လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၂)
ယုဒပြည်၌ ယေရှုအမှုပြုခဲ့ချိန်တွင် ပွင့်လင်းစွာ သူ လုပ်ဆောင်ခဲ့သည်၊ သို့သော် ယခုတွင် ငါသည် သင်တို့အလယ်တွင် တိတ်တဆိတ် အမှုပြုကာ စကားပြောသည်။ မယုံကြည်သူများသည် ယင်းကို လုံးဝ သတိမပြုမိကြချေ။ သင်တို့အလယ် ငါ၏အမှုသည် အပြင်ဘက်၌ ရှိသူများအဖို့ ပိတ်ထားလျက်ရှိသည်။ ဤနှုတ်ကပတ်တော်များ၊ ပြစ်တင်ဆုံးမခြင်းများနှင့် တရားစီရင်မှုများကို သင်တို့သာ သိကြပြီး အခြားသောသူများက မသိကြပေ။ ဤအမှုအားလုံးကို သင်တို့အလယ်တွင် ဆောင်ရွက်ခြင်းဖြစ်ပြီး၊ သင်တို့အဖို့သာ ဖွင့်ဟထားပေသည်။ အချိန်မကျသေးသည့်အတွက် ယင်းကို မယုံကြည်သူများထဲမှ မည်သူမျှ မသိပေ။ ဤနေရာ၌ရှိသော လူများသည် ပြစ်တင်ဆုံးမခြင်းများကို ကြံ့ကြံ့ခံပြီးနောက် စုံလင်စေခြင်းခံရရန် နီးစပ်ကြသော်လည်း၊ အပြင်တွင်ရှိကြသူများက ဤအရာနှင့်ပတ်သက်၍ မည်သည့်အရာကိုမျှ မသိကြချေ။ ဤအမှုသည် အလွန် ကွယ်ဝှက်လွန်းလှပေသည်။ ၎င်းတို့အဖို့၊ ဘုရားသခင် လူ့ဇာတိခံယူသည်မှာ ဖုံးကွယ်ထားလျက်ရှိသော်လည်း၊ ဤရေစီးကြောင်းအတွင်း၌ ရှိသောသူများအဖို့မူ သူသည် ဖွင့်ဟထားသည်ဟု ပြော၍ရပေသည်။ ဘုရားသခင်၌ အရာအားလုံး ဖွင့်ထားသော်လည်း၊ အရာအားလုံး ထုတ်ဖော်ပြထားသော်လည်း၊ အရာအားလုံး လွတ်လပ်သော်လည်း၊ ဤအရာသည် သူ့ကို ယုံကြည်သော သူများအတွက်သာ မှန်ကန်ပေသည်။ ကျန်သောသူများ ဖြစ်သည့် မယုံကြည်သူများနှင့် ပတ်သက်သရွေ့၊ မည်သည့်အရာကိုမျှ အသိပေးခြင်း မရှိပေ။ သင်တို့အလယ်နှင့် တရုတ်ပြည်တွင် လတ်တလော လုပ်ဆောင်လျက်ရှိသည့် အမှုသည် ၎င်းတို့ မသိစေဖို့၊ တင်းတင်းကြပ်ကြပ် ပိတ်ထားလျက်ရှိသည်။ ဤအမှုကို ၎င်းတို့ သိရှိလာခဲ့ပါလျှင်လည်း၊ ၎င်းတို့ လုပ်မည့်အရာ ဟူသမျှမှာ ယင်းကို ရှုတ်ချပြီး ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံစေဖို့သာ ဖြစ်ပေသည်။ ယင်းကို ၎င်းတို့ ယုံကြည်ကြမည် မဟုတ်ပေ။ ဤခေတ်နောက်အကျန်ဆုံးနေရာဖြစ်သည့် အဆင်းနီသော နဂါးကြီး၏ တိုင်းနိုင်ငံတွင် အလုပ်လုပ်ရန်မှာ လွယ်ကူသည့် အလုပ် မဟုတ်ပေ။ ဤအမှုကို လူပုံအလယ်တွင် ထားမည်ဆိုပါက၊ ဆက်လက်လုပ်ဆောင်ရန် ဖြစ်နိုင်မည် မဟုတ်ချေ။ အမှု၏ ဤအဆင့်ကို ဤနေရာတွင် တကယ်ကို ဆောင်ရွက်၍မရနိုင်ပေ။ ဤအလုပ်ကို လူပုံအလယ်တွင် ဆောင်ရွက်ခဲ့မည်ဆိုပါက၊ ယင်းကို ရှေ့ဆက်လုပ်ဆောင်ရန် ၎င်းတို့ မည်သို့ခွင့်ပြုနိုင်မည်နည်း။ ဤအရာက အမှုကို သာ၍ ကြီးမားသည့်အန္တရာယ်အောက်သို့ ရောက်ရှိစေမည်မဟုတ်လော။ ဤအမှုကို ဖုံးကွယ်ထားခြင်းမရှိဘဲ၊ ယင်းထက် မကျန်းမာသူများကို အံ့ဘနန်း ကျန်းမာစေပြီး နတ်ဆိုးများကိုလည်း နှင်ထုတ်ခဲ့သည့် ယေရှု၏အချိန်ကာလကဲ့သို့ ဆောင်ရွက်မည်ဆိုပါက၊ ယင်းကို နတ်ဆိုးများက အချိန်ကြာမြင့်စွာက “ဖမ်းဆီးခံရခြင်း” ဖြစ်စေပြီးဖြစ်မည် မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိခြင်းကို သည်းခံနိုင်ကြမည်လော။ ယခုတွင် တရားဇရပ်များထဲသို့ တရားဟောရန်နှင့် ဩဝါဒပေးရန် ဝင်ရောက်မည် ဆိုပါက၊ ငါသည် အချိန်ကြာမြင့်စွာက အစိတ်စိတ်အမြွှာအမြွှာ ပစ်ပေါက်ခံရပြီးဖြစ်မည် မဟုတ်လော။ ဤအရာ ဖြစ်အပျက်ခဲ့ပါက၊ ငါ၏အမှုကို မည်သို့ ဆက်လက် ဆောင်ရွက်နိုင်မည်နည်း။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပွင့်လင်းစွာ လုံးဝ မပြသသည့် အကြောင်းရင်းမှာ ဖုံးကွယ်ခြင်းအတွက် ဖြစ်သည်။ ထို့ကြောင့်၊ မယုံကြည်သူများအဖို့ ငါ၏အမှုကို မြင်၍မရ၊ သိ၍မရ၊ သို့မဟုတ် ရှာဖွေတွေ့ရှိ၍လည်း မရပေ။ အမှု၏ ဤအဆင့်ကို ကျေးဇူးတော်ခေတ်တွင် ယေရှုလုပ်ခဲ့သည်နည်းတူ လုပ်ဆောင်ခဲ့မည် ဆိုပါက၊ ယခုကဲ့သို့ အလွန် တည်တည်ငြိမ်ငြိမ် ရှိနိုင်မည် မဟုတ်ပါ။ ထို့ကြောင့်၊ ဤကဲ့သို့ လျှို့ဝှက်စွာ အလုပ်လုပ်ခြင်းသည် သင်တို့နှင့် အမှုအဖို့ တစ်ပေါင်းတစ်စည်းတည်း အကျိုးရှိလေသည်။ ကမ္ဘာမြေပေါ်တွင် ဘုရားသခင်၏အမှု အဆုံးသတ်လာသည့်ချိန်တွင်၊ ဆိုလိုသည်မှာ ဤလျှိုဝှက်သောအမှု နိဂုံးချုပ်သည့် အချိန်တွင်၊ အမှု၏ ဤအဆင့်သည် လူပုံအလယ် ဗြုန်းခနဲ ဖြစ်ပွားလိမ့်မည်။ တရုတ်ပြည်တွင် အောင်မြင်သူတစ်စုရှိသည်ကို အားလုံး သိကြလိမ့်မည်။ လူ့ဇာတိခံလာသည့် ဘုရားသခင်သည် တရုတ်ပြည်တွင် ရှိပြီး သူ၏အမှုသည် အဆုံးသို့ ရောက်ရှိပြီး ဖြစ်သည်ကို အားလုံး သိကြလိမ့်မည်။ ထိုအခါမှသာ လူသားက တဖြည်းဖြည်း သဘောပေါက်လိမ့်မည်- တရုတ်ပြည်သည် အဘယ်ကြောင့် မကျဆင်းသေးသနည်း သို့မဟုတ် မပြိုလဲသေးသနည်း။ လက်စသတ်တော့ ဘုရားသခင်သည် သူ၏အမှုကို တရုတ်ပြည်တွင် ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်နေပြီး လူတစ်စုကို အောင်မြင်သူများအဖြစ် စုံလင်စေပြီး ဖြစ်ပေသည်။
လူ့ဇာတိခံသည့် ဘုရားသခင်သည် သူ၏အမှုကို ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ချိန်တွင်၊ ဤကာလအတွင်းတွင် သူ့နောက်လိုက်သော လူတစ်စုထံသို့သာ မိမိကိုယ်မိမိ ပြပြီး ဖန်ဆင်းခံ သတ္တဝါအားလုံးထံသို့ မပြပေ။ သူသည် သူ၏ အမှု အဆင့်တစ်ဆင့်ကို စုံလင်စေရန်သာ လူ့ဇာတိ ခံယူခဲ့ပြီး၊ သူ၏ ပုံသဏ္ဌာန်ကို လူသားထံပြရန်အတွက် မဟုတ်ပေ။ သို့သော်လည်း သူ၏အမှုကို သူကိုယ်တိုင် ဆောင်ရွက်ရမည် ဖြစ်သောကြောင့်၊ ဇာတိခန္ဓာဖြင့် ထိုသို့ လုပ်ဆောင်ရန် သူ့အတွက် လိုအပ်ပေသည်။ ဤအမှု အဆုံးသတ်သည့်အခါ၊ သူသည် လူ့လောကမှ ထွက်ခွာလိမ့်မည် ဖြစ်သည်။ လာမည့်အမှု၏ လမ်းကို အတားအဆီးဖြစ်စေမိမည် စိုးသည့်အတွက် သူသည် လူသားမျိုးနွယ်အလယ်တွင် ရေရှည် ရှိမနေနိုင်ပေ။ အကြောင်းမှာ ဘုရားသခင်၏ ပုံသဏ္ဌာန်ကို သူ၏စိတ်သဘောထားမှတစ်ဆင့်သာ ပြသ၍ရနိုင်ပြီး သူ၏ လူ့ဇာတိခံ ခန္ဓာ၏ ပုံသဏ္ဌာန်က အစားထိုး၍ မရနိုင်သည့်အတွက် လူအမြောက်အများထံ သူ ထင်ရှားစေသည်မှာ သူ၏ဖြောင့်မတ်သော စိတ်သဘောထားနှင့် သူ၏လုပ်ဆောင်မှုများ အားလုံးဖြစ်ကာ၊ သူ လူ့ဇာတိနှစ်ကြိမ်ခံယူချိန်က ပုံသဏ္ဌာန်မဟုတ်ပေ။ သူ၏ ဇာတိခန္ဓာ ပုံသဏ္ဌာန်ကို လူအရေအတွက် အကန့်အသတ်တစ်ခု ဆီသို့သာ၊ လူ့ဇာတိ၌ သူအလုပ်လုပ်နေစဉ် သူ့နောက်ကိုလိုက်သော သူများထံသို့သာ ပြသလေသည်။ ဤသည်မှာ ယခု ဆောင်ရွက်နေသော အမှုကို လျှို့ဝှက်စွာလုပ်ဆောင်ရသည့် အကြောင်းရင်း ဖြစ်သည်။ ထိုနည်းတူ ယေရှုသည် သူ၏အမှုကို လုပ်ဆောင်ခဲ့ချိန်တွင်၊ ဂျူးလူမျိုးများထံသာ မိမိကိုယ်ကိုယ် ပြသခဲ့ပြီး၊ အခြားမည်သည့် တိုင်းနိုင်ငံကိုမျှ မိမိကိုယ်မိမိ လူသိရှင်ကြား လုံးဝ မပြခဲ့ပေ။ ထို့ကြောင့် သူ၏အမှုကို လက်စသတ်ခဲ့ပြီးသည်နှင့်တစ်ပြိုင်နက် သူသည် လူ့လောကမှ ချက်ချင်းထွက်ခွာခဲ့ပြီး မနေထိုင်ခဲ့ပေ။ နောက်ပိုင်းတွင် လူသားထံ မိမိကိုယ်မိမိ ပြခဲ့သူမှာ ဤလူသား ပုံသဏ္ဌာန်ဖြစ်သည့် သူမဟုတ်ခဲ့ဘဲ၊ အမှုကို တိုက်ရိုက်ဆောင်ရွက်ခဲ့သော သန့်ရှင်းသောဝိညာဉ်တော် ဖြစ်လေသည်။ လူ့ဇာတိခံယူသော ဘုရားသခင်၏အမှု လုံးဝ ပြီးစီးသည်နှင့်တစ်ပြိုင်နက်၊ သေမျိုးဖြစ်သော လောကမှ သူထွက်ခွာလိမ့်မည်ဖြစ်ပြီး၊ လူ့ဇာတိ၌ သူ ရှိခဲ့ချိန် လုပ်ဆောင်ခဲ့သည့် အရာနှင့်တူညီသည့် မည်သည့်အမှုကိုမျှ သူ တစ်ဖန် လုံးဝ လုပ်ဆောင်လိမ့်မည်မဟုတ်ပေ။ ဤအရာပြီးသည့်နောက်တွင်၊ အမှုအားလုံးကို သန့်ရှင်းသောဝိညာဉ်တော်က တိုက်ရိုက် လုပ်ဆောင်လေသည်။ ဤကာလအတောအတွင်းတွင်၊ လူသားသည် သူ၏ အသွေးအသား ခန္ဓာ၏ ပုံသဏ္ဌာန်ကို မမြင်နိုင်ပေ။ သူသည် လူသားထံ မိမိကိုယ်မိမိ လုံးဝမပြဘဲ၊ ထာဝရ ကွယ်ဝှက်နေလေသည်။ လူ့ဇာတိခံယူသော ဘုရားသခင်၏အမှုအတွက် အချိန်သည် အကန့်အသတ်ရှိ၏။ ယင်းကို တိကျသော ခေတ်၊ ကာလ၊ တိုင်းနိုင်ငံနှင့် တိကျသော လူများအလယ်တွင် ဆောင်ရွက်ပေသည်။ ဤအမှုသည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းကာလ အတောအတွင်းက အမှုကိုသာ ကိုယ်စားပြုသည်၊ ယင်းသည် ခေတ်တစ်ခု၏ ကိုယ်စားပြုဖြစ်ပေသည်၊ ပြီးလျှင် ယင်းသည် သီးသန့် ခေတ်တစ်ခေတ်ထဲက ဘုရားသခင်၏ ဝိညာဉ်တော်၏အမှုကို ကိုယ်စားပြုပြီး သူ၏ အမှုအလုံးစုံကို ကိုယ်စားမပြုပေ။ ထို့ကြောင့်၊ လူ့ဇာတိခံယူသော ဘုရားသခင်၏ ပုံသဏ္ဌာန်ကို လူအားလုံးထံ ပြသမည် မဟုတ်ပေ။ လူအမြောက်အများထံသို့ ပြသသည့်အရာမှာ သူ လူ့ဇာတိနှစ်ကြိမ် ခံယူတုန်းက သူ၏ပုံသဏ္ဌာန်ထက် ဘုရားသခင်၏ဖြောင့်မတ်ခြင်းနှင့် သူ၏ စိတ်သဘောထားအလုံးစုံ ဖြစ်ပေသည်။ လူသားထံ ပြသသည်မှာ ပုံသဏ္ဌာန်တစ်ခုမဟုတ်သကဲ့သို့ ပုံသဏ္ဌာန်နှစ်ခု ပေါင်းစည်းခြင်းလည်း မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်သည် သူ လုပ်ဆောင်ရမည့် အမှုကို လုပ်ဆောင်ရန်သာ ကြွလာပြီး လူတို့ထံ မိမိ၏ပုံသဏ္ဌာန်ကိုပြရန် မဟုတ်သည့်အတွက်၊ ဘုရားသခင်၏ လူ့ဇာတိခံယူသော ခန္ဓာသည် သူလုပ်ဆောင်ဖို့ လိုအပ်သည့်အမှုကို ပြီးဆုံးသည်နှင့် ကမ္ဘာပေါ်မှ ထွက်ခွာသင့်သည်မှာ အလွန် အရေးကြီးပေသည်။ လူ့ဇာတိခံယူခြင်း၏ အရေးပါမှုကို ဘုရားသခင်က လူ့ဇာတိကိုနှစ်ကြိမ်ခံယူခြင်းဖြင့် ပြည့်စုံစေနှင့်ပြီး ဖြစ်သော်လည်း၊ ယခင်က သူ့ကို လုံးဝ မမြင်ဖူးသော မည်သည့် တိုင်းနိုင်ငံထံသို့မဆို မိမိကိုယ်မိမိ ပွင့်လင်းစွာ ပြဦးမည် မဟုတ်ပေ။ ယေရှုသည် ဖြောင့်မတ်ခြင်းနေမင်းအဖြစ် မိမိကိုယ်မိမိ ဂျူးလူမျိုးများထံသို့ မည်သည့်အခါမျှ တစ်ဖန် ဖော်ပြလိမ့်မည် မဟုတ်သကဲ့သို့၊ သံလွင်တောင်ထိပ်တွင် မတ်တပ်ရပြီး လူအားလုံးထံ ပေါ်လာလိမ့်မည်လည်း မဟုတ်ပေ။ ဂျူးလူမျိုးများက မြင်ရပြီးသမျှ အားလုံးမှာ ယုဒပြည်တွင် သူ၏ အချိန်ကာလအတောအတွင်း ယေရှု၏ပုံတူ ဖြစ်ပေသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သူ၏ လူ့ဇာတိခံယူခြင်းတွင် ယေရှု၏အမှုသည် လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ထောင်က အဆုံးသတ်ခဲ့သောကြောင့် ဖြစ်သည်။ လူ့ဇာတိခံလာသည့် ယေရှု၏ ပုံသဏ္ဌာန်သည် ဂျူးလူမျိုးတစ်ဦး၏ ပုံသဏ္ဌာန်မျှဖြစ်ပြီး ယောဟန်မြင်ခဲ့သည့် လူသား၏ ပုံသဏ္ဌာန် မဟုတ်သည့်အတွက်၊ သူသည် ဂျူးလူမျိုးတစ်ဦး၏ ပုံသဏ္ဌာန်၌ မိမိကိုယ်ကိုယ် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများထံသို့ ပြဖို့မဆိုလေနှင့်၊ ဂျူးလူမျိုးတစ်ဦး၏ ပုံသဏ္ဌာန်ဖြင့် ယုဒပြည်သို့ပင် ပြန်လာလိမ့်မည် မဟုတ်ပေ။ သူ တစ်ဖန် ပြန်ကြွလာမည်ဟု သူ၏နောက်လိုက်များထံ ယေရှုကတိပေးခဲ့သော်လည်း၊ ဂျူးလူမျိုး တစ်ဦး၏ ပုံသဏ္ဌာန်ဖြင့် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများတွင် ရှိကြသူများထံ မိမိကိုယ်မိမိ သက်သက်ပြလိမ့်မည် မဟုတ်ပေ။ လူ့ဇာတိခံယူသော ဘုရားသခင်၏အမှုသည် ခေတ်တစ်ခုကို ဖွင့်ဖို့ဖြစ်သည်ကို သင်တို့သိသင့်သည်။ ဤအမှုသည် နှစ်အနည်းငယ်အထိ ကန့်သတ်ထားပြီး၊ ဘုရားသခင်၏ ဝိညာဉ်တော်၏ အမှုအားလုံးကို သူ မပြည့်စုံစေနိုင်ပေ။ ထိုနည်းတူစွာ၊ ဂျူးလူမျိုးတစ်ဦးအဖြစ် ယေရှု၏ပုံသဏ္ဌာန်သည် ယုဒပြည်တွင် သူ အမှုပြုခဲ့သည်နှင့်အမျှ ဘုရားသခင်၏ ပုံသဏ္ဌာန်ကိုသာ ကိုယ်စားပြုနိုင်ခဲ့သကဲ့သို့၊ ကားစင်တင်ခံရခြင်း အမှုကိုသာ သူ လုပ်ဆောင်နိုင်လေသည်။ ယေရှုသည် လူ့ဇာတိ၌ ရှိခဲ့သည့် အချိန်ကာလအတောအတွင်းတွင်၊ ခေတ်ကို အဆုံးသတ်သို့ ဆောင်ကြဉ်းခြင်း သို့မဟုတ် လူသားမျိုးနွယ်ကို ဖျက်ဆီးခြင်းအမှုအား သူ မလုပ်ဆောင်နိုင်ခဲ့ပေ။ ထို့ကြောင့် သူသည် ကားစင်တင်ခံရပြီး၊ သူ၏အမှုကို အဆုံးသတ်ပြီးသည့်နောက်တွင် အထက်အရပ်သို့ တက်ကြွခဲ့ကာ လူသားထံမှ မိမိကိုယ်မိမိ ထာဝရ ဖုံးကွယ်ထားခဲ့သည်။ ထိုအချိန်မှစ၍ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများမှ သစ္စာရှိသော ယုံကြည်သူများသည် သခင်ယေရှု၏ သရုပ်သကန်ကို မတွေ့မြင်နိုင်ခဲ့ကြဘဲ၊ နံရံပေါ်တွင် ကပ်ထားသော သူ၏ပုံတူကိုသာ တွေ့မြင်နိုင်ခဲ့ကြသည်။ ဤပုံတူသည် လူသားက ရေးဆွဲခဲ့သည့် ပုံတူတစ်ခုသာဖြစ်ပြီး၊ ဘုရားသခင်ကိုယ်တော်တိုင်က လူသားထံ ပြသည့် ဘုရားသခင်၏ပုံသဏ္ဌာန်မဟုတ်ပေ။ ဘုရားသခင်သည် သူ လူ့ဇာတိနှစ်ကြိမ် ခံယူခဲ့ချိန်တုန်းက သူ၏ပုံသဏ္ဌာန်ဖြင့် လူအမြောက်အမြားထံသို့ မိမိကိုယ်မိမိ ပွင့်လင်းစွာ ပြသလိမ့်မည်မဟုတ်ပေ။ လူသားမျိုးနွယ် အလယ်တွင် သူလုပ်ဆောင်သော အမှုသည် သူ၏စိတ်သဘောထားကို ၎င်းတို့အား နားလည်ခွင့်ပေးရန် ဖြစ်သည်။ ဤအရာအားလုံးကို မတူညီသောခေတ်များ၏ အမှုအားဖြင့် လူသားထံသို့ ပြသလေသည်။ ယင်းကို ယေရှု၏ သရုပ်သကန်မှတစ်ဆင့် ဆိုသည်ထက်၊ သူ သိရှိစေပြီးဖြစ်သည့် သူ၏ စိတ်သဘောထားနှင့် သူ လုပ်ဆောင်ပြီးဖြစ်သည့် အမှုတို့မှတစ်ဆင့် ပြီးမြောက်စေခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ ပုံသဏ္ဌာန်ကို လူ့ဇာတိခံယူသော ပုံသဏ္ဌာန်မှတစ်ဆင့် မဟုတ်ဘဲ၊ ယင်းထက် ပုံသဏ္ဌာန်နှင့် သွင်ပြင်နှစ်ခုလုံးရှိသည့် လူ့ဇာတိခံယူသော ဘုရားသခင် လုပ်ဆောင်သည့် အမှုမှတစ်ဆင့် သိရှိစေခြင်း ဖြစ်ပေသည်။ ပြီးလျှင် သူ၏အမှုမှတစ်ဆင့် သူ၏ပုံသဏ္ဌာန်ကို ပြသခြင်းဖြစ်ပြီး၊ သူ၏စိတ်သဘောထားကို သိရှိစေခြင်း ဖြစ်ပေသည်။ ဤသည်မှာ လူ့ဇာတိ၌ သူလုပ်ဆောင်လိုသည့် အမှု၏ အရေးပါမှု ဖြစ်သည်။
ဘုရားသခင်၏ လူ့ဇာတိနှစ်ကြိမ်ခံယူခြင်း အမှု အဆုံးသတ်သို့ ရောက်လာသည်နှင့်တစ်ပြိုင်နက်၊ သူသည် သူ၏ပုံသဏ္ဌာန်ကို လူအမြောက်အမြားအား မြင်ခွင့်ပေးရင်း၊ မယုံကြည်သူများ၏ တိုင်းနိုင်ငံများအားလုံး တစ်လျှောက် သူ၏ဖြောင့်မတ်သော စိတ်သဘောထားကို စတင်ပြသလိမ့်မည်ဖြစ်သည်။ သူသည် သူ၏စိတ်သဘောထားကို ပေါ်လွင်ထင်ရှားစေလိမ့်မည်ဖြစ်ပြီး၊ ဤနည်းလမ်းဖြင့် မတူညီသော လူအတန်းအစားများ၏ အဆုံးသတ်များကို ထင်ရှားစေလိမ့်မည်၊ ထိုသို့ဖြင့် ခေတ်ဟောင်းကို အဆုံးသို့ လုံးဝ ရောက်ရှိစေမည်ဖြစ်သည်။ လူ့ဇာတိ၌ သူ၏အမှုကို ကြီးမားသည့် တစ်ပြင်တစ်ခွင် တစ်လွှား မတိုးချဲ့ရသည့် အကြောင်းအရင်းမှာ (ယေရှုက ယုဒပြည်၌သာ အလုပ်လုပ်ခဲ့သကဲ့သို့၊ ယနေ့တွင် ငါသည် သင်တို့အလယ်တွင်သာ အလုပ်လုပ်သည်) လူ့ဇာတိ၌ သူ၏အမှုသည် နယ်နိမိတ်များနှင့် အကန့်အသတ်များ ရှိသောကြောင့်ဖြစ်သည်။ သူသည် ရိုးရိုးသာမန်လူ့ဇာတိပုံသဏ္ဌာန်ဖြင့် တိုတောင်းသော အမှုတစ်ခုကို လုပ်ဆောင်ရုံမျှ လုပ်ဆောင်နေ ပေသည်။ သူသည် ထာဝရနှင့်သက်ဆိုင်သည့် အမှု၊ သို့မဟုတ် မယုံကြည်သူများ၏ တိုင်းနိုင်ငံများမှ လူများထံ ပေါ်ထွန်းခြင်းအမှုကို လုပ်ဆောင်ရန် ဤလူ့ဇာတိခံ ခန္ဓာကို အသုံးပြုနေခြင်းမဟုတ်ပေ။ လူ့ဇာတိ၌ရှိသည့် အမှုသည် နယ်ပယ်အရသာ (ယုဒပြည်၌သာ သို့မဟုတ် သင်တို့အလယ်တွင်သာ အမှုပြုခြင်းကဲ့သို့) ကန့်သတ်၍ ရနိုင်ပြီး၊ ဤနယ်နိမိတ်များ အတွင်း ဆောင်ရွက်သော အမှုအားဖြင့် ယင်း၏နယ်ပယ်ကို တိုးချဲ့၍ရနိုင်ပေသည်။ ဟုတ်ပေ၏၊ တိုးချဲ့ခြင်းအမှုကို သူ၏ဝိညာဉ်တော်က တိုက်ရိုက်ဆောင်ရွက်ရမည် ဖြစ်ပြီး၊ ထို့နောက်တွင် သူ၏ လူ့ဇာတိခံ ခန္ဓာ၏ အမှု ဖြစ်တော့မည် မဟုတ်ပေ။ အကြောင်းမှာ လူ့ဇာတိ၌ လုပ်ဆောင်သည့် အမှုသည် နယ်နိမိတ်များရှိပြီး စကြဝဠာ၏ နေရာအားလုံးသို့ တိုးချဲ့ထားခြင်းမရှိပေ- ဤအရာကို ယင်းက မပြီးမြောက်နိုင်ပေ။ လူ့ဇာတိ၌ လုပ်ဆောင်သည့် အမှုမှတစ်ဆင့်၊ နောက်လာမည့်အမှုကို သူ၏ဝိညာဉ်တော်က ဆောင်ရွက်လေသည်။ ထို့ကြောင့် လူ့ဇာတိ၌ လုပ်ဆောင်သည့် အမှုသည် အချို့ နယ်နိမိတ်များအတွင်းတွင် ဆောင်ရွက်သည့် အဖွင့် သဘောသဘာဝရှိသည့် အမှုဖြစ်သည်။ ဤအရာပြီးသည့်နောက်တွင် ဤအမှုနှင့်ပတ်သက်၍ ဆက်လက် ဆောင်ရွက်သည်မှာ သူ၏ဝိညာဉ်တော် ဖြစ်သည့်အပြင် သူသည် ကျယ်ပြန့်သော အတိုင်းအတာဖြင့် ထိုသို့ လုပ်ဆောင်လေသည်။
ဘုရားသခင်သည် ခေတ်ကို လမ်းပြဖို့အလို့ငှာသာ ကမ္ဘာမြေပေါ် အမှုပြုဖို့ ကြွလာသည်။ ခေတ်သစ်ကို ဖွင့်ကာ ခေတ်ဟောင်းကို အဆုံးသတ်ရန်သာ သူရည်ရွယ်ပေသည်။ သူသည် ကမ္ဘာပေါ်တွင် လူ့ဘဝ၏သက်တမ်းကို အသက်ရှင်နေထိုင်ရန်၊ လူ့လောက၏ ဘဝနှင့်သက်ဆိုင်သည့် ဝမ်းမြောက်မှုများနှင့် ဝမ်းနည်းမှုတို့ကို သူကိုယ်တိုင်တွေ့ကြုံခံစားရန်၊ သို့မဟုတ် သူ၏လက်ဖြင့် လူတစ်ဦးဦးကို စုံလင်စေရန် သို့မဟုတ် လူတစ်ဦးဦးကို သူ ကြီးထွားသည်နှင့်အမျှ ကိုယ်တိုင်ကိုယ်ကျ စောင့်ကြည့်ရန် ကြွလာခြင်း မဟုတ်ပေ။ ဤသည်မှာ သူ၏အလုပ်မဟုတ်ပေ။ သူ၏အလုပ်မှာ ခေတ်သစ်တစ်ခုကို စတင်ပြီး၊ ခေတ်ဟောင်းကို အဆုံးသတ်ရန်မျှသာ ဖြစ်သည်။ ဆိုလိုသည်မှာ၊ သူသည် လူကိုယ်တိုင် ခေတ်တစ်ခုကို စတင်မည်၊ လူကိုယ်တိုင် အခြားသောခေတ်ကို အဆုံးသတ်ပြီး သူ၏ အမှုကို လူကိုယ်တိုင် ဆောင်ရွက်ခြင်းအားဖြင့် စာတန်ကို အနိုင်ယူလိမ့်မည်ဖြစ်သည်။ လူကိုယ်တိုင် သူ၏အမှုကို ဆောင်ရွက်သည့်အချိန်တိုင်းတွင်၊ ယင်းမှာ စစ်မြေပြင်ပေါ် သူ ခြေချနေသည့်အလား ဖြစ်သည်။ ဦးစွာပထမ သူသည် လောကကို နှိမ်နှင်းပြီး လူ့ဇာတိ၌ ရှိစဉ်တွင် စာတန်ကို အောင်နိုင်သည်။ သူသည် ဘုန်းအသရေအားလုံးကို ပိုင်ဆိုင်ရယူပြီး၊ နှစ်ပေါင်းနှစ်ထောင်နှင့် ဆိုင်သည့် အမှုတစ်ခုလုံးပေါ်က ကန့်လန့်ကာကို မတင်သည်၊ ထိုသို့ ပြုလုပ်ခြင်းဖြင့် ကမ္ဘာပေါ်တွင်ရှိသော လူအားလုံးက နင်းလျှောက်ရန် မှန်ကန်သောလမ်းကြောင်းရှိပြီး၊ အသက်ရှင်ဖို့ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း အသက်တာတစ်ခု ရှိကြဖို့ ဖြစ်ပေသည်။ သို့သော် အဆုံးတွင် ဘုရားသခင်သည် ဘုရားသခင်ဖြစ်ပြီး လူသားနှင့် မတူသည့်အတွက်၊ ဘုရားသခင်သည် ကမ္ဘာပေါ်တွင် လူသားနှင့် ကြာမြင့်စွာ အသက်မရှင်နိုင်ပေ။ သူသည် ပုံမှန်လူတစ်ဦး၏ သက်တမ်းကို အသက်မရှင်နိုင်ပေ၊ ဆိုလိုသည်မှာ သူ၏လူ့ဘဝကို အားဖြည့်ရန် ပုံမှန်လူတစ်ဦး၏ ပုံမှန် လူ့သဘာဝနှင့်သက်ဆိုင်သည့် အနည်းဆုံး အစိတ်အပိုင်းတစ်ခုသာ ရှိသည့်အတွက်၊ သာမန်လူတစ်ဦးအဖြစ် ကမ္ဘာပေါ်တွင် သူ မနေထိုင်နိုင်ပေ။ တစ်နည်းအားဖြင့် ဘုရားသခင်သည် ကမ္ဘာပေါ်တွင် မည်သို့ မိသားစုတစ်ခုကို စတင်ကာ အလုပ်တစ်ခု ရှိပြီး၊ ကလေးများကို ပြုစုပျိုးထောင်နိုင်မည်နည်း။ ဤသည်မှာ သူ့အဖို့ ဂုဏ်သရေပျက်ခြင်း ဖြစ်မည် မဟုတ်လော။ သူသည် သာမန်လူ့သဘာဝ အပ်နှင်းခံထားရသည်မှာ ပုံမှန်ပုံစံတစ်ခုဖြင့် အမှုကို လုပ်ဆောင်ခြင်း ရည်ရွယ်ချက်အတွက်သာ ဖြစ်ပြီး၊ ပုံမှန်လူတစ်ဦးကဲ့သို့ သူ့ကို မိသားစုတစ်ခုနှင့် အလုပ်တစ်ခု ရှိနိုင်စေဖို့ မဟုတ်ပေ။ သူ၏ ပုံမှန်အသိစိတ်၊ ပုံမှန်ဉာဏ်နှင့် သူ၏ ခန္ဓာနှင့်သက်ဆိုင်သည့် ပုံမှန်အစာစားခြင်းနှင့် ဝတ်စားခြင်းတို့သည် သာမန်လူ့သဘာဝတစ်ခု သူရှိသည်ကို သက်သေပြရန် လုံလောက်ပေသည်။ သူသည် ပုံမှန်လူ့သဘာဝဖြင့် ဖြည့်ဆည်းထားသည်ကို သက်သေပြရန်အလို့ငှာ မိသားစုတစ်ခု သို့မဟုတ် အလုပ်အကိုင်တစ်ခုရှိဖို့ သူ့အတွက် မလိုအပ်ပေ။ ဤသည်မှာ လုံးဝ လိုအပ်လိမ့်မည် မဟုတ်။ ကမ္ဘာပေါ်သို့ ဘုရားသခင်၏ ကြွလာခြင်းသည် နှုတ်ကပတ်တော်က လူ့ဇာတိ ခံယူခြင်းဖြစ်သည်။ သူသည် လူသားကို သူ၏နှုတ်ကပတ်တော်အား တကယ်ကို နားလည်ခွင့်နှင့် သူ၏ နှုတ်ကပတ်တော်များကို မြင်ခွင့်ပေးနေသည်၊ ယင်းမှာ လူ့ဇာတိအားဖြင့် ဆောင်ရွက်သည့် အမှုကို လူအား တွေ့မြင်ခွင့်ပေးခြင်း ဖြစ်သည်။ သူ၏ ရည်ရွယ်ချက်မှာ လူတို့အနေဖြင့် သူ၏လူ့ဇာတိကို အချို့နည်းလမ်းဖြင့် ဆက်ဆံဖို့အတွက် မဟုတ်ဘဲ၊ အဆုံးအထိ လူသားက နာခံဖို့အတွက်သာ ဖြစ်သည်၊ ယင်းမှာ သူ၏နှုတ်မှ ထုတ်ပြန်သည့် နှုတ်ကပတ်တော်အားလုံးကို နာခံရန်နှင့် သူလုပ်ဆောင်သည့် အမှုအားလုံးကို ကျိုးနွံနာခံရန် ဖြစ်သည်။ သူသည် လူ့ဇာတိဖြင့် အလုပ်လုပ်နေခြင်းမျှသာ ဖြစ်သည်။ သူသည် လူသားအား သူ၏ လူ့ဇာတိ၏ ကြီးမြတ်မှုနှင့် သန့်ရှင်းမှုတို့ကို ချီးမြှောက်ရန် တမင်တကာ တောင်းဆိုနေခြင်း မဟုတ်ဘဲ၊ ယင်းအစား သူ၏ အမှုနှင့် သက်ဆိုင်သည့် ဉာဏ်ပညာနှင့် သူစွဲကိုင်သည့် ဩဇာအာဏာ အားလုံးကို လူသားထံ ပြသနေခြင်း ဖြစ်သည်။ ထို့ကြောင့် သူသည် ထင်ရှားသော လူ့သဘာဝရှိသော်လည်း၊ သူသည် ကြေညာခြင်းများ မပြုသကဲ့သို့၊ သူလုပ်သင့်သည့် အမှုအပေါ်သာ အာရုံစိုက်လေသည်။ ဘုရားသခင်သည် လူ့ဇာတိကိုခံယူသော်လည်း၊ သူ၏ ပုံမှန်လူ့သဘာဝကို မကြေညာ သို့မဟုတ် သက်သေမခံဘဲ၊ ယင်းအစား သူ လုပ်ဆောင်ရန် ဆန္ဒရှိသည့် အမှုကို အဘယ်ကြောင့် သက်သက် ဆောင်ရွက်သည်ကို သင်တို့ သိသင့်ပါသည်။ ထို့ကြောင့် လူ့ဇာတိခံ ဘုရားသခင်ထံမှ သင်တို့ တွေ့မြင်နိုင်သမျှအားလုံးမှာ ဘုရားသဘာဝအားဖြင့် သူ ဖြစ်သည့်အရာ ဖြစ်ပေသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သူ တတ်စွမ်းသမျှ ဖြစ်သည့်အရာမှာ လူက အတုယူရန်အတွက် ဖြစ်သည်ဟု မည်သည့်အခါတွင်မျှ သူ ထုတ်ဖော်မပြောသောကြောင့် ဖြစ်သည်။ လူက လူများကို ဦးဆောင်သည့်အခါမှသာ သူ တတ်စွမ်းနိုင်သမျှကို သူ ပြောဆိုသည်၊ ၎င်းတို့၏လေးစားမှုနှင့် ယုံကြည်လောက်သော အနှစ်သာရတို့ကို ရရှိဖို့ သာ၍ ကောင်းပြီး ထိုသို့ဖြင့် အခြားသူများကို ခေါင်းဆောင်မှု ရရှိဖို့ သာ၍ ကောင်းပေသည်။ ဆန့်ကျင်ဘက် အနေဖြင့် ဘုရားသခင်သည် သူ၏အမှု တစ်ခုတည်းမှတစ်ဆင့် (ယင်းမှာ လူက မရနိုင်သော အမှု ဖြစ်သည်) လူကို သိမ်းပိုက်လေသည်။ သူသည် လူ၏ လေးစားခြင်းခံရခြင်း ရှိမရှိ၊ လူအား သူ့ကို မြတ်နိုးကြည်ညိုစေခြင်း ရှိမရှိက အရေးမကြီးပေ။ သူလုပ်ဆောင်သမျှအားလုံးမှာ သူ့ကို ရိုသေလေးမြတ်သည့် ခံစားချက်တစ်ခု သို့မဟုတ် သူ၏ ဉာဏ်မမီနိုင်ခြင်း သဘောနှင့်သက်ဆိုင်သည့် အသိစိတ်တစ်ခုကို လူ့အထဲသို့ သွတ်သွင်းခြင်း ဖြစ်သည်။ ဘုရားသခင်သည် လူကို အထင်ကြီးစေခြင်းငှာ မလိုအပ်ပေ။ သူ လိုအပ်သမျှမှာ သင်တို့အနေဖြင့် သူ၏စိတ်သဘောထားကို မျက်မြင်ကြုံတွေ့ပြီးသည် နှင့်တစ်ပြိုင်နက် သူ့ကို ရိုသေလေးမြတ်ရန်သာ ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သည့် အမှုသည် သူ၏ ကိုယ်ပိုင်အမှုဖြစ်သည်။ သူ၏ကိုယ်စား လူသားက မလုပ်ဆောင်နိုင်သကဲ့သို့၊ လူသားက မအောင်မြင်နိုင်ပေ။ ဘုရားသခင် ကိုယ်တိုင်သာ သူ၏အမှုကို လုပ်ဆောင်နိုင်ပြီး၊ လူသားကို ဘဝသစ်များဆီသို့ ဦးဆောင်ဖို့ ခေတ်သစ်ကို ဖွင့်လှစ်ပေးနိုင်သည်။ သူ လုပ်ဆောင်သည့်အမှုမှာ လူသားကို အသက်တာသစ်တစ်ခု ပိုင်ဆိုင်လာနိုင်စေဖို့နှင့် ခေတ်သစ်တစ်ခုထဲသို့ ဝင်ရောက်နိုင်စေဖို့ ဖြစ်သည်။ အမှု၏ ကျန်သည့်အရာများကို အခြားသူများက လေးစားရသည့် ပုံမှန်လူ့သဘာဝရှိသောသူတို့ထံ လွှဲအပ်ထားပေသည်။ ထို့ကြောင့် ကျေးဇူးတော်ခေတ်တွင် အနှစ်နှစ်ထောင် အမှုကို လူ့ဇာတိ၌ရှိသည့် နှစ်ပေါင်း ၃၃ နှစ်ထဲမှ သုံးနှစ်ခွဲမျှအချိန်တွင် သူက ပြည့်စုံစေခဲ့သည်။ ဘုရားသခင်သည် သူ၏အမှုကို ဆောင်ရွက်ရန် ကမ္ဘာမြေပေါ်သို့ ကြွလာချိန်တွင်၊ သူသည် အနှစ်နှစ်ထောင် သို့မဟုတ် ခေတ်တစ်ခုလုံး၏ အမှုကို အတိုတောင်းဆုံးသော နှစ်အနည်းငယ် သက်တမ်းအတွင်းတွင် အမြဲ ပြည့်စုံစေလေသည်။ သူသည် အချိန်ဆွဲခြင်းမရှိသကဲ့သို့ နှောင့်နှေးခြင်း မရှိပေ။ သူသည် တိုတောင်းသောနှစ်အနည်းငယ်အတွင်း ပြည့်စုံစေဖို့ နှစ်ပေါင်းများစွာနှင့်သက်ဆိုင်သည့် အမှုကို သူက တကယ်ကို အကျဉ်းချုံးလုပ်ဆောင်လေသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူကိုယ်တိုင် သူလုပ်ဆောင်သည့်အမှုသည် ထွက်မြောက်ရာလမ်းသစ်ကို ဖွင့်ခြင်းနှင့် ခေတ်သစ်တစ်ခုကို ဦးဆောင်ခြင်းအတွက် အပြည့်အဝ ဖြစ်သောကြောင့်တည်း။