သမ္မာတရားကို သင် နားလည်သွားသည်နှင့် သင်သည် ယင်းကို လက်တွေ့လုပ်ဆောင်သင့်သည်
ဘုရားသခင်၏ အမှုနှင့် နှုတ်ကပတ်တော်သည် သင်တို့၏ စိတ်သဘောထား ပြောင်းလဲမှုကို ဖြစ်ပေါ်စေရန် ရည်ရွယ်သည်။ သူ၏ ပန်းတိုင်မှာ သင်တို့ကို နားလည်မှု သို့မဟုတ် သိမြင်မှု ရရှိစေရုံမျှဖြင့် လုံလောက်ပြီဟု သတ်မှတ်ရန် မဟုတ်ပေ။ သဘောပေါက်နားလည်နိုင်စွမ်းရှိသော သူတစ်ဦးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ပတ်သက်လာလျှင် မည်သည့် အခက်အခဲကိုမျှ မကြုံတွေ့သင့်ပေ။ အကြောင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော် အများစုကို လူသားမျိုးနွယ်၏ ဘာသာစကားဖြင့် ဖော်ပြထားပြီး သူသည် အလွန် ရှင်းလင်းပြတ်သားစွာ ပြောဆိုသောကြောင့် ဖြစ်သည်။ ဥပမာအားဖြင့် ၎င်းတို့သည် ဘုရားသခင်က ၎င်းတို့ကို နားလည်စေလိုပြီး လက်တွေ့လုပ်ဆောင်စေလိုသည့်အရာကို သင်ယူလေ့လာနိုင်စွမ်း ရှိကြသည်။ ဤသည်မှာ သဘောပေါက်နားလည်နိုင်စွမ်းရှိသော ပုံမှန်လူတစ်ဦး လုပ်ဆောင်နိုင်သင့်သည့် အရာဖြစ်သည်။ အထူးသဖြင့် ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သာ၍ပင် ရှင်းလင်းပြီး ပွင့်လင်းမြင်သာမှု ရှိသည်။ ဘုရားသခင်သည် လူတို့ ထည့်သွင်းမစဉ်းစားဖူးသော အရာများစွာအပြင် လူတို့၌ရှိသော အမျိုးမျိုးသော အခြေအနေများအားလုံးကို ထောက်ပြထားပြီးဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များသည် အရာအားလုံးကို လွှမ်းခြုံထားပြီး လပြည့်ည၏ အလင်းရောင်ကဲ့သို့ ရှင်းလင်းလှပေသည်။ သို့ဖြစ်၍ ယခုအခါ လူတို့သည် ပြဿနာများစွာကို ရှင်းလင်းစွာ သိရှိပြီး နားလည်ကြကာ ၎င်းတို့အတွက် ကျန်ရှိနေသည့်အရာမှာ သူ၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန်သာ ဖြစ်သည်။ သမ္မာတရား၏ ကဏ္ဍအားလုံးကို လူတို့က အသေးစိတ် တွေ့ကြုံရမည်ဖြစ်သည်။ လူတို့သည် ပို၍ တိတိကျကျ စူးစမ်းလေ့လာပြီး ရှာဖွေရမည်ဖြစ်ကာ အရာရာကို မိမိတို့ထံ အသင့်ပေးလာမည့်အချိန်ကို ဆက်လက် စောင့်ဆိုင်းနေရုံမျှ မနေသင့်ပေ။ လူတို့သည် ထိုနည်းလမ်းအတိုင်း ဆက်လက်လုပ်ဆောင်ပါက ၎င်းတို့သည် အချောင်ခိုသူများ ဖြစ်လာကြလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သိသော်လည်း ယင်းကို လက်တွေ့မလုပ်ဆောင်သောသူများသည် သမ္မာတရားကို မချစ်သောသူများဖြစ်ကြပြီး ၎င်းတို့သည် နောက်ဆုံးတွင် ဖယ်ရှားရှင်းလင်းခြင်း ခံရလိမ့်မည်။ ၁၉၉၀ ပြည့်လွန်နှစ်များ၏ ပေတရုပုံစံကို ဖန်တီးရန် သင်တို့ကို တောင်းဆိုခြင်းမှာ သင်တို့ တစ်ဦးစီတိုင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်သင့်ကြောင်း၊ သင်တို့၏ အတွေ့အကြုံများတွင် စစ်မှန်သော ဝင်ရောက်မှု ရှိသင့်ကြောင်းနှင့် သင်တို့၏ ကိုယ်ပိုင်အသက်တာအတွက် ပို၍ အကျိုးရှိစေမည့် သာ၍များပြားပြီး သာ၍ကြီးမားသော ဉာဏ်ပွင့်ခြင်းကို ရရှိရန် ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ဆိုလိုခြင်းဖြစ်သည်။ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို များစွာ ဖတ်ရှုခဲ့သော်လည်း စာသားအရ အဓိပ္ပာယ်ကိုသာ နားလည်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စစ်မှန်သော ကြုံတွေ့မှုများမှတစ်ဆင့် တွေ့ကြုံရန် မကြိုးစားပါက သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သိမည်မဟုတ်ပေ။ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင့်အတွက် အသက်ဖြစ်မည်မဟုတ်ဘဲ အသေဖြစ်သော စကားလုံးများသာ ဖြစ်လိမ့်မည်။ ပြီးလျှင် သင်သည် အသေဖြစ်သော စကားလုံးများကိုသာ စွဲကိုင်ထားပါက သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အနှစ်သာရကို နားလည်သဘောပေါက်နိုင်မည် မဟုတ်သည့်အပြင် သူ၏ ရည်ရွယ်ချက်များကိုလည်း သိမည်မဟုတ်ပေ။ သင်၏ လက်တွေ့ကျသော အတွေ့အကြုံများတွင် သူ၏ နှုတ်ကပတ်တော်များကို သင် တွေ့ကြုံမှသာလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ဝိညာဉ်ရေးရာ အဓိပ္ပာယ်သည် သင့်အတွက် ပွင့်လင်းလာလိမ့်မည်။ အတွေ့အကြုံမှတစ်ဆင့်သာလျှင် သင်သည် များစွာသော သမ္မာတရားများ၏ ဝိညာဉ်ရေးရာ အဓိပ္ပာယ်ကို နားလည်သဘောပေါက်နိုင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ နက်နဲသောအရာများကို ဖွင့်လှစ်နိုင်မည်ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့မလုပ်ဆောင်ပါက ဘုရားသခင်သည် မည်မျှပင် ရှင်းလင်းစွာ ပြောဆိုပါစေ သင်၏ လက်ထဲတွင် ရှိသမျှမှာ အနှစ်မဲ့သော စကားလုံးများနှင့် အယူဝါဒများသာဖြစ်ပြီး ယင်းတို့သည် သင်၏ ဘာသာရေး စည်းမျဉ်းစည်းကမ်းများ ဖြစ်လာလေသည်။ ဤသည်မှာ ဖာရိရှဲများ လုပ်ဆောင်ခဲ့သည့်အရာ အတိအကျပင် မဟုတ်လော။ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံပါက ယင်းသည် သင်တို့အတွက် လက်တွေ့ကျလာသည်။ သင်တို့သည် ယင်းကို လက်တွေ့လုပ်ဆောင်ရန် မလိုက်စားပါက သင်တို့အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်သည် တတိယကောင်းကင်၏ ဒဏ္ဍာရီတစ်ခုထက် ပိုမည်မဟုတ်ပေ။ အမှန်တွင် သင်တို့အတွက် ဘုရားသခင်ကို ယုံကြည်ခြင်း လုပ်ငန်းစဉ်သည် သူ၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သူ၏ ရယူခြင်းကို ခံရသည့် လုပ်ငန်းစဉ်ဖြစ်သည်။ ယင်းကို ပို၍ ရှင်းလင်းစွာ ပြောရလျှင် ဘုရားသခင်ကို ယုံကြည်ခြင်းဟူသည်မှာ သူ၏ နှုတ်ကပတ်တော်များကို သိရှိနားလည်လာရန်နှင့် သူ၏ နှုတ်ကပတ်တော်များကို တွေ့ကြုံပြီး အသက်ရှင် နေထိုင်ရန်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို သင်တို့ ယုံကြည်ခြင်း၏ လက်တွေ့ကျမှု ဖြစ်သည်။ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန်နှင့် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် မလိုက်စားဘဲ ထာဝရအသက်ကို မျှော်လင့်ရုံမျှဖြင့် ဘုရားသခင်ကို ယုံကြည်ပါက သင်တို့အားလုံးသည် မိုက်မဲသောသူများ ဖြစ်ကြသည်။ ဤသည်မှာ စားတော်ပွဲသို့ သွားပြီး အရသာရှိသော ဟင်းလျာများကို ကြည့်ကာ ယင်းတို့ကို စိတ်ထဲတွင် မှတ်သားထားရုံမျှဖြင့် ယင်းတို့ထဲမှ တစ်ခုကိုမျှ အမှန်တကယ် မမြည်းစမ်းခြင်း သို့မဟုတ် ယင်းတို့ထဲမှ တစ်ခုကိုမျှ မစားမသောက်ခြင်းနှင့် တူပေမည်။ ထိုသို့သော လူတစ်ဦးသည် မိုက်မဲသောသူတစ်ဦး ဖြစ်မည် မဟုတ်လော။
ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်းတွင် လူတို့ ပိုင်ဆိုင်ရန် လိုအပ်သော သမ္မာတရားများ၊ လူတို့အတွက် အကျိုးအရှိဆုံးနှင့် အထောက်အကူအဖြစ်ဆုံးသော အရာများ ရှိသည်။ ယင်းတို့သည် သင်တို့၏ ခန္ဓာကိုယ်များ လိုအပ်သော အားဆေးနှင့် အာဟာရများဖြစ်ပြီး လူတို့ကို ၎င်းတို့၏ ပုံမှန် လူ့သဘာဝကို ပြန်လည်ရရှိရန် ကူညီပေးသောအရာများနှင့် လူတို့ ပြင်ဆင်ထားသင့်သည့် သမ္မာတရားများ ဖြစ်ကြသည်။ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်လေလေ သင်တို့၏ အသက်သည် ပို၍ လျင်မြန်စွာ ကြီးထွားလာလေလေ ဖြစ်မည်။ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်လေလေ သမ္မာတရားသည် သင်တို့အတွက် ပို၍ ရှင်းလင်းလာလေလေ ဖြစ်လိမ့်မည်။ သင်တို့၏ ဝိညာဉ်ရင့်ကျက်မှု ကြီးထွားလာသဖြင့် ဝိညာဉ်ရေးရာနယ်ပယ်၏ အရာများကို ပို၍ ရှင်းလင်းစွာ မြင်ရလိမ့်မည်ဖြစ်ပြီး စာတန်ကို အောင်နိုင်ရန် သင်တို့တွင် ခွန်အား ပို၍ ရှိလာလိမ့်မည်။ သင်တို့ နားမလည်သော သမ္မာတရား အများစုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်သောအခါ ရှင်းလင်းသွားလိမ့်မည်။ လူအများစုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စာသားအရ အဓိပ္ပာယ်ကို နားလည်ရုံမျှဖြင့် ကျေနပ်နေကြပြီး တွေ့ကြုံခြင်းနှင့် လက်တွေ့လုပ်ဆောင်ရာတွင် ပို၍ နက်ရှိုင်းစွာ ဝင်ရောက်ခြင်းထက် မိမိတို့ကိုယ်ကို အယူဝါဒများဖြင့် ပြင်ဆင်ရန် အာရုံစိုက်ကြသည်။ ဤသည်မှာ ဖာရိရှဲများ၏ လမ်းစဉ် မဟုတ်လော။ ဤသို့ လုပ်ဆောင်ခြင်းအားဖြင့် “ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိမိ၏ အသက်အဖြစ် ထားရှိခြင်း” ဟူသော စကားစု၏ လက်တွေ့ကျမှုကို လူတစ်ဦး ရရှိနိုင်မည်လော။ လူတို့၏ အသက်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ ကြီးထွားနိုင်သည်။ ယင်းတို့ကို ဖတ်ရှုရုံမျှဖြင့် မကြီးထွားနိုင်ပေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်သရွေ့ သင်၌ အသက်နှင့် ဝိညာဉ်ရင့်ကျက်မှု ရှိလိမ့်မည်ဟု ယုံကြည်ပါက သင်၏ နားလည်မှုသည် လွဲချော်နေသည်။ သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်သောအခါ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စစ်မှန်စွာ နားလည်ခြင်းကို ရရှိသည်။ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ ယင်းကို နားလည်နိုင်သည်” ဟူသည်ကို သင် နားလည်ရမည်။ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက်တွင် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သိရှိသည်ဟုသာ ပြောနိုင်သော်လည်း ယင်းတို့ကို သင် နားလည်သည်ဟု မပြောနိုင်ပေ။ လူတစ်ဦးသည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်မီ ယင်းကို ဦးစွာ နားလည်ရမည်ဟု အချို့က ပြောကြသော်လည်း ဤသည်မှာ တစ်စိတ်တစ်ပိုင်းသာ မှန်ကန်ပြီး လုံးဝ တိကျမှန်ကန်ခြင်း မရှိပေ။ သမ္မာတရားတစ်ခုနှင့်ပတ်သက်၍ သင်၌ အသိပညာ မရှိမီအချိန်သည် ထိုသမ္မာတရားကို သင် မတွေ့ကြုံရသေးသည့် အချိန်ဖြစ်သည်။ တရားဒေသနာတစ်ခုတွင် ထိုသမ္မာတရားအကြောင်းကို သင် ကြားရသောအခါ ယင်းကို နားလည်သည်ဟု ခံစားရခြင်းမှာ ယင်းကို စစ်မှန်စွာ နားလည်ခြင်း မဟုတ်ပေ။ ဤသည်မှာ ထိုသမ္မာတရား၏ စာသားအရ အဓိပ္ပာယ်ကိုသာ ပိုင်ဆိုင်ထားခြင်းဖြစ်ပြီး ယင်း၌ရှိသော စစ်မှန်သည့် အဓိပ္ပာယ်ကို နားလည်ခြင်း မဟုတ်ပေ။ သမ္မာတရား၏ အပေါ်ယံလွှာကို သိရုံမျှဖြင့် သင်သည် သမ္မာတရားကို အမှန်တကယ် နားလည်သည် သို့မဟုတ် ယင်းနှင့်ပတ်သက်သည့် အသိပညာရှိသည်ဟု မဆိုလိုပေ။ သမ္မာတရား၏ စစ်မှန်သော အဓိပ္ပာယ်သည် ယင်းကို တွေ့ကြုံခြင်းမှ လာလေသည်။ ထို့ကြောင့် သင်သည် သမ္မာတရားကို တွေ့ကြုံမှသာလျှင် ယင်းကို နားလည်နိုင်ပြီး အတွေ့အကြုံမှတစ်ဆင့်သာလျှင် ယင်း၏ ဖုံးကွယ်နေသော အစိတ်အပိုင်းများကို သင် သဘောပေါက်နိုင်သည်။ သင်၏ အတွေ့အကြုံကို နက်ရှိုင်းစေခြင်းသည် သမ္မာတရား၏ အဓိပ္ပာယ်များကို သဘောပေါက်ရန်နှင့် သမ္မာတရား၏ အနက်ကို နားလည်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ထို့ကြောင့် သင်၌ သမ္မာတရား ရှိမှသာလျှင် သင်သည် လောကတစ်ခွင်လုံးတွင် လွတ်လပ်စွာ သွားလာနိုင်မည်ဖြစ်သည်။ သင်၌ သမ္မာတရား မရှိပါက ဘာသာရေးကိုင်းရှိုင်းသူ များစွာက သင့်ကို လက်ခံယုံကြည်ဖို့ မဆိုထားနှင့်၊ သင်၏ မိသားစုဝင်များကပင် သင့်ကို လက်ခံယုံကြည်မည် မဟုတ်ပေ။ သမ္မာတရားမရှိဘဲ သင်သည် လွင့်မျောနေသော နှင်းပွင့်တစ်ခုကဲ့သို့ ဖြစ်သော်လည်း သမ္မာတရားရှိပါက သင်သည် ပျော်ရွှင်ပြီး လွတ်လပ်နိုင်ကာ မည်သူမျှ သင့်ကို တိုက်ခိုက်နိုင်မည် မဟုတ်ပေ။ သဘောတရားတစ်ခုသည် မည်မျှပင် ခိုင်မာပါစေ ယင်းသည် သမ္မာတရားကို မလွှမ်းမိုးနိုင်ပေ။ သမ္မာတရားဖြင့် သင်သည် ကောင်းကင်နှင့် မြေကြီးကို ပြောင်းပြန်လှန်နိုင်ပြီး တောင်များနှင့် ပင်လယ်များကို ရွှေ့ပြောင်းနိုင်သည်။ သမ္မာတရားမရှိပါက လောက်ကောင်များကပင် သင်၏ မြို့ကို ဖောက်ထွင်းဝင်ရောက်နိုင်လေသည်။ ဤသည်မှာ သိသာထင်ရှားသော အဖြစ်မှန်တစ်ခု ဖြစ်သည်။
ယနေ့တွင် အရေးကြီးသောအရာမှာ သမ္မာတရားကို သင် သိရှိလာပြီးနောက် ယင်းကို လက်တွေ့လုပ်ဆောင်ရန်နှင့် ပို၍များသော သမ္မာတရားများ၏ စစ်မှန်သော အဓိပ္ပာယ်ဖြင့် မိမိကိုယ်ကို ပြင်ဆင်ရန် ဖြစ်သည်။ ဤသည်မှာ သင်တို့ စစ်မှန်စွာ ရရှိသင့်သည့်အရာ ဖြစ်သည်။ အခြားသူများကို သင်၏ စကားများအား နာခံစေရန် ရှာဖွေရုံမျှသာ ပြုမည့်အစား သင်၏ လက်တွေ့လုပ်ဆောင်ခြင်းကို ၎င်းတို့အား နာခံစေသင့်သည်။ ဤသည်မှာ စစ်မှန်စွာ အဓိပ္ပာယ်ရှိသောအရာ ဖြစ်သည်။ သင့်အပေါ် မည်သည့်အရာ ဖြစ်ပျက်ပါစေ၊ မည်သူနှင့် သင် ကြုံတွေ့ရပါစေ၊ သင်၌ သမ္မာတရား ရှိမှသာလျှင် သင်သည် ခိုင်မာစွာ ရပ်တည်နိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ အားလုံးသည် လူတို့ကို သေဆုံးစေရန် မဟုတ်ဘဲ အသက်ဝင်လှုပ်ရှားလာစေရန် ရည်ရွယ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက် သင်သည် အသက်ဝင်လှုပ်ရှားမလာဘဲ သေဆုံးလျက်သာ ရှိနေပါက သင့်တွင် ပြဿနာ တစ်စုံတစ်ရာ ရှိနေပြီဖြစ်၏။ အချိန်အတိုင်းအတာတစ်ခု ကြာပြီးနောက် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာကို ဖတ်ရှုခဲ့ပြီး လက်တွေ့ကျမှုရှိသော တရားဒေသနာများစွာကို ကြားနာခဲ့ရသော်လည်း သင်၏ သေဆုံးနေသော အနေအထားသည် မပြောင်းလဲသေးပါက ဤသည်မှာ သင်သည် သမ္မာတရားကို တန်ဖိုးထားသော သူတစ်ဦး မဟုတ်သည့်အပြင် သမ္မာတရားကို လိုက်စားသော သူတစ်ဦးလည်း မဟုတ်ကြောင်း သက်သေပြနေသည်။ သင်တို့တွင် ဘုရားသခင်ကို ရယူရန် လိုက်စားသည့် စိတ်နှလုံး အမှန်တကယ် ရှိပါက သင်တို့သည် မိမိတို့ကိုယ်ကို အယူဝါဒများဖြင့် ပြင်ဆင်ရန်နှင့် အခြားသူများကို မြင့်မားသော အယူဝါဒများဖြင့် ဆုံးမဟောပြောရန် အာရုံစိုက်မည့်အစား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံရန်နှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် အာရုံစိုက်ကြလိမ့်မည်။ ဤသည်မှာ ယခုအခါ သင်တို့ ဝင်ရောက်ရန် လိုက်စားသင့်သည့်အရာ မဟုတ်လော။
လူသားအပေါ် ဘုရားသခင် လုပ်ဆောင်သည့် အမှုအတွက် အချိန်ကန့်သတ်ချက်တစ်ခု ရှိသည်။ သင်သည် သူနှင့် ပူးပေါင်းဆောင်ရွက်ခြင်း မရှိပါက မည်သည့် ရလဒ်များ ရှိနိုင်မည်နည်း။ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်သွားသည်နှင့် ယင်းတို့ကို လက်တွေ့လုပ်ဆောင်ရန် သူက သင်တို့ကို အဘယ်ကြောင့် အစဉ်သဖြင့် တောင်းဆိုရသနည်း။ ဤသည်မှာ ဘုရားသခင်က သူ၏ နှုတ်ကပတ်တော်များကို သင်တို့အား ထုတ်ဖော်ပြီးသည်နှင့် နောက်တစ်ဆင့်မှာ သင်တို့က ယင်းတို့ကို လက်တွေ့လုပ်ဆောင်ရန်ဖြစ်ကြောင်း သရုပ်ပြနေသည်။ ဤနှုတ်ကပတ်တော်များကို သင်တို့ လက်တွေ့လုပ်ဆောင်စဉ်တွင် ဘုရားသခင်သည် သင်တို့ကို ဉာဏ်ပွင့်စေပြီး လမ်းပြလျက် နောက်ထပ် အမှုတစ်ဆင့်ကို လုပ်ဆောင်လေသည်။ အမှုအရာများသည် ဤနည်းလမ်းဖြင့် ပြီးမြောက်အောင်မြင်လေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအားလုံးသည် လူတို့ကို အသက်၌ ကြီးထွားလာစေရန် ကူညီပေးသည်။ ယင်းတို့အတွင်း၌ လူတို့ကို လမ်းလွဲစေသည့်အရာ တစ်ခုမျှ မရှိသည့်အပြင် လူတို့ကို အပျက်သဘောဆောင်လာစေသည့် မည်သည့် အစိတ်အပိုင်းမျှလည်း မရှိပေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီး လက်တွေ့လုပ်ဆောင်ခဲ့သည်ဟု ပြောသော်လည်း သန့်ရှင်းသော ဝိညာဉ်တော်ထံမှ မည်သည့်အမှုကိုမျှ သင် မရရှိသေးပေ။ သင်၏ စကားများသည် ကလေးတစ်ဦးကိုသာ အရူးလုပ်နိုင်ပေမည်။ သင်၏ ရည်ရွယ်ချက်များ မှန်ကန်ခြင်း ရှိမရှိကို အခြားလူများက မသိနိုင်သော်လည်း ဘုရားသခင်က မသိဘဲနေမည်မှာ ဖြစ်နိုင်သည်ဟု သင် ထင်သလော။ အခြားသူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းမှ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်ပွင့်စေခြင်းကို အဘယ်ကြောင့် ရရှိကြသနည်း။ သူ၏ နှုတ်ကပတ်တော်များကို သင် လက်တွေ့လုပ်ဆောင်သောအခါ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်ပွင့်စေခြင်းကို သင် အဘယ်ကြောင့် မရရှိသနည်း။ ဘုရားသခင်၌ လူ့ဇာတိဆိုင်ရာ ခံစားချက်များ ရှိနိုင်မည်လော။ အကယ်၍ သင်၏ ရည်ရွယ်ချက်များသည် စစ်မှန်စွာ မှန်ကန်ပြီး သင်သည် ပူးပေါင်းဆောင်ရွက်ပါက ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်နှင့်အတူ ရှိလိမ့်မည်။ အချို့လူများသည် မိမိတို့၏ ကိုယ်ပိုင်အလံကို အစဉ်သဖြင့် စိုက်ထူလိုကြသော်လည်း ဘုရားသခင်သည် ၎င်းတို့ကို နေရာပေးပြီး အသင်းတော်ကို ဦးဆောင်ခွင့် အဘယ်ကြောင့် မပေးသနည်း။ အချို့လူများသည် မိမိတို့၏ လုပ်ဆောင်ရမည့်အရာကိုသာ လုပ်ဆောင်ပြီး ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ကြကာ ၎င်းတို့ မသိလိုက်မီမှာပင် ဘုရားသခင်က ထိုက်တန်သည်ဟု မြင်သည်ကို ခံရလေသည်။ ယင်းမှာ မည်သို့ ဖြစ်နိုင်သနည်း။ ဘုရားသခင်သည် လူ၏ အနက်ရှိုင်းဆုံးသော စိတ်နှလုံးကို စိစစ်ပြီး သမ္မာတရားကို လိုက်စားသော လူများသည် မှန်ကန်သော ရည်ရွယ်ချက်များဖြင့် ထိုသို့ လုပ်ဆောင်ရမည်ဖြစ်သည်။ မှန်ကန်သော ရည်ရွယ်ချက်များ မရှိသည့် လူများသည် သေချာပေါက် ခိုင်မာစွာ ရပ်တည်နိုင်မည် မဟုတ်ပေ။ သင်တို့ လိုက်စားသင့်သည့် အခြေခံအကျဆုံးသော အရာမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်တို့၌ အကျိုးသက်ရောက်ခွင့်ပေးရန် ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ယင်းကို သင်တို့ လက်တွေ့လုပ်ဆောင်ရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စစ်မှန်စွာ နားလည်ခြင်း ရှိရန်ဖြစ်သည်။ သင်တို့၌ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သဘောပေါက်နားလည်နိုင်စွမ်းသည် ညံ့ဖျင်းကောင်း ညံ့ဖျင်းနိုင်သော်လည်း သူ၏ နှုတ်ကပတ်တော်ကို သင်တို့ လက်တွေ့လုပ်ဆောင်ခြင်းမှတစ်ဆင့် ဤအားနည်းချက်ကို သူ ကုစားပေးနိုင်သည်။ သို့ဖြစ်၍ သင်တို့သည် သမ္မာတရားများစွာကို သိရှိရမည်သာမက ယင်းတို့ကို သာ၍ပင် လက်တွေ့လုပ်ဆောင်ရမည်ဖြစ်သည်။ ဤသည်မှာ အရေးကြီးဆုံးသော အရာဖြစ်ပြီး ယင်းကို လျစ်လျူရှု၍ မရနိုင်ပေ။ ယေရှုသည် သူ၏ သုံးဆယ့်သုံးနှစ်ခွဲ ကာလအတွင်းတွင် များစွာသော အရှက်ခွဲခံရမှုများနှင့် ဆင်းရဲဒုက္ခများစွာကို ခံစားခဲ့ရသည်။ သူသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခဲ့ပြီး အရာခပ်သိမ်းတွင် ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်ခဲ့ကာ ဘုရားသခင်၏ ရည်ရွယ်ချက်များကိုသာ အလေးထားခဲ့သောကြောင့် ထိုမျှလောက် ဆင်းရဲဒုက္ခခံစားခဲ့ရခြင်း ဖြစ်သည်။ သူသည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဘဲ သိရုံသာ သိခဲ့ပါက ဤဆင်းရဲဒုက္ခကို ခံစားခဲ့ရမည် မဟုတ်ပေ။ ယေရှုသည် ယုဒလူတို့၏ သွန်သင်ချက်များကို လိုက်လျှောက်ပြီး ဖာရိရှဲများနောက်သို့ လိုက်ခဲ့ပါက သူသည် ဆင်းရဲဒုက္ခခံစားခဲ့ရမည် မဟုတ်ပေ။ လူသားအပေါ် ဘုရားသခင်၏ အမှုနှင့်ဆိုင်သော အကျိုးသက်ရောက်မှုများကို လူ၏ ပူးပေါင်းဆောင်ရွက်ခြင်းမှတစ်ဆင့် ရရှိကြောင်း ယေရှု၏ လုပ်ဆောင်ချက်များမှ သင် သင်ယူလေ့လာနိုင်ပြီး ဤသည်မှာ သင်တို့ အသိအမှတ်ပြုရမည့် အရာဖြစ်သည်။ ယေရှုသည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခဲ့ပါက လက်ဝါးကပ်တိုင်ပေါ်တွင် သူခံစားခဲ့ရသည့်အတိုင်း ဆင်းရဲဒုက္ခခံစားခဲ့ရမည်လော။ သူသည် ဘုရားသခင်၏ လိုအင်ဆန္ဒများနှင့်အညီ မပြုမူခဲ့ပါက ထိုသို့သော ဝမ်းနည်းပူဆွေးမှုဖြင့် ဆုတောင်းနိုင်ခဲ့မည်လော။ ထို့ကြောင့် သင်တို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း အလို့ငှာ ဆင်းရဲဒုက္ခခံစားသင့်သည်။ ဤသည်မှာ လူတစ်ဦး ခံစားသင့်သည့် ဆင်းရဲဒုက္ခမျိုး ဖြစ်သည်။