ဘုရားသခင်၏ အမှုတော်နှင့် စိတ်သဘောထားကို သိခြင်းနှင့်သက်ဆိုင်သော နှုတ်ကပတ်တော်များ
ကောက်နုတ်ချက် (၁၉)
နောက်ဆုံးသောကာလတွင် မွေးဖွားခဲ့သောသူများမှာ မည်ကဲ့သို့ လူအမျိုးအစား ဖြစ်သနည်း။ ၎င်းတို့မှာ စာတန်၏ ဖျက်ဆီးခြင်းကို နှစ်ထောင်ချီ ခံခဲ့ပြီးသောသူများ ဖြစ်ကြပြီး လူသားပုံသဏ္ဌာန်မရှိတော့သည့်တိုင်အောင် ပြင်းပြင်းထန်ထန် ဖျက်ဆီးခြင်းကို ခံခဲ့ပြီးသောသူများ ဖြစ်သည်။ သို့သော်လည်း ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ထုတ်ဖော်ခြင်းကို တွေ့ကြုံပြီးနောက်၊ သိမ်းပိုက်ခြင်းကို ခံပြီးနောက် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲမှ သမ္မာတရားကို ရရကြပြီး ဘုရားသခင်၏ လက်ခံယုံကြည်စေခြင်းကို ရိုးသားစွာ ခံကြသည်၊ ၎င်းတို့သည် ဘုရားသခင်အကြောင်း သိနားလည်ခြင်းကို ရရှိကြပြီး ဘုရားသခင်ကို အကြွင်းမဲ့ နာခံနိုင်ပြီး သူ၏ အလိုတော်ကို ဖြည့်ဆည်းနိုင်ကြသည်။ အဆုံးတွင် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်မှတစ်ဆင့် ရရှိသော လူစုတစ်စုသည် ဤကဲ့သို့ လူများ ဖြစ်လိမ့်မည်။ စာတန်အားဖြင့် ဖျက်ဆီးခြင်း မခံရသေးသည့် လူများသည် ဘုရားအလိုတော်ကို ဖြည့်ဆည်းမည်ဟု သင်ထင်သလော၊ သို့မဟုတ် စာတန်၏ ဖျက်ဆီးခြင်း ခံရပြီးဖြစ်ကာ နောက်ဆုံးတွင် ကယ်တင်ခြင်းခံရသည့် သူများသည် ဘုရားအလိုတော်ကို ဖြည့်ဆည်းမည်ဟု ထင်သလော။ စီမံခန့်ခွဲမှုအစီအစဉ်တစ်ခုလုံး တစ်လျှောက်တွင် ရလိမ့်မည် ဖြစ်သော လူများသည် ဘုရားသခင်၏ အလိုတော်ကို နားလည်နိုင်သော၊ ဘုရားသခင်ထံမှ သမ္မာတရားကို ရရှိပြီး ဘုရားသခင် သတ်မှတ်ထားသော အသက်နှင့် လူသားပုံသဏ္ဌာန်ကို ပိုင်ဆိုင်သော လူစုတစ်စု ဖြစ်သည်။ လူသားများကို ဘုရားသခင် ကနဦးဖန်ဆင်းခဲ့သည့်အချိန်က ၎င်းတို့တွင် လူသားပုံသဏ္ဌာန်နှင့် လူ့အသက်တို့ ရှိရုံမျှသာ ဖြစ်သည်။ သို့ရာတွင် ၎င်းတို့သည် လူသားများကို ဘုရားသခင် တောင်းဆိုသည့် သမ္မာတရားကို မပိုင်ဆိုင်သကဲ့သို့ လူသားတို့ အသက်ရှင်နေထိုင်ပြီးဖြစ်မည်ဟု ဘုရားသခင် အစဉ်သဖြင့် မျှော်လင့်ခဲ့သော လူသားပုံသဏ္ဌာန်ကို ၎င်းတို့ အသက်ရှင်နေထိုင်နိုင်ခြင်း မရှိခဲ့ချေ။ အဆုံးတွင် ရရှိမည့် လူတစ်စုသည် နောက်ဆုံးတွင် ကျန်ရစ်မည့် လူများဖြစ်ပြီး ဤသည်တို့သည် ဘုရားသခင် ရရှိသည့် လူများဖြစ်သည်။ ၎င်းတို့ကို ဘုရားသခင်က အားရပြီး ၎င်းတို့ကလည်း ဘုရားသခင်ကို ကျေနပ်စေသည်။
ကောက်နုတ်ချက် (၂၁)
ဘုရားသခင်သည် သူ၏အမှုတော်ကို သူ၏ လူ့ဇာတိခံယူခြင်းအားဖြင့် လုပ်ဆောင်သည်ဖြစ်စေ၊ သူ၏ဝိညာဉ်တော်မှတစ်ဆင့် လုပ်ဆောင်သည်ဖြစ်စေ အားလုံးကို သူ၏ စီမံခန့်ခွဲမှုအစီအစဉ်နှင့်အညီ လုပ်ဆောင်ခြင်းသာ ဖြစ်၏။ ပေါ်ပေါ်ထင်ထင်ဖြစ်သော သို့မဟုတ် ဖုံးကွယ်သော နည်းလမ်းများနှင့်အညီ လုပ်ဆောင်ခြင်းမဟုတ်၊ လူသားလိုအပ်ချက်များနှင့်အညီ လုပ်ဆောင်ခြင်းမဟုတ်။ သူ၏ စီမံခန့်ခွဲမှု အစီအစဉ်အတိုင်းသာ လုပ်ဆောင်ခြင်းဖြစ်သည်။ နောက်ဆုံးသောကာလ၏ အမှုတော်ကို ဘုရားသခင် သဘောကျသည့် နည်းလမ်းတစ်ခုခုဖြင့် လုပ်ဆောင်နိုင်သည်မျိုး မဟုတ်ပေ။ ဤအဆင့်သည် ရှေ့က သူ၏အမှုတော် အဆင့်နှစ်ဆင့်ကို အခြေခံကာ လုပ်ဆောင်ခြင်းဖြစ်သည်။ သူ့အမှုတော်၏ ဒုတိယအဆင့်ဖြစ်သော၊ ကျေးဇူးတော်ခေတ်၏ အမှုတော်သည် လူသားတို့ကို ရွေးနုတ်ခြင်းခံရစေခဲ့ပြီး၊ ဤအမှုကို လူ့ဇာတိခံယူခြင်းဖြင့် လုပ်ဆောင်ခဲ့၏။ ဝိညာဉ်တော်သည် ဘုရားအမှုတော်၏ လက်ရှိအဆင့်ကို လုပ်ဆောင်ရန် မဖြစ်နိုင်ခြင်း မဟုတ်၊ ဝိညာဉ်တော်သည် ယင်းအမှုကို လုပ်ဆောင်နိုင်စွမ်း ရှိ၏။ သို့သော် လူ့ဇာတိခံယူခြင်းဖြင့် လုပ်ဆောင်ရန် ပို၍ သင့်တော်သည်ဖြစ်ကာ၊ ဤနည်းလမ်းသည် လူတို့ကို ပို၍ ထိထိရောက်ရောက် ကယ်တင်နိုင်၏။ အမှန်တကယ်၌ လူတို့ကို သိမ်းပိုက်ရာတွင် လူ့ဇာတိခံယူခြင်း၏ မိန့်မြွက်ချက်များသည် သန့်ရှင်းသောဝိညာဉ်တော်၏ တိုက်ရိုက် မိန့်မြွက်ချက်များထက် ပို၍ အဆင်ပြေ၏။ ဘုရားသခင်အပေါ် လူတို့၏သိကျွမ်းမှုကို လွယ်ကူချောမောစေမှုတွင် ပို၍ သင့်တော်၏။ ဝိညာဉ်တော်က အမှုတော်ပြုသောအခါတွင် လူအများနှင့်အတူ အမြဲ ရှိနေ၍ မဖြစ်နိုင်ပေ။ လူ့ဇာတိခံယူခြင်းက ယခု လုပ်ဆောင်နေသကဲ့သို့ လူအများနှင့် အနီးကပ် နေထိုင်ပြီး လူအများနှင့် မျက်နှာချင်းဆိုင် ပြောဆိုရန်မှာ ဝိညာဉ်တော်အတွက် မဖြစ်နိုင်ပေ။ လူတို့၏အတွင်း၌ မည်သို့ ရှိကြောင်းကို လူ့ဇာတိခံယူခြင်းက ထုတ်ဖော်ပြနိုင်သကဲ့သို့ ဝိညာဉ်တော်အနေဖြင့် လုပ်ဆောင်ရန်မှာ မဖြစ်နိုင်သော အချိန်များ ရှိ၏။ ဤအဆင့်တွင် လူ့ဇာတိခံယူခြင်း၏ အမှုတော်သည် အဓိကအားဖြင့် လူတို့ကို သိမ်းပိုက်ရန်ဖြစ်သည်။ လူတို့ကို သိမ်းပိုက်ပြီးနောက်တွင်မူ ၎င်းတို့ကို စုံလင်အောင် ပြုလုပ်ရန်ဖြစ်သည်၊ သို့မှသာ ၎င်းတို့သည် ဘုရားသခင်ကို သိလာကြကာ၊ ဘုရားသခင်ကို ကိုးကွယ်နိုင်လာကြလိမ့်မည်။ ဤသည်မှာ ခေတ်ကို အဆုံးသတ်ခြင်း အမှုတော်ဖြစ်၏။ အကယ်၍ ဤအဆင့်သည် လူများကို သိမ်းပိုက်ခြင်းနှင့် မသက်ဆိုင်ဘဲ၊ ၎င်းတို့ကို ဘုရားသခင်ဟူသည် အမှန်ပင် ရှိကြောင်း အသိပေးခြင်းနှင့်သာ သက်ဆိုင်သည်ဆိုလျှင်၊ ဝိညာဉ်တော်အနေဖြင့် လုပ်ဆောင်နိုင်ပေမည်။ အကယ်၍ ဤအဆင့်အား ဝိညာဉ်တော်အားဖြင့် လုပ်ဆောင်သည်ဆိုလျှင် ဝိညာဉ်တော်သည် လူ့ဇာတိခံယူခြင်းကို အစားထိုးနိုင်မည်ဖြစ်ကာ၊ လူ့ဇာတိခံယူခြင်းကဲ့သို့ တူညီသောအမှုကို လုပ်ဆောင်နိုင်မည်၊ ထို့အပြင် ဘုရားသခင်သည် အနန္တတန်ခိုးရှိသောကြောင့် အမှုတော်ပြုနေသည်မှာ လူ့ဇာတိခံယူခြင်းဖြစ်စေ၊ ဝိညာဉ်တော်ဖြစ်စေ၊ တူညီသော ရလဒ်များကို ရရှိနိုင်မည်ဟု သင်တို့က ထင်ကောင်း ထင်နိုင်သည်။ သို့သော် သင်တို့ မှားပေလိမ့်မည်။ ဘုရားသခင်သည် လူသားကို ကယ်တင်ရန် သူ၏စီမံခန့်ခွဲမှုနှင့်အညီ၊ သူ၏အစီအစဉ်နှင့် အဆင့်များနှင့်အညီ လုပ်ဆောင်၏။ သင် တွေးထင်သကဲ့သို့၊ ဝိညာဉ်တော်သည် အနန္တတန်ခိုးရှိ၏၊ လူ့ဇာတိခံယူခြင်းသည် အနန္တတန်ခိုးရှိ၏၊ ဘုရားသခင်ကိုယ်တိုင်သည်လည်း အနန္တတန်ခိုးရှိ၏၊ ထို့ကြောင့် သူ ပြုလုပ်ချင်သော မည်သည့်အရာကိုမဆို ပြုလုပ်နိုင်၏ ဆိုသည်မျိုး မဟုတ်ပေ။ ဘုရားသခင်သည် သူ၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့်အညီ လုပ်ဆောင်ပြီး၊ သူ့အမှုတော်၏ အဆင့်တစ်ခုစီသည် တစ်ခုစီအတွင်း၌ တချို့သော အဆင့်များ ရှိကြ၏။ ဤအဆင့်ကို မည်သို့ လုပ်ဆောင်သင့်သည်နှင့် ပါဝင်သင့်သော အသေးစိတ်အချက်အလက်တို့ကို အသေအချာ ပြင်ဆင်ထား၏။ ဘုရားအမှုတော်၏ ပထမအဆင့်ကို ဣသရေလတွင် လုပ်ဆောင်ခဲ့ပြီး၊ ဤနောက်ဆုံး အဆင့်မှာမူ အဆင်းနီသော နဂါးကြီး၏နိုင်ငံ ဖြစ်သည့် တရုတ်ပြည်တွင် ဖြစ်သည်။ “ဘုရားသခင်က တခြားနိုင်ငံမှာ လုပ်ဆောင်လို့ မရဘူးလား” ဟု တချို့လူများက ဆိုကြ၏။ ဤအဆင့်၏ စီမံခန့်ခွဲမှု အစီအစဉ်အရ တရုတ်ပြည်၌ မဖြစ်မနေ လုပ်ဆောင်ရမည် ဖြစ်သည်။ တရုတ်ပြည်သူများသည် ခေတ်နောက်ပြန်ဆွဲကြ၏၊ ၎င်းတို့၏ဘဝများမှာ ပျက်စီးယိုယွင်းကြ၏၊ လူ့အခွင့်အရေးနှင့် လွတ်လပ်မှုတို့သည်လည်း မရှိပေ။ စာတန်နှင့် မိစ္ဆာနတ်ဆိုးများ တန်ခိုးအာဏာ ရှိနေသည့် နိုင်ငံတစ်ခုပင် ဖြစ်သည်။ တရုတ်ပြည်တွင် ပေါ်ထွန်းပြီး အမှုတော်ပြုရခြင်း၏ ရည်ရွယ်ချက်မှာ ကမ္ဘာ၏ အမှောင်မိုက်ဆုံးသော အရပ်တွင် နေထိုင်နေကြသော၊ စာတန်ကြောင့် အဆိုးရွားဆုံး ဖောက်ပြန်ပျက်စီးနေပြီဖြစ်သော ပြည်သူများကို ကယ်တင်ရန်ဖြစ်သည်။ ဤသည်မှာ စာတန်ကို အမှန်တကယ် အနိုင်ယူရန်နှင့် ဂုဏ်အသရေကို လုံးလုံး ရရှိရန် တစ်ခုတည်းသောနည်းလမ်း ဖြစ်၏။ ဘုရားသခင်သည် တခြားသောနိုင်ငံတွင် ပေါ်ထွန်းပြီး အမှုတော်ပြုမည်ဆိုလျှင်၊ ထိုမျှ အဓိပ္ပာယ် ပြည့်ဝလိမ့်မည် မဟုတ်ပေ။ ဘုရားအမှုတော်၏ အဆင့်တိုင်းသည် လိုအပ်ပြီး၊ မဖြစ်မနေ ပြုလုပ်ရမည့် နည်းလမ်းဖြင့် ဘုရားက လုပ်ဆောင်ခြင်းဖြစ်သည်။ တချို့သော အမှုအရာတို့ကို လူ့ဇာတိခံယူခြင်း အမှုဖြင့် အောင်မြင်နိုင်သလို၊ တချို့သော အမှုအရာတို့ကိုမူ ဝိညာဉ်တော်၏ အလုပ်အားဖြင့် အောင်မြင်နိုင်၏။ မည်သည့်နည်းလမ်းက အကောင်းဆုံးရလဒ်များ ရလာလိမ့်မည်ဟူသော အချက်နှင့်အညီ ဘုရားသခင်သည် လူ့ဇာတိခံယူခြင်းဖြင့်ဖြစ်စေ၊ ဝိညာဉ်တော်အားဖြင့်ဖြစ်စေ အမှုတော်ပြုရန် ရွေးချယ်၏။ သင်တို့ စိတ်ကူးထားသကဲ့သို့၊ မည်သည့် နည်းဖြင့် အမှုတော်ပြုသည်ဖြစ်စေ အဆင်ပြေလိမ့်မည်၊ ဘုရားသခင်သည် လူသား ပုံသဏ္ဌာန်ကို အလျဉ်းသင့်သလို ယူခြုံခြင်းအားဖြင့် အမှုတော် ပြုနိုင်သည်၊ ဝိညာဉ်တော်သည်လည်း လူအများနှင့် မျက်နှာချင်းဆိုင် မတွေ့ဆုံရဘဲ အမှုတော်ပြုနိုင်သည်၊ ဤနည်းလမ်း နှစ်ခုစလုံးမှာ သေချာသော အကျိုးရလဒ်များကို ရရှိနိုင်သည် ဆိုသည်မျိုး မဟုတ်ပေ။ သင်တို့သည် ဤအရာကို နားလည်မှုမလွဲရ။ ဘုရားသခင်သည် အနန္တတန်ခိုးရှိ၏၊ သို့သော် သူ့ထံတွင် လက်တွေ့ကျသော အပိုင်းတစ်ခုလည်း ရှိပြီး၊ လူတို့သည် ဤအရာကို မမြင်နိုင်ကြပေ။ လူတို့သည် ဘုရားသခင်ကို အလွန် တန်ခိုးဣဒ္ဓိပါဒ် ရှိသည်ဟူ၍ မြင်ကြပြီး၊ သူ့အား နားမလည်နိုင်ကြချေ။ ထို့ကြောင့် ဘုရားနှင့်ပတ်သက်၍ သဘာဝမကျသော စိတ်ကူးမျိုးစုံ၊ အယူအဆပေါင်းစုံကို ဖန်တီးကြ၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်သည် သမ္မာတရားဖြစ်ကြောင်း၊ ၎င်းအရာတို့သည် လက်တွေ့ကျကြောင်း၊ ၎င်းတို့သည် အစစ်မှန်ဆုံးအရာများ ဖြစ်ကြကြောင်း၊ ၎င်းအရာတို့ကို လူသားအနေဖြင့် ထိတွေ့နိုင်ကြောင်း၊ မြင်နိုင်ကြောင်းတို့ကို အလွန်နည်းပါးလှသော လူများသာ မြင်ကြ၏။ ဘုရား၏အမှုတော်ကို နှစ်အတန်ကြာ တွေ့ကြုံပြီးသည့်နောက်တွင် လူများသည် အမှန်တကယ် အစွမ်းအစနှင့် နားလည်နိုင်စွမ်း ရှိသည်ဆိုလျှင်၊ ဘုရားသခင် ဖော်ပြသော နှုတ်ကပတ်တော်များအားလုံးမှာ သမ္မာတရား စစ်မှန်မှုများ ဖြစ်ကြောင်း၊ ဘုရားသခင် ပြုသော အလုပ်နှင့် အမှုအရာများ အားလုံးတွင် သမ္မာတရားများနှင့် စည်းမျဉ်းများ ရှိနေကြောင်း၊ သူ ပြုသမျှ အရာအားလုံးတွင် ကြီးမားသော အရေးပါမှုရှိကြောင်းတို့ကို ၎င်းတို့ မြင်နိုင်သင့်၏။ ဘုရားသခင် ပြုလုပ်သော မည်သည့်အရာမဆို အဓိပ္ပာယ်ရှိ၏၊ လိုအပ်၏၊ ထို့ပြင် အကောင်းဆုံးသော အကျိုးရလဒ်များ ရရှိနိုင်၏။ တိကျသော ရည်ရွယ်ချက်၊ အစီအစဉ်နှင့် အရေးပါမှုတို့ ပါရှိသည်ချည်းသာဖြစ်၏။ ဘုရား၏အမှုတော်သည် ထောက်ထားစာနာခြင်း မရှိသော နှုတ်ထွက်စကားများအပေါ် အခြေခံကာ ပြုလုပ်သည်ဟု သင် ထင်သလော။ ဘုရားသခင်ထံ၌ အနန္တတန်ခိုးနှင့်ပြည့်စုံသော အပိုင်းအခြမ်းတစ်ခု ရှိ၏၊ သို့သော် လက်တွေ့ကျသော အပိုင်းအခြမ်းတစ်ခုလည်း ရှိနေ၏။ သင်တို့၏ အသိသည် တစ်ဖက်စောင်းနင်းဖြစ်နေသည်။ ဘုရားသခင်၏ အနန္တတန်ခိုးနှင့်ပြည့်စုံသော ဘက်ခြမ်းကို သင်တို့၏သိနားလည်မှုတွင် အမှားများ ရှိနေ၏။ သူ၏လက်တွေ့ကျသော ဘက်ခြမ်းကို သင်တို့၏သိနားလည်မှုမှာကား ဆိုဖွယ်ရာပင် မရှိတော့၊ အမှားများမှာ ပို၍ပင် များလှ၏။
ဘုရားအမှုတော်၏ အဆင့်သုံးဆင့်တွင် ပထမအဆင့်ကို ဝိညာဉ်တော်အားဖြင့် လုပ်ဆောင်သော်လည်း၊ နောက်ဆုံးနှစ်ဆင့်ကိုမူ လူ့ဇာတိခံယူခြင်းဖြင့် လုပ်ဆောင်၏။ ဘုရားအမှုတော်၏ အဆင့်တစ်ခုစီသည် လွန်စွာ အရေးပါ၏။ ဥပမာ ကားတိုင်တင်ခြင်းကို ကြည့်ပါ၊ အကယ်၍ ဝိညာဉ်တော်သည် ကားတိုင်တွင် စီရင်ခံရသည်ဆိုလျှင်၊ မည်သည့် အဓိပ္ပာယ်မျှ ရှိလိမ့်မည်မဟုတ်။ အကြောင်းမှာ လူတို့သည် ဝိညာဉ်တော်ကို မမြင်နိုင် မထိတွေ့နိုင်သလို၊ ဝိညာဉ်တော်သည်လည်း မည်သည်ကိုမှ ခံစား၍မရ၊ ဝေဒနာကိုလည်း မခံစားတတ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဤကားတိုင်တင်ခြင်းသည် မည်သည့် အဓိပ္ပာယ်မျှ ရှိလိမ့်မည်မဟုတ်။ နောက်ဆုံးသောကာလတွင် ဖြစ်ပေါ်သော အဆင့်မှာမူ လူတို့ကို သိမ်းပိုက်ခြင်းအဆင့်ဖြစ်ကာ၊ လူ့ဇာတိခံယူခြင်းက ပြုလုပ်နိုင်သော အလုပ် ဖြစ်၏။ ဤအလုပ်နှင့်ပတ်သက်လာလျှင် လူ့ဇာတိခံယူခြင်းကို ဝိညာဉ်တော်ဖြင့် အစားထိုးမရနိုင်သလို၊ ဝိညာဉ်တော်အားဖြင့် ပြုလုပ်သော အလုပ်ကိုလည်း လူ့ဇာတိခံယူခြင်းဖြင့် မလုပ်ဆောင်နိုင်ပေ။ ဘုရားသခင်က သူ့အမှုတော်၏ အဆင့်တစ်ခုကို ပြုရန် လူ့ဇာတိခံယူခြင်းကိုဖြစ်စေ၊ ဝိညာဉ်တော်ကိုဖြစ်စေ ရွေးချယ်သည့်အခါ၊ ဤအရာသည် တကယ်ပင် လိုအပ်သော ရွေးချယ်မှု ဖြစ်ပြီး၊ အကောင်းဆုံး အကျိုးရလဒ်များ ရရှိစေရန်နှင့် သူ၏ စီမံခန့်ခွဲမှုအစီအစဉ် ရည်မှန်းချက်များ အောင်မြင်စေရန် လုပ်ဆောင်ခြင်းများသာ ဖြစ်၏။ ဘုရားသခင်ထံ၌ အနန္တတန်ခိုးနှင့်ပြည့်စုံသော အပိုင်းနှင့် လက်တွေ့ကျသော အပိုင်းတို့ ရှိ၏။ သူ့အမှုတော်၏ အဆင့်တိုင်းတွင် လက်တွေ့ကျသော နည်းလမ်းမျိုးဖြင့် လုပ်ဆောင်၏။ လူတို့က ဘုရားသခင်သည် စကားပြောဆိုခြင်း၊ စဉ်းစားခြင်း မလုပ်၊ သူ ပြုချင်သော မည်သည့်အရာကိုမဆို ပြုလုပ်သည်ဟု ထင်မှတ်ကြသည်။ သို့သော် ဤသို့မဟုတ်ပေ။ သူ့ထံတွင် ဉာဏ်ပညာရှိ၏၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်း ရှိ၏၊ ဤသည်မှာ သူ၏အနှစ်သာရ ဖြစ်သည်။ ဘုရားသခင်သည် အမှုတော်ပြုသည့်အခါ၊ သူ၏စိတ်သဘောထား၊ သူ၏အနှစ်သာရ၊ သူ၏ ဉာဏ်ပညာ၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို ထုတ်ဖော်ပြသရန် လိုအပ်၏။ သို့မှသာ လူတို့သည် ဤအရာတို့ကို နားလည်နိုင်မည်၊ သိလာနိုင်မည်၊ ရရှိနိုင်မည် ဖြစ်သည်။ ဘုရားသခင်သည် တကယ် မရှိသော အခြေအနေပေါ် အခြေခံကာ အမှုတော် မပြုပေ၊ လူတို့၏ စိတ်ကူးစိတ်သန်းများအပေါ် အခြေခံကာ အမှုတော်ပြုဖို့ဆိုသည်ကား ပို၍ မဖြစ်နိုင်ပေ။ သူသည် အမှုတော်၏ လိုအပ်ချက်များနှင့်အညီ လုပ်ဆောင်၏၊ ရရှိရန် လိုအပ်သော ရလဒ်များနှင့်အညီ လုပ်ဆောင်၏။ သူသည် လက်တွေ့ကျသော နည်းလမ်းမျိုးဖြင့် ပြောဆို၏၊ သူသည် နေ့စဉ်နေ့တိုင်း အမှုတော်ပြုကာ ဆင်းရဲဒုက္ခခံ၏၊ ဒုက္ခခံသောအခါတွင် သူသည် ဝေဒနာကို ခံစား၏။ လူ့ဇာတိခံယူခြင်းက အမှုတော်ပြုကာ မိန့်ဆိုနေသည့် အချိန်ကာလအတွင်းတွင် ဝိညာဉ်တော်သည်လည်း ရှိနေ၏ ဆိုသည်မျိုး မဟုတ်ပေ။ လူ့ဇာတိခံယူခြင်းက အမှုတော်မပြု၊ မမိန့်ဆိုသောအချိန်တွင် ဝိညာဉ်တော်သည်လည်း အဝေးကို ရောက်နေ၏ ဆိုသည်မျိုးလည်း မဟုတ်ပေ။ ထိုသို့ ဖြစ်သည်ဆိုလျှင်၊ ကိုယ်တော်သည် ဆင်းရဲဒုက္ခ ခံစားရလိမ့်မည် မဟုတ်။ ဤအရာသည်လည်း လူ့ဇာတိခံယူခြင်းတစ်ခု ဖြစ်ခဲ့လိမ့်မည် မဟုတ်ပေ။ လူတို့သည် ဘုရားသခင်၏ လက်တွေ့ကျသောအပိုင်းကို မမြင်နိုင်ကြချေ။ ထို့ကြောင့် လူတို့သည် ဘုရားသခင်ကို ကောင်းစွာ မသိကြ၊ သူ့အပေါ် ၎င်းတို့၏ သိနားလည်ခြင်းမှာလည်း အပေါ်ယံမျှသာ ဖြစ်၏။ လူတို့က ဘုရားသခင်သည် လက်တွေ့ကျပြီး သာမန်အတိုင်းသာ ဖြစ်သည် ဟုလည်းကောင်း၊ ဘုရားသခင်သည် အနန္တတန်ခိုးရှိပြီး အလုံးစုံ အစွမ်းရှိသည် ဟုလည်းကောင်း ဆိုကြ၏။ ဤစကားများ အားလုံးမှာ တခြားသူများထံမှ ၎င်းတို့ သိရှိထားသည်များသာ ဖြစ်ကြသည်။ အကြောင်းမှာ ၎င်းတို့တွင် စစ်မှန်သော အသိနှင့် စစ်မှန်သော အတွေ့အကြုံ မရှိကြသောကြောင့် ဖြစ်သည်။ လူ့ဇာတိခံယူခြင်းနှင့် ပတ်သက်လာလျှင်အဘယ်ကြောင့် လူ့ဇာတိခံယူခြင်း၏ အနှစ်သာရကို ဤမျှ အလေးထားနေရသနည်း။ အဘယ်ကြောင့် ဝိညာဉ်တော်ကို အလေးမပေးသနည်း။ ဗဟိုချက်မှာ လူ့ဇာတိခံယူခြင်း၏ အလုပ်အပေါ်တွင် တည်နေခြင်း ဖြစ်သည်။ ဝိညာဉ်တော်၏အလုပ်မှာ ထောက်ပံ့ကူညီပေးရန် ဖြစ်ပြီး၊ ဤသည်မှာ လူ့ဇာတိခံယူခြင်း အမှုတော်၏ အကျိုးရလဒ်များကို ရရှိစေ၏။ အဆင့်တစ်ခုစီ၌ လူတို့သည် ဘုရားသခင်အကြောင်းကို အနည်းငယ် သိလာနိုင်ကြ၏။ သို့သော် ၎င်းတို့သည် ဘုရားသခင်အကြောင်းကို အနည်းငယ် ပို၍ သိချင်ကြသောအခါ၊ ထိုအကြောင်းအရာကို မထိုးဖောက်နိုင်၊ မရရှိနိုင် ဖြစ်ကြသည်။ ဘုရားသခင်က အနည်းငယ် မိန့်ဆိုသည့်အခါ လူတို့သည် အနည်းငယ် နားလည်ကြ၏၊ သို့သော် ဘုရားသခင်ပေါ် ၎င်းတို့၏သိခြင်းမှာ များစွာ ရှင်းရှင်းလင်းလင်း မရှိသေးသည့်အပြင်၊ ထိုအခြင်းအရာ၏ ပဓာနကျသော အပိုင်းကို ၎င်းတို့ အလွယ်တကူ သဘောမပေါက်နိုင်ကြပေ။ အကယ်၍ သင်တို့သည် လူ့ဇာတိခံယူခြင်းက ပြုလုပ်နိုင်သော အရာမှန်သမျှကို ဝိညာဉ်တော်က ပြုလုပ်နိုင်သည် ဟုလည်းကောင်း၊ ဝိညာဉ်တော်သည် လူ့ဇာတိခံယူခြင်းကို အစားထိုးနိုင်သည် ဟုလည်းကောင်း ထင်မြင်ကြလျှင်၊ သင်တို့သည် လူ့ဇာတိခံယူခြင်း၏ အရေးပါမှု၊ လူ့ဇာတိခံယူခြင်း၏ အလုပ်နှင့် လူ့ဇာတိခံယူခြင်းသည် အဘယ်နည်း ဆိုသည်တို့ကို မည်သည့်အခါမျှ သိလာကြလိမ့်မည် မဟုတ်ပေ။