ဘုရားသခင်အား အစေခံခြင်းနှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ

ကောက်နုတ်ချက် (၇၁)

သင်တို့အားလုံးသည် သမ္မာတရားကို ရရှိရန် အားထုတ်လိုကြသည်။ အတိတ်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များရှိ သမ္မာတရား ရှုထောင့်အမျိုးမျိုးကို သင်တို့ ရွေးချယ်ကောက်နုတ်ခဲ့သည့်အချိန်က သင်တို့ အားထုတ်ကြိုးပမ်းခဲ့ကြသည်။ အချို့က ဤအရာမှ အနည်းငယ် အကျိုးရရှိကြသည်။ အချို့မှာမူ စည်းကမ်းများကို လိုက်နာရန်သာ နှစ်သက်ခဲ့ကြပြီး လမ်းလွဲသွားကြသည်။ ရလဒ်မှာမူ ထိုလူတို့သည် သမ္မာတရား၏ ရှုထောင့် တစ်ခုချင်းဆီကို ယူကာ ယင်းတို့ကို လိုက်နာရန် စည်းကမ်းများ အဖြစ်ပြောင်းလဲခဲ့ကြသည်။ သင်တို့ သမ္မာတရားကို ဤသို့ ရွေးချယ်ကောက်နုတ်လျှင် သင်တို့သည် အခြားသူများ အသက်ရရှိရန် ကူညီခြင်း၊ သို့မဟုတ် သူတို့၏ စိတ်သဘောထားကို သမ္မာတရားအတွင်းမှ ပြောင်းလဲရန် ကြိုးစားနေခြင်း မဟုတ်။ ထိုအစား သင်တို့သည် သူတို့ကို သမ္မာတရားအတွင်းမှ သိမြင်မှု၊ သို့မဟုတ် အယူဝါဒအချို့ကို ပိုင်နိုင်အောင် လုပ်ဆောင်ပေးနေခြင်းသာ ဖြစ်သည်။ ယင်းမှာ သူတို့က ဘုရားအလုပ်၏ ရည်ရွယ်ချက်ကို နားလည်သည့်အလား ဖြစ်သော်လည်း အမှန်မှာမူ သူတို့သည် အချို့သော အယူဝါဒများနှင့် နှုတ်ကပတ်တော်များကိုသာ ကျွမ်းကျင်ပိုင်နိုင်ကြကာ သမ္မာတရားအတွင်း ပါဝင်သည့် အနက်အဓိပ္ပာယ်ကိုမူ နားမလည်ကြပေ။ ယင်းသည် ဓမ္မပညာ၊ သို့မဟုတ် သမ္မာကျမ်းစာကို သင်ယူခြင်းကဲ့သို့ပင် ဖြစ်သည်။ သမ္မာကျမ်းစာဆိုင်ရာ အချို့သော သိမြင်မှု တစ်စိတ်တစ်ဒေသနှင့် ဓမ္မပညာဆိုင်ရာ သဘောတရားအနည်းငယ်ကို အနှစ်ချုပ်ပြီးသည့်အချိန်တွင် သမ္မာကျမ်းစာဆိုင်ရာ သိမြင်မှုအချို့နှင့် သဘောတရားအချို့အပေါ် နားလည်မှုကိုသာ လူတို့ရကြသည်။ သူတို့သည် ထိုစကားလုံးများနှင့် အယူဝါဒများကို ပြောဆိုခြင်း၌သာ အကျွမ်းကျင်ဆုံးဖြစ်ပြီး စစ်မှန်သော အတွေ့အကြုံ မရှိချေ။ သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအပေါ် နားလည်မှုမရှိ။ ဘုရားသခင်၏ အလုပ်အပေါ်တွင် သာ၍ပင် နားလည်မှု မရှိချေ။ အဆုံးတွင် ဤလူတို့ ရရှိခဲ့သည်မှာ အယူဝါဒအနည်းငယ်နှင့် အချို့သော သိမြင်မှု တစ်စိတ်တစ်ဒေသသာ ဖြစ်သည်။ ယင်းတို့သည် စည်းကမ်းအချို့သာ ဖြစ်သည်။ သူတို့သည် လက်တွေ့ကျကျ မည်သည့်အရာမျှ မရရှိပေ။ အကယ်၍ ဘုရားသခင်သည် အလုပ်အသစ်ကို လုပ်ဆောင်ပါက ထိုလူတို့သည် ယင်းကို လက်ခံကာ ကျိုးနွံနာခံနိုင်ကြမည်လော။ သင် ရွေးချယ်ကောက်နုတ်ထားသော သမ္မာတရားတို့နှင့် သင် လျော်ညီအောင် နေနိုင်မည်လော။ အကယ်၍ သင်သည် နားလည်မှုအချို့ ရှိနိုင်သလို ရှိလည်း ရှိသည် ဆိုပါက သင်ရွေးချယ်ကောက်နုတ်ထားသည့် အရာများသည် အတိုင်းအတာတစ်ခုအထိ လက်တွေ့ကျပေသည်။ အကယ်၍ နားလည်မှု မရှိနိုင်ပါက သင်ရွေးချယ်ကောက်နုတ်ထားသည့် အရာများမှာ စည်းကမ်းများသာ ဖြစ်၍ တန်ဖိုးမရှိပါ။ သို့ဆိုလျှင် သမ္မာတရားကို ဤနည်းဖြင့် ရွေးချယ်ကောက်နုတ်ခြင်းသည် သင့်လျော်သလော။ ယင်းက လူတို့ သမ္မာတရားကို နားလည်စေရန် အထောက်အကူပြုနိုင်သလော။ အကျိုးသက်ရောက်မှု တစ်စုံတစ်ရာ မရှိပါက ယင်းကို လုပ်ဆောင်စရာ အကြောင်း လုံးဝမရှိပေ။ ယင်းသည် လူတို့ကို ဓမ္မပညာအား သင်ယူစေရန်သာ ဖြစ်သည်။ ယင်းသည် သူတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့ကို တွေ့ကြုံခံစားစေရန် မဟုတ်ပေ။ ဤအကြောင်းကြောင့် ဘုရားသခင်အိမ်တော်သည် စာအုပ်များကို တည်းဖြတ်ပြင်ဆင်သည့်အခါတွင် စည်းမျဉ်းများ ရှိရမည်။ ယင်းတို့သည် လူတို့ သမ္မာတရားကို အလွယ်တကူနားလည်နိုင်စေရန်၊ ဝင်ရောက်နိုင်မည့် လမ်းကြောင်းတစ်ခု ရရှိနိုင်ရန်၊ သူတို့၏ စိတ်နှလုံးတွင် အလင်းရောက်နိုင်စေရန် အထောက်အကူပေးနိုင်ရမည်။ ဤသည်က သမ္မာတရား စစ်မှန်မှုကို ဝင်ရောက်ရန် လွယ်ကူစေသည်။ သင်သည် ဘာသာရေးတွင် သမ္မာကျမ်းစာနှင့် ဓမ္မပညာဆိုင်ရာ အသိပညာများကို စနစ်ကျကျ နည်းလမ်းဖြင့် လေ့လာသောသူများကဲ့သို့ ဖြစ်၍ မရပေ။ ယင်းသည် လူတို့ကို သမ္မာကျမ်းစာဆိုင်ရာ ဗဟုသုတများ၊ ဘာသာရေး ထုံးတမ်းများနှင့် စည်းကမ်းများဆီသို့သာ ဦးတည်ပေးကာ သူတို့ကို ကန့်သတ်ချုပ်နှောင်ထားပေလိမ့်မည်။ ယင်းသည် လူတို့ကို သမ္မာတရားနှင့် ဘုရားသခင်၏ အလိုတော်တို့ကို နားလည်စေရန် ဘုရားသခင်၏ ရှေ့မှောက်သို့ ဆောင်ကြဉ်းနိုင်စွမ်းမရှိ။ မေးခွန်းများ တစ်ခုပြီးတစ်ခု မေးမြန်းကာ ထိုမေးခွန်းများကို ဖြေခြင်းအားဖြင့်ဖြစ်စေ၊ အဓိကကျသောအချက်တို့ကို ကောက်နုတ်ကာ သမ္မာတရားကို စာကြောင်းအနည်းငယ်ဖြင့် အနှစ်ချုပ်ခြင်းနှင့် ရွေးချယ်ကောက်နုတ်ခြင်းအားဖြင့်ဖြစ်စေ ဤအကြောင်းအရာများသည် သူ့ဘာသာ ထင်ရှားလာကာ သင်၏ညီအစ်ကို မောင်နှမများ အလွယ်တကူ နားလည်အောင်လုပ်ပေးနိုင်သည်ဟု သင်တွေးထင်သည်။ သင်က ယင်းမှာ ကောင်းမွန်သော ချဉ်းကပ်နည်းဟု တွေးထင်သည်။ သို့သော် လူတို့သည် ယင်းကို ဖတ်ပြီးပါက သမ္မာတရားအတွင်း ပါဝင်သည့် အဓိပ္ပာယ်ကို နားလည်လိမ့်မည်မဟုတ်။ သူတို့သည် ယင်းကို လက်တွေ့အရှိတရားနှင့် မည်သည့်အခါမျှ ဆက်စပ်နိုင်လိမ့်မည် မဟုတ်။ သူတို့ ကျွမ်းကျင်ပိုင်နိုင်သွားသည့်အရာမှာ စကားအချို့နှင့် အယူဝါဒအချို့သာ ဖြစ်သည်။ ဤအကြောင်းကြောင့် အဆိုပါအရာများကို မလုပ်ဆောင်ခြင်းသည် လုပ်ဆောင်ခြင်းထက် သာ၍ ကောင်းမွန်လေသည်။ ဤအရာများကို လုပ်ဆောင်ခြင်းသည် လူတို့ကို အသိပညာကို နားလည်ပြီး ကျွမ်းကျင်အောင် ဦးဆောင်ပေးသည့် နည်းလမ်းတစ်ခုဖြစ်သည်။ သင်ကလူများကို အယူဝါဒနှင့် ဘာသာတရားထဲသို့ လမ်းညွှန်ပြသပေးကာ ၎င်းတို့ကို ဘာသာရေး အယူဝါဒများ၏ ဆက်စပ်အခြေအနေတွင် ဘုရားသခင်ကို ယုံကြည်ကာ နောက်လိုက်စေသည်။ ဤသည်ကား ဘုရားသခင်အပေါ် မိမိတို့၏ ယုံကြည်မှုတွင် လျှောက်စေရန် ရှင်ပေါလုက လူတို့ကို ဦးဆောင်ခဲ့သည့် လမ်းကြောင်းပင် မဟုတ်သလော။ ဝိညာဉ်ရေးရာ အယူဝါဒကို နားလည်ရန် အထူးသဖြင့် အရေးကြီးသည်ဟု သင်တို့ကထင်ကြသည်။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်ရန်ကိုမူ အရေးကြီးသည်ဟု မထင်ကြ။ ဤသည်ကား ကြီးစွာသော အမှားပေတည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော် မည်မျှကို အလွတ်မှတ်သားနိုင်သည်၊ အယူဝါဒမည်မျှအကြောင်းကို ပြောပြနိုင်သည်၊ ပြဋ္ဌာန်းထားသော ဝိညာဉ်ရေးရာ လုပ်နည်းကိုင်နည်း မည်မျှရှာနိုင်သည်တို့ကို အာရုံစူးစိုက်ကြသူတို့ အများအပြားရှိသည်။ ဤအကြောင်းကြောင့် သင်တို့သည် လူတိုင်းက တစ်သဝေမတိမ်းသော စကားကို ပြောစေရန်၊ တူညီသော အယူဝါဒများကို ရွတ်ဆိုစေရန်၊ တူညီသော သိမြင်မှုကို ပိုင်ဆိုင်စေရန်နှင့် တူညီသော စည်းကမ်းကို လိုက်နာစေရန် သမ္မာတရား၏ ရှုထောင့်အားလုံးကို သင်တို့ အစဉ်အမြဲ စနစ်ကျကျ ရွေးချယ်ကောက်နုတ်ခြင်း ဖြစ်သည်။ ဤသည်ကား သင်တို့၏ ပန်းတိုင်ပင်။ ဤသည်က သင်တို့သည် လူအများကို သမ္မာတရားကို ပိုမိုနားလည်အောင် ကူညီရန် လုပ်ဆောင်သည်ဟု ထင်ရသော်လည်း သင်တို့သည် ဘုရားနှုတ်ကပတ်တော်များနှင့်ပတ်သက်သည့် အယူဝါဒဆိုင်ရာ စည်းမျဉ်းများဆီသို့ လူအများကို ဦးဆောင်နေကြောင်းနှင့် သူတို့သည် ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရား စစ်မှန်မှုမှ ဝေးသည်ထက် ဝေးစွာ လမ်းလွဲသွားမည်သာ ဖြစ်ကြောင်းကို သင်တို့ မသိချေ။ သမ္မာတရားကို နားလည်စေရန် လူအများအား အမှန်တကယ် ကူညီဖို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ရှုခြင်းကို လက်တွေ့အရှိတရားဖြင့်လည်းကောင်း၊ လူတို့၏ ဖောက်ပြန်ပျက်စီးသော အခြေအနေတို့ဖြင့်လည်းကောင်း ပေါင်းစပ်ရလိမ့်မည်။ သင့်ကိုယ်၌တွင် ရှိသည့် ပြဿနာများကို ဆင်ခြင်သုံးသပ်ကာ နားလည်ရမည်။ ထို့ပြင် သင်ဖော်ထုတ်ပြသသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဆင်ခြင်သုံးသပ်ရမည်။ ထို့နောက် ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် သမ္မာတရားကို ရှာဖွေခြင်းအားဖြင့် ယင်းတို့ကို သင်ပြုပြင်ရမည်။ ဤကား လူတို့၏ တကယ့် ပြဿနာများကို ဖြေရှင်းရန်နှင့် သူတို့ကို သမ္မာတရားကို နားလည်စေပြီး လက်တွေ့အရှိတရားကို ဝင်ရောက်စေရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ဤရလဒ်ကို ရရှိခြင်းဖြင့်သာ လူအများကို သင်သည် ဘုရားသခင်ရှေ့မှောက်သို့ အမှန်တကယ် ဆောင်ကြဉ်းမည်ဖြစ်သည်။ အကယ်၍ သင်ပြောဆိုသမျှက ဝိညာဉ်ရေးရာသဘောတရား၊ အယူဝါဒနှင့် စည်းကမ်းများ အကြောင်းချည်းသာဆိုပါက၊ အကယ်၍ သင်အာရုံစူးစိုက်သည့်အရာမှာ လူတို့တွင် ကောင်းမွန်သော အမူအကျင့် ရှိကြောင်း သေချာစေရန်သာ ဖြစ်ပါက၊ အကယ်၍ သင်စွမ်းဆောင်ရရှိနိုင်သည်က လူတို့ကို တစ်ပုံစံတည်း ပြောဆိုရန်နှင့် တူညီသော စည်းမျဉ်းတို့ကို လိုက်နာရန်သာ ဖြစ်ပြီး သူတို့ နောင်တရနိုင်ပြီး ပြောင်းလဲနိုင်စေရန်အတွက် သူတို့ကိုသူတို့ ပို၍ နားလည်အောင် လုပ်ဆောင်နိုင်ဖို့ မဆိုထားနှင့်၊ သင်သည် သူတို့ကို သမ္မာတရားကို နားလည်စေရန် မဦးဆောင်နိုင်ပါက သင်နားလည်ထားသည်မှာ စကားများနှင့် အယူဝါဒများသာဖြစ်ပြီး သင်သည် သမ္မာတရားစစ်မှန်မှုတစ်စက်မျှ မရှိ။ ဘုရားသခင်ကို ဤကဲ့သို့နည်းလမ်းဖြင့် ယုံကြည်ခြင်းဖြင့် အဆုံးတွင် သင်သည် သမ္မာတရားကို မရနိုင်ရုံသာမက သင်သည် မိမိကိုယ်ကို ဆီးတားကာ ပိတ်ပင်မိလိမ့်မည်။ သင်သည် မည်သည့်အရာမျှ ရရှိနိုင်လိမ့်မည် မဟုတ်ပေ။

ဘုရားသခင် ပြောဆိုသည့် ပုံစံအချို့ကို သင်တို့ သတိထားမိသလော။ လူအချို့က ဤသို့ဖော်ညွှန်းကြသည်။ ဘုရားသခင်ထံမှ အကျယ်တဝင့် ဟောပြောချက်တိုင်းရှိ အကြောင်းအရာသည် ဘက်ပေါင်းစုံသည်။ အပိုဒ်တိုင်း ဝါကျတိုင်း၏ အဓိပ္ပာယ်သည် ခြားနားသည်။ ယင်းသည် လူတစ်ယောက်အတွက် မှတ်မိရန်မလွယ်ကူသကဲ့သို့ လူတို့ နားလည်ရန်လည်း မလွယ်ကူပေ။ လူတို့သည် အပိုဒ်တိုင်း၏ အဓိက ဆိုလိုရင်းကို အနှစ်ချုပ်လိုပါက မလုပ်နိုင်ဘဲ ရှိလိမ့်မည်။ အစွမ်းအစညံ့ဖျင်းသူတို့မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမလည်နိုင်။ မည်သို့ပင် မိတ်သဟာယဖွဲ့ပေးစေကာမူ သူတို့သည် သမ္မာတရားကို နားလည်နိုင်စွမ်း ရှိဦးမည်မဟုတ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ဝတ္ထု၊ စကားပြေ သို့မဟုတ် စာပေလက်ရာများ မဟုတ်။ ယင်းတို့သည် သမ္မာတရားဖြစ်သည်။ လူသားကို အသက်‌ ထောက်ပံ့ပေးသော ဘာသာစကားဖြစ်သည်။ တွေးတောကြံဆရုံမျှဖြင့် အဆိုပါနှုတ်ကပတ်တော်များကို လူတို့နားမလည်နိုင်သကဲ့သို့ အားထုတ်မှု အနည်းငယ် ပိုသုံးစွဲရုံမျှဖြင့်လည်း ယင်းတို့အတွင်းရှိ ပုံစံများကို လူတို့ အနှစ်မချုပ်နိုင်။ ထိုအကြောင်းကြောင့် သင်သည် သမ္မာတရား၏ မည်သည့်ရှုထောင့်နှင့်ပတ်သက်၍ သိမြင်မှု အနည်းငယ် ရှိပါစေ၊ တစ်စုံတစ်ခုအကြောင်းကို ရှင်းရှင်းလင်းလင်း ပြောပြနိုင်ပါစေ သင်နားလည်သည်မှာ တစ်စိတ်တစ်ပိုင်းမျှသော သိမြင်မှုသာ ဖြစ်သဖြင့် သင် မဝါကြွားနိုင်ပေ။ ယင်းသည် အပေါ်ယံ အပယိကသာ ဖြစ်၏။ သမုဒ္ဒရာကြီးထဲသို့ ကျသွားသည့် ရေစက် တစ်ပေါက်မျှသာဖြစ်သည်။ ဘုရားသခင်၏ စစ်မှန်သော ရည်ရွယ်ချက်ကို နားလည်နိုင်ရန် လုံးဝဥဿုံ စံမမီချေ။ ဘုရားသခင်၏ အကျယ်တဝင့် ဟောပြောချက်တိုင်းတွင် သမ္မာတရား၏ ရှုထောင့်ပေါင်းစုံ ပါရှိသည်။ ဥပမာ အကျယ်တဝင့် ဟောပြောချက်တစ်ခုတွင် ဘုရားသခင် လူ့ဇာတိခံယူမှု၏ နက်နဲမှုများအကြောင်းကို ပြောလေသည်။ ယင်းတွင် လူ့ဇာတိ ခံယူခြင်း၏ အရေးပါမှု၊ လူ့ဇာတိ ခံယူခြင်းဖြင့် ပြီးမြောက်သော အလုပ်များနှင့် လူတို့ ဘုရားသခင်ကို အဘယ်သို့ ယုံကြည်သင့်ကြောင်းတို့ ပါဝင်သည်။ လူတို့ ဘုရားသခင်ကို မည်သို့သိကျွမ်းသင့်ကာ ချစ်မြတ်နိုးသင့်ကြောင်းလည်း ပါဝင်ကောင်း ပါဝင်နိုင်သည်။ ယင်းသည် သမ္မာတရား၏ ရှုထောင့်အမြောက်အမြားကို လွှမ်းခြုံထားသည်။ အကယ်၍ သင်တွေးထင်ထားသကဲ့သို့ လူ့ဇာတိခံယူခြင်းသည် ဝါကျအချို့ဖြင့် အတိုဆုံးနှင့် အရှင်းဆုံးဖော်ပြ၍ရသည့် အဓိပ္ပာယ် အနည်းငယ်သာရှိလျှင် လူသားတို့သည် အဘယ်ကြောင့် ဘုရားသခင်နှင့် ပတ်သတ်၍ အယူအဆများ စိတ်ကူးများ ရှိနေရသနည်း။ လူ့ဇာတိခံယူခြင်းအမှုသည် လူတို့အပေါ် မည်သည့် အကျိုးသက်ရောက်မှုများရရှိစေရန် ရည်ရွယ်သနည်း။ ယင်းသည် လူသားတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားစေရန်နှင့် ဘုရားသခင်ထံ ပြန်လာစေနိုင်ရန် ထောက်ကူပေးသည်။ ယင်းသည် လူသားနှင့် ထိတွေ့ဆက်ဆံရန်၊ လူသားတို့ကို တိုက်ရိုက် ကယ်တင်ရန်နှင့် လူသားတို့ ဘုရားသခင်ကို သိကျွမ်းနိုင်စေရန် ဖြစ်သည်။ ဘုရားသခင်ကို သိကျွမ်းလာပြီးသည့်နောက်တွင် လူတို့သည် သဘာဝအလျောက် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးတစ်ခု ဖြစ်တည်လာကာ ၎င်းတို့အတွက် ဘုရားသခင်ထံသို့ ကျိုးနွံနာခံရန် လွယ်ကူလာစေသည်။ ထိုအကြောင်းကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်၏၊ သို့မဟုတ် သမ္မာတရား၏ မည်သည့်ရှုထောင့်မျှ သင်စိတ်ကူးသလောက် မရိုးရှင်းပေ။ အကယ်၍ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်နှင့်သက်ဆိုင်သော ဘာသာစကားတို့ကို ရိုးရှင်းသည်ဟု ရှုမြင်လေလျှင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော် ကျမ်းတစ်ပိုဒ်မျှဖြင့် မည်သည့် ပြဿနာကိုမဆို‌ ဖြေရှင်းနိုင်သည်ဟု ယုံကြည်လေလျှင် သင်သည် သမ္မာတရားကို အလုံးစုံ နားမလည်နိုင်ချေ။ သင်၏ နားလည်မှုများသည် သမ္မာတရားနှင့် ကိုက်ညီနေလျှင်ပင် ယင်းမှာ တစ်ဖက်သတ်ပင် ဖြစ်နေသေးသည်။ ဘုရားသခင်၏ အကျယ်တဝင့် ဟောပြောချက်တိုင်းသည် ဘက်စုံသော ရှုထောင့်များမှ ပြောဆိုထားသည်။ လူသားတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အနှစ်ချုပ်သည်ဖြစ်စေ ရွေးချယ်ကောက်နုတ်သည်ဖြစ်စေ လုပ်၍မရနိုင်။ ရွေးချယ်ကောက်နုတ်ပြီးပါက ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်သည် အမှုကိစ္စတစ်ခုအကြောင်းကိုသာ ညွှန်းဆိုသည်ဟု သင်တို့ တွေးထင်ကြသည်။ အမှန်မှာမူ ယင်းအပိုဒ်သည် ပြဿနာအချို့ကို ဖြေရှင်းနိုင်သည်။ သမ္မာတရား၏ ရှုထောင့်အားလုံးသည် စစ်မှန်မှု မြောက်မြားစွာ ပါဝင်သဖြင့် ယင်းကို သင်သည် အတိုဆုံးနှင့် အရှင်းဆုံး ဖော်ပြ၍မရနိုင်ပေ၊ သို့မဟုတ် ဘောင်ခတ်၍ မရနိုင်‌ပေ။ သမ္မာတရားသည် အသက်ဖြစ်ကြောင်း၊ ယင်းကို လူတို့ ပျော်မွေ့နိုင်ကြောင်း၊ ယင်းသည် သက်တမ်းအချို့၊ သို့မဟုတ် နှစ်ရာချီကြာပြီးနောက်တွင်ပင် လူတို့ အပြည့်အဝ တွေ့ကြုံခံစား၍ရနိုင်သည့်အရာတစ်ခု မဟုတ်ကြောင်း အဘယ်ကြောင့် ဆိုထားသနည်း။ အကယ်၍ သင်သည် သမ္မာတရား၏ ရှုထောင့်တစ်ခု၊ သို့မဟုတ် ဘုရားသခင် နှုတ်ကပတ်တော်၏ စာတစ်ပိုဒ်ကို ရွေးချယ်ကောက်နုတ်လိုက်ပါက သင်ရွေးချယ်ကောက်နုတ်လိုက်သော စာပိုဒ်သည် ပြဋ္ဌာန်းထားသော လုပ်နည်းကိုင်နည်းတစ်ခု၊ စည်းကမ်းတစ်ခု၊ အယူဝါဒတစ်ခု ဖြစ်သွားကာ သမ္မာတရား မဟုတ်တော့ပေ။ ယင်းသည် စာလုံးတစ်လုံးပင် မပြောင်းလဲထားသည့် ဘုရားသခင်၏ မူလနှုတ်ကပတ်တော်ဖြစ်သည်ဆိုလျှင်ပင် သင်က ဤနည်းအားဖြင့် ရွေးချယ်ကောက်နုတ်ကာ စီစဉ်လိုက်ပါက ယင်းတို့သည် အယူအဆဆိုင်ရာ စကားလုံးများဖြစ်သွားပြီး သမ္မာတရား မဟုတ်တော့ချေ။ ယင်းမှာ အဘယ်ကြောင့်နည်း။ ယင်းမှာ သင်သည် လူတို့အား လမ်းလွဲချော်စေကာ အယူဝါဒများထံသို့ ဦးဆောင်သွားပြီး ပြဿနာများကို သင်၏ အယူဝါဒအတိုင်း တွေးတော၊ စိတ်ကူး၊ ဆင်ခြင်စေပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုစေမည် ဖြစ်သောကြောင့်တည်း။ အဖန်ဖန် ဖတ်ရှုပြီးပါက လူတို့သည် အဆိုပါစာပိုဒ်ရှိ အယူဝါဒတစ်ခုတည်းကို နားလည်ကာ စည်းမျဉ်းတစ်ခုတည်းကိုသာ မြင်တော့မည်။ သမ္မာတရားစစ်မှန်မှု ဖြစ်သော ရှုထောင့်ကို မြင်ရန်ကား ပျက်ကွက်ပေမည်။ အဆုံးတွင် သင်သည် အယူဝါဒများကို နားလည်ရန်နှင့် စည်းကမ်းများကို လိုက်နာရန် လမ်းကြောင်းပေါ်သို့ လူတို့ကို ဦးဆောင်သွားလိမ့်မည်။ ထိုလူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ တွေ့ကြုံခံစားရမည်ကို သိမည်မဟုတ်။ သူတို့သည် အယူဝါဒများကိုသာ နားလည်ကာ အယူဝါဒများကိုသာ ဆွေးနွေးကြလိမ့်မည်။ သို့သော် သမ္မာတရားကို နားလည်လိမ့်မည်မဟုတ်၊ သို့မဟုတ် ဘုရားသခင်ကို သိကျွမ်းလိမ့်မည်မဟုတ်။ သူတို့၏ နှုတ်မှ ထွက်သည့်အရာများမှာ နာပျော်ဖွယ်ကောင်းပြီး မှန်ကန်သော အယူဝါဒများသာဖြစ်လိမ့်မည်။ သို့သော် သူတို့တွင် စစ်မှန်မှု အနည်းငယ်မျှပင် ရှိလိမ့်မည်မဟုတ်။ သူတို့ကိုယ်၌တွင် အလားအလာရှိသော လမ်းကြောင်းလည်း ရှိလိမ့်မည်မဟုတ်။ ယင်းကဲ့သို့ ခေါင်းဆောင်မှုမျိုးသည် လူသားတို့ကို အမှန်တကယ်ပင် ကြီးစွာ ထိခိုက်နစ်နာစေသည်။

ဘုရားသခင်ကို လူ၏အစေခံခြင်းတွင် မပြုအပ်ဟု တားမြစ်ထားသော အကြီးမားဆုံးအရာမှာ မည်သည့်အရာ ဖြစ်သည်ကို သင်တို့သိသလော။ ခေါင်းဆောင်များနှင့် အမှုဆောင်အချို့တို့သည် အမြဲတစေ ကွဲပြားခြားနားဖို့၊ ကျန်သည့် လူများထက် သာလွန်ဖို့၊ ကြွားဝါဖို့နှင့် ၎င်းတို့သည် မည်မျှအမှန်တကယ် စွမ်းဆောင်နိုင်ကြောင်းကို ဘုရားသခင် မြင်စေရန်အလို့ငှာ လှည့်ကွက်အသစ်အချို့ကို ရှာဖွေဖို့ အစဉ် ကြိုးစားကြသည်။ သို့သော် ၎င်းတို့သည် သမ္မာတရားကို နားလည်ခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ လက်တွေ့အရှိတရားထဲ ဝင်ရောက်ခြင်းအပေါ် အာရုံမစိုက်ကြချေ။ ဤသည်မှာ ပြုမူလုပ်ဆောင်ဖို့ အမိုက်မဲဆုံး နည်းလမ်းဖြစ်သည်။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထားကို ထုတ်ဖော်ခြင်း အတိအကျပင် မဟုတ်သလော။ အချို့က “အကယ်၍ ကျွန်ုပ် ဤအရာကို လုပ်ဆောင်ပါက ဘုရားခင်ကို ပျော်ရွှင်စေမည်မှာ သေချာသည်။ သူက ကြိုက်လိမ့်မည်။ ဤတစ်ကြိမ်တွင် ဘုရားသခင်ကို ကျွန်ုပ်ပြသမည်။ ကျွန်ုပ်သူ့ကို ကောင်းမွန်သော အံ့ဩဖွယ်ရာတစ်ခုပေးမည်” ဟုပင် ဆိုကြသည်။ “ကောင်းမွန်သော အံ့ဩဖွယ်ရာ” သည်ကား အရေးမပါ။ ရလဒ်သည်ကား အဘယ်နည်း။ ထိုသူတို့ လုပ်ဆောင်သည့် အရာများကို လွန်စွာ အဓိပ္ပာယ်မဲ့သည်ဟု လူတို့မြင်ကြသည်။ ဘုရားအိမ်တော်၏ အလုပ်ကို ၎င်းတို့က အကျိုးမရှိစေရုံသာမက ၎င်းတို့သည် ငွေကို အလဟဿ ဖြစ်စေသည်။ ၎င်းတို့သည် ဘုရားသခင်၏ ပူဇော်သက္ကာရများကို ဆုံးရှုံးမှုများ ဖြစ်စေသည်။ ဘုရားသခင်၏ ပူဇော်သက္ကာရများသည် သင် အလိုရှိသလို အသုံးချရန် မဟုတ်။ ဘုရားသခင်အတွက် ပူဇော်သက္ကာရများကို ဖြုန်းတီးပစ်ခြင်းသည် အပြစ်ဖြစ်သည်။ ထိုသူတို့သည် အဆုံးတွင် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် သူတို့ထံတွင် အလုပ်မလုပ်တော့ချေ။ ထို့အပြင် သူတို့သည် ဖယ်ရှားခံရသည်။ သို့ဖြစ်၍ မည်သည့်အခါမျှ သင်လုပ်ချင်သည့်အရာကို စိတ်မြန်လက်မြန် မလုပ်လေနှင့်။ အကျိုးဆက်ကို သင်အဘယ်နည်းဖြင့် မစဉ်းစားဘဲ နေနိုင်သနည်း။ သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိပြီး သူ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်ကာ တစ်ဆက်တည်းတွင် ဖယ်ရှားခံရလေလျှင် သင့်အတွက် ပြောစရာ ကျန်တော့မည်မဟုတ်။ သင်၏ ရည်ရွယ်ချက်သည် မည်သို့ပင်ဖြစ်စေ၊ တမင်လုပ်သည် ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အလိုတော်ကို နားမလည်ပါက သင်သည် သူ့ကို အလွယ်တကူပင် ပုန်ကန်ပြစ်မှားမိကာ သူ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်မိရန် လွယ်ကူလိမ့်မည်။ ယင်းသည် လူတိုင်း သတိရှိနေသင့်သည့်အရာပင် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်သည်နှင့်၊ သို့မဟုတ် သူ၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားလိုက်သည်နှင့် ယင်းသည် အလွန်အမင်းပင် ပြင်းထန်လေးနက်ပါက သင်က ရည်ရွယ်ချက်ရှိရှိ လုပ်လိုက်ခြင်း ဟုတ်မဟုတ်ကို သူထည့်တွက်စဉ်းစားမည်မဟုတ်။ ယင်းမှာ သင် ရှင်းရှင်းလင်းလင်း မြင်သင့်သည့် ကိစ္စရပ်ပင်ဖြစ်သည်။ သင်က ဤပြဿနာကို နားမလည်နိုင်ပါက သင်သည် ပြဿနာများ ပေါ်ပေါက်လာရန် သေချာနေပေပြီ။ ဘုရားသခင်ကို အစေခံရာတွင်၊ လူတို့သည် ကြီးမားသော ခြေလှမ်းများ လှမ်းလိုကြသည်၊ ကြီးမားသော အရာများ လုပ်ဆောင်လိုကြသည်၊ ကြီးမြတ်သော စကားများ ပြောဆိုလိုကြသည်၊ ကြီးမြတ်သော အလုပ်များ ဆောင်ရွက်လိုကြသည်၊ ကြီးမားသော အစည်းအဝေးများ ကျင်းပပြီး ကြီးမြတ်သော ခေါင်းဆောင်များ ဖြစ်လိုကြလေ၏။ ထိုသို့သော ကြီးကျယ်ခမ်းနားသည့် ရည်မှန်းချက်များ သင်၌ အမြဲရှိလျှင် ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို သင် ချိုးဖောက်လိမ့်မည်။ ဤအရာကို လုပ်ဆောင်သည့် လူများသည် မြန်မြန်ဆန်ဆန် သေဆုံးကြလိမ့်မည်။ အကယ်၍ သင်သည် ဘုရားသခင်ကို အစေခံရာ၌ လိမ္မာခြင်း၊ ဘုရားတရားကိုင်းရှိုင်းခြင်း မရှိပါက၊ သို့မဟုတ် နှိုင်းချင့်မျှော်ခေါ်ခြင်း မရှိပါက သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို အနှေးနှင့်အမြန် ပုန်ကန်ပြစ်မှားမိလိမ့်မည်။ သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားပါက၊ သူ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်ပါက၊ ဤသို့ဖြင့် ဘုရားသခင်အပေါ် အပြစ်ပြုမိပါက ဤအရာကို သင်လုပ်ရသည့် အကြောင်းအရင်းကိုဖြစ်စေ၊ သင်၏ ရည်ရွယ်ချက်ကိုဖြစ်စေ သူကြည့်မည်မဟုတ်။ သို့ဆိုလျှင် ဘုရားသခင်က အကျိုးအကြောင်း ဆီလျော်ခြင်းမရှိဟု သင်တို့ ထင်သလော။ သူသည် လူသားတို့အပေါ် မစာနာခြင်း ဖြစ်သလော။ (မဟုတ်ပါ။) အဘယ်ကြောင့် မဟုတ်သနည်း။ သင်သည် မကန်း၊ သို့မဟုတ် မပင်းသကဲ့သို့ မရူးမိုက်သောကြောင့်ပင်။ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များသည် ရှင်းလင်းကာ ထင်ရှားမြင်သာပေသည်။ သင်သည် ယင်းတို့ကို မြင်နိုင် ကြားနိုင်သည်။ သင်က ယင်းတို့ကို ချိုးဖောက်နေသေးပါက သင်အဘယ်သော ဆင်ခြေများ ရှိနိုင်မည်နည်း။ သင်က မည်သည့်ရည်ရွယ်ချက်မျှ မထားရှိစေကာမူ ဘုရားသခင်ကို ပုန်ကန်စော်ကားပါက အချိန်ကျလာလျှင် သင်သည် ဖျက်ဆီးခံရခြင်း၊ အပြစ်ပေးခံရခြင်းတို့နှင့် ရင်ဆိုင်ရပေမည်။ သင့် အခြေအနေက မည်သို့ရှိခဲ့သည်မှာ အရေးပင်ပါသလော။ စာတန်၏ သဘာဝနှင့် လူများသည် ဘုရားသခင်၏ စိတ်သဘောထားကို သဘာဝအလျှောက်ပင် ပုန်ကန်ပြစ်မှားနိုင်သည်။ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေး အမိန့်များကို ချိုးဖောက်ရန်၊ သို့မဟုတ် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားရန် မည်သူမျှ ဓားထောက်စေခိုင်းခြင်း မခံရပေ။ ဤကိစ္စရပ်မှာ တကယ်ကို မဖြစ်လာနိုင်ချေ။ ထိုအစား ယင်းသည် လူ့သဘာဝက ဆုံးဖြတ်သတ်မှတ်သော အရာတစ်ခုဖြစ်သည်။ “ဘုရားသခင်၏ စိတ်သဘောထားသည် ပုန်ကန်ပြစ်မှားရန်မဟုတ်” ဟူသည့် အဆိုပါဖော်ပြချက်အတွင်းတွင်ပင် အဓိပ္ပာယ် ပါရှိနေသည်။ သို့သော် ဘုရားသခင်သည် လူတို့ကို သူတို့၏ အခြေအနေနှင့် နောက်ခံ အကြောင်းအရာအရ အပြစ်ပေးသည်။ ဘုရားသခင်ကို သူမှန်း မသိပါဘဲ ပုန်ကန်ပြစ်မှားခြင်းသည် အခြေအနေအမျိုးအစားတစ်ရပ်ဖြစ်ပြီး ဘုရားသခင်ကို သူမှန်း ရှင်းရှင်းလင်းလင်း သိကျွမ်းပါလျက် ပုန်ကန်ပြစ်မှားမိခြင်းသည် နောက်ထပ် အခြေအနေတစ်ရပ်ဖြစ်သည်။ လူအချို့သည် ဘုရားသခင်ကို သူမှန်း ရှင်းရှင်းလင်းလင်း သိနေပါလျက် ပုန်ကန်ပြစ်မှားနိုင်ကြသည်။ ထိုသူတို့သည် အပြစ်ပေးခံရလိမ့်မည်။ ဘုရားသခင်က သူ၏ အလုပ်အဆင့်တစ်ခုချင်းဆီတွင် သူ၏ စိတ်သဘောထား အချို့ကို ဖော်ထုတ်ပြသသည်။ လူသားတို့သည် ယင်းမှ အချို့ကို နားလည်လာပြီးဖြစ်သည် မဟုတ်လော။ ဘုရားသခင် ထုတ်ဖော်ပြခဲ့သည့် သမ္မာတရားများစွာမှတစ်ဆင့် ဘုရားသခင်၏ မည်သည့်စိတ်သဘောထားကို သူထုတ်ဖော်ပြခဲ့ကြောင်းအပြင်၊ လူများ၏ မည်သည့်လုပ်ရပ်များနှင့် စကားများသည် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားနိုင်ခြေရှိကြောင်းကို လူတို့ အနည်းမျှပင် မသိကြသလော။ လူတို့ မည်သည်ကို လုပ်သင့်သည့်အရာနှင့် မလုပ်သင့်သည့်အရာဟူ၍ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များမှ သတ်မှတ်ထားသည့် ထိုကိစ္စများကိုလည်း လူတို့ သိကြသည် မဟုတ်လော။ သမ္မာတရား၊ စည်းမျဉ်းများနှင့် သက်ဆိုင်သည့် ကိစ္စအချို့ကို ၎င်းတို့ မတွေ့ကြုံဖူးသည့်အတွက် ယင်းတို့ကို လူတို့က အပြည့်အစုံ နားလည်ရန် မဖြစ်နိုင်ချေ။ သူတို့သည် ယင်းတို့ကို နားလည်နိုင်စွမ်းမရှိ။ သို့သော် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်၏ ကိစ္စရပ်များသည် သတ်မှတ်ထားပြီးသော နယ်ပယ်အတွင်းတွင် တည်ရှိသည်။ ယင်းတို့သည် စည်းကမ်းများဖြစ်သည်။ ယင်းတို့သည် လူသားတို့ အလွယ်တကူ နားလည်ပြီး အရယူနိုင်သည့် အရာများဖြစ်သည်။ ယင်းတို့ကို လေ့လာဖို့၊ သို့မဟုတ် ရှင်းလင်းဖို့ မလိုချေ။ ယင်းတို့၏ အဓိပ္ပာယ်ကို လူတို့နားလည်သည့်အတိုင်း လုပ်ဆောင်လျှင် လုံလောက်သည်။ သင်သည် ပေါ့ဆလျှင်၊ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး မရှိလျှင်၊ ပြီးလျှင် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို သိလျက်ဖြင့် ချိုးဖောက်လျှင် အပြစ်ပေးခံထိုက်သည်။

ကောက်နုတ်ချက် (၇၂)

ခေါင်းဆောင်လုပ်သူများသည် အလုပ်အပေါ် အလွန်အမင်း အာရုံစူးစိုက်ခြင်း သို့မဟုတ် သူတို့၏ အဆင့်အတန်းအပေါ် အစဉ်သဖြင့် အာရုံစိုက်ခြင်း မပြုသင့်သကဲ့သို့ သူတို့ကိုယ်တိုင်အတွက် မြင့်မားသော စံနှုန်းများသတ်မှတ်ပြီး ထို့နောက်တွင် “ငါသည် ခေါင်းဆောင်ဖြစ်၏။ ငါ့တွင် ဤရာထူး၊ ဤအဆင့်အတန်း ရှိသကဲ့သို့ ဤအရည်အသွေး၊ ဤအစွမ်းအစလည်း ရှိသည်။ ငါသည် သင့်ကို ဦးဆောင်နိုင်သည့်အတွက် သင့်ကို ပံ့ပိုးလည်း ပံ့ပိုးပေးနိုင်သည်” ဟု လူတကာ သိစေရန်အလို့ငှာ လူတိုင်း၏ ပြဿနာများကို ဖြေရှင်းရန် ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းကိုလည်း မစဉ်းစားသင့်ပေ။ ထိုကဲ့သို့သော စကားများကို သူတို့ပြောထွက်နိုင်သည်မှာ ပြဿနာရှိသည်။ မည်သည့်နည်းလမ်းဖြင့် ပြဿနာရှိသနည်း။ သင့်ဦးတည်ချက်သည် မမှန်ကန်ဘဲ သင့်ကိစ္စများကို ကိုယ်တွယ်ဖြေရှင်းရာတွင် သင်သည် စည်းမျဉ်းမရှိပါက သင်လုပ်သမျှသည် မှားယွင်းနေမည်ဖြစ်ပြီး သွေဖည်မှုများသာ ဖန်တီးနေမည် ဖြစ်သည်။ သင်၏ အရင်းခံအကြောင်းသည် မှားယွင်းနေပါက သင်လုပ်ဆောင်သမျှသည်လည်း မှားယွင်းနေမည်။ သမ္မာတရားကို ရှာဖွေရေး၊ သမ္မာတရားကို နားလည်ရေး၊ ရူပါရုံများ၏ သမ္မာတရား အနှစ်သာရကို နားလည်ရေး၊ စည်းမျဉ်းများ၏ ဤရှုထောင့်ကို ကျွမ်းကျင်ပိုင်နိုင်ရေးတို့အပေါ် အာရုံစိုက်လော့။ ယင်းသည် မှန်ကန်ပေသည်။ ကိစ္စရပ်များ သင့်ထံ ဖြစ်ပျက်လာသည့်အခါ သို့မဟုတ် ပြဿနာများကို ကိုင်တွယ်ရသောအခါများတွင် ဤစည်းများကို မကျော်လွန်သရွေ့ သင်သည် အခြားသူများကို ကူညီပေးနိုင်မည်။ သူတို့၏ အခက်အခဲများကို ဖြေရှင်းပေးနိုင်မည်။ သင်သည် အရည်အချင်းပြည့်မီသော ခေါင်းဆောင်လည်း ဖြစ်နေပေမည်။ သို့ရာတွင် သင့်အနေဖြင့် အယူဝါဒတချို့ကိုသာ နားလည်ပါက၊ ပြီးလျှင် ဦးဆောင်နိုင်ရန်အတွက် သင့်ကိုယ်သင်လည်း ယင်းတို့ဖြင့်သာ ပြင်ဆင်ထား၍ ဒေသနာများကိုသာ ပိုမိုနားထောင်ပြီး နောက်ထပ် စကားလုံးအနည်းငယ်ကိုသာ ကျွမ်းကျင်အောင် လုပ်ပါက၊ ပြီးလျှင် တစ်ဦးတစ်ယောက်၏ ပြဿနာများကို ဖြေရှင်းဖို့ ကြိုးစားသည့်အခါတွင် အယူဝါဒနှင့် စကားလုံးအနည်းငယ်ကိုသာ ပြောဆို၍ ရလဒ်အနေဖြင့် သူတို့၏ မည်သည့်ပြဿနာကိုမျှ မဖြေရှင်းပေးနိုင်ပါက သင့်တွင် ခေါင်းဆောင်ဖြစ်ခြင်း၏ စစ်မှန်မှု မရှိဘဲ သင်သည် သင်္ကြန်အမြောက်တစ်ခုသာ ဖြစ်ပေသည်။ ဤသည်ကား မည်ကဲ့သို့ ခေါင်းဆောင်မျိုးနည်း။ (ခေါင်းဆောင်အတုအယောင်တစ်ယောက် ဖြစ်ပါသည်။) ဤသည်မှာ ခေါင်းဆောင်အတုအယောင်ပေတည်း။ သင်သည် တကယ့်အလုပ်ကို မဆောင်ရွက်နိုင်ချေ။ မည်သူတစ်ဦးတစ်ယောက်ကမျှ ခေါင်းဆောင်အတုအယောင်ကို ဖော်ထုတ်ကာ တိုင်ကြားခြင်း မပြုလျှင်ပင် အသင်းတော်အတွင်းရှိ ဘုရားရွေးချယ်ခံ လူများ၏ အသက်တာသည် မတိုးတက်ဘဲ ပြဿနာများ တိုးပွားလာ၍ ခေါင်းဆောင်အတုအယောင်သည် အပြစ်တင်ခြင်းကို ခံယူပြီး မဖြစ်မနေ ဆင်းဖယ်ပေးရမည် ဖြစ်သည်။ သင်သည် ခေါင်းဆောင်အတုအယောင်ဖြစ်ပါက သင်၏ ရာထူးနေရာသည် မည်မျှပင် မြင့်မားစေကာမူ သင်သည် ခေါင်းဆောင်အတုအယောင်တစ်ယောက် ဖြစ်မြဲဖြစ်နေဆဲပင်။ ယခုဆိုရလျှင် သင်သည် တကယ့်အလုပ်ကို ဆောင်ရွက်နိုင်ခြင်း ရှိမရှိနှင့် ခေါင်းဆောင်အတုအယောင် ဟုတ်မဟုတ်ဆိုသည်တို့က အရေးအကြီးဆုံး အရာများမဟုတ်။ သို့ဆိုလျှင် မည်သည်က အရေးအကြီးဆုံး အရာဖြစ်သနည်း။ သင်သည် သမ္မာတရားကို ရှာဖွေရေးနှင့် အသက် ဝင်ရောက်မှုအပေါ် အာရုံစူးစိုက်ရေးကို ယခုပင် မြန်မြန်လုပ်ရမည်။ သင့်တွင် အသက် ဝင်ရောက်မှု ရှိသွား၍ သင်သည် စိတ်သဘောထားကို ပြောင်းလဲလိုက်ပြီး ဘုရားသခင်၏ အလိုတော်ကို နားလည်သွားကာ သင်၏ မမှန်ကန်သော အခြေအနေများကို ဖြေရှင်းလိုက်နိုင်သည် ဆိုသည်နှင့် အခြားသူများ၏ ပြဿနာများကို ဖြေရှင်းရန် သင့်အတွက် လွယ်ကူသွားပေလိမ့်မည်။ သင်သည် သမ္မာတရားကို နားလည်ပြီး သမ္မာတရား စစ်မှန်မှုသို့ ဝင်ရောက်လိုက်သည်နှင့် အခြားသူများ၏ ပြဿနာများကို မဖြေရှင်းနိုင်သည်ကို သင်စိုးရိမ်နေပါဦးမည်လော။ သင်သည် ကောင်းစွာ ဦးဆောင်နိုင်ခြင်း ရှိမရှိကို စိတ်ပူနေရန် လိုတော့မည်မဟုတ်။ သမ္မာတရား စစ်မှန်မှုကို သင်ပိုင်ဆိုင်ပါက သင်၏ တာဝန်ကို ဘသာဝအလျောက်ပင် ကောင်းစွာ ထမ်းဆောင်နိုင်ကာ တကယ့်ပြဿနာများကို ဖြေရှင်းနိုင်ပေမည်။ သင်သည် ဤသည်ကို အစအဆုံး နားလည်ရမည်။ သင်သည် ဤသည်ကို အစအဆုံး နားမလည်ဘဲ သင်၏ ခေါင်းဆောင် အဆင့်အတန်းကို အစဉ်အမြဲ ထိန်းသိမ်းစောင့်ရှောက်ထားလိုကာ ဘုရားရွေးချယ်ခံ လူများ၏ စိတ်နှလုံးတွင် ကောင်းမွန်သော ပုံရိပ် တည်ထောင်လိုသည်ဆိုပါက သင်၏ ရည်ရွယ်ချက်သည် လွဲမှားနေ၍ သင်သည် သဘာဝအလျောက်ပင် နာမည်ပျက်ကာ ကျရှုံးရပေမည်။ အကယ်၍ သင်သည် သမ္မာတရားကို ချစ်မြတ်နိုးသော၊ မိမိ၏ အသက် ဝင်ရောက်မှုကို အာရုံစူးစိုက်သော လူတစ်ဦးဖြစ်ကာ သင်၏ လူသား ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများ၊ မမှန်ကန်သော လိုက်စားမှုများကို လက်လျှော့ စွန့်လွှတ်ပြီး ယင်းအရာများ၏ ချုပ်တည်းခြင်း မခံရပါက သင်သည် သမ္မာတရားကို လိုက်စားနိုင်မည်ဖြစ်၍ အချိန်ကြာလာသည်နှင့်အမျှ သမ္မာတရား၏ ရှုထောင့်တစ်ခုချင်းစီကို သဘာဝအလျောက်ပင် နားလည်လာနိုင်မည်ဖြစ်သည်။ ဤနည်းအားဖြင့်ဆိုပါက တစ်ပါးသူတို့ကို ကူညီပေးခြင်းနှင့် ပတ်သက်လာလျှင် သင်သည် ကျွမ်းကျင်ပိုင်နိုင်လိမ့်မည် ဖြစ်ကာ ထိုသို့ ကူညီပေးရာတွင်လည်း အခက်အခဲ တစ်စုံတရာ ရှိလိမ့်မည်မဟုတ်ပေ။ သို့ပါ၍ သင်သည် သင်၏ အဆင့်အတန်းကို စောင့်ရှောက်မနေသင့်ပေ။ ယင်းမှာ သင်္ကြန်အမြောက်ပင် ဖြစ်သည်။ ယင်းသည် အသုံးမဝင်။ ယင်းသည် သင့်ကို မည်သည့်ကောင်းကျိုးမျှ ဆောင်ကြဉ်းပေးမည် မဟုတ်။ ထို့ပြင် ယင်းသည် သင့်ကို သမ္မာတရား နားလည်ရန် ကူညီလိမ့်မည်လည်း မဟုတ်။ ထိုမျှမက ယင်းသည် သင့်ကို အမှားများစွာ ကျူးလွန်မိအောင် လှည့်စားနိုင်ကာ သင့်ကို လမ်းလွဲသွားအောင်လည်း လုပ်နိုင်‌သေးသည်။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်အတွက်မူ အဆင့်အတန်းသည် ထောင်ချောက်တစ်ခုဖြစ်သည်။ သို့သော် မည်သူမျှ ဤအတားအဆီးကို မရှောင်လွှဲနိုင်ပေ။ အားလုံးသည် ဤအတားအဆီးကို ဖြတ်သန်းရမည်သာ ဖြစ်သည်။ ယင်းကို သင်မည်သို့ချဉ်းကပ်သည်ဆိုသည့်အပေါ်သာ မူတည်ပေသည်။ သင်သည် ယင်းကို လူသား နည်းလမ်းများ သုံးကာ ချဉ်းကပ်ပါက သင့်ကိုယ်သင် ချုပ်တည်းကာ စွန့်လွှတ်နိုင်မည်မဟုတ်။ ဤသည်ကို သမ္မာတရား အသုံးပြု၍သာ ဖြေရှင်းနိုင်သည်။ သမ္မာတရားက ဤအခက်အခဲကို ဖြေရှင်းနိုင်သည်။ အကယ်၍ သင်သည် သမ္မာတရားကို ရှာဖွေနိုင်ပါက ဤပြဿနာကို အရင်းအမြစ်မှနေ၍ ကိုင်တွယ်ဖြေရှင်းနိုင်သည်။ အကယ်၍ သင်သည် ဤအခက်အခဲကို ဖြေရှင်းရန် သမ္မာတရားကို မသုံးနိုင်လျှင်လည်းကောင်း၊ အကယ်၍ သင့်ကိုသင် ချုပ်တည်းရုံမျှ ချုပ်တည်းထားကာ အမှုအရာများကို ပုန်ကန်ရုံမျှ ပုန်ကန်နေလျှင်၊ သင်၏ အတွေးများ၊ သင်၏ ချဉ်းကပ်ပုံများ၊ သင်၏ အကြံဉာဏ်များကို ပုန်ကန်နေပြီး အစဉ်သဖြင့် ဤသို့သာ ပုန်ကန်နေလျှင်လည်းကောင်း ဤသည်ကား မည်သည့်နည်းစနစ်နည်း။ ဤသည်ကား အပျက်သဘောဆောင်သော ချဉ်းကပ်နည်းပင် ဖြစ်သည်။ သင်သည် အပြုသဘောဆောင်သော နည်းစနစ်များကို သုံးကာ ဤသည်ကို ဖြေရှင်းရမည်။ ဆိုလိုသည်မှာ သင်သည် သမ္မာတရားကို သုံး၍ ဤသည်ကို ဖြေရှင်းရမည်။ ဤအခြင်းအရာကို အစအဆုံး နားလည်ရမည်။ ပထမဦးစွာ ထိုအန္တိခရစ်များနှင့် ခေါင်းဆောင်အတုအယောင်များက သူတို့၏ နာမည်ကောင်း၊ အကျိုးအမြတ်၊ အဆင့်အတန်းတို့ကို ရှာဖွေရန်အပြင် သူတို့၏ ဂုဏ်ပကာသနနှင့် ဂုဏ်မာနကို ကာကွယ်ရန် အသုံးပြုသည့် ချဉ်းကပ်ပုံအမျိုးမျိုးကို ကြည့်လော့။ ယင်းတို့ကို ရှင်းလင်းစွာ မြင်ပြီးချိန်တွင် သင်သည် “အလို၊ ရှက်ဖွယ်လိလိပါတကား။ အမှန်တကယ်ပင် ရှက်ဖွယ်ကောင်းလေစွ။ ငါရော ထိုချဉ်းကပ်ပုံများကို သုံးလေသလော” ဟု ခံစားရလိမ့်မည်။ ထို့နောက်တွင် သင်သည် သင့်ကိုယ်သင် စတင်၍ ထင်ဟပ်ဆင်ခြင်လာကာ မကြာမီတွင်ပင် “အလို၊ ငါသည်လည်း ထိုချဉ်းကပ်ပုံ အများအပြားကို အသုံးပြုမိနေ၏။ ငါသည် ထိုအန္တိခရစ်များ၊ ခေါင်းဆောင်အတုအယောင်များနှင့် သိပ်မခြားပါတကား” ဟု သဘောပေါက်လာပေမည်။ သင်၏ စိတ်နှလုံးတွင် နောင်တတချို့ရပြီး “ငါ့အနေဖြင့် ငါ၏ အဆင့်အတန်းကို ဆက်လက်ကာကွယ်ကာ ဤရှက်ဖွယ်အရာကို ဆက်လက်ထုတ်ဖော်ပြသနေ၍ မရတော့” ဟုဆိုကာ သင်ခန်းစာယူရန် စိတ်ဆုံးဖြတ်လိုက်ပေမည်။ အခြားသူများက သင့်ကို မြတ်နိုးလေးစားခြင်း ရှိမရှိကိုသော်လည်းကောင်း၊ အခြားလူများအတွက် ပြဿနာမည်မျှ သင်ဖြေရှင်းပေးနိုင်သည်ကိုသော်လည်းကောင်း၊ သင့်ကို တစ်ဦးတစ်ယောက်က နားထောင်မထောင်ကိုသော်လည်းကောင်း၊ လူမည်မျှ၏ စိတ်နှလုံးတွင် သင့်အတွက် နေရာရှိသည်ကိုသော်လည်းကောင်း အာရုံစူးစိုက်နေခြင်းကို ရပ်လော့။ ထိုအခြင်းအရာတို့သည် သင်၏ စိတ်နှလုံးတွင် အမြဲရှိနေပါက သင်သည် အာရုံရှုပ်ထွေးကာ ထိခိုက်လိမ့်မည်။ ထို့ပြင် သင့်တွင် သမ္မာတရားကို လိုက်စားချိန် ပိုနည်းလိမ့်မည်။ သင်သည် သင်၏ အကန့်အသတ်ဖြင့်သာ ရှိသော စွမ်းအင်နှင့် သင်၏ အဖိုးတန်သော အချိန်တို့ကို နာမည်ကောင်း၊ အကျိုးအမြတ်၊ အဆင့်အတန်းတို့ကို ရလိုသည့် သင်၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများအတွက် အသုံးပြုလိုက်ပြီးဖြစ်သည်။ ရလဒ်အားဖြင့် သင်သည် သမ္မာတရားနှင့် အသက်ကို မရလိုက်ချေ။ သင်သည် အဆင့်အတန်း ရရှိသွားကာ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒများကို ဖြည့်ဆည်းလိုက်နိုင်ပါသော်လည်း အသက် ဝင်ရောက်မှုကိုကား မရလိုက်ဘဲ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကိုလည်း ဆုံးရှုံးလိုက်ရသည်။ ယင်း၏ အန္တိမအဆုံးသတ်ကား အဘယ်အရာ ဖြစ်မည်နည်း။ သင်သည် ဖယ်ရှားခံရကာ အပြစ်ဒဏ်ပေးခံရမည်။ ယင်းသည် အဘယ်ကြောင့် ဖြစ်ရသနည်း။ သင်သည် မှားယွင်းသော လမ်းကို ရွေးချယ်မိသောကြောင့်ပင်။ အကယ်၍ သင်သည် ပေါလု၏ အဆင့်သို့ ရောက်သွားပါက အဆုံးတွင် အပြစ်ဒဏ်ပေးခံရလိမ့်မည်။ သို့သော် သင်သည် ပေါလု၏ အဆင့်သို့ မရောက်ရှိသေးဘဲ သင်၏ လမ်းကြောင်းကို အချိန်မီ ပြန်လှည့်ပါက ရွေးနုတ်ခြင်းခံရရန် အခွင့်အရေးရှိသေးကာ ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက်ရှိသေးသည်။

ဘုရားသခင်ကို ယုံကြည်ကြသူတို့တွင် မည်သည့်ပြဿနာများ ရှိသည်ဖြစ်စေ၊ ထိုပြဿနာများက အဆင့်အတန်း၊ နာမည်ကောင်း၊ အကျိုးအမြတ်၊ ကြွယ်ဝမှုတို့ကို ရဖို့ အားထုတ်ခြင်း ဖြစ်နေသည်ဖြစ်စေ၊ ပုဂ္ဂလိက ရည်မှန်းချက်နှင့် လိုအင်ဆန္ဒများကို ဖြည့်ဆည်းခြင်း ဖြစ်နေသည်ဖြစ်စေ မည်သို့ပင် ဖြစ်စေကာမူ ပြဿနာတိုင်းကို သမ္မာတရားလိုက်စားခြင်းမှတစ်ဆင့် ဖြေရှင်းရမည်။ မည်သည့်ပြဿနာမျှ သမ္မာတရားကို ကျော်လွှား၍မရ။ မည်သည့်ကိစ္စမျှ သမ္မာတရားနှင့် ကင်းကွာနေခြင်းမရှိ။ အကြင်လူသည် ဘုရားသခင်အပေါ် သူ၏ ယုံကြည်မှုတွင် သမ္မာတရားဆီမှ ထွက်ခွာသွားသည်နှင့် သူ၏ ယုံကြည်မှုသည် ဗလာကျင်းလေသည်။ အခြားမည်သည့်အရာကို ဖွေရှာခြင်းကမျှ အသုံးမဝင်တော့ပေ။ အချို့လူတို့သည် အထင်ကြီးဖွယ်ကောင်းပြီး ကြီးကျယ်ခမ်းနားသော တာဝန်များကို လုပ်နေကာ သူတို့ကို အခြားသူများ အထင်ကြီးအားကျလာအောင် လုပ်နေရုံမျှဖြင့် စိတ်ချမ်းသာနေကြသည်။ ဤသည်ကား အသုံးဝင်ပါ၏လော။ ဤသည်ကား သင်၏ နောက်ဆုံး အဆုံးသတ်မဟုတ်သလို နောက်ဆုံး ဆုလာဘ်လည်း မဟုတ်။ ထို့ပြင် ယင်းသည် သင်၏ ပန်းတိုင်လည်း မုချ မဟုတ်။ ထို့ကြောင့် သင်မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ ယင်းသည် ယာယီမျှသာဖြစ်သည်။ ထာဝစဉ်အတွက် မဟုတ်။ ယင်းသည် ဘုရားသခင်က သင့်အပေါ် အပ်နှင်းထားသော ချီးကျူးဂုဏ်ပြုခြင်း မဟုတ်။ သင့်ကို ချီးမြှင့်ထားသော ဆုလာဘ်လည်း မဟုတ်ပေ။ နောက်ဆုံးတွင် လူတို့အနေဖြင့် ကယ်တင်ခြင်းကို ရနိုင်မရနိုင်ခြင်းက သူတို့ မည်သည့်တာဝန်ကို ဖြည့်ဆည်းသည် ဟူသည့်အပေါ် မူတည်ခြင်း မရှိဘဲ၊ သူတို့သည် သမ္မာတရားကို နားလည်ပြီး ရရှိနိုင်ခြင်း ရှိမရှိနှင့် အဆုံးတွင် ၎င်းတို့သည် ဘုရားသခင်အပေါ် အလုံးစုံ နာခံနိုင်ခြင်းရှိမရှိ၊ ဘုရားသခင်၏ စီစဉ်မှုအောက်တွင် မိမိတို့ကိုယ်ကို ထားရှိပြီး ၎င်းတို့၏ အနာဂတ်နှင့် ကံတရားကို ထည့်မစဉ်းစားဘဲအရည်အသွေးပြည့်မီသည့် ဖန်ဆင်းခံတစ်ယောက်ဖြစ်လာခြင်းရှိမရှိအပေါ်တွင် မူတည်သည်။ ဘုရားသခင်သည် ဖြောင့်မတ်ပြီး သန့်ရှင်းသည်။ ဤသည်မှာ လူသားမျိုးနွယ်ခပ်သိမ်းကို သူတိုင်းတာသည့် စံနှုန်းများ ဖြစ်သည်။ ဤစံနှုန်းများမှာ ပြောင်းလဲ၍မရ။ ဤသည်ကို သင်မှတ်ထားရမည်။ ဤစံနှုန်းများကို သင်၏ စိတ်တွင် ကမ္ပည်းထိုးထားလော့။ ထို့ပြင် အခြားလမ်းကြောင်းတစ်ခုခု ရှာဖွေခြင်း သို့မဟုတ် မစစ်မှန်သည့် အရာအချို့ကို လိုက်စားခြင်းအကြောင်း မည်သည့်အခါတွင်မျှ မစဉ်းစားနှင့်။ ကယ်တင်ခြင်းရရှိလိုသောသူ အားလုံးနှင့်သက်ဆိုင်သည့် ဘုရားသခင် ရှိသော သတ်မှတ်ချက်များနှင့် စံနှုန်းများမှာ ထာဝရ ပြောင်းလဲခြင်း မရှိပေ။ သင် မည်သူမည်ဝါ ဖြစ်စေကာမူ ယင်းတို့က အမြဲတမ်း ဤအတိုင်းဖြစ်သည်။ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် စံနှုန်းများအတိုင်း ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့်သာ ကယ်တင်ခြင်းကို သင် ရရှိနိုင်သည်။ သင်က မရေမရာဖြစ်သောအရာများကို လိုက်စားဖို့ အခြားလမ်းကြောင်းကို ရှာဖွေပြီး သင်သည် ကံကောင်းပြီး အောင်မြင်လိမ့်မည်ဟု စိတ်ကူးလျှင် သင်သည် ဘုရားသခင်ကို အာခံပြီး သစ္စာဖောက်သောသူတစ်ယောက်ဖြစ်ကာ ဘုရားသခင်၏ ကျိန်ဆဲခြင်းနှင့် အပြစ်ဒဏ်ပေးခြင်းကို သေချာပေါက် ခံရမည်ဖြစ်သည်။

ကောက်နုတ်ချက် (၇၃)

ခေါင်းဆောင်များနှင့် အလုပ်သမားများသည် ၎င်းတို့၏ တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ရန်နှင့် ဘုရားသခင်က ၎င်းတို့ကို ပေးအပ်ထားပြီးဖြစ်သော အလုပ်ကို ကောင်းမွန်စွာ ထမ်းနိုင်စေရန်အတွက် ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်ကို ဦးစွာ နားလည်ရမည်ဖြစ်ပြီး အလုပ်၏ အရွယ်အစား၊ သို့မဟုတ် ပမာဏကို အာရုံမစိုက်ရပေ။ ထိုအစား ၎င်းတို့သည် အသက်သို့ ဝင်ရောက်ပြီးခြင်း ရှိမရှိနှင့် မိမိတို့၏ စိတ်သဘောထားများကို ပြောင်းလဲပြီးခြင်း ရှိမရှိကို အာရုံစိုက်သင့်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များအပေါ် ဘုရားသခင် တောင်းဆိုသည့်အရာ ဖြစ်သည်။ သင်တို့သည် လူတစ်ဦး၏ စိတ်သဘောထား အပြောင်းအလဲများကို ယခု အမှန်တကယ် နားလည်သလော။ စိတ်သဘောထား အပြောင်းအလဲဟူသည် မည်သည်ကို ဆိုလိုသနည်း။ သင်တို့အနေဖြင့် အပြုအမူ ပြောင်းလဲမှုနှင့် စိတ်သဘောထား ပြောင်းလဲမှုကို ပိုင်းခြားသိမြင်နိုင်ပါသလား။ မည်သည့်အခြေအနေများကို လူတစ်ဦး၏ အသက်စိတ်သဘောထား အပြောင်းအလဲများဟု ယူဆနိုင်သနည်း၊ မည်သည့်အခြေအနေများသည် ပြင်ပ အပြုအမူ ပြောင်းလဲမှုမျှသာ ဖြစ်သနည်း။ လူတစ်ဦး၏ ပြင်ပအမူအကျင့် ပြောင်းလဲမှုနှင့် အတွင်းကျကျ အသက် ပြောင်းလဲမှုတို့ကြား ကွာခြားချက်မှာ အဘယ်နည်း။ ကွာခြားချက်ကို ပြောပြနိုင်မည်လော။ သင်တို့အနေဖြင့် စိတ်အားထက်သန်သော စိတ်နှလုံးရှိသည့် တစ်စုံတယောက်ကို အသင်းတော်အတွက် သွားလာလှည့်ပတ်ပြီး အချိန်ပေးဆပ်သည်ကို မြင်လျှင် “သူ၏စိတ်သဘောထားသည် ပြောင်းလဲသွားပြီ” ဟု ဆိုကြသည်။ တစ်စုံတစ်ဦးသည် ၎င်းတို့၏ မိသားစု၊ သို့မဟုတ် အလုပ်အကိုင်ကို စွန့်ပယ်သည်ကို သင်မြင်ရပြီး “သူ၏ စိတ်သဘောထား ပြောင်းလဲသွားပြီ” ဟု ဆိုသည်။ သူ၏ စိတ်သဘောထား မပြောင်းလဲပြီးပါက ယင်းကဲ့သို့ အနစ်နာခံမှုမျိုး ပြုလုပ်နိုင်မည် မဟုတ်ဟု သင်တို့ထင်ကြသည်။ ဤသည်ကား သင်တို့အများစု ထင်မြင်ကြပုံ ဖြစ်သည်။ ထိုအမြင်များသည် မှန်ကန်ပါသလော။ အချို့သော သူများကား ပို၍ အဓိပ္ပါယ်မဲ့ကြသေးသည်။ မိသားစု၊ သို့မဟုတ် အလုပ်အကိုင်ကို စွန့်ပယ်ထားသူကို တွေ့သောအခါ “ဤသူသည် ဘုရားသခင်ကို တကယ်ချစ်သည်” ဟု ဆိုကြသည်။ ယနေ့ ဤသူက ကိုယ်တော်ကို ချစ်သည် ဟု ဆိုပြီး မနက်ဖြန်တွင် အခြားသူတစ်ဦးက ကိုယ်တော်ကို ချစ်သည် ဟု သင်တို့ဆိုကြပြန်သည်။ အဆုံးမရှိ တရားဟော နေသူတစ်ဦးကို သင်တို့မြင်တွေ့လျှင် “ဤသူသည် ဘုရားသခင်ကို သိတော်မူ၏။ သမ္မာတရားကို သူရရှိခဲ့ပြီ။ ဘုရားသခင်ကို မသိလျှင် ဤသို့ ပြောစရာ အများကြီး ရှိနိုင်မည်လော” ဟု သင်တို့ ပြောကြသည်။ ယင်းမှာ အမှုအရာများကို သင်တို့မြင်ကြသည့်ပုံစံ ဖြစ်သည်မဟုတ်လော။ စင်စစ်အားဖြင့် ဤသည်မှာ လူများနှင့် အမှုအရာများကို သင်တို့အများစု ရှုမြင်သည့်ပုံစံ ဖြစ်သည်။ သင်တို့ကား အခြားသူများကို အစဉ်သဖြင့် ချီးမြှင့်မြှောက်စားကာ မြှောက်ပင့်ကြသည်။ ယနေ့ ဘုရားသခင်ကို ချစ်ခြင်းအတွက် တစ်စုံတဦးကို ချီးမြှင့်မြှောက်စားပြီး မနက်ဖန်တွင်လည်း အခြားလူ တစ်ဦးအား ဘုရားသခင်အပေါ် သိကျွမ်းခြင်းနှင့် သစ္စာရှိခြင်းတို့ကြောင့် ချီးမြှင့်မြှောက်စားမည်ဖြစ်သည်။ သင်တို့သည်ကား အခြားသူများကို ချီးမြှင့်မြှောက်စားရာတွင် “ကျွမ်းကျင်” သူများပေတကား။ သင်တို့သည် နေ့စဉ်နှင့်အမျှ အခြားသူများကို ချီးမြှင့်မြှောက်စားကာ မြှောက်ပင့်နေပြီး ယင်းသည် သူတို့အား ဘေးဖြစ်စေသည့်တိုင် သင်တို့ကမူ ထိုအမှုကိစ္စအတွက် ဂုဏ်ယူလျက် ရှိချေသည်။ သင်တို့သည် အခြားသူများအား ဤနည်းဖြင့် ချီးကျူးဂုဏ်ပြုခြင်းဖြင့် ၎င်းတို့အား မာနထောင်လွှားစေသည်။ ဤကဲ့သို့ ချီးမွမ်းခံရသူများသည် “ငါပြောင်းလဲသွားပြီ၊ ငါသည် သရဖူကို လက်ခံနိုင်သည်၊ ကောင်းကင် နိုင်ငံတော်သို့ ငါဝင်ရမည်မှာ သေချာသည်” ဟု မိမိတို့ကိုယ်ကို တွေးထင်ကြသည်။ ပိုမို ဆိုးရွားသောအချက်မှာ ပေါလုကဲ့သို့ပင် သူတို့ မည်မျှဒုက္ခခံပြီး မည်မျှလောက် သက်သေခံထားကြောင်း အမြဲဆိုတတ်ကြသူအချို့ ရှိကြပေသည်။ ထိုသူတို့သည် မိမိတို့ကိုယ်ကို ချီးမွမ်းကြပြီး ဘုရားသခင်၏ အလိုတော်ကို အနည်းငယ်မျှ ထည့်တွက်စဉ်းစားခြင်း မရှိဘဲ ၎င်းတို့၏ အယူအဆများနှင့် နှစ်သက်မှုများအတိုင်း ပြောဆိုတတ်ကြပေသည်။ ၎င်းတို့သည် ၎င်းတို့၏ စိတ်သ‌ဘောထား မပြောင်းလဲသည်မှာ သိသာထင်ရှားသော်လည်း ၎င်းတို့အား အတုယူရန် အခြားသူများကို ပြောကြားတတ်ကြသည်။ ရလဒ်အနေဖြင့် ဘုရားသခင်ကို ယုံကြည်သော်လည်း ပိုင်းခြားသိမြင်မှု ကင်းမဲ့သူများ၊ အထူးသဖြင့် ၎င်းတို့အား ယုံကြည်ကိုးကွယ်သူများသည် ထိခိုက် နစ်နာပြီး လမ်းလွဲကြရသည်။ သူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း၏ လမ်းကြောင်းမှန်ပေါ်သို့ စတင်ခြေချရခြင်း မရှိသေးဘဲ မိမိတို့ကိုယ်မိမိ အသုံးခံကာ ဘုရားသခင်အတွက် စိတ်ထက်သန်စွာ ဒုက္ခခံကြသည်။ သူတို့သည် မည်သည့်အရာကိုမျှ သစ္စာဖောက်ခြင်း၊ သို့မဟုတ် ယုဒဖြစ်သွားခြင်း မရှိဘဲ ဖမ်းဆီးထောင်ချခံရခြင်းမျှသာ ဖြစ်၏။ ထို့အတွက်ကြောင့် ၎င်းတို့သည် မိမိတို့၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ခဲ့ပြီးဖြစ်သည်၊ ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ရန် အရည်အချင်းပြည့်မီသည်ဟု ထင်မြင်ကြလေသည်။ သူတို့သည် ဤအတွေ့အကြုံအနည်းငယ်မျှကို သက်သေခံချက်အဖြစ် မှတ်ယူလျက် နေရာတကာ ကြွားလုံးထုတ်ကြသည်။ ဤသည်မှာ လူများကို လှည့်ဖြားဖို့ ကြွားဝါခြင်း မဟုတ်လော။ လူများစွာတို့သည် ဤ “သက်သေခံချက်” မျိုးကို ပေးကြပြီဖြစ်ရာ လူပေါင်းမည်မျှသည် လှည့်စားခံကြရပြီး ဖြစ်သနည်း။ ထိုကဲ့သို့သော လူများက အောင်မြင်သောသူများအဖြစ် ဆက်ဆံခံရခြင်းသည် အဓိပ္ပာယ်မဲ့သည် မဟုတ်လော။ ဘုရားသခင်သည် လူများအား မည်သို့မြင်သည်ကို သင်သိသလော။ အောင်မြင်သောသူဆိုသည်မှာ အတိအကျအားဖြင့် မည်သည့်အရာ ဖြစ်ကြောင်း သင်ရှင်းလင်းသလော။ ဤပုံစံဖြင့် မှားယွင်းသော သက်သေခံခြင်းကို ဘုရားသခင်က ကျိန်ဆဲလေသည်။ မည်မျှလောက်သော မကောင်းမှုများကို အလားတူပုံစံဖြင့် သင်တို့ ကျူးလွန်ခဲ့သနည်း။ သင်တို့သည် အခြားသူများအတွက် အသက်ကို မထောက်ပံ့ပေးနိုင်သကဲ့သို့ အခြားသူများ၏ အခြေအနေများကို စိတ်ဖြာလေ့လာဆွေးနွေးနိုင်ခြင်းလည်း မရှိ။ သင်တို့သည် လူများကို သရဖူများ ပေးခြင်းသာ လုပ်နိုင်ပြီး ရလဒ်အနေဖြင့် ၎င်းတို့ ပျက်စီးသွားအောင်သာ လုပ်နိုင်သည်။ အကျင့်ပျက်သူတစ်ဦးသည် ချီးမွမ်းခြင်းကို မခံနိုင်ကြောင်း သင်မသိသလော။ မည်သူမျှ မချီးမွမ်းလျှင် ထိုသူသည် ခေါင်းမော့လျက် မယုံနိုင်လောက်အောင် မောက်မာနေပေလိမ့်မည်။ သို့သော် လူတို့က သူ့ကို ချီးမွမ်းလျှင် ထိုသူသည် အသေစောမည် မဟုတ်လော။ ဘုရားသခင်ကို ချစ်မြတ်နိုးရန်၊ ဘုရားသခင်ကို သိရန်နှင့် ဘုရားသခင်အတွက် စိတ်ရင်းအမှန်ဖြင့် မိမိကိုယ်မိမိ အသုံးခံရန်ဆိုသည်မှာ အဘယ်ဖြစ်ကြောင်း သင်တို့မသိရှိကြ။ ထိုအရာ တစ်ခုတလေကိုမျှ သင်တို့နားမလည်ကြ။ သင်တို့သည် အမှုအရာများ၏ အပြင်ပန်းသွင်ပြင်ကို ကြည့်လျက် အခြားသူများကို အကဲဖြတ်ကြ၏။ အခြားသူများကို သရဖူများ ဆောင်းပေးကာ မြှောက်ပင့်ကြ၏။ ဤနည်းအားဖြင့် လူများစွာကို လှည့်စားပြီး ထိခိုက်နစ်နာစေသည်။ သင်တို့သည် ဤသို့ မကြာခဏ ပြုကြသည်။ သင်တို့ ဤသို့ ချီးမွမ်းသည်ကို ခံရပြီးသည့်နောက် လူများစွာတို့သည် လမ်းလွဲကုန်ပြီး လဲကျခဲ့ကြရပြီဖြစ်၏။ ထိုသူတို့ ပြန်ထလာနိုင်လျှင်ပင် ၎င်းတို့ဘဝရှိ တိုးတက်မှုများစွာက နှောင့်နှေးသွားပြီဖြစ်ကာ ဆုံးရှုံးမှုများကို ၎င်းတို့ခံစားခဲ့ကြရပြီ ဖြစ်သည်။ ယခုအခါ အများစုသည် ဘုရားသခင်အပေါ် သူတို့၏ ယုံကြည်ခြင်း၌ မှန်ကန်သော လမ်းကြောင်းပေါ်တွင် မရှိသေးသကဲ့သို့ သမ္မာတရားကိုလည်း မလိုက်စားနိုင်ကြသည့်အပြင် မိမိတို့အကြောင်းကိုလည်း အနည်းငယ်သာ သိကြသည်။ အကယ်၍ ၎င်းတို့သည် ဤသို့ ချီးကျူးခံရပါက မိမိကိုယ်ကို ကျေနပ်ရောင့်ရဲခြင်း၊ အားရခြင်းများ ဖြစ်လာကာ ဘုရားသခင်အပေါ် သူတို့၏ ယုံကြည်ခြင်း၌ လမ်းကြောင်းမှန်ပေါ်သို့ ရောက်နေပြီးသား ဖြစ်သည်ဟုလည်းကောင်း၊ သူတို့တွင် သမ္မာတရားစစ်မှန်မှု အနည်းငယ် ရှိသည်ဟုလည်းကောင်း ခံစားကြကာ မလျှော့တမ်း ပေတေနေကြမည် ဖြစ်သည်။ ၎င်းတို့ စကားပြောဆိုရာတွင် ရဲတင်းလာကာ အသင်းတော်အတွင်းတွင် လူများကိုလည်း အပြစ်တင်ပြီး အာဏာရှင်တစ်ဦးကဲ့သို့ ပြုမူလာကြလိမ့်မည် ဖြစ်သည်။ ဤပုံစံအတိုင်း လုပ်ဆောင်ခြင်းအားဖြင့် သင်သည် လူများကို ထိခိုက်နစ်နာစေပြီး ပျက်စီးစေသည် မဟုတ်လော။ မည်သို့သောသူသည် ဘုရားသခင်ကို ချစ်သနည်း။ ဘုရားသခင်ကို ချစ်သူများသည် ပေတရုကဲ့သို့ ဖြစ်ရပေမည်။ ၎င်းတို့သည် စုံလင်စေခြင်းကို ခံရမည်။ ထို့ပြင် ဘုရားသခင်ကို ချစ်ခြင်းအား ရရှိနိုင်ရန်အတွက် လမ်းဆုံးတိုင်အောင် ဘုရားသခင်နောက်သို့ လိုက်ရမည်။ ဘုရားသခင်သည် လူတို့၏ နှလုံးသားတွင်းသို့ နက်နက်နဲနဲ ကြည့်ရှုသည်ဖြစ်ရာ သူ့အား ချစ်သောသူကို ဘုရားသခင်သည်သာလျှင် ဆုံးဖြတ်နိုင်သည်။ လူတို့အနေဖြင့် ဤသည်ကို ရှင်းလင်းစွာ မြင်နိုင်ရန် မလွယ်ကူသောကြောင့် အခြားသူများအပေါ် မည်သို့လျှင် စီရင်ဆုံးဖြတ်နိုင်မည်နည်း။ ဘုရားသခင်ကို မည်သူက အမှန်တကယ် ချစ်သည်ဆိုသည်ကို ဘုရားသခင်သာလျှင် သိပေသည်။ ဘုရားသခင်ကို ချစ်သောစိတ်နှလုံး ရှိလျှင်ပင် ၎င်းတို့ကိုယ်တိုင်သည် ဘုရားသခင်ကို ချစ်သူများ ဖြစ်ကြောင်း သူတို့မပြောဝံ့ကြ။ ဘုရားသခင်က ပေတရုသည် ဘုရားသခင်ကို ချစ်သောသူတစ်ဦးဖြစ်ကြောင်း ပြောသော်လည်း ပေတရုကိုယ်တိုင်ကမူ ဤသို့တစ်ခါမျှ ပြောခဲ့ခြင်း မရှိပေ။ သို့ဖြစ်၍ ဘုရားသခင်ကို ချစ်ခြင်းသည် လူတစ်ဦး သာမန်ကာလျှံကာ ကြွားဝါ၍ရသည့် အရာတစ်ခုဖြစ်သလော။ ဘုရားသခင်ကို ချစ်ခြင်းဟူသည်မှာ လူသား၏ ဝတ္တရား ဖြစ်ပေရာ မိမိ၏ နှလုံးအိမ်အတွင်းတွင် ဘုရားအတွက် ချစ်ခြင်းမေတ္တာ အနည်းငယ် ရှိလာသည်နှင့်တစ်ပြိုင်နက် စတင်၍ ဝါကြွားခြင်းသည် ယုတ္တိကင်းမဲ့လေသည်။ မိမိကိုယ်၌ကမူ ဘုရားသခင်ကို ချစ်သောသူမဟုတ်ပါဘဲ အခြားသူများကို ဘုရားသခင်အား ချစ်ခြင်းအတွက် ချီးမွမ်းသည်မှာ ထိုထက်ပို၍ ယုတ္တိကင်းမဲ့လေသည်။ ဤသည်မှာ အလွန်မိုက်မဲခြင်းပေတည်း။ မည်သူက ဘုရားအား ချစ်သောသူဖြစ်သည်ကို ဘုရားသခင်သာလျှင် သိ၍ ဘုရားကို ချစ်သောသူမှာ မည်သူဖြစ်ကြောင်း ဘုရားသခင်သာလျှင် ပြောနိုင်သည်။ လူသားတစ်ဦး၏ နှုတ်မှ ဤစကားများထွက်လာလျှင် ထိုသူသည် နေရာအမှားကို ဝင်ယူနေခြင်း ဖြစ်သည်။ သင်သည် လူများကို ဩဘာပေးပြီး မြှောက်ပင့်ရင်း ဘုရားသခင်၏ နေရာကို ယူနေခြင်း ဖြစ်သည်။ မည်သူ့ကိုယ်စား ထိုကဲ့သို့ လုပ်ရသနည်း။ ဘုရားသခင်သည် လူတို့ကို သေချာပေါက် မမြှောက်ပင့်သကဲ့သို့ ဩဘာလည်း မပေးပေ။ ပေတရုကို စုံလင်စေပြီးသည့်နောက်၌ ဘုရားသခင်သည် နောက်ဆုံးသောကာလ အမှုကို မလုပ်မချင်း သူ့အား နမူနာအနေဖြင့် အသုံးမပြုခဲ့ချေ။ “ပေတရုကား ဘုရားသခင်ကို ချစ်ပေသည်” ဟု ထိုအချိန်တွင် ဘုရားသခင်က အခြားသူများကို မပြောခဲ့။ အမှု၏ ဤအဆင့်ကို လုပ်ဆောင်သည့်အခါမှသာ ဘုရားသခင်က ပေတရုကို နောက်ဆုံးသော ကာလတွင် ဘုရားသခင်၏ တရားစီရင်ခြင်းကို တွေ့ကြုံပြီး ဘုရားသခင်ကို ချစ်ရန် ကြိုးစားသည့် သူများအတွက် စံပြနှင့် နမူနာအဖြစ် သတ်မှတ်ရင်း ထိုသို့သော စကားများကို ပြောခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်ပြုသော အမှုတိုင်းသည် အဓိပ္ပာယ်ရှိ၏။ တစ်စုံတစ်ယောက်မှာ ဘုရားသခင်ကို ချစ်သောသူဖြစ်သည်ဟု လူတို့အနေနှင့် ထင်ရာမြင်ရာ ပြောဆိုခြင်းသည် အဘယ်မျှ အဓိပ္ပာယ်ကင်းမဲ့လိုက်လေသနည်း။ ဤသည်မှာ ယုတ္တိကင်းမဲ့လွန်းလှ၏။ ပထမဦးစွာ ထိုလူများသည် မှားယွင်းသော အနေအထားတွင် ရပ်နေကြခြင်း ဖြစ်သည်။ ဒုတိယအနေဖြင့် ဤသည်မှာ လူတို့စီရင်ဆုံးဖြတ်နိုင်သည့်အရာ မဟုတ်။ အခြားသူများကို မြှောက်ပင့်ပြောဆိုခြင်းဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ အခြားသူများကို ရှုပ်ထွေးစေခြင်း၊ လှည့်ဖြားခြင်းနှင့် ထိခိုက်နစ်နာစေခြင်းကို ဆိုလိုသည်။ တတိယအနေဖြင့် ယင်း၏ ဓမ္မဓိဋ္ဌာန်ကျသော သက်ရောက်မှုများကို ကြည့်လျှင် ထိုသို့သော အပြုအမူသည် အခြားသူတို့အား လမ်းကြောင်းမှန်ပေါ်သို့ မပို့ဆောင်နိုင်ရုံသာမက ၎င်းတို့၏ အသက်ဝင်ရောက်မှုကိုပါ အနှောင့်အယှက်ပေးပြီး ၎င်းတို့၏ ဘဝတွင် ဆုံးရှုံးမှုများကိုလည်း ဖြစ်စေပေသည်။ သင့်အနေဖြင့် တစ်စုံတစ်ယောက်သည် ဘုရားသခင်ကို ချစ်သည်၊ အမှုအရာများကို စွန့်လွှတ်နိုင်သည်၊ ဘုရားသခင်အပေါ် သစ္စာရှိသည်ဟု အမြဲပြောဆိုနေလျှင် လူတိုင်းက ထိုသူ၏ အပြင်ပန်း လုပ်ဆောင်ချက်များကို တုပလာကြမည် မဟုတ်လော။ သင့်အနေဖြင့် အခြားသူများကို လမ်းမှန်သို့ မရောက်စေရုံသာမက သရဖူများနှင့် အလဲအလှယ်လုပ်ရန် ဤအပြင်ပန်းအလေ့အကျင့်များကို လူအများစု အားကိုးကြကာ ပေါလု၏ လမ်းကြောင်းကို အမှတ်တမဲ့ လျှောက်ကုန်ကြသည်အထိ အပြင်ပန်း လုပ်ဆောင်ချက်များအပေါ် ထိုသူတို့ အာရုံစိုက်ကြစေရန် ဦးဆောင်လိုက်ခြင်းလည်း ဖြစ်သည်။ ဤသက်ရောက်မှုများ မရှိခဲ့သလော။ ဤစကားများကို သင်ပြောသည့်အခါ ထိုပြဿနာများကို သတိပြုမိသလော။ မည်သည့်အနေအထားတွင် သင်ရပ်တည်နေသနည်း။ မည်သည့်အခန်းကဏ္ဍတွင် သင်ပါဝင်ဆောင်ရွက်နေသနည်း။ သင့်စကားများ၏ ဓမ္မဓိဋ္ဌာန်ကျသော သက်ရောက်မှုကား အဘယ်နည်း။ ယင်းက အဆုံးတွင် အခြားသူများအား အဘယ်လမ်းကို လိုက်စေသနည်း။ မည်မျှသော အတိုင်းအတာထိ ဘေးအန္တရာယ်ဖြစ်စေသနည်း။ လူတို့အနေဖြင့် ဤသို့လုပ်ဆောင်ကြသောအခါ ကြီးလေးသော အကျိုးဆက်များ ရှိပေသည်။

အသင်းတော်အတွင်းရှိ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များမှာ သူတို့၏ အတွေ့အကြုံများကို မပြောနိုင်၊ သက်သေမခံနိုင်သကဲ့သို့ ပြဿနာများ ဖြေရှင်းရန်အတွက် သမ္မာတရားကိုလည်း အသုံးမပြုနိုင်ပေ။ သူတို့အနေဖြင့် မည်သို့ ဒုက္ခခံခဲ့ပုံ၊ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို မည်သို့လက်ခံခဲ့ပုံ၊ မကျေနပ်ချက်များစွာကို ခံစားခဲ့ရသော်လည်း မည်သို့ အပျက်သဘောမဆောင်လာကြပုံ၊ မိမိတို့၏ တာဝန်များကို လုပ်ဆောင်ရာတွင် မည်သို့ဇွဲကောင်းပုံတို့ကိုသာ အမြဲလိုလို သက်သေခံကြသည်။ ပေါလုကဲ့သို့ပင် ၎င်းတို့အပေါ် ဘုရားရွေးချယ်ထားသောလူများ လေးစားရန်၊ ကြည်ညိုရန်နှင့် အထင်ကြီးရန် လုပ်ဆောင်လျက် မိမိတို့ကိုယ်ကို ဂုဏ်တင်ရင်း သူတို့ကိုယ်သူတို့ အစဉ်သဖြင့် သက်သေခံကြသည်။ ထို့အပြင် ထိုသူတို့သည် စကားများနှင့် အယူဝါဒများကို ကောင်းစွာ ပြောဆိုနိုင်ပြီး တရားဟောကြားနိုင်သူတို့ကို မြင်သည့်အခါ မြှောက်ပင့်ပေးကြသည်။ ပေါလုနှင့်တူသော ထိုခေါင်းဆောင်နှင့် အမှုဆောင်တို့ကို ချီးမွမ်းပြီး သြဘာပေးကြသည်။ ဤနည်းအားဖြင့် ထိုခေါင်းဆောင်နှင့် အမှုဆောင်တို့အပေါ် အခြားသူများ ကြည်ညိုအောင် သူတို့လုပ်ကြသည်။ ထိုသူတို့သည် ရေလောင်းခြင်းအလုပ်နှင့် ဖြည့်ဆည်းခြင်းအလုပ်ကို ကောင်းစွာ လုပ်ဆောင်ရန် ပျက်ကွက်ရုံသာမက အခြားသူများကို ပေါလု၏ လမ်းကြောင်း လျှောက်ဖို့ ဦးတည်ပေးသည့် ဖျက်ဆီးပြီး အနှောင့်အယှက်ပေးသော အလုပ်အချို့ကိုလည်း ပါဝင်ဆောင်ရွက်ကြသည်။ ထိုအတောအတွင်း သူတို့ကိုယ်သူတို့ စွမ်းဆောင်နိုင်သော ခေါင်းဆောင်ကောင်းများ ဖြစ်သည်ဟု တလွဲတွေးထင်ကာ ဘုရားသခင်ထံမှ ဆုလာဘ်များကို ရလိုကြသည်။ ဤသည်မှာ သင်တို့အများစု ရောက်နေသော အခြေအနေ မဟုတ်သလော။ စကားများနှင့် အယူဝါဒများကိုသာ အာရုံစိုက်ခြင်းနှင့် လူတို့ကို မရပ်မနား သြဝါဒပေးခြင်းဖြစ်သည့် သင်တို့၏ လက်ရှိနည်းစနစ်အရဆိုလျှင် လူများကို မှန်ကန်သော လမ်းကြောင်းပေါ်သို့ သင်တို့ ဦးဆောင်နိုင်မည်လော။ အဆုံးတွင် ဤအမှုသည် ၎င်းတို့အား မည်သည့်လမ်းကြောင်းသို့ ဆိုက်ရောက်စေနိုင်သနည်း။ ၎င်းတို့အားလုံးကို ပေါလုလမ်းကြောင်းပေါ်သို့ ဆိုက်ရောက်စေမည် မဟုတ်လော။ ဤသည်မှာ ပကတိအရှိဖြစ်သည်ဟု ငါမြင်သည်။ တစ်ဆိတ်ကို တစ်အိတ်လုပ်ခြင်း မဟုတ်။ သင်တို့အားလုံးသည် လူများကို ပေါလုလမ်းကြောင်းသို့ ဦးဆောင်နေသည့် ပေါလုပုံစံ ခေါင်းဆောင်များ ဖြစ်သည်ဟု ဆိုနိုင်သည်။ သရဖူတစ်မျိုးမျိုးကို သင်တို့ လိုချင်နေကြဆဲလော။ ပြစ်တင်ရှုတ်ချခြင်း မခံရလျှင်ပင် သင်တို့ကံကောင်းမည်ဖြစ်၏။ သင်တို့လုပ်ရပ်များအရ သင်တို့အားလုံးသည် ဘုရားသခင်ကို ခုခံသည့်သူများ၊ ဘုရားသခင်ကို အစေခံသည့်တိုင် ခုခံသည့်သူများ ဖြစ်လာကြလေပြီ။ ဘုရား၏ အမှုကို နှောင့်ယှက်ရာတွင် ကျွမ်းကျင်သူများ ဖြစ်လာကြလေပြီ။ ဤလမ်းကြောင်းမျိုးအတိုင်းသာ ဆက်လက်လျှောက်လှမ်းပါက အဆုံးတွင် သင်တို့သည် အယောင်ဆောင် သိုးထိန်းများ၊ အယောင်ဆောင် ခေါင်းဆောင်များ၊ အယောင်ဆောင် အမှုဆောင်များနှင့် အန္တိခရစ်များသာ ဖြစ်သွားကြမည်ဖြစ်သည်။ ယခုအချိန်သည် ကောင်းကင်နိုင်ငံတော်အတွက် လေ့ကျင့်သည့် အချိန်ခါသမယ ဖြစ်ပေသည်။ သင်တို့အနေဖြင့် သမ္မာတရားအပေါ် အားစိုက်ထုတ်မှု မပြုဘဲ အလုပ်ကိုသာ အာရုံစိုက်နေလျှင် ပေါလု၏ လမ်းကြောင်းကို အမှုမဲ့အမှတ်မဲ့ လျှောက်မိလျက်သား ဖြစ်သွားပေလိမ့်မည်။ ထို့အပြင် သင်တို့သည် ပေါလုနှင့်တူသော အခြားသူတစ်စုကိုလည်း သင်တို့နှင့်အတူ ခေါ်ဆောင်သွားလိမ့်မည်။ ဤသို့ဆိုလျှင် သင်တို့သည် ဘုရားသခင်ကို ခုခံပြီး သူ၏ အလုပ်ကို နှောင့်ယှက်သူဖြစ်လာမည် မဟုတ်လော။ ထို့ကြောင့် ဘုရားသခင်ကို အစေခံသည့်သူတစ်ဦးသည် ဘုရားသခင်အတွက် သက်သေမခံနိုင်လျှင်၊ သို့မဟုတ် ဘုရားသခင် ရွေးချယ်ထားသူများကို လမ်းမှန်သို့ရောက်အောင် ဦးဆောင်ခြင်း မပြုနိုင်လျှင် သူသည် ဘုရားသခင်ကို ခုခံသည့်သူတစ်ဦး ဖြစ်၏။ ဤလမ်းကြောင်းနှစ်ခုသာ ရှိသည်။ ပေတရု၏ လမ်းကြောင်းမှာ သမ္မာတရားကို လိုက်စားပြီး နောက်ဆုံးတွင် မိမိ၏ ယုံကြည်ခြင်း၌ အောင်မြင်သွားသည့် လမ်းကြောင်းဖြစ်သည်။ ပေါလု၏ လမ်းကြောင်းမှာမူ သမ္မာတရားကို လိုက်စားခြင်းမပြုဘဲ ကောင်းချီးနှင့် ဆုလာဘ်များ ရဖို့အတွက်သာ ကြိုးစားသည့် လမ်းကြောင်းဖြစ်သည်။ ယင်းမှာ ရှုံးနိမ့်ခြင်းလမ်းကြောင်း ဖြစ်သည်။ ယနေ့တွင် ပေတရု၏ အောင်မြင်သော လမ်းကြောင်းကို လျှောက်လှမ်းသူမှာ နည်းပါးလွန်းလှပြီး ပေါလု၏ ကျရှုံးသည့် လမ်းကြောင်းကို လျှောက်လှမ်းသူမှာမူ များစွာ ရှိနေသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် အစေခံနေသည့် သင်တို့သည် သမ္မာတရားကို အစမှအဆုံးထိ မလိုက်စားပါက သင်တို့အားလုံးသည် အယောင်ဆောင် ခေါင်းဆောင်နှင့် အယောင်ဆောင် အမှုဆောင်များ ဖြစ်လာပြီး အန္တိခရစ်များနှင့် ဘုရားသခင်ကို ခုခံသော ဆိုးယုတ်သူများ ဖြစ်လာကြပေမည်။ သင်တို့အနေဖြင့် ယခုအချိန်မှစ၍ လမ်းကြောင်းမှန်ပေါ်သို့ ပြောင်းပြီး ပေတရု၏ လမ်းကြောင်းကို အမှန်တကယ် လိုက်လျှင် ဘုရားသခင်ချီးမွမ်းသော ခေါင်းဆောင်ကောင်းနှင့် အမှုဆောင်ကောင်းများ ဖြစ်လာနိုင်သေးသည်။ သင်တို့သည် စုံလင်စေခြင်း ခံရဖို့နှင့် ဘုရားနှုတ်ကပတ်တော်၏ စစ်မှန်မှုအတွင်း ဝင်ရောက်ဖို့ မကြိုးစားလျှင် အန္တရာယ်ရှိလေသည်။ သင်တို့၏ မိုက်မဲမှုနှင့် မသိနားမလည်မှု၊ အပေါ်ယံမျှဖြစ်ပြီး မလုံလောက်သော အတွေ့အကြုံ၊ သင်တို့၏ သေးငယ်သော ဝိညာဉ်ရင့်ကျက်မှုနှင့် မရင့်ကျက်မှုတို့ကို ထည့်သွင်းစဉ်းစားပါက လုပ်ဆောင်နိုင်သည့် တစ်ခုတည်းသောအရာမှာ သင်တို့ကို သမ္မာတရားနှင့်ပတ်သက်၍ ပိုမိုမိတ်သဟာယပြုပေးခြင်းနှင့် သင်တို့ နားလည်လာအောင် လုပ်ပေးခြင်းတို့သာ ဖြစ်သည်။ သို့သော် သင်တို့ သမ္မာတရားကို ရမရဆိုသည်မှာ သင်တို့ကိုယ်တိုင်၏ လိုက်စားမှုအပေါ်တွင် မူတည်ပေသည်။ အကြောင်းမှာ ယနေ့ခေတ်သည် ပေတရုနှင့် ပေါလုတို့၏ ခေတ်နှင့်စာလျှင် များစွာခြားနားနေသောကြောင့် ဖြစ်သည်။ ထိုခေတ်က သခင်ယေရှုသည် လူတို့ကို တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ သို့မဟုတ် လူ၏ စိတ်သဘောထားကို ပြောင်းလဲပေးခြင်းများ မပြုလုပ်ရသေးပေ။ ယခုခေတ်အခါတွင်မူ လူ့ဇာတိခံ ဘုရားသခင်သည် သမ္မာတရားကို အလွန် ပွင့်လင်းမြင်သာစွာ ဖော်ပြထားပြီဖြစ်သည်။ လူတို့အနေဖြင့် ပေါလု၏ လမ်းကြောင်းကို လျှောက်လှမ်းဆဲဖြစ်လျှင် ဤအချက်က သူတို့၏ လက်ခံနိုင်စွမ်းမှာ ချို့ယွင်းနေကြောင်း ပြသည့်အပြင် သူတို့၏ စရိုက်သည် ပေါလုကဲ့သို့ပင် အလွန်ကောက်ကျစ်ပြီး စိတ်သဘောထားကလည်း အလွန်အမင်း မာနထောင်လွှားကြောင်း ညွှန်ပြလျက်ရှိသည်။ ထိုခေတ်နှင့် ယနေ့ခေတ် မတူညီသကဲ့သို့ အလုံးစုံ အခြေအနေချင်းလည်း ကွာခြားသည်။ ယနေ့ခေတ်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အလွန် တောက်ပပြီး အလွန် ရှင်းလင်းလှသည်။ ဘုရားက သင့်ကို သွန်သင်ပေးရန်နှင့် ဦးဆောင်ရန် သူ၏လက်ကို ကမ်းပေးနေသည့်အလား ဖြစ်သည်။ ထို့ကြောင့် သင့်အနေဖြင့် လမ်းမှားကို လျှောက်လှမ်းဆဲဖြစ်ပါက လက်သင့်ခံနိုင်ဖွယ် မရှိပေ။ ထို့အပြင် ယနေ့ခေတ်တွင် တစ်ခုက အပြုသဘောဆောင်ပြီး တစ်ခုက အပျက်သဘောဆောင်ကာ တစ်ခုက စံနမူနာဖြစ်ပြီး အခြားတစ်ခုက သတိပေးချက်ဖြစ်သည့် ပေတရုနှင့် ပေါလုဟူသည့် သာဓကပုံစံနှစ်မျိုးရှိ၏။ လမ်းမှားကို လျှောက်လျှင် သင်သည် မှားယွင်းသော ရွေးချယ်မှုကို ပြုခဲ့ပြီဖြစ်ပြီး ဆိုးယုတ်လွန်းသည်ဟု ဆိုလို၏။ သင်တို့ကိုယ်သင်တို့အပြင် အခြားအပြစ်တင်စရာ မည်သူမျှမရှိချေ။ သမ္မာတရားစစ်မှန်မှု ရှိသောသူသည်သာ အခြားသူများကို သမ္မာတရားစစ်မှန်မှုသို့ ဝင်ရောက်ရန် ဦးဆောင်နိုင်ပေသည်။ သမ္မာတရားစစ်မှန်မှု မရှိသူတို့မှာမူ အခြားသူများကို လမ်းလွဲစေဖို့သာ ဦးဆောင်နိုင်သည်။

ကောက်နုတ်ချက် (၇၆)

ဘာသာရေး တစ်ခုချင်းစီနှင့် ဂိုဏ်းဂဏတစ်ခုချင်းစီ၏ ခေါင်းဆောင်များကို ကြည့်လော့။ သူတို့အားလုံးသည် မာနထောင်လွှား၍ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကြသူများဖြစ်ပြီး သမ္မာကျမ်းစာနှင့်သက်ဆိုင်သည့် ၎င်းတို့၏ အနက်ဖွင့်ဆိုမှုများသည် ဆက်စပ်အကြောင်းအရာ ကင်းမဲ့ပြီး၊ ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများက လမ်းညွှန်ခံရခြင်း ဖြစ်သည်။ သူတို့ အားလုံးသည် မိမိတို့၏အလုပ်ကို လုပ်ဆောင်ရန် ဆုကျေးဇူးများနှင့် အသိပညာကို အားထားကြသည်။ အကယ်၍ သူတို့သည် လုံးဝ မဟောပြောနိုင်ပါက၊ လူများက သူတို့နောက်သို့ လိုက်ခဲ့ကြလိမ့်မည်လော။ စင်စစ်မူကား သူတို့၌လည်း အသိပညာအချို့ ရှိထားကြပြီး အချို့သော အယူဝါဒများကို ဟောပြောနိုင်ကြသည်၊ သို့မဟုတ် သူတို့သည် အခြားသူများကို မည်ကဲ့သို့ သိမ်းသွင်းရမည်နှင့် လှည့်ကွက်အချို့ကို မည်ကဲ့သို့ အသုံးပြုရမည်ကိုလည်း သိကြသည်။ သူတို့သည် လူများကို လှည့်ဖြားကာ လူတို့ကို မိမိတို့၏ရှေ့မှောက်သို့ ခေါ်ဆောင်ရန် ဤအရာများကို အသုံးပြုကြသည်။ အမည်ခံသဘောအရ ထိုလူများသည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း လက်တွေ့သဘောတွင်မူ သူတို့သည် ဤခေါင်းဆောင်များနောက်သို့ လိုက်ကြသည်။ သူတို့သည် စစ်မှန်သော လမ်းခရီးကို ဟောပြောသောသူများနှင့် တွေ့ကြုံရသည့်အခါ၊ သူတို့ထဲမှ အချို့တို့သည် “ယုံကြည်မှု အရေးကိစ္စများနှင့် ပတ်သက်၍ ငါတို့၏ခေါင်းဆောင်နှင့် တိုင်ပင်ဆွေးနွေးရမည်” ဟု ဆိုကြသည်။ လူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် မှန်သည့် လမ်းခရီးကို လက်ခံခြင်းတို့နှင့် ပတ်သက်လာပါက အခြားသူများ၏ သဘောတူညီချက်နှင့် လက်ခံမှု လိုအပ်ပုံကို ကြည့်လော့။ ဤသည်မှာ ပြဿနာတစ်ခုပင် မဟုတ်လော။ ဤသို့ဆိုလျှင် ထိုခေါင်းဆောင်များကကော အဘယ်အရာများ ဖြစ်လာကြသနည်း။ သူတို့သည် ဖာရိရှဲများ၊ သိုးထိန်း၏အယောင်ကို ဆောင်သောသူများ၊ အန္တိခရစ်များနှင့် စစ်မှန်သော လမ်းခရီးကို လူတို့လက်ခံရာ၌ တိုက်မိ၍ လဲစရာများ ဖြစ်လာကြသည် မဟုတ်လော။

အရှေ့သို့- စကားများနှင့် အယူဝါဒများနှင့် သမ္မာတရား စစ်မှန်မှုကို ပြောဆိုခြင်းကြားရှိ ကွာခြားချက်များ

နောက်တစ်ခုသို့- အခြားအကြောင်းအရာများနှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။