ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ခြောက်မျိုးကို သိခြင်းကသာ စစ်မှန်သော မိမိကိုယ်ကိုယ် သိခြင်းဖြစ်သည်

ဘုရားသခင်အပေါ် လူသား၏ ယုံကြည်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ (ကယ်တင်ခြင်းခံရဖို့ ဖြစ်သည်။) ကယ်တင်ခြင်းသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွင် စဉ်ဆက်မပြတ်ပြောဆိုရသော အကြောင်းအရာတစ်ခုဖြစ်သည်။ ဤသို့ဆိုလျှင် ကယ်တင်ခြင်းကို မည်သို့ ရရှိနိုင်သနည်း။ (သမ္မာတရားအား လိုက်စားခြင်း၊ ဘုရားသခင်ရှေ့တွင် အစဉ်သဖြင့် အသက်ရှင်ခြင်းအားဖြင့် ဖြစ်သည်။) ဤသည်မှာ ကျင့်ကြံမှုအမျိုးအစားတစ်ခုဖြစ်သည်။ ဘုရားသခင်၏ ရှေ့တွင် အစဉ်အသက်ရှင်ခြင်းအားဖြင့် မည်သည့်အရာကို ရရှိရမည်နည်း။ ရည်ရွယ်ချက်မှာ အဘယ်နည်း။ (ဘုရားသခင်နှင့် သာမန်ဆက်ဆံရေးကို တည်ဆောက်ရန်ဖြစ်သည်။) (ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ရန်၊ သမ္မာတရားကို နားလည်ပြီး ဘုရားသခင်အပေါ် အမှန်တကယ် သိမြင်မှုကို ရရှိရန်ဖြစ်သည်။) အခြားမည်သည့်အရာရှိသေးသနည်း။ (သမ္မာတရားကို ရှာဖွေရန်၊ သမ္မာတရားအား ကျွန်ုပ်တို့၏ အသက်ဖြစ်စေရန်ဖြစ်သည်။) ဤအရာများသည် တရားဒေသနာဟောကြားသည့် အချိန်အတွင်းတွင် မကြာခဏပြောသော အရာများဖြစ်ပြီး ဝိညာဉ်ရေးနှင့်ဆိုင်သော စကားများဖြစ်သည်။ အခြားမည်သည့်အရာရှိသေးသနည်း။ (ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့်အတူ ဘုရားသခင်၏ ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းကို တွေ့ကြုံခံစားရန်၊ ဤဖြစ်စဉ်အတွင်းတွင် ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန်၊ ထို့အပြင် ဘုရားသခင်အား အမှန်တကယ်သိမြင်မှုကို ရရှိရန်၊ နောက်ဆုံးတွင် သမ္မာတရားနှင့် လူ့သဘာဝပိုင်ဆိုင်သောသူတစ်ယောက်ဖြစ်လာရန်အတွက် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး သိမြင်ကာ သမ္မာတရားကို ရှာဖွေရန်အတွက် ဘုရားသခင်၏ စမ်းသပ်မဇှုနှင့် စစ်ဆေးမှုကို တွေ့ကြုံခံစားရန်ဖြစ်သည်။) သင်တို့သည် ပြီးခဲ့သော နှစ်အနည်းငယ်တွင် တရားဒေသနာများကို ကြားနာခြင်းမှ များစွာနားလည်ခဲ့သည့် ပုံစံရှိသည်။ ဤသို့ဆိုလျှင် သင်တို့နားလည်သည့် ဤအရာများသည် တကယ့်ပြဿနာနှင့် အခက်အခဲအချို့ကို ဖြေရှင်းရန် သင်၏ အတွေ့အကြုံများတွင် အသုံးပြုနိုင်သလော။ ဥပမာအားဖြင့် မမှန်ကန်သော အတွေးများနှင့် အယူအဆများ၊ ရံဖန်ရံခါဖြစ်ပေါ်သော အပျက်သဘောဆောင်မှုနှင့် အားနည်းချက်၊ ထို့အပြင် အယူအဆများ၊ စိတ်ကူးများနှင့်သက်ဆိုင်သည့် ပြဿနာအချို့တို့ကို လျင်မြန်စွာ ဖြေရှင်းနိုင်သလော။ လူအချို့သည် ပြဿနာအသေးစား အနည်းငယ်ကို ဖြေရှင်းကောင်းဖြေရှင်းနိုင်သည်။ သို့သော် ၎င်းတို့သည် အကြီးစား၊ အရင်းအမြစ် အကြောင်းရင်းဖြစ်သော ပြဿနာများတွင် အခက်အခဲရှိနိုင်သေးသည်။ ယနေ့တွင် သမ္မာတရားနှင့်ပတ်သက်ပြီး သင်တို့တွင်ရှိသော နားလည်မှုအဆင့်ကို အခြေခံလျှင် သင်တို့သည် ယောဘကဲ့သို့သော စမ်းသပ်မှုမျိုးကို ရင်ဆိုင်ရလျှင် ခိုင်မာစွာ ရပ်တည်နိုင်မည်လော။ (ကျွန်ုပ်တို့သည် ခိုင်မာစွာ ရပ်တည်ရန် စိတ်ပိုင်းဖြတ်မည်။ သို့သော် တစ်စုံတစ်ခုက ကျွန်ုပ်တို့အပေါ် အမှန်တကယ် ဖြစ်ပျက်ခဲ့လျှင် ကျွန်ုပ်တို့၏ တကယ့် ဝိညာဉ်ရင့်ကျက်မှုက မည်သည့်အရာဖြစ်လိမ့်မည်ကို ကျွန်ုပ်တို့ မသိပါ။) သို့သော် သင်တို့အပေါ်တွင် မည်သည့်အရာမျှ မဖြစ်ပျက်သောအခါတွင်ပင် သင်တို့၏ တကယ့်ဝိညာဉ်ရင့်ကျက်မှုကို မသိသင့်သလော။ ဤအရာကို မသိခြင်းသည် အန္တရာယ်ကြီးမားသည်။ ဤ မကြာခဏ ထပ်ခါထပ်ခါပြောဆိုသော ဝိညာဉ်ရေးစကားများနှင့် သတ်မှတ်ထားသော စကားစုများ၏ လက်တွေ့ကျသော ကဏ္ဍများကို သင်တို့သိသလော။ ဤစကားစုတစ်ခုဆီ၏ အမှန်တကယ် ညွှန်းဆိုမှုကို သင်တို့ နားလည်သလော။ ထိုအရာများထဲတွင် သမ္မာတရားက မည်သည့်အရာဖြစ်သည်ကို သင်တို့ နားလည်သလော။ သင်သည် ဤအရာများကို သိပြီး တွေ့ကြုံပြီးဖြစ်လျှင် ဤသည်မှာ သမ္မာတရားကို သင်နားလည်သည်ဟု သက်သေပြသည်။ သင်သည် ဝိညာဉ်ရေးစကားများနှင့် စကားစုအနည်းငယ်ကိုသာ အကြိမ်ကြိမ်ရေရွတ်နိုင်ပြီး တစ်စုံတစ်ခုကို သင် အမှန်တကယ် ကြုံတွေ့သောအခါ ၎င်းတို့သည် သင့်အတွက် အသုံးမဝင်လျှင်၊ သင်၏ ပြဿနာများကို ဖြေရှင်းနိုင်စွမ်းမရှိလျှင် ဤသည်မှာ ဘုရားသခင်အား သင်ယုံကြည်သည့် ဤနှစ်များအားလုံးပြီးနောက်တွင် သင်သည် သမ္မာတရားကို နားမလည်သေးဘဲ တကယ့်အတွေ့အကြုံတစ်ခုမျှ မရှိခဲ့သည်ကို သက်သေပြသည်။ ဤအရာကို ငါပြောခြင်း၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ လူတို့သည် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုတွင် ဤအခြေအနေအထိ ရောက်ရှိပြီးသောအခါ ဘာသာရေးသမားများ၊ သို့မဟုတ် မယုံကြည်သူများထက် သမ္မာတရားကို အနည်းငယ်ပို၍ နားလည်ကြသည်။ ဘုရားသခင်၏ အမှုတော်က၏ ရူပါရုံအချို့ကို နားလည်ကြသည်။ စည်းမျဉ်းသတ်မှတ်ထားသောအရာအနည်းငယ်ကို လိုက်နာနိုင်ကြသည်။ ပြီးလျှင် ဘုရားသခင်၏ အချုပ်အခြာအာဏာအပေါ် နားလည်မှု၊ တန်ဖိုးထားမှုအချို့ရှိသည်၊ အမှန်တကယ် သိမြင်မှုအနည်းငယ်ရှိသည်ဟု ဆိုနိုင်သည်။ သို့သော် ဤအရာများသည် ၎င်းတို့၏ အသက်စိတ်သဘောထားကို ပြောင်းလဲပေးခဲ့သလော။ သင်တို့တစ်ဦးချင်းစီသည် ဘုရားသခင်၏ အမှုတော်ရူပါရုံ၊ ဘုရားသခင်၏ အမှုတော်၏ ရည်ရွယ်ချက်နှင့် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏အလိုတော်တို့ဖြစ်သော ရူပါရုံများနှင့် ဆက်နွှယ်သည့် မကြာခဏ ကြားရလေ့ရှိသော သမ္မာတရားအနည်းငယ်အကြောင်းကို အကြမ်းဖျင်း ပြောနိုင်သည်။ သင်တို့ပြောသော အသိအမြင်သည် ဘာသာရေးသမားများထက် အလွန်ပို၍ မြင့်သည်။ သို့သော် ဤအရာအားလုံးသည် သင်တို့၏ စိတ်သဘောထားကို ပြောင်းလဲစေနိုင်သလော၊ သို့မဟုတ် သင်တို့၏ စိတ်သဘောထားတွင် တစ်စိတ်တစ်ပိုင်း ပြောင်းလဲခြင်းကိုပင် ဖြစ်စေနိုင်သလော။ ဤအရာကို သင်တို့ တိုင်းတာနိုင်သလော။ ဤသည်မှာ အလွန်အရေးကြီးသည်။

ကမ္ဘာမြေပေါ်တွင် ဘုရားသခင်အား အတိအကျ မည်သို့သိမြင်ရမည်၊ ကမ္ဘာမြေပေါ်တွင် ဘုရားသခင်နှင့် မည်သို့ဆက်ဆံရမည်၊ ဘုရားသခင်နှင့် သာမန်ဆက်ဆံရေးကို မည်သို့ တည်ဆောက်ရမည်ဆိုသည်တို့ကို လတ်တလောတွင် ငါတို့ မိတ်သဟာယပြုခဲ့သည်။ ဤအရာတို့သည် လက်တွေ့အကျဆုံး မေးခွန်းများမဟုတ်သလော။ ဤအရာအားလုံးသည် လက်တွေ့လုပ်ဆောင်မှု ကဏ္ဍနှင့်သက်ဆိုင်သော သမ္မာတရားများဖြစ်ပြီး ဤအရာများကို မိတ်သဟာယဖွဲ့ခြင်း ရည်ရွယ်ချက်သည် ဘုရားသခင်အား မည်သို့ ယုံကြည်ရမည်၊ မိမိတို့၏ နေ့စဉ်အသက်တာတွင် ဘုရားသခင်နှင့် မည်သို့ ဆက်ဆံပြီး ဘုရားသခင်နှင့် သာမန်ဆက်ဆံရေးကိုတည်ဆောက်ရမည်ဆိုသည်ကို လူတို့အား အသိပေးရန်ဖြစ်သည်။ လက်တွေ့လုပ်ဆောင်မှုနှင့် သက်ဆိုင်သော သမ္မာတရားများ၊ သင် ကြားခဲ့ပြီးဖြစ်သော၊ နားလည်ခဲ့သော၊ လက်တွေ့လုပ်ဆောင်နိုင်သော သမ္မာတရားအားလုံးနှင့် ပတ်သက်လျှင် ၎င်းတို့သည် သင်တို့၏ စိတ်သဘောထားကို ပြောင်းလဲနိုင်သလော။ လူတို့သည် ဤနည်းဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လျှင်၊ ဤအရာကို ရရှိရန်အတွက် အမှန်တကယ် ကြိုးပမ်းလျှင် ၎င်းတို့သည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်နေခြင်းဖြစ်သည်၊ ဤသမ္မာတရားများကို ၎င်းတို့၏ စစ်မှန်မှုအဖြစ် ပြုလုပ်ပြီးဖြစ်လျှင် ၎င်းတို့၏ စိတ်သဘောထားတွင် ပြောင်းလဲမှုများကို ရရှိနိုင်သလော။ (ရရှိနိုင်သည်။) စိတ်သဘောထားတွင် ပြောင်းလဲမှုများသည် မည်သည့်အရာများဖြစ်သည်ကို လူများစွာက မမြင်နိုင်ကြပေ။ ဝိညာဉ်ရေးဆိုင်ရာ အယူဝါဒများစွာကို အကြိမ်ကြိမ်ရွတ်ဆိုနိုင်ခြင်း၊ သမ္မာတရားများစွာကို နားလည်ခြင်းသည် စိတ်သဘောထားပြောင်းလဲမှုများကို ကိုယ်စားပြုသည်ဟု ၎င်းတို့က ထင်ကြသည်။ ဤသည်မှာ မှားယွင်းသည်။ သမ္မာတရားအား နားလည်သည့်အချိန်မှစပြီး ဤသမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအထိ၊ ထို့နောက် စိတ်သဘောထားပြောင်းလဲခြင်းအထိသည် ဘဝအတွေ့အကြုံ၏ ရှည်လျားသော ဖြစ်စဉ်ဖြစ်သည်။ စိတ်သဘောထားပြောင်းလဲခြင်းများကို သင်တို့ မည်သို့ နားလည်သနည်း။ ဤအခြေအနေအထိ သင်တို့ ကြုံတွေ့ခဲ့ရသော အရာအားလုံးတွင် သင်၏ အသက်စိတ်သဘောထား၌ အပြောင်းအလဲတစ်ခုခုဖြစ်ခဲ့သလော။ ဤအရာများကို သင်တို့ မမြင်ကောင်းမမြင်နိုင်ပေ။ ဤအရာအားလုံးသည် ပြဿနာဖြစ်စေသည်။ “စိတ်သဘောထားပြောင်းလဲခြင်း” တွင်ရှိသော “ပြောင်းလဲခြင်း” ဟူသည့် စကားသည် အမှန်တကယ်တွင် နားလည်ရန် အလွန်ခက်ခဲခြင်းမရှိပေ။ ဤသို့ဆိုလျှင် “စိတ်သဘောထား” ဆိုသည်မှာ အဘယ်နည်း။ (လူသား ဖြစ်တည်မှု၏ နိယာမ၊ စာတန်၏ အဆိပ်ဖြစ်သည်။) အခြားမည်သည့်အရာဖြစ်သေးသနည်း။ (လူသားတွင် သဘာဝဖြစ်သည့်အရာ၊ ဘဝ၏ အနှစ်သာရတွင်ရှိသည့်အရာဖြစ်သည်။) သင်တို့သည် ဤဝိညာဉ်ရေးဝေါဟာရများကို ထုတ်၍ပြောလျက်ရှိသည်။ သို့သော် ၎င်းတို့အားလုံးသည် အယူဝါဒများ၊ အကြမ်းဖျဉ်းဖော်ပြချက်များဖြစ်သည်။ မည်သည့် အသေးစိတ်အချက်အလက်မျှ မပါဝင်ပေ။ ဤသည်မှာ သမ္မာတရား၏ အနှစ်သာရကို နားလည်ခြင်းမဟုတ်ပေ။ ငါတို့သည် စိတ်သဘောထားပြောင်းလဲခြင်းအကြောင်းကို မကြာခဏပြောဆိုသည်။ ဤသို့သော အကြောင်းအရာများသည် ဘုရားသခင်အား လူတို့ စတင်၍ ယုံကြည်သည့်အချိန်တွင်ပင် ၎င်းတို့က စုဝေးပွဲတက်သည်ဖြစ်စေ၊ တရားဒေသနာ နားထောင်သည်ဖြစ်စေ အစဉ်သဖြင့် ဆွေးနွေးကြသည်။ ဤအရာတို့သည် ဘုရားသခင်ကို လူတို့ ယုံကြည်သောအခါ အဖြေရှာရန် ကြိုးစားသင့်သည့် အရာများဖြစ်သည်။ သို့သော် စိတ်သဘောထားပြောင်းလဲမှုများက အတိအကျ မည်သည့်အရာများဖြစ်သည်၊ မိမိတို့၏ ကိုယ်ပိုင်စိတ်သဘောထားတွင် ပြောင်းလဲမှုရှိမရှိ၊ ပြောင်းလဲခြင်းကို ရရှိဖို့ ဖြစ်နိုင်ခြေရှိမရှိတို့ကိုမူ လူတို့က မသိနားမလည်ပေ။ ၎င်းတို့သည် ဤအရာများကို မည်သည့်အခါမျှ တွေးမကြည့်သကဲ့သို့ ဤအရာများကို မည်သည့်နေရာမှစ၍ တွေးရမည်ကိုလည်း မသိပေ။ စိတ်သဘောထားဆိုသည်မှာ အဘယ်နည်း။ ဤသည်မှာ အကြီးစား အကြောင်းအရာတစ်ခုဖြစ်သည်။ သင်သည် ဤအရာကို နားလည်လိုက်သည်နှင့် သင်၏ စိတ်သဘောထားတွင် ပြောင်းလဲမှုတစ်ခုရှိမရှိ၊ မည်သည့်အတိုင်းအတာအထိ ပြောင်းလဲသည်၊ ပြောင်းလဲမှု မည်မျှရှိခဲ့သည်၊ အချို့သော အရာများကို သင် ကြုံတွေ့ပြီးနောက်တွင် သင်၏ စိတ်သဘောထား၌ ပြောင်းလဲခြင်းရှိမရှိဆိုသကဲ့သို့သော မေးခွန်းများကို အနည်းနှင့်အများ နားလည်လိမ့်မည်။ စိတ်သဘောထားပြောင်းလဲခြင်းများကို ဆွေးနွေးရန်အတွက် စိတ်သဘောထားဆိုသည်မှာ မည်သည့်အရာဖြစ်သည်ကို ဦးစွာ နားလည်ရမည်။ လူတိုင်းက “စိတ်သဘောထား” ဟူသော စကားကို သိသည်။ လူတိုင်းက ရင်းနှီးသည်။ သို့သော် စိတ်သဘောထားဆိုသည်မှာ မည်သည့်အရာဖြစ်သည်ကို မသိကြပေ။ စိတ်သဘောထားဆိုသည်မှာ အတိအကျ မည်သည့်အရာဖြစ်သည်ဆိုသည်ကို စကားလုံးအနည်းငယ်ဖြင့် ရှင်းလင်းပြ၍ မရနိုင်ပေ။ နာမ်တစ်ခုအဖြစ် ရှင်းမပြနိုင်ပေ။ ယင်းသည် အလွန်ပင် စိတ္တဇနာမ်ဖြစ်ပြီး အလွယ်တကူ နားမလည်နိုင်သောကြောင့်ဖြစ်သည်။ သင်တို့ နားလည်မည့် ဥပမာတစ်ခုကို ငါပေးမည်။ သိုးနှင့် ဝံပုလွေ နှစ်ကောင်လုံးက တိရစ္ဆာန်များဖြစ်သည်။ သိုးက မြက်စားပြီး ဝံပုလွေက အသားစားသည်။ ဤအရာကို ၎င်းတို့၏ သဘာဝက သတ်မှတ်ပြဋ္ဌာန်းထားသည်။ တစ်နေ့တွင် သိုးများက အသားစားပြီး ဝံပုလွေများက မြက်စားလျှင် ၎င်းတို့၏ သဘာဝက ပြောင်းလဲသွားမည်လော။ (မပြောင်းလဲပါ။) သိုးက မြက်မစားလျှင် အလွန် ဆာလောင်လိမ့်မည်။ သိုးကို အသားအချို့ပေးလျှင် စားလိမ့်မည်။ သို့သော် သိုးသည် သင့်အပေါ် အလွန်ကျိုးနွံနေဆဲ ဖြစ်လိမ့်မည်။ ဤသည်မှာ စိတ်သဘောထားဖြစ်သည်။ ယင်းသည် သိုး၏ သဘာဝ၏ အနှစ်သာရဖြစ်သည်။ သိုးတစ်ကောင်၏ ကျိုးနွံမှုသည် မည်သည့်နေရာတွင် ဖော်ပြသနည်း။ (လူတို့ကို မတိုက်ခိုက်ပေ။) မှန်သည်။ ဤသည်မှာ ကျိုးနွံသော စိတ်သဘောထားဖြစ်သည်။ သိုးတစ်ကောင်တွင် ပြသသော စိတ်သဘောထားသည် ပျော့ပြောင်းခြင်း၊ နာခံခြင်းဖြစ်သည်။ မကြမ်းတမ်းဘဲ ကျိုးနွံပြီး ကြင်နာသည်။ ဝံပုလွေက ဤသို့မဟုတ်ပေ။ သူ၏ စိတ်သဘောထားသည် ကြမ်းတမ်းပြီး သေးငယ်သော တိရစ္ဆာန်မျိုးစုံကို စားသည်။ ဆာလောင်နေသော ဝံပုလွေဖြင့် ကြုံတွေ့ခြင်းသည် အလွန်အန္တရာယ်ရှိသည်။ သင်က ရန်မစလျှင်ပင် ဝံပုလွေက သင့်ကိုစားဖို့ ကြိုးစားနိုင်သည်။ ဝံပုလွေ၏ စိတ်သဘောထားသည် ကျိုးနွံခြင်း၊ သို့မဟုတ် ကြင်နာခြင်းမရှိဘဲ ရက်စက်ပြီး ကြမ်းကြုတ်သည်။ ကရုဏာ၊ သို့မဟုတ် သနားခြင်းတစ်စွန်းတစ်စမျှမရှိပေ။ ဤသည်မှာ ဝံပုလွေတစ်ကောင်၏ စိတ်သဘောထားဖြစ်သည်။ ဝံပုလွေနှင့် သိုး၏ စိတ်သဘောထားတို့သည် ၎င်းတို့၏ သဘာဝ၏ အနှစ်သာရကို ကိုယ်စားပြုသည်။ အဘယ်ကြောင့် ငါ ဤသို့ ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့တွင် ဖွင့်ပြသောအရာများသည် လူသားက ပါဝင်ခြင်း၊ သို့မဟုတ် လှုံ့ဆော်ခြင်းမရှိဘဲ အခြေအနေက မည်သို့ဖြစ်စေ အလိုအလျောက် ပြသသည်။ လူသားက ပါဝင်ခြင်း လုံးဝ မလိုအပ်ဘဲ အလိုအလျောက် ဖွင့်ပြသည်။ ဝံပုလွေများ၏ ကြမ်းကြုတ်မှုနှင့် ရက်စက်မှုကို လူသားက အတင်းထုတ်ဖော်ခိုင်းခြင်းမဟုတ်သကဲ့သို့ သိုး၏ ကြင်နာမှုနှင့် ကျိုးနွံမှုကို လူသားများက ထည့်သွင်းခြင်းလည်းမဟုတ်ပေ။ ၎င်းတို့သည် ဤအရာများနှင့်အတူ မွေးဖွားလာခြင်းဖြစ်သည်။ ဤအရာများသည် သဘာဝအလျောက် ဖွင့်ပြသောအရာများဖြစ်သည်။ ၎င်းတို့၏ အနှစ်သာရဖြစ်သည်။ ဤသည်မှာ စိတ်သဘောထားဖြစ်သည်။ ဤဥပမာသည် သင်တို့အား စိတ်သဘောထားက မည်သည့်အရာဖြစ်သည်ဆိုသည်ကို အနည်းငယ် နားလည်စေသလော။ (နားလည်စေသည်။) ဤသည်မှာ အယူအဆနှင့်ဆိုင်သော ကိစ္စမဟုတ်ပေ။ နာမ်အချို့ကို ရှင်းပြနေခြင်းမဟုတ်ပေ။ ဤတွင် အမှန်တရားရှိသည်။ ဤသို့ဆိုလျှင် ဤတွင် အမှန်တရားက အဘယ်နည်း။ လူသား၏ စိတ်သဘောထားသည် လူသား၏ သဘာဝဖြင့် ဆက်နွှယ်နေသည်။ လူသား၏ စိတ်သဘောထားနှင့် လူသား၏သဘာဝတို့ နှစ်ခုလုံးသည် စာတန်နှင့် သက်ဆိုင်သည်။ ၎င်းတို့သည် ဘုရားသခင်အား ဆန့်ကျင်လိုပြီး ရန်မူလိုသည်။ လူတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်မခံဘဲ မပြောင်းလဲလျှင် လူတို့ အသက်ရှင်နေထိုင်သည့်အရာနှင့် သဘာဝအလျောက်ဖွင့်ပြသောအရာတို့သည် ဆိုးယုတ်ခြင်း၊ အပျက်သဘောဆောင်ခြင်း၊ သမ္မာတရားအား ချိုးဖောက်ခြင်းတို့ကလွဲ၍ အခြားဖြစ်မည်မဟုတ်ပေ။ ဤအရာသည် သံသယရှိစရာမလိုပေ။

သိုးနှင့် ဝံပုလွေ၏ စိတ်သဘောထားကို ငါတို့ ယခုပြောခဲ့သည်။ ၎င်းတို့သည် လုံးဝ ကွဲပြားသော တိရစ္ဆာန်နှစ်မျိုးဖြစ်သည်။ ၎င်းတို့တစ်မျိုးချင်းစီတွင် ကိုယ်ပိုင်စိတ်သဘောထားများရှိပြီး ၎င်းတို့အတွင်းတွင် ဖွင့်ပြသောအရာများရှိသည်။ သို့သော် လူသား၏ စိတ်သဘောထားဖြင့် မည်သို့ဆက်စပ်သနည်း။ ဤဥပမာမှတစ်ဆင့် လူသား၏ စိတ်သဘောထားသည် အတိအကျမည်သည့်အရာဖြစ်သည်ကို တစ်ဖန်ကြည့်ရှုလျှင် မည်သို့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများရှိသနည်း။ (လူတို့ဖြင့် ဆက်ဆံခြင်းအားဖြင့် လူတို့တွင် မည်သို့သော စိတ်သဘောထားမျိုးရှိသည်ကို ကျွန်ုပ်တို့ အကြမ်းဖျင်းသိနိုင်သည်။ ဥပမာ လူတစ်ယောက်နှင့် စကားပြောသောအခါတွင် သူသည် သွယ်ဝိုက်၍ စကားပြောသည်၊ အစဉ်သဖြင့် မရေမရာပြောဆိုသည်၊ မည်သည့်အရာကို ဆိုလိုသည်ကို အခြားလူများက မသိနိုင်သည်အထိဖြစ်သည်၊ ဤသည်မှာ ထိုသူတွင် လှည့်စားတတ်သော စိတ်သဘောထားရှိသည့် သဘောဖြစ်သည်ဆိုသည်ကို ကျွန်ုပ်တို့ ခံစားရနိုင်သည်။ ထိုသူက ပြောဆိုလေ့ရှိသော၊ လုပ်ဆောင်လေ့ရှိသောအရာမှတစ်ဆင့်၊ ထိုသူ၏ လုပ်ရပ်များနှင့် အပြုအမူမှတစ်ဆင့် ယေဘူယျ နားလည်မှုကို ရရှိနိုင်သည်။) လူတို့ဖြင့် ဆက်ဆံခြင်းမှတစ်ဆင့် စိတ်သဘောထား ပြဿနာအချို့ကို သင်မြင်နိုင်သည်။ ဤဥပမာကို ကြားပြီးနောက်တွင် စိတ်သဘောထားဆိုသည်မှာ မည်သည့်အရာဖြစ်သည်ကို သင်တို့ အကြမ်းဖျင်းနားလည်သည့်ပုံစံရှိသည်။ ဤသို့ဆိုလျှင် လူအားလုံးတွင် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသနည်း။ လူတို့က သတိမပြုမိ၊ မခံစားမိနိုင်သော်လည်း သံသယရှိစရာမလိုဘဲ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြစ်သည်မှာ မည်သည့် စိတ်သဘောထားများဖြစ်သနည်း။ ဥပမာ ဆိုကြပါစို့။ လူအချို့သည် အလွန်ပင် တွယ်တာမှုရှိပြီး ဘုရားသခင်က “သင်သည် အလွန်အမင်း တွယ်တာမှုရှိသည်။ သင်နှစ်သက်သည့် သူတစ်ယောက်၊ သို့မဟုတ် သင်၏ မိသားစုနှင့်သက်ဆိုင်သည့်အရာတစ်ခုနှင့် ပတ်သက်လျှင် သူ၏ အခြေအနေကို နားလည်ဖို့၊ သို့မဟုတ် အမှန်တကယ်တွင် မည်သို့ဖြစ်ပျက်နေသည်ကို နားလည်ဖို့ မည်သူက ကြိုးစားပါစေ သင်က ထိုသူ့အကြောင်းကို ထုတ်မပြောဘဲ ဖုံးဖိပေးလျက်ရှိသည်။ ဤသည်မှာ တွယ်တာမှုဖြစ်သည်။” ဟူ၍ ပြောသည်။ ၎င်းတို့သည် ဤအရာကို ကြားပြီး နားလည်သည်။ အသိအမှတ်ပြုသည်။ အမှန်တရားအဖြစ် လက်ခံသည်။ ဘုရားနှုတ်ကပတ်တော်များက မှန်သည်၊ ဘုရားနှုတ်ကပတ်တော်က သမ္မာတရားဖြစ်သည်ဆိုသည်ကို အသိအမှတ်ပြုပြီး ဤအရာကို ၎င်းတို့အား ဖွင့်ပြသည့်အတွက် ဘုရားသခင်အား ကျေးဇူးတင်ကြသည်။ ဤအရာမှနေ၍ ၎င်းတို့၏ စိတ်သဘောထားကို မြင်နိုင်သလော။ ၎င်းတို့သည် သမ္မာတရားကို လက်ခံသည်၊ အမှန်တရားများကိုလက်ခံသည်၊ အာခံခြင်းမရှိ၊ လိုက်နာသည်ဟူ၍ ထင်ရှားသလော။ (မထင်ရှားပါ။ ပြဿနာများကို ရင်ဆိုင်သည့်အခါတွင် ၎င်းတို့က မည်သို့လုပ်ဆောင်သည်နှင့် ၎င်းတို့ ပြောသည့်အရာနှင့် လုပ်သည့်အရာက တူညီခြင်းရှိမရှိတို့အပေါ်တွင် မူတည်သည်။) သင်တို့ပြောသည်မှာ နီးစပ်သည်။ ထိုအချိန်တွင် ၎င်းတို့က လက်ခံသည်။ သို့သော် နောက်ပိုင်းတွင် ၎င်းတို့၌ ဤသို့သောအရာ ဖြစ်ပျက်သောအခါ ၎င်းတို့ လုပ်ဆောင်သည့်ပုံစံက ပြောင်းလဲခြင်းမရှိပေ။ ဤသည်မှာ စိတ်သဘောထားတစ်မျိုးကို ကိုယ်စားပြုသည်။ မည်သည့် စိတ်သဘောထားဖြစ်သနည်း။ ၎င်းတို့သည် ထိုအချိန်က နားထောင်နေသည်။ ထို့နောက်တွင် စဉ်းစားပြီး မိမိတို့ကိုယ်ကို ပြောသည်။ “တရားဒေသနာများစွာကို ကြားနာပြီးနောက်တွင် ငါသည် တွယ်တာမှုရှိသည်ကို အဘယ်သို့ ငါ မသိနိုင်ရသနည်း။ ငါသည် တွယ်တာမှုရှိသည်။ သို့သော် မည်သူက မရှိဘဲနေသနည်း။ ငါ၏ မိသားစုနှင့် ငါရင်းနှီးသည့် လူများကို ငါ မကာကွယ်လျှင် မည်သူက ကာကွယ်မည်နည်း။ ကျွမ်းကျင်ပိုင်နိုင်သောသူပင်လျှင် အခြားလူသုံးယောက်၏ ပံ့ပိုးမှုကို လိုအပ်သည်။” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ အမှန်တကယ် စဉ်းစားသည့်အရာဖြစ်သည်။ ဆောင်ရွက်ရန် အချိန်ကျလာသောအခါတွင် ၎င်းတို့၏ စိတ်နှလုံးတွင် ၎င်းတို့စဉ်းစားစီစဉ်နေသောအရာနှင့် ဘုရားနှုတ်ကပတ်တော်အပေါ် ၎င်းတို့၏ သဘောထားတို့အားလုံးကို ၎င်းတို့၏ စိတ်သဘောထားက အဆုံးအဖြတ်ပေးသည်။ ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ “ဘုရားသခင်က သူအလိုရှိသည့် အရာမှန်သမျှကို ပြောဆိုပြီး ဖွင့်ပြနိုင်သည်။ ငါသည် သူ၏ ရှေ့တွင်ရှိသောအခါ ငါလက်ခံသင့်သည့်အရာမှန်သမျှကို လက်ခံမည်။ သို့သော် ငါ၏ စိတ်ကို ဆုံးဖြတ်ပြီးဖြစ်သည်။ ငါ၏ စိတ်ခံစားချက်များကို ဘေးဖယ်ထားဖို့ ရည်ရွယ်ချက်မရှိ။” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ စိတ်သဘောထားဖြစ်သလော။ ၎င်းတို့၏ စိတ်သဘောထားသည် သူ့ဘာသာ ပြသခဲ့ပြီး ၎င်းတို့၏ သရုပ်မှန်က ပေါ်သွားသည်မဟုတ်လော။ ၎င်းတို့သည် သမ္မာတရားကို လက်ခံသူဖြစ်သလော။ (မဟုတ်ပါ။) ဤသို့ဆိုလျှင် ဤသည်မှာ အဘယ်နည်း။ ဤသည်မှာ တင်းခံခြင်းဖြစ်သည်။ ဘုရားသခင်ရှေ့တွင် ၎င်းတို့သည် အာမင်ဟု ပြောပြီး လက်ခံဟန်ဆောင်သည်။ သို့သော် ၎င်းတို့၏ စိတ်နှလုံးက မပြောင်းလဲဘဲ ရှိနေသည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်ကို အလေးအနက်မထားပေ။ ဘုရားနှုတ်ကပတ်တော်ကို သမ္မာတရားအဖြစ် လက်တွေ့လုပ်ဆောင်ဖို့ မဆိုထားနှင့်။ သမ္မာတရားအဖြစ်ပင် မမှတ်ယူပေ။ ဤသည်မှာ စိတ်သဘောထားအမျိုးအစားတစ်ခုဖြစ်သည်မဟုတ်လော။ ဤသို့သော စိတ်သဘောထားသည် သဘာဝအမျိုးအစားတစ်ခုခုကို ဖွင့်ပြခြင်းမဟုတ်သလော။ (ဟုတ်သည်။) ဤသို့ဆိုလျှင် ဤစိတ်သဘောထားအမျိုးအစား၏ အနှစ်သာရမှာ အဘယ်နည်း။ ခေါင်းမာခြင်း ဖြစ်သလော။ (ဟုတ်သည်။) ခေါင်းမာခြင်းသည် လူသား၏ စိတ်သဘောထားအမျိုးအစားတစ်ခုဖြစ်ပြီး လူအားလုံးတွင် တွေ့ရှိရသည်။ ဤသည်မှာ စိတ်သဘောထားတစ်ခုဟု ငါ အဘယ်ကြောင့်ပြောရသနည်း။ ဤသည်မှာ လူတို့၏ သဘာဝ၏ အနှစ်သာရမှ ပေါက်ဖွားသောအရာတစ်ခုဖြစ်သည်။ သင် စဉ်းစားကြည့်ဖို့ မလိုပေ။ အခြားလူများက သင့်ကို သင်ပေးဖို့၊ သို့မဟုတ် သင်၏ အတွေးများကို ဆန်းစစ်ဖို့ မလိုသကဲ့သို့ စာတန်က သင့်အား လှည့်စားဖို့ မလိုပေ။ ယင်းသည် သင့်တွင် သဘာဝအလျောက် ဖွင့်ပြသည်။ သင်၏ သဘာဝမျ ပေါက်ဖွားသည်။ မည်သည့်မကောင်းသောအရာများကို လုပ်ဆောင်ပါစေ စာတန်ကို အစဉ် အပြစ်တင်သောသူအချို့ရှိသည်။ ၎င်းတို့က “စာတန်သည် ဤအယူအဆကို ငါ၏ ခေါင်းထဲသို့ ထည့်သည်။ စာတန်က ငါ့ကို ဤသို့လုပ်ဆောင်စေရန် ပြုလုပ်သည်။” ဟု အစဉ် ပြောဆိုသည်။ မကောင်းသည့်အရာမှန်သမျှကို စာတန်အပေါ် ပုံချသည်။ ၎င်းတို့၏ ကိုယ်ပိုင်သဘာဝအတွင်းတွင်ရှိသော ပြဿနာများကို လုံးဝ ဝန်မခံပေ။ ဤသည်မှာ မှန်ကန်သလော။ သင်သည် စာတန်အားဖြင့် အလွန်အမင်း ဖျက်ဆီးခြင်းခံရသည်မဟုတ်လော။ သင်သည် ဤအရာကို ဝန်မခံလျှင် စာတန်၏ စိတ်သဘောထားက သင့်တွင် ဖွင့်ပြသည်မှာ အဘယ်သို့ဖြစ်သနည်း။ စာတန်က အနှောင့်အယှက်ဖြစ်စေသော အချိန်များလည်းရှိသည်မှာ မှန်သည်။ လူတို့သည် ဆိုးယုတ်သောသူ၊ သို့မဟုတ် အန္တိခရစ်တစ်ယောက်က လှည့်စားခြင်း၊ ချောက်ချခြင်းကို ခံရသောအချိန်၊ သို့မဟုတ် ဝိညာဉ်ဆိုးများက အလုပ်လုပ်ပြီး ၎င်းတို့ကို အတွေးများ ပို့ဆောင်သောအချိန်တို့ ပါဝင်သည်။ သို့သော် ဤအရာများသည် ခြွင်းချက်များသာဖြစ်သည်။ အချိန်အများစုတွင် လူတို့သည် ၎င်းတို့၏ ဆိုးယုတ်သော သဘာဝ၏ ညွှန်ကြားခြင်းကို ခံရပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုးစုံကို ဖွင့်ပြသည်။ လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်နှစ်သက်မှုများနှင့် လိုအင်ဆန္ဒများအတိုင်း လုပ်ဆောင်သောအခါ၊ ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများ၊ စိတ်ကူးများနှင့်အညီ ၎င်းတို့၏ ကိုယ်ပိုင်နည်းလမ်းများအတိုင်း အမှုအရာများကို လုပ်ဆောင်သောအခါ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် အသက်ရှင်နေခြင်းဖြစ်သည်။ ၎င်းတို့သည် ဤအရာများဖြင့် အသက်ရှင်သောအခါ ၎င်းတို့၏ ကိုယ်ပိုင်သဘာဝဖြင့် အသက်ရှင်နေကြခြင်းဖြစ်သည်။ ဤအရာတို့သည် မငြင်းနိုင်သော အမှန်တရားများဖြစ်သည်။ လူတို့သည် ၎င်းတို့၏ ဆိုးယုတ်သော သဘာဝ၏ အုပ်စိုးခြင်းကို ခံရသောအခါ၊ ၎င်းတို့၏ ဆိုးယုတ်သော သဘာဝဖြင့် အသက်ရှင်သောအခါ ၎င်းတို့တွင် ဖွင့်ပြသောအရာမှန်သမျှသည် ၎င်းတို့ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြစ်သည်။ ဤအရာကို စာတန်အပေါ်သို့ တွန်းပို့၍ မရပေ။ ဤအရာတို့သည် စာတန်က စေလွှတ်သော အတွေးများဖြစ်သည်ဟု မဆိုနိုင်ပေ။ လူတို့သည် အလွန်အမင်း ဖျက်ဆီးခြင်းခံထားရသောကြောင့် ၎င်းတို့ကို စာတန်က ပိုင်ဆိုင်သည်။ လူတို့သည် စာတန်နှင့် မကွာခြားသောကြောင့်၊ အသက်ရှင်နေသော မကောင်းဆိုးဝါးများ၊ အသက်ရှင်နေသော စာတန်များဖြစ်သောကြောင့်၊ သင့်အတွင်းတွင် ဖွင့်ပြသော ဆိုးယုတ်သောအရာရာတိုင်းကို စာတန်ဆီသို့ တွန်းမပို့ရပေ။ သင်သည် စာတန်ထက်ပို၍ မသာပေ။ ဤသည်မှာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြစ်သည်။

လူတို့သည် ခေါင်းမာသော စိတ်သဘောထားတစ်ခုရှိသောအခါ ၎င်းတို့အတွင်းတွင် မည်သည့်အခြေအနေမျိုးရှိသနည်း။ အဓိကအားဖြင့် ၎င်းတို့သည် ခေါင်းမာပြီး မိမိကိုယ်ကို အမှန်ထင်ခြင်းဖြစ်သည်။ ၎င်းတို့သည် အစဉ်သဖြင့် ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများကို ဖက်တွယ်ထားသည်။ ၎င်းတို့ပြောသည့်အရာက မှန်သည်ဟု အစဉ် ထင်မြင်ကြသည်။ ၎င်းတို့သည် လုံးလုံးပင် အလျှော့ပေးခြင်းမရှိဘဲ မိမိအမြင်ကိုသာ စွဲကိုင်ထားသည်။ ဤသည်မှာ ခေါင်းမာသော သဘောထားဖြစ်သည်။ ၎င်းတို့သည် ပျက်နေသော ဓါတ်ပြားဟောင်းကဲ့သို့ မည်သူ့ကိုမျှ နားမထောင်ဘဲ လမ်းကြောင်းတစ်ခုအပေါ်တွင်သာ မပြောင်းမလဲဘဲ ကပ်တွယ်နေပြီး မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ၎င်းတို့နှင့်အတူ လုပ်ဆောင်ရန် မရမကပြောဆိုသည်။ ဤတွင် နောင်တမရခြင်းအချို့ရှိသည်။ “ဝက်သေကောင်များသည် ပွက်ပွက်ဆူနေသောရေကို မကြောက်” ဟူသည့် ဆိုရိုးစကားအတိုင်းဖြစ်သည်။ လူတို့သည် မည်သည့်အရာကို လုပ်ဆောင်ခြင်းက မှန်ကန်သည်ကို ကောင်းစွာသိသော်လည်း မလုပ်ဆောင်ကြပေ။ သမ္မာတရားကို လက်ခံရန် ခိုင်မာစွာ ငြင်းဆန်ကြသည်။ ဤသည်မှာ ခေါင်းမာခြင်းဖြစ်သော စိတ်သဘောထားတစ်မျိုးဖြစ်သည်။ ခေါင်းမာသော စိတ်သဘောထားကို မည်သည့်အခြေအနေမျိုးတွင် သင်တို့ ဖွင့်ပြသနည်း။ သင်တို့သည် မကြာခဏ ခေါင်းမာသလော။ (ဟုတ်သည်။) အလွန်ပင် မကြာခဏ ခေါင်းမာသည်။ ခေါင်းမာခြင်းက သင်၏ စိတ်သဘောထားဖြစ်သောကြောင့် သင်ဖြစ်တည်နေသည့် နေ့ရက်တိုင်း၏ စက္ကန့်တိုင်းတွင် သင့်နောက်သို့လိုက်သည်။ ခေါင်းမာခြင်းသည် လူတို့အား ဘုရားသခင်ရှေ့သို့ လာရောက်နိုင်ခြင်းကို တားဆီးသည်။ သမ္မာတရားအားလက်ခံနိုင်ခြင်းကို တားဆီးသည်။ သမ္မာတရား၏ စစ်မှန်မှုအတွင်းသို့ ဝင်ရောက်နိုင်ရန် တားဆီးသည်။ သင်သည် သမ္မာတရား၏ စစ်မှန်မှုသို့ မဝင်ရောက်နိုင်လျှင် သင်၏ စိတ်သဘောထား၏ ဤကဏ္ဍတွင် ပြောင်းလဲခြင်း ဖြစ်ပေါ်နိုင်သလော။ အလွန် ခက်ခဲလိမ့်မည်။ ခေါင်းမာသော သင်တို့၏ စိတ်သဘောထား၏ ဤကဏ္ဍတွင် ပြောင်းလဲမှုတစ်ခုခုရှိသလော။ ပြီးလျှင် ပြောင်းလဲမှု မည်မျှရှိသနည်း။ ဥပမာ ဆိုကြပါစို့။ သင်သည် အလွန်အမင်း ခေါင်းမာလေ့ရှိခဲ့သည်။ သို့သော် ယခုအခါ သင့်တွင် အပြောင်းအလဲ အနည်းငယ်ရှိသည်။ ပြဿနာအချို့ကို သင်ကြုံရသောအခါ သင်၏ စိတ်နှလုံးတွင် အသိတရားအချို့ရှိပြီး “ငါသည် ဤကိစ္စတွင် သမ္မာတရားအချို့ကို လက်တွေ့လုပ်ဆောင်ရမည်။ ဘုရားသခင်က ဤခေါင်းမာသော စိတ်သဘောထားကို ဖော်ထုတ်ပြီးဖြစ်သောကြောင့်၊ ငါသည် ဤအရာကို ကြားခဲ့ပြီး ယခုတွင် သိမြင်သောကြောင့် ပြောင်းလဲရမည်။ ယခင်က ဤသို့သောအရာမျိုးကို အကြိမ်အနည်းငယ်ကြုံတွေ့သောအခါ ငါ၏ ဇာတိပကတိအတိုင်း လိုက်လုပ်ခဲ့ပြီး ကျရှုံးခဲ့သည်။ ဤအရာကို ငါ မကျေနပ်ပေ။ ယခုအခါတွင် သမ္မာတရားကို ငါ လက်တွေ့လုပ်ဆောင်ရမည်။” ဟူ၍ သင့်ကိုယ်သင် ပြောသည်။ ဤသို့ ပြင်းပျသော ဆန္ဒတစ်ခုဖြင့်ဆိုလျှင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဖြစ်နိုင်ခြေရှိသည်။ ဤသည်မှာ ပြောင်းလဲခြင်းဖြစ်သည်။ သင်သည် ဤပုံစံဖြင့် တစ်ကြိမ်တစ်ခါ ကြုံတွေ့သောအခါ၊ သမ္မာတရားများကို ပို၍ လက်တွေ့လုပ်ဆောင်နိုင်သောအခါ၊ ဤသို့ဖြင့် ပို၍ ကြီးမားသော ပြောင်းလဲမှုများဖြစ်စေသောအခါ၊ သင်၏ ပုန်ကန်သော၊ ခေါင်းမာသော စိတ်သဘောထားများသည် အစဉ်ပို၍ လျော့နည်းလာသောအခါ သင်၏ အသက်စိတ်သဘောထားတွင် ပြောင်းလဲခြင်းတစ်ခုရှိသလော။ သင်၏ ပုန်ကန်သော စိတ်သဘောထားသည် သိသာစွာ အစဉ်ပို၍ လျော့နည်းလာလျှင်၊ ဘုရားသခင်အပေါ် သင်၏ နာခံခြင်းက အစဉ်ပို၍ ကြီးမားလာလျှင် အမှန်တကယ် ပြောင်းလဲခြင်းရှိသည်။ ဤသို့ဆိုလျှင် စစ်မှန်သော နာခံခြင်းကို ရရှိရန်အတွက် မည်သည့်အတိုင်းအတာအထိ သင်ပြောင်းလဲရမည်နည်း။ ခေါင်းမာခြင်း အနည်းငယ်မျှပင်မရှိဘဲ နာခံခြင်းသာရှိလျှင် သင်သည် အောင်မြင်လိမ့်မည်။ ဤသည်မှာ နှေးကွေးသော ဖြစ်စဉ်ဖြစ်သည်။ စိတ်သဘောထားပြောင်းလဲခြင်းများသည် ညတွင်းချင်း မဖြစ်ပေ။ ရှည်လျားသော အတွေ့အကြုံအချိန်ကာလများလိုအပ်ပြီး သက်တမ်းတစ်လျှောက်လုံးပင် လိုအပ်နိုင်သည်။ တစ်ခါတစ်ရံတွင် ကြီးမားသော ဆင်းရဲဒုက္ခများစွာ၊ သေခြင်း၊ ပြန်လည်အသက်ရှင်ခြင်းနှင့် ဆင်တူသော ဆင်းရဲဒုက္ခများ၊ အဆိပ်များကို သင်၏ အရိုးများထံမှ ခြစ်ယူခြင်းထက်ပို၍ နာကျင်ပြီး ခက်ခဲသော ဆင်းရဲဒုက္ခများကို ခံစားဖို့ လိုအပ်သည်။ ဤသို့ဆိုလျှင် သင်တို့၏ ခေါင်းမာသော စိတ်သဘောထားတွင် ပြောင်းလဲမှုတစ်ခုခုရှိခဲ့သလော။ ဤအရာကို သင်တို့ တိုင်းတာနိုင်သလော။ (ယခင်က အချို့သောအရာများကို အချို့သောနည်းလမ်းဖြင့် လုပ်ဆောင်သင့်သည်ဟု ကျွန်ုပ် ယုံကြည်ခဲ့သည်။ လူတို့က မတူညီသောအမြင်တစ်ခုကို ပြသောအခါ ကျွန်ုပ် နားမထောင်ခဲ့ဘဲ တကယ့်အနှောင့်အယှက်များနှင့် တိုးသောအခါမှသာ သတိစိတ်ဝင်လာသည်။ ယခုတွင် ကျွန်ုပ်သည် အနည်းငယ်ပို၍ ကောင်းလာသည်။ လူတို့က မတူညီသော အမြင်များကို တင်ပြသောအခါ ကျွန်ုပ်က ပြန်လည်တွန်းကန်သည်။ သို့သော် နောက်ပိုင်းတွင် ၎င်းတို့ပြောသည့်အရာအချို့ကို ကျွန်ုပ်လက်ခံနိုင်သည်။) သဘောထားပြောင်းလဲခြင်းသည် အခြားပြောင်းလဲမှုတစ်မျိုးဖြစ်သည်။ ဤသည်မှာ ပြောင်းလဲမှုအနည်းငယ်ရှိသည်ဆိုသည့် သဘောဖြစ်သည်။ ယခင်ကကဲ့သို့ လူတစ်ယောက်က အခြားလူက မှန်သည်ဟု သိသော်လည်း ငြင်းပယ်ပြီး လက်ခံရန်ငြင်းဆန်ကာ သူ၏ ကိုယ်ပိုင်လိုအင်ဆန္ဒများကို ဖက်တွယ်ထားဆဲမဟုတ်ပေ။ ယခုတွင် ဤသို့မဟုတ်တော့ပေ။ သူ၏ သဘောထားသည် ပြောင်းပြန်ဖြစ်သွားပြီဖြစ်သည်။ သူသည် ဤမျှပြောင်းလဲပြီးသောအခါ သူသည် မည်မျှပြောင်းလဲပြီးဖြစ်သနည်း။ ၁၀ % ပင် မပြောင်းလဲပေ။ ၁၀ % ဆိုသည်မှာ အနည်းဆုံးအနေဖြင့် အခြားလူက သင်၏ မတူညီသောအမြင်ရှုထောင့်ကို ဖော်ပြပြီးနောက်တွင် သင်သည် ဆန့်ကျင့်ဖို့ ခံစားချက်များ၊ သို့မဟုတ် အာခံဖို့ ခံစားချက်များလုံးဝမရှိ၊ သင့်တွင် သာမန်သဘောထားရှိသည်ဆိုသည့်သဘောဖြစ်သည်။ ယင်းသည် သင်၏ စိတ်နှလုံးတွင် သင်နှင့်အတူ ရှိမနေသေးသော်လည်း သင့်တွင် ခေါင်းမာသော သဘောထားမရှိပေ။ ဤအရာကို ထိုသူနှင့် သင်ဆွေးနွေးနိုင်သည်။ သင် လက်တွေ့လုပ်ဆောင်သောအခါ နာခံခြင်းအချို့ရှိသည်။ သင်၏ ကိုယ်ပိုင် အယူအဆများဖြင့်သာ အမှုအရာများကို မလုပ်ဆောင်ပေ။ ထို့နောက်တွင် သင်သည် သင်၏ ကိုယ်ပိုင်အယူအဆများကို ဖက်တွယ်သောအချိန်များရှိပြီး အခြားလူများပြောသည့်အရာကို သင် လက်ခံနိုင်သည့်အချိန်လည်းရှိသည်။ စိတ်သဘောထားပြောင်းလဲမှုများသည် အပြန်အလှန်ဖြစ်ပေါ်နေသည်။ သင်သည် ပြောင်းလဲမှုအနည်းငယ်ကို ရရှိဖို့အတွက် မဖော်ပြနိုင်အောင် များသော အနှောင့်အယှက်များ၊ အောင်မြင်ရန်အတွက် မဖော်ပြနိုင်အောင် များသော ကျရှုံးမှုများကို ကြုံတွေ့ရမည်။ ထို့ကြောင့် သင်၏ စိတ်သဘောထားသည် စမ်းသပ်မှုနှင့် စစ်ဆေးမှုကို နှစ်အနည်းငယ် ကြုံတွေ့ခြင်းမရှိဘဲ ပြောင်းလဲရန် မလွယ်ကူပေ။ တစ်ခါတစ်ရံတွင် လူတို့သည် စိတ်အခြေအနေကောင်းမွန်သောအခါတွင် အခြားလူများက ပြောသည့် မှန်ကန်သောအရာများကို လက်ခံနိုင်စွမ်းရှိသည်။ သို့သော် ၎င်းတို့သည် နိမ့်ကျစွာ ခံစားရလျက်ရှိသည်။ သမ္မာတရားကို မရှာဖွေပေ။ ဤသည်မှာ အမှုအရာများကို မနှောင့်နှေးစေသလော။ တစ်ခါတစ်ရံတွင် သင်သည် သင်၏ လုပ်ဖော်ကိုင်ဖက်နှင့် ဆက်ဆံရေးအဆင်မပြေသောအခါ သမ္မာတရားစည်းမျဉ်းများကို မရှာဖွေဘဲ စာတန်၏ အတွေးအခေါ်များအတိုင်း အသက်ရှင်သည်။ တစ်ခါတစ်ရံတွင် သင်သည် အခြားလူများနှင့် ပူးပေါင်းလုပ်ကိုင်နေပြီး ၎င်းတို့၏ အစွမ်းအစသည် သင့်ထက်သာလွန်ပြီး ၎င်းတို့သည် သင့်ထက် တော်သောအခါတွင် သင်သည် ၎င်းတို့ကြောင့် စိတ်ကျဉ်းကျပ်သည်။ ပြဿနာတစ်ခုကို ကြုံရသောအခါ စည်းမျဉ်းများကို ထိန်းသိမ်းဖို့ သတ္တိမရှိပေ။ တစ်ခါတစ်ရံတွင် သင်သည် သင်၏ လုပ်ဖော်ကိုင်ဖက်ထက် ပို၍တော်ပြီး သူက မိုက်မဲစွာ လုပ်ဆောင်သည်။ သင်က သူ့ကို အထင်သေးပြီး သူနှင့်အတူ သမ္မာတရားကို မိတ်သဟာယဖွဲ့လိုစိတ်မရှိပေ။ တစ်ခါတစ်ရံတွင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုသော်လည်း ဇာတိပကတိ ခံစားချက်များ၏ အုပ်စိုးခြင်းကို ခံရသည်။ တစ်ခါတစ်ရံတွင် သင်သည် ဇာတိပကတိ၏ သာယာမှုများကို တပ်မက်သည်။ သင်သည် ဆန္ဒရှိနိုင်သော်လည်း ဇာတိပကတိကို ကျောမခိုင်းနိုင်ပေ။ တစ်ခါတစ်ရံတွင် သင်သည် တရားဒေသနာတစ်ခုကို နားထောင်ပြီး သမ္မာတရားကို နားလည်သည်။ သို့တိုင်အောင် လက်တွေ့မလုပ်ဆောင်နိုင်ပေ။ ဤပြဿနာများသည် ဖြေရှင်းရန် လွယ်ကူသလော။ ဤအရာများသည် သင့်ဘာသာ ဖြေရှင်းရန် မလွယ်ကူပေ။ ဘုရားသခင်သည် လူတို့အား စမ်းသပ်ခြင်း၊ စစ်ဆေးခြင်းတို့ကို ခံစေပြီး ၎င်းတို့ကို အလွန်အမင်း ဒုက္ခရောက်စေကာ နောက်ဆုံးတွင် သမ္မာတရားမရှိဘဲ ၎င်းတို့၏ စိတ်အတွင်းတွင် အနှစ်မရှိခြင်းနှင့် သမ္မာတရားမရှိဘဲ ၎င်းတို့ မရှင်သန်နိုင်သကဲ့သို့ ခံစားရစေရန်သာ လုပ်ဆောင်နိုင်သည်။ ဤအရာသည် လူတို့အား ယုံကြည်ခြင်း ဖြစ်ပေါ်စေရန် သန့်စင်ပေးပြီး ၎င်းတို့သည် သမ္မာတရားအတွက် ကြိုးပမ်းရမည်၊ သမ္မာတရားကို ၎င်းတို့ လက်တွေ့မလုပ်ဆောင်သရွေ့ ၎င်းတို့၏ စိတ်နှလုံးက တည်ငြိမ်အေးဆေးမည်မဟုတ်၊ ဘုရားသခင်ကို ၎င်းတို့ မနာခံနိုင်လျှင် ကြီးမားသော ညှင်းပန်းခြင်းကို တွေ့ကြုံရမည်ဟူ၍ ခံစားရစေသည်။ ဤသည်မှာ စိတ်သဘောထားပြောင်းလဲခြင်းများ၏ ခက်ခဲပုံဖြစ်သည်။ ၎င်းတို့သည် မလွယ်ကူဟု ငါ သင်တို့အား အဘယ်ကြောင့် ပြောသနည်း။ သင်တို့က အပျက်သဘောဆောင်မည်ကို ငါမကြောက်ခြင်း ဖြစ်နိုင်သလော။ ဤသည်မှာ စိတ်သဘောထားပြောင်းလဲခြင်းက မည်မျှအရေးကြီးသည်ကို သင်တို့အား သိစေဖို့ဖြစ်သည်။ သင်တို့အားလုံးကို ဤအရာအား အရေးစိုက်ဖို့၊ ထို လက်တွေ့မကျသော၊ ကြောင်သူတော်ဆန်သော၊ အတုအယောင်ဖြစ်သော ဝိညာဉ်ရေးပုံရိပ်များနောက်လိုက်ခြင်းကို ရပ်တန့်ဖို့၊ စိတ်ကူးယဉ်ဆန်သော ထို အယူဝါဒများ၊ အကျင့်များ၊ စည်းကမ်းများနောက်သို့ အစဉ်လိုက်ခြင်းကို ရပ်တန့်ဖို့ ငါ ဆန္ဒရှိသည်။ ထိုသို့လုပ်ဆောင်ခြင်းသည် သင့်အား ထိခိုက်ပြီး လုံးဝ အကျိုးဖြစ်စေမည်မဟုတ်ပေ။

ခေါင်းမာခြင်းဖြစ်သော စိတ်သဘောထား၏ ရှုထောင့်တစ်ခုကို ငါတို့ ယခုပြောခဲ့သည်။ ခေါင်းမာခြင်းသည် မကြာခဏပင် လူတို့၏ စိတ်နှလုံးအတွင်းထဲတွင် ဖုံးကွယ်ထားသော သဘောထားတစ်မျိုးဖြစ်သည်။ ယေဘူယျအားဖြင့် ယင်းသည် အပြင်ပန်းတွင် မရှင်းလင်းသော်လည်း သိသာသောအခါတွင် ရှာဖွေတွေ့ရှိရန် လွယ်ကူသည်။ လူတို့က “သူတို့သည် ကလန်ကဆန်လုပ်သည်။ သမ္မာတရားကို လုံးဝ နားမထောင်ကြ။ သူတို့သည် အလွန်ခေါင်းမာသည်။” ဟု ပြောလိမ့်မည်။ ခေါင်းမာသည့် စိတ်သဘောထားရှိသူတို့သည် နည်းလမ်းတစ်ခုအပေါ်တွင် အစွဲအလန်းထားသည်။ တစ်ခုကိုသာ စွဲကိုင်ထားပြီး လုံးဝ လက်မလွတ်ပေ။ ဤသို့ဆိုလျှင် ဤသည်မှာ လူတို့၏ စိတ်သဘောထား၏ တစ်ခုတည်းသော အစိတ်အပိုင်းဖြစ်သလော။ ဤသို့မဟုတ်သည်မှာ ပြောစရာမလိုပေ။ အခြားသော အစိတ်အပိုင်းများစွာရှိသည်။ ငါသည် နောက်ထပ် မည်သည့်စိတ်သဘောထားမျိုးကို ဖော်ပြမည်ကို သင်တို့ ပြောနိုင်မလောဆိုသည်ကို ကြည့်လော့။ လူအချို့က “ဘုရားအိမ်တော်တွင် ငါသည် ဘုရားသခင်ကလွဲ၍ မည်သူ့ကိုမျှ မနာခံပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သာ သမ္မာတရားရှိသောကြောင့်ဖြစ်သည်။ လူတို့တွင် သမ္မာတရားမရှိပေ။ ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသည်။ ၎င်းတို့ပြောသည့် မည်သည့်အရာမျှ အမှီမပြုနိုင်ပေ။ ထို့ကြောင့် ဘုရားသခင်ကိုသာ ငါ နာခံသည်။” ဟု ဆိုသည်။ ၎င်းတို့သည် ဤသို့ပြောဆိုရာတွင် မှန်ကန်သလော။ (မမှန်ကန်ပါ။) အဘယ်ကြောင့်နည်း။ ဤသည်မှာ မည်သို့သော စိတ်သဘောထားမျိုးဖြစ်သနည်း။ (မာနထောင်လွှားပြီး စိတ်ကြီးဝင်သော စိတ်သဘောထားဖြစ်သည်။) (စာတန်နှင့် ကောင်းကင်တမန်မင်း၏ စိတ်သဘောထားများဖြစ်သည်။) ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထားဖြစ်သည်။ စာတန်နှင့် ကောင်းကင်တမန်မင်း၏ စိတ်သဘောထားဟု အစဉ်သဖြင့် မပြောနှင့်။ ဤသို့ ပြောဆိုခြင်းသည် ကျယ်ပြန့်လွန်းပြီး မရေရာပေ။ စာတန်နှင့် ကောင်းကင်တမန်မင်း၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် အလွန်များပြားသည်။ ကောင်းကင်တမန်မင်း၊ မကောင်းဆိုးဝါးများနှင့် စာတန်တို့အကြောင်းကို အတူတကွပြောဆိုခြင်းသည် ယေဘူယျဆန်လွန်းပြီး လူတို့အတွက် နားလည်ရန် မလွယ်ကူပေ။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထားဖြစ်သည်ဟုသာ ပြောခြင်းက ပို၍ အသေးစိတ်ကျသည်။ ဤသည်မှာ ၎င်းတို့ ဖွင့်ပြသည့် တစ်ခုတည်းသော စိတ်သဘောထားမျိုးမဟုတ်သည်မှာ မှန်သည်။ မာနထောင်လွှားသောစိတ်သဘောထားက အလွန်သိသာစွာ ဖွင့်ပြခြင်းသာဖြစ်သည်။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထားဖြစ်သည်ဟု ဆိုခြင်းအားဖြင့် လူတို့က အလွယ်တကူ နားလည်နိုင်လိမ့်မည်။ ထို့ကြောင့် ဤသို့ ပြောဆိုခြင်းက အသင့်တော်ဆုံးဖြစ်သည်။ လူအချို့တွင် ကျွမ်းကျင်မှုအချို့၊ ဆုကျေးဇူးအချို့၊ အသေးစား ပင်ကိုစွမ်းရည်အချို့ရှိပြီး အသင်းတော်အတွက် အမှုအရာ အတော်အတန် လုပ်ဆောင်ပြီးဖြစ်သည်။ ဤလူတို့ စဉ်းစားသည့်အရာမှာ “ဘုရားသခင်အပေါ် သင်တို့၏ ယုံကြည်ခြင်းတွင် တစ်နေကုန် စာဖတ်လျက်၊ မိတ္ထူကူးလျက်၊ စာရေးသားလျက်၊ ဝိညာဉ်ရေးရှိသူတစ်ယောက်ကဲ့သို့ ဘုရားနှုတ်ကပတ်တော်ကို မှတ်သားလျက်ဖြင့် အချိန်ကုန်ဆုံးခြင်း ပါဝင်သည်။ မည်သည့် အဓိပ္ပာယ်ရှိသနည်း။ စစ်မှန်သော အရာတစ်ခုခုကို လုပ်နိုင်သလော။ မည်သည့်အရာမျှ မလုပ်ဆောင်သောအခါတွင် သင့်ကိုယ်သင် ဝိညာဉ်ရေးရှိသည်ဟု ခေါ်ဆိုနိုင်သလော။ သင်တို့တွင် ဘဝမရှိပေ။ ငါ့တွင် ဘဝရှိသည်။ ငါလုပ်သမျှသည် စစ်မှန်သည်။” ဟူ၍ ဖြစ်သည်။ ဤသည်မှာ မည်သည့် စိတ်သဘောထားဖြစ်သနည်း။ ၎င်းတို့သည် အချို့သော အထူးကျွမ်းကျင်မှုများ၊ အချို့သော ဆုကျေးဇူးများရှိပြီး အနည်းငယ်ကောင်းသောအရာကို လုပ်ဆောင်နိုင်သည်။ ၎င်းတို့သည် ဤအရာများကို ဘဝအဖြစ် မှတ်ယူသည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် မည်သည့်ကိုမျှ မနာခံပေ။ မည်သူ့ကိုမဆို ဩဝါဒပေးရန် မကြောက်ပေ။ အခြားသောလူတိုင်းကို အထင်သေးသည်။ ဤသည်မှာ မာနထောင်လွှားခြင်းဖြစ်သလော။ (ဟုတ်သည်။) ဤသည်မှာ မာနထောင်လွှားခြင်းဖြစ်သည်။ လူတို့သည် ယေဘူယျအားဖြင့် မည်သည့်အခြေအနေများအောက်တွင် မာနထောင်လွှားခြင်းကို ဖွင့်ပြသနည်း။ (ဆုကျေးဇူးအချို့၊ သို့မဟုတ် အထူးကျွမ်းကျင်မှုများရှိသောအခါ၊ လက်တွေ့ကျသောအရာအချို့ကို လုပ်ဆောင်နိုင်သောအခါ၊ အရင်းအနှီးရှိသောအခါတွင်ဖြစ်သည်။) ဤသည်မှာ အခြေအနေတစ်မျိုးဖြစ်သည်။ ဤသို့ဆိုလျှင် ဆုကျေးဇူးမရှိသော၊ အထူးကျွမ်းကျင်မှုလုံးဝမရှိသောသူများက မာနထောင်လွှားခြင်းမရှိသလော။ (၎င်းတို့သည်လည်း မာနထောင်လွှားသည်။) ငါတို့ ယခုပြောခဲ့သည့်သူသည် “ငါသည် ဘုရားသခင်ကလွဲ၍ မည်သူ့ကိုမျှ မနာခံ။” ဟု မကြာခဏဆိုလိမ့်မည်။ လူတို့က ဤအရာကို ကြားပြီး “ဤသူသည် သမ္မာတရားအပေါ်တွင် မည်မျှနာခံလိုက်သနည်း။ သမ္မာတရားကလွဲပြီး မည်သူ့ကိုမျှ မနာခံပေ။ သူပြောသည့်အရာက မှန်ကန်သည်။” ဟူ၍ ထင်မြင်လိမ့်မည်။ အမှန်တကယ်တွင် ဤမှန်ကန်ပုံရသော စကားများအတွင်းတွင် မာနထောင်လွှားသော စိတ်သဘောထားတစ်မျိုးရှိသည်။ “ငါသည် ဘုရားသခင်ကလွဲ၍ မည်သူ့ကိုမျှ မနာခံ။” ဆိုသည်မှာ သူသည် မည်သူ့ကိုမျှ မနာခံဟု ရှင်းလင်းစွာပင် ဆိုလိုသည်။ ငါ သင်တို့ကို မေးသည်။ ဤသို့သော စကားများကို ပြောသောသူတို့သည် ဘုရားသခင်ကို အမှန်တကယ် နာခံနိုင်သလော။ ၎င်းတို့သည် ဘုရားသခင်ကို လုံးဝ မနာခံနိုင်ပေ။ ဤသို့သောစကားများကို ပြောတတ်သောသူတို့သည် အားလုံးထဲတွင် မာနအထောင်လွှားဆုံးဖြစ်သည်။ အပြင်ပန်းတွင် ၎င်းတို့ပြောသည့်အရာက မှန်ကန်သည့်ပုံစံရှိသည်။ သို့သော် အမှန်တကယ်တွင် ဤသည်မှာ မာနထောင်လွှားသောစိတ်သဘောထားကို ထင်ရှားစေရာတွင် ဒုက္ခအပေးဆုံးသော နည်းလမ်းဖြစ်သည်။ ၎င်းတို့သည် ကျိုးကြောင်းသင့်လျော်မှုရှိသည်ဆိုသည်ကို သက်သေပြရန် ဤ“ဘုရားသခင်က လွဲပြီး” ဆိုသည့်အရာကို အသုံးပြုသည်။ သို့သော် အမှန်တကယ်ပင် ဤသည်မှာ ရွှေကို မြေမြုပ်ပြီး မြေပေါ်၌ “ဤနေရာတွင် ရွှေကို မြေမြုပ်မထားပါ။” ဟု ဆိုသည့် ဆိုင်းဘုတ်ကို ကပ်ထားသကဲ့သို့ဖြစ်သည်။ ဤသည်မှာ မမိုက်မဲသလော။ သင်တို့ မည်သို့ဆိုမည်နည်း။ မည်သို့သောသူမျိုးသည် မာနအထောင်လွှားဆုံးဖြစ်သနည်း။ လူတို့သည် ၎င်းတို့ကို မာနအထောင်လွှားဆုံးဖြစ်စေမည့် မည်သည့်အရာများကို ပြောဆိုနိုင်သနည်း။ သင်တို့သည် ယခင်က မာနထောင်လွှားသောအရာအချို့ကို ကြားဖူးကောင်း ကြားဖူးလိမ့်မည်။ ဤအရာများတွင် မာနအထောင်လွှားဆုံးမှာ အဘယ်နည်း။ သင်တို့ သိသလော။ “ငါသည် မည်သူ့ကိုမျှ မနာခံ။ ကောင်းကင်၊ သို့မဟုတ် မြေကြီးကိုပင်၊ ဘုရားနှုတ်ကပတ်တော်ပင် မနာခံ။” ဟု မည်သူက ပြောရဲသနည်း။ အဆင်းနီသော နဂါးကြီးဖြစ်သော မကောင်းဆိုးဝါးကသာ ဤသို့ ပြောရဲသည်။ ဘုရားသခင်ကို ယုံကြည်သူ မည်သူမဆို ဤသို့ ပြောမည်မဟုတ်။ သို့ရာတွင် ဘုရားသခင်ကို ယုံကြည်သူများက “ဘုရားသခင်က လွဲ၍ မည်သူ့ကိုမျှ မနာခံ” ဟု ဆိုလျှင် ၎င်းတို့သည် အဆင်းနီသောနဂါးကြီးဖြင့် အလွန်ကွာခြားမှုမရှိပေ။ ၎င်းတို့သည် ကမ္ဘာ့နံပါတ်တစ် အဆင့်အတွက် သားရေကျသည်။ ၎င်းတို့သည် အားလုံးထဲတွင် မာနအထောင်လွှားဆုံးဖြစ်သည်။ သင်တို့ အဘယ်သို့ ဆိုမည်နည်း။ လူတို့အားလုံးက မာနထောင်လွှားသည်။ သို့သော် ၎င်းတို့၏ မာနထောင်လွှားမှုတွင် ကွာခြားမှုတစ်ခုခုရှိသလော။ ကွာခြားမှုကို မည်သည့်နေရာတွင် သင်ပြုလုပ်သနည်း။ ဖောက်ပြန်ပျက်စီးသော လူသားများအားလုံးသည် မာနထောင်လွှားသော စိတ်သဘောထားများရှိသည်။ သို့သော် ၎င်းတို့၏ မာနထောင်လွှားမှုတွင် ကွာခြားမှုများရှိသည်။ လူတစ်ယောက်၏ မာနထောင်လွှားမှုက အဆင့်တစ်ခုသို့ ရောက်သောအခါ သူသည် အသိစိတ်အားလုံး ပျောက်ဆုံးသွားပြီဖြစ်သည်။ ကွာခြားမှုမှာ လူတစ်ယောက်ပြောသည့်အရာတွင် အသိစိတ်ရှိမရှိပင်ဖြစ်သည်။ လူအချို့မှာ မာနထောင်လွှားသော်လည်း အသိစိတ်အနည်းငယ်ကို ပိုင်ဆိုင်သည်။ ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်လျှင် ၎င်းတို့တွင် ကယ်တင်ခြင်းခံရဖို့ မျှော်လင့်ချက်ရှိဆဲဖြစ်သည်။ အချို့မှာ အလွန်မာနထောင်လွှားပြီး အသိစိတ်မရှိပေ။ ၎င်းတို့၏ မာနထောင်လွှားမှုတွင် အကန့်အသတ်မရှိပေ။ ဤသို့သောလူတို့သည် သမ္မာတရားကို လုံးဝ လက်မခံနိုင်ပေ။ လူတို့သည် အလွန်မာနထောင်လွှားပြီး အသိစိတ်မရှိတော့လျှင် ၎င်းတို့သည် ရှက်စိတ်အားလုံး ပျောက်ဆုံးသွားပြီး မိုက်မဲစွာဖြင့် မာနထောင်လွှားခြင်းသာရှိသည်။ ဤအရာအားလုံးသည် မာနထောင်လွှားသော စိတ်သဘောထား ဖွင့်ပြခြင်းနှင့် ပေါ်လွင်ထင်ရှားခြင်းဖြစ်သည်။ ၎င်းတို့သည် မာနထောင်လွှားသော စိတ်သဘောထားမရှိလျှင် “ဘုရားသခင်က လွဲ၍ မည်သူ့ကိုမျှမနာခံ” ဟူသော အရာမျိုးကို မည်သို့ပြောနိုင်မည်နည်း။ သေချာပေါက် ပြောမည်မဟုတ်ပေ။ လူတစ်ယောက်က မာနထောင်လွှားသော စိတ်သဘောထားရှိလျှင် သံသယရှိစရာမလိုဘဲ ထိုသူ၌ မာနထောင်လွှားမှုကို ပြသခြင်းရှိပြီး သူသည် မာနထောင်လွှားသောအရာများကို ပြောဆိုလုပ်ဆောင်မည်ဖြစ်ပြီး မည်သည့်အသိစိတ်မျှရှိမည်မဟုတ်သည်မှာ သံသယရှိစရာမလိုပေ။ လူအချို့က “ငါသည် မာနထောင်လွှားသော စိတ်သဘောထားမရှိပေ။ သို့သော် ထိုသို့သောအရာများသည် ငါ၌ ဖွင့်ပြသည်။” ဟု ဆိုသည်။ ဤသို့သော စကားများက ခိုင်လုံမှုရှိသလော။ (မရှိပါ။) အခြားလူများက “ငါသည် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ပေ။ သတိထားခြင်းကို ရပ်တန့်လိုက်သည်နှင့် မာနထောင်လွှားသောအရာတစ်ခုက ငါ့ထံမှ ထွက်ပေါ်လာသည်။” ဟု ဆိုသည်။ ဤစကားတို့သည် ခိုင်လှုံမှုရှိသလော။ (မရှိပါ။) အဘယ်ကြောင့်မရှိသနည်း။ ဤစကားများ၏ အရင်းအမြစ်မှာ အဘယ်နည်း။ (မိမိကိုယ်ကို မသိခြင်းဖြစ်သည်။) မဟုတ်ပေ။ ၎င်းတို့က မာနထောင်လွှားသည်ကို ၎င်းတို့သိသည်။ သို့သော် ၎င်းတို့ကို လှောင်ပြောင်သောအခြားလူများက “သင်သည် အဘယ်သို့ အလွန်မာနထောင်လွှားသနည်း။ မည်သည့်အရာကို အလွန်မာနထောင်လွှားနေသနည်း။” ဟု ပြောဆိုသည်ကို ၎င်းတို့ ကြားသောအခါ ၎င်းတို့သည် ရှက်ရွံ့ကြသည်။ ဤအတွက်ကြောင့် ထိုသို့သောအရာများကို ၎င်းတို့ပြောခြင်းဖြစ်သည်။ ၎င်းတို့၏ မာနစိတ်က မခံနိုင်ပေ။ ၎င်းတို့သည် ဖုံးကွယ်ရန်၊ ဟန်ဆောင်ရန်၊ ဟန်လုပ်ရန်၊ လွတ်သွားစေရန်အတွက် ဆင်ခြေကို ရှာကြသည်။ ထို့ကြောင့် ၎င်းတို့၏ စကားများက မခိုင်လုံပေ။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ဖြေရှင်းဖို့ ကျန်သေးသောအခါ သင်သည် စကားမပြောသောအခါတွင်ပင် မာနထောင်လွှားသည်။ မာနထောင်လွှားခြင်းသည် လူတို့၏ သဘာဝထဲတွင်ရှိသည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ဖုံးကွယ်ထားပြီး အချိန်မရွေး ထွက်ပေါ်နိုင်သည်။ ထို့ကြောင့် စိတ်သဘောထားပြောင်းလဲမှုမရှိသရွေ့ လူတို့သည် မာနထောင်လွှားပြီး မိမိကိုယ်ကို အမှန်ထင်လျက်ရှိသည်။ ငါ ဥပမာတစ်ခုပေးမည်။ အသစ်ရွေးကောက်တင်မြှောက်ထားသော ခေါင်းဆောင်သည် အသင်းတော်တစ်ခုဆီသို့ ရောက်ရှိပြီး လူတို့က သူ့အား ကြည့်သည့်ပုံစံနှင့် ၎င်းတို့မျက်နှာတွင်ရှိသော အမူအရာတို့က အလွန်ပင် စိတ်ထက်သန်မှုမရှိသည်ကို သူ တွေ့ရှိလိုက်ရသည်။ သူ၏ စိတ်တွင် “ဤနေရာတွင် ငါ့ကို မလိုလားကြသလော။ ငါသည် အသစ်ရွေးချယ်ခြင်းခံရသော ခေါင်းဆောင်ဖြစ်သည်။ သင်တို့သည် ငါ့အား ဤသို့သော သဘောထားဖြင့် အဘယ်သို့ ဆက်ဆံနိုင်ရသနည်း။ အဘယ်ကြောင့် ငါ့အား အထင်မကြီးကြသနည်း။ ငါသည် ညီအစ်ကိုမောင်နှမများ၏ ရွေးချယ်ခြင်းကိုခံရသည်။ ထို့ကြောင့် ငါ၏ ဝိညာဉ်ရေးအစွမ်းအစသည် သင်တို့ထက်သာသည်မဟုတ်လော။”ဟု စဉ်းစားသည်။ ထို့ကြောင့် ရလဒ်အနေဖြင့် သူက “ငါသည် အသစ်တင်မြှောက်ထားသော ခေါင်းဆောင်ဖြစ်သည်။ လူအချို့က ငါ့အား လက်မခံကောင်း လက်မခံနိုင်ပေ။ သို့သော် ကိစ္စမရှိ။ မည်သူက ဘုရားနှုတ်ကပတ်တော်အပိုဒ်များကို ပို၍ မှတ်သားထားသည်၊ မည်သူက ရူပါရုံသမ္မာတရားများကို မိတ်သဟာယဖွဲ့နိုင်သည်ဆိုသည်တို့ကို ကြည့်ဖို့ ပြိုင်ပွဲတစ်ခုလုပ်ကြစို့။ ငါ့ထက်ပို၍ သမ္မာတရားများကို ရှင်းလင်းစွာ မိတ်သဟာယဖွဲ့နိုင်သူမည်သူမဆိုကို ခေါင်းဆောင်ရာထူးကို ငါပေးမည်။ မည်သို့ထင်သနည်း။” ဟု ဆိုသည်။ ဤသည်မှာ မည်သို့သော နည်းဗျူဟာဖြစ်သနည်း။ လူတို့သည် သူ့အား စိတ်မဝင်စားသောအခါ သူသည် ရောင့်ရဲကျေနပ်ခြင်းမရှိဘဲ ၎င်းတို့ကို အခက်အခဲဖြစ်စေချင်ပြီး လက်တုံ့ပြန်ချင်သည်။ ယခု ခေါင်းဆောင်ဖြစ်သောအခါ သူသည် လူတို့အား ကြီးစိုးလိုသည်။ ထိပ်တွင် ရှိလိုသည်။ ဤသည်မှာ မည်သို့သော စိတ်သဘောထားဖြစ်သနည်း။ (မာနထောင်လွှားခြင်းဖြစ်သည်။) မာနထောင်လွှားသော စိတ်သဘောထားမှာ ဖြေရှင်းရန် လွယ်ကူသလော။ (မလွယ်ကူပါ။) လူတို့၏ မာနထောင်လွှားသော စိတ်သဘောထားသည် အလွန်ပင် ကြိမ်ဖန်များစွာ ဖွင့်ပြသည်။ လူအချို့အတွက် အခြားလူများက အသစ်သော ဉာဏ်အလင်းဖွင့်ပြမှုနှင့် နားလည်မှုကို ကြားရခြင်းသည် အခံရခက်ဖွယ်ဖြစ်သည်။ “ဤအရာနှင့်ပတ်သက်ပြီး ငါ့တွင် အဘယ်ကြောင့် ပြောစရာမရှိသနည်း။ မဖြစ်ပေ။ စဉ်းစားပြီး ပို၍ကောင်းသည့်အရာတစ်ခုကို ထုတ်ပြောရမည်။” ဟူ၍ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် အခြားလူများထက်သာရန် ကြိုးစားလျက်ဖြင့် အယူဝါဒများစွာကို အန်ထုတ်ကြသည်။ ဤသည်မှာ မည်သည့်စိတ်သဘောထားဖြစ်သနည်း။ ဤသည်မှာ နာမည်နှင့် အကျိုးအမြတ်အတွက် ယှဉ်ပြိုင်ခြင်းဖြစ်သည်။ မာနထောင်လွှားခြင်းလည်းဖြစ်သည်။ စိတ်သဘောထားနှင့်သက်ဆိုင်သော အမှုကိစ္စများတွင် သင်သည် မည်သည့်အရာကိုမျှ မပြောဆို၊ မလုပ်ဆောင်လျက်ဖြင့် ငြိမ်သက်စွာ ထိုင်နေနိုင်သော်လည်း စိတ်သဘောထားက သင်၏ စိတ်နှလုံးအတွင်းတွင်၊ သင်၏ အတွေးများအတွင်းတွင် တည်ရှိနေဆဲဖြစ်သည်။ သင်၏ အမူအရာကပင် ဤအရာကို ဖွင့်ပြနိုင်သည်။ လူတို့သည် ဤအရာကို ချုပ်တည်းရန်၊ ထိန်းချုပ်ရန် နည်းလမ်းများ ကြံဆဖို့ ကြိုးစားလျှင်ပင်၊ မပေါ်လွင်အောင် တားဆီးဖို့အတွက် အစဉ် အလွန်ဂရုစိုက်လျှင် ဤသည်မှာ အသုံးဝင်မှုတစ်ခုခုရှိသလော။ (အသုံးမဝင်ပါ။) လူအချို့သည် မာနထောင်လွှားသော အရာတစ်ခုကို ပြောပြီးသောအခါ ချက်ချင်း သတိထားမိကြသည်။ “ငါ၏ မာနထောင်လွှားသော စိတ်သဘောထားကို နောက်တစ်ဖန် ဖွင့်ပြမိပြန်သည်။ မည်မျှ ရှက်ဖွယ်ကောင်းသနည်း။ မာနထောင်လွှားသော မည်သည့်အရာကိုမျှ ထပ်၍ ပြောလို့မဖြစ်ပေ။” ဟူ၍ ဖြစ်သည်။ သို့သော် သင်၏ နှုတ်ကိုပိတ်မည်ဟို ကျိန်ဆိုခြင်းသည် အသုံးမဝင်ပေ။ ဤသည်မှာ သင့်အပေါ်တွင် မူတည်ခြင်းမဟုတ်ပေ။ သင်၏ စိတ်သဘောထားအပေါ်တွင် မူတည်သည်။ ထို့ကြောင့် သင်သည် သင်၏ မာနထောင်လွှားသော စိတ်သဘောထားကို ဖွင့်မပြစေလိုလျှင် ယင်းကို ပြုပြင်ရမည်။ ဤသည်မှာ စည်းကမ်းအချို့ကို လိုက်နာသည့် ကိစ္စဖြစ်ဖို့ မဆိုထားနှင့်။ စကားအနည်းငယ်ကို ပြုပြင်ခြင်း၊ သို့မဟုတ် အမှုအရာများကို သင်လုပ်ဆောင်သည့်နည်းလမ်းများတွင် မှန်ကန်သောနည်းလမ်းကို အသုံးပြုခြင်းနှင့်သက်ဆိုင်သော ကိစ္စပင်မဟုတ်ပေ။ ဤသည်မှာ သင်၏ စိတ်သဘောထား၏ ပြဿနာကို ဖြေရှင်းခြင်းကိစ္စဖြစ်သည်။ ယခုအခါတွင် စိတ်သဘောထားသည် အတိအကျ မည်သည့်အရာဖြစ်သည်ဆိုသည့် ဤအကြောင်းအရာကို ငါပြောဆိုပြီးသည့်နောက်တွင် သင့်ကိုယ်သင် ပိုနက်နဲပြီး ထိုးဖောက်မြင်သော နားလည်မှုမရှိသလော။ (ရှိသည်။) မိမိကိုယ်ကိုသိခြင်းသည် မိမိ၏ အပြင်ပန်း စရိုက်လက္ခဏာ၊ ပင်ကိုစရိုက်၊ မကောင်းသော အမူအကျင့်များ၊ ယခင်က မိမိလုပ်ဆောင်ခဲ့သော မသိနားမလည်သော၊ မိုက်မဲသောအရာများနှင့် မသက်ဆိုင်ပေ။ ဤအရာများ လုံးဝ မဟုတ်ပေ။ ထိုထက် ယင်းသည် ဘုရားသခင်ကို ဆန့်ကျင်ရာတွင် မိမိလုပ်ဆောင်နိုင်သော ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားနှင့် ဆိုးယုတ်မှုများကို သိခြင်းဖြစ်သည်။ ဤသည်မှာ အဓိကအချက်ဖြစ်သည်။ လူအချို့က “ငါ့တွင် ပေါက်ကွဲတတ်သော ဒေါသစိတ်ရှိသည်။ ဤအရာကို ပြောင်းလဲရန် ငါ လုပ်ဆောင်နိုင်သည့်အရာမရှိပေ။ ဤစိတ်သဘောထားကို မည်သည့်အချိန်တွင် ငါပြောင်းလဲနိုင်သနည်း။” ဟု ဆိုသည်။ “ငါသည် မိမိကိုယ်ကို ဖော်ပြရာတွင် ဆိုးရွားသည်။ စကားပြောကောင်းသူမဟုတ်ပေ။ ငါပြောသမျှသည် နောက်ဆုံးတွင် လူတို့ကို စိတ်မကျေမနပ်ဖြစ်စေသည်၊ သို့မဟုတ် ၎င်းတို့၏ ခံစားချက်များကို ထိခိုက်စေသည်။ ဤအရာသည် မည်သည့်အချိန်တွင် ပြောင်းလဲမည်နည်း။” ဟူ၍ ပြောသော အခြားလူများရှိသည်။ ၎င်းတို့က ဤသို့ပြောသည်မှာ မှန်ကန်သလော။ (မမှန်ကန်ပါ။) ၎င်းတို့က မည်သည့်နေရာတွင် မှားသနည်း။ (ဤသည်မှာ မိမိ၏ သဘာဝအတွင်းတွင်ရှိသော အရာများကို မသိမြင်ခြင်းဖြစ်သည်။) မှန်သည်။ စရိုက်လက္ခဏာသည် သဘာဝကို မသတ်မှတ်ပေ။ လူတစ်ယောက်၏ ပင်ကိုစရိုက်က မည်မျှကောင်းမွန်ပါစေ ထိုသူတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုရှိနိုင်ဆဲဖြစ်သည်။

စိတ်သဘောထား၏ လက္ခဏာသွင်ပြင်နှစ်ခုကို ငါ ယခုပြောခဲ့သည်။ ပထမတစ်ခုက ခေါင်းမာခြင်းဖြစ်ပြီး ဒုတိယတစ်ခုက မာနထောင်လွှားခြင်းဖြစ်သည်။ မာနထောင်လွှားခြင်းအကြောင်းကို ငါတို့ များစွာပြောဖို့ မလိုပေ။ လူတိုင်းက မာနထောင်လွှားသော အပြုအမူကို များစွာ ဖွင့်ပြသည်။ ပြီးလျှင် မာနထောင်လွှားခြင်းသည် စိတ်သဘောထား၏ လက္ခဏာသွင်ပြင်တစ်ခုဖြစ်သည်ဟု သင်တို့ သိဖို့သာ လိုသည်။ အခြားစိတ်သဘောထားတစ်မျိုးလည်းရှိသည်။ အချို့လူတို့သည် မည်သူ့ကိုမျှ အမှန်အတိုင်း လုံးဝ မပြောပေ။ ၎င်းတို့သည် လူတို့ကို မပြောခင်တွင် အရာရာတိုင်းကို စိတ်ထဲ၌ အလေးအနက် သုံးသပ်ဆင်ခြင်ပြီး ချောမွေ့အောင်ပြုလုပ်ထား၏။ ၎င်းတို့ပြောသည့် မည်သည့်အရာများက မှန်ကန်ပြီး မည်သည့်အရာများက မှားယွင်းသည်ကို သင်မသိနိုင်ပေ။ ၎င်းတို့သည် ယနေ့တွင် တစ်မျိုးပြောပြီး မနက်ဖြန်တွင် နောက်တစ်မျိုးပြောသည်။ လူတစ်ယောက်ကို တစ်မျိုးပြောပြီး အခြားတစ်ယောက်ကို နောက်တစ်မျိုးပြောသည်။ ၎င်းတို့ပြောသမျှတိုင်းသည် ဆန့်ကျင်ကွဲလွဲနေ၏။ ဤသို့သောလူတို့ကို အဘယ်သို့ ယုံကြည်နိုင်မည်နည်း။ အချက်အလက်များကို တိတိကျကျ နားလည်သဘောပေါက်ရန်အတွက် အလွန်ခက်ခဲသည်။ ၎င်းတို့ထံမှတဲ့တိုး စကားတစ်ခွန်းကို မရရှိနိုင်ပေ။ ဤသည်မှာ မည်သို့သော စိတ်သဘောထားဖြစ်သနည်း။ ဤသည်မှာ်လှည့်စားခြင်းဖြစ်၏။ လှည့်စားသော စိတ်သဘောထားသည် ပြောင်းလဲရန် လွယ်ကူသလော။ ယင်းသည် ပြောင်းလဲရန် အခက်ခဲဆုံးဖြစ်သည်။ စိတ်သဘောထားများပါဝင်သည့် အရာရာတိုင်းသည် လူတစ်ယောက်၏ သဘာဝနှင့် ဆက်နွှယ်သည်။ လူတစ်ယောက်၏ သဘာဝနှင့်သက်ဆိုင်သည့် အရာများကို ပြောင်းလဲရန်ထက် ပို၍ ခက်ခဲသောအရာ မရှိပေ။ ကျားသစ်သည် သူ၏ အစက်အပြောက်များကို မပြောင်းလဲနိုင်ဆိုသည့် စကာသည် လုံးဝ မှန်ကန်သည်။ မည်သည့်အရာကို ပြောဆိုသည်ဖြစ်စေ၊ လုပ်ဆောင်သည်ဖြစ်စေ လှည့်စားသောသူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ဦးတည်ချက်နှင့် ရည်ရွယ်ချက်များကို အစဉ်သဖြင့် ထားရှိကြသည်။ ၎င်းတို့၌ ဦးတည်ချက်များ၊ ရည်ရွယ်ချက်များ မရှလျှင် မည်သည့်အရာကိုမျှ ပြောဆိုကြမည်မဟုတ်ပေ။ ၎င်းတို့၏ ဦးတည်ချက်များ၊ ရည်ရွယ်ချက်များက မည်သည့်အရာဖြစ်သည်ကို နားလည်ရန် သင်ကြိုးစားလျှင် ၎င်းတို့က နှုတ်ဆိတ်နေလိမ့်မည်။ အမှန်ဖြစ်သည့် အရာတစ်ခုခုကို ၎င်းတို့မတော်တဆ ပြောဆိုမိလိုက်လျှင် ယင်းကို ပြောင်းလဲပြောဆိုရန်အတွက်၊ သင့်ကို စိတ်ရှုပ်ထွေးသွားအောင် ပြုလုပ်ပြီး အမှန်အတိုင်း သိမသွားစေရန်အတွက် နည်းလမ်းတစ်ခုကို မရရအောင် စဉ်းစားလိမ့်မည်။ လှည့်စားသော လူတို့သည် မည်သည့်အရာကို လုပ်ဆောင်ပါစေ အလုံးစုံသော အမှန်တရားကို မည်သူ့ကိုမျှ သိခွင့်ပြုမည်မဟုတ်ပေ။ လူတို့သည် ၎င်းတို့နှင့်အတူ အချိန်မည်မျှကုန်ဆုံးပါစေ ၎င်းတို့၏ စိတ်ထဲတွင် အမှန်တကယ် မည်သည့်အရာဖြစ်ပျက်နေသည်ကို မည်သူမျှ မသိနိုင်ချေ။ ဤသည်မှာ လှည့်စားသောသူတို့၏ သဘာဝဖြစ်သည််လှည့်စားသောသူတို့သည် မည်မျှပြောဆိုပါစေ ၎င်းတို့၏ ရည်ရွယ်ချက်များက မည်သည့်အရာဖြစ်သည်၊ သို့မဟုတ် မည်သည့်အရာကို ၎င်းတို့ အမှန်တကယ် စဉ်းစားနေသည်၊ သို့မဟုတ် မည်သည့်ဦးတည်ချက် အတိအကျကို ၎င်းတို့ရယူဖို့ ကြိုးစားနေသည်ကို အခြားသူများက မည်သို့မျှ သိမည် မဟုတ်ပေ။ ၎င်းတို့၏ မိဘများပင် ဤအရာကို သိရန် ခက်ခဲသလှည့်စားသောသူကို နားလည်ရန် ကြိုးစားခြင်းသည် အလွန့်အလွန် ခက်ခဲ၏။ သူ၏ စိတ်တွင် မည်သည့်အရာရှိသည်ကို မည်သူမျှ အဖြေမရှာနိုင်ပေ။ ဤသည်မှာ လှည့်စားသောသူတို့ ပြောဆိုပြုမူသည့် ပုံစံပင်ဖြစ်သည်။ ၎င်းတို့သည် စိတ်ထဲတွင်ရှိသည့်အရာကို လုံးဝ မပြောဆိုပေ၊ သို့မဟုတ် အမှန်တကယ်တွင် မည်သည့်အရာဖြစ်ပျက်နေသည်ကို အသိမပေးပေ။ ဤသည်မှာ စိတ်သဘောထားအမျိုးအစားတစ်ခု ဖြစ်သည်မဟုတ်လော။ သင်၌ လှည့်စားသော စိတ်သဘောထားရှိလျှင် မည်သည့်အရာကို သင်ပြောပြောလုပ်လုပ် အရေးမပါချေ။ ဤစိတ်သဘောထားသည် အစဉ်သဖြင့် သင့်အတွင်း၌ ရှိ၏၊ သင့်ကိုထိန်းချုပ်နေ၏၊ သင့်ကို မရိုးမသား လုပ်ဆောင်စေပြီး လှည့်စားမှုကို လုပ်ဆောင်စေ၏၊ လူတို့ကို ဆော့ကစားစေ၏၊ အမှန်တရားကို ဖုံးကွယ်ပြီးဟန်လုပ်စေ၏။ ဤသည်မှာ ကောက်ကျစ်ခြင်းဖြစ်သည်။ လှည့်စားသောသူများက အခြားမည်သို့သော အသေးစိတ် အပြုအမူများကို ဝင်ရောက်လုပ်ဆောင်သနည်း။ ငါ ဥပမာတစ်ခုပေးမည်။ လူနှစ်ယောက် စကားပြောနေသည်။ ၎င်းတို့ထဲမှ တစ်ယောက်က ကိုယ့်ကိုယ်ကိုယ် သိမြင်မှုအကြောင်းကို ပြောသည်။ ဤလူက သူသည် မည်သို့တိုးတက်ပြီးဖြစ်သည်ကို ပြောလျက်ရှိပြီး အခြားလူကို ယုံကြည်အောင် ပြုလုပ်ဖို့ ကြိုးစားသည်။ သို့သော် သူသည် အခြားလူအား အကြောင်းအရာ၏ အမှန်တကယ်ဖြစ်သော အချက်အလက်များကို မပြောပေ။ ဤတွင် တစ်စုံတစ်ခုကို ဖုံးကွယ်ထားသည်။ ဤသည်မှာ စိတ်သဘောထားတစ်ခုကို ညွှန်ပြသည်။ လှည့်စားခြင်း စိတ်သဘောထားဖြစ်သည်။ ဤအရာကို သင်တို့ ပိုင်းခြားသိမြင်နိုင်မလောဆိုသည်ကို ကြည့်ကြစို့။ ဤလူက “ငါသည် လတ်တစ်လောတွင် အချို့သောအရာများကို ကြုံတွေ့ခဲ့ရသည်။ ဤနှစ်များတစ်လျှောက်တွင် ဘုရားသခင်အပေါ် ငါ၏ ယုံကြည်မှုသည် အချည်းနှီးဖြစ်သည်ဟု ခံစားရသည်။ မည်သည့်အရာကိုမျှ ငါမရရှိပေ။ ငါသည် အလွန်ညံ့ဖျင်းပြီး သနားစဖွယ်ဖြစ်သည်။ ငါ၏ အပြုအမူသည် လတ်တစ်လောတွင် အလွန်ကောင်းမွန်ခြင်းမရှိပေ။ သို့သော် ငါသည် နောင်တရရန် အသင့်ရှိနေသည်။” ဟု ဆိုသည်။ သို့တိုင်အောင် ထိုသူက ဤသို့ပြောပြီး အချိန်အတန်ကြာသောအခါတွင် ထိုသူ၌ နောင်တရသည့် အမူအရာကို မည်သည့်နေရာတွင်မျှ မတွေ့ရပေ။ ဤတွင် ပြဿနာသည် အဘယ်နည်း။ ပြဿနာမှာ သူသည် အခြားလူများကို လိမ်ညာလှည့်စားခြင်းဖြစ်သည်။ ဤလူက ဤအရာများကို ပြောသည်ကို အခြားလူများက ကြားသောအခါ ၎င်းတို့က “ဤလူသည် ယခင်က သမ္မာတရားကို မလိုက်စားခဲ့ပေ။ သို့သော် ဤသို့သောအရာများကို ပြောနိုင်သည်ဆိုသည့်အချက်က သူသည် အမှန်တကယ်နောင်တရပြီးဖြစ်သည်ဆိုသည်ကို ပြသည်။ သံသယရှိစရာမလိုပေ။ ငါတို့သည် ထိုသူအား ငါတို့ကြည့်လေ့ရှိသည့်ပုံစံအတိုင်း မကြည့်ရဘဲ အသစ်သော၊ ပို၍ကောင်းသော နားလည်မှုဖြင့် ကြည့်ရမည်။” ဟု စဉ်းစားကြသည်။ ဤသည်မှာ ထိုစကားများကို ကြားပြီးနောက်တွင် လူတို့ ချင့်ချိန်စဉ်းစားပုံဖြစ်သည်။ သို့သော် ထိုသူ၏ လက်ရှိအခြေအနေသည် သူပြောသည့်အရာနှင့် တူညီသလော။ လက်တွေ့တွင် မတူညီပေ။ သူသည် အမှန်တကယ် နောင်တရပြီးခြင်းမရှိပေ။ သို့သော် သူ၏ စကားများကြောင့် သူသည် နောင်တရပြီးပြီဟူ၍ လည်းကောင်း၊ သူသည် ပိုကောင်းသည့် အခြေအနေသို့ ပြောင်းလဲသွားပြီဟူ၍ လည်းကောင်း၊ သူသည် ယခင်ကနှင့် မတူတော့ဟူ၍လည်းကောင်း ထင်ယောင်ထင်မှားဖြစ်စေသည်။ ဤသည်မှာ သူတို့၏ စကားဖြင့် စွမ်းဆောင်ရရှိလိုသည့် အရာဖြစ်သည်။ လူတို့ကို လှည့်စားရန် ဤသို့စကားပြောခြင်းအားဖြင့် သူသည် မည်သည့်စိတ်သဘောထားကို ဖွင့်ပြသနည်း။ လှည့်စားခြင်းဖြစ်သည်။ ဤသည်မှာ အလွန် မသိမသာဖြင့် ဒုက္ခပေးသည်။ အမှန်မှာ သူသည် ဘုရားသခင်အပေါ် သူ၏ ယုံကြည်မှုတွင် ကျရှုံးပြီးဖြစ်သည်၊ သူသည် ညံ့ဖျင်းပြီး သနားဖွယ်ဖြစ်သည်ဆိုသည်ကို လုံးဝ သတိမမူမိပေ။ ထိုသူသည် လူတို့ကို လှည့်စားရန်၊ အခြားလူများက သူ့အပေါ် အကောင်းမြင်ပြီး အထင်အမြင်ကောင်းအောင် ပြုလုပ်ရန်ဖြစ်သော သူ၏ ရည်ရွယ်ချက်ကို ရရှိရန်အတွက် ဝိညာဉ်ရေး ဘာသာစကားများကို ငှားယူအသုံးပြုနေခြင်းဖြစ်သည်။ ဤသည်မှာ လှည်စားခြင်းမဟုတ်သလော။ လူတစ်ယောက်က အလွန်လှည့်စားတတ်လျှင် ပြောင်းလဲရန် မလွယ်ကူပေ။

စကားပြောသည့်အခါတွင် မည်သည့်အခါမျှ ရိုးရှင်းခြင်း၊ သို့မဟုတ် ပွင့်လင်းခြင်းမရှိသည့် အခြားလူအမျိုးအစားတစ်ခုရှိသည်။ ၎င်းတို့သည် အစဉ်သဖြင့် အကြောင်းအရာများကို ဖုံးကွယ်ပြီး ကွယ်ဝှက်ထားသည်။ အချိန်တိုင်းနေရာတိုင်းတွင် လူတို့ထံမှ သတင်းများ စုဆောင်းရယူပြီး ၎င်းတို့၏ အမြင်ကို ရရှိရန် မေးမြန်းသည်။ ၎င်းတို့သည် အစဉ်သဖြင့် အခြားလူများနှင့်ပတ်သက်ပြီး အလုံးစုံကို အမှန်အကန်သိလိုသော်လည်း ၎င်းတို့ကိုယ်တိုင်၏ စိတ်နှလုံးတွင်ရှိသောအရာကို မပြောကြပေ။ ၎င်းတို့နှင့် ဆက်ဆံသူမည်သူမဆိုသည် ၎င်းတို့နှင့်ပတ်သက်ပြီး အမှန်တရားတစ်ခုလုံးကို သိရှိရန် လုံးဝ မျှော်လင့်၍မရပေ။ ဤသို့သောသူများသည် အခြားလူများအား ၎င်းတို့၏ အစီအစဉ်များကို မသိလိုပေ။ ပြီးလျှင် မည်သူ့ကိုမျှ ပြောမပြပေ။ ဤသည်မှာ မည်သည့်စိတ်သဘောထားဖြစ်သနည်း။ လှည့်စားသော စိတ်သဘောထားဖြစ်သည်။ ဤသို့သောလူများသည် အလွန့်အလွန် လိမ္မာပါးနပ်သည်။ လူတိုင်းက ၎င်းတို့ကို နားမလည်နိုင်ပေ။ လူတစ်ယောက်သည် လှည့်စားသော စိတ်သဘောထားကို ပိုင်ဆိုင်လျှင် သူသည် လှည့်စားသူဖြစ်သည်မှာ သံသယရှိစရာမလိုပေ။ သူသည် သဘာဝနှင့် အနှစ်သာရတွင် လှည့်စားတတ်သည်။ ဤသို့သောသူမျိုးသည် ဘုရားသခင်အပေါ် သူ၏ ယုံကြည်မှုတွင် သမ္မာတရားကို လိုက်စားသလော။ သူသည် အခြားလူများရှေ့တွင် အမှန်အတိုင်းမပြောလျှင် ဘုရားသခင်ရှေ့တွင် အမှန်အတိုင်း ပြောနိုင်စွမ်းရှိသလော။ အသေအချာပင် မရှိပေ။ လှည့်စားတတ်သောသူသည် မည်သည့်အခါမျှ အမှန်အတိုင်းမပြောပေ။ ထိုသူသည် ဘုရားသခင်ကို ယုံကြည်ကောင်း ယုံကြည်နိုင်သည်။ သို့သော် သူ၏ ယုံကြည်မှုသည် မှန်ကန်သော ယုံကြည်မှုဖြစ်သလော။ ထိုသူသည် ဘုရားသခင်အပေါ် မည်သို့သော သဘောထားရှိသနည်း။ သူ၏ စိတ်နှလုံးတွင် အသေအချာပင် သံသယများစွာ ရှိလိမ့်မည်။ “ဘုရားသခင်က အဘယ်မှာနည်း။ ဘုရားသခင်ကို ငါမမြင်ရပေ။ ဘုရားသခင်က စစ်မှန်သည်ဟူသည့် မည်သည့်သက်သေရှိသနည်း။” “ဘုရားသခင်က အရာရာအပေါ်တွင် အချုပ်အခြာအာဏာရှိသည် ဟုတ်သလော။ အမှန်တကယ်ဖြစ်သလော။ စာတန်၏ အစိုးရသည် ဘုရားသခင်အား ယုံကြည်သူများကို ထိတ်ထိတ်ပျာပျာဖြင့် ဖိနှိပ်ပြီး ဖမ်းဆီးနေသည်။ ဘုရားသခင်က ၎င်းကို အဘယ်ကြောင့် မဖျက်ဆီးသနည်း။” “ဘုရားသခင်က လူတို့ကို မည်သို့ အတိအကျကယ်တင်သနည်း။ သူ၏ ကယ်တင်ခြင်းက အမှန်တကယ်ဖြစ်သလော။ အလွန်ရှင်းလင်းခြင်းမရှိပေ။” “ဘုရားသခင်ကို ယုံကြည်သူသည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်သလော၊ မဝင်ရောက်နိုင်သလော။ အတည်ပြုခြင်း တစ်ခုမျှမရှိဘဲ ပြောရန်ခက်သည်။” ဟူ၍ ဖြစ်သည်။ သူ၏ စိတ်နှလုံးတွင် ဘုရားသခင်နှင့်ပတ်သက်ပြီး သံသယများစွာရှိလျက်ဖြင့် သူသည် ဘုရားသခင်အတွက် မိမိကိုယ်ကို စစ်မှန်စွာ အသုံးခံနိုင်သလော။ မဖြစ်နိုင်ပေ။ သူသည် ဘုရားသခင်နောက်သို့လိုက်ရန် အရာအားလုံးကို စွန့်ပစ်ခဲ့သော၊ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံပြီး တာဝန်များကို ထမ်းဆောင်သော ဤလူများအားလုံးကို တွေ့မြင်ပြီး “ငါသည် တစ်ခုခုကို ချန်ထားဖို့လိုသည်။ ၎င်းတို့ကဲ့သို့ မိုက်မဲ၍ မဖြစ်ပေ။ ငါသည် ဘုရားသခင်အား အရာရာကို ပေးအပ်လျှင် အနာဂတ်တွင် ငါသည် မည်သို့ အသက်ရှင်ရမည်နည်း။ မည်သူက ငါ့ကို စောင့်ရှောက်မည်နည်း။ ငါ့တွင် အရေးပေါ် အစီအစဉ်တစ်ခု လိုအပ်သည်။” ဟူ၍ စဉ်းစားကြသည်။ လှည့်စားသောသူများက မည်မျှ “လာဘ်မြင်” သည်၊ မည်မျှ ကြို၍ စဉ်းစားသည်ကို သင်မြင်တွေ့နိုင်သည်။ အခြားလူများက စုဝေးပွဲများတွင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှုကို ၎င်းတို့သိမြင်ခြင်းအကြောင်းအား ဖွင့်ပြောခြင်း၊ မိတ်သဟာယတွင် ၎င်းတို့၏ စိတ်နှလုံးအတွင်းတွင် ပုံးကွယ်နေသော အရာများကို ထုတ်ပြောခြင်း၊ မှောက်မှားမှုကို ၎င်းတို့ မည်မျှကျူးလွန်ခဲ့သည်ကို မှန်မှန်ကန်ကန်ပြောခြင်းတို့ကို မြင်သောအခါတွင် “သင်သည် သူရူးဖြစ်သည်။ ဤအရာတို့သည် အတွင်းရေးကိစ္စများဖြစ်သည်။ အဘယ်ကြောင့် အခြားလူများကို ပြောမည်နည်း။ ဤအရာများကို ငါ့အား ရိုက်နှက်၍ ပြောခိုင်းလျှင် ငါပြောမည်မဟုတ်ပေ။” ဟု စဉ်းစားသောသူအချို့ရှိကြသည်။ ဤသည်မှာ လှည့်စားသောသူများ၏ ပုံစံဖြစ်သည်။ ၎င်းတို့သည် ရိုးသားဖို့ထက် အသေသာခံမည်ဖြစ်ပြီး အမှန်တရား အလုံးစုံကို မည်သူ့ကိုမျှ မပြောပေ။ လူအချို့က “ငါသည် ပြစ်မှားခဲ့ပြီး မကောင်းသောအရာအချို့ကို လုပ်ဆောင်ခဲ့သည်။ ထိုအရာများကို လူတို့အား မျက်နှာချင်းဆိုင်၍ ပြောပြရန် ငါအနည်းငယ် ရှက်ရွံ့သည်။ အမှန်တွင် ထိုအရာများသည် အတွင်းရေးများဖြစ်ပြီး ရှက်ဖွယ်ကောင်းသည်။ သို့သော် ထိုအရာများကို ဘုရားသခင်ထံမှ ဖုန်းကွယ်၍၊ ကွယ်ဝှက်၍မရပေ။ ဤအရာများကို ဘုရားသခင်အား အရှိအတိုင်းဖြစ်စွာ၊ ပွင့်လင်းစွာ ပြောသင့်သည်။ ငါ၏ အတွေးများ၊ သို့မဟုတ် အတွင်းရေးကိစ္စများကို အခြားလူများအား မပြောရဲသော်လည်း ဘုရားသခင်ကို ပြောရမည်။ အခြားမည်သူ့ကို ငါ လျှို့ဝှက်ထားပါစေ ဘုရားသခင်ထံမှ လျှို့ဝှက်မထားနိုင်ပေ။” ဟူ၍ ဆိုသည်။ ဤသည်မှာ ရိုးသားသူတစ်ယောက်က ဘုရားသခင်အပေါ် ထားရှိသော သဘောထားဖြစ်သည်။ သို့တိုင်အောင် လှည့်စားသူများသည် လူတိုင်းအား သတိထားကာကွယ်ကြသည်။ မည်သူ့ကိုမျှ မယုံကြည်ပေ။ ပြီးလျှင် မည်သူနှင့်မျှ ရိုးသားစွာ မပြောဆိုပေ။ မည်သူ့ကိုမျှ အလုံးစုံသော အမှန်တရားကို မပြောပေ။ မည်သူကမျှ ၎င်းတို့ကို အဖြေမရှာနိုင်ပေ။ ၎င်းတို့သည် အားလုံးထဲတွင် အလှည့်စားဆုံးသောသူများဖြစ်ကြသည်။ လူတိုင်းတွင် လှည့်စားသော စိတ်သဘောထားရှိသည်။ တစ်ခုတည်းသော ကွာခြားချက်မှာ မည်မျှဆိုးဝါးသနည်းဆိုသည်ပင်ဖြစ်သည်။ သင်သည် စုဝေးပွဲများတွင် သင်၏ စိတ်နှလုံးကို ဖွင့်ဟပြီး မိတ်သဟာယဖွဲ့ကောင်းဖွဲ့နိုင်သော်လည်း သင့်တွင် လှည့်စားသော စိတ်သဘောထားမရှိဟု ဆိုလိုသလော။ မဆိုလိုပေ။ သင့်တွင်လည်း လှည့်စားသော စိတ်သဘောထားရှိသည်။ အဘယ်ကြောင့် ငါ ဤသို့ ပြောသနည်း။ ဤဥပမာတစ်ခုကို ကြည့်လော့။ သင်သည် သင်၏ မာန၊ သို့မဟုတ် ဘဝင်မြင့်မှုနှင့်မသက်ဆိုင်သောအရာများ၊ ရှက်ဖွယ်မဟုတ်သောအရာများ၊ ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းကို သင်မခံရမည့်အရာများကို မိတ်သဟာယတွင် ဖွင့်ပြောကောင်း ဖွင့်ပြောနိုင်သည်။ သို့သော် သင်သည် သမ္မာတရားစည်းမျဉ်းများကို ချိုးဖောက်သည့်အရာ၊ လူတိုင်းက စက်ဆုပ်ရွံရှာမည့်အရာတစ်ခုကို လုပ်ဆောင်ခဲ့လျှင် စုဝေးပွဲများတွင် ဤအကြောင်းကို ပွင့်လင်းစွာ မိတ်သဟာယဖွဲ့နိုင်မည်လော။ ပြီးလျှင် သင်သည် ပြောရက်စရာမရှိအောင် ဆိုးရွားသောအရာတစ်ခုကို လုပ်ဆောင်ခဲ့လျှင် ထိုအရာနှင့်ပတ်သက်ပြီး ဖွင့်ပြောကာ အမှန်တရားကို ဖွင့်ပြရန် သင့်အတွက် ပို၍ပင် ခက်ခဲလိမ့်မည်။ တစ်စုံတစ်ယောက်က ထိုအရာကို စူးစမ်းလျှင်၊ သို့မဟုတ် အပြစ်တင်ဖို့ ကြိုးစားလျှင် သင်သည် ယင်းကို ဖုံးကွယ်ရန် သင့်တွင်ရှိသမျှနည်းလမ်းအားလုံးကို အသုံးပြုလိမ့်မည်။ ဤအကြောင်းအရာ ပေါ်သွားနိုင်သည်ဟူ၍ သင်သည် ကြောက်လန့်နေလိမ့်မည်။ သင်သည် အစဉ်သဖြင့် ဖုံးဖိပြီး လွတ်မြောက်သွားရန် ကြိုးစားနေလိမ့်မည်။ ဤသည်မှာ လှည့်စားသော စိတ်သဘောထားတစ်ခုမဟုတ်သလော။ သင်သည် လူကြားအောင် မပြောလျှင် မည်သူကမျှ သိမည်မဟုတ်၊ ဘုရားသခင်ပင်လျှင် သင့်ကို တစ်စုံတစ်ခုပြုလုပ်ရန် နည်းလမ်းရှိမည်မဟုတ်ဟု သင် ယုံကြည်ကောင်းယုံကြည်နိုင်သည်။ ဤသည်မှာ မှားယွင်းသည်။ ဘုရားသခင်သည် လူတို့၏ အတွင်းကျဆုံးသောဖြစ်တည်မှုကို ကြည့်ရှုသည်။ သင်သည် ဤအရာကို သတိမမူမိနိုင်လျှင် ဘုရားသခင်ကို သင် လုံးဝ မသိပေ။ လှည့်စားသောသူများသည် အခြားလူများကို လှည့်စားခြင်းသာမဟုတ်ဘဲ ဘုရားသခင်ကို လှည့်စားရန်ပင် ကြိုးစားပြီး ဘုရားသခင်အား အာခံရန် လှည့်စားသောနည်းလမ်းများကို အသုံးပြုရဲကြသည်။ ဤသို့သောလူတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရယူနိုင်သလော။ ဘုရားသခင်၏ စိတ်သဘောထားသည် ဖြောင့်မတ်ပြီး သန့်ရှင်းသည်။ လှည့်စားသောသူများသည် ဘုရားသခင် အရွံ့မုန်းဆုံးသောသူများဖြစ်သည်။ ထို့ကြောင့် လှည့်စားသူများသည် ကယ်တင်ခြင်းကိုရယူရန် အခက်ခဲဆုံးသောသူများဖြစ်သည်။ လှည့်စားတတ်သည့်သဘာဝရှိသောသူများသည် အလိမ်ညာဆုံးသောသူများဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကိုပင် လိမ်ညာပြီး လှည့်စားဖို့ ကြိုးစားလိမ့်မည်။ ပြီးလျှင် ၎င်းတို့သည် ခေါင်းမာစွာဖြင့် နောင်တမရကြပေ။ ဤသည်မှာ ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို မရယူနိုင်သည့် သဘောဖြစ်သည်။ လူတစ်ယောက်သည် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ရံဖန်ရံခါသာ ဖွင့်ပြလျှင်၊ သူသည် လူတို့ကို လိမ်ညာလှည့်စားသော်လည်း ဘုရားသခင်အပေါ်တွင် ရိုးရှင်းပြီး ပွင့်လင်းကာ ဘုရားသခင်ထံ နောင်တရလျှင် ဤသို့သောသူမျိုးသည် ကယ်တင်ခြင်းရယူရန် မျှော်လင့်ချက်ရှိဆဲဖြစ်သည်။ သင်သည် အမှန်တကယ်ပင် အသိတရားရှိသောသူတစ်ယောက်ဖြစ်လျှင် သင့်ကိုယ်သင် ဘုရားသခင်ထံ ဖွင့်ဟသင့်သည်။ ဘုရားသခင်အား စိတ်နှလုံးထဲမှ စကားပြောသင့်သည်။ သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်ပြီး သိမြင်သင့်သည်။ ဘုရားသခင်အား မလိမ်ညာသင့်တော့ပေ။ ဘုရားသခင်အား အချိန်မရွေး လှည့်စားဖို့ မကြိုးစားသင့်ပေ။ ဘုရားသခင်ထံမှ တစ်စုံတစ်ခုကို ဖုံးကွယ်ဖို့ ပို၍ပင် မကြိုးစားသင့်ပေ။ အမှန်မှာ လူတို့အနေဖြင့် သိဖို့ မလိုအပ်သည့်အရာအချို့ရှိသည်။ သင်သည် ထိုအရာများနှင့်ပတ်သက်ပြီး ဘုရားသခင်အပေါ် ပွင့်လင်းသရွေ့ ပြဿနာမရှိပေ။ သင်သည် အမှုအရာများကို လုပ်ဆောင်သောအခါ ဘုရားသခင်အပေါ်တွင် လျှို့ဝှက်ချက်များမထားရှိရန် သေချာလုပ်ဆောင်ပါ။ အခြားလူများကို ပြောဖို့ မသင့်သည့်အရာများကိုအားလုံးကို ဘုရားသခင်အား ပြောနိုင်သည်။ ဤသို့လုပ်ဆောင်သောသူသည် လိမ္မာပါးနပ်သည်။ အခြားလူများကို ဖွင့်ပြောရန် မလိုအပ်ဟု ၎င်းတို့ခံစားရသည့် အရာအချို့ရှိနိုင်သော်လည်း ဤအရာကို လှည့်စားခြင်းဟု မခေါ်သင့်ပေ။ လှည့်စားသောသူများသည် ဤသို့မဟုတ်ပေ။ ၎င်းတို့က အရာရာတိုင်းကို ဖုံးကွယ်သင့်သည်၊ အခြားလူများကို မည်သည့်အရာကိုမျှ ပြော၍မရ၊ အထူးသဖြင့် အတွင်းရေးကိစ္စများနှင့်ပတ်သက်သောအခါတွင်ဖြစ်သည်ဟု ယုံကြည်ကြသည်။ တစ်စုံတစ်ခုကို ပြောလျှင် ၎င်းတို့အတွက် အကျိုးမရှိလျှင် ၎င်းတို့က ပြောမည်မဟုတ်။ ဘုရားသခင်ကိုပင် ပြောမည်မဟုတ်ပေ။ ဤသည်မှာ လှည့်စားသော စိတ်သဘောထားမဟုတ်သလော။ ဤသို့သောသူသည် အမှန်ပင် လှည့်စားတတ်သည်။ လူတစ်ယောက်သည် အလွန်လှည့်စားတတ်ပြီး ဘုရားသခင်အား အမှန်အတိုင်းမပြောလျှင်၊ ဘုရားသခင်အပေါ်တွင် အရာရာတိုင်းအား လျှို့ဝှက်ထားလျှင် သူသည် ဘုရားသခင်ကို ယုံကြည်သောသူပင် ဖြစ်သလော။ ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်းရှိသလော။ သူသည် ဘုရားသခင်ကို သံသယရှိသောသူဖြစ်သည်။ သူ၏ စိတ်နှလုံးတွင် ဘုရားသခင်ကို မယုံကြည်ပေ။ ထို့ကြောင့် သူ၏ ယုံကြည်ခြင်းသည် မမှားယွင်းသလော။ သူသည် မယုံကြည်သူတစ်ယောက်၊ ယုံကြည်သူအတုအယောင်တစ်ယောက်ဖြစ်သည်။ သင်တို့သည် ဘုရားသခင်ကို သံသယဝင်ပြီး သတိထားကာကွယ်လာသည့်အချိန်များရှိကြသလော။ (ရှိသည်။) ဘုရားသခင်ကို သံသယဝင်ပြီး ဘုရားသခင်အား သတိထားကာကွယ်ခြင်းသည် မည်သည့် စိတ်သဘောထားမျိုးဖြစ်သနည်း။ ဤသည်မှာ လှည့်စားသော စိတ်သဘောထားဖြစ်သည်။ လူတိုင်းတွင် လှည့်စားသော စိတ်သဘောထားရှိသည်။ မည်မျှ ဆိုးရွားသည်ဆိုသည်နှင့်သာ သက်ဆိုင်သည်။ သင်သည် သမ္မာတရားကို လက်ခံနိုင်သရွေ့ နောင်တနှင့် ပြောင်းလဲခြင်းကို ရရှိနိုင်လိမ့်မည်။

လူအချို့အတွက် တစ်စုံတစ်ခုက ၎င်းတို့တွင် ဖြစ်ပျက်သောအခါ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးမှုကို ဖွင့်ပြသည်။ ၎င်းတို့တွင် အယူအဆများ၊ စိတ်ကူးများရှိကြသည်။ အခြားလူများအပေါ် မလိုမုန်းထားမှုများရှိသည်။ အခြားလူများအပေါ် ဝေဖန်အပြစ်တင်မှုများပြုလုပ်ပြီး ထိုလူတို့နောက်ကွယ်တွင် ၎င်းတို့အား သေးသိမ်စေသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်နိုင်ပြီး ဤအရာများကို အပြည့်အဝ ဖွင့်ပြောနိုင်သည်။ သို့သော် ၎င်းတို့သည် ရှက်ဖွယ်ကောင်းသောအရာအချို့ကို လုပ်ဆောင်သောအခါ ၎င်းတို့၏ စိတ်ထဲတွင်သာ ထားရှိလိုကြသည်။ ပြီးလျှင် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ထာဝရ ပိတ်လှောင်ထားလိုကြသည်။ ၎င်းတို့သည် ထိုအရာများကို အခြားလူများအား မပြောရုံတင်မကဘဲ ဆုတောင်းသောအခါတွင် ဘုရားသခင်အား ပြောမပြပေ။ ၎င်းတို့သည် ဤအရာများကို ဖုံးဖိရန်၊ သို့မဟုတ် အခြေအနေမှန်ကို ဖုံးကွယ်ရန် မုသားများ ကြံဆရန်အတွက်ပင် ၎င်းတို့ တတ်နိုင်သမျှကြိုးစားကြသည်။ ဤသည်မှာ လှည့်စားသော စိတ်သဘောထားဖြစ်သည်။ သင့်တွင် ဤသို့သော အတွေးများရှိသောအခါ၊ ဤအခြေအနေမျိုးတွင် သင်အသက်ရှင်သောအခါ သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်သင့်သည်။ သင်သည် ရိုးသားသူတစ်ယောက် မဟုတ်သည်ကိုလည်းကောင်း၊ ရိုးသားသူတစ်ယောက်ဖြစ်သည်ဟု ဘုရားသခင် ဖော်ပြသည့် မည်သည့်အရာကမျှ သင့်တွင် ဖော်ပြခြင်းမရှိသည်ကိုလည်းကောင်း၊ သင်သည် လုံးဝပင် လှည့်စားသောသူတစ်ယောက်ဖြစ်သည်ကိုလည်းကောင်း၊ သင်သည် မိုက်မဲသော်လည်း၊ အစွမ်းအစနည်းပြီး ထုံထိုင်းသော်လည်း လှည့်စားသောသူတစ်ယောက်ဖြစ်ဆဲဖြစ်သည်ကိုလည်းကောင်း ရှင်းလင်းစွာ မြင်သင့်သည်။ ဤသည်မှာ သင့်ကိုယ်သင် သိခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ သင့်ကိုယ်သင်သိခြင်းတွင် သင်အနည်းဆုံး ရရှိနိုင်သင့်သည့်အရာမှာ သင်ဖွင့်ပြသည့် သိသာသော ဖောက်ပြန်ပျက်စီးခြင်းကို ရှင်းလင်းစွာမြင်ပြီး ပိုင်းခြားသိမြင်နိုင်ခြင်း၊ ဤအရာကို ကိုင်တွယ်ရန်အတွက် သမ္မာတရားကို ရှာဖွေနိုင်ခြင်းဖြစ်သည်။ သင်သည် သင်၏ ကိုယ်ပိုင်လှည့်စားသော စိတ်သဘောထားကို အမှန်တကယ် သိမြင်လျှင် ဘုရားသခင်ထံ မကြာခဏ ဆုတောင်းသင့်သည်။ သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်သင့်သည်။ သင်၏ လှည့်စားသော စိတ်သဘောထားကို ဘုရားနှုတ်ကပတ်တော်နှင့်အညီ ပိုင်းခြားသိမြင်ပြီး စိစစ်သင့်သည်။ ယင်း၏ အနှစ်သာရကို သတိမူမိသင့်သည်။ ထို့နောက်တွင် သင်သည် သင်၏ လှည့်စားခြင်းဖြစ်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားမှ လွတ်မြောက်ဖို့ မျှော်လင့်ချက်ရှိလိမ့်မည်။ လူအချို့သည် လှည့်စားသူများနှင့် ရိုးသားသူများကြား ကွာခြားချက်ကို ရှင်းလင်းစွာ မပြောဆိုနိုင်ပေ။ ဤသည်မှာ ၎င်းတို့၏ အစွမ်းအစသည် ညံ့ဖျင်းလွန်းသည့် သဘောဖြစ်သည်။ လူအချို့က ၎င်းတို့၏ အစွမ်းအစနည်းခြင်း၊ မိုက်မဲခြင်း၊ မသိနားမလည်ခြင်း၊ စကားကောင်းစွာမပြောတတ်ခြင်း၊ အချိုးမကျခြင်း၊ အလိမ်ခံရတတ်ခြင်းတို့အား ရိုးသားသည့် သက်သေအထောက်အထားအဖြစ် မကြာခဏ အသုံးပြုကြသည်။ ၎င်းတို့သည် “ငါသည် ရိုးသားလွန်းသည်။ ရလဒ်အနေဖြင့် အဆိုးဆုံးကို မကြာခဏ ကြုံရသည်။ အခြားလူများကို မည်သို့အခွင့်ကောင်းယူရမည်ကို ငါမသိ။ သို့တိုင်အောင် ငါသည် ရိုးသားသူဖြစ်သောကြောင့် ဘုရားသခင်က ငါ့အား နှစ်သက်သည်။” ဟု အခြားလူများအား အစဉ်သဖြင့် ပြောဆိုသည်။ ဤစကားလုံးများသည် မှန်ကန်သလော။ ဤသို့သော စကားများသည် ရယ်ဖွယ်ကောင်းသည်။ ၎င်းတို့သည် လူတို့အား လှည့်စားရန် စီမံထားခြင်းဖြစ်သည်။ ၎င်းတို့သည် မျက်နှာပြောင်ပြီး အရှက်မရှိပေ။ မိုက်မဲပြီး တုံးအသောသူများသည် မည်သို့ ရိုးသားနိုင်မည်နည်း။ ဤအရာတို့သည် မတူညီသောအရာနှစ်ခုဖြစ်သည်။ သင်လုပ်ဆောင်ခဲ့သော မိုက်မဲသောအရာများကို ရိုးသားမှုအဖြစ် မှတ်ယူခြင်းမှာ ကြီးသောအမှားတစ်ခုဖြစ်သည်။ သူရူးများသည်ပင် မာနထောင်လွှားပြီး စိတ်ကြီးဝင်တတ်သည်၊ မိမိတို့ကိုယ်ကို အထင်ကြီးတတ်သည်ဆိုသည်ကို လူတိုင်း သိမြင်နိုင်သည်။ လူတို့သည် မည်မျှပင် မသိနားမလည်ဖြစ်ပြီး အစွမ်းအစနည်းပါစေ အခြားလူများကို လိမ်ညာလှည့်စားနိုင်ဆဲဖြစ်သည်။ ဤအရာအားလုံးက အမှန်တရားမဟုတ်လော။ သူရူးများနှင့် အစွမ်းအစနည်းသောသူများသည် အမှန်တကယ်ပင် မကောင်းသောအရာ မည်သည့်အရာကိုမျှ လုံးဝ မလုပ်ဆောင်ကြသလော။ ၎င်းတို့တွင် အမှန်တကယ်ပင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမရှိသလော။ လုံးဝ အသေအချာပင်ရှိသည်။ လူအချို့ကလည်း ၎င်းတို့သည် ရိုးသားပြီး အခြားလူများအား ၎င်းတို့၏ မုသားများကို ဖွင့်ပြောသည်ဟု ဆိုကြသည်။ သို့သော် ၎င်းတို့လုပ်ဆောင်သည့် ရှက်ဖွယ်သောအရာများကို ၎င်းတို့ ဖွင့်မပြောရဲပေ။ အသင်းတော်က ၎င်းတို့၏ ပြဿနာအတွက် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းသောအခါ ၎င်းတို့သည် လက်မခံနိုင်ဘဲ လုံးဝ မနာခံကြပေ။ နောက်ကွယ်တွင် ဟိုဟိုသည်သည် လှန်လှောရှာဖွေပြီး အမှန်တရားကို ဆွဲထုတ်ရန် နှစ်သက်ကြသည်။ ဤ လှည့်စားသူမျိုးသည် သမ္မာတရားကို လုံးဝ လက်မခံပေ။ ပြီးလျှင် လုံးဝ မနာခံပေ။ သို့တိုင်အောင် မိမိကိုယ်ကို ရိုးသားသူဟု ထင်ဆဲဖြစ်သည်။ ဤသည်မှာ ထိုသူသည် လုံးဝပင် အရှက်မရှိခြင်းမဟုတ်သလော။ ဤသည်မှာ လုံးလုံးပင် မိုက်မဲခြင်းဖြစ်သည်။ ဤသို့သောသူမျိုးသည် လုံးဝ မရိုးသားသကဲ့သို့ ဟန်ဆောင်မှုကင်းခြင်းလည်းမရှိပေ။ မိုက်မဲသောသူများသည် မိုက်မဲသောသူများသာဖြစ်ပြီး သူရူးများသည် သူရူးများဖြစ်သည်။ လှည့်စားခြင်းမရှိသော ဟန်ဆောင်မှုကင်းသောသူများသာ ရိုးသားသည်။

လှည့်စားသောသူများကို မည်သို့ပိုင်းခြားသိမြင်နိုင်သနည်း။ လှည့်စားသောသူများ၏ အပြုအမူများမှာ အဘယ်နည်း။ ၎င်းတို့သည် မည်သူနှင့် ဆက်ဆံသည်ဖြစ်စေ၊ ပါဝင်ပတ်သက်သည်ဖြစ်စေ ၎င်းတို့တွင် အမှန်တကယ် မည်သို့ဖြစ်ပျက်နေသည်ကို မည်သူ့ကိုမျှ လုံးဝ စုံစမ်းစစ်ဆေးခွင့်မပြုပေ။ ၎င်းတို့သည် အစဉ်သဖြင့် အခြားလူများကို သတိထားကြသည်။ အမှုကိစ္စများကို အစဉ်သဖြင့် လူတို့၏ နောက်ကွယ်တွင် လုပ်ဆောင်နေကြသည်။ ပြီးလျှင် ၎င်းတို့ အမှန်တကယ် ထင်မြင်သည့်အရာကို လုံးဝ မပြောပေ။ တစ်ခါတစ်ရံတွင် မိမိကိုယ်ကို သိမြင်မှုအကြောင်းကို ၎င်းတို့က အနည်းငယ်ပြောကောင်းပြောနိုင်သည်။ သို့သော် အရေးပါသော အချက်များ၊ သို့မဟုတ် အဓိကကျသော စကားများကို ထုတ်မပြောပေ။ ၎င်းတို့သည် တစ်စုံတစ်ခုချွတ်ချော်သွားမည်ကို ကြောက်လန့်ကြသည်။ ၎င်းတို့သည် ၎င်းတို့၏ အားနည်းချက်များကို အခြားလူများက ရိပ်စားမိမည်ကို ကြောက်ရွံ့ပြီး ဤအရာများကို အလွန်ပင် အထိမခံနိုင်ပေ။ ဤသည်မှာ လှည့်စားသော စိတ်သဘောထားတစ်မျိုးဖြစ်သည်။ ပြီးလျှင် လူအချို့သည် အခြားလူများက ၎င်းတို့သည် ဟန်ဆောင်မှုကင်းသည်၊ ဒုက္ခခံနိုင်ပြီး ညည်းညူခြင်းမရှိ၊ သို့မဟုတ် ၎င်းတို့သည် ဝိညာဉ်ရေးရှိပြီး သမ္မာတရားကို ချစ်ကာ လိုက်စားသည်ဟု ထင်စေရန်အတွက် တမင်ရည်ရွယ်၍ အယောင်ဆောင်ကြသည်။ ၎င်းတို့သည် ဤသို့သောသူမျိုးမဟုတ်သည်မှာ ရှင်းသည်။ သို့သော် အခြားလူများအတွက် ဤသို့ မလျှော့တမ်းဟန်လုပ်ကြသည်။ ဤသည်မှာလည်း လှည့်စားသော စိတ်သဘောထားဖြစ်သည်။ ထိုလှည့်စားသောသူများပြောသည့်၊ လုပ်ဆောင်သည့်အရာအားလုံး၏ နောက်ကွယ်တွင် ရည်ရွယ်ချက်တစ်ခုရှိသည်။ ၎င်းတို့တွင် မည်သည့်ရည်ရွယ်ချက်မျှမရှိလျှင် ပြောဆို၊ ပြုမူမည်မဟုတ်ပေ။ ဤသို့လုပ်ဆောင်ရန် ၎င်းတို့ကို ထိန်းချုပ်သော စိတ်သဘောထားတစ်ခုက ၎င်းတို့အတွင်းတွင်ရှိသည်။ ဤသည်မှာ လှည့်စားခြင်း စိတ်သဘောထားဖြစ်သည်။ လူတို့တွင် လှည့်စားသော စိတ်သဘောထားရှိသောအခါ ယင်းသည် ပြောင်းလဲရန် လွယ်ကူသလော။ သင်တို့သည် မည်မျှ ပြောင်းလဲခဲ့သနည်း။ ရိုးသားခြင်းအား လိုက်စားသည့်လမ်းကြောင်းပေါ်သို့ သင်တို့ ဝင်ရောက်ပြီးဖြစ်သလော။ (ဝင်ရောက်ပြီးဖြစ်သည်။ ဤသည်မှာ ကျွန်ုပ်တို့ ကြိုးစားနေသည့် ဦးတည်ရာလမ်းကြောင်းဖြစ်သည်။) အဆင့်မည်မျှ တက်ခဲ့သနည်း။ သို့မဟုတ် လုပ်ဆောင်လိုသည့်အဆင့်တွင် ပိတ်မိနေသလော။ (ဤသည်မှာ ကျွန်ုပ်တို့ လုပ်ဆောင်လိုသည့်အရာသာ ဖြစ်နေဆဲဖြစ်သည်။ တစ်ခါတစ်ရံတွင် တစ်စုံတစ်ခုကို ကျွန်ုပ်တို့ လုပ်ဆောင်ပြီးမှသာ ယင်းသည် လှည့်စားခြင်းပါဝင်နေသည်၊ ကျွန်ုပ်တို့သည် လူတို့အား အတုအယောင်ဖြစ်သော အမြင်ကို ပေးဖို့ ကြိုးစားနေခြင်းဖြစ်သည်ဆိုသည်ကို သဘောပေါက်သည်။ ထိုအခါမှသာ ကျွန်ုပ်တို့သည် လှည့်စားနေခြင်းဖြစ်သည်ကို သဘောပေါက်ကြသည်။) ဤသည်မှာ လှည့်စားခြင်းဖြစ်သည်ကို သင်တို့ သဘောပေါက်သည်။ သို့သော် ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်မျိုးဖြစ်သည်ကို သင်တို့ သဘောပေါက်နိုင်သလော။ ပြီးလျှင် ဤလှည့်စားသောအရာများက မည်သည့်နေရာမှ လာသနည်း။ (ကျွန်ုပ်တို့၏ သဘာဝမှလာသည်။) မှန်သည်။ သင်တို့၏ သဘာဝမှလာသည်။ ဤဖောက်ပြန်ပျက်စီးသော အရာများသည် သင်တို့အား ကြားဝင်စွက်ဖက်သလော။ ထိုအရာများသည် ရှောင်ရန် ခက်ခဲသည်။ ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲသည်။ လွတ်မြောက်ရန် ခက်ခဲသည်။ ပြီးလျှင် အလွန်လည်း ဒုက္ခပေးတတ်သည်။ ထိုအရာများကို ဒုက္ခပေးတတ်အောင် မည်သည့်အရာက လုပ်ဆောင်သနည်း။ ထိုအရာများက သင့်အား နာကျင်စေသည်မှာ အဘယ်သို့ဖြစ်သနည်း။ (ကျွန်ုပ်တို့သည် ပြောင်းလဲလိုသည်။ သို့သော် မလုပ်နိုင်သောအခါ အလွန်နာကျင်ရသည်။) ဤသည်မှာ ရှုထောင့်တစ်ခုဖြစ်သည်။ သို့သော် ဤသည်မှာ ဒုက္ခပေးခြင်းအဖြစ် အကျုံးမဝင်ပေ။ လူတစ်ယောက်သည် လှည့်စားသော စိတ်သဘောထားတစ်ခု၏ ထိန်းချုပ်ခြင်းကို ခံရသောအခါ အခြားလူများကို အချိန်၊ နေရာမရွေး လိမ်ညာလှည့်စားနိုင်သည်။ ၎င်းတို့တွင် မည်သည့်အရာ ဖြစ်ပျက်ပါစေ လူများကို လိမ်ညာလှည့်စားရန်အတွက် မုသားများအား မည်သို့ပြောရမည်ကို စဉ်းစားနေလိမ့်မည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ထိန်းချုပ်လိုလျှင်ပင် မလုပ်ဆောင်နိုင်ပေ။ ဤသည်မှာ တမင်ရည်ရွယ်၍မဟုတ်ဘဲ သူ့အလိုအလျောက်ဖြစ်ခြင်းဖြစ်သည်။ ဤသည်မှာ ပြဿနာတည်ရှိနေသည့် နေရာဖြစ်သည်။ ဤသည်မှာ စိတ်သဘောထား၏ ပြဿနာတစ်ခုဖြစ်သည်။ လှည့်စားသော စိတ်သဘောထားက နည်းလမ်းမည်မျှဖြင့် ဖွင့်ပြနိုင်သနည်း။ စုံစမ်းစစ်ဆေးခြင်း၊ လှည့်စားခြင်း၊ သတိထားခြင်း၊ ထို့အပြင် သံသယဝင်ခြင်း၊ ဟန်ဆောင်ခြင်း၊ အတုအယောင်ပြုလုပ်ခြင်းတို့တွင် ဖွင့်ပြသည်။ ဤသို့သော အပြုအမူများက ဖော်ထုတ်ပြီး ထင်ရှားစေသော စိတ်သဘောထားသည် လှည့်စားခြင်းဖြစ်သည်။ ဤအကြောင်းအရာများကို မိတ်သဟာယဖွဲ့ပြီးနောက်တွင် လှည့်စားသော စိတ်သဘောထားကို သင်တို့ ရှင်းလင်းစွာ သိမြင်သလော။ သင်တို့တွင် “ငါသည် လှည့်စားသော စိတ်သဘောထားမရှိ။ ငါသည် လှည့်စားသောသူမဟုတ်ပေ။ ရိုးသားသူတစ်ယောက်ဖြစ်ရန် နီးစပ်သည်။” ဟု ပြောသည့်သူ ရှိသေးသလော။ (မရှိပါ။) ရိုးသားသူတစ်ယောက်ဆိုသည်မှာ အတိအကျ မည်သို့သောသူဖြစ်သည်ကို အလွန်နားမလည်သောသူများစွာရှိသည်။ လူအချို့က ရိုးသားသူများသည် ဟန်ဆောင်မှုကင်းပြီး တဲ့တိုးဆန်သောသူများ၊ ၎င်းတို့သွားသည့်နေရာတိုင်းတွင် အနိုင်ကျင့်ခံရပြီး ပယ်ခံရသူများ၊ သို့မဟုတ် နှေးကွေးပြီး အစဉ်သဖြင့် အခြားလူများထက် အလွန်နောက်ကျပြီး ပြောဆိုပြုမူသူများဖြစ်သည်ဟု ဆိုကြသည်။ အခြားလူများက အထင်သေးသော ဤသို့သော မိုက်မဲမှုကို ပါဝင်လုပ်ဆောင်သော အချို့သော လူအများနှင့် မသိနားမလည်သောသူများသည်လည်း မိမိတို့ကိုယ်ကို ရိုးသားသူများအဖြစ် ဖော်ပြကြသည်။ မိမိတို့ကိုယ်ကို နိမ့်ကျသည်ဟု ခံစားရသော၊ လူ့အဖွဲ့အစည်း၏ နိမ့်ကျသောအဆင့်တွင်ရှိသော ပညာမတတ်သောသူများအားလုံးသည် ထို့အတူပင် ၎င်းတို့သည် ရိုးသားသူများဖြစ်သည်ဟု ဆိုကြသည်။ ၎င်းတို့၏ အမှားသည် မည်သည့်နေရာတွင် တည်ရှိသနည်း။ ရိုးသားသူတစ်ယောက်ဆိုသည်မှာ မည်သို့သောသူဖြစ်သည်ကို ၎င်းတို့ မသိကြပေ။ ၎င်းတို့၏ အထင်အမြင်လွဲမှားမှု၏ အရင်းအမြစ်မှာ အဘယ်နည်း။ အဓိကအကြောင်းပြချက်မှာ သမ္မာတရားအား ၎င်းတို့ နားမလည်ခြင်းဖြစ်သည်။ ဘုရားသခင်ပြောသည့် “ရိုးသားသောသူများ” သည် လူအများ၊ ငတုံးငအများဖြစ်သည်၊ ပညာမတတ်၊ နှုတ်စလျှာစ နှေးကွေးသည်၊ အနိုင်ကျင့်ခံရပြီး ဖိနှိပ်ခံရသည်။ အလွယ်တကူ လှည့်စားခံရပြီး လိမ်လည်ခံရသည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ ကယ်တင်ခြင်းခံရသူများသည် အခြားလူများက မကြာခဏ ကြမ်းတမ်းစွာ ခိုင်းစေခံရသော၊ လူ့အဖွဲ့အစည်း၏ အောက်ခြေတွင်ရှိသော ထိုဦးနှောက်မရှိသောသူများဖြစ်သည်ဟူ၍ ဖြစ်သည်။ ဤနိမ့်ကျသော၊ ဆင်းရဲသောသူများကို မဟုတ်လျှင် ဘုရားသခင်က မည်သူကို ကယ်တင်မည်နည်း။ ဤသည်မှာ ၎င်းတို့ ယုံကြည်သည့်အရာမဟုတ်သလော။ ၎င်းတို့သည် အမှန်တကယ်ပင် ဘုရားသခင် ကယ်တင်သောသူများဖြစ်သလော။ ဤသည်မှာ ဘုရားသခင်၏ အလိုတော်ကို မှားယွင်းစွာ အနက်ဖွင့်ခြင်းဖြစ်သည်။ ဘုရားသခင်ကယ်တင်သည့်သူများသည် သမ္မာတရားကို ချစ်သော၊ နားလည်ရန် အစွမ်းအစနှင့် အရည်အချင်းရှိသောသူများဖြစ်သည်။ ၎င်းတို့အားလုံးသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသောသူများဖြစ်သည်။ ဘုရားသခင်၏ စေခိုင်းချက်ကို ဖြည့်ဆည်းပြီး ၎င်းတို့၏ တာဝန်ကို ကောင်းစွာထမ်းဆောင်နိုင်သောသူများဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်သော၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားနိုင်သောသူများဖြစ်သည်။ ဘုရားသခင်ကို အမှန်တကယ်ချစ်သော၊ ဘုရားသခင်ကို နာခံသော၊ ဘုရားသခင်ကို ကိုးကွယ်သောသူများဖြစ်သည်။ ဤလူအများစုသည် လူ့အဖွဲ့အစည်း၏ အောက်ခြေမှ ဖြစ်သော်လည်း၊ အလုပ်သမားများ၊ လယ်သမားများ၏ မိသားစုများမှ ဖြစ်သော်လည်း ၎င်းတို့သည် နားဝေတိမ်တောင်ဖြစ်သောသူများ၊ ငနုံငအများ၊ သို့မဟုတ် အလကားလူများ သေချာပေါက် မဟုတ်ပေ။ ပြောင်းပြန်ပင်ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်သော၊ လက်တွေ့လုပ်ဆောင်ပြီး နာခံနိုင်သော လူတော်များဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်နောက်သို့လိုက်ပြီး သမ္မာတရားနှင့် အသက်ကို ရရှိရန်အတွက် လောကီ ဂုဏ်ကျက်သရေနှင့် ချမ်းသာကြွယ်ဝမှုများကို စွန့်လွှတ်မည်ဖြစ်သော ဖြောင့်မတ်သောသူများဖြစ်သည်။ ၎င်းတို့သည် အားလုံးထဲတွင် အမျှော်အမြင်အရှိဆုံးသူများဖြစ်သည်။ ဤလူတို့အားလုံးသည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သော၊ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အမှန်တကယ် အသုံးခံသောသူများဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ လက်ခံမှုနှင့် ကောင်းချီးများကို ရရှိနိုင်သည်။ ၎င်းတို့သည် ဘုရားသခင်၏ လူများအဖြစ်၊ ဘုရားသခင်၏ ဗိမာန်တော်၏ ထောက်တိုင်များအဖြစ် စုံလင်ခြင်းခံရနိုင်သည်။ ၎င်းတို့သည် ရွှေ၊ ငွေနှင့် တန်ဖိုးရှိသော ကျောက်သံပတ္တမြားတို့နှင့်သက်ဆိုင်သောသူများဖြစ်သည်။ ဖယ်ရှားခြင်းခံရမည်မှာ ထို နားဝေတိမ်တောင်ဖြစ်သော၊ မိုက်မဲသော၊ အဓိပ္ပာယ်မရှိသော၊ အလဟဿဖြစ်သောသူများဖြစ်သည်။ မယုံကြည်သူများနှင့် အဓိပ္ပာယ်မရှိသောသူများသည် ဘုရားသခင်၏ အမှုတော်နှင့် စီမံခန့်ခွဲမှုအစီအစဉ်ကို မည်သည့်အရာအဖြစ် မြင်ကြသနည်း။ အမှိုက်စွန့်ပစ်သည့်နေရာအဖြစ် မမြင်ကြသလော။ ဤလူတို့သည် အစွမ်းအစညံ့ဖျင်းရုံမကဘဲ အဓိပ္ပာယ်လည်းမရှိပေ။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်ကို မည်မျှ ဖတ်ပါစေ သမ္မာတရားကို နားမလည်နိုင်ပေ။ တရားဒေသနာမည်မျှကို ၎င်းတို့ ကြားသည်ဖြစ်စေ စစ်မှန်မှုအတွင်းသို့ ဝင်ရောက်နိုင်စွမ်းမရှိပေ။ ၎င်းတို့သည် ဤမျှ မိုက်မဲလျှင် ကယ်တင်ခြင်းခံရနိုင်သေးသလော။ ဘုရားသခင်သည် ဤသို့သောသူမျိုးကို အလိုရှိနိုင်သလော။ ၎င်းတို့သည် ယုံကြည်သူဖြစ်သည်မှာ နှစ်မည်မျှကြာသည်ဖြစ်စေ မည်သည့်သမ္မာတရားကိုမျှ နားမလည်သေးပေ။ အဓိပ္ပာယ်မရှိသောအရာများကို ပြောဆဲဖြစ်သည်။ သို့တိုင်အောင် ၎င်းတို့သည် မိမိတို့ကိုယ်ကို ရိုးသားသည်ဟု သတ်မှတ်ဆဲဖြစ်သည်။ ၎င်းတို့သည် အရှက်မရှိသလော။ ဤသို့သောလူတို့သည် သမ္မာတရားကို နားမလည်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်ကို အစဉ်သဖြင့် မှားယွင်းစွာ အနက်ဖွင့်ကြသည်။ သို့တိုင်အောင် ၎င်းတို့သွားသည့် နေရာတိုင်းတွင် ၎င်းတို့၏ မှားယွင်းသော အနက်ဖွင့်မှုများကို ရှည်လျားစွာပြောဆိုကြပြီး သမ္မာတရားအဖြစ် တရားဟောကြသည်။ လူတို့အား “အနည်းငယ် အနိုင်ကျင့်ခံရခြင်းသည် ကောင်းသည်။ လူတို့သည် အနည်းငယ် ဆုံးရှုံးသင့်သည်။ အနည်းငယ် မိုက်မဲသင့်သည်။ ဤသူတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းခံရသူများဖြစ်ပြီး ဘုရားသခင် ကယ်တင်မည့်သူများဖြစ်သည်။” ဟု ပြောကြသည်။ ဤသို့သောအရာများကို ပြောသည့်သူများသည် ရွံရှာဖွယ်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အား အလွန်ပင် အရှက်ရစေသည်။ ယင်းသည် အလွန်ပင် ရွံရှာဖွယ်ကောင်းသည်။ ဘုရားသခင်၏ နိုင်ငံတော်၏ ထောက်တိုင်များနှင့် ဘုရားသခင် ကယ်တင်သော အောင်မြင်သူများအားလုံးသည် သမ္မာတရားကို နားလည်သောသူများဖြစ်ပြီး အမျှော်အမြင်ရှိသူများဖြစ်သည်။ ဤလူတို့သည် ကောင်းကင်နိုင်ငံတော်တွင် ဝေစုတစ်ခု ရရှိမည့်သူများဖြစ်သည်။ မိုက်မဲပြီး မသိနားမလည်သော၊ အရှက်ကင်းမဲ့ပြီး အသိတရားမရှိသော၊ သမ္မာတရားအား နားလည်ခြင်း တစ်စွန်းတစ်စမျှမရှိသော၊ ငနုံငအများ၊ ငတုံးများဖြစ်သောသူတို့အားလုံးသည် အလဟဿလူများဖြစ်သည်မဟုတ်လော။ ဤသို့သောသူတို့သည် ကောင်းကင်နိုင်ငံတော်တွင် အဘယ်သို့ ဝေစုတစ်ခု ရရှိနိုင်မည်နည်း။ ဘုရားသခင် ပြောဆိုသည့် ရိုးသားသူများသည် သမ္မာတရားကို နားလည်သည်နှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သော၊ အမျှော်အမြင်ရှိပြီး လိမ္မာပါးနပ်သော၊ ဘုရားသခင်ထံသို့ ရိုးရှင်းစွာ ဖွင့်ပြောသော၊ စည်းမျဉ်းနှင့်အညီ လုပ်ဆောင်ပြီး ဘုရားသခင်အား အပြည့်အဝနာခံသောသူများဖြစ်သည်။ ဤလူတို့အားလုံးသည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးများရှိကြပြီး စည်းမျဉ်းနှင့်အညီ အမှုအရာများကို လုပ်ဆောင်ခြင်း၌ အာရုံစိုက်ကြသည်။ ၎င်းတို့အားလုံးသည် ဘုရားသခင်အပေါ် အပြည့်အဝနာခံခြင်းကို လိုက်စားကြပြီး ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ချစ်ကြသည်။ ၎င်းတို့သည်သာ အမှန်တကယ် ရိုးသားသူများဖြစ်သည်။ လူတစ်ယောက်သည် ရိုးသားခြင်း၏ အဓိပ္ပာယ်ကိုပင် မသိလျှင်၊ ရိုးသားသူများ၏ အနှစ်သာရသည် ဘုရားသခင်အပေါ် အပြည့်အဝနာခံခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း၊ မကောင်းမှုကို ရှောင်ကြဉ်ခြင်းဖြစ်သည်ကို မမြင်နိုင်လျှင်၊ သို့မဟုတ် ရိုးသားသူများသည် သမ္မာတရားကို ချစ်သောကြောင့်၊ ဘုရားသခင်ကို ချစ်သောကြောင့်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောကြောင့် ရိုးသားကြခြင်းဖြစ်သည်ကို မမြင်နိုင်လျှင် ဤသို့သောသူမျိုးသည် အလွန်မိုက်မဲပြီး အမှန်ပင် ပိုင်းခြားသိမြင်မှု ကင်းမဲ့သည်။ ရိုးသားသူများသည် လူတို့ ထင်မြင်သကဲ့သို့ ဟန်ဆောင်မှုကင်းသော၊ နားဝေတိမ်တောင်ဖြစ်သော၊ မသိနားမလည်သော၊ မိုက်မဲသောပုဂ္ဂိုလ်များ လုံးဝမဟုတ်ပေ။ ၎င်းတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော သာမန်လူ့သဘာဝရှိသောသူများဖြစ်သည်။ ရိုးသားသူများနှင့်ပတ်သက်ပြီး လိမ္မာပါးနပ်သောအရာမှာ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်ကို နားထောင်ပြီး ရိုးသားနိုင်သည်။ ဤအတွက်ကြောင့် ၎င်းတို့သည် ဘုရားသခင်၏ ကောင်းချီးကို ခံရခြင်းဖြစ်သည်။

လူတို့အား ရိုးသားရန် တောင်းဆိုသည့် ဘုရားသခင်၏ တောင်းဆိုချက်ထက် မည်သည့်အရာမျှ ပို၍ အရေးမပါပေ။ ဘုရားသခင်သည် လူတို့အား သူ၏ ရှေ့တွင် အသက်ရှင်ရန်၊ သူ၏ စိစစ်မှုကို လက်ခံရန်၊ အလင်းထဲတွင် အသက်ရှင်ရန် တောင်းဆိုနေသည်။ ရိုးသားသူများသာ လူသားမျိုးနွယ်၏ စစ်မှန်သော အဖွဲ့ဝင်များဖြစ်သည်။ မရိုးသားသောသူများသည် သားရဲကောင်များဖြစ်သည်။ လူသား၏ အဝတ်အစားဖြင့် သွားလာနေကြသော တိရစ္ဆာန်များဖြစ်သည်။ ၎င်းတို့သည် လူသားများမဟုတ်ပေ။ ရိုးသားသူတစ်ယောက်ဖြစ်ခြင်းကို လိုက်စားရန်အတွက် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ပြုမူရမည်။ သင်သည် တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းကို ခံရမည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက သန့်စင်သွားပြီး သမ္မာတရားအား လက်တွေ့လုပ်ဆောင်နိုင်ကာ ဘုရားနှုတ်ကပတ်တော်အတိုင်း အသက်ရှင်နိုင်သောအခါ ထိုအခါမှသာ သင်သည် ရိုးသားသူတစ်ယောက်ဖြစ်လိမ့်မည်။ မသိနားမလည်သော၊ မိုက်မဲသော၊ နုံအသောသူများသည် လုံးဝ ရိုးသားသူများမဟုတ်ပေ။ ဘုရားသခင်သည် လူတို့အား ရိုးသားရန် တောင်းဆိုရာတွင် သူသည် လူတို့အား သာမန်လူ့သဘာဝကို ပိုင်ဆိုင်ရန်၊ ၎င်းတို့၏ လှည့်စားခြင်းနှင့် အယောင်ဆောင်ခြင်းကို ဖယ်ရှားရန်၊ အခြားလူများကို လိမ်ညာခြင်း၊ လှည့်စားခြင်းမပြုရန်၊ ၎င်းတို့၏ တာဝန်ကို သစ္စာရှိစွာဖြင့် ထမ်းဆောင်ရန်၊ သူ့အား အမှန်တကယ် ချစ်ပြီး နာခံနိုင်ရန် တောင်းဆိုနေခြင်းဖြစ်သည်။ ဤပုဂ္ဂိုလ်များသည်သာ ဘုရားသခင်၏ နိုင်ငံတော်၏ လူများဖြစ်ကြသည်။ လူတို့အား ခရစ်တော်၏ စစ်သားကောင်းများဖြစ်ရန် ဘုရားသခင်က တောင်းဆိုသည်။ ခရစ်တော်၏ စစ်သားကောင်းများဆိုသည်မှာ အဘယ်နည်း။ ၎င်းတို့သည် သမ္မာတရား၏ စစ်မှန်မှုဖြင့် ပြင်ဆင်ထားပြီး ခရစ်တော်နှင့် စိတ်နှလုံးတစ်လုံးတစ်ဝတည်းရှိရမည်။ အချိန်၊ နေရာမရွေး ဘုရားသခင်ကို ချီးမြှောက်ပြီး သက်သေခံနိုင်ရမည်။ စာတန်နှင့် စစ်ပွဲဆင်နွှဲရန် သမ္မာတရားကို အသုံးပြုနိုင်ရမည်။ အရာရာအားလုံး၌ ဘုရားသခင်ဘက်မှ ရပ်တည်ရမည်။ သက်သေခံရမည်။ သမ္မာတရား၏ စစ်မှန်မှုအတိုင်း အသက်ရှင်နေထိုင်ရမည်။ ၎င်းတို့သည် စာတန်ကို အရှက်ရစေပြီး ဘုရားသခင်အတွက် အံ့ဖွယ်ကောင်းသော အောင်မြင်မှုများကို အနိုင်ရနိုင်ရမည်။ ဤသည်မှာ ခရစ်တော်၏ စစ်သားကောင်းများဖြစ်ခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ ခရစ်တော်၏ စစ်သားကောင်းများမှာ အောင်မြင်သူများဖြစ်သည်။ စာတန်ကို အောင်မြင်သူများဖြစ်သည်။ ဘုရားသခင်က လူတို့အား ရိုးသားရန်၊ လှည့်စားခြင်းမပြုရန် တောင်းဆိုရာတွင် သူသည် လူတို့အား ငတုံးငအများဖြစ်ရန် တောင်းဆိုခြင်းမဟုတ်ဘဲ ၎င်းတို့၏ လှည့်စားသော စိတ်သဘောထားများကို ဖယ်ရှားရန်၊ ဘုရားသခင်အပေါ် နာခံခြင်းကို ရရှိပြီး ဘုရားသခင်အပေါ် ဂုဏ်ကျက်သရေကို ယူဆောင်ရန် တောင်းဆိုခြင်းဖြစ်သည်။ ဤသည်မှာ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် ရရှိနိုင်သည့်အရာဖြစ်သည်။ ဤသည်မှာ မိမိ၏ အပြုအမူပြောင်းလဲခြင်းမဟုတ်ပေ။ ပို၍စကားပြောဆိုခြင်း၊ သို့မဟုတ် လျော့၍ စကားပြောဆိုခြင်းနှင့် မသက်ဆိုင်ပေ။ ပြုမူဆောင်ရွက်သည့်ပုံစံနှင့်လည်း မသက်ဆိုင်ပေ။ ထိုထက် မိမိ၏ ပြောဆိုပြုမူမှုများနောက်ကွယ်ရှိ ရည်ရွယ်ချက်၊ မိမိ၏ အတွေးများ၊ အယူအဆများ၊ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒများဖြင့် သက်ဆိုင်သည်။ ဖောက်ပြန်ပျက်စီးမှုကို ဖွင့်ပြခြင်း၊ မှားယွင်းခြင်းနှင့်သက်ဆိုင်သောအရာမှန်သမျှသည် အရင်းအမြစ်မှနေ၍ ပြောင်းလဲရမည်။ ဤသို့အားဖြင့် သမ္မာတရားနှင့် ကိုက်ညီစေသည်။ စိတ်သဘောထားပြောင်းလဲခြင်းကို ရရှိဖို့ဆိုလျှင် စာတန်၏ စိတ်သဘောထား၏ အနှစ်သာရကို မြင်နိုင်ရမည်။ သင်သည် လှည့်စားသော စိတ်သဘောထား၏ အနှစ်သာရကို မြင်နိုင်လျှင်၊ ယင်းသည် စာတန်၏ စိတ်သဘောထားဖြစ်ပြီး နတ်ဆိုး၏ မျက်နှာဖြစ်သည်ကို မြင်နိုင်လျှင်၊ စာတန်ကို မုန်းတီးပြီး နတ်ဆိုးကို စွန့်ပစ်နိုင်လျှင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားရန် လွယ်ကူလိမ့်မည်။ သင့်အတွင်းတွင် လှည့်စားသော အခြေအနေရှိသည်ကို သင်မသိလျှင်၊ လှည့်စားသော စိတ်သဘောထားဖွင့်ပြခြင်းကို မသိမြင်လျှင် ဤအရာကို ဖြေရှင်းရန်အတွက် သမ္မာတရားအား မည်သို့ရှာဖွေရမည်ကို သိမည်မဟုတ်ပေ။ သင်၏ လှည့်စားသောစိတ်သဘောထားကို ပြောင်းလဲရန် ခက်ခဲလိမ့်မည်။ သင်သည် ဦးစွာ သင့်အတွင်းမှ မည်သည့်အရာများ ဖွင့်ပြသည်၊ ထိုအရာများသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ မည်သည့်သွင်ပြင်လက္ခဏာဖြစ်သည်တို့ကို သိမြင်ရမည်။ သင်ဖွင့်ပြသောအရာများသည် လှည့်စားသော စိတ်သဘောထားဖြစ်လျှင် သင်၏ စိတ်နှလုံးမှ ယင်းကို စက်ဆုပ်ရွံရှာမည်လော။ စက်ဆုပ်ရွံရှာသည်ဆိုလျှင် သင်သည် မည်သို့ပြောင်းလဲသင့်သနည်း။ သင်၏ ရည်ရွယ်ချက်များကို ကိုင်တွယ်ဖြေရှင်းပြီး သင်၏ အမြင်များကို ပြုပြင်ရမည်။ သင်၏ ပြဿနာများကို ဖြေရှင်းရန်အတွက် ဤကိစ္စနှင့်ပတ်သက်ပြီး သမ္မာတရားကို ဦးစွာ ရှာဖွေရမည်။ ဘုရားသခင်တောင်းဆိုသည့်အရာကို ရရှိပြီး ဘုရားသခင်အား ကျေနပ်စေရန် ကြိုးပမ်းရမည်။ ဘုရားသခင်၊ သို့မဟုတ် အခြားလူများနှင့် အနည်းငယ်မိုက်မဲသော၊ မသိနားမလည်သောသူများကိုပင် လှည့်စားဖို့ မကြိုးစားသောသူတစ်ယောက် ဖြစ်လာရမည်။ မိုက်မဲပြီး မသိနားမလည်သောသူတစ်ယောက်ကို လှည့်စားဖို့ ကြိုးစားခြင်းသည် အလွန်ပင် ကိုယ်ကျင့်တရားနှင့်မညီပေ။ ဤသို့လုပ်ဆောင်ခြင်းသည် သင့်အား နတ်ဆိုးဖြစ်စေသည်။ သင်သည် ရိုးသားသောသူတစ်ယောက်ဖြစ်ရန်အတွက် မည်သူ့ကိုမဆို လှည့်စားခြင်း၊ လိမ်ညာခြင်းမပြုလုပ်ရပေ။ သို့ရာတွင် နတ်ဆိုးများနှင့် စာတန်အပေါ်ကိုမူ သင်၏ စကားများကို ဉာဏ်ရှိရှိဖြင့် ရွေးချယ်ရမည်။ ဤသို့ မလုပ်ဆောင်လျှင် သင်သည် ၎င်းတို့က အရူးလုပ်ခြင်းကို ခံရပြီး ဘုရားသခင်အား အရှက်ရစေဖို့ ဖြစ်နိုင်ခြေရှိသည်။ သင်၏ စကားများကို ဉာဏ်ရှိစွာ ရွေးချယ်ပြီး သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ စာတန်ကို အောင်မြင်ပြီး အရှက်ရစေနိုင်လိမ့်မည်။ မသိနားမလည်သော၊ မိုက်မဲသော၊ ခေါင်းမာသောသူများသည် သမ္မာတရားကို မည်သည့်အခါမျှ နားလည်နိုင်မည်မဟုတ်ပေ။ ၎င်းတို့သည် စာတန်က လှည့်စားခြင်း၊ ဆော့ကစားခြင်း၊ နင်းခြေခြင်းကိုသာ ခံရပြီး အဆုံးတွင် ဝါးမြိုခြင်းကို ခံရနိုင်သည်။

နောက်တစ်ခုတွင် လေးခုမြောက် စိတ်သဘောထားအမျိုးအစားကို ပြောကြစို့။ စုဝေးပွဲများပြုလုပ်စဉ်အချိန်တွင် လူအချို့သည် ၎င်းတို့ကိုယ်တိုင်၏ အခြေအနေများနှင့်ပတ်သက်ပြီး အနည်းငယ် မိတ်သဟာယဖွဲ့နိုင်သည်။ သို့သော် ပြဿနာ၏ အနှစ်သာရနှင့်ပတ်သက်လျှင်၊ ၎င်းတို့၏ တစ်ကိုယ်ရေရည်ရွယ်ချက်များ၊ အယူအဆများနှင့်ပတ်သက်လျှင် ၎င်းတို့သည် ခေါင်းရှောင်လာသည်။ လူတို့က ၎င်းတို့ကို ရည်ရွယ်ချက်များ၊ ဦးတည်ချက်များရှိသည်ဟု ဖော်ထုတ်သောအါ ၎င်းတို့က ခေါင်းညိမ့်ပြီး ဝန်ခံသည့် ပုံစံရှိသည်။ သို့သော် လူတို့က မည်သည့်အရာကိုဆို ပို၍ နက်နဲစွာ ဖော်ထုတ်ရန်၊ သို့မဟုတ် စိစစ်ရန် ကြိုးစားသောအခါ ၎င်းတို့က မခံနိုင်ပေ။ ထ၍ ပြန်ကြသည်။ ၎င်းတို့သည် အဘယ်ကြောင့် အရေးပါသောအချိန်တွင် ထွက်ပြေးကြသနည်း။ (၎င်းတို့သည် သမ္မာတရားကို လက်မခံဘဲ ၎င်းတို့၏ ကိုယ်ပိုင်ပြဿနာများကို ရင်ဆိုင်လိုစိတ်မရှိကြသောကြောင့်ဖြစ်သည်။) ဤသည်မှာ စိတ်သဘောထား၏ ပြဿနာတစ်ခုဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့အတွင်းတွင်ရှိသော ပြဿနာများကို ဖြေရှင်းရန်အတွက် သမ္မာတရားကို မရှာဖွေလိုသောအခါ ဤသည်မှာ ၎င်းတို့သည် သမ္မာတရားကို စိတ်ကုန်နေသည်ဟု မဆိုလိုသလော။ အချို့သော ခေါင်းဆောင်များ၊ အမှုဆောင်များသည် မည်သို့သော တရားဒေသနာမျိုးကို ကြားနာလိုစိတ် မရှိဆုံးဖြစ်သနည်း။ (အန္တိခရစ်များနှင့် အယောင်ဆောင်ခေါင်းဆောင်များကို မည်သို့ ပိုင်းခြားသိမြင်ရမည်ဆိုသည်နှင့် သက်ဆိုင်သည့် တရားဒေသနာများဖြစ်သည်။) မှန်သည်။ ၎င်းတို့က “အန္တိခရစ်များနှင့် အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်းနှင့် ဖာရိရှဲများအကြောင်း ပြောဆိုခြင်းများကို အဘယ်ကြောင့် အလွန်ဆက်၍ ပြောဆိုနေသနည်း။ သင့်ကြောင့် ငါစိတ်ဖိစီးသည်။” ဟူ၍ စဉ်းစားကြသည်။ အယောင်ဆောင်ခေါင်းဆောင်များနှင့် အမှုဆောင်များကို ခွဲခြားဖော်ထုတ်ခြင်းအား ပြောဆိုမည်ကို ကြားလျှင် ၎င်းတို့သည် ထွက်ခွာရန်အတွက် မည်သည့်ဆင်ခြေကိုမဆို ရှာကြသည်။ ဤတွင် “ထွက်ခွာရန်” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဤသည်မှာ မသိမသာထွက်သွားခြင်း၊ ပုံးကွယ်ခြင်းကို ရည်ညွှန်းသည်။ ၎င်းတို့သည် အဘယ်ကြောင့် ပုန်းကွယ်ဖို့ ကြိုးစားသနည်း။ အခြားလူများက အမှန်တရားများကို ပြောသောအခါ သင်သည် နားထောင်သင့်သည်။ နားထောင်ခြင်းက သင့်အတွက် ကောင်းသည်။ ကြမ်းတမ်းသော၊ သို့မဟုတ် လက်ခံရန် ခက်ခဲသည်ဟု သင်မြင်သောအရာများကို ချရေးပြီး မှတ်သားပါ။ ထို့နောက်တွင် ဤအရာများကို မကြာခဏ စဉ်းစားသင့်သည်။ ဖြည်းညှင်းစွာဖြင့် လက်ခံပြီး ဖြည်းညှင်းစွာ ပြောင်းလဲသင့်သည်။ ဤသို့ဆိုလျှင် အဘယ်ကြောင့် ပုန်းကွယ်ကြသနည်း။ ဤဝေဖန်အပြစ်တင်သည့်စကားများသည် အလွန်ကြမ်းတမ်းသည်၊ နားထောင်ဖို့ မလွယ်ကူဟု ဤသို့သောသူများက ခံစားရသည်။ ထို့ကြောင့် ၎င်းတို့အတွင်းတွင် အာခံခြင်း၊ ရွံ့မုန်းခြင်းဖြစ်လာသည်။ ၎င်းတို့က “ငါသည် အန္တိခရစ်၊ သို့မဟုတ် အယောင်ဆောင်ခေါင်းဆောင်မဟုတ်ပေ။ အဘယ်ကြောင့် ငါ့အကြောင်းကို ဆက်၍ပြောနေသနည်း။ အခြားလူများအကြောင်းကို အဘယ်ကြောင့်မပြောသနည်း။ ဆိုးယုတ်သောလူများကို ခွဲခြားဖော်ထုတ်ခြင်းအကြောင်းကို တစ်ခုခုပြောလော့။ ငါ့အကြောင်းကို မပြောနှင့်။” ဟူ၍ မိမိတို့ဘာသာ ပြောဆိုကြသည်။ ၎င်းတို့သည် ရှောင်လာပြီး ဆန့်ကျင်လာသည်။ ဤသည်မှာ မည်သည့်စိတ်သဘောထားဖြစ်သနည်း။ ၎င်းတို့သည် သမ္မာတရားကို လက်ခံလိုစိတ်မရှိလျှင်၊ မိမိတို့ကိုယ်ကို ခုခံကာကွယ်လျက် အစဉ်သဖြင့် ကျိုးကြောင်းပြပြောဆိုပြီး ငြင်းခုံနေလျှင် ဤတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ပြဿနာတစ်ခုမရှိသလော။ ဤသည်မှာ သမ္မာတရားအား စိတ်ကုန်ခြင်း စိတ်သဘောထားဖြစ်သည်။ ခေါင်းဆောင်များ၊ အမှုဆောင်များတွင် ဤအခြေအနေမျိုးရှိသည်။ ဤသို့ဆိုလျှင် သာမန်ညီအစ်ကိုမောင်နှမများတွင် အဘယ်သို့ဖြစ်သနည်း။ (၎င်းတို့တွင်လည်း ဤအခြေအနေမျိုးရှိသည်။) လူတိုင်းက ပထမဆုံး တွေ့ဆုံသောအခါတွင် ၎င်းတို့အားလုံးသည် အလွန်ချစ်ခင်ကြပြီး အယူဝါဒစကားများကို သံယောင်လိုက်ပြီးပြောဖို့ အလွန်ပျော်ရွှင်ကြသည်။ ၎င်းတို့အားလုံးက သမ္မာတရားကို ချစ်သည့်ပုံစံရှိကြသည်။ သို့သော် တစ်ကိုယ်ရေပြဿနာများ၊ တကယ့်အခက်အခဲများနှင့်ပတ်သက်လျှင် လူများစွာက ဆွံ့အသွားကြသည်။ ဥပမာ လူအချို့သည် အိမ်ထောင်အားဖြင့် စဉ်ဆက်မပြတ် ချုပ်ချယ်ခြင်းခံရသည်။ ၎င်းတို့သည် တာဝန်ထမ်းဆောင်လိုစိတ်၊ သို့မဟုတ် သမ္မာတရားအား လိုက်စားလိုစိတ်မရှိဖြစ်လာကြသည်။ အိမ်ထောင်သည် ၎င်းတို့၏ အကြီးဆုံး အတားအဆီးနှင့် အကြီးဆုံး ဝန်ထုပ်ဝန်ပိုးဖြစ်လာသည်။ စုဝေးပွဲများတွင် လူတိုင်းက ဤအခြေအနေကို မိတ်သဟာယဖွဲ့သောအခါတွင် ၎င်းတို့သည် အခြားလူများ မိတ်သဟာယဖွဲ့သည့် စကားများကို ၎င်းတို့နှင့် ယှဉ်ကြည့်ပြီး ၎င်းတို့အကြောင်းကို ပြောနေသည်ဟု ခံစားကြရသည်။ ၎င်းတို့က “သင်တို့က သမ္မာတရားအား မိတ်သဟာယဖွဲ့ခြင်းသည် ငါ့အတွက် ပြဿနာမရှိပေ။ သို့သော် အဘယ်ကြောင့် ငါ့အကြောင်း ထုတ်ပြောသနည်း။ သင်တို့တွင် မည်သည့်ပြဿနာမျှမရှိသလော။ အဘယ်ကြောင့် ငါ့အကြောင်းကိုသာ ပြောသနည်း။” ဟူ၍ ဆိုကြသည်။ ဤသည်မှာ မည်သည့် စိတ်သဘောထားဖြစ်သနည်း။ သင်တို့သည် သမ္မာတရားကို မိတ်သဟာယဖွဲ့ရန် စုဝေးသောအခါ သင်တို့သည် တကယ့်ပြဿနာများကို ပိုင်းခြားစိစစ်ပြီး လူတိုင်းအား ဤပြဿနာများနှင့်ပတ်သက်ပြီး ၎င်းတို့၏ နားလည်မှုကို ပြောခွင့်ပြုရမည်။ ထိုအခါမှသာ သင်တို့သည် မိမိကိုယ်ကို သိမြင်ပြီး သင်တို့၏ ပြဿနာများကို ဖြေရှင်းနိုင်သည်။ လူတို့သည် ဤအရာကို အဘယ်ကြောင့် လက်မခံနိုင်သနည်း။ လူတို့သည် ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းကို လက်ခံနိုင်စွမ်းမရှိသောအခါ၊ သမ္မာတရားကို လက်မခံနိုင်သောအခါ မည်သည့်စိတ်သဘောထားဖြစ်သနည်း။ သင်တို့သည် ဤအရာကို ရှင်းလင်းစွာ ပိုင်းခြားသိမြင်ခြင်း မရှိသင့်သလော။ ဤအရာအားလုံးသည် သမ္မာတရားအား စိတ်ကုန်ခြင်းဖြစ်ကြောင်း ပြသခြင်းများဖြစ်သည်။ ဤသည်မှာ ပြဿနာ၏ အနှစ်သာရဖြစ်သည်။ လူတို့သည် သမ္မာတရားကို စိတ်ကုန်သောအခါ သမ္မာတရားကို လက်ခံရန် ၎င်းတို့အတွက် အလွန်ခက်ခဲသည်။ ၎င်းတို့သည် သမ္မာတရားကို လက်မခံနိုင်လျှင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ပြုပြင်၍ ရနိုင်သလော။ (မရနိုင်ပါ။) ဤသို့ဆိုလျှင် ဤသို့သောသူတစ်ယောက်သည်၊ သမ္မာတရားကို လက်ခံနိုင်စွမ်းမရှိသောသူတစ်ယောက်သည် သမ္မာတရားကို လက်ခံရရှိနိုင်သလော။ ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရနိုင်သလော။ သေချာပေါက် မခံရနိုင်ပေ။ သမ္မာတရားကို လက်မခံသောသူတို့သည် ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်သလော။ လုံးဝ မယုံကြည်ပေ။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောသူတို့၏ အရေးကြီးဆုံး သွင်ပြင်လက္ခဏာသည် သမ္မာတရားကို လက်ခံနိုင်ခြင်းဖြစ်သည်။ သမ္မာတရားကို လက်မခံနိုင်သောသူတို့သည် ဘုရားသခင်အား လုံးဝ ရိုးသားစစ်မှန်စွာ မယုံကြည်ပေ။ ဤသို့သောသူတို့သည် တရားဒေသနာဟောကြားနေစဉ်တွင် ငြိမ်သက်စွာ ထိုင်နိုင်သလော။ ၎င်းတို့သည် တစ်စုံတစ်ခုကို ရရှိနိုင်သလော။ မရရှိနိုင်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် တရားဒေသနာများသည် လူတို့၏ အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် အခြေအနေများကို ဖွင့်ပြသောကြောင့်ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်ကို ပိုင်းခြားစိစစ်ခြင်းမှတစ်ဆင့် လူတို့သည် အသိပညာကို ရရှိသည်။ ထို့နောက် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများကို ဆက်လက်၍ မိတ်သဟာယဖွဲ့ခြင်းအားဖြင့် ၎င်းတို့သည် လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းတစ်ခုကို ရရှိသည်။ ဤသို့ဖြင့် အကျိုးသက်ရောက်မှုတစ်ခုကို ရရှိသည်။ ဤသို့သောလူတို့သည် ဖွင့်ပြသော အခြေအနေသည် ၎င်းတို့နှင့် ဆက်နွှယ်သည်ကို၊ ၎င်းတို့၏ ကိုယ်ပိုင်ပြဿနာများနှင့် ဆက်နွှယ်သည်ကို ကြားသောအခါတွင် ၎င်းတို့၏ ရှက်ရွံ့မှုသည် ၎င်းတို့အား ဒေါသထွက်စေပြီး စုဝေးပွဲမှပင် ထ၍ ပြန်ကောင်းပြန်နိုင်သည်။ ၎င်းတို့သည် မပြန်လျှင်ပင် စိတ်အတွင်းတွင် စိတ်တိုလာပြီး မတရားခံရသလို စတင်ခံစားရနိုင်သည်။ ဤသို့ဆိုလျှင် ၎င်းတို့အနေဖြင့် စုဝေးပွဲတက်ခြင်း၊ သို့မဟုတ် တရားဒေသနာနားထောင်ခြင်းသည် အဓိပ္ပာယ်မရှိပေ။ တရားဒေသနာများအား နားထောင်ရခြင်း ရည်ရွယ်ချက်သည် သမ္မာတရားကို နားလည်ပြီး မိမိ၏ တကယ့်ကိုယ်ပိုင်ပြဿနာများကို ဖြေရှင်းရန်မဟုတ်သလော။ သင်သည် သင်၏ ကိုယ်ပိုင်ပြဿနာများ ဖော်ထုတ်ခံရခြင်းကို အစဉ်ကြောက်နေလျှင်၊ သင်သည် သင့်အကြောင်းထုတ်ပြောခြင်းကို စဉ်ဆက်မပြတ် ကြောက်ရွံ့နေလျှင် အဘယ်ကြောင့် ဘုရားသခင်ကို ယုံကြည်နေသေးသနည်း။ သင်၏ ယုံကြည်ခြင်းတွင် သမ္မာတရားကို လက်မခံနိုင်လျှင် သင်သည် အမှန်တကယ်တွင် ဘုရားသခင်ကို မယုံကြည်ပေ။ သင်သည် အစဉ်သဖြင့် ဖော်ထုတ်ခံရခြင်းကို ကြောက်နေလျှင် သင်၏ ဖောက်ပြန်ပျက်စီးမှုပြဿနာကို အဘယ်သို့ ဖြေရှင်းနိုင်မည်နည်း။ သင်၏ ဖောက်ပြန်ပျက်စီးမှု ပြဿနာကို မဖြေရှင်းနိုင်လျှင် ဘုရားသခင်အား ယုံကြည်ခြင်းသည် မည်သို့ အဓိပ္ပာယ်ရှိသနည်း။ ဘုရားသခင်အား ယုံကြည်ခြင်း၏ ရည်ရွယ်ချက်သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံဖို့၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား ဖယ်ရှားဖို့၊ စစ်မှန်သော လူသားပုံသဏ္ဍန်ကို အသက်ရှင်နေထိုင်ဖို့ဖြစ်ပြီး ဤအရာအားလုံးကို သမ္မာတရားအား လက်ခံခြင်းမှတစ်ဆင့် ရရှိသည်။ သင်သည် သမ္မာတရားကို လုံးဝ လက်မခံနိုင်လျှင်၊ သို့မဟုတ် ကိုင်တွယ်ဖြေရှင်းခြင်း၊ ဖော်ထုတ်ခြင်းကိုပင် လက်မခံနိုင်လျှင် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရယူဖို့ မဖြစ်နိုင်ပေ။ ထို့ကြောင့် ငါ့အား ပြောလော့။ အသင်းတော်တစ်ခုဆီတွင် သမ္မာတရားကို လက်ခံနိုင်သူ မည်မျှရှိသနည်း။ သမ္မာတရားကို လက်မခံနိုင်သူများသည် များပြားသလော၊ နည်းပါးသလော။ (များပြားသည်။) ဤသည်မှာ အသင်းတော်များတွင် ရွေးချယ်ခြင်းခံရသူများကြားတွင် အမှန်တကယ်ရှိသော အခြေအနေတစ်ခုဖြစ်သလော။ ဤသည်မှာ တကယ့်ပြဿနာတစ်ခုဖြစ်သလော။ သမ္မာတရားကို လက်မခံနိုင်သူ၊ ကိုင်တွယ်ဖြေရှင်းခြင်း၊ ပြုပြင်ခြင်းကို လက်မခံနိုင်သူအားလုံးသည် သမ္မာတရားကို စိတ်ကုန်ကြသည်။ သမ္မာတရားအား စိတ်ကုန်ခြင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်မျိုးဖြစ်သည်။ ဤစိတ်သဘောထားက မပြောင်းလဲနိုင်လျှင် ၎င်းတို့သည် ကယ်တင်ခြင်းခံရနိုင်သလော။ သေချာပေါက် မခံရနိုင်ပေ။ ယခုအခါတွင် လူများစွာတို့သည် သမ္မာတရားကို လက်ခံရန် အခက်အခဲဖြစ်ကြသည်။ ဤသည်မှာ လွယ်ကူခြင်း လုံးဝမရှိပေ။ ဤအရာကို ဖြေရှင်းရန် လူတစ်ယောက်သည် ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်ခြင်းများနှင့် စစ်ဆေးခြင်းတို့ကို တွေ့ကြုံရမည်။ ဤသို့ဆိုလျှင် သင်တို့ အဘယ်သို့ပြောမည်နည်း။ လူတို့သည် ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းကို လက်ခံနိုင်စွမ်းမရှိသောအခါတွင်၊ ဘုရားနှုတ်ကပတ်တော်နှင့်၊ သို့မဟုတ် တရားဒေသနာများဟောစဉ်အချိန်အတွင်း ဖွင့်ပြသော အခြေအနေများနှင့် မိမိတို့ကိုယ်ကို နှိုင်းယှဉ်ခြင်းမရှိသောအခါတွင် ယင်းသည် မည်သည့်စိတ်သဘောထားဖြစ်သနည်း။ (သမ္မာတရားအား စိတ်ကုန်ခြင်း စိတ်သဘောထားဖြစ်သည်။) ဤသည်မှာ လေးခုမြောက် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြစ်သည်။ သမ္မာတရားအား စိတ်ကုန်ခြင်းဖြစ်သည်။ မည်မျှ စိတ်ကုန်သနည်း။ (ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရန်၊ သို့မဟုတ် တရားဒေသနာများကို နားထောင်ရန် ဆန္ဒမရှိကြပေ။ သမ္မာတရားကို မိတ်သဟာယဖွဲ့ရန် ဆန္ဒမရှိကြပေ။) ဤအရာတို့သည် အသိသာဆုံး ဖော်ပြမှုများဖြစ်သည်။ ဥပမာ တစ်စုံတစ်ယောက်က “သင်သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သည်။ တာဝန်ထမ်းဆောင်ရန်အတွက် မိသားစုနှင့် အသက်မွေးအလုပ်ကို ဘေးဖယ်ထားသည်။ ယခင်သုံးလေးနှစ်တွင် များစွာ ဒုက္ခခံခဲ့ပြီး အတော်အတန်ကြီးသော အဖိုးအခကို ပေးဆပ်ခဲ့သည်။ ဘုရားသခင်က ဤသို့သောသူများကို ကောင်းချီးပေးသည်။ ဘုရားသခင်အတွက် ရိုးသားစစ်မှန်စွာ အသုံးခံသူများသည် ကြီးစွာ ကောင်းချီးခံစားရမည်ဟု ဘုရားနှုတ်ကပတ်တော်ကဆိုသည်။” ဟူ၍ ပြောသောအခါတွင် သင်က အာမင်ဟု ဆိုပြီး ဤသို့သောသမ္မာတရားများကို လက်ခံသည်။ သို့ရာတွင် ထိုသူက “သို့သော် သင်သည် သမ္မာတရားအတွက် ဆက်၍ ကြိုးပမ်းရမည်။ လူတို့သည် ၎င်းတို့လုပ်ဆောင်ရာတွင် အစဉ်သဖြင့် ရည်ရွယ်ချက်များရှိလျှင်၊ ၎င်းတို့၏ ကိုယ်ပိုင်ရည်ရွယ်ချက်များအတိုင်း အစဉ်သဖြင့် ထင်ရာစိုင်းလျှင် ၎င်းတို့သည် အနှေးနှင့် အမြန် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားပြီး ဘုရားသခင်အား စက်ဆုပ်ရွံရှာစေမည်ဖြစ်သည်။” ဟု ဆက်၍ ပြောသောအခါတွင်၊ ထိုသူက ဤသို့သောအရာများကို ပြောသောအခါတွင် သင်က လက်မခံနိုင်ပေ။ သင်သည် သမ္မာတရားအား မိတ်သဟာယဖွဲ့သည်ကို ကြားသောအခါတွင် လက်ခံနိုင်စွမ်းမရှိရုံမကဘဲ စိတ်လည်းဆိုးပြီး သင်၏ စိတ်တွင် “သင်တို့သည် တစ်နေကုန် သမ္မာတရားကို မိတ်သဟာယဖွဲ့လျက်ရှိကြသည်။ သို့သော် သင်တို့ထဲမှ မည်သူက ကောင်းကင်ဘုံသို့သွားသည်ကို ငါ မတွေ့ရသေး။” ဟူ၍ ခွန်းတုံ့ပြန်သည်။ ဤသည်မှာ မည်သည့်စိတ်သဘောထားဖြစ်သနည်း။ (သမ္မာတရားအား စိတ်ကုန်ခြင်းဖြစ်သည်။) အပြောအဆိုများက လက်တွေ့လုပ်ဆောင်မှုအဖြစ် ပြောင်းသွားသောအခါ၊ လူတို့က သင့်အပေါ်တွင် အလေးအနက်ထားသောအခါ သင့်တွင် မနှစ်သက်ခြင်း၊ စိတ်မရှည်ခြင်း၊ အတိုက်အခံပြုခြင်းတို့ ပြသသည်။ ဤသည်မှာ သမ္မာတရားအား စိတ်ကုန်ခြင်းဖြစ်သည်။ သမ္မာတရားအား စိတ်ကုန်ခြင်းဖြစ်သော စိတ်သဘောထားမျိုးသည် အဓိကအားဖြင့် မည်သို့ထင်ရှားသနည်း။ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို လက်ခံရန် ငြင်းဆန်ခြင်းတွင် ဖြစ်သည်။ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို လက်မခံခြင်းသည် ဤစိတ်သဘောထားမျိုးက ဖော်ပြသည့် အခြေအနေတစ်မျိုးဖြစ်သည်။ ဤလူတို့သည် ကိုင်တွယ်ဖြေရှင်းခံရသောအခါ ၎င်းတို့၏ စိတ်နှလုံးတွင် အထူးပင် အတိုက်အခံဖြစ်သည်။ ၎င်းတို့က “ဤအရာကို ငါမကြားချင်။ ဤအရာကို ငါမကြားချင်။” သို့မဟုတ် “အခြားလူများကို အဘယ်ကြောင့် ကိုင်တွယ်ဖြေရှင်းခြင်း မပြုသနည်း။ အဘယ်ကြောင့် ငါ့ကိုသာ ပြုလုပ်နေသနည်း။” ဟု စဉ်းစားကြသည်။ သမ္မာတရားအား စိတ်ကုန်ခြင်း၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ သမ္မာတရားအား စိတ်ကုန်ခြင်းသည် လူတစ်ယောက်က အပြုသဘောဆောင်သောအရာများနှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း၊ ဘုရားသခင် တောင်းဆိုသည့်အရာနှင့်လည်းကောင်း၊ သို့မဟုတ် ဘုရားသခင်၏ အလိုတော်နှင့်လည်းကောင်း သက်ဆိုင်သော မည်သည့်အရာကိုမဆို လုံးဝ စိတ်မဝင်စားသောအခါတွင်ဖြစ်သည်။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် ဤအရာများကို မနှစ်သက်ပေ။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် ဤအရာတို့ကို အဖက်မလုပ်ပေ။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် ရိုသေလေးစားခြင်းမရှိဘဲ ဥပေက္ခာပြုကြပြီး ထိုအရာများကို အရေးမကြီးသောအရာအဖြစ် မှတ်ယူကြသည်။ ၎င်းတို့သည် ထိုအရာများအပေါ် ရိုးသားစစ်မှန်ခြင်းမရှိဘဲ ပြီးစလွယ်ပြုလုပ်ကြသည်၊ သို့မဟုတ် ထိုအရာများအတွက် တာဝန်ယူခြင်းမရှိကြပေ။ သမ္မာတရားအား စိတ်ကုန်ခြင်းကို အဓိက ဖော်ပြခြင်းသည် သမ္မာတရားကို လူတို့ကြားသောအခါတွင် မနှစ်သက်ခြင်းမျှသာ မဟုတ်ပေ။ သမ္မာတရားက ၎င်းတို့နှင့် မဆိုင်သကဲ့သို့ သမ္မာတရားအား လက်တွေ့လုပ်ဆောင်လိုစိတ်မရှိခြင်း၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ရန် အချိန်ကျသောအခါ နောက်ဆုတ်ခြင်းတို့လည်း ပါဝင်သည်။ လူအချို့သည် စုဝေးပွဲများပြုလုပ်စဉ်အချိန်တွင် မိတ်သဟာယဖွဲ့သောအခါ အလွန်ပင် တက်ကြွသည့်ပုံစံရှိသည်။ ၎င်းတို့သည် အခြားလူများကို အမြင်မှားစေပြီး စည်းရုံးနိုင်ရန်အတွက် အယူဝါဒစကားများကို ထပ်ခါထပ်ခါပြောဆိုခြင်း၊ အဆင့်မြင့်သော ဖော်ပြမှုများကို ပြုလုပ်ရခြင်းကို နှစ်သက်သည်။ ၎င်းတို့သည် ဤသို့လုပ်ဆောင်သောအခါတွင် အားအင်ပြည့်ဝပြီး တက်ကြွနေသည့် ပုံစံရှိသည်။ မရပ်မနား ဆက်၍ လုပ်ဆောင်ကြသည်။ ထိုစဉ်တွင် အခြားလူများမှာ ယုံကြည်ခြင်းနှင့်သက်ဆိုင်သော အကြောင်းကိစ္စများနှင့် အလုပ်ရှုပ်လျက်၊ ဘုရားနှုတ်ကပတ်တော်ကို ဖတ်လျက်၊ ဆုတောင်းလျက်၊ ဓမ္မသီချင်းများကို နားထောင်လျက်၊ ရေးမှတ်လျက်ဖြင့် မနက်မှ ညအထိ တစ်နေကုန်ကြသည်။ ဘုရားသခင်နှင့် အချိန်တစ်ခဏမျှပင် မခွဲခွာနိုင်သကဲ့သို့ဖြစ်သည်။ ၎င်းတို့သည် အရုဏ်ဦးမှ မှောင်ရိပ်ပျိုးသည်အထိ တာဝန်ထမ်းဆောင်လျက် အလုပ်ရှုပ်နေကြသည်။ ဤလူတို့သည် သမ္မာတရားကို အမှန်တကယ် ချစ်သလော။ ၎င်းတို့တွင် သမ္မာတရားအား စိတ်ကုန်သည့် စိတ်သဘောထားမရှိသလော။ ၎င်းတို့၏ တကယ့်အခြေအနေကို မည်သည့်အချိန်တွင် မြင်နိုင်သနည်း။ (၎င်းတို့သည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ရန်အချိန်ကျသောအခါတွင် ထွက်ပြေးကြသည်။ ပြီးလျှင် ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းကို လက်ခံလိုစိတ်မရှိကြပေ။) ဤသည်မှာ ၎င်းတို့ကြားသည့်အရာကို နားမလည်သောကြောင့်ဖြစ်သလော၊ သို့မဟုတ် သမ္မာတရားကို လက်ခံလိုစိတ်မရှိခြင်းမှာ သမ္မာတရားကို နားမလည်သောကြောင့်ဖြစ်သလော။ အဖြေက ဤအရာများထဲမှ မည်သည့်အရာကြောင့်မျှမဟုတ်ပေ။ ၎င်းတို့သည် ၎င်းတို့သဘာဝ၏ အုပ်စိုးခြင်းကို ခံရသည်။ ဤသည်မှာ စိတ်သဘောထား၏ ပြဿနာဖြစ်သည်။ ဤလူတို့၏ စိတ်နှလုံးတွင် ဘုရားနှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည်ကိုလည်းကောင်း၊ အပြုသဘောဆောင်သည်ကိုလည်းကောင်း၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းသည် လူတို့၏ စိတ်သဘောထားကို ပြောင်းလဲစေနိုင်ပြီး ဘုရားအလိုတော်ကို ဖြည့်ဆည်းနိုင်စေသည်ကိုလည်းကောင်း ကောင်းစွာသိသည်။ သို့သော် ၎င်းတို့သည် ဤအရာများကို လက်မခံပေ၊ သို့မဟုတ် လက်တွေ့မလုပ်ဆောင်ပေ။ ဤသည်မှာ သမ္မာတရားအား စိတ်ကုန်ခြင်းဖြစ်သည်။ သမ္မာတရားအား စိတ်ကုန်သည့် စိတ်သဘောထားကို မည်သူတို့တွင် သင်တို့ မြင်ရသနည်း။ (မယုံကြည်သူများတွင် ဖြစ်သည်။) မယုံကြည်သူများသည် သမ္မာတရားကို စိတ်ကုန်ကြသည်။ ဤသည်မှာ အလွန်ရှင်းလင်းသည်။ ဘုရားသခင်သည် ဤသို့သောလူများကို ကယ်တင်ဖို့ မဖြစ်နိုင်ပေ။ ဤသို့ဆိုလျှင် ဘုရားသခင်အား ယုံကြည်သူများကြားတွင် လူတို့က သမ္မာတရားအား စိတ်ကုန်ခြင်းကို မည်သည့်အမှုကိစ္စများတွင် သင်တို့ မြင်တွေ့ရသနည်း။ သင်သည် ၎င်းတို့နှင့် မိတ်သဟာယဖွဲ့သောအခါ ၎င်းတို့သည် ထ၍ ပြန်ခြင်းမရှိခြင်း၊ မိတ်သဟာယက ၎င်းတို့၏ ကိုယ်ပိုင်အခက်အခဲများနှင့် ပြဿနာများနှင့် သက်ဆိုင်သောအခါတွင် ၎င်းတို့သည် ထိုအရာများကို မှန်ကန်စွာ ရင်ဆိုင်နိုင်ခြင်း ရှိကောင်းရှိနိုင်သည်။ သို့တိုင်အောင် ၎င်းတို့တွင် သမ္မာတရားအား စိတ်ကုန်သည့် စိတ်သဘောထားရှိနေဆဲဖြစ်သည်။ ဤအရာကို မည်သည့်နေရာတွင် တွေ့မြင်နိုင်သနည်း။ (၎င်းတို့သည် တရားဒေသနာများကို မကြာခဏ ကြားနာသော်လည်း သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းမရှိပေ။) သမ္မာတရားအား လက်တွေ့မလုပ်ဆောင်သောသူများသည် သမ္မာတရားအား စိတ်ကုန်သည့်စိတ်သဘောထားရှိသည်မှာ မေးစရာမလိုပေ။ လူအချို့သည် သမ္မာတရားအနည်းငယ်ကို ရံဖန်ရံခါ လက်တွေ့လုပ်ဆောင်နိုင်သည်။ ဤသို့ဆိုလျှင် ၎င်းတို့၌ သမ္မာတရားအား စိတ်ကုန်သည့် စိတ်သဘောထားရှိသလော။ ဤသို့သော စိတ်သဘောထားသည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်သောသူများတွင်လည်း တွေ့ရသည်။ အတိုင်းအတာ ကွဲပြားခြင်းသာရှိသည်။ သင်က သမ္မာတရားအား လက်တွေ့လုပ်ဆောင်နိုင်ခြင်းသည် သင့်တွင် သမ္မာတရားအား စိတ်ကုန်သည့် စိတ်သဘောထားမရှိဟု မဆိုလိုပေ။ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းသည် သင်၏ အသက်စိတ်သဘောထားက ရုတ်ချည်းပြောင်းလဲသွားသည်ဟု မဆိုလိုပေ။ ဤသို့မဟုတ်ပေ။ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရမည်။ ဤသည်မှာ သင်၏ အသက်စိတ်သဘောထားတွင် ပြောင်းလဲခြင်းကို ရယူရန် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။ ဖြစ်ရပ်တစ်ခုတွင် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းသည် သင့်တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမရှိတော့ဟု မဆိုလိုပေ။ သင်သည် နယ်ပယ်တစ်ခုတွင် သမ္မာတရားအား လက်တွေ့လုပ်ဆောင်နိုင်စွမ်းရှိသော်လည်း အခြားနယ်ပယ်များတွင် သင်သည် သမ္မာတရားအား မလွှဲမသွေ လက်တွေ့လုပ်ဆောင်နိုင်စွမ်းရှိခြင်းမျိုးမဟုတ်ပေ။ ပါဝင်သော အခြေအနေ အကြောင်းအရာများနှင့် အကြောင်းပြချက်များက မတူပေ။ သို့သော် အရေးကြီးဆုံးမှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား တည်ရှိနေခြင်းဖြစ်သည်။ ဤသည်မှာ ပြဿနာ၏ အရင်းအမြစ်ဖြစ်သည်။ ထို့ကြောင့် လူတစ်ယောက်၏ စိတ်သဘောထားက ပြောင်းလဲသည်နှင့် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းတွင် ပါဝင်သော သူ၏ အခက်အခဲများ၊ မူမမှန်သော အကြောင်းပြချက်များ၊ ဆင်ခြေများအားလုံးဖြစ်သော ဤပြဿနာများအားလုံး ပြေလည်သွားသည်။ ပြီးလျှင် သူ၏ မနာခံခြင်း၊ ချွတ်ယွင်းချက်များ၊ အမှားများအားလုံး ပြေလည်သွားသည်။ လူတို့၏ စိတ်သဘောထား မပြောင်းလဲလျှင် ၎င်းတို့သည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ရာတွင် အစဉ်သဖြင့် အခက်အခဲရှိလိမ့်မည်။ မူမမှန်သော အကြောင်းပြချက်များ၊ ဆင်ခြေများ အစဉ်သဖြင့် ရှိလိမ့်မည်။ သင်သည် အရာရာ၌ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး ဘုရားသခင်အား နာခံနိုင်ရန် ဆန္ဒရှိလျှင် ရှေးဦးစွာ သင်၏ စိတ်သဘောထားတွင် ပြောင်းလဲခြင်းတစ်ခုရှိရမည်။ ထိုမှသာ ပြဿနာများကို အရင်းအမြစ်မှနေ၍ ဖြေရှင်းနိုင်မည်ဖြစ်သည်။

သမ္မာတရားအား စိတ်ကုန်သည့် စိတ်သဘောထားသည် အဓိကအားဖြင့် မည်သည့်အရာနှင့် သက်ဆိုင်သနည်း။ ရှေးဦးစွာ အခြေအနေအမျိုးအစားတစ်ခုကို ငါတို့ ဆွေးနွေးကြစို့။ လူအချို့သည် တရားဒေသနာများကို နားထောင်ခြင်းတွင် အလွန်စိတ်ပါဝင်စားမှုရှိကြသည်။ သမ္မာတရားနှင့်ပတ်သက်သော မိတ်သဟာယကို ၎င်းတို့ နားထောင်လေလေ၊ ၎င်းတို့၏ စိတ်နှလုံးက လင်းလက်ပြီး ၎င်းတို့က ပီတိဖြစ်လေလေဖြစ်သည်။ ၎င်းတို့တွင် အပြုသဘောဆောင်ခြင်း၊ တက်ကြွခြင်းသဘောထားတစ်ခုရှိသည်။ ဤသည်မှာ ၎င်းတို့တွင် သမ္မာတရားအား စိတ်ကုန်သည့် စိတ်သဘောထားမရှိဟု သက်သေပြသလော။ (မပြပါ။) ဥပမာ ခုနစ်နှစ်၊ ရှစ်နှစ်အရွယ်ရှိသော ကလေးအချို့သည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းအကြောင်းကို ကြားသောအခါတွင် စိတ်ဝင်စားကြသည်။ ၎င်းတို့၏ မိဘများနှင့်အတူ အစဉ်သဖြင့် ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီး စုဝေးပွဲများတက်ကြသည်။ လူအချို့က “ဤကလေးတွင် သမ္မာတရားအား စိတ်ကုန်သည့် စိတ်သဘောထားမရှိ။ သူသည် အလွန်လိမ္မာသည်။ သူသည် ဘုရားသခင်အား ယုံကြည်ဖို့ မွေးဖွားလာသည်။ သူသည် ဘုရားသခင်၏ ရွေးချယ်ခြင်းကို ခံရသည်။” ဟု ဆိုကြသည်။ သူသည် ဘုရားသခင်က ရွေးချယ်ခြင်းကို ခံရကောင်းခံရနိုင်သည်။ သို့သော် ဤစကားများသည် တစ်ဝက်သာ မှန်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ငယ်ရွယ်သေးသည်။ ဘဝတွင် ၎င်းတို့၏ လိုက်စားမှုနှင့် ရည်ရွယ်ချက်များ၏ ဦးတည်ချက်လမ်းကြောင်းသည် ပုံမပေါ်သေးပေ။ ဘဝနှင့် လူ့အဖွဲ့အစည်းအပေါ် ၎င်းတို့၏ အမြင်များက ပုံစံမပေါ်သေးခင်တွင် ၎င်းတို့၏ ငယ်ရွယ်သော စိတ်ဝိညာဉ်များက အပြုသဘောဆောင်သောအရာများကို ချစ်သည်ဟု ဆိုနိုင်သည်။ သို့သော် ၎င်းတို့သည် သမ္မာတရားအား စိတ်ကုန်သည့် စိတ်သဘောထားမရှိဟု သင် မဆိုနိုင်ပေ။ အဘယ်ကြောင့် ငါ ဤသို့ ဆိုသနည်း။ ၎င်းတို့သည် ငယ်ရွယ်သည်။ ၎င်းတို့၏ လူ့သဘာဝသည် မရင့်ကျက်သေးပေ။ ၎င်းတို့တွင် မည်သည့်အတွေ့အကြုံမျှမရှိပေ။ ၎င်းတို့၏ အသိအမြင်နယ်ပယ်သည် နည်းပါးသည်။ သမ္မာတရားက မည်သည့်အရာဖြစ်သည်ကို ၎င်းတို့ လုံးဝ နားမလည်ပေ။ ၎င်းတို့သည် အပြုသဘောဆောင်သောအရာများကို နှစ်သက်ခြင်းမျှသာဖြစ်သည်။ ၎င်းတို့သည် သမ္မာတရား၏ စစ်မှန်မှုကို ပိုင်ဆိုင်ဖို့ မဆိုထားနှင့်။ သမ္မာတရားအား ချစ်သည်ဟုပင် မဆိုနိုင်ပေ။ ထို့အပြင် ကလေးများသည် အတွေ့အကြုံမရှိသောကြောင့် ၎င်းတို့၏ စိတ်နှလုံးအတွင်းတွင် မည်သည့်အရာပုန်းကွယ်နေသည်၊ ၎င်းတို့တွင် မည်သို့သောသဘာဝနှင့် အနှစ်သာရမျိုးရှိသည်ကို မည်သူမျှ မမြင်နိုင်ပေ။ ၎င်းတို့သည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွင်၊ တရားဒေသနာများနားထောင်ခြင်းတွင် စိတ်ဝင်စားသောကြောင့် သက်သက်ဖြင့် ၎င်းတို့က သမ္မာတရားကို ချစ်သည်ဟု လူတို့က ဆုံးဖြတ်ကြခြင်းဖြစ်သည်။ ဤသည်မှာ မသိနားမလည်ခြင်း၊ မိုက်မဲခြင်းကို ဖော်ပြခြင်းဖြစ်သည်။ ကလေးများသည် သမ္မာတရားက မည်သည့်အရာဖြစ်သည်ကို မသိမြင်သောကြောင့် ၎င်းတို့သည် သမ္မာတရားကို နှစ်သက်သလော၊ သမ္မာတရားအား စိတ်ကုန်သလောဆိုသည့် အကြောင်းအရာကိုပင် သင် ထုတ်မပြောနိုင်ပေ။ သမ္မာတရားအား စိတ်ကုန်ခြင်းဆိုသည်မှာ သမ္မာတရားနှင့် အပြုသဘောဆောင်သောအရာများအပေါ် စိတ်ဝင်စားမှုကင်းမဲ့ခြင်း၊ ရွံ့မုန်းခြင်းကို အဓိကအားဖြင့် ရည်ညွှန်းသည်။ သမ္မာတရားအား စိတ်ကုန်ခြင်းဆိုသည်မှာ လူတို့သည် သမ္မာတရားကို နားလည်နိုင်ပြီး အပြုသဘောဆောင်သောအရာများက မည်သည့်အရာဖြစ်သည်ကို သိနိုင်သော်လည်း သမ္မာတရားနှင့် အပြုသဘောဆောင်သောအရာများကို အတိုက်အခံဖြစ်သော၊ ဝတ်ကျေတမ်းကျေဆန်သော၊ မနှစ်သက်သော၊ ဝေ့ဝိုက်၍ ပြုလုပ်သော၊ စိတ်မဝင်စားသော သဘောထား၊ အခြေအနေဖြင့် ဆက်ဆံသောအခါတွင်ဖြစ်သည်။ ဤသည်မှာ သမ္မာတရားအား စိတ်ကုန်ခြင်း စိတ်သဘောထားဖြစ်သည်။ ဤစိတ်သဘောထားမျိုးသည် လူတိုင်းတွင် တည်ရှိသလော။ လူအချို့က “ဘုရားနှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်သည်ကို ငါ သိသော်လည်း မနှစ်သက်သေးပေ၊ သို့မဟုတ် လက်မခံသေးပေ၊ သို့မဟုတ် အနည်းဆုံးအနေဖြင့် ယခုအချိန်တွင် လက်မခံနိုင်ပေ။” ဟု ဆိုကြသည်။ ဤသည်မှာ မည်သို့ဖြစ်သနည်း။ ဤသည်မှာ သမ္မာတရားအား စိတ်ကုန်ခြင်းဖြစ်သည်။ ၎င်းတို့အတွင်းတွင်ရှိသော စိတ်သဘောထားသည် ၎င်းတို့အား သမ္မာတရားကို လက်ခံခွင့်မပြုပေ။ သမ္မာတရားအား လက်မခံခြင်းကို အသေးစိတ် ဖော်ပြမှုများသည် မည်သို့ရှိသနည်း။ လူအချို့က “သမ္မာတရားအားလုံးကို ကျွန်ုပ်နားလည်သည်။ သို့သော် ထိုအရာများကို လက်တွေ့မလုပ်ဆောင်နိုင်ခြင်းသာ ဖြစ်သည်။” ဟု ဆိုသည်။ ဤသည်မှာ ထိုသူသည် သမ္မာတရားအား စိတ်ကုန်သည်ကိုလည်းကောင်း၊ သမ္မာတရားအား မချစ်သည်ကိုလည်းကောင်း၊ ဤအတွက်ကြောင့် မည်သည့်သမ္မာတရားကိုမျှ လက်တွေ့မလုပ်ဆောင်နိုင်သည်ကိုလည်းကောင်း ဖွင့်ပြသည်။ လူအချို့က “ပိုက်ဆံများစွာကို ငါရှာနိုင်ခြင်းသည် ဘုရားသခင်ကြောင့်ဖြစ်သည်။ ဘုရားသခင်က ငါ့အား အမှန်တကယ် ကောင်းချီးပေးခဲ့သည်။ ဘုရားသခင်သည် ငါ့အပေါ် အလွန်ကောင်းသည်။ ကြီးစွာသော ကြွယ်ဝချမ်းသာမှုများကို ပေးသည်။ ငါ၏ တစ်မိသားစုလုံးသည် ကောင်းစွာ ဝတ်စားဆင်ယင်ပြီး ကောင်းစွာ စားသောက်ရသည်။ ၎င်းတို့သည် အဝတ်အစားများ၊ အစားအစာများကို အလိုမရှိကြပေ။” ဟု ဆိုကြသည်။ ၎င်းတို့သည် ဘုရားသခင်က ကောင်းချီးပေးခြင်းခံရသည်ကို မြင်ပြီး ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင်ကို ကျေးဇူးတင်ကြသည်။ ဤအရာအားလုံးကို ဘုရားသခင်က အုပ်စိုးသည်ကို သိကြသည်။ ၎င်းတို့သည် ဘုရားသခင်က ကောင်းချီးပေးခြင်းကို မခံရလျှင်၊ ၎င်းတို့၏ ကိုယ်ပိုင် ပင်ကိုစွမ်းရည်များကို အမှီပြုခဲ့လျှင် ဤပိုက်ဆံအားလုံးကို လုံးဝ ရရှိမည်မဟုတ်ဆိုသည်ကို သိကြသည်။ ဤသည်မှာ ၎င်းတို့၏ စိတ်နှလုံးတွင် အမှန်တကယ် စဉ်းစားသည့်အရာ၊ အမှန်တကယ် သိမြင်သည့်အရာဖြစ်ပြီး ဘုရားသခင်အား အမှန်တကယ် ကျေးဇူးတင်ကြသည်။ သို့သော် ၎င်းတို့၏ စီးပွားရေး ကျရှုံးသော၊ ၎င်းတို့အတွက် အခက်အခဲဖြစ်ပြီး ဆင်းရဲခြင်းကို ခံစားရသောနေ့ရက်ကို ရောက်လာသည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သက်သာခြင်းကို လောဘကြီးသည်။ ၎င်းတို့တာဝန်အား မည်သို့ မှန်မှန်ကန်ကန် ထမ်းဆောင်ရမည်ကို မတွေး။ ချမ်းသာကြွယ်ဝမှုနောက်သို့လိုက်လျက်၊ ပိုက်ဆံ၏ ကြေးကျွန်ဖြစ်လျက်ဖြင့် ၎င်းတို့၏ အချိန်အားလုံးကို ကုန်ဆုံးကြသည်။ ဤအရာသည် ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုကို သက်ရောက်သည်။ ထို့ကြောင့် ဘုရားသခင်က ၎င်းတို့ထံမှ ဤအရာကို ဖယ်ရှားသည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင်က ၎င်းတို့အား များစွာ ကောင်းချီးပေးခဲ့သည်၊ များစွာ ပေးအပ်ခဲ့သည်ကို ၎င်းတို့သိသည်။ သို့တိုင်အောင် ၎င်းတို့သည် ဘုရားသခင်၏ ချစ်ခြင်းကို ပြန်ပေးဆပ်ရန် ဆန္ဒမရှိကြပေ။ ၎င်းတို့သည် အပြင်ထွက်ပြီး ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ဖို့ ဆန္ဒမရှိကြပေ။ တွန့်ဆုတ်နေပြီး အဖမ်းခံရမည်ကို အစဉ်မပြတ် ကြောက်ရွံ့ကြသည်။ ပြီးလျှင် ၎င်းတို့သည် ဤချမ်းသာကြွယ်ဝမှုများနှင့် သာယာမှုများအားလုံးအား ဆုံးရှုံးရမည်ကို ကြောက်ကြသည်။ ရလဒ်အနေဖြင့် ဘုရားသခင်က ထိုအရာများကို ၎င်းတို့ထံမှ ဖယ်ရှားသည်။ ၎င်းတို့၏ စိတ်နှလုံးသည် မှန်ကဲ့သို့ ကြည်လင်သည်။ ဘုရားသခင်က ထိုအရာများကို ၎င်းတို့ထံမှ ယူဆောင်သွားသည်ကိုလည်းကောင်း၊ ၎င်းတို့သည် ဘုရားသခင်၏ ပဲ့ပြင်ဆုံးမခြင်းကို ခံရသည်ကိုလည်းကောင်း ၎င်းတို့ သိသည်။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်အား ဆုတောင်းပြီး “အို ဘုရားသခင် ကိုယ်တော်သည် ကျွန်ုပ်အား တစ်ကြိမ်ကောင်းချီးပေးခဲ့သည်။ ထို့ကြောင့် ကိုယ်တော်သည် ကျွန်ုပ်အား ဒုတိယအကြိမ် ကောင်းချီးပေးနိုင်သည်။ ကိုယ်တော်၏ ဖြစ်တည်မှုသည် ထာဝရဖြစ်သည်။ ထို့ကြောင့် ကိုယ်တော်၏ ကောင်းချီးများသည်လည်း လူသားမျိုးနွယ်နှင့်အတူရှိသည်။ ကိုယ်တော်အား ကျွန်ုပ်ကျေးဇူးတင်ပါသည်။ ကိုယ်တော်၏ ကောင်းချီးများနှင့် ကတိတော်သည် ပြောင်းလဲမည်မဟုတ်ပေ။ ကိုယ်တော်သည် ကျွန်ုပ်ထံမှ ယူဆောင်လျှင် ကျွန်ုပ်သည် နာခံဆဲ ဖြစ်ပါလိမ့်မည်။” ဟူ၍ ပြောသည်။ သို့သော် “နာခံခြင်း” ဆိုသည့်စကားသည် ၎င်းတို့၏ နှုတ်တွင် အနှစ်မပါပေ။ ၎င်းတို့သည် နာခံနိုင်သည်ဟု ၎င်းတို့၏ နှုတ်ကဆိုသည်။ သို့သော် ပြီးနောက်တွင် ၎င်းတို့သည် ဤအရာကို စဉ်းစားပြီး တစ်စုံတစ်ခုကို ၎င်းတို့ သဘောမကျပေ။ “ယခင်က အခြေအနေ အလွန်ကောင်းခဲ့သည်။ အဘယ်ကြောင့် ဘုရားသခင်က အားလုံးကို ယူဆောင်သွားသနည်း။ အိမ်တွင်နေပြီး တာဝန်ထမ်းဆောင်ခြင်းသည် အပြင်ထွက်၍ တာဝန်ထမ်းဆောင်ခြင်းနှင့် မတူညီသလော။ ငါသည် မည်သည့်အရာကို နှောင့်နှေးနေသနည်း။” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် အစဉ်သဖြင့် အတိတ်ကို ထပ်တလဲလဲ ပြန်လည်တွေးတောသည်။ ၎င်းတို့သည် ဘုရားသခင်အပေါ် သဘောမကျခြင်း၊ မကျေမနပ်ဖြစ်ခြင်း ပုံစံမျိုးရှိသည်။ ပြီးလျှင် အစဉ်မပြတ် စိတ်ဓာတ်ကျသည်။ ဘုရားသခင်က ၎င်းတို့၏ စိတ်နှလုံးတွင်ရှိသေးသလော။ ၎င်းတို့၏ စိတ်နှလုံး၌ ရှိသောအရာသည် ပိုက်ဆံ၊ ရုပ်ဝတ္ထုဆိုင်ရာ သက်သာမှုများနှင့် ထိုကောင်းစားသောအချိန်များဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင်က နေရာလုံးဝ မရှိပေ။ ဘုရားသခင်သည် ၎င်းတို့၏ ဘုရားမဟုတ်တော့ပေ။ “ဘုရားသခင်က ပေးအပ်ပြီး ဘုရားသခင်က ယူဆောင်သွားသည်။” ဆိုသည်မှာ အမှန်တရားဖြစ်သည်ကို ၎င်းတို့ သိသော်လည်း “ဘုရားသခင်က ပေးအပ်သည်” ဆိုသည့် စကားကို ၎င်းတို့ နှစ်သက်ပြီး “ဘုရားသခင်က ယူဆောင်သွားသည်။” ဆိုသည့် စကားကို မုန်းတီးသည်။ သမ္မာတရားအား ၎င်းတို့ လက်ခံခြင်းသည် ရွေးချယ်လက်ခံခြင်းဖြစ်သည်မှာ ထင်ရှားသည်။ ဘုရားသခင်က ၎င်းတို့ကို ကောင်းချီးပေးသောအခါ ၎င်းတို့က သမ္မာတရားအဖြစ် လက်ခံပြီး ဘုရားသခင်က ၎င်းတို့ထံမှ ယူဆောင်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့က လက်မခံနိုင်ပေ။ ၎င်းတို့သည် ဘုရားသခင်ထံမှ ဤသို့သော အစီအစဉ်များကို လက်မခံနိုင်ပေ။ ထိုအစား ၎င်းတို့သည် အတိုက်အခံဖြစ်ပြီး စိတ်မကျေမနပ်ဖြစ်ကြသည်။ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရန် ပြောသောအခါ ၎င်းတို့က “ဘုရားသခင်က ငါ့အား ကောင်းချီးများပေးပြီး ကျေးဇူးတော်ချပေးလျှင် ငါ ထမ်းဆောင်မည်။ ဘုရားသခင်၏ ကောင်းချီးများမရှိဘဲ ငါ၏ မိသားစုက ဤသို့သော ဆင်းရဲသည့်အခြေအနေ၌ ရှိနေစဉ်တွင် ငါသည် ငါ၏တာဝန်ကို အဘယ်သို့ထမ်းဆောင်ရမည်နည်း။ မထမ်းဆောင်ချင်ပါ။” ဟု ဆိုသည်။ ဤသည်မှာ မည်သည့် စိတ်သဘောထားဖြစ်သနည်း။ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင်၏ ကောင်းချီးများနှင့် ဘုရားသခင်က ၎င်းတို့အား များစွာ ပေးအပ်ခဲ့ပုံကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံရသော်လည်း ဘုရားသခင်က ၎င်းတို့ထံမှ ယူဆောင်သွားသောအခါ လက်ခံလိုစိတ်မရှိကြပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ပိုက်ဆံနှင့် ၎င်းတို့၏ သက်သာသော ဘဝကို လက်မလွတ်နိုင်သောကြောင့်ဖြစ်သည်။ ၎င်းတို့သည် ဤအရာကို စိတ်ဆိုးလျက်ဖြင့် စောဒကတက်ခြင်းမရှိနိုင်သော်လည်း၊ ဘုရားသခင်ထံ လက်ဖြန့်မတောင်းနိုင်သော်လည်း၊ ၎င်းတို့၏ ကိုယ်ပိုင်အားစိုက်ထုတ်မှုကို အမှီပြုပြီး ၎င်းတို့၏ ယခင်က ပိုင်ဆိုင်သောပစ္စည်းများကို ပြန်လည်ကြိုးပမ်းရယူဖို့ မကြိုးစားကောင်း မကြိုးစားနိုင်သော်လည်း ၎င်းတို့သည် ဘုရားသခင်၏ လုပ်ရပ်များအပေါ် စိတ်ပျက်အားလျော့သွားပြီဖြစ်သည်။ ၎င်းတို့သည် အလုံးစုံပင် လက်ခံနိုင်စွမ်းမရှိဘဲ “ဘုရားသခင်က ဤသို့ လုပ်ဆောင်ရသည်မှာ အလွန်ပင် ငဲ့ကွက်မှုမရှိခြင်းဖြစ်သည်။ သဘောပေါက်နားလည်၍မရပေ။ ငါသည် အဘယ်သို့ ဘုရားသခင်အား ဆက်၍ ယုံကြည်နိုင်မည်နည်း။ သူသည် ဘုရားသခင်ဖြစ်သည်ဟု ငါ အသိအမှတ်မပြုလိုတော့ပေ။ သူသည် ဘုရားသခင်ဖြစ်သည်ဟု ငါ အသိအမှတ်မပြုလျှင် သူသည် ဘုရားသခင်မဟုတ်။” ဟူ၍ ပြောသည်။ ဤသည်မှာ စိတ်သဘောထား အမျိုးအစားတစ်ခုဖြစ်သလော။ (ဟုတ်သည်။) စာတန်တွင် ဤစိတ်သဘောထားမျိုးရှိသည်။ စာတန်က ဘုရားသခင်အား ဤသို့ ငြင်းဆန်သည်။ ဤစိတ်သဘောထားမျိုးသည် သမ္မာတရားအား စိတ်ကုန်ခြင်း၊ သမ္မာတရားအား မုန်းတီးခြင်း စိတ်သဘောထားဖြစ်သည်။ လူတို့သည် သမ္မာတရားအား ဤအတိုင်းအတာအထိ စိတ်ကုန်သောအခါ မည်သည့်အရာကို ဖြစ်စေသနည်း။ ဤသို့ဖြင့် ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်ပြီး အဆုံးတိုင်အောင် ဘုရားသခင်အား ခေါင်းမာစွာဖြင့် ဆန့်ကျင်ကြသည်။ ဤသည်မှာ ၎င်းတို့အတွက် အရာအားလုံး ပြီးဆုံးသွားပြီဆိုသည့် အဓိပ္ပာယ်ဖြစ်သည်။

သမ္မာတရားအား စိတ်ကုန်ခြင်းဖြစ်သည့် စိတ်သဘောထား၏ သဘောသဘာဝမှာ အဘယ်နည်း။ သမ္မာတရားအား စိတ်ကုန်သည့်သူများသည် အပြုသဘောဆောင်သောအရာများ၊ သို့မဟုတ် ဘုရားသခင်လုပ်ဆောင်သည့်မည်သည့်အရာကိုမဆို မချစ်မြတ်နိုးကြပေ။ ဥပမာ နောက်ဆုံးသောကာလအတွင်း ဘုရားသခင်၏ တရားစီရင်ခြင်းအမှုကို ကြည့်လော့။ မည်သူကမျှ ဤအမှုတော်ကို လက်မခံလိုကြပေ။ ဘုရားသခင်က လူတို့ကို ဖော်ထုတ်ခြင်း၊ လူတို့ကို ရှုတ်ချခြင်း၊ လူတို့ကို ပြစ်တင်ဆုံးမခြင်း၊ လူတို့ကို စမ်းသပ်ခြင်း၊ လူတို့ကို စစ်ဆေးခြင်း၊ လူတို့ကို ရိုက်နှက်ခြင်း၊ လူတို့ကို ပဲ့ပြင်ဆုံးမခြင်းအကြောင်းဖြစ်သော တရားဒေသနာများကို နားထောင်လိုသည့်သူ အနည်းငယ်သာရှိသည်။ သို့တိုင်အောင် ဘုရားသခင်က လူတို့ကို ကောင်းချီးပေးခြင်း၊ လူတို့ကို အားပေးခြင်း၊ လူတို့အပေါ် ကတိပြုခြင်းတို့အား ကြားရခြင်းကို ၎င်းတို့ ပျော်ရွှင်ကြသည်။ မည်သူကမျှ ဤအရာများကို မငြင်းပယ်ပေ။ ကျေးဇူးတော်ခေတ်ကာလတုန်းကကဲ့သို့ဖြစ်သည်။ ဘုရားသခင်က လူသားအပေါ် ခွင့်လွှတ်ခြင်း၊ ချမ်းသာခွင့်ပေးခြင်း၊ ကောင်းချီးပေးခြင်း၊ ကျေးဇူးတော်ချပေးခြင်း အမှုတို့ကို ပြုသောအချိန်ကကဲ့သို့၊ ဖျားနာသူကို ကုသပြီး နတ်ဆိုးများအား နှင်ထုတ်ကာ လူတို့အပေါ် ကတိများပြုခဲ့သည့် အချိန်ကကဲ့သို့ဖြစ်သည်။ လူတို့သည် ဤအရာအားလုံးကို လက်ခံလိုစိတ်ရှိကြသည်။ ၎င်းတို့အားလုံးသည် လူသားအပေါ် ယေရှု၏ ကြီးမြတ်သောချစ်ခြင်းကို ချီးမွမ်းကြသည်။ သို့သော် ယခုအခါတွင် နိုင်ငံတော်ခေတ်ရောက်ရှိလာပြီး ဘုရားသခင်က တရားစီရင်ခြင်းအမှုကို ပြုကာ သမ္မာတရားများစွာကို ဖော်ပြသောအခါ မည်သူမျှ ဂရုမစိုက်ပေ။ ဘုရားသခင်က လူတို့အား မည်မျှ ဖော်ထုတ်ပြီး တရားစီရင်ပါစေ လူများက လက်မခံပေ။ “ဘုရားသခင်က ဤသို့သောအရာကို လုပ်ဆောင်နိုင်သလော။ ဘုရားသခင်က လူသားကို မချစ်သလော။” ဟူ၍ပင် ပြောဆိုကြသည်။ ၎င်းတို့သည် ကိုင်တွယ်ဖြေရှင်းခြင်း၊ ပြုပြင်ခြင်း သို့မဟုတ် ရိုက်နှက်ခြင်းနှင့် ပဲ့ပြင်ဆုံးမခြင်းကို ခံရလျှင် ပို၍ပင် အယူအဆများရှိကြပြီး “ဤသည်မှာ အဘယ်သို့ ဘုရားသခင်၏ ချစ်ခြင်းဖြစ်သနည်း။ ဤတရားစီရင်ခြင်း၊ ရှုတ်ချခြင်းစကားများသည် လုံးဝ ချစ်ခြင်းမဟုတ်ပေ။ ထိုအရာများကို ငါလက်မခံပါ။ ငါသည် ထိုမျှ မမိုက်မဲပါ။” ဟူ၍ ပြောဆိုကြသည်။ ဤသည်မှာ သမ္မာတရားအား စိတ်ကုန်ခြင်း စိတ်သဘောထားဖြစ်သည်။ သမ္မာတရားအား ကြားပြီးနောက်တွင် လူအချို့က “မည်သည့် သမ္မာတရားနည်း။ ဤသည်မှာ သဘောတရားသက်သက်သာဖြစ်သည်။ အလွန် မြင့်မြတ်သည့်၊ အလွန်စွမ်အားကြီးသည့်၊ အလွန်သန့်ရှင်းသည့်ပုံစံရှိသည်။ သို့သော် ဤအရာများသည် ကြားကောင်းသော စကားများသာဖြစ်သည်။” ဟု ဆိုကြသည်။ ဤသည်မှာ သမ္မာတရားအား စိတ်ကုန်သည့် စိတ်သဘောထားမဖြစ်သလော။ ဤသည်မှာ သမ္မာတရားအား စိတ်ကုန်သည့် စိတ်သဘောထားဖြစ်သည်။ ဤသည်မှာ သင်တို့တွင်ရှိသော စိတ်သဘောထားမျိုးဖြစ်သလော။ (ဟုတ်သည်။) သင်တို့အနေဖြင့် လွှမ်းမိုးခြင်းခံရဖို့ အများဆုံးဖြစ်သည့်၊ သင်တို့ အများဆုံး တွေ့မြင်သည့်၊ အလေးနက်ဆုံး အသိအမှတ်ပြုသည့် အခြေအနေမှာ မည်သည့်အခြေအနေဖြစ်သည်ဟု ငါ ယခု ပြောခဲ့သနည်း။ (ကျွန်ုပ်တို့၏ တာဝန်ကို ထမ်းဆောင်သောအခါ အခက်အခဲကို မကြုံလိုခြင်း၊ ဘုရားသခင်က တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းကို ခံရန် ဆန္ဒမရှိခြင်း၊ အရာရာတိုင်းကို ချောမွေ့စွာ ဖြတ်သန်းလိုခြင်းတို့ဖြစ်သည်။) ဘုရားသခင်၏ အုပ်စိုးမှုကို ငြင်းဆန်ခြင်း၊ ဘုရားသခင်၏ ပဲ့ပြင်ဆုံးမမှုနှင့် ရိုက်နှက်မှုကို ငြင်းဆန်ခြင်း၊ ဤတွင် ဘုရားသခင်က ကောင်းမှုကို ပြုလုပ်နေခြင်းဖြစ်သည်ကို ရှင်းလင်းစွာ သိသော်လည်း မိမိ၏ စိတ်နှလုံးတွင် အတိုက်အခံပြုဆဲဖြစ်ခြင်းတို့သည် ဖော်ပြမှုအမျိုးအစားတစ်ခုဖြစ်သည်။ အခြားမည်သည့်အရာရှိသနည်း။ (ကျွန်ုပ်တို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် ထိရောက်မှုရှိသောအခါ ပျော်ရွှင်ခြင်း၊ ထိရောက်မှုမရှိသောအခါတွင် မတက်ကြွခြင်း၊ အားနည်းခြင်း၊ တက်ကြွစွာဖြင့် ပူးပေါင်းဆောင်ရွက်နိုင်စွမ်းမရှိခြင်းတို့ဖြစ်သည်။) ဤသည်မှာ မည်သို့သော ဖော်ပြမှုမျိုးဖြစ်သနည်း။ (ခေါင်းမာခြင်းဖြစ်သည်။) သင်တို့သည် ဤအရာနှင့် ပတ်သက်ပြီး တိကျရမည်။ ရှုပ်ထွေးပြီး မစဉ်းမစား အခိုင်အမာပြောဆိုခြင်း မပြုနှင့်။ တစ်ခါတစ်ရံတွင် လူတို့၏ အခြေအနေများသည် အလွန်ပင် ရှုပ်ထွေးသည်။ ၎င်းတို့သည် အမျိုးအစားတစ်ခုတည်းသာမဟုတ်ဘဲ နှစ်ခု၊ သုံးခု ရှုပ်ထွေးနေသည်။ ဤသို့ဆိုလျှင် သင်သည် မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုသနည်း။ တစ်ခါတစ်ရံတွင် စိတ်သဘောထားတစ်ခုသည် အခြေအနေနှစ်မျိုး၊ တစ်ခါတစ်ရံတွင် အခြေအနေသုံးမျိုးတွင် ဖွင့်ပြမည်။ သို့သော် ဤအခြေအနေများက ကွာခြားသော်လည်း နောက်ဆုံးတွင် ဤသည်မှာ စိတ်သဘောထား တစ်မျိုးဖြစ်ဆဲဖြစ်သည်။ သမ္မာတရားအား စိတ်ကုန်သည့် ဤစိတ်သဘောထားကို သင်တို့ နားလည်ရမည်။ သမ္မာတရားအား စိတ်ကုန်ခြင်းကို ဖော်ပြမှုများသည် မည်သည့်အရာဖြစ်သည်ကို သင်တို့ စုံစမ်းစစ်ဆေးသင့်သည်။ ဤနည်းအားဖြင့် သင်တို့သည် သမ္မာတရားအား စိတ်ကုန်သည့် ဤစိတ်သဘောထားကို အမှန်တကယ် နားလည်နိုင်လိမ့်မည်။ သင်သည် သမ္မာတရားကို စိတ်ကုန်သည်။ တစ်စုံတစ်ခုက မှန်ကန်သည်ကို သင်ကောင်းစွာသိသည်။ ယင်းသည် ဘုရားနှုတ်ကပတ်တော်၊ သို့မဟုတ် သမ္မာတရားစည်းမျဉ်းများ မလွှဲမသွေ ဖြစ်စရာမလိုပေ။ တစ်ခါတစ်ရံတွင် ယင်းသည် အပြုသဘောဆောင်သောအရာများ၊ မှန်ကန်သော အရာများ၊ မှန်ကန်သော စကားများ၊ မှန်ကန်သော အကြံပြုချက်များ ဖြစ်သည်။ သို့တိုင်အောင် သင်က “ဤသည်မှာ သမ္မာတရားမဟုတ်ပေ။ ဤအရာတို့သည် မှန်ကန်သော စကားလုံးများသာဖြစ်သည်။ ငါ နားမထောင်လိုပေ။ လူတို့၏ စကားများကို ငါနားမထောင်ပေ။” ဟု ပြောဆဲဖြစ်သည်။ ဤသည်မှာ မည်သည့်စိတ်သဘောထားဖြစ်သနည်း။ ဤတွင် မာနထောင်လွှားခြင်း၊ ခေါင်းမာခြင်း၊ သမ္မာတရားအား စိတ်ကုန်ခြင်းရှိသည်။ ဤစိတ်သဘောထားအမျိုးအစားများအားလုံး တည်ရှိသည်။ စိတ်သဘောထားအမျိုးအစားတစ်ခုစီက အခြေအနေ အမျိုးအစားများစွာကို ဖြစ်ပေါ်စေနိုင်သည်။ အခြေအနေတစ်ခုသည် မတူညီသော စိတ်သဘောထားအချို့နှင့် ဆက်စပ်နိုင်သည်။ ဤအခြေအနေများသည် မည်သည့်စိတ်သဘောထားအမျိုးအစားများကို ဖြစ်ပေါ်စေသည်ကို သင် ရှင်းလင်းစွာသိရမည်။ ဤနည်းအားဖြင့် သင်သည် အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအမျိုးအစားများကို ပိုင်းခြားသိမြင်နိုင်လိမ့်မည်။

ငါတို့ ယခုမိတ်သဟာယဖွဲ့ခဲ့သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားလေးမျိုးတွင် မည်သူ့တစ်မျိုးမဆို လူတို့အား သေခြင်းအဖြစ် စီရင်ရန် လုံလောက်သည်။ ဤသို့ပြောသည်မှာ အလွန်အကျွံဖြစ်သလော။ (မဖြစ်ပါ။) လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် မည်သို့ဖြစ်ပေါ်လာသနည်း။ ၎င်းတို့အားလုံးသည် စာတန်ဆီမှလာသည်။ လူတို့သည် စာတန်၊ နတ်ဆိုးများ၊ လူသိများပြီး ထင်ပေါ်ကျော်ကြားသော ပုဂ္ဂိုလ်များထံမှဖြစ်သော မိစ္ဆာဒိဋ္ဌိများ၊ အတွေးမှားများဖြင့် ပြည့်နေသည်။ ဤသို့ဖြင့် ဤအမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ ဖြစ်လာသည်။ ဤ စိတ်သဘောထားများသည် အပြုသဘောဆောင်သလော၊ သို့မဟုတ် အပျက်သဘောဆောင်သလော။ (အပျက်သဘောဆောင်သည်။) အပျက်သဘောဆောင်သည်ဟု မည်သည့်အရာအပေါ်တွင် အခြေခံပြီး ပြောသနည်း။ (သမ္မာတရားပေါ်တွင် အခြေခံသည်။) ဤစိတ်သဘောထားများသည် သမ္မာတရားကို ချိုးဖောက်ပြီး ဘုရားသခင်ကို အာခံသောကြောင့်၊ ၎င်းတို့သည် ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းအပေါ် ရန်လိုသော ဆန့်ကျင်မှုရှိသောကြောင့် လူတို့တွင် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုအား တွေ့ရလျှင် ထိုသူသည် ဘုရားသခင်အား အာခံသောသူတစ်ယောက်ဖြစ်လာသည်။ ဤစိတ်သဘောထားလေးမျိုး၏ တစ်ခုချင်းစီသည် လူတစ်ယောက်အတွင်း၌ တွေ့ရလျှင် ဤသည်မှာ ဒုက္ခပေးတတ်ပြီး ထိုသူသည် ဘုရားသခင်၏ ရန်သူတစ်ယောက်ဖြစ်လာသည်။ ထိုသူသည် သေချာပေါက် သေရန် သတ်မှတ်ပြီးဖြစ်သည်။ ယင်းသည် မည်သည့်စိတ်သဘောထားဖြစ်စေ သမ္မာတရားအား အသုံးပြုပြီး ချိန်ဆကြည့်လျှင် ဖော်ပြမှုတစ်ခုစီ၏ အနှစ်သာရသည် ဘုရားသခင်အား ဦးတည်ပြီး ဆန့်ကျင်နေသည်ကိုလည်းကောင်း၊ ဘုရားသခင်အား အာခံနေသည်ကိုလည်းကောင်း၊ ဘုရားသခင်အပေါ် ရန်လိုသည်ကိုလည်းကောင်း မြင်ရလိမ့်မည်။ ထို့ကြောင့် သင်၏ စိတ်သဘောထား မပြောင်းလဲလျှင် သင်သည် ဘုရားသခင်နှင့် သဟဇာတဖြစ်မည်မဟုတ်ပေ။ သင်သည် သမ္မာတရားကို မုန်းတီးပြီး ဘုရားသခင်၏ ရန်သူတစ်ယောက်ဖြစ်လိမ့်မည်။

နောက်တစ်ခုတွင် ငါးခုမြောက်စိတ်သဘောထားအမျိုးအစားကို ပြောကြစို့။ ငါသည် ဥပမာတစ်ခုပေးမည်။ မည်သည့်စိတ်သဘောထားဖြစ်သည်ကို သင်တို့ အဖြေရှာရန် ကြိုးစားကြည့်နိုင်သည်။ လူနှစ်ယောက် စကားပြောနေပုံကို စိတ်ကူးကြည့်လော့။ တစ်ယောက်က သူပြောသည့်အရာတွင် အလွန်အကျွံပင် တဲ့တိုးဆန်သောကြောင့် အခြားလူက စိတ်မကျေမနပ်ဖြစ်သည်။ သူ၏ စိတ်တွင် “သင်သည် အဘယ်ကြောင့် ငါ၏ မာနကို အလွန်ထိခိုက်နေရသနည်း။ ငါသည် လူတို့အား ငါ့ကိုအနိုင်ကျင့်ခွင့်ပြုသည်ဟု သင်ထင်သလော” ဟူ၍ စဉ်းစားသည်။ ဤသို့ဖြင့် သူ့အတွင်း၌ မုန်းတီးခြင်း ဖြစ်ပေါ်လာသည်။ လက်တွေ့တွင် ဤပြဿနာသည် ဖြေရှင်းရန် လွယ်ကူသည်။ လူတစ်ယောက်က အခြားလူတစ်ယောက်ကို နာကျင်စေရန် တစ်စုံတစ်ခုပြောခဲ့လျှင် ပြောသူက နားထောင်သူကို တောင်းပန်သရွေ့ ဤအမှုကိစ္စက ပြီးဆုံးသွားမည်။ သို့သော် စိတ်ဆိုးသည့်သူက ဤကိစ္စကို လက်မလွတ်နိုင်ဘဲ သူ့အတွက် “လူကြီးလူကောင်းတစ်ဦးအဖို့ ကလဲ့စားချေရန်မှာ မည်သည့်အခါမျှ နောက်ကျလွန်းခြင်း မရှိပါ” ဟူ၍ ဖြစ်လျှင် ဤသည်မှာ မည်သည့်စိတ်သဘောထားဖြစ်သနည်း။ (မလိုမုန်းထားခြင်းဖြစ်သည်။) မှန်သည်။ ဤသည်မှာ မလိုမုန်းထားခြင်းဖြစ်သည်။ ဤသူသည် ကြမ်းတမ်းသော စိတ်သဘောထားရှိသူဖြစ်သည်။ အသင်းတော်တွင် လူအချို့သည် ၎င်းတို့၏ တာဝန်ကို မှန်မှန်ကန်ကန်မထမ်းဆောင်သောကြောင့် ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းကို ခံရသည်။ လူတစ်ယောက်အား ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းသောအခါတွင် ပြောသောအရာများ၌ မကြာခဏပင် ထိုလူကို အပြစ်ဖော်ဆုံးမခြင်းပါဝင်ပြီး ဆူငေါက်ခြင်းပင် ပါဝင်ကောင်းပါဝင်နိုင်သည်။ ဤအရာသည် ၎င်းတို့ကို သေချာပေါက် စိတ်မကြည်မလင်ဖြစ်စေသည်။ ပြီးလျှင် ၎င်းတို့သည် ဆင်ခြေများရှာပြီး ပြန်လည်အဖြေပေးလိုလိမ့်မည်။ ၎င်းတို့က “အကြောင်းအရာများကို ပြော၍ ငါ့အား သင် ကိုင်တွယ်ဖြေရှင်းခြင်းသည် မှန်ကန်သော်လည်း သင်ပြောသည့်အရာအချို့မှာ အလွန်ပင် စိတ်အနှောင့်အယှက်ဖြစ်စေသည်။ ပြီးလျှင် သင်သည် ငါ့ကို အရှက်ရစေပြီး ငါ၏ ခံစားချက်တို့ကို ထိခိုက်သည်။ ငါသည် ဤနှစ်များအားလုံးတွင် ဘုရားသခင်ကို ယုံကြည်ခဲ့ပြီး မည်သည့်အခါမျှ ကူညီပံ့ပိုးခြင်းမရှိသော်လည်း အလုပ်ကြိုးစားခဲ့သည်။ ငါသည် အဘယ်သို့ ဤသို့ ဆက်ဆံခံရနိုင်သနည်း။ သင်သည် အခြားမည်သူ့ကိုမျှ ကိုင်တွယ်ဖြေရှင်းခြင်းမရှိသည်မှာ အဘယ်သို့ဖြစ်သနည်း။ ဤအရာကို ငါလက်မခံနိုင်ပေ။ သည်းမခံနိုင်ပေ။” ဆိုသကဲ့သို့သောအရာများကို ပြောသည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်မျိုးဖြစ်သည်မဟုတ်လော။ (ဟုတ်သည်။) ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် စောဒကတက်ခြင်း၊ မနာခံခြင်း၊ ရန်ငြိုးထားခြင်းတို့မှတစ်ဆင့် ဖော်ပြသည်။ သို့သော် ထိုစိတ်သဘောထားသည် အပြင်းထန်ဆုံး အဆင့်သို့ မရောက်သေးပေ။ အထွတ်အထိပ်သို့ မရောက်သေးပေ။ သို့သော် လက္ခဏာအချို့ ပြနေပြီဖြစ်ပြီး ပေါက်ထွက်တော့မည့် နေရာသို့ စတင်ရောက်ရှိနေပြီဖြစ်သည်။ ဤအရာပြီးနောက်တွင် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ၎င်းတို့သည် ကလန်ကဆန်လုပ်သည်။ စိတ်ဆိုးသည်။ အာခံသည်။ မလိုမုန်းထားစိတ်ဖြင့် စတင် ပြုမူသည်။ စတင်၍ ရှာကြံအကြောင်းပြသည်။ “ခေါင်းဆောင်များ၊ အမှုဆောင်များသည် လူတို့ကို ကိုင်တွယ်ဖြေရှင်းသောအခါတွင် အစဉ်သဖြင့် မှန်ကန်ခြင်းမရှိပေ။ ကျန်သည့် သင်တို့တွေက လက်ခံကောင်းလက်ခံနိုင်မည်။ သို့သော် ငါ လက်မခံနိုင်ပေ။ ဤအရာကို သင်တို့ လက်ခံနိုင်သည်မှာ သင်တို့သည် မိုက်မဲပြီး ပျော့ညံ့သောကြောင့်ဖြစ်သည်။ ငါ လက်မခံပေ။ ဤအရာကို ဆွေးနွေးအဖြေရှာပြီး မည်သူက မှန်သည်၊ မှားသည်ကို ကြည့်ကြစို့။” ဟူ၍ ဖြစ်သည်။ ထို့နောက်တွင် လူတို့က ၎င်းတို့အား မိတ်သဟာယပြုပြီး “မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ပထမဆုံး သင်လုပ်ဆောင်ရမည့်အရာမှာ နာခံခြင်းဖြစ်သည်။ သင်၏ တာဝန်ထမ်းဆောင်ခြင်းသည် အနည်းငယ်မျှပင် အစွန်းအထင်းမရှိသည်မှာ ဖြစ်နိုင်သလော။ သင်သည် အရာရာကို မှန်ကန်အောင် လုပ်ဆောင်သလော။ သင်သည် အရာရာကို မှန်ကန်စွာ လုပ်ဆောင်လျှင်ပင် ကိုင်တွယ်ဖြေရှင်းခံရခြင်းသည် သင့်အတွက် အထောက်အကူဖြစ်သေးသည်။ ငါတို့သည် သင်နှင့်အတူ စည်းမျဉ်းများကို အကြိမ်များစွာ မိတ်သဟာယဖွဲ့ခဲ့သည်။ သို့သော် သင်သည် မည်သည့်အခါမျှ နားမထောင်ဘဲ သင်နှစ်သက်သလိုသာ မစဉ်းမစား လုပ်ဆောင်ရန် ရွေးချယ်သည်။ ဤအတွက်ကြောင့် အသင်းတော်လုပ်အတွက် အနှောင့်အယှက်များဖြစ်ပြီး ကြီးစွာသော ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေသည်။ ဤသို့ဆိုလျှင် ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းကို အဘယ်သို့ မရင်ဆိုင်နိုင်သနည်း။ စကားအသုံးအနှုန်းက ကြမ်းကောင်းကြမ်းနိုင်သည်။ နားထောင်ဖို့ ခက်နိုင်သည်။ သို့သော် ဤသည်မှာ သာမန်မဟုတ်လော။ သင်သည် မည်သည့်အရာကို ငြင်းခုံနေသနည်း။ အခြားလူများကို သင့်အား ကိုင်တွယ်ဖြေရှင်းခွင့်မပြုဘဲ သင့်အား မကောင်းသောအရာများကိုသာ လုပ်ဆောင်ခွင့်ပေးသင့်သလော။” ဟူ၍ ပြောသည်။ သို့သော် ၎င်းတို့သည် ဤအရာကို ကြားပြီးနောက်တွင် ကိုင်တွယ်ဖြေရှင်းခြင်းကို လက်ခံနိုင်မည်လော။ လက်ခံနိုင်မည်မဟုတ်ပေ။ ၎င်းတို့သည် ဆင်ခြေများပေးခြင်း၊ အတိုက်အခံပြုခြင်းကိုသာ ဆက်လက်လုပ်ဆောင်လိမ့်မည်။ မည်သည့်စိတ်သဘောထားကို ၎င်းတို့ ဖွင့်ပြသနည်း။ နတ်ဆိုးဆန်ခြင်းဖြစ်သည်။ ယင်းသည် ကြမ်းတမ်းသော စိတ်သဘောထားဖြစ်သည်။ အမှန်တကယ်တွင် ၎င်းတို့သည် မည်သည့်အရာကို ဆိုလိုသနည်း။ “လူတို့က ငါ့အား စိတ်ဆိုးအောင်လုပ်ဆောင်ခြင်းကို ငါမခံ။ မည်သူကမျှ ငါ၏ခေါင်းပေါ်က ဆံပင်တစ်ချောင်းကို စမ်းပြီးထိမကြည့်သင့်ပေ။ ငါသည် ရန်စဖို့ မလွယ်ကူသည်ကို သင့်အား ငါပြလျှင် နောင်အချိန်တွင် သင်သည် ငါ့အား ကိုင်တွယ်ဖြေရှင်းရဲမည်မဟုတ်။ ဤသို့ဆိုလျှင် ငါ အနိုင်မရရှိသလော။” ဟူ၍ ဖြစ်သည်။ အဘယ်သို့နည်း။ ဤစိတ်သဘောထားသည် ဖော်ထုတ်ခံရပြီးဖြစ်သည်မဟုတ်လော။ ဤသည်မှာ ကြမ်းတမ်းသော စိတ်သဘောထားဖြစ်သည်။ ကြမ်းတမ်းသော စိတ်သဘောထားရှိသူများသည် သမ္မာတရားအား စိတ်ကုန်ခြင်းသာ မဟုတ်ဘဲ သမ္မာတရားကို မုန်းတီးသည်။ ၎င်းတို့သည် ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းကို ခံရသောအခါ ထွက်ပြေးရန် ကြိုးစားသည်၊ သို့မဟုတ် လျစ်လျူရှုသည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့သည် အလွန်အမင်းရန်လိုသည်။ ဤသည်မှာ ၎င်းတို့က ဆင်ခြေများ ထုတ်ပြောခြင်းကိစ္စသက်သက်သာမဟုတ်ပေ။ ဤသည်မှာ ၎င်းတို့၏ သဘောထားလုံးဝ မဟုတ်ပေ။ ၎င်းတို့သည် အလျှော့ပေးခြင်းမရှိဘဲ အတိုက်အခံပြုသည်။ ရက်စက်ပြီး လောဘကြီးသော အမျိုးသမီးတစ်ယောက်ကဲ့သို့ပင် ပြန်၍ ငြင်းခုံသည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ၎င်းတို့သည် “သင်သည် ငါ့အား အရှက်ရစေရန်၊ တမင် ကသိကအောက်ဖြစ်ရန် ကြိုးစားနေခြင်းဖြစ်သည်ကို ငါနားလည်သည်။ ငါသည် သင့်အား မျက်နှာချင်းဆိုင်၍ အတိုက်အခံမလုပ်ရဲသော်လည်း လက်စားချေရန် အခွင့်အရေးကို ငါရှာမည်။ သင်သည် ငါ့အား ကိုင်တွယ်ဖြေရှင်းပြီး အတင်းခိုင်းစေနိုင်သည်ဟု ထင်သလော။ ငါသည် လူတိုင်းအား ငါ့ဘက်သို့ပါအောင်လုပ်မည်။ သင့်အား တစ်ဦးတည်း သီးခြားဖြစ်စေမည်။ ပြီးလျှင် သင်ကိုယ်တိုင်လုပ်ဆောင်သည့်နည်းအတိုင်း သင့်အပေါ် ငါလုပ်ဆောင်မည်။” ဟူ၍ စဉ်းစားသည်။ ဤသည်မှာ ၎င်းတို့၏ စိတ်နှလုံးတွင် စဉ်းစားနေသည့်အရာဖြစ်သည်။ ၎င်းတို့၏ ကြမ်းတမ်းသော စိတ်သဘောထားသည် နောက်ဆုံးတွင် သူ့ဘာသာ ဖွင့်ပြလာသည်။ ၎င်းတို့၏ ရည်ရွယ်ချက်များကို ရရှိပြီး ၎င်းတို့၏ မလိုမုန်းထားစိတ်ကို ဖွင့်ချရန်အတွက် မိမိတို့ကိုယ်ကို မှန်ကန်ကြောင်းပြပြီး လူတိုင်းအား ၎င်းတို့ဘက်သို့ ပါစေမည့် ဆင်ခြေများကို ထုတ်ဖို့ အစွမ်းကုန် ကြိုးစားကြသည်။ ထိုအခါမှသာ ၎င်းတို့သည် ပျော်ရွှင်ပြီး ဖြေသိမ့်နိုင်ကြသည်။ ဤသည်မှာ မလိုမုန်းထားခြင်းမဟုတ်သလော။ ဤသည်မှာ ကြမ်းတမ်းသော စိတ်သဘောထားဖြစ်သည်။ ၎င်းတို့သည် ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်း မခံရသေးသောအချိန်တွင် ဤကဲ့သို့သောသူများသည် သိုးသငယ်များကဲ့သို့ဖြစ်သည်။ ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းကို ခံရသောအခါတွင်၊ သို့မဟုတ် ၎င်းတို့၏ သရုပ်မှန် ပေါ်လွင်သွားသောအခါတွင် ၎င်းတို့သည် ချက်ချင်းပင် သိုးသငယ်မှ ဝံပုလွေတစ်ကောင်အဖြစ် ပြောင်းသွားပြီး ၎င်းတို့၏ ဝံပုလွေဆန်ခြင်း ပေါ်ထွက်လာသည်။ ဤသည်မှာ ကြမ်းတမ်းသော စိတ်သဘောထားဖြစ်သည်မဟုတ်လော။ (ဟုတ်သည်။) ဤသို့ဆိုလျှင် ယင်းသည် အချိန်အများစုတွင် အဘယ်ကြောင့် မမြင်ရသနည်း။ (၎င်းတို့ကို ဆွပေးခြင်းမခံရသောကြောင့်ဖြစ်သည်။) မှန်သည်။ ၎င်းတို့သည် ဆွပေးခြင်းမခံရဘဲ ၎င်းတို့၏ အကျိုးစီးပွားများက အန္တရာယ်မရှိပေ။ ဤသည်မှာ ဝံပုလွေတစ်ကောင်က မဆာလောင်သောအခါတွင် သင့်အား စားမည်မဟုတ်သကဲ့သို့ဖြစ်သည်။ ဤသို့ဆိုလျှင် ယင်းသည် ဝံပုလွေမဟုတ်ဟု သင်ဆိုနိုင်သလော။ ယင်းကို ဝံပုလွေဟုခေါ်ဆိုရန်အတွက် သင့်ကို စားရန် ကြိုးစားသည်အထိစောင့်လျှင် အလွန်နောက်ကျသွားမည်မဟုတ်လော။ သင့်အား စားရန် မကြိုးစားသေးလျှင်ပင် သင်သည် အချိန်ပြည့် သတိဝီရိယရှိသင့်သည်။ ဝံပုလွေက သင့်အား မစားခြင်းသည် သင့်အား မစားလိုသည့် သဘောမဟုတ်ပေ။ အချိန်မကျသေးခြင်းသာ ဖြစ်သည်။ အချိန်ကျလာသောအခါတွင် သူ၏ ဝံပုလွေသဘာဝက ပြလာသည်။ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကိုခံရခြင်းသည် လူတိုင်းအား ဖွင့်ချပြသည်။ လူအချို့က “အဘယ်ကြောင့် ကိုင်တွယ်ဖြေရှင်းခံရသည်မှာ ငါတစ်ယောက်တည်းဖြစ်သနည်း။ အဘယ်ကြောင့် ငါသည် အစဉ်အမြဲ အနိုင်ကျင့်ခံရသနည်း။ ငါ့အား လွယ်ကူသော ပစ်မှတ်အဖြစ် မြင်ကြသလော။ ငါသည် သင်တို့ ရန်စနိုင်သည့်သူမျိုးမဟုတ်။” ဟူ၍ စဉ်းစားကြသည်။ ဤသည်မှာ မည်သည့်စိတ်သဘောထားဖြစ်သနည်း။ ကိုင်တွယ်ဖြေရှင်းခံရသည်မှာ အဘယ်ကြောင့် ၎င်းတို့သာ ဖြစ်သနည်း။ အမှန်တကယ်တွင် ဤသို့မဟုတ်ပေ။ သင်တို့အထဲတွင် မည်သူက ကိုင်တွယ်ဖြေရှင်းခြင်း၊ ပြုပြင်ခြင်းကို မခံရဖူးသနည်း။ သင်တို့အားလုံး ခံရဖူးသည်။ တစ်ခါတစ်ရံတွင် ခေါင်းဆောင်များ၊ အမှုဆောင်များသည် ၎င်းတို့၏ အလုပ်တွင် ထိန်းကျောင်းရခက်ပြီး မဆင်မခြင်လုပ်ဆောင်သည်။ သို့မဟုတ် အလုပ်အစီအစဉ်များအတိုင်း မလုပ်ဆောင်ကြပေ။ ၎င်းတို့အများစုသည် ကိုင်တွယ်ဖြေရှင်းခြင်း၊ ပြုပြင်ခြင်းကို ခံရသည်။ ဤသည်မှာ အသင်းတော်အလုပ်ကို ကာကွယ်ရန်၊ လူများက ထင်ရာစိုင်း၍ လုပ်ဆောင်ခြင်းကို တားဆီးရန် ပြုလုပ်ခြင်းဖြစ်သည်။ သီးသန့် ပုဂ္ဂိုလ်တစ်ဦးဦးကို ပစ်မှတ်ထားဖို့ ပြုလုပ်ခြင်းမဟုတ်ပေ။ ၎င်းတို့ပြောသည့်အရာသည် သိသာစွာပင် လိုရာဆွဲ၍ မမှန်မကန်ပြောခြင်းဖြစ်သည်။ ဤသည်မှာလည်း ကြမ်းတမ်းသော စိတ်သဘောထားကို ပြသခြင်းဖြစ်သည်။

ကြမ်းတမ်းသော စိတ်သဘောထားသည် အခြားမည်သည့်ပုံစံဖြင့် ပြသသနည်း။ ယင်းသည် သမ္မာတရားအား စိတ်ကုန်ခြင်းနှင့် မည်သို့ ဆက်စပ်သနည်း။ အမှန်တကယ်တွင် သမ္မာတရားအား စိတ်ကုန်ခြင်းသည် လေးနက်သော ပုံစံတစ်ခုဖြင့် ပြသပြီး အာခံခြင်း၊ ဝေဖန်အပြစ်တင်ခြင်းသဘောထားများရှိသောအခါ ဤသည်မှာ ကြမ်းတမ်းသော စိတ်သဘောထားကို ဖွင့်ပြသည်။ သမ္မာတရားအား စိတ်ကုန်ခြင်းသည် အခြေအနေအတော်အတန်ပါဝင်သည်။ သမ္မာတရားအား စိတ်ဝင်စားမှုကင်းမဲ့ခြင်းမှစ၍ သမ္မာတရားအား မထီမဲ့မြင်ပြုခြင်းအထိ ပါဝင်သည်။ ဤအခြေအနေများမှတစ်ဆင့် ဘုရားသခင်အား ဝေဖန်အပြစ်တင်ခြင်း၊ ဘုရားသခင်အား ရှုတ်ချခြင်းအထိ မြင့်တက်သွားသည်။ သမ္မာတရားအား စိတ်ကုန်ခြင်းသည် အခြေအနေတစ်ခုသို့ ရောက်ရှိသောအခါ လူတို့သည် ဘုရားသခင်ကို ငြင်းဆန်တတ်သည်။ ဘုရားသခင်ကို မုန်းတတ်သည်။ ဘုရားသခင်ကို ဆန့်ကျင်တတ်သည်။ ဤအခြေအနေအချို့သည် ကြမ်းတမ်းသော စိတ်သဘောထားဖြစ်သည်မဟုတ်လော။ (ဟုတ်သည်။) ထို့ကြောင့် သမ္မာတရားအား စိတ်ကုန်သောသူတို့သည် ပို၍ပင် လေးနက်သော အခြေအနေတစ်ခုရှိသည်။ ဤအခြေအနေအတွင်းတွင် စိတ်သဘောထားတစ်မျိုးရှိသည်။ ကြမ်းတမ်းသော စိတ်သဘောထားဖြစ်သည်။ ဥပမာ အရာရာကို ဘုရားသခင်က အုပ်စိုးသည်ကို လူအချို့က အသိအမှတ်ပြုသည်။ သို့သော် ဘုရားသခင်က ၎င်းတို့ထံမှ ယူဆောင်သောအခါ၊ ၎င်းတို့၏ အကျိုးစီးပွားများ ဆုံးရှုံးခြင်းကို ခံရသောအခါ ၎င်းတို့သည် အပြင်ပန်းတွင် မကျေမနပ်ဖြစ်ခြင်း၊ သို့မဟုတ် ရန်မူလိုခြင်းမရှိသော်လည်း စိတ်အတွင်းတွင် လက်ခံခြင်း၊ သို့မဟုတ် နာခံခြင်းမရှိပေ။ ၎င်းတို့၏ သဘောထားသည် မလှုပ်မယှက်ဖြင့် ထိုင်နေပြီး ပျက်စီးခြင်းကို စောင့်မျှော်သည့် စိတ်သဘောထားဖြစ်သည်။ ဤသည်မှာ ရှင်းလင်းစွာပင် သမ္မာတရားအား စိတ်ကုန်သည့် အခြေအနေဖြစ်သည်။ အခြားတစ်ခုလည်းရှိသည်။ ပို၍ပင် လေးနက်သော အခြေအနေဖြစ်သည်။ ၎င်းတို့သည် မလှုပ်မယှက်ဖြင့် ထိုင်ပြီး ပျက်စီးခြင်းကို မစောင့်မျှော်ဘဲ ထိုအစား ဘုရားသခင်၏ အစီအစဉ်များနှင့် စီစဉ်ညွှန်ကြားမှုများကို အာခံသည်။ ဘုရားသခင်က ၎င်းတို့ထံမှ အရာဝတ္ထုများအား ယူဆောင်ခြင်းကို အာခံသည်။ ၎င်းတို့က မည်သို့ အာခံသနည်း။ (အသင်းတော်အလုပ်ကို နှောင့်ယှက်ခြင်း၊ ဝင်ရောက်စွက်ဖက်ခြင်း၊ သို့မဟုတ် အမှုကိစ္စများကို တမင်ဖျက်ဆီးခြင်း၊ ၎င်းတို့၏ ကိုယ်ပိုင်နယ်မြေတည်ထောင်ဖို့ ကြိုးစားခြင်းတို့အားဖြင့် ဖြစ်သည်။) ဤသည်မှာ ပုံစံတစ်ခုဖြစ်သည်။ အသင်းတော်ခေါင်းဆောင်အချို့ လူစားလဲခံရပြီးနောက်တွင် ၎င်းတို့သည် အသင်းတော်အသက်တာကို ဦးဆောင်သောအခါတွင် အစဉ်သဖြင့် အမှုကိစ္စများကို နှောင့်ယှက်ပြီး အသင်းတော်တွင် ဝင်ရောက်စွက်ဖက်သည်။ ၎င်းတို့သည် အသစ်ရွေးချယ်ထားခြင်းခံရသောခေါင်းဆောင်ပြောသမျှကို အာခံပြီး မလိုက်နာပေ။ ပြီးလျှင် သူ၏ နောက်ကွယ်တွင် သူ့အား သေးသိမ်စေရန် ကြိုးစားသည်။ ဤသည်မှာ မည်သည့်စိတ်သဘောထားဖြစ်သနည်း။ ကြမ်းတမ်းသော စိတ်သဘောထားဖြစ်သည်။ ၎င်းတို့အမှန်တကယ် စဉ်းစားသည်မှာ “ငါသည် ခေါင်းဆောင် မဖြစ်နိုင်လျှင် အခြားမည်သူမျှ ဤရာထူးကို မယူနိုင်။ ၎င်းတို့အားလုံးကို ငါ မောင်းထုတ်ပစ်မည်။ ငါသည် သင်တို့အား နှင်ထုတ်လျှင် ယခင်ကကဲ့သို့ ငါဦးဆောင်ရလိမ့်မည်။” ဟူ၍ ဖြစ်သည်။ ဤသည်မှာ သမ္မာတရားအား မုန်းတီးခြင်း သက်သက်မဟုတ်ပေ။ ယင်းသည် ကြမ်းတမ်းသည်။ မိမိ၏ ဂုဏ်သတင်း၊ မာနနှင့် အဆင့်အတန်းကို အဖတ်ဆယ်ရန်၊ သို့မဟုတ် လက်စားချေဖို့ဖြစ်သော မိမိဆန္ဒကို ဖြည့်ဆည်းရန်အတွက် အဆင့်အတန်းအတွက် ကြိုးစားရုန်းကန်ခြင်း၊ နယ်မြေအတွက် ကြိုးစားရုန်းကန်ခြင်း၊ တစ်ကိုယ်ရေ အကျိုးစီးပွားများနှင့် ဂုဏ်သတင်းအတွက် ကြိုးစားရုန်းကန်ခြင်း၊ လက်စားချေရန်အတွက် မည်သို့ဖြစ်စေ မရပ်တန့်ခြင်း၊ တတ်နိုင်သမျှ လုပ်ဆောင်ခြင်း၊ မိမိကျွမ်းကျင်မှုအားလုံးကို အသုံးချခြင်း၊ မိမိ၏ ရည်ရွယ်ချက်များကို ရရှိရန်အတွက် ဖြစ်နိုင်သမျှတိုင်းကို လုပ်ဆောင်ခြင်းတို့ဖြစ်သော ဤအရာအားလုံးသည် ကြမ်းတမ်းမှုကို ပြသခြင်းများဖြစ်သည်။ ကြမ်းတမ်းသော စိတ်သဘောထား၏ အပြုအမူအချို့တွင် ဝင်ရောက်စွက်ဖက်တတ်ပြီး နှောင့်ယှက်သောအရာများစွာကို ပြောဆိုခြင်းပါဝင်သည်။ အချို့မှာ မိမိ၏ ရည်ရွယ်ချက်များကို ရရှိရန်အတွက် မကောင်းသောအရာများစွာကို လုပ်ဆောင်ခြင်းပါဝင်သည်။ စကားများတွင်ဖြစ်စေ၊ လုပ်ရပ်များတွင်ဖြစ်စေ ဤသို့သောသူများလုပ်ဆောင်သမျှသည် သမ္မာတရားနှင့် ကွဲလွဲနေပြီး သမ္မာတရားကို ချိုးဖောက်သည်။ အားလုံးမှာ ကြမ်းတမ်းသော စိတ်သဘောထား၏ ဖွင့်ပြခြင်းဖြစ်သည်။ လူအချို့မှာ ဤအရာများကို ပိုင်းခြားသိမြင်နိုင်စွမ်းမရှိပေ။ မှားယွင်းနေသော စကား၊ သို့မဟုတ် အပြုအမူက ပေါ်ပေါ်ထင်ထင်မဖြစ်လျှင် ၎င်းတို့က အရှိအတိုင်း မမြင်နိုင်ပေ။ သို့သော် သမ္မာတရားအား နားလည်သူများအတွက် ဆိုးယုတ်သောသူများ ပြောသည်၊ လုပ်ဆောင်သည့်အရာတိုင်းသည် ဆိုးယုတ်သည်။ မှန်ကန်သောအရာ၊ သို့မဟုတ် သမ္မာတရားနှင့် ကိုက်ညီသောအရာတစ်ခုမျှ လုံးဝ မပါဝင်နိုင်ပေ။ ဤလူများ ပြောသည့်၊ လုပ်ဆောင်သည့်အရာများသည် ၁၀၀ ရာခိုင်နှုန်းဆိုးယုတ်သည်ဟု ဆိုနိုင်ပြီး အပြည့်အဝပင် ကြမ်းတမ်းသော စိတ်သဘောထား ဖွင့်ပြခြင်းဖြစ်သည်။ ဤကြမ်းတမ်းသော စိတ်သဘောထားကို ၎င်းတို့ ဖွင့်မပြခင်တွင် ဆိုးယုတ်သောလူများ၏ အရင်းခံတွန်းအားမှာ အဘယ်နည်း။ မည်သည့်ပန်းတိုင်မျိုးကို ၎င်းတို့ ရယူဖို့ ကြိုးစားနေသနည်း။ ဤသို့သောအရာများကို ၎င်းတို့ အဘယ်သို့ လုပ်နိုင်သနည်း။ ဤအရာကို သင်တို့ ပိုင်းခြားသိမြင်နိုင်သလော။ ငါ ဥပမာတစ်ခုပေးမည်။ တစ်စုံတစ်ယောက်၏ အိမ်တွင် တစ်စုံတစ်ခုဖြစ်ပျက်သည်။ သူသည် အဆင်းနီသော နဂါးကြီး၏ စောင့်ကြည့်ခြင်းကို ခံရပြီး မပြန်နိုင်ပေ။ ဤအတွက်ကြောင့် သူသည် အလွန်အမင်း နာကျင်ရသည်။ ညီအစ်ကိုမောင်နှမအချို့က သူ့ကို ခေါ်ထားကြသည်။ သူ၏ ဧည့်ခံအိမ်တွင် အရာရာတိုင်းက အလွန်ကောင်းမွန်သည်ကို မြင်ပြီး သူသည် “သင်၏ အိမ်တွင် မည်သည့်အရာမျှ မဖြစ်ပျက်သည်မှာ အဘယ်သို့ဖြစ်သနည်း။ ငါ၏အိမ်တွင် ဖြစ်ပျက်သည်မှာ အဘယ်သို့ဖြစ်ရသနည်း။ ဤသည်မှာ မမျှတပေ။ မဖြစ်ချေဘူး။ သင် အိမ်မပြန်နိုင်ရန်အတွက် သင်၏ အိမ်တွင် တစ်စုံတစ်ခုဖြစ်ပျက်ဖို့ နည်းလမ်းကို ငါ စဉ်းစားရမည်။ ငါ ခံရသည့် ဆင်းရဲဒုက္ခအချို့၏ အရသာကို သင့်အား မြည်းစမ်းခိုင်းမည်။” ဟူ၍ စဉ်းစားသည်။ သူသည် တစ်စုံတစ်ခုကို လုပ်ဆောင်သည်ဖြစ်စေ၊ မလုပ်ဆောင်သည်ဖြစ်စေ၊ ဤသည်မှာ လက်တွေ့ဖြစ်လာသည်ဖြစ်စေ၊ မဖြစ်လာသည်ဖြစ်စေ၊ သူ၏ ရည်ရွယ်ချက်က ဖြစ်မြောက်သည်ဖြစ်စေ၊ မဖြစ်မြောက်သည်ဖြစ်စေ သူ့တွင် ဤရည်ရွယ်ချက်မျိုး ရှိနေဆဲဖြစ်သည်။ ဤသည်မှာ စိတ်သဘောထားအမျိုးအစားတစ်ခုဖြစ်သည်မဟုတ်လော။ (ဟုတ်သည်။) သူသည် ကောင်းသောဘဝကို မရှင်သန်နိုင်လျှင် အခြားလူများကိုလည်း သူရှင်သန်ခွင့်ပေးမည်မဟုတ်ပေ။ ဤသည်မှာ မည်သည့်စိတ်သဘောထားဖြစ်သနည်း။ (မလိုမုန်းထားခြင်းဖြစ်သည်။) ကြမ်းတမ်းသော စိတ်သဘောထားဖြစ်သည်။ ဤလူသည် မနှစ်မြို့ဖွယ်ဖြစ်သည်။ ဆိုရိုးစကားတစ်ခုအရ ထိုသူသည် အတွင်းပုပ်ဖြစ်သည်။ ဤသည်မှာ သူ မည်မျှကြမ်းတမ်းသည်ကို ဖော်ပြသည်။ ဤသို့သော စိတ်သဘောထား၏ သဘောသဘာဝမှာ အဘယ်နည်း။ သူ့တွင် ဤစိတ်သဘောထားဖွင့်ပြသောအခါ သူ၏ အရင်းခံတွန်းအားများ၊ ရည်ရွယ်ချက်များ၊ ဦးတည်ချက်များက မည်သည့်အရာဖြစ်သည်ကို ပိုင်းခြားစိစစ်ကြည့်လော့။ သူသည် ဤစိတ်သဘောထားကို ဖွင့်ပြသောအခါ ယင်းသည် မည်သည့်နေရာမှ စတင်ဖြစ်ပေါ်သနည်း။ သူသည် မည်သည့်အရာကို ရလိုသနည်း။ သူကိုယ်တိုင်၏ အိမ်တွင် တစ်စုံတစ်ခုဖြစ်ပျက်ပြီး သူ၏ ဧည့်ခံအိမ်တွင် ကောင်းစွာထောက်ပံ့ပေးခြင်းခံရသည်။ ဤသို့ဆိုလျှင် သူသည် အဘယ်ကြောင့် ဤအရာကို ဖျက်လိုဖျက်ဆီးလုပ်ချင်သနည်း။ သူသည် သူ့အား ဧည့်ခံသူများကို ဖျက်လိုဖျက်ဆီးလုပ်ခြင်းကြောင့် ဧည့်ခံသူများ၏အိမ်တွင် တစ်စုံတစ်ခုဖြစ်ပျက်ပြီး ဧည့်ခံသူများကလည်း မပြန်နိုင်သောအခါမှ ပျော်မည်လော။ သူသည် သူကိုယ်တိုင်၏ အကျိုးအတွက် ဤနေရာကို ကာကွယ်သင့်သည်။ မည်သည့်အရာမဆို မဖြစ်ရန် တားဆီးသင့်သည်။ သူအား ဧည့်ခံသူများကို မထိခိုက်သင့်ပေ။ ၎င်းတို့အား ထိခိုက်ခြင်းသည် သူ့ကိုယ်သူ ထိခိုက်ခြင်းဖြစ်သောကြောင့်ဖြစ်သည်။ ဤသို့ဆိုလျှင် သူသည် ဤသို့လုပ်ဆောင်လိုခြင်းတွင် သူ၏ ရည်ရွယ်ချက်မှာ အတိအကျ မည်သို့ရှိသနည်း။ (အကြောင်းကိစ္စများက သူ့အတွက် အဆင်မပြေသောအခါ သူသည် အခြားမည်သူမဆိုအတွက်လည်း အဆင်မပြေစေလိုပေ။) ဤသည်မှာ ကြမ်းတမ်းခြင်းဟု ခေါ်သည်။ ထိုသူ စဉ်းစားသည်မှာ “ငါ၏ အိမ်သည် အဆင်းနီသောနဂါးကြီးကြောင့် ပျက်စီးသွားပြီး ယခုတွင် ငါ့၌ အိမ်မရှိပေ။ သို့သော် သင်သည် ပြန်နိုင်သည့် ကောင်းသော၊ နွေးထွေးသောအိမ်တစ်လုံးရှိသေးသည်။ ဤသည်မှာ မမျှတပေ။ သင်သည် အိမ်သို့ပြန်နိုင်သည်ကို ငါ မကြည့်နိုင်ပေ။ သင့်အား ငါ သင်ခန်းစာတစ်ခုပေးမည်။ သင်အိမ်ပြန်၍မရဘဲ ငါကဲ့သို့ပင်ဖြစ်ရန် လုပ်ဆောင်မည်။ ဤသို့ဆိုလျှင် မျှတသည်ဟု ခံစားရမည်။” ဟူ၍ ဖြစ်သည်။ ဤသို့ လုပ်ဆောင်ခြင်းသည် မလိုမုန်းထားခြင်း၊ မကောင်းသော ရည်ရွယ်ချက်ရှိခြင်းမဟုတ်လော။ ဤသည်မှာ မည်သည့်အရာ၏ သဘောသဘာဝဖြစ်သနည်း။ (ကြမ်းတမ်းခြင်းဖြစ်သည်။) ဆိုးယုတ်သောလူများက ပြောသမျှ၊ လုပ်ဆောင်သမျှတိုင်းသည် ရည်ရွယ်ချက်တစ်ခုကို ရရှိရန် ပြုလုပ်ခြင်းဖြစ်သည်။ ၎င်းတို့သည် မည်သည့်အရာမျိုးကို လုပ်ဆောင်လေ့ရှိသနည်း။ ကြမ်းတမ်းသော စိတ်သဘောထားများရှိသောသူများက အများဆုံးလုပ်ဆောင်သောအရာမှာ အဘယ်နည်း။ (အသင်းတော်အလုပ်ကို နှောင့်ယှက်သည်။ ဝင်ရောက်စွက်ဖက်သည်။ ဖျက်ဆီးသည်။) (၎င်းတို့သည် လူများနှင့် မျက်နှာချင်းဆိုင်ရှိသောအခါတွင် မျက်နှာလိုမျက်နှာရလုပ်ဖို့ ကြိုးစားသည်။ သို့သော် လူတို့နောက်ကွယ်တွင် ၎င်းတို့အား သေးသိမ်စေရန် ကြိုးစားကြသည်။) (၎င်းတို့သည် လူတို့ကို တိုက်ခိုက်သည်။ အငြိုးကြီးပြီး လူတို့အား မလိုမုန်းထားစွာဖြင့် ဒေါသတကြီးကြိမ်းမောင်းသည်။) (ကောလာဟလများ၊ အသရေဖျက်မှုများကို ဖြန့်သည်။) (အခြားလူများကို မကောင်းပြောသည်။ ဝေဖန်အပြစ်တင်သည်။ ရှုတ်ချသည်။) ဤလုပ်ရပ်များ၏ သဘာဝမှာ အသင်းတော်အလုပ်ကို နှောင့်ယှက်ပြီး ဖျက်ဆီးရန်ဖြစ်သည်။ ဤအရာအားလုံးသည် ဘုရားသခင်အား အာခံခြင်း၊ တိုက်ခိုက်ခြင်းကို ပြသခြင်းဖြစ်သည်။ အားလုံးက ကြမ်းတမ်းသော စိတ်သဘောထားကို ဖွင့်ပြခြင်းဖြစ်သည်။ ဤအရာများကို လုပ်ဆောင်နိုင်စွမ်းရှိသူတို့သည် ဆိုးယုတ်သောသူများဖြစ်သည်မှာ သံသယရှိစရာမလိုပေ။ ပြီးလျှင် ကြမ်းတမ်းသော စိတ်သဘောထားအား ပြသခြင်းတစ်ခုခုကို ပိုင်ဆိုင်သောသူတို့အားလုံးကို ဆိုးယုတ်သောသူများအဖြစ် သတ်မှတ်နိုင်သည်။ ဆိုးယုတ်သူတစ်ယောက်၏ အနှစ်သာရမှာ အဘယ်နည်း။ ယင်းသည် နတ်ဆိုး၏၊ စာတန်၏ အနှစ်သာရဖြစ်သည်။ ဤသည်မှာ ချဲ့ကားပြောခြင်းမဟုတ်ပေ။ ဤလုပ်ရပ်များကို သင်တို့ လုပ်ဆောင်နိုင်သလော။ ဤလုပ်ရပ်များ၏ မည်သည့်အရာကို သင်တို့ လုပ်ဆောင်နိုင်သနည်း။ (ဝေဖန်အပြစ်တင်ခြင်းဖြစ်သည်။) ဤသို့ဆိုလျှင် သင်တို့သည် လူတို့အား တိုက်ခိုက်ရဲသလော၊ သို့မဟုတ် လက်စားချေရဲသလော။ (တစ်ခါတစ်ရံတွင် ကျွန်ုပ်၌ ဤသို့သောအတွေးများ အမှန်ပင်ရှိသည်။ သို့သော်လည်း မလုပ်ဆောင်ရဲပါ။) သင်တို့သည် ဤအတွေးများသာရှိသော်လည်း မလုပ်ဆောင်ရဲပေ။ အဆင့်နိမ့်သောသူတစ်ယောက်က သင့်အား ထိခိုက်စေလျှင် သင်သည် ပြန်လည်ဒဏ်ခတ်မည်လော။ (တစ်ခါတစ်ရံတွင် ဒဏ်ခတ်မည်။ ဤသို့သောအရာများကို ကျွန်ုပ် လုပ်ဆောင်နိုင်စွမ်းရှိသည်။) ဤလူသည် အမှန်ပင် အထင်ကြီးစဖွယ်ဖြစ်လျှင်၊ သူသည် အလွန်ပင် ရှင်းလင်းစွာ ပြောဆိုတတ်ပြီး သင့်အား ထိခိုက်လျှင် သင်သည် ပြန်လည်ဒဏ်ခတ်ရဲမည်လော။ လူအနည်းငယ်သာ ဤသို့လုပ်ဆောင်ရန် မကြောက်ခြင်း ဖြစ်ကောင်းဖြစ်လိမ့်မည်။ ဤသို့သောသူများသည်၊ အားနည်းသူကို အနိုင်ကျင့်ပြီး သန်မာသူကို ကြောက်သောသူများသည် ကြမ်းတမ်းသော စိတ်သဘောထားရှိသလော။ (ရှိသည်။) ယင်းသည် မည်သည့်အပြုအမူမျိုးဖြစ်စေ၊ မည်သူ့ကို ရည်ရွယ်သည်ဖြစ်စေ၊ သင်သည် အခြားညီအစ်ကိုမောင်နှမများကို လက်တုံ့ပြန်ခြင်းဖြစ်သော မကောင်းမှုကို စွမ်းဆောင်နိုင်စွမ်းရှိလျှင် သင့်အတွင်း၌ ကြမ်းတမ်းသော စိတ်သဘောထားရှိသည်ကို သက်သေပြသည်။ ဤကြမ်းတမ်းသော စိတ်သဘောထားသည် အပြင်ပန်းတွင် အလွန်ကွာခြားသည့် ပုံစံမရှိပေ။ သို့သော် သင်သည် ယင်းကို ခွဲခြားသိမြင်နိုင်ရမည်။ သင်သည် မည်သူကို ပစ်မှတ်ထားနေသည်ကို ခွဲခြားသိမြင်နိုင်ရမည်။ သင်သည် စာတန်အပေါ် ကြမ်းကြုတ်ပြီး စာတန်အား နှိမ်နင်းပြီး အရှက်ရစေနိုင်လျှင် ကြမ်းတမ်းသော စိတ်သဘောထားအဖြစ် သတ်မှတ်သလော။ မသတ်မှတ်ပေ။ ဤသည်မှာ မှန်ကန်သည့်အရာအတွက် ရပ်တည်ခြင်းဖြစ်ပြီး မိမိ ရန်သူကို ရင်ဆိုင်ရာတွင် ကြောက်ရွံ့မှုမရှိခြင်းဖြစ်သည်။ ဤသည်မှာ ဖြောင့်မတ်ခြင်းအသိစိတ်ရှိခြင်းဖြစ်သည်။ မည်သို့သော အခြေအနေများတွင် ကြမ်းတမ်းသော စိတ်သဘောထားအဖြစ် သတ်မှတ်မည်နည်း။ သင်သည် လူကောင်းများ၊ သို့မဟုတ် ညီအစ်ကိုမောင်နှမများကို အနိုင်ကျင့်လျှင်၊ နင်းချေလျှင်၊ အရှက်ရစေလျှင် ယင်းသည် ကြမ်းတမ်းသော စိတ်သဘောထားဖြစ်လိမ့်မည်။ ထို့ကြောင့် သင်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ပိုင်ဆိုင်ရမည်။ လူများ၊ အမှုအရာများကို စည်းမျဉ်းဖြင့် ချဉ်းကပ်ရမည်။ ဆိုးယုတ်သောလူများနှင့် နတ်ဆိုးကို ပိုင်းခြားသိမြင်နိုင်ရမည်။ ဖြောင့်မတ်ခြင်း အသိစိတ်ရှိရမည်။ ဘုရားသခင်ရွေးချယ်ထားသောသူများနှင့် ညီအစ်ကိုမောင်နှမများအပေါ် သည်းခံပြီး စိတ်ရှည်ရမည်။ သမ္မာတရားနှင့် အညီ လက်တွေ့လုပ်ဆောင်ရမည်။ ဤသည်မှာ လုံးဝ မှန်ကန်ပြီး ဘုရားသခင်၏ အလိုတော်နှင့်ညီသည်။ ကြမ်းတမ်းသော စိတ်သဘောထားရှိသူများသည် ဤသို့သော စည်းမျဉ်းနှင့်အညီ လူတို့ကို မဆက်ဆံပေ။ လူတစ်ယောက်သည် မည်သူဖြစ်စေ ၎င်းတို့အား ထိခိုက်သည့်အရာတစ်ခုကို လုပ်ဆောင်လျှင် ၎င်းတို့သည် လက်စားချေဖို့ ကြိုးစားလိမ့်မည်။ ဤသည်မှာ ကြမ်းတမ်းခြင်းဖြစ်သည်။ ဆိုးယုတ်သောလူများ ပြုမူသည့်ပုံစံတွင် စည်းမျဉ်းမရှိပေ။ ၎င်းတို့သည် သမ္မာတရားကို မရှာဖွေပေ။ မိမိကိုယ်တိုင်၏ မလိုမုန်းထားစိတ်ကြောင့်လုပ်ဆောင်သည်ဖြစ်စေ၊ အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးသူကို ကြောက်ရွံ့ခြင်းဖြစ်စေ၊ မည်သူကိုမဆို လက်စားချေရဲခြင်းဖြစ်စေ ဤအရာအားလုံးသည် ကြမ်းတမ်းသောစိတ်သဘောထားနှင့် သက်ဆိုင်သည်။ ဤအရာအားလုံးသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ပါဝင်သည်။ ဤအရာကို သံသယရှိစရာမလိုပေ။

ကြမ်းတမ်းသော စိတ်သဘောထားရှိသူတစ်ယောက်၏ အသိသာဆုံး ပေါ်လွင်မှုမှာ အဘယ်နည်း။ အနိုင်ကျင့်ရန် လွယ်ကူသော ဟန်ဆောင်မှုကင်းသောသူတစ်ယောက်ကို ကြုံတွေ့ပြီး ထိုသူအား စတင် အနိုင်ကျင့်ပြီး ဆော့ကစားသောအချိန်တွင်ဖြစ်သည်။ ဤသည်မှာ အဖြစ်များသော ဖြစ်ရပ်ဖြစ်သည်။ အတော်အတန်ကြင်နာတတ်သောသူတစ်ယောက်သည် ဟန်ဆောင်မှုကင်းပြီး ကြောက်တတ်သောသူတစ်ယောက်ကို မြင်သောအခါ ထိုသူအပေါ် သနားကရုဏာစိတ်ကိုခံစားရမည်။ သူသည် မကူညီနိုင်လျှင်ပင် ထိုသူအား အနိုင်ကျင့်မည်မဟုတ်ပေ။ သင်၏ ညီအစ်ကိုမောင်နှမတစ်ယောက်က ဟန်ဆောင်မှုမရှိသည်ကို သင်မြင်သောအခါ မည်သို့ဆက်ဆံသနည်း။ သူ့အား အနိုင်ကျင့်သလော၊ သို့မဟုတ် စနောက်သလော။ (ကျွန်ုပ်သည် ထိုသူအား အထင်သေးဖို့များသည်။) လူတို့ကို အထင်သေးခြင်းသည် ၎င်းတို့အား မြင်သည့်၊ ရှုမြင်သည့် ပုံစံတစ်ခုဖြစ်ပြီး စိတ်ထားတစ်မျိုးဖြစ်သည်။ သို့သော် ၎င်းတို့အပေါ် သင်ပြုမူပြောဆိုသည့်ပုံစံသည် သင်၏ စိတ်သဘောထားပါဝင်သည်။ ငါ့အား ပြောလော့။ သင်တို့သည် တွန့်ဆုတ်ပြီး ကြောက်တတ်သောသူတို့အပေါ် မည်သို့ ပြုမူသနည်း။ (ကျွန်ုပ်သည် သူတို့အား အမိန့်ပေးပြီး အနိုင်ကျင့်သည်။) (သူတို့၏ တာဝန်ကို မှားယွင်းလုပ်ဆောင်နေသည်ကို ကျွန်ုပ်မြင်သောအခါ သူတို့ကို ခွဲခြားဆက်ဆံပြီး ဖယ်ကြဉ်သည်။) သင်တို့ပြောသည့် ဤအရာများသည် ကြမ်းတမ်းသော စိတ်သဘောထားကို ပြခြင်းဖြစ်ပြီး လူတို့၏ စိတ်သဘောထားများနှင့် ဆက်နွှယ်သည်။ ဤအရာများသည် များစွာထက်၍ ရှိသေးသည်။ ထို့ကြောင့် ဤအရာများနှင့်ပတ်သက်ပြီး အသေးစိတ်ပြောဖို့မလိုပေ။ သင်တို့သည် မိမိအား စိတ်မကျေမနပ်ဖြစ်စေသော မည်သူကိုမဆို သေစေဖို့ ဆန္ဒရှိသူ၊ ဘုရားသခင်ထံပင် ဆုတောင်းပြီး ၎င်းတို့အား စီရင်ရန်၊ ကမ္ဘာမြေ၏ မျက်နှာပြင်မှ အပြတ်ရှင်းပစ်ရန် တောင်းဆိုသောသူမျိုးကို သင်တို့ ကြုံဖူးသလော။ မည်သူကမျှ ဤသို့သော အစွမ်းမရှိသော်လည်း ဤသို့အစွမ်းရှိလျှင်၊ သို့မဟုတ် ဘုရားသခင်ထံ ဆုတောင်းပြီး ဤသို့လုပ်ဆောင်ရန် ဘုရားသခင်အား တောင်းဆိုနိုင်လျှင် မည်မျှကောင်းမည်နည်းဟု ၎င်းတို့၏ စိတ်နှလုံးတွင် တွေးကြသည်။ သင်တို့၏ စိတ်နှလုံးတွင် ဤသို့သော အတွေးမျိုးရှိသလော။ (ကျွန်ုပ်တို့သည် ဧဝံဂေလိဖြန့်ဝေပြီး ကျွန်ုပ်တို့ကို တိုက်ခိုက်သော၊ ရဲသို့တိုင်ကြားသော မကောင်းသောသူများကို ကြုံရသောအခါ ၎င်းတို့အပေါ် မုန်းတီးပြီး “သင်သည် ဘုရားသခင်က အပြစ်ဒဏ်ပေးခြင်းခံရမည့်အချိန်သို့ ရောက်လာမည်။” ဟူသော အတွေးမျိုးရှိသည်။) ဤသည်မှာ ဓမ္မဓိဋ္ဌာန်ကျသော ဖြစ်ရပ်ဖြစ်သည်။ သင်သည် တိုက်ခိုက်ခံရသည်။ ဒုက္ခခံရသည်။ နာကျင်ရသည်။ သင်၏ ကိုယ်ပိုင်တည်ကြည်မှုနှင့် မိမိကိုယ်ကိုလေးစားမှုတို့သည် လုံးလုံး နင်းချေခံရသည်။ ဤသို့သော အခြေအနေမျိုးတွင် လူအများစုသည် မည်သို့မျှမဖြစ်ဘဲ နေနိုင်ရန် ခက်ခဲလိမ့်မည်။ (လူအချို့သည် အွန်လိုင်းတွင် ကျွန်ုပ်တို့၏ အသင်းတော်အကြောင်း ကောလာဟလများကို ဖြန့်သည်။ စွပ်စွဲမှုများစွာ ပြုလုပ်သည်။ ထိုအရာများကို ကျွန်ုပ်ဖတ်သောအခါ အလွန်စိတ်ဆိုးသည်။ ကျွန်ုပ်၏ စိတ်နှလုံးတွင် မုန်းတီးခြင်းများစွာရှိသည်။) ဤသည်မှာ ကြမ်းတမ်းခြင်းဖြစ်သလော၊ သို့မဟုတ် စိတ်တိုလွယ်ခြင်းဖြစ်သလော၊ သို့မဟုတ် ဤသည်မှာ သာမန်လူ့သဘာဝဖြစ်သလော။ (သာမန်လူ့သဘာဝဖြစ်သည်။ မကောင်းဆိုးဝါးများနှင့် ဘုရားသခင်၏ ရန်သူတို့ကို မမုန်းတီးခြင်းသည် သာမန်လူ့သဘာဝဖြစ်သည်။) မှန်သည်။ ဤသည်မှာ သာမန်လူ့သဘာဝက ဖွင့်ပြခြင်း၊ ပေါ်လွင်ခြင်း၊ တုံ့ပြန်ခြင်းဖြစ်သည်။ လူတို့သည် အပျက်သဘောဆောင်သောအရာများကို မမုန်းတီးလျှင်၊ သို့မဟုတ် အပြုသဘောဆောင်သောအရာများကို မချစ်လျှင် ၎င်းတို့တွင် အသိတရား၏ စံနှုန်းများမရှိလျှင် ၎င်းတို့သည် လူမဟုတ်ပေ။ ဤအခြေအနေများအောက်တွင် လူတစ်ယောက်သည် ကြမ်းတမ်းသော စိတ်သဘောထားရှိလာရန်အတွက် မည်သည့်လုပ်ရပ်ကို လုပ်ဆောင်နိုင်သနည်း။ ဤမုန်းတီးခြင်း၊ စက်ဆုပ်ခြင်းသည် အပြုအမူတစ်မျိုးမျိုးသို့ တဖြည်းဖြည်းချင်း ပြောင်းလဲသွားလျှင်၊ သင်သည် အသိစိတ်အားလုံး ဆုံးရှုံးသွားပြီး သင်၏ လုပ်ရပ်များသည် လူ့သဘာဝအနေဖြင့် စည်းကျော်သွားလျှင်၊ သင်သည် ၎င်းတို့ကို သတ်ပြီး ဥပဒေကို ချိုးဖောက်ခြင်းပင် ဖြစ်ဖွယ်ရှိလျှင် ဤသည်မှာ ကြမ်းတမ်းခြင်းဖြစ်သည်။ တဇွတ်ထိုး လုပ်ဆောင်ခြင်းဖြစ်သည်။ လူတို့သည် သမ္မာတရားကို နားလည်သောအခါ၊ ဆိုးယုတ်သောလူများကို ပိုင်းခြားသိမြင်နိုင်သောအခါ၊ ကောက်ကျစ်ဆိုးယုတ်မှုကို စက်ဆုပ်ရွံရှာသောအခါ ဤသည်မှာ သာမန်လူ့သဘာဝဖြစ်သည်။ သို့သော် လူတို့သည် တစ်ဇွတ်ထိုးပုံစံဖြင့် အမှုအရာများကို ကိုင်တွယ်လျှင် ၎င်းတို့သည် စည်းမျဉ်းမရှိဘဲ လုပ်ဆောင်နေခြင်းဖြစ်သည်။ ဤသည်မှာ မကောင်းမှုကျူးလွန်ခြင်းနှင့် ကွာခြားမှုတစ်ခုခုရှိသလော။ (ရှိသည်။) ကွာခြားမှုတစ်ခုရှိသည်။ လူတစ်ယောက်သည် အလွန့်အလွန် ဆိုးဝါးလျှင်လည်းကောင်း၊ အလွန့်အလွန် ကြမ်းတမ်းလျှင်လည်းကောင်း၊ အလွန့်အလွန် ကောက်ကျစ်ဆိုးယုတ်လျှင်လည်းကောင်း၊ အလွန့်အလွန် အကျင့်ပျက်လျှင်လည်းကောင်း၊ သင်သည် ထိုသူ့အပေါ် အလွန်ပင် ရွံ့မုန်းမှုဖြစ်လျှင်လည်းကောင်း၊ ဤရွံ့မုန်းမှုကြောင့် သင်သည် ဘုရားသခင်အား ၎င်းတို့ကို ကျိန်ဆဲရန် တောင်းဆိုသည်အထိဖြစ်လျှင်လည်းကောင်း ဤသည်မှာ ပြဿနာမရှိပေ။ သို့သော် သင်သည် နှစ်ကြိမ်၊ သုံးကြိမ်ဆုတောင်းပြီး ဘုရားသခင်က မလုပ်ဆောင်ဘဲ သင့်ဘာသာလုပ်ဆောင်လျှင် ရသလော။ (မရပါ။) သင်သည် ဘုရားသခင်ကို ဆုတောင်းပြီး သင်၏ အမြင်များ၊ ထင်မြင်ချက်များကို ဖော်ပြနိုင်သည်။ ထို့နောက်တွင် သမ္မာတရားစည်းမျဉ်းများကို ရှာဖွေနိုင်သည်။ ဤသို့ဆိုလျှင် သင်သည် အမှုအရာများကို မှန်ကန်စွာ ကိုင်တွယ်နိုင်လိမ့်မည်။ သို့သော် သင်သည် သင်၏ တဇွတ်ထိုးလုပ်ဆောင်တတ်ခြင်းဖြင့် မိုက်မဲသောအရာများကို လုပ်ဆောင်စေဖို့ မဆိုထားနှင့်။ သင့်ကိုယ်စား လက်စားချေရန်အတွက် ဘုရားသခင်အား တောင်းဆိုခြင်း၊ သို့မဟုတ် အတင်းခိုင်းစေဖို့ ကြိုးစားခြင်းပင် မပြုသင့်ပေ။ သင်သည် ဆင်ခြင်တုံတရားရှိရှိဖြင့် ချဉ်းကပ်သင့်သည်။ စိတ်ရှည်သင့်သည်။ ဘုရားသခင်၏ အချိန်ကို စောင့်သင့်သည်။ ဘုရားသခင်ကို ဆုတောင်းလျက် အချိန်ပို၍ ကုန်ဆုံးသင့်သည်။ ဘုရားသခင်သည် စာတန်နတ်ဆိုးအပေါ်တွင် ဉာဏ်ပညာဖြင့် မည်သို့ပြုမူသည်ကို ကြည့်လော့။ ဤနည်းအားဖြင့် သင်သည် စိတ်ရှည်နိုင်သည်။ ဆင်ခြင်တုံတရားရှိခြင်းဆိုသည်မှာ ဤအရာအားလုံးကို ဘုရားသခင်ဆီသို့ အပ်နှံပြီး ဘုရားသခင်အား ဆောင်ရွက်ခွင့်ပေးခြင်းဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းခံတစ်ယောက်က လုပ်ဆောင်သင့်သည့်အရာဖြစ်သည်။ တဇွတ်ထိုးလုပ်ဆောင်ခြင်းမပြုနှင့်။ တဇွတ်ထိုးလုပ်ဆောင်ခြင်းသည် ဘုရားသခင်အတွက် လက်မခံနိုင်ဖွယ်ဖြစ်သည်။ ဘုရားသခင်က ရှုတ်ချသည်။ ဤသို့သော အချိန်များတွင် လူတို့၌ ဖွင့်ပြသော စိတ်သဘောထားမှာ လူသား၏ အားနည်းချက်၊ သို့မဟုတ် ခဏတာဖြစ်သော ဒေါသမဟုတ်ဘဲ ကြမ်းတမ်းသော စိတ်သဘောထားဖြစ်သည်။ ကြမ်းတမ်းသော စိတ်သဘောထားအဖြစ် သတ်မှတ်သည်နှင့် တစ်ပြိုင်နက် သင်သည် ဒုက္ခရောက်ပြီဖြစ်သည်။ ကယ်တင်ခြင်းခံရဖို့ ဖြစ်နိုင်ခြေမရှိပေ။ အဘယ်ကြောင့်ဆိုသော် လူတို့တွင် ကြမ်းတမ်းသော စိတ်သဘောထားများရှိသောအခါ ၎င်းတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ချိုးဖောက်ပြီး ပြုမူတတ်သည်။ ဥပဒေကို ချိုးဖောက်ရန်၊ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်ရန် အလွန်ပင် ဆန္ဒရှိလာသည်။ ဤသို့ဆိုလျှင် ဤအရာကို မည်သို့ ရှောင်ကြဉ်နိုင်မည်နည်း။ အနည်းဆုံးအနေဖြင့် မကျော်ရမည့် စည်းသုံးခုရှိသည်။ ပထမတစ်ခုမှာ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ချိုးဖောက်သည့်အရာများအား မလုပ်ဆောင်ခြင်းဖြစ်သည်။ ဒုတိယတစ်ခုမှာ ဥပဒေကို မချိုးဖောက်ခြင်းဖြစ်သည်။ တတိယတစ်ခုမှာ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို မချိုးဖောက်ခြင်းဖြစ်သည်။ ထပ်၍ဖြည့်စွက်ရလျှင် အလွန်အကျွံဖြစ်သည့် မည်သည့်အရာကိုမဆို၊ သို့မဟုတ် အသင်းတော်အလုပ်အား နှောင့်ယှက်သည့် မည်သည့်အရာကိုမဆို မပြုလုပ်နှင့်။ ဤစည်းမျဉ်းများကို သင်လိုက်နာလျှင် အနည်းဆုံးအနေဖြင့် သင်၏ လုံခြုံမှုသည် စိတ်ချရသည်။ သင်သည် ဖယ်ရှားခံရမည်မဟုတ်ပေ။ သင်သည် မကောင်းမှုမျိုးစုံကို ကျူးလွန်သောကြောင့် ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းကို ခံရသောအခါတွင် သင်သည် ကြမ်းတမ်းစွာ ခုခံလျှင် ဤသည်မှာ ပို၍ပင် အန္တရာယ်ရှိသည်။ သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို တိုက်ရိုက် ပုန်ကန်ပြစ်မှားပြီး အသင်းတော်မှ ရှင်းလင်းပစ်ခြင်း၊ သို့မဟုတ် နှင်ထုတ်ခြင်းခံရဖို့ များသည်။ ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခြင်းအတွက် အပြစ်ဒဏ်ပေးခြင်းသည် ဥပဒေကို ချိုးဖောက်ခြင်းထက် အလွန်ပင်ပို၍ ပြင်းထန်သည်။ ယင်းသည် သေခြင်းထက်ပို၍ ဆိုးသော ကံကြမ္မာဖြစ်သည်။ ဥပဒေကို ချိုးဖောက်ခြင်းသည် အများဆုံးအနေဖြင့် ထောင်ဒဏ်ကျခံရသည်။ ခက်ခဲသော နှစ်အနည်းငယ်ပြီးနောက်တွင် ပြန်ထွက်ရသည်။ ဤမျှသာဖြစ်သည်။ သို့သော် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားလျှင် သင်သည် ထာဝရပြစ်ဒဏ်ကို ခံရမည်။ ထို့ကြောင့် ကြမ်းတမ်းသောစိတ်သဘောထားရှိသူများသည် ဆင်ခြင်တုံတရားမရှိလျှင် အလွန့်အလွန်ပင် အန္တရာယ်ရှိသည်။ ၎င်းတို့သည် မကောင်းမှုကို ကျူးလွန်ဖွယ်ရှိသည်။ အပြစ်ဒဏ်ခံရပြီး ပြန်လည်ပေးဆပ်ခံရဖို့ သေချာသည်။ လူတို့သည် ဆင်ခြင်တုံတရားအနည်းငယ်ရှိလျှင်၊ သမ္မာတရားအား ရှာဖွေနိုင်ပြီး နာခံနိုင်လျှင်၊ မကောင်းမှုများစွာကို ကျူးလွန်ခြင်းအား ရှောင်ကြဉ်နိုင်လျှင် ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက်လုံးဝ ရှိသည်။ လူတစ်ယောက်အတွက် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိရန် အရေးပါသည်။ အသိစိတ်ရှိသောသူသည် သမ္မာတရားကို လက်ခံပြီး ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို မှန်ကန်သောနည်းဖြင့် ကိုင်တွယ်နိုင်ဖို့ အလားအလာများသည်။ အသိစိတ်မရှိသောသူသည် ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းကို ခံရသောအခါ အန္တရာယ်ရှိသည်။ ဥပမာ ဆိုကြပါစို့။ လူတစ်ယောက်သည် ခေါင်းဆောင်တစ်ယောက်က ကိုင်တွယ်ဖြေရှင်းခြင်း၊ ပြုပြင်ခြင်းကို ခံရပြီးနောက်တွင် အလွန်စိတ်ဆိုးသည်။ သူသည် ကောလာဟလများဖြန့်ပြီး ခေါင်းဆောင်ကို တိုက်ခိုက်ချင်သည်။ သို့သော် ပြဿနာများဖြစ်သည်စိုးသောကြောင့် မလုပ်ဆောင်ရဲပေ။ သို့ရာတွင် သူ၏ စိတ်နှလုံး၌ ဤသို့သော စိတ်သဘောထားရှိနေပြီဖြစ်သည်။ သူသည် ဤသို့ အမှန်တကယ်လုပ်ဆောင်မည်၊ မလုပ်ဆောင်မည်ဆိုသည်ကို ပြောဖို့ခက်သည်။ လူတစ်ယောက်၏ စိတ်နှလုံးတွင် ဤစိတ်သဘောထားမျိုးရှိသရွေ့၊ ဤအတွေးများ ရှိနေသရွေ့ သူသည် အမှန်တကယ် မလုပ်ဆောင်သော်လည်း အန္တရာယ်ရှိနေပြီဖြစ်သည်။ အခြေအနေများက ခွင့်ပြုသောအခါ၊ အခွင့်အရေးရသောအခါ အမှန်တကယ် လုပ်ဆောင်ကောင်းလုပ်ဆောင်နိုင်သည်။ သူ၏ ကြမ်းတမ်းသော စိတ်သဘောထားက တည်ရှိနေသရွေ့ ယင်းကို ဖြေရှင်းခြင်းမရှိလျှင် ဤလူသည် အနှေးနှင့်အမြန် မကောင်းမှုကျူးလွန်လိမ့်မည်။ ဤသို့ဆိုလျှင် လူတစ်ယောက်က ကြမ်းတမ်းသော စိတ်သဘောထားကို ဖွင့်ပြသည်မှာ အခြားမည်သည့်အခြေအနေများတွင် ဖြစ်သနည်း။ ငါ့အား ပြောလော့။ (ကျွန်ုပ်သည် ကျွန်ုပ်၏ တာဝန်တွင် ဝတ်ကျေတမ်းကျေပြုပြီး မည်သည့်ရလဒ်မျှမရပေ။ ထို့နောက်တွင် ကျွန်ုပ်သည် ခေါင်းဆောင်က စည်းမျဉ်းများနှင့်အညီ လူစားထိုးခြင်းကို ခံရပြီး အတော်အတန် အတိုက်အခံဖြစ်လာသည်။ ထို့နောက်တွင် ထိုခေါင်းဆောင်က ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုအား ဖွင့်ပြသည်ကို ကျွန်ုပ်မြင်သောအခါ သူ့အား တိုင်ကြားရန် စာတစ်စောင်ရေးဖို့ တွေးမိသည်။) ဤစိတ်ကူးသည် အလိုအလျောက် ဖြစ်ပေါ်လာသလော။ လုံးဝ မဟုတ်ပေ။ ဤသည်မှာ သင်၏ သဘာဝမှ ထွက်လာခြင်းဖြစ်သည်။ လူတို့၏ သဘာဝအတွင်းတွင်ရှိသောအရာများသည် အနှေးနှင့် အမြန် ပေါ်လွင်လာသည်။ ၎င်းတို့သည် မည်သည့်ဖြစ်ရပ်၊ သို့မဟုတ် အခြေအနေတွင် ပေါ်လွင်ပြီး ပြုမူသည်ဆိုသည်ကို မသိရပေ။ တစ်ခါတစ်ရံတွင် လူတို့သည် မည်သည့်အရာကိုမျှ မလုပ်ဆောင်ပေ။ သို့သော် ဤသည်မှာ အခြေအနေမပေးသောကြောင့်ဖြစ်သည်။ သို့ရာတွင် ၎င်းတို့သည် သမ္မာတရားအား လိုက်စားသူဖြစ်လျှင် ဤအရာကို ဖြေရှင်းရန်အတွက် သမ္မာတရားကို ရှာဖွေနိုင်လိမ့်မည်။ သမ္မာတရားကို မလိုက်စားသောသူဖြစ်လျှင် ၎င်းတို့သည် ၎င်းတို့ကျေနပ်သလို လုပ်ဆောင်ကြမည်။ အခြေအနေပေးသည်နှင့် တစ်ပြိုင်နက် မကောင်းမှုကျူးလွန်လိမ့်မည်။ ထို့ကြောင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မဖြေရှင်းလျှင် လူတို့သည် မိမိတို့ကိုယ်ကို ဒုက္ခရောက်စေမည်မှာ အလွန့်အလွန်ပင် ဖြစ်နိုင်ခြေများသည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် မိမိတို့ စိုက်ပျိုးသည့်အတိုင်း ရိတ်သိမ်းရမည်။ လူအချို့သည် သမ္မာတရားကို မလိုက်စားဘဲ ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုတွင် စဉ်ဆက်မပြတ် ဝတ်ကျေတမ်းကျေပြုလုပ်ကြသည်။ ၎င်းတို့သည် ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို ခံရသောအခါ လက်မခံပေ။ မည်သည့်အခါမျှ နောင်တမရပေ။ နောက်ဆုံးတွင် ၎င်းတို့သည် ဆင်ခြင်သုံးသပ်စေရန် ရည်ရွယ်ချက်ဖြင့် ဖယ်ကြဉ်ထားခြင်းခံရသည်။ လူအချို့သည် အသင်းတော်အသက်တာကို စဉ်ဆက်မပြတ် ဝင်ရောက်စွက်ဖက်ပြီး ငါးခုံးမများဖြစ်လာသောကြောင့် အသင်းတော်မှ ရှင်းလင်းပစ်ခြင်းခံရသည်။ လူအချို့သည် မကောင်းမှုမျိုးစုံကို လုပ်ဆောင်သောကြောင့် နှင်ထုတ်ခြင်းခံရသည်။ ထို့ကြောင့် လူတစ်ယောက်သည် မည်သို့သောသူမျိုးဖြစ်စေ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ကြိမ်ဖန်များစွာ ဖွင့်ပြပြီး ဤအရာကို ဖြေရှင်းရန် သမ္မာတရားကို မရှာဖွေလျှင် ထိုသူသည် မကောင်းမှုကို ကျူးလွန်ဖွယ်ရှိသည်။ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် မာနထောင်လွှားခြင်းတစ်ခုသာ ပါဝင်ခြင်းမဟုတ်ဘဲ ကောက်ကျစ်ဆိုးယုတ်မှုနှင့် ကြမ်းတမ်းမှုလည်း ပါဝင်သည်။ မာနထောင်လွှားခြင်းနှင့် ကြမ်းတမ်းခြင်းသည် အတွေ့ရများသော အချက်များသာဖြစ်သည်။

ဤသို့ဆိုလျှင် ကြမ်းတမ်းသော စိတ်သဘောထားကို ဖွင့်ပြသည့် ဤပြဿနာကို မည်သို့ ဖြေရှင်းသင့်သနည်း။ လူတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက မည်သည့်အရာဖြစ်သည်ကို သိမြင်ရမည်။ လူအချို့၏ စိတ်သဘောထားသည် အထူးပင် ကြမ်းတမ်းသည်။ မလိုမုန်းထားသည်။ မာနထောင်လွှားသည်။ ပြီးလျှင် ၎င်းတို့သည် လုံးဝပင် မရိုးမဖြောင့်ပေ။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သူ၏ သဘာဝဖြစ်သည်။ ဤလူတို့သည် အားလုံးထဲတွင် အန္တရာယ်အရှိဆုံးဖြစ်သည်။ ဤသို့သောသူများက အာဏာကိုင်စွဲသောအခါတွင် နတ်ဆိုးက အာဏာကိုင်စွဲသည်။ စာတန်က အာဏာကိုင်စွဲသည်။ ဘုရားသခင်၏ အိမ်တွင် ကောက်ကျစ်ဆိုးယုတ်သူအားလုံးသည် မကောင်းမှုမျိုးစုံကို လုပ်ဆောင်သောကြောင့် ဖော်ထုတ်ခံရပြီး ဖယ်ရှားခံရသည်။ ကောက်ကျစ်ဆိုးယုတ်သူအား သမ္မာတရားကို မိတ်သဟာယဖွဲ့ဖို့၊ သို့မဟုတ် ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းဖို့ သင် ကြိုးစားသောအခါ သူသည် သင့်အား တိုက်ခိုက်ဖို့၊ ဝေဖန်အပြစ်တင်ဖို့၊ သို့မဟုတ် လက်စားချေခြင်းပင် ပြုဖို့ အလားအလာများသည်။ ဤအရာအားလုံးသည် သူ၏ စိတ်သဘောထားများက အလွန် မလိုမုန်းထားခြင်းကြောင့်ဖြစ်သော အကျိုးဆက်များဖြစ်သည်။ ဤသည်မှာ အမှန်တကယ်တွင် အလွန်ပင် အဖြစ်များသည်။ ဥပမာ အလွန်ပင် ဆက်ဆံရေး အဆင်ပြေသော၊ တစ်ယောက်နှင့်တစ်ယောက် အလွန်ပင် ထောက်ထားပြီး နားလည်သောသူနှစ်ယောက်ရှိသော်လည်း ၎င်းတို့၏ အကျိုးစီးပွားနှင့်ပတ်သက်သည့် တစ်ခုတည်းသော ကိစ္စကြောင့် အဆုံးတွင် ကွဲကွာသွားပြီး တစ်ယောက်နှင့်တစ်ယောက် အဆက်အသွယ်ဖြတ်ခြင်း ရှိနိုင်သည်။ လူအချို့သည် ရန်သူများပင် ဖြစ်လာပြီး တစ်ယောက်နှင့်တစ်ယောက် လက်စားချေဖို့ ကြိုးစားသည်။ ၎င်းတို့အားလုံးသည် အလွန်ကြမ်းတမ်းသည်။ လူတို့သည် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သောအခါတွင် ၎င်းတို့တွင် ပေါ်လွင်ပြီး ဖွင့်ပြသော မည်သည့်အရာများက ကြမ်းတမ်းသော စိတ်သဘောထားဖြစ်သနည်း။ ဤအရာများသည် အသေအချာပင် တည်ရှိသည်။ ထိုအရာများကို သင် ရှာဖွေရှင်းလင်းပစ်ရမည်။ ဤသို့ဆိုလျှင် ဤအရာများကို သင်တို့ ပိုင်းခြားသိမြင်ပြီး သတိပြုမိဖို့ အထောက်အကူဖြစ်လိမ့်မည်။ သင်တို့သည် ထိုအရာများကို မည်သို့ရှာဖွေရှင်းလင်းပြီး ပိုင်းခြားသိမြင်ရမည်ကို မသိလျှင် သင်တို့သည် မကောင်းသောသူတို့ကို မည်သည့်အခါမျှ ပိုင်းခြားသိမြင်နိုင်မည်မဟုတ်ပေ။ အန္တိခရစ်များ၏ လှည့်စားခြင်းကို ခံရပြီး ၎င်းတို့၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်ပြီးနောက်တွင် လူအချို့၏ ဘဝများသည် ထိခိုက်နစ်နာကြသည်။ ၎င်းတို့သည် ထိုအခါမှသာ အန္တိခရစ်ဆိုသည်မှာ အဘယ်သို့ဖြစ်သည်၊ ကြမ်းတမ်းသော စိတ်သဘောထားဆိုသည်မှာ အဘယ်သို့ဖြစ်သည်ဆိုသည်ကို သိကြသည်။ သမ္မာတရားအပေါ် သင်တို့၏ နားလည်မှုသည် အလွန်အပေါ်ယံဆန်လွန်းသည်။ သမ္မာတရားအများစုအပေါ် သင်တို့၏ နားလည်မှုသည် စကားပြောသည့်အဆင့်၊ သို့မဟုတ် စာရေးသည့်အဆင့်တွင် ရပ်တန့်သွားသည်။ သို့မဟုတ် အယူဝါဒစကားများကိုသာ နားလည်သည်။ ဤအရာများသည် လက်တွေ့အရှိတရားဖြင့် လုံးဝ ထပ်တူမကျပေ။ တရားဒေသနာများစွာကို ကြားနာပြီးနောက်တွင် သင်တို့၏ စိတ်နှလုံး၌ နားလည်ခြင်း၊ ဉာဏ်အလင်းပွင့်ခြင်းရှိသည့်ပုံစံရှိသည်။ သို့သော် လက်တွေ့အရှိတရားနှင့် ရင်ဆိုင်ရသောအခါ သင်တို့သည် အမှုအရာများကို အရှိအတိုင်း အမှန်တကယ် ပိုင်းခြားသိမြင်ခြင်း မရှိနိုင်သေးပေ။ သဘောတရားအရ ပြောလျှင် အန္တိခရစ်ဖြစ်ကြောင်း ပြသမှုများသည် အဘယ်သို့ရှိသည်ကို သင်တို့အားလုံး သိကြသည်။ သို့သော် အန္တိခရစ်စစ်စစ်တစ်ယောက်ကို သင်တို့ တွေ့မြင်သောအခါ ထိုသူအား အန္တိခရစ်အဖြစ် ပိုင်းခြားသိမြင်ခြင်းမရှိနိုင်ပေ။ ဤသည်မှာ သင့်တွင် အတွေ့အကြုံအလွန်နည်းပါးသောကြောင့်ဖြစ်သည်။ သင်တို့သည် ပို၍ တွေ့ကြုံရသောအခါတွင်၊ အန္တိခရစ်များ၏ ထိခိုက်မှုကို လုံလောက်စွာ ခံရပြီးနောက်တွင် သင်သည် ၎င်းတို့ကို အရှိအတိုင်း အပြည့်အဝ ပိုင်းခြားသိမြင်နိုင်မည်ဖြစ်သည်။ ယခုအခါတွင် လူအများစုသည် စုဝေးပွဲများတွင် တရားဒေသနာများကို တာဝန်ကျေပွန်စွာဖြင့် နားထောင်ကြပြီး သမ္မာတရားအတွက် ကြိုးပမ်းလိုသော်လည်း ၎င်းတို့သည် တရားဒေသနာကို ကြားနာပြီးသည်နှင့် တိုက်ရိုက်အဓိပ္ပာယ်ကိုသာ နားလည်ကြသည်။ သဘောတရားအဆင့်ထက် လုံးဝ ပို၍ နားမလည်ပေ။ ပြီးလျှင် ၎င်းတို့သည် သမ္မာတရား၏ စစ်မှန်မှုကို တွေ့ကြုံခံစားနိုင်စွမ်းမရှိကြပေ။ ထို့ကြောင့် သမ္မာတရား၏ စစ်မှန်မှုအတွင်းသို့ ၎င်းတို့၏ ဝင်ရောက်မှုသည် အလွန်အပေါ်ယံဆန်သည်။ ဤသည်မှာ ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်သောသူများနှင့် အန္တိခရစ်များကို ပိုင်းခြားသိမြင်မှု ကင်းမဲ့သည်ဟု ဆိုလိုသည်။ အန္တိခရစ်များတွင် မကောင်းမှုပြုသူများ၏ အနှစ်သာရရှိသည်။ သို့သော် အန္တိခရစ်များနှင့် မကောင်းမှုပြုသူများအပြင် အခြားလူများက ကြမ်းတမ်းသော စိတ်သဘောထားမရှိသလော။ လက်တွေ့တွင် ကောင်းသောသူမရှိပေ။ မည်သည့်အရာမျှ မဖြစ်ပျက်လျှင် ၎င်းတို့သည် ပြုံးပျော်လျက်ရှိကြသည်။ သို့သော် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ထိခိုက်သည့် တစ်စုံတစ်ခုကို ရင်ဆိုင်ရသောအခါ ၎င်းတို့က အရုပ်ဆိုးလာကြသည်။ ဤသည်မှာ ကြမ်းတမ်းသော စိတ်သဘောထားဖြစ်သည်။ ဤကြမ်းတမ်းသော စိတ်သဘောထားသည် အချိန်မရွေး ပေါ်လာနိုင်သည်။ ယင်းသည် တမင်ရည်ရွယ်ပြီး ဖြစ်ပေါ်ခြင်းမဟုတ်ပေ။ ဤသို့ဆိုလျှင် အတိအကျဆိုရလျှင် ဤတွင် မည်သို့ဖြစ်ပျက်နေသနည်း။ ဝိညာဉ်ဆိုးများက ဝင်ပူးခြင်းဖြင့် သက်ဆိုင်သလော။ မကောင်းဆိုးဝါးဝင်စားခြင်းနှင့် သက်ဆိုင်သလော။ ဤနှစ်ခုထဲမှ တစ်ခုဖြစ်လျှင် ထိုသူသည် မကောင်းမှုပြုသူတစ်ယောက်၏ အနှစ်သာရရှိပြီး ကူညီ၍ မရတော့ပေ။ သူ၏ အနှစ်သာရသည် မကောင်းမှုပြုသူ၏ အနှစ်သာရမဟုတ်လျှင်၊ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိခြင်းသာဖြစ်လျှင် သူ၏ အခြေအနေသည် ပြုပြင်၍မရနိုင်သော အခြေအနေမဟုတ်ပေ။ သူသည် သမ္မာတရားအား လက်ခံနိုင်လျှင် ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက်ရှိသေးသည်။ ဤသို့ဆိုလျှင် ကြမ်းတမ်းသော၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မည်သို့ဖြေရှင်းသနည်း။ ရှေးဦးစွာ သင်သည် အမှုအရာများကို ကြုံတွေ့သောအခါ မကြာခဏဆုတောင်းပြီး သင့်တွင် မည်သည့်အရင်းခံတွန်းအားများနှင့် ဆန္ဒများရှိသည်ကို ဆင်ခြင်သုံးသပ်ရမည်။ ဘုရားသခင်၏ စိစစ်မှုကို လက်ခံပြီး သင်၏ အပြုအမူကို ထိန်းချုပ်ရမည်။ ထို့အပြင် မည်သည့် မကောင်းသောစကား၊ သို့မဟုတ် အပြုအမူကိုမဆို ဖွင့်မပြရပေ။ လူတစ်ယောက်သည် သူ၏ စိတ်နှလုံးတွင် မမှန်ကန်သော ရည်ရွယ်ချက်များနှင့် မလိုမုန်းထားမှုများရှိကာ မကောင်းသောအရာများအား လုပ်ဆောင်လိုသည်ကို မိမိဘာသာ တွေ့ရှိလျှင် ဤအရာကို ဖြေရှင်းရန်အတွက် သမ္မာတရားကို ရှာဖွေရမည်။ ဤအရာကို နားလည်ပြီး ဖြေရှင်းရန်အတွက် ဆက်စပ်မှုရှိသော ဘုရားနှုတ်ကပတ်တော်များကို ရှာဖွေရမည်။ ဘုရားသခင်ထံ ဆုတောင်းရမည်။ ဘုရားသခင်၏ ကွယ်ကာမှုကို တောင်းခံရမည်။ ဘုရားသခင်ထံ ကျိန်ဆိုရမည်။ ပြီးလျှင် သူသည် သမ္မာတရားကို လက်မခံဘဲ မကောင်းမှုကျူးလွန်သောအခါတွင် မိမိကိုယ်ကို ကျိန်ဆဲရမည်။ ဤနည်းဖြင့် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်းသည် ကွယ်ကာမှုကို ရရှိပြီး လူတစ်ယောက်အား မကောင်းမှုပြုလုပ်ခြင်းကို တားဆီးပေးသည်။ လူတစ်ယောက်အပေါ်တွင် တစ်စုံတစ်ခုဖြစ်ပျက်ပြီး မကောင်းသော ရည်ရွယ်ချက်များ ထွက်ပေါ်လာသော်လည်း ထိုသူသည် အရေးမစိုက်ဘဲ အမှုအရာများကို သူ့ဘာသာ ဖြစ်ပျက်စေလျှင်၊ သို့မဟုတ် ဤသည်မှာ သူလုပ်ဆောင်သင့်သည့် ပုံစံဖြစ်သည်ဟု သတ်မှတ်လျှင် ထိုသူသည် မကောင်းသောသူဖြစ်သည်။ သူသည် ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ပြီး သမ္မာတရားကို ချစ်သောသူမဟုတ်ပေ။ ဤသို့သောသူသည် ဘုရားသခင်အား ယုံကြည်ပြီး ဘုရားသခင်နောက်သို့ လိုက်လိုဆဲဖြစ်သည်။ ကောင်းချီးခံစားပြီး ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်လိုဆဲဖြစ်သည်။ ဤသည်မှာ ဖြစ်နိုင်သလော။ သူသည် အိပ်မက်မက်နေခြင်းဖြစ်သည်။ ငါးခုမြောက် စိတ်သဘောထားမှာ ကြမ်းတမ်းခြင်းဖြစ်သည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ဆက်နွှယ်သော အရေးကိစ္စတစ်ခုလည်းဖြစ်သည်။ ဤအကြောင်းအရာအတွက် ဤမျှခန့်သာ ဖြစ်သည်။

ခြောက်ခုမြောက် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြစ်သည့် ဆိုးယုတ်ခြင်းဖြင့်လည်း သင်တို့ ရင်းနှီးသင့်သည်။ ဧဝံဂေလိကို လူတို့ ဟောကြားသောအချိန်ဖြင့် အစပြုကြစို့။ လူအချို့သည် ဧဝံဂေလိဟောသောအခါတွင် ဆိုးယုတ်သော စိတ်သဘောထားကို ဖွင့်ပြကြသည်။ ၎င်းတို့သည် စည်းမျဉ်းနှင့်အညီ တရားမဟောသကဲ့သို့ မည်သို့သောသူမျိုးက သမ္မာတရားကိုချစ်ပြီး လူ့သဘာဝကို ပိုင်ဆိုင်သည်ကိုလည်း ၎င်းတို့ မသိပေ။ ၎င်းတို့နှင့် ချက်ချင်းခင်မင်သွားသော၊ ၎င်းတို့နှစ်သက်ပြီး ခင်မင်ရင်းနှီးသည့် ဆက်ဆံရေးရှိသော ဆန့်ကျင်ဘက်လိင်အမျိုးအစားကိုသာ ရှာကြသည်။ ၎င်းတို့မနှစ်သက်သည့်၊ သို့မဟုတ် ၎င်းတို့နှင့် ခင်မင်ရင်းနှီးခြင်းမရှိသည့် သူများကို တရားမဟောပေ။ လူတစ်ယောက်က ဧဝံဂေလိ ဖြန့်ဝေခြင်းစည်းမျဉ်းများနှင့် ညီမညီက အရေးမပါပေ။ ၎င်းတို့ စိတ်ဝင်စားသောသူဖြစ်လျှင် ထိုသူကို ၎င်းတို့က လက်လျှော့မည်မဟုတ်ပေ။ ထိုသူသည် ဧဝံဂေလိ ဖြန့်ဝေခြင်းစည်းမျဉ်းများနှင့်မညီဟု အခြားလူများက ၎င်းတို့ကို ပြောကောင်းပြောနိုင်သည်။ သို့သော်လည်း ၎င်းတို့က ထိုသူကို မလျှော့တမ်း တရားဟောဆဲဖြစ်သည်။ ၎င်းတို့၏ အတွင်းတွင် ၎င်းတို့၏ လုပ်ရပ်များကို ထိန်းချုပ်နေသော စိတ်သဘောထားတစ်ခုရှိသည်။ ထိုစိတ်သဘောထားသည် ၎င်းတို့အား ဧဝံဂေလိဖြန့်ဝေခြင်းခေါင်းစဉ်အောက်တွင် ၎င်းတို့၏ ကာမရာဂစိတ်ပြင်းပျသော ဆန္ဒများကို ဖြည့်ဆည်းပြီး ၎င်းတို့၏ ကိုယ်ပိုင်ရည်ရွယ်ချက်များကို ရရှိစေရန် လုပ်ဆောင်သည်။ ဤသည်မှာ လုံးလုံးပင် ဆိုးယုတ်သော စိတ်သဘောထားဖြစ်သည်။ ဤသို့လုပ်ဆောင်ရာတွင် ၎င်းတို့သည် မှားယွင်းသည်ကိုလည်းကောင်း၊ ဤသို့လုပ်ဆောင်ခြင်းသည် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားပြီး သူ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်သည်ကိုလည်းကောင်း ကောင်းစွာသိသောသူများပင်ရှိသည်။ သို့တိုင်အောင် ၎င်းတို့သည် မရပ်တန့်ပေ။ ဤသည်မှာ စိတ်သဘောထားအမျိုးအစားတစ်ခုဖြစ်သည်မဟုတ်လော။ (ဟုတ်သည်။) ဤသည်မှာ ဆိုးယုတ်သော စိတ်သဘောထားဖြစ်ကြောင်း ဖော်ပြမှုတစ်ခုဖြစ်သည်။ သို့သော် ကာမရာဂစိတ်ပြင်းသော ဆန္ဒများအား ဖွင့်ပြခြင်းကိုသာ ဆိုးယုတ်မှုဟု မဖော်ပြသင့်ပေ။ ဆိုးယုတ်မှု၏ နယ်ပယ်သည် အသွေးအသားကို တပ်မက်ခြင်းသက်သက်ထက်ပို၍ ကျယ်ပြန့်သည်။ စဉ်းစားကြည့်လော့။ ဆိုးယုတ်သော စိတ်သဘောထားဖြစ်ကြောင်းကို အခြားမည်သို့ ဖော်ပြမှုများရှိသနည်း။ ယင်းသည် စိတ်သဘောထားတစ်ခုဖြစ်သောကြောင့် ပြုမူဆောင်ရွက်သည့်ပုံစံတစ်ခုထက်ပိုသည်။ မတူညီသော အခြေအနေများစွာပါဝင်သည်။ ပေါ်လွင်မှု၊ ဖွင့်ပြမှုများပါဝင်သည်။ ဤသည်မှာ စိတ်သဘောထားအဖြစ် သတ်မှတ်သောအရာဖြစ်သည်။ (လောကီရေပန်းစားသောအရာများနောက်သို့လိုက်ခြင်း၊ လောကီရေပန်းစားမှုများနှင့်သက်ဆိုင်သောအရာများကို လက်မလွတ်ခြင်း။) ဆိုးယုတ်သော ရေပန်းစားမှုများကို လက်မလွတ်ခြင်းသည် အမျိုးအစားတစ်ခုဖြစ်သည်။ လောကီ၏ ဆိုးယုတ်သော ရေပန်းစားသည့်အရာများကို ဖက်တွယ်ထားခြင်း၊ ၎င်းတို့နောက်သို့ လိုက်ခြင်း၊ ၎င်းတို့အား စိတ်စွဲနေခြင်း၊ ၎င်းတို့အား အလွန်စိတ်ထက်သန်စွာဖြင့် လိုက်စားခြင်းတို့ဖြစ်သော ဤအရာများကို သမ္မာတရားအား မည်သို့ မိတ်သဟာယပြုပါစေ၊ မည်သို့ ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းခြင်းခံရပါစေ လုံးဝ လက်မလွတ်သောသူအချို့ရှိသည်။ အရူးအမူးစွဲလန်းသည်အထိပင် ဖြစ်သည်။ ဤသည်မှာ ဆိုးယုတ်ခြင်းဖြစ်သည်။ ဤသို့ဆိုလျှင် လူတို့သည် မကောင်းသော ရေပန်းစားသည့်အရာများနောက်သို့ လိုက်သောအခါတွင် ၎င်းတို့တွင် ဆိုးယုတ်သော စိတ်သဘောထားရှိကြောင်းကို မည်သို့ဖော်ပြခြင်းများက ညွှန်ပြနေသနည်း။ ဤအရာများကို ၎င်းတို့ အဘယ်ကြောင့် ချစ်သနည်း။ ၎င်းတို့ကို စိတ်ပိုင်းဆိုင်ရာ ကျေနပ်မှုရှိစေသည့်၊ ၎င်းတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းသည့်၊ ၎င်းတို့၏ မက်မောမှုနှင့် ဆန္ဒများကို ဖြည့်ဆည်းသည့် ဤဆိုးယုတ်သော လောကီ ရေပန်းစားသောအရာများတွင် မည်သည့်အရာပါဝင်သနည်း။ ဥပမာ ဆိုကြပါစို့။ ၎င်းတို့သည် နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင်များကို နှစ်သက်သည်။ ဤနာမည်ကြီး ရုပ်ရှင်သရုပ်ဆောင်များက ဤစွဲလန်းမှုကို ဖြစ်စေပြီး ၎င်းတို့အား သူတို့နောက်လိုက်စေသည်မှာ အဘယ်သို့ဖြစ်သနည်း။ ယင်းသည် ဤလူတို့၏ ခံ့ညားဝင့်ထည်သောဟန်၊ ပင်ကိုအစွမ်းအစ၊ ရုပ်သွင်နှင့် ထင်ရှားကျော်ကြားမှုဖြစ်ပြီး ၎င်းတို့ တောင့်တသည့် ခမ်းနားကြီးကျယ်သော ဘဝမျိုးလည်းဖြစ်သည်။ ၎င်းတို့ လိုက်စားသည့် ဤအရာများအားလုံးသည် ဆိုးယုတ်သလော။ (ဟုတ်သည်။) ဆိုးယုတ်သည်ဟု အဘယ်ကြောင့်ဆိုသနည်း။ (ထိုအရာများသည် သမ္မာတရားနှင့် အပြုသဘောဆောင်သောအရာများကို ဆန့်ကျင်ပြီး ဘုရားသခင် တောင်းဆိုသည့်အရာနှင့် မကိုက်ညီပေ။) ဤသည်မှာ အယူဝါဒဖြစ်သည်။ ဤနာမည်ကျော်ကြားသူများနှင့် နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင်များကို စိစစ်ကြည့်လော့။ ၎င်းတို့၏ ဘဝနေမှုပုံစံ၊ ၎င်းတို့၏ ကိုယ်နှုတ်အမူအရာ၊ လူတိုင်းက အလွန်ကိုးကွယ်ကြသော လူအများရှေ့တွင် ဖော်ပြသော အကျင့်စရိုက်နှင့် ဝတ်စားဆင်ယင်မှုကိုပင် စိစစ်ကြည့်လော့။ ၎င်းတို့သည် အဘယ်ကြောင့် ဤသို့သောဘဝကို နေထိုင်ကြသနည်း။ ၎င်းတို့နောက်သို့လိုက်ရန် အခြားလူများအား ဘယ်ကြောင့် လှုံ့ဆော်သနည်း။ ၎င်းတို့သည် ဤအရာအားလုံးအပေါ်တွင် များစွာ အားစိုက်ထုတ်ကြသည်။ ၎င်းတို့၏ ဤပုံရိပ်ကို ဖန်တီးရန်အတွက် မိတ်ကပ်ပညာရှင်များ၊ မိမိတစ်ဦးတည်းအတွက် သီးသန့်အလှဖန်တီးရှင်များရှိကြသည်။ ဤသို့ဆိုလျှင် ၎င်းတို့ကိုယ်တိုင်၏ ဤပုံရိပ်ကို ဖန်တီးရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ လူတို့အား ဆွဲဆောင်ရန်၊ လူတို့အား အမြင်မှားစေရန်၊ လူတို့အား ၎င်းတို့နောက်သို့လိုက်စေရန်၊ ဤအရာမှနေ၍ အကျိုးအမြတ်ရရှိရန်ဖြစ်သည်။ ထို့ကြောင့် လူတို့သည် ဤနာမည်ကြီးရုပ်ရှင်သရုပ်ဆောင်များ၏ ကျော်ကြားမှုကို ကိုးကွယ်သည်ဖြစ်စေ၊ ၎င်းတို့၏ ရုပ်ရည်ကို ကိုးကွယ်သည်ဖြစ်စေ၊ ၎င်းတို့၏ ဘဝကို ကိုးကွယ်သည်ဖြစ်စေ ဤအရာတို့သည် အမှန်ပင် မိုက်မဲပြီး အဓိပ္ပာယ်မရှိသော လုပ်ရပ်များဖြစ်သည်။ လူတစ်ယောက်သည် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သည်ဆိုလျှင် သူသည် နတ်ဆိုးများကို အဘယ်သို့ ကိုးကွယ်မည်နည်း။ နတ်ဆိုးများသည် လူတို့အား အမြင်မှားစေသော၊ လှည့်စားသော၊ ထိခိုက်သောအရာများဖြစ်သည်။ နတ်ဆိုးများသည် ဘုရားသခင်ကို မယုံကြည်ဘဲ သမ္မာတရားကိုလည်း လုံးဝ လက်ခံခြင်းမရှိပေ။ နတ်ဆိုးအားလုံးသည် စာတန်နောက်သို့လိုက်သည်။ နတ်ဆိုးများနှင့် စာတန်နောက်သို့လိုက်ပြီး ကိုးကွယ်ကြသောသူများ၏ ပန်းတိုင်မှာ အဘယ်နည်း။ တစ်နေ့တွင် ၎င်းတို့သည် နတ်ဆိုးဖြစ်လာပြီး ဤနတ်ဆိုးများနှင့် နာမည်ကျော်ကြားသူများကဲ့သို့ လှပပြီး လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုရှိဖို့ရန် မျှော်လင့်၍ ဤနတ်ဆိုးများကို အတုယူလိုကြသည်။ ဤနတ်ဆိုးများအား စံအဖြစ်ထားလိုကြသည်။ ဤခံစားချက်အား ခံစားရသည်ကို ၎င်းတို့ နှစ်သက်သည်။ နာမည်ကြီးသော၊ ထင်ပေါ်ကျော်ကြားသောမည်သည့် ပုဂ္ဂိုလ်ကို လူတစ်ယောက်က ကိုးကွယ်သည်ဖြစ်စေ ဤနာမည်ကြီးသူများ၏ အဆုံးစွန်သော ပန်းတိုင်မှာ အတူတူပင်ဖြစ်သည်။ လူတို့အား အမြင်မှားစေရန်၊ လူတို့အား ဆွဲဆောင်ရန်၊ လူတို့အား ၎င်းတို့ နောက်လိုက်ပြီး ကိုးကွယ်စေရန်ဖြစ်သည်။ ဤသည်မှာ ဆိုးယုတ်သော စိတ်သဘောထားတစ်ခုမဟုတ်လော။ ယင်းသည် ဆိုးယုတ်သော စိတ်သဘောထားတစ်ခုဖြစ်သည်။ ဤသည်မှာ အသိသာဆုံးပင်ဖြစ်သည်။

ဆိုးယုတ်သော စိတ်သဘောထားများသည် အခြားနည်းလမ်းဖြင့်လည်း ဖော်ပြသည်။ ဘုရားအိမ်တော်၌ စုဝေးခြင်းတွင် ဘုရားနှုတ်ကပတ်တော်ဖတ်ခြင်း၊ သမ္မာတရားအား မိတ်သဟာယဖွဲ့ခြင်းနှင့် မိမိကိုယ်ကို သိမြင်မှု၊ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်မှု၊ စည်းမျဉ်းများနှင့်အညီ မည်သို့ လုပ်ဆောင်ရမည်၊ ဘုရားသခင်အား မည်သို့ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ရမည်၊ သမ္မာတရားအား မည်သို့နားလည်ပြီး လက်တွေ့လုပ်ဆောင်ရမည်၊ သမ္မာတရား၏ အခြားရှုထောင့်အမျိုးမျိုးတို့ကို ဆွေးနွေးခြင်းများပါဝင်သည်ကို လူအချို့က သိသည်။ ၎င်းတို့သည် ဤနှစ်များအားလုံးတွင် နားထောင်ပြီးသည့်အခါ နားထောင်လေလေ၊ စိတ်ကုန်လေလေဖြစ်လာပြီး စတင်၍ စောဒကတက်ကာ “ဘုရားသခင်အား ယုံကြည်ခြင်း၏ ရည်ရွယ်ချက်သည် ကောင်းချီးရဖို့ မဟုတ်လော။ ငါတို့သည် အဘယ်ကြောင့် အစဉ်သဖြင့် သမ္မာတရားအကြောင်းပြောပြီး ဘုရားနှုတ်ကပတ်တော်ကို မိတ်သဟာယဖွဲ့နေသနည်း။ ပြီးဆုံးဦးမည်လော။ ငါသည် စိတ်ကုန်လျက်ရှိသည်” ဟု ပြောသည်။ သို့သော် ၎င်းတို့သည် လောကီကမ္ဘာသို့ မပြန်ကြပေ။ ၎င်းတို့က “ဘုရားသခင်အပေါ် ယုံကြည်ခြင်းသည် အလွန်ပျင်းရိဖွယ်ဖြစ်သည်။ ငြီးငွေ့စရာကောင်းသည်။ အနည်းငယ်ပို၍ စိတ်ဝင်စားဖွယ်ကောင်းစေရန် ငါ မည်သို့လုပ်နိုင်သနည်း။ စိတ်ဝင်စားဖွယ်တစ်ခုခုကို ငါရှာရမည်။” ဟု စဉ်းစားသည်။ ဤသို့ဖြင့် ၎င်းတို့က “အသင်းတော်တွင် ဘုရားသခင်အား ယုံကြည်သူမည်မျှရှိသနည်း။ ခေါင်းဆောင်နှင့် အမှုဆောင်မည်မျှရှိသနည်း။ လူမည်မျှကို အစားထိုးခဲ့ပြီးသနည်း။ လူငယ် တက္ကသိုလ်ကျောင်းသားများနှင့် ဘွဲ့ရကျောင်းသား မည်မျှရှိသနည်း။ အရေအတွက်ကို တစ်ယောက်ယောက် သိသလော။” ဟူ၍ လှည့်လည်မေးမြန်းကြသည်။ ၎င်းတို့သည် ဤအရာများနှင့် ဤအချက်လက်ကို အမှန်တရားအဖြစ် မှတ်ယူကြသည်။ ဤသည်မှာ မည်သည့်စိတ်သဘောထားဖြစ်သနည်း။ ဤသည်မှာ ဆိုးယုတ်မှုဖြစ်သည်။ “ဆိုးညစ်မှု” အဖြစ် ညွှန်းဆိုလေ့ရှိသည်။ ၎င်းတို့သည် သမ္မာတရားများစွာကို ကြားခဲ့သည်။ သို့သော် တစ်ခုမျှ ၎င်းတို့တွင် လုံလောက်သော အရေးစိုက်မှု၊ သို့မဟုတ် အာရုံစိုက်မှုကို လှုံ့ဆော်မပေးခဲ့ပေ။ တစ်စုံတစ်ယောက်က အတင်းအဖျင်းစကား၊ သို့မဟုတ် အတွင်းရေးသတင်းများရှိသည်နှင့် တစ်ပြိုင်နက် ၎င်းတို့၏ နားရွက်များက ရုတ်ချည်းထောင်သွားပြီး ထိုသတင်းနှင့် လွဲချော်သွားမည်ကို ၎င်းတို့ ကြောက်ကြသည်။ ဤသည်မှာ ဆိုးညစ်ခြင်းဖြစ်သည်မဟုတ်လော။ (ဟုတ်သည်။) မည်သည့်စရိုက်လက္ခဏာများကို ဆိုးညစ်သောလူများအဖြစ် သတ်မှတ်သနည်း။ ၎င်းတို့သည် သမ္မာတရားအား အနည်းငယ်မျှပင် စိတ်ဝင်စားမှုမရှိ။ ၎င်းတို့သည် ပြင်ပအမှုကိစ္စများကိုသာ စိတ်ဝင်စားကြသည်။ ၎င်းတို့၏ အသက်ဝင်ရောက်မှု၊ သို့မဟုတ် သမ္မာတရားဖြင့် ဆက်စပ်မှုလုံးဝမရှိသည့် အတင်းအဖျင်းစကားများ၊ အကြောင်းအရာများကို မမောမပန်းစွာဖြင့်၊ လောဘကြီးစွာဖြင့် ရှာဖွေကြသည်။ ဤကိစ္စကိုလည်းကောင်း၊ ဤသတင်းအချက်အလက်အားလုံးကိုလည်းကောင်း အဖြေရှာခြင်း၊ ၎င်းတို့၏ ခေါင်းထဲတွင် ထားရှိခြင်းတို့သည် သမ္မာတရား၏ စစ်မှန်မှုကို ၎င်းတို့ ပိုင်ဆိုင်သည်ဟူ၍ လည်းကောင်း၊ ၎င်းတို့သည် အပြည့်အဝပင် ဘုရားအိမ်တော်၏ အဖွဲ့ဝင်များဖြစ်သည်ဟူ၍ လည်းကောင်း၊ ၎င်းတို့ကို ဘုရားသခင်က သေချာပေါက် ချီးမွမ်းပြီး ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်နိုင်သည်ဟူ၍လည်းကောင်း ထင်ကြသည်။ အမှန်တကယ်ပင် ဤသို့ဖြစ်သည်ဟု သင်တို့ ထင်ကြသလော။ (မထင်ပါ။) ဤအရာကို သင်တို့ မြင်နိုင်သော်လည်း ဘုရားသခင်အား ယုံကြည်သူအသစ်များစွာက မမြင်နိုင်ပေ။ ၎င်းတို့သည် ဤသတင်းအချက်အလက်ကို စွဲလန်းနေကြသည်။ ဤအရာများကို သိခြင်းအားဖြင့် ၎င်းတို့သည် ဘုရားအိမ်တော်၏ အဖွဲ့ဝင်များဖြစ်သွားသည်ဟု ထင်ကြသည်။ သို့သော် အမှန်တကယ်တွင် ဘုရားသခင်က ဤသို့သောသူများကို အရွံ့မုန်းဆုံးဖြစ်သည်။ ၎င်းတို့သည် လူအားလုံးထဲတွင် အချည်းနှီးအဖြစ်ဆုံးသော၊ အပေါ်ဆံအဆန်ဆုံးသော၊ မသိနားမလည်ဆုံးသောသူများဖြစ်သည်။ ဘုရားသခင်သည် လူတို့အား တရားစီရင်ခြင်း၊ သန့်စင်ခြင်းအမှုကို ပြုရန်အတွက် နောက်ဆုံးသောကာလတွင် လူ့ဇာတိဖြင့် ပေါ်ထွန်းလာခဲ့သည်။ ဤအရာ၏ အကျိုးသက်ရောက်မှုမှာ လူတို့အား အသက်အဖြစ် သမ္မာတရားကို ပေးအပ်ရန်ဖြစ်သည်။ သို့သော် လူတို့သည် ဘုရားနှုတ်ကပတ်တော်အား စားသောက်ခြင်းကို အာရုံမစိုက်ဘဲ အတင်းအဖျင်းစကားများကို အစဉ်ရှာဖွေဖို့ ကြိုးစားပြီး အသင်းတော်၏ အတွင်းရေးကိစ္စများကို ပို၍ ရှာဖွေရန် ကြိုးစားနေလျှင် ၎င်းတို့သည် သမ္မာတရားအား လိုက်စားနေခြင်းဖြစ်သလော။ ၎င်းတို့သည် မှန်ကန်သောအလုပ်ကို လုပ်ဆောင်သောသူများဖြစ်သလော။ ငါ့အတွက်မူ ဤလူများသည် ဆိုးယုတ်သူများဖြစ်သည်။ ၎င်းတို့သည် ယုံကြည်သူများမဟုတ်ပေ။ ဤသို့သောလူများကိုလည်း ဆိုးညစ်သည်ဟု ခေါ်ဆိုနိုင်သည်။ ၎င်းတို့သည် မိစ္ဆာဒိဋ္ဌိအယူများ အပေါ်တွင်သာ အာရုံစိုက်သည်။ ယင်းသည် ၎င်းတို့၏ သိလိုစိတ်ပြင်းပျမှုကို ဖြည့်ဆည်းပေးသည်။ သို့သော် ၎င်းတို့ကို ဘုရားသခင်က စက်ဆုပ်ရွံရှာသည်။ ဤလူတို့သည် သမ္မာတရားကို လိုက်စားသောသူများဖြစ်ဖို့ မဆိုထားနှင့်။ ဘုရားသခင်အား အမှန်တကယ် ယုံကြည်သောသူများပင်မဟုတ်ပေ။ ၎င်းတို့သည် လုံးဝ ရိုးရှင်းစွာပင် စာတန်၏ အစေခံများဖြစ်သည်။ အသင်းတော်အလုပ်ကို နှောင့်ယှက်ရန် လာသောသူများဖြစ်သည်။ ထို့အပြင် ဘုရားသခင်အား အစဉ် စစ်ဆေးပြီး စုံစမ်းမေးမြန်းသောသူများသည် အဆင်းနီသောနဂါးကြီး၏ အစေခံများ၊ လက်ပါးစေများဖြစ်သည်။ ဘုရားသခင်သည် အားလုံးထဲတွင် ဤလူများကို အမုန်းတီးဆုံး၊ အရွံရှာဆုံးဖြစ်သည်။ သင်သည် ဘုရားသခင်ကို ယုံကြည်လျှင် အဘယ်ကြောင့် ဘုရားသခင်အား စိတ်မချသနည်း။ သင်သည် ဘုရားသခင်ကို စစ်ဆေးပြီး စုံစမ်းမေးမြန်းသောအခါ သမ္မာတရားကို ရှာဖွေနေခြင်းဖြစ်သလော။ သမ္မာတရားအား ရှာဖွေခြင်းသည် ခရစ်တော် မွေးဖွားသည့် မိသားစု၊ သို့မဟုတ် သူကြီးပြင်းသည့် ပတ်ဝန်းကျင်နှင့် ဆက်စပ်မှုတစ်ခုခုရှိသလော။ ဘုရားသခင်အား အနုကြည့်မှန်ပြောင်းအောက်တွင် အစဉ်ထားရှိနေသောသူများသည် စက်ဆုပ်ရွံရှာဖွယ်မဖြစ်သလော။ သင်သည် ခရစ်တော်၏ လူ့သဘာဝနှင့်သက်ဆိုင်သောအရာများနှင့်ပတ်သက်ပြီး အစဉ်သဖြင့် အယူအဆများရှိလျှင် သင်သည် ဘုရားနှုတ်ကပတ်တော်အား လိုက်စားခြင်းဖြင့် ပို၍ အချိန်ကုန်ဆုံးသင့်သည်။ သမ္မာတရားအား သင်နားလည်သောအခါမှသာ သင့်အယူအဆများ၏ ပြဿနာကို ဖြေရှင်းနိုင်လိမ့်မည်။ ခရစ်တော်၏ မိသားစုနောက်ခံ၊ သို့မဟုတ် သူ၏ မွေးဖွားမှု အခြေအနေများကို စစ်ဆေးခြင်းသည် သင့်အား ဘုရားသခင်ကို သိစေသလော။ သင့်အား ခရစ်တော်၏ ဘုရားဖြစ်သော အနှစ်သာရကို ရှာဖွေတွေ့ရှိစေသလော။ ဤသို့ လုံးဝ မဖြစ်ပေ။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောသူတို့သည် ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားအပေါ် မိမိတို့ကိုယ်ကို ဆက်ကပ်အပ်နှံကြသည်။ ယင်းသည်သာ ခရစ်တော်၏ ဘုရားဖြစ်သော အနှစ်သာရကို သိမြင်ဖို့အတွက် အထောက်အကူဖြစ်သည်။ သို့သော် ဘုရားသခင်အား စဉ်ဆက်မပြတ် စိစစ်သောသူတို့သည် အဘယ်ကြောင့် ဆိုးညစ်ခြင်းကို စဉ်ဆက်မပြတ် လုပ်ဆောင်နေကြသနည်း။ ဝိညာဉ်ရေးကိစ္စများကို နားမလည်သော ဤအမှိုက်သရိုက်ဆန်သောသူများသည် ဘုရားအိမ်တော်မှ အမြန်ထွက်ခွာသင့်သည်။ သမ္မာတရားများစွာကို ဖော်ပြခဲ့ပြီးဖြစ်သည်။ စုဝေးပွဲများနှင့် တရားဒေသနာများတွင် များစွာ မိတ်သဟာယပြုပြီးဖြစ်သည်။ သင်သည် အဘယ်ကြောင့် ဘုရားသခင်ကို စိစစ်ရသေးသနည်း။ သင်သည် ဘုရားသခင်အား အစဉ် စိစစ်နေခြင်းသည် အဘယ်သို့ အဓိပ္ပာယ်ရသနည်း။ သင်သည် အလွန်အမင်း ဆိုးယုတ်သည်ဟု အဓိပ္ပာယ်ရသည်။ ထို့အပြင် ဤအသေးအဖွဲ အချက်အလက်များကို သိရခြင်းသည် ၎င်းတို့ကို အရင်းအနှီးပေးသည်ဟု ထင်သောသူများပင်ရှိသည်။ ပြီးလျှင် ၎င်းတို့သည် လှည့်လည်၍ လူတို့အား ထုတ်ကြွားကြသည်။ အဆုံးတွင် မည်သို့ ဖြစ်ပျက်သနည်း။ ၎င်းတို့သည် ဘုရားသခင်အတွက် စက်ဆုပ်ဖွယ်၊ ရွံရှာဖွယ်ဖြစ်သည်။ ၎င်းတို့သည် လူသားပင် ဖြစ်ကြသလော။ ၎င်းတို့သည် အသက်ရှင်နေသော မကောင်းဆိုးဝါးများမဟုတ်သလော။ ၎င်းတို့သည် အဘယ်သို့ ဘုရားသခင်အား ယုံကြည်သူများဖြစ်မည်နည်း။ ၎င်းတို့သည် ဆိုးယုတ်ပြီး ကောက်ကျစ်သောလမ်းအပေါ် ၎င်းတို့၏ အတွေးများကို နှစ်မြုပ်ထားကြသည်။ မိစ္ဆာဒိဋ္ဌိအယူများကို ၎င်းတို့ သိလေလေ၊ ဘုရားအိမ်တော်၏ အဖွဲ့ဝင်ဖြစ်လေလေ၊ သမ္မာတရားကို ၎င်းတို့နားလည်လေလေဟု ၎င်းတို့က ထင်နေသကဲ့သို့ပင်ဖြစ်သည်။ ဤသို့သောလူတို့သည် လုံးလုံးပင် အဓိပ္ပာယ်မရှိပေ။ ဘုရားသခင်၏ အိမ်တော်တွင် ၎င်းတို့ထက်ပို၍ စက်ဆုပ်ရွံရှာခြင်းခံရသောသူမရှိပေ။

လူအချို့သည် ၎င်းတို့၏ ယုံကြည်ခြင်းတွင် လက်တွေ့မကျသောအရာများကို စဉ်ဆက်မပြတ် အာရုံစိုက်ကြသည်။ ဥပမာ နိုင်ငံတော်သည် မည်သည့်ပုံစံနှင့်တူသည်၊ တတိယကောင်းကင်ဘုံက မည်သည့်နေရာတွင်ရှိသည်၊ အပလောကက မည်သည့် ပုံစံနှင့်တူသည်၊ ငရဲက မည်သည့်နေရာတွင်ရှိသည်ဆိုသည်တို့ကို လူအချို့က အစဉ် ဆန်းစစ်နေကြသည်။ ၎င်းတို့သည် အသက်ဝင်ရောက်မှုတွင် အာရုံစိုက်ရမည့်အစား ဉာဏ်မမီသောအရာများကို အစဉ် ဆန်းစစ်နေကြသည်။ ဤသည်မှာ ဆိုးညစ်ခြင်းဖြစ်သည်။ ဆိုးယုတ်မှုဖြစ်သည်။ တရားဒေသနာနှင့် မိတ်သဟာယမည်မျှကို ၎င်းတို့ ကြားသည်ဖြစ်စေ သမ္မာတရားက မည်သည့်အရာဖြစ်သည်ကို နားမလည်သေးသကဲ့သို့ မည်သို့ လက်တွေ့လုပ်ဆောင်သင့်သည်ကိုလည်း သတိမပြုမိသောသူများရှိသည်။ ၎င်းတို့သည် အချိန်ရသောအခါတိုင်းတွင် ဘုရားနှုတ်ကပတ်တော်ကို စုံစမ်းစစ်ဆေးကြသည်။ စကားအသုံးအနှုန်းကို လေ့လာကြသည်။ ခံစားချက်တစ်မျိုးမျိုးကို ရှာကြသည်။ ဘုရားနှုတ်ကပတ်တော်သည် ပြည့်စုံခြင်းရှိမရှိကိုလည်း အစဉ် စိစစ်နေကြသည်။ ပြည့်စုံလျှင် ဤသည်မှာ ဘုရားသခင်၏ လုပ်ဆောင်မှုဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ မပြည့်စုံလျှင် ဘုရားသခင်၏ လုပ်ဆောင်မှုဆိုသည်ကို ငြင်းဆန်ကြသည်။ ၎င်းတို့သည် အဓိပ္ပာယ်မရှိမဖြစ်သလော။ ဤသည်မှာ ဆိုးညစ်ခြင်းမဟုတ်သလော။ လူတို့သည် ဘုရားနှုတ်ကပတ်တော် ပြည့်စုံသည့်အချိန်ကို အစဉ်အမြဲ မြင်တွေ့နိုင်သလော။ လူတို့အနေဖြင့် ဘုရားနှုတ်ကပတ်တော်အချို့ ပြည့်စုံသည့်အချိန်ကို မလွှဲမသွေမြင်နိုင်ခြင်းမျိုး မရှိပေ။ လူတို့အတွက်မူ ဘုရားနှုတ်ကပတ်တော်အချို့သည် ပြည့်စုံသည့်ပုံစံမရှိပေ။ သို့သော် ဘုရားသခင်အတွက်မူ ပြည့်စုံပြီးဖြစ်သည်။ လူတို့သည် ဤအရာများကို ရှင်းလင်းစွာ မြင်ဖို့ မဖြစ်နိုင်ပေ။ ၎င်းတို့သည် ၂၀ ရာခိုင်နှုန်းကိုပင် သဘောပေါက်နားလည်နိုင်လျှင် ကံကောင်းသည်။ လူအချို့သည် ဘုရားနှုတ်ကပတ်တော်ကို လေ့လာလျက်ဖြင့် အချိန်အားလုံး ကုန်ဆုံးသော်လည်း သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း၊ သို့မဟုတ် သမ္မာတရား၏ စစ်မှန်မှုသို့ဝင်ရောက်ခြင်းကို အရေးမစိုက်ပေ။ ဤသည်မှာ မိမိ၏ သင့်လျော်သော တာဝန်များကို လျစ်လျူရှုခြင်းမဟုတ်လော။ ၎င်းတို့သည် သမ္မာတရားများစွာကို ကြားပြီးသည့်တိုင်အောင် နားမလည်သေးပေ။ ပြီးလျှင် ၎င်းတို့သည် ပြည့်စုံသွားသည့် ပရောဖက်ပြုချက်များ၏ သက်သေကို စဉ်ဆက်မပြတ် ရှာဖွေနေကြပြီး ဤအရာကို ၎င်းတို့၏ အသက်နှင့် အရင်းခံတွန်းအားအဖြစ် မှတ်ယူနေကြသည်။ ဥပမာ လူအချို့သည် ဆုတောင်းသောအခါ “ဘုရားသခင် ကိုယ်တော်သည် ဤအရာကို ကျွန်ုပ်အား လုပ်ဆောင်စေလိုလျှင် ကျွန်ုပ်အား မနက်ဖြန်မနက် ခြောက်နာရီတွင် နိုးထစေပါ။ ကိုယ်တော်က မနိုးထစေလျှင် ကျွန်ုပ်အား ခုနစ်နာရီအထိ အိပ်ခွင့်ပြုပါ။” ဟူသကဲ့သို့သော အရာများကို ပြောသည်။ ဤသည်မှာ မကြာခဏပင် ၎င်းတို့ ပြုမူဆောင်ရွက်သည့် ပုံစံဖြစ်သည်။ ဤအရာကို ၎င်းတို့၏ စည်းမျဉ်းအဖြစ် အသုံးပြုပြီး ယင်းကို သမ္မာတရားကဲ့သို့ လက်တွေ့လုပ်ဆောင်သည်။ ဤသည်မှာ ဆိုးညစ်ခြင်းဟု ခေါ်သည်။ ၎င်းတို့၏ လုပ်ရပ်များတွင် ၎င်းတို့သည် အစဉ်သဖြင့် ခံစားချက်များကို အမှီပြုသည်။ သဘာဝလွန်များကို အာရုံစိုက်ပြီး မိစ္ဆာဒိဋ္ဌိအယူနှင့် အခြားလက်တွေ့မကျသောအရာများကို အမှီပြုသည်။ ၎င်းတို့သည် ဆိုးညစ်သောအရာများအပေါ် ၎င်းတို့၏ အားအင်ကို စဉ်ဆက်မပြတ် အာရုံစိုက်ကြသည်။ ဤသည်မှာ ဆိုးယုတ်မှုဖြစ်သည်။ သင်သည် သမ္မာတရားကို ၎င်းတို့နှင့် မည်သို့ မိတ်သဟာယဖွဲ့ပါစေ ၎င်းတို့က သမ္မာတရားသည် အသုံးမဝင်၊ ခံစားချက်များကို အမှီပြုခြင်း၊ သို့မဟုတ် နှိုင်းယှဉ်ကြည့်ခြင်းမှတစ်ဆင့် အတည်ပြုခြင်းတို့ကဲ့သို့ တိကျမှုမရှိဟု ထင်ကြသည်။ ဤသည်မှာ ဆိုးညစ်ခြင်းဖြစ်သည်။ ဘုရားသခင်က လူတို့၏ ကံကြမ္မာကို အုပ်စိုးပြီး စီစဉ်သည်ဟု ၎င်းတို့က မထင်ပေ။ ၎င်းတို့က ဘုရားနှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်သည်ဟု အသိအမှတ်ပြုသည်ဟု ဆိုသော်လည်း ၎င်းတို့၏ စိတ်နှလုံးတွင် သမ္မာတရားကို လက်မခံသေးပေ။ ၎င်းတို့သည် အမှုအရာများကို ဘုရားနှုတ်ကပတ်တော်မှတစ်ဆင့် လုံးဝ မကြည့်ရှုပေ။ လူသိများသောသူတစ်ယောက်က တစ်စုံတစ်ခုကို ပြောလျှင် ယင်းသည် သမ္မာတရားဖြစ်သည်ဟု ၎င်းတို့က ယုံကြည်သည်။ ပြီးလျှင် ထိုအရာအတိုင်း လိုက်၍လုပ်ဆောင်သည်။ ဗေဒင်ဆရာ၊ သို့မဟုတ် လက္ခဏာဆရာတစ်ယောက်က ၎င်းတို့သည် နောက်နှစ်တွင် ရာထူးတိုးပြီး မန်နေဂျာဖြစ်မည်ဟု ဆိုလျှင် ၎င်းတို့က ယုံကြည်သည်။ ဤသည်မှာ ဆိုးညစ်ခြင်းမဟုတ်လော။ ၎င်းတို့သည် ဂမ္ဘီရ၊ ဗေဒင်ဟောပြောခြင်း၊ သဘာဝလွန်များနှင့် ဤဆိုးညစ်သောအရာများကိုသာ ယုံကြည်သည်။ လူအချို့က “ငါသည် သမ္မာတရားတိုင်းကို နားလည်သည်။ လက်တွေ့မလုပ်ဆောင်နိုင်ခြင်းသာရှိသည်။ ပြဿနာက မည်သည့်အရာဖြစ်သည်ကို ငါမသိ။” ဟု ပြောသကဲ့သို့ဖြစ်သည်။ ယခုတွင် ငါ့တို့၌ ဤမေးခွန်းအတွက် အဖြေရှိသည်။ ၎င်းတို့သည် ဆိုးညစ်သည်။ ဤသို့သောသူများကို သမ္မာတရားအား မည်သို့မိတ်သဟာယဖွဲ့ပါစေ အရေးမပါပေ။ ၎င်းတို့ နားဝင်မည်မဟုတ်သကဲ့သို့ မည်သည့်သက်ရောက်မှုကိုမျှ တွေ့ရမည်မဟုတ်ပေ။ ဤလူတို့သည် သမ္မာတရားကို စိတ်ကုန်ရုံသာမကဘဲ ဆိုးယုတ်သော စိတ်သဘောထားကိုလည်း ပိုင်ဆိုင်သည်။ သမ္မာတရားအား စိတ်ကုန်ခြင်းကို အရေးကြီးဆုံးသော ပြသမှုမှာ အဘယ်နည်း။ လူတစ်ယောက်က သမ္မာတရားကို နားလည်သော်လည်း လက်တွေ့မလုပ်ဆောင်ခြင်းဖြစ်သည်။ ထိုသူသည် သမ္မာတရားကို မကြားလိုပဲ သမ္မာတရားကို အာခံပြီး သဘောမကျပေ။ သမ္မာတရားက မှန်ပြီး ကောင်းမွန်သည်ကို သိသော်လည်း လက်တွေ့မလုပ်ဆောင်ပေ။ ထိုသူသည် ဆုံးရှုံးမှုတစ်ခုခုကို ခံစားဖို့မဆိုထားနှင့်။ ဤလမ်းကြောင်းကိုပင် လျှောက်လှမ်းလိုစိတ်မရှိသကဲ့သို့ ဒုက္ခခံလိုခြင်း၊ အဖိုးအခပေးဆပ်လိုခြင်းလည်းမရှိပေ။ ဆိုးယုတ်သောသူများမှာ ဤသို့မဟုတ်ပေ။ ၎င်းတို့က ဆိုးယုတ်သောအရာများသည် သမ္မာတရားဖြစ်သည်၊ မှန်သောလမ်းဖြစ်သည်ဟု ထင်မြင်ပြီး ထိုအရာများနောက်သို့လိုက်သည်။ အတုယူဖို့ ကြိုးစားသည်။ ပြီးလျှင် ထိုအရာများအပေါ် ၎င်းတို့၏ အားအင်ကို စဉ်ဆက်မပြတ် အာရုံစိုက်ထားသည်။ ဘုရားအိမ်တော်သည် ဆုတောင်းခြင်း စည်းမျဉ်းများကို မကြာခဏ မိတ်သဟာယဖွဲ့သည်။ လူတို့အနေဖြင့် အချိန်ကန့်သတ်ချက်လုံးဝမရှိဘဲ ၎င်းတို့ ဆန္ဒရှိသည့် မည်သည့်အချိန်တွင်မဆို၊ မည်သည့်နေရာတွင်မဆို ဆုတောင်းနိုင်သည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်ရှေ့သို့လာရန်၊ ၎င်းတို့၏ စိတ်နှလုံးတွင်ရှိသောစကားကို ပြောရန်၊ သမ္မာတရားကို ရှာဖွေရန်သာ လိုအပ်သည်။ ဤစကားများကို မကြာခဏ ကြားသင့်ပြီး အလွယ်တကူ နားလည်သင့်သည်။ သို့သော် ဆိုးယုတ်သောလူများက ဤအရာကို မည်သို့ လက်တွေ့လုပ်ဆောင်သနည်း။ အရုဏ်ဦး ကျေးငှက်တွန်သံအချိန်ကာလဖြစ်သော မနက်ခင်းတိုင်းတွင် ၎င်းတို့သည် မပျက်မကွက်ဖြင့် တောင်ဘက်သို့ မျက်နှာမူပြီး ဒူးနှစ်ဖက်လုံးထောက်ကာ လက်နှစ်ဖက်လုံးကို ကြမ်းပြင်ပေါ်သို့ချပြီး ဘုရားသခင်ရှေ့တွင် ၎င်းတို့ တတ်နိုင်သမျှ ဆုတောင်းလျက် ပျပ်ဝတ်ကြသည်။ ဤသို့သောအချိန်တွင်သာ ဘုရားသခင်က ၎င်းတို့၏ ဆုတောင်းသံကို ကြားနိုင်မည်၊ အဘယ်ကြောင့်ဆိုသော် ဤအချိန်သည် ဘုရားသခင် အလုပ်မရှုပ်သည့်အချိန်ဖြစ်သည်၊ သူ့အတွက်အချိန်ရှိသောကြောင့် သူသည် နားထောင်သည်ဟု ၎င်းတို့က ထင်ကြသည်။ ဤသည်မှာ အဓိပ္ပာယ်မရှိမဖြစ်သလော။ ဆိုးယုတ်ခြင်းမဟုတ်သလော။ ဆုတောင်းရန် အထိရောက်ဆုံးအချိန်သည် ညတစ်နာရီ၊ နှစ်နာရီတွင်၊ အားလုံး တိတ်ဆိတ်နေသောအချိန်တွင်ဖြစ်သည်ဟု ပြောသော အခြားလူများရှိသည်။ ၎င်းတို့သည် အဘယ်ကြောင့် ဤသို့ပြောသနည်း။ ၎င်းတို့တွင်လည်း အကြောင်းပြချက်များရှိကြသည်။ ထိုအချိန်တွင် လူတိုင်းက အိပ်ပျော်နေသည်၊ ဘုရားသခင်သည် အလုပ်မရှုပ်သောအချိန်တွင်မှသာ ၎င်းတို့၏ အရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းရန်အချိန်ရှိသည်ဟု ၎င်းတို့က ပြောကြသည်။ ဤသည်မှာ အဓိပ္ပာယ်မရှိမဖြစ်သလော။ မဆိုးယုတ်သလော။ သင်သည် ၎င်းတို့အား သမ္မာတရားကို မည်မျှ မိတ်သဟာယပြုပါစေ ၎င်းတို့က လက်ခံရန် ငြင်းဆန်သည်။ ၎င်းတို့သည် အဓိပ္ပာယ်မရှိဆုံးသောသူများဖြစ်ပြီး သမ္မာတရားအား နားလည်နိုင်စွမ်းမရှိပေ။ “လူတို့အနေဖြင့် ဘုရားသခင်ကို ယုံကြည်သောအခါ ကောင်းသောအရာများကို လုပ်ဆောင်ပြီး ကြင်နာရမည်။ သတ်ဖြတ်ခြင်း၊ သို့မဟုတ် အသားစားခြင်းမရှိရပေ။ အသားစားခြင်းသည် သတ်ခြင်း၊ အပြစ်ပြုခြင်းဖြစ်ပြီး ဤသို့လုပ်ဆောင်သောသူများကို ဘုရားသခင် အလိုမရှိပေ။” ဟူ၍ ပြောသော အခြားလူများရှိသည်။ ဤစကားများတွင် အခြေပြုချက်တစ်ခုခုရှိသလော။ ဘုရားသခင်သည် ဤသို့သောအရာတစ်ခုခုကို ပြောခဲ့ဖူးသလော။ (မပြောခဲ့ဖူးပါ။) ဤသို့ဆိုလျှင် မည်သူက ပြောခဲ့သနည်း။ ဤအရာကို မယုံကြည်သူတစ်ယောက်၊ အဓိပ္ပာယ်မရှိသောသူမျိုးတစ်ယောက်က ပြောခဲ့သည်။ အမှန်တကယ်တွင် ဤအရာကို ပြောဆိုသောသူတို့သည် အသားကို သေချာပေါက်မစားခြင်းမျိုးမဟုတ်ပေ။ သို့မဟုတ် အခြားလူများရှေ့တွင် မစားခြင်းဖြစ်ပြီး လူမမြင်ကွယ်ရာတွင် များစွာ စားခြင်းဖြစ်နိုင်သည်။ ဤလူတို့သည် ဟန်ဆောင်ရာတွင် အလွန်တော်ပြီး ၎င်းတို့သွားသည့်နေရာတိုင်းတွင် အတွေးမှားများကို ဖြန့်သည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်ခြင်းဖြစ်သည်။ ဤသို့သောသူတို့သည် ယုတ်မာသည်။ ဤမိစ္ဆာဒိဋ္ဌိများနှင့် အတွေးမှားများကို ပညတ်များ၊ စည်းကမ်းများအဖြစ် သတ်မှတ်ကြသည်။ ထိုအရာများကို သမ္မာတရားကဲ့သို့၊ သို့မဟုတ် ဘုရားသခင်၏ တောင်းဆိုချက်များကဲ့သို့ပင် လက်တွေ့လုပ်ဆောင်ပြီး ဖက်တွယ်ထားကြကာ အခြားလူမျိုးကိုလည်း အလားတူလုပ်ဆောင်ဖို့ တက်ကြွစွာ၊ အရှက်မရှိစွာဖြင့် သင်ကြားပေးသည်။ ဤလူတို့၏ အမှုအရာများကို လုပ်ဆောင်သည့်နည်းလမ်း၊ အမှုအရာများကို ပြောဆိုသည့် ပုံစံ၊ လိုက်စားသည့်နည်းလမ်းများသည် ဆိုးယုတ်သည်ဟု ငါ အဘယ်ကြောင့်ဆိုသနည်း။ (ဤအရာများသည် သမ္မာတရားနှင့် ဆက်စပ်မှုမရှိသောကြောင့်ဖြစ်သည်။) ဤသို့ဆိုလျှင် သမ္မာတရားနှင့် မဆက်စပ်သောအရာမှန်သမျှသည် ဆိုးယုတ်သလော။ ဤသို့သော အနက်ဖွင့်ဆိုခြင်းသည် အလွန်ပင် ပြဿနာရှိသည်။ လူတို့၏ နေ့စဉ်အသက်တာတွင် သမ္မာတရားနှင့် မဆက်စပ်သောအရာများရှိသည်။ ထိုအရာများသည် ဆိုးယုတ်သည်ဟု ဆိုသည်မှာ အမှန်တရားကို လှည့်ပတ်ပြောဆိုခြင်းမဟုတ်လော။ ဘုရားသခင်က ရှုတ်ချခြင်းမရှိသည့်အရာကို ဆိုးယုတ်သည်ဟု မဆိုနိုင်ပေ။ ဘုရားသခင်က ရှုတ်ချသည့်အရာကိုသာ ဆိုးယုတ်သည်ဟု ဖော်ပြနိုင်သည်။ သမ္မာတရားနှင့် မဆက်စပ်သည့်အရာမှန်သမျှကို ဆိုးယုတ်သည်ဟု အဓိပ္ပာယ်သတ်မှတ်လျှင် ကြီမားသော အမှားတစ်ခုဖြစ်လိမ့်မည်။ ဘဝ၏ မရှိမဖြစ်လိုအပ်ချက်များ၏ အသေးစိတ်အချက်အလက်များ၊ ဥပမာ စားခြင်း၊ အိပ်ခြင်း၊ သောက်ခြင်း၊ အနားယူခြင်းတို့သည် သမ္မာတရားနှင့် ဆက်စပ်သလော။ ဤအရာများသည် ဆိုးယုတ်သလော။ ဤအရာအားလုံးသည် သာမန်လိုအပ်ချက်များဖြစ်သည်။ လူတို့၏နေ့စဉ် နေထိုင်စားသောက်သည့် စနစ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ထိုအရာများသည် မဆိုးယုတ်ပေ။ ဤသို့ဆိုလျှင် ငါယခုပြောခဲ့သည့် လုပ်ရပ်များကို ဆိုးယုတ်သည်ဟု အဘယ်ကြောင့် သတ်မှတ်သနည်း။ အဘယ်ကြောင့်ဆိုသော် အမှုအရာများကို ဤသို့လုပ်ဆောင်သည့်ပုံစံများသည် လူတို့အား မှားယွင်းပြီး အဓိပ္ပာယ်မရှိသောလမ်းကြောင်းကို ပို့ဆောင်ပေးသည်။ လူတို့အား ဘာသာရေးလမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးသည်။ ၎င်းတို့က ဤသို့ လက်တွေ့လုပ်ဆောင်ခြင်း၊ ဤသို့ လုပ်ဆောင်ရန် အခြားလူများကို သင်ကြားပေးခြင်းသည် လူတို့အား မကောင်းသောလမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးသည်။ ဤသည်မှာ ရှောင်လွှဲ၍မရသော ရလဒ်ဖြစ်သည်။ လူတို့သည် မကောင်းသော လောကီရေပန်းစားသောအရာများကို ကိုးကွယ်ပြီး မကောင်းမှုလမ်းကြောင်းကို လျှောက်သောအခါ ၎င်းတို့သည် မည်သို့အဆုံးသတ်သနည်း။ ၎င်းတို့သည် စာရိတ္တပျက်ပြားလာသည်။ အသိစိတ် ဆုံးရှုံးသည်။ အရှက်မရှိကြပေ။ အဆုံးတွင် ၎င်းတို့သည် လောကီရေးပန်းစားသောအရာများကြောင့် လုံးဝ စိတ်မထိန်းနိုင်ဖြစ်ကြပြီး ပျက်စီးခြင်းထဲသို့ လျှောက်သွားကြသည်။ မယုံကြည်သူများနှင့် မခြားနားပေ။ လူအချို့သည် ဤမိစ္ဆာဒိဋ္ဌိများနှင့် အတွေးမှားများကို လိုက်နာရမည့် စည်းကမ်းများ၊ သို့မဟုတ် နာခံရမည့် ပညတ်များအဖြစ် မှတ်ယူရုံသာမကဘဲ ၎င်းတို့ကို သမ္မာတရားအဖြစ်လည်း စွဲကိုင်ထားကြသည်။ ဤသည်မှာ ဝိညာဉ်ရေးနားလည်မှုလုံးဝကင်းမဲ့သည့် အဓိပ္ပာယ်မရှိသောသူတစ်ယောက်ဖြစ်သည်။ အဆုံးတွင် ထိုသူသည် ဖယ်ရှားခြင်းကိုသာ ခံရနိုင်သည်။ သမ္မာတရားအပေါ် နားလည်မှုသည် အလွန်တိမ်းစောင်းနေသော မည်သူမဆို၌ သန့်ရှင်းသောဝိညာဉ်တော်က အလုပ်လုပ်နိုင်သလော။ (မလုပ်နိုင်ပါ။) ဤလူတို့တွင် သန့်ရှင်းသောဝိညာဉ်တော်က အလုပ်မလုပ်ပေ။ ဤအခြေအနေတွင် ဝိညာဉ်ဆိုးများက အလုပ်လုပ်သည်။ ဤလူများလျှောက်သည့် လမ်းကြောင်းသည် မကောင်းမှုလမ်းကြောင်းဖြစ်သောကြောင့် ၎င်းတို့သည် ဝိညာဉ်ဆိုးများ၏ လမ်းကြောင်းတစ်လျှောက်တွင် လျင်မြန်စွာ လှုပ်ရှားနေကြသည်။ ဤသည်မှာ ဤဝိညာဉ်ဆိုးများက လိုအပ်သည့်အရာ အတိအကျပင်ဖြစ်သည်။ ရလဒ်မှာ အဘယ်သို့နည်း။ ဤလူများသည် ဝိညာဉ်ဆိုးများ၏ ပူးခြင်းကို ခံရသည်။ ယခင်က “စာတန်မာရ်နတ်သည်၊ ဟိန်းသော ခြင်္သေ့ကဲ့သို့ နေရာအနှံ့ချောင်းမြောင်းလျက် လူတို့ကို မျိုဖို့ရန်အတွက် ရှာဖွေလျက်ရှိ၏။” ဟူ၍ ငါဆိုခဲ့သည်။ လူတို့သည် ကွေ့ကောက်ပြီး ဆိုးယုတ်သောလမ်းကို လျှောက်သောအခါ ၎င်းတို့သည် ဝိညာဉ်ဆိုးများက လုယူခြင်းကို မလွှဲမရှောင်သာ ခံရလိမ့်မည်။ ဘုရားသခင်အနေဖြင့် သင့်အား ဝိညာဉ်ဆိုးများဆီသို့ ပေးအပ်ရန် မလိုအပ်ပေ။ သင်သည် သမ္မာတရားကို မလိုက်စားလျှင် ကာကွယ်ခြင်းခံရမည်မဟုတ်ပေ။ ဘုရားသခင်က သင်နှင့်အတူရှိမည်မဟုတ်ပေ။ ဘုရားသခင်က သင့်အား မရယူနိုင်လျှင် သင့်အား ဂရုစိုက်မည်မဟုတ်ပေ။ ဝိညာဉ်ဆိုးများက သင့်ထံသို့ လျှိူဝင်ပြီး ပူးကပ်ရန် ဤအခွင့်အရေးကို ယူလိမ့်မည်။ ဤသည်မှာ အကျိုးဆက်ဖြစ်သည်မဟုတ်လော။ သမ္မာတရားကို စိတ်ကုန်ပြီး ဘုရားသခင်၏ လူ့ဇာတိခံခြင်းအမှုကို စဉ်ဆက်မပြတ် ရှုတ်ချသော၊ လောကီရေပန်းစားသောအရာများနောက်သို့လိုက်သော၊ ဘုရားနှုတ်ကပတ်တော်နှင့် ကျမ်းစာကို ပြောင်ပြောင်တင်းတင်း အနက်ဖွင့်သော၊ မိစ္ဆာဒိဋ္ဌိများနှင့် အတွေးမှားများကို ဖြန့်သောသူအားလုံးတို့ လုပ်ဆောင်သော ဤအရာများအားလုံးသည် ဆိုးယုတ်သော စိတ်သဘောထားမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ လူအချို့သည် ဝိညာဉ်ရေးကို လိုက်စားသည်။ ပြီးလျှင် ၎င်းတို့၏ နားလည်မှုသည် တိမ်းစောင်းနေသောကြောင့် လူတို့ကို အမြင်မှားစေရန်အတွက် အတွေးမှားများစွာကို လုပ်ဇာတ်ခင်းကြသည်။ ပြီးလျှင် ၎င်းတို့သည် စိတ်ကူးယဉ်သမားများ၊ သီအိုရီသမားများဖြစ်လာကြသည်။ ဤသည်မှာလည်း ယုတ်မာခြင်းကို ကျူးလွန်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဆိုးယုတ်သောလူများဖြစ်သည်။ ဖာရိရှဲများကဲ့သို့ပင် ၎င်းတို့လုပ်ဆောင်သမျှတိုင်းသည် ကြောင်သူတော်ဆန်သည်။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဘဲ လူတို့အား ၎င်းတို့ကို အထင်ကြီးလေးစားပြီး ကိုးကွယ်စေရန် လှည့်စားသည်။ သခင်ယေရှုက အမှုပြုရန် ပေါ်ထွန်းသောအခါတွင် ၎င်းတို့သည် သူ့ကိုပင် ကားစင်တင်ခဲ့ကြသည်။ ဤသည်မှာ ဆိုးယုတ်ပြီး အဆုံးတွင် ဘုရားသခင်၏ ကျိန်ဆဲခြင်းကို ခံရသည်။ ယခုအခါတွင် ဘာသာရေးလောကသည် ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်ကို ဝေဖန်အပြစ်တင်ပြီး ရှုတ်ချရုံမကဘဲ ရွံရှာဖွယ်အကောင်းဆုံးသောအရာမှာ အဆင်းနီသောနဂါးကြီးဘက်တွင်လည်း ရပ်တည်ပြီး မကောင်းသော အင်အားစုများနှင့်ပူးပေါင်းကာ အတိုင်အဖောက်ညီညီဖြင့် ဘုရားသခင်ရွေးချယ်ထားသောသူများကို ဖိနှိပ်ပြီး ဘုရားသခင်၏ ရန်သူအဖြစ် ရပ်တည်သည်။ ဤသည်မှာ ဆိုးယုတ်သည်။ ဘာသာရေးအသိုင်းအဝိုင်းသည် စာတန်၏ ဆိုးယုတ်သော အင်အားစုများကို မည်သည့်အခါမျှ မုန်းတီးခြင်းမရှိခဲ့ပေ။ အဆင်းနီသောနဂါးကြီး၏ နိုင်ငံ၏ ဆိုးယုတ်မှုကို မမုန်းတီးဘဲ ထိုအစား ၎င်းအတွက် ဆုတောင်းပြီး မေတ္တာပို့သသည်။ ဤသည်မှာ ဆိုးယုတ်သည်။ စာတန်နှင့် ဝိညာဉ်ဆိုးများနှင့် ဆက်စပ်နေသော မည်သည့်အပြုအမူမဆိုကို စုပေါင်းပြီး ဆိုးယုတ်သည်ဟု ခေါ်ဆိုနိုင်သည်။ ဤသို့ လက်တွေ့လုပ်ဆောင်သည့်ပုံစံများသည် အမှန်ပင် စံနှုန်းဖြင့် မကိုက်ညီဘဲ ဆိုးယုတ်သည်။ အစွန်းရောက်သည်။ လွန်ကြူးသည်။ ဤအရာများသည်လည်း ဆိုးယုတ်သည်။ လူအချို့သည် ဘုရားသခင်ကို စဉ်ဆက်မပြတ် နားလည်မှုလွဲကြသည်။ ၎င်းတို့အား သမ္မာတရားကို မည်သို့ မိတ်သဟာယဖွဲ့ပါစေ ဤနားလည်မှုလွဲခြင်းများကို မရှင်းလင်းနိုင်ပေ။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ကျိုးကြောင်းပြဆိုမှုကို အစဉ်ဟောကြားကြပြီး ၎င်းတို့၏ ကိုယ်ပိုင်အတွေးမှားများကို မပြတ်ပြောဆိုကြသည်။ ဤတွင်လည်း ဆိုးယုတ်မှုအနည်းငယ်ရှိသည်မဟုတ်လော။ လူအချို့သည် ဘုရားသခင်နှင့်ပတ်သက်ပြီး အယူအဆများရှိကြသည်။ ၎င်းတို့အား သမ္မာတရားကို ကြိမ်ဖန်များစွာ မိတ်သဟာယဖွဲ့ပြီးနောက်တွင် ၎င်းတို့သည် နားလည်သည်ဟူ၍လည်းကောင်း၊ ၎င်းတို့၏ အယူအဆများက ရှင်းလင်းသွားသည်ဟူ၍လည်းကောင်း ဆိုသည်။ သို့တိုင်အောင် ပြီးနောက်တွင် ၎င်းတို့သည် ၎င်းတို့၏ အယူအဆများကို ဖက်တွယ်နေဆဲဖြစ်သည်။ အစဉ်သဖြင့် အပျက်သဘောဆောင်ကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်ဆင်ခြေများကို တင်းကျပ်စွာ ဖက်တွယ်ထားသည်။ ဤသည်မှာ ဆိုးယုတ်သည်မဟုတ်လော။ ယင်းသည်လည်း ဆိုးယုတ်ခြင်းတစ်မျိုးဖြစ်သည်။ အနှစ်ချုပ်လျှင် ကျိုးကြောင်းမသင့်သည့် တစ်စုံတစ်ခုကို လုပ်ဆောင်ပြီး သမ္မာတရားကို မည်မျှ မိတ်သဟာယဖွဲ့ပါစေ လက်ခံရန် ငြင်းဆန်သောသူသည် ယုတ်မာပြီး အတော်အတန်ဆိုးယုတ်သည်။ ဆိုးယုတ်သော စိတ်သဘောထားရှိသူများအတွက် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရရန် မလွယ်ကူပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သမ္မာတရားကို လက်မခံနိုင်ဘဲ ၎င်းတို့၏ ဆိုးယုတ်သော အတွေးမှားများကို လက်လွတ်ရန် ငြင်းဆန်သောကြောင့်ဖြစ်သည်။ အမှန်တကယ်ပင် ၎င်းတို့လုပ်ဆောင်နိုင်သောအရာ တစ်ခုမျှမရှိပေ။

စုစုပေါင်း စိတ်သဘောထားခြောက်ခုကို ငါတို့ ယခု မိတ်သဟာယပြုခဲ့သည်။ ခေါင်းမာခြင်း၊ မာနထောင်လွှားခြင်း၊ လှည့်စားခြင်း၊ သမ္မာတရားအား စိတ်ကုန်ခြင်း၊ ကြမ်းတမ်းခြင်းနှင့် ဆိုးယုတ်ခြင်းတို့ဖြစ်သည်။ ဤစိတ်သဘောထားခြောက်ခုကို ပိုင်းခြားသိမြင်ခြင်းအားဖြင့် သင်တို့သည် စိတ်သဘောထားပြောင်းလဲမှုများနှင့်ပတ်သက်ပြီး အသိပညာအသစ်နှင့် နားလည်မှုကို ရရှိခဲ့သလော။ စိတ်သဘောထား ပြောင်းလဲမှုများမှာ အဘယ်နည်း။ ယင်းသည် အားနည်းချက်တစ်ခုခုကို ဖယ်ရှားခြင်း၊ အပြုအမူတစ်ခုခုကို ပြုပြင်ခြင်း၊ သို့မဟုတ် စရိုက်လက္ခဏာတစ်ခုခုအား ပြောင်းလဲခြင်းကို ဆိုလိုသလော။ လုံးဝ မဟုတ်ပေ။ ဤသို့ဆိုလျှင် ယခု သင်တို့သည် စိတ်သဘောထားက မည်သည့်အရာကို ညွှန်းဆိုသည်ကို အနည်းငယ်ပို၍ ရှင်းလင်းသလော။ ဤစိတ်သဘောထားခြောက်ခုသည် လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအဖြစ်၊ လူ၏ သဘာဝနှင့် အနှစ်သာရအဖြစ် ဖော်ပြနိုင်သလော။ (ဖော်ပြနိုင်သည်။) ဤစိတ်သဘောထားခြောက်ခုသည် အပြုသဘောဆောင်သောအရာများဖြစ်သလော၊ သို့မဟုတ် အပျက်သဘောဆောင်သောအရာများဖြစ်သလော။ (အပျက်သဘောဆောင်သောအရာများဖြစ်သည်။) ၎င်းတို့သည် အလွန်ရိုးရှင်းစွာပင် လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြစ်သည်။ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အဓိက ရှုထောင့်များဖြစ်သည်။ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများတွင် ဘုရားသခင်နှင့် သမ္မာတရားအား မဆန့်ကျင်သော စိတ်သဘောထားမရှိပေ။ အပြုသဘောဆောင်သောအရာတစ်ခုဖြစ်သော စိတ်သဘောထားမရှိပေ။ ထို့ကြောင့် ဤစိတ်သဘောထားခြောက်ခုသည် လက္ခဏာသွင်ပင် ခြောက်ခုဖြစ်သည်။ စုပေါင်းပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအဖြစ် ညွှန်းဆိုသည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် လူ၏ သဘာဝနှင့် အနှစ်သာရဖြစ်သည်။ “အနှစ်သာရ” ကို မည်သို့ ရှင်းလင်းနိုင်သနည်း။ အနှစ်သာရသည် လူ၏ သဘာဝကို ရည်ညွှန်းသည်။ လူ၏ သဘာဝဆိုသည်မှာ လူက သူ၏ ဖြစ်တည်မှုအတွက် အမှီပြုသောအရာများ၊ သူနေထိုင်သည့်ပုံစံကို ထိန်းချုပ်သောအရာများကို ဆိုလိုသည်။ လူတို့သည် ၎င်းတို့၏ သဘာဝများဖြင့် အသက်ရှင်သည်။ သင်သည် မည်သို့ အသက်ရှင်နေထိုင်သည်ဖြစ်စေ၊ သင်၏ ပန်းတိုင်များနှင့် ဦးတည်ချက်က မည်သည့်အရာဖြစ်စေ၊ မည်သည့်စည်းကမ်းများဖြင့် သင် အသက်ရှင်သည်ဖြစ်စေ သင်၏ သဘာဝနှင့် အနှစ်သာရက မပြောင်းလဲပေ။ ဤသည်မှာ မငြင်းနိုင်ပေ။ ထို့ကြောင့် သင်သည် သမ္မာတရားကို မပိုင်ဆိုင်သောအခါ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အမှီပြုပြီး အသက်ရှင်သည်။ သင်အသက်ရှင်နေထိုင်သည့် အရာရာတိုင်းက ဘုရားကို ဆန့်ကျင်သည်။ သမ္မာတရားနှင့် ကွဲလွဲသည်။ ဘုရားအလိုတော်နှင့် မကိုက်ညီပေ။ သင်သည် ဤအရာကို ယခုနားလည်သင့်သည်။ လူတို့သည် ၎င်းတို့၏ စိတ်သဘောထား မပြောင်းလဲလျှင် ကယ်တင်ခြင်းကို ရယူနိုင်သလော။ (မရယူနိုင်ပါ။) ဤသည်မှာ ဖြစ်နိုင်မည်မဟုတ်ပေ။ ဤသို့ဆိုလျှင် လူတို့၏ စိတ်သဘောထားများက မပြောင်းလဲလျှင် ၎င်းတို့သည် ဘုရားသခင်နှင့် သဟဇာတဖြစ်နိုင်သလော။ (မဖြစ်နိုင်ပါ။) ယင်းသည် အလွန်အမင်း ခက်ခဲလိမ့်မည်။ ဤစိတ်သဘောထားခြောက်ခုနှင့် ပတ်သက်လျှင်၊ မည်သည့် စိတ်သဘောထားဖြစ်စေ၊ သင့်တွင် မည်သည့်အရာ ပြသသည်၊ သို့မဟုတ် ဖွင့်ပြသည်ဆိုသည့် အတိုင်းအတာဖြင့် မသက်ဆိုင်ဘဲ သင်သည် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ကန့်သတ်မှုမှ သင့်ကိုယ်သင် မလွတ်မြောက်စေနိုင်လျှင် သင့်လုပ်ရပ်များ၏ ရည်ရွယ်ချက်၊ သို့မဟုတ် ဦးတည်ချက်များက မည်သို့ရှိသည်ဖြစ်စေ၊ သင်သည် တမင်လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ သင်လုပ်ဆောင်သည့်အရာအားလုံး၏ သဘာဝမှာ မလွှဲမရှောင်သာဖြင့် ဘုရားသခင်ကို ဆန့်ကျင်နေလိမ့်မည်။ ပြီးလျှင် မလွှဲမရှောင်သာဖြင့် ဘုရားသခင်က ရှုတ်ချခြင်းကို ခံရမည်။ ဤသည်မှာ အလွန်အမင်း ဆိုးရွားသော အကျိုးဆက်ဖြစ်သည်။ ဘုရားသခင်ရှုတ်ချခြင်းကို ခံရခြင်းသည် ဘုရားသခင်ကို ယုံကြည်သူတိုင်းက အဆုံးစွန် ဆန္ဒရှိသည့်အရာဖြစ်သလော။ (မဟုတ်ပါ။) ဤသည်မှာ လူတို့ ဆန္ဒရှိသည့် ရလဒ်မဟုတ်သောကြောင့် ၎င်းတို့အတွက် မည်သည့်အရာကို လုပ်ဆောင်ခြင်းသည် အရေးကြီးဆုံး ဖြစ်သနည်း။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို သိသင့်သည်။ သမ္မာတရားကို နားလည်သင့်သည်။ ထို့နောက် သမ္မာတရားကို လက်ခံသင့်သည်။ ၎င်းတို့အတွက် ဘုရားသခင်က ဖန်တီးပေးသော ဝန်းကျင်တွင် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ တဖြည်းဖြည်းချင်း၊ နည်းနည်းချင်းစီဖြင့် မိမိတို့ကိုယ်ကို လွတ်မြောက်စေသင့်သည်။ ဘုရားသခင်နှင့် သမ္မာတရားနှင့် သဟဇာတဖြစ်ခြင်းကို ရယူသင့်သည်။ ဤသည်မှာ မိမိ၏ စိတ်သဘောထားပြောင်းလဲခြင်း လမ်းကြောင်းဖြစ်သည်။

ယခင်က မိမိတို့၏ စိတ်သဘောထားပြောင်းလဲခြင်းသည် အလွန်လွယ်ကူပြီး ရိုးရှင်းသည်ဟု မြင်သောသူများရှိသည်။ ၎င်းတို့က “ဘုရားသခင်အား ဆန့်ကျင်သည့်အရာများကို မပြောရန်၊ သို့မဟုတ် အသင်းတော်အလုပ်ကို နှောင့်ယှက်မည့်၊ စွက်ဖက်မည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်ရန် ကိုယ့်ကိုယ်ကိုယ် မဖြစ်မနေခိုင်းစေသရွေ့၊ ငါသည် မှန်ကန်သော အမြင်ရှုထောင့်ရှိသရွေ့၊ ငါ၏ စိတ်နှလုံးသည် မှန်ကန်သရွေ့၊ သမ္မာတရားကို အနည်းငယ်ပို၍ နားလည်ပြီး ပို၍ အားစိုက်ထုတ်သရွေ့၊ ပို၍ ဒုက္ခခံပြီး ပို၍ အဖိုးအခပေးဆပ်သရွေ့ နှစ်အနည်းငယ်ကြာပြီးနောက်တွင် ငါသည် ငါ၏ စိတ်သဘောထားပြောင်းလဲမှုကို သေချာပေါက် ရရှိနိုင်လိမ့်မည်။” ဟူ၍ ယုံကြည်ကြသည်။ ဤစကားများသည် ခိုင်လုံသလော။ (မခိုင်လုံပါ။) ၎င်းတို့၏ အမှားသည် မည်သည့်နေရာတွင်ရှိသနည်း။ (၎င်းတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိမြင်မှုမရှိပါ။) မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိမြင်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ (ပြောင်းလဲရန်ဖြစ်သည်။) ဤပြောင်းလဲခြင်း၏ ရလဒ်မှာ အဘယ်နည်း။ သမ္မာတရားကို ရရှိရန်ဖြစ်သည်။ သင်၏ စိတ်သဘောထားတွင် ပြောင်းလဲမှုရှိမရှိတိုင်းတာခြင်းသည် သင်၏ လုပ်ရပ်များက သမ္မာတရားနှင့် ကိုက်ညီမှုရှိသလော၊ သမ္မာတရားကို ချိုးဖောက်သလော၊ သင်၏ လုပ်ရပ်များသည် လူသား၏ စိတ်ဆန္ဒကြောင့်ဖြစ်သလော၊ ဘုရားအလိုတော်ကို ကျေနပ်စေခြင်းခြင်းကြောင့် ဖြစ်သလောဆိုသည်တို့ကို ကြည့်ရှုဖို့ လိုအပ်သည်။ သင်၏ စိတ်သဘောထား ပြောင်းလဲသည့် အတိုင်းအတာကို ကြည့်ခြင်းသည် သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်နိုင်ခြင်းရှိမရှိကိုလည်းကောင်း၊ သင်၏ ဇာတိပကတိ၊ ရည်ရွယ်ချက်များ၊ အားကြီးသော ရည်မှန်းချက်များ၊ ဆန္ဒများကို စွန့်ပစ်နိုင်ခြင်းရှိမရှိကိုလည်းကောင်း၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို သင်ဖွင့်ပြသောအခါ သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်နိုင်ခြင်းရှိမရှိကိုလည်းကောင်း ကြည့်ခြင်းဖြစ်သည်။ သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်နှင့်အညီ သင် လက်တွေ့လုပ်ဆောင်နိုင်သည့်အရည်အချင်း၏ အတိုင်းအတာနှင့် သင်၏ လက်တွေ့လုပ်ဆောင်မှုသည် သမ္မာတရား၏ စံနှုန်းများဖြင့် အပြည့်အဝ ကိုက်ညီခြင်းရှိမရှိဆိုသည်မှာ သင်၏ စိတ်သဘောထားပြောင်းလဲမှု မည်မျှကြီးမားသည်ဆိုသည်ကို သက်သေပြသည်။ ဤသည်မှာ ထပ်တူအချိုးကျသည်။ ဥပမာအားဖြင့် ခေါင်းမာခြင်းစိတ်သဘောထားကို ကြည့်လော့။ အစတွင် သင်၏ စိတ်သဘောထား၌ ပြောင်းလဲမှုတစ်ခုခုမရှိသောအခါတွင် သင်သည် သမ္မာတရားကို နားမလည်သကဲ့သို့ သင့်တွင် ခေါင်းမာသည့် စိတ်သဘောထားရှိသည်ကိုလည်း သတိမမူမိပေ။ သမ္မာတရားကို သင်ကြားသောအခါ “သမ္မာတရားသည် လူတို့၏ ဒဏ်ရာဒဏ်ချက်များကို အဘယ်သို့ ချပြနိုင်သနည်း။” ဟု စဉ်းစားသည်။ ဘုရားနှုတ်ကပတ်တော်ကို သင်ကြားပြီးနောက်တွင် မှန်ကန်သည်ဟု သင်ခံစားရသည်။ သို့သော် တစ်နှစ်၊ နှစ်နှစ်ကြာပြီးနောက်တွင် သင်သည် မည်သည့်အရာကိုမျှ စိတ်ထဲမထည့်လျှင်၊ မည်သည့်အရာကိုမျှ သင် လက်မခံလျှင် ဤသည်မှာ ခေါင်းမာခြင်းမဟုတ်လော။ နှစ်နှစ်၊ သုံးနှစ်ကြာပြီးနောက်တွင် လက်ခံခြင်းမရှိလျှင်လည်းကောင်း၊ သင်၏ အတွင်းတွင် ပြောင်းလဲခြင်းမရှိလျှင်လည်းကောင်း၊ သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် နောက်ကျကျန်ခြင်း မရှိခဲ့သော်လည်း များစွာ ဒုက္ခခံသော်လည်း သင်၏ ခေါင်းမာသော အခြေအနေက လုံးဝ မဖြေရှင်းရသေးလျှင်လည်းကောင်း၊ သို့မဟုတ် အနည်းငယ်မျှပင် လျော့နည်းမသွားလျှင်လည်းကောင်း သင်၏ ဤစိတ်သဘောထား လက္ခဏာသွင်ပြင်တွင် ပြောင်းလဲမှုတစ်ခုခုရှိသလော။ (မရှိပါ။) ဤသို့ဆိုလျှင် သင်သည် အဘယ်ကြောင့် များစွာအလုပ်ရှုပ်ပြီး အလုပ်လုပ်နေသနည်း။ သင် ဤသို့လုပ်ဆောင်သည့် အကြောင်းပြချက်က မည်သို့ရှိသည်ဖြစ်စေ သင်သည် ဤမျှအလုပ်ရှုပ်ပြီး ဤမျှအလုပ်လုပ်နေသည့်တိုင် သင်၏ စိတ်သဘောထားတွင် အနည်းငယ်မျှပင် ပြောင်းလဲခြင်းမရှိသောကြောင့် သင်သည် မမြင်မကန်းဖြင့် များစွာအလုပ်ရှုပ်ပြီး အလုပ်လုပ်နေခြင်းဖြစ်သည်။ “ငါသည် သက်သေခံချက်ဖြစ်သည့် စကားတစ်ခွန်းမျှပင် မပြောနိုင်သည်မှာ အဘယ်သို့ဖြစ်သနည်း။ ငါ၏ အသက်စိတ်သဘောထားသည် လုံးဝ မပြောင်းလဲပေ။” ဟု သင့်ကိုယ်သင် ရုတ်တရက် စဉ်းစားသည့် နေ့ရက်သို့ ရောက်လာသည်အထိဖြစ်သည်။ ဤအချိန်တွင် ဤပြဿနာသည် မည်မျှအရေးကြီးသည်ကို သင်ခံစားရပြီး သင်သည် “ငါသည် အမှန်ပင် ပုန်ကန်တတ်ပြီး ခေါင်းမာသည်။ သမ္မာတရားကို လိုက်စားသောသူမဟုတ်ပေ။ ငါ၏ စိတ်နှလုံးအတွင်းတွင် ဘုရားသခင်အတွက် နေရာမရှိပေ။ ဤအရာကို ဘုရားအပေါ် ယုံကြည်ခြင်းဟု အဘယ်သို့ဆိုနိုင်သနည်း။ ငါသည် ဘုရားသခင်ကို နှစ်အနည်းငယ် ယုံကြည်ခဲ့သော်လည်း လူ၏ ပုံရိပ်အတိုင်း အသက်ရှင်နေထိုင်ခြင်း မရှိသေးသကဲ့သို့ ငါ၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် နီးစပ်ခြင်းလည်း မရှိပေ။ ဘုရားနှုတ်ကပတ်တော်ကိုလည်း စိတ်ထဲတွင် မှတ်မထားသကဲ့သို့ အမှားတစ်ခုခုကို ငါ ပြုလုပ်သောအခါတွင် အပြစ်တင်သည့်စိတ်တစ်ခုခု၊ သို့မဟုတ် နောင်တရလိုသည့် စိတ်ဆန္ဒမရှိပေ။ ဤသည်မှာ ခေါင်းမာခြင်းမဟုတ်လော။ ငါသည် ပုန်ကန်သည့် သားတစ်ယောက်မဟုတ်လော။” ဟု တွေးမိသည်။ သင်သည် စိတ်ညစ်မိသည်။ သင် စိတ်ညစ်သည်မှာ မည်သို့အဓိပ္ပာယ်ရသနည်း။ သင်သည် နောင်တရလိုသည်ဟု ဆိုလိုသည်။ သင်သည် သင်ကိုယ်တိုင်၏ ခေါင်းမာခြင်းနှင့် ပုန်ကန်ခြင်းကို သတိပြုမိသည်။ ဤအချိန်တွင် သင်၏ စိတ်သဘောထားက စတင်ပြောင်းလဲသည်။ သင် သတိမထားမိသော်လည်း သင်၏ အသိစိတ်အတွင်းတွင် သင်ပြောင်းလဲလိုသည့် အတွေးနှင့် ဆန္ဒအချို့ရှိသည်။ ဘုရားသခင်နှင့်ပတ်သက်ပြီး သင့်ကိုယ်သင် ထွက်ပေါက်မရှိသော အခြေအနေတွင်ရှိနေသည်ဟု မမြင်တော့ပေ။ သင်သည် ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးကို တိုးတက်စေလိုသည်ကိုလည်းကောင်း၊ အလွန်ပင် ခေါင်းမာလိုခြင်းမရှိတော့သည်ကိုလည်းကောင်း၊ သင်၏ နေ့စဉ်အသက်တာတွင် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်လိုသည်ကိုလည်းကောင်း၊ သမ္မာတရား၏ စည်းမျဉ်းများအဖြစ် လက်တွေ့လုပ်ဆောင်လိုသည်ကိုလည်းကောင်း သင့်ကိုယ်သင် တွေ့ရှိရသည်။ သင့်တွင် ဤအသိတရားရှိသည်။ သင်သည် ဤအရာများကို သတိပြုမိသည်မှာ ကောင်းသည်။ သို့သော် ဤသည်မှာ သင်သည် ချက်ချင်း ပြောင်းလဲနိုင်လိမ့်မည်ဟု ဆိုလိုသလော။ (မဆိုလိုပါ။) သင်သည် အတွေ့အကြုံနှစ်အချို့ကို ဖြတ်သန်းရမည်။ ဤအချိန်ကာလအတွင်းတွင် သင်၏ စိတ်နှလုံး၌ ပို၍ပင် ရှင်းလင်းသောအသိ ရှိလိမ့်မည်။ ပြီးလျှင် သင့်၌ အားကြီးသော လိုအပ်ချက်တစ်ခုရှိလိမ့်မည်။ သင်၏ စိတ်နှလုံးတွင် “ဤသည်မှာ မမှန်ကန်ပေ။ ငါသည် အချိန်ဖြုန်းခြင်းကို ရပ်တန့်ရမည်။ သမ္မာတရားအား လိုက်စားရမည်။ သင့်တင့်လျောက်ပတ်သောအရာတစ်ခုကို လုပ်ဆောင်ရမည်။ ယခင်က ငါ၏ သင့်လျော်သော တာဝန်များကို လျစ်လျူရှုနေခဲ့ပြီး အစားအစာ၊ အဝတ်အစားကဲ့သို့သော ရုပ်ဝတ္ထုများကိုသာ စဉ်းစားနေခဲ့သည်။ နာမည်နှင့် အကျိုးအမြတ်ကိုသာ လိုက်စားနေခဲ့သည်။ ရလဒ်အနေဖြင့် သမ္မာတရားကို လုံးဝ မရရှိခဲ့ပေ။ ငါသည် ဤအရာကို နောင်တရသည်။ ဝန်ချရမည်ဖြစ်သည်။” တွေးသည်။ ဤအချိန်တွင် သင်သည် ဘုရားသခင်အပေါ် ယုံကြည်ခြင်း၏ မှန်ကန်သောလမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းပြီဖြစ်သည်။ လူတို့သည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းကို စတင် အာရုံစိုက်သရွေ့ ၎င်းတို့၏ စိတ်သဘောထားပြောင်းလဲခြင်းဖြင့် တစ်ဆင့်ပို၍ နီးစပ်သည်မဟုတ်လော။ သင်သည် ဘုရားသခင်ကို ယုံကြည်သည်မှာ မည်မျှကြာသည်ဖြစ်စေ သင်ကိုယ်တိုင်၏ စိတ်ရှုပ်ထွေးမှုကို ခံစားသိရှိနိုင်လျှင်လည်းကောင်း၊ သင်သည် အစဉ်သဖြင့် လေလွင့်နေခြင်းသာရှိသည်၊ နှစ်အတန်ကြာ လေလွင့်နေပြီးနောက်တွင် သင်သည် မည်သည့်အရာမျှမရရှိဘဲ အနှစ်မဲ့ခြင်းကို ခံစားနေရဆဲဖြစ်သည်ဆိုသည်ကို သင် ခံစားသိရှိလျှင်လည်းကောင်း၊ ဤအရာကြောင့် သင်သည် သက်သောင့်သက်သာမရှိဘဲ သင့်ကိုယ်သင် စတင်၍ ဆင်ခြင်သုံးသပ်လျှင်လည်းကောင်း၊ သမ္မာတရားအား မလိုက်စားခြင်းသည် အချိန်ဖြုန်းတီးခြင်းဖြစ်သည်ဟု သင် ခံစားရလျှင်လည်းကောင်း ထိုသို့သောအချိန်တွင် ဘုရားသခင်၏ တွန်းအားပေးသောစကားများသည် လူသားအပေါ် သူ၏ ချစ်ခြင်းဖြစ်သည်ဟု သင် နားလည်သဘောပေါက်လိမ့်မည်။ ပြီးလျှင် သင်သည် ဘုရားနှုတ်ကပတ်တော်များကို နားမထောင်ခြင်းအတွက်၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားအလွန်ကင်းမဲ့သည့်အတွက် သင့်ကိုယ်သင် မုန်းတီးလိမ့်မည်။ သင်သည် နောင်တရလိမ့်မည်။ ထို့နောက်တွင် သင့်ကိုယ်သင် အသစ်တဖန် ပြုမူနေထိုင်လိုလိမ့်မည်။ ပြီးလျှင် ဘုရားသခင်ရှေ့တွင် အမှန်တကယ် အသက်ရှင်လိုလိမ့်မည်။ “ငါသည် ဘုရားသခင်အား ဆက်၍ နာကျင်စေ၍ မဖြစ်တော့ပေ။ ဘုရားသခင်သည် များစွာ ပြောဆိုခဲ့ပြီးဖြစ်သည်။ စကားလုံးတိုင်းက လူသား၏ အကျိုးအမြတ်အတွက်ဖြစ်သည်။ လူသားအား လမ်းမှန်ကို ညွှန်ပြရန်ဖြစ်သည်။ ဘုရားသခင်သည် အလွန် ချစ်ဖွယ်ကောင်းသည်။ လူသား၏ ချစ်ခြင်းနှင့် အလွန်ထိုက်တန်သည်။” ဟူ၍ သင့်ကိုယ်သင် ပြောလိမ့်မည်။ ဤသည်မှာ လူတို့၏ ပြောင်းလဲခြင်း၏ အစဖြစ်သည်။ ဤသို့ တန်ဖိုးထားခြင်းရှိသည်မှာ အလွန်ပင်ကောင်းသောအရာဖြစ်သည်။ သင်သည် အလွန်ထုံထိုင်းပြီး ဤအရာများကိုပင် မသိလျှင် သင်သည် ဒုက္ခရောက်ပြီမဟုတ်လော။ ယခုအခါတွင် ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွင် အဓိကအချက်သည် ဘုရားနှုတ်ကပတ်တော်ကို ပို၍ ဖတ်ခြင်းဖြစ်သည်ကိုလည်းကောင်း၊ သမ္မာတရားအားနားလည်ခြင်းသည် အားလုံးထဲတွင် အရေးကြီးဆုံးဖြစ်သည်ကိုလည်းကောင်း၊ သမ္မာတရားကို နားလည်ခြင်းနှင့် မိမိကိုယ်ကို သိခြင်းသည် အရေးပါသည်ကိုလည်းကောင်း၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်နိုင်ခြင်းနှင့် သမ္မာတရားအား မိမိ၏ စစ်မှန်မှုအဖြစ် ပြုလုပ်ခြင်းသည်သာလျှင် ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွင် မှန်ကန်သော လမ်းကြောင်းသို့ ဝင်ရောက်ခြင်းဖြစ်သည်ကိုလည်းကောင်း လူတို့ သဘောပေါက်နားလည်ကြသည်။ ဤသို့ဆိုလျှင် သင်တို့၏ စိတ်နှလုံးတွင် ဤအသိပညာနှင့် ခံစားချက်ရှိရန်အတွက် သင်တို့တွင် အတွေ့အကြုံနှစ်မည်မျှရှိရမည်ဟု ထင်သနည်း။ လိမ္မာပါးနပ်သော၊ အသိအမြင်ရှိသော၊ ဘုရားသခင်အတွက် ပြင်းထန်သော ဆန္ဒရှိသောလူတို့ကဲ့သို့သောသူများသည် တစ်နှစ်၊ နှစ်နှစ်ဝန်းကျင်တွင် မိမိတို့ကိုယ်ကို ပြောင်းလဲနိုင်ပြီး ဝင်ရောက်မှုကို စတင်ကောင်းစတင်နိုင်သည်။ သို့သော် နားဝေတိမ်တောင်ဖြစ်သော၊ ထုံထိုင်းပြီး နုံအသော၊ အသိအမြင်မရှိသောသူများသည် တွေဝေလျက်ဖြင့် သုံးနှစ်၊ သို့မဟုတ် ငါးနှစ် ကုန်ဆုံးသွားမည်ဖြစ်ပြီး ၎င်းတို့သည် မည်သည့်အရာကိုမျှ မရရှိသေးသည်ကို သတိပြုမိမည်မဟုတ်ပေ။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်များကို စိတ်ထက်သန်စွာ ထမ်းဆောင်လျှင် ၎င်းတို့သည် တွေဝေလျက်ဖြင့် ဆယ်နှစ်ကျော်အထိ ကုန်ဆုံးသွားနိုင်ပြီး သိသာသော အကျိုးအမြတ်များကို မရရှိနိုင်သေးပေ၊ သို့မဟုတ် ၎င်းတို့၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို မပြောဆိုကောင်း မပြောဆိုနိုင်ပေ။ ၎င်းတို့သည် အဝေးသို့ စေလွှတ်ခြင်းခံရသည့်၊ သို့မဟုတ် ဖယ်ရှားခြင်းခံရသည့်အခါမှသာ နောက်ဆုံးတွင် နိုးထလာပြီး “ငါ့တွင် အမှန်တကယ်ပင် သမ္မာတရား၏ စစ်မှန်မှုလုံးဝမရှိ။ ငါသည် အမှန်ပင် သမ္မာတရားကို လိုက်စားသူတစ်ယောက်မဟုတ်ခဲ့ပေ။” ဟု မိမိကိုယ်ကို စဉ်းစားလိမ့်မည်။ ၎င်းတို့၏ နိုးထမှုသည် ဤအချိန်တွင် အနည်းငယ်နောက်မကျနေသလော။ လူအချို့သည် တွေဝေလျက် လေလွင့်နေကြပြီး ဘုရားသခင် ကြွလာသည့်နေ့ကို စဉ်ဆက်မပြတ် မျှော်လင့်နေကြသော်လည်း သမ္မာတရားအား လုံးဝ မလိုက်စားကြပေ။ ရလဒ်အနေဖြင့် ၎င်းတို့သည် မည်သည့်အကျိုးအမြတ်မျှ မရရှိဘဲ၊ သို့မဟုတ် မည်သည့်သက်သေခံချက်ကိုမျှ မမျှဝေနိုင်ဘဲ ဆယ်နှစ်ကျော်ကုန်ဆုံးသွားသည်။ ၎င်းတို့သည် ကြမ်းတမ်းစွာ ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်း၊ သတိပေးခြင်းကို ခံရသောအခါမှသာ နောက်ဆုံး၌ ဘုရားနှုတ်ကပတ်တော်က ၎င်းတို့၏ စိတ်နှလုံးသို့ ထိုးဖောက်သည်ကို ခံစားရသည်။ ၎င်းတို့၏ စိတ်နှလုံးသည် မည်မျှ ခေါင်းမာသနည်း။ ၎င်းတို့အနေဖြင့် ကိုင်တွယ်ဖြေရှင်းခြင်း၊ ပြုပြင်ခြင်း၊ အပြစ်ဒဏ်ပေးခြင်းကို မခံရခြင်းသည် အဘယ်သို့ အဆင်ပြေသနည်း။ ၎င်းတို့အနေဖြင့် ပြင်းထန်စွာ ပဲ့ပြင်ဆုံးမမှု မခံရခြင်းသည် အဘယ်သို့ အဆင်ပြေသနည်း။ ၎င်းတို့အား သတိမူမိစေရန်၊ တုံ့ပြန်မှုရှိစေရန် မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ သမ္မာတရားကို မလိုက်စားသောသူတို့သည် ခေါင်းတလားကို မမြင်ရခင်အထိ မျက်ရည်ကျမည်မဟုတ်ပေ။ ၎င်းတို့သည် မကောင်းဆိုးဝါးဆန်ပြီး ဆိုးယုတ်သောအရာ အများအပြားကို လုပ်ဆောင်ပြီးသည့်အခါမှသာ နားလည်သဘောပေါက်လာကြပြီး “ဘုရားသခင်အပေါ် ငါ၏ ယုံကြည်မှုက ပြီးဆုံးသွားပြီလော။ ဘုရားသခင်က ငါ့အား အလိုမရှိတော့သလော။ ငါသည် ရှုတ်ချခြင်းခံရပြီးဖြစ်သလော။” ဟူ၍ မိမိတို့ကိုယ်ကို ပြောဆိုကြသည်။ ၎င်းတို့သည် ဆင်ခြင်သုံးသပ်လာကြသည်။ ၎င်းတို့သည် အပျက်သဘောဆောင်သောအချိန်တွင် ဘုရားသခင်အား ယုံကြည်ခဲ့သည့် ဤနှစ်များအားလုံးသည် အလဟဿဖြစ်သည်ဟု ခံစားရပြီး များစွာ မကျေမနပ်ဖြစ်ကြသည်။ မိမိတို့ကိုယ်ကို မျှော်လင့်ချက်မရှိတော့ဟူ၍ လက်လျှော့ဖို့ ဆန္ဒရှိကြသည်။ သို့သော် ၎င်းတို့သည် အသိစိတ်ဝင်လာသောအခါ “ငါသည် ကိုယ့်ကိုယ်ကိုယ် ထိခိုက်နေခြင်းသာမဟုတ်လော။ ငါသည် ပြန်၍ ကြိုးစားရမည်။ ငါသည် သမ္မာတရားကို မချစ်ဟု ပြောခြင်းခံရသည်။ အဘယ်ကြောင့် ဤသို့ ပြောခြင်းခံရသနည်း။ သမ္မာတရားအား ငါသည် အဘယ်သို့ မချစ်သနည်း။ အလို ငါသည် သမ္မာတရားကို မချစ်ရုံမကဘဲ ငါနားလည်သည့် သမ္မာတရားများကိုပင် လက်တွေ့မလုပ်ဆောင်နိုင်ပေ။ ဤသည်မှာ သမ္မာတရားအား စိတ်ကုန်ခြင်းကို ပြသခြင်းဖြစ်သည်။” ဟူ၍ သဘောပေါက်လာသည်။ ဤသို့ စဉ်းစားလျက် ၎င်းတို့သည် အတော်အတန် နောင်တကြီးစွာရကြပြီး အတန်ငယ်ကြောက်ရွံ့ခြင်းလည်းရှိကြသည်။ “ငါသည် ဤသို့ဆက်လက် လုပ်ဆောင်နေလျှင် သေချာပေါက် အပြစ်ဒဏ်ပေးခြင်းခံရမည်။ မဖြစ်ပေ။ ငါသည် လျင်မြန်စွာ နောင်တရရမည်။ ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှား၍မဖြစ်ပေ။” ဟူ၍ ဖြစ်သည်။ ဤအချိန်တွင် ၎င်းတို့၏ ခေါင်းမာခြင်းအဆင့်က လျော့ကျသွားသလော။ ဤသည်မှာ အပ်တစ်ချောင်းက ၎င်းတို့၏ နှလုံးကို ထိုးဖောက်သွားသကဲ့သို့ဖြစ်သည်။ ၎င်းတို့သည် တစ်စုံတစ်ခုကို ခံစားရသည်။ သင်သည် ဤခံစားချက် ဖြစ်သောအခါ သင်၏ စိတ်နှလုံးသည် နှိုးဆွခြင်းခံရပြီး သမ္မာတရားကို စိတ်ဝင်စားလာသည်။ အဘယ်ကြောင့် ဤစိတ်ဝင်စားမှုရှိသနည်း။ သမ္မာတရားအား သင်လိုအပ်သောကြောင့်ဖြစ်သည်။ သမ္မာတရားမရှိလျှင် သင်သည် ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းကို ခံရသောအခါ မနာခံနိုင်ပေ၊ သို့မဟုတ် သမ္မာတရားကို လက်မခံနိုင်ပေ။ ပြီးလျှင် သင်သည် စမ်းသပ်ခြင်းခံရသောအခါ ခိုင်မာစွာ မရပ်တည်နိုင်ပေ။ သင်သည် ခေါင်းဆောင်ဖြစ်လျှင် အယောင်ဆောင်ခေါင်းဆောင်ဖြစ်ခြင်း၊ အန္တိခရစ်၏ လမ်းကြောင်းအား လျှောက်ခြင်းကို ရှောင်ကြဉ်နိုင်မည်လော။ သင် ရှောင်ကြဉ်နိုင်မည်မဟုတ်ပေ။ သင်သည် ဂုဏ်အဆင့်အတန်းရှိခြင်း၊ အခြားလူများက ချီးမွမ်းမှုကို ခံရခြင်းတို့အား ကျော်လွှားနိုင်သလော။ သင်အား ထားရှိသော အခြေအနေများ၊ သင့်အားပေးသော စမ်းသပ်မှုများကို ကျော်လွှားနိုင်သလော။ သင်သည် သင့်ကိုယ်သင်အလွန်ပင်သိပြီး နားလည်ကာ “ကျွန်ုပ်သည် သမ္မာတရားကို နားမလည်လျှင် ဤအရာအားလုံးကို မကျော်လွှားနိုင်ပေ။ ကျွန်ုပ်သည် အမှိုက်ဖြစ်သည်။ မည်သည့်အရာကိုမျှ မစွမ်းဆောင်နိုင်ပေ။” ဤသည်မှာ မည်သည့်စိတ်ထားမျိုးဖြစ်သနည်း။ ဤသည်မှာ သမ္မာတရားကို လိုအပ်ခြင်းဖြစ်သည်။ သင်သည် လိုအပ်မှုရှိနေသောအခါတွင်၊ သင်သည် အကူအညီမဲ့ဆုံးဖြစ်နေသောအချိန်တွင် သမ္မာတရားကိုသာ မှီခိုလိုလိမ့်မည်။ အခြားမည်သူ့ကိုမျှ မှီခို၍ မရနိုင်၊ သမ္မာတရားကို မှီခိုခြင်းကသာ သင်၏ ပြဿနာများကို ဖြေရှင်းနိုင်သည်။ ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်း၊ စမ်းသပ်ခြင်း၊ စုံစမ်းသွေးဆောင်ခြင်းတို့ကို ဖြတ်သန်းနိုင်ဖို့ရန် သင့်အား ကူညီပြီး မည်သည့်အခြေအနေကိုမဆို ဖြတ်သန်းနိုင်ရန် သင့်အား ကူညီပေးသည်။ သမ္မာတရားအား သင် မှီခိုလေလေ၊ သမ္မာတရားသည် ကောင်းမွန်သည်၊ အသုံးဝင်သည်၊ သင့်အတွက် အလွန်ပင် အထောက်အကူဖြစ်သည်၊ သင်၏ အခက်အခဲအားလုံးကို ဖြေရှင်းနိုင်သည်ဟု ခံစားရလေလေဖြစ်မည်။ ထိုသို့သော အချိန်များတွင် သင်သည် သမ္မာတရားကို တောင့်တလာလိမ့်မည်။ လူတို့သည် ဤနေရာသို့ ရောက်လာလျှင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် စတင်လျော့နည်းလာသလော၊ သို့မဟုတ် အနည်းငယ်ချင်းစီဖြင့် ပြောင်းလဲသလော။ ၎င်းတို့သည် သမ္မာတရားကို နားလည်ပြီး လက်ခံသည့်အချိန်မှစ၍ အမှုအရာများကို လူတို့မြင်သည့် ပုံစံသည် စတင်ပြောင်းလဲလာပြီး ထို့နောက်တွင် ၎င်းတို့၏ စိတ်သဘောထားသည်လည်း ပြောင်းလဲလာသည်။ ဤသည်မှာ နှေးကွေးသော ဖြစ်စဉ်ဖြစ်သည်။ အစောပိုင်းအဆင့်များတွင် လူတို့သည် ဤသေးငယ်သော အပြောင်းအလဲများကို မမြင်နိုင်ပေ။ သို့သော် ၎င်းတို့သည် သမ္မာတရားကို အမှန်တကယ်နားလည်ပြီး လက်တွေ့လုပ်ဆောင်နိုင်သောအခါ မရှိမဖြစ်လိုအပ်သော အပြောင်းအလဲများ စတင်ဖြစ်ပေါ်လာသည်။ ၎င်းတို့သည် ဤသို့သော အပြောင်းအလဲများကို ခံစားနိုင်သည်။ လူတို့သည် သမ္မာတရားကို စတင်တောင့်တပြီး ဆာငတ်သော၊ သမ္မာတရားကို ရှာဖွေလိုသောအချိန်မှစ၍ ၎င်းတို့အပေါ်တွင် တစ်စုံတစ်ခု ဖြစ်ပျက်သည့်အချိန်အထိတွင် သမ္မာတရားအပေါ် ၎င်းတို့၏ နားလည်မှုကို အခြေခံပြီး ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး ဘုရားအလိုတော်ကို ဖြည့်ဆည်းနိုင်သည်။ ၎င်းတို့၏ ကိုယ်ပိုင်စိတ်ဆန္ဒအတိုင်း မလုပ်ဆောင်ဘဲနေနိုင်ပြီး ၎င်းတို့၏ ရည်ရွယ်ချက်များကို ကျော်လွှားနိုင်သည်။ ၎င်းတို့၏ ကိုယ်ပိုင် မာနထောင်လွှားမှု၊ ပုန်ကန်မှု၊ ခေါင်းမာမှု၊ သစ္စာဖောက်တတ်သော စိတ်နှလုံးတို့ကို ကျော်လွှားနိုင်သည်။ ထို့နောက်တွင် တဖြည်းဖြည်းချင်းဖြင့် သမ္မာတရားသည် ၎င်းတို့၏ အသက်ဖြစ်မလာသလော။ သမ္မာတရားက သင်၏ အသက်ဖြစ်လာသောအခါ သင့်အတွင်းတွင်ရှိသော မာနထောင်လွှားခြင်း၊ ပုန်ကန်ခြင်း၊ ခေါင်းမာခြင်းနှင့် သစ္စာဖောက်တတ်သော စိတ်သဘောထားများသည် သင်၏ အသက်ဖြစ်ခြင်းမှ ရပ်တန့်သွားပြီး သင့်အား မထိန်းချုပ်နိုင်တော့ပေ။ ပြီးလျှင် ဤအချိန်တွင် သင်၏ ကျင့်ကြံပြုမူမှုကို မည်သည့်အရာက လမ်းပြသနည်း။ ဘုရားနှုတ်ကပတ်တော်ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်က သင်၏ အသက်ဖြစ်လာသောအခါ ပြောင်းလဲမှုတစ်ခုရှိသလော။ (ရှိသည်။) ထို့နောက်တွင် သင်သည် ပြောင်းလဲလေလေ၊ အခြေအနေများက ကောင်းလာလေလေဖြစ်သည်။ ဤသည်မှာ လူတို့၏ စိတ်သဘောထားပြောင်းလဲသည့် ဖြစ်စဉ်ဖြစ်သည်။ ဤသက်ရောက်မှုကို ရရှိရန်အတွက် အချိန်ကြာမြှင့်သည်။

စိတ်သဘောထားပြောင်းလဲခြင်းများက မည်မျှကြာသည်ဆိုသည်မှာ လူအပေါ်တွင် မူတည်သည်။ ဤအတွက် ပုံသေသတ်မှတ်ထားသော အချိန်အကန့်အသတ်မရှိပေ။ သမ္မာတရားကို ချစ်ပြီး သမ္မာတရားကို လိုက်စားသောသူတစ်ယောက်ဖြစ်လျှင် သူ၏ စိတ်သဘောထားပြောင်းလဲမှုများကို ခုနစ်နှစ်၊ ရှစ်နှစ်၊ သို့မဟုတ် ဆယ်နှစ်အတွင်း မြင်ရလိမ့်မည်။ သာမန်အစွမ်းအစရှိလျှင်၊ သမ္မာတရားကိုလည်း လိုက်စားလိုစိတ်ရှိလျှင် ဆယ်ငါးနှစ်၊ သို့မဟုတ် နှစ်နှစ်ဆယ်ကြာပြီးမှသာ သူ၏ စိတ်သဘောထား၌ ပြောင်းလဲမှုများကို မြင်ရနိုင်သည်။ အဓိကအချက်မှာ သမ္မာတရားကို လိုက်စားရန် ထိုသူ၏ စိတ်ခိုင်မာမှုဖြစ်ပြီး သူသည် မည်မျှ အသိအမြင်ရှိသည်ဆိုသည်တို့ဖြစ်သည်။ ဤအရာတို့သည် အဆုံးအဖြတ်ပေးသော အချက်အလက်များဖြစ်သည်။ ဖောက်ပြန်ပျက်စီးသည့် အမျိုးအစားတိုင်းက လူတိုင်းတွင် မတူညီသော အတိုင်းအတာအမျိုးမျိုးဖြင့် တည်ရှိသည်။ ထိုအရာအားလုံးသည် လူ၏ သဘာဝဖြစ်သည်။ အားလုံးက နက်နဲစွာ အမြစ်တွယ်နေသည်။ သို့ရာတွင် သမ္မာတရားအား လိုက်စားခြင်း၊ လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်လည်းကောင်း၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံခြင်းအားဖြင့်လည်းကောင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းကို ခံခြင်းအားဖြင့်လည်းကောင်း၊ ဘုရားသခင်၏ စမ်းသပ်မှုနှင့် စစ်ဆေးမှုကို လက်ခံခြင်းအားဖြင့်လည်းကောင်း ပြောင်းလဲမှုအတိုင်းအတာအမျိုးမျိုးကို စိတ်သဘောထားတိုင်းတွင် ရရှိနိုင်သည်။ လူအချို့က “ဤသို့ဆိုလျှင် စိတ်သဘောထားပြောင်းလဲမှုများသည် အချိန်နှင့်သာ သက်ဆိုင်သည်မဟုတ်လော။ အချိန်ကျလာသောအခါ စိတ်သဘောထားပြောင်းလဲမှုများသည် မည်သည့်အရာဖြစ်သည်ကို ကျွန်ုပ်သိပြီး ဝင်ရောက်နိုင်စွမ်းရှိလိမ့်မည်။” ဟု ဆိုကြသည်။ ဤသည်မှာ မှန်ကန်သလော။ (မမှန်ပါ။) လုံးဝ မမှန်ပေ။ စိတ်သဘောထားပြောင်းလဲခြင်းကို ရရှိရန်အတွက် လိုအပ်သမျှမှာ အချိန်သာဖြစ်လျှင် ၎င်းတို့၏ တစ်ဘဝလုံးတွင် ဘုရားသခင်ကို ယုံကြည်ခဲ့သော ထိုလူများအားလုံးသည် ၎င်းတို့၏ စိတ်သဘောထားပြောင်းလဲမှုများကို အလိုအလျောက် ရရှိခဲ့သင့်သည်။ သို့သော် အမှန်တကယ်တွင် ဤသို့ဖြစ်သလော။ ဤလူတို့သည် သမ္မာတရားကို ရရှိခဲ့သလော။ ၎င်းတို့၏ စိတ်သဘောထားပြောင်းလဲခြင်းကို ရရှိခဲ့သလော။ မရရှိခဲ့ပေ။ ဘုရားသခင်ကို ယုံကြည်သူတို့သည် နွားထီးတစ်ကောင်၏ အမွှေးများကဲ့သို့ များပြားသည်။ သို့သော် စိတ်သဘောထားပြောင်းလဲသူများသည် ဦးချိုတစ်ချောင်းရှိသောမြင်းကဲ့သို့ ရှားပါးသည်။ လူတို့၏ စိတ်သဘောထား အမှန်တကယ် ပြောင်းလဲရန်အတွက် ၎င်းတို့သည် သမ္မာတရားအား လိုက်စားခြင်းကို အမှီပြုရမည်။ လူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုကို အမှီပြုခြင်းအားဖြင့် စုံလင်ခြင်းခံရသည်။ စိတ်သဘောထားပြောင်းလဲမှုများသည် သမ္မာတရားအား လိုက်စားခြင်းမှတစ်ဆင့် ရရှိသည်။ တစ်ဖက်တွင် လူတို့သည် အဖိုးအခပေးဆပ်ရမည်။ သမ္မာတရားအား လိုက်စားခြင်းနှင့်ပတ်သက်လျှင် အဖိုးအခပေးဆပ်ရမည်။ သမ္မာတရားကို ရရှိရန်အတွက် ဆင်းရဲဒုက္ခပမာဏမည်မျှပင်မဆို နည်းလွန်းသည်ဟု မရှိပေ။ ထို့အပြင် သန့်ရှင်းသောဝိညာဉ်တော်က အလုပ်လုပ်ပြီး ၎င်းတို့ကို စုံလင်စေရန်အတွက် ၎င်းတို့ကို မှန်ကန်သောလူအမျိုးအစားအဖြစ်လည်းကောင်း၊ ကြင်နာသနားတတ်သောသူအဖြစ်လည်းကောင်း၊ ဘုရားသခင်ကို အမှန်တကယ်ချစ်သောသူအဖြစ်လည်းကောင်း ဘုရားသခင်က အတည်ပြုပေးရမည်ဖြစ်သည်။ လူတို့၏ ပူးပေါင်းဆောင်ရွက်ခြင်းသည် မရှိမဖြစ်သော်လည်း သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုကို ရရှိခြင်းသည် ပို၍ပင် အရေးပါသည်။ လူတို့သည် သမ္မာတရားကို မလိုက်စားလျှင်၊ သို့မဟုတ် မချစ်လျှင်လည်းကောင်း၊ ဘုရားသခင်အား ချစ်ဖို့ မဆိုထားနှင့် ဘုရားသခင်၏ အလိုတော်ကို အရေးစိုက်ရန်ပင် လုံးဝ မသိလျှင်လည်းကောင်း၊ အသင်းတော်၏ အလုပ်အပေါ် တာဝန်ခံယူစိတ်မရှိလျှင်လည်းကောင်း၊ သူတစ်ပါးတို့အပေါ် ချစ်ခြင်းမရှိလျှင်လည်းကောင်း၊ ပြီးလျှင် အထူးသဖြင့် ၎င်းတို့သည် တာဝန်ထမ်းဆောင်သောအခါ ဆက်ကပ်အပ်နှံခြင်းမရှိလျှင်လည်းကောင်း ၎င်းတို့သည် ဘုရားသခင်၏ အလွန်ချစ်မြတ်နိုးရသောသူများမဟုတ်ဘဲ ဘုရားသခင်က စုံလင်ခြင်းကို မည်သည့်အခါမျှ မခံရနိုင်ပေ။ ထို့ကြောင့် လူတို့သည် မစဉ်းမစားဖြင့် အခိုင်အမာပြောဆိုခြင်းများ မပြုလုပ်ရဘဲ ဘုရားသခင်၏ အလိုတော်ကို နားလည်ရမည်။ ဘုရားသခင်က မည်သည့်အရာကို ပြောသည်၊ လုပ်ဆောင်သည်ဖြစ်စေ နာခံနိုင်ရမည်။ အသင်းတော်အလုပ်ကို ကာကွယ်နိုင်ရမည်။ ၎င်းတို့၏ စိတ်နှလုံးက မှန်ကန်ရမည်။ သို့မှသာ သန့်ရှင်းသော ဝိညာဉ်တော်က အလုပ်လုပ်နိုင်သည်။ လူတို့သည် ဘုရားသခင်က စုံလင်ပေးခြင်းကို ခံရရန် လိုက်စားလိုလျှင် ဘုရားသခင်ကို ချစ်သည့် စိတ်နှလုံး၊ ဘုရားသခင်ကို နာခံသည့် စိတ်နှလုံး၊ ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံးရှိရမည်။ မိမိတို့၏ တာဝန်ကို ထမ်းဆောင်သောအခါ ဘုရားသခင်အပေါ် သစ္စာရှိရမည်။ ဘုရားသခင်အား ကျေနပ်စေရမည်။ ထိုအခါမှသာ ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုကို ရရှိလိမ့်မည်။ လူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုရှိသောအခါ၊ ဘုရားနှုတ်ကပတ်တော်ကို ဖတ်သောအခါတွင် ဉာဏ်အလင်းပွင့်ကြသည်။ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် သမ္မာတရားနှင့် စည်းမျဉ်းများကို လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းရှိကြသည်။ ၎င်းတို့ ဒုက္ခရောက်သောအခါ ဘုရားသခင်က ၎င်းတို့ကို လမ်းပြပေးသည်။ ၎င်းတို့သည် မည်မျှဒုက္ခခံရပါစေ ၎င်းတို့၏ စိတ်နှလုံးများက ဝမ်းမြောက်ပြီး ငြိမ်သက်ခြင်းရှိသည်။ ၎င်းတို့သည် ကိုယ်တိုင်ပင် သတိမထားမိဘဲ ဤပုံစံဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို ဆယ်နှစ်၊ သို့မဟုတ် နှစ်နှစ်ဆယ်ကြာ ဖြတ်သန်းသောအခါ ၎င်းတို့သည် ပြောင်းလဲလိမ့်မည်။ လျင်မြန်စွာ ပြောင်းလဲလေလေ၊ ငြိမ်သက်ခြင်းက လျင်မြန်စွာ ရရှိလေလေ၊ လျင်မြန်စွာ ပြောင်းလဲလေလေ၊ ၎င်းတို့သည် လျင်မြန်စွာ ပျော်ရွှင်ရလေလေဖြစ်သည်။ လူတို့၏ စိတ်သဘောထားပြောင်းလဲသောအခါမှသာ စစ်မှန်သော ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို ရှာတွေ့နိုင်သည်။ ထိုအခါမှသာ အမှန်တကယ် ပျော်ရွှင်သော ဘဝများကို နေထိုင်နိုင်သည်။ သမ္မာတရားကို မလိုက်စားသောသူတို့သည် ဝိညာဉ်ရေးငြိမ်သက်ခြင်း၊ သို့မဟုတ် ဝမ်းမြောက်ခြင်းမရှိပေ။ ၎င်းတို့၏ နေ့ရက်များသည် ပို၍ပင် အနှစ်မဲ့လာပြီး သည်းခံရန် အစဉ်ပို၍ ခက်ခဲလာသည်။ ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားကို မလိုက်စားသောသူတို့အတွက် ၎င်းတို့၏ နေ့ရက်များသည် ဝေဒနာနှင့် နာကျင်မှုတို့ဖြင့် ပြည့်နေသည်။ ထို့ကြောင့် လူတို့သည် ဘုရားသခင်ကို ယုံကြည်သောအခါ သမ္မာတရားကို ရရှိခြင်းထက် မည်သည့်အရာကမျှ ပိုအရေးမကြီးပေ။ သမ္မာတရားအား ရရှိခြင်းသည် အသက်ကို ရရှိခြင်းဖြစ်သည်။ သမ္မာတရားကို စောစီးစွာ ရရှိလေလေ၊ ကောင်းလေလေဖြစ်သည်။ သမ္မာတရားမရှိလျှင် လူတို့၏ ဘဝများသည် အနှစ်မရှိပေ။ သမ္မာတရားအား ရရှိခြင်းသည် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို တွေ့ရှိခြင်း၊ ဘုရားသခင်ရှေ့တွင် အသက်ရှင်နိုင်ခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုအားဖြင့် ဉာဏ်အလင်းပွင့်ခြင်း၊ လမ်းပြမှုခံရခြင်း၊ ဦးဆောင်ခံရခြင်းတို့ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ပိုပို၍ အလင်းရှိလာလိမ့်မည်။ ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုသည် အစဉ်ပို၍ ကြီးလာမည်။ ဤသို့ဆိုလျှင် ယခုတွင် စိတ်သဘောထားပြောင်းလဲခြင်းနှင့် သက်ဆိုင်သော သမ္မာတရားသည် သင်တို့အတွက် ပို၍ ရှင်းလင်းသလော။ (ရှင်းလင်းသည်။ ယခုတွင် ကျွန်ုပ်တို့ နားလည်သည်။) ဤသည်မှာ သင်တို့အတွက် အမှန်ပင် ရှင်းလင်းလျှင် သင်တို့တွင် လမ်းကြောင်းရှိသည်။ သမ္မာတရားအား လိုက်စားခြင်းတွင် မည်သို့ ထိရောက်မှုရှိရမည်ကို သင်တို့ သိသည်။

၂၀၁၇ ခုနှစ်၊ ဧပြီလ ၂၈ ရက်

အရှေ့သို့- စစ်မှန်စွာနာခံခြင်းဖြင့်သာလျှင် စစ်မှန်သောယုံကြည်ခြင်း ရှိနိုင်သည်

နောက်တစ်ခုသို့- သမ္မာတရားကို နားလည်ခြင်းအားဖြင့်သာ ဘုရားသခင်၏လုပ်ဆောင်ချက်များကို သိနိုင်သည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။