ဘုရားသခင်အတွက် ဘယ်လိုသက်သေခံရမယ်ဆိုတာ အခု ကျွန်မသိပြီ
၂၀၂၁ခုနှစ်၊ ဧပြီလမှာ ကျွန်မက ဧဝံဂေလိ မျှဝေရင်းနဲ့ အစ်မချန်နဲ့အတူ အလုပ်လုပ်တယ်။ ကျွန်မက ဒီအလုပ်နဲ့ပတ်သက်ပြီး အတွေ့အကြုံနည်းနည်း ရှိပြီးသားလေ။ အဲဒါနဲ့ အချိန်နည်းနည်းကြာတော့ ကျွန်မက သူ့ထက် ရလဒ်ပိုကောင်းလာတယ်။ ကျွန်မက ကိစ္စတွေကို ဘယ်လို လုပ်တယ်၊ ပြောင်းလဲလာနိုင်ခြေရှိသူတွေရဲ့ မေးခွန်းတွေကို ဘယ်လိုဖြေတယ်ဆိုတာကို သူ့ရှေ့မှာ ကြွားဝါနေခဲ့တယ်။ ကျွန်မက တကယ်ကို အသေးစိတ်ပြောတယ်။ အစ်မချန်က တော်တော်အံ့သြနေတာ။ တစ်ခါတော့ ညီအစ်ကိုမောင်နှမတချို့က စုဝေးပွဲတစ်ခုမှာ မလာဘူး။ အဲဒါနဲ့ ကျွန်မက သူတို့နဲ့ မိတ်သဟာယပြုခဲ့ပြီး သူတို့က ခါတိုင်းလိုပဲ စပြီး တက်လာတယ်။ ဒါဟာ ဘုရားက သူတို့ကို လမ်းပြနေတာ၊ သူတို့စိတ်နှလုံးကို တို့ထိတာဆိုတာ ကျွန်မ သိပေမဲ့ ကျွန်မလုပ်တာလည်းပါတယ်လို့ တွေးပြီး ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းတာမျိုးလုပ်နေခဲ့တယ်။ ပြီးတော့ အစ်မချန်ကို ကျွန်မ မကြွားဘဲမနေနိုင်ဘူး။ “ကျွန်မ ဘုရားကို အားကိုးပြီး စကားနည်းနည်းကို မိတ်သဟာယဖွဲ့လိုက်တာ၊ သူတို့က စုဝေးပွဲတွေကို ပါဝင်ချင်လာတယ်” လို့ပေါ့။ သူက အထင်ကြီးပြီးတော့ “ကျေးဇူးတော်ပဲ။ အစ်မက မိတ်သဟာယကတစ်ဆင့် ကိစ္စတွေကို ဖြေရှင်းတဲ့နေရာမှာ အရမ်းတော်တာပဲ” လို့ ပြောတယ်။ သူ့ဆီက အဲဒီလိုကြားရတာကို ကျွန်မ သဘောကျခဲ့တယ်။ တစ်ခါတော့ သူတရားဟောတဲ့သူတစ်ယောက်ရဲ့ မေးခွန်းတွေကို သူမဖြေနိုင်တဲ့အခါမှာ တော်တော် စိတ်ဓာတ်ကျသွားတယ်။ သူတို့ကို ဘာတွေပြောထားသလဲဆိုတာကို သူ့ကို ကျွန်မ မေးတယ်။ သူက ကျွန်မကို အကျဉ်းချုံးပြောပြတယ်။ အဲဒီမှာ သူက အတွေ့အကြုံမရှိဘူးလို့ ကျွန်မ ထင်မိတယ်။ မေးခွန်းတွေက ဖြေရလွယ်တဲ့မေးခွန်းတွေဖြစ်ပြီး ကျွန်မဆို ချက်ချင်းဖြေရှင်းနိုင်မှာပဲ။ ကျွန်မ သူ့ကို သင်ပေးရမယ်။ ဧဝံဂေလိကို ကျွန်မ ဘယ်လိုမျှဝေတယ်ဆိုတာ ပြရမယ်ပေါ့။ ပိုထိရောက်တဲ့ မိတ်သဟာယပြုနည်းကို သူ့ကို ပြောပြခဲ့တယ်။ အစ်မချန်က ကျွန်မပြောတာတွေကို သဘောကျတယ်။ သူက တကယ်ကို အားနည်းနေလို့ဆိုပြီး သူ့ကို ပိုကူညီပေးဖို့ ကျွန်မကို တောင်းဆိုတယ်။ ဘုရားသခင်ကို ကျွန်မတို့ အားကိုးရမယ်လို့ ကျွန်မပြောနေပေမဲ့ စိတ်နှလုံးထဲမှာ ကိုယ့်ကိုယ်ကိုယ် အရမ်းကျေနပ်နေခဲ့တယ်။ ကျွန်မလုပ်တာ တော်တော်ကောင်းတယ်လို့ ခံစားမိခဲ့တယ်။
စုဝေးပွဲတစ်ခုမှာ လတ်တလော ကျွန်မတို့တာဝန်မှာ ဘာတွေသင်ယူခဲ့သလဲဆိုတာကို ခေါင်းဆောင်တစ်ယောက်က မေးတယ်။ အစ်မချန်ကပြောတယ်။ သူ ဘယ်လောက်အားနည်းနေတယ်ဆိုတာ၊ သူ မဖြေနိုင်တဲ့မေးခွန်းတွေ အများကြီးရှိတယ်ဆိုတာ သူ တွေ့ခဲ့ရတယ်တဲ့။ မိတ်သဟာယအတွက် ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ရှာတွေ့တာ တကယ် မြန်တယ်တဲ့။ ခေါင်းဆောင်က ကျွန်မကို ပြုံးပြပြီး ခေါင်းညိတ်တယ်။ ကျွန်မတို့ရဲ့ လတ်တလောအလုပ်မှာ အောင်မြင်မှုတချို့ကို ရခဲ့တာ ကျွန်မသိတယ်။ ကျွန်မ ဘယ်လောက်သိတယ်ဆိုတာ၊ လူတွေရဲ့ မေးခွန်းတွေကို တုံ့ပြန်နိုင်တယ်ဆိုတာကို ခေါင်းဆောင်ကို ကျွန်မ အရမ်းပြချင်နေခဲ့တယ်။ ကျွန်မက တမင်သက်သက် ကြားဖြတ်ပြီးတော့ “သူတို့မေးခွန်းတွေကို တော်တော်ဖြေရခက်တယ်” လို့ ပြောတယ်။ ခေါင်းဆောင်က “ဘာမေးခွန်းတွေလဲ” ဆိုပြီး မေးတယ်။ တစ်ခုခုထုတ်ပြောပြဖို့ ကျွန်မ အမြန်ကြိုးစားတာပေါ့။ ဘယ်မေးခွန်းက ကျွန်မ ကျွမ်းကျင်မှုတွေကို ကြွားဖို့ အကောင်းဆုံးဖြစ်မယ်ဆိုတာ အမြန်စဉ်းစားတယ်။ ကျွန်မက အခက်ခဲဆုံးမေးခွန်းတွေကို ဖြေနိုင်တယ်လို့ ခေါင်းဆောင်ကထင်ပြီး ကျွန်မက တကယ်တော်တဲ့ပုံစံရှိအောင်လို့ အရှုပ်ထွေးဆုံးတွေကို ကျွန်မ ရွေးတယ်။ အဲဒီလိုနဲ့ ကျွန်မ ဆက်ပြီးတော့ လက်ဟန်ခြေဟန်နဲ့ပြောဆို ပြုံးရွှင်နေတယ်။ လူတွေရဲ့ မေးခွန်းတွေကို ကျွန်မ ဘယ်လိုတုံ့ပြန်ခဲ့တယ်၊ အဆုံးမှာ သူတို့ကို ဘယ်လို လက်ခံယုံကြည်အောင်လုပ်ခဲ့တာတွေကို ပြောတယ်။ ကိစ္စတွေကို တကယ့်အရှိအတိုင်းထက် ပိုခက်သယောင် ပြောပြပြီး ချဲ့ကားပြောခဲ့တယ်။ ဒီပြဿနာတွေကို တခြားလူတွေက လုံးဝ မဖြေရှင်းနိုင်ဘဲ ဖြေရှင်းနိုင်တာက ကျွန်မပဲ ရှိသလိုမျိုးပေါ့။ ကျွန်မမှာ သမ္မာတရားရဲ့ စစ်မှန်မှုတချို့ရှိတယ်၊ ဧဝံဂေလိမျှဝေနေတဲ့လူအားလုံးထဲမှာ ကျွန်မက အကောင်းဆုံးပဲလို့ ခေါင်းဆောင်ကို ထင်စေချင်ခဲ့တယ်။ ခေါင်းဆောင်နဲ့ တခြားညီအစ်ကိုမောင်နှမတွေအားလုံးက ကျွန်မကို ချီးမွမ်းနေကြပြီး ကျွန်မက လုံးဝ သာယာနေတာ။ ဧဝံဂေလိမျှဝေတဲ့ ကျွန်မတို့အလုပ်အကြောင်းကို မေးပြီးတဲ့နောက်မှာ ခေါင်းဆောင်က စည်းမျဉ်းတွေနဲ့ပတ်သက်ပြီး ကျွန်မတို့နဲ့ မိတ်သဟာယဖွဲ့တယ်။ သူ စကားနည်းနည်းပြောပြီးတဲ့နောက်မှာ ကျွန်မက တကယ် မျှဝေသင့်တဲ့ သက်ဆိုင်တဲ့ အတွေ့အကြုံတချို့ ရှိတယ်လို့ စဉ်းစားမိတယ်။ မိတ်သဟာယက ရှေ့ဆက်သွားတော့ ကျွန်မ ပြောဖို့ အခွင့်အရေးမရခဲ့ဘူး။ ကျွန်မက အရမ်းအာရုံစိုက်ခံချင်နေတော့ “အများကြီးရှိသေးတယ်” လို့ ပြောလိုက်တယ်။ ကိုယ့်အတွေ့အကြုံကို ချုပ်ပြောပြီး ပြောင်းလဲလာသူတချို့ကို ရအောင် ကျွန်မ ဘယ်လိုစီမံခဲ့တယ်ဆိုတာ မျှဝေခဲ့တယ်။ လူတိုင်းက ခေါင်းတွေညိတ်နေကြပြီး ကျွန်မက ပြောရင်းနဲ့ ပိုတက်ကြွလာတယ်။ ညီအစ်ကိုမောင်နှမတွေက သူတို့ကိုယ်ပိုင်ထင်မြင်ချက်တွေနဲ့ ဝင်ပြောတယ်။ ဒါပေမဲ့ တကယ်တမ်း ကျွန်မက ဘယ်ဟာမှ လက်မခံဘူး။ သူတို့မှာ ဘာထိုးထွင်းသိမြင်မှု၊ ဘာတန်ဖိုးရှိတဲ့အတွေးမှ မရှိဘူးလို့ ကျွန်မ ခံစားမိတယ်။ သူများတွေကို စကားပြောဖို့ အခွင့်အရေးမပေးဘဲ ကျွန်မ အမြင်တွေကိုပဲ ဆက်မျှဝေနေခဲ့တယ်။ ကျွန်မက ဆုကျေးဇူးရှိတယ်၊ တာဝန်မှာ စည်းမျဉ်းတွေကို ကျွန်မ ရှာနိုင်တယ်၊ ပါရမီရှိတယ်လို့ ခေါင်းဆောင်က မြင်အောင်လို့ ကျွန်မရဲ့ အတွေ့အကြုံတွေအားလုံးကိုပဲ ချပြချင်ခဲ့တယ်။ စကားပြောနေရင်းနဲ့ ကျွန်မ ကြွားဝါနေတာမျိုးဖြစ်နိုင်တယ်လို့ အတွေးပေါ်လာပါတယ်။ အဲဒါနဲ့ ကျွန်မ အရှိန်လျှော့ဖို့၊ လေသံကိုထိန်းဖို့၊ ကိုယ့်ဖောက်ပြန်ပျက်စီးမှုနဲ့ အမှားတွေအကြောင်းနည်းနည်း ပြောဖို့ ကြိုးစားတယ်။ ဒါပေမဲ့ ကျွန်မက အများအကျိုးအတွက် ဒီလက်တွေ့ကျတဲ့နည်းလမ်းတွေကို မိတ်သဟာယပြုသင့်တယ်လို့လည်း တွေးနေမိတယ်။ အားလုံးက ကျွန်မရဲ့ ကိုယ်တွေ့ အတွေ့အကြုံတွေလေ။ ကြွားဝါမိမှာကြောက်ပြီး မိတ်သဟာယမပြုလို့ မဖြစ်ဘူးပေါ့။ အဲဒီလိုတွေးပြီး ကျွန်မ ဆက်ပြီးတော့ပဲ လျှောက်ပြောနေခဲ့တယ်။ အဲဒီမှာ ခေါင်းဆောင်က သဘောတူပြီး ခေါင်းညိတ်နေသလို တခြားလူတွေက လက်ခံတဲ့ပုံစံရှိတာကို ကျွန်မ တွေ့ရတယ်။ ကျွန်မ တော်တော်ပျော်ခဲ့ပါတယ်။ အဲဒီတော့ အဲဒီစုဝေးပွဲအတွက်က အခြေခံအားဖြင့် လူတိုင်းက ကျွန်မပြောတာကို နားထောင်နေကြတာပဲ။ ဒါတင်မဟုတ်ဘဲ စုဝေးပွဲတွေမှာ ကျွန်မက ကျွန်မရဲ့ အပျက်သဘောဆောင်တဲ့ အခြေအနေတွေ၊ ကျွန်မရဲ့ကျရှုံးမှု ဥပမာတွေအကြောင်းကို သူများတွေကို သိပ်မပြောဘူး။ အဲဒီလိုဆို ကျွန်မ နာမည်ပျက်မှာပဲလို့ ခံစားမိခဲ့တယ်။ အဲဒါနဲ့ ကျွန်မ အောင်မြင်မှုတွေကိုပဲ ရွေးပြောခဲ့တယ်။ စုဝေးပွဲသုံးလေးခုလောက်ပြီးတဲ့နောက်မှာ ကျွန်မက ဧဝံဂေလိမျှဝေတဲ့နေရာမှာ အရမ်းတော်တယ်လို့ လူတိုင်းက ထင်ကြတယ်။ အဲဒီတာဝန်ကိုလုပ်ရတဲ့ လူတချို့က ကျွန်မကို စပြီး အားကိုးလာကြတယ်။ သူတို့အယူအဆတွေထဲမှာ တော်တော်ပိတ်မိနေတဲ့လူတွေနဲ့ တိုက်ရိုက်စကားပြောဖို့ ကျွန်မကို တောင်းဆိုကြတယ်။ ကျွန်မက အဲဒါကို ပိုပြီးတော့တောင် သဘောကျပြီး အထင်ကြီးလေးစားခံရတဲ့ ခံစားချက်ကို နှစ်သက်ခဲ့တယ်။
ကျွန်မ ကိုယ့်ကိုယ်ကိုယ် အရမ်းကျေနပ်နေတဲ့အချိန်မှာ ဘုရားသခင်ရဲ့ ပဲ့ပြင်ဆုံးမမှုက ကျွန်မအပေါ် ကျရောက်လာတယ်။ အတားအဆီးတွေအများကြီးနဲ့ ကျွန်မ ကြုံတွေ့လာရပြီး ဘာကိုမှ မပြီးမြောက်ခဲ့ဘူး။ ကျွန်မ စဉ်းစားတယ်။ ကျွန်မက သူများတွေနဲ့ မိတ်သဟာယဖွဲ့ရာမှာ ကြွားဝါလေ့ရှိတယ်။ အခုတော့ ကျွန်မလုပ်တာတွေက အချည်းနှီးဖြစ်နေတယ်။ ဘုရားက ကျွန်မကို ရွံပြီး ကျွန်မဆီကပုန်းနေတာလားပေါ့။ ကျွန်မရှိနေတဲ့ အခြေအနေကို အစ်မချန်ကိုဖွင့်ပြောပြလိုက်တယ်။ သူကပြောတယ်။ “ကျွန်မ အစ်မနဲ့သိတဲ့ အချိန်တစ်လျှောက်မှာ အစ်မက ကြွားတတ်တာကို သတိထားမိတယ်။ ခေါင်းဆောင်က စုဝေးပွဲမှာ ဝင်ပါတဲ့အခါ အစ်မက တစ်ချိန်လုံးစကားပြောတယ်။ သူပြောလို့မပြီးခင်မှာ အစ်မက ဖြတ်ပြောတယ်။ ကျွန်မဆို မေးခွန်းတစ်ခုတောင် မေးလို့မရဘူး။ အစ်မရဲ့ ဧဝံဂေလိမျှဝေတဲ့ အတွေ့အကြုံတွေအားလုံးကို မြင်ပြီး ကျွန်မက အစ်မထက် တော်တော်နိမ့်ကျတယ်လို့ ခံစားရတယ်” တဲ့။ ဒီလိုကြားရတော့ ကျွန်မ တော်တော်စိတ်ပျက်မိတယ်။ ကျွန်မ ကြွားဝါတာက သူ့ကို စိတ်ကျဉ်းကျပ်စေမယ်လို့ တစ်ခါမှ စိတ်မကူးမိဘူး။ ဒါက မကောင်းမှုလုပ်နေတာမဟုတ်ဘူးလား။ ကိုယ့်ကိုယ်ကိုယ် အလေးအနက်ဆင်ခြင်ဖို့ ဘုရားရှေ့ကို ကျွန်မ လာခဲ့တယ်။ ပြီးတော့ ဒီဘုရားနှုတ်ကပတ်တော်တွေကို သတိရတယ်။ “တဖြည်းဖြည်း ဆိုးရွားလာနေသော သူအပေါင်းသည် မိမိတို့ကိုယ်ကိုယ် ချီးမြှောက်ပြီး ကိုယ့်အကြောင်းကိုယ် သက်သေခံကြသည်။ ၎င်းတို့သည် မိမိတို့အကြောင်းကို လှည့်ပတ်ကြွားဝါတတ်ကြပြီး မိမိ၏အရှိန်အဝါကို ဖြန့်ကြက်ကြသည့်အပြင် ဘုရားသခင်ကို စိတ်နှလုံးသွင်းခြင်း လုံးဝမရှိပေ။ ငါပြောပြနေသောအရာနှင့် ပတ်သက်ပြီး သင်တို့၌ အတွေ့အကြုံတစ်စုံတစ်ရာ ရှိသလော။ လူများစွာသည် ၎င်းတို့အကြောင်းကို အဆက်မပြတ် သက်သေခံနေကြသည်- ‘ငါသည် ဤပုံစံ ထိုပုံစံဖြင့် ဒုက္ခဆင်းရဲခံခဲ့သည်၊ ငါသည် ဤအလုပ် ထိုအလုပ်ကို လုပ်ဆောင်ခဲ့ပြီ၊ ဘုရားသခင်သည် ငါ့ကို ဤနည်းထိုနည်းဖြင့် ဆက်ဆံခဲ့သည်။ သူသည် ဤသို့ထိုသို့လုပ်ရန် ငါ့ကို စေခိုင်းခဲ့သည်၊ ကိုယ်တော်သည် အထူးသဖြင့် ငါ့ကို အထင်ကြီးသည်။ ယခုအခါ ငါသည် ဤကဲ့သို့ ထိုကဲ့သို့ ဖြစ်သည်။’ ၎င်းတို့သည် အသံနေအသံထားတစ်ခုခုဖြင့် တမင်သက်သက် စကားပြောကြပြီး ဟန်ပန်အမူရာတစ်မျိုးမျိုးကို ရွေးချယ်ကြသည်။ နောက်ဆုံးတွင် လူအချို့က ဤလူတို့သည် ဘုရားသခင်ဖြစ်ကြောင်း ယူဆခြင်းဖြင့်အဆုံးသတ်ကြသည်။ ၎င်းတို့သည် ယင်းအဆင့်သို့ ရောက်သည်နှင့် သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့ကို စွန့်ခွာခဲ့သည်မှာ ကြာမြင့်နေပြီး ဖြစ်လိမ့်မည်။ လောလောဆယ်အချိန်တွင် ၎င်းတို့သည် လျစ်လျူရှုခြင်းကို ခံရပြီး နှင်ထုတ်ခြင်းကို မခံရသော်လည်း ၎င်းတို့၏ကံကြမ္မာကို သတ်မှတ်ပြီးဖြစ်၍ ၎င်းတို့လုပ်နိုင်သောအရာတစ်ခုတည်းမှာ ၎င်းတို့၏ အပြစ်ဒဏ်ပေးခြင်းကို စောင့်ရန်သာဖြစ်၏။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “လူတို့သည် ဘုရားသခင်ကို အလွန်မြောက်မြားစွာ တောင်းဆိုကြသည်”) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မအတွက် အရမ်းစိတ်ထိခိုက်စေတယ်။ အပိတ်အဆို့ အတားအဆီးတွေအများကြီးကို ကျွန်မ ကြုံနေရပြီး ဘုရားရဲ့လမ်းပြမှုကို မခံစားရဘူး။ ဒါတွေအားလုံးက ကျွန်မရဲ့ ကြွားဝါမှုက ဘုရားကို ရွံရှာစေခဲ့လို့ပဲ။ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားက လူရဲ့ ပုန်ကန်ပြစ်မှားမှုကို သည်းမခံဘူး။ ကျွန်မ ကြောက်သလိုလိုဖြစ်လာတယ်။ ကျွန်မ ဒီလိုဆက်သွားနေရင် ဘုရားသခင်က ကျွန်မကို ရွံရှာပြီး စွန့်ပစ်မယ်ဆိုတာ သိခဲ့တယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေရမယ်ပေါ့။
အန္တိခရစ်တွေကို ဖော်ထုတ်ထားတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်တယ်။ “မိမိတို့ကိုယ်ကိုယ် ချီးမြှောက်ပြီး သက်သေခံခြင်း၊ မိမိတို့ကိုယ်ကိုယ် ဝါကြွားခြင်း၊ လူတွေ အထင်ကြီးအောင် ကြိုးစားခြင်း- ဤအရာတို့ကို ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က လုပ်ဆောင်နိုင်စွမ်းရှိကြသည်။ ဤသည်မှာ လူများသည် ၎င်းတို့၏ စာတန်ဆန်သော သဘာဝများ၏အုပ်စိုးခြင်းကို ခံရသောအခါ အလိုအလျောက် တုံ့ပြန်ကြသည့် ပုံစံဖြစ်ပြီး ယင်းက ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ် တစ်ရပ်လုံးအဖို့ ဖြစ်လေ့ရှိသည်။ လူများသည် မိမိတို့ကိုယ်ကိုယ် ပုံမှန်အားဖြင့် မည်သို့ ချီးမြှောက်ပြီး သက်သေခံသနည်း။ ၎င်းတို့သည် ဤရည်မှန်းချက်ကို မည်သို့စွမ်းဆောင်ရရှိသနည်း။ တစ်နည်းမှာ ၎င်းတို့ မည်မျှဒုက္ခခံစားပြီးဖြစ်သည်၊ ၎င်းတို့သည် အလုပ်မည်မျှ လုပ်ဆောင်ပြီးဖြစ်သည်နှင့် ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် မည်မျှ အသုံးခံပြီး ဖြစ်သည်တို့ကို သက်သေခံဖို့ ဖြစ်သည်။ ၎င်းတို့သည် ဤအရာများအကြောင်းကို ကိုယ်ရေးကိုယ်တာ အရင်းအနှီး ပုံစံတစ်ခုအဖြစ် ပြောကြသည်။ တစ်နည်းအားဖြင့်ဆိုသော် ၎င်းတို့သည် ဤအရာများကို သူတို့ကိုယ်သူတို့ ချီးမြှောက်ရန်အတွက် အသုံးပြုကြသည်။ လူတို့၏ စိတ်ထဲတွင် ၎င်းတို့သည် ပိုမိုမြင့်မားသော၊ ခိုင်မြဲသော၊ လုံခြုံသောနေရာတို့ကို ရရှိစေသောအရာအဖြစ် ၎င်းတို့က အသုံးပြုကြသည်။ ဤသို့ဖြင့် သာ၍များသော လူတို့သည် ၎င်းတို့အား တန်ဖိုးထားကြရန်၊ အားကျရန်၊ လေးစားကြရန်၊ အမွန်အမြတ်ထားရန်၊ ကိုးကွယ်ရန်နှင့် ၎င်းတို့နောက်သို့ လိုက်ရန်အတွက် ဖြစ်သည်။ ယင်းမှာ အဆုံးစွန် အကျိုးဖြစ်သည်။ ဤရည်မှန်းချက်ကို စွမ်းဆောင်ရရှိဖို့ ၎င်းတို့လုပ်ဆောင်သည့် အရာများသည်၊ ၎င်းတို့၏ မိမိကိုယ်ကိုယ် ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်း အားလုံးသည် အကျိုးအကြောင်း ဆီလျော်သလော။ ယင်းတို့က အကျိုးအကြောင်း မဆီလျော်ပေ။ ၎င်းတို့သည် ဆင်ခြင်တုံတရားနယ်ပယ်ကို ကျော်လွန်သွားသည်။ ဤလူများ၌ အရှက်မရှိပေ။ ၎င်းတို့သည် ဘုရားသခင်အတွက် ၎င်းတို့ လုပ်ဆောင်သည့်အရာနှင့် သူ့အတွက် ၎င်းတို့မည်မျှ ဒုက္ခခံစားပြီးဖြစ်သည်တို့ကို မရှက်မကြောက် သက်သေခံကြသည်။ ၎င်းတို့သည် ၎င်းတို့၏ဆုကျေးဇူးများ၊ ပင်ကိုစွမ်းရည်၊ အတွေ့အကြုံနှင့် အထူးကျွမ်းကျင်မှုများ သို့မဟုတ် မိမိတို့ကိုယ်ကိုယ် ပြုမူဆောင်ရွက်ခြင်းအတွက် ၎င်းတို့၏ပါးနပ်သော နည်းစနစ်များနှင့် လူများကို လှည့်စားဖို့ ၎င်းတို့အသုံးပြုသည့် နည်းလမ်းများကိုပင် ၎င်းတို့က ကြွားလုံးထုတ်သည်။ ၎င်းတို့၏ မိမိကိုယ်ကိုယ် ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်း နည်းစနစ်သည် မိမိတို့ကိုယ်ကိုယ် မာန်မာနထုတ်လျက် ဝင့်ဝါပြပြီး အခြားသူများကို သေးသိမ်စေဖို့ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ဉာဏ်ထက်မြက်ခြင်းများကိုသာ အစဉ် မြင်တွေ့ဖို့အလို့ငှာ၊ ၎င်းတို့၏ပျော့ကွက်များ၊ အားနည်းချက်များ၊ ချို့ယွင်းချက်များကို လူများမသိစေဖို့ ဖုံးကွယ်လျက်၊ မိမိတို့ကိုယ်ကိုယ် စိတ်ရင်းကိုဖုံးကွယ်ပြီး အခြေအနေမှန်ကို ဖုံးကွယ်ကြသည်။ ၎င်းတို့က အပျက်သဘောဆောင်ခြင်းကို ခံစားရသည့်အခါ အခြားလူများကိုပင် မပြောဝံ့ပေ။ ၎င်းတို့က သူတို့ကို ရင်ဖွင့်ပြီး မိတ်သဟာယပြုဖို့ သတ္တိမရှိကြပေ။ ပြီးလျှင် ၎င်းတို့ တစ်စုံတစ်ခု အမှားပြုလုပ်သည့်အခါ၊ ယင်းကို ဖုံးထားဖို့နှင့် ထိမ်ချန်ကွယ်ဝှက်ထားဖို့ အစွမ်းကုန် ကြိုးစားကြသည်။ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်သည့် ကာလတွင် ၎င်းတို့ကြောင့် ဘုရားသခင်၏အိမ်တော် အပေါ် ဖြစ်ပေါ်စေခဲ့သည့် ထိခိုက်နစ်နာမှုကို ၎င်းတို့ မည်သည့်အခါမျှ မပြောပြပေ။ ၎င်းတို့က အသေးစား ဖြည့်ဆည်းမှုအချို့ကို ပြုလုပ်ပြီးသည့်အခါ သို့မဟုတ် အောင်မြင်မှုလေးအချို့ စွမ်းဆောင်ရရှိပြီးသည့်အခါ၊ ယင်းကို အလျင်အမြန် ကြွားဝါကြသည်။ ၎င်းတို့သည် မည်မျှ စွမ်းဆောင်နိုင်သည်၊ ၎င်းတို့၏အစွမ်းအစ မည်မျှ မြင့်မားသည်၊ ၎င်းတို့သည် မည်မျှ ထူးခြားသည်၊ ပြီးလျှင် ၎င်းတို့သည် သာမန်လူများထက် မည်မျှတော်သည်တို့ကို တစ်ကမ္ဘာလုံးကို အသိပေးဖို့ မစောင့်နိုင်ကြပေ။ ဤသည်မှာ မိမိတို့ကိုယ်ကိုယ် ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်း နည်းလမ်းတစ်ခု မဟုတ်သလော။” (အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသည်”) ကျွန်မက ဘုရားသခင် ဖော်ပြသလိုမျိုး ကိုယ့်ကိုယ်ကိုယ်ကြွားဝါပြီး မချီးမြှောက်ခဲ့ဘူးလား။ ကျွန်မက ဘုရားအတွက် သက်သေခံနေတာမဟုတ်ဘဲ လူတွေ ကျွန်မကို အထင်ကြီးလေးစားအောင် ကြွားဝါနေတာသက်သက်ပါ။ ကျွန်မက ကျွန်မရဲ့ ဧဝံဂေလိ အတွေ့အကြုံကို ကိုယ့်အရင်းအနှီးလိုမျိုး အသုံးပြုနေတာ။ ကျွန်မက တော်ပြီး စကားပြောကောင်းတယ်လို့ ထင်နေတာ။ ကြွားဝါနေတာသက်သက်ပါ။ အောင်မြင်မှုတချို့ကို ကျွန်မရတော့ ပြဿနာတွေကို ဖြေရှင်းဖို့ ကျွန်မအရည်အချင်းကို ကျွန်မနဲ့အတူလုပ်တဲ့အစ်မကို ကြွားခဲ့တယ်။ သူက ကျရှုံးမှုတချို့နဲ့ ရင်ဆိုင်ရတော့ ကျွန်မ အတွေ့အကြုံတွေအားလုံးကို သူ့ကို ပြောပြခဲ့တယ်။ ကျွန်မက သူ့ကို အဆက်မပြတ် ကြွားဝါနေခဲ့တာ။ ကျွန်မ အရည်အချင်းကို ပြသနေခဲ့တာပါ။ ကျွန်မက သူ့ကို ကူညီတဲ့ပုံစံဟန်ဆောင်ပြုမူနေပေမဲ့ တကယ်တမ်းက ကိုယ့်ကိုယ်ကိုယ် ကြွားလုံးထုတ်ဖို့အတွက်ပါ။ ကျွန်မက သူ့ထက်သာတယ်လို့ သူ့ကို ထင်စေချင်ခဲ့တယ်။ ရလဒ်အနေနဲ့ အဆုံးမှာ သူက သူ့ကိုယ်သူ ဘောင်ခတ်ပြီး အပျက်သဘောဆောင်သွားတယ်။ သူက သူ့တာဝန်မှာ ဘုရားသခင်အစား ကျွန်မကို အားကိုးနေခဲ့တယ်။ ခေါင်းဆောင်က စုဝေးပွဲကို လာတဲ့အချိန် ကျွန်မက တစ်ချိန်လုံး လူတွေအာရုံစိုက်တာခံရအောင် ကြိုးစားနေတယ်။ ခေါင်းဆောင်က ကျွန်မကို အထင်ကြီးအောင်၊ ကျွန်မမှာ ကျွမ်းကျင်မှုတချို့ရှိပြီး တကယ့်ပြဿနာတွေကို ဖြေရှင်းနိုင်တယ်လို့ ခံစားမိအောင် ကိုယ့်လုပ်ကိုင်နိုင်စွမ်းတွေကို ပြသဖို့အတွက် ဘယ်ခက်ခဲတဲ့ ပြဿနာတွေကို ကျွန်မ ဖြေရှင်းခဲ့တယ်ဆိုတာကို ကြွားဝါနေခဲ့တယ်။ ခေါင်းဆောင်က စည်းမျဉ်းတွေနဲ့ပတ်သက်ပြီး မိတ်သဟာယပြုနေချိန်မှာ ကျွန်မ ကြားဖြတ်မပြောခင်မှာ သူပြောတာကို ပြီးအောင်တောင် မစောင့်ဘဲနဲ့ ကျွန်မက စည်းမျဉ်းတွေနဲ့အညီ ဧဝံဂေလိကို ဘယ်လိုမျှဝေခဲ့တယ်ဆိုတာကို ကြားကောင်းအောင်ပြောတယ်။ သူများတွေရဲ့ အထင်ကြီးမှုကိုရအောင် ကျွန်မ အရည်အချင်းတွေကို ကြွားဝါတယ်။ ကျွန်မက တကယ်ကို စက်ဆုပ်ဖွယ်ရာဖြစ်ပြီး ဉာဏ်များတယ်ဆိုတာ မြင်ခဲ့ရတယ်။ စုဝေးပွဲတွေမှာ လူတွေကို အမြဲ ကြားဖြတ်ပြောပြီး ကြွားနေလို့ သူများတွေကို မိတ်သဟာယပြုဖို့ အခွင့်အရေးမပေးလို့ သူများတွေရဲ့ မေးခွန်းတွေ ပြေလည်ဖို့ အခွင့်အရေးကို လုယူရင်းနဲ့ စုဝေးပွဲတွေက ကိုယ်ပိုင်ရှိုးပွဲလိုဖြစ်လာခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်ကို တွေးတောပြီး သူများတွေရဲ့ အတွေ့အကြုံကို နားထောင်ဖို့ ကျွန်မ စိတ်နှလုံးကို မငြိမ်သက်စေနိုင်ခဲ့ဘဲ သူများတွေ ကျွန်မကို လေးစားအောင်လုပ်ဖို့ ဘယ်လို မိတ်သဟာယပြုရမယ်ဆိုတာကိုပဲ တွေးနေခဲ့တယ်။ စုဝေးပွဲတွေမှာ သိပ်မသင်ယူခဲ့ဘူး။ ကျွန်မမှာ အမှားတွေ၊ ကျရှုံးမှုတွေ အများကြီးရှိတယ်ဆိုတာ သိခဲ့ပါတယ်။ ဒါပေမဲ့ သူများတွေ ကျွန်မအပေါ်ထားတဲ့ အမြင်ကို ထိခိုက်မှာကို ကြောက်ခဲ့တယ်။ အဲဒါကြောင့် အဲဒီအားနည်းချက်တွေကို ဖုံးကွယ်ပြီး ကျွန်မ အောင်မြင်မှုတွေအကြောင်းပဲ ပြောခဲ့တယ်။ နောက်တော့ ဧဝံဂေလိအဖွဲ့က တခြားလူတွေက ကျွန်မကို အထင်ကြီးပြီး အားကိုးခဲ့ကြတယ်။ ကျွန်မက သူတို့ကို ကျွန်မရှေ့ကို ခေါ်ဆောင်နေတာပါ။ ကျွန်မက မကြောက်ရုံတင်မကဘဲ ဒါကို ပျော်မွေ့နေခဲ့တယ်။ ကျွန်မက တာဝန်မှာ ဘုရားကိုကျေနပ်အောင်မကြိုးစားဘဲ လူတွေကို လှည့်စားပြီး အမိဖမ်းနေတာဆိုတာ ကျွန်မအပြုအမူကနေ ကျွန်မ မြင်ခဲ့ပါတယ်။
ကျွန်မရဲ့ သဘာဝနဲ့ အနှစ်သာရကို နားလည်အောင်ကူပေးတဲ့ ဒီဘုရားနှုတ်ကပတ်တော် အပိုဒ်ကို ဖတ်ပါတယ်။ “လူအချို့သည် ပေါလုကို အထူးသဖြင့် ပုဂ္ဂိုလ်ရေးကိုးကွယ်ကြသည်။ ၎င်းတို့သည် အပြင်ထွက်၍ ဟောပြောခြင်းနှင့် အမှုပြုခြင်းကို နှစ်သက်ကြသည်။ ၎င်းတို့သည် စုဝေးပွဲများ တက်ရောက်ပြီး ဟောပြောခြင်းကို နှစ်သက်ကြသည်၊ ထို့အပြင် သူတို့သည် သူတို့ကို နားထောင်နေသည့်၊ သူတို့ကို ကိုးကွယ်နေသည့်၊ သူတို့ကို ဗဟိုပြုနေသည့် သူများကို နှစ်သက်ကြသည်။ သူတို့သည် အခြားသူများ၏စိတ်ထဲ၌ ဂုဏ်ဒြပ်ရှိလိုကြပြီး အခြားသူများက သူတို့ ပြသသည့် ပုံရိပ်ကို တန်ဖိုးထားရှိသည့်အခါ သဘောကျကြသည်။ ဤအပြုအမူများမှတစ်ဆင့် သူတို့၏ သဘာဝဗီဇများကို ခွဲခြမ်းစိတ်ဖြာကြပါစို့- ၎င်းတို့၏ သဘာဝမှာ အဘယ်နည်း။ အကယ်၍ ထိုသူသည် ဤကဲ့သို့ အမှန်တကယ် ပြုမူပါက သူတို့သည် မောက်မာ၍ ထောင်လွှားသော သူများဖြစ်ကြောင်း ပြသရန် လုံလောက်၏။ သူတို့သည် ဘုရားသခင်ကို လုံးဝ မကိုးကွယ်ပေ။ မြင့်မားသော ရာထူးဂုဏ်ဒြပ်ကို သူရှာဖွေပြီး၊ အခြားသူများအပေါ် သြဇာအာဏာ ရှိလိုကာ ထိုသူများကို ပိုင်ဆိုင်လိုပြီး ၎င်းတို့၏ စိတ်များထဲ၌ ဂုဏ်ရှိလိုသည်။ ဤသည်မှာ စာတန်၏ စံနမူနာ ပုံရိပ်ပင် ဖြစ်သည်။ ပိုမိုပေါ်လွင်နေသည့် ၎င်းတို့ သဘာဝဗီဇ၏ လက္ခဏာသွင်ပြင်များမှာ မောက်မာမှုနှင့် စိတ်ကြီးဝင်ခြင်းဖြစ်ပြီး၊ ဘုရားသခင်ကို ကိုးကွယ်ရန် မလိုလားမှုနှင့် အခြားသူများ၏ ကိုးကွယ်ခြင်းကို ခံလိုမှုတို့ ဖြစ်သည်။ ထိုသို့သော အပြုအမူများသည် ၎င်းတို့၏ သဘာဝဗီဇထဲသို့ အလွန်ရှင်းလင်းသော အမြင်ကို သင့်အား ပေးနိုင်ပေသည်။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း”) အဆက်မပြတ်ကြွားဝါနေတာက မာနထောင်လွှားတဲ့သဘာဝရဲ့ ထိန်းချုပ်ခြင်းကို ခံနေရတာဆိုတာ ဒီဟာကြောင့် ကျွန်မ သဘောပေါက်သွားတယ်။ ကျွန်မ ငယ်ငယ်ကတည်းက အထင်ကြီးပြီး ပံ့ပိုးခံရတဲ့ ခံစားချက်ကို နှစ်သက်တယ်။ ဒါကြောင့် အဲဒါက ဘဝမှာ ကျွန်မ အမြဲတမ်း လိုက်စားတဲ့အရာတစ်ခုဖြစ်ခဲ့တာပေါ့။ ယုံကြည်ခြင်းရပြီးတာတောင်မှ ကျွန်မ ဒီလိုဆက်လုပ်နေခဲ့တယ်။ အခွင့်အရေးရတဲ့အခါတိုင်း ကြွားဝါနေခဲ့တယ်။ ဒါကို အကြိုက်တွေ့နေခဲ့တယ်။ တစ်ယောက်ယောက်က အထင်ကြီးတဲ့ပုံစံနဲ့ ကြည့်တာကို မြင်တဲ့အခါတိုင်း ကြည်နူးခဲ့တယ်။ ဧဝံဂေလိ ဖြန့်ဝေတာက ကျွန်မတာဝန်၊ ကျွန်မအလုပ်ပါ။ အောင်မြင်မှုတိုင်းက ဘုရားသခင်ရဲ့လမ်းပြမှုကြောင့်ပဲ။ ဒါပေမဲ့ ကျွန်မက မာနထောင်လွှားခြင်းရဲ့ ထိန်းချုပ်တာကို ခံရပြီး ဆုကျေးဇူးတွေ၊ အတွေ့အကြုံတွေကို ကိုယ်ပိုင်အရင်းအနှီးအဖြစ်အသုံးပြုခဲ့တယ်။ ကျွန်မက မရှိရင်မဖြစ်တဲ့ ပါရမီရှင်ပဲလို့ ခံစားမိပြီး တခြားလူတိုင်းကို အထင်အမြင်သေးတယ်။ ကျွန်မက ဧဝံဂေလိဖြန့်ဝေရာမှာ ဘယ်လိုအောင်မြင်နေတယ်ဆိုတာကို ညီအစ်ကိုမောင်နှမတွေရှေ့မှာ ကြွားဝါဖို့ အခွင့်အရေးတိုင်းကိုလည်း အမိအရဆုပ်ကိုင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မ အားနည်းချက်တွေ၊ ကျရှုံးမှုတွေကို လုံးဝ ထုတ်မပြောဘူး။ ဒါကြောင့် ညီအစ်ကိုမောင်နှမတွေက ဘုရားသခင်ကို အားကိုးရမယ့်အစား ကျွန်မကို စပြီး အမှီပြုလာတယ်။ ဘုရားသခင်က သူတို့စိတ်နှလုံးထဲမှာ နေရာမရှိခဲ့ဘူး။ ဘုရားက လူတွေရဲ့ စိတ်နှလုံးထဲမှာ အထွတ်အမြတ်ထားတဲ့နေရာမှာ ရှိသင့်ပေမဲ့ ကျွန်မက သူများတွေကို ကိုယ့်ရှေ့ကို ခေါ်နေတယ်။ ဒါကြောင့် သူတို့စိတ်နှလုံးထဲမှာ ကျွန်မအတွက်ပဲ နေရာရှိတယ်။ ကျွန်မက ဂုဏ်အဆင့်အတန်းအတွက် ဘုရားနဲ့ ယှဉ်ပြိုင်နေတာမဟုတ်ဘူးလား။ ကျေးဇူးတော်ခေတ်မှာ အရမ်းမာနထောင်လွှားခဲ့တဲ့ ပေါလုကို ကျွန်မ စဉ်းစားမိတယ်။ သူက သူ့ရဲ့ သြဝါဒစာတွေထဲမှာ သခင်ယေရှုခရစ်တော်ကို လုံးဝ မချီးမြှောက်ခဲ့ဘူး။ လူသားမျိုးနွယ်အတွက် သခင်ယေရှုရဲ့အမှုတော်က လုပ်ခဲ့တဲ့အရာကို သူ သက်သေမခံခဲ့ဘူး။ သူ့ရဲ့ဆုကျေးဇူးနဲ့ အစွမ်းအစနဲ့ပတ်သက်ပြီး ကိုယ့်အရှိန်အဝါကြီးအောင်ပဲလုပ်နေခဲ့ပြီး သူများတွေက သူ့ကို လေးစားပြီး သူ့နောက်လိုက်အောင် သူတို့ကို အမိဖမ်းနေခဲ့တယ်။ သူက တခြားဘယ်တမန်တော်ထက်မှ မနိမ့်ကျဘူးလို့ သက်သေခံခဲ့တယ်။ ပြီးတော့ နောက်ဆုံး သူက ခရစ်တော်လို့ ရှင်သန်ခဲ့တယ်လို့ ပြောတယ်။ ဒါက ဘုရားရဲ့ စိတ်သဘောထားကို အပြင်းအထန် ပုန်ကန်ပြစ်မှားခဲ့တယ်။ ပေါလုက သူ့ကိုယ်သူ အဆက်မပြတ် ချီးမြှောက်တာကြောင့် တခြားလူတွေက သူ့ကို အရမ်းမြှောက်စားကြတယ်။ နှစ် ၂၀ဝ၀ ကြာတဲ့အထိ ယုံကြည်သူတွေက သူ့စကားတွေကို ဘုရားကိုယ်တိုင်ရဲ့စကားတွေလို၊ သူတို့ယုံကြည်မှုအတွက် အခြေပြုချက်အဖြစ်၊ လက်တွေ့လုပ်ဆောင်ရမယ့် စည်းမျဉ်းတွေအဖြစ် မှတ်ယူကြတဲ့အထိပေါ့။ သူတို့အတွက် သူ့စကားတွေက ဘုရားရဲ့စကားတွေထက် သာလွန်ပြီး ဘုရားက အယောင်ပြသက်သက်ဖြစ်သွားတယ်။ ပေါလုက နောက်ဆုံးမှာ အဓိကအန္တိခရစ်ဖြစ်သွားပြီး ဘုရားရဲ့ အပြစ်ဒဏ်ပေးခြင်းကို ခံရတယ်။ ကျွန်မက ပေါလုလိုမျိုးပဲဆိုတာ သဘောပေါက်ခဲ့တယ်။ ကျွန်မက တာဝန်မှာ ဘုရားကို မချီးမြှောက်နေခဲ့ဘဲ ကြွားဝါနေပြီး လူတွေရဲ့ စိတ်နှလုံးကို အမိဖမ်းနေခဲ့တယ်။ ဒါက ဘယ်လိုလုပ် တာဝန်ထမ်းဆောင်တာဖြစ်မှာလဲ။ ကျွန်မက ကိုယ့်လုပ်ငန်းကို လုပ်နေတာ၊ ဘုရားကို ခုခံနေပြီး နေရာတစ်နေရာအတွက် သူနဲ့ ယှဉ်ပြိုင်နေတာသက်သက်ပါ။ ဒါက ဘုရားသခင်အတွက် အရမ်းကို ပုန်ကန်ပြစ်မှားခြင်းပဲ။ အဲဒီအချိန်မှာ ကျွန်မ တကယ်ကြောက်ရွံ့လာပြီး ဒါက ဘယ်လောက် အန္တရာယ်ရှိတယ်ဆိုတာ မြင်သွားတယ်။ ဘုရားရှေ့ကို ကျွန်မလာပြီး ဆုတောင်းခဲ့တယ်။ “ဘုရားသခင် ကိုယ်တော်ကို ဆန့်ကျင်ပြီး ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားထဲမှာ အသက်မရှင်ချင်ပါဘူး။ ကျေးဇူးပြုပြီး ကျွန်မ နောက်တစ်ခါကြွားဝါရင် ကျွန်မကို ပဲ့ပြင်ဆုံးမတော်မူပါ။ ဘုရားသခင် ကိုယ့်ကိုယ်ကိုယ် ပိုပြီးနက်နက်နဲနဲနားလည်လာဖို့ လမ်းပြတော်မူပါ” ဆိုပြီးတော့။
နောက်ပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် တကယ်ရှက်မိစေတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်တယ်။ “သင်သည် အရာအားလုံးကို နားလည်နေသည်ဟု သင့်ကိုယ်သင် ထင်မှတ်မထားနှင့်။ သင်မြင်တွေ့ခဲ့ရသည့် အရာအားလုံးနှင့် သင်တွေ့ကြုံခဲ့ရသည့် အရာများအားလုံးတို့သည် သင့်အနေဖြင့် ငါ့စီမံခန့်ခွဲမှု အစီအစဉ်၏ တစ်ထောင်ပုံ တစ်ပုံကိုမျှ နားလည်နိုင်ရန်အလို့ငှာ လုံလောက်မှုမရှိဟု ငါပြောသည်။ ထို့ကြောင့် သင်သည် အဘယ်ကြောင့် မာန်တက်စွာ လုပ်ဆောင်နေသနည်း။ သင်၏ အနည်းငယ်မျှသော အရည်အချင်းနှင့် သေးနုပ်သော အသိပညာတို့သည် ယေရှုက သူ၏အမှုတွင် အသုံးပြုရန်အတွက်မူ တစ်စက္ကန့်စာခန့်မျှပင် လုံလောက်မှုရှိမည် မဟုတ်ပေ။ သင်၌ အမှန်တကယ်တွင် အတွေ့အကြုံ မည်မျှရှိသနည်း။ သင့်ဘဝတစ်လျှောက်လုံးတွင် သင်မြင်တွေ့ခဲ့ရသည့် အရာများ၊ သင်ကြားခဲ့ရသည့် အရာများအားလုံးနှင့် သင်စဉ်းစားတွေးခေါ်ခဲ့သည့် အရာများသည် တစ်ခဏအတွင်း ငါလုပ်ဆောင်သည့် အရာများထက် နည်းနေသေးသည်။ သင့်အနေဖြင့် ဝေဖန်ခြင်းနှင့် အပြစ်ရှာခြင်းမပြုလျှင် အကောင်းဆုံးဖြစ်မည်။ သင့်အနေဖြင့် သင့်စိတ်ကြိုက် မာနထောင်လွှားနိုင်သည်၊ သို့သော် သင်သည် ပုရွက်ဆိတ်ထက် သေးငယ်သည့် ဖန်ဆင်းခံသတ္တဝါပင် ဖြစ်သည်။ သင်၏ဝမ်းဗိုက်ထဲတွင် ရှိသမျှသော အရာများအားလုံးသည် ပုရွက်ဆိတ်တစ်ကောင်၏ ဗိုက်ထဲတွင်ရှိသည့် အရာထက်ပင် နည်းနေသေးသည်။ သင်၌ အတွေ့အကြုံနှင့် ဝါရင့်ခြင်းတို့ ရှိသည်ဆိုရုံနှင့် သင်သည် လွန်လွန်ကဲကဲ လက်ဟန်ခြေဟန်ပြပြီး၊ ကြီးကျယ်သည့် စကားများကို ပြောဆိုခွင့်ရှိသည်ဟု ထင်မှတ်မနေနှင့်။ သင်၏ အတွေ့အကြုံနှင့် ဝါရင့်ခြင်းတို့သည် ငါမြွက်ဆိုထားသည့် နှုတ်ကပတ်တော်များ၏ ထုတ်ကုန်ပင်ဖြစ်သည် မဟုတ်လော။ သင်၏လုပ်ဆောင်မှုနှင့် ကြိုးစားအားထုတ်မှုတို့ကြောင့် ထိုအရာတို့ကို သင်ရရှိသည်ဟု ထင်မှတ်နေသလော။ ယနေ့ ငါလူ့ဇာတိခံယူခဲ့ကြောင်းကို သင်တွေ့မြင်သည်၊ ထိုအရာတစ်ခုတည်းကြောင့်ပင် သင်၌ အယူအဆများစွာ ရှိနေသည်၊ ယင်းမှထွက်လာသည့် အယူအဆများမှာ အဆုံးမရှိပေ။ ငါ၏ လူ့ဇာတိခံယူခြင်းကြောင့်သာ မဟုတ်လျှင် သင့်အနေဖြင့် သာမန်ထက် လွန်ကဲသော အရည်အချင်းများ ရှိနေစေကာမူ၊ သင်၌ အယူအဆများစွာ ရှိနေမည်မဟုတ်ပေ၊ ထိုအရာများမှ သင်၏အယူအဆများ ထွက်ပေါ်လာသည် မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်းနှစ်ကြိမ်သည် လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ပြည့်စုံစေသည်) ကျွန်မက သမ္မာတရားရဲ့ စစ်မှန်မှုမရှိခဲ့ဘဲ အယူဝါဒတချို့ကိုပဲ သိခဲ့တာပါ။ ကျွန်မ အတွေ့အကြုံတချို့ရပြီး အလုပ်နည်းနည်းလုပ်တယ်။ ပြီးတော့ တခြားလူတိုင်းနဲ့ ဘုရားကိုတောင် လျစ်လျူရှုခဲ့တယ်။ ကျွန်မက ဘုရားရဲ့ ဘုန်းအသရေကို ခိုးယူနေခဲ့တာပါ။ ကျိုးကြောင်းမသင့်အောင်ကို မာနထောင်လွှားခဲ့တာ။ ဧဝံဂေလိ မျှဝေနေရင်းနဲ့ ဒါဟာ ဘုရားက သူ့ရဲ့အလုပ်ကို ထိန်းသိမ်းနေတာပဲဆိုတာ ကျွန်မ တကယ်တမ်း ကောင်းကောင်း သတိထားမိပါတယ်။ တစ်ခါတလေမှာ တစ်ယောက်ယောက်က ကျွန်မ ဘယ်လိုဖြေရမယ်မသိတဲ့ မေးခွန်းတစ်ခုကိုမေးတယ်။ အဲဒါနဲ့ ဘုရားကို ကျွန်မဆုတောင်းတယ်။ ပြီးတော့ သန့်ရှင်းသောဝိညာဉ်တော်က ကျွန်မကို ဉာဏ်အလင်းပွင့်လင်းစေပြီးနောက်မှာ ဒါကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ သိသွားတယ်။ တစ်ခါတလေမှာ ကျွန်မ သိပ်တောင်မပြောဘူး။ ဘုရားနှုတ်ကပတ်တော်တချို့ကိုပဲဖတ်လိုက်တယ်။ လူတွေက ဘုရားအသံကို ချက်ချင်းမှတ်မိပြီး သူ့ရဲ့ နောက်ဆုံးသောကာလအမှုတော်ကို ရှာဖွေဖို့ အသင့်ဖြစ်ကြတယ်။ အားလုံးက ဘုရားနှုတ်ကပတ်တော်တွေရဲ့ လမ်းပြမှုကြောင့်ရရှိခဲ့တာ၊ သူက လူတွေရဲ့ စိတ်နှလုံးကို တို့ထိနေတာဆိုတာ ကျွန်မ မြင်ခဲ့ပါတယ်။ တစ်ခါတော့ အသင်းတော်မှာ ရှိတဲ့ အစ်မတစ်ယောက်ရဲ့ မောင်လေးကို ကျွန်မ ဧဝံဂေလိ မျှဝေတယ်။ အရင်က သူနဲ့ လူတော်တော်များများ မိတ်သဟာယပြုခဲ့ဖူးတယ်။ ဒါပေမဲ့ သူက သူ့အယူအဆတွေရဲ့ ကန့်သတ်တာကိုခံရပြီး ဒါကို မစူးစမ်းဘူး။ ကျွန်မက ယုံကြည်မှုတော့ သိပ်မရှိပေမဲ့ ကျွန်မရဲ့ အရင်အတွေ့အကြုံအပေါ် အခြေခံပြီး နည်းနည်းပြင်ဆင်ခဲ့တယ်။ ကျွန်မ သေချာစဉ်းစားပြီးတဲ့အရာကို သူ့ကို ပြောတဲ့အခါမှာ သူက ဆက်ပြီး စိတ်ဝင်စားမှုမရှိနေရုံမကဘဲ သူ့မှာရှိတဲ့ နောက်ထပ်အယူအဆတွေကို ထုတ်ပြောတယ်။ ဘယ်လို မိတ်သဟာယပြုရမယ်ဆိုတာ ကျွန်မ မသိခဲ့ဘူး။ အဲဒါနဲ့ ကျွန်မ ဆုတောင်းပြီး ဘုရားကို အမှီပြုပြီးတော့ သူ့ကို လမ်းပြဖို့ ဘုရားကို တောင်းလျှောက်လိုက်တယ်။ ပြီးတော့ သူက သက်သေခံခြင်းဆိုင်ရာ ဗီဒီယိုတစ်ခုကိုကြည့်ပြီး မိတ်သဟာယကြောင့် တော်တော်ကို တို့ထိခြင်းခံရတယ်။ ဘုရားရဲ့ အမှုအသစ်ကို တကယ်ကို စူးစမ်းချင်ခဲ့တယ်။ ကျွန်မ တော်တော် အံ့သြသွားခဲ့တာ။ သူက မိနစ် ၃၀ ကျော်လေးမှာပဲ လုံးဝ ပြောင်းလဲသွားတာ။ ဒါဟာ ကျွန်မက မိတ်သဟာယပြုတာ အရမ်းကောင်းလို့မဟုတ်ဘဲ ဘုရားက သူ့ကို တို့ထိခဲ့လို့ဆိုတာ ကျွန်မ သိခဲ့ပါတယ်။ တာဝန်မှာ ကျွန်မရည်ရွယ်ချက်တွေက မှားနေတဲ့အချိန်မှာ ကျွန်မ ဘယ်လောက်ပဲ ဆွယ်တရားဟောပါစေ ဘယ်သူကမှ ဧဝံဂေလိကို လက်မခံချင်ဘူး။ တာဝန်တစ်ခုမှာ ကျွန်မတို့ ပါရမီတွေနဲ့ အစွမ်းအစက ပံ့ပိုးပေးရုံရှိပြီး အဲဒါတွေက သတ်မှတ်ပေးတဲ့ အချက်အလက်တွေ မဟုတ်ဘူးဆိုတာ ကျွန်မ အတွေ့အကြုံက ပြခဲ့တယ်။ ဘုရားရဲ့သိုးတွေက ဘုရားအသံကိုကြားပါတယ်။ ဘုရားက ကြိုတင်ရွေးချယ်ထားတဲ့သူတွေက ဘုရားနှုတ်ကပတ်တော်ထဲကနေ ဘုရားအသံကိုကြားပြီး စစ်မှန်တဲ့လမ်းကို လေ့လာစူးစမ်းချင်ကြတယ်။ ဘုရား ရွေးချယ်ထားတဲ့သူမဟုတ်ရင် ဘယ်လောက်ဆွယ်တရားဟောပါစေ အလုပ်ဖြစ်မှာမဟုတ်ဘူး။ ဆုကျေးဇူးတစ်ခုမှမရှိရင်တောင် လူတစ်ယောက်ရဲ့ စိတ်နှလုံးက မှန်ကန်တဲ့နေရာမှာရှိရင် ဘုရားကို အမှန်တကယ် အမှီပြုရင် ဘုရားရဲ့လမ်းပြမှုကိုရရှိနိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အောင်မြင်မှာပဲ။ တာဝန်တွေမှာ ဘယ်လို အောင်မြင်မှုတွေမဆို တကယ်ကို သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းဖွင့်ပြမှုနဲ့ ဘုရားနှုတ်ကပတ်တော်ရဲ့ လမ်းပြမှုကနေလာတာပါ။ ဒီလိုမဟုတ်ရင် ကျွန်မတို့ဘာသာ ဘယ်လောက်ပဲပြောပါစေ ယုံကြည်သူဖြစ်လာနိုင်တဲ့သူကို လုံးဝ တို့ထိစေမှာမဟုတ်ဘူး။ ကျွန်မတို့က အသေးငယ်ဆုံး ဖြည့်ဆည်းမှုကို လုပ်ပြီး လျှောက်ကြွားနေတယ်။ ဘုရားရဲ့ဘုန်းအသေရကို ခိုးယူတယ်။ ဒါ အသိတရားကင်းမဲ့တာပဲ။ ကျွန်မတကယ်ကို မမြင်မကန်းဖြစ်ခဲ့တယ်လို့ ခံစားမိတယ်။ ကျွန်မက နည်းနည်းလေး အောင်မြင်လိုက်တာနဲ့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်နေခဲ့တာ။ ကြွားဝါဖို့ ဆင်ခြေတစ်ခုအဖြစ် ဒါကို အသုံးပြုနေခဲ့တာပါ။ ကျွန်မက တကယ်ကို အရှက်မဲ့ခဲ့တာပဲ။ ကျွန်မ ကြွားဝါနေခဲ့တဲ့ပုံစံတွေကို ပြန်စဉ်းစားကြည့်တော့ ကျွန်မက အရမ်းယုတ်မာသလို ခံစားရတယ်။ ကျွန်မက တကယ်ကို ကျိုးကြောင်းမမြင်ဘဲ ကြွားလုံးထုတ်နေတဲ့ လူပြက်တစ်ယောက်ဖြစ်ခဲ့တယ်။ ဘုရားသခင်က ကျွန်မအတွက် ခက်ခဲတဲ့ အခြေအနေတွေကို မပြင်ဆင်ခဲ့ဘဲ အစ်မတစ်ယောက်ကို ကျွန်မကို မဝေဖန်စေခဲ့ဘူးဆိုရင် ကျွန်မက ကိုယ့်ကိုယ်ကိုယ် သိမြင်မှုလုံးဝမရှိဘဲ ဆက်ပြီး ထုံထိုင်းနေဦးမှာပဲ။ ဒီလို နားလည်သွားပြီးတော့ ကျွန်မ နောင်တရချင်စိတ်၊ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်ပြီး ကြွားဝါတာကို ရပ်တန့်ချင်စိတ်နဲ့ ဘုရားရှေ့ကိုလာပြီး ဆုတောင်းခဲ့ပါတယ်။
နောက်ပိုင်းမှာ ကျွန်မ ဘုရားကို ဘယ်လိုချီးမြှောက်ပြီး သက်သေခံသင့်တယ်ဆိုတာကို သတိရှိရှိနဲ့ ရှာဖွေခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ “ဘုရားသခင်အတွက် သက်သေခံသောအခါတွင် ဘုရားသခင် လူတို့ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမပုံ၊ လူတို့ကို စစ်ဆေးရန်နှင့် သူတို့၏ စိတ်သဘောထားများကို ပြောင်းလဲရန် မည်သည့်စမ်းသပ်မှုများအား သူအသုံးပြုသည့် အကြောင်းတို့ကို ပို၍ အဓိက ပြောသင့်သည်။ သင်တို့၏ အတွေ့အကြုံထဲတွင် ဖောက်ပြန်ပျက်စီးခြင်း မည်မျှ ထုတ်ဖော်ထားကြောင်း၊ သင်တို့ အဘယ်မျှ ခံစားခဲ့ပြီးကြောင်းနှင့် နောက်ဆုံးတွင် ဘုရားသခင်၏ သိမ်းပိုက်ခြင်းကို အဘယ်သို့ ခံခဲ့ရကြောင်းကိုလည်းကောင်း ပြောသင့်သည်၊ သင်တို့၌ ဘုရားသခင်၏အမှုအပေါ် စစ်မှန်သောသိခြင်း အဘယ်မျှ ရှိကြောင်းနှင့် ဘုရားသခင်အတွက် အဘယ်သို့ သက်သေခံပြီး သူ၏ချစ်ခြင်းမေတ္တာကို အဘယ်သို့ ပြန်ပေးဆပ်သင့်ကြောင်းတို့ကိုလည်း ပြောသင့်သည်။ သင်တို့သည် ဤကဲ့သို့သော စကားအသုံးအနှုန်းမျိုးကို ရိုးရှင်းသောပုံစံဖြင့် ပြောလျက် ပို၍ အနှစ်သာရရှိရှိ ပြောသင့်သည်။ အနှစ်သာရမဲ့သော သီအိုရီများအကြောင်းကို မပြောလေနှင့်။ ပိုမို၍ လက်တွေ့ကျအောင် ပြောလော့။ နှလုံးသားထဲမှ စကားပြောလော့။ ဤသည်မှာ သင်တွေ့ကြုံသင့်ပုံ ဖြစ်သည်။ ဝါကြွားရန် အားထုတ်သည့်အနေဖြင့် လေးနက်ဟန်ရှိသော၊ အနှစ်သာရမဲ့သော သီအိုရီများနှင့် မိမိကိုယ်ကို မပြင်ဆင်လေနှင့်။ ဤသို့ပြုခြင်းက သင်တို့ကို အတော်ပင် စိတ်ကြီးဝင်ပြီး အသိတရားမဲ့ဟန် ပေါ်စေမည်။ သင်သည် စစ်မှန်ပြီး နှလုံးသားထဲမှဖြစ်သည့် သင်၏ တကယ့် အတွေ့အကြုံမှ စစ်မှန်သောအရာများကို ပို၍ပြောသင့်သည်။ ဤသည်မှာ အခြားသူများအတွက် အကျိုးပြုဆုံးဖြစ်ပြီး သူတို့တွေ့မြင်ရန် အသင့်လျော်ဆုံးဖြစ်သည်။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်”) ဘုရားကို ချီးမြှောက်ပြီး သက်သေခံတယ်ဆိုတာက သူ့အမှုတော်၊ သူ့စိတ်သဘောထားကို သက်သေခံခြင်း၊ ကျွန်မတို့ကိုယ်တိုင်ရဲ့ ဖောက်ပြန်ပျက်စီးမှုနဲ့ ပုန်ကန်လိုမှုအကြောင်း၊ သူ့နှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းကတစ်ဆင့် ကိုယ့်အကြောင်းကို ဘယ်လိုသင်ယူခဲ့တဲ့အကြောင်းတွေကိုပြောတာပဲလို့ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို ပြသခဲ့ပါတယ်။ ဒါဆိုရင် တခြားလူတွေက ပိုင်းခြားသိမြင်မှုကိုရရှိပြီး ဘုရားရဲ့ ဖြောင့်မတ်ခြင်းနဲ့ ကျွန်မတို့အတွက် သူ့ရဲ့ချစ်ခြင်းကိုပါ မြင်တွေ့နိုင်တယ်။ ဒါပေမဲ့ ကျွန်မက ဧဝံဂေလိမျှဝေတဲ့နေရာမှာ ကျွန်မအောင်မြင်မှုတွေကိုပဲ ပြောနေခဲ့ပြီး ကျွန်မ ပြသခဲ့တဲ့ ဖောက်ပြန်ပျက်စီးမှုအကြောင်းနဲ့ ဘုရားကို ကျွန်မ ဘယ်လိုအာခံခဲ့တယ်ဆိုတာကို သိပ်မပြောခဲ့ဘူး။ ကျွန်မက ဘုရားအတွက် သက်သေခံနေတာမဟုတ်ခဲ့ဘူး။ ကျွန်မရဲ့ တကယ့်သရုပ်မှန်ကို ပြဖို့ လိုအပ်ခဲ့တယ်။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ဘယ်လိုအရှိန်အဝါကြီးအောင်လုပ်နေပြီး၊ ကြွားဝါနေတယ်ဆိုတာကို ဖွင့်ပြဖို့၊ ဧဝံဂေလိဟောကြားတဲ့နေရာမှာ ကျွန်မရဲ့ အခက်အခဲတွေနဲ့ အားနည်းချက်တွေကို ဖွင့်ချပြဖို့၊ ဝိညာဉ်တော်က ဘယ်လိုလမ်းပြတယ်ဆိုတာ မျှဝေဖို့ လိုခဲ့ပါတယ်။ တခြားလူတွေက ကျွန်မကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီး ဘုရားက ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကိုပါ မြင်ရဖို့အတွက် ဒါတွေအားလုံးကို ကျွန်မ မိတ်သဟာယပြုဖို့ လိုအပ်ခဲ့ပါတယ်။ ဒါဆိုရင် သူတို့ဟာ တာဝန်မှာ ဘုရားကို အမှီပြုဖို့၊ ဘုရားရဲ့လမ်းပြမှုကိုရဖို့ ယုံကြည်ခြင်းရှိမှာဖြစ်တယ်။ ကျွန်မက အဲဒီလို ဖွင့်ပြောတော့ လူတိုင်းက သူတို့စိတ်နှလုံးမှာ တကယ်ပဲ ဘုရားမရှိဘူးဆိုတာ သဘောပေါက်သွားတယ်။ သူတို့က ပြောင်းလဲချင်တယ်။ သူတို့တာဝန်မှာ ဘုရားကို အမှီပြုချင်တယ်။
အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော်ဗီဒီယိုတစ်ခုကို ကျွန်မ တွေ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၏ စိတ်သဘောထား၊ သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့နှင့်ဆိုင်သော သင်၏ သိနားလည်မှုမှာ အဘယ်နည်း။ သူ၏ ဩဇာအာဏာနှင့် သူ၏ အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်း၊ ဉာဏ်ပညာတို့နှင့်ဆိုင်သည့် သင်၏ သိနားလည်မှုမှာ အဘယ်နည်း။ လူသားမျိုးနွယ်နှင့် အရာခပ်သိမ်းတို့ကြားတွင် ဘုရားသခင်သည် နှစ်ပေါင်း မည်မျှကြာ အလုပ်လုပ်နေပြီးဖြစ်သည်ကို တစ်ဦးတစ်ယောက် သိပါသလော။ ယနေ့ထိ ဘုရားသခင် အမှုပြုပြီး လူသားမျိုးနွယ် အားလုံးကို စီမံခန့်ခွဲနေပြီးဖြစ်သည့် နှစ်ပေါင်းအရေအတွက် အတိအကျကို မည်သူမျှ မသိပေ။ ထိုသို့သော အရာကို လူသားမျိုးနွယ်အား သူ အသိမပေးပေ။ သို့သော် ဤအရာကို စာတန်က အတန်ကြာ ပြုလုပ်ခဲ့မည်ဆိုပါက၊ သူ ကြေညာလိမ့်မည်လော။ သေချာပေါက် ကြေညာပါလိမ့်မည်။ စာတန်သည် ပိုများသော လူတို့ကို လှည့်ဖြားနိုင်ဖို့အလို့ငှာနှင့် သူ့ကို ၎င်းတို့က ပိုပြီးချီးကျူးကြစေဖို့အလို့ငှာ မိမိကိုယ်ကိုယ် ကြွားဝါချင်၏။ ဤတာဝန်ယူလုပ်ဆောင်မှုကို ဘုရားသခင်သည် အဘယ်ကြောင့် အသိမပေးပါသနည်း။ နှိမ့်ချပြီး ကွယ်ဝှက်သော ဘုရားသခင်၏ အနှစ်သာရ လက္ခဏာ သွင်ပြင်တစ်ခု ရှိ၏။ နှိမ့်ချခြင်းနှင့် ကွယ်ဝှက်ခြင်းတို့ကို ဆန့်ကျင်သည့် မည်သည့်အရာများ ရှိသနည်း။ မာနထောင်လွှားခြင်း၊ မိုက်ရိုင်းခြင်းနှင့် ရည်မှန်းချက်တို့ ဖြစ်သည်။...အန္တိခရစ်များသည် မကွာခြားပေ။ ၎င်းတို့သည် ၎င်းတို့လုပ်ဆောင်သည့် သေးငယ်သောအရာတိုင်းအား လူတိုင်း၏ ရှေ့တွင် ကြွားဝါပြောဆိုကြသည်။ ၎င်းတို့ပြောသည်ကို ကြားရာတွင် ၎င်းတို့သည် ဘုရားသခင်ကို သက်သေခံနေသည့်ပုံစံရှိသည်— သို့သော် သေချာစွာ နားထောင်လျှင် ၎င်းတို့သည် ဘုရားသခင်ကို သက်သေခံနေခြင်းမဟုတ်ဘဲ ကြွားဝါနေခြင်း၊ မိမိတို့ကိုယ်ကို မြှင့်တင်နေခြင်းဖြစ်သည်ကို သင် တွေ့ရှိရလိမ့်မည်။ ၎င်းတို့ပြောသည့်အရာနောက်ကွယ်ရှိ ကြံရွယ်ချက်နှင့် အနှစ်သာရသည် ရွေးချယ်ထားသောသူတို့ကိုရဖို့ ဘုရားနှင့် ဖက်ပြိုင်ရန်၊ ဂုဏ်အဆင့်အတန်းကို ရရှိရန်ဖြစ်သည်။ ဘုရားသခင်သည် နှိမ့်ချမှုရှိပြီး ဖုံးကွယ်ထားလျက် စာတန်မှာမူ သူ့ကိုယ်သူ ဝါကြွားသည်။ ခြားနားချက် ရှိသလော။ စာတန်ကို နှိမ့်ချမှုရှိသည်ဟု ဖော်ပြ၍ ရသလော။ (မရပါ။) သူ၏ ကောက်ကျစ်စဉ်းလဲသော သဘာဝနှင့် အနှစ်သာရကို အကဲဖြတ်ရလျှင် သူသည် အသုံးမကျသော အမှိုက်စတစ်စပင် ဖြစ်သည်။ စာတန်အနေဖြင့် သူ့ကိုယ်သူ မဝါကြွားလျှင် အံ့မခန်းဖြစ်နေပေမည်။ စာတန်ကို ‘နှိမ့်ချမှုရှိသည်’ ဟု အဘယ်သို့လျှင် ခေါ်နိုင်မည်နည်း။ ‘နှိမ့်ချခြင်း’ ဟူသည်ကို ဘုရားသခင်နှင့်ပတ်သက်၍ ပြောရသည်။ ဘုရားသခင်၏ မည်သူမည်ဝါဖြစ်ခြင်း၊ အဖြစ်အနေနှင့် စိတ်နေသဘောထားတို့မှာ အလွန်မြင့်မြတ်ပြီး ဂုဏ်သရေရှိသည်၊ သို့သော် သူသည် မည်သည့်အခါမျှ မကြွားဝါပေ။ ဘုရားသခင်သည် နှိမ့်ချမှုရှိပြီး ဖုံးကွယ်ထားသည်၊ သူပြုလုပ်ထားသော အရာကို လူတို့အား မြင်တွေ့ခွင့်မပေး၊ သို့သော် သူသည် ထိုသို့မထင်မပေါ် အလုပ်လုပ်စဉ်တွင် လူသားမျိုးနွယ်မှာ ကြည့်ရှုစောင့်ရှောက်ခြင်း၊ အာဟာရပေးခြင်းနှင့် လမ်းပြခြင်းကို စဉ်ဆက်မပြတ် ခံရ၏— ဤအရာအားလုံးကို ဘုရားသခင်က စီမံထားခြင်း ဖြစ်လေသည်။ ဘုရားသခင်က ဤအရာများကို ဘယ်တော့မျှ ထုတ်မပြော၊ ဘယ်တော့မျှ မဖော်ပြသည်မှာ ဖုံးကွယ်ထားခြင်းနှင့် နှိမ့်ချခြင်းလေလော။ ဘုရားသခင်၌ နှိမ့်ချမှုရှိရခြင်း အကြောင်းရင်း အတိအကျမှာ သူသည် ဤအရာများကို ပြုလုပ်နိုင်သော်လည်း ယင်းတို့ကို မည်သည့်အခါမျှ မဖော်ပြ၊ သို့မဟုတ် ထုတ်မပြော၊ ယင်းတို့ကို လူတို့နှင့် မဆွေးနွေးသောကြောင့် ဖြစ်သည်။ သင်သည် ထိုကဲ့သို့သော အရာများကို ပြုလုပ်နိုင်စွမ်း မရှိဘဲလျက် နှိမ့်ချခြင်းအကြောင်းပြောဖို့ သင့်မှာ အဘယ်အခွင့်ရှိသနည်း။ သင်သည် ထိုအရာများ တစ်ခုကိုမျှ မလုပ်ခဲ့သော်လည်း ယင်းတို့အတွက် ချီးကျူးမှုရရန် မရမက တောင်းဆိုနေပေသည်— ဤသည်ကို အရှက်မဲ့ခြင်းဟု ခေါ်၏။ လူသားမျိုးနွယ်ကို လမ်းပြလျက် ဘုရားသခင်သည် အလွန်ကြီးမြတ်သောအလုပ်ကို လုပ်ဆောင်သည်။ စကြဝဠာတစ်ခုလုံးကို ဦးဆောင်သည်။ သူ၏အာဏာနှင့် ဘုန်းတန်ခိုးသည် အလွန်ကျယ်ပြန့်သည်။ သို့တိုင်အောင် သူသည် ‘ငါ၏ အရည်အချင်းသည် သာလွန်ထူးခြားသည်’ ဟု မည်သည့်အခါမျှ မဆိုပေ။ သူသည် အရာရာအပေါ် အုပ်စိုးလျက်၊ လူသားမျိုးနွယ်ကို ပြုစုပျိုးထောင်ပြီး ပံ့ပိုးလျက်၊ လူသားမျိုးနွယ်ကို မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ဆက်လက်တည်ရှိစေလျက် အရာအားလုံးအထဲတွင် သူသည် ပုန်းကွယ်မြဲ ပုန်းကွယ်လျက်ရှိသည်။ ဥပမာ လေနှင့် နေရောင်၊ သို့မဟုတ် လူသားဖြစ်တည်မှုအတွက် လိုအပ်သော မြင်နိုင်သော အရာဝတ္ထုပစ္စည်းများအားလုံးကို ကြည့်လော့— ယင်းတို့အားလုံးသည် ရပ်တန့်ခြင်းမရှိဘဲ ရှေ့ဆက်ရွေ့လျားသည်။ လူသားအတွက် ဘုရားသခင်က ထောက်ပံ့သည်မှာ မေးခွန်းထုတ်စရာမလိုပေ။ ဤသို့ဆိုလျှင် စာတန်က ကောင်းသောအရာတစ်ခုခုပြုလုပ်လျှင် တိတ်ဆိတ်စွာနေပြီး တိမ်မြုပ်နေသော သူရဲကောင်းတစ်ယောက်အဖြစ် နေမည်လော။ လုံးဝ မဟုတ်ပေ။ ဤသည်မှာ အသင်းတော်၌ ယခင်က အန္တရာယ်ရှိသောအလုပ်ကို တာဝန်ယူဆောင်ရွက်ခဲ့သော၊ သို့မဟုတ် တစ်ကြိမ်တွင် မိမိတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများကို ထိခိုက်စေသည့်အလုပ်ကို လုပ်ခဲ့သော၊ ထောင်ကျခဲ့ရခြင်းပင်ဖြစ်နိုင်သော အန္တိခရစ်အချို့ရှိခဲ့သည့်ပုံစံကဲ့သို့ပင်ဖြစ်သည်။ ဘုရားအိမ်တော်၏အလုပ်၏ ကဏ္ဍတစ်ခုတွင် တစ်ချိန်က ပါဝင်ပံ့ပိုးခဲ့သောသူများလည်းရှိသည်။ ၎င်းတို့က ဤအရာများကို မည်သည့်အခါမျှ မမေ့ပေ။ ၎င်းတို့သည် ဤအရာတို့အတွက် တစ်သက်လုံး နာမည်ရသင့်သည်ဟု ထင်မြင်ကြသည်။ ဤအရာတို့သည် ၎င်းတို့တစ်သက်လုံးအတွက် အရင်းအနှီးဖြစ်သည်ဟု ထင်မြင်ကြသည်— ဤသည်မှာ လူတို့သည် မည်မျှသေးနုပ်သည်ကို ပြသည်။ လူတို့သည် သေးနုပ်ပြီး စာတန်က အရှက်မဲ့သည်။” (အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “သူတို့သည် ဆိုးယုတ်ပြီး မသိမသာ အန္တရာယ်ပေးတတ်ကာ လှည့်ဖြားတတ်ကြ၏ (အပိုင်း ၂)”) ဘုရားက အရမ်းနှိမ့်ချပြီး ပုန်းကွယ်နေတာက ကျွန်မကို တကယ်ကို အရှက်ရစေတယ်။ ဘုရားသခင်က အရမ်းကြီးမြတ်တာတောင် လူ့ဇာတိခံပြီး ကမ္ဘာမြေကို ကြွလာသေးတာပဲ။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ သမ္မာတရားတွေကို ဖော်ပြတုန်းပဲ။ သူ့အမှုက ဘယ်လောက်ကြီးမြတ်ပါစေ၊ သမ္မာတရားတွေကို သူဘယ်လောက်ဖော်ပြပါစေ ဘယ်တော့မှ မကြွားဝါဘူး။ လူသားမျိုးနွယ်ကို တိတ်တဆိတ်နဲ့ စောင့်ကြည့်နေတယ်။ ဘုရားသခင်ရဲ့ အနှစ်သာရက အရမ်းကို အကျိုးပြုတတ်တယ်။ ဒါပေမဲ့ ကျွန်မက ဖုန်တစ်စပဲ။ ဘာမှမဟုတ်ဘူး။ ကျွန်မက လေးစားမှုရဖို့ သေလုမတတ်ဖြစ်နေတယ်။ နေရာတစ်နေရာရဖို့ ဘုရားကို ယှဉ်ပြိုင်တယ်။ သူများတွေ မမြင်မှာကြောက်ပြီး ကျွန်မ လုပ်ခဲ့တာလေးမှန်သမျှ ကြွားပြောတယ်။ ရှင်းပါတယ်။ ဘုရားသခင်က အကုန်လုပ်ပြီး ကျွန်မက နည်းနည်းပဲ ပူးပေါင်းလုပ်ခဲ့တာပါ။ ကျွန်မက ဘုရားသခင်ရဲ့ ဘုန်းအသရေကို အရှက်မရှိ ခိုးယူနေခဲ့တယ်။ ကျွန်မရဲ့ ဆုကျေးဇူးနဲ့ အစွမ်းအစကို အဆက်မပြတ် ကြွားဝါနေခဲ့တယ်။ လူတွေကို ဘုရားဆီကနေ အဝေးကို ခေါ်ဆောင်ရင်းနဲ့ သူတို့ကို လှည့်စားချင်ခဲ့တယ်။ ကျွန်မ စဉ်းစားလေလေ၊ ရှက်မိလေလေပဲ။ ဘုရားသခင်အတွက် အရမ်းကို ရွံရှာစရာပါပဲ။ ကျွန်မ အဲဒီလိုလူမျိုး ထပ်မဖြစ်ချင်တော့ဘူး။
အဲဒီနောက် စုဝေးပွဲတွေမှာ အရင်ကလို ကျွန်မ အောင်မြင်မှုတွေအကြောင်းပြောတာကို ရပ်ခဲ့တယ်။ ဘုရားသခင်ကို တမင်သက်သက် ချီးမြှောက်ခဲ့ပြီး သက်သေခံခဲ့တယ်။ ကျွန်မရဲ့ ကျရှုံးမှုတွေကို ဖြစ်စေခဲ့တဲ့ ကျွန်မ ဖောက်ပြန်ပျက်စီးမှုနဲ့ ပုန်ကန်လိုမှုအကြောင်းနဲ့ စည်းမျဉ်းတွေနဲ့ လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းတစ်ခုကို သင်ယူနိုင်ဖို့ ဘုရားရဲ့ ပဲ့ပြင်ဆုံးမမှုနဲ့ လမ်းပြမှုအကြောင်းပိုပြောခဲ့တယ်။ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းကို သူများတွေ မြင်နိုင်အောင်၊ ကျွန်မက ဖောက်ပြန်ပျက်စီးတဲ့သူဖြစ်ပြီး ကျွန်မ ကျရှုံးမှုတွေကနေ သူတို့ သင်ခန်းစာယူနိုင်အောင် ကျွန်မရဲ့ ကိုယ်ပိုင်ရည်ရွယ်ချက်တွေကို စိစစ်လေ့လာပြီး ဖွင့်ချပြခဲ့တယ်။ တစ်ခါတလေမှာ ကျွန်မမှာ ကြွားဝါချင်တဲ့ ဆန္ဒနည်းနည်းရှိနေသေးတယ်။ ဒါပေမဲ့ အဲဒါကို ကျွန်မ သတိထားမိပြီးတဲ့နောက်မှာ ချက်ချင်းဆုတောင်းပြီး ကိုယ့်ကိုယ်ကိုယ် စွန့်ပစ်ခဲ့တယ်။ ဒါကို လက်တွေ့လုပ်ဆောင်ပြီးနောက်မှာ ကျွန်မ တော်တော်ပိုပြီးနေလို့ကောင်းသွားတယ်။ ဘုရားရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းက ကျွန်မအသက်တာကို ကျွန်မပြောနိုင်တာထက်ပိုပြီး အကျိုးဖြစ်စေပုံကို ကျွန်မ တကယ်ကြုံတွေ့ခဲ့ရပါတယ်။ ကျွန်မအတွက် ဘုရားသခင်ရဲ့ ချစ်ခြင်းနဲ့ ကယ်တင်ခြင်းကိုလည်း မြည်းစမ်းခဲ့ရတယ်။ ကျေးဇူးတော်ပါပဲ။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။