အယောက်တိုင်း မိမိတို့၏ အလုပ်တာဝန်ကို ထမ်းဆောင်ကြခြင်းနှင့်ပတ်သက်၍
လက်ရှိ ရေစီးကြောင်းတွင် ဘုရားသခင်ကို အမှန်တကယ် ချစ်သောသူ အားလုံးသည် ကိုယ်တော်၏ စုံလင်အောင် ပြုခြင်းခံရရန် အခွင့်အရေး ရှိကြသည်။ ၎င်းတို့သည် ငယ်ရွယ်သည်ဖြစ်စေ၊ အသက်ကြီးသည်ဖြစ်စေ ကိုယ်တော်ကို ကျိုးနွံနာခံသော စိတ်နှလုံးနှင့် ကိုယ်တော့်ကို ကြောက်ရွံ့သော စိတ်နှလုံး ရှိနေသရွေ့ ကိုယ်တော်၏ စုံလင်အောင် ပြုခြင်းကို ခံရနိုင်သည်။ ဘုရားသခင်သည် လူတို့ကို ၎င်းတို့၏ မတူညီသော အလုပ်တာဝန်များအတိုင်း စုံလင်အောင် ပြုလုပ်ပေးသည်။ သင်သည် မိမိ၏ ခွန်အားအလုံးစုံကို အသုံးချပြီး ဘုရားသခင်၏ အလုပ်ကို ကျိုးနွံနာခံသရွေ့ ကိုယ်တော်၏ စုံလင်အောင် ပြုခြင်းကို သင် ခံရနိုင်သည်။ လက်ရှိတွင် သင်တို့ထဲမှ မည်သူမျှ စုံလင်ခြင်း မရှိကြပေ။ တစ်ခါတစ်ရံ သင်တို့သည် အလုပ်တာဝန် တစ်မျိုးကို ထမ်းဆောင်နိုင်ပြီး အခြားအချိန်များတွင် နှစ်မျိုး ထမ်းဆောင်နိုင်သည်။ သင်တို့သည် ဘုရားသခင်အတွက် အသုံးခံရန် အစွမ်းကုန် ကြိုးစားနေသရွေ့ အဆုံးတွင် ကိုယ်တော်၏ စုံလင်အောင် ပြုခြင်းကို ခံရလိမ့်မည်။
လူငယ်များတွင် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များ နည်းပါးပြီး ၎င်းတို့သည် ဉာဏ်ပညာနှင့် ထိုးထွင်းသိမြင်မှု ကင်းမဲ့ကြသည်။ ဘုရားသခင်သည် လူ၏ ဉာဏ်ပညာနှင့် ထိုးထွင်းသိမြင်မှုကို စုံလင်အောင် ပြုလုပ်ပေးရန် ဤနေရာသို့ ရောက်ရှိလာခြင်း ဖြစ်သည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်သည် ၎င်းတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးသည်။ သို့သော် လူငယ်များ၏ စိတ်သဘောထားများသည် မတည်ငြိမ်ဘဲ ဘုရားသခင်၏ ပြောင်းလဲပေးခြင်းကို ခံရမည် ဖြစ်သည်။ လူငယ်များတွင် ဘာသာရေး အယူအဆများ နည်းပါးပြီး လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များ နည်းပါးသည်။ ၎င်းတို့သည် အရာရာတိုင်းကို ရိုးရှင်းသော ပုံစံများဖြင့် တွေးတောကြပြီး ၎င်းတို့၏ ဆင်ခြင်သုံးသပ်မှုများသည် မရှုပ်ထွေးပေ။ ဤသည်မှာ ပုံပေါ်လာခြင်း မရှိသေးသော ၎င်းတို့၏ လူ့သဘာဝ အစိတ်အပိုင်းဖြစ်ပြီး ယင်းမှာ လိုလားဖွယ်ကောင်းသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ သို့သော် လူငယ်များသည် အသိဉာဏ်မဲ့ကြပြီး ဉာဏ်ပညာ ကင်းမဲ့ကြသည်။ ဤသည်မှာ ဘုရားသခင်၏ စုံလင်အောင် ပြုလုပ်ပေးခြင်းကို ခံရရန် လိုအပ်သော အရာတစ်ခု ဖြစ်သည်။ ဘုရားသခင်၏ စုံလင်အောင် ပြုလုပ်ပေးခြင်းကို ခံရခြင်းက သင်တို့ကို ပိုင်းခြားသိမြင်မှု တိုးပွားလာစေလိမ့်မည်။ သင်တို့သည် ဝိညာဉ်ရေးရာ ကိစ္စရပ်များစွာကို ရှင်းလင်းစွာ မြင်နိုင်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်အသုံးပြုရန် သင့်တော်သော သူတစ်ဦးအဖြစ် တဖြည်းဖြည်း ပြောင်းလဲလာလိမ့်မည်။ အသက်ကြီးသော ညီအစ်ကိုမောင်နှမများတွင်လည်း ထမ်းဆောင်ရမည့် ၎င်းတို့၏ အလုပ်တာဝန်များ ရှိကြပြီး ၎င်းတို့ကို ဘုရားသခင်က စွန့်ပစ်ထားခြင်း မရှိပေ။ အသက်ကြီးသော ညီအစ်ကိုမောင်နှမများတွင်လည်း လိုလားဖွယ်ကောင်းသော ကဏ္ဍများနှင့် လိုလားဖွယ်မကောင်းသော ကဏ္ဍများ နှစ်မျိုးစလုံး ရှိကြသည်။ ၎င်းတို့တွင် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များစွာနှင့် ဘာသာရေး အယူအဆများစွာ ရှိကြသည်။ ၎င်းတို့၏ လုပ်ရပ်များတွင် ၎င်းတို့သည် တင်းကျပ်သော ထုံးတမ်းစဉ်လာများစွာကို စွဲကိုင်ထားကြပြီး စည်းမျဉ်းစည်းကမ်းများကို အမြဲတစေ အသုံးချတတ်ကြသည်၊ ယင်းတို့ကို စက်ရုပ်ဆန်ဆန် ကူးယူပြီး တစ်သဝေမတိမ်း အသုံးပြုလျက် အလိုက်သင့်ဆောင်ရွက်မှု ကင်းမဲ့ကြသည်။ ဤသည်မှာ လိုလားဖွယ်မကောင်းသော ကဏ္ဍတစ်ခု ဖြစ်သည်။ သို့သော် ဤအသက်ကြီးသော ညီအစ်ကိုမောင်နှမများသည် မည်သည့်အရာ ပေါ်ပေါက်လာပါစေ တည်ငြိမ်ကြသည်။ ၎င်းတို့၏ စိတ်သဘောထားများမှာ တည်ငြိမ်ပြီး ၎င်းတို့သည် ရုတ်တရက် စိတ်အပြောင်းအလဲ မြန်ခြင်း မရှိကြပေ။ ၎င်းတို့သည် အမှုအရာများကို နားလည်ရာတွင် ပို၍ နှေးကွေးကောင်း နှေးကွေးနိုင်သည့်တိုင် ဤသည်မှာ ကြီးမားသော အပြစ်အနာအဆာတစ်ခု မဟုတ်ပေ။ သင်တို့သည် ကျိုးနွံနာခံနိုင်သရွေ့၊ ဘုရားသခင်၏ လက်ရှိ နှုတ်ကပတ်တော်များကို လက်ခံနိုင်ပြီး ဘုရားနှုတ်ကပတ်တော်များကို စိစစ်ခြင်း မပြုသရွေ့၊ သင်တို့သည် ကျိုးနွံနာခံခြင်းနှင့် လိုက်လျှောက်ခြင်းကိုသာ အာရုံစိုက်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် မည်သည့်အခါမျှ ဝေဖန်ကဲ့ရဲ့ခြင်း မပြုသရွေ့၊ သို့မဟုတ် ယင်းတို့နှင့်ပတ်သက်၍ အခြားသော မကောင်းသည့် အတွေးများကို မထားရှိသရွေ့၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များကို သင်တို့ လက်ခံပြီး ယင်းတို့ကို လက်တွေ့လုပ်ဆောင်သရွေ့ ဤအခြေအနေများနှင့် ပြည့်မီပါက သင်တို့သည် စုံလင်အောင် ပြုခြင်းကို ခံရနိုင်သည်။
သင်သည် ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦး ဖြစ်ကာ ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ သင် ထမ်းဆောင်သင့်သည့် အလုပ်တာဝန်ကို သိရမည်။ ငယ်ရွယ်သူများသည် မောက်မာခြင်း မရှိရပေ။ အသက်ကြီးသူများသည် အပျက်သဘောမဆောင်ရ သို့မဟုတ် နောက်မဆုတ်ရပေ။ ထို့အပြင် ၎င်းတို့သည် မိမိတို့၏ အားနည်းချက်များကို ဖြည့်ဆည်းရန် တစ်ဦး၏ အားသာချက်များကို အခြားတစ်ဦးက အသုံးပြုနိုင်ရမည်ဖြစ်ပြီး အမြင်စောင်းခြင်း တစ်စက်မျှ မရှိဘဲ အချင်းချင်း အစေခံရမည်။ ငယ်ရွယ်သော ညီအစ်ကိုမောင်နှမများနှင့် အသက်ကြီးသော ညီအစ်ကိုမောင်နှမများကြားတွင် ခင်မင်ရင်းနှီးမှု တံတားတစ်စင်းကို တည်ဆောက်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကြောင့် သင်တို့သည် အချင်းချင်း ပို၍ နားလည်နိုင်လိမ့်မည်။ ငယ်ရွယ်သော ညီအစ်ကိုမောင်နှမများသည် အသက်ကြီးသော ညီအစ်ကိုမောင်နှမများကို အထင်သေးမည် မဟုတ်သည့်အပြင် အသက်ကြီးသော ညီအစ်ကိုမောင်နှမများသည်လည်း မိမိတို့ကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကြမည် မဟုတ်ပေ။ ဤသည်မှာ သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်ခြင်း မဟုတ်လော။ သင်တို့အားလုံးတွင် ထိုသို့သော စိတ်ပိုင်းဖြတ်မှု ရှိပါက ဘုရားသခင်၏ အလိုတော်သည် သင်တို့ မျိုးဆက်တွင် သေချာပေါက် ပြည့်စုံလိမ့်မည်။
အနာဂတ်တွင် သင်သည် ကောင်းချီးခံစားရမည် သို့မဟုတ် အမင်္ဂလာနှင့် ကြုံတွေ့ရမည်ဟူသည်ကို ယနေ့ သင်၏ လုပ်ရပ်များနှင့် အပြုအမူများအပေါ် အခြေခံ၍ ဆုံးဖြတ်လိမ့်မည်။ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရမည်ဆိုလျှင် ယခုလက်ရှိခေတ်ကာလ၌ ဖြစ်ရမည်။ နောင်အနာဂတ်တွင် နောက်ထပ် အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။ ဘုရားသခင်သည် ယခု သင်တို့ကို စုံလင်အောင် ပြုလုပ်ပေးရန် အမှန်တကယ် အလိုရှိပြီး ဤသည်မှာ စကားပြောဆိုသည့် ပုံစံတစ်ခု မဟုတ်ပေ။ အနာဂတ်တွင် သင်တို့ထံသို့ မည်သည့် စမ်းသပ်မှုများ ရောက်လာသည်ဖြစ်စေ၊ မည်သည့် ဖြစ်ရပ်များ ဖြစ်ပျက်သည်ဖြစ်စေ၊ မည်သည့် ဘေးအန္တရာယ်များနှင့် သင်တို့ ကြုံတွေ့ရသည်ဖြစ်စေ ဘုရားသခင်သည် သင်တို့ကို စုံလင်အောင် ပြုလုပ်ပေးလိုသည်။ ဤသည်မှာ သေချာပြီး ငြင်းဆို၍မရနိုင်သော အမှန်တရားတစ်ခု ဖြစ်သည်။ ဤအရာကို မည်သည့်နေရာတွင် မြင်နိုင်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ခေတ်အဆက်ဆက်နှင့် မျိုးဆက်အဆက်ဆက် တစ်လျှောက်လုံးတွင် ယနေ့ကဲ့သို့ ထိုသို့သော ကြီးမားသည့် အမြင့်သို့ မည်သည့်အခါမျှ မရောက်ရှိခဲ့ဖူးသည့်အပြင် အမြင့်မားဆုံးသော နယ်ပယ်သို့ ဝင်ရောက်ခဲ့ခြင်း မရှိဖူးဟူသည့် အချက်တွင် ဤအရာကို မြင်တွေ့နိုင်သည်။ ယနေ့ လူအားလုံးအပေါ် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် ယခင်က တစ်ခါမျှ မရှိခဲ့ဖူးပေ။ လွန်ခဲ့သော မျိုးဆက်များမှ မည်သူမျှ ထိုသို့သော အတွေ့အကြုံမျိုး မရှိသလောက်ပင် ဖြစ်သည်။ ယေရှု၏ ခေတ်တွင်ပင် ယနေ့၏ ဗျာဒိတ်တော်များ မရှိခဲ့ပေ။ သင်တို့ကို ပြောဆိုထားသော စကားများ၊ သင်တို့ နားလည်သည့်အရာနှင့် သင်တို့၏ အတွေ့အကြုံအားလုံးသည် ယင်းတို့၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။ စမ်းသပ်မှုများနှင့် ပြစ်တင်ဆုံးမခြင်းများ အလယ်တွင်ပင် သင်တို့ကဲ့သို့ လူများသည် ထွက်ခွာမသွားကြပေ။ ဤသည်မှာ ဘုရားသခင်၏ အလုပ်သည် ယခင်က တစ်ခါမျှ မရှိခဲ့ဖူးသော ခမ်းနားကြီးကျယ်မှုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း လုံလောက်သော သက်သေအထောက်အထား ဖြစ်သည်။ ဤသည်မှာ လူက လုပ်ဆောင်နိုင်သော အရာတစ်ခု မဟုတ်ပေ။ ယင်းမှာ လူက ထိန်းသိမ်းထားသော အရာတစ်ခု မဟုတ်ဘဲ ထိုအစား ဘုရားသခင် ကိုယ်တိုင်၏ အလုပ် ဖြစ်သည်။ သို့ဖြစ်၍ ဘုရားသခင်၏ အလုပ်နှင့်ဆိုင်သော အမှန်တရားများစွာမှနေ၍ ဘုရားသခင်သည် လူကို စုံလင်အောင် ပြုလုပ်ပေးလိုကြောင်း မြင်တွေ့နိုင်ပြီး ဘုရားသခင်သည် သင်တို့ကို သေချာပေါက် စုံလင်စေနိုင်သည်။ သင်တို့တွင် ဤထိုးထွင်းသိမြင်မှု ရှိပြီး ရှာဖွေတွေ့ရှိမှု အသစ် ရှိပါက သင်တို့သည် ယေရှု၏ ဒုတိယအကြိမ် ကြွလာခြင်းကို စောင့်ဆိုင်းမည် မဟုတ်ပေ။ ထိုအစား လက်ရှိခေတ်တွင် ဘုရားသခင်ကို သင်တို့အား စုံလင်စေခွင့် ပြုလိမ့်မည်။ ထို့ကြောင့် သင်တို့တစ်ဦးချင်းစီသည် ဘုရားသခင်၏ စုံလင်အောင် ပြုခြင်းကို ခံရနိုင်ရန်အလို့ငှာ သင်တို့၏ အားထုတ်မှုကို ခြွင်းချန်ခြင်းမရှိဘဲ အစွမ်းကုန် လုပ်ဆောင်သင့်သည်။
ယခု သင်သည် အပျက်သဘောဆောင်သော အရာများကို ဂရုမစိုက်ရပေ။ လောလောဆယ်တွင် သင့်ကို အပျက်သဘောဆောင်သည်ဟု ခံစားရစေသော မည်သည့်အရာကိုမဆို ဘေးဖယ်ထားပြီး လျစ်လျူရှုလော့။ သင် ပြုမူဆောင်ရွက်သည့်အခါ ရှာဖွေပြီး ရှေ့သို့ စမ်းတဝါးဝါး သွားနေသော စိတ်နှလုံးနှင့် ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံးဖြင့် ထိုသို့ လုပ်ဆောင်လော့။ သင်တို့အတွင်း၌ အားနည်းချက်တစ်ခုကို သင်တို့ ရှာဖွေတွေ့ရှိသော်လည်း ယင်းကို သင်တို့အား ဘောင်ခတ်ခွင့်မပြုဘဲ သင်တို့ ထမ်းဆောင်သင့်သည့် အလုပ်တာဝန်များကို ထမ်းဆောင်သောအခါ ဤသည်မှာ အပြုသဘောဆောင်စွာ ကြိုးပမ်းအားထုတ်ခြင်း ဖြစ်သည်။ ဥပမာအားဖြင့် အသက်ကြီးသော ညီအစ်ကိုမောင်နှမများဖြစ်သည့် သင်တို့တွင် ဘာသာရေး အယူအဆများ ရှိသည့်တိုင် သင်တို့သည် ဆုတောင်းနိုင်သည်၊ ကျိုးနွံနာခံနိုင်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်နိုင်ပြီး ဓမ္မသီချင်းများကို သီဆိုနိုင်ကြသည်...။ အချုပ်အားဖြင့်ဆိုရလျှင် သင်တို့ လုပ်ဆောင်နိုင်သည့် မည်သည့်အရာကိုမဆို၊ သင်တို့ ထမ်းဆောင်နိုင်သည့် မည်သည့် အလုပ်တာဝန်များကိုမဆို သင်တို့ မွေးနိုင်သမျှသော ခွန်အားအားလုံးဖြင့် သင်တို့ကိုယ်သင်တို့ ဆက်ကပ်သင့်သည်။ အပျက်သဘောဖြင့် မစောင့်ဆိုင်းနှင့်။ သင်တို့၏ တာဝန်ကို ထမ်းဆောင်ခြင်းတွင် ဘုရားသခင်ကို ကျေနပ်စေနိုင်ခြင်းသည် ပထမအဆင့် ဖြစ်သည်။ ထို့နောက် သင်တို့သည် သမ္မာတရားကို နားလည်နိုင်ပြီး ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့ကျမှုထဲသို့ ဝင်ရောက်မှု ရရှိသည်နှင့်တစ်ပြိုင်နက် ကိုယ်တော်၏ စုံလင်အောင် ပြုခြင်းကို သင်တို့ ခံရပြီး ဖြစ်လိမ့်မည်။