အခြားသူများကို သစ္စာစောင့်သိခြင်းသည် လူကောင်းတစ်ယောက်ဖြစ်သလား
ကျွန်တော် အသင်းတော်ခေါင်းဆောင်ဖြစ်ခဲ့တဲ့ ၂၀၁၂ခုနှစ်တုန်းက ကျန်းရှင်က ကျွန်တော့်ကို အယောင်ဆောင်ခေါင်းဆောင်လို့ ဝေဖန်တဲ့အပြင် ကျွန်တော့်ကို ဖယ်ရှားဖို့ တောင်းဆိုပြီး ခေါင်းဆောင်မှုရာထူးအတွက် ပြိုင်လို့ရအောင် ညီအစ်ကိုမောင်နှမတချို့ကို သိမ်းသွင်းစည်းရုံးပြီး အထင်အမြင်မှားအောင် လုပ်လိုက်တာ အသင်းတော်ထဲမှာ ကမောက်ကမတွေ ဖြစ်ကုန်တယ်။ အဲဒီတုန်းက ဝမ်ချန်းက ဖြစ်နေတာတွေကို သတိထားမိပြီး ကျွန်တော့်ကို ချက်ချင်း သတင်းပို့လိုက်တော့ ကျန်းရှင်ရဲ့ လုပ်ရပ်တွေရဲ့ သဘာဝကို ပိုင်းခြားသိမြင်ပြီး စိစစ်ဖို့ ညီအစ်ကိုမောင်နှမတွေနဲ့အတူ ကျွန်တော်တို့နှစ်ယောက်သား မိတ်သဟာယပြုခဲ့ကြတယ်။ ညီအစ်ကိုမောင်နှမတွေက ကျန်းရှင်ကို ပိုင်းခြားသိမြင်ပြီး အသင်းတော်ထဲမှာ ကမောက်ကမဖြစ်တာလည်း နောက်ဆုံးတော့ ငြိမ်သွားတာပေါ့။ အဲဒီအချိန်ကစပြီး ကျွန်တော်ဟာ ဝမ်ချန်းကို ကျေးဇူးတင်ခဲ့မိတယ်။ ကမောက်ကမဖြစ်တာတွေကို အဆုံးသတ်ဖို့ သူ့အကူအညီသာ မပါရင် ကျွန်တော်ဟာ တကယ်ကို စိတ်ကျဉ်းကျပ်ပြီး အရမ်း စိတ်ဆင်းရဲရတဲ့အပြင် ကိုယ့်ရာထူးကနေ ထုတ်ခံရပြီး ကိုယ့်တာဝန်ကို ဆုံးရှုံးခဲ့ရတာမျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်လေ။ ၂၀၁၉ခုနှစ်မှာ ကျွန်တော့်အမျိုးသမီးနဲ့ ကျွန်တော့်ကို ရဲတွေလိုက်ဖမ်းတော့ ညီအစ်ကိုမောင်နှမတွေနဲ့ အဆက်အသွယ်မလုပ်နိုင်ခဲ့ဘူး။ အသင်းတော်နဲ့ အဆက်အသွယ်ပြတ်သွားခဲ့တယ်။ အဲဒီလိုဖြစ်လိုက်တာဟာ ၂၀၁၂ခုနှစ်ကျမှ ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်ကို ဆက်သွယ်လာပြီး တခြားအသင်းတော်ကို ပြောင်းပေးခဲ့တယ်။ အဲဒီအချိန်က ကျွန်တော်တို့ကို လာခေါ်တဲ့ အသင်းတော်ခေါင်းဆောင်ကတော့ ဝမ်ချန်း ပဲပေါ့။ ပြီးတော့ ကျွန်တော်တို့ စုဝေးပွဲတွေ တက်ဖို့နဲ့ ကိုယ့်တာဝန်တွေကို စထမ်းဆောင်ဖို့အတွက် သူစီစဉ်ပေးခဲ့တယ်။ သူ့အပေါ် ကျွန်တော့်ကျေးဇူးတင်စိတ်က ပိုလို့တောင် နက်ရှိုင်းလာပြီး ကျွန်တော့်ကို သူက အကူအညီပေးခဲ့တယ်လို့ ကျွန်တော်ခံစားခဲ့ရတယ်။ သူ့ကို ကျွန်တော် မိသားစုလို သဘောထားခဲ့တယ်။ ကိုယ့်ဘာသာ တွေးမိတယ်။ “ဒါအတွက် သူ့ကို ဘယ်လိုကျေးဇူးတင်ရမှန်းတောင် မသိဘူး။ အခွင့်အရေးရတဲ့အခါ သူ့ကို ကျကျနန ပြန်ဆပ်ရမယ်” လို့ပေါ့။
နောက်ပိုင်းမှာ ခေါင်းဆောင်တစ်ယောက်အဖြစ် ကျွန်တော် အရွေးခံခဲ့ရတယ်။ ပြီးတော့ ဝမ်ချန်းနဲ့ ချန်းမိုတို့နဲ့ အလုပ်တွဲလုပ်ခဲ့ရတယ်။ အချိန်လေးနည်းနည်းကြာပြီးတော့ ဝမ်ချန်းက လူတွေနဲ့ ကိစ္စတွေကို အမြဲတမ်း အလွန်အကျွံ ဆန်းစစ်နေပြီး ပြဿနာရှာရတာကို သဘောကျမှန်း ကျွန်တော် သတိပြုမိလာတယ်။ သူက ချန်းမိုနဲ့ တကျက်ကျက်ဖြစ်နေပြီး ပြန်သုံးသပ်တာ၊ ဒါမှမဟုတ် သူ့ကိုယ်သူသိဖို့ ကြိုးစားတာလည်း မရှိဘူး။ ပြီးတော့ ချန်းမိုအပေါ် ထားတဲ့ အာဃာတတွေနဲ့ မကျေနပ်ချက်ကိုတောင် သူက စုဝေးပွဲတွေမှာ ဖြန့်လိုက်သေးတယ်။ အဲဒါနဲ့ပဲ ညီအစ်ကိုမောင်နှမတွေက စကားတွေများကုန်ပြီး သူ့ဘက်ကို လိုက်ကြတဲ့အပြင် ချန်းမိုကိုလည်း ဝေဖန်အပြစ်တင်ကြတာပေါ့။ အဲဒီအပြင်ကို သူက သမ္မာတရားကို လုံးဝ လက်တွေ့မလုပ်ဘူး။ အမြဲတမ်း လောကီဆိုင်ရာ ဆက်ဆံမှုတွေအတွက် အတွေးအခေါ်တွေကို အခြေခံပြီး သူများတွေနဲ့ ဆက်ဆံတယ်။ ညီအစ်ကိုမောင်နှမတွေက သူတို့ရဲ့တာဝန်တွေမှာ အခက်အခဲတွေကို ရင်ဆိုင်ရတဲ့အခါမှာ သူက အဲဒါတွေကို ဖြေရှင်းဖို့ သမ္မာတရားကို မိတ်သဟာယပြုပေးရမဲ့အစား သူတို့ရဲ့ ဇာတိပကတိကိုပဲ အမြဲ အလေးထားပြီး ကိုယ့်ကိုယ်ကိုယ် အရမ်းကြီး မဝေဖန်ဖို့ ပြောတော့ သူတို့တွေက ကိုယ့်အားနည်းချက်တွေကို လွှတ်ထားပြီး အဲဒီအတိုင်း အလိုက်အထိုက်နေကြတာပေါ့။ ဝမ်ချန်းက အလုပ်အကြောင်း မေးတာပဲဖြစ်ဖြစ်၊ အလုပ်ကို စစ်ဆေးတာပဲဖြစ်ဖြစ် သိပ်မလုပ်တဲ့အပြင် ပြဿနာတွေ တွေ့တဲ့အခါမှာ အဲဒီပြဿနာတွေကို မဖြေရှင်းတာကိုလည်း ကျွန်တော် သတိပြုမိတယ်။ လူသစ်တွေက စုဝေးပွဲတွေ မတက်နိုင်ရင် သူက သူတို့တွေကို အလေးမထားဘူး။ ဧဝံဂေလိ ဖြန့်ဝေသူတွေကို ကျကျနန မစီစဉ်ပေးဘဲ အထက်ခေါင်းဆောင်တွေနဲ့ ဆက်ဆံတော့ လှည့်ကွက်တွေ အားကိုးပြီး သူ့အထက်လူကြီးတွေကို လိမ်ပြောတဲ့အပြင် သူ့အောက်ကလူတွေအပေါ်လည်း ကိစ္စတွေ ထိမ်ချန်ထားတယ်။ ညီအစ်ကိုမောင်နှမတွေက သူ့ပြဿနာတွေကို ထောက်ပြတော့ သူက လက်မခံဘူးလေ။ ဆင်ခြေမျိုးစုံပေးပြီး သူမှန်ကြောင်းပြဖို့ ကြိုးစားတာ။ သူက ဒီနှစ်တွေတစ်လျှောက် သူ့တာဝန်မှာ အများကြီး ဒုက္ခခံခဲ့ပြီး ဘာမှ မရခဲ့ပါဘူး၊ ဘုရားကို ယုံကြည်မဲ့အစား ဇာတိပကတိနဲ့ဆိုင်တဲ့ လောကီအသက်တာမှာ ပျော်မွေ့တာက ပိုကောင်းနိုင်ဦးမယ်လို့ ပြောပြီး ညီအစ်ကိုမောင်နှမတွေကြားမှာ အပျက်သဘောဆောင်စရာတွေတောင် ဖြန့်လိုက်သေးတယ်။ အဲဒီအချိန်က ယုံကြည်သူအသစ်တချို့က သူ့ကို ပိုင်းခြားသိမြင်နိုင်စွမ်း မရှိတော့ အထင်အမြင်မှားအောင် လုပ်တာခံကြရတယ်။ သူတို့တာဝန်တွေကို မထမ်းဆောင်ချင်ကြတော့ဘူး။ အဲဒီအချိန်တုန်းက ဝမ်ချန်းက အသင်းတော်အသက်တာကို ဆက်တိုက် အဖျက်အမှောင့်လုပ်လိုက်တာ ညီအစ်ကိုမောင်နှမတွေ အားလုံးရဲ့ တာဝန်တွေမှာ ထိခိုက်ကုန်တာပေါ့။ အဲဒီအချိန်မှာ ဝမ်ချန်းက လက်တွေ့အလုပ်မလုပ်တဲ့ အယောင်ဆောင်ခေါင်းဆောင်ဖြစ်မှန်း အထက်ခေါင်းဆောင်တွေက သတိပြုမိလာပြီး သူ့ကို ထုတ်ဖို့ ပြင်လိုက်ကြတယ်။ ဒါပေမဲ့ ဝမ်ချန်းဟာ အယောင်ဆောင်ခေါင်းဆောင် ဖြစ်ရုံတင်မကဘဲ မယုံကြည်သူတစ်ယောက်လည်း ဖြစ်တယ်ဆိုတာကို သူနဲ့ ကျွန်တော့်ရဲ့ ဆက်ဆံရေးတွေကတစ်ဆင့် ကျွန်တော် သဘောပေါက်ခဲ့တယ်။ သူ့ပြဿနာတွေက ဆိုးရွားပြင်းထန်တော့ သူ့ကို မြန်မြန် ထုတ်ပြီး ရှင်းလင်းပစ်ဖို့ လိုအပ်တယ်။ ဒါမှမဟုတ်ရင်လည်း အသင်းတော်အသက်တာကို သူက ဆက်ပြီး အဖျက်အမှောင့်လုပ်မှာ။ သူ့ရဲ့ မယုံကြည်တဲ့ အပြုအမူတွေကို အထက်ခေါင်းဆောင်တွေကို တိုင်ဖို့ ကျွန်တော် တွေးမိခဲ့သေးတယ်။ ဒါပေမဲ့လည်း အသင်းတော် ကမောက်ကမဖြစ်တာကို တည်ငြိမ်အောင်လုပ်တုန်းက ဝမ်ချန်း ကျွန်တော့်ကို ကူညီခဲ့ပြီး ကျွန်တော့်တာဝန်ကို စီစဉ်ပေးခဲ့တဲ့ အမှတ်ရစရာတွေက ကျွန်တော့်စိတ်ထဲမှာ သတိရမိတယ်။ အဲဒီတော့ ကျွန်တော့်နှလုံးသားထဲမှာ တွေဝေသွားပြီး တွေးမိတာပေါ့။ “ငါ ဒီပြဿနာကို တိုင်လိုက်ရင် အသိစိတ်မရှိဘဲ ကျေးဇူးကန်းတယ်လို့များ သူက ငါ့ကို စွပ်စွဲလေမလား” ပေါ့။ ဒါကိုတွေးမိတာ ကျွန်တော့်စိတ်နှလုံးထဲမှာ အချိန်အတော်ကြာ ငြိမ်သက်ခြင်းကို ရှာမရနိုင်ခဲ့ဘူး။ သူသာ တကယ် ဖယ်ထုတ်ခံရရင် အဲဒါဟာ သူ့ယုံကြည်ခြင်းခရီးမှာ အဆုံးသတ်ဖြစ်သွားမှာ၊ ပြီးတော့ သူက ကျွန်တော့်ကို သေချာပေါက် မကျေမချမ်း ဖြစ်မှာပဲ။ ကျွန်တော့်မှာ တကယ်ကို ဒွိဟတွေဖြစ်ပြီး တိုင်စာရေးဖို့ကို အားမထုတ်နိုင်ခဲ့ဘူး။ “သူ့ကို ထပ်များ ကူညီသင့်သလား။ သူက နည်းနည်းကလေး ပြောင်းလဲနိုင်ပြီး အနှောင့်အယှက်တွေနဲ့ အဖျက်အမှောင့်လုပ်တာတွေ ရပ်နိုင်ရင် သူ့ကို ဖယ်ထုတ်စရာ လိုချင်မှ လိုမယ်” လို့ ကျွန်တော် တွေးမိတယ်။ ဒီအတွေးတွေကြောင့် ဝမ်ချန်းရဲ့ ပြဿနာတွေကို တိုင်ဖို့ကို ရှောင်လိုက်တယ်။ ဝမ်ချန်းကို ထပ်တွေ့တဲ့အချိန်မှာ သူ့ကို ဘုရားနှုတ်ကပတ်တော်တွေနဲ့ မိတ်သဟာယပြုပေးတယ်။ သူ့မှာ ကိစ္စတွေ ဖြစ်တဲ့အခါမှာ ပြန်သုံးသပ်ပြီး သူ့ကိုယ်သူ သိအောင် ပိုကြိုးစားဖို့ တိုက်တွန်းခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် ဘယ်လိုပဲ မိတ်သဟာယပြုပါစေ သူက အလေးအနက်မထားဘဲ အသင်းတော်ကို အရင်ကလိုပဲ ဆက်ပြီး အဖျက်အမှောင့်တွေလုပ်တဲ့အပြင် ညီအစ်ကိုမောင်နှမတွေ ပုံမှန်အသင်းတော်အသက်တာတွေ မရအောင် တားဆီးတော့ သူတို့ရဲ့အသက်ဝင်ရောက်မှုတွေက ထိခိုက်ကုန်တာပေါ့။ ကျွန်တော် စိတ်မကောင်းဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ်။ “ငါဟာ ဘယ်လိုဖြစ်လို့ အရမ်းကို နားဝေတိမ်တောင် ဖြစ်ရတာလဲ။ ငါဟာ ဘာလို့များ ဘုရားဘက်မှာ မနေနိုင်တဲ့အပြင် အသင်းတော်အလုပ်ကိုလည်း မကာကွယ်နိုင်တာလဲ” လို့ တွေးမိတယ်။ အဲဒီအချိန်မှာ ကျွန်တော် သမ္မာတရားကို စရှာဖွေခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ခဲ့တယ်။
တစ်နေ့မှာတော့ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်တော် ဖတ်မိသွားတယ်။ “မည်သည့်အရာက ခံစားချက်များကို ပုံဖော်သနည်း။ အပြုသဘောဆောင်သည့်အရာတစ်ခုမျှ မဟုတ်သည်မှာ သေချာသည်။ ယင်းသည် ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများကို အာရုံစိုက်ခြင်းဖြစ်ပြီး ဇာတိပကတိ၏ မက်မောမှုကို ဖြည့်ဆည်းပေးခြင်းဖြစ်သည်။ မျက်နှာသာပေးခြင်း၊ အခြားလူများ၏ အားနည်းချက်များအတွက် ခုခံကာကွယ်ပြောဆိုခြင်း၊ လွန်စွာချစ်ခင်ခြင်း၊ အလိုလိုက်ခြင်း၊ မွေ့လျော်ခြင်းတို့အားလုံးသည် ခံစားချက်များဖြစ်သည်။ လူအချို့သည် ခံစားချက်များကို အလွန်အရေးပေးကြသည်။ ၎င်းတို့အပေါ်တွင် ဖြစ်ပျက်သည့်အရာမှန်သမျှကို ၎င်းတို့၏ ခံစားချက်များအရ တုံ့ပြန်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ဤသည်မှာ မှားယွင်းသည်ကို ကောင်းစွာ သိသည်။ သို့တိုင်အောင် စည်းမျဉ်းအတိုင်း ဆောင်ရွက်ဖို့ မဆိုထားနှင့်။ အရှိအတိုင်းမြင်ရန်ပင် မစွမ်းဆောင်နိုင်သေးပေ။ လူတို့သည် ခံစားချက်များ၏ ဘောင်ခတ်ခြင်းကို အစဉ်ခံရသောအခါတွင် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း ရှိသလော။ ဤသည်မှာ အလွန်အမင်း ခက်ခဲသည်။ လူများစွာက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် မတတ်စွမ်းနိုင်ခြင်းမှာ ခံစားချက်များအပေါ်တွင် မူတည်သည်။ ၎င်းတို့သည် ခံစားချက်များကို အထူးအရေးကြီးသည်ဟု မှတ်ယူသည်။ ခံစားချက်များကို ဦးစားပေးသည်။ ၎င်းတို့သည် သမ္မာတရားကို ချစ်သောလူများဖြစ်သလော။ သေချာပေါက်မဟုတ်ပေ။ အနှစ်သာရအရ ခံစားချက်များသည် မည်သည့်အရာနည်း။ ယင်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အမျိုးအစားတစ်ခုဖြစ်သည်။ ခံစားချက်များ၏ သရုပ်သကန်များကို စကားလုံးအချို့ကို အသုံးပြုခြင်းအားဖြင့် ဖော်ပြနိုင်သည်။ မျက်နှာသာပေးခြင်း၊ အခြားသူများကို စည်းမျဉ်းနှင့်မညီဘဲ ကာကွယ်ပေးခြင်း၊ ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးများကို ထိန်းသိမ်းခြင်း၊ ဘက်လိုက်ခြင်း၊ ဤအရာတို့သည် ခံစားချက်များဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားစစ်မှန်မှု ဟူသည်မှာ အဘယ်နည်း။) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်တော် အသိတရားရခဲ့တယ်။ ဒီအချိန်အတွင်းမှာ ကျွန်တော်ဟာ ကိုယ့်ခံစားချက်တွေထဲမှာ အသက်ရှင်နေခဲ့ပြီး စည်းမျဉ်းမရှိဘဲ ပြုမူနေခဲ့တယ်။ ဝမ်ချန်းက ဘာလက်တွေ့အလုပ်ကိုမှ မလုပ်တဲ့ အယောင်ဆောင်ခေါင်းဆောင်တစ်ယောက် ဖြစ်ရုံတင်မကဘူး မယုံကြည်သူတစ်ယောက်ပါ ဖြစ်နေတာကို ကျွန်တော် ရှင်းရှင်းလင်းလင်း သဘောပေါက်ခဲ့တယ်။ သူ့အပြုအမူတွေကို အထက်ခေါင်းဆောင်တွေဆီကို ကျွန်တော် ဖော်ထုတ်ခဲ့သင့်တာ။ ဒါပေမဲ့ သူ ကျွန်တော့်ကို ပေးခဲ့တဲ့ အကူအညီအကြောင်းကို မပြတ်တွေးနေပြီး ကျွန်တော်တို့ရဲ့ ပေါင်းသင်းဆက်ဆံရေးဆိုတာကြီးကို ဂရုစိုက်နေမိတော့ အသင်းတော်မှာ သူမကောင်းမှုတွေ ဆက်လုပ်တဲ့အပြင် အသင်းတော်အသက်တာအပေါ် အဖျက်အမှောင့် လုပ်တာတွေကို ခွင့်ပြုထားပြီး သူ့ပြဿနာတွေကို ကျွန်တော် မတိုင်ခဲ့ဘူး။ ကျွန်တော်က ခံစားချက်တွေအရ ပြုမူနေတာ။ သူ့အတွက် ကာကွယ်ပေးပြီး ဖုံးဖိပေးနေတာ။ မယုံကြည်သူတစ်ယောက်ကို အသင်းတော်မှာ ဆက်ထားချင်တော့ ကျွန်တော်ဟာ စာတန်နဲ့ ပေါင်းကြံပြီး သူ့ရဲ့ ကြံရာပါဖြစ်လာတာပေါ့။ ကျွန်တော်ဟာ တကယ်ကို မကောင်းမှု လုပ်နေတာပဲ။ အဆင်းနီတဲ့နဂါးကြီးက ဖမ်းဆီး၊ နှိပ်စက်ညှဉ်းဆဲပြီး အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်တယ်။ ပြီးတော့ ဒီမှာ ကျွန်တော်ကတော့ အသင်းတော်ထဲမှာ မယုံကြည်သူတစ်ယောက်ကို ကာကွယ်ပေးနေခဲ့တယ်။ အဆင်းနီတဲ့နဂါးကြီးက လုပ်ချင်ပေမဲ့ မလုပ်နိုင်တဲ့ဟာကို ကျွန်တော် လုပ်နေတာ။ ဒါက ဘုရားသခင်ကို ပုန်ကန်ပြီး ဆန့်ကျင်နေတာ မဟုတ်ဘူးလား။ ကျွန်တော်က စာတန်ရဲ့ ဒိုင်းအနေနဲ့ ပြုမူနေခဲ့တာပါ။ အမှန်တရားတွေ ထုတ်ဖော်တဲ့အရာကတစ်ဆင့် ကျွန်တော်က ခံစားချက်တွေအရ အသက်ရှင်နေပြီး အမှားနဲ့ အမှန် ဒါမှမဟုတ် ကောင်းမြတ်ခြင်းနဲ့ ဆိုးယုတ်ခြင်းကို ခွဲခြားသိမြင်နိုင်စွမ်းမရှိဘဲ တရားမျှတစိတ်တစ်ခုမှ မရှိတဲ့အပြင် မယုံကြည်သူတစ်ယောက် အသင်းတော်အသက်တာကို အဖျက်အမှောင့်လုပ်တာ ခွင့်ပြုထားပုံကို ကျွန်တော် နောက်ဆုံးမှာ တွေ့ခဲ့ရတယ်။ ကျွန်တော်က ဘုရားသခင်ကို တော်တော် ပုန်ကန်နေခဲ့တာပဲ။ ဘုရားသခင်က ဒီလိုပြောတာကို ကျွန်တော် သတိရမိတယ်။ “ခံစားချက်သည် သူ၏ ရန်သူ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၂၈)) ကျွန်တော် ပြင်းထန်တဲ့နောင်တနဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တဲ့စိတ်ကို ခံစားရပြီး ဝမ်ချန်းရဲ့ ပြဿနာတွေကို အထက်ခေါင်းဆောင်တွေဆီကို တိုင်ဖို့ ဆုံးဖြတ်လိုက်တယ်။
ရက်နည်းနည်းကြာတော့ အထက်ခေါင်းဆောင်တွေက ဝမ်ချန်းကို ထုတ်ဖို့ လာကြတဲ့အချိန်မှာ သူ့အခြေအနေကို ကျွန်တော် တိုင်လိုက်တယ်။ စိစစ်အတည်ပြုပြီးတဲ့နောက်မှာ ဝမ်ချန်းက တကယ်ကို မယုံကြည်သူတစ်ယောက်ဖြစ်တယ်ဆိုတာကို သူတို့ သိသွားကြတယ်။ ပြီးတော့ သူ့ကို ဖယ်ထုတ်ဖို့အတွက် စာရွက်စာတမ်းတွေ သတင်းအချက်အလက် စုဆောင်းရာမှာ ကူဖို့ ကျွန်တော့်ကို သူ့အပြုအမူတွေ ရေးခိုင်းကြတယ်။ ဝမ်ချန်းကို ဖယ်ထုတ်ဖို့အကြောင်း ကျွန်တော် တွေးလိုက်တော့ အရင်က သူ ကျွန်တော့်ကို ကူညီခဲ့တဲ့ အချိန်တွေအားလုံးကို သတိမရဘဲ မနေနိုင်ခဲ့ဘူး။ ပြီးတော့ ကျွန်တော် တွေးမိတယ်။ “သူက ငါ့အပေါ် အကူအညီပေးခဲ့တယ်။ အခုတော့ ငါက သူ့ကို ဖယ်ထုတ်ခိုင်းဖို့ အကဲဖြတ်ချက်တစ်ခု ရေးတော့မယ်။ ဒါကို သူသာကြားရင် သူ့ကျေးဇူးကို ရန်နဲ့တုံ့နှင်းပြီး အသိတရား မရှိဘူးလို့များ စွပ်စွဲမလား။ နောက်ပိုင်းမှာ ငါသူ့ကို ဘယ်လိုရင်ဆိုင်မလဲ” လို့ပေါ့။ ဒါပေမဲ့ မယုံကြည်သူတစ်ယောက်အဖြစ် သူ့ရဲ့ သရုပ်သကန်တွေအကြောင်းကို ကျွန်တော် တွေးမိတော့ ကျွန်တော့်ရဲ့ အသိစိတ်က ကျွန်တော့်ကို စည်းမျဉ်းတွေ လိုက်နာပြီး သူ့အပြုအမူတွေကို ချရေးသင့်တယ်လို့ ပြောတယ်။ ဒါပေမဲ့ စိတ်ထဲမှာ မတင်မကျဖြစ်တာကို ပြီးပြီးပျောက်ပျောက် သဘောမထားနိုင်ပဲ ကျွန်တော် အကျပ်ရိုက်နေသလို ခံစားခဲ့ရတယ်။ အဲဒီအကြောင်းကို တွေးလေ ကျွန်တော် စိတ်ဆင်းရဲရလေဖြစ်ပြီး စိတ်ထဲမှာ မှောင်မိုက်ပြီး စိတ်ပျက်လက်ပျက်ဖြစ်မိတယ်။ ဒါနဲ့ ၁၀ ရက်ကျော် အချိန်ဆွဲပြီးတဲ့နောက်မှာ ဝမ်ချန်းရဲ့ အပြုအမူတွေအကြောင်း ကျွန်တော် မရေးရသေးဘူး။ ဒီအချိန်အတောအတွင်းမှာ ကျွန်တော့်သွားတွေ တော်တော်ကိုက်နေတယ်။ ပြီးတော့ တစ်ခါတလေ နာလွန်းလို့ ကျွန်တော် ချွေးသီးချွေးပေါက်တွေ ကျလာတယ်။ ကျွန်တော် အစားမစားရဲတဲ့အပြင် အိပ်လည်းမပျော်ဘူး။ ဒါဟာ ဘုရားရဲ့ ဆုံးမပဲ့ပြင်မှုဖြစ်နိုင်တယ်လို့ ကျွန်တော် သဘောပေါက်လိုက်တယ်။ ပြီးတော့ ဘုရားဆီ ကျွန်တော် ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ ဝမ်ချန်းက မယုံကြည်သူတစ်ယောက်ပါ။ ပြီးတော့ သူ့အပြုအမူတွေကို ကျွန်တော် ရေးချပြီး စည်းမျဉ်းတွေအတိုင်း သူ့ကို ဖယ်ထုတ်သင့်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ကို သူပေးခဲ့တဲ့ အကူအညီအကြောင်း တွေးလိုက်တော့ ကျွန်တော် မရေးချင်တော့ဘူး။ ကျွန်တော့်နှလုံးသားက အရမ်းကို စိတ်နှလုံးခိုင်မာပါတယ်၊ အရမ်းကို ပုန်ကန်ပါတယ်။ ဘုရားသခင်၊ ကျွန်တော် ကိုယ်တော့်ဆီကို ပြန်လာချင်ပါတယ်။ ကျေးဇူးပြုလို့ ကျွန်တော့်ကိုယ်ကျွန်တော် သိဖို့၊ စည်းမျဉ်းတွေကို လိုက်နာဖို့၊ ပြီးတော့ အသင်းတော်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ ဉာဏ်အလင်းပေးပြီး လမ်းပြတော်မူပါ” လို့ပေါ့။
အဲဒီနောက်မှာ ကျွန်တော်ဟာ “စည်းမျဉ်းတွေ မလိုက်နာအောင်၊ အသင်းတော်အကျိုးစီးပွားတွေကို မကာကွယ်အောင် ငါ့ကို ဘာက ထိန်းထားတာလဲ” ဆိုပြီး တွေးရင်း ဆက်တိုက် ပြန်သုံးသပ်နေခဲ့တယ်။ စုဝေးပွဲတစ်ခုမှာ ဘုရားနှုတ်ကပတ်တော်ကနေ အဖြေကို ကျွန်တော် တွေ့သွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူတို့၏ စိတ်နှလုံး အတွင်းနက်နက်နေရာများတွင် အယူအဆများစွာနှင့် စိတ်ကူးထင်မြင်မှုများစွာ ရှိနေဆဲ၊ ရိုးရာယဉ်ကျေးမှု၏ အမျိုးမျိုးသော အတွေးများ၊ အမြင်များ၊ အဆိပ်များ ရှိနေဆဲ၊ ဘုရားသခင်ကို ရန်လိုသည့်အရာများစွာ ရှိနေဆဲ ဖြစ်သည်။ ဤအရာများသည် လူတို့အတွင်းတွင် ကွယ်ဝှက်နေပြီး ယင်းတို့ကို ယခုတိုင် မဖော်ထုတ်ရသေးချေ။ ထိုအရာများသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ဇာစ်မြစ်ဖြစ်ပြီး လူ၏ သဘာဝ အနှစ်သာရအတွင်းမှ လာပေသည်။ ထို့ကြောင့်၊ သင်၏ အယူအဆများနှင့် မကိုက်သည့် တစ်စုံတစ်ရာကို ဘုရားသခင်က လုပ်ဆောင်သည့်အခါ၊ သင်သည် သူ့ကို ခုခံကာ ဆန့်ကျင်လိမ့်မည်။ ဘုရားသခင်က ထိုသို့ အဘယ်ကြောင့် ဆောင်ရွက်ခဲ့သည်ကို သင် နားလည်လိမ့်မည် မဟုတ်သကဲ့သို့ ဘုရားသခင် လုပ်ဆောင်သည့်အရာတိုင်းတွင် သမ္မာတရားရှိသည်ကို သင် သိရှိပြီး ကျိုးနွံနာခံရန် သင် ဆန္ဒရှိသော်လည်း၊ ထိုသို့ မလုပ်ဆောင်နိုင်သည်ကို သင့်ကိုယ်သင် တွေရလိမ့်မည်။ အဘယ်ကြောင့် သင်သည် ကျိုးနွံနာခံနိုင်ခြင်း မရှိသနည်း။ သင်၏ ခုံခံခြင်းနှင့် ဆန့်ကျင်ခြင်းအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ အဘယ်ကြောင့်ဆိုသော် လူသား၏ အတွေးများနှင့် အမြင်များထဲတွင် ဘုရားသခင်ကို ရန်လိုပြီး ဘုရားသခင် ဆောင်ရွက်သည့် အခြေခံသဘောတရားများနှင့် သူ၏ အနှစ်သာရကို ရန်လိုသည့် အရာများစွာ ရှိသောကြောင့် ဖြစ်သည်။ ဤအရာများသည် လူသားအတွက် အသိရရှိရန် ခက်ခဲပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ကိုယ်ပိုင်လွဲမှားသောအမြင်များကို သတိပြုခြင်းဖြင့်သာ အမှန်တကယ် ပြောင်းလဲနိုင်သည်) “လူ၏ ပုန်ကန်တတ်သော သဘာဝဆိုင်ရာ ရင်းမြစ်နှင့် အနှစ်သာရတို့သည် မိသားစုနှင့် လူ့အဖွဲ့အစည်းအပြင် ရိုးရာယဉ်ကျေးမှုမှ လူတို့ရရှိသည့် ပညာရေးဖြင့် ဖွဲ့စည်းထားသည့် လူတို့၏ အတွေးများနှင့် အမြင်များမှ အဓိကအားဖြင့် လာသည်ကို လူတို့သဘောပေါက်စေရန် ဤအရာအားလုံးကို ငါပြောနေခြင်း ဖြစ်သည်။ ဤအရာများက မိသားစု အစဉ်အလာမှတစ်ဆင့် သို့မဟုတ် လူ့အဖွဲ့အစည်းနှင့် ပညာရေးတို့၏ လွှမ်းမိုးမှုမှတစ်ဆင့် လူတို့၏ စိတ်နှလုံး၌ နည်းနည်းချင်း နက်ရှိုင်းစွာ အမြစ်တွယ်လာပြီးသည့်နောက်တွင် လူတို့သည် ထိုအရာများဖြင့် စတင် အသက်ရှင်ကြလေသည်။ ဤရိုးရာယဉ်ကျေးမှုသည် မှန်ကန်ကာ အပြစ်ကင်းပြီး ဝေဖန်၍မရကြောင်းနှင့် ရိုးရာယဉ်ကျေးမှု၏ တောင်းဆိုချက်များအတိုင်း ပြုမူဆောင်ရွက်ခြင်းအားဖြင့်သာ ၎င်းတို့က စစ်မှန်သည့် လူများဖြစ်နိုင်ကြောင်း မရည်ရွယ်ဘဲ စတင်ယုံကြည်မိကြပေမည်။ ၎င်းတိုအနေဖြင့် ထိုသို့မပြုမူမဆောင်ရွက်ပါက ၎င်းတို့သည် အသိစိတ်မဲ့ကြောင်း၊ လူ့သဘာဝနှင့် ဆန့်ကျင်ကာ လူ့သဘာဝတစ်ခုမျှ မရှိကြောင်း ခံစားကြရမည်ဖြစ်ပြီး ထိုအဖြစ်ကို လက်ခံနိုင်ကြမည် မဟုတ်ပေ။ ဤလူသား အတွေးများနှင့် အမြင်များသည် သမ္မာတရားနှင့် အလွန်ကွာဝေးသည် မဟုတ်လော။ လူသား အတွေးများနှင့် အမြင်များရှိ အရာများနှင့် လူတို့လိုက်စားသည့် ရည်မှန်းချက်များအားလုံးသည် လောကဆီသို့၊ စာတန်ဆီသို့ ဦးတည်နေပေသည်။ လူအား သမ္မာတရားကို လိုက်စားခိုင်းသည့် ဘုရားသခင်၏ သတ်မှတ်ချက်ကမူ ဘုရားသခင်ဆီသို့၊ အလင်းဆီသို့ ဦးတည်ထားသည်။ ဤသည်တို့မှာ မတူကွဲပြားသော ဦးတည်ချက်နှစ်ခု၊ မတူကွဲပြားသော ရည်မှန်းချက်နှစ်ခု ဖြစ်သည်။ လူ့အပေါ် ဘုရားသခင်၏ ရည်မှန်းချက်နှင့် သတ်မှတ်ချက်များအတိုင်း ပြုမူဆောင်ရွက်လော့။ ထိုသို့ပြုလျှင် သင်၏ လူ့သဘာဝသည် သာ၍ ပုံမှန်ဖြစ်လာလိမ့်မည်။ သင်သည် လူသားပုံသဏ္ဌာန် သာ၍ ရှိလာလိမ့်မည်ဖြစ်ပြီး ဘုရားသခင်နှင့် သာ၍ နီးစပ်လာလိမ့်မည် ဖြစ်သည်။ ရိုးရာယဉ်ကျေးမှု၏ အတွေးများနှင့် အမြင်များအတိုင်း သင်ပြုမူဆောင်ရွက်လျှင်မူ သင်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို သင်ပိုပိုပြီး ဆုံးရှုံးရလိမ့်မည်။ သင်သည် သာ၍ပင် မစစ်မှန်တော့ဘဲ အတုအယောင်ဖြစ်လာလိမ့်မည်။ လောက၏ ခေတ်ရေစီးကြောင်းများကို သာ၍ပင် လိုက်လျှောက်ကာ ဆိုးယုတ်မှု အင်အားစုများ၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာလိမ့်မည်။ ထို့နောက်တွင် သင်သည် စာတန်၏ တန်ခိုးအောက်၊ အမှောင်ထုထဲတွင် လုံးဝ အသက်ရှင်နေလိမ့်မည်။ သင်သည် သမ္မာတရားကို လုံးလုံးလျားလျား ချိုးဖောက်ကာ ဘုရားသခင်ကို သစ္စာဖောက်မိပြီး ဖြစ်လိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ကိုယ်ပိုင်လွဲမှားသောအမြင်များကို သတိပြုခြင်းဖြင့်သာ အမှန်တကယ် ပြောင်းလဲနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်တော့်ကို ရှင်းလင်းပြတ်သားမှုတစ်ခု ရစေတယ်။ ကျွန်တော်ဟာ ခံစားချက်တွေအရ ပြုမူနေခဲ့ပြီး ဝမ်ချန်း ဖယ်ထုတ်ခံရမှာစိုးလို့ သူ့ရဲ့အပြုအမူတွေကို မှတ်တမ်းမတင်ချင်ဘူးဆိုတာကို ကျွန်တော် သဘောပေါက်လိုက်တယ်။ အဓိကကတော့ ကျွန်တော်က စာတန်က ကျွန်တော့်ထဲမှာ သွတ်သွင်းထားတဲ့ စိတ်ကူးတွေနဲ့ အမြင်ရှုထောင့်တွေရဲ့ ချည်နှောင်ပြီး ချုပ်ထားတာကို ခံထားရလို့ပါ။ “လူတစ်ယောက်က သစ္စာစောင့်သိရမည်”၊ “လူတစ်ယောက်က စာနာစိတ်ကင်းပြီး ကျေးဇူးမကန်းရပါ”၊ “တစ်လုတ်စားဖူး သူ့ကျေးဇူး” ဆိုတာတွေလိုမျိုးပေါ့။ ဒီစိတ်ကူးတွေ၊ အမြင်ရှုထောင့်တွေနဲ့ ထိန်းချုပ်ခံရပြီး ကျွန်တော်ဟာ လူတွေရဲ့ ကျေးဇူးကို အမြဲရှေ့တန်းတင်ခဲ့တယ်။ အဲဒါကို သမ္မာတရား လက်တွေ့လုပ်ဆောင်မှုနဲ့ အသင်းတော်ရဲ့ အကျိုးစီးပွားတွေထက် ပိုအရေးကြီးတယ်လို့တောင် မြင်ခဲ့မိတာ။ ဝမ်ချန်းရဲ့ မယုံကြည်သူတစ်ယောက်ဖြစ်တဲ့ သရုပ်သကန်တွေကို တိုင်ဖို့ စဉ်းစားလိုက်တော့ အရင်က သူ ကျွန်တော့်ကို ကယ်ခဲ့ပုံတွေကို သတိမရဘဲ မနေနိုင်ခဲ့ဘူး။ သူ့အပြုအမူတွေကို တိုင်တာက အကြင်နာကင်းမဲ့ပြီး ကျေးဇူးကန်းတယ်၊ သူများတွေက ကျွန်တော့်ကို အထင်အမြင်သေးကြမယ်လို့ တွေးမိတယ်။ ဒီစိတ်ကူးတွေနဲ့ အမြင်ရှုထောင့်တွေရဲ့ ဘောင်ခတ်တာခံရပြီး ကျွန်တော်က ဘယ်တော့မှ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ခဲ့ဘူး ဒါမှမဟုတ် ဘယ်တော့မှ စည်းမျဉ်းတွေကို စွဲစွဲမြဲမြဲ မလိုက်နာနိုင်ခဲ့ဘူး။ ဝမ်ချန်းရဲ့ အပြုအမူတွေကို ချရေးဖို့ ခေါင်းဆောင်တွေက ခိုင်းတဲ့အချိန်မှာတောင် သူပေးခဲ့တဲ့ အကူအညီကြောင့် ကျွန်တော် တွေဝေခဲ့ပြီး သူက အသင်းတော်မှာ မကောင်းမှု ဆက်လုပ်ပြီး ညီအစ်ကိုမောင်နှမတွေကို အဖျက်အမှောင့်လုပ်တာကို ခွင့်ပြုထားခဲ့တယ်။ အသင်းတော်ဟာ ညီအစ်ကိုမောင်နှမတွေ သူတို့ရဲ့ တာဝန်တွေကို ထမ်းဆောင်ပြီး သမ္မာတရားလိုက်စားဖို့အတွက် နေရာတစ်ခုပါ။ မယုံကြည်သူတွေကို အသင်းတော်က ချက်ချင်း ဖယ်ထုတ်ပစ်မှ ညီအစ်ကိုမောင်နှမတွေရဲ့ အသင်းတော်အသက်တာကို ကာကွယ်နိုင်မှာလေ။ ဝမ်ချန်း မယုံကြည်သူဖြစ်တဲ့ သရုပ်သကန်တွေကို ရေးတာက သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေတာပဲ။ အပြုသဘောဆောင်တဲ့အရာတစ်ခုပါ။ ဒါပေမဲ့ ကျွန်တော်ကတော့ အဲဒါကို သစ္စာဖောက်တာ၊ အသိစိတ်မရှိတာလို့ မြင်ခဲ့မိတယ်။ ကျွန်တော်ဟာ ကောင်းတာနဲ့ ဆိုးယုတ်တာကို တကယ်ကို မခွဲခြားနိုင်ဘူး၊ ဒါမှမဟုတ် ဘာကို ချစ်ရမှန်း၊ ဘာကိုမုန်းရမှန်း နားမလည်ခဲ့ဘူး။ ပြီးတော့ စည်းမျဉ်ပဲဖြစ်ဖြစ်၊ ရပ်တည်ချက်ပဲဖြစ်ဖြစ် တစ်ခုမှ လုံးလုံး မရှိခဲ့ဘူး။ ဝမ်ချန်းရဲ့ ပြဿနာတွေကိုသာ ကျွန်တော် ချက်ချင်း တိုင်ခဲ့ရင် သူဟာ အသင်းတော်ကနေ စောစောစီးစီး ဖယ်ထုတ်ခံခဲ့ရမှာ၊ ဒါပေမဲ့ ကျွန်တော်က သမ္မာတရားကို လက်တွေ့မလုပ်ဆောင်တဲ့အပြင် သူ့ကို ကာကွယ်ပေးခဲ့လို့ သူက အသင်းတော်ကို ဆက်ပြီး နှောင့်ယှက်၊ အဖျက်အမှောင့်လုပ်တဲ့ဆီ ရောက်သွားခဲ့တယ်။ အဲဒါနဲ့ပဲ ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုမှာ ဆုံးရှုံးမှုတွေ ဖြစ်ရပြီး အသင်းတော်အလုပ်လည်း နှောင့်နှေးကုန်တာပေါ့။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်တော်ဟာ ညီအစ်ကိုမောင်နှမတွေရဲ့ အသက်တာတွေကို အလေးထားဖို့ပဲဖြစ်ဖြစ်၊ အသင်းတော်ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ပဲဖြစ်ဖြစ် ပျက်ကွက်ခဲ့ရုံတင်မကဘူး ခံစားချက်တွေအရ ဝမ်ချန်းအတွက် ဖုံးဖိပေးခဲ့တာမျိုး၊ မယုံကြည်သူတစ်ယောက်ကို သစ္စာစောင့်သိကြောင်းနဲ့ အသိတရားရှိကြောင်း ပြတာမျိုးတွေလည်း လုပ်ခဲ့တယ်။ ကျွန်တော်ဟာ ကျွေးတဲ့လက်ကို ပြန်ကိုက်နေခဲ့ပြီး အပြင်လူတစ်ယောက်ကို အကူအညီပေးနေတဲ့အပြင် စာတန်ရဲ့ လက်ပါးစေလို ပြုမူနေခဲ့တာ။ အရင်ကဆို ကျွန်တော့်ထဲကို စာတန် သွတ်သွင်းခဲ့တဲ့ စိတ်ကူးတွေနဲ့ အမြင်ရှုထောင့်တွေအတိုင်း ကျွန်တော် အသက်ရှင်နေထိုင်ခဲ့တယ်။ ကျွန်တော်က မြင့်မြတ်ပြီး သစ္စာစောင့်သိတာပါလို့ တွေးရင်းနဲ့ပေါ။ ဒီစိတ်ကူးတွေနဲ့ အမြင်ရှုထောင့်တွေက ဘုရားသခင်နဲ့ ဆန့်ကျင်ဘက်ဖြစ်မှန်း အခုကျမှ ကျွန်တော် သဘောပေါက်ခဲ့တယ်။ အဲဒါတွေက ကျွန်တော့်ကို သမ္မာတရား လက်တွေ့လုပ်ဆောင်ခြင်းကနေ တားဆီးခဲ့တာ။ ကျွန်တော့် အသိတရားနဲ့ အသိစိတ်တွေ ဆုံးရှုံးလိုက်ရပြီး ကျွန်တော့် လူ့သဘာဝကိုပါ ဖယ်ရှားသွားတယ်။ ဒီစိတ်ကူးတွေ၊ အမြင်ရှုထောင့်တွေနဲ့ အသက်ရှင်တာက ကျွန်တော်ဟာ မကောင်းမှုလုပ်၊ ဘုရားကို အတိုက်အခံလုပ်တဲ့အပြင် ဘုရားသခင်က ကျွန်တော့်ကို ပစ်ပယ်ပြီး ဖယ်ရှားရှင်းလင်းအောင် လုပ်တာပဲ ကျွန်တော်တတ်နိုင်တယ်။ ဘုရားသခင်က ကျွန်တော့်ကို နေမကောင်းဖြစ်အောင်လုပ်ပြီးအချိန်မီ ဆုံးမပဲ့ပြင်တာမျိုး မလုပ်ခဲ့ရင် ကျွန်တော်ဟာ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ဖို့ တွေးမိခဲ့မှာ မဟုတ်ဘူး။ ကျွန်တော် ဆက်ပြီးပုန်ကန်လို့ မရတော့ဘူး။ ဘုရားဆီကို အမြန်ပြန်ဖို့ လိုအပ်ပြီ။
ကျွန်တော်ရဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ အမြင်တွေကို အတော်လေး ကူပြီး ပြောင်းပေးခဲ့တဲ့ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်တော် ဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “တစ်ခါတစ်ရံ ဘုရားသခင်သည် လူတို့ကို ကူညီရန် စာတန်၏ အစေခံမှုကို အသုံးပြုလိမ့်မည်။ သို့သော်လည်း ထိုသို့သော ကိစ္စများတွင် ငါတို့သည် ဘုရားသခင်ကို အသေအချာ ကျေးဇူးတင်ရမည်ဖြစ်ပြီး စာတန်ကို ကျေးဇူးပြန်ဆပ်ရမည် မဟုတ်။ ဤသည်မှာ စည်းမျဉ်းနှင့်ဆိုင်သော ကိစ္စဖြစ်သည်။ စုံစမ်းသွေးဆောင်ခြင်းသည် ကြင်နာမှု ပေးသနားသည့် ဆိုးယုတ်သော လူတစ်ဦးအသွင်ဖြင့် လာသည့်အခါ အတိအကျ မည်သူက သင့်ကို ကူညီမစနေပြီး အကူအညီပေးနေသည်၊ သင်၏ ကိုယ်ပိုင် အခြေအနေက မည်သို့ရှိသည်၊ သင် လျှောက်နိုင်သည့် အခြားလမ်းကြောင်းများ ရှိမရှိဆိုသည်တို့နှင့်ပတ်သက်၍ သင် ပထမဦးစွာ ရှင်းလင်းအောင် လုပ်ထားရမည်ဖြစ်သည်။ ထိုသို့သော အခြေအနေများတွင် ထိရောက်ပြတ်သားစွာ ချက်ချင်းလက်ငင်းတုံ့ပြန်ရမည် ဖြစ်သည်။ ဘုရားသခင်က သင့်ကို ကယ်တင်ချင်ပါက ယင်းကို ပြီးမြောက်ရန် မည်သူ၏ အစေခံမှုများကို သူ အသုံးပြုသည်ဖြစ်စေ ပထမဦးစွာ ဘုရားသခင်ကို သင် ကျေးဇူးတင်ပြီး ယင်းကို ဘုရားသခင်ထံမှ လာသကဲ့သို့ လက်ခံသင့်ပေသည်။ ကျေးဇူးတင်စိတ်ဖြင့် တစ်စုံတစ်ဦးထံ မိမိ၏ ဘဝကို ပေးအပ်ဖို့ မဆိုထားနှင့်၊ သင်၏ ကျေးဇူးတင်စိတ်ကို လူတို့ထံ အဓိက မရှေးရှုထားသင့်ပေ။ ဤသည်မှာ ကြီးလေးသော အမှားတစ်ခု ဖြစ်သည်။ အရေးကြီးသည့်အရာမှာ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ကို ကျေးဇူးတင်ရှိပြီး ယင်းကို ဘုရားသခင်ထံမှ လာသကဲ့သို့ သင်လက်ခံခြင်း ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၇)) ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီးတဲ့နောက်မှာ ကျွန်တော်က ဝမ်ချန်းရဲ့ အကူအညီကို လူ့ကြင်နာမှုအနေနဲ့ အမြဲမြင်ခဲ့တယ်ဆိုတာကို နောက်ဆုံးတော့ ကျွန်တော် နားလည်သွားတယ်။ ဒါကို ဘုရားဆီက ကျွန်တော် မခံယူခဲ့ဘူး၊ သူ့အချုပ်အခြာအာဏာကို အသိအမှတ်မပြုခဲ့ဘူး၊ ဒါမှမဟုတ် ဘုရားရဲ့ ချစ်ချင်းကို ဘယ်လိုပြန်ပေးရမယ်ဆိုတာကို ကျွန်တော် မတွေးခဲ့ဘူး။ ကျွန်တော်က တကယ်ကို အရမ်း နားဝေတိမ်တောင်ဖြစ်ခဲ့တာပဲ။ အသင်းတော်ထဲမှာ ကမောက်ကမတွေ ဖြစ်တုန်းက ကိစ္စတွေ တည်ငြိမ်သွားအောင် ဝမ်ချန်းက ကျွန်တော့်ကို ကူညီပေးခဲ့ပြီး နောက်တော့ ကျွန်တော့်အတွက် သင့်တော်တဲ့ တာဝန်ကို စီစဉ်ပေးခဲ့တယ်။ ဒါဟာ သူကောင်းကောင်း ဖြည့်ဆည်းသင့်တဲ့ တာဝန်နဲ့ ဝတ္တရားပဲ။ အဲဒါက ကြင်နာတဲ့ သဘောမသက်ရောက်ပါဘူး။ အဲဒီအပြင် ဒါတွေအားလုံးကို ဘုရားသခင်က စီစဉ်ညွှန်ကြားပြီး စီမံပေးခဲ့တာပဲ။ ဒါကို ကျွန်တော်က ဘုရားဆီက ခံယူခဲ့သင့်တာ၊ သူ့ကို ကျေးဇူးတင်ခဲ့သင့်တာ၊ ပြီးတော့ ဘုရားရဲ့ချစ်ခြင်းကို ပြန်ပေးဆပ်ခဲ့သင့်တာ။ ဒါပေမဲ့ လူသားအတွက် ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ကွယ်ကာမှုတို့ကို ကျွန်တော်က လူ့ကြင်နာမှုအနေနဲ့ သဘောထားခဲ့တယ်။ ကျွန်တော်က အရမ်းကို ကျိုးကြောင်းမမြင်ခဲ့တာပဲ။ ဒါကို သဘောပေါက်တော့ ကျွန်တော် ပြင်းပြင်းထန်ထန် နောင်တရမိတယ်။ ပြီးတော့ ဘုရား စိတ်ကျေနပ်အောင် နောင်တရဖို့နဲ့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ လိုလားရင်း ဘုရားဆီကို ဆုတောင်းခဲ့တယ်။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေမှာ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းတွေကို ကျွန်တော် တွေ့ခဲ့တော့ စစ်မှန်တဲ့ လူ့သဘာဝကောင်းရှိတဲ့ လူတစ်ယောက်မှာ ဘာတွေပါဝင်တယ်ဆိုတာကို ကျွန်တော် နားလည်လာခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ကောင်းမွန်သော လူ့သဘာဝ ရှိခြင်းအတွက် စံနှုန်းရှိရမည်။ ယင်းသည် အလယ်အလတ်လမ်းကြောင်းကို လျှောက်လှမ်းခြင်း၊ အခြေခံသဘောတရားများကို မလိုက်နာခြင်း၊ မည်သူကိုမျှ စိတ်အနှောင့်အယှက်မဖြစ်စေဖို့ ကြိုးပမ်းအားထုတ်မှု၊ သင် သွားသည့် နေရာတိုင်းတွင် မျက်နှာလို မျက်နှာရ လုပ်ခြင်း၊ သင် တွေ့ဆုံသည့် လူတိုင်းကို ပြေပြစ်စွာ ဆက်ဆံခြင်းနှင့် လူတိုင်းကို သင့်အား အကောင်းပြောစေခြင်းတို့ မပါဝင်ပေ။ ဤသည်မှာ စံနှုန်းမဟုတ်။ ထိုသို့ဆိုလျှင် မည်သည်မှာ စံနှုန်းဖြစ်သနည်း။ ဘုရားသခင်နှင့် သမ္မာတရားကို ကျိုးနွံနာခံနိုင်ခြင်း ဖြစ်သည်။ မိမိ၏တာဝန်၊ လူ၊ ဖြစ်ရပ်၊ အမှုအရာမျိုးစုံတို့ကို စည်းမျဉ်းများနှင့် တာဝန်သိစိတ်တို့ဖြင့် ချဉ်းကပ်ခြင်း ဖြစ်သည်။ ဤသည်မှာ အားလုံးမြင်နိုင်လောက်အောင် ရိုးရှင်းပေသည်။ လူတိုင်းက မိမိတို့၏စိတ်နှလုံးထဲတွင် ဤအရာနှင့်ပတ်သက်၍ ရှင်းလင်းကြသည်။ ထို့အပြင် ဘုရားသခင်က လူများ၏ စိတ်နှလုံးများကို စိစစ်ပြီး ၎င်းတို့၏အခြေအနေ တစ်ခုချင်းစီတိုင်းကို သိသည်။ ၎င်းတို့ မည်သူဖြစ်ပါစေ၊ မည်သူမျှ ဘုရားသခင်ကို မလှည့်စားနိုင်ပေ။ အချို့သော လူတို့သည် ကောင်းမွန်သော လူ့သဘာဝကို ၎င်းတို့ ပိုင်ဆိုင်ကြကြောင်း၊ ၎င်းတို့သည် အခြားသူများအကြောင်း မည်သည့်အခါမျှ မကောင်းမပြောကြောင်း၊ အခြားမည်သူမဆို၏ အကျိုးစီးပွားများကို မည်သည့်အခါမျှ မထိခိုက်စေကြောင်း အမြဲ ကြွားဝါကြပြီး အခြားသူများ၏ ပိုင်ဆိုင်မှုကို ၎င်းတို့ မည်သည့်အခါမျှ ငမ်းငမ်းတက်မလိုချင်ဖူးကြောင်း အခိုင်အမာ ပြောဆိုကြလေသည်။ အကျိုးစီးပွားနှင့်ပတ်သက်၍ ငြင်းခုံမှုဖြစ်သည့်အခါတွင် အခြားသူများကို အခွင့်ကောင်းယူခြင်းထက် ၎င်းတို့သာ ဆုံးရှုံးနစ်နာခံပြီး လူတိုင်းက သူတို့ကို လူကောင်းများဟု ထင်သည်ကို နှစ်သက်လေသည်။ သို့သော် ဘုရားသခင်၏ အိမ်တော်ထဲ၌ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်နေချိန်တွင်၊ ၎င်းတို့သည် အစဉ် မိမိတို့ကိုယ်တိုင်အတွက် ကြံစည်လျက်၊ ဉာဏ်များကာ စိတ်မချရပေ။ ၎င်းတို့သည် မည်သည့်အခါတွင်မျှ ဘုရားသခင့်အိမ်တော်၏ အကျိုးကျေးဇူးများကို မတွေးကြ၊ ဘုရားသခင်က အရေးတကြီးဖြစ်သည်ဟု သဘောထားသောအရာကို အရေးတကြီးဖြစ်သည်ဟု ၎င်းတို့ လုံးဝ သဘောမထားကြ သို့မဟုတ် ဘုရားသခင် တွေးသကဲ့သို့ မတွေးကြပေ၊ ပြီးလျှင် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရန် ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများကို လုံးဝ ဘေးမဖယ်ထားနိုင်ကြပေ။ ၎င်းတို့၏ အကျိုးစီးပွားများကို ၎င်းတို့ လုံးဝ မစွန့်လွှတ်ကြချေ။ ဆိုးယုတ်သောလူများက မကောင်းမှု ကျူးလွန်နေကြသည်ကို ၎င်းတို့ မြင်သည့်အချိန်တွင်ပင်၊ ထိုသူတို့ကို မဖော်ထုတ်ကြချေ။ ၎င်းတို့သည် မည်သည့်အခြေခံစည်းမျဉ်းများ တစ်ခုတလေမျှ မရှိကြပေ။ ဤသည်မှာ မည်သည့် လူ့သဘာဝမျိုးဖြစ်သနည်း။ ကောင်းသောလူ့သဘာဝမဟုတ်ပေ။ ထိုသို့သောလူများ ပြောသည့်အရာကို အာရုံမစိုက်လေနှင့်။ သူအသက်ရှင် နေထိုင်သည့်အရာ၊ သူ ထုတ်ဖော်ပြသည့်အရာနှင့် သူ၏ တာဝန်များကို ဆောင်ရွက်ချိန်တွင် သူ၏သဘောထား မည်သည့်အရာ ဖြစ်သည် ဆိုသည့်အပြင် သူ၏ အတွင်းပိုင်းအခြေအနေ မည်သည့်အရာ ဖြစ်ပြီး သူ မည်သည့်အရာ ချစ်သည်ကို သင် မြင်ရမည်။ ၎င်းတို့၏ ကိုယ်ပိုင်ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို ၎င်းတို့ချစ်ခြင်းသည် ဘုရားသခင်အပေါ် ၎င်းတို့သစ္စာရှိခြင်းထက် ပိုလွန်ပါက၊ ၎င်းတို့၏ ကိုယ်ပိုင် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို ချစ်ခြင်းသည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများထက် သာလွန်ပါက၊ သို့မဟုတ် ၎င်းတို့၏ ကိုယ်ပိုင် ကျော်ကြားမှုနှင့် အကျိုးအမြတ်များကို ချစ်ခြင်းသည် ဘုရားသခင်ကို ၎င်းတို့ပြသည့် အရေးထားမှုထက် သာလွန်ပါက၊ ထိုသို့သောလူများသည် လူ့သဘာဝကို ပိုင်ဆိုင်ကြသလော။ ၎င်းတို့သည် လူ့သဘာဝရှိသည့်သူများ မဟုတ်ပေ။ သူတို့၏ အပြုအမူကို အခြားသူများနှင့် ဘုရားသခင်က မြင်နိုင်ပေသည်။ ထိုသို့သော လူတို့အတွက် သမ္မာတရားကို ရရှိဖို့ အလွန်ခက်ခဲပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးအပ်ရာတွင် မိမိသည် သမ္မာတရားကို ရရှိနိုင်သည်) အရင်တုန်းကတော့ ကျေးဇူးဆပ်တဲ့သူတွေ၊ သစ္စာစောင့်သိမှုကို တန်ဖိုးထားတဲ့သူတွေဟာ လူ့သဘာဝကောင်း ရှိတဲ့လူတွေလို့ ကျွန်တော် အမြဲတွေးခဲ့တာ။ ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီးတော့မှ ကိစ္စတွေအပေါ် ကျွန်တော့်အမြင်တွေက တော်တော့်ကို အဓိပ္ပာယ်မဲ့မှန်း သဘောပေါက်ခဲ့ရတယ်။ စစ်မှန်တဲ့ လူ့သဘာဝကောင်း ရှိတဲ့သူတစ်ယောက်က ဘုရားရဲ့ အတွေးအခေါ်၊ အလေးထားစရာတွေနဲ့အညီဖြစ်တဲ့သူ၊ ရိုးသားတဲ့ စိတ်နှလုံးရှိတဲ့သူ၊ ဖြောင့်မှန်တဲ့သူတစ်ယောက်၊ အပြုသဘောဆောင်တာတွေကို ချစ်ပြီး တရားမျှတစိတ်ရှိတဲ့သူ၊ ပြီးတော့ သမ္မာတရားစည်းမျဉ်းတွေကို ထိန်းသိမ်းနိုင်ပြီး ဘာကို ချစ်ပြီး ဘာကိုမုန်းရမယ်ဆိုတာ နားလည်နိုင်တဲ့သူပါ။ ကျွန်တော့်မှာတော့ သူများတွေရဲ့ အမြင်မှာ သစ္စာစောင့်သိတဲ့လူတစ်ယောက် အနေနဲ့ ပုံရိပ်ကောင်းကို ထိန်းဖို့ ကြိုးစားရင်း အသင်းတော်ရဲ့ အကျိုးစီးပွားတွေကို ထိခိုက်ဖို့ တွန့်ဆုတ်မနေခဲ့ဘူး။ ဝမ်ချန်းကို ဖယ်ထုတ်ဖို့ထက် သူက အသင်းတော်အသက်တာကို အဖျက်အမှောင့်လုပ်ပြီး ညီအစ်ကိုမောင်နှမတွေရဲ့ တာဝန်ထမ်းဆောင်မှုကို ဟန့်တားတာ ကြည့်ဖို့ကိုသာ ပိုနှစ်သက်ခဲ့တယ်။ ကျွန်တော့်ကို လူ့သဘာဝကောင်းရှိတဲ့သူတစ်ယောက်လို့ ဘယ်လိုခေါ်လို့ရမှာလဲ။ ကျွန်တော်က တကယ်ကို လူ့သဘာဝမရှိတဲ့ သူတစ်ယောက်၊ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတဲ့ သူတစ်ယောက်ပဲ။ ဒါကို သဘောပေါက်ပြီးတဲ့နောက်မှာ ကျွန်တော့်မှာ လူ့သဘာဝကောင်းရှိတယ်လို့ ကျွန်တော် မထင်တော့ဘူး။ အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော် နောက်ထပ်တစ်ပိုဒ်ကို ဖတ်လိုက်ရပြီး လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတချို့ ရခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူတို့သည် အခြားလူများကို မည်သည့်စည်းမျဉ်းနှင့် ဆက်ဆံရန် ဘုရားသခင်က တောင်းဆိုသနည်း။ ဘုရားသခင်ချစ်သောအရာကို ချစ်ပြီး ဘုရားသခင် မုန်းသောအရာကို မုန်းလော့။ ဤသည်မှာ လိုက်နာသင့်သည့် စည်းမျဉ်းဖြစ်၏။ ဘုရားသခင်သည် သမ္မာတရားကို လိုက်စားပြီး သူ၏ အလိုတော်ကို လိုက်လျှောက်နိုင်သောသူများကို ချစ်သည်။ ဤလူတို့သည်လည်း ကျွန်ုပ်တို့ ချစ်သင့်သောလူများဖြစ်သည်။ ဘုရားသခင်၏ အလိုတော်ကို မလိုက်လျှောက်နိုင်သောသူ၊ ဘုရားသခင်ကို မုန်းတီးပြီး၊ ပုန်ကန်သောသူ၊ ဤလူတို့သည် ဘုရားသခင်၏ အလွန်မုန်းတီးခြင်းကို ခံရသည်။ ကျွန်ုပ်တို့သည်လည်း ၎င်းတို့ကို အလွန်မုန်းတီးသင့်၏။ ဤသည်မှာ လူသားအပေါ် ဘုရားသခင် တောင်းဆိုသောအရာ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ကိုယ်ပိုင်လွဲမှားသောအမြင်များကို သတိပြုခြင်းဖြင့်သာ အမှန်တကယ် ပြောင်းလဲနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီးတော့ သူ့ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး ကျွန်တော် နားလည်မှုတချို့ ရခဲ့တယ်။ ဘုရားသခင်က လူတွေကို သူချစ်တဲ့အရာကို ချစ်ပြီး သူမုန်းတဲ့အရာကို မုန်းဖို့၊ အမှုကိစ္စတွေဖြစ်တဲ့အခါ သူ့ဘက်မှာ နေပြီး သမ္မာတရားစည်းမျဉ်းတွေကို ထိန်းသိမ်းဖို့ တောင်းဆိုပါတယ်။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ပြီး သမ္မာတရား လိုက်စားတဲ့ ညီအစ်ကိုမောင်နှမတွေနဲ့ဆိုရင် တစ်ယောက်ယောက်က သူတို့ရဲ့တာဝန်တွေမှာ ပြဿနာတွေ တွေ့တဲ့အခါ သူတို့ကို သမ္မာတရား မိတ်သဟာယပြုပေးပြီး မေတ္တာနဲ့ ပံ့ပိုးပေးသင့်တယ်။ လိုအပ်တဲ့အခါ သူတို့ကို ပြုပြင်တာကို လက်တွေ့လုပ်ဆောင်သင့်တယ်။ ဆိုးယုတ်တဲ့ လူတွေ၊ မယုံကြည်သူတွေနဲ့ အန္တိခရစ်တွေအတွက်ကတော့ သူတို့ကို ဖော်ထုတ်ပြီး တိုင်ကြားတာ၊ ရှောင်ကြဉ်ပြီး ငြင်းပယ်တာကို လက်တွေ့လုပ်ဆောင်သင့်တယ်။ အဲဒီလို လက်တွေ့လုပ်ဆောင်မှုတွေကသာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီတယ်။ အခု ဝမ်ချန်းက မယုံကြည်သူတစ်ယောက်၊ စာတန်ရဲ့အမျိုးအစားတစ်ယောက်အနေနဲ့ ထုတ်ဖော်ခံရပြီးပြီဆိုတော့ အသင်းတော်မှာ သူ့ကို ဆက်ထားတာက အသင်းတော်ရဲ့ အလုပ်ကို အဖျက်အမှောင့်လုပ်တာပဲ ဖြစ်မှာ။ ကျွန်တော်က ဘယ်လိုမှ ခံစားချက်တွေအရ ပြုမူလို့ မရတော့ဘူး။ သူ့ရဲ့ မယုံကြည်တဲ့ အပြုအမူတွေကို ကျွန်တော် စာနဲ့ချရေးပြီး သူ့ကို အသင်းတော်ကနေ အမြန်ဆုံး ဖယ်ထုတ်ဖို့ လိုအပ်ပြီ။ အဲဒီနောက်မှာ ဘုရားဆီ ကျွန်တော် ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ ကိုယ်တော်က ကျွန်တော့်ကို အရမ်းကို မျက်နှာသာပေးခဲ့ပြီး ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ အခွင့်အရေး ပေးခဲ့ပါတယ်။ ဒါတောင်မှ ကျွန်တော်က အသင်းတော်ရဲ့ အကျိုးစီးပွားတွေကို တစ်စက်လေးမှ မကာကွယ်ခဲ့ပါဘူး။ ကိုယ်တော့်ဆီမှာ နောင်တရဖို့၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့နဲ့ အသင်းတော်ရဲ့အလုပ်ကို ကာကွယ်ဖို့ ကျွန်တော် လိုလားပါတယ်” လို့ပေါ့။ ဆုတောင်းပြီးနောက်မှာ ဝမ်ချန်းရဲ့ အပြုအမူတွေကို ကျွန်တော် ချရေးခဲ့တယ်။ စုံစမ်းစစ်ဆေးလိုက်တော့ ဝမ်ချန်းက တကယ်ကို မယုံကြည်သူတစ်ယောက်ဖြစ်တယ်ဆိုတာ အထက်ခေါင်းဆောင်တွေ သိသွားပြီး အသင်းတော်ကနေ သူ့ကို ဖယ်ထုတ်ပစ်လိုက်ကြတယ်။ ဒီအဆုံးသတ်ကို မြင်တော့ ကျွန်တော်ဟာ နောက်ဆုံးမှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားရဲ့ ရည်ရွယ်ချက်ကို အလေးထားနိုင်ခဲ့တဲ့အတွက် ကျွန်တော့်စိတ်နှလုံးက ငြိမ်သက်ပြီး ပျော်ရွှင်မိတယ်။
နောက်ပိုင်းမှာ အထက်ခေါင်းဆောင်တွေက ကျွန်တော်တို့ရဲ့ ညံ့ဖျင်းတဲ့ အလုပ်ရလဒ်တွေအတွက် အကြောင်းရင်းတွေကို ဆန်းစစ်တဲ့အခါမှာ အသင်းတော်ရဲ့ အလုပ်ကို ကျွန်တော် မကာကွယ်ခဲ့တဲ့အချိန်တွေအားလုံးကို ပြန်သတိရမိတယ်။ အသင်းတော်ခေါင်းဆောင်တစ်ယောက်အနေနဲ့ ခံစားချက်တွေအရ ပြုမူပြီး အသင်းတော်မှာ မယုံကြည်သူကို ဆက်နေခွင့်ပေးတာ၊ အသင်းတော်အသက်တာကို အဖျက်အမှောင့်လုပ်တာမျိုး ဖြစ်စေတာတွေဟာ ဘုရားရှေ့မှောက်မှာ ပြစ်မှားမှုတစ်ခုဖြစ်ပြီး အမည်းစက်တစ်ခုပါပဲ။ အသင်းတော်ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်တော်ဟာ ကိုယ့်တာဝန်နဲ့ ဝတ္တရားကိုတောင် ကောင်းကောင်း ဖြည့်ဆည်းဖို့ ပျက်ကွက်ခဲ့တယ်။ ဒါကို တွေးပြီး ကျွန်တော် အပြစ်ရှိတဲ့စိတ်ခံစားရပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ခဲ့တယ်။ ကျွန်တော်က အသင်းတော်ခေါင်းဆောင် မဖြစ်ထိုက်ပါဘူးလို့ တွေးရင်းနဲ့ပေါ့။ ဒါကြောင့် ကျွန်တော် နုတ်ထွက်တော့မယ်ဆိုပြီး အထက်ခေါင်းဆောင်တွေကို ပြောလိုက်တယ်။ ဒါကို ကြားပြီးနောက်မှာ အထက်ခေါင်းဆောင်က ကျွန်တော့်ကို ဒီလိုပြောပြီး မိတ်သဟာယပြုတယ်။ “လူတွေရဲ့စိတ်ထဲက ဘုရားသခင်ကို အတိုက်အခံလုပ်တဲ့ စာတန်ဆန်တဲ့ စိတ်သဘောထားကို သန့်စင်ပေးဖို့၊ သူတို့ကို စစ်မှန်တဲ့ နောင်တရခွင့်ပြုဖို့ ဘုရားသခင်က သူတို့ကို တရားစီရင်ပြီး ဖော်ထုတ်တာပါ။ ဒါက ဘုရားသခင်ရဲ့ အရမ်းအလေးအနက်ထားတဲ့ ရည်ရွယ်ချက်ပါ။ သူ့ကို နားလည်မှုမလွဲပါနဲ့” တဲ့။ ကျွန်တော် ဘုရားသခင်ကို တကယ်ကို ကျေးဇူးတင်ခဲ့တယ်။ ကျွန်တော် စိတ်နှလုံးခိုင်မာပြီး ပုန်ကန်တုန်းက ဘုရားသခင်က ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်လို့ရအောင် နာမကျန်းမှုကတစ်ဆင့် ကျွန်တော့်ကို ဆုံးမပဲ့ပြင်ခဲ့တယ်။ ပြီးတော့ အခုလည်း ကျွန်တော်က နောင်တရချင်စိတ်နည်းနည်း ပြလိုက်တာနဲ့ ဘုရားသခင်က ကျွန်တော့်အပေါ် သနားကရုဏာထားတယ်၊ ကျွန်တော့်တာဝန်ကို ဆက်ထမ်းဆောင်ဖို့ ကျွန်တော့်ကို အခွင့်အရေးပေးခဲ့တယ်။ ဒီဟာကြောင့် ကျွန်တော့်စိတ်ထဲမှာ အရမ်းကိုခံစားခဲ့ရတယ်။
ဒီအတွေ့အကြုံကတစ်ဆင့် ကိစ္စတွေအပေါ် ကျွန်တော့်အမြင်ရှုထောင့် အတော်များများက သမ္မာတရားနဲ့ မကိုက်ညီတာ၊ ဘုရားရဲ့ တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်းတို့ကို အရမ်းအရမ်းကို လိုအပ်နေပြီဆိုတာကို ကျွန်တော် မြင်လာခဲ့တယ်။ နောင်လာမဲ့အတွေ့အကြုံတွေမှာ ကျွန်တော် သမ္မာတရားကို ပိုပြီး လက်တွေ့လုပ်ချင်တယ်။ ဘုရားသခင်ကို ကျိုးနွံနာခံတဲ့သူတစ်ယောက်ဖြစ်ဖို့ လိုက်စားပြီး ကျွန်တော့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ချင်တယ်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။