၃၁။ ရိုးသားသူတစ်ယောက်ဖြစ်ရန် လက်တွေ့လုပ်ဆောင်နည်း

နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ

ရိုးသားဖြောင့်မတ်ခြင်းဆိုသည်မှာ ဘုရားသခင်ထံ သင့်နှလုံးသားကို ပေးအပ်ခြင်း၊ အရာခပ်သိမ်းတွင် ဘုရားသခင်ကို သဘောရိုးအတိုင်း ဆက်ဆံခြင်း၊ အရာအားလုံးတွင် ဘုရားသခင်နှင့် ပွင့်လင်းမှုရှိခြင်း၊ အမှန်တရားကို မည်သည့်အခါမျှ ကွယ်ဝှက်မထားခြင်း၊ မိမိအထက်မှ လူများနှင့် အောက်မှလူများကို လှည့်စားခြင်းကို မည်သည့်အခါမျှ မပြုခြင်းနှင့်၊ ဘုရားသခင်အား မျက်နှာလိုမျက်နှာရပြုလုပ်ရန်အတွက်သာ အမှုအရာများကို လုပ်ဆောင်မှုမဟုတ်ခြင်းတို့ပင် ဖြစ်သည်။ အတိုချုံး၍ဆိုရလျှင် ရိုးသားခြင်း ဆိုသည်မှာ သင်၏ လုပ်ရပ်များနှင့် စကားများတွင် စင်ကြယ်ဖို့နှင့် ဘုရားသခင်ကို ဖြစ်စေ၊ လူသားကိုဖြစ်စေ မလှည့်စားခြင်းဖြစ်သည်။ ငါပြောသောအရာမှာ အလွန် ရိုးရှင်းသော်ငြားလည်း၊ သင်တို့အတွက် နှစ်ဆ ခက်ခဲနေပေလိမ့်မည်။ အများစုမှာ ရိုးသားစွာ ပြောဆိုပြုမူခြင်းထက် ငရဲသို့ စီရင်ခြင်းကိုသာ ခံလိုကြသည်။ မရိုးဖြောင့်သောသူများ အတွက် ငါ၌ ကုစားမှု အခြားတစ်ခု ရှိသေးသည်မှာ အံ့သြဖွယ်မကောင်းပေ။ သင်တို့သည် ရိုးသားဖို့ မည်မျှ ခက်ခဲသည်ကို ငါကောင်းစွာ သိသည်မှာ မှန်ပေ၏။ သင်တို့အားလုံးသည် အလွန် လိမ္မာပါးနပ်ကာ၊ သင်တို့၏သေးနုပ်သော စံပေတံလေးနှင့် လူများကို တိုင်းတာရာတွင် အလွန် ကျွမ်းကျင်လှသောကြောင့် ငါ့အမှုသည် သာ၍ ရိုးရှင်းသွားသည်။ ထို့အပြင် သင်တို့တစ်ဦးစီသည် သင်တို့၏ လျှို့ဝှက်ချက်များကို သင်တို့၏ရင်ခွင်၌ ပိုက်ထွေးထားသည့်အတွက်၊ သို့ဆိုလျှင် သင်တို့ တစ်ဦးပြီးတစ်ဦးကို မီးဖြင့် “သင်ယူဖို့ရန်” ဒုက္ခဆင်းရဲထဲသို့ စေလွှတ်မည်၊ သို့မှသာ ယင်းနောက်တွင် သင်တို့သည် ငါ၏ နှုတ်ကပတ်တော်များကို အကြွင်းမဲ့ ယုံကြည် လာနိုင်မည်ဖြစ်သည်။ နောက်ဆုံး၌ “ဘုရားသခင်သည် သစ္စာစောင့်သိသော ဘုရားသခင်တစ်ပါး” ဆိုသည့် စကားများကို သင်တို့၏ နှုတ်မှ ငါ ဆွဲနုတ်ယူမည် ဖြစ်ပြီး၊ သို့ဖြစ်၍ သင်တို့သည် ရင်ဘတ်စည်တီး၍ “လှည့်ဖျားတတ်သည်မှာ လူသား၏ နှလုံးသားဖြစ်သည်။” ဟု ငိုချင်းချလိမ့်မည်။ ဤအချိန်တွင် သင်တို့ စိတ်အခြေအနေမှာ အဘယ်သို့ ရှိမည်နည်း။ သင်သည် ယခုကဲ့သို့ အောင်မြင်၍ တက်ကြွပျော်မြူးအားရနေလိမ့်မည် မဟုတ်ဟု ငါထင်သည်။ ထို့အပြင် သင်သည် ယခုကဲ့သို့ “သိမ်မွေ့ပြီးနက်နဲ” ရန်မှာ သာ၍ နည်းပေမည်။ တချို့သူများသည် ဘုရားသခင် ရှေ့မှောက်တွင် အလွန် မှန်ကန်စွာပြုမူ၍ “အပြုအမူကောင်းများ” ရှိရန် အလွန် ကြိုးစားသော်လည်း၊ ဝိညာဉ်တော် ရှေ့မှောက်တွင်မူ ခြိမ်းခြောက်သည့် ဟန်ပန်များ လှပ်ပြလေသည်။ ရိုးသားခြင်း အဆင့်များထဲတွင် ထိုကဲ့သို့သော လူသားကို သင်တို့ ထည့်တွက်မည်လား။ အကယ်၍ သင်သည် ကြောင်သူတော် တစ်ဦးဖြစ်ပြီး “အပြန်အလှန် ဆက်ဆံရေးများ” အထူးကျွမ်းကျင်ပါက၊ သင်သည် ဘုရားသခင်အား မထီမဲ့မြင်ပြုသူ ဖြစ်သည်မှာ သေချာသည်ဟု ငါဆိုသည်။ အကယ်၍ သင့်စကားများက ဆင်ခြေများ၊ အဖိုးမတန်သော ကျိုးကြောင်းပြချက်များနှင့် ပြည့်နှက်နေမည် ဆိုပါက၊ သင်သည် သမ္မာတရား လက်တွေ့ကျင့်သုံး ရမည်ကို အလွန်တရာကို စက်ဆုပ်သောသူတစ်ဦး သာဖြစ်သည်ဟု ငါဆို၏။ အကယ်၍ သင့်ထံတွင် လျှို့ဝှက်ကိစ္စများစွာ ရှိသဖြင့် သင်သည် ဝေမျှရန် ဝန်လေးနေပါက၊ သင်သည် အလင်း၏ လမ်းကို ရှာဖွေဖို့ အခြားသူများရှေ့တွင် သင်၏ လျှို့ဝှက်ချက်များကို၊ သင်၏ အခက်အခဲများကို ချခင်းပြရန် အပြင်းအထန် ငြင်းဆန်နေပါက သင်သည် ကယ်တင်ခြင်းကို အလွယ်တကူ မရရှိနိုင်သောသူ၊ အမှောင်ထုထဲမှ လွယ်ကူစွာ မထွက်နိုင်သူ ဖြစ်သည်ဟုငါဆို၏။ သမ္မာတရား၏ လမ်းခရီးကိုရှာဖွေခြင်းသည် သင့်ကို ကောင်းစွာ သဘောကျ ကျေနပ်စေသည်ဆိုပါက၊ သင်သည် အလင်းထဲ၌ အစဉ်အမြဲ နေထိုင်သူတစ်ဦးဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ အိမ်တော်၌ မထင်မရှားနေပြီး ကြိုးကြိုးစားစားနှင့် တာဝန်သိသိ အသိဉာဏ်ရှိရှိ အလုပ်လုပ်လျက်၊ အမြဲတမ်းပေးကမ်း၍ မည်သည့်အခါမျှ ရယူခြင်းမရှိသော အစေခံသူတစ်ဦး ဖြစ်ရသည်ကို အလွန် ဝမ်းမြောက်ပါက၊ သင်သည် သစ္စာရှိသော သန့်ရှင်းသူ တစ်ယောက် ဖြစ်သည်ဟု ငါဆိုသည်၊ အဘယ်ကြောင့်ဆိုသော် သင်သည် ဆုလာဘ်ကို မမျှော်ကိုးဘဲ၊ ပကတိ ရိုးသားသူတစ်ယောက်သာ ဖြစ်သောကြောင့်တည်း။ သင်သည် ပွင့်လင်းရန် လိုလိုလားလား ရှိလျှင်၊ သင်သည် သင်၏အလုံးစုံကို အသုံးခံရန် လိုလိုလားလားရှိလျှင်၊ သင်သည် ဘုရားသခင်အတွက် သင့်ဘဝကိုစတေးနိုင်ကာ သက်သေရပ်တည် နိုင်လျှင်၊ သင်သည် မိမိအတွက် မစဉ်းစားဘဲ သို့မဟုတ် မိမိကိုယ်ကျိုးမပါဘဲ ဘုရားသခင် ကျေနပ်သဘောကျရန်ကိုသာ သိသောအဆင့်အထိ ရိုးသားသည်ဆိုပါက၊ ဤလူတို့သည် အလင်းထဲတွင် အားဖြည့်ပေးခြင်းခံရကာ နိုင်ငံတော်တွင် ထာဝရ အသက်ရှင်မည့်သူများ ဖြစ်သည်ဟု ငါဆိုသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သတိပေးချက် သုံးချက်

မျက်မှောက်ကာလတွင် လူအများစုသည် သူတို့၏ အပြုအမူများကို ဘုရားသခင်ရှေ့သို့ယူလာရန် အထူး ကြောက်ရွံ့နေကြသည်၊ သင့်အနေဖြင့် သူ၏ ဇာတိပကတိကို လှည့်ဖြားနိုင်သော်လည်း၊ သူ၏ ဝိညာဉ်တော်ကို လှည့်ဖြား၍ မရပေ။ ဘုရားသခင်၏ စေ့စေ့စပ်စပ်စစ်ဆေးခြင်းကို မခံနိုင်သည့် မည်သည့်အရာ မဆိုသည် သမ္မာတရားနှင့် မကိုက်ညီသည့်အတွက် ဘေးဖယ်ထားသင့်သည်၊ သို့မဟုတ်ပါက ယင်းသည် ဘုရားသခင်ကို ဆန့်ကျင်သည့် အပြစ်ဖြစ်သည်။ ထိုကြောင့် သင် ဆုတောင်းသည့်အခါ၊ သင်၏ညီအစ်ကို၊ ညီအစ်မများနှင့် မိတ်သဟာယ ပြုသည့်အခါ၊ သို့မဟုတ် သင်၏တာဝန်ကို လုပ်ဆောင်ပြီး သင်၏လုပ်ရိုးလုပ်စဉ် လုပ်ငန်းများကို ဆောင်ရွက်သည့်အခါ သင်၏စိတ်နှလုံးကို ဘုရားသခင် ရှေ့မှောက်တွင် တစ်ချိန်လုံး ဆက်ကပ်ရမည်။ သင်၏လုပ်ငန်းဆောင်တာများကို ဆောင်ရွက်သည့် အခါတွင် ဘုရားသခင်သည် သင်နှင့်အတူ ရှိမည်ဖြစ်ပြီး၊ သင်၏ရည်ရွယ်ချက်သည် မှန်ကန်ပြီး ဘုရားအိမ်တော်၏ အလုပ်အတွက် ဖြစ်နေသမျှ၊ သင်၏ လုပ်ဆောင်ချက် အားလုံးကို ဘုရားသခင်သည် လက်ခံပေမည်၊ သင်သည် သင်၏လုပ်ငန်းဆောင်တာကို ဖြည့်ဆည်းဖို့ရန် သင့်ကိုယ်သင် စိတ်ရင်းမှန်ဖြင့် လုံးလုံးလျားလျား ပေးအပ် မြှုပ်နှံထားသင့်သည်။ သင်ဆုတောင်းသည့်အခါ၊ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်ကို ချစ်သော စိတ်နှလုံးရှိပြီး ဘုရားသခင်၏ စောင့်ရှောက်ခြင်း၊ ကွယ်ကာခြင်းနှင့် စေ့စေ့စပ်စပ် စစ်ဆေးခြင်းတို့ကို ရှာဖွေလျှင်၊ အကယ်၍ ထိုအရာများသည် သင်၏ရည်ရွယ်ချက်ဖြစ်လျှင်၊ သင်၏ ဆုတောင်းချက်များသည် ထိရောက်ပေလိမ့်မည်။ ဥပမာအားဖြင့် အစည်းအဝေးများတွင် သင် ဆုတောင်းသည့်အခါ မုသားမပြောဘဲ သင်၏ စိတ်နှလုံးကိုဖွင့်၍ ဆုတောင်းကာ သင်၏စိတ်ထဲရှိသမျှကို ပြောလျှင် သင်၏ ဆုတောင်းချက်များသည် ဧကန်မုချ ထိရောက်ပေလိမ့်မည်။...

ဘုရားသခင်ကိုယုံကြည်သူတစ်ဦး ဖြစ်ရန် သင်ပြုသမျှသော အခြင်းအရာ အလုံးစုံကို ဘုရားသခင် ရှေ့တော်မှောက်သို့ ယူလာ၍ သူ၏စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို ခံရမည်ဖြစ်သည်ဟု ဆိုလိုသည်။ အကယ်၍ သင်ပြုသမျှကို ဘုရားသခင်၏ ဝိညာဉ်တော် ရှေ့သို့ ယူလာနိုင်သော်လည်း၊ ဘုရားသခင်၏ ဇာတိပကတိ ရှေ့သို့ မယူလာနိုင်လျှင် သင်သည် ဘုရားသခင် ဝိညာဉ်တော်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို မခံရသေးကြောင်း ပြပေသည်။ ဘုရားသခင်၏ ဝိညာဉ်တော်ကား မည်သူနည်း။ ဘုရားသခင်၏ သက်သေခံခြင်းကို ခံရသော ပုဂ္ဂိုလ်ကား အဘယ်သူနည်း။ သူတို့နှစ်ဦးသည် တစ်ခုတည်း အတူတူပင် ဖြစ်သည် မဟုတ်လော။ အများစု၏အမြင်တွင် ဘုရားသခင်၏ ဝိညာဉ်တော်သည် ဘုရားသခင်၏ ဝိညာဉ်တော်ဖြစ်ပြီး၊ ဘုရားသခင်က သက်သေခံသောသူမှာ လူသားတစ်ဦးမျှသာ ဖြစ်သည်ဟု ယုံကြည်ကြပြီး ၎င်းတို့ကို သီးခြားအရာနှစ်ခု အဖြစ် မြင်ကြသည်။ သို့သော် သင် ထိုသို့မြင်ခြင်းသည် မှားယွင်းနေသည် မဟုတ်လော။ ဤပုဂ္ဂိုလ်သည် မည်သူ့ကိုယ်စား လုပ်ဆောင်နေသနည်း။ လူ့ဇာတိခံ ဘုရားသခင်ကို မသိသောသူသည် ဝိညာဉ်ရေးရာကို နားမလည်သောသူပင် ဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်နှင့် သူ၏လူ့ဇာတိခံ ဇာတိပကတိမှာ တစ်ခုတည်းဖြစ်သည်၊ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်၏ ဝိညာဉ်တော်သည် ဇာတိပကတိတွင် ပေါ်ပေါက်ခြင်း ဖြစ်၍ဖြစ်သည်။ အကယ်၍ ဤပုဂ္ဂိုလ်သည် သင်၏အပေါ် ကြင်နာမှုမရှိလျှင် ဘုရားသခင်၏ ဝိညာဉ်သည်လည်း ကြင်နာမည်လော။ သင့်စိတ် ရှုပ်ထွေးနေသည် မဟုတ်လော။ ယနေ့တွင် ဘုရားသခင်၏ စေ့စေ့စပ်စပ်စစ်ဆေးခြင်းကို လက်မခံနိုင်သောသူများသည် ဘုရားသခင်၏ ထောက်ခံမှုကို ရရှိနိုင်မည်မဟုတ်ပေ၊ ထို့အပြင် လူ့ဇာတိခံ ဘုရားသခင်ကို မသိသောသူတို့သည် စုံလင်စေခြင်း မခံရနိုင်ပေ။ သင်၏လုပ်ဆောင်ချက်များ အားလုံးကို ဘုရားသခင်၏ရှေ့တော်သို့ ယူဆောင် လာနိုင်မည်လော ဟူသည်ကို ကြည့်လော့။ သင်၏ လုပ်ဆောင်ချက်များ အားလုံးကို ဘုရားသခင်၏ ရှေ့တော်သို့ မယူဆောင် လာနိုင်ပါက၊ သင်သည် ဒုစရိုက်ကိုပြုသောသူတစ်ဦး ဖြစ်ကြောင်း ယင်းက ပြနေသည်။ ဒုစရိုက်ကိုပြုသောသူများသည် စုံလင်စေခြင်း ခံရနိုင်မည်လော။ သင်ပြုသမျှအားလုံး၊ လုပ်ရပ်များအားလုံး၊ ရည်ရွယ်ချက် အားလုံးနှင့် တုံ့ပြန်မှုများအားလုံးကို ဘုရားသခင်ရှေ့သို့ ယူဆောင် လာရမည်။ သင်၏ နေ့စဉ် ဝိညာဉ်ရေးရာအသက်တာတွင်ပင် သင်၏ ဆုတောင်းခြင်းများ၊ ဘုရားသခင်နှင့်နီးကပ်မှုများ၊ သင်၏ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ သင်၏ ညီအစ်ကိုမောင်နှမများနှင့် မိတ်သဟာယပြုခြင်း၊ ထို့ပြင် အသင်းတော်အတွင်းရှိ သင်၏အသက်တာနှင့် သင်၏ ပူးပေါင်းဆောင်ရွက်၍ အစေခံခြင်းတို့ကို ဘုရားသခင်၏ စေ့စေ့စပ်စပ်စစ်ဆေးခြင်းကို ခံရန်အတွက် သူ၏ ရှေ့တော်သို့ ယူဆောင်လာနိုင်သည်။ သင့်အား ဘဝတွင် ရင့်ကျက်သူတစ်ဦး ဖြစ်လာစေရန် ကူညီမည့် အရာသည် ထိုကဲ့သို့သော လက်တွေ့လုပ်ဆောင်မှု ဖြစ်သည်။ ဘုရားသခင်၏ စေ့စေ့စပ်စပ်စစ်ဆေးခြင်းကို လက်ခံခြင်းဖြစ်စဉ်သည် သန့်စင်ခြင်းဖြစ်စဉ် ဖြစ်သည်။ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို လက်ခံနိုင်လေလေ၊ သင်စင်ကြယ်ခြင်း ခံရလေလေ ဖြစ်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီလေလေ ဖြစ်သဖြင့် ကာမဂုဏ်လွန်ကြူးခြင်းနှင့် အပျော်အပါးလိုက်စားခြင်း၏ ဆွဲဆောင်ခြင်းနောက် မလိုက်ဘဲ၊ သင်၏ စိတ်နှလုံးသည်လည်း ကိုယ်တော်၏မျက်မှောက်တွင် နေထိုင်ပေလိမ့်မည်။ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို သင်လက်ခံလေလေ၊ စာတန် အရှက်ရလေလေဖြစ်ပြီး သင်သည် ဇာတိပကတိကို ပုန်ကန်နိုင်လေလေ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အကဲခတ်ခြင်းကို လက်ခံခြင်းသည် လူတို့ လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းတစ်ခု ဖြစ်သည်။ မည်ကဲ့သို့သော အမှုအရာများကို သင်ပြုလုပ်နေပါစေ၊ သင်၏ညီအစ်ကိုမောင်နှမများနှင့် မိတ်သဟာယပြုသည့် အခါ၌ပင်လျှင်၊ သင်သည် သင်၏လုပ်ရပ်များကို ဘုရားသခင်ရှေ့သို့ ယူဆောင်လာ၍၊ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို တောင်းခံကာ၊ ဘုရားသခင် ကိုယ်တော်တိုင်ကို ကျိုးနွံနာခံရန် ရည်မှန်းနိုင်သည်၊ ယင်းသည် သင်လက်တွေ့လုပ်ဆောင်သည့် အရာကို ပိုမိုမှန်ကန်စေ ပေလိမ့်မည်။ သင်ဆောင်ရွက်သမျှကို ဘုရားသခင်ရှေ့သို့ ယူဆောင်လာ၍ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို လက်ခံမှသာလျှင် သင်သည် ဘုရားသခင်၏ မျက်မှောက်တော်၌ အသက်ရှင်နေသူတစ်ဦး ဖြစ်နိုင်ပေလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် သူ၏ရည်ရွယ်ချက်များနှင့် အညီဖြစ်သောသူများကို စုံလင်စေသည်

ရိုးသားသူတစ်ယောက်ဖြစ်ခြင်းကို လိုက်စားရန်အတွက် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ပြုမူရမည်။ သင်သည် တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ပြုပြင်ခြင်းတို့ကို ကြုံရမည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက သန့်စင်သွားပြီး သမ္မာတရားအား လက်တွေ့လုပ်ဆောင်နိုင်ကာ ဘုရားနှုတ်ကပတ်တော်အတိုင်း အသက်ရှင်နိုင်သောအခါ ထိုအခါမှသာ သင်သည် ရိုးသားသူတစ်ယောက်ဖြစ်လိမ့်မည်။ မသိနားမလည်သော၊ မိုက်မဲသော၊ မာယာကင်းသောသူများသည် လုံးဝ ရိုးသားသူများမဟုတ်ပေ။ ဘုရားသခင်သည် လူတို့အား ရိုးသားရန် တောင်းဆိုခြင်းအားဖြင့်၊ သူသည် လူတို့အား သာမန်လူ့သဘာဝကို ပိုင်ဆိုင်ရန်၊ ၎င်းတို့၏ လှည့်စားခြင်းနှင့် အယောင်ဆောင်ခြင်းကို ဖယ်ရှားရန်၊ အခြားလူများကို လိမ်ညာခြင်း၊ လှည့်စားခြင်းမပြုရန်၊ ၎င်းတို့၏ တာဝန်ကို သစ္စာရှိစွာဖြင့် ထမ်းဆောင်ရန်နှင့် သူ့အား အမှန်တကယ် ချစ်ပြီး ကျိုးနွံနာခံနိုင်ရန် တောင်းဆိုနေခြင်းဖြစ်သည်။ ဤပုဂ္ဂိုလ်များသည်သာ ဘုရားသခင်၏ နိုင်ငံတော်သားများ ဖြစ်သည်။ လူတို့အား ခရစ်တော်၏ စစ်သားကောင်းများဖြစ်ရန် ဘုရားသခင်က တောင်းဆိုသည်။ ခရစ်တော်၏ စစ်သားကောင်းများဆိုသည်မှာ အဘယ်နည်း။ ၎င်းတို့သည် သမ္မာတရား စစ်မှန်မှုဖြင့် ပြင်ဆင်ထားပြီး ခရစ်တော်နှင့် စိတ်နှလုံး တစ်လုံးတစ်ဝတည်းရှိရမည်။ အချိန်မရွေး၊ နေရာမရွေး ဘုရားသခင်ကို ချီးမြှောက်ပြီး သက်သေခံနိုင်ရမည်။ စာတန်နှင့် စစ်ပွဲဆင်နွှဲရန် သမ္မာတရားကို အသုံးပြုနိုင်ရမည်။ အရာခပ်သိမ်းတွင် ဘုရားသခင်ဘက်မှ ရပ်တည်ရမည်။ သက်သေခံရမည်။ သမ္မာတရား စစ်မှန်မှုအတိုင်း အသက်ရှင်နေထိုင်ရမည်။ ၎င်းတို့သည် စာတန်ကို အရှက်ရစေပြီး ဘုရားသခင်အတွက် အံ့ဖွယ်ကောင်းသော အောင်မြင်မှုများကို ရယူနိုင်ရမည်။ ဤသည်မှာ ခရစ်တော်၏ စစ်သားကောင်းများဖြစ်ခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ ခရစ်တော်၏ စစ်သားကောင်းများမှာ အောင်မြင်သူများဖြစ်သည်။ စာတန်ကို အောင်မြင်သူများဖြစ်သည်။ ဘုရားသခင်က လူတို့အား ရိုးသားရန်၊ လှည့်စားခြင်းမပြုရန် တောင်းဆိုရာတွင် သူသည် လူတို့အား ငတုံးငအများဖြစ်ရန် တောင်းဆိုခြင်းမဟုတ်ဘဲ ၎င်းတို့၏ လှည့်စားသော စိတ်သဘောထားများကို ဖယ်ရှားရန်၊ ဘုရားသခင်အား ကျိုးနွံနာခံခြင်းကို ရရှိပြီး ဘုရားသခင်အပေါ် ဘုန်းအသရေကို ယူဆောင်ရန် တောင်းဆိုခြင်းဖြစ်သည်။ ဤသည်မှာ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် ရရှိနိုင်သည့်အရာဖြစ်သည်။ ဤသည်မှာ မိမိ၏ အပြုအမူ ပြောင်းလဲခြင်းမဟုတ်။ ပို၍စကားပြောဆိုခြင်း၊ သို့မဟုတ် လျော့၍ စကားပြောဆိုခြင်းနှင့် မသက်ဆိုင်သကဲ့သို့ ပြုမူဆောင်ရွက်သည့်ပုံစံနှင့်လည်း မသက်ဆိုင်ပေ။ ထိုထက် မိမိ၏ ပြောဆိုပြုမူမှုများနောက်ကွယ်ရှိ ရည်ရွယ်ချက်၊ မိမိ၏ အတွေးများ၊ အယူအဆများ၊ ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများနှင့် သက်ဆိုင်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ထုတ်ဖော်ပြမှုနှင့် လည်းကောင်း၊ မှားယွင်းခြင်းနှင့်လည်းကောင်း သက်ဆိုင်သောအရာမှန်သမျှသည် အရင်းအမြစ်မှနေ၍ ပြောင်းလဲရမည်။ ဤသို့အားဖြင့် သမ္မာတရားနှင့် ကိုက်ညီမည်ဖြစ်သည်။ စိတ်သဘောထားပြောင်းလဲခြင်းကို စွမ်းဆောင်ရရှိဖို့ဆိုလျှင် စာတန်၏ စိတ်သဘောထား အနှစ်သာရကို ရိပ်စားနိုင်ရမည်။ သင်သည် လှည့်စားသော စိတ်သဘောထား၏ အနှစ်သာရကို ရိပ်စားနိုင်လျှင်၊ ယင်းသည် စာတန်၏ စိတ်သဘောထားဖြစ်ပြီး နတ်ဆိုး၏ စရိုက်ဖြစ်သည်ကို မြင်နိုင်လျှင်၊ စာတန်ကို မုန်းတီးပြီး နတ်ဆိုးကို စွန့်ပစ်နိုင်လျှင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားရန် သင့်အတွက် လွယ်ကူလိမ့်မည်။ သင့်အတွင်းတွင် လှည့်စားသော အခြေအနေရှိသည်ကို သင်မသိလျှင်၊ လှည့်စားသော စိတ်သဘောထား ထုတ်ဖော်ပြမှုများကို သင် သတိပြုမိလျှင်၊ ဤအရာကို ဖြေရှင်းရန်အတွက် သမ္မာတရားအား မည်သို့ရှာဖွေရမည်ကို သင် သိလိမ့်မည်မဟုတ်ပေ။ သင်၏ လှည့်စားသောစိတ်သဘောထားကို ပြောင်းလဲရန် ခက်ခဲလိမ့်မည်။ သင်သည် သင့်ထဲတွင် မည်သည့်အရာများ ထုတ်ဖော်ပြသည်၊ ထိုအရာများသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ မည်သည့်သွင်ပြင်လက္ခဏာဖြစ်သည်တို့ကို ဦးစွာ သိမြင်ရမည်။ သင် ထုတ်ဖော်ပြသောအရာများသည် လှည့်စားသော စိတ်သဘောထားနှင့်သက်ဆိုင်လျှင် သင်၏ စိတ်နှလုံးမှ ယင်းကို မုန်းလိမ့်မည်လော။ သင် မုန်းလျှင်၊ မည်သို့ပြောင်းလဲသင့်သနည်း။ သင်၏ ရည်ရွယ်ချက်များကို သင် ပြုပြင်ပြီး သင်၏ အမြင်များကို အမှန်ပြင်ရမည်။ သင်၏ ပြဿနာများကို ဖြေရှင်းရန်အတွက် ဤကိစ္စနှင့်ပတ်သက်ပြီး သမ္မာတရားကို သင် ဦးစွာ ရှာဖွေရမည်။ ဘုရားသခင်တောင်းဆိုသည့်အရာကို ရရှိပြီး သူ့ကို ကျေနပ်စေရန် ကြိုးပမ်းရမည်။ ဘုရားသခင်၊ သို့မဟုတ် အခြားလူများနှင့် အနည်းငယ်မိုက်မဲသော၊ မသိနားမလည်သောသူများကိုပင် လှည့်စားဖို့ မကြိုးစားသောသူတစ်ယောက် ဖြစ်လာရမည်။ မိုက်မဲပြီး မသိနားမလည်သော သူတစ်ယောက်ကို လှည့်စားဖို့ ကြိုးစားခြင်းသည် အလွန်ပင် အကျင့်ပျက်ပေသည်။ ဤသို့လုပ်ဆောင်ခြင်းသည် သင့်အား နတ်ဆိုးဖြစ်စေသည်။ သင်သည် ရိုးသားသောသူတစ်ယောက်ဖြစ်ရန်အတွက် မည်သူ့ကိုမဆို လှည့်စားခြင်း၊ လိမ်ညာခြင်းမပြုရပေ။ သို့ရာတွင် နတ်ဆိုးများနှင့် စာတန်ကိုမူ သင်၏ စကားများကို ဉာဏ်ရှိရှိဖြင့် ရွေးချယ်ရမည်။ မရွေးချယ်လျှင်၊ သင်သည် ၎င်းတို့၏ အရူးလုပ်ခြင်းကို ခံရပြီး ဘုရားသခင်အား အရှက်ရစေဖို့ ဖြစ်နိုင်ခြေရှိသည်။ သင်၏ စကားများကို ဉာဏ်ရှိစွာ ရွေးချယ်ပြီး သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ စာတန်ကို အောင်မြင်ပြီး အရှက်ရစေနိုင်လိမ့်မည်။ မသိနားမလည်သောလူများ၊ မိုက်မဲပြီး၊ ခေါင်းမာသောသူများသည် သမ္မာတရားကို မည်သည့်အခါမျှ နားလည်နိုင်လိမ့်မည်မဟုတ်ပေ။ ၎င်းတို့သည် စာတန်က အထင်အမြင်မှားစေခြင်း၊ ဆော့ကစားခြင်း၊ နင်းခြေခြင်းကိုသာ ခံရနိုင်ပြီး အဆုံးတွင် ဝါးမျိုခြင်းကို ခံရနိုင်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ခြောက်မျိုးကို သိခြင်းကသာ စစ်မှန်သော မိမိကိုယ်ကိုယ် သိခြင်းဖြစ်သည်

ရိုးသားသော ပုဂ္ဂိုလ်တစ်ဦးအတွက် အရေးကြီးဆုံးသော လက်တွေ့လုပ်ဆောင်မှုမှာ အဘယ်နည်း။ ယင်းမှာ မိမိ၏စိတ်နှလုံးကို ဘုရားသခင်အား ဖွင့်ဟခြင်းလုပ်ရပ်ဖြစ်သည်။ မည်သို့ဆိုစေ ဖွင့်ဟခြင်းဟူသည် မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ သင်၏ စိတ်ကူးများ၊ ကြံရွယ်ချက်နှင့် သင့်ကိုထိန်းချုပ်ထားသည့် အရာများကို သူ့အား ဝေမျှခြင်းအပြင် သူ့ထံမှ ယုံကြည်စိတ်ချမှု ရှာဖွေခြင်းကို ဆိုလိုသည်။ သင် မည်သည့်အရာကို ဖွင့်ဟပြောဆိုသည်ဖြစ်စေ ဘုရားသခင်က အရာရာကို ခြွင်းချက်မရှိ ရှင်းလင်းပြတ်သားစွာဖြင့် မြင်တွေ့သည်။ သင်သည် သင်၏ ခံစားချက်များကို ဘုရားသခင်ထံ ဖော်ပြနိုင်ပြီး အခြားသူများထံမှ သင်ဖုံးကွယ်ထားသော အရာများနှင့်ပတ်သက်၍ သူ့အား ဖွင့်ဟနိုင်ကာ မည်သည့်အရာကိုမျှ မဖုံးကွယ်ဘဲ ယင်းတို့ကို ရှင်းလင်းစွာ ထွက်ဆိုကာ သင်၏စိတ်ကူးများကို မည်သည့်ကြံရွယ်ချက်မျှ မရှိဘဲ အရှိအတိုင်း ဖော်ပြနိုင်လျှင် ဤသည်မှာ ပွင့်လင်းမှုဖြစ်၏။ တစ်ခါတစ်ရံ ရိုးသားစွာ စကားပြောခြင်းက အခြားသူများကို နာကျင်စေနိုင်သည် သို့မဟုတ် စိတ်အနှောင့်အယှက်ပေးနိုင်သည်။ ထိုသို့သော ဖြစ်စဉ်များတွင် မည်သူတစ်ဦးတစ်ယောက်က “သင်သည် လွန်ကဲသော ရိုးသားမှုဖြင့် စကားပြောသည်။ ယင်းသည် လွန်စွာ နာကျင်စေပြီး ကျွန်ုပ်လက်မခံနိုင်” ဟု ဆိုမည်လော။ ဆိုမည် မဟုတ်ပေ။ ရံဖန်ရံခါ အခြားသူများကို နာကျင်စေသော အရာတစ်ခုကို ပြောမိလျှင်ပင် သင်သည် ဖွင့်ဟပြီး တောင်းပန်ကာ သင်၏စကားများသည် ဉာဏ်ပညာ ကင်းမဲ့ကြောင်း၊ သင်သည် ၎င်းတို့၏ အားနည်းချက်အား စာနာစိတ် မရှိခဲ့ကြောင်း ဝန်ခံပါက ၎င်းတို့သည် သင်၏ မကောင်းသော ကြံရွယ်ချက်မရှိကြောင်း အသိအမှတ်ပြုမည်ဖြစ်သည်။ သင်သည် ဖြောင့်မတ်ပြီး အလိမ္မာမသုံးသော ပုံစံဖြင့်သာ ပြောဆိုဆက်ဆံသည့် ရိုးသားသော လူတစ်ဦးဖြစ်မှန်း ၎င်းတို့နားလည်မည် ဖြစ်သည်။ ၎င်းတို့သည် သင့်ကို ငြင်းခုံမည် မဟုတ်ဘဲ ၎င်းတို့၏စိတ်နှလုံးထဲတွင် သင့်ကို နှစ်သက်မည်ဖြစ်သည်။ ဤနည်းအားဖြင့် သင်တို့ကြား၌ အတားအဆီးများ ရှိနိုင်သလော။ အတားအဆီးများ မရှိပါက ပဋိပက္ခများကို ရှောင်ကြဉ်နိုင်ပြီး ပြဿနာများကို အလျင်အမြန် ဖြေရှင်းနိုင်ကာ သင့်အား လွတ်မြောက်ခြင်းနှင့် စိတ်သက်သာရာရခြင်းဟူသည့် အခြေအနေတစ်ခုထဲတွင် အသက်ရှင်ခွင့်ပေးနိုင်သည်။ ဤသည်မှာ “ရိုးသားသူတို့သာလျှင် ပျော်ရွှင်စွာ နေထိုင်နိုင်သည်” ဟူသည့် အဓိပ္ပာယ်ဖြစ်၏။ ရိုးသားသော လူတစ်ဦးဖြစ်ခြင်း၏ အရေးကြီးဆုံးသော အပိုင်းမှာ ဦးစွာ ဘုရားသခင်ထံ ဖွင့်ဟခြင်းဖြစ်ပြီးလျှင် အခြားသူများအား ဖွင့်ဟရန် သင်ယူခြင်းဖြစ်သည်။ ရိုးရိုးသားသား၊ စိတ်ရင်းအတိုင်းနှင့် စိတ်နှလုံးထဲမှ စကားပြောလော့။ ဂုဏ်သိက္ခာ၊ အကျင့်စာရိတ္တနှင့် တည်ကြည်မှုရှိသော လူတစ်ဦးဖြစ်ရန် ကြိုးပမ်းအားထုတ်လျက် အဓိပ္ပာယ်မဲ့သော အာလာပသလ္လာပများ သို့မဟုတ် လှည့်စားတတ်သောပုံစံဖြင့် စကားပြောခြင်းကို ရှောင်ကာ လှည့်ဖြားတတ်သော သို့မဟုတ် အထင်မြင်မှားစေသော နည်းလမ်းဖြင့် စကားပြောခြင်းမှ ရှောင်ကြဉ်လော့။ ရိုးသားသော လူတစ်ဦးဖြစ်ခြင်း၏ အခြားလက္ခဏာသွင်ပြင်တစ်ခုမှာ သင်၏တာဝန်ကို ရိုးသားသော သဘောထားနှင့် ရိုးသားသော စိတ်နှလုံးဖြင့် ထမ်းဆောင်ခြင်းဖြစ်၏။ အနည်းဆုံးအနေဖြင့် သင်၏ လုပ်ဆောင်ချက်များကို လမ်းညွှန်ရန်အတွက် သင်၏ အသိတရားကို အမှီပြုလော့၊ သမ္မာတရားစည်းမျဉ်းများကို လိုက်နာရန် ကြိုးပမ်း‌လော့၊ ပြီးလျှင် ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီရန် ကြိုးပမ်းလော့။ ဤအရာများကို နှုတ်အားဖြင့်မျှသာ အသိအမှတ်ပြုရန် မလုံလောက်သည့်အပြင် သဘောထားတစ်မျိုးမျိုးကို အလွယ်တကူ မွေးမြူလိုက်ခြင်းက သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည်ဟု မဆိုလိုပေ။ ထိုအရာ၌ ရိုးသားသော လူတစ်ဦးဖြစ်ခြင်းနှင့်ဆိုင်သော စစ်မှန်မှုမှာ အဘယ်မှာနည်း။ စစ်မှန်မှုမရှိဘဲ ဆောင်ပုဒ်များကို ကြွေးကြော်ရုံ ကြွေးကြော်ခြင်းက မလုံလောက်ပေ။ ဘုရားသခင်သည် လူပုဂ္ဂိုလ်များကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည့်အခါ၊ သူသည် ၎င်းတို့၏ စိတ်နှလုံးများကို စောင့်ကြည့်လေ့လာသည်သာမက ၎င်းတို့၏ လုပ်ဆောင်ချက်များ၊ အပြုအမူများနှင့် အလေ့အထများကိုပါ စောင့်ကြည့်လေ့လာသည်။ သင်သည် ရိုးသားသော လူတစ်ဦး ဖြစ်လိုသည်ဟု ပြောဆိုသော်လည်း သင့်အပေါ် တစ်စုံတစ်ခု ကျရောက်သောအခါ လိမ်ညာပြီး လှည့်ဖြားနိုင်သေးလျှင် ဤသည်မှာ ရိုးသားသော လူတစ်ဦး၏ အပြုအမူဟုတ်သလော။ မဟုတ်ချေ။ ယင်းမှာ ပြောသည့်အရာကတစ်ခု၊ ဆိုလိုသည့်အရာက တစ်ခုဖြစ်၏။ သင်သည် တစ်စုံတစ်ရာကို ပြောပြီး အခြားတစ်ခုကို ပြုလုပ်ကာ အခြားသူများကို ရွှန်းရွှန်းဝေအောင် လှည့်စားပြီး သူတော်ကောင်းဟန်ဖြင့် ပြုမူလုပ်ဆောင်သည်။ သင်သည် ကျမ်းစာရှိသမျှကို လူတို့အား ရှင်းပြရင်း ဖင်ပြန်ခေါင်းပြန် ရွတ်ဆိုနိုင်သော်လည်း သူတို့အပေါ် တစ်စုံတစ်ခု ကျရောက်သောအခါ ကျမ်းစာအတိုင်း လက်တွေ့လုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့သော ဖာရိရှဲများကဲ့သို့ပင် ဖြစ်သည်။ ထိုသူတို့ကို အဆင့်အတန်း၏ အကျိုးရရှိဖို့ အလိုဆန္ဒက အစဉ်သဖြင့် လှုံ့ဆော်ပြီး သူတို့သည် မိမိတို့၏ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို စွန့်လွှတ်လိုစိတ် မရှိခဲ့ကြပေ။ ဖာရိရှဲများသည် ဤပုံစံအတိုင်း ကြောင်သူတော်ဆန်ခဲ့ကြသည်။ ထိုသူတို့သည် မှန်ကန်သော လမ်းကြောင်းကို မလျှောက်၊ သူတို့၏ လမ်းကြောင်းသည် လမ်းကြောင်းမှန် မဟုတ်သည့်အပြင် ဘုရားသခင်သည် ထိုသို့သောသူမျိုးကို အလွန်မုန်းတီးလေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ရိုးသားသောသူလူတစ်ဦးကသာ စစ်မှန်သော လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်နိုင်သည်

ရိုးသားသော လူတစ်ဦးဖြစ်ရန်အတွက် လက်တွေ့လုပ်ဆောင်ဖို့ ဦးစွာ ဘုရားသခင်ထံ သင်၏စိတ်နှလုံးကို ဖွင့်ဟတတ်ရန်နှင့် နေ့စဉ် ဆုတောင်းခြင်းဖြင့် ရင်ထဲမှလာသော စကားလုံးများကို သူ့အားပြောဆိုတတ်ရန် လိုအပ်သည်။ ဥပမာ သင်သည် ယနေ့ အခြားလူတို့ သတိမထားမိသည့် မုသားတစ်ခုကို ဆိုသော်လည်း သင်၌ လူတိုင်းအား ဖွင့်ဟဖို့ သတ္တိကင်းမဲ့ပါက သင်သည် အနည်းဆုံးအနေဖြင့် သင် ဆန်းစစ်ပြီး တွေ့ရှိထားသည့် အမှားများနှင့် သင်ဆိုထားသည့် မုသားများကို ပြန်လည်သုံးသပ်ရန်အတွက် ဘုရားသခင်ရှေ့ ယူဆောင်ခဲ့ပြီး “အို ဘုရားသခင်၊ ကျွန်ုပ်၏ကိုယ်ကျိုးကို ကာကွယ်ဖို့အတွက် လိမ်ညာခဲ့မိပြန်ပြီး ကျွန်ုပ်မှားပါ၏။ ကျေးဇူးပြု၍ ကျွန်ုပ်ထပ်၍ လိမ်ညာမိပါက ဆုံးမပဲ့ပြင်ပါ” ဟု ပြောသင့်သည်။ ဘုရားသခင်သည် ထိုသို့သော သဘောထားကို ကျေနပ်နှစ်သက်ပြီး ယင်းကို သူ သတိရလိမ့်မည်။ သင့်အနေဖြင့် မုသားဆိုခြင်းဟူသည့် ဖောက်ပြန်ပျက်စီးသော ဤစိတ်သဘောထားကို ဖြေရှင်းရန် အစွမ်းကုန် ကြိုးပမ်းအားထုတ်မှု လိုအပ်နိုင်သော်လည်း မစိုးရိမ်နှင့်၊ ဘုရားသခင်သည် သင့်နံဘေး၌ ရှိ၏။ အဖန်တလဲလဲဖြစ်သော ဤအခက်အခဲကို ကျော်လွှားရန်အတွက် သင့်ကို သူ လမ်းပြကူညီမည်ဖြစ်ပြီး သင်၏ မုသားများအား လုံးဝ မဝန်ခံခြင်းမှ ဝန်ခံခြင်းသို့ရောက်အောင် သင့်ကိုယ်သင် ပွင့်ပွင့်လင်းလင်း ထုတ်ဖော်နိုင်ရန်အတွက် သင့်ကို သတ္တိကိုပေးမည် ဖြစ်သည်။ သင်၏မုသားများကို ဝန်ခံမည်သာမက သင်သည် အဘယ့်ကြောင့် သင်လိမ်ညာကြောင်း၊ သင့်မုသားများ၏ နောက်ကွယ်မှ ကြံရွယ်ချက်နှင့် အကြောင်းရင်းများကိုလည်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်နိုင်မည် ဖြစ်သည်။ သင်သည် ဤအတားအဆီးကို ကျော်လွှားဖို့၊ စာတန်၏လှောင်အိမ်နှင့် ထိန်းချုပ်မှုကို ကျော်လွှားဖို့ သတ္တိရှိပြီး သင် နောက်ထပ် မလိမ်ညာတော့သည့် အဆင့်အထိ တရွေ့ရွေ့ ရောက်ရှိသောအခါ သင်သည် ဘုရားသခင်၏ လမ်းပြမှုနှင့် ကောင်းချီးအောက်ရှိ အလင်းထဲ၌ တဖြည်းဖြည်း အသက်ရှင်လာမည် ဖြစ်သည်။ သင်သည် ဇာတိပကတိဆိုင်ရာ ဘောင်ခတ်ခြင်းများ၏ အတားအဆီးကို ကျော်လွှားပြီး သမ္မာတရားအား ကျိုးနွံနာခံနိုင်သည့်အပြင် သင့်ကိုယ်သင် ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြီး သင်၏ ရပ်တည်ချက်ကို လူသိရှင်ကြား ကြေညာကာ သံသယကင်းနိုင်သောအခါ သင်သည် လွတ်မြောက်ပြီး လွတ်လပ်သွားမည် ဖြစ်သည်။ သင်သည် ဤပုံစံအတိုင်း အသက်ရှင်သောအခါ သင့်ကို လူတို့ နှစ်သက်မည်သာမက ဘုရားသခင်လည်း ကျေနပ်နှစ်သက်မည် ဖြစ်သည်။ သင်သည် တစ်ခါတစ်ရံ အမှားများကို ပြုလုပ်ပြီး မုသားဆိုနိုင်သေးသည့်အပြင် တစ်ခါတစ်ရံ တစ်ကိုယ်ရေ ရည်ရွယ်ချက်များ၊ ကွယ်ဝှက်ထားသော အကြောင်းရင်းများ သို့မဟုတ် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းသော အပြုအမူများနှင့် စိတ်ကူးများ ရှိနေနိုင်သေးသော်လည်း သင်သည် ဘုရားသခင်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းကို လက်ခံပြီး ဘုရားသခင်ရှေ့၌ သင်၏ ရည်ရွယ်ချက်များ၊ အမှန်တကယ် ဖြစ်သော အခြေအနေနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ကာ သူ့ထံမှ သမ္မာတရားကို ရှာဖွေနိုင်လိမ့်မည်ဖြစ်သည်။ သင်သည် သမ္မာတရားကို နားလည်သွားသောအခါ သင်၌ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု ရှိမည်ဖြစ်သည်။ သင်၏ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းက မှန်ကန်ပြီး သင်သည် မှန်ကန်သော ဦးတည်ချက်ဖြင့် ရွေ့လျားသောအခါ သင်၏ အနာဂတ်သည် လှပပြီး လင်းလက်နေမည် ဖြစ်သည်။ ဤနည်းအားဖြင့် သင်သည် စိတ်နှလုံးအေးချမ်းစွာဖြင့် အသက်ရှင်ရမည်၊ သင်၏ စိတ်ဝိညာဉ်သည် အားပြည့်လာမည်၊ ပြီးလျှင် သင်သည် ကျေနပ်ကာ ဝမ်းမြောက်နေမည် ဖြစ်သည်။ အကယ်၍ ဇာတိပကတိ၏ ဘောင်ခတ်ခြင်းများမှ မလွတ်မြောက်နိုင်လျှင်၊ ခံစားချက်များ၊ ကိုယ်ကျိုးနှင့် စာတန်ဆန်သော အတွေးအခေါ်များ၏ ဘောင်ခတ်ခြင်းကို အစဉ်သဖြင့် ခံရကာ သိုဝှက်သောပုံစံဖြင့် ပြုမူပြောဆိုပြီး မှောင်ရိပ်ထဲတွင် အမြဲတမ်း ပုန်းအောင်းနေလျှင် သင်သည် စာတန်၏ အာဏာအောက်၌ အသက်ရှင်နေခြင်း ဖြစ်သည်။ သို့ရာတွင် သမ္မာတရားကို နားလည်လျှင်၊ ဇာတိပကတိ၏ ဘောင်ခတ်ခြင်းများမှ လွတ်မြောက်သည့်အပြင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လျှင် သင်သည် လူသားပုံသဏ္ဌာန်ကို တဖြည်းဖြည်း ပိုင်ဆိုင်လာမည် ဖြစ်သည်။ သင်သည် သင်၏ စကားများနှင့် လုပ်ရပ်များတွင် ပွင့်လင်းပြီး ဖြောင့်မတ်ရိုးသားမည် ဖြစ်ပြီး သင်၏ အကြံဉာဏ်များ၊ ထင်မြင်ချက်များ၊ သင်ပြုလုပ်ထားသည့် အမှားများကို ထုတ်ဖော်နိုင်မည်ဖြစ်ကာ ယင်းတို့ကို လူတိုင်းအား ရှင်းလင်းစွာ မြင်တွေ့ခွင့်ပေးမည် ဖြစ်သည်။ အဆုံးတွင် လူတို့သည် သင့်အား ပွင့်လင်းမြင်သာမှု ရှိသော လူတစ်ဦးအဖြစ် အသိအမှတ်ပြုမည် ဖြစ်သည်။ ပွင့်လင်းမြင်သာမှုရှိသော လူတစ်ဦးဟူသည်မှာ အဘယ်နည်း။ ယင်းမှာ ခြွင်းချက်မရှိသော ရိုးသားမှုဖြင့် စကားပြောသောသူ၊ သူ၏ စကားလုံးများကို လူတိုင်းက မှန်ကန်သည်ဟု ယုံကြည်ခံရသောသူ ဖြစ်သည်။ ထိုသူတို့သည် မရည်ရွယ်ဘဲ လိမ်ညာမိလျှင်ပင် သို့မဟုတ် မှားယွင်းသော အရာတစ်ခုကို ပြောမိလျှင်ပင် လူတို့က သူတို့ကို ခွင့်လွှတ်နိုင်ကာ၊ ယင်းမှာ မတော်တဆဖြစ်သည်ဟု သိကြသည်။ အကယ်၍ ၎င်းတို့က ထိုသူတို့သည် လိမ်ညာခဲ့သည် သို့မဟုတ် မှားယွင်းသောအရာတစ်ခုကို ပြောခဲ့သည်ဟု သဘောပေါက်လျှင် ထိုသူတို့က တောင်းပန်ပြီး သူတို့ကိုယ်သူတို့ ပြုပြင်ကြသည်။ ဤသည်မှာ ပွင့်လင်းမြင်သာမှု ရှိသော လူတစ်ဦးဖြစ်၏။ ထိုကဲ့သို့သော လူတစ်ဦးကို လူတိုင်းက နှစ်သက်ပြီး ယုံကြည်စိတ်ချသည်။ သင်သည် ဘုရားသခင်၏ ယုံကြည်စိတ်ချမှုနှင့် အခြားသူများ၏ ယုံကြည်စိတ်ချမှုကို ရရှိရန်အတွက် ဤအဆင့်သို့ ရောက်ဖို့လိုသည်။ ဤသည်မှာ လွယ်ကူသောအလုပ် မဟုတ်။ လူတစ်ဦးပိုင်ဆိုင်နိုင်သည့် အမြင့်ဆုံးသော ဂုဏ်သိက္ခာအဆင့် ဖြစ်သည်။ ဤကဲ့သို့သော လူတစ်ဦး၌ မိမိကိုယ်ကိုလေးစားမှု ရှိ၏။ အကယ်၍ သင်သည် အခြားလူတို့၏ ယုံကြည်စိတ်ချမှုကို မရရှိနိုင်ပါက ဘုရားသခင်၏ ယုံကြည်စိတ်ချမှုကို သင်ရယူဖို့ မည်သို့မျှော်လင့်နိုင်မည်နည်း။ အရှက်ရစေသော အသက်တာများကို နေထိုင်သော၊ မုသားများကို အစဉ်သဖြင့် လုပ်ကြံပြောဆိုပြီး အလုပ်တာဝန်များကို ဝတ်ကျေတမ်းကျေပုံစံဖြင့် ကိုင်တွယ်ဖြေရှင်းသော ပုဂ္ဂိုလ်များရှိ၏။ ၎င်းတို့၌ တာဝန်သိစိတ် စိုးစဉ်းမျှမရှိ၊ ပြုပြင်ခြင်းကို ခံရဖို့ ငြင်းပယ်ကြသည်၊ မှန်သယောင်နှင့် မှားယွင်းသော အကြောင်းပြချက်များကို အမြဲတမ်း အားကိုးကာ ၎င်းတို့ကို ကြုံတွေ့သော လူတိုင်းက မနှစ်သက်ကြပေ။ ၎င်းတို့သည် မည်သည့်ရှက်စိတ်မျှ မရှိဘဲ အသက်ရှင်ကြသည်။ ၎င်းတို့ကို လူသားများအဖြစ် အမှန်တကယ် သဘောထားနိုင်သလော။ အခြားသူများက စိတ်တိုဖွယ်ကောင်းပြီး စိတ်ချ၍မရဟု သိရှိထားသည့် လူတို့သည် ၎င်းတို့၏ လူ့သဘာဝ လုံးလုံးလျားလျား ဆုံးရှုံးသွားပြီးဖြစ်သည်။ အခြားသူများက ၎င်းတို့အပေါ် သူတို့၏ ယုံကြည်စိတ်ချမှုကို မထားရှိနိုင်လျှင် ၎င်းတို့ကို ဘုရားသခင် ယုံကြည်စိတ်ချနိုင်မည်လော။ အကယ်၍ အခြားသူများက ၎င်းတို့အပေါ် မနှစ်သက်မှုကို သိုထားလျှင် ၎င်းတို့ကို ဘုရားသခင် နှစ်သက်နိုင်မည်လော။ ဘုရားသခင်သည် ထိုသို့သောလူတို့ကို မနှစ်သက်ဘဲ ၎င်းတို့ကို ရွံရှာမုန်းတီးသည့်အပြင် ၎င်တို့သည် မလွဲမသွေ ဖယ်ရှားရှင်းလင်းခြင်းခံရမည် ဖြစ်သည်။ လူသားတစ်ဦးအနေဖြင့် ရိုးသားပြီး မိမိကတိခံထားသော အရာများကို လေးစားရမည်။ အခြားသူများအတွက် သို့မဟုတ် ဘုရားသခင်အတွက် အလုပ်များကို ထမ်းဆောင်ခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လူတစ်ဦးသည် မိမိ၏စကားကို တည်ရမည်။ လူတစ်ဦးသည် လူတို့၏ ယုံကြည်စိတ်ချမှုကို ရရှိထားပြီး ဘုရားသခင်ကို ကျေနပ်စေနိုင်ပြီး စိတ်ချစေနိုင်သောအခါ သူသည် အတော်ပင် ရိုးသားသောလူတစ်ဦး ဖြစ်နေပေပြီ။ သင်သည် သင်၏လုပ်ဆောင်ချက်များတွင် အားကိုးလောက်ပါက သင့်ကို အခြားသူများ နှစ်သက်မည်သာမက ဘုရားသခင်ကပါ သင့်ကို နှစ်သက်မည်မှာ ကျိန်းသေ၏။ ရိုးသားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခြင်းအားဖြင့် သင်သည် ဘုရားသခင်ကို ကျေနပ်စေနိုင်ပြီး ဂုဏ်သိက္ခာဖြင့် အသက်ရှင်နိုင်သည်။ ထို့အတွက်ကြောင့် ရိုးသားမှုသည် လူတစ်ဦး၏ ပြုမူနေထိုင်မှုအတွက် အစမှတ် ဖြစ်သင့်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ရိုးသားသောသူလူတစ်ဦးကသာ စစ်မှန်သော လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်နိုင်သည်

ရိုးသားသည့် လူတစ်ဦးဖြစ်ဖို့၊ သင်၏ စိတ်နှလုံးကို အယောက်တိုင်း တွေ့မြင်နိုင်ဖို့အလို့ငှာ၊ သင် တွေးနေသည့် အရာအားလုံးကို မြင်နိုင်ပြီး၊ သင်၏ သရုပ်မှန်ကို ကြည့်ရှုနိုင်ဖို့အလို့ငှာ၊ ဦးစွာပထမ သင်၏ စိတ်နှလုံးကို ဖွင့်ပြရမည်။ သင်သည် မိမိကိုယ်ကိုယ် ရုပ်ဖျက်ဖို့ သို့မဟုတ် ဖုံးကွယ်ဖို့ မကြိုးစားရ။ ထိုအခါမှသာ အခြားလူများက သင့်ကို ယုံကြည်ပြီး ရိုးသားသူတစ်ယောက်ဖြစ်သည်ဟု ယူဆကြလိမ့်မည်။ ဤသည်မှာ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်ဖြစ်ပြီး ရိုးသားသော လူတစ်ဦးဖြစ်ခြင်း၏ မရှိမဖြစ်လိုအပ်ချက်တစ်ခုဖြစ်သည်။ သင်သည် အမြဲဟန်ဆောင်လျှင် သန့်ရှင်းခြင်း၊ မြင့်မြတ်ခြင်း၊ ကြီးမြတ်ခြင်း၊ ကိုယ်ကျင့်စရိုက်မြင့်မားခြင်း ရှိကြောင်း အမြဲအယောင်ဆောင်လျှင်၊ သင်သည် လူတို့အား သင်၏ဖောက်ပြန်ပျက်စီးခြင်းနှင့် သင်၏ချွတ်ယွင်းချက်များကို အမြင်မခံလျှင်၊ လူတို့က သင်သည် တည်ကြည်မှုရှိသည်၊ ကြီးမြတ်သည်၊ မိမိကိုယ်ကို ငြင်းပယ်သည်၊ တရားမျှတသည်၊ အတ္တကင်းခြင်းရှိသည်ဟု ထင်ကြစေရန် သင်သည် လူတို့အား ဟန်ဆောင်ထားသော ရုပ်သွင်ကို ပြလျှင် ဤသည်မှာ လှည့်ဖြားခြင်းနှင့် လိမ်ညာခြင်း မဟုတ်လော။ အချိန်ကြာလျှင် လူတို့သည် သင့်ကို ရိပ်စားမိနိုင်လိမ့်မည် မဟုတ်လော။ ထို့ကြောင့် အယောင်ဆောင်ခြင်း မပြုနှင့်၊ သို့မဟုတ် သင့်ကိုယ်သင် မဖုံးကွယ်နှင့်။ ထိုသို့ပြုမည့်အစား အခြားသူများ မြင်ဖို့အတွက် မိမိကိုယ်ကိုယ်နှင့် သင်၏စိတ်နှလုံးကို ဖွင့်ချပြလော့။ သင်သည် အခြားသူများမြင်စေရန် သင်၏စိတ်နှလုံးကို ဖွင့်ဟပြနိုင်လျှင်၊ အပြုသဘောဆောင်သော၊ အပျက်သဘောဆောင်သောအရာနှစ်မျိုးလုံးပါဝင်သော သင်၏အတွေးများနှင့် အစီအစဉ်များအားလုံးကို ဖွင့်ချပြနိုင်လျှင် ဤသည်မှာ ရိုးသားမှုမဟုတ်သလော။ သင်သည် အခြားသူများ မြင်စေရန် သင့်ကိုယ်သင် ဖွင့်ဟပြနိုင်ပါက၊ ဘုရားသခင်သည်လည်း သင့်ကို မြင်ပြီး “သင်သည် အခြားသူများမြင်စေရန် သင့်ကိုယ်သင် ဖွင့်ဟလျှင် ငါ့ရှေ့တွင် သင်သည် ဧကန်အမှန်ပင် ရိုးသား၏” ဟု ဆိုလိမ့်မည်။ သို့သော် အကယ်၍ သင်သည် အခြားသူများ မမြင်သည့်အခါ၊ ဘုရားသခင်ထံ၌သာ သင့်ကိုယ်သင် ဖွင့်ဟပြပြီး၊ ကြီးမြတ်ကာ မြင့်မြတ်သကဲ့သို့ သို့မဟုတ် ၎င်းတို့နှင့်အတူတူ ရှိသည့်အချိန်တွင် ကိုယ်ကျိုးမငဲ့သကဲ့သို့ အစဉ်သဖြင့် ဟန်ဆောင်ပါက၊ ဘုရားသခင်သည် သင့်အား မည်သို့ ထင်မည်နည်း။ မည်သည့်အရာကို ပြောဆိုလိမ့်မည်နည်း။ သူက၊ “သင်သည်လုံးလုံးလျားလျားပင်လှည့်စားသူတစ်ယောက်ဖြစ်သည်။ သင်သည် လုံးလုံးလျားလျားပင် သူတော်ကောင်း ဟန်ဆောင်ပြီး ယုတ်မာ၏၊ ထို့အပြင် သင်သည် ရိုးသားသောလူတစ်ဦး မဟုတ်” ဟု ဆိုလိမ့်မည်။ ထို့ကြောင့် ဘုရားက သင့်အား စီရင်လိမ့်မည်။ အကယ်၍ သင်သည် ရိုးသားသော လူတစ်ဦးဖြစ်လိုပါက သင်သည် ဘုရားသခင်ရှေ့၌ဖြစ်စေ၊ အခြားသူတို့၏ရှေ့၌ဖြစ်စေ သင့်စိတ်အတွင်းရှိသော အခြေအနေနှင့် သင့်စိတ်နှလုံးထဲရှိ စကားများအကြောင်းတို့ကို ရိုးသားပွင့်လင်းသည့် ဖြစ်ကြောင်းကုန်စင် ပြောနိုင်သင့်သည်။ ဤသည်မှာ စွမ်းဆောင်ရရှိရန် လွယ်ကူသလော။ ယင်းက လေ့ကျင့်ခြင်း အချိန်ကာလတစ်ခုအပြင် ဘုရားသခင်ထံ မကြာခဏ ဆုတောင်းခြင်းနှင့် မှီခိုခြင်းတို့လည်း လိုအပ်ပေသည်။ သင်သည် အရာခပ်သိမ်းတွင် စိတ်နှလုံးထဲမှနေ၍ ရိုးရှင်းစွာ၊ ပွင့်လင်းစွာပြောဆိုရန် သင့်ကိုယ်သင် လေ့ကျင့်ရမည်။ ဤကဲ့သို့သော လေ့ကျင့်မှုမျိုးဖြင့် သင် တိုးတက်နိုင်ပေသည်။ သင်သည် အကြီးစား အခက်အခဲကို ကြုံတွေ့လျှင် ဘုရားသခင်ထံ ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေရမည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည်အထိ သင်၏စိတ်နှလုံးထဲတွင်တွန်းလှန်တိုက်ခိုက်ပြီး ဇာတိပကတိကို အောင်မြင်ဖို့ လိုအပ်သည်။ ထိုသို့သင့်ကိုယ်သင် လေ့ကျင့်ရာတွင် နည်းနည်းချင်းဆိုသလို သင်၏ စိတ်နှလုံးသည် တဖြည်းဖြည်း ဖွင့်ဟလာမည်။ သင်သည် ပို၍ပို၍သန့်စင်လာမည်ဖြစ်ကာသင်၏ အပြောနှင့် အလုပ်၏ သက်ရောက်မှုများသည် ယခင်ကထက် ကွာခြားလိမ့်မည်။ သင်၏အလိမ်အညာများနှင့် လှည့်စားမှုများသည် ပို၍ နည်းပါးလာမည်ဖြစ်ကာ ဘုရားသခင်၏ ရှေ့မှောက်တွင် သင် အသက်ရှင်နိုင်လိမ့်မည်။ ထို့နောက်တွင် သင်သည် အခြေခံအားဖြင့် ရိုးသားသူတစ်ဦး ဖြစ်လာပြီးဖြစ်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်

မိမိကိုယ်ကို ရိုးသားသူတစ်ယောက်ဖြစ်ရန် လေ့ကျင့်ခြင်းသည် အဓိကအားဖြင့် မုသားများ ပြောသည့်ပြဿနာကို ဖြေရှင်းသည့်ကိစ္စဖြစ်ပြီး မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းခြင်းလည်းဖြစ်သည်။ ဤသို့ လုပ်ဆောင်ခြင်းတွင် အဓိကကျသော လေ့ကျင့်မှု ပါဝင်သည်။ သင်သည် လူတစ်ယောက်ကို လိမ်ညာပြီး လှည့်စားခဲ့သည်ကို သဘောပေါက်သောအခါတွင် ထိုသူကို ဖွင့်ပြောသင့်သည်။ သင့်ကိုယ်သင် ဖွင့်ချပြပြီး တောင်းပန်သင့်သည်။ ဤအလေ့အကျင့်သည် လိမ်ညာခြင်းကို ဖြေရှင်းရန်အတွက် အလွန်ပင် အကျိုးရှိသည်။ ဥပမာ သင်သည် တစ်စုံတစ်ယောက်ကို လှည့်စားခဲ့လျှင်၊ သို့မဟုတ် ၎င်းတို့ကို သင်ပြောသည့်စကားများတွင် မသန့်စင်မှု၊ သို့မဟုတ် ကိုယ်ပိုင် ရည်ရွယ်ချက်တစ်ခုခုရှိခဲ့လျှင် ၎င်းတို့ကို သွား၍ဖွင့်ပြပြီး သင့်ကိုယ်သင် စိစစ်သင့်သည်။ သင်က ထိုသူအား “သင့်ကို ကျွန်ုပ်ပြောသောအရာသည် မုသားဖြစ်သည်။ ကျွန်ုပ်၏ ကိုယ်ပိုင်မာနကို ကာကွယ်ရန် ရည်ရွယ်သည်။ ပြောပြီးသည့်နောက်တွင် ကျွန်ုပ်သည် အနေရခက်မိသည်။ ထို့ကြောင့် ကျွန်ုပ်သည် ယခု သင့်ကို တောင်းပန်ခြင်းဖြစ်သည်။ ကျေးဇူးပြုပြီး ကျွန်ုပ်ကို ခွင့်လွှတ်ပါ” ဟူ၍ ပြောသင့်သည်။ ဤသည်မှာ အလွန်ပင် နှစ်သက်အားရဖွယ်ဖြစ်သည်ဟု ထိုသူက ခံစားရမည်။ မုသားတစ်ခုကို ပြောပြီး ထိုအတွက် တောင်းပန်သည့်လူတစ်ယောက် မည်သို့ရှိနေနိုင်သည်ကို တွေးတောလိမ့်မည်။ ဤသို့သော သတ္တိသည် ထိုသူ အလွန် လေးစားသောအရာတစ်ခုဖြစ်သည်။ ဤသို့သော အလေ့အကျင့်ကို လုပ်ဆောင်ခြင်းမှ မည်သည့်အကျိုးအမြတ်ကို ရရှိသနည်း။ ဤအရာ၏ ရည်ရွယ်ချက်သည် အခြားလူများ၏ လေးစားမှုကို ရရှိရန်မဟုတ်ဘဲ မလိမ်ညာရန်အတွက် မိမိကိုယ်ကို ပို၍ ထိရောက်မှုရှိစွာ ချုပ်ထိန်းပြီး ဟန့်တားရန်ဖြစ်သည်။ ထို့ကြောင့် သင်သည် လိမ်ညာပြီးနောက်တွင် ထိုသို့ လိမ်ညာခြင်းအတွက် တောင်းပန်ခြင်းကို လက်တွေ့လုပ်ဆောင်ရမည်။ ဤသို့ ပိုင်းခြားစိစစ်ခြင်း၊ သင့်ကိုယ်သင် ဖွင့်ချပြခြင်း၊ လူတို့အား တောင်းပန်ခြင်းတို့ကို လက်တွေ့လုပ်ဆောင်ရန် သင့်ကိုယ်သင် လေ့ကျင့်လေလေ၊ ရလဒ်များက ကောင်းလေလေ ဖြစ်လိမ့်မည်ဖြစ်ပြီး သင်ပြောသည့် မုသားအရေအတွက်က နည်းသည်ထက် နည်းပါးလေလေ ဖြစ်လိမ့်မည်။ ရိုးသားသူတစ်ယောက်ဖြစ်ပြီး မလိမ်ညာရန် သင့်ကိုယ်သင် ချုပ်တည်းဖို့အတွက် ပိုင်းခြားစိစစ်ပြီး သင့်ကိုယ်သင် ဖွင့်ချပြခြင်းကို လက်တွေ့လုပ်ဆောင်ခြင်းသည် သတ္တိလိုအပ်ပြီး လူတစ်ယောက်အား လိမ်ညာပြီးနောက်တွင် ထိုသူကို တောင်းပန်ခြင်းသည် ပို၍ပင် သတ္တိ လိုအပ်သည်။ သင်တို့သည် ဤအရာကို တစ်နှစ်၊ သို့မဟုတ် နှစ်နှစ်ကြာ လက်တွေ့လုပ်ဆောင်လျှင်၊ သို့မဟုတ် သုံးနှစ်မှ ငါးနှစ်အထိ ဖြစ်ကောင်းဖြစ်လျှင် ရှင်းလင်းသော ရလဒ်များကို မြင်တွေ့ရရန် အာမခံချက်ရှိသည်။ ပြီးလျှင် သင်တို့၏ လိမ်ညာမှုများကို ဖယ်ရှားရန် ခက်ခဲလိမ့်မည်မဟုတ်ပေ။ မိမိ၏ လိမ်ညာမှုများကို ဖယ်ရှားခြင်းသည် ရိုးသားသူတစ်ယောက်ဖြစ်ခြင်းအတွက် ပထမအဆင့်ဖြစ်သည်။ ထိုအရာကို သုံးနှစ်၊ သို့မဟုတ် ငါးနှစ်ကြာ အားစိုက်ထုတ်ခြင်းမရှိဘဲ မလုပ်ဆောင်နိုင်ပေ။ လိမ်ညာသည့်ပြဿနာကို ဖြေရှင်းပြီးသည့်နောက်တွင် ဒုတိယအဆင့်မှာ လှည့်ဖြားခြင်းနှင့် လှည့်စားခြင်းပြဿနာကို ဖြေရှင်းရန်ဖြစ်သည်။ တစ်ခါတစ်ရံတွင် လှည့်စားခြင်းနှင့် လှည့်ဖြားခြင်းဖြစ်ဖို့ရန် လူတစ်ယောက်က လိမ်ညာဖို့ မလိုပေ။ ဤအရာများကို လုပ်ရပ်သက်သက်ဖြင့် ပြီးမြောက်နိုင်သည်။ လူတစ်ယောက်သည် အပြင်ပန်းအားဖြင့် လိမ်ညာခြင်း မရှိနိုင်သော်လည်း၊ သူ၏ စိတ်နှလုံးတွင် လိမ်လည်လှည့်စားမှုများ ရှိနေနိုင်သေးသည်။ သူသည် အခြားလူတိုင်းထက် ဤအရာကို ပို၍သိသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဤအရာကို အလေးအနက်တွေးတောပြီး သေချာစွာ စဉ်းစားခဲ့သောကြောင့်ဖြစ်သည်။ နောက်ပိုင်းတွင် ဆင်ခြင်သုံးသပ်ခြင်းမှတစ်ဆင့် သိမြင်ရန် သူ့အတွက် လွယ်ကူသည်။ လိမ်ညာသည့် ပြဿနာ ပြေလည်သွားသည်နှင့် နှိုင်းယှဉ်ချက်အားဖြင့် လှည့်ဖြားတတ်ခြင်းနှင့် လှည့်စားခြင်းပြဿနာကို ဖြေရှင်းခြင်းသည် အနည်းငယ် ပို၍ လွယ်ကူသည်။ သို့သော် မိမိသည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးကို ပိုင်ဆိုင်ရမည်။ အကြောင်းမှာ လူသည် လှည့်ဖြားခြင်းနှင့် လှည့်စားခြင်းကို ဆောင်ရွက်သောအခါ ရည်ရွယ်ချက်၏ အုပ်စိုးခြင်းကို ခံရသောကြောင့်ဖြစ်သည်။ လူတို့က ဤအရာကို အပြင်ပန်းမှနေ၍ မသိမြင်နိုင်သကဲ့သို့ ပိုင်းခြားသိမြင်နိုင်ခြင်းလည်းမရှိပေ။ ဘုရားသခင်ကသာ ဤအရာကို စိစစ်နိုင်ပြီး သူကသာ ဤအရာကို သိမြင်သည်။ ထို့ကြောင့် လူတစ်ယောက်သည် ဘုရားသခင်ထံသို့ ဆုတောင်းခြင်း၊ ဘုရားသခင်၏ စိစစ်မှုကို လက်ခံခြင်းအားဖြင့်သာ လှည့်ဖြားခြင်းနှင့် လှည့်စားခြင်းပြဿနာများကို ဖြေရှင်းနိုင်သည်။ လူတစ်ယောက်သည် သူ၏ စိတ်နှလုံးတွင် သမ္မာတရားကို မချစ်လျှင်၊ သို့မဟုတ် ဘုရားသခင်ကို မကြောက်ရွံ့လျှင် သူ၏ လှည့်ဖြားခြင်းနှင့် လှည့်စားမှုကို မဖြေရှင်းနိုင်ပေ။ သင်သည် ဘုရားသခင်ရှေ့တွင် ဆုတောင်းပြီး သင်၏ အမှားများကို ဝန်ခံနိုင်သည်။ ဝန်ချပြီး နောင်တရနိုင်သည်၊ သို့မဟုတ် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို စိတ်ဖြာလေ့လာနိုင်သည်။ ထိုအချိန်က မည်သည့်အရာကို သင်စဉ်းစားနေခဲ့သည်၊ မည်သည့်အရာကို သင်ပြောခဲ့သည်၊ သင်၏ ရည်ရွယ်ချက်က မည်သို့ဖြစ်သည်၊ လှည့်ဖြားခြင်းကို မည်သို့ ဆောင်ရွက်ခဲ့သည်ဆိုသည်တို့ကို မှန်မှန်ကန်ကန် ဖော်ပြနိုင်သည်။ ဤအရာအားလုံးမှာ လုပ်ဆောင်ရန် အတော်အတန် လွယ်ကူသော အရာများဖြစ်သည်။ သို့ရာတွင် အခြားလူတစ်ယောက်ထံသို့ သင့်ကိုယ်သင် ဖွင့်ချပြရန် သင့်အား တောင်းဆိုလျှင် သင်သည် သိက္ခာဆယ်လိုသောကြောင့် သင်၏ သတ္တိနှင့် စိတ်ပြတ်သားမှုကို ဆုံးရှုံးကောင်း ဆုံးရှုံးရနိုင်သည်။ ထိုအခါ ဖွင့်ပြောပြီး သင့်ကိုယ်သင် ဖွင့်ချပြခြင်းကို လက်တွေ့လုပ်ဆောင်ရန် သင့်အတွက် အလွန်ခက်ခဲလိမ့်မည်။ သင်က သင်၏ ကိုယ်ပိုင် တစ်ကိုယ်ရေ ရည်ရွယ်ချက်များ၊ ဦးတည်ချက်များကို အခြေခံပြီး ပြောဆိုနေခြင်း၊ လုပ်ဆောင်နေခြင်းကို ရံဖန်ရံခါ တွေ့ရသည်၊ သင်လုပ်ဆောင်သည့်၊ ပြောသည့်အရာများတွင် လှည့်စားမှု၊ မသန့်စင်မှု၊ လိမ်ညာမှု၊ သို့မဟုတ် လှည့်စားမှုအဆင့်တစ်ခုအထိ ရှိနေသည်ဆိုသည်ကို ယေဘုယျအနေဖြင့် ဝန်ခံကောင်း ဝန်ခံနိုင်မည်။ သို့သော် ထို့နောက်တွင် တစ်စုံတစ်ခု ဖြစ်ပျက်ပြီး သင့်ကိုယ်သင် ပိုင်းခြားစိစစ်ရန်၊ အစမှ အဆုံးအထိ အမှုအရာများက မည်သို့ဖြစ်သည်ကို ဖော်ထုတ်ပြရန်၊ သင်ပြောသည့် မည်သည့်စကားများက လှည့်စားခြင်းပါဝင်သည်၊ ထိုစကားများ နောက်ကွယ်တွင် မည်သည့်ရည်ရွယ်ချက်ရှိသည်၊ မည်သည့်အရာကို သင်စဉ်းစားနေသည်ဆိုသည်နှင့် သင့်အနေဖြင့် မလိုမုန်းထားခြင်း၊ သို့မဟုတ် ရက်စက်ယုတ်မာပုံရှိမရှိတို့ကို ရှင်းပြခိုင်းလျှင် သင်က တိတိကျကျ မပြောလိုပေ၊ သို့မဟုတ် အသေးစိတ် မဖော်ပြလိုပေ။ လူအချို့က “ဤသည်မှာ အရှိအတိုင်းပင်ဖြစ်သည်။ ငါသည် အလွန် လှည့်စားသော၊ မသိမသာဖြင့် ထိခိုက်တတ်ပြီး၊ စိတ်မချရသောသူသာဖြစ်သည်” ဟူ၍ပင် ဖော့၍ပြောကြသည်။ ဤသည်မှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကိုဖြစ်စေ၊ ၎င်းတို့သည် မည်မျှပင် လှည့်စားတတ်ပြီး မသိမသာဖြင့် ဒုက္ခပေးတတ်သည်ကိုဖြစ်စေ ကောင်းမွန်စွာ ရင်ဆိုင်ရန် ၎င်းတို့တွင် အရည်အချင်းမရှိသည်ကို ပြသည်။ ဤလူတို့သည် အစဉ်သဖြင့် ခေါင်းရှောင်သည့် ပုံစံနှင့် အခြေအနေတွင် အစဉ် ရှိကြသည်။ ၎င်းတို့သည် အစဉ်သဖြင့် မိမိတို့ကိုယ်ကို ဗွေမယူတတ်သလို လိုက်လျောကြသည်။ ရိုးသားသူတစ်ယောက်ဖြစ်ခြင်း သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်အတွက် ဒုက္ခမခံနိုင်ကြ၊ သို့မဟုတ် မပေးဆပ်နိုင်ကြပေ။ လူများစွာတို့သည် စကားလုံးများနှင့် အယူဝါဒများကို နှစ်ချီ၍ ဟောပြောကာ “ငါသည် လှည့်စားပြီး မသိမသာ ဒုက္ခပေးတတ်သည်။ ငါ၏ လုပ်ရပ်များတွင် မကြာခဏပင် လှည့်စားမှုရှိသည်။ လူတို့ကို လုံးဝ ရိုးသားစစ်မှန်စွာ မဆက်ဆံပါ” ဟု အစဉ် ပြောဆိုကြသည်။ သို့သော် ထိုသို့နှစ်များစွာ အော်ဟစ်ပြီးနောက်တွင် ၎င်းတို့သည် ယခင်ကကဲ့သို့ပင် လှည့်စားလျက်ရှိနေကြသည်။ အဘယ်ကြောင့်ဆိုသော် ဤလှည့်စားသောအခြေအနေကို ၎င်းတို့ ထုတ်ဖော်သောအခါ၌ အမှန်တကယ် ပိုင်းခြားစိစစ်ခြင်း၊ သို့မဟုတ် နောင်တရခြင်းကို ၎င်းတို့ထံမှ မည်သည့်အခါမျှ မကြားရသောကြောင့်ဖြစ်သည်။ ၎င်းတို့သည် စုဝေးပွဲများတွင် မိမိကိုယ်ကို ပိုင်းခြားစိစစ်ခြင်းနှင့် မိမိကိုယ်ကို သိမြင်ခြင်းနှင့်ဆိုင်သော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်တို့ကို မိတ်သဟာယဖွဲ့ဖို့ မဆိုထားနှင့်။ အခြားလူများထံသို့ မည်သည့်အခါမျှ မိမိတို့ကိုယ်ကို ဖွင့်ချမပြပေ၊ သို့မဟုတ် လူတို့ကို လိမ်ညာလှည့်စားပြီးနောက်တွင် မတောင်းပန်ကြပေ။ ထိုသို့သော အမှုကိစ္စများနှင့်ပတ်သက်ပြီး မိမိတို့ကိုယ်ကို မည်သို့ သိမြင်လာသည်၊ သို့မဟုတ် မည်သို့ နောင်တရခဲ့သည်ဆိုသည်ကိုလည်း လုံးဝ မပြောပေ။ ဤအရာများထဲမှ မည်သည့်အရာကိုမျှ ၎င်းတို့ မလုပ်ဆောင်ကြပေ။ ဤသည်မှာ ၎င်းတို့သည် မိမိတို့ကိုယ်ကို မသိကြကြောင်း၊ အမှန်တကယ် နောင်တရခြင်းမရှိကြကြောင်းကို သက်သေပြပေသည်။ ၎င်းတို့က မိမိတို့ လှည့်စားတတ်ကြောင်း၊ ရိုးသားသူတစ်ယောက်ဖြစ်လိုကြောင်း ပြောသောအခါတွင် ၎င်းတို့က ဆောင်ပုဒ်များကို အော်ပြီး အယူဝါဒကို ဟောပြောနေခြင်း သက်သက်သာဖြစ်သည်။ ဤထက် မပိုပေ။ ဤအရာများကို ၎င်းတို့ လုပ်ဆောင်ခြင်းမှာ ရေစုန်မျှောလိုက်ပြီး လူအများနောက်သို့လိုက်ဖို့ ကြိုးစားနေသောကြောင့် ဖြစ်နိုင်သည်။ သို့မဟုတ် အသင်းတော်အသက်တာ၏ ပတ်ဝန်းကျင်က ၎င်းတို့ကို အပေါ်ယံလုပ်ဆောင်ပြီး ဟန်လုပ်ရန် အတင်းအကျပ်စေခိုင်းသောကြောင့် ဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ ထိုသို့သော ဆောင်ပုဒ်များကို အော်ဟစ်သူများနှင့် အယူဝါဒကို ဟောပြောသူများသည် မည်သည့်အခါမျှ အမှန်တကယ် နောင်တရကြလိမ့်မည်မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို သေချာပေါက် ရရှိနိုင်ကြလိမ့်မည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်

ရိုးသားခြင်းကို လက်တွေ့လုပ်ဆောင်ရန် သင်သည် လမ်းကြောင်းတစ်ခုရှိရမည်။ ဦးတည်ချက်တစ်ခုရှိရမည်။ မုသားပြောဆိုသည့် ပြဿနာကို အရင်ဦးဆုံး ဖြေရှင်းလော့။ ဤမုသားများကို သင်ပြောဆိုခြင်းနောက်ကွယ်ရှိ အနှစ်သာရကို သိရမည်။ ဤမုသားများကို ပြောဆိုရန် မည်သည့်ရည်ရွယ်ချက်နှင့် စေ့ဆော်မှုများက တွန်းအားပေးသည်၊ ဤရည်ရွယ်ချက်များကို သင်အဘယ်ကြောင့် စိတ်စွဲနေသည်၊ ၎င်းတို့၏ အနှစ်သာရက မည်သည့်အရာဖြစ်သည်တို့ကို စိတ်ဖြာလေ့လာဆွေးနွေးရမည်။ ဤပြဿနာအားလုံးကို သင်ရှင်းလင်းသွားသောအခါတွင် လိမ်ညာခြင်းပြဿနာကို သင် လုံးလုံးလျားလျား ပိုင်းခြားသိမြင်ပြီးဖြစ်လိမ့်မည်။ သင့်အပေါ်သို့ တစ်စုံတစ်ခု ကျရောက်သောအခါ သင်သည် လက်တွေ့လုပ်ဆောင်ခြင်း၏ စည်းမျဉ်းများရှိလိမ့်မည်။ ဤသို့ ဆက်လက်၍ လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံလျှင် သင်သည် သေချာပေါက် ရလဒ်များကို မြင်တွေ့ရလိမ့်မည်။ တစ်ရက်တွင် သင်က ပြောလိမ့်မည်။ “ရိုးသားရသည်မှာလွယ်ကူသည်။ လှည့်စားခြင်းက အလွန်ပင်ပန်းသည်။ ကျွန်ုပ်သည် လှည့်စားသောသူ မဖြစ်လိုတော့ပေ။ မည်သည့်မုသားများကို ပြောရမည်၊ ကျွန်ုပ်၏ မုသားများကို မည်သို့ ဖုံးကွယ်ရမည်ကို အစဉ် စဉ်းစားမနေလိုတော့ပေ။ ဤသည်မှာ စိတ်ရောဂါတစ်ခု ရှိနေသည့် သူတစ်ယောက်ကဲ့သို့ ရှေ့နောက်မညီ ပြောဆိုနေခြင်းဖြစ်ပြီး ‘လူသား’ ဟုခေါ်ဆိုဖို့ မထိုက်တန်သည့် သူတစ်ယောက်ကဲ့သို့ဖြစ်သည်။ ဤသို့သော ဘဝမျိုးသည် ပင်ပန်းသည်။ ကျွန်ုပ်သည် ဤသို့ အသက်မရှင်လိုတော့ပေ။”ဟု ဖြစ်သည်။ ဤအချိန်တွင် သင်၌ အမှန်တကယ် ရိုးသားဖို့ မျှော်လင့်ချက်ရှိလိမ့်မည်။ ဤသည်မှာ သင်သည် ရိုးသားသူတစ်ယောက်ဖြစ်ရန် အခြေအနေတိုးတက်နေပြီဖြစ်သည်ကို သက်သေပြလိမ့်မည်။ ဤသည်မှာ ထိုးဖောက်ကျော်လွှားမှုတစ်ခုဖြစ်သည်။ စတင်၍ လက်တွေ့လုပ်ဆောင်သောအခါတွင် ရိုးသားသောစကားများကိုပြောပြီး မိမိကိုယ်ကို ဖွင့်ချပြပြီးနောက်တွင် အရှက်ရမည့်သူအချို့ရှိနိုင်သည်မှာ မှန်သည်။ သင်၏ မျက်နှာသည် နီမြန်းပြီး သင်သည် အရှက်ရလိမ့်မည်။ အခြားလူများက ရယ်မောလှောင်ပြောင်မည်ကို သင် ကြောက်ရွံ့လိမ့်မည်။ ဤသို့ဆိုလျှင် မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ ဘုရားသခင်ထံဆုတောင်းပြီး သင့်အား ခွန်အားပေးရန် တောင်းဆိုခြင်းကိုသာ လုပ်ဆောင်ရမည်။ သင်က “အို ဘုရားသခင်၊ ကျွန်ုပ်သည် ရိုးသားသူတစ်ယောက်ဖြစ်လိုပါသည်။ သို့သော် ကျွန်ုပ်အမှန်အတိုင်းပြောသောအခါ လူတို့က ကျွန်ုပ်အား ရယ်မောလှောင်ပြောင်ကြမည်ကို ကျွန်ုပ်ကြောက်ရွံ့သည်။ ကျွန်ုပ်၏ စာတန်ဆန်သော စိတ်သဘောထား၏ ချည်နှောင်မှုမှ ကျွန်ုပ်ကို ကယ်တင်ရန် ကိုယ်တော့်အား ကျွန်ုပ်တောင်းဆိုပါသည်။ ကျွန်ုပ်အား ကိုယ်တော်၏ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်စေပါ။ လွတ်လပ်ပြီး ချုပ်ချယ်မှုကင်းစေပါ” ဟု ပြောလော့။ ဤသို့ သင်ဆုတောင်းသောအခါ သင်၏ စိတ်နှလုံးတွင် ပို၍ အားတက်လာလိမ့်မည်ဖြစ်ပြီး သင့်ကိုယ်သင် ပြောလိမ့်မည်။ “ဤအရာကို လက်တွေ့လုပ်ဆောင်ရသည်မှာ ကောင်းသည်။ ယနေ့ သမ္မာတရားကို ငါလက်တွေ့လုပ်ဆောင်ပြီးပြီ။ နောက်ဆုံးတွင် ငါသည် တစ်ကြိမ်တစ်ခါ ရိုးသားသူတစ်ယောက် ဖြစ်ခဲ့သည်”ဟု ဖြစ်သည်။ ဤသို့ သင်ဆုတောင်းသောအခါ ဘုရားသခင်က သင့်ကို ဉာဏ်အလင်းဖွင့်ပြလိမ့်မည်။ ဘုရားသခင်က သင်၏ စိတ်နှလုံးတွင် စတင်အလုပ်လုပ်လိမ့်မည်။ ဘုရားသခင်သည် သင့်ကို တို့ထိပြီး ရိုးသားသောသူဖြစ်ခြင်းသည် မည်သို့ခံစားရသည်ဆိုသည်ကို သင့်ကို တွေ့ကြုံခံစားခွင့်ပေးသည်။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရမည့်နည်းလမ်းဖြစ်သည်။ အစပိုင်းတွင် သင့်၌ လမ်းကြောင်းရှိမည်မဟုတ်ပေ။ သို့သော် သမ္မာတရားကို ရှာဖွေခြင်းမှတစ်ဆင့် လမ်းကြောင်းတစ်ခုကို သင်တွေ့လိမ့်မည်။ လူတို့က သမ္မာတရားကို ရှာဖွေသောအခါ ၎င်းတို့တွင် သေချာပေါက် ယုံကြည်ခြင်းမရှိပေ။ လမ်းကြောင်းတစ်ခုမရှိခြင်းသည် လူတို့အတွက် ခက်ခဲသည်။ သို့သော် သမ္မာတရားကို ၎င်းတို့ နားလည်ပြီး လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းရှိသည်နှင့် ၎င်းတို့၏ စိတ်နှလုံးက ယင်းတွင် ပျော်ရွှင်မှုကို တွေ့ရှိသည်။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်နိုင်လျှင် ၎င်းတို့၏ စိတ်နှလုံးသည် သက်သာမှုကို ရှာတွေ့လိမ့်မည်။ လွတ်လပ်ခြင်းနှင့် ချုပ်ချယ်မှုကင်းခြင်းကို ရရှိလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်

ရိုးသားမှုကို လက်တွေ့လုပ်ဆောင်ခြင်းက ရှုထောင့်များစွာ ခြုံငုံသည်။ တစ်နည်းအားဖြင့် ရိုးသားခြင်းအတွက် စံနှုန်းသည် အကြောင်းအရာတစ်ခုတည်းမှတစ်ဆင့် ရရှိခြင်းမဟုတ်ပေ။ သင်သည် မရိုးသားနိုင်မီတွင် အကြောင်းအရာများစွာ၌ စံနှုန်းဖြင့် ကိုက်ညီရမည်။ လူအချို့က ရိုးသားဖို့ရန်အတွက် မလိမ်ညာမိဖို့သာလိုသည်ဟု အစဉ် ထင်မြင်ကြသည်။ ဤအမြင်မှာ မှန်ကန်သလော။ ရိုးသားခြင်းသည် မလိမ်ညာခြင်းသာ ပါဝင်သလော။ မဟုတ်ပေ။ အခြားရှုထောင့်အချို့နှင့်လည်း ဆက်နွှယ်နေသည်။ ရှေးဦးစွာ သင်သည် မည်သည့်အရာကို ရင်ဆိုင်ရသည်ဖြစ်စေ၊ သင်ကိုယ်တိုင်၏ မျက်စိဖြင့် မြင်ပြီးသောအရာ၊ သို့မဟုတ် တခြားတစ်ယောက်ယောက်က သင့်အား ပြောပြသည့်အရာတစ်ခုဖြစ်စေ၊ လူတို့နှင့် အပြန်အလှန်ဆက်ဆံခြင်း၊ သို့မဟုတ် ပြဿနာတစ်ခုကို ဖြေရှင်းခြင်းဖြစ်စေ၊ သင်ထမ်းဆောင်သင့်သည့် တာဝန်၊ သို့မဟုတ် ဘုရားသခင်က သင့်အား အပ်နှံထားသည့်အရာဖြစ်စေ သင်သည် ယင်းကို ရိုးသားသော စိတ်နှလုံးတစ်ခုဖြင့် အစဉ် ချဉ်းကပ်ရမည်။ ရိုးသားသော စိတ်နှလုံးတစ်ခုဖြင့် အမှုအရာများကို ချဉ်းကပ်ခြင်းအား မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ မိမိထင်သည့်အရာကို ပြောပြီး ရိုးသားစွာ စကားပြောလော့။ အနှစ်မရှိသော၊ ဟိတ်ဟန်များသော သို့မဟုတ် ကြားကောင်းသော စကားများကို မပြောနှင့်။ မြှောက်ပင့်သော၊ သို့မဟုတ် သူတော်ကောင်းယောင်ဆောင်သော မှားယွင်းသည့်အရာများကို မပြောဘဲ၊ သင်၏စိတ်နှလုံးတွင်ရှိသော စကားများကို ပြောဆိုလော့။ ဤသည်မှာ ရိုးသားသောသူတစ်ယောက် ဖြစ်ခြင်းဖြစ်သည်။ သင်၏ စိတ်နှလုံးတွင်ရှိသော မှန်ကန်သော အတွေးအမြင်များကို ဖော်ပြခြင်းဟူသည့် ဤသည်မှာ ရိုးသားသောသူများ လုပ်ဆောင်ရမည့်အရာဖြစ်သည်။ သင်ထင်သည့်အရာနှင့် သင့်စိတ်နှလုံးထဲတွင် မျိုသိပ်ထားသည့် စကားများကို မည်သည့်အခါမျှ မပြောသကဲ့သို့၊ သင်ပြောဆိုသည့်အရာသည် သင်ထင်သည့်အရာနှင့် အစဉ် ကွဲလွဲနေလျှင်၊ ဤသည်မှာ ရိုးသားသူတစ်ယောက် လုပ်ဆောင်သည့်အရာ မဟုတ်ပေ။ ဥပမာ သင်သည် သင်၏တာဝန်ကို ကောင်းစွာ မထမ်းဆောင်ဟု ဆိုပါစို့၊ လူတို့က မည်သို့ဖြစ်သည်ကို မေးကြသောအခါ သင်က “ငါ့တာဝန်ကို ကောင်းကောင်းလုပ်ချင်ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မလုပ်ရသေးဘူး” ဟု ပြောသည်။ အမှန်တကယ်တွင် သင်က လုံ့လမရှိသည်ကို သင်၏ စိတ်နှလုံးထဲတွင် သိပေသည်။ သို့သော် သင်က အမှန်အတိုင်း မပြောပေ။ ထိုအစား သင်သည် အမှန်တရားများကို ဖုံးဖိပြီး တာဝန်ကို ရှောင်ရှားရန်အတွက် အကြောင်းပြချက်များ၊ မှန်ကန်ကြောင်းပြဆိုချက်များ၊ ဆင်ခြေများမျိုးစုံ ရှာဖွေသည်။ ဤသည်မှာ ရိုးသားသောသူတစ်ယောက်က လုပ်ဆောင်သောအရာ ဖြစ်သလော။ (မဟုတ်ပါ။) သင်သည် ဤအရာများကိုပြောပြီး လူတို့ကို အရူးလုပ်ကာ ဖြစ်သလိုလုပ်ဆောင်သည်။ သို့သော် သင့်အတွင်းတွင် ရှိသည့်အရာ၊ သင့်အတွင်းရှိ ရည်ရွယ်ချက်များ၏ အနှစ်သာရသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ဖြစ်သည်။ သင်သည် သင့်အတွင်းရှိ အမှုအရာများနှင့် ရည်ရွယ်ချက်များကို ဖွင့်ပြပြီး ယင်းတို့ကို စိတ်ဖြာလေ့လာခြင်း မပြုနိုင်လျှင်၊ ယင်းတို့ကို သန့်စင်နိုင်မည်မဟုတ်ပေ။ ဤသည်မှာ အသေးအဖွဲကိစ္စမဟုတ်ပေ။ သင်သည် မှန်ကန်စွာဖြင့် “ငါ့တာဝန်ကို လုပ်တဲ့နေရာမှာ ငါ နည်းနည်းအချိန်ဆွဲနေတယ်။ ဝတ်ကျေတမ်းကျေလုပ်ပြီး အာရုံမစိုက်ဘူး။ စိတ်ရွှင်နေတဲ့အခါမှာ နည်းနည်းအားစိုက်နိုင်တယ်။ စိတ်မကြည်တဲ့အခါမှာ အားလျော့ပြီး အားမစိုက်ချင်သလို၊ အသွေးအသား သက်သာမှုကို တပ်မက်တယ်။ ဒါကြောင့် တာဝန်ထမ်းဆောင်ဖို့ ငါ ကြိုးစားတာတွေက မထိရောက်ဘူး။ ပြီးခဲ့တဲ့သုံးလေးရက်မှာ အခြေအနေက ပြောင်းလဲနေတယ်။ ငါ အစွမ်းကုန်လုပ်ဖို့၊ ထိရောက်မှု တိုးတက်စေဖို့၊ ငါ့တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ ငါ ကြိုးစားနေပါတယ်” ဟူ၍ ပြောဆိုရမည်။ ဤသည်မှာ စိတ်နှလုံးအတွင်းမှ ပြောဆိုခြင်းဖြစ်သည်။ အခြားသော စကားပြောဆိုသည့်နည်းလမ်းမှာ စိတ်နှလုံးအတွင်းမှ မဟုတ်ပေ။ ပြုပြင်ခြင်းခံရမည်ကိုလည်းကောင်း၊ သင်၏ပြဿနာများကို လူများ ရှာဖွေတွေ့ရှိမည်ကိုလည်းကောင်း၊ လူများက သင့်ကို တာဝန်ခံခိုင်းမည်ကိုလည်းကောင်း သင်ကြောက်ရွံ့သောကြောင့် သင်သည် အမှန်တရားများကို ဖုံးဖိရန် အကြောင်းပြချက်၊ မှန်ကန်ကြောင်းပြဆိုချက်နှင့် ဆင်ခြေမျိုးစုံကို ရှာတွေ့ခဲ့သည်။ ပြုပြင်ခြင်းခံရခြင်းကို ရှောင်ရှားရန်အလို့ငှာ ရှေးဦးစွာ အခြားလူများကို အခြေအနေနှင့်ပတ်သက်ပြီး ပြောဆိုခြင်းအား ရပ်တန့်စေပြီးနောက်တွင် တာဝန်ကို သင် လွှဲပြောင်းပေးသည်။ ဤသည်မှာ သင့် အလိမ်အညာများ၏ အရင်းအမြစ်ဖြစ်သည်။ လိမ်ညာသူများက မည်မျှစကားပြောဆိုသည်ဖြစ်စေ ၎င်းတို့ပြောဆိုသည့် အချို့သောအရာများက မှန်ကန်ပြီး အဖြစ်မှန်ဖြစ်ဖို့ သေချာသည်။ သို့သော် ၎င်းတို့ပြောဆိုသည့် အဓိကကျသောအရာအချို့က မမှန်ကန်မှုအနည်းငယ်နှင့် ၎င်းတို့၏ ရည်ရွယ်ချက်အနည်းငယ် ပါဝင်လိမ့်မည်။ ထို့ကြောင့် မည်သည်က မှန်ကန်ပြီး မည်သည်က မှားယွင်းသည်ကို ပိုင်းခြားသိမြင်ပြီး ခွဲခြားရန် အလွန်အရေးကြီးသည်။ သို့ရာတွင် ဤသည်မှာ လုပ်ဆောင်ရန် မလွယ်ကူပေ။ ၎င်းတို့ပြောဆိုသည့် အချို့သောအရာများသည် အစွန်းအထင်းရှိပြီး တန်ဆာဆင်ထားခြင်း ရှိလိမ့်မည်။ ၎င်းတို့ပြောဆိုသည့် အချို့အရာများသည် အမှန်တရားများနှင့် ကိုက်ညီလိမ့်မည်ဖြစ်ပြီး အချို့အရာများသည် အမှန်တရားများနှင့် ဆန့်ကျင်လိမ့်မည်။ ထိုသို့ဖြင့် အမှန်တရားများ၊ လုပ်ကြံထားသောအရာများက ရောထွေးလျက်၊ အမှန်နှင့် အမှားကို ခွဲခြားသိမြင်ရန် ခက်ခဲသည်။ ဤသည်မှာ အလှည့်စားဆုံးသောသူဖြစ်ပြီး ခွဲခြားဖော်ထုတ်ရန် အခက်ခဲဆုံးဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို လက်မခံနိုင်လျှင်၊ သို့မဟုတ် ရိုးသားမှုကို လက်တွေ့မလုပ်ဆောင်နိုင်လျှင် သေချာပေါက် ဖယ်ရှားရှင်းလင်းခြင်း ခံရမည်။ ဤသို့ဆိုလျှင် လူတို့ရွေးချယ်သင့်သည့် လမ်းကြောင်းမှာ မည်သည့်လမ်းကြောင်း ဖြစ်သနည်း။ မည်သည့်လမ်းကြောင်းက ရိုးသားခြင်းကို လက်တွေ့လုပ်ဆောင်ရန် နည်းလမ်းဖြစ်သနည်း။ သင်တို့သည် သမ္မာတရားကို ပြောဆိုပြီး သင်တို့၏ တကယ့်အခြေအနေများနှင့် ပြဿနာများကို ပွင့်လင်းစွာ မိတ်သဟာယဖွဲ့နိုင်ရန် သင်ယူသင့်သည်။ ဤသည်မှာ ရိုးသားသောသူများ လက်တွေ့လုပ်ဆောင်ပုံ ဖြစ်ပြီး ထိုသို့သော လက်တွေ့လုပ်ဆောင်မှုက မှန်ကန်ပေသည်။ အသိတရားနှင့် အသိစိတ်ကို ပိုင်ဆိုင်သော လူတို့အားလုံးသည် ရိုးသားရန်အတွက် ကြိုးပမ်းလိုစိတ် ရှိကြသည်။ ရိုးသားသော လူတို့သည်သာ အမှန်တကယ် ပျော်ရွှင်ပြီး အေးချမ်းသည့်အပြင် ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်းကို ရရှိဖို့အတွက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြင့်သာ လူတစ်ဦးသည် စစ်မှန်သော ပျော်ရွှင်မှုကို ခံစားရနိုင်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ရိုးသားသောသူလူတစ်ဦးကသာ စစ်မှန်သော လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်နိုင်သည်

အခြားသူများနှင့် ပေါင်းသင်းဆက်ဆံသောအခါ ပထမဦးစွာ သူတို့အား သင်၏ စစ်မှန်သော စိတ်နှလုံးနှင့် ရိုးသားမှန်ကန်မှုကို သတိပြုမိစေရမည်။ အတူတကွ စကားပြောဆိုခြင်းနှင့် အလုပ်လုပ်ခြင်းအပြင် အခြားသူများနှင့် ထိတွေ့ဆက်ဆံရာတွင် အကယ်၍ လူတစ်ဦး၏ စကားများက ဝတ်ကျေတမ်းကျေ ဖြစ်သည်၊ စကားကြီးစကားကျယ် သုံးသည်၊ ချိုသာသောစကားများ ဖြစ်သည်၊ မြှောက်လုံးပင့်လုံးဖြစ်သည်၊ စိတ်ချယုံကြည်၍မရသည့်အပြင် စိတ်ကူးသက်သက်ဖြစ်သည် ဆိုပါက၊ သို့မဟုတ် သူသည် အခြားသူများ စိတ်ကျေနပ်စေဖို့သာ ပြောဆိုသည် ဆိုပါက သူတို့၏ စကားများအားလုံး၌ ခိုင်လုံမှုကင်းမဲ့ပြီး ရိုးသားမှန်ကန်မှု နည်းနည်းလေးမျှပင် မရှိပေ။ ဤသည်မှာ အခြားသူများက မည်သူပင်ဖြစ်စေ၊ ထိုအခြားသူများနှင့် သူတို့၏ ပေါင်းသင်းဆက်ဆံသည့် နည်းလမ်းဖြစ်သည်။ ဤသို့သောသူတွင် ရိုးသားသောစိတ်နှလုံးမရှိပေ။ ဤသည်မှာ ရိုးသားသောလူ မဟုတ်ပေ။ လူတစ်ဦးသည် အပျက်သဘောဆောင်သော အခြေအနေတစ်ခု၌ ရှိနေပြီး သူက သင့်အား “ကျွန်ုပ် လွန်စွာ အပျက်သဘောဆောင်နေသည်မှာ အတိအကျ အဘယ်အတွက်ကြောင့် ဖြစ်ရသည်ကို ကျွန်ုပ်အား ပြောပါ။ ယင်းကို ကျွန်ုပ် လုံးဝ သဘောမပေါက်နိုင်ပါ” ဟု ရိုးသားမှန်ကန်စွာ ပြောသည်ဆိုပါစို့။ ထို့အပြင် အမှန်မှာ သင်၏ စိတ်နှလုံးထဲတွင် သူ့ပြဿနာကို တကယ်နားလည်သော်လည်း သူ့ကို ပြောပြမည့်အစား “ဘာမျှမဟုတ်ပါ။ သင်သည် အပျက်သဘောဆောင်နေခြင်းမရှိပါ။ ကျွန်ုပ်လည်း ထိုသို့ ဖြစ်တတ်သည်” ဟု ပြောသည်ဆိုပါစို့။ ဤစကားများမှာ ထိုသူအတွက် ကြီးမားသော နှစ်သိမ့်မှုတစ်ခု ဖြစ်သော်လည်း သင့်စိတ်ထားက ရိုးသားမှန်ကန်ခြင်း မရှိပေ။ သင်သည် ထိုသူ့အပေါ် ဝတ်ကျေတမ်းကျေ ဖြစ်နေသည်။ သူ့ကို ပို၍ စိတ်ချမ်းသာစေပြီး ဖြေသိမ့်ဖို့ရန်အတွက် သင်သည် သူ့အား ရိုးသားစွာ စကားပြောခြင်းကို ရှောင်ကြဉ်ခဲ့ပြီဖြစ်သည်။ သူ့အနေဖြင့် သူ၏ အပျက်သဘောဆောင်ခြင်းကို စွန့်ပစ်နိုင်ရန်အလို့ငှာ သင်သည် သူ့ကို အလေးအနက် ကူညီနေခြင်းမရှိသည့်အပြင် သူ၏ပြဿနာကို ထင်ထင်ရှားရှား ပြသခြင်းမရှိပေ။ သင်သည် ရိုးသားသော လူတစ်ဦး ပြုလုပ်သင့်သည့်အရာကို မပြုလုပ်ခဲ့သေးပေ။ သူ့အား နှစ်သိမ့်ရန်နှင့် သင်တို့အကြား ခပ်တန်းတန်းဖြစ်ခြင်း သို့မဟုတ် သ‌ဘောထားကွဲလွဲခြင်း မရှိအောင် သေချာစေဖို့ ကြိုးစားရန်အလို့ငှာ သင်သည် သူ့အပေါ် ဝတ်ကျေတမ်းကျေ ဖြစ်နေလျက်ရှိကာ ဤသည်မှာ ရိုးသားသော လူတစ်ဦးဖြစ်နေခြင်း မဟုတ်ချေ။ သို့ဆိုလျှင် ရိုးသားသော လူတစ်ဦးဖြစ်ရန်အတွက် ဤအခြေအနေမျိုးကို ကြုံတွေ့သောအခါ ဘာလုပ်သင့်သနည်း။ သင်သည် သူ့အား သင် တွေ့ရှိဖူးပြီး ဖော်ထုတ်ခဲ့ပြီးသောအရာကို ပြောပြရန်လိုသည်။ “ကျွန်ုပ်တွေ့ရှိဖူးသည့်အရာနှင့် တွေ့ကြုံဖူးသည့်အရာကို သင့်အား ပြောပြမည်။ ကျွန်ုပ်ပြောသည့်အရာ မှန်သည်၊ မှားသည်ကို သင်ဆုံးဖြတ်ပါ။ မှားလျှင် သင် လက်ခံစရာ မလိုပါ။ မှန်လျှင် သင် လက်ခံမည်ဟု မျှော်လင့်သည်။ သင့်အနေဖြင့် နားထောင်ရခက်ပြီး သင့်အား စိတ်ဆင်းရဲစေသည့်အရာတစ်ခုကို ကျွန်ုပ်ပြောပြပါက ယင်းကို ဘုရားသခင်ထံမှ သင် ခံယူနိုင်မည်ဟု ကျွန်ုပ်မျှော်လင့်သည်။ ကျွန်ုပ်၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်မှာ သင့်ကို ကူညီရန်ဖြစ်သည်။ ဤအရေးကိစ္စကို ကျွန်ုပ် ရှင်းလင်းစွာ သိမြင်သည်။ သင်သည် အရှက်ခွဲခံရပြီဖြစ်ကာ သင့်ကို မည်သူမျှ ချီးပင့်မြှောက်စားမနေကြဟု သင်ခံစားရပြီး သင့်ကို အခြားလူတိုင်းက အထင်သေးသည်၊ သင်သည် တိုက်ခိုက်ခံနေရသည်၊ ထို့ပြင် သင်သည် မည်သည့်အခါမျှ ထိုသို့ မတရားသဖြင့် မခံရဖူးဟု ထင်သောကြောင့် ယင်းကို သင် လက်မခံနိုင်သည့်အပြင် အပျက်သဘောဆောင်လာခြင်းဖြစ်သည်။ ဤသည်မှာ အမှန်တကယ် ဖြစ်ပျက်နေသည့်အရာ ဟုတ်သလော၊ သင် မည်သို့ထင်သနည်း” ဟူ၍ဖြစ်သည်။ ထိုအခါ ဤအရာကို ကြားရပြီးနောက် သူက ယင်းမှာ အမှန်တကယ်ဖြစ်သည့် အခြေအနေဖြစ်မှန်း ခံစားရလေသည်။ ဤသည်မှာ သင်၏ စိတ်နှလုံးထဲ၌ အမှန်တကယ်ရှိသည့် အရာပင်ဖြစ်သော်လည်း သင်သည် ရိုးသားသော လူတစ်ဦး မဟုတ်ပါက ယင်းကို သင် ပြောမည်မဟုတ်ပေ။ သင်က “ကျွန်ုပ်လည်း မကြာခဏ အပျက်သဘောဆောင်တတ်သည်” ဟု ပြောကာ တစ်ဖက်လူက လူတိုင်း အပျက်သဘောဆောင်တတ်သည်ဟု ကြားရသောအခါ သူ့အနေဖြင့် အပျက်သဘောဆောင်သည်မှာ ပုံမှန်ဖြစ်သည်ဟု ထင်မှတ်ပြီး အဆုံးတွင် သူ၏ အပျက်သဘောဆောင်ခြင်းကို မစွန့်ပစ်တော့ချေ။ သင်သည် ရိုးသားသော လူတစ်ဦးဖြစ်ပြီး သူ့ကို ရိုးသားသော စိတ်ထားနှင့် ရိုးသားသော စိတ်နှလုံးဖြင့် ကူညီလျှင် သူ့အား သမ္မာတရားကို နားလည်ရန်နှင့် သူ၏ အပျက်သဘောဆောင်ခြင်းကို စွန့်ပစ်ရန်အတွက် ကူညီနိုင်မည်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ရိုးသားသောသူလူတစ်ဦးကသာ စစ်မှန်သော လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်နိုင်သည်

ရိုးသားသောသူတစ်ဦး ဖြစ်ခြင်းသည် လူတို့အပေါ် ဘုရားသခင် ထားရှိသော တောင်းဆိုချက် ဖြစ်သည်။ ယင်းသည် လူတို့ လက်တွေ့လုပ်ဆောင်ရမည့် သမ္မာတရား ဖြစ်သည်။ သို့ဆိုလျှင် ဘုရားသခင်နှင့် ဆက်ဆံရာတွင် လူတို့ လိုက်နာစောင့်ထိန်းသင့်သော စည်းမျဉ်းများမှာ အဘယ်နည်း။ ရိုးသားစစ်မှန်မှု ရှိလော့။ ဤသည်မှာ ဘုရားသခင်နှင့် ပေါင်းသင်းဆက်ဆံသည့်အခါ လိုက်နာသင့်သော စည်းမျဉ်း ဖြစ်သည်။ ဘာသာတရားမရှိသူတို့၏ မျက်နှာလိုမျက်နှာရ လုပ်ခြင်း သို့မဟုတ် မြှောက်ပင့်ပြောဆိုခြင်း ကျင့်ကြံပြုမူမှုကို မလုပ်ဆောင်ကြနှင့်။ ဘုရားသခင်သည် လူသား၏ မျက်နှာလိုမျက်နှာရ လုပ်ခြင်းနှင့် မြှောက်ပင့်ပြောဆိုခြင်းကို မလိုအပ်ပေ။ ရိုးသားစစ်မှန်ခြင်းသည် လုံလောက်ပေသည်။ ရိုးသားစစ်မှန်ခြင်းဟူသည် အဘယ်အရာကို ဆိုလိုသနည်း။ ဤသည်ကို မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ (ဘုရားသခင်ထံ ရိုးရိုးရှင်းရှင်း ဖွင့်ဟခြင်း၊ ဟန်ဆောင်ခြင်း သို့မဟုတ် မည်သည့်အရာကိုမျှ ဖုံးကွယ်ခြင်း သို့မဟုတ် လျှို့ဝှက်ချက်များ ထားရှိခြင်း မရှိဘဲ ရိုးသားသော စိတ်နှလုံးဖြင့် ဘုရားသခင်နှင့် ပေါင်းသင်းဆက်ဆံခြင်း၊ မည်သည့်မသမာသောရည်ရွယ်ချက်မျှဖြစ်စေ၊ မည်သည့်လှည့်ဖြားခြင်းမျှဖြစ်စေ မရှိဘဲ ရိုးသားဖြောင့်မတ်ခြင်း ဖြစ်ပါသည်။) မှန်ပေ၏။ ရိုးသားစစ်မှန်ရန် သင်သည် ဦးစွာ သင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အလိုဆန္ဒများကို ဘေးဖယ်ထားရမည်။ ဘုရားသခင်က သင့်အား မည်သို့ ဆက်ဆံသည်ကို အာရုံစိုက်မည့်အစား သင်သည် မိမိကိုယ်ကို ဘုရားသခင်ထံ အရှိအတိုင်း ဖော်ပြသင့်ပြီး သင်၏ စိတ်နှလုံးထဲ၌ ရှိသော မည်သည့်အရာကိုမဆို ပြောဆိုလော့။ သင့်စကားများ၏ နောက်ဆက်တွဲအကျိုးဆက်များက မည်သည့်အရာဖြစ်မည်ကို စဉ်းစားဆင်ခြင်ခြင်း သို့မဟုတ် ထည့်သွင်းစဉ်းစားခြင်း မပြုနှင့်။ သင် စဉ်းစားမိသော မည်သည့်အရာကိုမဆို ပြောဆိုလော့။ သင်၏ စေ့ဆော်မှုများကို ဘေးဖယ်ထားလော့။ ပြီးလျှင် ရည်ရွယ်ချက်တစ်ခုခုကို ဖြစ်မြောက်အောင်မြင်စေရန်အတွက်သာ အမှုအရာများကို မပြောဆိုနှင့်။ သင့်တွင် ကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် မသန့်စင်မှုများ အလွန် များပြားသည်၊ သင်သည် စကားပြောဆိုပုံ၌ အစဉ်သဖြင့် အကွက်ချစီမံသည်၊ ဤသို့ စဉ်းစားသည်။ “ငါသည် ဤအကြောင်းကို ပြောသင့်ပြီး ထိုအကြောင်းကို မပြောသင့်ပေ၊ ငါ ပြောဆိုမည့်အရာကို သတိထားရမည်။ ငါ့အတွက် အကျိုးရှိစေမည့် နည်းလမ်းဖြင့်၊ ငါ့၏ ချို့ယွင်းချက်များကို ဖုံးကွယ်ပေးမည့် နည်းလမ်းဖြင့်၊ ဘုရားက ငါ့အပေါ် အကောင်းမြင်စေမည့် နည်းလမ်းဖြင့် ပြောဆိုမည်” ဟူ၍ ဖြစ်လေသည်။ ဤသည်မှာ ရည်ရွယ်ချက်များ ထားရှိခြင်း မဟုတ်သလော။ သင် ပါးစပ်မဟမီတွင် သင်၏ စိတ်သည် ကောက်ကျစ်သော အတွေးအခေါ်များဖြင့် ပြည့်နှက်နေသည်၊ သင် ပြောဆိုလိုသောအရာကို အကြိမ်ပေါင်းများစွာ ပြုပြင်သည်၊ ဤသို့ဖြင့် စကားလုံးများ သင်၏ ပါးစပ်မှ ထွက်လာသောအခါ ယင်းတို့သည် စင်ကြယ်လွန်းခြင်း မရှိတော့ဘဲ၊ အနည်းငယ်မျှပင် မစစ်မှန်တော့ဘဲ သင်၏ ကိုယ်ပိုင် စေ့ဆော်မှုများနှင့် စာတန်၏ အကြံအစည်များ ပါဝင်နေသည်။ ဤသည်မှာ ရိုးသားစစ်မှန်ခြင်း မဟုတ်ပေ၊ ဤသည်မှာ ယုတ်မာသော ကြံရွယ်မှုများနှင့် မကောင်းသော ရည်ရွယ်ချက်များ ထားရှိခြင်း ဖြစ်သည်။ ထို့ထက်မက သင် စကားပြောဆိုသောအခါ သင်သည် လူတို့၏ မျက်နှာအမူအရာများနှင့် သူတို့၏ မျက်လုံးအကြည့်တို့မှ အရိပ်နိမိတ်များကို အစဉ်သဖြင့် ရယူသည်။ အကယ်၍ သူတို့၏ မျက်နှာပေါ်၌ အပြုသဘောဆောင်သော အမူအရာ ရှိပါက သင်သည် ဆက်လက်ပြောဆိုသည်၊ မရှိပါက သင်သည် ချုပ်တည်းထားပြီး မည်သည့်အရာမျှ မပြောဆိုပေ၊ အကယ်၍ သူတို့၏ မျက်လုံးအကြည့် မကောင်းပါက၊ သူတို့ ကြားနေရသောအရာကို မနှစ်သက်သကဲ့သို့ ဖြစ်နေပုံရပါက သင်သည် ထပ်မံစဉ်းစားပြီး သင့်ကိုယ်သင် ဤသို့ ပြောဆိုသည်။ “ကောင်းပြီလေ၊ သင် စိတ်ဝင်စားမည့် အရာတစ်ခုခု၊ သင့်အား ပျော်ရွှင်စေမည့် အရာတစ်ခုခု၊ သင် နှစ်သက်မည့် အရာတစ်ခုခု၊ သင့်အနေဖြင့် ငါ့အပေါ် အကောင်းမြင်စေမည့် အရာတစ်ခုခုကို ငါ ပြောဆိုမည်” ဟူ၍တည်း။ ဤသည်မှာ ရိုးသားစစ်မှန်ခြင်း ဖြစ်သလော။ မဟုတ်ပေ။ အချို့သောသူတို့သည် တစ်စုံတစ်ဦးက မကောင်းမှု ပြုလုပ်ပြီး အသင်းတော်၌ အဖျက်အမှောင့်များ ပြုလုပ်နေသည်ကို မြင်တွေ့သည့်အခါ တိုင်ကြားခြင်း မပြုကြပေ။ သူတို့သည် ဤသို့ တွေးထင်ကြသည်။ “ဤအမှုကိစ္စကို ငါသာ အလျင်ဦးစွာ တိုင်ကြားခဲ့မည်ဆိုလျှင် လူတို့ကို စိတ်ခုစေမည်ဖြစ်ပြီး အကယ်၍ ယင်းက မတော်တဆ အမှားဖြစ်ခဲ့လျှင် ပြုပြင်ခြင်းကို ခံရပေဦးမည်။ အခြားသူများ တိုင်ကြားသည်အထိ စောင့်ပြီးမှ လူအများနှင့်အတူ လိုက်တိုင်ကြားမည်၊ ငါတို့ မှားသွားလျှင်ပင် ပြဿနာကြီး မဟုတ်ပေ။ အမှန်တော့ လူအများကို အပြစ်တင်၍မရနိုင်ဘူး မဟုတ်လော။ ‘ထီးထီးကြီး ထင်ပေါ်နေသည့်ငှက်သည် သေနတ်ဖြင့် အပစ်ခံရသည့်ငှက်ဖြစ်သည်’ ဟူသည့် ဆိုရိုးစကား ရှိသကဲ့သို့ပင် ဖြစ်သည်။ ငါသည် ထိုငှက် အဖြစ်ခံမည် မဟုတ်ပါ။ မရမက ထီးထီးကြီး ထင်ပေါ်အောင် လုပ်ဆောင်သည်မှာ လူမိုက်တစ်ဦး ဖြစ်ရပေမည်” ဟူ၍ပင်။ ဤသည်မှာ ရိုးသားစစ်မှန်ခြင်း ဖြစ်သလော။ လုံးဝ မဟုတ်ပေ။ ထိုသို့သော ပုဂ္ဂိုလ်သည် အမှန်ပင် ကောက်ကျစ်စဉ်းလဲသည်၊ အကယ်၍ ထိုသူသည် အသင်းတော်၌ ခေါင်းဆောင်တစ်ဦး၊ တာဝန်ခံတစ်ဦး ဖြစ်လာပါက သူတို့သည် အသင်းတော်၏ အမှုတော်အတွက် ဆုံးရှုံးမှုတစ်ခုကို ဖြစ်ပေါ်စေမည် မဟုတ်လော။ သူတို့သည် သေချာပေါက် ဖြစ်ပေါ်စေလိမ့်မည်။ ထိုသို့သော ပုဂ္ဂိုလ်ကို လုံးဝ အသုံးမပြုရပေ။ သင်တို့သည် ဤသို့သော ပုဂ္ဂိုလ်မျိုးကို ပိုင်းခြားသိမြင်နိုင်ကြသလော။ ဥပမာအားဖြင့် ဆိုကြပါစို့ ခေါင်းဆောင်တစ်ဦးသည် မကောင်းသော အမှုအရာအချို့ကို ပြုလုပ်ခဲ့ပြီး အသင်းတော်၏ အမှုတော်ကို နှောင့်ယှက်ခဲ့သည့်တိုင် ဤပုဂ္ဂိုလ်နှင့်ပတ်သက်၍ အမှန်တကယ် မည်သည့်အရာ ဖြစ်ပျက်နေသည်ကို မည်သူမျှ နားလည်ခြင်း မရှိသကဲ့သို့ အထက်မှလည်း သူတို့ မည်သို့သောသူ ဖြစ်သည်ကို မသိရှိပေ။ သင်တစ်ဦးတည်းသာလျှင် သူတို့နှင့်ပတ်သက်၍ အမှန်တကယ် မည်သည့်အရာဖြစ်ပျက်နေသည်ကို သိရှိသည်။ ထိုသို့သော အခြေအနေများတွင် သင်သည် ပြဿနာကို အထက်သို့ ရိုးသားစွာ တင်ပြမည်လော။ ဤပြဿနာသည် လူကို အများဆုံး ဖော်ထုတ်သောအရာ ဖြစ်သည်။ အကယ်၍ သင်သည် ကိစ္စရပ်ကို ဖုံးကွယ်ထားပြီး မည်သူ့ကိုမျှ၊ ဘုရားသခင်ကိုပင် မပြောဆိုဘဲ ထိုခေါင်းဆောင်သည် အသင်းတော်၏ အမှုတော်ကို ကမောက်ကမဖြစ်သွားသည်အထိ များစွာသော မကောင်းမှုကို ပြုလုပ်ခဲ့ပြီး လူတိုင်းက သူ့ကို ဖော်ထုတ်ပြီး ကိုင်တွယ်ပြီးဖြစ်သည့် နေ့ရက်ရောက်သည်အထိ စောင့်ဆိုင်းနေခဲ့ပြီးမှ ရင်ဆိုင်၍ “သူသည် လူကောင်းတစ်ဦး မဟုတ်ကြောင်း ကျွန်ုပ် အစကတည်းက သိရှိခဲ့ပါသည်။ အချို့သောသူတို့က သူ့အား လူကောင်းဟု ထင်မှတ်ခဲ့ခြင်းသာ ဖြစ်သည်၊ အကယ်၍ ကျွန်ုပ် တစ်စုံတစ်ရာ ပြောဆိုခဲ့ပါက မည်သူမျှ ကျွန်ုပ်ကို ယုံကြည်ကြမည် မဟုတ်ပါ။ ထို့ကြောင့် ကျွန်ုပ်သည် ထုတ်ဖော်မပြောဆိုခဲ့ခြင်း ဖြစ်သည်။ ယခု ထိုသူသည် မကောင်းသော အမှုအရာအချို့ကို ပြုလုပ်ခဲ့ပြီး လူတိုင်းက သူ မည်သူဖြစ်သည်ကို ပိုင်းခြားသိမြင်နိုင်ကြသည့်အတွက် ထိုသူနှင့်ပတ်သက်၍ အမှန်တကယ် ဖြစ်ပျက်နေသောအရာကို ကျွန်ုပ် ထုတ်ဖော်ပြောဆိုနိုင်ပါသည်” ဟု ပြောလျှင် ယင်းမှာ ရိုးသားစစ်မှန်ခြင်း ဖြစ်သလော။ (မဟုတ်ပါ)။ အကယ်၍ တစ်စုံတစ်ဦး၏ ပြဿနာများ ဖော်ထုတ်ခံရသည့်အခါတိုင်း သို့မဟုတ် ပြဿနာတစ်ခုကို တိုင်ကြားသည့်အခါတိုင်း သင်သည် လူအုပ်နှင့်အတူ ထိုလူကို ရင်ဆိုင်ကာ ဖော်ထုတ်ရန်ဖြစ်စေ၊ တိုင်ကြားရန်ဖြစ်စေ နောက်ဆုံးမှ လုပ်ဆောင်ပါက သင်သည် ရိုးသားစစ်မှန်ခြင်း ဖြစ်သလော။ ဤသည်တို့အားလုံးသည် ရိုးသားစစ်မှန်ခြင်း မဟုတ်ကြပေ။ အကယ်၍ သင်သည် တစ်စုံတစ်ဦးကို မနှစ်သက်ပါက၊ သို့မဟုတ် တစ်စုံတစ်ဦးက သင့်ကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ပါက ထို့ပြင် ထိုသူသည် ဆိုးယုတ်သောသူတစ်ဦး မဟုတ်ကြောင်း သင် သိရှိသော်လည်း သင်သည် စိတ်သဘောထား သေးသိမ်သောကြောင့်၊ ထိုသူကို မုန်းတီးလာပြီး သူ့အပေါ် လက်စားချေလိုကာ ထိုသူကို အရူးလုပ်လိုပါက သင်သည် အထက်သို့ သူ၏အကြောင်း မကောင်းသော အမှုအရာအချို့ကို ပြောဆိုရန် နည်းလမ်းများကို စဉ်းစားပြီး အခွင့်အလမ်းများကို ရှာဖွေကောင်း ရှာဖွေနိုင်သည်။ သင်သည် အဖြစ်မှန်များကိုသာ ဖော်ပြနေခြင်း ဖြစ်နိုင်ပြီး ထိုပုဂ္ဂိုလ်ကို ပြစ်တင်ရှုတ်ချနေခြင်း မဟုတ်သော်လည်း ထိုအဖြစ်မှန်များကို ဖော်ပြသောအခါ သင်၏ ကြံရွယ်ချက်မှာ ထုတ်ဖော်ပြပြီး ဖြစ်နေသည်။ သင်သည် သူတို့ကို ကိုင်တွယ်ရန်အလို့ငှာ အထက်မှ ပါဝင်ပတ်သက်မှုကို အသုံးချလိုခြင်း သို့မဟုတ် ဘုရားသခင်အား တစ်စုံတစ်ရာ ပြောဆိုစေလိုခြင်း ဖြစ်သည်။ အထက်သို့ ပြဿနာများကို တိုင်ကြားခြင်းအားဖြင့် သင်သည် သင်၏ ပန်းတိုင်ကို ဖြစ်မြောက်အောင်မြင်စေရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။ ဤသည်မှာ သိသာထင်ရှားသော မသန့်ရှင်းမှုများက ကိုယ်ပိုင် ရည်ရွယ်ချက်များဖြင့် ရောနှောနေပြီး ယင်းသည် ရိုးသားစစ်မှန်ခြင်း လုံးဝ မဟုတ်သည်မှာ သေချာသည်။ အကယ်၍ သူတို့သည် အသင်းတော်၏ အမှုတော်ကို အဖျက်အမှောင့်လုပ်နေသော ဆိုးယုတ်သောသူတစ်ဦး ဖြစ်ပြီး သင်သည် ထိုအမှုတော်ကို ကာကွယ်စောင့်ရှောက်ရန်အလို့ငှာ အထက်သို့ တိုင်ကြားပါက၊ ထို့အပြင် သင် တိုင်ကြားသော ပြဿနာများသည် လုံးဝ အချက်အလက်မှန်များ ဖြစ်ပါက ယင်းသည် စာတန်ဆန်သော အတွေးအခေါ်များနည်းလမ်းအားဖြင့် အမှုအရာများကို ကိုင်တွယ်ခြင်းနှင့် ကွဲပြားသည်။ ယင်းသည် တရားမျှတစိတ်နှင့် တာဝန်သိတတ်မှုတို့မှ ဖြစ်ပေါ်လာပြီး သင်၏ သစ္စာစောင့်သိခြင်းကို ပြည့်စုံစေခြင်း ဖြစ်သည်၊ ဤသည်သာလျှင် ရိုးသားစစ်မှန်ခြင်းက ထင်ရှားပေါ်လွင်ပုံ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၀ (အပိုင်း ၂)

တစ်စုံတစ်ဦးသည် ပွင့်လင်းပြီး တည်ကြည်လျှင် သူသည် ရိုးသားသူတစ်ယောက်ဖြစ်သည်။ သူသည် သူ၏ စိတ်နှလုံးနှင့် ဝိညာဉ်ကို ဘုရားထံ လုံးဝ ဖွင့်ဟပြီးဖြစ်ကာ ဖုံးကွယ်စရာ တစ်ခုမျှ မရှိသလို မည်သည့်အရာထံမှ ပုန်းကွယ်စရာလည်း မလိုချေ။ သူသည် ဘုရားထံသို့ သူ၏ စိတ်နှလုံးကို လွှဲပြောင်းအပ်နှံကာ ဘုရားသခင်ကို ပြသပြီးဖြစ်သည်။ ဤသည်မှာ သူသည် ဘုရားသခင်ထံသို့ သူ၏ အလုံးစုံအား ပေးအပ်ပြီးဖြစ်သည်ဟု ဆိုလိုသည်။ သို့ဖြစ်၍ သူသည် ဘုရားသခင်နှင့် ဝေးကွာနိုင်ဦးမည်လော။ ဝေးကွာနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်အား ကျိုးနွံနာခံရန် သူ့အတွက် လွယ်ကူသည်။ ထိုသူသည် လှည့်စားတတ်သည်ဟု ဘုရားသခင်က ဆိုလျှင် သူ ဝန်ခံသည်။ ထိုသူသည် မာနထောင်လွှားပြီး မိမိကိုယ်ကို အမှန်ထင်သည်ဟု ဘုရားသခင်က ဆိုလျှင် သူသည် ဤအရာကိုလည်း ဝန်ခံသည်။ ပြီးလျှင် ထိုသူသည် ဤအရာများကို ဝန်ခံလိုက်ပြီး ဤအတိုင်းထားလိုက်ခြင်း မဟုတ်ပေ။ ထိုသူသည် နောင်တရနိုင်သည်။ သမ္မာတရားစည်းမျဉ်းများကို အားထုတ်နိုင်သည်။ သူမှားသည်ကို သဘောပေါက်သည့်အခါတွင် ပြုပြင်နိုင်သည်။ ပြီးလျှင် သူ၏ အမှားများကို ပြင်ဆင်ပြောင်းလဲနိုင်သည်။ သတိမထားမိခင်တွင် သူ၏ မှားယွင်းသောနည်းများစွာကို သူပြုပြင်ပြီးဖြစ်လိမ့်မည်။ ပြီးလျှင် သူသည် မရိုးသားခြင်း၊ လှည့်ဖြားခြင်း၊ ဝတ်ကျေတမ်းကျေဆန်ခြင်းတို့ ပိုပို၍ လျော့နည်းလာလိမ့်မည်။ ဤသို့ အသက်ရှင်သရွေ့ သူသည် ပို၍ ပွင့်လင်းပြီး ဂုဏ်သရေရှိလာလေလေ ဖြစ်ကာ ရိုးသားသူတစ်ယောက်ဖြစ်လာခြင်း ပန်းတိုင်သို့ နီးကပ်လေလေ ဖြစ်လိမ့်မည်။ ဤသည်မှာ အလင်းတွင် အသက်ရှင်ခြင်းဆိုသည့် အဓိပ္ပာယ်ဖြစ်သည်။ ဤဂုဏ်ကျက်သရေအားလုံးကို ဘုရားသခင်က ရရှိသည်။ လူတို့က အလင်းတွင် အသက်ရှင်သောအခါ ယင်းသည် ဘုရားသခင်၏ လုပ်ဆောင်မှုဖြစ်သည်။ ယင်းမှာ လူတို့က ကြွားဝါရမည့် အရာတစ်ခုမဟုတ်ပေ။ လူတို့သည် အလင်းတွင် အသက်ရှင်သောအခါ သမ္မာတရားတိုင်းကို နားလည်ကြသည်။ ၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိကြသည်။ ၎င်းတို့ ကြုံရသော ပြဿနာတိုင်းတွင် သမ္မာတရားကို ရှာဖွေရန်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် သိရှိကြပြီး အသိစိတ်၊ ဆင်ခြင်တုံတရားတို့ဖြင့် အသက်ရှင်ကြသည်။ ၎င်းတို့ကို ဖြောင့်မတ်သောလူများဟု မခေါ်နိုင်သော်လည်း ဘုရားသခင်၏ အမြင်တွင် ၎င်းတို့သည် လူသားပုံသဏ္ဌာန်အချို့ရှိပြီး အနည်းဆုံးအနေဖြင့် ၎င်းတို့၏ စကားများနှင့် လုပ်ဆောင်ချက်များသည် ဘုရားသခင်ကို တုပယှဉ်ပြိုင်ခြင်း မရှိ။ ၎င်းတို့အပေါ်သို့ အမှုအရာများ ကျရောက်သောအခါ သမ္မာတရားကို ရှာဖွေနိုင်ပြီး ၎င်းတို့တွင် ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံး ရှိကြသည်။ ထို့ကြောင့် ၎င်းတို့သည် အတော်အတန် လုံခြုံပြီး စိတ်ချရကာ ဘုရားသခင်ကို သစ္စာဖောက်နိုင်ခြေမရှိပေ။ ၎င်းတို့သည် သမ္မာတရားကို အလွန် အလေးအနက် နားလည်ခြင်းမရှိသော်လည်း လိုက်နာနိုင်ပြီး ကျိုးနွံနာခံနိုင်ကြသည်။ ၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိပြီး မကောင်းမှုကို ရှောင်ကြဉ်နိုင်ကြ၏။ ၎င်းတို့ကို အလုပ်၊ သို့မဟုတ် တာဝန်တစ်ခုပေးသောအခါ ၎င်းတို့သည် စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှဖြင့် တတ်နိုင်သမျှ အစွမ်းကုန် လုပ်ဆောင်ကြသည်။ ဤသို့သောသူမျိုးသည် ယုံကြည်ထိုက်ပြီး ဘုရားသခင်က ထိုသူကို ယုံကြည်မှုရှိသည်။ ဤသို့သောလူတို့သည် အလင်း၌ အသက်ရှင်သည်။ အလင်းတွင် အသက်ရှင်သူတို့သည် ဘုရားသခင်၏ စိစစ်ခြင်းကို လက်ခံနိုင်သလော။ ၎င်းတို့၏ စိတ်နှလုံးကို ဘုရားသခင်ထံမှ ဖုံးကွယ်ထားကောင်း ထားနိုင်သေးသလော။ ဘုရားသခင်ကို မပြောပြနိုင်သည့် လျှို့ဝှက်ချက်များ ရှိသေးသလော။ ကလိမ်ကကျစ်ကျကာ လျှို့ဝှက်သောလှည့်ကွက်များ ရှိသေးသလော။ မရှိပေ။ ၎င်းတို့သည် ဘုရားသခင်ထံသို့ မိမိတို့၏ စိတ်နှလုံးကို အပြည့်အဝ ဖွင့်ဟပြီးဖြစ်ကာ ၎င်းတို့ ဖုံးကွယ်ထားသေးသည့်အရာ တစ်ခုမျှ မရှိချေ၊ သို့မဟုတ် မမြင်အောင် သိမ်းထားသည့်အရာ တစ်ခုမျှ မရှိချေ။ ၎င်းတို့သည် ဘုရားသခင်ကို ပွင့်ပွင့်လင်းလင်း အတွင်းရေး ပြောပြနိုင်သည်။ မည်သည့်အရာကိုမဆို ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့နိုင်သည်။ အရာရာတိုင်းကို ဘုရားသခင်အား အသိပေးနိုင်သည်။ ၎င်းတို့က ဘုရားသခင်ကို မပြောပြမည့်အရာ၊ ဘုရားသခင်ကို မပြသမည့်အရာ မရှိပေ။ လူတို့သည် ဤစံနှုန်းပြည့်မီနိုင်သောအခါ ၎င်းတို့၏ အသက်တာများသည် လွယ်ကူ၊ လွတ်လပ်ပြီး လွတ်မြောက်လာကြသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး

ထိုသို့ပြောရုံမျှဖြင့် သင်သည် ရိုးသားသော လူတစ်ယောက် ဖြစ်နိုင်သလော။ (မဖြစ်နိုင်ပါ၊ သင့်တွင် ရိုးသားသော လူတစ်ယောက်၏ သရုပ်သကန်များ ရှိရမည်။) ရိုးသားသောလူတစ်ယောက်၏ သရုပ်သကန်များက မည်သည်တို့နည်း။ ပထမအချက်မှာ ဘုရားသခင်၏နှုတ်ကပတ်တော်များအကြောင်း သံသယမရှိခြင်းဖြစ်သည်။ ၎င်းသည် ရိုးသားသော လူတစ်ယောက်၏ သရုပ်သကန်များအနက်မှ တစ်ခုဖြစ်သည်။ ဤသည်မှလွဲ၍ အရေးအကြီးဆုံး သရုပ်သကန်မှာ ကိစ္စအားလုံးတွင် သမ္မာတရားကို ရှာဖွေပြီး လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤသည်မှာ အရေးအပါဆုံးဖြစ်သည်။ သင်သည် ရိုးသားသည်ဟု ဆိုသော်လည်း အစဉ်သဖြင့် ဘုရားနှုတ်ကပတ်တော်ကို စိတ်ထဲတွင် မထားဘဲ သင် အလိုရှိသမျှကို လုပ်ဆောင်သည်။ ဤသည်မှာ ရိုးသားသူတစ်ယောက်ဖြစ်ကြောင်း သရုပ်သကန် ဖြစ်သလော။ သင်က “ငါ့အစွမ်းအစက ညံ့သော်လည်း ငါ့ထံတွင် ရိုးသားသည့် စိတ်နှလုံးရှိသည်” ဟု ဆိုသည်။ သို့တိုင်အောင် တာဝန်တစ်ခုသည် သင့်အပေါ်သို့ ကျရောက်သောအခါ ဒုက္ခခံရမည်ကိုလည်းကောင်း၊ သင်သည် ကောင်းစွာ မလုပ်ဆောင်လျှင် တာဝန်ခံရမည်ကိုလည်းကောင်း ကြောက်သည်။ ထို့ကြောင့် သင်၏တာဝန်ကို ရှောင်ရန်အတွက် ဆင်ခြေများပေးသည်။ သို့မဟုတ် အခြားလူတစ်ယောက်ကို လုပ်ဆောင်ဖို့ အကြံပြုသည်။ ဤသည်မှာ ရိုးသားသူတစ်ယောက် ဖြစ်ကြောင်း သရုပ်သကန်ဖြစ်သလော။ မဖြစ်သည်မှာ သိသာထင်ရှား၏။ ဤသို့ဆိုလျှင် ရိုးသားသူတစ်ယောက်က မည်သို့ ပြုမူသင့်သနည်း။ ဘုရားသခင်၏ အစီအစဉ်များကို နာခံသင့်သည်။ မိမိထမ်းဆောင်ရမည့် တာဝန်တွင် သစ္စာစောင့်သိခြင်းရှိရမည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းဖို့ ကြိုးပမ်းရမည်။ ဤအရာသည် နည်းလမ်းအချို့ဖြင့် သူ့ဘာသာသူ ပေါ်လွင်ထင်ရှားလေသည်။ တစ်ခုမှာ ရိုးသားသော နှလုံးသားတစ်ခုဖြင့် မိမိတာဝန်ကို လက်ခံခြင်း၊ သင်၏ ဇာတိပကတိ အကျိုးစီးပွားများကို မစဉ်းစားခြင်း၊ ဤအရာနှင့်ပတ်သက်ပြီး စိတ်မပါ့တပါ မဖြစ်ခြင်း၊ သို့မဟုတ် သင်၏ ကိုယ်ပိုင်အကျိုးအမြတ်အတွက် ကြံစည်မှုမရှိခြင်းဖြစ်သည်။ ယင်းတို့သည် ရိုးသားမှု၏ သရုပ်သကန်များဖြစ်သည်။ အခြားတစ်ခုမှာ သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်း၌ စိတ်နှလုံး အကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ ထည့်ထားခြင်း၊ အမှုအရာများကို မှန်မှန်ကန်ကန် လုပ်ဆောင်ခြင်း၊ ဘုရားသခင်ကို ကျေနပ်စေရန်အတွက် သင်၏တာဝန်အပေါ် သင်၏ စိတ်နှလုံးနှင့် ချစ်ခြင်းကို မြုပ်နှံခြင်းတို့ဖြစ်သည်။ ဤအရာတို့သည် ရိုးသားသူတစ်ယောက်က မိမိတာဝန်ကို ထမ်းဆောင်စဉ်တွင် ရှိသင့်သည့် သရုပ်သကန်များဖြစ်သည်။ သင်သည် မည်သည့်အရာလုပ်ဆောင်ရမည်ကို နားလည်ပြီး သိသော်လည်း ယင်းကို သင်မလုပ်ဆောင်လျှင် သင်သည် သင်၏ တာဝန်တွင် စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ ထည့်နေခြင်း မဟုတ်ပေ။ ထိုအစား သင်သည် မရိုးသားဘဲ အချောင်ခိုရန် နည်းလမ်းများ ရှာနေခြင်းဖြစ်သည်။ မိမိတို့၏တာဝန်များကို ဤနည်းလမ်းဖြင့် ထမ်းဆောင်ကြသောသူများသည် ရိုးသားကြသလော။ လုံးဝ မရိုးသားပေ။ ဘုရားသခင်က ဤသို့သောစိတ်မချရသလို လှည့်စားတတ်သည့်သူများကို အသုံးမပြုပေ။ ၎င်းတို့ကို ဖယ်ရှားရှင်းလင်းရမည်။ ဘုရားသခင်သည် တာဝန်များကို ထမ်းဆောင်ရန် ရိုးသားသောလူများကိုသာ အသုံးပြုသည်။ သစ္စာစောင့်သိသော အလုပ်လုပ်ပေးသူများသည်ပင် ရိုးသားရမည်။ အစဉ်သဖြင့် ဝတ်ကျေတမ်းကျေလုပ်ကာ ဉာဏ်များပြီး အချောင်ခိုရန် နည်းလမ်းများကို အမြဲရှာနေသော သူများအားလုံးသည် လှည့်စားတတ်ကြသည်။ ပြီးလျှင် ၎င်းတို့အားလုံးသည် မကောင်းဆိုးဝါးများဖြစ်သည်။ ၎င်းတို့ထဲမှ မည်သူကမျှ ဘုရားသခင်ကို အမှန်တကယ် မယုံကြည်ကြပေ။ ၎င်းတို့အားလုံးသည် ဖယ်ရှားရှင်းလင်းခြင်း ခံရလိမ့်မည်။ လူအချို့က “ရိုးသားသောလူတစ်ဦး ဖြစ်ခြင်းသည် အမှန်တရားကို ပြောပြီး မုသား မပြောခြင်းသာ ဖြစ်သည်။ ရိုးသားသူတစ်ဦး ဖြစ်ရန်မှာ လွယ်ကူပေသည်၊ တကယ်ပင်ဖြစ်သည်” ဟု ထင်ကြသည်။ ဤခံယူချက်ကို သင်မည်သို့ထင်မြင်သနည်း။ ရိုးသားသူတစ်ဦး ဖြစ်ခြင်းသည် အတိုင်းအတာ အလွန်ပင် ကျဉ်းမြောင်းသလော။ လုံးဝ မဟုတ်ပေ။ သင်သည် သင်၏ စိတ်နှလုံးကို ထုတ်ဖော်ပြီး ဘုရားသခင်ကို ပေးရမည် ဖြစ်သည်။ ဤသည်မှာ ရိုးသားသောလူတစ်ဦး ရှိသင့်သည့် သဘောထားဖြစ်သည်။ ထိုအကြောင်းကြောင့် ရိုးသားသည့်နှလုံးသားတစ်ခုသည် အလွန် အဖိုးတန်လေသည်။ ဤအရာက မည်သည်ကို သွယ်ဝိုက်ညွှန်းဆိုသနည်း။ ရိုးသားသောစိတ်နှလုံးသည် သင်၏ အပြုအမူကို ထိန်းချုပ်နိုင်ပြီး သင်၏အခြေအနေကို ပြောင်းလဲနိုင်သည်ဟုဖြစ်သည်။ ယင်းက သင့်အား မှန်ကန်သော ရွေးချယ်မှုများပြုစေပြီး ဘုရားသခင်ကို နာခံနိုင်စေကာ သူ၏ လက်ခံမှုရစေသည်။ ဤကဲ့သို့သော စိတ်နှလုံးတစ်ခုသည် အမှန်တကယ်ကို အဖိုးတန်လေသည်။ သင့်တွင် ဤကဲ့သို့ရိုးသားသော စိတ်နှလုံးတစ်ခုရှိပါက ဤသည်မှာ သင်နေထိုင်သင့်သည့် အခြေအနေ၊ သင်ပြုမူနေထိုင်သင့်သည့်ပုံနှင့် သင့်ကိုယ်သင် ထုတ်ဖော်ပြသင့်သည့်ပုံ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး

သင်သည် ရိုးသားသောလူတစ်ဦး ဖြစ်ရမည်။ ပြဿနာများကို ရင်ဆိုင်ရသောအခါတွင် သင်သည် တာဝန်သိစိတ် ရှိရမည်ဖြစ်ပြီး ယင်းတို့ကို ဖြေရှင်းရန် တတ်နိုင်သမျှ နည်းမျိုးစုံဖြင့် ကြိုးစားရမည် ဖြစ်သည့်အပြင် သမ္မာတရားကို ရှာဖွေရမည်။ သင်သည် ဉာဏ်များသောသူတစ်ဦး လုံးဝ မဖြစ်ရ။ သင်သည် တာဝန်ကို ခေါင်းရှောင်ဖို့သာ စိတ်ဝင်စားပြီး ပြဿနာများ ပေါ်ပေါက်လာသောအခါတွင် တာဝန်မယူပါက သင်သည် ဘုရားအိမ်တော်တွင် မဆိုထားနှင့်၊ ဘာသာတရားမရှိသူများအကြားတွင်ပင် ဤအပြုအမူအတွက် ပြစ်တင်ရှုတ်ချခြင်း ခံရမည်ဖြစ်သည်။ ဤအပြုအမူသည် ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်းနှင့် ကျိန်ဆဲခြင်းတို့ကို ခံရရန် သေချာပြီး ဘုရားသခင် ရွေးချယ်ထားသောလူများ၏ ရွံရှာစက်ဆုပ်ခြင်းနှင့် ငြင်းပယ်ခြင်းကို ခံရသည်။ ဘုရားသခင်သည် ရိုးသားသောလူများကို နှစ်သက်ပြီး လှည့်ဖြားတတ်ပြီး စိတ်မချရသည့်လူများကို ရွံရှာစက်ဆုပ်သည်။ သင်သည် ဉာဏ်များသောသူတစ်ဦးဖြစ်ပြီး စိတ်မချရသည့်ပုံစံဖြင့် ပြုမူဆောင်ရွက်ပါက ဘုရားသခင်သည် သင့်အား ရွံရှာစက်ဆုပ်လိမ့်မည် မဟုတ်လော။ ဘုရားအိမ်တော်သည် သင့်ကို တကယ်ပင် သက်ညှာလိမ့်မည်လော။ အနှေးနှင့်အမြန်၊ သင်သည် တာဝန်ခံရလိမ့်မည်။ ဘုရားသခင်သည် ရိုးသားသောလူများကို နှစ်သက်ပြီး ဉာဏ်များသောလူများကို မနှစ်သက်ချေ။ ဤသည်ကို လူတိုင်းက ရှင်းလင်းစွာ နားလည်သင့်ပြီး နားဝေတိမ်တောင်ဖြစ်ကာ မိုက်မဲသောအရာများ လုပ်ဆောင်ခြင်းကို ရပ်တန့်သင့်သည်။ ယာယီ မသိနားမလည်ခြင်းက ခွင့်လွှတ်၍ရနိုင်သော်လည်း လူတစ်ဦးသည် သမ္မာတရားကို လုံးဝ လက်ခံခြင်း မရှိပါက ၎င်းသည် အလွန်ပင် ခေါင်းမာပေသည်။ ရိုးသားသောလူများက တာဝန်ယူနိုင်ကြသည်။ ၎င်းတို့သည် မိမိတို့၏ တစ်ကိုယ်ရေ အကျိုးအမြတ်များနှင့် ဆုံးရှုံးမှုများကို အလေးမထားပေ။ ဘုရားအိမ်တော်၏ အလုပ်နှင့် အကျိုးစီးပွားတို့ကိုသာ ၎င်းတို့ ကာကွယ်ကြ၏။ ၎င်းတို့သည် တစ်ချက်ကြည့်ရုံဖြင့် အောက်ခြေကို မြင်နိုင်သည့် ကြည်လင်သောရေတစ်ခွက်ကဲ့သို့ ကြင်နာပြီး ရိုးသားသော စိတ်နှလုံးများရှိသည်။ ၎င်းတို့၏ လုပ်ရပ်များကလည်း ပွင့်လင်းမြင်သာမှု ရှိလေသည်။ လှည့်ဖြားတတ်သော လူတစ်ဦးသည် အစဉ်သဖြင့် မယုံရသည့်ပုံစံဖြင့် ပြုမူဆောင်ရွက်ကာ အမြဲ ဟန်ဆောင်ပြီး အမှုအရာများကို ဖုံးဖိကာ ကွယ်ဝှက်သည့်အပြင် မိမိကိုယ်ကို အလွန်ပင် တင်းတင်းကျပ်ကျပ် သိုသိုသိပ်သိပ်နေသည်။ မည်သူမျှ ဤလူစားမျိုးကို ထိုးထွင်းမမြင်နိုင်ကြပေ။ လူများသည် သင်၏ အတွင်းကျကျ အတွေးများကို ထိုးထွင်းမမြင်ကြသော်လည်း ဘုရားသခင်က သင်၏ အတွင်းကျကျ စိတ်နှလုံးကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနိုင်သည်။ သင်သည် ရိုးသား‌သောလူတစ်ဦး မဟုတ်ကြောင်း၊ သင်သည် စိတ်မချရသောအရာတစ်ခုဖြစ်ကြောင်း၊ သင်သည် သမ္မာတရားကို မည်သည့်အခါမျှ လက်မခံကြောင်း၊ သူ့ကို ဆန့်ကျင်လှည့်စားရာတွင် အစဉ်သဖြင့် ပါဝင်‌ဆောင်ရွက်ကြောင်းနှင့် သင်၏ စိတ်နှလုံးကို သူ့အား မည်သည့်အခါမျှ လွှဲအပ်ခြင်းမရှိကြောင်းတို့ကို ဘုရားသခင် မြင်သည့်အခါတွင် သူသည် သင့်ကို မနှစ်သက်ဘဲ သင့်ကို ရွံရှာစက်ဆုပ်ကာ စွန့်ပစ်လေသည်။ ဘာသာတရားမရှိသူများအကြားတွင် ကြီးပွားအောင်မြင်သောသူများနှင့် စကားပြောကောင်းပြီး ပါးနပ်သောသူများအားလုံးသည် မည်သည့် လူစားမျိုးများ ဖြစ်ကြသနည်း။ ဤအရာသည် သင်တို့အဖို့ ရှင်းလင်းသလော။ ၎င်းတို့၏ အနှစ်သာရသည် အဘယ်အရာဖြစ်သနည်း။ ၎င်းတို့အားလုံးသည် အလွန်ပင် အတွင်းသဘောကို သိရန်ခက်သောသူများ ဖြစ်ကြသည်၊ ၎င်းတို့အားလုံးသည် အလွန့်အလွန် လှည့်ဖြားတတ်ပြီး ဉာဏ်များကြသည်၊ ၎င်းတို့သည် စစ်မှန်သော နတ်ဆိုးများနှင့် စာတန်များ ဖြစ်ကြသည်ဟု ဆိုနိုင်သည်။ ဘုရားသခင်သည် ဤကဲ့သို့သော လူများကို ကယ်တင်နိုင်မည်လော။ ဘုရားသခင် အရွံရှာအစက်ဆုပ်ဆုံးသောအရာမှာ နတ်ဆိုးများဖြစ်သည့် လှည့်ဖြားတတ်ပြီး ဉာဏ်သောလူများဖြစ်ပြီး ထိုသို့သော လူများကို သူ လုံးဝ ကယ်တင်လိမ့်မည် မဟုတ်ပေ။ သင်တို့သည် ဤလူစားမျိုး လုံးဝ မဖြစ်ရပေ။ စကားပြောသည့်အခါ အစဉ်သဖြင့် စောင့်စည်းတတ်ပြီး သတိရှိသောသူများ၊ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းသည့်အခါ အချိန်အခါနှင့်လိုက်လျောညီထွေဖြစ်အောင် လိုက်လုပ်ပြီး ဟန်ဆောင်သောသူများ၊ သင့်အား ငါ ပြောမည်၊ ဘုရားသခင်သည် ထိုသို့သောလူများကို အရွံရှာအစက်ဆုပ်ဆုံး ဖြစ်သည်၊ ဤကဲ့သို့သော လူများသည် ကယ်တင်၍မရနိုင်တော့ပေ။ လှည့်ဖြားတတ်ပြီး ဉာဏ်များသောလူများ၏ အမျိုးအစားနှင့် သက်ဆိုင်သူအားလုံးနှင့်စပ်လျဉ်း၍ ၎င်းတို့၏ စကားများသည် မည်မျှပင် သာယာနာပျော်ဖွယ်ကောင်းနေပါစေ၊ ယင်းတို့အားလုံးသည် လှည့်ဖြားတတ်သော၊ ဆိုးယုတ်သော စကားများသာ ဖြစ်ကြသည်။ ၎င်းတို့၏ စကားများက ပို၍ သာယာနာပျော်ဖွယ်ကောင်းလေ၊ ဤလူများသည် နတ်ဆိုးများနှင့် စာတန်များ ပို၍ဖြစ်လေ ဖြစ်သည်။ ဤသူတို့သည် ဘုရားသခင် အရွံရှာအစက်ဆုပ်ဆုံးသော လူစားမျိုး အတိအကျပင် ဖြစ်သည်။ ဤသည်မှာ လုံးဝမှန်ကန်ပေသည်။ သင်တို့ အဘယ်အရာကို ဆိုမည်နည်း။ လှည့်ဖြားတတ်သောလူများ၊ မကြာခဏ လိမ်ညာတတ်သောလူများနှင့် စကားပြောကောင်းသောလူများသည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို ရရှိနိုင်သလော။ ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပြခြင်းနှင့် အလင်းပေးခြင်းတို့ကို ရရှိနိုင်သလော။ လုံးဝ မရရှိနိုင်ပေ။ လှည့်ဖြားတတ်ပြီး ဉာဏ်များသောလူများအပေါ် ဘုရားသခင်၏ သဘောထားသည် အဘယ်အရာဖြစ်သနည်း။ သူသည် ၎င်းတို့ကို ပစ်ပစ်ခါခါငြင်းသည်၊ ဘေးဖယ်ထားပြီး ၎င်းတို့ကို အလေးဂရုမပြုသည့်အပြင်၊ တိရစ္ဆာန်များနှင့် တစ်တန်းတစ်စားတည်းအဖြစ် မှတ်ယူသည်။ ဘုရားသခင်၏ အမြင်တွင် ထိုသို့သောလူများသည် လူ့အရေခွံကို ဝတ်ဆင်ထားရုံမျှသာဖြစ်ပြီး အနှစ်သာရအားဖြင့် ၎င်းတို့သည် နတ်ဆိုးများနှင့် စာတန်များ ဖြစ်ကြသည်၊ ၎င်းတို့သည် လမ်းလျှောက်နေသည့် အလောင်းကောင်များဖြစ်ကြပြီး ဘုရားသခင်သည် ၎င်းတို့ကို လုံးဝ ကယ်တင်လိမ့်မည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၈)

လူများသည် ဘုရားသခင်ရှေ့မှောက်၌ သူတို့၏ တာဝန်ကို သို့မဟုတ် မည်သည့်အလုပ်မဆိုကို လုပ်သောအခါ သူတို့၏ စိတ်နှလုံးသည် သန့်စင်ရမည်။ ရေချိုရေသန့် ထည့်ထားသည့် ပန်းကန်လုံးတစ်လုံးကဲ့သို့ ကြည်စင်၍ အညစ်အကြေးကင်းရမည်။ သို့ဆိုလျှင် မည်သည့်သဘောထားမျိုးသည် မှန်ကန်သနည်း။ မည်သည့်အရာကို သင်လုပ်နေသည်ဖြစ်စေ သင့်စိတ်နှလုံးထဲတွင် ရှိလေသမျှကို၊ သင့်တွင် ရှိနေနိုင်သည့် စိတ်ကူးမှန်သမျှကို အခြားလူများနှင့် သင် မိတ်သဟာယဖွဲ့နိုင်သည်။ အကယ်၍ တစ်စုံတစ်ယောက်က ကိစ္စများကို သင်လုပ်သည့် နည်းလမ်းသည် အလုပ်ဖြစ်လိမ့်မည် မဟုတ်ဟု ပြောလာပြီး နောက်ထပ်စိတ်ကူးတစ်ခုကို အဆိုပြုပါက၊ ထိုစိတ်ကူးမှာ အတော်ကောင်းသော စိတ်ကူးတစ်ခုဖြစ်သည်ဟု သင်ခံစားရပါက သင့်ကိုယ်ပိုင်နည်းလမ်းကို လက်လျှော့ပြီး သူတို့တွေးသည့်အတိုင်း ကိစ္စများကို သင်လုပ်တော့သည်။ ထိုသို့လုပ်ခြင်းဖြင့် သင်သည် အခြားလူများ၏ အကြံပြုချက်များကို လက်ခံနိုင်သည်၊ မှန်ကန်သော လမ်းကြောင်းကို ရွေးချယ်နိုင်သည်၊ စည်းမျဉ်းများအတိုင်းအပြင် ပွင့်လင်းမြင်သာစွာနှင့် ရှင်းလင်းစွာ လုပ်ဆောင်နိုင်သည်ဟု လူတိုင်းက မြင်တွေ့မည်ဖြစ်သည်။ သင့်စိတ်နှလုံးတွင် မှောင်မိုက်မှု မရှိ၊ သင်က ရိုးသားခြင်းသဘောထားတစ်ခုကို အမှီပြုလျက် စိတ်ရင်းအတိုင်း ပြုမူပြောဆိုသည်ကို လူတိုင်းက တွေ့မြင်လိမ့်မည်။ သင်သည် စိတ်ထဲရှိသည်ကို မကွယ်မဝှက် ပြောသည်။ ဟုတ်လျှင် ဟုတ်သည်၊ မဟုတ်လျှင် မဟုတ်ဟု ပြောသည်။ မည်သည့် လှည့်စားမှုများ၊ လျှို့ဝှက်ချက်များမျှ မရှိဘဲ၊ အလွန် ရိုးစင်းသော လူတစ်ယောက်သာ ဖြစ်သည်။ ဤသည်မှာ စိတ်သဘောထားအမျိုးအစားတစ်ခု မဟုတ်သလော။ ဤအရာမှာ လူများ၊ အဖြစ်အပျက်များ၊ အမှုကိစ္စများအပေါ် ထားရှိသည့် သဘောထားဖြစ်ပြီး လူတစ်ဦး၏ စိတ်သဘောထားကို ထင်ဟပ်သည်။ သို့ရာတွင် တစ်စုံတစ်ယောက်က ၎င်းတို့တွေးသည့်အရာကို အခြားသူများအား မည်သည့်အခါမျှ ရင်မဖွင့်ဘဲ၊ ဆွေးနွေးပြောဆိုခြင်း မရှိဘဲ ဖြစ်နိုင်သည်။ ၎င်းတို့လုပ်သမျှတွင် ၎င်းတို့သည် အခြားသူများကို မည်သည့်အခါမျှ မတိုင်ပင်ဘဲ ထိုအစား ၎င်းတို့၏ စိတ်နှလုံးကို အခြားသူများအတွက် ပိတ်မြဲ ပိတ်ထားပြီး အချိန်တိုင်းတွင် အခြားသူများကို အမြဲတစေ သတိထားနေပုံရကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အတတ်နိုင်ဆုံး တင်းတင်းကျပ်ကျပ် ကွယ်ဝှက်ထားသည်။ ဤသည်မှာ လှည့်ဖြားသော လူတစ်ယောက် မဟုတ်လော။ ဥပမာအားဖြင့် ၎င်းတို့က တီထွင်ဉာဏ် ကောင်းသည်ဟု ထင်ထားသည့် အကြံဉာဏ်တစ်ခု ရှိပြီး “ယခုလောလောဆယ် ငါ့စိတ်ထဲ၌သာ ထားလိုက်မည်။ ငါဝေမျှလိုက်လျှင် သင်တို့ယူသုံးပြီး ငါချီးကျူးခံရမည့် အရေးကို လုသွားနိုင်၏။ ဤသည်မှာ လုံးဝ အဆင်မပြေ။ ငါမပြောသေးဘဲ နေလိုက်မည်” ဟု တွေးကြသည်။ သို့မဟုတ် ၎င်းတို့ အပြည့်အဝ နားမလည်သည့်အရာ တစ်စုံတစ်ခု ရှိပါက ၎င်းတို့တွေးကြမည်မှာ “ငါယခု ထုတ်မပြောသေးဘဲ နေမည်။ ငါထုတ်ပြောလိုက်ပြီး တစ်ယောက်ယောက်က ပိုကောင်းသည့်အရာ တစ်ခုခုကို ပြောလာလျှင် ငါသည် လူနုံလူအတစ်ဦးပုံစံ ပေါက်နေမည် မဟုတ်လော။ လူတိုင်းက ဤအဖြစ်တွင် ငါ့ကို ရိပ်စားမိသွားမည်၊ ငါ့အားနည်းချက်ကို မြင်သွားကြမည်။ ငါတစ်ခုမျှ မပြောသင့်” ဟု ဖြစ်သည်။ သုံးသပ်ဆင်ခြင်ချက်များက မည်သို့ရှိပါစေ၊ အရင်းခံ ရည်ရွယ်ချက်က မည်သို့ရှိပါစေ သူတို့သည် လူတိုင်းက သူတို့အပေါ် ရိပ်စားမိမည်ကို စိုးရွံ့နေကြသည်။ ၎င်းတို့က ၎င်းတို့၏ကိုယ်ပိုင်တာဝန်၊ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ဤအမြင်ရှုထောင့်မျိုးနှင့် သဘောထားမျိုးတို့ဖြင့် အမြဲတစေ ချဉ်းကပ်ကြသည်။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်သနည်း။ ကောက်ကျစ်သော၊ လှည့်စားသော၊ ပြီးလျှင် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား တစ်ခု ဖြစ်လေသည်။ အပေါ်ယံတွင် ၎င်းတို့သည် ၎င်းတို့ပြောနိုင်သမျှ အရာရာတိုင်းကို သူတစ်ပါးတို့အား ပြောဆိုပြီးဖြစ်သည်ဟု ထင်မြင်ရသည်။ သို့သော် အပေါ်ယံ၏အောက်တွင် ၎င်းတို့သည် အချို့ကိစ္စများကို ထိမ်ချန်ထား၏။ မည်သည့်အရာများကို ထိမ်ချန်ထားကြသနည်း။ ၎င်းတို့၏ ဂုဏ်သတင်း၊ အကျိုးစီးပွားတို့နှင့် ပတ်သက်နေသည့် အရာများကို မည်သည့်အခါမျှ ၎င်းတို့မပြောချေ။ ထိုအရာများမှာ အတွင်းရေးဖြစ်သည်ဟု ၎င်းတို့တွေးကြ၍ မည်သူ့ကိုမျှမပြော၊ ၎င်းတို့၏ မိဘများကိုပင် မပြောပေ။ ၎င်းတို့သည် ဤအရာတို့ကို လုံးဝ မပြောပေ။ ဤသည်မှာ ပြဿနာ ဖြစ်သည်။ ဤအရာများကို သင်မပြောလျှင် ဘုရားသခင်က သိမည်မဟုတ်ဟု သင်ထင်သလော။ လူများက ဘုရားသခင်သိသည်ဟု ပြောကြသည်။ သို့သော် ဘုရားသခင်သိကြောင်းကို သူတို့၏ စိတ်နှလုံးထဲတွင် သေချာနိုင်သလော။ “ဘုရားသခင်က အရာအားလုံးကို သိတော်မူ၏။ စိတ်နှလုံးထဲတွင် ငါစဉ်းစားသည့်အရာကို ထုတ်ဖော်မပြထားလျှင်ပင် ဘုရားသခင် လျှို့ဝှက်စွာ စိစစ်၏၊ ဘုရားသခင် လုံးဝ သိတော်မူ၏။ ဘုရားသခင်ထံမှ အဘယ်အရာကိုမျှ ငါဖုံးကွယ်ထား၍ မရ။ ထို့ကြောင့် ငါထုတ်ပြောမှ ရမည်။ ငါ့ညီအစ်ကိုမောင်နှမများနှင့် ပွင့်ပွင့်လင်းလင်း ပြောဆိုမှ ရမည်။ ငါ့အတွေးများနှင့် စိတ်ကူးများက ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ထိုအရာများကို ငါဟုတ်မှန်စွာ မိတ်သဟာယဖွဲ့ရမည်။ ငါသည် ကလိမ်ကကျစ်လုပ်၍ မဖြစ်၊ လိမ်လည်လှည့်ဖြား၍ မဖြစ်၊ တကိုယ်ကောင်းဆန်၍ မဖြစ်၊ သို့မဟုတ် စက်ဆုပ်စရာကောင်း၍လည်း မဖြစ်။ ရိုးသားသည့် လူတစ်ယောက် ဖြစ်ရမည်” ဟူသည်ကို လူများသည် ဘယ်သောအခါမျှ သဘောမပေါက်ကြချေ။ အကယ်၍ လူများသည် ဤနည်းအတိုင်း စဉ်းစားနိုင်လျှင် ဤသည်မှာ မှန်ကန်သော သဘောထားဖြစ်သည်။ သမ္မာတရားကို ရှာဖွေရမည့်အစား လူအများစုတွင် ၎င်းတို့၏ ကိုယ်ပိုင်သေးနုပ်သော လုပ်ငန်းစဉ်များရှိသည်။ ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများ၊ ဂုဏ်သိက္ခာ၊ အခြားသူများ၏ စိတ်ထဲတွင် ၎င်းတို့ရှိနေသည့် နေရာ သို့မဟုတ် အဆင့်အတန်းတို့သည် ၎င်းတို့အတွက် အလွန်အရေးကြီးသည်။ ၎င်းတို့ မြတ်နိုးသည်မှာ ဤအရာများသာ ဖြစ်သည်။ ၎င်းတို့သည် ဤအရာများကို လုံးဝ လက်မလွတ်စတမ်း ဖက်တွယ်ထားကြပြီး ၎င်းတို့၏ အသက်စင်စစ်တမျှ မှတ်ယူကြသည်။ ၎င်းတို့ကို ဘုရားသခင်က မည်သို့မြင်သည်၊ သို့မဟုတ် သဘောထားသည်မှာ သာမည အရေးကြီးသောအရာ ဖြစ်သည်။ အချိန်တစ်ခဏတွင် ၎င်းတို့သည် ယင်းကို လျစ်လျူရှုကြသည်။ အချိန်တစ်ခဏတွင် ၎င်းတို့သည် အဖွဲ့၏ အကြီးအကဲဖြစ်ခြင်းရှိမရှိ၊ အခြားလူတို့သည် ၎င်းတို့ကို အထင်ကြီးလေးစားပြီး ၎င်းတို့၏ စကားများသည် ဩဇာလွှမ်းမိုးနိုင်ခြင်း ရှိမရှိတို့ကိုသာ ထည့်တွက်စဉ်းစားသည်။ ၎င်းတို့ ဦးစွာအလေးထားသည့်ကိစ္စမှာ ထိုရာထူးကို နေရာယူရန်ဖြစ်သည်။ ၎င်းတို့သည် အဖွဲ့တစ်ခုတွင် ရှိသောအခါ လူအားလုံးနီးပါးက ဤအဆင့်အတန်းမျိုး၊ ဤအခွင့်အလမ်းမျိုးကို ရှာဖွေကြသည်။ ၎င်းတို့က အလွန်ပါရမီရှိပါက၊ အကြီးဆုံးသောသူဖြစ်ချင်ကြသည်မှာ အမှန်ဖြစ်၏။ ၎င်းတို့သည် အလယ်အလတ် အရည်အချင်းရှိလျှင် အဖွဲ့ထဲက ပိုမြင့်သော နေရာတွင် ရှိချင်ကြဆဲဖြစ်သည်။ ၎င်းတို့သည် အဖွဲ့တွင် နိမ့်သည့်နေရာ၌ရှိပြီး ပုံမှန်အစွမ်းအစနှင့် အရည်အချင်းရှိလျှင် ၎င်းတို့သည်သူတစ်ပါးက ၎င်းတို့အား အထင်ကြီး လေးစားသည်ကိုလည်း လိုချင်ကြလိမ့်မည်၊ မိမိတို့ကို အခြားသူများ အထင်သေးစေချင်ကြမည် မဟုတ်ပေ။ ဤလူတို့၏ ဂုဏ်သိက္ခာသည် ၎င်းတို့ သတ်မှတ်ထားသည့် စံနှုန်းဖြစ်သည်။ ဤအရာတို့ကို ၎င်းတို့က ကိုင်စွဲထားရသည်။ ၎င်းတို့တွင် သမာဓိမရှိနိုင်ကြသည့်အပြင် ဘုရားသခင်၏ နှစ်သက်သဘောကျမှု သို့မဟုတ် လက်ခံမှုကိုလည်း ၎င်းတို့မပိုင်ဆိုင်နိုင်ကြပေ။ သို့သော် ၎င်းတို့သည် အခြားသူများကြားတွင် ၎င်းတို့ရရှိဖို့ ကြိုးပမ်းထားသည့် အလေးထားခံရမှုကိုဖြစ်စေ၊ အဆင့်အတန်းကိုဖြစ်စေ၊ အထင်ကြီးမှုကိုဖြစ်စေ လုံးဝဥဿုံ အဆုံးရှုံးမခံနိုင်ကြ။ ဤသည်မှာ စာတန်၏ စိတ်သဘောထားပင် ဖြစ်သည်။ သို့ရာတွင် လူတို့သည် ဤအရာကို သတိမပြုမိကြပေ။ ၎င်းတို့သည် အဆုံးထိ ဤသိက္ခာ တစ်ပိုင်းတစ်စကို ဖက်တွယ်ထားရမည်ဆိုသည်မှာ ၎င်းတို့၏ ယုံကြည်မှုဖြစ်သည်။ ဤအချည်းနှီးဖြစ်ပြီး အပေါ်ယံဖြစ်သော အရာများကို အပြည့်အဝ စွန့်လွှတ်ပြီး ဘေးဖယ်လိုက်သည့်အခါမှသာ ၎င်းတို့သည် စစ်မှန်သော လူတစ်ဦးဖြစ်လာမည်ကို ၎င်းတို့ သတိမပြုမိကြပေ။ လူတစ်ဦးသည် စွန့်ပစ်သင့်သည့် ဤအရာများကို အသက်ကဲ့သို့ ကာကွယ်စောင့်ရှောက်နေလျှင် သူ့ဘဝကား ဆုံးပြီဖြစ်သည်။ မည်သည့်အရာကို ဆုံးရှုံးရတော့မည်ကို ၎င်းတို့ မသိကြပေ။ ထို့ကြောင့် ၎င်းတို့ ပြုမူဆောင်ရွက်သောအခါတွင် တစ်စုံတစ်ခုကို အစဉ်သဖြင့် ပြန်စွဲကိုင်ထားသည်။ မိမိတို့၏ ကိုယ်ပိုင်ဂုဏ်နှင့် အဆင့်အတန်းကို ကာကွယ်ရန် အစဉ် ကြိုးစားကြသည်။ ၎င်းတို့ကိုယ်တိုင်၏ ရည်ရွယ်ချက်ပန်းတိုင်များအတွက်သာ ပြောဆိုလျက် ၎င်းတို့၏ ကိုယ်ပိုင်အတုအယောင်ကာကွယ်မှုအတွက် ဤအရာတို့ကို ဦးစားပေးကြသည်။ ၎င်းတို့လုပ်သမျှ အရာရာတိုင်းသည် ၎င်းတို့ကိုယ်တိုင်အတွက်ဖြစ်သည်။ ထင်ပေါ်သည့်အရာ မှန်သမျှဆီသို့ ၎င်းတို့က အပြေးအလွှားသွားကြပြီး ၎င်းတို့က ထိုအရာနှင့်သက်ဆိုင်သည်ကို လူတိုင်းအား သိစေကြသည်။ အမှန်တကယ်တွင် ယင်းမှာ ၎င်းတို့နှင့် မည်သို့မျှ မသက်ဆိုင်ပေ။ သို့သော် ၎င်းတို့သည် မည်သည့်အခါမျှ အနောက်တွင် မကျန်ရစ်ခဲ့လိုပေ။ ၎င်းတို့ကို အခြားလူများက အထင်သေးကြမည်ကို အစဉ် ကြောက်ရွံ့ကြသည်။ ၎င်းတို့သည် အချည်းနှီးဖြစ်သည်၊ မည်သည့်အရာကိုမျှ လုပ်နိုင်စွမ်းမရှိ၊ မည်သည့်ကျွမ်းကျင်မှုမျှမရှိဟု အခြားလူတို့က ပြောမည်ကို ၎င်းတို့က အစဉ်သဖြင့် ကြောက်ရွံ့ကြသည်။ ဤအရာအားလုံးကို ၎င်းတို့၏ ဆိုးယုတ်သော စိတ်သဘောထားများက ညွှန်ကြားထားသည် မဟုတ်သလော။ သင်သည် သိက္ခာနှင့် အဆင့်အတန်းတို့ကဲ့သို့ အရာများကို စွန့်လွှတ်နိုင်သည့်အခါ ပို၍ သက်သောင့်သက်သာရှိပြီး လွတ်လပ်လိမ့်မည်။ သင်သည် ရိုးသားခြင်းသို့ ဦးတည်သည့်လမ်းကြောင်းပေါ်တွင် ခြေချမိလိမ့်မည်။ သို့သော် လူများစွာအတွက် ဤသည်မှာ ရရှိရန် မလွယ်ကူပေ။ ဥပမာအားဖြင့် ကင်မရာပေါ်လာသောအခါတွင် လူတို့သည် အရှေ့သို့ အလုအယက်တိုးဝှေ့ကြသည်။ ကင်မရာရှေ့တွင် ၎င်းတို့၏မျက်နှာ ထားရသည်ကို နှစ်သက်ကြသည်။ ပို၍ပါဝင်လေလေ ကောင်းလေလေဖြစ်သည်။ လုံလောက်စွာ ပါဝင်ခြင်းမရှိမည်ကို ကြောက်ရွံ့ကြပြီး ပါဝင်ရရန် အခွင့်အရေးအတွက် မည်သည့်အဖိုးအခကိုမဆို ပေးကြလိမ့်မည်။ ဤအရာအားလုံးကို ၎င်းတို့၏ ဆိုးယုတ်သော စိတ်သဘောထားက ညွှန်ကြားသည်မဟုတ်သလော။ ဤအရာတို့သည် ၎င်းတို့၏ ဆိုးယုတ်သော စိတ်သဘောထားများဖြစ်သည်။ ဤသို့ဆိုလျှင် သင်သည် ပါဝင်ရသည်။ ပြီးနောက်တွင် ဘာဖြစ်သနည်း။ လူတို့သည် သင့်ကို အထင်ကြီးကြသည်။ ထိုအခါ ဘာဖြစ်သနည်း။ ၎င်းတို့က သင့်ကို ကြည်ညိုကြသည်။ ထိုအခါ ဘာဖြစ်သနည်း။ ဤအရာတစ်ခုတလေက သင့်ထံ၌ သမ္မာတရား စစ်မှန်မှု ရှိသည်ဟု သက်သေပြသလော။ ဤအရာထဲမှ မည်သည့်အရာကမျှ တန်ဖိုးတစ်ခုတစ်လေ မရှိပေ။ ဤအရာတို့ကို သင်ကျော်လွှားနိုင်သောအခါ၊ ယင်းတို့ကို သင်စိတ်မဝင်စားသောအခါ၊ အရေးကြီးသည်ဟု မခံစားရတော့သောအခါ၊ သိက္ခာ၊ မာန၊ အဆင့်အတန်းနှင့် လူတို့၏ လေးစားအားကျခြင်းတို့က သင်၏တာဝန်ကို သင်ထမ်းဆောင်ပုံကိုမဆိုထားနှင့်၊ သင်၏ အတွေးများနှင့် အပြုအမူကိုပင် ထိန်းချုပ်မှုမရှိသောအခါတွင် သင်၏တာဝန်အပေါ် သင်၏ စွမ်းဆောင်မှုသည် အစဉ်ပို၍ ထိရောက်လိမ့်မည်ဖြစ်ပြီး အစဉ်ပို၍ ဖြူစင်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး

သင်သည် သမ္မာတရားကို ချစ်သောသူတစ်ယောက်ဖြစ်ပြီး၊ သမ္မာတရားကို လက်ခံနိုင်သောသူဖြစ်လျှင် ရိုးသားသူဖြစ်ခြင်းသည် အလွန်ခက်ခဲမည်မဟုတ်ပေ။ များစွာပို၍ လွယ်ကူသည်ဟု သင် ခံစားရလိမ့်မည်။ ရိုးသားသူတစ်ယောက်ဖြစ်ခြင်းအတွက် အကြီးမားဆုံးသော အတားအဆီးများမှာ လူတို့၏ မသိမသာဒုက္ခပေးခြင်း၊ လှည့်စားမှု၊ မလိုမုန်းထားမှု၊ လူတို့၏ စက်ဆုပ်ဖွယ် ရည်ရွယ်ချက်များဖြစ်သည်ဆိုသည်ကို ကိုယ်တွေ့ အတွေ့အကြုံရှိသောသူများက ကောင်းစွာသိသည်။ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက ကျန်ရှိနေသရွေ့ ရိုးသားသူတစ်ယောက်ဖြစ်ခြင်းက အလွန်ခက်ခဲလိမ့်မည်။ သင်တို့အားလုံးသည် ရိုးသားသူတစ်ယောက်ဖြစ်ရန် လေ့ကျင့်နေကြသည်။ ထို့ကြောင့် ဤကိစ္စတွင် သင်တို့၌ အတွေ့အကြုံအချို့ရှိသည်။ သင်တို့၏ အတွေ့အကြုံမှာ အဘယ်သို့ဖြစ်သနည်း။ (နေ့စဉ် ကျွန်ုပ်ပြောသော အဓိပ္ပာယ်မရှိသောစကားများနှင့် ကျွန်ုပ်ပြောခဲ့သော မုသားများအားလုံးကို ကျွန်ုပ်ချရေးသည်။ ထို့နောက်တွင် မိမိကိုယ်ကို ဆန်းစစ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးသည်။ ဤလိမ်ညာမှု အများစု၏ နောက်ကွယ်တွင် ရည်ရွယ်ချက်တစ်မျိုးမျိုးရှိကြောင်း၊ မာန်မာနအတွက်၊ သိက္ခာဆယ်ဖို့အတွက် ထိုအရာများကို ကျွန်ုပ်ပြောခဲ့ခြင်း ဖြစ်ကြောင်းကို တွေ့ရသည်။ ကျွန်ုပ်ပြောသည့်အရာက သမ္မာတရားနှင့်မညီသည်ကို သတိပြုမိသော်လည်း လိမ်ညာပြီး ဟန်မဆောင်ဘဲ မနေနိုင်ပါ။) ဤသည်မှာ ရိုးသားသူတစ်ယောက်ဖြစ်ခြင်းနှင့်ပတ်သက်ပြီး အလွန်ခက်ခဲသောအရာ ဖြစ်သည်။ ထိုအရာကို သင် သတိပြုမိခြင်းရှိမရှိက အရေးမကြီးပေ။ အဓိကအချက်မှာ သင်သည် သင်၏ ရည်ရွယ်ချက်များကို ရရှိရန်အတွက်၊ သင်၏ ကိုယ်ပိုင်ပုံရိပ်နှင့် သိက္ခာကို ထိန်းသိမ်းရန်အတွက် သင်လုပ်သည့်အရာက မှားသည်ကို သိလျက်ဖြင့် ခေါင်းမာစွာ ဆက်လိမ်ညာခြင်းဖြစ်သည်။ မသိနားမလည်ခြင်းကြောင့်ဖြစ်သည်ဟု ပြောဆိုလျှင် လိမ်ညာခြင်းပင်ဖြစ်သည်။ ရိုးသားသူတစ်ယောက်ဖြစ်ခြင်းအတွက် အဓိကအချက်မှာ သင်၏ စေ့ဆော်မှုများ၊ ရည်ရွယ်ချက်များ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန်ဖြစ်သည်။ ဤသည်မှာ မုသားပြောသည့် ပြဿနာကို အရင်းအမြစ်မှနေ၍ ဖြေရှင်းရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ မိမိ၏ တစ်ကိုယ်ရေပန်းတိုင်များကို ရရှိရန်အတွက်၊ ဆိုလိုသည်မှာ မိမိကိုယ်တိုင် အကျိုးအမြတ်ရရှိရန်၊ အခြေအနေတစ်ခုကို အခွင့်ကောင်းယူရန်၊ မိမိကိုယ်ကို အမြင်ကောင်းစေရန်၊ သို့မဟုတ် အခြားလူများ၏ ထောက်ခံမှုကို ရရှိရန်တို့ဖြစ်သော ဤအရာများသည် မုသားများပြောဆိုသောအခါ လူတို့၏ ရည်ရွယ်ချက်များ၊ ဦးတည်ချက်များဖြစ်သည်။ ဤသို့သော လိမ်ညာမှုမျိုးက ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ထုတ်ဖော်ပြသည်။ ဤသည်မှာ မုသားများပြောဆိုခြင်းနှင့်ပတ်သက်ပြီး သင်လိုအပ်သည့် ပိုင်းခြားသိမြင်မှုဖြစ်သည်။ ဤသို့ဆိုလျှင် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မည်သို့ ဖြေရှင်းသင့်သနည်း။ ဤအရာအားလုံးက သင့်အနေဖြင့် သမ္မာတရားကို ချစ်ခြင်းရှိမရှိဆိုသည့်အပေါ်တွင် မူတည်သည်။ သင်သည် သမ္မာတရားကို လက်ခံနိုင်ပြီး သင့်ကိုယ်သင် ထောက်ခံခြင်းမရှိဘဲ ပြောဆိုနိုင်လျှင်၊ သင်၏ ကိုယ်ပိုင်အကျိုးစီးပွားအား ထည့်သွင်းစဉ်းစားခြင်းကို ရပ်တန့်ပြီး ထိုအစား အသင်းတော်အလုပ်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ဘုရားသခင်ရွေးချယ်ထားသောသူများ၏ အကျိုးစီးပွားများကို ထည့်သွင်းစဉ်းစားနိုင်လျှင်၊ မုသားများပြောဆိုခြင်းကို သင် ရပ်တန့်လိမ့်မည်။ မှန်မှန်ကန်ကန်ဖြင့် ရိုးရိုးတန်းတန်း ပြောဆိုနိုင်လိမ့်မည်။ ဤဝိညာဉ်ရင့်ကျက်မှုမရှိလျှင် သင်သည် မှန်မှန်ကန်ကန် ပြောဆိုနိုင်မည်မဟုတ်ဘဲ သင်၏ ဝိညာဉ်ရင့်ကျက်မှုသည် နည်းပါးပြီး သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်နိုင်ခြင်းမရှိသည်ကို သက်သေပြနေပေမည်။ ထို့ကြောင့် ရိုးသားသူတစ်ယောက်ဖြစ်ခြင်းသည် သမ္မာတရားအား နားလည်ခြင်းဖြစ်စဉ်၊ ဝိညာဉ်ရင့်ကျက်မှု ကြီးထွားခြင်းဖြစ်စဉ် လိုအပ်သည်။ ဤအရာကို ဤသို့ ကြည့်ရှုသောအခါတွင် အတွေ့အကြုံရှစ်နှစ်မှ ဆယ်နှစ်အထိမရှိဘဲ ရိုးသားသူတစ်ယောက်ဖြစ်ရန် မဖြစ်နိုင်ပေ။ ဤကာလသည် အသက်တာတွင် ကြီးထွားတိုးတက်ခြင်း ဖြစ်စဉ်၊ သမ္မာတရားအားနားလည်ခြင်း၊ ရရှိခြင်း ဖြစ်စဉ် ဖြစ်သည်။ လူအချို့က “လိမ်ညာခြင်း၏ ပြဿနာကို ဖြေရှင်းခြင်း၊ ရိုးသားသူတစ်ယောက်ဖြစ်ခြင်းသည် အမှန်တကယ်ပင် ဤမျှခက်သလော”ဟု မေးကောင်းမေးနိုင်သည်။ ဤသည်မှာ မည်သူနှင့်ပတ်သက်၍ ပြောသည်ဆိုသည့်အပေါ်တွင် မူတည်သည်။ သမ္မာတရားကို ချစ်သောသူတစ်ယောက်ဖြစ်လျှင် အချို့သော အမှုကိစ္စများနှင့်ပတ်သက်လာသည့်အခါ သူသည် လိမ်ညာခြင်းကို စွန့်လွှတ်နိုင်လိမ့်မည်။ သို့သော် သမ္မာတရားကို မချစ်သောသူဖြစ်လျှင် လိမ်ညာပြောဆိုခြင်းကို စွန့်လွှတ်ခြင်းသည် ပို၍ပင် ခက်ခဲလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်

ရိုးသားမှုအတွက် ဘုရားသခင်၏ တောင်းဆိုမှုမှာ အလွန်အမင်း အရေးကြီးသည်။ အကယ်၍ သင်သည် ရိုးသားမှုကို လက်တွေ့လုပ်ဆောင်စဉ် ရှုံးနိမ့်မှုများစွာကို တွေ့ကြုံရပြီး ယင်းကို အလွန့်အလွန် ခက်ခဲသည်ဟု မြင်ရပါက သင် ဘာလုပ်သင့်သနည်း။ အပျက်သဘောဆောင်လာပြီး နောက်တွန့်ကာ သမ္မာတရားအား သင်၏ လက်တွေ့လုပ်ဆောင်မှုကို စွန့်လွှတ်သင့်သလော။ ဤသည်မှာ လူတစ်ဦးအနေဖြင့် သမ္မာတရားအား ချစ်သည်၊ မချစ်သည်နှင့် ပတ်သက်၍ အရှင်းလင်းဆုံးသော နိမိတ်လက္ခဏာ ဖြစ်၏။ အချိန်ကာလ အပိုင်းအခြားတစ်ခုအထိ ရိုးသားမှုကို လက်တွေ့လုပ်ဆောင်ပြီးနောက် လူပုဂ္ဂိုလ်အချို့က “ရိုးသားခြင်းသည် အလွန်ခက်ခဲ၏။ ကျွန်ုပ်၏ ဝင့်ဝါမှု၊ မာန်မာနနှင့် ဂုဏ်သတင်းအပေါ် ယင်းက‌ပေးသည့် ထိခိုက်မှုကို ကျွန်ုပ်မခံနိုင်” ဟု တွေးကြသည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် ဆက်လက်၍ မရိုးသားလိုကြတော့ပေ။ အမှန်မှာမူ ဤသည်မှာ ရိုးသားသော လူတစ်ဦးဖြစ်ခြင်းနှင့်ပတ်သက်သော အခက်အခဲ ရှိသည့်နေရာ ဖြစ်ပြီး လူပုဂ္ဂိုလ်အများစုက ဤအချက်၌ ပိတ်မိနေကြောင်း သူတို့ကိုယ်သူတို့ မြင်ကြပြီး ယင်းကို မတွေ့ကြုံနိုင်ကြပေ။ သို့ဆိုလျှင် ရိုးသားသော လူတစ်ဦးဖြစ်ခြင်းကို လက်တွေ့လုပ်ဆောင်ဖို့ မည်သည့်အရာ လိုသနည်း။ မည်သို့သောလူစားမျိုးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သနည်း။ ပထမဦးဆုံး လူတစ်ဦးသည် သမ္မာတရားကို ချစ်ရမည်။ လူတစ်ဦးသည် သမ္မာတရားကိုချစ်သော လူတစ်ဦးဖြစ်ရမည်။ ယင်းမှာ သေချာ၏။ လူအချို့သည် ရိုးသားမှုကို လက်တွေ့ကျင့်သုံးခြင်းကို နှစ်အတန်ကြာ တွေ့ကြုံလာပြီးနောက် ရလဒ်များကို အမှန်တကယ် ရရှိကြသည်။ ၎င်းတို့သည် မိမိတို့၏ မုသားများနှင့် လိမ်လည်လှည့်ဖြားမှုကို တဖြည်းဖြည်းချင်း လျှော့ချပြီး အခြေခံအားဖြင့် ရိုးသားသောလူများ အမှန်တကယ် ဖြစ်လာကြသည်။ ၎င်းတို့သည် ရိုးသားမှုကို လက်တွေ့လုပ်ဆောင်သည့် မိမိတို့၏ အတွေ့အကြုံ အတောအတွင်းတစ်လျှောက် အခက်အခဲများကို ရင်ဆိုင်ခြင်း သို့မဟုတ် ဆင်းရဲဒုက္ခမခံခဲ့သည်မှာ ဖြစ်နိုင်သလော။ ၎င်းတို့သည် ဆင်းရဲဒုက္ခ အမြောက်အမြားကို ခံစားခဲ့ရသည်မှာ အသေချာဆုံးပင်။ ယင်းမှာ ၎င်းတို့သည် သမ္မာတရားကို ချစ်သောကြောင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်လည်းကောင်း၊ မှန်ကန်ရိုးသားစွာ စကားပြောမြဲပြောခြင်းနှင့် လက်တွေ့ကျသော အရာများအား လုပ်ဆောင်ခြင်းကို မဆုတ်မနစ်ပြုလုပ်ရန်လည်းကောင်း၊ ရိုးသားသော လူများဖြစ်ရန်နှင့် နောက်ဆုံးတွင် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို ရရှိရန်လည်းကောင်း ဆင်းရဲဒုက္ခ ခံနိုင်ခဲ့ကြသည်။ ရိုးသားသော လူတစ်ဦးဖြစ်ရန်အတွက် သမ္မာတရားကို ချစ်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံးကို ပိုင်ဆိုင်ရမည်။ ဤအချက်နှစ်ခုမှာ အရေးကြီးဆုံးဖြစ်၏။ သမ္မာတရားကို ချစ်သောသူတို့အားလုံး၌ ဘုရားသခင်ကို ချစ်သော စိတ်နှလုံးရှိသည်။ ထို့ပြင် ဘုရားသခင်ကို ချစ်သောသူတို့က သမ္မာတရားအား လက်တွေ့လုပ်ဆောင်ရသည်ကို အထူးသဖြင့် လွယ်ကူကြောင်း မြင်ကြပြီး ဘုရားသခင်ကို ကျေနပ်စေဖို့အတွက် မည်သည့်ဒုက္ခပုံစံကိုမဆို သည်းခံနိုင်ကြသည်။ အကယ်၍ လူတစ်ဦးသည် ဘုရားသခင်ကို ချစ်သော စိတ်နှလုံးရှိပါက သမ္မာတရားအား ၎င်းတို့လက်တွေ့လုပ်ဆောင်ခြင်းက အရှက်ကွဲခြင်း သို့မဟုတ် ဆုတ်ဆိုင်းမှုနှင့် ရှုံးနိမ့်မှုများကို ကြုံရသောအခါ ဘုရားသခင် ကျေနပ်နေသရွေ့ ဘုရားသခင်ကို ကျေနပ်အားရစေဖို့ အရှက်ကွဲခြင်းနှင့် ဆင်းရဲဒုက္ခကို သည်းခံနိုင်မည်ဖြစ်သည်။ ထို့အတွက်ကြောင့် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းတွင် အခက်အခဲ အတိုင်းအတာတစ်ခုခု တွဲ၍ပါလာပြီး ရိုးသားသောလူတစ်ဦးဖြစ်ခြင်းက ပို၍ပင် ခက်ခဲသည်မှာ ပြောစရာမလိုပေ။ အကြီးမားဆုံး အခက်အခဲမှာ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့်ဆိုင်သော အဟန့်အတားပင် ဖြစ်၏။ လူသားအားလုံး၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြပြီး စာတန်ဆန်သော အတွေးအခေါ်များအတိုင်း အသက်ရှင်ကြသည်။ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” သို့မဟုတ် “မုသားမပြောဘဲ ဘာကိုမျှ ရယူအောင်မြင်နိုင်မည်မဟုတ်” ဟူသည့် ဆိုးရိုးစကားများကို သာဓကယူလော့။ ဤသည်တို့မှာ စာတန်ဆန်သော အတွေးအခေါ်များနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့၏ ဥပမာများဖြစ်သည်။ လူတို့သည် အမှုအရာများ ပြီးမြောက်စေရန်၊ ကိုယ်ကျိုးများ ရရှိရန်နှင့် ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်များ ဖြစ်မြောက်စေရန်အတွက် မုသားဆိုခြင်းကို အားကိုးကြရသည်။ လူတစ်ဦးသည် ဤကဲ့သို့ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုးကို ပိုင်ဆိုင်သောအခါ ရိုးသားသောလူတစ်ဦး ဖြစ်ရန်မလွယ်ချေ။ ဘုရားသခင်ထံ ဆုတောင်းပြီး သူ့ကို အမှီပြုရမည် ဖြစ်သည့်အပြင် မိမိကိုယ်ကို မကြာခဏ ပြန်လည်သုံးသပ် ဇာတိပကတိကို ဖြည်းဖြည်းချင်း တွန်းလှန်ဖို့အတွက် မိမိကိုယ်ကို သိလာရမည်ဖြစ်ကာ မိမိကိုယ်ကျိုးကို စွန့်ပြီး ဝင့်ဝါခြင်းနှင့် မာန်မာနကို လက်လွှတ်ရမည် ဖြစ်သည်။ ထို့ထက်မက သမ္မာတရားကို ပြောပြီး မုသားဆိုခြင်းမှ ရှောင်ကြဉ်နိုင်သည့် ရိုးသားသောလူတစ်ဦး ဖြစ်မလာနိုင်မီတွင် အသရေဖျက်ခြင်းနှင့် တရားစီရင်ခြင်း အမျိုးမျိုးကို သည်းခံရမည်။ ရိုးသားသော လူတစ်ဦးဖြစ်ခြင်းကို လက်တွေ့လုပ်‌ဆောင်သည့်ကာလအတွင်းတွင် ရှုံးနိမ့်မှုများစွာနှင့် မိမိ၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖော်ထုတ်ခံရသော အခိုက်အတန့်များကို ကြုံတွေ့ခြင်းက ရှောင်လွှဲ၍မရပေ။ လူတစ်ဦး၏ စကားများနှင့် စိတ်ကူးများက မကိုက်ညီသည့် အချိန်များ သို့မဟုတ် ဟန်ဆောင်မှုနှင့် လှည့်ဖြားမှုရှိသော အခိုက်အတန့်များ ရှိကောင်းရှိနိုင်သည်။ သို့ရာတွင် သင့်အပေါ် မည်သည့်အရာ ကျရောက်သည်ဖြစ်စေ သင်သည် အမှန်တရားကို ပြောပြီး ရိုးသားသော လူတစ်ဦးဖြစ်လိုလျှင် သင်၏ မာန်မာနနှင့် ဝင့်ဝါမှုကို လက်လွှတ်နိုင်ရမည်။ တစ်စုံတစ်ခုကို သင် နားမလည်သောအခါ သင် နားမလည်ကြောင်း ပြောလော့။ တစ်စုံတစ်ခုကို သင် မရှင်းလင်းသောအခါ သင် မရှင်းလင်းကြောင်း ပြောလော့။ အခြားသူများက သင့်အား အထင်သေးမည် သို့မဟုတ် သင့်အား လျှော့၍တွေးမည်ကို မကြောက်နှင့်။ စိတ်ရင်းအတိုင်း တစ်သမတ်တည်း စကားပြောခြင်းနှင့် ဤနည်းအတိုင်း အမှန်တရားကို ပြောခြင်းဖြင့် သင့်စိတ်နှလုံးထဲတွင် ပျော်ရွှင်မှု၊ ငြိမ်သက်ခြင်းနှင့် လွတ်လပ်ခြင်း၊ လွတ်မြောက်ခြင်းအသိတို့ကို တွေ့ရှိမည်ဖြစ်ပြီး သင့်အား ဝင့်ဝါမှုနှင့် မာန်မာနတို့က နောက်ထပ် ဘောင်ခတ်တော့မည် မဟုတ်ပေ။ မည်သူနှင့် ပေါင်းသင်းဆက်ဆံသည် ဖြစ်စေ သင် အမှန်တကယ် စဉ်းစားသည့်အရာကို ဖော်ပြနိုင်သည်၊ အခြားသူများအား သင့်စိတ်နှလုံးကို ဖွင့်ဟနိုင်သည်၊ ပြီးလျှင် သင်မသိသည့် အရာများအား သိယောင်မဆောင်လျှင် ယင်းမှာ ရိုးသားသော သဘောထားဖြစ်သည်။ သင်သည် အမှန်တရားကို အမြဲတမ်း ပြောသောကြောင့် တစ်ခါတစ်ရံ လူတို့က သင့်အား အထင်သေးကောင်းသေးပြီး မိုက်မဲသည်ဟု ခေါ်ကောင်းခေါ်နိုင်သည်။ ထိုသို့သော အခြေအနေမျိုးတွင် သင် ဘာလုပ်သင့်သနည်း။ သင်သည် “လူတိုင်းက ကျွန်ုပ်အား မိုက်မဲသည်ဟု ခေါ်လျှင်ပင် ရိုးသားသော လူတစ်ဦးဖြစ်ပြီး လိမ်လည်လှည့်ဖြားသော လူတစ်ဦး မဖြစ်ဖို့ ကျွန်ုပ် စိတ်ပိုင်းဖြတ်သည်။ ကျွန်ပ်သည် မှန်ကန်ရိုးသားစွာနှင့် အချက်အလက်များအတိုင်း စကားပြောမည်။ ကျွန်ုပ်သည် ဘုရားရှေ့၌ ညစ်ညမ်းရိုင်းစိုင်းပြီး ဖောက်ပြန်ပျက်စီးကာ အသုံးမကျသော်လည်း ဟန်ဆောင်မှု သို့မဟုတ် ဖုံးကွယ်မှုမရှိဘဲ အမှန်တရားကို ပြောနေဦးမည်” ဟု ပြောသင့်သည်။ သင်သည် ဤပုံစံအတိုင်း စကားပြောလျှင် သင့်စိတ်နှလုံးက တည်ငြိမ်ပြီး အေးချမ်းမည်ဖြစ်၏။ ရိုးသားသော လူတစ်ဦးဖြစ်ဖို့အတွက် သင်၏ ဝင့်ဝါမှုနှင့် မာန်မာနကို လက်လွှတ်ရမည်ဖြစ်ပြီး အမှန်တရားကို ပြောရန်နှင့် သင်၏ စစ်မှန်သော ခံစားချက်များကို ဖော်ပြရန်အတွက် အခြားသူများ၏ လှောင်ပြောင်သရော်မှုနှင့် အထင်သေးခြင်းကို မကြောက်သင့်ပေ။ အခြားသူများက သင့်အား အရူးတစ်ယောက်ကဲ့သို့ သဘောထားလျှင်ပင် ငြင်းခုံခြင်း သို့မဟုတ် သင့်ကိုယ်သင် ခုခံကာကွယ်ခြင်း မပြုသင့်ပေ။ အကယ်၍ သင်သည် ဤပုံစံအတိုင်း သမ္မာတရားအား လက်တွေ့လုပ်ဆောင်နိုင်လျှင် ရိုးသားသော လူတစ်ဦး ဖြစ်လာနိုင်သည်။ အကယ်၍ သင်သည် ဇာတိပကတိဆိုင်ရာ နှစ်သက်မှုများအပြင် ဝင့်ဝါမှုနှင့် မာန်မာနကို လက်မလွှတ်နိုင်လျှင်၊ အခြားသူများ၏ အသိအမှတ်ပြုခြင်းကို အစဉ်သဖြင့် ရှာဖွေလျက် သင်မသိသည့်အရာကို သိယောင်ဆောင်ပြီး ဝင့်ဝါမှုနှင့် မာန်မာနအတွက် အသက်ရှင်နေထိုင်လျှင် သင်သည် ရိုးသားသော လူတစ်ဦး ဖြစ်မလာနိုင်ပေ။ ဤသည်မှာ လက်တွေ့ကျသော အခက်အခဲဖြစ်၏။ သင်၏ စိတ်နှလုံးကို ဝင့်ဝါမှုနှင့် မာန်မာနက အစဉ်အမြဲ ဘောင်ခတ်နေလျှင် သင်သည် မုသားဆိုခြင်းနှင့် အ‌ပေါ်ယံတန်ဆာဆင်ခြင်းကို ပြုနိုင်ဖွယ်ရှိလိမ့်မည်။ ထို့ထက်မက အခြားသူများက သင့်အား သေးသိမ်စေသောအခါ သို့မဟုတ် သင်၏ အဖြစ်မှန်အား ဖော်ထုတ်သောအခါ သင်သည် ယင်းကိုလက်ခံရန် အခက်အခဲရှိမည်ဖြစ်ပြီး အရှက်ရခြင်းကြီးစွာ ခံစားလိုက်ရသည်ဟု သင် ခံစားရမည်ဖြစ်ကာ သင်၏မျက်နှာသည် နီရဲသွားမည်၊ သင်၏ နှလုံးက အခုန်မြန်မည်၊ ပြီးလျှင် သင်သည် စိတ်လှုပ်ရှားသွားပြီး နေမထိထိုင်မသာ ဖြစ်နေမည်ဖြစ်သည်။ ဤပြဿနာကို ဖြေရှင်းဖို့အတွက် သင့်အနေဖြင့် အနည်းငယ်ပို၍ ဒုက္ခခံစားပြီး အနည်းငယ်ပို၍ စစ်ဆေးခြင်း ကြုံရဖို့ လိုမည်ဖြစ်သည်။ ပြဿနာ၏ အရင်းအမြစ် အဘယ်မှာရှိသည်ကို နားလည်ဖို့လိုမည်ဖြစ်ပြီး ဤကိစ္စများကို ထိုးထွင်းသိမြင်ရသည်နှင့် သင်သည် သင်၏ဝေဒနာအချို့ကို ပြေပျောက်စေနိုင်မည် ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော ဤစိတ်သဘောထားများကို လုံးစေ့ပတ်စေ့ နားလည်ပြီးသောအခါနှင့် သင်၏ ဝင့်ဝါမှုနှင့် မာန်မာနကို စွန့်လွှတ်နိုင်သောအခါ သင့်အနေဖြင့် ရိုးသားသောလူတစ်ဦး ဖြစ်လာဖို့ ပို၍လွယ်ကူမည်ဖြစ်သည်။ သင် အမှန်တရားပြောပြီး သင့်စိတ်ထဲတွင် ရှိသည့်အတိုင်း ပြောပြသောအခါ အခြားသူတို့က သင့်အား ရယ်သွမ်းသွေးလျှင် အရေးစိုက်မည် မဟုတ်သည့်အပြင် အခြားသူများက သင့်အား မည်သို့ အကဲဖြတ်သည် သို့မဟုတ် မည်သို့ သဘောထားသည်ဖြစ်စေ ယင်းကို သင် ခံနိုင်မည်ဖြစ်ပြီး မှန်မှန်ကန်ကန် တုံ့ပြန်နိုင်မည်ဖြစ်သည်။ ထိုအခါ သင်သည် ဆင်းရဲဒုက္ခခံရခြင်းမှ လွတ်မည်ဖြစ်ကာ သင့်စိတ်နှလုံးသည် အမြဲတမ်း ငြိမ်သက်ကာ ဝမ်းမြောက်နေမည် ဖြစ်ပြီး လွတ်လပ်မှုနှင့် လွတ်မြောက်ရေးကို ရရှိမည်ဖြစ်သည်။ ဤနည်းအားဖြင့် သင်သည် ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ရှားပြီး လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်မည်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ရိုးသားသောသူလူတစ်ဦးကသာ စစ်မှန်သော လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်နိုင်သည်

ဆက်စပ်မှုရှိသော ဇာတ်ကားကောက်နုတ်ချက်များ

လိမ်ညာခြင်းနှင့် လှည့်စားခြင်းပြဿနာကို မည်သို့ဖြေရှင်းရမည်နည်း

ဆက်စပ်မှုရှိသော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ

ကယ်တင်ခံရဖို့ သင်ရိုးသားလာရမည်

ကျွန်ုပ်၏ ကောက်ကျစ်မှုနှင့် လိမ်လည်လှည့်ဖြားမှုကို ဖြေရှင်းပုံ

ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ

ရိုးသောသူတို့အား ဘုရားသခင်ကောင်းချီးပေးတော်မူ၏

သင်ပြုသမျှသောအရာခပ်သိမ်း၌ ဘုရားသခင်၏စောင်ကြည့်မှတ်သားခြင်းကိုသင်လက်ခံသင့်ပေသည်

ရိုးသားသူတစ်ဦး ဖြစ်ရန် ဤသို့ ၀မ်းမြောက်ခြင်း

အရှေ့သို့- ၃၀။ ကယ်တင်ခြင်းရယူရန်အတွက် ရိုးသားသူတစ်ယောက် ဖြစ်ရမည့် အကြောင်းအရင်း

နောက်တစ်ခုသို့- ၃၂။ ဘုရားသခင်၏ စိစစ်ခြင်းကို လက်ခံနည်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။