လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၁)

ကျေးဇူးတော်ခေတ်တွင်၊ ယောဟန်သည် ယေရှုအတွက် လမ်းခင်းပေးခဲ့သည်။ သူသည် ဘုရားသခင် ကိုယ်တော်တိုင်၏ အလုပ်ကို မလုပ်နိုင်ခဲ့ဘဲ လူသား၏ တာဝန်ကို ဖြည့်ဆည်းရုံမျှ ဖြည့်ဆည်းခဲ့သည်။ ယောဟန်သည် သခင်၏ရှေ့ပြေး ဖြစ်ခဲ့သော်လည်း၊ သူသည် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ခဲ့ပေ။ သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းကို ခံရသော လူသားတစ်ဦးသာ ဖြစ်သည်။ ယေရှု ဗတ္တိဇံခံပြီးနောက် သန့်ရှင်းသော ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ သူ့အပေါ်သို့ ဆင်းသက်ခဲ့သည်။ ထို့နောက် ယေရှုသည် သူ၏ အလုပ်ကို စတင်ခဲ့သည်၊ ဆိုလိုသည်မှာ သူသည် ခရစ်တော်၏ အမှုတော်ကို စတင်ခဲ့လေသည်။ သူကြွလာခဲ့သည်မှာ ဘုရားသခင်ထံမှ ဖြစ်သောကြောင့် သူသည် ဘုရားသခင်၏ သွင်ပြင်လက္ခဏာ ဆောင်ခဲ့သည်။ ဤမတိုင်မီ သူ၏ယုံကြည်ခြင်းသည် မည်ကဲ့သို့ပင် ဖြစ်နေခဲ့ပါစေ-သူ၏ယုံကြည်ခြင်းသည် တစ်ခါတစ်ရံ အားနည်းကောင်း အားနည်းမည်၊ သို့မဟုတ် တစ်ခါတစ်ရံ ခိုင်မာကောင်း ခိုင်မာမည်— အားလုံးသည် ယေရှု သူ၏သာသနာကို မဆောင်ရွက်မီ သူ အသက်ရှင်ခဲ့သည့် သာမန် လူသားအသက်တာနှင့် သက်ဆိုင်ပေသည်။ သူ ဗတ္တိဇံ ခံပြီးနောက် (ယင်းမှာ ဘိသိက်ခံပြီးနောက်ဖြစ်သည်)၊ ဘုရားသခင်၏ အစိုးပိုင်သောအခွင့်နှင့် ဘုန်းတန်ခိုးအာနုဘော်သည် သူနှင့်အတူ ချက်ချင်း ရှိကြပြီး၊ ထို့ကြောင့် သူသည် သူ၏ သာသနာကို စတင်ခဲ့လေသည်။ သူသည် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ရာများကို လုပ်ဆောင်နိုင်ခဲ့သည်၊ အံ့သြဖွယ်ရာများကို ဆောင်ရွက်နိုင်ခဲ့ပြီး၊ သူသည် ဘုရားသခင်ကိုယ်တော်တိုင်၏ ကိုယ်စား တိုက်ရိုက် လုပ်ဆောင်နေခဲ့သောကြောင့် တန်ခိုးနှင့် ဩဇာအာဏာတို့ ရှိခဲ့လေသည်။ ဝိညာဉ်တော်၏ အလုပ်ကို သူသည် ကိုယ်စားလုပ်ဆောင်နေခဲ့ပြီး၊ ဝိညာဉ်တော်၏ အသံကို ဖော်ပြနေခဲ့သည်။ ထို့ကြောင့် သူသည် ဘုရားသခင် ကိုယ်တော်တိုင်ပင် ဖြစ်ခဲ့လေသည်။ ဤကား ငြင်းဆန်၍မရသော အရာဖြစ်သည်။ ယောဟန်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းခံရသည့် သူတစ်ဦး ဖြစ်သည်။ သူသည် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်သကဲ့သို့ ဘုရားသခင်ကို ကိုယ်စားပြုရန်လည်း မဖြစ်နိုင်ပေ။ သူသည် ထိုသို့ပြုလုပ်ရန် ဆန္ဒရှိခဲ့ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ့အား လုပ်ဆောင်ခွင့်ပြုမည် မဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် ကိုယ်တော်တိုင် ပြီးမြောက်ရန် ရည်ရွယ်ထားသည့် အမှုကို သူမဆောင်ရွက်နိုင်သည့်အတွက် ဖြစ်သည်။ သူ့အထဲတွင် လူသား၏ဆန္ဒများစွာ သို့မဟုတ် သွေဖည်သောအရာတစ်ခုခု ရှိကောင်းရှိလိမ့်မည်၊ မည်သည့် အခြေအနေတွင်မျှ သူသည် ဘုရားသခင်ကို တိုက်ရိုက်ကိုယ်စား ပြုနိုင်မည် မဟုတ်။ သူ၏ အမှားများနှင့် မမှန်ကန်မှုများက သူ့ကိုသာ ကိုယ်စားပြုနေသော်လည်း၊ သူ၏အမှုသည် သန့်ရှင်းသော ဝိညာဉ်တော်ကို ကိုယ်စားပြုခဲ့ပေသည်။ သို့သော်၊ သူ၏ အရာအားလုံးသည် ဘုရားသခင်ကို ကိုယ်စားပြုသည်ဟု သင်ပြော၍မရပေ။ သူ၏ သွေဖည်မှုနှင့် မမှန်ကန်မှုတို့ကလည်း ဘုရားသခင်ကို ကိုယ်စားပြုနိုင်မည်လော။ လူသားကို ကိုယ်စားပြုရာတွင် မမှန်ကန်ခြင်းမှာ ပုံမှန်ဖြစ်သည်၊ သို့သော် ဘုရားသခင်ကို ကိုယ်စား ပြုရာတွင် သွေဖည်ပါက၊ ယင်းသည် ဘုရားသခင်ကို အရှက်ရစေခြင်း ဖြစ်လိမ့်မည် မဟုတ်လော။ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားစော်ကားခြင်း ဖြစ်လိမ့်မည်မဟုတ်လော။ လူသည် အခြားသူများ၏ ချီးမြှောက်ခြင်းခံရသော်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ့ကို ဘုရားသခင်နေရာတွင် ရပ်တည်ရန် တော်ရုံတန်ရုံ ခွင့်မပြုပေ။ သူသည် ဘုရားသခင် မဟုတ်ပါက၊ အဆုံးတွင် ခိုင်မြဲစွာ ရပ်တည်နိုင်မည် မဟုတ်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူသားကို သူနှစ်သက်သည်အတိုင်း ဘုရားသခင်ကို ကိုယ်စားပြုရန် ခွင့်မပြုပေ။ ဥပမာအားဖြင့်၊ ယောဟန်ကို သက်သေခံခဲ့သည်မှာ သန့်ရှင်းသော ဝိညာဉ်တော်ဖြစ်ပြီး ယေရှုကို လမ်းကြောင်းခင်းပေးသူတစ်ဦးအဖြစ် သူ့ကို ထုတ်ဖော်ပြခဲ့သည်မှာလည်း သန့်ရှင်းသော ဝိညာဉ်တော်ဖြစ်သည်၊ သို့သော် သူ့အပေါ် သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်ခဲ့သည့် အမှုကို ကောင်းစွာ ချင့်ချိန်ထားခဲ့၏။ ယောဟန်ကို စေခိုင်းခဲ့သမျှမှာ ယေရှုအတွက် လမ်းခင်းပေးသူဖြစ်ရန်၊ သူ့အတွက် လမ်းခရီးကို ပြင်ဆင်ပေးရန် ဖြစ်သည်။ ဆိုလိုသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်သည် လမ်းခင်းပေးရာတွင်သာ ယောဟန်၏ အလုပ်ကိုအတည်ပြုခဲ့ပြီး၊ ထိုသို့သော အလုပ်ကို လုပ်ဆောင်ဖို့သာ သူ့ကို ခွင့်ပြုခဲ့ပေသည်- အခြားသော အလုပ်ကိုလုပ်ဖို့ ခွင့်မပြုခဲ့ပေ။ ယောဟန်သည် ဧလိယကို ကိုယ်စားပြုခဲ့ပြီး လမ်းခင်းပေးခဲ့သည့် ပရောဖက်တစ်ဦးကို ကိုယ်စားပြုခဲ့သည်။ ဤအရာတွင်သန့်ရှင်းသော ဝိညာဉ်တော်သည် သူ့ကို အတည်ပြုခဲ့သည်။ သူ၏ အလုပ်သည် လမ်းခင်းပေးဖို့ ဖြစ်နေသရွေ့၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ့ကို အတည်ပြုခဲ့သည်။ သို့သော်၊ သူသည် ဘုရားသခင် ကိုယ်တိုင်ဖြစ်ကြောင်း အခိုင်အမာဆိုခဲ့ပြီး ရွေးနုတ်ခြင်းအမှုကို အပြီးသတ်ဖို့ လာခဲ့ခြင်းဖြစ်သည်ဟု ဆိုခဲ့ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ့ကို ဆုံးမပဲ့ပြင်ခဲ့ရပေမည်။ ယောဟန်၏ အလုပ်သည် မည်မျှပင် ကြီးမြတ်ပါစေ၊ ပြီးလျှင် ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အတည်ပြုခြင်းကို ရလင့်ကစား၊ သူ၏ အလုပ်သည် နယ်နိမိတ် ကင်းမဲ့သည် မဟုတ်ချေ။ သူ၏လုပ်ဆောင်မှုကို သန့်ရှင်းသော ဝိညာဉ်တော်က ဧကန်အမှန် အတည်ပြုခဲ့သည်မှာ မှန်ပါ၏၊ သို့သော်၊ ထိုအချိန်တွင် သူ့ကိုပေးခဲ့သည့် တန်ခိုးမှာ သူ၏လမ်းခင်းပေးခြင်း အထိသာ ကန့်သတ်ထားခဲ့ပေသည်။ သူသည် လမ်းခင်းပေးသည့် ယောဟန်သာ ဖြစ်ပြီး ယေရှုမဟုတ်သည့်အတွက် အခြား မည်သည့်အလုပ်ကိုမျှ လုံးဝ မလုပ်ဆောင်နိုင်ခဲ့ပေ။ ထို့ကြောင့်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ သက်သေခံချက်မှာ အဓိကသော့ချက် ဖြစ်သည်၊ သို့သော်လည်း လူသား လုပ်ဆောင်ရန်အတွက် သန့်ရှင်းသော ဝိညာဉ်တော် အခွင့်ပေးသည့် အလုပ်မှာ ပို၍ပင် အရေးပါလှပေသည်။ ယောဟန်သည် ထိုအချိန်က ထူးကဲသော သက်သေကို ရရှိခဲ့ပြီးဖြစ်သည် မဟုတ်လော။ သူ၏ အလုပ်သည်လည်း ကြီးမြတ်ခဲ့သည် မဟုတ်သလော။ သို့သော် သူသည် သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုသည့် လူသားတစ်ဦးမျှသာ ဖြစ်ပြီး ဘုရားသခင်ကို တိုက်ရိုက် ကိုယ်စားမပြုနိုင်ခဲ့သောကြောင့် သူလုပ်ဆောင်ခဲ့သည့် အလုပ်သည် အကန့်အသတ်ရှိခဲ့သည့်အတွက် ယေရှု၏ အလုပ်ကို မကျော်လွန်နိုင်ခဲ့ပေ။ သူလမ်းခင်းသည့် အလုပ် ပြီးစီးပြီးနောက်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ၏ သက်သေခံချက်ကို အတည်မပြုပေးတော့ပေ၊ မည်သည့် အလုပ်သစ်မျှသူ့နောက် လိုက်မလာတော့သကဲ့သို့၊ ဘုရားသခင် ကိုယ်တော်တိုင်၏အမှု စတင်ခဲ့ချိန်တွင် သူထွက်ခွာသွားခဲ့သည်။

ဆိုးညစ်သော ဝိညာဉ်များ၏ ဝင်ပူးခြင်းကို ခံရပြီး “ငါသည် ဘုရားဖြစ်သည်” ဟု အာပေါင်အာရင်းသန်သန် ကြွေးကြော်ကြသူ အချို့ ရှိ၏။ သို့ရာတွင် သူတို့သည် မိမိတို့ကိုယ်စားပြုသည့်အရာတွင် မှားယွင်းကြသည့်အတွက် အဆုံး၌ ထုတ်ဖော်ခြင်းကို ခံကြရသည်။ သူတို့သည် စာတန်ကို ကိုယ်စားပြုပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သူတို့ကို အရေးမထားပေ။ သင်သည် မိမိကိုယ်ကိုယ်မည်မျှပင် မြင့်မားစွာ ချီးမြှောက်သည်ဖြစ်စေ၊ သို့မဟုတ် မည်မျှပင် ပြင်းပြင်းထန်ထန် ဟစ်ကြွေးသည်ဖြစ်စေ၊ သင်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်နေဆဲဖြစ်ပြီး၊ စာတန်နှင့် သက်ဆိုင်သောသူ ဖြစ်သည်။ “ငါသည် ဘုရားသခင်ဖြစ်သည်၊ ငါသည် ဘုရားသခင်၏ ချစ်တော်မူသော သားတော်ဖြစ်သည်” ဟု ဘယ်သောအခါမျှ ငါမဟစ်ကြွေးပေ။ သို့သော် ငါပြုသည့်အမှုသည် ဘုရားသခင်၏ အမှုဖြစ်၏။ ငါဟစ်အော်ဖို့ လိုသလော။ ချီးမြှောက်ခြင်း မလိုအပ်ပေ။ ဘုရားသခင်သည် သူ၏အလုပ်ကို သူကိုယ်တိုင်လုပ်ပြီး၊ လူသားက သူ့ကို အဆင့်အတန်းတစ်ခု နှင်းအပ်ပေးရန်၊ သို့မဟုတ် ချီးမြှောက်သည့် ဂုဏ်ပုဒ်တစ်ခုပေးရန် မလိုအပ်ပေ။ သူ၏ အမှုက သူ၏ ကိုယ်ပိုင်လက္ခဏာနှင့် အဆင့်အတန်းကို ကိုယ်စားပြုပေသည်။ ဗတ္တိဇံမခံမီတွင် ယေရှုသည် ဘုရားသခင်ကိုယ်တော်တိုင် မဟုတ်ခဲ့လေသလော။ သူသည် လူ့ဇာတိခံယူထားသည့် ဘုရားသခင် မဟုတ်ခဲ့လေသလော။ သူသည် သက်သေကို ရရှိပြီးနောက်မှသာ ဘုရားသခင်၏ တစ်ပါးတည်းသောသားတော် ဖြစ်လာခဲ့သည်ဟု ပြော၍မရနိုင်သည်ကား ဧကန်မုချ ဖြစ်၏။ သူသည် မိမိ၏အမှုကို မစတင်မီ အချိန်ကြာမြင့်စွာကတည်းက၊ ယေရှုဟု အမည်တွင်သည့် လူတစ်ဦး ရှိခဲ့သည် မဟုတ်လော။ သင်သည် အသစ်သော လမ်းကြောင်းများကို မဆောင်ကြဉ်းနိုင် သို့မဟုတ် ဝိညာဉ်တော်ကို ကိုယ်စားမပြုနိုင်ပေ။ သင်သည် ဝိညာဉ်တော်၏ အလုပ် သို့မဟုတ် သူပြောသည့် နှုတ်ကပတ်တော်များကို သင်မဖော်ပြနိုင်။ ဘုရားသခင် ကိုယ်တော်တိုင်၏အမှုကို သင် မလုပ်ဆောင်နိုင်သကဲ့သို့ ဝိညာဉ်တော်၏ အလုပ်ကို သင်မလုပ်နိုင်ပေ။ ဘုရားသခင်၏ ဉာဏ်ပညာ၊ အံ့ဖွယ်ရာနှင့် ဉာဏ်မမီနိုင်မှုများ၊ ပြီးလျှင် လူသားကို ဘုရားသခင် ပြစ်တင်ဆုံးမသည့် စိတ်သဘောထား အလုံးစုံ- ဤအရာအားလုံးသည် သင်၏ ဖော်ပြနိုင်စွမ်းကို ကျော်လွန်သည်။ သို့ဖြစ်ရာ ဘုရားသခင်ဖြစ်သည်ဟု အခိုင်အမာဆိုရန် ကြိုးစားခြင်းသည် အချည်းနှီး ဖြစ်လိမ့်မည်၊ သင်သည် နာမည်သာရှိပြီး မည်သည့် အနှစ်သာရမျှ ရှိလိမ့်မည်မဟုတ်။ ဘုရားသခင် ကိုယ်တော်တိုင် လာပြီးဖြစ်သော်လည်း၊ မည်သူမျှ သူ့ကိုမမှတ်မိပေ၊ သို့သော် သူသည် သူ၏အလုပ်ကို ဆက်လက်လုပ်ဆောင်ပြီး၊ ဝိညာဉ်တော်ကို ကိုယ်စားပြုခြင်းကိုလည်း ဆက်လက် လုပ်ဆောင်သည်။ သင့်အနေဖြင့် သူ့ကို လူသားဟုခေါ်သည်ဖြစ်စေ ဘုရားသခင်ဟု ခေါ်သည်ဖြစ်စေ၊ သခင်ဟုခေါ်သည်ဖြစ်စေ ခရစ်တော်ဟု ခေါ်သည်ဖြစ်စေ၊ သို့မဟုတ် သူ့ကို အစ်မဟု ခေါ်သည်ဖြစ်စေ၊ အရေးမကြီးပေ။ သို့သော်လည်း သူပြုသည့်အမှုမှာ ဝိညာဉ်တော်၏ အလုပ်ဖြစ်ပြီး၊ ဘုရားသခင် ကိုယ်တော်တိုင်၏ အလုပ်ကို ကိုယ်စားပြုသည်။ လူသားက သူ့ကို ခေါ်ဆိုသည့် အမည်နာမကို သူဂရုမစိုက်ပေ။ ထိုအမည်နာမသည် သူ၏အလုပ်ကို အဆုံးအဖြတ်ပေးနိုင်သလော။ သင်သူ့ကို မည်သို့ခေါ်သည်ဖြစ်စေ၊ ဘုရားသခင်နှင့် ပတ်သက်သရွေ့ သူသည် ဘုရားသခင်၏ဝိညာဉ်တော်၏ လူ့ဇာတိခံ ကိုယ်ခန္ဓာ ဖြစ်သည်။ သူသည် ဝိညာဉ်တော်ကို ကိုယ်စားပြုပြီး ဝိညာဉ်တော်၏ထောက်ခံမှုကို ရသည်။ အကယ်၍ သင်သည် ခေတ်သစ်တစ်ခုအတွက် လမ်းခရီး မဖန်တီးနိုင်ပါက၊ ခေတ်ဟောင်းကို အဆုံးမသတ်နိုင်ပါက၊ ခေတ်သစ်ကို မဖွင့်လှစ်ပေးနိုင်ပါက၊ အသစ်သော အလုပ်ကို မလုပ်ဆောင်နိုင်ပါက၊ သင့်ကို ဘုရားသခင်ဟု ခေါ်၍မရပေ။

သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းကို ခံရသည့် လူသားတစ်ဦးကပင် ဘုရားသခင် ကိုယ်တော်တိုင်ကို ကိုယ်စား မပြုနိုင်ချေ။ ထိုသို့သောလူသားသည် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ဟု ဆိုလိုသည်သာမက၊ သူလုပ်ဆောင်သည့် အလုပ်သည်လည်း ဘုရားသခင်ကို တိုက်ရိုက် ကိုယ်စားမပြုနိုင်ဟု ဆိုလိုခြင်းဖြစ်သည်။ တစ်နည်းအားဖြင့်၊ လူသား၏ အတွေ့အကြုံကို ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွင်းတွင် တိုက်ရိုက်နေရာပေး၍ မရသကဲ့သို့၊ ယင်းသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုကို ကိုယ်စားမပြုနိုင်ပေ။ ဘုရားသခင် ကိုယ်တော်တိုင် လုပ်ဆောင်သော အလုပ်သည်၊ သူကိုယ်တိုင်၏ စီမံခန့်ခွဲမှု အစီအစဉ်ထဲတွင် လုပ်ဆောင်ရန် သူရည်ရွယ်ထားသည့် အလုပ်ဖြစ်ပြီး ကြီးမြတ်သည့် စီမံခန့်ခွဲမှုနှင့် ဆက်စပ်ပေသည်။ လူသားက ဆောင်ရွက်သည့် အလုပ်သည် ၎င်းတို့တစ်ဦးချင်းစီ၏ အတွေ့အကြုံကို ထောက်ပံ့ပေးခြင်း ပါဝင်သည်။ သူ့ရှေ့တွင် သွားပြီးသူများ လျှောက်ခဲ့ကြသည့်အတွေ့အကြုံ လမ်းကြောင်းကို ကျော်လွန်၍ အသစ်သော လမ်းကြောင်းကို ရှာတွေ့ခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှုအောက်တွင်ရှိစဉ်တွင် ၎င်းတို့၏ညီအစ်ကို မောင်နှမများကို လမ်းပြခြင်းတို့ ပါဝင်သည်။ ဤလူများ ထောက်ပံ့ပေးသည့်အရာမှာ ၎င်းတို့တစ်ဦးချင်းစီ၏ အတွေ့အကြုံ၊ သို့မဟုတ် ဝိညာဉ်ရေးရာ လူတို့၏ ဝိညာဉ်ရေးရာ အရေးအသားများ ဖြစ်သည်။ ဤလူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းကို ခံရသော်လည်း၊ ၎င်းတို့ လုပ်ဆောင်သည့် အလုပ်သည် အနှစ်ခြောက်ထောင် အစီအစဉ်ထဲက ကြီးမြတ်သည့် စီမံခန့်ခွဲမှုအမှုနှင့် ဆက်နွှယ်မှုမရှိပေ။ ၎င်းတို့သည် ၎င်းတို့ ဆောင်ရွက်နိုင်သည့် လုပ်ငန်းတာဝန်များ ဆုံးခန်းတိုင်သွားသည်အထိ၊ သို့မဟုတ် ၎င်းတို့၏ အသက်တာများ အဆုံးသတ်သည်အထိ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းထဲတွင် လူတို့ကို ဦးဆောင်ရန် မတူညီသည့် ခေတ်ကာလများ၌ သန့်ရှင်းသော ဝိညာဉ်တော်က မြှင့်တင်ခဲ့သည့် သူများသာ ဖြစ်ကြသည်။ ၎င်းတို့လုပ်ဆောင်သည့် အလုပ်မှာ ဘုရားသခင်ကိုယ်တော်တိုင်အတွက် သင့်တော်သည့် လမ်းကြောင်းကို ပြင်ဆင်ပေးရန်၊ သို့မဟုတ် ကမ္ဘာမြေကြီးပေါ်တွင် ဘုရားသခင်ကိုယ်တော်တိုင်၏ စီမံခန့်ခွဲမှုနှင့်ဆိုင်သော ကဏ္ဍတစ်ခုခုကို ဆက်လက်လုပ်ဆောင်ရန်သာ ဖြစ်သည်။ ဤလူများသည် မိမိတို့ကိုယ်၌အားဖြင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့်ဆိုင်သည့် သာ၍ကြီးမားသော အလုပ်ကို မလုပ်နိုင်ကြသကဲ့သို့၊ အသစ်သော ထွက်ပေါက်များကိုပင် မဖွင့်နိုင်ကြသည့်အပြင်၊ ၎င်းတို့ထဲမှ မည်သူမျှသည် ယခင်ခေတ်ကာလမှ ဘုရားသခင်၏ အမှုအားလုံးကို အဆုံးသတ်စေရန် သာ၍ပင် မလုပ်နိုင်ချေ။ ထို့ကြောင့် ၎င်းတို့လုပ်သည့် အလုပ်သည် ဖန်ဆင်းခံ သတ္တဝါက မိမိ၏လုပ်ငန်းဆောင်တာကို ဆောင်ရွက်ခြင်းကိုသာ ကိုယ်စားပြုပြီး၊ ဘုရားသခင်ကိုယ်တိုင်က သူ၏အမှုတော်ကို ဆောင်ရွက်ခြင်းအား ကိုယ်စားမပြုနိုင်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့လုပ်ဆောင်သော အလုပ်သည် ဘုရားသခင်ကိုယ်တော်တိုင်က လုပ်ဆောင်ခဲ့သည့် အမှုနှင့် မတူသောကြောင့် ဖြစ်သည်။ ခေတ်သစ်တစ်ခေတ်ကို ဖွင့်လှစ်ပေးသည့် အလုပ်သည် ဘုရားသခင်ကိုယ်စား လူသားက ပြုလုပ်နိုင်သော အရာတစ်ခု မဟုတ်ချေ။ ယင်းကို ဘုရားသခင် ကိုယ်တော်တိုင်မှလွဲ၍ အခြားမည်သူမျှ မပြုလုပ်နိုင်ပေ။ လူသား လုပ်ဆောင်သည့် အလုပ်အားလုံးသည် ဖန်ဆင်းခံသတ္တဝါတစ်ဦးအနေဖြင့် သူ၏တာဝန်ကို ဆောင်ရွက်ခြင်း ပါဝင်ပြီး သန့်ရှင်းသော ဝိညာဉ်တော်က သူ့ကို တို့ထိသည့်အခါ၊ သို့မဟုတ် ဉာဏ်အလင်းပေးသည့်အခါ လုပ်ဆောင်ခြင်းဖြစ်သည်။ ဤ လူများက ထောက်ပံ့ပေးသည့် လမ်းပြမှုမှာ နေ့စဉ်အသက်တာ၌ လူကို လက်တွေ့လုပ်ဆောင်သည့် လမ်းကြောင်းနှင့် ဘုရားသခင်၏ အလိုတော်နှင့်အညီ မည်သို့ပြုမူသင့်သည်တို့ကို ပြပေးခြင်း လုံးလုံးလျားလျား ပါဝင်လေသည်။ လူသား၏အလုပ်၌ ဘုရားသခင်၏ စီမံခန့်ခွဲမှု မပါဝင်သကဲ့သို့ ဝိညာဉ်တော်၏ အလုပ်ကိုလည်း ကိုယ်စားမပြုပေ။ ဥပမာတစ်ခုအနေဖြင့်၊ မျက်မြင်သက်သေ လီ (Lee) နှင့် စောင့်ကြပ်ကြည့်ရှုသူ နီ (Nee) တို့၏အလုပ်မှာ လမ်းပြရန်ဖြစ်သည်။ လမ်းသစ်ဖြစ်စေ လမ်းဟောင်းဖြစ်စေ၊ အလုပ်သည် သမ္မာကျမ်းစာအတွင်းတွင် ရှိနေခြင်း သဘောတရားအပေါ် အခြေခံခဲ့လေသည်။ ဒေသခံအသင်းတော်ကို ပြန်လည်ပြုပြင်ဖို့ဖြစ်စေ၊ ဒေသခံအသင်းတော်ကို တည်ဆောက်ဖို့ဖြစ်စေ၊ ၎င်းတို့၏အလုပ်မှာ အသင်းတော်များကို တည်ထောင်ခြင်းနှင့် သက်ဆိုင်လေသည်။ သူတို့လုပ်ဆောင်သည့် အလုပ်သည် ယေရှုနှင့် သူ၏တမန်တော်များက မပြီးပြတ်ဘဲ ကျန်ခဲ့သည့် အလုပ်၊ သို့မဟုတ် ကျေးဇူးတော်ခေတ်တွင် ဆက်လက် မဖြစ်ပေါ်ခဲ့သည့် အလုပ်ကို ဆက်လုပ်ခြင်း ဖြစ်သည်။ သူတို့အလုပ်၌ သူတို့လုပ်ဆောင်ခဲ့သည့်အရာမှာ ယေရှုက သူ၏နောင်လာမျိုးဆက်များကို သူ၏ကနဦးအမှုတွင် တောင်းဆိုခဲ့သည့် ခေါင်းဖုံးခြင်း၊ ဗတ္တိဇံခံခြင်း၊ မုန့်ကိုချိုးဖဲ့ခြင်း၊ သို့မဟုတ် စပျစ်ရည်သောက်ခြင်း စသည်တို့ကို ပြန်လည်ဖော်ထုတ်ရန် ဖြစ်သည်။ ၎င်းတို့၏အလုပ်သည် ကျမ်းစာကို ထိန်းသိမ်းရန်နှင့် ကျမ်းစာအတွင်းရှိ လမ်းကြောင်းများကို ရှာဖွေရန်ဖြစ်သည်ဟု ဆိုနိုင်သည်။ သူတို့သည် အသစ်ဖြစ်သော မည်သည့်တိုးတက်မှုကိုမျှ လုပ်ဆောင်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် ၎င်းတို့၏အလုပ်တွင် ကျမ်းစာအတွင်းရှိ လမ်းသစ်များအပြင် သာ၍ ကောင်းမွန်ပြီး သာ၍ လက်တွေ့ကျသည့် ကျင့်ကြံမှုများကို ရှာဖွေတွေ့ရှိခြင်းကိုသာ မြင်တွေ့နိုင်သည်။ သို့သော် ၎င်းတို့၏အလုပ်ထဲတွင် ဘုရားသခင်၏ လက်ရှိအလိုတော်ကို မမြင်တွေ့နိုင်ဘဲ၊ နောက်ဆုံးသောကာလ၌ ဘုရားသခင် လုပ်ဆောင်ရန် စီစဉ်ထားသည့် အသစ်သော အမှုကို သာ၍ပင် မတွေ့နိုင်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သူတို့လျှောက်သည့် လမ်းကြောင်းသည် လမ်းဟောင်းတစ်ခု ဖြစ်နေဆဲဖြစ်သောကြောင့် ဖြစ်သည်- အသစ်ပြုပြင်ခြင်းနှင့် တိုးတက်မှုတစ်ခုမျှ မရှိပေ။ ၎င်းတို့သည် ယေရှု၏ ကားစင်တင်ခံရခြင်း အချက်ကို ဆက်လက်စွဲကိုင်ထားကြသည်၊ လူများကို နောင်တရ၍ မိမိတို့၏ အပြစ်များကိုဝန်ခံရန် တောင်းဆိုသည့် ကျင့်ကြံမှုကို ဆက်လက်လိုက်နာကြသည်၊ အဆုံးတိုင်အောင် ကြံ့ကြံ့ခံသောသူသည် ကယ်တင်ခံရလိမ့်မည်ဟူသည့် ဆိုရိုးစကားများနှင့် ယောက်ျားသည် မိန်းမ၏ ဦးခေါင်းဖြစ်ပြီး၊ မိန်းမသည် မိမိခင်ပွန်းကို နာခံရမည်ဟူသည့် ဆိုရိုးစကားများနှင့် ညီအစ်မများသည် တရားမဟောရဘဲ နာခံရုံ နာခံရမည်ဆိုသည့် ရိုးရာ အယူအဆကို ဆက်လက်စောင့်ထိန်းကြလေသည်။ အကယ်၍ ထိုသို့သော ဦးဆောင်မှုပုံစံကို ဆက်လက်လိုက်နာမည်ဆိုပါက၊ သန့်ရှင်းသောဝိညာဉ်တော်သည် အမှုသစ်ကို ဘယ်သောအခါမျှ လုပ်ဆောင်နိုင်ခဲ့မည် မဟုတ်၊ လူတို့ကို အယူဝါဒများထဲမှ လွတ်မြောက်စေနိုင်မည် မဟုတ်သကဲ့သို့ ၎င်းတို့ကို လွတ်လပ်မှုနှင့် လှပမှု နယ်ပယ်ထဲသို့ ဦးဆောင်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ခေတ်ကို ပြောင်းလဲစေသည့် ဤအမှုအဆင့်ကို ဘုရားသခင်ကိုယ်တော်တိုင်က လုပ်ဆောင်ပြီး ပြောဆိုရမည် ဖြစ်သည်၊ သို့မဟုတ်ပါက မည်သည့်လူသားကမျှ သူ့ကိုယ်စား မလုပ်ဆောင်နိုင်ပေ။ ဤအထိ၊ ဤရေစီးကြောင်းပြင်ပရှိ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်အားလုံးသည် လုံးဝဥဿုံ ရပ်တန့်သွားပြီးဖြစ်ကာ သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းကိုခံရသော သူများသည် မိမိတို့၏ ရပ်တည်ရာများ ပျောက်ဆုံးသွားပြီးဖြစ်သည်။ ထို့ကြောင့်၊ သန့်ရှင်းသောဝိညာဉ်တော်၏ အသုံးပြုခြင်းကို ခံရသည့် လူတို့၏ အလုပ်သည် ဘုရားသခင်ကိုယ်တော်တိုင် လုပ်ဆောင်သည့် အလုပ်နှင့် တူညီမှုမရှိသည့်အတွက်၊ ၎င်းတို့၏ ကိုယ်ပိုင်လက္ခဏာများနှင့် မည်သူ၏ကိုယ်စား သူတို့လုပ်ကိုင်သည်ဟူသည့် အကြောင်းအရာများသည်လည်း ထိုကဲ့သို့ပင် ကွဲပြားမှုရှိကြသည်။ ဤသို့ဖြစ်ရခြင်းမှာ သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်ရန် ရည်ရွယ်သောအမှုသည် ကွဲပြားသောကြောင့် ဖြစ်ပြီး၊ သို့ဖြစ်၍ အလားတူလုပ်ဆောင်သူများသည် မတူညီသည့် ကိုယ်ပိုင်လက္ခဏာများနှင့် အဆင့်အတန်းများ အပ်နှင်းခြင်းခံရလေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းခံရသည့် လူတို့သည် ဆန်းသစ်သည့် အလုပ်အချို့ကိုလည်း လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်ပြီး၊ ယခင်ခေတ်က လုပ်ဆောင်ခဲ့သည့် အလုပ်အချို့ကိုလည်း ဖယ်ရှားကောင်းဖယ်ရှားနိုင်၏၊ သို့သော်လည်း ၎င်းတို့လုပ်ဆောင်သည့် အရာသည် အသစ်သော ခေတ်ထဲရှိ ဘုရားသခင်၏ စိတ်သဘောထားနှင့် အလိုတော်ကို ဖော်ပြနိုင်ခြင်း မရှိပေ။ ယခင်ခေတ်က အလုပ်ကို ဖယ်ရှားရန်သာ ၎င်းတို့လုပ်ဆောင်ကြပြီး၊ ဘုရားသခင်ကိုယ်တော်တိုင်၏ စိတ်သဘောထားကို တိုက်ရိုက်ကိုယ်စားပြုရန် ရည်ရွယ်သည့် အသစ်သောအလုပ်ကို လုပ်ဆောင်ရန် မဟုတ်ပေ။ ထို့ကြောင့်၊ ၎င်းတို့သည် ခေတ်မမီတော့သည့် လက်တွေ့လုပ်ဆောင်မှုမည်မျှကို ပယ်ဖျက်သည်ဖြစ်စေ၊ သို့မဟုတ် လက်တွေ့လုပ်ဆောင်မှုအသစ် မည်မျှကို ၎င်းတို့ စတင်ကြသည်ဖြစ်စေ၊ ၎င်းတို့သည် လူသားနှင့် ဖန်ဆင်းခံသတ္တဝါများကိုသာ ကိုယ်စားပြုဆဲဖြစ်သည်။ သို့သော် ဘုရားသခင်ကိုယ်တော်တိုင် အမှုကို ဆောင်ရွက်သည့်အခါ၊ သူသည် ခေတ်ဟောင်း၏ လက်တွေ့လုပ်ဆောင်မှုများအား ပယ်ဖျက်ခြင်းကို ပွင့်လင်းစွာ မကြေညာပေ၊ သို့မဟုတ် ခေတ်သစ်တစ်ခု၏ စတင်မှုကို တိုက်ရိုက် မကြေညာချေ။ သူသည် မိမိ၏အမှုတွင် ပွင့်လင်းကာ ဖြောင့်မတ်လေသည်။ သူရည်ရွယ်သည့် အလုပ်ကို ဆောင်ရွက်ရာ၌ သူသည် ပွင့်လင်း၏။ ဆိုလိုသည်မှာ၊ သူ ဆောင်ကြဉ်းပြီးဖြစ်သည့် အမှုကို သူ တိုက်ရိုက်ဖော်ပြသည်၊ သူ၏ ဖြစ်တည်ခြင်းနှင့် စိတ်သဘောထားကို ဖော်ပြလျက် နဂိုမူလ ရည်ရွယ်ထားသည့်အတိုင်း သူ၏အမှုကို တိုက်ရိုက် လုပ်ဆောင်လေသည်။ လူသား၏ အမြင်အရ၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏အလုပ်တို့သည်လည်း ယခင်ခေတ်များထဲက အမှုများနှင့် ကွာခြားပေသည်။ သို့သော်၊ ဘုရားသခင် ကိုယ်တိုင်၏ ရှုထောင့်မှ၊ ဤသည်မှာ သူ့အမှု၏အဆက်နှင့် ရှေ့ဆက်တိုးတက်မှု တစ်ခုမျှသာ ဖြစ်သည်။ ဘုရားသခင်ကိုယ်တော်တိုင် အမှုပြုသည့်အခါ၊ သူသည် မိမိ၏နှုတ်ကပတ်တော်ကို ထုတ်ဖော်ပြပြီး၊ အသစ်သော အမှုကို တိုက်ရိုက် ယူဆောင်လာလေသည်။ ဆန့်ကျင်ဘက်အနေဖြင့်၊ လူသား လုပ်ဆောင်သည့်အခါတွင်၊ ယင်းသည် စဉ်းစားချင့်ချိန်မှုနှင့် လေ့လာမှုမှတဆင့် ဖြစ်သည်၊ သို့မဟုတ် ယင်းသည် အခြားသူများ၏ လုပ်ဆောင်မှုအပေါ် တည်ဆောက်ထားသည့် လက်တွေ့လုပ်ဆောင်မှုနှင့် ဆိုင်သည့် အသိပညာနှင့် စနစ်တကျရှိစေခြင်းတို့ကို တိုးချဲ့ခြင်းတစ်ခု ဖြစ်သည်။ ဆိုလိုသည်မှာ၊ လူသား လုပ်ဆောင်သည့် အလုပ်၏အနှစ်သာရသည် အခြေခိုင်သောအမိန့်ကို နာခံရန်နှင့် “လမ်းဟောင်းများကို ဖိနပ်အသစ်များဖြင့် လျှောက်လမ်းရန်” ဖြစ်သည်။ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းကိုခံရသော လူသားများ လျှောက်သည့်လမ်းကြောင်းပင်လျင်၊ ဘုရားသခင်ကိုယ်တော်တိုင် အစပျိုးခဲ့သည့် အရာအပေါ် တည်ဆောက်ထားသည်ဟု ဆိုလိုသည်။ ထို့ကြောင့် နောက်ဆုံးအနှစ်ချုပ်လိုက်က၊ လူသားသည် လူသားသာဖြစ်ပြီး၊ ဘုရားသခင်က ဘုရားသခင် ဖြစ်ဆဲဖြစ်သည်။

ဣဇာက်သည် အာဗြဟံမှ မွေးဖွားလာသကဲ့သို့ ယောဟန်သည်လည်း ကတိတော်အားဖြင့် မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။ သူသည် ယေရှုအတွက် လမ်းခင်းပေးခဲ့ပြီး များစွာသောအလုပ်ကို လုပ်ခဲ့သော်လည်း၊ သူသည် ဘုရားသခင် မဟုတ်ပေ။ ယင်းထက်၊ သူသည် ယေရှုအတွက် လမ်းသာခင်းပေးခဲ့သောကြောင့်၊ ပရောဖက်များထဲမှ တစ်ဦး ဖြစ်ခဲ့ပေသည်။ သူ၏အလုပ်သည်လည်း ကြီးမြတ်ခဲ့ပြီး၊ ယေရှုသည် သူ၏အမှုကို တရားဝင် စတင်ခဲ့သည်မှာ ယောဟန်က လမ်းခင်းပေးခဲ့ပြီးသည့် နောက်မှသာ ဖြစ်သည်။ အနှစ်သာရအားဖြင့်၊ သူသည် ယေရှုအတွက်သက်သက် လုပ်ကိုင်ပေးခဲ့ခြင်းဖြစ်ပြီး၊ သူလုပ်ခဲ့သည့် အလုပ်သည် ယေရှု၏အမှုကို အစေခံခြင်းဖြစ်သည်။ လမ်းခင်းပေးခြင်းကို သူ ပြီးဆုံးခဲ့သည့်နောက်၊ ယေရှုသည် သာ၍ သစ်လွင်သည့်၊ သာ၍ ခိုင်ခံ့ပြီး သာ၍အသေးစိတ်ကျသည့် သူ၏အမှုကို စတင်ခဲ့လေသည်။ ယောဟန်သည် အမှု၏အစပိုင်းကိုသာ လုပ်ဆောင်ခဲ့သည်။ အသစ်သောအမှု၏ သာ၍ကြီးမြတ်သည့် အပိုင်းကို ယေရှုက လုပ်ဆောင်ခဲ့လေသည်။ ယောဟန်သည် အမှုသစ်ကိုလည်း လုပ်ဆောင်ခဲ့၏၊ သို့သော် သူသည် ခေတ်သစ်တစ်ခုကို ဖွင့်ပေးခဲ့သူ မဟုတ်ခဲ့ပေ။ ယောဟန်သည် ကတိတော်အားဖြင့် မွေးဖွားခဲ့ပြီး သူ့အမည်ကို ကောင်းကင်တမန်က ပေးခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က အချို့သည် သူ့ဖခင်အမည် ဇာခရိကို အစွဲပြုပြီး သူ့ကိုအမည်ပေးလို ခဲ့ကြသော်လည်း၊ သူ၏မိခင်က “ဤကလေးကို ထိုအမည် ခေါ်၍မရပါ။ သူ့ကို ယောဟန်ဟု ခေါ်ရမည်” ဟု ထုတ်ပြောခဲ့သည်။ ဤအရာအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမိန့်အရ ဖြစ်ခဲ့သည်။ ယေရှုကိုလည်း သန့်ရှင်းသော ဝိညာဉ်တော်၏ အမိန့်အရ အမည်ပေးခဲ့ခြင်း ဖြစ်သည်။ သူသည် သန့်ရှင်းသော ဝိညာဉ်တော်မှ မွေးဖွားခဲ့ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် သူသည် ကတိတော်ရှိထားခဲ့လေသည်။ ယေရှုသည် ဘုရားသခင်၊ ခရစ်တော်နှင့် လူသား ဖြစ်ခဲ့သည်။ သို့သော် ယောဟန်၏ အလုပ်သည်လည်း ကြီးမြတ်ပါလျက် သူ့ကို ဘုရားသခင်ဟု အဘယ်ကြောင့် မခေါ်သနည်း။ ယေရှုပြုခဲ့သည့် အလုပ်နှင့် ယောဟန် ပြုခဲ့သည့် အလုပ်နှစ်ခုအကြား ခြားနားမှု အတိအကျမှာ အဘယ်နည်း။ ယောဟန်သည် ယေရှုအတွက် လမ်းခင်းပေးခဲ့သူတစ်ဦး ဖြစ်သည်မှာ တစ်ခုတည်းသော အကြောင်းပြချက်လော။ သို့မဟုတ် ဘုရားသခင်က ဤအရာကို ရှေးမဆွက ခွဲခန့်မှတ်သားထား၍လော။ ယောဟန်သည်လည်း၊ “နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ”ဟု ပြောခဲ့ပြီး၊ ကောင်းကင်နိုင်ငံတော် ဧဝံဂေလိတရားကို ဟောကြားခဲ့သော်လည်း၊ သူ၏ အလုပ်သည် နောက်ထပ် တိုးတက်ခြင်းမရှိခဲ့သကဲ့သို့ စတင်ရုံမျှ ဖြစ်ခဲ့လေသည်။ ဆန့်ကျင်ဖက်အနေဖြင့်၊ ယေရှုသည် ခေတ်သစ်တစ်ခုကို ဖွင့်ပေးခဲ့သည့်အပြင် ခေတ်ဟောင်းကို အဆုံးသတ်ခဲ့၏၊ သို့သော် သူသည် ဓမ္မဟောင်းကျမ်း၏ ပညတ်တရားကိုလည်း ပြည့်စုံစေခဲ့သည်။ သူပြုခဲ့သည့် အမှုသည် ယောဟန်၏ အမှုထက် သာ၍ကြီးမြတ်သည့်အပြင်၊ သူသည် လူသားမျိုးနွယ်အားလုံးကို ရွေးနှုတ်ရန် ကြွလာခဲ့ခြင်းဖြစ်သည်— သူသည် ထိုအမှုအဆင့်ကို ပြီးမြောက်ခဲ့သည်။ ယောဟန်အတွက်မူ၊ သူသည် လမ်းခရီးသက်သက် ပြင်ဆင်ပေးခဲ့သည်။ သူ၏ အလုပ်သည် ကြီးမြတ်သော်လည်း၊ သူပြောခဲ့သည့် စကားလုံးများပြား၍၊ သူ့နောက်သို့လိုက်သည့် တပည့်များစွာ ရှိခဲ့သော်လည်း၊ သူ၏အလုပ်သည် လူသားထံ အသစ်သောစတင်ခြင်းကို ယူဆောင်ပေးခြင်းထက် မပိုပေ။ လူသားသည် သူ့ထံမှ အသက်၊ လမ်းခရီး သို့မဟုတ် သာ၍ နက်ရှိုင်းသော သမ္မာတရားများကို ဘယ်သောအခါမျှ မရခဲ့သကဲ့သို့၊ သူမှတစ်ဆင့် ဘုရားသခင်၏ အလိုတော်ကို သိနားလည်ခြင်း မရရှိခဲ့ပေ။ ယောဟန်သည် ယေရှု၏အမှုအတွက် အသစ်သောနယ်ပယ်ကို ဖွင့်ပေးခဲ့ပြီး ရွေးချယ်ခြင်းခံရသူကို ပြင်ဆင်ပေးခဲ့သည့် ကြီးမြတ်သည့် ပရောဖက် (ဧလိယ) ဖြစ်သည်။ သူသည် ကျေးဇူးတော်ခေတ်၏ ရှေ့ပြေးတစ်ဦး ဖြစ်ခဲ့သည်။ ထိုသို့သောအကြောင်းအရာများကို ၎င်းတို့၏ သာမန်လူသားဟန်ပန်များကို လေ့လာရုံဖြင့် မသိမမြင်နိုင်ပေ။ ယောဟန်သည် အတော်အတန် ကြီးမားသည့် အလုပ်ကို ဆောင်ရွက်ခဲ့ပြီး၊ ထို့ပြင် သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ကတိတော်ရှိထားခဲ့ကာ သူ၏လုပ်ဆောင်မှုကို သန့်ရှင်းသော ဝိညာဉ်တော်က ထိန်းသိမ်းခဲ့သည့်အတွက် ဤသည်မှာ သာ၍ လျော်ကန်ပေသည်။ ဤသို့ဖြစ်ခြင်းကြောင့်၊ လူတစ်ဦး၏ အပြင်ပန်း သွင်ပြင်များမှ သူ၏အနှစ်သာရကို မပြောနိုင်သကဲ့သို့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ စစ်မှန်သည့် သက်သေခံချက်က မည်သည့်အရာဖြစ်သည်ကို သေချာစေရန် လေ့လာစိစစ်ဖို့ နည်းလမ်းတစ်ခုတစ်လေ မရှိသည့်အတွက်၊ ၎င်းတို့ လုပ်ဆောင်သည့် အလုပ်မှတဆင့်သာ ၎င်းတို့၏ သက်ဆိုင်ရာ ကိုယ်ပိုင်လက္ခဏာများကို ခွဲခြားနိုင်ပေသည်။ ယောဟန် လုပ်ဆောင်ခဲ့သည့် အလုပ်နှင့် ယေရှုပြုခဲ့သည့် အမှုတို့သည် တူညီမှုမရှိသကဲ့သို့၊ သဘာဝခြင်းလည်း ခြားနားပေသည်။ ဤအရာမှ ယောဟန်သည် ဘုရားသခင် ဟုတ်၊ မဟုတ်ဆိုသည်ကို ဆုံးဖြတ်နိုင်ပေသည်။ ယေရှု၏အမှုသည် စတင်ရန်၊ ဆက်လက်လုပ်ဆောင်ရန်၊ အဆုံးသတ်ရန်နှင့် ဖြစ်ထွန်းစေရန် ဖြစ်သည်။ ဤအဆင့်တစ်ဆင့်ချင်းစီကို သူ ဆောင်ရွက်ခဲ့သည်၊ ယောဟန်၏ အလုပ်မှာမူ အစပြုခြင်းထက် ဘာမျှမပိုခဲ့ပေ။ အစတွင် ယေရှုသည် ဧဝံဂေလိတရားကို ဖြန့်ဝေပြီး၊ နောင်တတရား လမ်းခရီးကို ဟောပြောခဲ့သည်၊ ထို့နောက် ဆက်လက်၍ လူသားကို ရေနှစ်ခြင်းပေးခဲ့သည်၊ နာမကျန်းဖြစ်သူများကို ကုသပျောက်ကင်းစေပြီး နတ်ဆိုးများကို နှင်ထုတ်ခဲ့သည်။ အဆုံးတွင်၊ လူသားမျိုးနွယ်ကို အပြစ်မှ ရွေးနုတ်ခဲ့ပြီး ခေတ်တစ်ခုလုံးအတွက် သူ၏အမှုကို အဆုံးသတ်ခဲ့သည်။ သူသည် လူသားကို တရားဟောကြားခဲ့ပြီး ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားတော်ကို ဖြန့်ဝေရင်း နေရာတိုင်းကိုလည်း သွားခဲ့သည်။ ဤကိစ္စနှင့်စပ်လျဉ်း၍ သူနှင့် ယောဟန်သည် တူညီကြ၏၊ မတူညီခြင်းမှာ ယေရှုသည် ခေတ်သစ်ကို ဖွင့်ပေးခဲ့ပြီး၊ ကျေးဇူးတော်ခေတ်ကို လူသားထံ ယူဆောင်လာပေးခဲ့ခြင်း ဖြစ်သည်။ ကျေးဇူးတော်ခေတ်တွင် လူသား လက်တွေ့လုပ်ဆောင်သင့်သည့် အရာနှင့် လိုက်လျှောက်သင့်သည့် လမ်းခရီးနှင့်ပတ်သက်သည့် နှုတ်ကပတ်တော်သည် သူ၏နှုတ်မှ ထွက်လာခဲ့ပြီး၊ အဆုံးတွင် ရွေးနုတ်ခြင်းအမှုကို သူအဆုံးသတ်ခဲ့သည်။ ယောဟန်သည် ဤအလုပ်ကို ဘယ်သောအခါမျှ လုပ်ဆောင်နိုင်ခဲ့မည်မဟုတ်ပေ။ ထို့ကြောင့်၊ ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုကို လုပ်ဆောင်ခဲ့သူမှာ ယေရှုဖြစ်ပြီး၊ ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်ပြီး ဘုရားသခင်ကို တိုက်ရိုက်ကိုယ်စားပြုသူမှာ သူ ဖြစ်လေသည်။ ကတိတော်အားဖြင့် မွေးဖွားခဲ့သူများ၊ ဝိညာဉ်တော်အားဖြင့် မွေးဖွားခဲ့သူများ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အတည်ပြုခြင်းခံရသူများနှင့် လမ်းသစ်များ ဖွင့်ပေးသောသူများ အားလုံးတို့သည် ဘုရားသခင်ပင်ဖြစ်သည်ဟု လူသား၏ အယူအဆများက ဆိုကြသည်။ ဤသုံးသပ်ဆင်ခြင်မှုအရ၊ ယောဟန်သည်လည်း ဘုရားသခင် ဖြစ်လိမ့်မည်ဖြစ်ပြီး မောရှေ၊ အာဗြဟံနှင့် ဒါဝိဒ်...သူတို့အားလုံးသည်လည်း ဘုရားသခင် ဖြစ်လိမ့်မည်။ ဤအရာသည် ပြောင်မြောက်သော ပြက်လုံးတစ်ခု မဟုတ်လော။

သူ၏ အမှုကို မဆောင်ရွက်မီတွင်၊ ယေရှုသည်လည်း သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်သမျှနှင့်အညီ ပြုမူခဲ့သည့် ပုံမှန်လူသားတစ်ဦးသာ ဖြစ်သည်။ ထိုအချိန်က သူသည် သူ၏ ကိုယ်ပိုင်လက္ခဏာကို သတိပြုမိသည်ဖြစ်စေ၊ မပြုမိသည်ဖြစ်စေ၊ ဘုရားသခင်ထံမှ လာသမျှအားလုံးကို သူနာခံခဲ့သည်။ သူ၏ အမှုကို မစတင်မီတွင် သန့်ရှင်းသော ဝိညာဉ်တော်သည် သူ၏ ကိုယ်ပိုင်လက္ခဏာကို ဘယ်သောအခါမျှ မထုတ်ဖော်ခဲ့ပေ။ ထိုစည်းမျဉ်းများနှင့် ထိုပညတ်တော်များကို သူပယ်ဖျက်ခဲ့သည်မှာ သူ၏သာသနာ စတင်ပြီးနောက်မှသာ ဖြစ်ပြီး၊ သူ၏ နှုတ်ကပတ်တော်များက ဩဇာအာဏာနှင့် တန်ခိုးတို့ဖြင့် ပြည့်လျှမ်းလာသည်မှာ သူ၏သာသနာကို တရားဝင်စတင် ဆောင်ရွက်လာသည့် အချိန်မှသာ ဖြစ်သည်။ သူသည် သူ၏သာသနာကို စတင်ပြီးမှသာ ခေတ်သစ်ကို ဆောင်ယူဖို့ဖြစ်သည့် သူ၏ အမှု စတင်ခဲ့လေသည်။. ဤဖြစ်ရပ်မတိုင်မီတွင်၊ သူ၏အတွင်း၌ သန့်ရှင်းသော ဝိညာဉ်တော်သည် ၂၉ နှစ်မျှ ကွယ်ဝှက်နေခဲ့သည်၊ ထိုအတောအတွင်းတွင် သူသည် လူသားတစ်ဦးကိုသာ ကိုယ်စားပြုခဲ့ပြီး ဘုရားသခင်၏ ကိုယ်ပိုင်လက္ခဏာ မရှိခဲ့ပေ။ ဘုရားသခင်၏အမှုသည် သူ၏သာသနာလုပ်ငန်းအား လုပ်ဆောင်ခြင်းနှင့် ဆောင်ရွက်ခြင်းဖြင့် စတင်ခဲ့သည်၊ လူသားက သူ့ကို အဘယ်မျှသိသည် ဆိုသည်နှင့် သက်ဆိုင်ခြင်းမရှိဘဲ သူ၏ အတွင်းစိတ် အစီအစဉ်အတိုင်း သူ၏ အမှုကို လုပ်ဆောင်ခဲ့ပြီး၊ သူလုပ်ဆောင်ခဲ့သည့် အမှုသည် ဘုရားသခင်ကိုယ်တော်တိုင်ကို တိုက်ရိုက် ကိုယ်စားပြုခြင်း ဖြစ်သည်။ ထိုအချိန်တွင် ယေရှုသည် သူ၏အနားပတ်ဝန်းကျင်မှ လူများကို “သင်တို့လည်း ငါ့ကို အဘယ်သူဖြစ်သည် ဆိုကြသနည်း” ဟုမေးခဲ့သည်။ “ကိုယ်တော်သည် ပရောဖက်များထဲမှ အကြီးမြတ်ဆုံးဖြစ်ပြီး ကျွန်ုပ်တို့၏ ကောင်းမြတ်သည့် သမားတော်ဖြစ်သည်” ဟု သူတို့ဖြေကြားခဲ့သည်။ အချို့က “ကိုယ်တော်သည် ကျွန်ုပ်တို့၏ ယဇ်ပရောဟိတ်မင်း ဖြစ်သည်” စသည်ဖြင့်၊ ဖြေဆိုခဲ့ကြသည်။ အမျိုးမျိုးသော အဖြေများကို ပေးခဲ့ကြသည်၊ အချို့က သူသည် ယောဟန်ဖြစ်သည်၊ သူသည် ဧလိယဖြစ်သည်ဟုပင် ဆိုကြသည်။ ထို့နောက် ယေရှုသည် ရှိမုန်ပေတရုဆီသို့ လှည့်၍ “သင်သည် ငါ့ကို အဘယ်သူဖြစ်သည် ဆိုသနည်း” ဟုမေးခဲ့ရာ၊ ပေတရုက၊ “ကိုယ်တော် သည် ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားသခင်၏သားတော် ဖြစ်တော်မူသည်” ဟု ဖြေကြားခဲ့သည်။ ထိုအချိန်မှစ၍ သူသည် ဘုရားသခင် ဖြစ်ကြောင်းကို လူတို့ သတိပြုမိ လာကြသည်။ ယေရှု၏ ပင်ကိုယ်လက္ခဏာ ထင်ရှားလာခဲ့ချိန်တွင်၊ ဤအရာကို ပထမဦးဆုံး သိလာခဲ့သူမှာ ပေတရုဖြစ်ပြီး၊ သူ၏နှုတ်ဖျားမှ ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ထို့နောက်၊ ယေရှုက၊ “သင်ပြောသမျှတို့သည် အသွေးအသားအားဖြင့် ထုတ်ဖော်ခဲ့ခြင်း မဟုတ်၊ သို့သော် ငါ့ခမည်းတော်က ထုတ်ဖော်ခြင်းဖြစ်သည်။” ဟု ယေရှုက ထွက်ဆိုခဲ့သည်။ သူသည် ဗတ္တိဇံခံပြီးနောက်၊ ဤအရာကို အခြားသူများ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ သူလုပ်ဆောင်ခဲ့သည့် အလုပ်မှာ ဘုရားသခင်၏ ကိုယ်စားဖြစ်သည်။ သူသည် သူ၏အလုပ်ကို လုပ်ဆောင်ရန်အလို့ငှာ ကြွလာခဲ့ခြင်းဖြစ်ပြီး၊ သူ၏ ပင်ကိုယ်လက္ခဏာကို ထုတ်ဖော်ရန်မဟုတ်ခဲ့ပေ။ ပေတရုက ထိုစကားများကို ပြောဆိုပြီးမှသာလျှင် လူများက သူ၏ ပင်ကိုယ်လက္ခဏာကို ပွင့်လင်းစွာ သိရှိလာခဲ့ခြင်း ဖြစ်သည်။ သူသည် ဘုရားသခင် ကိုယ်တော်တိုင်ပင် ဖြစ်သည်ကို သင့်အနေဖြင့် သတိထားမိခဲ့သည်ဖြစ်စေ၊ သတိမထားမိခဲ့သည်ဖြစ်စေ၊ အချိန်တန်သည့်အခါ သူက သူ၏အမှုကို စတင်ခဲ့သည်။ သင့်အနေဖြင့် ယင်းကို သိခဲ့သည်ဖြစ်စေ၊ မသိခဲ့သည်ဖြစ်စေ၊ သူသည် ယခင်အတိုင်း သူ၏အမှုကို ဆက်လက် လုပ်ဆောင်ခဲ့သည်။ သင်က ထိုအရာကို ငြင်းပယ်ခဲ့မည်ဆိုလျှင်ပင်၊ သူသည် မိမိ၏အမှုကို ဆောင်ရွက်လိမ့်ဦးမည်ဖြစ်ပြီး၊ ထိုသို့ လုပ်ရမည့် အချိန်ရောက်သည့်အခါ သူလုပ်ဆောင်လိမ့်မည် ဖြစ်သည်။ သူသည် မိမိ၏အလုပ်ကို လုပ်ဆောင်ရန်နှင့် မိမိ၏ အမှုတော်ကို ဆောင်ရွက်ရန် ကြွလာခဲ့သည်ဖြစ်ပြီး၊ လူသားက သူ၏ဇာတိပကတိကို သိနိုင်ဖို့ရန်မဟုတ်ဘဲ၊ လူ့အနေဖြင့် သူ၏အမှုကို ရရှိဖို့ ဖြစ်သည်။ ယနေ့အမှု၏အဆင့်သည် ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုဖြစ်သည်ကို သင် သတိပြုရန် ပျက်ကွက်ခဲ့ပါက၊ ယင်းမှာ သင်သည် ရူပါရုံကင်းမဲ့သောကြောင့် ဖြစ်သည်။ သို့ဖြစ်စေကာမူ၊ ဤအမှုအဆင့်ကို သင်သည် ငြင်းပယ်၍ မရနိုင်ပေ။ ထိုအရာကို သင် သတိပြုရန် ပျက်ကွက်ခြင်းက သန့်ရှင်းသော ဝိညာဉ်တော်သည် အလုပ်လုပ်မနေ၊ သို့မဟုတ် သူ၏အလုပ်က မှားယွင်းနေသည်ဟူသည်ကို သက်သေမပြပေ။ လက်ရှိအမှုကို သမ္မာကျမ်းစာထဲမှ ယေရှု၏အမှုနှင့်ယှဉ်၍ စစ်ဆေးပြီး ဤအမှု အဆင့်ကို ငြင်းပယ်ရန်အတွက် မည်သည့်ကွဲလွဲမှုမျိုးများကိုမဆို အသုံးပြုကြသည့်သူများပင် ရှိလေသည်။ ဤသည်မှာ မျက်ကန်းများ၏ လုပ်ရပ်မဟုတ်လော။ သမ္မာကျမ်းစာထဲတွင် မှတ်သားထားသည့် အရာများသည် အကန့်အသတ်ရှိ၏။ ၎င်းတို့သည် ဘုရားသခင်၏ လုပ်ဆောင်မှုကို အလုံးစုံ ကိုယ်စားမပြုနိုင်ပေ။ ခရစ်ဝင်ကျမ်း လေးကျမ်းသည် ယေရှုက သင်္ဘောသဖန်းပင်ကို ကျိန်ဆိုခြင်း၊ ပေတရုက သခင်ကို သုံးကြိမ်တိုင်အောင် ငြင်းပယ်ခြင်း၊ သူ၏ လက်ဝါးကားတိုင်ပေါ် အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း ပြီးနောက် နောက်လိုက် တပည့်တော်များရှေ့တွင် ယေရှု၏ ကိုယ်ထင်ပြခြင်း၊ အစာရှောင်ခြင်းအကြောင်း သွန်သင်မှု၊ ဆုတောင်းခြင်းအကြောင်း သွန်သင်မှု၊ ကွာရှင်းခြင်းအကြောင်း သွန်သင်မှု၊ ယေရှု၏မွေးဖွားခြင်းနှင့် ဆွေစဉ်မျိုးဆက်စာရင်း၊ တပည့်တော်များကို ယေရှုခန့်အပ်ခြင်း စသည့် ဖြစ်ပျက်မှုများကို အရေအတွက် ကန့်သတ်ချက်ဖြင့် ရေးထားသော အခန်းကြီးများ အားလုံး တစ်ရာထက် လျော့နည်းလေသည်။ သို့သော်၊ ယနေ့ အမှုကို ယင်းတို့နှင့် နှိုင်းယှဉ်လျက်ပင် လူသားသည် ယင်းတို့ကို ရတနာများကဲ့သို့ တန်ဖိုးထားကြသည်။ ယေရှုသည် မွေးဖွားလာသည့် အချိန်မှစ၍ များစွာသော အလုပ်ကို လုပ်ဆောင်ခဲ့သည်ဟုပင် သူတို့ ယုံကြည်ကြသည်။ ဘုရားသခင်က ဤမျှသာ လုပ်နိုင်စွမ်းရှိပြီး နောက်ထပ် ဘာမျှမလုပ်တော့သည့်အလား၊ ယေရှုက သူ၏ဘဝတွင် လုပ်ခဲ့သည့် အလုပ်အားလုံးမှာ ထိုမျှသာဖြစ်သည်ဟုပင် ၎င်းတို့ ယုံကြည်ကြလေသည်။ ဤသည်မှာ ရယ်စရာ မကောင်းသလော။။

ယေရှု ကမ္ဘာမြေကြီးပေါ်တွင် ရှိခဲ့သည့်ကာလမှာ သုံးဆယ့်သုံးနှစ်ခွဲ ဖြစ်သည်။ ယင်းမှာ သူသည် ကမ္ဘာမြေကြီးပေါ်တွင် သုံးဆယ့်သုံးနှစ်ခွဲ နေထိုင်ခဲ့ခြင်းဖြစ်သည်။ ဤအချိန်ကာလ၏သုံးနှစ်ခွဲသာ သူ၏ အမှုတော်ကို ဆောင်ရွက်ရာတွင် အသုံးပြုခဲ့သည်၊ ကျန်သည့်အချိန်များတွင် သူသည် သာမန်လူသား အသက်တာဖြင့်သာ နေထိုင်ခဲ့သည်။ အစတွင်၊ သူသည် တရားဇရပ်၌ ဝတ်ပြုစည်းဝေးများကို တက်ရောက်ခဲ့ပြီး၊ ထိုနေရာ၌ ယဇ်ပရောဟိတ်များ၏ ကျမ်းစာ ရှင်းလင်းဖော်ပြခြင်းနှင့် အခြားသူများ၏ တရားဟောချက်များကို နားထောင်ခဲ့သည်။ သူသည် ကျမ်းစာနှင့် ဆိုင်သည့် အသိပညာများစွာ ရရှိခဲ့သည်။ သူသည် ထိုသို့သော အသိပညာဖြင့် မွေးဖွားလာခဲ့ခြင်း မဟုတ်ခဲ့ပေ၊ ယင်းကို ဖတ်ရှုခြင်းနှင့် နားထောင်ခြင်းမှတစ်ဆင့်သာ ရရှိခဲ့ခြင်းဖြစ်သည်။ သူသည် တစ်ဆယ့်နှစ်နှစ် အရွယ်တွင် တရားဇရပ်၌ သွန်သင်သူများကို မေးခွန်းများမေးခဲ့သည်ကို သမ္မာကျမ်းစာထဲတွင် ရှင်းလင်းစွာ ရေးမှတ်ထားသည်။ ရှေးခေတ်ပရောဖက်များ၏ ပရောဖက်ပြုချက်များမှာ အဘယ်နည်း။ မောရှေ၏ ပညတ်တော်များနှင့် သက်ဆိုင်သည့်အရာမှာ အဘယ်နည်း။ ဓမ္မဟောင်းကျမ်းမှာ အဘယ်နည်း။ ဗိမာန်တော်ထဲတွင် ယဇ်ပရောဟိတ် ဝတ်ရုံများဝတ်ဆင်ထားသည့် ဘုရားသခင်ကို အစေခံနေသည့် လူသားမှာ အဘယ်အရာဖြစ်သနည်း။...သူသည် အသိပညာ သို့မဟုတ် သိနားလည်ခြင်း မရှိခဲ့သည့်အတွက် မေးခွန်းများစွာ မေးခဲ့သည်။ သူသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် သန္ဓေတည်ခဲ့ခြင်း ဖြစ်သော်လည်း၊ သူသည် လုံးဝပုံမှန်လူသား တစ်ဦးကဲ့သို့ မွေးဖွားခဲ့ခြင်း ဖြစ်သည်။ သူ့တွင် ထူးခြားသည့် သွင်ပြင်လက္ခဏာ အချို့ရှိသော်လည်း၊ သူသည် ပုံမှန်လူသားတစ်ဦးပင် ဖြစ်နေသေး၏။ သူ၏ ဝိညာဉ်ရင့်ကျက်မှုနှင့် အသက်အရွယ် အချိုးအစားအတိုင်း သူ၏အသိဉာဏ် အဆက်မပြတ် ကြီးထွားခဲ့ပြီး၊ ပုံမှန်လူသားတစ်ဦး၏ဘဝ အဆင့်များကို သူ ဖြတ်သန်းခဲ့သည်။ လူတို့၏စိတ်ကူးထဲတွင်၊ ယေရှုသည် ကလေးဘဝနှင့် ဆယ်ကျော်သက်ဘဝတို့ကို မတွေ့ကြုံခဲ့ရပေ။ မွေးသည်နှင့်တစ်ပြိုင်နက် သူသည် အသက်သုံးဆယ်အရွယ် လူသားတစ်ဦး၏ ဘဝကို စတင်အသက်ရှင်ခဲ့ရပြီး သူ၏အမှု ပြီးပြည့်စုံသည်နှင့် ကားစင်တင်သတ်ခံခဲ့ရသည်ဟု လူတို့ယူဆထားသည်။ ပုံမှန်လူသားတစ်ဦး၏ ဘဝတွင်ရှိသည့် အဆင့်များကို မဖြတ်သန်းခဲ့ရသည်မှာ သေချာသလောက် ဖြစ်သည်။ သူသည် အခြားလူတို့နှင့် အစာလည်းမစား၊ ပေါင်းသင်းခြင်းလည်း မရှိသကဲ့သို့ လူတို့အနေဖြင့် သူ့ကို ဖျတ်ခနဲ မြင်ဖို့မှာ မလွယ်ကူခဲ့ပေ။ သူသည် ဘုရားသခင် ဖြစ်သောကြောင့်၊ သူ့ကို မြင်ခဲ့သူများအား ကြောက်လန့်စေမည့် လူထူးဆန်းတစ်ဦး ဖြစ်ကောင်းဖြစ်ခဲ့ပေမည်။ လူ့ဇာတိခံယူသည့် ဘုရားသခင်သည် ပုံမှန်လူသားတစ်ဦး နေထိုင်သကဲ့သို့ လုံးဝ မနေထိုင်ဟု လူတို့က ယုံကြည်ကြသည်။ သူသည် သန့်ရှင်းသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့်အတွက် သူသည် သူ၏ သွားတိုက်စရာမလို သို့မဟုတ် သူ၏ မျက်နှာသစ်စရာမလိုဘဲ သန့်ရှင်းနေသည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ဤအရာများသည် လူသား၏ အယူအဆများသက်သက် မဟုတ်ပါသလော။ သမ္မာကျမ်းစာသည် ယေရှု၏ အသက်တာကို လူသားတစ်ဦးအဖြစ် မှတ်တမ်းတင်ထားခြင်း မရှိဘဲ၊ သူ၏ အမှုကိုသာ မှတ်တမ်း တင်ခဲ့သည်၊ သို့ရာတွင် ဤအရာက သူသည် ပုံမှန်လူ့သဘောသဘာဝ မရှိခဲ့၊ သို့မဟုတ် အသက် သုံးဆယ် မတိုင်မီတွင် သူသည် လူသား၏ သာမန်လူသားသဘာဝ မရှိ သို့မဟုတ် အသက်သုံးဆယ် မတိုင်မီ သာမန် လူသားဘဝကို အသက်မရှင်ခဲ့ဟု သက်သေမပြပေ။ သူသည် အသက် ၂၉ နှစ်တွင် သူ၏အမှုကို တရားဝင် စတင်ခဲ့သော်လည်း၊ ထိုအသက်အရွယ်မတိုင်မီ လူသားတစ်ဦးအဖြစ် သူ၏ အသက်တာတစ်ခုလုံးကို သင် မဖယ်ရှားပစ်နိုင်ချေ။ သမ္မာကျမ်းစာသည် ၎င်း၏မှတ်တမ်းများမှ ထိုကာလကို ချန်လှပ်ထားရုံမျှသာ ဖြစ်သည်။ ယင်းသည် သူ၏ ပုံမှန်လူသားဘဝဖြစ်ပြီး သူ၏ ဘုရားသဘာဝနှင့်ဆိုင်သော အမှုကာလမဟုတ်သည်နှင့်အမျှ၊ ထိုအရာကို ရေးချထားရန် မလိုအပ်ခဲ့ပေ။ ယေရှု၏ဗတ္တိဇံ မတိုင်မီတွင်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် တိုက်ရိုက် အလုပ်မလုပ်ခဲ့ဘဲ ယေရှုက သူ၏အမှုကို ထမ်းဆောင်ရန် အချိန်စေ့သည့် နေ့ရက်အထိ ယေရှု၏ အသက်တာတွင် ပုံမှန်လူသား တစ်ဦးအဖြစ် သူ့ကို ထိန်းသိမ်းမျှရုံ ထိန်းသိမ်းခဲ့သည်။ သူသည် လူ့ဇာတိခံဘုရားသခင် ဖြစ်သော်လည်း၊ ရင့်ကျက်ခြင်းဖြစ်စဉ်ကို ပုံမှန်လူသားတစ်ဦးကဲ့သို့ ကြုံခဲ့ရသည်။ ဤရင့်ကျက်ခြင်းဖြစ်စဉ်ကို သမ္မာကျမ်းစာမှ ချန်လှပ်ထားသည်။ ယင်းက ဘဝတွင် လူသား၏ ဖွံ့ဖြိုးမှုကို ကြီးမားသော အထောက်အပံ့ မပေးနိုင်သောကြောင့် ချန်လှပ်ခဲ့ခြင်း ဖြစ်သည်။ သူ၏ ဗတ္တိဇံခံယူခြင်း မတိုင်မီ ကာလသည် နိမိတ်လက္ခဏာနှင့် အံ့ဖွယ်ရာများကို သူ မလုပ်ဆောင်ခဲ့သည့် ကွယ်ဝှက်ထားသော ကာလတစ်ခု ဖြစ်ခဲ့သည်။ ယေရှု၏ ဗတ္တိဇံခံခြင်း နောက်မှသာ သူသည် ကျေးဇူးတော်၊ သမ္မာတရား၊ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာ အလျှံပယ်ဖြစ်ကာ ပြည့်ဝစွာပါဝင်သည့် အမှုဖြစ်သော လူသားမျိုးနွယ်၏ ရွေးနုတ်ခြင်းနှင့်ဆိုင်သည့် အမှုအားလုံးကို စတင်ခဲ့လေသည်။ ဤအမှု၏အစသည် အတိအကျအားဖြင့် ကျေးဇူးတော်ခေတ်၏ အစလည်း ဖြစ်သည်။ ဤအကြောင်းကြောင့်၊ ယင်းကို ရေးမှတ်ထားပြီး မျက်မှောက်ကာလသို့ လက်ဆင့်ကမ်းခဲ့ခြင်း ဖြစ်သည်။ ယင်းသည် ကျေးဇူးတော်ခေတ်ထဲတွင် ရှိသူတို့ ကျေးဇူးတော်ခေတ်၏ လမ်းကြောင်းနှင့် ကားတိုင်လမ်းကြောင်းတို့ကို နင်းလျှောက်ရန်အတွက် ထွက်လမ်းတစ်ခုကို ဖွင့်ပေးဖို့နှင့် အားလုံးကို အောင်မြင်စေဖို့ ဖြစ်သည်။ ယင်းသည် လူသား ရေးမှတ်ထားသည့် မှတ်တမ်းများမှ လာသော်လည်း၊ နေရာအနှံ့ သေးငယ်သော အမှားများ ရှာတွေ့ရသည်မှအပ အားလုံးမှာ အမှန်တရား ဖြစ်ပေသည်။ သို့သော်လည်း၊ ဤမှတ်တမ်းများကို မှန်ကန်မှုမရှိဟု ပြော၍ မရနိုင်ပေ။ မှတ်သားထားသည့် ကိစ္စရပ်များမှာ လုံးဝ အဖြစ်မှန်ဖြစ်၏၊ ယင်းတို့ကို ရေးမှတ်ရာတွင်သာ လူတို့ အမှားများ လုပ်မိကြခြင်း ဖြစ်သည်။ ယေရှုသည် ရိုးရိုးသာမန်လူ့သဘာဝရှိသူတစ်ဦး ဖြစ်ခဲ့ပါက၊ သူသည် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို မည်ကဲ့သို့ လုပ်နိုင်ခဲ့မည်နည်းဟု ပြောမည့်သူအချို့ရှိသည်။ ယေရှုကြုံခဲ့ရသည့် ရက်လေးဆယ် စုံစမ်းသွေးဆောင်ခြင်းသည် အံ့သြဖွယ်ကောင်းသည့် နိမိတ်လက္ခဏာ တစ်ခု၊ ပုံမှန်လူသားတစ်ဦးက ရရှိနိုင်စွမ်း ရှိလိမ့်မည်မဟုတ်သည့် အရာတစ်ခု ဖြစ်သည်။ သူ၏ ရက်လေးဆယ် စုံစမ်းသွေးဆောင်ခြင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှု သဘောသဘာဝတွင် ရှိခဲ့သည်။ သို့ဆိုလျှင် သူ၏ အထဲတွင် သဘာဝလွန်သည့်အရာ နည်းနည်းမျှ မရှိခဲ့ဟု အဘယ်သို့ ပြောနိုင်မည်နည်း။ သူ၏ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို လုပ်ဆောင်သည့် အစွမ်းအစက သူသည် ထူးကဲသာလွန်သော လူတစ်ဦးဖြစ်ပြီး ပုံမှန်လူသားတစ်ဦး မဟုတ်သည်ကို သက်သေမပြပေ။ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်က သူကဲ့သို့သော ပုံမှန်လူသားတစ်ဦးထဲတွင် အလုပ်လုပ်ပြီး၊ ထိုသို့ဖြင့် သူ့အား နိမိတ်လက္ခဏာများကို ဆောင်ရွက်ပြီး သာ၍ကြီးမြတ်သည့် အမှုကို လုပ်ဆောင်စေနိုင်ခဲ့ခြင်းမျှသာ ဖြစ်သည်။ ယေရှုသည် သူ၏အမှုတော်ကို မဆောင်ရွက်မီတွင်၊ သို့မဟုတ် သမ္မာကျမ်းစာထဲတွင် ပြောသည့်အတိုင်း၊ သူ့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော် မဆင်းသက်မီတွင် ယေရှုသည် ပုံမှန်လူသားတစ်ဦးသာ ဖြစ်ခဲ့ပြီး ဘယ်လိုမှ သဘာဝလွန် မဖြစ်နိုင်ပေ။ သန့်ရှင်းသောဝိညာဉ်တော် သူ့အပေါ် ဆင်းသက်သည့်အခါ၊ ဆိုလိုသည်မှာ၊ သူသည် သူ၏သာသနာလုပ်ငန်း ဆောင်ရွက်ခြင်း စတင်သည့်အခါ၊ သူသည် တန်ခိုးနှင့် ပြည့်ဝသွားခဲ့သည်။ ဤသို့ဖြင့်၊ ဘုရားသခင်၏ လူ့ဇာတိခံယူသည့် ခန္ဓာသည် သာမန်လူ့သဘာဝ မရှိဟု လူသားက ယုံကြည်လာခဲ့၏၊ ထို့အပြင် လူ့ဇာတိခံ ဘုရားသခင်သည် ဘုရားသဘာဝသာ ရှိပြီး လူ့သဘောသဘာဝ မရှိဟု သူက တလွဲထင်လေသည်။ သေချာသည်မှာ ဘုရားသခင်သည် သူ၏ အမှုကို ပြုဖို့ ကမ္ဘာမြေသို့ ကြွလာချိန်တွင်၊ လူသား မြင်သမျှမှာ သဘာဝလွန်ဖြစ်ရပ်များ ဖြစ်သည်။ သူ၏အမှုနှင့် သူ၏နှုတ်ကပတ်တော်များသည် ၎င်းတို့အဖို့ နားမလည်နိုင်စရာနှင့် မရနိုင်သည့်အရာဖြစ်သည်အတွက် မိမိတို့၏ မျက်စိများဖြင့် မြင်သည့်အရာနှင့် မိမိတို့၏နားများဖြင့် ကြားသည့်အရာတို့သည် အားလုံး သဘာဝလွန်များ ဖြစ်ကြလေသည်။ ကောင်းကင်မှ တစ်စုံတစ်ရာကို မြေကြီးပေါ်သို့ ဆောင်ယူလာပါက၊ ယင်းမှာ သဘာဝလွန်သည့်အရာမှလွဲ၍ မည်သည့်အရာ ဖြစ်နိုင်မည်နည်း။ လူသားအဖို့ နားမလည်နိုင်သကဲ့သို့ ဉာဏ်မမီနိုင်သည့် နက်နဲမှုများဖြစ်သော၊ အလွန်တရာမှ ၎င်းတို့သည် အလွန် အံ့ဖွယ်ရာနှင့် ဉာဏ်အမြော်အမြင်ရှိလှသော၊ ကောင်းကင်နိုင်ငံတော်၏ နက်နဲမှုများကို ကမ္ဘာမြေသို့ ဆောင်ယူခဲ့သည့်အခါ- ၎င်းတို့အားလုံးသည် သဘာဝလွန်အရာများ ဖြစ်ကြသည် မဟုတ်လော။ သို့သော်၊ ထိုအရာသည် မည်မျှ သဘာဝလွန်ဖြစ်နေပါစေ အရာခပ်သိမ်းကို သူ၏ သာမန်လူ့သဘာဝအတွင်းတွင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းကို သင်သိသင့်သည်။ ဘုရားသခင်၏ လူ့ဇာတိခံယူသည့် ခန္ဓာသည် လူ့သဘာဝနှင့် ပြည့်ဝနေသည်၊ သို့မဟုတ်ပါက၊ သူသည် ဘုရားသခင်၏ လူ့ဇာတိခံယူထားသည့်ခန္ဓာ ဖြစ်မည်မဟုတ်ပေ။ ယေရှုသည် သူ၏ အချိန်ကာလတွင် ကြီးမြတ်သည့် နိမိတ်လက္ခဏာများစွာကို ဆောင်ရွက်ခဲ့သည်။ ထိုအချိန်က ဣသရေလအမျိုးသားများ တွေ့ရသည်မှာ သဘာဝလွန် အမှုအရာများဖြင့် ပြည့်ခဲ့သည်။ သူတို့သည် ကောင်းကင်တမန်များနှင့် တမန်များကို ရှုမြင်ရပြီး၊ ယေဟောဝါ၏ အသံကို ကြားခဲ့ရသည်။ ဤအရာများ အားလုံးသည် သဘာဝလွန်များ မဟုတ်ခဲ့ပါသလော။ သေချာသည်မှာ ယနေ့တွင် လူသားကို သဘာဝလွန်သည့် အမှုအရာများဖြင့် လှည့်ဖြားသည့် ဆိုးညစ်သော ဝိညာဉ်အချို့ ရှိပေသည်။ ယင်းမှာ သန့်ရှင်းသောဝိညာဉ်တော်က လက်ရှိ လုပ်ဆောင်ခြင်းမရှိသည့် အလုပ်မှတစ်ဆင့် လူကို လှည့်ဖြားဖို့ သူတို့အပိုင်းမှ တုပခြင်းသာ ဖြစ်သည်။ လူများစွာတို့သည် နိမိတ်လက္ခဏာများကို ဆောင်ရွက်ကြပြီး နာမကျန်းဖြစ်သူများကို အနာရောဂါပျောက်ကင်းစေကာ နတ်ဆိုးများကို နှင်ထုတ်ကြသည်။ မျက်မှောက်ခေတ်တွင် သန့်ရှင်းသော ဝိညာဉ်တော်သည် ထိုသို့သောအလုပ်ကို မလုပ်ဆောင်တော့သည့်အတွက်၊ ဤအရာများသည် နတ်ဆိုးများ၏ လုပ်ဆောင်ချက်သာ ဖြစ်သည်၊ ပြီးလျှင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ထိုအချိန်မှစ၍ လိုက်လံတုပကြသူများ အားလုံးသည် ဧကန်စင်စစ် ဆိုးညစ်သော ဝိညာဉ်များဖြစ်ကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်က ထိုသို့သော ပုံစံဖြင့် မလုပ်ဆောင်သော်လည်း ထိုအချိန်က ဣသရေလတွင် လုပ်ဆောင်သည့် အလုပ်အားလုံးမှာ သဘာဝလွန်သည့် သဘာဝတစ်ခု၏ လုပ်ဆောင်ချက်ဖြစ်ပြီး၊ ယခုတွင် ထိုသို့သော လုပ်ဆောင်ချက် တစ်ခုသည် စာတန်၏ တုပခြင်းနှင့် အယောင်ဆောင်ခြင်းဖြစ်ကာ သူ၏ နှောင့်ယှက်မှုဖြစ်သည်။ သို့ရာတွင်၊ သင့်အနေဖြင့် သဘာဝလွန်ဖြစ်ရပ် ဟူသမျှက ဆိုးညစ်သော ဝိညာဉ်များထံမှ လာသည်ဟု ပြော၍မရနိုင်ပေ- ဤကား ဘုရားသခင်၏အမှု၏ ခေတ်အပေါ်တွင် မူတည်ပေမည်။ မျက်မှောက်ခေတ်တွင် လူ့ဇာတိခံဘုရားသခင်မှ လုပ်ဆောင်သည့် အမှုကို စဉ်းစားကြည့်လော့။ ယင်း၏ မည်သည့်ရှုထောင့်သည် သဘာဝလွန်ဖြစ်ရပ် မဟုတ်သနည်း။ သူ၏ နှုတ်ကပတ်တော်များသည် သင့်အဖို့ နားမလည်နိုင်စရာဖြစ်ပြီး မရရှိနိုင်သည့်အရာဖြစ်ကာ သူ လုပ်ဆောင်သည့် အမှုကို မည်သည့်လူသားမျှ မလုပ်ဆောင်နိုင်ပေ။ သူ နားလည်သည့် အရာကို လူသားက နားမလည်နိုင်သကဲ့သို့၊ သူ၏ အသိပညာအနေနှင့် အဘယ်ကလာသည်ကို လူသားက မသိပေ။ “ကျွန်ုပ်သည်လည်း ကိုယ်တော်ကဲ့သို့ပင် ပုံမှန်လူသား ဖြစ်၏၊ သို့သော် ကိုယ်တော် သိသည့်အရာကို ကျွန်ုပ်မသိသည်မှာ အဘယ်ကြောင့်နည်း။ ကျွန်ုပ်သည် အသက်ပိုကြီးရင့်၍ အတွေ့အကြုံလည်း သာ၍ ကြွယ်ဝ၏၊ သို့တိုင် ကျွန်ုပ်မသိသောအရာကို ကိုယ်တော်က အဘယ်သို့ သိနိုင်သနည်း။” ဟု ဆိုသော သူအချို့ ရှိ၏။ လူသားနှင့် ပတ်သက်သရွေ့ ဤအရာအားလုံးသည် လူသားမှ မရရှိနိုင်သည့် အရာတစ်ခု ဖြစ်သည်။ ထို့နောက်၊ “ဣသရေလတွင် ဆောင်ရွက်ခဲ့သည့် အလုပ်ကို မည်သူကမျှ မသိကြပါ၊ သမ္မာကျမ်းစာကို ရှင်းလင်းဖော်ပြသူများကပင် ရှင်းပြချက် မပေးနိုင်ပါ။ ကိုယ်တော်က အဘယ်ကြောင့် သိပါသနည်း” ဟူ၍ ဆိုသည့် သူများရှိပေသည်။ ဤအရာအားလုံးသည် သဘာဝလွန်ကိစ္စရပ်များ မဟုတ်ပါသလော။ အံ့ဖွယ်အရာများနှင့်ဆိုင်သည့် အတွေ့အကြုံ သူ၌ မရှိသော်လည်း အရာအားလုံးကို သူသိ၏။ သူသည် သမ္မာတရားကို အဆုံးစွန် အခက်အခဲမရှိ ပြောဆို၊ ဖော်ပြသည်။ ဤသည်မှာ သဘာဝလွန်ဖြစ်ရပ် မဟုတ်လော။ သူ၏ အမှုသည် လူ့ဇာတိက ကြိုးပမ်းရရှိနိုင်သည်ထက် ပိုလွန်ပေသည်။ ယင်းသည် အသွေးအသား ခန္ဓာရှိသည့် လူသားတိုင်း၏ အတွေးက ကြိုးပမ်း၍မရရှိနိုင်သကဲ့သို့ လူ့စိတ်၏ ဆင်ခြင်တုံတရားအဖို့ လုံးဝ စိတ်ကူးကြံစည်၍ ရနိုင်သောအရာ မဟုတ်ပေ။ သူသည် ဘယ်သောအခါမျှ ကျမ်းစာကို မဖတ်ဖူးသော်လည်း၊ ဣသရေလ၌ ဘုရားသခင်၏ အမှုကို သူနားလည်သည်။ သူသည် မြေကြီးပေါ်တွင် ရပ်၍ စကားပြောသော်လည်း၊ တတိယကောင်းကင်နှင့်ဆိုင်သည့် နက်နဲမှုများကို သူ ပြောဆိုလေသည်။ လူသားသည် ဤနှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါ၊ “ဤသည်မှာ တတိယကောင်းကင်ဘုံ၏ ဘာသာစကား မဟုတ်လော” ဟူသည့် ခံစားချက်က သူ့ကို လွှမ်းမိုးပေလိမ့်မည်။ ဤအရာအားလုံးသည် သာမန်လူသားတစ်ဦး ရရှိနိုင်စွမ်းရှိသည့်အရာထက် ကျော်လွန်နေသည့်ကိစ္စများ ဖြစ်သည် မဟုတ်လော။ ထိုအချိန်၌ အရက်လေးဆယ် အစာရှောင်ခြင်းကို ယေရှု ကျော်ဖြတ်ခဲ့ရသည့်အချိန်တွင် ယင်းသည် သဘာဝလွန်ဖြစ်ရပ် မဟုတ်လော။ အရက်လေးဆယ် အစာရှောင်ခြင်းက လုံးဝ သဘာလွန်ဖြစ်ရပ်၊ နတ်ဆိုးများ၏ လုပ်ရပ်တစ်ခုဟု သင်ပြောပါက၊ သင်သည် ယေရှုကို ရှုတ်ချမိပြီး ဖြစ်သည် မဟုတ်လော။ သူ၏အမှုတော်ကို မဆောင်ရွက်မီတွင်၊ ယေရှုသည် ပုံမှန်လူသားတစ်ဦးကဲ့သို့ ဖြစ်ခဲ့သည်။ သူသည်လည်း ကျောင်းတက်ခဲ့သည်။ သူသည် စာဖတ်၊ စာရေးနိုင်ရန် အခြားမည်သို့လျှင် သင်ယူနိုင်ခဲ့မည်နည်း။ ဘုရားသခင် လူ့ဇာတိခံသည့် အချိန်တွင်၊ ဇာတိပကတိထဲတွင် သန့်ရှင်းသော ဝိညာဉ်တော် ကွယ်ဝှက်နေခဲ့သည်။ သို့သော်လည်း၊ ပုံမှန်လူသားတစ်ဦး ဖြစ်သည့်အတွက်၊ ကြီးထွားမှုနှင့် ရင့်ကျက်မှု ဖြစ်စဉ်ကို ကြုံရဖို့ သူ့အတွက် လိုအပ်ခဲ့ပြီး၊ သူ၏ သိမြင်တတ်သော စွမ်းရည်သည် ရင့်ကျက်ကာ အမှုအရာများကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိမချင်း သူ့ကို ပုံမှန်လူတစ်ဦး အဖြစ် မမှတ်ယူနိုင်ပေ။ သူ၏လူ့သဘောသဘာဝ ရင့်ကျက်လာခဲ့သည့်နောက်မှသာ၊ သူသည် မိမိ၏ အမှုတော်ကို ဆောင်ရွက်နိုင်ခြင်း ဖြစ်သည်။ သူ၏ သာမန်လူ့သဘောသာဝက မရင့်ကျက်သေးသကဲ့သို့ သူ၏ဆင်ခြင်တုံတရားက စိတ်မချသေးစဉ်တွင် မည်သို့လျှင် သူသည် မိမိ၏သာသနာလုပ်ငန်းကို ဆောင်ရွက်နိုင်မည်နည်း။ သေချာသည်မှာ၊ သူ့အသက် ခြောက်နှစ် သို့မဟုတ် ခုနှစ်နှစ် အရွယ်တွင် သူ၏ အမှုတော်ကို ဆောင်ရွက်ရန် သူ့ကိုမျှော်လင့်၍ မရနိုင်ပေ။ ဘုရားသခင်သည် ပထမဆုံးအကြိမ် လူ့ဇာတိခံယူသည့်အချိန်တွင် မိမိကိုယ်ကိုယ် အဘယ့်ကြောင့် ပွင့်ပွင့်လင်းလင်း မထင်ရှားစေခဲ့သနည်း။ ယင်းမှာ သူ့ဇာတိပကတိ၏ လူ့သဘောသဘာဝသည် မရင့်ကျက်သေးသောကြောင့်၊ သူ၏ ဇာတိပကတိနှင့်ဆိုင်သော သိမြင်တတ်သည့် ဖြစ်စဉ်များအပြင် ဤဇာတိပကတိ၏ သာမန်လူ့သဘောသဘာဝကို သူအပြည့်အဝ မရရှိသေးသောကြောင့် ဖြစ်သည်။ ဤအကြောင်းကြောင့်၊ သူသည် သူ၏ အမှုကို မစတင်နိုင်မီတွင် ဇာတိပကတိ၌ သူ၏ အမှုကို တာ၀န်ယူဆောင်ရွက်ဖို့ လုံလုံလောက်လောက် ပြင်ဆင်ထားသည်အထိ ပုံမှန် လူ့သဘောသဘာဝနှင့် ပုံမှန်လူတစ်ဦး၏ အခြေခံအသိဉာဏ်ကို ပိုင်ဆိုင်ထားဖို့မှာ သူ့အတွက် လုံးဝ မရှိမဖြစ် လိုအပ်ချက် ဖြစ်သည်။ သူသည် ဤအလုပ်တာဝန်အဖို့ မသင့်တော်ပါက၊ သူ့အနေဖြင့် ဆက်လက်၍ ကြီးထွားကာ ရင့်ကျက်ဖို့ရန် လိုအပ်ပေသည်။ ယေရှုသည် အသက် ခုနှစ်နှစ် သို့မဟုတ် ရှစ်နှစ်အရွယ်တွင် သူ၏အမှုကို စတင်ခဲ့မည်ဆိုပါက၊ လူသားသည် သူ့ကို ပါရမီရှင်ကလေးအဖြစ် သတ်မှတ်ခဲ့မည် မဟုတ်လော။ လူအားလုံးက သူ့ကို ကလေးသူငယ်ဟု တွေးထင်ခဲ့မည် မဟုတ်လော။ မည်သူက သူ့ကို လက်ခံယုံကြည်နိုင်စရာဟု မြင်မည်နည်း။ အနောက်ကနေ၍ မိမိရပ်ခဲ့သည့် စင်မြင့်ထက် ပို၍အရပ်မမြင့်သည့် အသက် ခုနစ်နှစ် သို့မဟုတ် ရှစ်နှစ်အရွယ် ကလေးတစ်ယောက်— သူသည် တရားဟောပြောရန် သင့်တော်ခဲ့မည်လော။ သူ၏ သာမန်လူ့သဘာဝ မရင့်ကျက်မီတွင်၊ သူသည် တာဝန်ကို လုပ်နိုင်စွမ်း မရှိခဲ့ပေ။ မရင့်ကျက်သေးသည့် သူ၏လူ့သဘာဝနှင့် ပတ်သက်သရွေ့၊ အလုပ်၏ အစိတ်အပိုင်း တော်တော်များများကို တကယ်ပင် မစွမ်းဆောင်နိုင်ပေ။ ဘုရားသခင်၏ လူ့ဇာတိခံယူသည့် ဝိညာဉ်တော်၏ အမှုသည်လည်း ယင်း၏ ကိုယ်ပိုင်‌အခြေခံသဘောတရားများဖြင့် ထိန်းချုပ်ထားလေသည်။ သူသည် သာမန်လူ့သဘာဝနှင့် ပြည့်စုံသောအခါမှသာ အလုပ်ကို တာ၀န်ယူနိုင်ပြီး ခမည်းတော်၏ တာဝန်ကို လက်ခံနိုင်ပေသည်။ ထိုအခါမှသာ သူသည် မိမိ၏အမှုကို စတင်နိုင်ပေသည်။ သူ၏ကလေးဘဝတွင် ယေရှုသည် ရှေးယခင်အချိန်က ဖြစ်ပျက်ခဲ့သည့်အရာများစွာနှင့် ပတ်သက်၍ မည်သည့်အရာကိုမျှ တကယ့်ကို နားမလည်နိုင်ခဲ့ပေ၊ ပြီးလျှင် တရားဇရပ်တွင် သွန်သင်သူများအား မေးမြန်းခြင်းမှတစ်ဆင့်သာ သူနားလည်လာခဲ့ခြင်း ဖြစ်သည်။ စကားပြောဆိုတတ်သည်နှင့် တစ်ပြိုင်နက် သူ၏အမှုကို သူစတင်လုပ်ဆောင်ခဲ့ပါက၊ အမှားများ မလုပ်မိဖို့မှာ သူ့အတွက် အဘယ်သို့ ဖြစ်နိုင်မည်နည်း။ ဘုရားသခင်သည် အမှားများ လုပ်ဖို့ အဘယ်သို့ ဖြစ်နိုင်မည်နည်း။ ထို့ကြောင့်၊ သူသည် အလုပ်လုပ်နိုင်ပြီးမှသာ သူ၏အလုပ်ကို စတင်ခဲ့သည်။ အပြည့်အဝတာဝန်မယူနိုင်သရွေ့ မည်သည့်အလုပ်ကိုမျှ သူမစတင်ခဲ့ပေ။ အသက် ၂၉ နှစ်အရွယ်တွင် ယေရှုသည် အတော်ရင့်ကျက်နှင့်နေပြီ ဖြစ်ကာ၊ သူ၏လူ့သဘာဝသည် သူလုပ်ရမည့်အလုပ်ကို တာဝန်ယူရန် လုံလောက်နေပြီ ဖြစ်သည်။ ထိုအခါမှသာလျှင် ဘုရားသခင်၏ ဝိညာဉ်တော်သည် သူ့အထဲတွင် တရားဝင် စတင်အမှုပြုလေသည်။ ထိုအချိန်တွင် ယောဟန်သည် ကိုယ်တော်အတွက် လမ်းဖွင့်ပေးရန် ခုနစ်နှစ်ကြာ ပြင်ဆင်ခဲ့ပြီး၊ သူ၏အလုပ် အဆုံးသတ်သည်နှင့် ထောင်သွင်းအကျဉ်းချခြင်း ခံခဲ့ရသည်။ ထို့နောက်တွင် ယေရှုထံသို့ ဝန်ထုပ်ဝန်ပိုး တစ်ခုလုံးကျလာခဲ့သည်။ အကယ်၍ သူသည် အသက် ၂၁ သို့မဟုတ် ၂၂ အရွယ်၊ သူ၏လူ့သဘောသဘာဝ နည်းနေသေးပြီး လူငယ်ဘဝသို့ ချဉ်းနင်း ဝင်ရောက်လာခါစပင် ရှိကာ သူနားမလည်သည့် အရာများစွာ ရှိချိန်ဖြစ်သည့် ထိုအချိန်တွင် ဤအလုပ်ကို တာဝန်ယူခဲ့ပါက၊ ထိန်းချုပ်နိုင်စွမ်း ရှိခဲ့မည် မဟုတ်ပေ။ ထိုအချိန်တွင် ယေရှုက သူ၏ အမှုကို မစတင်မီ ယောဟန်အနေဖြင့် အချိန်အနည်းငယ်ကြာ မိမိ၏ အလုပ်ကို ဆောင်ရွက်နှင့်ခဲ့ပြီးဖြစ်ကာ၊ ယင်းအချိန်တွင် ယေရှုသည် လူလတ်ပိုင်း ရောက်နှင့်ပြီး ဖြစ်လေသည်။ ထိုအသက်အရွယ်တွင် သူ၏ သာမန် လူ့သဘောသဘာဝသည် သူလုပ်ဆောင်ရမည့် အလုပ်ကို တာဝန်ယူရန် လုံလောက်နေပြီဖြစ်သည်။ ယခုတွင် လူ့ဇာတိခံယူသော ဘုရားသခင်၌လည်း သာမန် လူ့သဘောသဘာဝ ရှိပြီဖြစ်ကာ သင်တို့ထဲမှ သာ၍ အသက်ကြီးသူတို့နှင့် နှိုင်းယှဉ်လျှင် မရင့်ကျက်သေးသော်လည်း၊ ဤသာမန်လူ့သဘာဝသည် သူ၏ အလုပ်ကို တာဝန်ယူရန် လုံလောက်နေပြီဖြစ်သည်။ ယနေ့အမှု ဝန်းကျင် အခြေအနေများက ယေရှု၏ အချိန်ကာလက အခြေအနေများနှင့် အပြည့်အဝ မတူပေ။ ယေရှုသည် အဘယ်ကြောင့် တပည့်တော် ဆယ့်နှစ်ပါးကို ရွေးချယ်ခဲ့ပါသနည်း။ ယင်းသည် သူ၏ အမှုကို ထောက်ပံ့ပေးရန်နှင့် ပူးပေါင်းဆောင်ရွက်ရန် သက်သက် ဖြစ်သည်။ တစ်ဖက်တွင်၊ ထိုအချိန်က သူ၏ အမှုအတွက် အခြေခံအုတ်မြစ်ကို ချရန်ဖြစ်ပြီး၊ အခြားတစ်ဖက်တွင်မူ နောက်လာမည့် နေ့ရက်များထဲက သူ၏အမှုအတွက် အခြေခံအုတ်မြစ်ကို ချရန်ဖြစ်သည်။ ထိုအချိန်က အမှုနှင့်အညီ၊ တပည့်တော် ဆယ့်နှစ်ပါးကို ရွေးချယ်ရန်မှာ ဘုရားသခင် ကိုယ်တော်တိုင်၏ လိုအင်ဆန္ဒဖြစ်သကဲ့သို့ ယေရှု၏ လိုအင်ဆန္ဒလည်း ဖြစ်ခဲ့ပေသည်။ တပည့်တော် ဆယ့်နှစ်ပါးကို ရွေးချယ်ပြီးနောက် တရားဟောဖို့ နေရာတကာသို့ သူ ဦးဆောင်ခေါ်သွားသင့်သည်ဟု သူယုံကြည်ခဲ့သည်။ သို့သော် ယနေ့တွင် သင်တို့အကြား ဤအရာ မလိုအပ်တော့ပေ။ လူ့ဇာတိခံ ဘုရားသခင်သည် ဇာတိပကတိ၌ အလုပ်လုပ်သည့်အခါ၊ အခြေခံသဘောတရားများစွာ ရှိပြီး၊ လူသား တကယ်ကို နားမလည်နိုင်သည့် အရာများစွာ ရှိလေသည်။ လူသားသည် ဘုရားသခင်ကို အကဲဖြတ်ရန် သို့မဟုတ် ဘုရားသခင်ကို လွန်ကဲသည့် တောင်းဆိုမှုများပြုရန် မိမိ၏ကိုယ်ပိုင် အယူအဆများကို စဉ်ဆက်မပြတ် အသုံးပြုလေသည်။ သို့သော်လည်း ယနေ့ထိ၊ လူများစွာတို့သည် မိမိတို့၏ အသိပညာမှာ မိမိတို့၏ အယူအဆများဖြင့်သာ ဖွဲ့စည်းထားသည်ကို လုံးဝ မသိကြပေ။ မည်သည့်ခေတ် သို့မဟုတ် မည်သည့် နေရာတွင် ဘုရားသခင် လူ့ဇာတိခံယူသည်ဖြစ်စေ၊ ဇာတိပကတိ၌ သူ၏ အမှုအတွက် အခြေခံသဘောတရားများမှာ မပြောင်းလဲဘဲ ရှိ နေပါသည်။ သူသည် လူ့ဇာတိခံယူသော်လည်း ဇာတိပကတိကို ကျော်လွန်၍ အလုပ်လုပ်ရန်မှာ မရနိုင်ပေ။ သူသည် လူ့ဇာတိခံသော်လည်း ဇာတိပကတိ၏ သာမန်လူ့သဘာဝအတွင်းတွင် အလုပ်မလုပ်ရန်မှာ သာ၍ပင် မရနိုင်ပေ။ သို့မဟုတ်ပါက၊ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း အဓိပ္ပာယ်သည် အချည်းနှီးအဖြစ်သို့ ပပျောက်သွားလိမ့်မည်ဖြစ်ပြီး၊ လူ့ဇာတိခံယူသည့် နှုတ်ကပတ်တော်သည် လုံးဝ အဓိပ္ပာယ်မဲ့သွားပေလိမ့်မည်။ ထို့ပြင်၊ ကောင်းကင်ဘုံ၌ ရှိသော ခမည်းတော် (ဝိညာဉ်တော်) သာလျှင် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းကို သိရှိပြီး၊ အခြားမည်သူမျှ၊ လူ့ဇာတိခံယူသူ ကိုယ်တိုင်ပင် သို့မဟုတ် ကောင်းကင်ဘုံ၏တမန်များပင် မသိရှိပေ။ ဤသို့ဖြစ်၍၊ လူ့ဇာတိ၌ ဘုရားသခင်၏ အမှုသည် ပိုပြီးသာမန်ဖြစ်ကာ နှုတ်ကပတ်တော်သည် ဧကန်အမှန် လူ့ဇာတိ ခံယူပြီးဖြစ်သည်ကို ပိုပြီးထင်ရှားစေနိုင်ပြီး ဇာတိပကတိဆိုသည်မှာ ရိုးရိုးသာမန် လူသားတစ်ဦးဟု အဓိပ္ပါယ်ရပေသည်။

အချို့က၊ “ခေတ်ကာလကို ဘုရားသခင် ကိုယ်တော်တိုင်က အဘယ်ကြောင့် ဖွင့်ပေးရမည်နည်း။ ဘုရားသခင်၏ ကိုယ်စား ဖန်ဆင်းခံသူတစ်ဦးက မရပ်တည်ပေးနိုင်သလော။” ဟု စဉ်းစားကောင်း စဉ်းစားမည်။ ဘုရားသခင်သည် ခေတ်သစ်ကို ဖွင့်ပေးခြင်း ရည်ရွယ်ချက်ကို ဖော်ပြရန်အတွက် လူ့ဇာတိခံယူလာခဲ့သည်ကို သင်တို့အားလုံး သတိပြုမိကြပြီး၊ ခေတ်သစ်ကို သူဖွင့်ပေးသည့်အချိန်တွင် သူသည် တစ်ချိန်တည်းတွင် ခေတ်ဟောင်းကို အဆုံးသတ်လိမ့်မည်မှာ မှန်ပေ၏။ ဘုရားသခင်သည် အစနှင့်အဆုံး ဖြစ်သည်။ သူ၏ အမှုကို စတင်လှုပ်ရှားစေသည်မှာ သူကိုယ်တိုင်ဖြစ်ပြီး၊ ထို့ကြောင့် အရင်ခေတ်ကို အဆုံးသတ်သူမှာလည်း သူကိုယ်တိုင်ဖြစ်ရပေမည်။ ယင်းသည် စာတန်ကို သူ အောင်နိုင်ခြင်းနှင့် ကမ္ဘာမြေကြီးကို သူ၏သိမ်းပိုက်ခြင်း၏ သက်သေဖြစ်သည်။ အချိန်တိုင်းတွင် သူကိုယ်တိုင် လူသားအကြား အမှုပြုလေသည်၊ ယင်းသည် အသစ်သော စစ်ပွဲတစ်ခု၏ အစဖြစ်ပေသည်။ အသစ်သော အမှု၏အစ မရှိဘဲနှင့်၊ အမှုဟောင်း၏ နိဂုံးသည် အလိုအလျောက်ပင် ရှိလိမ့်မည် မဟုတ်ပေ။ အမှုဟောင်း၏ နိဂုံးမရှိသည့်အခါ၊ စာတန်နှင့် တိုက်ပွဲသည် အဆုံးသတ်သို့ ရောက်မလာသေးကြောင်း သက်သေဖြစ်သည်။ ဘုရားသခင် ကိုယ်တော်တိုင်လာပြီး လူသားကြားတွင် အမှုသစ်ပြုမှသာလျှင်၊ လူသားသည် စာတန်၏အုပ်စိုးမှုကို လုံးဝချိုးဖောက်ပြီး အသက်တာသစ်နှင့် စတင်မှု အသစ်ကို ရရှိနိုင်ပေသည်။ သို့မဟုတ်ပါက၊ လူသားသည် ခေတ်ဟောင်းတွင် ထာဝရအသက်ရှင်နေထိုင်နေပြီး စာတန်၏ လွှမ်းမိုးမှုဟောင်း အောက်၌သာ ထာဝရနေရလိမ့်မည် ဖြစ်သည်။ ဘုရားသခင်ဦးဆောင်ခဲ့သည့် ခေတ်ကာလတိုင်းနှင့်အတူ၊ လူသားအချို့က လွတ်မြောက်သွားပြီး ထို့သို့ဖြင့်၊ လူသားသည် ခေတ်သစ်ဆီသို့ ဘုရားသခင်၏ အမှုနှင့်အတူ တက်လှမ်းလေသည်။ ဘုရားသခင်၏ အောင်မြင်မှုဟူသည်မှာ သူ့နောက် လိုက်လျှောက်သည့် သူအားလုံး၏ အောင်မြင်မှုဟု ဆိုလိုပေသည်။ အဖန်ဆင်းခံ လူသားမျိုးနွယ်အား ခေတ်ကာလကို အဆုံးသတ်ခြင်းတာဝန် ပေးမည်ဆိုလျှင်၊ လူသား၏ ရှုထောင့်အမြင်မှဖြစ်စေ သို့မဟုတ် စာတန်၏ ရှုထောင့်အမြင်မှ ဖြစ်စေ၊ ဤအရာသည် ဘုရားသခင်ကို နာခံသည့် လုပ်ရပ်တစ်ခု မဟုတ်ဘဲ၊ ဘုရားသခင်ကို ဆန့်ကျင်သည့် လုပ်ရပ် သို့မဟုတ် သစ္စာဖောက်သည့် လုပ်ရပ်တစ်ခုသာ ဖြစ်လိမ့်မည်၊ ပြီးလျှင် လူသား၏ အလုပ်သည် စာတန်အတွက် တန်ဆာပလာတစ်ခု ဖြစ်သွားပေလိမ့်မည်။ လူသားအနေဖြင့် ဘုရားသခင်ကိုယ်တော်တိုင် ဖွင့်လှစ်သည့် ခေတ်တစ်ခုထဲတွင် ဘုရားသခင်ကို နာခံမှုရှိပြီး လိုက်လျှောက်မှသာ၊ စာတန်က အပြည့်အဝ ယုံကြည်လက်ခံနိုင်ပေမည်၊ အဘယ်ကြောင့်ဆိုသော် ယင်းသည် အဖန်ဆင်းခံတစ်ဦး၏ တာဝန်ဖြစ်သည့်အတွက် ဖြစ်သည်။ ထို့ကြောင့် သင်တို့အနေဖြင့် လိုက်လျှောက်ရန်နှင့် နာခံရန်သာ လိုအပ်ပြီး နောက်ထပ် ဘာကိုမျှ သင်တို့ကို တောင်းဆိုခြင်းမရှိဟု ငါဆိုခြင်း ဖြစ်၏။ ဤသည်မှာ အသီးသီးက မိမိ၏တာဝန်ကို ထိန်းသိမ်းထားခြင်းနှင့် အသီးသီးက မိမိ၏ သက်ဆိုင်ရာ လုပ်ငန်းဆောင်တာကို ဆောင်ရွက်ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ ဘုရားသခင်သည် သူကိုယ်တိုင်၏ အလုပ်ကိုလုပ်ပြီး၊ လူသားက သူ့ကိုယ်စား လုပ်ပေးရန် မလိုအပ်သကဲ့သို့၊ ဖန်ဆင်းခံများ၏ အလုပ်တွင်လည်း သူပါဝင်ပတ်သက်ခြင်း မရှိပေ။ လူသားသည် မိမိကိုယ်တိုင်၏ တာဝန်ကို ဆောင်ရွက်ပြီး ဘုရားသခင်၏ အမှုတွင် ပါဝင်ပတ်သက်ခြင်း မရှိ။ ဤအရာသည်သာ စစ်မှန်သည့် နာခံခြင်းဖြစ်ပြီး၊ စာတန်ကို အနိုင်ယူခြင်းသက်သေ ဖြစ်သည်။ ဘုရားသခင် ကိုယ်တိုင် ခေတ်သစ်ကို ဖွင့်လှစ်ပေး ပြီးနောက်၊ သူကိုယ်တိုင်သည် လူသားများအကြားတွင် အမှုပြုရန် ကြွဆင်းလာခြင်း မရှိတော့ချေ။ ထိုအခါမှသာ လူသားသည် မိမိ၏တာဝန်ကို ဆောင်ရွက်ရန်နှင့် ဖန်ဆင်းခံတစ်ဦးအနေဖြင့် သူ၏တာဝန်ကို ထမ်းရွက်ရန် ခေတ်သစ်ထဲသို့ တရားဝင် လှမ်းလာခြင်း ဖြစ်သည်။ ဤအရာများသည် မည်သူမျှ မချိုးဖောက်ရသော ဘုရားသခင် အမှုပြုသည့် အခြေခံသဘောတရားများဖြစ်သည်။ ဤနည်းလမ်းဖြင့် လုပ်ဆောင်ခြင်းသည်သာလျှင် သင့်တင့်လျောက်ပတ်မှုရှိပြီး လျော်ကန်ပေသည်။ ဘုရားသခင်၏ အလုပ်ကို ဘုရားသခင်ကိုယ်တော်တိုင်က လုပ်ဆောင်ရမည်ဖြစ်သည်။ သူ၏အမှုကို စတင်လှုပ်ရှားစေသူမှာ သူဖြစ်ပြီး သူ၏ အမှုကို အဆုံးသတ်သူမှာ သူဖြစ်၏။ အမှုကို စီစဉ်သူမှာ သူဖြစ်ပြီး၊ ယင်းအား စီမံခန့်ခွဲသူမှာ သူ ဖြစ်သည်၊ ထို့ထက်မက အမှုကို အောင်မြင်စေသူမှာ သူပင် ဖြစ်ပေသည်။ သမ္မာကျမ်းစာထဲတွင် “ငါသည်အစနှင့် အဆုံးဖြစ်သည်၊ ငါသည် ပျိုးကြဲသောသူနှင့် စပါးရိတ်သောသူဖြစ်သည်” ဟု ဖော်ပြထားသည့်အတိုင်း ဖြစ်သည်။ သူ၏ စီမံခန့်ခွဲခြင်းနှင့်ဆိုင်သည့် အမှုနှင့် ဆက်စပ်သမျှကို ဘုရားသခင်ကိုယ်တော်တိုင် လုပ်ဆောင်လေသည်။ သူသည် အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ကို အုပ်ချုပ်သူဖြစ်သည်။ အရာအားလုံးကို ထိန်းချုပ်ထားသူမှာ သူ ဖြစ်သည့်အတွက်၊ မည်သူမျှ ဘုရားသခင်ကိုယ်စား သူ၏အမှုကို မလုပ်ဆောင်နိုင်သကဲ့သို့ သူ၏ အမှုကို မည်သူမျှ အဆုံးမသတ်စေနိုင်ပေ။ ကမ္ဘာမြေကြီးကို ဖန်ဆင်းပြီးနောက်၊ သူသည် ကမ္ဘာလောကတစ်ခုလုံးကို သူ၏အလင်းထဲတွင် အသက်ရှင်ဖို့ ဦးဆောင်မည်ဖြစ်ပြီး၊ ခေတ်တစ်ခုလုံးကိုလည်း အဆုံးသတ်လိမ့်မည်၊ ထိုသို့ဖြင့် သူ၏ အစီအစဉ်တစ်ခုလုံးကို အောင်မြင်စေလိမ့်မည်ဖြစ်သည်။

အရှေ့သို့- လက်တွေ့လုပ်ဆောင်ခြင်း (၂)

နောက်တစ်ခုသို့- လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၂)

သင်သည် သခင် ပြန်ကြွလာခြင်းကို ကြိုဆိုသည့်နည်းလမ်း၊ ဘုရားသခင်နှင့် သာ၍ နီးစပ်သော ပေါင်းသင်းဆက်ဆံရေးတစ်ခုကို တည်ထောင်သည့်နည်းလမ်း၊ ဘုရားသခင်ထံ ဆုတောင်းသည့်နည်းလမ်း စသည်တို့ကို သင်ယူလေ့လာ လိုပါသလား။ ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ဖို့ အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဖောက်ပြန်ပျက်စီးသော လူသားသည် ဘုရားသခင်ကို ကိုယ်စားပြုခြင်းငှာ မတတ်စွမ်းနိုင်

လူသားသည် မှောင်မိုက်လွှမ်းမိုးမှု အရိပ်အောက်နှင့် မည်သို့မျှ လွတ်မြောက်နိုင်ခြင်း မရှိသည့် စာတန်လွှမ်းမိုးမှု၏ အချုပ်အနှောင်တွင်...

ကယ်တင်ခြင်းကို ရရှိသည့် လူတစ်ဦးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားလျက်ရှိသူ ဖြစ်သည်

မှန်ကန်သင့်လျော်သော အသင်းတော်အသက်တာ ရှိရန် လိုအပ်ခြင်းကို တရားဒေသနာများတွင် မကြာခဏ ဖော်ပြ‌လေ့ရှိသည်။ သို့ဆိုလျှင် အသင်းတော် အသက်တာသည်...

အဖြည့်ခံဖြစ်ရန် သင်အဘယ်ကြောင့် လိုလားခြင်းမရှိသနည်း

သိမ်းပိုက်ခြင်းခံရသောသူများသည် အဖြည့်ခံများဖြစ်ကြပြီး စုံလင်အောင်ပြုခြင်းခံရပြီးမှသာ လူတို့သည် နောက်ဆုံးသောကာလ အမှု၏ စံပြများနှင့်...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေများ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်