တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းနှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ

ကောက်နုတ်ချက် (၃၀)

တာဝန်တစ်ခုဟူသည်မှာ အဘယ်နည်း။ လူကို ဘုရားသခင် ပေးအပ်သည့် တာဝန်ပေးစေခိုင်းချက်သည် လူက ထမ်းဆောင်သင့်သည့် တာဝန်ဖြစ်၏။ သူက သင့်ကို ပေးအပ်သည့် မည်သည့်အရာမဆိုသည် သင်ထမ်းဆောင်သင့်သည့် တာဝန်ဖြစ်သည်။ သင်၏ တာဝန်ကို ထမ်းဆောင်ရန် သင့်အနေဖြင့် အသိတရားရှိရှိ လက်တွေ့ကျသည့် သဘောထားရှိကာ သင် သဘောမပေါက်နိုင်သည့်အရာကို မကြိုးစားရန် သင်ယူရမည်။ အသစ်အဆန်းကို မျက်စိကျပြီး သင့်အတွက် မသင့်တော်သည့်အရာကို မရမက မလုပ်ဆောင်နှင့်။ လူအချို့သည် ဧည့်ခံခြင်းအတွက် သင့်တော်သော်လည်း ခေါင်းဆောင် ဖြစ်ရန် မလျှော့တမ်း ပြောကြသည်။ အခြားသူတို့မှာ သရုပ်ဆောင်များဖြစ်ရန် သင့်တော်သော်လည်း ဒါရိုက်တာများ ဖြစ်ချင်ကြသည်။ ပိုမြင့်မားသည့် ရာထူးများအတွက် အမြဲ ကြိုးပမ်းရန် မကောင်းပေ။ အကြင်သူသည် မိမိကိုယ်ပိုင် အခန်းကဏ္ဍနှင့် ရာထူးကို ရှာဖွေကာ အတိအကျ ဖော်ထုတ်ရမည်ဖြစ်သည်။ ယင်းမှာ အသိစိတ်ရှိသည့်လူတစ်ဦး လုပ်ဆောင်သည့်အရာ ဖြစ်၏။ ထို့နောက် ၎င်းတို့သည် ဘုရားသခင်၏ မေတ္တာကို ပြန်ပေးဆပ်ကာ သူ့ကို စိတ်ကျေနပ်စေရန် မိမိတို့တာဝန်ကို ခိုင်မာတည်ကြည်သည့် သဘောထားဖြင့် ကောင်းမွန်စွာ ထမ်းဆောင်သင့်သည်။ အကြင်သူသည် မိမိတာဝန်ကို ထမ်းဆောင်နေစဉ် ဤသဘောထားမျိုးရှိလျှင် ၎င်းတို့၏ စိတ်နှလုံး တည်ငြိမ်ကာ အေးချမ်းလိမ့်မည်။ မိမိတို့တာဝန်တွင် သမ္မာတရားကို ၎င်းတို့ လက်ခံနိုင်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ၎င်းတို့၏ တာဝန်ကို တဖြည်းဖြည်း ထမ်းဆောင်ကြလိမ့်မည်။ ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားနိုင်လိမ့်မည်၊ ဘုရားသခင်၏ အစီအစဉ်များအားလုံးကို ကျိုးနွံနာခံနိုင်လိမ့်မည်ဖြစ်ပြီး မိမိတို့၏ တာဝန်ကို ပြည့်ပြည့်ဝဝ ထမ်းဆောင်နိုင်လိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ လက်ခံမှုကို ရရှိမည့် နည်းလမ်းဖြစ်သည်။ သင်သည် ဘုရားသခင်အတွက် အမှန်တကယ် အသုံးခံနိုင်ပြီး သင်၏ တာဝန်ကို မှန်ကန်သည့် စိတ်ဓာတ်၊ သူ့ကို ချစ်ခင်ပြီး စိတ်ကျေနပ်အောင် လုပ်သည့် စိတ်ဓာတ်ဖြင့် ထမ်းဆောင်နိုင်ပါက သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဦးဆောင်ခြင်းနှင့် လမ်းပြခြင်းကို ခံရလိမ့်မည်၊ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကာ သင်၏ တာဝန်ကို ထမ်းဆောင်စဉ်တွင် စည်းမျဉ်းများနှင့်အညီ ပြုမူရန် လိုလားနေလိမ့်မည်ဖြစ်ကာ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သည့်လူတစ်ဦး ဖြစ်လာလိမ့်မည်။ ဤနည်းဖြင့် သင်သည် လူသားပုံသဏ္ဌာန်ကို အပြည့်အဝ အသက်ရှင်လိမ့်မည်။ လူတို့၏ ဘဝများသည် မိမိတို့တာဝန်များကို ထမ်းဆောင်သည်နှင့်အမျှ တဖြည်းဖြည်း ကြီးထွား၏။ တာဝန်များကို မထမ်းဆောင်သူများသည် နှစ်ပေါင်းမည်မျှ ၎င်းတို့ ယုံကြည်သည်ဖြစ်စေ၊ ဘုရားသခင်၏ ကောင်းချီး ကင်းမဲ့သောကြောင့် သမ္မာတရားနှင့် အသက်ကို မရရှိနိုင်ကြပေ။ ဘုရားသခင်သည် သူ့အတွက် အမှန်တကယ် အသုံးခံပြီး မိမိတို့တာဝန်များကို အစွမ်းကုန် ထမ်းဆောင်ကြသူများကိုသာ ကောင်းချီးပေးသည်။ မည်သည့်တာဝန်ကို သင် ထမ်းဆောင်သည်ဖြစ်စေ၊ မည်သည့်အရာကို သင် လုပ်ဆောင်နိုင်သည်ဖြစ်စေ၊ သင်၏ ဝတ္တရားနှင့် တာဝန်အဖြစ် ယူဆလော့။ ထိုအရာကို လက်ခံပြီး ကောင်းစွာ လုပ်ဆောင်လော့။ မည်သို့ ကောင်းစွာ လုပ်ဆောင်သနည်း။ ဘုရားသခင် တောင်းဆိုသည့်အတိုင်း အတိအကျ လုပ်ဆောင်ခြင်းအားဖြင့် ဖြစ်သည်။ သင်၏ စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှဖြင့် ဖြစ်သည်။ သင်သည် ဤစကားများကို ချင့်ချိန်စဉ်းစားကာ သင်၏ တာဝန်ကို သင့်စိတ်နှလုံးအကြွင်းမဲ့ဖြင့် မည်သို့ ထမ်းဆောင်နိုင်သည်ကို စဉ်းစားသင့်သည်။ ဥပမာအနေဖြင့် တစ်စုံတစ်ဦးက စည်းမျဉ်းများမရှိဘဲ မိမိတို့တာဝန်ကို ထမ်းဆောင်နေသည်ကိုလည်းကောင်း၊ ပေါ့ဆစွာနှင့် မိမိတို့ အလိုဆန္ဒအတိုင်း လုပ်ဆောင်နေသည်ကိုလည်းကောင်း သင် မြင်ပြီး “ငါ ဂရုမစိုက်ပါ၊ ငါ့တာဝန် မဟုတ်ပါ”ဟု မိမိဘာသာ တွေးလျှင် ဤသည်မှာ သင်၏ တာဝန်ကို သင်၏ စိတ်နှလုံးအကြွင်းမဲ့ဖြင့် လုပ်ဆောင်ခြင်းဖြစ်သလော။ မဟုတ်ပေ၊ တာဝန်မဲ့ခြင်း ဖြစ်သည်။ သင်သည် တာဝန်သိတတ်သည့် လူတစ်ဦးဖြစ်လျှင် ထိုသို့သော အခြေအနေတစ်ခု သင့်အပေါ် ကျရောက်သည့်အခါ သင်က “ဤအရာ အဆင်ပြေမည်မဟုတ်ပါ။ ယင်းသည် ကျွန်ုပ်၏ ကြီးကြပ်မှု နယ်ပယ်အောက်တွင် ရှိကောင်းရှိမည် မဟုတ်သော်လည်း ဤကိစ္စကို ခေါင်းဆောင်ထံ တိုင်ကြားပြီး စည်းမျဉ်းများအတိုင်း ကိုင်တွယ်ခိုင်း၍ရနိုင်သည်” ဟု ပြောလိမ့်မည်။ ထိုသို့လုပ်ဆောင်သည့်နောက်တွင် ထိုအရာမှာ သင့်တော်သည်ကို လူတိုင်း မြင်လိမ့်မည် သင်၏ စိတ်နှလုံး အေးချမ်းသွားလိမ့်မည်ဖြစ်ပြီး သင်၏ တာဝန်ကို သင် ဖြည့်ဆည်းပြီးဖြစ်လိမ့်မည်။ ထို့နောက်တွင် သင်၏ တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် သင် လုပ်ဆောင်ပြီးဖြစ်လိမ့်မည်။ မည်သည့်တာဝန်ကို သင် ထမ်းဆောင်သည်ဖြစ်စေ အမြဲ ဂရုမထားဘဲ ရှိနေပြီး “ဤအလုပ်ကို ရိုးရှင်းပြီး ပြီးစလွယ်ပုံစံဖြင့် လုပ်ဆောင်လျှင် ဖြစ်သလိုလုပ်ခြင်းမျှဖြင့် ကျွန်ုပ် အဆင်ပြေနိုင်သည်။ နောက်ဆုံးတွင် မည်သူကမျှ စစ်ဆေးလိမ့်မည် မဟုတ်ပါ။ ကျွန်ုပ်တွင်ရှိသည့် နည်းပါးသော အစွမ်းအစများနှင့် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများဖြင့် တတ်နိုင်သမျှ အကောင်းဆုံး ကျွန်ုပ်လုပ်ဆောင်ပြီးလေပြီ။ အဆင်ပြေရုံမျှက တော်လောက်ပေသည်။ ထို့အပြင် ထိုအကြောင်းကို မည်သူမျှ မေးလိမ့်မည်မဟုတ်၊ သို့မဟုတ် ကျွန်ုပ်နှင့်ပတ်သက်၍ အလေးအနက်ထားလိမ့်မည် မဟုတ်ပါ၊ ထိုမျှ အရေးမကြီးပါ”ဟု ပြောပါက ဤကြံရွယ်ချက်နှင့် ဤစိတ်ဓာတ်တို့သည် သင်၏ တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် ထမ်းဆောင်ခြင်း ဖြစ်သလော။ မဟုတ်ပေ၊ ဤသည်မှာ ဝတ်ကျေတမ်းကျေ ဖြစ်ခြင်းဖြစ်ကာ သင်၏ ဆိုးယုတ်သည့်၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ထုတ်ဖော်ပြခြင်းတစ်ခု ဖြစ်သည်။ သင်၏ ဆိုးယုတ်သော စိတ်သဘောထားအပေါ် မှီခိုခြင်းအားဖြင့် သင်၏ တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ သင် ထမ်းဆောင်နိုင်သလော။ မထမ်းဆောင်နိုင်ပေ။ ယင်းမှာ ဖြစ်နိုင်မည်မဟုတ်။ ထို့ကြောင့် သင်၏ တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ လုပ်ဆောင်ခြင်းက မည်သည့်အရာကို ဆိုလိုသနည်း။ သင်က “အထက်က ဤအလုပ်အကြောင်းကို မမေးမြန်းသကဲ့သို့ ဘုရားအိမ်တော်၏ အလုပ်အားလုံးထဲတွင် အလွန်အရေးကြီးပုံမရသော်လည်း ကျွန်ုပ် ကောင်းစွာ လုပ်ဦးမည်။ ထိုအရာမှာ ကျွန်ုပ်၏ တာဝန်ဖြစ်သည်။ ထိုအလုပ် အရေးကြီးခြင်း ရှိမရှိက တစ်ကြောင်းဖြစ်သည်။ ထိုအလုပ်ကို ကျွန်ုပ် ကောင်းစွာ လုပ်ဆောင်နိုင်ခြင်း ရှိမရှိက နောက်တစ်ကြောင်းဖြစ်သည်”ဟု ပြောလိမ့်မည်။ မည်သည့်အရာ အရေးကြီးသနည်း။ သင်၏ တာဝန်ကို ကောင်းမွန်စွာ စိတ်နှလုံးအကြွင်းမဲ့ဖြင့် သင် ထမ်းဆောင်နိုင်ခြင်း ရှိမရှိဆိုသည်နှင့် စည်းမျဉ်းများကို သင် လိုက်နာစောင့်ထိန်းကာ သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိဆိုသည်တို့ ဖြစ်သည်။ ဤသည်မှာ အရေးကြီးသည့်အရာ ဖြစ်၏။ သင်သည် စည်းမျဉ်းများနှင့်အညီ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကာ အမှုအရာများကို လုပ်ဆောင်နိုင်ပါက သင်၏ တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် သင် အမှန်တကယ် ထမ်းဆောင်နေခြင်း ဖြစ်သည်။ သင်သည် တာဝန်တစ်မျိုးကို ကောင်းစွာ ထမ်းဆောင်ပြီးဖြစ်သော်လည်း စိတ်ကျေနပ်ခြင်း မရှိသေးသကဲ့သို့ သာ၍ပင် အရေးပါသည့် တာဝန်တစ်မျိုးကို ထမ်းဆောင်ရန် ဆန္ဒရှိကာ ထိုအရာကို ကောင်းစွာ ထမ်းဆောင်နိုင်စွမ်းရှိပါက ဤသည်မှာ သင်၏ တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် သာ၍ပင် ကြီးမားသော အတိုင်းအတာတစ်ခုထိ လုပ်ဆောင်ခြင်း ဖြစ်သည်။ ထို့ကြောင့် သင်၏ တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် သင်လုပ်ဆောင်နိုင်ပါက ဤအရာက မည်သည့်အရာကို သွယ်ဝိုက်ညွှန်းဆိုသနည်း။ တစ်နည်းအားဖြင့် သင်၏ တာဝန်ကို ဘုရားနှုတ်ကပတ်တော်များ၏ စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုလိုသည်။ နောက်တစ်နည်းအားဖြင့် ဘုရားသခင်၏ စိစစ်မှုကို သင် လက်ခံပြီးဖြစ်ကာ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်ရှိသည်ကို ဆိုလို၏။ သင်သည် သင်၏ တာဝန်ကို ပြစားဖို့ဖြစ်စေ၊ သင် နှစ်ခြိုက်သည့် မည်သည့်ပုံစံဖြင့်မဆိုဖြစ်စေ၊ သင်၏ ကိုယ်ပိုင် နှစ်သက်မှုများအတိုင်းဖြစ်စေ လုပ်ဆောင်ခြင်း မဟုတ်။ ထိုအစား သင်သည် ထိုအရာကို ဘုရားသခင်က သင့်ထံ ပေးအပ်သည့် တာဝန်ပေးစေခိုင်းချက်တစ်ခုအဖြစ် မှတ်ယူကာ ထိုသို့သော တာဝန်နှင့် စိတ်နှလုံးဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်၊ သင်၏ ကိုယ်ပိုင် အလိုဆန္ဒအတိုင်းမဟုတ်ဘဲ ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း လုပ်ဆောင်ခြင်းဖြစ်သည်။ သင်သည် သင်၏ တာဝန်တွင် စိတ်နှလုံးအကြွင်းမဲ့ နှစ်ထားသည်။ ဤသည်မှာ သင်၏ တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် ထမ်းဆောင်ခြင်း ဖြစ်သည်။ လူအချို့သည် တာဝန်များ ထမ်းဆောင်ခြင်းနှင့် ပတ်သက်သည့် သမ္မာတရားများအကြောင်းကို နားမလည်ကြချေ။ အချို့သော အခက်အခဲများ ၎င်းတို့အပေါ် ကျရောက်သည့်အခါ ညည်းညူကြပြီး မိမိတို့၏ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားများ၊ အကျိုးအမြတ်များနှင့် ဆုံးရှုံးမှုများအကြောင်းကို အမြဲ ရေးကြီးခွင့်ကျယ်လုပ်ကြသည်။ ၎င်းတို့က “ခေါင်းဆောင်က ငါ့ကို ပေးထားသည့် အလုပ်ကို ငါ ကောင်းစွာ ထမ်းဆောင်လျှင် ထိုအရာက သူတို့ကို ဂုဏ်အသရေနှင့် ဘုန်းအသရေကို ဆောင်ကြဉ်းပေးလိမ့်မည် ဖြစ်သော်လည်း မည်သူက ငါ့ကို သတိရလိမ့်မည်နည်း။ ငါ အလုပ်လုပ်သည်ကို မည်သူမျှ သိလိမ့်မည် မဟုတ်သကဲ့သို့ ခေါင်းဆောင်က ထိုအတွက် ချီးကျူးမှုအားလုံး ရလိမ့်မည်။ ငါ့တာဝန်ကို ဤသို့ ထမ်းဆောင်ခြင်းသည် အခြားသူများကို အစေခံခြင်း မဟုတ်သလော”ဟု တွေးသည်။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်သနည်း။ ပုန်ကန်မှုဖြစ်သည်။ ဤလူများသည် အဓိပ္ပာယ်မရှိသည့် လူစားမျိုးများ ဖြစ်ကြ၏။ ၎င်းတို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို မှန်ကန်သည့်နည်းဖြင့် နားမလည်ကြ။ ၎င်းတို့သည် ဩဇာအာဏာရှိသည့် ရာထူးများတွင် အမြဲ ရှိချင်ကြသည်။ ချီးကျူးမှုကို အမြဲလိုချင်ကြပြီး ဆုလာဘ် ချီးမြှင့်ခံချင်ကြကာ မိမိတို့ကို အကောင်းမြင်ကြစေရန် လုပ်ဆောင်ချင်ကြသည်။ ၎င်းတို့သည် အဘယ်ကြောင့် ကျော်ကြားမှနှင့် အကျိုးအမြတ်ကို အမြဲ အာရုံစိုက်ကြသနည်း။ ထိုအရာ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ၎င်းတို့၏ စိတ်ဆန္ဒက အလွန် အားကောင်းကြောင်းနှင့် တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းက ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းဖြစ်ကြောင်း၊ သို့မဟုတ် လူတိုင်း၏ စိတ်နှလုံး အတွင်းနက်နက်နေရာများကို ဘုရားသခင် စိစစ်ကြောင်းကို ၎င်းတို့ နားမလည်သည်ကို ပြသပေသည်။ ဤလူများသည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်း ကင်းမဲ့ကြသောကြောင့် မိမိတို့ကိုယ်ပိုင် မျက်လုံးများဖြင့် မြင်နိုင်သည့် အချက်များကို အခြေခံ၍ ထင်မြင်ချက်များ ပေးကြသည်။ ယင်းက ၎င်းတို့ကို မှားယွင်းသော အမြင်များ ဖြစ်ပေါ်စေသည်။ အကျိုးဆက်အနေဖြင့် ၎င်းတို့၏ အလုပ်တွင် အပျက်သဘောဆောင်ကာ မတက်မကြွဖြစ်လာကြပြီး ၎င်းတို့၏ တာဝန်များကို စိတ်နှလုံးအကြွင်းမဲ့ အစွမ်းရှိသမျှဖြင့် မထမ်းဆောင်နိုင်ကြချေ။ ၎င်းတို့တွင် စစ်မှန်သည့် ယုံကြည်ခြင်း ကင်းမဲ့ကာ ဘုရားသခင်က လူတို့၏ စိတ်နှလုံးအတွင်းနက်နက်များအား စိစစ်သည်ကို မသိကြသောကြောင့် အခြားသူများမြင်ရန် မိမိတို့တာဝန်များကို ထမ်းဆောင်ခြင်းအပေါ်တွင်လည်းကောင်း၊ ၎င်းတို့ ခါးစည်းခံရသော ဆင်းရဲဒုက္ခများနှင့် အခက်အခဲများကို အခြားသူများအား သိရှိစေခြင်းအပေါ်တွင်လည်းကောင်း၊ ခေါင်းဆောင်များနှင့် အမှုဆောင်များထံမှ ချီးမွမ်းခြင်းနှင့် ထောက်ခံခြင်းတို့ကို ရှာဖွေခြင်းအပေါ်တွင်လည်းကောင်း အာရုံစိုက်ကြလေသည်။ ၎င်းတို့အနေဖြင့် ဤသို့လုပ်ဆောင်မှသာ တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းက လုပ်ဆောင်ရကျိုးနပ်ပြီး ၎င်းတို့ လုပ်ဆောင်သည်ကို လူတိုင်း မြင်မှသာ ဂုဏ်ဝင့်ဖွယ်ဖြစ်သည်ဟု ၎င်းတို့ တွေးထင်ကြသည်။ ဤသည်မှာ မသတီစရာဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း ယုံကြည်ခြင်းမရှိရုံမက သမ္မာတရားကိုလည်း မည်သည့်အတိုင်းအတာထိမျှ လက်ခံခြင်း သို့မဟုတ် နားလည်ခြင်း မရှိကြချေ။ ဤကဲ့သို့သော လူများသည် တာဝန်တစ်ခုကို အဘယ်သို့ ကောင်းစွာ ထမ်းဆောင်နိုင်ကြသနည်း။ ၎င်းတို့ စိတ်သဘောထားနှင့်ပတ်သက်၍ ပြဿနာတစ်ခု မရှိသလော။ ၎င်းတို့နှင့်အတူ သမ္မာတရားအကြောင်း မိတ်သဟာယပြုရန် သင် ကြိုးစားပြီး ထိုသမ္မာတရားကို ၎င်းတို့ လက်မခံကြသေးပါက ၎င်းတို့တွင် ဆိုးယုတ်သော စိတ်သဘောထားတစ်ခု ရှိပေသည်။ ၎င်းတို့သည် မိမိတို့၏ သင့်တင့်လျောက်ပတ်သော တာဝန်များကို အာရုံစိုက်လုပ်ဆောင်ရန် ပျက်ကွက်ကြပြီး မိမိတို့၏တာဝန်များကို မထိန်းသိမ်းကြချေ။ အနှေးနှင့်အမြန်ဆိုသလို ၎င်းတို့သည် ဖယ်ရှားရှင်းလင်းခြင်း ခံရမည်ဖြစ်သည်။ တာဝန်များကို ထမ်းဆောင်သည့်သူများသည် သာမန်လူ့သဘာဝရှိသူများ ဖြစ်ရမည်။ ၎င်းတို့တွင် ကောင်းမွန်သည့် အကြောင်းပြချက်များ ရှိရမည်ဖြစ်ပြီး ဘုရားသခင်၏ အစီအစဉ်များနှင့် စီစဉ်ညွှန်ကြားမှုများအားလုံးကို ကျိုးနွံနာခံနိုင်ရမည်။ ဘုရားသခင်သည် လူအမျိုးမျိုးတို့ကို တစ်မူထူးသော အစွမ်းအစများနှင့် ဆုကျေးဇူးများ ပေးသနားသကဲ့သို့ တစ်မူထူးသောလူများသည်လည်း ကွဲပြားသော တာဝန်များကို ထမ်းဆောင်ရန် အသင့်တော်ဆုံး ဖြစ်လေသည်။ သင့်အနေဖြင့် သင်၏ ကိုယ်ပိုင် အလိုဆန္ဒများနှင့် ကိုက်ညီသည့် သက်သောင့်သက်သာရှိသော လွယ်ကူသည့် တာဝန်များကိုသာ ထမ်းဆောင်ရန် ရွေးချယ်ရင်း သင်၏ နှစ်သက်မှုများကို အခြေခံ၍ ကြေးမများရပေ။ ဤသည်မှာ မှားယွင်းပေသည်။ ဤသည်မှာ တာဝန်တစ်ခုကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် လုပ်ဆောင်ခြင်း မဟုတ်သကဲ့သို့ ဤသည်မှာ တာဝန်တစ်ခု ထမ်းဆောင်ခြင်း မဟုတ်ပေ။ တာဝန်တစ်ခုကို ထမ်းဆောင်ရန်အလို့ငှာ သင် လုပ်ဆောင်ရမည့် ပထမဆုံးသောအရာမှာ ထိုတာဝန်ထဲသို့ သင်၏ စိတ်နှလုံးအကြွင်းမဲ့ နှစ်ထားရန် ဖြစ်သည်။ ဆက်လက်၍ သင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ ကြီးမားသည့် အလုပ်တာဝန်တစ်ခုဖြစ်စေ၊ သေးငယ်သည့် အလုပ်တာဝန်တစ်ခုဖြစ်စေ၊ ညစ်ပတ်သည့်အရာတစ်ခုဖြစ်စေ မောပန်းစရာအလုပ်တစ်ခုဖြစ်စေ၊ အခြားလူများရှေ့တွင် လုပ်ရသည့် အလုပ်တာဝန်တစ်ခုဖြစ်စေ၊ မျက်ကွယ်တွင် လုပ်ရသည်ဖြစ်စေ၊ အရေးပါသည့် အလုပ်တာဝန်တစ်ခုဖြစ်စေ၊ အရေးမပါသည့်တစ်ခု ဖြစ်စေ ထိုအလုပ်အားလုံးကို သင်၏ တာဝန်အဖြစ် မှတ်ယူကာ သင်၏ စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှဖြင့် လုပ်ဆောင်ခြင်း စည်းမျဉ်းကို လိုက်နာစောင့်ထိန်းသင့်သည်။ သင်၏ တာဝန်ကို ထမ်းဆောင်ပြီးသည့်နောက် သင် လုပ်ဆောင်ပြီးသည့် အလုပ်အချို့နှင့် စပ်လျဉ်း၍ သင်သည် လုံးလုံးလျားလျား လိပ်ပြာမလုံသည်ကိုလည်းကောင်း၊ ထိုတာဝန်ထဲသို့ သင်၏ စိတ်နှလုံးအကြွင်းမဲ့နှစ်ထားသော်လည်း၊ သင်၏ အလုပ်အချို့သည် ကောင်းစွာ လုပ်ဆောင်ထားခြင်းမရှိသကဲ့သို့ သင်၏ အားထုတ်မှု ရလဒ်များမှာ သိပ်မကောင်းသည်ကိုလည်းကောင်း ခံစားရခြင်းဖြင့် သင် အဆုံးသတ်လျှင် မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ လူအချို့က “ကောင်းပြီ၊ ငါ့တာဝန်ကို ငါ စိတ်နှလုံးအကြွင်းမဲ့ နှစ်ထားသော်လည်း ရလဒ်များက သိပ်မကောင်းပါ။ ထိုအရာမှာ ငါ၏ ပြဿနာမဟုတ်။ ယင်းသည် ယခုအခါတွင် ဘုရားလက်ထဲတွင် ရှိသည်”ဟု စဉ်းစားကြသည်။ ဤသည်မှာ မည်သည့်အမြင်မျိုး ဖြစ်သနည်း။ မှန်ကန်သည့် အမြင်ဖြစ်သလော။ ၎င်းတို့သည် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရား ရှာဖွေဖို့ လိုလားနေခြင်း မရှိကြသောကြောင့် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အမှန်တကယ် အသုံးခံကြခြင်း မရှိပေ။ ၎င်းတို့သည် ဘုရားသခင်ကို စိတ်ကျေနပ်စေရန် လိုလားနေကြခြင်းမရှိသကဲ့သို့ မိမိတို့တာဝန်နှင့်ပတ်သက်၍ ဝတ်ကျေတမ်းကျေဖြစ်သော ရှုထောင့်အမြင်တစ်ခု ရှိကြဆဲဖြစ်သည်။ ဤလူစားမျိုးများသည် နှလုံးသား မရှိကြသည့်ပုံရလေသည်။ သင်၏ တာဝန်ကို သင်၏ စိတ်နှလုံးအကြွင်းမဲ့ဖြင့် လုပ်ဆောင်ခြင်းကို ငါတို့ ပြောသည့်အခါ သင်၏ စိတ်နှလုံးတစ်ခုလုံးကို အသုံးပြုခြင်းအား ဆိုလိုပေသည်။ သင်သည် အလုပ်တာဝန်များ ကောင်းစွာ လုပ်ဆောင်ထားသည်ကို သေချာစေရန် တာဝန်ယူသည့် သဘောထားတစ်ခု ခံယူလျက်၊ သင် စွမ်းဆောင်ရရှိသင့်သည့် ရလဒ်များကို စွမ်းဆောင်ရရှိလျက် သင့်ကိုယ်သင် ဆက်ကပ်ကာ အာရုံစူးစိုက်၍ သင်၏တာဝန်ကို ထမ်း‌ဆောင်ပြီး သင်၏သစ္စာစောင့်သိမှုကို ပြသင့်သည်။ သင်၏ တာဝန်ကို စိတ်မပါ့တပါ လုပ်ဆောင်၍ မရနိုင်ပေ။ ထိုအခါမှသာ ဤအရာကို မိမိစိတ်နှလုံးအကြွင်းမဲ့ဖြင့် တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းဟု ခေါ်နိုင်ပေသည်။ သင့်အလုပ်၏ ရလဒ်များက သိပ်မကောင်းသည်ကို မြင်ပြီး သင်က “ငါ အကောင်းဆုံး လုပ်ဆောင်ပြီးဖြစ်သည်။ အိပ်ရေးပျက်ပြီး အစားအစာများကို မစားဖြစ်ဘဲ ညနက်သည်အထိ နေခဲ့သည်၊ တစ်ခါတစ်ရံ အခြားသူများ အနားယူပြီး အေးအေးလူလူ လမ်းလျှောက်သွားကြစဉ် နောက်ချန်နေရစ်ခဲ့သည်။ ငါသည် အခက်အခဲများကို ခါးစည်းခံကာ လူ့ဇာတိ၏ ကိုယ်စိတ်ချမ်းသာခြင်းများကို မမက်မောလေပြီ။ ယင်းမှာ ငါ့တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ ငါ လုပ်ဆောင်ပြီးဖြစ်ကြောင်း ဆိုလိုသည်”ဟု မိမိဘာသာ စဉ်းစားလျှင် ဤအမြင်သည် မှန်ကန်သလော။ သင်သည် သင်၏ အချိန်ကို ရင်းနှီးကာ အားထုတ်ပြီးဖြစ်သည်။ အပေါ်ယံအနေဖြင့် သင်သည် ဤအဖြစ်အားလုံးကို ဖြတ်သန်းရပြီးဖြစ်ပုံရသော်လည်း သင် ရရှိသည့် ရလဒ်များက မကောင်းသကဲ့သို့ ဤအတွက် တာဝန်ကို သင် လက်ခံခြင်းမရှိ၊ ဂရုစိုက်ခြင်း မရှိပေ။ ဤသည်မှာ သင်၏ တာဝန်ကို သင်၏ စိတ်နှလုံးအကြွင်းမဲ့ဖြင့် လုပ်ဆောင်ခြင်း ဖြစ်သလော။ (မဟုတ်ပါ။) ဤသည်မှာ သင်၏ တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် လုပ်ဆောင်ခြင်း မဟုတ်။ လူတစ်ဦးက တစ်စုံတစ်ရာကို မိမိ၏ စိတ်နှလုံးအကြွင်းမဲ့ဖြင့် လုပ်ဆောင်ခြင်း ရှိမရှိဟူသည်ကို ဘုရားသခင် ဆုံးဖြတ်သည့်အခါ မည်သည့်အရာကို သူ ကြည့်သနည်း။ တစ်နည်းအားဖြင့် ထိုအရာကို တာဝန်သိတတ်ပြီး တာဝန်ယူသော သဘောထားဖြင့် သင် ချဉ်းကပ်ခြင်း ရှိမရှိဟူသည်ကို သူ ကြည့်သည်။ နောက်တစ်နည်းအားဖြင့် ထိုအရာကို လုပ်ဆောင်နေစဉ် မည်သည့်အရာ သင် စဉ်းစားနေသည်၊ သင် ထမ်းဆောင်သင့်သည့်တာဝန်ကို သင် အာရုံစူးစိုက်စွာ ထမ်းဆောင်ခြင်း ရှိမရှိဆိုသည်နှင့် သမ္မာတရား စည်းမျဉ်းများနှင့်အညီ ထိုအရာကို သင် တစ်သမတ်တည်း လုပ်ဆောင်ခြင်း ရှိမရှိ၊ ပြီးလျှင် အခက်အခဲများ သင့်အပေါ် ကျရောက်သည့်အခါ သင်၏ တာဝန်ကို ကောင်းစွာ သင် ထမ်းဆောင်နိုင်ရန်အလို့ငှာ ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားကို စူးစူးစိုက်စိုက် ရှာဖွေခြင်း ရှိမရှိဆိုသည်တို့ကို သူကြည့်သည်။ လူသားများက အမှုအရာများကို လုပ်ဆောင်ကြသည်နှင့်အမျှ ဘုရားသခင်က စောင့်ကြည့်ကာ စိစစ်သည်။ သူသည် ၎င်းတို့၏ စိတ်နှလုံးများထဲသို့ တစ်ချိန်လုံး စောင့်ကြည့်လေ့လာနေသည်။ ထိုအရာကို လူတို့က မသိကြသော်လည်း သူ၏ စိစစ်မှုကို တစ်ခါတစ်ရံ ခံစားနိုင်ကြသည်။ လူအချို့သည် မိမိတို့တာဝန်များတွင် အမြဲ ဝတ်ကျေတမ်းကျေ ဖြစ်ကြပြီး နောက်ဆုံးတွင် ဘုရားသခင်က ၎င်းတို့ကို ထုတ်ဖော်ရန် ပတ်ဝန်းကျင်တစ်ခု စီစဉ်သည်။ ထိုအချိန်တွင် သူ၏ စွန့်ပစ်မှုကို ၎င်းတို့ ခံစားရပြီး ၎င်းတို့က ဘာသာတရားမရှိသူများနှင့် မတူကြောင်း၊ မယုံကြည်သူများ၊ နတ်ဆိုးများ၊ စာတန်များနှင့် တူကြောင်း လူတိုင်း မြင်ကြသည်။ ဤလူစားမျိုးများသည် မိမိတို့တာဝန်များကို ထမ်းဆောင်သည့်အတောအတွင်း ဖယ်ရှားရှင်းလင်းခြင်းခံရကြ၏။ လူအချို့သည် တာဝန်များကို ထမ်းဆောင်နေစဉ် မိမိတို့ကိုယ်ကို မကြာခဏ သုံးသပ်ဆင်ခြင်ကြသည်။ တစ်ခါတစ်ရံ ၎င်းတို့ ရရှိသည့် ရလဒ်များက မကောင်းပေ၊ သို့မဟုတ် ပြဿနာတစ်ခု ပေါ်ပေါက်ပြီး ထိုအရာကို ၎င်းတို့ စိတ်နှလုံးများတွင် ခံစားနိုင်ကာ “ငါသည် တစ်ဖန် ဝတ်ကျေတမ်းကျေဖြစ်နေသလော”ဟု စဉ်းစားကြသည်။ ၎င်းတို့ အပြစ်တင်ခံရသည်ကို ခံစားမိကြသည်။ ဤအရာ အဘယ်သို့ ဖြစ်လာသနည်း။ ဘုရားသခင်က ဖြစ်စေခြင်းဖြစ်သည်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း ဖြစ်သည်။ သို့ဆိုလျှင် ဘုရားသခင်က သင့်ကို အဘယ်ကြောင့် ဉာဏ်အလင်းပေးနေသနည်း။ မည်သည့်အရာကို အခြေပြု၍ ဘုရားသခင်သည် သင့်အား ဉာဏ်အလင်း ပေးနေသနည်း။ မည်သည့် ဆက်စပ်အခြေအနေအတွင်းတွင် သူက သင့်ကို အပြစ်တင်နေသနည်း။ သင့်အနေဖြင့် မှန်ကန်သည့် စိတ်ဓာတ်ရှိကာ “ငါ့တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် ငါ လုပ်ဆောင်ရမည်ဖြစ်ပြီး ယင်းက သမ္မာတရားနှင့်အညီ လုပ်ဆောင်ခြင်းကို ဆိုလိုသည်။ ငါ့တာဝန်ကို ငါ အမှန်တကယ် စိတ်နှလုံးအကြွင်းမဲ့ဖြင့် လုပ်ဆောင်ပြီးပြီလော”ဟု ပြောရမည်။ ဤအရာကို သင် အမြဲ တွေးဆလျှင် ဘုရားသခင်က သင့်ကို ဉာဏ်အလင်းပေးကာ “ထိုအလုပ်တာဝန်ကို ငါ စိတ်နှလုံးအကြွင်းမဲ့ဖြင့် မလုပ်ဆောင်ခဲ့ပါ။ ငါ အတော်လေး အဆင်ပြေနေခဲ့သည်၊ ကိုယ့်ကိုယ်ကိုယ် ၁၀၀ ထဲမှ ၉၉ မှတ် ရခဲ့မည်ဟု တွေးခဲ့သည်။ သို့သော် ယခုတွင် ထိုသို့ အမှန်တကယ် မဟုတ်သည်ကို ငါ မြင်ရသည်။ ငါသည် အမှန်တကယ် ပြည့်မီရုံမျှသာ ဖြစ်ခဲ့သည်”ဟု သင့်ကို နားလည်စေလိမ့်မည်။ ထိုအခါတွင်မှ ဘုရားသခင်၏ စိတ်မကျေနပ်မှုကို သင်တွေ့ရှိလိမ့်မည်။ ဤသည်မှာ သင့်ကို ဘုရားသခင်က ဉာဏ်အလင်းပေးခြင်းနှင့် သင်၏ တာဝန်ကို သင် မည်မျှကောင်းစွာ ထမ်းဆောင်သည်ဆိုသည်နှင့် သူ၏ သတ်မှတ်ချက်များနှင့် သင် မည်မျှ အလှမ်းဝေးနေဆဲ ဖြစ်သည်ဆိုသည်တို့ကို သင့်အား နားလည်ခွင့်ပေးနေခြင်း ဖြစ်သည်။ တစ်စုံတစ်ဦးသည် မိမိတာဝန် ထမ်းဆောင်မှုတွင် အနိမ့်ဆုံး စံနှုန်းများအောက်တွင် ရှိပါက ၎င်းကို ဘုရားသခင်က ဉာဏ်အလင်းပေးလိမ့်ဦးမည်လော။ မဖြစ်နိုင်ပေ။ မည်သူ့ကို ဘုရားသခင်က ဉာဏ်အလင်းပေးသနည်း။ ဦးစွာပထမ သမ္မာတရားအား ချစ်သောသူတို့ကို ဖြစ်သည်။ ဒုတိယအနေဖြင့် ကျိုးနွံနာခံမှု သဘောထားရှိသည့်သူများကို ဖြစ်သည်။ တတိယအနေဖြင့် သမ္မာတရားကို တောင့်တသူများဖြစ်ပြီး စတုတ္ထအနေဖြင့် ကဏ္ဍအားလုံးတွင် မိမိတို့ကိုယ်ကို ဆန်းစစ်ကာ သုံးသပ်သောသူများကို ဖြစ်သည်။ ဤသည်တို့မှာ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းကို ရရှိနိုင်သည့် လူစားမျိုးများဖြစ်သည်။ ဤသို့ လက်တွေ့လုပ်ဆောင်ကာ တွေ့ကြုံခြင်းအားဖြင့် သင်၏ တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ လုပ်ဆောင်ခြင်းနှင့်ဆိုင်သည့် သင်၏ ကိုယ်ပိုင် အတွေ့အကြုံ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့်ဆိုင်သည့် ဤသွင်ပြင်လက္ခဏာနှင့် ဤစစ်မှန်မှု သွင်ပြင်လက္ခာတို့သည် ယခင်ကထက် သာ၍ ကြီးမားစွာ ကြီးထွားလိမ့်မည်။ တဖြည်းဖြည်းနှင့် သင်သည် မည်သည့်လူတို့က မိမိတို့တာဝန်များကို စိတ်နှလုံးအကြွင်းမဲ့ လုပ်ဆောင်ကြပြီး မည်သည့်လူတို့က မလုပ်ဆောင်ကြသည်ဆိုသည်နှင့် တာဝန်များ ထမ်းဆောင်ခြင်းအပေါ် အမျိုးမျိုးသော လူတစ်ဦးချင်းစီ၏ သဘောထားများနှင့် အပြုအမူများအပေါ် ရှင်းလင်းလာလိမ့်မည်။ သင်သည် မိမိကိုယ်ကို သိရှိသည့်အခါ အခြားသူများကိုလည်း ပိုင်းခြားသိမြင်နိုင်လိမ့်မည်ဖြစ်ပြီး သင်၏ တာဝန်တွင် ပိုပိုပြီး စေ့စပ်တိကျလာလိမ့်မည်။ ဝတ်ကျေတမ်းကျေ ဖြစ်ခြင်းနှင့်ဆိုင်သည့် အသေးဆုံးသော ဖြစ်ရပ်ကို သင် သတိမထားမိဘဲ နေလိမ့်မည်မဟုတ်သကဲ့သို့ ထိုအရာကို ဖြေရှင်းရန် သမ္မာတရားကို သင် ရှာဖွေနိုင်လိမ့်မည်။ သင်၏ တာဝန်ကို ထမ်းဆောင်နေစဉ်တွင် သင်သည် အမှုအရာများကို စည်းမျဉ်းများနှင့်အညီ ကိုင်တွယ်နိုင်လိမ့်မည်၊ သမ္မာတရားကို ပိုပိုပြီး လက်တွေ့လုပ်ဆောင်နေလိမ့်မည်ဖြစ်ပြီး သင်၏ စိတ်နှလုံး တည်ငြိမ်ကာ အေးချမ်းလိမ့်မည်။ တာဝန်တစ်ခုကို သင် ကောင်းစွာ မထမ်းဆောင်ခဲ့မှန်း တစ်နေ့ သင် သိရှိလျှင် မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ ထိုအရာနှင့်ပတ်သက်၍ သင် တွေးဆရမည်၊ သတင်းအချက်အလက် ရှာရမည်ဖြစ်ပြီး အခြားသူများထံမှ အကြံတောင်းရမည်၊ ထို့နောက်တွင် သင် မသိလိုက်မီတွင် ထိုကိစ္စရပ်နှင့်ဆိုင်သည့် သိနားလည်မှုတစ်ခုကို သင် ရရှိလိမ့်မည်ဖြစ်သည်။ ဤအရာက သင်၏ တာဝန် ထမ်းဆောင်ရာတွင် အထောက်အကူ ပြုစေလိမ့်မည် မဟုတ်လော။ (ဟုတ်ပါသည်။) ထိုအရာက အထောက်အကူ ဖြစ်လိမ့်မည်။ မည်သည့် တာဝန်ကို သင် ထမ်းဆောင်နေသည်ဖြစ်စေ ဤအရာ မှန်ကန်လိမ့်မည်။ လူတို့က မိမိတို့တာဝန်များကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် လုပ်ဆောင်သရွေ့၊ သမ္မာတရားကို ရှာဖွေကာ မိမိတို့ အားထုတ်မှုများတွင် မဆုတ်မနစ်လုံ့လထုတ်သရွေ့ နောက်ဆုံးတွင် ရလဒ်များ ရရှိကြလိမ့်မည်။

ကောက်နုတ်ချက် (၃၁)

လူတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည့်အတွက် သူတို့၏ တာဝန်များကို ထမ်းဆောင်သည့်အခါ မကြာခဏ ဝတ်ကျေတမ်းကျေပြုကြသည်။ ဤသည်မှာ ပြဿနာအားလုံးတွင် အဆိုးဆုံးတစ်ခုဖြစ်သည်။ လူတို့သည် မိမိတို့၏ တာဝန်များကို မှန်မှန်ကန်ကန် ထမ်းဆောင်ရမည်ဆိုလျှင် ဤဝတ်ကျေတမ်းကျေပြုခြင်းပြဿနာကို အရင်ဦးဆုံး ကိုင်တွယ်ရမည်။ ၎င်းတို့တွင် ဝတ်ကျေတမ်းကျေဖြစ်သည့် သဘောထားရှိသရွေ့ ၎င်းတို့၏ တာဝန်များကို မှန်မှန်ကန်ကန် ထမ်းဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ ယင်းမှာ ဝတ်ကျေတမ်းကျေဖြစ်ခြင်းပြဿနာကို ဖြေရှင်းခြင်းသည် အလွန့်အလွန် အရေးကြီးသည်ဟူသည့် သဘောဖြစ်သည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ရှေးဦးစွာ ၎င်းတို့၏ စိတ်အခြေအနေပြဿနာကို အရင်ဆုံး ဖြေရှင်းရမည်။ လှည့်စားဖို့၊ သို့မဟုတ် ဝတ်ကျေတမ်းကျေဖြစ်ဖို့ မရည်ရွယ်သင့်ဘဲ ၎င်းတို့၏ တာဝန်များကို မှန်ကန်စွာ ချဉ်းကပ်ပြီး အမှုအရာများကို လေးနက်မှုနှင့် တာဝန်သိစိတ်တစ်ခုဖြင့် လုပ်ဆောင်ရမည်။ မိမိ၏ တာဝန်သည် ဘုရားသခင်အတွက် ထမ်းဆောင်ခြင်းဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်အတွက်မျှ မဟုတ်ပေ။ လူတို့သည် ဘုရားသခင်၏ စိစစ်မှုကို လက်ခံနိုင်လျှင် မှန်ကန်သည့် စိတ်အခြေအနေ ရှိလိမ့်မည်။ ထို့အပြင် တစ်စုံတစ်ခုကို လုပ်ဆောင်ပြီးနောက်တွင် လူတို့သည် ယင်းကို ဆန်းစစ်ရမည်။ ဆင်ခြင်သုံးသပ်ရမည်။ မိမိတို့၏ စိတ်နှလုံးတွင် အနည်းငယ် စိတ်မသက်မသာ ခံစားရပြီး အသေးစိတ် စစ်ဆေးပြီးနောက်တွင် အမှန်တကယ် ပြဿနာတစ်ခုရှိသည်ကို တွေ့ရှိလျှင် အပြောင်းအလဲများ ပြုလုပ်ရမည်။ ဤအပြောင်းအလဲများ ပြုလုပ်ပြီးသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံး၌ စိတ်အေးလက်အေး ခံစားရမည်။ လူတို့သည် စိတ်မသက်မသာ ခံစားရသည့်အခါ ပြဿနာတစ်ခုရှိသည်ကို သက်သေပြသည်။ ၎င်းတို့လုပ်ဆောင်ပြီးခဲ့သည့်အရာကို လုံ့လရှိစွာ စစ်ဆေးရမည်။ အထူးသဖြင့် အရေးပါသည့် အဆင့်များတွင်ဖြစ်သည်။ ဤသည်မှာ တာဝန်ထမ်းဆောင်ရာတွင် တာဝန်သိတတ်သော သဘောထားတစ်ခုဖြစ်သည်။ လူတစ်ဦးသည် အလေးအနက်ထားနိုင်သောအခါ၊ တာဝန်ယူနိုင်ပြီး သူ၏ စိတ်နှလုံးအကြွင်းမဲ့ ပေးနိုင်သောအခါတွင် အလုပ်သည် သင့်လျော်စွာ ပြီးမြောက်မည်ဖြစ်သည်။ တစ်ခါတစ်ရံတွင် သင်သည် မှားယွင်းသည့် စိတ်အခြေအနေတွင် ရှိနေသည်။ အလွန်ရှင်းလင်းသော အမှားတစ်ခုကို သင် ရှာဖွေ တွေ့ရှိနိုင်ခြင်း မရှိပေ။ သင်သည် မှန်ကန်သည့် စိတ်အခြေအနေတွင် ရှိလျှင် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် လမ်းပြမှုအားဖြင့် ဤပြဿနာကို ဖော်ထုတ်နိုင်လိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော်က သိမြင်မှုကို သင့်အား လမ်းပြပြီး ပေးအပ်ခဲ့ကာ စိတ်နှလုံးထဲတွင် ကြည်လင်မှုကို ခံစားစေပြီး အမှားတည်ရှိသည့်နေရာကို သိစေလျှင် သင်သည် လမ်းလွဲခြင်းကို ပြုပြင်နိုင်ပြီး သမ္မာတရားစည်းမျဉ်းများအတွက် ကြိုးစားနိုင်လိမ့်မည်။ သင်က မှားယွင်းသည့် စိတ်အခြေအနေတွင်ရှိနေခဲ့ပြီး အာရုံမစိုက်ဘဲ ပေါ့ဆလျှင် အမှားကို သင် သတိပြုနိုင်မည်လော။ သတိပြုနိုင်မည် မဟုတ်ပေ။ ဤအခြင်းအရာမှ ဘယ်အရာကို မြင်ရသနည်း။ လူတို့သည် မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ရန်မှာ ပူးပေါင်းဆောင်ရွက်ရန် အလွန်အရေးကြီးကြောင်းကို ပြသည်။ ၎င်းတို့၏ စိတ်နေစိတ်ထားသည် အလွန်အရေးကြီးသည်။ ပြီးလျှင် ၎င်းတို့၏ အတွေးများနှင့် စိတ်ကူးများကို အဘယ်နေရာသို့ ဦးတည်သည်မှာ အလွန်အရေးကြီးသည်။ လူတို့သည် မည်သည့် စိတ်အခြေအနေတွင် ရှိနေသည်၊ မိမိတာဝန်ကို ထမ်းဆောင်ရာတွင် စွမ်းအင်မည်မျှကို ၎င်းတို့ အသုံးချသည်တို့ကို ဘုရားသခင်မှ စိစစ်ပြီး မြင်နိုင်သည်။ လူတို့သည် ၎င်းတို့လုပ်သည့်အရာ၌ စိတ်နှလုံးနှင့်ခွန်အား အလုံးစုံကို အသုံးပြုရန်မှာ အလွန်အရေးပါသည်။ ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်ခြင်းသည် အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ လူတို့သည် ၎င်းတို့ ပြီးမြောက်ခဲ့သော တာဝန်များနှင့် ၎င်းတို့ လုပ်ဆောင်ခဲ့သော အရာများအပေါ်တွင် နောင်တမရရှိရန် ကြိုးပမ်းမှသာလျှင်၊ ဘုရားသခင်အား အကြွေးတင်ခြင်း မရှိမှသာလျှင် ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးနှင့်ခွန်အား အလုံးစုံဖြင့် ပြုမူဆောင်ရွက်မည် ဖြစ်သည်။ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းတွင် သင်၏ အားအင်နှင့် စိတ်နှလုံးအပြည့်အဝကို ထည့်ရန် အစဉ်သဖြင့် ပျက်ကွက်လျှင်၊ သင်သည် အဆက်မပြတ် ဝတ်ကျေတမ်းကျေဖြစ်လျှင်၊ အလုပ်အပေါ် ကြီးမားသော ထိခိုက်နစ်နာစေလျှင်၊ ဘုရားသခင်တောင်းဆိုသော အကျိုးတရားများကို မှီအောင်မလုပ်နိုင်လျှင် တစ်ခုသာ သင့်ထံတွင် ဖြစ်ပျက်နိုင်သည်။ သင်သည် ဖယ်ရှားရှင်းလင်းခံရမည်။ ထို့အချိန်တွင် နောင်တများရရန် အချိန်ရှိသေးသလော။ ရှိမည်မဟုတ်ပေ။ ဤလုပ်ရပ်များသည် ထာဝရ နောင်တ၊ အစွန်းအထင်းတစ်ခု ဖြစ်လိမ့်မည်။ အဆက်မပြတ် ဝတ်ကျေတမ်းကျေဖြစ်ခြင်းသည် အစွန်းအထင်းတစ်ခုဖြစ်သည်။ ကြီးလေးသော ပြစ်မှားမှုတစ်ခုဖြစ်သည်။ ဟုတ်သလော။ မဟုတ်သလော။ (ဟုတ်သည်။) သင်၏ အားအင်နှင့် စိတ်နှလုံး အပြည့်အဝဖြင့် သင်၏ ဝတ္တရားများကို၊ သင်လုပ်ဆောင်သင့်သည့် အရာတိုင်းကို ဆောင်ရွက်ရန် ကြိုးပမ်းရမည်။ ဝတ်ကျေတမ်းကျေဖြစ်ခြင်း၊ နောင်တတစ်ခုခုဖြစ်ခြင်း မရှိရပေ။ ထိုသို့လုပ်နိုင်လျှင် သင်ထမ်းဆောင်သည့်တာဝန်ကို ဘုရားသခင်က အောက်မေ့ဂုဏ်ပြုလိမ့်မည်။ ဘုရားသခင် အောက်မေ့ဂုဏ်ပြုသောအရာများသည် ကောင်းမှုများဖြစ်သည်။ ဤသို့ဆိုလျှင် ဘုရားသခင် အောက်မေ့ဂုဏ်ပြုခြင်းမရှိသော အရာများမှာ အဘယ်နည်း။ (၎င်းတို့သည် ပြစ်မှားမှုများနှင့် မကောင်းမှုများဖြစ်သည်။) ဤသို့အားဖြင့် လက်ရှိအချိန်တွင် မကောင်းမှုများကို ဖော်ပြပါက ယင်းတို့သည် မကောင်းမှုများ ဖြစ်သည်ကို သင်သည် လက်ခံချင်မှ လက်ခံပေလိမ့်မည်။ သို့သော် ထိုအရာများအပေါ်တွင် အရေးကြီးသော အကျိုးဆက်များ ဖြစ်ပေါ်လာသည့် နေ့တစ်နေ့ ရောက်လာလျှင်၊ ပြီးလျှင် ယင်းတို့သည် အပျက်သဘောဆောင်သော လွှမ်းမိုးမှုတစ်ခု ဖြစ်ပေါ်စေလျှင် ဤအရာတို့သည် အပြုအမူဆိုင်ရာ ပြစ်မှားမှုသက်သက်သာ မဟုတ်ဘဲ မကောင်းမှုများဖြစ်သည်ကို သင် ခံစားမိလိမ့်မည်။ ဤအရာကို သင် နားလည်သဘောပေါက်သည့်အခါ သင်သည် နောင်တရမည်ဖြစ်ပြီး “ငါ ကာကွယ်မှု အနည်းငယ် ပြုလုပ်သင့်ခဲ့သည်။ အစကတည်းက အနည်းငယ်ပို၍ တွေးတောပြီး အားထုတ်လျှင် ဤအကျိုးဆက်ကို ရှောင်နိုင်လိမ့်မည်”ဟု မိမိ ဘာသာ စဉ်းစားမိလိမ့်မည်။ သင့်စိတ်နှလုံးရှိ ဤထာဝရ အစွန်းအထင်းကို မည်သည့်အရာကမျှ ဖယ်ရှားပေးလိမ့်မည် မဟုတ်။ ထို့အပြင် ယင်းသည် သင့်အား ထာဝရ အကြွေးတင်စေလျှင် သင်သည် ဒုက္ခရောက်လိမ့်မည်။ ထို့ကြောင့် ယနေ့တွင် သင်သည် မည်သည့်နောင်တမျှမရှိဘဲ ဘုရားသခင် အောက်မေ့ဂုဏ်ပြုသည့် ပုံစံဖြင့် ရှင်းလင်းသည့် အသိစိတ်ဖြင့် တာဝန်ထမ်းကို ထမ်းဆောင်ရန်အတွက် ဘုရားသခင်က သင့်အား ပေးအပ်သော စေခိုင်းချက်တွင် သင်၏ အားအင်နှင့် စိတ်နှလုံးအပြည့်အဝထည့်ရန် ကြိုးပမ်းရမည်။ မည်သည့်အရာကို သင်လုပ်ဆောင်သည်ဖြစ်စေ ဝတ်ကျေတမ်းကျေပြုခြင်း မရှိနှင့်။ သင်သည် စိတ်လိုက်မာန်ပါ အမှားတစ်ခု ပြုလုပ်မိပြီး ယင်းက ကြီးလေးသော ပြစ်မှားမှုတစ်ခုဖြစ်လျှင် ဤသည်မှာ ထာဝရအစွန်းအထင်းတစ်ခု ဖြစ်လာလိမ့်မည်။ သင်သည် နောင်တရသည်နှင့်တစ်ပြိုင်နက် ယင်းတို့အတွက် ပြန်လည်ပေးဆပ်နိုင်လိမ့်မည် မဟုတ်ဘဲ ယင်းတို့သည် ထာဝရ နောင်တများ ဖြစ်လိမ့်မည်။ ဤလမ်းကြောင်းနှစ်ခုလုံးကို ရှင်းလင်းစွာ မြင်သင့်သည်။ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ခံရရန် မည်သည့်လမ်းကြောင်းကို သင် ရွေးချယ်သင့်သနည်း။ မည်သည့်နောင်တမျှ မရှိဘဲ သင်၏ စိတ်နှလုံး၊ ခွန်အားအလုံးစုံဖြင့် သင့်တာဝန်ကို ထမ်းဆောင်ခြင်း၊ ကောင်းမှုများကို ပြင်ဆင်ပြီး စုဆောင်းခြင်းဖြစ်သည်။ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ အခြားလူများ၏ တာဝန်များကို ထမ်းဆောင်ခြင်းအား နှောင့်ယှက်မည့် မကောင်းမှုကို မလုပ်နှင့်။ သမ္မာတရားကို ဆန့်ကျင်ပြီး ဘုရားသခင်ကို အာခံဆန့်ကျင်သော မည်သည့်အရာကိုမျှ မလုပ်ဆောင်နှင့်။ တစ်သက်လုံး ရရှိမည့်နောင်တများကို မဖြစ်ပေါ်စေနှင့်။ လူတစ်ဦးက ပြစ်မှားမှုများကို အလွန်အမင်း ကျူးလွန်မိပါက မည်သို့ဖြစ်သနည်း။ ၎င်းတို့သည် ဘုရားသခင်၏ ရှေ့မှောက်တွင် ၎င်းတို့အပေါ် ဘုရားသခင်၏ ဒေါသကို ဆက်လက် တိုးပွားလာနေစေခြင်းဖြစ်သည်။ သင်သည် အစဉ်သဖြင့် ဆက်လက်ပြစ်မှားနေပြီး သင့်အပေါ် ဘုရားသခင်၏ အမျက်ဒေါသသည် အစဉ် ကြီးမားလာလျှင် အဆုံး၌ သင်သည် အပြစ်ဒဏ်ပေးခြင်း ခံရမည်ဖြစ်သည်။

အပေါ်ယံတွင် လူအချို့၌ ၎င်းတို့တာဝန်များကို ထမ်းဆောင်သည့် အချိန်တစ်လျှောက်တွင် မည်သည့်အရေးကြီးသည့် ပြဿနာမျှ ရှိသည့်ပုံမပေါ်ပေ။ ၎င်းတို့သည် လူသိရှင်ကြား ဆိုးယုတ်သောအရာကို မလုပ်ပေ။ ၎င်းတို့သည် အနှောင့်အယှက်၊ အဖျက်အဆီးများ မဖြစ်ပေါ်စေကြပေ၊ သို့မဟုတ် အန္တိခရစ်တို့၏ လမ်းကြောင်းကို မလျှောက်ပေ။ ၎င်းတို့၏တာဝန်များကို ထမ်းဆောင်ရာတွင် အခြေခံစည်းမျဉ်းများနှင့်သက်ဆိုင်သော ကြီးမားသော အမှားတစ်စုံတစ်ရာ၊ သို့မဟုတ် ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာခြင်းမရှိပေ။ သို့တိုင်အောင် သတိမမူမိလိုက်ဘဲ တိုတောင်းသည့်နှစ်အနည်းငယ်မျှအတွင်းတွင် ၎င်းတို့သည် သမ္မာတရားကို လုံးဝလက်မခံခြင်းအဖြစ်၊ မယုံကြည်သူတစ်ယောက်ဖြစ်ခြင်းအဖြစ် ထုတ်ဖော်ခံရသည်။ အဘယ်ကြောင့် ဤသို့ဖြစ်သနည်း။ အခြားလူတို့သည် အကြောင်းကိစ္စတစ်ခုကို မမြင်နိုင်သော်လည်း ဘုရားသခင်က ဤလူတို့၏ အတွင်းအကျဆုံးသော စိတ်နှလုံးကို ဆန်းစစ်ပြီး ပြဿနာကို မြင်သည်။ ၎င်းတို့သည် အစဉ်သဖြင့် ဝတ်ကျေတမ်းကျေသာလုပ်ကြပြီး မိမိတို့၏ တာဝန်များ ထမ်းဆောင်ရာတွင် နောင်တရခြင်း မရှိပေ။ အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့သည် သဘာဝအလျောက် ထုတ်ဖော်ခံရသည်။ နောင်တမရဘဲရှိနေသည်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ ၎င်းတို့သည် ဤအချိန်တစ်လျှောက်တွင် ၎င်းတို့တာဝန်များကို ထမ်းဆောင်ခဲ့သော်လည်း ယင်းတို့အပေါ် လွဲမှားသော သဘောထား၊ ဝတ်ကျေတမ်းကျေဆန်ခြင်း သဘောထား၊ သာမန်ကာလျှံကာ သဘောထားတစ်ခုဖြင့် အစဉ်ရှိကြပြီး မိမိတို့၏ တာဝန်များတွင် မိမိတို့၏ စိတ်နှလုံးအကြွင်းမဲ့ ပေးထားဖို့ မဆိုထားနှင့်၊ မည်သည့်အခါမျှ တာဝန်သိတတ်ခြင်းမရှိဆိုသည်ကို ဆိုလိုခြင်းဖြစ်သည်။ ၎င်းတို့သည် အနည်းငယ် လုံ့လစိုက်ထုတ်ကောင်း စိုက်ထုတ်နိုင်သည်၊ သို့သော် ၎င်းတို့သည် ဟန်ပြလုပ်ဆောင်နေခြင်းသာဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်များအတွက် အစွမ်းကုန် အားထုတ်ဆောင်ရွက်ခြင်း မရှိသည့်အပြင် ၎င်းတို့၏ပြစ်မှားမှုတို့သည် အဆုံးမရှိပေ။ ဘုရားသခင်၏ အမြင်တွင် ၎င်းတို့သည် မည်သည့်အခါမျှ နောင်တမရခဲ့ပေ။ ၎င်းတို့သည် အစဉ်သဖြင့် ဝတ်ကျေတမ်းကျေဖြစ်ကြသည်။ ၎င်းတို့တွင် မည်သည့်အပြောင်းအလဲမျှ လုံးဝ မရှိခဲ့ဖူးပေ— တစ်နည်းဆိုရလျှင် ၎င်းတို့သည် ၎င်းတို့လက်ထဲရှိ မကောင်းမှုကို စွန့်လွှတ်ပြီး ဘုရားသခင်ထံ နောင်တရခြင်းမရှိပေ။ ဘုရားသခင်သည် ၎င်းတို့အတွင်း၌ နောင်တရခြင်းသဘောထားကို မမြင်ရ၊ ၎င်းတို့၏ သဘောထားတွင် ပြောင်းပြန်လှန်ပစ်မှုကို မမြင်ရပေ။ ၎င်းတို့သည် ၎င်းတို့၏တာဝန်များနှင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များအပေါ် ဤသို့သော သဘောထား၊ ဤသို့သော နည်းလမ်းမျိုး ထားရှိခြင်းကို ဆက်လက် ပြုလုပ်ကြသည်။ အချိန်တစ်လျှောက်လုံးတွင် ဤခေါင်းမာသော၊ မလျှော့သော စိတ်သဘောထားတွင် ပြောင်းလဲမှုမရှိပေ။ ထို့အပြင် ၎င်းတို့သည် ဘုရားသခင်အပေါ် အကြွေးတင်သည်ဟု လုံးဝ မခံစားရ၊ ၎င်းတို့၏ ဝတ်ကျေတမ်းကျေဆန်ခြင်းသည် ပြစ်မှားမှုဖြစ်သည်၊ မကောင်းသည့် လုပ်ရပ်ဖြစ်သည်ဟု လုံးဝ မခံစားရပေ။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် မိမိကိုယ်ကို စွပ်စွဲဖို့မဆိုထားနှင့်၊ အကြွေးတင်ခြင်း၊ အပြစ်ရှိသည်ဟု ခံစားရခြင်း၊ မိမိကိုယ်ကို အပြစ်တင်ခြင်းတို့ မရှိပေ။ အချိန်များစွာ ကုန်ဆုံးလာသည်နှင့်အမျှ ဤလူစားမျိုးသည် ကုစား၍ မရနိုင်တော့ဆိုသည်ကို ဘုရားသခင်က မြင်သည်။ ဘုရားသခင်က မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ တရားဒေသနာမည်မျှကို ၎င်းတို့ကြားသည်ဖြစ်စေ၊ သို့မဟုတ် သမ္မာတရားကို မည်မျှနားလည်သည်ဖြစ်စေ ၎င်းတို့စိတ်နှလုံးသည် တို့ထိခံရခြင်း မရှိဘဲ ၎င်းတို့သဘောထားသည်လည်း ပြောင်းလဲခြင်း၊ သို့မဟုတ် နောက်ပြန်လှည့်ခြင်းမရှိပေ။ ဘုရားသခင်က ဤအရာကိုမြင်ပြီး “ဤလူအတွက် မျှော်လင့်ချက်မရှိတော့။ ငါပြောသည့် မည်သည့်အရာကမျှ ၎င်းတို့စိတ်နှလုံးကို မတို့ထိ။ ငါပြောသည့် မည်သည့်အရာကမျှ ၎င်းတို့ကို နောက်ပြန်မလှည့်စေပေ။ ၎င်းတို့ကို ပြောင်းလဲရန် နည်းလမ်းမရှိ။ ဤသူသည် တာဝန်ကို ထမ်းဆောင်ရန် မသင့်တော်။ ငါ၏အိမ်တွင် အလုပ်လုပ်ပေးရန် မသင့်တော်” ဟု ဆိုသည်။ အဘယ်ကြောင့် ဘုရားသခင်က ဤသို့ဆိုသနည်း။ ယင်းမှာ ၎င်းတို့သည် ၎င်းတို့တာဝန်ကို ထမ်းဆောင်ပြီး အလုပ်လုပ်သောအခါ တစ်သမတ်တည်း ဝတ်ကျေတမ်းကျေပြုသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ပြုပြင်ခြင်းကို မည်မျှခံရပြီး သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းတို့ကို မည်မျှလက်ကမ်းခံရပါစေ သက်ရောက်မှုမရှိဘဲ ၎င်းတို့ကို အမှန်တကယ် နောင်တရအောင်၊ သို့မဟုတ် ပြောင်းလဲအောင် မပြုလုပ်နိုင်သောကြောင့်ဖြစ်သည်။ ယင်းက ၎င်းတို့ကို ၎င်းတို့တာဝန်ကိုကောင်းမွန်စွာ ဆောင်ရွက်အောင် မပြုလုပ်နိုင်ပေ၊ သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းရန် အခွင့်ကို မပေးနိုင်ပေ။ ထို့ကြောင့် ဤသူသည် ကုစား၍မရနိုင်တော့ပေ။ လူတစ်ယောက်သည် ကုစား၍ မရနိုင်တော့ဟု ဘုရားသခင်က သတ်မှတ်သောအခါ သူသည် ဤသူအပေါ်တွင် တင်းကျပ်စွာ ထိန်းချုပ်ထားဦးမည်လော။ ဤသို့ ပြုလုပ်မည်မဟုတ်ပေ။ ဘုရားသခင်က ၎င်းတို့ကို စွန့်လွှတ်လိမ့်မည်ဖြစ်သည်။ အချို့လူတို့က “ဘုရားသခင်၊ ကျွန်ုပ်ကို သက်ညှာတော်မူပါ။ ဒုက္ခခံစားရစေရန် မပြုလုပ်ပါနှင့်။ ကျွန်ုပ်ကို ပဲ့ပြင်ဆုံးမခြင်း မပြုလုပ်ပါနှင့်။ ကျွန်ုပ်ကို လွတ်လပ်ခွင့်အချို့ပေးပါလော့။ အမှုအရာများကို အနည်းငယ် ဝတ်ကျေတမ်းကျေဖြစ်စွာ လုပ်ဆောင်ခွင့်ပြုပါ။ အနည်းငယ် အပျော်အပါး လိုက်စားခွင့်ပေးပါ။ ကိုယ့်ကိုယ်ကိုယ်၏ အရှင်သခင် ဖြစ်ခွင့်ပေးပါ” ဟူ၍ အစဉ်သဖြင့် တောင်းပန်ကြသည်။ ၎င်းတို့သည် ချုပ်ထိန်းခြင်းကို မခံလိုကြပေ။ ဘုရားသခင်က “သင်သည် မှန်သောလမ်းကို မလျှောက်လိုသောကြောင့် ငါသင့်ကို စွန့်လွှတ်မည်။ ငါသည် သင့်ကို လွတ်လပ်ခွင့်ပေးမည်။ သွား၍ သင်အလိုရှိသောအရာကို လုပ်ဆောင်လော့။ သင်သည် ကုစား၍မရနိုင်တော့သောကြောင့် ငါသင့်ကို ကယ်တင်မည် မဟုတ်” ဟု ဆိုသည်။ ကုစား၍မရနိုင်တော့သောသူတို့၌ အသိတရားတစ်စုံတစ်ရာရှိသလော။ အကြွေးတင်သည်ဟူသော ခံစားချက်တစ်စုံတစ်ရာရှိသလော။ အပြစ်တင်သည့် ခံစားချက် တစ်စုံတစ်ရာရှိသလော။ ၎င်းတို့သည် ဘုရားသခင်၏ အပြစ်တင်မှု၊ ပဲ့ပြင်ဆုံးမမှု၊ ရိုက်နှက်မှုနှင့် တရားစီရင်မှုကို ခံစားသိရှိနိုင်သလော။ ယင်းကို ၎င်းတို့မခံစားနိုင်ပေ။ ဤအရာတို့တွင် မည်သည့်အရာကိုမျှ ၎င်းတို့သတိမပြုမိပေ။ ဤအရာတို့သည် ၎င်းတို့စိတ်နှလုံးများထဲတွင် မှေးမှိန်နေသည်၊ သို့မဟုတ် ရှိပင် မရှိပေ။ လူတစ်ယောက်သည် ဤအဆင့်သို့ ရောက်ရှိသောအခါ စိတ်နှလုံးထဲတွင် ဘုရားသခင်မရှိတော့၍ ကယ်တင်ခြင်းကို ရရှိနိုင်သေးသလော။ ပြောရန် ခက်သည်။ လူတစ်ယောက်၏ ယုံကြည်ခြင်းသည် ဤသို့သောနေရာသို့ ရောက်သောအခါတွင် သူသည် အန္တရာယ်ရှိပြီဖြစ်သည်။ သင်တို့သည် ဤအကျိုးဆက်ကို ရှောင်ကြဉ်ပြီး ဤသို့သောအခြေအနေ မပေါ်ပေါက်စေဖို့ သေချာစေရန်အတွက် မည်သို့အားထုတ်သင့်သည်၊ မည်သို့လက်တွေ့လုပ်ဆောင်သင့်သည်နှင့် မည်သည့်လမ်းကြောင်းကို ရွေးချယ်သင့်သည်တို့ကို သိကြသလော။ အရေးကြီးဆုံးအရာမှာ ပထမဦးစွာ မှန်ကန်သောလမ်းကြောင်းကို ရွေးချယ်ဖို့ဖြစ်သည်။ ထို့နောက် လက်ရှိအချိန်တွင် သင်ထမ်းဆောင်သင့်သည့် တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ခြင်းတွင် အာရုံစူးစိုက်ရန်ဖြစ်သည်။ ဤသည်မှာ အနိမ့်ဆုံးစံနှုန်း၊ အခြေခံအကျဆုံး စံနှုန်းဖြစ်သည်။ ဤအခြေပြုချက်ဖြင့် သင်သည် မိမိ၏ တာဝန်ကို ပြည့်ပြည့်ဝဝ ထမ်းဆောင်ရန် သမ္မာတရားကို ရှာဖွေသင့်ပြီး စံနှုန်းများအတိုင်း အားထုတ်သင့်သည်။ အကြောင်းမှာ သင့်အား ဘုရားသခင်နှင့် ဆက်သွယ်ပေးသည့် ရင်းနှီးမှုကို သိသိသာသာ အထင်ဟပ်ဆုံးသော အရာသည် သင့်အပေါ် ဘုရားသခင်မှ အပ်နှံသည့် အကြောင်းအရာများနှင့် သင့်ကို ဘုရားသခင် ချပေးသည့် တာဝန်အပေါ် သင် ခံယူသည့် ပုံစံနှင့် သင့်တွင်ရှိသော သဘောထားဖြစ်သည်။ တိုက်ရိုက်အကျဆုံးနှင့် ကြည့်ရှုလေ့လာနိုင်ဆုံးသောအရာမှာ ဤပြဿနာ ဖြစ်သည်။ ဘုရားသခင်သည် စောင့်ဆိုင်းနေသည်။ သင်၏သဘောထားကို သူမြင်လိုသည်။ ဤအရေးကြီးသည့်အဆင့်တွင် သင်သည် မိမိ၏ အနေအထားကို ဘုရားသခင်သိစေရန်၊ သူ၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံရန်နှင့် မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် အဆောတလျင်ဖြင့် လုပ်ဆောင်သင့်သည်။ ဤအရေးပါသော အချက်ကို သင် နားလည်သဘောပေါက်ပြီး ဘုရားသခင်မှ သင့်ကို ပေးအပ်သော စေခိုင်းချက်ကို ဖြည့်ဆည်းသည့်အခါတွင် ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ပုံမှန်ဖြစ်လိမ့်မည်။ ဘုရားသခင်က သင့်အား အလုပ်တာဝန်တစ်ခုကို အပ်နှံသောအခါ၊ သို့မဟုတ် တာဝန်တစ်ခုကို ထမ်းဆောင်ရန် ပြောသောအခါ သင်၏ သဘောထားသည် ပြီးစလွယ်ဖြင့် စိတ်မပါဖြစ်နေလျှင်၊ ယင်းကို လေးလေးနက်နက် မခံယူလျှင် ဤသည်မှာ သင်၏ စိတ်နှလုံးနှင့် ခွန်အားအလုံးစုံကို ပေးခြင်းနှင့် ဆန့်ကျင်ဘက် အတိအကျပင် မဟုတ်သလော။ သင်၏တာဝန်ကို ဤနည်းအားဖြင့် သင်ထမ်းဆောင်နိုင်သလော။ သေချာပေါက် မထမ်းဆောင်နိုင်ပေ။ သင်သည် မိမိ၏တာဝန်ကို ပြည့်ပြည့်ဝဝ ထမ်းဆောင်မည်မဟုတ်။ သို့ဖြစ်၍ သင်၏တာဝန်ကို ထမ်းဆောင်သည့်အချိန်တွင် သင်၏ သဘောထားအပြင် သင်ရွေးချယ်သည့် နည်းစနစ်နှင့် လမ်းကြောင်းတို့က အတိမ်းအစောင်းမခံနိုင်အောင် အရေးကြီးလှသည်။ မိမိတို့၏ တာဝန်များကို ကောင်းစွာ ထမ်းဆောင်ရန် ပျက်ကွက်သူများသည် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ ယုံကြည်ခဲ့သည်ဖြစ်စေ ဖယ်ရှားရှင်းလင်းခံရလိမ့်မည်။

ကောက်နုတ်ချက် (၃၃)

အချို့လူများသည် ဘုရားသခင်၏ အမှုကို မည်သို့မည်ပုံ ကြုံတွေ့ခံစားရမည်ကို မသိရှိကြသကဲ့သို့ မိမိတို့၏တာဝန်များကို ထမ်းဆောင်ခြင်းတွင်ဖြစ်စေ၊ လက်တွေ့ဘဝတွင်ဖြစ်စေ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့အသုံးပြုရမည်ကို မသိရှိကြပေ။ ထိုသူများသည် သမ္မာတရားရရှိရန်နှင့် ဘဝတွင် ရင့်ကျက်မှုရရှိရန် စုဝေးပွဲများစွာသို့ တက်ရောက်ခြင်းကို အစဉ်သဖြင့် အားထားကြသည်။ သို့သော်လည်း ဤအရာသည် လက်တွေ့မကျသကဲ့သို့ ခိုင်လုံမှု မရှိသော အကြောင်းပြချက် တစ်ခုသာဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုများကို ကြုံတွေ့ခံစားခြင်းမှသာ အသက်ကို ရရှိသည်။ ဘုရားသခင်၏အမှုကို မည်သို့ကြုံတွေ့ခံစားရမည်ကို သိရှိသူများသည် ၎င်းတို့ မည်သည့်တာဝန်ကိုမဆို ထမ်းဆောင်ရပါစေ မိမိတို့၏ တာဝန်များကို ထမ်းဆောင်သည့်အချိန်တွင် သမ္မာတရားကို နားလည်နိုင်ကြပြီး လက်တွေ့လုပ်ဆောင်နိုင်သည်။ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို လက်ခံနိုင်ကြသည်။ သမ္မာတရား စစ်မှန်မှုထဲ ဝင်ရောက်နိုင်ကြသည်။ သူတို့၏စိတ်သဘောထားကို ပြောင်းလဲမှုကို ရရှိနိုင်ပြီး ဘုရားသခင်၏ စုံလင်အောင်ပြုခြင်းကို ခံနိုင်ကြသည်။ အပျင်းကြီး၍ သက်သောင့်သက်သာဖြစ်ခြင်းများကို ပို၍မက်မောသူများက တာဝန်များကို မထမ်းဆောင်လိုဘဲ မိမိတို့၏ တာဝန်များ ထမ်းဆောင်သည့်အခါလည်း ဘုရားသခင်၏ အမှုကို ကြုံတွေ့ခံစားခြင်း မရှိပေ။ ဘုရားသခင်၏အိမ်တော်မှ ၎င်းတို့အတွက် စုဝေးပွဲများ၊ တရားဒေသနာများနှင့် သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ခြင်းများ စီစဉ်ပေးရန်သာ မပြီးနိုင်မဆုံးနိုင် တောင်းဆိုကြသည်။ ရလဒ်အနေဖြင့် ဆယ်နှစ် သို့မဟုတ် နှစ်နှစ်ဆယ်ကြာ ယုံကြည်ကာ တရားဒေသနာများ မရေမတွက်နိုင်အောင် နာကြားပြီးသည့်နောက်တွင် သမ္မာတရားကို နားလည်ခြင်း မရှိကြပေ။ သို့မဟုတ် သမ္မာတရားကို ရရှိခြင်း မရှိကြပေ။ ထိုသူများသည် ဘုရားသခင်၏ အမှုကို မည်သို့ကြုံတွေ့ခံစားရမည်ကို မသိရှိကြပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် မည်သည့်အရာ ဖြစ်သည်ကို နားမလည်ပေ။ ပြီးလျှင် မိမိကိုယ်မိမိ သိရှိပြီး သမ္မာတရားနှင့် အသက်ကိုရရှိရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ကြုံတွေ့ခံစားရမည်ကိုလည်း မသိကြပေ။ ထိုသူများသည် သာယာမှုကို မက်မောပြီး တာဝန်များကို ခေါင်းရှောင်ကြသည့်သူများ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ တာဝန်များကို ၎င်းတို့ထမ်းဆောင်သည့် ပုံစံအတွက် ၎င်းတို့သည် ဖော်ထုတ်ကာ တာဝန်မှ ဖယ်ရှားရှင်းလင်းခြင်းကို ခံကြရသည်။ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းဖြင့် ရောင့်ရဲစိတ်ရှိပြီး သမ္မာတရား လိုက်စားခြင်းကို အလေးထားသူများအားလုံးသည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်သည့်အခါတွင် အသက်ဝင်ရောက်မှုအချို့ကို ရရှိကာ ဖောက်ပြန်ပျက်စီးမှုများ ပေါ်ပေါက်လာချိန်တွင်လည်း မိမိကိုယ်မိမိ ဆင်ခြင်းသုံးသပ်ကြသည်။ ပြီးလျှင် မိမိတို့၏ တာဝန်များကို ထမ်းဆောင်စဉ် အခက်အခဲများ ကြုံတွေ့လာသည့်အခါတွင် ပြဿနာများကိုဖြေရှင်းရန် သမ္မာတရားကို ရှာဖွေပြီး သမ္မာတရားကို မိတ်သဟာယဖွဲ့ကြသည်။ နှစ်အတန်ကြာ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ပြီးသည့်နောက် အမှတ်တမဲ့ဆိုသလို သိသာသော ဆုလာဘ်များ ရိတ်သိမ်းရရှိကာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်အချို့ ကို ပြောနိုင်သည်။ ဘုရားသခင်၏ အမှု၊ သူ၏စိတ်သဘောထားတို့နှင့်ပတ်သက်၍ သိမြင်မှုအချို့ ရှိလာကြသည်။ ထိုသို့ဖြင့် သူတို့၏ အသက်စိတ်သဘောထားတွင်လည်း အပြောင်းအလဲများ ဖြစ်ပေါ်လာပေသည်။ လက်ရှိတွင် နေရာအနှံ့အပြားမှ အသင်းတော်များသည် ဆိုးယုတ်သောသူများ၊ ဖျက်လိုဖျက်ဆီးလုပ်သူများနှင့် အနှောင့်အယှက်များကို ဖြစ်ပေါ်စေသော သူများကို ဖယ်ရှားရန် ကြိုးစားနေကြသည်။ အများအားဖြင့် ကျန်ရှိသည့်သူများမှာ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် မလျှော့တမ်းလုပ်နိုင်သူ၊ သစ္စာစောင့်သိမှု အတိုင်းအတာတစ်ခုအထိ ရှိသူနှင့် ပြဿနာများကိုဖြေရှင်းရန်အတွက် သမ္မာတရား ရှာဖွေခြင်းကို အလေးထားသူများသာ ဖြစ်၏။ ထိုသူများသည် သူတို့၏ သက်သေခံချက်တွင် အခိုင်အမာ ရပ်တည်နိုင်သောလူစားမျိုး ဖြစ်သည်။ သင်တို့သည် လက်တွေ့ဘဝနှင့် သင်ထမ်းဆောင်သည့် တာဝန်များတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျင့်သုံးဖို့ သင်ယူကြရမည်ဖြစ်သည်။ ထိုနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး အသုံးပြုကာ ထို့နောက်တွင် ပြဿနာနှင့် အခက်အခဲများ ကြုံတွေ့လာချိန်တွင် ယင်းတို့ကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေလော့။ ထို့အပြင် သင်၏ တာဝန်များကို ထမ်းဆောင်သည့်အခါတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားရန် သင်ယူရမည်ဖြစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ကိစ္စတိုင်းတွင် အမှုအရာများကို စည်းမျဉ်းများနှင့်အညီ ကိုင်တွယ်ဖြေရှင်းရန် ကြိုးစားအားထုတ်ရပေမည်။ ဘုရားသခင်ကို ချစ်ခင်ရန် လက်တွေ့လုပ်ဆောင်ခြင်းကို သင်ယူပြီး ဘုရားသခင်ကို ချစ်မြတ်နိုးသော စိတ်နှလုံးဖြင့် သူ၏ဝန်ထုပ်ဝန်ပိုးများကို အလေးထားကာ ဘုရားသခင်ကို စိတ်ကျေနပ်အောင် ပြုလုပ်နိုင်သည့် အခြေအနေအထိ ရောက်ဖို့ သင်ယူရမည်။ ထိုသို့သောသူသာလျှင် ဘုရားသခင်ကို အမှန်တကယ် ချစ်ခင်သောသူဖြစ်သည်။ ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် သင်တို့သည် သမ္မာတရားကို အပြည့်အဝ နားမလည်သည့်တိုင်အောင် သင်၏တာဝန်များကို ထမ်းဆောင်နိုင်ဆဲဖြစ်မည်။ ပြီးလျှင် သင်တို့၏ အလေးမထားမှုများနှင့် ဝတ်ကျေတမ်းကျေ လုပ်ဆောင်မှုများကို ဖြေရှင်းနိုင်ရုံတင်မက သင်၏ တာဝန်များကို ထမ်းဆောင်သည့်အချိန်တွင်လည်း ဘုရားသခင်ကို ချစ်ခင်ရန်၊ ကျိုးနွံနာခံတတ်ရန်နှင့် စိတ်ကျေနပ်အောင် လုပ်ပေးရန် သင်ယူနိုင်သည်။ ဤသည်မှာ အသက်ဝင်ရောက်ခြင်း၏ သင်ခန်းစာပင်ဖြစ်သည်။ ကိစ္စတိုင်းအတွက် ဤနည်းအတိုင်း သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး စည်းမျဉ်းများနှင့်အညီ ပြုမူနိုင်ပါက သင်သည် သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်နေခြင်းဖြစ်ပြီး အသက်ဝင်ရောက်မှုကို ရရှိလိမ့်မည်။ သင်၏တာဝန်များကို ထမ်းဆောင်နေရင်း မည်မျှအလုပ်များနေသည်ဖြစ်စေ အသက်ဝင်ရောက်မှု၏ အသီးအပွင့်များ၊ အသက်တာရှိ ကြီးထွားရင့်ကျက်မှုတို့ကို သင်ရရှိသောအခါနှင့် ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများနှင့် ကြိုတင်စီစဉ်မှုများထံ ကျိုးနွံနာခံနိုင်သောအခါ သင်၏တာဝန်များကို ထမ်းဆောင်ရာတွင် ပျော်ရွှင်မှုကို သင်တွေ့လိမ့်မည်။ သင်မည်မျှအလုပ်များနေပါစေ ပင်ပန်းနွမ်းနယ်ခြင်းကို သင်ခံစားရလိမ့်မည်မဟုတ်ပေ။ သင့်စိတ်နှလုံးထဲတွင် ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်းတို့ အမြဲ ရှိနေလိမ့်မည်ဖြစ်ပြီး အထူးသဖြင့် စိတ်ချမ်းသာပြီး စိတ်တည်ငြိမ်ခြင်းကို ခံစားရလိမ့်မည်။ မည်သည့်အခက်အခဲ ပေါ်ထွက်လာသည်ဖြစ်စေ သမ္မာတရားကို သင်ရှာဖွေသောအခါ သန့်ရှင်းသောဝိညာဉ်တော်သည် သင့်ကို ဉာဏ်အလင်းပေးပြီး လမ်းညွှန်ပေးလိမ့်မည်။ ထိုအခါ သင်သည် ဘုရားသခင်၏ ကောင်းချီးကို ရရှိလိမ့်မည်။ ထို့အပြင် သင့်တာဝန်များကို ထမ်းဆောင်သောအခါ သင်အလုပ်များသည်ဖြစ်စေ၊ မများသည်ဖြစ်စေ အခါအားလျော်စွာ သင့်တော်သော လေ့ကျင့်ခန်းနှင့် သင့်တင့်လျောက်ပတ်သော ကျန်းမာကြံ့ခိုင်ရေး လှုပ်ရှားမှုများတွင် ပါဝင်လုပ်ဆောင်ဖို့ အရေးကြီးသည်။ ဤအရာက သွေးလည်ပတ်ခြင်းကို အထောက်အကူ ပြုသည်၊ မြင့်မားသော စွမ်းအားအနေအထားများကို ထိန်းသိမ်းရာတွင် ကူညီပေးပြီး အလုပ်ကြောင့် ဖြစ်သောရောဂါအချို့ကို ကာကွယ်ရာတွင် ထိရောက်နိုင်သည်။ ဤသည်က သင့်တာဝန်များကို ကောင်းစွာ ထမ်းဆောင်ခြင်းအတွက် အလွန်ကောင်းကျိုး ဖြစ်စေသည်။ ထို့ကြောင့် သင့်တာဝန်များကို ထမ်းဆောင်သောအခါ သင်သည် သင်ခန်းစာများစွာ ရယူနိုင်ပါက၊ သမ္မာတရားများစွာအကြောင်း နားလည်ခြင်းကို ရနိုင်ပါက၊ ဘုရားသခင်ကို အမှန်တကယ် သိနိုင်ပါက၊ ထို့ပြင် နောက်ဆုံးတွင် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်နိုင်ပါက သင်သည် သူ၏ရည်ရွယ်ချက်များနှင့် လုံးဝ ကိုက်ညီလိမ့်မည်။ ဘုရားသခင်အတွက် ချစ်ခြင်းကို သင်ရရှိနိုင်ပါက၊ သူ့အတွက် သက်သေခံနိုင်ပါက၊ ထို့ပြင် ဘုရားသခင်၏ စိတ်နှလုံး၊ အလိုဆန္ဒတို့နှင့် တညီတညွတ်တည်း ဖြစ်ခြင်းကို ရရှိနိုင်ပါက သူ့ကြောင့် စုံလင်စေခြင်းခံရသော လမ်းကြောင်းကို သင်သည် လျှောက်နေခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ကောင်းချီးပေးခြင်းကို ခံရပြီးသော လူတစ်ဦးဖြစ်ပြီး ၎င်းသည် မယုံနိုင်လောက်အောင် ကောင်းချီးခံစားရသော အရာတစ်ခုဖြစ်သည်။ သင်သည် ဘုရားသခင်အတွက် သင့်ကိုယ်သင် ရိုးသားစွာ အသုံးခံပါက သင်သည် သူ့ထံမှ အလျှံပယ်ဖြစ်သော ကောင်းချီးများကို သေချာပေါက် ရရှိလိမ့်မည်။ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးမခံသောသူများနှင့် မိမိတို့၏တာဝန်များကို မထမ်းဆောင်သောသူများသည် သမ္မာတရားကို ရနိုင်သလော။ သူတို့သည် ကယ်တင်ခြင်းကို ရရှိနိုင်သလော။ ပြောဖို့ ခက်သည်။ ကောင်းချီးများအားလုံးကို လူတစ်ဦး၏တာဝန်များကို ထမ်းဆောင်ခြင်းနှင့် ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခြင်းတို့မှတစ်ဆင့်သာ ရနိုင်သည်။ လူတစ်ဦးသည် ဘုရားသခင်၏အမှုတော်ကို မည်သို့တွေ့ကြုံရမည်ကို သိခြင်းသည်လည်းကောင်း၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်ခြင်းများနှင့် စစ်ဆေးခြင်း၊ ပြီးလျှင် ပြုပြင်ခြင်းတို့ကို မည်သို့တွေ့ကြုံရမည်ကို သိခြင်းသည်လည်းကောင်း လူတစ်ဦး၏တာဝန်များကို ထမ်းဆောင်ခြင်း လုပ်ငန်းစဉ်တွင် ပါဝင်လေသည်။ ဤသည်တို့မှာ ကောင်းချီးခံစားရရန် အထိုက်ဆုံးသော အရာများဖြစ်သည်။ လူတစ်ဦးသည် သမ္မာတရားကို ချစ်မြတ်နိုးပြီး လိုက်စားနေသမျှကာလပတ်လုံး နောက်ဆုံးတွင် သမ္မာတရားကို ရလိမ့်မည်၊ မိမိ၏အသက်စိတ်သဘောထားကို ပြောင်းလဲလိမ့်မည်၊ ဘုရားသခင်၏ လက်ခံမှုကို ရလိမ့်မည်၊ ပြီးလျှင် သူ၏ကောင်းချီးပေးခြင်းကို ခံရသောသူတစ်ဦး ဖြစ်လာလိမ့်မည်။

လူအချို့သည် မိမိတို့၏တာဝန်နှင့်သက်ဆိုင်သော လုပ်ငန်းစဉ်တွင် ကိစ္စများ သူတို့အပေါ် ကျရောက်လာသောအခါ သမ္မာတရားကို မရှာဖွေကြ၊ ကိုယ့်အယူအဆနှင့်ကိုယ်၊ ကိုယ့်စိတ်ကူးနှင့်ကိုယ် အစဉ်သဖြင့် နေထိုင်အသက်ရှင်ကြသည်၊ ပုဂ္ဂိုလ်ရေးနှစ်သက်မှုများအတိုင်း ကိစ္စများကို ပြုလုပ်ကြပြီး သူတို့၏ ကိုယ်ပိုင်အလိုဆန္ဒအတိုင်း ကျိုးကြောင်းမမြင် ပြုမူကြသည်။ ရလဒ်အနေဖြင့် အမှုကိစ္စများစွာကို သူတို့ အမှားလုပ်ကြပြီး အသင်းတော်၏အလုပ်ကို နှောင့်နှေးစေသည်။ ပြုပြင်ခြင်းကို ရင်ဆိုင်ရသောအခါ သူတို့သည် သမ္မာတရားကို လက်မခံကြသေးဘဲ သူတို့၏ တစ်ဇွတ်ထိုး လုပ်သည့်၊ မဆင်မခြင်လုပ်သည့် အပြုအမူကို ဆက်လုပ်ကြသည်။ အကျိုးဆက်အားဖြင့် သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်ကို ဆုံးရှုံးကြပြီး ဘုရားသခင်ထံ သူတို့၏ ယုံကြည်ခြင်းသည် မရှင်းမလင်း ဖြစ်လာကာ အမှောင်ထုထဲတွင် ပိတ်မိနေလေသည်။ လူအချို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းတို့ကို နှစ်သက်ကြပြီး အဆင့်အတန်းကို လိုက်စားကြသည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ သို့မဟုတ် သမ္မာတရားအကြောင်း မိတ်သဟာယပြုခြင်း တစ်ခုကိုမျှ လက်မခံဘဲ ဤကိစ္စများနှင့် သူတို့ဘာသာ အလုပ်များနေကြသည်။ နောက်ဆုံးတွင် သူတို့သည် ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခြင်းခံရကာ အမှောင်ထုထဲသို့ လဲပြိုကျသွားကြသည်။ ယုံကြည်သူအချို့က ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းကို အသိအမှတ်ပြုကြသည့်တိုင် သူတို့၏ စိတ်နှလုံးများထဲတွင် သူတို့သည် ကောင်းကင်ဘုံဆိုင်ရာ ဘုရားသခင်နှင့် ဘုရားသခင်၏ ဝိညာဉ်တော်တို့ကိုသာ ယုံကြည်နေကြဆဲဖြစ်လေသည်။ သူတို့တွင် လက်တွေ့ကျသော ဘုရားသခင်အကြောင်း အယူအဆများ အမြဲ ရှိကြပြီး သူတို့၏အစစ်အမှန် အရှိအတိုင်းကို နားလည်သဘောပေါက်မည်ကို စိုးရွံ့ရင်း သူတို့၏စိတ်နှလုံးများသည် သူနှင့်ပတ်သက်၍ သတိထား ကာကွယ်ကြသည်။ အချိန်တိုင်းတွင် ဘုရားသခင်ကို သူတို့ ရှောင်ကြဉ်ကြသည်၊ ပြီးလျှင် သူ့ကို သူတို့ မြင်ကြသောအခါ သူသည် လူစိမ်းတစ်ဦးဖြစ်ဘိသကဲ့သို့ ကြည့်ကြသည်။ ရလဒ်အနေဖြင့် နှစ်ပေါင်းများစွာ ကြာအောင် ယုံကြည်လာခဲ့သည့်တိုင် သူတို့သည် ဘာမျှ မရရှိခဲ့ဘဲ သူ့ကို ယုံကြည်မှု အနည်းငယ်မျှပင် မရှိကြပေ။ သူတို့သည် မယုံကြည်သူများနှင့် မည်သို့မျှ မခြားနားချေ။ ဤသည်မှာ လုံးလုံး သူတို့ သမ္မာတရားကို မလိုက်စားသောကြောင့်ဖြစ်သည်။ လူအချို့သည် လက်တွေ့ကျသောဘုရားသခင်ကို အမြဲ မြင်တွေ့လိုကြသည်။ သူတို့သည် ဘုရားသခင် စိတ်ကျေနပ်စေဖို့ကို တောင့်တကြပြီး သူ့အား သူတို့၏ အဆင့်အတန်းကို မြှင့်တင်ပေးစေလိုကြသည်၊ သို့မှသာ သူတို့သည် အသင်းတော်တွင် သူတို့၏ဩဇာအာဏာ သုံးနိုင်မည် ဖြစ်သည်။ ရလဒ်အနေဖြင့် သူတို့၏ မရိုးသားမှု၊ ပွင့်လင်းခြင်းမရှိမှု၊ ဘုရားသခင်၏ မျက်နှာရိပ်မျက်နှာကဲကို တောက်လျှောက် လေ့လာစောင့်ကြည့်နေမှုနှင့် သူ၏ဆိုလိုရင်းနှင့်ပတ်သက်၍ ထင်မြင်ချက် ပေးခြင်းတို့ကြောင့် ဘုရားသခင်၏ ပစ်ပယ်ခြင်းကို သူတို့ခံရတော့သည်။ ဘုရားသခင်သည် ဤကဲ့သို့သောလူများကို မြင်ဖို့ ဆန္ဒမရှိတော့ပေ။ ဘုရားသခင်ကို ဤလူများ ယုံကြည်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ဘုရားသခင်သည် ဤရွေ့ဤမျှ များပြားသောသမ္မာတရားများကို ဟောပြောထားပါရက်နှင့် သူတို့က အဘယ်ကြောင့် ဘုရားသခင်ကို စစ်ဆေးနေရသေးသနည်း။ အကယ်၍ သူတို့သည် ဘုရားသခင်ကို ယုံကြည်ပါက အဘယ်ကြောင့် သမ္မာတရားကို မလိုက်စားသနည်း။ သူတို့သည် အဘယ်ကြောင့် ကျော်ကြားမှု၊ အမြတ်အစွန်း၊ အဆင့်အတန်း၊ အကျိုးအမြတ်များနှင့် အရေးသာမှုတို့ကို အမြဲ ရှာဖွေနေကာ အမြဲ ရည်မှန်းချက်ကြီးပြီး လိုချင်တောင့်တနေရသနည်း။ ဘုရားသခင်ကို ယုံကြည်ရာတွင် မလိုမုန်းထားသော ကြံရွယ်ချက်များကို သူတို့ သိုထားကြပြီး လူများက သူတို့ကို နားလည်ရခက်သည်ဟု မြင်ကြသည်။ ဤအရာများအားလုံးသည် မယုံကြည်သူများ၏ အပြုအမူများဖြစ်ကြသည်။ အတိအကျဆိုရလျှင် ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားကို လက်မခံနိုင်သောသူ မည်သူမဆိုသည် မယုံကြည်သူတစ်ဦးဖြစ်သည်။ သမ္မာတရားကို လိုက်စားသူများ၊ သူတို့၏တာဝန်များကို ကောင်းစွာ ထမ်းဆောင်ဖို့ အားထုတ်သူများနှင့် ဘုရားသခင်ကို ကျေနပ်စေဖို့ လိုက်စားသူများသာလျှင် ဘုရားသခင်ထံ ရိုးသားသော ယုံကြည်ခြင်းရှိကြပြီး သူ၏ လက်ခံမှုကို ရနိုင်ကြသည်။

ယခု သင်တို့၏အသက်တာတွင် ကုန်လွန်သွားသည့် နေ့တိုင်းနှင့် နှစ်တိုင်းသည် တန်ဖိုးရှိသည်။ ဤတန်ဖိုးသည် မည်သည့်နေရာတွင် တည်ရှိသနည်း။ ဖန်ဆင်းရှင်၏ရှေ့တော်မှောက်သို့ လူတစ်ဦးလာရောက်ပြီး ဖန်ဆင်းခံတစ်ဦးအနေဖြင့် မိမိ၏တာဝန်များကို ထမ်းဆောင်၍ ဖန်ဆင်းရှင်ထံမှ သမ္မာတရားကို ရရှိသောအခါ ဘုရားသခင်၏ အမြင်တွင် ထိုသူသည် အသုံးဝင်လာသည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်အတွက် သင်၏နှိမ့်ချသော အားထုတ်မှုများကို ဖြည့်ဆည်းပေးခြင်းသည် သင့်အသက်တာ၏ နေ့ရက်တိုင်းကို တန်ဖိုးရှိအောင် လုပ်ပေးသည့်အရာ ဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ အသက်တာ၏ နေ့ရက်တိုင်း၏ တန်ဖိုးဖြစ်ပြီး ၎င်းသည် အဖိုးထိုက်တန်သည်။ အကယ်၍ သင့်အသက်တာ၏ နေ့ရက်တိုင်းတွင် ထိုကဲ့သို့သောတန်ဖိုးရှိပါက သင့်တာဝန်များကို ထမ်းဆောင်သောအခါတွင် အနည်းငယ် ဆင်းရဲဒုက္ခခံစားရခြင်း သို့မဟုတ် နာမကျန်းဖြစ်ခြင်းမှာ အဘယ်အရေးနည်း။ လူများသည် စောဒကမတက်သင့်ချေ။ ဘုရားသခင်၏ မျက်မှောက်တော်တွင် ရှိခြင်းဖြင့် လူများသည် များစွာ ရရှိပြီးဖြစ်သည်။ သူတို့သည် မမြင်ရသော ကျေးဇူးတော်နှင့် ကောင်းချီးများအပြင် သူတို့ စိတ်ကူးနိုင်ပြီး မြင်နိုင်သမျှအရာအားလုံးကို ကျော်လွန်သည့် မမြင်ရသော ကွယ်ကာပေးခြင်းတို့ကို ပျော်မွေ့ကြသည်။ လူများသည် များစွာ ရရှိပြီးဖြစ်သည်၊ သာမည နာမကျန်းဖြစ်ခြင်းအချို့မျှသည် အဘယ်အရေးနည်း။ ထိုအရာသည် လူများ သင်ယူသင့်သည့် သင်ခန်းစာ မဟုတ်လော။ အကယ်၍ နာမကျန်းဖြစ်ခြင်းမှတစ်ဆင့် လူတစ်ဦးသည် သမ္မာတရားကို နားလည်နိုင်ပါက၊ ဘုရားသခင်ထံ ကျိုးနွံနာခံခြင်းကို ရနိုင်ပြီး သူ့ကို စိတ်ကျေနပ်အောင် လုပ်နိုင်ပါက ထိုအရာသည် သူ့ထံမှ နောက်ထပ်ကောင်းချီးတစ်ခု ဖြစ်သည်မဟုတ်လော။ ကမ္ဘာပေါ်ရှိ ငွေရှာနေကြသောသူများအကြားတွင် ကျန်းမာရေးဆိုင်ရာ အနည်းငယ် နာမကျန်းဖြစ်ခြင်းကို မကြုံဖူးသူ မည်သူရှိသနည်း။ သူတို့တွင် ရောဂါတစ်ခု ရှိနေပါက မည်သူက ဂရုစိုက်သနည်း။ မည်သူကမျှ ဂရုမစိုက်၊ မည်သူကမျှ မမေးချေ။ ပြီးလျှင် သူတို့ကို အာမခံပေးမည့်သူ တစ်ယောက်မျှ မရှိပေ။ ဘုရားအိမ်တော်ရှိ တာဝန်များကို ထမ်းဆောင်သော သင်တို့တွင် အာမခံရှိသလော။ (ရှိပါသည်။) ဘုရားသခင်အတွက် သူတို့ကိုယ်သူတို့ ရိုးသားစွာ အသုံးခံသောသူအားလုံးတို့တွင် အာမခံရှိကြပြီး သူ၏ကောင်းချီးများကို ရရှိကြသည်။ မည်သည့်အာမခံမျိုးကို သင်တို့ မြင်ပြီး သတိပြုကြသနည်း။ (ကျွန်ုပ်သည် ကမ္ဘာကြီး၏ ဆိုးယုတ်သော ရေပန်းစားမှုများ၏ လွှမ်းမိုးခြင်း သို့မဟုတ် အဆိပ်ခတ်ခြင်းကို မခံရတော့ပါ။ ဘာသာတရားမရှိသူများ၏ အနိုင်ကျင့်ဗိုလ်ကျခြင်းနှင့် အန္တရာယ်ပြုခြင်းတို့ကို ကျွန်ုပ် ရှောင်ဖယ်ခဲ့ပြီ၊ ပြီးလျှင် အရာခပ်သိမ်းတွင် ဘုရားသခင်၏ ကွယ်ကာပေးခြင်းနှင့် ကောင်းချီးတို့ ရှိနေသည်။ အဆင်းနီသောနဂါးကြီး၏ ဖမ်းဆီးခြင်း သို့မဟုတ် နှိပ်စက်ညှဉ်းပန်းခြင်းတို့ကို ကျွန်ုပ် ခံရတော့မည်မဟုတ်ပါ။ ဘုရားအိမ်တော်တွင် ကျွန်ုပ် နေထိုင်ပါမည်၊ အခြားညီအစ်ကိုမောင်နှမများနှင့် အပြန်အလှန် ပေါင်းသင်းဆက်ဆံပါမည်။ ပြီးလျှင် ကျွန်ုပ်၏စိတ်နှလုံးသည် ငြိမ်သက်ကာပျော်ရွှင်ပြီး တည်ငြိမ်နေလိမ့်မည်။ ကျွန်ုပ်သည် နေ့စဉ်နေ့တိုင်း ဘုရားနှုတ်ကပတ်တော်ကို စားသောက်ပြီး သမ္မာတရားကို မိတ်သဟာယပြုပါမည်။ ပြီးလျှင် ကျွန်ုပ်၏စိတ်နှလုံးသည် ပို၍ ပို၍ တောက်ပလာလိမ့်မည်။ သမ္မာတရားကို နားလည်ပြီးသည့်နောက်ပိုင်းတွင် ကျွန်ုပ်၏ စိတ်နှလုံးသည် အထူးသဖြင့် ပျော်ရွှင်သည်။ ကျွန်ုပ်၏ ဝိညာဉ်သည် လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းတို့ကို ရရှိပြီး ဆိုးယုတ်ကာ လှည့်စားတတ်သော လူများ၏ လှည့်စားခြင်း သို့မဟုတ် ဒုက္ခပေးခြင်းတို့ကို ကျွန်ုပ် မခံရတော့ပါ။ ထို့ပြင် ဘုရားသခင်၏ ကွယ်ကာပေးခြင်းနှင့် ကောင်းချီးများကို မျက်မြင်တွေ့ပြီးနောက်တွင် ကျွန်ုပ်သည် ဘေးအန္တရာယ်များ ကျွန်ုပ်အပေါ် ကျရောက်လာသောအခါ မကြောက်ရွံ့တော့ပါ။ ကျွန်ုပ်၏စိတ်နှလုံးသည် တည်ငြိမ်နေပြီး ငြိမ်းချမ်းမှုကို ခံစားရပါသည်။ အနာဂတ်တွင် ကျွန်ုပ်၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ခြင်း ရှိမရှိနှင့် ကျွန်ုပ် အိုမင်းလာသောအခါ ကျွန်ုပ်အတွက် တစ်စုံတစ်ဦးက ထောက်ပံ့ခြင်း ရှိမရှိတို့ကဲ့သို့သော ကိစ္စများနှင့်ပတ်သက်သော စိုးရိမ်ပူပန်မှုများကို ကျွန်ုပ် ဘေးဖယ်ထားလိုက်သည်။ ဘုရားသခင်၏ မျက်မှောက်တော်တွင် နေထိုင်ခြင်းသည် စစ်မှန်သော ကောင်းချီးနှင့် ပျော်ရွှင်ခြင်းတို့ ဖြစ်ပါသည်။) သင်တို့ ယခု မြည်းစမ်းနေသောအရာသည် အလွန်နည်းပါးသည်၊ သို့သော် ကြီးမားသောကပ်ဘေးကြီး ကျရောက်ပြီးသည့်နောက်တွင် သင်တို့သည် ကိစ္စများစွာကို ရှင်းရှင်းလင်းလင်း နားလည်ပြီး သိမြင်လာလိမ့်မည်။ ဤအရာအားလုံးသည် ဘုရားသခင်၏ ကွယ်ကာပေးခြင်းနှင့် သူ၏ ကောင်းချီးတို့ဖြစ်သည်။ လက်ရှိတွင် သင်တို့သည် တစ်ခါတစ်ရံ ပြုပြင်ခြင်းကို တွေ့ကြုံပြီး စမ်းသပ်ခြင်းများနှင့် စစ်ဆေးခြင်းတို့ကို ကျော်ဖြတ်ရသော်လည်း၊ တစ်ခါတစ်ရံ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို တွေ့ကြုံရပြီး သူ့နှုတ်ကပတ်တော်များကြောင့် စိတ်ထိခိုက်ရသော်လည်း ဤသည်မှာ ကယ်တင်ခြင်း ရရှိခြင်းနှင့် စုံလင်စေခြင်းခံရခြင်းတို့နှင့် သက်ဆိုင်သော ဆင်းရဲဒုက္ခဖြစ်သည်။ ယင်းသည် ဘာသာတရားမရှိသူများ၏ ဆင်းရဲဒုက္ခနှင့် မတူပေ။ အရေးအကြီးဆုံးကိစ္စမှာ ဘုရားအိမ်တော်တွင် သင်၏တာဝန်များကို ထမ်းဆောင်ခြင်းဖြင့် သင်သည် အသုံးဝင်သော ဖန်ဆင်းခံတစ်ဦးဖြစ်လာပြီး တန်ဖိုးရှိ၍ အဓိပ္ပာယ် ရှိသောဘဝတစ်ခုကို ရှင်သန်နေထိုင်လာခြင်း ဖြစ်သည်။ လူ့ဇာတိနှင့် စာတန်အတွက် အသက်ရှင်မည့်အစား သမ္မာတရား လိုက်စားဖို့အတွက်နှင့် ဘုရားသခင်ကို စိတ်ကျေနပ်အောင် လုပ်ဖို့အတွက် သင် ရှင်သန်နေထိုင်သည်။ သင်၏တာဝန်များကို ထမ်းဆောင်ရာ လမ်းကြောင်းတွင် သမ္မာတရားများစွာနှင့် ဘုရားသခင်၏ရည်ရွယ်ချက်များအကြောင်း နားလည်မှုကို သင်ရသည်။ ဤသည်မှာ အဖိုးအထိုက်တန်ဆုံးသော အရာတစ်ခုဖြစ်သည်။ သမ္မာတရားကို သင်နားလည်ပြီးသည့်နောက်တွင် သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်ပြီး သမ္မာတရားကို သင်၏ အသက်အဖြစ် ရရှိပြီးဖြစ်သည်။ ဘုရားသခင်၏ မျက်မှောက်တော်နှင့် အလင်းထဲတွင် သင်နေထိုင်နိုင်လိမ့်မည်။ သင်သည် ယခု သင်၏ တာဝန်များကို နေ့စဉ်နေ့တိုင်း ထမ်းဆောင်နေပြီး သင် အသက်ရှင်နေထိုင်သော နေ့ရက်တိုင်းတွင် ယင်း၏ ဆုလာဘ်များနှင့် တန်ဖိုးတို့ရှိသည်။ သမ္မာတရားကိုလည်း သင်ရပြီဖြစ်ပြီး ဘုရားသခင်၏မျက်မှောက်တော်တွင် သင်နေထိုင်သည်။ ဤသည်မှာ အာမခံရှိခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤအာမခံသည် အဘယ်နည်း။ (စာတန်၏ အဖမ်းမခံရခြင်း ဖြစ်ပါသည်။) စာတန်၏ အဖမ်းမခံရခြင်းအပြင် ပို၍ပင် အရေးပါသောအရာသည် အဘယ်နည်း။ ဘုရားသခင်က သင့်ကို လူသားတစ်ဦးအဖြစ် ဖန်ဆင်းပေးခဲ့ပြီး သင်သည် ယခုအခါတွင် သင်၏တာဝန်ကို ထမ်းဆောင်နိုင်သည်၊ သူ၏ရည်ရွယ်ချက်များကို နားလည်နိုင်သည်၊ သမ္မာတရားစစ်မှန်မှု ရနိုင်သည်၊ သူ၏ လမ်းခရီးကို လိုက်လျှောက်နိုင်ပြီး သူ၏ရည်ရွယ်ချက်များအတိုင်း နေထိုင်နိုင်လေသည်။ ဘုရားသခင်က သင့်ကို လက်ခံပြီး ထိုအရာသည် သင်၏အာမခံနှင့် ဘုရားသခင်၏ ဖျက်ဆီးခြင်းကို သင် ခံရမည်မဟုတ်ဟူသည့် အာမခံဖြစ်သည်။ ဤသည်မှာ သင့်အသက်၏အရင်းအနှီး ဖြစ်သည်မဟုတ်လော။ ဤအရာများမရှိဘဲ ဆက်လက်၍ အသက်ရှင်နေထိုင်ဖို့ သင့်တွင် အရည်အချင်း ပြည့်မီသလော။ (မပြည့်မီပါ။) လူတစ်ဦးသည် ဤအရည်အချင်းကို မည်သို့ ရရှိနိုင်သနည်း။ ၎င်းမှာ ဖန်ဆင်းခံတစ်ဦး၏တာဝန်များကို ထမ်းဆောင်နိုင်ခြင်းအားဖြင့်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းနိုင်ခြင်းအားဖြင့်၊ သူ၏ လမ်းခရီးကို လိုက်လျှောက်နိုင်ခြင်းအားဖြင့်သာမက သမ္မာတရားစစ်မှန်မှုကို ရရှိခြင်းအားဖြင့်၊ ပြီးလျှင် ဘုရားသခင်၏နှုတ်ကပတ်တော်ကို လူတစ်ဦး၏ အသက်အဖြစ် သဘောထားခြင်းအားဖြင့် မဟုတ်လော။ ဤအရာများကြောင့် သင်သည် သူ့ကို ကိုးကွယ်နိုင်ပြီး သူ၏ အမြင်တွင် သင်သည် ပြည့်စုံလုံလောက်သော ဖန်ဆင်းခံတစ်ဦးဖြစ်သည်။ ဘုရားသခင်သည် သင့်အားဖြင့် ပျော်ရွှင်ကြည်နူးခြင်း မရှိဘဲ မည်သို့များ နေနိုင်မည်နည်း။ ဘုရားသခင်က ဖျက်ဆီးလိုသည့်လူများမှာ မည်သူတို့နည်း။ သူတို့သည် မည်သည့်ဖန်ဆင်းခံမျိုးဖြစ်သနည်း။ (မကောင်းမှုပြုသူများ ဖြစ်ပါသည်။) မကောင်းမှုပြုသူ မည်သူမဆိုသည် ဘုရားသခင်ကို ခုခံနေခြင်းဖြစ်ပြီး သူ့ကို ရန်လိုကြသည်။ သူတို့သည် ဘုရားသခင်၏ ရန်သူများဖြစ်ကြပြီး ပထမဆုံး ဖျက်ဆီးခြင်းခံရမည့်သူ ဖြစ်လိမ့်မည်။ အဆင့်အတန်းအတွက် ဘုရားသခင်နှင့် အန်တုဖက်ပြိုင်သောအန္တိခရစ်များ၊ မယုံကြည်သူများ၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သူများ၊ ဘုရားသခင်ကို ရန်လိုသူများ၊ သမ္မာတရားကို မလိုက်စားဘဲ အဆုံးအထိ သူ့ကို ဆန့်ကျင်သူများနှင့် ဖန်ဆင်းခံများအဖြစ် သူတို့၏တာဝန်ကို အတိုင်းအတာတစ်ခုခုအထိ မထမ်းဆောင်နိုင်သူများသည် ဘုရားသခင်က ဖျက်ဆီးလိုသောလူများဖြစ်သည်။ မိမိတို့၏တာဝန်များကို မထမ်းဆောင်သော လူအချို့သည် မယုံကြည်သူများ ဖြစ်ကြသည်။ အခြားလူများသည် မိမိတို့၏တာဝန်များကို ထမ်းဆောင်သော်ငြားလည်း အစဉ်သဖြင့် ဝတ်ကျေတမ်းကျေလုပ်ကြသည်၊ မကောင်းမှုလုပ်ဖို့နှင့် အနှောင့်အယှက်ဖြစ်စေဖို့ တတ်နိုင်ကြပြီး ဘုရားသခင်ကို ခုခံကာ ဆန့်ကျင်ကြသည်။ ထိုကဲ့သို့သောလူများကို ဘုရားသခင်၏ အမြင်တွင် ပြည့်စုံလုံလောက်သော ဖန်ဆင်းခံများအဖြစ် မှတ်ယူခြင်းခံရနိုင်သလော။ (မဟုတ်ပါ၊ သူတို့ မခံရနိုင်ပါ။) မပြည့်စုံ မလုံလောက်သူအဖြစ် မှတ်ယူခြင်းခံရသော ဖန်ဆင်းခံများအဖြစ် နောက်ဆုံးရလဒ်မှာ မည်သည့်အရာ ဖြစ်လာလိမ့်မည်နည်း။ (ဘုရားသခင်က သူတို့ကို ဖယ်ရှားရှင်းလင်းပြီး ဖျက်ဆီးလိမ့်မည်။) မပြည့်စုံ မလုံလောက်သူအဖြစ် မှတ်ယူခြင်းခံရသော ဖန်ဆင်းခံများ၏ အသက်တာများတွင် တန်ဖိုးရှိသလော။ (မရှိပါ။) “ကျွန်ုပ်၏အသက်တာတွင် တန်ဖိုးရှိသည်။ ကျွန်ုပ် အသက်ရှင်သန်လိုသည်။ ကျွန်ုပ်၏ အသက်တာဖြင့် ကောင်းသောကိစ္စများကို ကျွန်ုပ်လုပ်နိုင်သည်” ဟု သူတို့ ထင်ကောင်းထင်ကြမည်။ ဘုရားသခင်၏အမြင်တွင် ဖန်ဆင်းခံများအဖြစ် သူတို့၏ အခြေခံတာဝန်ကိုပင်လျှင် သူတို့ မထမ်းဆောင်နိုင်ကြပေ။ သူတို့၏တာဝန်ကို ပြည့်ပြည့်ဝဝ သူတို့ မထမ်းဆောင်နိုင်ပါက သူတို့၏အသက်တာသည် ရှင်သန်နေထိုင်ဖို့ ထိုက်တန်သလော။ သူတို့၏ ဖြစ်တည်မှုတွင် တန်ဖိုးရှိသလော။ သူတို့၏ ဖြစ်တည်မှုတွင် တန်ဖိုးမရှိပါက ဘုရားသခင်က သူတို့ကို လိုချင်နေဆဲ ဖြစ်သလော။ (မဟုတ်ပါ။) ဘုရားသခင်က မည်သည့်အရာကို လုပ်လိမ့်မည်နည်း။ သူသည် သူတို့ကို ဖယ်ရှားရှင်းလင်းလိမ့်မည်။ ပေါ့သေးသောအမှုကိစ္စများကို ဘေးသို့ ဖယ်ထားခြင်းခံရလိမ့်မည်၊ ပြီးလျှင် မသန့်ရှင်းသောနတ်ဆိုးများနှင့် ဆိုးယုတ်သော ဝိညာဉ်များထံသို့ လက်လွှဲပေးအပ်ခြင်းကို ခံရလိမ့်မည်။ ပြင်းထန်ကြီးလေးသောအမှုကိစ္စများတွင်မူ အပြစ်ဒဏ်ပေးခြင်းကို ခံရလိမ့်မည်ဖြစ်ပြီး ပို၍ပင် ပြင်းထန်ကြီးလေးသောအမှုကိစ္စများတွင် ဖျက်ဆီးခြင်းသို့ ဆိုက်ရောက်လိမ့်မည်။

ကောက်နုတ်ချက် (၃၄)

မိမိတို့၏တာဝန်များ၌ လုံးဝ ဒုက္ခမခံလိုသော၊ ပြဿနာတစ်ခုကြုံသည့်အခါတိုင်း အစဉ်သဖြင့် ညည်းညူပြီး အဖိုးအခပေးဖို့ ငြင်းဆန်သော လူအချို့ရှိသည်။ ယင်းမှာ အဘယ် သဘောထားမျိုးဖြစ်သနည်း။ ယင်းသည် ဝတ်ကျေတမ်းကျေဖြစ်သော သဘောထားမျိုးဖြစ်သည်။ သင်သည် မိမိ၏တာဝန်ကို ဝတ်ကျေတမ်းကျေဖြစ်စွာ ထမ်းဆောင်ပြီး မထီမဲ့မြင် သဘောထားဖြင့် ချဉ်းကပ်လျှင် ရလဒ်မှာ မည်သည့်အရာ ဖြစ်မည်နည်း။ သင်သည် မိမိ၏ တာဝန်ကို ကောင်းကောင်းမွန်မွန် ဆောင်ရွက်နိုင်စွမ်းရှိသော်လည်း ညံ့ဖျင်းစွာ ထမ်းဆောင်လိမ့်မည်။ သင်၏ တာဝန်သည် စံမီလိမ့်မည်မဟုတ်သကဲ့သို့ မိမိတာဝန်အပေါ် ထားရှိသည့် သင်၏ သဘောထားကို ဘုရားသခင် အလွန်ပင် ကျေနပ်အားရမှု မရှိဖြစ်လိမ့်မည်။ သင်သည် ဘုရားသခင်ထံ ဆုတောင်းနိုင်ပြီး သမ္မာတရားကို ရှာဖွေနိုင်ခဲ့လျှင်၊ စိတ်နှလုံးအကြွင်းမဲ့ဖြင့် လုပ်ဆောင်နိုင်ခဲ့လျှင်၊ ဤနည်းအားဖြင့် သင် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်လျှင် ဘုရားသခင်က သင့်အတွက် အရာအားလုံးကို ကြိုတင်ပြင်ဆင်ပြီး ဖြစ်လိမ့်မည်။ ဤသို့ဖြင့် အမှုကိစ္စများကို သင် ကိုင်တွယ်သောအခါတွင် အရာရာတိုင်းက အဆင်ပြေချောမွေ့လိမ့်မည်ဖြစ်ပြီး ရလဒ်ကောင်းများ ရရှိလိမ့်မည်။ သင့်အနေဖြင့် ခွန်အားပမာဏများစွာ စိုက်ထုတ်ဖို့ လိုအပ်မည် မဟုတ်ပေ။ သင်သည် ပူးပေါင်းဆောင်ရွက်ဖို့ အစွမ်းကုန် ကြိုးစားသည့်အခါတွင် ဘုရားသခင်သည် သင့်အတွက် အရာရာ စီစဉ်နှင့်ပြီး ဖြစ်လိမ့်မည်။ သင်သည် စိတ်မချရဘဲ အချောင်ခိုပါက၊ သင်၏ တာဝန်ကို သင့်တင့်လျောက်ပတ်စွာ အာရုံစိုက် ထမ်းဆောင်ခြင်း မရှိဘဲ အစဉ်သဖြင့် လမ်းလွဲပါက ဘုရားသခင်သည် သင့်အပေါ် အရေးတယူရှိလိမ့်မည် မဟုတ်ချေ။ သင်သည် ဤအခွင့်အရေးကို ဆုံးရှုံးရလိမ့်မည်ဖြစ်ပြီး ဘုရားသခင်က “သင်သည် ညံ့ဖျင်းပေသည်။ သင့်ကို ငါအသုံးမပြုနိုင်။ ဘေးထွက်ရပ်လော့။ သင်သည် ဉာဏ်များပြီး အချောင်ခိုရသည်ကို နှစ်သက်သည် မဟုတ်လော။ ပျင်းရိခြင်းနှင့် အေးဆေးသက်သာ နေရခြင်းကို သင် နှစ်သက်သည် မဟုတ်လော။ ကဲ ထိုသို့ဆိုလျှင် အစဉ်ထာဝရ အေးဆေးသက်သာ နေလော့” ဟု ဆိုလိမ့်မည်။ ဘုရားသခင်သည် ဤကျေးဇူးတော်နှင့် အခွင့်အရေးကို အခြားသူတစ်ဦးအား ပေးလိမ့်မည်။ သင်တို့ မည်သို့သဘောရသနည်း။ ဤသည်မှာ ဆုံးရှုံးမှုတစ်ခုလော၊ သို့မဟုတ် အကျိုးအမြတ်တစ်ခုလော။ (ဆုံးရှုံးမှုတစ်ခု ဖြစ်ပါသည်။) ယင်းမှာ ဧရာမ ဆုံးရှုံးမှုတစ်ခု ဖြစ်သည်။

ဘုရားသခင်သည် သူ့ကို အမှန်တကယ် ချစ်သောသူတို့နှင့် သမ္မာတရား လိုက်စားသောသူအားလုံးကို မတူကွဲပြားသည့် ပတ်ဝန်းကျင်မျိုးစုံဖြင့် စုံလင်စေသည်။ သူသည် လူတို့အား အမျိုးမျိုးသော ပတ်ဝန်းကျင်များ၊ သို့မဟုတ် စမ်းသပ်မှုများမှတစ်ဆင့် သူ၏ နှုတ်ကပတ်တော်များကို တွေ့ကြုံစေဖို့ ထောက်ကူပေးပြီး ထိုသို့ဖြင့် သမ္မာတရားအပေါ် သိနားလည်၍ သူ့အပေါ် စစ်မှန်သည့် အသိကို ရရှိကာ နောက်ဆုံးတွင် သမ္မာတရားကို ရရှိဖို့ ထောက်ကူပေးသည်။ ဘုရားသခင်၏ အမှုတော်ကို ဤပုံစံဖြင့် သင်တွေ့ကြုံလျှင် သင်၏ အသက် စိတ်သဘောထား ပြောင်းလဲလိမ့်မည်ဖြစ်ပြီး သမ္မာတရားနှင့် အသက်ကို ရရှိနိုင်လိမ့်မည်။ ဤတွေ့ကြုံသည့်နှစ်ကာလများတစ်လျှောက်တွင် မည်မျှ သင်တို့ ရရှိပြီးပြီနည်း။ (များစွာ ရရှိပြီးဖြစ်သည်။) သို့ဆိုလျှင် သင်၏ တာဝန်ကို ထမ်းဆောင်ချိန်တွင် ဆင်းရဲဒုက္ခအနည်းငယ် ခါးစည်းခံခြင်းနှင့် အဖိုးအခ အနည်းငယ် ပေးခြင်းသည် လုပ်ရကျိုးမနပ်သလော။ အပြန်အလှန်အနေဖြင့် မည်သည့်အရာကို သင် ရရှိပြီးပြီနည်း။ သင်သည် သမ္မာတရား များစွာကို နားလည်ပြီးလေတကား။ ဤသည်မှာ အဖိုးမဖြတ်နိုင်သည့် ရတနာတစ်ခု ဖြစ်၏။ ဘုရားသခင်ကို ယုံကြည်မှုမှတစ်ဆင့် မည်သည့်အရာကို လူတို့ ရရှိချင်ကြသနည်း။ သမ္မာတရားနှင့် အသက်ရရှိရန် ဖြစ်သည် မဟုတ်လော။ ဤပတ်ဝန်းကျင်များကို တွေ့ကြုံခြင်းမရှိဘဲ သမ္မာတရားကို သင် ရရှိနိုင်သည်ဟု ထင်သလော။ လုံးဝ မရရှိနိုင်။ အထူး အခက်အခဲအချို့ သင့်အပေါ် ကျရောက်သည့်အခါ၊ သို့မဟုတ် သီးခြား ပတ်ဝန်းကျင်အချို့ကို သင် ကြုံရသည့်အခါ သင်၏ သဘောထားသည် အမြဲ ထိုအရာများကို ရှောင်ရှားရန် သို့မဟုတ် ထိုအရာများမှ ထွက်ပြေးရန်၊ ထိုအရာများကို ငြင်းပယ်ပြီး ဖယ်ရှားဖို့ အသည်းအသန် ကြိုးစားရန် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများ ပြုသည့်အတိုင်း မခံယူလိုလျှင်၊ သူ၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံရန် လိုလားခြင်း မရှိသကဲ့သို့ သမ္မာတရားအား သင့်အပေါ် ထိန်းချုပ်ခွင့်မပေးလိုလျှင် သင်သည် အမြဲ အဆုံးအဖြတ်ပေးလိုပြီး သင်၏ စာတန်စိတ်သဘောထားအတိုင်း မိမိနှင့်ပတ်သက်သည့် အရာရာကို ထိန်းချုပ်လိုလျှင် အနှေးနှင့်အမြန်ဆိုသလို ဘုရားသခင်က သင့်ကို သေချာပေါက် ဘေးဖယ်ထားမည့် အကျိုးဆက်များ သို့မဟုတ် စာတန်ထံ လွှဲအပ်မည့် အကျိုးဆက်များဖြစ်လိမ့်မည်။ လူတို့သည် ဤကိစ္စရပ်ကို နားလည်လျှင်၊ အမြန် နောက်ပြန်လှည့်ကာ ဘဝတွင် ဘုရားသခင် တောင်းဆိုသည့် မှန်ကန်သော လမ်းကြောင်းအတိုင်း မိမိတို့ လမ်းကို လိုက်လျှောက်ရမည်ဖြစ်သည်။ ဤလမ်းကြောင်းသည် မှန်ကန်သည့် လမ်းကြောင်းတစ်ခုဖြစ်ပြီး လမ်းကြောင်း မှန်ကန်သည့်အခါ ယင်းမှာ ထိုဦးတည်ချက် မှန်ကန်သည်ဟု ဆိုလိုပေသည်။ လမ်းပေါ်တွင် မညီညာသည့် မျက်နှာပြင်များနှင့် ဤကာလအတောအတွင်းတွင် အခက်အခဲများ ရှိကောင်းရှိနိုင်သည်၊ ၎င်းတို့အနေဖြင့် မှောက်မှားနိုင်သည်၊ သို့မဟုတ် တစ်ခါတစ်ရံ အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်ကာ ရက်အတော်ကြာ အပျက်သဘောဆောင်လာနိုင်သည်။ ၎င်းတို့အနေဖြင့် မိမိတို့ တာဝန်များကို ထမ်းဆောင်ရာတွင် မဆုတ်မနစ်ကြိုးပမ်းနိုင်ကာ အမှုအရာများကို မနှောင့်နှေးစေနိုင်ပါက ဤပြဿနာများအားလုံး သိသာလိမ့်မည်မဟုတ်၊ သို့သော် မိမိတို့ကိုယ်ကို ချက်ချင်း ၎င်းတို့ သုံးသပ်ရမည်၊ ဤပြဿနာများကို ဖြေရှင်းရန် သမ္မာတရား ရှာဖွေရမည်ဖြစ်ပြီး လုံးဝ အချိန်မဆွဲရ၊ အရှုံးမပေးရ သို့မဟုတ် မိမိတို့တာဝန်များကို လက်မလျှော့ရပေ။ ဤသည်မှာ အလွန်အရေးကြီး၏။ သင်က “အပျက်သဘောဆောင်ပြီး အားနည်းခြင်းက အရေးမကြီးပါ။ အတွင်းပိုင်း ပြဿနာတစ်ခု ဖြစ်သည်။ ထိုအကြောင်းကို ဘုရားသခင် မသိပါ။ ပြီးလျှင် ယခင်က ငါ ဆင်းရဲဒုက္ခခံခဲ့ရပြီး အဖိုးအခပေးခဲ့ရပုံကို စဉ်းစားသည့်အခါ သူသည် ငါ့အပေါ် မုချ သက်ညှာပေးလိမ့်မည်” ဟု သင့်ဘာသာတွေးကာ ဤအားနည်းချက်နှင့် အပျက်သဘောဆောင်ခြင်း ဆက်လက် ဖြစ်ပေါ်ပြီး သင့်အတွက် ဘုရားသခင် စီစဉ်ညွှန်ကြားပေးသည့် ပတ်ဝန်းကျင်တွင် သမ္မာတရားကို ရှာဖွေခြင်းမရှိလျှင် သို့မဟုတ် သင်ခန်းစာများ သင်ယူခြင်းမရှိလျှင် သင်၏ အခွင့်အရေးများကို အဖန်ဖန် ဆုံးရှုံးလိမ့်မည်ဖြစ်ပြီး အကျိုးဆက်အနေဖြင့် သင့်ကို စုံလင်စေရန် ဘုရားသခင် ရည်ရွယ်သည့် အခွင့်အရေးအားလုံးကို သင် လွဲချော်လိမ့်မည်၊ တမင် ဖျက်ဆီးမိကာ ပျက်စီးစေလိမ့်မည်။ ဤအရာ၏ အကျိုးဆက်သည် မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ သင်၏ စိတ်နှလုံးသည် မျှော်လင့်ချက်မဲ့သည်ထက် မဲ့လာလိမ့်မည်၊ သင်၏ ဆုတောင်းချက်များတွင် ဘုရားသခင်ကို ခံစားရလိမ့်မည် မဟုတ်တော့သကဲ့သို့ သင်၏ အတွေးများက ဆိုးယုတ်မှုနှင့် သစ္စာဖောက်ဖျက်ခြင်းတို့ဖြင့် ပြည့်သည့်အဆင့်ထိ သင် အပျက်သဘောဆောင်လာလိမ့်မည်ဖြစ်သည်။ ထို့နောက် သင်သည် လုံးဝ အစွမ်းမဲ့ကာ အလွန်အမင်း စိတ်မချမ်းမသာဖြစ်လျက် ပြင်းထန်သော စိတ်ဆင်းရဲခြင်းထဲ ပိတ်မိသွားလိမ့်မည်။ သင့်ထံတွင် လမ်းကြောင်း၊ ဦးတည်ချက်မရှိကြောင်းနှင့် မည်သည့် အလင်းရောင်မျှ မမြင်နိုင်၊ သို့မဟုတ် မည်သည့် မျှော်လင့်ချက်မျှ ရှာမတွေ့နိုင်ကြောင်း သင် ခံစားရလိမ့်မည်။ ဤကဲ့သို့ အသက်ရှင်ခြင်းက ပင်ပန်းစရာ ဖြစ်သလော။ (ပင်ပန်းစရာ ဖြစ်ပါသည်။) သမ္မာတရား လိုက်စားခြင်းနှင့်ဆိုင်သည့် တောက်ပသော လမ်းကြောင်းကို မလျှောက်ကြသူများသည် စာတန်၏ အာဏာအောက်၊ ရာသက်ပန် အပြစ်နှင့် မှောင်မိုက်ထဲတွင် မျှော်လင့်ချက်မရှိဘဲ ထာဝရ အသက်ရှင်ကြလိမ့်မည်။ ဤစကားလုံးများ၏ အဓိပ္ပာယ်ကို သင်တို့ နားလည်နိုင်ကြသလော။ (ကျွန်ုပ်၏ စိတ်နှလုံးနှင့် ဉာဏ်ရှိသမျှဖြင့် သမ္မာတရားကို ကျွန်ုပ် လိုက်စားကာ ကိုယ့်တာဝန်ကို ထမ်းဆောင်ရပါမည်။) တာဝန်တစ်ခုက သင့်အပေါ် ကျရောက်ပြီး ယင်းတာဝန်ကို သင့်ထံ အပ်နှံသောအခါ အခက်အခဲများ ရင်ဆိုင်ရခြင်းကို မည်သို့ရှောင်ရှားရမည်ကို မစဉ်းစားနှင့်။ တစ်စုံတစ်ခုက ကိုင်တွယ်ရန် ခက်ခဲလျှင် ယင်းအား ဘေးသို့ထားလိုက်ပြီး လျစ်လျူရှုခြင်း မပြုနှင့်။ ယင်းကို ထိပ်တိုက်ရင်ဆိုင်ရမည်။ ဘုရားသခင်သည် လူများနှင့်အတူ ရှိသည်ကိုလည်းကောင်း၊ ၎င်းတို့၌ အခက်အခဲတစ်ခုတလေ ရှိလျှင် ၎င်းတို့သည် သူ့ထံ ဆုတောင်းပြီး ရှာဖွေဖို့သာ လိုအပ်သည်ကိုလည်းကောင်း၊ ဘုရားသခင်နှင့်ဆိုလျှင် မည်သည့်အရာကမျှ မခက်ခဲသည်ကိုလည်းကောင်း သင် အချိန်ပြည့် သတိရရမည်။ သင့်တွင် ဤယုံကြည်ခြင်းရှိရမည်။ ဘုရားသခင်သည် အရာခပ်သိမ်း၏ အချုပ်အခြာအာဏာရှင်ဖြစ်ကြောင်း သင် ယုံကြည်သည့်အတွက် တစ်စုံတစ်ရာ သင့်အပေါ် ကျရောက်သည့်အခါ သင် အဘယ်ကြောင့် ကြောက်ရွံ့ကာ မှီခိုအားကိုးစရာမရှိဟု ခံစားရဆဲဖြစ်သနည်း။ ဤအရာက သင်သည် ဘုရားသခင်အပေါ် မှီခိုအားကိုးခြင်း မရှိသည်ကို သက်သေပြ၏။ ဘုရားသခင်ကို သင်၏ အထောက်အပံ့နှင့် သင်၏ ဘုရားအဖြစ် သင် မခံယူလျှင် သူသည် သင်၏ ဘုရားသခင် မဟုတ်။ လက်တွေ့ဘဝတွင် မည်သည့် အခြေအနေများကို သင် ကြုံရသည်ဖြစ်စေ ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေရန် ဘုရားသခင်ရှေ့မှောက်သို့ သင် လာရမည်။ တစ်ရက်ကို ကိစ္စတစ်ခုတည်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို သင် နားလည်ပြီး တစ်စုံတစ်ရာကို ရရှိလျှင်ပင် အချိန် အချည်းနှီး ဖြစ်ခဲ့လိမ့်မည်မဟုတ်။ ယခုအခါ တစ်နေ့တွင် အချိန်မည်မျှ ဘုရားသခင်ရှေ့မှောက် သင်တို့ လာနိုင်သနည်း။ တစ်နေ့တွင် အကြိမ်မည်မျှ ဘုရားသခင်ရှေ့မှောက်သို့ သင် လာသနည်း။ ရလဒ်များတစ်ခုတလေကို သင် ရရှိပြီးပြီလော။ လူတစ်ဦးသည် ဘုရားသခင် ရှေ့မှောက်သို့လာခဲလှလျှင် ၎င်းတို့၏ စိတ်ဝိညာဉ် ခမ်းခြောက်ကာ အလွန်မျှော်လင့်ချက်မဲ့လိမ့်မည်။ အားလုံး အဆင်ပြေချိန်တွင် လူတို့သည် ဘုရားသခင်ထံမှ လမ်းလွဲကာ သူ့ကို လျစ်လျူရှုကြသည်။ အခက်အခဲများဖြစ်ပေါ်သည့်အခါတွင်သာ သူ့ကို ရှာဖွေကြသည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်း ဖြစ်သလော။ ဤသည်မှာ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခြင်း ဖြစ်သလော။ ဤသည်တို့မှာ မယုံကြည်သူများ၏ သရုပ်သကန်များ ဖြစ်သည်။ ဘုရားသခင်ကို ဤယုံကြည်မှုမျိုးဖြင့် သမ္မာတရားနှင့် အသက်ကို ရရှိရန် မဖြစ်နိုင်ပေ။

သမ္မာတရားကို လူတို့ နားမလည်သည့်အခါ သို့မဟုတ် လက်တွေ့မလုပ်ဆောင်သည့်အခါ စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအလယ်တွင် ၎င်းတို့ မကြာခဏ အသက်ရှင်ကြ၏။ ၎င်းတို့ကိုယ်တိုင်၏ အနာဂတ်၊ ဂုဏ်သိက္ခာ၊ အဆင့်အတန်းနှင့် အခြားအကျိုးစီးပွားများအကြောင်း တွေးတောပြီး ယင်းတို့နှင့်ပတ်သက်၍ မိမိတို့၏ ဦးနှောက်များခြောက်အောင် စဉ်းစားလျက် ဆိုးယုတ်သော ထောင်ချောက်အမျိုးမျိုးအတွင်းတွင် ၎င်းတို့ အသက်ရှင်နေထိုင်ကြ၏။ သို့သော် သင်သည် သင်၏ တာဝန်တွင်၊ သမ္မာတရားကို ရှာဖွေခြင်းနှင့် လိုက်စားခြင်းတွင် ဤသဘောထားကို အသုံးချလျှင် သမ္မာတရားကို သင်ရရှိနိုင်လိမ့်မည်။ ဥပမာအနေဖြင့် မဖြစ်စလောက် ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်တစ်ခုအတွက် သင် ဦးနှောက်ခြောက်ခံစဉ်းစားသည်၊ အရာရာကို ပြီးပြည့်စုံအောင် စီစဉ်လျက်၊ ထိုအရာကို အလွန်စဉ်းစားကာ အားထည့်ရင်း သင် သေချာစွာနှင့် စေ့စပ်စွာ တွေးသည်။ သင်သည် အလားတူ အားအင်မျိုးကို သင်၏ တာဝန် ထမ်းဆောင်ခြင်းနှင့် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရား ရှာဖွေခြင်းတွင် ထားရှိခဲ့မည်ဆိုလျှင် ဘုရားသခင်သည် သင့်အပေါ် မတူကွဲပြားသည့် သဘောထားတစ်ခု ရှိသည်ကို သင် မြင်ရပေမည်။ လူတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ စဉ်ဆက်မပြတ် ညည်းညူကြသည်။ “ဘုရားသခင်သည် အခြားသူများအပေါ် ကောင်းမြတ်သော်လည်း ကျွန်ုပ်အပေါ် အဘယ်ကြောင့် မကောင်းမြတ်သနည်း။ ဘုရားသခင်သည် ကျွန်ုပ်ကို အဘယ်ကြောင့် ဉာဏ်အလင်းမပေးသနည်း။ ကျွန်ုပ် အဘယ်ကြောင့် အမြဲ အားနည်းသနည်း။ ကျွန်ုပ်သည် သူတို့လောက် အဘယ်ကြောင့် မတော်သနည်း”ဟူ၍ ဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ ဘုရားသခင်သည် ဘက်လိုက်ခြင်း မရှိပေ။ သင်သည် ဘုရားသခင်ရှေ့မှောက်သို့ မလာဘဲ သင့်အပေါ် ကျရောက်သည့်အရာများကို မိမိသဘောအတိုင်း အမြဲ ဖြေရှင်းချင်လျှင် သူသည် သင့်ကို ဉာဏ်အလင်းပေးလိမ့်မည်မဟုတ်။ သင် လာဆုတောင်းကာ သူ့ကို တောင်းလျှောက်သည်အထိ သူ စောင့်ဆိုင်းလိမ့်မည်။ ထို့နောက်တွင် ထိုအရာကို သင့်အား သူ ပေးလိမ့်မည်ဖြစ်သည်။ မည်သည့်လူစားမျိုးများကို ဘုရားသခင် နှစ်သက်သနည်း။ သူ့ထံမှ လူတို့က မည်သည့်အရာ တောင်းလျှောက်ဖို့ကို ဘုရားသခင် စောင့်ဆိုင်းနေသနည်း။ သူသည် ၎င်းတို့အား ငွေ၊ ကိုယ်စိတ်ချမ်းသာခြင်း၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ပျော်ရွင်မှုတို့ကို ထိုအရှက်မဲ့သည့်လူများကဲ့သို့ တောင်းဆိုစေချင်သလော။ ထိုသို့သော အရာများကို လူတို့က သူ့ထံ တောင်းလျှောက်သည့်အခါ ဘုရားသခင် မနှစ်သက်ပေ။ ဘုရားသခင်ထံမှ ဤအရာများကို ရှာဖွေသောသူတို့သည် အရှက်မဲ့ကြ၏၊ ၎င်းတို့သည် လူအားလုံးထဲက အနိမ့်ကျဆုံးဖြစ်ပြီး ဘုရားသခင်က ၎င်းတို့ကို အလိုမရှိပေ။ သူသည် အပြစ်မှ နိုးထနိုင်သည့်လူများနှင့် သူ့ထံမှ သမ္မာတရားကို ရှာဖွေကာ လက်ခံနိုင်သည့်လူများကို အလိုရှိသည်။ ဤသည်တို့မှာ လက်ခံနိုင်ဖွယ်ဖြစ်သည်ဟု သူ မြင်သည့် လူစားမျိုးများ ဖြစ်သည်။ သင့်အနေဖြင့် ဤသို့ ဆုတောင်းသင့်သည်။ “အို ဘုရားသခင်၊ ကျွန်ုပ်သည် စာတန်၏ အလွန်အမင်း ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သလို ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအလယ်တွင် ကျွန်ုပ် မကြာခဏ အသက်ရှင်ပါသည်။ နာမည်ဂုဏ်သတင်းနှင့် အဆင့်အတန်း၏ အမျိုးမျိုးသော စုံစမ်းသွေးဆောင်မှုများကို ကျွန်ုပ် အောင်မြင်ကျော်လွှားနိုင်ခြင်း မရှိသကဲ့သို့ ယင်းတို့ကို မည်သို့ ကိုင်တွယ်ရမည် မသိပါ။ သမ္မာတရား စည်းမျဉ်းများနှင့်ဆိုင်သည့် သိနားလည်မှု ကျွန်ုပ် ကင်းမဲ့ပါသည်။ ကိုယ်တော် ကျွန်ုပ်ကို ဉာဏ်အလင်းပေးပြီး လမ်းပြဖို့ တောင်းလျှောက် အသနားခံပါ၏”ဟူသည်နှင့် “ကျွန်ုပ်တာဝန်ကို ထမ်းဆောင်ရန် ကျွန်ုပ် လိုလားနေသော်လည်း ကျွန်ုပ် ယုံကြည်မှုနည်းသည်ဟု ခံစားရပါသည်။ တစ်နည်းအားဖြင့် ကျွန်ုပ်၏ ဝိညာဉ်ရင့်ကျက်မှုက အလွန်သေးငယ်ပြီး နောက်တစ်နည်းအားဖြင့် ကျွန်ုပ်သည် ဤနယ်ပယ်နှင့်ဆိုင်သည့် သိနားလည်မှု ကင်းမဲ့ပါသည်။ အမှုအရာများကို ကောင်းစွာ မလုပ်ဆောင်မည်ကို ကျွန်ုပ် စိုးရိမ်မိပါသည်။ ကိုယ်တော်၏ လမ်းပြခြင်းနှင့် အကူအညီကို ကျွန်ုပ် တောင်းခံပါသည်”တို့ ဖြစ်သည်။ သမ္မာတရားကို သင် လာရှာရန် ဘုရားသခင် သင့်ကို စောင့်ဆိုင်းနေသည်။ ရိုးသားသည့် စိတ်နှလုံးတစ်ခုဖြင့် ရှာဖွေလျက် ဘုရားသခင်ရှေ့မှောက်သို့ သင်လာသည့်အခါ သူသည် သင့်ကို ဉာဏ်အလင်းပေးကာ အလင်းပြလိမ့်မည်ဖြစ်ပြီး ထိုအခါ သင်သည် လမ်းကြောင်းတစ်ခုရှိကာ သင်၏တာဝန်အား မည်သို့ ထမ်းဆောင်ရမည်ကို သိရှိလိမ့်မည်။ သမ္မာတရားနှင့်စပ်လျဉ်း၍ သင် အမြဲ အားထုတ်ပြီး ဆုတောင်းခြင်းဖြင့် သင်၏ စစ်မှန်သော အခြေအနေကို ဘုရားသခင် ရှေ့မှောက်သို့ ယူဆောင်လာကာ ဘုရားသခင်၏ လမ်းပြမှုနှင့် ကျေးဇူးတော်ကို တောင်းလျှောက်လျှင် သမ္မာတရားကို ဤနည်းဖြင့် သင် တဖြည်းဖြည်း နားလည်လာကာ လက်တွေ့လုပ်ဆောင်လိမ့်မည် ဖြစ်သည်။ ပြီးလျှင် သင်အသက်ရှင်နေထိုင်သည့်အရာသည် လူသားပုံသဏ္ဌာန်နှင့် သာမန်လူ့သဘာဝအပြင် သမ္မာတရား စစ်မှန်မှု ရှိလိမ့်မည်။ အကယ်၍ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးမထားသလို သမ္မာတရားကို မလိုက်စားဘဲ သင်၏ အမျိုးမျိုးသော အကျိုးစီးပွားများအတွက် လိုအပ်သည့်အရာမှန်သမျှကို လုပ်ဆောင်ရင်း မကြာခဏ စီစဉ်ကာ၊ ချင့်ချိန်စဉ်းစား၍ အချိန်ပေးတွေးတောပြီး ကြိုးစားလုပ်ဆောင်သည့်အပြင် သင်၏ဘဝကိုပါ ပေးလျှင် သင်သည် လူတို့၏ ရိုသေမှုကိုရရှိကောင်း ရရှိနိုင်သည့်အပြင် အမျိုးမျိုးသော အကျိုးအမြတ်များနှင့် ဂုဏ်ယူမှုပုံစံများကို ရရှိကောင်းရရှိမည်။ သို့သော် ဤအရာများနှင့် သမ္မာတရားအနက် မည်သည်က ပို၍အရေးကြီးသနည်း။ (သမ္မာတရားက ပို၍အရေးကြီးသည်။) လူတို့သည် ဤအယူဝါဒကို နားလည်ကြသည့်တိုင် သမ္မာတရားကို မလိုက်စားဘဲ ၎င်းတို့၏ကိုယ်ကျိုးစီးပွားများနှင့် အဆင့်အတန်းကိုသာ တန်ဖိုးထားကြလေသည်။ သို့ဆိုလျှင် ယင်းကို ၎င်းတို့ အမှန်တကယ် နားလည်သလော၊ သို့မဟုတ် ဤသည်မှာ မှားယွင်းသော သိနားလည်မှုလော။ (ယင်းမှာ မှားယွင်းသော သိနားလည်မှုဖြစ်သည်။) အမှန်အားဖြင့် ၎င်းတို့သည် မိုက်မဲကြသည်။ ၎င်းတို့သည် ထိုအရေးကိစ္စကို ရှင်းရှင်းလင်းလင်း မမြင်ကြပေ။ ၎င်းတို့သည် ဤအရာကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်စွမ်းရှိသောအခါ ဝိညာဉ်ရင့်ကျက်မှု အနည်းငယ်ကို ရရှိပြီးဖြစ်လိမ့်မည်။ ဤအရာက လူတို့အား သမ္မာတရားကိုလိုက်စားရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ပတ်သက်ပြီး ကြိုးစားအားထုတ်မှုကို အသုံးခံရန် တောင်းဆိုသည်။ လူတို့သည် နားဝေတိမ်တောင်နှင့် ပေါ့ပေါ့ဆဆလုပ်၍ မရပေ။ သင်သည် သမ္မာတရားကို မလိုက်စားဘဲ ဘုရားသခင်က “ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်များ ပြောဆိုခြင်းကို ပြီးစီးပြီဖြစ်သည်။ ဤလူသားမျိုးနွယ်ကို မည်သည့်အရာမျှ သူထပ်မပြောလိုဘဲ မည်သည့်အရာမျှ ထပ်မလုပ်လိုပေ။ ပြီးလျှင်လူ၏အလုပ်ကို စုံစမ်းဖို့ အချိန်ကျရောက်လာပြီဖြစ်သည်” ဟု ပြောသည့် နေ့ရက်တစ်ရက်သို့ ရောက်လာသောအခါ သင်သည် ဖယ်ရှားရှင်းလင်းခံရဖို့ရန် ကံစီမံပြီဖြစ်သည်။ သင့်ကို ထောက်ပံ့သူများ မည်မျှ ကြီးမြတ်သည်ဖြစ်စေ၊ ဆုကျေးဇူးနှင့် ပါရမီများ မည်မျှ သင် ပိုင်ဆိုင်သည်ဖြစ်စေ၊ သင် မည်မျှ ပညာတတ်သည်ဖြစ်စေ၊ သင် သိက္ခာမည်မျှ ရှိသည်ဖြစ်စေ၊ ဤလောကတွင် သင်၏ ရာထူးက မည်မျှ အရေးပါသည်ဖြစ်စေ ဤအရာတစ်ခုမျှသည် အသုံးဝင်ခြင်းတစ်ခုခု ရှိလိမ့်မည်မဟုတ်။ ထိုအချိန်တွင် သမ္မာတရား၏ တန်ဖိုးရှိခြင်းနှင့် အရေးပါခြင်းကို သင် သဘောပေါက်လိမ့်မည်။ သမ္မာတရားကို သင် မရရှိသေးလျှင် ဘုရားသခင်နှင့် သင် ဘာမျှ မပတ်သက်ကြောင်း သင် နားလည်လိမ့်မည်ဖြစ်ပြီး သမ္မာတရားကို ရရှိခြင်းမရှိဘဲ ဘုရားသခင်ကို ယုံကြည်ခြင်းသည် မည်မျှ သနားဖွယ်ဖြစ်ကာ ဝမ်းနည်းစရာဖြစ်သည်ကို သင် သိရှိလိမ့်မည်။ ယနေ့ခေတ်တွင် လူများစွာတို့သည် ၎င်တို့၏ စိတ်နှလုံးထဲ၌ ဤအရာနှင့်ဆိုင်သည့် ခံစားချက်ရေးရေးတစ်ခု ရှိနှင့်ကြသော်လည်း ဤခံစားချက်က သမ္မာတရားကို လိုက်စားရန် ၎င်းတို့ထဲတွင် စိတ်ပိုင်းဖြတ်မှုတစ်ခုအား မလှုံ့ဆော်သေးချေ။ ၎င်းတို့၏ စိတ်နှလုံးအတွင်းတွင် သမ္မာတရား၏ တန်ဖိုးရှိခြင်းနှင့် အရေးပါခြင်းတို့ကို နက်နက်ရှိုင်းရှိုင်း မခံစားရသေးချေ။ အနည်းငယ်သော အသိသည် မလုံလောက်။ အကြင်သူသည် ဤကိစ္စရပ်၏ အနှစ်သာရကို အမှန်တကယ် ရှင်းလင်းစွာ သိမြင်ရမည်ဖြစ်သည်။ ထိုသို့ သင် သိမြင်သည့်အခါ ဤပြဿနာကို ဖြေရှင်းရန် သမ္မာတရား၏ မည်သည့် သွင်ပြင်လက္ခဏာအား အသုံးပြုရမည်ကို သင် သိရှိလိမ့်မည်။ သမ္မာတရားကသာ လူတို့ ရင်ဆိုင်ရသည့် ပြဿနာမျိုးစုံကို ဖြေရှင်းနိုင်ပြီး ၎င်းတို့၏ အမျိုးမျိုးသော လိုရာဆွဲသည့်အတွေးများ၊ သဘောထား ကျဉ်းမြောင်းသည့် အမြင်များ၊ အကျင့်ပျက်ပြားသော စိတ်သဘောထားများအပြင် ဖောက်ပြန်ပျက်စီးခြင်းနှင့် ပတ်သက်သည့် အမျိုးမျိုးသော ပြဿနာများကို ဖြေရှင်းနိုင်သည်။ သမ္မာတရားကို လိုက်စားပြီး ပြဿနာများကိုဖြေရှင်းရန် သမ္မာတရားကို အဆက်မပြတ် အသုံးပြုရုံမျှဖြင့် သင်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သင်တို့ စွန့်ပယ်နိုင်ကာ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအား စွမ်းဆောင်ရရှိနိုင်ကြလိမ့်မည်။ သင်သည် သင့်အပေါ် ကျရောက်သည့် မည်သည့်ပြဿနာကိုမဆို ဖြေရှင်းရန် လူသား နည်းစနစ်များနှင့် လူသား ထိန်းချုပ်မှုအပေါ်သာ မှီခိုလျှင် ဤအခက်အခဲများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သင် မည်သည့်အခါတွင်မျှ ဖြေရှင်းနိုင်လိမ့်မည် မဟုတ်။ လူအချို့က “ဘုရားနှုတ်ကပတ်တော်များကို ကျွန်ုပ် ပိုမိုဖတ်ရှုကာ နာရီအတော်များများ သုံးကာ ယင်းတို့ကို နေ့စဉ် ဖတ်ရှုလျှင် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို ဧကန်မုချ ကျွန်ုပ် စွမ်းဆောင်ရရှိနိုင်လိမ့်မည်လော”ဟု ပြောကြသည်။ ထိုအရာမှာ ဘုရားနှုတ်ကပတ်တော်များကို သင် ဖတ်ရှုပုံနှင့် သမ္မာတရားကို သင် နားလည်ကာ လက်တွေ့လုပ်ဆောင်ခြင်း ရှိမရှိဆိုသည်တို့အပေါ် မူတည်သည်။ သူ၏နှုတ်ကပတ်တော်များကို ဖတ်ရှုချိန်တွင် ဟန်ဆောင်လုပ်ပြရုံလုပ်ပြပြီး သမ္မာတရားကို မလိုက်စားပါက သမ္မာတရားကို သင် ရရှိလိမ့်မည် မဟုတ်သကဲ့သို့ သမ္မာတရားကို မရရှိလျှင် သင်၏ အသက် စိတ်သဘောထား လုံးဝ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ အကျဉ်းချုပ်ပြောရလျှင် အကြင်သူသည် သမ္မာတရားကို လုံးဝ လိုက်စားရမည်ဖြစ်ပြီး စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို စွမ်းဆောင်ရရှိရန်အလို့ငှာ အကြင်သူသည် သမ္မာတရားကို လိုက်စားကာ လက်တွေ့လုပ်ဆောင်ရမည်ဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမရှိဘဲ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုရုံမျှသာ ဖတ်ရှုခြင်းက လုံးဝ အဆင်ပြေလိမ့်မည် မဟုတ်။ အခြားသူများကို ဘုရားနှုတ်ကပတ်တော် ဟောပြောခြင်းနှင့် ထိုနှုတ်ကပတ်တော်အား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို ပြောဆိုရာတွင် ကျွမ်းကျင်သော်လည်း မိမိတို့ကိုယ်တိုင် ထိုသို့မလုပ်ဆောင်ခဲ့ကြသည့် ဖာရိရှဲများကဲ့သို့ဖြစ်ခြင်းသည် မမှန်ကန်သည့် လမ်းကြောင်းဖြစ်၏။ လူတို့အနေဖြင့် သမ္မာတရားကို သိနားလည်နိုင်ရန်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး သမ္မာတရား စစ်မှန်မှုကို အသက်ရှင်နေထိုင်နိုင်ရန်အလို့ငှာ သူ၏ နှုတ်ကပတ်တော်များကို ပိုမိုဖတ်ရှုဖို့ လူတို့ကို ဘုရားသခင် တောင်းဆို၏။ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ရန်၊ သူ၏ လမ်းခရီးကို လိုက်လျှောက်ရန်နှင့် ဘဝတွင် သမ္မာတရား လိုက်စားခြင်းနှင့်ဆိုင်သော မှန်ကန်သည့် လမ်းကြောင်းကို လျှောက်ရန် လူတို့အား ဘုရားသခင် တောင်းဆိုခြင်းသည် လူတို့အနေဖြင့် မိမိတို့တာဝန်များကို ထမ်းဆောင်နေကြသည့်အချိန်တွင် မိမိတို့၏ စိတ်နှလုံးနှင့် အစွမ်းသတ္တိရှိသမျှကို ပေးအပ်ခြင်းအား လက်တွေ့လုပ်ဆောင်ရန် သူ၏ တောင်းဆိုချက်နှင့် တိုက်ရိုက် ဆက်စပ်လေသည်။ ဘုရားသခင်နောက်လိုက်ရာတွင် လူတို့သည် ကယ်တင်ခြင်း ရရှိကာ စုံလင်စေခြင်းခံရနိုင်ရန်အလို့ငှာ မိမိတို့တာဝန်များကို ထမ်းဆောင်ခြင်းမှတစ်ဆင့် သူ၏ အမှုတော်ကို တွေ့ကြုံရမည်ဖြစ်သည်။

ကောက်နုတ်ချက် (၃၅)

ယခုတွင် သင့်အယူအဆများနှင့် မကိုက်ညီသော သင့်အပေါ်ကျရောက်သည့် အရာများသည် သင်၏ တာဝန်ထမ်းဆောင်မှုကို ထိခိုက်နိုင်သလော။ ဥပမာအနေဖြင့် တစ်ခါတစ်ရံတွင် အလုပ်သည် ပို၍များများလာပြီး လူတို့သည် ၎င်းတို့၏တာဝန်များကို ကောင်းစွာ ထမ်းဆောင်ရန်အတွက် ဆင်းရဲဒုက္ခအချို့ကို ခါးစည်းခံပြီး အဖိုးအခအနည်းငယ်ပေးဆပ်ဖို့ လိုသည်။ ထို့နောက်တွင် လူအချို့သည် ၎င်းတို့၏ စိတ်တွင် အယူအဆများဖြစ်ပေါ်လာပြီး ၎င်းတို့၌ အတိုက်အခံ ဖြစ်ပေါ်လာသည်။ ပြီးလျှင် ၎င်းတို့သည် ၎င်းတို့၏အလုပ်တွင် အပျက်သဘောဆောင်ပြီး အချောင်ခိုလာနိုင်သည်။ တစ်ခါတစ်ရံတွင် အလုပ်မရှုပ်ဘဲ လူတို့၏ တာဝန်များက ထမ်းဆောင်ရန် ပို၍လွယ်ကူလာကာ လူအချို့က ထိုအချိန်တွင် ပျော်ရွှင်ပြီး “ငါ၏ တာဝန်ကို ထမ်းဆောင်ခြင်းသည် အစဉ် ဤမျှလွယ်ကူလျှင် အလွန်ကောင်းမည်” ဟု တွေးကြသည်။ ၎င်းတို့သည် မည်သို့သောလူစားမျိုးဖြစ်သနည်း။ ၎င်းတို့သည် ဇာတိပကတိ သက်သာမှုများကို အလိုကြီးသော ပျင်းရိသူများဖြစ်ကြသည်။ ဤသို့သောသူတို့သည် ၎င်းတို့တာဝန်များကို ထမ်းဆောင်ရာတွင် သစ္စာစောင့်သိသလော။ (မစောင့်သိပါ။) ဤသို့သောလူတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံလိုစိတ်ရှိသည်ဟု အခိုင်အမာဆိုကြသည်။ သို့သော် ၎င်းတို့၏ ကျိုးနွံနာခံခြင်းက သတ်မှတ်ချက်များ ရှိသည်။ အမှုအရာများက ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများနှင့် ကိုက်ညီရမည်ဖြစ်ပြီး ၎င်းတို့ကျိုးနွံနာခံရန်အတွက် မည်သည့်ဆင်းရဲဒုက္ခကိုမျှ ခံစားရအောင် မလုပ်ရပေ။ ၎င်းတို့သည် အခက်အခဲကို ကြုံရနိုင်ပြီး ဆင်းရဲဒုက္ခကို ခါးစည်းခံရဖို့ လိုအပ်ကောင်း လိုအပ်နိုင်လျှင် ၎င်းတို့သည် များစွာ စောဒကတက်ကောင်း တက်နိုင်ပြီး ဘုရားသခင်ကိုပင် ပုန်ကန်ပြီး ဆန့်ကျင်ကောင်း ဆန့်ကျင်နိုင်ကြသည်။ ၎င်းတို့သည် အဘယ်သို့သောလူစားမျိုး ဖြစ်သနည်း။ ၎င်းတို့သည် သမ္မာတရားကို မချစ်သောလူများ ဖြစ်သည်။ ဘုရားသခင်၏ လုပ်ရပ်များက ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများ၊ ဆန္ဒများနှင့် ကိုက်ညီသောအခါ၊ ဆင်းရဲဒုက္ခကို ခါးစည်းခံဖို့ မလိုသောအခါ၊ သို့မဟုတ် အဖိုးအခပေးဆပ်ရန် မလိုသောအခါ ၎င်းတို့သည် ကျိုးနွံနာခံနိုင်ကြသည်။ သို့သော် ဘုရားသခင်၏ အမှုတော်က ၎င်းတို့၏ အယူအဆများ၊ သို့မဟုတ် နှစ်သက်မှုများနှင့် မညီလျှင်၊ ၎င်းတို့အနေဖြင့် ဆင်းရဲဒုက္ခကို ခါးစည်းခံပြီး အဖိုးအခပေးဆပ်ဖို့ လိုအပ်လျှင် ၎င်းတို့သည် ကျိုးနွံနာခံနိုင်ခြင်း မရှိကြပေ။ ၎င်းတို့က ပွင့်လင်းစွာ မဆန့်ကျင်လျှင်ပင် ၎င်းတို့၏ စိတ်နှလုံး၌ အတိုက်အခံဖြစ်ပြီး စိတ်အနှောင့်အယှက်ဖြစ်ကြသည်။ ၎င်းတို့သည် ကြီးသော ဆင်းရဲဒုက္ခကို ခါးစည်းခံသည်ဟု မိမိတို့ကိုယ်ကို မြင်ပြီး ၎င်းတို့၏ စိတ်နှလုံး၌ မကျေနပ်ချက်များ ထားရှိကြသည်။ ဤသည်မှာ မည်သည့်ပြဿနာမျိုး ဖြစ်သနည်း။ ယင်းသည် သမ္မာတရားကို ၎င်းတို့ မချစ်သည်ကို ပြသည်။ ဆုတောင်းခြင်း၊ သစ္စာဝတ်ပြုခြင်း၊ သို့မဟုတ် စိတ်ပိုင်းဖြတ်ခြင်းတို့သည် ဤပြဿနာကို ဖြေရှင်းနိုင်သလော။ (မဖြေရှင်းနိုင်ပါ။) ဤသို့ဆိုလျှင် ဤပြဿနာကို မည်သို့ဖြေရှင်းသင့်သနည်း။ ဦးစွာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သတ်မှတ်ချက်များကို သင်နားလည်ရမည်။ စစ်မှန်သော ကျိုးနွံနာခံခြင်းက မည်သည့်အရာဖြစ်သည်ကို နားလည်ရမည်။ ပြီးလျှင် ပုန်ကန်ခြင်းနှင့် ဆန့်ကျင်ခြင်းက မည်သည့်အရာဖြစ်သည်ကို သင်သိရမည်။ မည်သည့် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများက ဘုရားသခင်အပေါ် သင်၏ ကျိုးနွံနာခံခြင်းအား နှောင့်နှေးစေသည်ကို ဆင်ခြင်သုံးသပ်ရမည်။ ပြီးလျှင် ဤအမှုကိစ္စကို ထိုးထွင်းသိမြင်ရမည်။ သင်သည် သမ္မာတရားကို ချစ်သောသူတစ်ယောက်ဖြစ်လျှင် ဇာတိပကတိကို ပုန်ကန်နိုင်လိမ့်မည်။ အထူးသဖြင့် သင်၏ ဇာတိပကတိ နှစ်သက်မှုများကို ပုန်ကန်နိုင်လိမ့်မည်။ ထို့နောက် ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်းကို လက်တွေ့လုပ်ဆောင်နိုင်ပြီး ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း လုပ်ဆောင်နိုင်လိမ့်မည်။ ဤသို့အားဖြင့် သင်သည် သင်၏ ဖောက်ပြန်ပျက်စီးမှုနှင့် ပုန်ကန်မှုကို ဖြေရှင်းနိုင်မည်ဖြစ်ပြီး ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်းကို ရရှိနိုင်လိမ့်မည်။ သမ္မာတရားကို သင်နားမလည်လျှင် ဤအမှုကိစ္စများကို သင် ထိုးထွင်းသိမြင်နိုင်မည် မဟုတ်။ သင်၏ စိတ်အတွင်းပိုင်းအခြေအနေများကို ပိုင်းခြားသိမြင်နိုင်မည်မဟုတ်။ ပြီးလျှင် မည်သည့်အရာများက ဘုရားသခင်အပေါ် သင်၏ ကျိုးနွံနာခံခြင်းအား နှောင့်နှေးစေသည်ကို ထိုးထွင်းသိမြင်နိုင်မည်မဟုတ်။ သို့ဖြစ်၍ ဇာတိပကတိကို ပုန်ကန်ပြီး ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်းအား လက်တွေ့လုပ်ဆောင်ရန် သင့်အတွက် ဖြစ်နိုင်မည်မဟုတ်ပေ။ လူတစ်ဦးသည် သူ၏ ဇာတိပကတိနှစ်သက်မှုများကိုပင် မပုန်ကန်နိုင်လျှင် သူ၏တာဝန်ကို ထမ်းဆောင်ရာ၌ သစ္စာစောင့်သိခြင်းအား ရရှိရန် သူ့အတွက် အလွန်ခက်ခဲလိမ့်မည်။ ဤသို့သောလူတို့သည် ဘုရားသခင်အား ကျိုးနွံနာခံနေသည်ဟု သတ်မှတ်နိုင်သလော။ သစ္စာစောင့်သိခြင်းမရှိဘဲ လူတို့သည် ၎င်းတို့၏တာဝန်ကို ပြည့်ပြည့်ဝဝ ထမ်းဆောင်နိုင်သလော။ ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီနိုင်သလော။ အသေအချာပင် မပြည့်မီနိုင်ပေ။ လူတစ်ဦးသည် သူ၏တာဝန်ကို ပြည့်ပြည့်ဝဝ ထမ်းဆောင်လိုလျှင် သူသည် အနည်းဆုံးအနေဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်အပေါ် စစ်မှန်စွာ ကျိုးနွံနာခံနိုင်ရမည်။ လူတစ်ဦးသည် သူ၏ ဇာတိပကတိ နှစ်သက်မှုများကို မပုန်ကန်နိုင်လျှင် သူသည် သမ္မာတရားအား လက်တွေ့မလုပ်ဆောင်နိုင်ပေ။ သင်သည် သင်၏ ကိုယ်ပိုင်စိတ်ဆန္ဒအတိုင်း အစဉ်လုပ်ဆောင်လျှင် ဘုရားသခင်အား ကျိုးနွံနာခံသောသူမဟုတ်။ သင်က ဘုရားသခင်အပေါ် ရံဖန်ရံခါ ကျိုးနွံနာခံလျှင်ပင် ယင်းသည် အခြေအနေအရသာ ဖြစ်သည်။ အမှုအရာများက သင်၏ ကိုယ်ပိုင်အယူအဆများနှင့် ကိုက်ညီသောအခါမှသာ၊ သင် စိတ်ကြည်လင်နေသောအခါမှသာ ကျိုးနွံနာခံနိုင်သည်။ ဘုရားသခင်၏ လုပ်ဆောင်မှုများက သင်၏ အယူအဆများနှင့် မကိုက်ညီလျှင်၊ သင့်အတွက် ဘုရားသခင် စီစဉ်သောတာဝန်နှင့် သူစီစဉ်ညွှန်ကြားသော ပတ်ဝန်းကျင်များက သင့်အား ကြီးမားသောဆင်းရဲဒုက္ခ၊ အရှက်ရမှု၊ သို့မဟုတ် အလွန်အမင်း မကျေနပ်စိတ်ဖြစ်မှုတို့ကို ဖြစ်စေလျှင် သင်သည် ကျိုးနွံနာခံနိုင်ဦးမည်လော။ သင့်အနေဖြင့် ကျိုးနွံနာခံရန် ခက်ခဲလိမ့်မည်။ သင်သည် ဘုရားသခင်ကို ပုန်ကန်ရန်နှင့် ဆန့်ကျင်ရန် အကြောင်းပြချက်များစွာ ရှာတွေ့လိမ့်မည်။ သင်က နောက်ပိုင်းတွင် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်လျှင်ပင် ဇာတိပကတိကို ပုန်ကန်ခြင်းသည် ရိုးရှင်းသော အမှုကိစ္စတစ်ခုမဟုတ်သောကြောင့် သင့်အနေဖြင့် ဇာတိပကတိကို ပုန်ကန်ရန် လွယ်ကူမည်မဟုတ်။ ပင်ကိုအားဖြင့် လူတစ်ဦးသည် သမ္မာတရားကို ရှာဖွေရမည်။ သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် ဖောက်ပြန်ပျက်စီးသော အကျည်းတန်မှုကိုလည်း သိမြင်ရမည်ဖြစ်ပြီး မိမိကိုယ်ကို မုန်းတီးသော၊ မိမိ၏ ဇာတိပကတိနှစ်သက်မှုများနှင့် ဇာတိပကတိ အနှစ်သာရကို မုန်းတီးသော အခြေအနေသို့ ရောက်ရှိရမည်။ ထိုအခါမှသာ သူသည် ဇာတိပကတိကို ပုန်ကန်လိုစိတ်ရှိလိမ့်မည်။ သူသည် သမ္မာတရားကို နားမလည်လျှင် ဇာတိပကတိနှင့်ဆိုင်သောအရာများကို မုန်းတီးနိုင်မည် မဟုတ်ပေ။ ပြီးလျှင် မုန်းတီးခြင်းမရှိဘဲ ဇာတိပကတိကို ပုန်ကန်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် လိုက်လျှောက်ဖို့ လမ်းကြောင်းတစ်ခု ရှိရန်အတွက် ဘုရားသခင်ကို ဆုတောင်းပြီး ဘုရားသခင်အပေါ် အမှီပြုဖို့ လိုအပ်သည်။ သမ္မာတရားမရှိလျှင် လူတို့သည် ခွန်အားမရှိဘဲ ဆန္ဒရှိလျှင်ပင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်းမရှိ။ ဘုရားသခင်ကို အပြည့်အဝ ဆုတောင်းပြီး သူ့ကို အမှီပြုရမည်။

လူအချို့သည် သမ္မာတရားကို မလိုက်စားကြပေ။ ၎င်းတို့သည် ဇာတိပကတိ သက်သာမှုများကိုသာ အလိုကြီးကြသည်။ သမ္မာတရားကို ရယူခြင်းအတွက် ဆင်းရဲဒုက္ခကို တောင့်ခံလိုစိတ်မရှိကြပေ။ ဆင်းရဲဒုက္ခ အနည်းငယ်ကိုပင်လျှင် ရင်ဆိုင်ရသည့် အခါတိုင်း၌ ၎င်းတို့သည် ဘုရားသခင်ကို စောဒကတက်ပြီး အပြစ်တင်ကြသည်။ ပြီးလျှင် ယင်းကို ဖြေရှင်းရန်အတွက် သမ္မာတရားကို မရှာဖွေကြပေ။ ၎င်းတို့သည် ဘုရားသခင်ကိုလည်း ဆုတောင်းပြီး “အို ဘုရားသခင်၊ ကိုယ်တော်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရက အလွန်မြင့်မြတ်ပါသည်။ ကျွန်ုပ်သည် ကိုယ်တော်အား ချစ်ရန် မထိုက်တန်သော်လည်း ကိုယ်တော့်ကို ကျိုးနွံနာခံလိုစိတ်ရှိပါသည်။ အခြေအနေက မည်သို့ဖြစ်စေ ကိုယ်တော့်ကို ကျိုးနွံနာခံလိုစိတ်ရှိပါသည်။ ကိုယ်တော့် ကျွန်ုပ်ကို လမ်းပြတော်မူပါ။ အလင်းပေးတော်မူပါ။ ဉာဏ်အလင်းပွင့်လင်းစေတော်မူပါ။ ကျွန်ုပ်သည် ကိုယ်တော့်ကို စစ်မှန်စွာ ချစ်ပြီး ကျိုးနွံနာခံခြင်း မရှိနိုင်လျှင် ကျွန်ုပ်အား စိစစ်ပြီး အပြစ်ပေးတော်မူပါ။ ကိုယ်တော့်၏ တရားစီရင်ခြင်းအား ကျွန်ုပ်အပေါ် ကျရောက်စေတော်မူပါ” ဟူ၍ ပြောသည်။ ဤသို့ ဆုတောင်းပြီးနောက်တွင် ၎င်းတို့သည် ဤအရာနှင့်ပတ်သက်၍ အလွန်စိတ်ကျေနပ်ကြသည်။ သို့သော် ဤသည်မှာ အနှစ်မရှိသော စကားလုံးများသာ ဖြစ်သည်မဟုတ်လော။ အနှစ်မရှိသော စကားလုံးများနှင့် စဉ်ဆက်မပြတ် ဆုတောင်းပြီး အနည်းငယ်သော စကားများနှင့် အယူဝါဒများကို ရွတ်ဖတ်ခြင်းသည် ပြဿနာများကို ဖြေရှင်းနိုင်သလော။ (မဖြေရှင်းနိုင်ပါ။) လူတစ်ဦးသည် အနှစ်မရှိသော စကားများဖြင့် ဆုတောင်းလျှင် ဤသည်မှာ မည်သို့သော ပြဿနာမျိုးဖြစ်သနည်း။ ယင်းတွင် လှည့်စားသော သဘောသဘာဝ အနည်းငယ် မရှိသလော။ ဘုရားသခင်ရှေ့တွင် ဤသို့ ဆုတောင်းခြင်းသည် အသုံးဝင်သလော။ ဇာတိပကတိ သက်သာမှုများကို အလိုကြီးခြင်း၊ သမ္မာတရားကို သိသော်လည်း ကျိုးနွံနာခံမှုမရှိနိုင်ခြင်း၊ မိမိတာဝန်ကို သိသော်လည်း ထိန်းသိမ်းရန် ပျက်ကွက်ခြင်းတို့ရှိလျက်ဖြင့် ပျင်းရိခြင်း၊ ဒုက္ခကို တောင့်မခံနိုင်ခြင်းသည်လည်းကောင်း၊ မိမိ၏ စိတ်နှလုံးအကြွင်းမဲ့နှင့် အစွမ်းသတ္တိရှိသမျှကို မပေးရသေးသည်ကို သိလျက်ဖြင့် ဘုရားသခင်အား မည်သို့ ချစ်ရန် ဆန္ဒရှိသည်ကို ပြောဆိုခြင်းသည်လည်းကောင်း ဘုရားသခင်အား လှည့်စားနေခြင်း မဟုတ်လော။ ဘာသာရေး အခမ်းအနားနှင့်ဆိုင်သော ဆုတောင်းချက်များထက် ဘုရားသခင် သာ၍ စက်ဆုပ်ရွံရှာသောအရာ မည်သည့်အရာမျှ မရှိပေ။ ဆုတောင်းချက်များသည် စစ်မှန်ရိုးသားသောအခါမှသာ ဘုရားသခင်က ယင်းတို့ကို လက်ခံပေသည်။ သင့်အနေဖြင့် မည်သည့် ရိုးသားစစ်မှန်သော အရာမျှ ပြောစရာ မရှိပါက တိတ်ဆိတ်စွာ နေလော့။ ဘုရားသခင်ကို လှည့်စားဖို့ ဘုရားသခင်ရှေ့မှောက်သို့ အစဉ်သဖြင့် လာရောက်ကာ မမှန်ကန်သော စကားများကို ပြောခြင်း၊ သို့မဟုတ် ကျမ်းသစ္စာများကို မစဉ်းမစား ပြုခြင်းတို့ကို မလုပ်နှင့်။ ဘုရားသခင်ကို သင် မည်မျှချစ်ကြောင်း၊ သူ့အပေါ် သင်မည်မျှ သစ္စာစောင့်သိရန် ဆန္ဒရှိကြောင်းတို့ကို မပြောနှင့်။ သင်သည် သင်၏ ဆန္ဒများကို ဖြစ်မြောက်အောင်မြင်အောင် လုပ်နိုင်စွမ်းမရှိပါက၊ ဤစိတ်ဆုံးဖြတ်ချက်နှင့် ဝိညာဉ်အသက်တာ သင် ကင်းမဲ့ပါက သင်သည် လုံးဝဥဿုံ ဤကဲ့သို့ ဘုရားသခင်၏ ရှေ့မှောက်သို့ လာရောက်၍ ဆုမတောင်းရပေ။ ယင်းမှာ ဘုရားသခင်ကို လှောင်ပြောင်သရော်ခြင်း ဖြစ်သည်။ လှောင်ပြောင်သရော်ခြင်း ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ လှောင်ပြောင်သရော်ခြင်း ဆိုသည်မှာ တစ်စုံတစ်ဦးကို လှောင်ခြင်း၊ ၎င်းတို့အား ဆော့ကစားခြင်းကို ဆိုလိုသည်။ လူတို့သည် ဤစိတ်သဘောထားမျိုးဖြင့် ဘုရားသခင်၏ ရှေ့မှောက် လာရောက် ဆုတောင်းကြသည့်အခါ အနည်းဆုံးအနေဖြင့် ဤသည်မှာ လှည့်ဖြားမှု ဖြစ်၏။ အဆိုးဆုံးအနေဖြင့် ဤအရာကို သင် မကြာခဏ လုပ်ဆောင်ပါက သင်၌ လုံးဝ ယုတ်ညံ့သော အကျင့်စရိုက်ရှိ၏။ ဘုရားသခင်သည် သင့်ကို ရှုတ်ချရမည်ဆိုပါက ဤအရာကို ဘုရားသခင်က ပြစ်မှားစော်ကားခြင်းဟု ခေါ်ပေမည်။ လူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး မရှိကြချေ၊ ဘုရားသခင်ကို မည်သို့ ကြောက်ရွံ့ရမည်၊ သို့မဟုတ် သူ့ကို မည်သို့ချစ်ပြီး စိတ်ကျေနပ်အောင် လုပ်ရမည်ကို ၎င်းတို့ မသိကြချေ။ သမ္မာတရားသည် သူတို့အဖို့ မရှင်းမလင်းဖြစ်ပါက၊ သို့မဟုတ် ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိပါက ဘုရားသခင်သည် ယင်းကို လျစ်လျူရှုထားလိုက်မည် ဖြစ်သည်။ သို့သော် ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအလယ်တွင် အသက်ရှင်နေထိုင်နေရင်း ဘုရားသခင်၏ ရှေ့မှောက်သို့ လာရောက်ကာ အခြားသူများအပေါ် လှည့်ဖြားရန်အတွက် ဘာသာတရားမရှိသူများ၏ နည်းစနစ်များကို ဘုရားသခင်အပေါ်တွင် သုံးပြီး ဘုရားသခင်ကို လှည့်ဖြားဖို့ ကြိုးစားရန် ဤစကားများကို သုံးရင်း ဆုတောင်းရာတွင် ဘုရားသခင်ရှေ့မှောက်တွင် “လေးလေးနက်နက်” ဒူးထောက်ကြသည်။ ၎င်းတို့ ဆုတောင်းပြီးသွားသည့်အခါ မိမိကိုယ်ကို ပြစ်တင်ခြင်းကို ၎င်းတို့ မခံစားရသည်သာမက ၎င်းတို့၏ လုပ်ရပ်များနှင့်သက်ဆိုင်သော လေးနက်သည့်အသိစိတ်ကိုလည်း မခံစားကြပေ။ သို့ဖြစ်သောကြောင့် ဘုရားသခင်သည် သူတို့နှင့်အတူ ရှိသလော။ ဘုရားသခင်သည် ၎င်းတို့နှင့် အတူမရှိပေ။ ဘုရားသခင်၏ မျက်မှောက် လုံးဝ မရှိသည့် လူတစ်ဦးသည် သူ၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းကို ရရှိနိုင်သလော။ ၎င်းတို့သည် သမ္မာတရားနှင့်စပ်လျဉ်းသော အလင်းကို ရရှိနိုင်သလော။ (မရရှိနိုင်ပါ။) သို့ဆိုလျှင် ၎င်းတို့ ဒုက္ခရောက်ပေပြီ။ သင်တို့သည် ဤသို့ အကြိမ်များစွာ ဆုတောင်းဖူးသလော။ သင်တို့သည် ထိုသို့ မကြာခဏ လုပ်ဆောင်ကြသည် မဟုတ်သလော။ လူတို့သည် လောကီတွင် အချိန်အလွန်ကြာမြင့်စွာ ကုန်ဆုံးသောအခါ၌ ၎င်းတို့တွင် လူ့အဖွဲ့အစည်း၏ အနံ့ဆိုးများ နံဟောင်နေသည်။ ၎င်းတို့၏ မသတီစရာ သဘာဝက အလွန်ဆိုးရွားလာပြီး ၎င်းတို့တွင် စာတန်ဆန်သော အဆိပ်များနှင့် အတွေးအခေါ်များဖြင့် ပျံ့နှံ့လာသည်။ ၎င်းတို့နှုတ်မှ ထွက်သောအရာမှာ အယောင်ဆောင်ပြီး လှည့်စားသော စကားများဖြစ်သည်။ ပြီးလျှင် ၎င်းတို့၏ ဆုတောင်းချက်များသည် အနှစ်မရှိသောစကားများ၊ အယူဝါဒစကားများဖြင့် ပြည့်လျက်ရှိပြီး စိတ်နှလုံးထဲမှလာသော စကားတစ်ခုမျှမရှိ၊ သို့မဟုတ် ၎င်းတို့၏ တကယ့်အခက်အခဲများအကြောင်း ပြောဆိုခြင်း လုံးဝမရှိ။ ၎င်းတို့သည် တစ်ကိုယ်ရေနှစ်သက်မှုများအတွက် ဘုရားသခင်အား အစဉ် အသနားခံပြီး ဘုရားသခင်၏ ကောင်းချီးများကို ရှာဖွေသည်။ သမ္မာတရားကို ရှာဖွေသော စိတ်နှလုံးရှိခြင်းက ရှားပါးသည်။ ပြီးလျှင် ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံးကို အခြေခံ၍ ဆုမတောင်းကြပေ။ ဤသို့သော ဆုတောင်းချက်များသည် လှည့်စားခြင်းနှင့် အယောင်ဆောင်ခြင်းတို့ကိုသာ ထုတ်ဖော်ပြသည်။ ဤလူတို့တွင် အလွန်အမင်း ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားများ ရှိကြသည်။ ၎င်းတို့သည် အသက်ရှင်နေသော မကောင်းဆိုးဝါးများသာ ဖြစ်လာကြသည်။ ဘုရားသခင်ရှေ့သို့ လာရောက်ပြီး ဆုတောင်းသောအခါ၌ လူသားစကားများကို မပြောဆိုကြ၊ သို့မဟုတ် စိတ်နှလုံးထဲမှ မပြောဆိုကြပေ။ ဤအစား ၎င်းတို့သည် ဘုရားသခင်ရှေ့သို့ စာတန်၏ လှည့်စားမှုနှင့် အယောင်ဆောင်မှုတို့ကို သယ်ဆောင်လာသည်။ ယင်းသည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခြင်း မရှိသလော။ ဘုရားသခင်သည် ဤသို့သော ဆုတောင်းချက်များအား နားထောင်နိုင်သလော။ ဘုရားသခင်သည် ဤသို့သောသူများအပေါ် အလွန်အမင်း မနှစ်မြို့ခြင်းဖြစ်ပြီး ၎င်းတို့အား ဧကန်မုချ မနှစ်သက်ပေ။ ဘုရားသခင်အား လှည့်စားပြီး အရူးလုပ်ရန် ကြိုးပမ်းဖို့အတွက် ဤသို့သောဆုတောင်းချက်များကို ပြောဆိုနိုင်သည်။ ဤလူတို့သည် သမ္မာတရားကို လုံးဝ မရှာဖွေကြသကဲ့သို့ စိတ်နှလုံးထဲမှ ပြောဆိုခြင်း၊ ဘုရားသခင်အား ရင်ဖွင့်ခြင်းလည်း မရှိကြပေ။ ၎င်းတို့၏ ဆုတောင်းချက်များသည် ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ သတ်မှတ်ချက်များနှင့် သဟဇာတမဖြစ်။ အကြောင်းရင်းမှာ ယင်းသည် ဖောက်ပြန်ပျက်စီးမှုကို ခဏတာ ထုတ်ဖော်ခြင်းထက် လူသား၏သဘာဝကြောင့် ဖြစ်ခြင်း ဖြစ်သည်။ ဤလူတို့က “အို ဘုရားသခင်ကို ငါမြင်ရ၊ သို့မဟုတ် မခံစားရပါ။ ပြီးလျှင် ဘုရားသခင် မည်သည့်နေရာတွင်ရှိသည်ကို ငါမသိပါ။ ကြုံရာကျပန်း စကားအနည်းငယ်ကိုသာ ဘုရားသခင်အား ငါပြောလိုက်မည်။ သူ နားထောင်ခြင်းပင် ရှိမရှိကို မည်သူသိမည်နည်း” ဟု တွေးကြသည်။ ၎င်းတို့သည် သံသယရှိသော စိတ်ဓာတ်ဖြင့်လည်းကောင်း၊ ဘုရားသခင်အား စမ်းသပ်သည့်အနေဖြင့်လည်းကောင်း ဘုရားသခင်ထံ ဆုတောင်းကြသည်။ ဤသို့ ဆုတောင်းပြီးနောက်တွင် ၎င်းတို့၌ မည်သို့သော ခံစားချက်ရှိမည်နည်း။ ယင်းသည် အနှစ်မပါခြင်းပင် မဖြစ်သေးသလော။ မည်သည့်ခံစားချက်မျှ လုံးဝမရှိခြင်းသည် ဒုက္ခမပေးသလော။ ဆုတောင်းခြင်းသည် ယုံကြည်ခြင်း၏ အခြေခံအုတ်မြစ်တွင်တည်၍ တည်ဆောက်ထားခြင်းဖြစ်သည်။ ယင်းသည် မိမိ၏ စိတ်နှလုံးအတွင်း၌ ဘုရားသခင်ထံ ဆုတောင်းခြင်းဖြစ်သည်။ စိတ်နှလုံးထဲမှ ဘုရားသခင်အား စကားပြောခြင်း ဖြစ်သည်။ မိမိစိတ်နှလုံးကို ဘုရားသခင်ထံ ဖွင့်ဟခြင်း ဖြစ်သည်။ ဘုရားသခင်ထံမှ သမ္မာတရားကို ရှာဖွေခြင်း ဖြစ်သည်။ လူတစ်ဦးသည် ဤနည်းဟန်ဖြင့် ဆုတောင်းသောအခါ ထိုသူ၌ စိတ်အတွင်းတွင် ငြိမ်သက်သောစိတ်ရှိပြီး ဘုရားသခင်၏ မျက်မှောက်တော်ကို သိရှိခံစားရမှု ရှိလိမ့်မည်။ ဤသည်မှာ ဘုရားသခင်ကို မမြင်ရသော်လည်းဘဲ ဘုရားသခင်က ၎င်းတို့ကို နားထောင်နေခြင်း ဖြစ်သည်။ လူတစ်ယောက်က ဤသို့ဖြင့် စိတ်နှလုံးထဲမှ ဘုရားသခင်ထံ ဆုတောင်းသည့်အခါတိုင်းတွင် ဘုရားသခင်အား မိမိကိုယ်တိုင် ကြုံတွေ့ရသကဲ့သို့ ခံစားရလိမ့်မည်။ သူ၏ ယုံကြည်ခြင်းသည် ပိုမိုခိုင်မာလိမ့်မည်။ ဘုရားသခင်နှင့် သူ၏ ဆက်ဆံရေးသည် ပို၍ ရင်းနှီးလိမ့်မည်။ ပြီးလျှင် ဘုရားသခင်နှင့် တစ်ဆင့်ပို၍ နီးစပ်လိမ့်မည်။ သူသည် ကျေနပ်သည့်စိတ်ကို ခံစားရမည်ဖြစ်ပြီး သူ၏ စိတ်နှလုံးတွင် အထူးတည်ကြည်ခိုင်မာလိမ့်မည်။ ဤသည်တို့မှာ ဆုတောင်းပြီးနောက် ဖြစ်ပေါ်သော စစ်မှန်သော ခံစားချက်များဖြစ်သည်။ ဘာသာရေး ဆုတောင်းချက်များကို ရွတ်ဆိုခြင်းအားဖြင့် လူတို့သည် အပေါ်ယံသာ လုပ်ဆောင်နေခြင်းဖြစ်ပြီး နေ့စဉ် တူညီသော စကားအနည်းငယ်ကို ထပ်ခါထပ်ခါ ပြောဆိုနေခြင်းဖြစ်သည်မှာ ယင်းတို့ကို ၎င်းတို့ ပြောဆိုရန် ဆန္ဒမရှိတော့သည်အထိပင် ဖြစ်သည်။ ဤသို့ ဆုတောင်းပြီးနောက် ၎င်းတို့သည် မည်သည့်အရာကိုမျှ မခံစားရပေ။ ပြီးလျှင် မည်သည့်ရလဒ်မျှ လုံးဝ မရရှိပေ။ ဤသို့သောလူတို့သည် စစ်မှန်သော ယုံကြည်ခြင်း ရှိနိုင်သလော။ မဖြစ်နိုင်ပေ။

လူအချို့သည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ရာတွင် သစ္စာမရှိကြပေ။ ၎င်းတို့သည် အစဉ်သဖြင့် ဝတ်ကျေတမ်းကျေ ဖြစ်ကြသည်၊ သို့မဟုတ် ၎င်းတို့၏တာဝန်များက အလွန်အမင်းခက်ခဲပြီး ပင်ပန်းသည်ဟု ခံစားကြရသည်။ ၎င်းတို့သည် မကျိုးနွံမနာခံလိုပေ။ အစဉ်သဖြင့် တာဝန်များထံမှ လွတ်မြောက်ပြီး ငြင်းဆန်လိုကြသည်။ ပြီးလျှင် ပိုမိုလွယ်ကူသော၊ ရာသီဥတုဒဏ်မခံရသော၊ အန္တရာယ်တစ်ခုခု မရှိသော၊ ၎င်းတို့အား ဇာတိပကတိ သက်သာမှုများ ရှိစေသော တာဝန်များကို အစဉ်ထမ်းဆောင်လိုကြသည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ၎င်းတို့က ပျင်းရိသည်ကိုလည်းကောင်း၊ ဇာတိပကတိ သက်သာမှုများကို အလိုကြီးသည်ကိုလည်းကောင်း၊ ဆင်းရဲဒုက္ခအား ခါးစီးမခံနိုင်သည်ကိုလည်းကောင်း သိကြသည်။ သို့ရာတွင် ၎င်းတို့သည် အလှောင်ခံရမည်ကို ကြောက်ပြီး ၎င်းတို့၏ အမှန်တကယ် ဖြစ်သော အတွေးများကို မည်သူ့ထံမျှ လုံးဝ မဖော်ပြပေ။ ၎င်းတို့သည် နှုတ်ဖြင့်သာ “ကျွန်ုပ်သည် တာဝန်ကို ကောင်းစွာထမ်းဆောင်ပြီး ဘုရားသခင်အပေါ် သစ္စာစောင့်သိရမည်” ဟု ဆိုသည်။ ၎င်းတို့က မည်သည့်အရာတစ်ခုကိုမျှ ကောင်းစွာမလုပ်ဆောင်နိုင်သောအခါ “ကျွန်ုပ်သည် တာဝန်ထမ်းဆောင်ရာ၌ လူ့သဘာဝမရှိဘဲ သစ္စာစောင့်သိခြင်းလည်း မရှိပါ” ဟု လူတိုင်းအား ပြောသည်။ သို့ရာတွင် လက်တွေ့၌ ၎င်းတို့က ထိုသို့ လုံးဝ မတွေးပေ။ လူတစ်ဦးသည် ဤသို့သောအခြေအနေ၌ ရှိသောအခါတွင် အသိစိတ်ရှိသော ပုံစံဖြင့် အဘယ်သို့ ဆုတောင်းနိုင်မည်နည်း။ ဘုရားသခင်အား မိမိစိတ်နှလုံးဖြင့်၊ ရိုးသားမှုဖြင့် ကိုးကွယ်ရန် သခင်ယေရှုက ဆိုခဲ့သည်။ သင်သည် ဘုရားရှေ့သို့ လာသောအခါ သင့်စိတ်နှလုံးသည် ရိုးသားရမည်ဖြစ်ပြီး အယောင်ဆောင်မှုမရှိရပေ။ သူတစ်ပါးတို့ရှေ့၌ တစ်မျိုးပြောဆိုပြီး သင့်စိတ်နှလုံးအတွင်း၌မူ တစ်မျိုးတွေးနေခြင်းမပြုနှင့်။ သင်သည် ဘုရားရှေ့သို့လာပြီး ဟန်လုပ်လျှင်၊ စာစီစာကုံးတစ်ခုကို ရေးရန် ကြိုးစားနေသကဲ့သို့ သာယာလှပသော စကားအချို့ကို ကရားရေလွှတ် တတွတ်တွတ် ပြောဆိုလျှင် ဤသို့လုပ်ဆောင်ခြင်းသည် ဘုရားသခင်အား လှည့်စားနေခြင်း မဟုတ်သလော။ ရလဒ်အနေဖြင့် သင်သည် မိမိစိတ်နှလုံးဖြင့်လည်းကောင်း၊ ရိုးသားမှုဖြင့်လည်းကောင်း ဘုရားသခင်အား ကိုးကွယ်သည့်သူတစ်ဦး မဟုတ်ဆိုသည်ကို ဘုရားသခင်က မြင်လိမ့်မည်။ သင့်စိတ်နှလုံးက မရိုးသားသည်ကိုလည်းကောင်း၊ ဤသည်မှာ အလွန်အမင်း အန္တရာယ်ပြုမည့် လက္ခဏာရှိပြီး ကောက်ကျစ်ဆိုးယုတ်သည်ကိုလည်းကောင်း၊ ဆိုးယုတ်သော ရည်ရွယ်ချက်များအား သင့်စိတ်ထဲ၌ ထားရှိသည်ကိုလည်းကောင်း ဘုရားသခင်က မြင်လိမ့်မည်ဖြစ်ပြီး သူသည် သင့်အား စွန့်ပစ်လိမ့်မည်။ ဤသို့ဆိုလျှင် လူတို့သည် ၎င်းတို့၏နေ့စဉ်အသက်တာ၌ ၎င်းတို့တွင် ကြိမ်ဖန်များစွာ ဖြစ်ပျက်နေသော အမှုအရာများနှင့် ၎င်းတို့ မကြာခဏ ကြုံတွေ့ရသော ပြဿနာများအကြောင်းကို မည်သို့ ဆုတောင်းသင့်သနည်း။ ၎င်းတို့သည် ဘုရားသခင်အား စိတ်နှလုံးထဲမှ စကားပြောဆိုတတ်ရန် သင်ယူရမည်။ သင်က “အို ဘုရားသခင်၊ ကျွန်ုပ်သည် ဤတာဝန်အား အလွန်ပင်ပန်းဖွယ်ဖြစ်သည်ဟု မြင်ပါသည်။ ကျွန်ုပ်သည် ဇာတိပကတိ သက်သာမှုများကို အလိုကြီးသောသူ၊ ပျင်းရိသောသူ၊ ခက်ခဲသောအလုပ်ကို အလွန်အမင်း မနှစ်မြို့သောသူဖြစ်သည်။ ကိုယ်တော် ကျွန်ုပ်ထံ အပ်နှံခဲ့သော တာဝန်၌ ကျွန်ုပ်၏ သစ္စာစောင့်သိမှုကို မပေးအပ်နိုင်ပါ။ ပြီးလျှင် ကျွန်ုပ်၏ အစွမ်းသတ္တိရှိသမျှဖြင့်ပင် မထမ်းဆောင်နိုင်ပါ။ ကျွန်ုပ်သည် ယင်းထံမှ လွတ်မြောက်လိုပြီး ငြင်းဆန်လိုကာ အစဉ်သဖြင့် ဝတ်ကျေတမ်းကျေဖြစ်သည်။ ကျွန်ုပ်အား ပဲ့ပြင်ဆုံးမတော်မူပါ” ဟု ဆိုသည်။ ဤသည်တို့မှာ စစ်မှန်သော စကားများဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် ဤသို့ စကားပြောရဲသလော။ သင်သည် ဤသို့ပြောဆိုပြီးနောက်တွင် တစ်နေ့၌ ဘုရားသခင်က သင့်အား အမှန်တကယ် ပဲ့ပြင်ဆုံးမခဲ့လျှင် အဘယ်သို့ ဖြစ်ပျက်နိုင်မည်ကို ကြောက်ရွံ့ပြီး ထိတ်လန့်လာသည်။ အစဉ် ရင်တမမဖြစ်နေသည်။ ယုံမှားသံသယလွန်ကဲနေသည်။ လူတို့သည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်သောအခါ ဆင်းရဲဒုက္ခကို အစဉ်ရှောင်လိုသည်။ ၎င်းတို့သည် အခက်အခဲအနည်းငယ်ကို ရင်ဆိုင်ရသောအခါ၊ အားထုတ်မှုအချို့ လိုအပ်သောအခါ၊ သို့မဟုတ် အနည်းငယ် မောပန်းသောအခါတွင် ဇာတိပကတိ သက်သာမှုကို အလိုကြီးပြီး နောက်ဆုတ်လိုကြသည်။ ၎င်းတို့သည် စဉ်ဆက်မပြတ် ရွေးနေကြသည်။ ပြီးလျှင် ဆင်းရဲဒုက္ခအနည်းငယ်ကို တွေ့ကြုံရသောအခါ ၎င်းတို့က “ဘုရားသခင်က သိသလော။ အမှတ်ရမည်လော။ အလွန်ကြီးမားသော ဆင်းရဲဒုက္ခကို ခါးစီးခံပြီးနောက်တွင် နောင်အချိန်၌ ဆုလာဘ်တစ်ခုခုကို ငါရရှိမည်လော” ဟု တွေးတောချိန်ဆကြသည်။ ၎င်းတို့သည် အစဉ်သဖြင့် ရလဒ်တစ်ခုကို ရှာကြသည်။ ဤပြဿနာအားလုံးကို ဖြေရှင်းရန် လိုသည်။ ယခင်က ငါသည် လူတစ်ယောက်အား သတင်းစကားတစ်ခု လက်ဆင့်ကမ်းပေးရန် တာဝန်ချပေးခဲ့ပြီး သူက ငါ့ထံသို့ သတင်းပို့ရန် ပြန်လာသောအခါ ရှေးဦးစွာ သူ၏ ကြီးမားသော အောင်မြင်မှုများအကြောင်းကို ပြောဆိုသည်။ ပြဿနာကို မည်သို့ ဖြေရှင်းခဲ့သည်ကို သူ ရှင်းပြသည်။ ယင်းကို သူမည်မျှ စိတ်ပူပန်ပြီး မည်မျှပြောဆိုခဲ့ရကြောင်း၊ ထိုသူက ကိုင်တွယ်ဖို့ မည်မျှခက်ခဲကြောင်း၊ ထိုသူအပေါ် ကြားကောင်းသောစကားမည်မျှကို သူ အသုံးပြုခဲ့ရပြီး နောက်ဆုံး၌ အလုပ်ကို ပြီးအောင်လုပ်ခဲ့ကြောင်းတို့ကို ပြောဆိုသည်။ သူသည် စဉ်ဆက်မပြတ် နာမည်ယူပြီး ဤအကြောင်းကို ဆက်လက် ပြောဆိုနေသည်။ ဤတွင် ဖုံးကွယ်နေသော ရည်ညွှန်းချက်မှာ အဘယ်နည်း။ “ကိုယ်တော်သည် ကျွန်ုပ်ကို ချီးမွမ်းရမည်။ ကတိပေးရမည်။ နောင်အချိန်တွင် မည်သည့်ဆုလာဘ်များအား ကျွန်ုပ်ရမည်ကို ပြောရမည်” ဟူ၍ ဖြစ်သည်။ သူသည် ဆုလာဘ်တစ်ခုကို ပြောင်ပြောင်တင်းတင်း ရှာဖွေနေခြင်းဖြစ်သည်။ ငါ့ကို ပြောလော့။ ဤသေးငယ်သောအလုပ်ကို လုပ်ဆောင်ခြင်းသည် ချီးမွမ်းရန် ထိုက်တန်သလော။ မိမိတာဝန်အနည်းငယ်ကို ထမ်းဆောင်ခြင်းအတွက် ချီးမွမ်းခံရဖို့ အစဉ်ကြိုးစားလျှင် ယင်းသည် မည်သည့် စိတ်သဘောထား ဖြစ်သနည်း။ စာတန်၏ သဘာဝ မဟုတ်သလော။ သူသည် ဤသေးငယ်သောအလုပ်အတွက် ချီးမွမ်းခြင်းနှင့် ဆုလာဘ်များကို မျှော်လင့်သည်။ ဤသည်မှာ သူသည် အရေးပါသောအလုပ်များကို တာဝန်ယူလုပ်ဆောင်ရလျှင်၊ သို့မဟုတ် ကြီးမားသောအလုပ်ကို ပြီးမြောက်လျှင် သူ၏ အပြုအမူသည် ပို၍ပင်ဆိုးမည်ဆိုသည့် သဘောမဟုတ်သလော။ သူသည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းနှင့် ကောင်းချီးကို မရနိုင်လျှင် ပုန်ကန်မည်လော။ တတိယကောင်းကင်ဘုံသို့ တက်ပြီး ဘုရားသခင်နှင့် ငြင်းခုံမည်လော။ ဤသို့ဆိုလျှင် သူသည် ဘုရားသခင်အပေါ် သူ၏ ယုံကြည်ခြင်း၌ မည်သည့်လမ်းကြောင်းကို လျှောက်နေခြင်း ဖြစ်သနည်း။ (အန္တိခရစ်တို့၏ လမ်းကြောင်းဖြစ်သည်။) ပေါလုကဲ့သို့ အန္တိခရစ်တို့၏ လမ်းကြောင်းဖြစ်သည်။ ပေါလုသည် အစဉ်သဖြင့် ဘုရားသခင်ထံမှ ဆုလာဘ်များနှင့် ဂုဏ်အဆင့်အတန်းများကို ရှာဖွေခဲ့သည်။ ဘုရားသခင်က ခွင့်မပြုလျှင် သူသည် အပျက်သဘောဆောင်လာပြီး သူ၏အလုပ်တွင် အချောင်ခိုလိမ့်မည်။ သခင့်ကို ဆန့်ကျင်ပြီး သစ္စာဖောက်လိမ့်မည်။ ငါ့ကိုပြောလော့။ မည်သို့သောသူမျိုးက မိမိတာဝန်၌ ဆင်းရဲဒုက္ခအနည်းငယ်ကို ခါးစီးခံပြီးနောက် ဆုလာဘ်တစ်ခုကို ရလိုသနည်း။ (ဆိုးယုတ်သောသူဖြစ်သည်။) သူ၏ လူ့သဘာဝသည် အလွန်ဆိုးယုတ်သည်။ သာမန်လူတို့အတွင်း၌ ဤအခြေအနေများ ရှိသလော။ လူတိုင်းတွင် ဤအခြေအနေများရှိသည်။ သဘာဝအနှစ်သာရသည် လူတိုင်းတွင် တစ်ပုံစံတည်းဖြစ်သည်။ လူအချို့က ပြင်းထန်စွာ ပြသမှုမရှိခြင်းသာ ဖြစ်သည်။ ၎င်းတို့သည် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်ပြီး ဤသို့သောလုပ်ရပ်များနှင့် အတွေးများက မှားယွင်းသည်ကိုလည်းကောင်း၊ ၎င်းတို့သည် ဘုရားသခင်ထံမှ ဆုလာဘ်များကို တောင်းခံ၍မရနိုင်သည်ကိုလည်းကောင်း သိသည်။ သို့သော် ဤသို့သောအခြေအနေနှင့် ပတ်သက်ပြီး မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ယင်းကို ဖြေရှင်းရန်အတွက် သမ္မာတရားကို ရှာဖွေရမည်။ သမ္မာတရား၏ မည်သည့်ကဏ္ဍက ဤအခြေအနေကို ဖြေရှင်းနိုင်သနည်း။ လူတစ်ယောက်အနေဖြင့် သူသည် မည်သူဖြစ်သည်ကိုလည်းကောင်း၊ မည်သည့်နေရာတွင် ရပ်တည်သင့်သည်ကိုလည်းကောင်း၊ မည်သည့်လမ်းကြောင်းကို သူလိုက်စားသင့်သည်ကိုလည်းကောင်း၊ သူသည် မည်သို့သောသူမျိုး ဖြစ်သင့်သည်ကိုလည်းကောင်း သိဖို့ အရေးပါသည်။ ဤသည်တို့မှာ လူတစ်ဦးသိသင့်သည့် အသေးငယ်ဆုံးသောအရာများဖြစ်သည်။ လူတစ်ဦးက ဤအရာများကိုပင် မသိလျှင် ထိုသူသည် သမ္မာတရားအား နားလည်ရန်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်၊ သို့မဟုတ် ကယ်တင်ခြင်းကို လိုက်စားရန် အလှမ်းဝေးပေသည်။

အချို့သော အထူးတာဝန်များ၊ သို့မဟုတ် ပို၍အားသွန်ခွန်စိုက် လုပ်ရပြီး ပင်ပန်းသောတာဝန်များအား ထမ်းဆောင်ခြင်းနှင့် ပတ်သက်လျှင် တစ်ဖက်၌ လူတို့သည် ထိုတာဝန်များအား မည်သို့ထမ်းဆောင်ရမည်ကိုလည်းကောင်း၊ မည်သည့်ဆင်းရဲဒုက္ခများကို ခါးစီးခံသင့်သည်ကိုလည်းကောင်း၊ ၎င်းတို့၏တာဝန်များအား မည်သို့ထိန်းသိမ်းပြီး ကျိုးနွံနာခံသင့်သည်ကိုလည်းကောင်း အစဉ်ချင့်ချိန်စဉ်းစားရမည်။ အခြားတစ်ဖက်၌ လူတို့သည် ၎င်းတို့၏ ရည်ရွယ်ချက်များ၌ မည်သည့်မသန့်စင်မှုများရှိနေသည်ကိုလည်းကောင်း၊ ထိုအရာများက ၎င်းတို့၏တာဝန်ထမ်းဆောင်မှုကို မည်သို့နှောင့်နှေးစေသည်ကိုလည်းကောင်း ဆန်းစစ်ရမည်။ လူတို့သည် ဆင်းရဲဒုက္ခခံစားခြင်းအပေါ် အလွန်အမင်း မနှစ်မြို့ခြင်းဖြင့် မွေးဖွားလာခဲ့သည်။ မည်သူတစ်ဦးတစ်ယောက်ကမျှ ပို၍ဆင်းရဲဒုက္ခခံစားခြင်းမှ စိတ်အားထက်သန်ခြင်း၊ သို့မဟုတ် ဝမ်းမြောက်ခြင်းကို ပိုမရရှိပေ။ ဤသို့သောလူများ မရှိပေ။ လူတို့အနေဖြင့် ၎င်းတို့၏အသွေးအသားက ဆင်းရဲဒုက္ခကို ခါးစီးခံရသည်နှင့်တစ်ပြိုင်နက် စိတ်ပူခြင်းနှင့် စိတ်သောကရောက်ခြင်းသည် လူ၏ ဇာတိပကတိသဘာဝ ဖြစ်သည်။ သို့သော် ယခုတွင် သင်တို့ထမ်းဆောင်သောတာဝန်၌ ဆင်းရဲဒုက္ခမည်မျှကို သင်တို့ ခါးစီးခံရမည်နည်း။ သင်၏ဇာတိပကတိက အနည်းငယ် ပင်ပန်းခြင်း၊ အနည်းငယ် အားသွန်ခွန်စိုက် လုပ်ရခြင်းတို့ကိုသာ ခါးစီးခံဖို့လိုသည်။ သင်သည် ဤအနည်းငယ်မျှသော ဆင်းရဲဒုက္ခကိုပင် ခါးစီးမခံနိုင်လျှင် စိတ်ဓာတ်ခိုင်မာမှုရှိသည်ဟု သတ်မှတ်နိုင်သလော။ သင့်ကို ဘုရားသခင်အား အမှန်တကယ် ယုံကြည်သည်ဟု သတ်မှတ်၍ရနိုင်သလော။ (သတ်မှတ်၍မရနိုင်ပါ။) ဤသည်မှာ အလုပ်မဖြစ်ပေ။ သင်သည် ဘုရားအိမ်တော်တွင် တာဝန်ထမ်းဆောင်နေသောအခါ မည်သူကမျှ သင့်အား ကြီးကြပ်နေခြင်းမရှိ။ သင့်ဘာသာ စတင်လုပ်ဆောင်ခြင်းအပေါ် လုံးဝ မူတည်သည်။ ဘုရားအိမ်တော်တွင် အလုပ်အစီအစဉ်များနှင့် စနစ်များရှိသည်။ ပြီးလျှင် မိမိ၏ ယုံကြည်ခြင်းအပေါ်၊ မိမိ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားအပေါ် အမှီပြုရန် တစ်ဦးချင်းစီအပေါ် မူတည်သည်။ သင်သည် သင့်တာဝန်၌ ကောင်းစွာ ထမ်းဆောင်ခြင်းရှိမရှိကို ဘုရားသခင်ကသာ စိစစ်သည်။ လူတို့သည် တာဝန်ထမ်းဆောင်စဉ်တွင်၊ သို့မဟုတ် ၎င်းတို့အနီးရှိ လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများနှင့် ထိတွေ့သောအခါတွင် မည်သည့်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ပြသည်ဖြစ်စေ ၎င်းတို့သည် ယင်းကို အစဉ်သတိမထားမိဘဲ အပြစ်ဆိုခြင်းကိုမခံစားရလျှင် ဤသည်မှာ ကောင်းသောအရာဖြစ်သလော၊ ဆိုးသောအရာဖြစ်သလော။ (ဆိုးသောအရာ ဖြစ်ပါသည်။) အဘယ်ကြောင့် ဆိုးသောအရာဟု သတ်မှတ်သနည်း။ လူ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတွင် အနည်းဆုံးသော စံနှုန်းတစ်ခုရှိသည်။ သင်၏ အသိစိတ်က သိမြင်မှုလုံးဝမရှိဘဲ ဆိုးသောအရာများ မလုပ်ဆောင်ရန် မတားဆီးနိုင်လျှင်၊ သို့မဟုတ် သင်၏ အပြုအမူကို မထိန်းချုပ်နိုင်လျှင်၊ သင်သည် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များနှင့် စည်းမျဉ်းများကို ချိုးဖောက်ပြီး လူ့သဘာဝကင်းမဲ့သည့် ပုံစံနှင့် လုပ်ဆောင်သော်လည်း သင့်စိတ်နှလုံး၌ မိမိကိုယ်ကို အပြစ်တင်ခြင်း ကင်းမဲ့လျှင် ဤသည်မှာ ကိုယ်ကျင့်တရားအခြေခံစည်းမျဉ်း ကင်းမဲ့နေခြင်း မဟုတ်လော။ ဤသည်မှာ သင်၏အသိစိတ်ကို သတိပြုမိမှုမရှိခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) သင်တို့သည် မှားယွင်းသောအရာတစ်ခုကို လုပ်ဆောင်သောအခါ၊ သို့မဟုတ် စည်းမျဉ်းများကို ချိုးဖောက်သောအခါ၊ သို့မဟုတ် သင့်တာဝန်ကို ထမ်းဆောင်ရာ၌ အချိန်ကြာမြင့်စွာ သစ္စာမစောင့်သိသောအခါတွင် ယင်းကို သတိပြုမိလေ့ရှိသလော။ (ရှိပါသည်။) ဤသို့ဆိုလျှင် သင်၏ အသိစိတ်က သင့်အားထိန်းချုပ်ပြီး သင်၏အသိစိတ်၊ ဆင်ခြင်တုံတရားနှင့်အညီ၊ သမ္မာတရားစည်းမျဉ်းများနှင့်အညီ သင့်အား အမှုအရာများကို လုပ်ဆောင်စေနိုင်သလော။ သင်သည် သမ္မာတရားကို နားလည်သောသူတစ်ဦးဖြစ်လျှင် သင်၏အသိစိတ်ကို အခြေခံပြီး လုပ်ဆောင်ခြင်းမှနေ၍ သမ္မာတရားစည်းမျဉ်းများကို အခြေခံပြီး လုပ်ဆောင်ခြင်းဆီသို့ မြင့်တက်နိုင်သလော။ ထိုသို့လုပ်ဆောင်နိုင်လျှင် သင် ကယ်တင်ခြင်းခံရနိုင်သည်။ မိမိတာဝန်ကို ထမ်းဆောင်ခြင်း၌ ဆင်းရဲဒုက္ခကို ခါးစီးခံနိုင်ခြင်းသည် လွယ်ကူသောအလုပ်မဟုတ်ပေ။ သီးသန့်အလုပ်တစ်မျိုးကို ကောင်းစွာထမ်းဆောင်ရန်လည်း မလွယ်ကူပေ။ ဤအရာများကို လုပ်ဆောင်နိုင်သောလူတို့အတွင်းတွင် ဘုရားနှုတ်ကပတ်တော်၏ သမ္မာတရားက အလုပ်လုပ်နေသည်မှာ သေချာသည်။ ၎င်းတို့က ဆင်းရဲဒုက္ခနှင့် မောပန်းနွမ်းနယ်ခြင်းကို မကြောက်ရွံ့ဘဲ မွေးဖွားလာခြင်းမဟုတ်။ ဤသို့သောသူကို မည်သည့်နေရာ၌ တွေ့နိုင်သနည်း။ ဤလူတို့အားလုံးတွင် တွန်းအားအချို့ရှိသည်။ ပြီးလျှင် ၎င်းတို့၏ အခြေခံအုတ်မြစ်အဖြစ် ဘုရားနှုတ်ကပတ်တော်၏ သမ္မာတရားအချို့ရှိသည်။ ၎င်းတို့၏ တာဝန်ကို စတင်ထမ်းဆောင်သောအခါတွင် ၎င်းတို့၏အမြင်များနှင့် ရပ်တည်ချက်များက ပြောင်းလဲသည်။ ၎င်းတို့၏တာဝန်များကို ထမ်းဆောင်ခြင်းက ပို၍လွယ်ကူလာပြီး ဇာတိပကတိနှင့်ဆိုင်သော ဆင်းရဲဒုက္ခနှင့် ပင်ပန်းနွမ်းနယ်မှုတစ်ခုခုအား တောင့်ခံခြင်းသည် ၎င်းတို့အတွက် အရေးမပါသကဲ့သို့ ခံစားရသည်။ သမ္မာတရားကို နားမလည်သောသူတို့နှင့် အမှုအရာများအပေါ် အမြင်မပြောင်းလဲသောသူတို့သည် လူသားစိတ်ကူးများ၊ အယူအဆများ၊ တစ်ကိုယ်ကောင်းဆန်သော အလိုဆန္ဒများနှင့် တစ်ကိုယ်ရေနှစ်သက်မှုများအတိုင်း အသက်ရှင်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ရန် တွန့်ဆုတ်ပြီး စိတ်မပါကြပေ။ ဥပမာအားဖြင့် ညစ်ပေပြီး ပင်ပန်းသောအလုပ်ကို လုပ်ရခြင်းနှင့်ပတ်သက်လျှင် လူအချို့က “ဘုရားအိမ်တော်၏ အစီအစဉ်များကို ကျွန်ုပ်နာခံမည်။ အသင်းတော်က ကျွန်ုပ်အတွက် မည်သည့်တာဝန်ကို စီစဉ်ပေးသည်ဖြစ်စေ၊ ယင်းတာဝန်က ညစ်ပေသည်ဖြစ်စေ၊ ပင်ပန်းသည်ဖြစ်စေ၊ အထင်မကြီးစရာဖြစ်စေ၊ မထူးခြားသည်ဖြစ်စေ ကျွန်ုပ်ထမ်းဆောင်မည်။ ကျွန်ုပ်တွင် တောင်းဆိုချက်များမရှိ။ ယင်းကို ကျွန်ုပ်၏တာဝန်အဖြစ် လက်ခံမည်။ ဤသည်မှာ ဘုရားသခင်က ကျွန်ုပ်အား အပ်နှံသော တာဝန်ပေးစေခိုင်းချက်ဖြစ်သည်။ ပြီးလျှင် အနည်းငယ်သော ညစ်ပေခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်းတို့သည် ကျွန်ုပ် ခါးစီးခံသင့်သော ဆင်းရဲဒုက္ခများဖြစ်သည်” ဟု ဆိုကြသည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် ၎င်းတို့အလုပ်၌ ပါဝင်လုပ်ဆောင်သောအခါ ဆင်းရဲဒုက္ခတစ်ခုခုကို ခါးစီးခံနေရသည်ဟု လုံးဝ မခံစားရပေ။ အခြားလူများက ညစ်ပေပြီး မောပန်းသည်ဟု မြင်နိုင်သော်လည်း ၎င်းတို့ကမူ လွယ်ကူသည်ဟု မြင်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ စိတ်နှလုံးက တည်ငြိမ်ပြီး အနှောင့်အယှက်ကင်းသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်အတွက် လုပ်ဆောင်နေခြင်း ဖြစ်သောကြောင့် ယင်းသည် ခက်ခဲသည်ဟု မခံစားကြရပေ။ လူအချို့က ညစ်ပေသော၊ ပင်ပန်းသော၊ သို့မဟုတ် ထူးခြားမှုမရှိသောအလုပ်ကို လုပ်ဆောင်ခြင်းသည် ၎င်းတို့၏ အဆင့်အတန်းနှင့် ကိုယ်ကျင့်စရိုက်ကို စော်ကားခြင်းဖြစ်သည်ဟု သတ်မှတ်သည်။ အခြားလူများက ၎င်းတို့ကို မလေးစားခြင်း၊ အနိုင်ကျင့်ခြင်း၊ သို့မဟုတ် ၎င်းတို့ကို အထင်သေးခြင်းအဖြစ် မြင်သည်။ ရလဒ်အနေဖြင့် တစ်ပုံစံတည်းသော အလုပ်တာဝန်များနှင့် အလုပ်ပမာဏကို ရင်ဆိုင်ရသောအခါတွင်ပင် ၎င်းတို့က အားသွန်ခွန်စိုက်လုပ်ရသည်ဟု မြင်သည်။ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့စိတ်နှလုံးတွင် မကျေမနပ်ဖြစ်သည့် ခံစားချက်ကို ထားရှိကြသည်။ အမှုအရာများက ၎င်းတို့ အလိုရှိသည့်ပုံစံအတိုင်းမဖြစ်၊ သို့မဟုတ် ယင်းတို့သည် ကျေနပ်ဖွယ်မရှိဟု ခံစားကြရသည်။ စိတ်အတွင်းတွင် ၎င်းတို့သည် အပျက်သဘောဆောင်ခြင်းနှင့် အတိုက်အခံများဖြင့် ပြည့်နေသည်။ အဘယ်ကြောင့် အပျက်သဘောဆောင်ပြီး အတိုက်အခံ ဖြစ်ကြသနည်း။ အကြောင်းရင်းမှာ အဘယ်နည်း။ အများအားဖြင့် ယင်းမှာ တာဝန်ထမ်းဆောင်ခြင်းဖြင့် ၎င်းတို့သည် လစာမရရှိသောကြောင့် ဖြစ်သည်။ ယင်းမှာ အခမဲ့အလုပ်လုပ်နေသကဲ့သို့ ခံစားရသည်။ ဆုလာဘ်များရှိလျှင် ၎င်းတို့အတွက် လက်ခံနိုင်ဖွယ်ဖြစ်ကောင်း ဖြစ်နိုင်သည်။ သို့သော် ဆုလာဘ်များအား ၎င်းတို့ ရမည်မရမည်ကို ၎င်းတို့မသိပေ။ ထို့ကြောင့် တာဝန်ထမ်းဆောင်ခြင်းသည် ထိုက်တန်ခြင်းမရှိဟု လူတို့ခံစားကြရပြီး အလဟဿအလုပ်လုပ်ခြင်းနှင့် တန်းတူထားကြသည်။ ထို့ကြောင့် ၎င်းတို့သည် တာဝန်ထမ်းဆောင်ခြင်းနှင့်ပတ်သက်လျှင် မကြာခဏဆိုသလို အပျက်သဘောဆောင်ပြီး အတိုက်အခံ ဖြစ်လာကြသည်။ ဤသည်မှာ မမှန်ကန်သလော။ ပွင့်လင်းစွာ ပြောဆိုရလျှင် ဤလူတို့သည် တာဝန်ထမ်းဆောင်လိုစိတ်မရှိကြပေ။ မည်သူကမျှ ၎င်းတို့ကို အတင်းမခိုင်းစေသည့်အတွက် ၎င်းတို့သည် အဘယ်ကြောင့် တာဝန်ထမ်းဆောင်ရန် လာနေကြသေးသနည်း။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် မိမိတို့ကိုယ်ကို အတင်းခိုင်းစေနေသောကြောင့်ဖြစ်သည်။ ကောင်းချီးများရပြီး ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်လိုသည့် ၎င်းတို့၏ ဆန္ဒကြောင့် ၎င်းတို့သည် တာဝန်များထမ်းဆောင်ဖို့မှလွဲ၍ ရွေးချယ်စရာမရှိပေ။ ဤသည်မှာ ၎င်းတို့ မည်မျှရွေးချယ်စရာ မရှိကြောင်းနှင့်ပတ်သက်သည့် သရုပ်သကန် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်နှင့် အပေးအယူလုပ်ရန် ၎င်းတို့ ကြိုးစားခြင်းနောက်ကွယ်ရှိ စိတ်နေစိတ်ထားဖြစ်သည်။ ဤသို့သောလူတို့သည် ၎င်းတို့၏စိတ်နှလုံး၌ အပျက်သဘောဆောင်ခြင်းနှင့် အတိုက်အခံရှိခြင်း ပြဿနာကို မည်သို့ဖြေရှင်းနိုင်ကြသနည်းဟု လူအချို့က မေးကြသည်။ ဤပြဿနာကို သမ္မာတရားအား မိတ်သဟာယဖွဲ့ခြင်းဖြင့်သာ ဖြေရှင်းနိုင်သည်။ ၎င်းတို့က သမ္မာတရားကို မချစ်လျှင် ၎င်းတို့နှင့် သမ္မာတရားကို မည်သို့မိတ်သဟာယဖွဲ့သည်ဖြစ်စေ ၎င်းတို့က လက်ခံနိုင်မည်မဟုတ်ပေ။ ဤသို့ဆိုလျှင် ၎င်းတို့သည် မယုံကြည်သူများဖြစ်သည်။ ပြီးလျှင် ၎င်းတို့သည် ထုတ်ဖော်ခြင်းခံရပြီး ဖြစ်သည်။ ၎င်းတို့သည် အပေးအယူလုပ်လိုပြီး ၎င်းတို့အတွက် အကျိုးမရှိလျှင် မည်သည့်အရာကိုမျှ လုပ်မည်မဟုတ်သောကြောင့် ဘုရားသခင်က ၎င်းတို့အား ဆုလာဘ်များနှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ခွင့်ကို ကတိပေးပြီး အာမခံချက်ကို စာရေးသားပေးလျှင် ၎င်းတို့သည် ၎င်းတို့၏တာဝန်များကို စိတ်ထက်သန်စွာ သေချာပေါက် ထမ်းဆောင်လိမ့်မည်။ လက်တွေ့တွင် ဘုရားသခင်၏ ကတိတော်သည် ပွင့်လင်းပြီး သမ္မာတရားအား လိုက်စားသူတို့က ရရှိနိုင်သည်။ သို့ရာတွင် သမ္မာတရားအား မလိုက်စားသူတို့မှာမူ မရရှိနိုင်ပေ။ ၎င်းတို့က ဘုရားသခင်၏ ကတိတော်ကို သတိမပြုမိခြင်းမဟုတ်။ ၎င်းတို့၏ စိတ်နှလုံးတွင် လက်ဆုပ်လက်ကိုင်မပြနိုင်သကဲ့သို့ သေချာခြင်းမရှိဟု ခံစားရခြင်းသာ ဖြစ်သည်။ ၎င်းတို့အတွက် ဘုရားသခင်၏ ကတိတော်သည် သုံးစား၍မရသောအရာတစ်ခုကဲ့သို့ ဖြစ်သည်။ ၎င်းတို့သည် ယင်းအပေါ် မယုံကြည်နိုင်ပေ။ ပြီးလျှင် ယင်းအပေါ်တွင် စစ်မှန်သော ယုံကြည်ခြင်းမရှိဘဲ ဤအရာနှင့်ပတ်သက်ပြီး မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ပေ။ ၎င်းတို့သည် လက်ဆုပ်လက်ကိုင် ပြနိုင်သောအရာများကို အလိုရှိပြီး သင်က ၎င်းတို့ကို လစာပေးခဲ့လျှင် ၎င်းတို့သည် အသေအချာပင် အားမာန်တက်ကြွလိမ့်မည်။ သို့ရာတွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား မရှိသောသူတို့သည် အသေအချာ အားမာန်တက်ကြွခြင်းမျိုး ဖြစ်ချင်မှ ဖြစ်ပေမည်။ ၎င်းတို့သည် အလွန်စိတ်ပျက်စရာဖြစ်သည်။ ၎င်းတို့သည် လောကီ၌ အလုပ်ခန့်အပ်ခြင်းခံရလျှင် လုံ့လရှိစွာ အလုပ်လုပ်မည်မဟုတ်။ ၎င်းတို့သည် စိတ်မချရဘဲ အချောင်ခိုလိမ့်မည်ဖြစ်ပြီး သေချာပေါက် အလုပ်ထုတ်ခံရမည်။ ဤသည်မှာ ၎င်းတို့၏သဘာဝနှင့်ဆိုင်သော ပြဿနာသာဖြစ်သည်။ တာဝန်ထမ်းဆောင်ရာ၌ စဉ်ဆက်မပြတ် ဝတ်ကျေတမ်းကျေ ဖြစ်သောသူတို့အတွက် တစ်ခုတည်းသော ဖြေရှင်းချက်မှာ ၎င်းတို့ကို ရှင်းလင်းပစ်ပြီး ဖယ်ရှားရှင်းလင်းရန်ဖြစ်သည်။ သမ္မာတရားအား လက်မခံသောသူတို့အတွက် အခြားသောနည်းလမ်းမရှိ။ ၎င်းတို့၏ ဆင်ခြေများနှင့် ကျိုးကြောင်းပြချက်များအားလုံးက ကျိုးကြောင်းမသင့်ပေ။ ပြီးလျှင် ၎င်းတို့လူ့သဘာဝ၏ အရည်အသွေးနှင့်ပတ်သက်၍ ဆွေးနွေးဖို့ မလိုအပ်ပေ။

ယခုအခါတွင် လူအများစုသည် တာဝန်များကို စတင်ထမ်းဆောင်လာကြသည်။ တာဝန်များသည် မည်သည့်အရာများ ဖြစ်သည်၊ မည်သို့ ဖြစ်ပေါ်လာသည်၊ ယင်းတို့ကို မည်သူကပေးသည်ကို သင်တို့နားလည်ကြသလော။ (တာဝန်များသည် ဘုရားသခင်က လူတို့ကိုပေးအပ်သည့် တာဝန်ပေးစေခိုင်းချက်များဖြစ်ပါသည်။) မှန်သည်။ သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး သူ၏အိမ်တော်သို့ လာလျှင်၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို သင်လက်ခံနိုင်လျှင် သင်သည် ဘုရားအိမ်တော်သားတစ်ဦးဖြစ်သည်။ ဘုရားအိမ်တော်က သင့်အတွက် စီစဉ်ပေးသော တာဝန်များသည်၊ ဘုရားသခင်က သင့်အား လိုက်လျှောက်ရန် ပြောသည့် လမ်းခရီးနှင့် ဘုရားသခင်က သင့်အားပေးအပ်သော တာဝန်ပေးစေခိုင်းချက်တို့သည် သင်၏တာဝန်များ ဖြစ်သည်။ ပြီးလျှင် ယင်းတို့သည် ဘုရားသခင်က သင့်အား ပေးပြီးဖြစ်သောအရာများဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များကို သင်စားသောက်သောအခါတွင်လည်းကောင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သဘောပေါက်နားလည်သောအခါတွင်လည်းကောင်း၊ ဘုရားအိမ်တော်၏ အစီအစဉ်များကို နားထောင်ပြီး နားလည်သောအခါတွင်လည်းကောင်း၊ မည်သည့်တာဝန်ကို သင်ထမ်းဆောင်သင့်သည်၊ မည်သည့်ဝတ္တရားများကို သင်ဖြည့်ဆည်းနိုင်စွမ်းရှိသည်ဆိုသည်ကို သင့်စိတ်နှလုံး၌ သိသောအခါတွင်လည်းကောင်း၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံပြီး သင့်တာဝန်ကို စတင်ထမ်းဆောင်သောအခါတွင်လည်းကောင်း သင်သည် ဘုရားအိမ်တော်သားတစ်ဦးဖြစ်လာပြီး ဧဝံဂေလိ ချဲ့ထွင်ခြင်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာသည်။ ဘုရားသခင်သည် သင့်အား သူ၏အိမ်တော်သားအဖြစ်၊ သူ၏အမှုတော် ချဲ့ထွင်ခြင်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် သဘောထားသည်။ ဤအခြေအနေတွင် သင့်၌ သင်ထမ်းဆောင်သင့်သည့် တာဝန်ရှိသည်။ သင် လုပ်ဆောင်နိုင်စွမ်းရှိသည့် မည်သည့်အရာမဆို၊ သင်စွမ်းဆောင်ရရှိနိုင်စွမ်းရှိသည့် မည်သည့်အရာမဆိုသည် သင်တာဝန်ရှိသောအရာများဖြစ်ပြီး သင်၏ တာဝန်ဖြစ်သည်။ ယင်းတို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်၊ သင်၏ အထူးတာဝန်၊ သင်မဖြစ်မနေလုပ်ဆောင်ရမည်ဖြစ်သော တာဝန်ဖြစ်သည်ဟု ဆိုနိုင်သည်။ တာဝန်များသည် ဘုရားသခင်ထံမှ လာသည်။ ယင်းတို့သည် ဘုရားသခင်က လူအား ပေးအပ်သော ဝတ္တရားများနှင့် တာဝန်ပေးစေခိုင်းချက်များဖြစ်သည်။ ဤသို့ဆိုလျှင် လူက ယင်းတို့အား မည်သို့နားလည်သင့်သနည်း။ “ဤသည်မှာ ဘုရားသခင်က ကျွန်ုပ်အား ပေးအပ်ခဲ့သော ကျွန်ုပ်၏ဝတ္တရားနှင့် တာဝန်ပေးစေခိုင်းချက်ဖြစ်သောကြောင့် ယင်းသည် ကျွန်ုပ်၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်။ ယင်းကို ကျွန်ုပ် မဖြစ်မနေလုပ်ရမည်ဖြစ်သော တာဝန်အဖြစ်လက်ခံမှသာ မှန်ကန်ပေသည်။ ယင်းကို ကျွန်ုပ် ငြင်းဆို၍မရပေ၊ သို့မဟုတ် ငြင်းပယ်၍မရပေ။ ကျွန်ုပ် ရွေး၍မရပေ။ ကျွန်ုပ်အပေါ်သို့ ကျရောက်သောအရာသည် အသေအချာပင် ကျွန်ုပ်လုပ်ဆောင်သင့်သောအရာ ဖြစ်သည်။ ကျွန်ုပ်သည် ရွေးချယ်မှုတစ်ခုလုပ်ဆောင်ရန် အခွင့်မရှိခြင်းမဟုတ်။ ရွေးချယ်မှု မပြုလုပ်သင့်ခြင်းဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းခံတစ်ဦး ရှိသင့်သည့် အသိစိတ်ဖြစ်သည်” ဟူ၍တည်း။ ဤသည်မှာ ကျိုးနွံနာခံခြင်း သဘောထားတစ်ခုဖြစ်သည်။ လူအချို့သည် မိမိတို့၏ တာဝန်ထမ်းဆောင်သောအခါတွင် စဉ်ဆက်မပြတ် အကောင်းဆုံးကိုသာ ရွေးယူကြပြီး လွယ်ကူသော၊ ၎င်းတို့ ပျော်မွေ့သော အလုပ်ကို အစဉ်လုပ်လိုကြသည်။ ဘုရားအိမ်တော်၏ အစီအစဉ်များကို ကျိုးနွံနာခံနိုင်ခြင်း မရှိကြပေ။ ဤသည်မှာ ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုသည် သေးငယ်လွန်းကြောင်းနှင့် ပုံမှန်လူသားအသိစိတ်ကို ပိုင်ဆိုင်ခြင်းမရှိကြောင်းကို ပြသည်။ လူငယ်တစ်ယောက်ဖြစ်ပြီး ထိုသူက မည်သည့်ဆင်းရဲဒုက္ခမျှ တွေ့ကြုံရခြင်းမရှိဘဲ အိမ်တွင် အလိုလိုက်ခြင်းခံရကာ ပျက်စီးနေလျှင် သူ့အနေဖြင့် အနည်းငယ်တစ်ဇွတ်ထိုးလုပ်ဆောင်ခြင်းမှာ နားလည်နိုင်ဖွယ် ဖြစ်သည်။ သမ္မာတရားကို သူလက်ခံနိုင်သရွေ့ ဤသည်မှာ တဖြည်းဖြည်းချင်း ပြောင်းလဲလိမ့်မည်။ သို့ရာတွင် အသက်သုံးဆယ်ဝန်းကျင်၊ သို့မဟုတ် လေးဆယ်ဝန်းကျင်ရှိသော အရွယ်ရောက်သူတစ်ယောက်က ဤသို့ ရွံစရာကောင်းသောပုံစံဖြင့် ပြုမူလျှင် ဤသည်မှာ ပျင်းရိခြင်း ပြဿနာဖြစ်သည်။ ပျင်းရိခြင်း ရောဂါသည် မွေးရာပါရောဂါဖြစ်ပြီး ကိုင်တွယ်ရန် အခက်ဆုံးဖြစ်သည်။ ယင်းသည် မိမိ၏သဘာဝနှင့်ဆိုင်သော ပြဿနာဖြစ်ပြီး သီးသန့်ပတ်ဝန်းကျင်၊ သို့မဟုတ် အခြေအနေများတွင် အခြားမည်သည့်ရွေးချယ်မှုမျှမရှိဘဲ ထားရှိခြင်းခံရခြင်းမှတစ်ဆင့်သာ ဤသို့သောလူတို့သည် ဆင်းရဲဒုက္ခနှင့် ပင်ပန်းနွမ်းနယ်မှုအနည်းငယ်ကို တောင့်ခံနိုင်ကြသည်။ ဤသည်မှာ သူတောင်းစားအချို့က သူတောင်းစား ဖြစ်ခြင်းသည် အထင်သေးခြင်းနှင့် ခွဲခြားဆက်ဆံခံရခြင်းတို့ကို လက်ယပ်ခေါ်ခြင်းဖြစ်သည်ကို ကောင်းစွာသိသော်လည်း ၎င်းတို့က အလုပ်လုပ်ရန် ပျင်းရိခြင်းနှင့် စိတ်မပါခြင်းကြောင့် တောင်းစားခြင်းကို ကျင့်သုံးဖို့မှလွဲ၍ အခြားရွေးချယ်စရာမရှိသကဲ့သို့ ဖြစ်သည်။ ဤသို့မဟုတ်လျှင် ၎င်းတို့သည် အစာငတ်ခံရလိမ့်မည်။ အနှစ်ချုပ်လျှင် လူတစ်ယောက်သည် သူ၏တာဝန်ကို ကျေပွန်စွာနှင့် တာဝန်သိစွာ မထမ်းဆောင်နိုင်လျှင် သူသည် အနှေးနှင့် အမြန်ဆိုသလို ဖယ်ရှားရှင်းလင်းခံရမည်။ အကြီးဆုံးသော ပြစ်မှားမှုမှာ ဘုရားသခင်အား ယုံကြည်သော်လည်း ဘုရားသခင်အပေါ် ကျိုးနွံနာခံမှုမရှိခြင်း ဖြစ်သည်။ သင်သည် တာဝန်ထမ်းဆောင်ရန် ငြင်းဆန်လျှင်၊ သို့မဟုတ် ဆင်းရဲဒုက္ခများကို တစ်သမတ်တည်း အလွန်အမင်း မနှစ်မြို့ဖြစ်ပြီး အားစိုက်ကြိုးပမ်းရခြင်းကို ကြောက်ရွံ့လျှင် သင်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားမရှိသောသူတစ်ဦး ဖြစ်သည်။ သင်သည် တာဝန်ထမ်းဆောင်ရန် မသင့်တော်ပေ။ သင်သည် ထွက်ခွာသွားခွင့် ရှိသည်။ တစ်နေ့တွင် သင့်တာဝန်ကို မထမ်းဆောင်ခြင်းက ဖန်ဆင်းရှင်က သင့်အားပေးအပ်သော တာဝန်ပေးစေခိုင်းချက်ကို ငြင်းဆန်သည့် သဘောသက်ရောက်သည်ကိုလည်းကောင်း၊ သင်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားမရှိဘဲ ဘုရားသခင်ကို ပုန်ကန်နေသောသူ ဖြစ်သည်ကိုလည်းကောင်း သင်သဘောပေါက်သောအခါ၊ ဘုရားသခင်ကို ယုံကြည်သောသူတို့သည် ၎င်းတို့၏တာဝန်များကို ကောင်းစွာ ထမ်းဆောင်သင့်သည်ကိုလည်းကောင်း၊ ယင်းသည် လိုအပ်သည်ကိုလည်းကောင်း သင်သဘောပေါက်သောအခါ သင်သည် ကောင်းစွာပြုမူပြီး သင့်တာဝန်ကို ကောင်းစွာ ထမ်းဆောင်သင့်သည်။ ဤသည်မှာ ကျိုးနွံနာခံခြင်းဖြစ်သည်။ လူတစ်ဦးသည် သူ၏တာဝန်တွင် ပုန်ကန်လျှင်၊ သို့မဟုတ် အပျက်သဘောဆောင်လျှင် ဆိုလိုသည်မှာ သူသည် ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်း လုံးဝမရှိလျှင် ဤသို့သောသူသည် ဘုရားသခင်အတွက် အမှန်တကယ် အသုံးခံနေခြင်း မဟုတ်။ မိမိတာဝန်ကို လိုလိုလားလားဖြင့် ကောင်းစွာ ထမ်းဆောင်ခြင်းသည် ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်းကို အနည်းဆုံးဖော်ပြခြင်းဖြစ်သည်။ ဤသို့ဆိုလျှင် တာဝန်များက မည်သို့ ဖြစ်ပေါ်သနည်း။ (တာဝန်များက ဘုရားသခင်ထံမှ လာသည်။ ယင်းတို့သည် ဘုရားသခင်က လူတို့အားပေးသော တာဝန်ရှိသောအရာများဖြစ်သည်။) တာဝန်များသည် ဘုရားသခင်က လူတို့ကိုပေးသော တာဝန်ရှိသောအရာများဖြစ်သည်။ ထို့ကြောင့် ယုံကြည်ခြင်းမရှိသောသူများ၌ တာဝန်များရှိသလော။ (မရှိပါ။) မရှိဟု အဘယ်ကြောင့်ဆိုသနည်း။ (၎င်းတို့သည် ဘုရားအိမ်တော်၏ လူများမဟုတ်ပါ။) မှန်သည်။ ယုံကြည်ခြင်းမရှိသူများသည် ၎င်းတို့၏ ဇာတိပကတိဘဝများအတွက်သာ မိမိတို့ဘာသာ အလုပ်ရှုပ်နေကြသည်။ ပြီးလျှင် ၎င်းတို့၏ လုပ်ရပ်များသည် တာဝန်များဟု ခေါ်ဖို့ မထိုက်တန်ပေ။ ဘာသာတရားမရှိသူများသည် လောကီနှင့်လည်းကောင်း၊ စာတန်နှင့်လည်းကောင်း သက်ဆိုင်သည်။ ဘုရားသခင်သည် ၎င်းတို့မွေးဖွားသည့်အချိန်၊ ၎င်းတို့မွေးဖွားသည့် မိသားစု၊ ၎င်းတို့ အရွယ်ရောက်သောအခါ လုပ်သောအလုပ်နှင့် ၎င်းတို့သေသည့်အချိန်တို့ဖြစ်သည့် ၎င်းတို့၏ ဘဝကံကြမ္မာကိုသာ စီစဉ်သည်။ ဘုရားသခင်သည် ၎င်းတို့ကို မရွေးချယ်သကဲ့သို့ ၎င်းတို့ကို ကယ်တင်ခြင်းလည်းမရှိပေ။ ဘုရားသခင်ကို ယုံကြည်သူတို့သည် ဤသို့မဟုတ်။ အနည်းငယ်သော အတိုင်းအတာဖြင့် ဆိုရလျှင် ဘုရားအိမ်တော်၌ ၎င်းတို့လုပ်သည့် အလုပ်အားလုံးသည် ၎င်းတို့ထမ်းဆောင်သင့်သည့် တာဝန်များဖြစ်သည်။ ပို၍ကျယ်ပြန့်သော အတိုင်းအတာဖြင့်ဆိုရလျှင် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်တစ်ခုလုံး အတွင်းတွင် ဖန်ဆင်းခံတိုင်းက ထမ်းဆောင်သောတာဝန်မှာ ဘုရားအမှုတော်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ ရိုးရှင်းစွာ ဆိုရလျှင် ၎င်းတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်အတွက် အစေခံမှု ပေးနေကြခြင်းဖြစ်သည်။ သင်သည် သစ္စာစောင့်သိမှုနှင့် အစေခံသည်ဖြစ်စေ၊ မခံသည်ဖြစ်စေ ဘုရားအလိုတော်ကို လိုက်လျှောက်သောသူဖြစ်ရန် အလှမ်းဝေးသည်။ အမှန်တွင် လူတစ်ဦးသည် သူ၏တာဝန်ကို အမှန်တကယ်ထမ်းဆောင်နိုင်မှသာ၊ ဘုရားသခင်အတွက် သက်သေခံခြင်းရလဒ်ကို ရရှိပြီး ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိမှသာ ဘုရားသခင်၏ လူများနှင့် ပြည့်စုံလုံလောက်သော ဖန်ဆင်းခံများထဲမှ တစ်ဦးအနေဖြင့် သတ်မှတ်၍ရနိုင်သည်။ သင်သည် ဘုရားသခင်က သင့်အားပေးအပ်သည့် တာဝန်တိုင်းကို ကောင်းစွာ ထမ်းဆောင်လျှင်၊ သတ်မှတ်ထားသော စံနှုန်းများအတိုင်း ပြည့်မီလျှင် သင်သည် ဘုရားအိမ်တော်၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဘုရားသခင်က သူ့အိမ်တော်နှင့်သက်ဆိုင်သော လူတစ်ဦးအဖြစ် အသိအမှတ်ပြုသောသူတစ်ဦးဖြစ်သည်။

ကောက်နုတ်ချက် (၃၆)

“ရိုးသားသူတစ်ဦး ဖြစ်ခြင်းသည်အလွန်တရာ ဝမ်းမြောက်ဖွယ်တည်း” ဟူသည့် သီချင်း၏ စာသားများသည် အားလုံး အတော်အသင့် လက်တွေ့ကျကြသဖြင့် စာကြောင်းအချို့ကို မိတ်သဟာယဖွဲ့ရန် ငါ ရွေးထားသည်။ “ကျွန်ုပ်သည် ကျွန်ုပ်၏တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှဖြင့် စောင့်ထိန်းပြီး ငါ့တွင် ဇာတိပကတိအတွက် စိုးရိမ်စရာမရှိ” ဟူသည့် စာကြောင်းကို ပထမဦးစွာ မိတ်သဟာယဖွဲ့ကြစို့။ ဤသည်က မည်သည့်အခြေအနေနည်း။ မိမိတို့၏ တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှဖြင့် စောင့်ထိန်းနိုင်သည့်သူတစ်ဦးသည် အဘယ်လူစားမျိုး ဖြစ်သနည်း။ သူတို့တွင် အသိတရား ရှိသလော။ ဖန်ဆင်းခံတစ်ဦးအနေဖြင့် သူတို့၏တာဝန်ကို ကျေပွန်ခဲ့ကြပြီလော။ သူတို့သည် ဘုရားသခင်ကို တစ်နည်းနည်းဖြင့် ပြန်ပေးဆပ်ပြီးပြီလော။ (ပြန်ပေးဆပ်ပြီးပါပြီ။) သူတို့၏တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှဖြင့် စောင့်ထိန်းထားနိုင်သည်ဟူသည့်အချက်မှာ သူတို့သည် တာဝန်ကို ဝတ်ကျေတမ်းကျေပြုခြင်းမရှိဘဲ၊ မရိုးမသား လှည့်ဖြားခြင်းမရှိဘဲ သို့မဟုတ် အလုပ်နှင့် တာဝန်ကို အချောင်ခိုခြင်း မရှိဘဲ လေးနက်စွာ၊ တာဝန်သိတတ်စွာဖြင့် ယင်းတာဝန်ကို ထမ်းဆောင်ခြင်းကို ဆိုလိုသည်။ သူတို့တွင် သင့်တင့်လျောက်ပတ်သော စိတ်သဘောထားတစ်ခုရှိပြီး သူတို့၏အခြေအနေနှင့် စိတ်နေစိတ်ထားတို့မှာ ပုံမှန်ဖြစ်သည်။ သူတို့တွင် အသိစိတ်နှင့် အသိတရားရှိကြသည်။ သူတို့သည် ဘုရားသခင်ကို အလေးထားသည်။ ပြီးလျှင် သူတို့သည် သစ္စာရှိပြီး သူတို့၏တာဝန်တွင် ဆက်ကပ်လေသည်။ “ဇာတိပကတိအတွက် စိုးရိမ်စရာမရှိ” ခြင်း ဆိုသည်မှာ မည်သည်ကို ဆိုလိုသနည်း။ ဤနေရာတွင် အခြေအနေအချို့လည်း ရှိသည်။ ယင်းက အဓိကအားဖြင့် သူတို့သည် သူတို့ဇာတိပကတိ၏အနာဂတ်အတွက် စိုးရိမ်မနေဘဲ သူတို့တွင် ဖြစ်လာမည့်အရာအတွက် အစီအစဉ်များ မဆွဲကြခြင်းကို ဆိုလိုသည်။ ဆိုလိုသည်မှာ သူတို့အသက်ကြီးလာသောအချိန်တွင် သူတို့ နောက်ပိုင်း မည်သည့်အရာကို လုပ်မည်၊ သူတို့ကို မည်သူက ပြုစုစောင့်ရှောက်မည် သို့မဟုတ် ထိုအချိန်တွင် သူတို့ မည်သို့ နေထိုင်မည်တို့ကို ဆင်ခြင်စဉ်းစားခြင်း မရှိကြောင်း ဆိုလိုသည်။ ဤအရာများကို သူတို့ ဆင်ခြင်စဉ်းစားခြင်း မရှိပေ။ ထိုအစား အရာခပ်သိမ်းတွင် ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများနှင့် ကြိုတင်စီစဉ်မှုများကို နာခံကြသည်။ သူတို့၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်းသည် သူတို့၏ပထမဦးဆုံး လုပ်ငန်းတာဝန် ဖြစ်သည်။ မိမိတို့၏တာဝန်ကို စောင့်ထိန်းခြင်းနှင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို စောင့်ထိန်းခြင်းတို့သည် အရေးအကြီးဆုံးအရာများ ဖြစ်ကြသည်။ လူများသည် ဖန်ဆင်းခံအနေဖြင့် မိမိတို့၏ တာဝန်များကို ကောင်းစွာ ထမ်းဆောင်နိုင်သောအခါ သူတို့တွင် လူသားပုံသဏ္ဌာန်အချို့ မရှိသလော။ ဤသည်မှာ လူသားပုံသဏ္ဌာန်ရှိခြင်းဖြစ်သည်။ လူများသည် အနည်းဆုံး သူတို့၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရမည်။ သစ္စာစောင့်သိပြီး မိမိတို့၏ စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှဖြင့် လုပ်ဆောင်ရမည်။ “လူတစ်ဦး၏ တာဝန်ကို စောင့်ထိန်း” ခြင်း ဆိုသည်မှာ မည်သည်ကို ဆိုလိုသနည်း။ ဆိုလိုသည်မှာ လူများသည် မည်သည့်အခက်အခဲပင်ကြုံရပါစေ လက်မလျှော့ခြင်း၊ မိမိတို့၏ တာဝန်ကို စွန့်ပစ်ထွက်ပြေးသူများ ဖြစ်မလာခြင်း သို့မဟုတ် ခေါင်းမရှောင်ခြင်းတို့ဖြစ်သည်။ သူတို့တတ်နိုင်သမျှအားလုံးကို သူတို့ လုပ်ဆောင်သည်။ ယင်းသည် လူတစ်ဦး၏ တာဝန်ကို စောင့်ထိန်းခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ ဥပမာအနေဖြင့် တစ်စုံတစ်ခုကို လုပ်ဖို့ သင့်အတွက် စီမံထားပြီး သင့်ကို စောင့်ကြည့်ရန်၊ သင့်ကို ကြီးကြပ်ပေးရန် သို့မဟုတ် တိုက်တွန်းအားပေးရန် လူတစ်ဦးတစ်ယောက်မျှ ရှိမနေဟု ဆိုကြပါစို့။ သင်၏တာဝန်ကို စောင့်ထိန်းခြင်းဆိုသည်မှာ မည်သည့်အရာနှင့်တူသနည်း။ (ဘုရားသခင်၏ စိစစ်ခြင်းကို လက်ခံခြင်းနှင့် သူ့မျက်မှောက်တော်တွင် နေထိုင်ခြင်းတို့ ဖြစ်ပါသည်။) ဘုရားသခင်၏ စိစစ်ခြင်းကို လက်ခံခြင်းသည် ပထမခြေလှမ်းဖြစ်သည်။ ယင်းသည် ၎င်း၏အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ အခြားအပိုင်းမှာ သင့်တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှဖြင့် လုပ်ဆောင်ရန်ဖြစ်သည်။ ယင်းကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှဖြင့် လုပ်ဆောင်နိုင်ရန်အလို့ငှာ သင်မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ သင်သည် သမ္မာတရားကို လက်ခံပြီး ယင်းကို လက်တွေ့လုပ်ဆောင်ရမည်။ ဆိုလိုသည်မှာ ဘုရားသခင် တောင်းဆိုသမျှကို သင်သည် လက်ခံပြီး ကျိုးနွံနာခံရမည်။ သင့်ကို စောင့်ကြည့်ရန်၊ သင့်ကို ကြီးကြပ်ရန်၊ သင် မှန်မှန်ကန်ကန် လုပ်ဆောင်နေကြောင်း သေချာစေဖို့ စစ်ဆေးရန်၊ သင့်ကို စိစစ်ရန်၊ သင်လုပ်ဆောင်နေသည့်အရာကို ကွပ်ကဲရန် သို့မဟုတ် သင့်ကို ပြုပြင်ရန်ပင် အခြားမည်သူကိုမျှ မလိုအပ်ဘဲ သင့်ကိုယ်ပိုင် ကိုယ်ရေးကိုယ်တာကိစ္စများကို ကိုင်တွယ်မည့်အတိုင်း သင့်တာဝန်ကို သင်ကိုင်တွယ်ရမည်။ “ဤတာဝန်ကို ထမ်းဆောင်ခြင်းသည် ငါ၏ဝတ္တရား ဖြစ်သည်။ ဤသည်မှာ ငါ၏အပိုင်းဖြစ်သည်။ ပြီးလျှင် ထိုတာဝန်ကို လုပ်ဆောင်ဖို့ ငါ့ကို ပေးလိုက်ပြီး စည်းမျဉ်းများကို ငါ့ကို ပြောပြသဖြင့် ထိုစည်းမျဉ်းများကို ငါနားလည်သဘောပေါက်ပြီး ဖြစ်သည့်အတွက် ဤအရာကိုသာ ဇောက်ချပြီး ဆက်လုပ်တော့မည်။ ဤတာဝန် ကောင်းကောင်း ပြီးမြောက်သွားသည်ကို မြင်ရဖို့ ငါတတ်နိုင်သမျှအားလုံးကို လုပ်ဆောင်တော့မည်” ဟု သင့်ကိုယ်သင် တွေးရမည်။ ဤတာဝန်ကို ထမ်းဆောင်ရာတွင် သင်သည် အပတ်တကုတ် ကြိုးစားရမည်။ ထို့ပြင် မည်သည့် လူပုဂ္ဂိုလ်၊ ဖြစ်ရပ်၊ သို့မဟုတ် အမှုအရာ၏ ဘောင်ခတ်ခြင်းကိုမျှ မခံရ။ ဤသည်မှာ သင့်တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှဖြင့် စောင့်ထိန်းခြင်းကို ဆိုလိုခြင်းဖြစ်ပြီး ဤသည်မှာ လူများရှိသင့်သည့် ပုံသဏ္ဌာန်ဖြစ်သည်။ ထို့ကြောင့် လူတို့သည် မိမိတို့၏တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှဖြင့် စောင့်ထိန်းရန်အလို့ငှာ ၎င်းတို့သည် မည်သည့်အရာဖြင့် ပြင်ဆင်ထားရမည်နည်း။ ပထမဦးစွာ သူတို့တွင် ဖန်ဆင်းခံများရှိသင့်သည့် အသိစိတ်ရှိရမည်။ ယင်းသည် အနည်းဆုံးဖြစ်သည်။ ထိုထက်ပိုပြီးလျှင် သူတို့သည် သစ္စာစောင့်သိရမည်။ လူသားတစ်ဦးအနေဖြင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံရန် သစ္စာစောင့်သိရမည်ဖြစ်သည်။ လူတစ်ဦးသည် ဘုရားသခင်ကိုသာ အပြည့်အဝ သစ္စာစောင့်သိရမည်ဖြစ်ပြီး စိတ်မပါ့တပါလုပ်ခြင်း သို့မဟုတ် တာဝန်ယူရန် ပျက်ကွက်ခြင်းတို့ မလုပ်ရပေ။ လူတစ်ဦး၏ ကိုယ်ပိုင် စိတ်ဝင်စားမှုများ သို့မဟုတ် စိတ်ထားများအပေါ် မူတည်၍ ပြုမူခြင်းသည် မှားယွင်းနေသည်၊ ၎င်းသည် သစ္စာစောင့်သိခြင်းမဟုတ်ပေ။ သစ္စာစောင့်သိခြင်းဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ဆိုလိုသည်မှာ သင်၏ စိတ်ထား၊ ပတ်ဝန်းကျင်၊ သို့မဟုတ် အခြားလူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ၏ လွှမ်းမိုးမှုကိုဖြစ်စေ၊ ဘောင်ခတ်မှုကိုဖြစ်စေ မခံရဘဲ သင့်တာဝန်များကို ထမ်းဆောင်ခြင်း ဖြစ်သည်။ “ဘုရားသခင်ထံမှ ဤတာဝန်ပေးစေခိုင်းချက်ကို ငါလက်ခံပြီးပြီဖြစ်သည်။ သူက ငါ့ကို တာဝန်ပေးလိုက်ပြီ ဖြစ်သည်။ ဤသည်မှာ ငါလုပ်ရမည့်အရာပင်ဖြစ်၏။ ထို့ကြော့် ရလဒ်ကောင်းများ ထွက်မည့် မည်သည့်နည်းဖြင့်မဆို ဘုရားသခင်ကို စိတ်ကျေနပ်အောင် လုပ်ဖို့ကို အရေးထားပြီး ကိုယ့်ကိုယ်ပိုင်ကိစ္စများကို လုပ်ဆောင်သကဲ့သို့ ယင်းကို ငါလုပ်ဆောင်မည်” ဟု သင့်ကိုယ်သင်တွေးရမည်။ ဤအခြေအနေသို့ သင်ရောက်သောအခါ သင်၏ အသိစိတ်သည် ထိန်းချုပ်မှုအောက်တွင် ရှိနေရုံသာမက သစ္စာစောင့်သိမှုလည်း သင်ထဲတွင် တည်ရှိနေသည်။ အကယ်၍ သင်သည် လုပ်ငန်းတာဝန်ပြီးမြောက်ရုံဖြင့်သာ ကျေနပ်နေပြီး အကျိုးများရန် သို့မဟုတ် ရလဒ်ကောင်းများ ရရန် ဆန္ဒပြင်းပြခြင်း မရှိဘဲ တာဝန်အတွက် သင်အစွမ်းကုန် အင်အားစိုက်ထုတ်ရုံမျှဖြင့် လုံလောက်ပြီဟု ခံစားရပါက ဤသည်မှာ လူများ၏ အသိစိတ်နှင့်ပတ်သက်သော စံနှုန်းကို ပြည့်မီစေရုံမျှသာဖြစ်ပြီး သစ္စာစောင့်သိခြင်းအဖြစ် ထည့်တွက်၍ မရနိုင်ပေ။ ဘုရားသခင်ထံတွင် သစ္စာစောင့်သိခြင်းသည် အသိစိတ်နှင့်ပတ်သက်သော စံနှုန်းထက် ပို၍ မြင့်မားသော သတ်မှတ်ချက်နှင့် စံနှုန်းဖြစ်လေသည်။ ယင်းသည် သင်အစွမ်းကုန် အင်အားစိုက်ထုတ်ရသည့် ကိစ္စရပ်သာ မဟုတ်ပေ။ သင်သည် သင့်စိတ်နှလုံးတစ်ခုလုံးကိုလည်း ထည့်ထားရမည်။ သင့်စိတ်နှလုံးထဲတွင် အမြဲတမ်း သင့်တာဝန်ကို သင်လုပ်ဆောင်ရမည့်အလုပ်ကဲ့သို့ သတ်မှတ်ထားရမည်၊ ဤလုပ်ငန်းတာဝန်အတွက် ဝန်ထုပ်ဝန်ပိုးများကို ထမ်းရမည်၊ အမှား အနည်းငယ်မျှ သင်လုပ်မိပါက သို့မဟုတ် သင်သည် ဖြစ်ကတတ်ဆန်းနိုင်တတ်သော အခြေအနေတစ်ခုအတွင်း ရောက်နေပါက အပြစ်တင်ခြင်းခံရမည်၊ ပြီးလျှင် ဘုရားသခင်ကို သင်များစွာအကြွေးတင်သလို ဖြစ်စေသောကြောင့် ဤနည်းအတိုင်း ကျင့်ကြံပြုမူ၍ မဖြစ်နိုင်ဟု သင်ခံစားရမည်။ အမှန်တကယ်ပင် အသိတရားနှင့် အသိစိတ် ရှိသည့်လူများသည် လူတစ်ယောက်က သူတို့ကို စောင့်ကြည့်နေသည်ဖြစ်စေ၊ ကြီးကြပ်ပေးနေသည်ဖြစ်စေ သူတို့ လုပ်ဆောင်ရမည့် ကိုယ်ပိုင်အလုပ်ဖြစ်ဘိသကဲ့သို့ သူတို့၏တာဝန်ကို ထမ်းဆောင်ကြသည်။ ဘုရားသခင်သည် သူတို့နှင့်ပတ်သက်၍ ကျေနပ်အားရခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ပြီးလျှင် ဘုရားသခင်က သူတို့ကို မည်သို့ဆက်ဆံသည်ဖြစ်စေ သူတို့သည် သူတို့၏ တာဝန်များကို ကောင်းစွာ ထမ်းဆောင်ရန်နှင့် ဘုရားသခင်က သူတို့ကို အပ်နှင်းလိုက်သည့် တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်ရန် သူတို့ကိုယ်သူတို့ အမြဲတမ်း အတိအကျ တောင်းဆိုသည်။ ဤသည်ကို သစ္စာစောင့်သိခြင်းဟု ခေါ်သည်။ ဤသည်မှာ အသိစိတ်နှင့် ပတ်သက်သော စံနှုန်းထက် ပိုမြင့်မားသောစံတစ်ခုဖြစ်သည် မဟုတ်လော။ အသိစိတ်နှင့် ပတ်သက်သော စံနှုန်းအတိုင်း ပြုမူသောအခါ လူများသည် ပြင်ပအရာများ၏ လွှမ်းမိုးမှုကို မကြာခဏ ခံရတတ်သည်၊ သို့မဟုတ် သူတို့၏တာဝန်ကို အစွမ်းကုန် အင်အားစိုက်ထုတ်၍ လုပ်ဆောင်ရုံဖြင့် လုံလောက်သည်ဟု လူများက ထင်ကြသည်။ သန့်စင်မှုအဆင့်သည် သိပ်မမြင့်မားလှပေ။ သို့သော် သစ္စာစောင့်သိခြင်းနှင့် လူတစ်ဦး၏တာဝန်ကို သစ္စာစောင့်သိစွာ စောင့်ထိန်းနိုင်ခြင်းတို့အကြောင်း ပြောသည့်အခါတွင် သန့်စင်မှုအဆင့်သည် ပို၍မြင့်မားသည်။ ယင်းသည် အားထုတ်၍ ကြိုးပမ်းရုံမျှသက်သက်ချည်းသာ မဟုတ်ပေ၊ သင်သည် သင့်တာဝန်တွင် သင့်စိတ်နှလုံးတစ်ခုလုံးရော စိတ်ရောကိုယ်ပါ စိုက်ထုတ်ရန်လိုအပ်သည်။ သင့်တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းဆင်းရဲမှု အနည်းငယ်ကို တစ်ခါတစ်ရံ ခါးစည်းခံနိုင်ရမည်။ သင်သည် အဖိုးအခ ပေးဆပ်ရမည်ဖြစ်ပြီး သင့်တာဝန်ကို ထမ်းဆောင်ရာတွင် သင့်အတွေးများအားလုံးကို ဆက်ကပ်ထားရမည်။ သင်မည်သည့်အခြေအနေမျိုးကို ရင်ဆိုင်ကြုံတွေ့ရပါစေ ၎င်းတို့သည် သင့်တာဝန်ကို မထိခိုက်စေပေ သို့မဟုတ် သင့်တာဝန်ကို ထမ်းဆောင်ခြင်းတွင် မနှောင့်နှေးစေပေ၊ ထို့ပြင် သင်သည် ဘုရားသခင်ကို ကျေနပ်စေနိုင်သည်။ ဤသည်ကို လုပ်ဆောင်ရန် သင်သည် အဖိုးအခ ပေးဆပ်နိုင်ရမည်။ သင့်လူ့ဇာတိမှ မိသားစု၊ ကိုယ်ရေးကိုယ်တာကိစ္စများနှင့် ကိုယ်ကျိုးစီးပွားတို့ကို သင်စွန့်ပစ်ရမည်။ သင်၏ပကာသန၊ မာန၊ ခံစားချက်များ၊ ရုပ်ပိုင်းဆိုင်ရာ သာယာမှုများအပြင် သင့်ပျိုရွယ်ချိန်၏ အကောင်းဆုံးနှစ်များ၊ သင်၏ အိမ်ထောင်၊ သင်၏အနာဂတ်နှင့် သင်၏ကံကြမ္မာတို့ကဲ့သို့ အရာများအားလုံးကို လက်လွှတ်ပြီး စွန့်ပစ်ရမည်။ ထို့ပြင် သင်သည် သင့်တာဝန်ကို ကောင်းစွာ စိတ်လိုလက်ရ ထမ်းဆောင်ရမည်။ ထိုအခါ သင်သည် သစ္စာစောင့်သိခြင်းကို စွမ်းဆောင်ရရှိလိမ့်မည်ဖြစ်ပြီး ဤသို့နေထိုင်ခြင်းဖြင့် လူသားပုံသဏ္ဌာန်ကို ရရှိလိမ့်မည်။ ဤသို့သောလူများတွင် အသိစိတ်တစ်ခုရှိသည်သာမက လူတို့ကို ဘုရားသခင် တောင်းဆိုသည့် သစ္စာစောင့်သိခြင်းကို မိမိတို့ကိုယ်တိုင် စွမ်းဆောင်ရရှိရန် အခြေခံအုတ်မြစ်တစ်ခုအဖြစ် အသိစိတ်စံနှုန်းကို အသုံးပြုကြသည်။ ပြီးလျှင် မိမိတို့ကိုယ်ကို အကဲဖြတ်ရာတွင်လည်း ဤသစ္စာစောင့်သိခြင်းကိုသုံးကြ၏။ သူတို့သည် ဤရည်မှန်းချက်ပန်းတိုင်သို့ရောက်ရန် အပတ်တကုတ် ကြိုးစားသည်။ ဤသို့သောလူများသည် ကမ္ဘာမြေကြီးပေါ်တွင် ရှားပါးသည်။ ဘုရားသခင် ရွေးချယ်လိုက်သော လူပေါင်း တစ်ထောင် သို့မဟုတ် တစ်သောင်းတိုင်းတွင် တစ်ယောက်သာပါသည်။ ဤသို့သောလူများသည် တန်ဖိုးရှိသောဘဝများတွင် နေထိုင်ကြသလော။ သူတို့သည် ဘုရားသခင် တန်ဖိုးထားသော လူများဖြစ်ကြသလော။ မှန်ပေသည်၊ သူတို့သည် တန်ဖိုးရှိသောဘဝများတွင် နေထိုင်ကြပြီး ဘုရားသခင် တန်ဖိုးထားသောလူများဖြစ်ကြသည်။

သီချင်းထဲမှ နောက်စာကြောင်းက “ငါ့အစွမ်းအစက နည်းသော်လည်း ငါ့ထံတွင် ရိုးသားသည့် နှလုံးသားတစ်ခု ရှိသည်” ဟု ဆိုသည်။ ဤစကားလုံးများသည် အလွန်စစ်မှန်သည်ဟု ထင်ရပြီး ဘုရားသခင်က လူများကို လုပ်ဆောင်ခိုင်းသည့် သတ်မှတ်ချက်တစ်ခုအကြောင်းကို ပြောသည်။ မည်သည့်လိုအပ်ချက်နည်း။ လူများသည် အစွမ်းအစနည်းပါက ယင်းသည် ကမ္ဘာပျက်သောကိစ္စ မဟုတ်ပေ၊ သို့သော် သူတို့တွင် ရိုးသားသောနှလုံးသားတစ်ခု ပိုင်ဆိုင်ရမည်၊ ထိုသို့ပိုင်ဆိုင်လျှင် သူတို့သည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရနိုင်လိမ့်မည်။ သင့်အခြေအနေ သို့မဟုတ် နောက်ကြောင်းရာဇဝင်က မည်သို့ပင်ရှိစေ သင်သည် ရိုးသားသောလူတစ်ဦး ဖြစ်ရမည်၊ ရိုးရိုးသားသား ပြောဆိုရမည်၊ ရိုးရိုးသားသား ပြုမူရမည်၊ သင့်တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှဖြင့် ထမ်းဆောင်နိုင်ရမည်၊ သင့်တာဝန်ကို သစ္စာစောင့်သိရမည်၊ ဖြတ်လမ်းမလိုက်ရ၊ စိတ်မချရသော သို့မဟုတ် လိမ်လည်လှည့်ဖြားတတ်သောသူတစ်ဦး မဖြစ်ရ၊ မုသားမပြောရ သို့မဟုတ် မလှည့်စားရ၊ စကားကို ဝေ့လည်ကြောင်ပတ် မပြောရ။ သင်သည် သမ္မာတရားအတိုင်း ပြုမူရမည်ဖြစ်ပြီး သမ္မာတရားလိုက်စားသော သူတစ်ဦးဖြစ်ရမည်။ လူများစွာက သူတို့သည် အစွမ်းအစညံ့ပြီး သူတို့၏ တာဝန်ကို မည်သည့်အခါမျှ ကောင်းစွာ မထမ်းဆောင်ဟုဖြစ်စေ၊ စံနှုန်းပြည့်မီအောင် မလုပ်ဆောင်ဟုဖြစ်စေ ထင်ကြသည်။ သူတို့ လုပ်ဆောင်သည့်အရာတွင် အစွမ်းကုန် လုပ်ဆောင်ကြသော်လည်း စည်းမျဉ်းများကို သူတို့ မည်သည့်အခါမျှ နားလည်သဘောမပေါက်နိုင်ကြချေ။ ပြီးလျှင် အလွန်ကောင်းမွန်သော ရလဒ်များရအောင် မလုပ်နိုင်ကြသေးပေ။ နောက်ဆုံးတွင် သူတို့လုပ်နိုင်သမျှအားလုံးမှာ သူတို့သည် အစွမ်းအစ ညံ့လွန်းသည်ဟု မကျေမနပ်ပြောကြပြီး အပျက်သဘောဆောင်လာကြခြင်းသာ ဖြစ်သည်။ သို့ဖြစ်၍ လူတစ်ယောက်သည် အစွမ်းအစညံ့နေသည့်အခါတွင် ရှေ့ဆက်ရန်လမ်း မရှိတော့သလော။ အစွမ်းအစ ညံ့ခြင်းသည် သေစေနိုင်သောရောဂါတစ်ခု မဟုတ်ပေ၊ သည့်ပြင် ဘုရားသခင်က အစွမ်းအစညံ့သောလူများကို သူမကယ်တင်ပါဟု မည်သည့်အခါကမှ မပြောခဲ့ပေ။ ဘုရားသခင်သည် ရိုးသားသော်လည်း မသိနားမလည်သော သူများကြောင့် သူဝမ်းနည်းကြေကွဲရသည်ဟု ယခင်က ပြောခဲ့သည်။ မသိနားမလည်ခြင်း ဆိုသည်မှာ အဘယ်နည်း။ ကိစ္စအတော်များများတွင် မသိနားမလည်ခြင်းသည် အစွမ်းအစညံ့ခြင်းမှ လာသည်။ လူများ အစွမ်းအစညံ့သောအခါ သူတို့ သမ္မာတရားအကြောင်း နားလည်ခြင်းသည် ပေါ့တန်လေသည်။ တိကျမှု သို့မဟုတ် လက်တွေ့ကျမှု လုံလုံလောက်လောက် မရှိချေ။ ပြီးလျှင် မကြာခဏ အပေါ်ယံအဆင့် သို့မဟုတ် တိုက်ရိုက်အဓိပ္ပာယ်သာ နားလည်ခြင်းဖြင့် အကန့်အသတ်ရှိနေသည်၊ အယူဝါဒနှင့် စည်းမျဉ်းစည်းကမ်းများမျှသာ နားလည်ခြင်းဖြင့် အကန့်အသတ် ရှိနေသည်။ ထို့ကြောင့်သာ သူတို့သည် ပြဿနာများစွာကို နားမလည်နိုင်ကြဘဲ သူတို့၏တာဝန်ကို ထမ်းဆောင်နေစဉ်အတွင်း စည်းမျဉ်းများကို မည်သည့်အခါမျှ နားလည်သဘောမပေါက်နိုင်ခြင်း သို့မဟုတ် သူတို့၏တာဝန်ကို ကောင်းစွာ မလုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင် ဘုရားသခင်သည် အစွမ်းအစ ညံ့သောလူများကို အလိုမရှိသလော။ (သူအလိုရှိပါသည်။) ဘုရားသခင်က မည်သည့်လမ်းကြောင်းနှင့် ဦးတည်ရာတို့ဆီသို့ လူများကို ညွှန်ပြသနည်း။ (ရိုးသားသောလူတစ်ယောက်ဖြစ်ခြင်းဆီသို့ ညွှန်ပြပါသည်။) ထိုသို့ပြောရုံမျှဖြင့် သင်သည် ရိုးသားသော လူတစ်ယောက် ဖြစ်နိုင်သလော။ (မဖြစ်နိုင်ပါ၊ သင့်တွင် ရိုးသားသော လူတစ်ယောက်၏ သရုပ်သကန်များ ရှိရမည်။) ရိုးသားသောလူတစ်ယောက်၏ သရုပ်သကန်များက မည်သည်တို့နည်း။ ပထမအချက်မှာ ဘုရားသခင်၏နှုတ်ကပတ်တော်များအကြောင်း သံသယမရှိခြင်းဖြစ်သည်။ ၎င်းသည် ရိုးသားသော လူတစ်ယောက်၏ သရုပ်သကန်များအနက်မှ တစ်ခုဖြစ်သည်။ ဤသည်မှလွဲ၍ အရေးအကြီးဆုံး သရုပ်သကန်မှာ ကိစ္စအားလုံးတွင် သမ္မာတရားကို ရှာဖွေပြီး လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤသည်မှာ အရေးအပါဆုံးဖြစ်သည်။ သင်သည် ရိုးသားသည်ဟု ဆိုသော်လည်း အစဉ်သဖြင့် ဘုရားနှုတ်ကပတ်တော်ကို စိတ်ထဲတွင် မထားဘဲ သင် အလိုရှိသမျှကို လုပ်ဆောင်သည်။ ဤသည်မှာ ရိုးသားသူတစ်ယောက်ဖြစ်ကြောင်း သရုပ်သကန် ဖြစ်သလော။ သင်က “ငါ့အစွမ်းအစက ညံ့သော်လည်း ငါ့ထံတွင် ရိုးသားသည့် စိတ်နှလုံးရှိသည်” ဟု ဆိုသည်။ သို့တိုင်အောင် တာဝန်တစ်ခုသည် သင့်အပေါ်သို့ ကျရောက်သောအခါ သင်သည် ကောင်းစွာ မလုပ်ဆောင်လျှင် ဒုက္ခခံရမည်ကိုလည်းကောင်း၊ တာဝန်ခံရမည်ကိုလည်းကောင်း ကြောက်သည်။ ထို့ကြောင့် သင်၏တာဝန်ကို ရှောင်ရန်အတွက် ဆင်ခြေများပေးသည်။ သို့မဟုတ် အခြားလူတစ်ယောက်ကို လုပ်ဆောင်ဖို့ အကြံပြုသည်။ ဤသည်မှာ ရိုးသားသူတစ်ယောက် ဖြစ်ကြောင်း သရုပ်သကန်ဖြစ်သလော။ မဖြစ်သည်မှာ သိသာထင်ရှား၏။ ဤသို့ဆိုလျှင် ရိုးသားသူတစ်ယောက်က မည်သို့ ပြုမူသင့်သနည်း။ ဘုရားသခင်၏ အစီအစဉ်များကို နာခံသင့်သည်။ မိမိထမ်းဆောင်ရမည့် တာဝန်တွင် သစ္စာစောင့်သိခြင်းရှိရမည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းဖို့ ကြိုးပမ်းရမည်။ ဤအရာသည် နည်းလမ်းအချို့ဖြင့် သူ့ဘာသာသူ ပေါ်လွင်ထင်ရှားလေသည်။ တစ်ခုမှာ ရိုးသားသော နှလုံးသားတစ်ခုဖြင့် မိမိတာဝန်ကို လက်ခံခြင်း၊ သင်၏ ဇာတိပကတိ အကျိုးစီးပွားများကို မစဉ်းစားခြင်း၊ ဤအရာနှင့်ပတ်သက်ပြီး စိတ်မပါ့တပါ မဖြစ်ခြင်း၊ သို့မဟုတ် သင်၏ ကိုယ်ပိုင်အကျိုးအမြတ်အတွက် ကြံစည်မှုမရှိခြင်းဖြစ်သည်။ ယင်းတို့သည် ရိုးသားမှု၏ သရုပ်သကန်များဖြစ်သည်။ အခြားတစ်ခုမှာ သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်း၌ စိတ်နှလုံး အကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ ထည့်ထားခြင်း၊ အမှုအရာများကို မှန်မှန်ကန်ကန် လုပ်ဆောင်ခြင်း၊ ဘုရားသခင်ကို ကျေနပ်စေရန်အတွက် သင်၏တာဝန်အပေါ် သင်၏ စိတ်နှလုံးနှင့် ချစ်ခြင်းကို မြုပ်နှံခြင်းတို့ဖြစ်သည်။ ဤအရာတို့သည် ရိုးသားသူတစ်ယောက်က မိမိတာဝန်ကို ထမ်းဆောင်စဉ်တွင် ရှိသင့်သည့် သရုပ်သကန်များဖြစ်သည်။ သင်သိမြင်ပြီး နားလည်သည့်အရာကို မဆောင်ရွက်လျှင် သင်၏ အားထုတ်မှု၏ ၅၀၊ သို့မဟုတ် ၆၀ ရာခိုင်နှုန်းသာ လုပ်ဆောင်လျှင် သင်သည် သင်၏ စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ ထည့်နေခြင်း မဟုတ်ပေ။ ထိုအစား သင်သည် မရိုးသားဘဲ အချောင်ခိုရန် နည်းလမ်းများ ရှာနေခြင်းဖြစ်သည်။ မိမိတို့၏တာဝန်များကို ဤနည်းလမ်းဖြင့် ထမ်းဆောင်ကြသောသူများသည် ရိုးသားကြသလော။ လုံးဝ မရိုးသားပေ။ ဘုရားသခင်က ဤသို့သောစိတ်မချရသလို လှည့်စားတတ်သည့်သူများကို အသုံးမပြုပေ။ ၎င်းတို့ကို ဖယ်ရှားရှင်းလင်းရမည်။ ဘုရားသခင်သည် တာဝန်များကို ထမ်းဆောင်ရန် ရိုးသားသောလူများကိုသာ အသုံးပြုသည်။ သစ္စာစောင့်သိသော အလုပ်လုပ်ပေးသူများသည်ပင် ရိုးသားရမည်။ အစဉ်သဖြင့် ဝတ်ကျေတမ်းကျေလုပ်ကာ ဉာဏ်များပြီး အချောင်ခိုရန် နည်းလမ်းများကို အမြဲရှာနေသော သူများအားလုံးသည် လှည့်စားတတ်ကြသည်။ ပြီးလျှင် ၎င်းတို့အားလုံးသည် မကောင်းဆိုးဝါးများဖြစ်သည်။ ၎င်းတို့ထဲမှ မည်သူကမျှ ဘုရားသခင်ကို အမှန်တကယ် မယုံကြည်ကြပေ။ ၎င်းတို့အားလုံးသည် ဖယ်ရှားရှင်းလင်းခြင်း ခံရလိမ့်မည်။ လူအချို့က “ရိုးသားသောလူတစ်ဦး ဖြစ်ခြင်းသည် အမှန်တရားကို ပြောပြီး မုသား မပြောခြင်းသာ ဖြစ်သည်။ ရိုးသားသူတစ်ဦး ဖြစ်ရန်မှာ လွယ်ကူပေသည်၊ တကယ်ပင်ဖြစ်သည်” ဟု ထင်ကြသည်။ ဤခံယူချက်ကို သင်မည်သို့ထင်မြင်သနည်း။ ရိုးသားသူတစ်ဦး ဖြစ်ခြင်းသည် အတိုင်းအတာ အလွန်ပင် ကျဉ်းမြောင်းသလော။ လုံးဝ မဟုတ်ပေ။ သင်သည် သင်၏ စိတ်နှလုံးကို ထုတ်ဖော်ပြီး ဘုရားသခင်ကို ပေးရမည် ဖြစ်သည်။ ဤသည်မှာ ရိုးသားသောလူတစ်ဦး ရှိသင့်သည့် သဘောထားဖြစ်သည်။ ထိုအကြောင်းကြောင့် ရိုးသားသည့်နှလုံးသားတစ်ခုသည် အလွန် အဖိုးတန်လေသည်။ ဤအရာက မည်သည်ကို သွယ်ဝိုက်ညွှန်းဆိုသနည်း။ ရိုးသားသောစိတ်နှလုံးသည် သင်၏ အပြုအမူကို ထိန်းချုပ်နိုင်ပြီး သင်၏အခြေအနေကို ပြောင်းလဲနိုင်သည်ဟုဖြစ်သည်။ ယင်းက သင့်အား မှန်ကန်သော ရွေးချယ်မှုများပြုစေပြီး ဘုရားသခင်ကို နာခံနိုင်စေကာ သူ၏ လက်ခံမှုရစေသည်။ ဤကဲ့သို့သော စိတ်နှလုံးတစ်ခုသည် အမှန်တကယ်ကို အဖိုးတန်လေသည်။ သင့်တွင် ဤကဲ့သို့ရိုးသားသော စိတ်နှလုံးတစ်ခုရှိပါက ဤသည်မှာ သင်နေထိုင်သင့်သည့် အခြေအနေ၊ သင်ပြုမူနေထိုင်သင့်သည့်ပုံနှင့် သင့်ကိုယ်သင် ထုတ်ဖော်ပြသင့်သည့်ပုံ ဖြစ်သည်။ သင်သည် ဤသီချင်းစာသားများကို နှံ့နှံ့စပ်စပ် ချင့်ချိန်စဉ်းစားသင့်သည်။ မည်သည့်စာကြောင်းကမျှ တိုက်ရိုက်အဓိပ္ပာယ်တမျှ မရိုးရှင်းပေ။ သည့်ပြင် ယင်းကို ချင့်ချိန်စဉ်းစားပြီးနောက် သင်အမှန်တကယ် နားလည်သွားပါက တစ်စုံတစ်ခုကို သင်ရပြီးဖြစ်လိမ့်မည်။

သီချင်းစာသားနောက်တစ်ကြောင်းကို ကြည့်ကြစို့။ “အရာခပ်သိမ်း၌ သင်၏အကြွင်းမဲ့ သစ္စာစောင့်သိခြင်းဖြင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းလော့”။ ဤစာသားများတွင် လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းတစ်ခုရှိသည်။ လူအချို့သည် မိမိတို့၏ တာဝန်ထမ်းဆောင်ခြင်း တစ်လျှောက်တွင် အခက်အခဲများကို သူတို့ ရင်ဆိုင်တွေ့ကြုံရသောအခါ အပျက်သဘောဆောင်လာကြသည်။ သည့်ပြင် ယင်းက သူတို့၏တာဝန်ကို လုပ်ဆောင်ဖို့ စိတ်မပါဖြစ်စေသည်။ ဤလူများနှင့်ပတ်သက်၍ တစ်ခုခု မှားနေသည်။ ၎င်းတို့သည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို စိတ်ရင်းမှန်ဖြင့် အသုံးခံနေကြခြင်းပင် ဟုတ်ပါ၏လော။ သူတို့သည် အခက်အခဲများကို ရင်ဆိုင်ကြုံတွေ့ရသောအခါ အဘယ်ကြောင့် အဆိုးမြင်လာကြကြောင်းနှင့် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို အဘယ်ကြောင့် မရှာနိုင်ရကြောင်းတို့အပေါ်တွင် ဆင်ခြင်သုံးသပ်သင့်သည်။ သူတို့သည် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်နိုင်ပြီး သမ္မာတရားကို ရှာနိုင်ပါက သူတို့တွင် ရှိသော ပြဿနာများကို မြင်နိုင်လာလိမ့်မည်။ အကယ်စင်စစ်တွင် လူများအတွက် အကြီးမားဆုံး အခက်အခဲမှာ အဓိကအားဖြင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု၏ ပြဿနာဖြစ်သည်။ အကယ်၍ သင်သည် သမ္မာတရားကို ရှာနိုင်ပါက သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြင်ဖို့ လွယ်လိမ့်မည်။ သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင်ပြင်လိုက်သည်နှင့်တစ်ပြိုင်နက် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်အောင် လုပ်ဆောင်ရန် အရာခပ်သိမ်း၌ သင်၏သစ္စာစောင့်သိမှုအလုံးစုံကို သင်ပေးနိုင်လိမ့်မည်။ “အရာခပ်သိမ်း” ဆိုသည်မှာ ယင်းသည် မည်သည့်အရာပင်ဖြစ်ပါစေ ဘုရားသခင်က သင့်ကို ပေးခဲ့သောအရာတစ်ခုဖြစ်စေ၊ ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးက သင့်အတွက် စီစဉ်ထားသည့်အရာတစ်ခုဖြစ်စေ၊ သင်မတော်တဆ ကြုံခဲ့ရသည့်အရာတစ်ခုဖြစ်စေ ယင်းက သင်လုပ်ဖို့ ရည်ရွယ်ထားသည့်အရာ ဖြစ်နေပြီး သင်၏တာဝန်ကို သင်ထမ်းဆောင်နိုင်သရွေ့ သင်၏ သစ္စာစောင့်သိမှုအလုံးစုံကို ပေးပြီး သင်လုပ်ဆောင်သင့်သည့် တာဝန်ဝတ္တရားကို ထမ်းဆောင်ကာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းခြင်းကို သင်၏စည်းမျဉ်း ဖြစ်အောင်လုပ်ခြင်း ဖြစ်လေသည်။ ဤစည်းမျဉ်းသည် အနည်းငယ် ကြီးကျယ်ခမ်းနားပြီး ၎င်းနှင့်အညီ လူများ နေထိုင်ရန်မှာ အနည်းငယ် ခဲယဉ်းသည်ဟု ထင်ရသည်။ ပို၍လက်တွေ့ကျသော ဝေါဟာရများနှင့်ပြောရလျှင် ယင်းသည် သင့်တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်းကို ဆိုလိုသည်။ သင့်တာဝန်ကို စောင့်ထိန်းခြင်းနှင့် ၎င်းကို ကောင်းစွာ ထမ်းဆောင်ခြင်းတို့သည် လုပ်ဆောင်ဖို့ လွယ်ကူသောအရာများ မဟုတ်ပေ။ ယင်းသည် ခေါင်းဆောင်တစ်ဦးဖြစ်သည်ဖြစ်စေ သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်သည်ဖြစ်စေ၊ အခြားတာဝန်အချို့ ဖြစ်သည်ဖြစ်စေ သမ္မာတရားအချို့ကို သင်နားလည်ရမည်။ သမ္မာတရားကို နားမလည်ဘဲ သင့်တာဝန်ကို ကောင်းစွာ သင်ထမ်းဆောင်နိုင်သလော။ သမ္မာတရားစည်းမျဉ်းများကို စောင့်ထိန်းခြင်းမရှိဘဲ ယင်းကို သင်ကောင်းစွာ လုပ်ဆောင်နိုင်သလော။ အကယ်၍ သင်သည် သမ္မာတရား၏ ရှုထောင့်အားလုံးကို နားလည်ပြီး သမ္မာတရားစည်းမျဉ်းများအတိုင်း သင်လက်တွေ့လုပ်ဆောင်နိုင်ပါက သင်သည် သင့်တာဝန်ကို ကောင်းစွာ လုပ်ပြီးဖြစ်လိမ့်မည်၊ သင့်တာဝန်ကို စောင့်ထိန်းပြီးဖြစ်လိမ့်မည်၊ သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးဖြစ်လိမ့်မည်။ ပြီးလျှင် သင်သည် ဘုရားသခင်၏ရည်ရွယ်ချက်များကို ဖြည့်ဆည်းနိုင်မည်။ ဤသည်မှာ လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းဖြစ်သည်။ ဤသည်က လုပ်ဆောင်ဖို့ လွယ်ကူသလော။ အကယ်၍ သင် ထမ်းဆောင်ရသည့် တာဝန်သည် သင်ကျွမ်းကျင်ပြီး နှစ်သက်သည့်အရာတစ်ခု ဖြစ်ပါက ယင်းမှာ သင်၏ တာဝန်နှင့် ဝတ္တရားဖြစ်ကြောင်းနှင့် ယင်းကို လုပ်ဆောင်ခြင်းသည် လုံးလုံးလျားလျား သဘာဝကျပြီး တရားမျှတသည့် အရာတစ်ခုဖြစ်သည်ဟု ခံစားရသည်။ သင်သည် ဝမ်းသာရွှင်ပျခြင်း၊ ပျော်ရွှင်ခြင်းနှင့် အေးဆေးသက်သာ ဖြစ်ခြင်းတို့ကို ခံစားရသည်။ ယင်းသည် သင်လုပ်ဆောင်ဖို့ ဆန္ဒရှိသောအရာတစ်ခုဖြစ်ပြီး ယင်းအတွက် သင်သည် သင်၏သစ္စာစောင့်သိမှုအလုံးစုံကို ပေးနိုင်သည်၊ ပြီးလျှင် သင်သည် ဘုရားသခင်ကို စိတ်ကျေနပ်အောင် ဖြည့်ဆည်းပေးနေသည်ဟု ခံစားရသည်။ သို့သော် တစ်နေ့တွင် သင်သည် သင်မနှစ်သက်သော သို့မဟုတ် ယခင်က မည်သည့်အခါကမျှ မထမ်းဆောင်ဖူးသော တာဝန်တစ်ခုကို ရင်ဆိုင်ကြုံတွေ့ရသောအခါ ၎င်းကို သင်၏ သစ္စာစောင့်သိမှုအလုံးစုံကို ပေးနိုင်လိမ့်မည်လော။ ဤသည်က သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်နေခြင်း ရှိမရှိကို စမ်းသပ်လိမ့်မည်။ ဥပမာအနေဖြင့် သင်၏တာဝန်သည် ဓမ္မသီချင်းသီဆိုသည့်အဖွဲ့တွင် ဖြစ်ပြီး သင်သည် သီချင်းဆိုနိုင်သည့်အပြင် သီချင်းဆိုခြင်းသည် မွေ့လျော်စရာ လုပ်ဆောင်မှုတစ်ခုဖြစ်လျှင် ဤတာဝန်ကို ထမ်းဆောင်ရန် သင်သည် ဆန္ဒရှိသည်။ အကယ်၍ ဧဝံဂေလိတရားဖြန့်ဝေရန် ပြောထားသည့် အခြားတာဝန်တစ်ခုကို သင့်အား ပေးခဲ့ပြီး အလုပ်သည် အတော်အတန် ခက်ခဲခဲ့ပါက သင်နာခံနိုင်မည်လော။ ယင်းကို သင်ချင့်ချိန်စဉ်းစားပြီး “ငါက သီချင်းဆိုရသည်ကို ကြိုက်နှစ်သက်သည်” ဟု ပြောသည်။ ဤသည်က မည်သည်ကို ဆိုလိုသနည်း။ ယင်းက ဧဝံဂေလိတရားကို သင်မဖြန့်လိုဟု ဆိုလိုသည်။ ဤသည်မှာ ဆိုလိုသည့်အရာဖြစ်သည်မှာ သိသာထင်ရှား၏။ “ငါက သီချင်းဆိုရသည်ကို ကြိုက်သည်” ဟုသာ သင်က တွင်တွင်ပြောနေသည်။ အကယ်၍ ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးက သင့်ကို “ဧဝံဂေလိတရားဖြန့်ဖို့အတွက် လေ့ကျင့်ပြီး သင့်ကိုယ်သင် ပို၍များသော သမ္မာတရားများဖြင့် အဘယ်ကြောင့် မပြင်ဆင်သနည်း။ ယင်းမှာ သင့်ဘဝတိုးတက်ဖို့အတွက် ပို၍ အကျိုးရှိလိမ့်မည်” ဟု ကျိုးကြောင်းပြပြောဆိုလျှင် သင်က “ကျွန်ုပ်က သီချင်းဆိုရသည်ကို ကြိုက်ပြီး ကခုန်ရသည်ကို ကြိုက်သည်” ဟု မလျှော့တမ်း ပြောနေသေးသည်။ သူတို့ မည်သည့်အရာကို ပြောပါစေ သင်သည် ဧဝံဂေလိတရားဖြန့်ဝေဖို့ မသွားလိုပေ။ သင်အဘယ်ကြောင့် မသွားချင်သနည်း။ (စိတ်ဝင်စားမှု မရှိသောကြောင့် ဖြစ်သည်။) သင်စိတ်ဝင်စားမှု မရှိသောကြောင့် သင်မသွားချင်ပေ၊ ဤနေရာတွင် ပြဿနာက မည်သည်နည်း။ ယင်းမှာ သင်၏ ပိုနှစ်သက်မှုများနှင့် ပုဂ္ဂိုလ်ရေးအကြိုက်များအတိုင်း သင့်တာဝန်ကို သင်ရွေးချယ်ခြင်းဖြစ်သည်၊ ပြီးလျှင် သင်သည် ကျိုးနွံနာခံခြင်း မရှိပေ။ သင့်တွင် ကျိုးနွံနာခံမှု မရှိပေ၊ ယင်းသည် ပြဿနာဖြစ်သည်။ ဤပြဿနာကို ဖြေရှင်းဖို့ သမ္မာတရားကို သင်မရှာဖွေပါက သင်သည် စစ်မှန်သော ကျိုးနွံနာခံခြင်းကို ထိုမျှ အမှန်တကယ် ပြနေခြင်း မဟုတ်ချေ။ စစ်မှန်သော ကျိုးနွံနာခံခြင်းကို ပြရန် ဤအခြေအနေတွင် သင် မည်သည့်အရာ လုပ်ဆောင်သင့်သနည်း။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းဖို့ သင် မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။ ဤသည်မှာ သင်သည် ဤသမ္မာတရား၏ ရှုထောင့်နှင့်ပတ်သက်ပြီး ချင့်ချိန်စဉ်းစား၍ မိတ်သဟာယဖွဲ့ဖို့ လိုအပ်သည့်အချိန် ဖြစ်သည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းဖို့ အရာခပ်သိမ်း၌ သင်၏သစ္စာစောင့်သိမှုအလုံးစုံကို သင်ပေးလိုပါက တာဝန်ဝတ္တရားတစ်ခုကို ထမ်းဆောင်ရုံမျှဖြင့် ယင်းကို သင်မလုပ်နိုင်ပေ၊ သင့်အပေါ် ဘုရားသခင်က အပ်နှင်းထားသည့် မည်သည့် တာဝန်ပေးစေခိုင်းချက်ကိုမဆို သင်လက်ခံရမည်။ ယင်းက သင့်အကြိုက်များအတိုင်းဖြစ်ပြီး သင့်စိတ်ဝင်စားမှုများနှင့် ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ၊ သင်မမွေ့လျော်သည့်အရာတစ်ခုဖြစ်သည်ဖြစ်စေ၊ ယခင်က မည်သည့်အခါကမျှ မလုပ်ဖူးသည်ဖြစ်စေ၊ ခက်ခဲသည်ဖြစ်စေ ယင်းကို သင်လက်ခံသင့်ပြီး ကျိုးနွံနာခံသင့်သေးသည်။ ယင်းကို သင်လက်ခံရမည်သာမက တွေ့ကြုံနေစဉ်နှင့် ဝင်ရောက်နေစဉ်အတောအတွင်း သင်သည် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပြီး ယင်းအကြောင်းကို လေ့လာရမည်။ သင်ဆင်းရဲဒုက္ခကို ခံစားနေရလျှင်ပင်၊ ပင်ပန်းနေလျှင်ပင်၊ အရှက်ခွဲခံရလျှင်ပင် သို့မဟုတ် ဝိုင်းကြဉ်ခြင်းကို ခံရလျှင်ပင် ယင်းကို သင်၏ သစ္စာစောင့်သိခြင်းအလုံးစုံကို ပေးနေရဦးမည်ဖြစ်သည်။ ဤနည်းအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းဖြင့်သာ အရာခပ်သိမ်း၌ သင်၏ သစ္စာစောင့်သိခြင်းအလုံးစုံကို သင်သည် ပေးနိုင်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်အောင် လုပ်ဆောင်နိုင်လိမ့်မည်။ ယင်းကို ကိုယ်ရေးကိုယ်တာ စီးပွားရေးအဖြစ် မဟုတ်ဘဲ ထမ်းဆောင်ရမည့် သင်၏ တာဝန်အဖြစ် သင်သတ်မှတ်ရမည်။ တာဝန်ဝတ္တရားများကို သင်မည်သို့ နားလည်သင့်သနည်း။ ဖန်ဆင်းရှင်ဖြစ်သည့် ဘုရားသခင်က တစ်စုံတစ်ဦးကို လုပ်ဆောင်ရန် ပေးသည့်အရာတစ်ခုဖြစ်သောကြောင့် ဤသည်မှာ လူများ၏တာဝန်များ ဖြစ်ပေါ်လာသည့်ပုံ ဖြစ်သည်။ သင့်ကို ဘုရားသခင်က ပေးသည့် တာဝန်ပေးစေခိုင်းချက်မှာ သင်၏တာဝန်ဖြစ်သည်၊ ထို့ပြင် သင်သည် ဘုရားသခင် တောင်းဆိုသည့်အတိုင်း သင့်တာဝန်ကို ထမ်းဆောင်ခြင်းသည် လုံးလုံးလျားလျား သဘာဝကျပြီး တရားမျှတလေသည်။ ဤတာဝန်သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ဖြစ်ကြောင်း၊ ဤသည်မှာ မမျှော်လင့်ဘဲ သင်တွေ့ကြုံသည့် ဘုရားသခင်၏ ချစ်ခြင်းနှင့် ဘုရားသခင်၏ကောင်းချီး ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိပါက သင်သည် ဘုရားသခင်ကို ချစ်သောစိတ်နှလုံးတစ်ခုဖြင့် သင့်တာဝန်ကို လက်ခံနိုင်လိမ့်မည်။ ထို့ပြင် သင့်တာဝန်ကို ထမ်းဆောင်သည်နှင့်အမျှ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားနိုင်လိမ့်မည်ဖြစ်ပြီး ဘုရားသခင် ကျေနပ်စေရန် အခက်အခဲများအားလုံးကို သင်ကျော်လွှားနိုင်လိမ့်မည်။ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အစစ်အမှန် အသုံးခံကြသူများသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို မည်သည့်အခါမျှ မငြင်းနိုင်ချေ။ သူတို့သည် မည်သည့်တာဝန်ကိုမဆို မည်သည့်အခါမျှ မငြင်းနိုင်ပေ။ ဘုရားသခင်က သင့်အား မည်သည့်တာဝန်ကို အပ်နှံသည်ဖြစ်စေ၊ မည်သည့်အခက်အခဲများ ဖြစ်ပေါ်လာသည်ဖြစ်စေ ယင်းကို သင်သည် မငြင်းသင့်ဘဲ လက်ခံသင့်သည်။ ဤသည်မှာ ဘုရားသခင်ကို ကျေနပ်စေရန်အလို့ငှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဖြစ်သည့်၊ အရာခပ်သိမ်း၌ သင်၏သစ္စာစောင့်သိခြင်းအလုံးစုံကို ပေးသည့် လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းဖြစ်သည်။ ဤနေရာတွင် အချက်အချာသည် မည်သည်နည်း။ “အရာခပ်သိမ်း၌” ဟူသောစကားလုံးများအပေါ်တွင် ဖြစ်သည်။ “အရာခပ်သိမ်း” ဟူသည်မှာ သင်ရင်းနှီးကျွမ်းဝင်သောအရာများကို မဆိုထားနှင့်၊ သင်နှစ်သက်သော သို့မဟုတ် သင်ကျွမ်းကျင်သော အရာများကို သေချာပေါက် ဆိုလိုခြင်း မဟုတ်ပေ။ တစ်ခါတစ်ရံတွင် ယင်းတို့သည် သင်မကျွမ်းကျင်သော အရာများ၊ လေ့လာဖို့ လိုအပ်သောအရာများ၊ ခက်ခဲသောအရာများ သို့မဟုတ် သင်ဒုက္ခခံရမည့်အရာများ ဖြစ်လိမ့်မည်။ သို့သော် ယင်းက မည်သည့်အရာဖြစ်စေ၊ ဘုရားသခင်က ယင်းကို သင့်အား အပ်နှံထားသရွေ့ သူ့ထံမှ ယင်းကို သင်လက်ခံရမည်။ ပြီးလျှင် သင်၏သစ္စာစောင့်သိမှု အလုံးစုံကို ပေးအပ်ရင်းနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်အောင် လုပ်ဆောင်ရင်း ယင်းကို သင်လက်ခံကာ တာဝန်ကို ကောင်းစွာ သင်ထမ်းဆောင်ရမည်။ ဤသည်မှာ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်း ဖြစ်သည်။ မည်သည်တို့ ဖြစ်ပျက်သည်ဖြစ်စေ သင်သည် သမ္မာတရားကို အမြဲတမ်း ရှာဖွေရမည်၊ သည့်ပြင် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် မည်သည့် လက်တွေ့လုပ်ဆောင်ခြင်းမျိုးက ကိုက်ညီသည်ကို သင်သေချာသည်နှင့်တစ်ပြိုင်နက် ယင်းသည် သင်လက်တွေ့လုပ်ဆောင်သင့်သည့်နည်းဖြစ်သည်။ ဤသည်ကို လုပ်ခြင်းဖြင့်သာ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း ဖြစ်ပြီး ဤနည်းလမ်းတစ်ခုတည်းဖြင့်သာ သင်သည် သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်သည်။

“ငါက ပွင့်လင်းပြီး တည်ကြည်သည်၊ လိမ်လည်လှည့်ဖြားခြင်း မရှိဘဲ အလင်းထဲတွင် နေထိုင်သည်” ဟူ၍ သီချင်းထဲမှ နောက်ထပ် စာတစ်ကြောင်းရှိသည်။ ဤလမ်းကြောင်းကို လူသားအား မည်သူ ပေးသနည်း။ (ဘုရားသခင်က ပေးပါသည်။) တစ်စုံတစ်ဦးသည် ပွင့်လင်းပြီး တည်ကြည်လျှင် သူသည် ရိုးသားသူတစ်ယောက်ဖြစ်သည်။ သူသည် သူ၏ စိတ်နှလုံးနှင့် ဝိညာဉ်ကို ဘုရားထံ လုံးဝ ဖွင့်ဟပြီးဖြစ်ကာ ဖုံးကွယ်စရာ တစ်ခုမျှ မရှိသလို မည်သည့်အရာထံမှ ပုန်းကွယ်စရာလည်း မလိုချေ။ သူသည် ဘုရားထံသို့ သူ၏ စိတ်နှလုံးကို လွှဲပြောင်းအပ်နှံကာ ဘုရားသခင်ကို ပြသပြီးဖြစ်သည်။ ဤသည်မှာ သူသည် ဘုရားသခင်ထံသို့ သူ၏ အလုံးစုံအား ပေးအပ်ပြီးဖြစ်သည်ဟု ဆိုလိုသည်။ သို့ဖြစ်၍ သူသည် ဘုရားသခင်နှင့် ဝေးကွာနိုင်ဦးမည်လော။ ဝေးကွာနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်အား ကျိုးနွံနာခံရန် သူ့အတွက် လွယ်ကူသည်။ ထိုသူသည် လှည့်စားတတ်သည်ဟု ဘုရားသခင်က ဆိုလျှင် သူ ဝန်ခံသည်။ ထိုသူသည် မာနထောင်လွှားပြီး မိမိကိုယ်ကို အမှန်ထင်သည်ဟု ဘုရားသခင်က ဆိုလျှင် သူသည် ဤအရာကိုလည်း ဝန်ခံသည်။ ပြီးလျှင် ထိုသူသည် ဤအရာများကို ဝန်ခံလိုက်ပြီး ဤအတိုင်းထားလိုက်ခြင်း မဟုတ်ပေ။ ထိုသူသည် နောင်တရနိုင်သည်။ သမ္မာတရားစည်းမျဉ်းများကို အားထုတ်နိုင်သည်။ သူမှားသည်ကို သဘောပေါက်သည့်အခါတွင် ပြုပြင်နိုင်သည်။ ပြီးလျှင် သူ၏ အမှားများကို ပြင်ဆင်ပြောင်းလဲနိုင်သည်။ သတိမထားမိခင်တွင် သူ၏ မှားယွင်းသောနည်းများစွာကို သူပြုပြင်ပြီးဖြစ်လိမ့်မည်။ ပြီးလျှင် သူသည် မရိုးသားခြင်း၊ လှည့်ဖြားခြင်း၊ ဝတ်ကျေတမ်းကျေဆန်ခြင်းတို့ ပိုပို၍ လျော့နည်းလာလိမ့်မည်။ ဤသို့ အသက်ရှင်သရွေ့ သူသည် ပို၍ ပွင့်လင်းပြီး ဂုဏ်သရေရှိလာလေလေ ဖြစ်ကာ ရိုးသားသူတစ်ယောက်ဖြစ်လာခြင်း ပန်းတိုင်သို့ နီးကပ်လေလေ ဖြစ်လိမ့်မည်။ ဤသည်မှာ အလင်းတွင် အသက်ရှင်ခြင်းဆိုသည့် အဓိပ္ပာယ်ဖြစ်သည်။ ဤဂုဏ်ကျက်သရေအားလုံးကို ဘုရားသခင်က ရရှိသည်။ လူတို့က အလင်းတွင် အသက်ရှင်သောအခါ ယင်းသည် ဘုရားသခင်၏ လုပ်ဆောင်မှုဖြစ်သည်။ ယင်းမှာ လူတို့က ကြွားဝါရမည့် အရာတစ်ခုမဟုတ်ပေ။ လူတို့သည် အလင်းတွင် အသက်ရှင်သောအခါ သမ္မာတရားတိုင်းကို နားလည်ကြသည်။ ၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိကြသည်။ ၎င်းတို့ ကြုံရသော ပြဿနာတိုင်းတွင် သမ္မာတရားကို ရှာဖွေရန်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် သိရှိကြပြီး အသိစိတ်၊ ဆင်ခြင်တုံတရားတို့ဖြင့် အသက်ရှင်ကြသည်။ ၎င်းတို့ကို ဖြောင့်မတ်သောလူများဟု မခေါ်နိုင်သော်လည်း ဘုရားသခင်၏ အမြင်တွင် ၎င်းတို့သည် လူသားပုံသဏ္ဌာန်အချို့ရှိပြီး အနည်းဆုံးအနေဖြင့် ၎င်းတို့၏ စကားများနှင့် လုပ်ဆောင်ချက်များသည် ဘုရားသခင်ကို တုပယှဉ်ပြိုင်ခြင်း မရှိ။ ၎င်းတို့အပေါ်သို့ အမှုအရာများ ကျရောက်သောအခါ သမ္မာတရားကို ရှာဖွေနိုင်ပြီး ၎င်းတို့တွင် ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံး ရှိကြသည်။ ထို့ကြောင့် ၎င်းတို့သည် အတော်အတန် လုံခြုံပြီး စိတ်ချရကာ ဘုရားသခင်ကို သစ္စာဖောက်နိုင်ခြေမရှိပေ။ ၎င်းတို့သည် သမ္မာတရားကို အလွန် အလေးအနက် နားလည်ခြင်းမရှိသော်လည်း လိုက်နာနိုင်ပြီး ကျိုးနွံနာခံနိုင်ကြသည်။ ၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိပြီး မကောင်းမှုကို ရှောင်ကြဉ်နိုင်ကြ၏။ ၎င်းတို့ကို အလုပ်၊ သို့မဟုတ် တာဝန်တစ်ခုပေးသောအခါ ၎င်းတို့သည် စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှဖြင့် တတ်နိုင်သမျှ အစွမ်းကုန် လုပ်ဆောင်ကြသည်။ ဤသို့သောသူမျိုးသည် ယုံကြည်ထိုက်ပြီး ဘုရားသခင်က ထိုသူကို ယုံကြည်မှုရှိသည်။ ဤသို့သောလူတို့သည် အလင်း၌ အသက်ရှင်သည်။ အလင်းတွင် အသက်ရှင်သူတို့သည် ဘုရားသခင်၏ စိစစ်ခြင်းကို လက်ခံနိုင်သလော။ ၎င်းတို့၏ စိတ်နှလုံးကို ဘုရားသခင်ထံမှ ဖုံးကွယ်ထားကောင်း ထားနိုင်သေးသလော။ ဘုရားသခင်ကို မပြောပြနိုင်သည့် လျှို့ဝှက်ချက်များ ရှိသေးသလော။ ကလိမ်ကကျစ်ကျကာ လျှို့ဝှက်သောလှည့်ကွက်များ ရှိသေးသလော။ မရှိပေ။ ၎င်းတို့သည် ဘုရားသခင်ထံသို့ မိမိတို့၏ စိတ်နှလုံးကို အပြည့်အဝ ဖွင့်ဟပြီးဖြစ်ကာ ၎င်းတို့ ဖုံးကွယ်ထားသေးသည့်အရာ တစ်ခုမျှ မရှိချေ၊ သို့မဟုတ် မမြင်အောင် သိမ်းထားသည့်အရာ တစ်ခုမျှ မရှိချေ။ ၎င်းတို့သည် ဘုရားသခင်ကို ပွင့်ပွင့်လင်းလင်း အတွင်းရေး ပြောပြနိုင်သည်။ မည်သည့်အရာကိုမဆို ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့နိုင်သည်။ အရာရာတိုင်းကို ဘုရားသခင်အား အသိပေးနိုင်သည်။ ၎င်းတို့က ဘုရားသခင်ကို မပြောပြမည့်အရာ၊ ဘုရားသခင်ကို မပြသမည့်အရာ မရှိပေ။ လူတို့သည် ဤစံနှုန်းပြည့်မီနိုင်သောအခါ ၎င်းတို့၏ အသက်တာများသည် လွယ်ကူ၊ လွတ်လပ်ပြီး လွတ်မြောက်လာကြသည်။

ကောက်နုတ်ချက် (၃၇)

မိမိတာဝန်များကို ထမ်းဆောင်ရာတွင် အခြေခံသော မူလအရင်းခံစည်းမျဉ်းများသည် မည်သည့်အရာများ ဖြစ်သနည်း။ လူတစ်ဦးသည် စံနှုန်းများ၊ စည်းမျဉ်းများနှင့် ဘုရားသခင့်အိမ်တော်၏ တောင်းဆိုချက်များနှင့်အညီ ပြုမူရမည်၊ သမ္မာတရားအတိုင်း လက်တွေ့လုပ်ဆောင်ရမည်ဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားကို အသုံးပြုခြင်းအားဖြင့်၊ စည်းမျဉ်းများအတိုင်း ဘုရားအိမ်တော်၏ အလုပ်နှင့် အကျိုးစီးပွားများကို ကာကွယ်ခြင်းအားဖြင့် မိမိတို့၏ စိတ်နှလုံး၊ အားအင်ရှိသမျှဖြင့် မိမိတို့၏ ကိုယ်ပိုင်တာဝန်များကို ကောင်းစွာ ထမ်းဆောင်ရမည်။ ထိုအခါ လူတစ်ဦးသည် မိမိကိုယ်ကိုအတွက် ယေဘုယျအားဖြင့် မည်သို့ပြုမူသနည်း။ သူတို့၏လုပ်ရပ်များတွင် သူတို့၏အကျိုးစီးပွားများကို ဦးစားပေးလျက်၊ အခြားသူများအားလုံး၏အထက်တွင် သူတို့ကိုယ်ကိုယ် ထားလျက် သူတို့စိတ်ကျေနပ်သလို ဘာမဆို သူတို့ လုပ်ကြသည်။ သူတို့ကိုယ်ပိုင်အကျိုးစီးပွားအတွက် ဘာမဆို သူတို့ လုပ်ကြသည်၊ သူတို့၏ တစ်ကိုယ်ကောင်းဆန်သော ဇာတိပကတိသွေးသားဆန္ဒများ ပြည့်ဝစေဖို့ လုံးဝ ပြုမူကြပြီး တရားမျှတမှု၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ကို စိုးစဉ်းမျှပင် ထည့်သွင်းစဉ်းစားခြင်း မရှိပါ။ ထိုကဲ့သို့သောအရာများသည် သူတို့၏စိတ်နှလုံးများထဲတွင် မရှိကြပါ။ သူတို့သည် စာတန်ဆန်သောစိတ်သဘောထားတခုနောက်သို့သာ လိုက်ကြပြီး လူသား၏ကြိုက်နှစ်သက်မှုများအတိုင်း ပြုမူကြသည်၊ အဘက်ဘက်မှ ကျိတ်ကြံကြပြီး စာတန်ဆန်သောအတွေးအမြင်များနှင့်အညီ နေထိုင်ကြသည်။ ဤသည်မှာ မည်သည့် အသက်ရှင်နေထိုင်နည်းမျိုးဖြစ်သနည်း။ စာတန်၏ အသက်ရှင်နေထိုင်နည်းဖြစ်ပါသည်။ ဘုရားသခင်နောက်လိုက်သောအခါနှင့်မိမိ၏တာဝန်များကို ထမ်းဆောင်သောအခါ သမ္မာတရားစည်းမျဉ်းများအတိုင်း ပြုမူသင့်သည်။ အနည်းဆုံးအနေဖြင့် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိရမည်။ ဤသည်မှာ မရှိမဖြစ်လိုအပ်သောအနည်းဆုံးဖြစ်သည်။ လူအချို့က “ယနေ့ ငါစိတ်မကြည်လင်သောကြောင့် ဤကိစ္စကို ပြီးစလွယ်သာ လုပ်ဆောင်လိုသည်” ဟု ပြောကြသည်။ ဤသည်မှာ အသိစိတ်အတိုင်း ကိစ္စများကို လုပ်ခြင်းလော။ (မဟုတ်ပါ။) သင်ပြီးစလွယ်လုပ်ချင်သောအချိန်များတွင် သင်သည် ဤသည်ကို သတိရှိနေသလော။ (ကျွန်ုပ်တို့ သတိရှိနေပါသည်။) ယင်းကို သင်သတိရှိမနေသောအချိန်များရှိသလော။ (ဟုတ်ကဲ့၊ ရှိပါသည်။) ထိုအခါ ဤသို့ ဖြစ်ပြီးသည့်နောက်တွင် သင့်ကိုယ်သင် စစ်ဆေးနိုင်ပြီး ဤသည်ကို ရှာဖွေတွေ့ရှိနိုင်သလော။ (အနည်းငယ်လုပ်နိုင်ပါသည်။) သင်သည် သင်ပြီးစလွယ်လုပ်ခဲ့ကြောင်း ရှာဖွေတွေ့ရှိပြီးနောက်တွင် နောက်တစ်ကြိမ် ဝတ်ကျေတမ်းကျေလုပ်မည့် အလားတူ စိတ်ကူးအကြံများ သင့်တွင် ရှိပါက ၎င်းတို့ကို သင်သည် ပုန်ကန်ဆန့်ကျင်နိုင်ပြီး ဖြေရှင်းနိုင်ပါသလော။ (ဤစိတ်ကူးအကြံများကို ကျွန်ုပ် သတိထားမိသောအချိန်တွင် ထိုအကြံများကို အနည်းငယ် ပုန်ကန်ဆန့်ကျင်နိုင်ပါသည်။) သင့်ကိုယ်ပိုင်အတွေးများနှင့် ဆန္ဒများအား ပုန်ကန်ဆန့်ကျင်သည့် အချိန်တိုင်း တိုက်ပွဲတခုဖြစ်ပွားလိမ့်မည်။ အကယ်၍ သင်၏တကိုယ်ကောင်းဆန်သောဆန္ဒများက ဤတိုက်ပွဲအဆုံးသတ်တွင် အောင်နိုင်သွားပါက သင်သည် ဘုရားသခင်ကို ရည်ရွယ်ချက်ရှိရှိ ဆန့်ကျင်ပြီး သင့်တွင် အန္တရာယ်ရှိနေပြီဖြစ်သည်။ သင်က ဘုရားသခင်ကို ယုံကြည်သည်မှာ ဆယ်နှစ်ခန့်ကြာပြီဟု ဆိုကြပါစို့။ ပထမသုံးနှစ်လုံးလုံး သင်သည် တော်စွလျော်စွ ကြုံရာကျပန်းနေပြီး အနည်းငယ် အလေးအနက်ထားသည်၊ သို့သော် သုံးနှစ်ကျော်သွားသောအခါ ဘုရားသခင်ကို ယုံကြည်ရာတွင်မိမိသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရမည်၊ သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်ရမည်၊ ပြီးလျှင် မိမိ၏ဇာတိပကတိကို ပုန်ကန်ဆန့်ကျင်ရမည်ဟု သင်သဘောပေါက်လာသည်။ ထို့နောက် သင့်ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးခြင်းနှင့် မလိုတမာစိတ်နှင့် သင်၏ကိုယ်ပိုင်ကောက်ကျစ်စဉ်းလဲပြီး မာနထောင်လွှားသောသဘာဝတို့ကို တစ်စတစ်စ မှတ်မိစပြုလာသည်။ ထိုအချိန်တွင် သင်သည် သင့်ကိုယ်သင် အစစ်အမှန်သိလာပြီဖြစ်သည်။ သင့်ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးသောအနှစ်သာရကို သင်သိသည်။ သမ္မာတရားကို လက်ခံခြင်းသည် အလွန်အမင်း လိုအပ်သည်၊ သင်၏ဖောက်ပြန်ပျက်စီးသောစိတ်သဘောထားများကို ဖြေရှင်းဖို့ အရေးပါသည်ဟု သင်ခံစားရသည်။ ပြီးလျှင် ဤအကြိမ်တွင်သာ သမ္မာတရားစစ်မှန်မှု မရှိခြင်းသည် အတော် သနားစဖွယ်ကောင်းသည်ဟု သင်ခံစားရသည်။ သူတို့၏ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ခံရသည့်အချိန်တိုင်း သူတို့၏ စိတ်နှလုံးထဲတွင် တိုက်ပွဲတစ်ပွဲဆင်နွှဲခဲ့ပြီးသော်ငြားလည်း ဤတိုက်ပွဲများ တစ်ခုချင်းစီတိုင်းတွင် သူတို့သည် သူတို့၏ကိုယ်ပိုင်တကိုယ်ကောင်းဆန်သောဆန္ဒများကို အနိုင်မယူနိုင်ဘဲ သူတို့၏ကိုယ်ပိုင်ကြိုက်နှစ်သက်မှုများအတိုင်း ပြုမူနေဆဲဖြစ်သည်။ အမှန်တွင် သူတို့၏စိတ်နှလုံးထဲ၌ စာတန်၏စိတ်သဘောထားက ဦးဆောင်နေဆဲဖြစ်သည်ကို သူတို့ကိုယ်သူတို့ ကောင်းစွာသိကြပြီး ထို့ကြောင့်လည်း သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ခက်ခဲနေသည်။ ဤသည်က သူတို့တွင် သမ္မာတရားစစ်မှန်မှုတစ်စုံတစ်ရာ မရှိကြောင်းကို သက်သေပြပြီး နောက်ဆုံးတွင် သူတို့ ကယ်တင်ခြင်းခံရနိုင်မရနိုင်ကို ပြောဖို့ အလွန်ခက်ခဲသည်။ သင့်တွင် အမှန်တကယ် စိတ်ဆန္ဒရှိပါက သင်နားလည်သောသမ္မာတရားများကို လက်တွေ့လုပ်ဆောင်သင့်သည်၊ ဤသမ္မာတရားများကို သင်လက်တွေ့လုပ်ဆောင်သောအခါ မည်သည့်ဖောက်ပြန်ပျက်စီးသောစိတ်သဘောထားများက သင့်ကို ပိတ်ဆို့ဟန့်တားထားပါစေ သင်သည် ဘုရားသခင်ထံ အမြဲတမ်း ဆုတောင်းပြီး သူ့ကို အားကိုးသင့်သည်၊ ဖောက်ပြန်ပျက်စီးသောစိတ်သဘောထားများကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေသင့်သည်၊ ၎င်းတို့ကို တိုက်ထုတ်ရဲသင့်ပြီး သင့်ဇာတိပကတိကို ပုန်ကန်ဆန့်ကျင်ရဲသင့်သည်။ ဤယုံကြည်မှုမျိုး သင့်တွင် ရှိပါက သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပါသည်။ တစ်ခါတစ်ရံတွင် သင်ရှုံးနိမ့်သောအချိန်များရှိလိမ့်မည်ဖြစ်သော်လည်း သင်သည် စိတ်ပျက်အားလျှော့လာလိမ့်မည်မဟုတ်ဘဲ စာတန်ကို အောင်ပွဲခံဖို့အလို့ငှာ ဘုရားသခင်ကို ကြည်ညိုလေးစားပြီး ဘုရားသခင်ထံ ဆုတောင်းခြင်းအပေါ်တွင် မှီခိုအားထားနိုင်ဆဲပင် ဖြစ်လိမ့်မည်။ ဤကဲ့သို့ နှစ်ပေါင်းအတော်ကြာအောင် တွန်းလှန်တိုက်ခိုက်လျက်ဖြင့် သင့်ဇာတိပကတိအပေါ် သင်အောင်နိုင်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့်အချိန်များသည် တိုးလာလိမ့်မည်ဖြစ်ပြီး သင်ရှုံးနိမ့်သောအချိန်များသည် တဖြည်းဖြည်း လျော့နည်းလာလိမ့်မည်။ ရံဖန်ရံခါတွင် သင်ရှုံးနိမ့်လျှင်တောင်မှ သင်သည် အပျက်သဘောဆောင်မသွားတော့ဘဲ သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်နိုင်သည့်အချိန်အထိ ဘုရားသခင်ထံ ဆက်လက် ဆုတောင်းပြီး သူ့ကို ကြည်ညိုလေးစားသွားလိမ့်မည်။ ဤသည်မှာ သင့်အတွက် မျှော်လင့်ချက်ရှိသည်၊ တိမ်များ ကင်းပျောက်လွင့်စင်သွားပြီး သင်သည် ကောင်းကင်ပြာကို မြင်နိုင်သည်ဟု ဆိုလိုသည်။ သင်သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောအခါ သင်အောင်မြင်သောအချိန်များ ရှိနေသရွေ့ သင်သည် စိတ်ဆန္ဒရှိပြီး ကယ်တင်ခြင်းခံရနိုင်ဖို့ မျှော်လင့်ချက်ရှိသောသူတစ်ယောက်ဖြစ်သည်ဟု ဤသည်က သက်သေပြသည်။ သမ္မာတရားကို လိုက်စားသောလူများသည် ယင်းကို လက်တွေ့လုပ်ဆောင်သောအခါ ရှုံးနိမ့်မှုများစွာကို ကျော်ဖြတ်ပြီးနောက်မှ နောက်ဆုံးတွင်သာ သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်ကြသည်။ လူတစ်ဦးသည် ရှုံးနိမ့်သည့်အကြိမ်ရေမည်မျှများပါစေ၊ မည်မျှ အပျက်သဘောဆောင်ပါစေ သူသည် ဘုရားသခင်ထံ မှီခိုအားထားပြီး ဘုရားသခင်ကို ကြည်ညိုလေးစားနေသရွေ့ သူ့တွင် သူ အောင်မြင်သောအချိန်များ အမြဲတမ်း ရှိနေကြလိမ့်မည်။ သူသည် အကြိမ်ပေါင်း မည်မျှ ထပ်တလဲလဲ ကျရှုံးနေပါစေ၊ လက်မြှောက်အရှုံးမပေးသရွေ့ သူ့အတွက် မျှော်လင့်ချက်ရှိနေဆဲဖြစ်မည်။ သူသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည်၊ စည်းမျဉ်းများအတိုင်း ပြုမူနိုင်သည်၊ အထူးသဖြင့် သူ၏တာဝန်များကို ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ အဓိကကိစ္စများတွင် စာတန်နှင့် ညှိနှိုင်းပြီး အပေးအယူမလုပ်၊ သူ၏သက်သေထွက်ဆိုချက်အတွက် ခိုင်ခိုင်မာမာ ရပ်တည်ပေးလျက် သူ၏တာဝန်များအပေါ် လက်မလျှော့ဟု အမှန်တကယ် ရှာဖွေတွေ့ရှိသည့်နေ့ရက်သို့ ရောက်လာသောအခါ ထိုအချိန်တွင် သူ့အတွက် ကယ်တင်ခြင်းခံရဖို့ မျှော်လင့်ချက် အပြည့်အဝရှိသည်။

သင်သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့်အချိန်တိုင်း သင်သည် ကိုယ်တွင်းတိုက်ပွဲတခုကို ဖြတ်သန်းရလိမ့်မည်။ သမ္မာတရားကို သင်တို့လက်တွေ့လုပ်ဆောင်ရာတွင် သင်တို့အထဲမှ တစ်ယောက်ယောက်သည် တိုက်ပွဲတစ်စုံတစ်ရာကို မတွေ့ကြုံဖူးသလော။ လုံးဝ မကြုံဖူးပါ။ လူတစ်ယောက်သည် သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးဖြစ်ပြီး ဖောက်ပြန်ပျက်စီးသောစိတ်သဘောထားတစ်ခုမျှ မထုတ်ဖော်လုနီးပါး ဖြစ်မှသာ ထိုသူတွင် ပင်ကိုအားဖြင့် တိုက်ပွဲကြီးကြီးမားမားများ မရှိနိုင်မည်ဖြစ်သည်။ သို့ရာတွင် အထူးအခြေအနေများနှင့် ဆက်စပ်စဉ်းစားရမည့်အခြေအနေများအချို့တွင် သူသည် အနည်းငယ် တိုက်ပွဲဝင်နေဦးမည်ဖြစ်သည်။ ဆိုလိုသည်မှာ လူတစ်ဦးက သမ္မာတရားကို ပို၍ နားလည်လေလေ တိုက်ပွဲနည်းလေလေဖြစ်ပြီး သမ္မာတရားကို နားလည်ခြင်းနည်းပါးလေလေ ထိုသူတွင် တိုက်ပွဲများပိုများလေလေဖြစ်သည်။ အထူးသဖြင့် ယုံကြည်သူအသစ်များနှင့်ဆိုလျှင် သမ္မာတရားကို သူတို့ လက်တွေ့လုပ်ဆောင်သောအချိန်တိုင်း သူတို့၏စိတ်နှလုံးများထဲရှိ တိုက်ပွဲများအားလုံးသည် အလွန်အမင်း ပြင်းထန်ရမည်။ အဘယ်ကြောင့် ပြင်းထန်ရသနည်း။ အကြောင်းမှာ လူများတွင် ၎င်းတို့ကိုယ်ပိုင်ကြိုက်နှစ်သက်မှုများနှင့် ဇာတိပကတိသွေးသားဆန္ဒအရ ရွေးချယ်မှုများရှိရုံသာမက၊ သူတို့ကို ဆွဲထားသောဖောက်ပြန်ပျက်စီးသည့်စိတ်သဘောထားများအပြင် သူတို့တွင် အမှန်တကယ် အခက်အခဲများလည်း ရှိကြသည်။ သင်နားလည်သောသမ္မာတရား၏ရှုထောင့်တိုင်းအတွက် သင့်ကို ပိတ်ဆို့ဟန့်တားထားသည့် ဤရှုထောင့်လေးခုတို့နှင့် သင်တိုက်ပွဲဝင်ရမည်။ ဆိုလိုသည်မှာ သမ္မာတရားကို သင်လက်တွေ့မလုပ်ဆောင်မီ သင်သည် အနည်းဆုံး ဤပိတ်ဆို့ဟန့်တားထားသည့်အတားအဆီး သုံးခု သို့မဟုတ် လေးခုတို့ကို ကျော်ဖြတ်ရမည်။ သင်တို့၏ဖောက်ပြန်ပျက်စီးသောစိတ်သဘောထားများနှင့် ဆက်တိုက်တိုက်ပွဲဝင်ရသည့် ဤအတွေ့အကြုံမျိုး သင်တို့တွင် ရှိပါသလော။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့နှင့် ဘုရားအိမ်တော်၏အကျိုးစီးပွားတို့ကို ကာကွယ်ပေးဖို့ သင်တို့လိုအပ်သောအခါ သင်တို့၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ အကန့်အသတ်ကို သင်တို့သည် ကျော်လွန်ပြီး သမ္မာတရားဘက်ခြမ်းတွင် ရပ်တည်နိုင်ပါသလော။ ဥပမာအနေဖြင့် သင်သည် အသင်းတော်သန့်စင်ခြင်းအလုပ်ကို လုပ်ဖို့အတွက် တစ်စုံတစ်ဦးနှင့်အတူ တွဲပေးခြင်းခံရသော်လည်း ထိုသူက ဘုရားသခင်သည် လူများကို အတတ်နိုင်ဆုံး ကယ်တင်ကြောင်းနှင့် ကျွန်ုပ်တို့သည် လူများကို ချစ်ခြင်းမေတ္တာဖြင့် ဆက်ဆံရမည်ဖြစ်ပြီး သူတို့ကို နောင်တရဖို့အခွင့်အလမ်းများ ပေးရမည်ဖြစ်ကြောင်းတို့ကို ညီအစ်ကိုမောင်နှမများအား အမြဲတမ်း မိတ်သဟာယဖွဲ့သည်။ သူ၏မိတ်သဟာယဖွဲ့ခြင်းနှင့်ပတ်သက်ပြီး တခုခု မှားယွင်းနေသည်ဟု သင်သတိထားမိလာပြီး သူပြောသောစကားလုံးများသည် အလွန်မှန်ကန်သယောင်ထင်ရသော်လည်း သူက ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်ပန်းတိုင်များကို စိတ်ထဲတွင်ထားရှိကြောင်း၊ မည်သူတစ်ဦးတစ်ယောက်ကိုမျှစိတ်မကျေမနပ်ဖြစ်စေဖို့ ဆန္ဒမရှိကြကြောင်းနှင့် အမှုတော်အစီအစဉ်များကို မထမ်းဆောင်ချင်ကြကြောင်းတို့ကို အသေးစိတ်စိတ်ဖြာလေ့လာပြီး သင်ရှာဖွေတွေ့ရှိသွားသည်။ သူက ဤကဲ့သို့ မိတ်သဟာယပြုသောအခါ ဝိညာဉ်ရင့်ကျက်မှုနည်းပါးပြီး ပိုင်းခြားသိမြင်မှုမရှိသောလူများသည် သူတို့ကြောင့် စိတ်အနှောင့်အယှက်ဖြစ်လိမ့်မည်ဖြစ်ပြီး စည်းကမ်းမရှိသောအပြုအမူဖြင့် ချစ်ခြင်းမေတ္တာကို အဆင်အခြင်မဲ့စွာ ပြသလိမ့်မည်၊ အခြားလူများကို ကောင်းစွာ သတိပြုရိပ်စားမိရန် အရေးမစိုက်ဘဲနှင့် အန္တိခရစ်များ၊ ဆိုးယုတ်သောလူများနှင့် မယုံကြည်သူများကို မထုတ်ဖော်ဘဲ သို့မဟုတ် သတင်းမပို့ဘဲဖြစ်နေလိမ့်မည်။ ဤသည်မှာ အသင်းတော်သန့်စင်ခြင်းအလုပ်အတွက် အဟန့်အတားတခုဖြစ်သည်။ အန္တိခရစ်များ၊ ဆိုးယုတ်သောလူများနှင့် မယုံကြည်သူများကို အချိန်မီ မဖယ်ရှားနိုင်ခဲ့ပါက ဘုရားသခင်က ရွေးချယ်ထားသောသူများက ဘုရားနှုတ်ကပတ်တော်များကို ပုံမှန်စားသောက်ခြင်းနှင့် သူတို့၏တာဝန်များကို ပုံမှန်ထမ်းဆောင်ခြင်းတို့ကို ထိခိုက်စေလိမ့်မည်ဖြစ်ပြီး ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို ထိခိုက်စေလျက် အထူးသဖြင့် အသင်းတော်အလုပ်ကို အနှောင့်အယှက်ဖြစ်စေပြီး ပျက်စီးစေလိမ့်မည်။ ဤကဲ့သို့သောအချိန်တွင် သင်မည်ကဲ့သို့လက်တွေ့လုပ်ဆောင်သင့်သနည်း။ ပြဿနာကို သင်သတိထားမိသောအခါ သင်သည် ခိုင်ခိုင်မာမာရပ်တည်ပြီး ဤလူကို ဖော်ထုတ်ရမည်။ ထိုသူကို ရပ်တန့်အောင်လုပ်ရမည်ဖြစ်ပြီး အသင်းတော်၏အလုပ်ကို ကာကွယ်ပေးရမည်။ သင်က “ငါတို့သည် လုပ်ဖော်ကိုင်ဖက်များဖြစ်သည်။ ထိုသူကို ငါက တဲ့တိုးထုတ်ဖော်လိုက်ပြီး သူက လက်မခံခဲ့လျှင် ငါတို့အချင်းချင်း စကားများရန်ဖြစ်ရမည်မဟုတ်လော။ မဖြစ်ပေ၊ ငါထုတ်ပြော၍ မဖြစ်၊ ငါအနည်းငယ်ပို၍ လိမ္မာပါးနပ်မှဖြစ်မည်”ဟု တွေးဆကောင်းတွေးဆနေနိုင်သည်။ ထို့ကြောင့် သင်က ထိုသူကို ရိုးရှင်းသောသတိပေးချက်တစ်ခုပေးပြီး တိုက်တွန်းနှိုးဆော်သည့်စကားအချို့ ပြောလိုက်သည်။ သင်ပြောသည်ကို ကြားပြီးနောက်တွင် ယင်းကို ထိုသူက လက်မခံဘဲ သင့်ကို ချေပဖို့ အကြောင်းပြချက်များစွာကိုလည်း သွက်လက်စွာဖြင့် ရွတ်ဆိုပြကြသည်။ အကယ်၍ ထိုသူက လက်မခံပါက ဘုရားအိမ်တော်၏အလုပ်သည် ဆုံးရှုံးမှုများကို ခံရလိမ့်မည်။ သင်ဘာလုပ်သင့်သနည်း။ သင်သည် ဘုရားသခင်ထံ ဆုတောင်းပြီး “ဘုရားသခင်၊ ဤအရာကို ကျေးဇူးပြုပြီး ကြိုတင်၍အသေးစိတ်ပြင်ဆင်ပြီး စီစဉ်ညွှန်ကြားပါ။ ထိုသူကို ဆုံးမပဲ့ပြင်ပေးပါ၊ ကျွန်ုပ်လုပ်နိုင်တာ ဘာမှ မရှိပါ” ဟု ဆိုလော့။ ထိုသူကို သင်မရပ်တန့်နိုင်ဟု သင်ထင်သည်၊ ထို့ကြောင့် ထိုသူကို သင်သည် အတားအဆီးမရှိ လက်လွှတ်လိုက်သည်။ ဤသည်မှာ တာဝန်ခံသည့်အပြုအမူလော။ သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်သလော။ အကယ်၍ ထိုသူကို သင်မရပ်တန့်နိုင်ပါက ခေါင်းဆောင်များနှင့် လုပ်သားများထံသို့ ဤသည်ကို သင်အဘယ်ကြောင့် သတင်းမပို့ရသနည်း။ ဤကိစ္စကို စုဝေးပွဲတစ်ခုတွင် သင်တင်ပြပြီး ယင်းကိစ္စကို လူတိုင်း မိတ်သဟာယဖွဲ့စေပြီး ဆွေးနွေးစေဖို့ သင်အဘယ်ကြောင့် မလုပ်ရသနည်း။ အကယ်၍ ဤအရာကို သင်မလုပ်ပါက နောက်မှ သင့်ကိုယ်သင် အမှန်တကယ် အပြစ်တင်နေမည် မဟုတ်လော။ သင်က “ဤအရာကို ငါ မစီမံနိုင်ပါ။ ထို့ကြောင့် လျစ်လျူသာရှုလိုက်မည်။ ငါ လိပ်ပြာလုံသည်” ဟုဆိုပါက ထိုအခါတွင် သင့်တွင် မည်သို့သောစိတ်နှလုံးမျိုးရှိသနည်း။ ယင်းသည် အမှန်တကယ် ချစ်မြတ်နိုးသောစိတ်နှလုံးတစ်ခုလော သို့မဟုတ် အခြားလူများကို ထိခိုက်နစ်နာစေသောစိတ်နှလုံးတစ်ခုလော။ သင့်စိတ်နှလုံးသည် ထိုကဲ့သို့ကြောက်စရာကောင်းသောစိတ်နှလုံးတစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သင့်ထံ တစ်စုံတစ်ခုဖြစ်ပျက်သောအခါ လူများကို စိတ်မကျေမနပ်ဖြစ်စေမည်ကို သင်ကြောက်ရွံ့ပြီး စည်းမျဉ်းများကို မလိုက်နာမစောင့်ထိန်းသောကြောင့်ဖြစ်သည်။ အမှန်မှာ ဤလူသည် ဤနည်းအတိုင်းပြုမူနေခြင်းတွင် သူ၏ကိုယ်ပိုင်ရည်မှန်းချက်ပန်းတိုင်ရှိကြောင်းနှင့် ဤကိစ္စနှင့်ပတ်သက်၍ ထိုသူကို သင်နားမထောင်နိုင်ကြောင်းတို့ကို သင်ကောင်းစွာ သိပါသည်။ သို့ရာတွင် စည်းမျဉ်းများကို လိုက်နာစောင့်ထိန်းဖို့နှင့် အခြားလူများကို အထင်အမြင်မမှားစေရန် ထိုသူကို ရပ်တန့်ပေးဖို့ သင်မတတ်နိုင်ပါ။ ပြီးလျှင် ဤသည်မှာ ဘုရာအိမ်တော်၏အကျိုးစီးပွားများကို အဆုံးစွန် ထိခိုက်နစ်နာစေသည်။ ဤအရာပြီးလျှင် သင့်ကိုယ်သင် အပြစ်တင်ခြင်းပင် ရှိမည်လော။ (အပြစ်တင်ပါမည်။) သင့်ကိုယ်သင် အပြစ်တင်ခြင်းက ဆုံးရှုံးမှုများကို ပြန်ရဖို့ သင့်ကို တတ်နိုင်စေမည်လော။ ယင်းတို့ကို ပြန်မရနိုင်တော့ပါ။ ထို့နောက်တွင် သင်သည် “ငါသည် ငါ့တာဝန်များကို မည်သို့ပင်ဖြစ်စေ ကျေပွန်ခဲ့ပြီးပြီဖြစ်သည်။ ပြီးလျှင် ဘုရားသခင်က သိသည်၊ ဘုရားသခင်က လူတွေကို အရိုးသားဆုံး စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးသည်” ဟု တွေးဆသည်။ ဤအရာများသည် မည်သို့သောစကားလုံးမျိုးနည်း။ ဤအရာများသည် လူသားနှင့် ဘုရားသခင်နှစ်ဦးလုံးကို လိမ်လည်လှည့်စားသည့် လှည့်ဖြားတတ်သော၊ ဆိုးယုတ်သောစကားလုံးများဖြစ်ကြသည်။ သင့်တာဝန်များကို သင်မဖြည့်ဆည်းရသေးပါ၊ ပြီးလျှင် သင်သည် ၎င်းတို့ကို ရှောင်ဖယ်ဖို့ အကြောင်းပြချက်များနှင့် ဆင်ခြေဆင်လက်များကို ရှာဖွေနေဆဲပင်ဖြစ်သည်။ ဤသည်မှာ လိမ်လည်လှည့်ဖြားပြီး ခေါင်းမာ၍ မလိုက်လျောခြင်းဖြစ်သည်။ ဤကဲ့သို့သောလူတဦးသည် ဘုရားသခင်ထံသို့ ရိုးသားမှုတစုံတရာ ရှိမည်လော။ ထိုသူတို့ တရားမျှတစိတ်ရှိသလော။ (မရှိပါ။) ဤသည်မှာ အနည်းငယ်မျှပင် သမ္မာတရားကို လက်မခံသောလူတစ်ဦးဖြစ်သည်၊ စာတန်လိုအတန်းစားမျိုးဖြစ်သည့်လူတစ်ဦးဖြစ်သည်။ သင့်အပေါ်သို့ တစ်စုံတစ်ခု ကျရောက်သောအခါ သင်သည် လောကီဆိုင်ရာ ဆကဆံမှုများအတွက် အတွေးအခေါ်များဖြင့် ရှင်သန်ပြီး သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ပေ။ အခြားလူများအား စိတ်အနှောင့်အယှက်ပေးမိမည်ကို သင် အစဉ် စိုးရွံ့သော်လည်း၊ ဘုရားသခင်အား ပုန်ကန်ပြစ်မှားမိမည်ကို သင် မကြောက်ရွံ့သကဲ့သို့ သင်၏ အပြန်အလှန်ဆက်ဆံရေးများကို ကာကွယ်ရန် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကိုပင် စတေးလိမ့်မည်။ ဤသို့လုပ်ဆောင်ခြင်း၏ အကျိုးဆက်များမှာ အဘယ်နည်း။ သင်၏ အပြန်အလှန် ဆက်ဆံရေးများကို အတော်အတန် ကောင်းစွာ ကာကွယ်ပြီး ဖြစ်လိမ့်မည်ဖြစ်သော်လည်း ဘုရားသခင်ကို ပုန်ကန်ပြစ်မှားပြီး ဖြစ်လိမ့်မည်။ ဘုရားသခင်သည် သင့်အား ပစ်ပယ်လိမ့်မည်ဖြစ်ကာ သင့်အပေါ် စိတ်ဆိုးလိမ့်မည်။ ယှဉ်ကြည့်လျှင် မည်သည်က ပို၍ကောင်းသနည်း။ သင်မခွဲခြားနိုင်လျှင် သင်သည် လုံးဝ မရေမရာဖြစ်နေသည်။ သင်သည် သမ္မာတရားကို အနည်းငယ်မျှပင် နားမလည်သည်ကို သက်သေပြသည်။ သင်သည် လုံးဝ သတိမဝင်ဘဲ ဤသို့ဆက်သွားလျှင် အန္တရာယ်က အမှန်ပင် ကြီးမားသည်။ သင်သည် အဆုံးတွင် သမ္မာတရားကို မရယူနိုငလျှင် ဆုံးရှုံးခြင်းကို ခံစားရမည့်သူမှာ သင်ဖြစ်လိမ့်မည်။ ဤကိစ္စတွင် သမ္မာတရားကို သင်မရှာဖွေဘဲ ကျရှုံးလျှင် နောင်တွင် သမ္မာတရားကို ရှာဖွေနိုင်လိမ့်မည်လော။ မရှာဖွေနိုင်သေးလျှင် ဆုံးရှုံးခြင်းကို ခံစားရမည့် ပြဿနာဖြစ်မည်မဟုတ်တော့ဘဲ သင်သည် အဆုံး၌ ဖယ်ရှားရှင်းလင်းခြင်းခံရလိမ့်မည်။ လူ့အကြိုက်လိုက်သူတစ်ဦး၏ စိတ်ဓါတ်လှုံ့ဆော်မှုများနှင့် ရှုထောင့်အမြင် သင့်တွင် ရှိလျှင်၊ အခြေအနေအားလုံးတွင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် အခြေခံသဘောတရာများကို လိုက်နာခြင်းတို့ကို လုပ်ဆောင်နိုင်စွမ်းရှိမည် မဟုတ်ချေ၊ ပြီးလျှင် သင်သည် အစဉ် ကျရှုံးပြီး လဲကျလိမ့်မည်။ သင်သည် အသိတရားမရပါက၊ မည်သည့်အခါမျှ သမ္မာတရားကို မရှာဖွေပါက သင်သည် မယုံကြည်သူတစ်ဦးဖြစ်ပြီး သမ္မာတရားနှင့် အသက်တို့ကို မည်သည့်အခါမျှ ရရှိလိမ့်မည် မဟုတ်ချေ။ သို့ဆိုလျှင် သင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သင်သည် ဘုရားသခင်ထံ ဆုတောင်းပြီး အော်ခေါ်ကာ ကယ်တင်ခြင်းအတွက် တောင်းလျှောက်ရမည်။ သင့်အား ယုံကြည်ခြင်းနှင့် ခွန်အားကို ပို၍ပေးရန်လည်းကောင်း၊ သင့်အား စည်းမျဉ်းများကို လိုက်နာစေနိုင်ရန်လည်းကောင်း၊ သင့်လုပ်သင့်သည့်အရာကို လုပ်ဆောင်နိုင်စေရန်လည်းကောင်း၊ စည်းမျဉ်းများနှင့်အညီ အမှုအရာများကို ကိုင်တွယ်နိုင်စေရန်လည်းကောင်း၊ သင်ရပ်တည်သင့်သည့်နေရာတွင် ခိုင်မြဲစွာ ရပ်တည်နိုင်စေရန်လည်းကောင်း၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်နိုင်စေရန်လည်းကောင်း၊ ဘုရားအိမ်တော်၏ အမှုတော်ဆီသို့လာသည့် မည်သည့် အန္တရာယ်ကိုမဆို တားဆီးနိုင်စေရန်လည်းကောင်း တောင်းလျှောက်ရမည်။ သင်သည် မိမိ၏ ကိုယ်ကျိုးစီးပွား၊ မာန်မာန နှင့် လူ့အကြိုက်လိုက်သူတစ်ဦး နှင့်ဆိုင်သော ရှုထောင့်တို့ကို သင် ပုန်ကန်နိုင်လျှင်၊ သင်လုပ်သင့်သည့် အရာကို ရိုးသားသည့် စိတ်နှလုံးဖြင့် မမှိတ်မသုန် လုပ်ဆောင်နိုင်လျှင်၊ စာတန်ကို သင် အနိုင်ယူပြီး လိမ့်မည်ဖြစ်ပြီး၊ သမ္မာတရား၏ ဤရှုထောင့်ကို သင် ရရှိပြီး ဖြစ်လိမ့်မည်။ သင်သည် စာတန်၏ဒဿနတို့ဖြင့် အစဉ် ဆက်လက်အသက်ရှင်ပါက၊ အခြားသူများနှင့် သင်၏ ပေါင်းသင်းဆက်ဆံရေးကို ကာကွယ်ပြီး သမ္မာတရားကို မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်ပါက၊ စည်းမျဉ်းများအတိုင်း မလိုက်နာရဲပါက၊ သင်သည် အခြားကိစ္စရပ်များ၌ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်လော။ သင်၌ မည်သည့်ယုံကြည်မှု၊ သို့မဟုတ် မည်သည့်ခွန်အားမျှ ရှိဦးမည် မဟုတ်။ သင်သည် မည်သည့်အခါမျှ သမ္မာတရားကို ရှာဖွေနိုင်ခြင်း၊ သို့မဟုတ် လက်ခံနိုင်ခြင်း မရှိပါက၊ ဘုရားသခင်ကို ထိုသို့ ယုံကြည်ခြင်းသည် သင့်ကို သမ္မာတရားရစေမည်လော။ (မရပါ။) ပြီးလျှင် သင်သည် သမ္မာတရားကို မရရှိနိုင်လျှင်၊ သင်သည် ကယ်တင်ခြင်း ခံရနိုင်သလော။ သင် မခံရနိုင်ပေ။ သင်သည် သမ္မာတရားစစ်မှန်မှု လုံးလုံး ကင်းမဲ့ပြီး စာတန်၏ဒဿနဖြင့် အစဉ် အသက်ရှင်ပါက၊ သင် မည်သည့်အခါမျှ ကယ်တင်မခံရနိုင်ပေ။ သမ္မာတရားကို ရရှိခြင်းသည် ကယ်တင်ခြင်းအတွက် လိုအပ်သည့် သတ်မှတ်ချက်တစ်ခု ဖြစ်သည်ကို သင် ရှင်းရှင်းလင်းလင်း သိသင့်သည်။ သို့ဆိုလျှင် သင်သည် သမ္မာတရားကို မည်သို့ ကြိုးပမ်းရရှိသနည်း။ သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်နိုင်ပြီး၊ သင်သည် သမ္မာတရားအားဖြင့် အသက်ရှင်နိုင်ကာ၊ သမ္မာတရားသည် သင့်အသက်တာ၏အခြေခံ ဖြစ်လာပါက၊ သင်သည် သမ္မာတရားကို ရရှိမည်ဖြစ်ပြီး အသက်ကို ရရှိမည်ဖြစ်သောကြောင့် သင်သည် ကယ်တင်ခြင်းခံရသည့် သူများထဲမှ တစ်ဦးဖြစ်လိမ့်မည်။

ကောက်နုတ်ချက် (၃၈)

လူတချို့သည် သူတို့၏ တာဝန်များကို ထမ်းဆောင်ရန် အတတ်ပညာဆိုင်ရာ အသိပညာဗဟုသုတ ကင်းမဲ့လွန်းနေပြီး တစ်ခုခုကို သင်ယူလေ့လာရန် သူတို့အတွက် အလွန်ခက်ခဲနေသည့်အခါ အဘယ်အရာ ဖြစ်ပျက်နေခြင်း ဖြစ်သနည်း။ ယင်းမှာ သူတို့သည် အစွမ်းအစညံ့နေသောကြောင့် ဖြစ်သည်။ သမ္မာတရားသည် အလွန်အကျွံ အစွမ်းအစနည်းသော လူများအတွက် မမီမကမ်းဖြစ်ပြီး သူတို့သည် အလွယ်တကူ မသင်ယူတတ်ကြပေ။ သူတို့ထဲမှ အများစုတွင် ဆိုးဆိုးဝါးဝါး ချို့ယွင်းချက်များ ရှိနေ၏။ သူတို့တွင် ဆင်ခြင်တုံတရား သို့မဟုတ် အသိစိတ်တစ်ခု မရှိရုံသာမက သူတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်အတွက် နေရာတစ်ခုလည်း မရှိကြချေ။ သူတို့၏ မျက်လုံးများသည် အသက်မဲ့နေပြီး အရောင်မှေးမှိန်နေကြသည်။ ၎င်းတို့သည် တိရစ္ဆာန်များကဲ့သို့ မိန်းမောတွေဝေနေကြ၏။ သူတို့သည် မည်သို့စားမည်၊ သောက်မည်၊ ပျော်ပါးမည်တို့ကိုသာ သိကြပြီး ပညာမသင်ယူကြ သို့မဟုတ် မည်သည့်ကျွမ်းကျင်မှုမျှ မရှိကြ။ သူတို့သည် အကြောင်းအရာများကို သာမန်ကာလျှံကာ အဆင့်သာ သင်ယူလေ့လာကြ၏။ ထို့ပြင် အပေါ်ယံလေးကိုသာ လေ့လာသိရှိထားသော်လည်း နားလည်သွားပြီဟု သူတို့ကိုယ်သူတို့ ထင်ကြသည်။ အခြားလူများက ပိုရှင်းပြရန် ကြိုးစားသောအခါ မလိုအပ်ဟု ယုံကြည်လျက် နားထောင်ရန် သူတို့ငြင်းဆန်ကြသည်။ သူတို့သည် အခြားလူများက ပြောသော မည်သည့်အရာကိုမဆို နားမထောင်ကြ သို့မဟုတ် လက်မခံကြ။ ရလဒ်အနေဖြင့် သူတို့သည် အဘယ်အရာကိုမျှ ဖြစ်မြောက်အောင် မလုပ်နိုင်ဘဲ အရင်းခံအားဖြင့် အသုံးမကျကြပေ။ အစွမ်းအစညံ့ခြင်းတစ်ခုတည်းကပင် ဆိုးရွားနေပေပြီ။ အကယ်၍ လူတစ်ဦးတွင် မကောင်းသော စိတ်သဘောထားတစ်ခုလည်း ရှိပြီး ကိုယ်ကျင့်တရားကင်းမဲ့၍ အကြံဉာဏ်ကိုလည်း နားမထောင်၊ အပြုသဘောဆောင်သော အရာများကိုလည်း လက်မခံနိုင်သည့်အပြင် အသစ်သော အရာများကို သင်ယူလေ့လာရန်နှင့် လက်ခံယုံကြည်ရန် လိုလားစိတ်လည်း မရှိလျှင် ထိုကဲ့သို့သော လူတစ်ဦးသည် အသုံးမကျပေ။ မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေသော သူများသည် ဆင်ခြင်တုံတရားနှင့် အသိစိတ်ကို ပိုင်ဆိုင်ရမည်။ မိမိတို့၏ ကိုယ်ပိုင်အတိုင်းအတာနှင့် မိမိတို့၏ ကိုယ်ပိုင်ချို့ယွင်းချက်များကို သိရမည်။ မိမိတို့ချို့တဲ့သည့်အရာနှင့် တိုးတက်အောင်လုပ်ရန် လိုသည့်အရာတို့ကို နားလည်ရပေမည်။ သူတို့သည် မိမိတို့တွင် ချို့တဲ့နေသည့်အရာ များလွန်းလှကြောင်း၊ မိမိတို့သည် အသစ်သော အရာများကို မလေ့လာ၊ လက်မခံပါက ဖယ်ရှားရှင်းလင်းခြင်းကို ခံကောင်းခံရနိုင်ကြောင်း အမြဲတမ်း ခံစားမိရမည်။ ဖြစ်လာမည့် အကျပ်အတည်းကို သူတို့၏ စိတ်နှလုံးထဲတွင် သိနားလည်မှုရှိထားလျှင် ယင်းက သူတို့အား အကြောင်းအရာများ သင်ယူလေ့လာရန် စိတ်ဓာတ်လှုံ့ဆော်မှုနှင့် လိုလားစိတ်တစ်ခုတို့ကို ပေးသည်။ တစ်ဖက်တွင် လူတစ်ဦးသည် ကိုယ့်ကိုယ်ကိုယ် သမ္မာတရားများဖြင့် ပြင်ဆင်ထားသင့်ပြီး အခြားတစ်ဖက်တွင် မိမိ၏ တာဝန်များကို ထမ်းဆောင်ရေးနှင့် ဆက်စပ်နေသော အတတ်ပညာဆိုင်ရာ အသိပညာဗဟုသုတကို ဆည်းပူးသင့်သည်။ ဤနည်းအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းဖြင့် ထိုသူသည် တိုးတက်လာနိုင်ပြီး သူ၏တာဝန်များကို ထမ်းဆောင်ရာတွင်လည်း ရလဒ်ကောင်းများ ဖြစ်ထွန်းလိမ့်မည်။ မိမိ၏တာဝန်များကို ကောင်းစွာ လုပ်ဆောင်ပြီး လူသားမျိုးနွယ်၏ အသွင်သဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်မှသာ လူတစ်ဦး၏ ဘဝတွင် တန်ဖိုးရှိနိုင်သည်။ ထို့ကြောင့် မိမိ၏ တာဝန်များကို ထမ်းဆောင်ခြင်းသည် အဓိပ္ပာယ်အရှိဆုံးအရာ ဖြစ်သည်။ လူတချို့သည် မကောင်းသော စိတ်သဘောထားတစ်ခု ရှိကြပြီး အသိဉာဏ်ပညာမဲ့ရုံသာမက မာနလည်း ထောင်လွှားကြသည်။ အရာခပ်သိမ်းနှင့်ပတ်သက်၍ ရှာဖွေခြင်း၊ အခြားလူများကို အမြဲတမ်း နားထောင်ခြင်းတို့သည် အခြားလူများကို သူတို့အပေါ် အထင်သေးစေလိမ့်မည်ဖြစ်ပြီး သူတို့ကို မျက်နှာပျက်စေမည်ဖြစ်သည်၊ ထို့ပြင် ဤနည်းအတိုင်း ပြုမူကျင့်ကြံခြင်းသည် ဂုဏ်သိက္ခာကင်းမဲ့သည်ဟု သူတို့ အမြဲ ထင်ကြသည်။ အမှန်မှာ ဆန့်ကျင်ဘက်ဖြစ်သည်။ မာနထောင်လွှားခြင်းနှင့် မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ခြင်း၊ အဘယ်အရာကိုမျှ မသင်ယူခြင်း၊ အရာရာတွင် နောက်ကျကျန်ရစ်နေခြင်းနှင့် ခေတ်နောက်ကျနေခြင်းအပြင် အသိပညာဗဟုသုတ၊ ထိုးထွင်းအမြင်၊ စိတ်ကူးအကြံအစည်များ ကင်းမဲ့ခြင်းတို့သည်သာ အမှန်တကယ် ရှက်စရာကောင်းသည့်အရာ ဖြစ်ပြီး ဤသည်မှာ သမာဓိနှင့် ဂုဏ်သိက္ခာတို့ကို လူတစ်ဦး ဆုံးရှုံးရသည့် အချိန်အခါပင် ဖြစ်သည်။ လူတချို့သည် အဘယ်အရာကိုမျှ ကောင်းစွာ မလုပ်နိုင်ကြဘဲ သူတို့သင်ယူလေ့လာသမျှ အရာတိုင်းနှင့် ပတ်သက်၍လည်း အခြေခံမျှဖြစ်သော နားလည်မှုသာ ရှိကြကာ အယူဝါဒအနည်းငယ်မျှကို နားလည်ခြင်းဖြင့် ကျေနပ်နေကြပြီး သူတို့ကိုယ်သူတို့ ကျွမ်းကျင်သွားပြီဟု ထင်ကြသည်။ သို့သော် သူတို့သည် မည်သည့်အရာကိုမျှ ဖြစ်မြောက်အောင် မလုပ်နိုင်ကြဆဲပင် ဖြစ်ပြီး သူတို့တွင် လက်ဆုပ်လက်ကိုင်ပြနိုင်သော ရလဒ်များလည်း မရှိ။ အဘယ်အရာကိုမျှ သူတို့နားမလည်ကြောင်း၊ အဘယ်အရာကိုမျှ ဖြစ်မြောက်အောင် သူတို့လုပ်ထားခြင်း မရှိကြောင်း သူတို့ကို သင်ပြောပါက သူတို့သည် လက်ခံယုံကြည်ခြင်း မရှိဘဲ သူတို့၏ လိုရင်းကို တစာစာ ငြင်းခုံပြောသည်။ သို့သော် အမှုအရာများကို သူတို့လုပ်သောအခါ၌မူ ညံ့ဖျင်းစွာ လုပ်ပြီး တစ်ဝက်တစ်ပျက် လုပ်ကြလေသည်။ လူတစ်ဦးသည် မည်သည့်လုပ်ငန်းတာဝန်ကိုမဆို ကောင်းစွာ မကိုင်တွယ်နိုင်ပါက အသုံးမကျဘဲ ဖြစ်နေသည် မဟုတ်လော။ ဆန်ကုန်မြေလေး ဖြစ်နေသည် မဟုတ်လော။ အစွမ်းအစ အလွန်အကျွံနည်းသော လူများသည် အရိုးရှင်းဆုံး လုပ်ငန်းတာဝန်များကိုပင် မကိုင်တွယ်နိုင်ချေ။ သူတို့သည် ဆန်ကုန်မြေလေးများ ဖြစ်ကြပြီး သူတို့၏ ဘဝသည်လည်း တန်ဖိုးမရှိ။ “ကျွန်ုပ်သည် ပညာရေးသော်လည်းကောင်း၊ ဗဟုသုတသော်လည်းကောင်း မရှိဘဲ ကျေးလက်ဒေသတွင် ကြီးပြင်းလာခြင်း ဖြစ်၍ ကျွန်ုပ်၏ အစွမ်းအစက ညံ့ပါသည်။ မြို့ပေါ်တွင်နေကာ ပညာတတ်ပြီး ဗဟုသုတ အကြားအမြင်များသည့် သင်တို့ကဲ့သို့သော လူများနှင့် မတူပါ။ ထို့ကြောင့် သင်တို့သည် အရာရာ ထူးချွန်နိုင်ကြခြင်း ဖြစ်ပါသည်” ဟု လူတချို့က ပြောကြသည်။ ဤပြောဆိုချက်သည် မှန်ကန်သလော။ (မမှန်ကန်ပါ။) ယင်းနှင့်ပတ်သက်၍ မည်သည်က မမှန်ကန်သနည်း။ (လူတစ်ဦးသည် အမှုကိစ္စများကို စွမ်းဆောင်နိုင်ခြင်း ရှိမရှိဆိုသည်က သူ၏ပတ်ဝန်းကျင်နှင့် လုံးဝ မဆိုင်ပါ။ လူတစ်ဦးက သင်ယူလေ့လာရန်နှင့် မိမိကိုယ်ကို တိုးတက်အောင်လုပ်ရန် အားထုတ်ခြင်း ပြုမပြုဆိုသည့်အပေါ်တွင် အဓိကအားဖြင့် မူတည်ပါသည်။) လူများကို ဘုရားသခင် ဆက်ဆံပုံမှာ သူတို့ မည်မျှပညာတတ်သည် သို့မဟုတ် သူတို့ မည်သည့်ပတ်ဝန်းကျင်မျိုးတွင် မွေးဖွားလာသည် သို့မဟုတ် သူတို့တွင် ပင်ကိုစွမ်းရည် မည်မျှရှိသည် ဆိုသည်တို့အပေါ်တွင် မတည်ချေ။ ထိုအစား သူသည် လူများကို သမ္မာတရားအပေါ် ထားရှိသည့် သူတို့၏ သဘောထားအပေါ်တွင် အခြေခံ၍ ဆက်ဆံ၏။ ဤသဘောထားသည် မည်သည့်အရာနှင့် သက်ဆိုင်သနည်း။ သူတို့၏ လူ့သဘာဝနှင့် သက်ဆိုင်ပြီး သူတို့၏ စိတ်သဘောထားများနှင့်လည်း သက်ဆိုင်သည်။ ဘုရားသခင်ကို သင်ယုံကြည်ပါက သမ္မာတရားကို မှန်ကန်စွာ ကိုင်တွယ်နိုင်ရမည်။ အကယ်၍ သင့်တွင် နှိမ့်ချသော စိတ်ထားနှင့် သမ္မာတရားကို လက်ခံသော စိတ်ထားတစ်ခု ရှိပါက သင့်အနေဖြင့် အနည်းငယ် အစွမ်းအစညံ့နေလျှင်ပင် ဘုရားသခင်သည် သင့်ကို ဉာဏ်အလင်းဖွင့်ပေးပြီး တစ်ခုခုရဖို့ ခွင့်ပြုနေဦးမည် ဖြစ်သည်။ သင်သည် အရည်အချင်းကောင်း ပိုင်ဆိုင်သော်လည်း အမြဲ မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်နေလျှင်၊ သင်ပြောသမျှသည် မှန်ပြီး အခြားသူများ ပြောသမျှသည် မှားသည်ဟု ထင်မြင်နေလျှင်၊ အခြားလူများက မည်သည့်အကြံများကို အဆိုပြုသည်ဖြစ်စေ ငြင်းဆန်ပြီး သမ္မာတရားကိုပင် မည်သို့မိတ်သဟာယဖွဲ့ပါစေ လက်မခံဘဲ အစဉ်အတိုက်အခံပြုနေလျှင် သင်ကဲ့သို့သောသူသည် ဘုရားသခင်၏ နှစ်သက်သဘောကျခြင်းကို ရရှိနိုင်သလော။ သင်ကဲ့သို့သော ထိုသူတွင် သန့်ရှင်းသောဝိညာဉ်တော်က အလုပ်လုပ်မည်လော။ အလုပ်လုပ်မည်မဟုတ်ပေ။ ဘုရားသခင်က သင်သည် မကောင်းသော စိတ်သဘောထားတစ်ခုရှိပြီး၊ သူ၏ ဉာဏ်အလင်းဖွင့်ပြခြင်းကို ရရှိဖို့ ထိုက်တန်ခြင်းမရှိဟု ပြောလိမ့်မည်ဖြစ်သကဲ့သို့ သင်နောင်တမရလျှင် တစ်ချိန်က သင်ရှိခဲ့သည့်အရာကိုပင် ဘုရားသခင် ယူငင်သွားလိမ့်မည်။ ဤသည်မှာ ထုတ်ဖော်ခံရခြင်းဖြစ်သည်။ ဤသို့သော လူများသည် သနားစဖွယ် ဘဝကို ရှင်သန်နေထိုင်ကြသည်။ သူတို့သည် အဖြစ်မရှိကြသည့်အပြင် အရာရာတိုင်းတွင် အသုံးမကျသည်မှာ သိသာထင်ရှားပေသည်။ သို့တိုင်အောင် သူတို့ကိုယ်သူတို့ အတော်အတန် တော်သည်၊ အဘက်ဘက်တွင် အခြားလူတိုင်းထက် သာလွန်သည်ဟု ထင်နေကြဆဲဖြစ်သည်။ အခြားလူတို့ရှေ့တွင် သူတို့၏ ချို့ယွင်းချက်များ သို့မဟုတ် အားနည်းချက်များကိုဖြစ်စေ၊ သူတို့၏ အားနည်းချက်များနှင့် အပျက်သဘောဆောင်မှုတို့ကိုဖြစ်စေ မည်သည့်အခါမျှ မဆွေးနွေးကြပေ။ သူတို့သည် အစဉ်သဖြင့် ကျွမ်းကျင်မှုရှိဟန်ဆောင်ပြီး အခြားလူများအား မှားယွင်းစွာ ထင်မြင်စေသည်။ သူတို့သည် အရာရာတိုင်းတွင် ကျွမ်းကျင်ကြောင်း၊ အားနည်းချက် မရှိကြောင်း၊ မည်သည့်အကူအညီမျှ မလိုကြောင်း၊ အခြားလူများ၏ ထင်မြင်ချက်တို့ကို နားထောင်ဖို့ မလိုကြောင်း၊ သူတို့၏ အားနည်းချက်များကို ဖာထေးရန် အခြားလူတို့၏ အားသာချက်များမှ သင်ယူဖို့ မလိုကြောင်း၊ ထို့အပြင် သူတို့သည် ကျန်လူတိုင်းထက် အမြဲတမ်း သာနေလိမ့်မည်ဖြစ်ကြောင်း အခြားသူတို့ ထင်မြင်အောင် လုပ်သည်။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုးနည်း။ (မာနထောင်လွှားမှု ဖြစ်ပါသည်။) အင်မတန် မာနထောင်လွှားမှုပင် ဖြစ်၏။ ဤသို့သော လူများသည် သနားစဖွယ် ဘဝများကို ရှင်သန်နေထိုင်ကြပေတော့သည်။ သူတို့သည် အမှန်တကယ် တတ်စွမ်းနိုင်သလော။ အမှုကိစ္စများကို အမှန်တကယ် ဖြစ်မြောက်အောင် လုပ်နိုင်သလော။ သူတို့သည် အတိတ်တွင် ကိစ္စများစွာကို ရှုပ်ထွေးစေခဲ့ကြသည်။ သို့တိုင် ဤသို့သော လူများသည် အဘယ်အရာကိုမဆို သူတို့လုပ်နိုင်သည်ဟု ထင်နေကြဆဲ ဖြစ်သည်။ ၎င်းသည် အလွန် ယုတ္တိမတန်သည် မဟုတ်လော။ ထိုမျှအတိုင်းအတာအထိ လူများ ဆင်ခြင်တုံတရား ကင်းမဲ့သောအခါ သူတို့သည် နားဝေတိမ်တောင်ဖြစ်သော လူများဖြစ်ကြသည်။ ထိုကဲ့သို့သော လူများသည် အသစ်သော အရာများကို မသင်ယူကြပေ သို့မဟုတ် လက်မခံကြပေ။ အတွင်းပိုင်းတွင် သူတို့သည် ခန်းခြောက်၍ အမြင်ကျဉ်းမြောင်းပြီး မွဲပြာကျနေသည်။ မည်သည့်အခြေအနေပင်ဖြစ်ဖြစ် သူတို့သည် စည်းမျဉ်းများကို နားလည်သဘောပေါက်ရန် သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ရန် ပျက်ကွက်ကြ၍ စည်းမျဉ်းစည်းကမ်းများကို ဆုပ်ကိုင်ထားရန်သာ သိကြပြီး စကားလုံးများနှင့် အယူဝါဒများကိုသာ ပြောကြကာ အခြားလူများရှေ့တွင် ကြွားကြသည်။ ရလဒ်အနေဖြင့် သူတို့သည် မည်သည့်သမ္မာတရားကိုမျှ နားမလည်ကြဘဲ သမ္မာတရားစစ်မှန်မှု အနည်းငယ်မျှပင် မရှိကြ။ သို့တိုင်အောင် သူတို့သည် အလွန် မာနထောင်လွှားနေဆဲဖြစ်သည်။ သူတို့သည် တကယ့်ကို နားဝေတိမ်တောင်ဖြစ်သော လူများဖြစ်ကြပြီး ကျိုးကြောင်းဆင်ခြင်ပြ၍ လုံးဝ မရသဖြင့် သူတို့ကို ဖယ်ရှားရှင်းလင်းရုံသာ တတ်နိုင်တော့သည်။

သင်တို့သည် မိမိ၏ တာဝန်များကို ထမ်းဆောင်ရန် အခြားလူများနှင့် ပူးပေါင်းဆောင်ရွက်သည့်အခါ၊ မတူညီသည့် ထင်မြင်ချက်များကို သင် လိုလိုလားလား လက်ခံနိုင်သလား။ သင်သည် အခြားလူများကို စကားပြောခွင့်ပေးနိုင်သလော။ (အနည်းငယ် ပေးနိုင်ပါသည်။ ယခင်က အချိန်အများစုတွင် ညီအစ်ကိုမောင်နှမများ၏ အကြံပြုချက်များကို ကျွန်ုပ် နားမထောင်ခဲ့သကဲ့သို့၊ အမှုကိစ္စများကို မိမိ၏သဘောကျ လုပ်ဆောင်ဖို့ မရမကပြောခဲ့ပါသည်။ နောက်ပိုင်းတွင် ကျွန်ုပ်မှားကြောင်း အချက်အလက်များက သက်သေပြသည့်အခါမှသာ ၎င်းတို့၏ အကြံပြုချက်အများစုသည် မှန်ကန်နေခဲ့ကြောင်း၊ လူတိုင်းဆွေးနွေးထားသည့် ဆုံးဖြတ်ချက်သည်သာ အမှန်တကယ် သင့်တော်ကြောင်း၊ ထို့ပြင် မိမိ၏ အမြင်များကို အားထားခဲ့၍ ကျွန်ုပ်သည် အမှုကိစ္စများကို ရှင်းလင်းစွာ မမြင်နိုင်ခဲ့ဘဲ ချို့တဲ့နေခဲ့ကြောင်း ကျွန်ုပ်မြင်ခဲ့ရပါသည်။ ဤအရာကို တွေ့ကြုံပြီးသည့်နောက်တွင် သဟဇာတဖြစ်သည့် ပူးပေါင်းလုပ်ဆောင်ခြင်းက မည်မျှအရေးကြီးသည်ကို ကျွန်ုပ် သဘောပေါက်ခဲ့ပါသည်။) ပြီးလျှင် ဤအရာမှ အဘယ်အရာကို တွေ့မြင်နိုင်သနည်း။ ဤအရာကို တွေ့ကြုံပြီးသည့်နောက်၊ အကျိုးကျေးဇူးအချို့ကို လက်ခံရရှိပြီး သမ္မာတရားကို နားလည်ခဲ့သလော။ မည်သူမဆို အမှားကင်းသည်ဟု သင်တို့ ထင်သလော။ လူတို့သည် မည်မျှ သန်စွမ်းသည်ဖြစ်စေ၊ သို့မဟုတ် မည်မျှ စွမ်းဆောင်နိုင်ပြီး ပါရမီရှိသည်ဖြစ်စေ၊ ၎င်းတို့သည် ခြောက်ပြစ်ကင်း မဟုတ်သေးပေ။ ဤအရာကို လူများ သတိပြုမိရမည်။ ယင်းမှာ အမှန်တရားဖြစ်ပြီး မိမိတို့၏ကိုယ်ပိုင် အရည်အချင်းများနှင့် အားသာချက်များ သို့မဟုတ် ချို့ယွင်းချက်များကို မှန်ကန်စွာ ကိုင်တွယ်ချဉ်းကပ်ဖို့ လူတို့တွင် ရှိသင့်သည့် သဘောထားလည်း ဖြစ်ပေသည်။ ဤသည်မှာ လူတို့ ပိုင်ဆိုင်သင့်သည့် စဉ်းစားချင့်ချိန်နိုင်စွမ်း ဖြစ်သည်။ ဤသို့သော ဆင်ခြင်တုံတရားဖြင့် သင်သည် သင်ကိုယ်တိုင်၏ အားသာချက်များနှင့် အားနည်းချက်များအပြင် အခြားသူတို့၏ ယင်းအချက်များကိုပါ သင့်လျော်စွာ ကိုင်တွယ်နိုင်မည်ဖြစ်ပြီး၊ ဤအချက်သည် သင့်အား ၎င်းတို့နှင့်အတူ သဟဇာတဖြစ်စွာ အလုပ်လုပ်နိုင်စေလိမ့်မည်။ သင်သည် သမ္မာတရား၏ ဤရှုထောင့်ကို နားလည်ပြီးဖြစ်ကာ သမ္မာတရား စစ်မှန်မှု၏ ဤသွင်ပြင်လက္ခဏာကို ဝင်ရောက်နိုင်လျှင် သင့်တွင်ရှိသော မည်သည့်အားနည်းချက်ကိုမဆို ဖာထေးရန် မိမိညီအစ်ကိုမောင်နှမများ၏ အားသာချက်များကို အသုံးပြုရင်း သူတို့နှင့် သဟဇာတရှိရှိ အဆင်ပြေနိုင်သည်။ ဤနည်းအားဖြင့် မည်သည့်တာဝန်ကို ထမ်းဆောင်နေသည်ဖြစ်စေ သို့မဟုတ် မည်သည့်အရာကို လုပ်ဆောင်နေသည်ဖြစ်စေ သင်သည် ယင်းအမှုအရာတွင် အစဉ်သဖြင့် ပိုမိုကောင်းမွန်လာပြီး ဘုရားသခင်၏ကောင်းချီးကို ရရှိလိမ့်မည်။ သင်သည် အတော်အတန်တော်ပြီး အခြားသူတို့သည် သင်နှင့်ယှဉ်လျှင် ညံ့သည်ဟု အစဉ် ထင်မြင်ပြီးလျှင်၊ သင်သည် အစဉ်သဖြင့် အဆုံးအဖြတ်ပေးသောသူဖြစ်လိုလျှင် ဤသည်မှာ ဒုက္ခပေးလိမ့်မည်။ ဤသည်မှာ စိတ်သဘောထားနှင့်ဆိုင်သည့် ပြဿနာဖြစ်သည်။ ထိုသို့သော လူများသည် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကြသည် မဟုတ်လော။ တစ်စုံတစ်ယောက်က သင့်ကို အကြံကောင်းပေးသည်ဟု စိတ်ကူးကြည့်လော့။ သို့သော် ယင်းကို သင်လက်ခံလိုက်လျှင် ထိုသူက သင့်ကို အထင်သေးကောင်းသေးနိုင်ပြီး သူ့လောက် မတော်ဟု ထင်သွားနိုင်ကြောင်း သင်တွေးသည်။ ထို့ကြောင့် သူ့ကို နားမထောင်ဖို့ သင်ဆုံးဖြတ်လိုက်သည်။ ထိုအစား သင့်ကို သူအထင်ကြီးလေးစားလာစေရန် ဟိတ်ဟန်ကြီး၍ ကိန်းကြီးခန်းကြီးနိုင်သော စကားလုံးများဖြင့် သူ့ကို လွှမ်းမိုးဖို့ သင်ကြိုးစားသည်။ သင်သည် လူများကို ဤနည်းဖြင့် အမြဲတမ်း ဆက်ဆံလျှင် သူတို့နှင့် သဟဇာတကျကျ သင်ပူးပေါင်း ဆောင်ရွက်နိုင်မည်လော။ သဟဇာတဖြစ်အောင် စွမ်းဆောင်ဖို့ ပျက်ကွက်ရုံသာမက အပျက်သဘောဆောင်သော အကျိုးဆက်များလည်း ရှိလာလိမ့်မည်။ အချိန်ကြာလာသည်နှင့်အမျှ လူတိုင်းက သင့်ကို လှည့်ဖြားပြီး ကလိမ်ကျလွန်းသည့်၊ သူတို့နားလည်ရခက်သည့် တစ်စုံတစ်ယောက်အဖြစ် မြင်လာကြလိမ့်မည်။ သင်သည် သမ္မာတရားကို လက်တွေ့မလုပ်သည့်အပြင် ရိုးသားသော လူတစ်ဦးလည်း မဟုတ်သည်ဖြစ်ရာ အခြားလူများက သင့်ကို အော့ကြောလန်သည်။ အကယ်၍ လူတိုင်းက သင့်ကို အော့ကြောလန်လျှင် ဤသည်မှာ သင်သည် အငြင်းပယ်ခံရသည်ဟု ဆိုလိုခြင်း မဟုတ်လော။ ငါ့ကို ပြောလော့။ လူတိုင်းက ငြင်းပယ်ထားသော တစ်စုံတစ်ယောက်ကို ဘုရားသခင်က မည်သို့ဆက်ဆံမည်နည်း။ ထိုကဲ့သို့သော လူတစ်ယောက်ကို ဘုရားသခင်ကလည်း ရွံရှာမုန်းတီးပေလိမ့်မည်။ ဤကဲ့သို့သော လူများကို ဘုရားသခင်က အဘယ်ကြောင့် ရွံရှာမုန်းတီးသနည်း။ သူတို့၏တာဝန်ကို ထမ်းဆောင်ရာတွင် သူတို့၏ ရည်ရွယ်ချက်များမှာ စစ်မှန်သော်လည်း သူတို့၏ နည်းလမ်းများကမူ ဘုရားသခင် ရွံရှာမုန်းတီးသောအရာ ဖြစ်သည်။ သူတို့ထုတ်ဖော်ပြသော စိတ်သဘောထားနှင့် သူတို့၏ အတွေးတိုင်း၊ စိတ်ကူးအကြံအစည်နှင့် ရည်ရွယ်ချက်တိုင်းသည် ဘုရားသခင်၏ မျက်လုံးများထဲတွင် ကောက်ကျစ်ဆိုးယုတ်နေပြီး ဘုရားသခင် ရွံရှာမုန်းတီးသော အရာများနှင့် စက်ဆုပ်ရွံရှာသည့် အရာများ ဖြစ်ကြသည်။ မိမိတို့ကို အခြားလူများ အထင်ကြီးလေးစားစေရန် ရည်ရွယ်၍ မိမိတို့၏ စကားလုံးများနှင့် လုပ်ရပ်များတွင် စက်ဆုပ်ဖွယ်ကောင်းသော နည်းပရိယာယ်များကို လူများက အမြဲတမ်း အသုံးပြုသောအခါ ဤအပြုအမူကို ဘုရားသခင်က ရွံရှာမုန်းတီးသည်။

လူများသည် ဘုရားသခင်ရှေ့မှောက်၌ သူတို့၏ တာဝန်ကို သို့မဟုတ် မည်သည့်အလုပ်မဆိုကို လုပ်သောအခါ သူတို့၏ စိတ်နှလုံးသည် သန့်စင်ရမည်။ ရေချိုရေသန့် ထည့်ထားသည့် ပန်းကန်လုံးတစ်လုံးကဲ့သို့ ကြည်စင်၍ အညစ်အကြေးကင်းရမည်။ သို့ဆိုလျှင် မည်သည့်သဘောထားမျိုးသည် မှန်ကန်သနည်း။ မည်သည့်အရာကို သင်လုပ်နေသည်ဖြစ်စေ သင့်စိတ်နှလုံးထဲတွင် ရှိလေသမျှကို၊ သင့်တွင် ရှိနေနိုင်သည့် စိတ်ကူးမှန်သမျှကို အခြားလူများနှင့် သင် မိတ်သဟာယဖွဲ့နိုင်သည်။ အကယ်၍ တစ်စုံတစ်ယောက်က ကိစ္စများကို သင်လုပ်သည့် နည်းလမ်းသည် အလုပ်ဖြစ်လိမ့်မည် မဟုတ်ဟု ပြောလာပြီး နောက်ထပ်စိတ်ကူးတစ်ခုကို အဆိုပြုပါက၊ ထိုစိတ်ကူးမှာ အတော်ကောင်းသော စိတ်ကူးတစ်ခုဖြစ်သည်ဟု သင်ခံစားရပါက သင့်ကိုယ်ပိုင်နည်းလမ်းကို လက်လျှော့ပြီး သူတို့တွေးသည့်အတိုင်း ကိစ္စများကို သင်လုပ်တော့သည်။ ထိုသို့လုပ်ခြင်းဖြင့် သင်သည် အခြားလူများ၏ အကြံပြုချက်များကို လက်ခံနိုင်သည်၊ မှန်ကန်သော လမ်းကြောင်းကို ရွေးချယ်နိုင်သည်၊ စည်းမျဉ်းများအတိုင်းအပြင် ပွင့်လင်းမြင်သာစွာနှင့် ရှင်းလင်းစွာ လုပ်ဆောင်နိုင်သည်ဟု လူတိုင်းက မြင်တွေ့မည်ဖြစ်သည်။ သင့်စိတ်နှလုံးတွင် မှောင်မိုက်မှု မရှိ၊ သင်က ရိုးသားခြင်းသဘောထားတစ်ခုကို အမှီပြုလျက် စိတ်ရင်းအတိုင်း ပြုမူပြောဆိုသည်ကို လူတိုင်းက တွေ့မြင်လိမ့်မည်။ သင်သည် စိတ်ထဲရှိသည်ကို မကွယ်မဝှက် ပြောသည်။ ဟုတ်လျှင် ဟုတ်သည်၊ မဟုတ်လျှင် မဟုတ်ဟု ပြောသည်။ မည်သည့် လှည့်စားမှုများ၊ လျှို့ဝှက်ချက်များမျှ မရှိဘဲ၊ အလွန် ရိုးစင်းသော လူတစ်ယောက်သာ ဖြစ်သည်။ ဤသည်မှာ စိတ်သဘောထားအမျိုးအစားတစ်ခု မဟုတ်သလော။ ဤအရာမှာ လူများ၊ အဖြစ်အပျက်များ၊ အမှုကိစ္စများအပေါ် ထားရှိသည့် သဘောထားဖြစ်ပြီး လူတစ်ဦး၏ စိတ်သဘောထားကို ထင်ဟပ်သည်။ သို့ရာတွင် တစ်စုံတစ်ယောက်က ၎င်းတို့တွေးသည့်အရာကို အခြားသူများအား မည်သည့်အခါမျှ ရင်မဖွင့်ဘဲ၊ ဆွေးနွေးပြောဆိုခြင်း မရှိဘဲ ဖြစ်နိုင်သည်။ ၎င်းတို့လုပ်သမျှတွင် ၎င်းတို့သည် အခြားသူများကို မည်သည့်အခါမျှ မတိုင်ပင်ဘဲ ထိုအစား ၎င်းတို့၏ စိတ်နှလုံးကို အခြားသူများအတွက် ပိတ်မြဲ ပိတ်ထားပြီး အချိန်တိုင်းတွင် အခြားသူများကို အမြဲတစေ သတိထားနေပုံရကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အတတ်နိုင်ဆုံး တင်းတင်းကျပ်ကျပ် ကွယ်ဝှက်ထားသည်။ ဤသည်မှာ လှည့်ဖြားသော လူတစ်ယောက် မဟုတ်လော။ ဥပမာအားဖြင့် ၎င်းတို့က တီထွင်ဉာဏ် ကောင်းသည်ဟု ထင်ထားသည့် အကြံဉာဏ်တစ်ခု ရှိပြီး “ယခုလောလောဆယ် ငါ့စိတ်ထဲ၌သာ ထားလိုက်မည်။ ငါဝေမျှလိုက်လျှင် သင်တို့ယူသုံးပြီး ငါချီးကျူးခံရမည့် အရေးကို လုသွားနိုင်၏။ ဤသည်မှာ လုံးဝ အဆင်မပြေ။ ငါမပြောသေးဘဲ နေလိုက်မည်” ဟု တွေးကြသည်။ သို့မဟုတ် ၎င်းတို့ အပြည့်အဝ နားမလည်သည့်အရာ တစ်စုံတစ်ခု ရှိပါက ၎င်းတို့တွေးကြမည်မှာ “ငါယခု ထုတ်မပြောသေးဘဲ နေမည်။ ငါထုတ်ပြောလိုက်ပြီး တစ်ယောက်ယောက်က ပိုကောင်းသည့်အရာ တစ်ခုခုကို ပြောလာလျှင် ငါသည် လူနုံလူအတစ်ဦးပုံစံ ပေါက်နေမည် မဟုတ်လော။ လူတိုင်းက ဤအဖြစ်တွင် ငါ့ကို ရိပ်စားမိသွားမည်၊ ငါ့အားနည်းချက်ကို မြင်သွားကြမည်။ ငါတစ်ခုမျှ မပြောသင့်” ဟု ဖြစ်သည်။ သုံးသပ်ဆင်ခြင်ချက်များက မည်သို့ရှိပါစေ၊ အရင်းခံ ရည်ရွယ်ချက်က မည်သို့ရှိပါစေ သူတို့သည် လူတိုင်းက သူတို့အပေါ် ရိပ်စားမိမည်ကို စိုးရွံ့နေကြသည်။ ၎င်းတို့က ၎င်းတို့၏ကိုယ်ပိုင်တာဝန်၊ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ဤအမြင်ရှုထောင့်မျိုးနှင့် သဘောထားမျိုးတို့ဖြင့် အမြဲတစေ ချဉ်းကပ်ကြသည်။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်သနည်း။ ကောက်ကျစ်သော၊ လှည့်စားသော၊ ပြီးလျှင် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား တစ်ခု ဖြစ်လေသည်။ အပေါ်ယံတွင် ၎င်းတို့သည် ၎င်းတို့ပြောနိုင်သမျှ အရာရာတိုင်းကို သူတစ်ပါးတို့အား ပြောဆိုပြီးဖြစ်သည်ဟု ထင်မြင်ရသည်။ သို့သော် အပေါ်ယံ၏အောက်တွင် ၎င်းတို့သည် အချို့ကိစ္စများကို ထိမ်ချန်ထား၏။ မည်သည့်အရာများကို ထိမ်ချန်ထားကြသနည်း။ ၎င်းတို့၏ ဂုဏ်သတင်း၊ အကျိုးစီးပွားတို့နှင့် ပတ်သက်နေသည့် အရာများကို မည်သည့်အခါမျှ ၎င်းတို့မပြောချေ။ ထိုအရာများမှာ အတွင်းရေးဖြစ်သည်ဟု ၎င်းတို့တွေးကြ၍ မည်သူ့ကိုမျှမပြော၊ ၎င်းတို့၏ မိဘများကိုပင် မပြောပေ။ ၎င်းတို့သည် ဤအရာတို့ကို လုံးဝ မပြောပေ။ ဤသည်မှာ ပြဿနာ ဖြစ်သည်။ ဤအရာများကို သင်မပြောလျှင် ဘုရားသခင်က သိမည်မဟုတ်ဟု သင်ထင်သလော။ လူများက ဘုရားသခင်သိသည်ဟု ပြောကြသည်။ သို့သော် ဘုရားသခင်သိကြောင်းကို သူတို့၏ စိတ်နှလုံးထဲတွင် သေချာနိုင်သလော။ “ဘုရားသခင်က အရာအားလုံးကို သိတော်မူ၏။ စိတ်နှလုံးထဲတွင် ငါစဉ်းစားသည့်အရာကို ထုတ်ဖော်မပြထားလျှင်ပင် ဘုရားသခင် လျှို့ဝှက်စွာ စိစစ်၏၊ ဘုရားသခင် လုံးဝ သိတော်မူ၏။ ဘုရားသခင်ထံမှ အဘယ်အရာကိုမျှ ငါဖုံးကွယ်ထား၍ မရ။ ထို့ကြောင့် ငါထုတ်ပြောမှ ရမည်။ ငါ့ညီအစ်ကိုမောင်နှမများနှင့် ပွင့်ပွင့်လင်းလင်း ပြောဆိုမှ ရမည်။ ငါ့အတွေးများနှင့် စိတ်ကူးများက ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ထိုအရာများကို ငါဟုတ်မှန်စွာ မိတ်သဟာယဖွဲ့ရမည်။ ငါသည် ကလိမ်ကကျစ်လုပ်၍ မဖြစ်၊ လိမ်လည်လှည့်ဖြား၍ မဖြစ်၊ တကိုယ်ကောင်းဆန်၍ မဖြစ်၊ သို့မဟုတ် စက်ဆုပ်စရာကောင်း၍လည်း မဖြစ်။ ရိုးသားသည့် လူတစ်ယောက် ဖြစ်ရမည်” ဟူသည်ကို လူများသည် ဘယ်သောအခါမျှ သဘောမပေါက်ကြချေ။ အကယ်၍ လူများသည် ဤနည်းအတိုင်း စဉ်းစားနိုင်လျှင် ဤသည်မှာ မှန်ကန်သော သဘောထားဖြစ်သည်။ သမ္မာတရားကို ရှာဖွေရမည့်အစား လူအများစုတွင် ၎င်းတို့၏ ကိုယ်ပိုင်သေးနုပ်သော လုပ်ငန်းစဉ်များရှိသည်။ ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများ၊ ဂုဏ်သိက္ခာ၊ အခြားသူများ၏ စိတ်ထဲတွင် ၎င်းတို့ရှိနေသည့် နေရာ သို့မဟုတ် အဆင့်အတန်းတို့သည် ၎င်းတို့အတွက် အလွန်အရေးကြီးသည်။ ၎င်းတို့ မြတ်နိုးသည်မှာ ဤအရာများသာ ဖြစ်သည်။ ၎င်းတို့သည် ဤအရာများကို လုံးဝ လက်မလွတ်စတမ်း ဖက်တွယ်ထားကြပြီး ၎င်းတို့၏ အသက်စင်စစ်တမျှ မှတ်ယူကြသည်။ ၎င်းတို့ကို ဘုရားသခင်က မည်သို့မြင်သည်၊ သို့မဟုတ် သဘောထားသည်မှာ သာမည အရေးကြီးသောအရာ ဖြစ်သည်။ အချိန်တစ်ခဏတွင် ၎င်းတို့သည် ယင်းကို လျစ်လျူရှုကြသည်။ အချိန်တစ်ခဏတွင် ၎င်းတို့သည် အဖွဲ့၏ အကြီးအကဲဖြစ်ခြင်းရှိမရှိ၊ အခြားလူတို့သည် ၎င်းတို့ကို အထင်ကြီးလေးစားပြီး ၎င်းတို့၏ စကားများသည် ဩဇာလွှမ်းမိုးနိုင်ခြင်း ရှိမရှိတို့ကိုသာ ထည့်တွက်စဉ်းစားသည်။ ၎င်းတို့ ဦးစွာအလေးထားသည့်ကိစ္စမှာ ထိုရာထူးကို နေရာယူရန်ဖြစ်သည်။ ၎င်းတို့သည် အဖွဲ့တစ်ခုတွင် ရှိသောအခါ လူအားလုံးနီးပါးက ဤအဆင့်အတန်းမျိုး၊ ဤအခွင့်အလမ်းမျိုးကို ရှာဖွေကြသည်။ ၎င်းတို့က အလွန်ပါရမီရှိပါက၊ အကြီးဆုံးသောသူဖြစ်ချင်ကြသည်မှာ အမှန်ဖြစ်၏။ ၎င်းတို့သည် အလယ်အလတ် အရည်အချင်းရှိလျှင် အဖွဲ့ထဲက ပိုမြင့်သော နေရာတွင် ရှိချင်ကြဆဲဖြစ်သည်။ ၎င်းတို့သည် အဖွဲ့တွင် နိမ့်သည့်နေရာ၌ရှိပြီး ပုံမှန်အစွမ်းအစနှင့် အရည်အချင်းရှိလျှင် ၎င်းတို့သည်သူတစ်ပါးက ၎င်းတို့အား အထင်ကြီး လေးစားသည်ကိုလည်း လိုချင်ကြလိမ့်မည်၊ မိမိတို့ကို အခြားသူများ အထင်သေးစေချင်ကြမည် မဟုတ်ပေ။ ဤလူတို့၏ ဂုဏ်သိက္ခာသည် ၎င်းတို့ သတ်မှတ်ထားသည့် စံနှုန်းဖြစ်သည်။ ဤအရာတို့ကို ၎င်းတို့က ကိုင်စွဲထားရသည်။ ၎င်းတို့တွင် သမာဓိမရှိနိုင်ကြသည့်အပြင် ဘုရားသခင်၏ နှစ်သက်သဘောကျမှု သို့မဟုတ် လက်ခံမှုကိုလည်း ၎င်းတို့မပိုင်ဆိုင်နိုင်ကြပေ။ သို့သော် ၎င်းတို့သည် အခြားသူများကြားတွင် ၎င်းတို့ရရှိဖို့ ကြိုးပမ်းထားသည့် အလေးထားခံရမှုကိုဖြစ်စေ၊ အဆင့်အတန်းကိုဖြစ်စေ၊ အထင်ကြီးမှုကိုဖြစ်စေ လုံးဝဥဿုံ အဆုံးရှုံးမခံနိုင်ကြ။ ဤသည်မှာ စာတန်၏ စိတ်သဘောထားပင် ဖြစ်သည်။ သို့ရာတွင် လူတို့သည် ဤအရာကို သတိမပြုမိကြပေ။ ၎င်းတို့သည် အဆုံးထိ ဤသိက္ခာ တစ်ပိုင်းတစ်စကို ဖက်တွယ်ထားရမည်ဆိုသည်မှာ ၎င်းတို့၏ ယုံကြည်မှုဖြစ်သည်။ ဤအချည်းနှီးဖြစ်ပြီး အပေါ်ယံဖြစ်သော အရာများကို အပြည့်အဝ စွန့်လွှတ်ပြီး ဘေးဖယ်လိုက်သည့်အခါမှသာ ၎င်းတို့သည် စစ်မှန်သော လူတစ်ဦးဖြစ်လာမည်ကို ၎င်းတို့ သတိမပြုမိကြပေ။ လူတစ်ဦးသည် စွန့်ပစ်သင့်သည့် ဤအရာများကို အသက်ကဲ့သို့ ကာကွယ်စောင့်ရှောက်နေလျှင် သူ့ဘဝကား ဆုံးပြီဖြစ်သည်။ မည်သည့်အရာကို ဆုံးရှုံးရတော့မည်ကို ၎င်းတို့ မသိကြပေ။ ထို့ကြောင့် ၎င်းတို့ ပြုမူဆောင်ရွက်သောအခါတွင် တစ်စုံတစ်ခုကို အစဉ်သဖြင့် ပြန်စွဲကိုင်ထားသည်။ မိမိတို့၏ ကိုယ်ပိုင်ဂုဏ်နှင့် အဆင့်အတန်းကို ကာကွယ်ရန် အစဉ် ကြိုးစားကြသည်။ ၎င်းတို့ကိုယ်တိုင်၏ ရည်ရွယ်ချက်ပန်းတိုင်များအတွက်သာ ပြောဆိုလျက် ၎င်းတို့၏ ကိုယ်ပိုင်အတုအယောင်ကာကွယ်မှုအတွက် ဤအရာတို့ကို ဦးစားပေးကြသည်။ ၎င်းတို့လုပ်သမျှ အရာရာတိုင်းသည် ၎င်းတို့ကိုယ်တိုင်အတွက်ဖြစ်သည်။ ထင်ပေါ်သည့်အရာ မှန်သမျှဆီသို့ ၎င်းတို့က အပြေးအလွှားသွားကြပြီး ၎င်းတို့က ထိုအရာနှင့်သက်ဆိုင်သည်ကို လူတိုင်းအား သိစေကြသည်။ အမှန်တကယ်တွင် ယင်းမှာ ၎င်းတို့နှင့် မည်သို့မျှ မသက်ဆိုင်ပေ။ သို့သော် ၎င်းတို့သည် မည်သည့်အခါမျှ အနောက်တွင် မကျန်ရစ်ခဲ့လိုပေ။ ၎င်းတို့ကို အခြားလူများက အထင်သေးကြမည်ကို အစဉ် ကြောက်ရွံ့ကြသည်။ ၎င်းတို့သည် အချည်းနှီးဖြစ်သည်၊ မည်သည့်အရာကိုမျှ လုပ်နိုင်စွမ်းမရှိ၊ မည်သည့်ကျွမ်းကျင်မှုမျှမရှိဟု အခြားလူတို့က ပြောမည်ကို ၎င်းတို့က အစဉ်သဖြင့် ကြောက်ရွံ့ကြသည်။ ဤအရာအားလုံးကို ၎င်းတို့၏ ဆိုးယုတ်သော စိတ်သဘောထားများက ညွှန်ကြားထားသည် မဟုတ်သလော။ သင်သည် သိက္ခာနှင့် အဆင့်အတန်းတို့ကဲ့သို့ အရာများကို စွန့်လွှတ်နိုင်သည့်အခါ ပို၍ သက်သောင့်သက်သာရှိပြီး လွတ်လပ်လိမ့်မည်။ သင်သည် ရိုးသားခြင်းသို့ ဦးတည်သည့်လမ်းကြောင်းပေါ်တွင် ခြေချမိလိမ့်မည်။ သို့သော် လူများစွာအတွက် ဤသည်မှာ ရရှိရန် မလွယ်ကူပေ။ ဥပမာအားဖြင့် ကင်မရာပေါ်လာသောအခါတွင် လူတို့သည် အရှေ့သို့ အလုအယက်တိုးဝှေ့ကြသည်။ ကင်မရာရှေ့တွင် ၎င်းတို့၏မျက်နှာ ထားရသည်ကို နှစ်သက်ကြသည်။ ပို၍ပါဝင်လေလေ ကောင်းလေလေဖြစ်သည်။ လုံလောက်စွာ ပါဝင်ခြင်းမရှိမည်ကို ကြောက်ရွံ့ကြပြီး ပါဝင်ရရန် အခွင့်အရေးအတွက် မည်သည့်အဖိုးအခကိုမဆို ပေးကြလိမ့်မည်။ ဤအရာအားလုံးကို ၎င်းတို့၏ ဆိုးယုတ်သော စိတ်သဘောထားက ညွှန်ကြားသည်မဟုတ်သလော။ ဤအရာတို့သည် ၎င်းတို့၏ ဆိုးယုတ်သော စိတ်သဘောထားများဖြစ်သည်။ ဤသို့ဆိုလျှင် သင်သည် ပါဝင်ရသည်။ ပြီးနောက်တွင် ဘာဖြစ်သနည်း။ လူတို့သည် သင့်ကို အထင်ကြီးကြသည်။ ထိုအခါ ဘာဖြစ်သနည်း။ ၎င်းတို့က သင့်ကို ကြည်ညိုကြသည်။ ထိုအခါ ဘာဖြစ်သနည်း။ ဤအရာတစ်ခုတလေက သင့်ထံ၌ သမ္မာတရား စစ်မှန်မှု ရှိသည်ဟု သက်သေပြသလော။ ဤအရာထဲမှ မည်သည့်အရာကမျှ တန်ဖိုးတစ်ခုတစ်လေ မရှိပေ။ ဤအရာတို့ကို သင်ကျော်လွှားနိုင်သောအခါ၊ ယင်းတို့ကို သင်စိတ်မဝင်စားသောအခါ၊ အရေးကြီးသည်ဟု မခံစားရတော့သောအခါ၊ သိက္ခာ၊ မာန၊ အဆင့်အတန်းနှင့် လူတို့၏ လေးစားအားကျခြင်းတို့က သင်၏တာဝန်ကို သင်ထမ်းဆောင်ပုံကိုမဆိုထားနှင့်၊ သင်၏ အတွေးများနှင့် အပြုအမူကိုပင် ထိန်းချုပ်မှုမရှိသောအခါတွင် သင်၏တာဝန်အပေါ် သင်၏ စွမ်းဆောင်မှုသည် အစဉ်ပို၍ ထိရောက်လိမ့်မည်ဖြစ်ပြီး အစဉ်ပို၍ ဖြူစင်လိမ့်မည်။

ကောက်နုတ်ချက် (၃၉)

လူအချို့သည် မိမိတို့၏ တာဝန်များနှင့် ပတ်သက်လာသည့်အခါ မည်သည့်အခါမျှ မိမိကိုယ်ကို ကောင်းစွာပြုမူနေထိုင်ခြင်းမရှိပေ။ ထိုအစား မိမိတို့ကိုယ်ကို အသိအမှတ်ပြုခြင်းခံရပြီး အဆင့်မြင့်သည့်ပုံစံရှိသည့် အယူအဆများအား ကရားရေလွှတ်ပြောဆိုရန်အတွက် အသစ်သောအရာများကို စဉ်ဆက်မပြတ် ရှာဖွေကြသည်။ ဤသည်မှာ ကောင်းသောအရာဖြစ်သလော။ ၎င်းတို့သည် အခြားသူများနှင့်သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်နိုင်သလော။ (မဆောင်ရွက်နိုင်ပါ။) တစ်စုံတစ်ယောက်သည် အဆင့်မြင့်သည့်ပုံစံရှိသည့် အမြင်များကို ကရားရေလွှတ်ပြောဆိုလျှင် ယင်းသည် မည်သည့်စိတ်သဘောထားမျိုးဖြစ်သနည်း။ (မာနထောင်လွှားခြင်းနှင့် မိမိကိုယ်ကို အမှန်ထင်ခြင်းဖြစ်သည်။) ယင်းသည် မာနထောင်လွှားခြင်းနှင့် မိမိကိုယ်ကို အမှန်ထင်ခြင်းဖြစ်သည်။ ၎င်းတို့လုပ်ရပ်များ၏ သဘောသဘာဝမှာ အဘယ်နည်း။ (၎င်းတို့သည် ၎င်းတို့၏ အမှီအခိုကင်းမှုကို တည်ဆောက်ရန်၊ ၎င်းတို့ဘာသာ အောင်မြင်မှုများရရှိရန်၊ ၎င်းတို့၏ ကိုယ်ပိုင်အုပ်စုကို တည်ထောင်ရန် အားထုတ်နေကြသည်။) ၎င်းတို့၏ ကိုယ်ပိုင်အုပ်စုကို တည်ထောင်ခြင်းဆိုသည်မှာ အခြားလူများအား ၎င်းတို့ကို နာခံစေပြီး အမှုအရာများအား သမ္မာတရားစည်းမျဉ်းများနှင့်အညီ မကိုင်တွယ်စေရန် လုပ်ဆောင်ခြင်းကို ဆိုလိုသည်။ ၎င်းတို့၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်မှာ ၎င်းတို့၏ အမှီအခိုကင်းမှုကို တည်ဆောက်ပြီး မိမိတို့ဘာသာ အောင်မြင်မှုများရရှိရန်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ လုပ်ရပ်များတွင် အမှုအရာများ၏ ဖွဲ့စည်းပုံစနစ်ကို နှောင့်ယှက်သည့် သဘောတစ်ခုရှိသည်။ အမှုအရာများ၏ ဖွဲ့စည်းပုံစနစ်ကို နှောင့်ယှက်ခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ပျက်စီးခြင်းအား ဖြစ်စေခြင်းကို ညွှန်ပြသည်။ ယင်းတွင် နှောင့်ယှက်ခြင်း၊ ဖျက်လိုဖျက်ဆီးလုပ်ခြင်း သဘောသဘာဝတစ်ခုရှိသည်။ ပုံမှန်အားဖြင့် ပြဿနာအများစုကို အုပ်စုလိုက် မိတ်သဟာယနှင့် ဆွေးနွေးမှုများမှတစ်ဆင့် ဖြေရှင်းနိုင်သည်။ ချမှတ်သော ဆုံးဖြတ်ချက်အများစုသည် သမ္မာတရားစည်းမျဉ်းများနှင့် ကိုက်ညီပြီး မှန်ကန်မှု၊ တိကျမှုနှစ်မျိုးလုံးရှိသည်။ သို့ရာတွင် လူအချို့သည် ဤသဘောတူညီမှုကို အဆက်မပြတ် အတိုက်အခံပြုလုပ်သည်။ ၎င်းတို့သည် သမ္မာတရားအား အားထုတ်ခြင်းကို ရှောင်ကြဉ်ရုံသာမကဘဲ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကိုလည်း အရေးမစိုက်ပေ။ ၎င်းတို့သည် ထင်ပေါ်ပြီး အခြားသူများ အထင်ကြီးလေးစားစေရန်အတွက် ထူးဆန်းသော သဘောတရားများကို အသေးစိတ်ရှင်းလင်းပြသည်။ ၎င်းတို့သည် ချမှတ်ပြီးဖြစ်သော မှန်ကန်သောဆုံးဖြတ်ချက်များကို ဆန့်ကျင်လိုပြီး၊ လူတိုင်းက ပြုလုပ်ပြီးဖြစ်သော ရွေးချယ်မှုများကို ချေပလိုသည်။ ဤသည်မှာ အမှုအရာများ၏ ဖွဲ့စည်းပုံစနစ်ကို နှောင့်ယှက်ခြင်း၊ ပျက်စီးမှု ဖြစ်စေခြင်း၊ အနှောင့်အယှက်၊ အဖျက်အဆီးတို့အား ဖန်တီးခြင်းတို့ကို ဆိုလိုသည်။ ဤသည်မှာ အဆင့်မြင့်သည့်ပုံစံရှိသည့် အယူအဆများကို ကရားရေလွှတ်ပြောဆိုခြင်း၏ အနှစ်သာရဖြစ်သည်။ ဤသို့ဆိုလျှင် ဤအပြုအမူအမျိုးနှင့်ပတ်သက်၍ မည်သည့်ပြဿနာရှိပါသနည်း။ ပထမအနေဖြင့် ထိုအရာများသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုနှင့် ကျိုးနွံနာခံခြင်း အပြည့်အဝ ကင်းမဲ့မှုကို ထုတ်ဖော်ပြနေခြင်းဖြစ်သည်။ ထို့အပြင် ဤတစ်ဇွတ်ထိုးလုပ်ဆောင်သော လူတို့သည် အစဉ်သဖြင့် ထင်ပေါ်လိုပြီး ၎င်းတို့ကို သူတစ်ပါးတို့က အထင်ကြီးစေရန် လုပ်ဆောင်လိုသည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် အသင်းတော်အလုပ်ကို နှောင့်ယှက်ဖျက်ဆီးသည်။ ၎င်းတို့သည် အမှုအရာများကို သမ္မာတရားမရှိဘဲ သိမြင်နိုင်စွမ်းမရှိပေ။ သို့တိုင်အောင် မိမိတို့ကိုယ်ကို ကြွားဝါရန်အတွက် အဆင့်မြင့်သည့်ပုံစံရှိသည့် အယူအဆများအား ကရားရေလွှတ်ပြောခြင်းကို ၎င်းတို့ အဆက်မပြတ်လုပ်ဆောင်ပြီး သမ္မာတရားအား စိုးစဉ်းမျှပင် မရှာဖွေပေ။ ဤသည်မှာ ထင်ရာမြင်ရာ လုပ်ဆောင်ခြင်း၊ မဆင်မခြင်လုပ်ဆောင်ခြင်းမဟုတ်လော။ မိမိတာဝန်များကို ကောင်းစွာထမ်းဆောင်ရန်အတွက် သူတစ်ပါးတို့နှင့် ပူးပေါင်းဆောင်ရွက်တတ်ရန် သင်ယူခြင်းသည် မရှိမဖြစ်လိုအပ်သည်။ လူနှစ်ဦးကြား ဆွေးနွေးမှုသည် အမှုအရာများအပေါ် လူတစ်ယောက်၏ အမြင်ထက် အစဉ်သဖြင့် ပို၍ ပြည့်စုံပြီး တိကျမှန်ကန်သောအမြင်ရှုထောင့်ကို ဖြစ်ပေါ်စေသည်။ လူတစ်ယောက်သည် သူတစ်ပါးတို့ကို သူ့နောက်သို့လိုက်စေရန်အတွက် အစဉ် တမူထူးခြားသောနည်းလမ်းဖြင့် လုပ်ဆောင်လိုလျှင်၊ သို့မဟုတ် အဆင့်မြင့်သည့်ပုံစံရှိသည့် အယူအဆများကို ပုံမှန် ကရားရေလွှတ်ပြောဆိုနေလျှင် ဤသည်မှာ အန္တရာယ်ရှိသည်။ ဤသည်မှာ မိမိ၏ ကိုယ်ပိုင်လမ်းကြောင်းကို လျှောက်နေခြင်းဖြစ်သည်။ အကြင်သူသည် မိမိလုပ်ဆောင်သမျှကို အခြားသူများနှင့် ဆွေးနွေးရမည်။ အခြားလူတိုင်း ပြောစရာရှိသည့်အရာကို ဦးစွာ နားထောင်လော့။ အများစု၏ အမြင်က မှန်ကန်ပြီး သမ္မာတရားနှင့် ကိုက်ညီလျှင်၊ သင် လက်ခံပြီး ယင်းကို နာခံသင့်သည်။ သင် မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ အဆင့်မြင့်ပုံရသည့် အမြင်များကို ကရားရေလွှတ်မပြောနှင့်။ ဤသို့ ပြောခြင်းသည် မည်သည့်လူအုပ်စုတွင်မဆို မည်သည့်အခါမျှ ကောင်းမွန်သည့််အရာ မဟုတ်ပေ။ သင်သည် အဆင့်မြင့်သည့်ပုံစံရှိသည့် အယူအဆကို ဟောပြောသည့်အခါ ယင်းသည် သမ္မာတရားစည်းမျဉ်းများနှင့်ညီပြီး လူအများစုက လက်ခံခြင်းရှိလျှင် လက်ခံနိုင်ဖွယ်ဖြစ်သည်ဟု ယူဆ၍ရကောင်းရနိုင်သည်။ သို့ရာတွင် ယင်းသည် သမ္မာတရားစည်းမျဉ်းများနှင့် ဆန့်ကျင်ပြီး အသင်းတော်အလုပ်ကို ထိခိုက်စေလျှင် ဤအတွက် သင် တာဝန်ခံရမည်ဖြစ်ပြီး သင်၏လုပ်ရပ်များအတွက် အကျိုးဆက်ကို ရင်ဆိုင်ရမည်။ ထို့အပြင် အဆင့်မြင့်သည်ပုံစံရှိသည့် အယူအဆများကို ကရားရေလွှတ်ပြောဆိုခြင်းသည် စိတ်သဘောထားဆိုင်ရာ ပြဿနာတစ်ခုဖြစ်သည်။ ယင်းသည် သင့်တွင် သမ္မာတရားစစ်မှန်မှုမရှိဟုလည်းကောင်း၊ ထိုအစား သင်သည် သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အခြေခံပြီး အသက်ရှင်နေခြင်းဖြစ်သည်ဟုလည်းကောင်း သက်သေပြသည်။ သင်သည် အဆင့်မြင့်ပုံရသည့် အမြင်များကို ကရားရေလွှတ်ပြောဆိုသောအခါ သူတစ်ပါးတို့ကို ဦးဆောင်ရန်၊ ထိန်းချုပ်ရန် ကြိုးစားနေခြင်းဖြစ်ပြီး သင့်ဘာသာ အောင်မြင်မှုများရရှိရန်၊ သင်၏ကိုယ်ပိုင် ပိုင်နက်ကို တည်ထောင်ရန် ကြိုးစားနေခြင်းလည်းဖြစ်သည်။ သင်သည် ဘုရားသခင်ရွေးချယ်ထားသောသူများအားလုံးအား သင့်ကို နားထောင်စေလိုသည်၊ သင့်နောက်သို့လိုက်စေလိုပြီး၊ သင့်အား နာခံစေလိုသည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏လမ်းကြောင်းကို လျှောက်နေခြင်းဖြစ်သည်။ သင်သည် ဘုရားသခင်ရွေးချယ်ထားသောလူများအား သမ္မာတရားစစ်မှန်မှုများအတွင်းသို့ ဝင်ရောက်ရန် လမ်းပြနိုင်သည်မှာ သေချာသလော။ သင်သည် ၎င်းတို့ကို ဘုရားသခင်၏ နိုင်ငံတော်အတွင်းသို့ ခေါ်ဆောင်နိုင်သလော။ သင်ကိုယ်တိုင်ပင် သမ္မာတရားကင်းမဲ့ပြီး ဘုရားသခင်ကို အာခံပြီး သစ္စာဖောက်မည့် အမှုအရာများကို လုပ်ဆောင်နိုင်စွမ်းရှိသည်။ သင်သည် ဘုရားသခင်ရွေးချယ်ထားသောလူများအား ဤလမ်းကြောင်းသို့ ခေါ်ဆောင်လိုဆဲဖြစ်လျှင် သင်သည် အကြီးဆုံးသောအပြစ်သား ဖြစ်မလာသလော။ ပေါလုသည် အကြီးဆုံးသော အပြစ်သားဖြစ်ခဲ့ပြီး ဘုရားသခင်၏ အပြစ်ဒဏ်ကို ခံနေရဆဲဖြစ်သည်။ သင်သည် အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို လျှောက်လျှင် ပေါလု၏လမ်းကြောင်းကို လျှောက်နေခြင်းဖြစ်သည်။ သင်၏နောက်ဆုံး ရလဒ်နှင့် အဆုံးသတ်သည် ပေါလုနှင့် ကွာခြားမည်မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်နောက်လိုက်သူများသည် အဆင့်မြင့်ပုံရသည့် အယူအဆများကို ကရားရေလွှတ်မပြောဆိုရပေ။ ထိုထက်၊ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေရန်၊ လက်ခံရန်၊ သမ္မာတရားနှင့် ဘုရားသခင် နှစ်ခုလုံးကို ကျိုးနွံနာခံရန် သင်ယူရမည်။ ဤသို့လုပ်ဆောင်ခြင်းအားဖြင့်သာ ၎င်းတို့သည် မိမိတို့ သဘောအတိုင်း မလုပ်ဆောင်ရန်၊ ဦးတည်ချက်တစ်ခုခုစီသို့ လမ်းလွဲမသွားဘဲ ဘုရားသခင်နောက်သို့လိုက်နိုင်ရန် သေချာစေနိုင်သည်။ ဘုရားအိမ်တော်သည် လူတို့အား ၎င်းတို့တာဝန်များကို ထမ်းဆောင်ခြင်းတွင် သဟဇာတဖြစ်စွာ ပူးပေါင်းလုပ်ဆောင်ရန် တောင်းဆိုသည်။ ဤသည်မှာ အဓိပ္ပာယ်ရှိပြီး မှန်ကန်သော လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းလည်းဖြစ်သည်။ အသင်းတော်တွင် သမ္မာတရားကို နားလည်သော၊ သို့မဟုတ် သဘောပေါက်နားလည်နိုင်စွမ်းရှိသော သူတို့အပေါ်တွင် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် လမ်းပြမှုသက်ရောက်နိုင်သည်မှာ ဖြစ်နိုင်ခြေရှိသည်။ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် အလင်းပေးမှုကို ကိုင်စွဲသင့်ပြီး ယင်းနောက်မှ အနီးကပ်လိုက်ကာ ယင်းနှင့် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်သင့်သည်။ ထိုသို့လုပ်ဆောင်ရာတွင် သင်သည် အမှန်ကန်ဆုံးလမ်းကြောင်းကို လျှောက်လှမ်းနေလိမ့်မည်။ ယင်းမှာ သန့်ရှင်းသောဝိညာဉ်တော်က လမ်းပြသည့် လမ်းကြောင်းဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်က သူအလုပ်လုပ်သည့်သူအပေါ်သို့ အမှုပြုပြီး လမ်းပြသည့်ပုံစံကို အထူးအာရုံစိုက်လော့။ သင်သည် အခြားသူများနှင့် မကြာခဏ မိတ်သဟာယဖွဲ့သင့်သည်။ အကြံများပေးပြီး သင်၏ ကိုယ်ပိုင်အမြင်များကို ဖော်ပြသင့်သည်။ ဤသည်မှာ သင်၏ တာဝန်ဖြစ်ပြီး သင်၏ လွတ်လပ်ခွင့်ဖြစ်သည်။ သို့သော် အဆုံးတွင် ဆုံးဖြတ်ချက်တစ်ခုချရန်ရှိသောအခါ နောက်ဆုံး ဆုံးဖြတ်ချက်ကို ပြုလုပ်သည့်သူမှာ သင်တစ်ဦးတည်းဖြစ်လျှင်၊ လူတိုင်းအား သင်ပြောသည့်အတိုင်း လုပ်ဆောင်စေပြီး သင်၏ စိတ်ဆန္ဒအတိုင်း လက်ခံလုပ်ဆောင်စေလျှင် သင်သည် စည်းမျဉ်းများကို ချိုးဖောက်နေခြင်းဖြစ်သည်။ လူအများစုက ထင်မြင်သည့်အရာကို အခြေခံပြီး မှန်ကန်သော ရွေးချယ်မှုကို သင် ပြုလုပ်သင့်သည်။ လူအများစု၏ အကြံပြုချက်များသည် သမ္မာတရားစည်းမျဉ်းများနှင့် မကိုက်ညီလျှင် သင်သည် သမ္မာတရားကို ထိန်းသိမ်းသင့်သည်။ ယင်းကသာ သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညသည်။ သင်သည် အဆင့်မြင့်ပုံရသည့် အမြင်များကို အစဉ်သဖြင့် ကရားရေလွှတ်ပြောဆိုနေလျှင်၊ သူတစ်ပါးတို့ အထင်ကြီးစေရန်အတွက် ခေတ်မီဆန်းပြားသော သဘောတရားအချို့ကို အသေးစိတ်ရှင်းပြရန် ကြိုးစားနေပြီး အမှန်တွင် ဤသည်မှာ မှားယွင်းနေသည်ကို သင်၏ စိတ်နှလုံး၌ ခံစားရလျှင် သင့်ကိုယ်သင် ထင်ပေါ်စေရန် အတင်းအဓမ္မမလုပ်ဆောင်နှင့်။ ဤသည်မှာ သင်ထမ်းဆောင်သင့်သည့် တာဝန်ဖြစ်သလော။ သင်၏တာဝန်မှာ အဘယ်နည်း။ (ကျွန်ုပ် ထမ်းဆောင်သင့်သည့် တာဝန်ကို ထမ်းဆောင်ရန်အတွက် ကျွန်ုပ်အစွမ်းရှိသမျှကို လုပ်ဆောင်ရန်၊ ကျွန်ုပ် နားလည်သဘောပေါက်သည့်အရာကိုသာ ပြောဆိုရန်ဖြစ်သည်။ ကျွန်ုပ်တွင် ကိုယ်ပိုင်ထင်မြင်ချက်မရှိလျှင် အခြားလူတိုင်း၏ အကြံပြုချက်များကို ပို၍နားထောင်တတ်ရန်၊ အမျှော်အမြင်ရှိစွာဖြင့် ပိုင်းခြားသိမြင်တတ်ရန် သင်ယူသင့်ပြီး လူတိုင်းနှင့် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေအနေသို့ ရောက်ရှိသင့်သည်။) မည်သည့်အရာမျှ သင့်အတွက် မရှင်းလင်းသကဲ့သို့၊ သင်၌ မည်သည့်ထင်မြင်ချက်မျှ မရှိလျှင်၊ နားထောင်ပြီး နာခံဖို့၊ သမ္မာတရားကို ရှာဖွေဖို့ သင်ယူလော့။ ဤသည်မှာ သင်ထမ်းဆောင်သင့်သည့် တာဝန်ဖြစ်သည်။ ဤသည်မှာ ကောင်းစွာပြုမူဆောင်ရွက်သော သဘောထားဖြစ်သည်။ သင့်တွင် မိမိ၏ကိုယ်ပိုင် ထင်မြင်ချက်များမရဘဲ မိုက်မဲသည့်ပုံပေါက်မည်၊ သင့်ကိုယ်သင် အသိအမှတ်ပြုခံရအောင် မလုပ်နိုင်မည်၊ အရှက်ရမည်ကို အစဉ် စိုးရွံ့နေလျှင်၊ အခြားသူများ၏ အထင်သေးခြင်းခံရပြီး ထိုသူတို့၏ စိတ်နှလုံးထဲတွင် နေရာ မရှိသောကြောင့်သင်သည် အစဉ်သဖြင့် ထင်ပေါ်ရန် သင့်ကိုယ်သင် အတင်းလုပ်ဆောင်ဖို့ ကြိုးစားပြီး အဆင့်မြင့်ပုံရသည့် အယူအဆများကို အစဉ်သဖြင့် ကရားရေလွှတ်ပြောဆိုလိုကာ လက်တွေ့အရှိတရားနှင့် မကိုက်ညီသော အဓိပ္ပာယ်မရှိသော အခိုင်အမာပြောဆိုမှုအချို့ကို တင်ပြပြီး သူတစ်ပါးတို့ကို လက်ခံစေသည်။ သင်သည် သင်၏တာဝန်ကို ထမ်းဆောင်နေခြင်း ဟုတ်သလော။ (မဟုတ်ပါ။) သင်သည် မည်သည့်အရာကို လုပ်ဆောင်နေသနည်း။ သင်သည် ဖျက်လိုဖျက်ဆီးလုပ်နေခြင်း ဖြစ်သည်။ လူတစ်ယောက်က ထိုသို့သောပုံစံဖြင့် အဆက်မပြတ် ပြုမူလုပ်ဆောင်နေသည်ကို သင်တို့ သတိထားမိသောအခါ သင်တို့သည် ထိုသူ့အပေါ် ကန့်သတ်ချက်များထားရှိရမည်။ ကန့်သတ်ချက်များကို မည်သို့ ထားသင့်သနည်း။ ထိုသူအား လုံးဝ ဆိတ်ဆိတ်နေစေရန် လုပ်ဆောင်ဖို့ မလိုသကဲ့သို့ ထိုသူစကားပြောရန် အခွင့်အရေးအားလုံးကို ထိန်ချန်ထားဖို့လည်း မလိုအပ်ပေ။ သင်တို့သည် ထိုသူအား မိတ်သဟာယဖွဲ့ခွင့်ပေးနိုင်သည်။ ထိုသူကို ဖယ်ကြဉ်မထားသင့်ပေ။ သို့သော် ထိုသူအနီးတွင်ရှိသောလူတိုင်းက ချင့်ချိန်နိုင်စွမ်းကို အသုံးချသင့်သည်။ ဤသည်မှာ စည်းမျဉ်းဖြစ်သည်။ ဥပမာအားဖြင့် တစ်စုံတစ်ယောက်သည် လူ၏ အယူအဆများ၊ စိတ်ကူးများနှင့် လုံးဝကိုက်ညီသည့် မမှန်ကန်သောအမြင်ကို တင်ပြပြီး လူအများစုက ထိုသူကို ထောက်ခံပြီး သဘောတူကြသော်လည်း ချင့်ချိန်နိုင်စွမ်းအနည်းငယ်ရှိသော လူအနည်းငယ်က ထိုသူ၏ အမြင်သည် သူ၏ စိတ်၊ ရည်မှန်းချက်၊ လိုအင်ဆန္ဒများ ရောနှောပါဝင်နေသည်ကို သတိပြုမိနိုင်လျှင် ဤသူတို့သည် ထိုလူကို ဖော်ထုတ်သင့်ပြီးထိုသူအား မိမိကိုယ်ကို ဆင်ခြင်သုံးသပ်စေကာ သိမြင်စေသင့်သည်။ ဤသည်မှာ မှန်ကန်သော နည်းလမ်းဖြစ်သည်။ မည်သူကမျှ ချင့်ချိန်နိုင်စွမ်းကို အသုံးမချလျှင်၊ သို့မဟုတ် မိမိတို့၏ ထင်မြင်ချက်ကို ထုတ်မပြောလျှင်၊ လူတိုင်းက လူ့အကြိုက်လိုက်သူများကဲ့သို့သာ ပြုမူလုပ်ဆောင်လျှင် ထိုသူကို ဖော်လံဖားသော၊ ထိုသူကို ထောက်ခံပြီး ပံ့ပိုးသောသူများ မလွှဲမရှောင်သာ ရှိနေလိမ့်မည်။ ဤသို့အားဖြင့် ထိုသူ၏ ရည်မှန်းချက်နှင့် ဆန္ဒများကို မီးလောင်ရာလေပင့်လုပ်ပေးလိမ့်မည်။ ထို့နောက်တွင် ထိုသူသည် အသင်းတော်တွင် အမှန်တကယ်ပင် ဩဇာအာဏာစတင်ရရှိလိမ့်မည်။ ထိုသူသည် သူ့အား ပံ့ပိုးသောသူများနှင့် အတူတကွပူးပေါင်းသွားနိုင်ပြီး ကိုယ်ပိုင်အင်အားစုဖြစ်လာကာ မကောင်းမှုလုပ်ဆောင်လျက်၊ အသင်းတော်အလုပ်ကို နှောင့်ယှက်လာနိုင်သည်နှင့်အမျှ၊ ဤသည်မှာ အန္တရာယ်ရှိလာသောအချိန်ဖြစ်သည်။ ဤနည်းအားဖြင့် ထိုသူသည် အန္တိခရစ်တို့လမ်းကြောင်းပေါ်တွင် အခြေချမိလိမ့်မည်။ အသင်းတော်အပေါ် ထိန်းချုပ်မှုကို ထိုသူ ရယူပြီးသည်နှင့်တစ်ပြိုင်နက် အန္တိခရစ်တစ်ယောက်ဖြစ်လာပြီး သူ၏ ကိုယ်ပိုင် အမှီအခိုကင်းသောနယ်မြေကို စတင်တည်ထောင်လိမ့်မည်။

ကောက်နုတ်ချက် (၄၁)

ဘုရားသခင်၏အိမ်တော်၌ သမ္မာတရားကို လိုက်စားသူအားလုံးသည် ဘုရားရှေ့တွင် ပေါင်းစည်းကြသည်။ ကွဲပြားခြင်းမရှိပေ။ ၎င်းတို့အားလုံးသည် တူညီသောပန်းတိုင်ဆီသို့ဦးတည်ပြီး အလုပ်လုပ်ကြကာ ၎င်းတို့တာဝန်ကို ထမ်းဆောင်သည်။ ၎င်းတို့အပေါ် ကျရောက်သော အလုပ်ကို လုပ်သည်။ သမ္မာတရားစည်းမျဉ်းများနှင့်အညီ ပြုမူဆောင်ရွက်သည်။ ဘုရားသခင် တောင်းဆိုသည့်အတိုင်း လုပ်ဆောင်ပြီး သူ၏ ရည်ရွယ်ချက်များကို အထမြောက်အောင် လုပ်ဆောင်သည်။ သင်၏ ပန်းတိုင်သည် ဤအတွက်မဟုတ်ဘဲ သင်ကိုယ်တိုင်အတွက်ဖြစ်လျှင်၊ သင်၏ တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများကို ဖြည့်ဆည်းရန်အတွက်ဖြစ်လျှင် ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စာတန်ဆန်သည့် စိတ်သဘောထားကို ထုတ်ဖော်ခြင်းဖြစ်သည်။ ဘုရားအိမ်တော်တွင် တာဝန်များကို သမ္မာတရားစည်းမျဉ်းများနှင့်အညီ လုပ်ဆောင်ပြီး ဘာသာတရားမရှိသူများ၏ လုပ်ရပ်များမှာမူ ၎င်းတို့၏ ဆိုးယုတ်သော စိတ်သဘောထားများက ချုပ်ကိုင်သည်။ ဤသည်တို့မှာ အလွန်ကွဲပြားခြားနားသည့် လမ်းကြောင်းနှစ်ခုဖြစ်၏။ ဘာသာတရားမရှိသူများသည် မိမိတို့၏ကိုယ်ပိုင် အကြံဉာဏ်ကို ထိန်းသိမ်းထားသည်၊ အသီးသီး၌ မိမိတို့၏ ကိုယ်ပိုင် ရည်မှန်းချက်များနှင့် အစီအစဉ်များရှိသည်၊ လူတိုင်းသည် မိမိတို့၏ကိုယ်ပိုင် အကျိုးစီးပွားများအတွက် ရှင်သန်ကြသည်။ ထိုအတွက်ကြောင့် ၎င်းတို့အားလုံးသည် မိမိတို့အကျိုးအမြတ်အတွက် အလုအယက်ကြိုးပမ်းကြပြီး ၎င်းတို့ရရှိသည့်အရာကို စိုးစဉ်းမျှ စွန့်လွှတ်လိုစိတ်မရှိခြင်းဖြစ်သည်။ ၎င်းတို့သည် ကွဲပြားနေကြသည်။ စည်းလုံးခြင်းမရှိပေ။ အကြောင်းမှာ ၎င်းတို့သည် တူညီသောပန်းတိုင်အတွက် လုပ်ဆောင်နေကြခြင်းမဟုတ်သောကြောင့် ဖြစ်သည်။ ၎င်းတို့လုပ်ဆောင်သည့်အရာနောက်ကွယ်ရှိ ရည်ရွယ်ချက်နှင့် သဘောသဘာဝသည် တူညီသည်။ မိမိတို့ကိုယ်ကိုအတွက်သာ လုပ်ဆောင်နေကြခြင်းဖြစ်သည်။ ယင်းတွင် စိုးမိုးသော သမ္မာတရားမရှိပေ။ ယင်းတွင် စိုးမိုးပြီး ဦးဆောင်သည့်အရာသည် ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထား၏ ထိန်းချုပ်ခြင်းကို ခံရပြီး မိမိတို့ကိုယ်ကို မထိန်းနိုင်ကြပေ။ ထို့ကြောင့် အပြစ်ထဲသို့ ပိုပို၍ နက်ရှိုင်းစွာ ကျရောက်ကြသည်။ ဘုရားအိမ်တော်တွင် သင်တို့ လုပ်ရပ်များ၏ စည်းမျဉ်းများ၊ နည်းလမ်းများ၊ အရင်းခံအကြောင်းနှင့် စမှတ်တို့သည် ဘာသာတရားမရှိသူများနှင့် ခြားနားခြင်းမရှိလျှင်လည်းကောင်း၊ သင်တို့သည် ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထား၏ ခြယ်လှယ်ခြင်း၊ ထိန်းချုပ်ခြင်း၊ ကြိုးကိုင်ညွှန်ကြားခြင်းကိုလည်း ခံရလျှင်လည်းကောင်း၊ သင်တို့ လုပ်ရပ်များ၏ စမှတ်သည် သင်တို့၏ကိုယ်ပိုင် အကျိုးစီးပွား၊ ဂုဏ်သတင်း၊ ဝင့်ဝါမှု၊ အဆင့်အတန်းတို့ဖြစ်လျှင်လည်းကောင်း သင်တို့သည် ဘာသာတရားမရှိသူများက အမှုအရာများကို လုပ်ဆောင်သည့်နည်းလမ်းနှင့် ကွာခြားခြင်းမရှိဘဲ သင်တို့၏တာဝန်ကို ထမ်းဆောင်ကြလိမ့်မည်။ သင်တို့သည် သမ္မာတရားအား လိုက်စားလျှင် အမှုအရာများအား သင်တို့ လုပ်ဆောင်သည့် ပုံစံကို ပြောင်းလဲသင့်သည်။ သင်တို့၏ ကိုယ်ပိုင်အကျိုးစီးပွားများ၊ တစ်ကိုယ်ရေရည်ရွယ်ချက်များနှင့် ဆန္ဒများကို စွန့်လွှတ်သင့်သည်။ အမှုအရားများကို လုပ်ဆောင်သည့်အခါ သမ္မာတရားကို အတူတကွ ဦးစွာ မိတ်သဟာယပြုသင့်သည်။ ပြီးလျှင် မည်သူက မည်သည့်နေရာတွင် တော်ပြီး မည်သည့်နေရာတွင် ညံ့သည်ဆိုသည့် အမြင်ဖြင့် သင်တို့ကြား အလုပ်ကို မခွဲခြားမီတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သတ်မှတ်ချက်များကို နားလည်သင့်သည်။ သင်တို့ လုပ်ဆောင်နိုင်သည့်အရာကို တာဝန်ယူလုပ်ဆောင်သင့်ပြီး သင်တို့၏တာဝန်ကို မြဲမြံစွာ ထိန်းသိမ်းသင့်သည်။ အမှုအရာများ၌ ရုန်းကန်ခြင်း၊ သို့မဟုတ် အလုအယက်ကြိုးပမ်းခြင်း မပြုနှင့်။ အလျှော့ပေးပြီး သည်းခံတတ်ရန် သင်ယူရမည်။ တစ်စုံတစ်ယောက်သည် တာဝန်ကို စတင်လုပ်ဆောင်သည်မှာ မကြာသေးဘဲ၊ သို့မဟုတ် နယ်ပယ်တစ်ခုအတွက် ကျွမ်းကျင်မှုများကို တတ်မြောက်သည်မှာ မကြာသေးဘဲ အလုပ်အချို့ကို မလုပ်နိုင်လျှင် သင်သည် ထိုသူအား အတင်းအဓမ္မမခိုင်းရ။ သင်သည် ထိုသူအား အနည်းငယ်ပို၍ လွယ်ကူသောအလုပ်များကို ချပေးရမည်။ ဤသည်မှာ ၎င်းတို့တာဝန်ကို ထမ်းဆောင်ရာတွင် ရလဒ်များကို ရရှိစေရန် ၎င်းတို့အတွက် ပို၍ လွယ်ကူစေသည်။ ဤသည်မှာ သည်းခံခြင်း၊ စိတ်ရှည်ခြင်း၊ မူရှိခြင်းပင်ဖြစ်သည်။ သာမန်လူ့သဘာဝက ရှိသင့်သည့် အရာ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ဘုရားသခင်က လူတို့အပေါ် တောင်းဆိုသည့်အရာဖြစ်ပြီး လူတို့ လက်တွေ့လုပ်ဆောင်သင့်သည့်အရာဖြစ်သည်။ သင်သည် နယ်ပယ်တစ်ခုခုတွင် အတော်အတန် ကျွမ်းကျင်မှုရှိပြီး ထိုနယ်ပယ်၌ လူအများစုထက်ပို၍ ကြာရှည်စွာ လုပ်ဆောင်နေပြီးဖြစ်လျှင် သင့်အား ပို၍ခက်ခဲသောအလုပ်ကို ချပေးသင့်သည်။ သင်သည် ဤအရာကို ဘုရားသခင်ထံမှ လက်ခံသင့်ပြီး ကျိုးနွံနာခံသင့်သည်။ “အဘယ်ကြောင့် ကျွန်ုပ်သည် သူများ မလုပ်ချင်သည့်အရာကို အခိုင်းခံရပါသနည်း။ အခြားလူများအား လွယ်ကူသောအလုပ်များကိုပေးပြီး ကျွန်ုပ်အား ခက်ခဲသောအလုပ်များကိုပေးသည်၊ ကျွန်ုပ်အတွက် ဘဝကို ခက်ခဲစေဖို့ ကြိုးစားနေခြင်းဖြစ်သလော” ဟု ပြောလျက် ဇီဇာကြောင်ခြင်း၊ စောဒကတက်ခြင်းမပြုလုပ်နှင့်။ “သင့်အတွက် ဘဝကို ခက်ခဲစေရန် ကြိုးစားနေခြင်း” ဆိုသည်မှာ မည်သည့်အရာကို သင် ဆိုလိုသနည်း။ အလုပ်အစီအစဉ်များကို လူတစ်ဦးချင်းစီအား အံဝင်ခွင်ကျ စီမံပေးထားသည်။ ပို၍လုပ်ဆောင်နိုင်သူများသည် ပို၍ လုပ်ဆောင်ရသည်။ သင်သည် များစွာ သင်ယူတတ်မြောက်ခဲ့ပြီး ဘုရားသခင်က များစွာပေးထားလျှင်၊ သင့်အား ပို၍ကြီးလေးသော ဝန်ထုပ်ဝန်ပိုးကို ပေးသင့်သည်။ သင့်အတွက် ဘဝကို ခက်ခဲစေရန်မဟုတ်ဘဲ ဤသည်မှာ သင့်အတွက် အတိအကျပင် သင့်တော်သောကြောင့်ဖြစ်သည်။ ထိုအရာသည် သင်၏တာဝန်ဖြစ်သည်။ ထို့ကြောင့် ရွေးချယ်ရန်၊ သို့မဟုတ် ငြင်းဆန်ရန် မကြိုးစားနှင့်၊ သို့မဟုတ် လွတ်မြောက်ရန် မကြိုးစားနှင့်။ ဤသည်မှာ ခက်ခဲသည်ဟု သင် အဘယ်ကြောင့် ထင်သနည်း။ အမှန်မှာ သင်သည် အနည်းငယ် စိတ်နှစ်မြုပ်လုပ်ကိုင်လျှင် အလုပ်ကို လုံးလုံးပင် လုပ်နိုင်မည်ဖြစ်သည်။ ဤသည်မှာ ခက်ခဲသည်ဟုလည်းကောင်း၊ ဘက်လိုက်သော ဆက်ဆံခြင်းဖြစ်သည်ဟုလည်းကောင်း၊ သင်သည် တမင်သက်သက် မတရားသဖြင့် ဆက်ဆံခံရသည်ဟုလည်းကောင်း သင်ထင်နေခြင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်ခြင်းဖြစ်သည်။ ဤသည်မှာ သင့်တာဝန်ကို ထမ်းဆောင်ရန် ငြင်းဆန်ခြင်း၊ ဘုရားသခင်ထံမှ လက်မခံခြင်းဖြစ်သည်။ ယင်းသည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းမဟုတ်ပေ။ သင်က တာဝန်ထမ်းဆောင်ရာတွင် ရွေးချယ်လုပ်ဆောင်ပြီး လွယ်ကူပေါ့ပါးသောအရာမှန်သမျှကို လုပ်ဆောင်လျှင်၊ သင့်အား အမြင်ကောင်းစေသည့်အရာကိုသာ လုပ်ဆောင်လျှင် ယင်းသည် ဖောက်ပြန်ပျက်စီး၊ ဆိုးယုတ်သော စိတ်သဘောထားဖြစ်သည်။ သင့်တာဝန်ကို သင်လက်မခံနိုင်ခြင်း၊ မနာခံနိုင်ခြင်းသည် သင်က ဘုရားသခင်ကို ပုန်ကန်နေဆဲဖြစ်သည်ကိုလည်းကောင်း၊ သင်သည် ဘုရားသခင်ကို ဆန့်ကျင်နေခြင်း၊ ငြင်းဆန်ခြင်း၊ ရှောင်ကြဉ်ခြင်းဖြစ်သည်ကိုလည်းကောင်း သက်သေပြသည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုဖြစ်သည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုဖြစ်သည်ကို သင်သိလာသောအခါတွင် မည်သည့်အရာကို သင်လုပ်ဆောင်သင့်သနည်း။ သူတစ်ပါးတို့အား ပေးသော အလုပ်များသည် အလွယ်တကူပြီးမြောက်နိုင်ပြီး သင့်အား ပေးသောအလုပ်များကမူ သင့်ကို အချိန်ကြာမြှင့်စွာ အလုပ်ရှုပ်စေပြီး ရှာဖွေလေ့လာရန်အတွက် ပို၍ အားစိုက်ထုတ်ဖို့လိုအပ်စေလျှင်၊ ဤအတွက်ကြောင့် သင်က မပျော်ရွှင်လျှင် သင်မပျော်မရွှင်ဖြစ်ခြင်းသည် တရားနည်းလမ်းကျပါသလော။ အသေအချာပင် တရားနည်းလမ်းမကျပေ။ ဤသို့ဆိုလျှင် ဤသည်မှာ တရားနည်းလမ်းမကျသည်ကို သင်ခံစားမိလျှင် မည်သည့်အရာကို သင်လုပ်ဆောင်သင့်သနည်း။ သင်သည် အတိုက်အခံပြုပြီး “အလုပ်များကို ၎င်းတို့ ချပေးသည့်အချိန်တိုင်းတွင် ခက်ခဲသော၊ ညစ်ပေသော၊ အလွန်အားထုတ်ဖို့လိုအပ်သောအလုပ်များအား ကျွန်ုပ်ကိုပေးပြီး သူတစ်ပါးတို့ကို ပေါ့ပါး၊ ရိုးရှင်းပြီး အဆင့်မြင့်သောအလုပ်များကို ပေးသည်၊ ကျွန်ုပ်ကို ၎င်းတို့က ဩဇာပေး၍ရသော သူတစ်ယောက်ဟု ၎င်းတို့ ထင်သလော၊ ဤသို့ အလုပ်များကို ဖြန့်ဝေပေးခြင်းသည် မျှတသောနည်းလမ်းမဟုတ်”ဟု ပြောလျှင်၊ ဤသည်မှာ သင်၏ စဉ်းစားတွေးခေါ်မှုဖြစ်လျှင် မှားယွင်းသည်။ အလုပ် ဖြန့်ဝေခြင်းတွင် လမ်းလွဲမှုတစ်ခုခုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ကျိုးကြောင်းသင့်စွာ ဖြန့်ဝေပေးခြင်းဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ဘုရားသခင်က မည်သည့်အရာကို စိစစ်သနည်း။ သူစိစစ်သည့်အရာမှာ လူတစ်ဦး၏ စိတ်နှလုံးဖြစ်သည်။ လူတစ်ဦးက သူ၏ စိတ်နှလုံးတွင် ကျိုးနွံနာခံခြင်းရှိမရှိ၊ ဘုရားသခင်အတွက် ဝန်ထုပ်ဝန်ပိုးအချို့ကို တာဝန်ယူလုပ်ဆောင်နိုင်သလောဆိုသည်ကိုလည်းကောင်း၊ ဘုရားသခင်အား ချစ်မြတ်နိုးသူများဖြစ်သလောဆိုသည်ကိုလည်းကောင်း ကြည့်သည်။ ဘုရားသခင်၏ သတ်မှတ်ချက်များဖြင့် တိုင်းတာသည်နှင့်အမျှ၊ သင်၏ ဆင်ခြေများက မခိုင်လုံပေ။ သင်၏ တာဝန်ထမ်းဆောင်ခြင်းသည် စံမမီသကဲ့သို့၊ သင့်တွင် သမ္မာတရား စစ်မှန်မှုကင်းမဲ့သည်။ သင့်၌ ကျိုးနွံနာခံခြင်းလုံးဝ မရှိသကဲ့သို့၊ အားစိုက်ထုတ်ရသော၊ သို့မဟုတ် ညစ်ပေသောအလုပ်အနည်းငယ်ကို သင်လုပ်ဆောင်ရသောအခါတွင် ညည်းညူသည်။ ဤတွင် ပြဿနာသည် အဘယ်နည်း။ ပထမဦးစွာ သင်၏ စိတ်နေစိတ်ထားသည် မှားယွင်းသည်။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သင်၏ တာဝန်အပေါ် သင်၏ သဘောထားသည် မှားယွင်းသည်ဟု ဆိုလိုသည်။ သင်သည် သင်၏ကိုယ်ပိုင်ဝင့်ဝါမှုနနှင့် အကျိုးစီးပွားများကို အစဉ် စဉ်းစားနေပြီး၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးမထားသကဲ့သို့၊ လုံးဝ ကျိုးနွံနာခံခြင်းမရှိလျှင်၊ ဤသည်မှာ သင့်တာဝန်အပေါ် ရှိသင့်သော မှန်ကန်သော သဘောထားမဟုတ်ပေ။ သင်သည် ဘုရားသခင်အတွက် ရိုးသားစစ်မှန်စွာ အသုံးခံပြီး ဘုရားသခင်ကို ချစ်သော စိတ်နှလုံးရှိလျှင် ညစ်ပေသော၊ အားစိုက်ထုတ်ရသော၊ ခက်ခဲသောအလုပ်များကို သင် မည်သို့ကိုင်တွယ်မည်နည်း။ သင်၏ စိတ်နေစိတ်ထားက မတူကွဲပြားဖြစ်လိမ့်မည်။ သင်သည် ခက်ခဲသည့်အရာမှန်သမျှကို လုပ်ဆောင်ရန် ရွေးချယ်ပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးများကို ထမ်းရွက်ရန် ရှာဖွေလိမ့်မည်။ အခြားသောလူများက မလုပ်ဆောင်လိုသည့်အရာကို သင် တာဝန်ယူဆောင်ရွက်လိမ့်မည်ဖြစ်ပြီး၊ သင်သည် ဘုရားသခင်အား ချစ်မြတ်နိုးကာ ဘုရားသခင်အား ကျေနပ်စေရန်အတွက် သက်သက်ဖြင့် ထိုအရာကို လုပ်ဆောင်လိမ့်မည်။ သင်သည် ညည်းညူခြင်း အရိပ်အယောင်တစ်ခုမျှမရှိဘဲ ဤသို့လုပ်ဆောင်ရသည်ကို ဝမ်းမြောက်မှုနှင့် ပြည့်နေလိမ့်မည်။ ညစ်ပေသော၊ အားစိုက်ထုတ်ရသော၊ ခက်ခဲသောအလုပ်များသည် လူတို့အား အရှိအတိုင်း ဖော်ပြသည်။ သင်သည် ပေါ့ပါးပြီး အဆင့်မြင့်သော အလုပ်များကိုသာ တာဝန်ယူဆောင်ရွက်သည့်လူများနှင့် မည်သို့ ကွဲပြားသနည်း။ သင်သည် ၎င်းတို့ထက် များစွာ သာ၍ တော်ခြင်းတတ်ခြင်း မရှိပေ။ ထိုသို့မဟုတ်သလော။ ဤသည်မှာ ဤအရာများကို သင်မြင်ရမည့်ပုံစံဖြစ်သည်။ ဤသို့ဆိုလျှင် လူတို့အား အရှိအတိုင်း အထုတ်ဖော်ဆုံးသောအရာသည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ လူအချို့သည် ဘုရားသခင်အား ချစ်ပြီး ကျိုးနွံနာခံလိုစိတ်ရှိသည်ဟု အခိုင်အမာဆိုလျက်၊ အချိန်အများစုတွင် အလွန်ကောင်းသောအရာများကို ပြောဆိုကြသော်လည်း၊ ၎င်းတို့တာဝန်ကို ထမ်းဆောင်ရာတွင် အခက်အခဲတစ်ခုကို အမှတ်မထင် ကြုံရသည့်အခါ၌ ညည်းညူခြင်းနှင့် အပျက်သဘောဆောင်သော စကားမျိုးစုံကို ထုတ်ပြောကြသည်။ ၎င်းတို့သည် ကြောင်သူတော်များဖြစ်သည်မှာ သိသာသည်။ တစ်စုံတစ်ယောက်သည် သမ္မာတရားအား ချစ်မြတ်နိုးသူဖြစ်လျှင် မိမိတို့တာဝန်ထမ်းဆောင်ရာ၌ အခက်အခဲတစ်ခုကို ရင်ဆိုင်ရသောအခါ သူ၏တာဝန်သည် သင့်လျော်စွာ စီစဉ်ထားခြင်းမရှိလျှင်ပင် ထိုတာဝန်ကို အလေးအနက် သဘောထားလျက်ဖြင့် ဘုရားသခင်ကို ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေလိမ့်မည်။ လေးလံသော၊ ညစ်ပေသော၊ ခက်ခဲသောအလုပ်များကို ရင်ဆိုင်ရလျှင်ပင် ညည်းညူမည်မဟုတ်ဘဲ ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံးဖြင့် သူ၏ အလုပ်များကို ကောင်းစွာ လုပ်ပြီး တာဝန်ကို ကောင်းစွာထမ်းဆောင်နိုင်သည်။ သူသည် ထိုသို့လုပ်ဆောင်ရာတွင် အလွန်ဝမ်းမြောက်ခြင်းရှိပြီး ဘုရားသခင်က ယင်းကို မြင်ရသည်မှာ စိတ်သက်သာရာရသည်။ ဤသည်မှာ ဘုရားသခင်၏ လက်ခံမှု ပြည့်မီသော သူမျိုးဖြစ်သည်။ တစ်စုံတစ်ယောက်သည် ညစ်ပေသော၊ ခက်ခဲသော၊ အားစိုက်ထုတ်ရသောအလုပ်များကို ကြုံရသည်နှင့်တစ်ပြိုင်နက် စိတ်တိုပြီး ဒေါသထွက်လျှင် သူ့အား မည်သို့ကိုမျှ ဝေဖန်ခွင့်မပြုလျှင် ထိုသို့သောသူသည် ဘုရားသခင်အတွက် မိမိကိုယ်ကို ရိုးသားစစ်မှန်စွာ အသုံးခံသည့်သူတစ်ယောက်မဟုတ်ပေ။ သူသည် ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းခြင်းကိုသာ ခံရနိုင်သည်။ သင်တို့တွင် ဤအခြေအနေများရှိသော ပုံမှန်ဖြစ်ရပ်များ၌ ဤပြဿနာ၏ ကြီးလေးမှုကို သင်တို့ သိမြင်နိုင်သလော။ (အချို့ကို သိမြင်နိုင်သည်။) အချို့ကို သိမြင်နိုင်လျှင် ယင်းကို သင်၏ကိုယ်ပိုင်အားအင်၊ ကိုယ်ပိုင်ယုံကြည်မှုနှင့် ကိုယ်ပိုင်ဝိညာဉ်ရင့်ကျက်မှုအပေါ်သို့ ပြောင်းလဲပစ်နိုင်သလော။ ဤသဘောထားကို သင် ပြောင်းလဲဖို့လိုသည်။ သင်သည် ရှေးဦးစွာ “ဤသဘောထားသည် မှားသည်၊ ဤသည်မှာ ငါ၏ တာဝန်ကို ထမ်းဆောင်ရာတွင် ကိုယ်နှစ်သက်ရာကို ရွေးချယ်ထမ်းဆောင်နေခြင်းမဟုတ်လော၊ ဤသည်မှာ ကျိုးနွံနာခံခြင်းမဟုတ်၊ ငါ၏တာဝန်ကို ထမ်းဆောင်ခြင်းသည် ပျော်ရွှင်သောအရာတစ်ခု ဖြစ်သင့်သည်၊ လိုလိုလားလားနှင့် ဝမ်းမြောက်စွာ ပြုလုပ်သင့်သည်၊ ငါသည် အဘယ်ကြောင့် မပျော်ရွှင်သနည်း၊ အဘယ်ကြောင့် စိတ်မချမ်းမသာဖြစ်သနည်း၊ ငါ၏တာဝန်က မည်သည့်အရာဖြစ်သည်ဆိုသည်နှင့် ယင်းသည် ငါလုပ်ဆောင်သင့်သည့်အရာဖြစ်သည်ဆိုသည်ကို ငါကောင်းစွာသိသည်။ အဘယ်ကြောင့် ငါ မနာခံနိုင်သနည်း၊ ငါသည် ဘုရားရှေ့ကိုလာပြီး ဆုတောင်းရမည်၊ ငါ၏ စိတ်နှလုံးအတွင်း၌ရှိသော ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ထုတ်ဖော်ခြင်းကို သိမြင်လာရမည်” ဟူ၍ စဉ်းစားဖို့ လိုအပ်သည်။ ထို့နောက်တွင် ဤသို့လုပ်ဆောင်သောအခါတွင် သင်သည် “ဘုရားသခင် ကျွန်ုပ်သည် တစ်ဇွတ်ထိုးလုပ်ဆောင်တတ်လေ့ရှိခဲ့သည်၊ မည်သူ့ကိုမျှ နားမထောင်ပါ၊ ကျွန်ုပ်၏ သဘောထားသည် မှားယွင်းပြီး၊ ကျွန်ုပ်တွင် ကျိုးနွံနာခံခြင်းမရှိပါ။ ကျေးဇူးပြုပြီး ကျွန်ုပ်ကို ပဲ့ပြင်ဆုံးမ၍ ကျိုးနွံနာခံအောင် လုပ်ဆောင်တော်မူပါ၊ ကျွန်ုပ် စိတ်မချမ်းမသာ မဖြစ်လိုပါ၊ ကိုယ်တော်ကို ဆန့်ကျင်၍ မပုန်ကန်လိုတော့ပါ၊ ကျေးဇူးပြု၍ ကျွန်ုပ်ကို တို့ထိပြီး ဤတာဝန်ကို ကောင်းစွာထမ်းဆောင်နိုင်ရန် ပြုလုပ်တော်မူပါ၊ ကျွန်ုပ်သည် စာတန်အတွက် အသက်ရှင်သန်လိုစိတ်မရှိပါ၊ သမ္မာတရားအတွက် အသက်ရှင်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုစိတ်ရှိပါသည်” ဟူ၍ ဆုတောင်းသင့်သည်။ သင်သည် ဤသို့ဆုတောင်းသောအခါ သင့်အတွင်းတွင်ရှိသော အခြေအနေသည် တိုးတက်လိမ့်မည်ဖြစ်ပြီး၊ ထိုအခြေအနေ တိုးတက်လာသောအခါ သင်သည် နာခံနိုင်လိမ့်မည်။ သင်က “ဤသည်မှာ အမှန်တွင် မပြောပလောက်ပါ။ အခြားသူများက အနည်းငယ်သာလုပ်ဆောင်ပြီး ငါက ပို၍လုပ်ဆောင်ခြင်း၊ ၎င်းတို့က လုပ်ဆောင်သောအခါ ပျော်ရွှင်မှုမရှိခြင်း၊ သို့မဟုတ် ၎င်းတို့ လုပ်ဆောင်သောအခါ အလဟဿ စကားပြောဆိုနေခြင်း မရှိခြင်းသာဖြစ်သည်၊ ဘုရားသခင်က ငါ့အား အပိုဝန်ထုပ်ဝန်ပိုးတစ်ခု၊ လေးလံသော ဝန်တစ်ခုကို ပေးခဲ့သည်၊ ဤသည်မှာ ငါ့ကို သူ အထင်ကြီးခြင်း ဖြစ်သည်။ ငါ့အတွက် သူ၏ မျက်နှာသာပေးမှုဖြစ်သည်၊ ဤသည်မှာ ငါသည် ဤလေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းရွက်နိုင်သည်ဆိုသည်ကို သက်သေပြသည်၊ ဘုရားသခင်သည် ငါ့အပေါ် အလွန်ကောင်းသည်၊ ငါသည် ကျိုးနွံနာခံသင့်သည်” ဟု တွေးလိမ့်မည်။ ပြီးလျှင် သင်၏ သဘောထားသည် သင်ကိုယ်တိုင် သတိမထားမိဘဲ ပြောင်းလဲသွားလိမ့်မည်။ သင့်တာဝန်ကို စလက်ခံခဲ့သောအချိန်တွင် သင်၌ မကောင်းသော သဘောထားရှိသည်။ သင်သည် ကျိုးနွံနာခံနိုင်ခြင်းမရှိပေ။ သို့သော်လည်း သင်သည် ယင်းကို ရုတ်ချည်းပြောင်းလဲနိုင်ပြီး ဘုရားသခင်၏ စိစစ်မှုနှင့် ပဲ့ပြင်ဆုံးမမှုကို ရုတ်ချည်းလက်ခံနိုင်ခဲ့သည်။ သင်သည် ဘုရားသခင်ထံမှ သင်၏တာဝန်ကို အလုံးစုံလက်ခံနိုင်ပြီး စိတ်နှလုံးအပြည့်အဝဖြင့် ထမ်းဆောင်နိုင်မှု မရှိမချင်း ဘုရားသခင်ရှေ့သို့ နာခံသော သဘောထားနှင့်၊ သမ္မာတရားကို လက်ခံပြီး လက်တွေ့လုပ်ဆောင်သော သဘောထားနှင့် ရုတ်ချည်းလာနိုင်ခဲ့သည်။ ဤတွင် ရုန်းကန်ရသည့် ဖြစ်စဉ်တစ်ခုရှိသည်။ ထိုရုန်းကန်ရသည့် ဖြစ်စဉ်သည် သင်၏ ပြောင်းလဲခြင်းဖြစ်စဉ်၊ သမ္မာတရားအား သင်လက်ခံခြင်း ဖြစ်စဉ်ဖြစ်သည်။ အကြောင်းမှာ လူတို့သည် မေးခွန်းမထုတ်ဘဲ ၎င်းတို့ဆီသို့ မည်သည့်အရာလာသည်ဖြစ်စေ လိုလားမှုရှိပြီး ဝမ်းမြောက်ရန်၊ ကျိုးနွံနာခံရန်မှာ ဖြစ်နိုင်မည်မဟုတ်သောကြောင့်ဖြစ်သည်။ လူတို့သည် ယင်းကို လုပ်ဆောင်နိုင်လျှင် ၎င်းတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမရှိသည့် အဓိပ္ပာယ်ဖြစ်သည်။ ၎င်းတို့ကို ကယ်တင်ရန်အတွက် သမ္မာတရားကို ဖော်ပြဖို့ ဘုရားသခင်ကို ၎င်းတို့ လိုအပ်မည်မဟုတ်ပေ။ လူတို့တွင် အယူအဆများဖြစ်ပေါ်ကြသည်။ မှားယွင်းသော သဘောထားများရှိကြသည်။ မှားယွင်းသော၊ အပျက်သဘောဆောင်သော အခြေအနေများရှိကြသည်။ ဤအရာအားလုံးသည် တကယ့် ပြဿနာများဖြစ်ပြီး တည်ရှိကြသည်။ သို့သော် ဤအပျက်သဘောဆောင်သော၊ ကောင်းကျိုးမပြုသော အခြေအနေများ၊ အပျက်သဘောဆောင်သော စိတ်ခံစားချက်များ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက ဦးဆောင်ပြီး သင်၏အပြုအမူ၊ သင်၏အတွေး၊ သင်၏ သဘောထားတို့ကို ထိန်းချုပ်သောအခါတွင် သင်လုပ်ဆောင်သည့်အရာ၊ သင်လက်တွေ့လုပ်ဆောင်သည့် နည်းလမ်း၊ မည်သည့်လမ်းကြောင်းကို သင်ဆက်လက်ရွေးချယ်သည်ဆိုသည်တို့သည် သမ္မာတရားအပေါ် သင်၏ သဘောထားအပေါ်တွင် မူတည်လိမ့်မည်။ သင်သည် စိတ်ခံစားချက်များ ရှိကောင်းရှိနိုင်သည်၊ သို့မဟုတ် အပျက်သဘောဆောင်သော၊ ပုန်ကန်သော အခြေအနေတွင် ရှိနိုင်သည်။ သို့သော် သင်၏တာဝန်ကို ထမ်းဆောင်သည့်အချိန်အတွင်းတွင် ဤအရာများ ဖြစ်ပေါ်သောအခါ၌ ယင်းတို့သည် အခက်အခဲမရှိ ပြောင်းလဲသွားလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကို သင်ရှာဖွေသောကြောင့်ဖြစ်ပြီး သင်၏ သဘောထားသည် သမ္မာတရားအား ကျိုးနွံနာခံခြင်း၊ လက်ခံခြင်းနှင့်သက်ဆိုင်သော သဘောထားဖြစ်သောကြောင့်ဖြစ်သည်။ ထို့နောက်တွင် သင်သည် သင်၏တာဝန်ကို ကောင်းစွာထမ်းဆောင်ရာတွင် ပြဿနာရှိမည်မဟုတ်ပေ။ သင်သည် ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားက သင့်အပေါ်တွင်ရှိသော ဆုပ်ကိုင်မှု၊ ဘောင်ခတ်ခြင်းကို အနိုင်ယူနိုင်စွမ်းရှိလိမ့်မည်။ အဆုံးတွင် သင်သည် တာဝန်ထမ်းဆောင်ရာတွင် အောင်မြင်လိမ့်မည်။ ဘုရားသခင်၏ စေခိုင်းချက်ကို ဖြည့်ဆည်းလိမ့်မည်။ သမ္မာတရားနှင့် အသက်ကို ရယူနိုင်လိမ့်မည်။ လူတို့၏တာဝန်ကို ထမ်းဆောင်ခြင်းနှင့် သမ္မာတရားအား ရရှိခြင်း ဖြစ်စဉ်သည်လည်း စိတ်သဘောထား ပြောင်းလဲခြင်းနှင့် သက်ဆိုင်သည်။ လူတို့က သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် အလင်းပေးမှုကို လက်ခံရှိသည်မှာ၊ သမ္မာတရားကို နားလည်ပြီး စစ်မှန်မှုသို့ ဝင်ရောက်သည့်အရာအားလုံးမှာ ၎င်းတို့၏ တာဝန်ထမ်းဆောင်ခြင်းတွင် ဖြစ်သည်။ ၎င်းတို့သည် ဆုတောင်းရန်၊ ရှာဖွေရန်၊ အခက်အခဲများကို ဖြေရှင်းရန်အတွက် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်သဘောပေါက်ပြီး ဤသို့ဖြင့် ၎င်းတို့တာဝန်ကို ပုံမှန် လုပ်ဆောင်နိုင်ရန်အတွက် ဘုရားသခင်ရှေ့သို့ မကြာခဏလာရောက်ကြခြင်းတို့အားလုံးမှာလည်း ၎င်းတို့၏ တာဝန်ထမ်းဆောင်ရာတွင် ထိုအခက်အခဲများရှိသောအခါ၌ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ ပဲ့ပြင်ဆုံးမခြင်းကို ခံရပြီး သန့်ရှင်းသောဝိညာဉ်တော်၏ ညွှန်ကြားမှုအောက်တွင် အသက်ရှင်ကာ တဖြည်းဖြည်းချင်းဖြင့် သမ္မာတရားစည်းမျဉ်းများနှင့်အညီ အမှုအရာများကို လုပ်ဆောင်တတ်ရန် သင်ယူပြီး ၎င်းတို့တာဝန်ကို ကျေနပ်ဖွယ်ရာ ထမ်းဆောင်လာကြခြင်းတို့အားလုံးမှာ ၎င်းတို့တာဝန်ကို ထမ်းဆောင်ခြင်းတွင် ဖြစ်သည်။ ဤသည်မှာ သမ္မာတရားက ဦးဆောင်ပြီး သင်၏ စိတ်နှလုံးကို စိုးမိုးနေခြင်းဖြစ်သည်။

လူအချို့အတွက် ၎င်းတို့၏တာဝန်များကို ထမ်းဆောင်ရာ၌ မည်သည့်ပြဿနာကို တွေ့ကြုံကောင်း တွေ့ကြုံကြပါစေ၊ ၎င်းတို့သည် သမ္မာတရားကို မရှာဖွေဘဲ ၎င်းတို့၏ကိုယ်ပိုင် အတွေးများ၊ အယူအဆများ၊ စိတ်ကူးများနှင့် အလိုဆန္ဒများနှင့်အညီ အစဉ်ပြုမူလုပ်ဆောင်ကြ၏။ ၎င်းတို့သည် ၎င်းတို့၏ တစ်ကိုယ်ကောင်းဆန်သော အလိုဆန္ဒများကို စဉ်ဆက်မပြတ် ဖြည့်ဆည်းနေကြပြီး ၎င်းတို့၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ၎င်းတို့၏လုပ်ဆောင်ချက်များကို အမြဲ ထိန်းချုပ်နေ၏။ ၎င်းတို့သည် ၎င်းတို့တာဝန်များကို အစဉ်ထမ်းဆောင်သည့်ပုံစံ ပေါ်ကောင်းပေါ်နိုင်သည်။ သို့သော် ၎င်းတို့သည် သမ္မာတရားကို လုံးဝ လက်မခံသောကြောင့်၊ အမှုအရာများကို သမ္မာတရားစည်းမျဉ်းနှင့်အညီ လုပ်ဆောင်နိုင်စွမ်းမရှိသောကြောင့်၊ အဆုံးတွင် သမ္မာတရားနှင့် အသက်ကို မရရှိနိုင်ပေ။ နာမည်နှင့် ထိုက်တန်သည့် အလုပ်လုပ်ပေးသူများ ဖြစ်လာကြသည်။ ထို့ကြောင့် ထိုသို့သော လူတို့သည် မိမိတို့၏ တာဝန်များကို ဆောင်ရွက်နေချိန်တွင် မည်သည့်အရာများအပေါ် မှီခိုနေကြသနည်း။ ၎င်းတို့သည် သမ္မာတရားအပေါ် မှီခိုနေခြင်း မဟုတ်သကဲ့သို့ ဘုရားသခင်ကို မှီခိုနေခြင်းလည်း မဟုတ်ပေ။ ၎င်းတို့နားလည်သော ထိုသမ္မာတရားအနည်းငယ်သည် ၎င်းတို့၏စိတ်နှလုံးများထဲ၌ အချုပ်အခြာအာဏာ မရယူထားပေ။ ၎င်းတို့သည် ဤတာဝန်များကို ထမ်းဆောင်ရန်အတွက် ၎င်းတို့၏ ကိုယ်ပိုင် ဆုကျေးဇူးများ၊ ပင်ကိုစွမ်းရည်များအပေါ်၊ ၎င်းတို့ရရှိထားသည့် မည်သည့် အသိပညာမဆိုအပြင် ၎င်းတို့၏ ကိုယ်ပိုင်စိတ်စွမ်းအား၊ သို့မဟုတ် ကောင်းသောရည်ရွယ်ချက်များအပေါ်တွင်ပါ အမှီပြုကြသည်။ ဤသည်မှာ မှန်ကန်ပါက ၎င်းတို့သည် မိမိတို့၏ တာဝန်များကို လက်ခံနိုင်လောက်သော စံနှုန်းတစ်ခုဖြင့် ထမ်းဆောင်နိုင်မည်လော။ လူတို့သည် ၎င်းတို့တာဝန်များကို ထမ်းဆောင်ရန် ၎င်းတို့၏ သဘောသဘာဝ၊ အယူအဆများ၊ စိတ်ကူးများ၊ ကျွမ်းကျင်မှုများ၊ သင်ယူမှုများတို့ကို အားကိုးသောအခါ ၎င်းတို့သည် မိမိတို့၏တာဝန်များကို ထမ်းဆောင်နေပြီး မကောင်းမှုကို မကျူးလွန်သည့်ပုံစံပေါ်နိုင်သော်လည်း ၎င်းတို့က သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နေကြပေ။ ဘုရားသခင်အတွက် ကျေနပ်ဖွယ်ရာဖြစ်သည့်အရာတစ်ခုမျှ မလုပ်ဆောင်ထားကြပေ။ လျစ်လျူရှု၍မရသည့် အခြားပြဿနာတစ်ခုလည်းရှိသည်။ သင်၏တာဝန်ကို ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်အတွင်းတွင်၊ အကယ်၍ သင်၏အယူအဆများ၊ စိတ်ကူးများနှင့် ကိုယ်ပိုင်အလိုဆန္ဒများ မည်သည့်အခါမျှ မပြောင်းလဲဘဲ သမ္မာတရားနှင့် မည်သည့်အခါမျှ အစားထိုးခြင်း မရှိပါက၊ ပြီးလျှင် သင်၏လုပ်ရှားမှုများနှင့် လုပ်ဆောင်ချက်များမှာ သမ္မာတရားစည်းမျဉ်းများနှင့်အညီ မည်သည့်အခါမျှ လုပ်ဆောင်ခြင်းမရှိပါက၊ နောက်ဆုံးရလဒ်မှာ မည်သို့ ဖြစ်လိမ့်မည်နည်း။ သင်သည် အသက်ဝင်ရောက်မှု ရှိမည်မဟုတ်ပေ။ သင်သည် အလုပ်လုပ်ပေးသူတစ်ဦး ဖြစ်လာလိမ့်မည်။ ဤနည်းအားဖြင့် သခင်ယေရှု၏ စကားများကို ပြည့်စုံစေလိမ့်မည်။ “ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျှင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတိအလင်း ငါပြောမည်။” (ရှင်မဿဲခရစ်ဝင် ၇:၂၂-၂၃) ဘုရားသခင်သည် လုံ့လဝီရိယကို အသုံးပြုပြီး အလုပ်လုပ်ပေးခြင်းကို လုပ်ဆောင်သော ဤလူတို့အား မကောင်းမှုပြုသူများဟု အဘယ့်ကြောင့် ခေါ်သနည်း။ ငါတို့တွင် သေချာနိုင်သော အချက်တစ်ချက်ရှိသည်၊ ယင်းမှာ မည်သည့် တာဝန်များ သို့မဟုတ် အလုပ်ကို ဤလူတို့က လုပ်ဆောင်ပါစေ၊ ၎င်းတို့၏ အရင်းခံအကြောင်းရင်းများ၊ တွန်းအား၊ ရည်ရွယ်ချက်များနှင့် အတွေးများသည် သူတို့၏ တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများမှ လုံးလုံးလျားလျား ထွက်ပေါ်လာကာ၊ ယင်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများနှင့် ရှေ့ရေးများကို ကာကွယ်ရန်၊ ၎င်းတို့၏ ကိုယ်ပိုင်မာန၊ ပကာသနနှင့် အဆင့်အတန်းကို ဖြည့်ဆည်းရန် လုံးလုံးလျားလျား ဖြစ်သည်။ အားလုံးသည် ဤစဉ်းစားတွက်ချက်မှုများအနီးတွင် ဗဟိုပြုသည်။ ၎င်းတို့ စိတ်နှလုံးတွင် သမ္မာတရားမရှိပေ။ ၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့ပြီး ကျိုးနွံနာခံသော စိတ်နှလုံးမရှိကြပေ။ ဤသည်မှာ ပြဿနာ၏ အရင်းအမြစ်ဖြစ်သည်။ ယခုအခါတွင် သင့်တို့အတွက် လိုက်စားရန် အရေးပါသောအရာမှာ မည်သည့်အရာဖြစ်သနည်း။ အရာအားလုံးတွင် သင်တို့သည် သမ္မာတရားကို ရှာဖွေရမည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ၊ ဘုရားသခင်တောင်းဆိုသည့်အတိုင်း မိမိတာဝန်ကို ကောင်းမွန်စွာထမ်းဆောင်ရမည်။ ဤသို့လုပ်ဆောင်လျှင် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို သင် ရရှိလိမ့်မည်။ ဤသို့ဆိုလျှင် ဘုရားသခင်တောင်းဆိုသည့်အတိုင်း သင်၏တာဝန်ကို ထမ်းဆောင်ခြင်းတွင် အသေးစိတ် မည်သည့်အရာပါဝင်သနည်း။ သင်လုပ်ဆောင်သမျှတွင် ဘုရားသခင်ကို ဆုတောင်းရန် သင်ယူရမည်။ သင့်တွင် မည်သည့်ရည်ရွယ်ချက်များရှိသည်၊ မည်သည့်အတွေးများရှိသည်၊ ဤရည်ရွယ်ချက်များနှင့် အတွေးများက သမ္မာတရားနှင့် ညီခြင်းရှိမရှိတို့ကို ဆင်ခြင်သုံးသပ်ရမည်။ မညီလျှင် ထိုအရာများကို ဘေးဖယ်ထားသင့်သည်။ ထို့နောက်တွင် သမ္မာတရားစည်းမျဉ်းများနှင့်အညီ သင် လုပ်ဆောင်ပြီး ဘုရားသခင်၏ စိစစ်မှုကို လက်ခံသင့်သည်။ ဤသည်မှာ သင့်ကို သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် သေချာစေသည်။ သင့်တွင် သင်၏ကိုယ်ပိုင် ဦးတည်ချက်များနှင့် ရည်ရွယ်ချက်များရှိလျှင်၊ ထိုအရာများသည် သမ္မာတရားကို ချိုးဖောက်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကွဲလွဲသည်ကို သင်ကောင်းစွာသိသော်ငြားလည်း၊ ဖြေရှင်းချက်အတွက် ဘုရားသခင်ကို ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေခြင်းမပြုသေးလျှင် ဤသည်မှာ အန္တရာယ်ရှိသည်။ သင့်အတွက် မကောင်းမှုကျူးလွန်ပြီး ဘုရားသခင်ကို ဆန့်ကျင်သောအရာများကို လုပ်ဆောင်ရန် လွယ်ကူသည်။ သင်သည် မကောင်းမှုကို တစ်ကြိမ်၊ နှစ်ကြိမ်ကျူးလွန်ပြီး နောင်တရလျှင် သင့်၌ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်ရှိသေးသည်။ သင်သည် မကောင်းမှုကို ဆက်၍ ကျူးလွန်နေလျှင်၊ သင်သည် မကောင်းမှုမျိုးစုံ ပြုလုပ်သူဖြစ်သည်။ ဤအခြေအနေတွင် သင် နောင်တမရနိုင်သေးလျှင် သင်သည် ဒုက္ခရောက်ပြီဖြစ်သည်။ ဘုရားသခင်သည် သင့်အား ဘေးတစ်ဖက်သို့ ဖယ်ထားလိမ့်မည်၊ သို့မဟုတ် စွန့်ပစ်လိမ့်မည်။ ဤသည်မှာ သင်သည် ဖယ်ရှားရှင်းလင်းခြင်းခံရဖို့ အန္တရာယ်ရှိနေသည့် သဘောဖြစ်သည်။ ဆိုးယုတ်မှုမျိုးစုံ ကျူးလွန်သောသူများသည် သေချာပေါက် အပြစ်ဒဏ်ပေးခံရပြီး ဖယ်ရှားရှင်းလင်းခြင်းခံရမည်။

အရှေ့သို့- ဘုရားသခင်၏ အမှုတော်နှင့် စိတ်သဘောထားကို သိခြင်းနှင့်သက်ဆိုင်သော နှုတ်ကပတ်တော်များ

နောက်တစ်ခုသို့- မိမိကိုယ်ကို သိခြင်းနှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။