၈။ အကျင့်ပျက်ခြင်း ပြဿနာကို ဖြေရှင်းနည်း
နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ
အမှုအရာများကို အလွန် ပေါ့ပေါ့ဆဆနှင့် တာဝန်မဲ့စွာ ကိုင်တွယ်ခြင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုအတွင်းရှိ အရာတစ်ခု ဖြစ်သည်။ ယင်းမှာ လူတို့ မကြာခဏ ရည်ညွှန်းသည့် စက်ဆုပ်ဖွယ်ကောင်းမှု ဖြစ်သည်။ ၎င်းတို့ လုပ်ဆောင်သည့် ကိစ္စရပ်များအားလုံးတွင် ၎င်းတို့က “မှန်လုနီးပါးဖြစ်သည်”နှင့် “အတော် နီးစပ်သည်”ဆိုသည်အထိ လုပ်ဆောင်ကြ၏။ ယင်းသည် “ဖြစ်နိုင်သည်” “ဖြစ်ကောင်းဖြစ်နိုင်မည်”၊ “ငါးခုထဲမှ လေးခု” ဆိုသည့် သဘောထားတစ်ခု ဖြစ်သည်။ ၎င်းတို့သည် အမှုအရာများကို ဝတ်ကျေတမ်းကျေ လုပ်ဆောင်ကြ၏၊ အနည်းဆုံး လုပ်ဆောင်ရမည်ကို စိတ်ကျေနပ်ကြသကဲ့သို့ ဖြီးဖြန်း၍ လုပ်ဆောင်ရခြင်းကို ကျေနပ်ကြလေသည်။ အမှုအရာများကို အလေးအနက်ထားရာတွင် သို့မဟုတ် စေ့စပ်ခြင်းတွင် အကျိုးမရှိဟု ၎င်းတို့ မြင်ကြပြီး သမ္မာတရားစည်းမျဉ်းများကို ရှာဖွေခြင်း၌ သာ၍အကျိုးမရှိဟု ၎င်းတို့ မြင်ကြလေသည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအတွင်း၌ ရှိသည့် အရာတစ်ခုဖြစ်သည် မဟုတ်လော။ ယင်းသည် ပုံမှန် လူ့သဘာဝ၏ သရုပ်သကန်တစ်ခုလော။ မဟုတ်ပေ။ ယင်းကို မာနထောင်လွှားမှုဟု ခေါ်ဆိုခြင်းသည် မှန်ကန်သကဲ့သို့ အကျင့်ပျက်သည့်အရာဟု ခေါ်ဆိုခြင်းမှာလည်း လုံးဝ ဆီလျော်၏။ သို့သော် ယင်းကို အပြည့်အဝ အတိအကျဖော်ပြဖို့ရာ၊ လုံလောက်မည့် တစ်ခုတည်းသော စကားလုံးမှာ “စက်ဆုပ်ဖွယ်” ဖြစ်သည်။ လူအများစု၌ ၎င်းတို့အတွင်းတွင် စက်ဆုပ်ဖွယ်ကောင်းမှု ရှိသည်မှာ အတိုင်းအတာ အမျိုးမျိုးသာ ကွဲပြားလေသည်။ ကိစ္စအားလုံး၌ ၎င်းတို့သည် အမှုအရာများကို ဝတ်ကျေတမ်းကျေ၊ ပေါ့ပေါ့ဆဆပုံစံနှင့် လုပ်ဆောင်လိုပြီး ၎င်းတို့ လုပ်ဆောင်သမျှတိုင်းတွင် လှည့်ဖြားမှု အငွေ့အသက်တစ်ခု ရှိလေသည်။ ၎င်းတို့သည် တတ်နိုင်သည့်အခါ အခြားသူများကို လိမ်လည်လှည့်စားသည်၊ တတ်နိုင်သည့်အခါ ဖြတ်လမ်းလိုက်ကြပြီး တတ်နိုင်သည့်အခါ အချိန်ခိုကြသည်။ ၎င်းတို့က မိမိဘာသာ စဉ်းစားကြသည်။ “ထုတ်ဖော်ခံရခြင်းကို ငါ ရှောင်ကြဉ်သရွေ့၊ ပြဿနာများမဖြစ်သရွေ့၊ ဖြေရှင်းချက်ပေးရန် မခေါ်ခံရသရွေ့ ဤအရာကို ငါ ဖြစ်သလို လုပ်နိုင်သည်။ အလွန်ကောင်းစွာလုပ်ဆောင်ဖို့မလို။ ယင်းသည် အလွန်ဒုက္ခများလွန်းသည်” ဟူ၍ ဖြစ်သည်။ ထိုသို့သော လူတို့သည် မည်သည့်အရာကိုမျှ ကျွမ်းကျင်သည်အထိ မတတ်မြောက်ကြသကဲ့သို့၊ ၎င်းတို့၏ လေ့လာမှုများတွင် ဝါယမစိုက်ထုတ်ခြင်း မရှိကြချေ၊ သို့မဟုတ် ဒုက္ခခံပြီး အဖိုးအခပေးဆပ်ခြင်း မရှိကြချေ။ ၎င်းတို့သည် အကြောင်းအရာတစ်ခုကို အပေါ်ယံသာ ထိတွေ့ပြီး သိစရာရှိသည့်အရာအားလုံးကို ၎င်းတို့ သင်ယူလေ့လာပြီးဖြစ်သည်ဟု ယုံကြည်လျက် မိမိတို့ကိုယ်ကို ထိုအရာတွင် ကျွမ်းကျင်သည်ဟု ဆိုကြလေသည်၊ ထို့နောက် ၎င်းတို့၏လမ်းတစ်လျှောက် ကမောက်ကမဖြစ်စေဖို့ ဤအရာအပေါ် မှီခိုကြလေသည်။ ဤသည်မှာ အခြားလူများ၊ ဖြစ်ရပ်များ၊ အမှုအရာများအပေါ် လူတို့ ထားရှိသော သဘောထားတစ်ခု ဖြစ်သည် မဟုတ်လော။ ယင်းသည် ကောင်းမွန်သော သဘောထား ဖြစ်သလော။ မဟုတ်ပေ။ ရိုးရှင်းစွာပြောရလျှင် ယင်းက “အိုးနင်းခွက်နင်းနှင့်ပင် ပြီးမြောက်သွားစေခြင်း” ဖြစ်သည်။ ထိုသို့သော စက်ဆုပ်ဖွယ်ကောင်းမှုသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အားလုံးထဲတွင် တည်ရှိလေသည်။ ၎င်းတို့၏ လူ့သဘာဝတွင် စက်ဆုပ်ဖွယ်ကောင်းမှုရှိသော လူတို့သည် ၎င်းတို့လုပ်သမျှတွင် ဖြစ်သလို ပြုလုပ်သည့်အမြင်နှင့် သဘောထားကို မှတ်ယူကြသည်။ ထိုသို့သော လူများသည် မိမိတို့၏တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်စွမ်း ရှိသလော။ မထမ်းဆောင်နိုင်ပါ။ ၎င်းတို့သည် အမှုကိစ္စများကို စည်းမျဉ်းဖြင့် လုပ်ဆောင်နိုင်သလော။ ပို၍ပင် လုပ်ဆောင်နိုင်ချေမရှိပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရားသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၂)
“သိမ်ဖျင်းခြင်း” တွင် ယုတ်ညံ့ခြင်း၊ စာရိတ္တပျက်ပြားခြင်း၊ ယုတ်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ အကျင့်ပျက်ခြင်း၊ လက်မခံနိုင်သော အပြုအမူများ ကျင့်ကြံပြုမူခြင်း၊ မိမိ၏ လုပ်ရပ်များတွင် ပွင့်လင်းမှု သို့မဟုတ် ရိုးဖြောင့်မှု ရှိရမည့်အစား ခိုးကြောင်ခိုးဝှက်ပုံစံဖြင့် ပြုမူခြင်းနှင့် မသင့်လျော်သော အရာများကိုသာ လုပ်ဆောင်ခြင်း စသည့် အဓိပ္ပာယ်များစွာ ပါဝင်သည်။ ဤသည်တို့မှာ သိမ်ဖျင်းသောလူများ၏ အမျိုးစုံသော အပြုအမူများနှင့် သရုပ်သကန်များ ဖြစ်၏။ ဥပမာ ပုံမှန်လူတစ်ဦးက တစ်စုံတစ်ခုကို ပြုလုပ်လိုလျှင် ယင်းက လျော်ကန်နေသရွေ့ ပွင့်လင်းမြင်သာသော ပုံစံဖြင့် ပြုလုပ်ပြီး ယင်းက ဥပဒေကို ချိုးဖောက်လျှင် သူက လက်လျှော့ပြီး ယင်းကို လုပ်ဆောင်မည်မဟုတ်ပေ။ သိမ်ဖျင်းသော လူတို့မှာမူ ထိုသို့မဟုတ်ပေ။ သူတို့သည် မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်များကို မရရသည့်နည်းဖြင့် စွမ်းဆောင်ရရှိမည်ဖြစ်ပြီး ဥပဒေ၏ ကန့်သတ်ချက်များကို တန်ပြန်ကာကွယ်ဖို့ နည်းဗျူဟာများ ရှိမည်ဖြစ်သည်။ သူတို့သည် ဥပဒေကို ရှောင်ကွင်းပြီး ထိုသို့ပြုခြင်းက လူ့ကျင့်ဝတ်၊ ကိုယ်ကျင့်တရား အပြုအမူ သို့မဟုတ် လူ့သဘာဝနှင့် ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ၊ ထို့ပြင် အကျိုးဆက်များက မည်သည့်အရာဖြစ်စေ မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်များ ဖြစ်မြောက်အောင်မြင်ဖို့ နည်းလမ်းများကို ရှာဖွေကြသည်။ ဤအရာများတစ်ခုကိုမျှ သူတို့ ဂရုမစိုက်ဘဲ သူတို့၏ ရည်မှန်းချက်ပန်းတိုင်များကို ဖြစ်နိုင်သော မည်သည့်နည်းဖြင့်မဆို ဖြစ်မြောက်အောင်မြင်ဖို့သာ ကြိုးပမ်းကြသည်။ ဤသည်မှာ “သိမ်ဖျင်း” ခြင်းပင်။ သိမ်ဖျင်းသောလူတို့၌ တည်ကြည်မှု သို့မဟုတ် ဂုဏ်သိက္ခာ တစ်ခုတလေ ရှိသလော။ (မရှိပါ။) သူတို့သည် မြင့်မြတ်သလော၊ အောက်တန်းကျသလော။ (အောက်တန်းကျသည်။) သူတို့သည် မည်သည့်ပုံစံဖြင့် အောက်တန်းကျသနည်း။ (သူတို့၏ ပြုမူကျင့်ကြံခြင်းအတွက် ကိုယ်ကျင့်တရားအပြုအမူဆိုင်ရာ အခြေခံစည်း မရှိပါ။) မှန်ပေ၏။ ဤလူစားမျိုးသည် သူတို့၏ ကျင့်ကြံပြုမူခြင်း၌ အခြေခံစည်း သို့မဟုတ် စည်းမျဉ်းများ မရှိကြပေ။ သူတို့သည် အကျိုးဆက်များကို မထောက်ရှုဘဲ သူတို့လိုချင်သည့်အရာ မှန်သမျှကိုသာ ပြုလုပ်ကြသည်။ သူတို့သည် ဥပဒေနှင့်ပတ်သက်၍၊ ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်၍၊ သူတို့၏ အသိတရားက သူတို့၏ လုပ်ရပ်များကို လက်ခံနိုင်ခြင်းရှိမရှိ၊ သို့မဟုတ် သူတို့ကို တစ်စုံတစ်ဦးက လူသိရှင်ကြား ရှုတ်ချသည်၊ ဝေဖန်သည် သို့မဟုတ် အပြစ်တင်သည်ဖြစ်စေ ဂရုမစိုက်ကြပေ။ သူတို့သည် ဤအရာအားလုံးကို အလေးမထားသည့်အပြင် သူတို့ အကျိုးအမြတ်ရပြီး ပျော်ရွှင်နေသရွေ့ အရေးမစိုက်ပေ။ အမှုအရာများအား သူတို့ ပြုလုပ်သည့်နည်းလမ်းသည် စာရိတ္တပျက်ပြားကာ သူတို့၏ အတွေးအခေါ်သည် စက်ဆုပ်ဖွယ်ကောင်းပြီး နှစ်ခုလုံးမှာ ရှက်စရာကောင်းသည်။ ဤသည်မှာ သိမ်ဖျင်းခြင်းကို ဆိုလို၏။...သို့ဆိုလျှင် သိမ်ဖျင်းခြင်းသည် အတိအကျအားဖြင့် မည်သည့်အရာကို ရည်ညွှန်းသနည်း။ ယင်း၏ အခြေခံ လက္ခဏာများနှင့် သရုပ်သကန်များမှာ အဘယ်နည်း။ ငါ၏ ပေါင်းရုံးသုံးသပ်ချက်သည် တိကျမှန်ကန်မှု ရှိမရှိကို ကြည့်လော့။ သိမ်ဖျင်းသော လူတို့သည် မည်သည့်အရာနှင့် တူညီသနည်း။ သူတို့သည် မယဉ်ပါးသော၊ အားရလောက်အောင် ပြုစုစောင့်ရှောက်ခြင်း မခံခဲ့ရသော၊ တောရိုင်းတိရစ္ဆာန်များနှင့် တူညီပြီး ဤအရာ၏ အခြေခံ သရုပ်သကန်များမှာ မာနထောင်လွှားခြင်း၊ အရိုင်းအစိုင်း ဖြစ်ခြင်း၊ ချုပ်ထိန်းမှု ကင်းမဲ့ခြင်း၊ မဆင်မခြင် ပြုမူခြင်း၊ သမ္မာတရားကို စိုးစဉ်းမျှ လက်မခံခြင်းသာမက မိမိနှစ်သက်သည့် အရာမှန်သမျှ ပြုလုပ်ခြင်း၊ မည်သူ့ကိုမျှ နားမထောင်ခြင်း၊ သို့မဟုတ် မည်သူ့ကိုမျှ သူ့အား စီမံခွင့်မပြုခြင်း၊ လူတိုင်းကို ဆန့်ကျင်ဝံ့ခြင်းနှင့် အခြားမည်သူ့အတွက်မျှ အလေးထားမှု မရှိခြင်းတို့ ဖြစ်ကြသည်။ သိမ်ဖျင်ခြင်း၏ သရုပ်သကန်အမျိုးမျိုးမှာ ဆိုးဝါးသလော၊ ငါ့ကိုပြောလော့။ (ဆိုးဝါးပါသည်။) အနည်းဆုံးအနေဖြင့် မာနထောင်လွှားခြင်း၊ ဆင်ခြင်တုံတရား ကင်းမဲ့ခြင်းနှင့် မဆင်မခြင် ပြုမူခြင်းနှင့်ဆိုင်သည့် ဤစိတ်သဘောထားမှာ အလွန်ဆိုးဝါး၏။ ဤသို့သော လူတစ်ဦးသည် ဘုရားသခင်အား ဝေဖန်သုံးသပ်သည့် သို့မဟုတ် အတိုက်အခံလုပ်သည့် အရာများကို မလုပ်သည့်ပုံ ပေါက်နေလျှင်ပင် သူ၏ မာနထောင်လွှားသော စိတ်သဘောထားကြောင့် မကောင်းမှုကို ပြုလုပ်ပြီး သူ့ကို အတိုက်အခံ လုပ်မည်မှာ အလွန်အမင်း ဖြစ်နိုင်ချေ ရှိလေသည်။ သူ၏ လုပ်ဆောင်ချက်များအားလုံးမှာ ဖောက်ပြန်ပျက်စီးသော သူ၏ စိတ်သဘောထားများ ထုတ်ဖော်ပြမှုများဖြစ်သည်။ လူတစ်ဦးသည် တစ်စုံတစ်သော အဆင့်အထိ သိမ်ဖျင်းလာသောအခါ သူသည် ဓားပြတစ်ဦးနှင့် နတ်ဆိုးတစ်ကောင် ဖြစ်လာပြီး ဓားပြများနှင့် နတ်ဆိုးများက သမ္မာတရားကို မည်သည့်အခါမျှ လက်ခံမည်မဟုတ်ပေ။ ၎င်းတို့သည် ဖျက်ဆီးခြင်းကိုသာ ခံရနိုင်၏။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၄- ၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသည်
မြင့်မြတ်သောလူများနှင့် ယုတ်ညံ့သောလူများကြားတွင် မည်သို့ ခွဲခြားသိမြင်နိုင်သနည်း။ တာဝန်များအပေါ် ၎င်းတို့၏ သဘောထားနှင့် လုပ်ရပ်များကိုသာ ကြည့်လော့။ ပြီးလျှင် အမှုကိစ္စများ ဖြစ်ပေါ်သောအခါ အမှုအရာများကို ၎င်းတို့ သဘောထားသည့်၊ ပြုမူသည့် ပုံစံကို ကြည့်လော့။ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာရှိသောလူတို့သည် ၎င်းတို့၏ လုပ်ရပ်များတွင် စေ့စပ်သည်။ တာဝန်သိသည်။ ပြီးလျှင် ဇွဲလုံ့လရှိသည်။ ပြီးလျှင် ၎င်းတို့သည် အဖိုးအခပေးဆပ်လိုစိတ်ရှိသည်။ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာ မရှိသည့်လူများသည် ၎င်းတို့၏ လုပ်ဆောင်ချက်များတွင် ဂရုမစိုက်ဘဲ ပေါ့ပေါ့ဆဆ နိုင်ကြသည်၊ လှည့်ကွက်အချို့ကို အစဉ် လုပ်ဆောင်ကြသည်၊ အိုးနင်းခွက်နင်းနှင့် ပြီးမြောက် သွားဖို့သာ အစဉ်လိုလားကြသည်။ မည်သည့်နည်းပညာကို ၎င်းတို့ လေ့လာသည်ဖြစ်စေ ဇွဲလုံ့လရှိစွာ မသင်ယူပေ။ ၎င်းတို့သည် ယင်းကို သင်ယူရန် မတတ်နိုင်ပေ။ ပြီးလျှင် လေ့လာရာတွင် အချိန်မည်မျှကုန်ပါစေ ၎င်းတို့သည် လုံးလုံး မသိနားမလည်လျက် ရှိနေသည်။ ဤသူတို့မှာ ကိုယ်ကျင့်စရိုက် နိမ့်ကျသောလူများ ဖြစ်သည်။ လူအများစုသည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် ဝတ်ကျေတမ်းကျေ ဆန်ကြသည်။ ထိုတွင် မည်သည့်စိတ်သဘောထားက လွှမ်းမိုးနေသနည်း။ (ဆန်ကုန်မြေလေးဖြစ်ခြင်း ဖြစ်သည်။) ဆန်ကုန်မြေလေးဖြစ်သောလူများသည် ၎င်းတို့၏ တာဝန်ကို မည်သို့သဘောထားသနည်း။ အသေအချာပင် ၎င်းတို့သည် တာဝန်အပေါ် မှန်ကန်သော သဘောထားမရှိ။ တာဝန်အပေါ် အသေအချာပင် ဝတ်ကျေတမ်းကျေဆန်ကြသည်။ ဤသည်မှာ ၎င်းတို့တွင် ပုံမှန်လူ့သဘာဝမရှိဟု ဆိုလိုသည်။ အလွန်အမင်း ဆန်ကုန်မြေလေးဖြစ်သောသူတို့သည် တိရစ္ဆာန်များကဲ့သို့ ဖြစ်သည်။ အိမ်မွေးတိရစ္ဆာန်အဖြစ် ခွေးတစ်ကောင်မွေးခြင်းကဲ့သို့ ဖြစ်သည်။ သင်က ခွေးကို စောင့်မကြည့်လျှင် အရာဝတ္တုများကို ကိုက်ဝါးပြီး သင်၏ ပရိဘောဂနှင့် အသုံးအဆောင်ပစ္စည်းများအားလုံးကို ဖျက်ဆီးလိမ့်မည်။ ဤသို့ဆိုလျှင် ဆုံးရှုံးမှုဖြစ်လိမ့်မည်။ ခွေးများသည် တိရစ္ဆာန်များဖြစ်သည်။ အရာဝတ္ထုများကို အမြတ်တနိုး ဂရုစိုက်မှုဖြင့် ကိုင်တွယ်ဖို့ မတွေးပေ။ ၎င်းတို့နှင့် သင်ငြင်းခုံ၍မရပေ။ ၎င်းတို့ကို ကိုင်တွယ်ရမည်သာ ဖြစ်သည်။ သင်က မကိုင်တွယ်ဘဲ တိရစ္ဆာန်တစ်ကောင်ကို သောင်းကျန်းခွင့်ပြုပြီး သင့်ဘဝကို အဖျက်အမှောင့် လုပ်ခွင့်ပေးလျှင် သင်၏ လူ့သဘာဝ၌ တစ်စုံတစ်ခု လိုနေသည်ကို ပြသည်။ ဤသို့ဆိုလျှင် သင်သည် တိရစ္ဆာန်တစ်ကောင်နှင့် များစွာမကွာခြားပေ။ သင်၏ ဉာဏ်ရည်ဉာဏ်ကဲက နိမ့်လွန်းသည်။ သင်သည် အလကားလူဖြစ်သည်။ ဤသို့ဆိုလျှင် ၎င်းတို့ကို မည်သို့ကောင်းစွာ ကိုင်တွယ်သနည်း။ သင်သည် သတ်မှတ်ချက်ဘောင် အချို့အတွင်း၌ ၎င်းတို့ကို ကန့်သတ်ရန်၊ သို့မဟုတ် လှောင်အိမ်ထဲ၌ ထားရန် စဉ်းစားဖို့လိုပြီး တစ်ရက်စီတွင် သတ်မှတ်ထားသော အချိန်နှစ်ချိန်၊ သို့မဟုတ် သုံးချိန် ထွက်ခွင့်ပြုဖို့လိုသည်။ ဤသို့ဖြင့် ၎င်းတို့သည် အတော်အသင့်ဖြစ်သော လှုပ်ရှားမှုကို ရသည်။ ဤသည်မှာ ၎င်းတို့၏ အကြောင်းမဲ့ကိုက်ဝါးခြင်းကို ဟန့်တားလိမ့်မည်ဖြစ်ပြီး ၎င်းတို့ ကျန်းမာနေစေရန် လေ့ကျင့်ခန်းလည်း ပြုလုပ်စေလိမ့်မည်။ ဤသို့ဖြင့် ခွေးသည် ကောင်းစွာကိုင်တွယ်ခြင်းခံရပြီး သင့်ပတ်ဝန်းကျင်လည်း အကာအကွယ်ရသည်။ လူတစ်ဦးသည် သူတွေ့ကြုံသောအရာများကို မကိုင်တွယ်နိုင်ဘဲ မှန်ကန်သော သဘောထားမရှိလျှင် သူ၏ လူ့သဘာဝတွင် တစ်စုံတစ်ခု လိုအပ်နေသည်။ ပုံမှန်လူ့သဘာဝ၏ စံနှုန်းကို မမီနိုင်ပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရားသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၂)
အကျင့်ပျက်၍ ချုပ်တည်းမှုမရှိသော လူတို့သည် ဘာသာတရားမရှိသူတို့၏ လောကမှ ဓားပြလူမိုက်များကဲ့သို့ စကားလုံးရွေးချယ်မှုမျိုးကို အသုံးပြုကြသည်၊ ၎င်းတို့သည် အထူးသဖြင့် လူ့အဖွဲ့အစည်းမှ ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များနှင့် အပျက်သဘောဆောင်သော ပုဂ္ဂိုလ်များ၏ အပြောအဆိုနှင့် ပုံစံကို အတုခိုးခြင်း၌ နှစ်သက်ကြပြီး ၎င်းတို့၏ ဘာသာစကားအများစုမှာ လူမိုက်တစ်ဦး သို့မဟုတ် လူရမ်းကားတစ်ဦး ပြောဆိုသည့်အရာကဲ့သို့ ခံစားရသော သိမ်ဖျင်းသော လေသံ ပါဝင်လေသည်။ ဥပမာအားဖြင့် ဘာသာတရားမရှိသူတစ်ဦး ရောက်ရှိလာပြီး တံခါးခေါက်ပြီးနောက် ထူးဆန်းသော စကားအနည်းငယ်ကို ပြောဆိုသည့်အခါ ညီအစ်ကိုမောင်နှမများက “တစ်ခုခုတော့ လွဲနေပြီ၊ အဘယ်ကြောင့် ဤလူသည် ကင်းထောက် သို့မဟုတ် စပိုင်တစ်ဦးကဲ့သို့ ထင်ရသနည်း” ဟု ပြောဆိုကြသည်။ ထိုအချိန်တွင် ၎င်းတို့ မသေချာနိုင်သော်လည်း ယင်းက လူအများစုကို မသက်မသာ ခံစားရစေသည်။ သို့တိုင်အောင် အကျင့်ပျက်၍ ချုပ်တည်းမှုမရှိသောသူသည် အထင်ကြီးလောက်အောင်ပင် ပြောဆိုပြီး သီးခြားဟန်ပန်တစ်ခုဖြင့်ပင် “သူလျှိုလော။ မကြောက်ပါ။ သူတို့ကို အဘယ်ကြောင့် ကြောက်ရမည်နည်း။ သင်တို့ ကြောက်လျှင် အပြင်ထွက်ရန် မလိုအပ်ပါ။ သူတို့ မည်သည့်လူစားမျိုးဖြစ်သည်ကို ငါ သွားကြည့်လိုက်မည်” ဟု ပြောဆိုလေသည်။ ၎င်းတို့သည် မည်မျှ သတ္တိရှိပြီး ရဲရင့်သည်ကို ကြည့်လော့။ သင်တို့သည် ဤသို့ ပြောဆိုကြမည်လော။ (မပြောပါ၊ ဤသည်မှာ ပုံမှန်လူများ ပြောဆိုပုံမဟုတ်ပါ၊ ဓားပြတစ်ဦး ပြောဆိုသည့်အရာကဲ့သို့ ဖြစ်ပါသည်။) ဓားပြများသည် ပုံမှန်လူများနှင့် မတူဘဲ ကွဲပြားစွာ ပြောဆိုကြသည်၊ ၎င်းတို့သည် အထူးသဖြင့် ဗိုလ်ကျခြယ်လှယ်တတ်ကြသည်။ လူတို့သည် မိမိတို့အမျိုးအစား၏ ဘာသာစကားကို သင်ယူကြသည်၊ လောကအကြောင်း နောကျေသောလူများသည် လူ့အဖွဲ့အစည်း၏ ရေပန်းစားသော ဘန်းစကားများကို အထူးသဖြင့် သုံးစွဲကြသည်၊ ဓားပြများနှင့် လူမိုက်များသည် ဗန်းစကားများ ပြောဆိုရသည်ကို ကြိုက်နှစ်သက်ကြပြီး မယုံကြည်သူတို့သည် ဘာသာတရား မရှိသူတို့ကဲ့သို့ပင် ဖြစ်ကြကာ ဘာသာတရား မရှိသူတို့ ပြောဆိုသမျှ အရာအားလုံးကို ပြောဆိုကြသည်။ ကောင်းမြတ်သော၊ ဂုဏ်သိက္ခာရှိသော၊ တည်ကြည်သော လူတို့သည် ဘာသာတရား မရှိသူတို့၏ အပြောအဆိုကို ကြားရသည့်အခါ စက်ဆုပ်ရွံရှာခြင်းနှင့် မုန်းတီးခြင်းကို ခံစားကြရသည်၊ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ထိုသို့သော အပြောအဆိုမျိုးကို အတုခိုးရန် မကြိုးစားကြပေ။ အချို့သော မယုံကြည်သူတို့သည် ဆယ်နှစ် သို့မဟုတ် အနှစ်နှစ်ဆယ် ယုံကြည်ပြီးသည့်တိုင် ဘာသာတရား မရှိသူတို့၏ ဘာသာစကားကို အသုံးပြုနေကြဆဲဖြစ်ပြီး ထိုသို့သော အပြောအဆိုကို တမင်တကာ ရွေးချယ်ကြကာ စကားပြောဆိုနေစဉ်တွင် ၎င်းတို့သည် ဘာသာတရား မရှိသူတို့၏ အမူအရာ၊ မျက်နှာအမူအရာများနှင့် လက်ဟန်ခြေဟန်များအပြင် ၎င်းတို့၏ မျက်လုံးအကြည့်များကိုပင် အတုခိုးကြသည်။ ထိုသို့သော လူပုဂ္ဂိုလ်များသည် အသင်းတော်ရှိ ညီအစ်ကိုမောင်နှမများ၏ အမြင်တွင် နှစ်သက်ဖွယ် ဖြစ်နိုင်သလော။ (မဖြစ်နိုင်ပါ။) ညီအစ်ကိုမောင်နှမအများစုသည် ၎င်းတို့ကို မနှစ်မြို့ဖွယ်ဖြစ်ပြီး ကြည့်ရသည်မှာ ကိသကအောက်ဖြစ်သည်ကို တွေ့ရှိကြသည်။ ဘုရားသခင်သည် ၎င်းတို့အပေါ် မည်သို့ ခံစားရမည်ဟု သင်တို့ ထင်သနည်း။ (စက်ဆုပ်ရွံရှာခြင်း ဖြစ်ပါသည်။) အဖြေမှာ ရှင်းလင်းပါသည်၊ စက်ဆုပ်ရွံရှာခြင်းပင် ဖြစ်သည်။ ၎င်းတို့ အသက်ရှင်နေထိုင်သည့်အရာမှ၊ ၎င်းတို့၏ လိုက်စားမှုများမှ၊ ၎င်းတို့၏ စိတ်နှလုံးထဲ၌ ရိုသေလေးမြတ်သော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများမှ ကြည့်လျှင် ၎င်းတို့၏ လူ့သဘာဝသည် ဂုဏ်သိက္ခာ သို့မဟုတ် တည်ကြည်ခြင်းကို မဖော်ဆောင်ကြောင်းနှင့် ဘာသာတရားကိုင်းရှိုင်းခြင်း၊ သန့်ရှင်းသူတို့၏ အမူအကျင့်နှင့် ကိုက်ညီခြင်းတို့ဖြင့် အလှမ်းဝေးလှသည်မှာ ထင်ရှားပေသည်။ ယုံကြည်သူများ သို့မဟုတ် သန့်ရှင်းသူတို့ ပြောဆိုသင့်သော စကားများကိုလည်းကောင်း၊ အခြားသူများကို တည်ဆောက်မှုဖြစ်စေပြီး တည်ကြည်မှုနှင့် ဂုဏ်သိက္ခာကို ဖော်ပြသော စကားများကိုလည်းကောင်း ၎င်းတို့၏ နှုတ်မှ ကြားရခဲသည်၊ ၎င်းတို့သည် ဤအရာများကို ပြောဆိုရန် အလားအလာမရှိပေ။ ၎င်းတို့၏ စိတ်နှလုံးထဲ၌ ရိုသေလေးမြတ်သော၊ ရည်သန်မျှော်မှန်းသော၊ လိုက်စားသော အရာသည် သန့်ရှင်းသူတို့ လိုက်စားသင့်ပြီး တောင့်တသင့်သည့်အရာနှင့် အခြေခံကျကျ သဟဇာတမဖြစ်သောကြောင့် ၎င်းတို့ အပြင်ပန်း အသက်ရှင်နေထိုင်သည့်အရာ၊ ၎င်းတို့၏ အပြောအဆိုနှင့် အမူအရာတို့သည် ချုပ်တည်းရန် ခက်ခဲစေသည်။ ၎င်းတို့ကို ချုပ်တည်းရန်၊ အကျင့်မပျက်ရန် သို့မဟုတ် စိတ်အလိုလိုက်မှုမရှိရန်၊ ဂုဏ်သိက္ခာနှင့် တည်ကြည်ခြင်းကို ထိန်းသိမ်းရန် တောင်းဆိုခြင်းသည် အလွန်ခက်ခဲသော တောင်းဆိုမှုတစ်ခု ဖြစ်သည်။ သမ္မာတရားကို နားလည်ပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်သည့် လူ့သဘာဝနှင့် ဆင်ခြင်တုံတရား ရှိသောသူတစ်ဦးကဲ့သို့ အသက်ရှင်နေထိုင်ရန် မဆိုထားနှင့်၊ ၎င်းတို့သည် သန့်ရှင်းသူတို့၏ အမူအကျင့်နှင့် ကိုက်ညီသော၊ စည်းမျဉ်းများကို လိုက်နာသော၊ အပြင်ပန်းတွင် ဆင်ခြင်တုံတရား ရှိပုံပေါက်သော တည်ကြည်မှုနှင့် ဂုဏ်သိက္ခာရှိသည့် ပုံမှန်လူတစ်ဦး ဖြစ်လာရန်ပင် မစွမ်းဆောင်နိုင်ကြပေ။ ယခင်က လူတစ်ဦးသည် ကျေးလက်ဒေသသို့ ဧဝံဂေလိတရား ဟောပြောရန် သွားခဲ့ပြီး အချို့သော ညီအစ်ကိုမောင်နှမများသည် ဆင်းရဲသော မိသားစုများရှိကာ ယိုယွင်းပျက်စီးနေသော အိမ်များတွင် နေထိုင်ကြသည်ကို တွေ့ရှိခဲ့သည်။ သူက ခနဲ့တဲ့တဲ့နှင့် လှောင်ပြောင်သရော်၍ “ဤအိမ်သည် အလွန် ယိုယွင်းပျက်စီးနေသည်၊ လူနေရန် မသင့်တော်ပါ၊ ဝက်များအတွက်ပင်လျှင် သင့်တော်ဖို့ အနိုင်နိုင်သာဖြစ်သည်။ သင်တို့ အမြန်ဆုံး ပြောင်းရွှေ့သင့်သည်” ဟု ပြောဆိုခဲ့သည်။ ညီအစ်ကိုမောင်နှမများက “ပြောင်းရွှေ့ဖို့ဟူသည်မှာ လွယ်သည်၊ သို့ရာတွင် ကျွန်ုပ်တို့ နေထိုင်ရန် နောက်ထပ်အိမ်တစ်လုံးကို မည်သူက ပေးမည်နည်း” ဟု ပြန်ဖြေခဲ့ကြသည်။ သူသည် အခြားသူများအပေါ် မည်သို့သော သက်ရောက်မှုမျိုး ရှိနိုင်သည်ကို ထည့်မစဉ်းစားဘဲ စိတ်ထဲပေါ်လာသမျှကို ပြောဆိုလျက် မဆင်မခြင်နှင့် တစ်ဇွတ်ထိုး ပြောဆိုခဲ့သည်။ ဤသည်မှာ သိမ်ဖျင်းသောအကျင့်ရှိခြင်း ဖြစ်သည်။ ညီအစ်ကိုမောင်နှမများက “ကျွန်ုပ်တို့ ပြောင်းရွှေ့လျှင် ကျွန်ုပ်တို့ကို နေဖို့ အိမ်တစ်လုံး မည်သူက ပေးမည်နည်း။ သင့်တွင် အိမ်ရှိသလော” ဟု မေးခဲ့ကြသည်။ သူ့မှာ ပြန်စရာစကားမရှိခဲ့ပေ။ လူတို့သည် အခက်အခဲ ရင်ဆိုင်နေရသည်ကို မြင်ရာတွင် သူသည် စကားမပြောမီ ၎င်းတို့၏ အခက်အခဲကို ဖြေရှင်းပေးနိုင်စွမ်း ရှိထားရမည်ဖြစ်သည်။ ၎င်းတို့၏ အခက်အခဲကို ဖြေရှင်းပေးနိုင်စွမ်းမရှိဘဲ မဆင်မခြင် ပြောဆိုခဲ့ခြင်း၏ အကျိုးဆက်များမှာ အဘယ်နည်း။ ဤသည်မှာ အလွန်ပွင့်လင်းပြီး ဟောဟောဒိုင်းဒိုင်း ပြောလွန်းခြင်း၏ ပြဿနာတစ်ရပ် ဖြစ်ခဲ့သလော။ လုံးဝ မဟုတ်ပေ။ ပြဿနာမှာ သူ၏ သိမ်ဖျင်းမှုသည် အလွန်ဆိုးရွားနေခြင်း ဖြစ်သည်၊ သူသည် အကျင့်ပျက်၍ ချုပ်တည်းမှုမရှိသောသူတစ်ဦး ဖြစ်ခဲ့သည်။ ထိုသို့သောလူတို့သည် တည်ကြည်မှု၊ ဂုဏ်သိက္ခာ၊ ထောက်ထားစာနာမှု၊ သည်းခံမှု၊ ဂရုစိုက်မှု၊ လေးစားမှု၊ နားလည်မှု၊ စာနာမှု၊ သနားကြင်နာမှု၊ အလေးထားမှု၊ ကူညီမှု စသည်တို့နှင့်ပတ်သက်၍ မည်သည့်အယူအဆမျှ လုံးဝ ကင်းမဲ့ကြသည်။ ပုံမှန်လူ့သဘာဝအတွက် မရှိမဖြစ်လိုအပ်သော ဤအရည်အသွေးများသည် လူတို့ ပိုင်ဆိုင်သင့်သည့်အရာများ ဖြစ်ကြသည်။ ၎င်းတို့သည် ဤအရည်အသွေးများကို ကင်းမဲ့ရုံသာမက အခြားသူများနှင့် ဆက်ဆံရာတွင် တစ်စုံတစ်ဦးသည် အခက်အခဲများ ရင်ဆိုင်နေရသည်ကို မြင်တွေ့သည့်အခါ ၎င်းတို့သည် ထိုသူတို့ကို လှောင်ပြောင်ခြင်း၊ ကဲ့ရဲ့ခြင်း၊ သရော်ခြင်းနှင့် ရှုတ်ချခြင်းတို့ကိုပင် ပြုလုပ်နိုင်ကြသည်၊ ၎င်းတို့သည် ထိုသူတို့ကို နားလည်ပေးရန် သို့မဟုတ် ကူညီရန် မစွမ်းဆောင်နိုင်ရုံသာမက ထိုသူတို့ထံသို့ ဝမ်းနည်းမှု၊ အကူအညီမဲ့မှု၊ နာကျင်မှုနှင့် ဒုက္ခကိုပင် ဆောင်ကြဉ်းပေးကြသည်။ ထိုသို့သော ဆိုးရွားသည့် သိမ်ဖျင်းမှု ရှိသောသူတို့အတွက်မူ လူအများစုသည် ၎င်းတို့ကို ရှင်းလင်းစွာ မြင်တွေ့ပြီး အကြိမ်ကြိမ် သည်းခံကြရသည်။ ထိုသို့သောလူတို့သည် စစ်မှန်သော နောင်တ ရနိုင်မည်ဟု သင်တို့ ထင်သလော။ ဖြစ်နိုင်ချေမရှိဟု ငါထင်သည်။ ၎င်းတို့၏ သဘာဝအနှစ်သာရကို ကြည့်လျှင် ၎င်းတို့သည် သမ္မာတရားကို ချစ်မြတ်နိုးသောသူများ မဟုတ်ကြပေ၊ သို့ဖြစ်၍ ၎င်းတို့သည် ပြုပြင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းကို မည်သို့ လက်ခံနိုင်မည်နည်း။ ထိုသို့သောလူများကို သရုပ်ဖော်ရာတွင် ဘာသာတရား မရှိသူတို့၌ “မိမိထင်ရာစိုင်းခြင်း” သို့မဟုတ် “အခြားသူများ မည်သို့ပင်ပြောစေကာမူ မိမိ၏လမ်းကိုသာ လျှောက်လှမ်းခြင်း” ကဲ့သို့သော အသုံးအနှုန်းများ ရှိကြသည်၊ ဤသည်မှာ မည်သို့သော အဓိပ္ပာယ်မရှိသည့် ဆင်ခြင်တွေးခေါ်မှုစနစ် ဖြစ်သနည်း။ ဤနာမည်ကြီးသော အဆိုအမိန့်များနှင့် စကားပုံများဟု ခေါ်ဆိုကြသည့်အရာများကို ဤလူ့အဖွဲ့အစည်း၌ အပြုသဘောဆောင်သော အရာများအဖြစ် မကြာခဏ ရှုမြင်ကြသည်၊ ယင်းက အဖြစ်မှန်များကို လွဲမှားစေပြီး အမှားနှင့်အမှန်ကို ရှုပ်ထွေးစေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂၅)
လူများစွာတို့သည် ၎င်းတို့၏တာဝန်များကို ဝတ်ကျေတမ်းကျေသာ လုပ်ကြသည်။ ၎င်းတို့သည် ဘာသာတရားမရှိသူများအတွက် အလုပ်လုပ်ပေးနေရသကဲ့သို့ မည်သည့်အခါကမျှ တာဝန်ကို အလေးအနက်မထားကြပေ။ အရာအားလုံးသည် ရယ်စရာပြက်လုံးတစ်ခု ဖြစ်သကဲ့သို့ ၎င်းတို့သည် ကိစ္စများကို အကြမ်းဖျင်းဆန်ကာ အပေါ်ယံလျှပ်၍ ခပ်ညံ့ညံ့ဖြစ်ပြီး ပေါ့ပေါ့ဆဆနည်းလမ်းဖြင့် လုပ်ကြသည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ ၎င်းတို့သည် အလုပ်လုပ်ပေးနေကြသော ဘာသာတရားမရှိသူများ၊ တာဝန်များကိုထမ်းဆောင်နေကြသော မယုံကြည်သူများ ဖြစ်ကြသည်။ ဤလူများသည် အလွန်အမင်း ရှုပ်ကြသည်၊ ၎င်းတို့သည် အကျင့်ပျက်ပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်နေကြသည်။ ထို့ပြင် ၎င်းတို့သည် ဘာသာတရားမရှိသူများနှင့် ဘာမျှမထူးခြားပေ။ ၎င်းတို့ကိုယ်တိုင်အတွက် ကိစ္စများကို ၎င်းတို့လုပ်သောအခါ ၎င်းတို့သည် သေချာပေါက် ဝတ်ကျေတမ်းကျေ မလုပ်ကြပေ။ သို့ဆိုလျှင် ၎င်းတို့၏တာဝန်များကို လုပ်ဆောင်ခြင်းနှင့်ပတ်သက်လာသောအခါ ၎င်းတို့သည် အဘယ်ကြောင့် နည်းနည်းလေးမျှ အလေးအနက် မထားကြသနည်း သို့မဟုတ် လုံ့လဝီရိယ မရှိကြသနည်း။ ၎င်းတို့ မည်သည့်အရာကို လုပ်ပါစေ၊ မည်သည့်တာဝန်ကို ထမ်းဆောင်ပါစေ၊ ပျော်စေပြက်စေဖြစ်ခြင်းနှင့် ဒုက္ခပေးခြင်း အရည်အသွေးရှိ၏။ ဤလူများသည် အမြဲတမ်း ဝတ်ကျေတမ်းကျေလုပ်ကြပြီး ၎င်းတို့နှင့်ပတ်သက်၍ လိမ်လည်လှည့်ဖြားတတ်သည့် အရည်အသွေးတစ်ရပ် ရှိသည်။ ဤကဲ့သို့သောလူများတွင် လူ့သဘာဝရှိသလော။ ၎င်းတို့တွင် သေချာပေါက်လူ့သဘာဝ မရှိကြပေ။ ၎င်းတို့တွင် အသိတရားနှင့် အသိစိတ် ပမာဏအနည်းငယ်မျှပင် မရှိကြပေ။ မြည်းရိုင်းများ သို့မဟုတ် မြင်းရိုင်းများကဲ့သို့ပင် ၎င်းတို့သည် အမြဲတမ်း စီမံခန့်ခွဲပေးဖို့နှင့် ကြီးကြပ်ပေးဖို့ လိုအပ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်ကို လိမ်လည်ပြီး လှည့်စားကြသည်။ ဤသည်က ၎င်းတို့သည် သူ့အပေါ် ယုံကြည်ခြင်းအစစ်အမှန်တစ်စုံတစ်ရာ ပိုင်ဆိုင်သည်ဟု ဆိုလိုသလော။ ၎င်းတို့သည် သူ့အတွက် မိမိတို့ကိုယ်ကို အသုံးခံနေခြင်းဖြစ်သလော။ ၎င်းတို့သည် အလုပ်လုပ်ပေးဖို့ သေချာပေါက် စံမမီသကဲ့သို့ အရည်အချင်းမပြည့်မီပေ။ ထိုကဲ့သို့သောလူများကို အခြားသူတစ်ဦးဦးမှ အလုပ်ခန့်ခဲ့ပါက ရက်အနည်းငယ်အတွင်းတွင်ပင် ၎င်းတို့ အလုပ်ဖြုတ်ခံရလိမ့်မည်။ ဘုရားအိမ်တော်တွင် ၎င်းတို့သည် အလုပ်လုပ်ပေးသူများနှင့် ခန့်အပ်ထားသော အလုပ်သမားများဖြစ်ကြပြီး ဖယ်ရှားရှင်းလင်းခြင်းကိုသာ ခံရနိုင်သည်ဟု ဆိုလျှင် ယင်းသည် လုံးလုံးလျားလျား မှန်ကန်တိကျသည်။ လူအတော်များများသည် ၎င်းတို့၏တာဝန်များကို ထမ်းဆောင်နေစဉ် မကြာခဏ ဝတ်ကျေတမ်းကျေ လုပ်ကြသည်။ ပြုပြင်ခြင်း ခံရသောအခါ ၎င်းတို့သည် သမ္မာတရားကို လက်ခံဖို့ ငြင်းဆန်နေဆဲဖြစ်သည်။ ၎င်းတို့၏လိုရင်းကို ခေါင်းမာစွာ ငြင်းခုံရင်းနှင့် ဘုရားအိမ်တော်က ၎င်းတို့အပေါ် မတရားကြောင်း၊ သနားညှာတာမှုနှင့် သည်းခံနိုင်မှုတို့ ကင်းမဲ့ကြောင်းဟူ၍ပင် မကျေမနပ်ပြောဆိုကြသည်။ ဤသည်မှာ ယုတ္တိကင်းမဲ့သည် မဟုတ်လော။ ပို၍ အရှိအတိုင်းဆိုရလျှင် ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထားတစ်ခုဖြစ်ပြီး ၎င်းတို့တွင် အသိတရားနှင့် အသိစိတ် စိုးစဉ်းမျှပင် မရှိပေ။ ဘုရားသခင်ကို အစစ်အမှန် ယုံကြည်သောသူများသည် အနည်းဆုံးအနေဖြင့် သမ္မာတရားကို လက်ခံနိုင်ရမည်ဖြစ်ပြီး အသိတရားနှင့် အသိစိတ်တို့ကို ချိုးဖျက်ခြင်းမရှိဘဲ အမှုအရာများကို လုပ်ဆောင်နိုင်ရမည်။ ပြုပြင်ခြင်းခံဖို့ လက်ခံရန် သို့မဟုတ် ကျိုးနွံနာခံရန် မတတ်နိုင်သောလူများသည် မာနထောင်လွှားလွန်းသည်၊ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်လွန်းပြီး တကယ့်ကို ယုတ္တိမတန်ကြချေ။ ၎င်းတို့ကို လူ့တိရစ္ဆာန်များဟု ခေါ်ဖို့ဆိုသည်မှာ ချဲ့ကားပြောခြင်း မဟုတ်ပါ၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ၎င်းတို့လုပ်သမျှတွင် လုံးလုံးလျားလျား ဂရုမစိုက်သောကြောင့်ဖြစ်သည်။ အမှုအရာများကို ၎င်းတို့ စိတ်တိုင်းကျ အတိအကျ လုပ်ဆောင်ပြီး အကျိုးဆက်များအတွက် အလေးထားမှုတစ်ခုမျှမရှိပေ။ ပြဿနာတက်လာလျှင် ၎င်းတို့ ဂရုမစိုက်ပေ။ ဤကဲ့သို့သောလူများသည် အလုပ်လုပ်ပေးဖို့ အရည်အချင်းမပြည့်မီပေ။ ၎င်းတို့၏တာဝန်များကို ဤနည်းအတိုင်း ၎င်းတို့သဘောထားကြသောကြောင့် အခြားလူများသည် ၎င်းတို့ကို ကြည့်မနေနိုင်တော့ဘဲ ၎င်းတို့အပေါ် ယုံကြည်စိတ်ချမှု ကင်းမဲ့လာကြသည်။ သို့ဆိုလျှင် ဘုရားသခင်သည် ၎င်းတို့အပေါ် ယုံကြည်စိတ်ချမှုရှိနိုင်သလော။ ဤအနိမ့်ဆုံးစံနှုန်းကိုပင် မပြည့်မီသဖြင့် ၎င်းတို့သည် အလုပ်လုပ်ပေးဖို့ အရည်အချင်းမပြည့်မီကြဘဲ ဖယ်ရှားရှင်းလင်းခြင်း ခံရနိုင်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး
အခြားသော လူများ၊ အဖြစ်အပျက်များနှင့် အမှုကိစ္စများကို လူတို့ဆက်ဆံရာ၌ ၎င်းတို့ထုတ်ဖော်ပြလေ့ရှိသည့် သဘောထား၊ အတွေးအခေါ်များနှင့် ထင်မြင်ချက်တို့ဖြစ်သော လူ့သဘာဝနှင့် နီးစပ်ဆက်နွှယ်နေသည့် အရာများသည် အလွန် ထိထိမိမိ ဖော်ပြနေသည်။ ယင်းတို့သည် အဘယ်အရာကို ထိထိမိမိ ဖော်ပြနေသနည်း။ လူတစ်ဦး၏ ကိုယ်ကျင့်စရိုက်ကို မည်သို့မြင်တွေ့နိုင်ကြောင်းနှင့် ထိုသူသည် ရည်မွန်ပြီး တည်ကြည်သောသူ ဟုတ်မဟုတ်တို့ကို ယင်းတို့က ဖော်ပြနေသည်။ ရည်မွန်ပြီး တည်ကြည်ခြင်းဆိုသည်မှာ အဘယ်နည်း။ အစဉ်အလာအတိုင်း နေခြင်းသည် ရည်မွန်ပြီး တည်ကြည်သလော။ ကြည်သာပြီး ယဉ်ကျေးခြင်းသည် ရည်မွန်ပြီး ရည်မွန်ပြီး တည်ကြည်သလော။ (မဟုတ်ပါ။) စည်းကမ်းများအား အတိအကျ လိုက်နာခြင်းသည် ရည်မွန်ပြီး တည်ကြည်သလော။ (မဟုတ်ပါ။) ဤအရာထဲမှ မည်သည့်အရာမျှ မဟုတ်။ ဤသို့ဆိုလျှင် ရည်မွန်ပြီး တည်ကြည်ခြင်းဆိုသည်မှာ အဘယ်နည်း။ တစ်စုံတစ်ယောက်သည် အမှန်တကယ် ရည်မွန်ပြီး တည်ကြည်သောသူ ဖြစ်ပါက မည်သည့်အရာကို ၎င်းတို့လုပ်ပါစေ ၎င်းတို့သည် ထိုထိုသော စိတ်နေစိတ်ထားတစ်ခုဖြင့် ယင်းကို လုပ်ဆောင်ကြသည်။ “ဤအမှုကိစ္စ လုပ်ဆောင်ရသည်ကို ငါကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ယင်းက ငါ၏စိတ်ဝင်စားမှု နယ်ပယ်အတွင်း ကျရောက်သည်ဖြစ်စေ၊ ငါစိတ်ဝင်စားမှု အနည်းငယ်သာ ရှိသည့်အရာတစ်ခု ဖြစ်သည်ဖြစ်စေ ယင်းမှာ ငါ့ကို လုပ်ဆောင်ဖို့ ပေးထားခြင်းဖြစ်၍ ယင်းကို ငါကောင်းစွာ လုပ်ဆောင်မည်။ ယင်းကို အစမှ စတင်လေ့လာမည်ဖြစ်ပြီး အသိတရားရှိရှိ လက်တွေ့ကျသော စိတ်နေသဘောထားဖြင့် ယင်းကို တစ်ဆင့်ချင်း ငါတာဝန်ယူ ဆောင်ရွက်မည်။ အဆုံးတွင် လုပ်ငန်းဆောင်တာ၌ ငါမည်မျှဆောင်ရွက်ပြီးစီးပါစေ ငါသည် အစွမ်းကုန် ဆောင်ရွက်ပြီး ဖြစ်လိမ့်မည်။” ယုတ်စွအဆုံးအနေဖြင့် လက်တွေ့အကျဆုံး သဘောထား၊ စိတ်နေစိတ်ထားမျိုးကို သင်ပိုင်ဆိုင်ရမည်။ လုပ်ငန်းဆောင်တာတစ်ခုကို သင်တာဝန်ယူ ဆောင်ရွက်သည့် အချိန်ကတည်းက သင်သည် ယင်းကို စိတ်ရှုပ်ရှုပ်နှင့် လုပ်ဆောင်ပြီး ယင်းနှင့် ပတ်သက်၍ နည်းနည်းမျှ ဂရုမစိုက်ပါက ယင်းကို သင်သည် အလေးအနက် သဘောမထားသည့်အပြင် ဆီလျော်သော အရင်းအမြစ်များကို မှီငြမ်းခြင်း၊ အသေးစိတ်ကျသည့် ပြင်ဆင်ချက်များကို လုပ်ဆောင်ခြင်း မရှိပါက၊ သို့မဟုတ် အခြားသူများကို ရှာဖွေပြီး တိုင်ပင်ခြင်းမရှိပါက၊ ပြီးလျှင် ထို့ထက်ပို၍ ယင်းလုပ်ငန်းဆောင်တာ၌ သင်သည် ဤကျွမ်းကျင်မှု၊ သို့မဟုတ် ဤအလုပ်အကိုင်တွင် တစ်ဖက်ကမ်းခတ်ခြင်းကို ကြိုးပမ်းရရှိကာ အစဉ် တိုးတက်နိုင်ဖို့အလို့ငှာ ဤအရာကို အချိန်တိုးမြှင့်၍ မလေ့လာဘဲ ယင်းအပေါ် မထီမဲ့မြင်လုပ်သော သဘောထား၊ ယင်းအပေါ် သင်၏ပြုမူခြင်း၌ ပြီးစလွယ်လုပ်သော သဘောထားတစ်ခုကို ထိန်းသိမ်းထားပါက ဤသည်မှာ သင်၏လူ့သဘာဝ၌ ပြဿနာ တစ်ခုဖြစ်ပေသည်။ ဤသည်မှာ တော်စွလျော်စွ ကြုံရာကျပန်း လုပ်နေခြင်းသာဖြစ်သည် မဟုတ်လော။ အချို့က “သင်ကျွန်ုပ်ကို ဤတာဝန်မျိုး ပေးသည့်အခါ ကျွန်ုပ်မကြိုက်” ဟု ပြောကြသည်။ ယင်းကို သင်မကြိုက်ပါက လက်မခံနှင့်။ ယင်းကို လက်ခံလျှင်မူ သင်သည် အလေးအနက်ထားကာ တာဝန်သိသည့် သဘောထားဖြင့် ထိုတာဝန်ကို ချဉ်းကပ်သင့်သည်။ ယင်းမှာ သင်၌ ရှိသင့်သည့် သဘောထားမျိုးဖြစ်သည်။ ဤသည်မှာ ပုံမှန်လူ့သဘာဝရှိသူများ ပိုင်ဆိုင်သင့်သည့်အရာ မဟုတ်လော။ ရည်မွန်ခြင်းနှင့် တည်ကြည်ခြင်းဆိုသည်မှာ ဤအရာဖြစ်သည်။ ဤပုံမှန်လူ့သဘာဝ၏ ရှုထောင့်တွင် ယုတ်စွအဆုံးအနေဖြင့် သင်သည် လက်တွေ့ကျမှုရှိခြင်း သဘောထားများ၊ အလွန်စိတ်ထက်သန်ခြင်းနှင့် တာဝန်သိခြင်းတို့နှင့်အတူ အာရုံစိုက်မှု၊ တာဝန်ကျေပွန်မှုနှင့် အဖိုးအခ ပေးလိုစိတ်တစ်ခုတို့ကို လိုအပ်သည်။ ဤအရာများကို ရှိခြင်းသည် လုံလောက်၏။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရားသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၂)