၆။ လူတို့အား မိမိခံစားချက်နှင့်အညီ ဆက်ဆံခြင်းပြဿနာကို ဖြေရှင်းနည်း
နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ
အနှစ်သာရအရ ခံစားချက်များသည် မည်သည့်အရာနည်း။ ယင်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အမျိုးအစားတစ်ခုဖြစ်သည်။ ခံစားချက်များ၏ သရုပ်သကန်များကို စကားလုံးအချို့ကို အသုံးပြုခြင်းအားဖြင့် ဖော်ပြနိုင်သည်။ မျက်နှာသာပေးခြင်း၊ အခြားသူများကို စည်းမျဉ်းနှင့်မညီဘဲ ကာကွယ်ပေးခြင်း၊ ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများကို ထိန်းသိမ်းခြင်း၊ ဘက်လိုက်ခြင်း၊ ဤအရာတို့သည် ခံစားချက်များဖြစ်သည်။ လူတို့၏ ခံစားချက်များရှိခြင်းနှင့် ယင်းတို့ဖြင့် အသက်ရှင်ခြင်း၏ ဖြစ်နိုင်သည့် အကျိုးဆက်များမှာ အဘယ်နည်း။ ဘုရားသခင်သည် အဘယ်ကြောင့် လူတို့၏ ခံစားချက်များကို အစက်ဆုပ်ဆုံး ဖြစ်သနည်း။ လူအချို့သည် မိမိတို့ ခံစားချက်များ၏ ဘောင်ခတ်ခြင်းကို အမြဲခံရကြသည်။ သမ္မာတရားကို ၎င်းတို့ လက်တွေ့မလုပ်ဆောင်နိုင်ကြသကဲ့သို့ ဘုရားသခင်ကို ကျိုးနွံနာခံရန် ဆန္ဒရှိကြသော်လည်း ကျိုးနွံနာခံနိုင်ခြင်း မရှိကြပေ။ ထို့ကြောင့် ၎င်းတို့၏ ခံစားချက်များအားဖြင့် ၎င်းတို့ အလွန်အမင်း စိတ်ဆင်းရဲကြရသည်။ သမ္မာတရားကို နားလည်သော်လည်း လက်တွေ့မလုပ်ဆောင်နိုင်သည့် လူများစွာရှိသည်။ ဤအရာသည်လည်း ခံစားချက်များ၏ ဘောင်ခတ်ခြင်းကို ၎င်းတို့ခံရသောကြောင့် ဖြစ်သည်။ ဥပမာအားဖြင့် လူအချို့သည် မိမိတို့တာဝန်များကို ထမ်းဆောင်ရန် မိမိတို့အိမ်များကို စွန့်ခွာကြသော်လည်း မိမိတို့ မိသားစုအကြောင်းကို နေ့ရောညပါ အမြဲ စဉ်းစားနေကြပြီး မိမိတို့၏တာဝန်များကို ကောင်းစွာ မထမ်းဆောင်နိုင်ကြပေ။ ဤသည်မှာ ပြဿနာတစ်ခု မဟုတ်လော။ လူအချို့သည် တိတ်တခိုးကြိုက်ရသောသူများ ရှိကြပြီး ၎င်းတို့၏ စိတ်နှလုံးများတွင် ထိုလူအတွက်သာ နေရာတစ်ခုရှိသည်။ ယင်းက ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုကို ထိခိုက်စေသည်။ ဤသည်မှာ ပြဿနာတစ်ခု ဖြစ်သည် မဟုတ်လော။ လူအချို့သည် အခြားသူများကို လေးစားကာ ပုဂ္ဂိုလ်ရေးကိုးကွယ်ကြသည်။ ထိုလူမှလွဲ၍ မည်သူ့ကိုမျှ ၎င်းတို့ စကားနားမထောင်ကြသည်မှာ ဘုရားသခင် ပြောသည့်အရာကိုပင် နားမထောင်ကြသည့် အတိုင်းအတာထိ ဖြစ်သည်။ အခြားတစ်စုံတစ်ဦးက ၎င်းတို့နှင့်အတူ သမ္မာတရား မိတ်သဟာယပြုလျှင်ပင် လက်ခံကြမည်မဟုတ်။ ထိုလူ၏ စကားများကိုသာ၊ မိမိတို့ အသည်းကြော်၏ စကားများကိုသာ နားထောင်ကြသည်။ လူအချို့သည် မိမိတို့၏ စိတ်နှလုံးများတွင် အသည်းကြော်တစ်ဦး ရှိကြပြီး ၎င်းတို့၏ အသည်းကြော်အကြောင်း ပြောဆိုရန် သို့မဟုတ် ထိပါးရန် အခြားလူတို့ကို အခွင့်မပေးကြပေ။ ၎င်းတို့ အသည်းကြော်၏ ပြဿနာများအကြောင်းကို တစ်ဦးတစ်ယောက်က ပြောဆိုလျှင် ၎င်းတို့ ဒေါသထွက်လာကြပြီး မိမိတို့ အသည်းကြော်ကို ခုခံကာကွယ် ပြောဆိုပေးရပြီး ထိုလူ၏ စကားကို ပြောင်းလဲအောင် လုပ်ကြသည်။ မိမိတို့ အသည်းကြော်ကို အကာအကွယ်မဲ့ မတရားမှု ခံစားခွင့်ပေးကြမည်မဟုတ်သကဲ့သို့ မိမိတို့ အသည်းကြော်၏ နာမည်ဂုဏ်သတင်းကို ကာကွယ်ရန် အစွမ်းကုန် လုပ်ဆောင်ကြလေသည်။ ၎င်းတို့၏ စကားများမှတစ်ဆင့် ၎င်းတို့ အသည်းကြော်၏ အမှားက အမှန်ဖြစ်လာပြီး လူတို့အား စစ်မှန်သည့်စကားများ ပြောခွင့်ကိုဖြစ်စေ၊ ထိုအမှားများ ဖော်ထုတ်ခွင့်ကိုဖြစ်စေ မပေးကြပေ။ ဤသည်မှာ ဘက်လိုက်ခြင်း ဖြစ်သည်။ ဤအရာများကို ခံစားချက်များဟု ခေါ်သည်။ ခံစားချက်များသည် မိမိ၏ မိသားစုအပေါ်သာ ရှေးရှုသလော။ (မဟုတ်ပါ။) ခံစားချက်များက အတော်လေး ကျယ်ပြန့်သည်။ ယင်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်မျိုးဖြစ်သည်။ မိသားစုဝင်များကြား သွေးသား ဆက်နွှယ်မှုများနှင့်သာ ပတ်သက်သည်မဟုတ်၊ ထိုနယ်ပယ်ထိသာ ကန့်သတ်ထားခြင်း မဟုတ်ပေ။ ယင်းတို့သည် သင်၏ အထက်လူကြီး သို့မဟုတ် သင့်ကို မျက်နှာသာပေးသည့် သို့မဟုတ် ကူညီခဲ့သည့် တစ်စုံတစ်ဦး၊ သင်နှင့် အရင်းနှီးဆုံး ဆက်ဆံရေးရှိသည့် သို့မဟုတ် သင်နှင့်အဆင်ပြေသည့် တစ်စုံတစ်ဦး၊ သို့မဟုတ် သင်၏ တစ်မြို့တည်းသားရောင်းရင်း သို့မဟုတ် မိတ်ဆွေ သို့မဟုတ် သင် လေးစားကြည်ညိုသည့် တစ်စုံတစ်ဦးပင်လျင် ပါဝင်ပတ်သက်နိုင်သည်။ ဤသည်မှာ သတ်သတ်မှတ်မှတ် မရှိပေ။ သို့ဆိုလျှင် ခံစားချက်များကို စွန့်ပယ်ခြင်းသည် သင်၏ မိဘများ သို့မဟုတ် မိသားစုအကြောင်းကို မစဉ်းစားခြင်းလောက်မျှသာ ရိုးရှင်းသလော။ (မရိုးရှင်းပါ။) ခံစားချက်များကို စွန့်ပယ်ရန်မှာ အလွန်လွယ်ကူသလော။ လူအများစုက မိမိတို့၏ အသက် ၃၀ အရွယ်ခန့်ရောက်ပြီး၊ အမှီအခိုကင်းစွာ အသက်ရှင်နိုင်ကြသည့်အခါ အိမ်ကို များစွာ မလွမ်းဆွတ်ကြဘဲ ၎င်းတို့၏ အသက် ၄၀ အရွယ်ခန့် ရောက်သည့်အခါ ဤသည်မှာ လုံးဝ ပုံမှန်ဖြစ်လာသည်။ လူတို့သည် လူလားမြောက်သောအရွယ်သို့ မရောက်ကြသည့်အချိန်တွင် အလွန် အိမ်လွမ်းနာခံစားကြရပြီး အမှီအခိုကင်းစွာ အသက်ရှင်နိုင်စွမ်းကို မပိုင်ဆိုင်ကြသေးသောကြောင့် မိမိတို့ မိဘများကို မစွန့်ခွာနိုင်ကြချေ။ သင်၏ မိသားစုနှင့် မိဘများကို လွမ်းဆွတ်ခြင်းသည် ပုံမှန်ဖြစ်၏။ ခံစားချက်များနှင့် မသက်ဆိုင်ပေ။ အမှုအရာများကို လုပ်ဆောင်ခြင်းနှင့် ပတ်သက်သည့် သင်၏ သဘောထားနှင့် ရှုထောင့်တို့က ခံစားချက်များနှင့် ရောနှောသွားသည့်အခါတွင်သာ ခံစားချက်များနှင့်သက်ဆိုင်လာပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားစစ်မှန်မှု ဆိုသည်မှာ အဘယ်နည်း။
ခံစားချက်များနှင့် မည်သည့် ပြဿနာများ ဆက်စပ်သနည်း။ ပထမဆုံးမှာ သင်၏ မိသားစုဝင် အရင်းအချာများကို သင် အကဲဖြတ်ပုံနှင့် ၎င်းတို့ လုပ်ဆောင်သည့်အရာများကို သင် ချဉ်းကပ်ပုံဖြစ်သည်။ ဤနေရာ၌ “၎င်းတို့ လုပ်ဆောင်သည့်အရာများ”တွင် ပင်ကိုအားဖြင့် အသင်းတော်အလုပ်ကို ၎င်းတို့ နှောင့်ယှက်ကာ အဖျက်အမှောင့် လုပ်ကြသည့်အချိန်၊ လူတို့အပေါ် ထိုသူတို့၏နောက်ကွယ်တွင် ဝေဖန်ကြချိန်၊ မယုံကြည်သူများ၏ အလေ့အကျင့်အချို့ကို ပါဝင်လုပ်ဆောင်ကြချိန် စသည်တို့ ပါဝင်သည်။ သင်သည် ဤအရာများကို သမာသမတ်ကျစွာ ချဉ်းကပ်နိုင်သလော။ သင့်အနေဖြင့် မိမိ၏ မိသားစုဝင်များနှင့်ဆိုင်သည့် အကဲဖြတ်ချက်တစ်ခုကို ရေးဖို့ လိုအပ်သည့်အခါ သင်၏ ကိုယ်ပိုင် စိတ်ခံစားချက်များကို ဘေးဖယ်ထားလျက် ဓမ္မဓိဋ္ဌာန်ကျကျနှင့် သမာသမတ်ကျစွာ သင် လုပ်ဆောင်နိုင်သလော။ ဤအရာက သင်၏ မိသားစုဝင်များကို သင် ချဉ်းကပ်ပုံနှင့် ဆက်စပ်ပေသည်။ ထို့အပြင် သင်နှင့် အဆင်ပြေသည့်သူများ သို့မဟုတ် ယခင်က သင့်ကို ကူညီခဲ့သူများအပေါ် ခံစားချက်များ သင် ထားရှိသလော။ ၎င်းတို့၏ လုပ်ရပ်များနှင့် ကျင့်ကြံပြုမူမှုများကို ဓမ္မဓိဋ္ဌာန်ကျသည့်၊ သမာသမတ်ကျသကဲ့သို့ တိကျမှန်သည့် နည်းလမ်းတစ်ခုဖြင့် သင် ရှုမြင်နိုင်သလော။ ၎င်းတို့က အသင်းတော်၏ အလုပ်ကို နှောင့်ယှက်ကာ အဖျက်အမှောင့်လုပ်လျှင် ထိုအကြောင်းကို သင် သိရှိပြီးသည့်နောက်တွင် ၎င်းတို့အား ချက်ချင်း တိုင်ကြားနိုင်မည်လော သို့မဟုတ် ဖော်ထုတ်နိုင်လိမ့်မည်လော။ ထို့အပြင် သင်နှင့် အတော်အတန် ရင်းနှီးသည့်သူများ သို့မဟုတ် စိတ်ဝင်စားမှု တူညီသူများအပေါ် သင် ခံစားချက်များ ထားရှိသလော။ ၎င်းတို့၏ လုပ်ရပ်များ၊ အပြုအမူတို့နှင့်ပတ်သက်၍ သမာသမတ်ကျသကဲ့သို့ ဓမ္မဓိဋ္ဌာန်ကျသော အကဲဖြတ်ချက်၊ သတ်မှတ်ချက်နှင့် ကိုင်တွယ်ဖြေရှင်းနည်းတစ်ခု သင် ပိုင်ဆိုင်သလော။ သင်နှင့် တွယ်တာသော ဆက်ဆံရေးတစ်ခုရှိသည့် ဤလူများကို အသင်းတော်က စည်းမျဉ်းများအတိုင်း ကိုင်တွယ်ပြီး ဤအရာ၏ အဆုံးသတ်က သင်၏ ကိုယ်ပိုင် အယူအဆများနှင့် မကိုက်ညီဟု ဆိုပါစို့။ ဤအရာကို သင် မည်သို့ ချဉ်းကပ်မည်နည်း။ သင် နာခံနိုင်မည်လော။ သင်သည် ၎င်းတို့နှင့် လျှို့ဝှက်စွာ ဆက်လက်၍ ရှုပ်ရှုပ်ထွေးထွေး ပတ်သက်နေမည်လော၊ ၎င်းတို့၏ အထင်အမြင်မှားစေခြင်းကို ခံပြီး ၎င်းတို့အတွက် ဆင်ခြေများပေးရန်၊ ကျိုးကြောင်းပြရန်နှင့် ခုခံကာကွယ်ပေးရန် ၎င်းတို့၏ လှုံ့ဆော်ခြင်းကိုပင် ခံမည်လော။ သင်သည် သမ္မာတရား စည်းမျဉ်းများကို မထီမဲ့မြင်ပြုပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို လျစ်လျူရှုလျက် သင့်ကို ကူညီခဲ့ဖူးသူများအတွက် ကူညီကာ အသက်စွန့်မည်လော။ ဤသည်တို့မှာ ခံစားမှုများနှင့် သက်ဆိုင်သည့် အမျိုးမျိုးသော ပြဿနာများ မဟုတ်လော။ အချို့လူများက “ခံစားချက်များက ဆွေမျိုးများ၊ မိသားစုဝင်များနှင့်သာ သက်ဆိုင်သည် မဟုတ်လော။ ခံစားချက်များ၏ နယ်ပယ်သည် မိမိ၏ မိဘများ၊ မောင်နှမများနှင့် အခြားမိသားစုဝင်များသာ မဟုတ်လော” ဟု ပြောကြသည်။ မဟုတ်ပေ၊ ခံစားချက်များတွင် လူတို့၏ နယ်ပယ်ကျယ်ပြန့်စွာ ပါဝင်သည်။ ကိုယ့်မိသားစုဝင်များကိုယ် မျှတစွာ အကဲဖြတ်ရန် မဆိုထားနှင့်၊ အချို့လူများသည် မိမိတို့၏ အခင်ဆုံးသူငယ်ချင်းများနှင့် မိတ်ဆွေများကိုပင် မျှတစွာ အကဲဖြတ်နိုင်စွမ်းမရှိဘဲ ဤလူများအကြောင်း ပြောဆိုသည့်အခါ အဖြစ်မှန်ကို လွဲမှားအောင် ပြောဆိုကြသည်။ ဥပမာအားဖြင့် အကယ်၍ ၎င်းတို့၏ မိတ်ဆွေသည် မိမိ၏ သင့်တော်သော အလုပ်ကို ဂရုမစိုက်ဘဲ မိမိ၏ တာဝန်တွင် မသမာသောနည်းလမ်းများကို အစဉ်သဖြင့် ကျင့်သုံးပါက ၎င်းတို့သည် သူ့ကို အတော်အတန် ကစားမက်သူအဖြစ် ဖော်ပြမည်ဖြစ်ပြီး သူ၏ လူ့သဘာဝသည် မရင့်ကျက်သေးဘဲ တည်ငြိမ်မှုမရှိသေးဟု ပြောဆိုကြလိမ့်မည်။ ဤစကားများထဲတွင် ခံစားချက်များ မပါဝင်သလော။ ဤသည်မှာ ခံစားချက်များ ပါဝင်သော စကားများကို ပြောဆိုခြင်း ဖြစ်သည်။ အကယ်၍ ၎င်းတို့နှင့် မည်သို့မျှ မပတ်သက်သော တစ်စုံတစ်ဦးသည် မိမိ၏ သင့်တော်သော အလုပ်ကို ဂရုမစိုက်ဘဲ မရိုးဖြောင့်သည့်အပြင် ကောက်ကျစ်ဆိုးယုတ်သော လုပ်ဆောင်မှုများကို ကျင့်သုံးပါက ၎င်းတို့သည် ထိုသူအကြောင်း ပို၍ပြင်းထန်သော စကားများကို ပြောဆိုကြမည်ဖြစ်ပြီး ထိုသူကို ပြစ်တင်ရှုတ်ချခြင်းပင် ပြုကောင်းပြုနိုင်သည်။ ဤသည်မှာ ခံစားချက်များကို အခြေခံ၍ ပြောဆိုခြင်းနှင့် ပြုမူခြင်း၏ သရုပ်သကန်တစ်ခု မဟုတ်လော။ မိမိတို့၏ ခံစားချက်များအတိုင်း အသက်ရှင်သော လူတို့သည် မျှတမှု ရှိသလော။ ၎င်းတို့သည် ဖြောင့်မှန်သလော။ (မဖြောင့်မှတ်ပါ။) မိမိတို့၏ ခံစားချက်များအတိုင်း ပြောဆိုသော လူတို့တွင် မည်သည့်အရာ မှားယွင်းနေသနည်း။ အဘယ်ကြောင့် ၎င်းတို့သည် အခြားသူတို့ကို မျှတစွာ မဆက်ဆံနိုင်ကြသနည်း။ အဘယ်ကြောင့် ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများကို အခြေခံ၍ မပြောဆိုနိုင်ကြသနည်း။ လျှာနှစ်ခွရှိပြီး မိမိတို့၏ စကားများကို အဖြစ်မှန်များပေါ်တွင် မည်သည့်အခါမျှ အခြေမခံသော လူတို့သည် ကောက်ကျစ်ဆိုးယုတ်ကြသည်။ စကားပြောသည့်အခါ မျှတမှုမရှိခြင်း၊ အစဉ်သဖြင့် မိမိ၏ ခံစားချက်များအတိုင်းနှင့် မိမိကိုယ်ကျိုးအတွက် ပြောဆိုခြင်းနှင့် သမ္မာတရား စည်းမျဉ်းများအတိုင်း မပြောဆိုခြင်း၊ ဘုရားအိမ်တော်၏ အလုပ်အတွက် မစဉ်းစားခြင်း၊ မိမိ၏ ပုဂ္ဂိုလ်ရေး ခံစားချက်များ၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကိုသာ ကာကွယ်ခြင်း၊ ဤသည်မှာ အန္တိခရစ်တို့၏ သဘာဝဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တို့ ပြောဆိုပုံ ဖြစ်သည်၊ ၎င်းတို့ပြောဆိုသည့် အရာတိုင်းသည် ကောက်ကျစ်ဆိုးယုတ်ပြီး အနှောင့်အယှက်ပေးကာ အဖျက်အမှောင့်လုပ်သည်။ ဇာတိပကတိ၏ နှစ်သက်မှုများနှင့် အကျိုးစီးပွားများအလယ်တွင် အသက်ရှင်သော လူတို့သည် မိမိတို့၏ ခံစားချက်များအလယ်တွင် အသက်ရှင်ကြသည်။ မိမိတို့၏ ခံစားချက်များအတိုင်း အသက်ရှင်သော လူတို့သည် သမ္မာတရားကို လုံးဝလက်မခံသော သို့မဟုတ် လုံးဝ လက်တွေ့မလုပ်ဆောင်သော သူများ ဖြစ်ကြသည်။ မိမိတို့၏ ခံစားချက်များကို အခြေခံ၍ ပြောဆိုပြီး ပြုမူသော သူတို့တွင် သမ္မာတရား လက်တွေ့ကျမှု လုံးဝမရှိပေ။ ထိုသို့သော လူတို့သည် ခေါင်းဆောင်များ ဖြစ်လာပါက ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်များ သို့မဟုတ် အန္တိခရစ်များ ဧကန်မုချ ဖြစ်ကြလိမ့်မည်။ ၎င်းတို့သည် စစ်မှန်သော အလုပ်ကို လုပ်ဆောင်နိုင်စွမ်း မရှိသည်သာမက အမျိုးမျိုးသော ဒုစရိုက်အမှုများကိုလည်း ပြုကောင်းပြုနိုင်သည်။ ၎င်းတို့သည် ဧကန်မုချ ဖယ်ရှားရှင်းလင်းပြီး အပြစ်ဒဏ်ပေးခြင်း ခံရမည်ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂)
မိမိ၏ ခံစားချက်များကို အခြေခံပြီး လုပ်ဆောင်ခြင်းသည် မည်သို့ထင်ရှားသနည်း။ အဖြစ်များဆုံး သရုပ်သကန်မှာ လူတို့သည် ၎င်းတို့အပေါ် ကြင်နာဖူးသူ သို့မဟုတ် ၎င်းတို့နှင့်ရင်းနှီးသူ မည်သူ့ကိုမဆို အမြဲတစေ ကာကွယ်ပေးပြီး ရပ်တည်ပေးသည့် အခါမျိုးတွင်ဖြစ်သည်။ ဥပမာအားဖြင့်၊ သင်၏သူငယ်ချင်းသည် မကောင်းမှုတစ်ခုခု လုပ်မိခြင်းကြောင့် ဖော်ထုတ်ခံရပြီး သင်က “ထိုသို့သော အရာတစ်ခုကို သူလုပ်မည်မဟုတ်ပါ၊ သူသည် လူကောင်းတစ်ယောက်ပင်။ အကွက်ဆင်ခံထားရခြင်း ဖြစ်ရမည်” ဟူ၍ ပြောခြင်းဖြင့် သူ့အား ကာကွယ်ပြောဆိုသည် ဆိုပါစို့။ ဤပြောဆိုချက်သည် တရားမျှတသလော။ (မမျှတပါ။) ဤသည်မှာ ခံစားချက်ကို အခြေခံပြီး ပြုမူပြောဆိုခြင်း ဖြစ်သည်။ အခြားဥပမာတစ်ခုပေးရလျှင်၊ သင်သည် တစ်စုံတစ်ဦးနှင့် အနည်းငယ် သဘောထားကွဲလွဲပြီး သင်က ထိုသူကို မုန်းလာပြီး ထိုသူက မှန်ကန်ပြီး စည်းမျဉ်းများနှင့် ကိုက်ညီသော တစ်စုံတစ်ရာကို ပြောဆိုသောအခါ သင်သည် နားမထောင်ချင်ပါက ဤသည်မှာ မည်သည့်အရာ၏ သရုပ်သကန်နည်း။ (သမ္မာတရားကို လက်မခံခြင်းဖြစ်သည်။) အဘယ်ကြောင့် သမ္မာတရားကို သင်လက်မခံနိုင်ရသနည်း။ သင့်စိတ်ထဲတွင် သူပြောသည်မှာ မှန်ကြောင်းသိနေသော်လည်း ထိုသူနှင့်ပတ်သက်၍ သင်၌ ဘက်လိုက်မှုရှိသောကြောင့် သူပြောသည့်အရာ မှန်သည်ဟု သင်သိလင့်ကစား နားမထောင်ချင်ပေ။ ဤသည်မှာ မည်သည့်ပြဿနာနည်း။ (မိမိခံစားချက်များ၏ လွှမ်းမိုးခံရခြင်း ဖြစ်သည်။) ဤသည်မှာ ခံစားချက်များဖြင့် ဖုံးလွှမ်းနေခြင်းပင်။ တစ်ချို့လူတို့သည် မိမိတို့၏ကိုယ်ပိုင် နှစ်သက်မှုများနှင့် စိတ်ခံစားမှုများအားဖြင့် အလွယ်တကူ တိမ်းညွတ်ကြသည်။ သူတို့သည် တစ်ယောက်ယောက်နှင့် အဆင်မပြေလျှင် ထိုလူသည် အဘယ်မျှကောင်းစွာ သို့မဟုတ် မှန်ကန်စွာ ပြောဆိုနေပါစေ နားမထောင်တတ်ကြချေ။ တစ်စုံတစ်ဦးနှင့် ကောင်းကောင်းအဆင်ပြေပါက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ သို့မဟုတ် သမ္မာတရားနှင့် ကိုက်ညီသည်ဖြစ်စေ မကိုက်ညီသည်ဖြစ်စေ သူတို့ပြောသမျှကို နားထောင်လိုစိတ်ရှိကြသည်။ ဤအရာသည် မိမိ၏ကိုယ်ပိုင် နှစ်သက်မှုများနှင့် စိတ်ခံစားမှုများကြောင့် အလွယ်တကူ ယိမ်းယိုင်နေခြင်းမဟုတ်လော။ လူတစ်ဦးသည် ထိုသို့သော စိတ်သဘောထားမျိုးဖြင့် နှိုင်းနှိုင်းချိန်ချိန် စကားပြောဆိုပြီး ပြုမူနိုင်သလော။ သမ္မာတရားကို လက်ခံပြီး ကျိုးနွံနာခံနိုင်သလော။ (မဖြစ်နိုင်ပါ။) ၎င်းတို့သည် ခံစားချက်များဖြင့် ဘောင်ခတ်ခြင်းခံရပြီး ၎င်းတို့၏ စိတ်ခံစားမှုကြောင့် အလွယ်တကူ တိမ်းညွတ်သွားသောကြောင့် ယင်းသည် ၎င်းတို့၏ လုပ်ရပ်များတွင် သမ္မာတရားစည်းမျဉ်းများကို လိုက်နာခြင်းအပေါ် ထိခိုက်မှုရှိသည်။ ယင်းက သမ္မာတရားကို လက်ခံခြင်းနှင့် နာခံခြင်းတို့ အပေါ်၌လည်း ထိခိုက်မှုရှိသည်။ သို့ဆိုလျှင် သူတို့၏ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်းနှင့် ကျိုးနွံနာခံနိုင်စွမ်းကို အဘယ်အရာက ထိခိုက်စေသနည်း။ သူတို့သည် အဘယ်အရာ၏ ဘောင်ခတ်ခြင်း ခံရသနည်း။ သူတို့၏ခံစားချက်နှင့် စိတ်ခံစားမှုပင်ဖြစ်သည်။ ဤအရာများက ၎င်းတို့အား ချုပ်ချယ်ပြီး ချည်နှောင်ထားခြင်းဖြစ်သည်။ သင်သည် သမ္မာတရားအစား ကိုယ်ရေးကိုယ်တာ ဆက်ဆံရေးများနှင့် ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်ပါက ခံစားချက်များသည် သမ္မာတရားကို လက်ခံခြင်းမှ သင့်အား အဟန့်အတား ဖြစ်စေပါသည်။ ထို့ကြောင့် သင်သည် ခံစားချက်အပေါ် အခြေခံ၍ ပြုမူပြောဆိုခြင်း မပြုရပေ။ တစ်စုံတစ်ဦးနှင့် သင်၏ဆက်ဆံရေးသည် ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ သို့မဟုတ် ၎င်းတို့၏စကားများသည် နူးညံ့သည်ဖြစ်စေ တင်းမာသည်ဖြစ်စေ ၎င်းတို့ပြောသည့်အရာက သမ္မာတရားနှင့် ကိုက်ညီနေသရွေ့ သင်သည် ယင်းကို နားထောင်ပြီး လက်ခံသင့်သည်။ ဤသည်မှာ သမ္မာတရားအားလက်ခံခြင်း သဘောထားပင်ဖြစ်၏။ အကယ်၍ သင်က “သူ၏မိတ်သဟာယသည် သမ္မာတရားနှင့် ကိုက်ညီပြီး သူက အတွေ့အကြုံလည်း ရှိသည်၊ သို့သော် သူသည် မထီတရီနှင့် မာနထောင်လွှားလွန်းသဖြင့် ကြည့်ရှုရသည်မှာ ဆိုးဝါးပြီး စိတ်မသက်မသာဖြစ်သည်။ ထို့ကြောင့် သူမှန်နေလျှင်ပင် ငါလက်ခံမည်မဟုတ်” ဟု ဆိုပါက ဤသည်မှာ မည်သို့သော စိတ်သဘောထားမျိုးနည်း။ အတိအကျပြောရလျှင် ခံစားချက်တစ်ခုပင်ဖြစ်သည်။ သင်သည် သင့်ကိုယ်ပိုင် နှစ်သက်မှုများနှင့် စိတ်ခံစားမှုများအပေါ် အခြေခံ၍ လူတို့နှင့် အရာရာကို ချဉ်းကပ်သောအခါ ဤအရာသည် ခံစားချက်တစ်ခုဖြစ်ပြီး ဤအရာအားလုံးသည် ခံစားချက်အမျိုးအစားထဲတွင် ပါဝင်နေသည်။ ခံစားချက်များနှင့် ပတ်သက်သောအရာများသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် သက်ဆိုင်သည်။ ဖောက်ပြန်ပျက်စီးသော လူသားများအားလုံး၌ ခံစားချက်များ ရှိကြပြီး ၎င်းတို့အားလုံးသည် မိမိတို့၏ ခံစားချက်များအားဖြင့် အတိုင်းအတာအမျိုးမျိုးအထိ ဘောင်ခတ်ခံကြရသည်။ လူတစ်ယောက်က သမ္မာတရားကို လက်မခံနိုင်လျှင် ခံစားချက်ပြဿနာကို ဖြေရှင်းဖို့ ခက်လိမ့်မည်။ လူအချို့သည် အတုအယောင်ခေါင်းဆောင်များကို ကာရံပြီး၊ အန္တိခရစ်များကို ကာကွယ်လျက် ဆိုးယုတ်သောသူများဘက်က ရပ်တည်ကာ ခုခံကာကွယ်ကြသည်။ ဤကိစ္စများအားလုံးတွင် ပါဝင်နေသော ခံစားချက်များရှိလေသည်။ တချို့ကိစ္စများတွင် ထိုလူများက သူတို့၏ ဆိုးယုတ်သောသဘာဝကြောင့် ထိုကဲ့သို့ ပြုမူနေကြသည်မှာ အမှန်ပင်။ ဤပြဿနာများအပေါ် သင်သည် ရှင်းလင်းစွာနားလည်မှု ရရှိနိုင်ရန်အလို့ငှာ မကြာခဏ မိတ်သဟာယပြုပေးဖို့ လိုအပ်သည်။ လူအချို့က “ကျွန်ုပ်၏မိသားစုနှင့် သူငယ်ချင်းများအပေါ် ခံစားချက်အနည်းငယ်ရှိသော်လည်း အခြားမည်သူ့အပေါ်မှာမှ မရှိပါ” ဟု ပြောကောင်းပြောနိုင်သည်။ ဤပြောဆိုချက်သည် မမှန်ကန်ပေ။ အခြားသူများက သင့်အား သေးငယ်သော ကျေးဇူးကို ပြသလျှင်ပင် သင်သည် ၎င်းတို့အပေါ် ခံစားချက်များ ရှိလာလိမ့်မည်။ နီးစပ်မှုနှင့် အတိမ်အနက်မှာ အတိုင်းအဆအမျိုးမျိုး ရှိမည်ဖြစ်သော်လည်း ယင်းတို့သည် မည်သို့ဆိုစေကာမူ ခံစားချက်များပင် ဖြစ်သည်။ လူတို့သည် မိမိတို့၏ခံစားချက်များကို မဖြေရှင်းပါက သူတို့အနေဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်အား ကျိုးနွံနာခံဖို့ ခက်ခဲပေလိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကိုဖြေရှင်းခြင်း လမ်းကြောင်း
လူအချို့သည် အလွန့်အလွန် စိတ်အာရုံခံစားချက် ပြင်းပြကြလေသည်။ နေ့စဉ် ၎င်းတို့ ပြောဆိုသမျှနှင့် အခြားသူများအပေါ် ပြုမူသည့်နည်းလမ်း အားလုံး၌ ၎င်းတို့၏ စိတ်ခံစားချက်များအတိုင်း အသက်ရှင်နေထိုင်နေကြသည်။ ၎င်းတို့သည် ဤလူ၊ ထိုလူအပေါ် ချစ်ခင်မှု ခံစားကြပြီး ၎င်းတို့၏ နေ့ရက်များကို ချစ်ခင်တွယ်တာစိတ်၏ အနုအရွများ လုပ်ဆောင်ရင်း ကုန်ဆုံးကြသည်။ ၎င်းတို့ ကြုံတွေ့သည့်အရာတိုင်း၌ ခံစားချက် နယ်ပယ်ထဲတွင် ၎င်းတို့ အသက်ရှင်ကြလေသည်။ ထိုသို့သော လူတစ်ဦး၏ မယုံကြည်သူ ဆွေမျိုး သေဆုံးသောအခါတွင် သူသည် သုံးရက်ကြာ ငိုကြွေးမည်ဖြစ်ပြီး အလောင်းကို မြေမြှုပ်သင်္ဂြိုဟ်ရန် ခွင့်မပြုပေ။ ၎င်းသည် ကွယ်လွန်သူအတွက် ခံစားချက်များ ရှိနေဆဲ ဖြစ်သည်။ ၎င်း၏ စိတ်ခံစားချက်များသည် အလွန်ပြင်းထန်၏။ စိတ်ခံစားချက်များသည် ဤလူ၏ ဆိုးရွားလွန်းသော ချို့ယွင်းချက် ဖြစ်သည်ဟု ဆိုနိုင်သည်။ သူသည် အရာရာတိုင်းတွင် သူ့စိတ်ခံစားချက်များ၏ ဘောင်ခတ်ခြင်းကို ခံရသည်။ သူသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း မရှိပေ၊ သို့မဟုတ် အခြေခံသဘောတရားအတိုင်း ပြုမူနိုင်စွမ်း မရှိပေ။ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်ကို မကြာခဏ ဆန့်ကျင်ပုန်ကန်တတ်သည်။ စိတ်ခံစားချက်များသည် ၎င်းတို့၏ အကြီးမားဆုံး အားနည်းချက်၊ ၎င်းတို့၏ ဆိုးရွားလွန်းသော ချို့ယွင်းချက်ဖြစ်သည်။ ၎င်းတို့၏ စိတ်ခံစားချက်များက ၎င်းတို့ကို အတိဒုက္ခရောက်အောင် လုံးလုံး လုပ်နိုင်ပြီး လုံးဝ ဖျက်ဆီးပစ်နိုင်သည်။ အလွန်အကျွံ သံယောဇဉ်တွယ်တာသော လူများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း မရှိပေ၊ သို့မဟုတ် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်စွမ်း မရှိပေ။ ၎င်းတို့သည် ဇာတိပကတိနှင့် အာရုံများနေကြသည်။ မိုက်မဲပြီး နားဝေတိမ်တောင် ဖြစ်နေကြသည်။ အလွန်အမင်း သံယောဇဉ်တွယ်တာခြင်းသည် ထိုသို့သော လူစား၏ သဘာဝပင် ဖြစ်ပြီး ဤလူစားသည် သူ၏ စိတ်ခံစားချက်များအတိုင်း အသက်ရှင်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း
လူအချင်းချင်း ပုံမှန်ဆက်ဆံရေးသည် လူသား၏အားထုတ်မှုမှ မဟုတ်ဘဲ စိတ်နှလုံးကို ဘုရားသခင်ထံသို့ လှည့်ခြင်းဟူသည့် အခြေခံအုတ်မြစ်ပေါ်တွင် ထူထောင်ထားသည်။ လူတစ်ဦး၏ စိတ်နှလုံးထဲတွင် ဘုရားသခင်မရှိပါက သူ၏ အခြားလူများနှင့် ပေါင်းသင်းဆက်ဆံရေးများသည် ဇာတိပကတိ၏ ဆက်ဆံရေးများမျှသာ ဖြစ်သည်။ ယင်းဆက်ဆံရေးများသည် ပုံမှန်မဟုတ်ဘဲ၊ ရာဂစိတ်ကြီးသော ဇိမ်ယူခြင်းများသာ ဖြစ်ပြီး ဘုရားသခင်သည် ယင်းတို့ကို မုန်းတီးပြီး စက်ဆုပ်လေသည်။ သင့်ဝိညာဉ်တို့ထိခံရသည်ဟု သင်ပြောသော်လည်း သင်သည် သင်နှစ်သက်ပြီး သင်လေးစားသော လူများကိုသာ မိတ်သဟာယဖွဲ့ဖို့ လိုလားပြီး သင်မနှစ်သက်သည့် လူများက သင့်ထံသို့ လာရောက် ရှာဖွေသည့်အခါတွင် သင်သည် ၎င်းတို့ကို အမြင်စောင်းကာ ၎င်းတို့နှင့် စကားပြောရန် ငြင်းဆန်သည်။ ဤသည်မှာ သင်သည် သင်၏ခံစားချက်များ၏ စိုးမိုးခြင်းခံရကြောင်းနှင့် သင်သည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး လုံးဝ မရှိကြောင်းကို ပို၍ပင် သက်သေပြ၏။ ယင်းက သင်သည် ဘုရားသခင်ကို အရူးလုပ်ဖို့နှင့် သင်ကိုယ်တိုင်၏အကျည်းတန်မှုကို ဖုံးကွယ်ဖို့ ကြိုးစားအားထုတ်နေကြောင်း ပြလေသည်။ သင်သည် သင်၏ အသိပညာအချို့ကို မျှဝေကောင်း မျှဝေနိုင်မည်။ သို့သော် သင်၏ ရည်ရွယ်ချက်များက မှားယွင်းလျှင် သင်လုပ်ဆောင်သမျှသည် လူသားစံနှုန်းများအရသာ ကောင်းမွန်သည်။ ဘုရားသခင်က သင့်အား ချီးမွမ်းမည်မဟုတ်။ သင်၏ လုပ်ရပ်များသည် သင်၏ ဇာတိပကတိက တွန်းအားပေးခြင်းကို ခံရမည်။ ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးက တွန်းအားပေးခြင်းကို ခံရမည်မဟုတ်ပေ။ သင်သည် ဘုရားသခင်ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးကို ငြိမ်သက်စေနိုင်ပြီး သူ့ကို ချစ်သောသူများအားလုံးနှင့် ပုံမှန် အပြန်အလှန် ဆက်ဆံရေးရှိနိုင်မှသာလျှင် ဘုရားသခင် အသုံးပြုဖို့အတွက် သင့်တော်သည်။ ဤသို့လုပ်ဆောင်နိုင်လျှင် သင်သည် သူတစ်ပါးတို့နှင့် မည်သို့ ထိတွေ့ဆက်ဆံသည်ဖြစ်စေ သင်သည် လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် အတွေးအခေါ်တစ်ခုကို လုပ်ဆောင်နေခြင်း ဖြစ်မည်မဟုတ်ဘဲ ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အလေးထားပြီး ဘုရားသခင်ရှေ့မှောက်တွင် အသက်ရှင်နေခြင်း ဖြစ်လိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခုတည်ဆောက်ရန် အလွန်အရေးကြီး၏
သင် လုပ်သည့်အရာတိုင်းတွင်၊ သင်၏ ရည်ရွယ်ချက်များ မှန်သည်၊ မမှန်သည်ကို သင် ဆန်းစစ်ရမည်။ ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း သင်လုပ်ဆောင်နိုင်ပါက ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်ပေသည်။ ဤသည်မှာ အနိမ့်ဆုံး စံနှုန်းဖြစ်သည်။ သင်၏ ရည်ရွယ်ချက်များကို ဆန်းစစ်လော့၊ ပြီးလျှင် မမှန်ကန်သော ရည်ရွယ်ချက်များ ထွက်ပေါ်သည်ကို ရှာတွေ့ပါက၊ ထိုအရာများကို ပုန်ကန်နိုင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ လုပ်ဆောင်နိုင်စွမ်းရှိလော့။ ထိုသို့ဖြင့် သင်သည် ဘုရားသခင်၏ ရှေ့မှောက်တွင် မှန်ကန်သောသူတစ်ဦး ဖြစ်လာလိမ့်မည်၊ အပြန်အလှန်အားဖြင့် ယင်းသည် ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်သည်ကို ပြသပြီး၊ သင်လုပ်ဆောင်သမျှတို့သည် သင် ကိုယ်တိုင်အတွက် မဟုတ်၊ ဘုရားသခင်အတွက် ဖြစ်သည်ကို ပြပေသည်။ သင် လုပ်ဆောင်သမျှနှင့် ပြောဆိုသမျှတွင်၊ သင်၏စိတ်နှလုံးကို တည့်မှန်အောင်ထားနိုင်ပြီး၊ သင်၏ လုပ်ရပ်များတွင် တရားမျှတနိုင်စွမ်းရှိလော့၊ ပြီးလျှင် သင့်ခံစားချက်များ၏ ဦးဆောင်မှုကို မခံနှင့်၊ သို့မဟုတ် သင်ကိုယ်တိုင်၏ အလိုအတိုင်း မလုပ်ဆောင်နှင့်။ ဤသည်တို့မှာ ဘုရားသခင်ကို ယုံကြည်သူများ မိမိတို့ကိုယ်ကိုယ် ပြုမူနေထိုင်ရမည့် အခြေခံစည်းမျဉ်းများဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး မည်သို့ရှိသနည်း
ဘုရားသခင်သည် လူတို့အား အခြားသူတို့ကို ဆက်ဆံရန် မည်သို့ တောင်းဆိုသနည်း။ (လူတို့ကို ကျွန်ုပ်တို့ မျှမျှတတ ဆက်ဆံရန် ဘုရားသခင် စေခိုင်းပါသည်။) မျှတခြင်းဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ လူတို့ကို ၎င်းတို့၏ အသွင်အပြင်၊ ကိုယ်ပိုင်လက္ခဏာ၊ အဆင့်အတန်း၊ ၎င်းတို့ အသိအမြင်ကြွယ်ဝပုံ သို့မဟုတ် မိမိ၏ ကိုယ်ပိုင် နှစ်သက်မှုများ သို့မဟုတ် ၎င်းတို့အပေါ် ခံစားချက်များအတိုင်း ဆက်ဆံခြင်းမဟုတ်ဘဲ၊ သမ္မာတရားအတိုင်း ဆက်ဆံခြင်းကို ဆိုလိုသည်။ သို့ဆိုလျှင် လူတို့ကို သမ္မာတရား စည်းမျဉ်းများအတိုင်း ဆက်ဆံခြင်းသည် အဘယ်ကြောင့် မျှတသနည်း။ ဤအရာကို နားမလည်သောသူများစွာရှိပြီး၊ ထိုသို့နားလည်ရန် သမ္မာတရားကို ၎င်းတို့ နားလည်ဖို့ လိုအပ်သည်။ ဘာသာတရားမရှိသူများက နားလည်ထားသည့် မျှတမှုသည် စစ်မှန်သည့် မျှတမှု ဖြစ်သလော။ လုံးဝ မဟုတ်ပေ။ ဘုရားသခင်နှင့်သာ ဖြောင့်မတ်ခြင်းနှင့် မျှတမှုရှိနိုင်သည်။ ဖန်ဆင်းရှင်က သူ၏ ဖန်ဆင်းခံများအပေါ် ရှိသည့် သတ်မှတ်ချက်များဖြင့်သာ မျှတမှုရှိသည်၊ ဘုရားသခင်၏ ဖြောင့်မတ်ခြင်း ပေါ်လွင်နိုင်ပေသည်။ ထို့ကြောင့်၊ မျှတမှုသည် လူတို့ကို သမ္မာတရား စည်းမျဉ်းများအတိုင်း ဆက်ဆံခြင်းမှသာ လာနိုင်သည်။ အသင်းတော်တွင်ရှိသည့် လူများကို သင် မည်သည့်အရာ တောင်းဆိုသင့်ပြီး ၎င်းတို့ကို သင် မည်သို့ ဆက်ဆံသင့်သနည်း။ ၎င်းတို့ ထမ်းဆောင်နိုင်သည့် မည်သည့်တာဝန်မဆိုသည် ထမ်းဆောင်ရန် ၎င်းတို့အတွက် စီစဉ်သင့်သည့်အရာ ဖြစ်သည်။ ပြီးလျှင် ၎င်းတို့သည် တာဝန်တစ်ခုကို ထမ်းဆောင်နိုင်စွမ်းမရှိဘဲ အဖျက်အမှောင့်များပင် ဖြစ်စေလျှင်၊ ၎င်းတို့ ပယ်ရှင်းခံရခြင်းနှင့်ထိုက်တန်လျှင်၊ သင်နှင့် ကောင်းမွန်သည့် ဆက်ဆံရေးရှိလျှင်ပင် ၎င်းတို့ ပယ်ရှင်းခံရသင့်သည်။ ဤသည်မှာ မျှတမှုဖြစ်သည်။ ဤသည်မှာ အခြားသူတို့ကို မျှတစွာ ဆက်ဆံခြင်း စည်းမျဉ်းများတွင် ပါဝင်သည့်အရာ ဖြစ်သည်။ ဤသည်မှာ အပြုအမူ စည်းမျဉ်းများနှင့် ပတ်သက်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားအား နားလည်သူတို့သာလျှင် ဝိညာဉ်ရေးရာကိစ္စရပ်များအား နားလည်ကြသည်
လူတို့သည် အခြားလူများကို မည်သည့်စည်းမျဉ်းနှင့် ဆက်ဆံရန် ဘုရားနှုတ်ကပတ်တော်များက တောင်းဆိုသနည်း။ ဘုရားသခင်ချစ်သောအရာကို ချစ်ပြီး ဘုရားသခင် မုန်းသောအရာကို မုန်းလော့။ ဤသည်မှာ လိုက်နာသင့်သည့် စည်းမျဉ်းဖြစ်၏။ ဘုရားသခင်သည် သမ္မာတရားကို လိုက်စားပြီး သူ၏ အလိုတော်ကို လိုက်လျှောက်နိုင်သောသူများကို ချစ်သည်။ ဤလူတို့သည်လည်း ကျွန်ုပ်တို့ ချစ်သင့်သောလူများဖြစ်သည်။ ဘုရားသခင်၏ အလိုတော်ကို မလိုက်လျှောက်နိုင်သောသူ၊ ဘုရားသခင်ကို မုန်းတီးပြီး၊ ပုန်ကန်သောသူ၊ ဤလူတို့သည် ဘုရားသခင်၏ အလွန်မုန်းတီးခြင်းကို ခံရသည်။ ကျွန်ုပ်တို့သည်လည်း ၎င်းတို့ကို အလွန်မုန်းတီးသင့်၏။ ဤသည်မှာ လူသားအပေါ် ဘုရားသခင် တောင်းဆိုသောအရာ ဖြစ်သည်။ သင်၏ မိဘများက ဘုရားသခင်ကို မယုံကြည်လျှင်၊ ဘုရားသခင်အား ယုံကြည်ခြင်းသည် မှန်ကန်သော လမ်းဖြစ်ကြောင်း၊ ကယ်တင်ခြင်းကို ရရှိစေနိုင်ကြောင်းကို ကောင်းစွာသိသည့်တိုင် လက်ခံရန် မလိုလားဆဲဖြစ်လျှင် ၎င်းတို့သည် သမ္မာတရားကို စိတ်ကုန်ပြီး၊ အလွန်အမင်း မနှစ်မြို့သောသူများဖြစ်ကြကာ ၎င်းတို့သည် ဘုရားသခင်ကို အာခံသော၊ ဘုရားသခင်ကို မုန်းတီးသောသူများဖြစ်သည်မှာ သံသယရှိစရာမလိုပေ။ ဘုရားသခင်သည် ၎င်းတို့ကို အလိုအလျောက် စက်ဆုပ်ရွံရှာပြီး မုန်းတီးသည်။ ဤသို့သောမိဘများကို သင်စက်ဆုပ်ရွံရှာနိုင်သလော။ ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်ပြီး၊ ပုတ်ခတ်ဝေဖန်သည်။ ဤအခြေအနေတွင် ၎င်းတို့သည် အသေအချာပင် မကောင်းဆိုးဝါးများနှင့် စာတန်များဖြစ်သည်။ သင်သည် ၎င်းတို့ကို မုန်းတီးပြီး ကျိန်ဆဲနိုင်သလော။ ဤအရာအားလုံးက သဘာဝကျသော မေးခွန်းများဖြစ်သည်။ သင်၏ မိဘများက သင့်အား ဘုရားသခင်ကို ယုံကြည်ခြင်းအား တားဆီးလျှင် ၎င်းတို့ကို သင် မည်သို့ ဆက်ဆံသင့်သနည်း။ ဘုရားသခင်က တောင်းဆိုခဲ့သည့်အတိုင်း ဘုရားသခင်ချစ်သောအရာကို ချစ်သင့်ပြီး ဘုရားသခင် မုန်းသောအရာကို မုန်းသင့်သည်။ ကျေးဇူးတော်ခေတ်တွင် သခင်ယေရှုက ပြောခဲ့သည်။ “ကိုယ်တော်က၊ ငါ့အမိ၊ ငါ့ညီကား အဘယ်သူနည်းဟု မေးတော်မူ၏။” “ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့အဘ၏အလိုတော်ကိုဆောင်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိ ဖြစ်သတည်းဟု မိန့်တော်မူ၏။” ဟူ၍ဖြစ်သည်။ ဤစကားများသည် ကျေးဇူးတော်ခေတ်တွင် တည်ရှိနှင့်ပြီးဖြစ်သည်။ ယခုအခါတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ပို၍ပင် ရှင်းလင်းလေသည်။ “ဘုရားသခင် ချစ်သောအရာကို ချစ်ပြီး ဘုရားသခင် မုန်းသောအရာကို မုန်းလော့” ဤစကားများသည် လိုရင်းကို ထိရောက်သည်။ သို့တိုင်အောင် လူတို့သည် ဤစကားများ၏ အဓိပ္ပာယ်အစစ်အမှန်ကို မကြာခဏဆိုသလို သဘောပေါက်နိုင်ခြင်း မရှိကြပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ကိုယ်ပိုင်လွဲမှားသောအမြင်များကို သတိပြုခြင်းဖြင့်သာ အမှန်တကယ် ပြောင်းလဲနိုင်သည်
ယောဘက သူ၏ သားသမီးများကို မည်သို့ ဆက်ဆံသနည်း။ ၎င်းတို့ကို ဧဝံဂေလိမျှဝေပြီး သမ္မာတရားကို မိတ်သဟာယဖွဲ့ပေးရင်း ဖခင်တစ်ဦးအဖြစ် သူ၏တာဝန်ကိုသာ ဖြည့်ဆည်းသည်။ သို့ရာတွင် ၎င်းတို့က သူ့ကို နားထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ၊ ၎င်းတို့က နာခံသည်ဖြစ်စေ၊ မနာခံသည်ဖြစ်စေ ယောဘက ၎င်းတို့ကို ဘုရားသခင်အား ယုံကြည်ရန် အတင်းအဓမ္မမစေခိုင်းပေ။ သူသည် ၎င်းတို့ကို ကန်ကျောက်အော်ဟစ်ပြီး ဆွဲမခေါ်ပေ၊ သို့မဟုတ် ၎င်းတို့၏ ဘဝကို ဝင်ရောက်စွက်ဖက်ခြင်းမရှိပေ။ ၎င်းတို့၏ အယူအဆများနှင့် ထင်မြင်ချက်များသည် သူ၏ကိုယ်ပိုင် အယူအဆ၊ ထင်မြင်ချက်တို့နှင့် ကွဲပြားသည်။ ထို့ကြောင့် သူသည် ၎င်းတို့ လုပ်ဆောင်သည့်အရာကို ဝင်ရောက်မစွက်ဖက်ပေ။ ၎င်းတို့က မည်သည့်လမ်းကြောင်းအမျိုးအစားကို လျှောက်နေသည်ကို ဝင်ရောက်မစွက်ဖက်ပေ။ ယောဘက သူ၏ သားသမီးများကို ဘုရားသခင်အားယုံကြည်ခြင်းနှင့်ပတ်သက်ပြီး ပြောဆိုခြင်းနည်းပါးသလော။ သူသည် ၎င်းတို့အား ဤအရာနှင့်ပတ်သက်၍ သေချာပေါက် လုံလောက်စွာ ပြောဆိုပြီးဖြစ်လိမ့်မည်။ သို့သော် ၎င်းတို့က နားထောင်ရန် ငြင်းဆန်ပြီး လက်မခံကြပေ။ ဤအရာအပေါ် ယောဘ၏ သဘောထားက အဘယ်နည်း။ “ငါ့တာဝန်ကို ဖြည့်ဆည်းပြီးဖြစ်သည်။ မည်သည့်လမ်းကြောင်းမျိုးကို ၎င်းတို့လျှောက်ကြသည်နှင့် ပတ်သက်ပြီး ၎င်းတို့ရွေးချယ်သည့်အရာအပေါ် မူတည်သည်။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များအပေါ် မူတည်သည်။ ဘုရားသခင်က ၎င်းတို့အပေါ် အလုပ်မလုပ်လျှင်၊ သို့မဟုတ် မတို့ထိလျှင် ၎င်းတို့ကို အတင်းအဓမ္မစေခိုင်းဖို့ ငါ ကြိုးစားမည်မဟုတ်” ဟူ၍ ဖြစ်သည်။ ထို့ကြောင့် ယောဘက ဘုရားရှေ့တွင် ၎င်းတို့အတွက် ဆုမတောင်းခဲ့ပေ၊ သို့မဟုတ် ၎င်းတို့အတွက် မချိတင်ကဲဝေဒနာဖြင့် မငိုပေ၊ သို့မဟုတ် ၎င်းတို့အတွက် အစာမရှောင်ပေ၊ သို့မဟုတ် မည်သည့်နည်းလမ်းဖြင့်မျှကို ဒုက္ခမခံပေ။ ဤအရာများကို သူ မလုပ်ဆောင်ပေ။ ယောဘက ဤအရာများကို အဘယ်ကြောင့်တစ်ခုမျှ မလုပ်ဆောင်သနည်း။ အဘယ်ကြောင့်ဆိုသော် ဤအရာများထဲမှ မည်သည့်အရာကမျှ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံခြင်းနည်းလမ်းများ မဟုတ်သောကြောင့်ဖြစ်သည်။ ၎င်းတို့အားလုံးသည် လူသားအယူအဆများမှ ထွက်ပေါ်လာပြီး ကိစ္စရပ်များကို တက်ကြွစွာ ဖိအားပေးသည့် နည်းလမ်းများဖြစ်သောကြောင့်တည်း။ ယောဘ၏ သားသမီးများသည် သူကဲ့သို့ပင် တူညီသောလမ်းကြောင်းကို မလျှောက်ခဲ့ကြသည့်အခါ၊ ဤသည်မှာ သူ၏ သဘောထားဖြစ်သည်။ ထို့ကြောင့် သူ၏ သားသမီးများ သေဆုံးကြသောအခါ၊ သူ၏ သဘောထားမှာ မည်သည့်အရာဖြစ်ခဲ့သနည်း။ သူ ငိုကြွေးခဲ့သလော၊ မငိုကြွေးခဲ့သလော။ သူ၏ ခံစားချက်များကို ဖွင့်ထုတ်ခဲ့သလော။ သူ ထိခိုက်ခံစားခဲ့သလော။ သမ္မာကျမ်းစာတွင် ဤအရာများနှင့်သက်ဆိုင်၍ မည်သည့် မှတ်တမ်းမျှ မပါရှိပေ။ ယောဘက သူ၏ သားသမီးများ သေဆုံးကြသည်ကို မြင်သည့်အခါ၊ နှလုံးကြေကွဲခဲ့သလော သို့မဟုတ် ဝမ်းနည်းခဲ့သလော။ (နှလုံးကြေကွဲ ဝမ်းနည်းခဲ့ပါသည်။) သူ၏ သားသမီးများအတွက် သူ ခံစားရသည့် ချစ်ခင်မှုအရ ပြောရလျှင်၊ သူသည် ထိုဝမ်းနည်းမှုကို အနည်းငယ်မျှ သေချာပေါက်ခံစားခဲ့ရသော်လည်း ဘုရားသခင်ကို သူ ကျိုးနွံနာခံနေဆဲ ဖြစ်သည်။ သူ၏ ကျိုးနွံနာခံခြင်းကို မည်သို့ ဖော်ပြခဲ့သနည်း။ သူက၊ “ဤသားသမီးများကို ဘုရားသခင်က ကျွန်ုပ်ကို ပေးထားခဲ့ခြင်း ဖြစ်သည်။ သူတို့ ဘုရားသခင်ကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ သူတို့၏ အသက်တာများက ဘုရားလက်ထဲတွင် ရှိသည်။ ဘုရားသခင်ကို သူတို့ ယုံကြည်ခဲ့ပြီး၊ ဘုရားသခင်က သူတို့ကို သိမ်းယူလိုခဲ့လျှင်၊ ထိုသို့ သူ လုပ်ဆောင်ဦးမည်ဖြစ်သည်။ သူတို့က ဘုရားသခင်ကို မယုံကြည်လျှင်၊ သူတို့ သိမ်းယူခံရမည်ဟု ဘုရားသခင် ပြောလျှင် သူတို့ သိမ်းယူခံရဦးမည်ဖြစ်သည်။ ဤအရာအားလုံးက ဘုရားသခင် လက်တော်ထဲတွင်ရှိသည်။ မဟုတ်လျှင်၊ လူတို့၏ အသက်များကို မည်သူက သိမ်းယူနိုင်မည်နည်း”ဟူ၍ ပြောခဲ့သည်။ တိုတိုပြောရလျှင်၊ သိမ်းယူခံရမည်ဟူသည့် ဤစကားက မည်သည့်အရာကို ဆိုလိုသနည်း။ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” (ယောဘ ဝတ္ထု ၁:၂၁) သူသည် သူ၏ သားသမီးများကို ဆက်ဆံသည့်အခါ ဤသဘောထားကို ထိန်းသိမ်းခဲ့သည်။ ၎င်းတို့ အသက်ရှိသည်ဖြစ်စေ၊ သေသည်ဖြစ်စေ၊ သူသည် ဤသဘောထားကို ဆက်လက်ထားရှိခဲ့သည်။ သူ၏ ကျင့်သုံးမှုနည်းလမ်းသည် မှန်ကန်သည်။ သူ ကျင့်သုံးသည့် နည်းလမ်းတိုင်းတွင်၊ အရာရာကို သူ ဆက်ဆံသည့် အမြင်၊ သဘောထားနှင့် အခြေအနေတွင် သူသည် အစဉ်သဖြင့် နာခံသည့်၊ စောင့်ဆိုင်းသည့်၊ ရှာဖွေပြီးနောက် အသိပညာကိုရရှိသည့် အနေအထားနှင့် အခြေအနေတွင်ရှိသည်။ ဤသဘောထားက အလွန်အရေးကြီးသည်။ လူတို့သည် ၎င်းတို့လုပ်သမျှတွင် မည်သည့်အခါမျှ ဤသဘောထားမျိုးမရှိလျှင်၊ အလွန်ပြင်းထန်သော တစ်ကိုယ်ရေစိတ်ကူးများရှိပြီး အရာရာတွင် တစ်ကိုယ်ရေ ရည်ရွယ်ချက်များနှင့် အကျိုးအမြတ်ကို ရှေ့တန်းတင်လျှင် ၎င်းတို့သည် အမှန်တကယ် နာခံနေခြင်းဖြစ်သလော။ (မဖြစ်ပါ။) ဤသို့သောလူများတွင် စစ်မှန်သော နာခံခြင်းကို မမြင်နိုင်ပေ။ ၎င်းတို့သည် စစ်မှန်သော နာခံခြင်းကို မရရှိနိုင်ပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်အားနာခံခြင်းနှင့်ဆိုင်သော လက်တွေ့လုပ်ဆောင်မှု အခြေခံသဘောတရားများ
သင်သည် ကြံ့ခိုင်ခြင်းနှင့် အားမာန်ကို ပြသကာ၊ ငါအတွက် သင်၏ သက်သေခံချက်၌ မြဲမြံစွာ ရပ်တည်ရမည်ဖြစ်သည်။ ထ၍ ငါ၏ကိုယ်စား စကားပြောလော့၊ ထို့ပြင် အခြားသောလူတို့ ပြောကောင်းပြောမည့်အရာကို မကြောက်ရွံ့လေနှင့်။ ငါ၏ ရည်ရွယ်ချက်များကိုသာ အထမြောက်အောင် လုပ်ဆောင်ပြီး မည်သူ့ကိုမျှ သင့်အား ဘောင်ခတ်ခွင့် မပေးလေနှင့်။ သင့်အား ငါထုတ်ဖော်သောအရာကို ငါ၏ ရည်ရွယ်ချက်များနှင့်အညီ လိုက်နာရမည်ဖြစ်ပြီး၊ နှောင့်နှေးကြန့်ကြာ၍ မရပေ။ သင်၏အတွင်းထဲတွင် မည်ကဲ့သို့ ခံစားရသနည်း။ သင်သည် မသက်မသာဖြစ်နေသည် မဟုတ်လော။ သင်နားလည်လိမ့်မည်။ ငါ၏ဝန်ထုပ်ဝန်ပိုးကို ထောက်ထား ညှာတာလျက် သင်သည် အဘယ့်ကြောင့် ငါ၏ကိုယ်စား ထရပ်၍ မပြောနိုင်ရသနည်း။ သင်သည် သိမ်ဖျင်းသော လျှို့ဝှက်ကြံစည်မူထဲတွင် မလျှော့တမ်း ပါဝင်နေသော်လည်း၊ ငါသည် အရာရာကို ရှင်းလင်းစွာ မြင်ရသည်။ ငါသည် သင်၏ ကိုးစားရာနှင့် သင်၏အကွယ်အကာဖြစ်ကာ၊ အရာခပ်သိမ်းသည် ငါ၏လက်ထဲတွင်ရှိသည်။ သို့ဖြစ်လျှင် သင်သည် အဘယ်အရာကို ကြောက်သနည်း။ သင်သည် လွန်ကဲစွာ တွယ်တာနေသည် မဟုတ်လော။ သင်သည် သင်၏ ခံစားချက်များကို တတ်နိုင်သမျှအမြန်ဆုံး ဖယ်ရှားရမည်။ ငါသည် ခံစားချက်ကြောင့် လုပ်ဆောင်မှုမပြုဘဲ၊ ထိုအစား ဖြောင့်မတ်ခြင်းကို ကျင့်သုံးသည်။ သင်၏မိဘတို့သည် အသင်းတော်အဖို့ အကျိုးမရှိသောအရာ တစ်စုံတစ်ခုကိုပြုလျှင်၊ သူတို့ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ ငါ၏ ရည်ရွယ်ချက်များကို သင့်အား ထုတ်ဖော်ပြပြီးပြီဖြစ်ပြီး ၎င်းတို့ကို သင်လျစ်လျူမရှုရပေ။ ထိုအစား သင်သည် ၎င်းတို့အပေါ် သင်၏ အာရုံစူးစိုက်မှု အလုံးစုံကို ထားရှိကာ စိတ်ပါလက်ပါ လိုက်လျှောက်ရန် အခြားအရာဟူသမျှကို ဘေးဖယ်ထားရမည်။ ငါသည် သင့်အား ငါ၏လက်ထဲတွင် အစဉ်အမြဲ ထားရှိမည်။ အမြဲတမ်း တွန့်ဆုတ်ခြင်းနှင့် သင့်ခင်ပွန်း သို့မဟုတ် ဇနီးသည်၏ ဘောင်ခတ်ခြင်းကို မခံနှင့်။ သင်သည် ငါ၏ အလိုတော်ကို လုပ်ဆောင်ပြည့်စုံစေရန် အခွင့်ပေးရမည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၉)
ဘုရားသခင်၏ လှံတံသည် ကမ္ဘာမြေကြီးပေါ်၌ ၎င်း၏ အခန်းကဏ္ဍကို စတင် လုပ်ဆောင်ပြီ ဖြစ်သောကြောင့် နိုင်ငံများသည် ကြီးမားသည့် ပရမ်းပတာဖြစ်ခြင်း အခြေအနေတွင် ရှိလေသည်။ ဘုရားသခင်၏အမှုတော်ကို ကမ္ဘာမြေကြီး၏ အခြေအနေ၌ မြင်နိုင်သည်။ ဘုရားသခင်က “ရေများသည် ဟုန်းဟုန်းမြည်ကြလိမ့်မည်၊ တောင်များ ပြိုလဲကြလိမ့်မည်၊ မြစ်ကြီးများ ပြိုကွဲကြလိမ့်မည်၊” ဟု ပြောသောအခါ၊ ဤသည်မှာ “ကမ္ဘာမြေပေါ်ရှိ အိမ်ထောင်စုအပေါင်းသည် တစ်ကွဲတစ်ပြားစီဖြစ်လိမ့်မည်ဖြစ်ပြီး၊ မြေကြီးပေါ်ရှိ တိုင်းနိုင်ငံအားလုံး အစိတ်စိတ် အမြွှာမြွှာ ပြိုကွဲလိမ့်မည်။ ခင်ပွန်းနှင့် ဇနီးသည်တို့အကြား ပြန်လည်ပေါင်းစည်းသည့် နေ့ရက်များ ကုန်ဆုံးလိမ့်မည်၊ အမိနှင့်သားတို့ တစ်ဖန်ပြန်တွေ့တော့မည်မဟုတ်၊ အဖနှင့်သမီးတို့ မည်သည့်အခါမျှ တစ်ဖန်ပြန်ဆုံတော့မည် မဟုတ်ပေ။ မြေကြီးပေါ် ရှိဖူးသော အရာအားလုံးကို ငါ ချေမှုန်းမည်” ဟူသော ရလဒ်ဖြင့် ကမ္ဘာမြေကြီးပေါ်တွင် လှံတံ၏ ကနဦး အလုပ်ဖြစ်သည်။ ယင်းမှာ ကမ္ဘာမြေကြီးပေါ်ရှိ မိသားစုများ၏ ယေဘုယျ အခြေအနေ ဖြစ်လိမ့်မည်။ သဘာဝအားဖြင့် ယင်းသည် ၎င်းတို့အားလုံး၏ အခြေအနေ ဖြစ်နိုင်ခြေ မရှိနိုင်သော်လည်း၊ ယင်းမှာ ၎င်းတို့အများစု၏ အခြေအနေ ဖြစ်သည်။ သို့သော်လည်း ယင်းသည် ဤရေစီးကြောင်း၏ လူများက အနာဂတ်တွင် တွေ့ကြုံရသည့် အခြေအနေများကို ရည်ညွှန်းနေခြင်း ဖြစ်သည်။ ယင်းက ၎င်းတို့သည် နှုတ်ကပတ်တော်များ၏ ပြစ်တင်ဆုံးမခြင်းကို ကြုံရပြီး၊ ဘာသာတရားမရှိသူများသည် ကပ်ဘေးကို ခံရပြီးသည်နှင့် တစ်ပြိုင်နက်၊ ကမ္ဘာမြေကြီးပေါ်တွင် လူတို့အကြား မိသားစု ဆက်ဆံရေးများ ရှိတော့မည် မဟုတ်သည်ကို ၎င်းက ကြိုတင်ဟောကိန်း ထုတ်ပေသည်။ ၎င်းတို့အားလုံးသည် သိနိမ်ပြည်၏ လူများ ဖြစ်ကြလိမ့်မည် ဖြစ်ပြီး၊ အားလုံးသည် ဘုရားသခင်၏ နိုင်ငံတော်၌ သစ္စာစောင့်သိကြလိမ့်မည်။ ထို့ကြောင့် ခင်ပွန်းနှင့် ဇနီးသည်တို့အကြား ပြန်လည်ပေါင်းစည်းသည့် နေ့ရက်များ ကုန်ဆုံးလိမ့်မည်၊ အမိနှင့်သားတို့ တစ်ဖန်ပြန်တွေ့တော့မည်မဟုတ်၊ အဖနှင့်သမီးတို့ မည်သည့်အခါမျှ တစ်ဖန်ပြန်ဆုံတော့မည် မဟုတ်ပေ။ ထို့ကြောင့် ကမ္ဘာမြေကြီးပေါ်ရှိ လူတို့၏ မိသားစုများသည် ဖြိုခွဲခံရလိမ့်မည်၊ အကြီးအကျယ် ဖျက်ဆီးခြင်းကို ခံရလိမ့်မည်ဖြစ်ပြီး၊ ဤသည်မှာ လူသား၌ ဘုရားသခင် ပြုသော နောက်ဆုံးအမှုတော် ဖြစ်လိမ့်မည်။ ပြီးလျှင် ဘုရားသခင်သည် ဤအမှုတော်ကို စကြဝဠာတစ်ခုလုံးအနှံ့ ပျံ့နှံ့စေမည် ဖြစ်သောကြောင့်၊ သူသည် “ခံစားချက်” ဟူသော စကားလုံးကို လူတို့အား ရှင်းလင်းပြရန် အခွင့်အရေးကို အသုံးချကာ၊ ထိုသို့ဖြင့် ဘုရားသခင်၏ ရည်ရွယ်ချက်များမှာ လူအပေါင်း၏ မိသားစုများကို ဖြိုခွဲရန် ဖြစ်ကြောင်းကို ၎င်းတို့အား မြင်ခွင့်ပေးပြီး ဘုရားသခင်သည် လူသားမျိုးနွယ်ထဲက “မိသားစု အငြင်းပွားမှုများ” အားလုံးကို ဖြေရှင်းရန် ပြစ်တင်ဆုံးမခြင်းကို အသုံးပြုကြောင်း ပြသလေသည်။ အကယ်၍ ထိုသို့မဟုတ်ပါက၊ ဘုရားသခင်၏အမှုတော်၏ နောက်ဆုံး အပိုင်းကို ကမ္ဘာမြေကြီးပေါ်၌ အဆုံးသတ်ဖို့ ဖြစ်နိုင်မည် မဟုတ်ပေ။ ဘုရားနှုတ်ကပတ်တော်များ၏ နောက်ဆုံးအပိုင်းသည် လူသားမျိုးနွယ်၏ အကြီးမားဆုံးသော အားနည်းချက်ကို ဖွင့်ချသည်။ ၎င်းတို့အားလုံးသည် ခံစားချက် အခြေအနေဖြင့် အသက်ရှင်ကြ၏။ ထို့ကြောင့် ဘုရားသခင်သည် ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်ကိုမျှ မရှောင်ဘဲ လူသားမျိုးနွယ် အားလုံး၏ စိတ်နှလုံးများထဲ၌ ကွယ်ဝှက်ထားသော လျှို့ဝှက်ချက်များကို ဖော်ထုတ်လေသည်။ လူတို့အတွက် ၎င်းတို့ကိုယ်ကို ခံစားချက်များမှ သီးခြားခွဲရန် အဘယ်ကြောင့် အလွန်ခက်ခဲရသနည်း။ ထိုသို့ လုပ်ဆောင်ခြင်းသည် အသိတရား၏ စံနှုန်းများကို ကျော်လွန်သလော။ အသိတရားသည် ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းနိုင်သလော။ ခံစားချက်သည် ဘေးအန္တရာယ်တစ်လျှောက် လူတို့ကို ကူညီနိုင်သလော။ ဘုရားသခင်၏ အမြင်တွင် ခံစားချက်သည် သူ၏ ရန်သူ ဖြစ်သည်။ ဤအရာကို ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ ရှင်းလင်းစွာ ဖော်ပြပြီးပြီ မဟုတ်လော။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၂၈)
ယနေ့ခေတ်တွင် ရှာဖွေသောသူတို့နှင့် မရှာဖွေသောသူတို့သည် ၎င်းတို့၏ ခရီးပန်းတိုင်များလည်း အလွန် ကွဲပြားခြားနားသည့်၊ လုံးဝ မတူကွဲပြားသော လူနှစ်မျိုးနှစ်စား ဖြစ်ကြသည်။ သမ္မာတရားနှင့်ဆိုင်သည့် အသိပညာကို လိုက်စားပြီး၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သူတို့သည် ဘုရားသခင်က ကယ်တင်ခြင်း ဆောင်ကြဉ်းပေးမည့်သူများ ဖြစ်သည်။ မှန်သောလမ်းခရီးကို မသိသောသူတို့သည် မကောင်းဆိုးဝါးများနှင့် ရန်သူများဖြစ်ကြသည်။ ၎င်းတို့သည် ကောင်းကင်တမန်မင်း၏ သားစဉ်မြေးဆက်များ ဖြစ်ကြပြီး၊ ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်ကြလိမ့်မည်။ မရေရာသော ဘုရားသခင်နှင့်သက်ဆိုင်သည့် ဘုရားတရားကိုင်းရှိုင်းသည့် ယုံကြည်သူများသည်ပင်။ ၎င်းတို့သည်လည်း မကောင်းဆိုးဝါးများ ဖြစ်ကြသည် မဟုတ်လော။ ကောင်းမွန်သော အသိတရားများ ပိုင်ဆိုင်သော်လည်း၊ မှန်သောလမ်းခရီးကို လက်မခံသော လူတို့သည် မကောင်းဆိုးဝါးများ ဖြစ်ကြသည်။ ၎င်းတို့၏ အနှစ်သာရမှာ ဘုရားသခင်ကို ခုခံခြင်းနှင့်ဆိုင်သည့် အနှစ်သာရတစ်ခု ဖြစ်သည်။ မှန်သောလမ်းခရီးကို လက်မခံသူတို့သည် ဘုရားသခင်ကို ခုခံသူများဖြစ်ပြီး ထိုသို့သော လူများသည် အခက်အခဲများစွာကို ကြံ့ကြံ့ခံလျှင်ပင်၊ ဖျက်ဆီးခြင်းခံရလိမ့်ဦးမည် ဖြစ်သည်။ လောကကို စွန့်လွှတ်ရန် လိုလားခြင်း မရှိသူ၊ မိမိတို့၏ မိဘများနှင့် မခွဲခွာရက်သူနှင့် ၎င်းတို့၏ ကိုယ်ပိုင်ဇာတိပကတိ ပျော်ပါးမှုများမှ မိမိတို့ကိုယ်ကိုယ် မဖယ်ရှားရက်နိုင်သူ အားလုံးသည် ဘုရားသခင်ကို ပုန်ကန်ကြသကဲ့သို့ ၎င်းတို့အားလုံးသည် ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်ကြလိမ့်မည်။ လူ့ဇာတိခံ ဘုရားသခင်ကို မယုံကြည်သောသူ မည်သူမဆိုသည် မကောင်းဆိုးဝါးဆန်ပြီး၊ ထို့အပြင် ဖျက်ဆီးခံရလိမ့်မည်။ ယုံကြည်ခြင်း ရှိသော်လည်း သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သူများ၊ လူ့ဇာတိခံ ဘုရားသခင်ကို မယုံကြည်သူများနှင့် ဘုရားသခင်၏ တည်ရှိမှုကို လုံးဝ မယုံကြည်သူ အားလုံးသည် ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်ကြလိမ့်မည်။ ကျန်ရှိခွင့် ရှိလိမ့်မည့်သူအားလုံးမှာ စစ်ဆေးခြင်းနှင့်ဆိုင်သည့် ဆင်းရဲဒုက္ခကို ကြုံရပြီးဖြစ်ကာ ခိုင်ခိုင်မာမာ ရပ်တည်ပြီးဖြစ်သည့် လူများ ဖြစ်သည်။ ဤသည်တို့မှာ စမ်းသပ်မှုများကို အမှန်တကယ် ကြံ့ကြံ့ခံပြီးသည့် လူများ ဖြစ်သည်။ ဘုရားသခင်ကို အသိအမှတ် မပြုသူ မည်သူမဆိုသည် ရန်သူ ဖြစ်၏။ ဆိုလိုသည်မှာ လူ့ဇာတိခံ ဘုရားသခင်ကို အသိအမှတ်မပြုသောသူ မည်သူမဆိုသည် ဤရေစီးကြောင်းအတွင်း သို့မဟုတ် ပြင်ပတွင် ၎င်းတို့ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အန္တိခရစ်တစ်ဦး ဖြစ်ပေသည်။ ဘုရားသခင်၌ မယုံကြည်သည့် ခုခံသူများ မဟုတ်ပါက၊ မည်သူသည် စာတန်ဖြစ်သနည်း၊ မည်သူတို့မှာ မကောင်းဆိုးဝါးများ ဖြစ်ပြီး၊ မည်သူတို့မှာ ဘုရားသခင်၏ ရန်သူများ ဖြစ်သနည်း။ ၎င်းတို့သည် ဘုရားသခင်ကို ပုန်ကန်သောသူများ ဖြစ်ကြသည် မဟုတ်လော။ ၎င်းတို့သည် ယုံကြည်ခြင်း ရှိသည်ဟု အခိုင်အမာ ပြောဆိုသော်လည်း သမ္မာတရား ကင်းမဲ့သောသူများ မဟုတ်လော။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရရန်မျှ ကြိုးစားကြသော်လည်း၊ ဘုရားသခင်အတွက် သက်သေမခံနိုင်သူများ ဖြစ်ကြသည် မဟုတ်လော။ သင်သည် ယနေ့ ထိုမကောင်းဆိုးဝါးများနှင့် ရောနှောဆဲဖြစ်ပြီး ၎င်းတို့အပေါ် အသိတရား၊ ချစ်ခြင်းမေတ္တာတို့ဖြင့် ဆက်ဆံနိုင်ဆဲ ဖြစ်သည်၊ သို့သော် ဤကိစ္စတွင် သင်သည် စာတန်အပေါ် ကောင်းသော ရည်ရွယ်ချက်များကို လက်ကမ်းပေးနေခြင်း မဟုတ်လော။ သင်သည် မကောင်းဆိုးဝါးများနှင့် ပေါင်းဖော်နေခြင်းဖြစ်သည် မဟုတ်လော။ အကယ်၍ ယနေ့ကာလတွင် လူတို့သည် အကောင်းနှင့်အဆိုးကို ခွဲခြားနိုင်ခြင်း မရှိသေးသကဲ့သို့ ဘုရားသခင်၏ရည်ရွယ်ချက်များကို ရှာဖွေရန် မည်သည့်ဆန္ဒမျှ မရှိဘဲ သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များကို မိမိတို့ကိုယ်ပိုင်အဖြစ် မည်သည့်နည်းနှင့်မျှ ခံယူနိုင်ခြင်း မရှိဘဲ၊ ဆက်လက်၍ ကျိုးကြောင်းမမြင်ဘဲ ချစ်တတ်ပြီး သနားကရုဏာစိတ်ရှိနေသည့် အခြေအနေအထိ ရောက်လာပြီးဖြစ်ပါက ၎င်းတို့၏ အဆုံးသတ်များသည် ပို၍ပင် စုတ်ချာလိမ့်မည်။ လူ့ဇာတိ၌ ရှိသော ဘုရားသခင်ကို မယုံကြည်သောသူ မည်သူမဆိုသည် ဘုရားသခင်၏ ရန်သူ ဖြစ်သည်။ သင်သည် ရန်သူအပေါ် အသိစိတ်နှင့် ချစ်ခြင်းမေတ္တာ ထားရှိနိုင်ပါက၊ သင်၌ တရားမျှတစိတ် ကင်းမဲ့သည် မဟုတ်လော။ ငါ စက်ဆုပ်ရွံရှာပြီး ငါ သဘောမတွေ့သော သူတို့နှင့် သင်သည် သဟဇာတ ဖြစ်ပြီး၊ ၎င်းတို့အပေါ် ချစ်ခြင်းမေတ္တာ သို့မဟုတ် ပုဂ္ဂိုလ်ရေး ခံစားချက်များ ထားရှိနေသေးပါက၊ သင်သည် ပုန်ကန်သောသူဖြစ်သည် မဟုတ်လော။ သင်သည် တမင်တကာ ဘုရားသခင်ကို ဆန့်ကျင်နေခြင်း မဟုတ်လော။ ထိုသို့သော လူတစ်ဦးသည် သမ္မာတရားကို ပိုင်ဆိုင်သလော။ လူတို့သည် ရန်သူများအပေါ် အသိစိတ်၊ မကောင်းဆိုးဝါးများအတွက် ချစ်ခြင်းမေတ္တာနှင့် စာတန်အတွက် သနားကရုဏာ ထားရှိပါက၊ ၎င်းတို့သည် ဘုရားသခင်၏အမှုကို တမင်တကာ နှောင့်ယှက်နေကြသည် မဟုတ်လော။ ဘုရားသခင်ကိုပင် မယုံကြည်သူများကို မဆိုထားနှင့်၊ သခင်ယေရှုကိုသာ ယုံကြည်ပြီး နောက်ဆုံးကာလအတွင်းတွင် လူ့ဇာတိခံ ဘုရားသခင်ကို မယုံကြည်သော လူများအပြင်၊ လူ့ဇာတိခံ ဘုရားသခင်ကို နှုတ်အားဖြင့် ယုံကြည်သည်ဟု အခိုင်အမာ ပြောဆိုသော်လည်း၊ မကောင်းမှု ပြုသောသူတို့အားလုံးသည် အန္တိခရစ်များ ဖြစ်ကြသည်။ ဤလူအားလုံးသည် ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်ကြလိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်
“တစ်ဦးတစ်ယောက်သည် သခင့်ကို ယုံကြည်သောအခါ၊ အခွင့်အလမ်းသည် ထိုသူ၏မိသားစုတစ်ခုလုံးအပေါ် မျက်နှာသာပေးသည်။” ဆိုသည့် အတိတ်က ပြောဆိုထားသည့် ထိုစကားများသည် ကျေးဇူးတော်ခေတ်အတွက် သင့်တော်သော်လည်း၊ လူသားမျိုးနွယ်၏ ခရီးပန်းတိုင်နှင့် မဆက်နွှယ်ပေ။ ယင်းတို့သည် ကျေးဇူးတော်ခေတ် အတွင်းရှိ အဆင့်တစ်ဆင့်အတွက်သာ သင့်လျော်ခဲ့သည်။ ဤစကားလုံးများ၏ ဂယက်အနက်မှာ လူများပျော်မွေ့သော ငြိမ်သက်ခြင်းနှင့် လူတို့ မွေ့လျော်သည့် ရုပ်ဝတ္ထုဆိုင်ရာ ကောင်းချီးများကိုသာ ဦးတည်သည်။ ယင်းတို့က သခင့်ကိုယုံကြည်သူ တစ်ဦး၏ မိသားစု တစ်ခုလုံး ကယ်တင်ခြင်းခံရလိမ့်မည်ဟု မဆိုလိုခဲ့သကဲ့သို့၊ တစ်ဦးတစ်ယောက်သည် ကောင်းကြီးမင်္ဂလာများကို ရရှိသည့်အခါ သူ၏ မိသားစုတစ်ခုလုံးသည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဆောင်ယူခြင်းခံရနိုင်သည်ဟုလည်း မဆိုလိုခဲ့ပေ။ တစ်ဦးတစ်ယောက်သည် ကောင်းချီးများ ရရှိခြင်း သို့မဟုတ် ကံအကြောင်း မလှသည့် ဖြစ်ရပ် ခံစားရခြင်း ရှိမရှိဆိုသည်မှာ သူ၏အနှစ်သာရအရ ဆုံးဖြတ်ခြင်း ဖြစ်သည်၊ အခြားသူများနှင့် မျှဝေခံစားသည့် မည်သည့် ဘုံအနှစ်သာရအရမျှ မဟုတ်ပေ။ ထိုသို့သော ဆိုရိုးစကား သို့မဟုတ် စည်းမျဉ်းသည် နိုင်ငံတော်တွင် တကယ်ကို နေရာမရှိပေ။ အကယ်၍ လူတစ်ဦးသည် နောက်ဆုံးတွင် ရှင်သန်နိုင်ပါက၊ ယင်းမှာ ၎င်းတို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီကြပြီးဖြစ်သောကြောင့် ဖြစ်ပြီး၊ အကယ်၍ ၎င်းတို့သည် ငြိမ်သက်ခြင်း ချမ်းသာနှင့်ဆိုင်သည့် အချိန်ကာလအထိ နောက်ဆုံးတွင် မကျန်ရှိနိုင်ပါက၊ ယင်းမှာ ၎င်းတို့သည် ဘုရားသခင်အပေါ် ပုန်ကန်ကြသကဲ့သို့ ဘုရားသခင်၏ သတ်မှတ်ချက်များကို မဖြည့်ဆည်းသေးသောကြောင့် ဖြစ်သည်။ အယောက်တိုင်းသည် သင့်လျော်သော ခရီးပန်းတိုင်တစ်ခု ရှိသည်။ ဤခရီးပန်းတိုင်များကို တစ်ဦးချင်းစီ၏ အနှစ်သာရနှင့်အညီ ဆုံးဖြတ်ထားခြင်း ဖြစ်ပြီး၊ အခြားလူများနှင့် လုံးဝ မသက်ဆိုင်ပေ။ ကလေးတစ်ယောက်၏ ဒုစရိုက်အမှုကို သူ၏မိဘများထံ လွှဲပြောင်းပေး၍ မရသကဲ့သို့၊ ကလေး တစ်ယောက်၏ ဖြောင့်မတ်ခြင်းကိုလည်း သူ၏မိဘများနှင့် ဝေမျှ၍မရနိုင်ပေ။ မိဘတစ်ဦး၏ ဒုစရိုက်အမှုကို ၎င်းတို့၏သားသမီးများထံ လွှဲပြောင်း၍ မရသကဲ့သို့၊ မိဘ၏ ဖြောင့်မတ်ခြင်းကိုလည်း ၎င်းတို့၏ သားသမီးများနှင့် ဝေမျှ၍မရနိုင်ပေ။ အယောက်တိုင်းသည် မိမိတို့၏ သက်ဆိုင်ရာအပြစ်များကို သယ်ပိုးကြပြီး အယောက်တိုင်းသည် မိမိတို့၏ သက်ဆိုင်ရာ ကောင်းကြီးမင်္ဂလာများကို မွေ့လျော်ခံစားကြရသည်။ မည်သူမျှ အခြား လူအတွက် အစားထိုးတစ်ခု မဖြစ်နိုင်ပေ။ ဤသည်မှာ ဖြောင့်မတ်ခြင်း ဖြစ်သည်။ လူသား၏အမြင်မှ၊ မိဘများသည် ကောင်းမွန်သော ကောင်းကြီးမင်္ဂလာများ ရရှိပါက၊ ၎င်းတို့၏ သားသမီးများလည်း ရရှိသင့်ပြီး၊ သားသမီးများက မကောင်းမှုကို ကျူးလွန်ပါက၊ ၎င်းတို့၏မိဘများသည် ထိုအပြစ်များအတွက် ပြေရာပြေကြောင်း ပြုလုပ်ရမည် ဖြစ်သည်။ ဤသည်မှာ လူသား ရှုထောင့်အမြင်ဖြစ်ပြီး လူသား၏ အမှုအရာများကို လုပ်ဆောင်သည့် နည်းလမ်းဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ ရှုထောင့်အမြင်မဟုတ်ပေ။ အယောက်တိုင်း၏ ရလဒ်သည် ၎င်းတို့၏ အပြုအမူမှလာသော အနှစ်သာရနှင့်အညီ ဆုံးဖြတ်ခြင်း ဖြစ်ပြီး၊ ယင်းကို အမြဲ သင့်တင့်လျောက်ပတ်စွာ ဆုံးဖြတ်ထားခြင်း ဖြစ်သည်။ မည်သူမျှ အခြားသူ၏ အပြစ်များကို မသယ်ပိုးနိုင်ပေ။ ထို့ထက်မက မည်သူမျှ အခြားသူကိုယ်စား အပြစ်ပေးခြင်းကို လက်မခံနိုင်ပေ။ ဤသည်မှာ အကြွင်းမဲ့ဖြစ်သည်။ မိဘတစ်ဦး၏ မိမိတို့သားသမီးများအပေါ် မေတ္တာဖြင့် စောင့်ရှောက်မှုသည် မိမိတို့၏ သားသမီးများကိုယ်စား ဖြောင့်မတ်သော လုပ်ဆောင်ချက်များ လုပ်ဆောင်နိုင်သည်ဟု မညွှန်ပြသကဲ့သို့၊ ကလေးတစ်ဦး၏ သူ့မိဘများ အပေါ် သားသမီးဝတ္တရားကျေသော ချစ်ခင်မှုသည် ၎င်းတို့အနေဖြင့် ၎င်းတို့၏ မိဘများကိုယ်စား ဖြောင့်မတ်သော လုပ်ဆောင်မှုများကို လုပ်ဆောင်နိုင်သည်ဟု မညွှန်ပြပေ။ ဤသည်မှာ၊ “ထိုအခါ လယ်၌ရှိသော လူနှစ်ယောက်တို့တွင် တစ်ယောက်ကိုသိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတံ့။ ကြိတ်ဆုံကြိတ်သောသူနှစ်ယောက်တို့တွင် တစ်ယောက်ကို သိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတံ့။” ဟူသော နှုတ်ကပတ်တော်များက အမှန်တကယ် ရည်ရွယ်သည့်အရာ ဖြစ်သည်။ လူတို့သည် မိမိတို့၏ သားသမီးများအတွက် နက်ရှိုင်းသော ချစ်ခြင်းမေတ္တာပေါ် အခြေခံ၍ မိမိတို့၏ မကောင်းမှုပြုသော သားသမီးများကို ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဆောင်ယူ၍ မရနိုင်သကဲ့သို့၊ မည်သူကမျှ ၎င်းတို့၏ဇနီး (သို့မဟုတ် ခင်ပွန်း) ကို ၎င်းတို့ကိုယ်တိုင်၏ ဖြောင့်မတ်သော လုပ်ဆောင်မှုပေါ် အခြေခံ၍ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဆောင်ယူ၍မရနိုင်ပေ။ ဤသည်မှာ စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းတစ်ခု ဖြစ်သည်။ မည်သူအတွက်မျှ ခြွင်းချက်များ မရှိနိုင်ပေ။ အဆုံးသတ်တွင် ဖြောင့်မတ်ခြင်းကို လုပ်ဆောင်သူများမှာ ဖြောင့်မတ်ခြင်းကို လုပ်ဆောင်သူများဖြစ်ပြီး မကောင်းမှုပြုသူများသည် မကောင်းမှုပြုသူများ ဖြစ်ကြသည်။ ဖြောင့်မတ်ခြင်းကို လုပ်ဆောင်သည့်သူတို့သည် နောက်ဆုံးတွင် ရှင်သန်ခွင့် ရကြလိမ့်မည် ဖြစ်သော်လည်း၊ မကောင်းမှုပြုသူများသည် ဖျက်ဆီးခံကြရလိမ့်မည်။ သန့်ရှင်းသူများသည် သန့်ရှင်းသူများ ဖြစ်သည်။ ၎င်းတို့သည် မညစ်ညမ်းကြပေ။ ညစ်ညမ်းသောသူတို့သည် ညစ်ညမ်းသူများ ဖြစ်ကြပြီး ၎င်းတို့ထဲမှ အစိတ်အပိုင်းတစ်ခုမျှ မသန့်ရှင်းပေ။ ဆိုးယုတ်သူတစ်ဦး၏ ကလေးများသည် ဖြောင့်မတ်သော လုပ်ဆောင်ချက်များကို ဆောင်ရွက်လျှင်ပင်၊ ပြီးလျှင် ဖြောင့်မတ်သူတစ်ဦး၏ မိဘများက ဆိုးယုတ်သော လုပ်ဆောင်ချက်များ ကျူးလွန်လျှင်ပင် ဖျက်ဆီးခံရမည့် လူများမှာ ဆိုးယုတ်သောသူများသာ ဖြစ်ပြီး၊ ရှင်သန်မည့်သူများမှာ ဖြောင့်မတ်သောသူများသာ ဖြစ်သည်။ ယုံကြည်သော ခင်ပွန်းသည်တစ်ဦးနှင့် ဘာသာတရားမရှိသော ဇနီးတစ်ဦးအကြားတွင် မည်သည့် ဆက်နွှယ်မှုမျှ မရှိသကဲ့သို့၊ ယုံကြည်သော သားသမီးများနှင့် ဘာသာတရားမရှိသော မိဘများကြားတွင် မည်သည့်ဆက်နွှယ်မှုမျှ မရှိပေ။ ဤလူနှစ်မျိုးနှစ်စားသည် လုံးဝ သဟဇာတ မဖြစ်ပေ။ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ မဝင်ရောက်မီတွင် လူများ၌ ဇာတိပကတိဆိုင်ရာ မိသားစု ချစ်ခင်တွယ်တာမှု ရှိသော်လည်း ငြိမ်သက်ခြင်းချမ်းသာထဲသို့ ဝင်ရောက်ပြီးသည်နှင့်တစ်ပြိုင်နက် ပြောဆိုစရာ ဇာတိပကတိဆိုင်ရာ မိသားစု ချစ်ခင်တွယ်တာမှု ရှိတော့မည် မဟုတ်ပေ။ မိမိတို့၏ တာဝန်ကို ထမ်းဆောင်သူများနှင့် မိမိတို့၏ တာဝန်ကို မထမ်းဆောင်သူများသည် တစ်ဦးနှင့်တစ်ဦး ရန်သူများ ဖြစ်ကြသည်။ ဘုရားသခင်ကို ချစ်မြတ်နိုးသူများနှင့် ဘုရားသခင်ကို မုန်းတီးသော သူတို့သည် တစ်ဦးနှင့်တစ်ဦး ဆန့်ကျင်ကြသည်။ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်မည့်သူများနှင့် ဖျက်ဆီးခြင်းခံရပြီးဖြစ်မည့်သူများသည် သဟဇာတ မဖြစ်သည့် ဖန်ဆင်းခံအမျိုးအစား နှစ်မျိုး ဖြစ်သည်။ ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းသော ဖန်ဆင်းခံများသည် ရှင်သန်နိုင်ကြလိမ့်မည် ဖြစ်သော်လည်း၊ ၎င်းတို့၏တာဝန်များကို မဖြည့်ဆည်းသော သူတို့သည် ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်ကြလိမ့်မည်။ ထို့အပြင် ဤသည်မှာ ထာဝရကာလတစ်လျှောက် တည်တံ့လိမ့်မည်။ သင်သည် ဖန်ဆင်းခံ တစ်ဦးအဖြစ် မိမိတာဝန်ကို ဖြည့်ဆည်းရန်အလို့ငှာ သင်၏ခင်ပွန်းကို ချစ်သလော။ သင်သည် ဖန်ဆင်းခံတစ်ဦးအဖြစ် မိမိတာဝန်ကို ဖြည့်ဆည်းရန်အလို့ငှာ သင်၏ဇနီးကို ချစ်သလော။ သင်သည် ဖန်ဆင်းခံတစ်ဦးအဖြစ် မိမိတာဝန်ကို ဖြည့်ဆည်းရန်အလို့ငှာ ဘာသာတရားမရှိသော သင်၏မိဘများကို ဝတ္တရားကျေသလော။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်၍ လူသား၏ အမြင်သည် မှန်သလော၊ သို့မဟုတ် မှားသလော။ ဘုရားသခင်ကို အဘယ်ကြောင့် သင်ယုံကြည်သနည်း။ သင်သည် အဘယ်အရာကို ရရှိရန် ဆန္ဒရှိသနည်း။ ဘုရားသခင်ကို သင် မည်သို့ချစ်သနည်း။ ဖန်ဆင်းခံသတ္တဝါများအဖြစ် မိမိတို့၏တာဝန်များကို မဖြည့်ဆည်းနိုင်သူများနှင့် အပြည့်အဝ အားထုတ်မှု မပြုနိုင်သူတို့သည် ဖျက်ဆီးခြင်း ခံကြရမည့်သူများ ဖြစ်လာကြလိမ့်မည်။ ယနေ့လူများကြားတွင် ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများရှိကြသည့်အပြင် အသွေးအားဖြင့်လည်း နှီးနွှယ်ဆက်စပ်မှုများ ရှိကြသည်၊ သို့သော် အနာဂတ်တွင် ဤအရာအားလုံး အစိတ်စိတ်အမြွှာမြွှာ ကွဲသွားလိမ့်မည်။ ယုံကြည်သူများနှင့် ဘာသာတရားမရှိသောသူများ သည် သဟဇာတ မဖြစ်ကြပေ။ ယင်းထက် ၎င်းတို့သည် တစ်ဦးနှင့် တစ်ဦး ဆန့်ကျင်ကြသည်။ ငြိမ်သက်ခြင်း ချမ်းသာ၌ ရှိသူတို့သည် ဘုရားသခင် တစ်ဆူရှိသည်ဟု ယုံကြည်ကြပြီး ဘုရားသခင်ကို ကျိုးနွံနာခံကြသည်၊ ဘုရားသခင်ကို ပုန်ကန်သော သူတို့အားလုံးမှာမူ ဖျက်ဆီးခြင်းခံရပြီး ဖြစ်ကြလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်တွင် မိသားစုများ တည်ရှိတော့မည် မဟုတ်။ မိဘများ သို့မဟုတ် ကလေးများ သို့မဟုတ် ခင်ပွန်းများနှင့် ဇနီးများအကြား ဆက်ဆံမှုများ မည်သို့ရှိနိုင်မည်နည်း။ ယုံကြည်မှုနှင့် မယုံကြည်မှု၏ လွန်စွာ သဟဇာတမဖြစ်ခြင်းသည် ထိုသို့သော ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများကို လုံးဝ ဖြတ်တောက်ပြီး ဖြစ်လိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်
ဆက်စပ်မှုရှိသော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ
ခင်တွယ်မှုများက မူအရဖြစ်ရမည်
ကျွန်မ၏မိဘများကို အရှိအတိုင်းမြင်သည်
ဂျွိုင်း၏ ဇာတ်လမ်း
ကျွန်တော့်ခံစားချက်တွေက ကျွန်တော့်ရဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်းကို ဖုံးအုပ်သွားခဲ့တယ်
ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ
လူတို့ကြားရှိ စိတ်ခံစားမှုများကို ဘုရားမုန်း၏ကျူး
အခြားသူများနှင့် မှန်ကန်သောဆက်ဆံရေးရှိရန် ဘုရား၏နှုတ်ကပတ်တော်များကို နမူနာယူလော့ကျူး
လူတို့၏ နိဂုံး အား သူတို့၏ သဘောသဘာဝအတိုင်း ဘုရားဆုံးဖြတ်သည်