ခင်တွယ်မှုများက မူအရဖြစ်ရမည်

21.07.2022

ရှန့်ရှန့် အမေရိကန်နိုင်ငံ

ကလေးတစ်ယောက်အနေနဲ့ ကျွန်မ မိဘတွေနဲ့ ဆရာတွေက လူကောင်းတစ်ယောက်ဖြစ်ဖို့နဲ့ ကျေးဇူးတင်တတ်ဖို့ သွန်သင်ပေးခဲ့တယ်။ “ညောင်စေ့လောက် ကျေးဇူးပြုခံရရင်၊ ညောင်ပင်ကြီးလောက် ပြန်ဆပ်ပါ” ဆိုတဲ့ ဆိုရိုးအတိုင်းပဲ။ ဒါကြောင့် ကလေးဘဝကတည်းက၊ ဒါဟာ သူများတွေနဲ့ အဆင်ပြေဖို့ ကျွန်မရဲ့ စည်းမျဉ်းဖြစ်ခဲ့တယ်။ အထူးသဖြင့် တခြားလူတွေ ကျွန်မကို ကြင်နာတဲ့အခါ၊ သူတို့ရဲ့ ကြင်နာမှုကို နှစ်ဆပြန်ပေးဖို့ ကျွန်မ အကောင်းဆုံးလုပ်ခဲ့တယ်။ အချိန်ကြာတာနဲ့အမျှ ကိုယ့်အနားက လူအများစုဆီကနေ သဘောကျ၊ ချီးမွမ်းတာကို ရခဲ့ပြီး၊ ကျွန်မက ကြင်နာတတ်တယ်လို့ မိသားစုနဲ့ မိတ်ဆွေတွေက ခံစားရလို့ ကျွန်မနဲ့ အဆက်အဆံ လုပ်ချင်ခဲ့ကြတယ်။ ဘုရားကို ယုံကြည်ပြီးတဲ့နောက်မှာ၊ ညီအစ်ကို မောင်နှမတွေနဲ့ အဲဒီအတိုင်း အဆင်ပြေနေခဲ့တယ်။ ဒီလိုပြုမူနေထိုင်တာက ကျွန်မကို အသိစိတ်ရှိတဲ့ လူကောင်းတစ်ယောက်ဖြစ်စေတယ်လို့ တွေးမိတယ်။ ကျွန်မကို ဖော်ထုတ်ဖို့ ဘုရားစီစဉ်တဲ့ အခြေအနေတွေနဲ့ ဘုရားနှုတ်ကပတ်တော် ထုတ်ဖော်ပြတဲ့ အရာကတစ်ဆင့်ပဲ၊ ဒီထုံးတမ်းဓလေ့ ယဉ်ကျေးမှု အတွေးတွေက အမှန်တရားမဟုတ်သလို၊ ကျွန်မတို့ ဆောင်ရွက်၊ ပြုမူနေထိုင်သင့်ပုံအတွက် စံမဟုတ်မှန်း ကျွန်မ သဘောပေါက်ခဲ့တာပါ။

၂၀၁၈ခုနှစ် စက်တင်ဘာလမှာ၊ လက်တွေ့အလုပ်မလုပ်တဲ့အတွက် ခေါင်းဆောင်အနေနဲ့ ကျွန်မ အထုတ်ခံခဲ့ရတယ်။ အဲဒီတုန်းက ကျွန်မအရမ်း အပျက်သဘောဆောင်ပြီး အားနည်းခဲ့ပေမဲ့၊ စီမံခန့်ခွဲရေး အလုပ်ကို ကြီးကြပ်တဲ့ အစ်မလီက ကျွန်မကို အားပေး၊ ကူညီဖို့ ဘုရားနှုတ်ကပတ်တော်စာပိုဒ် အများကြီး ပို့ပေးခဲ့ပြီး၊ ကျွန်မ အရမ်းတို့ထိခံခဲ့ရတယ်။ အစ်မလီက ကျွန်မကို အထင်မသေးရုံမက၊ အားပေး၊ ကူညီတယ်လို့ ခံစားခဲ့ရတယ်။ အဲဒီနောက်၊ အစ်မလီက စီမံခန့်ခွဲရေး အလုပ်လုပ်ဖို့ ကျွန်မအတွက် စီစဉ်ပေးခဲ့တယ်။ ကျွန်မကို သူ အရမ်းဂရုစိုက်ခဲ့ပြီး၊ ကျွန်မတို့တာဝန်မှာ ကိစ္စတွေနဲ့ပတ်သက်လို့ ကျွန်မရဲ့ အတွေးနဲ့ အယူအဆတွေကိုလည်း အရင်မေးခဲ့တယ်။ အစ်မလီက ကျွန်မကို အရမ်းတန်ဖိုးထားတာ တွေ့ရတော့၊ သူ့ကို ပိုလို့တောင် ကျေးဇူးတင်မိခဲ့တယ်။ နောက်ပိုင်းမှာ၊ အသင်းတော် ခေါင်းဆောင်က ကျွန်မအပေါ် သုံးသပ်ချက်တွေကို စုံစမ်းစစ်ဆေးခဲ့တယ်၊ တချို့ ညီအစ်ကို မောင်နှမတွေက ကျွန်မကို အထင်လွဲတဲ့ အရာတွေ ပြောခဲ့ကြပြီး၊ အစ်မလီက အဖြစ်အပျက်ကို သိသလို၊ ကျွန်မနဲ့ပတ်သက်လို့ အမှန်တရားတွေကို ချက်ချင်း ရှင်းခဲ့တယ်။ ဒီအတွက် သူ့ကို ပိုလို့တောင် ကျွန်မ ကျေးဇူးတင်မိခဲ့တယ်၊ အရေးကြီးချိန်မှာ သူက ကျွန်မအတွက် ထွက်ပြောပေးပြီး ကျွန်မနာမည်ကို အဖတ်ဆယ်ပေးခဲ့တယ်လို့ ခံစားရလို့ပေါ့။ သူ့ကို နှုတ်နဲ့ ကျေးဇူးတင်တဲ့ စကား တစ်လုံးမှမပြောခဲ့ပေမဲ့၊ သူ့ကို ကျွန်မရဲ့ ကျေးဇူးတင်ရှိမှု ဖော်ပြဖို့ အခွင့်အရေး အမြဲ ရှာချင်ခဲ့တယ်။

ဒါပေမဲ့ နောက်သိပ်မကြာခင်မှာ၊ လက်တွေ့အလုပ် မလုပ်တဲ့အတွက် သူ အထုတ်ခံလိုက်ရပြီး၊ အဖွဲ့ခေါင်းဆောင်အနေနဲ့ ကျွန်မ အရွေးခံခဲ့ရတယ်။ အစ်မလီရဲ့ အလုပ်ကို နောက်ဆက်တွဲလုပ်တဲ့ လုပ်ငန်းစဉ်မှာ၊ သူက သူ့အလုပ်မှာ မကြာခဏ မေ့တတ်ပြီး၊ သတိမရှိတာကို တွေ့ရတယ်။ ညင်သာတဲ့ လေသံနဲ့ သူ့ကို ကျွန်မ မေးခဲ့တယ်၊ “အစ်မလီရေ၊ ဘာလို့ အစ်မက အစ်မရဲ့တာဝန်မှာ အရမ်းကို နမော်နမဲ့ ဖြစ်ရတာလဲ”လို့ပေါ့။ ဒါကိုကြား‌တော့ သူက သူ့ကိုယ်သူ သုံးသပ်မဲ့အစား၊ “ငါက အသက်ကြီးသလို မှတ်ဉာဏ်လည်း မကောင်းဘူးလေ” လို့ ပြောတယ်။ အဲဒီနောက်မှာ အစ်မလီက သူ့တာဝန်မှာ မကြာခဏ မေ့တတ်သေးတာကို ကျွန်မရဲ့ တွဲဖက် အစ်မက မြင်ပြီး၊ အဲဒီအကြောင်းကို အကြိမ်တော်တော်များများ သတိပေးခဲ့ပေမဲ့၊ သူက နည်းနည်းမှ မပြောင်းလဲခဲ့ဘူး။ အဲဒါကိုလည်း ကျွန်မ သဘောပေါက်ခဲ့ပြီး အဲဒါ သူ့ကို ထောက်ပြဖို့ အချိန်ကောင်း ရှာချင်မိခဲ့တယ်။ ဒါပေမဲ့ နောက်တော့ ပထမဆုံး ကျွန်မ အထုတ်ခံခဲ့ရတုန်းက၊ မကောင်းတဲ့ အခြေအနေမှာ ကျွန်မရှိခဲ့ပြီး၊ သူက ကျွန်မကို အရမ်း ညင်ညင်သာသာ ကူညီ၊ အားပေးခဲ့တာကို သတိရမိခဲ့တယ်။ အခု သူက ခုတင် အထုတ်ခံခဲ့ရတာလေ။ ဒီတော့ ခုချိန်မှာ သူ့ပြဿနာတွေကို ထောက်ပြရင်၊ ကျွန်မအရမ်း ရက်စက်တယ်လို့ သူ ထင်သွားမှာ မဟုတ်လား။ ဒါ့အပြင်၊ သူက ခုလေးတင် အထုတ်ခံခဲ့ရသလို၊ မကောင်းတဲ့ အခြေအနေမှာ ရှိလို့ သူ့အမှားတွေက ခွင့်လွှတ်လို့ရတယ်။ သူ့ကို ချစ်ချစ်ခင်ခင်နဲ့ ကျွန်မ ကူညီ၊ အားပေးပြီး ကိစ္စတွေကို ပြောင်းလဲဖို့ အချိန်ပေးရမယ်လေ။ အဲဒီနောက်မှာ၊ အစ်မလီက အလုပ်ကို ကောင်းကောင်း မလုပ်ချိန်မှာ၊ ကျွန်မတွဲဖက်နဲ့ ကျွန်မက အဲဒါကို သူ့အတွက် တိုက်ရိုက်လုပ်ပေးလိုက်တယ်။ တချို့အရာတွေကို သူ မေ့မှာကြောက်လို့ ကျွန်မ မကြာခဏ သတိပေးခဲ့သလို၊ သူ့အခြေအနေနဲ့ပတ်သက်လို့ မကြာခဏ မိတ်သဟာယပြုပြီး မေးမြန်းခဲ့တယ်။ အလုပ်အကြောင်း အတော်များများ ဆွေးနွေးရာမှာ၊ သူ့အကြံပြုချက်တွေက စည်းမျဉ်းတွေနဲ့ မကိုက်သလို၊ ညီအစ်ကို မောင်နှမ အများစုက လက်မခံခဲ့ကြပေမဲ့၊ သူ့ရှုထောင့်အမြင်က မှန်တယ်လို့ အတင်းပြောနေတုန်းပဲဖြစ်သလို၊ တခြားလူတွေကို အတင်းလက်ခံစေခဲ့တယ်။ အဲဒါက ဆွေးနွေးတာတွေကို ဆက်လုပ်ဖို့ မဖြစ်နိုင်လုနီးပါး ဖြစ်သွားစေခဲ့တယ်။ သူ့ကို အရမ်းကို သတိပေးချင်ခဲ့ပေမဲ့၊ ခုတစ်လော သူက အထုတ်ခံရပြီး၊ စိတ်မချမ်းမမြေ့ဖြစ်နေတာ ဖြစ်ရမယ်လို့လည်း တွေးမိတယ်။ အခု သူ့ပြဿနာတွေကို ဖော်ထုတ်လိုက်ရင်၊ အနာကို ဆားပွတ်ပေးတာ ဖြစ်မှာ မဟုတ်လား။ ဒီတော့ သူ့ဘာသာ အချိန်တန်ရင် သဘောပေါက်မှာပါလို့ မျှော်လင့်ရင်းနဲ့ ကျွန်မ ထားလိုက်တယ်။ အဲဒါကို တွေးကြည့်တဲ့အခါ၊ သူ့ကို သတိပေးချက်တစ်ခုမှ ကျွန်မ မပေးခဲ့သလို၊ အလုပ်ဆွေးနွေးမှုတွေမှာ သူ ပါဝင်တာနည်းအောင်ပဲ သေချာကြိုးစားခဲ့တယ်။ ဒါပေမဲ့ သူ့ကိုယ်သူ သုံးသပ်ဖို့ထက်၊ သူ့အယူအဆတွေကို နားမထောင်ဘူးလို့ပြောပြီး ကျွန်မကို သူ သွယ်ဝိုက်တိုက်ခိုက်ခဲ့တယ်။ သူ့ကိုယ်သူ မသိတာကို နောက်ဆုံး မြင်ရတဲ့အခါ၊ မတတ်သာတဲ့အဆုံး စိတ်ကိုမောင်းတင်ပြီး စွပ်စွဲလိုက်တယ်။ ကျွန်မ ပြောလိုက်တယ်။ “အစ်မလီက အရမ်း မာနထောင်လွှားပြီး ကိုယ်မှန်တယ်ထင်တယ်။ အစ်မကိုယ်အစ်မ တကယ်ကို သုံးသပ်သင့်တယ်နော်” လို့ပေါ့။ သူ့မျက်နှာ နည်းနည်း တင်းသွားသလို အသံတိုးသွားတာ တွေ့ရတယ်။ ကျွန်မ ရုတ်တရက် စိတ်မကောင်းဖြစ်သွားတယ်။ သူ့ကို ဒီလိုဆက်ဆံတာ ကျွန်မအတွက် နည်းနည်းများ လွန်သွားလားပေါ့။ အရင်က ကျွန်မကို သူ အကူအညီအားလုံး ပေးပြီးတဲ့နောက်မှာ၊ ဒီလိုလုပ်တာက နည်းနည်း ရက်စက်လွန်းသွားသလားပေါ့။ ဒါကြောင့် ကျွန်မ ကိုယ့်ကိုယ်ကိုယ် စအပြစ်တင်မိတယ်။ ရက်နည်းနည်းကြာပြီးတဲ့နောက်၊ အစ်မလီရဲ့ အလုပ်ကို ကျွန်မနဲ့ ကျွန်မတွဲဖက်က မကြာခဏ လုပ်ခဲ့တာကို ကြီးကြပ်ရေးမှူးက တွေ့သွားတယ်၊ ဒီတော့ အစ်မလီက သူ့တာဝန်မှာ ဘယ်လိုနေလဲလို့ မေးတယ်။ အဲဒီမေးခွန်းက ကျွန်မကို စိတ်ပူပန်သွားစေတယ်။ အစ်မလီရဲ့ အခြေအနေကို ရိုးရိုးသားသား ဖြေရရင်၊ သူ ရွှေ့ပြောင်းခံသွားရနိုင်တယ်လေ။ သူစီစဉ်ပေးခဲ့လို့သာ ကျွန်မက စီမံကြီးကြပ်ရေး အလုပ်ကို လုပ်နိုင်ခဲ့တာလေ။ သူက ကျွန်မကို ပုံမှန် ကောင်းကောင်း ဆက်ဆံခဲ့ပြီး၊ အရေးကြီးတဲ့အချိန်မှာ ကူညီ၊ အားပေးခဲ့တယ်။ ကျွန်မ အဖွဲ့ခေါင်းဆောင်ဖြစ်နေတုန်း သူ အထုတ်ခံခဲ့ရရင်၊ ကျွန်မအရမ်းရက်စက်ပြီး အကြင်နာမဲ့တယ်လို့ သူ ထင်သွားမလား။ သူ့အလုပ်ကို ကာကွယ်ပေးဖို့၊ သူ့အပြူအမူအကြောင်း အရှိအတိုင်း ရေးပြီးတဲ့နောက်မှာ၊ “ဒီအပြုအမူတွေက လတ်တလော အထုတ်ခံရတဲ့နောက် သူ့ရဲ့ မကောင်းတဲ့ အခြေအနေကြောင့်ပါ။ သူက သတိရှိရှိ ပြောင်းလဲဖို့ ကြိုးစားနေပါတယ်”လို့ ဖြည့်ရေးဖို့ အထူးအားထုတ်ခဲ့တယ်။ နောက်ပိုင်းမှာ သူ အထုတ်မခံရအောင်လို့၊ အစည်းအဝေး အတော်များများမှာ၊ သူ့အခြေအနေနဲ့ ပတ်သက်လို့ ကူညီဖို့ ကျွန်မ တမင် မိတ်သဟာယပြုပေးခဲ့ပေမဲ့၊ သူအမြဲလုပ်ခဲ့တဲ့အတိုင်း ဖြစ်သလို ဆက်လုပ်နေခဲ့ပြီး၊ သူ့တာဝန်မှာ အမြဲတစေ ပြဿနာတွေ ရှိခဲ့တယ်။ တစ်ကြိမ်မှာတောင် ဘယ်သူ့ကိုမှ မတိုင်ပင်ဘဲ မလိုအပ်တဲ့ ပစ္စည်းတွေ သူ ဝယ်ခဲ့ပြီး၊ ကုန်ကျစရိတ်က ပုံမှန်ထက် အများကြီး မြင့်ခဲ့တယ်။ ကျွန်မ အရမ်းဒေါသထွက်ပြီး သူ့ကို ကိုင်တွယ်ဖြေရှင်းချင်ခဲ့ပေမဲ့၊ အရင်က ကျွန်မတို့ရဲ့ ဆက်ဆံရေးကြောင့်၊ ကိုယ့်ဒေါသစိတ်ကို ထိန်းခဲ့တယ်။ အဲဒါကို ထပ်မလုပ်ဖို့နဲ့ တာဝန်မှာ ပိုဂရုစိုက်ဖို့ပဲ ကျွန်မ ဖျောင်းဖျခဲ့တယ်။ မလုပ်တော့ဖို့ သူ သဘောတူပြီးတဲ့နောက်မှာ၊ ကျွန်မ အဲဒီအကြောင်း ဘာမှ ထပ်မပြောတော့ဘူး။ အဲဒီအတောအတွင်းမှာ၊ ညီအစ်ကို မောင်နှမတွေက သူ့အလုပ်ထဲက ပြဿနာတွေအကြောင်း ကျွန်မကို ဆက်ပြောခဲ့ကြတယ်။ သူ့ကို ကျွန်မ ပြစ်တင်မောင်းမဲပြီး ကိုင်တွယ်ဖြေရှင်းချင်ခဲ့ပေမဲ့၊ သူ့ကို ရင်ဆိုင်တဲ့အခါ၊ ကိုယ့်နှုတ်ကို မဟနိုင်ခဲ့ဘူး။ အကြိမ်အနည်းငယ် စကားလုံးတွေ ထွက်လာလုနီးနီး ဖြစ်ပေမဲ့ ကျွန်မ မျိုသိပ်ခဲ့တယ်။ နောက်ပိုင်းမှာ အစ်မလီက သူ့တာဝန်မှာ ဘယ်လိုလုပ်နေတယ်ဆိုတာ သိရဖို့ ကြီးကြပ်ရေးမှူး လာတယ်။ အခြားသူတွေနဲ့ပတ်သက်တဲ့ စည်းမျဉ်းတွေအပေါ် အခြေခံသုံးသပ်ပြီး၊ အစ်မလီက စီမံအုပ်ချုပ်ရေး အလုပ်ကို ဆက်လုပ်ဖို့ မသင့်တော်ဘူးလို့ သူ ဆုံးဖြတ်လိုက်သလို၊ သူ့ကို မကြာခင် ထုတ်ဖို့ ကျွန်မကို တိုက်တွန်းတယ်။ ဒါပေမဲ့ ကြီးကြပ်သူအနေနဲ့ အစ်မလီက အထုတ်ခံရတာ မကြာသေးဘူးလေ။ လက်ရှိတာဝန်ကနေ သူ အခု ဖယ်ရှားခံရရင်၊ ထိုးနှက်ချက်ကို သူ ခံနိုင်ပါ့မလား။ အဲဒါကို သူ ခံယူနိုင်ပါ့မလား။ အဲဒီအချိန်မှာပဲ၊ အရင်က ကျွန်မကို သူ ကူညီခဲ့တဲ့ ပုံရိပ်တွေ စိတ်ထဲတဖျပ်ဖျပ် ပေါ်လာခဲ့တယ်။ အဲဒီရက်တွေမှာ၊ သူ့ကို ရင်ဆိုင်ဖို့ တွေးကြည့်တော့၊ ကျွန်မ စိတ်မချမ်းမသာဖြစ်ပြီး စိတ်ပျက်ရတယ်။ ညတော်တော်များများ၊ ကျွန်မ လူးလှိမ့်ပြီး အိပ်လို့မရဘူး။ ကျွန်မ အထုတ်ခံခဲ့ရတဲ့အချိန်လောက်ကို ဆိုးဆိုးရွားရွား ခံစားခဲ့ရတယ်။ ကျွန်မ မတွေးဘဲမနေနိုင်ခဲ့ဘူး၊ “အရင်က သူ ငါ့ကို ကြင်နာခဲ့ပေမဲ့၊ သူ့ကို အခု ငါ ကိုယ်တိုင် ထုတ်ပြီး သူ့ရဲ့ အပြုအမူကို ဖော်ထုတ်ရမှာ။ ငါက ကျေးဇူးကန်းတဲ့လူလို့ သူ ထင်ပြီး အဲဒီအတွက် ငါ့ကို မကျေမချမ်း ဖြစ်မလား”ပေါ့။ ကိုယ့်စိတ်ထဲက ဝေဖန်ရှုတ်ချမှုကို ရှောင်ဖို့၊ အစ်မလီနဲ့ မိတ်သဟာယပြုဖို့ ကြီးကြပ်ရေးမှူးကို တောင်းဆိုချင်ခဲ့ပေမဲ့၊ သူ့နောက်မှာ ရပ်ပြီး နည်းနည်းပြောတာ၊ ဆင်ခြေတစ်ခုပေးတာတောင် လုံးဝ အလုပ်မဖြစ်ခဲ့ဘူး။ ဒါပေမဲ့ ဒီလိုရည်ရွယ်ချက်တွေက စက်ဆုပ်စရာနဲ့ ရှက်စရာဖြစ်မှန်း သိခဲ့လို့၊ အကျပ်ရိုက်တာနဲ့ ပိတ်မိနေခဲ့တယ်။ ဝေဒနာနဲ့ ဘုရားဆီ ကျွန်မ ဆုတောင်းတယ်၊ “ဘုရားသခင်၊ အစ်မလီကို ထုတ်ပယ်တာက မှန်မှန်း ကျွန်မ သိပေမဲ့၊ ဘာလို့ ကျွန်မအတွက် အရမ်းခက်ခဲရတာလဲ။ ဘုရားသခင်၊ ကျွန်မပြဿနာက ဘယ်မှာလဲ။ ကိုယ့်ကိုယ်ကိုယ် သိအောင် လမ်းပြတော်မူပါ” လို့ပေါ့။

ဆုတောင်းပြီးတဲ့နောက်မှာ၊ တွေးမိတယ်၊ တခြားလူတွေကို ထုတ်ပယ်ချိန်မှာ သိပ်မခက်ခဲ့ဘူး၊ ဒီတော့ ဘာလို့ အစ်မလီကို ထုတ်ပယ်တာကို ငါဘာလို့ အရမ်း မပြတ်မသား ဖြစ်ရတာလဲလို့ပေါ့။ ရှာဖွေရင်းနဲ့၊ ဒီဘုရားနှုတ်ကပတ်တော်တွေ ဖတ်ခဲ့ရတယ်။ “လူအချို့သည် အလွန့်အလွန် စိတ်အာရုံခံစားချက် ပြင်းပြကြလေသည်။ နေ့စဉ် ၎င်းတို့ ပြောဆိုသမျှနှင့် အခြားသူများအပေါ် ပြုမူသည့်နည်းလမ်း အားလုံး၌ ၎င်းတို့၏စိတ်ခံစားချက်များအားဖြင့် ၎င်းတို့ အသက်ရှင်နေထိုင်နေကြလေသည်။ ၎င်းတို့သည် ဤလူ၊ ထိုလူအပေါ် ချစ်ခင်မှု ခံစားကြပြီး နေ့တိုင်း မျက်နှာသာ ပြန်ပေးပြီး ခံစားချက်ကောင်းများ ပြန်ပေးရန် တာဝန်ရှိသည်ဟု ခံစားကြရလေသည်။ ၎င်းတို့ လုပ်ဆောင်သည့်အရာတိုင်းတွင်၊ စိတ်ခံမှု နယ်ပယ်ထဲတွင် ၎င်းတို့ အသက်ရှင်ကြလေသည်။...စိတ်ခံစားချက်များသည် ဤလူ၏ ဆိုးဆိုးရွားရွား ချို့ယွင်းချက် ဖြစ်သည်ဟု သင်ဆိုနိုင်သည်။ ၎င်းတို့လုပ်ဆောင်သမျှကို ၎င်းတို့၏စိတ်ခံစားချက်များက စိုးမိုးထားသည်၊ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်းမရှိပေ၊ သို့မဟုတ် အခြေခံသဘောတရားအတိုင်း ပြုမူနိုင်စွမ်း မရှိပေ၊ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်ကို မကြာခဏ ဆန့်ကျင်ပုန်ကန်တတ်သည်။ စိတ်ခံစားချက်များသည် ၎င်းတို့၏ အကြီးမားဆုံး အားနည်းချက်၊ ၎င်းတို့၏ ဆိုးဆိုးရွားရွား ချို့ယွင်းချက်ဖြစ်ပြီး ၎င်းတို့အား လုံးလုံး ပျက်စီးစေနိုင်သည်။ အလွန်အကျွံ စိတ်လှုပ်ရှား ထိခိုက်လွယ်သောသူများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း မရှိပေ၊ သို့မဟုတ် ဘုရားသခင်ကို နာခံနိုင်စွမ်း မရှိပေ။ ၎င်းတို့သည် ဇာတိပကတိ၊ မိုက်မဲမှု၊ နားဝေတိမ်တောင်ဖြစ်ခြင်းတို့ဖြင့် ဖိစီးနေတတ်သည်။ ထိုသို့သော လူများသည် သဘာဝအားဖြင့် စိတ်အာရုံခံစားချက်ပြင်းပြသည်၊ ၎င်းတို့သည် မိမိတို့၏ စိတ်ခံစားချက်များဖြင့် အသက်ရှင်ကြသည်။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း”) “မည်သည့်အရာက စိတ်ခံစားချက်များကို ပုံဖော်သနည်း။ အပြုသဘောဆောင်သည့်အရာတစ်ခုမျှမဟုတ်သည်မှာ သေချာသည်။ ယင်းသည် ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများကို အာရုံစိုက်ခြင်းဖြစ်ပြီး ဇာတိပကတိ၏ မက်မောမှုကို ဖြည့်ဆည်းပေးခြင်းဖြစ်သည်။ မျက်နှာသာပေးခြင်း၊ အခြားလူများအတွက် ဆင်ခြေများပေးခြင်း၊ လွန်စွာချစ်ခင်ခြင်း၊ အလိုလိုက်ခြင်း၊ မွေ့လျော်ခြင်းတို့အားလုံးသည် စိတ်ခံစားချက်များဖြစ်သည်။ လူအချို့သည် စိတ်ခံစားချက်များကို အလွန်အရေးပေးကြသည်။ ၎င်းတို့အပေါ်တွင် ဖြစ်ပျက်သည့်အရာမှန်သမျှကို ၎င်းတို့၏ စိတ်ခံစားချက်များအရ တုံ့ပြန်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ဤသည်မှာ မှားယွင်းသည်ကို ကောင်းစွာ သိသည်။ သို့တိုင်အောင် စည်းမျဉ်းအတိုင်း ဆောင်ရွက်ဖို့ မဆိုထားနှင့်။ အရှိအတိုင်းမြင်ရန်ပင် မစွမ်းဆောင်နိုင်သေးပေ။ လူတို့သည် စိတ်ခံစားချက်၏ စိုးမိုးခြင်းကို အစဉ်ခံရသောအခါတွင် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်းရှိပါသလား။ ဤသည်မှာ အလွန်အမင်း ခက်ခဲသည်။ လူများစွာက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် မတတ်စွမ်းနိုင်ခြင်းမှာ စိတ်ခံစားချက်များအပေါ်တွင် မူတည်သည်။ ၎င်းတို့သည် စိတ်ခံစားချက်များကို အထူးအရေးကြီးသည်ဟု မှတ်ယူသည်။ စိတ်ခံစားချက်များကို ဦးစားပေးသည်။ ၎င်းတို့သည် သမ္မာတရားကို ချစ်သောလူများဖြစ်သလော။ သေချာပေါက်မဟုတ်ပေ။ အနှစ်သာရအရ စိတ်ခံစားချက်များသည် မည်သည့်အရာနည်း။ ယင်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအမျိုးအစားတစ်ခုဖြစ်သည်။ စိတ်ခံစားချက်များ၏ သရုပ်သကန်များကို စကားလုံးအချို့ကို အသုံးပြုခြင်းအားဖြင့် ဖော်ပြနိုင်သည်။ မျက်နှာသာပေးခြင်း၊ အလွန်အကျွံ ကာကွယ်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများကို ထိန်းသိမ်းခြင်း၊ ဘက်လိုက်ခြင်း၊ ဤအရာတို့သည် စိတ်ခံစားချက်များဖြစ်သည်။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သမ္မာတရား၏စစ်မှန်မှုဆိုသည်မှာ အဘယ်နည်း။”) ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီးတဲ့နောက်မှာပဲ အစ်မလီကို ခင်တွယ်မှုက အားကောင်းလွန်းပြီး ကိုယ့်ခံစားချက်တွေရဲ့ ဘောင်ခတ်တာ အမြဲခံရလို့ အစ်မလီကို ထုတ်ပယ်တာက ကျွန်မကို အရမ်း စိုးရိမ်၊ နာကျင်၊ ကသိကအောက် ဖြစ်စေခဲ့မှန်း သဘောပေါက်ခဲ့တယ်။ အစ်မလီက တစ်ခါ ကျွန်မကို ကူညီပြီး ကြင်နာပေးခဲ့လို့ သူ့ကို ကျွန်မ ကျေးဇူးတင်ရမယ်လို့ တွေးခဲ့တာပဲ။ သူ့တာဝန်ကို ဖြစ်သလိုလုပ်တာ၊ အလုပ်ကို နှောင့်နှေးစေပြီး ပြောင်းလဲဖို့ ငြင်းတာ မြင်တော့၊ သူ့ကို ပြုပြင်၊ ကိုင်တွယ်ဖြေရှင်းပေးသင့်မှန်း သေချာ သိခဲ့ပေမဲ့၊ သူ့ကိုယ့်ကိုယ်ကိုယ် လေးစားမှုကို ဖျက်စီးမိပြီး ကျွန်မကို စိတ်ဆိုးသွားမှာ ကြောက်လို့၊ အဲဒီအကြောင်းကို ညင်ညင်သာသာပဲ ပြောပြီး ပြဿနာကို ဒီအတိုင်းထားခဲ့တယ်။ မမှန်တဲ့ အမြင်တွေ သူ ကိုင်စွဲခဲ့ပေမဲ့ လူတွေ သူ့ကို အတင်း နားထောင်၊ နာခံစေခဲ့တယ်၊ အဲဒါက ဆိုးရွားတဲ့ အနှောင့်အယှက်ဖြစ်စေရင်းနဲ့ အလုပ်ဆွေးနွေးမှုတွေကို ခဏခဏ ရပ်သွားစေခဲ့တယ်။ ခဏကြာပြီးတဲ့နောက်၊ သူ့ကို ကျွန်မ မဖော်ထုတ်နိုင်၊ ကိုင်တွယ်မဖြေရှင်းနိုင်ခဲ့ဘူး။ အစ်မလီက သူ့တာဝန်ကို ဘယ်လိုလုပ်နေတယ်ဆိုတာ လာမေးတော့၊ သူ အထုတ်ခံရမှာ စိုးရိမ်လို့၊ ကျွန်မ လိမ်ပြီး ကြီးကြပ်ရေးမှူးကို စိတ်ရှုပ်ထွေးအောင်၊ မှန်မှန်ကန်ကန် မစီရင်နိုင်အောင် မျှော်လင့်ရင်းနဲ့ ပြောင်းလဲဖို့ သူကြိုးစားနေတယ်လို့ ပြောလိုက်တယ်။ အစ်မလီက စည်းမျဉ်းတွေမရှိဘဲ တာဝန်ကိုလုပ်ပြီး အလှူငွေတွေကို ဖြုန်းတီးခဲ့မှန်း မြင်တော့၊ သူ့ကို အပြစ်မတင်ခဲ့သလို၊ ကြောင်းကျိုးမမြင်ဘဲ ကာကွယ်ပြီး လိုက်လျောခဲ့တယ်။ ခုတော့ သူ့ကို ကျွန်မ ထုတ်ပြီး သူ့အပြုအမူကို ဖော်ထုတ်ရမှာဖြစ်သလို၊ ကြီးကြပ်ရေးမှူးကို အဲဒါ လုပ်ခိုင်းချင်တယ်။ ကျွန်မစိတ်ခံစားချက်တွေက အရမ်း အားကောင်းပြီး၊ သမ္မာတရား လက်တွေ့လုပ်တဲ့ သက်သေခံချက်အားလုံး ကင်းမဲ့ခဲ့တယ်။ အစ်မလီကို ကာကွယ်ပြီး ကျွန်မကို သူ မကျေမချမ်းမဖြစ်အောင်၊ ကျေးဇူးကန်းတဲ့သူလို့ မခေါ်အောင်၊ ဘုရားအိမ်တော်ရဲ့ အလုပ်အတွက် အလေးမထားဘဲ၊ သူ့ကို ဆက်ကာကွယ်ပြီး လိုက်လျောခဲ့တယ်။ စိတ်ခံစားချက်တွေထဲမှာ ကျွန်မအသက်ရှင်ခဲ့တယ်၊ သူ့ဇာတိကို ဂရုစိုက်ခဲ့ပြီး၊ ကိုယ်ရေးကိုယ်တာ ဆက်ဆံရေးကို ကာကွယ်ခဲ့တယ်။ ဒါဟာ သူ့ကို ချစ်ချစ်ခင်ခင် ကူညီတာလို့တောင် တွေးခဲ့တယ်၊ ဒါပေမဲ့ တကယ်တော့၊ လောကီ အတွေးအခေါ်ထဲမှာ ကျွန်မ ပတ်သက်နေခဲ့တာပဲ။ အစ်မလီ ကျွန်မအပေါ် သဘောကျစေချင်တာနဲ့ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ရင်းခဲ့တယ်။ ကျွန်မ လုပ်သမျှက ကိုယ်ကျိုးအတွက်ပဲ။ ကျွန်မက အရမ်းဆိုးယုတ်ပြီး စက်ဆုပ်စရာပဲ။ ကျွန်မ နက်နက်ရှိုင်းရှိုင်း နောင်တရမိတယ်။ စိတ်ခံစားချက်နဲ့ ကျွန်မ ပြုမူနေမိခဲ့တာပဲ၊ အဲဒါက ဘုရားအိမ်တော်ရဲ့ အလုပ်ကို ထိခိုက်နစ်နာစေပြီး၊ ဘုရားကို ကျွန်မအပေါ် မုန်းတီးစေခဲ့တယ်။ စိတ်ခံစားချက်နဲ့ ဆက်ပြုမူခဲ့ပြီး သမ္မာတရားကို လက်တွေ့မလုပ်ခဲ့ရင်၊ တစ်နေ့မှာ ကျွန်မ စွန့်ပစ်ခံရမှာပဲ။

အဲဒီနောက်၊ ကျွန်မ တွေးမိတယ်၊ “ဘာလို့ သမ္မာတရားရဲ့ စည်းမျဉ်းတွေကို ဆန့်ကျင်တဲ့ စိတ်ခံစားချက်နဲ့ ကိစ္စတွေအများကြီး ငါ လုပ်ခဲ့တာလဲ”ပေါ့။ ရှာဖွေရာမှာ၊ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ခဲ့ရတယ်။ “စိတ်ဓာတ်လှုံ့ဆော်မှုများသည် လူတို့၏ အခြေအနေများ၏ ရှင်းလင်းသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အတွေ့ရအများဆုံးတစ်ခုဖြစ်သည်။ လူတို့တွင် မိမိတို့၏ ကိုယ်ပိုင်အတွေးများနှင့် စိတ်ဓာတ်လှုံ့ဆော်မှုများ ရှိသည်။ ထိုသို့သော အတွေးများနှင့် စိတ်ဓာတ်လှုံ့ဆော်မှုများ ဖြစ်ပေါ်သောအခါ လူတို့သည် ယင်းတို့ကို သဘာဝကျသည်ဟု ထင်မြင်ကြသည်။ သို့သော် အချိန်အများစုတွင် ယင်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးအတွက်၊ ၎င်းတို့၏ ကိုယ်ပိုင်မာနနှင့် အကျိုးစီးပွားများအတွက်ဖြစ်သည်။ ထိုသို့မဟုတ်လျှင် တစ်စုံတစ်ခုကို ဖုံးကွယ်ရန်၊ သို့မဟုတ် မိမိတို့ကိုယ်ကိုနည်းလမ်းအချို့ဖြင့် ကျေနပ်စေရန်ဖြစ်သည်။ ထိုသို့သော အချိန်များတွင် သင်သည် သင်၏ စိတ်ဓာတ်လှုံ့ဆော်မှုများ မည်သို့ဖြစ်ပေါ်လာသည်၊ မည်သည့်အရာက ယင်းကို ဖြစ်ပေါ်စေသည်ကို စစ်ဆေးရမည်။ ဥပမာ ဘုရားအိမ်တော်က သင့်ကို အသင်းတော် ရှင်းလင်းရေးအလုပ် လုပ်ဆောင်ရန် စေခိုင်းပြီး၊ မိမိတာဝန်တွင် အစဉ်သဖြင့် ပေါ့ဆပြီး ဝတ်ကျေတမ်းကျေပြုသော၊ အစဉ်သဖြင့် လျှော့ပေါ့လုပ်ဆောင်ရန် နည်းများကို ရှာဖွေနေသောသူတစ်ယောက်ရှိသည်။ စည်းမျဉ်းအရ ဤလူကို ထုတ်ပယ်သင့်သည်။ သို့သော် သင်သည် ထိုသူနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသည်။ ဤသို့ဆိုလျှင် သင့်၌ မည်သို့သောအတွေးများနှင့် စိတ်ဓာတ်လှုံ့ဆော်မှုများ ဖြစ်ပေါ်မည်နည်း။ (ကျွန်ုပ်၏ ကိုယ်ပိုင်နှစ်သက်မှုများနှင့်အညီ ဆောင်ရွက်ခြင်း ဖြစ်သည်။) ဤနှစ်သက်မှုများကို မည်သည့်အရာက ဖြစ်ပေါ်စေသနည်း။ ဤလူသည် သင့်အပေါ် ကောင်းသောကြောင့်၊ သို့မဟုတ် သင့်အတွက် ကိစ္စများ ဆောင်ရွက်ပေးသောကြောင့် ထိုသူအပေါ်တွင် သင်သည် ကောင်းသောအမြင်တစ်ခုရှိသည်။ ထို့ကြောင့် ဤအချိန်တွင် သင်သည် ထိုသူကို ကာကွယ်ချင်သည်။ ခုခံပေးချင်သည်။ ဤသည်မှာ စိတ်ခံစားချက်များ၏ သက်ရောက်မှုမဟုတ်သလော။ သင်သည် ထိုသူအပေါ် စိတ်ခံစားချက်ဖြစ်သည်။ ထို့ကြောင့် ‘အထက်အာဏာပိုင်များက မူဝါဒများရှိစဉ်တွင် နယ်ခံများက တန်ပြန်သော နည်းလမ်းများရှိသည်’ ဟူသည့် နည်းလမ်းကို သင် အသုံးပြုသည်။ သင်သည် လိမ်ညာလှည့်စားနေခြင်းဖြစ်သည်။ တစ်ဖက်တွင် သင်က ‘ကိစ္စတွေကို လုပ်တဲ့အခါမှာ သင် နည်းနည်းပိုကြိုးစားရမယ်။ ပေါ့ဆပြီး ဝတ်ကျေတမ်းကျေလုပ်နေတာကို ရပ်ပါ။ နည်းနည်း ဆင်းရဲဒုက္ခခံရမယ်။ ဒါ ကျွန်တော်တို့တာဝန်ဖြစ်တယ်’ ဟူ၍ ထိုသူကို ပြောသည်။ အခြားတစ်ဖက်တွင် သင်က အထက်ကို ပြန်ပြောပြီး ‘သူက ပိုကောင်းလာပါတယ်။ အခု တာဝန်ထမ်းဆောင်တဲ့အခါမှာ ပိုထိရောက်လာတယ်’ ဟူ၍ ပြောသည်။ သို့သော် သင်၏ စိတ်တွင် အမှန်တကယ်စဉ်းစားနေသည်မှာ ‘ဒါ ငါ သူ့အပေါ် လုပ်ပေးလိုက်လို့ပဲ။ ငါမလုပ်ခဲ့ရင် သူက အရင်လိုပဲ ဖြစ်နေမှာပဲ’ ဟူ၍ ဖြစ်သည်။ သင်၏ စိတ်တွင် ‘သူက ငါ့အပေါ်ကောင်းတယ်။ သူ့ကို ထုတ်ပစ်လို့ မရဘူး’ ဟူ၍ သင်က အစဉ် စဉ်းစားနေသည်။ ဤသို့သောအရာများသည် သင်၏ စိတ်နှလုံးတွင်ရှိသောအခါ ဤသည်မှာ မည်သည့်အခြေအနေဖြစ်သနည်း။ ဤသည်မှာ သမ္မာတရားစည်းမျဉ်းများကို စွန့်လွှတ်ခြင်းနှင့် တစ်ကိုယ်ရေ စိတ်ခံစားချက်ဆိုင်ရာ ဆက်ဆံရေးများကို ကာကွယ်ခြင်းအားဖြင့် ဘုရားအိမ်တော်၏ အလုပ်ကို ထိခိုက်နေခြင်းဖြစ်သည်။ ဤသို့ သင်လုပ်ဆောင်ရာတွင် နာခံခြင်းရှိပါသလော။ (မရှိပါ။) နာခံခြင်းမရှိပေ။ သင့်စိတ်နှလုံးတွင် အာခံခြင်းရှိသည်။ သင်သည် ကိုယ်ပိုင်စိတ်ကူးများရှိပြီး သင့်တွင်ဖြစ်ပျက်သောအရာများနှင့် သင်လုပ်ဆောင်ရမည့်အလုပ်အပေါ် မိမိ၏ ဘက်လိုက်သော အကဲဖြတ်မှုများကို ပြုလုပ်သည့်အခါ ဤတွင် စိတ်ခံစားချက်ဆိုင်ရာ အချက်များ ရောနှောနေသည်။ သင်သည် စိတ်ခံစားချက်များအရ အမှုအရာများကို လုပ်ဆောင်နေသည်။ သို့တိုင်အောင် သင်သည် မျက်နှာမလိုက်ဘဲ ဆောင်ရွက်နေသည်၊ သင်သည် လူတို့ကို နောင်တရရန် အခွင့်အရေးပေးနေသည်၊ သင်သည် ၎င်းတို့ကို ချစ်ခင်သော အကူအညီပေးနေသည်ဟု ယုံကြည်နေဆဲဖြစ်သည်။ ထို့ကြောင့် သင်က သင်ဆန္ဒရှိသလိုပြုမူသည်၊ ဘုရားသခင်ပြောသည့်အတိုင်း မပြုလုပ်ပေ။ ဤသို့ လုပ်ဆောင်ခြင်းသည် အလုပ်ကို အပြည့်အဝ မဆောင်ရွက်ခြင်းဖြစ်သည်။ ယင်းသည် ထိရောက်မှုကို လျော့နည်းစေပြီး အသင်းတော်အလုပ်ကို ထိခိုက်သည်။ ထိုအရာအားလုံးသည် စိတ်ခံစားချက်အတိုင်း ဆောင်ရွက်ခြင်း၏ ရလဒ်ဖြစ်သည်။ ဤအရာများကို သင် မသုံးသပ်လျှင် ဤနေရာတွင် ပြဿနာကို သင် ခွဲခြားဖော်ထုတ်နိုင်မည်လော။ မည်သည့်အခါမျှ ဖော်ထုတ်နိုင်လိမ့်မည် မဟုတ်ပေ။ ဤနည်းဖြင့် ဆောင်ရွက်ခြင်းသည် မှားယွင်းကြောင်း၊ ဤသည်မှာ နာခံမှုကင်းမဲ့ခြင်းဖြစ်ကြောင်း သင် သိကောင်းသိနိုင်သည်။ သို့သော် သင်သည် ယင်းကို သေချာစဉ်းစားပြီး ‘ငါ သူ့ကို ချစ်ခြင်းနဲ့ ကူညီရမယ်။ သူ့ကို ကူညီပေးပြီး ပိုကောင်းလာပြီးတဲ့နောက်မှာ သူ့ကို ရှင်းပစ်ဖို့ လိုမှာမဟုတ်ဘူး။ ဘုရားသခင်က လူတွေကို နောင်တရဖို့ အခွင့်အရေးမပေးဘူးလား။ ဘုရားက လူတွေကို ချစ်တယ်။ ဒါကြောင့် ငါသူတို့ကို ချစ်ခြင်းနဲ့ ကူညီရမယ်။ ဘုရားသခင် ခိုင်းတဲ့အတိုင်း ငါလုပ်ရမယ်’ ဟု သင့်ကိုယ်သင် ပြောသည်။ ဤအရာများကို စဉ်းစားပြီးနောက် သင်သည် အမှုအရာများကို မိမိသဘောအတိုင်း လုပ်ဆောင်သည်။ ထို့နောက်တွင် သင်၏ စိတ်နှလုံးသည် သက်သာရာရသည်။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည်ဟု ခံစားရသည်။ ဤဖြစ်စဉ်အတောအတွင်းတွင် သင်သည် သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်ခဲ့သလော၊ သို့မဟုတ် သင်၏ ကိုယ်ပိုင်နှစ်သက်မှုများနှင့် စိတ်ဓာတ်လှုံ့ဆော်မှုများနှင့်အညီ ဆောင်ရွက်ခဲ့သလော။ သင်၏ လုပ်ဆောင်မှုများသည် လုံးဝ သင်၏ ကိုယ်ပိုင်နှစ်သက်မှုများနှင့် စိတ်ဓာတ်လှုံ့ဆော်မှုများနှင့်အညီပင် ဖြစ်သည်။ ဖြစ်စဉ်တစ်ခုလုံးတွင် သင်သည် ကိစ္စများ ချောမွေ့စေရန်အတွက် ကြင်နာခြင်းနှင့် ချစ်ခြင်းဆိုသောအရာကို အသုံးပြုပြီး စိတ်ခံစားချက်များနှင့် ဆက်ဆံရေးဆိုင်ရာ အတွေးအခေါ်များကိုပါ အသုံးပြုသည်။ သင်သည် ကြားနေဖို့ ကြိုးစားသည်။ သင်က ဤလူကို ချစ်ခြင်းနှင့် ကူညီသကဲ့သို့ရှိသည်။ သို့သော် သင်၏ စိတ်နှလုံးတွင် သင်သည် အမှန်တွင် စိတ်ခံစားချက်၏ ထိန်းချုပ်ခြင်းကို ခံရပြီး အထက်က သိရှိသွားမည်ကို ကြောက်ရွံ့ကာ ထိုသူကို ညှိနှိုင်းပြီး စည်းရုံးရန် ကြိုးစားသည်။ ဤသို့ဖြင့် မည်သူမျှ စိတ်မကျေမနပ်မဖြစ်ဘဲ အလုပ်ပြီးသွားရန်ဖြစ်သည်။ ယင်းမှာ မယုံကြည်သူများက ကြားနေရန် ကြိုးစားသည့်အရာနှင့် အတူတူပင်ဖြစ်သည်။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ဘုရားသခင်အပေါ် လူသားထားရှိသင့်သည့် သဘောထား”) ဘုရားနှုတ်ကပတ်တော် ဖတ်ပြီးတဲ့နောက်မှပဲ နားလည်သွားတော့တယ်။ အစ်မလီမှာ ပြဿနာတွေ ရှိမှန်းသိပေမဲ့ ဘာလို့ ကျွန်မက သူ့ကို မဖော်ထုတ်ခဲ့သလို၊ ကာကွယ်ပေးနေခဲ့သေးလဲပေါ့။ ဘာလို့လဲဆိုတော့ သူ့ကို ကျွန်မအပေါ် သဘောကျစေချင်လို့ပဲ။ တကယ်တော့ ကျွန်မက “ညောင်စေ့လောက် ကျေးဇူးပြုခံရရင်၊ ညောင်ပင်ကြီးလောက် ပြန်ဆပ်” သင့်တယ်ဆိုတဲ့ စိတ်ကူးရဲ့ ထိန်းချုပ်တာ ခံခဲ့ရတာပဲ။ ဒီစိတ်ကူးကို တခြားလူတွေနဲ့ ဆက်ဆံရေးအတွက် ကိုယ့်ရဲ့စည်းမျဉ်းလို ကျွန်မ သုံးခဲ့တယ်။ လူတွေက တခြားလူနေတွေနဲ့ပတ်သက်လို့ ကြင်နာပြီး သစ္စာစောင့်သိသင့်တယ်လို့ ကျွန်မ ယုံကြည်ခဲ့တယ်၊ ဒါကြောင့် ကျွန်မကို ကြင်နာရင်၊ ကြင်နာမှုကို ကျွန်မ နှစ်ဆပြန်ပေးရမယ်လို့ပေါ့။ မဟုတ်ရင်၊ ကျွန်မက ကျေးဇူးကန်းတဲ့သူဖြစ်မှာ ဖြစ်လို့၊ တခြားလူတွေရဲ့ ရှုတ်ချ၊ ပစ်ပယ်တာ ခံရမှာပဲ။ ဒါကြောင့် အစ်မလီက ကျွန်မကို ကူညီနေပြီး ဂရုစိုက်နေခဲ့တဲ့အပြင်၊ ကျွန်မအတွက် ထုတ်ပြောပေးခဲ့တာကို မြင်တော့၊ သူ့ကို ပြန်ဆပ်ရမယ်လို့ ခံစားခဲ့ရတယ်။ သူ့တာဝန်ကို အစ်မလီက တစ်သမတ်တည်း ဖြစ်သလိုလုပ်နေတာ မြင်တော့၊ သူ့ကို မဖော်ထုတ်ဖို့နဲ့ မကိုင်တွယ်မဖြေရှင်းဖို့ စည်းမျဉ်းတွေကို ချိုးဖောက်ပြီး ဘုရားအိမ်တော်ရဲ့ အကျိုးတွေကို နစ်နာစေခဲ့တယ်။ ပိုဆိုးတာက၊ သူ့ကို ကူညီဖို့ ချစ်ခြင်းမေတ္တာနဲ့ မိတ်သဟာယကို ကြောင်းကျိုးမမြင်ဘဲ ဆက်ပေးနေမိခဲ့ပြီး၊ သူက ဖြစ်သလိုလုပ်ပြီး အသင်းတော်အလုပ်ကို နှောင့်ယှက်နေတာကို ဖုံးဖိဖို့ လိမ်ညာပြီး လှည့်စားခဲ့တယ်။ ကျွန်မက တခြားလူတွေကို ကျေးဇူးသိတတ်ပြီး ကြင်နာတယ်လို့ လူတွေထင်စေဖို့ သက်သက်နဲ့ ဒါကို လုပ်ခဲ့တာပဲ။ ဘုရားနှုတ်ကပတ်တော် ထုတ်ဖော်ပြတဲ့အရာကတစ်ဆင့်၊ ဒီစိတ်ကူးတွေက လူတွေကို စိတ်ရှုပ်ထွေးစေပြီး ဖောက်ပြန်ပျက်စီးစေမှန်း နောက်ဆုံးမှာ ကျွန်မ တွေ့ခဲ့ရတယ်။ အမှား၊ အမှန်ကို မသိဘဲ ဒီအရာတွေနဲ့ ကျွန်မ အသက်ရှင်ခဲ့သလို၊ စည်းမျဉ်းတွေမရှိဘဲ ပြုမူခဲ့တယ်။ အပြင်ပန်းမှာ၊ ကိုယ့်တာဝန်ကို ထမ်းဆောင်နေခဲ့ပေမဲ့၊ တကယ်တော့၊ ဘုရားကို နာခံမှုတစ်ခုမှမရှိဘဲ ကိုယ့်သဘောအတိုင်း ကိစ္စတွေကို လုပ်နေခဲ့တာ။ အသင်းတော်အလုပ်ကိုတောင် ကျွန်မ တားဆီးခဲ့ပြီး မသိလိုက်ဘဲနဲ့ ဘုရားကို အာခံခဲ့တယ်။ ဘုရားကို ယုံကြည်ပေမဲ့၊ သမ္မာတရားကို လက်တွေ့မလုပ်သလို ဒီအရာတွေနဲ့ အသက်ရှင်နေတုန်းပဲဆိုရင်၊ ကျွန်မတို့ရဲ့ အပြင်ပန်း အပြုအမူက ဘယ်လိုပဲ ကောင်းပြီး၊ လူတွေနဲ့ ဘယ်လိုပဲ အဆင်ပြေပါစေ၊ ဘုရားအမြင်မှာ၊ ကျွန်မတို့က ဘုရားကို အာခံတဲ့သူတစ်ယောက် ဖြစ်နေတုန်းပဲ။ အဲဒီအခါမှပဲ ဒီအဓိပ္ပာယ်မရှိ၊ စက်ဆုပ်စရာ ဆိုးယုတ်တဲ့ ရှုထောင့်အမြင်တွေအပေါ် သိမြင်မှုတချို့ ရခဲ့တယ်။ ဒီအရာတွေအားလုံး စာတန်ဆီကနေလာပြီး သမ္မာတရားနဲ့ ဆန့်ကျင်မှန်း တွေ့ခဲ့တယ်။ အားလုံးက လူ့အကျိုး၊ အလိုတွေနဲ့ ညစ်ညမ်းနေသလို၊ ဆိုးယုတ်ပြီး အကျည်းတန်တယ်။ အဲဒါတွေက ကျွန်မ ဆောင်ရွက်၊ ပြုမူနေထိုင်တဲ့ စံတွေ မဖြစ်သင့်ဘူး။

ရက်နည်းနည်း ကြာတော့ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို တွေ့ခဲ့ပြီး၊ ဒီကိစ္စရဲ့ အနှစ်သာရအပေါ် သိနားလည်မှုတချို့ ရခဲ့တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “သင်သစ္စာရှိသောအရာမှာ ဘုရားနှုတ်ကပတ်တော်မဟုတ်ပေ။ သင့်အတွက် ဘုရားသခင်၏ စေခိုင်းချက်တာဝန်မဟုတ်သကဲ့သို့၊ ဘုရားသခင်မဟုတ်ပေ။ ယင်းသည် ရှင်သန်နေထိုင်ခြင်းအတွက် ဆိုးယုတ်သည့် အတွေးအခေါ်ဖြစ်ပြီး ဆိုးယုတ်သော ဆင်ခြင်တွေးခေါ်မှုစနစ်ဖြစ်သည်။ သင်သည် ဘုရားသခင်နှင့် ဘုရားနှုတ်ကပတ်တော်ကို ပြောင်ပြောင်တင်းတင်း သစ္စာဖောက်လျက် ဘုရားသခင်ကို ယုံကြည်သည်။ ဤသည်မှာ ကြီးလေးသော ပြဿနာတစ်ခုဖြစ်သည်မဟုတ်လော။...ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် သင်၏ တာဝန်များကို ထိန်းသိမ်းရန် ပျက်ကွက်ခြင်းသက်သက် မဟုတ်ပေ။ ဤသည်မှာ ရှင်သန်နေထိုင်ခြင်းအတွက် စာတန်၏ အကြံအစည်များနှင့် အတွေးအခေါ်ကို အမှန်တရားအဖြစ် မှတ်ယူခြင်း၊ လိုက်နာပြီး လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်။ သင်သည် စာတန်ကို လိုက်နာနေပြီး ဆိုးယုတ်သော အတွေးအခေါ်တစ်ခုဖြင့် အသက်ရှင်နေခြင်းဖြစ်သည်မဟုတ်လော။ ဤသို့ လုပ်ဆောင်ခြင်းသည် ဘုရားနှုတ်ကပတ်တော်များကို လိုက်နာသူဖြစ်ဖို့ မဆိုထားနှင့်။ ဘုရားသခင်ကို နာခံသည့်သူပင်မဟုတ်ဆိုသည့် အဓိပ္ပာယ်ဖြစ်သည်။ သင်သည် လူလိမ်လူညစ်တစ်ယောက်ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များကို ဘေးဖယ်ပြီး ထိုအစား ဆိုးယုတ်သော စကားရပ်တစ်ခုကို ယူပြီး အမှန်တရားအဖြစ် လက်တွေ့လုပ်ဆောင်ခြင်းသည် သမ္မာတရားနှင့် ဘုရားသခင်ကို သစ္စာဖောက်ခြင်းဖြစ်သည်။ သင်သည် ဘုရားသခင်၏ အိမ်တော်တွင် အလုပ်လုပ်သည်။ သို့တိုင်အောင် ရှင်သန်ုခြင်းအတွက် ဆိုးယုတ်သော ဆင်ခြင်တွေးခေါ်မှုစနစ်နှင့် အတွေးအခေါ်အားဖြင့် ပြုမူဆောင်ရွက်သည်။ သင်သည် မည်သို့သောလူစားမျိုးဖြစ်သနည်း။ ဤသည်မှာ ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်သောသူ၊ ဘုရားသခင်ကို ကြီးစွာ အရှက်ရစေသောသူဖြစ်သည်။ ဤလုပ်ဆောင်မှု၏ အနှစ်သာရသည် အဘယ်နည်း။ ဘုရားသခင်ကို ပြောင်ပြောင်တင်းတင်း ရှုတ်ချပြီး သမ္မာတရားကို ပြောင်ပြောင်တင်းတင်း ငြင်းဆန်နေခြင်းဖြစ်သည်။ ဤသည်မှာ ယင်း၏ အနှစ်သာရမဟုတ်လော။ ဘုရားသခင်၏အလိုတော်ကို မလိုက်လျှောက်ံခြင်းအပြင် သင်သည် ရှင်သန်ရေးအတွက် စာတန်၏ အတွေးမှားများနှင့် ဆိုးယုတ်သော အတွေးအခေါ်များကို အသင်းတော်တွင် လျင်မြန်စွာ ပျံ့နှံ့ခွင့်ပြုနေခြင်းဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းအားဖြင့် သင်သည် စာတန်၏ ကြံရာပါဖြစ်လာပြီး အသင်းတော်တွင် စာတန်၏ လုပ်ဆောင်မှုများကို ကူညီနေသည်။ ဤပြဿနာ၏ အနှစ်သာရသည် ဆိုးရွားသည်မဟုတ်လော။” (အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “အသေးစိတ်ရှင်းလင်းချက် ၁- အသေးစိတ်ရှင်းလင်းချက် သမ္မာတရား၏ဖြစ်ခြင်း”) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မနှလုံးသားကို ထိုးဖောက်နေသလိုပဲ။ အထူးသဖြင့်၊ “လူလိမ်လူညစ်တစ်ယောက်”၊ “သမ္မာတရားကို သစ္စာဖောက်နေသည်”၊ “ဘုရားသခင်ကို ကြီးလေးစွာ အရှက်ရစေသူတစ်ဦး”နဲ့ “စာတန်၏ ကြံရာပါ” ဆိုတာတွေကို သူပြောတဲ့အချိန်မှာပေါ့။ ဒီနှုတ်ကပတ်တော်တွေက ကျွန်မနှလုံးသားထဲကို ဓားထက်ထက်လို နစ်ဝင်သွားတယ်။ ရိုးရာယဉ်ကျေးမှု အယူအဆတွေနဲ့ ကျွန်မ အသက်ရှင်ခဲ့တယ်။ ဘုရားရဲ့အမြင်မှာ ဒါက သမ္မာတရား လက်တွေ့လုပ်ပြီး ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ ခဏတာ ကျရှုံးစေတဲ့ စိတ်ခံစားချက်ဖြစ်ရုံသာမက၊ ဘုရားနဲ့ ကျွန်မရဲ့တာဝန်ကို သစ္စာမရှိတာလည်း ဖြစ်ပါတယ်။ သမ္မာတရားကို ငြင်းပယ်တာ၊ ဘုရားကိုအရှက်ရစေပြီး သစ္စာဖောက်တာပဲ။ ဒါရဲ့ သဘာဝက အရမ်းဆိုးတယ်။ ဒါကိုသဘောပေါက်တော့၊ အထူးသဖြင့် သောကဖိစီးပြီး စိုးရွံ့ခဲ့တယ်။ ဆိုးယုတ်တဲ့ အတွေးတွေအပေါ် အခြေခံပြီး တာဝန်ကို လုပ်ဆောင်တာက ဆိုးရွားတဲ့ ပြဿနာမှန်း ကျွန်မ မသိခဲ့ဘူး။ ကိုယ့်ကိုယ်ကိုယ် စိတ်ငြိမ်အောင် အချိန်တော်ကြာလုပ်လိုက်ရတယ်။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်ထပ် နှစ်ပိုဒ်ဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူသားမျိုးနွယ်တစ်ခုလုံးတွင် သမ္မာတရားစိုးမိုးသော လူမျိုးစုတစ်ခုမျှ မရှိပေ။ လူမျိုးစုတစ်ခုမှ ထွက်ပေါ်လာပြီးဖြစ်သည့် စိတ်ကူးများ၊ ရိုးရာထုံးတမ်းဓလေ့၊ သို့မဟုတ် လက်ဆင့်ကမ်း လာပြီးဖြစ်သည့် ပညာရေး၊ သို့မဟုတ် ယင်းက ပိုင်ဆိုင်သည့် အသိပညာသည် မည်မျှ မြင့်မားပါစေ၊ ရှေးကျပါစေ၊ သို့မဟုတ် နက်နဲပါစေ၊ သေချာသည့်အရာ တစ်ခုရှိသည်။ ဤအရာများထဲမှ တစ်ခုမျှ သမ္မာတရား မဟုတ်ပေ၊ သို့မဟုတ် သမ္မာတရားနှင့် မည်သည့်ဆက်နွှယ်မှုမျှ မရှိပေ။ လူအချို့က ‘ရိုးရာအယူအဆများအတွင်းတွင် ပါရှိသည့် အမှန်အမှား၊ အဖြူအမည်းကို တိုင်းတာဖို့အတွက် အချို့သောလူ့ကျင့်ဝတ်များ၊ သို့မဟုတ် အယူအဆများသည် သမ္မာတရားနှင့် အလွန်နီးစပ်သည်ဟု ထင်ရသည်’ဟု ပြကြသည်။ ယင်းတို့သည် သမ္မာတရားနှင့် မည်မျှ နီးစပ်ပါစေ၊ သမ္မာတရား မဟုတ်သကဲ့သို့ သမ္မာတရား မဖြစ်လာနိုင်ပေ။ ဤသည်မှာ သံသယဖြစ်စရာ မရှိပေ။ ၎င်းတို့သည် လူ့စကားအသုံးအနှုန်းနှင့် ထုတ်ဖော်ပြသမှုတို့တွင်သာ နီးစပ်ပြီး၊ တကယ်တမ်းတွင် ဤရိုးရာအယူအဆများသည် ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရားများနှင့် သဟဇာတမဖြစ်ပေ။ ဤစကားလုံးများ၏ တိုက်ရိုက်အဓိပ္ပာယ်၌ နီးစပ်မှုအချို့ ရှိကောင်းရှိနိုင်သော်ငြားလည်း၊ ယင်းတို့သည် အရင်းအမြစ် မတူညီကြချေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ဖန်ဆင်းရှင်ထံမှ လာသည်၊ ရိုးရာထုံးတမ်းဓလေ့၏ စကားများ၊ စိတ်ကူးများနှင့် အမြင်များမှာမူ စာတန်နှင့် နတ်ဆိုးများထံမှ လာသည်။ လူအချို့က ‘ရိုးရာထုံးတမ်းဓလေ့၏ စိတ်ကူးများ၊ အမြင်များနှင့် ထင်ရှားသော ဆိုရိုးများကို အပြုသဘောဆောင်သည့် အရာများအဖြစ် နေရာတကာတွင် အသိအမှတ်ပြုထားကြသည်။ ယင်းတို့သည် မုသားများနှင့် အတွေးမှားများဖြစ်သည့်တိုင်၊ လူများက နှစ်ပေါင်း ရာချီ— ထောင်ချီ— ထိန်းသိမ်းလာကြလျှင်၊ ယင်းတို့သည် သမ္မာတရား မဖြစ်လာနိုင်သလော’ ဟု ပြောကြသည်။ လုံးဝ မဖြစ်နိုင်ပါ။ ထိုသို့သော အမြင်ရှုထောင့်သည် မျောက်ဝံမှ လူအဖြစ်သို့ ဆင့်ကဲပြောင်းလဲလာခဲ့သည်ဟု ပြောသကဲ့သို့ ရယ်ဖွယ်ရာဖြစ်သည်။ ရိုးရာထုံးတမ်းဓလေ့သည် သမ္မာတရား မည်သည့်အခါမျှ ဖြစ်လာမည် မဟုတ်ချေ။ ထုံးတမ်းဓလေ့သည် ထုံးတမ်းဓလေ့သာဖြစ်ပြီး၊ ယင်းက မည်မျှမြင့်မြတ်ပါစေ၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်မှ ပေါ်ထွက်လာသည့် အတော်အတန် အပြုသဘောဆောင်သော အရာတစ်ခုမျှသာ ဖြစ်နေဆဲဖြစ်သည်။ သို့ရာတွင် အပြုသဘောဆောင်ခြင်းသည် သမ္မာတရားဖြစ်ခြင်းနှင့် မညီမျှပေ၊ အပြုသဘောဆောင်ခြင်းက ယင်းကို စံနှုန်း မဖြစ်စေပေ။ ယင်းက အတော်အတန် အပြုသဘောဆောင်ရုံမျှသာ ဖြစ်ပြီး ထို့ထက် မပိုပေ။ သို့ဖြစ်၍ ဤ ‘အပြုသဘောဆောင်ခြင်း’ နှင့်ပတ်သက်သည့် ဆက်စပ်အကြောင်းအရာ၌ လူသားမျိုးနွယ်ပေါ် ယင်း၏အကျိုးသက်ရောက်မှုက ကောင်းသည်၊ သို့မဟုတ် ဆိုးသည်ကို ငါတို့ ယခု ရှင်းသွားပြီဖြစ်သလော။ ယင်းက လူသားမျိုးနွယ်အပေါ် ဆိုးရွားပြီး အပျက်သဘောဆောင်သည့် အကျိုးသက်ရောက်မှု ရှိသည်မှာ သံသယဖြစ်စရာမလိုပေ။” (အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “အသေးစိတ်ရှင်းလင်းချက် ၁- အသေးစိတ်ရှင်းလင်းချက် သမ္မာတရား၏ဖြစ်ခြင်း”) “လူသားမျိုးနွယ်သည် ဤရိုးရာထုံးတမ်းဓလေ့အားဖြင့် ဒုက္ခပေးခံရသည့်အခါ၊ သွတ်သွင်းခြင်းခံရသည့်အခါ၊ တုံ့ဆိုင်းရပ်တန့်စေခြင်းခံရသည့်အခါ၊ ပြီးလျှင် လွှမ်းမိုးခြင်းခံရသည့်အခါ အဆုံးသတ်ရလဒ်က အဘယ်နည်း။ ယင်းအားဖြင့် လူသားမျိုးနွယ်သည် ဖောက်ပြန်ပျက်စီးသည်၊ လှည့်စားခြင်းခံရပြီး ချုပ်နှောင်ခြင်းခံရသည်။ လူများသည် အယူဝါဒအချို့၊ သို့မဟုတ် ယုံကြည်သက်ဝင်မှုတစ်ခုကို ဖြစ်ပေါ်စေပြီးနောက် ယင်းကို ဝါဒဖြန့်ကာ ဖြန့်ဝေသည်။ အခြားသူများက လက်ခံစေရန် ယင်းကို အနှံ့အပြား ပျံ့နှံ့စေသည်။ ပြီးလျှင် ယင်းက အဆုံး၌ လူများ၏ စိတ်နှလုံးများကို ဆွဲဆောင်ဖမ်းစားသွားပြီး လူတိုင်းက ဤယုံကြည်သက်ဝင်မှု၊ သို့မဟုတ် စိတ်ကူးကို လက်ခံကြကာ ဤအတွေးအခေါ်မျိုးအားဖြင့် ၎င်းတို့အားလုံး ဖောက်ပြန်ပျက်စီးကြလေသည်။ ၎င်းတို့သည် အခြေအနေတစ်ခုအထိ ဖောက်ပြန်ပျက်စီးပြီးသည်နှင့်၊ လူများသည် အမှန်နှင့် အမှားကြား ခြားနားချက်ကို မသိတော့ပေ၊ ဖြောင့်မတ်သောအရာနှင့် ဆိုးယုတ်သောအရာကြား ခွဲခြားသိမြင်ဖို့ မကြိုးစားလိုကြတော့ပေ။ ၎င်းတို့သည် အပြုသဘောဆောင်သည့်အရာနှင့် အပျက်သဘောဆောင်သည့်အရာတို့အကြား ခွဲခြားသိမြင်ဖို့ ကြိုးစားရန် ဆန္ဒမရှိကြတော့ပေ။ ပြီးလျှင် ၎င်းတို့သည် လူသား ဟုတ်မဟုတ်ကိုပင် မခွဲခြားနိုင်တော့သည့် နေ့ရက်အချိန် ရောက်လာပြီးဖြစ်သည်။ အကျင့်ပျက်ပြားသူများစွာတို့က ၎င်းတို့သည် အမျိုးသားဖြစ်သည်၊ သို့မဟုတ် အမျိုးသမီးဖြစ်သည်ကိုပင် မသိကြချေ။ ထိုသို့သော လူသားမျိုးနွယ်သည် ပျက်စီးခြင်းမှ မည်မျှ ဝေးကွာသနည်း။...လူသားမျိုးနွယ်တစ်ရပ်လုံးသည် စာတန်၏ စိတ်ကူးများနှင့် ဝိညာဉ်သဘောရှိခြင်းဟုဆိုသော အရာတို့အားဖြင့် လှည့်စားခြင်းနှင့် ဖောက်ပြန်ပျက်စီးစေခြင်းတို့ကို ခံရပြီးဖြစ်သည်။ ပြီးလျှင် ဤလှည့်စားခြင်းနှင့် ဖောက်ပြန်ပျက်စီးခြင်းတို့၏ အတိုင်းအတာမှာ အဘယ်နည်း။ လူများသည် စာတန်၏ စကားများကို သမ္မာတရားအဖြစ် လက်ခံကြသည်။ ၎င်းတို့က စာတန်ကို ကိုးကွယ်ပြီး စာတန်နောက်သို့ လိုက်ကြသည်။ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များကို နားမလည်ကြပေ။ ဖန်ဆင်းရှင်က မည်သည့်အရာကို ပြောပါစေ၊ ဖန်ဆင်းရှင်က မည်မျှ စကားပြောပါစေ၊ သို့မဟုတ် ဤစကားကို မည်မျှ နားလည်နိုင်အောင် လက်တွေ့ကျစွာ ဖော်ပြပါစေ၊ လူများက နားမလည်ကြချေ။ ၎င်းတို့ ကြားသည့်အရာသည် ၎င်းတို့အတွက် နားမလည်နိုင်စရာဖြစ်သည်။ ၎င်းတို့သည် ထုံထိုင်းပြီး နုံအကာ၊ ၎င်းတို့၏ အတွေးများနှင့် ဦးနှောက်တို့က ရောမွှေခံရပြီးဖြစ်သည်။ ယင်းတို့သည် မည်သို့ ရောမွှေခံခဲ့ရသနည်း။ ယင်းတို့ကို စာတန်က ပရမ်းပတာအခြေအနေထဲသို့ ပစ်ချလိုက်သည်။ စာတန်သည် လူများကို လုံးလုံးလျားလျား ဖောက်ပြန်ပျက်စီးစေပြီး ဖြစ်လေသည်။” (အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “အသေးစိတ်ရှင်းလင်းချက် ၁- အသေးစိတ်ရှင်းလင်းချက် သမ္မာတရား၏ဖြစ်ခြင်း”) အရင်က၊ “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏”၊ “ကောင်းကင်နှင့်မြေကြီးတစ်လျှောက်လုံးတွင် ငါသည်သာ ငါ၏အရှင်သခင်ဖြစ်၏” ဆိုတာနဲ့ တခြားဆိုးယုတ်တဲ့ လောကီ အတွေးခေါ်တွေက သမ္မာတရားနဲ့ မကိုက်ညီသလို ပုံမှန်လူ့သဘာဝက ပိုင်ဆိုင်သင့်တဲ့ အရာတွေ မဟုတ်မှန်းကိုပဲ သိခဲ့တယ်။ ဒါပေမဲ့ “ညောင်စေ့လောက် ကျေးဇူးပြုခံရရင်၊ ညောင်ပင်ကြီးလောက် ပြန်ဆပ်ပါ”၊ “ကျေးဇူးကြွေးကို ပြန်ဆပ်ပါ”၊ “လူသားသည် သက်မဲ့မဟုတ်ပါ- သူသည် စိတ်ခံစားမှုများနှင့် မည်သို့ကင်းနိုင်မည်နည်း” ဆိုတာတွေလို အသိစိတ်၊ ကိုယ်ကျင့်တရားနဲ့ ကိုက်ညီပုံရတဲ့ ရိုးရာယဉ်ကျေးမှုကနေလာတဲ့ အရာတွေနဲ့ တခြားယဉ်ကျေးပြီး မွန်မြတ်ပုံရတဲ့ ရိုးရာကိုယ်ကျင့်တရားကိုတော့ ကျွန်မ ပိုင်းခြားလို့မရပါဘူး။ ဒါတွေကို မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းလာခဲ့ကြတာဖြစ်ပြီး လူကောင်းတွေက ဒီအယူအဆတွေကို လိုက်နာသင့်တယ်လို့ ကျွန်မ ထင်ခဲ့တယ်။ ဒီရိုးရာအတွေးတွေမှာ ကျွန်မ ချင့်ချိန်နိုင်စွမ်းကို မကျင့်သုံးခဲ့သလို၊ အဲဒါတွေကို လိုက်စား၊ လက်တွ့လုပ်ဆောင်ရမယ့် အပြုသဘောဆောင်တဲ့ အရာတွေအနေနဲ့ပဲ မှတ်ယူခဲ့တယ်။ ဒါတွေကို ဆန့်ကျင်ရင်၊ အပြစ်ရှိတဲ့ စိတ်ခံစားရပြီး၊ လူတွေက ကျွန်မကို ရှုတ်ချ၊ ငြင်းပယ်မှာ ကြောက်ခဲ့တယ်။ အခု၊ ဘုရားနှုတ်ကပတ်တော် ထုတ်ဖော်ပြတဲ့ အရာကတစ်ဆင့်၊ ဒီအယူအဆတွေနဲ့ အမြင်တွေရဲ့ ထိန်းချုပ်မှုအောက်မှာ လူတွေက စည်းမျဉ်းတွေ မဟုတ်ဘဲ၊ စိတ်ခံစားချက်တွေကိုပဲ စဉ်းစားပြီး အဆိုး၊ အကောင်းကို မသိမြင်နိုင်ကြမှန်း နောက်ဆုံးမှာ ကျွန်မ တွေ့လိုက်ရတယ်။ တခြားလူတွေက ကျွန်မကို ကြင်နာသရွေ့၊ သူတို့က ဆိုးတဲ့သူ၊ ဆိုးယုတ်တဲ့သူတွေ ဖြစ်ရင်တောင်၊ သူတို့ကို ကူညီတာက မကောင်းမှု လုပ်ကူပေးနေတာ ဖြစ်ရင်တောင်၊ ကျွန်မရဲ့ အကြွေးကိုဆပ်ပြီး သူတို့ကို ကူညီရမယ်ပေါ့။ အပြင်ပန်းမှာတော့၊ ကျွန်မက တာဝန်သိတတ်သယောင်ထင်ရပေမဲ့၊ တကယ်တော့ စိတ်ရှုပ်ထွေးပြီး မိုက်မဲခဲ့တာ၊ ကိုယ်ပိုင် အကြောင်းရင်းနဲ့ ရည်ရွယ်ချက် ရှိခဲ့တယ်။ ကိုယ့်ရဲ့ ပုံရိပ်ကောင်းနဲ့ ဂုဏ်သတင်းကို ကာကွယ်ဖို့၊ ကိုယ်ကျိုးစီးပွားတွေ သက်သက်အတွက်ပဲ လုပ်ခဲ့တာ။ အရမ်း တစ်ကိုယ်ကောင်းဆန်၊ စက်ဆုပ်စရာနဲ့ သူတော်ကောင်းယောင်ဆောင်ခဲ့တာပဲ။ လူကောင်းတစ်ယောက် တကယ် လုံးဝ မဟုတ်ခဲ့ဘူး။ ဒီဆိုးယုတ်တဲ့ အတွေးအခေါ်တွေကို ဖက်တွယ်ရင်၊ ကျွန်မကို ပိုပိုပြီး ကောက်ကျစ်၊ လှည့်ဖြား၊ တစ်ကိုယ်ကောင်းဆန်၊ ဆိုးယုတ်စေရုံပဲ ဖြစ်စေနိုင်မှာ။ မြင့်မြတ်ပြီး သဘာဝကျပုံရတဲ့ ဒီရိုးရာအယူအဆနဲ့ ဆိုရိုးတွေက တကယ့်ကို အပေါ်ယံ ရွှေမှုန်ကြဲထားတဲ့ အမြောက်ဆန်တွေမှန်း ကျွန်မ တွေ့ခဲ့ရတယ်။ အဲဒါတွေက အဆင့်မြင့်ပြီး လူ့ကိုယ်ကျင့်တရား၊ ကျင့်ဝတ်တွေနဲ့ ကိုက်ပုံရတယ်။ တကယ်တော့ အဲဒါတွေက သမ္မာတရားကို ဆန့်ကျင်ပြီး လူတွေကို ဖောက်ပြန်ပျက်စီးစေဖို့ စာတန်ရဲ့ နည်းလမ်းတစ်ခုပဲ။ ဘုရားကို နှစ်တွေအများကြီး ကျွန်မ ယုံကြည်ခဲ့ပေမဲ့၊ သမ္မာတရားကို လက်တွေ့မလုပ်သလို၊ ဒီရိုးရာ အယူအဆတွေနဲ့ အသက်ရှင်လို့၊ နေရာတိုင်းမှာ အသိစိတ်အကြောင်းတွေးပြီး လူတွေရဲ့ ကြင်နာမှုကို အမြဲ ပြန်ဆပ်ချင်ခဲ့တယ်။ အဆိုးနဲ့ အကောင်းကို မသိမြင်နိုင်တော့ဘူး။ ကျွန်မ မရှင်းမလင်းဖြစ်တဲ မိုက်မဲတဲ့သူတစ်ယောက်ပဲ။ နောက်ဆုံးသော ကာလမှာ ဘုရားက သမ္မာတရား အများကြီး ဖော်ပြပြီးပြီဖြစ်သလို၊ လူတွေ လက်တွေ့လုပ်သင့်တဲ့ သမ္မာရားရဲ့ သွင်ပြင်အားလုံးကို ခိုင်ခိုင်မာမာနဲ့ လက်တွေ့အသေးစိတ် ထုတ်ဖော်ပြပြီးပြီ၊ သမ္မာတရားနဲ့ ဘုရားနှုတ်ကပတ်တော်အတိုင်း ကျွန်မတို့ ပြုမူနေထိုင်ပြီး၊ ဘုရားကို ဘုန်းထင်ရှားစေမယ်၊ သက်သေခံကြမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့။ ဒါပေမဲ့ ကျွန်မရဲ့ ဇာတိဆက်ဆံရေးတွေကို ထိန်းသိမ်းဖို့ သက်သက် ကိုယ့်တာဝန်ကို ကျွန်မလုပ်ခဲ့တယ်၊ သမ္မာတရားကို မရှာဖွေခဲ့ဘူး၊ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို မကာကွယ်ခဲ့သလို၊ ဘုရားကို အရှက်ရစေပြီး အာခံတဲ့သူတစ်ယောက် ဖြစ်လာခဲ့တယ်။ ဒါကို သတိပြုမိတဲ့အခါ၊ လုပ်ခဲ့သမျှအားလုံးအတွက် အပြစ်ရှိသလို ခံစားရပြီး၊ ဝမ်းနည်းခဲ့တယ်။ ဘုရားရှေ့ကို လာပြီး ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ ဆိုးယုတ်တဲ့ အဆိပ်တွေနဲ့ ကျွန်မ အသက်ရှင်ခဲ့တယ်။ သမ္မာတရားကို ဆန့်ကျင်ပြီး ကိုယ်တော့်ကို အာခံတဲ့ အရာတွေအများကြီး ကျွန်မ လုပ်ခဲ့တယ်။ ဘုရားသခင်၊ ကျွန်မ နောင်တရပြီး သမ္မာတရားရဲ့ စည်းမျဉ်းတွေအတိုင်း ပြုမူချင်ပါတယ်”လို့ပေါ့။

အဲဒီနောက်၊ ကျွန်မ တွေးမိတယ်၊ ရိုးရာယဉ်ကျေးမှုကလာတဲ့ ဒီအမြင်တွေ၊ အယူအဆတွေနဲ့ အသက်ရှင်တာဟာ ကျွန်မမှာ ကောင်းမွန်တဲ့ လူ့သဘာဝ ရှိတယ်ဆိုတဲ့ သဘောမဟုတ်တဲ့အတွက်၊ ကောင်းမွန်တဲ့ လူ့သဘာဝရှိတာဟာ ဘာကို ဆိုလိုတာလဲပေါ့။ နောက်ပိုင်းမှာ ကိစ္စတွေကို သုံးသပ်ဖို့ မှန်ကန်တိကျတဲ့ စံနှုန်းတစ်ခု ပေးတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် တွေ့ခဲ့တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “ကောင်းမွန်သော လူ့သဘာဝ ရှိခြင်းအတွက် စံနှုန်းရှိရမည်။ ယင်းသည် တော်သင့်ရုံ လမ်းကြောင်းကို လျှောက်လမ်းခြင်း၊ အခြေခံသဘောတရားများကို မလိုက်နာခြင်း၊ မည်သူကိုမျှ စိတ်အနှောင့်အယှက်မဖြစ်စေဖို့ ကြိုးပမ်းအားထုတ်မှု၊ သင် သွားသည့် နေရာတိုင်းတွင် မျက်နှာလို မျက်နှာရ လုပ်ခြင်း၊ သင် တွေ့ဆုံသည့် လူတိုင်းကို ပြေပြစ်စွာ ဆက်ဆံခြင်းနှင့် လူတိုင်းကို သင့်အား အကောင်းပြောစေခြင်းတို့ မပါဝင်ပေ။ ဤသည်မှာ စံနှုန်းမဟုတ်။ ထိုသို့ဆိုလျှင် မည်သည်မှာ စံနှုန်းဖြစ်သနည်း။ ယင်းသည် ဘုရားသခင်၊ အခြားလူများနှင့် အဖြစ်အပျက်တို့ကို စစ်မှန်သော စိတ်နှလုံးဖြင့် သဘောထားဆက်ဆံခြင်းနှင့် တာဝန်ကို ယူနိုင်ခြင်းဖြစ်သည်။ ဤသည်မှာ အားလုံးမြင်နိုင်လောက်အောင် ရိုးရှင်းပေသည်။ လူတိုင်းက မိမိတို့၏စိတ်နှလုံးထဲတွင် ဤအရာနှင့်ပတ်သက်၍ ရှင်းလင်းကြသည်။ ထို့အပြင် ဘုရားသခင်က လူများ၏ စိတ်နှလုံးများကို ရှာဖွေပြီး ၎င်းတို့၏အခြေအနေ တစ်ခုချင်းစီတိုင်းကို သိသည်။ ၎င်းတို့ မည်သူဖြစ်ပါစေ၊ မည်သူမျှ ဘုရားသခင်ကို မလှည့်စားနိုင်ပေ။ အချို့သော လူတို့သည် ကောင်းမွန်သော လူ့သဘာဝကို ၎င်းတို့ ပိုင်ဆိုင်ကြကြောင်း၊ ၎င်းတို့သည် အခြားသူများအကြောင်း မည်သည့်အခါမျှ မကောင်းမပြောကြောင်း၊ အခြားမည်သူမဆို၏ အကျိုးစီးပွားများကို မည်သည့်အခါမျှ မထိခိုက်စေကြောင်း အမြဲ ကြွားဝါကြပြီး အခြားသူများ၏ ပိုင်ဆိုင်မှုကို ၎င်းတို့ မည်သည့်အခါမျှ ငမ်းငမ်းတက်မလိုချင်ဖူးကြောင်း အခိုင်အမာ ပြောဆိုကြလေသည်။ အကျိုးစီးပွားနှင့်ပတ်သက်၍ ငြင်းခုံမှုဖြစ်သည့်အခါတွင် အခြားသူများကို အခွင့်ကောင်းယူခြင်းထက် ၎င်းတို့သာ ဆုံးရှုံးနစ်နာခံပြီး လူတိုင်းက သူတို့ကို လူကောင်းများဟု ထင်သည်ကို နှစ်သက်လေသည်။ သို့သော် ဘုရားသခင်၏ အိမ်တော်ထဲ၌ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်နေချိန်တွင်၊ ၎င်းတို့သည် အစဉ် မိမိတို့ကိုယ်တိုင်အတွက် ကြံစည်လျက်၊ ဉာဏ်များကာ စိတ်မချရပေ။ ၎င်းတို့သည် မည်သည့်အခါတွင်မျှ ဘုရားသခင့်အိမ်တော်၏ အကျိုးကျေးဇူးများကို မတွေးကြ၊ ဘုရားသခင်က အရေးတကြီးဖြစ်သည်ဟု သဘောထားသောအရာကို အရေးတကြီးဖြစ်သည်ဟု ၎င်းတို့ လုံးဝ သဘောမထားကြ သို့မဟုတ် ဘုရားသခင် တွေးသကဲ့သို့ မတွေးကြပေ၊ ပြီးလျှင် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရန် ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများကို လုံးဝ ဘေးမဖယ်ထားနိုင်ကြပေ။ ၎င်းတို့၏ အကျိုးစီးပွားများကို ၎င်းတို့ လုံးဝ မစွန့်လွှတ်နိုင်ကြချေ။ မကောင်းမှုပြုသူများက မကောင်းမှု ကျူးလွန်နေကြသည်ကို ၎င်းတို့ မြင်သည့်အချိန်တွင်ပင်၊ ထိုသူတို့ကို မဖော်ထုတ်ကြချေ။ ၎င်းတို့သည် မည်သည့်ကိုယ်ကျင့်တရားများ တစ်ခုတစ်လေမျှ မရှိကြပေ။ ဤသည်မှာ မည်သည့် လူ့သဘာဝမျိုးဖြစ်သနည်း။ ကောင်းသောလူ့သဘာဝမဟုတ်ပေ။ ထိုသို့သော လူတစ်ဦး ပြောသည့်အရာကို အာရုံမစိုက်လေနှင့်။ သူအသက်ရှင် နေထိုင်သည့်အရာ၊ သူ ထုတ်ဖော်ပြသည့်အရာနှင့် သူ၏ တာဝန်များကို ဆောင်ရွက်ချိန်တွင် သူ၏သဘောထား မည်သည့်အရာ ဖြစ်သည် ဆိုသည့်အပြင် သူ၏ အတွင်းပိုင်းအခြေအနေ မည်သည့်အရာ ဖြစ်ပြီး သူ မည်သည့်အရာ ချစ်သည်ကို သင် မြင်ရမည်။ သူ၏ ကိုယ်ပိုင်ကျော်ကြားမှုနှင့် အခွင့်အလမ်းများကို ချစ်ခြင်းသည် ဘုရားသခင်ကို သူ၏ သစ္စာရှိခြင်းထက် ပိုလွန်ပါက၊ သူ၏ ကိုယ်ပိုင် ကျော်ကြားမှုနှင့် အခွင့်အလမ်းကို ချစ်ခြင်းသည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများထက် သာလွန်ပါက၊ သို့မဟုတ် သူ၏ ကိုယ်ပိုင် ကျော်ကြားမှုနှင့် အခွင့်အလမ်းများကို ချစ်ခြင်းသည် ဘုရားသခင်ကို သူပြသည့် အရေးထားမှုထက် သာလွန်ပါက၊ ဤသို့သောသူသည် လူ့သဘာဝကို ပိုင်ဆိုင်သလော။ ဤသည်မှာ လူ့သဘာဝရှိသည့်သူတစ်ယောက်မဟုတ်ပေ။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ဘုရားနှုတ်ကပတ်တော် ဖတ်ပြီးတော့ ကျွန်မ နားလည်သွားတယ်။ လူ့သဘာဝကောင်းရှိတဲ့လူက ဘယ်သူမှ စိတ်မဆိုးအောင်၊ လူတိုင်း သူ့ကို အားပေးပြီး၊ လက်ခံအောင်လို့ အစွန်းမရောက်တဲ့ လမ်းကြောင်းကို မလျှောက်ဘူးဆိုတာကိုပေါ့။ အဲဒီအစား၊ သူတို့က သမ္မာတရားကို ချစ်တယ်၊ အပြုသဘောဆောင်တာတွေကို ချစ်တယ်၊ တာဝန်သိတတ်တယ်၊ သမ္မာတရားရဲ့ စည်းမျဉ်းတွေကို ထိန်းသိမ်းပြီး ဘုရားအိမ်တော်ရဲ့ အမှုတော်ကို ကာကွယ်ကြတယ်။ ဒီလိုလူတွေက အစစ်အမှန် လူကောင်းတွေပဲ။ လူတွေနဲ့ ကိုယ့်ရဲ့ ဆက်ဆံရေးတွေ၊ ကိုယ့်ကိုယ်ပိုင် ကျော်ကြားမှုနဲ့ အဆင့်အတန်းကိုပဲ ကာကွယ်ပြီး၊ အခြားလူတွေနဲ့ အဆင်ပြေဖို့ပဲ ကြိုးစားပေမဲ့၊ ကိုယ့်တာဝန်မှာ ဘုရားကို သစ္စာမစောင့်သိသလို၊ ဘုရားအိမ်တော်ရဲ့ အလုပ်ကို ထိခိုက်နစ်နာစေပြီး လူတွေနဲ့ ဆက်ဆံရေးကို ထိန်းသိမ်းရင်၊ အရမ်းအရမ်းကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတာပဲ။ ကိုယ့်ရဲ့ အပြင်ပန်း အပြုအမူက လူ့ကျင့်ဝတ်အရ ဘယ်လိုပဲ လက်ခံနိုင်စရာဖြစ်ပါစေ၊ လူတွေကို လှည့်ဖြားပြီး သမ္မာတရားကို ရန်လိုတယ်။ ဒီရိုးရာအယူအဆတွေနဲ့ ကျွန်မ အသက်ရှင်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် လူကောင်းတစ်ယောက်လို ရုပ်ဖျက်ခဲ့ပုံကို ကျွန်မ တွေးမိတယ်။ တကယ်တော့ ကျွန်မက ပိုပိုပြီး တစ်ကိုယ်ကောင်းဆန်၊ လှည့်ဖြားပြီး စိတ်ထဲမှာ ဆိုးယုတ်လာခဲ့တာပါ။ လုပ်သမျှတိုင်းက ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့၊ ကိုယ်ရေးကိုယ်တာ ရည်မှန်းချက်နဲ့ ဆန္ဒတွေကို ဖြည့်ဆည်းဖို့ပါပဲ။ ကျွန်မနဲ့ပတ်သက်လို့ လူသားဆန်တာ တစ်ခုမှ မရှိခဲ့ဘူး။ အသက်ရှင်နေထိုင်သမျှက မကောင်းဆိုးဝါးဆန်ခဲ့တယ်။ အရင်က၊ လူတစ်ယောက် လူ့သဘာဝ ရှိမရှိကို ဝေဖန်တဲ့အခါ၊ ကိုယ့်ကိုယ်ပိုင် အယူအဆတွေအပေါ် အခြေခံခဲ့တယ်။ သမ္မာတရားနဲ့ လုံးဝ မကိုက်ညီခဲ့သလို၊ လူတွေကို အကဲဖြတ်ခြင်းအတွက် ဘုရားရဲ့ စံနှုန်းတွေနဲ့ မကိုက်ခဲ့ဘူး။

နောက်ထပ် ရက်အနည်းငယ်အတွင်းမှာ၊ သမ္မာတရားရဲ့ စည်းမျဉ်းတွေ၊ ဘုရားအလိုတော်နဲ့ အညီ ဘယ်လို လက်တွေ့လုပ်ဆောင်ရမယ် ဆိုတာကို ချင့်ချိန်စဉ်းစားခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်မှာ ဖတ်ရတယ်၊ “လူများနှင့် သင်၏ဆက်ဆံရေးများကို ဇာတိထဲ၌ မဟုတ်ဘဲ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအုတ်မြစ်ပေါ်တွင် တည်ထောင်ထားပေသည်။ ဇာတိကူးလူးဆက်ဆံမှု လုံးဝနီးပါးမရှိသော်လည်း စိတ်ဝိညာဉ်၌ မိတ်သဟာယဖွဲ့မှု၊ အပြန်အလှန်မေတ္တာ၊ အပြန်အလှန်နှစ်သိမ့်မှုနှင့် အချင်းချင်း ထောက်ပံ့ပေးမှုတို့ ရှိသည်။ ၎င်းတို့အလုံးစုံကို ဘုရားသခင်ကို ကျေနပ်စေသောစိတ်နှလုံးကို အခြေခံ၍ လုပ်ဆောင်ခြင်းဖြစ်၏။ ယင်းဆက်ဆံရေးများကို လူသား၏ အသက်ရှင်ရေးအတွက် သဘောတရားခံယူချက်ပေါ်တွင် အားထားခြင်းဖြင့် ထိန်းသိမ်းထားသည် မဟုတ်ဘဲ၊ ၎င်းတို့သည် ဘုရားသခင်အတွက် ဝန်ကိုထမ်းရင်း အလွန်သဘာဝကျစွာ ဖြစ်ထွန်းလာခြင်းဖြစ်သည်။ ၎င်းသည် လူလုပ်အားထုတ်မှုများ မလိုအပ်ပေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ အခြေခံစည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်ရန်သာ လိုအပ်သည်။...လူအချင်းချင်း ပုံမှန်ဆက်ဆံရေးကို ထူထောင်ရာတွင် လူသား၏အားထုတ်မှုမှ မဟုတ်ဘဲ စိတ်နှလုံးကို ဘုရားသခင်အား ပေးခြင်းဟူသည့် အုတ်မြစ်ပေါ်တွင် ထူထောင်ထားသည်။ ၎င်းတို့၏စိတ်နှလုံးထဲတွင် ဘုရားသခင်မရှိပါက လူလူချင်း ဆက်ဆံရေးများသည် ဇာတိ၏ဆက်ဆံရေးများမျှသာ ဖြစ်သည်။ ယင်းဆက်ဆံရေးများသည် ပုံမှန်မဟုတ်ဘဲ၊ ရာဂနောက် စိတ်လွတ်လက်လွတ် လိုက်ပါသွားခြင်းဖြစ်သည်။ ဘုရားသခင် မုန်းတီးသော၊ ကိုယ်တော်စက်ဆုပ်သော ဆက်ဆံရေးများဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခုတည်ဆောက်ရန် အလွန်အရေးကြီး၏”) သမ္မာတရားရဲ့ စည်းမျဉ်းတွေအတိုင်း လူတွေကို ဆက်ဆံဖို့၊ ဘုရားရဲ့ ချစ်ခြင်းအခြေခံအုတ်မြစ်ပေါ်မှာ ညီအစ်ကို မောင်နှမတွေကို ဆက်ဆံဖို့နဲ့ သမ္မာတရား၊ အသက်နဲ့ အချင်းချင်း အားပေး ကူညီဖို့၊ ဇာတိပကတိနဲ့ဆိုင်တဲ့ လောကီ အတွေးအခေါ်တွေကို သွားမပတ်သက်ဖို့ ဘုရားက ကျွန်မတို့ကို တောင်းဆိုတယ်။ အစ်မလီက ကျွန်မကို အရင်က ကူညီခဲ့ပြီး၊ ဒါက ဘုရားရဲ့ အစီအစဉ်ဖြစ်သလို၊ ဘုရားရဲ့ ချစ်ခြင်းမေတ္တာ ပိုလို့တောင် ဖြစ်ပါတယ်။ အဲဒါကို ဘုရားဆီက ကျွန်မ လက်ခံရရှိခဲ့သင့်တာပါ။ ဒါပေမဲ့ ဒီအရာအားလုံးကို လူတစ်ယောက်ဆီကလို့ ကျွန်မ မှတ်ယူခဲ့ပြီး၊ အရာရာမှာ သူ့ကို ကျေးဇူးတင်ကြောင်း ပြခဲ့တယ်။ အစ်မလီနဲ့ ကျွန်မရဲ့ ဆက်ဆံရေးက ဇာတိပကတိပေါ် အခြေခံခဲ့မှန်း၊ ကျွန်မ လုပ်ခဲ့တဲ့အရာက ဘုရားအလိုတော်နဲ့ လုံးဝ မကိုက်သလို၊ ကျွန်မမှာ စည်းမျဉ်းမရှိခဲ့မှန်း တွေ့ခဲ့ရတယ်။ တကယ်တော့၊ တခြားလူတွေက ကျရှုံးမှုနဲ့ ဆုတ်ဆိုင်းမှုတွေ ကြုံရပြီး မတက်မကြွနဲ့ အားနည်းလာချိန်မှာ၊ ကူညီ၊ အားပေးဖို့ ဘုရားနှုတ်ကပတ်တော်တွေအပေါ် မိတ်သဟာယပြုတာက စည်းမျဉ်းတွေနဲ့ ကိုက်ပြီး ကျွန်မတို့ လုပ်သင့်တဲ့ အရာတစ်ခုပဲ။ ဒါပေမဲ့ သူတို့တာဝန်တွေကို တစ်သမတ်တည်း ဖြစ်သလို လုပ်ပြီး တာဝန်မဲ့သူတွေ၊ အသင်းတော်ရဲ့ အလုပ်ကိုတောင် နှောင့်ယှက်ပြီး အစီအစဉ်ပျက်စေသူတွေကို ကန့်သတ်သင့်တယ်၊ ဖော်ထုတ်၊ ကိုင်တွယ်ဖြေရှင်း၊ ထုတ်ပယ်သင့်တယ်။ စိတ်ခံစားချက်နဲ့ သူတို့ကို လုံးဝ မဖုံးဖိ၊ မကာကွယ်ပေးသင့်ဘူး။ ခင်တွယ်ရာမှာတောင် စည်းမျဉ်းတွေအတိုင်း ကျွန်မတို့ ပြုမူသင့်တယ်။ အစ်မလီက ထုတ်ပယ်ခံရတဲ့နောက် သူ့တာဝန်တွေမှာ တာဝန်မဲ့ပြီး တမင်ပျက်ကွက်ခဲ့သလို၊ သူ့ကိုယ်ပိုင် ပြဿနာတွေအပေါ် စစ်မှန်တဲ့ သိနားလည်မှု မရှိခဲ့ဘူး။ သူ့ကိုယ်သူ သုံးသပ်၊ နောင်တရပြီး ပြောင်းနိုင်ဖို့၊ ဘုရားနှုတ်ကပတ်တော်အပေါ် မိတ်သဟာယပြုတာကို သုံးရင်း၊ သူ့အပြုအမူနဲ့ ပြဿနာရဲ့ သဘာဝကို ကျွန်မ စိစစ်ခဲ့ရင်၊ ဒါက သူ့အတွက် တကယ်ကို ချစ်ခြင်းမေတ္တာ ဖြစ်ခဲ့မှာပဲ။ သူကိုရော ဘုရားအိမ်တော်အလုပ်ကိုပါ အထောက်အကူဖြစ်ခဲ့မှာ။ ဒါကို ကျွန်မ နားလည်လိုက်တာနဲ့ လွတ်မြောက်တဲ့ ခံစားချက် ချက်ချင်း ခံစားရပြီး၊ ကျွန်မရဲ့ ဇာတိပကတိဆိုင်ရာ ဆက်ဆံရေးကို နောက်ထပ် မထိန်းသိမ်းချင်တော့ဘူး။

အဲဒီနောက်၊ သူ့တာဝန်အပေါ် အစ်မလီရဲ့ သဘောထားနဲ့ သူ့ရဲ့ အပြုအမူအမျိုးမျိုးကို ဖော်ထုတ်ဖို့ ဘုရားနှုတ်ကပတ်တော်ကို အသုံးပြုပြီး၊ တာဝန်ကနေ သူ့ကို ကျွန်မ ထုတ်ပယ်ခဲ့တယ်။ အဲဒီမိတ်သဟာယပြီးတဲ့နောက်၊ ကျွန်မ အရမ်းကို စိတ်အေးလက်အေးဖြစ်သွားတယ်။ အစ်မလီက ကျွန်မကို မကျေမချမ်းမဖြစ်သလို၊ အဲဒါကို ဘုရားဆီကနေ သူ လက်ခံနိုင်ခဲ့တယ်။ ထုတ်ပယ်ခံရပြီး ဖော်ထုတ်မခံရဘဲနဲ့ သူလုပ်ခဲ့တဲ့အရာက အဲဒီလို နှောင့်ယှက်မှုနဲ့ အာရုံပျက်စေတာတွေ ဖြစ်စေနိုင်မှန်း လုံးဝ သိခဲ့မှာ မဟုတ်ဘူးလို့ သူ ပြောခဲ့သလို၊ သူ ဆက်ဆံခံခဲ့ရပုံနဲ့ပတ်သက်လို့ မကျေနပ်တာတွေ မရှိတော့ဘူး။ သူ အဲဒီလိုပြောတာကြားတော့၊ ဘုရားနှုတ်ကပတ်တော်နဲ့ အသက်ရှင်ခြင်းအားဖြင့်သာ လူတွေကို ကျွန်မတို့ အစစ်အမှန် အကျိုးပြု၊ ကူညီနိုင်မှန်း ကျွန်မ တကယ် ခံစားရပြီး အရမ်းလည်း စိတ်အေးလက်အေး ဖြစ်သွားတယ်။

အခု ကြည့်လိုက်တော့၊ ရိုးရာယဉ်ကျေးမှုကနေလာတဲ့ ဒီသိမ်မွေ့၊ မြင့်မြတ်ပုံရတဲ့ အရာတွေဟာ လူဘယ်လောက်က အမွှမ်းတင်ပြီး လေးစားပါစေ၊ သမ္မာတရား မဟုတ်ဘူးဆိုတာ မြင်ရတယ်။ အားလုံးက အဓိပ္ပာယ်မရှိ၊ ဆိုးယုတ်ပြီး၊ တခြားလူတွေနဲ့ ကိုယ်ကိုယ်တိုင်ကိုပဲ ထိခိုက်နစ်နာစေနိုင်တယ်။ သမ္မာတရားကပဲ ကျွန်မတို့အတွက် ဆောင်ရွက်ပြီး ပြုမူနေထိုင်ဖို့ စုံဖြစ်တယ်။ ကျွန်မရဲ့ မမှန်တဲ့ အတွေးနဲ့ အမြင်တွေကို ပြောင်းလဲဖို့ ဒီပတ်ဝန်းကျင်တွေကို ပြင်ဆင်ပေးလို့ ဘုရားကို ကျေးဇူးတင်မိသလို၊ ဘုရားရဲ့ ကယ်တင်ခြင်းအတွက်လည်း ကျေးဇူးတင်မိပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရား၏ နှုတ်ကပတ်တော်များက ကျွန်တော့် အယူအဆများကို ဖယ်ရှားသည်

ရှောင်ရွီ၊ စီချွမ်စီရင်စု အနန္တတန်ခိုးရှင် ဘုရားသခင်၏အသင်းတော်၌ ကျွန်တော့် ၏တာဝန်သည် သတင်းကောင်းဝေငှခြင်းဖြစ်သည့်အချိန်တွင်၊...

ရိုးသားသောတင်ပြချက်တစ်ခု၏ အသီးအပွင့်

ကျောက်မင် တရုတ်နိုင်ငံ ၂၀၁၁ ခုနှစ် ဧပြီလက နိုင်ငံ၏အခြားဒေသတစ်ခုက အသင်းတော် တစ်ခုက ခေါင်းဆောင်ဖြစ်သည့် ယောင်လန်းနေရာကို ကျွန်မအစား ဝင်ရသည်။...

ငြူစူသော သဘောမူကား၊ အရိုး ဆွေးမြည့်ခြင်းအကြောင်းဖြစ်၏

ဆုဝမ် တရုတ်နိုင်ငံ ၂၀၂၀ ခုနှစ် နိုဝင်ဘာလမှာ၊ ရေလောင်းအဖွဲ့ ခေါင်းဆောင်အနေနဲ့ ကျွန်မ အရွေးခံရတယ်၊ ကျွန်မ အရမ်းပျော်မိခဲ့တယ်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။