နာခံခြင်း၌ သင်ယူခဲ့ရသည့် သင်ခန်းစာ
မနှစ်တုန်းက စက်တင်ဘာလထဲက နေ့တစ်နေ့မှာ ကျွန်မခေါင်းဆောင်က ကျွန်မကို အသစ်တည်ထောင်ထားတဲ့ အသင်းတော်တစ်ခုကို ကြီးကြပ်ဖို့ တာဝန်ပေးတယ်။ ဒီအချိန်မှာ အစ်ကိုအဲရစ်က ကျွန်မရဲ့ လက်ရှိအသင်းတော်ကို လွှဲပြောင်းယူပြီး ကြီးကြပ်မှာ။ သူက ကျွန်မကို ဒီအကြောင်းပြောပြတော့ ဒီတာဝန်ကို တော်တော်ကို ယူချင်စိတ်မရှိနေဘူး။ ကျွန်မ စဉ်းစားတယ်။ ဒီအသင်းတော်အသစ်မှာ ပြဿနာတွေ ပေါင်းစုံရှိနေပြီး သူတို့ပရောဂျက်တွေက အခြေအနေမကောင်းဘူး။ သူတို့တွေက ခေါင်းဆောင်၊ အမှုဆောင်တွေမှာ လူအင်အားနည်းနေတာ။ သူတို့မလုပ်နိုင်တာတွေ အများကြီးရှိတယ်။ ဒီတော့ ကျွန်မက သူတို့ကို သင်ပေးရမှာ၊ ဒါမှမဟုတ် ကိုယ့်ဘာသာ လုပ်ရမှာ။ အဲဒီအသင်းတော်ကို ကြီးကြပ်ရမှာ တော်တော်ဒုက္ခများမှာပဲလို့ တွေးမိတာပေါ့။ အများကြီး ဒုက္ခခံ၊ အနစ်နာခံရမှာတင်မဟုတ်ဘူး။ အောင်မြင်ဖို့လည်း အာမခံချက်မရှိဘူး။ ကျွန်မ လက်ရှိအသင်းတော်နဲ့ လုံးဝ မတူဘူး။ လက်ရှိအသင်းတော်က ဧဝံဂေလိအလုပ်မှာ ရလဒ်ကောင်းတွေရတယ်။ ကိုယ့်ဘာသာလုပ်နိုင်ပြီး ကျွန်မအလုပ်တချို့ရဲ့ ဝန်ကို မျှထမ်းပေးနိုင်တဲ့ လူသစ်တွေရှိတယ်။ ဒီတော့ ကျွန်မက အများကြီး ဒုက္ခမခံရဘူး။ ကျွန်မ စဉ်းစားလေလေ၊ အဲဒီအသင်းတော်ကို တာဝန်မယူချင်လေလေပဲ။ အဲဒါနဲ့ ကျွန်မ ခေါင်းဆောင်ကို ပြောလိုက်တယ်။ “အဲရစ်က အခုမှ စလုပ်တာ။ ဒီအလုပ်ကို တစ်ယောက်တည်း တာဝန်ယူဖို့ အသင့်မဖြစ်သေးဘူး။ ကျွန်မက အခုထွက်သွားရင် ဒီက အလုပ်တွေအားလုံးကို မကိုင်တွယ်နိုင်လောက်ဘူး။ အသင်းတော်အလုပ် ထိခိုက်နိုင်တယ်။ အဲဒါကြောင့် ဒီမှာ နေလို့ရမလား” ပေါ့။ အဲရစ်က သူ့တာဝန်မှာ တော်တော်စိတ်ချရပြီး ပျိုးထောင်ပေးလို့ရတယ်လို့ ခေါင်းဆောင်ကပြောတယ်။ သူ သေချာစဉ်းစားပြီး ကျွန်မသွားတာ ပိုကောင်းတယ်လို့ ကောက်ချက်ချလိုက်တာ တဲ့။ ကျွန်မက ဒီလိုကြားရတော့ ခေါင်းဆောင်က စိတ်ဆုံးဖြတ်ပြီးသွားပြီ။ ကျွန်မက လက်ခံဖို့ပဲရှိတယ်ဆိုတာ သိလိုက်တယ်။ ဒါပေမဲ့ နောက်ကျတော့ အသင်းတော်အသစ်အကြောင်း စဉ်းစားတိုင်း စိုးရိမ်ပြီး စိတ်သောကရောက်တယ်။ ကျွန်မက မကောင်းတဲ့ အခြေအနေမှာရှိနေပြီး ကျွန်မတာဝန်ကို လျစ်လျူရှုနေတာဆိုတာ ကျွန်မ သိတယ်။ အဲဒါနဲ့ ဘုရားကို ဆုတောင်းပြီး ကျွန်မကို နာခံပြီး ဒီအခြေအနေကို ကြုံတွေ့ဖို့အတွက် လမ်းပြပေးဖို့ ဆုတောင်းခဲ့တယ်။
နောက်ပိုင်းမှာ ဒီ ဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ကျွန်မ တွေ့မိတယ်။ “တာဝန်တစ်ခုထမ်းဆောင်သောအခါတွင် လူတို့သည် ပေါ့ပါးသောအလုပ်၊ သူတို့ကို မပင်ပန်းစေသောအလုပ်၊ ဆိုးရွားသောရာသီဥတုတွင် အပြင်ထွက်ရခြင်း မပါဝင်သောအလုပ်ကို အစဉ် ရွေးချယ်ကြသည်။ ဤသည်မှာ လွယ်ကူသောအလုပ်များကို ရွေးခြင်းနှင့် ခက်ခဲသော အလုပ်များကို ခေါင်းရှောင်ခြင်းဖြစ်ပြီး ဇာတိပကတိ သက်သာမှုများကို တပ်မက်ခြင်း၏ သရုပ်သကန်ဖြစ်သည်။ အခြားမည်သည့်အရာရှိသေးသနည်း။ (သူတို့၏ တာဝန်က အနည်းငယ်ခက်ခဲသောအခါ၊ အနည်းငယ် ပင်ပန်းသောအခါ၊ အဖိုးအခတစ်ခုပေးဆပ်ခြင်း ပါဝင်သောအခါ အစဉ် ညည်းညူခြင်း။) (အစားအစာနှင့် အဝတ်အစား၊ ဇာတိပကတိကို လိုက်လျောခြင်းတို့ကိုသာ စိတ်ရောက်နေခြင်း။) ဤအရာအားလုံးသည် ဇာတိပကတိ သက်သာမှုကို တပ်မက်ခြင်း၏ သရုပ်သကန်များဖြစ်သည်။ ထိုသို့သော လူတစ်ဦးသည် အလုပ်တာဝန်တစ်ခုက ပင်ပန်းခက်ခဲလွန်းသည်၊ သို့မဟုတ် အန္တရာယ်များသည်ဟု မြင်သည့်အခါ အခြားလူတစ်ဦးအပေါ် လွှဲပေးလိုက်သည်။ ၎င်းတို့ကိုယ်တိုင်ကမူ အေးအေးဆေးဆေး အလုပ်ကိုသာ လုပ်ပြီး ၎င်းတို့သည် အစွမ်းအစ ညံ့ဖျင်းကာ လိုအပ်သော ကျွမ်းကျင်မှုများ မရှိကြောင်း၊ ယင်းက ၎င်းတို့အတွက် မတတ်နိုင်လောက်အောင် ဖြစ်ကြောင်းတို့ကို ပြောဆိုလျက် ဤအလုပ်ကို မလုပ်နိုင်သည့် အကြောင်းအရင်းအတွက် ဆင်ခြင်များပေးကြသည်။ အမှန်မှာမူ ၎င်းတို့သည် ဇာတိပကတိ၏ သက်သာမှုများကို မက်မောသောကြောင့်ဖြစ်သည်။...တာဝန်ထမ်းဆောင်စဉ်တွင် လူတို့သည် အစဉ် ညည်းညူသောအချိန်၊ ၎င်းတို့သည် မည်သည့်ကြိုးစားအားထုတ်မှုမျှ မပြုလိုသည့်အချိန်၊ ၎င်းတို့၌ အလုပ်အားလပ်သည့်အချိန် အနည်းငယ် ရှိသည်နှင့်တစ်ပြိုင်နက် အနားယူကာ အလဟဿ ရောက်တတ်ရာရာပြောသည်၊ သို့မဟုတ် အေးဆေးစွာ အနားယူခြင်း၊ ဖြေဖျော်မှုများ ခံစားခြင်း တို့ကို လုပ်ဆောင်သည်။ ပြီးလျှင် အလုပ်များလာပြီး ၎င်းတို့ဘဝများ၏ ပုံမှန်လှုပ်ရှားမှုနှင့် လုပ်ရိုးလုပ်စဉ်တို့ ပျက်သည့်အခါ ၎င်းတို့က ယင်းကိုမပျော်မရွှင်ဖြစ်ပြီး ကျေနပ်မှုမရှိကြပေ။ ၎င်းတို့က ညည်းညူပြီး စောဒကတက်ကြကာ မိမိတို့၏တာဝန် ထမ်းဆောင်ခြင်းတွင် ပေါ့ဆကာ ဝတ်ကျေတမ်းကျေ ဖြစ်လာသည်။ ဤသည်မှာ ဇာတိပကတိ၏ သက်သောင့်သက်သာဖြစ်ခြင်းကို အငမ်းမရဖြစ်ခြင်းမဟုတ်သလော။...အသင်းတော်အလုပ်က မည်မျှ ရှုပ်နေပါစေ၊ သို့မဟုတ် ၎င်းတို့၏ တာဝန်များက မည်မျှ အလုပ်ရှုပ်ပါစေ ၎င်းတို့ဘဝများ၏ လုပ်ရိုးလုပ်စဉ်များနှင့် သာမန်အခြေအနေတို့က မည်သည့်အခါမျှ အနှောင့်အယှက်မဖြစ်ပေ။ ၎င်းတို့သည် ဇာတိပကတိ အသက်တာ၏ မည်သည့်အသေးစိတ်အချက်ကိုမဆို လုံးဝ ပေါ့ဆခြင်းမရှိဘဲ အပြည့်အဝ ထိန်းချုပ်ထားကာ အလွန်ပင် တိကျပြီး အလေးအနက်ထားသည်။ သို့သော် ဘုရားအိမ်တော်၏ အလုပ်ကို ကိုင်တွယ်ဖြေရှင်းသောအခါတွင် ကိစ္စသည် မည်မျှ ကြီးပါစေ ညီအစ်ကိုမောင်နှမများ၏ ဘေးကင်းရေးပါဝင်နေနိုင်လျှင်ပင် ၎င်းတို့က ပေါ့ဆစွာ ကိုင်တွယ်ဖြေရှင်းသည်။ ဘုရားသခင်၏ စေခိုင်းချက်ပါဝင်သော ထိုအရာများကိုပင်၊ သို့မဟုတ် ၎င်းတို့ ဖြည့်ဆည်းသင့်သည့် တာဝန်ကိုပင် ဂရုမစိုက်ပေ။ ၎င်းတို့သည် တာဝန်ယူခြင်းမရှိပေ။ ဤသည်မှာ ဇာတိပကတိ သက်သာမှုများကို တပ်မက်ခြင်းမဟုတ်လော။ ဇာတိပကတိ သက်သာမှုကို တပ်မက်သောလူများသည် တာဝန်တစ်ခု ထမ်းဆောင်ဖို့အတွက် သင့်တော်သည့် လူများ ဖြစ်သလော။ ၎င်းတို့၏တာဝန် ထမ်းဆောင်ခြင်း အကြောင်းအရာကို ဆွေးနွေးကြလော့၊ အဖိုးအခပေးခြင်းနှင့် ဒုက္ခခံခြင်းအကြောင်း ပြောလော့၊ ပြီးလျှင် ၎င်းတို့သည် မိမိတို့၏ခေါင်းများကို မပြတ်ခါကြပေသည်။ ၎င်းတို့၌ ပြဿနာများစွာ ရှိမည်၊ ၎င်းတို့သည် စောဒကအပြည့်ရှိကြသည်၊ အရာရာနှင့်ပတ်သက်၍ အပျက်သဘောဆောင်ကြသည်။ ထိုသို့သော လူများသည် အသုံးမကျပေ၊ ၎င်းတို့သည် မိမိတို့၏တာဝန်ကို ထမ်းဆောင်ဖို့ အခွင့်မရှိဘဲ၊ ဖယ်ရှားခံရသင့်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ) သက်သာတာကို ဆန္ဒရှိတဲ့သူတွေက သူတို့တာဝန်တွေမှာ ရိုးသားစစ်မှန်မှုမရှိဘူးဆိုတာကို ဒီအပိုဒ်က အသေးစိတ်စိစစ်ပြတယ်။ သူတို့တွေက အမြဲတမ်း ပေါ့ပါးတဲ့အလုပ်ကို ရွေးပြီး ကြေးများကြတယ်။ တာဝန်တွေအများကြီးမယူရတဲ့ လွယ်တဲ့ တာဝန်တွေကို အမြဲတမ်း ရွေးချယ်ကြတယ်။ ဒုက္ခခံဖို့၊ အနစ်နာခံဖို့ လိုတဲ့ တာဝန်တွေကျတော့ ငြင်းပယ်ပြီး ဘေးချိတ်ထားဖို့ အကြောင်းပြချက်တွေ အများကြီးရှိကြတယ်။ ဒီလိုလူတွေက တာဝန်ထမ်းဆောင်ဖို့ မထိုက်တန်ဘဲ သူတို့တွေကို ရွံရှာတယ်လို့ ဘုရားက ပြောတယ်။ ဘုရားနှုတ်ကပတ်တော်ကို စဉ်းစားပြီးတဲ့နောက်မှာ ကျွန်မ တော်တော်လိပ်ပြာမလုံဖြစ်တယ်။ ဘုရားသခင်က ကျွန်မရဲ့ အခြေအနေ အတိအကျကို ဖော်ထုတ်ခဲ့တာပဲ။ ကျွန်မကို အသင်းတော်အသစ်ကို ကြီးကြပ်ဖို့ ခေါင်းဆောင်က တာဝန်ပေးတော့ ကျွန်မက အဲဒီအသင်းတော်က အလုပ်က အခုမှစနေပြီး ရလဒ်တွေက မကောင်းဘူး၊ ခေါင်းဆောင်၊ အမှုဆောင် လူအင်အားနည်းနေတယ် ဆိုတာတွေကို သိပြီး အရမ်းကို လုပ်ချင်စိတ်မရှိခဲ့ဘူး။ အလုပ်ကို ကောင်းကောင်းပြီးစေချင်ရင် ဒုက္ခခံရတာ၊ အားထုတ်ရတာတွေ အများကြီးလိုမှာ။ ကျွန်မရဲ့ လက်ရှိအသင်းတော်ကျတော့ ဧဝံဂေလိအလုပ်မှာ ရလဒ်ကောင်းတွေရရုံတင်မကဘူး။ ခေါင်းဆောင်၊ အမှုဆောင် လူအင်အား ကောင်းကောင်းရှိတယ်။ ဒီတော့ အလုပ်တွေ ချပေးရတာက လွယ်ကူတဲ့တာဝန်တစ်ခုပဲ။ အသင်းတော်တွေကို ယှဉ်ကြည့်ပြီး ကျွန်မက ဒီအတိုင်းပဲနေဖို့၊ အသစ်တစ်ခုကို မကြီးကြပ်ဖို့ ပိုကြိုက်တယ်။ ခေါင်းဆောင်က ကျွန်မနဲ့ မိတ်သဟာယဖွဲ့တဲ့အချိန်မှာ ကျွန်မက လျစ်လျူရှုဖို့ ဆင်ခြေတစ်ခုတောင် ဖန်တီးပြီး ပြောခဲ့တယ်။ အဲရစ်က သာမန်အစွမ်းအစပဲရှိပြီး အလုပ်ကို ချက်ချင်း တစ်ယောက်တည်း မကိုင်တွယ်နိုင်ဘူးလို့ ပြောခဲ့တယ်။ ဒီတော့ ကျွန်မ ထွက်သွားရင် အသင်းတော်အလုပ် ထိခိုက်မယ်ပေါ့။ အပြင်ပန်းကကြည့်ရင် ကျွန်မက တော်တော်တာဝန်ခံယူတယ်၊ ကျွန်မပြောသမျှမှာ အသင်းတော်အတွက် ဂရုစိုက်တယ်ဆိုတဲ့ ပုံစံရှိတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ အသင်းတော်အသစ်ကို မကြီးကြပ်ရအောင်လို့ ဆင်ခြေတွေ ဖန်တီးနေတာပဲ။ ကျွန်မက ကိုယ့်ရဲ့ ဇာတိပကတိကို တယုတယထားပြီး ဒုက္ခခံပြီး အနစ်နာခံချင်စိတ်မရှိဘူး။ ကျွန်မရဲ့ ကိုယ်ပိုင် ဇာတိပကတိကိုပဲ ထည့်စဉ်းစားပြီး အလွယ်ဆုံး၊ အသက်သာဆုံးမှန်သမျှကို လုပ်တယ်။ ကျွန်မက တာဝန်တွေနဲ့ပတ်သက်ရင် ကြေးများပြီး ဇီဇာကြောင်တယ်။ ဘုရားနဲ့ ပတ်သက်လို့ ကျွန်မ လှည့်စား၊ ကောက်ကျစ်ခဲ့ပြီး ဘာဝန်ထုပ်မှ မယူချင်ခဲ့ဘူး။ ကျွန်မက မယုံကြည်သူတစ်ယောက်လို စိတ်မချရဘဲ မရိုးသားဘူး။ အသင်းတော်က ကျွန်မကို နှစ်တွေအကြာကြီး ပျိုးထောင်ပေးခဲ့တယ်။ ဒါပေမဲ့ အသင်းတော်အသစ်က ပြဿနာတွေရှိနေပြီး ကျွန်မ အကူအညီကို လိုတဲ့အချိန်မှာ ကျွန်မက ဇာတိပကတိကို အလိုလိုက်ပြီး လိုအပ်တဲ့အလုပ်ကို မလုပ်ရင် အသင်းတော်အလုပ်က ထိခိုက်မယ်။ လူသစ်တွေက ပျိုးထောင်ခံရမှာမဟုတ်ဘူး။ ဧဝံဂေလိအလုပ်က ဆက်ပြီး နှောင့်နှေးသွားမယ်။ အဲရစ်က အကောင်းဆုံး အစွမ်းအစနဲ့ လုပ်ကိုင်မှု မရှိတာ၊ အလုပ်တွေအားလုံးကို ချက်ချင်း တာဝန်မယူနိုင်တာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမဲ့ ကျွန်မရဲ့ နဂိုအသင်းတော်က ပိုပြီး တည်ငြိမ်တယ်။ အဲရစ်က ဒါတွေနဲ့ ရင်းနှီးနေပြီ။ လိုအပ်တဲ့အချိန်မှာ ကျွန်မက သူနဲ့ တွဲလုပ်ရင် အသင်းတော်အလုပ်က ဒီလောက် ထိခိုက်မှာမဟုတ်ဘူး။ ခြုံကြည့်ရင် ခေါင်းဆောင်က ကျွန်မကို အသင်းတော်အသစ်ကို တာဝန်ပေးတာက မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချလိုက်တာပဲ။ ကျွန်မရဲ့ ဇာတိပကတိကို ဆက်တိုက် အလိုလိုက်ပြီး အသင်းတော်အလုပ်ကို မကာကွယ်တာကြောင့် ဘုရားက ရွံရှာပြီး ဘုရားရဲ့ ယုံကြည်မှုနဲ့ ကျွန်မ မထိုက်တန်ခဲ့ဘူး။ ဒါကို သဘောပေါက်ပြီး ဘုရားကို ကျွန်မ တိတ်တဆိတ် ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ ဒီပတ်ဝန်းကျင်ကို နာခံဖို့ သမီး အသင့်ဖြစ်နေပါပြီ။ ခေါင်းဆောင်က ဒီအသင်းတော်အသစ်ကို ကြီးကြပ်ဖို့ သမီးကို တာဝန်ပေးပါတယ်။ သမီးက ခိုင်းတဲ့အတိုင်း လုပ်ချင်စိတ်ရှိပြီး ဒီတာဝန်အတွက် အစွမ်းကုန် လုပ်ချင်စိတ်ရှိပါတယ်။ ဒီလို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတဲ့ အခြေအနေမှာ ဆက်ပြီးမနေချင်တော့ပါဘူး” ဆိုပြီးတော့။
အဲဒီနောက်တော့ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ တွေ့မိတယ်။ “လူတို့ကို လုပ်ဆောင်ရန် ဘုရားသခင် ခိုင်းစေသောအရာအားလုံးနှင့် ဘုရားအိမ်တော်ရှိ အလုပ်အမျိုးအစား အားလုံးကို လူတို့က လုပ်ဆောင်ရန်လိုအပ်သည်။ အားလုံးက လူတို့၏ တာဝန်များအဖြစ် အကျုံးဝင်သည်။ မည်သည့်အလုပ်ကို လူတို့လုပ်ဆောင်သည်ဖြစ်စေ ဤသည်မှာ ၎င်းတို့ ထမ်းဆောင်သင့်သည့် တာဝန်ဖြစ်သည်။ တာဝန်များသည် အလွန်ကျယ်ပြန့်သည့် နယ်ပယ်တစ်ခုကို ခြုံငုံပြီး၊ နေရာများစွာ ပါဝင်သည်။ သို့သော် မည်သည့်တာဝန်ကို သင်ထမ်းဆောင်သည်ဖြစ်စေ ရိုးရှင်းစွာဆိုရလျှင် ဤသည်မှာ သင်၏ ဝတ္တရားဖြစ်သည်။ သင်လုပ်ဆောင်နေသင့်သည့် အရာတစ်ခုဖြစ်သည်။ ကောင်းစွာလုပ်ဆောင်ရန် သင်ကြိုးပမ်းသရွေ့ ဘုရားသခင်က သင့်ကို ချီးမွမ်းလိမ့်မည်။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူတစ်ယောက်အဖြစ် အသိအမှတ်ပြုလိမ့်မည်။ သင် မည်သူဖြစ်စေ သင်၏ တာဝန်ကို အစဉ်သဖြင့် ရှောင်ကြဉ်ရန်၊ သို့မဟုတ် ကွယ်ဝှက်ရန် ကြိုးစားနေလျှင် ပြဿနာတစ်ခုရှိသည်။ လျှော့ပြောရလျှင်၊ သင်သည် အလွန်ပျင်းရိပြီး အလွန်လှည့်ဖြားတတ်သည်၊ သင်သည် အချောင်ခိုပြီး အားလပ်ချိန်ကို နှစ်သက်ကာ အားထုတ်မှုကို စက်ဆုပ်သည်။ ပို၍လေးနက်စွာ ဆိုရလျှင် သင်သည် သင့်တာဝန်ကို ထမ်းဆောင်လိုစိတ်မရှိ၊ သင်၌ ဆက်ကပ်မှုမရှိ၊ နာခံမှုမရှိပါပေ။ သင်သည် ဤသေးငယ်သော အလုပ်တာဝန်ထဲ၌ပင် လုံ့လမစိုက်ထုတ်နိုင်လျှင် မည်သည့်အရာ လုပ်နိုင်သနည်း။ မည်သည့်အရာကို သင် ကောင်းမွန်စွာ လုပ်ဆောင်နိုင်စွမ်း ရှိသနည်း။ အကယ်၍ လူတစ်ဦးသည် အမှန်တကယ် ဆက်ကပ်ပြီး သူ၏တာဝန်သိစိတ်ရှိပါက၊ ယင်းကို ဘုရားသခင် တောင်းဆိုနေသရွေ့၊ ထို့ပြင် ယင်းကို ဘုရားသခင်၏အိမ်တော်မှ လိုအပ်နေသရွေ့ သူ့အား ခိုင်းစေသည့်အရာတိုင်းကို မရွေးဘဲ သူလုပ်ဆောင်လိမ့်မည်။ ဤသည်မှာ မိမိတတ်နိုင်ပြီး လုပ်ဆောင်သင့်သည့်အရာမှန်သမျှကို တာဝန်ယူပြီး ပြီးမြောက်အောင် ဆောင်ရွက်ရန် မိမိတာဝန်ကို ထမ်းဆောင်ခြင်းစည်းမျဉ်းများထဲမှ တစ်ခုမဟုတ်လော။ (ဟုတ်ပါသည်။)” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၀ (အပိုင်း ၄)) ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ သဘောပေါက်သွားတာက အသင်းတော်က ဘာတာဝန်ပဲ ချပေးပါစေ၊ ခက်သည်၊ လွယ်သည်ဖြစ်စေ ဒါ ကျွန်မ တာဝန်ပဲ။ လက်ခံလိုက်လျှောက်သင့်တယ်။ တာဝန်ယူဖို့အတွက် အကောင်းဆုံးလုပ်ပြီး ရလဒ်တွေရဖို့ ကြိုးစာသင့်တယ်။ ဒါက ကျွန်မ ရှိသင့်တဲ့ အသိစိတ်နဲ့ ဆင်ခြင်တုံတရားပဲ။ ခေါင်းဆောင်က ကျွန်မကို အသင်းတော်အသစ်ကို ကြီးကြပ်ဖို့ တာဝန်ပေးတယ်။ အဲဒီက အလုပ်မှာ ပြဿနာတချို့ရှိပေမဲ့ ကျွန်မက ဇာတိပကတိကို အလိုလိုက်ပြီး အမြဲတမ်း ကြေးများနေလို့မရဘူး။ ကိစ္စတွေ ပြီးမြောက်အောင်လို့ ဘုရားကို အားကိုးဖို့၊ အသင်းတော်အလုပ်ကို အရှိန်မြှင့်ပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ပဲလိုတယ်။ ဒါ ကျွန်မလုပ်ရမဲ့အရာပဲ။ အဲဒီနောက်တော့ အသင်းတော် ဝန်ထမ်းအင်အားနဲ့ လက်ရှိအလုပ်အခြေအနေကို ကျွန်မ စကြည့်တယ်။ စည်းမျဉ်းတွေကို မိတ်သဟာယဖွဲ့ပြီး သူတို့ကို စလေ့ကျင့်ပေးတယ်။ နောက်ပိုင်းမှာ ဧဝံဂေလိအလုပ် ထိခိုက်နေတဲ့ အကြောင်းရင်းက ရေလောင်းအမှုဆောင်တွေက နောက်ဆက်တွဲဆက်လုပ်ဖို့ ချောင်ခိုနေတာကြောင့်ဆိုတာ ကျွန်မ တွေ့သွားတယ်။ သူတို့က ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလအမှုတော်ကို စုံစမ်းနေတဲ့ သူတွေရဲ့ ဘာသာရေးအယူအဆတွေကို မိတ်သဟာယဖွဲ့ပြီး ဖြေရှင်းတာမလုပ်ဘူး။ သူတို့အလုပ်ရဲ့ တချို့ကဏ္ဍတွေကို နောက်ကလိုက်မလုပ်ဘူး။ အဲဒါနဲ့ ကျွန်မက သူတို့ရဲ့ ယိမ်းယိုင်မှုတွေနဲ့ သတိမထားမိတာတွေကို အနှစ်ချုပ်ပြီး မိတ်သဟာယဖွဲ့တယ်။ လိုအပ်တဲ့သူတွေကို ကူညီတယ်။ ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းတယ်။ သူတို့ပြဿနာတွေ အားလုံး ပြေလည်သွားတဲ့အထိပေါ့။ တဖြည်းဖြည်းနဲ့ ညီအစ်ကိုမောင်နှမတွေက သူတို့တာဝန်တွေမှာ တိုးတက်လာတယ်။ အသင်းတော်အလုပ်က အလျင်မီလာတယ်။ ဒီလိုလုပ်တော့ ကျွန်မ တော်တော် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး စိတ်သက်သာတယ်။ ဒါတွေအားလုံးကို ဖြတ်သန်းပြီးသွားတော့ ကျွန်မက နည်းနည်းပြောင်းလဲနေပြီလို့ ထင်ခဲ့တာ။ ဒါပေမဲ့ အဲဒီနောက် မကြာခင်မှာပဲ ကျွန်မကို နောက်တစ်ခါ ဖော်ထုတ်တဲ့ အရာတစ်ခု ဖြစ်သွားတယ်။
စက်တင်ဘာလကုန်ခါနီးမှာ ခေါင်းဆောင်က ကျွန်မကို တခြားအသင်းတော်သစ်တစ်ခုကို ကြီးကြပ်ဖို့အတွက် တာဝန်ပေးဖို့ စီစဉ်ထားတယ်လို့ ကျွန်မကို အသိပေးတယ်။ ဒါကို ကြားတော့ ကျွန်မ စိတ်လွတ်သွားတော့မလိုဖြစ်သွားတယ်။ “အဲဒီအသင်းတော်က ငါ့ လက်ရှိအသင်းတော်ထက် ပိုပြီးတော့တောင် ခက်ဦးမယ်။ သူတို့က ခေါင်းဆောင်၊ အမှုဆောင်လူအင်အားနည်းရုံတင်မကဘူး။ အများစုက သူတို့အလုပ်မှာ လူသစ်တွေ။ ဒီအသင်းတော်ကိုကောင်းကောင်းအလုပ်လုပ်အောင်လုပ်ဖို့က ဒုက္ခတွေအများကြီးခံပြီး တော်တော်လေးစိတ်နှစ်ရမှာ” ပေါ့။ ဒီတာဝန်ကို တကယ်ကို မယူချင်ဘူး။ ကျွန်မ စိတ်မထိန်းနိုင်ဘဲ ခေါင်းဆောင်ကို ပြောလိုက်တယ်။ “ဘာလို့ ကျွန်မက ဒီအသင်းတော်အသစ်တွေကို အမြဲတမ်း ကြီးကြပ်နေရတာလဲ။ ကျွန်မ အခုကြီးကြပ်နေတဲ့ အသင်းတော်က အခုမှစပြီး တိုးတက်လာနေပြီ။ အဲဒီအသင်းတော်ကို ကြီးကြပ်ဖို့ တခြားညီအစ်ကိုမောင်နှမတစ်ယောက်ကို တာဝန်ပေးလို့ရလား” ပေါ့။ ကျွန်မ ဒီလိုပြောလိုက်တာနဲ့ တစ်ပြိုင်နက် ကျွန်မက ကိုယ့်တာဝန်ကို ဘေးချိတ်ဖို့ ကြိုးစားနေတယ်ဆိုတာ သတိထားမိလိုက်တယ်။ ကျွန်မက ဇာတိပကတိကို အလိုလိုက်နေပြီး အနစ်နာခံတာတွေ မလုပ်ချင်နေသေးဘူး။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပြောလိုက်တယ်။ “ဒီအခြေအနေကို ငါရောက်နေတာက ဘုရားအလိုတော်ပဲ။ ဒါကြောင့် ငါနားမလည်ပေမဲ့ အရင်ဆုံး နာခံသင့်တယ်” ပေါ့။ ဖုန်းချပြီးတဲ့အချိန်မှာ ကျွန်မ တော်တော်စိတ်ညစ်သွားတယ်။ ကျွန်မကို တာဝန်ပြောင်းပြီးပေးတဲ့ အချိန်တိုင်းမှာ ကျွန်မက ဘုရားအလိုတော်ကို အရေးစိုက်ပြီး ဘုရားရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ အစီအစဉ်တွေကို နာခံရမယ့်အစား ဘယ်လိုပိုပြီး သက်သက်သာသာနေရမယ်ဆိုတာကိုပဲ ဘာလို့ တွေးနေတာလဲ။ ကျွန်မ ဆင်ခြင်ကြည့်လေလေ၊ ခံစားရတာ ဆိုးလေလေပဲ။ အဲဒါနဲ့ ဘုရားကို ဆုတောင်းပြီး ကျွန်မကို ဆင်ခြင်သုံးသပ်ပြီး ကိုယ့်ကိုယ်ကိုယ် သိစေဖို့ ဉာဏ်အလင်းဖွင့်ပြီး လမ်းပြဖို့ ဘုရားကို တောင်းလျှောက်လိုက်တယ်။
နောက်ပိုင်းမှာ ကျွန်မအပေါ် တော်တော်သက်ရောက်မှုရှိတဲ့ ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ်ကို ဖတ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူတို့သည် ဘုရားသခင်၏ အမှုကို တွေ့ကြုံရပြီး သမ္မာတရားကို နားလည်ပြီးသည်အထိ အတွင်း၌ သူတို့ကို ထိန်းချုပ်၍ အုပ်စိုးသည်မှာ စာတန်၏ သဘာဝဗီဇဖြစ်၏။ အတိအကျဆိုရလျှင် ထိုသဘာဝဗီဇကို မည်သည့်အရာက ဖြစ်ပေါ်စေသနည်း။ ဥပမာ၊ သင်သည် အဘယ်ကြောင့် တစ်ကိုယ်ကောင်းဆန်ရသနည်း။ သင်၏ကိုယ်ပိုင် ရာထူးဂုဏ်ဒြပ်ကို အဘယ်ကြောင့် ကာကွယ် သနည်း။ သင်သည် အဘယ်ကြောင့် ထိုသို့သော အားကောင်းသည့် စိတ်ခံစားချက်များ ရှိသနည်း။ ထိုမဖြောင့်မတ်သော အရာများကို သင်သည် အဘယ်ကြောင့် မွေ့လျော်ခံစားသနည်း။ သင်သည် အဘယ်ကြောင့် ထိုမကောင်းမှုများကို နှစ်သက်သနည်း။ ထိုသို့သော အရာများကို သင်၏ ကြိုက်နှစ်သက်ခြင်း၏ အခြေခံအကြောင်းရင်းက အဘယ်နည်း။ ဤအရာတို့သည် အဘယ်အရပ်က လာကြသနည်း။ ၎င်းတို့အား လက်ခံသည်ကို သင် အဘယ်ကြောင့် အလွန်ပျော်ရွှင်နေသနည်း။ ဤအရာများအားလုံး၏ နောက်ကွယ်ရှိ အဓိက အကြောင်းရင်းမှာ လူသားအတွင်းတွင် စာတန်၏အဆိပ်ရှိခြင်းကြောင့် ဖြစ်ကြောင်း ယခုတွင် သင်တို့အားလုံး နားလည်လာကြပြီ။ ဤသို့ဆိုလျှင် စာတန်၏ အဆိပ်ဆိုသည်မှာ အဘယ်နည်း။ ယင်းကို မည်သို့ ဖော်ပြနိုင်သနည်း။ ဥပမာအားဖြင့်၊ သင်က ‘လူများ အဘယ်သို့ အသက်ရှင်နေထိုင်သင့်သနည်း။ လူများသည် အဘယ်အရာအတွက် အသက်ရှင်သင့်သနည်း’ ဟု မေးပါက၊ သူတို့က ‘လူတိုင်း ကိုယ့်အတွက်သာ ကိုယ်ကြည့်ပြီး၊ ဘယ်သူသေသေ ငတေမာပြီးရော ဖြစ်သည်’ ဟု ဖြေကြလိမ့်မည်။ ဤတစ်ခုတည်းသော စကားစုက ပြဿနာ၏ တကယ့်အရင်းအမြစ်ကို ဖော်ပြလေသည်။ စာတန်၏ အတွေးအခေါ်နှင့် တွေးခေါ်မှုစနစ်သည် လူသားတို့၏ အသက်တာများ ဖြစ်လာပြီဖြစ်သည်။ လူများသည် အဘယ်အရာနောက်သို့ လိုက်သည်ဖြစ်စေ၊ မိမိတို့ကိုယ်တိုင်အတွက်သာ လုပ်ဆောင်ခြင်းဖြစ်သည်— ထို့ကြောင့် ၎င်းတို့သည် မိမိတို့ကိုယ်ကိုအတွက်သာ အသက်ရှင်ကြသည်။ ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်၊ ဘယ်သူသေသေ ငတေမာပြီးရော’ ဟူသော ဤအရာမှာ လူသား၏အသက် ဒဿနအမြင်ဖြစ်ပြီး ယင်းက လူသား၏ သဘာဝကိုလည်း ကိုယ်စားပြုလေသည်။ ဤစကားများသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ သဘာဝ၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဆိုးယုတ်သော သဘာဝ၏ အမှန်တကယ် ပြယုဂ်ဖြစ်လာနှင့်ပြီးဖြစ်သည်။ ဤဆိုးယုတ်သော သဘာဝသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဖြစ်တည်မှုအတွက် အခြေခံအချက်ဖြစ်လာနှင့်ပြီးဖြစ်သည်။ နှစ်ထောင်ချီကြာသည်အထိ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် လက်ရှိအချိန်ကာလအထိ စာတန်၏ အဆိပ်ဖြင့် အသက်ရှင်ခဲ့ပြီးဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း) “၎င်းတို့၏ ဆောင်ပုဒ်များမှာ ‘ဘဝဟူသည် စားခြင်းနှင့် ဝတ်ခြင်းအတွက်သာဖြစ်၏၊’ ‘လူ့ဘဝသည် တိုတောင်းသဖြင့် တစ်နေ့တာအချိန်ကို ပျော်ရွှင်အောင် အသုံးချပါ၊’ နှင့် ‘ယနေ့လုပ်စရာရှိတာလုပ်၊ မနက်ဖြန်ကို မနက်ဖြန်ရောက်မှ တွေးပူပါ။’ ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ရောက်လာသည့်နေ့ရက်များကို ပျော်မွေ့ကြသည်။ ၎င်းတို့ တတ်နိုင်သမျှ ပျော်ပါးကြသည်။ အနာဂတ်အတွက် မတွေးတောပေ။ ခေါင်းဆောင်တစ်ယောက်က မည်သည့်ဝတ္တရားများကို ဖြည့်ဆည်းသင့်သည်၊ မည်သည့်တာဝန်များကို ထမ်းဆောင်သင့်သည်ဆိုသည်ကို ထည့်စဉ်းစားဖို့ဆိုသည်မှာ ပို၍ မဖြစ်နိုင်ပေ။ ၎င်းတို့သည် အယူဝါဒ စကားလုံး၊ စကားစုအနည်းငယ်ကို သံယောင်လိုက်ပြီး ပုံမှန်အလုပ်အဖြစ် အပြင်ပန်းအတွက် တာဝန်အနည်းငယ်ကို လုပ်ဆောင်ကြသည်။ သို့သော် မည်သည့်တကယ့်အလုပ်ကိုမျှ မလုပ်ဆောင်ကြပေ။ အသင်းတော်ရှိ တကယ့်ပြဿနာများကို အပြည့်အဝဖြေရှင်းရန်အတွက် နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေဖို့ မကြိုးစားပေ။ ဤသို့သော အပေါ်ယံအလုပ်ကို လုပ်ဆောင်ခြင်းတွင် မည်သည့်အဓိပ္ပာယ်ရှိသနည်း။ ယင်းသည် လှည့်စားခြင်းမဟုတ်သလော။ အရေးကြီးသောတာဝန်များကို ဤအယောင်ဆောင်ခေါင်းဆောင် အမျိုးအစားအပေါ်သို့ အပ်နှံနိုင်သလော။ ၎င်းတို့သည် ခေါင်းဆောင်များ၊ အမှုဆောင်များရွေးချယ်ခြင်းအတွက် ဘုရားအိမ်တော်၏ စည်းမျဉ်းများ၊ သတ်မှတ်ချက်များနှင့် ညီသလော။ (မညီပါ။) ဤလူတို့သည် မည်သည့် အသိစိတ်၊ ဆင်ခြင်တုံတရားမရှိပေ။ ၎င်းတို့သည် မည်သည့်တာဝန်သိစိတ်မျှ မရှိပေ။ သို့တိုင်အောင် အသင်းတော်ခေါင်းဆောင်အဖြစ် တရားဝင်ရာထူးတစ်ခုတွင် အစေခံလိုဆဲဖြစ်သည်။ ၎င်းတို့သည် အဘယ်ကြောင့် အလွန် အရှက်ကင်းမဲ့သနည်း။ တာဝန်သိစိတ်ရှိသောလူအချို့သည် အစွမ်းအစနည်းပြီး ခေါင်းဆောင်မဖြစ်နိုင်ပေ၊ တာဝန်သိစိတ်လုံးဝမရှိသည့် လူသားအမှိုက်အတွက်မှာမူ ပို၍ပင် မဖြစ်နိုင်ပေ။ ၎င်းတို့သည် ခေါင်းဆောင်ဖြစ်ရန် ပို၍ပင် အရည်အချင်းမပြည့်မီပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ) ဘုရားနှုတ်ကပတ်တော်ကို ဆင်ခြင်ပြီးမှပဲ ကျွန်မ သဘောပေါက်သွားတယ်။ ကျွန်မကို တာဝန်ပြောင်းပေးတဲ့အချိန်တိုင်းမှာ အရမ်းတုံ့ပြန်ပြီး ဒုက္ခခံဖို့၊ တာဝန်ခံဖို့ ဆန္ဒမရှိနေတဲ့ အကြောင်းရင်းက အဓိကကတော့ ကျွန်မက အရမ်းပျင်းပြီး သက်သာတာကို တပ်မက်လို့ပဲ။ ငယ်ငယ်ကတည်းက ကျွန်မက စာတန်က လွှမ်းမိုးခြင်း၊ ပုံသွင်းခြင်းကို ခံခဲ့ရတယ်။ “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏” “ယနေ့လုပ်စရာရှိတာလုပ်၊ မနက်ဖြန်ကို မနက်ဖြန်ရောက်မှ တွေးပူပါ” ဆိုတာမျိုး စကားတွေက ကျွန်မ လိုက်နာတဲ့ ဆိုးယုတ်တဲ့ အတွေးအခေါ်တွေ ဖြစ်လာတယ်။ ဘဝအပေါ် ကျွန်မရဲ့ အမြင်တွေနဲ့ တန်ဖိုးတွေက ပုံပျက်ပြီး အကျင့်ပျက်လာတယ်။ ကျွန်မတို့က အသက်ရှင်နေတုန်းမှာ ကိုယ့်ကိုယ်ကိုယ် ပျော်အောင်နေသင့်တယ်၊ ပင်ပန်းအောင် လုပ်ဖို့ မလိုဘူးလို့ ထင်ခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းဆက်ဆံသင့်တယ်။ ကိုယ့်ကိုယ်ကိုယ်အပေါ် ကောင်းသင့်တယ် ပေါ့။ ကျွန်မ ယုံကြည်သူမဖြစ်ခင်တုန်းက ကျွန်မအလုပ်မှာ လုပ်ထုံးလုပ်နည်းတွေအတိုင်းပဲ လိုက်လုပ်ပြီး တာဝန်တွေကို ပြီးအောင်လုပ်ရင်းနဲ့ပဲ ကျေနပ်နေခဲ့တယ်။ လိုအပ်တာထက် ဘာမှပိုမလုပ်ဘူး။ တစ်ခါတလေမှာ အချိန်ပိုလုပ်ရတော့ တော်တော် ဖိအားများပြီး ပင်ပန်းတယ်လို့ မြင်ပြီး ခွင့်ယူဖို့ တောင်းတယ်။ ယုံကြည်ခြင်းကို ဝင်ရောက်ပြီးတဲ့နောက်မှာ ကျွန်မက ဒါမျိုးကိုပဲ ရှာတုန်းပဲ။ ဒုက္ခခံတာ၊ အနစ်နာခံတာတွေကို ရှောင်ဖို့ ကြိုးစားတယ်။ ဘာပြဿနာမှ မရှိဘဲ ကျွန်မတာဝန်ကို သက်သက်သာသာ၊ အေးအေးဆေးဆေးဖြစ်စေချင်တယ်။ ဒါကြောင့် ဒီအသင်းတော်နှစ်ခုကို ကြီးကြပ်ဖို့ ခေါင်းဆောင်က ကျွန်မကို တာဝန်ပေးတော့ ပြဿနာတွေကလည်း ဝိုင်းနေတော့ ဒုက္ခခံပြီး အနစ်နာခံရမှာတွေ အများကြီးပါမယ်ဆိုတော့ ကျွန်မက မလုပ်ချင်ဘဲ လျစ်လျူရှုဖို့ ကြိုးစားတယ်။ ဒါပေမဲ့ တကယ်တမ်းတော့ ကျွန်မ အလုပ်လုပ်တာ နည်းနည်းကြာနေပြီး အတွေ့အကြုံနည်းနည်းရှိတယ်ဆိုတော့ ပိုခက်တဲ့ အသင်းတော်တွေကို ကြီးကြပ်သင့်တယ်ဆိုတာ ကျွန်မ သိတယ်။ ကျွန်မက ဇာတိကပတိကို စွန့်လွှတ်ပြီး လေးတဲ့ဝန်ကို မထမ်းချင်တာ သက်သက်ပဲ။ ဘုရားသခင်က ကျွန်မကို အသင်းတော်ကြီးကြပ်ရေးမှူးအဖြစ် လေ့ကျင့်ဖို့ အခွင့်အရေးနဲ့ ကျေးဇူးပြုခဲ့တယ်။ ဒါကြောင့် ဘုရားရဲ့ ချစ်ခြင်းကို ပြန်ပေးဆပ်ဖို့ ကျွန်မတာဝန်တွေကို ဆောင်ရွက်သင့်တယ်။ ဒါပေမဲ့ ကျွန်မတာဝန်ကို ကောင်းကောင်းမလုပ်ခဲ့ဘူး။ ချောင်ခိုပြီး သက်သက်သာသာနေဖို့ အမြဲတမ်း ကြိုးစားခဲ့တယ်။ ကျွန်မက ဒီဆိုးယုတ်တဲ့ အယူအဆတွေနဲ့ အသက်ရှင်နေခဲ့တာပါ။ တစ်ကိုယ်ကောင်းဆန်တယ်။ စက်ဆုပ်စရာကောင်းတယ်။ အရည်အချင်း၊ တည်ကြည်မှု နည်းနည်းမှ မရှိခဲ့ဘူး။ ဒါတွေကို သဘောပေါက်သွားတော့ ဒီနည်းနဲ့ ဆက်သွားရင် အန္တရာယ်ရှိမှာပဲလို့ ခံစားမိတယ်။ အဲဒါနဲ့ ဘုရားကိုဆုတောင်းပြီး တာဝန်အပေါ် ကျွန်မသဘောထားကို ပြောင်းချင်စိတ်ရှိသွားတာပေါ့။
နောက်ပိုင်းမှာ ဒီကျမ်းပိုဒ်ကို ကျွန်မ တွေ့မိတယ်။ “အမှန်တကယ်တွင် တာဝန်တိုင်းသည် ဆင်းရဲဒုက္ခအချို့ ပါဝင်သည်။ ကာယအလုပ် လုပ်ရသောအလုပ်တွင် ကိုယ်ခန္ဓာဆိုင်ရာ ဆင်းရဲဒုက္ခပါဝင်ပြီး ဉာဏသုံးရသော အလုပ်တွင် စိတ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခပါဝင်သည်။ တစ်ခုစီတွင် အခက်အခဲများရှိသည်။ အရာရာတိုင်းက လုပ်ရသည်ထက် ပြောရသည်မှာ ပိုလွယ်ကူသည်။ တစ်ဖက်တွင် လူတို့က အမှန်တကယ် ပြုမူဆောင်ရွက်သည့်အခါ သင်သည် သူတို့၏ စရိုက်လက္ခဏာကို ကြည့်ရမည်ဖြစ်ပြီး အခြားတစ်ဖက်တွင် သမ္မာတရားကို သူတို့ ချစ်ခြင်းရှိမရှိကိုသင် ကြည့်ရမည်ဖြစ်သည်။ ဦးစွာ လူတို့၏ စရိုက်လက္ခဏာအကြောင်းကို ပြောကြပါစို့။ အကယ်၍ လူတစ်ဦး၌ ကောင်းသောစရိုက်ရှိပါက သူသည် အရာရာတိုင်း၏ အပြုသဘောဆောင်သောဘက်ကို မြင်တတ်သည်၊ ဤအရာများကို အပြုသဘောဆောင်သောရှုထောင့်မှ၊ သမ္မာတရားကို အခြေခံပြီး လက်ခံကာ နားလည်သဘောပေါက်နိုင်ကြသည်။ ယင်းမှာ သူ၏ စိတ်နှလုံး၊ စရိုက်လက္ခဏာနှင့် ဝိညာဉ်တို့က ဖြောင့်မတ်ခြင်းဖြစ်သည်- ယင်းမှာ စရိုက်လက္ခဏာရှုထောင့်မှ ဖြစ်သည်။ နောက်တစ်ခုတွင် လူတစ်ယောက်သည် သမ္မာတရားကိုချစ်ခြင်းရှိမရှိဖြစ်သည့် အခြားကဏ္ဍတစ်ခုအကြောင်း ပြောကြပါစို့။ သမ္မာတရားကို ချစ်ခြင်းသည် သမ္မာတရားကို လက်ခံနိုင်ခြင်းကို ရည်ညွှန်းသည်။ ဆိုလိုသည်မှာ သင်သည် ဘုရားနှုတ်ကပတ်တော်များကို နားလည်သဘောပေါက်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ဘုရားသခင်၏ အလိုတော်ကို နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ၊ အလုပ်နှင့် သင်ထမ်းဆောင်ရမည့်တာဝန်နှင့်ပတ်သက်သည့် သင်၏ အမြင်၊ ထင်မြင်ချက်နှင့် ရှုထောင့်တို့သည် သမ္မာတရားနှင့် ကိုက်ညီခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သင်သည် ဘုရားသခင်ထံမှလာသောတာဝန်ကို လက်ခံနိုင်ဆဲဖြစ်ပြီး နာခံ၍ ရိုးသားလျှင် ဤသည်မှာ လုံလောက်သည်။ သင်၏တာဝန်ကို ထမ်းဆောင်ရန် အရည်အချင်း ပြည့်မီသည်။ ယင်းသည် အနည်းဆုံးသော လိုအပ်ချက်ဖြစ်သည်။ သင်က နာခံပြီး ရိုးသားလျှင် တာဝန်တစ်ခုကို သင်ဆောင်ရွက်သောအခါ သင်သည် ပေါ့ဆပြီး ဝတ်ကျေတမ်းကျေ လုပ်ခြင်းမရှိပေ။ ခိုကတ်ရန် နည်းလမ်းများကို မရှာဖွေပေ။ သင်၏ ကိုယ်နှင့်ဝိညာဉ် အစွမ်းရှိသမျှ လုပ်ဆောင်သည်။ အတွင်း၌ မှားယွင်းသော အခြေအနေရှိခြင်းသည် အပျက်သဘောဆောင်မှုကို ဖြစ်ပေါ်စေပြီး လူတို့ကို စိတ်ဓာတ်ခွန်အား ပျောက်ဆုံးစေသောကြောင့် ၎င်းတို့သည် ပေါ့ဆပြီး ဖြစ်ကတတ်ဆန်းနိုင်လာသည်။ ၎င်းတို့သည် မိမိတို့၏စိတ်နှလုံးထဲတွင် မိမိတို့၏အခြေအနေသည် မမှန်ကန်ကြောင်း ကောင်းစွာ သိသော်လည်း၊ ဤအရာကို သမ္မာတရားအား ရှာဖွေခြင်းအားဖြင့် ပြင်ဆင်ရန် မကြိုးစားသေပေ။ ဤသို့သောလူတို့သည် သမ္မာတရားကို ချစ်ခြင်းမရှိဘဲ တာဝန်ထမ်းဆောင်ရန် အနည်းငယ်မျှသာ ဆန္ဒရှိသည်။ ၎င်းတို့သည် အားထုတ်မှုတစ်ခုခုပြုလုပ်ရန်၊ သို့မဟုတ် ဆင်းရဲဒုက္ခခံရန် စိတ်မပါကြဘဲ ခိုကတ်ဖို့ နည်းလမ်းများကို အစဉ်ရှာဖွေနေကြသည်။ အမှန်တကယ်တွင် ဘုရားသခင်သည် ဤအရာအားလုံးကို မြင်ပြီးသားဖြစ်သည်။ ဤသို့ဆိုလျှင် ဤလူတို့ကို ဘုရားသခင်က အဘယ်ကြောင့် အလေးမထားသနည်း။ ဘုရားသခင်သည် သူရွေးချယ်ထားသောသူတို့က နိုးထပြီး ၎င်းတို့ကို အရှိအတိုင်း ခွဲခြားဖော်ထုတ်စေရန်၊ ၎င်းတို့ကို ဖော်ထုတ်ပြီး ထုတ်ပယ်စေရန် စောင့်ဆိုင်းနေခြင်းဖြစ်သည်။ သို့ရာတွင် ဤလူတို့သည် မိမိတို့ကိုယ်ကိုအတွက် စဉ်းစားဆဲဖြစ်သည်။ ‘ငါမည်မျှ တော်သည်ကို ကြည့်လော့။ တူသောအစားအစာကို ငါတို့စားကြသော်လည်း၊ အလုပ်လုပ်ပြီးနောက်တွင် သင်တို့သည် လုံးဝ ပင်ပန်းနွမ်းနယ်ကြသည့်တိုင် ငါသည် လုံးဝ မပင်ပန်းပေ။ ငါသည် ပါးနပ်သောသူဖြစ်သည်။ တကယ့်အလုပ်ကိုလုပ်သော မည်သူမဆိုသည် လူအဖြစ်သည်။’ ဟု ထင်မြင်သည်။ ၎င်းတို့က ရိုးသားသောသူတို့ကို ဤသို့ ရှုမြင်ခြင်းသည် မှန်ကန်သလော။ မမှန်ကန်ပေ။ အမှန်တကယ်တွင် မိမိတို့တာဝန်ကိုထမ်းဆောင်သောအခါတွင် စစ်မှန်သည့်အလုပ်ကို လုပ်သောသူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေပြီး ဘုရားသခင်ကို ကျေနပ်စေခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် အားလုံးထဲတွင် အပါးနပ်ဆုံးဖြစ်သည်။ သူတို့ကို မည်သည့်အရာက တော်စေသနည်း။ သူတို့က ‘ဘုရားသခင် ကျွန်ုပ်အား မခိုင်းသော မည့်သည့်အရာကိုမျှ ကျွန်ုပ်မလုပ်သကဲ့သို့၊ သူ ကျွန်ုပ်အား ခိုင်းသောအရာ ဟူသမျှကို ကျွန်ုပ်လုပ်သည်။ သူခိုင်းသော မည်သည့်အရာကိုမဆို ကျွန်ုပ်လုပ်ပြီး၊ ၎င်းတွင် ကျွန်ုပ်၏စိတ်နှလုံးအား နှစ်ထားသည်၊ ယင်းထဲတွင် ကျွန်ုပ်လုပ်နိုင်သည့် အရာဟူသမျှကို နှစ်ထားပြီး လှည့်စားမှု လုံးဝမသုံးပါချေ။ ကျွန်ုပ်သည် ဘုရားသခင်အတွက် လုပ်နေခြင်းဖြစ်သည်။ ဘုရားသခင်သည် ငါ့ကို အလွန်ချစ်သည်။ ဘုရားသခင်ကျေနပ်စေရန် ဤအရာကို ငါလုပ်ဆောင်သင့်သည်။’ ဤသည်မှာ မှန်ကန်သော စိတ်အခြေအနေဖြစ်သည်။ ရလဒ်အဖြစ် အသင်းတော်ကို သန့်စင်ရန် အချိန်ကျလာသောအခါ မိမိတို့၏ တာဝန်ထမ်းဆောင်ရာတွင် မယုံကြည်ရသောသူတို့ အားလုံးသည် ထုတ်ပယ်ခံရမည်ဖြစ်ပြီး ရိုးသားသောသူများနှင့် ဘုရားသခင်၏ စိစစ်ခြင်းကို လက်ခံသောသူများကမူ ကျန်ရှိနေလိမ့်မည်။ ဤရိုးသားသောသူများ၏ အခြေအနေသည် ပို၍ ပို၍ အောင်မြင်လာသည်။ သူတို့အပေါ် ကျရောက်သောအရာ မှန်သမျှတွင် ဘုရားသခင်၏ ကာကွယ်ခြင်းကို ခံရသည်။ သို့ဆိုလျှင် ဤကာကွယ်မှုကို သူတို့အား မည်သည့်အရာက ရရှိစေသနည်း။ သူတို့၏ စိတ်နှလုံးထဲတွင် ရိုးသားကြသောကြောင့်ဖြစ်သည်။ သူတို့သည် တာဝန်ထမ်းဆောင်သောအခါ ခက်ခဲမှု သို့မဟုတ် ခြေကုန်လက်ပန်းကျခြင်းကို မကြောက်ရွံ့ကြသကဲ့သို့၊ သူတို့အား တာဝန်ပေးစေခိုင်းသည့် အရာတစ်ခုတလေနှင့် ပတ်သက်၍ ဇီဇာမကြောင်တတ်ပေ။ သူတို့သည် ဘာကြောင့်နည်းဟု မမေးတတ်၊ သူတို့အား ပြောထားသည့်အတိုင်းပင် လုပ်တတ်ကြသည်၊ သူတို့သည် ဆန်းစစ်ခြင်း သို့မဟုတ် ပိုင်းခြားစိတ်ဖြာခြင်း၊ သို့မဟုတ် အခြား မည်သည့်အရာကိုမျှ ထည့်သွင်းစဉ်းစားခြင်း မပြုဘဲ နာခံကြသည်။ သူတို့၌ ဖုံးကွယ်ထားသော ရည်ရွယ်ချက်များ မရှိဘဲ အရာခပ်သိမ်း၌ နာခံနိုင်စွမ်း ရှိကြသည်။ သူတို့၏ အတွင်းပိုင်းအခြေအနေမှာ အမြဲတမ်း အလွန် ပုံမှန်ဖြစ်သည်။ အန္တရာယ်နှင့် ရင်ဆိုင်ရသောအခါ၊ ဘုရားသခင်က သူတို့ကို ကာကွယ်ပေးသည်။ ဖျားနာခြင်းနှင့် ကပ်ရောဂါတို့ သူတို့အပေါ် ကျရောက်သောအခါ၌လည်း ဘုရားသခင်က သူတို့ကို ကာကွယ်ပေးသည်၊ သူတို့သည် အလွန် ကောင်းချီးခံစားရပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၀ (အပိုင်း ၄)) အသိတရားရှိပြီး အကျင့်စရိုက်ကောင်းရှိတဲ့သူတွေက တာဝန်အပေါ် ရိုးသားစစ်မှန်တဲ့ သဘောထားရှိတယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ မြင်ခဲ့တယ်။ သူတို့တာဝန်တွေမှာ ပြဿနာတွေ ကြုံရတဲ့အခါ ဒုက္ခခံတယ်။ အနစ်နာခံကြတယ်။ တိုးတက်ဖို့ ကြိုးစားကြတယ်။ သူတို့လုပ်တာတွေမှာ ရလဒ်ကောင်းတွေရဖို့ အကောင်းဆုံး လုပ်ကြတယ်။ ဒီလိုလူတွေက သူတို့တာဝန်တွေမှာ ဘုရားရဲ့ ဉာဏ်အလင်းဖွင့်ပြမှုနဲ့ လမ်းပြမှုကို ရပြီး သူတို့အခြေအနေက ဆက်တိုက် တိုးတက်လာတယ်။ ဒါပေမဲ့ အသိစိတ်နဲ့ ဆင်ခြင်တုံတရားမရှိသူတွေကတော့ သူတို့တာဝန်တွေမှာ ပြဿနာတွေ ကြုံတာနဲ့ တစ်ပြိုင်နက် ညည်းတွား၊ ညည်းညူကြတယ်။ ကိုယ့်အကျိုးစီးပွားကိုပဲ ထည့်စဉ်းစားတယ်။ စိတ်နှလုံးနဲ့ ပူးပေါင်းလုပ်ကိုင်ခြင်းမရှိဘဲ ဒီလိုလုပ်တဲ့အတွက် ပါးနပ်တယ်လို့တောင် သူတို့ကိုယ်သူတို့ ထင်ကြတယ်။ ဘုရားက ဒီလိုလူတွေကို တကယ်ကို စက်ဆုပ်ရွံရှာပြီး နောက်ဆုံးမှာ သူတို့ကို ဖော်ထုတ်ပြီး စွန့်ပစ်တယ်။ ကျွန်မလည်း ကိုယ့်ကိုယ်ကိုယ် ပါးနပ်တယ်လို့ ထင်ပြီး ဒီလိုမျိုးပဲမဟုတ်ဘူးလား။ အပြင်ပန်းမှာတော့ ကျွန်မက ခေါင်းဆောင်ကို အရူးလုပ်နိုင်တယ်။ အသင်းတော်အသစ်ကို ကြီးကြပ်ရတဲ့ ဒုက္ခကို ရှောင်တယ်။ ကျွန်မ ဘာစဉ်းစားနေတယ်ဆိုတာကို ခေါင်းဆောင်က မသိဘူး။ ကျွန်မကို ဘာမှ ဆန့်ကျင်မပြောနိုင်ဘူး။ ဒါပေမဲ့ ဘုရားက ကျွန်မတို့ အတွေးတိုင်းကို စိစစ်တယ်။ ကျွန်မက တာဝန်မှာ အမြဲတမ်း ချောင်ခိုနေပြီး သက်သာတာကို တပ်မက်တယ်၊ အသင်းတော်အလုပ်ကို လုံးဝ မကာကွယ်ဘူးဆိုတာကို ဘုရားက မြင်ရင် ကျွန်မကို စက်ဆုပ်ရွံရှာမှာပဲ။ ကျွန်မက နောင်တမရဘဲ ဆက်လုပ်နေရင် ဘုရားက လုံးဝ စွန့်ပစ်ပြီး ထုတ်ပယ်တာကို ခံရမှာပဲ။ အရင်တုန်းက ရှင်းလင်းပစ်ခံရတဲ့လူတချို့ကို ကျွန်မ တွေးမိတယ်။ သူတို့တွေက အမြဲတမ်း ချောင်ခိုပြီး အပေါ်ယံလုပ်တယ်။ တာဝန်ရှိတဲ့သူတွေရဲ့ ရာထူးတွေကနေ ဖယ်ရှားခံရတယ်။ သူတို့ကိုယ်တိုင် ထင်မြင်တဲ့ ပါးနပ်ခြင်းရဲ့သားကောင်တွေဖြစ်ကြတယ်။ ဒါတွေအားလုံးကို ဆင်ခြင်ကြည့်ပြီး ကျွန်မ နည်းနည်းကြောက်လာတယ်။ အဲဒါနဲ့ တာဝန်အပေါ် ကျွန်မရဲ့ သဘောထားကို ပြင်ချင်စိတ်ရှိပြီး တာဝန်ယူပြီး ကိုယ့်တာဝန်ကိုကောင်းကောင်းထမ်းဆောင်ချင်စိတ်ရှိရင်းနဲ့ ဘုရားကို ဆုတောင်းခဲ့တယ်။
နောက်ပိုင်းမှာ ကျွန်မကို လက်တွေ့လုပ်ဖို့ လမ်းကြောင်းတစ်ခုပေးတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်က သူ့အား တာဝန်ပေးစေခိုင်းခဲ့သောအရာကို လက်ခံပြီးနောက်၊ နောဧသည် ဘုရားသခင် ပြောသည့် သင်္ဘောတည်ဆောက်ခြင်းကို ဆောင်ရွက်ခြင်းနှင့် ပြီးမြောက်အောင်မြင်ခြင်းကို နှောင့်နှေးကြန့်ကြာဖို့ အတွေးတစ်ခုမျှမရှိဘဲ သူ၏ဘဝ၌ အရေးအကြီးဆုံး အရာတစ်ခုအလား စတင် လုပ်ဆောင်ခဲ့သည်။ နေ့ရက်များ ကျော်ဖြတ်ကာ နှစ်များကုန်လွန်လျက် တစ်ရက်ပြီးတစ်ရက် တစ်နှစ်ပြီးတစ်နှစ် ကုန်လွန်ခဲ့သည်။ ဘုရားသခင်သည် နောဧအပေါ် မည်သည့်ဖိအားမျှ လုံးဝမပေးခဲ့သော်လည်း နောဧသည် သူ့အား ဘုရားသခင်တာဝန်ပေးစေခိုင်းထားသော အရေးကြီးဆုံးအလုပ်၌ ဤအချိန်ကာလတစ်လျှောက်လုံး မဆုတ်မနစ်ကြိုးပမ်းခဲ့သည်။ ဘုရားသခင် မိန့်မြွက်ပြီးသော စကားလုံးတိုင်းနှင့် စကားစုတိုင်းကို ကျောက်ပြားပေါ်တွင် ထွင်းထုထားသော စာလုံးများကဲ့သို့ နောဧ၏ နှလုံးသားထက်တွင် ရေးထိုးထားခဲ့လေသည်။ သူသည် ပြင်ပလောကရှိ အပြောင်းအလဲများ၊ သူ၏ပတ်ဝန်းကျင်၌ ရှိသောသူတို့၏ လှောင်ပြောင်သရော်မှု၊ ပါဝင်သည့် ခက်ခဲမှု၊ သို့မဟုတ် သူကြုံတွေ့ရသော အခက်အခဲများကို မမှုဘဲ သူ့အား ဘုရားသခင်တာဝန်ပေးစေခိုင်းထားခဲ့သော အရာ၌ မည်သည့်အခါမျှ စိတ်ပျက်ခြင်းမရှိ သို့မဟုတ် လက်လျှော့ဖို့ စိတ်ကူးမရှိဘဲ တစ်ချိန်လုံး အပတ်တကုတ်ကြိုးစားခဲ့သည်။ ဘုရားသခင်၏ စကားများကို နောဧ၏နှလုံးသားပေါ်၌ ရေးထိုးထားခဲ့ပြီး ယင်းတို့က သူ၏ နေ့စဉ် လက်တွေ့အရှိတရား ဖြစ်လာခဲ့ပြီးဖြစ်သည်။ နောဧသည် သင်္ဘောဆောက်လုပ်ဖို့ လိုအပ်သည့်ပစ္စည်းများ တစ်ခုချင်းစီကို ပြင်ဆင်ခဲ့သည်၊ ဘုရားသခင်အမိန့်ပေးထားသည့် သင်္ဘော၏ပုံစံနှင့် အသေးစိတ်သတ်မှတ်ချက်များက နောဧ၏ တူနှင့်ဆောက်တို့၏ ဂရုတစိုက် ထုရိုက်ချက်အသီးသီးတို့နှင့်အတူ တဖြည်းဖြည်း ပုံပေါ်လာခဲ့၏။ လူတို့က သူ့ကို ရယ်သွမ်းသွေးပြီး အသရေပျက်အောင် မည်သို့ ပြောဆိုကြသည်ဖြစ်စေ တစ်နှစ်ပြီးတစ်နှစ် လေနှင့်မိုးတစ်လျှောက်လုံး နောဧ၏အသက်တာမှာ ဤပုံစံအတိုင်း ရှေ့ဆက်ခဲ့သည်။ ဘုရားသခင်သည် သူ့ကို နောက်ထပ် စကားမိန့်မြွက်ခြင်း မရှိဘဲ နောဧ၏ လုပ်ဆောင်ချက်တိုင်းကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့ပြီး သူ၏စိတ်နှလုံးကို နောဧက တို့ထိခဲ့လေသည်။ သို့သော်လည်း နောဧသည် ဤအရာကို သိလည်းမသိ၊ ခံလည်းမခံစားခဲ့ပေ။ သူသည် အစမှအဆုံးတိုင် သင်္ဘောကိုသာ ဆောက်လုပ်ခဲ့ပြီး ဘုရားသခင်၏စကားကို မမှိတ်မသုန် သစ္စာစောင့်သိခြင်းဖြင့် သက်ရှိသတ္တဝါမျိုးစုံကို စုဝေးစေခဲ့သည်။ နောဧ၏ စိတ်နှလုံးထဲတွင် သူလိုက်နာသင့်ပြီး လုပ်ဆောင်သင့်သော ထို့ထက်ပိုမြင့်မားသည့် ညွှန်ကြားချက်မရှိပေ— ဘုရားသခင်၏စကားများက သူ၏ ရာသက်ပန်ဦးတည်ချက်နှင့် ရည်မှန်းချက်ပန်းတိုင် ဖြစ်ခဲ့သည်။ ထို့ကြောင့် ဘုရားသခင်က သူ့အား မည်သည့်အရာကို ပြောခဲ့သည်ဖြစ်စေ၊ ဘုရားသခင်က သူ လုပ်ဆောင်ရန် မည်သည့်အရာကို ခိုင်းစေခဲ့သည်ဖြစ်စေ၊ အမိန့်ပေးခဲ့သည်ဖြစ်စေ နောဧက အပြည့်အဝလက်ခံသည်။ အသေအချာ မှတ်သားပြီး သူ့ဘဝ၏ ကြိုးပမ်းအားထုတ်မှုအဖြစ် မှတ်ယူသည်။ သူသည် မမေ့လျော့ရုံသာမက၊ ယင်းကို သူ၏စိတ်ထဲတွင် အာရုံစိုက်ရုံသာမက၊ ဘုရားသခင်၏ စေစားချက်ကို လက်ခံရန်နှင့် ဆောင်ရွက်ရန်အတွက် သူ၏အသက်တာကို အသုံးပြုလျက် ယင်းကို သူ့ကိုယ်ပိုင်ဘဝ၏ လက်တွေ့အရှိတရားလည်း ဖြစ်စေခဲ့သည်။ ဤသို့ဖြင့် ပျဉ်ပြားတစ်ချပ်ပြီးတစ်ချပ်ဖြင့် သင်္ဘောကို ဆောက်လုပ်ခဲ့သည်။ နောဧ၏ လှုပ်ရှားမှုတိုင်း၊ သူ၏ နေ့ရက်စဉ်တိုင်းကို ဘုရားသခင်၏ ပညတ်ချက်များနှင့် စကားများအတွက် ရည်စူးထားခဲ့သည်။ နောဧသည် အလွန်အရေးပါသော တာဝန်တစ်ရပ်ကို ထမ်းဆောင်နေသည့်ပုံ ပေါက်ကောင်းပေါက်မည် မဟုတ်သော်လည်း ဘုရားသခင်၏ အမြင်တွင်ကားနောဧပြုလုပ်ခဲ့သမျှ၊ တစ်စုံတစ်ရာ ဖြစ်မြောက်အောင်လုပ်ဖို့ လှမ်းသော သူ၏ခြေလှမ်းတိုင်း၊ သူ့လက်အားဖြင့် လုပ်ဆောင်သည့် အားထုတ်မှုတိုင်း— ၎င်းတို့အားလုံးမှာ အဖိုးတန်ပြီး ဂုဏ်ပြုထိုက်ကာ ဤလူသားမျိုးနွယ်က အတုယူထိုက်လေသည်။ နောဧသည် သူ့အား ဘုရားသခင် တာဝန်ပေး စေခိုင်းထားခဲ့သည့်အရာကို လိုက်နာစောင့်ထိန်းခဲ့သည်၊ သူသည် ဘုရားသခင်မိန့်မြွက်ခဲ့သည့် စကားတိုင်း မှန်ကန်သည်ဟူသည့် မဆုတ်မနစ်သော ယုံကြည်မှုရှိခဲ့ကာ၊ ယင်းနှင့်ပတ်သက်၍ ၎င်း၌ သံသယလုံးဝ မရှိခဲ့ပေ။ ရလဒ်အနေဖြင့် သင်္ဘောသည် ပြီးစီးခြင်းသို့ရောက်ခဲ့ပြီး သက်ရှိသတ္တဝါမျိုးစုံက ယင်းအပေါ်၌ အသက်ရှင်နိုင်ခဲ့သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ နောက်ဆက်တွဲ ၂- နောဧနှင့် အာဗြဟံတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ခဲ့ပြီး သူ့ကို လိုက်နာခဲ့ပုံ (အပိုင်း ၁)) နောဧရဲ့ ပုံပြင်က ကျွန်မအပေါ် တော်တော်လေး သက်ရောက်ခဲ့တယ်။ နောဧက ဘုရားရဲ့ စေခိုင်းချက် အပ်နှံခြင်းခံရပြီးတဲ့နောက်မှာ သူ့အကျိုးကို လုံးဝ ထည့်မတွက်ဘူး။ ဘုရားရဲ့ စေခိုင်းချက်ကို ဆောင်ရွက်ဖို့ပဲ စဉ်းစားတယ်။ သူ့ဘဝမှာရှိတဲ့ အရာရာတိုင်းကို ဘေးဖယ်ထားလိုက်တယ်။ သင်္ဘောကြီးကို ဆောက်တာက အခက်အခဲတွေ အများကြီးရှိတဲ့ ပရောဂျက်အကြီးစားဖြစ်ပေမဲ့ နောဧက နှစ်ပေါင်း ၁၂၀အထိ မိုးရွာသည်၊ နေပူသည်ဖြစ်စေ ပျဉ်ပြားတစ်ခုချင်းစီကို ဆက်ပြီးဆောက်တယ်။ လုံးဝ မညည်းညူဘူး။ နောက်ဆုံးမှာ ဘုရားရဲ့ စေခိုင်းချက်ကို ဆောင်ရွက်ခဲ့ပြီး ဘုရားရဲ့ သဘောကျခြင်းကို ရရှိခဲ့တယ်။ ဘုရားရဲ့ စေခိုင်းချက်အပေါ် ကျွန်မကိုယ်တိုင်ရဲ့ သဘောထားနဲ့ နောဧသဘောထားကို ယှဉ်ကြည့်တော့ ကျွန်မ စိတ်မကောင်းဖြစ်တယ်။ နောဧ ဒုက္ခခံရတာရဲ့ အပုံတစ်သောင်းပုံပုံ တစ်ပုံတောင် မကြုံရသေးဘူး။ နည်းနည်းလေး ခက်ခဲတာနဲ့၊ ဖိအားဖြစ်တာနဲ့ ကျွန်မက ညည်းညူပြီး ကျွန်မအလုပ်ကို လျစ်လျူရှုချင်တယ်။ ကျွန်မမှာ ဘာသစ္စာရှိမှုမှမရှိဘူး။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်တဲ့ သက်သေခံချက်မရှိဘူး။ ဘုရားကို အရမ်းကို အကြွေးတင်သလိုခံစားရပြီး အရမ်းနောင်တရတယ်။ သက်သာတာကို တပ်မက်ခြင်းကို ရပ်တန့်ပြီး ကျွန်မတာဝန်ကို ကောင်းကောင်းလုပ်ဖို့ နောဧကို စပြီးအတုယူဖို့ ဆန္ဒရှိရင်းနဲ့ ဘုရားကို ဆုတောင်းပြီး နောင်တရခဲ့တယ်။ ကျွန်မတာဝန်မှာ ပြဿနာတွေ၊ အခက်အခဲတွေ ကြုံရရင်တောင် တာဝန်ထမ်းဆောင်ပြီး ဘုရားရဲ့ နှလုံးသားကို နှစ်သိမ့်ပေးဖို့ အနစ်နာခံပြီး အခက်အခဲကို ခံယူသင့်တယ်။ အဲဒီနောက်တော့ ကျွန်မ ခေါင်းဆောင်ကို ရှာတွေ့ပြီး ပြောလိုက်တယ်။ “ကျွန်မ အဲဒီအသင်းတော်အသစ်ကို စပြီး ကြီးကြပ်ဖို့ အသင့်ဖြစ်နေပြီ။ နောက်ကျရင် ကျွန်မကို ဘယ်ကို သွားစေချင်သည်ဖြစ်စေ အသင်းတော်ရဲ့ အစီအစဉ်တေကို နာခံပါမယ်” ဆိုပြီးတော့။ ဒီလိုပြောပြီးသွားတော့ တော်တော်ပိုပြီး စိတ်သက်သာသွားတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ခေါင်းဆောင်က အဲဒီအသင်းတော်ကို ကြီးကြပ်ဖို့ ကျွန်မကို မလွှတ်ဘဲ အစ်မစာရှာကို တာဝန်ပေးတယ်။
ဒါပေမဲ့ အဲဒီနောက် မကြာခင်မှာပဲ စာရှာက အသင်းတော်မှာ သူ့အလုပ်တွေအားလုံးကို အမှီလိုက်ဖို့ ဒုက္ခရောက်နေပြီးတော့ အဲဒီမှာ ဆက်ပြီး ကြီးကြပ်နိုင်မှာမဟုတ်ဘူးလို့ ကြားရတယ်။ ဒါဆို နောက်ဆုံးတော့ ခေါင်းဆောင်က ကျွန်မကို သွားစေချင်လောက်တဲ့ သဘောပေါ့။ အဲဒီအသင်းတော်က ပြဿနာတွေအကုန်လုံးကို တွေးမိတာနဲ့ ကျွန်မ ချက်ချင်း စိတ်ဖိစီးသွားတယ်။ ဒါပေမဲ့ နောက်တော့ ကျွန်မက ဇာတိပကတိကို အလိုလိုက်နေပြန်ပြီး ဒုက္ခခံချင်စိတ်ရှိမနေဘူးဆိုတာ သတိထားမိတယ်။ အဲဒါနဲ့ ဘုရားကို ဆုတောင်းလိုက်တယ်။ “ဘုရားသခင် အကြောင်းအရာတွေ ဖြစ်လာတဲ့အခါ ကိုယ့်အကျိုးအတွက် သမီး အမြဲတမ်း မစဉ်းစားချင်ပါဘူး။ နာခံနိုင်ဖို့အတွက် သမီးကို လမ်းပြတော်မူပါ” ဆိုပြီးတော့။ အဲဒီအချိန်မှာပဲ ကျွန်မ ဘုရားနှုတ်ကပတ်တော်တွေကို သတိရမိတယ်။ “အကယ်၍ လူတစ်ဦးသည် အမှန်တကယ် ဆက်ကပ်ပြီး သူ၏တာဝန်သိစိတ်ရှိပါက၊ ယင်းကို ဘုရားသခင် တောင်းဆိုနေသရွေ့၊ ထို့ပြင် ယင်းကို ဘုရားသခင်၏အိမ်တော်မှ လိုအပ်နေသရွေ့ သူ့အား ခိုင်းစေသည့်အရာတိုင်းကို မရွေးဘဲ သူလုပ်ဆောင်လိမ့်မည်။ ဤသည်မှာ မိမိတတ်နိုင်ပြီး လုပ်ဆောင်သင့်သည့်အရာမှန်သမျှကို တာဝန်ယူပြီး ပြီးမြောက်အောင် ဆောင်ရွက်ရန် မိမိတာဝန်ကို ထမ်းဆောင်ခြင်းစည်းမျဉ်းများထဲမှ တစ်ခုမဟုတ်လော။ (ဟုတ်ပါသည်။)” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၀ (အပိုင်း ၄)) ဘုရားကို သစ္စာရှိတဲ့သူတွေက ဘယ်နေရာကို တာဝန်ပေးခံရပါစေ သူတို့တာဝန်၊ ဝတ္တရားတွေကို ဖြည့်ဆည်းဖို့ တတ်နိုင်သမျှ လုပ်ကြတယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကြောင့် ကျွန်မ နားလည်သွားတယ်။ ဒါ အသင်းတော်အလုပ်ကို ထိန်းသိမ်းတဲ့သူပဲ။ အသင်းတော်အလုပ်မှာ ကျွန်မ အကူအညီကို လိုလို့ ဒီအခြေအနေကို ကျွန်မ ပြန်ရောက်သွားတာပဲ။ ကျွန်မ အကျိုးကို ဆက်စဉ်းစားပြီး သက်သာတာကို တပ်မက်နေလို့ မဖြစ်ဘူး။ ကြီးကြပ်ရေးမှူးအဖြစ် ကျွန်မ တာဝန်ပေးခံရသည်၊ မပေးခံရသည်ဖြစ်စေ နာခံချင်စိတ်ရှိနေခဲ့တယ်။ နောက်ပိုင်းမှာ ခေါင်းဆောင်က ကျွန်မကို အဲဒီအသင်းတော်ကို သွားကြီးကြပ်ခိုင်းတယ်။ အဲဒီအချိန်မှာ ကျွန်မ တည်တည်ငြိမ်ငြိမ်နဲ့ လက်ခံခဲ့တယ်။ အဲဒီအသင်းတော်ကို လွှဲယူပြီးသွားတော့ တစ်ချိန်ကို နည်းနည်းစီလုပ်တယ်။ ပြီးတော့ စစ်ဆေးပြီး နောက်ဆက်တွဲလိုက်လုပ်ပြီးတော့ တချို့ ပြဿနာတွေကို ရှာတွေ့ပြီး ဖြေရှင်းနိုင်သွားတယ်။
အပြင်ပန်းကကြည့်ရင် တာဝန်ပြန်ချပေးတာကြောင့် ကျွန်မ တော်တော်ပင်ပန်းသွားတဲ့ ပုံစံရှိတယ်။ ဒါပေမဲ့ တကယ်တမ်းတော့ ဒါက ကျွန်မကို ကာကွယ်ပေးပြီး စိတ်တက်ကြွစေခဲ့တယ်။ ကျွန်မ ကြီးကြပ်ခဲ့တဲ့ အသင်းတော်က ပိုအခြေခိုင်ပြီး သင့်တင့်တဲ့ရလဒ်တွေရတယ်။ ဒီတော့ ကျွန်မက မသိစိတ်ကနေ အားရကျေနပ်ပြီး လုပ်ရိုးလုပ်စဉ်အတိုင်းပဲ လုပ်တော့တယ်။ ပိုပျင်းလာပြီးတော့ မတက်ကြွတော့ဘူး။ အသင်းတော်အသစ်ကျတော့ ပြဿနာတွေ ပိုများတယ်။ ဒါပေမဲ့ ဒီဟာကြောင့် ကျွန်မက အခက်အခဲတွေမှာ ဆုတောင်းပြီး ဘုရားကို အားကိုးဖို့၊ ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေဖို့ စိတ်ပါလာတယ်။ ဘုရားနဲ့ ပိုနီးကပ်လာသလို ခံစားရပြီး အများကြီး သင်ယူခဲ့ရတယ်။ ကျေးဇူးတော်ပဲ။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။