သမ္မာတရားကို လေ့လာလိုက်စားခြင်းအားဖြင့်သာ ဘုရားသခင်အပေါ် မိမိတို့၏အယူအဆများနှင့် နားလည်မှုလွဲခြင်းများကို ဖြေရှင်းနိုင်၏

လူတို့သည် ဘုရားသခင်ကို ကနဦး စတင်ယုံကြည်သည့်အချိန်တွင် သမ္မာတရားကို နားမလည်ကြသကဲ့သို့ ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများနှင့် စိတ်ကူးများစွာ ရှိကြသည်။ ဘုရားသခင်ကို နှစ်အတန်ကြာ သင်တို့ ယုံကြည်ပြီးသည့်အခါ၊ အလွန်များသည့် သူ၏ နှုတ်ကပတ်တော်များကို ဖတ်ရှုကာ အလွန်များသည့် တရားဒေသနာများကို နားထောင်ပြီးသည့်အခါ ဤအယူအဆများနှင့် စိတ်ကူးမည်မျှသည် တကယ်ကို ပြေလည်သွားလေပြီနည်း။ နှစ်အတန်ကြာ ဘုရားသခင်ကို ယုံကြည်ပြီးသည့်နောက်တွင်ပင် ဘုရားသခင်၏ တရားစီရင်ခြင်း ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခြင်းတို့နှင့်ပတ်သက်၍ လူအချို့သည် အယူအဆများ ရှိနေကြသေးစဉ်တွင် အခြားသူတို့မှာ ဘုရားနှုတ်ကပတ်တော်များ၏ ပြင်းထန်မှုကို မြင်သည့်အခါ အယူအဆများ ရှိနိုင်ကြလေသည်။ ဤအရာများကို သမ္မာတရား ရှာဖွေခြင်းအားဖြင့် ဖြေရှင်း၍ရနိုင်သလော။ သင်တို့သည် အရာရာတွင် သမ္မာတရားကို ရှာဖွေနိုင်ပြီး သင်တို့ ကြုံရသည့် မည်သည့် ပြဿနာကိုမဆို ဖြေရှင်းရန် ထိုသမ္မာတရားကို အသုံးပြုနိုင်လျှင် သင်တို့သည် သမ္မာတရား လိုက်စားသည့် သူဖြစ်ပေသည်။ ယခုတွင် သင်တို့သည် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနိုင်သလော။ အယူအဆများဖြစ်ပေါ်စေသည့် အရာတစ်ခုခုကို သင်တို့ ကြုံရသည့်အခါ၊ သို့မဟုတ် သင်တို့ ပြစ်မှားသည့်အခါ ထိုအရာကို ဖြေရှင်းရန် သမ္မာတရားကို သင်တို့ မည်သို့ ရှာဖွေသနည်း။ ဤအရာမျိုးနှင့်ဆိုင်သည့် မိမိ၏ အတွေ့အကြုံအကြောင်းကို မည်သူ ပြောဆိုနိုင်သနည်း။ (ကျွန်ုပ် ခေါင်းဆောင်ဖြစ်ခဲ့ချိန်တွင် လက်တွေ့ကျသည့် မည်သည့်အရာကိုမျှ ကျွန်ုပ် မလုပ်ဆောင်ခဲ့ပါ၊ ကျွန်ုပ်ကို အကောင်းမြင်စေသည့် အလုပ်တာဝန်များကိုသာ လုပ်ဆောင်ခဲ့ပြီး ဂုဏ်သိက္ခာနှင့် အဆင့်အတန်းအတွက် အမြဲ ကြိုးစားခဲ့သည်။ ဤအရာက အသင်းတော်၏ အလုပ်ကို နှောင့်ယှက်ကာ အဖျက်အမှောင့်လုပ်ခဲ့ပြီး ပြုပြင်ခြင်းကို ရင်ဆိုင်ရချိန်တွင် မိမိကိုယ်ကို မှန်ကြောင်းရှင်းပြရန် ကြိုးစားနေခဲ့သေးပြီး မှန်ကန်သည့် သုံးသပ်မှုနှင့် အသိ သို့မဟုတ် နောင်တနှင့် ပြောင်းလဲမှု မရှိခဲ့ပါ။ နောက်ပိုင်းတွင် အသင်းတော်က ကျွန်ုပ်ကို လူစားလဲခဲ့သော်လည်း ကျွန်ုပ်၏ စိတ်နှလုံးက အာခံတတ်ကာ မကျေမနပ်ဖြစ်နေဆဲဖြစ်ပြီး အမြဲ ညည်းညူကာ အပျက်သဘောဆောင်ခြင်းကို ဖွင့်ထုတ်ခဲ့သည်။ သမ္မာတရားကို လုံးဝ လက်မခံခြင်းနှင့် ဘုရားသခင်ကို အတိုက်အခံ လုပ်ခြင်းအတွက် ခေါင်းဆောင်များက ကျွန်ုပ်ကို ပြုပြင်ခဲ့သည်။ ယင်းမှာ သူ၏စိတ်သဘောထားကို ပုန်ကန်ပြစ်မှားသည့် အရာတစ်ခုဖြစ်ပြီး ကျွန်ုပ် နောင်တမရသေးလျှင် ဖယ်ထုတ်ပစ်ကာ ဖယ်ရှားရှင်းလင်းခံရမည်ဖြစ်ကြောင်း ပြောပြခဲ့ကြသည်။ ထိုအချိန်တွင် သမ္မာတရားကို ကျွန်ုပ် နားမလည်ခဲ့သလို ဘုရားသခင်ကို ဆိုးရွားစွာ နားလည်မှုလွဲခဲ့သည်။ ဘုရားသခင်ကို မယုံကြည်ခဲ့ကြောင်း ကျွန်ုပ် လုံးဝ မပြောခဲ့သော်လည်း သူ့ကို ကျွန်ုပ် ပုန်ကန်ပြစ်မှားမိခဲ့ပြီးဖြစ်သဖြင့် သူက ကျွန်ုပ်ကို မုချ ကယ်တင်မည်မဟုတ်ဟု တွေးထင်ခဲ့သောကြောင့် ကျွန်ုပ် အလုပ်လုပ်ပေးခြင်းသာ လုပ်နေခဲ့သည်။ ထို့နောက်တွင် သမ္မာတရား လိုက်စားခြင်းကို ကျွန်ုပ် များစွာ အာရုံမစိုက်ခဲ့သကဲ့သို တစ်နေ့တွင် ဘုရားသခင်၏ မိတ်သဟာယကို ကျွန်ုပ် ကြားသည့်အခါမှသာ နောက်ဆုံးတွင် ကျွန်ုပ် ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။) သင် ပြောင်းလဲသွားသည့်နောက်တွင် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းမှန် ရှိခဲ့သလော။ အလားတူ အမှုအရာ တစ်ဖန်ဖြစ်ပျက်လျှင် သင် မည်သည့်အရာကို လုပ်ဆောင်မည်နည်း။ (ယခုအချိန်တွင် ဤကဏ္ဍအတွက် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု ကျွန်ုပ်တွင် မရှိပါ။) အမှန်တွင် ဤပြဿနာအားလုံးကို သမ္မာတရားဖြင့် ဖြေရှင်းနိုင်ပေသည်။ လူတို့သည် ဘုရားသခင်နှင့်ပတ်သက်သည့် ၎င်းတို့၏ အထင်လွဲမှုများကို ဖြေရှင်းလိုလျှင် တစ်နည်းအားဖြင့် မိမိတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ၎င်းတို့ သတိပြုကာ ၎င်းတို့၏ ယခင်က အမှားများ၊ မှားယွင်းသည့် လမ်းကြောင်းများ၊ ပြစ်မှားမှုများနှင့် ပေါ့ဆမှုတို့ကို စိစစ်ပြီး နားလည်ရမည်။ ဤနည်းဖြင့် မိမိတို့ကိုယ်ပိုင် သဘာဝကို ၎င်းတို့ ရှင်းလင်းစွာ နားလည်ကာ သိမြင်နိုင်ကြလိမ့်မည်။ ထို့အပြင် လူတို့ အဘယ်ကြောင့် လမ်းလွဲပြီး သမ္မာတရား စည်းမျဉ်းများကို ချိုးဖောက်သည့် အရာများစွာ လုပ်ဆောင်ကြသည်ဆိုသည်နှင့် ၎င်းတို့ လုပ်ရပ်များ၏ သဘာဝကို ရှင်းလင်းစွာ မြင်ရမည်။ ထို့အပြင် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ရည်ရွယ်ချက်များအတိအကျနှင့် သတ်မှတ်ချက်များက မည်သည့်အရာများဖြစ်သည်၊ လူတို့က အဘယ်ကြောင့် ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း အမြဲ ဆောင်ရွက်နိုင်စွမ်းမရှိသကဲ့သို့ သူ၏ ရည်ရွယ်ချက်များကို အဘယ်ကြောင့် အမြဲ ဆန့်ကျင်ကာ ၎င်းတို့ နှစ်သက်သည့်အရာ လုပ်ဆောင်ကြသည်ဆိုသည်ကို ၎င်းတို့ နားလည်ရမည်။ ဤအရာများကို ဘုရားသခင်ရှေ့ ယူဆောင်ကာ ဆုတောင်းလော့၊ ယင်းတို့ကို ရှင်းလင်းစွာ နားလည်လော့၊ ပြီးလျှင် သင်၏ အခြေအနေကို သင် ပြောင်းလဲနိုင်သည်၊ သင်၏ တွေးခေါ်မှုအလေ့အထကို ပြောင်းလဲကာ ဘုရားသခင်အပေါ် သင်၏ အထင်လွဲမှုကို ဖြေရှင်းနိုင်သည်။ လူအချို့သည် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ မသင့်လျော်သည့် ရည်ရွယ်ချက်များ အမြဲ ထားရှိကြသည်၊ ဆိုးယုတ်သည့် စိတ်ကူးများ အမြဲရှိကြပြီး ၎င်းတို့၏အတွင်းပိုင်း အခြေအနေ မှန်ကန်ခြင်း ရှိမရှိဆိုသည်ကို မဆန်းစစ်နိုင်ကြသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များအတိုင်း ထိုအရာကို မသိမြင်နိုင်ကြချေ။ ဤလူများသည် နားဝေတိမ်တောင်ဖြစ်ကြ၏။ နားဝေတိမ်တောင် ဖြစ်သည့် သူတစ်ဦး၏ အသိသာဆုံး စရိုက်လက္ခဏာများထဲမှ တစ်ခုမှာ မကောင်းသည့်အရာတစ်ခုကို လုပ်ဆောင်မိသည့်နောက်တွင် ပြုပြင်ခြင်းကို ရင်ဆိုင်ရသည့်အခါ စိတ်ပျက်အားလျော့ခြင်း၏ လွှမ်းမိုးမှုကို ခံစားရပြီး ၎င်းတို့ ဇာတ်သိမ်းပြီဖြစ်ကာ ကယ်တင်မခံရနိုင်ဟု သတ်မှတ်လျက် ဆက်လက် အပျက်သဘောဆောင်နေကြခြင်း ဖြစ်သည်။ ဤသည်မှာ နားဝေတိမ်တောင်ဖြစ်သည့် သူတစ်ဦး၏ သနားဖွယ်အကောင်းဆုံး အပြုအမူ မဟုတ်လော။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်အတိုင်း မိမိတို့ကိုယ်ကို ပြန်မသုံးသပ်နိုင်ကြသကဲ့သို့ အခက်အခဲများနှင့် ရင်ဆိုင်ရသည့်အခါ ပြဿနာကို ဖြေရှင်းရန် သမ္မာတရားကို မရှာဖွေနိုင်ကြချေ။ ဤသည်မှာ အလွန် နားဝေတိမ်တောင်ဖြစ်ခြင်း မဟုတ်လော။ စိတ်ပျက်အားလျော့ခြင်း၏ လွှမ်းမိုးမှုကို ခံစားရခြင်းသည် ပြဿနာများကို ဖြေရှင်းနိုင်သလော။ အပျက်သဘောဆောင်ခြင်းတွင် အမြဲ ရုန်းကန်ခြင်းက ပြဿနာများကို ဖြေရှင်းပေးနိုင်သလော။ လူတို့အနေဖြင့် အမှားတစ်ခု လုပ်မိလျှင် သို့မဟုတ် ပြဿနာတစ်ခုရှိလျှင် ထိုအရာကို ဖြေရှင်းရန် သမ္မာတရား ရှာဖွေသင့်သည်ကို နားလည်သင့်ကြ၏။ ၎င်းတို့အနေဖြင့် မကောင်းမှုကို အဘယ်ကြောင့် ၎င်းတို့ ကျူးလွန်မိကြသည်၊ ထိုသို့လုပ်ဆောင်ရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်နှင့် စမှတ်က မည်သည့်အရာဖြစ်သည်၊ ထိုအရာကို အဘယ်ကြောင့် ၎င်းတို့ လုပ်ဆောင်လိုပြီး ၎င်းတို့၏ ရည်မှန်းချက်က မည်သည့်အရာ ဖြစ်သည်ဆိုသည်နှင့် တစ်စုံတစ်ဦးက ၎င်းတို့အား ထိုအရာကို လုပ်ဆောင်ရန် အားပေး၊ စေ့ဆော်ခြင်း သို့မဟုတ် အထင်အမြင်မှားစေခြင်း ရှိမရှိ သို့မဟုတ် ထိုအရာကို တမင်သက်သက် ၎င်းတို့ လုပ်ဆောင်ခဲ့သည်လောဆိုသည်တို့ကို ဦးစွာ ပြန်လည်သုံးသပ်ကာ နားလည်ရန် လိုအပ်သည်။ ဤမေးခွန်းများကို ပြန်လည်သုံးသပ်ကာ ရှင်းလင်းစွာ နားလည်ရမည်ဖြစ်ပြီး ထို့နောက်တွင် မည်သည့်အမှားများ ၎င်းတို့ ပြုလုပ်မိကာ မိမိတို့ကိုယ်တိုင်က မည်သည့်အရာများ ဖြစ်သည်ဆိုသည်ကို ၎င်းတို့ သိနိုင်ကြလိမ့်မည်။ သင်၏ မကောင်းမှုပြုခြင်း၏ အနှစ်သာရကို သင် သတိမပြုမိနိုင်လျှင် သို့မဟုတ် ထိုအရာမှ သင်ခန်းစာတစ်ခု မသင်ယူနိုင်လျှင် ပြဿနာကို ဖြေရှင်းမရနိုင်ပေ။ များစွာသောလူတို့သည် မကောင်းသည့်အရာများ လုပ်ဆောင်ကြပြီး မိမိတို့ကိုယ်ကို မည်သည့်အခါတွင်မျှ ပြန်မသုံးသပ်ကြပေ။ ထို့ကြောင့် ထိုသို့သောလူများသည် အမှန်တကယ် တစ်ကြိမ်တစ်ခါမျှ နောင်တရနိုင်ကြသလော။ ၎င်းတို့၏ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်တစ်ခုတလေ ရှိသလော။ လူသားမျိုးနွယ်သည် စာတန်၏ သားသမီးများဖြစ်ပြီး ဘုရားသခင်၏ စိတ်သဘောထားကို ၎င်းတို့ ပုန်ကန်ပြစ်မှားမိသည်ဖြစ်စေ၊ မပြစ်မှားသည်ဖြစ်စေ ၎င်းတို့၏ သဘာဝအနှစ်သာရက အတူတူပင် ဖြစ်သည်။ ၎င်းတို့အနေဖြင့် မိမိတို့ကိုယ်ကို ပြန်လည်သုံးသပ်ကာ မိမိတို့ကိုယ်ကို သာ၍ သိရှိလာသင့်သည်၊ ဘုရားသခင်ကို မည်သည့်အတိုင်းအတာထိ ၎င်းတို့ ပုန်ကန်ကာ အတိုက်အခံ လုပ်မိသည်ဆိုသည်နှင့် သမ္မာတရားကို ၎င်းတို့ လက်ခံနိုင်ကာ လက်တွေ့လုပ်ဆောင်နိုင်ဆဲ ရှိမရှိဆိုသည်တို့ကို ရှင်းလင်းစွာ မြင်သင့်သည်။ ဤအရာကို ၎င်းတို့ ရှင်းလင်းစွာ မြင်လျှင် ၎င်းတို့ မည်မျှ အန္တရာယ်ရှိသည်ကို သိကြလိမ့်မည်။ အမှန်တွင် ၎င်းတို့၏ သဘာဝ အနှစ်သာရများအရ ဖောက်ပြန်ပျက်စီးသော လူသားများအားလုံးတွင် အန္တရာယ်ရှိပေသည်။ ၎င်းတို့အတွက် သမ္မာတရားကို လက်ခံရန် အားထုတ်မှုများစွာ လိုအပ်ပြီး မလွယ်ကူပေ။ လူအချို့သည် မကောင်းမှုကို ကျူးလွန်ကာ မိမိတို့၏ သဘာဝ အနှစ်သာရကို ထုတ်ဖော်ပြပြီးဖြစ်စဉ်တွင် အချို့မှာ မကောင်းမှုကို မကျူးလွန်သေးသော်လည်း အခြားသူများထက် မလွဲမသွေ များစွာ ပိုကောင်းခြင်းမျိုး မဟုတ်ချေ။ ထိုသို့လုပ်ဆောင်ရန် ၎င်းတို့တွင် အခြေအနေ သို့မဟုတ် အခွင့်အရေး မရှိကြသေးခြင်းသာ ဖြစ်သည်။ သင့်ထံတွင် ဤပြစ်မှားမှုများ ရှိသည့်အတွက် ယခုတွင် မည်သည့် သဘောထားရှိသင့်သည်၊ ဘုရားသခင်၏ ရှေ့တွင် မည်သည့်အရာကို ဖြစ်ကြောင်းကုန်စင် ပြောပြသင့်သည်ဆိုသည်နှင့် ဘုရားသခင်က မည်သည့်အရာ မြင်လိုသည်ဆိုသည်တို့ကို သင်၏ စိတ်နှလုံးတွင် ရှင်းလင်းနေရမည်ဖြစ်သည်။ ဤအရာများကို ဆုတောင်းခြင်းနှင့် ရှာဖွေခြင်းမှတစ်ဆင့် သင် ရှင်းလင်းရမည်။ ထို့နောက်တွင် အနာဂတ်၌ မည်သို့ လိုက်စားသင့်သည်ဆိုသည်ကို သင် သိရှိလိမ့်မည်ဖြစ်ကာ အတိတ်တွင် သင် ပြုလုပ်ခဲ့သည့် အမှားများ၏ လွှမ်းမိုးခြင်း သို့မဟုတ် ဘောင်ခတ်ခြင်းကို ခံရတော့မည် မဟုတ်ပေ။ ရှေ့ဆက် လမ်းကြောင်းကို သင် လျှောက်ရမည်ဖြစ်ပြီး သင် ထမ်းဆောင်သင့်သည့်အတိုင်း သင်၏ တာဝန်ကို ထမ်းဆောင်ကာ စိတ်ပျက်အားလျော့ခြင်း၏ လွှမ်းမိုးမှုကို မခံစားရတော့ပေ။ အပျက်သဘောဆောင်ခြင်းနှင့် အထင်လွဲခြင်းမှ သင် လုံးဝ ရုန်းထွက်လွတ်မြောက်ရမည်။ တစ်နည်းအားဖြင့် သင်၏ အတိတ်က ပြစ်မှားမှုများနှင့် အမှားများအတွက် ထေမိရန် ယခုတွင် သင်၏ တာဝန်ကို သင် ထမ်းဆောင်လျှင် အပျက်သဘောဆောင်ပြီး သိပ်မသင့်လျော်သော်လည်း ဤသည်မှာ အနည်းဆုံး သင်ထံတွင် ရှိသင့်သည့် စိတ်ဓာတ်ဖြစ်သည်။ နောက်တစ်နည်းအားဖြင့် သင်သည် အပြုသဘောဆောင်စွာနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရမည်၊ သင် ထမ်းဆောင်သင့်သည့်တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန်နှင့် သင်၏ တာဝန်နှင့် ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် အစွမ်းကုန် လုပ်ဆောင်ရမည်ဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းခံတစ်ဦး လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ ဘုရားသခင်နှင့်ပတ်သက်၍ မည်သည့် အယူအဆများ သင်ရှိသည်ဖြစ်စေ၊ သို့မဟုတ် ဖောက်ပြန်ပျက်စီးခြင်းကို သင် ထုတ်ဖော်ပြလျှင် သို့မဟုတ် သူ၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိပြီးဖြစ်လျှင် ဤအရာအားလုံးကို သင့်ကိုသင် ပြန်လည်သုံးသပ်ခြင်းနှင့် သမ္မာတရား ရှာဖွေခြင်းအားဖြင့် ဖြေရှင်းရမည်။ သင်၏ ကျရှုံးမှုများမှ သင်ယူကာ အပျက်သဘောဆောင်ခြင်း မှောင်ရိပ်မှ လုံးဝ ရုန်းထွက်ထွက်မြောက်လော့။ သမ္မာတရားကို သင် နားလည်ကာ လွတ်မြောက်သည်နှင့်တစ်ပြိုင်နက် မည်သည့် လူ၊ ဖြစ်ရပ် သို့မဟုတ် အမှုအရာ၏ ဘောင်ခတ်ခြင်းကို မခံရတော့သည်နှင့်တစ်ပြိုင်နက် ရှေ့ဆက်ရမည့် လမ်းကြောင်းကို လျှောက်ရန် ယုံကြည်စိတ်ချမှု ရှိလိမ့်မည်။ အကျိုးတရားအချို့နှင့် ဘဝတိုးတက်မှုအချို့ သင် ပြုလုပ်ပြီးကာ ဘုရားသခင်နှင့်ပတ်သက်၍ မည်သည့် အယူအဆမျှ မရှိတော့သည့်နောက်တွင် ဘုရားသခင်ကို ယုံကြည်မှု လမ်းကြောင်းမှန်ထဲ သင် တဖြည်းဖြည်း ဝင်ရောက်လိမ့်မည်။

တစ်စုံတစ်ဦးသည် အတိတ်တွင် ပြစ်မှားကောင်း ပြစ်မှားမိပြီးဖြစ်နိုင်သည်၊ သို့မဟုတ် လမ်းလွဲပြီးဖြစ်နိုင်သည်၊ သို့သော် ၎င်းတို့သည် အမှန်တကယ်တွင် အလွန်တရာ စဉ်းလဲသော သို့မဟုတ် ဆိုးယုတ်သော လူအချို့ မဟုတ်ကြပေ။ ၎င်းတို့ အလွန် မာနထောင်လွှားကြခြင်းသာ ဖြစ်သည်။ အလွန်မာနထောင်လွှားကြသည်မှာ ၎င်းတို့သည် ဆင်ခြင်တုံတရား ကင်းမဲ့လာကြသည်၊ အထိန်းအကွပ်မဲ့လာကြပြီး မိမိတို့ကိုယ်ကို မထိန်းချုပ်နိုင်ကြသကဲ့သို့ ဘုရားသခင် ရွံရှာကာ စက်ဆုပ်သည့်အရာများနှင့် မိမိတို့ကိုယ်တိုင် မနှစ်မြို့စေသည့်အရာများကိုပင် လုပ်ဆောင်မိခဲ့ကြလေသည်။ သို့ရာတွင် ယခုထိတိုင် နောက်သို့လိုက်ပြီးသည့်နောက်တွင် ၎င်းတို့သည် တိုးတက်မှုအချို့ ပြုလုပ်ပြီးဖြစ်ရော့မည်။ နောက်ဆုံးတွင် ၎င်းတို့ ကျန်ရှိနိုင်ခြင်း ရှိမရှိဆိုသည်နှင့် ပတ်သက်လာသည့်အခါ ဘုရားသခင်သည် ဤအရာကို ၎င်းတို့၏လက်ရှိ အပြုအမူအပြင်၊ သူ့အပေါ်နှင့် ၎င်းတို့၏ တာဝန်အပေါ် ၎င်းတို့၏ လက်ရှိ သဘောထားအပေါ် အခြေခံ၍ သတ်မှတ်လိမ့်မည်ဖြစ်သည်။ တစ်စုံတစ်ဦးက “အတိတ်တွင် ဆိုးရွားသည့် ပြစ်မှားမှုများကို ကျွန်ုပ် ကျူးလွန်မိပြီးဖြစ်သော်လည်း နောက်ပိုင်းတွင် သမ္မာတရားကို ကျွန်ုပ် နားလည်လာခဲ့သည်။ ကျွန်ုပ်၏ ပြစ်မှားမှုများကို ကျွန်ုပ် အမှန်တကယ် နောင်တရသော်လည်း ယခု သမ္မာရားကို လက်တွေ့လုပ်ဆောင်လျှင်ပင် ထိုအရာများကို ကျွန်ုပ် ပြန်ရုပ်သိမ်း၍မရပါ။ ကျွန်ုပ် စွန်းထင်းသွားသကဲ့သို့ အမြဲ ခံစားရပြီး ဘုရားသခင်က ကျွန်ုပ်ကို အလိုရှိခြင်း ရှိမရှိ ကျွန်ုပ် စိတ်နှလုံးက မရှင်းလင်းပါ”ဟု ပြောကောင်းပြောနိုင်သည်။ ဤသည်မှာ ဘုရားသခင်က မဟုတ်ဘဲ သင်က မိမိကိုယ်ကို ထင်မြင်ချက်ပေးခြင်းဖြစ်သည်။ သင်၏ ထင်မြင်ချက်သည် ဘုရားသခင်၏ ထင်မြင်ချက်ကို ကိုယ်စားမပြုသကဲ့သို့ သင်၏ သဘောထားက သူ၏ သဘောထားကိုလည်း ကိုယ်စားမပြုပေ။ ဘုရားသခင်၏ သဘောထားက မည်သည့်အရာ ဖြစ်သည်ဆိုသည်နှင့် ဖောက်ပြန်ပျက်စီးသော လူသားတိုင်းနှင့် ကယ်တင်ခံရနိုင်သည့်သူများအပေါ် သူ၏ အခြေခံစည်းက မည်သည့်အရာဖြစ်သည်ဆိုသည်တို့ကို သင် နားလည်ရမည်။ ဤအရာနှင့်ပတ်သက်၍ သင်တို့ ရှင်းသလော။ ဘုရားသခင် ကြည့်သည့်အရာမှာ သမ္မာတရားကို လိုက်စားရာတွင် လူတစ်ဦး၏ သဘောထား၊ စိတ်ပိုင်းဖြတ်ခြင်းနှင့် သန္နိဋ္ဌာန်တို့ဖြစ်သည်။ ယခင်က သင် မည်သူဖြစ်ခဲ့သည်၊ သင်၏ ပြစ်မှားမှုများက မည်သည့်အရာ ဖြစ်ခဲ့သည်၊ သို့မဟုတ် သင် မည်မျှ အသုံးခံခဲ့သည်၊ ပေးခဲ့သည်၊ သို့မဟုတ် ဆင်းရဲဒုက္ခခံခဲ့သည်ဆိုသည်ကို သူ အရေးမစိုက်ပေ။ ဤအရာများကို ဘုရားသခင် မကြည့်ပေ။ တစ်စုံတစ်ဦးက ဘုရားသခင်ကို ယုံကြည်ပြီး ရှစ်ကြိမ်တိုင်တိုင် ထောင်ချခံရပြီး ဖြစ်သည်ဟု ပြောကောင်းပြောနိုင်ပြီး ဘုရားသခင်က “သင်နှင့်ပတ်သက်သည့် ဤအရာများကို ငါ မကြည့်ပါ။ ယခု သင် ပြုမူပုံ၊ သင့်အနေဖြင့် သမ္မာတရားကို လိုက်စားသည့် တစ်စုံတစ်ဦး ဟုတ်မဟုတ်၊ ထောင်ထဲရှိစဉ် သက်သေခံခြင်း ရှိမရှိ၊ မည်သည့်အရာများကို သင် ရရှိပြီးဖြစ်သည်၊ ဘုရားသခင်ကို သင် သိကျွမ်းခြင်း ရှိမရှိဆိုသည်နှင့် သမ္မာတရား စစ်မှန်မှုများထဲသို့ သင် ဝင်ရောက်ပြီးခြင်းရှိမရှိဆိုသည်တို့ကိုသာ ငါ ကြည့်သည်”ဟု ပြော၏။ ဤသည်မှာ ဘုရားသခင် အလိုရှိသည့် ရလဒ်ဖြစ်သည်။ လူအချို့က “ကျွန်ုပ် ပြစ်မှားကာ လမ်းလွဲပြီးဖြစ်သော်လည်း ယခု ဤအရာကို ကျွန်ုပ် သတိပြုမိကာ နက်ရှိုင်းသည့် ပြန်လည်သုံးသပ်မှုမှတစ်ဆင့် ကျွန်ုပ် နောင်တရရန် လိုလားလာကာ ဘုရားသခင်ကို ကျွန်ုပ် စိတ်ကျေနပ်အောင် လုပ်နိုင်ရန်၊ သူ၏ မေတ္တာကို ပြန်ဆပ်နိုင်ပြီး ကျွန်ုပ်၏ အတိတ် အမှားများအတွက် ထေမိအောင် လုပ်နိုင်ရန် ကျွန်ုပ်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ဖို့၊ ဝတ်ကျေတမ်းကျေ မလုပ်ရန်နှင့် အကောင်းဆုံး လုပ်ဆောင်ဖို့ ကျွန်ုပ် ခိုင်မာစွာ သန္နိဋ္ဌာန် ချပါသည်။ ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်စဉ်တွင် သမ္မာတရားကို လိုက်စားကာ လက်တွေ့လုပ်ဆောင်လိုပါသည်။ ကျွန်ုပ် အားထုတ်ကြိုးပမ်းရုံသာ ကြိုးပမ်းမည်မဟုတ်၊ သို့မဟုတ် အလုပ်လုပ်ပေးခြင်းကို လုပ်ဆောင်ရုံ လုပ်ဆောင်မည်မဟုတ်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်၊ လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ပြီး ကျွန်ုပ်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်းအားဖြင့် ဘုရားသခင်ကို ဂုဏ်ပြုရန် ကျွန်ုပ် ကြိုးစားပါမည်”ဟု ပြောကြသည်။ ဤသဘောထားနှင့် ပတ်သက်၍ ဘုရားသခင်သည် သင်၏ ပြစ်မှားမှုများကို ကြည်လိမ့်ဦးမည်လော။ ကြည့်မည်မဟုတ်။ ထို့ကြောင့် သင့်အနေဖြင့် အတိတ် ပြစ်မှားမှုများ၏ ဘောင်ခတ်ခြင်း မခံရတော့ရန်အလို့ငှာ သင်၏ စိတ်နှလုံးတွင် ဤအရာ သေချာရမည်။ လူအချို့သည် အတိတ်မှ ပြစ်မှားမှုများ၏ ဘောင်ခတ်ခြင်းကို အမြဲခံရကာ “ဘုရားသခင်သည် သူ၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားသည့် မည်သည့်အရာကိုမျှ အမှန်တကယ် မခွင့်လွှတ်နိုင်ပါ။ သူ၏ စိတ်နှလုံးသည် အချိန်ကြာမြင့်စွာကပင် ကျွန်ုပ်ကို ပစ်ပစ်ခါခါ ငြင်းပြီးဖြစ်ကာ ကျွန်ုပ်အတွက် သမ္မာတရား လိုက်စားရန်မှာ အချည်းနှီးဖြစ်သည်”ဟု တွေးထင်ကြသည်။ ဤသည်မှာ မည်သည့် သဘောထားမျိုး ဖြစ်သနည်း။ ဤသည်မှာ ဘုရားသခင်အပေါ် သံသယရှိခြင်းနှင့် အထင်လွဲခြင်းဟု ခေါ်သည်။ အမှန်တွင် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားသည့်အရာ တစ်ခုတလေကိုမျှ သင် မလုပ်ဆောင်မီတွင်ပင် သင်သည် သူ့အပေါ် မရိုသေသည့်၊ ဆီလျော်မှုမရှိသကဲ့သို့ ဝတ်ကျေတမ်းကျေဖြစ်သည့် သဘောထားတစ်ခု ရှိခဲ့ပြီး ဘုရားသခင်ကို ဘုရားသခင်အဖြစ် သင် သဘောမထားခဲ့ပေ။ လူတို့သည် မသိနားလည်သည့် သို့မဟုတ် စိတ်လိုက်မာန်ပါပြုတတ်သည့် အခိုက်အတန့် တစ်ခုကြောင့် မိမိတို့၏ စာတန်ဆန်သော စိတ်သဘောထားများကို ထုတ်ဖော်မိကြပြီး ၎င်းတို့ကို ဆုံးမပဲ့ပြင်ရန် သို့မဟုတ် တားဆီးရန် မည်သူမျှမရှိလျှင် ပြစ်မှားမှုများ ကျူးလွန်မိကြလေသည်။ ၎င်းတို့၏ ပြစ်မှားမှုများက အကျိုးဆက်များဆီသို့ ဆိုက်ရောက်စေသည့်နောက်တွင် မည်သို့ နောင်တရရမည်ဆိုသည်ကို မသိကြသကဲ့သို့ နေမထိထိုင်မသာ ဖြစ်နေကြဆဲဖြစ်သည်။ ၎င်းတို့၏ အနာဂတ် အဆုံးသတ်နှင့် ခရီးပန်းတိုင်အကြောင်းကို ၎င်းတို့ စိုးရိမ်ကြပြီး “ငါ ဇာတ်သိမ်းပြီး ပျက်စီးသွားပြီဖြစ်သောကြောင့် ငါ့ကိုယ်ငါ မျှော်လင့်ချက်မဲ့သူအဖြစ်သာ သဘောထားလိုက်တော့မည်။ တစ်နေ့တွင် ဘုရားသခင်က ငါ့ကို အလိုမရှိသလို လုံးလုံးလျားလျား စက်ဆုပ်လျှင် အဆိုးရွားဆုံး ဖြစ်နိုင်သည့်အရာမှာ ငါ သေဆုံးခြင်းဖြစ်သည်။ ငါသည် ဘုရားစီစဉ်ညွှန်ကြားခြင်း၏ ပြုသမျှကို ခံသည်” ဟု တွေးလျက် ဤအရာများအားလုံးကို ၎င်းတို့ စိတ်နှလုံးများတွင် စွဲလမ်းနေကြလေသည်။ အပေါ်ယံတွင် ဘုရားစီစဉ်ညွှန်ကြားခြင်း၏ ပြုသမျှကို ခံသည့်အကြောင်းနှင့် သူ၏ အစီအစဉ်များနှင့် အချုပ်အခြာအာဏာတို့ကို ကျိုးနွံနာခံခြင်းအကြောင်း ၎င်းတို့ ပြောဆိုကြသော်လည်း ၎င်းတို့၏ တကယ့် အခြေအနေမှာ အဘယ်နည်း။ အတိုက်အခံလုပ်တတ်သည့်၊ စိတ်နှလုံးခိုင်မာသည့်၊ နောင်တရခြင်း မရှိသည့် အခြေအနေ ဖြစ်သည်။ နောင်တမရခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်း။ “ဘုရားသခင်၏ ချီးမြှောက်ပြီး နှစ်သိမ့်သည့် နှုတ်ကပတ်တော်များသည် ငါ့အတွက် ရည်ရွယ်ခြင်း မဟုတ်ဘဲ အခြားလူများအတွက် ဖြစ်သည်။ ငါ့အတွက်မှာမူ ငါသည် ဇာတ်သိမ်းပြီ၊ မအောင်မြင်သူအဖြစ် သဘောထားခြင်း ခံရပြီ၊ အချည်းနှီးဖြစ်ပြီ၊ ဘုရားသခင်သည် အချိန်ကြာမြင့်စွာကပင် ငါ့အပေါ် လက်လျှော့ပြီးဖြစ်ကာ ငါ၏ အပြစ်ကို မည်သို့ ဝန်ချသည်ဖြစ်စေ၊ မည်သို့ ဆုတောင်းသည်ဖြစ်စေ၊ သို့မဟုတ် နောင်တဖြင့် မည်သို့ ငိုကြွေးသည်ဖြစ်စေ သူသည် ငါ့ကို နောက်ထပ် အခွင့်အရေး လုံးဝ ပေးလိမ့်မည် မဟုတ်”ဟု အမြဲတွေးလျက် ဘုရားသခင် ပြောသည့်အရာ တစ်ခုကိုမျှ ယုံကြည်ခြင်း သို့မဟုတ် လက်ခံခြင်းမရှိဘဲ မိမိတို့ကိုယ်ပိုင် စိတ်ကူးများကို ဆုပ်ကိုင်ထားသည်ဟု ဆိုလိုပေသည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်ကို အကဲဖြတ်ကာ ကြိုတွက်သည့်အချိန်တွင် ဤသည်မှာ မည်သည့် သဘောထား ဖြစ်သနည်း။ ဝန်ခံခြင်းနှင့် နောင်တရခြင်း သဘောထားတစ်ခု ဖြစ်သလော။ မဟုတ်သည်မှာ သိသာပေသည်။ ဤသဘောထားမျိုးသည် စိတ်သဘောထားတစ်မျိုးကို ကိုယ်စားပြု၏၊ စိတ်နှလုံးခိုင်မာခြင်း၊ အလွန့်အလွန် စိတ်နှလုံးခိုင်မာခြင်း ဖြစ်၏။ အပြင်ပန်းအားဖြင့် ၎င်းတို့သည် မည်သူကိုမျှ နားထောင်ခြင်းမရှိဘဲ၊ အယူဝါဒတိုင်းကို နားလည်ကာ မည်သည့်အရာကိုမျှ လက်တွေ့လုပ်ဆောင်ခြင်းမရှိဘဲ အထူးသဖြင့် မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်ပုံရကြသည်။ အမှန်တွင် ၎င်းတို့၌ စိတ်နှလုံးခိုင်မာသည့် စိတ်သဘောထားတစ်ခု ရှိကြလေသည်။ ဘုရားသခင်၏ ရှုထောင့်အမြင်မှကြည့်လျှင် စိတ်နှလုံးခိုင်မာခြင်းသည် ကျိုးနွံနာခံမှုလော၊ သို့မဟုတ် ပုန်ကန်မှုလော။ ပုန်ကန်မှုဖြစ်သည်မှာ သိသာပေသည်။ သို့ရာတွင် ၎င်းတို့သည် “ဘုရားသခင်ကို ကျွန်ုပ် အလွန်တရာ ချစ်လေ့ရှိခဲ့သော်လည်း ကျွန်ုပ် ပြုမိသည့် သေးငယ်သော အမှားတစ်ခုကိုပင် သူက လက်မလွှတ်နိုင်သလို ယခုတွင် ကျွန်ုပ်၏ အဆုံးသတ်သည် ဆုံးရှုံးသွားပြီဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်ကဲ့သို့သော လူတို့အပေါ် အဆုံးအဖြတ် စီရင်ပြီးဖြစ်သည်။ ကျွန်ုပ်သည် ပေါလုဖြစ်ပါသည်”ဟူ၍ အလွန်မတရားခံရပြီး ဖြစ်သည်ဟု ခံစားကြလေသည်။ သင်သည် ပေါလုဖြစ်ကြောင်း ဘုရားသခင် ပြောခဲ့သလော။ ထိုသို့ ဘုရားသခင် မပြောခဲ့ပေ။ သင်သည် ပေါလုဖြစ်သည်ဟု သင် ပြောသည်။ ဤအပြောအဆိုသည် မည်သည့်နေရာမှ လာသနည်း။ သင်သည် ဘုရားသခင်၏ ဒဏ်ခတ်ခြင်းခံရမည်၊ အပြစ်ဒဏ်ပေးခြင်းနှင့် ငရဲသို့ပို့ခြင်းခံရမည်ဟု သင် ပြောသည်။ ဤအဆုံးသတ်နှင့်ပတ်သက်၍ မည်သူ ဆုံးဖြတ်ခဲ့သနည်း။ ဘုရားသခင်က သူ၏ အမှုတော် ပြီးပြည့်စုံသည့်အခါ ငရဲသို့ သင် အပို့ခံရမည်ဖြစ်ကြောင်းနှင့် ကောင်းကင်နိုင်ငံတော်ထဲသို့ သင် မဝင်ရောက်နိုင်ကြောင်း မည်သည့်အခါတွင်မျှ မပြောခဲ့သည်နှင့်အမျှ ထိုအဆုံးသတ်ကို သင့်ဘာသာ ဆုံးဖြတ်ခဲ့သည်မှာ သိသာပေသည်။ သူသည် သင့်ကို ပစ်ပစ်ခါခါငြင်းသည်ဟု ဘုရားသခင် မပြောသရွေ့ သင့်ထံတွင် သမ္မာတရား လိုက်စားရန် အခွင့်အရေးနှင့် လုပ်ပိုင်ခွင့်ရှိပြီး ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို သင် ဤအတိုင်း ခံယူသင့်ပေသည်။ ဤသည်မှာ သမ္မာတရားနှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံယူခြင်းနှင့် စစ်မှန်သော နောင်တတရားနှင့်ဆိုင်သည့် သဘောထားဖြစ်သည်နှင့်အမျှ သင်သည် ဤသဘောထားမျိုး ရှိရမည်ဖြစ်သည်။ သင်သည် သင်၏ကိုယ်ပိုင် အယူအဆများ၊ စိတ်ကူးများနှင့် အထင်လွဲမှုများကို အမြဲ ဖက်တွယ်သည်။ သင်သည် ဤအရာများနှင့် ပြည့်ကာ လွှမ်းမိုးခံရနှင့်ပြီးဖြစ်သကဲ့သို့ ဘုရားသခင်က သင့်ကို ကယ်တင်မည်မဟုတ်ဟုပင် ဆုံးဖြတ်ပြီးဖြစ်ကာ ထို့နောက်တွင် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်း ဖြစ်စဉ်တစ်လျှောက်တွင် ဝတ်ကျေတမ်းကျေ ဖြစ်သော စိတ်ဓာတ်၊ မိမိကိုယ်ကို မျှော်လင့်ချက်မဲ့သူအဖြစ် သဘောထားသည့် စိတ်ဓာတ်၊ အပျက်သဘောဆောင်ပြီး မတက်ကြွသည့် စိတ်ဓာတ်တစ်ခု၊ တစ်ရက်တာအတွက်သာ ရှင်သန်ခြင်း စိတ်ဓာတ်၊ ဖြစ်သလိုလုပ်သည့် စိတ်ဓာတ်တစ်ခု ထားရှိပြီးဖြစ်သည်။ သမ္မာတရားကို သင် ရရှိနိုင်သလော။ ဤစိတ်နေစိတ်ထားဖြင့် သမ္မာတရားကို သင် ရရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့ သင် ကယ်တင်ခံရလိမ့်မည် မဟုတ်။ ထိုသို့သော လူတစ်ဦးသည် သနားဖွယ်ဖြစ်သည် မဟုတ်လော။ (သနားဖွယ်ဖြစ်ပါသည်။) မည်သည့်အရာက ၎င်းတို့ကို သနားဖွယ်ဖြစ်စေသနည်း။ မသိနားမလည်မှုကြောင့် ဖြစ်ပေသည်။ အမှုအရာများ ဖြစ်ပျက်သည့်အခါ ၎င်းတို့သည် သမ္မာတရားကို မရှာဖွေကြဘဲ အမြဲ လေ့လာကာ မှန်းဆကြပြီး ၎င်းတို့၏ အခြေအနေနှင့်ပတ်သက်၍ မည်သည့်အရာ ပြောဆိုထားသည်၊ ဘုရားသခင်၏ သဘောထားက မည်သည့်အရာဖြစ်သည်၊ သူ မည်သို့ စီရင်ဆုံးဖြတ်သည်ဆိုသည်နှင့် ၎င်းတို့၏ အဆုံးသတ်က မည်သည့်အရာ ဖြစ်လိမ်မ့ည်ဆိုသည်တို့ကို မြင်ရန် ဘုရားနှုတ်ကပတ်တော်များထဲသို့ပင် လေ့လာဖော်ထုတ်လိုကြပြီး ဤအရာအားဖြင့် ထိုကိစ္စ၏ ရလဒ်သည် မည်သည့်အရာဖြစ်မည်ကို ဆုံးဖြတ်ကြသည်။ ဤချဉ်းကပ်နည်းသည် သမ္မာတရားကို ရှာဖွေခြင်းဖြစ်သလော။ မုချ မဟုတ်ပေ။ ၎င်းတို့သည် အပျက်သဘောဆောင်ခြင်းတွင် အသက်ရှင်ရင်း ဘုရားသခင်၏ ရှုတ်ချခြင်းနှင့် ကျိန်ခြင်းအမင်္ဂလာ နှုတ်ကပတ်တော်များသည် ၎င်းတို့၏ အာရုံကို စိုးမိုးလျက်ရှိကြသည်။ ယင်းမှာ နုနယ်ခြင်း၊ အားနည်းခြင်းနှင့် အပျက်သဘောဆောင်ခြင်း ဖြစ်ပုံရသော်လည်း အမှန်တွင် အတိုက်အခံလုပ်ခြင်းတစ်မျိုး ဖြစ်သည်။ အတိုက်အခံလုပ်ခြင်း နောက်ကွယ်မှ စိတ်သဘောထားမှာ အဘယ်နည်း။ စိတ်နှလုံးခိုင်မာခြင်း ဖြစ်သည်။ ဘုရားသခင်၏ အမြင်တွင် ဤစိတ်နှလုံးခိုင်မာခြင်းမျိုးသည် ပုန်ကန်ခြင်းတစ်မျိုး ဖြစ်ပြီး ဘုရားသခင် အရွံမုန်းဆုံးသောအရာ ဖြစ်သည်။ ဘုရားသခင်က သင့်ကို မကယ်တင်လိုလျှင် အဘယ်ကြောင့် အလွန်များသည့် သမ္မာတရားများကို သင့်အား သူ ပြောမည်နည်း၊ အလွန်များသည့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းများကို သင့်အား အဘယ်ကြောင့် ပေးမည်နည်း၊ သို့မဟုတ် ထိုမျှ ရိုးသားစစ်မှန်သည့် စကားများဖြင့် သင့်ကို အဘယ်ကြောင့် တိုက်တွန်းမည်နည်း။ သို့တိုင် ဘုရားသခင်က သင့်ကို ကယ်တင်မည်မဟုတ်ဟု သင် ပြောဆဲဖြစ်သည်။ ဤအတွက် အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ လူတို့ နောင်တရဖို့ ဘုရားသခင်၏ စိတ်နှလုံးက အမြဲ မျှော်လင့်သော်လည်း မိမိတို့ကိုယ်ကို အခွင့်အရေးတစ်ခုပင် မပေးကြသည်မှာ လူများဖြစ်သည်။ ဤတွင် ပြဿနာမှာ အဘယ်နည်း။ လူသား သဘာဝက အလွန်လှည့်ဖြားတတ်ခြင်း ဖြစ်သည်။ လူတို့သည် ဘုရားသခင် သို့မဟုတ် သူ၏ နှုတ်ကပတ်တော်များကို မယုံကြည်ကြသကဲ့သို့ ဤသည်မှာ သူ့ကို ၎င်းတို့ ဆက်ဆံသည့် သဘောထား ဖြစ်သည်။ တစ်စုံတစ်ဦးက “ဘုရားသခင်သည် သစ္စာရှိပြီး သူ၏ နှုတ်ကပတ်တော်များအတွင်းတွင် တရားစီရင်ခြင်း၊ ဖော်ထုတ်ခြင်း၊ ရှုတ်ချခြင်း၊ ကျိန်ခြင်းအမင်္ဂလာများ၊ သနားကရုဏာနှင့် ခွင့်လွှတ်ခြင်းတို့ ရှိသည်။ ဤစကားများအားလုံးက ဘုရားသခင်၏ စိတ်သဘောထားကို ကိုယ်စားပြုကြောင်း ကျွန်ုပ် သိသော်လည်း၊ မည်သည့်အရာသည် ကျွန်ုပ်၏ အခြေအနေကို ရည်ရွယ်ကြောင်းကို ကျွန်ုပ် မသိပါ။ ဘုရားသခင်၏ ရှုတ်ချခြင်းနှင့် ကျိန်ခြင်းအမင်္ဂလာစကားများက ကျွန်ုပ်အတွက် ရည်ရွယ်သော်လည်း သူ၏ ကောင်းချီးနှင့် အသိအမှတ်ပြုခြင်း စကားများက သမ္မာတရားကို လိုက်စားသူများအတွက် ရည်ရွယ်သည်ဟု ကျွန်ုပ် အမြဲ ခံစားရသည်။ မည်သို့ဆိုစေ၊ ကျွန်ုပ် ဇာတ်သိမ်းပြီဖြစ်သည်”ဟု ပြောကောင်းပြောပေမည်။ ၎င်းတို့သည် အစမှ အဆုံးထိ မိမိကိုယ်ကို ယုံကြည်မှုလွန်ကဲသော ဤသဘောထားမျိုးရှိကြပြီး ဘုရားသခင်က ၎င်းတို့ကို ကယ်တင်မည်မဟုတ်ဟု ပြောဆိုရန် ဆင်ခြေတစ်ခုအဖြစ် ဤအရာကို အသုံးပြုကြလေသည်။ ၎င်းတို့က “ကိုယ်တော် ကျွန်ုပ်ကို ကယ်တင်မည်မဟုတ်မှတော့ ကျွန်ုပ်သည်လည်း ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ရာတွင် ဝတ်ကျေတမ်းကျေသာ လုပ်ဖြစ်မည်။ ကျွန်ုပ်ကို မည်သည့်ဆုလာဘ်မျှ ကိုယ်တော်မပေးလျှင် အဘယ်ကြောင့် ကျွန်ုပ် အလုပ်ကြိုးစားသင့်သနည်း”ဟု စဉ်းစားကြလိမ့်မည်။ ၎င်းတို့၏ စိတ်ဓာတ် ပြောင်းလဲကာ မလျော်မကန် ဖြစ်လာကြသည်။ ၎င်းတို့သည် သမ္မာတရားကို လက်မခံကြဘဲ ဘုရားသခင်ကို ဆန့်ကျင်ကာ ဖက်ပြိုင်ရန် မိမိတို့ကိုယ်ပိုင် ရည်ရွယ်ချက်များ၊ အပျက်သဘောဆောင်သော အခြေအနေနှင့် လူသား စိတ်ကူးများ၊ မှန်းဆချက်နှင့် ဆင်ခြေများကို ယူဆောင်လာကြသည်။ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေခြင်း သို့မဟုတ် မိတ်သဟာယပြုခြင်းကို စိတ်ဝင်စားခြင်းမရှိသကဲ့သို့ ထိုသမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း သို့မဟုတ် ရိုးသားသော လူတစ်ဦးဖြစ်ခြင်းကို ဂရုမစိုက်ဘဲ အပျက်သဘောဆောင်ခြင်းတွင် အသက်ရှင်ကြသည်။ ထိုသမ္မာတရားအပေါ် ရှောင်လွှဲသော သဘောထားတစ်ခု ခံယူကြပြီး ယခုတွင်ပင် မနိုးထကြသေးဘဲ အပျက်သဘောဆောင်သည့် အခြေအနေတစ်ခုတွင် အသက်ရှင်ကြဆဲဖြစ်သည်။ ဤလူစားမျိုးများသည် သနားဖွယ်အကောင်းဆုံး ဖြစ်သည်ဟု ဘုရားသခင်က ပြောဆို၏။ အစမှ အဆုံးထိ ဘုရားသခင်နှင့် ဖက်ပြိုင်သည်မှာ အမြဲပင် လူများဖြစ်သည်၊ သူနှင့်ပတ်သက်၍ မှန်းဆကာ အထင်လွဲပြီး ၎င်းတို့၏ လူသား အယူအဆများနှင့် စိတ်ကူးများမှတစ်ဆင့် မိမိတို့ကိုယ်ကို အပျက်သဘောဆောင်ခြင်းထဲရောက်အောင် ညှဉ်းဆဲသည်မှာ လူများပင် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်နှင့် ကင်းကွာလာကြသည့်တိုင် အနည်းငယ်မျှပင် ပြောင်းလဲခြင်းမရှိဘဲ သူ့ကို အသုံးချကာ သူနှင့် အပေးအယူလုပ်လိုကြဆဲဖြစ်သည်။ ဤသည်မှာ ကိုယ့်ဒုက္ခကိုယ်ရှာခြင်း မဟုတ်လော။ ထိုအရာမှာ ၎င်းတို့သည် “ကြီးမားသည့် စားပွဲတော်တွင် အစာငတ်ခံကြသည်”ဟု တေးသီချင်းစာသားများက ပြောသည့်အတိုင်းသာ ဖြစ်သည်။ ဤသည်မှာ သနားဖွယ်အကောင်းဆုံး ဖြစ်၏။ ဘုရားသခင်သည် လူ့အပေါ် အလျှံပယ် ပေးသနားသော်လည်း လူက ကွဲနေသည့် ပန်းကန်လုံးဖြင့် တောင်းစားနေဆဲဖြစ်သည်။ ဤသည်မှာ ဆင်းရဲဒုက္ခခံထိုက်သည့် သူတောင်းစားတစ်ဦး ဖြစ်သည် မဟုတ်လော။

အစဦးမှစ၍ သင်တို့တစ်ဦးစီသည် သမ္မာတရားကို လိုက်လျှောက်ရမည်ဟု သင်တို့ကို ငါ မကြာခဏ တိုက်တွန်းခဲ့ပြီးဖြစ်သည်။ ထိုသို့ပြုရန် အခွင့်အရေးရှိနေသရွေ့ လက်မလျှော့လေနှင့်။ သမ္မာတရားကို လိုက်လျှောက်ခြင်းဟူသည် လူတစ်ဦးစီ၏ တာဝန်သိစိတ်၊ တာဝန်ဝတ္တရားနှင့် အလုပ်တာဝန်ဖြစ်ပြီး လူတစ်ဦးစီ လျှောက်သင့်သော လမ်းကြောင်းဖြစ်သည့်အပြင် ကယ်တင်ခြင်းခံရမည့်သူအားလုံး လျှောက်ရမည့်လမ်းကြောင်းလည်း ဖြစ်သည်။ သို့တစေ ဤအရာကို မည်သူမျှ အရေးမစိုက်ကြပေ၊ ယင်းကို အရေးပါသောကိစ္စအဖြစ် မည်သူမျှ မစဉ်းစားဘဲ အချည်းနှီးစကားသက်သက်အဖြစ် ယုံကြည်ကြပြီး လူတစ်ဦးစီက မိမိတို့အလိုရှိသည့် အရာကိုသာ စဉ်းစားနေကြသည်။ အစဦးမှစ၍ ယနေ့တိုင်အောင် ဘုရားနှုတ်ကပတ်တော်များကို မိမိတို့၏လက်ကြားထဲ၌ ဆုပ်ကိုင်ထားပြီး ဖတ်သောသူများ၊ တရားဒေသနာများကို နားထောင်သောသူများ၊ မိမိတို့၏ တာဝန်များကို ထမ်းဆောင်စဉ်၌ ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းအပြင် သူ၏ လမ်းပြမှုကို လက်ခံခဲ့ပြီးဟန်တူသော သူများအားလုံး မြောက်မြားစွာ ရှိနေသော်လည်း အမှန်တွင် လူသားနှင့် ဘုရားသခင်ကြားမှ ဆက်ဆံရေးမှာ အခြေမခိုင်ဘဲ လူတို့အားလုံးက မိမိတို့၏ စိတ်ကူးစိတ်သန်းများ၊ အယူအဆများ၊ နားလည်လွဲမှားမှုများနှင့် ထင်မြင်ချက်များဖြင့် အသက်ရှင်နေထိုင်ကြသည့်အပြင် နေ့စဉ် သံသယနှင့် အပျက်သဘောဆောင်ခြင်းထဲ၌ပင် အသက်ရှင်နေထိုင်ပြီး ဤအရာများပေါ် အခြေခံ၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အမှုတော်နှင့် လမ်းပြမှုတို့ကို ချဉ်းကပ်ကြသည်။ သင်သည် ထိုသို့သော အခြေအနေများ၌ နေထိုင်ပါက အပျက်သဘောဆောင်ခြင်းကို သင် အဘယ်သို့ စွန့်ပစ်နိုင်မည်နည်း။ ဆန့်ကျင်ပုန်ကန်ခြင်းကို သင် အဘယ်သို့ စွန့်ပစ်နိုင်မည်နည်း။ ဘုရားသခင် သင့်ကို ပေးထားသည့် တာဝန်ပေးစေခိုင်းချက်နှင့် တာဝန်ကို သင် လုပ်ဆောင်သည့်နည်း ဖြစ်သော လှည့်ဖြားမှုနှင့် ကောက်ကျစ်ဆိုးယုတ်မှု သို့မဟုတ် ထင်မြင်ချက်၊ နားလည်လွဲမှားမှုနှင့်ဆိုင်သော ပုံသေအမြင်နှင့် သဘောထားတို့ကို သင် မည်သို့ စွန့်ပစ်နိုင်မည်နည်း။ ယင်းတို့ကို စွန့်ပစ်၍ မရနိုင်သည်မှာ အသေအချာပင်ဖြစ်သည်။ ထို့အတွက်ကြောင့် သမ္မာတရားအား လိုက်လျှောက်ခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းအပြင် သမ္မာတရားစစ်မှန်မှုထဲ ဝင်ရောက်ခြင်း လမ်းကြောင်းကို သင် အစပြုလိုလျှင် ဘုရားသခင်ရှေ့မှောက်သို့ ချက်ချင်းလာပြီး သူ၏ ရည်ရွယ်ချက်များကို နားလည်ရန် ကြိုးစားရမည်ဖြစ်ပြီး သူ၏လိုအင်ဆန္ဒများကို နားလည်သဘောပေါက်ခြင်းမှာ အရေးကြီးဆုံးသောအရာပင် ဖြစ်သည်။ အယူအဆများ၊ စိတ်ကူးများဖြင့် အမြဲ အသက်ရှင်ရန်မှာ အလွန် လက်တွေ့မကျပေ။ သင်သည် ကိစ္စရပ်များအားလုံးတွင် မိမိကိုယ်ကို ပြန်လည်သုံးသပ်ရန်နှင့် သန့်စင်ရန် လိုအပ်သည့် မည်သည့် စိတ်သဘောထားများ သင်၌ ရှိနေဆဲဖြစ်သည်၊ သင့်အား သမ္မာတရားကို လက်တွေ့မလုပ်ဆောင်အောင် မည်သည့်အရာများက တားဆီးနေသည်၊ ဘုရားသခင်နှင့်ပတ်သက်၍ မည်သည့် အထင်လွဲမှုများ သို့မဟုတ် အယူအဆများ သင်ရှိသည်ဆိုသည်နှင့် သူလုပ်ဆောင်သည့် မည်သည့်အရာများက သင်၏ အယူအဆများနှင့် ကိုက်ညီခြင်းမရှိဘဲ သင့်ကို သံသယထားကာ အထင်လွဲစေသည်ဆိုသည်တို့ကို သတိပြုရန် သင်ယူသင့်သည်။ သင့်ကိုယ်သင် ဤနည်းဖြင့် သုံးသပ်လျှင် သမ္မာတရားကို ရှာဖွေခြင်းအားဖြင့် ဖြေရှင်းရန် လိုအပ်သည့် မည်သည့်ပြဿနာများ သင်၌ ရှိနေဆဲဖြစ်သည်ကို သင် ရှာဖွေတွေ့ရှိနိုင်ပြီး ဤကဲ့သို့ သင် လက်တွေ့လုပ်ဆောင်လျှင် သင်၏ ဘဝ လျင်မြန်စွာ ကြီးထွားတိုးတက်လိမ့်မည်ဖြစ်သည်။ သင့်ကိုယ်သင် ပြန်လည်သုံးသပ်ခြင်းမရှိဘဲ ဘုရားသခင်နှင့်ပတ်သက်၍ သင်၏ စိတ်နှလုံးတွင် အယူအဆများနှင့် အထင်လွဲမှုများ အမြဲ ထားရှိလျှင်၊ သင်၏ ကိုယ်ပိုင် စိတ်ကူးများကို အမြဲ မလျှော့တမ်းပြောလျှင်၊ ဘုရားသခင်က သင့်ကို စိတ်ပျက်စေသည် သို့မဟုတ် သင့်အဖို့ တရားမျှတခြင်းမရှိဟု အမြဲ တွေးပြီး သင်၏ကိုယ်ပိုင် တွေးခေါ်မြော်မြင်မှုကို အမြဲ ဖက်တွယ်ထားလျှင် ဘုရားသခင်အပေါ် သင်၏ အထင်လွဲမှုသည် သာ၍ နက်သည်ထက်သာ နက်လာလိမ့်မည်ဖြစ်ပြီး သူနှင့် သင်၏ ဆက်ဆံရေးသည် ပိုပိုပြီး ခပ်တန်းတန်းဖြစ်သွားလိမ့်မည် ဖြစ်သော်လည်း သူ့ကို သင့်စိတ်နှလုံး၏ ပုန်ကန်မှုနှင့် ဆန့်ကျင်မှုတို့သည် ကြီးထွားသည်ထက် ကြီးထွားလိမ့်မည် ဖြစ်သည်။ သင်၏ အခြေအနေသည် ဤမျှဆိုးသွားလျှင် ထိုအရာက သင်၏ တာဝန်ကို သင် ထိရောက်စွာ ထမ်းဆောင်ပုံကို ပြင်းထန်စွာ ထိခိုက်နှင့်ပြီး ဖြစ်လိမ့်မည်ဖြစ်သဖြင့် အန္တရာယ်များပေသည်။ သင်သည် သင်၏ တာဝန်နှင့် ဝတ္တရားကို ပေါ့ဆသည့်၊ ဝတ်ကျေတမ်းကျေဖြစ်သည့်၊ ဆီလျော်မှုမရှိ၊ ပုန်ကန်တတ်ပြီး အတိုက်အခံလုပ်သည့် သဘောထားဖြင့်သာ သဘောထားနိုင်ပြီး အဆုံးသတ်ရလဒ်မှာ အဘယ်နည်း။ ထိုအရာက သင့်အား သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် ဘုရားသခင်ကို လှည့်ဖြားကာ အတိုက်အခံလုပ်လျက် ဝတ်ကျေတမ်းကျေ ဖြစ်စေလိမ့်မည်ဖြစ်သည်။ သင်သည် သမ္မာတရားကို ရရှိနိုင်မည်မဟုတ်သကဲ့သို့ သမ္မာတရား စစ်မှန်မှုများထဲသို့ ဝင်ရောက်နိုင်မည် မဟုတ်ပေ။ ဤရလဒ်၏ ဖြစ်ကြောင်းရင်းမြစ်မှာ အဘယ်နည်း။ ထိုအရာမှာ လူတို့က ဘုရားသခင်နှင့်ပတ်သက်၍ ၎င်းတို့ စိတ်နှလုံးများတွင် အယူအဆများနှင့် အထင်လွဲမှုများ ရှိနေဆဲဖြစ်ကာ ဤလက်တွေ့ကျသည့် ပြဿနာများ ပြေလည်မသွားသေးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူများနှင့် ဘုရားသခင်ကြားတွင် သဘောထားကွာဟချက်တစ်ခု အမြဲ ရှိလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် လူတို့အနေဖြင့် ဘုရားသခင်ရှေ့မှောက်သို့ လာလိုကြလျှင် သူနှင့်ပတ်သက်၍ မည်သည့် အထင်လွဲမှုများ၊ အယူအဆများ၊ စိတ်ကူးများ၊ သံသယများ သို့မဟုတ် မှန်းဆချက်များ ၎င်းတို့တွင်ရှိသည်ကို ပထမဆုံး သုံးသပ်ရမည်။ ဤအရာများအားလုံးကို ဆန်းစစ်ရမည်။ ဘုရားသခင်နှင့် ပတ်သက်၍ အယူအဆများ သို့မဟုတ် အထင်လွဲမှုများ အမှန်တကယ် ရှိခြင်းသည် ဘုရားသခင်အပေါ် လူတို့၏ သဘောထားအပြင် ၎င်းတို့၏ သဘာဝအနှစ်သာရတို့နှင့် သက်ဆိုင်သည်နှင့်အမျှ ရိုးရှင်းသည့် ကိစ္စရပ်တစ်ခု မဟုတ်ပေ။ ဤအယူအဆများနှင့် အထင်လွဲမှုများကို ဖြေရှင်းရန် လူတို့က သမ္မာတရားကို မရှာဖွေလျှင် ဤအရာများက တကယ်ကို ပျောက်ချင်းမလှ ပျောက်သွားမည့်ပုံ မရပေ။ ယင်းတို့က သင်၏ တာဝန် ထမ်းဆောင်မှု သို့မဟုတ် သမ္မာတရား လိုက်စားခြင်းကို မထိခိုက်လျှင်ပင် တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ သို့မဟုတ် အထူးအခြေအနေများအောက်တွင် သင်၏ စိတ်နှင့် သင်၏ တာဝန် ထမ်းဆောင်မှုကို နှောင့်ယှက်ရန် ထွက်ပေါ်လာလိမ့်ဦးမည် ဖြစ်သည်။ ထို့ကြောင့် သင့်ထံတွင် အယူအဆများနှင့် အထင်လွဲမှုများရှိလျှင် ဘုရားသခင် ရှေ့မှောက်သို့လာကာ သင့်ကိုယ်သင် ပြန်လည်သုံးသပ်ရမည်၊ သမ္မာတရားကို ရှာဖွေကာ လူတို့တွင် ဤအယူအဆများနှင့် အထင်လွဲမှုများ အဘယ်ကြောင့် ထွက်ပေါ်ရသည်ဆိုသည့် ဖြစ်ကြောင်းရင်းမြစ်နှင့် အနှစ်သာရတို့ကို ရှင်းလင်းစွာ နားလည်ရမည်။ ထိုအခါတွင်မှ ထိုအရာများ ပျောက်ကွယ်သွားနိုင်သည်၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး ပုံမှန်ဖြစ်နိုင်ပြီး သင့်ဘဝသည် တဖြည်းဖြည်း ကြီးထွားတိုးတက်နိုင်ပေသည်။ ဘုရားသခင်နှင့်ပတ်သက်၍ လူတို့တွင် အလွန်များသည့် အယူအဆများနှင့် အထင်လွဲမှုများ ရှိခြင်းက လူသားမျိုးနွယ်သည် သူ့ကို အတိုက်အခံလုပ်ကာ သူနှင့် သဟဇာတမဖြစ်နိုင်သည်ကို သက်သေပြပေသည်။ ဤအယူအဆများနှင့် အထင်လွဲမှုများကို အဆက်မပြတ် ဖြေရှင်းခြင်းအားဖြင့်သာ လူတို့နှင့် ဘုရားသခင်ကြားက သဘောထားကွာဟချက်သည် တဖြည်းဖြည်း နီးစပ်သွားနိုင်ပေသည်။ ဘုရားသခင်ကို ၎င်းတို့ ကျိုးနွံနာခံနိုင်လိမ့်မည်ဖြစ်ကာ သူ၌ သာ၍ကြီးမားသည့် ယုံကြည်ခြင်း ရှိကြလိမ့်မည်။ သာ၍ကြီးမားသည့် ယုံကြည်ခြင်းဖြင့် ၎င်းတို့၏ သမ္မာတရား လက်တွေ့လုပ်ဆောင်မှုသည် မသန့်စင်မှု များစွာလျော့နည်းသွားလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ သမ္မာတရား လိုက်စားမှုတွင် မသန့်စင်မှုများနှင့် အတားအဆီးများ များစွာ လျော့နည်းသွားလိမ့်မည်ဖြစ်သည်။

မည်သည့်လူများသည် ၎င်းတို့တာဝန်များကို ထမ်းဆောင်နေချိန်တွင် မသန့်စင်မှု လျော့နည်းပြီး မိမိတို့ကိုယ်ကျိုးအတွက် လျှို့ဝှက်ကြံစည်ခြင်း လျော့နည်းသနည်း။ (ဘုရားသခင်ကို အထင်မလွဲသည့် သာ၍ ရိုးရှင်းသော လူများဖြစ်သည်။) ဤသည်မှာ တစ်မျိုးတစ်စား ဖြစ်သော်လည်း သမ္မာတရားကို သာ၍ လိုက်စားသည့် ရိုးသားသောလူများ၊ သနားစာနာတတ်သောလူများလည်း ရှိသည်။ ဤလူများသည် ၎င်းတို့၏တာဝန်များကို ထမ်းဆောင်နေချိန်တွင် မသန့်စင်မှု သာ၍ လျော့နည်းကြ၏။ ဘုရားသခင်နှင့်ပတ်သက်၍ အထင်လွဲမှုများ၊ စိတ်ကူးများ ရှိကြသူများ သို့မဟုတ် လွန်ကဲသည့် ဆန္ဒများရှိသည့်သူများ သို့မဟုတ် သူ့အပေါ် တောင်းဆိုချက်များရှိကြသည့်သူများသည် မိမိတို့တာဝန်များကို ထမ်းဆောင်နေချိန်တွင် အလွန် မသန့်စင်မှု ရှိကြသည်။ ၎င်းတို့သည် သိက္ခာ၊ အဆင့်အတန်းနှင့် ဆုလာဘ်များ အလိုရှိကြပြီး ကြီးမားသည့် ဆုလာဘ်တစ်ခုခုက အလှမ်းဝေးနေဆဲဖြစ်ကာ ၎င်းတို့၏ မြင်ကွင်းတွင်မရှိလျှင် ၎င်းတို့က “ထိုအရာကို ငါ ချက်ချင်း မရနိုင်မှတော့ စောင့်ဆိုင်းကာ သည်းညည်းခံရုံသာ ရှိမည်။ သို့သော် ယခုတွင် ပထမဆုံး အကျိုးကျေးဇူး အနည်းငယ် သို့မဟုတ် အဆင့်အတန်းတစ်ခုခု အနည်းဆုံး ငါ ရသင့်သည်။ အသင်းတော်တွင် ခေါင်းဆောင်တစ်ဦးဖြစ်ရန်၊ လူဒါဇင်ချီအတွက် တာဝန်ယူရန် ပထမဆုံး ငါ ကြိုးပမ်းမည်။ ကိုယ့်အနီးဝန်းကျင်တွင် လူများအမြဲ ဝန်းရံလျက်ရှိရန်မှာ အတော်လေး မက်မောဖွယ်ဖြစ်သည်”ဟု တွေးဆကြလိမ့်မည်။ ထို့ကြောင့် ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှုတွင် ဤမသန့်စင်မှု ဖြစ်ပေါ်လေသည်။ သင့်အနေဖြင့် ဘုရားအိမ်တော်အတွက် မည်သည့်တာဝန်မျှ မထမ်းဆောင်ရသေးချိန်တွင် သို့မဟုတ် လက်တွေ့ကျသည့် မည်သည့်အရာမျှ မလုပ်ဆောင်ရသေးချိန်တွင် သင် အရည်အချင်း ပြည့်မီခြင်းမရှိဟု ခံစားရလိမ့်မည်ဖြစ်ပြီး ဤအရာများ သင့်အထဲတွင် ထွက်ပေါ်မည်မဟုတ်ပေ။ သို့ရာတွင် တစ်စုံတစ်ရာကို သင် လုပ်ဆောင်နိုင်စွမ်းရှိပြီး လူအများစုထက် သင် အနည်းငယ် သာလွန်ကြောင်းနှင့် အယူဝါဒအချို့ကို သင် ဟောပြောနိုင်ကြောင်း ခံစားရသည့်အခါ ဤအရာများ ထွက်ပေါ်လာလိမ့်မည်။ ဥပမာအားဖြင့် ခေါင်းဆောင်တစ်ဦး အရွေးခံရသည့်အခါ သင်သည် ဘုရားသခင်ကို တစ်နှစ် သို့မဟုတ် နှစ်နှစ်ကြာသာ ယုံကြည်ပြီးဖြစ်လျှင် သင်၏ ဝိညာဉ်ရင့်ကျက်မှု သေးငယ်ကြောင်း၊ မည်သည့်တရားဒေသနာကိုမျှ သင် မဟောပြောနိုင်ကြောင်းနှင့် သင်သည် အရည်အချင်း မပြည့်မီကြောင်း ခံစားရမည်ဖြစ်သည်၊ ထို့ကြောင့် ရွေးကောက်ပွဲအတွင်းတွင် သင် နောက်ဆုတ်လိမ့်မည်ဖြစ်သည်။ သုံးနှစ် သို့မဟုတ် ငါးနှစ်ရှိပြီးသည့်နောက်တွင် ဝိညာဉ်ရေးရာ အယူဝါဒအနည်းငယ်ကို သင် ဟောပြောနိုင်လိမ့်မည် ဖြစ်သောကြောင့် ခေါင်းဆောင်တစ်ဦးကို ရွေးချယ်ရမည့်အချိန် တစ်ဖန် ကျရောက်လာသည့်အခါ ထိုရာထူးအတွက် သင် တက်ကြွစွာ အားထုတ်လိမ့်မည်ဖြစ်ပြီး “အို ဘုရားသခင်။ ကျွန်ုပ် ဝန်ထုပ်တစ်ခု ထမ်းပါသည်၊ အသင်းတော်ထဲတွင် ခေါင်းဆောင်တစ်ဦးဖြစ်ရန် ကျွန်ုပ် လိုလားနေပြီး ကိုယ်တော်၏ ရည်ရွယ်ချက်များကို ထောက်ထားရန် လိုလားနေပါသည်။ သို့သော် ကျွန်ုပ် အရွေးခံရသည်ဖြစ်စေ၊ အရွေးမခံရသည်ဖြစ်စေ၊ ကိုယ်တော်၏ အစီအစဉ်များကို ကျိုးနွံနာခံရန် ကျွန်ုပ် အမြဲ လိုလားနေပါသည်”ဟု ဆုတောင်းလိမ့်မည်။ ကျိုးနွံနာခံရန် လိုလားနေသည်ဟု သင် ပြောလိမ့်မည်ဖြစ်သော်လည်း သင်၏ စိတ်နှလုံးတွင် “သို့သော် ခေါင်းဆောင်တစ်ဦးအဖြစ် ကိုယ်တော် ကျွန်ုပ်ကို လုပ်ဆောင်ခွင့်ပေးလျှင် ကောင်းမည်ဖြစ်သည်”ဟု တွေးလိမ့်မည်။ သင်သည် ထိုသို့သော တောင်းဆိုချက်တစ်ခု ရှိလျှင် ဘုရားသခင်က ထိုအရာကို စိတ်ကျေနပ်လိမ့်မည်လော။ မုချ ကျေနပ်လိမ့်မည် မဟုတ်၊ အဘယ့်ကြောင့်ဆိုသော် သင်၏ ဤတောင်းဆိုချက်သည် သဘာဝကျသော တောင်းဆိုချက် မဟုတ်ဘဲ လွန်ကဲသော ဆန္ဒတစ်ခုသာဖြစ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ ဝန်ထုပ်အတွက် အလေးထားမှု ပြနိုင်ရန်အလို့ငှာ ခေါင်းဆောင်တစ်ဦး ဖြစ်လာချင်ကြောင်း ဤဆင်ခြေကို သင်၏ ကျိုးကြောင်းပြချက်အဖြစ် အသုံးပြုကာ ဤသည်မှာ သမ္မာတရားနှင့် ကိုက်ညီသည်ဟု ခံစားလျက် သင် ပြောလျှင်ပင် သင်၏ တောင်းဆိုချက်ကို ဘုရားသခင် မဖြည့်ဆည်းပေးသည့်အခါ မည်သည့်အရာကို သင် စဉ်းစားလိမ့်မည်နည်း။ မည်သည့် သရုပ်သကန်များကို သင် ပြသလိမ့်မည်နည်း။ (ဘုရားသခင်ကို ကျွန်ုပ် အထင်လွဲလိမ့်မည်ဖြစ်ပြီး သူ၏ဝန်ထုပ်အတွက် အလေးထားမှု ပြရန်သာ ကျွန်ုပ် အလိုရှိချိန်တွင် ကျွန်ုပ်ကို သူ အဘယ်ကြောင့် မဖြည့်ဆည်းပေးသည်ကို ကျွန်ုပ် တွေးနေမိမည်ဖြစ်သည်။ ကျွန်ုပ် အပျက်သဘောဆောင်လာလိမ့်မည်၊ အတိုက်အခံ လုပ်ကာ ညည်းညူမိလိမ့်မည်ဖြစ်သည်။) သင်သည် အပျက်သဘောဆောင် လာလိမ့်မည်ဖြစ်ကာ “သူတို့ ရွေးချယ်ကြသည့်လူသည် ငါ့လောက် အချိန်ကြာမြင့်စွာ ဘုရားသခင်ကို မယုံကြည်သေးပါ၊ ငါ့လောက် သူတို့ ပညာကောင်းကောင်းတတ်ခြင်း မရှိသလို သူတို့၏ အစွမ်းအစသည် ငါ့ထက် ပိုညံ့သည်။ တရားဒေသနာများကိုလည်း ငါ ဟောပြောနိုင်သည်။ ထို့ကြောင့် မည်သည့်ပုံစံဖြင့် ငါ့ထက် သူတို့ ပိုတော်ကြသနည်း”ဟု တွေးလိမ့်မည်။ သင်သည် တွေးပြီးရင်း တွေးဆလိမ့်မည် ဖြစ်သော်လည်း ထိုအရာကို သင် သဘောပေါက်နိုင်မည်မဟုတ်။ ထို့ကြောင့် အယူအဆများ သင့်အထဲတွင် ထွက်ပေါ်လိမ့်မည် ဖြစ်ကာ ဘုရားသခင်ကို မတရားသောသူအဖြစ် ဝေဖန်မိလိမ့်မည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု မဟုတ်လော။ သင်သည် ကျိုးနွံနာခံနိုင်လိမ့်ဦးမည်လော။ ကျိုးနွံနာခံနိုင်လိမ့်မည် မဟုတ်။ သင်သည် ခေါင်းဆောင်တစ်ဦးဖြစ်လိုသည့် ဤလိုအင်ဆန္ဒမရှိခဲ့လျှင်၊ သမ္မာတရားကို သင် လိုက်စားနိုင်လျှင်၊ မိမိကိုယ်ကို သိသည့် အသိပိုင်ဆိုင်နိုင်လျှင် သင်က “သာမန် နောက်လိုက်တစ်ဦး ဖြစ်ရုံမျှဖြင့် ကျွန်ုပ် အဆင်ပြေပါသည်။ သမ္မာတရား စစ်မှန်မှုကို ကျွန်ုပ် မပိုင်ဆိုင်ပါ၊ သာမန် လူ့သဘာဝ ရှိပြီး သိပ်အပြောမကောင်းပါ။ ကျွန်ုပ်သည် အတွေ့အကြုံအနည်းငယ် ရှိသော်လည်း ထိုအကြောင်းကို တကယ် မပြောတတ်ပါ။ ထိုအကြောင်းကို ကျွန်ုပ် ပိုမိုပြောဆိုချင်သော်လည်း ကျွန်ုပ်ကိုယ်ကျွန်ုပ် ရှင်းလင်းစွာ မရှင်းပြတတ်ပါ။ ကျွန်ုပ် ပိုမိုစကားပြောလျှင် လူတို့က ကျွန်ုပ်စကားနားထောင်ခြင်းကို ငြီးငွေ့ကြဖို့ အလားအလာ ရှိသည်။ ဤရာထူးအတွက် ကျွန်ုပ် အလွန်စံမမီပါ။ ခေါင်းဆောင်ဖြစ်ရန် မသင့်တော်သလို အခြားသူများထံမှ ဆက်လက်၍သာ သင်ယူသင့်သည်၊ ကျွန်ုပ်၏ တာဝန်ကို အစွမ်းကုန် ထမ်းဆောင်သင့်ပြီး အသိတရားရှိရှိ လက်တွေ့ကျသည့်သဘောထားဖြင့် သမ္မာတရားကို လိုက်စားသင့်ပါသည်။ ကျွန်ုပ်၌ ဝိညာဉ်ရင့်ကျက်မှုရှိကာ ခေါင်းဆောင်ရန် သင့်တော်သည့်တစ်နေ့တွင် ညီအစ်ကို မောင်နှမများ၏ ရွေးချယ်ခြင်းခံရလျှင် ကျွန်ုပ် ငြင်းမည်မဟုတ်ပါ”ဟု ပြောပေမည်။ ဤသည်မှာ မှန်ကန်သည့် စိတ်အခြေအနေဖြစ်သည်။ တစ်နေ့တွင် သင်၏ ညီအစ်ကို မောင်နှမများက သင့်ကို ခေါင်းဆောင်ဖြစ်ရန် သင့်တော်သည်ဟု မြင်ကာ ရွေးချယ်လျှင် ဤသည်မှာ ဘုရားသခင် ခွင့်ပြုသောကြောင့် မုချဖြစ်လိမ့်မည်ဖြစ်သောကြောင့် သင် ဦးဆောင်မည်လော၊ ဦးမဆောင်မည်လော။ (ကျွန်ုပ် ဦးဆောင်ပါမည်၊ ကျိုးနွံနာခံပါမည်။) သင် မည်သို့ ကျိုးနွံနာခံမည်နည်း။ သင်က “ထိုအရာကို ငါ လုပ်နိုင်သည်ယူဆသည်။ အခြားမည်သူမျှ ငါ့ထက် မတော်ပါ။ ထို့ကြောင့် ထိုအရာကို ငါ မုချ လုပ်နိုင်သည်။ ဤသည်မှာ ငါ့ကို ရွေးချယ်ကြရန် ငါ၏ ညီအစ်ကို မောင်နှမများကို ဘုရားသခင်က တို့ထိခြင်း ဖြစ်သည်။ ဤလူများထဲတွင် ငါ ဘုရားသခင်ကို ယုံကြည်သည်မှာ အချိန်အကြာဆုံးဖြစ်သည်၊ ငါသည် သင့်တော်သည့် အသက်အရွယ် ရှိသည်၊ လူ့အဖွဲ့အစည်းတွင် အတွေ့အကြုံအချို့ရှိပြီး ငါ့ထံတွင် အလုပ် စွမ်းဆောင်မှု ရှိသည်၊ ငါသည် အပြောကောင်းပြီး ပညာတတ်သည်။ တာဝန်မျိုးစုံကို ငါ ထမ်းဆောင်ပြီးဖြစ်သလို အတွေ့အကြုံအချို့ ရှိသည်။ ကဏ္ဍအားလုံးတွင် ငါ သင့်တော်သည်။ ငါ၏ ညီအစ်ကို မောင်နှမများက ငါ၏ ခေါင်းဆောင်မှုအောက်တွင် ရှိကြလျှင် အသင်းတော် အသက်တာသည် မုချ အောင်မြင်ထမြောက်ကာ ဆက်လက် တိုးတက်နေမည်ဖြစ်သည်”ဟု သင် တွေးသည်ဆိုပါစို့။ ထိုအခါ သင့်အထဲတွင် မာနထောင်လွှားမှု ထွက်ပေါ်လေသည်။ ဤတွင် အသိစိတ်တစ်ခုတလေ ရှိသလော။ နောက်ထပ် မည်သည့်အရာကို သင် လုပ်ဆောင်လိမ့်မည်နည်း။ သင်သည် မကောင်းမှုနှင့် မကောင်းသည့်အရာများကို လုပ်ဆောင်လိမ့်မည်ဖြစ်ပြီး ထို့နောက်တွင် သင် ပြုပြင်ခြင်းခံရမည်ဖြစ်ကာ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ရင်ဆိုင်ရမည်ဖြစ်သည်။ တစ်စုံတစ်ဦး၏ စိတ်အခြေအနေသည် အရေးကြီးသလော။ (အရေးကြီးပါသည်။) မည်သည့်အရာကို သင် လုပ်ဆောင်သည်ဖြစ်စေ သင်၏ စေ့ဆော်မှုများ၊ သင်၏ ဇာစ်မြစ်အကြောင်းရင်း၊ သင်၏ ရည်ရွယ်ချက်များ၊ သင်၏ ရည်မှန်းချက်များနှင့် သင်၏ အတွေးများအားလုံးကို သမ္မာတရားအတိုင်း သင် ပြန်လည်သုံးသပ်ကာ သိနားလည်လာရမည်ဖြစ်ပြီး ထိုအရာများက မှန်ခြင်း၊ မှားခြင်း ရှိမရှိဆိုသည်ကို ဆုံးဖြတ်ရမည်။ သင့်အနေဖြင့် မှားယွင်းသည့်လမ်းကြောင်းကို ဆင်းမသွားရန်အလို့ငှာ ဤအရာများအားလုံးက ဘုရားနှုတ်ကပတ်တော်များကို မိမိတို့၏ အခြေခံအုတ်မြစ်နှင့် အရင်းခံရာအဖြစ် ရှိရမည်ဖြစ်သည်။ မည်သည့်အရာကို သင် လုပ်ဆောင်လိုသည်ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင် ရှေ့မှောက်တွင် မည်သည့်အရာကို သင် ရှာဖွေ၊ ဆုတောင်း သို့မဟုတ် တောင်းလျှောက်သည်ဖြစ်စေ၊ ထိုအရာသည် သဘာဝကျကာ အကျိုးသင့်အကြောင်းသင့် ဖြစ်ရမည်။ တင်ပြ၍ရပြီး လူတိုင်းက အသိအမှတ်ပြုနိုင်သည့် တစ်စုံတစ်ရာ ဖြစ်ရမည်ဖြစ်သည်။ ပွင့်ပွင့်လင်းလင်း ထုတ်ပြ၍မရနိုင်သည့် အရာများကို ရှာဖွေခြင်းနှင့် ဆုတောင်းခြင်းတွင် အကျိုးမရှိပေ။ ထိုအရာများအတွက် သင် မည်မျှဆုတောင်းသည်ဖြစ်စေ၊ အချည်းနှီးဖြစ်လိမ့်မည်။

လူတို့သည် မိမိတို့တာဝန်များကို ထမ်းဆောင်နေစဉ်တွင် အမြဲ မသန့်စင်မှု ရှိကြသည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်ရည်ရွယ်ချက်များ၊ နှစ်သက်မှုများနှင့်ပတ်သက်၍ အမြဲ မသန့်စင်မှု ရှိကြ၏။ ထို့ကြောင့် လူတို့သည် မိမိတို့ကိုယ်ကို မသန့်စင်ရန် တမင်တကာ အခွင့်ပေးကြသလော။ မဟုတ်ပေ၊ ဤသည်မှာ တမင်မလုပ်သောအရာ ဖြစ်သည်။ လူတစ်ဦးတွင် ရှိသည့် မသန့်စင်မှု အရေအတွက်သည် ၎င်းတို့၏ စိတ်သဘောထားများနှင့် ၎င်းတို့၏ လိုက်စားမှုအပေါ် မူတည်သည်။ လူတစ်ဦးသည် သမ္မာတရားကို လိုက်စားလျှင် ၎င်းအနေဖြင့် မိမိတာဝန်ကို ထမ်းဆောင်နေချိန်တွင် ရည်ရွယ်ချက်များ၊ တစ်ကိုယ်ကောင်းဆန်သည့် ရည်မှန်းချက်များ၊ စိတ်ဆန္ဒများနှင့် အပျက်သဘောဆောင်သော အခြေအနေများ လျော့နည်းကြလိမ့်မည်။ သမ္မာတရားကို ၎င်းတို့ မလိုက်စားပါက ပိုများသည့် မသန့်စင်မှုများ ရှိကြလိမ့်မည် ဖြစ်ပြီး ကျရှုံးမှု သို့မဟုတ် ဆုတ်ဆိုင်းမှုများနှင့် ရင်ဆိုင်ရသည့်အခါ အပျက်သဘောဆောင်လာရန် အလားအလား ရှိသည်၊ တစ်ခါတစ်ရံ စာတစ်ကြောင်းတည်းဖြင့်ပင် လမ်းလွဲသွားလိမ့်မည်။ “မာန၊ အဆင့်အတန်းနှင့် ချစ်ခင်မှုတို့ဖြင့် ညှဉ်းဆဲခံရသည်ဟု ခံစားရခြင်း”အကြောင်းကို သင်တို့ အမြဲပြောဆိုကြသည်။ သင်တို့သည် တစ်နေ့လုံး အရာရာဖြင့် ညှဉ်းဆဲခံရသည်ဟု ခံစားကြသည်။ ဤသည်မှာ ယုတ္တိမရှိပေ။ လူတို့သည် ၎င်းတို့၏ စာတန်ဆန်သော သဘာဝဖြင့် မကြာခဏ စိုးမိုးခံရကြသည်၊ ၎င်းတို့၏ စာတန်ဆန်သော စိတ်သဘောထားများ၏ ထိန်းချုပ်မှုအောက်တွင် အသက်ရှင်ကြပြီး လွန်ကဲသည့် လိုအင်ဆန္ဒမျိုးစုံ ရှိကြသော်လည်း ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရားကို မရှာဖွေကြချေ။ မည်သည့် ဖောက်ပြန်ပျက်စီးခြင်းမျိုး ၎င်းတို့ ထုတ်ဖော်ပြသည်ဖြစ်စေ ၎င်းတို့သည် အမြဲ အပျက်သဘောဆောင်ကာ ညှဉ်းဆဲခံရကြသည်။ သင့်အနေဖြင့် ညှဉ်းဆဲခံရသည်ဟု ခံစားပါက ဒုက္ခရောက်ပေပြီ။ ညှဉ်းဆဲခံရသည့်ခံစားချက်ကို ထုတ်ဖော်ပြောသည့်အခါတိုင်းတွင် မည်သည့်အခါမျှ ကောင်းမွန်သည့်အရာတစ်ခု မဟုတ်ပေ။ အဘယ်ကြောင့်နည်း။ “ညှဉ်းဆဲခံရသည်”ဟူသည့် စကားလုံးကိုယ်၌က မခိုင်လုံပေ။ လူတို့သည် အထူးအခြေအနေများအောက်တွင်သာ ညှဉ်းဆဲခံရသည်ဟု ခံစားကြရပြီး သမ္မာတရား လိုက်စားသောသူများက မကြာခဏ ပြသသည့် သရုပ်သကန်တစ်ခု မဟုတ်ပေ။ ညှဉ်းဆဲခံရသည်ဟု အမြဲခံစားခြင်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာ မှားယွင်း၏၊ ထိုသို့သော လူတို့နှင့်ပတ်သက်၍ ပြဿနာတစ်ခု ရှိပေသည်။ ထိုအရာသည် အပျက်သဘောဆောင်ခြင်းနှင့် အတိုက်အခံလုပ်ခြင်း အခြေအနေတစ်ခု ဖြစ်သည်။ ထို့အပြင် “ညှဉ်းဆဲခံရသည်”ဟူသည့် စကားလုံးကို ဤသို့ အသုံးပြုရန်မှာ မမှန်ကန်သကဲ့သို့ မသင့်လျော်ပေ။ ညှဉ်းဆဲခံရသည်ဟု တစ်ချိန်လုံး ခံစားကြသည့်လူများသည် အဆုံးတွင် အဘယ်ကြောင့် ထိုအရာမှ ရလဒ်များ တစ်ကြိမ်တစ်ခါမျှ မရရှိကြသနည်း။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် သမ္မာတရားကို လုံးဝ မရှာဖွေဘဲ ထိုအစား ဘုရားသခင်ကို ဆန့်ကျင်ရင်း အမြဲ အပျက်သဘောဆောင်ကာ အတိုက်အခံ လုပ်တတ်သောကြောင့် ဖြစ်သည်။ ဤအရာ၏ ရလဒ်မှာ ၎င်းတို့အနေဖြင့် များစွာ ဆင်းရဲဒုက္ခခံစားရသော်လည်း မည်သည့်အရာမျှ လုံးဝ မရရှိကြခြင်း ဖြစ်သည်။ သမ္မာတရားကို ချစ်သောလူတို့သည် မည်သည့် အခက်အခဲများ၊ ပြဿနာများ ကြုံရသည်ဖြစ်စေ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်ကို အမြဲ ကျိုးနွံနာခံကြလိမ့်မည်ဖြစ်သည်။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမူများကို လက်ခံကြလိမ့်မည်၊ သမ္မာတရားကို ရှာဖွေရန် သူ၏ ရှေ့မှောက်သို့ လာကာ သမ္မာတရားကို လိုက်စားသည့် လမ်းကြောင်းကို လျှောက်ကြလိမ့်မည်။ ညှဉ်းဆဲခံရသည်ဟု ခံစားရခြင်းသည် သင့်ကို မည်သည့်နေရာသို့မျှ မရောက်ရှိစေသဖြင့် ကောင်းမွန်သည့် အကြောင်းပြချက်မရှိဘဲ ထိုသို့မခံစားနှင့်။ ဥပမာအားဖြင့် ချစ်ခင်မှုဖြင့် ညှဉ်းဆဲခံရသည်ဟု သင် ခံစားရသော်လည်း သင့်ကိုယ်သင် ထိုအရာမှ တစ်ကြိမ်တစ်ခါမျှ လွတ်မြောက်စေနိုင်သလော။ သင်သည် အဆင့်အတန်း၏ ညှဉ်းဆဲခြင်းခံစားရသော်လည်း အဆင့်အတန်းကို စစ်မှန်သည့် ထိုးထွင်းသိမြင်မှု ရှိသလော။ သင်၏ အနာဂတ်နှင့် ကံကြမ္မာဖြင့် သင် ညှဉ်းဆဲခံရသည်ဟု ခံစားရသော်လည်း သင်၏ အနာဂတ်နှင့် ကံကြမ္မာ၏ အချုပ်အချယ်များမှ ရုန်းထွက်လွတ်မြောက်ဖို့ အားထုတ်နိုင်သလော။ ကောင်းချီးမင်္ဂလာအတွက် သင်၏ လိုအင်ဆန္ဒကို သင် လက်လွှတ်နိုင်သလော။ (လက်မလွှတ်နိုင်ပါ။) သို့ဆိုလျှင် ဤပြဿနာများကို သင် မည်သို့ ဖြေရှင်းနိုင်သနည်း။ ယင်းတို့အားလုံးကို သမ္မာတရား လိုက်စားခြင်းအားဖြင့် ဖြေရှင်းရမည်ဖြစ်သည်။ သမ္မာတရား လိုက်စားခြင်းက လူတို့၏ ကျိုးကြောင်းမသင့်သည့် တောင်းဆိုချက်များနှင့် လွန်ကဲသော ဆန္ဒများအပြင် ဘုရားသခင်အပေါ် ၎င်းတို့၏ အထင်လွဲမှုများနှင့် သူနှင့်ပတ်သက်သည့် ၎င်းတို့၏ စိတ်ကူးများ၊ မှန်းဆချက်များ၊ သံသယများနှင့် အကန့်အသတ်များကို ဖြေရှင်းပေးနိုင်သည်။ ဤအခြေအနေများအားလုံး ပြေလည်သွားသည့်အချိန်တွင် လူတို့သည် ညှဉ်းဆဲခံရသည်ဟု ခံစားရလိမ့်ဦးမည်လော။ ညှဉ်းဆဲခံရသည်ဟု ခံစားရသည့် ဤအခြေအနေများအားလုံး တကယ်ကို ပြေလည်သွားမည် မဟုတ်လော။ ထိုအချိန်တွင် သင်၏ အတွေးများ၊ အမြင်များ၊ သဘောထားနှင့် အခြေအနေတို့ မည်သို့ ဖြစ်လိမ့်မည်နည်း။ သင်သည် ကျိုးနွံနာခံကာ စောင့်ဆိုင်းနိုင်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်ကို တွန်းလှန်တိုက်ခိုက်မည် မဟုတ်သကဲ့သို့ သူ့ကို ပုန်ကန်မည် မဟုတ်ပေ၊ သို့မဟုတ် ဝေဖန်မည်မဟုတ်ပေ။ ထို့အပြင် ဘုရားသခင်၏ လက်တော် သင့်အပေါ် ကျရောက်သည့်အခါတွင် သို့မဟုတ် သင့်အတွက် ပတ်ဝန်းကျင်တစ်ခုကို သူ စီစဉ်ညွှန်ကြားသည့်အခါတွင် အတိုက်အခံလုပ်ကာ ရှောင်လွဲမည့်အစား တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ကာ သူ၏ ရှေ့မှောက်တွင် ကျိုးနွံနာခံနိုင်လိမ့်မည်ဖြစ်ပြီး ထိုအရာကို ရှောင်ရှားဖို့ သာ၍ပင် ကြိုးစားမည် မဟုတ်ပေ။ သင်သည် ဤအပြုသဘောဆောင်သည့် အခြေအနေများ ပိုပိုပြီး ရှိလိမ့်မည်ဖြစ်ကာ ဤအရာက သမ္မာတရားကို သင် လိုက်စားနေကြောင်း သက်သေပြပေသည်။ သို့သော် ထိုအပျက်သဘောဆောင်သည့် အရာများသည် သင်၏ စိတ်ကို စဉ်ဆက်မပြတ် နေရာယူထားကာ သင်၏ နေ့စဉ်လုပ်ရပ်များ၊ အတွေးများနှင့် စိတ်ကူးများကို လွှမ်းမိုးပြီး သင်၏ အခြေအနေကို ထိခိုက်လျှင် ဤအရာက သင်သည် သမ္မာတရားကို လုံးဝ မလိုက်စားကြောင်း သက်သေပြပြီး နောက်ဆုံးတွင် ဖယ်ရှားရှင်းလင်းခြင်းခံရလိမ့်မည် ဖြစ်သည်။

လူများစွာတို့သည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်သောအခါ ၎င်းတို့သည် အစဉ်သဖြင့် မိမိတို့၏ ရည်ရွယ်ချက်များဖြင့် မသန့်စင်ဘဲ ဖြစ်နေကြသည်။ မိမိတို့ကိုယ်ကို အသိအမှတ်ပြုခံရရန် အစဉ် ကြိုးစားကြသည်။ ချီးမွမ်းခံရခြင်း၊ အားပေးခံရခြင်းကို အစဉ် နှစ်သက်ကြသည်။ တစ်စုံတစ်ခုကို ကောင်းစွာလုပ်လျှင် အကျိုးရလဒ်၊ သို့မဟုတ် ဆုလာဘ်အချို့ကို အစဉ် ရလိုကြသည်။ ဆုလာဘ်မရှိလျှင် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရာ၌ စိတ်ဝင်စားမှု မရှိကြပေ။ ပြီးလျှင် ၎င်းတို့ကို အာရုံစိုက်မည့်သူ၊ သို့မဟုတ် အားပေးမည့်သူ မည်သူမျှမရှိလျှင် ၎င်းတို့သည် အပျက်သဘောဆောင်လာကြသည်။ ၎င်းတို့သည် ကလေးများကဲ့သို့ မတည်ငြိမ်ပေ။ ဤတွင် မည်သည့်အရာ ဖြစ်ပျက်နေသနည်း။ လူတို့သည် အဘယ်ကြောင့် မိမိတို့၏ တာဝန်များတွင် မိမိတို့၏ ရည်ရွယ်ချက်များဖြင့် အစဉ်သဖြင့် မသန့်စင်ဘဲ ရှိနေကြပြီး ယင်းတို့ကို မည်သည့်အခါတွင်မျှ ဘေးဖယ်မထားနိုင်ကြသနည်း။ ဤသည်မှာ အဓိကအားဖြင့် ၎င်းတို့သည် သမ္မာတရားကို လက်မခံသောကြောင့်ဖြစ်သည်။ ရလဒ်အနေဖြင့် သင်သည် ၎င်းတို့နှင့် သမ္မာတရားကို မည်သို့ မိတ်သဟာယဖွဲ့ပါစေ ၎င်းတို့သည် ဤအရာများကို ဘေးဖယ်ထားရန် မစွမ်းဆောင်နိုင်ကြပေ။ ဤပြဿနာများကို လုံးဝ မဖြေရှင်းလျှင် အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့ အလွယ်တကူ အပျက်သဘောဆောင်လာကြသည်။ မိမိတို့တာဝန်များကို ထမ်းဆောင်ခြင်းတွင် ပို၍ စိတ်မဝင်စား ဖြစ်လာကြသည်။ အသိအမှတ်ပြုခံရခြင်း၊ သို့မဟုတ် ကောင်းချီးခံစားရခြင်းအကြောင်း ဘုရားသခင်ထံမှ နှုတ်ကပတ်တော်များကို မြင်လျက် ၎င်းတို့သည် အနည်းငယ် စိတ်ဓာတ်လှုံ့ဆော်ခြင်းခံရပြီး အနည်းငယ် စိတ်အားထက်သန်ကြသည်။ သို့သော် မည်သူကမျှ ၎င်းတို့နှင့် သမ္မာတရားကို မိတ်သဟာယမဖွဲ့လျှင်၊ မည်သူကမျှ ၎င်းတို့ကို အားမပေးလျှင်၊ သို့မဟုတ် မချီးမွမ်းလျှင် ၎င်းတို့သည် ပို၍ စိတ်မဝင်စားဖြစ်လာကြသည်။ လူတို့သည် ၎င်းတို့ကို မကြာခဏ ချီးမြှောက်လျှင်၊ ချီးမွမ်းလျှင်၊ ချီးကျူးလျှင် ၎င်းတို့သည် အထူးတလည် ချီးကျူးလောက်စရာ ကောင်းသည်ဟု ခံစားကြရသည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင်က ၎င်းတို့ကို ကွယ်ကာပြီး ကောင်းချီးပေးနေသည်မှာ သေချာနေကြသည်။ ထိုသို့သောအချိန်များတွင် လူအုပ်ထဲတွင် ထင်ပေါ်လိုသော ၎င်းတို့၏အလိုဆန္ဒများသည် ဖြစ်မြောက်ပြီး ပြည့်ဝကြသည်။ ကောင်းချီးပေးခံလိုသော ၎င်းတို့၏ ရည်ရွယ်ချက်သည် ခဏတာ လျော့ပါးသွားပြီး ၎င်းတို့၏ ကျွမ်းကျင်မှုများနှင့် ပါရမီများကို အသုံးပြုခြင်းခံရသဖြင့် ၎င်းတို့ သိက္ခာရှိကြလေသည်။ ၎င်းတို့သည် ပျော်ရွှင်လွန်းသည်မှာ လမ်းတစ်လျှောက် ခုန်ပေါက်ပြေးလွှားကြသည်။ ၎င်းတို့၏ မျက်နှာသည် ပြုံးရွှင်လျက်ရှိသည်။ ဤသည်မှာ သမ္မာတရားကို လိုက်စားခြင်း၏ အကျိုးသက်ရောက်မှုဖြစ်သလော။ (မဟုတ်ပါ။) ဤသည်မှာ ၎င်းတို့၏ ဆန္ဒများပြည့်ခြင်းသာ ဖြစ်သည်။ ဤသည်မှာ မည်သည့်စိတ်သဘောထားဖြစ်သနည်း။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထားဖြစ်သည်။ ၎င်းတို့သည် အနည်းငယ်မျှပင် မိမိကိုယ်ကို သိမြင်မှုမရှိဘဲ လွန်ကျူးသော ဆန္ဒများရှိသည်။ ဒုက္ခ၊ သို့မဟုတ် အခက်အခဲအချို့ကို ရင်ဆိုင်ရသောအခါ၊ သို့မဟုတ် ၎င်းတို့၏မာနနှင့် ပကာသနတို့ မပြည့်စုံသောအခါ၊ သို့မဟုတ် ၎င်းတို့၏ အကျိုးစီးပွားများသည် အနည်းငယ်မျှပင် အထိခိုက်ခံရသောအခါ ၎င်းတို့သည် အပျက်သဘောဆောင်ပြီး လဲပြိုသွားကြသည်။ ယခင်က ၎င်းတို့သည် ဘီလူးကဲ့သို့ ရှည်လျားစွာ ရပ်ခဲ့သော်လည်း ရက်အနည်းငယ်အတွင်းတွင် မြေမှုန့်တစ်ပုံတစ်ခေါင်းထဲ တစ်စတစ်စ ပြိုလဲပျက်စီးကြသည်။ ကွာခြားချက်က အလွန်ပင် ကြီးမားသည်။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောလူများဖြစ်လျှင် အဘယ်သို့ အလွန်လျင်မြန်စွာ ပြိုလဲသွားကြသနည်း။ ရှင်းလင်းစွာပင် စိတ်အားထက်သန်မှု၊ ဆန္ဒနှင့် ရည်မှန်းချက်တို့ကို အခြေခံ၍ မိမိတို့၏ တာဝန်ကို ထမ်းဆောင်သောလူများသည် အလွန်အားနည်းသည်။ ဆုတ်ဆိုင်းမှု၊ သို့မဟုတ် အကျအရှုံးတစ်ခုခုကို ကြုံသောအခါတွင် လဲပြိုသွားကြသည်။ ၎င်းတို့၏ စိတ်ကူးများက မည်သည့်အရာမျှ ဖြစ်မလာ၊ ၎င်းတို့၏ဆန္ဒများ မပြည့်သည်ကို၊ ၎င်းတို့ မျှော်လင့်ချက်နှင့် ကောင်းချီးခံစားရခြင်း မရှိသည်ကို မြင်သည့်အခါ ချက်ချင်းလဲကျကြသည်။ ဤအခြင်းအရာက ၎င်းတို့သည် ထိုအချိန်က ၎င်းတို့တာဝန်များကို မည်မျှ စိတ်အားထက်သန်ခဲ့သည်ဖြစ်စေ ဤသည်မှာ သမ္မာတရားကို ၎င်းတို့နားလည်သောကြောင့်မဟုတ်ဆိုသည်ကို ပြသည်။ ၎င်းတို့သည် ကောင်းချီးခံရရန် မျှော်လင့်ချက်ဖြင့်၊ စိတ်အားထက်သန်မှုကြောင့် တာဝန်ထမ်းဆောင်နေခြင်း ဖြစ်သည်။ လူတို့သည် မည်မျှ စိတ်အားထက်သန်ပါစေ၊ စကားများနှင့် အယူဝါဒများ မည်မျှကို ၎င်းတို့ ဟောကြားနိုင်သည်ဖြစ်စေ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် မစွမ်းဆောင်နိုင်လျှင်၊ စည်းမျဉ်းများနှင့်အညီ မိမိတို့တာဝန်များကို မထမ်းဆောင်နိုင်လျှင်၊ စိတ်အားထက်သန်မှုအပေါ်ကိုသာ အမှီပြုလျှင် ၎င်းတို့သည် ကြာရှည်ခံမည်မဟုတ်ပေ။ ဆင်းရဲဒုက္ခ၊ သို့မဟုတ် ကပ်ဘေးနှင့် ရင်ဆိုင်ရသည့်အခါတွင် ၎င်းတို့သည် ခိုင်မာစွာ ရပ်တည်နိုင်လိမ့်မည်မဟုတ်ဘဲ လဲကျလိမ့်မည်။ လူအချို့သည် ကျရှုံးမှု သို့မဟုတ် ဆုတ်ဆိုင်းမှုများနှင့် ရင်ဆိုင်ရသည့်အခါ အတိုင်းသား ပြိုလဲသွားကြသည်။ အခြားသူတို့မှာ ပြုပြင်ခြင်း ခံရသည့်အခါ ပြိုလဲကြစဉ်တွင် အခြားသူတို့မှာ ဆုံးမပဲ့ပြင်ခံရခြင်းနှင့် ရင်ဆိုင်ရသည့်အခါ ပြိုလဲကြသည်။ သမ္မာတရားကို မပိုင်ဆိုင်သူများသည် ပထမဆုံး အခက်အခဲတွင်ပင် ဤသို့ အမြဲ လဲကျကြသည်။ ထို့ကြောင့် သမ္မာတရားကို လိုက်စားသူတစ်ဦး၏ သရုပ်သကန်များမှာ အဘယ်နည်း။ (မည်သည့် စစ်ဆေးမှုမျိုးကို သူတို့ ရင်ဆိုင်ရသည်ဖြစ်စေ သူတို့သည် ကြီးမားသည့် နာကျင်မှုကို ခံစားရကောင်း ဖြစ်မည်ဖြစ်သော်လည်း၊ အပျက်သဘောဆောင်လာကြမည် မဟုတ်ပါ။ သမ္မာတရားကို သူတို့ ရှာဖွေကာ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်ကို ကျိုးနွံနာခံကြလိမ့်မည်ဖြစ်သည်။) အပျက်သဘော မဆောင်လာခြင်းသည် သရုပ်သကန်တစ်ခုဖြစ်သော်လည်း အဓိက သရုပ်သကန်ကို သင်တို့ မရိပ်စားမိကြသေးပေ။ ယင်းမှာ သမ္မာတရားကို လိုက်စားသည့်လူများသည် မည်သည့် အခက်အခဲများ၊ နာကျင်မှု သို့မဟုတ် အားနည်းချက်များ ၎င်းတို့ တွေ့ကြုံရသည်ဖြစ်စေ မိမိတို့၏တာဝန်များကို ထမ်းဆောင်ခြင်းတွင် ဟန့်တားခံရမှု သို့မဟုတ် ထိခိုက်ခံရမှု မရှိခြင်း ဖြစ်သည်။ သမ္မာတရား မလိုက်စားသူတို့မှာ ၎င်းတို့ ဝမ်းသာပျော်ရွှင်သည့်အခါ မိမိတို့၏တာဝန်များကို ထမ်းဆောင်ရာတွင် စိတ်ထက်သန်ကြသည်။ ၎င်းတို့ မည်မျှ ဆင်းရဲဒုက္ခခံစားရသည်ဖြစ်စေ ပင်ပန်းနွမ်းနယ်မှု မခံစားရသကဲ့သို့ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်အားလုံးကို ဘေးဖယ်ထားနိုင်ကြပြီး မိမိတို့၏ တာဝန်များကို မစွန့်ပစ်ကြချေ။ သို့ရာတွင် ၎င်းတို့ ဝမ်းသာပျော်ရွှင်ခြင်း မရှိသည့်အခါတွင်မူ ကွဲပြားပေသည်။ အလုပ် အနည်းငယ်မျှ လုပ်ဆောင်သည့်အခါတွင်ပင် အလွန် မောပန်းကြပြီး အနည်းငယ် ဆင်းရဲဒုက္ခခံစားရလျှင် ညည်းညူကာ မိမိတို့ နေ့ရက်များကို အသက်ရှင်နေထိုင်ကာ ချမ်းသာကြွယ်ဝရန်နှင့် မိမိတို့အတွက် ထွက်ပေါက်တစ်ခုကို အမြဲ စဉ်းစားကြသည်။ သို့သော် သမ္မာတရားလိုက်စားသူတို့က “ငါ မည်မျှ ဆင်းရဲဒုက္ခခံစားရသည်ဖြစ်စေ ငါ့တာဝန်ကို ငါ ကောင်းစွာ ထမ်းဆောင်ပြီး ဘုရားသခင်၏ မေတ္တာကို ပြန်ဆပ်ရမည်။ ငါ့တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်းအားဖြင့်သာ ငါသည် အသိတရားနှင့် အသိစိတ် ရှိမည်ဖြစ်ကာ လူသားဟု အခေါ်ခံထိုက်မည်”ဟု တွေးကြသည်။ မိမိတို့၏တာဝန်များကို ကောင်းစွာထမ်းဆောင်ခြင်းအား အာရုံစိုက်ခြင်းအပြင် ဘုရားနှုတ်ကပတ်တော်များကိုလည်း ၎င်းတို့ စားသောက်နိုင်ကြပြီး မည်သည့် ဒုက္ခပြဿနာများကို ရင်ဆိုင်ရသည်ဖြစ်စေ ၎င်းတို့၏ ညီအစ်ကို မောင်နှမများနှင့်အတူ သမ္မာတရားကို မိတ်သဟာယပြုနိုင်ကြကာ မိမိတို့၏ အခက်အခဲများကို ဖြေရှင်းရန် သမ္မာတရား ရှာဖွေကြလေသည်။ ၎င်းတို့သည် ဤအရာများကို အကြိမ်ကြိမ် တွေးဆကြသည်။ “ဤအခြေအနေကို ငါ မည်သို့ ဖြေရှင်းနိုင်သနည်း။ ပြဿနာက မည်သည့်နေရာတွင် တည်ရှိသနည်း။ အဘယ်ကြောင့် ငါ အပျက်သဘောဆောင်သည်ဟု ခံစားရသနည်း။ အဘယ်ကြောင့် ပြုပြင်ခြင်းခံနေရသနည်း။ ဤအရာကို ငါ အဘယ်သို့ အမှားလုပ်မိခဲ့သနည်း။ ငါ၏ အမှားမှာ အဘယ်မှာနည်း။ ဤသည်မှာ စိတ်သဘောထားဆိုင်ရာ ပြဿနာတစ်ခုလော၊ ဤနယ်ပယ်တွင် ငါ မကျမ်းကျင်ဘူးလော သို့မဟုတ် ငါ၏ ကိုယ်ပိုင် ရည်ရွယ်ချက်အချို့ကို ငါ ထားရှိမိသလော”ဟူ၍ ဖြစ်သည်။ ဤအရာများကို ရက်အနည်းငယ်ကြာ ဆန်းစစ်ပြီးနောက်တွင် ရလဒ်များကို ၎င်းတို့ ရရှိကြပြီး ၎င်းတို့က မိမိတို့ကိုယ်ပိုင် ရည်ရွယ်ချက်များ ထားရှိသောကြောင့်၊ အခြားသူများအား စိတ်အနှောင့်အယှက် ပေးမိမည်ကို ကြောက်ကာ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မစဉ်းစားခဲ့သောကြောင့် အသင်းတော်အလုပ် ထိခိုက်ခဲ့ကြောင်း သဘောပေါက်သွားကြသည်။ ဤကောက်ချက်ချမှုမျိုး ရှိလာသည့်နောက်တွင် မည်သည့်သဘောထားကို သင် ခံယူသင့်သနည်း။ ဤပြဿနာကို သင် မည်သို့ ဖြေရှင်းသင့်သနည်း။ သင့်အနေဖြင့် တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ဘုရားနှုတ်ကပတ်တော်များ၏ ပြုပြင်ခြင်းကို လက်ခံရမည်၊ သူ၏ နှုတ်ကပတ်တော်များအတွင်းတွင် သင့်ကိုယ်သင် ပြန်လည်သုံးသပ်ရမည်၊ သင်၏ အခြေအနေကို သူ၏ နှုတ်ကပတ်တော်များနှင့် နှိုင်းယှဉ်ချိန်ဆကြည့်ကာ သင်ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအပေါ် သိနားလည်မှုတစ်ခုကို စွမ်းဆောင်ရရှိရမည်ဖြစ်သည်။ ဤသို့ဖြင့် သင်သည် သမ္မာတရားကို ချစ်ကာ ဘုရားသခင်ကို ကျိုးနွံနာခံသူတစ်ဦး ဟုတ်မဟုတ်ဟူသည်ကို သိလိမ့်မည်ဖြစ်သည်။ ဤကောက်ချက်ချမှုကို ရရှိခြင်းသည် လုံလောက်သလော။ သင့်အနေဖြင့် “ကျွန်ုပ် လုပ်ဆောင်ခဲ့သည့်အရာမှာ သမ္မာတရားနှင့်အညီ မဟုတ်ခဲ့ပါ၊ ကျွန်ုပ်၏ လုပ်ရပ်များကို ကျွန်ုပ်၏ စာတန်ဆန်သော စိတ်သဘောထားများက ချမှတ်ခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်ုပ် နောင်တရရန် လိုလားနေပြီး ဘုရားသခင်ကို တစ်ဖန် လုံးဝ ပုန်ကန်မည်မဟုတ်ပါ။ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ သမ္မာတရားကို အမြဲရှာဖွေကာ ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း ပြုမူဆောင်ရွက်ပါမည်။ ကျွန်ုပ် မလုပ်ဆောင်နိုင်လျှင် ဘုရားသခင်က ကျွန်ုပ်ကို ဆုံးမပဲ့ပြင်ကာ အပြစ်ဒဏ်ပေးပါစေ”ဟု ဆိုလျက် ဘုရားသခင်၏ ရှေ့မှောက်တွင် ဝန်ချကာ နောင်တရရဦးမည်ဖြစ်သည်။ ဤသည်မှာ အမှန်တကယ် နောင်တရသည့် စိတ်နှလုံးတစ်ခု ဖြစ်သည်။ သင်သည် ဤသို့ ဆုတောင်းကာ ခိုင်မာသည့် ဆုံးဖြတ်ချက်တစ်ခု ပြုလုပ်နိုင်လျှင်၊ ဤကဲ့သို့ သင် လက်တွေ့လုပ်ဆောင်နိုင်လျှင်၊ ဤသည်မှာ ကျိုးနွံနာခံမှုရှိသည့် စိတ်ဓာတ်တစ်ခု ဖြစ်သည်။ သင်သည် ဤသို့ တွေ့ကြုံလျှင် ဘုရားသခင်၏ အမှုတော်ကို တဖြည်းဖြည်း ကျိုးနွံနာခံလာလိမ့်မည်၊ သူ့အပေါ် စစ်မှန်သည့် သိနားလည်မှု ရှိလိမ့်မည်၊ သူ၏ စိတ်သဘောထားက အမှန်တကယ် ဖြောင့်မတ်ပြီး သန့်ရှင်းကြောင်း မြင်ကာ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးတစ်ခု ဖြစ်ပေါ်လိမ့်မည်။ သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် သင်သည် တာဝန်ယူတတ်ကာ သစ္စာစောင့်သိလိမ့်မည်ဖြစ်ပြီး ဤသို့ဖြင့် လက်တွေ့ကျသည့် အတွေ့အကြုံအချို့ရှိကာ သမ္မာတရား စစ်မှန်မှုများထဲသို့ ဝင်ရောက်ပြီးဖြစ်လိမ့်မည်။

လူအချို့တို့သည် ပြုမူဆောင်ရွက်ကြသောအခါ ၎င်းတို့ကိုယ်တိုင်၏ ဆန္ဒနောက် လိုက်ကြ၏။ ၎င်းတို့သည် စည်းမျဉ်းများကို ချိုးဖောက်ကြပြီး ပြုပြင်ခြင်း ခံရပြီးသည့်နောက်တွင် ၎င်းတို့သည် ၎င်းတို့ မာနထောင်လွှားကြကြောင်းနှင့် ၎င်းတို့၌ သမ္မာတရား မရှိသောကြောင့်သာလျှင် ၎င်းတို့အမှား လုပ်ခဲ့ကြခြင်း ဖြစ်ကြောင်း စကားများဖြင့်သာ ဝန်ခံကြ၏။ သို့ရာတွင် ၎င်းတို့၏ စိတ်နှလုံးများထဲ၌ “အခြားမည်သူမျှ အရဲစွန့်ခေါင်းမထောင်ကြ၊ ငါသာ ဤသို့ပြု၏၊ ထိုသို့ဖြင့် အဆုံး၌ တစ်စုံတစ်ခု မှားယွင်းသည့်အခါ ငါ့အပေါ်သာ တာဝန်အားလုံးပုံချကြသည်။ ဤသည်မှာ ငါ မိုက်မဲရာမကျသလော။ နောက်တစ်ကြိမ်၌ ငါသည် ထိုကဲ့သို့ အရဲစွန့်ခေါင်းခံသည့် ဤကိစ္စမျိုး ငါမလုပ်တော့။ ထီးထီးကြီး ထင်ပေါ်နေသည့်ငှက်သည်သေနတ်ဖြင့် အပစ်ခံရသည့်ငှက်ဖြစ်သည်” ဟုပင် ညည်းညူနေကြသည်။ ဤသဘောထားကို မည်သို့သဘောရသနည်း။ ဤသည်မှာ နောင်တရသော သဘောထားလော။ (မဟုတ်ပါ။) ယင်းသည် မည်သည့်သဘောထား ဖြစ်သနည်း။ ၎င်းတို့သည် ဉာဏ်များလာပြီး လိမ်လည်လှည့်ဖြားလာကြသည် မဟုတ်လော။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် “ထိုကိစ္စက ပျက်ကိန်းမဆိုက်သွားသည်မှာ ငါကံကောင်း၏။ တစ်ခါသေဖူးတော့ ပျဉ်ဖိုးနားလည်သွားပြီ ဆိုပါတော့။ ငါ့အနေဖြင့် အနာဂတ်တွင် ပို၍သတိထားမှ ရပေတော့မည်”ဟူ၍ တွေးသည်။ ၎င်းတို့သည် အမှုအရာကို ဂရုစိုက်ပြီး ကိုင်တွယ်ဖြေရှင်းရန် ၎င်းတို့၏ သေးသိမ်သော လှည့်ကွက်များနှင့် စဉ်းလဲသော အကြံအစည်များကို အသုံးပြုကြပြီး သမ္မာတရားကို မရှာဖွေကြ။ ၎င်းတို့သည် ဤနည်းဖြင့် သမ္မာတရားကို ရရှိနိုင်မည်လော။ မရရှိနိုင်ကြပေ၊ အကြောင်းမှာ ၎င်းတို့သည် နောင်တမရကြသေးသောကြောင့် ဖြစ်၏။ နောင်တရသောအခါ ပထမဆုံးအပြီးလုပ်ရမည့်အရာမှာ သင်ပြုခဲ့ပြီးသော အမှားကို သတိပြုမိရန်၊ သင်၏ အမှားရှိသောနေရာ၊ ပြဿနာ၏ အနှစ်သာရနှင့် သင်ထုတ်ဖော်ခဲ့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတို့ကို တွေ့ရန် ဖြစ်သည်။ ဤအရာများကို စဉ်းစားသုံးသပ်ပြီး သမ္မာတရားကို လက်ခံကာ ထို့နောက်တွင် သမ္မာတရားအတိုင်း လက်တွေ့လုပ်ဆောင်ရန် ဖြစ်သည်။ ဤသည်သာလျှင် နောင်တရသည့် သဘောထားဖြစ်၏။ အကယ်၍ အခြားတစ်ဖက်၌ သင်သည် ကောက်ကျစ်သော နည်းလမ်းများကို အကုန်အစင် စဉ်းစားပါက သင်သည် ယခင်ကထက် ပို၍ စိတ်မချရဖြစ်လာကာ သင်၏နည်းနိဿယများသည်လည်း ပို၍ပါးနပ်လာကာ ပို၍ကွယ်ဝှက်လာသည့်အပြင် အမှုကိစ္စများကို ဖြေရှင်းရန် နည်းလမ်းများသည်လည်း သင်၌ပိုများလာသည်ဆိုပါက ပြဿနာသည် လိမ်လည်လှည့်ဖြားခြင်းသက်သက်ကဲ့သို့ သိပ်မရိုးရှင်းတော့ပေ။ သင်သည် လက်သီးပုန်းထိုးသော နည်းလမ်းများကို အသုံးပြုနေခြင်းဖြစ်ပြီး သင်၌ သင်ထုတ်ပြော၍မရနိုင်သော လျှို့ဝှက်ချက်များ ရှိနေ၏။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်၏။ သင်သည် နောင်တမရသေးရုံသာမက ပို၍ စိတ်မချရဘဲ ပို၍ လှည့်စားတတ်လာသည်။ ဘုရားသခင်သည် သင့်ကို အလွန်အကျွံ စိတ်နှလုံးခိုင်မာပြီး ကောက်ကျစ်ဆိုးယုတ်သည်ဟု မြင်၏၊ မိမိမှားထားကြောင်းကို အပြင်ပန်းတွင် ဝန်ခံပြီး ပြုပြင်ပေးခြင်းကို လက်ခံသည့်တိုင် လက်တွေ့တွင် နောင်တရသည့် သဘောထား စိုးစဉ်းမျှပင် မရှိသောသူအဖြစ် မြင်၏။ အဘယ်ကြောင့် ငါသည် ဤအရာကို ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ဤဖြစ်ရပ် ဖြစ်ပျက်နေစဉ်တွင် သို့မဟုတ် ယင်းဖြစ်ရပ်ဖြစ်ပြီးနောက်တွင် သင်သည် သမ္မာတရားကို လုံးဝ မရှာဖွေသောကြောင့်၊ ဆင်ခြင်သုံးသပ်ပြီး သင့်ကိုယ်သင် သိရန် မကြိုးစားသောကြောင့်၊ သမ္မာတရားအတိုင်း လက်တွေ့လုပ်ဆောင်ခြင်း မရှိသောကြောင့် ဖြစ်သည်။ သင်၏ သဘောထားသည် ပြဿနာကို ဖြေရှင်းရန် စာတန်၏ အတွေးအခေါ်များ၊ ဆင်ခြင်တွေးခေါ်မှုစနစ်နှင့် နည်းလမ်းများကို အသုံးပြုသည့် သဘောထား ဖြစ်သည်။ အမှန်တွင် သင်သည် ဆင်ဝှေ့ရန်ရှောင်လုပ်ပြီး အခြားသူများက ယင်း၏ အရိပ်အယောင်မမြင်ရန် မည်သည့်အရာမျှ လွတ်ထွက်ခွင့်မပေးဘဲ သပ်သပ်ရပ်ရပ် အပြီးသတ်နေခြင်း ဖြစ်သည်။ အဆုံးတွင် သင်သည် သင့်ကိုယ်သင် အတော်အတန် ချက်ချာပါးနပ်သည်ဟု ခံစားရ၏။ ဘုရားသခင်မြင်သည့်အရာမှာ ဤအရာများဖြစ်ပြီး၊ သင့်အနေဖြင့် မိမိအပေါ်သို့ ကျရောက်လာသည့် အမှုအရာရှေ့၌ ဧကန်အမှန် သုံးသပ်ဆင်ခြင်ကာ မိမိအပြစ်ကို ဝန်ချ၍ နောင်တရပြီးသည့်နောက် သမ္မာတရားကို လိုက်ရှာကာ သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်နေပုံ မဟုတ်ချေ။ သင်၏သဘောထားသည် သမ္မာတရားကို ရှာဖွေသည့်၊ သို့မဟုတ် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့် သဘောထား မဟုတ်သကဲ့သို့ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်မှုများကို နာခံသည့် သဘောထားလည်း မဟုတ်ဘဲ သင်၏ပြဿနာကို ဖြေရှင်းရန် စာတန်၏ နည်းနိဿယများနှင့် နည်းလမ်းများကို အသုံးပြုသည့် သဘောထားဖြစ်သည်။ သင်သည် အခြားသူများ သင့်အပေါ် မှားယွင်းသည့် ထင်မြင်ချက်တစ်ခုကို ပေးပြီး ဘုရားသခင်၏ ထုတ်ဖော်ခြင်းကို သင်ခုခံသည်၊ ထို့ပြင် သင့်အတွက် ဘုရားသခင် စီစဉ်ညွှန်ကြားပေးထားသည့် အခြေအနေများကို သင်သည် ခုခံကာကွယ်ပြီး ထိပ်တိုက်ရင်ဆိုင်သည်။ ဤသည်မှာ သင်၏စိတ်နှလုံးသည် ယခင်ကထက် ပို၍ဖုံးပိတ်ထားပြီး ဘုရားသခင်ထံမှ ကင်းကွာကြောင်း ဆိုလိုပေသည်။ ထိုသို့ဖြင့် ထိုအရာမှ ကောင်းသည့် ရလဒ်တစ်ခုတလေ ရှိလာနိုင်သလော။ သင်သည် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို မွေ့လျော်ခံစားရင်း အလင်းထဲတွင် အသက်ရှင်နိုင်သေးသလော။ အသက်မရှင်နိုင်ပေ။ သမ္မာတရားကို သင် ရှောင်ရှားပြီး ဘုရားသခင်ကို ရှောင်ရှားပါက သေချာပေါက် အမှောင်ထဲကျကာ မြည်တမ်းပြီး အံသွားခဲကြိတ်ရလိမ့်မည်။ ထိုကဲ့သို့သော အခြေအနေသည် လူတို့ထဲ၌ ပျံ့နှံ့နေသလော။ (ပျံ့နှံ့နေပါသည်။) အချို့သောလူတို့သည် “ဤအကြိမ်၌ ငါသည် ပြုပြင်ခြင်းကို ခံခဲ့ရ၏။ နောက်တစ်ကြိမ်တွင် ငါ့အနေဖြင့် ပို၍ အပိုင်ကြံပြီး သတိထားမှ ရတော့မည်။ အခွင့်အရေး မဆုံးရှုံးရရန်အလို့ငှာ ကိစ္စအားလုံးတွင် ငါ သတိထားရမည်။ အပိုင်မကြံသည့် လူတို့သည် ငတုံးများပင်ဖြစ်ကြ၏”ဟု ဆိုလျက် မိမိတို့ကိုယ်ကို မကြာခဏ ဆုံးမတတ်ကြသည်။ အကယ်၍ သင်သည် သင့်ကိုယ်သင် ထိုကဲ့သို့လမ်းညွှန်ပြီး ဆုံးမနေလျှင် ရလဒ်ကောင်းများ ရနိုင်ဦးမည်လော။ သမ္မာတရားကို ရနိုင်ပါမည်လော။ အကြောင်းအခြင်းအရာတစ်ခု သင့်အပေါ်သို့ ကျရောက်လာကာ သမ္မာတရား၏ ရှုထောင့်တစ်ခုကို သင် ရှာဖွေပြီး နားလည်နိုင်ကာ သမ္မာတရား၏ ထိုရှုထောင့်ကို သင်ရရှိနိုင်ပေသည်။ သမ္မာတရားကို နားလည်ခြင်းအားဖြင့် မည်သည့်အရာကို စွမ်းဆောင်ရရှိနိုင်သနည်း။ သမ္မာတရား၏ ရှုထောင့်တစ်ခုကို သင်နားလည်သွားသောအခါ ဘုရားသခင်၏ ရည်ရွယ်ချက်များ၏ ရှုထောင့်တစ်ခုကို သင်နားလည်သွားသည်၊ သင့်အား ဤအရာကို အဘယ်ကြောင့် ဘုရားသခင်ပြုခဲ့ကြောင်း၊ သင့်ထံမှ ထိုသို့သောတောင်းဆိုမှုကို အဘယ်ကြောင့် သူပြုကြောင်း၊ သင့်ကို ထိုကဲ့သို့ဆုံးမရန်နှင့် ပဲ့ပြင်ရန် အခြေအနေများကို အဘယ်ကြောင့် သူစီစဉ်ညွှန်ကြားကြောင်း၊ သင့်ကို ပြုပြင်ရန် ဤအမှုအရာကို အဘယ်ကြောင့် သူအသုံးပြုကြောင်းနှင့် ဤအမှုအရာ၌ အဘယ်ကြောင့် သင်ပြိုလဲသွားပြီး ရှုံးနိမ့်သွားကာ ထုတ်ဖော်ခြင်းခံခဲ့ရကြောင်းတို့ကို သင်နားလည်သွားသည်။ ဤအရာများကို သင်နားလည်နိုင်ပါက သမ္မာတရားကို သင်လေ့လာလိုက်စားနိုင်မည်ဖြစ်ပြီး အသက်ဝင်ရောက်မှုကို စွမ်းဆောင်ရရှိလိမ့်မည် ဖြစ်သည်။ ဤအရာများကို သင်နားမလည်သည့်အပြင် ဤအချက်အလက်များကို သင်လက်မခံဘဲ မရမက အတိုက်အခံပြုပြီး မရမက ခုခံနေလျှင်၊ သင် အယောင်ဆောင်ဖို့ သင့်ကိုယ်ပိုင် နည်းနိဿယများကို မရမက အသုံးပြုနေလျှင်၊ အခြားသူများအားလုံးကိုလည်းကောင်း၊ ဘုရားသခင်ကိုလည်းကောင်း အသွင်အပြင်အမှားနှင့် မရမက ရင်ဆိုင်နေလျှင် သင်သည် သမ္မာတရားကို ထာဝစဉ်ပင် ရရှိနိုင်လိမ့်မည် မဟုတ်ပေ။ သင့်ထံတွင် ရိုးသားသည့် သဘောထားတစ်ခု၊ သမ္မာတရားကို လက်ခံကာ ကျိုးနွံနာခံသည့် သဘောထားတစ်ခုရှိကာ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ၊ သင်၏ စိတ်နှလုံးတွင် မည်မျှ နာကျင်မှုရှိသည်ဖြစ်စေ၊ သို့မဟုတ် မည်မျှ သင် အရှက်ရသည်ဖြစ်စေ သမ္မာတရားကို သင် အမြဲ လက်ခံကာ ကျိုးနွံနာခံနိုင်ပြီး “ဘုရားသခင် လုပ်ဆောင်သည့် အရာတိုင်းသည် မှန်ကန်ပြီး ကျွန်ုပ် လက်ခံရပါမည်”ဟု ဆိုလျက် ဘုရားသခင်ထံ ဆုတောင်းနိုင်ဆဲဖြစ်လျှင် ဤသည်မှာ ကျိုးနွံနာခံမှုရှိသော သဘောထားတစ်ခု ဖြစ်သည်။ သို့ရာတွင် လက်ခံသည့် ဖြစ်စဉ်အတောအတွင်းတွင် သင်သည် မိမိကိုယ်ကို အဆက်မပြတ် ပြန်လည်သုံးသပ်ရမည်၊ သင်၏ လုပ်ရပ်များနှင့် အပြုအမူတွင် မည်သည့်နေရာ၌ အမှားများရှိကြောင်းနှင့် မည်သည့် သမ္မာတရား သွင်ပြင်လက္ခဏာများအား သင် ချိုးဖောက်မိပြီးဖြစ်ကြောင်းတို့ကို ပြန်လည်သုံးသပ်ရမည်။ သင်၏ ကိုယ်ပိုင် စစ်မှန်သော အခြေအနေနှင့် ဝိညာဉ်ရင့်ကျက်မှုတို့ကို ရှင်းလင်းစွာ မြင်နိုင်ရန်အလို့ငှာ သင်၏ ကိုယ်ပိုင် ရည်ရွယ်ချက်များကိုလည်း စိတ်ဖြာလေ့လာဆွေးနွေးရမည်။ ထို့နောက် သမ္မာတရားကို သင် ရှာဖွေလျှင် စည်းမျဉ်းများနှင့်အညီ သမ္မာတရားအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သင် သိလိမ့်မည်။ ဤသို့ သင် လက်တွေ့လုပ်ဆောင်ကာ တွေ့ကြုံလျှင် မသိလိုက်မီတွင် တိုးတက်မှု ပြုလုပ်လိမ့်မည်ဖြစ်သည်။ သမ္မာတရားက သင့်အထဲတွင် အမြစ်တွယ်လိမ့်မည်။ ထိုသမ္မာတရားက ပွင့်လန်း၊ အသီးသီးပွင့်ကာ သင်၏ အသက်ဖြစ်လာလိမ့်မည်။ ဖောက်ပြန်ပျက်စီးခြင်းကို သင် ထုတ်ဖော်ပြခြင်းများနှင့်ဆိုင်သည့် ပြဿနာများအားလုံး တဖြည်းဖြည်း ပြေလည်သွားလိမ့်မည်။ အမှုအရာများ ဖြစ်ပျက်သည့်အခါ သင်၏ သဘောထား၊ အမြင်များနှင့် အခြေအနေများသည် အပြုသဘောဆောင်ခြင်းဆီသို့ ပိုပိုပြီး ယိမ်းသွားလိမ့်မည်။ ထိုအခါ သင်သည် ဘုရားသခင်နှင့် ခပ်တန်းတန်း ဖြစ်လိမ့်ဦးမည်လော။ သူနှင့် သင် ခပ်တန်းတန်း ဖြစ်ကောင်းဖြစ်နိုင်သေးသော်လည်း ထိုသို့ဖြစ်ခြင်းက လျော့နည်းသည်ထက် လျော့နည်းသွားလိမ့်မည်ဖြစ်ကာ ဘုရားသခင်အပေါ် သင် ထားရှိသည့် သံသယများ၊ မှန်းဆချက်များ၊ အထင်လွဲမှုများ၊ မကျေနပ်ချက်များ၊ ပုန်ကန်မှုနှင့် အတိုက်အခံ လုပ်ခြင်းတို့သည်လည်း လျော့နည်းသွားလိမ့်မည်။ ထိုအရာများ လျော့နည်းသွားချိန်တွင် အမှုအရာများ ဖြစ်ပျက်သည့်အခါ ဘုရားသခင်ရှေ့မှောက်၌ သင့်ကိုယ်သင် ငြိမ်သက်စေရန်နှင့် သူ့ထံ ဆုတောင်းရန်၊ သမ္မာတရားကို ရှာဖွေပြီး လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းကို ရှာဖွေရန် သင့်အတွက် ပိုမိုလွယ်ကူလိမ့်မည်။ သင့်ထံ အမှုအရာများ ကျရောက်သည့်အခါ သင် မရိပ်စားမိနိုင်လျှင်၊ ထိုအစား လုံးလုံး စိတ်ရှုပ်ထွေးကာ သမ္မာတရားကို မရှာဖွေသေးလျှင် ပြဿနာရှိလိမ့်မည်။ သင့်အနေဖြင့် ကိစ္စရပ်များကို လူသားနည်းစနစ်များကို အသုံးပြုလျက် ကိုင်တွယ်ရန် သေချာနေပြီး လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် သင်၏ အတွေးအခေါ်များ၊ စိတ်မချရသည့် နည်းလမ်းများနှင့် လိမ္မာပါးနပ်သည့် နည်းစနစ်များအားလုံး ထွက်ပေါ်လာလိမ့်မည်။ ဤသည်မှာ လူတို့က ၎င်းတို့၏ စိတ်နှလုံးများတွင် အမှုအရာများကို ပထမဆုံး တုံ့ပြန်သည့်ပုံစံ ဖြစ်သည်။ လူအချို့သည် အမှုအရာများ ဖြစ်ပျက်သည့်အခါ သမ္မာတရားအတွက် ကြိုးပမ်းခြင်းထဲသို့ မိမိတို့ စိတ်နှလုံးကို လုံးဝ မနှစ်ထားဘဲ ထိုအစား ထိုအရာများကို လူသားနည်းလမ်းများဖြင့် ကိုင်တွယ်ဖို့ အမြဲ စဉ်းစားကြသည်။ အကျိုးဆက်အနေဖြင့် အချိန်ကြာမြင့်စွာ ၎င်းတို့ ဟိုသည် စမ်းတဝါးဝါးဖြစ်ကြသည်၊ ၎င်းတို့၏ မျက်နှာများက ပင်ပန်းနွမ်းနယ်မှုဖြင့် လူမမာရုပ် ပေါက်လာသည်အထိ မိမိတို့ကိုယ်ကို ညှဉ်းဆဲကြသော်လည်း သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မရှိကြသေးချေ။ ဤသည်မှာ သမ္မာတရားကို မလိုက်စားသည့်သူများ မည်မျှသနားဖွယ် ကောင်းသည့်ပုံစံဖြစ်သည်။ ယခုတွင် သင်၏တာဝန်ကို လိုလိုလားလား ထမ်းဆောင်ကောင်း ထမ်းဆောင်မည်ဖြစ်ကာ အမှုအရာများကို စွန့်လွှတ်ပြီး မိမိကိုယ်ကို လိုလိုလားလား အသုံးခံကောင်းခံနိုင်သော်လည်း ဘုရားသခင်နှင့်ပတ်သက်၍ သင့်တွင် နားလည်လွဲမှားမှုများ၊ ထင်မြင်ချက်များ၊ သံသယများ သို့မဟုတ် မကျေနပ်ချက်များ သို့တည်းမဟုတ် သူ့အပေါ် ဆန့်ကျင်ပုန်ကန်မှုနှင့် ခုခံတော်လှန်မှုတို့ပင် ရှိဆဲဖြစ်လျှင် သို့မဟုတ် သင်သည် သူ့အား ဆန့်ကျင်ရန်နှင့် သင့်အပေါ် သူ၏ အချုပ်အခြာအာဏာကို ငြင်းပယ်ရန် အမျိုးမျိုးသော နည်းလမ်းများနှင့် နည်းပညာများကို အသုံးပြုလျှင်၊ ဤအရာများကို သင်မဖြေရှင်းလျှင် သမ္မာတရားက သင်၏ ဖြစ်ခြင်းတစ်ခုလုံး၏ အရှင်သခင်ဖြစ်ရန် မဖြစ်နိုင်သလောက်ရှိပြီး သင့်အသက်တာက ခြေကုန်လက်ပန်းကျစရာ ဖြစ်လိမ့်မည်။ လူတို့သည် မကြာခဏ ရုန်းကန်ကြပြီး ဤအပျက်သဘောဆောင်သော အခြေအနေများထဲတွင် ညှဉ်းဆဲခြင်းကို ခံကြရကာ သူတို့သည် နွံအိုင်ထဲသို့ နစ်မြုပ်ထားကြသည့်အလားဖြစ်ပြီး အမှန်နှင့် အမှားတို့နှင့်သက်ဆိုင်သော စိတ်ကူးဖြင့် အစဉ်နစ်မြုပ်လျက် ရှိကြသည်။ သမ္မာတရားကို သူတို့ အဘယ်သို့ ရှာဖွေတွေ့ရှိကာ နားလည်နိုင်ကြမည်နည်း။ လူတစ်ဦးသည် သမ္မာတရားကို ရှာဖွေရန်အတွက် ဦးစွာ ကျိုးနွံနာခံရပေမည်။ ထို့နောက် အတွေ့အကြုံကာလတစ်ခု အပြီးတွင် သူတို့သည် ဉာဏ်အလင်းဖွင့်ပြမှုအချို့ကို ရေရှိနိုင်မည်ဖြစ်ပြီး ထိုအခိုက်တွင် သမ္မာတရားကို နားလည်ရန် လွယ်ကူပေသည်။ အကယ်၍ လူတစ်ဦးက မှန်ကန်သည့်အရာနှင့် မှားယွင်းသောအရာကို ဖော်ထုတ်ရန် အမြဲကြိုးစားနေပြီး အမှန်နှင့် အမှားတွင် ပါဝင်ပတ်သက်မိပါက သူသည် သမ္မာတရားကို ရှာဖွေတွေ့ရှိစရာ သို့မဟုတ် နားလည်စရာ အကြောင်းမရှိပေ။ ထို့ပြင် အကယ်၍ လူတစ်ဦးက သမ္မာတရားကို မည်သည့်အခါမျှ နားမလည်နိုင်လျှင် ဤအရာက အဘယ်အကျိုးကို ဖြစ်စေမည်နည်း။ သမ္မာတရားကို နားမလည်ခြင်းက ဘုရားသခင်နှင့်ပတ်သက်ပြီး အယူအဆများနှင့် နားလည်လွဲမှားမှုများကို ဖြစ်ပေါ်စေသည်။ လူတစ်ဦးသည် ဘုရားသခင်နှင့်ပတ်သက်၍ နားလည်မှုလွဲခြင်းများ ရှိသည့်အခါတွင် သူနှင့်ပတ်သက်၍ မကျေမနပ်ပြောရန် ဖြစ်နိုင်ဖွယ်ရှိသည်။ ဤမကျေမနပ်ပြောချက်များက ပေါက်ကွဲထွက်လာသောအခါ ၎င်းတို့က ဆန့်ကျင်ခြင်း ဖြစ်လာသည်။ ဘုရားသခင်ကို ဆန့်ကျင်ခြင်းသည် ဘုရားကို အာခံခြင်းဖြစ်သည်။ ကြီးလေးသော ပြစ်မှားမှုဖြစ်သည်။ လူတစ်ဦးသည် များစွာသော ပြစ်မှားမှုများကို ကျူးလွန်လျှင် ထိုသူသည် အမျိုးမျိုးသော ဆိုးယုတ်ခြင်းများကို ကျူးလွန်ပြီးဖြစ်ကာ အပြစ်ဒဏ်ပေးခြင်း ခံရသင့်သည်။ ဤသည်မှာ သမ္မာတရားကို နားလည်ရန် ထာဝရ မတတ်နိုင်ခြင်းမှ ဖြစ်ပေါ်သည့်အရာဖြစ်သည်။ ထို့ကြောင့် သမ္မာတရားကို ကြိုးပမ်းအားထုတ်ခြင်းဟူသည်မှာ သင့်အား သင့်တာဝန်ကို ကောင်းစွာ ထမ်းဆောင်စေရန်၊ နာခံမှုရှိရန်၊ စည်းမျဥ်းများအတိုင်း ပြုမူကျင့်ကြံရန်၊ ဘာသာတရားကိုင်းရှိုင်းပုံ ပေါက်ရန်၊ သို့မဟုတ် သူတော်စင်ကဲ့သို့သော အမူအကျင့်ပြုရန်သက်သက်သာ ရည်ရွယ်သည်မဟုတ်ပေ။ ယင်းမှာ ဤအရာများကို စွမ်းဆောင်ရရှိရန်သာ ရည်ရွယ်ခြင်း မဟုတ်ဘဲ အဓိကအားဖြင့် ဘုရားသခင်အပေါ် သင်ထားသိုထားသည့် အမျိုးမျိုးသော မမှန်ကန်သည့် အမြင်များကို ဖြေရှင်းရန် ရည်ရွယ်လေသည်။ သမ္မာတရားကို နားလည်ခြင်း၏ ရည်ရွယ်ချက်မှာ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန်အတွက် ဖြစ်သည်။ ထိုဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပြေလည်သောအခါ လူတို့သည် ဘုရားသခင်အကြောင်း နားလည်လွဲမှားမှုများ နောက်ထပ် ရှိတော့မည်မဟုတ်ပေ။ ဤအရာနှစ်ခုသည် ချိန်ဆက်နေသည်။ တစ်ချိန်တည်းတွင်ပင် လူတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းသည့်အခါတွင် ၎င်းတို့နှင့် ဘုရားသခင်ကြားက ဆက်ဆံရေးမှာ တဖြည်းဖြည်း တိုးတက်ပြီး ပို၍ပို၍ သာမန်ဖြစ်လာမည်။ ထို့ကြောင့်၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက ပြေလည်သည်နှင့် ဘုရားသခင်နှင့်ပတ်သက်၍ လူတို့၏ ဒွိဟဖြစ်ခြင်းများ၊ မသင်္ကာမှုများ၊ စမ်းသပ်မှုများ၊ နားလည်လွဲမှားမှုများ၊ သံသယများနှင့် နာကျည်းချက်များသာမက ၎င်းတို့၏ အတိုက်အခံလုပ်ခြင်းပါ အားလုံးသည်ပင်လျှင် တစ်စတစ်စ ပြေလည်သွားမည် ဖြစ်သည်။ လူတစ်ဦး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပြေလည်သောအခါ မည်သည့် လက်ငင်းသရုပ်သကန် ဖြစ်ပျက်သနည်း။ ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထား ပြောင်းလဲသွား၏။ ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံးဖြင့် အရာရာကို ၎င်းတို့ ရင်ဆိုင်နိုင်ကြပြီး ထို့နောက်တွင် သူနှင့် ၎င်းတို့၏ ဆက်ဆံရေးသည် တိုးတက်လိမ့်မည်။ ၎င်းတို့အနေဖြင့် သမ္မာတရားကို နားလည်လျှင် လက်တွေ့လုပ်ဆောင်နိုင်ကြလိမ့်မည်။ ၎င်းတို့တွင် ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံး ရှိကြသောကြောင့် ဘုရားသခင်ကို လှည့်ဖြားရန်မဆိုထားနှင့် မိမိတို့တာဝန်ကို ထမ်းဆောင်ရာတွင် ဝတ်ကျေတမ်းကျေ ဖြစ်ကြမည် မဟုတ်။ ဤသို့ဖြင့် ဘုရားသခင်အကြောင်း ပိုနည်းသည်ထက်နည်းသည့် အယူအဆများနှင့် အထင်လွဲမှုများ ရှိကြလိမ့်မည်၊ သူနှင့် ၎င်းတို့၏ ဆက်ဆံရေးက ပိုပိုပြီး ပုံမှန်ဖြစ်လာလိမ့်မည်ဖြစ်ကာ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါ ဘုရားသခင်ကို အပြည့်အဝ ကျိုးနွံနာခံနိုင်ကြလိမ့်မည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့်ဆိုင်သည့် ပြဿနာကို ၎င်းတို့ မဖြေရှင်းလျှင် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးတစ်ခု လုံးဝ ရရှိနိုင်ကြလိမ့်မည် မဟုတ်သကဲ့သို့ သူ့အပေါ် ကျိုးနွံနာခံမှုရှိသော စိတ်နှလုံးတစ်ခု လုံးဝ ရှိလိမ့်မည် မဟုတ်ပေ။ ဘာသာတရားမရှိသူများကဲ့သို့ပင် ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင်ကို အမြဲငြင်းပယ်ကာ အတိုက်အခံလုပ်လျက် အလွန် ပုန်ကန်တတ်လိမ့်မည်ဖြစ်ပြီး မိမိတို့တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် ၎င်းတို့အတွက် ဖြစ်နိုင်လိမ့်မည် မဟုတ်။ ဤသို့ဖြစ်သောကြောင့် သမ္မာတရား လိုက်စားခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းသည် အလွန် အရေးပါပေသည်။ သင်သည် သမ္မာတရားကို မလိုက်စားဘဲ ဘုရားသခင်နှင့်ပတ်သက်၍ သင်၏ အယူအဆများ၊ အထင်လွဲမှုများနှင့် မကျေနပ်ချက်များကို သင် ဖြေရှင်းလိုဆဲဖြစ်သည်။ ဤအရာကို သင် စွမ်းဆောင်ရရှိနိုင်သလော။ မုချ မစွမ်းဆောင်နိုင်ပေ။ လူအချို့က “ကျွန်ုပ်သည် ရိုးရှင်းသော လူတစ်ဦးဖြစ်သည်၊ ကျွန်ုပ်တွင် အယူအဆများ၊ အထင်လွဲမှုများ၊ သို့မဟုတ် မကျေနပ်ချက်များကဲ့သို့သော အရာတစ်ခုမျှ မရှိပါ။ ဤအရာများနှင့်ပတ်သက်၍ ကျွန်ုပ် မစဉ်းစားပါ”ဟု ဆိုကြသည်။ ထိုအကြောင်းကို သင် မတွေးလျှင် မည်သည့် အယူအဆမျှ မရှိသည်ကို သင် အာမခံနိုင်သလော။ ထိုအကြောင်းကို မစဉ်းစားခြင်းအားဖြင့် ဖောက်ပြန်ပျက်စီးသော သင်၏ စိတ်သဘောထားအား ထုတ်ဖော်ပြခြင်းကို သင် ရှောင်ရှားနိုင်သလော။ တစ်စုံတစ်ဦးက မည်သည့် ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ပြသည်ဖြစ်စေ ထိုအရာကို ၎င်းတို့၏ သဘာဝက အမြဲ သတ်မှတ်ထားခြင်း ဖြစ်သည်။ လူအားလုံးသည် မိမိတို့၏ စာတန်ဆန်သော သဘာဝဖြင့် အသက်ရှင်ကြ၏။ ၎င်းတို့၏ စာတန်ဆန်သော စိတ်သဘောထားများသည် ၎င်းတို့အတွင်းတွင် နက်ရှိုင်းစွာ အမြစ်တွယ်ထားပြီး ၎င်းတို့၏ သဘာဝ အနှစ်သာရ ဖြစ်လာပြီးဖြစ်သည်။ လူတို့သည် ၎င်းတို့၏ စာတန်ဆန်သော စိတ်သဘောထားများကို အမြစ်ဖြတ်ရန် နည်းလမ်းမရှိ၊ သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်များကို အသုံးပြုခြင်းအားဖြင့်သာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့်ဆိုင်သည့် ပြဿနာအားလုံးကို ၎င်းတို့ တဖြည်းဖြည်း ဖြေရှင်းနိုင်ကြပေသည်။

လူတစ်ဦး၏ ဘုရားသခင်နှင့် ဆက်ဆံရေး၌ တိုးတက်မှု ရှိခြင်းဖြစ်စေ၊ မရှိခြင်းဖြစ်စေ မည်သည့်နေရာတွင် ထင်ရှားသနည်း။ ထိုအရာသည် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို သင် ရင်ဆိုင်ရချိန် သင့်တွင်ရှိသည့် သဘောထားနှင့် အမြင်များတွင် ထင်ရှားပေသည်။ သင်၏ သဘောထားနှင့် အမြင်များသည် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် စာတန်ဆန်သော အတွေးအခေါ်များ သို့မဟုတ် အသိပညာနှင့် သဘောတရားများမှလာပြီး သင်က ဤအရာများကို သင်၏ ဘဝ အတွေးအခေါ်နှင့် ဆောင်ပုဒ်အဖြစ် စွဲကိုင်လျှင် သင်သည် သမ္မာတရားကို လိုက်စားသူတစ်ဦး ဟုတ်သလော။ သမ္မာတရားကို သင် ရရှိပြီးပြီလော။ (မရရှိသေးပါ။) သင်သည် သမ္မာတရားကို လိုက်စားသည့် တစ်စုံတစ်ဦး မဟုတ်ဟု သေချာပေါက် ပြော၍မရပေ။ သင့်အနေဖြင့် သမ္မာတရား လိုက်စားသည့် လမ်းပေါ်တွင် ရှိကောင်းရှိမည် ဖြစ်သော်လည်း အနည်းဆုံးအနေဖြင့် ထိုအရာက သင်သည် သမ္မာတရား စစ်မှန်မှုများထဲသို့ မဝင်ရောက်သေးကြောင်း ပြသပေသည်။ သင်၏ အယူအဆများနှင့် မကိုက်ညီသည့် တစ်စုံတစ်ရာကို ရင်ဆိုင်ရသည့်အခါ သင် ချက်ချင်း ဒေါသထွက်လျှင်၊ စားပွဲကို ထုပြီး လူတို့ကို အော်ဟစ်လျှင်၊ ထိုအရာကို လက်ခံရန် ငြင်းပြီး ကျိုးနွံနာခံခြင်းမရှိလျှင် ဤတွင် ပြဿနာမှာ အဘယ်နည်း။ ဤသည်မှာ ဘုရားသခင်ရှေ့မှောက်တွင် အသက်ရှင်သည့် လူတစ်ဦး ဖြစ်သလော။ သင်သည် အဘယ်ကြောင့် သမ္မာတရားကို မရှာဖွေနိုင်သနည်း။ ဤအရာက သမ္မာတရားသည် သင်၏ စိတ်နှလုံးကို မထိန်းချုပ်သေးကြောင်း ပြသသည်။ ထိုသို့သော အသေးအဖွဲ့လေးတစ်ခုနှင့်ပတ်သက်၍ပင် သင် တည်ငြိမ်အောင် မနေနိုင်ဘဲ ထိုသို့သော သေးငယ်သည့် ကိစ္စရပ်တစ်ခုက သင်၏ အကျည်းတန်သော အခြေအနေကို ဖော်ထုတ်လျှင် ဤအရာက သင်သည် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးပြုရာတွင် မကျွမ်းကျင်ကြောင်းနှင့် သင် ဒေါသဖြစ်သည့်အခါ သမ္မာတရား ရှာဖွေခြင်းကို ဘေးဖယ်ထားကြောင်း သက်သေပြပေသည်။ ဤသည်မှာ မှန်ကန်ပါက အသက်ဝင်ရောက်မှုကို သင် အဘယ်သို့ ရှိနိုင်မည်နည်း။ လူအချို့သည် ဘုရားသခင်ကို နှစ်များစွာ ယုံကြည်သော်လည်း မည်သည့်အရာ ဖြစ်ပျက်ပါစေ ၎င်းတို့သည် စာတန်ဆန်သော အတွေးအခေါ်များအတိုင်း အသက်ရှင်ရင်းနှင့် သမ္မာတရားကို မည်သည့်အခါတွင်မျှ ရှာဖွေခြင်းမရှိ သို့မဟုတ် အခြားသူများနှင့် မည်သို့ ဆက်ဆံပြီး ကိစ္စရပ်များအား ကိုင်တွယ်ရမည်ဆိုသည်နှင့်ပတ်သက်၍ ၎င်းတို့၏ ရှုထောင့်အမြင်များကို မည်သည့်အခါတွင်မျှ ပြောင်းလဲခြင်းမရှိဘဲ ဘာသာတရားမရှိသူများကဲ့သို့ပင် ပြုမူကြလေသည်။ ၎င်းတို့သည် သိသာသည့် ဆိုးယုတ်သော လုပ်ရပ်များ မကျူးလွန်သေးသော်လည်း သို့မဟုတ် ကမ်းကုန်သည့် အမှားများကို မလုပ်မိသေးသကဲ့သို့ လူကောင်းများ ဖြစ်ပုံရကြသော်လည်း ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ပြီးဖြစ်လင့်ကစား အသက်ဝင်ရောက်မှု မရှိကြသကဲ့သို့ သမ္မာတရားကို မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်ကြရသေးပေ။ ထိုသို့သော လူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိနိုင်သလော။ ၎င်းတို့အတွက် ရရှိရန် ခက်ခဲမည်ကို စိုးရ၏။ လူအချို့သည် ဘုရားသခင်ကို နှစ်များစွာကြာ ယုံကြည်ပြီး မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ ၎င်းတို့က “ကျွန်ုပ်၏ အယူအဆတွင် ထိုထိုသောအရာ…..”၊ “ထိုထိုသောအရာများကို ကျွန်ုပ် စီစဉ်သည်….”ဆိုသည်နှင့် “ဤသို့ ထိုသို့ ငါ စဉ်းစားသည်…” ဟု အစဉ်သဖြင့် ပြောကြသည်၊ သို့မဟုတ် ၎င်းတို့က “ဤဆိုရိုးဟောင်းက ကောင်းစွာ ပြောထားသည်…” ဆိုသည်နှင့် “ထိုကျော်ကြားသည့်လူက ပြောသည့်အတိုင်း….”ဟူ၍ ပြောကြသည်။ ထိုအရာက ၎င်းတို့သည် စာတန်နှင့် သက်ဆိုင်သည့် တစ်စုံတစ်ဦး၊ ၎င်းတို့ စိတ်နှလုံးတွင် သမ္မာတရား အနည်းငယ်မျှမရှိသည့် တစ်စုံတစ်ဦးဖြစ်ကြောင်း သက်သေပြသည်နှင့်အမျှ ဤကဲ့သို့ အမြဲ ပြောဆိုသည့်လူများတွင် ပြဿနာတစ်ခု ရှိလေသည်။ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ သင်က “ဘုရားနှုတ်ကပတ်တော်က ပြောသည်ကို ကျွန်ုပ် သတိရသည်…”၊ “တစ်ချိန်တုန်းက ဘုရားသခင် ပြောခဲ့သည်….” သို့မဟုတ် “ဘုရားအိမ်တော်၏ တရားဒေသနာများထဲမှ တစ်ခုတွင် ဟောပြောထားသည်မှာ….”၊ “ဘုရားနှုတ်ကပတ်တော် ဓမ္မတေးတစ်ပုဒ်ထဲတွင် ဤသို့ပြောသည့် စာသားတစ်ကြောင်း ရှိသည်….”ဟု အမြဲပြောလျှင်၊ ပြဿနာများကို ဤကဲ့သို့ သင် အမြဲ စဉ်းစားပြီး ပြောဆိုလျှင် ထိုအရာက သင်သည် သမ္မာတရားကို ချစ်ပြီး သမ္မာတရား စစ်မှန်မှုအချို့ ပိုင်ဆိုင်သောသူတစ်ဦးဖြစ်ကြောင်း သက်သေပြပေသည်။ ဘုရားသခင်ကို ယုံကြည်သည့် တစ်စုံတစ်ဦးထံ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ ဘုရားသခင် ပြောသည့်အရာကို ပထမဆုံး နားလည်အောင်လုပ်ရမည်၊ အရာရာကို ဘုရားနှုတ်ကပတ်တော်နှင့် နှိုင်းယှဉ်ချိန်ဆကြည့်ကာ ဘုရားနှုတ်ကပတ်တော်များကို မိမိတို့၏ အခြေခံအုတ်မြစ်၊ အရင်းခံရာနှင့် စမှတ်အဖြစ် အသုံးပြုရမည်ဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို လိုက်စားကာ လက်တွေ့လုပ်ဆောင်နေချိန်တွင် ၎င်းတို့ ရှိသင့်သည့် သဘောထားဖြစ်သည် မဟုတ်လော။ ဤသည်မှာ မရှိမဖြစ်လိုအပ်သည့် အနိမ့်ဆုံးသောအရာ ဖြစ်သည်။ ယခုခေတ်တွင် လူတို့သည် နေ့စဉ် တရားဒေသနာများကို နားထောင်ပြီး ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုကြသော်လည်း အမှုအရာများ ဖြစ်ပျက်သည့်အခါ ၎င်းတို့က “ကျွန်ုပ် မိခင်ပြောသည်….”၊ “ဆိုရိုးဟောင်းတစ်ခုရှိသည်….”၊ “ထိုထိုသော ကျော်ကြားသည့် လူတစ်ဦးက ပြောသည်….”၊ “စကားပုံတစ်ခုက ပြောသည်….”ဆိုသည်နှင့် “အများလက်ခံထားသည့် ဆိုရိုးက ပြောသည့်အတိုင်း…”ဟူ၍ ပြောဆိုကြဆဲဖြစ်သည်။ ၎င်းတို့ စားသောက်သည့် ဘုရားနှုတ်ကပတ်တော်များက မည်သည့်နေရာသို့ ရောက်သွားခဲ့သနည်း။ ၎င်းတို့က သမ္မာတရားကို မရရှိသေးကြောင်း၊ သို့မဟုတ် သမ္မာတရား စစ်မှန်မှုများထဲသို့ မဝင်ရောက်သေးကြောင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံးများ မရှိကြသည့်အပြင် ဘာသာတရားမရှိသူများ၏ လေသံဖြင့် အမြဲ စကားပြောဆိုကြကြောင်းတို့ကို ဤလူများ၏ သဘောထားနှင့် တုံ့ပြန်မှုများမှ သင် မြင်နိုင်သည်။ ထိုသို့သောလူများသည် နုံအပြီး ဉာဏ်ထိုင်းသည့် မျက်နှာထားတစ်ခု ရှိကြသည်။ မည်သည့်အရာက ဤသို့ ဖြစ်စေသနည်း။ (သမ္မာတရားကို မလိုက်စားခြင်းက ဖြစ်စေပါသည်။) လူတို့သည် အပြင်ပန်းတွင် နုံအပြီး ဉာဏ်ထိုင်းပုံပေါ်နိုင်သော်လည်း အတွင်းတွင် ၎င်းတို့သည် မည်သည့်အရာနှင့် တူကြသနည်း။ ၎င်းတို့သည် အတွင်းတွင် ညှိုးခြောက်နေ၏။ တစ်နည်းအားဖြင့် ၎င်းတို့သည် သမ္မာတရား၏ ရေလောင်းပေးခြင်းနှင့် ဖြည့်တင်းပေးခြင်းကို မခံကြရသေးပေ။ ၎င်းတို့သည် ဆာလောင်နေဆဲဖြစ်ပြီး သမ္မာတရားကို မရရှိကြသေးပေ။ ထို့ကြောင့် မထုံတက်တေးနိုင်ပြီး မောပန်းနွမ်းနယ်သည့် ဘဝများကို ၎င်းတို့ အသက်ရှင်ကြသည်၊ တုံ့ပြန်ရန် နှေးကွေးကြပြီး တစ်စုံတစ်ရာဖြစ်ပျက်သည့်အခါ အထူးသဖြင့် အကူအညီမဲ့ကာ “ဘုရားသခင်၊ မည်သည့်အရာ လုပ်ဆောင်ရမည်ကို ကျွန်ုပ် မသိပါ”၊ “ကျွန်ုပ် မရှင်းမလင်းဖြစ်နေပါသည်” သို့မဟုတ် “ကျွန်ုပ်တွင် လမ်းကြောင်းမရှိပါ”ဟု မကြာခဏ ပြောဆိုကြလေသည်။ ဤစကားများက ၎င်းတို့၏ နှုတ်ခမ်းများထက်တွင် အမြဲရှိသည်။ ယင်းတို့သည် ကောင်းမွန်သည့် စကားများဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် အဘယ်ကြောင့် လူအချို့က ထိုစကားများထံမှ အမြဲ သင်ယူကြသနည်း။ ယင်းတို့သည် လူကြိုက်များသည့် ရေပန်းစားသော စကားများပင် ဖြစ်လာကြပြီး ဖြစ်သည်။ ဤစကားများသည် အဘယ်ကြောင့် ငါ့အဖို့ အလွန်အချိုးမပြေပုံရသနည်း။ ယင်းတို့သည် ကောင်းမွန်သည့် စကားများ မဟုတ်သကဲ့သို့ သင်ယူရန် မလိုအပ်ပေ။ လူကြိုက်များသည့်အရာများကို အာရုံမစိုက်နှင့်၊ ထိုအစား သမ္မာတရားနှင့် သင်၏ ကိုယ်ပိုင် လက်တွေ့ကျသည့် ပြဿနာများ ဖြေရှင်းခြင်းကို အာရုံစိုက်လော့။ သင့်ထံ အမှုအရာများ ဖြစ်ပျက်သည့်အခါ သင်၏ အမြင်များ၊ သဘောထား၊ ရည်ရွယ်ချက်နှင့် စမှတ်တို့က ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ထုတ်ဖော်ပြခြင်းရှိမရှိဆိုသည်ကို သင် ပြန်လည်သုံးသပ်ရမည်။ ဤအရာကို သင် ပြန်လည်သုံးသပ်ရမည်။ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ၊ ထိုအရာကို ဖြေရှင်းရန် စာတန်ဆန်‌သော အတွေးအခေါ်များကို သင် မှီခိုပြီး လူသား နည်းစနစ်များကို သင် အသုံးပြုသလော သို့မဟုတ် သမ္မာတရားကို ရှာဖွေပြီး ဘုရားနှုတ်ကပတ်တော်များအတိုင်း ထိုအရာကို သင် ဖြေရှင်းသလော၊ သို့မဟုတ် အပေးအယူလုပ်သည့် အလယ်အလတ် ချဉ်းကပ်နည်းကို သင် ခံယူသလော။ သင်၏ ရွေးချယ်မှုများက သင့်အနေဖြင့် သမ္မာတရားကို ချစ်ပြီး လိုက်စားသည့် တစ်စုံတစ်ဦး ဟုတ်သလောဆိုသည်ကို အကောင်းဆုံး ထုတ်ဖော်ပြပေသည်။ သင်သည် စာတန်ဆန်သည့် အတွေးအခေါ်များနှင့် လူသားနည်းစနစ်များကို မှီခိုခြင်းအားဖြင့် ပြဿနာများကို ဖြေရှင်းရန် အမြဲ ရွေးချယ်လျှင် အကျိုးဆက်မှာ သမ္မာတရားသာမက သန်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း၊ အလင်းပြခြင်းနှင့် လမ်းပြခြင်းတို့ကို သင် မရရှိနိုင်ခြင်း ဖြစ်ပေလိမ့်မည်။ ထို့အပြင် ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများနှင့် အထင်လွဲမှုများက သင့်အထဲတွင် ထွက်ပေါ်လိမ့်မည်ဖြစ်ပြီး နောက်ဆုံးတွင် သူက သင့်ကို ပစ်ပစ်ခါခါငြင်းပြီး ဖယ်ရှားရှင်းလင်းလိမ့်မည်။ သို့ရာတွင် အရာခပ်သိမ်း၌ သမ္မာတရားကို သင် ရှာဖွေနိုင်ပြီး ယင်းတို့ကို ဘုရားနှုတ်ကပတ်တော်များအတိုင်း ဖြေရှင်းနိုင်လျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှု၊ အလင်းပြမှုနှင့် လမ်းပြမှုတို့ကို ရရှိနိုင်လိမ့်မည်။ သမ္မာတရားအပေါ် သင်၏ သိနားလည်မှုသည် ယခင်ထက် တိုး၍ ရှင်းလင်းလာလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို ပိုပိုပြီး သင် သိရှိလာလိမ့်မည်။ ဤသို့ဖြင့် ဘုရားသခင်ကို သင် အမှန်တကယ် ကျိုးနွံနာခံကာ ချစ်နိုင်လိမ့်မည်။ အချိန်ကာလတစ်ခုကြာ ဤသို့ လက်တွေ့လုပ်ဆောင်ကာ တွေ့ကြုံပြီးသည့်နောက်တွင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက ယခင်ထက် ပိုမို သန့်စင်သွားလိမ့်မည်ဖြစ်ပြီး သင့်အနေဖြင့် နောက်ဆုံးတွင် ဘုရားသခင်နှင့် ပြီးပြည့်စုံသည့် သဟဇာတဖြစ်ခြင်းကို စွမ်းဆောင်ရရှိသည်အထိ ဘုရားသခင်ကို ပုန်ကန်သည့် ဖြစ်ရပ်များ လျော့နည်းသည်ထက် လျော့နည်းသွားလိမ့်မည်။ အပေးအယူလုပ်သည့် အလယ်အလတ် လမ်းစဉ်ကို သင် အမြဲ ရွေးချယ်လျှင် ပြဿနာများကို ကိုင်တွယ်ရန် စာတန်ဆန်သော အတွေးအခေါ်များကို သင် အမှန်တကယ် မှီခိုနေမိဦးမည်ဖြစ်သည်။ ဤကဲ့သို့ အသက်ရှင်ခြင်းက ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို မည်သည့်အခါတွင်မျှ ရရှိလိမ့်မည် မဟုတ်၊ သင်သည် ထုတ်ဖော်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းကိုသာ ခံရလိမ့်မည်။ ဘုရားသခင်ကို ယုံကြည်ရန် မှားယွင်းသည့် နည်းလမ်း၊ ဘာသာရေး နည်းလမ်းကို သင် ရွေးချယ်မိပြီးဖြစ်လျှင် သင်၏ လမ်းကြောင်းကို အမြန် ပြောင်းလဲရန်၊ ချောက်ကမ်းပါးစွန်းမှ နောက်ပြန်ဆုတ်ပြီး မှန်ကန်သည့် နည်းလမ်းကို ခံယူရန် လိုအပ်သည်။ ထို့နောက်တွင် ကယ်တင်ခြင်း ရရှိရန် သင့်အတွက် မျှော်လင့်ချက် ရှိကောင်းရှိနေဆဲဖြစ်နိုင်သည်။ သင့်အနေဖြင့် ဘုရားသခင်ကို မှန်ကန်သည့် ယုံကြည်ခြင်း နည်းလမ်းကို ရရှိလိုလျှင် ထိုအတွက် သင့်ဘာသာ ရှာဖွေပြီး ဟိုစမ်းစမ်း သည်စမ်းစမ်း လုပ်ရမည်ဖြစ်သည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိသည့် တစ်စုံတစ်ဦးက ကာလတစ်ခုကြာ တွေ့ကြုံပြီးနောက်တွင် မှန်ကန်သည့် လမ်းကြောင်းကို ရှာတွေ့လိမ့်မည်။

သို့ဆိုလျှင် ငါတို့ယခုတင် မည်သည့်အရာကို မိတ်သဟာယပြုခဲ့ကြသနည်း။ (သမ္မာတရား လိုက်စားခြင်းက မည်သည့်အရာကို အဓိက ဖြေရှင်းကြောင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့ မိတ်သဟာယပြုခဲ့ပါသည်။ ဆိုလိုသည်မှာ ဘုရားသခင်နှင့်ပတ်သက်၍ လူတို့တွင် ရှိသည့် မှားယွင်းသော အမြင်အမျိုးမျိုးနှင့် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြစ်သည်။ အမှုအရာများ ၎င်းတို့ထံ ဖြစ်ပျက်သည့်အခါ လူတို့၏ အမြင်များ၊ သဘောထားများနှင့် ရည်ရွယ်ချက်များက မည်သည့်အရာ ဖြစ်သည်ဆိုသည်နှင့် လူတို့အနေဖြင့် စာတန်ဆန်သော အတွေးအခေါ်များနှင့် လူသားအယူအဆများအပြင် စိတ်ကူးများကို အသုံးပြုလျက် အမှုအရာများကို ချဉ်းကပ်ခြင်းရှိမရှိ၊ သို့မဟုတ် ယင်းတို့ကို သမ္မာတရားကို ရှာဖွေခြင်းမှတစ်ဆင့် ဖြေရှင်းခြင်း ရှိမရှိဆိုသည်တို့နှင့် ပတ်သက်၍လည်း ကျွန်ုပ်တို့ မိတ်သဟာယပြုခဲ့ကြပါသည်။) ဤစကားများသည် သတိရရန် လွယ်ကူသော်လည်း အဓိကအချက်မှာ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ သင်သည် ဘုရားနှုတ်ကပတ်တော်များနှင့် နှိုင်းယှဉ်ချိန်ဆကြည့်နိုင်ခြင်း ရှိမရှိဆိုသည်နှင့် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများကို သင် ရှာတွေ့နိုင်သလောဟူသည့်အရာ ဖြစ်သည်။ သင့်အနေဖြင့် စည်းမျဉ်းများကို ကျင့်သုံးနိုင်လျှင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်လျှင် သမ္မာတရား စစ်မှန်မှုများ ရှိလိမ့်မည် ဖြစ်သည်။ သမ္မာတရားကို သိနားလည်ခြင်းက သမ္မာတရားကို သင် ရရှိပြီးဖြစ်သည်ဟု မဆိုလိုပေ။ ထိုအရာကို သင် အမှန်တကယ် နားလည်နိုင်သည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည့်အခါတွင်သာ ဖြစ်သည်။ သင့်အနေဖြင့် သမ္မာတရားကို မကြာခဏ လက်တွေ့လုပ်ဆောင်ပြီး လုံးဝ စည်းမျဉ်းများနှင့်အညီ ထိုသို့ လက်တွေ့လုပ်ဆောင်လျှင် ဤသည်မှာ သမ္မာတရားကို ရရှိခြင်း ဖြစ်သည်။ စကားများနှင့် အယူဝါဒများအကြောင်းကို ပြောဆိုနိုင်ရုံမျှကို အစွမ်းအစကောင်းအဖြစ် ယူဆ၍မရနိုင်ပေ။ အမှုအရာများ သင့်အပေါ် ကျရောက်သည့်အခါ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို သင် ရှာဖွေနိုင်မှသာ သဘောပေါက်နားလည်နိုင်စွမ်းကို သင် ရှိပေသည်။ အရေးအပါဆုံးသော အရာမှာ လက်တွေ့ကျသည့် ပြဿနာများကို ဖြေရှင်းနိုင်ခြင်း ဖြစ်သည်။ ဥပမာအားဖြင့် အကယ်၍ သင်သည် ညီအစ်ကို သို့မဟုတ် မောင်နှမတစ်ဦးနှင့် ကောင်းသော ဆက်ဆံရေးရှိပြီး သူတို့၌ မည်သည့်အရာ မှားယွင်းနေကြောင်း ထောက်ပြရန် သင့်ကို တောင်းဆိုလျှင် သင် ယင်းကို အဘယ်သို့ ပြုသင့်သနည်း။ ဤသည်မှာ ကိစ္စရပ်အတွက် သင်အသုံးပြုသော ချဉ်းကပ်နည်းနှင့် ဆက်စပ်သည်။ သင်၏ ချဉ်းကပ်နည်းမှာ သမ္မာတရားစည်းမျဉ်းများကို အခြေခံသည့် ချဉ်းကပ်နည်းလော၊ သို့မဟုတ် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များကို သင် အသုံးပြုသလော။ ၎င်းတို့၌ ပြဿနာရှိနေသည်ကို သင် ရှင်းလင်းစွာ တွေ့မြင်နိုင်သော်လည်း သင်၏ ဆက်ဆံရေးကို မထိခိုက်အောင် ရှောင်ဖို့ငှာ ထိုသူအား ပွင့်ပွင့်လင်းလင်း မပြောဘဲ “ကျွန်ုပ်၏ ဝိညာဉ်ရင့်ကျက်မှုက ယခုတွင် သေးငယ်ပြီး သင်၏ ပြဿနာများကို လုံးစေ့ပတ်စေ့ နားမလည်ပါ။ နားလည်သောအခါ ကျွန်ုပ် သင့်ကို ပြောပါမည်” ဟု ပြောရင်း ဆင်ခြေများပင် ပေးလျှင် ပြဿနာမှာ အဘယ်နည်း။ ဤသည်မှာ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်တစ်ခု ပါဝင်သည်။ ဤသည်မှာ တစ်ပါးသူများကို အရူးလုပ်ရန် ကြိုးစားနေခြင်း မဟုတ်သလော။ သင်သည် ရှင်းရှင်းလင်းလင်း မြင်နိုင်သမျှ ပြောဆိုသင့်သည်။ ပြီးလျှင် တစ်စုံတစ်ခုသည် သင့်အဖို့ ထင်ရှားမြင်သာခြင်းမရှိပါက ယင်းကို ပြောလော့။ ဤသည်မှာ သင်၏စိတ်နှလုံးထဲ ရှိသည့်အရာကို ပြောခြင်း ဖြစ်သည်။ သင်၌ အတွေးအချို့ရှိပြီး အချို့သောအရာများမှာ သင့်အဖို့ ထင်သာမြင်သာရှိသော်လည်း ၎င်းတို့ စိတ်ဆိုးအောင် လုပ်မိမည်ကို သင်စိုးရွံ့ကာ ၎င်းတို့၏ ခံစားချက်ကို ထိခိုက်မိမည်ကို ကြောက်သောကြောင့် မည်သည့်အရာကိုမျှ မပြောရန် ရွေးချယ်ပါက ဤသည်မှာ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်တစ်ခုဖြင့် အသက်ရှင်နေခြင်း ဖြစ်သည်။ တစ်စုံတစ်ဦး၌ ပြဿနာရှိကြောင်း၊ သို့မဟုတ် တစ်စုံတစ်ဦးသည် လမ်းလွဲသွားပြီးဖြစ်ကြောင်း သင်သိလျှင် ၎င်းတို့အား သင်သည် မေတ္တာဖြင့် မကူညီနိုင်လျှင်ပင် အနည်းဆုံးအနေဖြင့် ထိုပြဿနာကို ၎င်း ဆင်ခြင်သုံးသပ်နိုင်ဖို့အလို့ငှာ ယင်းကို သင် ထောက်ပြရမည်။ သင် လျစ်လျူရှုလျှင် ဤသည်မှာ ၎င်းကို ထိခိုက်နစ်နာစေခြင်း မဟုတ်လော။ ၎င်းတို့ကို သင် တစ်ကြိမ်ကူညီပြီး သမ္မာတရားကို ၎င်းတို့ လက်မခံကြောင်း၊ ၎င်းတို့က ဆင်ခြင်တုံတရားမဲ့ကြောင်း၊ ရက်စက်သည့် စိတ်သဘောထားတစ်ခု ရှိကာ အခြေခံအားဖြင့် သမ္မာတရားကို မချစ်ကြကြောင်း တွေ့ရှိလျှင် ၎င်းတို့၏ ပြဿနာများကို ၎င်းတို့ထံ ထောက်မပြခြင်းက သင် အမြော်အမြင်ရှိခြင်း ဖြစ်ပေမည်။ သို့သော် သမ္မာတရားကို လက်ခံနိုင်သည့် လူတစ်ဦးထံ ပြဿနာများကို သင် မထောက်ပြပြန်လျှင် သင့်ထံတွင် ချစ်ခြင်းမေတ္တာ မရှိပေ။ သင်၏ ညီအစ်ကို မောင်နှမများကို သင် ဤသို့ ဆက်ဆံပါက သင့်အနေဖြင့် လှည့်ဖြားသောနည်းလမ်းဖြင့် ပြုမူခြင်း၊ လူတို့ကို လိမ္မာပါးနပ်သည့် စကားများဖြင့် လှည့်စားခြင်းနှင့် အခြားလူတို့ကို အမြဲ လှောင်ရယ်လိုခြင်းသာ ဖြစ်သည်။ ဤကဲ့သို့ ပြုမူသည့် လူများသည် လူကောင်းများ မဟုတ်သကဲ့သို့ ဤအရာအတွင်း၌ ပါရှိသည့် စိတ်သဘောထားတစ်ခု ရှိသည်။ ထိုသို့သော လူများသည် စာတန်ဆန်သော အတွေးအခေါ်များဖြင့် လုံးဝ အသက်ရှင်နေကြသည်။ ၎င်းတို့သည် ပုံမှန်လူ့သဘာဝ အသိစိတ်အတွင်းမှ စကားပြောဆိုခြင်း၊ သို့မဟုတ် ပြုမူနေခြင်း မဟုတ်ကြသကဲ့သို့ သမ္မာတရားစည်းမျဉ်းများအတိုင်းလည်း ပြုမူနေကြခြင်း မဟုတ်ပေ။ သို့ဆိုလျှင် သမ္မာတရား၏ စည်းမျဉ်းအရ ဤကိစ္စရပ်ကို သင် အဘယ်သို့ ချဉ်းကပ်သင့်သနည်း။ မည်သည့်လုပ်ဆောင်ချက်က သမ္မာတရားနှင့် ညီညွတ်သနည်း။ ဆက်စပ်သော အခြေခံသဘောတရားများ မည်မျှရှိသနည်း။ အနည်းဆုံးအနေဖြင့် ပထမဦးစွာ တစ်ပါးသူများကို ထိမိ၍ လဲကျစေခြင်း မပြုနှင့်။ သင်သည် တစ်ပါးသူတို့၏ အားနည်းချက်များနှင့် သူတို့အား မည်သည့်စကားပြောနည်းက သူတို့အား ထိမိ၍လဲကျစေခြင်း မရှိစေမည့်နည်းလမ်းကို ဦးစွာ စဉ်းစားရမည်။ ဤသည်မှာ အနည်းဆုံးအနေဖြင့် စဉ်းစားသုံးသပ်သင့်သည့်အရာပင် ဖြစ်သည်။ ထို့နောက် သူသည် ဘုရားကို အမှန်တကယ် ယုံကြည်ပြီး သမ္မာတရားကို လက်ခံသောသူ ဖြစ်သည်ကို သင်သိလျှင် ထိုသူသည် ပြဿနာတစ်ခုရှိသည်ကို သင် သတိပြုမိသောအခါ သင့်ဘက်မှစ၍ ထိုသူကို ကူညီသင့်သည်။ သင်က မည်သည့်အရာကိုမျှ မလုပ်ဆောင်ဘဲ ထိုသူကို လှောင်ရယ်လျှင် ယင်းသည် ထိုသူကို ထိခိုက်နာကျင်စေသည်။ ထိုသို့ပြုသောသူသည် အသိတရား သို့မဟုတ် အသိစိတ်၊ မရှိပေ။ သူတစ်ပါးတို့အတွက် ချစ်ခြင်းမရှိပေ။ အသိတရားနှင့် အသိစိတ် အနည်းငယ်ရှိသူတို့သည် ၎င်းတို့၏ ညီအစ်ကိုမောင်နှမများကို မလှောင်ရယ်နိုင်ပေ။ သူသည် ၎င်းတို့ပြဿနာကို ကူညီဖြေရှင်းရန်အတွက် မတူညီသောနည်းလမ်းများကို စဉ်းစားသင့်သည်။ သူသည် ထိုသူအား မည်သည့်အရာ ဖြစ်ပျက်သည်နှင့် ထိုသူ၏ အမှားက မည်သည့်နေရာတွင် ရှိသည်ကို နားလည်ခွင့်ပေးသင့်သည်။ ထိုသူက နောင်တရနိုင်ခြင်း ရှိမရှိဆိုသည်မှာ သူ၏ ကိုယ်ပိုင်ကိစ္စဖြစ်သည်။ ငါတို့သည် မိမိတို့၏ တာဝန်ကို ဖြည့်ဆည်းပြီးဖြစ်လိမ့်မည်။ ထိုသူက ယခုတွင် နောင်တမရလျှင်ပင် သူအသိတရားရလာသော တစ်နေ့ကို အနှေးနှင့်အမြန် ရောက်ရှိလာလိမ့်မည်ဖြစ်ပြီး ထိုသူက သင့်ကို စောဒကတက်မည် မဟုတ်၊ သို့မဟုတ် စွပ်စွဲမည်မဟုတ်ပေ။ အနည်းဆုံးအနေဖြင့် သင်၏ ညီအစ်ကိုမောင်နှမများကို သင်ဆက်ဆံသည့်ပုံစံသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ စံနှုန်းများအောက်တွင် မရှိရပေ။ သူတစ်ပါးတို့အပေါ်သို့ သင့်ကိုယ်သင် အကြွေးမတင်စေနှင့်။ သင်တတ်နိုင်သည့်အတိုင်းအတာအထိ သူတို့ကို ကူညီလော့။ ဤသည်မှာ လူတို့ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ မိမိတို့၏ ညီအစ်ကိုမောင်နှမများကို ချစ်ခြင်းဖြင့်လည်းကောင်း၊ သမ္မာတရားစည်းမျဉ်းများနှင့် အညီလည်းကောင်း ဆက်ဆံနိုင်သောသူတို့သည် အကောင်းဆုံးလူအမျိုးအစားများ ဖြစ်သည်။ ၎င်းတို့သည် အကြင်နာတတ်ဆုံးသော သူများလည်း ဖြစ်သည်။ စစ်မှန်သော ညီအစ်ကိုမောင်နှမများသည် သမ္မာတရားကို လက်ခံပြီး လက်တွေ့လုပ်ဆောင်နိုင်သောသူများ ဖြစ်သည်မှာ မှန်သည်။ လူတစ်ယောက်သည် မုန့်ကိုအဝစားရန်၊ သို့မဟုတ် ကောင်းချီးများ ရရှိရန်အတွက်သာ ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရားကို လက်မခံလျှင် သူသည် ညီအစ်ကိုမောင်နှမတစ်ယောက် မဟုတ်ပေ။ စစ်မှန်သော ညီအစ်ကိုမောင်နှမများကို သမ္မာတရားစည်းမျဉ်းများနှင့်အညီ ဆက်ဆံရမည်။ ၎င်းတို့က ဘုရားသခင်ကို မည်သို့ယုံကြည်သည်ဖြစ်စေ၊ မည်သည့်လမ်းကြောင်းတွင် ရှိနေသည်ဖြစ်စေ မေတ္တာစိတ်ဖြင့် ၎င်းတို့ကို ကူညီသင့်သည်။ စွမ်းဆောင်ရရှိသင့်သည့် အနည်းဆုံးသော အကျိုးသက်ရောက်မှုမှာ အဘယ်နည်း။ ရှေးဦးစွာ ၎င်းတို့ကို လဲကျအောင်မပြုခြင်း ဖြစ်သည်။ ၎င်းတို့ကို အပျက်သဘောဆောင်ခွင့် မပေးခြင်းဖြစ်သည်။ ဒုတိယအနေဖြင့် ၎င်းတို့ကို ကူညီခြင်းဖြစ်သည်။ မှားယွင်းသောလမ်းမှ ပြန်လှည့်ရန် ပြုလုပ်ခြင်းဖြစ်သည်။ တတိယအနေဖြင့် ၎င်းတို့ကို သမ္မာတရားကို နားလည်ပြီး မှန်ကန်သောလမ်းကို ရွေးချယ်အောင် ပြုလုပ်ခြင်းဖြစ်သည်။ ဤအကျိုးသက်ရောက်မှု သုံးမျိုးကို ၎င်းတို့ကို မေတ္တာစိတ်ဖြင့် ကူညီခြင်းအားဖြင့်သာ ရရှိနိုင်သည်။ သင့်တွင် စစ်မှန်သော ချစ်ခြင်းမရှိလျှင် ဤအကျိုးသက်ရောက်မှုသုံးမျိုးကို မရရှိနိုင်ပေ။ အများဆုံးအနေဖြင့် တစ်ခု၊ နှစ်ခုသာရရှိနိုင်သည်။ ဤအကျိုးသက်ရောက်မှုသုံးမျိုးသည် သူတစ်ပါးတို့ကို ကူညီရန်အတွက် စည်းမျဉ်းသုံးခုလည်းဖြစ်သည်။ ဤစည်းမျဉ်းသုံးခုကို သင်သိပြီး ကိုင်တွယ်နိုင်သည်။ သို့သော် ၎င်းတို့ကို အမှန်တကယ် မည်သို့လက်တွေ့လုပ်ဆောင်ရသနည်း။ သူတစ်ပါးတို့၏ အခက်အခဲကို သင် အမှန်တကယ် နားလည်သလော။ ဤသည်မှာ နောက်ပြဿနာတစ်ခုပင် မဟုတ်လော။ သင်သည် “သူတို့အခက်အခဲ၏ အရင်းအမြစ်က အဘယ်နည်း။ ကျွန်ုပ် သူတို့ကို ကူညီနိုင်စွမ်းရှိသလော။ အကယ်၍ ကျွန်ုပ်၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန်နုနယ်ပြီး သူတို့၏ပြဿနာကို ကျွန်ုပ် မဖြေရှင်းနိုင်ဘဲ သတိလက်လွတ် စကားပြောမိလျှင် သူတို့ကို ကျွန်ုပ် လမ်းမှား ညွှန်ပြမိနိုင်သည်။ ထို့ထက်ပို၍ ဤလူ၏ သဘောပေါက်နားလည်နိုင်စွမ်းသည် အဘယ်သို့နည်း၊ ပြီးလျှင် သူတို့၏ အစွမ်းအစက အဘယ်နည်း။ သူတို့ ခေါင်းမာသလော။ ၎င်းတို့တွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိကြသလော။ သူတို့ သမ္မာတရားကို လက်ခံနိုင်သလော။ သူတို့ သမ္မာတရားကို လေ့လာလိုက်စားသလော။ အကယ်၍ ကျွန်ုပ်သည် သူတို့ထက် ပို၍ စွမ်းဆောင်နိုင်သည်ကို သူတို့မြင်ပြီး သူတို့ကို ကျွန်ုပ် မိတ်သဟာယပြုလျှင် သူတို့ထဲ၌ မနာလိုမှု သို့မဟုတ် အပျက်သဘောဆောင်ခြင်း ပေါ်ပေါက်လာမည်လော” ဟုလည်း စဉ်းစားရမည်။ ဤမေးခွန်းများအားလုံးကို စဉ်းစားသုံးသပ်ရမည်။ ဤမေးခွန်းများကို သင်စဉ်းစားပြီး ရှင်းလင်းမှုရှိပြီးနောက်တွင် ထိုသူဆီသွား၍ မိတ်သဟာယပြုလော့။ ထိုသူ၏ ပြဿနာနှင့်သက်ဆိုင်သော ဘုရားနှုတ်ကပတ်တော်အချို့ကို ဖတ်လော့။ ဘုရားနှုတ်ကပတ်တော်ထဲမှ သမ္မာတရားကို နားလည်ပြီး လက်တွေ့လုပ်ဆောင်ရန်လမ်းကြောင်းကို ရှာတွေ့နိုင်ရန် ၎င်းတို့ကို ထောက်ကူပေးလော့။ ထို့နောက်တွင် ပြဿနာက ပြေလည်သွားလိမ့်မည်။ ပြီးလျှင် ထိုသူသည် မိမိ၏ အခက်အခဲမှ လွတ်မြောက်လိမ့်မည်။ ဤသည်မှာ ရိုးရှင်းသော ကိစ္စတစ်ခုဖြစ်သလော။ ဤသည်မှာ ရိုးရှင်းသောကိစ္စမဟုတ်ပေ။ သမ္မာတရားကို နားမလည်လျှင် သင်မည်မျှ ပြောသည်ဖြစ်စေ အသုံးဝင်မည်မဟုတ်ပေ။ သမ္မာတရားကို အမှန်တကယ် သင်နားလည်လျှင် သင်သည် ထိုသူကို စာကြောင်းအနည်းငယ်ဖြင့် ဉာဏ်အလင်းပေးပြီး အကျိုးပြုနိုင်သည်။ လူတို့ကို ချစ်ခြင်းမေတ္တာဖြင့် ကူညီခြင်းအတွက် အဓိကအချက်မှာ ပြဿနာနှင့် ပတ်သက်၍ ဘုရားနှုတ်ကပတ်တော် စာပိုဒ်အနည်းငယ်ကို မိတ်သဟာယပြုပေးရန်ဖြစ်ပြီး ဤနည်းစနစ်သည် အထိရောက်ဆုံးဖြစ်၏။ ဘုရားနှုတ်ကပတ်တော်များကို သင် မိတ်သဟာယမပြုဘဲ လူသား စကားများကိုသာ အသုံးပြုဖို့ ကြိုးစားလျှင် စကားလုံးမည်မျှ သင် ပြောဆိုသည်ဖြစ်စေ မည်သည့် လက်တွေ့ကျသည့် ပြဿနာကိုမျှ သင် လုံးဝ ဖြေရှင်းလိမ့်မည်မဟုတ်။ လူအချို့သည် အခြားသူများကို တိုက်တွန်းရုံသာ တိုက်တွန်းနိုင်ပြီး အခြားလူများက မည်သည့် ပြဿနာများကို ရင်ဆိုင်ရသည်ဖြစ်စေ “ဘုရားနှုတ်ကပတ်တော်များကို ပိုမိုဖတ်ရှုပြီး ထိုနှုတ်ကပတ်တော်များတွင် သမ္မာတရားကို ရှာဖွေလော့၊ ပြီးလျှင် ပြဿနာကို ဖြေရှင်းရန် လွယ်ကူသွားလိမ့်မည်” သို့မဟုတ် “ဘုရားသခင်ကို သင် ချစ်သင့်ပြီး ယင်းမှာ လုံလောက်ပါသည်။ ချစ်ခင်တတ်သည့် ဘုရားသခင်က သင်၏ ပြဿနာများအားလုံးကို ဖြေရှင်းပေးလိမ့်မည်ဖြစ်သည်နှင့်အမျှ သင်သည် လုံးဝ အပျက်သဘောဆောင်လိမ့်မည် မဟုတ်”ဟု ပြောကြလိမ့်မည်။ ထိုမျှလောက် မရိုးရှင်းပေ။ ဘုရားသခင်ကို ချစ်ခြင်းသည် သင် ပြောပြီးသည်နှင့်တစ်ပြိုင်နက် လက်တွေ့လုပ်ဆောင်နိုင်သည့် တစ်စုံတစ်ရာ ဖြစ်သလော။ လူတို့သည် သမ္မာတရားကို နားမလည်လျှင် ဘုရားသခင်ကို မည်သို့ ချစ်ကြသနည်း။ သူ၏ အမှုတော်ကို မသိလျှင် လူတို့က ဘုရားသခင်ကို မည်သို့ ချစ်နိုင်ကြသနည်း။ လူတို့သည် ဘုရားသခင်ကို အမှန်တကယ် ချစ်ကြပါက မည်သည့်အခါတွင်မျှ အပျက်သဘောဆောင်ကြလိမ့်မည် မဟုတ်သကဲ့သို့ မည်သည့် ပြဿနာမျှ ရှိကြမည် မဟုတ်။ ဘုရားသခင်ကို ချစ်ခြင်းသည် ရိုးရှင်းသည့် ကိစ္စရပ်တစ်ခု မဟုတ်သကဲ့သို့ အယူဝါဒအနည်းငယ် ပြောဆိုခြင်း သို့မဟုတ် ဆောင်ပုဒ် အနည်းငယ် ဟစ်ကြွေးခြင်းအားဖြင့်သာ ထိုအရာ ပြီးမြောက်နိုင်သလော။ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းက သာ၍ပင် မရိုးရှင်းသကဲ့သို့ တိုက်တွန်းအားပေးသည့် စကားအနည်းငယ် ပြောဆိုခြင်းက တစ်စုံတစ်ဦးကို ဘုရားသခင်အား ကျိုးနွံနာခံစေနိုင်သည်ဟူသကဲ့သို့ မဟုတ်ပေ။ ဘုရားနှုတ်ကပတ်တော်များအပေါ် မိတ်သဟာယပြုခြင်းက လူတို့အား ထိုအချိန်တွင် အကျိုးအနည်းငယ် ရှိစေနိုင်လျှင်ပင် သမ္မာတရားကို တစ်ကြိမ် မိတ်သဟာယပြုခြင်းမျှဖြင့် ၎င်းတို့၏ ပုန်ကန်မှု ပြဿနာကို ဖြေရှင်းကာ ၎င်းတို့အား ဘုရားသခင်ကို ကျိုးနွံနာခံစေနိုင်သည့်အလား မဟုတ်သကဲ့သို့ သင့်အနေဖြင့် သမ္မာတရားကို ရှင်းလင်းစွာ မိတ်သဟာယပြုသည့်အခါ လူတို့က ဘုရားသခင်ကို ချက်ချင်း ကျိုးနွံနာခံနိုင်မည့်အလားလည်း မဟုတ်ပေ။ လူတို့သည် ရလဒ်များကို စွမ်းဆောင်ရရှိရန်အလို့ငှာ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းနှင့် ပြုပြင်ခြင်းကို တွေ့ကြုံရမည်။ အခြားသူများကို တိုက်တွန်းအားပေးရန် စကားများနှင့် အယူဝါဒများကို အမြဲ ပြောဆိုသောလူများသည် အပေါ့တန်ဆုံးဖြစ်ကြ၏။ ၎င်းတို့တွင် သမ္မာတရား စစ်မှန်မှုများ မရှိ၊ လူတို့ကို ကူညီရန် စကားများနှင့် အယူဝါဒများအကြောင်း ပြောဆိုခြင်းကို အမြဲ မှီခိုကြပြီး မည်သည့်ရလဒ်မျှ မရရှိကြပေ။ ဤသည်ကို ဝတ်ကျေတမ်းကျေ ဖြစ်ခြင်းဟု ခေါ်ပြီး ယင်းမှာ လူတို့ကို ဆက်ဆံရန် ရိုးသားစစ်မှန်သည့် နည်းလမ်းတစ်ခု မဟုတ်ပေ။ ထိုအရာသည် အတုအယောင်ဖြစ်လွန်း၏၊ သနားကြင်နာခြင်း မဟုတ်။ ပေါင်းရုံးသုံးသပ်ရလျှင် ဤလူစားမျိုးသည် သူတော်ကောင်းအယောင်ဆောင်တစ်ဦး ဖြစ်သည်။ သင်သည် အခြားသူများအတွက် စာနာတတ်သည့် စိတ်နှလုံးတစ်ခု သို့မဟုတ် ချစ်ခြင်းမေတ္တာမရှိလျှင် လူတို့ကို အဘယ်သို့ ကူညီနိုင်မည်နည်း။ ပြဿနာကို အမှန်တကယ် ဖြေရှင်းရန် မလွယ်ကူပေ။ သမ္မာတရားကို သင် နားလည်ရမည်၊ ပြဿနာ၏ အနှစ်သာရကို သင် ရိပ်စားမိရမည်ဖြစ်ပြီး ထို့နောက်တွင် သမ္မာတရား စည်းမျဉ်းများနှင့်အညီ အခြားသူများနှင့် ရှင်းလင်းစွာ မိတ်သဟာယပြုကာ အခြားသူများ နားလည်နိုင်သည့် နည်းလမ်းတစ်ခုဖြင့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းကို မိတ်သဟာယပြုနိုင်ရမည်ဖြစ်သည်။ ဤသို့ဖြင့် လူတို့သည် သမ္မာတရားကို နားလည်ကြလိမ့်မည်ဖြစ်ရုံမက ထိုသမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအတွက် လမ်းကြောင်းတစ်ခုလည်း ရှိကြလိမ့်မည်။ ထို့နောက်တွင်မှ ပြဿနာ ပြေလည်သွားသည်ဟု ယူဆ၍ ရနိုင်ပေသည်။ ဤအရာများကို သင် ဖြတ်သန်းရမည်။ သင်၏ လက်တွေ့ကျသည့်၊ ကိုယ်တွေ့ အတွေ့ကြုံမှတစ်ဆင့် သိနားလည်မှု ဖြစ်လာလိမ့်မည်။ သမ္မာတရားနှင့်ပတ်သက်၍ သင် မိတ်သဟာယပြုလေ၊ ထိုသမ္မာတရားက ပိုရှင်းလာလေ၊ သင်၏ စိတ်နှလုံးက တိုး၍ သေချာလာလေဖြစ်ကာ ရှေ့ဆက်ရမည့် လမ်းကြောင်းတစ်ခု ပိုရှိလေ ဖြစ်လိမ့်မည်။ သမ္မာတရားကို သင် အမှန်တကယ် နားလည်သည့်အခါ ထိုသမ္မာတရားအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သိလိမ့်မည်။ ဘုရားသခင်ကို ယုံကြည်သူများသည် ဤသို့တွေ့ကြုံကြရမည်၊ ၎င်းတို့၏ ပြဿနာများကို တစ်ခုချင်း ဖြေရှင်းရမည်ဖြစ်ကာ ပြဿနာတစ်ခုကို ဖြေရှင်းသည့်အခါတိုင်းတွင် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတစ်မျိုးကို ၎င်းတို့ ဖြေရှင်းရမည်ဖြစ်သည်။ ပြဿနာများကို ၎င်းတို့ ဖြေရှင်းပြီးသည့်အခါ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများလည်း အနည်းနှင့်အများဆိုသလို ပြေလည်သွားပြီး ဖြစ်လိမ့်မည်။ ထိုသို့သော ပုံစံဖြင့် သာ၍များသော ပြဿနာများကို ၎င်းတို့ ဖြေရှင်းလေ၊ သာ၍ နည်းသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့်ဆိုင်သည့် စစ်မှန်မှုများ ၎င်းတို့ သာ၍ ပိုင်ဆိုင်လေ ဖြစ်လိမ့်မည်။ ဤသို့ဖြင့် သိပင်မသိလိုက်ဘဲ သမ္မာတရား စစ်မှန်မှုများထဲသို့ လူတို့ ဝင်ရောက်ကြလိမ့်မည်။ သာ၍ များသော ပြဿနာများကို လူတို့ ဖြေရှင်းပြီး သာ၍ များသော သမ္မာတရားများကို နားလည်လေ၊ လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းများ ၎င်းတို့ ပိုရှိလေ ဖြစ်လိမ့်မည်။ သာ၍များသော ပြဿနာများကို ၎င်းတို့ ဖြေရှင်းပြီး သာ၍များသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ ၎င်းတို့ သန့်စင်စေလေ၊ သာ၍များသည့် သမ္မာတရား စစ်မှန်မှုများထဲသို့ ၎င်းတို့ ဝင်ရောက်လေ ဖြစ်လိမ့်မည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်း ဖြစ်စဉ်ဖြစ်သည်။ သင်သည် ပြဿနာများကို စဉ်ဆက်မပြတ် ရှာဖွေတွေ့ရှိကာ ဖြေရှင်းသည်၊ ပြဿနာတစ်ခုကို သင် ဖြေရှင်းသည်နှင့်တစ်ပြိုင်နက် နောက်တစ်ခုကို သင် ရှာဖွေတွေ့ရှိပြီးနောက် ထိုအရာကို ဖြေရှင်းကာ အဆုံးတွင် ပြဿနာများစွာကို သင် ဖြေရှင်းလေသည်၊ သမ္မာတရားကို သင် နားလည်လာပြီး ပြဿနာတစ်ခု တစ်ဖန် ထွက်ပေါ်လျှင် ထိုပြဿနာကို သင့်ဘာသာ အလျင်အမြန် သင် ဖြေရှင်းနိုင်လိမ့်မည်။ ဤသည်မှာ ဝိညာဉ်ရင့်ကျက်မှုတွင် သင် တဖြည်းဖြည်း ကြီးထွားတိုးတက်ပုံ ဖြစ်သည်။ သာ၍ နည်းသည်ထက် နည်းပါးသော ပြဿနာများနှင့် အခက်အခဲများဖြင့် သင်သည် သာ၍ နည်းပါးသည့် ဖောက်ပြန်ပျက်စီးခြင်းကို မုချ ထုတ်ဖော်လိမ့်မည်၊ ဘုရားသခင်ကို သာ၍ပင် ကျိုးနွံနာခံလိမ့်မည်ဖြစ်ကာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ပို၍ရှိလိမ့်မည်ဖြစ်သည်။ ဤသို့ဖြင့် သတိမပြုလိုက်မိဘဲ သင်၏ အသက် စိတ်သဘောထား ပြောင်းလဲသွားလိမ့်မည်ဖြစ်ပြီး နောက်ဆုံးတွင် သင်သည် ဘုရားသခင်နှင့် သဟဇာတဖြစ်ခြင်းကို စွမ်းဆောင်ရရှိလိမ့်မည်။ မည်သည့် ပုန်ကန်မှုမျှ သင် ရှိမည် မဟုတ်သကဲ့သို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်ကာ မည်သည့် ကိစ္စတွင်မဆို ဘုရားသခင်ကို ကျိုးနွံနာခံနိုင်လိမ့်မည်။ ဤသည်မှာ သင့်အနေဖြင့် ဝိညာဉ်ရင့်ကျက်မှုတွင် ကြီးထွားတိုးတက်ပြီး ဖြစ်လိမ့်မည်ဖြစ်ကာ ကယ်တင်ခြင်းကို လုံးဝ ရရှိပြိးဖြစ်လိမ့်မည်ဟု ဆိုလိုပေသည်။

သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်မှာ အမှန်တကယ် ရိုးရှင်းသော်လည်း သင့်အနေဖြင့် လုံလောက်သည့် သဘောပေါက်နားလည်နိုင်စွမ်း မရှိလျှင် သို့မဟုတ် သင် စိတ်မပါသကဲ့သို့ အမြဲ ပေါ့တန်တန်နိုင်လျှင်၊ ဝတ်ကျေတမ်းကျေ ဖြစ်လျှင် သမ္မာတရားကို မည်သည့်အခါတွင်မျှ သင် ရရှိလိမ့်မည် မဟုတ်။ သို့ဆိုလျှင် လူတစ်ဦးသည် သမ္မာတရားကို မည်သို့ ရရှိနိုင်သနည်း။ မယုံကြည်ရသည့် လှည့်ကွက်များ သို့မဟုတ် အင်အားသုံးခြင်းမှတစ်ဆင့် ဖြစ်သလော။ မဟုတ်ပေ။ ထိုအရာမှာ သင့်အနေဖြင့် လက်တွေ့ဘဝကို ဖြတ်သန်းသည်နှင့်အမျှ ကိုယ်အတွေ့အကြုံကို စုဆောင်းခြင်း၊ ရှာဖွေခြင်းနှင့် စမ်းတဝါးဝါးလုပ်ခြင်းမှတစ်ဆင့် နည်းနည်းချင်း တဖြည်းဖြည်း ရရှိခြင်း ဖြစ်သည်။ ဤသည်မှာ တစ်ခါတစ်ရံ သင့်ကို စကားအနည်းငယ် ပေးရုံမျှသာ ပေးလျက် သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို လမ်းပြသည့်နည်းလမ်းလည်းဖြစ်သည်။ ထိုစကားများကို ထိုအချိန်က သင် နားမလည်ခဲ့သော်လည်း သမ္မာတရားကို ရှာဖွေခြင်းမှတစ်ဆင့် ရက်အနည်းငယ် ကြာပြီးနောက်တွင် နားလည်လာပြီးနောက် သင်၏ စိတ်နှလုံး လင်းလက်သွားပြီး သင်၌ လမ်းကြောင်းတစ်ခု ရှိလေသည်။ သင် အကျိုးရရှိသော်လည်း အခြားသူများက မရရှိကြသကဲ့သို့ သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာတွင် သင် ကြီးထွားတိုးတက်၏။ ယင်းမှာ မျက်နှာသာအပေးခံရခြင်း ဖြစ်သည်။ သမ္မာတရား၏ အသေးစိတ်အချက်အလက်အချို့ကို ခံစားကာ တွေ့ကြုံရမည်ဖြစ်ပြီး သင်၏ အတွေ့အကြုံက သာ၍ နက်ရှိုင်းကာ အသေးစိတ်ကျလေ သင်၏ လမ်းကြောင်းကိုလည်း သာ၍ တိကျစွာ ခံစားရလေ ဖြစ်လိမ့်မည်။ သိပင်မသိလိုက်ဘဲ သမ္မာတရားကို ရှာဖွေခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းတွင် ဤလမ်းကြောင်းကို သင် လိုက်လျှောက်လိမ့်မည်။ သင့်အနေဖြင့် သင်၏ သမ္မာတရား သိနားလည်ခြင်း အခြေခံအုတ်မြစ်ပေါ်တွင် အသိဉာဏ်ပွင့်လင်းခြင်းကို သာ၍ပင် ရရှိလိမ့်မည်ဖြစ်ပြီး သာ၍များသည့် သမ္မာတရား၏ အသေးစိတ်အချက်များနှင့် သာ၍များသည့် သမ္မာတရား စစ်မှန်မှုများကို နားလည်လိမ့်မည်။ ဤသည်မှာ သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းဖြစ်သည်။ ဤအရာကို သင် တွေ့ကြုံကာ လက်တွေ့လုပ်ဆောင်နိုင်လျှင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းက ခက်ခဲခြင်း မရှိသည်ကို သင် ခံစားရလိမ့်မည်ဖြစ်သော်လည်း ဤသို့ သင် လက်တွေ့လုပ်ဆောင်ခြင်းမရှိလျှင် ထိုအရာမှာ စိတ်ကူးသက်သက်ဖြစ်ကာ ခက်ခဲသည်၊ တက္ကသိုလ်တက်ခြင်း သို့မဟုတ် အဆင့်မြင့် နည်းပညာတစ်ခုခုကို သုတေသနပြုခြင်းထက် ခက်ခဲသည်ဟု အမြဲ ခံစားရလိမ့်မည်။ သို့သော် အမှန်တွင် သင်၏ စိတ်နှလုံးကို အသုံးပြုခြင်းနှင့်သာ သက်ဆိုင်ပေသည်။ အတတ်ပညာဆိုင်ရာ အသိ သို့မဟုတ် သဘောတရားကို သင်ယူခြင်းသည် မှတ်ဉာဏ်၊ စိတ်ပိုင်းဆိုင်ရာ စိစစ်ခြင်းနှင့် သုတေသနတို့အပေါ် မူတည်သော်လည်း သမ္မာတရားကို ရရှိခြင်းကသာ သင်၏ စိတ်နှလုံးကို အသုံးပြုရန် တောင်းဆိုပေသည်။ ထိုအရာကို တွေ့ကြုံကာ မြည်းစမ်းရန် သင်၏ စိတ်နှလုံးကို သင် အသုံးပြုရမည်ဖြစ်ပြီး ထိုအရာကို မည်သို့ တွေ့ကြုံရမည်အကြောင်း စဉ်းစားရာတွင် အားထုတ်ရမည်ဖြစ်သည်။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအတွက် မှန်ကန်သည့် လမ်းကြောင်းကို တဖြည်းဖြည်း ရှာတွေ့ကာ ရရှိလာလိမ့်မည်။ ထို့နောက် ရတနာတစ်ခုကို သင် ရရှိပြီး ဖြစ်လိမ့်မည်။ သမ္မာတရားကို ရရှိခြင်းအတွက် လျှို့ဝှက်ချက်မှာ အဘယ်နည်း။ ဦးစွာပထမ သင့်အနီးဝန်းကျင်တွင် ဖြစ်ပျက်သည့်အရာများကို ကိုင်တွယ်ရန် စာတန်ဆန်သော အတွေး၊ ဆင်ခြင်တွေးခေါ်မှုစနစ်၊ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များ သို့မဟုတ် နည်းပညာများကို မသုံးနှင့်။ စာတန်ဆန်သော အတွေးအခေါ်များဖြင့် အသက်ရှင်လျှင် သမ္မာတရားကို မည်သည့်အခါတွင်မျှ သင် ရရှိနိုင်လိမ့်မည် မဟုတ်သည့်အတွက် ယင်းမှာ လမ်းဆုံး ဖြစ်ပေသည်။ အမှုအရာများ ဖြစ်ပျက်သည့်အခါ သင်၏ ပထမဆုံး တုံ့ပြန်မှုက လူသားနည်းစနစ်များနှင့် နည်းပညာများကို အသုံးပြုလျက် ထိုအရာတို့ကို ကိုင်တွယ်ကာ ဖြေရှင်းရန်ဖြစ်ပြီး သင်၏ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားနှင့် ပုံရိပ်ကို အမြဲ ကာကွယ်လိုလျှင် ဤအရာက လမ်းဆုံးတစ်ခုသို့ ပို့ဆောင်လိမ့်မည်။ ပြဿနာတစ်ခုကို သင် ရင်ဆိုင်နေရချိန်တွင် သမ္မာတရားကို သင် ရှာဖွေနိုင်လျှင်၊ ဘုရားသခင်ထံ ဆုတောင်းပြီး သူ၏ ရည်ရွယ်ချက်များကို ရှာဖွေနိုင်ကာ မည်သည့် သင်ခန်းစာများ သင်ယူသင့်ကြောင်းနှင့် ဘုရားသခင်၏ အစီအစဉ်များအတွင်းတွင် မည်သည့် သမ္မာတရားများ နားလည်သင့်ကြောင်းကို သိလျှင် ဤသည်မှာ မှန်ကန်ပေသည်။ ထို့ကြောင့် သမ္မာတရားကို မလိုက်စားသူများထံ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ ၎င်းတို့သည် အမြဲ ထုံထိုင်းကြသည်၊ ခွတီးခွတဖြစ်ကြသည်၊ ချီတုံချတုံဖြစ်ကြသည်၊ အကူအညီမဲ့ကြပြီး လမ်းကြောင်းမရှိဘဲဖြစ်ကြသည်။ အမှန်တွင် ဘုရားသခင်က လူတို့ကို သမ္မာတရား ရရှိရန် အခွင့်အရေးများစွာပေးသော်လည်း သမ္မာတရားကို ၎င်းတို့ မချစ်ကြသောကြောင့် မှားယွင်းသည့် လမ်းကြောင်းကို ရွေးချယ်ကြပြီး ထိုသမ္မာတရားကို မရရှိနိုင်ကြပေ။

ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကြား အသက်ရှင်သောလူတို့သည် အဆင့်အတန်း၊ ပကာသန၊ အကျိုးအမြတ်နှင့် စိတ်ဆန္ဒတို့အတွက် အသက်ရှင်ကြသည်။ ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်အားလုံးသည် ဤကဲ့သို့ဖြစ်ကြသည်၊ သေးငယ်သည့် ကွာခြားချက်အချို့သာ ရှိလျက် တစ်ထပ်တည်း ဖြစ်လုနီးပါးဖြစ်သည်။ လူတစ်ဦးတွင် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ မည်မျှရှိသည်ဖြစ်စေ ဘုရားသခင်ကို ယုံကြည်လာသည့်နောက်တွင် သမ္မာတရားကို ချစ်သောသူအားလုံးသည် ဘုရားနှုတ်ကပတ်တော်များကို စားသောက်ခြင်းနှင့် တွေ့ကြုံခြင်းတို့မှတစ်ဆင့် မိမိတို့၏ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို နားလည်လာနိုင်ကြပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများစွာသည် တဖြည်းဖြည်း ပြေလည်သွားလိမ့်မည်ဖြစ်ကာ ၎င်းတို့က ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်မှု လျော့နည်းသည်ထက် လျော့နည်းသွားလိမ့်မည်။ ၎င်းတို့သည် ဘာသာတရားမရှိသူများနှင့် လုံးဝ ကွဲပြားခြားနားကြသည်၊ ၎င်းတို့သည် ကွဲပြားသော လူနှစ်မျိုးနှစ်စားဖြစ်ကြပြီး ဤသည်မှာ သမ္မာတရား လိုက်စားခြင်းအားဖြင့် စွမ်းဆောင်ရရှိသည့် အပြောင်းအလဲတစ်ခု ဖြစ်သည် မဟုတ်လော။ ဤလူများသည် ဘာသာတရားမရှိသည့် နတ်ဆိုးများမှသည် သမ္မာတရားကို ရရှိပြီး ဘုရားသခင်ကို ယုံကြည်သည့်နောက်တွင် လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ကြသည့် စစ်မှန်သော လူများအဖြစ် ပြောင်းလဲသွားကြလေသည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်မှု၏ အကျိုးတရားနှင့် အသီးအပွင့်ဖြစ်သည်။ သို့ရာတွင် ဘုရားသခင်ကို ယုံကြည်လာသည့်နောက် သမ္မာတရားကို လုံးဝ မလိုက်စားကြသူများသည် နှစ်များစွာ ယုံကြည်သည့်နောက်တွင်ပင် မပြောင်းလဲသကဲ့သို့ ဘာသာတရားမရှိသူများနှင့် တူညီနေဆဲဖြစ်သည်။ ဤလူစားမျိုးသည် ဖယ်ရှားရှင်းလင်းခံရလိမ့်မည်။ ဘုရားသခင်ကို အလားတူ ယုံကြည်ပြီး တာဝန်များကို ထမ်းဆောင်ကြသည့် လူများကြားတွင် ထိုသို့သော ကြီးမားသည့် ကွာခြားချက်တစ်ခု အဘယ်ကြောင့် ရှိသနည်း။ အရေးအကြီးဆုံး အချက်မှာ သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားများ ကွဲပြားကြခြင်း ဖြစ်သည်။ သမ္မာတရားကို ချစ်သောသူတို့၏ စိတ်နှလုံးများသည် ဘုရားနှုတ်ကပတ်တော်များကို ပိုမိုဖတ်ရှုလေ ယခင်ထက်သာ၍ တောက်ပလေဖြစ်လိမ့်မည်ဖြစ်ကာ တရားဒေသနာများကို နားထောင်လေ နားလည်လေ ဖြစ်ကြလိမ့်မည်။ ၎င်းတို့သည် တိုးတက်မှု အမြဲ ရှိကြလေသည်။ သို့ရာတွင် သမ္မာတရားကို မချစ်သောသူတို့မှာမူ ဘုရားနှုတ်ကပတ်တော်များ ဖတ်ရှုခြင်းကို မွေ့လျော်ခြင်းမရှိကြသကဲ့သို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် မည်သည့်အားထုတ်မှုမျှ မပြုလုပ်ကြသောကြောင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းမရ၊ စွန့်ပယ်မရနိုင်ပေ။ ၎င်းတို့အနေဖြင့် ကြိုးစားလျှင်ပင် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖုံးကွယ်ထား၍ မရနိုင်သကဲ့သို့ အလိုရှိလျှင်ပင် ဖုံးဖိ၍မရနိုင်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဖောက်ပြန်ပျက်စီးသော လူသားများအားလုံးသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သောကြောင့်ဖြစ်သည်။ ၎င်းတို့အနေဖြင့် ဘာသာတရားမရှိသူများဖြစ်စေ၊ ဘုရားသခင်ကို ယုံကြည်သူများဖြစ်စေ၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီး၍ စာတန်ဆန်သော စိတ်သဘောထားများ၏ အနှစ်သာရသည် အမှန်တကယ် တူညီပြီး အားလုံးက အဆင့်အတန်း၊ ပုံရိပ်၊ အကျိုးအမြတ်နှင့် လိုအင်ဆန္ဒတို့အတွက် အသက်ရှင်ကြလေသည်။ မည်သည့်အရာအတွက် လူတို့ ငြင်းခုံကြသနည်း။ တစ်စုံတစ်ရာနှင့်ပတ်သက်၍ အချင်းချင်း အဘယ်ကြောင့် ရိုက်နှက်ထုထောင်းကြသနည်း။ အားလုံးက ဤအရာများအတွက်သာဖြစ်ပြီး နည်းစနစ်၊ နည်းပညာ သို့မဟုတ် ပုံစံက မည်သို့ဖြစ်စေ ရည်မှန်းချက်က အမှန်တွင် အတူတူပင်ဖြစ်၏။ စာတန်သည် အဘယ်ကြောင့် လေထုထဲ ပစ်ချခံရသနည်း။ (အဘယ်ကြောင့်ဆိုသော် ၎င်းသည် အဆင့်အတန်းအတွက် ဘုရားသခင်နှင့် ပြိုင်ဆိုင်ခဲ့သောကြောင့် ဖြစ်သည်။) ဤသည်မှာ စာတန်၏ စစ်မှန်သော စရိုက်ဖြစ်သည်။ ယခုခေတ်တွင် စာတန်၏ “မျိုးဗီဇများ”သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ထံ လက်ဆင့်ကမ်းပြီး ဖြစ်သည်၊ ၎င်းတို့ကို ဖောက်ပြန်ပျက်စီးနေစေသောကြောင့် လူတို့သည် စာတန်ကဲ့သို့သော အတန်းအစား ဖြစ်လာကြပြီးဖြစ်သည်။ ၎င်းတို့သည် စာတန်၏ သွင်ပြင်ကို ယူဆောင်ကြပြီးဖြစ်ကာ ၎င်းတို့ အသက်ရှင်နေထိုင်သည့် အရာသည် စာတန်နှင့် တထေရာတည်းဖြစ်သည်။ စာတန်၏ သဘာဝအနှစ်သာရအတွင်းရှိ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သင် သတိပြုမိနိုင်ပြီးနောက် တစ်ခုချင်း ဖြေရှင်းနိုင်လျှင် သင် ကယ်တင်ခံရလိမ့်မည်ဖြစ်ကာ စာတန်၏ စွမ်းအားမှ ရုန်းထွက်လွတ်မြောက်နိုင်လိမ့်မည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့်ဆိုင်သည့် ပြဿနာကို ဖြေရှင်းရန် ခက်ခဲသလော။ (သမ္မာတရားကို လိုက်စားသူတို့အတွက် မခက်ခဲသော်လည်း အချိန်အများစုတွင် ကျွန်ုပ်တို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားနေကြခြင်း မရှိသကဲ့သို့ ကျွန်ုပ်တို့ကိုယ်ပိုင် အလိုဆန္ဒအတိုင်းသာ ပြုမူဆောင်ရွက်ကြသည်။ ကျွန်ုပ်တို့ ပြုပြင်ခံရသည့်အခါ အတန်ကြာ အပျက်သဘောဆောင်လာကြပြီး ဝမ်းနည်းကြပြီးနောက် သမ္မာတရားအတိုင်း အင်တင်တင်ဖြင့် လက်တွေ့လုပ်ဆောင်ကြသည်။) သမ္မာတရားကို မချစ်သောသူများသည် ဤကဲ့သို့ဖြစ်ကြပြီး သမ္မာတရား အနည်းငယ်မျှကို လက်တွေ့လုပ်ဆောင်ရန်ပင် အခြားသူများ၏ တိုက်တွန်းခြင်း၊ ဆွဲဆောင်ခြင်းနှင့် တွန်းအားပေးခြင်းတို့ကို ခံရမည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာတွင် အကြီးမားဆုံးသော အခက်အခဲမှာ အဘယ်နည်း။ ယခုတွင် အကြီးမားဆုံးသော အခက်အခဲမှာ အဓိကအားဖြင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှလာသည့် အဟန့်အတားများဖြစ်သည်ကို ရှင်းလင်းစွာ မြင်သည့် လူအချို့ ရှိပေသည်။ ထိုအရာမှာ ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်း၊ ပကာသနနှင့် ပုံရိပ်တို့ကို လူတို့၏ ချစ်ခြင်းကြောင့် ဖြစ်သည်။ လူတို့ကြားက စကားပြောဆိုမှုများ၊ အငြင်းပွားမှုများနှင့် အကြောင်းပြချက်များသည် မည်သူ သာလွန်သည်ကို တွေ့မြင်ရန် ပြိုင်ဆိုင်မှုများသာ ဖြစ်သည်။ အခြားသူကို သိမ်းသွင်းစည်းရုံနိုင်သူ မည်သူမဆိုသည် အဆုံးတွင် အခြေအနေကောင်းသွားကြသည်။ ထိုအရာများသည် မည်သူက ထိုးထွင်းအမြင်၊ အရည်အချင်း သို့မဟုတ် ဩဇာအာဏာရှိကြောင်းနှင့် မည်သူက ဆုံးဖြတ်ပိုင်ခွင့်ရှိကြောင်း ပြိုင်ဆိုင်မှုများသာ ဖြစ်သည်။ ဤအရာများအပေါ် ပြိုင်ဆိုင်ခြင်းက အဆုံးမရှိသကဲ့သို့ ဤအရာအားလုံးနောက်တွင် ဖုံးကွယ်ထားသည်မှာ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းအတွက် အသက်ရှင်သည့် စာတန်၏ စိတ်သဘောထားဖြစ်သည်။ ဤအရာကို ရိပ်စားမိလော့၊ ပြီးလျှင် ပြဿနာက အလွယ်တကူ ပြေလည်သွားလိမ့်မည်။ အနည်းဆုံးအနေဖြင့် ဖြေရှင်းရန်လွယ်သည့် ဤအပေါ်ယံအဆင့် အမှုအရာများကို ပထမဆုံး ဖြေရှင်းလော့။ ထို့နောက်တွင် သင်၏ အတွင်းကျကျ စိတ်နှလုံးတွင်ရှိသည့် ဘုရားသခင်နှင့် ပတ်သက်သော အထင်လွဲမှုများ၊ မှန်းဆချက်များ၊ သံသယများနှင့် မကျေနပ်ချက်များအပြင် ထိုနေရာတွင် ဖုံးကွယ်ထားသည့် ဆန့်ကျင်မှု၊ စမ်းသပ်ခြင်းနှင့် ပြိုင်ဆိုင်မှုများကို တဖြည်းဖြည်း ဖြေရှင်းလော့။ ဤအရာများ လုံးဝ ပြေလည်သွားသည်နှင့် သင်သည် ဘုရားသခင်၏ အမြင်တွင် စုံလင်သည့် လူတစ်ဦးဖြစ်သည့် ယောဘကဲ့သို့ ဖြစ်လာလိမ့်မည်။ ယောဘက စုံလင်သောလူတစ်ဦးဖြစ်သည်ဟု အဘယ်ကြောင့် ဘုရားသခင်က ပြောခဲ့သနည်း။ ဘုရားသခင်နှင့်ပတ်သက်လာသည့်အခါ သူ့ထံတွင် ဆန့်ကျင်မှု သို့မဟုတ် စမ်းသပ်ခြင်း မရှိခဲ့သည်ကို သူ့အပေါ် ဘုရားသခင်၏ စမ်းသပ်မှုမှတစ်ဆင့် ငါတို့ မြင်နိုင်သည်။ သူ၏ ဘဝနှင့် အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သူ တွေ့ကြုံခဲ့သည့် ကာလအတောအတွင်းတွင်၊ သူ၏ ပုန်ကန်မှုနှင့် အတိုက်အခံ လုပ်ခြင်းကဲ့သို့သော အရာများအားလုံး ပြုပြင်ခြင်းခံရကာ ပြေလည်သွားခဲ့ပေသည်။ ဤအပျက်သဘောဆောင်သည့် အရာများ ပြေလည်သွားခဲ့သည်နှင့်တစ်ပြိုင်နက် ဘုရားသခင်၏ စမ်းသပ်မှုများကို ရင်ဆိုင်ခဲ့ရချိန်တွင် သူ၏ အပြုအမူသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အားလုံးနှင့် လုံးဝ ကွဲပြားသွားခဲ့သည်။ သူ၏ စမ်းသပ်မှုများအတွင်း သူ ပြောခဲ့သည့် “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ” ဟူသည့်အရာမှာ အယူဝါဒတစ်ခု ဖြစ်ပါသလော။ မုချ မဟုတ်ပေ။ ဤစကားများတွင် ဩဇာသက်ရောက်မှုရှိပြီး ယခင်က မည်သူမျှ မပြောခဲ့ဖူးပေ။ ထိုစကားများကို ယောဘက ပထမဆုံး ပြောခဲ့ခြင်းဖြစ်ကာ သူ၏ ကိုယ်ပိုင် အတွေ့အကြုံမှ လာပေသည်။

သင်သည် ပြောင်းလဲမှုများစွာ မရှိဘဲ အလွန်များသည့် ဖောက်ပြန်ပျက်စီးခြင်းကို နေ့စဉ်ပုံမှန် ထုတ်ဖော်ပြနေပြီး စာတန်ဆန်သော စိတ်သဘောထားအလယ် အမြဲ အသက်ရှင်နေမိသည်ကို မိမိကိုယ်ကို တွေ့ရသည့်အခါ မစိုးရိမ်သလော။ (စိုးရိမ်မိပြီး တစ်ခါတစ်ရံ အလွန်စိတ်ဆင်းရဲရပါသည်။) စိတ်ဆင်းရဲသကဲ့သို့ပင် စိုးရိမ်ခြင်းက ပုံမှန်ဖြစ်သည်။ သို့ရာတွင် သင် မည်မျှ စိုးရိမ်သည်ဖြစ်စေ၊ မည်မျှ စိတ်ဆင်းရဲသည်ဖြစ်စေ သင့်အနေဖြင့် စိတ်ငြိမ်အောင်ထားကာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား မည်သို့ဖြေရှင်းရမည်ကို ရှာဖွေရန် လိုအပ်သည်။ ဤသည်မှာ မှန်ကန်သော စိတ်အခြေအနေ ဖြစ်သည်။ သင်သည် နှစ်များစွာ အလွန် စိတ်ဆင်းရဲပြီး သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပြေလည်သွားခြင်း မရှိသေးလျှင် ဤအရာက အဆင်ပြေမည်မဟုတ်သကဲ့သို့ ဤညှဉ်းဆဲခံရသည့် ခံစားချက်က အချည်းနှီးဖြစ်သည်။ သင်က “ငါ၏ ပြဿနာများထဲမှ မည်သည့်ပြဿနာ ပြေလည်သွားပြီနည်း။ ငါ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများထဲမှ မည်သည့်အရာကို ဖြေရှင်းပြီးပြီနည်း။ မည်သည့် ကိစ္စရပ်တွင် ဘုရားသခင်နှင့်ပတ်သက်၍ ငါ ညည်းညူခြင်း မရှိတော့သနည်း”ဟု တွေးဆရမည်။ မိမိကိုယ်ကို ဤအရာကို သင် အမြဲမေးရမည်။ သင်က “ဤအရာမျိုးနှင့် ရင်ဆိုင်ရသည့်အခါ ကျွန်ုပ် အမြဲ စောဒကတက်ကာ ညည်းညူလေ့ရှိပြီး ဘုရားသခင်နှင့်ပတ်သက်၍ အထင်လွဲမှုများ ထားလေ့ရှိခဲ့သော်လည်း ယခုတွင် ထိုအရာတစ်ဖန် ဖြစ်ပျက်သည့်အခါ ကျွန်ုပ် စောဒကမတက်သကဲ့သို့ ဘုရားသခင်နှင့်ပတ်သက်၍ မည်သည့် အထင်လွဲမှုမျှ မထားရှိပါ”ဟု ပြောလျှင် ဤအရာက သင်၏အချိန်ကို သင် မဖြုန်းတီးခဲ့ကြောင်း ပြသပေသည်။ သမ္မာတရားကို သင် နားလည်ကာ ရရှိပြီးသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်အပေါ် မတူကွဲပြားသည့် သဘောထားတစ်ခု ရှိလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှလုံးတစ်ခုနှင့် ကျိုးနွံနာခံသည့် စိတ်အခြေအနေတစ်ခု အလိုအလျောက် ရှိလိမ့်မည်။ ဤသည်မှာ သာမန် လေးစားလိုက်နာမှု သို့မဟုတ် အလှမ်းဝေးသောနေရာတစ်ခုမှ လေးစားမှုပြခြင်း သို့မဟုတ် တမ်းတခြင်း၊ ချစ်ခြင်းမေတ္တာ၊ သံယောဇဉ် သို့မဟုတ် မှီခိုအားကိုးခြင်း မဟုတ်ပေ။ ဤအရာများသာ မဟုတ်၊ စစ်မှန်သည့် ကြောက်ရွံ့မှုဖြစ်သည်။ ယနေ့ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အတွက် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းအကြောင်း ပြောရန် စောလွန်းသေးသည်၊ အလှမ်းဝေးလွန်းသေး၏။ သို့ဆိုလျှင် မည်သည့်အရာကို ယခု သင် ပထမဆုံး လိုက်စားသင့်သနည်း။ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ ဘုရားသခင်အပေါ် သံသယမထားရန် ဖြစ်သည်။ သံသယထားရှိခြင်းကို သင် မည်သို့ ရှောင်ကြဉ်နိုင်သနည်း။ ဦးစွာပထမ ဘုရားသခင်၏ ရည်ရွယ်ချက်များက မည်သည့်အရာ ဖြစ်သည်ဆိုသည်နှင့် သမ္မာတရားက မည်သည့်အရာ ဖြစ်သည်ဆိုသည်တို့ကို သင် သိရမည်။ ဒုတိယအနေဖြင့် သင်၏ အယူအဆများနှင့် မကိုက်ညီသည့် အမှုအရာများ ဖြစ်ပျက်သည့်အခါ ဘုရားသခင်နှင့်ပတ်သက်၍ မကျေမနပ် မပြောနှင့် သို့မဟုတ် သူနှင့်ပတ်သက်၍ မည်သည့် အထင်လွဲမှုမျှ မရှိနှင့်။ အထင်လွဲမှုတစ်ခုခု ရှိခြင်းကို သင် မည်သို့ ရှောင်ကြဉ်နိုင်သနည်း။ သမ္မာတရားကို သင် နားလည်ရန် လိုအပ်ပြီး ထို့နောက်တွင် ဘုရားသခင်နှင့်ပတ်သက်၍ သင်၏ အယူအဆများနှင့် အထင်လွဲမှုများကို တစ်ခုပြီးတစ်ခု တဖြည်းဖြည်း ကျော်လွှားကာ ဖြေရှင်းရန်လိုအပ်သည်။ သင် ရင်ဆိုင်ရသည့် စမ်းသပ်မှု သို့မဟုတ် အတိဒုက္ခ မည်မျှကြီးမားသည်ဖြစ်စေ သင် အတိုက်အခံ လုပ်မည့်အစား ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိကာ သူက သင့်ကို မည်သို့ စစ်ဆေးသည်ဖြစ်စေ ကျိုးနွံနာခံနိုင်မည့်နေ့ရက် ရောက်လာလိမ့်မည်။ ထို့နောက်တွင် သင် အောင်မြင်ပြီးဖြစ်လိမ့်မည်။ ယခု မည်သည့် အဆင့်တွင် သင်တို့ ရှိသနည်း။ အမှုအရာများဖြစ်ပျက်သည့်အခါ သင်က “ဤသည်မှာ ဘုရားသခင်၏ လုပ်ဆောင်ချက်လော။ သူသည် ထိုအရာကို လုပ်ဆောင်သည်မှာ မှန်ကန်ပါသလော” ဟု တွေးဆသည်၊ သို့မဟုတ် တစ်ခါတစ်ရံတွင်ပင် “ဘုရားသခင် အဘယ်မှာနည်း။ ဘုရားသခင်ပင် ရှိပါ၏လော။ သူ့ကို ငါ အဘယ်ကြောင့် ခံစား၍ မရနိုင်သနည်း”ဟု တွေးသည်။ ထိုသို့သော အတွေးများနှင့် အခြေအနေများစွာရှိပြီး သင်သည် စုံလင်စေခြင်းခံရမည့် လမ်းကြောင်းပေါ် အစပြုခြင်းမှ အလှမ်းဝေးနေဆဲဖြစ်သည်နှင့်အမျှ ဤသည်မှာ အဆင်မပြေပေ။ လက်ရှိ သင်၏ ဝိညာဉ်ရင့်ကျက်မှုက သမ္မာတရား စစ်မှန်မှုများကို ပိုင်ဆိုင်ခြင်းအတွက် စံမမီဖြစ်နေလျက် အလွန်သေးငယ်ဆဲ ဖြစ်သည်နှင့်အမျှ သင်၏ လိုက်စားမှုတွင် သင် ကြိုးစားလုပ်ဆောင်ရမည်။ သင် အဆင်ပြေပြီး စစ်မှန်မှုအချို့ ပိုင်ဆိုင်သောကြောင့် ကောင်းကင်ဘုံသို့သွားကာ ကောင်းကင်တမန်တစ်ပါး ဖြစ်လာနိုင်သည်ဟု မတွေးလေနှင့်။ သင်၏ စစ်မှန်မှုအနည်းငယ်သည် အလွန်စံမမီဖြစ်နေဆဲဖြစ်သည်။ သင့်ကို အတောင်ပံများ တပ်ပေးလိုက်လျှင်ပင် ကောင်းကင်တမန် ဖြစ်ဦးမည် မဟုတ်။ သင့်ကိုယ်သင် အကောင်းမထင်လွန်းနှင့် သို့မဟုတ် အထင်မကြီးလွန်းနှင့်၊ သင့်အနေဖြင့် မိမိကိုယ်ကို သိသည့်အသိ အနည်းငယ် ရှိသင့်သည်။ ဘုရားသခင်ကို သင် သက်သေခံနိုင်သလော။ ဘုရားသခင်၏ အသုံးပြုခြင်းအတွက် သင် သင့်တော်သလော။ ဤစံနှုန်းဖြင့် တိုင်းတာသည့်အခါ သင်သည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် အလှမ်းဝေးနေဆဲဖြစ်ပြီး နောက်ထပ် နှစ်ကာလ အတွေ့အကြုံအချို့ လိုအပ်ဆဲဖြစ်သည်။

၂၀၁၈ ခုနှစ်၊ မတ်လ ၁၁ ရက်

အရှေ့သို့- အပြုအမူကောင်းဟူသည်မှာ မိမိ၏စိတ်သဘောထား ပြောင်းလဲပြီးဖြစ်သည်ဟု မဆိုလိုပေ

နောက်တစ်ခုသို့- သမ္မာတရား စည်းမျဉ်းများကို ရှာဖွေခြင်းဖြင့်သာ မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။