ယုံကြည်ခြင်း သက်သေခံချက်- ဘုရားသခင်အပေါ် မှီခိုပြီးနောက်တွင် အသက်ကြီးသူ အမျိုးသမီးတစ်ဦး၏ အသည်းရေဖျဉ်းစွဲခြင်းက အံ့သြဖွယ်ရာ ပျောက်ကင်းသည်
အယ်ဒီတာ့မှတ်ချက်- “ကျွန်မ ဘုရားသခင်ကို ယုံကြည်တယ်၊ ဒီတော့ ဘာလို့ ဒီနာမကျန်းမှုမျိုးကို ကျွန်မ ခံစားရတာလဲ။ ဘာလို့ ဘုရားသခင်က ကျွန်မကို မကွယ်ကာတာလဲ။” ကျွန်တော်တို့ နေမကောင်းဖြစ်သည့်အခါ ဘုရားသခင်အပေါ် ဤမကျေနပ်မှုမျိုးများ ရှိတတ်ကြသည်။ ဤအဖြစ်အပျက်ထဲက အမျိုးသမီးသည်လည်း ခြွင်းချက်မဟုတ်ပါ။ သူမ၏ အခြေအနေ ဆိုးရွားလာသောအခါ သူမသည် နာမကျန်းဖြစ်ခြင်း၏ နှိပ်စက်မှုဒဏ်ကို မခံနိုင်သောကြောင့် ဘုရားသခင်ကို စတင်အပြစ်တင်လာသည်၊ သို့သော် ဘုရားသခင်ထံ သူမ အမှန်တကယ် ဆုတောင်းပြီး၊ ကိုယ်တော်၏ စီစဉ်ညွှန်ကြားမှုများနှင့် စီမံခန့်ခွဲမှုများကို ကျိုးနွံနာခံသောအခါ၊ သူမသည် မိမိ၏ သေမျိုးဖြစ်ခြင်းကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်ပြီး သူမ၏ အခြေအနေမှာ အံ့သြဖွယ်ရာ တိုးတက်လာလေသည်။ သူမ၏ အတွေ့အကြုံ အဘယ်အရာဖြစ်ခဲ့သည်ကို သင်သိလိုပါသလား။ ကျေးဇူးပြု၍ ဆက်လက်ဖတ်ရှုပါ။
သူမ၏ သားသမီးများ အဆင်မပြေ မဖြစ်စေဖို့ သူမ၏ နာမကျန်းဖြစ်ခြင်းကို သည်းညည်းခံခြင်း
ရွာ၏ အစွန်တစ်ခုတွင် အမျိုးသမီးတစ်စုသည် ညောင်ပင်အိုကြီးတစ်ပင်အောက်တွင် ပုံမှန်အတိုင်း စကားစမြည် ပြောဆိုနေကြသည်။ အလှမ်းမဝေးလှသည့်နေရာတွင်၊ ယွမ်ကျူးသည် သူမ၏သား လီဂျွန်၏ အကူအညီဖြင့် ရှေ့သို့ တစ်လှမ်းချင်း ရွေ့နေသည်။
အမျိုးသမီးများထဲမှာ တစ်ဦးဖြစ်သည့် မစ္စစ်ကျန်းက- “ဟေး၊ အဲဒါ ယွမ်ကျူးမဟုတ်လား။ သူက နယ်ဆေးရုံမှာ စစ်ဆေးတာ အသည်းရေဖျဉ်းစွဲရောဂါ ရှိတယ်မဟုတ်လား။ သူ ဘယ်လိုဖြစ်ပြီး အရမ်းကို မြန်မြန် ဆေးရုံကဆင်းနိုင်ရတာလဲ” ဟု ဆိုသည်။
“အသည်းရေဖျဉ်းစွဲတာ ဟုတ်လား။ ငွေဘယ်လောက်ပဲကုန်ကုန် အသက်ရှင်မယ်ဆိုတာ ပြောလို့ရတာမဟုတ်ဘူး။ အတွင်းလူနာတစ်ယောက်အနေနဲ့တောင် မျှော်လင့်ချက်အများကြီး မရှိဘူး၊ ဒါ့အပြင် ယွမ်ကျူးက အရမ်းအသက်ကြီးနေပြီလေ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်မ သမီးလေးမှာ အသည်းရေဖျဉ်းစွဲတော့၊ ကျွန်မတို့ တစ်မိသားစုလုံးရဲ့ ငွေတွေ ဆေးရုံကို ထိုးထည့်လိုက်ရတယ်၊ ဒါပေမယ့် သူ့ကိုရော ကျွန်မတို့ငွေတွေကိုရော ဆုံးရှုံးခဲ့ရတယ်လေ” ဟု မစ္စစ်ဖူက သူမ၏ ခေါင်းကို ဝမ်းနည်းစွာခါရင်းဖြင့် ဆိုလေသည်။
သူမအလွန်တုန်ရီနေသည်ကို မြင်ရ၍ စိုးရိမ်မှုဖြင့် လီဂျွန်က- “အမေ၊ ဒီလိုအခြေအနေနဲ့ ဆေးရုံကနေဆင်းတာ အမေ့ကို ကျွန်တော်စိုးရိမ်နေတုန်းပဲ။ အမေဆေးကုခံရဖို့ ဆေးရုံကိုပဲ ပြန်သွားလို့ မရဘူးလား။ ဘာပဲဖြစ်လာပါစေ၊ ကျွန်တော် တစ်သက်စာ အကြွေးတင်ရတင်ရ၊ အိမ်မှာ အမေသေဖို့အတွက်ထိုင်စောင့်နေတာကို ကျွန်တော် ဒီအတိုင်းမကြည့်ရက်နိုင်ဘူး” ဟု သူ့အမေကို စိတ်ထိခိုက်စွာ တောင်းပန်လေသည်။
“ဂျွန်၊ အမေ သားအတွက် ဝန်ထုပ်တစ်ခု မဖြစ်ချင်ပါဘူးကွယ်။ အမေ ဆေးတစ်ချို့ယူပြီး အိမ်မှာ အားပြန်ဖြည့်ရင် အမေ ကောင်းသွားမှာပါ။ အမေ ပိုလို့သက်သာနိုင်မှာပါ။” သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး ဖောရောင်နေသော်လည်း ယွမ်ကျူးသည် သူမ၏သားကို နှစ်သိမ့်ရန် သာမန်ကာလျှံကာ ဤသို့ မိမိကိုယ်ကို အားယူ၍ ပြောလိုက်လေသည်။
သူမသည် သေရေးရှင်ရေးအခြေအနေတွင် သူမ၏ မျှော်လင့်ချက်ကို ဘုရားသခင်၌ ထားသည်
သူမအိမ်ပြန်ရောက်သည့်အခါ ယွမ်ကျူးသည် တစ်ကိုယ်လုံး ပျော့ခွေပြီး အားနည်းလျက် အိပ်ရာပေါ်လှဲလိုက်သည်။ သူမ၏တစ်ကိုယ်လုံး ခံစားရသည့် ဝေဒနာက မခံမရပ်နိုင်အောင် ဖြစ်နေသည်။ မျက်နှာကြက်ကို သူမ တွေတွေကြီး ငေးစိုက်ကြည့်ချိန်တွင်၊ မျက်ရည်များက ပုလဲကုံးလေးများကဲ့သို့ သူမ၏ မျက်နှာပေါ် စီးဆင်းလာခဲ့ပြီး ဆရာဝန်၏စကားများက သူမ၏ခေါင်းထဲတွင် ပဲ့တင်ထပ်နေခဲ့သည်- “ခင်ဗျားမှာ အသည်းရွတ်ကြောင့်ဖြစ်တဲ့ အသည်းရေဖျဉ်းစွဲရောဂါ ရှိတယ်။ ဆေးတင်သွင်းဖို့နဲ့ ဆေးကုသမှုဆောင်ရွက်ချက်အတွက် ယွမ် ၁၀၀၀၀ ကျော် ကုန်လိမ့်မယ်၊ ပြီးတော့ ခင်ဗျားအနေနဲ့ အနည်းသုံး နှစ်ကြိမ် ဒါမှမဟုတ် သုံးကြိမ် ကုသဖို့လိုတယ်။ ဒါတောင် အဲဒါက ခင်ဗျားရဲ့ အခြေအနေကို ထိန်းချုပ်ပေးရုံပဲရှိတယ်၊ အရင်းအမြစ်ကို မကုသပေးနိုင်ဘူး။” သက်ပြင်းရှည်ကြီးတစ်ခုကို သူမ ချလိုက်ပြီး “ဟင်း၊ ငါ ပကတိနေကောင်းခဲ့တာပဲ— ဘယ်လိုဖြစ်ပြီး အရမ်းပြင်းထန်တဲ့အရာတစ်ခုနဲ့ ငါဖျားနာရတာလဲ။ တကယ်ပဲ ငါသေရတော့မယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ ဟင့်အင်း၊ မဖြစ်ရဘူး။ ငါ့အခြေအနေက အရမ်းဆိုးပေမယ့်၊ ဘုရားသခင်ကို ငါယုံတယ်။ သူ ငါ့ကို စောင့်ရှောက်ပေးမှာပါ” ဟု မိမိကိုယ်ကိုယ် ပြောလေသည်။
သူမ ယုံကြည်သူတစ်ဦး ဖြစ်လာခဲ့ပြီးပြီးချင်း ထိုအချိန်တုန်းက အသက် ၁၄ နှစ်အရွယ် သူမ၏ မြေးမလေးက နှလုံးသွေးလွှတ်ကြောပျက်စီးရောဂါ ဖြစ်လာခဲ့ပုံကို ယွမ်ကျူး တွေးတောမိခဲ့သည်။ သူမ၏ သမီးနှင့် သမက်တို့က သူမ၏ ဆေးကုသမှုအတွက် တတ်နိုင်သမျှ ငွေကြေးအားလုံး တစ်ပြိုင်တည်း ခြစ်ထုတ်သုံးခဲ့ရသည်၊ သို့သော် သူမကို အထူးကုဆေးရုံသို့ သူတို့ခေါ်သွားကြသည့်အခါ ဆရာဝန်အားလုံးက သူမ၏အခြေအနေမှာ တကယ်ကိုဆိုးရွားပြီး သူတို့ ယင်းအတွက် ဘာတစ်ခုမျှမတတ်နိုင်ပါဟု ဆိုခဲ့ကြသည်။ ယွမ်ကျူးက ဘုရားသခင်ထံ စိတ်နှလုံးထိခိုက်ခံစားလျက် ဆုတောင်းခဲ့ပြီး ကိုယ်တော်၏ လက်တော်ထဲသို့ အပ်နှံခဲ့ရာ၊ သူမ၏ မြေးမလေးမှာ အံ့သြဖွယ်ရာ တိုးတက်သွားခဲ့ပြီး ပြန်မဖြစ်ခဲ့တော့ချေ။ သူမသည် နှစ်များစွာ ချောင်းဆိုးသွေးပါခဲ့သော်လည်း ဘုရားသခင်အပေါ် မှီခိုခြင်းအားဖြင့် ရုတ်တရက် သက်သာလာခဲ့ပုံကိုလည်း တွေးမိသည်။ ဤအရာများအားလုံးကို စဉ်းစားမိခြင်းက သူမ၏ ပူပန်မှုများကို ပြေပျောက်စေသည်၊ ဘုရားသခင်က သူမကို တစ်ဖန်ကွယ်ကာပြီး ဤခဲယဉ်းသည့်ကာလထဲမှ သူမကို ဦးဆောင်လမ်းပြလိမ့်မည်ဟု သူမယုံကြည်ခဲ့သည်။ ထို့ကြောင့် ယွမ်ကျူးသည် အလွန်ယုံကြည်စိတ်ချစွာဖြင့် ဘုရားသခင်ကို ဆုတောင်းခဲ့ပြီး သူမ၏ဆရာဝန် အကြံပြုသည့် ဆေးဝါးများကိုလည်း မှီဝဲရင်း သူမ၏ နာမကျန်းဖြစ်မှုကို ကိုယ်တော့်ထံ အပ်နှံခဲ့သည်။
သူမ၏အခြေအနေ ပိုမိုဆိုးရွားလာပြီး ဘုရားသခင်ကို သူမ အပြစ်တင်သည်
သို့သော် ယွမ်ကျူးသည် အချိန်ကာလတစ်ခုပြီးနောက် ပိုမိုဆိုးရွာဖို့အလှည့် ဖြစ်လာခဲ့သည်။ သူမခန္ဓာကိုယ်အနှံ့ ဖောယောင်လာခဲ့ပြီး ပိုပို၍အားနည်းခဲ့ကာ လမ်းလျှောက်ဖို့ပင် ကြိမ်တုတ်လိုလာသည်။ မကြာခဏ အော့အန်ခြင်းနှင့် ဝမ်းလျှောခြင်းကိုလည်း ဝေဒနာခံစားရပြီး ညတွင် အေးအေးချမ်းချမ်း မအိပ်နိုင်ခဲ့ပါ။
ညည့်နက်ချိန်တွင် ယွမ်ကျူးသည် သူမ၏ ဝမ်းဗိုက်ဖောရောင်မှုမှ တလိပ်လိပ်နာကျင်မှုကို တောင့်ခံရင်း သူမ၏ ရောင်ကိုင်းနေသော မျက်နှာနှင့် ခြေထောက်များကို ပွတ်သပ်နေမိသည်။ သူမသည် စိတ်ပိုင်းဆိုင်ရာ နာကျင်ခံစားနေရသည့်အပြင် ဘုရားသခင်ကို အပြစ်တင်ခြင်းနှင့်လည်း ပြည့်နေခဲ့သည်။ “ဘုရားသခင်ဆီ နေ့တိုင်း ငါဆုတောင်းတယ်၊ ဒါဆို ဘာကြောင့် ငါ မသက်သာတဲ့အပြင် ပိုပိုပြီး ဆိုးလာရတာလဲ။ ငါ နာမကျန်းဖြစ်တဲ့နေရာမှာ ဘုရားသခင်က ဘာလို့ မကူညီတာလဲ။ ငါ အိမ်မှာ ဒီအတိုင်းထိုင်ပြီး သေဖို့ စောင့်ရမှာလား။” ဤသို့ သူမတွေးမိသည်နှင့် စတင်မငိုကြွေးဘဲ မနေနိုင်ခဲ့ပါ။
တစ်နေ့တွင် ရပ်ကွက်ထဲတွင်နေထိုင်သည့် အမျိုးသမီးတစ်ဦးသည် ယွမ်ကျူးကို ကြည့်ဖို့လာခဲ့ပြီး ဝမ်းနည်းမှုဖြင့် ခေါင်းခါလျက် သူမကို- “ယွမ်ကျူး၊ ရှင် ဒါကိုလက်ခံပြီး ဆက်သွားသင့်တယ်။ ရှင့်ကလေးတွေကို ရှင်စားချင်၊ သောက်ချင်တာမှန်သမျှ ပြောသာပြောလိုက်” ဟု ဆိုသည်။ ထို့နောက် သူမသက်ပြင်းချပြီး ထွက်သွားလေသည်။ ဤသည်မှာ ယွမ်ကျူးအတွက် အလွန်နာကျင်စရာဖြစ်ခဲ့ပြီး သူမ၏ မကျေမနပ်ဖြစ်ခြင်းများက ပြန်လျှံထွက်လာခဲ့သည်- “ငါ ၁၀ နှစ်ကျော် ယုံကြည်သူတစ်ယောက်ဖြစ်လာခဲ့တယ်၊ ပြီးတော့ အသင်းတော်ထဲက ငါ့တာဝန်ကို ငါ အမြဲတမ်း လုပ်ဆောင်ခဲ့တယ်။ လောကဓံအမျိုးမျိုးကိုတောင် ဖြတ်သန်းပြီး ငါဆက်သွားခဲ့တယ်၊ ဒါပေမယ့် အခုတော့ ငါ့မှာ ကုလို့မရတဲ့အခြေအနေ ဖြစ်နေပြီ။ ဘာလို့ ဘုရားသခင်က ငါ့ကို ကုသပျောက်ကင်းခွင့်ပေးပြီး မကွယ်ကာတာလဲ။” ထိုသို့ သူမတွေးလေလေ ပိုခံစားရလေလေဖြစ်သည်၊ သူမ၏ မျက်ရည်များကို သူမထိန်းမထားနိုင်ခဲ့ပါ။ သေခြင်းက ပိုပိုပြီး နီးလာနေသလို သူမခံစားရကာ ဝမ်းနည်းပြီး မျှော်လင့်ချက်ပျက်သုဉ်းသွားခဲ့လေသည်။
ဘုရားသခင်၏ နှုတ်ကပတ်တော်များက ယုံကြည်မှုအပေါ် သူမ၏ မှားယွင်းသော ရှုထောင့်အမြင်ကို ထုတ်ဖော်ပြသည်
သူမ၏ ဆိုးရွားသောဝေဒနာထဲတွင်၊ ဘုရားနှုတ်ကပတ်တော် ကျမ်းတစ်ပိုဒ်က ရုတ်တရက် သူမထံ ပေါ်လာခဲ့သည်၊ “ငါတို့၏ ပတ်လည်၌ရှိသည့် ပတ်ဝန်းကျင်မှသည် လူများ၊ အရေးကိစ္စများနှင့် အရာဝတ္ထုများအထိ၊ အားလုံးသည် သူ၏ ပလ္လင်တော်၏ ခွင့်ပြုချက်အားဖြင့် တည်ရှိကြခြင်း ဖြစ်သည်။ သင်၏စိတ်နှလုံးထဲတွင် မည်သည့် အကြောင်းကြောင့်မျှ မကျေနပ်ချက်များ မရှိစေနှင့်၊ သို့မဟုတ် ဘုရားသခင်သည် သင်တို့အပေါ် သူ၏ ကျေးဇူးတော်ကို အပ်နှင်းလိမ့်မည် မဟုတ်။...နာမကျန်းမှု၌ တည်ခြင်းသည် မကျန်းမာဖို့ ဖြစ်သော်လည်း၊ စိတ်ဝိညာဉ်၌ တည်ခြင်းသည် ကျန်းမာဖို့ ဖြစ်၏။” (“အခန်း ၆” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ)
ဘုရားသခင်၏ နှုတ်ကပတ်တော်များက သူမအတွင်းရှိ အမှောင်ထုကို ဖယ်ရှားပေးကာ သူမ၏ စိတ်နှလုံးကို အားတက်စေခဲ့သည်။ သူမ၏ နာမကျန်းဖြစ်ခြင်းမှာ ဘုရားသခင်၏ ခွင့်ပြုချက်ကြောင့် ဖြစ်ပေါ်ခဲ့ပြီး၊ ကိုယ်တော်၏ ကောင်းကျိုးကိုဖြစ်စေသော အလိုတော်က ထိုအရာနှင့်အတူ ပါရှိခဲ့သည်ကို သူမ သဘောပေါက်ခဲ့တော့သည်။ သို့သော် သူမသည် ဤအရာမှ ဘာကိုမျှ သင်ခန်းစာမယူတတ်ခဲ့ဘဲ၊ ယင်းအစား သူမ၏အခြေအနေ ပိုပိုပြီးဆိုးရွားလာနေသည်ကို တွေ့မြင်ရသည့်အခါ ဘုရားသခင်ကို သူမ အပြစ်တင်နေခဲ့မိသည်။ ယွမ်ကျူးက ဘုရားသခင်သည် ဖန်ဆင်းခြင်း၏အရှင် ဖြစ်ပုံနှင့် သူမကိုယ်တိုင်မှာ အဖန်ဆင်းခံတစ်ဦးဖြစ်ပြီး၊ မြေမှုန့်တစ်မှုန်ထက်ပင် ပို၍အရေးမပါကြောင်းကို တွေးမိခဲ့သည်။ သူမသည် ဘုရားသခင်ကို အကျိုးသင့်အကြောင်းသင့်ပြန်ပြောရန် သို့မဟုတ် သူ့ကို အပြစ်တင်ရန် အခွင့်အရေးတစ်ခုတစ်လေ မည်သို့ရှိခဲ့ရသနည်း။ ယင်းမှာ အလွန်ပင်မသင့်မြတ်လှပါတကား။ ဤအရာအားလုံးကို သူမနားလည်လိုက်သည့်အချိန်တွင် သူမ အချိန်မဖြုန်းဘဲ ဘုရားသခင်ကို ဆုတောင်းချက်တစ်ခု ဆိုလိုက်သည်- “အို ဘုရားသခင်၊ ကိုယ်တော်ရဲ့အလိုတော်က ကျွန်မမှာဖြစ်တဲ့ ဒီနာမကျန်းမှုထဲမှာ ရှိပါတယ်၊ ဒါပေမယ့် ကျွန်မ အရမ်းကိုပုန်ကန်ပြီး ရှာဖွေတဲ့အနေနဲ့ ကိုယ်တော်ကို မျှော်ကြည့်ဖို့ မသိခဲ့ပါဘူး၊ အဲဒီအစား ကိုယ်တော့်ကို နားလည်မှုလွဲပြီး အပြစ်တင်နေမိခဲ့ပါတယ်။ ဘုရားသခင်၊ ကျွန်မရဲ့ စကားတွေနဲ့ အပြစ်မပြုမိစေဖို့ရန်အတွက် ကျွန်မရဲ့ စိတ်နှလုံးကို ကျေးဇူးပြုပြီး ကွယ်ကာပေးတော်မူပါ။ ဤအရာထဲက ကိုယ်တော်ရဲ့အလိုတော်ကို နားလည်သဘောပေါက်ဖို့အတွက် ကျွန်မကို လမ်းပြဖို့ ကိုယ်တော်ကို တောင်းလျှောက်ပါတယ်။”
ဤဆုတောင်းချက်ကို တောင်းပြီးနောက် ယွမ်ကျူးမှာ ဖြေမဆည်နိုင်အောင်ဖြစ်ပြီး သူမကိုယ်သူမ ခက်ခက်ခဲခဲ ထူမခဲ့ရသည်၊ ပြီးနောက် စားပွဲစင်က သူမ၏ ဘုရားနှုတ်ကပတ်တော်စာအုပ်ကို ယူလိုက်သည်။ ဘုရားသခင်ထံမှ ဤနှုတ်ကပတ်တော်များကို သူမ ဖတ်ရှုခဲ့သည်- “၎င်းတို့ကို ငါ အနာငြိမ်းစေနိုင်၍သာ ငါ့ကို များစွာသောသူတို့က ယုံကြည်ကြသည်။ ၎င်းတို့၏ခန္ဓာကိုယ်များမှ မသန့်ရှင်းသော ဝိညာဉ်များကို နှင်ထုတ်ရန် ငါ၏တန်ခိုးများကို အသုံးပြုနိုင်၍သာ ငါ့ကို များစွာသောသူတို့က ယုံကြည်ကြပြီး၊ ငါ့ထံမှ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို ၎င်းတို့ ရကောင်းရလိမ့်မည် ဖြစ်သောကြောင့်သာ ငါ့ကို များစွာသော သူတို့က ယုံကြည်ကြပေသည်။ သာ၍ကြီးမားသော ရုပ်ဝတ္ထုဆိုင်ရာ ကြွယ်ဝမှုကို ငါ့ထံမှ တောင်းခံရန်သာ များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ ဤဘဝကို အေးအေးချမ်းချမ်း ကုန်ဆုံးပြီး၊ နောင်ဘဝတွင် ဘေးကင်းလုံခြုံမှုရှိဖို့ရန်သာ များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ ငရဲ၏ဒုက္ခဆင်းရဲကို ရှောင်ရှားပြီး၊ ကောင်းကင်၏ကောင်းချီးမင်္ဂလာများ ရရှိရန် များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ များစွာသောသူတို့က ယာယီ ကိုယ်စိတ်ချမ်းသာခြင်းအတွက်သာ ငါ့ကို ယုံကြည်သော်လည်း၊ နောင်ဘဝ၌ မည်သည့်အရာမျှ ရရှိရန် မကြိုးစားကြပေ။ လူသားအပေါ် ငါ၏ အမျက်ဒေါသကို ဆောင်ကြဉ်းခဲ့ပြီး တစ်ချိန်က သူ ပိုင်ဆိုင်ခဲ့သည့် ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ကို ငါ သိမ်းပိုက်ခဲ့ချိန်တွင်၊ လူသားသည် သံသယရှိလာခဲ့၏။ ငါသည် လူသားကို ငရဲ၏ ဆင်းရဲဒုက္ခကို ပေးပြီး ကောင်းကင်၏ ကောင်းချီးမင်္ဂလာတို့ကို ပြန်လည် သိမ်းယူသည့်အခါ၊ လူသား၏အရှက်သည် ဒေါသအဖြစ်သို့ ပြောင်းသွား၏။ သူ့ကို ရောဂါငြိမ်းစေရန် ငါ့အား သူတောင်းဆိုသည့်အခါ၊ ငါသည် သူ့ကို အလေးဂရုမပြုသကဲ့သို့ သူ့အပေါ် စက်ဆုပ်ရွံ့ရှာမှု ခံစားခဲ့ရသည်။ လူသားသည် အောက်လမ်းဆေးဝါးနှင့် မှော်အတတ်တို့၏ နည်းလမ်းကိုသာ ရှာရန် ငါ့ထံမှ ထွက်ခွာသွားခဲ့သည်။ ငါ့ထံမှ လူသားတောင်းဆိုခဲ့ပြီးသမျှအားလုံးကို ငါသိမ်းယူလိုက်ချိန်တွင်၊ အယောက်တိုင်းက အစအနရှာ၍မရအောင် ပျောက်သွားကြ၏။ ထို့ကြောင့် ငါသည် အလွန်များလှစွာသော ကျေးဇူးတော်ပေးပြီး ရရန် များလွန်းသောကြောင့်၊ လူသားသည် ငါ၌ ယုံကြည်ခြင်း ရှိသည်ဟု ငါဆို၏။” (ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်း)
ဘုရားသခင်၏ နှုတ်ကပတ်တော်များက သူမ၏ နှလုံးသားကို လှုပ်ခါခဲ့ပြီး၊ ထို့နောက်တွင်မှ ယုံကြည်ချက်အပေါ် သူမ၏ ရှုထောင့်အမြင် မှားယွင်းခဲ့သည်ကို သူမ နားလည်ခဲ့ရသည်။ ဘုရားသခင်ကို သူမယုံကြည်ခဲ့ပြီး သူ့အတွက် သူမကိုယ်သူမ အသုံးတော်ခံခဲ့သည်မှာ သူ၏ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာများကို ရရှိဖို့ရန်သာ ဖြစ်နေခဲ့ပေသည်။ သူမ ပထမဦးဆုံး ယုံကြည်သူဖြစ်လာခဲ့သည့် အချိန်ကို သူမ တွေးမိသည်၊ သူမ၏ မြေးမလေး ဆေးကုသမှုအခြေအနေမှာ ဆုတောင်းခြင်းအားဖြင့် အံ့သြဖွယ်ရာ တိုးတက်လာခဲ့ပြီး သူမ၏ နှစ်ရှည်ချောင်းဆိုးသွေးပါ ရောဂါမှာလည်း ပိုမို သက်သာလာခဲ့သည်၊ ထို့ကြောင့် ကောင်းသောယုံကြည်သူတစ်ဦး ဖြစ်သရွေ့ ဘုရားသခင်က သူမအပေါ် ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာများကို အပ်နှင်းလိမ့်မည်ဟု သူမထင်ခဲ့သည်။ ဘုရားသခင်က သူမကို ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာများ ပို၍ပင် ပေးဖို့အလို့ငှာ သူမသည် အသင်းတော်ထဲက သူမ၏တာဝန်ကို ခြေစုံပစ်ဝင်၍ ထမ်းဆောင်ခဲ့သည်။ ရာသီဥတု မည်သို့ဖြစ်ပါလေ့စေ၊ သူမသွားခဲ့ပြီး ဒုက္ခခံစားရန်နှင့် အဖိုးအခပေးရန်ရန် သူမ အလွန်ဆန္ဒရှိခဲ့သည်။ သူမမိသားစု၏ နားလည်မှုကင်းမဲ့ခြင်းအပြင် လောကကြီးထဲ အခြားသူများ၏ လှောင်ပြောင်မှုနှင့် ပျက်ရယ်ပြုခြင်းတို့ကို သူမ သည်းညည်းခံခဲ့သည်။ ယွမ်ကျူးသည် အသည်းရေဖျဉ်းစွဲခြင်း ရလာပြီး သူမ၏ ဆရာဝန်က ယင်းကို ကုသနိုင်ဖို့ မသေချာသည့်အကြောင်း ပြောသည့်အချိန်တွင်၊ သူမသည် ဘုရားသခင်က သူမ၏နာမကျန်းဖြစ်ခြင်းကို ဖယ်ရှားပေးလိမ့်မည်ဟု သူမ အလွန်အမင်း မျှော်လင့်မိခဲ့သည်။ သို့သော် သူမ၏အခြေအနေက ပိုကောင်းလာမည့်အစား ပိုဆိုးလာသည့်အခါ၊ သူမနားလည်မှုလွဲပြီး ဘုရားသခင်ကို အပြစ်တင်လာခဲ့သည်၊ ပြီးလျှင် သူမ၏ ပြီးခဲ့သောအလုပ်နှင့် အစေခံမှုတို့အပေါ် အခြေပြုပြီး ဘုရားသခင်ကို အကျိုးသင့်အကြောင်းသင့် ပြောဖို့ရန်ပင် ကြိုးစားလျက် သူ့အား မလျော်ကန်သော တောင်းဆိုမှုများပြုခဲ့သည်။ ထိုအကြောင်းကို သူမ ပိုတွေးလေလေ၊ ရှက်ရွှံ့မှုနှင့် အပြစ်ရှိခြင်းကို သူမပိုခံစားရလေလေဖြစ်သည်။ သူမ အဘယ်မျှ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာဖြစ်ခဲ့သည်ကိုလည်းကောင်း၊ ထိုနှစ်များတစ်လျှောက်လုံး၌ ဘုရားသခင်ကို သူမယုံကြည်ခဲ့သော်လည်း သူနှင့်အတူ အပေးအယူများ လုပ်ဆောင်ဖို့ ကြိုးစားနေခဲ့သေးသည်ကိုလည်းကောင်း၊ ကိုယ်တော်၏ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာများကို လဲလှယ်သည့်အနေဖြင့် သူမ၏ အပြင်ပန်း ကြိုးစားလုပ်ဆောင်မှုကို အသုံးပြုလိုခဲ့ခြင်းကိုလည်းကောင်း သူမ မြင်တွေ့ခဲ့ရသည်။ သူမတွင် စစ်မှန်သောယုံကြည်ခြင်း သို့မဟုတ် ဘုရားသခင်ကိုနာခံခြင်း လုံးဝ မရှိခဲ့သလို၊ ဖန်ဆင်းခံတစ်ဦး ပိုင်ဆိုင်သင့်သည့် အသိတရား သူမတွင် လုံးဝကင်းမဲ့ခဲ့ပေသည်။ ထိုသို့သော ယုံကြည်ခြင်းမျိုးက အဆုံးစွန်အားဖြင့် ဘုရားသခင်၏ သဘောကျမှုကို အဘယ်သို့ ရယူနိုင်မည်နည်း။ ထို့နောက် ဘုရားသခင်သည် သူ၏ ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတော်ကို ရယူဖို့သာ ယုံကြည်မှုရှိခြင်းအပေါ် သူမ၏ မမှန်ကန်သော ရှုထောင့်အမြင်ကို ပြောင်းလဲဖို့ ထိုနာမကျန်းဖြစ်ခြင်းကို သူမအပေါ်ဖြစ်စေရန်အတွက် အခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း နောက်ဆုံးတွင် ယွမ်ကျူးက နားလည်သဘောပေါက်ခဲ့သည်။ ယင်းမှာ စက်ဆုပ်စရာကောင်းသော သူမ၏ ဘုရားသခင်နှင့် အပေးအယူလုပ်ခြင်းဆိုင်ရာ လှုံ့ဆော်မှုများမှ သူမကို သန့်ရှင်းစေဖို့လည်း ဖြစ်ခဲ့သည်။ ယွမ်ကျူးသည် ဘုရားသခင်၏ ကြင်နာတတ်သော ရည်ရွယ်ချက်များအပေါ် နက်ရှိုင်းသော အတွေ့အကြုံတစ်ခုကို ရရှိခဲ့ပြီး သူမ၏နှလုံးသားမှ ဘုရားသခင်ကို ကျေးဇူးတင်ခြင်းနှင့် ချီးမွမ်းခြင်းများကို အဆုံးမသတ်နိုင်အောင် ဆက်ကပ်နေခဲ့မိတော့သည်။
ယွမ်ကျူးသည် အိပ်ရာမှ လူးလားဆွဲထဖို့ရန် ခွန်အားရှိသမျှကို စုစည်းလိုက်ပြီး ဘုရားသခင်ထံ ဒူးထောက်ဆုတောင်းလိုက်သည်- “အို ဘုရားသခင်၊ ဤနာမကျန်းဖြစ်ခြင်းမှ ကျွန်မ၏ မမှန်ကန်သော ရှုထောင့်အမြင်များကို မြင်တွေ့ခွင့်ပြုရင်း ကျွန်မကို လမ်းပြပြီး ဉာဏ်အလင်းပေးတဲ့အတွက် ကိုယ်တော့်ကို ကျေးဇူးတင်ပါတယ်။ ဘုရားသခင်၊ ကိုယ်တော့်ထံပြန်လှည့်လာဖို့ ကျွန်မဆန္ဒရှိပါတယ်၊ ပြီးတော့ ကျွန်မအခြေအနေ တိုးတက်သည်ဖြစ်စေ၊ မတိုးတက်သည်ဖြစ်စေ၊ ကျွန်မ ဆက်ပြီး အသက်ရှင်နိုင်သည်ဖြစ်စေ၊ မရှင်နိုင်သည်ဖြစ်စေ၊ ကိုယ်တော့်ကို နောက်ထပ်ဘယ်တော့မှ အပြစ်မတင်တော့ပါဘူး။ ကိုယ်တော့်ရဲ့ စီစဉ်ညွှန်ကြားချက်များနဲ့ စီမံခန့်ခွဲမှုများကို ကျိုးနွံနာခံဖို့ပဲ ကျွန်မဆန္ဒရှိပါတယ်။”
ဆုတောင်းပြီးနောက် သူမ၏နှလုံးသားထဲတွင် သိသိသာသာ လွတ်မြောက်ခြင်းတစ်ခုကို သူမခံစားခဲ့ရပြီး သူမ၏ နာမကျန်းဖြစ်ခြင်းအပေါ် ညည်းညူခြင်းကို သူမရပ်တန်ခဲ့သည်။ သူမ လဲလျောင်းလိုက်ပြီး များမကြာမီ အိပ်ပျော်သွားခဲ့သည်။
ဘုရားနှုတ်ကပတ်တော်များ၏ လမ်းပြမှုမှအားဖြင့် သေခြင်းအကြောင်း တွေးတောခြင်း၏ ချုပ်နှောင်မှုကို မခံရတော့ပါ
ညဉ့်လယ်တွင် ယွမ်ကျူးသည် အလွန့်အလွန် နာကျင်မှုဖြင့် နိုးလာပြီး သူမ၏ အရိုးများထဲကိုမှ တစ်စုံတစ်ရာ စူးနစ်ဝင်နေသလို ခံစားနေရသည်။ သူမသည် ချွေးများစီးကျကာ မကြာခင်စပြီး အော့အန်တော့သည်။ နာကျင်မှုက အလိပ်လိုက်တက်လာသဖြင့် သူမမှာ လုံးဝ ပြန်မအိပ်နိုင်အောင်ပင်ဖြစ်ခဲ့သည်။ ကင်ဆာကဲ့သို့ပင် အသည်းရေဖျဉ်းစွဲခြင်းက သူမ၏အသက်ကို သူမထံမှ ခိုးယူသွားတော့မည့်အလား သူမခံစားခဲ့ရသည်။ ဘုရားသခင်ကို သူမ အပြစ်မတင်နိုင်တော့သလို သူ့ကို မည်သည့်တောင်းဆိုချက်မျှ မလုပ်နိုင်တော့သည်ကိုလည်း သူမသိနေခဲ့သည်။
ထို့နောက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကသာ သူမ၏ဝိညာဉ်ကို နှစ်သိမ့်ပြီး သူမ၏ဝေဒနာကို သက်သာစေနိုင်ဖို့ရာ ဖြစ်လာခဲ့သည်၊ ထို့ကြောင့် သူမသည် တုန့်ဆိုင်းမနေဘဲ ထထိုင်လိုက်ပြီး သူမ၏ ဘုရားနှုတ်ကပတ်တော်များစာအုပ်ကို ဆွဲယူလိုက်ကာ ဤအရာကို ဖတ်လိုက်သည်- “ဖန်ဆင်းရှင်သည် လူတစ်ယောက်၏ မွေးဖွားခြင်းအတွက် သတ်မှတ်ထားသည့် အခြေအနေများ ဆုံးဖြတ်ပြီးဖြစ်သည့်အတွက် သူ့၏သေခြင်း အတွက်လည်း သတ်မှတ်ထားသည့် အခြေအနေများကို စီစဉ်ပြီးဖြစ်သည်မှာ ပြောဖို့မလိုပေ။ တစ်နည်းပြောရလျှင်၊ မည်သူမျှ မတော်တဆ မွေးဖွားလာခြင်းမဟုတ်၊ မည်သူ၏ သေခြင်းကမျှ ရုတ်တရက် မဟုတ်သကဲ့သို့ မွေးဖွားခြင်းနှင့် သေခြင်းနှစ်ခုလုံးက ယခင်ဘဝနှင့် လက်ရှိဘဝများနှင့် သေချာပေါက် ဆက်စပ်နေ ပေသည်။ လူတစ်ယောက်၏ မွေးဖွားခြင်းနှင့် သေဆုံးခြင်း အခြေအနေနှစ်ခုလုံးကို ဖန်ဆင်းရှင်က ကြိုတင်သတ်မှတ် ထားပေသည်။ ဤသည်မှာ လူတစ်ယောက်၏ ကံတရား၊ လူတစ်ယောက်၏ ကံကြမ္မာဖြစ်သည်။...လူတိုင်းက ကျော်ကြားစွာ မွေးဖွားချင်ကြသည်။ ထူးချွန်ပြောင်မြောက်သော ဘဝနှင့် ကြီးကျယ်ခမ်းနားသည့် သေခြင်းမျိုးကို လိုချင်ကြသည်။ သို့သော်လည်း မည်သူမျှ ၎င်းတို့၏ ကိုယ်ပိုင်ကံတရားကို မကျော်လွန်နိုင်ပေ။ မည်သူကမျှ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာမှ မလွတ်မြောက်နိုင်ပေ။ ဤကား လူသား၏ ကံကြမ္မာပေတည်း။ လူသားသည် သူ့အနာဂတ်အတွက် အစီအစဉ်အမျိုးစုံ ချမှတ်နိုင်သည်။ သို့သော်လည်း မည်သူကမျှ ၎င်းတို့ မွေးဖွားသည့် ပုံစံနှင့် အချိန်၊ လောကကြီးမှ ထွက်ခွာသွားခြင်း ပုံစံနှင့်အချိန်တို့ကို မစီစဉ်နိုင်ပေ။ လူတို့က သေခြင်းရောက်လာခြင်းကို ရှောင်ရှားပြီး ခုခံဖို့ အကောင်းဆုံးလုပ်ဆောင်ကြသော်လည်း ၎င်းတို့မသိရဘဲ သေခြင်းသည် တိတ်တဆိတ်နှင့် နီးကပ်လာဆဲဖြစ်သည်။ ၎င်းတို့ မည်သည့်အချိန်သေမည်နှင့် မည်သို့သေမည်ကို မည်သူမျှ မသိကြဘဲ၊ မည်သည့်နေရာတွင် သေမည်ဆိုသည်ကို သာ၍ပင် မသိပေ။ သိသိသာသာပင်၊ သေခြင်းနှင့်ရှင်ခြင်း၏ တန်ခိုးကို စွဲကိုင်ထားသည်မှာ လူသားမျိုးနွယ် မဟုတ်၊ သဘာဝလောကထဲက သတ္တဝါတစ်ခုမဟုတ်ဘဲ၊ သြဇာအာဏာ အတုမရှိသည့် ဖန်ဆင်းရှင် ဖြစ်ပေသည်။ လူသားမျိုးနွယ်၏ ရှင်ခြင်းနှင့် သေခြင်းသည် သဘာဝလောက၏ နိယာမတစ်ခု၏ ရလဒ်မဟုတ်ဘဲ၊ ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့်ဆိုင်သော အချုပ်အခြာအာဏာ၏ အကျိုးဆက်တစ်ရပ် ဖြစ်သည်။” (အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃))
သြဇာအာဏာနှင့် အလွန်ပြည့်စုံသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ယွမ်ကျူးအား ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်သည်၊ လူသားများမှာ အဖန်ဆင်းခံများဖြစ်ကြပြီး လူတိုင်း၏ မွေးဖွားခြင်းနှင့် သေဆုံးခြင်းအချိန်ကို ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းကာ စီမံထားသည်ကို နားလည်ခွင့်ပေးခဲ့သည်။ လူအချို့သည် သူတို့၏ ဘဝတစ်လျှောက်လုံးတွင် အားနည်းပြီး ဖျားနာလွယ်သော်လည်း အိုမင်းသည်အထိ အသက်ရှင်ကြဆဲ ဖြစ်လင့်ကစား၊ အချို့မှာ ပုံမှန်အားဖြင့် အလွန်ကျန်းမာကြသော်လည်း ရုတ်တရက် နာမကျန်းဖြစ်ကာ သေဆုံးတတ်ကြလေသည်။ ဤအချက်များက လူတို့သည် မိမိတို့၏ ကံကြမ္မာအပေါ် အခွင့်အာဏာမရှိကြောင်း ပြသပေသည်။ သူမ၏အခြေအနေ အလွန်ဆိုးရွားခဲ့သော်လည်း၊ သူမ တိုးတက်လာသည်ဖြစ်စေ မတိုးတက်လာသည်ဖြစ်စေ၊ ယင်းသို့ ဖြစ်လာသည့်အခါ၊ သူမအသက်ရှင်ဖို့ သို့မဟုတ် သေဖို့ဟူသည်မှာ ဘုရားသခင်၏ လက်တော်ထဲ၌ လုံးလုံးလျားလျား ရှိနေပြီး၊ ကိုယ်တော်၌ နောက်ဆုံးပြောပိုင်ခွင့်ရှိသည်ကို ယွမ်ကျူးသဘောပေါက်ခဲ့လေသည်။ သူမအထဲတွင် ထွက်သက်ဝင်သက်တစ်ခုသာ ကျန်ရှိလျှင်ပင်၊ သူမထမ်းဆောင်ဖို့ မွေးဖွားရသည့်တာဝန် ပြည့်စုံသည်အထိ ဘုရားသခင်က သူမကို သေခွင့်ပေးလိမ့်မည်မဟုတ်ပါ။ ဤအရာက ယွမ်ကျူး၏ စိတ်နှလုံးထဲ ရုတ်တရက် အလင်းယူဆောင်ပေးခဲ့သည်၊ သူမအနေဖြင့် ဘုရားသခင်အပေါ် မှီခိုသင့်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ သူမ၏ နာမကျန်းဖြစ်ခြင်းကို ခံစားသင့်ကာ၊ ကိုယ်တော်၏ စီစဉ်ညွှန်ကြားမှုများနှင့် စီမံခန့်ခွဲမှုများကို ကျိုးနွံနာခံသင့်သည်ကို သူမ သိခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ယွမ်ကျူးကို ခွန်အားပေးရင်း သူမ၏ ထိခိုက်လွယ်သော နှလုံးသားကို နှစ်သိမ့်ခဲ့သည်။ ရုတ်တရက် သူမသည် ခံနိုင်ရည်အပြည့်ရှိသလို ခံစားရပြီး ဘုရားသခင်၏အမှုကို တွေ့ကြုံရန် ယုံကြည်ခြင်းရရှိခဲ့သည်။
ထိုအချိန်မှစ၍ ယွမ်ကျူးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အစဉ်ချစ်ခင်သစ္စာရှိစွာ ဖတ်ရှုခဲ့ပြီး နေ့တိုင်း ဘုရားသခင်ကို ချီးမွမ်းခြင်း၌ ဓမ္မသီချင်းများကို သီဆိုခဲ့သည်။ သူမ ဆေးသောက်ရမည့်အချိန်တွင် သောက်ပြီး ဆက်လက်၍ အလေ့အကျင့် လုပ်လာခဲ့သည်။ သူမ၏ နာမကျန်းမှု တိုးတက်လာမည့်ပုံနှင့် ပတ်သက်၍၊ သဘာဝတရားအတိုင်း ဖြစ်စေရန်နှင့် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် စီမံခန့်ခွဲမှုများကို နာခံရန် သူမဆန္ဒရှိလာတော့သည်။ သူမ၏ နာမကျန်းဖြစ်ခြင်း၏ မခံမရပ်နိုင်အောင် ညဉ်းဆဲခြင်းကို သူမခံရသည့်အချိန်တွင် ဘုရားသခင်ကို သူမဆုတောင်းခဲ့ပြီး ကိုယ်တော့်ကို အပြစ်မတင်မိရန်နှင့် သေခြင်းကို မကြောက်ရွံ့ရန် သူမကို ခွန်အားပေးဖို့ တောင်းလျှောက်ခဲ့သည်။ သူမ၏ အခြေအနေကို သူမ၏ အမျိုးများ သို့မဟုတ် အိမ်နီးချင်းများက အကြောင်းမဲ့သက်သက် အတင်းအဖျင်းပြောနေကြသည်ကို သူမ နားစွန်နားဖျားကြားသည့်အခါ၊ သူတို့၏ အပြောများဖြင့် အနှောင့်အယှက်မခံရဖို့ သို့မဟုတ် အချုပ်နှောင်မခံရဖို့ရန်အလို့ငှာ ဘုရားသခင်ရှေ့တွင် သူမကိုယ်သူမ တိတ်ဆိတ်စွာနေပြီး ဘုရားသခင်အပေါ် မှီခိုခဲ့သည်။ ဤသည်မှာ ကုန်လွန်သွားသည့် နေ့ရက်တိုင်းတွင် ယွမ်ကျူးအနေဖြင့် ငြိမ်သက်ခြင်း စိတ်သဘောထားနှင့် တုန်လှုပ်မှုကင်းခြင်းကို ထိန်းသိမ်းခဲ့ပုံဖြစ်သည်။ တဖြည်းဖြည်းနှင့် သူမ၏အခြေအနေမှာ စတင်တိုးတက်လာခဲ့ပြီး သူမတတ်နိုင်သည့်အတိုင်းအတာအထိ အိမ်မှုကိစ္စများ လုပ်ဆောင်ခြင်းကို သူမစတင်ခဲ့သည်။
အနည်းငယ်ကြာပြီးနောက်တွင် ယွမ်ကျူး၏ နေအိမ်တွင် သူမ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကြောင့် ညီအစ်ကို မောင်နှမတချို့ ဝတ်ပြုအစည်းအဝေးများ ပြုလုပ်ရန် အသင်းတော်က စီစဉ်ခဲ့သည်၊ ထို့ကြောင့် ရက်အနည်းငယ် တိုင်း တစ်ကြိမ်ကျ ဝတ်ပြုအစည်းအဝေးများ၌ သူမပါဝင်နိုင်ခဲ့ပြီး အခြားသူများနှင့်အတူ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုနိုင်ခဲ့သလို၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သူတို့၏နားလည်မှုနှင့် အတွေ့အကြုံများကို မိတ်သဟာယပြုနိုင်ခဲ့သည်။ သူမသည် နေ့တိုင်း ဘုရားနှုတ်ကပတ်တော်များ၏ လမ်းပြမှုအတွင်းတွင် အသက်ရှင်နေထိုင်နေခဲ့ရာ ပိုပိုပြီး သက်သာကောင်းမွန်လာခဲ့သည်။ သူမမှာ အလွန်နာမကျန်းဖြစ်သည့် လူတစ်ဦးပုံမပေါက်တော့ပါ၊ ဘုရားသခင်ကို နှလုံးသားထဲမှ သူမ ကျေးဇူးတင်မိခဲ့ပါသည်။
သူမ၏ အံ့သြဖွယ်ရာ နာလံထူခြင်းနောက်တွင် ဘုရားသခင်၏ အုပ်စိုးမှုကို သတိပြုမိခြင်း
တစ်နေ့တွင် ယွမ်ကျူးသည် ဆေးစစ်ဖို့အတွက် ဆေးရုံသို့ သွားခဲ့သည်၊ ဆရာဝန်က သူမ၏ ဆေးစစ်ချက်အဖြေများကို ကြည့်သည့်အခါ အံ့အားသင့်မှုဖြင့်- “ခင်ဗျား ဆေးအမျိုးအစားအသစ်တစ်ခုခုများ သုံးခဲ့လား။ ခင်ဗျား ဘယ်လိုဖြစ်ပြီး ဒီလောက် ကောင်းကောင်းသက်သာနိုင်ရတာလဲ။ ခင်ဗျားရဲ့ အသည်းအလုပ်လုပ်တာ သက်သာလာသလို ခင်ဗျားရဲ့ ရေဖျဉ်းစွဲတာလည်း မမြင်ရတော့ဘူး။ မယုံနိုင်စရာပဲ။” ဟု ဆိုလေသည်။
ဤအရာကို ကြားရသည်မှာ ယွမ်ကျူးအတွက် အလွန် စိတ်လှုပ်ရှားစရာဖြစ်ခဲ့သည်၊ ဤသည်မှာ ဘုရားသခင်၏ အံ့သြဖွယ်ရာ လုပ်ဆောင်ချက်ဖြစ်သည်၊ သူသည် သူမကို ကုသပျောက်ကင်းစေသူ ဖြစ်သည်ကို သူမ၏ စိတ်နှလုံးထဲတွင် နက်နက်ရှိုင်းရှိုင်း သိရှိခဲ့သည်။ သူမ၏ရွာမှ မစ္စစ်ဖူ၏သမီးနှင့် အခြားနောက်တစ်ရွာမှ မစ္စတာဝူတို့ကဲ့သို့ အသည်းရေဖျဉ်းစွဲခဲ့သည့် အခြားလူများအကြောင်းကို သူမ တွေးမိခဲ့သည်၊ ၎င်းတို့သည် လအတန်ကြာ ကုသမှုအတွက် အဓိကဆေးရုံကြီးတစ်ခုကို သွားခဲ့ကြပြီး ယင်းအပေါ် အတော်များပြားသည် ငွေများကို အသုံးပြုခဲ့ကြရသော်လည်း သူတို့အားလုံး သေခြင်းဖြင့် အဆုံးသတ်ခဲ့ရသည်။ သို့သော်ငြားလည်း သူမမှာမူ ဘုရားသခင်အပေါ် မှီခိုခဲ့ပြီး ဘုရားနှုတ်ကပတ်တော်များ၏ ဦးဆောင်လမ်းပြမှုအောက်တွင် သူမ၏ နာမကျန်းဖြစ်ခြင်းမှ အံ့သြဖွယ်ရာ ပြန်ကောင်းလာခဲ့သည်။ သူမသည် ဘုရားသခင်ကို အကယ်စင်စစ် ကျေးဇူးတင်ခဲ့ရသည်ပင်။
သူမ၏ အိမ်အပြန်လမ်းတွင် ယွမ်ကျူးသည် သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ပွင့်နှင့်အတူ မှန်မှန် လမ်းလျှောက်လာခဲ့သည်။ သူမ၏ ရွာသားချင်းများအားလုံးက သူမ ပြန်ကောင်းလာသည့်အကြောင်းကို သိရသည့်အခါ တုန်လှုပ်ချောက်ချားကြပုံပေါက်လေသည်။ သူတို့၏ အံ့အားသင့်သည့် အမူအရာများကို မြင်ရသည့်အခါ၊ ယွမ်ကျူးသည် ကျန်းမာခြင်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည်မှာ ဘုရားသခင်၏ ကျေးဇူးတော်သက်သက်ကြောင့် ဖြစ်သည်ကို သူမ၏ စိတ်နှလုံးထဲတွင် သိရှိခဲ့သည်၊ ယင်းမှာ အမှန်တကယ်ပင် ကိုယ်တော့် သြဇာအာဏာ၏ ပြယုဂ်တစ်ခု ဖြစ်သည်တကား။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြောသည့်အတိုင်းပင်ဖြစ်ပါသည်- “ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးသည် အချိန်၊ မြေမျက်နှာသွင်ပြင်၊ နေရာ သို့မဟုတ် မည်သည့်လူ၊ အဖြစ်အပျက် သို့မဟုတ် အမှုအရာအားဖြင့်မျှ ကန့်သတ်ခြင်းမခံရပေ။ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုး၏ ကျယ်ပြန့်မှုသည် လူ၏ စိတ်ကူးစိတ်သန်းကို ကျော်လွန်သည်။ ယင်းသည် လူသားအဖို့ နားမလည်နိုင်ဖွယ်၊ မစဉ်းစားတတ်အောင်ဖြစ်ပြီး၊ လူသားက မည်သည့်အခါမျှ လုံးဝ သိရှိလိမ့်မည် မဟုတ်ပေ။” (အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁))
သေခြင်းတရားနှင့် ပွတ်ကာသီကာထိတွေ့ခဲ့ရသည့် ဤစမ်းသပ်မှုကို ဖြတ်သန်းပြီးသည့်နောက် သူမ၏ ယုံကြည်ချက်အပေါ် ယွမ်ကျူး၏ မှားယွင်းသောရှုထောင့်အမြင် ပြောင်းသွားခဲ့ပြီး ဘုရားသခင်၏ အခွင့်အာဏာကို စစ်မှန်သောနားလည်ခြင်း သူမရရှိခဲ့သည်၊ သူမ၏ ယုံကြည်ခြင်းမှာလည်း အားကောင်းလာခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ အဖိုးတန်ပုံနှင့် ၎င်းတို့မှာ လူတို့အသက်တာများ၏ အခြေခံအုတ်မြစ်ဖြစ်ကြသည်ကို သူမ နက်နက်ရှိုင်းရှိုင်း ခံစားခဲ့ရသည်။ သူမသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်း၊ သူမ၏ တာဝန်များကို ကောင်းစွာ ထမ်းဆောင်ခြင်းတို့ကို အာရုံစိုက်ရန်နှင့် လာမည့်နေ့ရက်များတိုင်းတွင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ရန်သာ သူမဆန္ဒရှိခဲ့ပါသည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။