ပြဿနာတစ်ခုကို တိုင်ကြားခြင်းအပေါ် စိုးရိမ်ပူပန်ခြင်း
၂၀၂၁ စက်တင်ဘာမှာ ကျွန်တော်က အသင်းတော်မှာ ဧဝံဂေလိမျှဝေတယ်။ အချိန်နည်းနည်းကြာတော့ ဧဝံဂေလိအလုပ် ကြီးကြပ်ရေးမှူးက သူ့တာဝန်မှာ ဘာမှ တာဝန်ခံယူမှုမရှိတာ၊ ကျွန်တော်တို့တာဝန်တွေက ဘယ်လိုအခြေအနေရှိသလဲဆိုတာကို အချိန်ကြာတဲ့အထိ မမေးသေးတာကို ကျွန်တော် သတိထားမိတယ်။ သူရောက်လာတဲ့အချိန်တိုင်းမှာ သူက ဝတ်ကျေတန်းကျေလုပ်ပြီး ဘယ်တကယ့်ပြဿနာကိုမှ လုံးဝ မဖြေရှင်းဘူး။ သူက ကျွန်တော်တို့တာဝန်တွေအတွက် လုံးဝကို အထောက်အကူဖြစ်တာ၊ အကျိုးဖြစ်ထွန်းတာမရှိဘူး။ အစတော့ သူက ဧဝံဂေလိအလုပ်ကို ကြီးကြပ်တာကို အခုမှစလုပ်တော့ ဒါနဲ့ မရင်းနှီးသေးဘူး၊ ခဏလောက် လမ်းပျောက်နေတာက သူ့အတွက် သာမန်ပါပဲ၊ ခဏလောက် လက်တွေ့လုပ်ပြီးသွားရင် သူ နားလည်လာမှာပါလို့ ကျွန်တော် တွေးမိတယ်။ ဒါပေမဲ့ နည်းနည်းကြာလာတော့ ကျွန်တော် စိတ်ကူးသလို မဟုတ်ဘူးဆိုတာ တွေ့ရတယ်။
တစ်ခါတော့ ကျွန်တော်တို့ ဧဝံဂေလိအလုပ်မှာ အတားအဆီးတစ်ခုကြုံရတော့ ကြီးကြပ်ရေးမှူးဆီကို စာပို့ပြီး ဖြေရှင်းချက်ရှာကြတယ်။ ဒါပေမဲ့ သူတုံ့ပြန်တာက ဘာမှ ရှင်းလင်းတဲ့အမြင်တွေ၊ အကြံပြုချက်တွေ မပါဘူး။ သူက ကျွန်တော်တို့ ပြဿနာနဲ့ ဘာမှမဆိုင်တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကိုပဲ ကျွန်တော်တို့ဖတ်ဖို့ပို့လိုက်တယ်။ ဒါ လုံးဝကို မယုံနိုင်စရာပဲလို့ ကျွန်တော် မြင်တာပေါ့။ ဒီကြီးကြပ်ရေးမှူးက သူ့တာဝန်မှာ ဘယ်လိုဖြစ်ပြီး အရမ်းဝတ်ကျေတန်းကျေလုပ်ရတာလဲ ပေါ့။ သူက ပုံမှန်အားဖြင့် အလုပ်ကို နောက်ဆက်တွဲလိုက်လုပ်တဲ့အခါမှာ ဘာပြဿနာကိုမှ မရှာနိုင်ဘူး။ ကျွန်တော်တို့က အရင်သူ့ကို ခေါ်ပြီး မေးရင် သူ့မှာ ရှင်းလင်းတဲ့ အမြင်တွေ၊ အကြံတွေမရှိဘူး။ ဒါ သူက တာဝန်တော်တော် မသိတတ်တာပဲလေ။ အစကတော့ စုဝေးပွဲတစ်ခုမှာ ကျွန်တော် ဒါကို သူ့ကို ထုတ်ပြောချင်တယ်။ ဒါပေမဲ့ ကျွန်တော် စိုးရိမ်တာတွေ ဖြစ်လာတယ်။ ကျွန်တော်က မာနထောင်လွှားတယ်၊ အရမ်းတောင်းဆိုလွန်းတယ်၊ ကျွန်တော့်ရည်ရွယ်ချက်က သူ့အားနည်းချက်ကို အနိုင်ကျင့်ဖို့ပဲလို့ ပြောမှာလား။ သူက ကျွန်တော်ပြောတာကို လက်မခံဘဲ ကျွန်တော့်တာဝန်တွေကို စုံစမ်းရင် ဒါက ပြဿနာရှာနေသလိုမျိုးပဲ ဖြစ်မှာမဟုတ်ဘူးလားပေါ့။ ဒီလိုစဉ်းစားမိပြီး သူ့ကို ထုတ်ပြောဖို့ ကျွန်တော် သတ္တိမရှိတော့ဘူး။ နောက်ပိုင်းမှာ ကျွန်တော်တို့ တွေ့ကြတော့ ဒီကိစ္စကို ကျွန်တော် ဖော့ပြောပြီး သူ့ကို သတိပဲပေးလိုက်တယ်။ “အစ်မ အချိန်ရရင် ကျွန်တော့်တို့အလုပ်ကို နောက်ဆက်တွဲလိုက်ကြည့်ပြီး ပြဿနာတစ်ခုခုရှိလား ကြည့်ကြည့်ပါ” ပေါ့။ ဒါပေမဲ့ ကျွန်တော်အံ့ဩသွားရတာက သူကပြောတယ်။ “အစ်ကိုတို့အားလုံးက ဧဝံဂေလိအလုပ်လုပ်တာ တော်တော်ကြာပြီ။ စည်းမျဉ်းတွေအားလုံးကို ကျွန်မထက် နားလည်တယ်။ တော်တော်ကောင်းတဲ့ ရလဒ်တွေလည်းရတယ်။ ကျွန်မက အစ်ကိုတို့ဆီက သင့်ဖို့ပဲရောက်လာတာပါ” တဲ့။ အဲဒီနောက်တော့ ကျွန်တော်တို့အလုပ်ကို သတိထားဖို့ သူ့ကို ကျွန်တော် အသိပေးတဲ့အချိန်တို်ငးမှာ သူက ဒီလိုမျိုးပဲ အမြဲတမ်းပြောတယ်။ ကျွန်တော် စဉ်းစားတယ်။ “သူက တကယ့်အလုပ်ဘာမှ မလုပ်ဘူး။ အမြဲတမ်း ဆင်ခြေတွေပဲ ပေးတယ်။ ဒါ သမ္မာတရားကို လက်ခံတာမဟုတ်ဘူး” ပေါ့။ ကြီးကြပ်ရေးမှူးတစ်ယောက်ရဲ့အဓိကအလုပ်က ညီအစ်ကိုမောင်နှမတွေ သူတို့တာဝန်မှာရှိတဲ့ တကယ့်ပြဿနာ၊ အခက်အခဲတွေကို ရှာပြီး ဖြေရှင်းဖို့ အလုပ်ကို ကြီးကြပ်ပြီး နောက်ဆက်တွဲလိုက်လုပ်ဖို့ပဲ။ ဒါပေမဲ့ သူက ဘာပြဿနာကိုမှ မရှာနိုင်ဘူး။ မဖြေရှင်းနိုင်ဘူး။ ဒီတော့ သူက ဘာလက်တွေ့အလုပ်ကိုမှ လုပ်နိုင်စွမ်းမရှိဘူး။ ဒီလိုဆက်ဖြစ်နေရင် ဧဝံဂေလိအလုပ်ကို သေချာပေါက် ထိခိုက်မှာပဲ။ နောက်ပိုင်းမှာ ဒါကို သူ့ကို ထပ်ပြီး ထုတ်ပြောချင်တယ်။ သူ့ပြဿနာကို သတိထားမိပြီး အမြန်ပြင်စေချင်တယ်။ ဒါပေမဲ့ ကျွန်တော် တွေးမိပြန်တယ်။ “အရင်တုန်းက ငါကိုယ်တိုင် ကြီးကြပ်ရေးမှူးဖြစ်ခဲ့တယ်။ လက်တွေ့အလုပ်ကို မလုပ်နိုင်လို့ အထုတ်ခံခဲ့ရတယ်။ ငါက သူ့ကို ထင်မြင်ချက်တွေ ဆက်တိုက်ပေးနေရင် ငါက အဆင့်အတန်းကို တန်ဖိုးထားလွန်းတယ်လို့ သူက ထင်မှာလား။ ငါက ကြီးကြပ်ရေးမှူးမဖြစ်ရလို့ တရားမမျှတဘူးလို့ထင်တာကြောင့် တမင်သက်သက် ဇီဇာကြောင်နေတာလို့ ထင်မှာလား။ ငါ့ကို မကောင်းမြင်ပြီး ငါ့တာဝန်ကနေ ထုတ်လိုက်မှာလား။ ထားလိုက်တာ ကောင်းပါတယ်။ အလုပ်နဲ့ထိတွေ့တာ သိပ်မကြာသေးလို့ နေမှာပါ။ သူက အလုပ်နဲ့ ပိုရင်းနှီးလာတဲ့အထိ ငါစောင့်ရင် သူ အဆင်ပြေချင်ပြေမှာပါ” ပေါ့။ အဲဒါနဲ့ ဒီကိစ္စကို သူ့ကို ထုတ်မပြောခဲ့ပြန်ဘူး။
အချိန်နည်းနည်းကြာတော့ ကျွန်တော်တို့ ဧဝံဂေလိအလုပ်မှာ ပြဿနာနည်းနည်းကြုံရပြီး သူ့ကို အကူအညီတောင်းတယ်။ ဒါပေမဲ့ သူက ဒါကို ဘေးဖယ်ထားပြီး ပြဿနာတွေကို ကျွန်တော်တို့ဘာသာဖြေရှင်းဖို့ပဲ ထားနေတုန်းပဲ။ တခြားဖြစ်ရပ်တစ်ခုမှာကျတော့ သူက ကျွန်တော်တို့ရလာတဲ့ နောက်လိုက်တွေရဲ့ အသေးစိတ်အချက်တွေကို ကောင်းကောင်းမသိတာကြောင့် ခေါင်းဆောင်က သူ့ကို မေးတော့ တင်ပြဖို့အတွက် အရေအတွက်တစ်ခုကို ဒီအတိုင်းဆွဲထုတ်ပေးလိုက်တယ်၊ အဲဒါနဲ့ တကယ့်ကိန်းဂဏန်းနဲ့ အရမ်းကွာဟသွားတယ်လို့ သူပြောတာကို ကျွန်တော် အမှတ်တမဲ့ကြားလိုက်တယ်။ ကျွန်တော်က ဒါကို ကြားတော့ တော်တော်စိတ်ဆိုးသွားတယ်။ ကျွန်တော်တို့က သူ့ကို လတိုင်း ဧဝံဂေလိအလုပ်ရဲ့ အသေးစိတ် အခြေအနေကို ပြောပြတယ်။ ကျွန်တော်တို့အလုပ်ကို ပိုပြီးတော့ နောက်ဆက်တွဲလုပ်ပြီး လမ်းညွှန်ပေးဖို့ သတိပေးတယ်။ ဒါပေမဲ့ သူက တစ်လမှာ အသင်းတော်ကို လူသစ်ဘယ်နှစ်ယောက်လာတယ်ဆိုတာတောင် မသိဘူး။ သူက ဘယ်နည်းလမ်းနဲ့ လက်တွေ့အလုပ်လုပ်နေတာလဲ။ သူ့တာဝန်အပေါ်မှာ ဒီလိုသဘောထားမျိုးနဲ့ ဘယ်လိုလုပ် ကြီးကြပ်ရေးမှူးလုပ်လို့ရမှာလဲ။ သူက ဘာပြဿနာကိုမှ မရှာနိုင်တာ မဆန်းဘူးလေ။ ဒီအပြုအမူတွေကို အတူပေါင်းကြည့်လိုက်တော့ ဒီကြီးကြပ်ရေးမှူးက လက်တွေ့အလုပ်ကို မလုပ်နိုင်ဘူး၊ သူဟာ အယောင်ဆောင်အမှုဆောင်တစ်ယောက်ပဲ ဧဝံဂေလိအလုပ်ကို ကြီးကြပ်ဖို့ မသင့်တော်ဘူးလို့ ကျွန်တော် ခံစားမိတယ်။ ဒီအချိန်မှာ ကျွန်တော်က သူ့ပြဿနာတွေအကြောင်း အစီရင်ခံစာတစ်ခုကို တော်တော်ရေးချင်တယ်။ ဒါပေမဲ့ နောက်တော့ စဉ်းစားမိတယ်။ “ကြီးကြပ်ရေးမှူးက သူ့ကို တိုင်တာက ငါဆိုတာ သိသွားရင် ငါက သူ့ကို တမင်တကာ အမှားရှာနေပြီး သူ့ဘဝကို ခက်ခဲအောင်လုပ်နေတယ်လို့ သူထင်မှာလား။ ဒါဆို သူက ခေါင်းဆောင်ကို ငါ့အကြောင်းမကောင်းပြောရင် ခေါင်းဆောင်က ငါ့ကို နေရာပြောင်းတာ၊ ထုတ်တာတွေ လုပ်မှာလား” ပေါ့။ ဒီလိုတွေးမိပြီး ကျွန်တော် နောက်တစ်ခါ နောက်ဆုတ်သွားပြန်တယ်။ နှစ်ရက်လောက်ကြာတော့ ဒီကြီးကြပ်ရေးမှူးက သူတို့ရဲ့ လက်တွေ့ပြဿနာတစ်ခုမှ လုံးဝ မဖြေရှင်းတဲ့အကြောင်းကို တခြားအဖွဲ့တစ်ခုက အစ်မလျူက ပြောနေတာကို ကျွန်တော် ကြားရတယ်။ သူတို့က မာနထောင်လွှားတဲ့ စိတ်သဘောထားရှိတဲ့၊ အဆင့်အတန်းကို စွဲလန်းနေတဲ့ သူများတွေရဲ့ အားနည်းချက်ကို အနိုင်ကျင့်တဲ့၊ သူတို့တွေကို တိုက်ခိုက်ပြီး ချုပ်ချယ်တဲ့ လူတွေ သူတို့တာဝန်ထမ်းဆောင်တာကို နှောင့်ယှက်နေတဲ့အဖွဲ့ဝင်တစ်ယောက်အကြောင်းကို အသိပေးရင် ကြီးကြပ်ရေးမှူးက လွတ်ထားလိုက်ပြီး အရေးကြီးသလိုမမှတ်ယူဘူး။ နောက်ဆုံးတော့ ပြဿနာကို ဖြေရှင်းဖို့ တစ်ခုတည်းသောနည်းလမ်းက ခေါင်းဆောင်ကို တင်ပြဖို့ပဲ။ အစ်မလျူက ဒီလိုပြောတော့ ကျွန်တော် တော်တော်ကို လိပ်ပြာမလုံဘူး။ ဒီကြီးကြပ်ရေးမှူးက ပြဿနာတွေရှိတာကို ကျွန်တော်သိတာ ကြာပြီ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ဘာမှမပြောခဲ့ဘူး။ ကျွန်တော်က ဘာလို့ သမ္မာတရားကို လက်တွေ့လုပ်ပြီး အသင်းတော်အလုပ်ကို ကာကွယ်တာကို မလုပ်နိုင်တာလဲပေါ့။
ဘုရားဝတ်ပြုရင်းနဲ့ ကျွန်တော် ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ်ဖတ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အစွမ်းအစအနည်းငယ်ရှိပြီး အလုပ်အနည်းငယ်လုပ်နိုင်သော၊ လူအမျိုးအစားအသီးသီးအား ကိုင်တွယ်ခြင်းနှင့်ပတ်သက်သော စည်းမျဉ်းများကို အနည်းငယ်သိသော်လည်း စိတ်မကျေမနပ်ဖြစ်အောင်လုပ်မိမည်ကို ကြောက်ရွံ့သောကြောင့် မကောင်းသောလူများနှင့် အန္တိခရစ်များကို မချုပ်ချယ်ရဲသည့် အယောင်ဆောင် ခေါင်းဆောင်အချို့ရှိသည်။ ၎င်းတို့သည် ဆိုးယုတ်သော အတွေးအခေါ်များနှင့် ရှင်သန်ကြပြီး ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ အရေးကိစ္စမဟုတ်သောအရာများကို အဖက်မလုပ်ပေ။ ၎င်းတို့သည် အသင်းတော်အလုပ်က ထိရောက်မှုရှိမရှိကို အရေးမစိုက်ကြသကဲ့သို့ ဘုရားသခင်ရွေးချယ်ထားသောလူတို့၏ အသက်ဝင်ရောက်မှုက မည်သို့ ထိခိုက်နိုင်သည်ကိုလည်း အရေးမစိုက်ပေ။ ဤသို့သောအရာများက ၎င်းတို့နှင့် လုံးဝ မသက်ဆိုင်ဟု ထင်ကြသည်။ ထို့ကြောင့် ထိုသို့သော အယောင်ဆောင်ခေါင်းဆောင်၏ ရာထူးသက်တမ်းအတွင်းတွင် အသင်းတော်အသက်တာ၏ ပုံမှန် ဖွဲ့စည်းပုံစနစ်သည် ထိန်းသိမ်းခြင်းမခံရသကဲ့သို့၊ ဘုရားသခင်ရွေးချယ်ထားသောလူများ၏ တာဝန်နှင့် အသက်ဝင်ရောက်မှုသည် မသေချာပေ။ ဤပြဿနာ၏ သဘောသဘာဝမှာ အဘယ်နည်း။ ဤသို့သော အယောင်ဆောင်ခေါင်းဆောင်များသည် ၎င်းတို့၏ အစွမ်းအစက ညံ့ဖျင်းသောကြောင့် အလုပ်မလုပ်နိုင်ခြင်း မဟုတ်ပေ။ ထို့ကြောင့် မည်သည့်ပုံစံဖြင့် ၎င်းတို့က အယောင်ဆောင်ဖြစ်ကြသနည်း။ ၎င်းတို့က အယောင်ဆောင်ဖြစ်သည်မှာ ၎င်းတို့၏ လူ့သဘာဝနှင့်ပတ်သက်၍ ပြဿနာတစ်ခုရှိခြင်းဖြစ်သည်။ ခေါင်းဆောင်များအဖြစ် ၎င်းတို့၏ ရာထူးသက်တမ်းအတွင်းတွင် အသင်းတော်အလုပ်ကို နှောင့်ယှက်ဖျက်ဆီးနေသော မကောင်းသည့်လူများနှင့် အန္တိခရစ်များ၏ ပြဿနာအဖို့ ဖြေရှင်းချက် လုံးဝ မရှိနိုင်ပေ။ ဤအရာအားဖြင့် ညီအစ်ကိုမောင်နှမအချို့သည် အလွန်ပင် ထိခိုက်ခံရပြီး၊ ယင်းမှာ အသင်းတော်အလုပ်အတွက် အလွန်ကြီးမားသော အနှောင့်အယှက်ဖြစ်သည်။ ဤသို့သော အယောင်ဆောင်ခေါင်းဆောင်မျိုးသည် ပြဿနာတစ်ခုကို သတိထားမိပြီး တစ်စုံတစ်ယောက်က အနှောင့်အယှက်၊ အဖျက်အဆီးလုပ်နေသည်ကို မြင်ပြီး၊ ၎င်းတို့၏ တာဝန်က မည်သည့်အရာဖြစ်သည်ကို သိသည်။ မည်သည့်အရာကို လုပ်သင့်သည်၊ မည်သို့လုပ်ဆောင်သင့်သည်ကို သိသည်။ သို့တိုင်အောင် မည်သည့်အရာကိုမျှ လုံးဝ မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် မည်သည့်အရာကိုမျှ မကြား၊ မေးခွန်းထုတ်ခြင်းမရှိသကဲ့သို့ ပြဿနာကို အထက်လူကြီးများထံသို့ တင်ပြခြင်းလည်း မရှိဘဲ၊ ဆွံ့အ၊ နားမကြား ဟန်ဆောင်ကြသည်။ ၎င်းတို့က မည်သည့်အရာကိုမျှမသိ၊ မည်သည့်အရာကိုမျှ မမြင်ဟန်ဆောင်ကြသည်။ ဤသည်မှာ ၎င်းတို့၏ လူ့သဘာဝတွင်ရှိသော ပြဿနာမဟုတ်သလော။ ၎င်းတို့ ခေါင်းဆောင်မှု၏ စည်းမျဉ်းမှာ အဘယ်နည်း။ ‘ငါ့ကြောင့် အနှောင့်အယှက်၊ အဖျက်အဆီးတွေ မဖြစ်ဘူး။ ဒါပေမဲ့ စိတ်မကျေမနပ်ဖြစ်စေတဲ့ အရာ၊ သူများတွေရဲ့ ဂုဏ်သိက္ခာကို တိုက်ခိုက်တဲ့အရာ ဘာကိုမှ လုပ်မှာမဟုတ်ဘူး။ ငါ့ကို အယောင်ဆောင်ခေါင်းဆောင်လို့ သတ်မှတ်လိုက်။ စိတ်မကျေမနပ်ဖြစ်စေမယ့်အရာ ဘာကိုမှ ငါ လုပ်ဦးမှာမဟုတ်ဘူး။ ငါ့အတွက် လွတ်လမ်းတစ်ခုကို ငါချန်ထားဖို့လိုတယ်’ ဟူ၍ ဖြစ်သည်။ ဤသည်မှာ မည်သို့သော တွေးခေါ်မှုစနစ် ဖြစ်သနည်း။ ဤသည်မှာ စာတန်၏ တွေးခေါ်မှုစနစ် ဖြစ်သည်။ ဤသည်မှာ မည်သို့သော စိတ်သဘောထားမျိုးဖြစ်သနည်း။ အလွန်ပင် ခေါင်းရှောင်ပြီး လှည့်စားတတ်သည် မဟုတ်လော။ ဤသို့သောသူသည် ဘုရားသခင်၏ စေခိုင်းချက်အပေါ် သူ၏ သဘောထားတွင် အနည်းငယ်မျှပင် ရိုးသားစစ်မှန်ခြင်းမရှိပေ။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် အစဉ်သဖြင့် ဉာဏ်များပြီး မယုံကြည်ရပေ။ မနှစ်မြို့ဖွယ် မျှော်ကိုးမှုများစွာရှိပြီး၊ အရာရာတွင် မိမိတို့ကိုယ်ကိုအတွက် စဉ်းစားကြသည်။ ၎င်းတို့သည် အသင်းတော်၏အလုပ်ကို အနည်းငယ်မျှပင် မစဉ်းစားဘဲ အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရားလုံးဝ မရှိပေ။ ၎င်းတို့သည် ခေါင်းဆောင်မှုအလုပ်အတွက် အလွန်ပင် မသင့်တော်ပေ။...ငါ၏ စိတ်နှလုံးတွင် ထိုသို့သောသူမျိုးသည် မည်မျှ အားထားရသည့်ပုံစံရှိပါစေ၊ သို့မဟုတ် မည်မျှ စည်းကမ်းထိန်းသိမ်းသည့်၊ သို့မဟုတ် စကားနည်းသည့်၊ သို့မဟုတ် အလုပ်ကြိုးစားပြီး အရည်အချင်းရှိသည့် ပုံစံရှိပါစေ ၎င်းတို့က စည်းမျဉ်းမရှိဘဲ ဆောင်ရွက်ပြီး အသင်းတော်အလုပ်ကို တာဝန်ယူမှုမရှိသည့်အချက်က ငါ့အား ၎င်းတို့ကို အရှိအတိုင်း ‘အသစ်သော သိနားလည်မှုဖြင့် သိမြင်ဖို့’ ကူညီဆောင်ရွက်ပေးသည်။ အပြီးသတ်ဖို့ရန်အတွက် ဤလူမျိုးကို ငါ အဓိပ္ပာယ်သတ်မှတ်မည်။ ၎င်းတို့က ကြီးမားသောအမှားတစ်ခုခုကို လုပ်ကောင်းလုပ်မည်မဟုတ်သော်လည်း၊ အလွန်ပင် ခေါင်းရှောင်ပြီး လှည့်စားတတ်သည်။ မည်သည့်တာဝန်ကိုမျှ လုံးဝ မယူသကဲ့သို့ အသင်းတော်အလုပ်ကိုလည်း လုံးဝ မထိန်းသိမ်းပေ။ ၎င်းတို့သည် လူ့သဘာဝမရှိပေ။ ၎င်းတို့သည် တိရစ္ဆာန်အမျိုးအစားတစ်ခုဖြစ်နေသကဲ့သို့ ငါ ခံစားရသည်။ ကောက်ကျစ်စဉ်းလဲရာတွင် ၎င်းတို့သည် မြေခွေးကဲ့သို့ အနည်းငယ် ဆင်တူသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ) “သမ္မာတရားသည် သင့်တွင် အသက်ဖြစ်လာပြီးသည်နှင့် သင်သည် ဘုရားသခင်အပေါ် ပြစ်မှားစော်ကားသော၊ ဘုရားသခင်အား မကြောက်ရွံ့သော၊ မိမိ၏တာဝန်ထမ်းဆောင်ရာတွင် ပေါ့ဆပြီး ဝတ်ကျေတမ်းကျေပြုသော၊ သို့မဟုတ် အသင်းတော်အလုပ်ကို ကြားဝင်စွက်ဖက်သောသူကို သတိပြုမိသောအခါ သင်သည် သမ္မာတရားစည်းမျဉ်းနှင့်အညီ တုံ့ပြန်လိမ့်မည်။ ထိုသူအား လိုအပ်သလို ခွဲခြားပြီး ဖော်ထုတ်နိုင်လိမ့်မည်။ သမ္မာတရားသည် သင်၏ အသက် ဖြစ်မလာသေးသကဲ့သို့ သင်သည် သင်၏ စာတန်ဆန်သော စိတ်သဘောထားအတွင်းတွင် အသက်ရှင်ဆဲဖြစ်ပါက၊ အသင်းတော်အလုပ်ကို တုံ့ဆိုင်းမှုနှင့် အနှောင့်အယှက်များ ဖြစ်စေသည့် ဆိုးယုတ်သော လူများနှင့် နတ်ဆိုးများကို သင် ရှာဖွေတွေ့ရှိသည့်အခါ၊ သင်သည်မသိကျိုးကျွန်ပြုလိမ့်မည်ဖြစ်ပြီး ဂရုစိုက်လိမ့်မည်မဟုတ်။ လိပ်ပြာလုံစွာဖြင့် ယင်းတို့ကို သင် ဘေးဖယ်ထားလိုက်လိမ့်မည်ဖြစ်သည်။ အသင်းတော်အလုပ်ကို အနှောင့်အယှက်ဖြစ်စေနေသည့် သူတစ်ဦးမျှ သင်နှင့် မည်သည့်ပတ်သက်မှုမျှ မရှိဟုပင် သင် တွေးလိမ့်မည်။ အသင်းတော်၏အလုပ်နှင့် ဘုရားအိမ်တော်၏အကျိုးစီးပွားတို့ မည်မျှ ထိခိုက်ပါစေ၊ သင် ဂရုမစိုက်၊ ကြားဝင်စွက်ဖက်ခြင်း မရှိပေ၊ သို့မဟုတ် အပြစ်ရှိသည်ဟု မခံစားရပေ— ယင်းက သင့်အား အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရား မရှိသူတစ်ဦး၊ မယုံကြည်သူတစ်ဦး၊ အစေခံသူတစ်ဦး ဖြစ်စေသည်။ သင်သည် ဘုရားသခင်နှင့် သက်ဆိုင်သည့်အရာကို စားကာ၊ ဘုရားသခင်နှင့်သက်ဆိုင်သည့် အရာကို သောက်ပြီး ဘုရားသခင်ထံမှ လာသည့်အရာများအားလုံးကို မွေ့လျော်သော်လည်း ဘုရားအိမ်တော်၏ အကျိုးစီးပွားအပေါ် မည်သည့်ထိခိုက်ခြင်းကမျှ သင်နှင့်ဆက်နွှယ်ခြင်း မရှိဟု ခံစားရသည်— ယင်းက သင့်အား ကျွေးသောလက်ကို ကိုက်သည့် သစ္စာဖောက်တစ်ဦး ဖြစ်စေသည်။ သင်သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မကာကွယ်ပါက၊ သင်သည် လူပင် ဟုတ်ပါ၏လော။ ယင်းက အသင်းတော်ထဲသို့ အယုံသွင်း၍ ချဉ်းကပ်လာသည့် နတ်ဆိုးတစ်ကောင်ဖြစ်သည်။ သင်သည် ဘုရားသခင်၌ ယုံကြည်မှုရှိဟန်ဆောင်သည်၊ ရွေးချယ်ခံထားရသူ တစ်ဦးအဖြစ် ဟန်ဆောင်ပြီး ဘုရားသခင်၏ အိမ်တော်၌ ကပ်ပါးရပ်ပါး လုပ်လိုသည်။ သင်သည် လူသားတစ်ဦး၏ ဘဝကို ရှင်သန်မနေဘဲ၊ ရှင်းလင်းစွာပင် မယုံကြည်သူများထဲမှ တစ်ဦးဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားသခင်ကို အမှန်တကယ် နာခံသည့်သူများသာလျှင် ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှလုံးရှိပေသည်) ဘုရားနှုတ်ကပတ်တော်တွေက အရမ်းကို စိတ်ထိခိုက်စရာပါပဲ။ အထူးသဖြင့် ဒီနှုတ်ကပတ်တော်တွေကို ဖတ်တဲ့အခါမှာပေါ့။ “၎င်းတို့သည် လူ့သဘာဝမရှိပေ၊” “ကောက်ကျစ်စဉ်းလဲရာတွင် ၎င်းတို့သည် မြေခွေးကဲ့သို့ အနည်းငယ် ဆင်တူသည်၊” “အသင်းတော်ထဲသို့ အယုံသွင်း၍ ချဉ်းကပ်လာသည့် နတ်ဆိုးတစ်ကောင်ဖြစ်သည်၊” နဲ့ “မယုံကြည်သူများထဲမှ” ဆိုတာပေါ့။ ဘုရားရဲ့ စိတ်သဘောထားက ပုန်ကန်ပြစ်မှားမှုကို လက်မခံတာကို ကျွန်တော် ခံစားမိတယ်။ ဘုရားက အထူးသဖြင့် လှည့်စားတတ်တဲ့လူတွေကို မုန်းတီး ရွံရှာတယ်။ ဘုရားသခင်က ဒီလူတွေကို မကောင်းဆိုးဝါးတွေ၊ မယုံကြည်သူတွေလို့ အဓိပ္ပာယ်ဖွင့်တယ်။ ကျွန်တော် အရမ်းကြောက်ပြီး အပြစ်ရှိသလို ခံစားရတယ်။ ဘုရားက ကျွန်တော့်ရှေ့တည့်တည့်မှာ ကျွန်တော့်ကို ဖော်ထုတ်ပြီး ရှုတ်ချနေသလို ခံစားရတယ်။ နောက်တော့ ကျွန်တော့်ရဲ့ အပြုအမူကို ပြန်စဉ်းစားကြည့်တော့ ကြီးကြပ်ရေးမှူးက သူ့တာဝန်ကို ဖြစ်သလိုလုပ်နေပြီး လက်တွေ့အလုပ်မလုပ်တာကို ကျွန်တော်က ရှင်းရှင်းလင်းလင်း မြင်နေပြီ။ သူ့ကို ထုတ်ပြောပြချင်တာ သုံးလေးခါလောက်ရှိပြီ။ ဒါပေမဲ့ ကျွန်တော်က အရမ်းသတိထားလွန်းပြီး ကျွန်တော့်ကို မာနထောင်လွှားတယ်၊ ကျိုးကြောင်းမသင့်ဘူးလို့ သူကပြောမှာကို ကြောက်ပြီး သူ့ကို မပြောရဲခဲ့ဘူး။ ကျွန်တော်က သူ့ကို ဒါကို ထုတ်ပြောတဲ့အခါမှာတောင် ပြဿနာအားလုံးကို မပြောရဲဘူး။ ကျွန်တော့်ခံယူချက်က ဒီလိုရှိပေမဲ့ ကျွန်တော့်ရဲ့ ဂုဏ်သတင်းနဲ့ သူနဲ့ ဆက်ဆံရေးကို ကာကွယ်နိုင်ဖို့အတွက်နဲ့ သူ့ကို အားပေးတဲ့အဆင့်ထိတောင် လုပ်ခဲ့တယ်။ နောက်ပိုင်းမှာ သူဟာ တကယ့်အလုပ်ကို မလုပ်နိုင်တဲ့ အယောင်ဆောင်အမှုဆောင်တစ်ယောက်ဖြစ်တယ်၊ နေရာပြောင်းသင့်တယ်၊ ဒါမှမဟုတ် ထုတ်သင့်တယ်၊ အသင်းတော်အလုပ်ကို ကာကွယ်ဖို့အတွက် သူ့ကို ဖော်ထုတ်ပြီး တိုင်ကြားသင့်တယ်လို့ ကျွန်တော် သတ်မှတ်လိုက်တယ်။ ဒါပေမဲ့ ကျွန်တော်က အဆင့်အတန်းအတွက် ယှဉ်ပြိုင်နေတယ်၊ သူ့ဘဝကို ခက်ခဲအောင် တမင်လု်ပနေတယ်လို့ ကြီးကြပ်ရေးမှူးက ပြောပြီး ကျွန်တော့်ကို ဖိနှိပ်မှာကို စိတ်ပူခဲ့တယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ကျွန်တော်က အချင်ယောင်ဆောင်တယ်။ ဧဝံဂေလိအလုပ်က ပိတ်ဆို့ခံရတဲ့အခါမှာ ဘာကိုမှ မတင်ပြဘဲနဲ့ ဒီအတိုင်းကြည့်နေခဲ့တယ်။ ကျွန်တော်က တကယ်ကို လှည့်စားတယ်။ တစ်ကိုယ်ကောင်းဆန်တယ်။ စက်ဆုပ်ဖွယ်ကောင်းတယ်။ ဘုရားအပေါ်မှာ ဘာရိုးသားမှုမှမရှိဘူး။ ဘုရားကို ကျွန်တော် ယုံကြည်ခဲ့တဲ့ နှစ်တွေအားလုံး ပြန်စဉ်းစားကြည့်တော့ ကျွန်တော်က ဘုရားနှုတ်ကပတ်တော်တွေ အများကြီးရဲ့ ပံ့ပိုးမှုကို ခံစားပြီး အသင်းတော်အလုပ် ဆုံးရှုံးရတာကို ဘယ်လိုလုပ် ဒီအတိုင်းကြည့်နေနိုင်ပြီး ကိုယ့်ကိုယ်ကိုယ်ပဲ ကာကွယ်ချင်ပြီးတော့ အသင်းတော်အလုပ်ကို လုံးဝ မကာကွယ်ချင်ရတာလဲ။ ကြီးကြပ်ရေးမှူးရဲ့ ပြဿနာကို ပိုပြီးမြန်မြန်တင်ပြခဲ့ရင် အသင်းတော်အလုပ်ကို သူ နှောင့်နှေးစေမှာ၊ ပိတ်ဆို့မှာမဟုတ်ဘူး။
ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မှုတွေကြားကနေ ဒီလိုပြောတဲ့ ဘုရားနှုတ်ကပတ်တော်ကို တွေ့ခဲ့တယ်။ “လူတို့သည် ၎င်းတို့ အသက်ရှင်ရန်အတွက် အမှီပြုခဲ့သော အတွေးအခေါ်များသည် ၎င်းတို့ သစ္စာဖောက်သော သူများ၊ သူရဲဘောကြောင်သောသူများ နှင့် စက်ဆုပ်ဖွယ် ကောင်းသောသူများ ဖြစ်လာသည်အထိ ၎င်းတို့၏ စိတ်နှလုံးများကို နှစ်ပေါင်းများစွာ ပျက်စီးယိုယွင်းစေခဲ့သည်။ ၎င်းတို့၌ စိတ်ဓာတ်ခွန်အားနှင့် စိတ်ဆုံးဖြတ်ချက် ကင်းမဲ့ကြသည်သာမက ၎င်းတို့သည် လောဘကြီးလာကြပြီး၊ မောက်မာလာကြကာ၊ တစ်ဇွတ်ထိုး လုပ်လာကြလေသည်။ ၎င်းတို့၌ အတ္တကို ကျော်လွန်သော စိတ်ဆုံးဖြတ်ချက် တစ်ခုတစ်လေ လုံးဝကင်းမဲ့နေပြီး ထိုမျှမက ၎င်းတို့၌ ဤမှောင်မိုက် လွှမ်းမိုးမှုများ၏ ချုပ်ချယ်မှုများကို ဖယ်ရှားရန် သတ္တိ အနည်းငယ်ပင် မရှိကြချေ။ လူတို့၏ အတွေးအခေါ်များ နှင့် အသက်တာများသည် ပုပ်သိုးလွန်းသည်မှာ ဘုရားသခင် အပေါ် ယုံကြည်ခြင်းနှင့် သက်ဆိုင်သော ၎င်းတို့၏ ရှုထောင့်အမြင်များမှာ သည်းမခံနိုင်အောင် အကျည်းတန် နေသေးသည်သာမက ဘုရားသခင်အပေါ် ယုံကြည်ခြင်း အကြောင်း ၎င်းတို့၏ ရှုထောင့်အမြင်များကို လူတို့ ပြောကြသည့်အခါ ၎င်းမှာ တကယ်ပင် နားမခံနိုင်စရာ ဖြစ်သည်။ လူအားလုံးသည် သူရဲဘောကြောင်ကြသည်၊ အစွမ်းအစမရှိ၊ စက်ဆုပ်ရွံရှာဖွယ် ဖြစ်ကြသည်သာမက ခိုင်ခံ့ခြင်းလည်း မရှိကြပေ။ ၎င်းတို့သည် အမှောင်စွမ်းအားများကို ရွံရှာခြင်း မရှိကြသကဲ့သို့ အလင်းနှင့် သမ္မာတရားကို ချစ်ခြင်း မရှိကြ၊ ထိုသို့ဖြစ်ရမည့်အစား ၎င်းတို့ကို ထုတ်ပစ်ရန်အတွက် အစွမ်းကုန် လုပ်ဆောင်ကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အဖြည့်ခံဖြစ်ရန် သင်အဘယ်ကြောင့် လိုလားခြင်းမရှိသနည်း) ကျွန်တော်က စာတန်ဖျက်ဆီးတာကို တော်တော်ခံထားရတယ်၊ စာတန်ရဲ့ အဆိပ်တွေက ကျွန်တော့်စိတ်နှလုံးအတွင်းထဲမှာ အမြစ်တွယ်နေပြီဆိုတာ ဘုရားနှုတ်ကပတ်တော်ကို စဉ်းစားကြည့်ပြီး သဘောပေါက်သွားတယ်။ “မိမိကိုယ်ကို ကာကွယ်ရန် ဆိတ်ဆိတ်ငြိမ်နေ၍ အပြစ်တင်ခံရမှုမှ လွတ်မြောက်ရန်သာ ကြိုးစားပါ”၊ “ပြဿနာနည်းလေ ပိုကောင်းလေ” “အထောင်ဆုံးသံချောင်းသည် ရိုက်ထည့်ခံရ၏”၊ “အခုရှုပ်မှ နောင်ရှင်း” ဆိုတာမျိုး ဆိုးယုတ်တဲ့ အတွေးအခေါ်တွေက ကျွန်တော့် သဘာဝနဲ့ ကျွန်တော် ကျင့်သုံးတဲ့ နိယာမတွေဖြစ်လာတယ်။ သူတို့ရဲ့ ထိန်းချုပ်မှုအောက်မှာ မြဲနေအောင်ထားတယ်။ ပြောဆိုပြုမူတဲ့အခါမှာ ကိုယ့်အကျိုးစီးပွားကိုပဲ ထည့်စဉ်းစားအောင်လုပ်တယ်။ လက်တွေ့အလုပ်မလုပ်တဲ့ ကြီးကြပ်ရေးမှူးတစ်ယောက်က အသင်းတော်အလုပ်ကို နှောင့်နှေးစေပြီး ထိခိုက်တဲ့အခါမှာ ကျွန်တော်က ဒီတိုင်းတောင်ကြည့်နေခဲ့တယ်။ ကျွန်တော်က အဟန်ဆောင်တယ်။ နှုတ်ပိတ်ထားပြီး အသင်းတော်အလုပ်ကို လုံးဝ ကာကွယ်မပေးခဲ့ဘူး။ ကျွန်တော်က အမှုမဲ့အမှတ်မဲ့နဲ့ စာတန်ဘက်ကနေ နေပြီး သူ့ရဲ့ ကြံရာပါအဖြစ် အစေခံနေတာပဲ။ ကျွန်တော်က ဘုရားအတွက် တကယ်ကို ရွံရှာစရာပါပဲ။ ဒီလောကီ အတွေးအခေါ်တွေက လူတွေကို လှည့်စားပြီး ဖျက်ဆီးဖို့အတွက် စာတန်အသုံးပြုတဲ့ အတွေးမှားတွေနဲ့ အလိမ်အညာတွေပဲဆိုတာ ကျွန်တော် မြင်ခဲ့တယ်။ ဒါတွေအတိုင်း အသက်ရှင်နေတော့ ကျွန်တော်က ပိုပိုပြီးတော့ပဲ လှည့်စားတာ၊ ဆိုးယုတ်တာ၊ တစ်ကိုယ်ကောင်းဆန်တာ၊ စက်ဆုပ်ဖွယ်ကောင်းတာတွေ ဖြစ်လာနိုင်တယ်။ ကိုယ့်အကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက် ဘုရားနဲ့ လူတွေကနေ ကိုယ့်ကိုယ်ကိုယ် သတိထားကာကွယ်ခဲ့တယ်။ အသင်းတော်မှာ ဘယ်လိုနှောင့်ယှက်မှုတွေ၊ ကြားဝင်မှုတွေကျရောက်ပါစေ ကျွန်တော်က ဂရုမစိုက်ဘဲ၊ စိတ်မပါဘဲ၊ အဖက်မလုပ်ဘဲ ဆက်ပြီးနေတယ်။ ကျွန်တော် လက်တွေ့လုပ်သင့်တဲ့ သမ္မာတရားတွေကို လက်တွေ့မလုပ်ဘူး။ ကျွန်တော် ဖြည့်ဆည်းသင့်တဲ့ တာဝန်တွေကို မဖြည့်ဆည်းဘူး။ ကျွန်တော့်မှာ အသိစိတ်၊ ဆင်ခြင်တုံတရား၊ လူ့သဘာဝ၊ ဂုဏ်သိက္ခာနည်းနည်းလေးမှမရှိခဲ့ဘူး။ နောင်တမရရင် ဘုရားက မုန်းတီးပြီး စွန့်ပစ်တာကို ခံရမှာပဲ။ ကျွန်တော် တွေးကြည့်လေလေ၊ နောင်တရလေလေပဲ။ ကျွန်တော်က စာတန်ဖျက်ဆီးတာကို အရမ်းခံထားရတော့ ဘာလူ့သဘာဝမှမရှိဘူးလို့ ခံစားမိတယ်။ ကိုယ့်ကိုယ်ကိုယ် တော်တော်မုန်းမိတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ သမ္မာတရားကို လက်တွေ့လုပ်ဖို့ စိတ်ပိုင်းဖြတ်လိုက်တယ်။ အရမ်းကို ဆင်ခြင်တုံတရားမရှိဘဲ ဆက်နေလို့ မဖြစ်တော့ဘူးလေ။ ဘုရားအလိုတော်ကို အလေးထားရမယ်။ သမ္မာတရားကို လက်တွေ့လုပ်ရမယ်။ ကြီးကြပ်ရေးမှူးရဲ့ ပြဿနာကို ခေါင်းဆောင်ကို ဖြစ်နိုင်သမျှ အမြန်ဆုံး တင်ပြရမယ်။ နောက်ပိုင်းမှာ ကြီးကြပ်ရေးမှူးက လက်တွေ့အလုပ်မလုပ်တဲ့ကိစ္စကို ကျွန်တော် ခေါင်းဆောင်ကို တင်ပြခဲ့တယ်။
ကျွန်တော် တိုင်ကြားစာပို့ပြီးသွားတော့ ကျွန်တော့်ပခုံးကနေ အလေးကြီးတစ်ခုပေါ့သွားသလို ခံစားရတယ်။ ဒါပေမဲ့ နှစ်ရက်၊ သုံးရက်ကြာပြီးတော့ ခေါင်းဆောင်က မတုံ့ပြန်သေးဘူး။ ကျွန်တော် စိုးရိမ်တာက မနေနိုင်ဘဲ ပြန်ဖြစ်လာတယ်။ ခေါင်းဆောင်က တိုင်ကြားစာကို ဖတ်ပြီး ငါက အဆင့်အတန်းအတွက် ယှဉ်ပြိုင်နေတယ်၊ တမင်သက်သက် အမှားရှာနေတယ်လို့ ထင်မှာလား။ ငါ့ကို မကောင်းမှုပြုသူအဖြစ် အပြစ်တင်ပြီး ထုတ်ပစ်မှာလား။ ဒီလိုတွေးမိပြီး ကျွန်တော် ရင်ထိတ်သွားတယ်။ ကျွန်တော့်အခြေအနေကို အစ်မလျူကိုဖွင့်ပြောလိုက်တယ်။ သူကပြောတယ်။ “အစ်ကိုက ဘုရားရဲ့ ဖြောင့်မတ်ခြင်းနဲ့ ဘုရားအိမ်တော်မှာ သမ္မာတရားက အုပ်စိုးတယ်ဆိုတဲ့အချက်ကို ငြင်းဆန်နေတာလား...” တဲ့။ သူက ဒီလိုပြောပြီး ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ရွေးပြီး ကျွန်တော့်ကို ဖတ်ပြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အန္တိခရစ်ကဲ့သို့သော ဤလူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် စိတ်သဘောထားကို အယူအဆများ၊ စိန်ခေါ်မှုများ၊ အတိုက်အခံများဖြင့် အစဉ် ဆက်ဆံကြသည်။ ၎င်းတို့က ‘ဘုရားသခင်က ဖြောင့်မတ်တယ်ဆိုတာ သဘောတရားတစ်ခုသာဖြစ်တယ်။ ဒီလောကမှာ ဖြောင့်မတ်ခြင်းဆိုတဲ့အရာတစ်ခု အမှန်တကယ် ရှိလို့လား။ ငါ့ဘဝရဲ့ နှစ်တွေအားလုံးမှာ ဒါကို တစ်ကြိမ်မှ မတွေ့၊ မမြင်ဖူးဘူး။ လောကကြီးက အရမ်းမှောင်မိုက်ပြီး ဆိုးယုတ်တယ်။ မကောင်းတဲ့လူတွေ၊ နတ်ဆိုးတွေက အတော်လေး အဆင်ပြေနေကြတယ်။ အားရကျေနပ်ပြီး အသက်ရှင်နေကြတယ်။ သူတို့နဲ့ ထိုက်တန်တာကို ရသွားတာ မမြင်ဖူးဘူး။ ဒါနဲ့ပတ်သက်လို့ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းက ဘယ်မှာရှိသလဲဆိုတာ ငါ မမြင်နိုင်ဘူး။ ဘုရားရဲ့ ဖြောင့်မတ်ခြင်းက ရှိတောင်ရှိရဲ့လားဆိုတာ ငါ တွေးမိတယ်။ ဘယ်သူ မြင်ဖူးလဲ။ ဘယ်သူကမှ မမြင်ဖူးဘူး။ ဘယ်သူမှ ဒါကို သက်သေမပြနိုင်ဘူး’ ဟူ၍ စဉ်းစားကြသည်။ ဤသည်မှာ ၎င်းတို့ဘာသာ စဉ်းစားသောအရာဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်က ဖြောင့်မတ်သည်ဆိုသည့် ယုံကြည်မှု၏ အခြေခံအုတ်မြစ်ပေါ်ရှိ ဘုရားသခင်၏ အမှုတော်အားလုံး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံးနှင့် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုအားလုံးတို့ကို လက်မခံကြဘဲ အစဉ်သဖြင့် သံသယရှိပြီး ဝေဖန်အပြစ်တင်နေကြသည်။ အစဉ်သဖြင့် အယူအဆများနှင့် ပြည့်ကြပြီး၊ ထိုအယူအဆများကို ဖြေရှင်းရန် သမ္မာတရားကို လုံးဝ မရှာဖွေကြပေ။ ဤသည်မှာ အစဉ်သဖြင့် အန္တိခရစ်များက ဘုရားသခင်ကို ယုံကြည်သည့်ပုံစံဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်မှုရှိသလော။ မရှိပေ။ အန္တိခရစ်များသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် ပတ်သက်လျှင် သံသယရပ်တည်ချက်တစ်ခုကို အစဉ်သဖြင့် ထိန်းသိမ်းထားသည်။...ဥပမာအားဖြင့် အသင်းတော်၏ အလုပ်တွင် ပြဿနာတစ်ခု ဖြစ်ပေါ်သောအခါ ယင်းအတွက် အပြစ်တင်မှု မည်သို့ပြင်းထန်ပါစေ၊ အကျိုးဆက်များက မည်သို့ဖြစ်စေ အန္တိခရစ်၏ ပထမဆုံး တုံ့ပြန်မှုမှာ မိမိကိုယ်ကို ကင်းရှင်းစေပြီး အပြစ်တင်မှုကို အခြားတစ်နေရာရာသို့ လွှဲပြောင်းပေးဖို့ဖြစ်သည်။ တာဝန်မခံရစေရန်အလို့ငှာ ၎င်းတို့သည် အမှုကိစ္စ၏ အမှန်တရားကို ဖုံးကွယ်ရန် မှန်ကန်သော၊ ကြားကောင်းသောအရာ အနည်းငယ်ကို ပြောပြီး၊ အပေါ်ယံ ဇာချဲ့လုပ်ဆောင်ကြလျက် ၎င်းတို့အပေါ် အမြင်ကို လွှဲပြောင်းရန်အတွက်ပင် ပြုလုပ်မည်ဖြစ်သည်။ သာမန်အချိန်များတွင် လူတို့က ယင်းကို မမြင်နိုင်သော်လည်း၊ တစ်စုံတစ်ခုက အန္တိခရစ်အပေါ်သို့ ကျရောက်သောအခါ သူ၏ အကျည်းတန်မှုက ပေါ်လွင်လာသည်။ ဖြူကောင်တစ်ကောင်ကဲ့သို့ပင် သူ၏ ဆူးချွန်များအားလုံးကို ထောင်မတ်လျက် မည်သည့်တာဝန်ကိုမျှ မယူလိုဘဲ မိမိကိုယ်ကို အစွမ်းကုန်ကာကွယ်ကြသည်။ ဤသည်မှာ မည်သို့သော သဘောထားမျိုးဖြစ်သနည်း။ ဤသည်မှာ ဘုရားသခင်သည် ဖြောင့်မတ်သည်ဟု မယုံကြည်ခြင်းတစ်ခု မဟုတ်သလော။ ဘုရားသခင်သည် အရာအားလုံးကို စိစစ်သည်၊ သို့မဟုတ် ဖြောင့်မတ်သည်ဟု ၎င်းတို့က မယုံကြည်ပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ကာကွယ်ရန်အတွက် ၎င်းတို့၏ ကိုယ်ပိုင်နည်းလမ်းများကို အသုံးပြုလိုကြသည်။ ၎င်းတို့က ‘ငါ့ကိုယ်ငါ မကာကွယ်ရင် ဘယ်သူမှ ကာကွယ်ပေးမှာမဟုတ်ဘူး။ ဘုရားကလည်း ငါ့ကို မကာကွယ်နိုင်ဘူး။ ဘုရားက ဖြောင့်မတ်တယ်လို့ ပြောကြတယ်။ ဒါပေမဲ့ လူတွေက ဒုက္ခရောက်တဲ့အခါ သူတို့ကို ဘုရားက တကယ် မျှမျှတတ ဆက်ဆံလို့လား။ မဖြစ်နိုင်တာ။ ဘုရားက အဲဒီလိုမလုပ်ဘူး’ ဟူ၍ ယုံကြည်ကြသည်။ ဒုက္ခ၊ သို့မဟုတ် ဖိနှိပ်မှုနှင့် ရင်ဆိုင်ရသောအခါ ၎င်းတို့က အကူအညီမရဟု ခံစားရပြီး ‘ဒါဆို ဘုရားက ဘယ်မှာလဲ။ လူတွေက သူ့ကို မမြင်နိုင်ဘူး၊ မထိနိုင်ဘူး။ ဘယ်သူမှ ငါ့ကို မကူညီနိုင်ဘူး။ ဘယ်သူကမှ ငါ့ကို တရားမျှတမှု ပေးပြီး ဖြစ်အောင် လုပ်မပေးနိုင်ဘူး’ ဟူ၍ ထင်ကြသည်။ မိမိကိုယ်ကို ကာကွယ်ရန် တစ်ခုတည်းသောနည်းလမ်းမှာ မိမိတို့ ကိုယ်ပိုင်နည်းလမ်းများနှင့်ဖြစ်သည်၊ ထိုသို့မဟုတ်လျှင် ဘာလုပ်ရမှန်း မသိဖြစ်ကြမည်၊ အနိုင်ကျင့်ခံရပြီး ဖိနှိပ်ခံရမည်၊ ဘုရားအိမ်တော်သည်လည်း ဤသို့ အလားတူပင်ဖြစ်သည်ဟု ထင်ကြသည်။...၎င်းတို့သည် ဂုဏ်သိက္ခာနှင့် အဆင့်အတန်းအပေါ် ၎င်းတို့၏ ကိုယ်ပိုင်လိုက်စားမှုကိုသာ ဂရုစိုက်ကြသည်။ အသင်းတော်အလုပ်ကို ထိန်းသိမ်းရန်အတွက် မည်သည့်အရာကိုမျှ လုံးဝ မလုပ်ဆောင်ကြပေ။ မည်သူမဆိုက မကောင်းသောအရာတစ်ခုလုပ်ပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများ ထိခိုက်သည်ဖြစ်စေ ထိုသူတို့ကို ဖော်ထုတ်ခြင်း၊ တိုင်ကြားခြင်းမရှိဘဲ မမြင်သကဲ့သို့ ပြုမူကြသည်။ အမှုအရာများကို ကိုင်တွယ်ခြင်းအတွက် ၎င်းတို့၏ စည်းမျဉ်းများနှင့် ၎င်းတို့အနီးဝန်းကျင်တွင် ဖြစ်ပျက်သည့်အရာအပေါ် ၎င်းတို့၏ ဆက်ဆံပုံကို ကြည့်လျှင် ၎င်းတို့သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားအပေါ် သိမြင်မှုတစ်ခုခုရှိသလော။ ယုံကြည်ခြင်းတစ်ခုခုရှိသလော။ မည်သည့်အရာမျှ မရှိပေ။ ဤတွင် ‘မည်သည့်အရာမျှ’ ဆိုသည်မှာ ၎င်းတို့ သတိမထားမိဟု မဆိုလိုဘဲ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို မေးခွန်းထုတ်ကြသည်ဟု ဆိုလိုသည်။ ၎င်းတို့သည် ဘုရားသခင်က ဖြောင့်မတ်သည်ဟု လက်မခံသကဲ့သို့ အသိအမှတ်လည်းမပြုပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၀ (အပိုင်း ၁)) အန္တိခရစ်တွေရဲ့ သဘာဝက အရမ်းကို စိတ်မချရဘဲ လှည့်စားတတ်တယ်ဆိုတာ ဘုရားက ဖွင့်ပြတယ်။ သူတို့က အကြောင်းအရာနဲ့ လူတွေအားလုံးကို ကိုယ်ပိုင်အသိအမြင်နဲ့ ကြည့်တယ်။ ပြဿနာတွေကို သံသယစိတ်နဲ့ ကြည့်တယ်။ ဘုရားရဲ့ အချုပ်အခြာအာဏာကို၊ ဘုရားက အရာအားလုံးကို စိစစ်တယ်ဆိုတာကို မယုံကြည်ဘူး။ ဘုရားရဲ့ စိတ်သဘောထားက ဖြောင့်မတ်တယ်ဆိုတာကိုတော့ ထားလိုက်တော့။ ဒီတော့ တစ်ခုခုက အသင်းတော်အလုပ်ကို ထိခိုက်နေတာကို သူတို့ မြင်တဲ့အခါ သူတို့က အမြဲတမ်း သူတို့ကိုယ်သူတို့၊ သူတို့အကျိုးစီးပွားကို ကာကွယ်တယ်။ သမ္မာတရားကို လုံးဝ လက်တွေ့မလုပ်ဘူး။ သူတို့က ဂရုမစိုက်ဘဲ သူတို့ကိုယ်သူတို့ မကာကွယ်ဘူးဆိုရင် ဖိနှိပ်ခံရပြီး အပြစ်ပေးခံရမယ့် ပုံစံမျိုးပေါ့။ ကျွန်တော်က အန္တိခရစ်နဲ့ အတူတူပဲဆိုတာ သုံးသပ်မိတယ်။ ကျွန်တော်က ဘုရားရဲ့ ဖြောင့်မတ်ခြင်းကို မယုံကြည်ဘူး။ သမ္မာတရားနဲ့ ဖြောင့်မတ်ခြင်းက ဘုရားအိမ်တော်မှာ အုပ်စိုးတယ်ဆိုတာ မယုံကြည်ဘူး။ ကြီးကြပ်ရေးမှူးက လက်တွေ့အလုပ်မလုပ်တာကို ကျွန်တော် မြင်တယ်။ ဒါပေမဲ့ အရမ်းအစိုးရိမ်လွန်ပြီး ဒါကို မတင်ပြရဲခဲ့ဘူး။ နောက်ဆုံးမှာ အစီအရင်ခံစာရေးဖို့အတွက် အားတင်းပြီးတဲ့အခါမှာတောင် ဘုရားရဲ့ ဖြောင့်မတ်ခြင်းကို တကယ်နားမလည်တာကြောင့် ခေါင်းဆောင်က သုံးလေးရက်အထိ မတုံ့ပြန်တာကို မြင်တော့ ကျွန်တော်က သံသယဝင်လာပြီး သတိထားလာတယ်။ ခေါင်းဆောင်က အယောင်ဆောင်အမှုဆောင်ကို မကိုင်တွယ်မှာ ကျွန်တော်က လူတွေရဲ့ အားနည်းချက်ကို အနိုင်ကျင့်တဲ့ မကောင်းမှုပြုသူအဖြစ် အထုတ်ခံရမှာကို ကြောက်ခဲ့တယ်။ ကျွန်တော်က တကယ်ကို လှည့်စားတတ်ခဲ့တယ်။ ဘုရားအပေါ် ဘာယုံကြည်ခြင်းမှမရှိခဲ့ဘူး။ ကျွန်တော်က ဘုရားရဲ့ ဖြောင့်မတ်ခြင်းနဲ့ အရာရာအပေါ် သူ့ရဲ့ အချုပ်အခြာအာဏာကို ငြင်းဆန်နေတာမဟုတ်ဘူးလား။ ကျွန်တော်က မယုံကြည်သူတစ်ယောက်ရဲ့ ရှုထောင့်ကနေ အရာအားလုံးအပေါ် ဘုရားရဲ့ စီစဉ်ညွှန်ကြားမှုကို ကြည့်နေခဲ့တာပဲ။ ပြီးတော့ အသင်းတော်ခေါင်းဆောင်တွေကို သံသယဝင်ပြီး သတိထားနေခဲ့တယ်။ အသင်းတော်က ပြင်ပလောကီလိုပဲ မမျှတဘူး၊ မဖြောင့်မတ်ဘူးလို့ ထင်နေခဲ့တယ်။ ဒါက ဘယ်လိုလုပ် ဘုရားကို ယုံကြည်တာဖြစ်မှာလဲ။ ဒါက ဘုရားကို အသေရေဖျက်ပြီး ပုတ်ခတ်စော်ကားတာမဟုတ်ဘူးလား။
နောက်တော့ ဘုရားနှုတ်ကပတ်တော်ကို ကျွန်တော် ပြန်တွေးမိတယ်။ “သမ္မာတရားတွင် မျက်နှာသာပေးခြင်းများ ရှိသလော။ သမ္မာတရားသည် လူများကို တမင်ရည်ရွယ်ကာ ဆန့်ကျင်နိုင်ပါသလော။ သင် သမ္မာတရားနောက်သို့လိုက်လျှင် ယင်းက သင့်အား ဒုက္ခပေးနိုင်သလော။ တရားမျှတမှုအတွက် သင်အခိုင်အမာရပ်တည်လျှင် ယင်းက သင့်ကို လဲပြိုစေမည်လော။ အသက်နောက်သို့လိုက်ရန်မှာ သင်၏ရည်မှန်းချက် အမှန်ဖြစ်ပါက အသက်က သင့်ကို တိမ်းရှောင်နိုင်မည်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ) “ဘုရားသခင်ကို အမှန်တကယ် ရှာဖွေသော လူသားတစ်ဦးအား ဘုရားသခင်က မည်သို့ ကျိန်ဆဲနိုင်မည်နည်း။ အကောင်းပကတိ အသိစိတ်နှင့် စာနာတတ်သော အသိတရား ရှိသူတစ်ယောက်ကို ဘုရားသခင်က မည်သို့ ကျိန်ဆဲနိုင်မည်နည်း။ ဘုရားသခင်ကို အမှန်တကယ် ကိုးကွယ်ပြီး အစေခံသူတစ်ဦးကို သူ၏ဒေါသမီးဖြင့် မည်သို့ လောင်ကျွမ်းစေနိုင်မည်နည်း။ ဘုရားသခင်ကို နာခံဖို့ ဆန္ဒရှိသူတစ်ဦးသည် ဘုရားသခင်၏ အိမ်တော်မှ ကန်ထုတ်ခြင်းကို မည်သို့ ခံရနိုင်မည်နည်း။ ဘုရားသခင်ကို ချစ်၍မဝသူ တစ်ဦးသည် ဘုရားသခင်၏ ပြစ်ဒဏ်ပေးမှု၌ မည်သို့ နေနိုင်မည်နည်း။ ဘုရားသခင်အတွက် အရာရာကို စွန့်လွှတ်ဖို့ ဆန္ဒရှိသူတစ်ဦးသည် မည်သည့်အရာမျှ မရှိသူတစ်ဦးအဖြစ် မည်သို့ ချန်ရစ် ခံရနိုင်မည်နည်း။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်) ဟုတ်တယ်။ ဘုရားသခင်ရဲ့ အနှစ်သာရက ဖြောင့်မတ်ပြီး သစ္စာရှိတယ်။ ဘုရားသခင်ဖော်ပြတဲ့ သမ္မာတရားတွေက လူသားအတွက် လက်တွေ့လုပ်ဆောင်ပြီး အသက်ရှင်နေထိုင်ဖို့ပါ။ သမ္မာတရားကို လိုက်စားပြီး လက်တွေ့လုပ်တာ၊ အသင်းတော်အလုပ်ကို ကာကွယ်တာက အပြုသဘောဆောင်တဲ့အရာဖြစ်ပြီး ဘုရားရဲ့ လက်ခံမှုနဲ့ ကိုက်ညီတာပေါ့။ အထူးသဖြင့် အန္တိခရစ်တွေ၊ မကောင်းမှုပြုသူတွေ၊ အယောင်ဆောင်ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေကို တိုင်ကြားပြီး ဖော်ထုတ်တာက ဘုရားရဲ့ လက်ခံမှုနဲ့ ကိုက်ညီပြီး ကောင်းမွန်ပြီး တရားမျှတတဲ့အလုပ်ဖြစ်တယ်။ စဉ်းစားကြည့်လေ။ သမ္မာတရားကို လက်တွေ့လုပ်ပြီး တရားမျှတမှုအသိစိတ်ရှိသူကို အသင်းတော်ကနေ ထုတ်ခဲ့ဖူးသလား။ သမ္မာတရားကို လိုက်စားပြီး ချစ်တဲ့သူတစ်ယောက်ယောက်က ဘုရားသခင် စွန့်ပစ်တာ၊ ထုတ်ပယ်တာကို ခံရဖူးသလား။ အဲဒါနဲ့ ပြောင်းပြန်ပါပဲ။ သမ္မာတရားကို လက်တွေ့လုပ်တဲ့သူတွေက ဖိနှိပ်ခံရတာ၊ အပယ်ခံရတာ မရှိရုံမကဘူး။ ညီအစ်ကိုမောင်နှမတွေက ကာကွယ်ပေးတာ၊ လက်ခံတာ၊ လေးစားတာကို ရကြတယ်။ လူနည်းနည်းလောက်က သမ္မာတရားကို လက်တွေ့လုပ်တဲ့အတွက် အန္တိခရစ်တွေ၊ မကောင်းမှုပြုသူတွေက ဖိနှပ်တာ၊ အပြစ်ဒဏ်ပေးတာ ခံရရင်တောင် ဒါက ယာယီပါပဲ။ ဒီအန္တိခရစ်တွေ၊ မကောင်းမှုပြုသူတွေအားလုံးက ဖော်ထုတ်ခံရပြီး အထုတ်ခံရမယ်။ အသင်းတော်ကနေ ဖယ်ရှားခံရပါမယ်။ နောက်ပြီးတော့ အန္တိခရစ်တွေ၊ မကောင်းမှုပြုသူတွေက ဖိနှိပ်တာကို ခံရသူတွေက ဘုရားကို သူတို့ဆုတောင်းပြီး သမ္မာတရားကို လိုက်စားခြင်းကတစ်ဆင့် တကယ့် အကျိုးအမြတ်တွေ ရကြမယ်။ သူတို့က မကောင်းမှုပြုသူတွေ၊ အန္တိခရစ်တွေကို သိမြင်လာရုံမကဘဲ ဘုရားရဲ့ အနန္တတန်ခိုးရှိတဲ့ အချုပ်အခြာအာဏာကို နားလည်မှု၊ ကြုံတွေ့မှုလည်း ရကြမယ်။ ဒါတွေက ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို ဘုရားအိမ်တော်မှာ သမ္မာတရားနဲ့ ဖြောင့်မတ်ခြင်းက အုပ်စိုးတယ်ဆိုတာကို အလုံးစုံ ဖွင့်ပြပါတယ်။ ဘုရားအိမ်တော်မှာ အန္တိခရစ်တွေနဲ့ မကောင်းမှုလုပ်ဖို့ ရည်ရွယ်ချက်ရှိသူတွေသာ အသင်းတော်က ဖယ်ရှားပစ်တာ၊ ထုတ်ပယ်တာကို ခံရမယ်။ ကြီးကြပ်ရေးမှူးရဲ့ ပြဿနာကို ကျွန်တော်တိုင်တာက မကောင်းတဲ့ရည်ရွယ်ချက်တစ်ခုခုနဲ့ လုပ်တာမဟုတ်ဘူး။ သူ့အားနည်းချက်အပေါ် တမင်အနို်ငကျင့်ဖို့လည်းမဟုတ်ဘူး။ အသင်းတော်အလုပ်အတွက် ထည့်စဉ်းစားပြီး လုပ်ခဲ့တာပါ။ ကျွန်တော်တိုင်တာတွေအားလုံးက အရှိအတိုင်းဖြစ်တဲ့ အချက်အလက်တွေဖြစ်ပြီး သူ့ကို မတရားလုပ်ဖို့ ကြိုးစားတာမဟုတ်ဘူး။ ကျွန်တော့်လုပ်ရပ်တွေက ကြီးကြပ်ရေးမှူးနဲ့ အသင်းတော်အလုပ်အတွက်ပါ ကောင်းဖို့ဖြစ်တယ်။ ထိခိုက်ဖို့မဟုတ်ဘူး။ သူက သမ္မာတရားကို လိုက်စားပြီး လက်ခံနိုင်တဲ့သူဆိုရင် အတိုင်ခံရပြီးရင် သူက သူ့ကိုယ်သူ ဆင်ခြင်နိုင်ပြီး သင်ခန်းစာယူနိုင်မှာပဲ။ သူ့အားနည်းချက်တွေနဲ့ ဖောက်ပြန်ပျက်စီးမှုကို သူရှင်းရှင်းလင်းလင်း သိအောင်လု်ပတဲ့နေရာမှာ ဒီအခြေအနေက အကျိုးရှိမှာပဲ။ သူ့အသက်ဝင်ရောက်မှုကို တိုးတက်စေမှာပဲ။ ဒီဟာကြောင့် သူက ကျွန်တော့်မုန်းရင် ဒါမှမဟုတ် ကျွန်တော့်ကို ဖိနှိပ်ရင်၊ ချက်ချင်းထုတ်ပစ်ရင် သူက သမ္မာတရားကို မချစ်ဘူး။ လက်မခံဘူးဆိုတာ ပျိုးထောင်ပေးဖို့အတွက် အရေးကြီးရာထူးအတွက် မသင့်တော်ဘူးဆိုတာ အပြည့်အဝပေါ်လွင်မှာပဲ။ ဒီလို သဘောပေါက်သွားတော့ ကျွန်တော့် စိတ်နှလုံးက သိသိသာသာ လင်းလက်သွားပြီး စိတ်မကျဉ်းကျပ်တော့ဘူး။ တကယ့်အလုပ်ကိုမလုပ်တဲ့ အယောင်ဆောင်ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေကို တိုင်တာက ကျွန်တော့်တာဝန်ဖြစ်ပြီး ကျွန်တော်လုပ်သင့်တဲ့အရာပဲ။ အကျိုးဆက်တွေက ဘယ်လိုဖြစ်ပါစေ။ ကျွန်တော် ဒီလိုလုပ်တာကို လုံးဝ နောင်တရမှာမဟုတ်ဘူး။
အဲဒီညနေမှာ ကြီးကြပ်ရေးမှူးကို ထုတ်လိုက်ပြီဆိုတဲ့ စာတစ်စောင် ခေါင်းဆောင်ဆီကနေ လာတယ်။ ခေါင်းဆောင်ရဲ့စာကို ဖတ်ရတာက တကယ်ကို စိတ်နိုးကြွစေတယ်။ သမ္မာတရားနဲ့ ဖြောင့်မတ်ခြင်းက တကယ်ကို ဘုရားအိမ်တော်မှာ ကြီးစိုးတာပဲ။ ကျွန်တော့် စိတ်နှလုံးအတွင်းထဲကနေ ဘုရားကို ကျေးဇူးတော်ချီးမွမ်းခဲ့တယ်။ ဒီအတွေ့အကြုံကတစ်ဆင့် အယောင်ဆောင်ခေါင်းဆောင်တွေနဲ့အမှုဆောင်တွေကို ကျွန်တော် နည်းနည်းရိပ်စားမိလာရုံတင်မကဘဲ ကျွန်တော့်သဘာဝက ဘယ်လောက်လှည့်စားတတ်တယ်ဆိုတာကိုလည်း သိလာတယ်။ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို နည်းနည်းသတိထားမိလာတယ်။ ဒါတွေအားလုံးက ဘုရားရဲ့ ကျေးဇူးတော်ကြောင့်ပဲ။ နောက်ကျရင် ဘာကိုပဲ ကျွန်တော် ရင်ဆိုင်ရပါစေ ဘုရားအလိုတော်ကို အလေးထားဖို့၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့၊ အသင်းတော်အလုပ်ကို ကာကွယ်ပေးဖို့ ကျွန်တော်ထမ်းဆောင်သင့်တဲ့ တာဝန်ဝတ္တရားတွေကို ထမ်းဆောင်ဖို့ ဆန္ဒရှိနေပါတယ်။ ကျေးဇူးတော်ပဲ။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။