၁၁။ အန္တိခရစ်များ၏ စိတ်သဘောထားနှင့် အန္တိခရစ်များ၏ အနှစ်သာရကြား ကွာခြားချက်
နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ
အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားမျှသာ ရှိသောသူကို အနှစ်သာရအားဖြင့် အန္တိခရစ်တစ်ဦးအဖြစ် သတ်မှတ်၍မရနိုင်ပေ။ အန္တိခရစ်များ၏ သဘာဝ အနှစ်သာရ ရှိသောသူများသာ အန္တိခရစ်အစစ်များဖြစ်သည်။ ဤလူနှစ်မျိုး၏ လူ့သဘာဝသည် ဧကန်အမှန် ကွဲပြားမှုများရှိပြီး မတူညီသော လူ့သဘာဝ အမျိုးအစားများ၏ အုပ်စိုးမှုအောက်တွင် သမ္မာတရားအပေါ် ထိုလူများထားရှိသော သဘောထားများသည်လည်း မတူညီပေ။ သမ္မာတရားအပေါ် လူတို့ထားရှိသော သဘောထားများ မတူညီသောအခါ ၎င်းတို့ရွေးချယ်သောလမ်းများက မတူညီကြပေ။ လူတို့ရွေးချယ်သောလမ်းများက မတူညီသောအခါ ၎င်းတို့၏ လုပ်ရပ်များမှ ထွက်လာသော စည်းမျဉ်းများနှင့် အကျိုးဆက်များကလည်း မတူညီကြပေ။ အန္တိခရစ် စိတ်သဘောထားသာ ရှိသောသူတစ်ဦးသည် အသိစိတ်၏ အလုပ်လုပ်ခြင်း၊ ဆင်ခြင်တုံတရားနှင့် ဟီရိဩတ္တပ္ပ ရှိသောကြောင့် သမ္မာတရားကိုလည်း အတော်အသင့် နှစ်သက်ပေရာ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပေါ်ထွက်လာသည့်အခါ သူ၏စိတ်နှလုံးအတွင်း၌ အပြစ်တင်ခြင်းကို ခံစားရနိုင်ပေသည်။ ထိုသို့သော အချိန်များတွင် သူသည် သူ့ကိုယ်သူ ဆင်ခြင်သုံးသပ်နိုင်ပြီး သူ့ကိုယ်သူ သိမြင်နိုင်သည်။ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှုအား ထုတ်ဖော်ပြခြင်းကို ဝန်ခံနိုင်သည်။ ဤနည်းအားဖြင့် သူသည် ဇာတိပကတိနှင့် သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပုန်ကန်နိုင်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကာ ဘုရားသခင်ကို နာခံနိုင်လာသည်။ သို့ရာတွင် အန္တိခရစ်တစ်ယောက်အတွက်မူ ဤသို့ မဟုတ်ပေ။ သူ၌ ဟီရိဩတ္တပ္ပ ရှိရန် မဆိုထားနှင့်၊ အသိစိတ်၏ အလုပ်လုပ်ခြင်းသော်လည်းကောင်း၊ အသိစိတ်၏ သိရှိခံစားမှုသော်လည်းကောင်း မရှိသောကြောင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ၎င်းတို့ထုတ်ဖော်ပြသောအခါ ၎င်းတို့၏ ထုတ်ဖော်ပြချက်သည် မှန်ကန်သလော၊ မှားယွင်းသလော၊ သို့မဟုတ် ၎င်းတို့တွင် ရှိသည့်အရာသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ဖြစ်သလော၊ သာမန်လူ့သဘာဝ ဖြစ်သလော၊ သို့မဟုတ် သမ္မာတရားနှင့် ကိုက်ညီသလောဆိုသည်တို့ကို ဘုရားနှုတ်ကပတ်တော်နှင့်အညီ မတိုင်းတာပေ။ ဤအရာများကို ၎င်းတို့ မည်သည့်အခါမျှ ဆင်ခြင်သုံးသပ်ခြင်း မရှိပေ။ ဤသို့ဆိုလျှင် ၎င်းတို့သည် မည်သို့ပြုမူကြသနည်း။ ၎င်းတို့ဖွင့်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် ၎င်းတို့ရွေးချယ်သည့် လမ်းသည် မှန်ကန်သော အရာများဖြစ်သည်ဟု အမြဲ ခံယူထားကြသည်။ ၎င်းတို့လုပ်သမျှသည် မှန်ကန်ကြောင်း၊ ၎င်းတို့ပြောသမျှသည် မှန်ကန်ကြောင်း ထင်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် အမြင်များကို ထိန်းသိမ်းရန် စိတ်ပိုင်းဖြတ်ထားကြ၏။ ထို့ကြောင့် ၎င်းတို့လုပ်မိနိုင်သည့် အမှားတစ်ခုသည် မည်မျှကြီးပါစေ၊ ၎င်းတို့ဖွင့်ပြနိုင်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက မည်မျှပြင်းထန်ပါစေ ၎င်းတို့သည် အကြောင်းအရာ၏ လေးနက်မှုကို သိမြင်လိမ့်မည် မဟုတ်ပေ။ ပြီးလျှင် ၎င်းတို့ ထုတ်ဖော်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သေချာပေါက် နားလည်ကြလိမ့်မည် မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်နှင့် သမ္မာတရားအား ကျိုးနွံနာခံခြင်း လမ်းကြောင်းကို ရွေးချယ်ရန်အတွက် ၎င်းတို့၏ ဆန္ဒများကို ဘေးဖယ်ထားခြင်း၊ ၎င်းတို့၏ ရည်မှန်းချက် သို့မဟုတ် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပုန်ကန်ခြင်း ပြုလိမ့်မည် မဟုတ်သည်မှာ အမှန်ပင် ဖြစ်သည်။ အန္တိခရစ်တစ်ယောက်၏ စိတ်သဘောထား ရှိသောသူသည် သမ္မာတရားကို မိမိတို့ စိတ်နှလုံးတွင်ချစ်လျှင် ထိုသမ္မာတရားကို နားလည်မှုအား ရရှိပြီး လက်တွေ့လုပ်ဆောင်ရန်၊ ကယ်တင်ခြင်းရရန် အခွင့်အလမ်းရှိသော်လည်း အန္တိခရစ်တစ်ယောက်၏ အနှစ်သာရရှိသော လူစားမျိုးကမူ သမ္မာတရားကို နားမလည်နိုင်၊ သို့မဟုတ် လက်တွေ့မလုပ်ဆောင်နိုင်သကဲ့သို့ ကယ်တင်ခြင်းလည်း မရရှိနိုင်ကြောင်းကို ဤမတူညီသော ရလဒ်နှစ်မျိုးမှတစ်ဆင့် မြင်နိုင်သည်။ ဤသည်မှာ ဤနှစ်ခုကြားရှိ ကွာခြားချက်ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၅- အန္တိခရစ်များ၏ ထူးခြားသော လက္ခဏာနှင့် ၎င်းတို့၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် အဖြစ်အနေတို့ကို အနှစ်ချုပ်ခြင်း (အပိုင်း ၂)
မည်သည့်အရာသည် သေစေနိုင်သော ရောဂါတစ်ခု ဖြစ်သနည်း။ အန္တိခရစ်တစ်ဦး၏ အနှစ်သာရရှိခြင်းလော၊ သို့မဟုတ် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား ရှိခြင်းလော။ (အန္တိခရစ်တစ်ဦး၏ အနှစ်သာရရှိခြင်းဖြစ်သည်။) ဟုတ်သလော။ (ဟုတ်ပါသည်။) ထိုအရာကို သေချာစွာ စဉ်းစားပြီးနောက် တစ်ဖန် ဖြေလော့။ (အန္တိခရစ်တစ်ဦး၏ အနှစ်သာရရှိခြင်းနှင့် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားရှိခြင်း နှစ်ခုလုံးက သေစေနိုင်သော ရောဂါဖြစ်သည်။) ယင်းမှာ အဘယ်ကြောင့်နည်း။ (အဘယ်ကြောင့်ဆိုသော် အန္တိခရစ်၏ အနှစ်သာရရှိသော လူတို့သည် သမ္မာတရားကို မလိုက်စားကြသကဲ့သို့ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားရှိသော သူတို့အတွက်လည်း အလားတူပင် ဖြစ်သည်။ မည်သည့်ပြဿနာကို ၎င်းတို့ ကြုံရသည်ဖြစ်စေ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား ရှိသောလူတို့သည် သမ္မာတရား လိုက်စားခြင်းကို လုံးဝ အာရုံမစိုက်ကြသကဲ့သို့ ၎င်းတို့တွင် လူ့သဘာဝနှင့် ဆင်ခြင်တုံတရား အနိမ့်ဆုံးအဆင့်ပင် မရှိကြချေ။ ဤကဲ့သို့သော လူများသည် သမ္မာတရားကို ရရှိနိုင်စွမ်း မရှိကြသကဲ့သို့ ကယ်တင်ခြင်းကိုလည်း မရရှိနိုင်ကြပါ။ ဤသည်မှာလည်း သေစေနိုင်သော ရောဂါတစ်ခု ဖြစ်သည်။) အခြားမည်သူ ပြောလိုသနည်း။ (ကျွန်ုပ်၏ သိနားလည်မှုမှာ ဤအရာနှစ်ခုထဲမှ မည်သည့်အရာမျှ သေစေနိုင်သော ရောဂါ မဟုတ်သော်လည်း၊ တစ်စုံတစ်ဦးက သမ္မာတရားကို မလိုက်စားလျှင် ယင်းမှာ သေစေနိုင်သော ရောဂါဖြစ်သည်။) ဤသည်မှာ ထိုအရာနှင့်ပတ်သက်၍ ကောင်းမွန်သည့် အမြင်တစ်ခုဖြစ်သည်။ သို့သော် ဤအတွက် မရှိမဖြစ်လိုအပ်ချက်တစ်ခု ရှိသည်။ ယင်းမှာ အန္တိခရစ်၏ အနှစ်သာရဖြစ်သည်။ အန္တိခရစ်တစ်ဦး၏ အနှစ်သာရကို ပိုင်ဆိုင်သော ထိုလူတို့သည် သမ္မာတရားကို တကယ် မလိုက်စားကြ။ ၎င်းတို့သည် မယုံကြည်သူများဖြစ်ကြသည်။ အန္တိခရစ်တစ်ဦး၏ အနှစ်သာရကို ပိုင်ဆိုင်ခြင်းသည် အန္တရာယ်အများဆုံးသော အရာဖြစ်သည်။ အန္တိခရစ်၏ အနှစ်သာရအားဖြင့် မည်သည့်အရာကို ဆိုလိုသနည်း။ ဤလူများက သမ္မာတရားကို တကယ် မလိုက်စားကြဟု ဆိုလိုသည်။ ၎င်းတို့က အဆင့်အတန်းကိုသာ လိုက်စားကြသည်။ ပင်ကိုအားဖြင့် ဘုရားသခင်၏ ရန်သူများဖြစ်ကြသည်။ အန္တိခရစ်များ ဖြစ်ကြသည်။ စာတန်၏ ပြယုဂ်ဖြစ်သည်။ ၎င်းတို့သည် မွေးကတည်းက နတ်ဆိုးများဖြစ်ကြသည်။ လူ့သဘာဝ မရှိကြ။ ရုပ်ဝါဒီများဖြစ်ကြသည်။ ၎င်းတို့က စံပြ မယုံကြည်သူများဖြစ်ကြပြီး ထိုသို့သော လူများသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြပေ။ “သမ္မာတရားကို အလွန်အမင်း မနှစ်မြို့”ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားသခင်က သမ္မာတရားဖြစ်သည်ကို ၎င်းတို့ မယုံကြည်ကြ၊ ဘုရားသခင်က အရာခပ်သိမ်းနှင့် အရာရာအပေါ် အချုပ်အခြာအာဏာ စွဲကိုင်သည်ဟူသည့် အချက်ကို အသိအမှတ်ပြုရန် မဆိုထားနှင့်၊ ဘုရားသခင်က ဖန်ဆင်းရှင်ဖြစ်သည်ဟူသည့် အချက်ကိုပင် ၎င်းတို့က အသိအမှတ်မပြုကြပေ။ ထို့ကြောင့် ထိုသို့သော လူများကို သမ္မာတရား လိုက်စားရန် အခွင့်အရေးပေးသည့်အခါ ထိုအရာကို ၎င်းတို့ လုပ်ဆောင်နိုင်ကြသလော။ (မလုပ်ဆောင်နိုင်ကြပါ။) သမ္မာတရားကို ၎င်းတို့ မလိုက်စားနိုင်ကြသောကြောင့်လည်းကောင်း၊ ၎င်းတို့က သမ္မာတရား၏ ရန်သူများနှင့် ဘုရားသခင်၏ ရန်သူများ အစဉ်ထာဝရ ဖြစ်ကြသောကြောင့်လည်းကောင်း သမ္မာတရားကို မည်သည့်အခါတွင်မျှ ရရှိနိုင်ကြလိမ့်မည် မဟုတ်ပေ။ သမ္မာတရားကို အစဉ်ထာဝရ မရရှိနိုင်ခြင်းသည် သေစေနိုင်သော ရောဂါတစ်ခု ဖြစ်သည်။ ပြီးလျှင် အန္တိခရစ် စိတ်သဘောထားရှိသူ အားလုံးသည် အန္တိခရစ် အနှစ်သာရရှိသူများနှင့် စိတ်သဘောထားတွင် တူညီသော အချက်များ ရှိကြပြီး ၎င်းတို့၌ တူညီသော သရုပ်သကန်များ၊ ထုတ်ဖော်ခြင်းများ ရှိကြသည့်အပြင် ဤသရုပ်သကန်များနှင့် ထုတ်ဖော်ခြင်းများကို ၎င်းတို့ ဖော်ပြသည့် နည်းလမ်းများ၊ တွေးခေါ်ပုံစံများနှင့် ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆများနှင့် စိတ်ကူးစိတ်သန်းများပင်လျှင် အားလုံး တစ်ထပ်တည်းကျကြလေသည်။ သို့ရာတွင် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားကို ပိုင်ဆိုင်သူတို့အတွက်မူ သမ္မာတရားကို ၎င်းတို့ လက်ခံနိုင်သည်ဖြစ်စေ၊ လက်မခံနိုင်သည်ဖြစ်စေ၊ ဘုရားသခင်က ဖန်ဆင်းရှင် ဖြစ်သည်ဟူသည့်အချက်ကို အသိအမှတ်ပြုနိုင်သည်ဖြစ်စေ၊ မပြုနိုင်သည်ဖြစ်စေ သမ္မာတရားကို ၎င်းတို့ မလိုက်စားသရွေ့ ၎င်းတို့၏ အန္တိခရစ် စိတ်သဘောထားသည် သေစေနိုင်သော ရောဂါတစ်ခု ဖြစ်လာပြီး ၎င်းတို့၏ အဆုံးသတ်က အန္တိခရစ်၏ အနှစ်သာရ ပိုင်ဆိုင်သောသူတို့၏ အဆုံးသတ်နှင့် တူညီလိမ့်မည်မှာ ဤအရာကြောင့် ဖြစ်သည်။ သို့တိုင် ကံအားလျော်စွာပင် အန္တိခရစ်၏ စိတ်သဘောထားရှိသောသူတို့ထဲတွင် လူ့သဘာဝ၊ ဆင်ခြင်တုံတရား၊ အသိစိတ်နှင့် ရှက်စိတ်တစ်ခု ပိုင်ဆိုင်သည့်သူအချို့၊ အပြုသဘောဆောင်သည့် အရာများကိုချစ်ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းခံရမည့် သတ်မှတ်ချက်များ ပိုင်ဆိုင်သူအချို့ ရှိလေသည်။ ၎င်းတို့က သမ္မာတရားကို လိုက်စားကြသောကြောင့် ဤလူများသည် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို စွမ်းဆောင်ရရှိကြသည်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားကြပြီး ၎င်းတို့၏ အန္တိခရစ် စိတ်သဘောထားကို ဖယ်ရှားကြလေသည်။ ထို့ကြောင့် ၎င်းတို့၏ အန္တိခရစ် စိတ်သဘောထားသည် ၎င်းတို့အတွက် သေစေနိုင်သော ရောဂါတစ်ခု မဟုတ်တော့သည့်အပြင် ၎င်းတို့အနေဖြင့် ကယ်တင်ခံရမည့် ဖြစ်နိုင်ချေတစ်ခု ရှိလေသည်။ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားကို ပိုင်ဆိုင်ခြင်းက သေစေနိုင်သော ရောဂါတစ်ခုဖြစ်သည်ဟု မည်သည့်အခြေအနေတွင် ပြော၍ရသနည်း။ ဤအတွက် မရှိမဖြစ်ထားရှိရမည့် လိုအပ်ချက်တစ်ခု ရှိသည်။ ယင်းမှာ ဤလူများက ဘုရားသခင်၏ တည်ရှိခြင်းကို အသိအမှတ်ပြုကြသော်လည်း၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင် ပြောသည့် အရာရာတိုင်းကို ယုံကြည်ပြီး အသိအမှတ်ပြုကြကာ မိမိတို့တာဝန်များကို လုပ်ဆောင်နိုင်ကြသော်လည်း မှားနေသောအရာတစ်ခု ရှိနေခြင်း ဖြစ်သည်။ ၎င်းတို့က သမ္မာတရားကို လုံးဝ လက်တွေ့မလုပ်ဆောင်၊ သို့မဟုတ် မလိုက်စားကြချေ။ ထို့ကြောင့် ၎င်းတို့၏ အန္တိခရစ် စိတ်သဘောထားသည် ၎င်းတို့အတွက် သေစေနိုင်သောအရာ ဖြစ်လာပြီး ထိုအရာက ၎င်းတို့၏ အသက်ကို နုတ်ယူနိုင်သည်။ အန္တိခရစ်၏ အနှစ်သာရရှိသည့် လူတို့နှင့် ပတ်သက်လာသည့်အခါ အခြေအနေများ မည်သို့ရှိသည်ဖြစ်စေ ဤလူများအနေဖြင့် သမ္မာတရားကို ချစ်ရန်၊ သို့မဟုတ် သမ္မာတရားကို လက်ခံရန်မှာ မဖြစ်နိုင်သကဲ့သို့ သမ္မာတရားကို မည်သည့်အခါတွင်မျှ မရရှိနိုင်ကြပေ။ သင် နားလည်သလော။ (နားလည်ပါသည်။) သင် နားလည်၏။ ငါ့ကို ပြန်ပြောလော့။ (အန္တိခရစ်တစ်ဦး၏ အနှစ်သာရရှိသောလူတို့သည် ပင်ကိုအားဖြင့် ဘုရားသခင်၏ ရန်သူများဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို ချစ်နိုင်သည့်လူများ သို့မဟုတ် လက်ခံနိုင်သည့် လူများ လုံးဝ မဟုတ်ကြသကဲ့သို့ သမ္မာတရားကို တစ်ကြိမ်တစ်ခါမျှ ရရှိရန် ၎င်းတို့အတွက် မဖြစ်နိုင်ပေ။ ထို့ကြောင့် ၎င်းတို့အတွက် ၎င်းတို့၏ အန္တိခရစ် စိတ်သဘောထားသည် သေစေနိုင်သော ရောဂါတစ်ခု ဖြစ်သည်။ အန္တိခရစ်၏ စိတ်သဘောထားကို ပိုင်ဆိုင်သည့် လူအချို့အတွက်မူ လူ့သဘာဝ၊ ဆင်ခြင်တုံတရား၊ အသိစိတ်နှင့် ရှက်စိတ်တစ်ခု ပိုင်ဆိုင်ပြီး အပြုသဘောဆောင်သည့် အရာများကို ချစ်ကာ သမ္မာတရားကို လိုက်စားပြီးနောက် သမ္မာတရားကို လိုက်စားခြင်းမှတစ်ဆင့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှု စွမ်းဆောင်ရရှိသည်ဟူသည့် မရှိမဖြစ် ရှိထားရမည့် လိုအပ်ချက်နှင့်အတူ မှန်ကန်သည့် လမ်းကြောင်းကို လိုက်လျှောက်နေကြခြင်းဖြင့် ၎င်းတို့အတွက် မိမိတို့၏ အန္တိခရစ် စိတ်သဘောထားသည် သေစေနိုင်သော ရောဂါတစ်ခု မဟုတ်။ ဤအရာအားလုံးကို လူတို့၏ အနှစ်သာရနှင့် ၎င်းတို့ လိုက်လျှောက်သည့် လမ်းကြောင်းအားလုံးက ဆုံးဖြတ်ပါသည်။) ဆိုလိုသည်မှာ အန္တိခရစ်၏ အနှစ်သာရရှိသော လူတို့အတွက် သမ္မာတရားကို တစ်ကြိမ်တစ်ခါ လိုက်စားရန်မှာ မဖြစ်နိုင်သည့်အပြင် ကယ်တင်ခြင်းကို လုံးဝ မရရှိနိုင်ပေ။ အန္တိခရစ်၏ စိတ်သဘောထား ရှိသော လူတို့ကိုမူ နှစ်မျိုးနှစ်စားအဖြစ် အမျိုးအစားသတ်မှတ်နိုင်သည်။ တစ်မျိုးက သမ္မာတရားကို လိုက်စားပြီး ကယ်တင်ခြင်းရရှိနိုင်ကာ တစ်မျိုးမှာ သမ္မာတရားကို လုံးဝ မလိုက်စားသကဲ့သို့ ကယ်တင်ခြင်း မရရှိနိုင်ပေ။ ကယ်တင်ခြင်း မရရှိနိုင်သည့်သူများမှာ အလုပ်လုပ်ပေးသူများချည်းသာ ဖြစ်သည်။ အချို့သော သစ္စာစောင့်သိသည့် အလုပ်လုပ်ပေးသူများက ကျန်ရှိနိုင်ပြီး ၎င်းတို့သည် မတူကွဲပြားသည့် ရလဒ်တစ်ခု ကြုံရနိုင်ချေရှိသည်။
အန္တိခရစ်၏ အနှစ်သာရရှိသော လူတို့သည် အဘယ်ကြောင့် ကယ်တင်ခြင်း မရရှိနိုင်ကြသနည်း။ အဘယ်ကြောင့်ဆိုသော် ဤလူများက သမ္မာတရားကို အသိအမှတ်မပြုကြသကဲ့သို့ ဘုရားသခင်က သမ္မာတရားဖြစ်သည်ကို အသိအမှတ် မပြုကြသောကြောင့် ဖြစ်သည်။ အပြုသဘောဆောင်သည့် အရာများရှိသည်ကို ဤလူများက အသိအမှတ်မပြုကြသကဲ့သို့ အပြုသဘောဆောင်သည့်အရာများကို မချစ်ကြပေ။ ထိုအစား ၎င်းတို့က ကောက်ကျစ်ဆိုးယုတ်သည့်အရာများနှင့် အပျက်သဘောဆောင်သည့် အရာများကို ချစ်ကြသည်။ ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်ပြီး အပျက်သဘောဆောင်သည့် အရာအားလုံး၏ ပြယုဂ်ဖြစ်၍ အပျက်သဘောဆောင်ကာ ကောက်ကျစ်ဆိုးယုတ်သည့် အရာအားလုံးကို ဖော်ပြသူများဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြ။ သမ္မာတရားကို ရန်လိုကာ မုန်းတီးကြသည်။ ထိုသို့သော အနှစ်သာရတစ်ခုဖြင့် သမ္မာတရားကို ၎င်းတို့ လိုက်စားနိုင်ကြသလော။ (မလိုက်စားနိုင်ကြပါ။) ထို့ကြောင့် ဤလူများကို သမ္မာတရား လိုက်စားစေရန် မဖြစ်နိုင်ချေ။ တိရစ္ဆာန်တစ်ကောင်ကို အခြားတိရစ္ဆာန်အမျိုးအစားအဖြစ်သို့ ပြောင်းလဲရန် ဖြစ်နိုင်သလော။ ဥပမာအနေဖြင့် ကြောင်တစ်ကောင်ကို ခွေး သို့မဟုတ် ကြွက်တစ်ကောင်အဖြစ်သို့ ပြောင်းရန် ဖြစ်နိုင်သလော။ (မဖြစ်နိုင်ပါ။) ကြွက်တစ်ကောင်သည် တွင်းများထဲတွင် မကြာခဏ ပုန်းအောင်းကာ အရိပ်များထဲတွင် အသက်ရှင်လျက် အမြဲ ကြွက်တစ်ကောင်သာ ဖြစ်လိမ့်မည်။ ကြောင်တစ်ကောင်သည် ကြွက်တစ်ကောင်၏ သဘာဝရန်သူ အစဉ်သဖြင့် ဖြစ်လိမ့်မည်ဖြစ်ပြီး ဤအရာကို ပြောင်းလဲ၍မရပေ။ ဤအရာ လုံးဝ မပြောင်းလဲနိုင်ပေ။ သို့တိုင် အန္တိခရစ်၏ စိတ်သဘောထားရှိသောသူတို့ထဲတွင် သမ္မာတရားနှင့် အပြုသဘောဆောင်သည့်အရာများကို ချစ်သောသူအချို့၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး လိုက်စားရန် အရာရာကို ပေးဆပ်ဖို့ လိုလားနေသည့်သူအချို့ ရှိပေသည်။ ဘုရားသခင် ပြောသည့် မည်သည့်အရာကိုမဆို ၎င်းတို့က လက်တွေ့လုပ်ဆောင်ကြသည်။ ဘုရားသခင်က ၎င်းတို့ကို မည်သို့ ဦးဆောင်သည်ဖြစ်စေ ၎င်းတို့ လိုက်လျှောက်ကြသည်။ ဘုရားသခင် စေခိုင်းသည့် မည်သည့်အရာကိုမဆို ၎င်းတို့ လုပ်ဆောင်ကြသည်။ ၎င်းတို့ လိုက်လျှောက်သည့် လမ်းကြောင်းသည် ဘုရားသခင် တောင်းဆိုသည့် လမ်းကြောင်းနှင့် လုံးဝ ကိုက်ညီပြီး ဘုရားသခင် ညွှန်ပြသည့် ဦးတည်ချက်၊ ရည်ရွယ်ချက်များနှင့်အညီ ၎င်းတို့ လိုက်စားကြလေသည်။ အခြားသူများမှာမူ သမ္မာတရားကို မလိုက်စားခြင်းမှလွဲ၍ ၎င်းတို့သည်လည်း အန္တိခရစ်၏ လမ်းကြောင်းကို လိုက်လျှောက်ကြပြီး ဤလူတို့၏ အဆုံးသတ်က မည်သည့်အရာ ဖြစ်လိမ့်မည်ကို သဘောပေါက်ရန် သိပ်မလိုအပ်ပေ။ ၎င်းတို့က သမ္မာတရားကို ရရှိကြလိမ့်မည် မဟုတ်သည်သာမက ကယ်တင်ခံရမည့် အခွင့်အရေးလည်း ဆုံးရှုံးကြလိမ့်မည် ဖြစ်သည်။ ဤလူများက သနားစဖွယ်ဖြစ်လိုက်လေခြင်းပါတကား။ ဘုရားသခင်က ၎င်းတို့ကို အခွင့်အရေးများပေးကာ သမ္မာတရား၊ အသက်နှင့်လည်း ထောက်ပံ့ပေးသော်လည်း ဤအရာများကို ၎င်းတို့က မြတ်နိုးတန်ဖိုးထားခြင်း မရှိသကဲ့သို့ စုံလင်အောင်ပြုခြင်းခံရမည့် လမ်းကြောင်းကို မလိုက်လျှောက်ကြပေ။ ၎င်းတို့က ကယ်တင်ခံရမည့် အခွင့်အရေး ဆုံးရှုံးသည်မှာ ဘုရားသခင်က လူအချို့ကို အခြားလူများထက် မျက်နှာသာပေးခြင်း မဟုတ်သည့်အပြင် ဤလူများကို အခွင့်အရေးများ မပေးခြင်းကြောင့် မဟုတ်ဘဲ၊ ထို့ထက် ၎င်းတို့က ဤအခွင့်အရေးများကို မြတ်နိုးတန်ဖိုးထားခြင်း မရှိသောကြောင့် သို့မဟုတ် ဘုရားသခင် တောင်းဆိုသည့်အတိုင်း ပြုမူဆောင်ရွက်ခြင်း မရှိကြသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ အန္တိခရစ် စိတ်သဘောထားသည် သေစေနိုင်သောအရာ ဖြစ်လာပြီး ၎င်းတို့၏ အသက်များကို ဆုံးရှုံးဖို့ ဖြစ်စေသည်။ အချို့သော အယူဝါဒများကို နားလည်ခြင်းနှင့် အချို့သော အပြင်ပန်း လုပ်ရပ်များ၊ ကောင်းမွန်သည့် အပြုအမူများကို ဖော်ပြခြင်းသည် ဘုရားသခင်က ၎င်းတို့၏ အန္တိခရစ် စိတ်သဘောထားနှင့်ဆိုင်သည့် ကိစ္စကို စစ်ဆေးမည် မဟုတ်ကြောင်း၊ ထိုအရာကို ၎င်းတို့ ဖုံးကွယ်နိုင်ကြောင်းနှင့် သို့ဖြစ်၍ ၎င်းတို့သည် ပင်ကိုအားဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် မလိုအပ်သကဲ့သို့ ၎င်းတို့ အလိုရှိသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်ကာ ၎င်းတို့၏ ကိုယ်ပိုင် သိနားလည်မှု၊ နည်းစနစ်များ၊ အလိုဆန္ဒများနှင့်အညီ ပြုမူဆောင်ရွက်နိုင်ကြောင်းကို ဆိုလိုသည်ဟု ၎င်းတို့က တွေးထင်ကြသည်။ အဆုံးတွင် ၎င်းတို့ကို ဘုရားသခင်က မည်သည့်အခွင့်အရေးများ ပေးသည်ဖြစ်စေ၊ ၎င်းတို့၏ကိုယ်ပိုင် လမ်းကြောင်းကိုသာ မရမက ဖက်တွယ်ကြသည်။ အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို လိုက်လျှောက်ကြပြီး ဘုရားသခင်၏ ရန်သူများ ဖြစ်လာကြလေသည်။ ဘုရားသခင်က ၎င်းတို့ကို အစကတည်းက ထိုသို့သတ်မှတ်ခဲ့သောကြောင့် ၎င်းတို့က ဘုရားသခင်၏ ရန်သူများ ဖြစ်လာကြသည်မဟုတ်။ ဘုရားသခင်က အစတွင် မည်သည့် သတ်မှတ်ချက်မျှ မပေးပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ အမြင်တွင် ၎င်းတို့သည် သူ၏ ရန်သူများ သို့မဟုတ် အန္တိခရစ်တစ်ဦး၏ အနှစ်သာရရှိသည့် လူများ မဟုတ်ဘဲ ထို့ထက် စာတန်ဆန်သော၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသည့် လူများသာ ဖြစ်ခဲ့ကြသောကြောင့်ဖြစ်သည်။ ဘုရားသခင်က သမ္မာတရားမည်မျှ ဖော်ပြသည်ဖြစ်စေ ၎င်းတို့က မိမိတို့၏ လိုက်စားမှုတွင် သမ္မာတရားအတွက် ကြိုးပမ်းခြင်း မရှိကြသေးချေ။ ကယ်တင်ခြင်း လမ်းကြောင်းပေါ် ၎င်းတို့ ခြေချနိုင်ရမည့်အစား အန္တိခရစ်တစ်ဦး၏လမ်းကြောင်းကို လိုက်လျှောက်ကြပြီး နောက်ဆုံးတွင် ကယ်တင်ခံရမည့် ၎င်းတို့၏ အခွင့်အရေး ဆုံးရှုံးသွားသည်။ ယင်းမှာ ဝမ်းနည်းစရာတစ်ခု မဟုတ်လော။ အင်မတန် ဝမ်းနည်းစရာတစ်ခု ဖြစ်သည်။ ဤလူများက အလွန် သနားစဖွယ်ဖြစ်ကြသည်။ အဘယ်ကြောင့် သနားစဖွယ်ဖြစ်ကြသနည်း။ ၎င်းတို့သည် စကားလုံးများနှင့် အယူဝါဒအနည်းငယ်ကို နားလည်ကြပြီး သမ္မာတရားကို နားလည်သည်ဟု တွေးထင်ကြသည်။ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်စဉ်တွင် အဖိုးအခအနည်းငယ် ပေးပြီး အပြုအမူကောင်းတစ်ခုခု ဖော်ပြကြကာ ၎င်းတို့က သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေကြသည်ဟု တွေးထင်သည်။ ၎င်းတို့တွင် ပါရမီ၊ အစွမ်းအစနှင့် ဆုကျေးဇူးအချို့ရှိကာ အချို့သော စကားလုံးများနှင့် အယူဝါဒများ ပြောဆိုနိုင်ကြသည်၊ အလုပ်တစ်ခုခုကို လုပ်နိုင်ကြသည်၊ အထူးတာဝန်အချို့ကို ထမ်းဆောင်နိုင်ကြပြီး ၎င်းတို့က အသက်ကို ရရှိပြီးဖြစ်သည်ဟု တွေးထင်ကြသည်။ ဆင်းရဲဒုက္ခ အနည်းငယ်ကို ၎င်းတို့ ခါးစည်းခံနိုင်ကာ အဖိုးအခ အနည်းငယ် ပေးနိုင်ပြီး ဘုရားသခင်ကို ၎င်းတို့က ကျိုးနွံနာခံနိုင်သည့်အပြင် ဘုရားသခင်အတွက် အရာရာကို စွန့်လွှတ်နိုင်သည်ဟု တလွဲတွေးကြသည်။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအား အစားထိုးရန် ၎င်းတို့၏ အပြင်ပန်း အပြုအမူကောင်း၊ ၎င်းတို့၏ ဆုကျေးဇူးများ၊ မိမိတို့ကိုယ်ကို ပြင်ဆင်ထားသည့်စကားလုံးများနှင့် အယူဝါဒများကို အသုံးပြုကြလေသည်။ ဤသည်မှာ ၎င်းတို့၏ အကြီးမားဆုံး ပြဿနာ၊ ၎င်းတို့၏ သေစေနိုင်သော အားနည်းချက် ဖြစ်သည်။ ထိုအရာက ၎င်းတို့အနေဖြင့် ကယ်တင်ခြင်း လမ်းကြောင်းပေါ် အစပြုနှင့်ပြီးသားဖြစ်သည်ဟူ၍ လည်းကောင်း၊ ဝိညာဉ်ရင့်ကျက်မှုနှင့် အသက်ကို ၎င်းတို့ ပိုင်ဆိုင်ပြီးသား ဖြစ်သည်ဟူ၍လည်းကောင်း တလွဲ ယုံကြည်စေသည်။ မည်သို့ဆိုစေ အဆုံးတွင် ဤလူများက ကယ်တင်ခြင်း မရရှိနိုင်လျှင် ၎င်းတို့တွင် ၎င်းတို့ကိုယ်တိုင်မှလွဲ၍ အပြစ်တင်စရာ မည်သူမျှ မရှိပေ။ ထိုအရာမှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့ကိုယ်တိုင်က သမ္မာတရားကို အာရုံမစိုက်သောကြောင့်၊ သမ္မာတရားကို မလိုက်စားသကဲ့သို့ အန္တိခရစ်များ၏ လမ်းကြောင်းကို လိုက်လျှောက်ရန် အလိုလားဆုံးဖြစ်ကြသောကြောင့် ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၄)
အန္တိခရစ်လမ်းကြောင်းကို လျှောက်သောသူအားလုံးသည် အန္တိခရစ် စိတ်သဘောထားရှိသောသူများဖြစ်သည်။ ပြီးလျှင် အန္တိခရစ်စိတ်သဘောထား ရှိသောလူတို့ လျှောက်သောအရာမှာ အန္တိခရစ်တို့၏လမ်းကြောင်းဖြစ်သည်။ သို့တိုင်အောင် အန္တိခရစ်စိတ်သဘောထားရှိသောလူများနှင့် အန္တိခရစ်များကြားတွင် ကွာခြားချက်အနည်းငယ်ရှိသည်။ လူတစ်ယောက်သည် အန္တိခရစ် စိတ်သဘောထားရှိပြီး အန္တိခရစ်လမ်းကြောင်းကို လျှောက်လျှင် သူသည် အန္တိခရစ်ဖြစ်သည်ဟု မလွဲမသွေ ညွှန်ပြခြင်းမျိုး ဖြစ်ချင်မှဖြစ်မည်။ သို့သော် သူသည် နောင်တမရသကဲ့သို့ သမ္မာတရားကို လက်မခံနိုင်လျှင် အန္တိခရစ်အဖြစ်သို့ ရောက်ရှိသွားနိုင်သည်။ အန္တိခရစ်လမ်းကြောင်းကို လျှောက်သောသူတို့အနေဖြင့် နောင်တရရန် မျှော်လင့်ချက်နှင့် အခွင့်အရေးတစ်ခုရှိဆဲ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အန္တိခရစ်များ မဖြစ်သေးသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် မကောင်းသောအရာမျိုးစုံကို ပြုလုပ်ပြီး အန္တိခရစ်အဖြစ် အမျိုးအစားသတ်မှတ်ခံရကာ ဤသို့ဖြင့် ချက်ချင်း ရှင်းလင်းပစ်ခံရပြီး နှင်ထုတ်ခံရလျှင် နောင်တရဖို့ အခွင့်အရေးရရှိတော့မည်မဟုတ်ပေ။ အန္တိခရစ်လမ်းကြောင်းကို လျှောက်သောသူတစ်ယောက်သည် မကောင်းမှုများစွာကို မလုပ်ဆောင်ရသေးလျှင် ဤသည်မှာ သူသည် အနည်းဆုံးအနေဖြင့် ဆိုးယုတ်သူတစ်ဦး မဟုတ်သေးသည်ကို ပြသည်။ သူသည် သမ္မာတရားကို လက်ခံနိုင်လျှင် ထိုသူအတွက် မျှော်လင့်ချက် ခပ်ရေးရေးရှိသည်။ မည်သို့ဖြစ်စေ သမ္မာတရားကို လက်မခံလျှင် သူသည် မကောင်းမှုမျိုးစုံကို မလုပ်ခဲ့လျှင်ပင် ကယ်တင်ခြင်းခံရဖို့ အလွန်အခက်အခဲဖြစ်လိမ့်မည်။ အန္တိခရစ်တစ်ဦးသည် အဘယ်ကြောင့် ကယ်တင်ခြင်းမခံရနိုင်သနည်း။ သမ္မာတရားကို စိုးစဉ်းမျှပင် လက်မခံသောကြောင့် ဖြစ်သည်။ ဘုရားအိမ်တော်က ရိုးသားသူတစ်ဦး ဖြစ်ခြင်းအကြောင်းကိုလည်းကောင်း၊ မည်သို့ဖွင့်ပြပြီး ပွင့်လင်းရမည်၊ ပြောစရာရှိသည့်အရာကို ထုတ်ပြောပြီး လှည့်ဖြားမှုကို လုပ်ဆောင်ခြင်း မပြုရဆိုသည်တို့အကြောင်းကိုလည်းကောင်း မည်သို့ မိတ်သဟာယဖွဲ့သည်ဖြစ်စေ သူသည် လက်မခံနိုင်ခြင်းပင်ဖြစ်သည်။ လူတို့သည် ရိုးသားခြင်းအားဖြင့် အခွင့်အရေး ဆုံးရှုံးကြရသည်ဟုလည်းကောင်း၊ သမ္မာတရားကို ပြောခြင်းသည် မိုက်မဲသည်ဟုလည်းကောင်း သူသည် အစဉ်ခံစားရသည်။ သူသည် ရိုးသားသူတစ်ဦး မဖြစ်ရန် စိတ်ပိုင်းဖြတ်ထားသည်။ ဤသည်မှာ အန္တိခရစ်တို့၏ သဘာဝဖြစ်သည်။ သမ္မာတရားကို အလွန်အမင်း မနှစ်မြိုသကဲ့သို့ မုန်းတီးခြင်းဖြစ်သည်။ လူတစ်ဦးသည် သမ္မာတရားကို အနည်းငယ်မျှပင် လက်မခံလျှင် မည်သို့ ကယ်တင်ခံရနိုင်သနည်း။ အန္တိခရစ်လမ်းကြောင်းကို လျှောက်သူတစ်ဦးသည် သမ္မာတရားကို လက်ခံနိုင်လျှင် ထိုသူနှင့် အန္တိခရစ်ကြား ရှင်းလင်းသော ခြားနားချက်တစ်ခုရှိသည်။ အန္တိခရစ်အားလုံးသည် သမ္မာတရားအနည်းငယ်ကိုပင် လက်မခံသောလူများဖြစ်သည်။ မှားယွင်းသော၊ သို့မဟုတ် ဆိုးယုတ်သောအရာ မည်မျှကို ၎င်းတို့ လုပ်ဆောင်ခဲ့သည်ဖြစ်စေ၊ အသင်းတော်အလုပ်နှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများအပေါ် ၎င်းတို့ သင့်စေခဲ့သော ဆုံးရှုံးမှုများက မည်မျှကြီးမားသည်ဖြစ်စေ ၎င်းတို့သည် မည်သည့်အခါမျှ မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး သိမြင်မည်မဟုတ်။ ၎င်းတို့သည် ပြုပြင်ခြင်းခံရလျှင်ပင် မည်သည့်သမ္မာတရားကိုမျှ လုံးဝ လက်မခံပေ။ ဤအတွက်ကြောင့် အသင်းတော်က ၎င်းတို့အား ဆိုးယုတ်သူများအဖြစ်၊ အန္တိခရစ်များအဖြစ် အမျိုးအစားသတ်မှတ်ခြင်း ဖြစ်သည်။ အန္တိခရစ်တစ်ဦးသည် အများဆုံးအနေဖြင့် သူ၏ လုပ်ရပ်များက စည်းမျဉ်းများကို ချိုးဖောက်ပြီး သမ္မာတရားနှင့် မညီသည်ကိုသာ ဝန်ခံလိမ့်မည်။ သို့တိုင်အောင် သူသည် မကောင်းမှုကို တမင်လုပ်ဆောင်ခဲ့သည်၊ သို့မဟုတ် ဘုရားသခင်ကို တမင်အာခံခဲ့သည်ဟူ၍ မည်သည့်အခါမျှ လုံးဝ ဝန်ခံမည်မဟုတ်။ ၎င်းတို့သည် အမှားများကိုသာ ဝန်ခံမည်ဖြစ်သော်လည်း သမ္မာတရားကို လက်ခံမည်မဟုတ်။ ထို့နောက်တွင် ၎င်းတို့သည် မည်သည့်သမ္မာတရားကိုမျှ လုံးဝ လက်တွေ့မလုပ်ဆောင်ဘဲ ယခင်ကကဲ့သို့ မကောင်းမှုကို ဆက်လက် လုပ်ဆောင်မည်ဖြစ်သည်။ အန္တိခရစ်တစ်ဦးသည် သမ္မာတရားကို လုံးဝ လက်မခံဆိုသည့်အချက်ကို ကြည့်လျှင် အန္တိခရစ်များ၏ သဘာဝအနှစ်သာရသည် သမ္မာတရားကို အလွန်အမင်းမနှစ်မြို့ခြင်းနှင့် မုန်းတီးခြင်းဖြစ်သည်ဆိုသည်ကို မြင်နိုင်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သည်မှာ နှစ်မည်မျှကြာသည်ဖြစ်စေ ဘုရားသခင်ကို အစဉ်အာခံသူများအဖြစ် ရှိနေသည်။ အခြားတစ်ဖက်တွင် သာမန်၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်တို့အားလုံးသည် အန္တိခရစ်၏ စိတ်သဘောထားတစ်ခု ရှိနိုင်သည်။ သို့သော် ၎င်းတို့နှင့် အန္တိခရစ်များကြားတွင် ကွာခြားချက်တစ်ခုရှိသည်။ ဘုရားသခင်၏ တရားစီရင်သည့်၊ ဖော်ထုတ်သည့် နှုတ်ကပတ်တော်များကို ကြားပြီးနောက်တွင် ယင်းတို့ကို အလေးအနက်ထားပြီး ထပ်ခါထပ်ခါ ဆင်ခြင်တွေးတောသော၊ မိမိတို့ကိုယ်ကို ပြန်လည်သုံးသပ်သော လူအချို့ရှိသည်။ ထို့နောက်တွင် ၎င်းတို့သည် “ဤသို့ဆိုလျှင် ဤသည်မှာ အန္တိခရစ်၏ စိတ်သဘောထားဖြစ်သည်။ ဤသည်မှာ အန္တိခရစ်လမ်းကြောင်းကို လျှောက်ခြင်းဟူသည့်အရာ ဖြစ်သည်။ လေးနက်လိုက်သည့် ပြဿနာပါတကား။ ငါ့တွင် ထိုအခြေအနေများနှင့် အပြုအမူများရှိသည်။ ငါ့တွင် ထိုအနှစ်သာရမျိုးရှိသည်။ ငါသည် ထိုလူမျိုးဖြစ်သည်” ဟု သတိပြုမိနိုင်သည်။ ထို့နောက်တွင် ၎င်းတို့သည် ထိုအန္တိခရစ် စိတ်သဘောထားကို ဖယ်ရှားပြီး အမှန်တကယ် နောင်တရကောင်းရနိုင်ပုံကို စဉ်းစားသုံးသပ်သည်။ ဤသို့ဖြင့် အန္တိခရစ်လမ်းကြောင်းကို မလျှောက်ရန် ၎င်းတို့၏ စိတ်ကို ပိုင်းဖြတ်နိုင်သည်။ ၎င်းတို့၏ အလုပ်နှင့် ဘဝတွင် လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများအပေါ်နှင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အပေါ် ၎င်းတို့၏ သဘောထားတွင် ၎င်းတို့၏ ကိုယ်ပိုင်လုပ်ရပ်များနှင့် အပြုအမူများအပေါ်၊ ဘုရားသခင်ကို ၎င်းတို့ ကျိုးနွံနာခံနိုင်ခြင်း မရှိရသည့်အကြောင်းအရင်းအပေါ်၊ ၎င်းတို့သည် စာတန်ဆန်သော စိတ်သဘောထားနှင့် အစဉ်နေထိုင်နေသည့် အကြောင်းအရင်းအပေါ်၊ ၎င်းတို့သည် ဇာတိပကတိနှင့် စာတန်ကို မပုန်ကန်နိုင်သည့် အကြောင်းအရင်းအပေါ် ဆင်ခြင်သုံးသပ်နိုင်သည်။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်ကို ဆုတောင်းလိမ့်မည်။ သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံလိမ့်မည်။ ပြီးလျှင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ၊ စာတန်၏ စွမ်းအားမှ ၎င်းတို့ကို ကယ်တင်ရန် ဘုရားသခင်ကို အနူးအညွတ် တောင်းပန်လိမ့်မည်။ ၎င်းတို့သည် ဤအရာကိုလုပ်ဆောင်ရန် စိတ်ပိုင်းဖြတ်ချက် ရှိခြင်းသည် သမ္မာတရားကို ၎င်းတို့ လက်ခံနိုင်သည်ဆိုသည်ကို သက်သေပြသည်။ ၎င်းတို့သည် ထို့အတူပင် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ထုတ်ဖော်ပြီး ၎င်းတို့၏ ကိုယ်ပိုင်စိတ်ဆန္ဒအတိုင်း လုပ်ဆောင်သည်။ ခြားနားချက်မှာ အန္တိခရစ်တစ်ဦးသည် အမှီအခိုကင်းသော နိုင်ငံတော်ကို တည်ဆောက်ရန် ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများသာ ရှိခြင်းမဟုတ်။ မည်သို့ဖြစ်စေ သမ္မာတရားကိုလည်း လက်ခံမည်မဟုတ်ပေ။ ဤသည်မှာ အန္တိခရစ်၏ ပျော့ကွက်ဖြစ်သည်။ အခြားတစ်ဖက်တွင် အန္တိခရစ်စိတ်သဘောထားရှိသူတစ်ဦးက သမ္မာတရားကို လက်ခံနိုင်လျှင်၊ ဘုရားသခင်ထံဆုတောင်းပြီး အားကိုးနိုင်လျှင်၊ စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားလိုလျှင်၊ သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းကို လျှောက်လိုလျှင် ထိုဆုတောင်းချက်နှင့် ထိုစိတ်ပိုင်းဖြတ်ချက်သည် သူ၏ အသက်ဝင်ရောက်မှုအပေါ် မည်သည့်နည်းလမ်းတို့ဖြင့် အကျိုးပြုမည်နည်း။ ယင်းသည် အနည်းဆုံးအနေဖြင့် သူ့ကိုယ်သူ ပြန်လည်သုံးသပ်စေမည်ဖြစ်ပြီး သူ၏တာဝန်ကို ထမ်းဆောင်သောအခါတွင် သူ့ကိုယ်သူ သိမြင်စေမည်။ ပြီးလျှင် ပြဿနာများအား ဖြေရှင်းရန်အတွက် သမ္မာတရားကို အသုံးပြုစေမည်။ ဤသို့ဖြင့် သူ၏တာဝန်ကို ကျေနပ်ဖွယ်ဖြစ်စွာ ထမ်းဆောင်ကောင်း ထမ်းဆောင်လာနိုင်သည်။ ဤသည်မှာ ထိုသူအား အကျိုးပြုစေမည့် နည်းလမ်းတစ်ခု ဖြစ်သည်။ ထို့အပြင် သူ၏တာဝန်ကို ထမ်းဆောင်ခြင်းက ပေးသည့် လေ့ကျင့်မှုဖြင့် သူသည် သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းပေါ်တွင် စတင်နိုင်လိမ့်မည်။ မည်သည့်အခက်အခဲများကို သူကြုံတွေ့ရပါစေ သမ္မာတရားကို ရှာနိုင်လိမ့်မည်။ သမ္မာတရားအား လက်ခံခြင်းကို အာရုံစိုက်ပြီး လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်။ တဖြည်းဖြည်းချင်းဖြင့် သူ၏ စာတန်ဆန်သော စိတ်သဘောထားကို ဖယ်ရှားနိုင်လိမ့်မည်။ ပြီးလျှင် ဘုရားသခင်ကို ကျိုးနွံနာခံပြီး ကိုးကွယ်လာနိုင်လိမ့်မည်။ သူသည် ဤသို့သော လက်တွေ့လုပ်ဆောင်မှုဖြင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိနိုင်သည်။ အန္တိခရစ်စိတ်သဘောထားရှိသူတို့သည် ဖောက်ပြန်ပျက်စီးမှုကို ရံဖန်ရံခါ ထုတ်ဖော်နိုင်သည်။ ၎င်းတို့သည် မရည်ရွယ်ဘဲ ၎င်းတို့၏ ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်းတို့၏ အကျိုးစီးပွားအတွက် ပြောဆိုပြုမူနိုင်ဆဲ ဖြစ်သည်။ ထို့အပြင် ၎င်းတို့၏ ကိုယ်ပိုင်စိတ်ဆန္ဒအတိုင်း အလုပ်လုပ်ဆဲဖြစ်နိုင်သည်။ သို့သော် ၎င်းတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား ထုတ်ဖော်နေသည်ကို သဘောပေါက်သည်နှင့် တစ်ပြိုင်နက် အလွန်နောင်တရလိမ့်မည်။ ဘုရားသခင်ထံ ဆုတောင်းလိမ့်မည်။ ဤသည်မှာ ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်သူ၊ ဘုရားသခင်၏ အမှုတော်ကို ကျိုးနွံနာခံသူဖြစ်သည်ဆိုသည်ကို သက်သေပြသည်။ ၎င်းတို့သည် အသက်ဝင်ရောက်မှုအား လိုက်စားနေသည်ကို သက်သေပြသည်။ လူတစ်ဦးသည် နှစ်မည်မျှအတွေ့အကြုံရှိသည်ဖြစ်စေ၊ ဖောက်ပြန်ပျက်စီးမှု မည်မျှကို ထုတ်ဖော်သည်ဖြစ်စေ သူသည် အဆုံးတွင် သမ္မာတရားကို လက်ခံနိုင်မည်ဖြစ်ပြီး သမ္မာတရားစစ်မှန်မှုသို့ ဝင်ရောက်နိုင်လိမ့်မည်။ သူသည် ဘုရားသခင်၏ အမှုတော်ကို ကျိုးနွံနာခံသူ ဖြစ်သည်။ ဤအရာအားလုံးကို သူလုပ်ဆောင်သောအခါတွင် သူသည် မှန်သောလမ်းခရီးပေါ်တွင် သူ၏ အခြေခံအုတ်မြစ်ကို ချထားပြီးဖြစ်သည်ဆိုသည်ကို ထင်ရှားစေသည်။ သို့သော် အန္တိခရစ်လမ်းကြောင်းကို လျှောက်သောသူအချို့သည် သမ္မာတရားကို လက်မခံနိုင်ပေ။ ၎င်းတို့အတွက် ကယ်တင်ခြင်းသည် အန္တိခရစ်များကဲ့သို့ပင် ရရှိနိုင်ရန် ခက်ခဲလိမ့်မည်။ ဤသို့သောသူတို့သည် အန္တိခရစ်များကို ဖော်ထုတ်သည့် ဘုရားနှုတ်ကပတ်တော်များကို ကြားသောအခါ မည်သည့်အရာကိုမျှ မခံစားရဘဲ စိတ်မဝင်စားသကဲ့သို့ တို့ထိခြင်းလည်းမခံရပေ။ မိတ်သဟာယက အန္တိခရစ်စိတ်သဘောထားအကြောင်းအရာကို ရောက်သွားသောအခါတွင် ၎င်းတို့သည် အန္တိခရစ် စိတ်သဘောထား ရှိသည်ကိုလည်းကောင်း၊ အန္တိခရစ်လမ်းကြောင်းကို လျှောက်နေသည်ကိုလည်းကောင်း ဝန်ခံလိမ့်မည်။ ၎င်းတို့သည် ဤအကြောင်းကို အလွန်ကောင်းစွာ ပြောဆိုလိမ့်မည်။ သို့သော် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ရန် အချိန်ကျသောအခါ ၎င်းတို့သည် လုပ်ဆောင်ရန် ငြင်းဆန်ဦးမည်ဖြစ်သည်။ ၎င်းတို့၏ အန္တိခရစ်စိတ်သဘောထားကို အမှီပြုလျက် ၎င်းတို့၏ ကိုယ်ပိုင်စိတ်ဆန္ဒအတိုင်း လုပ်ဆောင်လိမ့်ဦးမည်။ သင်က ၎င်းတို့အား “သင်သည် အန္တိခရစ်စိတ်သဘောထားကို ထုတ်ဖော်သောအခါ စိတ်နှလုံးတွင် ရုန်းကန်ရပါသလား။ သင်၏ အဆင့်အတန်းကို ကာကွယ်ပေးရန်အတွက် သင်စကားပြောသောအခါတွင် မိမိကိုယ်ကို အပြစ်တင်ခြင်းကို ခံစားရပါသလား။ အန္တိခရစ်စိတ်သဘောထားတစ်ခုကို သင်ထုတ်ဖော်သောအခါ သင့်ကိုယ်သင် ပြန်လည်သုံးသပ်ပြီး သိမြင်လာပါသလား။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအကြောင်းကို သင်သိသည်နှင့်တစ်ပြိုင်နက် စိတ်နှလုံး၌ ကြီးစွာနောင်တရပါသလား။ ထို့နောက်တွင် သင်သည် လုံးဝ နောင်တရပါသလား၊ သို့မဟုတ် ပြောင်းလဲပါသလား” ဟု မေးလျှင် ၎င်းတို့သည် အဖြေမရှိရန် သေချာသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဤသို့သော အတွေ့အကြုံများ၊ ကြုံတွေ့မှုများ တစ်ခုတလေမျှ မရှိသောကြောင့် ဖြစ်သည်။ မည်သည့်အရာကိုမျှ ၎င်းတို့ ပြောနိုင်မည်မဟုတ်။ ဤသို့သောလူတို့သည် စစ်မှန်သော နောင်တကို ရနိုင်စွမ်းရှိသလော။ အသေအချာပင် လွယ်ကူမည်မဟုတ်။ သမ္မာတရားကို အမှန်တကယ် လိုက်စားသူတို့သည် ၎င်းတို့ကိုယ်တိုင်တွင် အန္တိခရစ်စိတ်သဘောထားကို ထုတ်ဖော်ခြင်းတစ်ခုခုအားဖြင့် ဝမ်းနည်းရလိမ့်မည်ဖြစ်ပြီး စိတ်သောကရောက်လိမ့်မည်။ ၎င်းတို့သည် “ဤစာတန်ဆန်သော စိတ်သဘောထားကို ငါအဘယ်ကြောင့် မဖယ်ရှားနိုင်ရသနည်း။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ငါအဘယ်ကြောင့် အစဉ်ထုတ်ဖော်နေသနည်း။ ငါ၏ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် အဘယ်ကြောင့် အလွန်ခေါင်းမာပြီး ခွဲခြား၍မရနိုင်သနည်း။ သမ္မာတရားစစ်မှန်မှုသို့ ဝင်ရောက်ရန် အဘယ်ကြောင့် အလွန်ခက်သနည်း” ဟု တွေးလာလိမ့်မည်။ ဤသည်မှာ ၎င်းတို့၏ ဘဝအတွေ့အကြုံသည် မလေးနက်သည်ကိုလည်းကောင်း၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် လုံးဝ များစွာ မဖြေရှင်းရသေးသည်ကိုလည်းကောင်း ပြသည်။ ဤအတွက်ကြောင့် တစ်စုံတစ်ခုက ၎င်းတို့ထံသို့ ကျရောက်သောအခါ ၎င်းတို့စိတ်နှလုံးရှိ တိုက်ပွဲသည် ပြင်းထန်စွာဖြစ်ပွားရခြင်းနှင့် ထိုညှဉ်းပန်းမှု၏ အပြင်းဆုံးဒဏ်ကိုလည်း ခံရခြင်း ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ စာတန်ဆန်သော စိတ်သဘောထားကို ဖယ်ရှားရန် စိတ်ပိုင်းဖြတ်ချက်ရှိသော်လည်း ၎င်းတို့စိတ်နှလုံးတွင် ထိုစိတ်သဘောထားနှင့် ဖြစ်သည့် တိုက်ပွဲမရှိဘဲ အသေအချာပင် မနေနိုင်ပေ။ ပြီးလျှင် ထိုတိုက်ပွဲဝင်နေသော အခြေအနေက တစ်ရက်ပြီးတစ်ရက် ပြင်းထန်လာသည်။ ပြီးလျှင် ၎င်းတို့၏ မိမိတို့ကိုယ်ကို သိမြင်မှုသည် ပိုမိုနက်နဲလာသောအခါ၊ ၎င်းတို့သည် မည်မျှနက်နဲစွာ ဖောက်ပြန်ပျက်စီးနေသည်ကို မြင်သောအခါ ၎င်းတို့သည် သမ္မာတရားကို ရရန် ပို၍ပင် တောင့်တသည်။ ပြီးလျှင် သမ္မာတရားကို ပို၍ပင် တန်ဖိုးထားပြီး ၎င်းတို့သည် မိမိတို့ကိုယ်ကိုနှင့် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိခြင်းဖြစ်စဉ်တစ်လျှောက်တွင် အနှောင့်အယှက်ကင်းစွာဖြင့် သမ္မာတရားကို လက်ခံနိုင်ပြီး လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်။ ၎င်းတို့သည် ဝိညာဉ်ရင့်ကျက်မှု၌ တဖြည်းဖြည်းချင်း ကြီးထွားမည်ဖြစ်ပြီး ၎င်းတို့၏ အသက်စိတ်သဘောထားက စတင်၍ အမှန်တကယ် ပြောင်းလဲလိမ့်မည်။ ၎င်းတို့သည် ဤပုံစံဖြင့် တွေ့ကြုံရန် ဆက်လက်ကြိုးစားလျှင် ၎င်းတို့၏ အခြေအနေသည် တစ်နှစ်ပြီးတစ်နှစ် ပိုပို၍ ကောင်းလာလိမ့်မည်။ အဆုံး၌ ၎င်းတို့သည် ဇာတိပကတိကို ကျော်လွှားပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှုကို ဖယ်ရှားနိုင်လိမ့်မည်။ သမ္မာတရားကို မကြာခဏ လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်းကို ရရှိနိုင်လိမ့်မည်။ အသက်ဝင်ရောက်မှုသည် မလွယ်ကူပေ။ ယင်းသည် သေတော့မည်ဖြစ်သည့်သူတစ်ဦးကို ပြန်လည်အသက်သွင်းသကဲ့သို့ပင် ဖြစ်သည်။ လူတစ်ဦး ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်သည့်တာဝန်မှာ သမ္မာတရားကို မိတ်သဟာယပြုခြင်း၊ ၎င်းကို ပံ့ပိုးပေးခြင်း၊ ၎င်းကို ထောက်ကူပေးခြင်း သို့မဟုတ် ၎င်းကို ပြုပြင်ပေးခြင်းတို့ဖြစ်သည်။ သူသည် ယင်းကို လက်ခံပြီး ကျိုးနွံနာခံနိုင်လျှင် သူ့အတွက် မျှော်လင့်ချက်ရှိသည်။ သူသည် ရုန်းထွက်လွတ်မြောက်ရန် အတော်အတန် ကံကောင်းနိုင်ပြီး အမှုအရာများက လုံးလုံးလျားလျား ပျက်စီးသွားရခြင်းမျိုး ဖြစ်မည် မဟုတ်ချေ။ သို့သော် သူသည် သမ္မာတရားကို လက်ခံဖို့ ငြင်းဆန်ပြီး မိမိကိုယ်ကို လုံးဝ မသိလျှင် သူသည် အန္တရာယ်ရှိနေပြီ ဖြစ်သည်။ အန္တိခရစ်အချို့သည် ဖယ်ရှားရှင်းလင်းခံရပြီးနောက်တွင် မိမိတို့ကိုယ်ကို မသိဘဲ တစ်နှစ်၊ နှစ်နှစ်နေသည်။ ပြီးလျှင် ၎င်းတို့၏ အမှားကိုလည်း အသိအမှတ်မပြုပေ။ ဤသို့သောဖြစ်ရပ်တွင် ၎င်းတို့၌ အသက်ရှိသည့် လက္ခဏာလုံးဝ မကျန်ရစ်ပေ။ ယင်းသည် ၎င်းတို့၌ ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက် မရှိတော့ဆိုသည့် သက်သေဖြစ်သည်။ သင်တို့သည် ပြုပြင်ခြင်း ခံရသောအခါ သမ္မာတရားကို လက်ခံနိုင်သလော။ (လက်ခံနိုင်ပါသည်။) ဤသို့ဆိုလျှင် မျှော်လင့်ချက်ရှိသည်။ ယင်းသည် ကောင်းသောအရာ ဖြစ်သည်။ သမ္မာတရားကို သင်လက်ခံနိုင်လျှင် သင်သည် ကယ်တင်ခြင်းခံရဖို့ မျှော်လင့်ချက်တစ်ခုရှိသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရားသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၂)
အတိတ်က ခေါင်းဆောင်နှင့် အမှုဆောင်အချို့သည် အန္တိခရစ် တစ်ဦး၏ စိတ်သဘောထားအချို့ကို မကြာခဏ ထုတ်ဖော်ပြကြသည။ ၎င်းတို့သည် အကြောင်းမဲ့ ထင်ရာမြင်ရာပြုကြသည်၊ ပြီးလျှင် ယင်းမှာ ၎င်းတို့ပြောသည့်အတိုင်း လုပ်နိုင်လျှင်လုပ်၊ မလုပ်နိုင်ရင်ထွက်ဟုသာ အမြဲတမ်း ဖြစ်သည်။ သို့သော် ၎င်းတို့သည် သိသာသည့် မကောင်းမှုတစ်ခုကိုမျှ မကျူးလွန်ကြဘဲ ၎င်းတို့၏ လူ့သဘာဝကလည်း ဆိုးဝါးခြင်းမရှိပေ။ ပြုပြင်ခံရခြင်းအားဖြင့်၊ ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို ကူညီခြင်းအားဖြင့်၊ ပြောင်းရွှေ့ခံရခြင်း၊ လူစားထိုးခံရခြင်းအားဖြင့်၊ အချိန်တစ်ခုအထိ အပျက်သဘောဆောင်ခြင်းအားဖြင့် ၎င်းတို့သည် ယခင်က ၎င်းတို့ ဖွင့်ပြခဲ့သည့်အရာများမှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်သည်ကို နောက်ဆုံးတွင် သိမြင်လာကြသည်။ နောင်တရချင်စိတ် ရှိလာကြပြီး “အရေးကြီးဆုံးမှာ ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ရာတွင် မည်သည့်အရာဖြစ်ပါစေ၊ မလျှော့တမ်းလုပ်ဆောင်ရန်ဖြစ်သည်။ ကျွန်ုပ်သည် အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို လျှောက်နေခဲ့သော်လည်း၊ အန္တိခရစ်အဖြစ် အမျိုးအစားသတ်မှတ် မခံရသေးပေ။ ဤသည်မှာ ဘုရားသခင်၏ သက်ညှာမှုဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်၏ယုံကြည်မှုနှင့် လိုက်စားမှု၌ ကျွန်ုပ်သည် ကြိုးစားရမည်၊ အလွန်စိတ်အားထက်သန်စွာ ကျွန်ုပ် လိုက်စားရမည်။ သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းတွင် အမှားတစ်စုံတစ်ရာမျှ မရှိ။” ဟူ၍ စဉ်းစားကြသည်။ တဖြည်းဖြည်းချင်းဖြင့် ၎င်းတို့သည် မိမိတို့ဘာသာ ပြောင်းလဲကြသည်။ ထို့နောက်တွင် နောင်တရကြသည်။ ၎င်းတို့ထဲတွင် သရုပ်သကန်ကောင်းများရှိသည်၊ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်သည့်အချိန်တွင် ၎င်းတို့သည် သမ္မာတရားစည်းမျဉ်းများကို ရှာဖွေနိုင်ပြီး အခြားသူများနှင့် ထိတွေ့သည့်အချိန်တွင်လည်း သမ္မာတရားစည်းမျဉ်းများကို ရှာဖွေကြလေသည်။ အချက်တိုင်းတွင် ၎င်းတို့သည် အပြုသဘောဆောင်သော ဦးတည်ချက်ကို ဝင်ရောက်နေကြသည်။ သို့ဆိုလျှင် ၎င်းတို့ ပြောင်းလဲပြီးဖြစ်သည် မဟုတ်သလော။ ၎င်းတို့သည် အန္တိခရစ်၏လမ်းကြောင်းကို လျှောက်ခြင်းမှ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် လိုက်စားခြင်း လမ်းကြောင်းသို့ ပြောင်းခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့အတွက် ကယ်တင်ခြင်းရရှိရန် မျှော်လင့်ချက်နှင့် အခွင့်အရေးတစ်ခုရှိသည်။ ၎င်းတို့သည် တစ်ချိန်က အန္တိခရစ်တစ်ဦး၏ သရုပ်သကန်အချို့ကို ပြသခဲ့သောကြောင့် သို့မဟုတ် အန္တိခရစ်များ၏ လမ်းကြောင်းကို လျှောက်ခဲ့သောကြောင့် ထိုသို့သော သူတို့ကို အန္တိခရစ်များအဖြစ် သင် အမျိုးအစား သတ်မှတ်နိုင်သလော။ မသတ်မှတ်နိုင်ပေ။ အန္တိခရစ်များသည် နောင်တရမည့်အစား သေဖို့သာ ပြုလုပ်ကြမည်ဖြစ်သည်။ ၎င်းတို့တွင် ရှက်စိတ်ဟူ၍ ဘာမျှမရှိ။ ထို့အပြင် ၎င်းတို့သည် စိတ်သဘောထား ကြမ်းတမ်းပြီး ကောက်ကျစ်ဆိုးယုတ်ကြ၏။ ထို့ပြင် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြပေ။ သမ္မာတရားကို အလွန်အမင်းမနှစ်မြို့သောသူတစ်ယောက်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သလော၊ သို့မဟုတ် နောင်တရနိုင်သလော။ ယင်းသည် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ သမ္မာတရားကို ၎င်းတို့ အကြွင်းမဲ့ အလွန်အမင်း မနှစ်မြို့ခြင်းက မည်သည့်အခါမျှ ၎င်းတို့နောင်တရမည် မဟုတ်သည်ကို ဆိုလိုသည်။ နောင်တရနိုင်သူများနှင့်ပတ်သက်၍ သေချာသည့်အရာ တစ်ခုရှပြီး ယင်းမှာ ၎င်းတို့သည် အမှားများ ပြုခဲ့သော်လည်း၊ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံနိုင်ကြသည်၊ ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်စွမ်း ရှိကြသည်၊ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ နီတိများအဖြစ်ခံယူပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့အသက်တာများ၏ စစ်မှန်မှု အဖြစ်ပြောင်းလျက်၊ ၎င်းတို့တာဝန်များကို ထမ်းဆောင်သောအခါတွင် ပူးပေါင်းဆောင်ရွက်ဖို့ အစွမ်းကုန် ကြိုးစားနိုင်စွမ်း ရှိကြသည်။ ၎င်းတို့သည် သမ္မာတရားကို လက်ခံသည်၊ ပြီးလျှင် ယင်းကို အလွန်အမင်းမနှစ်မြို့ခြင်း မရှိကြချေ။ ဤသည်မှာ ကွာခြားချက် မဟုတ်သလော။ ဤသည်မှာ ကွာခြားချက်ဖြစ်သည်။ သို့ရာတွင် အန္တိခရစ်များသည် ပြုပြင်ခံရခြင်းအား ငြင်းဆန်ခြင်း၌ မရပ်ပေ။ ၎င်းတို့သည် သမ္မာတရားနှင့် ကိုက်ညီသောစကားပြောသူမည်သူမဆိုကို နားထောင်မည်မဟုတ်ပေ။ ပြီးလျှင် ဘုရားနှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည်ကို ၎င်းတို့ မယုံကြည်သကဲ့သို့ သမ္မာတရားဖြစ်သည်ဟူ၍လည်း အသိအမှတ်မပြုပေ။ ၎င်းတို့၏ သဘာဝမှာ မည်သည့်သဘာဝဖြစ်သနည်း။ အလွန်အကျွံဖြစ်သောအတိုင်းအတာအထိ သမ္မာတရားကို အလွန်အမင်းမနှစ်မြို့သကဲ့သို့ မုန်းတီးခြင်းတစ်ခုဖြစ်သည်။ တစ်စုံတစ်ယောက်က သမ္မာတရားကို မိတ်သဟာယဖွဲ့သောအခါ၊ သို့မဟုတ် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို ပြောဆိုသောအခါ ၎င်းတို့သည် ယင်းကို အလွန့်အလွန် ပစ်ပစ်ခါခါငြင်းသည်။ ပြီးလျှင် မိတ်သဟာယဖွဲ့နေသည့်သူကို ရန်လိုသည်။ အသင်းတော်ရှိ တစ်စုံတစ်ယောက်က အဓိပ္ပာယ်မရှိသော၊ မဖြစ်နိုင်သောအရာများကို ပြောဆိုလျက် မဖြစ်နိုင်သော၊ ဆိုးယုတ်သော အကြောင်းပြချက်အမျိုးမျိုးကို ဖြန့်နေလျှင် ၎င်းတို့က အလွန်ပျော်သည်။ ၎င်းတို့သည် ချက်ချင်းပင် ဝင်ပါပြီး ပူးတွဲလုပ်ဆောင်လျက် ထိုသူတို့နှင့်အတူ ဒုစရိုက်အမှု၌ ပျော်မွေ့နေလိမ့်မည်။ ဤသည်မှာ တူရာစုသည့်၊ ဓာတ်တူရာစုသည့် ဖြစ်ရပ်ဖြစ်သည်။ ဘုရားသခင်ရွေးချယ်ထားသောလူများက သမ္မာတရားအား မိတ်သဟာယဖွဲ့နေသည်ကို၊ သို့မဟုတ် ၎င်းတို့၏ မိမိကိုယ်ကိုသိမြင်မှုနှင့် ရိုးသားစစ်မှန်သောနောင်တနှင့် သက်ဆိုင်သည့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်အား ပြောဆိုခြင်းကို ၎င်းတို့ကြားလျှင် ပျာယာခတ်ပြီး စိတ်တိုကာ ထိုလူကို မည်သို့ဖယ်ကြဉ်ပြီး တိုက်ခိုက်ရမည်ကို စဉ်းစားလာကြသည်။ အကျဉ်းချုပ်ဆိုရလျှင် သမ္မာတရားအား လိုက်စားသူမည်သူကိုမဆိုအား ၎င်းတို့ ကြင်ကြင်နာနာ မကြည့်ပေ။ ၎င်းတို့သည် ထိုသူများအား ဖယ်ကြဉ်ပြီး ရန်သူဖြစ်လိုသည်။ စကားများ၊ အယူဝါဒများအား တရားဟောခြင်းအားဖြင့် ကြွားဝါသည့်နေရာတွင် ကျွမ်းကျင်သော မည်သူကိုမဆို ၎င်းတို့ အလွန်နှစ်သက်ပြီး အလွန်ပင် အသိအမှတ်ပြုသည်။ လူယုံတစ်ဦး၊ ခရီးသွားဖော်တစ်ဦးကို ၎င်းတို့ တွေ့လိုက်ရသကဲ့သို့ပင်ဖြစ်သည်။ တစ်စုံတစ်ယောက်က “အလုပ်အများဆုံးလုပ်ပြီး အများဆုံး ပါဝင်ကူညီသူ မည်သူမဆိုသည် များစွာဆုချီးမြှင့်ခံရပြီး သရဖူအပ်နှင်းခံရမည်။ ပြီးလျှင် ဘုရားသခင်နှင့်အတူ အုပ်စိုးရမည်” ဟု ဆိုခဲ့လျှင် ၎င်းတို့သည် တစ်ဟုန်ထိုးသွေးပူလျက် အလွန့်အလွန် စိတ်လှုပ်ရှားလိမ့်မည်။ ၎င်းတို့သည် အခြားလူများထက် သာလွန်သည်ဟုလည်းကောင်း၊ နောက်ဆုံးတွင် လူကြားထဲ၌ ထင်ပေါ်သည်ဟုလည်းကောင်း၊ မိမိတို့ကိုယ်ကို ထုတ်ဖော်ပြသ၍ မိမိတို့တန်ဖိုးကို ခင်းကျင်းပြသရန် ယခုတွင် နေရာရှိသည်ဟုလည်းကောင်း ခံစားရလိမ့်မည်။ ထိုအခါတွင် ၎င်းတို့သည် အလွန်ပင် ကျေနပ်လိမ့်မည်။ ဤသည်မှာ သမ္မာတရားကို အလွန်အမင်းမနှစ်မြို့ခြင်း မဟုတ်သလော။ သင်က မိတ်သဟာယတွင် ၎င်းတို့အား “ဘုရားသခင်သည် ပေါလုကဲ့သို့သောလူတို့ကို မနှစ်သက်။ ဘုရားသခင်သည် အန္တိခရစ်လမ်းကြောင်းအား လျှောက်သောသူတို့ကို၊ ပြီးလျှင် ‘သခင်၊ သခင် ကျွန်ုပ်သည် ကိုယ်တော်အတွက် များစွာလုပ်ဆောင်ခဲ့သည် မဟုတ်လော’ ဟူ၍ တစ်နေကုန် လျှောက်ပြောဆိုနေသောသူတို့ကို ရွံရှာသည်။ သူသည် ဆုလာဘ်နှင့် သရဖူတစ်ခုအတွက် သူ့ကို တစ်နေကုန် လျှောက်တောင်းခံနေသောလူတို့ကို ရွံရှာသည်” ဟု ပြောသည် ဆိုပါစို့။ ဤစကားများသည် အသေအချာပင် သမ္မာတရားဖြစ်သည်။ သို့သော် ဤသို့သော မိတ်သဟာယကို ၎င်းတို့ကြားသောအခါ၌ ၎င်းတို့၌ မည်သည့်ခံစားချက် ဖြစ်သွားသနည်း။ ၎င်းတို့က အာမင်ဟုပြောပြီး ထိုသို့သောစကားများကို လက်ခံသလော။ ၎င်းတို့၏ ပထမဆုံးတုံ့ပြန်မှုမှာ အဘယ်နည်း။ စိတ်နှလုံးထဲတွင် စက်ဆုပ်ရွံရှာပြီး နားထောင်ချင်စိတ်မရှိခြင်းဖြစ်သည်။ ၎င်းတို့ ဆိုလိုသည်မှာ “သင်ပြောသည့်အရာနှင့်ပတ်သက်၍ အဘယ်သို့ အလွန်သေချာနိုင်သနည်း။ သင်က အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိသလော။ သင်ပြောသည့်အရာကို ငါမယုံကြည်။ ငါလုပ်မည့်အရာကို ငါလုပ်ဆောင်မည်။ ငါသည် ပေါလုကဲ့သို့ဖြစ်ပြီး ဘုရားအား သရဖူတစ်ခုတောင်းမည်။ ဤသို့ဆိုလျှင် ငါသည် ကောင်းချီး ခံစားရနိုင်ပြီး ကောင်းသောခရီးပန်းတိုင်တစ်ခုရှိနိုင်သည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ပေါလု၏ အမြင်များကို မရမက ထိန်းသိမ်းကြသည်။ ဤသို့ဖြင့် ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်တိုက်ခိုက်နေခြင်း မဟုတ်လော။ ဤသည်မှာ ဘုရားသခင်ကို သိသိသာသာ ဆန့်ကျင်နေခြင်း မဟုတ်လော။ ဘုရားသခင်သည် ပေါလု၏ အနှစ်သာရကို ဖော်ထုတ်ပြီး စိစစ်ခဲ့သည်။ သူသည် ယင်းနှင့်ပတ်သက်၍ များစွာပြောခဲ့ပြီး တစ်ခုချင်းစီတိုင်းက သမ္မာတရားဖြစ်သည်။ သို့တိုင်အောင် ဤအန္တိခရစ်များသည် သမ္မာတရားကို လက်မခံ၊ သို့မဟုတ် ပေါလု၏ လုပ်ရပ်မျာနှင့် အပြုအမူများက ဘုရားသခင်အား ဆန့်ကျင်သည်ဆိုသည့်အချက်ကို လက်မခံပေ။ ၎င်းတို့စိတ်ထဲတွင် ၎င်းတို့က မေးခွန်းထုတ်ဆဲဖြစ်သည်။ “သင်က တစ်စုံတစ်ခုပြောလျှင် မှန်သည်ဟု ဆိုလိုသလော။ မည်သည့်အကြောင်းပြချက်များကို အခြေခံသနည်း။ ငါ့အတွက်မူ ပေါလုပြောသည့်အရာနှင့် လုပ်ဆောင်ခဲ့သည့်အရာက မှန်သည့်ပုံစံရှိသည်။ ယင်းတွင် မှားယွင်းသည့်အရာမရှိ။ ငါသည် သရဖူနှင့် ဆုလာဘ်နောက်ကို လိုက်နေသည်။ ယင်းမှာ ငါစွမ်းဆောင်နိုင်သည့်အရာ ဖြစ်သည်။ သင် ငါ့ကို တားနိုင်သလော။ အလုပ်လုပ်ခြင်းကို ငါလိုက်စားမည်။ များစွာလုပ်ဆောင်ပြီးသည်နှင့် ငါ၌ အရင်းအနှီးရှိမည်။ ငါသည် ပါဝင်ကူညီမှုပြုလုပ်ပြီးဖြစ်လိမ့်မည်။ ဤသို့ဆိုလျှင် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်ပြီး ဆုလာဘ်ချီးမြှင့်ခြင်းခံရမည်။ ယင်းတွင် မှားသည့်အရာမရှိ” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ ခေါင်းမာပုံဖြစ်သည်။ သမ္မာတရားကို စိုးစဉ်းမျှ လက်မခံပေ။ သင်သည် ၎င်းတို့အား သမ္မာတရားကို မိတ်သဟာယဖွဲ့နိုင်သော်လည်း ၎င်းတို့ နားဝင်မည် မဟုတ်။ ၎င်းတို့သည် ယင်းကို အလွန်အမင်းမနှစ်မြို့ပေ။ ဤသည်မှာ ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားအပေါ် အန္တိခရစ်များ၏ သဘောထားဖြစ်သည်။ ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားလည်း ဖြစ်သည်။ ဤသို့ဆိုလျှင် သမ္မာတရားကို သင်တို့ကြားသောအခါ မည်သည့်ခံစားချက်ကို သင်တို့ရရှိသနည်း။ သမ္မာတရားကို သင်တို့ လိုက်စားနေခြင်းမရှိ၊ သမ္မာတရားကို နားမလည်ဟု ခံစားရသည်။ သင်တို့သည် သမ္မာတရားကို အလွန်ပင် မမီသေး၊ သမ္မာတရားစစ်မှန်မှုဆီသို့ ကြိုးပမ်းဖို့ လိုမည်ဟု ခံစားရသည်။ ပြီးလျှင် သင်တို့သည် ဘုရားနှုတ်ကပတ်တော်နှင့် မိမိတို့ကိုယ်ကို ယှဉ်ကြည့်သည့်အခါတိုင်းတွင် ယင်းမှာ သင်တို့သည် အလွန်ပင် လိုအပ်မှုရှိနေသည်၊ အစွမ်းအစညံ့ဖျင်းသည်၊ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သည်၊ ဝတ်ကျေတမ်းကျေလုပ်ဆောင်ဆဲဖြစ်ကာ သင်တို့အတွင်း၌ ကောက်ကျစ်ဆိုးယုတ်မှု ရှိဆဲဖြစ်သည်ဟု ခံစားရသည့်အချိန်ဖြစ်၏။ ထို့နောက် အပျက်သဘောဆောင်လာသည်။ ဤသည်မှာ သင်တို့၏ အခြေအနေမဟုတ်လော။ အခြားတစ်ဖက်တွင် အန္တိခရစ်များမှာ မည်သည့်အခါမျှ အပျက်သဘောမဆောင်ပေ။ ၎င်းတို့သည် အစဉ် စိတ်ထက်သန်ပြီး မိမိတို့ကိုယ်ကို မည်သည့်အခါမျှ ပြန်လည်သုံးသပ်ခြင်း မရှိဘဲ သို့မဟုတ် မသိမြင်ဘဲ ၎င်းတို့၌ အကြီးစားပြဿနာများမရှိဟု ထင်ကြသည်။ ဤသည်မှာ အစဉ်မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်သောလူများ၏ ပုံစံဖြစ်သည်။ ၎င်းတို့သည် ဩဇာအာဏာရသည်နှင့် တစ်ပြိုင်နက် အန္တိခရစ်များအဖြစ်ပြောင်းသွားကြသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရားသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၁)
အာဏာကို လုံးဝ မလိုချင်သောသူ တစ်ယောက်တလေ ရှိသလော။ အာဏာကို မနှစ်သက်သောသူ တစ်ယောက်တလေ ရှိသလော။ အဆင့်အတန်း၏ အကျိုးကျေးဇူးများကို ငမ်းငမ်းမတက်သောသူ တစ်ယောက်တလေ ရှိသလော။ မရှိပါချေ။ ဤအရာအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ ယင်းမှာ လူတို့အားလုံးသည် စာတန်ကြောင့် ဖောက်ပြန်ပျက်စီးသွားသောကြောင့် ဖြစ်သည်။ ၎င်းတို့အားလုံး၌ စာတန်ဆန်သော သဘာဝရှိသည်။ လူတို့အားလုံး၌ တူညီစွာရှိသော အရာတစ်ခုမှာ ၎င်းတို့သည် အာဏာ၊ အဆင့်အတန်းနှင့် အဆင့်အတန်း၏ အကျိုးအမြတ်များအား မွေ့လျော်ခြင်းကို နှစ်သက်ကြခြင်းဖြစ်သည်။ ဤသည်မှာ လူတို့အားလုံး၏ ဘုံလက္ခဏာဖြစ်၏။ သို့ဆိုလျှင် အခြားလူတို့သည် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားကို ထုတ်ဖော်ရုံမျှသာ ရှိသော်လည်း သို့မဟုတ် အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို လျှောက်ရုံမျှသာ ရှိသော်လည်း လူအချို့မှာမူ အဘယ့်ကြောင့် အန္တိခရစ်များအဖြစ် သတ်မှတ်ခြင်းခံရသနည်း။ ဤအုပ်စုနှစ်ခုကြားထဲမှ ခြားနားချက်များမှာ မည်သည့်အရာများ ဖြစ်သနည်း။ ပထမဦးစွာ ၎င်းတို့၏လူ့သဘာဝရှိ ခြားနားချက်အကြောင်း ငါပြောမည်။ အန္တိခရစ်များ၌ လူ့သဘာဝ ရှိသလော။ အန္တိခရစ်များ၏ လမ်းကြောင်းကိုလျှောက်သော လူတို့၏ လူ့သဘာဝနှင့် အန္တိခရစ်များကိုယ်၌၏ ကြားမှ ခြားနားချက်များမှာ မည်သည့်အရာများ ဖြစ်သနည်း။ (အန္တိခရစ်များ၏ လမ်းကြောင်းကို လျှောက်သောလူတို့၌ အသိစိတ်နှင့် ဆင်ခြင်တုံတရားအနည်းငယ် ရှိနေဆဲ ဖြစ်သော်လည်း အန္တိခရစ်များ၌ အသိစိတ်နှင့် ဆင်ခြင်တုံတရားမရှိ၊ လူ့သဘာဝ မရှိပေ။ ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်ပြီး ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံနိုင်သေးသည့်အပြင် စစ်မှန်သော နောင်တကိုလည်း ပြသနိုင်သေးသည်။) နောင်တကို ပြသခြင်းမှာ ခြားနားမှုတစ်ချက် ဖြစ်၏။ အန္တိခရစ်များသည် နောင်တရဖို့ သိကြသလော။ (မသိကြပေ။) အန္တိခရစ်များသည် သမ္မာတရားကို စိုးစဉ်းမျှ လက်မခံကြပေ။ ၎င်းတို့သည် ရှေ့မတိုးသာအောင် ဖြစ်လျှင်ပင် နောင်တရမည် မဟုတ်ပေ။ မိမိတို့ကိုယ်ကို မည်သည့်အခါမျှ သိကြမည် မဟုတ်ပေ။ လူ့သဘာဝနှင့် ပတ်သက်လာလျှင် အန္တိခရစ်များ၏ လမ်းကြောင်းကိုလျှောက်သည့် လူတို့မှာ အန္တိခရစ်များနှင့် ကွဲပြားသည့် နောက်ထပ် ကွာခြားချက်တစ်ခု ရှိကာ ယင်းမှာ သာမန် ကောင်းမွန်သောသူနှင့် ဆိုးယုတ်သောသူကြားမှ ခြားနားချက်ဖြစ်၏။ ကောင်းမွန်သောလူတို့သည် အမှုအရာများကို အသိစိတ်နှင့် ဆင်ခြင်တုံတရားဖြင့် ပြောဆိုလုပ်ဆောင်ကြသော်လည်း ဆိုးယုတ်သော လူများ၌ အသိစိတ်နှင့် ဆင်ခြင်တုံတရား မရှိကြပေ။ ဆိုးယုတ်သောလူများက မကောင်းသောအရာတစ်ခုကို လုပ်ဆောင်ပြီး ဖော်ထုတ်ခြင်း ခံရသောအခါ “ဟွန်း၊ လူတိုင်းသိလျှင်ပင် ယင်းနှင့်ပတ်သက်၍ ၎င်းတို့တတ်နိုင်သည့် တစ်စုံတစ်ရာရှိသလော။ ကျွန်ုပ် လုပ်ချင်သည့်အရာ မှန်သမျှ ပြုလုပ်မည်။ ကျွန်ုပ်ကို မည်သူ ဖော်ထုတ်သည် သို့မဟုတ် ဝေဖန်သည်ဖြစ်စေ ဂရုမစိုက်ပါ။ တစ်ယောက်တလေက ကျွန်ုပ်ကို အမှန်တကယ် မည်သည့်အရာ ပြုလုပ်နိုင်မည်နည်း” ဟူ၍ သူ၏ စိတ်ထဲတွင် အာခံပြီး မကျေမနပ်ဖြစ်သွားသည်။ ဆိုးယုတ်သော သူတစ်ဦးက မကောင်းသော အရာမည်မျှ ပြုလုပ်သည်ဖြစ်စေ အရှက်မရှိပေ။ သာမန်လူတစ်ဦးက မကောင်းသောအရာတစ်ခု ပြုလုပ်မိသောအခါ ယင်းကို ဖုံးကွယ်ပြီး ကွယ်ဝှက်ထားလိုသည်။ အကယ်၍ တစ်စုံတစ်ယောက်က သူ့ကို ဖော်ထုတ်လိုက်ပါက သူသည် မည်သူ့ကိုမျှ မျက်နှာချင်း မဆိုင်ဝံ့လောက်အောင် အရှက်ရပြီး “အလို ဤကဲ့သို့သော အရာတစ်ခုကို ကျွန်ုပ် အဘယ်သို့ ပြုလုပ်ခဲ့မိသနည်း။ ကျွန်ုပ်သည် အမှန်ပင် အရှက်မဲ့ပါတကား” ဟူ၍ ဆက်၍ပင် အသက်မရှင်ချင်တော့ပေ။ သူသည် အလွန်အမင်း နောင်တရပြီး မိမိကိုယ်ကိုပင် ကျိန်ဆဲကာ ဤကဲ့သို့သောအရာကို မည်သည့်အခါမျှ နောက်ထပ်မလုပ်ဟု ကျိန်ပြောသည်။ ဤသို့သော အပြုအမူမျိုးက သူ၌ ရှက်တတ်သောစိတ်ရှိကြောင်း၊ သူ၌ လူ့သဘာဝအနည်းငယ် ရှိနေဆဲဖြစ်ကြောင်း သက်သေဖြစ်သည်။ အရှက်မဲ့သော လူတစ်ဦး၌ အသိစိတ်နှင့် ဆင်ခြင်တုံတရားမရှိသည့်အပြင် ဆိုးယုတ်သော လူများအားလုံးသည် အရှက်မဲ့ကြ၏။ ဆိုးယုတ်သောသူတို့သည် မည်သည့်မကောင်းမှုကို ပြုလုပ်သည်ဖြစ်စေ၊ မျက်နှာမပူ၊ စိတ်မလှုပ်ရှားဘဲ၊ မိမိတို့ကိုယ်ကို အရှက်ကင်းမဲ့စွာ ကာကွယ်ပြောဆိုနိုင်ကြသေးသည့်အပြင် အပျက်သဘောဆောင်သည့်အရာကို အပြုသဘောဆောင်သည့်အရာအဖြစ်၊ မကောင်းမှုကို ကောင်းမှုအဖြစ် ပြောဆိုကြသည်။ ဤသို့သောလူစားမျိုး၌ ရှက်တတ်သောစိတ် ရှိသလော။ (မရှိပါ။) အကယ်၍ သူ၌ ဤသဘောထားမျိုး ရှိပါက အနာဂတ်တွင် အမှန်တကယ် နောင်တရမည်ဖြစ်သလော။ မဖြစ်ပေ။ သူသည် ယခင်အတိုင်း ပြုမူနေမြဲသာ ပြုမူနေမည်ဖြစ်သည်။ ဤအရာမှာ သူသည် အရှက်မဲ့သည်ဟု ဆိုလိုပြီး အရှက်မဲ့ခြင်းဟူသည်မှာ အသိစိတ်နှင့် ဆင်ခြင်တုံတရားမရှိခြင်းကို ဆိုလို၏။ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူတို့သည် မကောင်းသော အရာတစ်ခု ပြုလုပ်ခြင်းအတွက် ဖော်ထုတ်ခံရပြီးနောက်တွင် မည်သူ့ကိုမျှ ရင်မဆိုင်ဝံ့လောက်အောင် အရှက်ရလွန်းကာ ဤအရာကို မည်သည့်အခါမျှ နောက်ထပ် မပြုလုပ်တော့ချေ။ ဤသည်မှာ အဘယ့်ကြောင့်နည်း။ ယင်းမှာ သူသည် ဤအရာပြုလုပ်သည်မှာ ရှက်စရာကောင်းသော အရာတစ်ခုဖြစ်ကာ မည်သူ့ကိုမျှ ရင်မဆိုင်ဝံ့လောက်အောင် အရှက်ရစရာ ပြည့်နှက်လွန်းသည်ဟု ခံစားရသောကြောင့် ဖြစ်သည်။ သူ၏ လူ့သဘာဝထဲ၌ ရှက်တတ်သောစိတ် ရှိသည်။ ဤသည်မှာ ပုံမှန်လူ့သဘာဝအတွက် အနိမ့်ဆုံးစံနှုန်း မဟုတ်လော။ (ဟုတ်ပါသည်။) အရှက်ပင်မသိသော လူတစ်ဦးကို လူဟု ခေါ်၍ရနိုင်သေးသလော။ ခေါ်၍မရပေ။ အရှက်မသိသော လူတစ်ဦး၌ ပုံမှန်စိတ်ရှိသလော။ (မရှိပါ။) ထိုသူ၌ အပြုသဘောဆောင်သော အရာများအား ချစ်ခြင်းကိုမဆိုနှင့်၊ ပုံမှန်စိတ်ပင်မရှိပေ။ ထိုသူအတွက် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိခြင်းမှာ မြင့်မားလွန်းသော စံနှုန်းတစ်ခု ဖြစ်ကာ ၎င်းတို့ မပြည့်မီသောအရာ ဖြစ်၏။ ယခုတွင် အန္တိခရစ်များနှင့် အန္တိခရစ်များ၏ လမ်းကြောင်းကို လျှောက်သောသူတို့ကြားရှိ အခြေခံအကျဆုံး ခြားနားချက်မှာ အဘယ်နည်း။ အန္တိခရစ်တစ်ဦး၏ အနှစ်သာရကို ပိုင်ဆိုင်ထားသည့် လူတစ်ဦးသည် အဆင့်အတန်းအတွက် ဘုရားသခင်အား ယှဉ်ပြိုင်နေခြင်းကို အခြားသူတစ်ဦးက ဖော်ထုတ်သည့်အခါတွင် ၎င်းတို့အမှားပြုပြီး ဖြစ်သည်ဟု ၎င်းတို့တွေးမည်မဟုတ်ချေ။ နောက်ပိုင်းတွင် ၎င်းတို့သည် သင်ခန်းစာရမည် မဟုတ်သကဲ့သို့ ဘုရားသခင်ထံ လှည့်မည်လည်း မဟုတ်ရုံမျှ မကပေ။ သို့သော် ထိုအစား ၎င်းတို့သည် ခေါင်းဆောင်တစ်ဦး၊ သို့မဟုတ် အမှုတော်ဆောင်တစ်ဦးအဖြစ် ရွေးကောက်ခံရဖို့ အခွင့်ရှိသည်နှင့် တစ်ပြိုင်နက် ယခင်ကဲ့သို့ပင် ဆက်လက်လုပ်ဆောင်လျက် အဆင့်အတန်းအတွက် ဘုရားသခင်ကို ဆက်လက် ယှဉ်ပြိုင်လိမ့်မည်ဖြစ်ကာ နောင်တရမည့်အစား သေသာ အသေခံကြမည် ဖြစ်သည်။ ဤလူများသည် ဆင်ခြင်တုံတရား တစ်စုံတစ်ရာကို ပိုင်ဆိုင်ကြသလော။ (မပိုင်ဆိုင်ကြပါ။) ထို့ပြင် ဆင်ခြင်တုံတရားမရှိသည့် လူများသည် အရှက်တစ်စုံတစ်ရာကို ခံစားကြရသလော။ (မခံစားကြရချေ။) ထိုကဲ့သို့သော လူတို့၌ ဆင်ခြင်တုံတရား မရှိသည့်အပြင် ရှက်တတ်သောစိတ် မရှိကြပေ။ ပုံမှန်လူ့သဘာဝ၊ အသိတရားနှင့် ဆင်ခြင်တုံတရားတို့ကို ပိုင်ဆိုင်သည့်လူများသည် ၎င်းတို့အနေဖြင့် အဆင့်အတန်းအတွက် ဘုရားသခင်ကို ယှဉ်ပြိုင်နေကြကြောင်း အခြားသူများပြောသည်ကို ကြားသည့်အခါ ၎င်းတို့က “အလိုလေး။ ဤသည်မှာ စိုးရိမ်ရသော ကိစ္စတစ်ခု ဖြစ်လေစွတကား။ ငါသည် ဘုရားသခင်၏ နောက်လိုက်တစ်ဦး ဖြစ်သည်ပင်။ ငါ့အနေဖြင့် ဂုဏ်အဆင့်အတန်းအတွက် ကိုယ်တော့်ကို အဘယ်သို့လျှင် ယှဉ်ပြိုင်နိုင်ရသနည်း။ ဂုဏ်အဆင့်အတန်းအတွက် ဘုရားသခင်ကို တုပယှဉ်ပြိုင်ခြင်းသည် အလွန်အရှက်ရဖွယ် ကောင်းလိုက်လေစွ။ ဤအရာကို ငါလုပ်လိုက်ရသည်မှာ အဘယ်မျှ ထုံထိုင်းပြီး အဘယ်မျှ စဉ်းစားဉာဏ်ကင်းမဲ့ကာ အဘယ်မျှ ဆင်ခြင်တုံတရား ကင်းမဲ့လေခြင်း။ ထိုကဲ့သို့သော အရာကို ငါအဘယ်သို့လျှင် လုပ်ထားခဲ့နိုင်ရသနည်း” ဟု တွေးလိမ့်မည်။ ၎င်းတို့သည် မိမိတို့ပြုခဲ့သည့် အရာအတွက် စိတ်ကသိကအောက်ဖြစ်ခြင်းနှင့် အရှက်ရခြင်းတို့ကို ခံစားရလိမ့်မည်ဖြစ်ပြီး အလားတူ အခြေအနေများကို ကြုံရသည့်အခါ ၎င်းတို့၏ရှက်စိတ်သည် ၎င်းတို့၏အပြုအမူကို ချုပ်ထိန်းလိမ့်မည်။ လူတို့အားလုံး၏ သဘာဝအနှစ်သာရတို့သည် စာတန်၏ သဘာဝအနှစ်သာရ ဖြစ်သော်လည်း ပုံမှန်လူ့သဘာဝ၏ ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သောသူတို့၌ ရှက်တတ်သောစိတ် ရှိမည်ဖြစ်ပြီး ၎င်းတို့၏ အပြုအမူများသည် ချုပ်ချုပ်ထိန်းထိန်း ရှိမည်ဖြစ်သည်။ လူတစ်ဦး၏ သမ္မာတရားနှင့်သက်ဆိုင်သည့် သဘောပေါက် နားလည်နိုင်စွမ်းသည် တဖြည်းဖြည်း နက်ရှိုင်းလာပြီး ဘုရားသခင်အပေါ် ၎င်းတို့၏ သိကျွမ်းခြင်းနှင့် နားလည်ခြင်းအပြင် သမ္မာတရားအပေါ် ၎င်းတို့၏ ကျိုးနွံနာခံခြင်းသည် နက်ရှိုင်းလာသည်နှင့်အမျှ ဤရှက်တတ်သောစိတ်သည် အနိမ့်ဆုံးအတိုင်းအတာ ဖြစ်တော့မည် မဟုတ်ချေ။ ၎င်းတို့သည် သမ္မာတရားအားဖြင့်၊ ထို့ပြင် ၎င်းတို့၏ ဘုရားသခင်ကိုကြောက်ရွံ့သော စိတ်နှလုံးအားဖြင့် တိုး၍တိုး၍ ချုပ်တည်းမှု ရှိလာကြမည်ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်မိမိ ဆက်လက်၍ တိုးတက်စေလိမ့်မည်ဖြစ်ပြီး သမ္မာတရားနှင့် ပို၍ပို၍ညီအောင် ပြုမူလုပ်ဆောင်ကြမည် ဖြစ်သည်။ သို့ရာတွင် အန္တိခရစ်များသည် သမ္မာတရားကို လိုက်စားကြမည်လော။ လုံးဝ လိုက်စားကြမည် မဟုတ်ပေ။ ၎င်းတို့သည် ပုံမှန်လူသားဆင်ခြင်တုံတရားကို မပိုင်ဆိုင်ကြ၊ သမ္မာတရားကို လိုက်စားခြင်းက အဘယ်အရာကို ဆိုလိုကြောင်း မသိကြသည့်အပြင် သမ္မာတရားအား အလွန်အမင်း မနှစ်မြို့ကြဘဲ ယင်းအပေါ် ချစ်ခြင်းတစ်စိမျှလည်း မရှိကြသောကြောင့် ၎င်းတို့သည် သမ္မာတရားကို မည်သို့ လိုက်စားနိုင်မည်နည်း။ သမ္မာတရားကို လိုက်စားခြင်းသည် ပုံမှန်လူ့သဘာဝ၏ လိုအပ်ချက်တစ်ခု ဖြစ်သည်။ ဖြောင့်မတ်ခြင်းကို ဆာလောင်ပြီး ငတ်မွတ်သည့် သူများသာလျှင် သမ္မာတရားကို ချစ်ပြီး လိုက်စားလိမ့်မည်။ သာမန်လူ့သဘာဝကို မပိုင်ဆိုင်သည့်သူများသည် သမ္မာတရားကို မည်သည့်အခါမျှ လိုက်စားမည် မဟုတ်ချေ။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၂- အမြင်မတူသူများကို ၎င်းတို့ တိုက်ခိုက်ကာ ကြဉ်ထားကြ၏
အန္တိခရစ်များအတွက် ၎င်းတို့၏ ဂုဏ်သတင်း၊ သို့မဟုတ် အဆင့်အတန်းကို တိုက်ခိုက်ခံရလျှင်၊ ပြီးလျှင် ယူဆောင်သွားခြင်းခံရလျှင် ယင်းသည် ၎င်းတို့၏ အသက်ကိုယူဖို့ ကြိုးစားခြင်းထက် ပို၍ပင် ဆိုးရွားသော ကိစ္စတစ်ခု ဖြစ်သည်။ ၎င်းတို့သည် တရားဒေသနာများကို မည်မျှနားထောင်သည်ဖြစ်စေ၊ ဘုရားနှုတ်ကပတ်တော်များကို မည်မျှဖတ်သည်ဖြစ်စေ၊ သမ္မာတရားကို ၎င်းတို့ မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်ခြင်း၊ အန္တိခရစ်လမ်းကြောင်းကို လျှောက်နေခြင်းတို့နှင့်ပတ်သက်၍လည်းကောင်း၊ အန္တိခရစ်များ၏ သဘာဝအနှစ်သာရကို ၎င်းတို့ ပိုင်ဆိုင်ခြင်းနှင့်ပတ်သက်၍လည်းကောင်း ၎င်းတို့သည် ဝမ်းနည်းခြင်း၊ သို့မဟုတ် နောင်တရခြင်းကို ခံစားရမည်မဟုတ်ပေ။ ယင်းအစား ၎င်းတို့သည် အဆင့်အတန်းကို ရရှိပြီး ၎င်းတို့၏ ဂုဏ်သတင်းကို မြင့်တက်စေရန် နည်းလမ်းများကို ရှာဖို့အတွက် အစဉ်သဖြင့် ဦးနှောက်ခြောက်ခံ စဉ်းစားကြသည်။ အန္တိခရစ်များက လုပ်သမျှသော အရာတိုင်းသည် အခြားလူတို့ရှေ့တွင် ကြွားဝါရန် လုပ်ဆောင်ခြင်းဖြစ်ပြီး ဘုရားရှေ့တွင် လုပ်ဆောင်ခြင်းမဟုတ်ဟု ဆိုနိုင်သည်။ ဤအရာကို ငါ အဘယ့်ကြောင့်ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ဤသို့သော သူတို့သည် အဆင့်အတန်းကို အလွန်ချစ်ပြီး ယင်းအား ၎င်းတို့၏ အသက်ကိုယ်တိုင်အဖြစ်၊ ၎င်းတို့၏ တစ်သက်တာ ပန်းတိုင်အဖြစ် မှတ်ယူကြသောကြောင့်ဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် အဆင့်အတန်းကို အလွန်ချစ်သောကြောင့် သမ္မာတရား တည်ရှိမှုကို လုံးဝ မယုံကြည်ကြပေ။ ၎င်းတို့တွင် ဘုရားသခင် တည်ရှိမှုကို ယုံကြည်လက်သင့်ခံခြင်း လုံးဝ မရှိ ဟူ၍ပင် ဆိုနိုင်သည်။ ထို့ကြောင့် ၎င်းတို့သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ရရှိရန် မည်မျှ တွက်ချက်ပါစေ လူတို့နှင့် ဘုရားကို လှည့်စားရန် အတုအယောင် အသွင်အပြင်များကို အသုံးပြုဖို့ မည်မျှကြိုးစားပါစေ ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် စိတ်ပူပင်မှုတစ်ခုခုမဆိုထားနှင့်။ သတိထားမိခြင်း၊ သို့မဟုတ် အပြစ်တင်ခြင်း မရှိပေ။ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ၎င်းတို့၏ အဆက်မပြတ် လိုက်စားမှုတွင် ဘုရားသခင်လုပ်ဆောင်ခဲ့သည့်အရာမှန်သမျှကိုလည်း ၎င်းတို့က ထင်ရာစိုင်း ငြင်းဆန်ကြသည်။ အဘယ်ကြောင့် ငါ ထိုသို့ပြောရသနည်း။ အန္တိခရစ်များ၏ စိတ်နှလုံးအတွင်းထဲတွင် ၎င်းတို့က “ဂုဏ်သတင်းနှင့် အဆင့်အတန်းအားလုံးသည် လူတစ်ဦး၏ ကိုယ်ပိုင်ကြိုးစားအားထုတ်မှုအားဖြင့် ရရှိသည်။ လူတို့ကြားတွင် ခိုင်မာသော ခြေကုပ်ကို ရယူပြီး ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ရရှိခြင်းဖြင့်သာ ဘုရား၏ ကောင်းချီးများကို ၎င်းတို့ ခံစားနိုင်သည်။ လူတို့က အကြွင်းမဲ့ အာဏာနှင့် အဆင့်အတန်းကို ရရှိသောအခါမှသာ ဘဝက တန်ဖိုးရှိသည်။ ဤသည်သာ လူသားကဲ့သို့ အသက်ရှင်ခြင်း ဖြစ်သည်။ ယှဉ်ကြည့်လျှင် အရာရာတွင် ဘုရား၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို နာခံခြင်း၊ ဖန်ဆင်းခံတစ်ဦးနေရာတွင် လိုလိုလားလား ရပ်တည်ခြင်းနှင့် သာမန်လူတစ်ယောက်ကဲ့သို့ ရှင်သန်ခြင်းတို့ကဲ့သို့သော ဘုရားနှုတ်ကပတ်တော်တွင် ပြောထားသည့် နည်းလမ်းဖြင့် အသက်ရှင်နေထိုင်ခြင်းသည် အသုံးမကျခြင်းဖြစ်လိမ့်မည်။ မည်သူကမျှ ဤသို့သောသူမျိုးကို အထင်ကြီးလေးစားမည်မဟုတ်။ လူတစ်ယောက်၏ အဆင့်အတန်း၊ ဂုဏ်သတင်းနှင့် ပျော်ရွှင်မှုတို့ကို ၎င်း၏ကိုယ်ပိုင် ရုန်းကန်ကြိုးစားမှုမှတစ်ဆင့် ရယူရမည်။ ၎င်းတို့ကို အပြုသဘောဆောင်ပြီး တက်ကြွသော သဘောထားဖြင့် ကြိုးစားယှဉ်ပြိုင်ပြီး အရယူရမည်။ မည်သူကမျှ ယင်းတို့ကို သင်တို့အား ပေးမည်မဟုတ်။ မလှုပ်မယှက် စောင့်ဆိုင်းနေခြင်းက ကျရှုံးခြင်းသာ ဖြစ်စေနိုင်သည်” ဟု ယုံကြည်ကြသည်။ ဤသည်မှာ အန္တိခရစ်များက တွက်ချက်သည့် ပုံစံဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ စိတ်သဘောထားဖြစ်သည်။ အန္တိခရစ်များကို သမ္မာတရားကို လက်ခံဖို့၊ အမှားများကို ဝန်ခံဖို့၊ အမှန်တကယ် နောင်တရခြင်းရှိဖို့ သင် မျှော်လင့်လျှင် ယင်းသည် မဖြစ်နိုင်ပေ။ ၎င်းတို့သည် ဤသို့ လုံးဝ မလုပ်ဆောင်နိုင်ပေ။ အန္တိခရစ်များတွင် စာတန်၏ သဘာဝ အနှစ်သာရရှိပြီး သမ္မာတရားကို မုန်းကြသည်။ ထို့ကြောင့် ၎င်းတို့ မည်သည့်နေရာကို သွားသည်ဖြစ်စေ ကမ္ဘာမြေ၏ဝေးလံခေါင်းပါးသော နေရာများသို့ ၎င်းတို့ သွားလျှင်ပင် ဂုဏ်သတင်းနှင့် အဆင့်အတန်းကို လိုက်စားခြင်းနှင့် ဆိုင်သည့် ၎င်းတို့၏ ရည်မှန်းချက်မှာ လုံးဝ ပြောင်းလဲလိမ့်မည် မဟုတ်သကဲ့သို့ အမှုအရာများအပေါ် ၎င်းတို့၏ အမြင်များဖြစ်စေ၊ ၎င်းတို့ လျှောက်လှမ်းသည့် လမ်းကြောင်းဖြစ်စေ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ လူအချို့က “ဤအရာနှင့်ပတ်သက်၍ မိမိတို့၏ အမြင်များ ပြောင်းလဲနိုင်သည့် အန္တိခရစ် အနည်းငယ် ရှိသည်”ဟု ပြောကြလိမ့်မည်။ ဤစကားသည် မှန်ကန်သလော။ ၎င်းတို့ အမှန်တကယ် ပြောင်းလဲနိုင်လျှင် အန္တိခရစ်ဖြစ်ကြသေးသလော။ အန္တိခရစ်တစ်ဦး၏ သဘာဝ ရှိသောသူများသည် မည်သည့်အခါတွင်မျှ ပြောင်းလဲလိမ့်မည် မဟုတ်။ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား ပိုင်ဆိုင်သောသူများသည် သမ္မာတရားကို လိုက်စားလျှင်သာ ပြောင်းလဲကြလိမ့်မည်။ အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို လျှောက်သောသူအချို့သည် အသင်းတော်အလုပ်ကို နှောင့်ယှက်သည့် မကောင်းမှုတစ်ခုခုကို လုပ်ဆောင်ကြပြီး ၎င်းတို့ကို အန္တိခရစ်များအဖြစ် စရိုက်လက္ခဏာကို သရုပ်ဖော်သော်လည်း ၎င်းတို့ ထုတ်ပယ်ခံရပြီးသည့်နောက်တွင် စစ်မှန်သော နောင်တကို ရရှိကာ ဘဝကို အသစ်မှတစ်ဖန် စတင်ရန် ဆုံးဖြတ်ကြပြီး ကာလတစ်ခုကြာ ပြန်လည်သုံးသပ်ပြီးနောက်၊ မိမိကိုယ်ကို သိကာ နောင်တရပြီးနောက်တွင် စစ်မှန်သည့် ပြောင်းလဲမှုတစ်ခုခုကို ကြုံကြရသည်။ ဤအခြေအနေတွင် ဤလူများကို အန္တိခရစ်များအဖြစ် စရိုက်လက္ခဏာကို သရုပ်ဖော်၍ မရနိုင်ပေ။ ၎င်းတို့သည် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားကိုသာ ပိုင်ဆိုင်ကြခြင်းဖြစ်သည်။ သမ္မာတရားကို လိုက်စားလျှင် ၎င်းတို့ ပြောင်းလဲနိုင်သည်။ သို့သော် အသင်းတော်၏ ရှင်းလင်းခြင်းကိုဖြစ်စေ၊ နှင်ထုတ်ခြင်းကိုဖြစ်စေ ခံရသည့် အန္တိခရစ်များအဖြစ် စရိုက်လက္ခဏာကို သရုပ်ဖော်ခြင်းခံရသူ အများစုသည် အမှန်တကယ် နောင်တရကြလိမ့်မည်မဟုတ် သို့မဟုတ် ပြောင်းလဲကြလိမ့်မည် မဟုတ်ဟု မုချပြော၍ရသည်။ ၎င်းတို့ထဲမှ တစ်ဦးတလေက ပြောင်းလဲလျှင်၊ ရှားပါးသည့် အခြေအနေများဖြစ်သည်။ လူအချို့က “သို့ဆိုလျှင် ထိုရှားပါးသော အခြေအနေများသည် စရိုက်လက္ခဏာကို မှားယွင်းစွာ သရုပ်ဖော်ခံခဲ့ရခြင်း ဖြစ်သလော”ဟု မေးကြလိမ့်မည်။ ဤသည်မှာ မဖြစ်နိုင်ပေ။ အမှန်တွင်တော့ ၎င်းတို့သည် မကောင်းမှုတစ်ခုခုကို တကယ် ကျူးလွန်ခဲ့ကြပြီး ဤအရာကို အရေးမပါဟု ဖျောက်ဖျက် မရနိုင်ပေ။ သို့သော်၊ ၎င်းတို့ အမှန်တကယ် နောင်တရနိုင်လျှင်၊ တာဝန်တစ်ခု ထမ်းဆောင်ရန် လိုလားနေလျှင်၊ ၎င်းတို့၏ နောင်တနှင့်ဆိုင်သည့် စစ်မှန်သော သက်သေခံချက် ပိုင်ဆိုင်ကြလျှင် အသင်းတော်က ၎င်းတို့ကို ဝင်ခွင့်ပြုနိုင်သေး၏။ ဤလူများသည် အန္တိခရစ်များအဖြစ် စရိုက်လက္ခဏာကို သရုပ်ဖော်ခံရပြီးနောက်တွင် အပြစ်ကို ဝန်ခံရန် သို့မဟုတ် နောင်တရရန် လုံးဝ ငြင်းဆန်ပြီး ဖြစ်နိုင်သည့် မည်သည့်နည်းလမ်းဖြင့်မဆို မိမိတို့ကိုယ်ကို မှန်ကြောင်းပြရန် ကြိုးစားမြဲကြိုးစားနေလျှင် ၎င်းတို့ကို အန္တိခရစ်များအဖြစ် စရိုက်လက္ခဏာကို သရုပ်ဖော်ခြင်းက တိကျပြီး လုံးဝ မှန်ကန်ပေသည်။ ၎င်းတို့သည် မိမိတို့၏ အမှားများကို အသိအမှတ်ပြုကာ စစ်မှန်သော နောင်တခံစားရလျှင် အသင်းတော်က အဘယ်သို့ဖြစ်ပြီး ၎င်းတို့ကို အန္တိခရစ်များအဖြစ် စရိုက်လက္ခဏာကို သရုပ်ဖော်နိုင်မည်နည်း။ ယင်းမှာ ဖြစ်နိုင်မည် မဟုတ်။ ၎င်းတို့ မည်သူဖြစ်သည်ဖြစ်စေ၊ မကောင်းမှု မည်မျှ လုပ်ဆောင်ခဲ့ကြသည်ဖြစ်စေ ၎င်းတို့၏ အမှားများက မည်မျှ ဆိုးရွားသည်ဖြစ်စေ လူတစ်ဦးက အန္တိခရစ်တစ်ဦးဖြစ်သည်ဟု သို့မဟုတ် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား ပိုင်ဆိုင်သည်ဟု သတ်မှတ်ရခြင်း ရှိမရှိဟူသည်မှာ သမ္မာတရားနှင့် ပြုပြင်ခြင်းကို လက်ခံနိုင်ခြင်း ရှိမရှိဟူသည့်အရာပေါ်တွင်လည်းကောင်း၊ စစ်မှန်သည့် နောင်တကို ၎င်းတို့ ပိုင်ဆိုင်ခြင်းရှိမရှိဟူသည့်အရာပေါ်တွင်လည်းကောင်း မူတည်ပေသည်။ ၎င်းတို့သည် သမ္မာတရားနှင့် ပြုပြင်ခြင်းကို လက်ခံနိုင်လျှင်၊ စစ်မှန်သော နောင်တကို ပိုင်ဆိုင်ကြလျှင်၊ ဘုရားသခင်အတွက် အလုပ်လုပ်ပေးလျက် ၎င်းတို့၏ ဘဝတစ်ခုလုံး ကုန်ဆုံးရန် လိုလားနေကြလျှင် ဤအရာက နောင်တအနည်းငယ်ကို အမှန်တကယ် ညွှန်ပြပေသည်။ ဤကဲ့သို့သော လူကို အန္တိခရစ်တစ်ဦးအဖြစ် စရိုက်လက္ခဏာကို သရုပ်ဖော်၍မရနိုင်ပေ။ အန္တိခရစ်များသဖွယ်ဖြစ်သောသူတို့သည် သမ္မာတရားကို အမှန်တကယ် လက်ခံနိုင်ကြသလော။ လုံးဝ လက်မခံနိုင်ကြပေ။ ၎င်းတို့က ၎င်းတို့၏ ဘဝတစ်ခုလုံးနှင့် အလွန်နီးကပ်စွာ ယှက်နွှယ်နေသော ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို လုံးဝ လက်လွှတ်နိုင်မည် မဟုတ်သည်မှာ ၎င်းတို့က သမ္မာတရားကို မချစ်ကြသကဲ့သို့ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သောကြောင့် ဖြစ်ပေသည်။ အန္တိခရစ်များသည် ဂုဏ်သတင်းနှင့် အဆင့်အတန်းရှိမှသာ ၎င်းတို့တွင် ဂုဏ်ရှိပြီး စစ်မှန်သော ဖန်ဆင်းခံများဖြစ်သည်၊ ဂုဏ်အဆင့်အတန်းရှိမှသာ ၎င်းတို့က ဆုချီးမြှင့်ခံရပြီး ဆုသရဖူဆောင်းရမည်၊ ဘုရားသခင် လက်ခံဖို့အတွက် အရည်အချင်းပြည့်မီမည်၊ အရာရာကို ရရှိပြီး စစ်မှန်သောသူ တစ်ယောက်ဖြစ်မည်ဟု ၎င်းတို့စိတ်နှလုံးတွင် ခိုင်မြဲစွာ ယုံကြည်ကြသည်။ အန္တိခရစ်တို့သည် အဆင့်အတန်းအား မည်သည့်အရာအဖြစ် မြင်ကြသနည်း။ ယင်းအား သမ္မာတရားအဖြစ် မြင်ကြသည်။ ယင်းအား လူများလိုက်စားရမည့် အမြင့်ဆုံးပန်းတိုင်အဖြစ် မှတ်ယူကြသည်။ ဤသည်မှာ ပြဿနာတစ်ခုမဟုတ်သလော။ ဤနည်းဖြင့် ဂုဏ်အဆင့်အတန်းကို စွဲလမ်းနိုင်သည့်လူများသည် စစ်မှန်သည့် အန္တိခရစ်များဖြစ်ကြသည်။ ၎င်းတို့သည် ပေါလုကဲ့သို့ လူစားမျိုးများဖြစ်သည်။ ၎င်းတို့က သမ္မာတရားကို လိုက်စားခြင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံဖို့ ကြိုးစားခြင်း၊ ရိုးသားမှုကို ရှာဖွေခြင်းတို့အားလုံးသည် လူတစ်ဦးကို တတ်နိုင်သမျှ အမြင့်မားဆုံးသော ဂုဏ်အဆင့်အတန်း ရရှိစေသည့်နည်းလမ်းများ ဖြစ်သည်၊ ယင်းတို့သည် နည်းလမ်းများမျှသာ ဖြစ်သည်၊ ကျင့်ကြံပြုမူခြင်း၏ ပန်းတိုင်နှင့် စံနှုန်းတို့မဟုတ်၊ ပြီးလျှင် ၎င်းတို့ကို ဘုရားသခင်မြင်ရန်အတွက် လုံးလုံး လုပ်ဆောင်ခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။ ဤနားလည်မှုသည် အလွန်ပင် အဓိပ္ပာယ်မရှိဖြစ်ပြီး ရယ်စရာပင် ဖြစ်သည်။ သမ္မာတရားကို မုန်းတီးသည့် အဓိပ္ပာယ်မရှိသူတို့သာ ဤသို့သော ရယ်ဖွယ်အယူအဆကို ထားရှိနိုင်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)
ဖောက်ပြန်ပျက်စီးသော လူသားအားလုံးသည် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားကို ပိုင်ဆိုင်ကြပြီး၊ ၎င်းတို့အားလုံး၌ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား၏ ထုတ်ဖော်ပြချက်များနှင့် သရုပ်သကန်များ ရှိကြသည်။ သို့ရာတွင် သာမန်လူတို့၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားနှင့် အန္တိခရစ်တို့၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတို့မှာမူ ကွဲပြားခြားနားသည်။ သာမန်လူတို့၌ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား ရှိကြသော်လည်း၊ ၎င်းတို့၏စိတ်နှလုံးထဲများ၌မူ သမ္မာတရားကို တမ်းတပြီး သမ္မာတရားကို ချစ်မြတ်နိုးကြသည်။ ဘုရားသခင်ကို ၎င်းတို့၏ယုံကြည်ခြင်းနှင့် မိမိတို့တာဝန်များကို ထမ်းဆောင်သည့်ဖြစ်စဉ်တွင် ၎င်းတို့က သမ္မာတရားကို လက်ခံနိုင်ကြသည်။ ၎င်းတို့ လက်တွေ့လုပ်ဆောင်နိုင်သည့် သမ္မာတရားက အကန့်အသတ်ရှိသော်ငြားလည်း၊ အချို့ကိုမူ လက်တွေ့လုပ်ဆောင်နိုင်ကြဆဲဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့သည် တဖြည်းဖြည်း သန့်စင်ခြင်းခံရနိုင်ပြီး အမှန်တကယ် ပြောင်းလဲနိုင်ကာ၊ နောက်ဆုံး၌ ဘုရားသခင်ကို အခြေခံအားဖြင့် ကျိုးနွံနာခံနိုင်ကာ ကယ်တင်ခြင်းကို ရရှိနိုင်ကြပေသည်။ အခြားတစ်ဖက်တွင်မူ အန္တိခရစ်တို့သည် သမ္မာတရားကို လုံးဝမချစ်မြတ်နိုးကြပေ။ ၎င်းတို့သည် သမ္မာတရားကို လုံးဝ လက်မခံကြသကဲ့သို့၊ လုံးဝ လက်တွေ့မလုပ်ဆောင်ကြပေ။ သင်တို့အနေဖြင့် ဤနေရာ၌ ငါပြောသည့်အရာအတိုင်း စောင့်ကြည့်လေ့လာပြီး ပိုင်းခြားသိမြင်ရန် ကြိုးစားသင့်သည်။ အသင်းတော်ခေါင်းဆောင် သို့မဟုတ် အမှုဆောင်ဖြစ်စေ၊ သာမန်ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးဖြစ်စေ၊ ၎င်းတို့နားလည်နိုင်သည့် အတိုင်းအတာအတွင်းရှိ သမ္မာတရားများကို ၎င်းတို့ လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိဟူသည်တို့ကို မြင်ရန်ကြည့်ရှုလော့။ ဥပမာအားဖြင့် တစ်စုံတစ်ဦးက သမ္မာတရား စည်းမျဉ်းတစ်ခုကို နားလည်သော်လည်း၊ လက်တွေ့လုပ်ဆောင်ရမည့်အချိန်ရောက်လာသည့်အခါ၊ လုံးဝ လက်တွေ့မလုပ်ဆောင်သကဲ့သို့၊ မိမိအလိုရှိသည့်အရာကို လုပ်ဆောင်ပြီး အကြောင်းမဲ့ ပြုမူသည်ဆိုပါစို့။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်ခြင်းဖြစ်ပြီး ထိုသို့သောလူတစ်ဦးကို ကယ်တင်ရန် ခက်ခဲသည်။ လူအချို့သည် သမ္မာတရားကို အမှန်တကယ် နားမလည်ကြသော်လည်း၊ ၎င်းတို့၏စိတ်နှလုံးထဲ၌မူ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီပြီး သမ္မာတရားနှင့် ညီညွတ်သည့် မည်သည့်အရာအား အတိအကျ လုပ်ဆောင်ရမည်ကို ရှာဖွေလိုကြသည်။ ၎င်းတို့၏ အတွင်းအကျဆုံးသော စိတ်နှလုံးထဲ၌ သမ္မာတရားကို မဆန့်ကျင်လိုကြပေ။ သမ္မာတရားကို နားမလည်သောကြောင့်သာ ၎င်းတို့သည် စည်းမျဉ်းများကို ချိုးဖောက်လျက် ပြောဆိုပြုမူကြခြင်းဖြစ်သည်၊ အမှားများ ပြုလုပ်ကြခြင်းဖြစ်ပြီး၊ အနှောင့်အယှက်များနှင့် အဖျက်အမှောင့်များ ဖြစ်စေသည့်အရာများကိုပင် လုပ်ဆောင်မိကြခြင်းဖြစ်သည်။ ဤအရာ၏ သဘာဝသည် အဘယ်နည်း။ ဤအရာ၏ သဘာဝသည် မကောင်းမှုပြုခြင်းနှင့် မသက်ဆိုင်ပေ။ ထိုအရာကို မိုက်မဲခြင်းနှင့် မသိနားမလည်ခြင်းတို့က ဖြစ်ပေါ်စေခြင်း ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို နားမလည်သောကြောင့်၊ သမ္မာတရား စည်းမျဉ်းများကို မရရှိနိုင်သောကြောင့်နှင့် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများအရ ထိုအရာများကို လုပ်ဆောင်ခြင်းသည် မှန်ကန်သည်ဟု ထင်မှတ်ကြသောကြောင့်သက်သက်ဖြင့် ဤအမှုအရာများကို ပြုလုပ်ကြခြင်းဖြစ်ရာ ၎င်းတို့သည် ထိုနည်းလမ်းဖြင့် ပြုမူကြလေသည်။ ထို့ကြောင့် ဘုရားသခင်သည် ၎င်းတို့ကို အစွမ်းအစ ကင်းမဲ့နေသည့် မိုက်မဲပြီး မသိနားမလည်သူအဖြစ် သတ်မှတ်သည်။ ၎င်းတို့အနေဖြင့် သမ္မာတရားကို နားလည်ပြီး ထိုသမ္မာတရားကို တမင်တကာ ဆန့်ကျင်ကြခြင်းတော့ မဟုတ်ပေ။ သမ္မာတရားကို နားမလည်သောကြောင့် မိမိတို့၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများဖြင့် အမှုအရာများကို အစဉ်လုပ်ဆောင်ပြီး ဘုရားအိမ်တော်၏အလုပ်ကို မကြာခဏ နှောင့်ယှက်တတ်သော ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် ပတ်သက်၍မူ၊ သင်တို့သည် ကြီးကြပ်မှုနှင့် ကန့်သတ်ချက်များကို လက်တွေ့အကောင်အထည်ဖော်ခြင်းအား လက်တွေ့လုပ်ဆောင်ရမည်ဖြစ်ပြီး ပြဿနာများဖြေရှင်းရန် သမ္မာတရားကို ပို၍မိတ်သဟာယဖွဲ့ခြင်းအား လက်တွေ့လုပ်ဆောင်ရမည်။ တစ်စုံတစ်ဦး၏ အစွမ်းအစသည် အလွန်ချို့တဲ့ပြီး သမ္မာတရား စည်းမျဉ်းများကို နားမလည်နိုင်လျှင်၊ ထိုသူကို ခေါင်းဆောင်အတုအယောင်အဖြစ် ထုတ်ပယ်ရမည့် အချိန်ကျပြီဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို နားလည်သော်လည်း ထိုသမ္မာတရားကို တမင်တကာ ဆန့်ကျင်လျှင်၊ ပြုပြင်ခြင်းခံရမည်။ ၎င်းတို့သည် အမြဲတစေ သမ္မာတရားကို လက်မခံနိုင်ဘဲ ရှိနေကာ နောင်တတရားကို ဖော်ပြခြင်းမရှိလျှင်၊ ၎င်းတို့သည် ဆိုးယုတ်သောသူအဖြစ် ကိုင်တွယ်ခံရမည်ဖြစ်ပြီး၊ ရှင်းလင်းပစ်ခံရသင့်သည်။ သို့ရာတွင် အန္တိခရစ်တို့၏ သဘာဝသည် ဆိုးယုတ်သောသူများ သို့မဟုတ် အယောင်ဆောင် ခေါင်းဆောင်များ၏ သဘာဝထက် များစွာ ပို၍ဆိုးရွားသည်။ အကြောင်းမှာ အန္တိခရစ်တို့သည် အသင်းတော်အလုပ်ကို တမင်တကာ အနှောင့်အယှက်ပေးသောကြောင့် ဖြစ်သည်။ ၎င်းတို့အနေဖြင့် သမ္မာတရားကို နားလည်လျှင်ပင် လက်တွေ့မလုပ်ဆောင်ကြ၊ မည်သူ့ကိုမျှ နားမထောင်ကြ၊ နားထောင်လျှင်လည်း ကြားသည့်အရာကို လက်မခံကြပေ။ အပေါ်ယံအားဖြင့် ထိုအရာကို လက်ခံသည့်ပုံပေါ်လျှင်ပင်၊ ၎င်းတို့၏ အတွင်းအကျဆုံးသော စိတ်နှလုံးထဲ၌ အတိုက်အခံလုပ်ကြပြီး၊ ပြုမူဆောင်ရွက်ရမည့် အချိန်ရောက်သည့်အခါ၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို လုံးဝထည့်မစဉ်းစားဘဲ မိမိတို့၏ နှစ်သက်မှုများနှင့်အညီ ပြုမူဆောင်ရွက်ကြဆဲဖြစ်သည်။ အခြားသူများအနီးဝန်းကျင်တွင် ရှိသည့်အခါ၊ ၎င်းတို့သည် လူ့စကားအချို့ကို ပြောဆိုကြပြီး လူသားပုံသဏ္ဌာန်အချို့ ရှိကြသော်လည်း၊ လူများ၏ကွယ်ရာ၌ ပြုမူကြသည့်အခါ၊ ၎င်းတို့၏ နတ်ဆိုးဆန်သော သဘာဝသည် ပေါ်ထွက်လာသည်။ ဤသူတို့သည် အန္တိခရစ်များ ဖြစ်ကြသည်။ လူအချို့သည် အဆင့်အတန်းကို ရရှိသည့်အခါ၊ မကောင်းမှုမျိုးစုံကို လုပ်ဆောင်ကြပြီး အန္တိခရစ်များ ဖြစ်လာကြသည်။ အချို့လူများမှာ အဆင့်အတန်း မရှိကြသော်လည်း၊ ၎င်းတို့၏ သဘာဝ အနှစ်သာရသည် အန္တိခရစ်တို့၏ သဘာဝ အနှစ်သာရနှင့် အတူတူပင်ဖြစ်သည်။ သူတို့ကို လူကောင်းများဟု သင် ပြောနိုင်သလော။ အဆင့်အတန်းကို ၎င်းတို့ ရရှိသည့်အခိုက်အတန့်၌ပင်၊ ၎င်းတို့သည် မကောင်းမှုမျိုးစုံ လုပ်ဆောင်ကြသည်။ ၎င်းတို့သည် အန္တိခရစ်များ ဖြစ်ကြ၏။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၇- ၎င်းတို့သည် ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်စားတတ်သည် (အပိုင်း ၁)
သင်တို့အားလုံးသည် ငါ ဖော်ထုတ်ပြီးဖြစ်သည့် အမျိုးမျိုးသော ထုတ်ဖော်ချက်များ၊ သရုပ်သကန်များနှင့် လက်တွေ့လုပ်ဆောင်ချက်များဖြင့် သင်တို့ကိုယ်သင်တို့ နှိုင်းယှဉ်သင့်သည်။ သင်တို့၏ တာဝန်များကို ထမ်းဆောင်သည့် လမ်းကြောင်းတွင် ဤသရုပ်သကန်များ၊ ထုတ်ဖော်ပြမှုများနှင့် လက်တွေ့လုပ်ဆောင်မှုများထဲမှ အချို့ကို သင်တို့ မုချ ပြသကြလိမ့်မည်ဖြစ်သော်လည်း သင်တို့သည် အန္တိခရစ်များနှင့် မည်သို့ ကွာခြားကြသနည်း။ သင်တို့ထံ ကျရောက်သည့်အရာများကို ဘုရားသခင်ထံမှ သင်တို့ ခံယူနိုင်ကြသလော။ (ခံယူနိုင်ပါသည်။) သင်တို့ထံ ဖြစ်ပျက်သည့်အရာကို ဘုရားသခင်ထံမှ ခံယူနိုင်ခြင်း ဟူသည်မှာ အရှားပါးဆုံးသော အရာဖြစ်သည်။ သင်တို့သည် မှားယွင်းသည့် လမ်းကြောင်းကို လျှောက်လျှင်၊ မှားယွင်းသည့်အရာ တစ်စုံတစ်ခုကို လုပ်ဆောင်မိလျှင်၊ မသိနားမလည်သည့်အရာများကို လုပ်ဆောင်မိလျှင် သို့မဟုတ် ပြစ်မှားမှုများကို ကျူးလွန်မိလျှင် သင့်ကိုယ်သင် ပြောင်းလဲနိုင်သလော။ သင် နောင်တရနိုင်သလော။ (နောင်တရနိုင်ပါသည်။) နောင်တရနိုင်ခြင်းနှင့် သင့်ကိုယ်သင် ပြောင်းလဲနိုင်ခြင်းသည် တန်ဖိုးအရှိဆုံးနှင့် အရှားပါးဆုံးသော အရာဖြစ်သည်။ သို့သော် အန္တိခရစ်များက ဤအရာကို အတိအကျ ချို့တဲ့ကြသည်။ ဤအရာသည် ဘုရားသခင်၏ ကယ်တင်ခြင်းခံရမည့် လူများတွင်သာ ရှိပေသည်။ မည်သည့်အရာများသည် ပိုင်ဆိုင်ရန် အရေးအကြီးဆုံး ဖြစ်သနည်း။ ပထမဆုံးမှာ ဘုရားသခင်က သမ္မာတရားဖြစ်သည်ကို ယုံကြည်ခြင်း ဖြစ်သည်။ ဤသည်မှာ အခြေခံအကျဆုံးသော အရာဖြစ်သည်။ ဤအရာကို သင်တို့ လုပ်ဆောင်နိုင်သလော။ (လုပ်ဆောင်နိုင်ပါသည်။) အန္တိခရစ်များသည် ဤအခြေခံအကျဆုံးသော အရာကို မပိုင်ဆိုင်ကြပေ။ ဒုတိယမှာ ဘုရားနှုတ်ကပတ်တော်က သမ္မာတရားဖြစ်သည်ကို လက်ခံခြင်း ဖြစ်သည်။ ဤအရာကိုလည်း အခြေခံအကျဆုံးသောအရာအဖြစ် ယူဆ၍ရသည်။ တတိယမှာ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များကို ကျိုးနွံနာခံခြင်း ဖြစ်သည်။ ဤအရာသည် အန္တိခရစ်များအတွက် လုံးဝ မရယူနိုင်သည့်အရာ ဖြစ်သော်လည်း ဤသည်မှာ သင်တို့အတွက် စတင်၍ ခက်ခဲစေသည့်နေရာ ဖြစ်သည်။ စတုတ္ထမှာ ငြင်းခုံခြင်း၊ သင့်ကိုယ်သင် မှန်ကြောင်းပြခြင်း၊ အကြောင်းပြချက်များပေးခြင်း သို့မဟုတ် ညည်းညူခြင်းမရှိဘဲ ဘုရားသခင်ထံမှ အရာရာကို ခံယူခြင်း ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များအတွက် လုံးဝ မဖြစ်နိုင်သောအရာဖြစ်သည်။ ပဉ္စမမှာ ပုန်ကန်ပြီးနောက် သို့မဟုတ် ပြစ်မှားမှုများကို ကျူးလွန်ပြီးနောက် နောင်တရခြင်း ဖြစ်သည်။ ဤအရာသည် သင်တို့အတွက် စွမ်းဆောင်ရရှိဖို့ ခက်ခဲရုံသာ ရှိလိမ့်မည်။ ထိုအရာမှာ ပြစ်မှားမှုများ ကျူးလွန်ပြီးနောက်တွင် လူတို့က ပြန်လည်သုံးသပ်ခြင်းနှင့် ရှာဖွေခြင်း၊ ဝမ်းနည်းခြင်း၊ အပျက်သဘောဆောင်ခြင်း၊ အားနည်းချက်တို့နှင့် ဆိုင်သည့် ကာလတစ်ခုမှတစ်ဆင့် မိမိတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအပေါ် သိသည့်အသိအချို့ကို တဖြည်းဖြည်း ရရှိသည့်အချိန်တွင် ဖြစ်သည်။ ဤအရာက အချိန်လိုအပ်သည်မှာ အမှန်ဖြစ်၏။ ထိုအရာသည် တစ်နှစ် သို့မဟုတ် နှစ်နှစ်ဖြစ်နိုင်သည်၊ သို့မဟုတ် ပို၍ ရှည်ကြာနိုင်သည်။ တစ်ဦးတစ်ယောက်သည် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အပြည့်အဝ နားလည်ပြီး စိတ်နှလုံးမှ အလျှော့ပေးပြီးနောက်တွင်သာ အမှန်တကယ် နောင်တရနိုင်သည်။ ဤသည်မှာ မလွယ်ကူသော်လည်း နောက်ဆုံးတွင် နောင်တတရား၏ သရုပ်သကန်များကို သမ္မာတရား လိုက်စားသူများ၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိနိုင်သူများတွင် တွေ့မြင်နိုင်သည်။ သို့သော် အန္တိခရစ်များက ဤအရာကို မပိုင်ဆိုင်ကြပေ။ ထိုအကြောင်းကို တွေးကြည့်လော့၊ အတိတ်ကာလ သုံးနှစ် သို့မဟုတ် ငါးနှစ်၊ သို့မဟုတ် ၁၀ နှစ် သို့မဟုတ် အနှစ် ၂၀ ၌ မကောင်းသည့်အရာ တစ်စုံတစ်ခုကို လုပ်ဆောင်ပြီးနောက်တွင် မည်သည့်အန္တိခရစ်သည် ယင်းတို့ကို ပြန်ပြောင်းပြောဆိုခြင်း မရှိကြသနည်း။ အချိန်မည်မျှ ကုန်လွန်သွားပြီးသည်ဖြစ်စေ ၎င်းတို့ကို သင် တစ်ဖန် တွေ့ဆပြီးနောက်တွင် ၎င်းတို့ ပြောဆိုဆွေးနွေးသည့်အရာအားလုံးမှာ ၎င်းတို့၏ ထိုအကြောင်းပြချက်များ ဖြစ်နေဆဲဖြစ်သည်။ ၎င်းတို့၏ကိုယ်ပိုင် ဒုစရိုက်အမှုများကို ၎င်းတို့ သတိမပြုမိသေး သို့မဟုတ် လက်မခံကြသေးသကဲ့သို့ နောင်တ စိုးစဉ်းမျှပင် မပြကြသေးပေ။ ဤသည်မှာ အန္တိခရစ်များနှင့် သာမန် ဖောက်ပြန်ပျက်စီးသော လူတို့ကြား ခြားနားချက်ဖြစ်သည်။ အန္တိခရစ်များက အဘယ်ကြောင့် နောင်တ မပြနိုင်ကြသနည်း။ ဖြစ်ကြောင်းရင်းမြစ်မှာ အဘယ်နည်း။ ဘုရားသခင်က သမ္မာတရားဖြစ်သည်ကို ၎င်းတို့က မယုံကြည်ကြပေ။ ယင်းက ၎င်းတို့အား သမ္မာတရားကို လက်ခံရန် မတတ်စွမ်းနိုင်ခြင်း ဖြစ်စေသည်။ ဤသည်မှာ မျှော်လင့်ချက်မဲ့ပြီး အန္တိခရစ်များ၏ အနှစ်သာရက ဆုံးဖြတ်ထားခြင်း ဖြစ်သည်။ အန္တိခရစ်များ၏ အမျိုးမျိုးသော သရုပ်သကန်များကို ငါ စိစစ်နေကြောင်း သင်တို့ ကြားသည့်အခါ သင်တို့က “ငါတော့ သွားလေပြီ။ ငါသည်လည်း အန္တိခရစ်၏ စိတ်သဘောထား ရှိသည်။ ငါသည်လည်း အန္တိခရစ်တစ်ဦး ဖြစ်သည် မဟုတ်လော”ဟု တွေးကြသည်။ ဤသည်မှာ ထိုးထွင်းသိမြင်မှု ကင်းမဲ့ခြင်း ဖြစ်သည် မဟုတ်လော။ သင့်တွင် အန္တိခရစ်၏ စိတ်သဘောထားရှိသည်မှာ မှန်သော်လည်း အန္တိခရစ်များနှင့် သင် ကွဲပြားသည့်နေရာမှာ သင်က အပြုသဘောဆောင်သော အရာများကို ပိုင်ဆိုင်နေဆဲဖြစ်ခြင်း ဖြစ်သည်။ သင်က သမ္မာတရားကို လက်ခံနိုင်သည်၊ ဝန်ချနိုင်သည်၊ နောင်တရနိုင်ပြီး ပြောင်းလဲနိုင်သည့်အပြင် ဤအပြုသဘောဆောင်သည့်အရာများက သင့်အား အန္တိခရစ်များ၏ စိတ်သဘောထားများကို ဖယ်ရှားနိုင်စေပြီး သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သန့်စင်ခံရနိုင်စေကာ သင့်အား ကယ်တင်ခြင်း ရရှိနိုင်စေသည်။ ဤအရာက သင့်အနေဖြင့် မျှော်လင့်ချက်ရှိသည်ဟု ဆိုလိုသည် မဟုတ်လော။ သင့်အတွက် မျှော်လင့်ချက်ရှိနေဆဲ ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၇)
ဆက်စပ်မှုရှိသော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ
ဘုရားသခင်၏ တရားစီရင်ခြင်းက ကျွန်ုပ်ကို ကယ်တင်ခဲ့သည်