ငွေက ပျော်ရွှင်မှုကို အမှန်တကယ် ဆောင်ကြဉ်းပေးသလား

08.11.2024

ကျွန်တော် ရှစ်နှစ်အရွယ်မှာ၊ ကျွန်တော့်မိသားစုက မမျှော်လင့်ထားတဲ့ ဖြစ်ရပ်တစ်ခုကို တွေ့ကြုံခဲ့ရတယ်။ အဲဒီအချိန်ကစပြီး၊ ကျွန်တော့်အမေနဲ့ ကျွန်တော်က အဆင်ပြေဖို့ တစ်ယောက်ကို တစ်ယောက် မှီခိုအားကိုးခဲ့ရတယ်။ သူက ကျွန်တော့်ကို ကျေးလက်မှာရှိတဲ့ ကျွန်တော်တို့အိမ်ဆီ ပြန်ခေါ်သွားတယ်။ အဲဒီတုန်းက ကျွန်တော်တို့ အရမ်းကို ခိုးကိုးရာမဲ့ခဲ့တယ်။ တခြားလူတွေက နှစ်ထပ်တိုက်၊ သုံးထပ်တိုက်တွေနဲ့ နေနေကြတဲ့အချိန်မှာ ကျွန်တော်တို့က အုတ်ကြွပ်မိုးထားတဲ့ တဲအိမ်လေးတစ်ခုမှာပဲ နေခဲ့ကြတယ်။ ကျွန်တော်တို့ အရမ်း ငွေကြေးခက်ခဲခဲ့တယ်။ တခြားလူတွေကို ကျွန်တော် အားကျခဲ့ပြီး ကြီးလာတဲ့အခါ ငွေအများကြီး ရှာမယ်လို့ မျှော်လင့်ထားခဲ့တယ်။ အဲဒါမှ ကျွန်တော့်အမေနဲ့ ကျွန်တော်က ငွေကြေးဖူလုံမှု ရှိနိုင်မှာလေ။ ငွေရှာဖို့အတွက် ကျွန်တော် အထက်တန်းအောင်ပြီးတဲ့အခါ ပညာရေးဆက်မလုပ်တော့ဘူး။ အဲဒီအချိန်တုန်းက၊ ညီအစ်ကို မောင်နှမတွေက ကျွန်တော့်ကို အသင်းတော်မှာ ပါဝင်ပြီး အသင်းတော် အသက်တာကို အသက်ရှင်စေချင်ခဲ့ကြတယ်။ ဒါပေမဲ့ စုဝေးတာက ကျွန်တော် ငွေရှာတာကို အဟန့်အတားဖြစ်မှာ စိုးရိမ်ခဲ့တယ်။ ကျွန်တော်က အတော်လေး ငယ်လည်း ငယ်သေးတယ်။ ပြီး‌တော့ အိမ်ထောင်ပြုပြီး ငွေရှာရဦးမယ်လေ။ ကျွန်တော် လုပ်သမျှတိုင်းအတွက် ငွေလိုမှာ။ ဒါကြောင့် ညီအစ်ကို မောင်နှမတွေရဲ့ ကြင်နာတဲ့ စကားတွေနဲ့ အကြံကို ကျွန်တော် ငြင်းခဲ့တယ်။ ငွေ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တို့ကို လိုက်စားတဲ့ လမ်းကြောင်းပေါ် ပြတ်ပြတ်သားသား ခြေလှမ်းလှမ်းခဲ့တယ်။

ကျွန်တော် ဆောက်လုပ်ရေးအလုပ်လုပ်ပြီး၊ အထမ်းသမားအနေနဲ့လည်း လုပ်ခဲ့တယ်။ နောက်ပိုင်းမှာ၊ အရောင်းအဝယ်ကို လေ့လာပြီး အမျိုးတချို့နဲ့ စီးပွားရေးလုပ်ခဲ့တယ်။ နောက်ဆုံးမှာ စီးပွားရေလုပ်ငန်းက တိုးတက်သထက်တိုးတက်ခဲ့ပြီး၊ ကျွန်တော်တို့ စခဲ့တဲ့ ဆိုင်လေးတစ်ဆိုင်က သုံးလေးနှစ်အတွင်းမှာပဲ အလုပ်သမား ဆယ်ယောက်ကျော်ရှိတဲ့ ကုမ္ပဏီငယ်လေးတစ်ခုအဖြစ်ကို တိုးချဲ့သွားခဲ့တယ်။ ငယ်တဲ့အရွယ်မှာပဲ ကျွန်တော် သူဌေးတစ်ယောက်ဖြစ်လာပြီး ငွေတချို့ရှာခဲ့တယ်။ ကျွန်တော့် မိသားစုရဲ့ ငွေကြေးအခြေအနေ တိုးတက်ခဲ့တယ်။ ကျွန်တော် အိမ်တစ်လုံး ဝယ်ပြီး ဘဝ အခြေခံ ကုန်ကျစရိတ်အားလုံးကို လုံလောက်အောင် ပံ့ပိုးပေးနိုင်ခဲ့တယ်။ ကျွန်တော် ငွေတွေကို ပိုပိုပြီး ရှာနိုင်ခဲ့သလို၊ ကျွန်တော့်ရဲ့ ဇာတိပကတိအသက်တာက စိတ်ကျေနပ်မှုရခဲ့ပေမဲ့၊ ပိုပိုပြီး မပျော်မရွှင်ဖြစ်လာခဲ့တယ်။ ငွေရှာဖို့အတွက်၊ ဖောက်သည်တွေကို မြှောက်ပင့်ပြီး မျက်နှာလိုမျက်နှာရ လုပ်ပြီးတော့ သူတို့နဲ့ ပတ်သက်လို့ ပျော်နေသလိုမျိုးဟန်လုပ်ခဲ့ရတယ်။ လူတွေကို လိမ်တာ၊ လှည့်စားတာတွေက ကျွန်တော့်ရဲ့ နေ့စဉ် ပုံမှန်လုပ်တဲ့အလုပ် ဖြစ်လာခဲ့တယ်။ ကျွန်တော့်ရဲ့ ကိုယ်ကျိုးစီးပွားတွေ ပြည့်ဖို့ဆို ဘာမဆိုလုပ်မှာပဲ။ လူသားတစ်ယောက်လို လုံးဝ အသက်မရှင်ခဲ့ဘူး။ အရင်တုန်းက၊ ကျွန်တော်တို့ကို ရိုးသားတဲ့လူတွေဖြစ်ဖို့ ဘုရားနှုတ်ကပတ်တော်တွေ ပြောတာ မြင်ခဲ့ပြီးပြီ။ ဒါကို ကျွန်တော်တွေးမိတဲ့အခါတိုင်းမှာ အသိစိတ်ထဲမှာ တော်တော်ကြီးကို လိပ်ပြာမသန့်ဖြစ်ရတယ်။ အဲဒါအပြင်၊ နေ့တိုင်း စီးပွားရေးလုပ်ငန်းထဲမှာ ကျွန်တော့်ရဲ့ အချိန်နဲ့အားအင်ရှိသမျှကို စိုက်ထုတ်ခဲ့တယ်။ ဖောက်သည်တွေနဲ့ပတ်သက်လို့ အမြဲ စိတ်ကြည်ပြီး သဘောကောင်းအောင် နေခဲ့တယ်။ တစ်ခုခုကို စီစဉ်ဖို့ ကျွန်တော့်ကို သူတို့ ဖုန်းခေါ်တဲ့အခါ၊ ဧကရာဇ်မင်းရဲ့ အမိန့်ကို တုံ့ပြန်ရသလိုမျိုး ကျွန်တော် ချက်ချင်းကို ကိုင်တွယ်ဖြေရှင်းလိုက်တယ်။ ဒါပေမဲ့ ကျွန်တော့်အမေက သူ့အိပ်အလုပ်ကို ကူညီစေချင်တဲ့အခါ၊ ဒါမှမဟုတ် သူနဲ့ စကားပြောစေချင်တဲ့အခါ ကျွန်တော် အလုပ်များတယ်လို့ အမြဲပြောပြီး မနှောင့်ယှက်ဖို့ တောင်းဆိုခဲ့တယ်။ စုဝေးပွဲတွေကို မတက်ခဲ့ဘူး။ ဆုလည်း လုံးဝ မတောင်းဖြစ်သလောက်ပဲ။ ကျွန်တော့် အခြေအနေက လုံးဝ ယုံကြည်ချက်မဲ့တဲ့ ဘာသာတရားမရှိသူတစ်ယောက်လိုပါပဲ။ အဆက်အသွယ်တွေက စီးပွားရေလုပ်ငန်းမှာ အရမ်းအရေးကြီးလို့၊ ဖောက်သည်တွေနဲ့ ဆက်ဆံရေးတွေကို ဘယ်လိုထိန်းသိမ်းရမလဲ နေ့တိုင်း ကျွန်တော် စဉ်းစားတယ်။ ဘယ်သူနဲ့ပဲ ဆက်ဆံရသည်ဖြစ်စေ၊ သူတို့က ကျွန်တော့်ကို အကျိုးပြုနိုင်သရွေ့ သူတို့ကို ကျွန်တော် ချီးကျူးပြီး သူတို့ ကျေနပ်ဖို့ မရိုးသားတဲ့ စကားတွေ ပြောတယ်။ ကျွန်တော့်ရဲ့ ဒီအပြုအမူကို ကျွန်တော် စက်ဆုပ်မိတယ်။ ကျွန်တော် ပိုပို သူတော်ကောင်းယောင်ဆောင်ပြီး လှည့်စားတတ်လာခဲ့တယ်။ ကျွန်တော် မရိုးမသား ပြုမူဆောင်ရွက်နေတဲ့အဆင့်ထိကို တကယ် ရောက်သွားခဲ့တယ်။ ကျွန်တော့်ကိုယ်ကျွန်တော် ပိုပိုပြီး မုန်းမိသလို၊ ဒီလိုရှင်သန်တဲ့နည်းလမ်းကိုလည်း မုန်းမိတယ်။

နှစ်အတော်များများ ကြာပြီးတဲ့နောက် နိုင်ငံတစ်ဝှမ်းမှာ ကိုဗစ်ရောဂါ ပျံ့နေတဲ့အချိန်မှာ၊ ကျွန်တော် ရောဂါကူးစက်ခံရပြီး ကျွန်တော့် ခန္ဓာကိုယ်တစ်ခုလုံးက အရမ်းဝေဒနာခံစားခဲ့ရတယ်။ ကျွန်တော့်ရဲ့ ရောဂါလက္ခဏာတွေ အစမပြုခင် သုံးလေးနာရီလောက်မှာ ကျွန်တော်က စီးပွားရေး ကိစ္စအမျိုးမျိုးနဲ့ အလုပ်များပြီး အားအင်အပြည့် ဖြစ်နေခဲ့တာ။ ရုတ်တရက်ကြီး ထရပ်ဖို့တောင် ကျွန်တော် အားမရှိတော့ဘူး။ ကျွန်တော် အိပ်ရာထဲလှဲလိုက်တယ်။ ကျွန်တော့် ကြွက်သားတွေအားလုံး ကိုက်ခဲနာကျင်နေခဲ့ပြီး၊ ကျွန်တော့်ခေါင်းက ပေါက်ကွဲတော့မလို ခံစားရတယ်။ ကျွန်တော့်အဖျားကြီးနေတာက ကျမသွားတော့ ကျွန်တော့် နှုတ်ခမ်းတွေက အက်ကုန်တယ်။ ကျွန်တော် အော့အန်ပြီး ဝမ်းလျှောတယ်။ သေဖို့ သိပ်မဝေးတော့သလိုမျိုး အရမ်းကို ဆိုးဆိုးရွားရွား ခံစားခဲ့ရတယ်။ လူက ဘယ်လောက်အားအင်ချည့်နဲ့ပြီး သေးငယ်လဲဆိုတာကို အဲဒီအချိန်မှာ ခံစားခဲ့ရတယ်။ အဲဒီအချိန်မှာပဲ “ငါ ဘာအတွက်နဲ့များ ဒီလိုအသက်ရှင်နေတာလဲ”လို့ တွေးရင်းနဲ့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် စပြီး ဆင်ခြင်သုံးသပ်မိတယ်။ အတိတ်က ဖြစ်ရပ်တွေက ရုပ်ရှင်ပြကွက်တွေလို စိတ်ထဲမှာ မြင်ကွင်းတစ်ခုပြီးတစ်ခု ပေါ်လာခဲ့ပြီး၊ ကျွန်တော် တွေးမိတယ်။ “နေ့တိုင်း အလိမ်အညာတွေ တရစပ်ပြောပြီး လူတွေကို လှည့်စားရင်းနဲ့ ငွေပိုရဖို့ နည်းလမ်းတွေကို ငါ ဦးနှောက်ခြောက်ခံစဉ်းစားခဲ့တယ်။ ငါ တကယ်ပဲ ဒီလို အသည်းအသန် ငွေရှာပြီး အလုပ်လုပ်ဖို့အတွက်ပဲ အသက်ရှင်နေတာလား။ အားလုံးက ငါ့ရဲ့ ဝင့်ဝါမှုနဲ့ ကိုယ့်သိက္ခာကိုယ်လေးစားမှုကို ဖြည့်ဆည်းဖို့၊ လူတွေ ငါ့ကို အထင်ကြီးစေဖို့ပဲလား။ အစားအသောက်နဲ့ ပျော်ရွှင်မှုတွေမှာ စိတ်အလိုလိုက်ဖို့ပဲလား။ ဒါက ငါ့ဘဝ ရည်ရွယ်ချက်လား။ ငါ့ဘဝမှာ ဒါတွေပဲ ရှိတာလား။ ငါ တကယ်ပဲ ဒီလို သေသွားမှာလား”လို့ပေါ့။ ဒါကိုတွေးလိုက်တာနဲ့ ကျွန်တော့်မှာ ပြင်းထန်တဲ့ နောင်တတွေအပြည့်ပဲ။ အစကတည်းကနေ ဘုရားကို မှန်မှန်ကန်ကန် မယုံကြည်ခဲ့ဘဲ အသင်းတော် အသက်တာ အသက်မရှင်ခဲ့တာကို ကျွန်တော် နောင်တရမိတယ်။ ကျွန်တော် အရမ်းနောင်တရပြီး၊ ဒီလို သေချင်စိတ်မရှိခဲ့ဘူး။ အရင်တုန်းက ကျွန်တော် ဖတ်ခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို တွေးမိတယ်။ “ဘေးဒုက္ခမျိုးစုံ တစ်ခုပြီး တစ်ခု ကျရောက်လိမ့်မည်။ တိုင်းနိုင်ငံအားလုံးနှင့် နေရာအားလုံး ဘေးဒုက္ခများ ကြုံတွေ့ရလိမ့်မည်။ ကပ်ဆိုး၊ ငတ်မွတ်ခြင်း၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်းနှင့် ငလျင်လှုပ်ခြင်းများသည် အရပ်ရပ်တို့၌ ဖြစ်လေ၏။ ဤကပ်ဘေးဒုက္ခများသည် တစ်နေရာ၊ နှစ်နေရာ၌သာ ဖြစ်ပျက်နေခြင်း မဟုတ်သကဲ့သို့ တစ်ရက်၊ နှစ်ရက်အတောအတွင်း ပြီးဆုံး သွားလိမ့်မည်လည်း မဟုတ်ပေ။ ယင်းထက်၊ ၎င်းတို့သည် သာ၍ သာ၍ ကြီးမားသော နယ်ပယ်အနှံ့ တိုးချဲ့လိမ့်မည် ဖြစ်ပြီး၊ သာ၍ သာ၍ ပြင်းထန်လာလိမ့်မည် ဖြစ်သည်။ ဤအချိန်ကာလ အတောအတွင်းတွင်၊ အင်းဆက်ကပ်ဆိုး မျိုးစုံ တစ်ခုပြီး တစ်ခု ဖြစ်ပေါ်လိမ့်မည် ဖြစ်ပြီး၊ ခပ်သိမ်းသော နေရာတို့၌ လူသားစားသည့် ဖြစ်ရပ် ဖြစ်ပွားလိမ့်မည်။ ဤသည်မှာ တိုင်းနိုင်ငံအားလုံးနှင့် လူမျိုးအပေါင်းတို့အပေါ် ငါ၏ တရားစီရင်ခြင်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၆၅))လူတို့သည် ငွေနှင့် ကျော်စောမှုနောက်လိုက်ရင်း မိမိတို့၏ ဘဝကို ကုန်ဆုံးကြသည်။ ၎င်းတို့သည် ထိုအရာများက ၎င်းတို့၏ တစ်ခုတည်းသော အထောက်အပံ့ နည်းလမ်းဟု တွေးထင်ရင်း၊ ထိုအရာများကို ရှိခြင်းအားဖြင့် ၎င်းတို့ အသက်ဆက်ရှင် နိုင်သည့်အလား၊ သေခြင်းမှ လွတ်ကင်းစေနိုင်မည့်အလား ဤကောက်ရိုးမျှင်များကို ဖမ်းဆုပ်ထားကြလေသည်။ သို့သော် သူတို့သည် သေရတော့မည်အချိန်မှသာ ဤအရာများသည် သူတို့ထံမှ မည်မျှဝေးကွာသည်၊ သေခြင်းနှင့် ရင်ဆိုင်ရာ၌ ၎င်းတို့မည်မျှ အားနည်းသည်၊ ၎င်းတို့ မည်မျှလွယ်လွယ် ကျိုးပဲ့ကြေမွသည်၊ ဘယ်ကိုမှ သွားစရာမရှိဘဲ ၎င်းတို့ မည်မျှ အထီးကျန်ပြီး အကူအညီမဲ့နေသည်ကို နားလည်သဘောပေါက် ကြသည်။ ဘဝသည် ငွေ သို့မဟုတ် ကျော်စောမှုတို့ဖြင့် ဝယ်၍မရနိုင်ကြောင်း၊ လူတစ်ယောက်သည် မည်မျှ ချမ်းသာ ကြွယ်ဝပါစေ၊ ၎င်းတို့၏ အဆင့်အတန်းက မည်မျှ မြင့်မားပါစေ လူအားလုံးသည် သေခြင်းနှင့် ရင်ဆိုင်ရာ၌ ညီတူညီမျှ သနားစရာကောင်းပြီး အရေးမပါကြောင်းတို့ကို သူတို့ နားလည်သဘောပေါက်ကြသည်။ ငွေက အသက်ကို မဝယ်ယူနိုင်ကြောင်း၊ ကျော်စောမှုက သေခြင်းကို မချေဖျက်နိုင်ကြောင်း၊ ငွေ သို့မဟုတ် ကျော်စောမှုက လူတစ်ယောက်၏ဘဝကို တစ်မိနစ်၊ တစ်စက္ကန့်မျှ ဆွဲဆန့်မပေးနိုင်ကြောင်းကို ၎င်းတို့ နားလည်သဘောပေါက်ကြသည်။ လူတို့သည် ဤကဲ့သို့ ခံစားရလေ၊ ဆက်လက်ရှင်သန်ရဖို့ တမ်းတလေဖြစ်သည်။ ဤကဲ့သို့ ပိုခံစားရလေ၊ သေခြင်းနီးကပ် လာခြင်းကို ပိုမို ထိတ်လန့်လေ ဖြစ်သည်။ ဤအချိန်မှသာ ၎င်းတို့၏ဘဝကို ၎င်းတို့မပိုင်ကြောင်း၊ ၎င်းတို့၏ ထိန်းချုပ်မှုတွင် မရှိကြောင်းနှင့် သေဖို့ဖြစ်စေ ရှင်ဖို့ဖြစ်စေ မိမိတို့ ဆုံးဖြတ်ပိုင်ခွင့် မရှိကြောင်း ဤအရာအားလုံးက မိမိ၏ ထိန်းချုပ်မှု ပြင်ပတွင် ရှိကြောင်းကို အမှန်တကယ် နားလည် လေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) တကယ်တော့၊ ဒီစကားတွေကို အရင်က အကြိမ်အတော်များများ ကျွန်တော် ဖတ်ခဲ့ပြီးပြီ။ ကပ်ဘေးတွေကို ကျွန်တော် ကြောက်ပေမဲ့ အဲဒါတွေ ကျွန်တော့်ဆီ မဖြစ်သရွေ့၊ အဲဒါတွေက အတော်လေး အလှမ်းဝေးတယ်လို့ အမြဲ ခံစားခဲ့ပြီး၊ အရင်လိုပဲ ချမ်းသာကြွယ်ဝမှုနဲ့ ကိုယ်လိုချင်တဲ့ ဘဝကို ဆက်လိုက်စားခဲ့တယ်။ အခုတော့၊ ကျွန်တော်က တစ်ကိုယ်လုံး နာကျင်ကိုက်ခဲပြီး ကြံရာမရ အိပ်ရာထဲလှဲနေရတယ်။ အဲဒီအခါမှပဲ ချမ်းသာကြွယ်ဝမှုက လူတွေကို ရုပ်ဝတ္ထုဆိုင်ရာ ပျော်ရွှင်မှုတချို့ ရစေနိုင်ပေမဲ့ ကိုဗစ်ရောဂါကို ရင်ဆိုင်ရတော့ တကယ်ကို အချည်းနှီးဖြစ်တယ်ဆိုတာကို ကျွန်တော် နားလည်သွားတယ်။ ကျွန်တော် တကယ်ကို မသိနားမလည်ခဲ့သလို ကြောင်းကျိုးမမြင်ခဲ့မှန်း နောက်ဆုံးမှာ သဘောပေါက်သွားတယ်။ ကျွန်တော် အရမ်းခေါင်းမာခဲ့တာပဲ။ သေချာကြည့်လိုက်တော့၊ ဘုရားကို ကျွန်တော် ယုံကြည်ခဲ့ပေမဲ့၊ သူ့နှုတ်ကပတ်တော်တွေကို လုံးဝ လျစ်လျူရှုခဲ့ပြီး၊ ချမ်းသာကြွယ်ဝမှု၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေ လိုက်စားတာကို လုံးဝ မရပ်ခဲ့ဘူး။ ဒါက ဘုရားသခင်နဲ့ သူ့နှုတ်ကပတ်တော်တွေပေါ် ကျွန်တော့်ရဲ့ စစ်မှန်တဲ့ သဘောထားဖြစ်ခဲ့တယ်။ ကိုဗစ်ရောဂါ ကူးစက်ခံရမှပဲ ကိုယ့်ကိုယ်ကိုယ် စသုံးသပ်ခဲ့တယ်။ သခင်ယေရှု ပြောခဲ့တဲ့အရာကို ကျွန်တော် တွေးမိတယ်။ “လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့်ရွေးနိုင်သနည်း။(ရှင်မဿဲခရစ်ဝင် ၁၆:၂၆) နောက်ဆုံးမှာ ဒီစကားတွေ ဘာကို ဆိုလိုတယ်ဆိုတာနဲ့ပတ်သက်လို့ ကျွန်တော် ကိုယ်တွေ့ သိနားလည်မှု နည်းနည်း ရှိသွားခဲ့တယ်။ အသက်ကို ဝယ်ဖို့ ငွေကို တကယ် သုံးလို့မရဘူး။ ကျွန်တော် အိပ်ရာထဲမှာ ရအောင် လှည့်လိုက်ပြီး ဒူးထောက်ဆုတောင်းလိုက်တယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကျွန်တော် အရမ်း မသိနားမလည်ဖြစ်ပြီး ကြောင်းကျိုးမမြင်ပါဘူး။ ကျွန်တော့်ဘဝမှာ ဒီအခြေအနေထိရောက်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်စရာရှိပါတယ်။ ကိုယ်တော်က အသင်းတော် အသက်တာမှာ ပါဝင်ဖို့ ကျွန်တော့်ကို ထပ်တလဲလဲ ဖိတ်ဖို့အတွက် ညီအစ်ကို မောင်နှမတွေကို သုံးပြီး ဒီတစ်ချိန်လုံး ကျွန်တော့်ကို ကယ်တင်နေခဲ့တယ်။ ဒါပေမဲ့ အဲဒါကို ကျွန်တော် လုံးဝ လက်မခံချင်ခဲ့သလို၊ ကိုယ်တော်ရဲ့ ကယ်တင်ခြင်းကို ငြင်းခဲ့ပါတယ်။ ဘုရားသခင်၊ ကျွန်တော် အရမ်းနောင်တရမိပါတယ်။ အခု၊ ငွေက ကျန်းမာရေးကိုဖြစ်စေ၊ အသက်ကိုဖြစ်စေ မဝယ်နိုင်တာ နားလည်ပါပြီ။ ကျွန်တော်က ကိုယ့်ဘဝ တိုးတက်အောင် ငွေကိုအသုံးပြုချင်ပြီး အမြဲ ငွေနောက်လိုက်ခဲ့တယ်။ ဒါပေမဲ့ ငွေရှာဖို့အတွက် ရုပ်ပိုင်း၊ စိတ်ပိုင်း ပင်ပန်းမှုနဲ့ ကျွန်တော် အသက်ရှင်ခဲ့ပြီး အဲဒါက ကျွန်တော့်ကို ဒုက္ခပေးတော့မလို့ပဲ။ အဲဒီလို နာကျင်စရာ ပုံစံနဲ့ ကျွန်တော် ဆက်အသက်မရှင်တော့ပါဘူး။ လှည့်စားမှု၊ အလိမ်အညာတွေနဲ့ ပြည့်နေတဲ့ အပြန်အလှန် လှည့်စားတဲ့ ဒီပတ်ဝန်းကျင်မှာ သူတော်ကောင်းအယောင်ဆောင်တဲ့ သူတစ်ယောက်လို ဆက်အသက်မရှင်ချင်တော့ပါဘူး။ ဘုရားသခင်၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပြီး နောက်ထပ်အခွင့်အရေးတစ်ခု ရခွင့်ပေးပါ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ကယ်တင်ပါ”လို့ပေါ့။ အဲဒါက ကျွန်တော် ဆုတောင်းပြီး နောင်တရခဲ့တဲ့ပုံပဲ။ ကျွန်တော့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုက နည်းနည်းမှ လျော့မသွားခဲ့ပေမဲ့ အဲဒီအချိန်မှာပဲ၊ မိဘရဲ့ ပွေ့ဖက်မှုထဲမှာ ကွေးနေတဲ့ ကလေးလောက်လို ကျွန်တော့် စိတ်နှလုံးက နွေးထွေးသွားတယ်။

နောက်နေ့မှာ၊ ကျွန်တော် ရောဂါကူးစက်ခံရတာကို ကျွန်တော့် အမေက ကြားပြီး စောင့်ရှောက်ဖို့ လာတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ အများကြီး သူ ဖတ်ပြသလို၊ အဲဒါတွေထဲက တချို့က ကျွန်တော့်အပေါ် နက်ရှိုင်းတဲ့ခံစားမှု ထင်ကျန်စေခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက်သာ စဉ်းစားတတ်တော့သည် အထိဖြစ်အောင်၊ ၎င်းတို့၏ အတွေးများကို ထိန်းချုပ်ရန်အတွက် စာတန်သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို အသုံးပြု၏။ ၎င်းတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် ရုန်းကန်လှုပ်ရှား ကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် အခက်အခဲများကို ခံကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် အရှက်ရခြင်းများကို ကြံ့ကြံ့ခံကြ၏၊ ကျော်ကြားမှု နှင့် အမြတ်အစွန်း အတွက် ၎င်းတို့တွင် ရှိသမျှအရာတိုင်းကို စွန့်လွှတ်ကြသကဲ့သို့၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းတို့အတွက် မည်သို့သော အကဲဖြတ်မှု၊ ဆုံးဖြတ်မှုကိုမဆို ၎င်းတို့က ပြုလုပ်ကြလိမ့်မည်။ ဤနည်းလမ်းဖြင့် စာတန်သည် လူတို့အား မမြင်နိုင်သော အချုပ်အနှောင်တို့နှင့် ချည်နှောင်ပြီး လူတို့သည် ၎င်းတို့ကို တွန်းလှန်ရန် အင်အားမရှိသလို သတ္တိလည်းမရှိကြပေ။ ၎င်းတို့သည် ဤအချုပ်အနှောင်တို့အား အမှုမဲ့အမှတ်မဲ့ သယ်ဆောင်ကြပြီး ကြီးစွာသော အခက်အခဲဖြင့် ရှေ့သို့ဆက်ကာသာ ရုန်းကြရ၏။ ဤကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် အလို့ငှာ၊ လူသားမျိုးနွယ်သည် ဘုရားသခင်ကို ရှောင်ကြဉ်၍၊ ကိုယ်တော်အား သစ္စာဖောက်ပြီး၊ တိုး၍ ဆိုးယုတ် လာကြသည်။ ထို့ကြောင့် ဤနည်းဖြင့် မျိုးဆက်တစ်ခုပြီး တစ်ခုသည် စာတန်၏ ကျော်ကြားခြင်းနှင့် အမြတ်အစွန်း အကြားတွင် ဖျက်ဆီးခံကြရ၏။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆))‘ငွေက ကမ္ဘာကို လည်ပတ်စေသည်’ ဆိုသည်မှာ စာတန်၏ အတွေးအခေါ်တစ်ခုဖြစ်သည်။ ယင်းသည် လူသားမျိုးနွယ် တစ်ခုလုံးအကြား၊ လူ့အသိုင်းအဝိုင်းတိုင်းတွင် ပျံ့နှံ့လေသည်။ ၎င်းကို ခေတ်ရေစီးကြောင်းတစ်ခု ဖြစ်သည်ဟု သင်ပြောနိုင်သည်။ ဤသည်မှာ ယင်းသည် ကနဦးက ဤဆိုရိုးစကားကို လက်မခံခဲ့ကြသော်လည်း ထို့နောက် လက်တွေ့ဘဝနှင့် ထိတွေ့လာရချိန်တွင် ထိုဆိုရိုးစကားကို သိသိသာသာ လက်ခံကြပြီး ဤစကားများက ဧကန်အမှန် မှန်ကန်သည်ဟု စတင်ခံစားကြရသည့် လူတစ်ဦးစီတိုင်း၏ စိတ်နှလုံးထဲ သွတ်သွင်းခံရသောကြောင့်ဖြစ်သည်။ ဤသည်မှာ စာတန်က လူသားကို ဖောက်ပြန်ပျက်စီးစေခြင်း ဖြစ်စဉ် မဟုတ်လော။ လူတို့သည် ဤဆိုရိုးစကားကို တူညီသည့်အတိုင်းအတာဖြင့် နားလည်ကောင်း နားလည်မည်မဟုတ်သော်လည်း၊ အယောက်တိုင်းသည် အနီးတစ်ဝိုက်တွင် ဖြစ်နေသည့် အရာများနှင့် ၎င်းတို့၏ ပုဂ္ဂိုလ်ရေး အတွေ့အကြုံများကို အခြေခံပြီး၊ ဤဆိုရိုးစကား နှင့်ဆိုင်သော မတူကွဲပြားသည့် အနက်ပြန်ခြင်းနှင့် သိမှတ်မှု အတိုင်းအတာများ ရှိကြသည်။ ယင်းမှာ မှန်၏လော။ တစ်စုံတစ်ယောက်သည် ဤဆိုရိုးစကားနှင့် သက်ဆိုင်သော အတွေ့အကြုံမည်မျှရှိပါစေ၊ တစ်စုံတစ်ယောက်၏ စိတ်နှလုံးသား အပေါ် မည်သည့် အပျက်သဘောဆောင်သော သက်ရောက်မှု ရှိနိုင်သနည်း။ သင်တို့ အယောက်စီတိုင်းအပါအဝင် ဤလောက ထဲက လူတို့၏ လူသား စိတ်သဘောထားမှတစ်ဆင့် တစ်စုံတစ်ခု ထုတ်ဖော်ပြခံရသည်။ ယင်းက မည်သည့်အရာနည်း။ ယင်းသည် ငွေကို ကိုးကွယ်ခြင်းဖြစ်သည်။ ယင်းကို တစ်စုံတစ်ယောက်၏ စိတ်နှလုံးသားထဲမှ ဖယ်ရှားဖို့ ခက်ခဲသလော။ အင်မတန် ခက်ခဲသည်။ လူသားနှင့်ဆိုင်သော စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းသည် ဧကန်အမှန် အလွန် နက်ရှိုင်း၏။ စာတန်သည် လူများကို စုံစမ်းသွေးဆောင်ဖို့ ငွေကို အသုံးပြုပြီး လူတို့အား ငွေကို ကိုးကွယ်အောင်နှင့် ရုပ်ဝတ္ထုပစ္စည်းများကို အမွန်အမြတ်ထားအောင် ဖောက်ပြန်ပျက်စီးစေသည်။ ဤငွေကို ကိုးကွယ်ခြင်းသည် လူတို့၌ မည်သို့ပေါ်လွင်သနည်း။ ဤလောကတွင် ငွေတစ်ခုတစ်လေမျှမရှိဘဲ အသက်ရှင်မနေနိုင်၊ ငွေမရှိဘဲ တစ်ရက်မျှပင် မဖြစ်နိုင်ဟု သင်တို့ခံစားသလော။ လူတို့၏ အဆင့်အတန်းသည် ၎င်းတို့ ခံယူသည့် လေးစားမှုကဲ့သို့ ငွေမည်မျှရှိသည်ဆိုသည့်အပေါ် အခြေခံနေသည်။ ဆင်းရဲသားတို့၏ နောက်ကျောသည် အရှက်တရားတို့ဖြင့် ကွေးညွှတ်နေစဉ်၊ လူချမ်းသာတို့သည် ၎င်းတို့၏ မြင့်မားသည့် အဆင့်အတန်းကို သာယာ နေကြသည်။ သူတို့သည် ရဲရင့်ပြီး မော်ကြွားကြသည်၊ ကျယ်လောင်စွာ စကားပြောကြပြီး၊ မာန်မာနထောင်လွှားစွာ နေထိုင်ကြသည်။ ဤဆိုရိုးစကားနှင့် ခေတ်ရေစီးကြောင်းသည် လူသားတို့အား အဘယ်အရာကို ယူဆောင်လာပေးသနည်း။ ငွေကို လိုက်စားရှာဖွေရာတွင် မည်သည့်စွန့်လွှတ်မှုကိုမဆို လူများစွာက ပြုကြသည်မှာ မှန်သည်မဟုတ်လော။ လူတို့သည် ငွေကို ပိုမိုလိုက်စား ရှာဖွေရာတွင်‌ ၎င်းတို့၏ ဂုဏ်သိက္ခာနှင့် သမာဓိတို့ကို မစွန့်လွှတ်သလော။ ငွေကြေးအတွက် များစွာသော လူတို့သည် မိမိတို့၏တာဝန်များကို ထမ်းဆောင်ရန်နှင့် ဘုရားသခင်နောက်လိုက်ရန် အခွင့်အရေးကို ဆုံးရှုံးကြသည် မဟုတ်လော။ သမ္မာတရားကို ရရှိကာ ကယ်တင်ခံရမည့် အခွင့်အရေးကို ဆုံးရှုံးခြင်းသည် ဆုံးရှုံးမှုများ အားလုံးထဲတွင် လူတို့အတွက် အကြီးမားဆုံးသော ဆုံးရှုံးမှုကြီးဖြစ်သည် မဟုတ်သလော။ စာတန်သည် ဤနည်းလမ်းနှင့် ဤဆိုရိုးစကားကို ထိုသို့သော အတိုင်းအတာတစ်ခုထိ အသုံးပြုသည်မှာ အန္တရာယ်ပြုမည့် လက္ခဏာ မဟုတ်သလော။ ဤသည်မှာ မလိုမုန်းထားသည့် လှည့်ကွက်တစ်ခု မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅)) အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်တဲ့အခါ၊ စာတစ်ကြောင်းစီက သမ္မာတရားဖြစ်တယ်လို့ ခံစားရတယ်။ သူ ပြောတဲ့ စကားတွေက အရမ်းမှန်တယ်။ ပြီးတော့ ကျွန်တော့် စိတ်နှလုံး အတွင်းနက်နက်နေရာတွေကို တန်းထိတယ်။ ကျွန်တော်က ဘုရား ဖော်ထုတ်ခဲ့တာနဲ့ အတူတူပါပဲ။ ငွေကို အမြဲ ကိုးကွယ်တယ်၊ “အားလုံးအထက်မှာ ငွေ”ဆိုတဲ့ စိတ်ကူးအတိုင်း ပြုမူနေခဲ့တယ်။ ကျွန်တော့်မှာ ငွေရှိခဲ့ရင်၊ အရာရာရှိပြီး အထက်တန်းစား ဘဝတစ်ခုကို အသက်ရှင်နိုင်မယ်၊ ကိုယ်ကြိုက်သလို အသက်ရှင်နိုင်ပြီး တခြားလူတွေရဲ့ အထင်ကြီးတာ ခံရမယ်၊ ငွေမရှိရင်တော့၊ ဘာတစ်ခုမှ လုပ်နိုင်မှာမဟုတ်ဘူးလို့ ထင်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေ ဖော်ထုတ်တဲ့အရာကတစ်ဆင့်၊ စာတန်ရဲ့ မလိုမုန်းထားမှုနဲ့ စက်ဆုပ်စရာ ရည်ရွယ်ချက်တွေကို ကျွန်တော် မြင်ခဲ့တယ်။ စာတန်က ကျွန်တော့် စိတ်ကို ထိန်းချုပ်ဖို့ ငွေ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေကို သုံးခဲ့တယ်။ ဒီအရာတွေထဲမှာ လမ်းပျောက်သွားစေခဲ့သလို၊ ငွေနောက်လိုက်တာကို ဘဝမှာ ကျွန်တော် လိုက်စားတဲ့ ရည်မှန်းချက်နဲ့ ဦးတည်ချက်အဖြစ် ပြောင်းလိုက်တယ်။ အဲဒီလိုနဲ့ ဘုရားကို ရှောင်ရှားပြီး သစ္စာဖောက်အောင်၊ ပိုပိုပြီး လှည့်ဖြား၊ ကောက်ကျစ်ဆိုးယုတ်ပြီး လောဘကြီးလာအောင် လုပ်ခဲ့တယ်။ နောက်ဆုံးမှာ စာတန်နဲ့အတူ ပျက်စီးသွားအောင် ကျွန်တော့်ကို အကွက်ဆင်ခဲ့တယ်။ အရင်တုန်းက၊ ကျွန်တော့်ထဲကို စာတန်သွတ်သွင်းတဲ့ စိတ်ကူးတွေနဲ့ ကျွန်တော် အမြဲ အသက်ရှင်ခဲ့တယ်။ ကျွန်တော်က ငွေ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ် လိုက်စားဖို့ကိုပဲ ခိုင်ခိုင်မာမာ စိတ်ပိုင်းဖြတ်ထားတယ်။ ငွေမရှိဘဲ လူတွေက ကိစ္စတစ်ခုမှ မလုပ်နိုင်သလို၊ ငွေရှိတဲ့သူတွေက ပိုကောင်းတဲ့ ဘဝကို မွေ့လျော်ခံစားနိုင်ပြီး တခြားလူတွေ သူတို့ကို အထင်ကြီးအောင်လုပ်နိုင်တယ်လို့ ကျွန်တော် ယုံကြည်ခဲ့တယ်။ ဒီရိုးရှင်းပုံရတဲ့ ယုံကြည်မှုက မမြင်ရတဲ့ နှောင်ကြိုးတွေနဲ့ ကျွန်တော့်ကို ချည်နှောင်ခဲ့တယ်။ ရုန်းထွက်လွတ်မြောက်ဖို့ သတ္တိတစ်စက်မှ မရှိဘဲ ကျွန်တော့်ကို စာတန်ရဲ့ ထိန်းချုပ်မှုအောက်မှုမှာ အခိုင်အမာ ထိန်းထားတယ်။ ဒါက ကျွန်တော် စာတန်ရဲ့ လှည့်စားတာ၊ ဖောက်ပြန်ပျက်စီးအောင်လုပ်တာ ခံခဲ့ရတဲ့ပုံစံပဲ။ ငွေ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက်၊ ကျွန်တော်က အလိမ်အညာတွေ၊ လှည့်စားမှုအပြည့်နဲ့ ကိစ္စတွေကို ဘယ်နည်းနဲ့မဆို လုပ်ရင်းနဲ့ သံယောဇဉ်ကင်းပြီး သနားကြင်နာမှုမဲ့လာခဲ့တယ်။ ကျွန်တော်က လုံးဝကို လူသားတစ်ယောက်လို အသက်မရှင်ခဲ့ဘူး။ ငွေတချို့ကို ရှာပြီးတဲ့နောက်မှာ ကျွန်တော့်ရဲ့ စိတ်ဆင်းရဲမှုကို သက်သေစေချင်လို့ နေရာအနှံ့ ခရီးသွားခဲ့တယ်။ လက်တွေ့မှာတော့ ဒါက ကိုယ့်ကိုယ်ကိုယ် ယာယီ ထုံထိုင်းသွားစေဖို့ နည်းလမ်းတစ်ခုပဲဖြစ်တယ်။ ကျွန်တော့်ဘဝကို တန်ဖိုးတက်စေချင်လို့ အလုပ်မှာ ကျွန်တော့်ရဲ့ အားအင်နဲ့ အားလုံးကို စိုက်ထုတ်ခဲ့ပေမဲ့ စိတ်ထဲမှာ ကျွန်တော် ခံစားရတဲ့ အနှစ်မဲ့မှုကို လုံးဝ မခါချနိုင်ခဲ့ဘူး။ ကျွန်တော့် စိတ်နှလုံးကို နိုးထစေခဲ့တာက ဘုရားနှုတ်ကပတ်တော်တွေပါ။ ကျွန်တော့်ရဲ့ လိုက်စားမှုတွေကို ကျွန်တော် စပြီး သေချာဆန်းစစ်ခဲ့တယ်။ ငွေ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေကိုပဲ ကျွန်တော် တစ်စိုက်မတ်မတ် ဆက်မလိုက်စားချင်ခဲ့ဘူး။ ဒီအရာတွေက ကျွန်တော် ထင်သလောက် အရာရာတတ်စွမ်းနိုင်တာ မဟုတ်ဘူး။ ကျွန်တော် အိပ်ရာလှဲပြီး မထနိုင်ဘဲရှိနေတုန်းမှာ၊ ရုပ်ဝတ္ထု ပျော်ရွှင်မှုတွေနဲ့ ငွေတွေအားလုံးက အရမ်း အရေးမပါသလို ထင်ရတယ်။ ငွေက လူ့အသက်ကို မကယ်နိုင်သလို၊ လူ့ရဲ့ ဖြစ်တည်မှု အရင်းအမြစ်မဟုတ်ဘူး။ လူတွေကို စိတ်ဆင်းရဲမှုကနေ မလွတ်မြောက်စေဘူး။

အဲဒီနောက်မှာ၊ တန်ဖိုးနဲ့ အဓိပ္ပာယ်ရှိတဲ့ ဘဝတစ်ခုကို အသက်ရှင်ဖို့ ဘယ်လို ကျွန်တော် လိုက်စားသင့်တယ်ဆိုတာကို ကျွန်တော် စပြီးရှာဖွေတယ်။ အဲဒီအချိန်မှာ၊ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် ဖတ်ခဲ့ရတယ်။ “ပုံမှန်ဖြစ်ပြီး ဘုရားသခင်ကို ချစ်ဖို့ အားထုတ်သည့် သူတစ်ဦးဖြစ်သည်နှင့်အမျှ၊ ဘုရားသခင်၏ လူများထဲမှ တစ်ဦးဖြစ်လာဖို့ နိုင်ငံတော်ထဲသို့ ဝင်ရောက်ခြင်းသည် သင်တို့၏ စစ်မှန်သော အနာဂတ်ဖြစ်ပြီး၊ အဆုံးစွန်သော တန်ဖိုးနှင့် အဓိပ္ပာယ်ရှိသည့် အသက်တာ တစ်ခု ဖြစ်သည်။ မည်သူမျှ သင်တို့ထက် သာ၍ကောင်းချီးမခံစားရပေ။ ဤအရာကို အဘယ်ကြောင့် ငါပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကို မယုံကြည်သော သူတို့သည် ဇာတိပကတိအတွက် အသက်ရှင်ကြပြီး စာတန်အတွက် အသက်ရှင်ကြသည်၊ သို့သော် ယနေ့တွင် သင်တို့သည် ဘုရားသခင်အတွက် အသက်ရှင်ကြပြီး ဘုရားသခင်၏အလိုတော်ကို လိုက်လျှောက်ရန် အသက်ရှင်ကြပေသည်။ ယင်းမှာ သင်တို့၏ အသက်တာများသည် အဆုံးစွန် အဓိပ္ပာယ်ရှိသည်ဟု ငါ ပြောရသည့် အကြောင်းရင်း ဖြစ်သည်။ ဘုရားသခင်ရွေးချယ်ထားသော ဤလူအုပ်စုသည်သာ အဆုံးစွန်အဓိပ္ပာယ်ရှိသည့် အသက်တာကို ရှင်သန်နိုင်သည်။ ကမ္ဘာမြေပေါ်ရှိ အခြားမည်သူမျှ ထိုသို့သော တန်ဖိုးနှင့် အဓိပ္ပာယ် ရှိသည့် အသက်တာတစ်ခုကို အသက်မရှင်နိုင်ကြပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အသစ်ဆုံးသောအမှုကို သိပြီး သူ၏ ခြေလှမ်းများနောက် လိုက်လော့)မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ ထိုတာဝန်သည် မိမိတို့လုပ်ဆောင်နိုင်သည့် အသင့်လျော်ဆုံးသောအရာဖြစ်သည်။ လူသားမျိုးနွယ်ကြားတွင် အလှပဆုံး၊ တရားအမျှတဆုံးသောအရာ ဖြစ်သည်။ ဖန်ဆင်းခံများအနေဖြင့် လူတို့သည် မိမိတို့တာဝန်ကို ထမ်းဆောင်သင့်သည်။ ထိုအခါမှသာ ဖန်ဆင်းရှင်၏ လက်ခံအတည်ပြုခြင်းကို ၎င်းတို့ ရရှိနိုင်သည်။ ဖန်ဆင်းခံတို့သည် ဖန်ဆင်းရှင်၏ စိုးမိုးမှုအောက်တွင် အသက်ရှင်ပြီး ဘုရားသခင် ပံ့ပိုးသည့်အရာအားလုံးနှင့် ဘုရားသခင်ဆီကလာသည့် အရာရာတိုင်းကို ၎င်းတို့ လက်ခံသည်။ ထို့ကြောင့် ၎င်းတို့၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်သင့်သည်။ ဤသည်မှာ လုံးဝ သဘာဝကျပြီး ခိုင်လုံသည်။ ဘုရားသခင်က စီမံခဲ့ခြင်း ဖြစ်သည်။ လူတို့အတွက် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ခြင်းသည် ကမ္ဘာမြေပေါ်တွင် နေထိုင်စဉ် လုပ်ဆောင်သည့် မည်သည့်အရာမဆိုထက်ပို၍တရားမျှတသည်၊ လှပသည်၊ မြင့်မြတ်သည်ကို ဤအရာမှ မြင်နိုင်သည်။ ဖန်ဆင်းခံတစ်ဦးနှင့်ဆိုင်သည့် တာဝန်ကို ထမ်းဆောင်ခြင်းထက် လူသားမျိုးနွယ်ကြားတွင် မည်သည့်အရာကမျှ ပို၍အဓိပ္ပာယ်မရှိ၊ သို့မဟုတ် ပို၍တန်ဖိုးမရှိသည့်အပြင် မည်သည့်အရာကမျှ ဖန်ဆင်းခံဖြစ်သူတစ်ဦး၏ အသက်တာအတွင်းသို့ သာ၍ကြီးမားသော အဓိပ္ပာယ်နှင့် အနှစ်သာရကို မဆောင်ကြဉ်းပေ။ ကမ္ဘာမြေပေါ်တွင် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို အမှန်တကယ်၊ ရိုးသားစွာ ထမ်းဆောင်သော လူအုပ်စုသာလျှင် ဖန်ဆင်းရှင်ကို ကျိုးနွံနာခံသောသူများဖြစ်သည်။ ဤအုပ်စုသည် လောကီ၌ ရေပန်းစားသောအရာများနောက်သို့ မလိုက်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ ခေါင်းဆောင်မှုနှင့် လမ်းပြမှုကို ကျိုးနွံနာခံသည်။ ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များကိုသာ နားထောင်သည်။ ဖန်ဆင်းရှင် ဖော်ပြသော သမ္မာတရားများကို လက်ခံသည်။ ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များအတိုင်း အသက်ရှင်သည်။ ဤသည်မှာ အမှန်ကန်ဆုံး၊ အထူးကဲဆုံးသော သက်သေခံချက်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အပေါ် ယုံကြည်ခြင်း၏ အကောင်းဆုံး သက်သေခံချက် ဖြစ်သည်။ ဖန်ဆင်းခံတစ်ဦးအနေဖြင့် ဖန်ဆင်းခံတစ်ဦးနှင့်ဆိုင်သည့် တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်ခြင်း၊ ဖန်ဆင်းရှင်ကို ကျေနပ်မှုပေးနိုင်ခြင်းသည် လူသားမျိုးနွယ်ကြားတွင်အလှပဆုံးသောအရာဖြစ်ပြီး၊ ယင်းသည် လူအားလုံးက ချီးမွမ်းရန်အတွက် ပုံပြင်တစ်ခုအဖြစ် ဖြန့်သင့်သည့်အရာ ဖြစ်သည်။ ဖန်ဆင်းရှင်က ဖန်ဆင်းခံများထံ အပ်နှံထားသော မည်သည့်အရာကိုမဆို ၎င်းတို့က အကြွင်းမဲ့လက်ခံသင့်သည်၊ ယင်းသည် လူသားမျိုးနွယ်အတွက်ပျော်ရွှင်ခြင်းနှင့် အထူးအခွင့်အရေး နှစ်မျိုးလုံးနှင့်ဆိုင်သော ကိစ္စဖြစ်ပြီး ဖန်ဆင်းခံတစ်ဦး၏တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်စွမ်းရှိသော သူများအားလုံးအတွက် မည်သည့်အရာကမျှ ပို၍ လှပဖွယ်၊ သို့မဟုတ် အောက်မေ့ဂုဏ်ပြုထိုက်ဖွယ် မကောင်းပေ၊ ဤသည်မှာ အပြုသဘောဆောင်သောအရာပင် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၇)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရာကတစ်ဆင့်၊ ဘဝ ဦးတည်ချက်ကို ကျွန်တော် ရှာတွေ့ခဲ့တယ်။ ဖန်ဆင်းခံအနေနဲ့ သမ္မာတရားကို လိုက်စားဖို့၊ ဘုရားရဲ့ ရည်ရွယ်ချက်တွေအထမြောက်အောင် လုပ်ဖို့နဲ့ ဖန်ဆင်းရှင်ရဲ့ အသိအမှတ်ပြုတာကို ရဖို့အတွက် အသက်ရှင်သင့်တယ်ဆိုတာကို ကျွန်တော် နားလည်ခဲ့တယ်။ ဖန်ဆင်းခံအနေနဲ့ လူတစ်ယောက်က သူ့တာဝန်ကို ယူပြီး သူ့ဝတ္တရားကို ကောင်းကောင်း ဖြည့်ဆည်းသင့်တယ်။ ဒါထက် ပိုတန်ဖိုးရှိတာ၊ အဓိပ္ပာယ်ရှိတာ မရှိဘူး။ စာတန်နောက်လိုက်ပြီး ငွေ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေကို လိုက်စားရာမှာ၊ လူတစ်ယောက်က စစ်မှန်တဲ့ ပျော်ရွှင်ခြင်းကို မရနိုင်ရုံမက၊ သူတို့ ပိုပိုပြီးလည်း တစ်ကိုယ်ကောင်းဆန်ပြီး လောဘကြီးလာမှာ ဖြစ်တယ်။ နောက်ဆုံးမှာ၊ စာတန်ရဲ့ ဖမ်းဆီးတာကို လုံးဝ ခံရမှာဖြစ်ပြီး အဆုံးမဲ့ စိတ်ဆင်းရဲမှုထဲ ကျဆင်းသွားလိမ့်မယ်။ အခု၊ ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်က ပြီးခါနီးနေပြီ။ ဘုရားကို မှန်မှန်ကန်ကန် ယုံကြည်ဖို့ ဒီအခွင့်အရေးကို ကျွန်တော် အမိအရအသုံးမချနိုင်သေးရင်၊ တကယ်ကို သိပ်မိုက်မဲရာကျမှာပဲ။ ကျွန်တော့်ထဲကို စာတန်သွတ်သွင်းတဲ့ စိတ်ကူးတွေရဲ့ ထိခိုက်တာကို ကျွန်တော် ဆက်မခံချင်တော့ဘူး၊ ဒီစိတ်ဆင်းရဲရတဲ့ ဘဝကနေ ရုန်းထွက်လွတ်မြောက်ဖို့ စိတ်ပိုင်းဖြတ်ခဲ့တယ်။ အိပ်ရာထဲလှဲတာ သုံးရက်မြောက်တဲ့နေ့မှာ၊ ကျွန်တော် အဖျားရှိနေသေးပေမဲ့ အရင်လောက် သိပ်မကိုက်ခဲတော့ဘူး။ ကျွန်တော့်အမေကို ကျွန်တော် ပြောလိုက်တယ်။ “စုဝေးပွဲတွေ ကျွန်တော် တက်ချင်တယ်”လို့။ သိပ်မကြာခင်မှာပဲ၊ အသင်းတော် အသက်တာကို ကျွန်တော် စအသက်ရှင်ပြီး ကျွန်တော့် စိတ်နှလုံးထဲမှာ ဘုရားကို ကျေးဇူးတင်မိခဲ့တယ်။ ဘုရားက ကျွန်တော့်ကို ဘုရားအိမ်တော်ကို ပြန်သွားဖို့ နောက်ထပ် အခွင့်အရေး ပေးခဲ့ပြီးပြီ။ အဲဒါကို ကျွန်တော် မှန်မှန်ကန်ကန် တန်ဖိုးထားရမယ်။ သူ့ရဲ့ ရည်ရွယ်ချက်တွေနဲ့အညီ အသက်ရှင်ဖို့ ပျက်ကွက်လို့မဖြစ်ဘူး။

ဒါပေမဲ့ ကျွန်တော့်ရှေ့မှာ အကျပ်အတည်းတစ်ခု ရှိနေတုန်းပဲ။ ကျွန်တော့်ရဲ့ စီးပွားရေးလုပ်ငန်းမှာ အချိန်ကြာပြီဖြစ်တဲ့ ဖောက်သည်တချို့ရှိတယ်။ စီးပွားရေးလုပ်ငန်းတိုးချဲ့ဖို့ ကျွန်တော် အသည်းအသန် မကြိုးစားတော့ပေမဲ့၊ အဲဒီစီးပွားရေလုပ်ငန်းထဲကို ကျွန်တော့် အားအင်တွေ ရင်းနှီးမြှုပ်နှံနေတုန်းပါပဲ။ ကျွန်တော် အစည်းအဝေးလုပ်နေတုန်းမှာ စိတ်မချမ်းမသာဖြစ်နေခဲ့တယ်။ ဘုရားရှေ့မှာ စိတ်နှလုံးကို ငြိမ်အောင်မထားနိုင်ခဲ့ဘူး။ စုဝေးပွဲပြီးသွားတော့၊ ကျွန်တော့်ဖုန်းကို ထုတ်ပြီး၊ ဖောက်သည်တွေဆီက ဖုန်းခေါ်ဆိုမှုတွေ၊ စာတိုတွေကိုပဲ ကြည့်တယ်။ စုဝေးပွဲတိုင်းမှာ၊ အနှောင့်အယှက်မျိုးစုံ ကြုံခဲ့ရတယ်။ တစ်ခါမှာ၊ စုဝေးပွဲတစ်ခုကို ကျွန်တော် သွားနေတုန်း၊ ကုန်ပစ္စည်းတချို့ကို အရေးပေါ် လိုအပ်တဲ့ ဖောက်သည်တစ်ယောက်ဆီက ရုတ်တရက် ဖုန်းဝင်လာတာ ဖြေလိုက်ရတယ်။ ကျွန်တော်တို့ စုဝေးကြမဲ့ နေရာကို ကျွန်တော် ရောက်ခါနီးနေပြီ။ ဒါပေမဲ့ ဖောက်သည်ရဲ့ ဖိအားကို အလျှော့ပေးမိပြီးတော့ စုဝေးပွဲနေရာဆီ ကျွန်တော်သွားပြီး ကိစ္စတစ်ခုခု ပေါ်လာတယ်လို့ ညီအစ်ကို မောင်နှမတွေကို အကြောင်းကြားပြီးတော့ အမြန် ထွက်သွားမိခဲ့တယ်။ ဒါက စုဝေးပွဲတွေကို အရမ်း အနှောင့်အယှက်ပေးနေခဲ့တယ်လို့ ကျွန်တော် ခံစားရပြီး စီးပွားရေးလုပ်ငန်းကို စွန့်လွှတ်ချင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်အရမ်းဒွိဟဖြစ်တယ်။ အရင်တုန်းက၊ ကျွန်တော့် ဖောက်သည်တွေနဲ့ တစ်နေ့လုံး တွေ့တယ်။ လိုအပ်တဲ့ ဘယ်လိုနည်းနဲ့မဆို သူတို့နဲ့ ကျွန်တော့်ရဲ့ ဆက်ဆံရေးတွေကို ထိန်းသိမ်းချင်ခဲ့တယ်။ အခု ကျွန်တော် ရပ်လိုက်ပြီး အရင်က အားထုတ်မှုအားလုံးကို ဖြုန်းတီးလိုက်ရင်၊ အဲဒါ တကယ်ကို ဝမ်းနည်းစရာဖြစ်မှာပဲ။ စုဝေးပွဲ တွေကို ကျွန်တော် တက်ချင်ခဲ့ပေမဲ့၊ ငွေကို မစွန့်လွှတ်နိုင်ခဲ့ဘူး။ ဒါကြောင့် ဘုရားဆီ ဆုတောင်းပြီး ထွက်ပေါက်တစ်ခု ပြဖို့ တောင်းလျှောက်ခဲ့တယ်။

တစ်နေ့မှာ၊ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ကျွန်တော် ဖတ်ခဲ့ရတယ်။ “အကယ်၍ ယခုတွင် ငါသည် သင်တို့ရှေ့၌ ငွေကြေးအချို့ကို ပုံပေးပြီး လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးပါက၊ ထို့ပြင် ငါသည် သင်တို့၏ ရွေးချယ်မှုအတွက် သင်တို့ကို ပြစ်တင်ရှုတ်ချမည် မဟုတ်ပါက အများစုသည် ငွေကြေးကိုသာ ရွေးပြီး သမ္မာတရားကို ပစ်ပယ်ကြပေလိမ့်မည်။ သင်တို့ထဲက ပိုကောင်းသောလူများသည် ငွေကြေးကို မယူဘဲ သမ္မာတရားကို အင်တင်တင်နှင့် ရွေးချယ်ကြလိမ့်မည်၊ ထိုနှစ်မျိုးကြားထဲမှ လူများမှာမူ လက်တစ်ဖက်နှင့် ငွေကြေးကို ဖမ်းကိုင်လျက် ကျန်လက်တစ်ဖက်နှင့် သမ္မာတရားကို ဖမ်းကိုင်ကြလိမ့်မည်။ ဤနည်းနှင့်ဆိုပါက သင်တို့၏ ဗီဇရုပ်များသည် ပကတိအတိုင်း ရှင်းသွားလိမ့်မည် မဟုတ်လော။ သမ္မာတရားနှင့် သင်တို့သစ္စာစောင့်သိသော အရာတစ်ခုခုကို ရွေးကြစတမ်း ဆိုပါက သင်တို့အားလုံးသည် ထိုကဲ့သို့သော ရွေးချယ်မှုမျိုးကိုသာ ပြုကြလိမ့်မည်ဖြစ်ပြီး သင်တို့၏ သဘောထားသည် တစ်ပုံစံတည်း ရှိနေရစ်မည်ဖြစ်သည်။ ထိုသို့ဖြစ်သည် မဟုတ်လော။ သင်တို့ထဲ၌ အမှားနှင့် အမှန်ကြား ဗျာများနေသောသူများ များစွာရှိသည် မဟုတ်လော။ အပြုသဘောနှင့် အနုတ်သဘော၊ အဖြူနှင့် အမည်းကြားရှိ ယှဉ်ပြိုင်ပွဲများ၌ သင်တို့သည် မိသားစုနှင့် ဘုရားသခင်ကြား၊ သားသမီးများနှင့် ဘုရားသခင်ကြား၊ ငြိမ်းချမ်းခြင်းနှင့် ပြိုကွဲပျက်စီးခြင်းကြား၊ ချမ်းသာခြင်းနှင့် ဆင်းရဲခြင်းကြား၊ ဂုဏ်ဒြပ်ရှိခြင်းနှင့် ဂုဏ်ဒြပ်မဲ့ခြင်းကြား၊ ထောက်ခံမှုခံရခြင်းနှင့် ဘေးဖယ်ထားမှုခံရခြင်း အစရှိသည်တို့အကြား၌ သင်တို့ပြုခဲ့သော ရွေးချယ်မှုများကို သင်တို့ အသေအချာသိသည်။ ငြိမ်းချမ်းသော မိသားစုနှင့် အိမ်ထောင်ကွဲ မိသားစုအကြားဆိုလျှင် သင်တို့သည် တုံ့ဆိုင်းမနေဘဲ ပထမတစ်ခုကို ရွေးကြသည်၊ စည်းစိမ်ဥစ္စာနှင့် တာဝန်ဝတ္တရား ဆိုလျှင်လည်း ကမ်းခြေသို့ ပြန်ဆိုက် လိုစိတ်ပင် မရှိဘဲ ပထမတစ်ခုကိုသာ ထပ်ရွေးကြသည်၊ စည်းစိမ်ရှိခြင်းနှင့် ဆင်းရဲမှုအကြားဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြသည်၊ သမီး၊ သား၊ ဇနီး၊ ယောက်ျားနှင့် ငါ၏အကြားဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြသည်၊ အယူအဆနှင့် သမ္မာတရား ဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြသည်။ သင်တို့၏ ဒုစရိုက်လုပ်ရပ်များ အားလုံးကို ရင်ဆိုင်ရပြီးသောနောက် သင်တို့အပေါ်ထားသော ငါ၏ယုံကြည်မှုမှာ လုံးဝပင် ပျောက်ဆုံးသွား၏။ သင်တို့၏စိတ်နှလုံးများသည် ပျော့ပျောင်းဖို့ တင်းခံနိုင်လွန်းကြသည်ကို ငါအလွန်အံ့သြမိသည်။ ကြည့်ရ သရွေ့ နှစ်ပေါင်းများစွာတိုင်အောင် ပေးအပ်မြှုပ်နှံမှုနှင့် လုံ့လထုတ်မှုသည် ကျောခိုင်းမှုနှင့် သင်တို့၏ စိတ်ပျက် အားလျော့ခြင်းတို့ကိုသာ ငါ့ထံယူဆောင်လာပေးခဲ့သည်။ သို့သော် တစ်ယောက်ချင်းစီ၏ရှေ့၌ ငါ၏နေ့ရက်ကို အလုံးစုံချခင်းထားပြီး ဖြစ်သည့်အတွက် သင်တို့အပေါ်ထားသော ငါ၏မျှော်လင့်ချက်များမှာ တစ်နေ့ပြီးတစ်နေ့ ပိုကြီးထွားလာ၏။ သို့သော်လည်း သင်တို့သည် အမှောင်ထုအပြင် မကောင်းမှုနှင့် သက်ဆိုင်သောအရာများကို မလျှော့တမ်း ရှာဖွေနေကြပြီး ၎င်းတို့ကို စွန့်လွှတ်ဖို့ ငြင်းဆန်ကြသည်။ ထိုသို့ဆိုလျှင် သင်တို့၏ ရလဒ်ကား အဘယ်အရာဖြစ်မည်နည်း။ ဤအကြောင်းကို သင်တို့ သေသေချာချာ တွေးကြည့်ဖူးသလော။ အကယ်၍ သင်တို့ကို ထပ်ရွေးခိုင်းပါက သင်တို့၏ရပ်တည်ချက်သည် မည်သို့ဖြစ်လိမ့်မည်နည်း။ ယခင်အတိုင်းပင် ဖြစ်ကြဦးမည်လော။ သင်တို့က ငါ့ကို စိတ်ပျက်မှုနှင့် စုတ်ချာချာ ဝမ်းနည်းမှုတို့ကို ထပ်ပေးဦးမည်လော။ သင်တို့၏ နှလုံးသားများသည် ငွေ့ငွေ့လေးသာ နွေးနေဦးမည်လော။ ငါ၏ နှလုံးသားကို နှစ်သိမ့်စေဖို့ရန်အတွက် အဘယ်အရာလုပ်ရမည်ကို သင်တို့ မသိဘဲနေဦးမည်လော။ ယခုအခိုက်အတန့်၌ သင်တို့သည် အဘယ်အရာကို ရွေးချယ်မည်နည်း။ သင်တို့အနေဖြင့် ငါ၏နှုတ်ကပတ်တော်များကို ကျိုးနွံနာခံမည်လော၊ သို့တည်းမဟုတ် အလွန်အမင်း မနှစ်မြို့ခြင်း ဖြစ်မည်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်မည်သူ့ကို သစ္စာစောင့်သိသနည်း) ဘုရားနှုတ်ကပတ်တော်တွေဖတ်ပြီးတဲ့နောက်မှာ၊ ဘုရားပြောတဲ့အတိုင်းပဲ၊ ကျွန်တော်က လက်တစ်ဖက်နဲ့ ငွေကို ကိုင်ပြီး တခြားတစ်ဖက်နဲ့ သမ္မာတရားကို ကိုင်ထားတဲ့ လူတစ်ယောက်ဖြစ်မှန်း သဘောပေါက်ခဲ့တယ်။ ငွေက လူ့အသက်ကို မကယ်နိုင်မှန်း၊ အဲဒါက လူ့ရဲ့ ဖြစ်တည်မှု အရင်းအမြစ်မဟုတ်မှန်းနဲ့ လူတွေကို နာကျင်မှုကနေ မလွတ်မြောက်စေနိုင်မှန်းကို ရှင်းရှင်းလင်းလင်း ကျွန်တော် မြင်ခဲ့ပေမဲ့၊ အဲဒီငွေရဲ့ စုံစမ်းသွေးဆောင်မှုကို မခံနိုင်သေးဘူး။ စုဝေးပွဲအချိန်နဲ့ တိုက်နေတဲ့ လုပ်ရမဲ့ စီးပွားရေးလုပ်ငန်းက စောင့်နေတဲ့အချိန်မှာ ငွေကို ကျွန်တော် ဦးစားပေးခဲ့ပြီး မှန်ကန်တဲ့ ရွေးချယ်မှု မလုပ်နိုင်ခဲ့ဘူး။ ကျွန်တော် အရမ်း ခေါင်းမာပြီး အသိတရားမဲ့ခဲ့တာ မဟုတ်လား။ ကျွန်တော်က ဘုရားနှုတ်ကပတ်တော်တွေ ဖော်ထုတ်ခဲ့တဲ့ အတိုင်းပါပဲ။ “သို့သော်လည်း သင်တို့သည် အမှောင်ထုအပြင် မကောင်းမှုနှင့် သက်ဆိုင်သောအရာများကို မလျှော့တမ်း ရှာဖွေနေကြပြီး ၎င်းတို့ကို စွန့်လွှတ်ဖို့ ငြင်းဆန်ကြသည်။” ကျွန်တော့် စိတ်နှလုံးက အရမ်းခိုင်မာပြီး တစ်ဇွတ်ထိုးနိုင်တယ်။ ဘုရားရဲ့ ထောက်ထားမှုကို ကျွန်တော် နည်းနည်းမှ သဘောမပေါက်ခဲ့သလို၊ လူကို ဘုရားက ဘယ်လောက် မဆုတ်မနစ် စောင့်ဆိုင်းလဲဆိုတာကို အပြည့်အဝ နားမလည်ခဲ့ဘူး။ ဘုရားကို မှန်မှန်ကန်ကန် ကျွန်တော် ယုံကြည်ချင်ခဲ့တယ်။ သူ့ရည်ရွယ်ချက်တွေအတိုင်း အသက်ရှင်ဖို့ ကျွန်တော် ဘယ်လိုမှ ပျက်ကွက်လို့ မဖြစ်တော့ဘူး။ ဒါပေမဲ့ ကျွန်တော့် ဝိညာဉ်ရင့်ကျက်မှု သေးငယ်ပြီး ကိုယ့်ဘာသာ ဒါကို မကျော်ဖြတ်နိုင်မှန်းသိခဲ့တယ်။ ဘုရားဆီ ကျွန်တော် အရေးတကြီး ဆုတောင်းခဲ့တယ်။ “ဘုရားသခင်။ ဒီဘဝကနေ ကျွန်တော် ရုန်းထွက်လွတ်မြောက်ချင်ပါတယ်။ တစ်နေ့လုံး အလုပ်လုပ်၊ ငွေရှာတာနဲ့ ကျွန်တော် အလုပ်များပြီး၊ ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်တွေကို တည်တည်ငြိမ်ငြိမ် မဖတ်နိုင်သလို မစုဝေးနိုင်ပါဘူး၊ ဒီလို အသက်ရှင်ရတာက ကျွန်တော့်ရဲ့ အသင်းတော်အသက်တာကို အရမ်း ထိခိုက်ပြီးပါပြီ။ ဘုရားသခင်၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ထွက်ပေါက်တစ်ခု ပြပါ။ ကျွန်တော် တကယ်ပြောင်းလဲချင်ပါတယ်။ ဒီစိတ်ဆင်းရဲရတဲ့ ဘဝကနေ ရုန်းထွက်လွတ်မြောက်ဖို့ ယုံကြည်ခြင်းနဲ့ ခွန်းအား ပေးတော်မူပါ”လို့ပေါ့။

နောက်ပိုင်း၊ စုဝေးပွဲတစ်ခုမှာ၊ ကျွန်တော့် စိတ်နှလုံးကို နက်နက်ရှိုင်းရှိုင်း တို့ထိခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ် ဖတ်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေက ပြောတယ်။ “အခြားသူများ အပေါ် လှည့်ဖြားမှုနှင့် မလိုမုန်းထားမှုတို့ဖြင့် ပြည့်နှက်နေသော မျက်လုံးများသည် လူငယ်တို့ ရှိသင့်သည့်အရာများ မဟုတ်သကဲ့သို့ လူငယ်များသည် ပျက်စီးစေပြီး စက်ဆုပ်ဖွယ်ကောင်းသော လုပ်ရပ်များကို မဆောင်ရွက်သင့်ပေ။ လူငယ်များသည် ရည်မှန်းချက်များ၊ တွန်းအားများနှင့် မိမိတို့ကိုယ်ကိုယ် သာ၍ ကောင်းမွန်စေဖို့ အားသန်သော စိတ်ဆန္ဒတစ်ခု မရှိဘဲ မနေသင့်ပေ။ ၎င်းတို့သည် မိမိတို့၏ အလားအလာများ နှင့်ပတ်သက်၍ စိတ်ပျက်အားမလျော့သင့်သကဲ့သို့ ဘဝမျှော်လင့်ချက် သို့မဟုတ် အနာဂတ်အတွက် စိတ်ချယုံကြည်မှုကိုလည်း မပျောက်ဆုံးသင့်ပေ။ ငါ့အတွက် ၎င်းတို့ဘဝတစ်ခုလုံးကို အသုံးခံဖို့ ၎င်းတို့၏ စိတ်ဆန္ဒကို အကောင်အထည်ဖော်ဖို့ရန်ဖြစ်သော ယခု ၎င်းတို့ ရွေးချယ်သည့် သမ္မာတရားလမ်းခရီးတစ်လျှောက် ရှေ့ဆက်ရန် ဇွဲလုံ့လရှိသင့်သည်။ ၎င်းတို့သည် သမ္မာတရား မကင်းမဲ့သင့်သကဲ့သို့ သူတော်ကောင်းယောင်ဆောင်ခြင်းနှင့် မဖြောင့်မတ်ခြင်းတို့ကိုလည်း မသိုထားသင့်ပေ။ မှန်ကန်သော ရပ်တည်ချက်တွင် ၎င်းတို့ ခိုင်ခိုင်မာမာ ရပ်တည်သင့်၏။ ၎င်းတို့သည် မျောပါသွားရုံသက်သက် မဖြစ်သင့်ဘဲ၊ တရားမျှတမှုနှင့် သမ္မာတရားအတွက် စွန့်လွှတ်မှုများ ပြုရသည့် စိတ်ဓာတ်နှင့် ရုန်းကန်ရဲသည့် စိတ်ဓာတ်တို့ ရှိသင့်သည်။ လူငယ်များအနေဖြင့် အမှောင် အင်အားစု၏ ဖိနှိပ်မှုကို အရှုံးမပေးရန်နှင့် ၎င်းတို့ဖြစ်တည်ခြင်း၏ အဓိပ္ပာယ်ကို ပြောင်းလဲပစ်ရန် သတ္တိရှိသင့်သည်။ လူငယ်တို့သည် ဒုက္ခဆင်းရဲခြင်းအား မိမိတို့ဘာသာ ကြိတ်မှိတ်လက်မခံသင့်ဘဲ ၎င်းတို့၏ညီအစ်ကို မောင်နှမများအတွက် ခွင့်လွှတ်ခြင်းစိတ်ဓာတ်ဖြင့် ပွင့်ပွင့်လင်းလင်း ရှိသင့်ပေသည်။... လူငယ်တို့သည် အကြောင်းကိစ္စများတွင် ထိုးထွင်းသိမြင်မှုကို ကျင့်သုံးရန်နှင့် တရားမျှတမှုနှင့် သမ္မာတရားကို ရှာဖွေရန် သန္နိဋ္ဌာန်မရှိဘဲ မဖြစ်သင့်ပေ။ သင်တို့သည် လှပ၍ ကောင်းမွန်သော အရာအားလုံးကို လိုက်စားသင့်ပြီး၊ အပြုသဘောဆောင်သော အရာများအားလုံး၏ လက်တွေ့အရှိတရားကို ရရှိသင့်ပေသည်။ သင်တို့ အသက်တာအပေါ် သင်တို့ တာဝန်ယူသင့်ပြီး၊ ယင်းကို ပေါ့ပေါ့တန်တန် မမှတ်ယူရ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူငယ်နှင့် သက်ကြီးရွယ်အိုတို့အတွက် နှုတ်ကပတ်တော်များ)နိုးထလော့၊ ညီအစ်ကိုတို့။ နိုးထလော့၊ ညီအစ်မတို့။ ငါ၏နေ့ရက်သည် ကြန့်ကြာလိမ့်မည်မဟုတ်။ အချိန်သည် အသက်ဖြစ်ပြီး၊ အချိန်ကို ပြန်လည် မလွှတ်တမ်း အသုံးချဖို့ဆိုသည်မှာ အသက်ကို ကယ်တင်ဖို့ဖြစ်၏။ အချိန်သည် အလှမ်းမဝေးလှပေ။ အကယ်၍ သင်တို့သည် ကောလိပ် ဝင်ခွင့်စာမေးပွဲ ကျရှုံး ပါက၊ သင်တို့ ကြိုက်နှစ်သက်သလောက် အကြိမ်များစွာ လေ့လာပြီး ပြန်ဖြေနိုင်သည်။ သို့သော် ငါ၏နေ့ရက်သည် နောက်ထပ် ကြန့်ကြာခြင်းကို သည်းခံလိမ့်မည်မဟုတ်။ အမှတ်ရကြလော့။ အမှတ်ရကြလော့။ ငါသည် သင်တို့ကို ဤကောင်းမြတ်သော နှုတ်ကပတ်တော်များဖြင့် တိုက်တွန်း၏။ ကမ္ဘာကြီး၏ နိဂုံးသည် သင်တို့၏မျက်စိရှေ့တွင် ဖွင့်ဟကာ ကြီးမားသော ဘေးဒုက္ခတို့သည် ရုတ်ခြည်းနီးကပ် လာကြ၏။ မည်သည့်အရာ သာ၍ အရေးကြီးသနည်း။ သင်တို့၏ အသက်တာလော သို့မဟုတ် သင်တို့၏အိပ်စက်ခြင်း၊ သင်တို့၏အစားအသောက်နှင့် အဝတ်အစားတို့လော။ ဤအရာများကို ချိန်ဆရန် သင့်အတွက် အချိန်ကျရောက်လာလေပြီ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၃၀)) ဒီဘုရားနှုတ်ကပတ်တော်တွေကို ဖတ်တဲ့အခါ၊ ကျွန်တော့် စိတ်နှလုံး တို့ထိခံရပြီး၊ တွေးမိတယ်။ “အခွင့်အရေး အတော်များများကို ငါ လွဲချော်ပြီးသားဖြစ်နေပြီ။ ငါ အချိန်ကို ပြန်ရမှာ မဟုတ်ဘူး။ ခုခေတ်မှာ မရပ်မနား ဖြစ်နေတဲ့ ငလျင်တွေ၊ စစ်ပွဲတွေ၊ ကမ္ဘာ့ကပ်ရောဂါနဲ့ တခြား သဘာဝဘေး၊ လူလုပ်ကပ်ဘေးတွေနဲ့ နိုင်ငံအားလုံးမှာ အခြေအနေက ဆူပူအုံကြွနေတယ်။ သမ္မာတရား လိုက်စားပြီး ဘုရားနောက်လိုက်ဖို့ ငါ နောက်ထပ် အခွင့်အရေး အများကြီး ရမှာမဟုတ်ဘူး။ ငါဆက်လွဲချော်ရင်၊ အမြဲထာဝရ လွဲချော်သွားနိုင်တယ်။ နောက်ထပ် အခွင့်အရေး လုံးဝ ရှိကောင်းရှိမှာ မဟုတ်ဘူး။ ဘုရားကို ယုံကြည်ဖို့အတွက် သေခြင်းနဲ့ ရင်ဆိုင်ရတဲ့အထိ ငါ တကယ်ပဲ စောင့်ဆိုင်းမှာလား။ အဲဒါ အရမ်းနောက်ကျသွားမှာ မဟုတ်ဘူးလား။ ဘယ်ဟာက ပိုအရေးကြီးလဲ၊ ငွေရှာတာလား ဒါမှမဟုတ် ငါ့ အသက်လား။ ဒီအရာအားလုံးကို ငါ့အတွက် ချိန်ဆရမဲ့အချိန်ပဲ”လို့ပေါ့။ ဒီလိုပြောထားတဲ့ ဘုရားနှုတ်ကပတ်တော်တွေကနေ လူငယ်တွေအတွက် ဘုရားရဲ့ ရည်ရွယ်ချက်တွေနဲ့ တောင်းဆိုချက်တွေကို ကျွန်တော် နားလည်ခဲ့တယ်။ “လူငယ်များအနေဖြင့် အမှောင် အင်အားစု၏ ဖိနှိပ်မှုကို အရှုံးမပေးရန်နှင့် ၎င်းတို့ဖြစ်တည်ခြင်း၏ အဓိပ္ပာယ်ကို ပြောင်းလဲပစ်ရန် သတ္တိရှိသင့်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူငယ်နှင့် သက်ကြီးရွယ်အိုတို့အတွက် နှုတ်ကပတ်တော်များ) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်တော့်ကို ယုံကြည်ခြင်းနဲ့ ခွန်အားပေးတယ်။ ကျွန်တော် ဒီလို ဆက်ခေါင်းမာပြီး အသိတရားမဲ့ မနေနိုင်တော့ဘူး။ ငွေ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက် ကျွန်တော် အသက်မရှင်သင့်ဘူး။ ကျွန်တော် လုပ်သင့်တဲ့အရာက ဘုရားကို ယုံကြည်ပြီး သမ္မာတရား လိုက်စားတဲ့ လမ်းကြောင်းကို လျှောက်တာပဲ။ ကျွန်တော့်ရဲ့ အတိတ်ဘဝကို အဆုံးသတ်ဖို့ လိုတယ်။ ဒါကြောင့် ဒီစီးပွားရေးလုပ်ငန်းကို စွန့်လွှတ်ဖို့ ကျွန်တော် စိတ်ပိုင်းဖြတ်ခဲ့တယ်။

အဲဒီနောက်မှာ ဒီစိတ်ကူးကို ကျွန်တော့် ဆွေမျိုးတွေဆီ ပြောပြခဲ့တယ်။ သူတို့က မစွန့်လွှတ်ဖို့ တတ်နိုင်သမျှ ကျွန်တော့်ကို ဖျောင်းဖျခဲ့ကြတယ်။ သူတို့က ကျွန်တော့်ရဲ့ အပိုဆုကြေးငွေနဲ့ လစာ နှစ်ခုလုံးကို တိုးပေးမယ်လို့ ပြောကြတယ်။ အဲဒီလိုနဲ့ ကျွန်တော်က တစ်လ ယွမ် ၁၀၀၀၀ ကျော် ရမှာဖြစ်ပြီး၊ အပိုဆုကြေးငွေနဲ့ ပေါင်းလိုက်ရင် တစ်နှစ်ကို ယွမ် ၂၀၀၀၀၀ နီးပါး ရမှာလေ။ ဒါက မြို့လေးတစ်မြို့မှာနေတဲ့ လူတစ်ယောက်အတွက် အတော့်ကို များနေပြီ။ ကျွန်တော် အရမ်း စုံစမ်းသွေးဆောင်တာခံခဲ့ရပြီး၊ အဲဒါက မက်လောက်စရာကောင်းတဲ့ ကမ်းလှမ်းချက်ဖြစ်ခဲ့ပေမဲ့ ကျွန်တော် စိတ်ပိုင်းဖြတ်ပြီးသား ဖြစ်နေခဲ့တယ်။ လက်တစ်ဖက်မှာ ငွေကိုကိုင်ပြီး တခြားတစ်ဖက်မှာ သမ္မာတရားကို ကိုင်တဲ့ ဒီဘဝကို ကျွန်တော် ဆက်အသက်မရှင်ချင်တော့ဘူး။ နောက်ပိုင်းမှာ၊ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် ပိုဖတ်ခဲ့တယ်။ “အကယ်၍ သင်သည် မြင့်မားသည့် ရာထူးအဆင့်အတန်းရှိပါက၊ ဂုဏ်ယူစရာ နာမည်ဂုဏ်သတင်း ရှိပါက၊ အလျှံပယ်သော အသိပညာ ပိုင်ဆိုင်ပါက၊ ပေါများသော ပစ္စည်းဥစ္စာများ ပိုင်ဆိုင်သူ ဖြစ်ပြီး၊ များစွာသောလူတို့၏ ထောက်ခံအားပေးခြင်းကို ခံရသော်လည်း၊ ဤအရာများက ဘုရားသခင်၏ ခေါ်ခြင်းနှင့် သူ၏တာဝန်ပေး စေခိုင်းချက်ကို လက်ခံရန်နှင့် ဘုရားသခင်စေခိုင်းသည့်အရာကို လုပ်ဆောင်ရန် ဘုရားသခင်၏ ရှေ့မှောက်သို့ လာခြင်းမှ သင့်ကို မတားဆီးပါက၊ သင်လုပ်ဆောင်သမျှအားလုံးသည် ကမ္ဘာပေါ်က အဓိပ္ပာယ်အရှိဆုံး အကြောင်းတရားနှင့် လူသားမျိုးနွယ်ထဲမှ တရားအမျှတဆုံး တာဝန် ဖြစ်လိမ့်မည်။ သင်သည် အဆင့်အတန်းနှင့် သင်၏ကိုယ်ပိုင် ရည်မှန်းချက်များအတွက် ဘုရားသခင်၏ ခေါ်ခြင်းကို ငြင်းပယ်ပါက၊ သင်လုပ်ဆောင်သမျှအားလုံးသည် ကျိန်ဆဲခြင်းကို ခံရလိမ့်မည် ဖြစ်ပြီး ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်းကိုပင် ခံရလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်) အရင်တုန်းက၊ ဇာတိပကတိနဲ့ စာတန်အတွက် ကျွန်တော် အသက်ရှင်ခဲ့တယ်။ ငွေ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေကိုပဲ အာရုံစိုက်နေခဲ့တယ်။ အကျိုးဆက်အနေနဲ့၊ ကျွန်တော် ပိုပိုပြီး ကောက်ကျစ်ဆိုးယုတ်တယ်။ ပိုပိုပြီး ဖောက်ပြန်ပျက်စီးလာတယ်။ ဘုရားဆီကနေ ပိုဝေးသထက်ဝေးလာခဲ့ပြီး၊ တစ်နေ့ချင်းစီကို လမ်းလျှောက်နေတဲ့ လူသေအလောင်းလို ကုန်ဆုံးခဲ့တယ်။ အခု၊ ကျွန်တော့်ရဲ့ ဘဝနေထိုင်နည်းကို ပြောင်းလဲပြီး ဘုရားနောက်ကို စိတ်အကြွင်းမဲ့ လိုက်ချင်မိတယ်။

နောက်ပိုင်းမှာ၊ ကျွန်တော့် အမျိုးတွေက ထပ်နေဖို့ တိုက်တွန်းကြသေးတယ်။ ဒါဟာ ကျွန်တော် ဘုရားရှေ့ကို မသွားအောင် တားဖို့ စာတန်က သူတို့ကို အသုံးပြုနေတာဖြစ်မှန်း သိပြီးတော့၊ ကျွန်တော် ဘုရားဆီ ဆုတောင်းပြီး ထွက်ပေါက်တစ်ခု ပြပေးဖို့ တောင်းလျှောက်ခဲ့တယ်။ “ဘုရားသခင်၊ ငွေ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေကို ကျွန်တော် ဆက်မလိုက်စားချင်ဘူး၊ မှားတဲ့ လမ်းကြောင်းကို မလျှောက်ချင်တော့ပါဘူး။ အဓိပ္ပာယ်နဲ့ တန်ဖိုးရှိတဲ့ ဘဝတစ်ခုကို ကျွန်တော် အသက်ရှင်ချင်ပါတယ်။ ကျေးဇူးပြုပြီး စာတန်ဆီကလာတဲ့ ဒီစုံစမ်းသွေးဆောင်ခြင်းကို အောင်မြင်ဖို့ လမ်းပြပြီး ယုံကြည်ခြင်းပေးပါ”လို့ပေါ။ ဒါက ကျွန်တော့ကို သွေးဆောင်ပြီး သိမ်းသွင်းဖို့ စာတန်ရဲ့ နည်းလမ်းဖြစ်မှန်း ကျွန်တော် နားလည်ခဲ့တယ်။ ဒါကြောင့် ရယ်လိုက်ပြီး၊ ကျွန်တော့်အမျိုးတွေကို၊ “အစ်ကိုတို့ရဲ့ ရည်ရွယ်ချက်တွေ ကောင်းတာ သိပါတယ်။ ဒါပေမဲ့ ကျွန်တော် ငယ်ရွယ်နေတုန်းမှာ လောကထဲကို စွန့်စားသွားချင်တယ်။ အမျိုးတွေနဲ့ မိတ်ဆွေတွေကို အမြဲ အားမကိုးချင်ဘူး။ ကျွန်တော် ဆုံးဖြတ်ပြီးသားဖြစ်နေပြီ။ ကျွန်တော် ကိုယ့်လမ်းကိုယ်ဖောက်တော့မယ်”လို့ပေါ့။ ကျွန်တော် စိတ်ပိုင်းဖြတ်ထားတာကို ဆွေမျိုးတွေက မြင်ပြီး ကျွန်တော့်ရဲ့ ရွေးချယ်မှုကို လေးစားပေးခဲ့ကြတယ်။ ဒါက ကျွန်တော့်ကို ထွက်ပေါက်တစ်ခု ဘုရားပြနေတာဖြစ်မှန်း ကျွန်တော် နားလည်ခဲ့ပြီး ကျွန်တော့် အလုပ်ကို စွန့်လွှတ်ရမဲ့ ဒီအခွင့်အရေးကို ယူခဲ့တယ်။ အဲဒီနောက်မှာ စိတ်အေးချမ်းခြင်းနဲ့ ဘုရားကို ကျွန်တော် ယုံကြည်နိုင်ပြီး စုဝေးပွဲကို တက်နိုင်ခဲ့သလို၊ ကျွန်တော့်တာဝန်ကို စထမ်းဆောင်နိုင်ခဲ့တယ်။ ညီအစ်ကို မောင်နှမတွေနဲ့ ဆက်ဆံရတဲ့အခါ၊ စီးပွားရေးလုပ်ငန်း လုပ်တုန်းကလို ကျွန်တော် ဟန်ဆောင်၊ သူတော်ကောင်းယောင်ဆောင်ပြီး ပြုမူနေစရာ မလိုတော့ဘူး၊ အသင်းတော်မှာ၊ ဝန်ထုပ်တွေနဲ့ ဟန်ဆောင်မှုတွေအားလုံးကို ဖယ်ရှားနိုင်ခဲ့တယ်။ ကျွန်တော့်မှာ ပြဿနာတစ်ခုခုရှိရင်၊ ဘုရားဆီ ဆုတောင်းနိုင်ခဲ့ပြီး၊ ညီအစ်ကို မောင်နှမတွေဆီ ကျွန်တော့် စိတ်နှလုံးကို ဖွင့်ဟနိုင်သလို၊ သူတို့နဲ့ မိတ်သဟာယပြုနိုင်ခဲ့တယ်။ သူတို့က ကျွန်တော့်ကို စစ်မှန်ရိုးသားစွာနဲ့ စိတ်နှလုံးအကြွင်းမဲ့ ကူညီခဲ့ကြတယ်။ ညီအစ်ကို မောင်နှမတွေ ဘယ်လောက် ရိုးသားစစ်မှန်ပြီး ကြင်နာတတ်ကြတယ်ဆိုတာကို ကျွန်တော်ခံစားရပြီး နွေးထွေးခဲ့ရတယ်။ ဒါတွေက အရင်တုန်းက ကျွန်တော် မခံစားဖူးတဲ့ အရာတွေပဲ။ အဲဒီလို အသက်ရှင်ရတာ ကျွန်တော် အရမ်းပျော်တယ်။ ပြီးတော့ အဲဒီလို ငြိမ်သက်ခြင်းနဲ့ ဝမ်းမြောက်ခြင်းတွေက ဘယ်ငွေပမာဏကမှ ဝယ်ယူလို့ မရနိုင်တဲ့ အရာတွေပဲ။ အခု၊ ရိုးရှင်းပြီး သာမန်ဖြစ်တဲ့ အလုပ်တစ်ခုကို ကျွန်တော် ရပြီဖြစ်သလို၊ အဝတ်အစားနဲ့ အစားအစာရှိတာကပဲ ကျွန်တော့်အတွက် လုံလောက်နေပါပြီ။ အဓိပ္ပာယ်အရှိဆုံးနဲ့ တန်ဖိုးအရှိဆုံးအရာတွေဖြစ်တဲ့ သမ္မာတရား လိုက်စားတာနဲ့ ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်တာတွေထဲကို ကျွန်တော့်အချိန်နဲ့ အားအင် စိုက်ထုတ်ခဲ့တယ်။ ကိုဗစ်ကို ဖြစ်ခွင့်ပေးပြီး ကျွန်တော့်ရဲ့ ထုံထိုင်းခဲ့တဲ့ နှလုံးသားကို နိုးထခွင့်ပေးခဲ့တဲ့အတွက်၊ ပြီးတော့ ကျွန်တော့်ဘဝရဲ့ လမ်းကြောင်းနဲ့ ဦးတည်ချက်ကို ရှင်းရှင်းလင်းလင်းမြင်ပြီး အမှန်ကန်ဆုံး ရွေးချယ်မှု လုပ်ဖို့ ကျွန်တော့်ကို ကူညီတဲ့အတွက် ဘုရားရဲ့ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်တော့်ရဲ့ ကျန်ရှိတဲ့ နှစ်တွေအတွက် ကျွန်တော့်ရွေးချယ်မှု

စိန်းယွိ တရုတ်နိုင်ငံ ကျွန်တော်ငယ်ငယ်တုန်းက မိသားစုက တော်တော်ဆင်းရဲတယ်။ တခြားရွာသားတွေက အနိုင်ကျင့်တာကို ခဏခဏခံရတယ်။...

ဆရာဝန်တစ်ယောက်၏ ရွေးချယ်မှု

ယန်ချင်း တရုတ်နိုင်ငံ ကျွန်မ ငယ်ငယ်တုန်းက ကျွန်မရဲ့မိသားစုက အရမ်းဆင်းရဲတယ်။ ကျွန်မအမေက လေဖြတ်ပြီး အိပ်ရာထဲ လဲတဲ့အပြင်၊ ဆေးတွေကလည်း...

ကျောင်းဆရာမတစ်ဦး၏ ရွေးချယ်မှု

အနောက်ဘက်မှာ နေဝင်သွားတာနဲ့ ညနေစောင်းချိန်မှာ၊ တံခါးလက်ကိုင်ဖုမှာ အဝတ်ဖြူတစ်ခု ချည်ထားတဲ့ စိုက်ပျိုးမွေးမြူရေးအိမ်ငယ်လေး တစ်အိမ်ရဲ့ တံခါးက...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
စာလုံးသေးမည်
စာလုံးကြီးမည်
ဘောင်အပြည့်ချဲ့ကြည့်မည်
ဘောင်အပြည့်ချဲ့ကြည့်ခြင်းမှ ထွက်မည်