ထင်ရာမြင်ရာ ပြုမူခြင်းက ကျွန်မကို ထိခိုက်ခဲ့တယ်

28.08.2023

ကျိုးရွမ် တရုတ်နိုင်ငံ

၂၀၁၂ အကုန်မှာ ကျွန်မ အသင်းတော်ခေါင်းဆောင်အဖြစ် စပြီး အစေခံတယ်။ အသင်းတော်က ပရောဂျက်တွေအားလုံးက တိုးတက်တာ နှေးနေပြီး အဖွဲ့ဝင် သုံးလေးယောက်ကပဲ သူတို့တာဝန်ကို ကောင်းကောင်းလုပ်နိုင်တယ်။ ကျွန်မ ယုံကြည်သူဖြစ်တာ မကြာသေးဘဲ အမှုဆောင်တွေကို ဘယ်လိုရွေးချယ်ရမယ်ဆိုတာ ကောင်းကောင်းနားမလည်သေးဘူးဆိုတာကို သိတော့ ကျွန်မက ကိုယ့်အခက်အခဲတွေကို ဘုရားဆီ ဆုတောင်းတင်ပြပြီး သက်ဆိုင်မှုရှိတဲ့ စည်းမျဉ်းတွေကို ရှာတယ်။ တစ်ခုခုကို နားမလည်ရင် တွဲဖက်အမှုဆောင်တွေနဲ့ ရှာဖွေပြီး မိတ်သဟာယဖွဲ့တယ်။ တဖြည်းဖြည်းနဲ့ လူတွေအပေါ် ကျွန်မရဲ့ အကဲဖြတ်မှုနဲ့ အခြေအနေတွေက စတိုးတက်လာတယ်။ လူတွေရဲ့ အားသာချက်တွေအပေါ် အခြေခံပြီး သူတို့ကို တာဝန်ချပေးနိုင်လာတယ်။ အသင်းတော်အလုပ်မှာ တိုးတက်မှုနည်းနည်း စတွေ့လာရတယ်။

တစ်ခါ အလုပ်အကြောင်းဆွေးနွေးချိန်မှာ ကျွန်မက အစ်မလီကျီကို အဖွဲ့ခေါင်းဆောင်အဖြစ် ပျိုးထောင်ပေးဖို့ အကြံပေးတာ သတိရသေးတယ်။ ဒါပေမဲ့ တခြားတွဲဖက်အမှုဆောင်သုံးလေးယောက်က ကျွန်မအမြင်ကို သဘောမတူဘူး။ အစ်မလီကျီက သူ့မိသားစုချုပ်ချယ်တာကို ခံရပြီး သူ့တာဝန်ကို သိတတ်မှုမရှိဘူးဆိုပြီး ပြန်ငြင်းတယ်။ သူက လူသစ်တွေကို အချိန်မှန်ရေမလောင်းဘူး၊ သုံးလေးခါ မိတ်သဟာယဖွဲ့ပြီးတာတောင်မှ သူက မတိုးတက်သေးဘူး။ သူ့တာဝန်အပေါ် သဘောထားကို ကြည့်ရင် သူက အဖွဲ့ခေါင်းဆောင်အဖြစ် အစေခံဖို့ မသင့်တော်ဘူးပေါ့။ ကျွန်မ စဉ်းစားကြည့်တယ်။ “လီကျီက ယုံကြည်ခြင်းနဲ့ စိမ်းနေသေးသလို သူ့မိသားစု ချုပ်ချယ်တာ ခံရတာက ယာယီအားနည်းချက်တစ်ခုပဲ။ ယာယီအခြေအနေတစ်ခုအပေါ်ပဲ အခြေခံပြီးတော့ သူ့ကို ပျိုးထောင်ပေးဖို့ မသင့်တော်ဘူးလို့ ဘောင်မခတ်သင့်ဘူး။ သူ့ကို ချစ်ခြင်းနဲ့ ကူညီပံ့ပိုးပေးသင့်တယ်” ပေါ့။ အဲဒီနောက်တော့ ကျွန်မက လီကျီကို ခဏခဏပံ့ပိုးပေးတယ်။ ဘုရားရဲ့ ရည်ရွယ်ချက်တွေ၊ တာဝန်ထမ်းဆောင်ခြင်းနောက်ကွယ်က အဓိပ္ပာယ်တွေကို သူနဲ့ မိတ်သဟာယဖွဲ့တယ်။ တဖြည်းဖြည်းနဲ့ လီကျီရဲ့ အခြေအနေက စတိုးတက်လာတယ်။ သူမိသားစု ချုပ်ချယ်တာကို မခံရတော့ဘူး။ သူ့တာဝန်ကို ပုံမှန်စပြီး ထမ်းဆောင်လာတယ်။ အစ်ကို တစ်ယောက်လည်းရှိသေးတယ်။ သူက အစွမ်းအစကောင်းရှိတယ်။ သမ္မာတရားကို ရှင်းရှင်းလင်းလင်း မိတ်သဟာယဖွဲ့တယ်။ သူ့တာဝန်ကို ထမ်းဆောင်ရာမှာ တာဝန်သိတတ်တယ်။ အဲဒါနဲ့ သူ့ကို ရေလောင်းအလုပ်ကို ကြီးကြပ်ဖို့အတွက် လေ့ကျင့်ပေးဖို့ ကျွန်မ အကြံပေးလိုက်တယ်။ ဒါပေမဲ့ ကျွန်မနဲ့ တွဲလုပ်တဲ့ အစ်မက သံသယရှိတယ်။ အဲဒီအစ်ကိုရဲ့ မာနကြီးတဲ့ စိတ်သဘောထားကြောင့် သူများတွေ စိတ်ကျဉ်းကျပ်ရမယ်၊ ဒါကြောင့် သူက လောလောဆယ် လေ့ကျင့်ပေးဖို့ မသင့်တော်ဘူးလို့ သူက ထင်တယ်။ စည်းမျဉ်းတစ်ခုမှာ ဖော်ပြထားတာကို ကျွန်မ အမှတ်ရမိတယ်။ “မောက်မာသောစိတ်သဘောထားရှိသော်လည်း သမ္မာတရားကို လက်ခံနိုင်သည့်အပြင် ကောင်းမြတ်သောအရည်အသွေးနှင့် ပါရမီလည်း ရှိသူများကို အထောက်အကူပြုပြီး ပြုစုပျိုးထောင် ပေးသင့်သည်။ ထိုသူတို့အား ဖယ်ကြဉ်ထားခြင်းကို လုံးဝမပြုရ။” (သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀၊ ၁၃၅) မောက်မာသော စိတ်သဘောထား အမျိုးမျိုးရှိသူများအား ဆက်ဆံခြင်းဆိုင်ရာ အခြေခံသဘောတရားများ) အဲဒီအစ်ကိုက မာနကြီးတဲ့ စိတ်သဘောထားရှိပေမဲ့ သမ္မာတရားကို လက်ခံတယ်။ သူ့ပြဿနာကို သူများတွေက ထောက်ပြတဲ့အခါမှာ သူက ဝေဖန်တာကို လက်ခံပြီး အပြောင်းအလဲတွေ လုပ်တယ်။ ဒါကြောင့် အဘက်ဘက်ကကြည့်ရင် သူက ရာထူးတိုးပြီး ပျိုးထောင်ပေးဖို့အတွက် စည်းမျဉ်းတွေနဲ့ ကိုက်တယ်။ ကျွန်မက ဒီစည်းမျဉ်းကို ကိုးကားပြီး ကျွန်မအကြောင်းပြချက်ကို ရှင်းပြလိုက်တော့ နားထောင်ပြီးတဲ့အခါမှာ တွဲဖက်အမှုဆောင် တချို့က သဘောတူကြတယ်။ အဲဒီအစ်ကိုကို ရေလောင်းအလုပ်မှာ ဦးဆောင်ခိုင်းပြီးတဲ့နောက်မှာ သူ့တာဝန်မှာ အရမ်းကောင်းတဲ့ရလဒ်တွေရလာပြီး သူ့အလုပ်မှာ တော်တော်လုပ်တတ်ကိုင်တတ်တာကို တွေ့ရတယ်။ အဲဒါပြီးတော့ သိပ်မကြာဘူး။ သူ ရာထူးတိုးသွားတယ်။ နောက်တော့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် တော်တော်ကျေနပ်ပြီး တွေးမိတယ်။ “ငါက ယုံကြည်ခြင်းမှာ အသစ်ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ ငါက အစွမ်းအစကောင်းရှိပြီး လူတွေနဲ့အခြေအနေတွေကို အကဲဖြတ်တာ တခြားတွဲဖက်အမှုဆောင်တွေထက်ပိုတော်တယ်။ အသင်းတော်က ငါ့လိုမျိုး အကဲဖြတ်ကျွမ်းကျင်သူမရှိရင် ဒီပါရမီရှင်အသစ်တွေကို ဘယ်သူက ခွဲခြားဖော်ထုတ်ပြီး ပျိုးထောင်ပေးမှာလဲ” ပေါ့။ အသင်းတော်ပရောဂျက်တစ်ခုစီတိုင်းမှာ ကျွန်မမှာ ဉာဏ်ရှိရှိနဲ့ တာဝန်ခွဲပေးထားတဲ့ အဖွဲ့ဝင်တွေရှိခဲ့တယ်။ သူတို့အလုပ်နဲ့ မသင့်တော်တဲ့အဖွဲ့ဝင်တွေကို လူစားထိုးတယ်။ မကြာခင်မှာပဲ အသင်းတော်အလုပ်က စတိုးတက်လာတယ်။ ညီအစ်ကိုမောင်နှမတွေက ပြဿနာရှိတဲ့အခါမှာ သူတို့အားလုံးက မိတ်သဟာယအတွက် ကျွန်မဆီလာပြီး ကျွန်မ အမြင်ကို မေးတယ်။ တချို့က ကျွန်မကို လူချင်းတွေ့ ချီးမွမ်းပြီးတော့ ပြောတယ်။ “အရင်အသင်းတော်ခေါင်းဆောင်တွေက ယုံကြည်သူတွေဖြစ်တာ ကြာပြီ။ ဒါပေမဲ့ အသင်းတော်အလုပ်ကို ကောင်းကောင်းမလုပ်နိုင်ကြဘူး။ အစ်မက ယုံကြည်တာ မကြာသေးဘူး။ ဒါပေမဲ့ အစ်မရောက်လာတာနဲ့ အလုပ်က စတိုးတက်လာတယ်။ အစ်မက အစွမ်းအစကောင်းရှိတဲ့ ပါရမီပါတဲ့ ခေါင်းဆောင်ဖြစ်ရမယ်” တဲ့။ ကျွန်မက ဒါကို ကြားတော့ ကိုယ့်ကိုယ်ကိုယ် ပိုပြီးတော့တောင် ကျေနပ်လာတယ်။ ကိုယ့်ကိုယ်ကိုယ် အသင်းတော်မှာ တကယ်ရှားတဲ့ ပါရမီရှင်တစ်ယောက်လို့ ထင်မိတယ်။

အဲဒီနောက်တော့ တခြားအသင်းတော်နှစ်ခုသုံးခုကို ကျွန်မ ကြီးကြပ်ရတယ်။ တစ်ခါတလေမှာ အထက်ခေါင်းဆောင်တွေက ရွေးချယ်တာတွေ လုပ်တဲ့အခါ ကျွန်မကို အကြံတောင်းကြတယ်။ ကျွန်မက ခေါင်းဆောင်ဖြစ်ဖို့ အရည်အချင်းရှိတယ်လို့ ပိုပိုပြီးတော့ ကျွန်မ လက်ခံယုံကြည်လာတယ်။ အစွမ်းအစကောင်းရှိတယ်။ ပါရမီရှင်တွေကို ရွေးချယ်တာ တော်ပြီး ပြဿနာတွေကို စည်းမျဉ်းနဲ့အညီ ဖြေရှင်းနိုင်တယ်ပေါ့။ ကိုယ့်ကိုယ်ကိုယ် ပိုပိုပြီး ယုံကြည်မှုရှိလာတယ်။ အဲဒီနောက်တော့ ကျွန်မက အခြေအနေတစ်ခုကို တိတိကျကျအကဲဖြတ်မိတယ်လို့ ထင်တိုင်းမှာ တခြားတွဲဖက်အမှုဆောင်တွေကို မတိုင်ပင်ဘဲနဲ့ ကိုယ့်ဘာသာ ဆုံးဖြတ်ချက်ချတယ်။ ကျွန်မက သူတို့တွေထက် စည်းမျဉ်းတွေကို နားလည်ပြီး ပိုကောင်းတဲ့ အသိအမြင်တွေရှိတယ်လို့ ခံစားမိတယ်။ ကျွန်မက သူတို့နဲ့ ဆွေးနွေးရင်တောင် နောက်ဆုံးတော့ကျွန်မအစီအစဉ်အတိုင်းပဲ သေချာပေါက်သွားမှာပဲဆိုတော့ ဆွေးနွေးတာ အလကားပဲ ပေါ့။ တွဲဖက်အမှုဆောင်တွေက အကြံပြုချက်တွေ ပေးရင် အဲဒါတွေက ကျွန်မ စိတ်ကူးတွေလောက် မကောင်းဘူးလို့ ထင်တယ်။ အဲဒါတွေကို တိုက်ရိုက် ငြင်းပယ်ပြီး ကိုယ်ပိုင်အစီအစဉ်နဲ့ ဆက်လုပ်တယ်။

တစ်ခါတော့ အသင်းတော်မှာ ကျွန်မတို့စာအုပ်တွေကို ထိန်းသိမ်းဖို့ အဖွဲ့ဝင်တစ်ယောက်လိုတဲ့အခါမှာ ကျန်းရီလို့ ခေါ်တဲ့ လူသစ်တစ်ယောက်က လူ့သဘာဝကောင်းရှိတာကို ကျွန်မသိတော့ သူ့ကို တာဝန်ချပေးဖို့ အကြံပေးလိုက်တယ်။ တွဲဖက်အမှုဆောင်တစ်ယောက်က ကျွန်မကို သတိပေးတယ်။ “ကျန်းရီက ယုံကြည်ခြင်းမှာ အသစ်ဖြစ်ပြီးတော့ သူ့မိန်းမက မယုံကြည်သူပဲ။ ရုတ်တရက် မျှော်လင့်မထားတဲ့ အခြေအနေတစ်ခုခုဖြစ်ရင် စာအုပ်တွေကို သူကာကွယ်နိုင်မလားဆိုတာ မသေချာဘူး” တဲ့။ အဲဒီအချိန်မှာ ကျွန်မအကြံက အငြင်းခံရတယ်လို့ တွေးမိပြီး နည်းနည်း အနေရခက်သွားတယ်။ ကျွန်မ တွေးတယ်။ “ငါက ခေါင်းဆောင်ပဲ။ ငါက စာအုပ်တွေကို ထိန်းသိမ်းဖို့ လူတစ်ယောက်ကို တကယ်ကို ရှာနိုင်စွမ်းမရှိဘူးလား။ တကယ်တမ်းတော့လည်း ငါတို့က ခေါင်းဆောင်ရွေးနေတာမဟုတ်ဘူးဆိုတော့ ဘာလို့ သတ်မှတ်ချက်တွေ မြင့်ထားမှာလဲ” ပေါ့။ တွဲဖက်အမှုဆောင်ရဲ့ အကြံကို ကျွန်မ နားမထောင်ဘဲ ကျန်းရီကို စာအုပ်တွေ ထိန်းသိမ်းဖို့ တာဝန်ပေးလိုက်တယ်။ အစ်မတစ်ယောက်က သိသွားတော့ ကျွန်မကို ကိုင်တွယ်ဖြေရှင်းပြီး ပြောတယ်။ “ဘယ်စည်းမျဉ်းကို အခြေခံပြီး ကျန်းရီကို အစ်မ တာဝန်ပေးခဲ့တာလဲ။ စာအုပ်တွေကို ထိန်းသိမ်းဖို့ လုံခြုံတဲ့ အိမ်တစ်လုံး ရှာဖို့လိုတယ်။ ကျန်းရီက ယုံကြည်တာ မကြာသေးဘူး။ အခြေခံအုတ်မြစ်သိပ်မရှိဘူး။ သူ့အမျိုးသမီးက သူ့ယုံကြည်ခြင်းကို ဆန့်ကျင်တယ်။ တစ်ခုခုဖြစ်ရင် အသင်းတော်အလုပ်ကို ထိခိုက်မှာမဟုတ်ဘူးလား” တဲ့။ ကျွန်မက သဘောမတူဘဲ စဉ်းစားတယ်။ “စည်းမျဉ်းတွေကို အခြေခံရင် ကျန်းရီက သင့်တော်ချင်မှ သင့်တော်မယ်။ ဒါပေမဲ့ သူက လူ့သဘာဝကောင်းရှိပြီး ဒီတာဝန်ကို ထမ်းဆောင်ချင်စိတ်ရှိတယ်။ ရှင်တို့က နည်းနည်း အတွေးလွန်မနေဘူးလား။ ဒီလောက် ဆိုးလို့လား” ပေါ့။ အဲဒါနဲ့ ကျွန်မပြောလိုက်တယ်။ “ကျွန်မက သူနဲ့ မိတ်သဟာယ ဖွဲ့ပြီးပြီ။ ပိုသင့်တော်တဲ့သူတစ်ယောက်ယောက်ရှာနိုင်ရင် အစ်မတို့ ရွေးချယ်တဲ့အတိုင်း သွားမယ်လေ” ပေါ့။ ကျွန်မက သူ့အကြံကို နည်းနည်းလေးမှ လက်မခံတာကို တွေ့တော့ သူက စိတ်ရှုပ်ခံပြီး မပြောတော့ဘူး။ အဲဒီနောက် သိပ်မကြာခင်မှာပဲ အစ်ကိုကျန်းက သူ့အမျိုးသမီးနဲ့ ရန်ဖြစ်ပြီးတော့ သူ့အမျိုးသမီးက စာအုပ်တွေ အကုန် လွှင့်ပစ်လိုက်တယ်။ တချို့စာအုပ်တွေက ပျက်စီးကုန်တယ်။ ကျွန်မတို့က စာအုပ်တွေကို တခြားနေရာပြောင်းဖို့အတွက် ညနက်တဲ့အထိ မဖြစ်မနေ နေရတာပေါ့။ အဲဒီနောက်တော့ ကျွန်မက စည်းမျဉ်းနဲ့အညီမလုပ်ဘဲ ကိုယ့်ခံယူချက်အတိုင်းလုပ်ပြီး စာအုပ်တွေ ထိခိုက်သွားတာကြောင့် တွဲဖက်အမှုဆောင်တွေက ကျွန်မကို ကိုင်တွယ်ဖြေရှင်းတယ်။ ဖြစ်ပျက်ခဲ့တာနဲ့ပတ်သက်ပြီး သေသေချာချာစဉ်းစားဖို့ ကျွန်မကို ပြောကြတယ်။ ကျွန်မက ဝတ်ကျေတန်းကျေ သဘောတူလိုက်တယ်။ ဒါပေမဲ့ စိတ်ထဲမှာတော့ တွေးမိတယ်။ “ဒါက အမှားတစ်ခု သက်သက်ပဲ။ လက်ရှိအချိန် အသင်းတော်ရဲ့ တကယ့် အခြေအနေကို အခြေခံပြီး ငါက သူ့ကို တာဝန်ချပေးလိုက်တာ။ ဒီလိုမျိုး ဖြစ်လိမ့်မယ်လို့ ဘယ်သူက သိမှာလဲ” ပေါ့။ အဲဒီနောက်တော့ ကျွန်မတာဝန်မှာ ကိုယ့်နည်းလမ်းအတိုင်း ဆက်လုပ်တယ်။ ကျွန်မတို့အလုပ်ကို ဆွေးနွေးတဲ့အခါမှာ တွဲဖက်အမှုဆောင်တွေရဲ့ အကြံဉာဏ်ကို တိုက်ရိုက် ငြင်းပယ်ပြီး ကိစ္စတွေကို ကျွန်မ ထင်သလို ကိုင်တွယ်တယ်။ တဖြည်းဖြည်းနဲ့ တွဲဖက်အမှုဆောင်တွေက ကျွန်မကြောင့် စိတ်ကျဉ်းကျပ်လာကြတယ်။ ကျွန်မဆုံးဖြတ်ပြီးသားဖြစ်တဲ့ဟာမှန်သမျှကို သူတို့က ထင်မြင်ချက် မပေးရဲတော့ဘူး။

တစ်ခါတော့ ကျန်းဖန်လို့ခေါ်တဲ့ ခေါင်းဆောင်တစ်ယောက်ကို ထုတ်ဖို့ တခြားအသင်းတော်တစ်ခုဆီကို ကျွန်မ သွားတယ်။ သူ့ကို မထုတ်ခင်မှာ ကျွန်မက သူ့တာဝန်မှာ သူ့ရဲ့ အဘက်ဘက်က ထမ်းဆောင်မှုကို မိတ်သဟာယဖွဲ့ပြီး စိစစ်သင့်တယ်။ ပြီးမှ ထုတ်သင့်တယ်။ ဒါပေမဲ့ ကျွန်မက အရင်တုန်းက သူလုပ်ကိုင်ပုံကို သူနဲ့ မိတ်သဟာယဖွဲ့တော့ ကျွန်မပြောတာကို သူက လက်မခံဘဲ စကားကတ်ပြီးတော့တောင်ပြောတာကို ကျွန်မ တွေးမိတယ်။ အဲဒါနဲ့ သူနဲ့ မိတ်သဟာယဖွဲ့လည်း အသုံးဝင်မှာမဟုတ်ဘူး၊ သူ့ကို တိုက်ရိုက်ထုတ်ပစ်လိုက်သင့်တယ်လို့ပဲ ခံစားမိတယ်။ နောက်ပိုင်းမှာ ကျွန်မက ကျန်းဖန်နဲ့ တခြားသင်းထောက်တချို့ကို အစည်းအဝေးခေါ်လိုက်တယ်။ သူ့ကို ဘာကြောင့်ထုတ်သင့်တယ်ဆိုတာကို အကျဉ်းချုံး ရှင်းပြလိုက်တယ်။ ဒါပေမဲ့ ကျန်းဖန်က မလျှော့ဘူး။ ကျွန်မနဲ့ ဆက်တိုက်ငြင်းနေပြီး ကျွန်မကိုတောင် မေးခွန်းထုတ်တယ်။ “ကျွန်မကို ရှင်းရှင်းလင်းလင်းပြောစမ်းပါ။ ဘယ်စည်းမျဉ်းကို အခြေခံပြီး ကျွန်မကို ထုတ်တာလဲ” တဲ့။ ကျွန်မ စဉ်းစားကြည့်တယ်။ “အရင်က ရှင်လုပ်ကိုင်ပုံနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို ကျွန်မ ရှင်းပြပြီးပြီ။ ဒါပေမဲ့ ရှင်က တကျည်ကျည်လုပ်နေပြီး ငြင်းနေတယ်။ ကျွန်မကို အမှားရှာဖို့ ကြိုးစားတယ်။ ရှင်က ကိုယ့်ကိုယ်ကိုယ် လုံးဝ မသိဘူး။ ရှင်နဲ့ စိတ်ရှုပ်ခံ မိတ်သဟာယဖွဲ့လို့ဖြစ်ဘူး” ပေါ့။ အဲဒါနဲ့ ကျွန်မ သူ့ကို လျစ်လျူရှုလိုက်တယ်။ အစ်မဝမ်က ကျွန်မကို သတိပေးတယ်။ “ကျန်းဖန်က အရမ်းဇီဇာကြောင်တတ်တယ်။ သူ့ကို စည်းမျဉ်းတွေအကြောင်း မိတ်သဟာယဖွဲ့ပေးပြီး သူ့ကို ဘာကြောင့်ထုတ်ရတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြောပြသင့်ပါသေးတယ်” တဲ့။ ဝမ်ချင်က မှန်တယ်ဆိုတာ ကျွန်မ သိပေမဲ့ ကျွန်မ တွေးတာက ကျန်းဖန်က အသင်းတော်ခေါင်းဆောင်ဖြစ်ပြီးတော့ ဒီစည်းမျဉ်းတွေကို ကောင်းကောင်းသိတယ်ဆိုတော့ ဒါနဲ့ပတ်သက်ပြီး သူနဲ့ အချိန်ဖြုန်းနေဖို့ မလိုဘူး ပေါ့။ အဲဒါနဲ့ ခေါင်းဆောင်တွေရဲ့အလုပ်ကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာနဲ့ပတ်သက်တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်လိုက်တယ်။ ဒါပေမဲ့ ကျွန်မ ဖတ်ရင်းနဲ့ နည်းနည်း လိပ်ပြာမလုံဖြစ်လာတယ်။ ကျွန်မက သူ့ကို ဖိနှပ်ဖို့ ဘုရားနှုတ်ကပတ်တော်ကို အသုံးပြုနေတာပဲ။ သူ့ပြဿနာကို ဖြေရှင်းနေတာမဟုတ်ဘူး။ ဒါ မမှန်ဘူး။ ဒါပေမဲ့ နောက်တော့ ကျွန်မ စဉ်းစားတယ်။ ကျွန်မက ဒါကို မဖတ်ရင် သူ့ကို ထိန်းချုပ်နိုင်မှာမဟုတ်ဘူးပေါ့။ ဖတ်ပြီးသွားတော့ အခန်းက လုံးဝ ငြိမ်သက်သွားတယ်။ ကျန်းဖန်က တိတ်တဆိတ်နဲ့ ထိုင်နေပြီး ဒေါသတွေ ထွက်နေတယ်။ ဒီကိစ္စက ပြီးသွားပြီလို့ ကျွန်မ ထင်တာ။ ဒါပေမဲ့ ကျွန်မ အံ့ဩသွားရတာက စုဝေးပွဲတစ်ခု လုပ်နေတုန်းမှာ ကျန်းဖန်ကပြောတယ်။ ခေါင်းဆောင်တွေ အမှုဆောင်တွေက စည်းမျဉ်းတွေကို မလိုက်နာဘူး၊ ဒါကြောင့် တခြားခေါင်းဆောင်တွေ၊ အမှုဆောင်တွေက စိတ်ကျဉ်းကျပ်ပြီး အသင်းတော်အလုပ်ကို နှောင့်ယှက်တာတွေဖြစ်လာတယ် တဲ့။ ကျွန်မ နည်းနည်း ကြောက်သွားတယ်။ ဒါတွေအားလုံးက ကျွန်မ ထင်ရာမြင်ရာလုပ်ပြီး စည်းမျဉ်းတွေကို မနာခံတာတွေရဲ့ အကျိုးဆက်တွေပဲ။ ဒါပေမဲ့ ကျွန်မက ဒီကိစ္စကို အလေးအနက် မသုံးသပ်ဘဲ ဒါ မှားတယ်လို့ပဲ အသိအမှတ်ပြုလိုက်တယ်။

နောက်ပိုင်းမှာ တခြားခေါင်းဆောင်ကို ထုတ်တဲ့အခါမှာ ကျွန်မက ထုတ်ရတဲ့ အကြောင်းပြချက် အသေးစိတ်ကို ညီအစ်ကိုမောင်နှမတွေကို မပြောပြန်ဘူး။ ညီအစ်ကိုမောင်နှမတချို့က ဒီခေါင်းဆောင်အကြောင်းကို မသိဘဲ ကျွန်မက ဒီခေါင်းဆောင်ကို ထုတ်တဲ့နေရာမှာ စည်းမျဉ်းတွေကို မလိုက်နာဘူးလို့ စုဝေးပွဲတွေမှာ ခဏခဏ ငြင်းတယ်။ ဒါကြောင့် အသင်းတော်မှာ အခြေအနေက အတော်လေး ပရမ်းပတာဖြစ်သွားတယ်။ အစ်မတစ်ယောက်က အခြေအနေကို သိသွားတော့ ကျွန်မကို သတိပေးတယ်။ “သူတို့နဲ့ အမြန်သွားပြီး မိတ်သဟာယဖွဲ့တာ ကောင်းမယ်နော်။ မဟုတ်ရင် အသင်းတော်က အခြေအနေက ပိုပိုပြီး ပရမ်းပတာဖြစ်လာလိမ့်မယ်” တဲ့။ ကျွန်မက သူနဲ့ သဘောမတူဘဲ စဉ်းစားမိတယ်။ “အယောင်ဆောင်ခေါင်းဆောင်တွေကို ထုတ်သင့်တယ်လေ။ ငါက ဘယ်သူ့ကိုမှ ဒဏ်ခတ်ဖို့ ကြိုးစားနေတာမဟုတ်ဘူး။ အဲဒါ ဘာဖြစ်လို့ ဒါကို ပုံကြီးချဲ့နေကြတာလဲ” ပေါ့။ ကျွန်မက စည်းမျဉ်းနဲ့အညီမလုပ်ဘဲ ကိုယ့်ကိုယ်ကိုယ်သုံးသပ်ပြီး သိအောင် မလုပ်တော့ တဖြည်းဖြည်းနဲ့ ကျွန်မတာဝန်က ပိုပိုပြီး ပင်ပန်းလာတယ်။ ဘုရားဆီက ဉာဏ်အလင်းဖွင့်ပြမှုနဲ့ လမ်းပြမှုကို မရတော့ဘူး။ အသင်းတော်အလုပ်ကို အာရုံစိုက်တဲ့အခါမှာ ခဏခဏ ခေါင်းရှုပ်လာတယ်။ နေ့စဉ်ဆုတောင်းချက်တွေမှာ ဘုရားကို ကျွန်မ ဘာပြောရမှန်းမသိဘူး။ ကျွန်မ ဦးဆောင်ရတဲ့ အသင်းတော်တွေက သူတို့အလုပ်မှာ ရလဒ်ကောင်းတွေ မရနေဘူး။ ကျွန်မက ဒီတာဝန်ကို မကိုင်တွယ်နိုင်တာ ဖြစ်နိုင်တယ်ဆိုပြီး စသတိထားမိတယ်။

အဲဒီနောက် သိပ်မကြာခင်မှာပဲ ညီအစ်ကိုမောင်နှမတချို့က ကျွန်မကို တိုင်တဲ့စာတစ်စောင်ရေးကြတယ်။ ကျွန်မက မဆင်မခြင်ပြုမူပြီး သမ္မာတရားကို လုံးဝ လက်မခံဘူးဆိုပြီး စွပ်စွဲထားတယ်။ အထက်ခေါင်းဆောင်တစ်ယောက်က ကျွန်မ အခြေအနေကို သိသွားတော့ ကျွန်မကို ဖော်ထုတ်ပြီး ကိုင်တွယ်ဖြေရှင်းတယ်။ “အသင်းတော် ခေါင်းဆောင်တစ်ယောက်အနေနဲ့ လူတွေကို ရွေးချယ်တာ၊ ထုတ်တာလိုမျိုး အရေးကြီးတဲ့ ကိစ္စကို ကိုင်တွယ်တဲ့အခါ အစ်မက တွဲဖက်အမှုဆောင်တွေနဲ့ မတိုင်ပင်ဘူး။ စည်းမျဉ်းတွေကို မရှာဖွေဘူး။ ထင်ရာမြင်ရာလုပ်တယ်။ ကိုယ့်အစီအစဉ်အတိုင်း လုပ်တယ်ပေါ့။ ညီအစ်ကိုမောင်နှမတွေက အစ်မကို သတိပေးတဲ့အခါမှာ အလျှော့မပေးဘူး။ မာနကြီးပြီး ကိုယ့်ကိုယ်ကိုယ် အမှန်ထင်လွန်းတယ်။ အစ်မက ကျရှုံးပြီး ဖော်ထုတ်ခံရတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် မသုံးသပ်ဘဲ ကိုယ်ကျေနပ်သလို ဆက်လုပ်တယ်။ အစ်မ ထင်ရာမြင်ရာလုပ်တဲ့ အပြုအမူကြောင့် အသင်းတော်အသက်တာက ပရမ်းပတာဖြစ်သွားတယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ အသက်တာတွေကို ထိခိုက်တယ်။ အစ်မရဲ့ လုပ်ကိုင်ပုံကို ကြည့်ရင် အစ်မက ခေါင်းဆောင်အဖြစ် အစေခံဖို့ မသင့်တော် တော့ဘူး။ ဒီနေရာမှာ အစ်မကို အသုံးချတဲ့အခါ ဆုံးရှုံးမှုတွေက အကျိုးအမြတ်တွေထက် ပိုများနေတယ်” ဆိုပြီးတော့ ပြောတယ်။ ခေါင်းဆောင်က ကျွန်မကို ဖော်ထုတ်ပြီး ကိုင်တွယ်ဖြေရှင်းတာကို ကြားရတော့ ကျွန်မ တော်တော်စိတ်ပျက်ပြီး စိတ်ညစ်မိတယ်။ ဝမ်းနည်းပြီး မျက်ရည်ကျမိတယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် မေးလိုက်တယ်။ “အသင်းတော်အလုပ်ကို ငါ ဘယ်လိုဖြစ်ပြီး တော်တော်ဆိုးဆိုး တလွဲလုပ်မိလိုက်တာလဲ” ပေါ့။ ခေါင်းဆောင်အနေနဲ့ ကျွန်မတာဝန်ကို ပျက်ကွက်ရုံမကဘဲ အသင်းတော်အလုပ်ကိုလည်း နှောင့်ယှက်ခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ပုန်းကွယ်ဖို့ တစ်နေရာကိုပဲ ရှာချင်ခဲ့တယ်။ အိမ်အပြန်လမ်းမှာ ကျွန်မ တွေဝေနေတယ်။ ကျွန်မက ကိုယ့်တာဝန်မှာ ထင်ရာမြင်ရာလုပ်ခဲ့ပြီး၊ မဆင်မခြင်လုပ်ပြီး အသင်းတော်အလုပ်ကို နှောင့်ယှက်ခဲ့တာကြောင့် ဘုရားက ကျွန်မကို သေချာပေါက် ရွံရှာမှာပဲလို့ တွေးမိတယ်။ ကျွန်မလို လူတစ်ယောက်ကို ဘုရားက ကယ်တင်မှာလားပေါ့။ ကျွန်မ စဉ်းစားလေလေ၊ ခံစားရတာ ဆိုးလေလေဖြစ်ပြီး အိမ်ကို ဘယ်လိုပြန်ရောက်သလဲတောင် မသိတော့ဘူး။ ကျွန်မအိပ်ရာပေါ်မှာ ဒူးထောက်ပြီး ဘုရားကို ဆုတောင်းတယ်။ “ဘုရားသခင် သမီး ဒီအဆင့်ကို ဘယ်လိုရောက်လာလဲ မသိတော့ပါဘူး။ ကိုယ့်ကိုယ်ကိုယ် တကယ်သိမြင်မှု ဘာမှမရှိပါဘူး။ ဘုရားသခင် အထုတ်ခံရခြင်းကတစ်ဆင့် သင်ခန်းစာယူရမှာတွေရှိတာကို သိပေမဲ့ သမီးက ထုံထိုင်းလွန်းပါတယ်။ ကိုယ့်ကိုယ်ကိုယ်သိမြင်ပြီး ကိုယ်တော့်ရည်ရွယ်ချက်တွေကို နားလည်ဖို့အတွက် သမီးကို ဉာဏ်အလင်းဖွင့်ပြပြီး လမ်းပြတော်မူပါ” ဆိုပြီးတော့။

ကျွန်မ ဘုရားဝတ်ပြုနေတုန်းမှာ ကျွန်မ ခဏခဏဆိုတဲ့ ဘုရားနှုတ်ကပတ်တော် ဓမ္မသီချင်းတစ်ပုဒ်ကို တွေးမိတယ်။ “သင်တို့ရရှိသမျှအားလုံးသည် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့် မညှာမတာ ရိုက်နှက်ခြင်းတို့ ဖြစ်သော်လည်း၊ ဤအရာကို သိကြလော့- ဤသနားအကြင်နာမဲ့သော ရိုက်နှက်ခြင်းတွင် အပြစ်ဒဏ်ပေးခြင်း စိုးစဉ်းမျှ မပါပေ။ ငါ၏ နှုတ်ကပတ်တော်များ မည်မျှ ကြမ်းတမ်းသည်ဖြစ်စေ၊ သင်တို့အပေါ် ကျရောက်သည့်အရာမှာ သင်တို့အဖို့ လုံးဝ အကြင်နာမဲ့ပုံပေါ်သည့် နှုတ်ကပတ်တော် အနည်းငယ်သာ ဖြစ်ပြီး၊ ငါ မည်မျှ ဒေါသထွက်မည်ဖြစ်စေ၊ သင်တို့အပေါ်သို့ ကျရောက်သည်မှာ သွန်သင်ခြင်း နှုတ်ကပတ်တော်များ ဖြစ်နေဆဲဖြစ်သည်၊ ပြီးလျှင် ငါသည် သင်တို့ကို ထိခိုက်နစ်နာစေရန် သို့မဟုတ် သေခြင်းသို့ ရောက်စေရန် မရည်ရွယ်ပေ။ ဤသည်မှာ အမှန်တရားချည်းသာ မဟုတ်လော။

ဖြောင့်မတ်သည့် တရားစီရင်ခြင်းကို လူသားအား သန့်စင်ရန် ဆောင်ကြဉ်းခြင်း ဖြစ်သည်၊ အကြင်နာကင်းမဲ့သည့် စစ်ဆေးခြင်းကို ၎င်းတို့အား သန့်ရှင်းစေရန် လုပ်ဆောင်ခြင်း ဖြစ်သည်။ ကြမ်းတမ်းသောစကားများ၊ သို့မဟုတ် ပြစ်တင်ဆုံးမခြင်းတို့ကို သန့်စင်စေရန် လုပ်ဆောင်ခြင်းဖြစ်ပြီး ကယ်တင်ခြင်းအတွက် ဖြစ်သည်။ ထိုသို့သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ရင်ဆိုင်ရာတွင် သင်တို့သည် အဘယ်ပြောစရာ ရှိသနည်း။ သင်တို့သည် ကယ်တင်ခြင်းကို အစမှ အဆုံးတိုင် အမြဲ မွေ့လျော်ခံစားကြပြီး ဖြစ်သည် မဟုတ်လော။ သင်တို့သည် လူ့ဇာတိခံ ဘုရားသခင်ကို မြင်ကြပြီး ဖြစ်သကဲ့သို့ သူ၏ အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်းနှင့် ဉာဏ်ပညာတို့ကို သဘောပေါက်ကြပြီး ဖြစ်သည်။ ထို့အပြင်၊ ထပ်တလဲလဲ ရိုက်နှက်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းကို သင်တို့ တွေ့ကြုံကြရပြီး ဖြစ်သည်။ သို့သော် သင်တို့သည် အမြင့်ဆုံးသော ကျေးဇူးတော်ကိုလည်း ရရှိကြပြီး ဖြစ်သည် မဟုတ်လော။(သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ၊ ဘုရား၏တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမမှုတို့သည် လူကို ကယ်တင်ရန်ဖြစ်၏ကျူး) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို တကယ်ကို တို့ထိပါတယ်။ ဟုတ်တယ်။ ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်က တရားစီရင်ပြီး ပြစ်တင်ဆုံးမဖို့ပဲ။ ရိုက်နှက်ဆုံးမတာ၊ ပဲ့ပြင်ဆုံးမတာ၊ ကိုင်တွယ်ဖြေရှင်းတာ၊ ဖော်ထုတ်တာဖြစ်စေ လူသားမျိုးနွယ်ကို သန့်စင်ပြီး ကယ်တင်ဖို့အတွက် ဒါတွေအားလုံးကို သူလုပ်တာပါ။ အထုတ်ခံရပြီးတော့ ကျွန်မ စိတ်ညစ်ကောင်းညစ်နိုင်တယ်။ ဒါပေမဲ့ ဒါက ကိုယ့်ကိုယ်ကိုယ် သုံးသပ်ပြီး သိမြင်လာဖို့ အကောင်းဆုံး အခွင့်အလမ်းပဲ။ ဒါက ဘုရားရဲ့ ချစ်ခြင်းနဲ့ ကယ်တင်ခြင်းပဲ။ ဘုရားရဲ့ ရည်ရွယ်ချက်ကို ကျွန်မ အထင်လွဲလို့မရဘူး။ ဒါတွေအားလုံးကို သဘောပေါက်သွားပြီး ကျွန်မ နည်းနည်း ငြိမ်သက်ခြင်းရှိလာတယ်။ ကျွန်မက သမ္မာတရားကို ရှာချင်တယ်။ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ပြီး သိမြင်လာပြီးတော့ ဖြစ်နိုင်သမျှ အမြန်ဆုံး တကယ် နောင်တရချင်ခဲ့တယ်။

ကျွန်မက ထင်ရာမြင်ရာလုပ်ပြီး မဆင်မခြင်ပြုမူတဲ့အတွက် ခေါင်းဆောင်က ကျွန်မကို ဖော်ထုတ်ပြီး ကိုင်တွယ်ဖြေရှင်းတာကို စဉ်းစားရင်းနဲ့ ဘုရားနှုတ်ကပတ်တော်ကို စားသောက်ပြီး ဆင်ခြင်ဖို့အတွက် သက်ဆိုင်တဲ့ အပိုဒ်တွေကို ရှာကြည့်ခဲ့တယ်။ ဒီလို ပြောထားတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ တွေ့ခဲ့တယ်။ “လူအချို့သည် အမှုကိစ္စများကို မည်သူနှင့်မျှ မဆွေးနွေးဘဲ၊ သို့မဟုတ် မည်သူ့ကိုမျှ မပြောဘဲ တစ်ဦးတည်း လုပ်ဆောင်လိုကြသည်။ အမှုအရာများက ၎င်းတို့အပေါ် ကျရောက်သည့်အခါ အခြားလူများက မည်သို့မြင်နိုင်သည်ဖြစ်စေ၊ ၎င်းတို့က လုပ်ဆောင်လိုက်ကြသည်။ ၎င်းတို့က ‘ကျွန်တော်က ခေါင်းဆောင်ဖြစ်တယ်။ ခင်ဗျားတို့က ဘုရားသခင်ရွေးချယ်ထားသူတွေဖြစ်တယ်။ ဒါကြောင့် ကျွန်တော်လုပ်တာကို လိုက်လုပ်ဖို့ လိုတယ်။ ကျွန်တော်ပြောတဲ့အတိုင်း အတိအကျလုပ်ပါ။ ဒီလိုပဲ ဖြစ်သင့်တယ်’ ဟူ၍ တွေးကြသည်။ ၎င်းတို့သည် ပြုမူဆောင်ရွက်သောအခါတွင် အခြားလူတို့ကို အသိမပေးပေ။ ၎င်းတို့၏ လုပ်ရပ်များသည် ပွင့်လင်းမြင်သာမှုမရှိပေ။ ၎င်းတို့သည် အစဉ်သဖြင့် တစ်စုံတစ်ခုအတွက် သီးသန့်တစ်ဦးတည်း ကြိုးပမ်းနေကြပြီး တိတ်တဆိတ် လုပ်ဆောင်ကြသည်။ အာဏာကို ပါတီတစ်ခုတည်းမှ တစ်ဦးတည်းချုပ်ကိုင်ထားမှုကို ထိန်းသိမ်းထားသော အဆင်းနီသော နဂါးကြီးကဲ့သို့ပင်ဖြစ်သည်။ ၎င်းတို့သည် အရေးမပါ၊ တန်ဖိုးမရှိဟု ၎င်းတို့ မြင်သည့် အခြားသူတို့ကို အစဉ်သဖြင့် လိမ်လှည်ပြီး ထိန်းချုပ်လိုကြသည်။ ၎င်းတို့သည် အမှုကိစ္စများတွင် သူတစ်ပါးတို့နှင့် ဆွေးနွေးခြင်း၊ ဆက်သွယ်ပြောဆိုခြင်းမရှိဘဲ အစဉ်သဖြင့် ဆုံးဖြတ်ချက်ချပိုင်ခွင့် ရှိလိုကြသည်။ အခြားလူတို့၏ ထင်မြင်ချက်များကို မည်သည့်အခါမျှ မတိုင်ပင်ပေ။ ဤနည်းလမ်းကို သင် မည်သို့ ထင်မြင်သနည်း။ သာမန်လူ့သဘာဝကို ပိုင်ဆိုင်သလော။ (မပိုင်ဆိုင်ပါ။) အဆင်းနီသော နဂါးကြီး၏ သဘာဝမဟုတ်သလော။ အဆင်းနီသောနဂါးကြီးသည် အာဏာရှင်ဆန်ပြီး တစ်ဖက်သတ်ပြုမူသည်။ ဤဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားမျိုးရှိသူများသည် အဆင်းနီသောနဂါးကြီး၏ သားသမီးများ ဖြစ်ကြသည် မဟုတ်သလော။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်ခြင်းနှင့်ပတ်သက်၍)သင်၏ တာဝန်ကို ပြည့်ပြည့်ဝဝ ထမ်းဆောင်ဖို့၊ သင်၏ တာဝန်တွင် သင် အတွေ့အကြုံမည်မျှ ရှိခဲ့သည်ကို မဆိုထားနှင့်၊ ဘုရားသခင်ကို သင် နှစ်ပေါင်းမည်မျှ ယုံကြည်ပြီးသည်ဖြစ်စေ၊ သင်၏ တာဝန် မည်မျှ သင် လုပ်ဆောင်ပြီးဖြစ်ပါစေ၊ သို့မဟုတ် ဘုရားသခင်၏ အိမ်တော်အဖို့ ပံ့ပိုးမှုများ သင် မည်မျှ ပြုလုပ်ပြီးသည်ဖြစ်စေ အရေးမကြီးပေ။ ဘုရားသခင် ကြည့်ရှုသည့် အဓိကအရာမှာ လူတစ်ဦး သွားသည့် လမ်းကြောင်း ဖြစ်သည်။ တစ်နည်းအားဖြင့်၊ သမ္မာတရားအပေါ် လူတစ်ဦး၏ သဘောထားနှင့် လူတစ်ဦး၏ လုပ်ဆောင်ချက်များ နောက်ကွယ်က အခြေခံသဘောတရားများ၊ ဦးတည်ချက်၊ ဇာစ်မြစ်နှင့် တွန်းအားတို့ကို သူ ကြည့်လေသည်။ ဤအရာများအပေါ် ဘုရားသခင် အာရုံစိုက်၏။ ယင်းတို့သည် သင် လျှောက်လှမ်းသည့် လမ်းကြောင်းကို ဆုံးဖြတ်သည့် အရာဖြစ်သည်။ သင်၏ တာဝန်ကို သင်ဖြည့်ဆည်းခြင်း ဖြစ်စဉ်တွင် ဤအပြုသဘောဆောင်သောအရာများကို သင့်အထဲတွင် လုံးဝ မတွေ့ရသကဲ့သို့၊ သင်၏ လုပ်ဆောင်မှု၏ စည်းမျဉ်း၊ လမ်းကြောင်းနှင့် အခြေပြုချက်မှာ သင်၏ အတွေးများ၊ ရည်ရွယ်ချက်များနှင့် ကြံစည်မှုများဖြစ်ပါက၊ သင်၏ တွန်းအားမှာ သင်၏ ကိုယ်ပိုင် အကျိုးစီးမွားများကို ကာကွယ်ဖို့နှင့် သင်၏ နာမည်ဂုဏ်သတင်းနှင့် ရာထူးကို ကာကွယ်ပေးဖို့ ဖြစ်ပါက၊ သင်၏ လုပ်နည်းလုပ်ဟန်သည် သမ္မာတရားကို ရှာဖွေဖို့ မဆိုထားနှင့်၊ အမှုအရာများကို အခြားသူများနှင့် မည်သည့်အခါမျှ ဆွေးနွေးခြင်းမရှိဘဲ သို့မဟုတ် သဟဇာတဖြစ်စွာ ပူးပေါင်းလုပ်ဆောင်ခြင်းမရှိဘဲ၊ သင်အမှားပြုလုပ်ပြီးသောအခါ အကြံဉာဏ်များကို မည်သည့်အခါမျှ နားမထောင်ဘဲ ဆုံးဖြတ်ချက်များ ပြုလုပ်ဖို့နှင့် တစ်ကိုယ်တည်း လုပ်ဆောင်ကာ အဆုံးအဖြတ်ပေးဖို့ဖြစ်ပါက၊ ဘုရားသခင်သည် သင့်ကို မည်သို့ မြင်မည်နည်း။ သင်၏ တာဝန်ကို ထိုသို့ သင် ထမ်းဆောင်ပါက သင်သည် အဆင့်အတန်းမမီသေးပေ။ သင်သည် သင်၏ တာဝန်ကို လုပ်ဆောင်သည်နှင့်အမျှ သမ္မာတရား၏ အခြေခံသဘောတရားကို ရှာဖွေခြင်းမရှိသကဲ့သို့ သင် ဆန္ဒရှိသည်အတိုင်း အမြဲလုပ်ဆောင်သောကြောင့်၊ သင်နှစ်သက်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်သောကြောင့် သင်သည် သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းပေါ် ခြေမချသေးပေ။ ဤသည်မှာ လူအများစုက ၎င်းတို့၏ တာဝန်များကို ကျေနပ်ဖွယ်ရာ မထမ်းဆောင်ကြသည့် အကြောင်းရင်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ပြည့်မီသော တာဝန်ထမ်းဆောင်မှုဆိုသည်မှာ အဘယ်နည်း။) ဒီအပိုဒ်တွေကိုကျွန်မ တွေးကြည့်တဲ့အခါမှာ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို တော်တော်ထိတယ်။ အဆင်းနီသောနဂါးကြီးရဲ့ သဘာဝက ဘယ်လို မာနထောင်လွှားတယ်၊ အတ္တကြီးတယ်၊ ထင်ရာမြင်ရာလုပ်တယ်ဆိုတာကို ဖော်ထုတ်ပြတယ်။ ဒီလိုလူတွေရဲ့ အားထုတ်လိုက်စားမှုအမြင်တွေနဲ့ သူတို့လျှောက်တဲ့လမ်းကြောင်းတွေအားလုံးက ဘုရားနဲ့ ဆန့်ကျင်တယ်။ အသင်းတော်က ကျွန်မကို ခေါင်းဆောင်အဖြစ် အစေခံဖို့ အခွင့်အလမ်းပေးခဲ့တာပါ။ ဗြူရိုကရက်တစ်ယောက်အဖြစ်မဟုတ်ဘူး။ ကျွန်မကို တာဝန်တစ်ခုပေးခဲ့ပြီး ဘုရားအလိုတော်ကို အလေးထားစေချင်တယ်။ အသင်းတော်အလုပ်ကို ကောင်းကောင်းလုပ်ပြီး ကျွန်မတာဝန်ကို ဖြည့်ဆည်းဖို့အတွက် သူများတွေနဲ့ လိုက်ဖက်ညီညီ အလုပ်လုပ်စေချင်တယ်။ ဒါပေမဲ့ အဲဒီအစား ကျွန်မက အသင်းတော်အလုပ်ကို ကိုယ်ပိုင်အလုပ်အဖြစ် မှတ်ယူတယ်။ ကျွန်မက အလုပ်မှာ ရလဒ်နည်းနည်းစရလာပြီး ပါရမီရှင်တွေ ရွေးချယ်တဲ့နေရာမှာ အတွေ့အကြုံနည်းနည်းရှိလာတဲ့အခါ ကျွန်မက အစွမ်းအစကောင်းရှိတယ်၊ ထူးချွန်တဲ့ အလုပ်ကျွမ်းကျင်မှုရှိပြီး အခြေအနေတွေ၊ လူတွေကို ကောင်းကောင်းအကဲဖြတ်တတ်တယ်လို့ ထင်ခဲ့တယ်။ အထူးသဖြင့် ညီအစ်ကိုမောင်နှမတွေက သူတို့မွေးခွန်းတွေနဲ့ ကျွန်မဆီလာပြီးတဲ့နောက်မှာ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ပလ္လင်ပေါ်မှာ တင်ထားပြီး သမ္မာတရားကို သူတို့ထက်ပိုနားလည်တယ်လို့ ယုံကြည်ခဲ့တယ်။ ကျွန်မက အထက်ကနေ အောက်မဆင်းနိုင်ခဲ့ဘူး။ အသင်းတော်အလုပ်က တိုးတက်မှုအားလုံးက ကျွန်မလုပ်လို့၊ ညီအစ်ကိုမောင်နှမတွေအားလုံးက ကျွန်မထက် နိမ့်သူတွေ၊ ထင်မြင်ချက်တွေ ထုတ်ပြောခွင့်မရှိဘူးလို့ ယုံကြည်ခဲ့တယ်။ ဆွေးနွေးဖို့လိုအပ်တဲ့ ဘယ်အလုပ်မဆို ကျွန်မ ထင်မြင်ချက်တွေကို ဦးစားပေးသင့်တယ်ပေါ့။ အဲဒါနဲ့ ညီအစ်ကိုမောင်နှမတွေက ကျွန်မအလုပ်မှာ လမ်းလွဲနေတာကို ထောက်ပြတော့ သူတို့တွေကို လုံးဝ အာရုံမစိုက်ဘဲ ကျွန်မနည်းအတိုင်း ဆက်လုပ်တယ်။ တစ်ခါတလေမှာ မတူတဲ့ ထင်မြင်ချက်တွေကို သူတို့ ထုတ်ပြောတဲ့အခါ အရင်စဉ်းစားမကြည့်ဘဲ ငြင်းပယ်ခဲ့တယ်။ ကျွန်မအစီအစဉ်ကို လိုက်လုပ်ဖို့ သူတို့ကို မရမကပြောခဲ့တယ်။ တစ်ခါတလေမှာ တွဲဖက်အမှုဆောင်တွေနဲ့ အရင် မတိုင်ပင်ဘဲ ကျွန်မက အစီအစဉ်တွေနဲ့ ရှေ့ဆက်လုပ်လိုက်တယ်။ စာအုပ်တွေကို ထိန်းသိမ်းဖို့အတွက် စည်းမျဉ်းနဲ့မညီတဲ့သူတစ်ယောက်ကို ရွေးဖို့ ကျွန်မက အတင်းတိုက်တွန်းခဲ့တာကြောင့် တွဲဖက်အမှုဆောင်တွေက ကျွန်မကို အသိပေးပြီး ဒီလိုမလုပ်ဖို့ သတိပေးတဲ့အခါမှာ နားမထောင်ခဲ့တာကြောင့် စာအုပ်တွေ ပျက်စီးသွားတယ်။ ဒါတောင်မှပဲ ကျွန်မက ကိုယ့်ကိုယ်ကိုယ် မသုံးသပ်သေးဘူး။ ကျွန်မက ကျန်းဖန်ကို သူ့ပြဿနာတွေကို ထောက်ပြပြီး မိတ်သဟာယပြုတာ မလုပ်ဘဲနဲ့ ထုတ်လိုက်တယ်။ ဒါကြောင့်သူက မကျေမနပ်ဖြစ်တယ်။ အလျှော့မပေးဘူး။ အမှားတွေရှာတယ်။ ဒါကြောင့်မို့ အသင်းတော်အသက်တာမှာ အရမ်းအနှောင့်အယှက်ဖြစ်ပြီး ပရမ်းပတာဖြစ်သွားတယ်။ ကျွန်မတာဝန်တွေမှာ ကျွန်မက သူများတွေကို သမ္မာတရား စစ်မှန်မှုထဲဝင်အောင်လို့ သမ္မာတရားကို ရှာခြင်းကို ဦးစားပေးပြီး လမ်းပြတာတွေ မလုပ်ခဲ့ဘူး။ အဲဒီအစား စည်းမျဉ်းတွေကို ချိုးဖောက်တဲ့လမ်းကို ဦးဆောင်ခဲ့တယ်။ လူတိုင်းကို ကျွန်မအမိန့်တွေကို အတင်းနာခံခိုင်းခဲ့တယ်။ မတူတဲ့ အမြင်တွေကို ထုတ်ပြောခွင့်မပေးဘဲ အရာရာမှာ အဆုံးအဖြတ်ပေးခွင့် ရှိချင်ခဲ့တယ်။ ကျွန်မက အာဏာရှင်တစ်ယောက်လို ပြမူနေတာမဟုတ်ဘူးလား။ အသင်းတော်ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်မတို့က စည်းမျဉ်းတွေနဲ့အညီ လုပ်ရမယ်ဆိုတာ ကျွန်မ ရှင်းရှင်းလင်းလင်း နားလည်တယ်။ ဒါပေမဲ့ စည်းမျဉ်းတွေကို လျစ်လျူရှုတယ်။ ကိုယ့်နည်းအတိုင်းသွားပြီး အမြဲတမ်း ဆုံးဖြတ်ပိုင်ခွင့်ရှိချင်တယ်။ ကျွန်မက ဘုရားနဲ့ ဖက်ပြိုင်နေတာမဟုတ်ဘူးလား။ ကျွန်မရဲ့ လုပ်ရပ်တိုင်းက ကျွန်မရဲ့ အန္တိခရစ်စိတ်သဘောထားကို ပေါ်လွင်စေတယ်။ ကျွန်မပြုမူခဲ့တာတွေကို ပြန်သုံးသပ်ကြည့်တော့ ကျွန်မ အပြုအမူအားလုံးကို ဘုရားက မနှစ်မြို့ဘူးဆိုတာ တွေ့ရတယ်။ ကျွန်မက နောင်တရပြီး ကျွန်မအပြုအမူကို မပြင်ရင် အန္တိခရစ်တွေလို ရလဒ်ကိုပဲ ရမှာမဟုတ်ဘူးလား။

နောက်ပိုင်းမှာ ဒီလိုပြောထားတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ တွေ့တယ်။ “သမ္မာတရားမရှိပါက မကောင်းမှုပြုရန် လွယ်ကူပြီး မရည်ရွယ်ဘဲ ယင်းကို သင်လုပ်မိလိမ့်မည် ဖြစ်သည်။ ဥပမာ၊ သင့်တွင် မာနထောင်လွှားပြီး စိတ်ကြီးဝင်သော စိတ်သဘောထားတစ်ခုရှိလျှင် ဘုရားသခင်ကို မဆန့်ကျင်ရန် ပြောဆိုခံရခြင်းသည် ထူးခြားမှုမရှိပေ။ သင်သည် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ပေ။ သင်ထိန်းချုပ်နိုင်သည်ထက် ကျော်လွန်သည်။ သင်သည် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်မည်မဟုတ်ပေ။ သင်၏ မောက်မာပြီး ထောင်လွှားသော သဘာဝဗီဇ၏ အုပ်စိုးမှုအောက်၌ သင် ထိုသို့ပြုလိမ့်မည်။ သင်၏ မာနထောင်လွှား ခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့သည် သင့်ကို ဘုရားသခင်အား အထင်အမြင်သေးစေမည်ဖြစ်ပြီး သူ့အား အရေးမပါသောသူအဖြစ် မြင်စေမည်ဖြစ်သည်။ ထိုအရာတို့သည် သင့်ကိုယ်သင် ချီးမြှောက်အောင် လုပ်လိမ့်မည်ဖြစ်ပြီး သင့်ကိုယ်သင် အစဉ်တစိုက် ပြစားဝင့်ဝါအောင် လုပ်လိမ့်မည် ဖြစ်သည်။ ယင်းတို့က သင့်အား အခြားသူများကို အထင်အမြင်သေးစေမည်၊ သင့်စိတ်နှလုံးထဲတွင် သင်ကိုယ်တိုင်မှလွဲ၍ အခြားမည်သူကိုမျှ ထားမည် မဟုတ်ချေ။ ယင်းတို့က သင်၏ စိတ်နှလုံးထဲမှ ဘုရားသခင်၏နေရာကို လုယူလိမ့်မည်။ ပြီးလျှင် နောက်ဆုံးတွင် သင့်အား ဘုရားသခင်၏နေရာတွင် ထိုင်ဖို့ဖြစ်စေပြီး သင့်ကိုယ်ပိုင်အတွေးများ၊ အကြံဉာဏ်များနှင့် အယူအဆများကို သမ္မာတရားအဖြစ် ကြည်ညိုလေးစားစေလျက်၊ သင့်ကို ကျိုးနွံနာခံဖို့ တောင်းဆိုစေမည် ဖြစ်သည်။ မိမိတို့၏ မောက်မာ၍ ထောင်လွှားသော သဘာဝ၏ အုပ်စိုးမှုအောက်၌ လူတို့သည် များပြားလှသော ဒုစရိုက်မှုကို ပြုကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်ကတစ်ဆင့် ကျွန်မ သဘောပေါက်သွားတယ်။ ကျွန်မက ကိုယ့်အစီအစဉ်အတိုင်းလုပ်ပြီး ထင်ရာမြင်ရာလုပ်တဲ့ အကြောင်းရင်းက ကျွန်မရဲ့ သဘာဝက အရမ်းမာနထောင်လွှားလို့ပဲ။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် အရမ်း အထင်ကြီးတယ်။ သူများတွေထက်သာတယ်၊ လူတွေ၊ အခြေအနေတွေကို ပိုပြီး အကဲဖြတ်တတ်တယ်လို့ ထင်တယ်။ ဘယ်သူ့ကိုမှ ဘာလေးစားမှုမှမရှိဘူး။ တွဲဖက်အမှုဆောင်တွေနဲ့ အလုပ်ကို ဆွေးနွေးတဲ့အခါမှာ ကျွန်မက မှန်တယ်လို့ အမြဲတမ်းထင်တယ်။ ဘယ်သူက ကျွန်မနဲ့ သဘောမတူတာပဲဖြစ်ဖြစ် ကျွန်မက လုံးဝ နားမထောင်ဘူး။ ကျွန်မရဲ့ မာနထောင်လွှားမှုနဲ့ ကိုယ့်ကိုယ်ကိုယ် အမှန်ထင်မှုကြောင့် အသင်းတော်မှာ အနှောင့်အယှက်တွေ၊ ပရမ်းပတာ အခြေအနေတွေဖြစ်တာတောင်မှ ကျွန်မက ကိုယ့်ကိုယ်ကိုယ် နှိမ့်ချခွင့်မပေးသေးဘူး။ ဒါက တစ်ကြိမ်တစ်ခါ အမှားပဲလို့ ယုံကြည်နေခဲ့တယ်။ အစ်မတစ်ယောက်က ကျွန်မကို သတိပေးတော့ ကျွန်မက ပြန်သုံးသပ်ပြီး ကိုယ့်ကိုယ်ကိုယ်သိအောင်လုပ်ဖို့ ပျက်ကွက်တယ်။ သူများတွေက အလကား ပုံကြီးချဲ့နေတာလို့ ထင်တယ်။ ကျွန်မက တော်တော်မာနထောင်လွှားတာပဲဆိုတာ သဘောပေါက်သွားတယ်။ ကျွန်မရဲ့ ဆင်ခြင်တုံတရားက ဘယ်မှာလဲ။ အလုပ်မှာ ကျွန်မရတဲ့ ရလဒ်တွေနဲ့ ကောင်းတဲ့ ရွေးချယ်မှုတွေက ဘုရားရဲ့ လမ်းပြမှုရလဒ်ဖြစ်ပြီး ကျွန်မအပေါ် ဘုရားနှုတ်ကပတ်တော်တွေရဲ့ သက်ရောက်မှုပါ။ ဘုရားရဲ့ ဉာဏ်အလင်းဖွင့်ပြမှု၊ လမ်းပြမှုနဲ့ ဘုရားအိမ်တော်ရဲ့ စည်းမျဉ်းတွေမရှိရင် ကျွန်မက ဘာကိုမှ လုပ်နိုင်စွမ်းရှိမှာမဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မက အားလုံးအတွက် နာမည်ယူတယ်။ ကျွန်မရဲ့ မာနထောင်လွှားမှုနဲ့ ကိုယ့်ကိုယ်ကိုယ်အမှန်ထင်တာကို အရင်းအနှီးအဖြစ် ဒီရလဒ်တွေကို အသုံးပြုခဲ့တယ်။ ကျွန်မက အရှက်ကို မရှိခဲ့တာပါ။ ကျွန်မခေါင်းဆောင်က ကြမ်းကြမ်းတမ်းတမ်း ဖော်ထုတ်ပြီး ထုတ်ပယ်တာ မလုပ်ခဲ့ရင် ကိုယ့်ကိုယ်ကိုယ် လုံးဝ သုံးသပ်မိမှာမဟုတ်ဘူး။ ဒီအခါကျမှပဲ ဖော်ထုတ်ခံရပြီး အထုတ်ခံရတာက ကျွန်မကို ကာကွယ်ပေးတဲ့ ဘုရားရဲ့နည်းလမ်းပဲဆိုတာ ကျွန်မ သိသွားတယ်။ မဟုတ်ရင် ကျွန်မရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကြောင့် တခြားဘယ်လို မကောင်းမှုကို ကျူးလွန်မိမယ်ဆိုတာ ဘယ်သူသိမှာလဲ။ ဒါတွေအားလုံးကို သဘောပေါက်သွားတော့ ကျွန်မ တော်တော်ကြောက်ပြီး ရှက်မိတယ်။ ဘုရားကို ကျွန်မ ဆုတောင်းလိုက်တယ်။ “ဘုရားသခင် သမီးရဲ့ မာနကြီးတဲ့ စိတ်သဘောထားနဲ့ အသက်မရှင်ချင်တော့ပါဘူး။ ထင်ရာမြင်ရာလုပ်ပြီး မဆင်မခြင်လုပ်တာတွေလည်း မဖြစ်ချင်တော့ပါဘူး။ လက်တွေ့လုပ်ဖို့ လမ်းကြောင်းတစ်ခုရှာတွေ့ဖို့ သမီးကို လမ်းပြတော်မူပါ” ဆိုပြီးတော့။

အဲဒီနောက်တော့ ကျွန်မပြဿနာနဲ့ပတ်သက်လို့ ရှာဖွေခဲ့ပြီး ဒီ ဘုရားနှုတ်ကပတ်တော်အပိုဒ်ကို တွေ့သွားတယ်။ “သို့ပြုလျှင် သင်သည် သင်၏ထင်ရာမြင်ရာလုပ်ခြင်းနှင့် ကမူးရှုးထိုးဖြစ်ခြင်းတို့ကို မည်သို့ ဖြေရှင်းသနည်း။ ဥပမာအနေဖြင့် သင့်ထံတစ်စုံတစ်ခု ဖြစ်ပျက်ပြီး သင်၌ သင်၏ ကိုယ်ပိုင် စိတ်ကူးများနှင့် အစီအစဉ်များ ရှိသည်ဆိုကြပါစို့၊ မည်သည့်အရာလုပ်ရမည်ကို မဆုံးဖြတ်ခင်တွင် သင်၏အတွေးများနှင့် အစီအစဉ်တို့သည် မှန်ကန်ခြင်း ရှိမရှိ၊ သမ္မာတရားနှင့် ကိုက်ညီခြင်း ရှိမရှိ သင့်အား ပြောပြရန် လူတိုင်းကို တောင်းဆိုလျက်၊ သင့်အတွက် နောက်ဆုံး စစ်ဆေးခြင်းများ ပြုလုပ်ပေးရန် လူတိုင်းကို တောင်းဆိုလျက်၊ သင်သည်ဤအရာနှင့်ပတ်သက်၍ သင် တွေးထင်သည့်အရာ၊ ယုံကြည်သည့်အရာတို့နှင့်ပတ်သက်၍ သမ္မာတရားကို ရှာဖွေပြီး အနည်းဆုံးအနေဖြင့် လူတိုင်းနှင့် မိတ်သဟာယပြုသင့်သည်။ ဤသည်မှာ ထင်ရာမြင်ရာပြုခြင်းနှင့် ကမူးရှူးထိုးဖြစ်ခြင်းတို့ကို ဖြေရှင်းသည့် အကောင်းဆုံး နည်းစနစ် ဖြစ်ပေသည်။ ပထမဦးစွာ သင့်အမြင်ကို သင်မီးမောင်းထိုးပြပြီး သမ္မာတရားကို ရှာဖွေနိုင်သည်။ ဤသည်မှာထင်ရာမြင်ရာလုပ်ခြင်းနှင့် ကမူးရှုးထိုးဖြစ်ခြင်းကို ဖြေရှင်းရန်အတွက် သင် လက်တွေ့လုပ်ဆောင်ရမည့် ပထမအဆင့်ဖြစ်သည်။ ဒုတိယအဆင့်မှာ ကွဲလွဲသောခံယူချက်ကို အခြားလူတို့က ဖွင့်ဟလာသောအခါ ဖြစ်ပေါ်လေသည်- ထင်ရာမြင်ရာနှင့် ကမူးရှုးထိုးလုပ်ခြင်းမှ ရှောင်ကြဉ်ရန် မည်သည့် လက်တွေ့လုပ်ဆောင်မှုကို သင်ထားရှိနိုင်သနည်း။ သင်သည် ဦးစွာ နှိမ့်ချခြင်းသဘောထား ရှိရမည်၊ သင်က မှန်ကန်သည်ဟု ယုံကြည်သောအရာကို ဘေးဖယ်ထားရမည်ဖြစ်ပြီး လူတိုင်းကို မိတ်သဟာယပြုရန် အခွင့်ပေးရမည် ဖြစ်သည်။ သင်၏နည်းလမ်းက မှန်ကန်သည်ဟု သင်ယုံကြည်လျှင်ပင်၊ ယင်းကို ထပ်တလဲလဲ မလျှော့တမ်း မပြောသင့်ပေ။ ယင်းသည် ရှေ့တစ်လှမ်းတက်ခြင်းမျိုး ဖြစ်သည်။ ယင်းက သမ္မာတရားကို ရှာဖွေခြင်း၊ သင့်ကိုယ်သင် ငြင်းပယ်ခြင်းနှင့် ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းခြင်းဟူသော သဘောထားကို ပြသသည်။ သင့်တွင် ဤသဘောထား ရှိသောအခါ၊ သင်သည် သင့်ကိုယ်ပိုင်ခံယူချက်ကို မစောင့်ထိန်းတော့သည်နှင့် တစ်ပြိုင်နက်၊ သင် ဆုတောင်းသင့်သည်။ ဘုရားသခင်ထံမှ သမ္မာတရားကို ရှာဖွေသင့်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ အခြေခံကို ရှာသင့်သည်— ဘုရားသခင်၏နှုတ်ကပတ်တော်များအရ မည်သို့ပြုမူရမည်ကို ဆုံးဖြတ်သင့်သည်။ ဤသည်မှာ အသင့်တော်ဆုံးနှင့် တိကျအမှန်ကန်ဆုံး လက်တွေ့လုပ်ဆောင်မှု ဖြစ်သည်။ လူများသည် လူတိုင်း အတူတကွ မိတ်သဟာယပြုဖို့နှင့် အဖြေတစ်ခုရှာဖို့ သမ္မာတရားကို ရှာဖွေပြီး ပြဿနာကို တင်ပြသည့်အချိန်သည် သန့်ရှင်းသောဝိညာဉ်တော်က ဉာဏ်အလင်းပေးခြင်းကို ထောက်ပံ့ပေးသည့်အချိန်ဖြစ်သည်။ ဘုရားသခင်က လူများကို စည်းမျဉ်းများအတိုင်း ဉာဏ်အလင်းပေးသည်၊ သင်၏သဘောထားကို သူက ဆင်ခြင်သုံးသပ်သည်။ သင်၏အမြင်သည် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ သင်ယုံကြည်သည့်အတိုင်း ခေါင်းမာစွာနှင့် ရပ်တည်လျှင်၊ ဘုရားသခင်သည် သင့်ထံမှ သူ၏မျက်နှာကို ကွယ်ဝှက်လိမ့်မည်ဖြစ်ပြီး သင့်ကို လျစ်လျူရှုလိမ့်မည်။ သင့်ကို ရှေ့မဆက်နိုင်အောင် ဖြစ်စေလိမ့်မည်၊ သင့်ကို ဖော်ထုတ်ပြီး သင်၏အကျည်းတန်သော အခြေအနေကို ဖော်ထုတ်လိမ့်မည်။ အခြားတစ်ဘက်တွင်၊ သင်၏ သဘောထားသည် မှန်ကန်ပါက၊ သင်ကိုယ်တိုင်၏ နည်းလမ်းအတွက် မရမကပြောဆိုခြင်း မရှိသည်သာမက၊ မိမိကိုယ်ကိုယ် ဖြောင့်မတ်သည်ဟု မယူမှတ်သကဲ့သို့ ထင်ရာမြင်ရာနှင့် မဆင်မခြင်မလုပ်ဘဲ သမ္မာတရားကို ရှာဖွေခြင်းနှင့် လက်ခံခြင်း သဘောထားတစ်ခု ရှိပါက၊ ဤအရာကို လူတိုင်းနှင့် သင် မိတ်သဟာယပြုပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်က သင်တို့အလယ် အမှုပြုဖို့ အဆင်သင့်ရှိသည့်အခါတွင်၊ သူသည် တစ်စုံတစ်ဦး၏ စကားများအားဖြင့် သင့်ကို သိနားလည်မှုဆီသို့ ဦးဆောင်လမ်းပြကောင်း လမ်းပြလိမ့်မည်ဖြစ်သည်။ တစ်ခါတစ်ရံ သင့်ကို သန့်ရှင်းသော ဝိညာဉ်တော်က ဉာဏ်အလင်းပေးသည့်အခါတွင်၊ သူသည် ကိစ္စရပ်တစ်ခု၏ အဓိကအချက်ကို စကားအနည်းငယ် သို့မဟုတ် စကားစုအနည်းငယ်ဖြင့်၊ သို့မဟုတ် သင့်ကို အသိစိတ်တစ်ခုပေးခြင်းအားဖြင့် နားလည်အောင် သင့်ကို ဦးဆောင်လေသည်။ ထိုခဏချင်းတွင် သင် ဖက်တွယ်နေခဲ့ပြီးဖြစ်သည့် မည်သည့်အရာမဆို မှားယွင်းသည်ကို သင် နားလည်ပြီး ထိုခဏချင်းတွင်ပင် လုပ်ဆောင်ရန် အသင့်တော်ဆုံး နည်းလမ်းကို သင် နားလည်လေသည်။ ထိုသို့သော အဆင့်ကို ရောက်ရှိပြီးနောက်၊ သင်သည် မကောင်းမှု လုပ်ဆောင်ခြင်းနှင့် အမှားတစ်ခု၏ အကျိုးဆက်များကို ခံရခြင်းတို့အား အောင်အောင်မြင်မြင် ရှောင်ရှားပြီးဖြစ်ပါသလော။ ထိုသို့သောအရာတစ်ခုကို မည်သို့ စွမ်းဆောင်ရရှိသနည်း။ ဤအရာကို သင်၌ ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံးရှိသည့်အခါနှင့် သင်သည် သမ္မာတရားကို နာခံသော စိတ်နှလုံးဖြင့် ရှာဖွေသည့်အခါတို့တွင်သာ ရရှိလေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းကို သင်လက်ခံရရှိပြီး လက်တွေ့လုပ်ဆောင်ဖို့ စည်းမျဉ်းများကို သတ်မှတ်ပြီးသည်နှင့် တစ်ပြိုင်နက်၊ သင်၏ လက်တွေ့လုပ်ဆောင်မှုသည် သမ္မာတရားနှင့် ကိုက်ညီလိမ့်မည် ဖြစ်ကာ၊ သင်သည် ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းနိုင်လိမ့်မည် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေက လက်တွေ့လုပ်ဖို့ လမ်းကြောင်းတစ်ခုကို ချပေးတယ်။ ကိုယ့်ရဲ့ မာနထောင်လွှားမှု၊ ကိုယ့်ကိုယ်ကိုယ် အမှန်ထင်မှုနဲ့ မဆင်မခြင်မှုကို ဖြေရှင်းဖို့အတွက် အရေးကြီးဆုံးက ဘုရားကို ကြောက်ရွံ့တဲ့ စိတ်နှလုံးရှိဖို့၊ သမ္မာတရားကို ရှာဖွေတဲ့ သဘောထားတစ်ခုရှိဖို့ သူများတွေနဲ့ လိုက်ဖက်ညီညီ ပူးပေါင်းဆောင်ရွက်ချင်စိတ်ရှိဖို့ပဲ။ ပြဿနာတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ရှေ့ဆက်မလုပ်ခင် သူများတွေနဲ့ ဆွေးနွေးပြီး သဘောတူညီမှုရယူသင့်တယ်။ သူများတွေက မတူတဲ့ အမြင်တွေ ထုတ်ပြောရင် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချဖို့ သင်ယူသင့်တယ်။ သူများတွေနဲ့အတူ သမ္မာတရားနဲ့ စည်းမျဉ်းတွေကို ရှာဖွေသင့်တယ်။ ဘယ်သူကမှ မပြည့်စုံပါဘူး။ အသင်းတော်ရဲ့ ဘယ်ပရောဂျက်ကိုမှ လူတစ်ယောက်တည်းကနေ ပြီးအောင်မလုပ်နိုင်ဘူး။ အားလုံးကို ကောင်းကောင်းလုပ်ဖို့အတွက် ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးမှုတွေ လိုတယ်။ ကိုယ့်တာဝန်မှာ သမ္မာတရားကို ရှာဖွေပြီး စည်းမျဉ်းနဲ့အညီ အလုပ်လုပ်ဖို့က ဘယ်လောက် အရေးကြီးတယ်ဆိုတာ ဒီကျရှုံးမှုကြောင့် ကျွန်မ တကယ် သဘောပေါက်သွားတယ်။ ဒီနည်းနဲ့လုပ်ရင် အနှောင့်အယှက်၊ အတားအဆီးတွေ မဖြစ်အောင် ကျွန်မ ရှောင်မိမှာပဲ။ မာနထောင်လွှားရင်၊ ကိုယ့်ကိုယ်ကိုယ် အမှန်ထင်ရင်၊ ထင်ရာမြင်ရာလုပ်ပြီး မဆင်မခြင်လုပ်ရင် ဘယ်လောက်ပဲ တော်ပါစေ ရလဒ်ကောင်းတွေ ရမှာမဟုတ်ဘူး။ အသင်းတော်အလုပ်အပေါ် အနှောင့်အယှက်၊ အတားအဆီးတွေပဲ ဖြစ်ပေါ်စေမှာပဲ။ အချိန်နည်းနည်းလောက်ကြာတော့ ကျွန်မက တာဝန်ထမ်းဆောင်နေရင်းနဲ့ နောင်တရပြီး ပြောင်းလဲပြီးတာကို ညီအစ်ကိုမောင်နှမတွေက မြင်တော့ ကျွန်မကို အသင်းတော်ခေါင်းဆောင်အဖြစ် နောက်တစ်ခါ ရွေးချယ်ခဲ့ကြတယ်။ ကျွန်မက ကိုယ့်တာဝန်မှာ အမြဲတမ်း အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိချင်ခဲ့တာ၊ ဒါကြောင့် သူများတွေကို တော်တော်ထိခိုက်ပြီး နောင်တတွေအများကြီး ကျွန်မ ရသွားတာတွေကို စဉ်းစားရင်းနဲ့ ဘုရားကို ကတိပေးလိုက်တယ်။ ကျွန်မ ထင်ရာမြင်ရာလုပ်ပြီး သူများတွေကို ကျွန်မကို နာခံအောင် မလုပ်ဘူး။ သူများတွေနဲ့အတူ လိုက်ဖက်ညီညီနဲ့ ပူးပေါင်းလုပ်ကိုင်မယ် ပေါ့။

တစ်ခါတော့ တွဲဖက်အမှုဆောင်တွေနဲ့ အသင်းတော်တစ်ခုမှာ ရေလောင်းအလုပ်ကို ဆွေးနွေးနေတုန်းမှာ ဝမ်ချင်က သူ့အလုပ်မှာ တာဝန်သိတတ်တယ်၊ ပါရမီရှိတယ် ရေလောင်းသင်းထောက်အဖြစ် ပျိုးထောင်ပေးသင့်တယ်လို့ ကျွန်မ ခံစားမိတယ်။ ဒါပေမဲ့ တွဲဖက်နှစ်ယောက်က သဘောမတူဘူး။ ဝမ်ချင်က အတော်လေးတာဝန်သိတတ်ပြီး ပါရမီရှိတဲ့ အမှုဆောင်ဖြစ်ပေမဲ့ ဘဝအတွေ့အကြုံသိပ်မရှိဘူး၊ ပြဿနာတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ သမ္မာတရားစည်းမျဉ်းတွေကို ရှာဖွေဖို့ကို ဦးစားမပေးဘူး၊ ဒါကြောင့် ရေလောင်းအလုပ်ကို ကြီးကြပ်ဖို့ သင့်တော်သူမဟုတ်ဘူးလို့ သူတို့က ခံစားမိတာပေါ့။ ကျွန်မက ဒါကို ကြားတော့ ကျွန်မအတွင်းထဲမှာ ဒေါသက ပြည့်လာတာကို ခံစားမိတယ်။ “ဒီမှာ ကျွန်မက ခေါင်းဆောင်ပဲ။ ရှင်က ကျွန်မထက် လူတွေကို ပိုပြီး အကဲဖြတ်နိုင်တယ်လို့ ထင်တာလား” ပေါ့။ ကျွန်မ အမြင်ကို ထပ်ပြောမလို့လုပ်တုန်းမှာပဲ ကျွန်မက နောက်တစ်ခါ ကျွန်မရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကို ဖွင့်ပြပြီး ထင်ရာမြင်ရာလုပ်ချင်လာတာကို ရုတ်တရက် သတိထားမိလိုက်တယ်။ ကျွန်မရဲ့ အရင်က ကျရှုံးမှုကို ပြန်အမှတ်ရရင်းနဲ့ ဘုရားကိုဆုတောင်းလိုက်တယ်။ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး စည်းမျဉ်းနဲ့အညီ ဆက်လုပ်အောင် ကူညီဖို့ ဘုရားကို ဆုတောင်းတယ်။ ဆုတောင်းပြီးတော့ ကျွန်မတို့က ရေလောင်းတဲ့ရာထူးအတွက် လူမှားပြီး ရွေးရင် ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုကို အများကြီးထိခိုက်မယ်၊ ဒီတော့ ကျွန်မ ဂရုစိုက်ပြီး ဆက်လုပ်ရမယ်ဆိုတာ သဘောပေါက်သွားတယ်။ အဲဒီနောက်မှာ ကျွန်မက လူတွေကို ရာထူးတိုးခြင်း၊ လေ့ကျင့်ပေးခြင်းအတွက် စည်းမျဉ်းတွေကို သူများတွေနဲ့အတူ ရှာတယ်။ ဝမ်ချင်နဲ့ စုဝေးပြီး မိတ်သဟာယဖွဲ့ပြီးတဲ့နောက်မှာ သူက တကယ်ကို ဘဝအတွေ့အကြုံမရှိဘူး၊ ပြဿနာတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ဆင်ခြင်သုံးသပ်ပြီး ကိုယ့်ကိုယ်ကိုယ် သိမြင်တာမရှိဘူး၊ ဒီပြဿနာတွေကို ဖြေရှင်းဖို့အတွက် သမ္မာတရားကို မရှာဖွေဘူး၊ ရေလောင်းအလုပ်အတွက် မသင့်တော်ဘူးဆိုတာကို တွေ့သွားတယ်။ နောက်ဆုံးတော့ သူများတွေရဲ့ ထင်မြင်ချက်ကို ကျွန်မ သဘောတူလိုက်တယ်။ ဒီလို ကျင့်သုံးပြီးတဲ့နောက်မှာ ကျွန်မ တော်တော်ပိုပြီး စိတ်အေးရတယ်။ ကျွန်မ အတွေ့အကြုံကို ပြန်ကြည့်ကြည့်တော့ ထင်ရာမြင်ရာလုပ်ခြင်းရဲ့ အကျိုးဆက်တွေကို ခံရတာကြောင့် စိတ်ဒဏ်ရာတွေ အများကြီးဖြစ်တယ်။ နောင်တရပြီး ကိုယ့်ကိုယ်ကိုယ် မုန်းတီးတယ်။ ကျွန်မရဲ့ ကိုယ်ပိုင် မာနထောင်လွှားတဲ့ စိတ်သဘောထားကို သိမြင်စေတယ်။ ကျွန်မတာဝန်မှာ ကိုယ့်စိတ်ကူးတွေကိုပဲ အခြေခံပြီး မလုပ်သင့်ဘူး၊ ဘုရားရဲ့ ရည်ရွယ်ချက်တွေကို ပိုပြီး ရှာသင့်တယ်၊ စည်းမျဉ်းတွေနဲ့အညီလုပ်သင့်တယ်၊ အရာရာထက်ပိုပြီး ဘုရားကို ချီးမြှောက်သင့်တယ်ဆိုတာကို သဘောပေါက်သွားစေပါတယ်။ ဒီလိုလုပ်မှသာ ဘုရားရဲ့ လမ်းပြမှုကို ကျွန်မ ရပြီး လမ်းမလွဲမှာပါ။ ကျေးဇူးတော်ပဲ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

နောက်ထပ် မကြွားဝါတော့ပါ

မော့ဝင် စပိန်နိုင်ငံ၂၀၁၈ခုနှစ်တွင် ကျွန်တော်က အသင်းတော်မှာ ဧဝံဂေလိတရား ဟောဖို့ တာဝန်ယူထားရသည့်အချိန်ဖြစ်ပြီး နောက်ပိုင်းမှာ ထိုတာဝန်အတွက်...

“ခေါင်းဆောင်ကောင်း”တစ်ယောက်၏ ဆင်ခြင်သုံးသပ်မှု

ရူဘီလင် ဖိလစ်ပိုင်နိုင်ငံ ကျွန်မ ကလေးကတည်းက မိဘတွေက ကျွန်မကို လူတွေနဲ့ ဖော်ရွေဖို့ ချဉ်းကပ်ရလွယ်တဲ့၊ ကိုယ်ချင်းစာတတ်တဲ့သူဖြစ်ဖို့...

အန္တိခရစ်တွေရဲ့ ဆိုးယုတ်တဲ့စွမ်းအားတွေကို ကျွန်မ ပြန်တိုက်ထုတ်ရဲတယ်

ဘုရားသခင်ကို ကျွန်မ ယုံကြည်သက်ဝင်ပြီး တစ်နှစ်ကျော်ကြာတော့ အသင်းတော်မှာ အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ယီပင်းက...

အကြံဉာဏ်ရယူခြင်းက အဘယ်ကြောင့် အလွန်ခက်ခဲသနည်း

ကြူးတီ ဖိလစ်ပိုင်နိုင်ငံ ၂၀၂၁၊ ဇွန်လမှာ ကျွန်မက အသင်းတော်မှာ လူသစ်တွေကို ရေလောင်းရတယ်။ အစ်ကိုဂျရမီက ကျွန်မတို့အလုပ်ကို ကြီးကြပ်တယ်။ သူက...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။