ရိုးသားခြင်းတွင် ကြီးမားသော ပျော်ရွှင်မှု ရှိသည်

25.07.2019

ဂန်အင်း၊ အန်းဟွီစီရင်စု

ကျွန်တော် ငယ်စဉ်ကတည်းက ကျွန်တော့်မိဘများက၊ “တခြားလူတွေကို ထိခိုက်ဖို့ စိတ်နှလုံးမရှိသင့်ဘူး၊ ဒါပေမယ့် အထိခိုက်မခံရဖို့ သတိဝီရိယရှိရမယ်” ဟု အမြဲ သွန်သင်ခဲ့သည်။ ထို့အပြင် လူများစွာ လိမ်လည်လှည့်စားခံရပြီး၊ အချို့မှာ ငွေရေးကြေးရေး ချွတ်ခြုံကျသည်အထိပင် လှည့်စားခံခဲ့ရသည်ကို ကျွန်တော်ကိုယ်တိုင် မြင်ခဲ့ရသောကြောင့် ကျွန်တော့် မိဘများ သွန်သင်ခဲ့သည့် ဤစကားရပ်က ခေတ်ပေါ် လူ့အဖွဲ့အစည်းနှင့် အလွန်လိုက်ဖက်သည်ဟု ကျွန်တော် ပို၍ပင် ခံစားခဲ့ရသည်။ အမှုမဲ့အမှတ်မဲ့ဖြင့် ကျွန်တော့် အပြုအမူနှင့် အခြားသူများနှင့် ကျွန်တော့် ပေါင်းသင်းဆက်ဆံမှုတို့ကို ဤ ဘဝဆိုင်ရာ နဂိုမှန်အဆိုအပေါ် ကျွန်တော် စတင်အခြေခံခဲ့ပြီး၊ ကျွန်တော့် ယုံကြည်မှုကို အခြားသူများအား ပေါ့ပေါ့တန်တန် လုံးဝ မပေးအပ်ခဲ့ပါ။ တစ်ဦးတစ်ယောက်၏ စစ်မှန်သော ရည်ရွယ်ချက်များကို သင် မသိသည့် အခြေအနေများတွင် သင် ဆက်ဆံနေရသူမှာ မည်သူဖြစ်ပါစေ သင် အမြဲသတိထားသင့်ပြီး သင့်အကြံအစည်ကို မြန်မြန် မပြသင့်ပါ၊ သို့မဟုတ်လျှင် အရူးလုပ်ခံရခြင်းနှင့် ဆုံးရှုံးမှုတစ်ခု ခံစားရခြင်း တို့အတွက် မိမိကိုယ်ကို လမ်းဖွင့်ပေးရာရောက်လိမ့်မည်ဟု ကျွန်တော် အမြဲခံစားခဲ့ရသည်။ ထို့ကြောင့် အခြားသူများကို မထိခိုက်သည့် စိတ်နှလုံးရှိဖို့က လုံလောက်သည်၊ ဤနည်းအား့ဖြင့် သင်သည် မိမိကိုယ်ကိုယ် ကာကွယ်လိမ့်မည်ဖြစ်သလို သင့်အနီးအနားက လူတို့၏ ချီးမွမ်းမှုကို ရရှိလိမ့်မည်ဖြစ်သည်။

နောက်ဆုံးသောကာလ ဘုရားသခင်၏အမှုကို ကျွန်တော် လက်ခံခဲ့ပြီးသည့်နောက်မှာပင် အခြားသူများနှင့် ဆက်ဆံရာ၌ ဤဘဝဆိုင်ရာ နဂိုမှန်အဆိုကို ကျွန်တော်စောင့်ထိန်းခဲ့သည်။ ကျွန်တော်တို့ အပြစ်ကင်းဖို့၊ ပွင့်လင်းဖို့နှင့် ရိုးသားဖို့ ဘုရားသခင်က တောင်းဆိုသည်ကို ကျွန်တော်တွေ့ရသည့်အခါ၊ ကျွန်တော့်အဖို့ ပုဂ္ဂိုလ်ရေး အကျိုးအမြတ်မရှိသည့် သေးငယ်သော အရာများနှင့် ပတ်သက်၍သာ ကျွန်တော်ပွင့်လင်းနိုင်ခဲ့သည်။ ဆိုးဝါးစွာ ဖောက်ပြန်ပျက်စီးသည်ဟု ကျွန်တော်တွေ့ရှိခဲ့သည့် ကျွန်တော်၏ စိတ်သဘောထားနှင့်ဆိုင်သော ထိုရှုထောင့်များကို ကျွန်တော်၏ ညီအစ်ကိုမောင်နှမများထံ မိမိကိုယ်ကိုယ် ဖွင့်ဟလျှင် သူတို့က ကျွန်တော့်ကို သိမ်ငယ်စေမည် သို့မဟုတ် အထင်သေးမည်ကို ကြောက်သည့်အတွက် ကျွန်တော် လုံးဝနီးပါး မဖွင့်ပြောခဲ့ပါ။ ကျွန်တော့်အလုပ်တွင် ဟန်ဆောင်လုပ်ပြခြင်းအတွက် ကျွန်တော့်ခေါင်းဆောင်က ကျွန်တော့်ကို တစ်ယောက်တည်းကွက်၍ ပြောဆိုသည့်အခါ ကျွန်တော်သည် မကျေမချမ်းဖြစ်ခြင်းနှင့် သံသယတို့ဖြင့် ပြည့်ခဲ့ပြီး၊ “ဘာလို့ ငါ့ရဲ့ခေါင်းဆောင်က အမြဲတမ်း ငါ့ကို တစ်ယောက်တည်း ကွက်ပြီး ငါ့ညီအစ်ကို မောင်နှမတွေ အားလုံးရှေ့မှာ ငါ့အခြေအနေရဲ့ အသေးစိတ်တွေကို ဆန်းစစ်နေရတာလဲ။ ဒါက လူတိုင်းရဲ့ရှေ့မှာ ငါ့ကို မျက်နှာပျက်စေပြီး စိတ်ကသိကအောက် ဖြစ်စေမယ် ဆိုတာ သိသာနေတာပဲ မဟုတ်လား။ ငါ့ ခေါင်းဆောင်က ငါ့ကို သိပ်သဘောမတွေ့လောက်ဘူး၊ ဒါကြောင့် သူ ငါ့ကို ရမယ်ရှာဖို့ သူရွေးချယ်ခဲ့တာပဲ” ဟု မိမိဘာသာ တွေးမိခဲ့သည်။ ကျွန်တော် ရာထူးနေရာ မပြောင်းမလဲရှိနေစဉ် အခြားညီအစ်ကို မောင်နှမများ ရာထူးတိုးမြှင့်ခံရသည်ကို မြင်ရသည်မှာ အထူးနာကျင်စရာနှင့် မခံမရပ်နိုင်စရာဖြစ်ခဲ့သည်။ ကျွန်တော့်ကို လေ့ကျင့်ပေးဖို့ မထိုက်တန်သောကြောင့် ရာထူးတိုးမပေးခြင်း ဖြစ်သည်ဟု ကျွန်တော်သံသယရှိခဲ့သည်။ ကျွန်တော့်စိတ်နှလုံးက နားလည်မှုလွဲခြင်းနှင့် မကျေမနပ်ဖြစ်ခြင်းတို့ဖြင့် ပြည့်နေခဲ့သည်။ ကျွန်တော့်မှာ အနာဂတ်မရှိသကဲ့သိုဖြစ်ပြီး၊ အလွန်ကြိုးစားပြီး ဆက်လက်လုပ်ဆောင်ခြင်းက အသုံးမဝင်ဟု ကျွန်တော် ခံစားခဲ့ရသည်။ ပြဿနာတစ်ခုခု ကျွန်တော် ကြုံရသည့်အခါတိုင်း ကျွန်တော် အမြဲသတိထားပြီး အခြားသူများအပေါ် သံသယရှိခြင်းနှင့် ကျွန်တော့်အနေဖြင့် ထိုအရာကို ဖြေရှင်းဖို့ မပွင့်မလင်းဖြစ်ကာ သမ္မာတရားကို မရှာဖွေနိုင်ခြင်းကြောင့်၊ ဘုရားသခင်ကို ကျွန်တော် ပိုပို၍ နားလည်မှုလွဲခဲ့ပြီး သူနှင့် ဆက်သွယ်မှု ပိုပို၍လျော့ကျလာသည်ဟု ခံစားခဲ့ရသည်။ ကျွန်တော့်အခြေအနေက ပိုပို၍ မူမမှန်ဖြစ်လာနေခဲ့သည်။ ဘုရားသခင်ထံ ဆုတောင်းသည့်အခါ ကျွန်တော့်မှာ ပြောစရာစကားလုံး မရှိခဲ့ပါ၊ သူ၏ နှုတ်ကပတ်တော်များကို ဖတ်သည့်အခါ ဘုရားသခင်ရှေ့တွင် ကျွန်တော့်စိတ်နှလုံးကို ငြိမ်သက်အောင် ကျွန်တော်မလုပ်ဆောင်နိုင်ခဲ့ပါ၊ ထို့ပြင် ကျွန်တော့်အလုပ်တာဝန်များတွင် တာဝန်သိခြင်း မရှိခဲ့သလို၊ နောက်ဆုံးတွင် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို ကျွန်တော်ဆုံးရှုံးခဲ့ပြီး အမှောင်ထဲသို့ ကျဆင်းခဲ့ရသည်။ ကျွန်တော့်တာဝန်များတွင် ပေါ်ထွက်သည့် မည်သည့်ပြဿနာများကိုမဆို ကျွန်တော် လုံးဝနားမလည်နိုင်ခဲ့ဘဲ ၎င်းတို့ကို မည်သို့ ဖြေရှင်းရမည်ကို မသိခဲ့သောအခါ ကျွန်တော့်အလုပ်မှ ရလဒ်များမှာ ပို၍ပင် ထိုးကျသွားခဲ့သည်။

ဒုက္ခခံစားရခြင်း၊ လမ်းပျောက်ခြင်းနှင့် ဦးတည်ချက် မရှိခြင်းတို့အတွင်းထဲမှ ဘုရားနှုတ်ကပတ်တော်၏ ဤစာပိုဒ်များကို ကျွန်တော်မြင်တွေ့မိခဲ့သည်။ “အကယ်၍ သင်တို့သည် လိမ်လည်လှည့်ဖျားတတ်လျှင် လူတိုင်းနှင့် ကိစ္စတိုင်းကို သတိထားပြီး သံသယဝင်နေမည်ဖြစ်၍ ငါ့အပေါ်၌ထားသော သင်တို့၏ ယုံကြည်ခြင်းသည် သံသယအုတ်မြစ်အပေါ်၌ တည်ထားသည့် ယုံကြည်ခြင်း ဖြစ်နေလိမ့်မည်။ ထိုသို့သော ယုံကြည်ခြင်းကို မည်သည့်အခါမျှ ငါအသိအမှတ်ပြုနိုင်မည် မဟုတ်ပေ။ စစ်မှန်သော ယုံကြည်ခြင်း မရှိသော သင့်တွင် စစ်မှန်သော ချစ်ခြင်းမေတ္တာ သာ၍ပင် ကင်းမဲ့နေသည်။ အကယ်၍ သင်သည် ဘုရားသခင်ကို သံသယဝင်တတ်သည့်အပြင် သင်ဆန္ဒရှိသည့်အတိုင်း သူ့အကြောင်းကို ထင်ကြေးပေးတတ်လျှင် သင်သည် လူတို့ထဲတွင် အလိမ်လည် အလှည့်ဖျားတတ်ဆုံးသူဖြစ်သည်မှာ သံသယဖြစ်စရာ မလိုပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မြေကြီးပေါ်ရှိ ဘုရားသခင်ကို သိရှိနိုင်ပုံ) ဘုရားနှုတ်ကပတ်တော်များကို ကျွန်တော် အချိန်ယူစဉ်းစားသည့်အခါ နေ့စဉ်အသက်တာ၌ ကျွန်တော်၏ ကိုယ်ပိုင်လုပ်ရပ်များအပေါ် ကျွန်တော် ရုတ်တရက် ဆင်ခြင်မိခဲ့သည်။ ကျွန်တော်သည် “ဘုရားနှုတ်ကပတ်တော်တွေထဲမှာ ပြောသလိုပဲ ‘ကိစ္စတိုင်းကိုသာမက လူတိုင်းကို သံသယဝင်နေမည်ဖြစ်၍ အမြဲသတိထား နေတတ်သည့် နှလုံးသား’ ဆိုတဲ့အရာနဲ့ ငါ အသက်ရှင်နေတာပါလား။ ဒီအတိုင်းဆို ဘုရားသခင်ရဲ့အမြင်မှာ ငါဟာ လှည့်စားတတ်တဲ့ လူတစ်ဦး ဖြစ်မသွားဘူးလား” ဟု တုန်လှုပ်စွာဖြင့် တွေးမိလိုက်သည်။ ထိုအခိုက်အတန့်တွင် “လှည့်စားတတ်တဲ့လူ” ဆိုသည့် စကားလုံးများက ကျွန်တော့်ကို မခံနိုင်လောက်အောင် ဝေဒနာခံစားစေလျက် ကျွန်တော့်နှလုံးသားကို ဓါးတစ်ချောင်းကဲ့သို့ ထိုးဖောက်ခဲ့သည်။ အခြားလူများနှင့် ကျွန်တော့်ဆက်ဆံရေးများတွင် “တခြားလူတွေကို ထိခိုက်ဖို့ စိတ်နှလုံးမရှိသင့်ဘူး၊ ဒါပေမယ့် အထိခိုက်မခံရဖို့ သတိဝီရိယရှိရမယ်” ဆိုသည့် စည်းမျဉ်းကို ကျွန်တော် စောင့်ထိန်းသရွေ့ ကျွန်တော် လူကောင်းတစ်ယောက် ဖြစ်လိမ့်မည်ဟု ကျွန်တော် အမြဲတွေးထားခဲ့သည်။ ထို့ကြောင့် ကျွန်တော့် ဘဝတစ်လျှောက်လုံးတွင် အခြားသူများနှင့် ကျွန်တော့် ဆက်ဆံမှုများနှင့် ကိစ္စရပ်များကို ကိုင်တွယ်ရာ၌ ထိုစကားလုံးများဖြင့် ကျွန်တော်အသက်ရှင်ခဲ့သည်။ ဤအဆိုဖြင့် အသက်ရှင်ခြင်း၏ အကျိုးဆက်များက ကျွန်တော့်ကို လှည့်စားမှုရှိသည့် လူတစ်ဦးအဖြစ် တကယ့်ကို ပြောင်းသွားစေလိမ့်မည်ဟု ကျွန်တော် လုံးဝ မမျှော်လင့်ခဲ့ပါ။ ဤအရာက “တခြားလူတွေကို ထိခိုက်ဖို့ စိတ်နှလုံးမရှိသင့်ဘူး၊ ဒါပေမယ့် အထိခိုက်မခံရဖို့ သတိဝီရိယရှိရမယ်” ဟူသည့် ကျွန်တော် အချိန်ကြာမြင့်စွာ စောင့်ထိန်းခဲ့သည့်အဆိုမှာ သမ္မာတရားနှင့် မကိုက်ညီခဲ့ဘဲ၊ ဘုရားနှုတ်ကပတ်တော်များနှင့် တိုက်ရိုက်ဆန့်ကျင်နေခဲ့သည်ကို ဆိုလိုပါသည်။ ကျွန်တော် မှတ်မိသလောက် အချိန်ကြာမြင့်စွာ စောင့်ထိန်းခဲ့သည့် ဤပြုမူကျင့်ကြံမှု စည်းမျဉ်းက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် နေ့ချင်းညချင်းဆိုသလို ပြိုကျပျက်စီးပြီး၊ အချည်းနှီးဖြစ်စေသည်ကို တွေ့ရသည်မှာ အလွန်ဆိုးရွားသည့် ခံစားချက်တစ်ခု ဖြစ်သော်လည်း အမှန်တရားများကို လက်ခံရုံမှအပ ကျွန်တော့်မှာ ရွေးချယ်စရာမရှိခဲ့ပါ။

ကျွန်တော်သည် ချင့်ချိန်စဉ်းစားပြီး ရှာဖွေဖို့ မိမိကိုယ်ကိုယ် ငြိမ်သက်စေပြီး ဤအဆိုကို ပြန်လည်ဆန်းစစ်ခဲ့သည်။ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းအရ၊ နားလည်မှုအချို့နှင့် သိမြင်မှုအချို့ ကျွန်တော် တဖြည်းဖြည်း ရှိလာခဲ့သည်။ အပေါ်ယံတွင် “တခြားလူတွေကို ထိခိုက်ဖို့ စိတ်နှလုံးမရှိသင့်ဘူး၊ ဒါပေမယ့် အထိခိုက်မခံရဖို့ သတိဝီရိယရှိရမယ်” ဆိုသည့်အရာက အတော်ပင် အသိတရားရှိသော ခံယူချက်တစ်ခု ဖြစ်ပုံရပြီး လူတို့၏အမှားအမှန် ယူဆချက်နှင့် ကိုက်ညီမှုရှိပုံရပါသည်။ ယင်းက အခြားသူများမှ ကျွန်တော်တို့ သတိထားကာကွယ်သင့်သော်လည်း အခြားသူများကို ထိခိုက်စေဖို့ မကြံရွယ်သင့်ကြောင်းကိုသာ ဖော်ပြထားသောကြောင့်၊ ကနဦးတွင်ာ ထိုခံယူချက်နှင့် ပတ်သက်ပြီး မှားသည့်အရာ ဘာမျှရှိပုံမရခဲ့ပါ။ ထို့အပြင် ဤအဆိုအားဖြင့် အသက်ရှင်ခြင်းက ကျွန်တော်တို့ကို ထောင်ချောက်များထဲ ကျရောက်ခြင်းမှ ကာကွယ်ပေးစဉ် တစ်ချိန်တည်းမှာပဲ “လူကောင်းများ” မည်သို့ဖြစ်လာရမည်ကို သင်ယူခွင့်ပေးသည်။ သို့သော် ဤစကားရပ်ကို ကျွန်တော်တို့ အနီးကပ် စေ့စေ့စပ်စပ် စစ်ဆေးခြင်း ခံစေသည့်အခါ၊ ဤသည်မှာ အမှန်တွင် လူသားမျိုးနွယ်ကို စာတန်က ဖောက်ပြန်ပျက်စီးစေသည့် အထူးသဖြင့် အန္တရာယ်ပြုဖွယ်ရှိပြီး ကောက်ကျစ်သော နည်းစနစ်တစ်ခုဖြစ်သည်မှာ ထင်ရှားလာသည်။ ဤစကားရပ်က မည်သူ့ကိုမျှ သင်ယုံကြည်၍မရ၊ မည်သူမဆို သင့်ကို ထိခိုက်မှု ပေးနိုင်စွမ်းရှိသော့ကြောင့် အခြားသူများနှင့် သင်၏ဆက်ဆံမှုများတွင် ဘယ်တော့မှ ခြေစုံပစ်မဝင်နှင့်ဟု ကျွန်တော်တို့ကို တိတ်တဆိတ် ပြောနေပါသည်။ ဤနည်းဖြင့် သင့်ကို ကျွန်တော် သတိထားသည်၊ သင်က ကျွန်တော့်ကို သံသယဖြစ်လာပြီး၊ ကျွန်တော်တို့ နှစ်ယောက်လုံး တစ်ယောက်မျှ အချင်းချင်း အမှန်တကယ် မယုံကြည်ကြပါ။ ဤအရာက ကျွန်တော်တို့ကို ကြိတ်ကြံစည်ခြင်းနှင့် မလိုမုန်းထားမှုသို့ သွားရာလမ်းအတိုင်း ခေါ်ဆောင်သွားပြီး၊ ယင်းက လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးခြင်း၊ မရိုးမသားဖြစ်ခြင်း၊ ကောက်ကျစ်ခြင်းနှင့် လှည့်စားတတ်ခြင်းတို့ကို ပို၍ပို၍ ဖြစ်လာစေသည်။ ပို၍ပင်ဆိုးသည်မှာ ဤဆိုးယုတ်သော ဘဝဆိုင်ရာအဆို၏ စိုးမိုးခြယ်လှယ်မှုအောက်တွင် နှစ်လိုဖွယ်ကောင်းပြီး ကောင်းမြတ်သော ဘုရားသခင်နှင့် ကျွန်တော်တို့ ရင်ဆိုင်ရသည့်အခါ ဘုရားသခင်သည်လည်း လှည့်စားတတ်ပြီး မလိုမုန်းထားစိတ်ရှိသည်၊ ဘုရားသခင်က ကျွန်တော်တို့၏ အကောင်းဆုံးအကျိုးအတွက် လုပ်ဆောင်နေသည်မဟုတ်ဟု ယုံကြည်လျက် ကျွန်တော်တို့သည် သံသယဖြစ်ပြီး သတိထားတတ်ကြလေသည်။ အကျိုးဆက်အနေဖြင့် ဘုရားသခင်က ကျွန်တော်တို့ကို မည်မျှချစ်ပြီး ကျွန်တော်တို့အပေါ် မည်မျှ အရေးထားပါစေ၊ ကျွန်တော်တို့အတွက် ဘယ်အတိုင်းအတာထိ သူ လုပ်ဆောင်သည်ကို အသိအမှတ်ပြုနိုင်ဖွယ်ရှိဖို့ပင် မဆိုထားနှင့်၊ သူ့ကို လက်ခံဖို့ သို့မဟုတ် သူ့ထံ၌ ကျွန်တော်တို့၏ ယုံကြည်ခြင်းကို ထားရှိဖို့ ကျွန်တော်တို့ ဝန်လေးကြသည်။ ယင်းအစား သူလုပ်ဆောင်သမျှတိုင်းကို သံသယနှင့် လှည့်ဖြားမှုများဖြင့်ပြည့်သည့် စိတ်နှလုံးနှင့်အတူ ကျွန်တော်တို့ မေးခွန်းထုတ်ကြပြီး၊ ကျွန်တော်တို့၏ နားလည်မှုလွဲခြင်းများ၊ မကျေမနပ်ဖြစ်ခြင်းများ၊ မနာခံခြင်းနှင့် အာခံမှုတို့ကို သူ့အပေါ် ညာချကြသည်။ ဤနည်းဖြင့် စာတန်သည် လူ့လောကကို ဖောက်ပြန် ပျက်စီးစေခြင်းနှင့် အဆိပ်ခတ်ခြင်းအပြင် ကျွန်တော်တို့ကို ဘုရားသခင်ထံမှ ထွက်သွားစေခြင်း သို့မဟုတ် သစ္စာဖောက်စေခြင်းတို့နှင့်ဆိုင်သော သူ၏ရည်မှန်းချက်ကို ပြီးမြောက်လေသည်။ သို့သော်လည်း ကျွန်တော်သည် ထိုးထွင်းသိမြင်မှု ချို့တဲ့ပြီး စာတန်၏ အန္တရာယ်ပြုနိုင်သည့် ဤကြံရွယ်ချက်များကို မမြင်နိုင်ခဲ့ပါ။ ကျွန်တော်က ယင်း၏အတွေးမှားကို လေးစားခံရဖို့နှင့် ထောက်ခံအတည်ပြုခံရဖို့ရန် ပြုမူကျင့်ကြံမှုစည်းမျဉ်းတစ်ခုအဖြစ် မှတ်ယူခဲ့ပြီး နောက်ပိုင်းတွင် ပို၍ပို၍ လှည့်ဖြားတတ်လာခဲ့သည်။ ဥပမာအားဖြင့် တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ကို ကျွန်တော်ကြုံရသည့်အခါ၊ ဘုရားသခင်၏ အလိုတော်မှာ ကျွန်တော့်ကို မိမိကိုယ်ကို ဆင်ခြင်သုံးသပ်စေဖို့နှင့် တကယ့်အခြေအနေအမျိုးမျိုးအားဖြင့် မိမိကိုယ်ကို သိစေရန်၊ ကျွန်တော်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက သန့်စင်ခံရပြီး ပြောင်းလဲစေခြင်း ခံရနိုင်ဖို့အလို့ငှာ ကျွန်တော့်အနေဖြင့် သမ္မာတရားကို ရှာဖွေစေရန်တို့ဖြစ်ခဲ့သည်။ သို့သော်ငြားလည်း ဤအရာကို ဘုရားသခင်ထံမှ ရယူဖို့ ကျွန်တော်ငြင်းဆန်ခဲ့သလို အပြုသဘောဆောင်သော ရပ်တည်ချက်တစ်ခုမှ ဝင်ရောက်ခြင်းကိုလည်း ရရှိအောင် အားမထုတ်ခဲ့ပါ၊ ယင်းအစား ကျွန်တော့်ကို အငြိုးထားခဲ့သည်မှာ ကျွန်တော်၏ ညီအစ်ကိုမောင်နှမများဖြစ်ပြီး ဘုရားသခင်က ကျွန်တော့်ကို တန်ဖိုးမထားခဲ့ပါဟု ကျွန်တော်သံသယရှိခဲ့သည်။ နောက်ဆုံးတွင် ဘုရားသခင်အပေါ် ကျွန်တော်၏ နားလည်မှုလွဲခြင်းက ပိုပိုပြီး ခိုင်မာလာခဲ့သည့်အခါ ကျွန်တော်သည် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုကို ဆုံးရှုံးခဲ့ပြီး အမှောင်ထဲသို့ ကျရောက်ခဲ့သည်။ ယခု ရှင်းလင်းသွားသည်နှင့်အမျှ “တခြားလူတွေကို ထိခိုက်ဖို့ စိတ်နှလုံးမရှိသင့်ဘူး၊ ဒါပေမယ့် အထိခိုက်မခံရဖို့ သတိဝီရိယရှိရမယ်” ဟူသည့် စကားရပ်မှာ လူသားမျိုးနွယ်ကို ပိတ်လှောင်ပြီး၊ ဖောက်ပြန်ပျက်စီးစေဖို့ စာတန်ဖန်တီးခဲ့သည့် အတွေးမှားတစ်ခုထက် ဘာမျှမပိုပါ။ ဤနဂိုမှန်အဆိုဟုဆိုသည့်အရာဖြင့် အသက်ရှင်ခြင်းက လူတို့ကို ပိုပို၍ မရိုးမသားနှင့် လှည့်ဖြားတတ်စေခြင်းနှင့်၊ ဘုရားသခင်ထံမှ နားလည်မှုလွဲပြီး လှည့်ထွက်သွားရင်း အခြားသူများအားလုံးကိုလည်း မတော်မတရား သံသယထားကာ သတိထားကာကွယ်စေခြင်းသာလျှင် ဖြစ်စေလိမ့်မည်။ နောက်ဆုံးတွင် ထိုသို့ခေါ်ဆောင်ခံရသည့် အသက်တာတစ်ခုသည် ဘုရားသခင်၏ စက်ဆုပ်မှုကိုသာ ရရှိကာ သန့်ရှင်းသောဝိညာဉ်တော်၏အလုပ်ကို ဆုံးရှုံးစေပြီး အမှောင်ထဲသို့ ကျဆင်းသွားစေလိမ့် မည်ဖြစ်သည်။ နာကျင်မှု၌ ရှိခြင်းအပြင် ပို၍ပင် ဆိုးရွားသည်မှာ လူတစ်ဦးအနေဖြင့် ကယ်တင်ခံရမည့် အခွင့်အရေးကိုလည်း ဆုံးရှုံးနိုင်ခြင်းဖြစ်သည်။ ဤအချိန်တွင် “တခြားလူတွေကို ထိခိုက်ဖို့ စိတ်နှလုံးမရှိသင့်ဘူး၊ ဒါပေမယ့် အထိခိုက်မခံရဖို့ သတိဝီရိယရှိရမယ်” ဆိုသည့် စကားရပ်မှာ လူတို့ မိမိကိုယ်ကိုယ် ပြုမူကျင့်ကြံသင့်သည့် စည်းမျဉ်းတစ်ခု တကယ်မဟုတ်ခဲ့ဘဲ အမှန်မှာ လူတို့ကို လိမ်လည်ပြီး ညှင်းပန်းရန် စာတန်၏ ကောက်ကျစ်သော ကြံစည်မှုတစ်ခုဖြစ်သည်ကို နောက်ဆုံးတွင် ကျွန်တော် နားလည်သွားခဲ့သည်။ ထို့အပြင် ယင်းသည် လူတို့ကို ဖောက်ပြန်ပျက်စီးစေဖို့နှင့် သူတို့၏ သာမန် လူ့သဘာဝကို ဆုံးရှုံးစေပြီး ဘုရားသခင်ကို ရှောင်ရှားကာ သစ္စာဖောက်စေဖို့ စာတန် အသုံးပြုသည့် မှားယွင်းသော မိစ္ဆာဒိဋ္ဌိအယူ ဖြစ်ခဲ့သည်။ ဤစကားရပ်အားဖြင့် အသက်ရှင်ခြင်းက လူတစ်ဦးအား ဘုရားသခင်ကို အာခံစေပြီးသာလျှင်၊ ထိုသို့ဖြင့် ဘုရားသခင်၏ စက်ဆုပ်ခံရခြင်း၊ ငြင်းပယ်ခံရခြင်းနှင့် ရွေးထုတ်ခံရခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။

နောက်တွင် ဘုရားနှုတ်ကပတ်တော်များ၏ အောက်ပါစာပိုဒ်ကို ကျွန်တော်တွေ့ခဲ့သည်။ “ဘုရားသခင်၌ သစ္စာရှိခြင်း၏ အနှစ်သာရ ရှိသဖြင့် သူ၏နှုတ်ကပတ်တော်များကို အမြဲ ယုံကြည်စိတ်ချနိုင်သည်။ ထို့အပြင် သူ၏ လုပ်ဆောင်ချက်များမှာ အမှားကင်းပြီး သံသယ ရှိရန်မလိုပေ၊ ထိုအကြောင်းကြောင့် သူ့အပေါ် ပကတိ ရိုးသားဖြောင့်မတ်သူများကို ဘုရားသခင်က နှစ်သက်ခြင်း ဖြစ်သည်။ ရိုးသားဖြောင့်မတ်ခြင်းဆိုသည်မှာ ဘုရားသခင်ထံ သင့်နှလုံးသားကို ပေးအပ်ခြင်း၊ အရာခပ်သိမ်းတွင် ဘုရားသခင်ကို သဘောရိုးအတိုင်း ဆက်ဆံခြင်း၊ အရာအားလုံးတွင် ဘုရားသခင်နှင့် ပွင့်လင်းမှုရှိခြင်း၊ အမှန်တရားကို မည်သည့်အခါမျှ ကွယ်ဝှက်မထားခြင်း၊ မိမိအထက်မှ လူများနှင့် အောက်မှလူများကို လှည့်စားခြင်းကို မည်သည့်အခါမျှ မပြုခြင်းနှင့်၊ ဘုရားသခင်အား မျက်နှာလိုမျက်နှာရ မပြုခြင်းတို့ပင် ဖြစ်သည်။ အတိုချုံး၍ဆိုရလျှင် ရိုးသားဖြောင့်မတ်မှုရှိခြင်း ဆိုသည်မှာ သင်၏ လုပ်ရပ်များနှင့် စကားများတွင် စင်ကြယ်ဖို့နှင့် ဘုရားသခင်ကို ဖြစ်စေ၊ လူသားကိုဖြစ်စေ မလှည့်စားခြင်းဖြစ်သည်။...အကယ်၍ သင်ထံတွင် လျှို့ဝှက်ကိစ္စများစွာ ရှိသဖြင့် သင်သည် ဝေမျှရန် ဝန်လေးနေပါက၊ သင်သည် အလင်း၏ လမ်းကို ရှာဖွေဖို့ အခြားသူများရှေ့တွင် သင်၏ လျှို့ဝှက်ချက်များကို- သင်၏ အခက်အခဲများကို- ချခင်းပြရန် အပြင်းအထန် ငြင်းဆန်နေပါက- သင်သည် ကယ်တင်ခြင်းကို အလွယ်တကူ မရရှိနိုင်သောသူ၊ အမှောင်ထုထဲမှ လွယ်ကူစွာ မထွက်နိုင်သူ ဖြစ်သည်ဟုငါဆို၏။ သမ္မာတရား၏ လမ်းခရီးကိုရှာဖွေခြင်းသည် သင့်ကို ကောင်းစွာ သဘောကျ ကျေနပ်စေသည်ဆိုပါက၊ သင်သည် အလင်းထဲ၌ အစဉ်အမြဲ နေထိုင်သူတစ်ဦးဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ အိမ်တော်၌ မထင်မရှားနေပြီး ကြိုးကြိုးစားစားနှင့် တာဝန်သိသိ အသိဉာဏ်ရှိရှိ အလုပ်လုပ်လျက်၊ အမြဲတမ်းပေးကမ်း၍ မည်သည့်အခါမျှ ရယူခြင်းမရှိသော အစေခံသူတစ်ဦး ဖြစ်ရသည်ကို အလွန် ဝမ်းမြောက်ပါက၊ သင်သည် သစ္စာရှိသော သန့်ရှင်းသူ တစ်ယောက် ဖြစ်သည်ဟု ငါဆိုသည်၊ အဘယ်ကြောင့်ဆိုသော် သင်သည် ဆုလာဘ်ကို မမျှော်ကိုးဘဲ၊ ပကတိ ရိုးသားသူတစ်ယောက်သာ ဖြစ်သောကြောင့်တည်း။ သင်သည် ပွင့်လင်းရန် လိုလိုလားလား ရှိလျှင်၊ သင်သည် သင်၏အလုံးစုံကို အသုံးခံရန် လိုလိုလားလားရှိလျှင်၊ သင်သည် ဘုရားသခင်အတွက် သင့်ဘဝကိုစတေးနိုင်ကာ သက်သေရပ်တည် နိုင်လျှင်၊ သင်သည် မိမိအတွက် မစဉ်းစားဘဲ သို့မဟုတ် မိမိကိုယ်ကျိုးမပါဘဲ ဘုရားသခင် ကျေနပ်သဘောကျရန်ကိုသာ သိသောအဆင့်အထိ ရိုးသားသည်ဆိုပါက၊ ဤလူတို့သည် အလင်းထဲတွင် အားဖြည့်ပေးခြင်းခံရကာ နိုင်ငံတော်တွင် ထာဝရ အသက်ရှင်မည့်သူများ ဖြစ်သည်ဟု ငါဆိုသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သတိပေးချက် သုံးချက်) ဘုရားသခင်၏ အနှစ်သာရမှာ သစ္စာရှိပြီး၊ ထို့ကြောင့် ဘုရားသခင်က ရိုးသားသောသူတို့ကို ချစ်ပြီး ကောင်းချီးပေးသည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ကျွန်တော်နားလည်လာခဲ့သည်။ ရိုးသားသောလူတို့သာ လူသားအပြုအမူနှင့်ဆိုင်သော စံနှုန်းများကို မီနိုင်ပြီး ရိုးသားသောလူတို့သာ ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်သည်၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိနိုင်ပြီး ဘုရားသခင်၏ ရယူခြင်းကို ခံရနိုင်ပါသည်။ ရိုးသားသော လူတစ်ဦးကဲ့သို့ မည်သို့ပြုမူရမည်ကိုလည်း ကျွန်တော် နားလည်လာခဲ့သည်။ ရိုးသောလူတို့က ရိုးရှင်းစွာ၊ ပွင့်လင်းစွာနှင့် လှည့်ဖြားမှုမရှိဘဲ စကားပြောကြသည်။ အရှိကိုအရှိတိုင်း သူတို့ပြောတတ်ကြသည်၊ ရိုးသားသောသူများက အခြားသူများကို ဘယ်တော့မှ မလိမ်လည်ပါ၊ သူတို့သည် ဝတ်ကျေတမ်းကျေ မပြုမူဘဲ ဘုရားသခင်ကိုဖြစ်စေ လူကိုဖြစ်စေ သူတို့မလှည့်ဖြားပါ။ ရိုးသားသောလူတစ်ဦး၏ စိတ်နှလုံးသည် ကောက်ကျစ်မှု သို့မဟုတ် လှည့်ဖြားမှုနှင့် ကင်းသည်။ စကားပြောခြင်းနှင့် လုပ်ဆောင်ခြင်းတို့တွင် သူတို့သည် မှားယွင်းသော ရည်ရွယ်ချက်များ သို့မဟုတ် ကွယ်ဝှက်ထားသော အကြောင်းရင်းများ မသိုထားကြပါ။ သူတို့သည် မိမိတို့၏ ကိုယ်ပိုင်အကျိုးအမြတ်အတွက် သို့မဟုတ် မိမိတို့၏ ဇာတိပကတိကို ဖြည့်ဆည်းဖို့အတွက် စကားမပြော သို့မဟုတ် မပြုမူဘဲ စစ်မှန်သော လူတစ်ဦးဖြစ်ခြင်း အဖို့အလို့ငှာသာ ပြောဆိုလုပ်ဆောင်ကြသည်။ ရိုးသားသောလူသည် ပွင့်လင်းပြီး တည်ကြည်သည်၊ သူတို့၏ စိတ်နှလုံးမှာ ရိုးသားပြီး၊ ဘုရားသခင်ကို သူတို့၏ စိတ်နှလုံးနှင့် အသက်တာတို့ကိုပေးဖို့ ဆန္ဒရှိကြသည်။ သူတို့သည် အပြန်အလှန်အားဖြင့် ဘာမျှ မတောင်းဆိုဘဲ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့သာ ကြိုးပမ်းကြသည်။ ဤလက္ခဏာများကို ပိုင်ဆိုင်သောသူတို့ကိုသာ ရိုးသားသောလူများ၊ အလင်းတွင် အသက်ရှင်သောလူများဟု ခေါ်ဆိုနိုင်ပါသည်။

ရိုးသားသော လူတစ်ဦးဖြစ်ခြင်းနှင့် ဆက်နွယ်သော အခြေခံသဘောတရားများကို ကျွန်တော်နားလည်လိုက်သည်နှင့် တစ်ပြိုင်နက် တကယ့်ဘဝတွင် ယင်းတို့ကို လက်တွေ့ကျင့်ဆောင်ဖို့ ကျွန်တော် စတင်ကြိုးစားခဲ့သည်။ အခြားသူများနှင့် ကျွန်တော်ဆက်ဆံရာတွင် သူတို့ကို ရိုးသားစွာ ဆက်ဆံဖို့နှင့် မလှည့်ဖြားဖို့ သို့မဟုတ် ကြိုတွက်ပြီး အကာအကွယ်မထားဖို့ရန် ကျွန်တော် သတိရှိရှိ ကြိုးစားခဲ့ပါသည်။ ဤနည်းအတိုင်း ကျွန်တော် လက်တွေ့လုပ်ဆောင်သောအခါ ကျွန်တော်၏ ညီအစ်ကိုမောင်နှမများနှင့် ကျွန်တော့်ဆက်ဆံရေးမှာ ပိုပို၍ ပုံမှန်ဖြစ်လာခဲ့ပြီး အလွန်လွတ်လပ်ကာ လွတ်မြောက်သည်ဟု ကျွန်တော်ခံစားခဲ့ရသည်။ ဤနည်းအတိုင်း အသက်ရှင်ရသည်မှာ များစွာပို၍ သက်သောင့်သက်သာ ရှိသည်ဟု ထင်ရသည်။ ကျွန်တော့်ညီအစ်မနှင့် ကျွန်တော့်တာဝန်များကို ဆောင်ရွက်စဉ် ဖောက်ပြန်ပျက်စီးခြင်းကို ကျွန်တော် ပြသသည့်အခါ ကျွန်တော်၏ မိမိကိုယ်မိမိ နားလည်မှုကို မိတ်သဟာယအားဖြင့် ဖော်ထုတ်ပြဖို့ ဦးစွာ သူမကို ကျွန်တော် သွားရှာပြီး ထိုညီအစ်မကလည်း ထိုနည်းတူ လုပ်ဆောင်သည်။ ဤဖြစ်စဉ်အတွင်း၌ အချင်းချင်းအပေါ် ဘက်လိုက်မှုများကို ကျွန်တော်တို့ မဖြစ်ပေါ်စေခဲ့ရုံသာမက ကျွန်တော်တို့၏ ပူးပေါင်း လုပ်ဆောင်မှုတွင် တကယ်ကို ပို၍ပင် ကျွန်တော်တို့ သဟဇာတဖြစ်လာခဲ့ကြသည်။ စည်းဝေးပွဲများတွင် ကျွန်တော်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ပြရာ၌ ဘုရားနှုတ်ကပတ်တော်များကို ကျွန်တော်ကိုးကားသည့်အခါ ကျွန်တော်၏ ညီအစ်ကိုမောင်နှမများက ကျွန်တော်စိတ်ကူးခဲ့သကဲ့သို့ ကျွန်တော့်ကို မတရားသဖြင့် ချိုးနှိမ်ခြင်း သို့မဟုတ် ၊ကျွန်တော့်ကို အထင်မြင်သေးခြင်း မပြုဘဲ၊ ၎င်းနှင့်ဆန့်ကျင်လျက် လူသားအတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်းတို့ကို ကျွန်တော် မြင်ရဖို့အလို့ငှာ ကျွန်တော့်ကိုကူညီရန် သူတို့၏ ကိုယ်ပိုင်အတွေ့အကြုံများနှင့် အသိပညာတို့ကို သူတို့ မိတ်သဟာယပြုခဲ့ကြသည်။ ကျွန်တော့်တာဝန်များကို ဆောင်ရွက်ရာတွင် ကျွန်တော့် ကိုယ်ပိုင်ဂုဏ်သတင်းနှင့် ရာထူးဂုဏ်ဒြပ်အတွက် မဟုတ်ဘဲ ဘုရားသခင်ကို စိတ်ကျေနပ်စေရန်သာ ကျွန်တော်အလုပ်လုပ်သည့်အခါ ဘုရားသခင်၏ အလိုတော်ကို ကျွန်တော် တဖြည်းဖြည်း နားလည်လာနိုင်ဖို့အလို့ငှာ ကျွန်တော့်အထဲတွင် သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်တော့်အား ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြခြင်းဖြင့် ကျွန်တော့်အပေါ် အလုပ်လုပ်နေသည်ကို ကျွန်တော်ခံစားခဲ့ရသည်။ ရလဒ်အနေဖြင့် ကျွန်တော့်တာဝန်များကို ဆောင်ရွက်ရာတွင် ကျွန်တော်အလွန်ထိရောက်ခဲ့သည်။ ဆုတောင်းရာတွင် ဘုရားသခင်နှင့်အတူ ကျွန်တော်၏ အတွင်းကျကျ အတွေးများကို ဖွင့်ပြောဖို့နှင့် ဘုရားသခင်နှင့်အတူ စစ်မှန်သော ဝိညာဉ်ရေးဆက်သွယ်မှု ရှိဖို့ ကျွန်တော် သတိရှိရှိ ကြိုးစားခဲ့သည်။ ယင်းကို ကျွန်တော် လုပ်ဆောင်ခဲ့သည့်အခါ ဘုရားသခင်နှင့်ကျွန်တော် နီးသထက် နီးလာခဲ့ပြီး ကျွန်တော့်အတွက် ဘုရားသခင် စီစဉ်သည့် ပတ်ဝန်းကျင်တိုင်းက ကျွန်တော့်ဘဝတွင် လိုအပ်သော အရာဖြစ်သည်ကို ကျွန်တော် အသိအမှတ်ပြုလာခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။ ဘုရားသခင် မည်မျှ ချစ်ဖွယ်ကောင်းသည်ကို ကျွန်တော် လှိုက်လှိုက်လှဲလှဲ ခံစားခဲ့ရပြီး ဘုရားသခင်နှင့်ပတ်သက်၍ ကျွန်တော့်မှာရှိခဲ့သည့် နားလည်မှုလွဲမှုများအားလုံး ပျောက်ကွယ်သွားခဲ့သည်။ ဤလက်တွေ့ကျသည့် စွမ်းဆောင်မှုနှင့် အတွေ့အကြုံတို့အားဖြင့် ရိုးသားခြင်းက လူတစ်ဦးကို အလင်းထဲတွင် အသက်ရှင်ဖို့နှင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို လက်ခံရရှိဖို့ အခွင့်ပေးပုံကို ကျွန်တော်တွေ့ကြုံခဲ့ရသည်။ ရိုးသားသောလူတစ်ဦး ဖြစ်ခြင်းသည် အမှန်ပင် အဓိပ္ပါယ်ရှိပြီး တန်ဖိုးရှိပါသည်တကား။

ရိုးသားသော လူတစ်ဦးဖြစ်ခြင်း၏ အကျိုးကျေးဇူးများကို တွေ့ကြုံရာတွင် “တခြားလူတွေကို ထိခိုက်ဖို့ စိတ်နှလုံးမရှိသင့်ဘူး၊ ဒါပေမယ့် အထိခိုက်မခံရဖို့ သတိဝီရိယရှိရမယ်” ဟူသည့် စာတန်၏ အဆိုက လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေပြီး ညှင်းဆဲသည်ကို ကျွန်တော် ပို၍ပင် ရှင်းလာခဲ့သည်။ အကယ်၍ လူတစ်ဦးက ဤအဆိုကို ထိန်းသိမ်းပါက သူတို့သည် မှောင်မိုက်၊ ဖောက်ပြန်ပျက်စီးခြင်းနှင့် ညှင်းဆဲမှုထဲတွင် အစဉ်အမြဲ အသက်ရှင်ရမည်ဖြစ်သည်။ ကျွန်တော်တို့သည် ရိုးသားသောလူတစ်ဦး ဖြစ်ခြင်းအားဖြင့်သာ အလင်းတွင် အသက်ရှင်နိုင်သည်၊ အားပြည့်ပြီး ဘုရားသခင်၏ ချီးမွမ်းမှုကို ရရှိနိုင်ပါသည်။ ယခုချိန်မှစ၍ အသစ်တစ်ဖန် စတင်ပြီး “တခြားလူတွေကို ထိခိုက်ဖို့ စိတ်နှလုံးမရှိသင့်ဘူး၊ ဒါပေမယ့် အထိခိုက်မခံရဖို့ သတိဝီရိယရှိရမယ်” ဟုဆိုသည့် ဤစာတန်၏အဆိုကို လုံးလုံးလျားလျား စွန့်ပစ်ဖို့ ကျွန်တော်အဓိဋ္ဌာန်ပြုပါသည်။ ရိုးသားခြင်းကို ကျွန်တော့်ပြုမူကျင့်ကြံခြင်း၏ စည်းမျဉ်းနှင့် စံနှုန်းအဖြစ် ကျွန်တော်ယူမည်ဖြစ်ပြီး၊ ဘုရားသခင်ကို နှစ်သိမ့်ကျေနပ်စေသည့် ရိုးသားသောလူတစ်ဦးဖြစ်ရန် ကျွန်တော် ကြိုးစားပါမည်။

နောက်တစ်ခုသို့- ဘဝ၏ကြွယ်ဝချမ်းသာမှုများ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘဝ၌ ဝေခွဲမရသော ဆုံးဖြတ်ချက်တစ်ခု

လီယန် တရုတ်နိုင်ငံ ကျွန်တော်က ကျေးလက်ဒေသမှာ မွေးခဲ့ပြီး ဆင်းရဲတဲ့မိသားစုကနေ ကြီးပြင်းခဲ့ပါတယ်။ ကျွန်တော့်မိဘတွေက ခဏခဏအနိုင်ကျင့်ခံရတဲ့...

အလုပ်ကို မကြီးကြပ်ဝံ့ခြင်းအားဖြင့် ရှောင်ရှားခြင်း ခံရသည့်အရာ

ရွှင်ချို နယ်သာလန်နိုင်ငံ ပြီးခဲ့တဲ့နှစ် မေလတုန်းက လူသစ်တွေ ရေလောင်းတာကို ကျွန်မ ကြီးကြပ်ရတယ်။ ဒါက အတော်အတန် လွယ်တဲ့အလုပ်လို့ အရင်က...

အသင်းတော်ခေါင်းဆောင်သည် အရာရှိမဟုတ်ပါ

မက်ချူး ပြင်သစ်နိုင်ငံ ကျွန်တော့်နာမည်က မက်သယူးပါ။ လွန်ခဲ့တဲ့ သုံးနှစ်က အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်တော်...

တာဝန်ကို ကောင်းစွာ လုပ်ဆောင်ရန် ဝေဖန်အကဲဖြတ်ချက် လိုအပ်သည်

မကြာသေးခင်က ခေါင်းဆောင်တစ်ယောက်နဲ့ သင်းထောက်နှစ်ယောက်ကို ညီအစ်မတစ်ယောက် တိုင်ကြားတဲ့စာ ရခဲ့တယ်။ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ အစ်မရှင်းက...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။