၆၉။ “အသက်ကြီးလာလျှင် ပြုစုစောင့်ရှောက်ခံရရန် သားသမီး မွေးခြင်း” ဤအမြင်ဟာ မှန်ကန်ရဲ့လား။

လုယောင်၊ တရုတ်ပြည်

ငယ်ငယ်တုန်းက အဖေပြောတာကို ကျွန်မ ခဏခဏ ကြားဖူးတယ်။ “နင့် ဒုတိယဦးလေးက သားသမီးဝတ် မကျေဘူး၊ နင့်အဘိုးကို မထောက်ပံ့ဘူး။ နင့်အဘိုးကို ထောက်ပံ့ခဲ့တာက ငါနဲ့ နင့်အမေပဲ ရှိတယ်။ သားသမီးမွေးတယ်ဆိုတာ ကိုယ်အသက်ကြီးလာတဲ့အခါ ပြုစုစောင့်ရှောက်ခံရဖို့ပဲ။ နောင်ကျရင် နင် ငါတို့ကို ပြုစုစောင့်ရှောက်ရမယ်၊ ငါတို့ သေတဲ့အထိ ကြည့်ရှုစောင့်ရှောက်ရမယ်နော်” လို့ပေါ့။ ကျွန်မ ကြီးလာတဲ့အခါ မိဘတွေကို သူတို့သေဆုံးတဲ့အထိ ကျွန်မ ပြုစုစောင့်ရှောက်ခဲ့ပါတယ်။ ပြီးတော့ ကျွန်မ အသက်ကြီးလာရင်လည်း သမီးလေးက ကျွန်မကို ပြုစုစောင့်ရှောက်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့မိတယ်။ ကျွန်မရဲ့သမီး စကားပြောတတ်လာတော့ ကျွန်မ သူ့ကို မေးခဲ့တယ်၊ “သမီးကြီးလာရင် သမီးပိုက်ဆံကို ဘယ်သူ့အတွက် သုံးမှာလဲ” လို့ပေါ့။ သမီးလေးက “သမီးကြီးလာရင် ပိုက်ဆံအများကြီးရှာပြီး ဖေဖေနဲ့ မေမေအတွက် သုံးမှာ” တဲ့။ ကျွန်မက ဝမ်းသာအားရနဲ့ “ငါ့ချစ်သမီးလေး၊ နင့်ကို အမေ မွေးရကျိုးနပ်တယ်ကွယ်” လို့ ပြောလိုက်တာပေါ့။ သမီးလေးက အရမ်းဉာဏ်ကောင်းတယ်။ ဘာသင်သင် ချက်ချင်းတတ်ပြီး စာမေးပွဲတွေမှာလည်း အမြဲ ထိပ်ဆုံးကျောင်းသွားတွေထဲ ပါခဲ့တယ်။ ကျွန်မ အရမ်းဝမ်းသာပြီး ကိုယ့်ဘာသာကိုယ် တွေးမိတယ်။ “ငါ့သမီးက အရမ်းဉာဏ်ကောင်းတာပဲ၊ နောင်ကျရင် သေချာပေါက် အနာဂတ်ကောင်း ပိုင်ဆိုင်မှာ။ ငါ့မှာ ပိုက်ဆံမရှိရင်တောင် သူ့ပညာရေးကို ပံ့ပိုးပေးရမယ်၊ ဒါမှ သူ ကောလိပ်ကနေ ဘွဲ့ရပြီးတဲ့အခါ အလုပ်ကောင်းကောင်းတစ်ခုကို ရှာတွေ့မှာ။ အဲဒီအခါကျရင် ငါတို့ အသက်ကြီးလာတဲ့အခါမှာ ပြုစုစောင့်ရှောက်ဖို့ သူ့အတွက် ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး” လို့ပေါ့။

၂၀၀၃ ခုနှစ်၊ ဧပြီလမှာ ဘုရားသခင်ကို ယုံကြည်ပြီး ဧဝံဂေလိဟောလို့ ကျွန်မ အဖမ်းခံရပြီး ၂၅ ရက် ထိန်းသိမ်းခံခဲ့ရတယ်။ နောက်တစ်ခါ ရဲဖမ်းတာ မခံရအောင် နိုဝင်ဘာလမှာ အိမ်ကထွက်ပြီး တခြားနေရာမှာ တာဝန်သွားထမ်းဆောင်ခဲ့တယ်။ အဲဒီအချိန်တုန်းက ကျွန်မ တော်တော်လေး ဝေခွဲမရ ဖြစ်ခဲ့ရတယ်။ “နောက်ခြောက်လဆို သမီးလေးက ကောလိပ်ဝင်ခွင့် စာမေးပွဲ ဖြေရတော့မှာ။ ဒီအချိန်မှာ ငါသာ ထွက်သွားရင် သမီးလေးရဲ့ ပညာရေးကို ထိခိုက်သွားမလား။ သူ့ရဲ့ ကောလိပ်ဝင်ခွင့် စာမေးပွဲကို ထိခိုက်ပြီး သူ့အနာဂတ် အဟန့်အတားဖြစ်သွားရင် ငါ့ကို မုန်းသွားမလား။ ငါ့ကို အမေအဖြစ်ကနေ စွန့်လွှတ်လိုက်မှာလား။ ငါ့မှာ ဒီသမီးတစ်ယောက်တည်း ရှိတာ၊ သူက ငါ့ကို အမေအဖြစ် မလိုချင်တော့ရင် ငါအသက်ကြီးတဲ့အခါ ဘယ်သူ့ကို အားကိုးရမလဲ။ ဒါပေမဲ့ ငါမသွားဘဲနေလို့ ထပ်အဖမ်းခံရရင် သမီးလေးပါ သေချာပေါက် အမှုပတ်ပြီး သူ့အနာဂတ် လုံးဝ ပျက်စီးသွားမှာပဲ။ ငါလည်း ထောင်ဒဏ်ကျခံရမယ်၊ အဲဒီအခါကျရင် ငါ့တာဝန်တွေကို ငါ ထမ်းဆောင်နိုင်မှာ မဟုတ်ဘူး” လို့ပေါ့။ အများကြီး စဉ်းစားပြီးနောက်မှာ ကျွန်မ အိမ်ကနေ ထွက်သွားဖို့ ဆုံးဖြတ်ခဲ့တုန်းပဲ။ ရဲတွေက ကျွန်မကို ဆက်ရှာနေတာကြောင့် အိမ်မပြန်ရဲခဲ့ဘူး။

အသက်ကြီးလာတာနဲ့အမျှ ကျွန်မရဲ့ ခွန်အားနဲ့ ကိုယ်ခန္ဓာကြံ့ခိုင်မှုက စပြီး ကျဆင်းလာခဲ့တယ်၊ သွေးပေါင်ချိန်ကလည်း မြင့်တဲ့ဘက်မှာ ရှိတယ်။ မျက်စိတွေကလည်း မှုန်ဝါးလာတယ်၊ ပြီးတော့ နားအူပြီး နားလေးတာတွေပါ ဖြစ်လာခဲ့တယ်။ ကျွန်မရဲ့နှလုံးကလည်း ကိုယ်လက်လှုပ်ရှားမှုလုပ်တဲ့အခါတိုင်းမှာ စပြီး တုန်တုန်လာလို့ လှဲပြီး ခဏအနားယူခဲ့ရတယ်။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်။ “ငါ အိုလာနေပြီလား။ ငါ အသက်ကြီးတဲ့အခါ ဘယ်သူကများ ငါ့ကို ပြုစုစောင့်ရှောက်မှာလဲ” လို့ပေါ့။ အဲဒီအချိန်မှာ သမီးလေးကို အရမ်းလွမ်းမိပြီး “ငါ အသက်ကြီးရင် သူ့ကို အားကိုးဖို့ မျှော်လင့်နေတုန်းပဲ” လို့ တွေးမိတယ်။ ၂၀၂၁ ခုနှစ်မှာ ကျွန်မရဲ့အစ်မအိမ်ကို ဧဝံဂေလိတရား ဟောပြောဖို့ ပြန်သွားခဲ့ပြီး ကျွန်မရဲ့သမီးက အိမ်နဲ့ဝေးရာမှာ အလုပ်လုပ်နေတယ်ဆိုတာနဲ့ သူ့အဒေါ်တွေအပေါ် အရမ်း ဝတ္တရားကျေပွန်တယ်ဆိုတာ သိလိုက်ရတယ်။ အဲဒါဆိုရင် သူ ငါ့အပေါ်လည်း သေချာပေါက် ကောင်းမှာပဲလို့ ကျွန်မ တွေးမိပြီး တစ်နေ့နေ့မှာ သမီးနဲ့ တွေ့ရဖို့ တကယ်ကို မျှော်လင့်နေခဲ့တာပေါ့။ နောက်တစ်နှစ် ဩဂုတ်လကုန်ပိုင်းမှာ ကျွန်မ အိမ်နဲ့ဝေးတဲ့နေရာမှာ ဧဝံဂေလိတရား ဟောနေတုန်းမှာ သမီးလေးက ရက်ပိုင်းလောက် ပြန်လာတယ်ဆိုပြီး ကျွန်မအစ်မက စာရေးလာခဲ့တယ်။ ကျွန်မလည်း အစ်မအိမ်ကို ညတွင်းချင်း ကမန်းကတန်း ပြန်လာခဲ့ပေမဲ့ သမီးလေးက ကျွန်မကို မတွေ့ချင်ဘူးတဲ့။ ကျွန်မ စိတ်မကောင်းဖြစ်သွားခဲ့တယ်၊ ဒါပေမဲ့ သမီးရဲ့ ခံစားချက်တွေကို ကျွန်မ နားလည်နိုင်ခဲ့တယ်။ ၁၇ နှစ်လုံးလုံး သူ့ကို ကျွန်မ မစောင့်ရှောက်ပေးခဲ့ရဘူးဆိုတော့ သူ စိတ်ဆိုးတာကလည်း မဆန်းပါဘူး။ နောက်ပိုင်း သမီးကို တွေ့ရတော့ ကျွန်မ ဝမ်းသာအားရနဲ့ သူ့ကို ဖက်ထားချင်စိတ် ဖြစ်မိပေမဲ့ သူက ခပ်လှမ်းလှမ်းမှာပဲ ထိုင်နေတော့ စိတ်ပျက်ပြီး ကျွန်မနှလုံးသား အေးစက်သွားခဲ့တယ်လေ။ ခဏနေတော့ ကျွန်မက သူ့ကို ပြောလိုက်တယ်။ “ဒီနှစ်တွေတစ်လျှောက်လုံး သမီးကို အမေ စိတ်ပူနေခဲ့တာပါ။ ရဲတွေ အမေ့ကိုဖမ်းရင် သမီးပါ အမှုပတ်မှာစိုးလို့ အမေ အိမ်မပြန်ရဲခဲ့တာပါ။ ဒီနှစ်တွေမှာ သမီး ဒုက္ခခံစားခဲ့မှာပဲနော်” လို့ပေါ့။ သူက နာကြည်းတဲ့လေသံနဲ့ “သမီး ဒုက္ခမခံစားခဲ့ရပါဘူး။ အခု လူကြီးဖြစ်နေပြီပဲ၊ ဒုက္ခမခံစားရပါဘူး” တဲ့။ အဲဒီလိုပြောပြီး မျက်နှာလွှဲပြီးတော့ နာရီဝက်မပြည့်ခင်မှာပဲ ထွက်သွားခဲ့တယ်။ ကျွန်မ လုံးဝ စိတ်ပျက်သွားတယ်။ “နင့်ကို ငါ ပင်ပင်ပန်းပန်း ပြုစုပျိုးထောင်ခဲ့ရတာ၊ အများကြီးလည်း ဂရုစိုက်ခဲ့တယ်။ နင် ကျောင်းတက်တော့လည်း အတတ်ပညာတစ်ခုခု တတ်ပြီး အနာဂတ်ကောင်းတစ်ခု ရအောင်လို့ ငါတို့မိသားစုမှာ ရှိတဲ့ နောက်ဆုံး ယွမ်သုံးထောင်ကို နင့်အတွက် အီလက်ထရောနစ်ကီးဘုတ်တစ်ခု ဝယ်ပေးခဲ့တာလေ။ နင့်အတွက် ငါ အများကြီး ကြိုးကြိုးစားစားနဲ့ ပေးဆပ်ခဲ့ရတာ၊ အခုတော့ နင်က ငါ့ကို အမေအဖြစ်ကနေ စွန့်လွှတ်တယ်ပေါ့ဟုတ်လား။ နင့်ကို ပြုစုပျိုးထောင်ပေးခဲ့တာ တကယ်ကို အလကားပဲ” လို့ပေါ့။ ကျွန်မ တွေးမိတယ်။ “အိမ်ထောင်စုစာရင်းကလည်း တရုတ်ကွန်မြူနစ်အစိုးရရဲ့ ဖျက်သိမ်းတာ ခံလိုက်ရပြီ၊ ယောကျ်ားကလည်း ကွာရှင်းသွားပြီ၊ သမီးကလည်း ငါ့ကို စွန့်လွှတ်လိုက်ပြီ။ ငါ့အသက်က အခု ခြောက်ဆယ်ရှိနေပြီ၊ ကျန်းမာရေးကလည်း တစ်နှစ်ထက်တစ်နှစ် ပိုဆိုးလာတယ်။ ငါ အသက်ကြီးလာရင် ဘယ်လိုလုပ်မလဲ။ ငါ နေမကောင်းဖြစ်ရင် ဘယ်သူ ပြုစုမှာလဲ။ ငါ အသက်ကြီးတဲ့အခါ ဘယ်သူက စောင့်ရှောက်ပြီး ငါ သေရင် ဘယ်သူက မြေကျအောင် လုပ်ပေးမှာလဲ” လို့ပေါ့။ ညကျတော့ အိပ်ရာပေါ်မှာ ဟိုဘက်လှည့် ဒီဘက်လှည့်နဲ့ အိပ်မပျော်နိုင်ဘူး။ သမီးက ကျွန်မကို “မေမေ” လို့တောင် မခေါ်တာကို တွေးမိတဲ့အခါမှာ အသက်ကြီးလာတဲ့အခါမှာ ပြုစုစောင့်ရှောက်ခံရဖို့ သူ့ကို အားကိုးရမယ့် မျှော်လင့်ချက် မရှိတော့မှန်း ကျွန်မ သဘောပေါက်ခဲ့တယ်။ နှလုံးသား ကြေမွသွားသလို အရမ်း စိတ်မသက်မသာဖြစ်ခဲ့ရတယ်။ အဲဒီရက်တွေမှာ ကျွန်မ ဆိုးဆိုးဝါးဝါး မိန်းမောတွေဝေနေပြီး တာဝန်ထမ်းဆောင်ဖို့ စိတ်အားထက်သန်မှုလည်း မရှိခဲ့ဘူး။ ဧဝံဂေလိတရား ဟောတဲ့အခါမှာလည်း ဝတ်ကျေတမ်းကျေပဲ လုပ်နေခဲ့မိတယ်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှာ အစ်မ စွန်းကျင် နေမကောင်းဖြစ်တယ်လို့ ကျွန်မ ကြားခဲ့တယ်၊ ဒါပေမဲ့ သူ့အမျိုးသားက အရမ်းကိုး ဂရုတစိုက်နဲ့ အာရုံစိုက်ပြီး ပြုစုစောင့်ရှောက်ခဲ့တယ်။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်။ “ငါ့ညီအစ်မ နေမကောင်းဖြစ်တော့ သူ့အမျိုးသားက သူ့ကို ပြုစုစောင့်ရှောက်တယ်။ ငါ နေမကောင်းဖြစ်ရင် ဘာလုပ်သင့်လဲ။ ငါ့သမီးက ငါ့ကို အမေအဖြစ်က စွန့်လွှတ်လိုက်ပြီ၊ ငါသာ လှုပ်ရှားလို့မရတော့ရင် အသင်းတော်က ညီအစ်မတွေကို ပြုစုခိုင်းရတာ အရမ်း အားနာစရာကောင်းမှာပဲ။ ညီအစ်ကိုမောင်နှမတွေအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်လို့မရဘူး။ ဒါ့အပြင် ငါက တစ်ယောက်တည်းနေတာဆိုတော့ တစ်ခုခုဖြစ်ရင် ဘယ်သူမှ သိမှာမဟုတ်ဘူး။ အချိန်မီ ဆေးရုံမပို့နိုင်ဘဲ အိမ်မှာတင် သေသွားရင် ဘယ်လိုလုပ်မလဲ” လို့ပေါ့။ ကျွန်မ အသက်ကြီးတဲ့အခါ ပြုစုစောင့်ရှောက်ပြီး နောက်ဆုံးခရီး ပို့ဆောင်ပေးမဲ့သူ မရှိတာကို မစိုးရိမ်ဘဲ မနေနိုင်ခဲ့ဘူး။ တစ်နေ့မှာ ဝတ်ပြုတဲ့အချိန် ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရင်းနဲ့ ကိုယ့်အခြေအနေကို နည်းနည်း နားလည်လာခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “မိဘတစ်ဦးအနေဖြင့် သင်၏ သားသမီးများသည် သင့်အပေါ် တာဝန်ကျေပြီး သူတို့ ကြီးပြင်းလာသောအခါ သင့်အား ကူညီထောက်ပံ့နိုင်မည်ဟု မျှော်လင့်ခြင်းအားဖြင့် သင်၏ မျှော်လင့်ချက်များကို သူတို့အပေါ် ပုံချခြင်းသည် အမှားတစ်ခုလော။ ယင်းက မမှားသည့်အပြင် ဤတောင်းဆိုချက်မှာလည်း အလွန်အကျွံ မဟုတ်ပေ။ သို့ဆိုလျှင် ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ သူမသည် သားသမီးများအပေါ် မှီခိုအားထားခြင်းအားဖြင့် ကောင်းမွန်သော ဘဝကို အသက်ရှင်နေထိုင်ရန်၊ သားသမီးများအပေါ် မှီခိုအားထားရင်း ကျန်ရှိသော သူမ၏တစ်ဘဝလုံးကို ကုန်လွန်စေရန်နှင့် သူမ၏ သားသမီးများထံမှ အရာများကို ပျော်မွေ့ခံစားရန် အစဉ်သဖြင့် သူမ အားကိုးနေသည်။ ဤသို့ပြုရာ၌ သူမ၏ လွဲမှားသောအမြင်မှာ အဘယ်နည်း။ သူမသည် အဘယ့်ကြောင့် ဤစိတ်ကူးရှိခဲ့သနည်း။ သူမစွဲကိုင်ခဲ့သည့် ဤအမြင်၏ အကြောင်းရင်း၌ မည်သည့်အရာရှိသနည်း။ လူတို့သည် ဘဝပုံစံတစ်မျိုးမျိုးနှင့် အသက်ရှင်မှု အဆင့်အတန်းတစ်ခုခုကို အမြဲတမ်း အလွန်အကျွံ မျှော်လင့်တတ်ကြသည်။ ဆိုလိုသည်မှာ လူတို့အနေဖြင့် ဘုရားသခင်သည် ၎င်းတို့၏ဘဝများကို မည်ကဲ့သို့ ကြိုတင်ပြဋ္ဌာန်းထားသည် သို့မဟုတ် မိမိတို့၏ ကံကြမ္မာသည် မည်သည့်အရာဖြစ်သည်ကို သိမလာမီကပင် မိမိတို့ ပျော်ရွှင်ရပြီး ဘဝတွင် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းရှိကာ ချမ်းသာကြွယ်ဝသည့်အပြင် မိမိတို့ကို ကူညီရန်နှင့် မိမိတို့ မှီခိုအားထားရမည့် လူတို့ ရှိနေရမည်ဟူသည့် မိမိတို့၏ အသက်ရှင်မှု အဆင့်အတန်းသည် မည်သည့်အရာဖြစ်ရမည်ကို စီစဉ်ရေးဆွဲထားကြပြီးသား ဖြစ်သည်။ လူတို့သည် မိမိတို့၏ ကိုယ်ပိုင်လမ်းကြောင်း၊ မိမိတို့၏ ဘဝပန်းတိုင်များ၊ ဘဝ၌ မိမိတို့၏ နောက်ဆုံးပန်းတိုင်နှင့် အခြားအရာတိုင်းကို စီစဉ်ရေးဆွဲထားကြပြီး ဖြစ်သည်။...သူမ၌ ဤဆန္ဒနှင့် ဤအစီအစဉ်များ အစဉ်အမြဲ ရှိခဲ့သည်ကို ထောက်ဆလျှင် သူမ၏စိတ်နှလုံးထဲတွင် ဘုရားသခင် ရှိပါသလော။ (မရှိပါ။) သို့ဆိုလျှင် တစ်နည်းအားဖြင့် သူမ၏ ရုန်းကန်မှုများအားလုံးမှ လာသည့် စိတ်ဆင်းရဲမှု၏ အကြောင်းရင်းမှာ အဘယ်နည်း။ (ယင်းမှာ သူမ၏ဆန္ဒကြောင့် ဖြစ်လာရသည်။) လုံးဝ မှန်ပေ၏။ သို့ဆိုလျှင် သူမ၏ဆန္ဒမှာ မည်သို့ဖြစ်ပေါ်လာသနည်း။ (ဘုရားသခင်၏ အချုပ်အခြာအာဏာ၌ သို့မဟုတ် သူ၏ ကြိုတင်စီစဉ်ညွှန်ကြားခြင်းနှင့် အစီအစဉ်များ၌ သူမ မယုံကြည်ခြင်းကြောင့် ဖြစ်ပါသည်။) မှန်ပေ၏။ သူမသည် လူတို့၏ ကံတရားများက မည်သို့ဖြစ်ပေါ်လာသည်ကို နားမလည်ခဲ့သည်သာမက ဘုရားသခင်၏ အချုပ်အခြာအာဏာသည် မည်ကဲ့သို့ အလုပ်လုပ်ကြောင်းကိုလည်း နားမလည်ခဲ့ပေ။ ဤသည်မှာ ပြဿနာ၏ အရင်းအမြစ်ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းကို စတင်နိုင်သည် (၂)) ဘုရားသခင် ဖော်ထုတ်ခဲ့တာက ကျွန်မရဲ့ အခြေအနေအတိအကျပါပဲ။ တာဝန်ထမ်းဆောင်ဖို့ အိမ်ကထွက်လာတုန်းက ကျွန်မအသက် လေးဆယ်ကျော်ပဲ ရှိသေးတယ်၊ အဲဒီတုန်းက ငယ်ရွယ်နုပျိုပြီး သန်မာသေးတော့ အသက်ကြီးရင် ဘာလုပ်မလဲဆိုတာ မတွေးခဲ့မိဘူး။ အခု အသက်ကြီးလာတော့ ကျန်းမာရေးက တစ်နှစ်ထက်တစ်နှစ် ပိုဆိုးလာပြီး အနာဂတ်အတွက် စိုးရိမ်စရာတွေ ပေါ်လာတာပေါ့။ ငါသာ နေမကောင်းဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် မစောင့်ရှောက်နိုင်တော့ရင် ပြုစုမဲ့သူ မရှိမှာကို စိုးရိမ်ခဲ့တယ်။ ကျွန်မ ဘယ်လိုလုပ်မလဲ။ ကျွန်မ အိမ်နဲ့ဝေးရာမှာ နေခဲ့တဲ့ နှစ်တွေအတွင်းမှာ ကျွန်မရဲ့ အိမ်ထောင်စုစာရင်းက ဖျက်သိမ်းခံခဲ့ရပြီး ကျွန်မရဲ့အမျိုးသားကလည်း ကျွန်မကို ကွာရှင်းသွားတယ်။ အစကတော့ သမီးက သူ့အဒေါ်တွေအပေါ် အရမ်း ဝတ္တရား ကျေပွန်တော့ ကျွန်မအပေါ်မှာလည်း သေချာပေါက် ကောင်းမှာပဲလို့ တွေးခဲ့တယ်။ ဒါပေမဲ့ ကျွန်မရဲ့သမီးက ကျွန်မကို စွန့်ပစ်ပြီး ကျွန်မ အသက်ကြီးလာတဲ့အခါမှာ သူ့ရဲ့ပြုစုစောင့်ရှောက်မှုကို ခံရဖို့ မျှော်လင့်ချက် လုံးဝမရှိတော့မှာကို ကျွန်မ မမျှော်လင့်ခဲ့ဘူး။ သမီးကို အားကိုးလို့ မရမှန်း သိလိုက်ရတော့ နောင်ကျရင် နေမကောင်းဖြစ်တဲ့အခါ ကျွန်မကို ပြုစုမဲ့သူ မရှိမှာ၊ ပြီးတော့ အိမ်မှာတင် သေသွားပြီး ဘယ်သူမှ မသိလိုက်မှာကို ကျွန်မ ပူပန်နေခဲ့တယ်။ အထူးသဖြင့် စွန်းကျင် နေမကောင်းတော့ သူ့အမျိုးသားက သူ့ကို ပြုစုစောင့်ရှောက်တယ်ဆိုတာ ကြားရတဲ့အခါ ကျွန်မ ပိုပြီးတော့တောင် အထီးကျန်ပြီး သနားစရာကောင်းတယ်လို့ ခံစားခဲ့ရတယ်၊ နောင်တစ်ချိန် ကျွန်မရဲ့ဘဝမှာ အားကိုးစရာ ဘယ်သူမှ မရှိတော့တာကို တွေးမိတဲ့အခါမှာ ကျွန်မ ဝမ်းနည်းပြီး စိတ်မသက်မသာဖြစ်ခဲ့တယ်။ ဘုရားသခင်က အရာခပ်သိမ်းကို အချုပ်အခြာအာဏာနဲ့ ကိုင်စွဲထားတယ်လို့ ကျွန်မ ပြောပေမဲ့ လက်တွေ့မှာတော့ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာအပေါ် ကျွန်မ ဘာမှ နားမလည်ခဲ့ဘူး၊ ပြီးတော့ စိတ်နှလုံးထဲမှာ ဘုရားအတွက် နေရာမရှိခဲ့ဘူး။ ကိုယ့်အတွက် ထွက်ပေါက်တစ်ခု ဘယ်လိုစီစဉ်ရမလဲဆိုတာကို အမြဲ တွေးနေခဲ့ပြီး ကိုယ့်သမီးကိုတောင် ကိုယ့်အထောက်အပံ့အနေနဲ့ သတ်မှတ်ခဲ့တယ်။ ကျွန်မမှာ ဘုရားသခင်အပေါ်မှာ ယုံကြည်ခြင်း မရှိခဲ့ဘူး။ ဒီအခြေအနေကို မဖြေရှင်းရင် အရမ်း အန္တရာယ်များမှာပဲ။

နောက်ပိုင်းမှာ ကျွန်မ တွေးဆမိတယ်။ “ငါ အသက်ကြီးတဲ့အခါ ပြုစုစောင့်ရှောက်မဲ့သူ ရှိမရှိ၊ ငါ သေတဲ့အခါ ငါ့ဘေးမှာ တစ်ယောက်ယောက် ရှိမရှိ ဆိုတာကို ဘာဖြစ်လို့များ ဒီလောက် ဂရုစိုက်နေရတာလဲ။ ပြဿနာက ဘာလဲ” လို့ပေါ့။ ကျွန်မ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ကြည့်လိုက်တယ်။ “လူအချို့မှာ ဖောက်ပြန်ပျက်ယွင်းပြီး ခေတ်နောက်ကျနေသော အယူအဆကို ဖက်တွယ်ထားပြီး ‘လူတို့သည် ၎င်းတို့အပေါ် သားသမီးဝတ်ကျေပွန်ရန် သားသမီးများမွေးသည်ဖြစ်စေ၊ ၎င်းတို့ အသက်ရှင်နေဆဲအချိန်တွင် ၎င်းတို့၏သားသမီးများက သားသမီးဝတ် ကျေပွန်သည်ဖြစ်စေ အရေးမကြီးပေ။ သို့သော် ၎င်းတို့သေသည့်အချိန်တွင် ၎င်းတို့သားသမီးများသည် ၎င်းတို့ကို ခေါင်းတလားထဲထည့်၍ သယ်ရမည်။ ၎င်းတို့အနီးတွင် ၎င်းတို့၏ သားသမီးများမရှိလျှင် ၎င်းတို့သေဆုံးသည့်အခါ မည်သူမျှ သိမည်မဟုတ်သကဲ့သို့ ၎င်းတို့၏ ခန္ဓာကိုယ်သည် ၎င်းတို့၏အိမ်တွင် ပုပ်ဆွေးလိမ့်မည်’ ဟု ဆိုကြသည်။ ဤသို့ဆိုလျှင် မည်သူကမျှ သိမည်မဟုတ်လည်း အဘယ်အရေးနည်း။ သင်သေသောအခါ သင်သည် သေပြီးဖြစ်ပြီး မည်သည့်အရာကိုမျှ သိစိတ်မရှိတော့ပေ။ သင်၏ကိုယ်ခန္ဓာသေဆုံးသောအခါ သင့်ဝိညာဉ်က ကိုယ်ခန္ဓာမှ ရုတ်ခြည်းထွက်ခွာသွားသည်။ သေပြီးနောက် ကိုယ်ခန္ဓာက မည်သည့်နေရာတွင် ရှိသည်ဖြစ်စေ၊ မည်သို့ပုံစံရှိသည်ဖြစ်စေ သေဆုံးနေပြီ မဟုတ်လော။ ခမ်းနားသော အသုဘတွင် ခေါင်းတလားဖြင့် သယ်ယူပြီး မြေမြုပ်လျှင်ပင် ကိုယ်ခန္ဓာက ပုပ်ဆွေးဦးမည် မဟုတ်လော။ လူတို့က ‘သင့်အား ခေါင်းတလားအတွင်းသို့ ထည့်ရန်၊ သင့်အား မြေမြှုပ်သဂြိုဟ်သည့် အဝတ်အစားများ ဝတ်ဆင်ပေးရန်၊ မိတ်ကပ်လိမ်းပေးရန်နှင့် ခမ်းနားသောအသုဘ စီစဉ်ရန်အတွက် သင့်အနီးတွင် သားသမီးများ ရှိခြင်းသည် ဂုဏ်ဝင့်ဖွယ်သောအရာတစ်ခု ဖြစ်သည်။ သင့်အတွက် အသုဘစီစဉ်ပေးသော၊ သို့မဟုတ် သင့်အား မြေမြှုပ်သဂြိုဟ်ပေးသော သူတစ်ဦးမျှမရှိဘဲ သင်သေဆုံးလျှင် သင်၏ တစ်ဘဝလုံးတွင် သင့်လျော်သော အဆုံးသတ်မရှိသကဲ့သို့ဖြစ်သည်’ ဟု တွေးကြသည်။ ဤအယူအဆသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) ယခုခေတ်ကာလတွင် လူငယ်တို့သည် ဤအရာများကို များစွာ အရေးစိုက်ခြင်းမရှိ။ သို့သော် သားသမီးများသည် မိဘများ အိုမင်းသောအခါတွင် စောင့်ရှောက်ရမည်ဖြစ်ပြီး မြေမြှုပ်သဂြိုဟ်ပေးရမည်ဆိုသည့် စိတ်နှလုံးထဲတွင် နက်နဲစွာ တည်ရှိနေသော အတွေးနှင့် အမြင်ရှိသည့် ထိုးထွင်းအမြင် နည်းပါးရှိသော ဝေးလံသောဒေသရှိလူများနှင့် သက်ကြီးရွယ်အိုများ ရှိဆဲဖြစ်သည်။ သင်သည် သမ္မာတရားအကြောင်းကို မည်မျှ မိတ်သဟာယပြုသည်ဖြစ်စေ ၎င်းတို့က လက်မခံပေ။ ဤအရာ၏ နောက်ဆုံးအကျိုးဆက်မှာ အဘယ်နည်း။ အကျိုးဆက်မှာ ၎င်းတို့သည် ကြီးစွာဒုက္ခခံရခြင်း ဖြစ်သည်။ ဤအကျိတ်အခဲသည် ၎င်းတို့အတွင်းတွင် ကြာရှည်စွာ ကွယ်ဝှက်နေခဲ့ပြီး ယင်း၏ အဆိပ်ခတ်ခြင်းကို ၎င်းတို့ ခံရမည်။ ၎င်းတို့က ယင်းကို တူးဖော်ပြီး ဖယ်ရှားလိုက်သောအခါတွင် ယင်း၏ အဆိပ်ခတ်ခြင်းကို ခံရတော့မည်မဟုတ်ဘဲ ၎င်းတို့၏ဘဝသည် လွတ်လပ်လိမ့်မည်။ မည်သည့်မှားယွင်းသော လုပ်ရပ်မဆိုသည် မှားယွင်းသော အတွေးများကြောင့် ဖြစ်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့အိမ်တွင် သေဆုံးပြီး ပုပ်ဆွေးမည်ကို ကြောက်ရွံ့လျှင် ‘ငါသည် သားတစ်ယောက်ကို ပြုစုပျိုးထောင်ရမည်။ ငါ၏သားက ကြီးပြင်းသောအခါ၌ သူ့အား ဝေးလံလွန်းရာသို့ သွားခွင့်ပြု၍မဖြစ်။ ငါသေသောအခါတွင် သူသည် ငါ၏အနီး၌မရှိလျှင် အဘယ်သို့ လုပ်မည်နည်း။ အိုမင်းသောအခါ၌ ငါ့အား စောင့်ရှောက်မည့်သူ၊ သို့မဟုတ် မြေမြှုပ်သဂြိုဟ်ပေးမည့်သူမရှိခြင်းသည် ဘဝတွင် ငါ၏အကြီးမားဆုံးသော နောင်တဖြစ်လိမ့်မည်။ ငါ့အတွက် ဤအရာကို လုပ်ဆောင်ပေးရန် တစ်စုံတစ်ယောက်ရှိလျှင် ငါ၏ဘဝကို အချည်းနှီးအသက်ရှင်ခဲ့ခြင်း ဖြစ်မည်မဟုတ်။ ပြည့်စုံသောဘဝ ဖြစ်လိမ့်မည်။ မည်သို့ဖြစ်စေ ငါသည် အိမ်နီးချင်းများက လှောင်ပြောင်ခြင်းကို ခံရသည့်သူ ဖြစ်၍မရပေ’ ဟု ၎င်းတို့ အစဉ် စဉ်းစားနေလိမ့်မည်။ ဤသည်မှာ ဖောက်ပြန်ပျက်ယွင်းနေသော သဘောတရားမဟုတ်လော။ (ဟုတ်ပါသည်။) ယင်းသည် အမြင်ကျဉ်းမြောင်းပြီး ဆုတ်ယုတ်သည်။ ရုပ်ခန္ဓာကို လွန်စွာ အရေးထားလွန်းသည်။ လက်တွေ့တွင် ရုပ်ခန္ဓာသည် တန်ဖိုးမရှိ။ မွေးဖွားခြင်း၊ အိုမင်းခြင်း၊ ဖျားနာခြင်းနှင့် သေဆုံးခြင်းတို့ကို တွေ့ကြုံရပြီးနောက်တွင် မည်သည့်အရာမျှ မကျန်တော့ပေ။ လူတို့သည် အသက်ရှင်စဉ်တွင် သမ္မာတရားကို ရရှိမှသာ ၎င်းတို့ကယ်တင်ခြင်းခံရသောအခါ ၎င်းတို့သည် ထာဝရ အသက်ရှင်လိမ့်မည်။ သင်သည် သမ္မာတရားကို မရရှိသေးလျှင် သင်၏ကိုယ်ခန္ဓာသေဆုံးပြီး ဆွေးမြည့်သောအခါ မည်သည့်အရာမျှ ကျန်ရှိမည်မဟုတ်။ သင့်သားသမီးများက သင့်အပေါ် မည်မျှ သားသမီးဝတ်ကျေပွန်ပါစေ သင်က ယင်းကို ခံစားနိုင်မည်မဟုတ်ပေ။ လူတစ်ယောက်သေဆုံးပြီး သူ၏ သားသမီးများက သူ့ကို ခေါင်းတလားအတွင်း၌ မြေမြှုပ်သောအခါ ထိုကိုယ်ခန္ဓာ အဟောင်းသည် တစ်စုံတစ်ခုကို ခံစားရနိုင်သလော။ တစ်စုံတစ်ခုကို သိမြင်နိုင်သလော။ (မသိမြင်နိုင်ပါ။) ယင်းတွင် လုံးဝ သိမြင်နားလည်မှုမရှိပေ။ သို့သော် ဘဝတွင် လူတို့သည် ဤအမှုကိစ္စကို လွန်စွာ အလေးထားပြီး သားသမီးများသည် ၎င်းတို့အား မြေမြှုပ်သဂြိုဟ်နိုင်ခြင်းရှိမရှိတွင် သားသမီးများအား အလွန်တောင်းဆိုသည်။ ဤသည်မှာ မိုက်မဲသည်မဟုတ်လော။...သင်သည် မိဘအနေဖြင့် သမ္မာတရားကို လိုက်စားလျှင် သားသမီးများက သားသမီးဝတ်ကျေပွန်ခြင်း ရှိမရှိ၊ သင်အိုမင်းသောအခါတွင် သင့်အား စောင့်ရှောက်ခြင်း ရှိမရှိ၊ သင့်အား ဈာပနအခမ်းအနားလုပ်ကာ မြေမြှုပ်သဂြိုဟ်ပေးခြင်း ရှိမရှိ ဆိုသည်တို့နှင့် သက်ဆိုင်သည့် ရိုးရာဖြစ်သော၊ ဖောက်ပြန်ပျက်ယွင်းနေသော၊ ဆုတ်ယုတ်သော အတွေးများနှင့် အမြင်များကို ဦးစွာ လက်လွှတ်သင့်ပြီး ဤအမှုကိစ္စကို မှန်ကန်စွာ ချဉ်းကပ်သင့်သည်။ သင့်သားသမီးများသည် သင့်အပေါ် အမှန်တကယ် သားသမီးဝတ်ကျေပွန်လျှင် ယင်းကို သင့်တင့်လျောက်ပတ်စွာ လက်ခံလော့။ သို့သော် သင့်သားသမီးများသည် သင့်အပေါ် သားသမီးဝတ်ကျေပွန်ရန် အခြေအနေ၊ အားအင်၊ သို့မဟုတ် ဆန္ဒမရှိလျှင်လည်းကောင်း၊ သင်အိုမင်းသောအခါ၌ ၎င်းတို့သည် သင့်အနီးတွင်နေ၍ သင့်အား ပြုစုစောင့်ရှောက်နိုင်ခြင်း သို့မဟုတ် သင့်အား မြေမြှုပ်သဂြိုဟ်ပေးနိုင်ခြင်း မရှိလျှင်လည်းကောင်း သင်သည် ယင်းကို တောင်းဆိုရန်၊ သို့မဟုတ် ဝမ်းနည်းရန် မလိုပေ။ အရာရာတိုင်းသည် ဘုရားသခင်၏ လက်ထဲတွင်ရှိသည်။ မွေးဖွားခြင်းတွင် သူ့အချိန်နှင့်သူ ရှိသည်။ သေဆုံးခြင်းတွင် သူ့နေရာနှင့်သူ ရှိသည်။ ပြီးလျှင် လူတို့မွေးဖွားသည့်နေရာနှင့် သေဆုံးသည့်နေရာကို ဘုရားသခင်က စီမံပြီး ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၉)) ဘုရားနှုတ်ကပတ်တော် ဖော်ထုတ်ခဲ့တာက ကျွန်မရဲ့ အခြေအနေအတိအကျပါပဲ။ ကျွန်မ အသက်ကြီးတဲ့အခါ ဘယ်သူမှ ပြုစုမယ့်သူ မရှိမှာ၊ ကျွန်မ သေတဲ့အခါ ဘယ်သူမှ ဘေးမှာ မရှိမှာ၊ ပြီးတော့ ကျွန်မ သေဆုံးသွားပြီး ဘယ်သူမှ မသိဘဲ ကျွန်မရဲ့ခန္ဓာကိုယ်က အိမ်မှာပဲ ပုပ်သိုးသွားရင် ဘာဖြစ်မလဲဆိုတာကို စိုးရိမ်ခဲ့တာလေ။ အဲဒါကို တွေးမိတိုင်း ကျွန်မက အပျက်သဘောဆောင်ပြီး အားနည်းလာတယ်၊ ပြီးတော့ ပူဆွေးသောကတွေ၊ စိုးရိမ်ပူပန်မှုတွေနဲ့ အသက်ရှင်ခဲ့ရတယ်။ တကယ်တော့ ကျွန်မရဲ့ မွေးဖွားချိန်၊ ကျွန်မရဲ့ သေဆုံးချိန်နဲ့ ကျွန်မရဲ့ သေဆုံးမယ့်နေရာအားလုံးကို ဘုရားသခင်က ကြိုတင်ပြီး အမိန့်နဲ့ပြဋ္ဌာန်းထားပြီးသားပဲ။ ကျွန်မရဲ့ နောက်ဆုံးအချိန်မှာ သမီးက ဘေးမှာ ရှိမရှိဆိုတာ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်မှုအပေါ်မှာပဲ မူတည်ပါတယ်။ ကျွန်မက ဇာတိပကတိကို အရမ်း တန်ဖိုးထားလွန်းပြီး ဇာတိပကတိ သေတယ်ဆိုတာ တကယ်တော့ ဘာလဲဆိုတာကို ထိုးထွင်းမမြင်နိုင်ခဲ့လို့ အခုလို စိုးရိမ်ပူပန်မှုတွေနဲ့ အသက်ရှင်နေခဲ့ရတာပါ။ ဘုရားသခင် ပြောခဲ့သည်မှာ “လက်တွေ့တွင် ရုပ်ခန္ဓာသည် တန်ဖိုးမရှိ။ မွေးဖွားခြင်း၊ အိုမင်းခြင်း၊ ဖျားနာခြင်းနှင့် သေဆုံးခြင်းတို့ကို တွေ့ကြုံရပြီးနောက်တွင် မည်သည့်အရာမျှ မကျန်တော့ပေ။” ဇာတိပကတိ သေသွားရင် အသိစိတ် မရှိတော့ဘူးလေ။ တစ်ယောက်ယောက်က ကိုယ့်ကို နောက်ဆုံးခရီး ပို့ဆောင်ပေးပြီး ခေါင်းတလားထဲမှာ သင်္ဂြိုဟ်ပေးရင်တောင်မှ ကိုယ့်ဇာတိပကတိက ပုပ်သိုးသွားမှာ မဟုတ်ဘူးလား။ ကိုယ့်သားသမီးတွေက သင်္ချိုင်းအထိ ကိုယ့်ကို လိုက်ပို့ပေးတော့ရော ဘာဖြစ်မှာမို့လို့လဲ။ ကိုယ်က သိမှာမို့လို့လား။ ဒါကိုတောင် ကျွန်မက အရမ်းအရေးကြီးတဲ့ ကိစ္စလို့ ထင်နေခဲ့တာ။ ဒါက အရမ်း မိုက်မဲလွန်းရာမကျဘူးလား။ တကယ်တော့ လူတွေက သမ္မာတရားကို မရရှိရင် ခမ်းခမ်းနားနား ဈာပနလုပ်ရင်တောင် သူတို့ဝိညာဉ်က ကယ်တင်မခံရနိုင်ဘူး၊ ငရဲတောင် ကျပါဦးမယ်။ ဘုရားသခင်က ပြောသည် “လူတို့သည် အသက်ရှင်စဉ်တွင် သမ္မာတရားကို ရရှိမှသာ ၎င်းတို့ကယ်တင်ခြင်းခံရသောအခါ ၎င်းတို့သည် ထာဝရ အသက်ရှင်လိမ့်မည်။” သမ္မာတရားကို ရရှိပြီး ကျွန်မတို့ရဲ့ စာတန်ဆန်တဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖယ်ရှားပြီး ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်တွေကို ကောင်းကောင်းလုပ်ဆောင်မှသာ ထာဝရအသက်ကို ရရှိနိုင်ပြီး ကယ်တင်ခြင်းကို လက်ခံရရှိနိုင်တယ်၊ ကောင်းမွန်တဲ့ ပန်းတိုင်တစ်ခုဆီကို ဘုရားသခင်က ပို့ဆောင်ပေးမှာဖြစ်ပါတယ်။

ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ဖတ်ပြီးတော့ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာအပေါ် နည်းနည်း နားလည်သွားခဲ့တယ်။ ကျွန်မရဲ့ ပူဆွေးသောကတွေနဲ့ စိုးရိမ်ပူပန်မှုတွေလည်း နည်းနည်း သက်သာသွားခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “မိဘနှင့် သားသမီးမည်မျှသည် အတူတကွနေထိုင်ရန် ကံပါလာသနည်း။ ပြီးလျှင် မိဘများသည် သားသမီးများထံမှ မည်မျှရရှိနိုင်သနည်း။ ဘာသာတရားမရှိသူများက ဤအရာကို ‘ထောက်ပံ့မှုကို ရရှိခြင်း’၊ သို့မဟုတ် ‘ထောက်ပံ့မှုကို မရရှိခြင်း’ ဟု ခေါ်သည်။ ဤသည်မှာ မည်သည့်အရာအား ဆိုလိုသည်ကို ငါတို့ မသိပေ။ အဆုံးတွင် ရိုးရှင်းစွာဆိုရလျှင် သားသမီးများအပေါ် အားကိုးနိုင်ခြင်းရှိမရှိကို ဘုရားသခင်က ကြိုတင်သတ်မှတ်ပြီး စီမံထားခြင်းဖြစ်သည်။ အရာရာတိုင်းက သင်ဆန္ဒရှိသကဲ့သို့ အတိအကျ ဖြစ်ပေါ်လာခြင်း မဟုတ်ပေ။ လူတိုင်းက အမှုအရာများကို အဆင်ပြေစေလိုပြီး သားသမီးများထံမှ အကျိုးအမြတ်များ ရရှိလိုသည်မှာ မှန်သည်။ သို့သော် သင်သည် ယင်းအတွက် ကံပါလာခြင်းရှိမရှိ၊ သင်၏ ကံကြမ္မာတွင် ရေးသားထားခြင်းရှိမရှိကို သင်အဘယ်ကြောင့် လုံးဝ မစဉ်းစားသနည်း။ သင်နှင့် သင့်သားသမီးများ ကြားရှိ သံယောဇဉ်သည် မည်မျှကြာရှည်မည်၊ ဘဝတွင် သင်လုပ်ဆောင်သည့် မည်သည့်အလုပ်မဆိုက သင့်သားသမီးများနှင့် ဆက်စပ်မှုရှိမည်၊ မရှိမည်၊ ဘုရားသခင်က သင့်ဘဝ၏ အရေးပါသောဖြစ်ရပ်များတွင် သင့်သားသမီးများအား ပါဝင်စေရန် စီစဉ်ထားခြင်းရှိမရှိ၊ အကြီးစား ဘဝဖြစ်ရပ်တစ်ခုကို သင်တွေ့ကြုံသောအခါ၌ ပါဝင်ပတ်သက်သောသူများထဲတွင် သင့်သားသမီးများလည်း ပါဝင်မည်၊ မပါဝင်မည်ဆိုသည့် အရာအားလုံးတို့သည် ဘုရားသခင်၏ စီမံမှုအပေါ်တွင် မူတည်သည်။ ဘုရားသခင်က စီမံထားခြင်းမရှိလျှင် သင့်သားသမီးများအား အရွယ်ရောက်သည်အထိ ပျိုးထောင်ပြီးနောက်တွင် သင်က ၎င်းတို့ကို အိမ်မှနှင်မထုတ်လျှင်ပင် အချိန်ကျလာသောအခါ ၎င်းတို့ဘာသာ ထွက်ခွာလိမ့်မည်။ ဤသည်မှာ လူတို့ သဘောပေါက်နားလည်ရန် လိုအပ်သည့် အရာတစ်ခုဖြစ်သည်။ သင်က ဤအမှုကိစ္စကို သဘောပေါက်နားလည်နိုင်ခြင်း မရှိလျှင် သင်သည် အစဉ်သဖြင့် ကိုယ်ပိုင်ဆန္ဒများ၊ တောင်းဆိုချက်များကို စွဲကိုင်ထားလိမ့်မည်။ ပြီးလျှင် သင်၏ ရုပ်ပိုင်းဆိုင်ရာ ပျော်မွေ့မှုအတွက် စည်းကမ်းအမျိုးမျိုးကို ချမှတ်ပြီး သဘောတရားအမျိုးမျိုးကို လက်ခံလိမ့်မည်။ အဆုံးတွင် မည်သို့ ဖြစ်မည်နည်း။ သင်သေသောအခါ၌ သိရလိမ့်မည်။ သင်သည် သင်၏ဘဝ သက်တမ်းတစ်လျှောက်တွင် မိုက်မဲသောအရာများစွာကို လုပ်ဆောင်ခဲ့ပြီး အမှန်တရားများနှင့်ဖြစ်စေ၊ ဘုရားသခင်၏ စီမံမှုနှင့်ဖြစ်စေ မကိုက်ညီသည့် လက်တွေ့မကျသောအရာများစွာကို တွေးတောခဲ့သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၉)) ဘုရားနှုတ်ကပတ်တော်တွေက အရမ်း ရှင်းပါတယ်။ သမီးက သားသမီးဝတ်ကျေမှာလား၊ ကျွန်မ အသက်ကြီးတဲ့အခါ ပြုစုစောင့်ရှောက်နိုင်မှာလား ဆိုတာက ကျွန်မမှာ အဲဒီကံပါမပါ ဆိုတာပေါ်မှာပဲ မူတည်ပါတယ်။ ကျွန်မ အသက်ကြီးတဲ့အခါ ကျွန်မကို သမီးက ပြုစုစောင့်ရှောက်ဖို့ ဘုရားသခင်က ကြိုတင်ပြီး အမိန်နဲ့ပြဋ္ဌာန်းမထားခဲ့ရင် ကျွန်မ ဘယ်လောက်ပဲ အဲဒါကို ကောင်းကောင်းမွန်မွန် စိတ်ကူးယဉ်နေပါစေ အကုန် အလကားဖြစ်မှာပဲ။ ကျွန်မရဲ့သမီးက ကျွန်မ အသက်ကြီးလာတဲ့အခါမှာ ပြုစုစောင့်ရှောက်မယ်လို့ ကတိပေးခဲ့ရင်တောင်မှ၊ သူက မိုင်ထောင်ချီ ဝေးတဲ့နေရာမှာ အလုပ်လုပ်ပြီး နေထိုင်နေတော့၊ ကျွန်မ နေမကောင်းဖြစ်ပြီး သေတဲ့အခါကျရင် သူက ကျွန်မဘေးမှာ ရှိနေနိုင်ချင်မှ ရှိနေနိုင်မှာလေ။ ဒါကို ကျွန်မ ထိုးထွင်းမမြင်နိုင်ခဲ့ဘဲ သမီးက ဂရုမစိုက်လို့၊ အသက်ကြီးရင် သူ ပြုစုတာခံရဖို့ မျှော်လင့်ချက် မရှိတော့လို့ ဆိုပြီး စိတ်ဆင်းရဲပြီး အသက်ရှင်ခဲ့တယ်။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် လှည့်စားနေခဲ့တာ၊ ပြီးတော့ အဓိပ္ပာယ်မရှိတဲ့အရာတွေပေါ်မှာ ကျွန်မရဲ့အချိန်ကို ဖြုန်းတီးနေခဲ့တာပဲ။ ကျွန်မတို့အနားကရွာမှာ အဘွားအိုတစ်ယောက် ရှိခဲ့တာကို ကျွန်မ သတိရမိတယ်။ အသက်ရှစ်ဆယ်ကျော်ဆိုတော့ သူ့ကိုယ်သူ မစောင့်ရှောက်နိုင်တော့ပေမဲ့ သူ့သား သုံးယောက်ထဲက ဘယ်သူကမှ သူ့ကို မစောင့်ရှောက်ကြဘူး။ အဘွားအိုက ငတ်မွတ်ပြီး သေဆုံးသွားခဲ့တယ်၊ ပြီးတော့ သူ့ကို နောက်ဆုံးခရီးပို့တဲ့သူ မရှိခဲ့ဘူး။ ပြီးတော့ သမီးက နိုင်ငံခြားမှာ သွားနေပြီး ဘယ်တော့မှ ပြန်မလာတဲ့ ညီအစ်မကြီးတစ်ယောက်ကိုလည်း တွေးမိတယ်။ အခု အဲဒီညီအစ်မကြီးနဲ့ သူ့အမျိုးသားက အသက် ၇၀ ကျော်နေပြီ။ သူတို့ နေမကောင်းဖြစ်တိုင်း တူတော်မောင်က ဆေးစစ်ဖို့ ဆေးရုံလိုက်ပို့ပေးရှာတယ်၊ သူတို့ ဘဝကို ကောင်းကောင်းမွန်မွန် နေနေရတုန်းပဲ။ လူတစ်ယောက်ချင်းစီရဲ့ ဘဝကို ဘုရားသခင်က ကြိုတင် ပြဋ္ဌာန်းပြီး စီစဉ်ထားတာပါ။ ကျွန်မနဲ့ပတ်သက်တဲ့ အရာရာတိုင်းကို ဘုရားသခင်ဆီ အပ်နှံပြီး သူ့ရဲ့ စီစဉ်ညွှန်ကြားမှုတွေကို ကျိုးနွံနာခံရမယ်။ ကျွန်မ အသက်ကြီးတာကို မပူပန်သင့်တော့ဘူး။

ကျွန်မ ဆက်ပြီး ရှာဖွေရင်းနဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ထပ်ဖတ်မိတယ်။ “သားသမီးများအား ပျိုးထောင်ခြင်းကိုယ်၌က လူသားများ၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်။ ပင်ကိုအားဖြင့် ဤသည်မှာ လူသား၏ ဗီဇဖြစ်သည်။ နောက်ပိုင်းတွင် တာဝန်နှင့် ဝတ္တရားဖြစ်လာသည်။ သားသမီးများသည် မိဘများအပေါ် သားသမီးဝတ်ကျေပွန်ရန် မလိုအပ်ပေ၊ သို့မဟုတ် မိဘများအသက်ကြီးသောအခါတွင် ပံ့ပိုးဖို့ မလိုအပ်ပေ။ ပြီးလျှင် လူတို့သည် သားသမီးများက သားသမီးဝတ်ကျေပွန်မှသာ ကလေးမွေးသင့်ခြင်းမျိုး မဟုတ်ပေ။ ဤပန်းတိုင်၏ အရင်းအမြစ်ကိုယ်၌က မသန့်စင်ပေ။ ထို့ကြောင့် အဆုံးတွင် ယင်းသည် လူတို့အား ‘အလိုလေး၊ မည်သည့်အရာကို သင်လုပ်ဆောင်သည်ဖြစ်စေ သားသမီးမမွေးနှင့်’ ဟူသော ဤမှားယွင်းသည့် အတွေးမျိုးနှင့် အမြင်မျိုးကို ထုတ်ဖော်ပြောဆိုစေသည်။ ပန်းတိုင်က မသန့်စင်သည့်အတွက် ရလဒ်အဖြစ်ထွက်ပေါ်လာသည့် အတွေးများနှင့် အမြင်များသည်လည်း မမှန်ကန်ပေ။ ဤသို့ဆိုလျှင် ယင်းတို့ကို ပြုပြင်ပြီး လက်လွှတ်ရန် မလိုအပ်သလော။ (လိုအပ်ပါသည်။) ယင်းတို့ကိုမည်သို့ လက်လွှတ်ပြီး ပြုပြင်သင့်သနည်း။ မည်သည့်ရည်မှန်းချက်မျိုးကို ထားရှိခြင်းသည် သန့်စင်သော ရည်မှန်းချက်တစ်ခု ဖြစ်သနည်း။ မည်သည့်အတွေးမျိုးနှင့် အမြင်မျိုးသည် မှန်ကန်သနည်း။ တစ်နည်းအားဖြင့် မိမိတို့၏သားသမီးများနှင့် ဆက်ဆံရေးကို ကိုင်တွယ်ရန် မှန်ကန်သော နည်းလမ်းမှာ အဘယ်နည်း။ ရှေးဦးစွာ သားသမီးများအား ပျိုးထောင်ခြင်းသည် သင်၏ရွေးချယ်မှုဖြစ်သည်။ သင်သည် ၎င်းတို့အား လိုလိုလားလားဖြင့် မွေးဖွားခဲ့ပြီး ၎င်းတို့သည် မွေးဖွားလာရာတွင် သင်ပြုသမျှနုရသည်။ သားသမီးများမွေးထုတ်ရန် ဘုရားသခင်က လူသားများအား ပေးသည့်အလုပ်နှင့်တာဝန်မှလွဲ၍၊ ဘုရားသခင်၏ စီမံခြင်းမှလွဲ၍ မိဘဖြစ်သောသူများအနေဖြင့် ၎င်းတို့၏ စိတ်ခံစားချက်မှဖြစ်သော အကြောင်းပြချက်နှင့် စမှတ်မှာ ၎င်းတို့သည် သားသမီးများအား မွေးဖွားလိုစိတ်ရှိခြင်း ဖြစ်သည်။ သင်သည် သားသမီးများအား မွေးဖွားလိုလျှင် သင်သည် ၎င်းတို့ကို အရွယ်ရောက်သည်အထိ ပြုစုကာ ပျိုးထောင်ပြီး ၎င်းတို့အား အမှီအခိုကင်းလာအောင် ခွင့်ပြုသင့်သည်။ သင်သည် သားသမီးများအား မွေးဖွားလိုစိတ်ရှိပြီး သင်သည် ၎င်းတို့အား ပျိုးထောင်ခြင်းမှ များစွာရရှိနှင့်ပြီးဖြစ်သည်။ သင်သည် ကြီးစွာ အကျိုးအမြတ်ရရှိပြီး ဖြစ်သည်။ ရှေးဦးစွာ သင်သည် သင့်သားသမီးများနှင့် အတူတကွနေထိုင်လျက် ပျော်ရွှင်သောအချိန်ကို ခံစားခဲ့သည်။ ၎င်းတို့အား ပျိုးထောင်ခြင်း ဖြစ်စဉ်ကိုလည်း သင် မွေ့လျော်ခဲ့သည်။ ဤဖြစ်စဉ်သည် အတက်အကျရှိသော်လည်း အများအားဖြင့် သင့်သားသမီးများအား အဖော်ပြုခြင်း၊ ၎င်းတို့၏ အဖော်ပြုမှုကို ခံရခြင်းတို့၏ ပျော်ရွှင်မှုဖြင့် ပြည့်နေခဲ့သည်။ ဤသည်မှာ လူ့သဘာဝအတွက် လိုအပ်သော ဖြစ်စဉ်ဖြစ်သည်။ သင်သည် ဤအရာများကို ပျော်မွေ့ခဲ့သည်။ ပြီးလျှင် သင့်သားသမီးများထံမှ များစွာ ရရှိနှင့်ပြီး ဖြစ်သည်။ ဤသည်မှာ မမှန်သလော။ သားသမီးများသည် ၎င်းတို့၏ မိဘများအပေါ် ပျော်ရွှင်မှုနှင့် အဖော်ပြုမှုကို ယူဆောင်ပေးသည်။ ပြီးလျှင် အဖိုးအခများပေးဆပ်ခြင်းနှင့် မိမိတို့၏အချိန်၊ စွမ်းအင်အား ရင်းနှီးမြုပ်နှံခြင်းမှတစ်ဆင့် ဤသေးငယ်သောဘဝများသည် တဖြည်းဖြည်းချင်းဖြင့် အရွယ်ရောက်သူများအဖြစ် ကြီးပြင်းလာသည်ကို ကြည့်ရသည်မှာ မိဘများ ဖြစ်သည်။ မည်သည့်အရာကိုမျှ လုံးဝမသိသည့် မသိနားမလည်သော၊ ငယ်ရွယ်သောဘဝမှစပြီး ၎င်းတို့၏ သားသမီးများသည် တဖြည်းဖြည်းချင်း စကားပြောရန် သင်ယူပြီး စကားများကို အတူတကွ ဆက်စပ်နိုင်စွမ်း၊ အသိပညာအမျိုးမျိုးကို သင်ယူပြီး ခွဲခြားနိုင်စွမ်း၊ မိဘများနှင့် အပြန်အလှန်စကားပြောပြီး ဆက်သွယ်ပြောဆိုနိုင်စွမ်း၊ အမှုအရာများကို မျှတစွာရှုမြင်နိုင်စွမ်း ရှိလာသည်။ ဤသည်မှာ မိဘများ ကြုံရသည့် ဖြစ်စဉ်မျိုး ဖြစ်သည်။ ၎င်းတို့အတွက် ဤဖြစ်စဉ်ကို အခြားမည်သည့်ဖြစ်ရပ်၊ သို့မဟုတ် အခန်းကဏ္ဍမျှဖြင့် အစားမထိုးနိုင်ပေ။ မိဘများသည် သားသမီးများထံမှ ဤအရာများကို ခံစားပြီး ရရှိခဲ့ပြီးဖြစ်သည်။ ဤသည်မှာ ၎င်းတို့အတွက် ကြီးမားသောစည်းစိမ်နှင့် ဆုလာဘ်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၉))ယခုလောလောဆယ်တွင် သားသမီးများ၏ ရှုထောင့်မှ ပြောဆိုခြင်းကို ဘေးဖယ်ထားပြီး မိဘများ၏ ရှုထောင့်မှသာ ပြောဆိုကြစို့။ မိဘများသည် သားသမီးများအား သားသမီးဝတ် ကျေပွန်ရမည်ဟုလည်းကောင်း၊ ၎င်းတို့အိုမင်းသောအခါတွင် ၎င်းတို့အား ပြုစုစောင့်ရှောက်ရမည်ဟုလည်းကောင်း၊ မိဘများ၏ နှောင်းပိုင်းဘဝ၏ ဝန်ထုပ်ဝန်ပိုးကို ခံယူရမည်ဟုလည်းကောင်း မတောင်းဆိုသင့်ပေ။ ဤသို့လုပ်ဆောင်ရန် မလိုပေ။ တစ်ဖက်တွင် ဤသည်မှာ သားသမီးများအပေါ် မိဘများရှိသင့်သည့် သဘောထား ဖြစ်ပြီး အခြားတစ်ဖက်တွင် ဤသည်မှာ မိဘများ ပိုင်ဆိုင်သင့်သည့် ဂုဏ်သိက္ခာဖြစ်သည်။ ပို၍အရေးကြီးသော ကဏ္ဍရှိသည်မှာလည်း မှန်သည်။ ဤသည်မှာ မိဘများသည် ဖန်ဆင်းခံများအနေဖြင့် သားသမီးများအား ဆက်ဆံရာတွင် လိုက်နာသင့်သည့် စည်းမျဉ်း ဖြစ်သည်။ သင်၏ သားသမီးများသည် အရေးစိုက်လျှင်၊ သားသမီးဝတ် ကျေပွန်လျှင်၊ သင့်အား စောင့်ရှောက်လိုစိတ်ရှိလျှင် သင်က ငြင်းဆန်ရန် မလိုပေ။ ၎င်းတို့က ဤသို့လုပ်ဆောင်လိုစိတ် မရှိလျှင် သင်သည် တစ်နေကုန် ညည်းတွားပြီး ညည်းညူနေရန်ဖြစ်စေ၊ သင်၏စိတ်နှလုံးတွင် ကသိကအောက်ဖြစ်ရန်ဖြစ်စေ၊ မကျေမနပ် ဖြစ်ရန်ဖြစ်စေ၊ သင့်သားသမီးများအပေါ် အာဃာတထားရန်ဖြစ်စေ မလိုအပ်ပေ။ သင်သည် သင်တတ်နိုင်သမျှ သင်၏ကိုယ်ပိုင်ဘဝနှင့် ရှင်သန်ရေးအတွက်တာဝန်ယူပြီး ဝန်ထုပ်ဝန်ပိုး ထမ်းရွက်သင့်သည်။ ပြီးလျှင် အခြားလူများအပေါ်၊ အထူးသဖြင့် သင့်သားသမီးများအပေါ် လွှဲပြောင်းမပေးသင့်ပေ။ သင်သည် အဖော်မရှိဘဲ၊ သို့မဟုတ် သင့်သားသမီးများ၏ အကူအညီမပါဘဲ ဘဝကို တက်ကြွစွာနှင့် မှန်ကန်စွာ ရင်ဆိုင်သင့်သည်။ ပြီးလျှင် သင်သည် သင့်သားသမီးများနှင့် ဝေးလျှင်ပင် ဘဝက သင့်ထံသို့ ယူဆောင်လာသည့် မည်သည့်အရာကိုမဆို သင့်ဘာသာ ရင်ဆိုင်နိုင်ဆဲ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၉)) ဘုရားနှုတ်ကပတ်တော်တွေက အရမ်း ရှင်းပါတယ်။ မိဘတွေက သားသမီးတွေကို ကျွေးမွေးပြုစုပျိုးထောင်တာဟာ လူ့ဗီဇတစ်ခု ဖြစ်သလို တာဝန်နဲ့ ဝတ္တရားတစ်ခုလည်း ဖြစ်ပါတယ်။ မိဘတွေက သားသမီးမွေးဖို့ ရွေးချယ်ခဲ့ကြတာလေ၊ ဒါကြောင့် သားသမီးတွေကို ပျိုးထောင်ဖို့အတွက် ဆင်းရဲဒုက္ခ ဘယ်လောက်ခံရပါစေ၊ အဖိုးအခ ဘယ်လောက်ပေးရပါစေ၊ ဒါက သူတို့ လုပ်သင့်လုပ်ထိုက်တဲ့အရာပါပဲ။ ဒါပေမဲ့ ကျွန်မကတော့ “အသက်ကြီးလာလျှင် ပြုစုစောင့်ရှောက်ခံရရန် သားသမီး မွေးခြင်း” ဆိုတဲ့ ရိုးရာအယူအဆရဲ့ လွှမ်းမိုးမှုကို ခံထားရတော့ အသက်ကြီးလာရင် ကျွန်မကို ပြုစုစောင့်ရှောက်ဖို့ သမီးကို တောင်းဆိုခဲ့မိတယ်။ သမီးငယ်ငယ်တုန်းက ကျွန်မ ပြုစုပျိုးထောင်ပေးခဲ့တာမို့လို့ ကျွန်မ အသက်ကြီးရင် သူက ကိုယ့်ကို ပြုစုစောင့်ရှောက်ပေးရမယ်ဆိုတာ လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတတယ်လို့ ကျွန်မ ယုံကြည်ခဲ့တာ။ ဒီအမြင်က သမ္မာတရားနဲ့ မကိုက်ညီပါဘူး။ သမီးကို ပြုစုပျိုးထောင်တာက ကျွန်မရဲ့ တာဝန်နဲ့ ဝတ္တရားပါ။ ကျွန်မ လုပ်သင့်လုပ်ထိုက်တဲ့ အရာပါပဲ။ ဒါပေမဲ့ သမီးကို ပြုစုပျိုးထောင်တုန်းက ပေးဆပ်ခဲ့တဲ့ အဖိုးအခကို ကျွန်မ အသက်ကြီးတဲ့အခါ ပြုစုခိုင်းဖို့ အပေးအယူလုပ်စရာအဖြစ် ကျွန်မ အသုံးချခဲ့တယ်။ ကျွန်မရဲ့ လိုအင်ဆန္ဒတွေ မပြည့်ဝတဲ့အခါ ဒေါသထွက်ပြီး စိတ်ဆိုးခဲ့တယ်။ ကျွန်မ တကယ်ကို အရမ်း တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာလိုက်တာ။ တကယ်တော့ ကျွန်မတို့က သားအမိတွေ ဖြစ်ပေမဲ့ ဘုရားသခင်ရှေ့မှာ ကျွန်မတို့က နှစ်ယောက်လုံး ဖန်ဆင်းခံတွေဖြစ်ပြီး တန်းတူအဆင့်အတန်း ရှိကြတယ်။ သမီးက ကျွန်မရဲ့ ကျွန် မဟုတ်ပါဘူး၊ အသက်ကြီးတဲ့အခါ ပြုစုစောင့်ရှောက်ခိုင်းတာက ကျွန်မဘက်က ဆင်ခြင်တုံတရား မရှိရာ ကျပါတယ်။ သမီးကို ပြုစုပျိုးထောင်ရင်းနဲ့ ကျွန်မ ရသင့်ရထိုက်တာကို ရပြီးသားပဲလေ။ သမီး မွေးလာတဲ့အချိန်ကစလို့ ဖေဖေ မေမေလို့ ခေါ်တတ်တဲ့အရွယ်၊ ပြီးတော့ အရွယ်ရောက်လာတဲ့အချိန်အထိ သူက မိသားစုအတွက် ပျော်ရွှင်မှုတွေ အများကြီး ယူဆောင်လာပေးခဲ့တာပဲ။ သမီးကို ပြုစုပျိုးထောင်တဲ့ ဖြစ်စဉ်မှာ ကျွန်မရဲ့ အတွေးအခေါ်တွေ ရင့်ကျက်လာပြီး ဘဝအတွေ့အကြုံတွေ အများကြီး ရခဲ့ပါတယ်။ ဒါတွေက သမီးတစ်ယောက်ကို ပြုစုပျိုးထောင်တာကရတဲ့ ဆုလာဘ်တွေပဲ။ နောင်ကျရင် သမီးက ကျွန်မကို မပြုစုချင်ရင်တောင် ကျွန်မ စိတ်မဆိုးလို့မရပါဘူး။ ကိုယ့်ဘဝအတွက် ကိုယ်တတ်နိုင်သလောက် တာဝန်ယူရမယ်၊ သမီးကို မှီခိုနေမယ့်အစား ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံရမယ်။ ကျွန်မ ဒါကို နားလည်သွားတဲ့အခါမှာ အရမ်းကို စိတ်သက်သာရာရသွားတယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ခဲ့ရတယ်။ ဒီနှုတ်ကပတ်တော်က ကျွန်မရဲ့စိတ်နှလုံး လင်းထိန်သွားစေခဲ့ပြီး လျှောက်ရမယ့်လမ်းကြောင်းတစ်ခုကို ပေးခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သင်သည် အကြီးမားဆုံး ဆင်းရဲဒုက္ခနှင့် ဝမ်းနည်းမှုတို့ကို ခံစားရသည့်အခါ မည်သူက သင့်ကို အမှန်တကယ် နှစ်သိမ့်နိုင်သနည်း။ သင်၏အခက်အခဲများကို မည်သူက အမှန်တကယ် ဖြေရှင်းပေးနိုင်သနည်း။ (ဘုရားသခင်က ဖြေရှင်းပေးနိုင်ပါသည်။) ဘုရားသခင်သာလျှင် လူများ၏ အခက်အခဲများကို အမှန်တကယ် ဖြေရှင်းပေးနိုင်သည်။ သင်နေထိုင်မကောင်းဘဲ သင်၏သားသမီးများက သင်၏နံဘေးတွင် နေကာ သင့်အား သောက်စရာငှဲ့ပေးပြီး ပြုစုစောင့်ရှောက်လျှင် သင်သည် အတော်ပင် ပျော်ရွှင်လိမ့်မည် ဖြစ်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ သင်၏ သားသမီးများသည် ငြီးငွေ့လာမည်ဖြစ်ကာ မည်သူကမျှ သင့်ကို စောင့်ရှောက်ဖို့ လိုလားလိမ့်မည် မဟုတ်။ ထိုသို့သောအချိန်များတွင် သင်သည် အမှန်တကယ်ကို အထီးတည်းဖြစ်သည်ဟု ခံစားရလိမ့်မည်။ သို့ဖြစ်၍ သင်သည် အဖော်မရှိဟု တွေးထင်သည့်အချိန်တွင် ယင်းမှာ တကယ်တမ်း မှန်ကန်သလော။ ဘုရားသခင်သည် သင့်ကို အစဉ်သဖြင့် အဖော်ပြုပေးနေသည့်အတွက် ယင်းမှာ စင်စစ်အားဖြင့် မမှန်ကန်ပေ။ ဘုရားသခင်သည် လူများကို မစွန့်ပစ်ထားပေ။ သူသည် ၎င်းတို့ တစ်ချိန်လုံး အမှီပြုနိုင်ပြီး ခိုလှုံရာ ရှာနိုင်သောသူတစ်ဦးဖြစ်ကာ ၎င်းတို့၏ တစ်ဦးတည်းသော လူယုံတော်ဖြစ်သည်။ သို့ဖြစ်၍ သင့်အပေါ် မည်သည့် အခက်အခဲများနှင့် ဆင်းရဲဒုက္ခများ ကျရောက်ပါစေ၊ သင်သည် မည်သည့် မကျေနပ်ချက်များ၊ သို့မဟုတ် အပျက်သဘောဆောင်ခြင်း၊ အားနည်းခြင်းတို့နှင့်သက်ဆိုင်သော ကိစ္စများကို ရင်ဆိုင်ကြုံတွေ့ရပါစေ ဘုရားသခင်၏ ရှေ့မှောက်သို့ သင် ချက်ချင်း လာရောက်ပြီး ဆုတောင်းလျှင် ဘုရားနှုတ်ကပတ်တော်များက သင့်အား နှစ်သိမ့်မှု ပေးလိမ့်မည်။ သင်၏ အခက်အခဲများနှင့် သင်၏ အမျိုးမျိုးသော ပြဿနာများအားလုံးကို ဖြေရှင်းပေးလိမ့်မည်။ ဤကဲ့သို့သော ပတ်ဝန်းကျင်တစ်ခုတွင် သင်၏အထီးကျန်မှုသည် ဘုရားနှုတ်ကပတ်တော်များကို တွေ့ကြုံခံစားခြင်းနှင့် သမ္မာတရားကို ရရှိခြင်းတို့အတွက် အခြေခံလိုအပ်ချက် ဖြစ်လာလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားသခင်က အချိန်တိုင်းမှာ လူသားမျိုးနွယ်ရဲ့ အားကိုးအားထားရာပါ။ ကျွန်မတို့ နာကျင်တဲ့အခါ၊ အားနည်းတဲ့အခါ၊ ဒါမှမဟုတ် အခက်အခဲတွေ၊ ဆင်းရဲဒုက္ခတွေ ကြုံရတဲ့အခါ ကျွန်မတို့နဲ့ အမြဲအတူရှိနေတာ ဘုရားသခင်ပါ။ ဘုရားသခင်က နှုတ်ကပတ်တော်တွေနဲ့ ကျွန်မတို့ကို ဉာဏ်ပွင့်စေပြီး လမ်းပြတယ်၊ ပြဿနာတွေကို ဖြေရှင်းပေးပြီး ခက်ခဲတဲ့အချိန်တွေကို ကျော်ဖြတ်နိုင်အောင် ကူညီပေးပါတယ်။ ကျွန်မ ငယ်ငယ်ကတည်းက ခေါင်းမူးရောဂါ ရှိခဲ့တာ၊ ဒီရောဂါက ကျွန်မကို အနှစ် ၃၀ ကျော် ဒုက္ခပေးခဲ့တယ်။ ရောဂါထတိုင်း နှစ်ရက်ကြာအောင် လှဲနေရတယ်။ သမီးက သားသမီးဝတ်ကျေရင်တောင် ထမင်းခွံ့ ရေတိုက်ရုံလောက်ပဲ ကူညီပေးနိုင်မှာ၊ ကျွန်မရဲ့ ဝေဒနာကို ဖြေရှင်းပေးနိုင်မှာ မဟုတ်သလို ကျွန်မကိုယ်စား ပိုလို့တောင် ဒုက္ခခံနိုင်မှာ မဟုတ်ပါဘူး။ ဘုရားသခင်ကို စယုံကြည်ပြီးတဲ့နောက်မှာတော့ သတိတောင် မထားမိလိုက်ဘဲ ရောဂါပျောက်သွားပြီး ရောဂါဒဏ်ကို မခံစားရတော့ဘူး။ ကျွန်မ ရောဂါကို ဖယ်ရှားပေးခဲ့တာ ဘုရားသခင်ပါ။ ကျွန်မ အိမ်နဲ့ဝေးရာမှာ တာဝန်ထမ်းဆောင်နေတာ အခုဆိုရင် နှစ် ၂၀ နီးပါး ရှိနေပြီ၊ အမြဲတမ်း ကျန်းမာရေးကောင်းခဲ့တယ်။ ၂၀၂၂ ခုနှစ်မှာ ကပ်ရောဂါ ပြင်းထန်ပြီး လူတွေအများကြီး ကူးစက်ခံရတဲ့အချိန်မှာတောင်မှ ကျွန်မ ဘယ်တော့မှ ကိုဗစ် မကူးခဲ့ဘူး။ အခု ကျွန်မမှာ ဘာရောဂါကြီးကြီးမားမားမှ မရှိဘူး၊ ရံဖန်ရံခါ သာမန်ဖျားနာတာလောက် ဖြစ်တတ်ပေမဲ့ တိုင်းရင်းဆေးနည်းနည်း သုံးရုံနဲ့ သက်သာသွားတာပဲ။ ဒီနှစ်တွေတစ်လျှောက်လုံး ဘုရားသခင်က ကျွန်မကို ကာကွယ်ပေးခဲ့ပုံနဲ့၊ ဘုရားသခင်ကသာ ကျွန်မရဲ့ အားကိုးအားထား ဖြစ်မှန်း ကျွန်မ တွေ့ကြုံခံစားခဲ့ရတယ်။ ဒါကို နားလည်လိုက်တော့ ကျွန်မ အသက်ကြီးတဲ့အခါ ပြုစုစောင့်ရှောက်ပြီး နောက်ဆုံးခရီး ပို့ဆောင်ပေးမဲ့သူ မရှိမှာကို မပူဆွေး မစိုးရိမ်တော့ဘူး၊ ပြီးတော့ ကျွန်မ စိတ်နှလုံးက အများကြီး လွတ်မြောက်သွားတယ်။ ကျွန်မ ဧဝံဂေလိတရား ဟောတဲ့နေရာမှာ စိတ်နှစ်လိုက်တော့ တဖြည်းဖြည်းနဲ့ ရလဒ်တွေ ထွက်ခဲ့တယ်။ ဘုရားသခင်ရဲ့ ဦးဆောင်လမ်းပြမှုအတွက် ကျေးဇူးတင်ပါတယ်ရှင်။

အရှေ့သို့- ၆၈။ ကျွန်တော့်ရဲ့ လိမ်ညာခြင်းကို ကျွန်တော် ဖြေရှင်းခဲ့ပုံ

နောက်တစ်ခုသို့- ၇၀။ လူများကို ကျွန်မ စည်းမျဉ်းများနှင့်အညီ ဆက်ဆံတတ်ပြီ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁၅။ ဘုရားသခင်၏ နာမတော်နှင့် ပတ်သက်သည့် နက်နဲမှုကို နားလည်သဘောပေါက်ခြင်းမှတစ်ဆင့် သိုးသငယ်၏ ခြေလှမ်းများကို ကျွန်မ အမီလိုက်သည်

မူကျန်း၊ ထိုင်ဝမ်ကျွန်မ ငယ်စဉ်က၊ တော်ပြီး၊ ချင့်ချိန်စဉ်းစားတတ်သော ကလေးတစ်ယောက် ဖြစ်သောကြောင့် ကျွန်မ မိဘများ၊ ဆွေမျိုးများနှင့်...

၃၆။ ကြွယ်ဝချမ်းသာမှုနှင့် အောင်မြင်ကျော်ကြားမှုတို့မှလွတ်မြောက်ခြင်း

ရှောင်မင် တရုတ်နိုင်ငံ လွန်ခဲ့သည့်တစ်နှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင်အဖြစ် အရွေးခံရသည်။ ဤသည်မှာ ဘုရားသခင်၏ သနားကရုဏာနှင့်...

၇၅။ ရောဂါနှင့်ဆိုင်သော တုန်လှုပ်ဖွယ် အတွေ့အကြုံတစ်ခု

ကျုံးရှင်း တရုတ်နိုင်ငံအနန္တတန်ခိုးရှိသော ဘုရားသခင် ပြောသည်မှာ- “ငါ၏ လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက် အရေအတွက်သာ၍...

၃၄။ ခရစ်ယာန် ဝိညာဉ်ရေးရာ နိုးကြားမှုတစ်ခု

လင်းဝူ၊ ဂျပန်နိုင်ငံကျွန်တော်က ၈၀ ခုနှစ်ဖွား ကလေးတစ်ယောက် ဖြစ်ပြီး၊ သာမာန် လယ်သမား အိမ်ထောင်စုတစ်စုတွင် မွေးဖွားခဲ့သည်။ ကျွန်တော် အစ်ကိုက...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။