အယူဝါဒသွတ်သွင်းခြင်းနှင့် ရင်ဆိုင်တိုက်ခိုက်ပွဲ တစ်ခု
ကျောက်လျန် တရုတ်နိုင်ငံ
ကျွန်တော် ၁၉နှစ်တွင် ကျွန်တော့်၏ ယုံကြည်ခြင်းကြောင့် တရုတ်ကွန်မြူနစ်ပါတီ ရဲများဖမ်းဆီးခြင်း ခံခဲ့ရသည်။ ကျွန်တော် ဘုရားသခင်ကို ငြင်းပယ်ပြီး ညီအစ်ကို မောင်နှမများ အကြောင်း ဖွင့်ပြောအောင်လုပ်ဖို့အတွက် ကျွန်တော့်ကို ရက်ပေါင်း ၆၀ နှိပ်စက်ပြီး အယူဝါဒသွတ်သွင်းကြသည်။ ထိုအတွေ့အကြုံက ကျွန်တော့်နှလုံးသားထဲမှာ တော်တော် လောင်မြိုက်နေခဲ့သည်။ ကျွန်တော် လုံးဝ မေ့မည်မဟုတ်ပါ။
ထိုနေ့မနက် ဝတ်ပြုအစည်းအဝေးတစ်ခုကို ကျွန်တော် သွားသည့်လမ်းမှာ ထိုကို ရောက်ခါနီးတွင် အနားမှာ ကားသုံးစင်း ရပ်ထားသည်ကို သတိပြုမိသည်။ ကျွန်တော် အနည်းငယ် စိတ်မအေးနိုင်ဖြစ်သွားသည်။ ထိုနေရာမှာ ကားများများစားစား ရပ်လေ့မရှိပါ။ ကျွန်တော် ရောက်သည်နှင့် တစ်ပြိုင်နက် ညီအစ်ကို မောင်နှမများကို ပြောလိုက်သည်။ ကျွန်တော်တို့ ဝတ်ပြုအစည်းအဝေးက မလုံခြုံတော့သည်ကို ကျွန်တော်တို့ သဘောပေါက်ခဲ့သည်။ နေရာပြောင်းဖို့ကို ကျွန်တော်တို့ စပြီး ဆွေးနွေးကြသည်။ သိပ်မကြာမီတွင်ပင် ဝင်းထဲကို လူစိမ်းလေးယောက် ဝင်လာပြီး သူတို့က နိုင်ငံတော် လုံခြုံရေးတပ်ဖွဲ့က ဖြစ်ပြီး ဖွက်ထားသည့် ပေါက်ကွဲပစ္စည်းများကို ရှာဖို့ အိမ်ကို စစ်ဆေးခြင်း ဖြစ်သည်ဟု ပြောသည်။ သူတို့က ကျွန်တော်တို့ကို ဆိုဖာပေါ်မှာ အတင်းဖိကိုင်ထားပြီး ရှာဖွေသည်။ ဘာမှမတွေ့တော့ ကျွန်တော်နှင့် အခြားအစ်ကိုတစ်ယောက်ကို သူတို့ကားတစ်စီးထဲကို ထည့်လိုက်သည်။ ကျွန်တော်တို့ကို ရဲစခန်းကို ခေါ်သွားကြသည်။ ရဲစခန်းမှာ ရဲများက ကျွန်တော်တို့ကို မြေအောက်ခန်းထဲခေါ်သွားပြီး လူခွဲပြီး သော့ပိတ်ထားကြသည်။ ဤကဲ့သို့ ချက်ချင်းကြီး ဖမ်းခံလိုက်ရသည်မှာ အိပ်မက်တစ်ခုလိုဖြစ်သည်။ ရဲများက ကျွန်တော့်ကို ဘယ်လို ဆက်ဆံမည်ကို ကျွန်တော် လုံးဝ မသိခဲ့ပါ။ ကျွန်တော် အနည်းငယ်ကြောက်ပြီး ဘုရားသခင်ကို အဆက်မပြတ် ဆုတောင်းသည်။ ကျွန်တော့်ကို ယုံကြည်ခြင်းပေးဖို့ တောင်းလျှောက်သည်။ ကျွန်တော်တို့ မကြာခဏ ဆိုကြသည့် ဘုရားသခင့်နှုတ်ကပတ်တော် ဓမ္မသီချင်းမှ စာကြောင်းအချို့ကို စဉ်းစားမိသည်။ “အနန္တတန်ခိုးရှင်၏ သာလွန်ခြင်းနှင့် ကြီးမြတ်ခြင်းကျူး။” “ဤလောက၏အရာခပ်သိမ်းသည် အနန္တတန်ခိုးရှင်၏ အတွေးများနှင့် သူ၏မျက်လုံးများအောက်၌ လျင်မြန်စွာ ပြောင်းလဲ လေ၏။ လူသားမျိုးနွယ် တစ်ခါမျှ မကြားခဲ့ဖူးသောအရာများ ရုတ်တရက်ရောက်လာသော်လည်း လူသားမျိုးနွယ် ကာလတာရှည်စွာ ပိုင်ဆိုင်ခဲ့သောအရာများမှာ အမှုမဲ့အမှတ်မဲ့ တစ်စတစ်စဆုံးရှုံးလျက် နေ၏။ အနန္တတန်ခိုးရှင် မည်သည့်နေရာ၌ရှိကြောင်းကို မည်သူမျှ နားလည်သဘောပေါက်ခြင်း မရှိနိုင်ဘဲ အနန္တတန်ခိုးရှင်နှင့် ဆိုင်သည့် အသက်စွမ်းအား၏ အစွမ်းတန်ခိုး ကြီးမြတ်ခြင်းနှင့် သာလွန်ခြင်းကို မည်သူမျှ သာ၍ပင် မသိနိုင်ပေ။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ) ကျွန်တော် ဘုရားသခင်ကို “အနန္တတန်ခိုးရှင်ဘုရားသခင် ကိုယ်တော်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ ကိုယ်တော်က စကြဝဠာမှာ အရာရာကို အုပ်စိုးပြီး ကျွန်တော့်ရဲ့ ကံကြမ္မာက ကိုယ်တော့်လက်ထဲမှာရှိပါတယ်။ ဒီနေ့မှာ ရဲတွေ ကျွန်တော့်ကို ဖမ်းဆီးဖို့ ကိုယ်တော် ခွင့်ပြုခဲ့ပါတယ်။ သူတို့တွေ ကျွန်တော့်ကို ဘယ်လို နှိပ်စက်ပါစေ၊ ဘယ်လောက် ဒုက္ခခံစားရပါစေ ကျွန်တော် သက်သေရပ်တည် ချင်ပါတယ်။ ကိုယ်တော့်ကို သစ္စာဖောက်ပြီး ယုဒလိုဖြစ်တာမျိုး ဘယ်တော့မှ မဖြစ်ချင်ပါဘူး။” ဟု ဆုတောင်းခဲ့သည်။
ညနေ ၄ နာရီတွင် ရဲများက ကျွန်တော့်ကို အတော်ဝေးသည့် ဝင်းတစ်ဝင်းထံကို ခေါ်သွားကြသည်။ ထိုအထဲမှာ ဟိုတယ်တစ်ခုနှင့်တူသည့် လေးထပ်ရှိသည့် အဆောက်အဦး အတန်းလိုက် တစ်ခုရှိသည်။ ရဲများက လျှို့ဝှက်စစ်ဆေးမေးမြန်းဖို့နှင့် နှိပ်စက်ဖို့အတွက် ဟိုတယ်များသို့ ထိန်းသိမ်းထားသူများကို ပို့ကြသည်ဟု ညီအစ်ကို မောင်နှမများ အများကြီးက ပြောဖူးသည်။ သူတို့လည်း ကျွန်တော့်ကို နှိပ်စက်ဖို့များလားဟု ကျွန်တော် မတွေးဘဲ မနေနိုင်ခဲ့ပါ။ တော်တော် ခြောက်ကပ်သည့် နေရာတစ်ခု ဖြစ်ပါသည်။ ကျွန်တော့်ကို သူတို့ သတ်လို့ရပြီး ဘယ်သူကမှ သိမည်မဟုတ်ပါ။ တွေးကြည့်ရင်းနှင့် ကျွန်တော့် ကြောက်စိတ်က တိုးလာပြီး ဘုရားသခင်ကို မကြာခဏ တိတ်တဆိတ် အော်ခေါ်မိသည်။ လေးထပ်မြောက်မှာရှိသည့် အခန်းတစ်ခန်းကို ကျွန်တော့်ကို ခေါ်သွားကြသည်။ မှုခင်းပြစ်မှုဆိုင်ရာ ရဲတပ်ဖွဲ့ ခေါင်းဆောင်က သဘောကောင်းဟန်ဆောင်ပြီး “မင်း နာမည်က ဘာလဲ။ ဘယ်မှာနေလဲ။” ဟု ပြောသည်။ ကျွန်တော်က သူ့ကို “ဘာလို့ ကျွန်တော့်ကို ဖမ်းတာလဲ။ ဘာလို့ ဒီကို ခေါ်လာတာလဲ။” ဟု မေးလိုက်သည်။ သူက “ဒါ အထူးသဖြင့် ယုံကြည်သူတွေကို ပညာပေးပြီး ပြောင်းလဲဖို့ တရားဝင် ပညာရေး သင်တန်းပဲ။ ငါတို့က မင်းအကြောင်းကို အားလုံးသိထားလို့ မင်းကို ခေါ်တာ။ မဟုတ်ရင် တခြားတစ်ယောက်ကို ခေါ်မှာပေါ့။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်က အဓိက နိုင်ငံတော် ပစ်မှတ်ပဲ။ ရှင်းပစ်ဖို့ လုပ်ထားတာ။ အနန္တတန်ခိုးရှင်ဘုရားသခင် ယုံကြည်သူတွေက သေချာပေါက် အဖမ်းခံရမှာပဲ။” ဟု ပြောသည်။ “ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ပါတယ်မဟုတ်ဘူးလား။” ဟု ကျွန်တော်က မေးလိုက်သည်။ လှောင်ပြုံး ပြုံးရင်းနှင့် “လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ဟုတ်လား။ အဲဒါက အကန့်အသတ် ရှိတယ်။ မင်းရဲ့ ယုံကြည်မှုမှာ ငါတို့ရဲ့ ပံ့ပိုးမှုကို ရဖို့၊ ပါတီပြောတာကို နားထောင်ပြီး ပါတီရဲ့ စည်းမျဉ်းတွေကို လိုက်နာရမယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံတာက မင်းကိုယ်မင်း ပါတီနဲ့ ဆန့်ကျင်ပြီးလုပ်နေတာပဲ။ ငါတို့က ဘယ်လိုလုပ်ပြီး မဖမ်းရမှာလဲ။” ဟု သူက ပြောလေသည်။ ကျွန်တော်က “ကျွန်တော်တို့က အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကိုဖတ်ပြီး ဘုရားသခင်ကို သက်သေခံဖို့ ဧဝံဂေလိ ဝေမျှတာ သက်သက်ပါ။ နိုင်ငံရေးတွေထဲမှာ လုံးဝ ဝင်မပါပါဘူး။ ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ် ပါတီနဲ့ ဆန့်ကျင်ပြီးလုပ်နေတာလို့ ဘယ်လိုလုပ် အခိုင်အမာ ပြောနိုင်ရတာလဲ။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- ‘ဘုရားသခင်သည် လူသား၏နိုင်ငံရေးတွင် မပါဝင်သော်လည်း၊ နိုင်ငံတစ်နိုင်ငံ သို့မဟုတ် လူမျိုးတစ်မျိုး၏ ကံကြမ္မာကို ဘုရားသခင် ထိန်းချုပ်ထားလေသည်။ ဘုရားသခင်သည် ဤကမ္ဘာလောကနှင့် စကြဝဠာတစ်ခုလုံးကို ထိန်းချုပ်၏။ လူသား၏ ကံကြမ္မာနှင့် ဘုရားသခင်၏ အကြံအစည်သည် အတွင်းကျကျ ဆက်နွှယ်ပြီး၊ မည်သည့်လူ၊ မည်သည့်နိုင်ငံကမျှ ဘုရားသခင်၏ အချုပ်အခြာအာဏာမှ မကင်းလွတ်ကင်းပေ။ အကယ်၍ လူသားသည် မိမိ၏ကံကြမ္မာကို သိလိုပါက၊ ဘုရားသခင်၏ရှေ့သို့ လာရပေမည်။ ဘုရားသခင်သည် သူ၏ နောက်ကို လိုက်လျှောက်ပြီး သူ့အား ကိုးကွယ်သောသူများကို အောင်မြင်ကြီးပွားစေပြီး၊ သူ့ကို ဆန့်ကျင်ကာ ငြင်းပယ်သောသူများ အပေါ် ကျဆင်းမှုနှင့် မျိုးသုဉ်းပျောက်ကွယ်ခြင်း ဆောင်ကြဉ်းလိမ့်မည် ဖြစ်သည်။’ (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်) ဘုရားသခင့်နှုတ်ကပတ်တော်တွေက တော်တော်ရှင်းတယ်။ သူက စကြဝဠာကို အုပ်စိုးပြီး နိုင်ငံတွေ၊ လူတွေ အားလုံးရဲ့ ကံကြမ္မာက သူ့လက်ထဲမှာရှိတယ်။ ဒါပေမဲ့ ဘုရားသခင်က နိုင်ငံရေးတွေထဲမှာ ဝင်မပါဘူး။ လူတွေ သမ္မာတရားကို နားလည်နိုင်ပြီး သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေကို ဖယ်ရှားနိုင်ဖို့၊ ကယ်တင်ခြင်း ခံရနိုင်ဖို့အတွက် အဓိကအားဖြင့် သမ္မာတရားကို ဖော်ပြပြီး တရားစီရင်ခြင်းအမှုကို ပြုဖို့ လူ့ဇာတိခံ ဘုရားသခင်က နောက်ဆုံးသောကာလမှာ ကမ္ဘာပေါ်ကို ကြွလာတာပါ” ဟု ပြန်တုံ့ပြန်လိုက်သည်။ ရဲက ကျွန်တော် ပြော၍ မပြီးမီပင် စိတ်မရှည်သလိုနှင့် ဝင်ဖြတ်ပြောပြီး အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို စော်ကားသည့် စကားများမျိုးစုံ ပြောသည်။ ကျွန်တော့်၏ ယုံကြည်ခြင်းကို စွန့်လွှတ်ဖို့ သူက အကြံပြုသည်။ သူ မည်သည့်အရာကိုပြောပါစေ ဘုရားသခင့်ရှေ့မှောက်မှာ ကျွန်တော် စိတ်ငြိမ်သက်စွာနေပြီး စာတန်၏ လှည့်ကွက်များမှ ကျွန်တော့်ကို ကာကွယ်ဖို့ တောင်းလျှောက်ခဲ့သည်။
တတိယမြောက်နေ့ နေ့လည်လောက်မှာ သူတို့က ကျွန်တော့်ကို အစည်းအဝေးအခန်းထဲကို ပြန်ခေါ်သည်။ ရဲတစ်ယောက်က သူ့ကိုယ်သူ မိတ်ဆက်သည်။ သူက နိုင်ငံတော် လုံခြုံရေး တပ်ဖွဲ့ဗိုလ်ကြီးဖြစ်ပြီး ပညာရေးနှင့် ပြောင်းလဲရေးမှာလည်း လုပ်သည်ဟု သူက ကျွန်တော့်နာမည်၊ နေရပ်နှင့် အသင်းတော်၏ အချက်အလက်များကို မေးသည်။ ကျွန်တော် စကားပြောဖို့ ငြင်းဆန်ခဲ့သည်။ ထို့ကြောင့် သူက ကျွန်တော့်၏ ဘယ်ဘက်လက်ကို ဆန့်ပြီး စားပွဲပေါ်ကို တင်ခိုင်းသည်။ လက်ဝါးဖြန့်ခိုင်းထားပြီး သူက ဆေးလိပ်သောက်ရင်းနှင့် ပြာများကို ကျွန်တော့်လက်ထဲ ခါချပြီး “အခုခေတ် နည်းပညာနဲ့ဆိုရင် မင်း ပြောမလား၊ မပြောဘူးလားဆိုတာ ငါတို့ သိလာလိမ့်မယ်ဆိုတာ မင်းသိသင့်တယ်။ မင်းက ငတုံးလား။ ငါက မင်းကို အခွင့်အရေး ပေးထားတာ။ ငါ့စီးကရက်ရဲ့ ထိပ်ဖျားက ၈၀၀ ဒီဂရီ လောက်ရှိတယ်။ အဲဒါ ဘယ်လို ခံစားရလဲ သိချင်လား။” ဟု ပြောသည်။ သူက စီးကရက်ကို နှစ်ဖွာ သေချာရှိုက်လိုက်ပြီး စီးကရက်က နီရဲနေသည့် ထိပ်ဖျားနှင့် ကျွန်တော့်လက်ဝါးကို ထိုးလိုက်သည်။ ကျွန်တော်က နာပြီး လက်ကို ဆွဲလိုက်သည့်အခါမှာ အခြားရဲတစ်ယောက်က ကျွန်တော့်လက်ကို အတင်း ဖိကိုင်ထားသည်။ သူ့စီးကရက်ထိပ်ဖျားနှင့် ခဏခဏ ထိုးနေတော့ ကျွန်တော့်လက်ဝါးက စူးစူးရှရှနာပြီး ပူလောင်နေသည်။ ကျွန်တော့် နဖူးမှာ ချွေးများ လိမ့်ကျလာသည်။ အနည်းငယ် အားလျော့လာပြီး ကျွန်တော့် နာမည်ကို ပြောလိုက်သည်။ ထိုအချိန်မှာ ကျွန်တော့်ကို နှိပ်စက်ခြင်းကို သူတို့ ရပ်လိုက်ကြသည်။ သို့ရာတွင် ကျွန်တော့်ကို ဗီဒီယိုများ ကြည့်ခိုင်းပြီး အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ရှုတ်ချပြီး စော်ကားသည့် ကောလာဟလများကို ဖတ်ခိုင်းသည်။
ငါးရက်မြောက်နေ့ နေ့လည်မှာ ရှန်ဒုံ ကျောက်ယွမ် အမှုအကြောင်း သတင်းထုတ်လွှင့်မှုကို ကျွန်တော့်ကို ကြည့်ခိုင်းပြီး ကျွန်တော် မည်သို့ထင်သည်ကို မေးသည်။ ကျွန်တော်က “သူတို့တွေက အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကလူတွေ မဟုတ်ဘူး။ ကျွန်တော်တို့ အသင်းတော်က ဘယ်သူကမှ ဒါမျိုး လုပ်မှာမဟုတ်ဘူး။ ဧဝံဂေလိ မျှဝေတဲ့နေရာမှာ ကျွန်တော်တို့မှာ စည်းကမ်းတွေရှိတယ်။ ဘုရားသခင်ရှိတယ်လို့ ယုံကြည်တဲ့ ကြင်နာတတ်တဲ့သူတွေနဲ့ပဲ ကျွန်တော်တို့ ဝေမျှတာ။ ဆိုးတဲ့သူတွေနဲ့ မဟုတ်ဘူး။ ကျန်းလီဒုံလိုမျိုး ဆိုးဝါးတဲ့လူတွေက ဧဝံဂေလိ မျှဝေဖို့အတွက် ကျွန်တော်တို့ရဲ့ စံသတ်မှတ်ချက်တွေနဲ့ နည်းနည်းလေးမှ မကိုက်ညီဘူး။ ဘုရားသခင်က သူတို့ကို ယုံကြည်သူတွေအဖြစ် အသိအမှတ်မပြုဘူး။ အသင်းတော်က သူတို့ကို လုံးဝ လက်ခံမှာ မဟုတ်ဘူး။” ဟု ပြောလိုက်သည်။ ကျွန်တော့် ယုံကြည်ခြင်းက မယိုင်သေးသည်ကို တွေ့သည့်အခါ၊ သူက “မင်းတို့ ခေါင်းဆောင်တွေ အားလုံးကို ငါတို့ ဖမ်းပြီးပြီ။ သူတို့ကို မေးခွန်းတွေထုတ်ပြီး ငါတို့ အကုန်လုံးကို သိအောင်လုပ်မှာ။ ငါတို့ အချိန်ကို မင်းနဲ့ ဖြုန်းပစ်ဖို့ မလိုပါဘူး။ မင်းက ဘယ်လောက် ငယ်သေးတယ်ဆိုတာ တွေ့ရတော့ မင်းကို ကယ်တင်ချင်လို့ပါ။” ဟု ပြောသည်။ ကျွန်တော်က “အားလုံးက အလိမ်အညာတွေပဲ။ ငါ့ကို ဘုရားသခင်ကို သစ္စာဖောက်အောင် လုပ်ဖို့ ကြိုးစားနေတာ သက်သက်ပါ။ သူတို့တွေ ဘာပဲပြောပြော ငါ ညီအစ်ကို မောင်နှမတွေအကြောင်း လုံးဝ ဖွင့်မပြောဘူး။ ဘုရားသခင်ကို ငါ လုံးဝ သစ္စာမဖောက်ဘူး။” ဟု တွေးမိသည်။ ထိုနေ့ ညနေ ခုနစ်နာရီထိုးပြီးသည့်နောက်မှာ အယူဝါဒ သွတ်သွင်းသည့် သင်တန်းနှင့် စိတ်ပညာဗေဒကျွမ်းကျင်သူတစ်ယောက်က သင်တန်းနှင့် ပတ်သက်ပြီး သုံးသပ်ချက်များ ရေးခိုင်းသည်။ ကျွန်တော်က “ကျောက်ယွမ်အမှုက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သူတစ်ယောက်က လုပ်တာ မဟုတ်ပါ။ မကောင်းတဲ့ နတ်ဆိုးတစ်ကောင်က လုပ်တာပါ။ သူလုပ်ခဲ့တာအတွက် ဘုရားသခင်ရဲ့ အပြစ်ဒဏ် ပေးတာကို ခံရမှာပါ။” ဟု ရေးလိုက်သည်။
ကိုးနာရီထိုးပြီး အနည်းငယ်လောက်ကြာတော့၊ နိုင်ငံတော် လုံခြုံရေး တပ်ဖွဲ့ ဗိုလ်ကြီးက ဝင်လာပြီး ကျွန်တော်ရေးခဲ့သည့်အရာနှင့်ပတ်သက်ပြီး သူက တော်တော်ကို မကျေနပ်ပါ။ သူက ဝင်လာပြီး ကျွန်တော့်ခုံမှ ကျွန်တော့်ကို လက်တစ်ဖက်နှင့်မပြီး အခြားလက်နှင့် ကျွန်တော့်ကို ထပ်ခါထပ်ခါ ရိုက်သည်။ ပြီးလျှင် ကြမ်းပြင်ပေါ်ကို ကျွန်တော့်ကို ကန်ပစ်သည်။ ပြီးလျှင် ကျွန်တော့်ကို ကုတင်ပေါ်ကို ဆွဲခေါ်ပြီး ထိုးကြိတ်သည်။ သုံးလေးခါလောက် ထိုးပြီး သစ်သား အင်္ကျီချိတ် တစ်ခုကို ယူပြီး ယင်းနှင့် ကျွန်တော့်ကို တစ်ကိုယ်လုံး ရိုက်ရင်း၊ အသင်းတော်နှင့်ပတ်သက်ပြီး သတင်းအချက်အလက်များ တောင်းသည်။ ကျွန်တော် ငြိမ်ပြီးသာ နေလေသည်။ ဤသည်ကို သူက စိတ်ဆိုးဒေါသထွက်ပြီး ကျွန်တော့် အဝတ်အစားများ အကုန်ချွတ်ဖို့ အမိန့်ပေးသည်။ သူက အရမ်းကို ရူးနှမ်းသလို ပုံစံဖြစ်နေသောကြောင့်၊ ကျွန်တော် ကြောက်သွားသည်။ ဘုရားသခင်ထံကို ကျွန်တော် တိတ်တိတ်လေး အဆက်မပြတ် ဆုတောင်းခဲ့သည်။ ကျွန်တော့်ကို ယုံကြည်ခြင်းနှင့် ခွန်အားပေးဖို့ တောင်းလျှောက်ခဲ့သည်။ သူက ကျွန်တော့်ကို ဆောင့်ဆွဲပြီး အဝတ်များ အတင်းချွတ်ခိုင်းသည်။ အင်္ကျီချိတ်နှင့် သုံးလေးကြိမ် ထပ်ရိုက်သည်။ နောက်တော့ သင်တန်းနည်းပြနှစ်ယောက်ကို ကျွန်တော့်ကို အိပ်ရာပေါ်မှာ ဖိကိုင်ထားခိုင်းသည်။ သင်တန်းနည်းပြများကို ရဲများက ငှားထားသော်လည်း၊ အသိတရားရှိပြီး ဆယ်ကျော်သက် အရွယ်တစ်ယောက်ကို နှိပ်စက်သည်မှာ ရဲများကို လိုက်လျောပေးမည်မဟုတ်ဟု ကျွန်တော် ထင်ခဲ့သည်။ ကျွန်တော် ထင်သည့်အရာ မှားသွားသည်။ ကျွန်တော့်ကို လုံးဝ လှုပ်မရအောင် တင်းတင်းကျပ်ကျပ် ဖိထားသည်။ နိုင်ငံတော် လုံခြုံရေးတပ်ဖွဲ့ ဗိုလ်ကြီးက သူ့ စီးကရက်နှင့် ကျွန်တော်၏ နို့သီးခေါင်းကို အရူးတစ်ယောက်လို ထိုးသည်။ ခဏလေးနှင့် မီးကျွမ်းသွားပြီး အသားကို မီးမြှိုက်သည့် အနံ့က လေထဲမှာ ပြန့်သွားသည်။ ကျွန်တော်က နာကျင်သောကြောင့် ချွေးများ စိုရွှဲနေပြီး ခြေထောက်များနှင့် ကန်ကျောက်နေသည်။ နောက်တော့ “ပြောမှာလား မပြောဘူးလား။” ဟု အော်ရင်း ကျွန်တော့် လိင်အင်္ဂါများကို စတို့တော့သည်။ နာပြီး အကျယ်ကြီး အော်ရင်း၊ ကျွန်တော့်မှာ “ငါ ဘုရားသခင်ကို သစ္စာဖောက်လို့ မဖြစ်ဘူး။” ဟူသည့် အတွေးတစ်ခုသာ လွှမ်းမိုးနေသည်။ ကျွန်တော့် နှလုံးသားထဲမှာ ဘုရားသခင်ထံ အဆက်မပြတ် ဆုတောင်းနေသည်။ ထိုဆိုးယုတ်သည့် ရဲ၏ နှိပ်စက်မှုကို ဖြတ်ကျော်နိုင်ဖို့အတွက် ကျွန်တော့်ကို ခွန်အားနှင့် ယုံကြည်ခြင်းပေးဖို့ ဘုရားသခင်ကို တောင်းပန်ခဲ့သည်။
ကျွန်တော်က ငြိမ်နေသောကြောင့်၊ ဗိုလ်ကြီးက “ငါမင်းကို ပိုပြီး မကြမ်းသရွေ့ မင်းက ကောင်းလာမှာမဟုတ်ဘူး။” ဟု ကြမ်းကြမ်းတမ်းတမ်းနှင့် ပြောသည်။ သူက လှည့်ပြီး ဓာတ်ဘူးတစ်ခုကို ကောက်ယူပြီး ရေဆူထားသည့် ရေများကို ကျွန်တော့်ပေါ် လောင်းချလိုက်သည်။ ကျွန်တော် နာပြီး အော်မိသည်။ သူက “ပြောမှာလား” ဟု အေးစက်စက်နှင့် ပြောသည်။ ကျွန်တော်က မကြောက်မရွံ့နှင့် “ကျွန်တော် ဘာမှ မသိပါ” ဟု ပြောလိုက်လေသည်။ ဤသည်ကို ကြားပြီးနောက် ဒေါသထွက်ပြီး ကျွန်တော့် ဗိုက်ပေါ်ကို နောက်ထပ် ရေဆူထားသည့် ရေနှစ်ခွက် လောင်းချသည်။ ကျွန်တော်က ခုနကကဲ့သို့ သိပ်မနာသည်ကို တွေ့သည့်အခါ၊ သူက ကျွန်တော့်ဗိုက်ကို ထိပြီး ရေက မပူပါဟု အော်ပြောသည်။ ပြီးလျှင် လှည့်ပြီး ရေတစ်အိုး ဆူအောင်လုပ်ထားဖို့ အမိန့်ပေးလိုက်သည်။ ထိုအချိန်မှာ သူ့မျက်မှာမှာ ပြုံးဖြဲဖြဲလုပ်ရင်းနှင့် “ခဏနေရင် မင်း ကိုယ်ပေါ်ကို ဆူပွက်နေတဲ့ ရေပူတွေ လောင်းချခံရတဲ့ အရသာကို မင်း ခံစားရတော့မယ်။” ဟု ပြောသည်။ ဤသည်ကိုကြားရသည့်အခါ၊ ကျွန်တော် စိတ်မထိန်းနိုင်ဘဲ ကြောက်လာသည်။ ခုနက ရေပူက ယခုထက် ပိုအေးသည်ကို တွေးမိသည်။ တကယ်ကို ပွက်နေသည့် ရေများ ကျွန်တော့်အပေါ် လောင်းချခြင်းခံရလျှင် ကျွန်တော် ခံနိုင်ပါ့မလား။ စိတ်လှုပ်ရှားပြီး ကြောက်နေရင်း “အနန္တတန်ခိုးရှင်ဘုရားသခင် ကျေးဇူးပြုပြီး ကျွန်တော့်ကို ယုံကြည်ခြင်းနဲ့ ခွန်အားပေးတော်မူပါ။ ကျွန်တော် သက်သေရပ်တည်ချင်ပါတယ်။ ကိုယ်တော့်ကို သစ္စာမဖောက်ချင်ဘူး။ ညီအစ်ကို မောင်နှမတွေအကြောင်းကို ဖွင့်မပြောချင်ပါဘူး။” ဟု ဘုရားသခင်ကို တိတ်တဆိတ် ဆုတောင်းခဲ့ပါသည်။ ဆုတောင်းပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်တော် တွေးမိသည်။ “ယုံကြည်ခြင်းသည် သစ်လုံးတစ်လုံးတည်း တံတားကဲ့သို့ ဖြစ်သည်- အသက်ကို လက်မှိုင်ချလျက် ဖက်တွယ်ထားသူတို့သည် ယင်းတံတားကို ဖြတ်ကူးရာတွင် အခက်ကြုံလိမ့်မည် ဖြစ်သော်လည်း၊ မိမိတို့ကိုယ်ကိုယ် စွန့်လွှတ်အနစ်နာခံရန် အသင့်ရှိသော သူတို့သည် ခြေမြဲကာ စိုးရိမ်မှုကင်းလျက် ဖြတ်ကူးနိုင်ကြ၏။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၆)) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စဉ်းစားပြီး တွန့်ဆုတ်ပြီး ကြောက်လန့်သည့် အတွေးများ ရှိသည်မှာ စာတန်၏ လှည့်ကွက်ထဲကို ကျဆင်းခြင်းဖြစ်သည်ကို သဘောပေါက်မိပြီး ဘုရားသခင်အပေါ် ကျွန်တော် စစ်မှန်သည့် ယုံကြည်ခြင်းမရှိသည်ကို မြင်ခဲ့ရသည်။ သက်သေရပ်တည်ဖို့အတွက် ကျွန်တော့်အသက်ကို စွန့်ပြီး အချိန်အခိုက်အတန့်တိုင်းမှာ ဘုရားသခင်ကို ကျွန်တော် အမှီပြုခဲ့ရပါသည်။ ကျွန်တော့်ကို စောင့်နေသည့် နှိပ်စက်မှုကို ရင်ဆိုင်ဖို့ လိုအပ်သည့် ယုံကြည်ခြင်းကို ဤနားလည်မှုက ကျွန်တော့်ကို ပေးခဲ့ပါသည်။
ထိုအချိန်တွင် သူက စီးကရက်ကို မီးညှိပြီး နှစ်ခေါက် သေချာ ရှိုက်လိုက်သည်။ ကျွန်တော့်ရှေ့မှာ ရပ်ပြီး “သေချာထိုင်နေ။ ရေက ရတော့မယ်။” ဟု ကောက်ကျစ်သည့် အပြုံးနှင့် ပြောလေသည်။ သူက ပြောရင်းနှင့် ရေပူလောင်ထားသည့် နေရာတည့်တည့် ကျွန်တော့် ရင်ဘတ်ပေါ်ကို သူ့စီးကရက် ထိပ်ဖျားနှင့် ထိသည်။ နာသည်ကို ထိန်းထားဖို့ ကျွန်တော် ကြိုးစားနေခဲ့သည်။ ခုနစ်မိနစ်၊ ရှစ်မိနစ်ခန်အကြာတွင် ရေဆူလာသည်။ ရေနွေးအိုးမှ ရေပွက်ပြီး အငွေ့များ ထွက်လာသည်ကို မြင်ရသည့်အခါ၊ ကျွန်တော့် ဦးရေပြားက မရိုးမရွဖြစ်လာသည်။ ကျွန်တော့်ကိုယ်က တုန်နေပြီး ဆံပင်များအကုန် ထောင်နေသည်။ ရေနွေးအိုးကို သူက သယ်လာသည်။ အဖုံးကို ဖွင့်လိုက်ပြီး ကျွန်တော့်နားကို လာသည်။ ရေနွေးငွေ့များကို ကျွန်တော့်ကိုယ်ပေါ်မှ ခံစားရသည်။ နောက်တော့ သူက ရေနွေးအိုးကို ကျွန်တော့် ဗိုက်တည့်တည့်ကို ကပ်သည်။ လောင်ကျွမ်းသည့် နာကျင်မှုကို ခံစားရပြီး အလိုလို အော်ဟစ်မိသည်။ သူက ထိုအခွင့်အရေးကို ယူပြီး ကျွန်တော် ပြောမပြော ထပ်မေးသည်။ ကျွန်တော် ငြိမ်နေသည်ကို တွေ့သည့်အခါ၊ သူက ခွက်တစ်ခု ယူလိုက်ပြီး ရေဖြည့်လေသည်။ ကျွန်တော့် ရင်ဘတ်ပေါ်ကို ဖျန်းလိုက်သည်။ အရမ်းနာသောကြောင့်၊ ကျွန်တော် ထခုန်မိသည်။ ရေနွေးအိုးထဲမှာ ကုန်သွားသည့်အထိ ရေပူများကို ကျွန်တော့်ကို ဆက်ဖျန်းနေသည်။ ကျွန်တော် တုန်နေသည်မှာ ရပ်၍မရပါ။ ကျွန်တော့်၏ ကိုယ်အရှေ့ပိုင်းတစ်ခုလုံးက အပူလောင်ပြီး အနာများ ဖြစ်နေသည်။ အကြီးဆုံးက ကြက်ဥတစ်လုံး စာခန့်ရှိသည်။ နည်းပြများက မကြည့်နိုင်သောကြောင့်၊ ထွက်သွားချင်ကြသည်။ ထို့ကြောင့် သူက တံခါးထံကို တည့်တည့်သွားပြီး သော့ခတ်လိုက်သည်။ ပြီးလျှ “မသွားနဲ့။ ဒီမှာနေပြီး ကြည့်။ ငါသူ့ကို အရိပ်အကဲ နားလည်အောင် ဘယ်လိုပြနေတယ်ဆိုတာ ကြည့်။” ဟု အော်သည်။ ပြီးလျှင် နောက်ထပ် ရေနွေးအိုးသွားတည်ဖို့ သူတို့ကို ပြောသည်။ ယင်းကို ကြားသည့်အခါ၊ ကျွန်တော် ကြောက်စိတ်ကို မထိန်းနိုင်ခဲ့ပါ။ “နောက်ထပ်ရှိသေးတယ်။ ပထမရေအိုးကြောင့် ငါ ဒီအခြေအနေဖြစ်သွားရင်၊ နောက်ထပ် အပူလောင်ရင် ငါ ဘာဖြစ်သွားမလဲ။ ငါ အားတင်းပြီး နေနိုင်မှာလား။” ဟု ကျွန်တော် တွေးမိသည်။ ဘုရားသခင်ကို ကျွန်တော် အဆက်မပြတ် အော်ခေါ်ခဲ့သည်။ ယုံကြည်ခြင်းနှင့် ခွန်အားပေးဖို့ တောင်းလျှောက်ခဲ့သည်။ ထိုအချိန်မှာ ဘုရားသခင်ထံမှ ဤနှုတ်ကပတ်တော်များက စိတ်ထဲ ပေါ်လာသည်။ “အာဏာရှိသော သူတို့သည် အပြင်ပန်းအားဖြင့် ကြောက်စရာကောင်းသည်ဟု ထင်ရသော်လည်း ကြောက်ရွံ့ခြင်း မရှိနှင့်၊ အဘယ့်ကြောင့်ဆိုသော် ဤသည်မှာ သင်တို့တွင် ယုံကြည်မှု အနည်းငယ်သာ ရှိခြင်းကြောင့်ဖြစ်သည်။ သင်တို့၏ယုံကြည်ခြင်း ကြီးထွားသည့် ကာလပတ်လုံး မည်သည့်အရာမျှ အလွန်တရာ ခက်ခဲလိမ့်မည်မဟုတ်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၇၅)) ရဲများ ကျွန်တော့်ကို နှိပ်စက်နေခြင်းက ဘုရားသခင်၏ ခွင့်ပြုချက်နှင့် ဖြစ်ပျက်နေခြင်း ဖြစ်သည်။ ဘုရားသခင်က ကျွန်တော့် ယုံကြည်ခြင်းကို စုံလင်စေချင်သည်။ မည်မျှဆိုးပါစေ၊ မည်မျှကြမ်းကြုတ်ပါစေ ဘုရားသခင်၏လက်ထဲမှာ ရှိနေဆဲ ဖြစ်ပါသည်။ ကျွန်တော် ဆုတောင်းပြီး ဘုရားသခင်ကို အမှီပြုသရွေ့၊ စာတန်၏ နှိပ်စက်မှုကို အောင်မြင်နိုင်ဖို့ ဘုရားသခင်က ကျွန်တော့်ကို လမ်းပြမည်ကို ကျွန်တော် သိခဲ့ပါသည်။ ကျွန်တော် မကြောက်တော့ပါ။ ညှင်းပန်းမှုကို ဆက်ပြီး ရင်ဆိုင်ဖို့ ယုံကြည်ခြင်း ကျွန်တော့် မှာရှိခဲ့သည်။
မကြာမီတွင် ဒုတိယအိုးက ရေဆူလာသည်။ ထိုအိုးကို သူယူလာသည်။ ခွက်တစ်ခွက်ကို ရေပူများဖြည့်ပြီး ကျွန်တော့်ရှေ့ကို ယူလာသည်။ ကျွန်တော့်ယောက်ျားအင်္ဂါကို ထိုခွက်နှင့် စဖျန်းသည်။ နာ၍ အော်ဟစ်ခဲ့ပြီး မနေနိုင်ဘဲ နောက်ဆုတ်မိသည်။ သူက ရှေ့ကို အနည်းငယ်တိုးပြီး ကျွန်တော့်ကို မေးခွန်း ဆက်ထုတ်နေသည်။ သို့ရာတွင် ကျွန်တော် ဖြေဖို့ ငြင်းဆန်နေဆဲဖြစ်လေသည်။ သူက ကျွန်တော့် လိင်အင်္ဂါများ အောက်မှ ရေပူအပြည့်နှင့် ခွက်ကို ကိုင်ထားပြီး “ပြောမှာလား မပြောဘူးလား” ဟု မေးသည်။ ကျွန်တော်က တစ်ခွန်းမျှ မပြောပါ။ ခွက်ထဲကို ကျွန်တော့် လိင်အင်္ဂါများ လုံးဝ မြုပ်သွားအောင် သူက ခွက်ကို အပေါ်ကို ချက်ချင်း မြှင့်လိုက်သည်။ ကျွန်တော် နာပြီး အော်ရင်းနှင့် တုန်ခါနေကာ နောက်ကို အလိုလို ဆုတ်မိသည်။ ကျွန်တော် တကယ်ကို မခံနိုင်တော့ပါ။ အဆက်မပြတ် ဆုတောင်းသည်။ ဘုရားသခင်ကို အားအင်ပေးဖို့၊ သူ့ကို သစ္စာမဖောက်မိဖို့ တောင်းလျှောက်သည်။ ထိုနောက်မှာ သခင်ယေရှု ပြောခဲ့သည့်အရာတစ်ခုကို တွေးမိသည်။ “အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှာအလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့်အသက်ရှုံး၏၊ ထိုသူသည် အသက်ကို တွေ့လိမ့်မည်။” (ရှင်မဿဲခရစ်ဝင် ၁၆:၂၅) ကျွန်တော်က ရုပ်ပိုင်းဆိုင်ရာ ဒုက္ခကို ရှောင်ဖို့အတွက် အခြားသူများအကြောင်း ဖွင့်ပြောပြီး ဘုရားသခင်ကို သစ္စာဖောက်လိုက်လျှင်၊ ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိမည်ကို ကျွန်တော် သိခဲ့သည်။ ကျွန်တော် ငရဲကျပြီး ထာဝရ ဒုက္ခခံရမည် ဖြစ်သည်။ ဤသည်ကို နားလည်ပြီး ကျွန်တော် မည်မျှ ဒုက္ခခံရပါစေ၊ အံကြိတ်ပြီး ဘုရားသခင်ကို ဘယ်တော့မှ သစ္စာမဖောက်ပါဟု စိတ်ပိုင်းဖြတ်ခဲ့ပါသည်။ ထိုရဲဆိုးက ကျွန်တော့် လိင်အင်္ဂါများအပေါ်ကို နောက်ထပ် ရေပူနှစ်ခွက်လောင်းပြီး ကျွန်တော့်ကို ဆက်မေးနေသည်။ ကျွန်တော် အောက်ကို ငုံ့ကြည့်လိုက်ပြီး ကျွန်တော့် လိင်အင်္ဂါများပေါ်က အပြင်အရေပြားက အပူလောင်နေသည်ကို တွေ့ရသည်။ နည်းပြနှစ်ယောက်က ကျွန်တော့်ကို မကြည့်ရဲပါ။ အကူအညီမဲ့နေရင်း “သား ပြောသာ ပြောလိုက်ပါ။ ဒီလို ဒုက္ခခံနေတော့ ဘာကောင်းလို့လဲ။” ဟု သူတို့က ပြောသည်။ ကျွန်တော် အသံတစ်သံမှ မထွက်ခဲ့ပါ။ ထိုအချိန်မှာ ရဲ၏ လက်ထောက်က ဝင်လာသည်။ သူ ကျွန်တော့်ကို မြင်သွားတော့ ခဏ အံ့သြမှင်သက်သွားသည်။ သူ့ခေါင်းကို ဘေးဘက်လှည့်ပြီး ကျွန်တော့်ထံ လျှောက်လာပြီး “ဝန်ခံလိုက်ပါ။ မင်းတို့လူတွေ အများကြီးကို ငါတို့ မိထားပြီးပြီ။ မင်း မပြောရင်တောင် တစ်ယောက်ယောက်က ပြောမှာပဲ။ ငါတို့က မင်းကို အခွင့်အရေး ပေးနေတာ။” ဟု ပြောလေသည်။ ကျွန်တော် ခေါင်းကို ငုံ့လိုက်ပြီး ဘာမှ မပြောပါ။ ကျွန်တော် တိတ်ဆိတ်နေသည်ကို မြင်ရတော့ ရဲက “မင်းတို့တွေ နောက်ဆုတ်ကြ။ သူ ဘယ်လောက်ခံနိုင်မလဲ ဆိုတာကို ငါကြည့်မည်။” ဟု ဒေါသထွက်ပြီး အော်သည်။ ထိုနောက်မှာ သူက ရေပူတစ်ခွက်လောင်းထည့်ပြီး ကျွန်တော့် ရင်ဘတ်ကို ထပ်ဖျန်းသည်။ ကျွန်တော် အော်ဟစ်ပြီး နာကျင်ခံစားနေရင်း ခုန်နေရသည်။ ကျွန်တော့်ကို ရေပူများနှင့် ပက်သည့်အခါ၊ ကျွန်တော့်ကိုယ်ပေါ်က ထိုအနာများက ပေါက်ပြီး အရေပြားက ကျွန်တော့်ကို ပြန်ကပ်သည်။ မကြာမီ အနာသစ်များက ပေါ်လာပြီး နာသည်မှာ မခံနိုင်အောင်ပင် ဖြစ်လေသည်။ ကျွန်တော် အနည်းငယ် အားလျော့လာသည်။ ကျွန်တော်က “ညီအစ်ကို မောင်နှမတွေ အများကြီးကို သူတို့က ဖမ်းပြီးသွားပြီ။ ငါ မပြောရင်တောင် တစ်ယောက်ယောက်က ပြောမှာပဲ။ ငါက ဘာလို့ ဒါတွေအားလုံးကို ဖြတ်သန်းနေရမှာလဲ။ ငါ ဒီလို ဒုက္ခမခံရအောင် သူတို့ကို နည်းနည်းလောက် ပြောပြလို့ရတာပဲ။” ဟု တွေးလိုက်သည်။ ရဲက ရပ်ဖို့ အစီအစဉ်မရှိသည်ကို ကျွန်တော် မြင်ခဲ့သည်။ ကျွန်တော့်ကို သူ နောက်ထပ် လုပ်မည့်အရာများအပေါ် ခံနိုင်ရည်ရှိမရှိ ကျွန်တော် လုံးဝ မသိခဲ့ပါ။ သို့ရာတွင် ပြောပြလိုက်လျှင် ကျွန်တော်က ယုဒ တစ်ယောက် ဖြစ်သွားမည်။ ထိုအချိန်မှာတွင် ဘုရားသခင်ထံမှ ဤနှုတ်ကပတ်တော်များကို တွေးမိသည်။ “သို့ရာတွင် ဆင်းရဲဒုက္ခကြီးစွာ ခံစားရချိန်များတွင် ငါ့အပေါ် စိုးစဉ်းမျှ သစ္စာစောင့်သိမှု မပြသခဲ့သူများအား ငါသည် နောက်ထပ် သနားကြင်နာတော့မည် မဟုတ်ဘဲ ငါ၏ကရုဏာသည် အကန့်အသတ်ရှိကြောင်းကို ငါရှင်းလင်းစေရမည်။ ထို့ပြင် တစ်ချိန်က ငါ့ကို သစ္စာဖောက်ခဲ့သူ မည်သူ့ကိုမျှ ငါနှစ်သက်ခြင်းမရှိ၊ ၎င်းတို့၏မိတ်ဆွေများ၏ အကျိုးအပေါ် သစ္စာဖောက်သူများနှင့် ငါသည် သာ၍ပင် ပတ်သက်ဆက်နွှယ်လိုခြင်း မရှိ။ ထိုသူသည် မည်သူပင်ဖြစ်စေ ဤသည်မှာ ငါ၏စိတ်သဘောထား ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့) ဘုရားသခင်က သူတို့မိတ်ဆွေများ၏ အကျိုးစီးပွားများကို ရောင်းစားသည့်သူများနှင့် ဘာမျှ မပတ်သက်ချင်ပါ။ ကျွန်တော်က ပြောပြလိုက်လျှင်၊ ဘုရားသခင်ကို သစ္စာဖောက်သည့် သဘောဖြစ်သည် မဟုတ်ပါလား။ ကျွန်တော် ဘာမျှ ပြော၍မဖြစ်ပါ။ လုံးဝ မဖြစ်ပါ။ ကျွန်တော်က “ဘုရားသခင် ကျွန်တော့်ကို ဉာဏ်ပွင့်စေပြီး ညီအစ်ကို မောင်နှမတွေအကြောင်း ဖွင့်မပြောအောင် ပြုလုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် ဘယ်လောက်ပဲ ဒုက္ခခံရနိုင်ပါစေ၊ ယုဒတစ်ယောက် လုံးဝ ဖြစ်မှာ မဟုတ်ပါဘူး။” ဟု တိတ်တဆိတ် ဆုတောင်းခဲ့သည်။
ကျွန်တော် တိတ်ဆိတ်နေသည်ကို မြင်သည့်အခါ၊ နိုင်ငံတော် လုံခြုံရေး တပ်ဖွဲ့ဗိုလ်ကြီးက စီးကရက်ကို မီးညှိလိုက်ပြီး ရက်စက်ယုတ်မာသည့် အပြုံးနှင့် “ဖြည်းဖြည်းလုပ်ကြတာပေါ့။ ငါတို့မှာ အချိန်များ အများကြီးရှိတယ်။” ဟု ပြောသည်။ ပြောရင်း ကျွန်တော့် နှာခေါင်းထဲကို မီးခိုးများ မှုတ်ထုတ်သည်။ ထိုနောက်မှာ ခွက်ကို သူကောက်ကိုင်လိုက်ပြီး ကျွန်တော့်ခေါင်းပေါ်ကို ရေပူများ လောင်းချသည်။ ကျွန်တော် အလိုလို နောက်ဆုတ်လိုက်ပြီး ရေများက ကျွန်တော့်၏ ညာဘက်နားရွက်မှ ကျွန်တော့် နောက်ကျောကို ဆင်းသွားသည်။ နာ၍ အော်ဟစ်ပြီး ကျွန်တော့် နောက်ကျောက မီးလောင်နေသလို ခံစားခဲ့ရသည်။ သူက နောက်ထပ် သုံးလေးခွက်ခန့် ကျွန်တော့် ဗိုက်မှ လောင်းချပြီး ကျွန်တော့် ပေါင်များကို ဖျန်းသည်။ သူ လောင်းချလိုက်သည့် နေရာများမှာ အနာများ ချက်ချင်းပေါက်လာသည်။ ရေနွေးအိုးကုန်သွားသည့်အခါ၊ နည်းပြများကို နောက်ထပ်တစ်အိုး သွားတည်ခိုင်းသည်။ လေးငါးဆယ်မိနစ်လောက်ကြာသည့်အခါ၊ တတိယမြောက် တစ်ခုက ပွက်လာသည်။ ရေနွေးအိုးမှ အငွေ့များ ထွက်လာသည်ကို မြင်ရသည့်အခါ၊ ကျွန်တော် တုန်နေသည်ကို မထိန်းနိုင်ခဲ့ပါ။ ပြုံးဖြဲဖြဲလုပ်ရင်းနှင့် သူက ရေနွေးအိုးကို ကောက်ကိုင်ပြီး “သိပ်ကောင်းတယ်။” ဟု ပြောသည်။ ထို့နောက်မှာ သူက ရေနွေးအိုးကို ကျွန်တော့်ကိုယ်ပေါ်မှာ ထပ်ပြီး ကပ်ရင်းနှင့် “ကဲ ပြောမှာလား မပြောဘူးလား” ဟု ခြိမ်းခြောက်ပြီးပြောသည်။ ကျွန်တော်က မဖြေပါ။ ထို့ကြောင့် သူက ကျွန်တော့်အပေါ်ကို ရေပူများ တစ်ခွက်ပြီးတစ်ခွက် လောင်းချသည်။ ကျွန်တော် နာကျင်မှုများနှင့် ပြည့်နေခဲ့သည်။ သူက ရပ်ဖို့ အစီအစဉ်မရှိသည်ကို ကျွန်တော် သိပြီး မည်မျှကြာကြာခံနိုင်မည်ကို ကျွန်တော် မသိခဲ့ပါ။ အရမ်းကို နာကျင်ခံစားရပြီး ဤကဲ့သို့ ဆက်ပြီး ခံစားနေရဖို့ မလိုတော့စေရန်၊ သေသာ သေချင်ခဲ့သည်။ ကျွန်တော့်၏ ဇာတိပကတိ အားနည်းချက်ကြောင့်၊ ဘယ်သူ့ကိုမျှ ဖွင့်ပြောမည် မဟုတ်တော့ပါ။ ကျွန်တော် မိမိကိုယ်ကိုယ် သတ်သေလို့ရနိုင်မည့် မာသည့် ပစ္စည်းတစ်ခုခုရှာဖို့ အခန်းကို လှည့်ပတ် ကြည့်လိုက်သည်။ သို့ရာတွင် စားပွဲတစ်လုံးသာရှိပြီး နံရံများက သစ်သားနှင့် လုပ်ထားသည်။ ကျွန်တော့်ခေါင်းကို တစ်ခါ ဆောင့်လိုက်ရုံနှင့် သေမည်ဟု မထင်ပါ။ ထို့ကြောင့် ပိုပြီး ညှဉ်းပန်းသည်ကို ကျွန်တော် ခံရမည် ဖြစ်သည်။ ကျွန်တော် ယခု ပြောမည်ဟု ပြောလိုက်၍ရပါသည်၊ သို့ဆိုလျှင် အခြားသူများ၏ အိမ်များကို ရွေးထုတ်ပြပေးဖို့ ကျွန်တော့်ကို သူတို့ ခေါ်သွားကြမည် ဟု တွေးမိသည်။ အပြင်ရောက်လျှင် ကားထဲမှ ခုန်ဆင်းပြီး သေလိုက်၍ရသည်။ ကျွန်တော် ဤကဲ့သို့ စဉ်းစားနေစဉ် ရဲက ကျွန်တော် ပြောမပြောကို ဆက်မေးနေသည်။ ကျွန်တော် ခေါင်းညိတ်လိုက်သည်။ သူတို့က ကျွန်တော့်ကို ချက်ချင်း အိမ်များကို ရွေးထုတ်ပြပေးဖို့ ခေါ်သွားမည်ဟု ထင်ခဲ့သည်။ သို့ရာတွင် အံ့သြသွားရသည်မှာ သူ့ကို အသင်းတော်အကြောင်းပြောဖို့ ကျွန်တော့်ကို မေးသည်။ အောက်ထပ်မှ ရဲဆယ်ယောက်ကျော်က ဝင်လာသည်။ ထိုအချိန်မှာ ကျွန်တော် တွန့်ဆုတ်မိသလို ခံစားရသည်။ ကျွန်တော် ယခုပင် ခေါင်းညိတ်လိုက်မိသောကြောင့်၊ ဘာမှမပြောလျှင် ကျွန်တော့်အပေါ် ပိုပြီး ရက်စက်သည့် နှိပ်စက်မှုများကို အသုံးပြုကြမလား။ ကျွန်တော် အသင်းတော်၏ နာမည်နှင့် တည်နေရာ ခန့်မှန်းခြေပြောပြလိုက်လျှင် ရမည်ဟု ထင်ခဲ့သည်။ အံ့ဩစရာကောင်းသည်မှာ၊ ကျွန်တော်က သူ့ကို တစ်လက်မလောက်ပေးလိုက်သော်လည်း၊ သူက တစ်မိုင်လောက် လိုချင်သည်။ အသင်းတော်နှင့်ပတ်သက်ပြီး ကျွန်တော့်ကို နောက်ထပ် မေးခွန်းများ ဆက်တိုက်မေးသည်။ စာတန်ကို ကျွန်တော် ဤကဲ့သို့ အလျှော့ပေးလိုက်သည်ကို တော်တာ် နောင်တရခဲ့ပါသည်။ ကျွန်တော် ဤကဲ့သို့ ဆက်သွားနေလျှင်၊ ကျွန်တော်က ယုဒတစ်ယောက်ဖြစ်သွားမှာ မဟုတ်ပါလား။ သူက ကျွန်တော့်ကို အခြားအကြောင်းအရာများမေးသည့်အခါ၊ မသိပါဟု အခိုင်အမာ ပြောလိုက်သည်။ သူက ကျွန်တော်နှင့် ဘာတိုးတက်မှုမျှ မရှိသောကြောင့်၊ ကျွန်တော့်အခန်းထဲကို ပြန်ခွင့်ပေးခဲ့ပါသည်။ ကျွန်တော့်အခန်းထဲမှာ “ငါ ဘာလို့ သေဖို့ ကြိုးစားနေတာလဲ။ ဘုရားသခင်က ငါ့ကို သေစေချင်သလား။ ဒါ အားနည်းတဲ့ လက္ခဏာမဟုတ်ဘူးလား။” ဟု မိမိဘာသာ စဉ်းစားသည်။ ထို့နောက်မှာ ဘုရားသခင်၏နှုတ်ကပတ်တော် ဓမ္မသီချင်းတစ်ပုဒ်ကို သတိရသည်။ “သင်၏ ဒုက္ခမည်မျှပင်ကြီးပါစေ၊ ဘုရားကို ကြိုးစားချစ်ပါ။” ဖြစ်သည်။ “ယနေ့တွင် လူအများစု၌ ထိုအသိပညာ မရှိကြပေ။ ဒုက္ခဝေဒနာခံစားရခြင်းမှာ တန်ဖိုးမရှိဟု ၎င်းတို့ယုံကြည်ကြသည်၊ ၎င်းတို့သည် လောကကြီး၏ စွန့်ပစ်ခြင်းကိုခံကြရသည်၊ ၎င်းတို့၏ နေအိမ်အသက်တာ၌ သောကရောက်ကြရသည်၊ ၎င်းတို့သည် ဘုရားသခင်၏ ချစ်မြတ်နိုးခြင်းကို မခံကြရဘဲ ၎င်းတို့၏ ရှေ့ရေးများမှာ စိတ်ဓာတ်ကျဖွယ်ရာဖြစ်၏။ အချို့သူများ၏ ဒုက္ခဝေဒနာခံစားရခြင်းမှာ လွန်ကဲပြင်းထန်လာပြီး ၎င်းတို့၏အတွေးများသည် သေခြင်းတရားဘက်သို့ လှည့်သွားကြသည်။ ဤသည်မှာ ဘုရားသခင်အတွက် စစ်မှန်သော ချစ်ခြင်းမဟုတ်ပေ။ ထိုသို့သော လူများသည် သူရဲဘောကြောင်သူများ ဖြစ်ကြပြီး ၎င်းတို့၌ ဇွဲလုံ့လဝီရိယ မရှိကြပေ၊ ၎င်းတို့သည် အားနည်းပြီး အစွမ်းမရှိသူများပင် ဖြစ်ကြတော့သည်။...ထို့ကြောင့် ဤနောက်ဆုံးသောကာလအတောအတွင်း သင်တို့သည် ဘုရားသခင်ကို သက်သေခံကြရမည်။ သင်တို့၏ ဒုက္ခဝေဒနာက မည်မျှပင်ကြီးမားပါစေ သင်တို့သည် ဆုံးခန်းတိုင်အောင် လျှောက်သွားသင့်သည်၊ ထို့အပြင် သင်တို့၏နောက်ဆုံး ထွက်သက်၌ပင်လျှင် သင်တို့သည် ဘုရားသခင်ကို သစ္စာရှိပြီး ဘုရားသခင်၏စီစဉ်ညွှန်ကြားမှုကို ကျိုးနွံနာခံနေရမည်။ ဤအရာသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်းဖြစ်ပြီး၊ ဤအရာသည်သာလျှင် ခိုင်မာ၍ ထူးကဲသည့် သက်သေခံချက်ဖြစ်သည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ) ဘုရားသခင်၏နှုတ်ကပတ်တော်ကို စဉ်းစားကြည့်ရင်းနှင့် ကျွန်တော်က မည်မျှ သတ္တိနည်းသည်၊ အားနည်းသည်၊ မစွမ်းဆောင်နိုင်သည်တို့ကို မြင်ခဲ့ပါသည်။ ကျွန်တော့်၏ ဇာတိပကတိ အားနည်းချက်ကြောင့်၊ ဒုက္ခကို ကြောက်ရွံ့ခြင်းကြောင့် သေချင်ခဲ့သည်။ ဤသည်မှာ ဘုရားသခင်ကို ဘုန်းကျက်သရေ မတက်စေပါ။ ဤသည်မှာ စစ်မှန်သည့် သက်သေမဟုတ်ပါ။ ကျွန်တော် အဖမ်းမခံရမီက ကျွန်တော် တရုတ်ကွန်မြူနစ်ပါတီ၏ အဖမ်းခံရပြီး ဖိနှိပ်ခံရလျှင် အခြားညီအစ်ကို မောင်နှမများကဲ့သို့၊ သက်သေရပ်တည်ချင်သည်ဟု ဘုရားသခင်၏ရှေ့မှောက်မှာ ကျိန်ဆိုခဲ့ပါသည်။ ဘုရားသခင်ကို ကျွန်တော် ဘယ်တော့မှ သစ္စာမဖောက်ပါ။ ယုဒတစ်ယောက် ဖြစ်မည်မဟုတ်ပါ။ သို့ရာတွင် ကျွန်တော့်အပေါ်မှာ တစ်ခုခုဖြစ်ပျက်သည့်အခါ၊ ရဲများ နှိပ်စက်သည်ကို ရင်ဆိုင်ရသည့်အခါမှာ ဤအခြေအနေမှ ဘယ်လို လွတ်မြောက်နိုင်မည်ကို တွေးမိသည်။ သက်သေရပ်တည်ပြီး ဘုရားသခင်ကို ဘယ်လို ကျေနပ်စေမည်ကို မစဉ်းစားခဲ့ပါ။ ကျွန်တော်က ဘုရားသခင်အပေါ် စစ်မှန်သည့် ယုံကြည်ခြင်း၊ နာခံခြင်း မရှိခဲ့သည်ကို နားလည်သဘောပေါက်ခဲ့ပါသည်။ ဘုရားသခင်ကို ကျွန်တော် သစ္စာဖောက်ပြီး ကျွန်တော့်၏ သက်သေခံချက်ကို ဆုံးရှုံးရအောင် ရဲများက ကျွန်တော့်ကို နှိပ်စက်နေခြင်း ဖြစ်ပါသည်။ ကျွန်တော်က သေခြင်းမှ လွတ်မြောက်သွားခဲ့လျှင်၊ စာတန်၏ ဟားတိုက်စရာကြီး ဖြစ်သွားမည် မဟုတ်ပါလား။ ဤကဲ့သို့ စဉ်းစားမိပြီး ကျွန်တော့်အားနည်းချက်အပေါ် နောင်တများနှင့် ပြည့်နေခဲ့ပါသည်။ မည်သို့များ ကျွန်တော့်လျှာကို ဖြေလျှော့ပေးလိုက်မိသနည်း။ ဘုရားသခင်က ကျွန်တော့်ကို သက်သေခံဖို့ အခွင့်အရေးတစ်ခုပေးခဲ့သော်လည်း၊ ကျွန်တော်က မဆုပ်ကိုင်ထားခဲ့ပါ။ ဤသည်မှာ ဘုရားသခင်အတွက် နာကျင်ပြီး စိတ်ပျက်စေပါသည်။ သူတို့က ကျွန်တော့်ကို အိမ်များ ရွေးထုတ်ပေးစေချင်ပါက၊ ကျွန်တော် မသွားပါဟု စိတ်ပိုင်းဖြတ်လိုက်သည်။ သူတို့ ကျွန်တော့်ကို မည်မျှ နှိပ်စက်ပါစေ၊ ဘုရားသခင်ကို အမှီပြုပြီး သက်သေရပ်တည်မည်။
နောက်တစ်နေ့ မနက် ၆:၃၀ မှာ မြူနီစပယ် အစွန်းရောက်ဝါဒ တိုက်ဖျက်ရေး ရုံး၏ ဒါရိုက်တာက ကျွန်တော် မည်မျှ ဆိုးဆိုးဝါးဝါး ဒဏ်ရာရထားသည်ကို မြင်ပြီး လူတစ်ယောက်ကို ကျွန်တော့်ကို ဆေးရုံခေါ်သွားခိုင်းလိုက်သည်။ သူတို့ တာဝန်ခံစရာမလိုအောင် ဖြစ်သည်။ ဆေးရုံသွားသည့်လမ်းမှာ သူက ကျွန်တော့်ကို “ဆေးရုံမှာ ဘာတစ်ခွန်းမှ မပြောနဲ့။ မဟုတ်ရင်တော့ ဖြစ်လာမယ့် အကျိုးဆက်တွေအတွက် မင်းမှာ တာဝန်ရှိလိမ့်မယ်။” ဟု ရန်လိုသည့်ပုံစံနှင့် သတိပေးသည်။ ယင်းကို ကြားရသည့်အခါ၊ ကျွန်တော် အရမ်းကို စိတ်ဆိုးခဲ့သည်။ ကျွန်တော့်ကို ထိုမျှ ဆိုးဆိုးဝါးဝါး နာကျင်အောင်လုပ်ပြီးသည့်နောက်တွင်ပင် သူတို့က ကျွန်တော့်ကို ခြိမ်းခြောက်နေပြီး အမှန်တရားကို ပြောခွင့်မပေးပါ။ ဆိုးယုတ်ပြီး မုန်းတီးစရာ ကောင်းပါသည်။ မည်သို့များ ဤအပူလောင်ခြင်းများ ဖြစ်လာသည်ကို ဆရာဝန်က မေးသည်။ ကျွန်တော် သူ့ကို အမှန်အတိုင်းပြောလျှင်ပင် သူက မည်သည့်အရာမျှ လုပ်နိုင်မည် မဟုတ်သည်ကို သိသည်။ ဓာတ်ဘူးကွဲသွား၍ ဖြစ်သည်ဟု ပြောလိုက်သည်။ သူက မယုံမကြည်ဖြစ်ပြီး “ဓာတ်ဘူးကွဲတာကြောင့် ဒါတွေ အကုန် ဖြစ်သွားတာလား။” ဟု မေးသည်။ ရဲက ဆရာဝန်ကို ဘေးကို ချက်ချင်းဆွဲခေါ်လိုက်ပြီး သူ့ကို ခဏလောက် ခပ်တိုးတိုး ပြောလိုက်သည်။ နောက်တော့ ဆရာဝန်က ကျွန်တော့်၏ ဒဏ်ရာများကို စပြီး ကိုင်တွယ်ပြီး ကျွန်တော် ဆေးရုံလူနာအနေနှင့်နေဖို့ လိုသည်ဟု ပြောလေသည်။ ရဲက ဤသည်မှာ အထူးအခြေအနေဖြစ်ပြီး ကျွန်တော် နေ၍မရပါဟု ပြောပြီး တာဝန်အပြည့်အဝယူပါသည်ဆိုသည့် ဖောင်တစ်ခုကို လက်မှတ်ထိုးခိုင်းခဲ့သည်။ နောက်တော့ ကျွန်တော့်ကို အယူဝါဒသွတ်သွင်းသည့် စင်တာကို ချက်ချင်း ပြန်ခေါ်သွားခဲ့သည်။ ကျွန်တော့် ဒဏ်ရာများက သင်တန်းတက်ဖို့အတွက် တော်တော်ဆိုးလွန်းနေသည်။ သို့ရာတွင် ရဲများက ဤသည်ကို မကြိုက်ပါ။ ထို့ကြောင့် ကျွန်တော့်ကို နေ့တိုင်းစောင့်ကြည့်ပြီး အယူဝါဒ သွတ်သွင်းဖို့အတွက် လူနှစ်ယောက် လွတ်လိုက်သည်။ ကျွန်တော်၏ ယုံကြည်ခြင်းကို စွန့်လွှတ်အောင် လုပ်ဖို့အတွက် အကြမ်းနည်းရော၊ အနုနည်းနှင့်ပါ ကြိုးစားကြသည်။
ဆယ့်ခုနစ်ရက်ကြာပြီးသည့်နောက်မှာ ကျွန်တော့် ဒဏ်ရာများ မပျောက်သေးမီ၊ ကျွန်တော့်ကို သင်တန်းကို ပြန်ပို့ကြသည်။ သူတို့မှာ တက္ကသိုလ် ပရော်ဖက်ဆာ တစ်ယောက်နှင့် စိတ်ပညာကျွမ်းကျင်သူ တစ်ယောက်ရှိသည်။ သူတို့က ခင်မင်ဟန်ဆောင်ကြသည်။ စကားကောင်းများ ပြောပြီး ကျွန်တော်နှင့် ရင်းနှီးအောင်၊ ကျွန်တော် ဖွင့်ပြောလာအောင် ကြိုးစားကြသည်။ ဘုရားသခင်ထံကို ကျွန်တော် အကြိမ်ကြိမ် အော်ခေါ်ပြီး စာတန်၏ လှည့်ကွက်များမှ ကျွန်တော့်ကို ကာကွယ်ဖို့ တောင်းလျှောက်ခဲ့ရပါသည်။ ကျွန်တော် သူတို့နှင့် ဘုရားသခင်အပေါ် သက်သေခံချက် ဝေမျှသည်။ ကျွန်တော်က အလှည့်စားမခံသည်ကို မြင်သည့်အခါ၊ သူတို့ စိတ်ဆိုးကြသည်။ နောက်သုံးလေးရက်မှာ ကျွန်တော်တို့ အသင်းတော်ကို စော်ကားထားသည့်၊ သူတို့ရေးထားသည့် စာအုပ်များကို ကျွန်တော့်ကို ဖတ်ခိုင်းပြီး စော်ကားထားသည့် ဗီဒီယို အချို့ကို ကြည့်ခိုင်းပါသည်။ သူတို့ မည်သည့်နေရာမှ မည်သို့ ဖန်တီးထားမှန်းမသိသည့် ထိုအလိမ်အညာများ အားလုံးကြောင့် ကျွန်တော် မခံမရပ်နိုင်ဖြစ်ပြီး အော်ဂလီဆန်မိသည်။ သူတို့ပြောသည့်အရာ တစ်ခုမျှ ကျွန်တော် နားမထောင်ခဲ့ပါ။
တစ်မနက်မှာ ကျွန်တော်နေသည့်နေရာကို တိုင်းအဆင့် ဒါရိုက်တာက နည်းပြ သုံးလေးယောက်နှင့် ကြမ်းကြမ်းတမ်းတမ်း ဝင်လာသည်။ ဤကဲ့သို့ဖြစ်လာသည်ကို မြင်သည့်အခါ၊ ကျွန်တော် အနည်းငယ် ကြောက်သွားသည်။ ထို့ကြောင့် ကျွန်တော် တိတ်တိတ်လေး ဆုတောင်းသည်။ ကျွန်တော် ထိုဆိုးဝါးသည့် ရဲများကို ရင်ဆိုင်နိုင်ဖို့အတွက် ဉာဏ်ပညာကို ပေးဖို့ ဘုရားသခင်ထံကို တောင်းလျှောက်သည်။ သူက ခြိမ်းခြောက်ပြီး “အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်နဲ့ ရက် တစ်ရာတိုက်ပွဲနဲ့ပတ်သက်ပြီး မနေ့က ငါတို့ အစည်းအဝေး လုပ်တယ်။ ပြစ်ဒဏ်ချမှတ်ချက်တွေက ကြမ်းလိမ့်မယ်။ မင်းလို ငယ်တဲ့၊ အိမ်ထောင်မရှိတဲ့ လူတွေအတွက် ပိုတောင် ဆိုးဦးမယ်။ အထူးသဖြင့် မင်းလိုမျိုး စိတ်မပြောင်းတဲ့သူတွေက သေနတ်နဲ့ ပစ်သတ်တဲ့ အဖွဲ့ကို တန်းသွားရမှာ။ သူတို့က မင်းရဲ့ ခေါင်းကို ပစ်ပြီး ဦးနှောက်တွေ ထွက်သွားအောင် ပစ်မှာ။” ဟု ပြောလေသည်။ သူ ဤကဲ့သို့ပြောသည့်အခါ၊ ကျွန်တော် အနည်းငယ် ပြာသွားသည်။ သို့ရာတွင် သခင်ယေရှု၏ နှုတ်ကပတ်တော်များကို စဉ်းစားမိသည်။ “အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှာအလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့်အသက်ရှုံး၏၊ ထိုသူသည် အသက်ကို တွေ့လိမ့်မည်။” (ရှင်မဿဲခရစ်ဝင် ၁၆:၂၅) ဘုရားသခင်အတွက် အသေခံရသည်မှာ ဂုဏ်ယူစရာတစ်ခုဖြစ်ပြီး ဘုရားသခင်က မှတ်သားထားမည်ကို ကျွန်တော် သိပါသည်။ သို့ရာတွင် သေရမည်ကို ကြောက်ပြီး ဘုရားသခင်ကို သစ္စာဖောက်ခြင်းက ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိမည် ဖြစ်ပြီး ဘုရားသခင်ကို စက်ဆုပ်ရွံရှာစေလိမ့်မည်။ ကျွန်တော့် ကိုယ်ခန္ဓာက ဆက်ပြီး အသက်ရှင်လျှင်ပင် ဘုရားသခင်၏ အမြင်မှာ ကျွန်တော် သေနေမည် ဖြစ်သည်။ ကျွန်တော့် ဝိညာဉ်က ဘုရားသခင်၏ ဖယ်ရှားခြင်းကို ခံရမည်ဖြစ်ပြီး ငရဲမှာ အပြစ်ဒဏ်ပေးခံရမည် ဖြစ်သည်။ ခေတ်များတစ်လျှောက်မှာ ယုံကြည်သူများ မရေမတွက်နိုင်အောင် ဖိနှိပ်ခံရပြီး အသေခံခဲ့ကြရသည်။ သူတို့အားလုံး ဘုရားသခင်အတွက် သက်သေရပ်တည်ကြသည်။ ယုံကြည်ခြင်းအတွက် အသတ်ခံရသည်ကို ဘုရားသခင်က ကျွန်တော့်ကို ချီးမြှောက်နေခြင်း ဖြစ်သည်။ သေရမည်ဆိုလျှင်ပင်၊ ဘုရားသခင်၏ အစီအစဉ်များကို နာခံပြီး သက်သေရပ်တည်ဖို့ ကျွန်တော် ဆန္ဒရှိနေခဲ့ပါသည်။ ကျွန်တော် တိတ်နေသောကြောင့်၊ ရဲက ကျွန်တော့်ကို “မင်း အိမ်ပြန်ချင်လား။ ထောင်ထဲကို ပြန်ချင်တာလား။” ဟု ခြိမ်းခြောက်သည်။ ကျွန်တော် အိမ်ကို အရမ်း ပြန်ချင်ပါသည်။ သို့ရာတွင် ထိုအတွက် ပေးဆပ်ရမည်မှာ နောင်တရသည့် စာကို လက်မှတ်ထိုးပြီး အသင်းတော်နှင့် အဆက်အသွယ်ဖြတ်ရမည် ဖြစ်သည်။ ကျွန်တော်က “ထောင်” ဟု ပြတ်ပြတ်သားသား ပြောလိုက်သည်။ သူ့မျက်လုံးများက ဒေါသများနှင့် ပြူးကျယ်သွားပြီး ကျွန်တော့်ကို “ကြည့်ရတာ မင်းက တကယ် ဒုက္ခ မခံစားရသေးဘူးထင်တယ်။” ဟု လက်ညှိုးထိုးပြီး ပြောလေသည်။ ထို့နောက် သူက စိတ်ဆိုးမာန်ဆိုးနှင့် ထွက်သွားသည်။
ထိုနောက်မှာ ကျွန်တော့်ကို အယူဝါဒသွတ်သွင်းဖို့အတွက် သင်းအုပ်ဆရာတစ်ယောက်ကို သူတို့ ရှာလာကြသည်။ ဝင်လာသည်နှင့် တစ်ပြိုင်နက် “သား မင်းက ငယ်သေးတယ်။ ငါပြောတာ နားထောင်ပါ။ မင်းက လမ်းမှားပေါ်ရောက်နေတယ်။” ဟု သူက ပြောသည်။ ကျမ်းစာမှာ ရှင်မဿဲခရစ်ဝင်ကျမ်း ၂၄:၂၃-၂၄ ကို ဖွင့်ပြီး ပြောသည်။ “သခင်ယေရှုက ပြန်လာပြီးနှင့်ပြီလို့ မင်းကပြောတယ်။ ဒါပေမဲ့ သမ္မာကျမ်းစာထဲမှာ ဘာရေးထားလဲ ကြည့်ကြည့်။ ‘ထိုအခါ သူတပါးက ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟု ဆိုသော်လည်း မယုံကြနှင့်။ အကြောင်းမူကား၊ ခရစ်တော်၏ အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ပြကြလိမ့်မည်။’ သခင်ကြွလာပြီလို့ပြောတဲ့ ဘယ်သူမဆို မှားတယ်။ မင်း ဒီ နောက်ကို လိုက်လို့မရဘူး။” ဟု ပြောသည်။ ကျွန်တော် ကျမ်းစာကို ယူလိုက်ပြီး “နောက်ဆုံးသောကာလမှာ သခင်ယေရှုက ပြန်ကြွလာတဲ့အခါ၊ လူတွေကို လှည့်စားဖို့အတွက် ခရစ်တော် ယောင်ဆောင်သူတွေနဲ့ ပရောဖက် အယောင်ဆောင်တွေက ကြီးမြတ်တဲ့ နိမိတ်လက္ခဏာတွေ၊ အံ့သြဖွယ်ရာတွေပြလိမ့်မယ်လို့ သခင်ယေရှုက ကျွန်တော်တို့ကို သတိပေးနေတာပါ။ သူက ကျွန်တော်တို့ကို သတိရှိဖို့ ပြောခဲ့တာပါ။ ခင်ဗျားက သခင်ကြွလာတဲ့ သတင်းတွေအကုန် မှားတယ်လို့ ပြောရင် သခင်ကိုယ်တိုင် ပြန်ကြွလာတာကို ငြင်းဆန်နေတာ မဟုတ်ဘူးလား။ ခရစ်တော် အယောင်ဆောင်တွေက သမ္မာတရားကို မပိုင်ဆိုင်ဘူး။ လူတွေကို သူတို့က နိမိတ်လက္ခဏာတွေ၊ အံ့သြဖွယ်ရာတွေနဲ့ လှည့်စားကြတာ။ အနန္တတန်ခိုးရှင်ဘုရားသခင်က အဲဒီအရာတွေကို မပြသဘူး။ သူက လူသားမျိုးနွယ်ကို အပြည့်အဝ သန့်စင်ပြီး ကယ်တင်ဖို့အတွက် သမ္မာတရားကို ဖော်ပြပြီး တရားစီရင်ခြင်း အမှုကို လုပ်ဆောင်တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုပါ။ စစ်မှန်တဲ့ တစ်ပါးတည်းသော ဘုရားဖြစ်ပါတယ်။” ဟု ပြန်ပြောလိုက်သည်။ ကျွန်တော်က သူ့အကွက်ထဲမရောက်သောကြောင့်၊ သူက စော်ကားသည့် စကားများ မျိုးစုံပြောသည်။ ကျွန်တော်က စိတ်ဆိုးပြီး “သန့်ရှင်းသော ဝိညာဉ်တော်ကို စော်ကားတာက အခုဘဝရော၊ နောက်ဘဝမှာပါ ခွင့်လွှတ်ခံရမှာမဟုတ်ဘူး။” ဟု တုံ့ပြန်ပြောလိုက်သည်။ ထိုအခါမှာ သူက ကျွန်တော့်ကို “မင်းက တကယ်ကို ခေါင်းမာတဲ့ ကလေးပဲ။ အသိတရားရှိစမ်းပါ သားရဲ့။ သူတို့လိုချင်တဲ့ ဘာကိုမဆို ပြောပြီး ဝန်ခံလိုက်ပါ။ မင်း တကယ်ကို သော့ပိတ်ခံရရင် နောင်တရလိမ့်မယ်။” ဟု ပြောသည်။ ကျွန်တော်က “ကျွန်တော် ဒါကို နောင်တရမှာ မဟုတ်ပါဘူး။ ပြီးတော့ ခင်ဗျားကို စစ်မှန်တဲ့လမ်းကို ရှာဖွေဖို့ သေချာ အကြံပေးချင်တယ်။ ဘုရားသခင်ကို အာခံတာကို ရပ်ပါ။ သိပ်ဆိုးတဲ့ အပြစ်ကို ခင်ဗျားကျူးလွန်ရင် အရမ်း နောက်ကျသွားလိမ့်မယ်။” ဟု ပြောလိုက်သည်။ စိတ်တိုနေရင်း၊ သူက “မင်းက မျှော်လင့်ချက်မရှိတော့ဘူး။ ခေါင်းမာလွန်းတယ်။” ဟု ကျွန်တော့်ကိုပြောသည်။ ထိုနောက်မှာ သူက မကျေမနပ်နှင့် ထပြီး ထွက်သွားသည်။
သုံးလေးရက်လောက် ကြာပြီးသည့်နောက်မှာ မှုခင်းပြစ်မှုဆိုင်ရာ ရဲတပ်ဖွဲ့ခေါင်းဆောင်က ကျွန်တော့်ကို ဘုရားသခင်ကို ငြင်းပယ်ပြီး စော်ကားသည့် စကားများကို အတင်း ထပ်ခါထပ်ခါ ပြောခိုင်းသည်။ ကျွန်တော်က ငြင်းဆန်သည့်အခါ၊ သူက “မင်းက ဒဏ်ခတ်ခံရမှာ မကြောက်ဘူးလား။ ဘုရားသခင်ဆိုတာ မရှိဘူး။ ဒါဆို ဘုရားသခင်က ဘယ်ကလာမှာလဲ။ ကိုယ့်ယုံကြည်မှုကို စွန့်လွှတ်လိုက်တဲ့လူတွေက အဆင်ပြေနေတာပဲ မဟုတ်ဘူးလား။” ဟု ကြမ်းကြမ်းတမ်းတမ်းနှင့် ပြောသည်။ ကျွန်တော်က “အခုအချိန်ခဏမှာ မသေသေးဘူးဆိုတာက ကောင်းမွန်တဲ့ ရလဒ်လို့ မဆိုလိုဘူး။ ဘုရားသခင်က လူတွေကို ချက်ချင်း အပြစ်ဒဏ်ပေးတာ မဟုတ်ဘူး။” ဟု ပြောလိုက်သည်။ သူက ကျွန်တော့်ကို စိတ်ဆိုးမာန်ဆိုးနှင့် ဆွဲကိုင်လိုက်ပြီး သုံးလေးခါလောက် ဖြတ်ရိုက်သည်။ သို့ရာတွင် ကျွန်တော် တစ်ခွန်းမှ မပြောသေးပါ။ ကျွန်တော်က သခင်ယေရှု ပြောခဲ့သည့်အရာတစ်ခုကို စဉ်းစားနေခဲ့သည်။ “ပြစ်မှားသောအပြစ်၊ ဘုရားကို ကဲ့ရဲ့သော အပြစ်အမျိုးမျိုးတို့နှင့် လွတ်စေခြင်းအခွင့်ကို လူတို့သည် ရနိုင်ကြ၏။ ဝိညာဉ်တော်ကို ကဲ့ရဲ့သောအပြစ်နှင့် လွတ်စေခြင်း အခွင့်ကို လူတို့သည် မရနိုင်ကြ။” (ရှင်မဿဲခရစ်ဝင် ၁၂:၃၁) ဤနှုတ်ကပတ်တော်များ၏ အားအင်ကြောင့်၊ ကျွန်တော် လုံးဝ မယိမ်းယိုင်ခဲ့ပါ။ ကျွန်တော် ဘာမျှ မပြောဘဲ၊ နှစ်နာရီလောက် ကုန်သွားသည်။ ဒေါသထွက်နေရင်း သူက ကျွန်တော့်ကို ဆံပင်မှ ကိုင်ပြီး အဆောင်ထံကို ပြန်ဆွဲခေါ်သွားသည်။ ပြီးလျှင် “သူ ဖွင့်မပြောမချင်း သူ့ကို အစာမကျွေးနဲ့။” ဟု ရက်စက်ယုတ်မာသည့် ပုံစံနှင့်ပြောသည်။ ကျွန်တော့် စိတ်နှလုံးထဲမှ ဘုရားသခင်ကို ဆုတောင်းခဲ့ပြီး သခင်ယေရှု၏ ဤနှုတ်ကပတ်တော်များက စိတ်ထဲပေါ်လာသည်။ “လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင် မိန့်တော်မူ သမျှ အားဖြင့် အသက်ကိုမွေးရမည်။” (ရှင်မဿဲခရစ်ဝင် ၄:၄) ဘုရားသခင်၏နှုတ်ကပတ်တော်များက ဘဝအတွက် ကျွန်တော်တို့၏ အာဟာရ ဖြစ်ပါသည်။ အစာမစားရလျှင်ပင် ဘုရားသခင် ခွင့်မပြုဘဲ၊ ကျွန်တော် သေမည်မဟုတ်ပါ။ အံ့သြစရာကောင်းသည်မှာ သန့်ရှင်းရေးလုပ်သည့် အစ်မကြီးက ထိုညမှာ ကျွန်တော့်ကို ပေါက်စီတစ်လုံး ခိုးပေးသည်။ လူများ၏ နှလုံးသားနှင့် စိတ်ဝိညာဉ်များသည် ဘုရားသခင်၏ လက်ထဲမှာရှိသည်ကို ကျွန်တော် တကယ် ခံစားခဲ့ရသည်။ ထိုနောက်မှာ ရဲများက သူတို့ရုံးကို ကျွန်တော့်ကို နေ့တိုင်း သန့်ရှင်းရေးလုပ်ခိုင်းသည်။ ဖြစ်ချင်တော့ စာရေးစားပွဲပေါ်မှာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်တစ်အုပ် ရှိနေသည်။ ကျွန်တော် နေ့စဉ် သန့်ရှင်းရေးလုပ်ရင်းနှင့် ထိုစာအုပ်ကို ခိုးကြည့်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်တော့်ကို ယုံကြည်ခြင်းနှင့် ခွန်အားပေးပါသည်။ ရဲများက ကျွန်တော့်ကို ဘုရားမဲ့အယူဝါဒဆိုင်ရာ အယူမှားများကို အဆက်မပြတ် အများကြီး ထိုးထည့်နေသည်။ သို့ရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော် လမ်းပြမှုနှင့် ကျွန်တော့်အပေါ် လုံးဝ သက်ရောက်မှု မရှိခဲ့ပါ။
တစ်ရက်တွင် ကျွန်တော့်ကို အယူဝါဒ သွတ်သွင်းပြီး သွေးဆောင်ဖို့အတွက် သူတို့က တက္ကသိုလ် ပရော်ဖက်ဆာ နှစ်ယောက်ကို နည်းမျိုးစုံ ကြိုးစားခိုင်းသည်။ “မင်း အသိတရားဝင်လာပြီး စာသုံးစောင်ကို လက်မှတ်မထိုးရင် မင်း ထောင်ငါးနှစ်ကျပြီးတော့ နောက်ကျရင် မိန်းမ ရှာဖို့ ခက်သွားမှာ။ မင်းရဲ့ လူငယ်ဘဝကို ဘယ်လိုလုပ်ပြီး ဒီလို ဖြုန်းပစ်နိုင်မှာလဲ။ တန်ရဲ့လား။” ဟု ပြောသည်။ ဤသည်မှာ ကျွန်တော့်ကို တကယ် ထိသွားသည်။ ကျွန်တော် ဘယ်လောက် ငယ်နေသည်ကို စဉ်းစားကြည့်ပြီး၊ ထိုနေရာတွင် ကျွန်တော် တကယ်ကို နှစ်ချီပြီး ဒုက္ခခံရမည် ဟုတ်မဟုတ်ကို တွေးမိသည်။ ကျွန်တော် ဤသည်ကို စဉ်းစားနေရင်း၊ ကျွန်တော်က စာတန်၏ အကွက်ထဲ ရောက်နေသည်ကို သတိပြုမိလိုက်သည်။ ထို့ကြောင့် ကျွန်တော်က “အဖ ဘုရားသခင် စာတန်ရဲ့ လှည့်ကွက်ထဲကို ကျွန်တော် ရောက်လုနီးပါးဖြစ်ခဲ့ပါတယ်။ ကျွန်တော် သက်သေရပ်တည်နိုင်ဖို့အတွက် ကျေးဇူးပြုပြီး ကျွန်တော့်ကို ကာကွယ်တော်မူပါ။” ဟု အမြန်ဆုတောင်းလိုက်သည်။ ဆုတောင်းပြီးသည့်နောက်မှာ ဘုရားသခင်၏နှုတ်ကပတ်တော် ဓမ္မသီချင်းတစ်ပုဒ်ထဲက စာသားတစ်ကြောင်းကို တွေးမိသည်။ “လူငယ်တို့သည် သမ္မာတရား မကင်းမဲ့သင့်သကဲ့သို့ သူတော်ကောင်း ယောင်ဆောင်ခြင်းနှင့် မဖြောင့်မတ်ခြင်းတို့ကိုလည်း မသိုထားသင့်ပေ- မှန်ကန်သော ရပ်တည်ချက်တွင် ၎င်းတို့ ခိုင်ခိုင်မာမာ ရပ်တည်သင့်၏။ ၎င်းတို့သည် မျောပါသွားရုံသက်သက် မဖြစ်သင့်ဘဲ၊ တရားမျှတမှုနှင့် သမ္မာတရားအတွက် စွန့်လွှတ်မှုများ ပြုရသည့် စိတ်ဓာတ်နှင့် ရုန်းကန်ရဲသည့် စိတ်ဓာတ်တို့ ရှိသင့်သည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “ငယ်ရွယ်သူတို့ လုပ်ဆောင်ရမည့်အချက်များ”) သမ္မာတရားကို ရရှိဖို့ မည်သည့်နာကျင်မှုကိုမဆို ခံယူနိုင်ရမည်ကို ကျွန်တော် သိခဲ့ပါသည်။ ခဏတာ သက်သာမှုအတွက် ဘုရားသခင်ကို ကျွန်တော် သစ္စာဖောက်၍ မဖြစ်ပါ။ ရဲများက ကျွန်တော့်ကို မည်သည့်အရာလုပ်သည်ဖြစ်စေ ကျွန်တော် သက်သေရပ်တည်ပြီး ဘုရားသခင်ကို ကျေနပ်စေရမည်။ ကျွန်တော်က မည်သည့်အရာမျှ မပြောသောကြောင့်၊ သူတို့ ထွက်သွားကြသည်။ မည်သည့်အရာမျှ မတတ်နိုင်ကြတော့ပါ။ ထိုနေ့ နေ့လည်မှာ သင်းအုပ်ဆရာက ပြန်လာပြီး “မင်း ထောင်ကို သွားရတော့မယ်လို့ ငါကြားတယ်။ မင်း အဲဒီလို လုပ်လို့ မဖြစ်ဘူး။ အဲဒီမှာ ဘဝက လူမဆန်ဘူး။ မင်းလိုမျိုး ကောင်လေးက ခံနိုင်မယ်လို့ ထင်လား။” ဟု စစ်မှန်မှုမရှိသည့် အပြုံးနှင့် ပြောသည်။ သူက သူ့ဖုန်းကို ထုတ်လိုက်ပြီး နှိပ်စက်ခံထားရသည့် ခရစ်ယာန်များ၏ ပုံအချို့ကို ပြပြီး “သူတို့ကို ကြည့်စမ်း။ တချို့တွေက ၁၀ နှစ်ကျတယ်။ တချို့က နှစ် ၂၀ ကျတယ်။ တချို့က ထောင်ထဲမှာ သေကြတယ်။ မင်းက ယုံကြည်သူ စစ်စစ်တစ်ယောက်ဆိုတာ ငါ မြင်နိုင်ပါတယ်။ သူတို့ လက်မှတ်ထိုးစေချင်တဲ့ ဘာကိုမဆို ထိုးသာထိုးလိုက်ပါ။ မင်း ထွက်သွားရတဲ့အခါကျရင်၊ မင်းရဲ့ ယုံကြည်ခြင်းကို ကျင့်သုံးလို့ ရတယ်။ ဒီလိုမျိုး ဒုက္ခခံဖို့ မလိုပါဘူး။ အခု လက်မှတ်ထိုးလိုက်။ ငါ မင်းကိုယ်စား စကားနည်းနည်း ပြောပေးလိုက်မယ်။ မဟုတ်ရင် မင်း အခွင့်အရေး ရှိမှာမဟုတ်ဘူး။” ဟု ပြောသည်။ ကျွန်တော် တကယ်ကို ပြစ်ဒဏ်ချမှတ်ခံရလျှင်၊ ထောင်မှာ ရဲများက ကျွန်တော့်ကို သူတို့ဆန္ဒရှိသလို နှိပ်စက်၍ရသည်ဟု တွေးရင်းနှင့် ကျွန်တော် စိတ်ပူလာသည်။ နောက်ထပ် အများကြီး နာကျင်ခံစားရမည်မှာ သေချာသည်။ ကျွန်တော် စိတ်မထိန်းနိုင်ဘဲ ကြောက်လာသည်။ သို့ရာတွင် ထိုစာများကို လက်မှတ်ထိုးခြင်းက ဘုရားသခင်ကို သစ္စာဖောက်ခြင်းဖြစ်ပြီး ကျွန်တော့်မှာ သားရဲ အမှတ်တံဆိပ်ရှိလာမည်ကို သိခဲ့ပါသည်။ ကျွန်တော့် စိတ်နှလုံးထဲမှာ ဘုရားသခင်ကို ဆုတောင်းပြီး အော်ခေါ်ခဲ့သည်။ ကျွန်တော် သက်သေရပ်တည်နိုင်ဖို့အတွက် ယုံကြည်ခြင်းပေးဖို့ ဘုရားသခင်ကို တောင်းလျှောက်ခဲ့ပါသည်။ သင်းအုပ်ဆရာကို ကျွန်တော် “ကျွန်တော် လက်မှတ် မထိုးဘူး။” ဟု ပြောလိုက်သည်။ သူက မည်သို့ရှေ့ဆက်ရမည်ကို မသိဘဲ၊ ထွက်သွားသည်။
မြူနီစပယ် အစွန်းရောက်ဝါဒ တိုက်ဖျက်ရေး ရုံး၏ ဒါရိုက်တာကလည်း ကျွန်တော့်ကို စာသုံးစောင်မှာ လက်မှတ်ထိုးခိုင်းဖို့ ကြိုးစားသည်။ စိတ်ဆိုးမာန်ဆိုးနှင့် “ဘာမှ အပြောင်းအလဲမရှိတာ နှစ်လ ရှိနေပြီ။ အခု မင်းဆီကနေ သဘောထား တစ်မျိုးရဖို့ ငါ မျှော်လင့်တယ်။ မင်း မယုံကြည်တော့ဘူးလို့ ပြောရင် မင်း အိမ်ကိုပြန်လို့ရတယ်။ ဒါပေမဲ့ မင်း ယုံကြည်တယ်လို့ပြောရင်၊ ထောင်ကို ချက်ချင်း ပို့ခံရမယ်။ မင်း ယုံကြည်သူ ဖြစ်နေတုန်းပဲလား။” ဟု ကျွန်တော့်ကို ပြောသည်။ ကျွန်တော့်စိတ်ထဲမှာ တကယ်ကို ဒွိဟဖြစ်နေသည်။ ဟုတ်သည်ဟုပြောလျှင် ထောင်ကိုသွားရမည်။ ထိုနေရာတွင် မည်သို့နှိပ်စက်မှုမျိုးက ကျွန်တော့်ကို စောင့်နေမည်ကို ဘယ်သူ သိမည်နည်း။ သို့ရာတွင် မဟုတ်ပါဟုပြောလျှင်၊ ဘုရားသခင်ကို သစ္စာဖောက်ခြင်းဖြစ်မည်။ ကျွန်တော် ဆုတောင်းပြီး ကျွန်တော့်ကို သတ္တိပေးဖို့ ဘုရားကို တောင်းလျှောက်ခဲ့သည်။ ပြီးလျှင် သက်သေရပ်တည်ဖို့ ကျွန်တော် အဆင့်သင့်ဖြစ်ခဲ့ပါသည်။ ထိုအချိန်တွင် ဤဘုရားသခင်၏ နှုတ်ကပတ်တော်အပိုဒ်ကို သတိရမိသည်။ “ယေရှုသည် မိမိအတွက် အစီအစဉ်များ သို့မဟုတ် ကြိုတင်ပြင်ဆင်ခြင်းများ မပြုဘဲ၊ ဘုရားသခင်၏ အလိုတော်ကို အစွမ်းကုန် အရေးစိုက်ခဲ့သောကြောင့်၊ လူသားမျိုးနွယ် တစ်ရပ်လုံးကို ရွေးနုတ်ခြင်းအမှုဖြစ်သော ဘုရားသခင်၏ တာဝန်ပေး စေခိုင်းချက်ကို ပြီးမြောက်နိုင်ခဲ့သည်။ သူသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို ဗဟိုချက်မ၌ပင် ထားနိုင်ခဲ့ပြီး ကောင်းကင်ဘုံရှိ အဖထံသို့ အစဉ် ဆုတောင်းခဲ့ကာ ကောင်းကင်ဘုံရှိ အဖ၏အလိုတော်ကို ရှာဖွေခဲ့သည်။ သူဆုတောင်း၍ ပြောဆိုခဲ့သည်မှာ- ‘အဖဘုရားသခင်၊ ကိုယ်တော်၏အလိုတော် ဖြစ်သည့်အရာကို ဖြစ်မြောက်စေပါ။ ကျွန်ုပ်၏ အလိုဆန္ဒများအတိုင်း မလုပ်ဆောင်ဘဲ၊ ကိုယ်တော်၏ အစီအစဉ်အတိုင်းသာ ဆောင်ရွက်တော်မူပါ။ လူသားသည် အားနည်းနိုင်သော်ငြားလည်း၊ ကိုယ်တော်သည် သူ့ကို အဘယ်ကြောင့် ဂရုစိုက်သင့်သနည်း။ ကိုယ်တော်၏ လက်ထဲတွင်ရှိသည့် ပုရွက်ဆိတ်သဖွယ် ဖြစ်သော လူသားသည် ကိုယ်တော်၏ အလေးထားမှုကို အဘယ်သို့ ထိုက်တန်နိုင်သနည်း။ ကျွန်ုပ်၏နှလုံးသားတွင် ကိုယ်တော်၏ အလိုတော်ကိုသာ ပြီးမြောက်စေလိုပြီး ကိုယ်တော်ကိုယ်တိုင်၏ ဆန္ဒများအတိုင်း ကျွန်ုပ်၌ ကိုယ်တော်ပြုမည့်အရာကို ကိုယ်တော်ပြုနိုင်စေဖို့ ကျွန်ုပ် ဆန္ဒရှိပါသည်။’” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “သခင် ယေရှုကို အတုယူကြစေ”) သခင်ယေရှုက ကားစင်တင်ခံရဖို့ သူ သွားသည့်လမ်းမှာ ဒုက္ခခံခဲ့ရသည်။ သူ့မှာ ဇာတိကပတိနှင့်ဆိုင်သည့် အားနည်းချက် ရှိသည်။ သို့ရာတွင် သူက ဘုရားသခင်၏ စေခိုင်းချက်ကို ပြီးပြည့်စုံအောင်လုပ်ဖို့ကို အာရုံစိုက်နိုင်ခဲ့သည်။ ရုပ်ပိုင်းဆိုင်ရာ နာကျင် ခံစားနေရသော်လည်း၊ ဘုရားသခင်၏ အစီအစဉ်များကို သူ နာခံခဲ့သည်။ ပြီးလျှင် ပေတရုက ဘုရားသခင်အပေါ် သူ့၏ ချစ်ခြင်းအတွက် သေသည့်အထိ လိုက်နာသွားဖို့၊ ဘုရားသခင်အတွက် ဇောက်ထိုးမိုးမျှော် ကားစင်အတင်ခံရဖို့ ဆန္ဒရှိခဲ့သည်။ ကျွန်တော့်၏ သေးငယ်သည့် ဒုက္ခခံရခြင်းက မည်သည့်အရာမျှ မဟုတ်ပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်တော့်ယုံကြည်ခြင်းကို ပိုမိုခိုင်မာစေခဲ့ပြီး ကျွန်တော် ကြောက်သည်ဟု မခံစားရတော့ပါ။ ကျွန်တော် တကယ်ကို ထောင်ကျလျှင်ပင်၊ ဘုရားသခင်အတွက် သက်သေရပ်တည်မည်ဟု စိတ်ပိုင်းဖြတ်ခဲ့ပါသည်။ ကျွန်တော်က “ဒါဆိုရင် ကျွန်တော် ထောင်ကို သွားမယ်။” ဟု ခိုင်ခိုင်မာမာနှင့် ပြောလိုက်သည်။ စိတ်ဆိုးရင်းနှင့် သူက “ပစ္စည်းတွေ သိမ်းလိုက်။ မနက်ဖြန်မင်း ထောင်ကို သွားရမယ်” ဟု ပြန်ပြောလိုက်သည်။ ပြီးလျှင် သူက တံခါးကို ဆောင့်ပိတ်လိုက်ပြီး စိတ်ဆိုးမာန်ဆိုး ထွက်သွားသည်။ အံ့သြစရာကောင်းသည်မှာ နှစ်ရက် ကြာပြီးသည့်နောက်မှာ ကျွန်တော့်မြို့က ရဲစခန်းက ရဲလေးယောက်ရောက်လာပြီး ကျွန်တော့်ကို အိမ်ပို့ပေးမည်ဟု ပြောသည်။ ထိုအချိန်အခိုက်အတန့်မှာ ဘုရားသခင်၏ လုပ်ဆောင်ချက်က တကယ်ကို အံ့သြဖွယ်ဖြစ်သည်ကို ကျွန်တော် ခံစားခဲ့ရသည်။ ပြီးလျှင် ကျွန်တော့်အတွက် သူ့၏ ဂရုစိုက်မှုနှင့် ညှာတာမှုကိုလည်း ခံစားရသည်။ ရဲများက ကျွန်တော့်ကို မြို့ထဲ ပြန်ပို့ပြီး နှုတ်ဖြင့် ထွက်ဆိုချက်တစ်ခုကို အသံသွင်းသည်။ ရဲစခန်းကို တစ်ပတ်တစ်ကြိမ် သတင်းပို့ဖို့ ပြောသည်။ ဘုရားသခင်၏ လမ်းပြမှုမှတစ်ဆင့် နောက်ပိုင်းမှာ ထိုနေရာမှ ကျွန်တော် ထွက်ပြေးခဲ့ပြီး ကျွန်တော့်တာဝန်ကို ပြန်ပြီး ထမ်းဆောင်နိုင်ခဲ့ပါသည်။
ရဲများ ဖမ်းဆီးခြင်းကိုခံရပြီး နှိပ်စက်ခံရခြင်းသည် ကျွန်တော့်အထဲမှာ လောင်မြိုက်နေခဲ့သည်။ ကွန်မြူနစ်ပါတီက မည်မျှ ရိုင်းစိုင်းပြီး လူမဆန်သည်ကို ကျွန်တော် မြင်တွေ့ခဲ့ရသည်။ သူတို့၏ ဘုရားသခင်ကို အာခံသည့် အနှစ်သာရကို အပြည့်အဝ မြင်ခဲ့ရသည်။ ထိုနတ်ဆိုးများကို ကျွန်တော် တော်တော်ကြီးကို မုန်းတီးသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၏ ဘုန်းတန်ခိုးနှင့် သြဇာအာဏာကိုလည်း ကျွန်တော် ကြုံတွေ့ခဲ့ရပါသည်။ စမ်းသပ်မှုများနှင့် ဆင်းရဲဒုက္ခများမှတစ်ဆင့် ကျွန်တော့်ကို လမ်းပြဖို့၊ ယုံကြည်ခြင်းနှင့် ခွန်အားပေးဖို့ ဘုရားသခင်က သူ့နှုတ်ကပတ်တော်များကို ဆက်ပြီး အသုံးပြုနေခဲ့သည်။ ဘုရားသခင်ကသာ ကျွန်တော်တို့ကို ချစ်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကသာ ကျွန်တော်တို့၏ အသက်တာဖြစ်နိုင်သည်ကို ကျွန်တော် မြင်ခဲ့ရသည်။ ဘုရားသခင်အပေါ် ကျွန်တော့်၏ ယုံကြည်ခြင်းက ပို၍ပင် ကြီးမားလာပါသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ ကျေးဇူးတော်ဖြစ်ပါသည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။