သမ္မာတရား စည်းမျဉ်းများကို ရှာဖွေခြင်းဖြင့်သာ မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သည်

လူတစ်ယောက်သည် ဘုရားသခင်ကို မိမိ၏ယုံကြည်ခြင်းမှတစ်ဆင့် သမ္မာတရားကို ရရှိနိုင်ခြင်း ရှိမရှိဆိုသည်မှာ ၎င်းအနေဖြင့် မိမိတာဝန်အား ထမ်းဆောင်နေစဉ်တွင် ပြုပြင်ခြင်းကို လက်ခံနိုင်ခြင်း ရှိမရှိ၊ အမှုကိစ္စများကို စည်းမျဉ်းနှင့်အညီ လုပ်ဆောင်နိုင်ခြင်း ရှိမရှိနှင့် ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများနှင့် ကြိုတင်စီစဉ်ခြင်းများကို အမြဲ နာခံနိုင်စွမ်း ရှိမရှိတို့အပေါ် မူတည်လေသည်။ ဤသည်မှာ အရေးကြီးဆုံးဖြစ်၏။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများနှင့် ကြိုတင်စီစဉ်ခြင်းများကို နာခံခြင်းဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဆိုလိုသည်မှာ ဘုရားသခင်၏ အိမ်တော်က သင်လုပ်ဆောင်ရန်အတွက် မည်သည့်အရာကို စီစဉ်ပေးသည်ဖြစ်စေ၊ သင်၏ တာဝန်များကို ထမ်းဆောင်ရန် မည်သည့်နေရာ၌ စီစဉ်ပေးသည်ဖြစ်စေ ဘုရားသခင်ထံမှ လာသော ထိုအရာကို သင်က လက်ခံနိုင်ခြင်းဖြစ်သည်။ ဘုရားသခင်ထံမှ လာသော အရာကို လက်ခံခြင်းသည် စစ်မှန်သော ယုံကြည်ခြင်း ဖြစ်ပြီး လက်တွေ့လုပ်ဆောင်မှု သွင်ပြင်လက္ခဏာတစ်ခုလည်း ဖြစ်၏။ သို့ဖြစ်ရာ လူတစ်ယောက်သည် ဘုရားသခင်ထံမှ လာသောအရာကို မည်သို့ လက်ခံသနည်း။ “ဤအမှုကိစ္စကို စီစဉ်ခဲ့သည်မှာ လူများပင် ဖြစ်သော်လည်း ယင်းသည် ကျွန်ုပ်၏တာဝန် ဖြစ်သည်။ အသင်းတော်က ကျွန်ုပ်ကို ထမ်းဆောင်စေရန် စီစဉ်ပေးသော မည်သည့်တာဝန်မဆိုသည် ဘုရားသခင်၏ သဘောတူညီမှုဖြင့် လာသည်။ ကျွန်ုပ်က လက်ခံပြီး နာခံသင့်သည်။ သို့ဆိုလျှင်ု ကျွန်ုပ်၏ တာဝန်ကို မည်သို့ သဘောထားသင့်သနည်း” ဟု သင်က ပြောသည်။ မိမိတာဝန်အပေါ် သဘောထားပုံနှင့် ပတ်သက်၍ ဘုရားသခင်ထံတွင် သတ်မှတ်ချက်များ ရှိသလော။ ဘုရားသခင်က လူများကို လက်တွေ့လုပ်ဆောင်စေရန် သတ်မှတ်ပေးသည့် သမ္မာတရားဟူသည်မှာ အဘယ်နည်း။ (မိမိ၏တာဝန် ကောင်းမွန်စွာ ထမ်းဆောင်ခြင်းတွင် မိမိ၏ စိတ်နှလုံး၊ အာရုံနှင့် အားထုတ်မှုတို့ကို ဆက်ကပ်ရန်ဖြစ်သည်။) ဤစည်းမျဉ်းကို လိုက်နာရာတွင် သင်သည် ပျင်းရိကာ မိမိတာဝန်ကို မထမ်းဆောင်ချင်သည့်အခါတွင်ဖြစ်စေ၊ မကျေနပ်မှုများ ရှိသည့်အခါတွင်ဖြစ်စေ ယခုကဲ့သို့ ရှာဖွေသင့်၏၊ “ပြဿနာသည် မည်သည့်နေရာတွင် ရှိနေသနည်း။ ငါသည် ဘုရားသခင် သတ်မှတ်သည့်အတိုင်း လက်တွေ့လုပ်ဆောင်နေခြင်း မဟုတ်။ ငါ့စိတ်ကူးများကို လက်လွှတ်ရမည်၊ ငါ့တောင်းဆိုချက်များနှင့် ဆန္ဒများကိုလည်း လက်လွှတ်ရမည်။ မမှန်ကန်သော ငါ့စိတ်တွင်း အခြေအနေကို ပြောင်းပြန်လှန်ပစ်ရမည်” ဟူ၍ ဖြစ်သည်။ သင်သည် ဤအရာများကို လက်လွှတ်နိုင်စွမ်း ရှိရမည်။ သို့သော် တစ်ခါတစ်ရံတွင် လူများကို လက်လွှတ်ခြင်း မရှိစေရန် တားဆီးသည့် အချို့အရာများ ရှိကြသည်။ မည်သို့သော အရာများနည်း။ ဥပမာအားဖြင့် အခြားလူများ၏ တာဝန်များမှာ ပို၍ မက်မောစရာ ကောင်းသည်ဟု လည်းကောင်း၊ ထိုတာဝန်များကြောင့် လူအများအပြားနှင့် ဆက်ဆံခွင့် ရကြသည်ဟုလည်းကောင်း အချို့သောလူများက အမြဲတမ်း မနာလို ဖြစ်ကြ၏။ ၎င်းတို့က မိမိတို့၏ တာဝန်မှာ အရေးမပါကြောင်း၊ ထိုတာဝန်ကို ထမ်းဆောင်ရင်း တွေ့ဆုံရသည့် လူထုမှာလည်း နည်းလွန်းလှကြောင်း အမြဲတစေ ထင်မြင်ကြ၏၊ ပြီးလျှင် ဤအရာက ၎င်းတို့ကို မကျေမနပ်ဖြစ်စေသည်။ ထို့ပြင် ၎င်းတို့တာဝန်၏ သေးငယ်သော တာဝန်ယူရမှု အတိုင်းအတာနှင့် ၎င်းတို့ စီမံရသည့် နည်းပါးသော လူအရေအတွက်တို့ကြောင့် ၎င်းတို့တွင် မည်သည့် အဆင့်အတန်းမျှ မရှိဟု ထင်ကြသည်။ ဤသည်တို့မှာ မည်သို့သော အတွေးများပေနည်း။ ဤစိတ်ကူးများ၏ ဇာစ်မြစ်မှာ အဘယ်နည်း။ (ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်ပါသည်။) ထိုအရာများ အားလုံးသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ လာကြ၏။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ ထွက်ပေါ်လာသည့် ဤအရာများမှာ မည်သည်တို့ ဖြစ်သနည်း။ ကိုယ်ပိုင် အကြံအစည်များ၊ အစီအစဉ်များ၊ အလိုဆန္ဒများနှင့် ရည်မှန်းချက်များပင် ဖြစ်သည်။ ဤအရာများကို မည်သို့ ဖြေရှင်းသင့်သနည်း။ ပထမဦးစွာ သင်သည် စွန့်လွှတ်ရမည်၊ ထို့နောက် သင်၏ စိတ်နှလုံး၌ သင်သည် ဘုရားသခင်ကို ဖြည့်ဆည်းပေးရန် မိမိတာဝန်ကို စိတ်ထက်သန်စွာ ထမ်းဆောင်ရမည့်အစား အဆင့်အတန်းကိုသာ ရှာဖွေနေဆဲ ဖြစ်ကြောင်းကို ဆန်းစစ်ခြင်းမှတစ်ဆင့် သဘောပေါက်ရမည်။ သင့်ထံတွင် ရည်မှန်းချက်များနှင့် အလိုဆန္ဒများ ရှိနေဆဲဖြစ်၏၊ သင်သည် အဆင့်အတန်း၏ အကျိုးကျေးဇူးများကို ငမ်းငမ်းတက် လိုချင်၏၊ သင့်ထံတွင် လွန်ကဲသော တောင်းဆိုချက်များ ရှိ၏၊ သို့သော် ဘုရားသခင်ကိုမူ မနာခံသေးချေ။ ထို့ကြောင့် သင်သည် ဘုရားသခင်ရှေ့မှောက် ရောက်ရှိကာ “ဘုရားသခင်၊ ကျွန်ုပ်၏ အခြေအနေသည် မမှန်ကန်ပါ။ ကျွန်ုပ်ကို ကျေးဇူးပြု၍ ဆုံးမပဲ့ပြင်ပြီး ရိုက်နှက်တော်မူပါ။ မိမိကိုယ်ကို သိနိုင်ရန်၊ နောင်တရနိုင်ရန်အတွက် ကိုယ်တော့်တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းသည် ကျွန်ုပ်အပေါ် ကျရောက်ပါစေသား” ဟူ၍ ဆုတောင်း၏။ သင့်ထံ၌ နောင်တရသော စိတ်နှလုံး ရှိသည်ဆိုလျှင် သင့်အား အပြစ်ဖော်ကာ ဆုံးမပဲ့ပြင်စေရန် ဘုရားသခင် ရှေ့မှောက် ရောက်ရှိ၍ တောင်းလျှောက်သည့်အခါ ဘုရားသခင်က သင်၏ ဝိညာဉ်ရင့်သန်မှုနှင့်အညီ တုံ့ပြန်ပေလိမ့်မည်။ ဘုရားသခင်က သင့်အား ဆုံးမပဲ့ပြင်ခြင်း ပြုချင်ပြုမည် သို့မဟုတ် သင့်အား တဖြည်းဖြည်း လမ်းပြချင် ပြပေမည်။ ဘုရားသခင်က သင့်ကို ဆုံးမပဲ့ပြင်လျှင် သင့်ထံ၌ ဝိညာဉ်ရင့်သန်မှု အနည်းငယ် ရှိသောကြောင့် ဖြစ်သည်။ သို့သော် ဘုရားသခင်သည် သင့်ကို ဆုံးမပဲ့ပြင်ခြင်း ပြုချင်မှ ပြုမည်၊ ယင်းမှာ သင်သည် ပျော့ညံ့သောကြောင့်ဖြစ်၏။ ထိုအဖြစ်မျိုး၌ သင်သည် မိမိတာဝန်ကို ထမ်းဆောင်ခြင်း လမ်းကြောင်းတွင် နာခံနိုင်လာစေရန်အတွက် ဘုရားသခင်က သင့်အား တဖြည်းဖြည်း ပံ့ပိုးကာ လမ်းပြချင် လမ်းပြပေမည်။ ဘုရားသခင်အနေဖြင့် ဤအရာကို လုပ်ဆောင်ရန်အတွက် မည်သည်တို့ကို မရှိမဖြစ် လိုအပ်သနည်း။ နောင်တရသော စိတ်နှလုံး၊ ဘုရားသခင်ကို နာခံ၍ ပူးပေါင်းလုပ်ဆောင်သော စိတ်နှလုံးနှင့် သမ္မာတရားကို တောင့်တပြီး မက်မောသော စိတ်နှလုံး သင့်ထံတွင် ရှိသည့်အခါမှသာ ဘုရားသခင်က သင့်ကို တရားစီရင်လိမ့်မည်၊ ပြစ်တင် ဆုံးမလိမ့်မည်၊ သန့်စင်ပေးလိမ့်မည်။ သင်သည် ဤအရာအတွက် စိတ်ပိုင်းဖြတ်မှု ရှိပြီး ဆုတောင်းရမည့်အစား သင်၏ ဇာတိပကတိနောက်သာ လိုက်၍ မိမိ၏ အကြံအစည်များ၊ ရည်မှန်းချက်များနှင့် အလိုဆန္ဒများကို မစွန့်လွှတ်လျှင် ဘုရားသခင်က သင့်အတွက် ဤအရာကို လုပ်ဆောင်ပါဦးမည်လော။ ဘုရားသခင်သည် သင့်အတွင်း၌ အလုပ် လုပ်လိမ့်မည် မဟုတ်။ ဘုရားသခင်သည် သူ့ကိုယ်သူ သင့်ထံမှ ပုန်းကွယ်လိမ့်မည်၊ သူ့မျက်နှာတော်ကိုလည်း သင် မမြင်အောင် ကွယ်ဝှက်လိမ့်မည်။ စည်းဝေးပွဲများတွင် အခြားလူတိုင်းမှာ တရားဒေသနာများကြောင့် စိတ်အားတက်ကြမည် ဖြစ်သော်လည်း သင်သည် တက်ကြွလန်းဆန်းစေရန် အားထုတ်ဖို့ နည်းလမ်း မရှိဖြစ်ကာ အမြဲတစေ ငိုက်မျဉ်းနေလိမ့်မည်။ မည်သို့ပင်ဖြစ်ပါစေ သင်သည် မည်သည့်အရာကိုမျှ မှတ်သားနိုင်လိမ့်မည် မဟုတ်ပေ။ ပြီးလျှင် ဤအခြေအနေသည် မဆုံးနိုင်အောင် ဆက်ရှိနေမည်ဖြစ်ပြီး တစ်နှစ်၊ နှစ်နှစ်မျှ သို့မဟုတ် သုံးနှစ်မှ ငါးနှစ်အထိပင် ရှည်ကြာနေလိမ့်မည်။ ဤသည်မှာ ဘုရားသခင်သည် သင့်အား ပစ်ပစ်ခါခါငြင်းခဲ့ပြီဟူသော အဓိပ္ပာယ်ဖြစ်သည်၊ ဘုရားသခင်သည် သူ့မျက်နှာတော်ကို သင် မမြင်အောင် ကွယ်ဝှက်ခဲ့လေပြီ၊ ဤအဖြစ်မှာ အလွန် အန္တရာယ်ရှိ၏။ “ထိုအဖြစ်သည် မည်သို့ အန္တရာယ် ရှိမည်နည်း။ ကျွန်ုပ်သည် မိမိတာဝန်ကို ထမ်းဆောင်နေသည်။ ကျွန်ုပ်သည် ဘုရားသခင်ကို မစွန့်ခွာသေးပေ။ ကျွန်ုပ်သည် ဘုရား နှုတ်ကပတ်တော်များကို ဖတ်ရှုဆဲ၊ ဓမ္မတေးများကို နားထောင်နေဆဲ ဖြစ်သကဲ့သို့ ကျွန်ုပ်ထံတွင် ဝိညာဉ်ရေးရာ အသက်တာတစ်ခုလည်း ရှိသည်။ ကျွန်ုပ်သည် ဘုရား အိမ်တော်သား တစ်ယောက်လည်း ဖြစ်နေဆဲပါ” ဟု လူအချို့က ဆိုလိမ့်မည်။ ဤသည်တို့မှာ မည်သည့်အရာကိုမျှ အဆုံးအဖြတ် မပေးသည့် အပြင်ပန်း ဖော်ပြချက်များသာ ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ တိကျပြတ်သားသော အကျိုးတစ်ခု အမှန်တကယ် ရှိခြင်းဟူသည်မှာ အဘယ်နည်း။ ဘုရားသခင်သည် သင့်ကို စောင့်ကြည့်နေခြင်း၊ သင့်ကို လမ်းပြနေခြင်း ရှိမရှိပင် ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အပေါ် အလုပ်လုပ်နေသလော၊ သင့်ကို ဆုံးမပဲ့ပြင်နေသလော။ ဤသည်မှာ အခရာဖြစ်၏။ ထို့ပြင် ဘုရားသခင်၏ လမ်းပြမှုနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်မှာ မည်သည့် အရာအပေါ် မူတည်သနည်း။ (လူများ၏ စိတ်နှလုံးများအပေါ် မူတည်ပါသည်။) မှန်ပေသည်။ ဘုရားသခင်အပေါ် လူတို့၏သဘောထား၊ ၎င်းတို့၏ စိတ်နှလုံးများ၊ ၎င်းတို့၏ တောင့်တမှုများ၊ ဆန္ဒပြင်းပြမှုများနှင့် ၎င်းတို့ ရှာဖွေသော အရာတို့အပေါ် မူတည်လေသည်။ လူတို့ လျှောက်လှမ်းသော လမ်းကြောင်းအပေါ် မူတည်လေသည်။ ဤသည်တို့မှာ အရေးကြီးဆုံး သွင်ပြင်လက္ခဏာများ ဖြစ်ကာ ဘုရားသခင်သည် လူများအပေါ် သူ၏ ပြုမူဆက်ဆံမှုကို ယင်းတို့အပေါ် အခြေခံလေသည်။

ယခုအချိန်တွင် ဖြေရှင်းရမည့် အရေးတကြီး အဖြစ်ဆုံး ကိစ္စမှာ မိမိ၏တာဝန်ကို မည်သို့ သဘောထားမည်နည်း ဆိုသည်ပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူတစ်ယောက်၏ ယုံကြည်ခြင်းသည် စစ်မှန်သလော အယောင်ဆောင်လော၊ ထိုသူသည် သမ္မာတရားကို ချစ်သလော မချစ်သလော၊ လမ်းမှန် သို့မဟုတ် လမ်းမှားကို ရွေးချယ်သလော၊ အသိစိတ်နှင့် အသိတရား ရှိသလော၊ ကင်းမဲ့သလော ဆိုသည်တို့ကို အကောင်းဆုံး ထုတ်ဖော်ပြသည်မှာ တာဝန် ထမ်းဆောင်ခြင်းပင် ဖြစ်သည်။ ဤအချက်များ အားလုံးသည် တာဝန်စွမ်းဆောင်ခြင်းတွင် ထုတ်ဖော်နိုင်၏။ မိမိ၏တာဝန်ကို သဘောထားပုံနှင့်ပတ်သက်သည့် ပြဿနာကို ရင်ဆိုင်ဖြေရှင်းရန်အတွက် သင်သည် တာဝန်သည် မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း၊ တာဝန်ကို မည်သို့ ကောင်းမွန်စွာ ထမ်းဆောင်ရမည်ကိုလည်းကောင်း၊ တာဝန်ထမ်းဆောင်နေစဉ်တွင် အခက်အခဲ ကြုံသည့်အခါ မည်သည့်အရာ လုပ်ဆောင်ရမည်၊ မည်သည့် စည်းမျဉ်းများကို လိုက်နာ၍ မည်သည့် သမ္မာတရားများနှင့်အညီ လက်တွေ့လုပ်ဆောင်မည်တို့ကိုလည်းကောင်း ပထမဦးစွာ နားလည်ရမည်။ သင့်အနေဖြင့် ဘုရားသခင်ကို အထင်လွဲမှား၍ သင်၏ အကြံအစည်များကို မစွန့်လွှတ်နိုင်သည့်အခါ မည်သည့်အရာ လုပ်ဆောင်ရမည်ကို နားလည်ရမည်။ ထို့အပြင် မိမိတာဝန်များကို ထမ်းဆောင်ခြင်း လမ်းကြောင်း၌ သင်သည် သင်၏ စိတ်နှလုံးထဲမှ မမှန်ကန်သော အတွေးများကို မကြာခဏ ဆင်ခြင်ရမည်။ ယင်းတို့သည် စာတန် ပိုင်ဆိုင်သည့် အတွေးများ၊ အမြင်များ ဖြစ်၍ သင်၏ တာဝန်ထမ်းဆောင်မှုကို လွှမ်းမိုးပြီး နှောင့်ယှက်၏။ ယင်းတို့ကြောင့် သင်သည် တာဝန်ထမ်းဆောင်နေစဉ်တွင် ဘုရားသခင်ကို ပုန်ကန်ခြင်းနှင့် သစ္စာဖောက်ခြင်း ဖြစ်ပေါ်နိုင်၏၊ ပြီးလျှင် ယင်းက သင့်အား ဘုရားသခင် အပ်နှံထားသည့်အရာကို ပျက်ကွက်စေ၏။ သင်သည် ဤအရာအားလုံးကို သိရပေမည်။ တာဝန်ဟူသည် လူတစ်ယောက်အတွက် အရေးကြီးသလော။ အလွန့်အလွန် အရေးကြီးပေသည်။ ဤအမြင်သည် ယခုအချိန်၌ သင်တို့တွင် ရှင်းလင်းနေရမည်။ တာဝန်ကို ထမ်းဆောင်ခြင်းသည် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် အရေးကြီးဆုံးပင် ဖြစ်သည်။ ယခုအချိန်၌ ဘုရားသခင်ကို ယုံကြည်ခြင်း၏ အရေးပါဆုံး သွင်ပြင်လက္ခဏာမှာ တာဝန် ထမ်းဆောင်ခြင်း ဖြစ်၏။ မိမိတာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်း မရှိလျှင် မည်သည့် စစ်မှန်မှုမျှ မရှိနိုင်ပေ။ တာဝန် ထမ်းဆောင်ခြင်းအားဖြင့် လူများသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်နိုင်ကြပြီး ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေး တစ်ခုကို တဖြည်းဖြည်း တည်ဆောက်နိုင်ကြ၏။ တာဝန်ထမ်းဆောင်ခြင်းအားဖြင့် လူများသည် ၎င်းတို့၏ ပြဿနာများကို တဖြည်းဖြည်း ခွဲခြားဖော်ထုတ်နိုင်ပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် အနှစ်သာရကို အသိအမှတ်ပြုလာကြ၏။ တစ်ချိန်တည်းမှာပင် မိမိကိုယ်ကို ဆင်ခြင်ခြင်းအားဖြင့် လူများသည် ၎င်းတို့အပေါ် ဘုရားသခင် တောင်းဆိုသည့်အရာများကို အရှိအတိုင်း တဖြည်းဖြည်း တွေ့ရှိနိုင်ကြသည်။ ဘုရားသခင်ကို ယုံကြည်သည့်အချိန်၌ သင် ယုံကြည်သည်မှာ မည်သည့်အရာပင် ဖြစ်သည်ကို ယခု နားလည်သလော။ အမှန်တကယ်တွင် သမ္မာတရားကို ယုံကြည်ခြင်း၊ သမ္မာတရားကို ရရှိခြင်း ဖြစ်သည်။ တာဝန် ထမ်းဆောင်ခြင်းသည် သမ္မာတရားနှင့် အသက်ကို ရရှိခြင်း ဖြစ်စေ၏။ တာဝန် ထမ်းဆောင်ခြင်း မရှိဘဲ သမ္မာတရားနှင့် အသက်ကို မရရှိနိုင်ချေ။ လူတစ်ယောက်သည် တာဝန် ထမ်းဆောင်ခြင်း မရှိဘဲ ဘုရားသခင်ကို ယုံကြည်သည်ဆိုလျှင် စစ်မှန်မှု ရှိနိုင်မည်လော။ (မရှိနိုင်ပါ။) မည်သည့် စစ်မှန်မှုမျှ မရှိနိုင်ပေ။ ထို့ကြောင့် သင်သည် မိမိတာဝန်ကို ကောင်းစွာ မထမ်းဆောင်လျှင် သမ္မာတရားကို မရရှိနိုင်ချေ။ သင့်အနေဖြင့် ဖယ်ရှားရှင်းလင်းခြင်းခံရသည့် အခါတွင်မူ သင်သည် ဘုရားသခင်ကို ယုံကြည်ရန် ပျက်ကွက်ခဲ့ပြီဖြစ်ကြောင်း ဤအရာက ပြဆိုလေသည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သည်ဟု ပြောဆိုသည့်တိုင် သင်၏ယုံကြည်ခြင်းမှာ အဓိပ္ပာယ် ကင်းမဲ့နေပြီဖြစ်သည်။ ဤသည်မှာ လုံးလုံးလျားလျား နားလည်သဘောပေါက်ရမည့် အရာတစ်ခု ဖြစ်၏။

သင် မည်သည့် တာဝန် ထမ်းဆောင်နေပါစေ သင် နားလည်ရမည့် စည်းမျဉ်းများနှင့် သင် လက်တွေ့လုပ်ဆောင်ရမည့် သမ္မာတရားများမှာ အတူတူပင် ဖြစ်သည်။ သင်သည် ခေါင်းဆောင်တစ်ဦးအဖြစ်၊ သို့မဟုတ် အလုပ်သမားတစ်ဦးအဖြစ် စေခိုင်းခံရသည်ဖြစ်စေ၊ သို့မဟုတ် သင်သည် အိမ်ရှင်တစ်ဦးအဖြစ် ဟင်းများကို ချက်ပြုနေသည်ဖြစ်စေ သို့မဟုတ် အပြင်ပန်းကိစ္စရပ်အချို့ကို တာဝန်ယူရန်၊ သို့မဟုတ် ကာယလုပ်အားအချို့ လုပ်ဆောင်ရန် သင်သည် စေခိုင်းခံရသည်ဖြစ်စေ ဤတာဝန်အမျိုးမျိုးကို ထမ်းဆောင်ရာတွင် လိုက်နာစောင့်ထိန်းသင့်သည့် သမ္မာတရား စည်းမျဉ်းများသည် အတူတူပင်ဖြစ်သည်။ ယင်းတို့သည် သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်များတွင် အခြေပြုရမည် ဖြစ်သည်။ သို့ဆိုလျှင် ဤစည်းမျဉ်းများထဲတွင် မည်သည့်အရာသည် အကြီးမားဆုံးနှင့် အဓိက ဖြစ်သနည်း။ ယင်းမှာ မိမိ၏ စိတ်နှလုံး၊ အာရုံနှင့် အားထုတ်မှုတို့ကို မိမိ၏တာဝန် ကောင်းစွာ ထမ်းဆောင်ခြင်းတွင် ဆက်ကပ်ရန်နှင့် ထိုတာဝန်ကို သတ်မှတ်ထားသော စံနှုန်းအတိုင်း ထမ်းဆောင်ရန်ပင် ဖြစ်သည်။ သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန်နှင့် တာဝန်ကို စံနှုန်းမီ ထမ်းဆောင်ရန်အတွက် တာဝန်ဟူသည်မှာ မည်သည့်အရာဖြစ်ကြောင်းကို သင် သိရမည်။ သို့သော် တာဝန်ဟူသည်မှာ အဘယ်နည်း။ တာဝန်ဟူသည် သင်၏ သက်မွေးမှုလုပ်ငန်းလော။ (မဟုတ်ပါ။) သင်သည် မည်မျှ အောင်မြင်ပြီး ဂုဏ်ရှိကြောင်းကို အခြားသူများ မြင်နိုင်ရန်အတွက် တာဝန်ကို ကောင်းစွာ ထမ်းဆောင်ဖို့ အစွမ်းကုန် ကြိုးစားအားထုတ်ရန် ဆန္ဒရှိရင်း ဤအရာက သင်၏ဘဝကို အဓိပ္ပာယ် ရှိစေသည်ဟု တွေးထင်လျက် သင်၏တာဝန်ကို သင်၏ကိုယ်ပိုင် အသက်မွေးလုပ်ငန်းအဖြစ် သဘောထားလျှင် ယင်းသည် မှန်ကန်သော အမြင်ဖြစ်မည်လော။ (မဖြစ်ပါ။) ဤအမြင်သည် မည်သည့် နေရာတွင် လွဲချော်သနည်း။ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို မိမိ၏ကိုယ်ပိုင် လုပ်ငန်းအဖြစ် မှတ်ယူခြင်းတွင် လွဲချော်လေသည်။ ဤအမြင်မှာ လူသားများအတွက် ကောင်းမွန်သည်ဟု ထင်ရသော်လည်း ဘုရားသခင်အတွက်မူ ယင်းသည် လမ်းမှားကို လျှောက်လှမ်းခြင်း၊ သမ္မာတရား စည်းမျဉ်းများကို ချိုးဖောက်ခြင်း ဖြစ်ပြီး ဘုရားသခင်က ယင်းကို ပြစ်တင်ရှုတ်ချ၏။ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အညီဖြစ်စေရန်အတွက် ဘုရားသခင်၏ သတ်မှတ်ချက်များ၊ သမ္မာတရား စည်းမျဉ်းများနှင့်အညီ တာဝန်ကို ထမ်းဆောင်ရမည်။ သမ္မာတရား စည်းမျဉ်းများကို ဖောက်ဖျက်၍ ယင်းအစား လူသား အလေ့အကျင့်များနှင့်အညီ ပြုမူလုပ်ဆောင်ခြင်းသည် အပြစ်ရှိ၏။ ၎င်းမှာ ဘုရားသခင်ကို ဆန့်ကျင်သည်ဖြစ်၍ အပြစ်ဒဏ်ပေးခြင်း ခံရသင့်လေသည်။ ဤသည်မှာ သမ္မာတရားကို လက်မခံကြသည့် စဉ်းစားဉာဏ်မရှိသည့်အပြင် မသိနားမလည်သော လူများ၏ ကံကြမ္မာ ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သူများသည် ဘုရားသခင်က လူများထံမှ တောင်းဆိုသည့်အရာများကို ရှင်းလင်းစွာ နားလည်သင့်သည်။ ဤရူပါရုံကို ရှင်းရှင်းလင်းလင်း ရှိကြရမည်။ ပထမဦးစွာ တာဝန်သည် မည်သည့်အရာဖြစ်သည်ကို ဆွေးနွေးကြအံ့။ တာဝန်တစ်ခုသည် သင်၏ ကိုယ်ပိုင်လုပ်ငန်း၊ သင်၏ ကိုယ်ပိုင်အသက်မွေးမှု သို့မဟုတ် သင်၏ ကိုယ်ပိုင်အလုပ် မဟုတ်ပေ။ ယင်းမှာ ဘုရားသခင်၏အမှု ဖြစ်သည်။ ဘုရားသခင်၏အမှုသည်၊ သင်၏ပူးပေါင်းဆောင်ရွက်မှုလိုအပ်ပေသည်၊ ယင်းက သင်၏တာဝန်ကို ဖြစ်ပေါ်စေခြင်း ဖြစ်၏။ လူသား ပူးပေါင်းဆောင်ရွက်ရမည့် ဘုရားသခင်၏ အမှု အစိတ်အပိုင်းမှာ လူသား၏တာဝန် ဖြစ်သည်။ တာဝန်မှာ ဘုရားသခင်၏ အမှု အစိတ်အပိုင်း ဖြစ်သည်။ သင်၏သက်မွေးမှုလုပ်ငန်း၊ သင်၏ အိမ်တွင်းရေးကိစ္စ မဟုတ်သကဲ့သို့ ဘဝထဲမှ သင်၏ ပုဂ္ဂိုလ်ရေး ကိစ္စမဟုတ်ပေ။ သင်၏ တာဝန်သည် အပြင်ပိုင်း အရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းဖို့ဖြစ်စေ၊ အတွင်းရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းဖို့ဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာ၊ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ လုပ်အား ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ဤသည်မှာ သင်ထမ်းဆောင်ရမည့် တာဝန်ဖြစ်သည်။ ၎င်းမှာ အသင်းတော်၏အလုပ် ဖြစ်သည်၊ ၎င်းမှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး သင့်ကို ဘုရားသခင် ပေးခဲ့ပြီးသော တာဝန်ပေးစေခိုင်းချက် ဖြစ်သည်။ ယင်းသည် သင်၏ ကိုယ်ပိုင်လုပ်ငန်းမဟုတ်ချေ။ သို့ဆိုလျှင် သင်၏ တာဝန်ကို သင် မည်သို့ သဘောထား သင့်သနည်း။ အနည်းဆုံးအနေဖြင့် သင်သည် သင်၏ တာဝန်ကို သင် နှစ်သက်သည့် မည်သည့်နည်းလမ်းဖြင့်မဆို ဆောင်ရွက်၍မရပေ။ သင်သည် မဆင်မခြင် မလုပ်ဆောင်ရပေ။ ဥပမာအားဖြင့် သင်သည် မိမိ၏ ညီအစ်ကိုမောင်နှမများအတွက် အစားအစာ ချက်ပြုတ်ခြင်းကို ကြီးကြပ်ရလျှင် ယင်းမှာ သင်၏တာဝန် ဖြစ်သည်။ သင်သည် ဤအလုပ်ကို မည်သို့ သဘောထားသင့်သနည်း။ (ကျွန်ုပ်သည် သမ္မာတရား စည်းမျဉ်းများကို ရှာဖွေသင့်ပါသည်။) သင်သည် သမ္မာတရား စည်းမျဉ်းများကို မည်သို့ ရှာဖွေရသနည်း။ ဤအရာသည် စစ်မှန်မှုနှင့် သမ္မာတရားနှင့် ဆက်စပ်မှုရှိ၏။ သမ္မာတရားကို မည်သို့ လက်တွေ့လုပ်ဆောင်မည်၊ ဤတာဝန်ကို မည်သို့ ကောင်းအောင် ထမ်းဆောင်မည်၊ ပြီးလျှင် ဤတာဝန်သည် သမ္မာတရား၏ မည်သည့် သွင်ပြင်လက္ခဏာများနှင့် သက်ဆိုင်သည်တို့ကို သင်က ဆင်ခြင်စဉ်းစားရမည်။ ပထမအဆင့်အနေဖြင့် “ကျွန်ုပ်သည် မိမိအတွက် ချက်ပြုတ်နေခြင်းမဟုတ်။ ဤအရာသည် ကျွန်ုပ် လုပ်ဆောင်နေသော ကျွန်ုပ်၏တာဝန် ဖြစ်သည်” ဟု ဦးစွာ သင်တို့အားလုံး သိရမည်။ ဤနေရာတွင် အကျုံးဝင်သည့် သွင်ပြင်လက္ခဏာမှာ ရူပါရုံဖြစ်သည်။ ဒုတိယအဆင့်မှာ မည်သို့နည်း။ (ဟင်းလျာကို မည်သို့ ကောင်းအောင် ချက်ပြုတ်မည်ကို ကျွန်ုပ် စဉ်းစားရပါမည်။) ကောင်းမွန်စွာ ချက်ပြုတ်ခြင်းအတွက် စံနှုန်းမှာ အဘယ်နည်း။ (ကျွန်ုပ်သည် ဘုရားသခင်၏ သတ်မှတ်ချက်များကို ရှာဖွေရပါမည်။) မှန်ပေသည်။ ဘုရားသခင်၏ သတ်မှတ်ချက်များကသာ သမ္မာတရား၊ စံနှုန်းနှင့် စည်းမျဉ်း ဖြစ်ပေသည်။ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ချက်ပြုတ်ခြင်းသည် သမ္မာတရား၏ သွင်ပြင်လက္ခဏာတစ်ခု ဖြစ်၏။ သင်သည် သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာကို ပထမဦးဆုံး ထည့်သွင်း စဉ်းစားရမည်၊ ထို့နောက် “ဘုရားသခင်သည် ငါ့အား ဤတာဝန်ကို ထမ်းဆောင်ရန် ပေးအပ်ထားသည်။ ဘုရားသခင် သတ်မှတ်သော စံနှုန်းမှာ မည်သို့နည်း” ဟူ၍ သုံးသပ် ဆင်ခြင်ရမည်။ ဤအခြေခံအုတ်မြစ်သည် သတ်မှတ်ချက်တစ်ခု ဖြစ်၏။ သို့ဖြစ်ရာ သင်သည် ဘုရားသခင်၏စံနှုန်းနှင့် ကိုက်ညီစေရန် မည်သို့ ချက်ပြုတ်သင့်သနည်း။ သင် ချက်ပြုတ်သော အစားအစာသည် ကျန်းမာရေးနှင့် ညီညွတ်၍ အရသာ ရှိကာ သန့်ရှင်းသင့်သည်၊ ပြီးလျှင် ခန္ဓာကိုယ်အား အန္တရာယ်မဖြစ်စေသင့်ပေ။ ဤသည်တို့မှာ ပါဝင်သည့် အသေးစိတ် အချက်အလက်များ ဖြစ်သည်။ သင်သည် ဤစည်းမျဉ်းနှင့်အညီ ချက်ပြုတ်နေသရွေ့ သင် ချက်ပြုတ်သော အစားအစာကို ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ပြုလုပ်လိမ့်မည်။ ငါသည် ဤအရာကို အဘယ်ကြောင့် ပြောဆိုသနည်း။ သင်သည် ဤတာဝန်၏ စည်းမျဉ်းများကို ရှာဖွေခဲ့ပြီး ဘုရားသခင် ဘောင်ခတ်ထားသော အတိုင်းအတာထက် မပိုလွန်ခဲ့သောကြောင့် ဖြစ်သည်။ ဤသည်မှာ မှန်ကန်သင့်တော်သော ချက်ပြုတ်နည်း ဖြစ်၏။ သင်သည် သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခဲ့ပြီးဖြစ်ကာ သင်သည် ကျေနပ်ဖွယ်ရာ လုပ်ဆောင်ခဲ့ခြင်းဖြစ်၏။

သင်မည်သည့်တာဝန်ကို ထမ်းဆောင်နေသည်ဖြစ်ပါစေ သင်သည် အဆိုပါတာဝန်နှင့်ပတ်သက်၍ သမ္မာတရားစည်းမျဉ်းများကို ရှာဖွေရမည်ဖြစ်ကာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ရမည်ဖြစ်ပြီး ဘုရားသခင်၏ သတ်မှတ်ချက်များကို သိရမည်ဖြစ်သည်။ ပြီးလျှင် ထိုတာဝန်မှတစ်ဆင့် သင်ဖြစ်မြောက်အောင်မြင်သင့်သည့် အရာကို နားလည်သဘောပေါက်ရမည်။ ထိုသို့လုပ်ဆောင်ခြင်းအားဖြင့်သာလျှင် စည်းမျဉ်းနှင့်အညီ သင်၏အလုပ်ကို ဆောင်ရွက်နိုင်မည် ဖြစ်သည်။ သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် သင်ပြုလိုသည်အတိုင်း ပြုရင်း၊ သင် လုပ်၍ပျော်သည့်အရာမှန်သမျှ၊ သို့မဟုတ် သင့်ကို အကောင်းမြင်စေမည့် အရာမှန်သမျှကိုသာ လုပ်ဆောင်ရင်း သင်၏ ကိုယ်ပိုင်နှစ်သက်မှုများအရ လုံးဝ ပြု၍မရပေ။ ဤသည်မှာ မိမိ၏ကိုယ်ပိုင်ဆန္ဒနှင့်အညီ ပြုမူခြင်းဖြစ်သည်။ သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် ဤသည်မှာ ဘုရားတောင်းဆိုသည့်အရာဖြစ်ကြောင်းနှင့် ယင်းက ဘုရားကို ပျော်ရွှင်စေမည့်အရာဖြစ်ကြောင်းတို့ကို တွေးလျက် သင်၏ကိုယ်ပိုင် နှစ်သက်မှုများကို အားကိုးပါက၊ ပြီးလျှင် အကယ်၍ သင်သည် သင်၏ကိုယ်ပိုင်နှစ်သက်မှုများကို ဘုရားသခင်အပေါ် အတင်းအကျပ် သတ်မှတ်ခြင်း သို့မဟုတ် ၎င်းတို့အား သမ္မာတရားကဲ့သို့ လက်တွေ့လုပ်ဆောင်ပါက၊ ၎င်းတို့မှာ သမ္မာတရားစည်းမျဉ်းများဖြစ်သည့်အလား ၎င်းတို့အား လိုက်နာပါက ဤသည်မှာ အမှားတစ်ခု မဟုတ်လော။ ဤသည်မှာ သင်၏တာဝန်ကို ထမ်းဆောင်နေခြင်း မဟုတ်၊ ထို့အပြင် သင်၏တာဝန်ကို ဤကဲ့သို့ ထမ်းဆောင်နေခြင်းကို ဘုရားသခင်မှ အမှတ်ရမည် မဟုတ်ပေ။ လူအချို့တို့သည် သမ္မာတရားကို နားမလည်ကြသကဲ့သို့ ၎င်းတို့၏ တာဝန်များကို ကောင်းစွာ ဖြည့်ဆည်းခြင်းမှာ မည်သည့်အရာကို ဆိုလိုသည်ကို သူတို့ မသိကြ။ ၎င်းတို့သည် ကြိုးစားအားထုတ်ပြီး မိမိတို့၏ စိတ်နှလုံးကို ယင်းတွင် ထားရှိပြီးဖြစ်ကာ မိမိတို့၏ ဇာတိပကတိကို ပုန်ကန်ကာ ဆင်းရဲဒုက္ခခံစားပြီး ဖြစ်သောကြောင့် အဘယ်ကြောင့် ၎င်းတို့၏ တာဝန်များကို လက်သင့်ခံဖွယ်ဖြစ်အောင် မည်သည့်အခါမျှ မဖြည့်ဆည်းနိုင်ရသနည်းဟု ၎င်းတို့ ခံစားကြသည်။ ဘုရားသခင်သည် အဘယ်ကြောင့် အစဉ်အမြဲ စိတ်မကျေမနပ်ဖြစ်နေသနည်း။ ဤလူတို့သည် မည်သည့်နေရာတွင် မှားယွင်းခဲ့ကြပြီနည်း။ ၎င်းတို့၏ အမှားမှာ ဘုရားသခင်၏ သတ်မှတ်ချက်များကို ရှာဖွေရန် မကြိုးစားဘဲ ယင်းအစား မိမိတို့၏ ကိုယ်ပိုင် စိတ်ကူးများအတိုင်း ပြုမူကြခြင်း ဖြစ်သည်။ ဤသည်မှာ အကြောင်းရင်းဖြစ်၏။ ၎င်းတို့၏ ကိုယ်ပိုင် စိတ်ဆန္ဒများ၊ နှစ်သက်မှုများနှင့် တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များကို သမ္မာတရားအဖြစ် ၎င်းတို့ သဘောထားခဲ့ကြသည်။ ပြီးလျှင် သူတို့သည် ထိုအရာများကို ဘုရားသခင် နှစ်သက်သည့် အရာဖြစ်သကဲ့သို့၊ သူ၏ စံနှုန်းများနှင့် သတ်မှတ်ချက်များ ဖြစ်သည့်အလား သဘောထားကြသည်။ သူတို့သည် မှန်ကန်၊ ကောင်းမြတ်ပြီး လှပသည်ဟု သူတို့ ယုံကြည်သည့်အရာများကို သမ္မာတရားအဖြစ် မြင်ကြလေသည်။ ဤသည်မှာ မှားယွင်း၏။ အမှန်တွင် လူတို့သည် တစ်စုံတစ်ရာ မှန်ကန်သည်၊ ပြီးလျှင် ယင်းသည် သမ္မာတရားနှင့် ကိုက်ညီသည်ဟု တစ်ခါတစ်ရံ ထင်ကောင်းထင်ကြမည် ဖြစ်သော်လည်း ယင်းသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသည်ဟု သေချာပေါက် မဆိုလိုပေ။ တစ်စုံတစ်ရာ မှန်ကန်သည်ဟု လူတို့ တွေးထင်လေလေ၊ ၎င်းတို့အနေဖြင့် သတိရှိသင့်လေလေဖြစ်ပြီး ၎င်းတို့ စဉ်းစားနေသည့်အရာသည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ပြည့်မီခြင်းရှိမရှိ သိဖို့ရန် သမ္မာတရားကို ရှာဖွေသင့်လေလေ ဖြစ်သည်။ ယင်းသည် သူ၏ သတ်မှတ်ချက်များနှင့် အတိအကျပင် ဆန့်ကျင်ပြီး သူ၏ နှုတ်ကပတ်တော်များနှင့် ဆန့်ကျင်လျက်ရှိပါက ထိုအရာမှန်ကန်သည်ဟု သင် တွေးထင်သည်လျှင်ပင် ယင်းက လက်ခံနိုင်ဖွယ် မရှိပေ၊ ယင်းသည် လူသားအတွေးသာ ဖြစ်ပြီး သင် မှန်ကန်သည်ဟု မည်သို့ တွေးထင်ပါစေ သမ္မာတရားနှင့် ကိုက်ညီလိမ့်မည်မဟုတ်ပေ။ တစ်စုံတစ်ခုသည် မှန်သည် သို့မဟုတ် မှားသည်ကို ဘုရားနှုတ်ကပတ်တော်များကို အခြေခံ၍ ဆုံးဖြတ်ရမည်ဖြစ်သည်။ တစ်စုံတစ်ရာကို သင် မှန်ကန်သည်ဟု မည်မျှ တွေးထင်ပါစေ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ယင်းအတွက် အခြေပြုချက် မရှိပါက ယင်းသည် မှားယွင်းနေပြီး ယင်းကို သင် စွန့်ပစ်ရမည်။ သမ္မာတရားနှင့် ကိုက်ညီသည့်အခါမှသာ လက်ခံနိုင်စရာရှိ၏၊ ဤနည်းလမ်းဖြင့် သမ္မာတရား စည်းမျဉ်းများကို ထိန်းသိမ်းခြင်းအားဖြင့်သာ သင်၏တာဝန် ထမ်းဆောင်ခြင်းသည် စံနှုန်း ပြည့်မီနိုင်သည်။ တာဝန်ဆိုသည်မှာ အဘယ်နည်း။ လူတို့ထံ ဘုရားသခင်က အပ်နှင်းသည့် စေခိုင်းချက်တစ်ခုဖြစ်သည်။ ဘုရားအိမ်တော်၏ အလုပ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ဘုရားသခင်ရွေးချယ်ထားသောလူတိုင်း ခံယူသင့်သည့် တာဝန်၊ ဝတ္တရားတစ်ခုဖြစ်သည်။ တာဝန်သည် သင်၏ အသက်မွေးမှုဖြစ်သလော။ ပုဂ္ဂိုလ်ရေးဆိုင်ရာ မိသားစု ကိစ္စတစ်ခုဖြစ်သလော။ သင်သည် တာဝန်ပေးအပ်ခြင်း ခံရသည်နှင့်တစ်ပြိုင်နက် ဤတာဝန်သည် သင်၏ကိုယ်ပိုင် အလုပ်ကိစ္စဖြစ်လာသည်ဟု ပြောလျှင် မှန်နိုင်သလော။ ဤကဲ့သို့ လုံးဝ မဟုတ်ပေ။ ဤသို့ဆိုလျှင် သင်၏ တာဝန်ကို မည်သို့ဖြည့်ဆည်းသင့်သနည်း။ ဘုရားသခင်၏ တောင်းဆိုချက်များ၊ နှုတ်ကပတ်တော်များနှင့် စံနှုန်းများနှင့်အညီ ပြုမူခြင်းအားဖြင့် သင်၏ အပြုအမူကို လူသား၏ တစ်ဖက်သတ်ဆန်သော ဆန္ဒများအပေါ်အခြေခံခြင်းထက် သမ္မာတရားစည်းမျဉ်းများအပေါ် အခြေခံခြင်းအားဖြင့် ဖြည့်ဆည်းသင့်သည်။ လူအချို့က “ကျွန်ုပ်ကို တာဝန်ပေးအပ်ပြီးသည်နှင့်တစ်ပြိုင်နက် ယင်းမှာ ကျွန်ုပ်၏ ကိုယ်ပိုင် အလုပ်ကိစ္စ ဖြစ်သည်မဟုတ်လော။ ကျွန်ုပ်၏တာဝန်သည် ကျွန်ုပ်၏ အလုပ်တာဝန် ဖြစ်ပြီး ကျွန်ုပ်အား အလုပ်တာဝန်ပေးအပ်ခြင်း ခံရသည့်အရာသည် ကျွန်ုပ်၏ကိုယ်ပိုင် အလုပ်ကိစ္စ ဖြစ်သည် မဟုတ်လော။ ကျွန်ုပ်၏တာဝန်ကို ကျွန်ုပ်၏ကိုယ်ပိုင် အလုပ်ကိစ္စအဖြစ် ကိုင်တွယ်ပါက ကျွန်ုပ်သည် ယင်းကို ကောင်းမွန်စွာ လုပ်ဆောင်မည်ဟု ဆိုလိုသည်မဟုတ်လော။ ယင်းကို ကျွန်ုပ်၏ကိုယ်ပိုင် အလုပ်ကိစ္စအဖြစ် သဘောထားမဆက်ဆံပါက ယင်းကို ကျွန်ုပ် ကောင်းစွာ လုပ်ဆောင်မည်လော” ဟု ပြောကြသည်။ ဤစကားများသည် မှန်သလော၊ မှားသလော။ ယင်းတို့မှာ မှားယွင်းပေသည်။ ယင်းတို့သည် သမ္မာတရားနှင့် ဆန့်ကျင်နေသည်။ တာဝန်သည် သင်၏ကိုယ်ပိုင် အလုပ်ကိစ္စမဟုတ်ပေ၊ ယင်းသည် ဘုရား၏ အလုပ်ကိစ္စဖြစ်သည်၊ ယင်းသည် ဘုရားအမှု၏ တစ်စိတ်တစ်ဒေသဖြစ်ပြီး ဘုရားသခင် တောင်းဆိုသည့်အတိုင်း သင်လုပ်ဆောင်ရမည်၊ ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံးဖြင့် သင်၏တာဝန်ကို ထမ်းဆောင်ခြင်းအားဖြင့်သာ သင်သည် စံနှုန်းနှင့် ကိုက်ညီနိုင်သည်။ သင်၏ ကိုယ်ပိုင်အယူအဆများ၊ စိတ်ကူးများနှင့်အညီ သင်၏ ကိုယ်ပိုင် လိုအင်ဆန္ဒများနှင့်အညီ တာဝန်ကို အစဉ် ထမ်းဆောင်လျှင် သင်သည် စံနှုန်းနှင့် မည်သည့်အခါမျှ ကိုက်ညီမည်မဟုတ်ပေ။ သင်ဆန္ဒရှိသည့်အတိုင်း တာဝန်ကို ထမ်းဆောင်ခြင်းသက်သက်သည် တာဝန်ကို ထမ်းဆောင်ခြင်းမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သင်လုပ်ဆောင်နေသည့်အရာသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုနယ်ပယ်အတွင်းတွင် မရှိပေ။ ယင်းသည် ဘုရားအိမ်တော်၏ အလုပ်မဟုတ်ပေ။ ယင်းအစား သင်သည် သင်၏ ကိုယ်ပိုင် လုပ်ငန်းကို စီမံကွပ်ကဲနေခြင်းဖြစ်ပြီး သင်၏ ကိုယ်ပိုင်လုပ်ငန်းများကို ဆောင်ရွက်နေခြင်း ဖြစ်သောကြောင့် ဤသည်ကို ဘုရားသခင်က အမှတ်မထားပေ။ တာဝန်ဟူသော အယူအဆကို သင်တို့ ယခု ရှင်းကြသလော။ တာဝန် ထမ်းဆောင်ရာတွင် လက်တွေ့လုပ်ဆောင်သင့်သည့် အခြေခံအကျဆုံး၊ အဓိကကျဆုံး သမ္မာတရားမှာ အဘယ်နည်း။ သင်၏ စိတ်နှလုံး၊ အာရုံနှင့် အားထုတ်ကြိုးပမ်းမှုကို သင်၏တာဝန်များအား ကောင်းမွန်စွာ ထမ်းဆောင်ခြင်းအတွက် ဆက်ကပ်ရန် ဖြစ်သည်။ လူအများအပြားသည် ၎င်းတို့၏တာဝန်များကို ထမ်းဆောင်ခြင်း လမ်းကြောင်းတွင် ဆိုးယုတ်သော လုပ်ဆောင်ချက် အမျိုးမျိုးတို့ကို အဘယ်ကြောင့် လုပ်နေသေးသနည်း၊ နောက်ဆုံး၌ ဖယ်ရှားရှင်းလင်းခြင်းခံရသည်အထိ ဖြစ်အောင် အဘယ်ကြောင့် အသင်းတော်၏အလုပ်ကို နှောင့်ယှက်ပြီး ဖျက်ဆီးကြသနည်း။ ဤလူများသည် ဘုရားသခင်အတွက် မိမိကိုယ်ကို စိတ်ထက်သန်စွာ အသုံးခံမနေသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်နှင့် အပေးအယူလုပ်ရန် အမြဲ ကြိုးစားနေကြပြီး သမ္မာတရား အနည်းငယ်မျှကိုပင် လက်မခံကြချေ။ ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးမှု မည်မျှကို ထုတ်ဖော်ပြသည်ဖြစ်စေ၊ မကောင်းမှုကို မည်မျှ လုပ်ဆောင်ကြသည်ဖြစ်စေ၊ ၎င်းတို့သည် သမ္မာတရားမှတစ်ဆင့် စိတ်ပိုင်းဖြတ်မှုကို လုံးဝ မရှာဖွေကြချေ။ ၎င်းတို့သည် ပြုပြင်ခြင်းကို အကြိမ်ပေါင်းများစွာ ခံရပြီးသည့် နောက်၌ပင် အမှန်တကယ် နောင်တမရကြဘဲ သိက္ခာစောင့်စည်းမှု မရှိဘဲ အမှားများကို ဆက်လက် ကျူးလွန်ခြင်းနှင့် ဆိုးယုတ်သော လုပ်ဆောင်ချက်အမျိုးမျိုးကို လုပ်ဆောင်ခြင်းဖြင့် ၎င်းတို့၏ ဆိုးယုတ်သော အနှစ်သာရကို လုံးလုံးလျားလျား ဖော်ပြနေကြ၏။ ဘုရားသခင် ရွေးချယ်ထားသော လူများက ဤအရာကို ပိုင်းခြားသိမြင်သွားကာ ထိုလူများသည် ထုတ်ဖော်ခြင်းခံရပြီး ဖယ်ရှားရှင်းလင်းခြင်း ခံကြရသည်။ ၎င်းတို့၏ တာဝန်များအား ဤလူများ ထမ်းဆောင်ကြသည့်ပုံကို ကြည့်ရှုရသည်မှာ တကယ်ပင် သည်းမခံနိုင်စရာ ဖြစ်သည်။ ၎င်းတို့သည် စံမမီရုံတင်မက လုံးဝ ချို့ငဲ့ကြခြင်း ဖြစ်သည်။ ပန်းကန်လုံးတစ်လုံး မကွဲလိုက်ရဘဲ ပန်းကန်ပြားတစ်ချပ်ကို မဆေးတတ်ကြချေ။ ၎င်းတို့ အလုပ်လုပ်ပေးခြင်းသည် ကောင်းခြင်းထက် ထိခိုက်နစ်နာခြင်းက ပိုများ၏။ ၎င်းတို့ကို သမ္မာတရားအကြောင်း မည်သို့ပင် မိတ်သဟာယပြုပြု၊ ၎င်းတို့က လက်မခံနိုင်ကြပေ၊ ပြီးလျှင် ပြုပြင်ခြင်းကို ခံရပြီးသည့်နောက်၌ပင် နောင်တမရကြပေ။ ဤသို့သော လူတစ်ယောက်အား ဆက်လက် အသုံးပြုခြင်းအားဖြင့် ထိုသူသည် လမ်းပေါ်မှ ခလုတ်တံသင်းတစ်ခု ဖြစ်လာလိမ့်မည်၊ အသင်းတော်၏ အလုပ်အားလုံးကို ဟန့်တား နှောင့်ယှက်နေသည့် အဆီးအတားတစ်ခု ဖြစ်လာလိမ့်မည်။ ငါ့အား ပြောကြလော့၊ ဤလူများကို အစားထိုးကာ ဖယ်ရှားရှင်းလင်းခြင်း မပြုသင့်သလော။ (ပြုသင့်ပါသည်။) လူတစ်ယောက်သည် အနည်းငယ်ပင် အသိစိတ်နှင့် အသိတရား ရှိနေသေးသရွေ့ ထိုသူသည် မိမိ၏ ဆိုင်ရာအလုပ်များကို အာရုံစိုက် လုပ်ဆောင်နိုင်၏၊ မိမိ၏ သင့်တော်ရာ အရေးကိစ္စများကို စီမံခန့်ခွဲနိုင်၏၊ ပြီးလျှင် တာဝန်များကို ထမ်းဆောင်နေစဉ်တွင် မိမိကိုယ်ကို ဆင်ခြင်နိုင်စွမ်းလည်း ရှိ၏။ ၎င်းတို့၏အမှားများကို သတိပြုမိခြင်း၊ ၎င်းတို့၏ပြဿနာများကို ခွဲခြား ဖော်ထုတ်ခြင်းဖြင့် ၎င်းတို့သည် ယင်းအရာများကို ချက်ချင်း ပြုပြင်နိုင်လာလိမ့်မည်။ ဤအရာကို သုံးနှစ် သို့မဟုတ် ငါးနှစ် တွေ့ကြုံပြီးသည့်နောက်တွင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာလိမ့်မည်။ ဤနည်းအားဖြင့် ၎င်းတို့သည် အခြေခံအုတ်မြစ်တစ်ခုကို ရရှိမည်ဖြစ်ကာ အတော်အတန် လုံခြုံစိတ်ချရလိမ့်မည်။ ခြွင်းချက်ဖြစ်သော အခြေအနေများကိုလည်း တားဆီးပေးသည်ဖြစ်ရာ ဤလူပုဂ္ဂိုလ်သည် မည်သည့်နည်းနှင့်မျှ ဖယ်ရှားရှင်းလင်းခြင်း ခံရလိမ့်မည် မဟုတ်ပေ။ သို့သော် သမ္မာတရားအား အနည်းငယ်မျှ လက်ခံခြင်းမရှိဘဲ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ကြသူများသည် ၎င်းတို့၏ တာဝန်များကို မည်သို့မျှ ကောင်းမွန်စွာ မထမ်းဆောင်နိုင်ကြပေ၊ ပြီးလျှင် ၎င်းတို့သည် အနှောင့်အယှက်များနှင့် အဟန့်အတားများကို ဖြစ်စေသည့် အရာများကိုပင် လုပ်မိနိုင်ကြသည်။ ဤလူစားမျိုးသည် နောင်တရမည့်အစား စောစောစီးစီး အသေသာခံလိုက်မည် ဖြစ်သောကြောင့် မလွဲဧကန် ဖယ်ရှားရှင်းလင်းခြင်းခံရလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်လာခဲ့သော်လည်း ဘာသာတရားမရှိသူများနှင့် များစွာ မကွာခြားကြချေ။ ၎င်းတို့သည်လည်း မယုံကြည်သူများသာ ဖြစ်သည်။

ကိုယ်ပိုင် အကြံအစည်များ အများအပြား ရှိခြင်းသည် မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်းတွင် အကြီးဆုံးသော အဟန့်အတား ဖြစ်သည်။ သို့ဖြစ်ရာ မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်းအတွက် မရှိမဖြစ်လိုအပ်ချက်မှာ အဘယ်နည်း။ သင်၏ အမျိုးမျိုးသော အကြံအစည်များကို မဖြစ်မနေ စွန့်လွှတ်ရခြင်းပင် ဖြစ်သည်။ ဥပမာအားဖြင့် သင့်ကို အမှန်တကယ် စိတ်မချမ်းမသာ ဖြစ်စေသော အရာတစ်ခု ဖြစ်ပျက်ခဲ့သော်လည်း ထမ်းဆောင်ရမည့် တာဝန်တစ်ခုကလည်း သင့်ထံတွင် ရှိနေသည့်အခါ သင်သည် ရွေးချယ်စရာတစ်ခုနှင့် ရင်ဆိုင်ရပေမည်။ ဤသည်မှာ အတိမ်းအစောင်းမခံသော၊ အလွန် အရေးကြီးသော အချိန်တစ်ခု ဖြစ်သည်။ သင့်အနေဖြင့် စိတ်မချမ်းမသာ ဖြစ်ကာ စိတ်ထိခိုက်ခြင်း ဖြစ်နေနိုင်သော်လည်း သို့မဟုတ် သင့်ထံတွင် ကိုယ်ရေးကိုယ်တာ ကိစ္စအချို့ ဖြစ်ပေါ်နေနိုင်သော်လည်း သင်သည် ဤအရာများ အားလုံးကို ဘေးဖယ်ထားနိုင်ရမည်၊ မိမိ၏တာဝန်ကို ကောင်းမွန်စွာဖြင့် ဦးစားပေး ထမ်းဆောင်နိုင်ရမည်။ ယင်းနောက်မှသာ သင်၏တာဝန်ကို မထိခိုက်စေသော အခြေအနေများတွင် သင်၏ ကိုယ်ပိုင်ကိစ္စများကို စဉ်းစားသင့်လေသည်။ သင်သည် မိမိတာဝန်အား အမြဲ တစ်သမတ်တည်း ဦးစားပေးသည့်အခါတွင် ယင်းကို မည်သို့ ခေါ်ဝေါ်သနည်း။ ယင်းမှာ မိမိ၏တာဝန်ကို လေးစားခြင်းဟု ခေါ်သည်၊ ဤသည်မှာ ဘုရားသခင်ကို သစ္စာစောင့်သိခြင်းလည်း ဖြစ်၏။ သင်၏ အကြံအစည်များနှင့် လိုအင်ဆန္ဒများကို စွန့်လွှတ်ခြင်း၊ သင်၏ စိတ်ခံစားချက်များနှင့် ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များကို စွန့်လွှတ်ခြင်း၊ ဘောင်ခတ်ခံရခြင်း မရှိဘဲ သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်းနှင့် ဘုရားသခင်၏ တာဝန်ပေး စေခိုင်းချက်ကို ပြီးစီးစေခြင်းတို့မှာ စွန့်လွှတ်ခြင်း အဓိပ္ပာယ်ပင် ဖြစ်သည်၊ ဤသည်မှာ ဇာတိပကတိကို ပုန်ကန်ခြင်းသဘော ဖြစ်သည်။ အချို့သော လူများသည် တာဝန်တစ်ခုကို မထမ်းဆောင်ရသေးသော အချိန်၌ “ဘုရားသခင်သည် ငါ့ကို ထမ်းဆောင်ရန် တာဝန်တစ်ခု မပေးသေးချေ၊ သို့သော် ငါ၏ စိတ်နှလုံးမှာ လုံးဝ စစ်မှန်သည်။ ဘုရားသခင်သည် အဘယ်ကြောင့် ဤအရာကို မည်သည့်အခါမျှ မမြင်လေသနည်း” ဟု စဉ်းစားကြ၏။ သို့သော် အသင်းတော်က ၎င်းတို့ ထမ်းဆောင်ရန် တာဝန်တစ်ခုကို စီစဉ်သည့်အခါ၌မူ ၎င်းတို့သည် ကြေးများချင်ကြသည်။ ခေါင်းဆောင်တစ်ယောက် သို့မဟုတ် အမှုတော်ဆောင် တစ်ယောက်၏ အခန်းကဏ္ဍကို မထမ်းဆောင်နိုင်သော၊ သို့မဟုတ် ဧဝံဂေလိတရားကို မဖြန့်ဝေနိုင်သော လူအချို့ ရှိကြသည်။ ပြီးလျှင် ၎င်းတို့တွင် အခြားသော အထူးတလည် ကျွမ်းကျင်မှုများလည်း မရှိကြချေ။ ထို့ကြောင့် အသင်းတော်က ၎င်းတို့ကို ဧည့်ခံရေးတာဝန်များ ထမ်းဆောင်ရန် စီစဉ်ပေးသည့်အခါ ၎င်းတို့က “ဧည့်ခံရေးမှာ ငါ လုပ်နိုင်စွမ်းရှိသော အရာတစ်ခု ဖြစ်သည်၊ သို့သော် ငါ၏အစွမ်းအစနှင့် ပါရမီများကို ထည့်တွက်လျှင် ငါ့ကို ဤသို့ တာဝန်ပေးခြင်းမှာ အသင်းတော်က ငါ့အား အထင်သေးနေခြင်း မဟုတ်လော။ ငါသည် ဤ တာဝန်အတွက် အနည်းငယ် အရည်အချင်း မြင့်နေသည် မဟုတ်လော” ဟု စဉ်းစားကြ၏။ အပေါ်ယံ၌မူ ၎င်းတို့သည် အသင်းတော်၏ အစီအစဉ်များကို လက်ခံကြ၏၊ သို့သော် ၎င်းတို့အနေဖြင့် ၎င်းတို့၏တာဝန်များကို ကြိုးစား လုပ်ဆောင်ခြင်း မရှိစေရန် ၎င်းတို့၏ ခုခံသော စိတ်ခံစားချက်များက တားဆီးလေသည်။ ၎င်းတို့သည် စိတ်ကောင်းဝင်နေသော အချိန်တွင် ၎င်းတို့၏ တာဝန်များကို အနည်းငယ်မျှသာ လုပ်ဆောင်ကြသည်၊ ပြီးလျှင် စိတ်ကောင်း မဝင်သော အချိန်တွင်မူ တာဝန်များကို မထမ်းဆောင်ကြဘဲ မိမိတို့၏ ညီအစ်ကို မောင်နှမများအား မသိကျိုးကျွန်ပြုလေသည်။ ၎င်းတို့တွင် အဘယ်ကြောင့် ဤစိတ်ခံစားချက်များနှင့် တုံ့ပြန်ချက်များမှာ ရှိကြသနည်း။ ဤသည်မှာ လူတစ်ယောက်အနေဖြင့် မိမိ၏တာဝန်အပေါ် ရှိသင့်သော သဘောထားလော။ ဤလူများသည် ၎င်းတို့၏ တာဝန်များကို ကျေနပ်အားရခြင်း မရှိကြပေ။ ဤ မကျေနပ်ခြင်း၏ ဇာစ်မြစ်မှာ အဘယ်နည်း။ (၎င်းတို့ ရရှိသော တာဝန်သည် ၎င်းတို့၏ ဇာတိ လိုလားမှုများကို ဖြည့်ဆည်းမပေးပါ။) ၎င်းတို့အနေဖြင့် ကျေနပ်သည်ဆိုလျှင်ပင် ၎င်းတို့သည် ပျော်ရွှင်ကြလိမ့်မည်လော။ မလွဲမသွေ ပျော်ရွှင်ခြင်းမျိုး မဟုတ်ပေ။ ၎င်းတို့အနေဖြင့် ကျေနပ်ပါသည် ဆိုလျှင်ပင် ပျော်ရွှင်ချင်မှ ပျော်ရွှင်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဤလူများသည် တင်းတိမ် ရောင့်ရဲခြင်းကို လုံးလုံး မသိနိုင်သည့် စိတ်နှလုံးများ ရှိကြသောကြောင့် ဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို မလိုက်စားသော လူများက ၎င်းတို့၏ တာဝန်များအပေါ် သဘောထားသည့်ပုံစံ ဖြစ်သည်။ လူများသည် ၎င်းတို့အား ဂုဏ်ရှိသော၊ လူမြင်ကောင်းစေသော တာဝန်များကို အမြဲတမ်း ထမ်းဆောင်ချင်ကြသည်၊ ပြီးလျှင် တာဝန်များကိုလည်း လွယ်လွယ်ကူကူနှင့် သက်သောင့်သက်သာ လုပ်ဆောင်ရသည်မျိုး ဖြစ်စေချင်ကြသည်။ ၎င်းတို့သည် လေဒဏ်၊ နေဒဏ်ကို ကြံ့ကြံ့ခံရန်ဖြစ်စေ၊ ၎င်းတို့၏ တာဝန်များမှ မည်သို့သော ဆင်းရဲဒုက္ခများကို သည်းညည်းခံရန် ဖြစ်စေ ဆန္ဒမရှိကြချေ။ ဤအချက်အပြင် ၎င်းတို့သည် သမ္မာတရားကို နားလည်နိုင်ချင်သေးသည်၊ ၎င်းတို့၏တာဝန်များမှတစ်ဆင့် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးကိုလည်း ရရှိချင်ကြသေးသည်။ ၎င်းတို့သည် ဤအရာများအားလုံးကို လိုချင်ကြ၏။ နောက်ဆုံးတွင် ဘုရားသခင်က ၎င်းတို့အား မိမိတို့၏ တာဝန်များကို ကောင်းစွာ ထမ်းဆောင်ခဲ့ပြီဟု ပြောဆိုသည်ကိုပင် ၎င်းတို့က အလိုရှိလေသည်။ ဤသည်မှာ ၎င်းတို့ဘက်မှ ဖြစ်လိုခြင်း မဟုတ်လော။ ဤဖြစ်လိုသောအတွေးကို မစွန့်လွှတ်နိုင်လျှင် သင်သည် သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ ဤလူပုဂ္ဂိုလ်မျိုးသည် သမ္မာတရားအား မလိုက်စားကြောင်းကို ငါသည် ဟိုယခင်က မကြာခဏ လွယ်လွယ်သာ ဖော်ပြခဲ့၏။ သို့သော် ယခုအခါတွင်မူ ပို၍ အတိအကျ ဆိုရလျှင် ၎င်းတို့သည် အလွန် လောဘကြီးကာ ပုန်ကန်လွန်း၏၊ ၎င်းတို့သည် ၎င်းတို့၏ တာဝန်အပေါ် စိုးစဉ်းမျှ သစ္စာစောင့်သိခြင်း မရှိကြ၊ ဘုရားသခင်၏ တာဝန်ပေး စေခိုင်းချက်ကိုလည်း အမှန်တကယ် ကျိုးနွံနာခံခြင်း မရှိကြချေ။ သို့ဖြစ်ရာ သင်၏ အကြံအစည်များအား စွန့်လွှတ်ခြင်းကို မည်သို့ လက်တွေ့ လုပ်ဆောင်သင့်သနည်း။ အချက်တစ်ခုအားဖြင့် သင်သည် တည်တည်ငြိမ်ငြိမ်ဖြင့် ချုပ်ထိန်းကာ ယင်းတို့အား ပုန်ကန်ရမည်။ နောက်တစ်ချက်အားဖြင့် သင်သည် ဆုတောင်းရမည်၊ ကျိုးနွံနာခံရန် လိုအင်ဆန္ဒလည်း ရှိရမည်။ “ဘုရားသခင်၊ ကိုယ်တော်သည် ကျွန်ုပ်အတွက် ဤတာဝန်ကို စီစဉ်ညွှန်ကြားကာ ပြင်ဆင်ပေးခဲ့ပါသည်။ ကျွန်ုပ်တွင် ဇာတိဆိုင်ရာ ရွေးချယ်လိုစိတ် ရှိသော်လည်း၊ ကျွန်ုပ်၏ နှလုံးသွင်း အလိုဆန္ဒအရ ဤတာဝန်ကို မထမ်းဆောင်ချင်သော်လည်း ကိုယ်တော့်ကို ကျိုးနွံနာခံရန် ဆန္ဒရှိပါသည်။ ကျွန်ုပ်သည် ဖောက်ပြန်ပျက်စီးလွန်း၍ ပုန်ကန်လွန်းခြင်းသာ ဖြစ်ပါသည်၊ ပြီးလျှင် ကျွန်ုပ်၏ လူ့သဘာဝ အရည်အသွေး မကောင်းခြင်းသာ ဖြစ်ပါသည်။ ကျွန်ုပ်ကို ဆုံးမပဲ့ပြင်တော်မူပါ” ဟု ပြောဆိုရမည်။ ဤအချက်ကြောင့် သင်သည် မိမိ၏တာဝန်ကို ပိုမို ကြီးမားသော စင်ကြယ်မှုဖြင့် ထမ်းဆောင်ခွင့် ရလာမည် မဟုတ်လော။ အကယ်၍ လူတစ်ယောက်သည် မိမိ၏ကိုယ်ပိုင် လိုအင်ဆန္ဒများကို မလျှော့တမ်း ဖက်တွယ်၍ ယင်းတို့ကို စွန့်လွှတ်ရန် ငြင်းဆန်လျှင် ထိုသူသည် ခေါင်းဆောင်များ ဖြစ်ရန် ရွေးကောက်ခံရသူတို့၏ ထင်ပေါ်မှုနှင့် ဧဝံဂေလိ ဖြန့်ဝေရန် ရွေးကောက်ခံရသူတို့၏ လူအများအပြားနှင့် တွေ့ခွင့်ရပုံ၊ အသိပညာနှင့် အတွေ့အကြုံ ရရှိပုံတို့ကို အမြဲတမ်း မြင်တွေ့မိပြီး မိမိကိုယ်တိုင်၏တာဝန်ကိုမူ မလုပ်ဆောင်ချင်ဟုဆိုလျှင် ဤသည်မှာ ကျိုးနွံနာခံခြင်း သဘောထားတစ်ခု ဖြစ်သလော။ ဤသည်မှာ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို လက်ခံသည့် သဘောထား တစ်ခုလော။ (မဟုတ်ပါ။) ဘုရားသခင်က သင့်အား အရှေ့သို့ သွားဟု ဆိုသည့်အခါ သင်သည် အနောက်သို့ သွား၏။ ဘုရားသခင်က သင့်အား အနောက်ဘက်သို့ သွားခွင့် မပေးခဲ့သောကြောင့် သင်သည် ဘုရားသခင်ကို စောဒကတက်ကာ အထင်မှားလေသည်။ သင်သည် ဘုရားသခင်ကို အမြဲတစေ အတိုက်အခံ လုပ်နေသည်၊ သို့ဖြစ်ရာ သန့်ရှင်းသောဝိညာဉ်တော်သည် သင့်အတွင်း၌ အလုပ်လုပ်ပါဦးမည်လော။ မလုပ်ဆောင်မည်မှာ သေချာသလောက် ဖြစ်၏။ သန့်ရှင်းသော ဝိညာဉ်တော်က လူတစ်ယောက်ထံတွင် အလုပ်မလုပ်သည့်အခါ မည်သည့် အခြေအနေများနှင့် သရုပ်သကန်များ ပေါ်ထွက်လာသနည်း။ ထိုသို့သော လူတစ်ယောက်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါ ယင်းတို့ကို နားလည်လိမ့်မည် မဟုတ်ပေ။ မိတ်သဟာယနှင့် တရားဒေသနာများကို နားထောင်သည့်အခါ မည်သည်ကိုမျှ သဘောပေါက်လိမ့်မည် မဟုတ်၊ အမြဲမပြတ် ငိုက်မျဉ်း၍ပင် နေလိမ့်မည်။ ထိုသို့သော လူများသည် ၎င်းတို့ထံတွင် ဖြစ်ပျက်သည့် အရာတိုင်းကို ရိပ်စားမိနိုင်ကြလိမ့်မည် မဟုတ်။ “အခြားလူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အလွန် ကောင်းမွန်စွာ နားလည်နိုင်ကြသည်။ ငါသည် ယင်းတို့ကို ဖတ်ရှုရာတွင် အဘယ်ကြောင့် မည်သည့် နားလည်မှုကိုမျှ မရရှိသနည်း။ ၎င်းတို့၏ အခြေအနေများမှာ အမြဲ စစ်မှန်လွန်း၍ လွတ်လပ်ကြသည်။ ငါ့မှာမူ အဘယ်ကြောင့် အမြဲ စိတ်ထိခိုက်၊ စိတ်လှုပ်ရှားလွန်းကာ အနေခက်ရသနည်း။ အရာရာတိုင်းသည် ၎င်းတို့အတွက် အလွန် ချောမွေ့ကြသည်။ ၎င်းတို့တွင် ဘုရားသခင်၏ လမ်းပြမှု ရှိသည်။ ငါ့မှာမူ အဘယ်ကြောင့် မရှိသနည်း” ဟူ၍ အမြဲတမ်း ထင်ကြေးပေးကာ သံသယ ရှိနေကြလိမ့်မည်။ ၎င်းတို့သည် ဤအရာအားလုံး၏ အကြောင်းရင်းကို မမြင်နိုင်ကြချေ။ ၎င်းတို့တွင် ဘုရားသခင်ကို ကျိုးနွံနာခံခြင်း သဘောထားတစ်ခု မရှိကြချေ။ ၎င်းတို့သည် မိမိတို့၏ တာဝန်၌ ကြိုးစားလုပ်ဆောင်မည့်အရေး မရှိလာသေးမီ ဘုရားသခင်အား ၎င်းတို့၏ လိုအင်ဆန္ဒများကို ဖြည့်ဆည်းပေးရန် အစဉ်အမြဲ တောင်းဆိုနေကြသည်။ ၎င်းတို့ အလိုရှိသောအရာကို မရလျှင် ၎င်းတို့သည် အပျက်သဘောဆောင်ကာ ခုခံလာကြ၏၊ ပြီးလျှင် ၎င်းတို့၏ တာဝန်ကိုလည်း မထမ်းဆောင်ကြပေ။ ဤသို့သော လူတစ်ယောက်ထံတွင် ဘုရားသခင်သည် အမှုတော် ပြုလိမ့်မည်လော။ ၎င်းတို့တွင် စစ်မှန်သော ယုံကြည်ခြင်း ကင်းမဲ့၏၊ ၎င်းတို့တွင် ပုန်ကန်မှုနှင့် ခုခံမှုတို့ ပြည့်နှက်နေ၏။ ဘုရားသခင်သည် ၎င်းတို့အား ဘေးဖယ်၍သာ ထားနိုင်လေသည်။

လူများသည် ၎င်းတို့၏တာဝန်များကို မည်သို့ မှတ်ယူသင့်သနည်း။ ၎င်းတို့သည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို နာခံသင့်ပြီး ၎င်းတို့၏ ကိုယ်ပိုင် အကြံအစည်များ အားလုံးကိုလည်း စွန့်လွှတ်သင့်သည်။ လူများတွင် မည်သည့် အကြံအစည်များ ရှိကြသနည်း။ (၎င်းတို့၏ ရည်ရွယ်ချက်များ၊ အစီအစဉ်များနှင့် ဇာတိဆိုင်ရာ လိုလားမှုများ ဖြစ်ပါသည်။) ဥပမာအားဖြင့် သင် အမှန်တကယ် ပျော်ရွှင်ကာ သွားရောက်မိသည့် ဧည့်ခံရေး မိသားစုတစ်ခု ရှိသည်ဟု ဆိုကြစို့။ ၎င်းတို့သည် အလွန်ကောင်းသော အစားအသောက်များ ချက်ပြုတ်၏၊ ၎င်းတို့အိမ်မှာ လှပသေသပ်၏၊ ပြီးလျှင် ၎င်းတို့တွင် လေအေးပေးစက်နှင့် အပူပေးစက်လည်း ရှိသည်။ သင်က “ငါသာ ထိုအိမ်တွင် နေလိုက်ရလျှင်” ဟူ၍ မိမိဘာသာ စဉ်းစားသည်။ ထို့နောက် “ဘုရားသခင်၊ ကိုယ်တော်သည် ကျွန်ုပ်အား ထို ဧည့်ခံရေးမိသားစုနှင့် နေခွင့်မပေးနိုင်သလော။ ကျွန်ုပ်သည် ငြိမ်းအေး သက်သာရှိခြင်းကို အငမ်းမရ ဖြစ်နေမှန်း သိပါသည်၊ သို့သော် ဤလိုအင်ဆန္ဒကို ကျွန်ုပ် မပုန်ကန်နိုင်ပါ။ ကျွန်ုပ်၏ သေးငယ်သော ဝိညာဉ်ရင့်သန်မှုကို စာနာ ထောက်ထား၍ ကျွန်ုပ်အား ထိုနေရာသို့ သွားခွင့်ပြုပါလော့။ ကျွန်ုပ်သည် မိမိတာဝန်တွင် ကြိုးစားလုပ်ဆောင်ပါမည်၊ သစ္စာစောင့်သိပါမည်၊ ကိုယ်တော့်အား သစ္စာဖောက်ခြင်း၊ သို့မဟုတ် ဝမ်းနည်းစေခြင်း မဖြစ်စေရပါဟု ကတိပြုပါသည်” ဟူ၍ သင်က ဆုတောင်း၏။ သင်သည် ဤအတိုင်း နှစ်ပတ်ခန့်မျှ ကြာသည်အထိ ဆုတောင်းသည်။ ထို့နောက် ဆိုးဝါးသော အခြေအနေများ ရှိသည့် နေရာတစ်ခုသို့ သွားရန် သင့်အတွက် စီစဉ်ပေးလေရာ သင်သည် စိတ်မချမ်းသာ ဖြစ်လာသည်။ သင်သည် စိတ်အတွင်းမှ “ဘုရားသခင်သည် ငါတို့၏ စိတ်နှလုံးများကို အတွင်းအကျဆုံး စေ့စေ့စပ်စပ်ကြည့်ရှု စစ်ဆေးရမည်မဟုတ်လော။ ငါ၏စိတ်နှလုံးအတွင်း ရှိနေသော အရာကို ဘုရားသခင်သည် အနည်းငယ်ကလေးမျှ မသိချေ။ ငါက ကောင်းသော အရာတစ်ခုကို တောင်းလျှောက်ခဲ့သော်လည်း သူက ငါ့ကို ဆိုးရွားသော အရာတစ်ခု ပေးခဲ့လေပြီ။ ဘုရားသခင်သည် ငါ့ကို တမင် အရွဲ့တိုက်နေသကဲ့သို့ပင် ဖြစ်လေသည်” ဟူ၍ ညည်းညူမိ၏။ ထို့နောက် သင့်ထံတွင် ခုခံမှု ဖြစ်ပေါ်လာကာ “ဘုရားသခင်က ကျွန်ုပ်အား ဖြည့်ဆည်းပေးမည် မဟုတ်လျှင်၊ ကျွန်ုပ်ကလည်း ဘုရားသခင်ကို ဖြည့်ဆည်းပေးမည် မဟုတ်။ ကျွန်ုပ်သည် ကျွန်ုပ်၏ တာဝန်ကို ကြိုးစားမလုပ်ဆောင်တော့ပါ။ ကျွန်ုပ် လိုချင်သောအရာကို မရမချင်း ယင်းတာဝန်ကို ကြိုးစားလုပ်ဆောင်တော့မည် မဟုတ်” ဟု သင်က ဆိုလေသည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်း ဖြစ်သလော။ ဤသည်မှာ သင်၏တာဝန်ကို ထမ်းဆောင်ခြင်း ဖြစ်သလော။ ဤသည်ကား ဘုရားသခင်ကို ပုန်ကန်နေခြင်း ဖြစ်သည်၊ စိတ်နှလုံးခိုင်မာသော စိတ်သဘောထားတစ်ခု ဖြစ်သည်။ “ဘုရားသခင်က ငါ့ကို ဖြည့်ဆည်းပေးမည် မဟုတ်လျှင်၊ ငါကလည်း သူ့ကို ဖြည့်ဆည်းပေးမည် မဟုတ်။ ဤသည်မှာ ငါ၏တာဝန် ထမ်းဆောင်ခြင်းအပေါ် ထားရှိမည့် ငါ၏သဘောထား ဖြစ်သည်။ ငါက ငါ၏တာဝန်ကို ထမ်းဆောင်မည် ဆိုလျှင် ဘုရားသခင်က ငါ့အား သာယာ ပျော်ရွှင်မှုအချို့ ပေးရမည်။ အခြားလူများက အိမ်ကောင်းများတွင် နေထိုင်ကြရပြီး ငါ့မှာမူ ဘယ်လိုကြောင့် နေထိုင်ခွင့် မရသနည်း။ အခြားလူများက ၎င်းတို့၏ တာဝန်များကို ကောင်းမွန်သော ပတ်ဝန်းကျင်များတွင် ထမ်းဆောင်ကြရသော်လည်း ငါကမူ ဘယ်လိုကြောင့် ငါ၏တာဝန်ကို စုတ်ပြတ်သော ပတ်ဝန်းကျင်တစ်ခုတွင် ထမ်းဆောင်ရသနည်း။ ငါက မိမိ၏တာဝန်ကို ထမ်းဆောင်သော်လည်း ဘုရားသခင်က ငါ၏ တောင်းဆိုချက်များကို အဘယ်ကြောင့် မဖြည့်ဆည်းပေးသနည်း” ဟု သင်က ဆိုလေသည်။ ဤသည်တို့မှာ သင့်အနေဖြင့် မိမိကိုယ်ကို ထပ်တလဲလဲ ပြောဆိုနေသော ကျိုးကြောင်းပြချက်များသာ ဖြစ်သည်။ ဤအရာတွင် ဘုရားသခင်ကို ကျိုးနွံနာခံခြင်း သဘောထားတစ်ခု ရှိသလော။ ဤသည်မှာ သင်၏ တာဝန်ကို အသိစိတ်၊ အသိတရားဖြင့် ထမ်းဆောင်ခြင်း ဖြစ်သလော။ ငါသည် ဤ စကားများကို ယခင်က ပြောဆိုပြီးခဲ့လေပြီ “သင်တို့သည် ဘုရားသခင်နှင့် လုံးဝ မယှဉ်ပြိုင်ရ”ဟူ၍ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ယှဉ်ပြိုင်နေခြင်း ဖြစ်သည်။ သင်သည် ဘုရားသခင်ကို ယှဉ်ပြိုင်သည့်အခါ ဘုရားသခင်က သင့်အပေါ် မည်သည့် သဘောထားကို ထားရှိလာမည်နည်း။ (ဘုရားသခင်သည် အမှုပြုတော့မည် မဟုတ်ပါ။ ဘုရားသခင်က ကျွန်ုပ်အား ဘေးဖယ်ထားလိမ့်မည်။) ဘုရားသခင်သည် သင့်ကို ဘေးဖယ်ထား၍ မသိကျိုးကျွန်ပြုလိမ့်မည်။ ဘုရားသခင်သည် သင့်အပေါ် အလေးအနက် ထားဦးမည်လော။ သူသည် အလေးအနက်ထားလိမ့်မည် မဟုတ်။ အကယ်၍ သင် လုပ်ဆောင်ထားသည်မှာ အတန်အသင့် အသေးစားဖြစ်သော မကောင်းမှု အနည်းငယ် ဖြစ်ပြီး ကြီးလေးခြင်းလည်း မရှိလျှင် ဘုရားသခင်က သင့်ကို ထိန်းသိမ်းလိမ့်မည်၊ သင့်ကိုလည်း အနည်းငယ် ထပ်၍ အလုပ်လုပ်ပေးရန် ခိုင်းလိမ့်မည်။ သို့သော် သင်သည် များစွာသော ဒုစရိုက်အမှုများကို ကျူးလွန်ထားပြီး အသင်းတော်၏ အလုပ်ကိုလည်း ပြင်းထန်စွာ နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်ခဲ့လျှင် သင်သည် ဖယ်ထုတ်ပစ်ခြင်း ခံရလိမ့်မည်။ သင့်ကို ဆက်လက် အလုပ်လုပ်ပေးရန် ခိုင်းသည့်အခါ သင်ကလည်း တစ်ချိန်ချိန်၌ နောင်တရလျှင် ဘုရားသခင်သည် သင့်အား ဉာဏ်ပွင့်စေလိမ့်မည်။ သင်သည် လုံးဝ နောင်တမရဘဲ ဘုရားသခင်အား အမြဲတမ်း ယှဉ်ပြိုင်လျှင် သင်သည် တကယ်ပင် အလွန် ကောက်ကျစ်ဆိုးယုတ်ကာ ခေါင်းမာလွန်းလှ၏။ ထို့ပြင် အဆုံးသတ်၌ ဆုံးရှုံးမှုကို ကြုံရမည့်သူမှာ မည်သူ ဖြစ်မည်နည်း။ သင်သာ ဖြစ်ပေလိမ့်မည်။ သင်သည် ဤအရာကို ရှင်းလင်းစွာ မြင်ရမည်၊ ဘုရားသခင်ကို ယှဉ်ပြိုင်ခြင်းသည် ဒုက္ခအပေးဆုံးအရာ ဖြစ်၏၊ ပြီးလျှင် အကြီးမားဆုံး ပြဿနာလည်း ဖြစ်၏။ အရာအားလုံး အဆင်ပြေနေသည့်အခါ လူများက ဘုရားသခင်ကို ယုံကြည်ခြင်းမှာ ကောင်းလှ၏ဟု ထင်ကြသည်၊ ၎င်းတို့တွင် ဘုရားသခင်နှင့်ပတ်သက်သည့် မည်သည့် အယူအဆမျှ မရှိကြချေ။ သို့သော် ၎င်းတို့အပေါ် ဘေးဒုက္ခ သို့မဟုတ် ကံဆိုးမှု အနည်းငယ်မျှ ကျရောက်သည့်အခါ ၎င်းတို့သည် ဘုရားသခင်နှင့် ပတ်သက်၍ အယူအဆများ စတင် ရှိလာကြသည်။ “ဘုရားဟူသည် ရှိပင် ရှိပါ၏လော။ သူသည် ဘယ်သို့ ရောက်နေသနည်း။ ငါသည်သာ အထွတ်အထိပ် အုပ်စိုးသူ ဖြစ်သည်။ ငါသည် အကြီးမြတ်ဆုံး ဖြစ်သည်။ ထို့ပြင် ငါသည် ဘုရားနှင့် အမှန်တကယ် ယှဉ်ပြိုင်ဝံ့သည်။ သူသည် ငါ့အပေါ် မည်သို့များ လုပ်နိုင်မည်နည်း” ဟူ၍ ဘုရားသခင်ကိုပင် မကျေမနပ် ပြောဆိုခြင်း၊ ဒေါသဖြင့် ပြောဝံ့ခြင်းများအထိ ဖြစ်လာကြ၏။ ဘုရားသခင်သည် သင့်ကို ဘာတစ်ခုမျှ လုပ်လိမ့်မည် မဟုတ်။ သို့သော် သင်သည် ဆိုးညစ်သည်၊ စိတ်နှလုံးခိုင်မာပြီး အနှောင့်အယှက်ပေးသည် ဆိုသည်မှာ ပေါ်ထွက်လာခဲ့လေပြီ။ သင်က အနှောင့်အယှက် ပေးနေခြင်းဆိုသည်မှာ မည်သည်ကို ရည်ညွှန်းသနည်း။ သင်သည် အပြုသဘောဆောင်သော အရာများကို နှစ်သက်ခြင်း မရှိဟု ဆိုလိုသည်။ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံချင်စိတ် မရှိပေ၊ ပြီးလျှင် သင်သည် သူ့ကို ဘုရားသခင် ဖြစ်ကြောင်း သိသည့်အခါတွင်ပင် သူ့အား ကျိုးနွံနာခံနိုင်ခြင်း မရှိချေ။ သင့်အနေဖြင့် သမ္မာတရားကို လက်ခံရန် လွန်စွာ ခက်ခဲလေသည်။ သင်သည် စိတ်နှလုံးခိုင်မာသည်၊ ပညာမဲ့သည်၊ ခေါင်းမာလေသည်။ ဘုရားသခင်သည် ဤသို့သော လူများကို အလွန်ပင် မနှစ်သက်ချေ။ သင့်အနေဖြင့် သင်၏တာဝန်ကို ဆက်လက် ထမ်းဆောင်နေရန် အလွန် ခက်ခဲပေလိမ့်မည်၊ သင်သည် အဆုံးသတ်အထိ အလုပ်မလုပ်ပေးနိုင်သေးမီတွင်ပင် ထုတ်ဖော်ခြင်းခံရနိုင်သလို ဖယ်ရှားရှင်းလင်းခြင်းလည်း ခံရနိုင်သည်။ ဤသည်မှာ အဆုံးသတ်ပင် ဖြစ်သည်။ ယင်းကို အလွန် ထင်ရှားစွာ မြင်နေရလေပြီ။ ဤသည်မှာ ကြောက်စရာ မကောင်းသလော။ (ကြောက်စရာ ကောင်းပါသည်။) ကြောက်စရာကောင်းသည်ဟု သိလျှင် လူများသည် မည်သည်ကို လုပ်ဆောင်သင့်သနည်း။ ဦးဆုံးအနေဖြင့် ၎င်းတို့သည် မိမိတို့မှာ မည်သူမည်ဝါ ဖြစ်ကြောင်းကို သိရမည်။ ၎င်းတို့သည် မိမိတို့၏နေရာကို သိရမည့်အပြင် မိမိတို့သည် မည်သည့်အရာများ ဖြစ်သည်ကိုလည်း သိရမည်။ လူသားများသည် ဖန်ဆင်းခံများ ဖြစ်၍ ဘုရားသခင်ကို လုံးဝ မယှဉ်ပြိုင်ရပေ၊ ယင်းသို့ လုပ်ဆောင်ခြင်းသည် မည်သည့် အကျိုးရလဒ်ကိုမျှ ခံစားရလိမ့်မည် မဟုတ်။ အကယ်၍ ဘုရားသခင်က သင့်ကို တစ်စုံတစ်ခု ပေးအပ်ချင်သည်၊ သင်က ယင်းကို လိုချင်ခြင်းမရှိ၊ တောင်းဆိုခြင်းလည်း မရှိခဲ့လျှင်ပင် ဘုရားသခင်သည် သင့်အား မည်သို့မဆို ပေးအပ်လိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်း ဖြစ်၏။ အကယ်၍ ဘုရားသခင်သည် သင့်ကို တစ်စုံတစ်ခု ပေးအပ်ရန် စီစဉ်ထားခြင်း မရှိ၊ သင့်ကိုလည်း ထောက်ခံမှုဖြင့် ကြည့်ရှုခြင်း မရှိလျှင် ယင်းအတွက် ဘုရားသခင်အား တောင်းဆိုခြင်းသည် လုံးဝ အကျိုးမထူးချေ။ ဘုရားသခင်က သင့်အား တစ်စုံတစ်ခု ပေးအပ်ရန် အမှန်တကယ် စီစဉ်လျှင်၊ သင့်ကိုလည်း လမ်းပြ၊ ကူညီကာ ကောင်းချီး ပေးသင့်သည်ဟု မြင်လျှင် သင်ကပင် မတောင်းဆိုရဘဲ ဘုရားသခင်သည် သင့်ကို ပေးအပ်လိမ့်မည်။ ဘုရားသခင်က သင့်ကို စမ်းသပ်ရန် သို့မဟုတ် ထုတ်ဖော်ရန် စီစဉ်လျှင် သူသည် ယင်းသို့ပင် တမင်ရည်ရွယ်ကာ ပြုလုပ်လိမ့်မည်။ ပြီးလျှင် သူ့ကို တောင်းပန်ခြင်းဖြင့်လည်း အကျိုးမထူးချေ။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထား ဖြစ်၏။ လူများသည် ဘုရားသခင်အား ပြုမူဆက်ဆံပုံကို ဘုရားသခင်၏ သဘောထားအပေါ် အခြေခံကာ မဆုံးဖြတ်ရပေ။ သို့ဆိုလျှင် ၎င်းတို့သည် မည်သည်ကို လုပ်ဆောင်သင့်သနည်း။ (အရာခပ်သိမ်းတွင် ဘုရားသခင်ကို ကျိုးနွံနာခံပါ။) မှန်ပေသည်၊ ၎င်းတို့အနေဖြင့် ကျိုးနွံနာခံသင့်သည်။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံခြင်းသည် အမြင့်မားဆုံးသော ဉာဏ်ပညာ ဖြစ်ပြီး ဤအရာကို လုပ်ဆောင်သူသည် အသိစိတ် အရှိဆုံးပင် ဖြစ်သည်။ မာနထောင်လွှားသော၊ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်သော လူများကမူ ၎င်းတို့မှာ အလွန်ပါးနပ်သည်၊ အလွန် မြော်မြင်တတ်သည်ဟု ထင်ကြသည်။ အခြားလူများကို လှည့်စားရန် ကြိုးစားခြင်းသည် သီးခြားကိစ္စတစ်ခု ဖြစ်၏၊ ဤသည်မှာ သင်၏ ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ခြင်းတစ်ခုသာ ဖြစ်သည်။ သို့သော် သင်သည် လှည့်စားမှုကလေးများ ပြုလုပ်ကာ ဘုရားသခင်ကို လုံးဝ အတိုက်အခံမလုပ်ရပေ။ သင်သည် ဘုရားသခင်အပေါ် မလှည့်စားရ။ သင်သည် သူ၏ အမျက်ဒေါသကို တစ်ကြိမ်တစ်ခါမျှပင် ဖိတ်ခေါ်ဦးတော့ သေခြင်းသည် သင့်အပေါ် ကျရောက်လာလိမ့်မည်။

လူတို့သည် ဘုရားသခင်နှင့် မိမိတို့၏ တာဝန်များအပေါ် ရိုးသားသော စိတ်နှလုံးဖြင့် ချဉ်းကပ်ရမည်။ ရိုးသားသော စိတ်နှလုံးရှိလျှင် ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သော လူများဖြစ်လိမ့်မည်။ ရိုးသားသော စိတ်နှလုံးရှိသော လူများသည် ဘုရားသခင်အပေါ်တွင် မည်သို့သော သဘောထားမျိုးရှိသနည်း။ အနည်းဆုံးအနေဖြင့် ၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး၊ အရာခပ်သိမ်းတွင် ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံးရှိကြသည်။ ၎င်းတို့သည် ကောင်းချီးများအကြောင်း သို့မဟုတ် ကံဆိုးခြင်းများအကြောင်း မမေးမြန်းပေ။ အခြေအနေများနှင့်ပတ်သက်၍ မည်သည့်အရာမျှ မပြောပေ။ ၎င်းတို့သည် ဘုရားစီစဉ်ညွှန်ကြားခြင်း၏ ပြုသမျှကို ခံကြသည်။ ဤသူတို့သည် ရိုးသားသောစိတ်နှလုံးရှိသည့်လူများ ဖြစ်ကြသည်။ ဘုရားသခင်နှင့်ပတ်သက်၍ အစဉ်သံသယရှိသောသူ၊ ဘုရားသခင်အား အစဉ် ကြည့်ရှုစစ်ဆေးနေသောသူ၊ ဘုရားသခင်နှင့် အပေးအယူတစ်ခုပြုလုပ်ရန် အစဉ်ကြိုးစားနေသောသူများသည် ရိုးသားသော စိတ်နှလုံး ရှိသည့်လူများ ဖြစ်သလော။ (မဟုတ်ပါ။) ဤသို့သောလူများ၏ စိတ်နှလုံးအတွင်းတွင် မည်သည့်အရာ တည်ရှိသနည်း။ လှည့်စားတတ်ခြင်းနှင့် ကောက်ကျစ်ဆိုးယုတ်မှုဖြစ်သည်။ ၎င်းတို့သည် အစဉ်သဖြင့် ကြည့်ရှုစစ်ဆေးနေသည်။ ၎င်းတို့ ကြည့်ရှုစစ်ဆေးသည့်အရာမှာ မည်သည့်အရာဖြစ်သနည်း။ (လူတို့အပေါ် ဘုရားသခင်၏ သဘောထားဖြစ်သည်။) ၎င်းတို့သည် လူတို့အပေါ် ဘုရားသခင်၏ သဘောထားကို အစဉ် ကြည့်ရှုစစ်ဆေးနေသည်။ ဤသည်မှာ မည်သည့်ပြဿနာ ဖြစ်သနည်း။ အဘယ်ကြောင့် ဤအရာကို ၎င်းတို့ ကြည့်ရှုစစ်ဆေးသနည်း။ ၎င်းတို့၏ မရှိမဖြစ်သော အကျိုးစီးပွား ပါဝင်နေသောကြောင့်ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးတွင် မိမိတို့ကိုယ်ကို စဉ်းစားကြသည်။ “ဘုရားသခင်က ဤအခြေအနေများကို ငါ့အတွက် ဖန်တီးခဲ့သည်။ သူသည် ဤအရာကို ငါ့ထံ ဖြစ်စေခဲ့သည်။ အဘယ်ကြောင့် ထိုသို့ သူလုပ်ဆောင်ခဲ့သနည်း။ ဤအရာက အခြားသူများအပေါ် မဖြစ်ပျက်ခဲ့ပါ။ ငါ့ထံတွင် အဘယ်ကြောင့် ဖြစ်ပျက်ရသနည်း။ နောက်ပိုင်းတွင် အကျိုးဆက်များက မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။” ဤအရာတို့သည် ၎င်းတို့ ကြည့်ရှုစစ်ဆေးသော အရာများ ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ အကျိုးအမြတ်များ၊ ဆုံးရှုံးမှုများ၊ ကောင်းချီးများနှင့် ကံဆိုးမှုများကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်။ ဤအရာများကို ကြည့်ရှုစစ်ဆေးနေစဉ်တွင် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သလော။ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်သလော။ ဤသို့မလုပ်ဆောင်နိုင်ပေ။ ထို့ပြင် ၎င်းတို့စိတ်နှလုံးများ၏ စဉ်းစားဆင်ခြင်ခြင်းများမှ ထွက်ပေါ်သောအရာများ၏ သဘာဝမှာ မည်သို့ ရှိသနည်း။ ဤအရာများမှာ သဘာဝအရ ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများကို အလေးထားခြင်းများသာ ဖြစ်သည်၊ အားလုံးသည် ၎င်းတို့၏ ကိုယ်ကျိုးအတွက် ဖြစ်သည်။ မည်သည့်တာဝန်ကို ၎င်းတို့ထမ်းဆောင်သည်ဖြစ်စေ ဤလူများသည် အရင်ဦးဆုံး စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကြ၏။ “ဤတာဝန်ကို ထမ်းဆောင်သောအခါ ငါ ဆင်းရဲဒုက္ခခံရမည်လော။ မကြာခဏအလုပ်လုပ်၍ အပြင်သို့ ခရီးသွားရမည်လော။ ပုံမှန်စားသောက်ကာ အနားယူနိုင်မည်လော။ အစဉ်သဖြင့် စောစောထနေရမည်လော။ မည်သို့သောလူစားမျိုးကို ငါ တွေ့ရမည်နည်း။ ဘာသာတရား မရှိသူများနှင့် မကြာခဏ တွေ့ရမည်လော။ ယခုအခါတွင် ပြင်ပလောကသည် အလွန်ပင် ရန်လိုနေကြသည်။ အစဉ်သဖြင့် အပြင်တွင် အလုပ်လုပ်ပြီး ခရီးသွားနေရလျှင် အဆင်းနီသောနဂါးကြီး၏ ဖမ်းဆီးခြင်းကို ခံရလျှင် မည်သို့လုပ်ဆောင်ရမည်နည်း” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏တာဝန်များကို လက်ခံသည့်ပုံစံရှိသော်လည်း ၎င်းတို့ စိတ်နှလုံးတွင် လှည့်ဖြားတတ်ခြင်း ရှိသည်။ ၎င်းတို့သည် ဤအရာများကို အစဉ် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကြသည်။ အမှန်တကယ်တွင် ဤအရာများကို ၎င်းတို့ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းအားဖြင့် ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် အလားအလာများနှင့် ကံကြမ္မာများကို အလေးထားနေကြခြင်းသာ ဖြစ်သည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မစဉ်းစားပေ။ လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင် အလားအလာများနှင့် ကံကြမ္မာများအပြင် အကျိုးစီးပွားများကိုသာ ထည့်စဉ်းစားကြသောအခါ ရလဒ်သည် အဘယ်နည်း။ ယင်းမှာ ၎င်းတို့အတွက် ဘုရားသခင်ကို ကျိုးနွံနာခံရန် မလွယ်ကူခြင်း ဖြစ်ပေသည်။ ၎င်းတို့သည် ဆန္ဒရှိလျှင်ပင် မလုပ်ဆောင်နိုင်ပေ။ မိမိတို့၏ရှေ့ရေး၊ ကံကြမ္မာများနှင့် ကိုယ်ပိုင် အကျိုးစီးပွားများကို အထူးသဖြင့် တန်ဖိုးထားသော လူတို့သည် ဘုရားသခင်၏ အမှုတော်အား ၎င်းတို့၏ရှေ့ရေးနှင့် ကံကြမ္မာများအတွက် အကျိုးပြုမပြုကိုလည်းကောင်း၊ ၎င်းတို့ကို ကောင်းချီးများ ရစေခြင်း ရှိမရှိကိုလည်းကောင်း အမြဲတမ်း စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကြ၏။ အဆုံးသတ်၌ ၎င်းတို့ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း၏ ရလဒ်မှာ အဘယ်နည်း။ ၎င်းတို့လုပ်ဆောင်သမျှသည် ဘုရားသခင်ကို ပုန်ကန်ပြီး ဆန့်ကျင်ခြင်းဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ဆက်လက် ထမ်းဆောင်သောအခါတွင်ပင် ဝတ်ကျေတမ်းကျေ ဖြစ်စွာဖြင့် အပျက်သဘောဆောင်သော စိတ်ခံစားချက် အခြေအနေတစ်ခုဖြင့် လုပ်ဆောင်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးတွင် မည်သို့ အခွင့်အရေးယူရမည်၊ ပြီးလျှင် ရှုံးနိမ့်သည့်ဘက်တွင်မရှိရန် မည်သို့နေရမည်တို့ကို အစဉ် စဉ်းစားနေကြသည်။ ဤအရာတို့သည် ၎င်းတို့၏တာဝန်များကို ထမ်းဆောင်သောအခါ ၎င်းတို့၏ ရည်ရွယ်ချက်များဖြစ်သည်။ ဤတွင် ၎င်းတို့သည် ဘုရားသခင်နှင့် အပေးအယူလုပ်ရန် ကြိုးစားနေခြင်းဖြစ်သည်။ ဤသည်မှာ မည်သည့်စိတ်သဘောထားနည်း။ လှည့်ဖြားတတ်ခြင်းဖြစ်သည်။ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတစ်ခုဖြစ်သည်။ ဤသည်မှာ သာမန် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု မဟုတ်တော့ပေ။ ကောက်ကျစ်ဆိုးယုတ်ခြင်းသို့ မြင့်တက်သွားပြီဖြစ်သည်။ လူတစ်ဦး၏ စိတ်နှလုံးတွင် ဤသို့သော ကောက်ကျစ်ဆိုးယုတ်သည့် စိတ်သဘောထားမျိုးရှိသည့်အခါ ဤသည်မှာ ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်း ဖြစ်သည်။ ဤပြဿနာနှင့် ပတ်သက်၍သင်ရှင်းလင်းစွာ သိသင့်သည်။ လူတို့သည် ဘုရားသခင်ကို အစဉ် ကြည့်ရှုစစ်ဆေးပြီး ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်သောအခါ အပေးအယူများပြုလုပ်ရန် အစဉ်ကြိုးစားလျှင်၊ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို မှန်ကန်စွာ ထမ်းဆောင်နိုင်သလော။ လုံးဝ မထမ်းဆောင်နိုင်ပေ။ ၎င်းတို့သည် ဘုရားသခင်ကို မိမိတို့၏ စိတ်နှလုံးဖြင့်လည်းကောင်း၊ ရိုးသားမှုဖြင့်လည်းကောင်း မကိုးကွယ်ပေ။ ၎င်းတို့တွင် ရိုးသားသော စိတ်နှလုံးမရှိပေ။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်လျက်ဖြင့် ကြည့်ရှုနေကြသည်။ အစဉ်သဖြင့် တွန့်ဆုတ်နေကြသည်။ ရလဒ်မှာ အဘယ်နည်း။ ဘုရားသခင်သည် ၎င်းတို့တွင် အလုပ်မလုပ်ပေ။ ၎င်းတို့သည် ကမောက်ကမဖြစ်စေကာ စိတ်ရှုပ်ထွေးလာသည်။ ၎င်းတို့သည် သမ္မာတရားစည်းမျဉ်းများကို နားမလည်ကြပေ။ ၎င်းတို့၏ ကိုယ်ပိုင် လိုအင်ဆန္ဒအတိုင်း လုပ်ဆောင်ကာ အစဉ်သဖြင့် လွဲချော်ကြသည်။ ၎င်းတို့သည် အဘယ်ကြောင့် အစဉ်သဖြင့် လွဲချော်ကြသနည်း။ ၎င်းတို့၏ စိတ်နှလုံးသည် ရှင်းလင်းပြတ်သားမှု အလွန်ကင်းမဲ့သောကြောင့်ဖြစ်သည်။ ၎င်းတို့ထံ အကြောင်းအရာများ ဖြစ်ပျက်သောအခါ မိမိတို့ကိုယ်ကို မသုံးသပ်ကြပေ၊ သို့မဟုတ် ဖြေရှင်းချက်ရှာရန်အတွက် သမ္မာတရားကို မရှာဖွေကြသကဲ့သို့၊ ၎င်းတို့၏ ကိုယ်ပိုင် နှစ်သက်မှုများနှင့်အညီ မိမိတို့၏ ဆန္ဒရှိသည့်အတိုင်း အမှုကိစ္စများကို မလျှော့တမ်းလုပ်ဆောင်ကြသည်။ ဤအရာ၏ရလဒ်မှာ ၎င်းတို့၏ တာဝန်ကိုထမ်းဆောင်သောအခါ အစဉ်သဖြင့် လွဲချော်ကြသည်။ ၎င်းတို့သည် အသင်းတော်၏ အလုပ်ကို လုံးဝ မစဉ်းစားသကဲ့သို့ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကိုလည်း မစဉ်းစားပေ။ ၎င်းတို့သည် အစဉ်သဖြင့် မိမိတို့၏ ကိုယ်ပိုင်အကျိုးအတွက် အစဉ် လျှို့ဝှက်ကြံစည်ကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများ၊ မာနနှင့် ဂုဏ်အဆင့်အတန်းအတွက် အစဉ် စီစဉ်ကြပြီး မိမိတို့၏တာဝန်များကို ညံ့ဖျင်းစွာထမ်းဆောင်ရုံတင်မကဘဲ အသင်းတော်၏ အလုပ်ကို ၎င်းတို့ နှောင့်နှေးပြီး ထိခိုက်စေသည်။ ဤသည်မှာ လမ်းလွဲခြင်းနှင့် မိမိတို့၏ တာဝန်များကို လျစ်လျူရှုခြင်း မဟုတ်လော။ တစ်စုံတစ်ယောက်သည် မိမိတာဝန်ကို ထမ်းဆောင်သောအခါတွင် အစဉ်သဖြင့် မိမိ၏ အကျိုးစီးပွားနှင့် မျှော်လင့်ချက်များအတွက် စီစဉ်နေလျှင်၊ အသင်းတော်အလုပ်အတွက်၊ သို့မဟုတ် ဘုရားအိမ်တော်၏ အကျိုးစီးပွားအတွက် မစဉ်းစားလျှင် ဤသည်မှာ တာဝန်ထမ်းဆောင်ခြင်း မဟုတ်ပေ။ ဤသည်မှာ အခွင့်အရေး ယူခြင်းဖြစ်သည်။ ယင်းမှာ မိမိ၏ အကျိုးအမြတ်အတွက် လုပ်ဆောင်ခြင်းနှင့် မိမိကောင်းချီးများရရန် လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤသို့ဖြင့် မိမိ၏ တာဝန်ထမ်းဆောင်ခြင်းနောက်ကွယ်ရှိ သဘောသဘာဝက ပြောင်းလဲသွားသည်။ ဤသည်မှာ ဘုရားသခင်နှင့် အပေးအယူ လုပ်ခြင်းသာ ဖြစ်သလို မိမိ၏ ကိုယ်ပိုင်ပန်းတိုင်များကို ရရှိရန်အတွက် မိမိ၏ တာဝန်ထမ်းဆောင်ခြင်းအား အသုံးပြုလိုခြင်းသာဖြစ်သည်။ ဤသို့လုပ်ဆောင်သည့်ပုံစံသည် ဘုရားအိမ်တော်၏ အလုပ်အား အနှောင့်အယှက်ဖြစ်စေဖို့ အလွန်ပင် ဖြစ်နိုင်ချေရှိသည်။ ယင်းသည် အသင်းတော်အလုပ်အား အသေးစား ဆုံးရှုံးမှုများသာ ဖြစ်စေလျှင် ထိုသူသည် ရှင်းလင်းပစ်ခြင်းမခံရဘဲ ဆုံးရှုံးမှုများကို ပြန်လည် အဖတ်ဆယ်ရန်အတွက် အခွင့်အလမ်းရှိဆဲဖြစ်ပြီး မိမိ၏တာဝန်ကို ထမ်းဆောင်ရန် အခွင့်အလမ်းပေးခြင်း ခံရနိုင်သေးသည်။ သို့သော် ယင်းက အသင်းတော်အလုပ်အပေါ် ကြီးစွာသော ဆုံးရှုံးမှုဖြစ်စေပြီး ဘုရားသခင်ကိုရော လူများကိုပါ ကြီးစွာသော အမျက်ဒေါသ ထွက်စေလျှင် သူသည် မိမိတာဝန်များကို ဆက်၍ ထမ်းဆောင်ရန် အခွင့်အရေးရှိတော့မည်မဟုတ်ဘဲ ထုတ်ဖော်ခြင်းခံရပြီး ဖယ်ရှားရှင်းလင်းခြင်း ခံရမည်ဖြစ်သည်။ အချို့သောလူတို့မှာ ဤပုံစံဖြင့် ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းခြင်းခံရသည်။ ၎င်းတို့သည် အဘယ်ကြောင့် ဖယ်ရှားရှင်းလင်းခြင်းခံရသနည်း။ အကြောင်းရင်းဇာစ်မြစ်ကို သင်ရှာတွေ့ပြီးလော။ အကြောင်းရင်းဇာစ်မြစ်မှာ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးအမြတ်နှင့် ဆုံးရှုံးမှုများကို အစဉ် စဉ်းစားကြခြင်း၊ ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများ၏ လွှမ်းမိုးမှုကို အလွန်အမင်းခံထားရခြင်း၊ ဇာတိပကတိကို မပုန်ကန်နိုင်ခြင်းနှင့် ဘုရားသခင်အပေါ် လုံးဝ နာခံသော သဘောထားမရှိခြင်းတို့ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် မဆင်မခြင် ပြုမူတတ်ကြသည်။ ၎င်းတို့သည် အကျိုးအမြတ်၊ ကျေးဇူးတော်နှင့် ကောင်းချီးများကို ရရှိရန်အတွက်သာ ဘုရားသခင်အား ယုံကြည်ကြပြီး သမ္မာတရားကို လုံးဝမရရှိသောကြောင့် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းသည် အရေးနိမ့်ရလေ၏။ ဤသည်မှာ ပြဿနာ၏ အရင်းအမြစ်ဖြစ်သည်။ ၎င်းတို့သည် ထုတ်ဖော်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်း ခံရသည်မှာ တရားမမျှတဟု သင်ထင်သလော။ ဤသည်မှာ တရားမမျှတခြင်း စိုးစဉ်းမျှ မရှိပေ။ ဤသည်မှာ ၎င်းတို့၏ သဘာဝအားဖြင့်သာ ဆုံးဖြတ်ခံရခြင်း ဖြစ်သည်။ သမ္မာတရားကို မချစ်သော၊ သို့မဟုတ် သမ္မာတရားကို မလိုက်စားသော မည်သူမဆိုသည် အဆုံးတွင် ထုတ်ဖော်ခြင်းခံရပြီး ဖယ်ရှားရှင်းလင်းခြင်းခံရမည်ဖြစ်သည်။ သို့သော် သမ္မာတရားကို ချစ်ကြသော လူများအတွက်မူ ကွဲပြားခြားနားလေသည်။ ၎င်းတို့တွင် တစ်စုံတစ်ခု ဖြစ်ပေါ်သည့်အခါ ၎င်းတို့က “ငါသည် သမ္မာတရားနှင့်အညီ မည်သို့ လုပ်ဆောင်နိုင်သနည်း။ ဘုရားအိမ်တော်၏ အကျိုးစီးပွားကို မထိခိုက်စေရန် မည်သို့ လုပ်ဆောင်သင့်သနည်း။ မည်သည့်အရာက ဘုရားသခင်ကို ကျေနပ်စေမည်နည်း” ဟု ဦးစွာ စဉ်းစားကြသည်။ ဤ ပုံစံအတိုင်း စဉ်းစားသော လူတစ်ယောက်သည် သမ္မာတရားကို ရှာဖွေနေခြင်း ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားအား ချစ်ကြောင်းကို ဤအတွေးများက သက်သေပြသည်။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားကို ဦးစားပေး မစဉ်းစားဘဲ ဘုရားအိမ်တော်၏ အကျိုးစီးပွားကို အလေးထားကြသည်။ ၎င်းတို့သည် မိမိတို့ ကျေနပ်အားရဖို့ကို အလေးမထားပေ၊ ဘုရားသခင် ကျေနပ်ခြင်း ရှိမရှိကိုသာ ထည့်စဉ်းစားကြသည်။ ဤသည်တို့မှာ သမ္မာတရားကို ချစ်သော လူများ၏ စိတ်နေစိတ်ထားနှင့် အတွေးများ ဖြစ်ကြသည်၊ ဤ လူတို့မှာ ဘုရားသခင် ချစ်သောလူများ ဖြစ်ကြသည်။ အကယ်၍ ၎င်းတို့တွင် တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါ ၎င်းတို့နောက်ကွယ်၌ ဘုရားသခင်က အာမခံပေးသူအဖြစ် ရှိနေသဖြင့် ၎င်းတို့သည် သမ္မာတရားစည်းမျဉ်းများနှင့်အညီ လက်တွေ့ လုပ်ဆောင်နိုင်လျှင်၊ ဘုရားသခင်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးမှုကိုလည်း လက်ခံနိုင်လျှင် ၎င်းတို့သည် မိမိတို့တာဝန်ကို ထမ်းဆောင်နေစဉ်အတွင်း အမှားများကို လုပ်နိုင်ဖွယ် မရှိချေ။ ပြီးလျှင် ၎င်းတို့အနေဖြင့် ယင်းတာဝန်ကို ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ ကောင်းမွန်စွာ ဖြည့်ဆည်းရန် လွယ်ကူလိမ့်မည်။ အကယ်၍ လူတစ်ယောက်သည် မိမိ၏ ကိုယ်ပိုင်အစွမ်းအစဖြင့် အမြဲတမ်း လုပ်ဆောင်နေသည်၊ မိမိ၏ကိုယ်ပိုင် အကျိုးစီးပွားအတွက် လှည့်စားနေသည်၊ ကြံစည် ပြင်ဆင်နေလျှင်၊ ထိုသူသည် ဘုရားအိမ်တော်၏ အကျိုးစီးပွား သို့မဟုတ် ဘုရားသခင် ရည်ရွယ်ချက်များကို ထည့်မတွက်ဘဲ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကိုလည်း ကျိုးနွံနာခံရန် ဆန္ဒအနည်းငယ်မျှ မရှိလျှင်၊ ဤအရာကို လုပ်ဆောင်ရန် လိုအင်ဆန္ဒပင် ကင်းမဲ့သည်ဆိုလျှင် အဆုံးသတ်ရလဒ်မှာ မည်သို့ ဖြစ်လာမည်နည်း။ ၎င်းတို့သည် အသင်းတော်၏အလုပ်ကို မကြာခဏ အနှောင့်အယှက် ပေးပြီး အဖျက်အမှောင့်လုပ်ကြလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသော လူများကြားတွင် ဒေါသတရားကို ဖြစ်ပေါ်စေလိမ့်မည်၊ ၎င်းတို့ကို ဘုရားသခင် ရွေးချယ်ထားလူများက အထင်အမြင်သေးပြီး အလွန် မုန်းတီးလိမ့်မည်။ ပြီးလျှင် ဆိုးရွားသောကိစ္စများတွင် ၎င်းတို့သည် ထုတ်ဖော်ခြင်းခံရကာ ဖယ်ရှားရှင်းလင်းခြင်းလည်း ခံရလိမ့်မည်။ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများ အမြဲတမ်း ရှိကြသည့် လူများသည် ရှုံးနိမ့်ပြီး မှောက်မှားကြမည်မှာ မလွဲဧကန် ဖြစ်သည်။ “အမြင့်ရောက်လေ၊ အကျ နာလေ” ဟူသော ဆိုရိုးအတိုင်း ဖြစ်၏။ ဤအရာကို မည်သို့ ခေါ်လေသနည်း။ ထုတ်ဖော်ခံရခြင်းဟု ခေါ်သည်။ ဤသည်မှာ ထိုက်တန်သလော။ ဤ လူစားမျိုးသည် သနားကရုဏာနှင့် ထိုက်တန်သလော။ မထိုက်တန်ချေ။ ဤသည်မှာ မိမိတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများအတွက် အကွက်ချ စီစဉ်ကြသော လူများအားလုံး၏ နောက်ဆုံးပိတ် အဆုံးသတ် ဖြစ်သည်။ အချို့သောလူများက “ကျွန်ုပ်သည်လည်း မိမိ၏ကိုယ်ပိုင် အကျိုးစီးပွားအတွက် မကြာခဏ အကွက်ချ စီစဉ်မိပါသည်။ ဤအရာသည် ကျွန်ုပ်ထံတွင် မည်သို့ကြောင့် မဖြစ်ပေါ်ခဲ့သနည်း” ဟု ဆိုကြသည်။ ယင်းမှာ သင်သည် အသင်းတော်၏ အလုပ်ကို မထိခိုက်ရသေးသောကြောင့် ဖြစ်သည်၊ ထို့ကြောင့် ဘုရားသခင်က သင့်အား အလေးအနက် မထားပေ။ ဘုရားသခင်သည် သင့်ကို အလေးအနက် မထားဘဲ နေ၏၊ ဤသည်မှာ ကောင်းသော အရာလော၊ သို့မဟုတ် ဆိုးသောအရာလော။ (ဆိုးသောအရာ ဖြစ်ပါသည်။) အဘယ်ကြောင့် ထိုသို့ ပြောသနည်း။ (ကျွန်ုပ်သည် ဤအတိုင်း ဆက်လက် လုပ်ဆောင်မိလျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို ရရှိနိုင်လိမ့်မည် မဟုတ်ပါ။) မှန်ပေသည်။ လူတစ်ယောက်သည် သမ္မာတရားကို မလိုက်စားဘဲ၊ ဘုရားသခင်၏ အမှုတော်ကိုလည်း မတွေ့ကြုံဘဲ နေလျှင် သန့်ရှင်းသော ဝိညာဉ်တော်သည် ထိုသူအတွင်း၌ လုပ်ဆောင်လိမ့်မည် မဟုတ်ပေ။ မည်သည့် မကောင်းသောအရာများကို လုပ်ဆောင်သည်ဖြစ်စေ ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းကို မခံရသော လူများအတွက် ဤအရာသည် အထူး မှန်ကန်လေသည်။ ၎င်းတို့အနေဖြင့် လုံးဝ နိဂုံးချုပ်ပြီ ဖြစ်သည်။ ဘုရားသခင်သည် ဤသို့သော လူများကို အမှန်ပင် အလိုမရှိချေ၊ သူသည် ၎င်းတို့အား ဘေးဖယ်ထား၏။ သင်သည် သမ္မာတရားကို မလိုက်စားလျှင် အသက်ကို မပိုင်ဆိုင်ပေ။ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်ဒြပ်တို့နောက် အစဉ်သဖြင့် လိုက်နေကြသော၊ သမ္မာတရားကို မလိုက်စားသော၊ သမ္မာတရားအား လက်တွေ့ လုပ်ဆောင်သည်ကို သင့်အနေဖြင့် တစ်ခါမျှ မမြင်တွေ့ရသော လူများကဲ့သို့ပင် ဖြစ်သည်။ ဤသို့သော လူများသည် အသက်ကြီးထွားရင့်ကျက်မှုတစ်ခုခု ရှိသလော။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့ မလုပ်ဆောင်သောကြောင့် ဘုရားသခင်အား မည်သို့ပင် နှစ်ပေါင်းများစွာ ယုံကြည်သည်ဖြစ်စေ၊ ၎င်းတို့တွင် မည်သည့် အသက်ကြီးထွားတိုးတက်မှုမျှ ရှိလိမ့်မည် မဟုတ်ပေ။ လွန်ခဲ့သော သုံးနှစ်က ပြောဆိုနေခဲ့သော အကြောင်းအရာများကို ယနေ့အချိန်တွင် ပြောဆိုနေဆဲ ရှိကြသည့် လူအချို့ ရှိသေးသည်၊ ထူးမခြားနား စကားများနှင့် အယူဝါဒများကို ပြောဆိုနေကြဆဲ ဖြစ်သည်။ ထိုလူများသည် ဇာတ်သိမ်းကြပြီဖြစ်သည်။ ၎င်းတို့၏ ဝိညာဉ်ရင့်သန်မှုများ သို့မဟုတ် မိမိကိုယ်ကို သိနားလည်ခြင်းတွင် မည်သည့် ကြီးထွားတိုးတက်မှုကိုမျှ မြင်နိုင်မည် မဟုတ်ပေ။ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်ခြင်းသည် တစ်ပုံစံတည်းသာ ရှိနေသော်လည်း ၎င်းတို့၏ အသက်စိတ်သဘောထားများတွင် ပြောင်းလဲခြင်း စိုးစဉ်းမျှ မရှိချေ။ ဘုရားသခင်နှင့်ပတ်သက်သည့် ၎င်းတို့၏ အထင်လွဲခြင်းများသည် တိုးပွားလာခဲ့ပြီ ဖြစ်သည်၊ ပြီးလျှင် ဘုရားသခင်ကို ခုခံသော ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများမှာလည်း ပို၍ ပြင်းထန်လာခဲ့ပြီ ဖြစ်သည်။ ဤအရာသည် ပို၍ ကြောက်စရာ မကောင်းသလော။ အမှန်ပင် ပို၍ ကြောက်စရာကောင်းပေသည်၊ ၎င်းတို့သည်လည်း ဧကန်မုချ ဖယ်ရှားရှင်းလင်းခြင်းခံရလိမ့်မည်။

ပုံမှန်အားဖြင့် သင်တို့သည် မိမိ၏တာဝန် သို့မဟုတ် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် သက်ဆိုင်သည့် အကြောင်းကိစ္စများကို တွေ့ကြုံရသည့်အခါ သင်တို့အတွင်း၌ ရှိနေသည့် ပြဿနာများအား မိမိကိုယ်ကို ပြန်လည် ဆန်းစစ်ခြင်းမှတစ်ဆင့် ဖော်ထုတ်နိုင်ကြသလော။ (ကျွန်ုပ်သည် ယင်းတို့ကို ယခုအခါ အနည်းငယ်မျှ ဖော်ထုတ်နိုင်ပါသည်။ မိမိ၏ တာဝန်ကို လုပ်ဆောင်သည့်အချိန်တွင် ကျွန်ုပ်သည် အမြဲပင် ခေါင်းဆောင်သူ ဖြစ်ချင်၍ ဆုံးဖြတ်ပိုင်ခွင့်လည်း ရှိချင်သည်။ ပြီးလျှင် အခြားလူများက ကျွန်ုပ်အား အထင်ကြီးလာစေရန်အတွက် ကြွားဝါဖို့လည်း ကြိုးစားပါသည်။ သို့သော် ကျွန်ုပ်၏ ညီအစ်ကိုမောင်နှမများက ဤအရာကို ကျွန်ုပ်အား ထောက်ပြပြီးသည့်နောက်တွင် ကျွန်ုပ်သည် မိမိကိုယ်ကို ပြန်လည်သုံးသပ်၍ မိမိ၏ မာနထောင်လွှားသော သဘာဝအကြောင်းကို အသိအနည်းငယ် ရရှိပါသည်။) သင်သည် သင်၏ မာနထောင်လွှားမှုကို သတိပြုမိနိုင်သည်။ ဘုရားသခင်အပေါ် သင်၏ ကျိုးနွံနာခံခြင်းမှာရော မည်သို့ရှိသနည်း၊ ယင်းသည် တိုးပွားခဲ့ပြီလော။ ကျိုးနွံနာခံဖို့ သင်၏ ရည်ရွယ်ချက်နှင့် လိုအင်ဆန္ဒတို့မှာ တိုးပွားခဲ့ပြီလော။ ဘုရားသခင်ကို သင်၏ ယုံကြည်ခြင်းသည် ကြီးထွားခဲ့ပြီလော။ (ယင်းတို့သည် အနည်းငယ် တိုးပွားလာခဲ့ပါပြီ။) သမ္မာတရားကို မရှာဖွေဘဲ တာဝန်တစ်ခု ထမ်းဆောင်ခြင်းသည် အလုပ်မဖြစ်နိုင်ချေ။ ပြဿနာများနှင့် ရင်ဆိုင်ရသည့်အခါ သင်သည် ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရားကို အသုံးပြုရမည်။ သင်သည် သင်၏ကိုယ်ပိုင် အလိုဆန္ဒနှင့် စာတန်ဆန်သော အတွေးအခေါ်များနှင့်အညီ မိမိ၏တာဝန်ကို အစဉ်အမြဲ ထမ်းဆောင်လျှင် သင်၏ ဖောက်ပြန်ပျက်စီးမှုများ ထုတ်ဖော်ခြင်း ပြဿနာကို ဖြေရှင်းရန် သင် ပျက်ကွက်လိမ့်မည်သာမက ဘုရားသခင်ကို သင်၏ ယုံကြည်ခြင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် ချစ်ခြင်းတို့သည်လည်း တိုးပွားလာလိမ့်မည် မဟုတ်ပေ။ သင်သည် သမ္မာတရားကို လက်မခံသည့်အပြင် သင်၏ ပြဿနာများကို ဖြေရှင်းရန်အတွက်လည်း သမ္မာတရားအား အသုံးပြုခြင်း မရှိလျှင် သင်သည် အသက်၌ လုံးဝ ကြီးထွားတိုးတက်လိမ့်မည် မဟုတ်။ ပြီးလျှင် သင်၏ ဖောက်ပြန်ပျက်စီးခြင်း ပြဿနာကိုလည်း သင်သည် လုံးဝ ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပေ။ သင်တို့သည် ယခုအခါ မိမိတို့၏တာဝန်ကို ထမ်းဆောင်သည့် အချိန်တွင် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ထုတ်ဖော်ကြသနည်း။ လူသား၏ မည်သည့် မစင်ကြယ်မှုများသည် ကျန်ရှိနေသနည်း။ သင်သည် ဤ အကြောင်းအချက်များကို ဖော်ထုတ်ရန် မကြာခဏ မိမိကိုယ်ကို ပြန်လည်သုံးသပ်ခြင်း ပြုလုပ်ရမည်။ မိမိကိုယ်ကို ဆန်းစစ်ခြင်း မရှိဘဲ ယင်းတို့ကို မသိနိုင်ချေ။ တစ်ခါတစ်ရံတွင် သင်သည် အခြားလူများက ၎င်းတို့၏ ကိုယ်ပိုင် အသိအကြောင်း ပြောဆိုသည်ကို ကြားရသည့် အချိန်မှသာ သင်သည်လည်း အတူတူပင်ဖြစ်ကြောင်း ခံစားမိပေသည်။ အခြားလူများက ၎င်းတို့၏ အခြေအနေများအား ဖော်ပြနေသည်ကို သင့်အနေဖြင့် မကြားမိလျှင် သင်သည် မိမိ၏ ကိုယ်ပိုင်ပြဿနာများကို ဖော်ထုတ်နိုင်လိမ့်မည် မဟုတ်။ အခြားလူများ၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို လိုလိုလားလား၊ နားထောင်ကြသည့် လူအများအပြား ရှိကြသည်မှာ ၎င်းတို့အနေဖြင့် ယင်းမှ အကျိုးခံစားရသည့်အပြင် တစ်စုံတစ်ရာကိုလည်း ရရှိသောကြောင့် အတိအကျပင် ဖြစ်လေသည်။ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် သင်၏ကိုယ်ပိုင် ရည်ရွယ်ချက်များ၊ အကြံအစည်များကို ပို၍ အသေအချာ ဆန်းစစ်ပြီး ပို၍ စေ့စေ့စပ်စပ် သိလာသည်နှင့်အမျှ သင်သည် ယင်းတို့ကို ပို၍ စွန့်လွှတ်နိုင်လာလိမ့်မည်။ ပြီးလျှင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအတွက် သင်၏ ယုံကြည်ခြင်းသည်လည်း ပိုမို အားကောင်းလာလိမ့်မည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအတွက် သင်၏ ယုံကြည်ခြင်း ပိုမို အားကောင်းလာလေ သင့်အနေဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ပိုမို လွယ်ကူလာလိမ့်မည်။ သင့်အနေဖြင့် သမ္မာတရားကို မကြာခဏ လက်တွေ့လုပ်ဆောင်သည့်အခါ သင်သည် မိမိ၏တာဝန်ကို ပိုမိုကြီးမားသော စင်ကြယ်မှုဖြင့် ပို၍ ပြည့်ပြည့်ဝဝ ထမ်းဆောင်နိုင်လာလိမ့်မည်။ ဤသည်မှာ အသက် ကြီးထွားတိုးတက်မှု၏ လုပ်ငန်းစဉ် ဖြစ်သည်၊ ဤသည်တို့မှာ မိမိကိုယ်ကို ပြန်လည်သုံးသပ်ခြင်းနှင့် မိမိကိုယ်ကို သိခြင်း၏ အသီးအပွင့်များ ဖြစ်ကြသည်။ တရားဒေသနာများကို နှစ်ပေါင်းများစွာ ကြားနာခဲ့ပြီး များစွာသော စကားများနှင့် အယူဝါဒများကိုလည်း နားလည်ထားသောကြောင့် မိမိတို့ကိုယ်ကို ပြန်လည်သုံးသပ်ရန်နှင့် မိမိတို့ကိုယ်ကို သိမြင်မှုကို ရရှိရန် မလိုအပ်သည့်အလား ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု မရှိဟူ၍ ထင်ကြသည့် လူအချို့ ရှိလေသည်။ ဤသည်တို့မှာ ယုံကြည်သူအသစ်များသာ အာရုံစိုက်ရမည့် အရာများ ဖြစ်ကြောင်း၊ ထို့ပြင် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခြင်းနှင့် ကောင်းမွန်သော အပြုအမူများ အများအပြား ရှိခြင်းတို့သည် ၎င်းတို့အနေဖြင့် ပြောင်းလဲနေခဲ့ပြီးဖြစ်ကာ ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု မရှိဟု ဆိုလိုကြောင်း ၎င်းတို့က အစဉ် ယုံကြည်ကြ၏။ ဤသည်မှာ အလွန်ဆိုးရွားသော နားလည်မှုလွဲခြင်း ဖြစ်သည်။ သင့်အနေဖြင့် ပြောင်းလဲနေခဲ့ပြီဟု ထင်လျှင် သင်သည် သမ္မာတရား မည်မျှကို လက်တွေ့ လုပ်ဆောင်နိုင်သနည်း။ သင့်ထံတွင် စစ်မှန်သော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ မည်မျှ ရှိသနည်း။ သင်သည် ယင်းတို့အကြောင်းကို ပြောနိုင်သလော။ သင်သည် အခြားသူများရှေ့တွင် ဘုရားသခင်အတွက် သက်သေခံနိုင်သလော။ သင့်အနေဖြင့် ယင်းအကြောင်းကို မပြောဆိုနိုင်လျှင် သင်သည် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် မရှိကြောင်း၊ သင့်ထံတွင် သမ္မာတရား စစ်မှန်မှု ကင်းမဲ့ကြောင်းကို ယင်းက သက်သေပြလေသည်။ သင်ကဲ့သို့သော လူတစ်ယောက်သည် အမှန်တကယ် ပြောင်းလဲနိုင်ခဲ့မည်လော။ သင်သည် အစစ်အမှန် နောင်တရခဲ့သည့် လူတစ်ယောက်လော။ ဤသည်ကို သံသယမဖြစ်ဘဲ မနေနိုင်ချေ။ မိမိကိုယ်ကို မည်သည့်အခါမျှ ပြန်လည်မသုံးသပ်သော သို့မဟုတ် မိမိကိုယ်ကို သိမြင်မှုကို ရရှိရန် မည်သည့်အခါမျှ မကြိုးစားသော လူတစ်ယောက်သည် အသက် ဝင်ရောက်မှုကို မည်သို့ ရှိနိုင်မည်နည်း။ မိမိကိုယ်ကို သိမြင်ခြင်းအကြောင်းကို လုံးဝ မပြောဆိုသော လူတစ်ယောက်သည် စစ်မှန်သော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို မည်သို့ မျှဝေနိုင်မည်နည်း။ ဤအရာများသည် မဖြစ်နိုင်ချေ။ လူတစ်ယောက်က ၎င်းသည် အမှန်တကယ် ပြောင်းလဲခဲ့ပြီး မိမိကိုယ်ကို သိရန် မလိုအပ်ဟု ယုံကြည်လျှင် ဤပုဂ္ဂိုလ်မှာ ကြောင်သူတော် တစ်ယောက်ဟု ဆိုနိုင်သည်။ လူအချို့သည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နေသည့်အချိန်တွင် ဟန်ပြရုံမျှ လုပ်ပြကြ၏။ အတောအသင့်မျှသာ လုပ်ဆောင်ခြင်းသည် လက်ခံနိုင်စရာဖြစ်ကြောင်း၊ အပြင်ပန်းအရ အသင့်အတင့် ဖြစ်သည်ဟု ထင်ရခြင်းသည် ၎င်းတို့၏ တာဝန်များက စံနှုန်းမီသည့် အဓိပ္ပာယ်ပင် ဖြစ်ကြောင်း ယုံကြည်ကြသည်။ ဤနည်းဖြင့် အမှုကိစ္စများ လုပ်ဆောင်ခြင်းသည် ဝတ်ကျေတမ်းကျေ ဖြစ်သည်မဟုတ်လော။ ဤသို့သော လူတစ်ယောက်သည် ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံနေခြင်းလော။ ဤလူစားမျိုးသည် မည်သည့် သမ္မာတရားစည်းမျဉ်းမျှ မပါဘဲ မိမိ၏တာဝန်ကို ထမ်းဆောင်၏၊ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရုံ၊ အားသွန်ခွန်စိုက် လုပ်ရုံမျှဖြင့် ကျေနပ်ရောင့်ရဲ၏။ ထို့နောက် မိမိ၏တာဝန်မှာ စံနှုန်းမီသည်ဟု ထင်လေသည်။ အမှန်အားဖြင့် ၎င်းတို့သည် သင့်တင့်သော အလုပ်လုပ်ပေးသူသာ ဖြစ်သည်၊ မိမိ၏တာဝန်ကို ပြည့်ပြည့်ဝဝ ထမ်းဆောင်နေခြင်း မဟုတ်ပေ။ ပြည့်ပြည့်ဝဝ အလုပ်လုပ်ပေးရုံမျှဖြင့် ကျေနပ်ရောင့်ရဲသော သူတို့သည် သမ္မာတရားကို ဘယ်သောအခါမျှ ရရှိလိမ့်မည် မဟုတ်၊ သို့မဟုတ် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကိုလည်း ရလိမ့်မည် မဟုတ်ပေ။ မိမိ၏တာဝန်ကို ဘုရားသခင်၏ တောင်းဆိုချက်များနှင့်အညီ မထမ်းဆောင်သော၊ သမ္မာတရားစည်းမျဉ်းများကို မရှာဖွေသော၊ မိမိ၏ တစ်ကိုယ်ရေ အလိုဆန္ဒအတိုင်း မလျှော့တမ်း လုပ်ဆောင်သော လူတစ်ယောက်သည် အလုပ်လုပ်ပေးနေရုံမျှသာ၊ အားသွန်ခွန်စိုက် လုပ်နေရုံမျှသာ ဖြစ်သည်။ သင်တို့သည် ယခုအခါ မည်သည့်အဆင့်တွင် ရှိသနည်း။ (ကျွန်ုပ်သည် အလုပ်လုပ်ပေးသော အဆင့်တွင် ရှိနေပါသေးသည်။) အချိန်အများစု၌ သင်သည် အလုပ်လုပ်ပေးနေသည်။ တစ်ခါတစ်ရံတွင် သင်သည် မိမိ၏ တာဝန်ကို ထမ်းဆောင်နေသည့်အခါ သမ္မာတရားကို ရရှိရန် ကြိုးပမ်းနိုင်စွမ်း ရှိပြီး ကျိုးနွံနာခံခြင်း အနည်းငယ်လည်း ရှိလေသည်။ သို့သော် သင်သည် ဤကဲ့သို့ မကြာခဏ ဖြစ်သလော။ (မဖြစ်ပါ၊ မကြာခဏ မဖြစ်ပါ။) သမ္မာတရားကို လိုက်စားခြင်း၏ ပန်းတိုင်မှာ ဤကိစ္စရပ်ကို ဖြေရှင်းရန် ဖြစ်သည်။ သင်သည် မိမိ၏ အလုပ်လုပ်ပေးခြင်းအားလုံးကို မိမိ၏ တာဝန်ထမ်းဆောင်ခြင်းအဖြစ် ပြောင်းလဲရန် ကြိုးပမ်းလျက် မိမိတာဝန်ကို တိုး၍တိုး၍ ထမ်းဆောင်ရန်၊ အလုပ်လုပ်ပေးခြင်းကိုမူ နည်းသည်ထက် နည်းစေရန် ကြိုးပမ်း အားထုတ်ရမည်။ အလုပ်လုပ်ပေးခြင်းနှင့် တာဝန်တစ်ခု ထမ်းဆောင်ခြင်းကြား ခြားနားချက်မှာ အဘယ်နည်း။ အလုပ်လုပ်ပေးသောလူတစ်ယောက်သည် မိမိအနေဖြင့် ဘုရားသခင်ကို ခုခံခြင်း သို့မဟုတ် သူ၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခြင်း မရှိသရွေ့ အဆင်ပြေသည်ဟု တွေးထင်လျက်၊ ၎င်းတို့ ဖြစ်သလိုလုပ်ပြီး မည်သူကမျှ စုံစမ်း စစ်ဆေးခြင်း မရှိသရွေ့ ယင်းမှာ လက်သင့်ခံနိုင်ဖွယ်ဖြစ်သည်ဟု တွေးထင်လျက် မိမိဆန္ဒ ရှိသည့်အရာမှန်သမျှကို လုပ်ဆောင်ကြသည်။ ထိုသူတို့သည် မိမိကိုယ်ကို သိမြင်မှုကို ရရှိခြင်း၊ ရိုးသားသူတစ်ယောက် ဖြစ်ခြင်း၊ အမှုကိစ္စများကို သမ္မာတရားစည်းမျဉ်းများနှင့်အညီ လုပ်ဆောင်ခြင်း၊ သို့မဟုတ် ဘုရားသခင်၏ အစီအစဉ်များကို ကျိုးနွံနာခံခြင်းတို့အား စိတ်မဝင်စားကြချေ။ ပြီးလျှင် သမ္မာတရား စစ်မှန်မှုအတွင်း ဝင်ရောက်ခြင်းကိုလည်း သေချာပေါက် စိတ်မဝင်စားကြချေ။ ထိုသူတို့သည် ဤအရာများကို တစ်ခုမျှ စိတ်မဝင်စားကြ။ ဤသည်မှာ အလုပ်လုပ်ပေးခြင်းပင် ဖြစ်သည်။ အလုပ်လုပ်ပေးခြင်းသည် မရပ်နားသော အားသွန်ခွန်စိုက်လုပ်ခြင်း ဖြစ်၏။ ကျွန်တစ်ယောက် အားသွန်ခွန်စိုက်လုပ်သကဲ့သို့ မိုးလင်းမှ မိုးချုပ်တိုင် အလုပ်လုပ်နေခြင်း ဖြစ်သည်။ ဤသို့သော အားသွန်ခွန်စိုက်လုပ်ခြင်းမျိုး ဖြစ်၏။ သင်သည် အလုပ်လုပ်ပေးသူတစ်ယောက်အား အဘယ်ကြောင့် ဤနှစ်ပေါင်းများစွာ တစ်လျှောက်လုံး အလုပ် လုပ်နေခဲ့သနည်းဟု မေးကြည့်လျှင် ထိုသူက “ကောင်းချီးများ ရရှိရန်အတွက်” ဟု ဖြေပေလိမ့်မည်။ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်လာပြီးသည့် နောက်တွင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ လုံးဝ ပြောင်းလဲသွားခဲ့ခြင်း ရှိမရှိ၊ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိခြင်းကို အတည်ပြုချက်တစ်ခုခု ရရှိခဲ့ခြင်း ရှိမရှိ၊ ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားခြင်းများနှင့် အစီအစဉ်များအပေါ် စစ်မှန်သော သိမြင်ခြင်းနှင့် အတွေ့အကြုံတစ်ခုခုကို ရရှိခဲ့ခြင်း ရှိမရှိ သင်က မေးကြည့်လျှင် ၎င်းတို့သည် ဤအရာများကို တစ်ခုမျှ မရရှိသေးဘဲ ယင်းတို့အကြောင်းကိုလည်း တစ်ခုမျှ ပြောဆိုနိုင်လိမ့်မည် မဟုတ်။ ၎င်းတို့သည် အသက် ကြီးထွားတိုးတက်ခြင်း၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းတို့နှင့် သက်ဆိုင်သည့် အမျိုးမျိုးသော လက္ခဏာရပ်များနှင့် ပတ်သက်၍ တစ်ခုကိုမျှ ဝင်ရောက်ခြင်း သို့မဟုတ် တိုးတက်ခြင်း မရှိကြသေးချေ။ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းဟူသည် မည်သည့်အရာဖြစ်ကြောင်း နားမလည်ကြဘဲ ဆက်၍သာ အလုပ်လုပ်ပေးနေ၏။ လူအချို့မှာ အနည်းငယ်မျှ ပြောင်းလဲခြင်း မရှိဘဲ နှစ်ပေါင်းများစွာ အလုပ်လုပ်ပေးကြ၏။ ၎င်းတို့သည် အခက်အခဲများနှင့် ကြုံရသည့်အခါ အပျက်သဘောဆောင်လာခြင်း၊ ညည်းညူခြင်းနှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ခြင်းတို့ မကြာခဏ ရှိနေသေး၏။ ပြုပြင်ခြင်း ခံရသည့်အခါ ၎င်းတို့သည် ငြင်းခုံမှုများ၊ ကတ်တီးကတ်ဖဲ့ ပြောခြင်းများကို အားကိုး အားထားပြုကြသည်။ သမ္မာတရားကိုလည်း အနည်းငယ်မျှပင် လက်ခံနိုင်ခြင်း မရှိဘဲ ဘုရားသခင်ကိုလည်း မည်သို့မျှ ကျိုးနွံနာခံခြင်း မရှိကြချေ။ နောက်ဆုံး၌ ၎င်းတို့သည် ၎င်းတို့၏တာဝန်များကို ထမ်းဆောင်ခြင်းမှ ပိတ်ပင်ခံကြရသည်။ အချို့သော လူများသည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နေသည့်အချိန်တွင် အလုပ်ကို ကမောက်ကမ ဖြစ်အောင် ပြုလုပ်ကြပြီး ဝေဖန်မှုကိုလည်း လက်မခံကြပေ။ ယင်းအစား ၎င်းတို့အနေဖြင့် မည်သည့် အမှားအယွင်းကိုမျှ မလုပ်ခဲ့ကြောင်း အရှက်မရှိ ပြောဆိုနေကြကာ နောင်တလည်း လုံးလုံး မရကြချေ။ နောက်ဆုံးတွင် ဘုရားအိမ်တော်က ၎င်းတို့၏တာဝန်များကို ရုပ်သိမ်း၍ ၎င်းတို့အား ပြန်ခိုင်းသည့်အခါတွင် ၎င်းတို့သည် ငိုကြွေးရင်း၊ မကျေမနပ် ပြောဆိုရင်းဖြင့် မိမိတို့၏ အလုပ်နေရာကို စွန့်ခွာကြရသည်။ ဤသည်မှာ ၎င်းတို့အနေဖြင့် ဖယ်ရှားရှင်းလင်းခြင်းခံကြရပုံ ဖြစ်သည်။ ဤသည်မှာ တာဝန်များက လူများကို စေ့စေ့စပ်စပ် ထုတ်ဖော်သည့် နည်းလမ်းပင် ဖြစ်သည်။ လူများသည် အများအားဖြင့် ဟိတ်ကြီးဟန်ကြီး ပြောဆိုကြကာ ကြွေးကြော်သံများကိုလည်း ကျယ်ကျယ်လောင်လောင် ဟစ်အော်ကြ၏၊ သို့သော် တာဝန်တစ်ခုကို ထမ်းဆောင်သည့်အခါ ၎င်းတို့သည် လူသားများကဲ့သို့ မပြုမူဘဲ နတ်ဆိုးများ ဖြစ်လာကြသည်မှာ အဘယ်ကြောင့်နည်း။ ဤသည်မှာ လူ့သဘာဝ ကင်းမဲ့သော လူများသည် မည်သည့်နေရာသို့ သွားသည်ဖြစ်စေ၊ နတ်ဆိုးများသာ ဖြစ်၍ဖြစ်သည်။ ပြီးလျှင် ၎င်းတို့သည် သမ္မာတရားကိုလည်း လက်ခံခြင်း မရှိသဖြင့် မည်သည့်နေရာတွင်မှ ခိုင်မာစွာ မရပ်တည်နိုင်ကြချေ။ လူအချို့သည် အများအားဖြင့် ၎င်းတို့၏ တာဝန်များကို ဝတ်ကျေတမ်းကျေဖြင့် ထမ်းဆောင်ကြ၏။ ပြီးလျှင် ပြုပြင်ခြင်း ခံရသည့်အခါတွင်လည်း ၎င်းတို့က ငြင်းခုံရန်နှင့် အကျိုးအကြောင်းပြရန် ကြိုးစားကြသည်။ ထပ်ကာတလဲလဲ ပြုပြင်ခြင်း ခံရပြီးသည့်နောက်တွင် ၎င်းတို့သည် နောင်တရရန် လိုအင်ဆန္ဒအနည်းငယ် ဖြစ်ကြ၏၊ ထို့ကြောင့် ၎င်းတို့သည် မိမိကိုယ်ကို ချုပ်ထိန်းခြင်း နည်းလမ်းများကို စတင် အသုံးပြုလာကြသည်။ သို့သော် နောက်ဆုံးတွင် ၎င်းတို့သည် မိမိကိုယ်ကို မချုပ်ထိန်းနိုင်ကြချေ၊ ၎င်းတို့အနေဖြင့် သစ္စာပြုခြင်းနှင့် မိမိကိုယ်ကို ကျိန်ဆိုခြင်း ပြုကောင်း ပြုနိုင်သော်လည်း ယင်းမှာ အကျိုးမထူးပေ။ ၎င်းတို့၏ ဝတ်ကျေတမ်းကျေ ပြုခြင်း ပြဿနာကိုလည်းကောင်း၊ ၎င်းတို့၏ ငြင်းခုံခြင်းနှင့် ကတ်တီးကတ်ဖဲ့ ပြောဆိုခြင်း ပြဿနာကိုလည်းကောင်း ၎င်းတို့ မဖြေရှင်းရသေးချေ။ နောက်ဆုံးတွင် လူတိုင်းလူတိုင်းက ဤလူတို့ကို ရွံမုန်းလာကြ၍ ဝေဖန်ကြသည့်နောက်မှသာ ၎င်းတို့က “ကျွန်ုပ်တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ အမှန်ပင် ရှိပါသည်။ ကျွန်ုပ်သည် နောင်တရချင်သော်လည်း ယင်းသို့ မစွမ်းနိုင်ပါ။ ကျွန်ုပ်သည် မိမိ၏တာဝန်ကို လုပ်ဆောင်သည့်အခါ ကိုယ့်ကိုယ်ပိုင်အကျိုး၊ ကိုယ့်မာနနှင့် ဂုဏ်သတင်းကို အမြဲ ထည့်စဉ်းစားသည်။ ယင်းကြောင့် ဘုရားသခင်ကို မကြာခဏ ပုန်ကန်မိပါသည်။ ကျွန်ုပ်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ချင်သည်၊ သို့သော် ကျွန်ုပ်၏ ရည်ရွယ်ချက်များနှင့် လိုအင်ဆန္ဒများကို လက်မလွှတ်နိုင်ပါ။ ကျွန်ုပ်သည် ယင်းတို့ကို မပုန်ကန်နိုင်ပါ။ အမှုကိစ္စများကို ကျွန်ုပ်၏ အလိုဆန္ဒအတိုင်းသာ အမြဲတမ်း လုပ်ဆောင်ချင်သည်၊ ကျွန်ုပ်သည် အလုပ်ကို ရှောင်ရန်အတွက် အကြံအစည်များ ဖန်တီးပါသည်။ ပြီးလျှင် အနားယူခြင်းနှင့် ပျော်ရွှင်သာယာမှုကိုလည်း အငမ်းမရ ဖြစ်ပါသည်။ ကျွန်ုပ်သည် ပြုပြင်ခံရခြင်းကို လက်မခံနိုင်ဘဲ ယင်းမှ လွတ်မြောက်ရန်အတွက် ကန့်ကွက်ငြင်းခုံရန် အမြဲ ကြိုးစားပါသည်။ ကျွန်ုပ်အနေဖြင့် အားသွန်ခွန်စိုက်လုပ်ခဲ့ပြီး ဆင်းရဲဒုက္ခများကို ကြံ့ကြံ့ခံခဲ့သည်မှာ ကောင်းစွာ လုံလောက်သည်ဟု ထင်မိသည်၊ ထို့ကြောင့် တစ်စုံတစ်ယောက်က ကျွန်ုပ်အား ပြုပြင်ရန် ကြိုးစားသည့်အခါ ကျွန်ုပ်သည် စိတ်နှလုံး၌ လက်မခံနိုင်ဘဲ ငြင်းခုံခြင်းနှင့် ကတ်တီးကတ်ဖဲ့ ပြောခြင်းကို အားကိုးအားထား ပြုပါသည်။ ကျွန်ုပ်သည် ကိုင်တွယ်ရန် အမှန်တကယ် ခက်ခဲလွန်း၏။ ဤပြဿနာများကို ဖြေရှင်းရန်အတွက် ကျွန်ုပ်သည် သမ္မာတရားကို မည်သို့ ရှာဖွေသင့်သနည်း” ဟု အဆုံး၌ မဖြစ်မနေ ဝန်ခံကြရမည်ဟု ခံစားရလေ၏။ ၎င်းတို့သည် ဤအရာများကို စ၍ ဆင်ခြင်ကြည့်ကြသည်။ ဤသည်မှာ လူတို့အနေဖြင့် မည်သို့ လုပ်ဆောင်သင့်ပုံနှင့်ပတ်သက်၍ ၎င်းတို့တွင် သိနားလည်ခြင်း အနည်းငယ် ရှိသည့်အပြင် အသိစိတ် အနည်းငယ်လည်း ရှိနေသည့် အဓိပ္ပာယ်ဖြစ်သည်။ အကယ်၍ အလုပ်လုပ်ပေးသူတစ်ယောက်သည် တစ်ချိန်ချိန်၌ ၎င်းတို့၏ တကယ့်အလုပ်ကို စတင်၍ ဂရုတစိုက် လုပ်ဆောင်ပြီး ၎င်း၏ စိတ်သဘောထား ပြောင်းလဲခြင်းကို အာရုံစူးစိုက်သည်၊ ပြီးလျှင် ၎င်းတို့သည်လည်း ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည်ကို သဘောပေါက်သည်၊ ၎င်းတို့သည်လည်း မာနထောင်လွှား၍ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်စွမ်း မရှိကြောင်း၊ ဤပုံစံဖြင့် ဆက်သွားလျှင်လည်း အဆင်ပြေမည် မဟုတ်ကြောင်း နားလည်လျှင်၊ ၎င်းတို့သည် ဤအရာများကို စတင် ဆင်ခြင်၍ နားလည်သဘောပေါက်ရန် ကြိုးစားသည့်အချိန်၌၊ ၎င်းတို့ တွေ့ရှိသော ပြဿနာများကို ရင်ဆိုင်ရန် သမ္မာတရားကို ရှာဖွေနိုင်သည့်အချိန်၌ ၎င်းတို့၏ လမ်းကြောင်းကို စတင် နောက်ပြန်လှည့်မိလိမ့်မည် မဟုတ်လော။ ၎င်းတို့သည် မိမိတို့၏ လမ်းကြောင်းကို စတင် နောက်ပြန်လှည့်လျှင် ၎င်းတို့အတွက် ပြောင်းလဲရန် မျှော်လင့်ချက် ရှိပေသည်။ သို့ရာတွင် ၎င်းတို့သည် သမ္မာတရားကို လိုက်စားရန် လုံးဝ ရည်ရွယ်ချက်မရှိလျှင်၊ ၎င်းတို့ လက်ဝယ်တွင် ရှိသော အလုပ်ကို ပြီးစီးခြင်းသည် ၎င်းတို့၏ အလုပ်တာဝန် ပြီးမြောက်ခြင်း၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက် ပြီးဆုံးခြင်း ဖြစ်သည်ဟု ယုံကြည်လျက် သမ္မာတရားအတွက် ကြိုးပမ်းရန် လိုအင်ဆန္ဒ ကင်းမဲ့ပြီး အားသွန်ခွန်စိုက်လုပ်ရန်နှင့် အလုပ်လုပ်ရန်ကိုသာ သိလျှင် ဘုရားသခင်၏ သတ်မှတ်ချက်များက မည်သည့်အရာများ ဖြစ်သည်ကိုဖြစ်စေ၊ သမ္မာတရားက မည်သည့်အရာ ဖြစ်သည်ကိုဖြစ်စေ ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံသော လူတစ်ယောက် ဟုတ်မဟုတ်ကိုဖြစ်စေ မည်သည့်အခါမျှ အလေးမထားဘဲ၊ ဤအရာတစ်ခုကိုမျှ လုံးဝ နားလည်ရန် ကြိုးစားခြင်း မရှိဘဲ အားထုတ်မှုအနည်းငယ် စိုက်ထုတ်ခြင်းသည် ၎င်းတို့၏တာဝန် ပြီးစီးသွားသည့်သဘော ဖြစ်သည်ဟု ယုံကြည်လျှင်၊ ဤသည်မှာ ၎င်းတို့၏ တာဝန်ကို ချဉ်းကပ်ပုံ ချဉ်းကပ်နည်း ဖြစ်လျှင် ၎င်းတို့သည် ကယ်တင်ခြင်းကို ရရှိနိုင်မည်လော။ ရရှိလိမ့်မည်မဟုတ်ပေ။ ၎င်းတို့သည် ကယ်တင်ခြင်း လမ်းကြောင်းကို စတင်ခြင်း မရှိသေးချေ၊ ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းကြောင်းမှန်ပေါ် မရောက်ရှိသေးချေ၊ ပြီးလျှင် ဘုရားသခင်နှင့် ဆက်ဆံရေး တစ်ခုကိုလည်း မပျိုးထောင်ရသေးချေ။ ၎င်းတို့သည် ဘုရားအိမ်တော်တွင် ယခုထိ အားသွန်ခွန်စိုက် လုပ်နေခြင်းနှင့် အလုပ်လုပ်ပေးနေခြင်းသာ ဖြစ်သည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်၏ အိမ်တော်တွင် အလုပ်လုပ်ပေးသည့်အခါတွင် ဘုရားသခင်သည် ထိုသို့သော လူများကိုလည်း ကြည့်ရှုကာ ကာကွယ်ပေး၏။ သို့သော် သူသည် ၎င်းတို့ကို ကယ်တင်ရန် ရည်ရွယ်ချက် မရှိပေ။ ဘုရားသခင်သည် ၎င်းတို့ကို ပြုပြင်ခြင်း၊ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်ခြင်း သို့မဟုတ် စစ်ဆေးခြင်း မပြုချေ။ သူသည် ၎င်းတို့အား ဤအသက်တာ၌ ကောင်းချီး အနည်းငယ် ရရှိရန်သာ အခွင့်ပေး၏၊ ထိုမျှသာ ဖြစ်လေသည်။ ဤလူများသည် မိမိတို့ကိုယ်ကို ပြန်လည်သုံးသပ်ဖို့နှင့် သိမြင်ဖို့ သိနားလည်ကြပြီး သမ္မာတရားအား လက်တွေ့ လုပ်ဆောင်ခြင်း၏ အရေးပါမှုကိုလည်း သိကြသည့်အခါတွင် ၎င်းတို့အနေဖြင့် ၎င်းတို့ ကြားနာထားသော တရားဒေသနာများကို နားလည်သွားခြင်း ဖြစ်သည်၊ နောက်ဆုံး၌ အကျိုးရလဒ်အချို့ ရရှိခဲ့ပြီဟူသော အဓိပ္ပာယ် ဖြစ်သည်။ ထိုအခါ ၎င်းတို့သည် “ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အလွန် အံ့ဩစရာကောင်းလှသည်။ ဘုရားနှုတ်ကပတ်တော်များသည် လူများကို အမှန်တကယ် ပြောင်းလဲစေနိုင်၏။ ယခုအချိန်တွင် အရေးကြီးဆုံးအရာမှာ ငါ့အနေဖြင့် သမ္မာတရားကို ရရှိဖို့ ကြိုးစားရန် ဖြစ်သည်။ ငါသည် မိမိကိုယ်ကို သိခြင်းကို အာရုံမစိုက်လျှင်၊ သို့မဟုတ် ငါ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မဖယ်ရှားဘဲ၊ အလုပ်လုပ်ပေးနေရုံမျှဖြင့် ဆက်၍ ကျေနပ်နေလျှင် ဘာကိုမျှ ရရှိလိမ့်မည် မဟုတ်” ဟု စဉ်းစားမိ၏။ ထို့ကြောင့် ဤလူပုဂ္ဂိုလ်သည် “ငါ့ထံတွင် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသနည်း။ ငါသည် ယင်းတို့ကို မည်သို့ သိလာမည်နည်း။ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ငါသည် မည်သို့ ဖြေရှင်းသင့်သနည်း” ဟု စတင် ဆင်ခြင်မိသည်။ ဤ အကြောင်းအရာများကို ၎င်းတို့၏ ဆင်ခြင်ခြင်းသည် သမ္မာတရားကို နားလည်ခြင်းနှင့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုနှင့် ဆက်စပ်၏။ သို့ဖြစ်ရာ ၎င်းတို့၏ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက် ရှိ၏။ လူတစ်ယောက်သည် မိမိကိုယ်ကို ပြန်လည်သုံးသပ်နိုင်ပြီး မိမိ၏ တာဝန်မှတစ်ဆင့် မိမိကိုယ်ကို သိနားလည်နိုင်လျှင်၊ သမ္မာတရားကို ရှာဖွေနိုင်လျှင်၊ ဘုရားသခင်၏ တောင်းဆိုချက်များကို ဖြည့်ဆည်းရန် အလုပ်ကြိုးစားနိုင်လျှင်၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကိုလည်း ဖြေရှင်းနိုင်လျှင် ထိုသူသည် ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းကြောင်းမှန်ပေါ် ရောက်ရှိခဲ့ပြီဖြစ်သည်။ ဤ အကြောင်းအရာများကို မပြတ်တမ်း ဆင်ခြင်ခြင်းနှင့် သမ္မာတရား ရရှိရန် ကြိုးစားခြင်းအားဖြင့် ၎င်းတို့သည် ဘုရားသခင်၏ ဉာဏ်ပွင့်စေခြင်း၊ အလင်းပေးခြင်းနှင့် လမ်းပြမှုတို့ကို ရရှိလိမ့်မည်။ ဤနည်းအားဖြင့် ၎င်းတို့သည် ဘုရားသခင်၏ ပြုပြင်ခြင်းကို လက်ခံနိုင်လိမ့်မည်။ ယင်းနောက် မကြာမီတွင်လည်း ၎င်းတို့သည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကိုလည်းကောင်း၊ စမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်းကိုလည်းကောင်း ခံရနိုင်သည်။ ဘုရားသခင်သည် ၎င်းတို့ကို သန့်စင်ပေးခြင်း၊ ပြောင်းလဲစေခြင်းဖြင့် သူ၏အမှုတော်ကို ၎င်းတို့အပေါ် စတင်ပေလိမ့်မည်။

အချို့သော လူများက “ကျွန်ုပ်သည် နှစ်ပေါင်းများစွာ ဘုရားသခင်ကို ယုံကြည်ခဲ့ပြီး မိမိ၏ တာဝန်ကို ထမ်းဆောင်ခဲ့သည်။ သို့သော် ကျွန်ုပ်သည် ပြုပြင်ခြင်းကို လုံးဝ မခံခဲ့ရပါ။ ထို့ပြင် စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းကို ခံရရန် မဆိုထားနှင့်၊ ဉာဏ်ပွင့်စေခြင်းနှင့် အလင်းပေးခြင်း တစ်ခုတလေကိုမျှ မရရှိခဲ့ပါ” ဟု ဆိုကြသည်။ ဤသို့သော လူတစ်ယောက်သည် ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံနေခြင်းလော။ ၎င်းတို့အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမှန်တကယ် တွေ့ကြုံ၍ လက်တွေ့လုပ်ဆောင်နိုင်လျှင် ၎င်းတို့သည် ဉာဏ်ပွင့်စေခြင်း သို့မဟုတ် အလင်းပေးခြင်းကို မည်သို့ကြောင့် မရနိုင်ခဲ့ကြသနည်း။ ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးမှုကို မကြာခဏ ထုတ်ဖော်လျှင် ပြုပြင်ခြင်း သေချာပေါက် ခံရပေမည်။ ပြုပြင်ခြင်း ခံရပြီးနောက် နောင်တမရကြလျှင် ၎င်းတို့၌ မည်သည့် လူ့သဘာဝမျှ မရှိသည်မှာ အသေအချာပင် ဖြစ်သည်။ ပြီးလျှင် ၎င်းတို့သည် ဖယ်ရှားရှင်းလင်းခံရသင့်သော လူများ ဖြစ်၏။ အချို့သော လူများက “ကျွန်ုပ်သည် ပြုပြင်ခြင်းကို မကြာခဏ တွေ့ကြုံရသည်။ ကျွန်ုပ်သည် ဘုရားသခင်၏ ဉာဏ်ပွင့်စေခြင်းနှင့် အလင်းပေးမှုကိုလည်း မကြာခဏ ရရှိသည်၊ အလင်းအသစ်ကိုလည်း ရရှိပါသည်” ဟု ဆိုကြသည်။ ဤနေရာတွင် မည်သို့ ဖြစ်ပျက်နေသနည်း။ (ဘုရားသခင်က ၎င်းတို့ကို ဦးဆောင် လမ်းပြနေပါသည်။) အခြားသော လူအချို့ကမူ “ကျွန်ုပ်သည် အရာရာတိုင်း အဆင်ပြေ ချောမွေ့ကြသည့် အခြားလူများနည်းတူ ဘာကြောင့် မဖြစ်ရသနည်း။ ၎င်းတို့သည် ဘုရားသခင်၏ ကောင်းချီးများကို အမြဲ ရရှိကြပြီး မည်သည့် ဆင်းရဲဒုက္ခများကိုမျှ ခက်ခက်ခဲခဲ မကျော်လွှားရဘဲ ပုခက်ထဲမှ ကလေးငယ်များကဲ့သို့ နေကြရသည်။ ကျွန်ုပ်သည် ဘာကြောင့် စမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်းကို အမြဲတမ်း ခံနေရသနည်း” ဟု ဆိုကြသည်။ စမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်းကို အမြဲ ခံရခြင်းသည် ကောင်းသော အရာတစ်ခုလော၊ ဆိုးသော အရာတစ်ခုလော။ (ကောင်းသော အရာတစ်ခု ဖြစ်ပါသည်။) ကောင်းသော အရာတစ်ခု ဖြစ်သည်၊ ဆိုးသော အရာတစ်ခု မဟုတ်။ လူများကို စမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်းအတွက် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ (လူတို့အနေဖြင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သိလာနိုင်စေရန် ဖြစ်သည်။) ဘုရားသခင်သည် ယင်းကို လူများအား ညှဉ်းပန်းနှိပ်စက်ရန် သို့မဟုတ် ဒုက္ခပေးရန်အတွက် လုပ်ဆောင်ခြင်း မဟုတ်။ လူများအနေဖြင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သိလာနိုင်စေရန် လုပ်ဆောင်ခြင်း ဖြစ်သည်။ ၎င်းတို့ ဖောက်ပြန်ပျက်စီးမှု၏ အနှစ်သာရနှင့် သွင်ပြင် အစစ်အမှန်ကိုလည်း ရှင်းရှင်းလင်းလင်း မြင်ကြစေရန် ဖြစ်သည်။ ဤသို့ဖြင့် ၎င်းတို့သည် ၎င်းတို့၏ ရည်ရွယ်ချက်များနှင့် အကြံအစည်များကို စွန့်လွှတ်နိုင်၍ ဘုရားသခင်အား ကျိုးနွံနာခံခြင်းကိုလည်း ရရှိနိုင်ကြစေရန် ဖြစ်သည်။ ထိုအခါ ၎င်းတို့သည် အလုပ်လုပ်ပေးနေခြင်းသက်သက် မဟုတ်တော့ဘဲ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နေခြင်း ဖြစ်လေသည်။ သင်သည် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို စစ်မှန်စွာ၊ စနစ်ကျစွာဖြင့် ထမ်းဆောင်သည့်အခါ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ပုံမှန် ဖြစ်လာပြီး ဘုရားသခင်နှင့် သင်၏ ပုံမှန်မဟုတ်သော ဟိုယခင် ဆက်ဆံရေးကို ပြောင်းပြန်ဖြစ်စေသည်။ သင်နှင့် ဘုရားသခင်အကြား ဆက်ဆံရေးသည် အလုပ်သမားတစ်ဦးနှင့် သူ၏အလုပ်ရှင်တို့ ကြားမှ ဆက်ဆံရေးမျိုး ဖြစ်လျှင် သင်သည် ကယ်တင်ခြင်းကို မရရှိနိုင်ပေ။ အကယ်၍ သင်သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံကာ ဘုရားသခင် အိမ်တော်၏ အစီအစဉ်များကို နာခံနိုင်ပြီး မိမိ၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်းအတွက် အလေးအနက် တာဝန်ယူလျှင် ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ပုံမှန် ဖြစ်လာလိမ့်မည်။ သင်သည် ဖန်ဆင်းခံတစ်ယောက် ဖြစ်လာလိမ့်မည်၊ ဖန်ဆင်းရှင်၏ အစီအစဉ်များကို နာခံနိုင်လာလိမ့်မည်၊ ပြီးလျှင် သင်၏ စိတ်နှလုံး၌ ဘုရားသခင်ကို ကယ်တင်ရှင်အဖြစ် လက်ခံနိုင်လာလိမ့်မည်၊ ထို့ပြင် သင်သည် ဘုရားသခင်၏ ကယ်တင်ခြင်း ပစ်မှတ်တစ်ခု ဖြစ်လာလိမ့်မည်။ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ဤအဆင့်အတန်းသို့ ရောက်ရှိပေမည်။ သို့သော် သင်သည် အမြဲတမ်း အလုပ်လုပ်ပေးနေရုံသက်သက် ဖြစ်လျှင်၊ ဘုရားသခင်က သင့်အား မည်သည့် တာဝန်ပေးစေခိုင်းချက်ကို အပ်နှံသည်ဖြစ်စေ သင်က ယင်းကို ဝတ်ကျေတမ်းကျေ ဖြစ်သော သဘောထားဖြင့် အမြဲ ထမ်းဆောင်လျှင်၊ သမ္မာတရား စည်းမျဉ်းများကိုလည်း လက်ခံခြင်း မရှိ၊ စစ်မှန်သော ကျိုးနွံနာခံခြင်းလည်း မရှိဘဲ အားသွန်ခွန်စိုက်လုပ်ရန်နှင့် အလုပ်လုပ်ရန်သာ သိလျှင်၊ အမှုကိစ္စများကို ပြုလုပ်သည့်အခါလည်း ဖြစ်သလို လုပ်ဆောင်နေလျှင် သင်သည် အမှန်ပင် အလုပ်လုပ်ပေးသူတစ်ယောက် ဖြစ်၏။ အလုပ်လုပ်ပေးသူများ ဖြစ်ကြသော ထိုသူတို့သည် သမ္မာတရားကို လက်မခံသည့်အပြင် ပြောင်းလဲခြင်း အတိုင်းအတာ စိုးစဉ်းမျှကိုပင် လုံးဝ မကြုံရသောကြောင့် ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးမှာ အစဉ်ထာဝရ အလုပ်သမားများနှင့် ၎င်းတို့အလုပ်ရှင်၏ ဆက်ဆံရေးမျိုး ဖြစ်ပေသည်။ ၎င်းတို့သည် ဘုရားသခင်ကို ဘယ်သောအခါမျှ အမှန်တကယ် ကျိုးနွံနာခံလိမ့်မည် မဟုတ်၊ ဘုရားသခင်ကလည်း ၎င်းတို့ကို ယုံကြည်သူများအဖြစ် သို့မဟုတ် သူနှင့် သက်ဆိုင်သူများအဖြစ် အသိအမှတ်ပြုလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ သမ္မာတရားကို လိုက်စားခြင်း မရှိဘဲ ဘုရားသခင်ကို ယုံကြည်ကြသော လူတို့အတွက် အကျိုးဆက် ဖြစ်သည်။ ယင်းကို ၎င်းတို့ လျှောက်လှမ်းကြသည့် လမ်းက ဆုံးဖြတ်ခြင်း ဖြစ်သည်။ သင်သည် ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးကို တိုးတက်ချင်လျှင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ (သမ္မာတရားအား လိုက်စားသည့် လမ်းကို လျှောက်လှမ်းပါ။) မှန်သည်။ သမ္မာတရားအား လိုက်စားသည့်လမ်းကို လျှောက်ရမည်။ သင်၏ ပထမဆုံး ခြေလှမ်းမှာ မည်သို့ ဖြစ်သင့်သနည်း။ (မိမိတာဝန်အား မည်သို့ ထမ်းဆောင်ရမည်ကို နားလည်ရပါမည်။) ဘုရားသခင်ကို ယုံကြည်သူများသည် တာဝန်တစ်ခုကို ထမ်းဆောင်ရမည်၊ ဤသည်မှာ ဘုရားသခင်၏ တောင်းဆိုချက် ဖြစ်၏။ ဘုရားသခင်နောက် လိုက်လျှောက်ခြင်းသည် မိမိ၏တာဝန်အား ထမ်းဆောင်ခြင်းကို ရည်ညွှန်းခြင်း ဖြစ်ပေသည်။ တာဝန်များကို ထမ်းဆောင်ခြင်း မရှိဘဲ ဘုရားသခင်ကို ယုံကြည်သူများမှာ ဘုရားသခင်နောက်သို့ လိုက်လျှောက်နေခြင်း မဟုတ်ပေ။ သင်သည် ဘုရားသခင်နောက်သို့ လိုက်လျှောက်ချင်လျှင် သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရမည်။ တာဝန်တစ်ခုကို ထမ်းဆောင်သည့်အခါ သမ္မာတရား၏ မည်သည့် သွင်ပြင်လက္ခဏာကို ပထမဆုံး လက်တွေ့လုပ်ဆောင်သင့်သနည်း။ (ကျိုးနွံနာခံခြင်းသမ္မာတရား ဖြစ်ပါသည်။) မှန်ပေသည်။ အချို့သော လူများက “ယခုအခါ ဤသည်မှာ ကျွန်ုပ်၏တာဝန် ဖြစ်သည်။ ကျွန်ုပ်သည် စာကြိုးစားရမည်၊ အင်္ဂလိပ်စာ သင်ယူရာတွင် တိုးတက်မှုများ ရရှိအောင် လုပ်ရမည်။ ထို့နောက် တစ်နှစ်၊ နှစ်နှစ်တွင် အင်္ဂလိပ်စာ စမ်းသပ်မှု စာမေးပွဲကို ဖြေရမည်၊ သို့မဟုတ် ပါရဂူဘွဲ့ကို ယူရမည်။ ထိုအခါ ကျွန်ုပ်သည် ဘာသာတရားမရှိသူများ၏ လောကတွင် အသိအမှတ်ပြုခြင်း ခံလာရနိုင်သည်၊ သို့မဟုတ် ဘုရားသခင်၏ အိမ်တော်တွင် အဆင်ပြေလာနိုင်၍ အနာဂတ်တွင်လည်း ခေါင်းဆောင်တစ်ယောက် ဖြစ်ကောင်း ဖြစ်လာနိုင်သည်” ဟု ဆိုကြသည်။ ထိုလူများသည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးအတွက် ကြံစည်နေခြင်းသာ မဟုတ်လော။ (ဟုတ်ပါသည်။) မိမိ၏ ဇာတိပကတိအတွက် အမြဲ ပြင်ဆင်ကာ စီစဉ်နေခြင်း၊ မိမိအသက်၏ အရေးကိစ္စများကိုသာမက သေလွန်ပြီး အချိန်အတွက်ပါ စီစဉ်နေခြင်းပင်။ ဤသည်မှာ ဘာသာတရားမရှိသူတစ်ယောက်၏ စိတ်နေစိတ်ထား ဖြစ်သည်။ ဘာသာတရားမရှိသူများသည် ဘုရားသခင်၏ တည်ရှိမှုကို အသိအမှတ်မပြုသောကြောင့် ၎င်းတို့၏ နေ့ရက်များကို ဤနည်းအတိုင်း စဉ်းစားကာ နေထိုင်ကြခြင်းသည် ၎င်းတို့အတွက် ပုံမှန်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့မှာ ၎င်းတို့၏ ဇာတိပကတိကိုသာ စဉ်းစားနိုင်ကြသည်၊ တိရစ္ဆာန်များကဲ့သို့ ၎င်းတို့၏ ရှင်သန်ခြင်းကိုသာ ထည့်စဉ်းစားနိုင်ကြသည်။ သို့သော် ဘုရားသခင်ကို ယုံကြည်သော လူများမှာမူ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နေ့စဉ် ဖတ်ရှု၍ သမ္မာတရားကို နားလည်ကြ၏။ ထို့ကြောင့် ၎င်းတို့သည် တာဝန်တစ်ခု ထမ်းဆောင်ခြင်း၏ အဓိပ္ပာယ်နှင့် ယင်းအတွက် အကြောင်းပြချက်ကို သိသင့်ကြသည်။ ၎င်းတို့သည် ဤအရာများကို နားလည် သဘောပေါက်ရမည်။ ယင်းတို့မှာ ဘုရားသခင်ကို ယုံကြည်ခြင်းတွင် လူတစ်ယောက် လျှောက်လှမ်းသည့် လမ်းနှင့် တိုက်ရိုက် သက်ဆိုင်၏။ လူတစ်ယောက်သည် သမ္မာတရားကို နားလည်ရန်၊ စိတ်သဘောထား ပြောင်းလဲခြင်း ရရှိရန်အတွက် ဘုရားသခင်၏ အမှုတော်ကို မည်သို့ နာခံ၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ တွေ့ကြုံသင့်သည်၊ မိမိ၏တာဝန်ကို ကောင်းစွာ လုပ်ဆောင်ရန်နှင့် ဘုရားသခင်ကို ကျိုးနွံနာခံရန်အတွက် သမ္မာတရား၏ မည်သည့် လက္ခဏာသွင်ပြင်များကို ကြိုးပမ်းရရှိရမည်၊ ထို့ပြင် လူများသည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ သန့်စင်နိုင်ရန်အတွက် ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို မည်သို့ လက်ခံသင့်သည် စသည့် ဤအကြောင်းအရာများနှင့် ပတ်သက်သည့် သမ္မာတရားကို ၎င်းတို့အနေဖြင့် နားလည်ရန် ပို၍ပင် လိုအပ်သည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းတွင် လူတစ်ယောက် လျှောက်လှမ်းသင့်သည့် လမ်းကြောင်း ဖြစ်၏။ ဤနည်းအတိုင်း သမ္မာတရားကို လိုက်စားခြင်းအားဖြင့်သာ လူတစ်ယောက်သည် မိမိတာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်၍ ဘုရားသခင်၏ ကယ်တင်ခြင်းကိုလည်း ရရှိနိုင်သည်။ ဘုရားသခင်သည် သမ္မာတရားအား ဤသို့ လိုက်စားသော လူများကို ကယ်တင်ချင်၏၊ စုံလင်အောင် ပြုချင်၏။ သူ၏ ကယ်တင်ခြင်း အမှုကို ပြီးဆုံးစေခြင်းအားဖြင့် ဘုရားသခင်သည် ထိုသို့သော လူပုဂ္ဂိုလ်အနည်းငယ်ကို ရရှိချင်သည်။ အကယ်၍ လူတစ်ယောက်သည် မည်သို့မည်ပုံ အောင်မြင်ရမည်၊ အရေးပါသော ခေါင်းဆောင်တစ်ယောက် မည်သို့ ဖြစ်လာရမည်၊ ပြီးလျှင် မည်မျှသောလူများကို စီမံအုပ်ချုပ်ရလိမ့်မည်၊ နောက်ဆုံး၌ မည်မျှသောမြို့များကို အုပ်စိုးရနိုင်သည် တို့ကိုသာ စဉ်းစားလျှင် ဤသည်တို့မှာ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများ ဖြစ်ပေသည်။ ဤ လူပုဂ္ဂိုလ်သည် အန္တိခရစ်များကဲ့သို့သော လူစားမျိုး ဖြစ်သည်၊ အန္တိခရစ်များအားလုံးသည် ဤအရာများကို ရရှိရန် ကြံစည်တတ်ကြ၏။ ဤအရာများ ရရှိရန် ကြံစည်ခြင်းသည် သဘာဝကျသလော။ (သဘာဝ မကျပါ။) သဘာဝမကျမှန်း သိနေလျှင် ၎င်းတို့အနေဖြင့် ယင်းတို့ကို မစွန့်လွှတ်နိုင်သလော။ (လွယ်ကူမည် မဟုတ်ပါ။) သာမန်အခြေအနေများတွင် လူများသည် ၎င်းတို့၏ ရည်မှန်းချက် ပန်းတိုင်များ အောင်မြင်ရန်အတွက် ကိုယ်ပိုင် ရည်ရွယ်ချက်များအတိုင်း လုပ်ဆောင်ကြသည်။ သင် ပြုသမျှ အရာရာတိုင်းတွင် သင်သည် မိမိ၏ ကိုယ်ပိုင် ရည်မှန်းချက်များ အောင်မြင်ရန်အတွက် လုပ်ဆောင်သလော။ သို့မဟုတ် သင်သည် မိမိကိုယ်ကို ပြန်လည်သုံးသပ်သလော၊ သမ္မာတရားကို ရှာဖွေသလော၊ သင်၏ ရည်မှန်းချက်များနှင့် လျှို့ဝှက်ကြံစည်ခြင်းများကိုပုန်ကန်ကာ သမ္မာတရား လိုက်စားခြင်းလမ်းကို လျှောက်လှမ်းရန် ရွေးချယ်သလော။ မှန်ကန်သော လမ်းဟူသည် အဘယ်နည်း။ (မိမိကိုယ်ကို အမြဲတမ်း ပုန်ကန်ခြင်းနှင့် ဘုရားသခင်၏ တောင်းဆိုချက်များနှင့်အညီ လုပ်ဆောင်ခြင်း ဖြစ်ပါသည်။) မည်သည့် ပုဂ္ဂိုလ်မျိုး၏ လိုက်စားမှုသည် ဤအရာကို အောင်မြင်နိုင်စွမ်း ရှိသနည်း။ ကြင်နာတတ်သော၊ ရိုးသား ဖြောင့်မတ်သော စိတ်နှလုံး ရှိသည့် လူတစ်ယောက်သည်သာ ယင်းကို အောင်မြင်နိုင်သည်။ သမ္မာတရားကို မချစ်သည့် လှည့်ဖြားတတ်သော၊ စိတ်နှလုံးခိုင်မာသော၊ ကောက်ကျစ်ဆိုးယုတ်သော လူများမှာ ယင်းကို မအောင်မြင်နိုင်ချေ။ ၎င်းတို့ လျှောက်သောလမ်းသည် လမ်းမှန် မဟုတ်ကြောင်း၊ ယင်းသည် ပေါလု၏ မှားယွင်းသော လမ်း ဖြစ်ကြောင်းနှင့် ၎င်းတို့အနေဖြင့် ကယ်တင်ခြင်းကို အမှန်တကယ် ရလိမ့်မည် မဟုတ်ကြောင်း သိကြသည်ဖြစ်သဖြင့် ၎င်းတို့သည် အဘယ်ကြောင့် မှန်ကန်သော လမ်းကို မစတင်ကြသနည်း။ ၎င်းတို့သည် မိမိကိုယ်ကို မထိန်းချုပ်နိုင်သောကြောင့် ဖြစ်သည်။ ဤအရာကို ၎င်းတို့၏ သဘာဝက လုံးလုံးလျားလျား အဆုံးအဖြတ်ပေးခြင်း ဖြစ်သည်။ ယင်းက လူနှစ်ယောက်သည် တူညီသော အစွမ်းအစ ရှိကာ ဘုရားသခင်ကို နှစ်ကာလအရေအတွက် တူညီစွာ ယုံကြည်ခဲ့ကြ၍ တစ်ပုံစံတည်းသော တရားဒေသနာများကို ကြားနာခဲ့ကြပြီး တစ်ပုံစံတည်းသော တာဝန်များကို ထမ်းဆောင်ခဲ့ကြသော်လည်း မတူညီသော လမ်းများကို လျှောက်ကြသကဲ့သို့ ဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် နှစ်အနည်းငယ်မျှ အကြာမှာပင် မတူညီသော လမ်းများကို လျှောက်မိကြ၍ တစ်ဦးမှာ ဖယ်ရှားရှင်းလင်းခြင်း ခံရသော်လည်း ကျန်တစ်ဦးမှာမူ ရယူခြင်းကို ခံရလေသည်။ တစ်ယောက်သောသူသည် ရိုးသားပြီး ဖြောင့်မတ်သော စိတ်နှလုံး ရှိ၏၊ သမ္မာတရားကို ချစ်၏၊ သမ္မာတရား လိုက်စားခြင်း လမ်းကိုလည်း လျှောက်လှမ်း၏။ တစ်စုံတစ်ယောက်သည် ဤလူအား လှည့်စား၍ ဆိုးယုတ်သောလမ်းကို လျှောက်ရန် သွေးဆောင်ဖို့ ကြိုးစားလျှင်ပင် ထိုလူသည် လက်ခံမည်လော။ လက်ခံမည် မဟုတ်ချေ။ ထိုလူမျိုးတို့သည် ယင်းတို့ကို သေချာပေါက် ငြင်းပယ်လိမ့်မည်။ ထိုသူတို့သည် သမ္မာတရားကို ရှာဖွေနိုင်၏၊ ဘုရားသခင်၏ တောင်းဆိုချက်များနှင့်အညီ လုပ်ဆောင်ကြ၏၊ ပြီးလျှင် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ရာတွင်လည်း ပို၍ ပို၍ ကောင်းမွန်လာကြ၏။ သို့သော် အခြားသောသူမှာမူ အတော်ပင် ကောက်ကျစ်ဆိုးယုတ်၍ လှည့်စားတတ်လေသည်။ ထိုသူတို့သည် ဂုဏ်ဒြပ်နောက်သို့ လိုက်ကြပြီး ၎င်းတို့၏ ရည်မှန်းချက်များမှာ ကြီးမားလွန်းသည်။ တစ်စုံတစ်ယောက်သည် ၎င်းတို့အား သမ္မာတရားအကြောင်းကို မည်သို့ မိတ်သဟာယ ပြုသည်ဖြစ်စေ ၎င်းတို့က ဂုဏ်ဒြပ်နောက်သို့ လိုက်ကြခြင်းကို စွန့်လွှတ်လိမ့်မည် မဟုတ်ပေ။ ဤသည်မှာ ၎င်းတို့သဘာဝ၏ ပြဿနာပင် ဖြစ်သည်။ ထို့ပြင် သမ္မာတရားကို လက်မခံသော၊ ဂုဏ် အဆင့်အတန်းကို လုံးဝ မစွန့်လွှတ်နိုင်သော ဤလူအတွက် အဆုံးသတ်မှာ အဘယ်နည်း။ ထိုသူသည် ဖယ်ရှားရှင်းလင်းခြင်း ခံရပေမည်။ ဤ လူနှစ်ဦး၏ အဆုံးသတ်များသည် သိသာထင်ရှားစွာ ခြားနား၏။ စိတ်နှလုံးတွင် ရိုးသား၍ သမ္မာတရားကို လိုက်စားသော လူသည် သမ္မာတရားကို ပို၍ ပို၍ နားလည်လာသည်၊ ပို၍ ကြည်လင် ပြတ်သားသော အတွေးအမြင်ဖြင့် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် တဖြည်းဖြည်း ကိုက်ညီလာသည်။ သမ္မာတရားကို မလိုက်စားသော လူသည်ကား အယူဝါဒကို သိနားလည်နိုင်စွမ်းသာ ရှိ၍ ယင်းကို လက်တွေ့ မလုပ်ဆောင်နိုင်ပေ။ ၎င်းတို့သည် အဘယ်ကြောင့် ယင်းကို လက်တွေ့မလုပ်ဆောင်နိုင်သနည်း။ ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများသည် ကြီးမားလွန်းသည် ဖြစ်သဖြင့် ၎င်းတို့သည် ယင်းတို့ကို လက်မလွှတ်နိုင်ချေ။ ၎င်းတို့ပြုသမျှ အရာရာတိုင်းတွင် ၎င်းတို့သည် ကိုယ်ပိုင်အကျိုးစီးပွား၊ ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများ၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကို ဦးစားပေးကြသည်။ ၎င်းတို့ထံတွင် ဤအရာများ ပြည့်နှက်နေပြီး ယင်းတို့ကြောင့် ၎င်းတို့သည် စိတ်ထိန်းမနိုင်သိမ်းမရဖြစ်ကြသည်။ ၎င်းတို့ထံတွင် တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါ ၎င်းတို့သည် ၎င်းတို့၏ ဇာတိပကတိနှင့် ကိုယ်ပိုင် လိုအင်ဆန္ဒများကို ဦးဆုံး ဖြည့်ဆည်းကြ၏။ အမှုကိစ္စများအားလုံးတွင် ၎င်းတို့၏ လိုအင်ဆန္ဒများအတိုင်း လုပ်ဆောင်ကြပြီး ဤရည်မှန်းချက်နောက်သို့ လိုက်နေကြကာ သမ္မာတရားကို ဘေးဖယ်ထားကြလေသည်။ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် ၎င်းတို့၏ တာဝန်ကို ကောင်းမွန်စွာ မထမ်းဆောင်ကြဘဲ အလုပ်ကို ကမောက်ကမ ဖြစ်စေ၍ နောက်ဆုံး၌ ဖယ်ရှားရှင်းလင်းခြင်း ခံကြရ၏။ ဤလူများသည် ဘုရားသခင်၏ အိမ်တော်က ဖယ်ရှားရှင်းလင်းသည့် လူများပင် မဟုတ်လော။ သို့ဆိုလျှင် ၎င်းတို့အတွက် မည်သည့် မျှော်လင့်ချက်မျှ မရှိလေသလော။ ၎င်းတို့အနေဖြင့် အမှန်တကယ် နောင်တရနိုင်လျှင် ဖယ်ရှားရှင်းလင်းခံရခြင်းကို ရှောင်ရှားနိုင်ပြီး ၎င်းတို့၏ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်လည်း ရှိလိမ့်မည်။ သို့သော် ၎င်းတို့၏ စိတ်နှလုံးခိုင်မာပြီး ၎င်းတို့သည် မိမိတို့၏ လိုအင်ဆန္ဒများကို အရိုးထိရောက်အောင်ခဲထားသော ခွေးဆိုး တစ်ကောင်ကဲ့သို့ အရူးအမူး ဖက်တွယ်လျှင် ၎င်းတို့အနေဖြင့် ကယ်တင်ခြင်း ရလိမ့်မည်ဟူသော မျှော်လင့်ချက်မှာ လုံးဝ မရှိချေ။ လူတို့သည် မှန်ကန်သောလမ်းကို မလျှောက်လျှင် သမ္မာတရားကို မရရှိနိုင်ပေ။ သမ္မာတရားကို လိုက်စားခြင်း လမ်းသည်သာ မှန်ကန်သောလမ်း ဖြစ်သည်။ ယင်းလမ်းကို လျှောက်လှမ်းခြင်းအားဖြင့်သာ လူတစ်ယောက်သည် သမ္မာတရားကို ရရှိနိုင်၏။ သမ္မာတရားကို လိုက်စားခြင်းအားဖြင့်သာ လူတစ်ယောက်သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိခြင်းဟူသော မျှော်လင့်ချက် ရှိနိုင်လေသည်။

လှည့်စားတတ်ပြီး ကောက်ကျစ်ဆိုးယုတ်သည့် လူများ၏ စိတ်နှလုံးများသည် ၎င်းတို့၏တစ်ကိုယ်ရေ ရည်မှန်းချက်များ၊ အစီအစဉ်များနှင့် အကြံအစည်များဖြင့် ပြည့်နှက်နေသည်။ ဤအရာများသည် ဘေးဖယ်ဖို့ လွယ်ကူသလော။ (မလွယ်ကူပါ။) သင်သည် သင်၏တာဝန်ကို ကောင်းစွာထမ်းဆောင်လိုဆဲ ဖြစ်သော်လည်း ဤအရာများကို ဘေးမဖယ်နိုင်လျှင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ဤနေရာတွင် လမ်းကြောင်းတစ်ခုရှိသည်။ သင်လုပ်ဆောင်သည့် အရာ၏ သဘာဝသည် သင့်အတွက် ရှင်းလင်းရမည်ဖြစ်သည်။ တစ်စုံတစ်ခုသည် ဘုရားအိမ်တော်၏ အကျိုးစီးပွားနှင့် သက်ဆိုင်ပါက၊ ယင်းသည် အလွန်ပင် အရေးပါပါက သင်သည် ယင်းကို နေ့ရွှေ့ညရွှေ့လုပ်၍ မရပေ၊ အမှားလုပ်၍မရပေ၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ထိခိုက်၍မရပေ၊ သို့မဟုတ် ဘုရားအိမ်တော်၏အလုပ်ကို နှောင့်ယှက်၍ မရပေ။ ဤသည်မှာ သင်၏တာဝန် ထမ်းဆောင်ခြင်း၌ သင်လိုက်နာသင့်သည့် စည်းမျဉ်း ဖြစ်သည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်ခြင်းမှ သင်ရှောင်ရှားလိုလျှင် ရှေးဦးစွာ သင်၏ရည်မှန်းချက်များနှင့် အလိုဆန္ဒတို့ကို ဘေးဖယ်ထားလော့။ သင်၏အကျိုးစီးပွားများ အတော်အတန် အထိခိုက်ခံရမည်ဖြစ်သည်၊ ယင်းတို့ကို ဘေးဖယ်ထားရမည်ဖြစ်သည်၊ ပြီးလျှင် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခြင်းထက် သင်သည် မကြာမီ အနည်းငယ် ဆင်းရဲဒုက္ခခံရမည်ဖြစ်သည်။ ထိုသို့ပုန်ကန်ပြစ်မှားခြင်းက လက်သင့်မခံနိုင်ဖွယ် ဖြစ်သည်။ သင်သည် သင်၏နုံချာသော ရည်မှန်းချက်များနှင့် ဝင့်ဝါမှုကို ဖြည့်ဆည်းဖို့ငှာ အသင်းတော်၏အလုပ်ကို ကဖျက်ယဖျက်လုပ်ပါက သင့်အတွက် အဆုံးသတ် အကျိုးဆက်မှာ အဘယ်အရာ ဖြစ်မည်နည်း။ သင်သည် အစားထိုးခံရမည်ဖြစ်ပြီး ဖယ်ရှားရှင်းလင်းခြင်း ခံရနိုင်သည်။ သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို ရန်စပြီးဖြစ်လိမ့်မည်ဖြစ်ကာ ကယ်တင်ခံရရန် နောက်ထပ် အခွင့်အရေး တစ်ခုတလေမျှ ရကောင်းရမည် မဟုတ်ပေ။ ဘုရားသခင်က လူများကို ပေးသည့် အခွင့်အရေး အရေအတွက်၌ အကန့်အသတ် ရှိသည်။ လူများသည် ဘုရားသခင်၏ စမ်းသပ်ခြင်းခံရဖို့ အခွင့်အရေးမည်မျှ ရရှိသနည်း။ ဤအရာကို ၎င်းတို့၏ အနှစ်သာရအတိုင်း ဆုံးဖြတ်လေသည်။ သင့်အား ပေးသည့် အခွင့်အရေးများကို ဖြစ်နိုင်သမျှ အကျိုးအမြတ်ရအောင် ဆောင်ရွက်ပြီး သင်၏ မာနနှင့် ဝင့်ဝါမှုတို့ကို လက်လွှတ်နိုင်ကာ အသင်းတော်အလုပ်ကို ကောင်းစွာ လုပ်ဆောင်ဖို့ ဦးစားပေးပါက သင်၌ မှန်ကန်သော စိတ်ဓာတ် ရှိလေပြီ။ သင်၏ စိတ်နှလုံးသည် ဘယ်သို့ ညာသို့ ယိမ်းယိုင်ခြင်း မရှိဘဲ ဖြောင့်မတ်နေရမည်။ သင့်ထံတွင် မှားယွင်းသော ရည်ရွယ်ချက်များ ရှိသည့်အခါ ချက်ချင်း ဆုတောင်း၍ ယင်းတို့ကို ပြုပြင်ရမည်။ အလွန်အရေးကြီးသော အချိန်များတွင် သင်သည် ဘုရားအိမ်တော်၏ အကျိုးကို ကာကွယ်သင့်ပြီး သင်၏အလုပ်များကို ပြီးမြောက်သင့်သည်။ ဤသို့ လုပ်ဆောင်သော လူတစ်ယောက်သည် မှန်ကန်သော လူတစ်ယောက် ဖြစ်၏။ တစ်စုံတစ်ခု ပြီးမြောက်သွားသည့်နောက်တွင် တစ်ခါတစ်ရံ၌ သင်က “ဤအရာကို ကျွန်ုပ် လုပ်ခဲ့ပါသည်” ဟူ၍ မိမိ၏ ဘဝင်မာန ပြေစေရုံမျှ အလောတကြီး ပြောဆိုသည်ဆိုလျှင် ယင်းသည် မည်သည့်အရာမျှမဖြစ်ချေ။ ဘုရားသခင်က ခွင့်ပြုပေလိမ့်မည်။ သင့်အနေဖြင့် မည်သို့ တွေးထင်မိသည်ဖြစ်စေ၊ သင်သည် အလုပ်ကို ပြီးစီးခဲ့ပြီ ဖြစ်သောကြောင့် ဘုရားသခင်က အမှတ်ထားပေလိမ့်မည်။ ဤသည်မှာ တရားသည် မဟုတ်လော။ အကြောင်းမှာ ဤအရာသည် သင့်အနေဖြင့် စိတ်နှလုံး၊ ရိုးသားမှုတို့ဖြင့် ပြီးမြောက်ခဲ့သောအရာတစ်ခု အမှန်ပင် ဖြစ်သောကြောင့်တည်း။ သင်သည် သင်၏ဇာတိပကတိနှင့် သင်၏ကိုယ်ပိုင် ရည်မှန်းချက်ကို ပုန်ကန်ခဲ့၏။ သင်၏တာဝန်ကို ထမ်းဆောင်ခဲ့၏၊ ဘုရားသခင်အိမ်တော်၏ အကျိုးကို မထိခိုက်စေဘဲ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးစီးခဲ့၏။ ဘုရားသခင်၏စိတ်နှလုံး ချမ်းမြေ့ရသလို၊ တစ်ချိန်တည်းတွင်ပင် သင်သည်လည်း စိတ်နှလုံး၌ ငြိမ်းချမ်းခြင်းနှင့် ဝမ်းမြောက်ခြင်းကို ခံစားရသည်။ ဤသည်မှာ ငွေဖြင့် မဝယ်ယူနိုင်သည့် ပျော်ရွှင်မှုတစ်ခု ဖြစ်သည်၊ သင်သည် သင်၏ရိုးသားမှန်ကန်မှုဖြင့် ထိုက်ထိုက်တန်တန် ရခဲ့ခြင်းဖြစ်သည်။ ယင်းသည် သမ္မာတရားကို လိုက်စားခြင်း၏ အကျိုးရလဒ် ဖြစ်သည်။ ထို့နောက် သင်က “ဤအရာအား ငါ လုပ်ခဲ့သည်ကို သင်တို့အားလုံး သိခဲ့ကြသလော” ဟု ကြွားဝါလျှင် ဘုရားသခင်က ရန်တွေ့လိမ့်မည် မဟုတ်ပေ။ သို့သော် အရေးကြီးသည့် အချိန်များအတွင်းတွင် သင်သည် အခြေခံစည်းမျဉ်းကို ထိန်းသိမ်းရမည်။ ဘုရားသခင်၏ အမျက်ဒေါသကို ဆွပေးခြင်း၊ သို့မဟုတ် သူ၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခြင်း မပြုရပေ။ အကယ်၍ သင်သည် ဤအရာကို လိုက်နာနိုင်သည်၊ အရေးကြီးသော အချိန်တိုင်းတွင် ထိုအခြေခံစည်းမျဉ်းကို မလွတ်တမ်း ဆုပ်ကိုင်ထားသည်၊ မိမိတာဝန်အား ထမ်းဆောင်ရန် အခွင့်အရေးကို အမိအရ ဖမ်းဆုပ်ထားသည်ဆိုလျှင် သင်၏ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက် ရှိလိမ့်မည်။ အကယ်၍ သင်သည် ပုံမှန် အခြေအနေများတွင် သတိရှိသော်လည်း သင့်အနေဖြင့် ပြတ်ပြတ်သားသား ဆင်ဆင်ခြင်ခြင်ဖြင့် လုပ်ဆောင်ရန် လိုအပ်သည့် အရေးကြီးသော အချိန်များကဲ့သို့ သမ္မာတရား စည်းမျဉ်းများနှင့် သက်ဆိုင်သည့် အမှုကိစ္စများနှင့် ပတ်သက်လာသောအခါ သင်သည် သင်၏ ရည်မှန်းချက်များနှင့် ဆန္ဒများကို မထိန်းသိမ်းဘဲ သင် ကြိုက်နှစ်သက်သလို လုပ်ဆောင်၍ အသင်းတော်၏ အလုပ်ကို ကမောက်ကမ ဖြစ်စေသည်၊ အဆုံးစွန်ဖြစ်သော အခြေခံ စည်းမျဉ်းကို ထိန်းသိမ်းရန် ပျက်ကွက်လျှင် ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားကို ရန်စ ဖြစ်စေလိမ့်မည်။ ဤအရာသည် အပြစ်ဒဏ်ပေးခြင်း မခံရထိုက်သလော။ အနည်းဆုံးအားဖြင့် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခြင်း မပြုရ၊ ဤသည်မှာ အခြေခံစည်းမျဉ်း ဖြစ်သည်။ ဘုရားသခင်၏ အခြေခံစည်းမျဉ်းမှာ မည်သည့်အရာဖြစ်သည်၊ သင် ထိန်းသိမ်းသင့်သည့် အခြေခံစည်းမျဉ်းမှာ မည်သည့်အရာ ဖြစ်သည် ဆိုသည်ကို သင် သိရမည်။ အကယ်၍ သင်သည် အရေးကြီးသောအချိန်များတွင် ဤအခြေခံစည်းမျဉ်းကို ထိန်းသိမ်းပြီး မိမိ၏တာဝန်ကို ထမ်းဆောင်ပြီးသည့်နောက်တွင်လည်း ဘုရားသခင်က သင့်ကို ပစ်ပစ်ခါခါငြင်းခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်း ရှိမည့်အစား သင့်အား အမှတ်ထားကာ လက်ခံလျှင် ဤသည်မှာ ကောင်းသော အလုပ်တစ်ခု ဖြစ်၏။ သင် မည်သည့်အရာကို စဉ်းစားသည်၊ သင်၏ အောင်မြင်မှုများအပေါ် သင့်ကိုယ်သင် မည်သို့ ကျေနပ်မိနိုင်သည်၊ သို့မဟုတ် ဂုဏ်ယူမိနိုင်သည် ဆိုသည်တို့ကို ဘုရားသခင်က အာရုံမစိုက်ချေ။ ဘုရားသခင်က ဤအရာများကို စိတ်မဝင်စားသည့်အပြင် သင့်ကိုလည်း အလေးအနက် ထားလိမ့်မည် မဟုတ်ပေ။ အဓိက ကျန်ရှိနေသည်မှာ သင်၏ ကိုယ်ပိုင် ပြောင်းလဲခြင်းကိစ္စသာ ဖြစ်သည်။ သင်သည် ပဓာနကျသော စည်းမျဉ်းကို အခြေအနေများ အားလုံးတွင် ဖမ်းဆုပ်ထားနိုင်သည်၊ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ လုပ်ဆောင်နိုင်သည်၊ အရေးကြီးသော အချိန်များတွင် သစ္စာစောင့်သိပြီး ဘုရားသခင်၏စိတ်နှလုံး ကျေနပ်အောင် လုပ်ပေးနိုင်သည်၊ သင်၏ အခြေခံစည်းမျဉ်းကိုလည်း ထိန်းသိမ်းနိုင်သည် ဖြစ်ရာ ဤအရာက မည်သည်ကို သက်သေပြသနည်း။ သင့်ထံတွင် ဘုရားသခင်ကို ကျိုးနွံနာခံခြင်း သဘောထားတစ်ခု ရှိနေကြောင်းကို သက်သေပြ၏။ သင်သည် ဘုရားသခင်ကို တစ်စိတ်တစ်ဒေသမျှ ကျေနပ်စေခဲ့ပြီဟု အထိုက်အလျောက် ဆိုနိုင်လေသည်။ ဤသည်မှာ ထိုအရာကို ဘုရားသခင်က ရှုမြင်ပုံ ဖြစ်သည်။ ဘုရားသခင်သည် ဖြောင့်မတ်သည် မဟုတ်လော။ (ဖြောင့်မတ်ပါသည်။) ထို့ကြောင့် ဤပုံစံဖြင့် လက်တွေ့ လုပ်ဆောင်သော လူများကသာ ပါးနပ်သောသူများ ဖြစ်ကြသည်။ “ဤအကြိမ်တွင် ငါသည် ငါ၏တာဝန်ကို ဘုရားသခင် ကျေနပ်စေရန် လုံလုံလောက်လောက် မထမ်းဆောင်ခဲ့ပေ။ ချို့ယွင်းချက်အချို့ ရှိခဲ့သေးသည်။ ကိုယ်တော်က ထိုအရာကို လက်မခံဘဲ နေမည်လော” ဟူ၍ မစဉ်းစားနှင့်။ ဘုရားသခင်သည် ထိုအရာနှင့်ပတ်သက်၍ အသေးစိတ် အာရုံစိုက်လိမ့်မည် မဟုတ်။ ဤအလုပ်ကို လုပ်နေချိန်တွင် သင့်ထံ၌ အခြေခံ စည်းမျဉ်းတစ်ခု ရှိမရှိကိုသာ ဘုရားသခင်က စောင့်ကြည့်လိမ့်မည်။ သင်သည် အခြေခံစည်းမျဉ်းကို မကျော်လွန်ဘဲ အလုပ်ကို ပြီးစီးနေသရွေ့ ဘုရားသခင်က အသိအမှတ်ပြုပေလိမ့်မည်။ အကယ်၍ သင်သည် မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ၊ မည်သည့် အရာများကို လုပ်ဆောင်သည်ဖြစ်စေ၊ သမ္မာတရား စည်းမျဉ်းများကို အမြဲ ရှာဖွေနိုင်ပြီး ထူးထူးခြားခြား ခက်ခဲသော အခြေအနေများ၌ပင် အခြေခံစည်းမျဉ်းကို မကျော်လွန်ဘဲ နေလျှင် သင်သည် အမှုကိစ္စများကို လုပ်ကိုင်ပုံနှင့် တာဝန် ထမ်းဆောင်ပုံတွင် စည်းမျဉ်းနှင့်ညီလေသည်။ သင်၏ တာဝန် ထမ်းဆောင်မှုသည် အခြေခံအားဖြင့် စံနှုန်းမီသည်ဟု ဆိုနိုင်သည်။

လူတစ်ဦးချင်းစီအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များမှာ အားလုံးအတွက် တစ်ပုံစံတည်း မဟုတ်ချေ။ အခြေအနေတစ်ခုတွင် ယင်း သတ်မှတ်ချက်များသည် လူတစ်ဦးတစ်ယောက်၏ အစွမ်းအစပေါ် မူတည်၏။ အခြားသော အခြေအနေ တစ်ခုတွင်မူ ၎င်းတို့၏ လူ့သဘာဝနှင့် အားထုတ် လိုက်စားမှုများအပေါ် မူတည်လေသည်။ အချို့သော လူများသည် ရိုးသားစွာ ပြောဆိုခြင်းကို အခက်အခဲ မရှိကြချေ။ အခြားသူများအတွက်မူ ယင်းသည် အားထုတ်ရမှု များစွာ လိုအပ်လေသည်၊ သို့သော် ပြုပြင်ခြင်း ခံရခြင်းအား နှစ်အနည်းငယ် တွေ့ကြုံပြီးသည့်နောက်တွင် ၎င်းတို့၏ စိတ်နှလုံးအတွင်းမှ ရိုးသားမှုတစ်ခုခုကို နောက်ဆုံး၌ ပြောဆိုနိုင်ကြ၏။ ဘုရားသခင်က ဤအရာကို ပြောင်းလဲခြင်းအဖြစ် ရှုမြင်သလော။ ယင်းသည် ဘုရားသခင်အမှုတော်၏ အကျိုးရလဒ်လော။ ဤသည်မှာ ဘုရားသခင်အမှုတော်၏ လိုချင်သည့် အဆုံးသတ်ပင် ဖြစ်သည်။ ဤအမှုတော်ကို နှစ်ပေါင်းများစွာ ပြုပြီးသည့်နောက်တွင် ဤလိုချင်သည့် အကျိုးရလဒ်အား နောက်ဆုံး၌ မြင်သည့်အခါ ဘုရားသခင်သည် မြတ်နိုးတန်ဖိုးထား၏။ ထို့ကြောင့် သင်သည် အတိတ်တွင် မည်သို့ တွေ့ကြုံခဲ့သည်ဖြစ်စေ၊ သင် လုပ်ခဲ့သော အမှားများ သို့မဟုတ် ပျက်ကွက်ခဲ့သော အကြိမ်ပေါင်း များစွာ ရှိခဲ့သည်ဖြစ်စေ စိုးရိမ်ပူပန်မှုများ မရှိလေနှင့်။ ဘုရားသခင်သည် ဖြောင့်မတ်ကြောင်းကို သင် ယုံကြည်ရမည်။ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းမှာ မှန်ကန်သည်ဟု ယုံကြည်လော့။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် ကြိုတင်စီစဉ်မှုများကို နာခံခြင်းမှာ မှန်ကန်သည်ဟု ယုံကြည်လော့။ ဤသည်မှာ အမြင့်ဆုံးသော သမ္မာတရား ဖြစ်သည်။ သင်၏ လက်တွေ့လုပ်ဆောင်မှုနှင့် လုပ်ရပ်များ၌ ဤလမ်းကို လိုက်လျှောက်လျှင် သင်သည် မှားယွင်းလိမ့်မည် မဟုတ်။ ယင်းကို သံသယမရှိနှင့်၊ သို့မဟုတ် လေ့လာစစ်ဆေးခြင်း မပြုနှင့်။ အချို့သော လူများက “ကျွန်ုပ်သည် ဟိုယခင်က လုပ်ခဲ့သည့် စွန့်လွှတ်မှုများမှ များများစားစား မရရှိခဲ့ပေ။ ယခု ကျွန်ုပ်က စွန့်လွှတ်မှုများ ထပ်လုပ်လျှင် နောက်တစ်ကြိမ် ဆုံးရှုံးရလိမ့်မည်လော” ဟု ဆိုကြသည်။ သင်သည် ထိုစွန့်လွှတ်မှုများကို ပြုလုပ်သည့်အချိန်တွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခဲ့သလော။ အမှုကိစ္စများကို သမ္မာတရားစည်းမျဉ်းများနှင့်အညီ လုပ်ဆောင်ခဲ့သလော။ သင်သည် မှန်ကန်သော လမ်းကို လျှောက်ခဲ့သလော။ သင်သည် မှန်ကန်သောလမ်းကို လျှောက်ခဲ့လျှင် သမ္မာတရားအား မရရှိခြင်း သို့မဟုတ် သက်သေခံချက် ကင်းမဲ့ခြင်းများ ရှိနိုင်လိမ့်မည်မဟုတ်။ သို့သော် သင်၏ ယခင် စွန့်လွှတ်မှုများမှာ ဂုဏ်၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်များအတွက်ချည်းသာ ဖြစ်ခဲ့လျှင် သင်သည် မည်သည်ကိုများ ရရှိနိုင်ခဲ့မည်နည်း။ သင် ရရှိလိုက်သည်မှာ ပြုပြင်ခံရခြင်း ခံရခြင်းသာ ဖြစ်မည်၊ ပြီးလျှင် သင်သည် နောင်တမရခဲ့လျှင်မူ အပြစ်ဒဏ်ပေးခြင်းနှင့် ဖျက်ဆီးခြင်းကိုသာ ရခဲ့ပေလိမ့်မည်။ သင်သည် စွန့်လွှတ်မှုများကို ဂုဏ်၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်များအတွက် ပြုလုပ်ခဲ့၏၊ သို့သော် သမ္မာတရားကို ရရှိရန် မျှော်လင့်ခဲ့ပြန်သည်။ ဤသည်မှာ ဖြစ်လိုခြင်းပင် မဟုတ်လော။ လူတစ်ယောက်သည် ဘုရားသခင်ကို တစ်ပတ်ရိုက်ရန် အမြဲတမ်း ကြံစည်ကြိုးစားနေခြင်းမှ မည်သည့်အရာကိုများ ရရှိနိုင်ခဲ့မည်နည်း။ အပိုင်ကြံခြင်းနှင့် ကြံစည်ခြင်းများ ပြုလုပ်ကြသည့်တိုင် နောက်ဆုံးတွင် ၎င်းတို့သည် မိမိကိုယ်မိမိ ပြန်၍ တစ်ပတ်ရိုက်မိလေသည်။ ၎င်းတို့သည် မည်သည်ကိုမျှ မရရှိကြပေ၊ ဤသည်မှာ မဖြစ်ထိုက်သလော။ အနည်းဆုံးအနေဖြင့် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် အခြေခံစည်းမျဉ်းမှာ အဘယ်နည်း။ မကောင်းမှု မလုပ်ခြင်း၊ ဘုရားသခင်၏ စိတ်သဘောထားကို မပုန်ကန် မပြစ်မှားခြင်း၊ ဘုရားသခင်ကို ဒေါသမဖြစ်စေခြင်း၊ ဘုရားသခင်နှင့် မပြိုင်ဆိုင်ခြင်းတို့ ဖြစ်သည်။ အရေးကြီးသော အချိန်များတွင် မိမိ၏ အကြံအစည်များ၊ ရည်မှန်းချက်များနှင့် အလိုဆန္ဒများကို စွန့်လွှတ်ခြင်းလည်း ဖြစ်သည်။ အမှန်တကယ်တွင် လူများသည် ထိုထိုဤဤ ကြံစည်ကြသည့်အခါ နောက်ဆုံး၌ မိမိကိုယ်ကို လှည့်ဖြားမိသည့်ကိန်း ဆိုက်ကြလေသည်။ ဤအရာကို လူတိုင်း နားလည်ကြလျှင် လူများသည် အဘယ်ကြောင့် ဆက်၍ ကျိတ်ကြံစည်ကြသနည်း။ ၎င်းတို့၏ သဘာဝကြောင့် ဖြစ်သည်။ လူသားများတွင် ဦးနှောက်၊ အတွေးနှင့် စိတ်ကူးများ ရှိကြ၏၊ ၎င်းတို့တွင် အသိပညာနှင့် သင်ယူခြင်းလည်း ရှိကြသည်။ လူများသည် မိမိကိုယ်ကို မထိန်းချုပ်နိုင်ကြခြင်းမှာ ဤအရာများ ရှိနေသောကြောင့် ဖြစ်သည်၊ ဤသည်မှာ ရှောင်လွှဲမရသော နိယာမတစ်ခု ဖြစ်၏။ သင်သည် ကျိတ်ကြံစည်ရသည်ကို နှစ်သက်လျှင် အခြားလူများအပေါ် ကျိတ်ကြံစည်ခြင်းမှာ ပြဿနာကြီးတစ်ခု ဖြစ်ချင်မှ ဖြစ်မည်။ သို့သော် သင်သည် ဘုရားသခင်ကို သင့်စက်ပုန်းခုတ်ခြင်းများ၏ ပစ်မှတ်အဖြစ် ထားရှိလျက် ဘုရားသခင်ကို ဆက်၍ ကျိတ်ကြံစည်လျှင်၊ သင်သည် သင်၏ အဆုံးသတ်ကိုသာ ဖန်တီးမိလိမ့်မည် ဖြစ်ပြီး သင့်အား ဘုရားသခင် ပေးခဲ့သော အခွင့်အရေးကိုလည်း အလွဲသုံးစား လုပ်မိလိမ့်မည်။ ဤသည်မှာ မလုပ်အပ်ပေ။ သင်သည် သင်၏ ကျိတ်ကြံစည်ကို ဤအဆင့်ထိ ရောက်အောင် လုံးဝ ခွင့်ပြု၍ မဖြစ်ပေ။ သင့်အနေဖြင့် မည်သို့ ကျိတ်ကြံစည်သည်ဖြစ်စေ၊ နောက်ဆုံး၌ သင်သည် စိတ်သဘောထား ပြောင်းလဲခြင်းကို ကြုံရမည် ဖြစ်ပြီး အကျိုးရလဒ်များလည်း ထွက်ပေါ်ရမည်။ ထို့ပြင် ဤအကျိုးရလဒ်များမှာ ကောင်းမွန်ရမည်ဖြစ်ပြီး အပြုသဘော ဆောင်ရပေမည်။ အကယ်၍ လူတစ်ယောက်သည် ထိုထိုဤဤ ကျိတ်ကြံစည်ပြီး နောက်ဆုံးတွင် သမ္မာတရားကို မရရှိဘဲ အပြစ်ဒဏ် ပေးခံရခြင်းဖြင့်သာ အဆုံးသတ်လျှင် ဤသည်မှာ ကျိတ်ကြံစည်ရန် နှစ်သက်သော၊ အမြဲတမ်း ကျိတ်ကြံစည်သော လူတစ်ယောက်အတွက် အကျိုးဆက်ပင် ဖြစ်သည်။ ဤသို့သော လူတစ်ယောက်သည် မပါးနပ်ချေ။ ၎င်းတို့သည် လူတုံးလူအ ထိပ်ခေါင်များ ဖြစ်ကြ၏။

လူများအားလုံးသည် ဘုရားသခင်ကို ပထမဆုံး စတင် ယုံကြည်သည့်အချိန်၌ မစင်ကြယ်မှုများ ရှိကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းနှင့် သမ္မာတရားကို မိတ်သဟာယ ပြုခြင်းတို့အား နှစ်ပေါင်းများစွာ ပြုလုပ်ပြီးသည့် နောက်တွင် သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအချို့ကို ဖယ်ရှားနိုင်ခဲ့ပေမည်။ သင်တို့၏ ကိုယ်ကျိုးအတွက် ကျိတ်ကြံစည်ပြီး အကွက်ချကြသည့် အချိန်များ ရှိနေသေးသလော။ (ရှိပါသေးသည်။) သင်တို့သည် ဤအခြေအနေများကို မကြာမကြာ တွေ့ကြုံကြရသည်။ သို့ဖြစ်ရာ ၎င်းတို့အား မည်သို့ သဘောထားသင့်သနည်း။ လက်တွေ့လုပ်ဆောင်သည့် စည်းမျဉ်းများ ရှိသလော။ ဤအရာသည် ရှာဖွေခြင်း များစွာ လိုအပ်၏။ သင်သည် မရိုးမသား ဖြစ်နေသည်ဟု ခံစားမိပြီး သင့်ကိုယ်သင် ကောက်ကျစ်ဆိုးယုတ်၍ လှည့်စားသော အခြေအနေတစ်ခုတွင် နစ်နေသည်ဟု တွေ့ရှိသည့်အခါတိုင်း၊ သင်၏စိတ်နှလုံးတွင် ဤ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပြည့်နှက်နေသည့်အခါတိုင်း သင်သည် ဘုရားသခင်ကို ဆုတောင်း၍ သင်၏ ဇာတိပကတိကို ပုန်ကန်ရမည်။ ကျိုးကြောင်းဆင်ခြင်ခြင်းကို အားမကိုးနှင့်၊ သို့မဟုတ် ဤအကြောင်းအရာအား သင်၏ အယူအဆများနှင့်အညီ မဝေဖန်နှင့်၊ ပြီးလျှင် မစိစစ်နှင့်။ သင့်ကို သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက ထိန်းချုပ်ကာ သင်၏ ကိုယ်ပိုင် အလိုဆန္ဒများက ကြီးကြပ်ကွပ်ကဲသည်ဆိုလျှင် ဒုက္ခရောက်ပေလိမ့်မည်။ သင်သည် အပြစ်တရားဟူသော လက်မည်းကြီး ရောက်ရှိလာတော့မည့် အချိန်ကို သင်၏စိတ်နှလုံးတွင် သိသည်။ ထိုသို့ ဖြစ်ပေါ်သည့်အခါ သင်သည် မလုပ်ဆောင်မိအောင် ရှောင်ကြဉ်လျက် မိမိကိုယ်ကို ထိန်းချုပ်ရမည်။ သင်သည် မိမိ၏စိတ်ကို ငြိမ်သက်အောင် လုပ်ရလိမ့်မည်၊ ဘုရားသခင်ရှေ့မှောက် ရောက်ရှိကာ ဆုတောင်းရလိမ့်မည်။ အမှန်အားဖြင့် သင်သည် မိမိကိုယ်ကို စစ်ကြောရန် လိုအပ်လိမ့်မည် မဟုတ်ပေ။ ဘုရားသခင်ကို သင်၏ယုံကြည်ခြင်းတွင် ဤအဆင့်သို့ ရောက်ရှိလာခဲ့ပြီးသည့်နောက်တွင် တရားဒေသနာ အများအပြားကိုလည်း ကြားနာပြီးခဲ့ပြီဖြစ်ရာ သင်သည် မိမိစိတ်ထဲတွင် ရှိနေသည့်အရာတို့ကို အတန်အသင့် ရှင်းလင်း နားလည်သင့်သည်၊ အမှန်နှင့် အမှားကိုလည်း ခွဲခြား သိသင့်သည်။ အဓိကမှာ သင်သည် သင်၏ ဇာတိပကတိကို ပုန်ကန်ရမည် ဖြစ်ပြီး ဇာတိပကတိ၏ ဦးဆောင်ခြင်းကို ခံရရန် မဟုတ်။ သို့ဖြစ်ရာ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ (နာခံသင့်ပါသည်။) သင်က ချက်ချင်း မနာခံနိုင်လျှင် မည်သို့ ရှိမည်နည်း။ သင်က ငြင်းခုံချင်သေးသည်၊ စိစစ်ကာ စစ်ဆေးချင်သေးသည် ဆိုလျှင် မည်သို့ရှိမည်နည်း။ ထိုအခါတွင် သင်သည် မိမိ၏ ရည်မှန်းချက်များကို လျော့ပါးအောင် ပြုလုပ်၍ စိတ်အေးအေး ထားရမည်၊ တစ်ချိန်တည်းမှာပင် ဘုရားသခင်ရှေ့မှောက် ရောက်ရှိကာ ဆုတောင်းရမည်၊ သို့မဟုတ် သင်၏ ညီအစ်ကိုမောင်နှမများနှင့် မိတ်သဟာယပြုရမည်။ သင်သည် ပွင့်ပွင့်လင်းလင်းဖြင့် ဖွင့်ပြောရန်လည်း လိုအပ်လိမ့်မည်ဖြစ်ပြီး သမ္မာတရားကို အသုံးပြု၍ အခြေအနေအား အသေအချာ ဆန်းစစ်ရလိမ့်မည်။ တစ်ရက်၊ နှစ်ရက် ကြာပြီးသည့်နောက်တွင် သင်၏အခြေအနေမှာ များစွာ ပိုမို ကောင်းမွန်လာလိမ့်မည်။ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် ဖြစ်၏။ မိမိ၏ ကိုယ်ပိုင် အကြံအစည်များကို လက်လွှတ်ခြင်းသည် သွင်ပြင်လက္ခဏာ တစ်ခုအရ မိမိ၏ မှားယွင်းသော အတွေးများနှင့် စိတ်ကူးများကို ပုန်ကန်နိုင်ခြင်း၊ လက်လျှော့နိုင်ခြင်းနှင့် ပြုပြင်နိုင်ခြင်းဟူသော အဓိပ္ပာယ်ဖြစ်သည်။ အခြား သွင်ပြင်လက္ခဏာတစ်ခုမှာမူ လူတစ်ယောက်၏ ရည်မှန်းချက်များနှင့် အလိုဆန္ဒများသည် အလွန်အမင်း ပြင်းထန်လှ၍ ထိုသူသည် ယင်းတို့အတိုင်း လုပ်ဆောင်ချင်၏၊ ပြီးလျှင် ဤအတိုင်း လုပ်ဆောင်ခြင်းသည် သမ္မာတရားနှင့် ကိုက်ညီမည် မဟုတ်ကြောင်း၊ မှန်ကန်သောလမ်း ဖြစ်မည် မဟုတ်ကြောင်းကို သိသော်လည်း ထိုသူသည် လမ်းကြောင်းကို ပြောင်းလဲနိုင်စွမ်း မရှိလျှင် ဤအဖြစ်သည် ဆုတောင်းချက် လိုအပ်လေသည်။ ၎င်းတို့သည် မိမိ၏ ရည်မှန်းချက်များ လျော့ပါးအောင် ထက်သန်စွာ ဆုတောင်းရမည်။ ဥပမာအားဖြင့် သင် ပြုလုပ်ချင်သော အရာတစ်ခု ရှိကောင်းရှိနိုင်ပြီး ထိုအလိုဆန္ဒ အပြင်းထန်ဆုံး ဖြစ်လာသည့်အခါ သင်သည် ယင်းကို မလုပ်ရလျှင် အသက်မရှင်နိုင်သကဲ့သို့ လုံးဝ လုပ်ရမည်ဟု ခံစားမိသည်။ သို့သော် နှစ်ရက်၊ သုံးရက်မျှ စောင့်ဆိုင်းပြီးသည့်နောက်တွင် သင်သည် ဤယခင် သဘောထားကို အရှက်မဲ့မှု၊ မလျော်ကန်မှု၊ အသိတရားမဲ့မှုအဖြစ် မြင်လာလိမ့်မည်။ ဤသည်မှာ သင်သည် အနေအထား ပြောင်းလဲခြင်းတစ်ခု ပြုလုပ်ခဲ့ပြီဟူသော အဓိပ္ပာယ်ဖြစ်သည်။ ယင်းသည် မည်သို့ ဖြစ်ပေါ်ခဲ့သနည်း။ ဆုတောင်းချက်မှတစ်ဆင့်၊ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုနှင့် ပြစ်တင်ဝေဖန်မှုမှတစ်ဆင့် ဖြစ်ပေါ်ခဲ့လေသည်။ သင့်အနေဖြင့် ပြဿနာကို မတူသော ရှုထောင့်တစ်ခုမှ မြင်တတ်စေမည့် ထိုးထွင်းအမြင်အချို့နှင့် စိတ်ခံစားမှုကို သန့်ရှင်းသောဝိညာဉ်တော်က ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ သင်က မှန်ကန်သည်ဟု မြင်ခဲ့မိသော၊ မလုပ်ဆောင်ရသဖြင့် ဘဝင်မကျ ဖြစ်ခဲ့မိသော အရာမှာ မှားယွင်းနေပြီး ယင်းသို့ လုပ်ဆောင်ခြင်းသည် သင်၏ အသိတရား၏ ပြစ်တင်ဆုံးမခြင်းတစ်ခု ဖြစ်လာလိမ့်မည်ဟု သင်သည် ရုတ်တရက် သဘောပေါက်လေသည်။ ဤသည်မှာ အခြေအနေ ပြောင်းလဲခြင်းတစ်ခုကို လက္ခဏာပြခြင်း ဖြစ်ပြီး စိတ်အပြောင်းအလဲ တစ်ခုကို ရရှိစေသည်။ လူတစ်ယောက်သည် ၎င်း၏ မှားယွင်းသော အခြေအနေကို ပြုပြင်လျှင် ယင်းမှာ ထိုလူပုဂ္ဂိုလ်အတွက် မျှော်လင့်ချက် ရှိသေးကြောင်း သက်သေပြ၏။ ၎င်းသည် သမ္မာတရားကို လိုက်စား၍ ဘုရားသခင်၏ ကာကွယ်ခြင်းကို ရရှိသော လူတစ်ယောက် ဖြစ်သည်ဟု ဆိုလိုသည်။ သို့သော် ထိုသူသည် ၎င်း၏ မှားယွင်းသော အခြေအနေကို လုံးဝ မပြုပြင်လျှင်၊ ၎င်း လုပ်ဆောင်နေသော အရာမှာ မှားယွင်းကြောင်း သိသည့်တိုင် မလျှော့တမ်း လုပ်လျှင်၊ လူတစ်ဦးတစ်ယောက်၏ အကြံဉာဏ်ကိုလည်း နားမထောင်ဘဲ နေလျှင် ၎င်းသည် သမ္မာတရားကို လိုက်စားသူတစ်ယောက် မဟုတ်ချေ။ ပြီးလျှင် ၎င်းသည် ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းကို ရရှိလိမ့်မည် မဟုတ်သကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကိုလည်း ရလိမ့်မည် မဟုတ်ပေ။ သမ္မာတရားကို လိုက်စားသူ တစ်ယောက်သည် မည်သည့် အရာနှင့် ရင်ဆိုင်ရသည်ဖြစ်စေ၊ ယင်းအရာကို နားမလည်နိုင်လျှင် ထိုသူသည် တစ်ရက်နှစ်ရက်မျှ ဆုတောင်းခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်း၊ တရားဒေသနာများ ကြားနာခြင်း သို့မဟုတ် မိတ်သဟာယတွင် ပါဝင်ခြင်းတို့ကိုသာ ပြုလုပ်ရလေသည်။ မည်သည့် နည်းလမ်းကို သုံးသည်ဖြစ်စေ၊ ထိုသူသည် အခြေအနေကို တဖြည်းဖြည်း နားလည်လာမည် ဖြစ်ပြီး လက်တွေ့လုပ်ဆောင်ခြင်းဟူသော မှန်ကန်သည့်လမ်းကို ရှာဖွေနိုင်လာလိမ့်မည်။ ဤလူပုဂ္ဂိုလ်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို ရရှိထားပြီး ကိုယ်တော်၏ ဦးဆောင်ခြင်းကို ခံရကြောင်း ဤအရာက ပြလေသည်။ အကျိုးရလဒ်များမှာ ထင်ရှားသည့်အပြင် အမှုကိစ္စများအား လုပ်ဆောင်ရာတွင် ဤလူပုဂ္ဂိုလ် အသုံးပြုသည့် စည်းမျဉ်းများသည်လည်း ပြောင်းလဲခြင်း တစ်ခုကို ကြုံရလိမ့်မည်။ သင်သည် လုံးဝ မပြောင်းလဲလျှင် သင်၏ အားထုတ်လိုက်စားမှုနှင့် သင်၏ သဘောထားမှာ ပြဿနာတစ်ခု ရှိနေလေပြီ။ သင်သည် အမှုအရာများအား ကြည့်ရှုပုံကို ပြောင်းလဲလိုက်လျှင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမှာ အတော်ပင် လွယ်ကူကြောင်း တွေ့လာလိမ့်မည်။ ဥပမာအားဖြင့် အရသာရှိသော စားစရာအချို့ကို မြင်သော်လည်း သင် ကြိုက်သောအရာမျိုး မဟုတ်၊ သို့မဟုတ် ယင်းကို လတ်တလော မစားချင်သည့်အခါတွင် ယင်းကို စားမိခြင်းမှ ရှောင်ကြဉ်ရန် လွယ်ကူသည် မဟုတ်လော။ (လွယ်ကူပါသည်။) ထို့အပြင် သင်သည် ယင်းကို တကယ် စားလိုသော်လည်း စားခွင့်မရှိလျှင် ဤအဖြစ်မှာ လက်ခံရန် လွယ်ကူမည်လော။ (မလွယ်ကူပါ။) သင်သည် ဤအရာကို ပုန်ကန်ရမည်၊ သင်၏ စားချင်စိတ်၊ သင်၏ လိုအင်ဆန္ဒကို ပုန်ကန်လော့။ အကယ်၍ သင်က “ငါသည် ထိုစားစရာ စားရသည်ကို နှစ်သက်သည်။ စားရန်လည်း ဆုံးဖြတ်ထားသည်။ ငါ့ကို မစားသင့်ဟု ဘယ်သူက ပြောမည်နည်း” ဟု ပြောဆိုကာ မလျှော့တမ်း ငြင်းခုံနေလျှင်၊ ခေါင်းမာမာဖြင့် လုပ်ဆောင်လျှင် သင်သည် လက်လွှတ်နိုင်လိမ့်မည်မဟုတ်ပေ၊ ပုန်ကန်နိုင်မည်လည်း မဟုတ်ပေ။ သို့ဖြစ်ရာ သင်သည် မည်သို့ ပုန်ကန်ရမည်နည်း။ သင်သည် ပထမဦးစွာ စိတ်အေးအေးထား၍ ဘုရားသခင်ရှေ့မှောက်တွင် ငြိမ်သက်စွာ ဆင်ခြင်ရမည်။ ထို့နောက် ဤ အကြောင်းအရာနှင့်ပတ်သက်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်အချို့ကို သွားရောက် ဖတ်ရှုကာ ယင်းတို့အား သေချာစွာ သုံးသပ်ဆင်ခြင်လော့။ “ငါသည် ဘယ်လိုကြောင့် လောဘကြီးလွန်းရသနည်း။ စားမည်ဟု အခိုင်အမာ ဆုံးဖြတ်ထားခြင်းမှာ ငါ့အနေဖြင့် အရှက်မဲ့ခြင်း မဟုတ်လော။ စားဖြစ်အောင် စားလိုက်ခြင်းအားဖြင့် ငါသည် မည်သည့်အရာကိုများ ရရှိဦးမည်နည်း။ ငါသည် စိတ်ဆန္ဒ ပြင်းနေခဲ့သည် မဟုတ်လော”ဟူ၍ဖြစ်သည်။ စားလိုက်မည်ဟု ဆုံးဖြတ်ထားခြင်းဟူသည်မှာ မည်သည့် စိတ်သဘောထား ဖြစ်သနည်း။ ယင်းမှာ စိတ်ဆန္ဒပြင်းခြင်း၊ ခေါင်းမာခြင်းအပြင် အာဏာပြင်းပြခြင်း၊ အကျိုးသင့်အကြောင်းသင့် မဖြစ်ခြင်းတို့နှင့် သက်ဆိုင်လေသည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ဖြစ်၏။ ဤသည်မှာ သင့်ကို အာဏာပြင်းပြစေသော၊ ဖီဆန်စေသော၊ နာခံနိုင်စွမ်း မရှိစေသော စိတ်သဘောထားပင် ဖြစ်သည်။ သင်သည် ဤအရာကို တွေးဆကြည့်လျှင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှာ အတော်ပင် ပြင်းထန်ကြောင်းနှင့် ထိုစိတ်သဘောထားသည် သင့်အား ဘုရားသခင်အပေါ် ခုခံပြီး ပုန်ကန်စေရန် လုပ်နိုင်စွမ်း ရှိလွန်းကြောင်းကို သင် သဘောပေါက်လာလိမ့်မည်။ သင်သည် မကောင်းမှုပြုလျှင် အကျိုးဆက်များမှာ မစဉ်းစားနိုင်လောက်အောင် ရှိလာလိမ့်မည်။ အကယ်၍ သင်သည် ဤပုံစံဖြင့် မိမိကိုယ်ကို ဆင်ခြင်နိုင်လျှင် သင်၏ စိတ်နှလုံးသည် သဘာဝအလျောက် တောက်ပပြီး ပြဿနာ၏ အနှစ်သာရကိုလည်း အလွယ်တကူ နားလည် သဘောပေါက်လာလိမ့်မည်။ ဤအဆင့်တွင် သင်သည် ဘုရားသခင်ကို ထပ်မံ ဆုတောင်းသည့်အခါ သင်၏ စိတ်ဓာတ်သည်လည်း ပုံမှန် ဖြစ်လာလိမ့်မည်၊ အကျိုးသက်ရောက်မှုမှာလည်း ခြားနားလိမ့်မည်။ ဤ အခြေအနေမှာ ကနဦး ပုန်ကန်သောအခြေအနေနှင့် အတော်ပင် ကွာခြားသည် မဟုတ်လော။ သင်သည် ဤ အချိန်၌ မည်သည်ကို စဉ်းစားလာမည်နည်း။ သင်သည် မည်သို့ ခေါင်းမာ၍ စိတ်ဆန္ဒပြင်းနေခဲ့ပုံကို လက်ခံနိုင်လာလိမ့်မည်။ သင့်အနေဖြင့် အရှက်ကင်းမဲ့ကာ ကောင်းမြတ်ခြင်း မရှိခဲ့သည်ကို ခံစားမိလာလိမ့်မည်။ ဤသို့ မိမိကိုယ်ကို နားလည်ခြင်းသည် ပို၍ မှန်ကန် တိကျလာလိမ့်မည်၊ ပြီးလျှင် သင်သည် လက်တွေ့ လုပ်ဆောင်မှုတွင် ပို၍ နှိုင်းနှိုင်းချိန်ချိန်ဖြင့် ပါဝင်လာလိမ့်မည်။ အချို့သောလူများက “ကျွန်ုပ်သည် ယခင်က ဘယ်လိုကြောင့် မိုက်မဲလွန်းစွာ လုပ်ဆောင်ခဲ့မိသနည်း။ ထိုသို့သော ရူးနှမ်းသည့် အရာများကို ဘယ်လိုကြောင့် ပြောဆိုမိခဲ့သနည်း။ ကျွန်ုပ်သည် အဘယ်ကြောင့် ပုန်ကန်လွန်းခဲ့သနည်း။ ငါသည် အဘယ်ကြောင့် ပိုမို၍ မသိခဲ့သနည်း” ဟု မကြာခဏ ပြောဆိုသည်ကို ငါသည် ကြားခဲ့ရ၏။ ဤအရာများကို ပြောဆိုသော လူတစ်ယောက်အနေဖြင့် ၎င်းသည် အမှန်ပင် ပြောင်းလဲကာ ရင့်ကျက်ခဲ့ပြီ ဖြစ်ကြောင်း သက်သေပင် ဖြစ်သည်။ ထို့ကြောင့် သမ္မာတရားကို အချိန်တစ်ခုစာ လက်တွေ့ မလုပ်ဆောင်နိုင်ရုံမျှဖြင့် သင်သည် တစ်သက်တာလုံး ယင်းသို့ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ဟု မဆိုလိုပေ။ ငါသည် ဤအချက်အားဖြင့် မည်သည်ကို ဆိုလိုသနည်း။ လူတစ်ယောက်သည် လှည့်ဖြားတတ်သည်၊ ဇွတ်တရွတ်နိုင်သည်၊ ခေါင်းမာသည် သို့မဟုတ် မာနထောင်လွှားသည်၊ ခဏတာပင် ပြောင်းလဲခြင်းမရှိ ဆိုစေကာမူ ထိုသူသည် လုံးဝ မပြောင်းလဲနိုင်ဟု အဓိပ္ပာယ်မသက်ရောက်ချေ။ စိတ်သဘောထား ပြောင်းလဲခြင်းသည် တစ်ခါတစ်ရံတွင် အချိန် လိုအပ်၏၊ တစ်ခါတစ်ရံတွင်မူ မှန်ကန်သော ပတ်ဝန်းကျင် သို့မဟုတ် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လိုအပ်လေသည်။ သို့ရာတွင် သင်က “ဤသည်မှာ ကျွန်ုပ်၏အရှိအတိုင်းပင် ဖြစ်သည်။ ကျွန်ုပ် လက်လျှော့သည်။ ကျွန်ုပ်သည် ဘာကိုမျှ ဂရုစိုက်တော့မည် မဟုတ်” ဟု ပြောချင်ပြောပေမည်။ ဤသည်မှာ အန္တရာယ် ရှိ၏။ သင့်ကို ဖယ်ရှားရှင်းလင်းနေသည်မှာ ဘုရားသခင် မဟုတ်ဘဲ သင်သည် သင့်ကိုယ်သင် ဖယ်ရှားရှင်းလင်းနေခြင်း ဖြစ်သည်။ သင်သည် သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းကို မရွေးချယ်ဘဲ မိမိကိုယ်ကို အရှုံးပေးခြင်း လမ်းကြောင်းကိုသာ ရွေးချယ်ခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို သစ္စာဖောက်နေခြင်း ဖြစ်၏၊ ယင်းသို့ လုပ်ဆောင်ခြင်းဖြင့် သင်သည် ကယ်တင်ခြင်း ရရှိရန် အခွင့်အရေးကို ထာဝရ ဆုံးရှုံးရလိမ့်မည်။ လူများသည် သမ္မာတရားကို ရရှိချင်လျှင်၊ ၎င်းတို့၏ အသက် စိတ်သဘောထားကို ပြောင်းလဲချင်လျှင် ၎င်းတို့အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မကြာခဏ ဖတ်ရှုရမည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ ရည်ရွယ်ချက်များနှင့် မစင်ကြယ်မှုများ တဖြည်းဖြည်း ပြေလည်စေရန်အတွက် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း၌ မိမိကိုယ်ကို ရှုထောင့် အမျိုးမျိုးဖြင့် အမြဲတမ်း စစ်ကြောကာ ဆင်ခြင်ကြည့်ရမည်။ ဤသည်မှာ လူများက ပူးပေါင်းလုပ်ဆောင်ရမည့် ပုံစံဖြစ်သည်၊ သို့သော် ဘုရားသခင်၏အမှုတော်ကိုလည်း လိုအပ်လေသည်။ ဘုရားသခင်သည် အမျိုးမျိုးသော ပတ်ဝန်းကျင်များကို စီစဉ်ပေး၏၊ ထို့နောက် သူ၏အချိန်အခါနှင့်အညီ သူ၏အမှုတော်ကို သင့်အတွင်း၌ လုပ်ဆောင်လေသည်။ အချက်တစ်ခုအနေဖြင့် ဆိုရသော် ဘုရားသခင်သည် သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်၍ သင့်အား နားလည်ခွင့်နှင့် ပြန်လည်သုံးသပ်ခွင့်ကို ပေးသည်။ နောက်တစ်ချက်အနေဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်သည် သင်၏ အခြေအနေကို ပြုပြင်ပေးပြန်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ဖြစ်စေ၊ စိတ်ဓာတ်ကျသော၊ အပျက်သဘောဆောင်သော စိတ်ခံစားမှုများ ဖြစ်စေ၊ ပြုပြင်ခြင်းနှင့် နောင်တရခြင်းဟူသော ဖြစ်စဉ်တစ်ခုမှာ အမြဲတမ်း ရှိနေသည်။ ဤဖြစ်စဉ်အတွင်း၌ သင်သည် ဘုရားသခင်ကို ဆုတောင်း၍ သမ္မာတရားကို ရှာဖွေလျှင် သင်၏ အပျက်သဘောဆောင်သော အခြေအနေမှာ ပြုပြင်ခံရလိမ့်မည်ဖြစ်ပြီး သင်၏တာဝန်ကိုလည်း ပုံမှန်အတိုင်း ထမ်းဆောင်နိုင်လာလိမ့်မည်။ အကယ်၍ သင်သည် နောင်တရရန် အခွင့်အရေးအချို့ကို ရခဲ့ပြီးသည့်နောက်မှာပင် မပြောင်းလဲဘဲ ထိုအစား သင်၏ အကျင့်စရိုက်ဟောင်းများကိုသာ စွဲမြဲနေလျှင် သင်၏ ဇွတ်တရွတ်နိုင်သော၊ ခေါင်းမာသော စိတ်သဘောထားကို ထိန်းသိမ်းထားသည်ဆိုလျှင် သင်သည် သမ္မာတရားကို လိုက်စားသူတစ်ယောက် မဟုတ်ချေ။ သမ္မာတရားကို မလိုက်စားသော လူများသည် အနှောင့်အယှက် ပေးတတ်ကြ၏၊ ပြီးလျှင် ၎င်းတို့သည် ကယ်တင်ခြင်းကိုလည်း မရရှိနိုင်ချေ။ သင်တို့ကိုယ်သင်တို့ အကဲဖြတ်ကြလော့၊ ဤကိစ္စရပ်များနှင့် ရင်ဆိုင်ရသည့်အခါ သင်သည် မည်မျှ ပြောင်းလဲနိုင်သနည်း။ သင်သည် အမှုကိစ္စများကို ပြောင်းလစေ၍ နောင်တရခြင်းလည်း ရှိခဲ့သလော။ အမှုကိစ္စများကို ပြောင်းလဲစေ၍ နောင်တရခြင်းလည်း ရှိခဲ့လျှင် ကယ်တင်ခြင်းကို ရရှိရန်အတွက် မျှော်လင့်ချက် ရှိလေသည်။ သို့သော် သင်သည် မည်သည့်အခါမျှ အပြောင်းအလဲတစ်ခု မလုပ်လျှင် မျှော်လင့်ချက်ဟူသည် ရှိလာလိမ့်မည် မဟုတ်ပေ။

လူအချို့သည် ၎င်းတို့၏ တာဝန်များကို မှန်ကန်စွာ မထမ်းဆောင်ပေ။ ၎င်းတို့သည် အစဉ်သဖြင့် ဝတ်ကျေတမ်းကျေလုပ်ကာ အနှောင့်အယှက်၊ အတားအဆီးများ ဖြစ်ပေါ်စေသည်။ နောက်ဆုံးတွင် ၎င်းတို့သည် အစားထိုးခံရသည်။ သို့သော် အသင်းတော်မှ မထုတ်ပယ်ခံရပေ။ ယင်းမှာ ၎င်းတို့ကို နောင်တရရန် အခွင့်အရေးပေးခြင်းဖြစ်သည်။ လူတိုင်းက ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိကြသည်။ လူတိုင်းတွင် နားဝေတိမ်တောင်ဖြစ်သော သို့မဟုတ် စိတ်ရှုပ်ထွေးသောအချိန်များ၊ ဝိညာဉ်ရင့်ကျက်မှု နည်းပါးသောအချိန်များ ရှိကြသည်။ သင့်အား အခွင့်အရေး ပေးရခြင်း၏ ရည်ရွယ်ချက်မှာ ဤအရာအားလုံးကို သင်ပြောင်းလဲနိုင်ရန်ဖြစ်သည်။ သင် မည်သို့ပြောင်းလဲနိုင်သနည်း။ သင်သည် သင်၏ ယခင်က အမှားများကို ဆင်ခြင်သုံးသပ်ပြီး သိမြင်လာရမည်။ ဆင်ခြေများမပေးနှင့်။ အယူအဆများ မဖြန့်နှင့်။ သင်သည် ဘုရားသခင်ကို နားလည်မှုလွဲပြီး အခြားသူများသည်လည်း သင်နှင့်အတူ ဘုရားသခင်ကို အနက်အဓိပ္ပာယ် ကောက်လွဲရန်အလို့ငှာ ဤအထင်လွဲမှုများကို အခြားလူများထံသို့ သာမန်ကာလျှံကာ လက်ဆင့်ကမ်းပေးလျှင် သင်သည် အယူအဆများရှိပြီး လူတိုင်းက သင်နှင့်အတူ အယူအဆများရှိရန်နှင့် သင်နှင့်အတူ ဘုရားသခင်အား ကျိုးကြောင်းပြပြောဆိုဖို့ ကြိုးစားရန်အလို့ငှာ ယင်းတို့ကို လည့်လှည်ဖြန့်ဝေပါက ဤသည်မှာ လူများကို အုံကြွလာစေရန် ပြုလုပ်ခြင်းမဟုတ်သလော။ ဤသည်မှာ ဘုရားသခင်ကို ဆန့်ကျင်ခြင်းမဟုတ်သလော။ ဘုရားသခင်ကို ဆန့်ကျင်ခြင်းမှ ကောင်းသည့်အရာတစ်စုံတစ်ခု ရှိလာနိုင်သလော။ သင်သည် ကယ်တင်ခြင်းခံရနိုင်သေးသလော။ ဘုရားသခင်သည် သင့်ကို ကယ်တင်လိမ့်မည်ဟု သင်မျှော်လင့်သည်။ သို့တိုင် သင်သည် သူ၏ အမှုကို လက်ခံရန် ငြင်းဆန်ပြီး သင်က ဘုရားသခင်ကို အာခံပြီး ဆန့်ကျင်သည်။ ထို့ကြောင့် ဘုရားသခင်က သင့်ကို ကယ်တင်ဦးမည်လော။ ဤမျှော်လင့်ချက်များကို မေ့ထားလိုက်လော့။ သင်သည် အမှားတစ်ခုကို လုပ်ဆောင်သောအခါ ဤအမှားတစ်ခုကြောင့် ဘုရားသခင်က သင့်ကို တာဝန်မခံခိုင်းသကဲ့သို့ သင့်ကို ဖယ်ရှားရှင်းလင်းခဲ့ခြင်း မရှိပေ။ ဘုရားအိမ်တော်က သင့်ကို အခွင့်အရေးတစ်ခုပေးပြီး သင့်ကို ဆက်လက်၍ တာဝန်ထမ်းဆောင်ရန်၊ နောင်တရရန် အခွင့်ပေးသည်။ ဤသည်မှာ ဘုရားသခင်က သင့်ကိုပေးသော အခွင့်အလမ်းဖြစ်သည်။ သင့်တွင် အသိတရားနှင့် အသိစိတ်ရှိလျှင် ဤအရာကို တန်ဖိုးထားသင့်သည်။ လူအချို့သည် တာဝန်များ ထမ်းဆောင်သောအခါ အစဉ်သဖြင့် ဝတ်ကျေတမ်းကျေပြုသည်။ ၎င်းတို့ လူစားထိုးခံရသည်။ အချို့မှာ ပြောင်းရွှေ့ခံရသည်။ ဤသည်မှာ ၎င်းတို့က ဖယ်ရှားရှင်းလင်းခြင်း ခံရသည်ဆိုသည့် အဓိပ္ပာယ်ဖြစ်သလော။ ယင်းမှာ ဘုရားသခင် ပြောခဲ့သည့်အရာ မဟုတ်ချေ။ သင့်တွင် အခွင့်အရေးရှိသေးသည်။ ဤသို့ဆိုလျှင် မည်သည့်အရာကို သင်လုပ်ဆောင်သင့်သနည်း။ သင်သည် သင့်ကိုယ်သင် ပြန်လည်သုံးသပ်သင့်ပြီး သိမြင်လာသင့်သည်။ စစ်မှန်သည့် နောင်တရသင့်သည်။ ဤသည်မှာ လမ်းကြောင်းဖြစ်သည်။ သို့သော် ယင်းမှာ လူအချို့လုပ်ဆောင်သည့်အရာမဟုတ်ပေ။ ၎င်းတို့က ပြန်လည်တိုက်ခိုက်သည်။ “ကျွန်ုပ်သည် မှား၍ပြောဆိုမိပြီး တစ်စုံတစ်ယောက်ကို စိတ်ဆိုးမိစေသောကြောင့် ဤတာဝန်ကို ထမ်းဆောင်ခွင့်မရပါ” ဟူ၍ စတင်ပြောဆိုသည်။ ၎င်းတို့သည် မိမိတို့၌ရှိသော ပြဿနာကို မရှာဖွေပေ။ ဆင်ခြင်သုံးသပ်ခြင်းမရှိပေ။ သမ္မာတရားကို မရှာဖွေပေ။ ဘုရားသခင်၏ အစီအစဉ်များနှင့် စီစဉ်ညွှန်ကြားမှုများကို ကျိုးနွံနာခံခြင်း မရှိသကဲ့သို့ ၎င်းတို့သည် အယူအဆများ ဖြန့်ဝေခြင်းအားဖြင့် ဘုရားသခင်ကို ဆန့်ကျင်ကြသည်။ ၎င်းတို့သည် စာတန်ဖြစ်မလာသလော။ စာတန်လုပ်ဆောင်သည့်အရာများကို သင်လုပ်ဆောင်သောအခါ သင်သည် ဘုရားသခင်၏ နောက်လိုက်တစ်ယောက် မဟုတ်တော့ပေ။ သင်သည် ဘုရားသခင်၏ ရန်သူတစ်ယောက် ဖြစ်လာပြီဖြစ်သည်။ ဘုရားသခင်သည် သူ၏ ရန်သူကို ကယ်တင်နိုင်သလော။ မကယ်တင်နိုင်ပေ။ ဘုရားသခင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသည့်လူများကို ကယ်တင်သည်။ တကယ့်လူများကို ကယ်တင်သည်။ နတ်ဆိုးများ၊ သူ၏ ရန်သူများကို မကယ်တင်ပေ။ သင်သည် ဘုရားသခင်ကို ဆန့်ကျင်လုပ်ဆောင်ကာ ဘုရားသခင်အား မကျေမနပ်ပြောဆိုပြီး၊ ဘုရားသခင်အား အနက်အဓိပ္ပာယ် ကောက်လွဲသောအခါ၊ ဘုရားသခင်အပေါ် ဝေဖန်အပြစ်တင်သောအခါ၊ ဘုရားသခင်နှင့်ပတ်သက်ပြီး အယူအဆများ ဖြန့်ဝေသောအခါတွင် သင်သည် ဘုရားသခင်အား အလုံးစုံ ဆန့်ကျင်သည်။ သင်သည် ဘုရားသခင်အား ဆန့်ကျင်ကန့်ကွက်နေခြင်း ဖြစ်သည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သော်ငြား သူ့အား ဆန့်ကျင်ကန့်ကွက်ခြင်းလည်း ရှိလျှင် သင်သည် မည်သည့် နေရာ၌ ပါဝင်ဆောင်ရွက်နေခြင်း ဖြစ်သနည်း။ သင်သည် စာတန်၏နေရာတွင် ပါဝင်ဆောင်ရွက်နေခြင်း ဖြစ်သည်။ သင်တို့သည် ဤအရာမျိုးကို ယခင်က လုပ်ဆောင်မိခဲ့ကြသလော။ (လုပ်ခဲ့မိပါသည်။) ယင်းကို လုပ်ဆောင်မိပြီးနောက် မည်သို့ ခံစားခဲ့ရသနည်း။ (ကျွန်ုပ်၏စိတ်နှလုံးမှာ အမှောင်ကျခဲ့သည်။ ကျွန်ုပ်၏ အခြေအနေမှာလည်း ပို၍ ဆိုးလာခဲ့ပါသည်။) ယင်းသည် မှန်ကန်သောနည်းလမ်း မဟုတ်ချေ။ သင်တို့သည် ဤအဖြစ်ကို သိကြသော်လည်း လူအချို့မှာမူ သတိမူမိခြင်း မရှိပေ။ လူအချို့သည် သတိမူခြင်း ကင်းမဲ့ကြသည်မှာ အဘယ်ကြောင့်နည်း။ (၎င်းတို့တွင် စိတ်နှလုံးနှင့် ဝိညာဉ်ဟူ၍ မရှိကြပါ။) စိတ်နှလုံးနှင့် ဝိညာဉ် မရှိသော သူတို့သည် လူ့တိရစ္ဆာန်များကဲ့သို့သာ မဟုတ်လော။ အသိတရား သဘောပေါက်နားလည်ခြင်း မရှိသော လူများသည် ဘုရားသခင်ကို အစစ်အမှန် ယုံကြည်သူများ မဟုတ်ကြသည်မှာ သေချာ၏။ ၎င်းတို့သည် ဘုရားသခင်၏အိမ်တော်ကို စိမ့်ဝင်ကာ၊ ဘုရားသခင်၏ကောင်းချီးများမှ အမြတ်ထုတ်ရန် ကြိုးစားနေကြသည့် ဆိုးယုတ်သောလူများ ဖြစ်သည်။ စိတ်နှလုံးနှင့် ဝိညာဉ် ရှိသော မည်သူမဆိုသည် နားလည်သဘောပေါက်မှု ရှိသည်။ ၎င်းတို့သည် လူစားထိုးခြင်း သို့မဟုတ် ပြောင်းရွှေ့ခြင်းကို ခံကြရလျှင် မိမိကိုယ်ကို ပြန်လည်သုံးသပ်နိုင်ကြမည် ဖြစ်ပြီး မိမိကိုယ်မိမိလည်း သိလာကြလိမ့်မည်။ မည်သည့်နေရာတွင် ၎င်းတို့ မှားခဲ့သည်ကို မြင်ကြသည့်အခါ ၎င်းတို့သည် နောင်တရ၍ ပြောင်းလဲနိုင်ကြသည်။ ဤလူစားမျိုးအနေဖြင့် ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက် ရှိသေးသည်။

မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်းသည် လူတစ်ယောက်၏ အသက်တွင် အကြီးမားဆုံးနှင့် အဖိုးတန်ဆုံးအရာ ဖြစ်သည်။ လူတစ်ယောက်သည် သမ္မာတရားစည်းမျဉ်းများနှင့်အညီ ပြုမူလုပ်ဆောင်ရမည် ဖြစ်ပြီး မိမိအကျိုးအတွက် ဘယ်သောအခါမျှ မကြံစည်ရပေ။ အကြောင်းမှာ လူတစ်ယောက်သည် မိမိအကျိုးအတွက် ပို၍ ကြံစည်လေလေ၊ ၎င်း၏အသက် ကြီးထွားတိုးတက်မှုမှာ နှောင့်နှေးလေလေ ဖြစ်၍ဖြစ်သည်။ “ဘုရားသခင်၏ နေ့ရက်သည် မည်သည့် အချိန်တွင် ရောက်ရှိမည်နည်း။ ကျွန်ုပ်သည် ယခုအထိ လက်တွဲဖော်တစ်ယောက် ရှာမတွေ့သေးပါ။ မည်သည့် အချိန်တွင် ကျွန်ုပ် အိမ်ထောင်ပြုရမည်နည်း။ ကျွန်ုပ်၏ ကိုယ်ပိုင်ဘဝကို မည်သည့် အချိန်တွင် နေထိုင်ရမည်နည်း” ဟု လူအချို့က အမြဲ ကြံစည် စိတ်ကူးနေကြသည်။ လူတစ်ယောက်စီတိုင်းတွင် အသေးအဖွဲ ပူပန်မှုများစွာ ရှိကြသည်။ ၎င်းတို့သည် ဇာတိပကတိဆိုင်ရာ ကိုယ်စိတ်ချမ်းသာခြင်း ရှိကြသည့်အခါ ၎င်းတို့၏ အနာဂတ်ဘဝအတွက်၊ တက်လမ်းအတွက်၊ ကံတရားနှင့် ပန်းတိုင်အတွက် အစီအစဉ်များ စတင် ပြုလုပ်ကြ၏။ အကယ်၍ သင်သည် ဤအရာအားလုံးကို ရိပ်စားမိ၍ စွန့်လွှတ်နိုင်လျှင် သင်သည် ဘောင်ခတ်ခံရခြင်း သို့မဟုတ် ချုပ်ထိန်းခံရခြင်း မရှိဘဲ မိမိ၏တာဝန်ကို ကောင်းသည်ထက် ကောင်းအောင် ထမ်းဆောင်လိမ့်မည်။ ဥပမာအားဖြင့် သင်သည် သင်၏ ညီအစ်ကိုမောင်နှမများအတွက် အစားအသောက် ပြုလုပ်ရန် သို့မဟုတ် စာများ ပေးပို့ရန် စေခိုင်းခံရသည်ဆိုပါစို့၊ သင်သည် ဤရိုးရှင်းသော အလုပ်များကို မိမိ၏တာဝန်အဖြစ် ရှုမြင်ပြီး ယင်းတို့ကို အလေးအနက် သဘောထားနိုင်လျှင်၊ ယင်းတို့ကို သမ္မာတရား စည်းမျဉ်းများနှင့်အညီ ထမ်းဆောင်နိုင်လျှင် သင်သည် မိမိ၏ တာဝန်ကို ကောင်းသည်ထက် ကောင်းအောင် ထမ်းဆောင်နိုင်လိမ့်မည်။ ဤသည်မှာ သင်၏ တာဝန်ကို စံနှုန်းမီ ထမ်းဆောင်ခြင်း ဖြစ်သည်။ မိမိနေရာတွင် ခိုင်မာစွာ ရပ်တည်ခြင်းနှင့် မိမိတာဝန်ကို ထမ်းဆောင်ခြင်းသည် သွင်ပြင်လက္ခဏာတစ်ခု ဖြစ်၏။ နောက်ထပ် သွင်ပြင်လက္ခဏာတစ်ခုမှာ သင်သည် မိမိတာဝန်ကို မည်သို့ ထမ်းဆောင်မည်၊ မည်သည့် စည်းမျဉ်းများအား လိုက်နာမည် ဆိုသည်ကိုလည်း သိရမည်ဖြစ်သည်။ ဤအရာများကို နားလည် သဘောပေါက်သည့်အခါ သင်သည် သင်၏နေ့စဉ် အလုပ်များအပြင် သင့်အား တာဝန် ပေးအပ်သော အချိန်တွင် သို့မဟုတ် ယင်းတာဝန်ကို ထမ်းဆောင်ခြင်း လုပ်ငန်းစဉ် တစ်လျှောက်လုံးတွင် ဤ စည်းမျဉ်းများအား စောင့်ထိန်းလျှင် သင်သည် သတိပင်မထားမိဘဲ စိတ်အတွင်း ပြောင်းလဲခြင်းတစ်ခုကို ကြုံရလိမ့်မည်။ နေမကောင်း ဖြစ်သည့်အခါ ဆေးသောက်လိုက်သကဲ့သို့ ဖြစ်သည်။ လူအချို့က “ဆေးသောက်သည်မှာ နှစ်ရက်တိတိ ကြာပြီးသွားသည့်တိုင် ကျွန်ုပ်သည် ဘာကြောင့် ပို၍ မသက်သာသနည်း” ဟု ဆိုကြသည်။ အဘယ်ကြောင့် အလောတကြီး ဖြစ်ရသနည်း။ နာမကျန်းခြင်းသည် ရက်အနည်းငယ်အတွင်း ဖြစ်ပေါ်လာခဲ့သည် မဟုတ်၊ ရက်အနည်းငယ်ဖြင့်လည်း မပျောက်ကင်းနိုင်ချေ။ ယင်းသည် အချိန် လိုအပ်၏။ အချို့သောလူများက “ကျွန်ုပ်သည် အချိန်ကြာမြင့်စွာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်လာခဲ့သည်၊ စည်းမျဉ်းနှင့်ညီသော ဟန်ပန်ဖြင့် ပြုမူဆောင်ရွက်ခဲ့ပါသည်။ ကျွန်ုပ်သည် ဘုရားသခင်၏ ကောင်းချီးများကို အဘယ်ကြောင့် မရရှိသေးသနည်း။ ကျွန်ုပ်ထံတွင် သန့်ရှင်းသော ဝိညာဉ်တော်ဖြင့် ပြည့်နေသည်ဟု အဘယ်ကြောင့် မခံစားရသနည်း” ဟူ၍ ဆိုကြသည်။ သင်သည် ဤအရာအတွက် ခံစားချက်များကို အားကိုး၍ မရနိုင်ပေ။ သို့ဖြစ်ရာ မည်သည့်အချိန်တွင် ဤပြောင်းလဲမှုများ ဖြစ်ပေါ်သည်ကို သင်သည် မည်သို့ သိမည်နည်း။ သင့်ထံတွင် တစ်စုံတစ်ခု ဖြစ်ပျက်ပြီးနောက် ကျိုးနွံနာခံရန် ပို၍ ပို၍ လွယ်ကူလာသည့် အချိန်တွင် သင် သိလိမ့်မည်။ အစပထမ၌ ကျိုးနွံနာခံရန် ကြိုးစားအားထုတ်မှု လို၏။ သင်သည် စောဒကတက်ကာ ခုခံချင်နေသောကြောင့် အမြဲပင် ရှာကြံအကြောင်းရှာခဲ့သည်၊ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေး၍ စိစစ်ခဲ့သည်၊ မိမိကိုယ်ကို ချုပ်ထိန်းခြင်းကိုလည်း ကျင့်သုံးခဲ့ရသည်။ သို့သော် ယခု သင်သည် မိမိကိုယ်ကို ချုပ်ထိန်းရန် မလိုချေ။ သင့်ထံတွင် တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါ သင်သည် ယင်းကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း မရှိပေ။ သင့်ထံတွင် အချို့သော အယူအဆများ သို့မဟုတ် အကြံအစည်များ ရှိသည့်အခါ သင်သည် ယင်းတို့ကို ပပျောက်စေရန်၊ လက်လွှတ်ရန်အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆုတောင်းရင်းဖြင့် ဖတ်ရှုသည်။ သင်သည် သင်၏ပြဿနာများကို ပို၍ မြန်ဆန်စွာ လွယ်ကူစွာဖြင့် ဖြေရှင်းသည်။ ဤသည်မှာ သင်သည် သမ္မာတရားကို နားလည်၍ ပြောင်းလဲခဲ့ပြီဆိုသည်ကို သက်သေပြ၏။ ကနဦးတွင် ဤအရာသည် အပြုအမူ ပြောင်းလဲမှုတစ်ခု ဖြစ်သော်လည်း အသက်နှင့် စိတ်သဘောထားတွင် ပြောင်းလဲမှုတစ်ခု တဖြည်းဖြည်း ဖြစ်လာလေသည်။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများနှင့် အစီအစဉ်များကို နာခံရန် ပို၍ ပို၍ လွယ်ကူလာသည်။ ထို့အပြင် သင်၏ ရည်မှန်းချက်များ၊ အကြံအစည်များနှင့် အစီအစဉ်များမှာ နည်းသည်ထက် နည်းလာပြီး တဖြည်းဖြည်း လျော့ပါးလာသည်။ သို့ရာတွင် ယင်းတို့သည် မလျော့ပါးဘဲ တိုးလာလျှင် ပြဿနာ ရှိလေပြီ။ ဤအဖြစ်မှာ သင်သည် ဤကာလတစ်လျှောက်လုံး သမ္မာတရားကို လိုက်စားနေခဲ့ခြင်း မဟုတ်ဘဲ ကြိုးစား လုပ်ဆောင်နေခြင်းမျှသာ ဖြစ်ကြောင်း သက်သေပြ၏။ သမ္မာတရားကို မလိုက်စားသော သူတို့က ၎င်းတို့အနေဖြင့် ပို၍ ကြိုးစားအားထုတ်လေလေ၊ ကောင်းမှု ပိုရလေလေ ဖြစ်ပြီး အနာဂတ်တွင် ၎င်းတို့ ရရှိမည့် သရဖူမှာလည်း ပို၍ ကြီးမားလိမ့်မည်ဟု ထင်ကြသည်။ ၎င်းတို့သည် အမှတ်တမဲ့ဖြင့် ပေါလု၏ လမ်းကို လျှောက်ကြသည်။ သမ္မာတရားကို မလိုက်စားသော သူတို့သည် ၎င်းတို့၏ ဦးခေါင်းထက်မှ သရဖူအရွယ်အစား သို့မဟုတ် ရောင်ခြည်စက်ဝန်း၏ အရွယ်အစားအတွက် အမြဲတစေ စိုးရိမ်ပူပန်ကြ၏။ ဤအရာများအား အစဉ် အာရုံစိုက်နေခြင်းသည် အလျင်အမြန် အောင်မြင်မှုနှင့် လက်ငင်း အကျိုးကျေးဇူးများအတွက် လိုအင်ဆန္ဒတစ်ခုကို ဖြစ်စေသည်။ ၎င်းတို့သည် အမြဲပင် ပို၍ ကြိုးစားအားထုတ်ချင်ကြသည်။ ၎င်းတို့အနေဖြင့် ပို၍ ကြိုးစားလုပ်ဆောင်လေလေ၊ ကောင်းချီးများကို ပို၍ ရရှိလေလေ ဖြစ်မည်၊ ကြီးမားသော အားထုတ်မှုသည် ကြီးမားသော ကောင်းချီးများကို ယူဆောင်လာလိမ့်မည်၊ တာဝန်ကြီးတစ်ခုကို ထမ်းဆောင်ခြင်းကြောင့် များပြားသော ကောင်းမှုများနှင့် ဆုလာဘ်များ စုဆောင်းမိလိမ့်မည်ဟု ထင်နေကြသည်။ ဤသည်မှာ ၎င်းတို့ အမြဲ အာရုံစိုက်နေသော အရာ ဖြစ်လျှင် ၎င်းတို့သည် မိမိတို့၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သလော။ သမ္မာတရားကို လက်မခံသော သူတို့သည် ၎င်းတို့၏တာဝန်ကို မထမ်းဆောင်နိုင်ပေ။

သမ္မာတရား လိုက်စားခြင်းအားဖြင့် အသက် ကြီးထွားတိုးတက်မှု ရရှိခြင်းကို ညွှန်ပြသောအရာများ ရှိကြသည်။ သင်သည် ယင်းကို သင်၏စိတ်နှလုံးတွင်လည်း ခံစားမိနိုင်သည်။ ပြုပြင်ခြင်း ခံရခြင်းကို အချိန်တစ်ခုတာတွေ့ကြုံပြီးသည့်နောက် လူများ၏ အတွေးများနှင့် အမြင်ရှုထောင့်များမှာ ပြောင်းလဲမှုအချို့ကို ကြုံရသည်။ ဥပမာအားဖြင့် သင်က “ကျွန်ုပ်သည် တစ်ကိုယ်ရေ အရှုံးနှင့် အမြတ်ကို ဂရုမစိုက်တော့ပါ။ ဘုရားသခင်က ဆုလာဘ်များ ပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ ယခုအခါ အရေးကြီးသည်ဟု မထင်ရပါ။ အဆုံးသတ်တွင် ကျွန်ုပ်သည် ကောင်းချီးများ ရမရ ဆိုသည်မှာလည်း များစွာ အရေးပါသည့်ပုံမရှိပါ။ ဤပူပန်မှုများသည် ကျွန်ုပ်၏ စိတ်နှလုံးတွင် နေရာမရှိတော့ပါ။ ယခုအချိန်တွင် ဘုရားသခင်က ကျွန်ုပ်အား ကောင်းချီး ပေးမည် မဟုတ်၊ ကျွန်ုပ်အား စစ်ဆေးချင်သည်၊ ကျွန်ုပ်အား ခံစားခွင့် တစ်စုံတစ်ရာ ပိတ်ပင်ချင်သည်ဟု ဆိုလျှင် ကျွန်ုပ်သည် ကျိုးနွံနာခံနိုင်မည် ထင်ရပါသည်။ ကျွန်ုပ်၏ စိတ်နှလုံးတွင် ဝမ်းနည်းခြင်း အနည်းငယ် ရှိမည် ဖြစ်သော်လည်း ကျိုးနွံနာခံခြင်း အနည်းငယ်လည်း ရှိပါလိမ့်မည်” ဟု ပြောနိုင်ပေသည်။ ဤအရာသည် မည်သည်ကို သက်သေပြသနည်း။ သင်သည် ယခုအခါ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး အနည်းငယ် ရှိလေပြီ၊ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အတော်များများ ဖယ်ရှားခဲ့ပြီ၊ သင်သည် အမှန်တကယ် ပြောင်းလဲခဲ့လေပြီဟူ၍ သက်သေပြသည်။ ဥပမာအားဖြင့် ဟိုယခင်က အနည်းငယ် ခွန်အား စိုက်ထုတ်ရန်လိုအပ်သော တာဝန်တစ်ခုကို ထမ်းဆောင်ရန် သင့်အား ရွေးချယ်ခဲ့လျှင် သင်သည် ယင်းအတွက် တစ်ညနှစ်ညမျှ ငိုကောင်း ငိုခဲ့မိမည်။ သို့သော် ယခု သင်သည် မျက်ရည်အနည်းငယ်မျှ ကျပြီးသည်နှင့် ကျိုးနွံနာခံနိုင်၏။ နာခံရန် ပို၍ လွယ်ကူလာခဲ့ပြီ ဖြစ်ကာ သင်သည် ဆင်းရဲဒုက္ခကို မကြောက်ရွံ့တော့ချေ။ ဤ ကျိုးနွံနာခံခြင်းသည် မည်သို့ ဖြစ်ပေါ်ခဲ့သနည်း။ ယင်းသည် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးတစ်ခု ထူထောင်ခြင်း၊ ဘုရားသခင်၏ ပြုပြင်ခြင်းကို တဖြည်းဖြည်း လက်ခံခြင်းအပြင် သူ၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို လက်ခံခြင်းတို့မှ ဖြစ်ပေါ်လာခဲ့သည်။ ဤအကျိုးရလဒ်ကို ရရှိပြီးနောက် သင်၏ စိတ်ခံစားချက်များအရ ဖြစ်သော လိုအင်ဆန္ဒများ၊ အစီအစဉ်များ၊ ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များသည် သိသာထင်ရှားခြင်း လျော့ကျလာ၏၊ သင်သည် တစ်ကိုယ်ရေ အရှုံးနှင့် အမြတ်တို့ကိုလည်း ထည့်စဉ်းစားခြင်း မရှိတော့ချေ။ ဟိုယခင်က သင်သည် ဤအရာများကို သင်၏ ဒုတိယ၊ တတိယ သို့မဟုတ် စတုတ္ထ ဦးစားပေးများအဖြစ် သတ်မှတ်ခဲ့သော်လည်း ယင်းတို့မှာ အရေးမကြီးတော့ပေ။ သင်သည် ယင်းတို့ကို တစ်ခုတလေမျှ ထည့်သွင်း မစဉ်းစားချေ။ ဘုရားသခင်၏ အလိုတော်ကို ကျိုးနွံနာခံမည်ဟူသော သင်၏ဆန္ဒသည် ပို၍ ပြင်းပြလာခဲ့လေပြီ၊ ပြီးလျှင် သင်သည် တဖြည်းဖြည်းဖြင့် “ဘုရားသခင်က ကျွန်ုပ်အား မည်သည့်အရာကို ပေးအပ်သည်ဖြစ်စေ၊ မည်သည့်အရာကို နုတ်သိမ်းချင်သည်ဖြစ်စေ ကျွန်ုပ်အနေဖြင့် အဆင်ပြေပါသည်” ဟူ၍ အနှစ်မဲ့သော စကားများမဟုတ်သည့် ဤစကားများကို ပြောဆိုနိုင်လေသည်။ ယောဘက “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” ဟု ဆိုခဲ့သည့်အတိုင်း သင်သည်လည်း ယခု ထိုနည်းတူ ပြောနိုင်၏။ သို့သော် သင့်ထံတွင် ယောဘ၏ ဝိညာဉ်ရင့်ကျက်မှု ရှိသလော။ (မရှိပါ။) ဘုရားသခင်က ယောဘအား စမ်းသပ်ခဲ့သကဲ့သို့ သင့်အား စမ်းသပ်ရန်အတွက် သင်သည် ဘုရားသခင်ထံ ဆုတောင်းဝံ့သလော။ သင်သည် ဆုတောင်းဝံ့မည် မဟုတ်။ သင့်ထံတွင် ယင်းအတွက် ယုံကြည်ခြင်း သို့မဟုတ် ဝိညာဉ်ရင့်သန်မှု မရှိချေ။ ယောဘသည် တစ်ကိုယ်လုံး အနာများ ပေါက်၍ ၎င်း၏အနာများအား အိုးခြမ်းပဲ့တစ်ခုဖြင့် ခြစ်ချနေသည်ကို သင့်အနေဖြင့် စိတ်ကူးကြည့်သည့်အခါ သင်သည် စိုးရိမ် ကြောက်လန့်ပေမည်။ “မည်မျှ နာကျင်ခဲ့ရမည်နည်း။ ငါ့ထံတွင် ယင်းသို့ လုံးဝ မဖြစ်စေဖို့ ငါမျှော်လင့်သည်။ ငါသည် ကြံ့ကြံ့ခံနိုင်လိမ့်မည် မဟုတ်။ ငါ့ထံတွင် ထိုသို့သော ယုံကြည်ခြင်းမျိုး မရှိပေ” ဟူ၍ မိမိဘာသာ စဉ်းစားနေမိမည်။ ဤသို့ပင် မဟုတ်လော။ ထို့ကြောင့် သင့်အနေဖြင့် ဆုံးခန်းတိုင်အောင် လုပ်ရန် ယုံကြည်ခြင်း မရှိသော အရာကို မလုပ်ဆောင်နှင့်။ အကျိုး ရလဒ်များအတွက် စိတ်မရှည်ခြင်း မဖြစ်နှင့်၊ သင့်ထံတွင် ဝိညာဉ်ရင့်ကျက်မှု ရှိသည်ဟု မထင်နှင့်။ သင်၏ ခြေထောက်တို့သည် သင့်အား တည်ငြိမ်သော ခြေလှမ်းများဖြင့် ပို့ဆောင်စေလော့၊ အမှုကိစ္စများကို သဘာဝအလျောက် ဆက် ဖြစ်နေခွင့် ပေးတတ်ရန် သင်ယူလော့၊ သင်၏ အတွေ့အကြုံကိုလည်း နည်းနည်းချင်း ပို၍ ကြီးမားအောင်လုပ်လော့။ သင်သည် သမ္မာတရားကို အမှန်တကယ် နားလည်သောအခါ သင်၏အတွင်းတွင် ရှိသည့် ဖောက်ပြန်ပျက်စီးသော အရာများကို ရှင်းလင်းစွာ သိမြင်နိုင်လိမ့်မည်။ ပြီးလျှင် သင်၏ တစ်ကိုယ်ရေ အတွေးများ၊ အကြံအစည်များ၊ အစီအစဉ်များနှင့် ရည်ရွယ်ချက်များကိုလည်း သင်သည် လွယ်လွယ်ကူကူ စွန့်လွှတ်မိလိမ့်မည်။ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးမှာ ပို၍ ပို၍ ပုံမှန်ဖြစ်လာလိမ့်မည်။ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်ခြင်းသည် သင့်အနေဖြင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်း ရရှိရန် သမ္မာတရားအား လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိအပေါ် အဓိကအားဖြင့် မူတည်သည်။ ကျိုးနွံနာခံခြင်းနှင့်ပတ်သက်၍မူ ယင်းသည် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း သို့မဟုတ် ကတ်တီးကတ်ဖဲ့ ပြောဆိုခြင်း တစ်ခုမျှ မပါရှိဘဲ တိုက်ရိုက်ဖြစ်ပြီး အကြွင်းမဲ့ နာခံခြင်း၊ လက်ခံခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းတို့ကို ဆိုလိုသည်။ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းသည် နာခံခြင်း မဟုတ်ပေ။ ထို့ပြင် ကတ်တီးကတ်ဖဲ့ ပြောဆိုခြင်းသည်လည်း မည်သို့ရှိသနည်း။ ပို၍ပင် မဟုတ်သေးချေ။ “ဘုရားသခင်က ကျွန်ုပ်အား ဤ နည်းအတိုင်း လုပ်ဆောင်စေချင်သည်။ သို့သော် ကျွန်ုပ်သည် မည်သို့ပင်ဖြစ်စေ မိမိကိုယ်ပိုင် နည်းလမ်းဖြင့် လုပ်ဆောင်မည်” ဟု သင်က ဆိုလျှင် ယင်းသည် ကောင်းသလော။ (မကောင်းပါ။) မကောင်းသည်ထက် ပို၍ပင် ဆိုးဝါးလေသည်။ ယင်းသည် ကျိုးနွံနာခံခြင်း မဟုတ်ပေ။ သင်သည် ကျိုးနွံနာခံခြင်း၏ လက်တွေ့ကျသော သရုပ်သကန်များကို သိရမည်။ အကယ်၍ ယင်းတို့ကို မရရှိနိုင်လျှင် သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံသော လူတစ်ယောက် ဖြစ်သည်ဟု မပြောလေနှင့်။ ယင်းအစား သင် ရရှိထားသော အဆင့်အတန်းနှင့်အညီ ပြောဆိုလော့၊ ဓမ္မဓိဋ္ဌာန်ကျသော အချက်များကို ပြောဆိုလော့။ ချဲ့ကား၍ မပြောနှင့်၊ အမှန်ပင် မလိမ်ညာနှင့်။ သင်သည် တစ်စုံတစ်ခုကို နားလည်သဘောပေါက်နိုင်ခြင်း မရှိလျှင် သင့်အနေဖြင့် ယင်းအား နားမလည်ကြောင်းကို ရှင်းရှင်းသာ ဖော်ပြလော့၊ ထို့နောက် ယင်းကို သဘောပေါက်နားလည်ရန် သမ္မာတရားကို ရှာဖွေလော့။ ယင်းအကြောင်းကို နောင်မှ ပြောဆိုရန်အတွက် သင့်ထံတွင် အမြဲပင် အချိန်ရှိနေဦးမည်။ လူအချို့သည် ဤအရာကို သိသာထင်ရှားစွာ မစွမ်းဆောင်နိုင်ကြဘဲ ၎င်းတို့အနေဖြင့် ဘုရားသခင်ကို ကျိုးနွံနာခံသည်ဟု အခိုင်အမာ ဆိုကြရင်း ကြီးကြီးကျယ်ကျယ် ပြောနေဆဲ ဖြစ်သည်။ ဤသည်မှာ မာနထောင်လွှားခြင်းနှင့် မလျော်ကန်ခြင်း မဟုတ်လော။ ဤသည်မှာ သမ္မာတရားကို မလိုက်စားသော၊ သမ္မာတရားကို နားမလည်သော သူတို့က နှစ်သက်စွာ ပြောကြသည့် အရာတစ်ခု ဖြစ်သည်။ ထိုသူတို့သည် တစ်စုံတစ်ယောက်က ၎င်း၏ တာဝန်ကို ထမ်းဆောင်ရန်အတွက် ၎င်း၏မိသားစုနှင့် အလုပ်အား စွန့်လွှတ်သွားသည်ကို မြင်ကြသည့်အခါ “ဘုရားသခင်အား ထိုလူ မည်မျှ ချစ်ခင်ပုံကို ကြည့်စမ်း” ဟု ဆိုကြသည်။ ဤသည်တို့မှာ ဉာဏ်မရှိသူ တစ်ယောက်၏ စကားများ ဖြစ်သည်၊ ယင်းတို့တွင် သမ္မာတရားကို သိနားလည်ခြင်း တစ်ခုမျှ မပါရှိချေ။ သင်တို့သည် ဘုရားသခင်ကို ကျိုးနွံနာခံ၍ ချစ်သော လူတစ်ယောက် ဖြစ်သည်ဟု ယခု ကြေညာဝံ့ကြသလော။ (မကြေညာဝံ့ပါ။) သင်သည် မိမိကိုယ်မိမိနှင့်ပတ်သက်၍ အသိစိတ် အနည်းငယ် ရှိပေသည်။ မာနထောင်လွှားသော၊ ကျိုးကြောင်းဆီလျော်မှု မရှိသော ထိုဉာဏ်မရှိသူများမှာမူ ၎င်းတို့သည် ဘုရားသခင်ကို ချစ်ခင်၍ ကျိုးနွံနာခံသည်ဟု အမြဲ ပြောဆိုနေကြ၏။ ပြီးလျှင် ၎င်းတို့သည် စွန့်လွှတ်မှု အနည်းငယ်ကလေးကိုပင် ပြုလုပ်သည်ဖြစ်စေ၊ အသေးစား ဆင်းရဲဒုက္ခအချို့ကို ကြံ့ကြံ့ခံသည့်အခါတွင် ဖြစ်စေ “ဘုရားသခင်သည် ငါ့အား ဆုလာဘ် ပေးခဲ့သလော။ ငါ့မိသားစု ကောင်းချီးပေးခြင်း ခံခဲ့ရသလော။ ငါ့သားသမီးများသည် ၎င်းတို့ ဆန္ဒရှိသော ကောလိပ်ကို ဝင်ခွင့်ရကြမည်လော။ ငါ့အမျိုးသားအတွက် ရာထူးတိုးရန်နှင့် လစာတိုးရန် မျှော်လင့်ချက် ရှိသလော။ ငါသည် ဤ ပြီးခဲ့သော နှစ်နှစ်လုံးလုံး ထမ်းဆောင်ခဲ့သည့် တာဝန်များမှ တစ်စုံတစ်ခု ရရှိထားပြီလော။ ငါသည် ကောင်းချီးပေးခြင်း ခံခဲ့ရပြီလော။ ငါသည် သရဖူတစ်ခု ရရှိမည်လော” ဟု စဉ်းစားကြသည်။ ဤ အရာများအတွက် အမြဲ ကြံဖန် ကြိုးစားနေကြခြင်းပင်၊ ဤသည်မှာ သမ္မာတရားကို လိုက်စားမှု၏ သရုပ်သကန်တစ်ခု ဟုတ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် သမ္မာတရား လိုက်စားမှုအပေါ် သင်တို့၏ သိနားလည်ခြင်းမှာ အဘယ်နည်း။ (သမ္မာတရားကို လိုက်စားရန်အတွက် ကျွန်ုပ်တို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သိရှိ လက်ခံရမည်၊ ကျွန်ုပ်တို့၏ စိတ်သဘောထားများတွင် ပြောင်းလဲမှုကို လိုက်စားရမည်၊ စစ်မှန်သော လူတစ်ယောက်ကဲ့သို့ နေထိုင်ကြရမည်။) အမှန်အားဖြင့် သင်တို့သည် အခြားမည်သည်ကိုမျှ အကဲဖြတ်ရန် မလိုအပ်ပေ၊ ပြီးလျှင် အလွန် ခက်ခဲရှုပ်ထွေးရန်လည်း မလိုချေ။ သင်၏တာဝန်ကို ထမ်းဆောင်ခြင်း လမ်းကြောင်းတွင် သင်သည် ကျိုးနွံနာခံခြင်းနှင့် သစ္စာစောင့်ခြင်း တစ်ခုတလေ ရှိခဲ့သလော၊ သင်သည် မိမိ၏စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှဖြင့် လုပ်ဆောင်ခဲ့သလော၊ သင်သည် သမ္မာတရား စည်းမျဉ်းများနှင့်အညီ ပြုမူခဲ့သလော ဆိုသည်တို့ကိုသာ သတိပြု လေ့လာလော့။ သင်သည် သမ္မာတရားအား လိုက်စားသော လူတစ်ယောက် ဖြစ်မဖြစ်ကို ဤစံနှုန်းများက သိသာထင်ရှားစွာ အဆုံးအဖြတ် ပေးနိုင်သည်။ တစ်စုံတစ်ယောက်သည် မိမိ၏တာဝန် ထမ်းဆောင်ခြင်းတွင် များစွာ အားထုတ်သော်လည်း သမ္မာတရားအား လက်တွေ့ လုပ်ဆောင်ခြင်းကို ခုခံ၍ သဘောမကျ ဖြစ်လျှင် ထိုသူသည် သမ္မာတရားကို လိုက်စားသော လူတစ်ယောက် မဟုတ်ချေ။ လူအချို့သည် အသင်းတော်အတွက် ၎င်းတို့ ပြုလုပ်သော အရာများအားလုံးကို လည်းကောင်း၊ ဘုရားသခင်၏ အိမ်တော်အတွက် ၎င်းတို့၏ ကူညီထောက်ပံ့မှုများမှာ မည်သို့ ကောင်းမွန်ခဲ့သည်ကို လည်းကောင်း အမြဲတစေ ပြောဆိုနေကြသည်။ ဘုရားသခင်ကို နှစ်ကာလအရေအတွက် အတန်အသင့် ယုံကြည်လာပြီးသည့်နောက်၌ပင် ၎င်းတို့သည် ဤ အရာများအကြောင်းကို ပြောဆိုကြသေး၏၊ ဤသည်မှာ သမ္မာတရားကို လိုက်စားသူတစ်ယောက် ဟုတ်သလော။ (မဟုတ်ပါ။) ဤသို့သော လူများသည် သနားစရာ ကောင်းလှ၏။ ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုများမှာ အလွန် သေးငယ်ပြီး ယင်းတို့သည် လုံးဝ ကြီးထွားတိုးတက်ခြင်း မရှိကြပေ။ ၎င်းတို့တွင် အသက်ဟူသည်လည်း မရှိချေ။ အသက်ဟူ၍ မရှိကြသော လူများသည် အဘယ်ကြောင့် အလွန်အမင်း အားထုတ်ကြိုးပမ်းဆဲ ဖြစ်သနည်း။ (ကောင်းချီးများ ရရှိရန် ဖြစ်ပါသည်။) မှန်သည်။ ၎င်းတို့၏ ကိုယ်ပိုင် ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများက ၎င်းတို့ကို စီမံညွှန်ကြားခြင်း ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို မလိုက်စားလျှင် ဤ အရာများကို လုံးဝ လက်မလွှတ်နိုင်ပေ။ ၎င်းတို့သည် တရားပွဲများကို တက်ရောက်၍၊ စုဝေးပွဲများတွင် အခြားသူများက သမ္မာတရားအကြောင်း မိတ်သဟာယ ပြုသည်ကိုလည်း နားထောင်သည်ကို သင် မြင်ပေမည်။ သို့ဖြစ်ရာ ၎င်းတို့သည် အဘယ်ကြောင့် နားမလည်နိုင်ကြသနည်း။ ၎င်းတို့က “ငါသည် အလုပ်လုပ်သည့်အခါ ကြားနာခြင်း၊ ဖတ်ရှုခြင်း၊ မှတ်သားခြင်းနှင့် ပြောဆိုခြင်းတို့ကို မည်သို့ ပို၍ ပြုလုပ်နိုင်သနည်း။ ထိုအခါ ငါသည် ကောင်းမှုများကို လုပ်ဆောင်မိပြီးဖြစ်ကာ ဘုရားသခင်၏ အောက်မေ့အမှတ်ရခြင်းကိုလည်း ခံရနိုင်သည်။ ထို့အပြင် ကောင်းချီးများကိုလည်း ရရှိနိုင်သည်” ဟူ၍ မိမိတို့ဘာသာ နေ့စဉ်ရက်ဆက် တွေးတောကြ၏။ နောက်ဆုံး၌ ကောင်းချီးများ ရရှိရန်အတွက် လုပ်ဆောင်ကြခြင်းသာ ဖြစ်သည်။ ထို့ပြင် ကောင်းချီးများ ရရှိခြင်းသည် တရားမျှတလိမ့်မည်ဟု ဤလူက ယုံကြည်လေသည်။ သမ္မာတရားကို လိုက်စားသော လူတစ်ယောက်သည် သမ္မာတရားကို နားလည်၍ ရရှိသည့်အခါ၊ ထိုလူသည် ကောင်းချီးများနောက်သို့ မလိုက်တော့ချေ။ ယင်းသို့ လုပ်ဆောင်ခြင်းသည် မသင့်တော် မလျော်ကန်ဟု ယုံကြည်လေသည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှာ လုံးဝ မပြောင်းလဲသေးဘဲ၊ ဘုရားသခင်ကိုလည်း သင်သည် မည်သည့် ကျိုးနွံနာခံခြင်းမျှ မရှိလျှင် သင့်အနေဖြင့် မည်သည့် ကောင်းချီးများကို ရရှိနိုင်သနည်း။ မည်သူက သင့်ကို ကောင်းချီးများ ပေးလိမ့်မည်နည်း။ ကောင်းချီးများသည် မည်သို့ ဖြစ်ပေါ်ကြသနည်း။ (ဘုရားသခင်က ပေးအပ်ပါသည်။) ဘုရားသခင်က သင့်အား ကောင်းချီးများ မပေးလျှင်မူ သင်သည် သူ့ထံမှ မိမိဘာသာ လုယူနိုင်သလော။ (မလုယူနိုင်ပါ။) လူအချို့သည် ယင်းတို့ကို ဇွတ်အတင်းပင် ရယူချင်ကြ၏၊ ဤသည်မှာ ရူးနှမ်းခြင်း မဟုတ်လော။ လူအများစုက ၎င်းတို့မှာ အတော်ပင် ကျွမ်းကျင်လိမ္မာသည်ဟု ယုံကြည်ကြသည်၊ သို့သော် ၎င်းတို့၏ တာဝန်များအား ထမ်းဆောင်ရာတွင် သမ္မာတရားကို ပို၍ ရှာဖွေရန်နှင့် စည်းမျဉ်းများနှင့်အညီ ပြုမူလုပ်ဆောင်ရန်ကိုမူ ဆန္ဒမရှိကြချေ။ ၎င်းတို့သည် ဘုရားသခင်၏ ကောင်းချီးများကို ဤပုံစံဖြင့် မည်သို့ ရရှိနိုင်မည်နည်း။ ၎င်းတို့သည် လည်ဖန်များသည့်လှည်းဘီး ချေးသင့်လေပြီတကား။

၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်

အရှေ့သို့- သမ္မာတရားကို လေ့လာလိုက်စားခြင်းအားဖြင့်သာ ဘုရားသခင်အပေါ် မိမိတို့၏အယူအဆများနှင့် နားလည်မှုလွဲခြင်းများကို ဖြေရှင်းနိုင်၏

နောက်တစ်ခုသို့- လျော်ကန်သော တာဝန်ဖြည့်ဆည်းခြင်းသည် လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်သည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။