြစ်သဖြင့် ဤအခြေအနေကို ရှင်းလင်းစွာ မြင်ကာ ဤသည်မှာ မိုက်မဲသည့် သစ္စာစောင့်သိမှု ဖြစ်ကြောင်း၊ ဤအပြုအမူသည် မည်သည့် အကန့်အသတ်မျှ ချမှတ်ခြင်းမရှိဘဲ ကျင့်ကြံပြုမူခြင်း၊ မည်သည့် ချင့်ချိန်နိုင်စွမ်းမရှိဘဲ မဆင်မခြင် ကျေးဇူးဆပ်ခြင်းအဖြစ် ယူဆရကြောင်းနှင့် ယင်းသည် အဓိပ္ပာယ်နှင့် တန်ဖိုး ကင်းမဲ့ကြောင်းတို့ကို သင်တို့ ချင့်ချိန်ဆုံးဖြတ်နိုင်ကြပေပြီ။ လူတို့သည် အများအမြင်တွင် ပြင်းထန်စွာ ဝေဖန်ခံရမည်၊ သို့မဟုတ် အခြားသူများ၏ ရှုတ်ချခြင်း ခံရမည်ကို ကြောက်ရွံ့သောကြောင့် အခြားသူများ၏ ကြင်နာမှုကို ပြန်ဆပ်ရာတွင် မိမိတို့၏ ဘဝကို အင်တင်တင်ဖြင့် ပေးအပ်မြှုပ်နှံကြပြီး ထိုဖြစ်စဉ်၌ မိမိတို့၏ အသက်ကိုပင် စတေးခံကြလေသည်။ ယင်းမှာ အဓိပ္ပာယ်မဲ့ပြီး မိုက်မဲသော လုပ်ဆောင်ပုံလုပ်ဆောင်နည်း ဖြစ်သည်။ ရိုးရာယဉ်ကျေးမှုမှ လာသည့် ဤဆိုရိုးသည် လူတို့၏ အတွေးကို ချုပ်ချယ်သည်သာမက ၎င်းတို့၏ ဘဝအပေါ် မလိုအပ်သော ပူပန်သောကနှင့် အဆင်မပြေမှုကိုလည်း ကျရောက်စေကာ နောက်ထပ်ဆင်းရဲဒုက္ခနှင့် ဝန်ထုပ်ဝန်ပိုးများဖြင့် ၎င်းတို့၏ မိသားစုကိုလည်း ဝန်ပိအောင် လုပ်ထားသည်။ လူများစွာတို့သည် လက်ခံရရှိသည့် ကြင်နာမှုကို ပြန်ကျေးဇူးဆပ်ရန်အလို့ငှာ ကြီးမားသည့် အဖိုးအခများကို ပေးကြပြီးဖြစ်သည်။ ၎င်းတို့က ကြင်နာမှုအား ပြန်ကျေးဇူးဆပ်ပေးခြင်းကို လူမှုရေး တာဝန်တစ်ခု သို့မဟုတ် မိမိတို့ကိုယ်ပိုင် တာဝန်တစ်ခုအဖြစ် ရှုမြင်ကြပြီး အခြားသူများ၏ ကြင်နာမှုကို ပြန်ဆပ်ရင်း မိမိတို့ ဘဝတစ်ခုလုံးကိုပင် ဖြုန်းပစ်ကောင်း ဖြုန်းပစ်နိုင်ကြလေသည်။ ဤအရာသည် လုပ်ဆောင်ရန် လုံးဝ သဘာဝကျပြီး တရားသောအရာ ဖြစ်သည်၊ ခေါင်းရှောင်၍ မရနိုင်သည့် တာဝန်တစ်ခုဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ဤရှုထောင့်အမြင်နှင့် လုပ်ဆောင်ပုံလုပ်ဆောင်နည်းသည် မိုက်မဲပြီး အဓိပ္ပာယ်မဲ့သည် မဟုတ်လော။ ထိုအရာက လူတို့ မည်မျှ မသိနားမလည်ဖြစ်ကာ ဉာဏ်အလင်းကွယ်ကြသည်ကို လုံးဝ ထုတ်ဖော်ပြပေသည်။ မည်သို့ပင်ဖြစ်စေ ကိုယ်ကျင့်တရား အပြုအမူနှင့်ပတ်သက်သော ဆိုရိုးဖြစ်သည့် ‘တစ်လုတ်စားဖူး သူ့ကျေးဇူး’ ဟူသည်မှာ လူတို့၏ အယူအဆများနှင့် ကိုက်ညီကောင်း ကိုက်ညီနိုင်သော်လည်း သမ္မာတရား စည်းမျဉ်းများနှင့်ကား ကိုက်ညီခြင်း မရှိပေ။ ဘုရားနှုတ်ကပတ်တော်များနှင့် သဟဇာတမဖြစ်သည့်အပြင် မမှန်ကန်သည့် အမြင်နှင့် လုပ်ဆောင်ပုံလုပ်ဆောင်နည်း ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၇)) တစ်လုတ်စားဖူး သူ့ကျေးဇူးဆိုတဲ့ အယူအဆဟာ လူတစ်ယောက်ရဲ့ အပြုအမူက ကိုယ်ကျင့်တရား ရှိမရှိ ဆုံးဖြတ်ဖို့အတွက် တရုတ်ရိုးရာယဉ်ကျေးမှုရဲ့ စံနှုန်းတွေထဲက တစ်ခုဖြစ်တယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်တော် နားလည်လာတယ်။ လူတွေရဲ့ အတွေးတွေနဲ့ အမြင်တွေကို ပုံပျက်စေခဲ့တာက ဒီရိုးရာယဉ်ကျေးမှု သွန်သင်မှုပါပဲ။ တစ်စုံတစ်ယောက်က တခြားသူတွေဆီကနေ အခွင့်အရေး၊ ဒါမှမဟုတ် အကူအညီ ရတဲ့အခါ အဲဒီကြင်နာမှုကို ကျေးဇူးသိတတ်ပြီး ပြန်ပေးဆပ်နိုင်ရင် သူ့ကို အသိစိတ်နဲ့ လူ့သဘာဝရှိသူအနေနဲ့ ရှုမြင်ကြပြီး တခြားသူတွေရဲ့ လက်ခံမှုကို ရရှိတယ်။ မဟုတ်ရင်တော့ သူတို့က ကျေးဇူးမသိတတ်သူ၊ အသိစိတ်နဲ့ လူ့သဘာဝ ကင်းမဲ့သူအနေနဲ့ တံဆိပ်ကပ်ခံရပြီး နောက်ဆက်တွဲအနေနဲ့ တခြားသူတွေနဲ့ လူ့အဖွဲ့အစည်းရဲ့ အထင်သေးတာကို ခံရတယ်၊ ငြင်းပယ်ခံရပြီး ဖယ်ကြဉ်တာကိုတောင် ခံရတယ်။ ပြန်စဉ်းစားကြည့်လိုက်ရင် အမှုအရာတွေကို ကျွန်တော် သတိပြုမိလာတဲ့အချိန်ကစပြီး “တစ်လုတ်စားဖူး သူ့ကျေးဇူး” ဆိုတာနဲ့ “ညောင်စေ့လောက် ကျေးဇူးပြုခံရရင် ညောင်ပင်ကြီးလောက် ကျေးဇူးပြန်ဆပ်ရမည်” ဆိုတဲ့ အယူအဆတွေရဲ့ လွှမ်းမိုးတာ၊ ပညာပေးတာကို ကျွန်တော် ခံခဲ့ရတာပဲ။ တခြားသူတွေဆီကနေ အကူအညီ၊ ဒါမှမဟုတ် အထောက်အပံ့ရသရွေ့ သူတို့ကို ဘယ်လိုပြန်ပေးဆပ်နိုင်မလဲဆိုတာ ကျွန်တော် စဉ်းစားတယ်။ ချက်ချင်း ပြန်မပေးဆပ်နိုင်ရင် နောက်ပိုင်းကျမှ အခွင့်အရေးရှာပြီး အစားပြန်ပေးတယ်။ ဒီလိုလုပ်မှသာ ကျွန်တော်က အသိစိတ်နဲ့ လူ့သဘာဝရှိတဲ့လူ၊ ကိုယ်ကျင့်တရားမြင့်မားတဲ့လူအနေနဲ့ သတ်မှတ်ခံရနိုင်မယ်လို့ ကျွန်တော် ယုံကြည်ခဲ့တယ်။ ဒီလို ကျင့်ကြံပြုမူခြင်းဆိုင်ရာ စံနှုန်းကို လောကမှာ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကျင့်ကြံရမလဲဆိုတဲ့ လမ်းညွှန်စည်းမျဉ်းအနေနဲ့ ကျွန်တော် အမြဲ သတ်မှတ်ခဲ့ပြီး စံနှုန်းတွေသတ်မှတ်ဖို့၊ ကိုယ့်အပြောအဆို၊ အပြုအမူတွေကို ထိန်းချုပ်ဖို့ အဲဒါကို အသုံးပြုခဲ့တယ်။ ဥပမာ၊ ကျွန်တော့်ယောက်ဖက ကျွန်တော့်ကို တောင်ပေါ်ကနေ မြို့ဆင်ခြေဖုံးကို ပြောင်းရွှေ့ဖို့ ကူညီပေးခဲ့သလို ကျွန်တော် မိသားစုတစ်ခုတည်ဆောက်ဖို့လည်း ကူညီပေးခဲ့တယ်။ ဒါကြောင့် သူ့ကို ကျွန်တော့်ရဲ့ ကျေးဇူးရှင်ကြီးအနေနဲ့ သတ်မှတ်ပြီး သူပြခဲ့တဲ့ ကြင်နာမှုကို ဘယ်တော့မှ မမေ့ခဲ့ဘူး။ အားလပ်ရက်၊ ပွဲတော်တိုင်းမှာ သူ့ဆီ လက်ဆောင်တွေယူပြီး သွားလည်တယ်။ ဒီလိုလုပ်မှသာ ကျွန်တော် စိတ်အေးချမ်းရပြီး ဒါက အသိစိတ်ရှိတဲ့ လူကောင်းတစ်ယောက်ဖြစ်ခြင်းရဲ့ အဓိပ္ပာယ်ပဲလို့ ယုံကြည်ခဲ့တယ်။ ဘုရားသခင်ကို စယုံကြည်ပြီးနောက်မှာလည်း တစ်လုတ်စားဖူး သူ့ကျေးဇူးဆိုတဲ့ ဒီကျင့်ကြံပြုမူခြင်းဆိုင်ရာ စံနှုန်းအတိုင်း ကျွန်တော် ဆက်ပြီး ပြုမူကျင့်ကြံခဲ့တယ်။ ကျွန်တော် အားအနည်းဆုံးနဲ့ အပျက်သဘောအဆောင်ဆုံး ဖြစ်နေတဲ့အချိန်တုန်းက ကျွန်တော့်ကို မိတ်သဟာယပြုပေးဖို့ မမောမပန်း ရောက်လာပြီး ကူညီထောက်ပံ့ပေးခဲ့တာ ဝူဂျွန်လေ။ ဒါကြောင့် သူ့ကို ကျွန်တော့်ကျေးဇူးရှင်အနေနဲ့ သတ်မှတ်ပြီး သူ့ကို ဖော်ထုတ်တဲ့ အကဲဖြတ်ချက်ရေးလိုက်ရင် ကျေးဇူးမသိတတ်တဲ့သူ၊ အသိစိတ်ကင်းမဲ့တဲ့သူဆိုပြီး နာမည်ပျက်မှာကို ကြောက်ခဲ့တယ်။ ဒါကြောင့် သူ့အပြုအမူအကြောင်း အမှန်အတိုင်း ရေးဖို့ မလိုလားခဲ့ဘူး။ ကျွန်တော် လိမ်ညာလှည့်ဖြားတတ်တဲ့အထိတောင် ဖြစ်ခဲ့တယ်၊ “အခုတစ်လော ဝူဂျွန်နဲ့ ကျွန်တော် သိပ်အဆက်အသွယ်မရှိဘူး၊ ကျွန်တော်တို့ စုဝေးပွဲ နှစ်ခါသုံးခါလောက်ပဲ အတူတက်ဖူးတာ၊ သူ့အကြောင်း ကျွန်တော် သိပ်မသိဘူး” ဆိုတဲ့ ဆင်ခြေကိုသုံးပြီး အဖြစ်မှန်တွေကို ဖုံးကွယ်ခဲ့တယ်။ ခေါင်းဆောင်က အကဲဖြတ်ချက်ရေးဖို့ ထပ်ပြောတဲ့အခါကျတော့လည်း ကျွန်တော်က ပြီးစလွယ် ရေးပြီး အသေးအမွှားကိစ္စတွေကိုပဲ ထည့်ရေးတယ်၊ ရှင်းလင်းပြတ်သားတဲ့ အမြင်တစ်ခုတစ်လေကိုတောင် မဖော်ပြဘူး။ ဝူဂျွန်က သမ္မာတရားကို လက်မခံဘဲ လူတွေ၊ ကိစ္စတွေအပေါ် အရမ်း ခွဲခြမ်းစိတ်ဖြာတတ်လို့ အသင်းတော်အသက်တာရော၊ အသင်းတော်အလုပ်ကိုပါ နှောင့်ယှက်ဖျက်ဆီးနေတယ်ဆိုတာ ကျွန်တော် ကောင်းကောင်း သိတယ်။ ဒါကြောင့် အဖြစ်မှန်တွေကို တဲ့တိုး ရိုးရိုးသားသား ရေးပြီး သမ္မာတရားကို လုံးလုံးဆုပ်ကိုင်ခဲ့သင့်ပေမဲ့ သူ့ကျေးဇူးကို ပြန်ဆပ်ဖို့အတွက် ကျွန်တော် အချိန်ဆွဲပြီး ကိုယ့်အသိစိတ်ကို ဆန့်ကျင်ပြီး လုပ်ခဲ့တယ်။ ကျွန်တော် တကယ် ပုန်ကန်ခဲ့တာပဲ။ “တစ်လုတ်စားဖူး သူ့ကျေးဇူး” ဆိုတဲ့ ရိုးရာယဉ်ကျေးမှု အယူအဆအတိုင်း နေထိုင်တာက ကျွန်တော့်ကို အခြေခံစည်းမျဉ်းတွေနဲ့ ဆန့်ကျင်တဲ့အရာတွေ လုပ်မိစေပြီး ဘုရားသခင်ကို ပုန်ကန်စေတယ်၊ ဘုရားသခင် ကျွန်တော့်ကို စက်ဆုပ်ရွံရှာစေတယ်ဆိုတာ အဲဒီတော့မှပဲ ကျွန်တော် သဘောပေါက်လိုက်တယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ သမ္မာတရားကို အရေးတကြီး ရှာဖွေဖို့ လိုအပ်လာတယ်။
ရှာဖွေရင်းနဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ထပ်ဖတ်ဖြစ်တယ်။ “လူအဖွဲ့အစည်းအတွင်းနှင့် လူသားမျိုးနွယ်ကြားတွင် ‘လက်ခံရရှိသော ကြင်နာမှုကို ကျေးဇူးသိတတ်စွာ ပြန်လည်ပေးဆပ်ရမည်’ ဆိုသည့်အရာကဲ့သို့သော ကိုယ့်ကျင့်တရားအပြုအမူအပေါ် ထုတ်ပြန်ချက်များသည် လူတို့အား ၎င်းတို့၏ တာဝန်သည် အတိအကျ မည်သည့်အရာ ဖြစ်သည်ကို မပြောပြပေ။ ထိုအစား လူတို့ ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ဤသနားကြင်နာမှု လုပ်ရပ်များ ၎င်းတို့အပေါ် ကျရောက်သည့် အခြေအနေ၊ သို့မဟုတ် ဆက်စပ်အကြောင်းအရာက မည်သို့ရှိသည်ဖြစ်စေ ဤအရာများသည် လူတို့အား နည်းလမ်းတစ်ခုဖြင့် ပြုမူစဉ်းစားရန် ချည်နှောင်သော၊ သို့မဟုတ် ဖိအားပေးသော နည်းလမ်းတစ်ခု ဖြစ်သည်။ ရှေးတရုတ်ပြည်တွင် ကျေးဇူးပြန်ဆပ်ခြင်းနှင့်ဆိုင်သည့် ဥပမာများစွာရှိသည်။ ဥပမာ ဆာလောင်နေသော သူတောင်းစား ကောင်လေးတစ်ယောက်ကို မိသားစုတစ်စုက ယူဆောင်ပြီး ကျွေးမွေးသည်။ အဝတ်ဆင်ပေးသည်။ ကိုယ်ခံပညာများ လေ့ကျင့်ပေးပြီး၊ အသိပညာမျိုးစုံကို သင်ကြားပေးသည်။ သူကြီးလာသည်အထိ စောင့်ပြီးနောက် သူ့အား ဝင်ငွေအရင်းအမြစ်အဖြစ် စ၍ အသုံးပြုသည်။ မကောင်းမှုလုပ်ရန်၊ လူများအား သတ်ရန်၊ သူမလုပ်လိုသည့်အရာများကို လုပ်ရန် စေလွှတ်သည်။ သူလက်ခံရရှိသည့် အကူအညီများအရ သူ၏ ဇာတ်လမ်းကို ကြည့်လျှင် သူ ကယ်တင်ခံရခြင်းသည် ကောင်းသည့်အရာဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် သူ့အား လုပ်ဆောင်ရန် အတင်းခိုင်းစေသည့်အရာကို ထည့်တွက်လျှင် ဤသည်မှာ အမှန်တကယ်တွင် ကောင်းသလော၊ ဆိုးသလော။ (ဆိုးသည်။) သို့သော် ‘လက်ခံရရှိသော ကြင်နာမှုကို ကျေးဇူးသိတတ်စွာ ပြန်လည်ပေးဆပ်ရမည်’ ကဲ့သို့သော ရိုးရာယဉ်ကျေးမှု၏ သတ်မှတ်ချက်အောက်တွင် လူတို့သည် ဤအရာကို မခွဲခြားနိုင်ပေ။ အပေါ်ယံတွင် ထိုကလေးသည် မကောင်းမှုများကို လုပ်ဆောင်ပြီး လူတို့အား ထိခိုက်ခြင်း၊ လူသတ်သမားဖြစ်ခြင်း၊ လူအများစုက လုပ်ဆောင်ရန် ဆန္ဒရှိမည်မဟုတ်သည့်အရာများကို လုပ်ဆောင်ရန်မှလွဲ၍ ရွေးချယ်စရာမရှိသည့် ပုံစံရှိသည်။ သို့သော် သူ၏ အရှင်သခင်၏ အမိန့်အရ မကောင်းသောအရာများကို ပြုလုပ်ပြီး သတ်ဖြတ်သည့် အချက်သည် စိတ်အတွင်း၌ သူ၏ ကြင်နာမှုအတွက် ပြန်ပေးဆပ်ရန် ဆန္ဒမှ လာသည်မဟုတ်လော။ အထူးသဖြင့် ‘လက်ခံရရှိသော ကြင်နာမှုကို ကျေးဇူးသိတတ်စွာ ပြန်လည်ပေးဆပ်ရမည်’ ဟူသကဲ့သို့သော တရုတ်ရိုးရာ ယဉ်ကျေးမှု၏ သတ်မှတ်ချက်ကြောင့် လူတို့သည် ဤအယူအဆများ၏ လွှမ်းမိုးထိန်းချုပ်ခြင်းကို မဖြစ်မနေခံရသည်။ လူတို့ပြုမူပုံ၊ ဤလုပ်ရပ်များနောက်ရှိ ရည်ရွယ်ချက်နှင့် အရင်းခံကြောင်းများသည် ဤအရာများ၏ သေချာပေါက် ချုပ်ချယ်ခြင်းကို ခံရသည်။ ထိုကလေးသည် ထိုအခြေအနေသို့ အပို့ခံရသောအခါ သူ၏ ပထမဆုံးအတွေးသည် မည်သည့်အရာ ဖြစ်မည်နည်း။ ‘ငါ့ကို ဒီမိသားစုက ကယ်တင်ခဲ့တယ်။ သူတို့က ငါ့အပေါ် ကောင်းတယ်။ ငါ ကျေးဇူးမသိတတ်လို့မဖြစ်ဘူး။ သူတို့ ကြင်နာမှုကို ပြန်ပေးဆပ်ရမယ်။ ငါ သူတို့ကို အသက်ကြွေး တင်ထားတယ်။ ဒါကြောင့် ငါ့အသက်ကို သူတို့အတွက် အပ်နှံရမယ်။ သူတို့ငါ့ကို ခိုင်းတာမှန်သမျှကို လုပ်သင့်တယ်။ မကောင်းမှုလုပ်ပြီး လူတွေကို သတ်ဖို့ဆိုရင်တောင်မှပေါ့။ မှန်သလား၊ မှားသလားဆိုတာ စဉ်းစားလို့မရဘူး။ သူတို့ကြင်နာမှုကိုပဲ ပြန်ပေးဆပ်ရမယ်။ ငါ မလုပ်ရင် လူသားဟု ခေါ်ထိုက်ပါဦးမလား’ဟူ၍ ဖြစ်သည်။ ရလဒ်အနေဖြင့် ထိုမိသားစုက သူ့အား တစ်စုံတစ်ယောက်ကို သတ်စေလိုသည့်၊ သို့မဟုတ် မကောင်းသည့်အရာတစ်ခုကို လုပ်စေလိုသည့် အချိန်တိုင်းတွင် သူက တုံ့ဆိုင်းခြင်း၊ သို့မဟုတ် သံသယတစ်ခုမျှ မရှိဘဲ လုပ်ဆောင်သည်။ ထို့ကြောင့် သူ၏ ပြုမူဆောင်ရွက်မှုများ၊ ပြန်လှန်မေးခွန်းမထုတ်သည့် နာခံမှုအားလုံးတို့သည် ‘လက်ခံရရှိသော ကြင်နာမှုကို ကျေးဇူးသိတတ်စွာ ပြန်လည်ပေးဆပ်ရမည်’ ဆိုသည့် အယူအဆနှင့် အမြင်၏ အမိန့်ပေးခြင်းကို ခံရသည်မဟုတ်လော။ သူသည် ထိုကိုယ်ကျင့်တရားစံကို ဖြည့်ဆည်းနေခြင်းမဟုတ်သလော။ (ဟုတ်သည်။) ဤဥပမာမှ မည်သည့်အရာကို သင်မြင်သနည်း။ ‘လက်ခံရရှိသော ကြင်နာမှုကို ကျေးဇူးသိတတ်စွာ ပြန်လည်ပေးဆပ်သင့်သည်’ ဆိုသည်မှာ ကောင်းသည့်အရာ ဟုတ်သလော၊ မဟုတ်သလော။ (မဟုတ်ပါ။ ထိုအရာတွင် စည်းမျဉ်းမရှိပါ။) အမှန်တကယ်တွင် ကြင်နာမှုကို ပြန်လည်ပေးဆပ်သောသူတွင် စည်းမျဉ်းတစ်ခုရှိသည်။ အတိအကျပြောရသော် ‘လက်ခံရရှိသော ကြင်နာမှုကို ကျေးဇူးသိတတ်စွာ ပြန်လည်ပေးဆပ်သင့်သည်’ ဟူ၍ ဖြစ်သည်။ တစ်စုံတစ်ယောက်က သင့်ကို ကြင်နာမှုပြုလျှင် အပြန်အလှန်အနေဖြင့် သင်သည် ဤသို့ လုပ်ဆောင်ရမည်။ သင်သည် ဤသို့လုပ်ဆောင်ရန် ပျက်ကွက်လျှင် သင်က လူသားမဟုတ်ပေ။ ဤအတွက် သင်က ရှုတ်ချခံရလျှင် သင်ပြောနိုင်သည့်အရာ တစ်ခုမျှမရှိပေ။ ‘ညောင်စေ့လောက် ကျေးဇူးပြုခံရလျှင် ညောင်ပင်ကြီးလောက် ပြန်ဆပ်သင့်သည်’ ဟူသော ဆိုရိုးစကားရှိသည်။ သို့သော် ဤဖြစ်ရပ်တွင် ထိုကလေးက သေးငယ်သည့် ကြင်နာမှု လုပ်ရပ်တစ်ခုကို ရရှိခြင်းမဟုတ်ဘဲ ဘဝကို ကယ်တင်ပေးသော ကြင်နာမှုကို လက်ခံရရှိခဲ့ခြင်း ဖြစ်သောကြောင့် အပြန်အလှန်အနေဖြင့် ဘဝဖြင့် ပြန်ပေးဆပ်ရမည့် အကြောင်းရင်း သာ၍ ရှိပေသည်။ ကြင်နာမှုကို ပြန်ပေးဆပ်သည့် အကန့်အသတ်၊ သို့မဟုတ် စည်းမျဉ်းများကို သူမသိပေ။ သူ၏ အသက်ကို ဤမိသားစုကပေးထားသည်ဟု သူယုံကြည်သည်။ ထို့ကြောင့် အပြန်အလှန်အနေဖြင့် သူ၏ အသက်ကို ၎င်းတို့ထံ ဆက်ကပ်အပ်နှံရပြီး လူသတ်ခြင်း၊ သို့မဟုတ် အခြားမကောင်းမှုများအပါအဝင် သူ့အပေါ် ၎င်းတို့ တောင်းဆိုသမျှကို လုပ်ဆောင်ရသည်။ ကြင်နာမှုကို ပြန်ပေးဆပ်သည့် ဤနည်းလမ်းသည် စည်းမျဉ်း၊ သို့မဟုတ် ကန့်သတ်ချက်မရှိပေ။ သူသည် မကောင်းမှုပြုသူများကို ကြံရာပါတစ်ဦးအဖြစ် အလုပ်အကျွေးပြုခဲ့ပြီး ထိုသို့လုပ်ဆောင်ရာတွင် သူ့ကိုယ်သူ ပျက်စီးစေခဲ့သည်။ ကြင်နာခြင်းကို ဤသို့ ပြန်ပေးဆပ်ခြင်းမှာ သူ့အတွက် မှန်ကန်သလော။ မည်သို့ မှန်ကန်မည်နည်း။ ယင်းသည် အမှုအရာများကို လုပ်ဆောင်သည့် မိုက်မဲသော နည်းလမ်းတစ်ခု ဖြစ်ပေသည်။ ဤမိသားစုက သူ့ကို ကယ်တင်ခဲ့ပြီး ဆက်ရှင်သန်ခွင့် ပေးခဲ့သည်မှာ မှန်ကန်သော်လည်း ကြင်နာမှုကို ပြန်ကျေးဇူးဆပ်ရာတွင် စည်းမျဉ်းများ၊ အကန့်အသတ်များနှင့် အတန်အသင့်ဖြစ်ခြင်းတို့ ရှိရမည်။ ၎င်းတို့သည် သူ့အသက်ကို ကယ်ခဲ့သော်လည်း သူ့ဘဝ၏ ရည်ရွယ်ချက်မှာ မကောင်းမှု ပြုရန် မဟုတ်ပေ။ ဘဝ၏ အဓိပ္ပာယ်နှင့် တန်ဖိုး၊ ထို့အပြင် လူ၏ တာဝန်တို့မှာ မကောင်းမှု ပြုပြီး လူသတ်မှု ကျူးလွန်ရန် မဟုတ်၍ ကြင်နာမှုကို ပြန်ကျေးဇူးဆပ်ဖို့ဟူသည့် ရည်ရွယ်ချက်တစ်ခုတည်းအတွက် သူ အသက်မရှင်သင့်ပေ။ ဘဝ၏ အဓိပ္ပာယ်နှင့် တန်ဖိုးမှာ လက်ခံရရှိသည့် ကြင်နာမှုကို ကျေးဇူးသိတတ်စွာ ပြန်ဆပ်ရန်ဖြစ်သည်ဟု ထိုကောင်လေးက တလွဲ ယုံကြည်ခဲ့သည်။ ဤသည်မှာ စိုးရိမ်ဖွယ်ဖြစ်သော အထင်လွဲခြင်း ဖြစ်သည်။ ဤသည်မှာ ‘လက်ခံရရှိသော ကြင်နာမှုကို ကျေးဇူးသိတတ်စွာ ပြန်လည်ပေးဆပ်သင့်သည်’ ဟူသည့် ကိုယ်ကျင့်တရား အပြုအမူနှင့်ဆိုင်သော ဤစံအားဖြင့် လွှမ်းမိုးခံရခြင်း ရလဒ်ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ကြင်နာမှုကို ပြန်ကျေးဇူးဆပ်ခြင်းနှင့်ပတ်သက်သည့် ဤဆိုရိုး၏ လွှမ်းမိုးမှုကြောင့် သူသည် လမ်းလွဲသွားခဲ့သလော၊ သို့မဟုတ် လက်တွေ့လုပ်ဆောင်မှုဆိုင်ရာ မှန်ကန်သည့် လမ်းကြောင်းနှင့် စည်းမျဉ်းများကို ရှာတွေ့ခဲ့သလော။ သူလမ်းလွဲသွားပြီ ဖြစ်ကြောင်း အတော်ပင် သိသာလှသည်။ ဤသည်မှာ အလွန်ရှင်း၏။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၇)) ဘုရားနှုတ်ကပတ်တော်တွေက အရမ်းရှင်းလင်းတယ်။ လူတွေက တစ်လုတ်စားဖူး သူ့ကျေးဇူးဆိုတဲ့ ရိုးရာယဉ်ကျေးမှုထဲက ကိုယ်ကျင့်တရားစံနှုန်းကို လိုက်နာကြပြီး တခြားသူတွေက သူတို့ကို ကြင်နာမှုပြသရွေ့ တွန့်ဆုတ်မနေဘဲ ပြန်ပေးဆပ်ရမယ်လို့ ခံယူထားကြတယ်။ ဒီလိုပြုမူကျင့်ကြံတဲ့နည်းလမ်းက အခြေခံစည်းမျဉ်းတွေနဲ့ အနိမ့်ဆုံး စံနှုန်းတွေ ပျောက်ဆုံးသွားတာမျိုး အလွယ်တကူ ဖြစ်စေနိုင်တယ်။ တစ်ခါတလေကျရင် ကြင်နာမှုကို ပြန်ပေးဆပ်ဖို့ ကြိုးစားရင်းနဲ့ လူတွေက ရာဇဝတ်မှု ကျူးလွန်မိတာ၊ မကောင်းမှုလုပ်မိတာတွေတောင် ဖြစ်နိုင်ပြီး အသက်အန္တရာယ် ကြုံရတတ်တယ်။ တကယ် မိုက်မဲလိုက်တာ။ ဘုရားနှုတ်ကပတ်တော်ရဲ့ ဖော်ထုတ်ချက်နဲ့ ချိန်ထိုးပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်မိတယ်။ ဝူဂျွန်ရဲ့အပြုအမူအကြောင်း ရေးခိုင်းတုန်းက သူက သမ္မာတရားကို တောက်လျှောက် ငြင်းပယ်ပြီး အသင်းတော်အလုပ်ကို နှောင့်ယှက်နေမှန်း ကျွန်တော် ကောင်းကောင်း သိခဲ့တယ်။ ဒါပေမဲ့ သူ့ကျေးဇူးကို ပြန်ဆပ်ဖို့ ကြိုးစားရင်း၊ ကျေးဇူးမသိတတ်သူ၊ အသိစိတ်ကင်းမဲ့သူလို့ တံဆိပ်ကပ်ခံရမှာကို ရှောင်ရင်းနဲ့ ကျွန်တော် အချိန်ဆွဲပြီး သူ့ကို မဖော်ထုတ်ခဲ့ဘူး၊ ကိုယ့်စိတ်ထဲက ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်ကိုတောင် လျစ်လျူရှုခဲ့တယ်။ ရလဒ်အနေနဲ့ ကျွန်တော် တစ်လကျော်ကြာအောင် အချိန်ဆွဲခဲ့မိတယ်။ ဘုရားအိမ်တော်က အသင်းတော်ကို ဖယ်ထုတ်ပစ်ဖို့ မယုံကြည်သူတွေနဲ့ လူဆိုးတွေကို ရှင်းလင်းပစ်တယ်၊ ဒါမှ ညီအစ်ကိုမောင်နှမတွေအတွက် ကောင်းမွန်တဲ့ ပတ်ဝန်းကျင်နဲ့ စနစ်တစ်ခု ဖန်တီးပြီး ပုံမှန် အသင်းတော်အသက်တာ ရရှိနိုင်မှာလေ။ ဒါက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ပဲ။ ဒါပေမဲ့ ကျွန်တော်ကတော့ အသင်းတော်ရဲ့ အကျိုးစီးပွားနဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုကို လျစ်လျူရှုပြီး ဝူဂျွန်ကို အသင်းတော်မှာ ဆက်ထားချင်ခဲ့တယ်။ ကျွန်တော့်လုပ်ရပ်တွေရဲ့ သဘောသဘာဝက တကယ်တော့ မယုံကြည်သူတစ်ယောက်ကို ဖုံးကွယ်ပေးပြီး ကာကွယ်ပေးတာ၊ အသင်းတော်မှာ လွတ်လွတ်လပ်လပ် နှောင့်ယှက်ဖျက်ဆီးခွင့် ပေးလိုက်တာပါပဲ။ ကျွန်တော် လုပ်နေခဲ့တဲ့အရာက အသင်းတော်ရဲ့ ဖယ်ရှားရေးအလုပ်ကို ဟန့်တားနေခဲ့တာ။ ကျွန်တော်က တကယ်ပဲ မကောင်းမှုလုပ်ပြီး ဘုရားသခင်ကို ဆန့်ကျင်နေခဲ့တာပဲ။ ကျွန်တော့်မှာ ကျင့်ကြံပြုမူခြင်းဆိုင်ရာ အခြေခံစည်းမျဉ်းတွေနဲ့ အနိမ့်ဆုံး စံနှုန်းတွေ ပျောက်ဆုံးသွားခဲ့ပြီ။ ကျွန်တော် လုပ်နေခဲ့တာက ကြင်နာမှုကို မျက်ကန်း ပြန်ပေးဆပ်နေတာကလွဲပြီး ဘာမှမဟုတ်ဘူး။ သဘောသဘာဝအရ သူတောင်းစားတစ်ယောက်က ကျေးဇူးဆပ်ဖို့အတွက် လူသတ်တာလိုမျိုး မကောင်းမှုကျူးလွန်တာနဲ့ အတူတူပဲ။ တကယ် မိုက်မဲလိုက်တာ။ အဲဒီအချိန်မှာပဲ ကျွန်တော် နောက်ဆုံး သဘောပေါက်လိုက်တယ်။ လူတွေက ကောင်းတယ်လို့ ယေဘုယျအားဖြင့် ယူဆကြတဲ့ ရိုးရာယဉ်ကျေးမှုထဲက ကိုယ်ကျင့်တရားဆိုင်ရာ ဆိုရိုးစကားတွေကို စာတန်က အသုံးပြုပြီး လူတွေကို လမ်းလွဲစေတယ်၊ ဖောက်ပြန်ပျက်စီးစေတယ်ဆိုတာကိုပေါ့။ မယုံနိုင်လောက်အောင် ကောက်ကျစ်စဉ်းလဲပြီး ဆိုးညစ်တာပဲ။
နောက်ပိုင်းမှာ တစ်လုတ်စားဖူး သူ့ကျေးဇူးဆိုတဲ့ အယူအဆက ဘာလို့ မှားယွင်းသလဲဆိုတာကို ကျွန်တော် တွေးဆမိတယ်။ အဲဒီနောက် ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် ဖတ်လိုက်တယ်။ “လူက ဖြည့်ဆည်းနိုင်စွမ်း ရှိသည့် လူမှုရေး တာဝန်များနှင့် ဝတ္တရားများ၊ လူက အလိုအလျောက် လုပ်ဆောင်နိုင်စွမ်း ရှိသင့်ပြီး လုပ်လည်း လုပ်သင့်သည့် ထိုလုပ်ဆောင်ချက်များ၊ အခြားသူများအဖို့ အထောက်အကူဖြစ်ပြီး အကျိုးရှိသည့် ရိုးရှင်းသော အကျိုးဆောင် လုပ်ရပ်များ အားလုံးသည် လူက ကူညီရုံသက်သက်ဖြစ်သည့် ကိစ္စများသာ ဖြစ်သောကြောင့် ဤအရာများကို မည်သည့်နည်းနှင့်မျှ ကြင်နာမှုအဖြစ် ယူဆ၍ မရနိုင်ပေ။ သင့်လျော်သည့် အချိန်နှင့် နေရာတွင် လိုအပ်သောသူတစ်ဦးကို အကူအညီပေးခြင်းသည် အလွန် ပုံမှန်ဖြစ်သည့် ဖြစ်ရပ်တစ်ခု ဖြစ်သည်။ ယင်းမှာ လူသားမျိုးနွယ်ဝင်တိုင်း၏ တာဝန်လည်း ဖြစ်သည်။ ဤသည်မှာ တာဝန်နှင့် ဝတ္တရားမျိုးတစ်ခု သက်သက် ဖြစ်သည်။ ဘုရားသခင်သည် လူတို့ကို ဖန်ဆင်းခဲ့ချိန်တွင် ဤဗီဇများကို ပေးခဲ့သည်။ ဤနေရာတွင် မည်သည့် ဗီဇများကို ငါ ရည်ညွှန်းနေခြင်း ဖြစ်သနည်း။ လူ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ငါ ရည်ညွှန်းနေခြင်း ဖြစ်သည်။...ထိုနည်းတူ လူတို့သည် ဘုရားအိမ်တော်တွင် မိမိတို့၏ တာဝန်များနှင့် ဝတ္တရားများကို ဖြည့်ဆည်းနိုင်စွမ်း ရှိကြပြီး ဤသည်မှာ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသည့် မည်သူမဆို လုပ်ဆောင်သင့်သော အရာဖြစ်သည်။ သို့ဖြစ်၍၊ လူတို့ကို ကူညီခြင်းနှင့် ၎င်းတို့အပေါ် ကြင်နာခြင်းသည် လူသားတို့အတွက် အားထုတ်စရာ မလိုသလောက်ပင် ဖြစ်သည်၊ ယင်းသည် လူသား ဗီဇ၏ နယ်ပယ်အတွင်းတွင် ရှိပြီး၊ လူတို့ လုံးဝ ပြီးမြောက်နိုင်စွမ်းရှိသည့် အရာတစ်ခု ဖြစ်သည်။ ယင်းကို ကြင်နာမှုလောက် မြင့်မြင့်မားမား အဆင့်သတ်မှတ်ဖို့ မလိုအပ်ပေ။ သို့ရာတွင် လူများစွာက အခြားသူများ၏ အကူအညီကို ကြင်နာမှုနှင့် တန်းတူထားကြပြီး၊ ထိုအကြောင်း အမြဲ ပြောကာ ပြန်မပေးဆပ်ပါက ၎င်းတို့ အသိစိတ်မရှိဟု တွေးထင်လျက်၊ ယင်းကို စဉ်ဆက်မပြတ် ပြန်ပေးဆပ်ကြသည်။ ၎င်းတို့သည် အများပြည်သူ သဘောထားအားဖြင့် အပြစ်ဖော်ဆုံးမခြင်း ခံရမည်ဟုပင် စိုးရိမ်လျက် မိမိတို့ကိုယ်ကို အထင်သေးပြီး စက်ဆုပ်ကြသည်။ ဤအရာများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်စရာ လိုအပ်ပါသလော။ (မလိုအပ်ပါ။) ဤအရာကို မရိပ်စားမိသည့် လူများစွာရှိပြီး ဤကိစ္စအားဖြင့် စဉ်ဆက်မပြတ် ဘောင်ခတ်ခြင်းခံရကြသည်။ သမ္မာတရား စည်းမျဉ်းများကို နားမလည်ခြင်း ဟူသည်မှာ ဤအရာပင် ဖြစ်သည်။ ဥပမာအနေဖြင့် ကန္တာရထဲသို့ မိတ်ဆွေတစ်ဦးနှင့်အတူ သင် ခရီးသွားစဉ် သူရေကုန်သွားပါက သင်၏ ရေအချို့ကို သူ့အား သင် သေချာပေါက် ပေးမည် ဖြစ်သည်။ သူရေငတ်၍ သေသွားမည်ကို သင် ဤအတိုင်း ထိုင်ကြည့်နေမည် မဟုတ်။ သင်၏ ရေတစ်ဘူးတည်းကို လူနှစ်ဦးက သောက်နေသဖြင့် ကြာချိန် ထက်ဝက်သာ ခံမည်ကို သင် သိမည်ဖြစ်သော်လည်း ရေကို သင်၏ မိတ်ဆွေနှင့် သင် မျှဝေသောက်သုံးနေဦးမည် ဖြစ်သည်။ သင်သည် အဘယ်ကြောင့် ထိုသို့ လုပ်မည်နည်း။ ရေငတ်ဒဏ်ကို ခံစားနေရသည့် သင်၏ မိတ်ဆွေက နံဘေး၌ ရပ်နေစဉ်တွင် သင့်အနေနှင့် မိမိရေကို သောက်ရက်လိမ့်မည် မဟုတ်သောကြောင့် ဖြစ်သည်။ ထိုမြင်ကွင်းကို သင် မြင်ကို မြင်ရက်နိုင်မည် မဟုတ်ပေ။ သင်၏ မိတ်ဆွေ ရေငတ်ဒဏ် ခံစားနေရသည့် မြင်ကွင်းကို သင်မမြင်ရက်နိုင်အောင် မည်သည့်အရာက ဖြစ်စေသနည်း။ ဤခံစားချက်ကို ဖြစ်စေသည်မှာ သင်၏အသိစိတ် သဘောဖြစ်သည်။ သင်သည် ဤတာဝန်နှင့် ဝတ္တရားမျိုးကို မဖြည့်ဆည်းလိုလျှင်ပင် သင်၏ အသိစိတ်က သင့်ကို မဖြည့်ဆည်းဘဲ မနေရက်နိုင်အောင် ဖြစ်စေသည်၊ သင့်ကို စိတ်မကောင်းဖြစ်စေသည်။ ဤသည်မှာ လူသား ဗီဇများ၏ ရလဒ်သာ ဖြစ်သည် မဟုတ်လော။ ဤအရာကို လူ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့က ဆုံးဖြတ်ထားခြင်းသာ ဖြစ်သည် မဟုတ်လော။ သင့်မိတ်ဆွေက ‘ထိုအခြေအနေတွင် ကျွန်ုပ်ကို သင်၏ ရေအနည်းငယ် တိုက်ခြင်းအတွက် သင့်အပေါ် ကျွန်ုပ် ကျေးဇူးကြွေးတစ်ခု တင်ရှိပါသည်’ ဟု ပြောပါက ဤသို့ ပြောဆိုခြင်းသည်လည်း မှားယွင်းနေသည် မဟုတ်လော။ ဤသည်မှာ ကြင်နာမှုနှင့် မည်သည့် ပတ်သက်မှုမျှ မရှိပေ။ အခြေအနေများ ပြောင်းပြန်ဖြစ်နေပြီး ထိုမိတ်ဆွေတွင် လူ့သဘာဝ၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ ရှိပါက သူသည်လည်း သူ၏ ရေကို သင်နှင့် မျှဝေသောက်သုံးမည်ပင် ဖြစ်သည်။ ဤသည်မှာ လူတို့ကြားရှိ အခြေခံကျသော လူမှုရေး တာဝန် သို့မဟုတ် လူမှုဆက်ဆံရေးတစ်ခုသာ ဖြစ်သည်။ ဤအခြေခံအကျဆုံးသော လူမှုဆက်ဆံရေးများ သို့မဟုတ် လူမှုရေး တာဝန်များ သို့မဟုတ် လူမှုရေး ဝတ္တရားများသည် လူကို ဖန်ဆင်းခဲ့သည့် အချိန်ကာလတွင် ဘုရားသခင်က လူအား ပေးသနားခဲ့သည့် လူ၏ အသိစိတ် သဘော၊ သူ၏ လူ့သဘာဝနှင့် ဗီဇများကြောင့်သာ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ပုံမှန် အခြေအနေများအောက်တွင် ဤအရာများကို မိဘများက သွန်သင်ပေးရန် သို့မဟုတ် လူ့အဖွဲ့အစည်းက စွဲမှတ်အောင် သွန်သင်ပေးရန် မလိုအပ်သကဲ့သို့ ယင်းတို့ကို သင်လုပ်ဆောင်ဖို့ ပြောသည့် အခြားသူများ၏ အကြိမ်ကြိမ် သတိပေး နှိုးဆော်ချက်များကိုလည်း သာ၍ပင် မလိုအပ်ပေ။ အသိစိတ်နှင့် ဆင်ခြင်တုံတရားမဲ့သော သူများအတွက်၊ ပုံမှန် သိမှုစွမ်းရည်များ ကင်းမဲ့သူများ၊ ဥပမာအားဖြင့် ကျပ်မပြည့်သည့် လူများ သို့မဟုတ် ငအများအတွက်၊ သို့တည်းမဟုတ် ညံ့ဖျင်းသည့် အစွမ်းအစ ရှိပြီး မသိနားမလည်ဖြစ်ကာ ခေါင်းမာသော သူများအတွက်သာ သင်ကြားလေ့ကျင့်ပေးဖို့ လိုအပ်ပေမည်။ ပုံမှန် လူ့သဘာဝရှိသောသူများကိုမူ ဤအရာများ သွန်သင်ပေးရန် မလိုအပ်။ အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသည့် လူအားလုံးက ယင်းတို့ကို ပိုင်ဆိုင်ပေသည်။ ထို့ကြောင့် အပြုအမူတစ်ခုခု သို့မဟုတ် လုပ်ရပ်တစ်ခုခုသည် အလိုလိုသာ ဖြစ်ပြီး အသိစိတ်၊ ဆင်ခြင်တုံတရားတို့နှင့် ကိုက်ညီနေချိန်တွင် ယင်းကို ကြင်နာမှု အသွင်တစ်ခုအဖြစ် အလွန့်အလွန် ပုံကြီးချဲ့ခြင်းမှာ သင့်လျော်ခြင်း မရှိ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၇)) “ဘုရားသခင်က သင့်ကို ကယ်တင်ချင်ပါက ယင်းကို ပြီးမြောက်ရန် မည်သူ၏ အစေခံမှုများကို သူ အသုံးပြုသည်ဖြစ်စေ ပထမဦးစွာ ဘုရားသခင်ကို သင် ကျေးဇူးတင်ပြီး ယင်းကို ဘုရားသခင်ထံမှ ခံယူသင့်ပေသည်။ ကျေးဇူးတင်စိတ်ဖြင့် တစ်စုံတစ်ဦးထံ မိမိ၏ ဘဝကို ပေးအပ်ဖို့ မဆိုထားနှင့်၊ သင်၏ ကျေးဇူးတင်စိတ်ကို လူတို့ထံ အဓိက မရှေးရှုထားသင့်ပေ။ ဤသည်မှာ ကြီးလေးသော အမှားတစ်ခု ဖြစ်သည်။ အရေးကြီးသည့်အရာမှာ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ကို ကျေးဇူးတင်ရှိပြီး ယင်းကို ဘုရားသခင်ထံမှ သင် ခံယူခြင်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၇)) ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆရင်းနဲ့ ကျွန်တော် သဘောပေါက်လိုက်တာက တခြားသူတွေကို ကူညီတာဟာ လူတွေကို ဖန်ဆင်းတုန်းက ဘုရားသခင်ပေးထားတဲ့ ပင်ကိုဗီဇတစ်ခုပဲ။ တစ်စုံတစ်ယောက်က အသိစိတ်နဲ့ ဆင်ခြင်တုံတရား ပိုင်ဆိုင်သရွေ့ သူ ဒီလိုလုပ်ပေးနိုင်တယ်။ ဒါက ရိုးရှင်းတဲ့ အစေခံခြင်း လုပ်ရပ်တစ်ခုဖြစ်ပြီး ကြင်နာမှုလို့ သတ်မှတ်လို့ မရဘူး။ ဥပမာ၊ ကျွန်တော် အားနည်းနေတဲ့အချိန်တုန်းက ဝူဂျွန် ကျွန်တော့်ကို ကူညီထောက်ပံ့ပေးတာဟာ ကြင်နာမှု မဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ အဲဒီတုန်းက သူက အသင်းတော်ခေါင်းဆောင်ဖြစ်ပြီး အားနည်းတဲ့ ညီအစ်ကိုမောင်နှမတွေကို ကူညီထောက်ပံ့ပေးတာက သူ့တာဝန်နဲ့ ဝတ္တရားပဲလေ။ နောက်ပြီး သူက အသင်းတော်ခေါင်းဆောင် မဟုတ်ရင်တောင်မှ အသိစိတ်နဲ့ ဆင်ခြင်တုံတရား ရှိသရွေ့ ညီအစ်ကိုမောင်နှမတစ်ယောက် အပျက်သဘောဆောင်နေတာ၊ ဒါမှမဟုတ် အားနည်းနေတာကို မြင်ရင်လည်း အကူအညီနဲ့ မိတ်သဟာယ ပေးမှာပဲ။ နောက်ပြီး ကျွန်တော့်အခြေအနေ တိုးတက်လာတာက အဓိကအားဖြင့် ကျွန်တော့်ဆီမှာ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ထိရောက်မှုကြောင့်ပါပဲ။ ဝူဂျွန်ရဲ့ ကြင်နာမှုနဲ့ သူ့ကို ဘယ်လိုပြန်ဆပ်ရမလဲဆိုတာကိုပဲ အမြဲတွေးနေမဲ့အစား ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို ကျေးဇူးတင်သင့်ပြီး ဘုရားသခင် ကျေနပ်ဖို့၊ ဘုရားသခင်ကို ပြန်ပေးဆပ်ဖို့ ကိုယ့်တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းသင့်တယ်။ အခု ဝူဂျွန်ရဲ့ အကဲဖြတ်ချက်ကို ရေးခိုင်းတဲ့အချိန်မှာ ကျွန်တော် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ရိုးသားသင့်တယ်၊ အမှန်အတိုင်း ရေးသင့်တယ်။ အသင်းတော်က သူ့ကို အခြေခံစည်းမျဉ်းတွေအပေါ် အခြေခံပြီး အကဲဖြတ်သတ်မှတ်မှာပါ။ နောက်ဆုံးမှာ သူ ဖယ်ရှားပစ်ခံရရင်တောင်မှ အဲဒါက လူတွေ၊ ကိစ္စတွေအပေါ် အရမ်း ခွဲခြမ်းစိတ်ဖြာတတ်တာ၊ သမ္မာတရားကို ငြင်းပယ်တာ၊ အသင်းတော်အလုပ်ကို နှောင့်ယှက်ဖျက်ဆီးတာတွေ တစိုက်မတ်မတ်လုပ်တဲ့ သူ့အပြုအမူရဲ့ အကျိုးဆက်တွေပဲ။ ဒါက ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့သဘောထား သူ့အပေါ် သက်ရောက်တာပဲ ဖြစ်မှာပါ။ နောက်ပိုင်းမှာ ကျွန်တော် ဘုရားသခင်ဆီ နောင်တရပြီး ဆုတောင်းလိုက်တယ်။ “အို ဘုရားသခင်၊ ဝူဂျွန်ရဲ့ အပြုအမူအကြောင်း ရေးတဲ့အချိန်တုန်းက သား မရိုးသားခဲ့ပါဘူး။ ဝတ်ကျေတမ်းကျေပဲ ရေးခဲ့တယ်၊ လိမ်ညာလှည့်ဖြားပြီး ဖယ်ရှားရေးအလုပ်ကို ကြန့်ကြာစေခဲ့တယ်။ သားအပြုအမူက ကိုယ်တော့်ကို ရွံရှာစက်ဆုပ်စေခဲ့ပါတယ်။ အို ဘုရားသခင်၊ ကျွန်တော် ကိုယ်တော့်ဆီ လှည့်ပြန်လာပြီး ဝူဂျွန်ရဲ့အပြုအမူအကြောင်း အမှန်အတိုင်း ရေးဖို့ လိုလားနေပါတယ်။ သားရဲ့စိတ်နှလုံးကို စိစစ်တော်မူပါ” လို့ပေါ့။ အဲဒီနောက်မှာ အကဲဖြတ်ချက်ကို ကျွန်တော် အပြီးသတ်ရေးပြီး အသင်းတော်ခေါင်းဆောင်ဆီ တင်ပြလိုက်တယ်။ နောက်ပိုင်းမှာ ဝူဂျွန်ကို မယုံကြည်သူအနေနဲ့ သတ်မှတ်ပြီး အသင်းတော်ကနေ ဖယ်ရှားပစ်လိုက်တယ်။ ဒီသတင်းကို ကြားတော့ ကျွန်တော် အကြွေးတင်သလိုနဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ် ခံစားရတယ်။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်တဲ့ ကျွန်တော့်ပျက်ကွက်မှုက ဖယ်ရှားရေးအလုပ်ကို ဘယ်လို ကြန့်ကြာစေခဲ့သလဲဆိုတာ ကျွန်တော် မြင်လိုက်ရတယ်။
ဒီအတွေ့အကြုံကတစ်ဆင့် “တစ်လုတ်စားဖူး သူ့ကျေးဇူး” ဆိုတဲ့ အယူအဆဟာ အပြုသဘောဆောင်တဲ့အရာ မဟုတ်ဘူးဆိုတာ ကျွန်တော် ရှင်းရှင်းလင်းလင်း မြင်လိုက်ရတယ်။ အဲဒါကို ဘယ်လောက်ပဲ ကောင်းကောင်း လိုက်နာစောင့်ထိန်းပါစေ၊ အဲဒါက သမ္မာတရားကို လက်တွေ့လုပ်ဆောင်တာ မဟုတ်ဘဲ သမ္မာတရားနဲ့ သဟဇာတမဖြစ်ပါဘူး။ နောင်အနာဂတ်မှာ လူတွေ၊ အမှုအရာတွေကို ရှုမြင်ရာမှာ၊ ပြုမူကျင့်ကြံရာမှာ ဘုရားနှုတ်ကပတ်တော်တွေနဲ့အညီ၊ ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေနဲ့အညီ ကျွန်တော် လက်တွေ့လုပ်ဆောင်ဖို့ လိုပါတယ်။ ဘုရားသခင် ကျေးဇူးတော်ပါပဲ။