ကြွားဝါပြောဆိုခြင်းမှ သင်ယူရရှိခဲ့သည့် သင်ခန်းစာများ

16.02.2022

၂၀၂၁ခုနှစ်၊ မေလမှာ ကျွန်မတာဝန်ယူရတဲ့ အသင်းတော်တွေအားလုံးက ရွေးကောက်ပွဲတွေလုပ်ကြတယ်။ စုဝေးပွဲတွေမှာ ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့ ပြဿနာတွေအများကြီးကို ညီအစ်ကိုမောင်နှမတွေက ထုတ်ပြောကြပြီး ဒါတွေအားလုံးကို ဘုရားကို အမှီပြုပြီး ကျွန်မ ဖြေရှင်းခဲ့တယ်။ ရွေးကောက်ပွဲတွေအားလုံးက ချောချောမွေ့မွေ့နဲ့ ပြီးသွားတယ်။ ကျွန်မက ဒီရွေးကောက်ပွဲတွေကို သူများတွေရဲ့အကူအညီမပါဘဲ စီမံခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် တော်တော်ကျေနပ်မိခဲ့တယ်။ ကျွန်မမှာ သိပ်ကောင်းတဲ့ အစွမ်းအစတွေနဲ့ အလုပ်ကျွမ်းကျင်မှုတချို့ရှိတယ်ပေါ့။

ပြီးတော့ စုဝေးပွဲတစ်ခုလုပ်နေတဲ့အချိန်မှာ ကျွန်မနဲ့ တွဲလုပ်ရတဲ့ အစ်မကပြောတယ်။ လီ ဆိုတဲ့ အသင်းတော်ခေါင်းဆောင်က သဘောထားကွဲလွဲအောင်လုပ်ပြီး၊ အသင်းတော်ကို ပရမ်းပတာဖြစ်အောင် လုပ်နေတယ်တဲ့။ သူ့ရဲ့ ပင်ကိုစရိုက်ကို သူတို့က သေချာမသကြဘူး။ သူ့ကို ခပ်ပေါ့ပေါ့နဲ့ ထုတ်မပစ်ရဲကြဘူးပေါ့။ ကျွန်မလည်း သူဘယ်လိုလူမျိုးလဲဆိုတာ မသေချာဘူး။ အဲဒါနဲ့ ဘုရားကို သူ့ရဲ့ဉာဏ်အလင်းပေးမှုနဲ့ လမ်းပြမှုကို ကျွန်မ တောင်းလျှောက်လိုက်တယ်။ တခြားအစ်မတစ်ယောက်ကပြောတယ်။ လီက သူနဲ့ တွဲလုပ်ဖို့ ကျွန်မတို့ ချပေးထားတဲ့ အစ်မလျူကို တာဝန်လုပ်ခွင့်မပေးဘူးတဲ့။ အစ်မလျူက ဘာလုပ်ရမယ်ဆိုတာ သူမသိဘူးလို့ လီကပြောတယ် တဲ့။ ဒါကို ကြားရတော့ ကျွန်မ စဉ်းစားတယ်။ အစ်မလျူကို သူနဲ့အတူ အသင်းတော်အလုပ်ကို တာဝန်ယူဖို့ လီကို ရှင်းရှင်းလင်းလင်းပြောပြီးပါပြီ။ သူမသိဘူးလို့ ဘယ်လိုဖြစ်ပြီး ပြောရတာလဲ ပေါ့။ သူက အစ်မလျူကို အလုပ်ကို ဝင်မလုပ်ခိုင်းဘူး။ သူက သူ့အာဏာကို မမျှဝေချင်ဘူးဆိုတဲ့ သဘောမဟုတ်ဘူးလားပေါ့။ ကျွန်မ မှတ်မိသေးတယ်။ တစ်ခါက အစ်မတစ်ယောက်က ပရောဂျက်တစ်ခုလုပ်ဖို့ အဲဒီအသင်းတော်ကို သွားတော့၊ လီက ပူးပေါင်းလုပ်ကိုင်ဖို့ ငြင်းခဲ့တယ်လေ။ အဲဒီအစား သူ့ကို အယောင်ပြသက်သက်ပဲ လုပ်ခဲ့တယ်။ နောက်တော့ အန္တိခရစ်တွေက သူတို့ရဲ့ အင်ပါယာကို ပြင်ဆင်တတ်ကြတယ်လို့ ဘုရားကပြောတာကို စဉ်းစားမိတယ်။ ကျွန်မ သေချာစဉ်းစားကြည့်လေလေ၊ အဲဒါက လီပြုမူနေတဲ့ပုံစံပဲဆိုတာ မြင်လေလေပဲ။ အဲဒါနဲ့ ကျွန်မက ဘုရားနှုတ်ကပတ်တော်တွေကို ကိုးကားပြီး လီရဲ့ ရည်ရွယ်ချက်တွေနဲ့ နည်းဗျူဟာတွေ၊ သူတို့ရဲ့ သဘာဝနဲ့ အကျိုးဆက်တွေနဲ့ပတ်သက်ပြီး ဒီအစ်မနှစ်ယောက်နဲ့ မိတ်သဟာယဝေမျှခဲ့တယ်။ လီဟာ အန္တိခရစ်ဆိုတာ ရိပ်စားမိသင့်ပြီး သတ်မှတ်ထားသင့်ကြောင်း ပြောပြီး သက်ဆိုင်မှုရှိတဲ့ သမ္မာတရားတချို့ကို မိတ်သဟာယဖွဲ့ခဲ့တယ်။ ဒီတော့ လီအကြောင်းကို သူတို့ ရိပ်စားမိသွားတာပေါ့။ အစတော့ အားလုံးက ဘုရားရဲ့ ဉာဏ်အလင်းပေးမှုနဲ့ လမ်းပြမှုလို့ ခံစားမိတယ်။ ဒါပေမဲ့ နောက်ကျတော့ ဒီလိုရှုပ်ထွေးတဲ့ ပြဿနာကို အဖြေရှာပြီး အစ်မတွေကို ရှေ့ဆက်ဖို့လမ်းကြောင်းပေးတာက ကျွန်မပဲလို့ တွေးမိတယ်။ သမ္မာတရားကို ကျွန်မ နားမလည်ရင် ဘုရားက ကျွန်မကို ဉာဏ်အလင်းပေးနိုင်မှာမဟုတ်ဘူး ပေါ့။ အိမ်ပြန်ရောက်တော့ လီက အန္တိခရစ်ဆိုတာ သတိပြုမိဖို့ ဘုရားကို ဘယ်လိုအမှီပြုခဲ့တယ်၊ အန္တိခရစ်တွေကို ရိပ်စားမိဖို့အတွက် သော့ချက်တချို့ကို သူများတွေကို ကျွန်မ ဘယ်လိုသင်ပေးခဲ့တယ်ဆိုတာကို တခြားအစ်မတစ်ယောက်ကို ဝမ်းသာအားရ ပြောပြခဲ့တယ်။ သူက ကျွန်မပြောတာကို အာရုံစိုက်နားထောင်နေတာကို တွေ့ရတယ်။ ဘယ်လောက်ပဲ ခက်ခဲပါစေ။ မိတ်သဟာယကတစ်ဆင့် ပြဿနာတိုင်းကို ကျွန်မက ဖြေရှင်းနိုင်တယ်လို့ တွေးမိခဲ့တယ်။ ကျွန်မက ပိုင်းခြားသိမြင်မှုနဲ့ အတော်ကောင်းတဲ့ အစွမ်းအစရှိနေတာ တကယ်ကို ဖြစ်ရမယ်ပေါ့။ ကျွန်မက သူများတွေထက်သာတယ်၊ ထိုးထွင်းသိမြင်မှုရှိတယ်လို့ ခံစားရင်းနဲ့ ဂုဏ်ယူဝင့်ကြွားလာတယ်။ ကိုယ့်ကိုယ်ကိုယ် ခဏခဏ ကြွားပြောတယ်။ နောက်ပိုင်းမှာ သူက သူမသေချာတဲ့ ပိုင်းခြားသိမြင်မှုနဲ့ပတ်သက်တဲ့ဟာ တစ်ခုခုရှိတိုင်း ကျွန်မကို လာရှာတယ်။ ကျွန်မက သမ္မာတရားအပေါ် ကျွန်မနားလည်မှုမှာ ပိုပြီးတော့တောင် ယုံကြည်မှုရှိလာတယ်။ ကျွန်မက မရှိမဖြစ်တဲ့ ပါရမီရှင်တစ်ယောက်ပေါ့။ ကျွန်မက တကယ်ကို အပျော်လွန်နေခဲ့တာ။ နောက်ပိုင်းမှာ တခြားရွေးကောက်ပွဲတစ်ခုကို စီမံဖို့ ကျွန်မကို စီစဉ်ပေးတယ်။ စုဝေးပွဲတစ်ခုမှာ ဘယ်သူကမှ အရင်းအမြစ်ကို မသိနိုင်တဲ့ မဖြေရှင်းနိုင်တဲ့ပြဿနာတစ်ခုနဲ့ပတ်သက်တဲ့ မေးခွန်းတစ်ခုကို အစ်မလျိူက မေးတယ်။ နောက်တော့ တခြားအစ်မတစ်ယောက်ရဲ့ မိတ်သဟာယက ကျွန်မကို သိမြင်မှုပေးခဲ့တယ်။ အစ်မလျိူကို သူ့ကိုယ်သူ ဆင်ခြင်သုံးသပ်ဖို့ အဲဒီသိမြင်မှုကို အခြေခံပြီး မိတ်သဟာယပြုလိုက်တယ်။ နောက်ဆုံးကျတော့ ပြဿနာက ပြေလည်သွားတယ်။ ဘယ်သူမှ မသိတဲ့ ပြဿနာတစ်ခုကို ကျွန်မ ထိုးထွင်းသိမြင်မှုရှိခဲ့တယ်လို့ ခံစားမိခဲ့တယ်။ ဘယ်သူကမှ မဖြေရှင်းနိုင်တဲ့ ပြဿနာကို ဖြေရှင်းဖို့ မိတ်သဟာယကို ကျွန်မ အသုံးပြုနိုင်တယ်။ ဒီတော့ ကျွန်မမှာ တကယ်ကို အစွမ်းအစရှိရမယ် ပေါ့။ ရွေးကောက်ပွဲလုပ်ငန်းစဉ်စတာနဲ့ တစ်ပြိုင်နက် ကိုယ်စားလှယ်လောင်းတွေ အားလုံး ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ မသိတဲ့ မေးခွန်းတချို့ကို အစ်မတချို့က မေးတယ်။ သူတို့ထဲက ဘယ်သူကမှ ပြဿနာတွေကို မကိုင်တွယ်နိုင်ဘူးလို့ ကျွန်မ ခံစားမိတယ်။ ဒီတော့ ဘယ်လိုလုပ်ရမယ်ဆိုတာ သူတို့ကို ပြဖို့ ကျွန်မအပေါ် မူတည်တယ်ပေါ့။ အဲဒီအစ်မတွေရဲ့ ပြဿနာတွေကို ကျွန်မ တစ်ခုချင်းစပြောတယ်။ သူတို့ဘာလုပ်သင့်တယ်ဆိုတာ သူတို့ကိုပြောတယ်။ အစ်မတစ်ယောက်က တလေးတစားနဲ့ပြောတယ်။ “ကျွန်မတို့တွေ ဘယ်သူမှ ဒါတွေကို မမြင်ကြဘူး။ ဘာလုပ်ရမယ်ဆိုတာ မသိဘူး။ အစ်မက ဘယ်လိုလုပ်လိုက်တာလဲ” တဲ့။ ဒါကိုကြားရတော့ ကျွန်မ ပျော်ပြီး ကိုယ့်ကိုယ်ကိုယ် ကျေနပ်ပြီး ပြောလိုက်တယ်။ “ကျွန်မက အတွေ့အကြုံပိုရှိတယ်။ ဒါကြောင့် ဒါတွေကို ကျွန်မ နားလည်နိုင်တယ်” ပေါ့။ အဲဒီနောက်မှာ ညီအစ်ကိုမောင်နှမတွေက ပြဿနာတွေ ထုတ်ပြောတဲ့အချိန်မှာ ကျွန်မက ကိုယ်စားလှယ်လောင်းတွေကို အဲဒါတွေကို ဖြေရှင်းစေချင်သလို ပြုမူတယ်။ ဒါပေမဲ့ သင့်တော်တဲ့ ဘုရားနှုတ်ကပတ်တော်ကို ရှာဖို့ သူတို့ အခက်တွေ့တာကို ကျွန်မမြင်တဲ့အခါ သူတို့က ဒီအလုပ်ကို မလုပ်နိုင်ဘူးလို့ပဲ တွေးလိုက်တယ်။ ကျွန်မက ဘုရားနှုတ်ကပတ်တော်တွေကို သုံးပြီး ကိစ္စတွေကို ဘယ်လောက် ဖြေရှင်းနိုင်တာ သူတို့ကို ပြချင်ခဲ့တယ်။ နောက်ပိုင်း မိတ်သဟာယတွေမှာ ကျွန်မပြောစရာရှိတာကိုပဲ ကျွန်မ အာရုံစိုက်တယ်။ သူများတွေကို စကားပြောဖို့ မတောင်းဆိုဘူး။ ကိုယ်စားလှယ်လောင်းတွေအားလုံးက တဖြည်းဖြည်းနဲ့ လုံးဝ စကားမပြောတော့ဘဲ စကားပြောတာ ကျွန်မပဲ ကျန်တော့တယ်။ အစ်မရဲ့ ကိုယ်ပိုင်စင်မြင့်လိုဖြစ်သွားတာပေါ့။ နောက်တော့ တစ်ခုခုလွဲနေတာကို ကျွန်မ သတိထားမိတယ်။ ကိုယ်စားလှယ်လောင်းတွေက အများအားဖြင့် စကားပြောခွင့်ရှိသင့်တယ်။ ဒါမှ သူတို့က ပိုင်းခြားသိမြင်မှုနဲ့ အစွမ်းအစရှိသလားဆိုတာ၊ တကယ့်ပြဿနာတွေကို ကိုင်တွယ်နိုင်သလားဆိုတာ လူတွေ မြင်နိုင်မယ်။ ပြီးရင် ဘယ်လိုမဲပေးရမယ်ဆိုတာ ဆုံးဖြတ်နိုင်မယ်။ ဒါပေမဲ့ ကိုယ်စားလှယ်လောင်းတွေက စကားမပြောတော့ သူတို့က ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို မိတ်သဟာယပြုနိုင်မပြုနိုင်ကို ဘယ်သူမှ မသိနိုင်ဘူး။ ဒါဆိုရင် ဘယ်လို မဲပေးနိုင်မှာလဲ။ ဒါဆိုရင် ရွေးကောက်ပွဲက ကျရှုံးမှုတစ်ခုဖြစ်သွားမှာမဟုတ်လား။ ဘာကြောင့်မို့ ဒီလိုဖြစ်သွားတယ်ဆိုတာကို ကျွန်မ စပြီးရှာဖွေတယ်။ သူများတွေကို မှတ်ချက်ပေးခိုင်းတယ်။ ကိုယ်စားလှယ်လောင်းတချို့ကပြောတယ်။ ကျွန်မက ကျွန်မ သမ္မာတရားတွေ ဘယ်လောက်နားလည်တယ်ဆိုတာကို ကြွားဝါနေလို့ သူတို့က စံမမီဘူးလို့ ခံစားရတယ်။ တစ်ခုခုပြောဖို့ တွန့်ဆုတ်နေတယ် တဲ့။ သူတို့က ဒီလိုပြောတော့ ကျွန်မက ကြွားဝါပြီးလေလုံးမထွားဘဲမနေနိုင်တာကို တွေးမိပြီး နည်းနည်း အပြစ်ရှိသလို ခံစားမိတယ်။ တခြားတစ်ယောက်ယောက်ရဲ့ အမြင်ကို အလဟဿဖြစ်သွားပြီး သူတို့ကို စိတ်ကျဉ်း်ကျပ်စေပြီးတော့ ရွေးကောက်ပွဲ အနှောင့်အယှက်ဖြစ်သွားမှာ ကြောက်လို့ ကြွားလုံးထုတ်တာတွေ ရပ်ခဲ့တယ်။

စုဝေးပွဲပြီးတဲ့နောက်မှာ ကျွန်မပြဿနာနဲ့ သက်ဆိုင်တဲ့ သမ္မာတရားကို ချက်ချင်းရှာဖွေခဲ့ပြီး ဘုရားနှုတ်ကပတ်တော်ထဲမှာ ဒါကို တွေ့ခဲ့ပါတယ်။ “သမ္မာတရားကို နားမလည်သောလူများသည် မိမိတို့ကိုယ်ကိုယ် အထင်ကြီးနိုင်ဖွယ်ရှိကြသည်— ပြီးလျှင် ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အလွန်အမင်း စတင် အထင်ကြီးသည့်အခါတွင်၊ ၎င်းတို့ကို ပြန်နှိမ့်ချရန် လုပ်ဖို့ လွယ်ကူသလော။ (မလွယ်ကူပါ။) အသိစိတ်အနည်းငယ်ရှိသည့် သာမန်လူများသည် အကြောင်းပြချက် မရှိဘဲ မိမိတို့ကိုယ်ကိုယ် အထင်မကြီးကြချေ။ ၎င်းတို့ မည်သည့်အရာမျှ စွမ်းဆောင်မရရှိသေးသည့်အခါ၊ လူများကို မည်သည့်အရာမျှ ပေးစရာမရှိသည့်အခါ၊ ပြီးလျှင် အုပ်စုထဲမှ မည်သူမျှ ၎င်းတို့အား အာရုံမစိုက်သည့်အခါ၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အထင်မကြီးကြချေ။ ၎င်းတို့သည် အနည်းငယ် မာနထောင်လွှားပြီး အတ္တသဘောရှိနိုင်သည်၊ သို့မဟုတ် ၎င်းတို့သည် အတော်အတန် ပါရမီရှိသည်၊ အခြားသူများထက် တော်သည်ဟု ခံစားကောင်း ခံစားနိုင်သည်၊ သို့ရာတွင် ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အထင်ကြီးနိုင်ဖွယ် မရှိကြချေ။ ၎င်းတို့သည် လူအများစုထက် သာ၍ ကျိုးကြောင်းဆင်ခြင်တတ်သည်။ မည်သည့်အခြေအနေမျိုးတွင် လူများသည် မိမိတို့ကိုယ်ကိုယ် အထင်ကြီးကြသနည်း။ အခြားသူများက ၎င်းတို့အား အသေးစား အောင်မြင်မှုအချို့အတွက် ချီးမွမ်းသည့်အချိန်တွင် ဖြစ်သည်။ ၎င်းတို့သည် အခြားသူများထက်တော်သည်၊ အခြားသူများသည် သာမန်ဖြစ်ပြီး သာမညောင်ညဖြစ်သည်၊ ၎င်းတို့သည် ဂုဏ်အဆင့်အတန်းရှိသည့် သူတစ်ဦးဖြစ်ပြီး၊ အခြားသူများနှင့် အလွှာအတန်းအစားချင်း၊ အဆင့်ချင်း မတူ၊ ၎င်းတို့သည် ထိုသူတို့ထက် ပို၍မြင့်မားသည်ဟု ၎င်းတို့က တွေးထင်ကြသည်။ ဤနည်းဖြင့် ၎င်းတို့သည် မိမိတို့အရှိအတိုင်းထက် သာ၍ အရေးပါသည်ဟု စတင်တွေးတောလာကြသည်။ ပြီးလျှင် ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အထင်ကြီးရာတွင် လျော်ကန်သည်ဟု မိမိတို့ကိုယ်ကိုယ် ထင်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် မည်သို့ အကဲဖြတ် ထင်မြင်ချက်ပေးကြသနည်း။ ၎င်းတို့ ယုံကြည်သည့်အရာမှာ ‘ငါ၌ ခွန်အား၊ အစွမ်းအစနှင့် ဦးနှောက်ရှိသည်၊ ပြီးလျှင် ငါသည် သမ္မာတရားကို လိုက်စားဖို့ ဆန္ဒရှိနေသည်။ ငါသည် ယခု တစ်စုံတစ်ခုကိုလည်း အထမြောက်အောင်မြင်ပြီးဖြစ်သည်— ငါသည် လူသိများသည်၊ ငါ၏ဂုဏ်သတင်းနှင့် တန်ဖိုးတို့သည် အခြားသူများ၏ ဂုဏ်သတင်းနှင့် တန်ဖိုးတို့ထက် မြင့်မားသည်၊ ထို့ကြောင့် ငါသည် လူအုပ်ထဲတွင် ထင်ပေါ်ရမည် ဖြစ်သည်၊ ငါသည် လူတိုင်း အထင်ကြီးသည့်သူတစ်ဦး ဖြစ်ရမည်၊ ထို့ကြောင့် ငါ့ကိုယ်ငါ အထင်ကြီးသည်မှာ မှန်ပေသည်’ ဟူ၍ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏စိတ်ထဲတွင် တွေးထင်သည့်အရာဖြစ်ပြီး အဆုံးတွင် ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အထင်ကြီးသင့်သည်မှာ— ပုံမှန်ဖြစ်သည့်အရာတစ်ခု— သတ်မှတ်ထားသည့် အရာတစ်ခု ဖြစ်လာလေသည်။ ဤသည်မှာ ယုတ္တိတန်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့က မိမိတို့ကိုယ်ကိုယ် အထင်မကြီးပါက၊ ၎င်းတို့အနေဖြင့် မိမိတို့၏ ကိုယ်ပိုင်လက္ခဏာနှင့် အခြားလူများ၏ ထောက်ခံမှုတို့နှင့် မထိုက်တန်သည့်အလား၊ ကမောက်ကမ ဖြစ်သည်ဟု ခံစားရသည်။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အထင်ကြီးသည်မှာ သဘာဝကျပေသည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “မိမိကိုယ်ကိုယ် ပြုမူနေထိုင်ခြင်းတွင် ရှိထားသင့်သည့် အခြေခံသဘောတရားများ”) ဖောက်ပြန်ပျက်စီးတဲ့လူတွေက တစ်ခုခုကို ဖြစ်မြောက်သွားတာနဲ့ သူတို့ဟာ အရမ်းပျော်မြူးကြတယ်။ သူတို့က လူတိုင်းထက်သာတယ်၊ အဆင့်အတန်းရှိပြီး သူများထက်သာတယ်လို့ ထင်ကြတယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်က ကျွန်မတို့ကို ပြပါတယ်။ သူတို့ဟာ ကြွားဝါပြီးမပြောဘဲ မနေနိုင်ကြဘူး။ တော်တော်ကို ပေါ့တန်ပါတယ်။ ကျွန်မက အဲဒီလိုဖြစ်နေတာကို မြင်လိုက်ရတယ်။ ကျွန်မက တချို့ကိစ္စတွေကို အောင်မြင်တယ်။ အန္တိခရစ်တွေအပေါ် ရိပ်စားမှုတချို့ရှိတယ်။ ဒါကြောင့် ကျွန်မက အရမ်းတော်တယ်၊ ထိုးထွင်းသိမြင်မှုနဲ့ အစွမ်းအစရှိတယ်၊ မရှိမဖြစ် ပါရမီရှင်တစ်ယောက်လို့ ထင်ခဲ့တယ်။ ကိုယ်စားလှယ်လောင်းတွေက ရွေးကောက်ပွဲမှာ တချို့ပြဿနာတွေကို မကိုင်တွယ်နိုင်တာကို မြင်တော့ သူတို့ကို အထင်သေးခဲ့တယ်။ သူတို့မိတ်သဟာယတွေမှာ ကျွန်မက သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပေးမှုကို သေချာနားမထောင်နေခဲ့ဘူး။ ကျွန်မက သမ္မာတရားကို နားလည်ပြီး ပြဿနာတွေကို ဖြေရှင်းတဲ့ ကျွန်မ အရည်အချင်းကို ပြသနေရင်းနဲ့ ပါးစပ်ကို မပိတ်နိုင်ခဲ့ဘူး။ ဒါဟာ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို အနှောင့်အယှက်ဖြစ်စေခဲ့ပါတယ်။ ကျွန်မရဲ့ ကဏ္ဍက ရွေးကောက်ပွဲကို ဦးဆောင်ဖို့ပါ။ ဒါကြောင့် သူများတွေကို သူတို့စိတ်ကူးတွေကို ဖော်ပြဖို့ လမ်းပြပေးခဲ့သင့်တယ်။ ဒီလိုနဲ့ သူတို့တွေ အချင်းချင်းနားလည်နိုင်ကြပြီး စည်းမျဉ်းတွေအပေါ် အခြေခံပြီး ခေါင်းဆောင်ကောင်းတစ်ယောက်ကို ရွေးချယ်နိုင်ဖို့အတွက်ပေါ့။ အဲဒါက ကျွန်မ တာဝန်ပဲ။ ဒါပေမဲ့ ကျွန်မက ကြွားဝါနေပြီး ကိုယ့်ကိုယ်ကိုယ် ပြသနေရင်းနဲ့ အရမ်းမာနထောင်လွှားပြီး အသိစိတ်အားလုံး ဆုံးရှုံးခဲ့တယ်။ အဲဒါကဘယ်လိုလုပ် တာဝန်ကို ထမ်းဆောင်တာဖြစ်မှာလဲ။ ကျွန်မက ရွေးကောက်ပွဲကို လမ်းလွဲအောင်လုပ်နေတာမဟုတ်ဘူးလား။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် အရမ်းအထင်ကြီးနေခဲ့တာ။ ကျွန်မက အောင်မြင်မှုနည်းနည်းရခဲ့ပြီးနောက်မှာ လူတိုင်းထက်သာတယ်လို့ထင်ပြီး အရမ်းပျော်နေခဲ့တယ်။

နောက်ပိုင်းမှာ ကျွန်မ အမြင်တွေကို တကယ်ကို ဖွင့်ပေးခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို တွေ့ပါတယ်။ “ဘုရားသခင် အသုံးပြုသည်ကို ခံရသော သူတစ်ဦးအနေနှင့်၊ လူသားအားလုံးသည် ဘုရားသခင်အတွက် အလုပ်လုပ်ရန် ထိုက်တန်သောသူများ ဖြစ်ကြသည်၊ ဆိုလိုသည်မှာ လူတိုင်းတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုမှုကို ခံဖို့ အခွင့်အလမ်း ရှိသည်။ သို့သော် သင်တို့ နားလည်သဘောပေါက် ရမည့် အချက်တစ်ချက်ရှိသည်- လူသားသည် ဘုရားသခင်မှ စေခိုင်းသည့်အလုပ်ကို လုပ်သောအခါ ဘုရားသခင် အသုံးပြုခြင်းကို ခံရမည့် အခွင့်အရေး ပေးအပ်ခံခဲ့ရခြင်း ဖြစ်သည်။ သို့သော် လူသားပြောသည့်အရာနှင့် လူသားသိသည့် အရာသည် လူသား၏ ဝိညာဉ်အသက်တာ တစ်ရပ်လုံး မဟုတ်ပေ။ သင်တို့လုပ်နိုင်သည်မှာ သင်တို့အလုပ်လုပ်နေစဉ် သင်တို့ကိုယ်တိုင်၏ လိုအပ်ချက်များကို ပိုမို ကောင်းမွန်စွာ သိလာရန်သာ ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဉာဏ်အလင်းပေးမှုကို ပိုမိုရရှိလာရန်သာ ဖြစ်သည်။ ဤနည်းအားဖြင့် သင်တို့သည် သင်တို့ အလုပ်လုပ်နေစဉ်တွင် ပိုမိုကောင်းမွန်သော ၀င်ရောက်မှု ရရှိစေခြင်း ခံရမည်ဖြစ်သည်။ လူသားသည် ဘုရားသခင်၏ ထံမှလာသည့် လမ်းပြမှုကို ၎င်းတို့ကိုယ်တိုင်၏ ၀င်ရောက်မှုအဖြစ်နှင့် ၎င်းတို့၏အထဲ၌ မွေးကတည်းကရှိသည့် အရာအဖြစ် သတ်မှတ်လျှင် လူသား၏ ဝိညာဉ်အသက်တာ ကြီးထွားဖို့ အလားအလာ မရှိပေ။ လူသား၌ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သည့် အသိဉာဏ်ပွင့်လင်းစေခြင်းသည် လူသားတို့က ပုံမှန်အခြေအနေ၌ ရှိကြသည့်အခါ ဖြစ်ပေါ်ပေသည်။ ထိုသို့သောအချိန်များ၌ လူတို့သည် သူတို့ လက်ခံရရှိသော ဉာဏ်အလင်းကို သူတို့၏ ကိုယ်ပိုင် ဝိညာဉ်အသက်တာအစစ်အမှန်အဖြစ် လွဲမှားစွာ ထင်မြင်ယူဆလေ့ ရှိကြသည်။ အဘယ်ကြောင့်ဆိုသော် သန့်ရှင်းသော ဝိညာဉ်တော် ဉာဏ်အလင်းပေးသည့်နည်းသည် ထူးကဲစွာသာမန်အဖြစ်ဆုံးဖြစ်ပြီး လူသား၏အထဲ၌ မွေးကတည်းက ရှိသည့်အရာကို အသုံးပြုသောကြောင့် ဖြစ်သည်။ လူတို့ အလုပ်လုပ်သည့်အခါ သို့မဟုတ် စကားပြောသည့်အခါ၊ သို့မဟုတ် ဆုတောင်း၍ ၎င်းတို့၏ ဝိညာဉ်ရေးရာနှင့်ဆိုင်သော ဝတ်ပြုကိုးကွယ်မှုများကို ပြုသောအခါ၌၊ သမ္မာတရားသည် ထိုသူတို့အတွက် ရုတ်တရက် ရှင်းလင်းသွား လိမ့်မည်။ သို့သော် လက်တွေ့တွင် လူသားမြင်သောအရာသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုသာ (ဤအရာသည် လူသား၏ ပူးပေါင်းလုပ်ဆောင်မှုနှင့် ဆက်စပ်နေသည်မှာ မှန်ပေသည်) ဖြစ်ပြီး လူသား၏ ဝိညာဉ်အသက်တာအစစ်ကို ကိုယ်စားမပြုပေ။ အချို့သော အခက်အခဲများနှင့် စမ်းသပ်မှုများကို လူသားက ရင်ဆိုင်ကြုံရသည့် အချိန်ကာလတစ်ရပ် နောက်ပိုင်းတွင်၊ လူသား၏ ဝိညာဉ် အသက်တာအစစ်သည် ထိုသို့သော အခြေအနေများတွင် သိသာ ထင်ရှားလာသည်။ ထိုသို့သောအခါ၌သာ မိမိ၏ ဝိညာဉ် အသက်တာသည် သိပ်မကြီးကြောင်း လူသားသည် တွေ့ရှိလာပြီး တစ်ကိုယ်ကောင်းဆန်မှု၊ မိမိအပေါ် သက်ရောက်သည့် အရာများနှင့် လူသား၏ လောဘတို့အားလုံး ပေါ်လာသည်။ ထိုသို့သော အတွေ့အကြုံ သံသရာကို အကြိမ်ကြိမ် တွေ့ကြုံပြီးမှသာ ၎င်းတို့၏ ဝိညာဉ်အတွင်း နိုးထလာသည့်သူ များစွာက အတိတ်က ၎င်းတို့ ကြုံတွေ့ခဲ့ရသည်ကား ၎င်းတို့၏ကိုယ်ပိုင် တစ်ဦးချင်း လက်တွေ့တရား မဟုတ်ဘဲ၊ သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ခဏတာ အလင်းပေးခြင်းသာ ဖြစ်ကြောင်းနှင့် လူသားသည် ဤအလင်းကို ရရှိခဲ့ပြီးဖြစ်ကြောင်းတို့ကို နားလည်သဘောပေါက်မည် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၂)) တာဝန်တစ်ခုမှာ တချို့ကိစ္စတွေကို ဖြစ်မြောက်တာက သမ္မာတရားကို ကျွန်မ နားလည်တယ်၊ သိပ်ကောင်းတဲ့ ဝိညာဉ်ရင့်ကျက်မှုရှိတယ်လို့ မဆိုလိုဘူးဆိုတာ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို ပြသခဲ့တယ်။ ဘယ်အောင်မြင်မှုမဆို သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပေးမှုနဲ့ လမ်းပြမှုကနေ လာတာပါ။ သမ္မာတရားကို ကျွန်မ နားလည်လို့မဟုတ်ဘူး။ အန္တိခရစ်လီကို ပြန်စဉ်းစားကြည့်တော့ အစကတော့ ကျွန်မလည်း သရုပ်မှန်ကို မမြင်ခဲ့ဘူး။ သူ့ကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ မသိဘူး။ ကျွန်မ စဉ်းစားသွားတာက အစ်မတစ်ယောက်ရဲ့ မှတ်ချက်ကြောင့်ပါ။ ပြီးတော့ ဝိညာဉ်တော်က ကျွန်မကို ဉာဏ်အလင်းပေးခဲ့တယ်။ ဒါက ပိုင်းခြားသိမြင်မှုကို ကျွန်မရခဲ့ပြီး သူက အန္တိခရစ်တစ်ယောက်ဖြစ်တယ်ဆိုတာ မြင်ခဲ့တဲ့နည်းလမ်းပဲ။ ကျွန်မရဲ့ တကယ့် ဝိညာဉ်ရင့်ကျက်မှုကြောင့်၊ သူ့ကို ရိပ်စားမိတာကြောင့်မဟုတ်ဘူး။ ပြီးတော့ အစတုန်းက အစ်မလျိူက ဘာဖြစ်နေတယ်ဆိုတာကိုလည်း ကျွန်မ မသိခဲ့ဘူး။ ဒါပေမဲ့ တခြားအစ်မတစ်ယောက်ရဲ့ မိတ်သဟာယက ကျွန်မကို ဉာဏ်အလင်းပေးပြီးတော့မှ သူ့ရဲ့ တကယ့်အခြေအနေကို ကျွန်မ နားလည်ပြီး သူ့ပြဿနာကို ဖြေရှင်းပေးခဲ့တာပါ။ အဲဒါကလည်း သန့်ရှင်းသောဝိညာဉ်တော်ဆီက လာတာပဲ။ အားလုံးက ဘုရားရဲ့ လမ်းပြမှုပဲ။ အဲဒီအစ်မရဲ့ ပံ့ပိုးမှုမရှိဘဲ၊ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပေးမှုမရှိဘဲ ဘာကိုမှ ကျွန်မ မြင်မှာ၊ နားလည်မှာမဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မက ပိုင်းခြားသိမြင်မှုနဲ့ သမ္မာတရားအပေါ် အရမ်းနားလည်မှုရှိတယ်လို့ ထင်ပြီး ပြီးမြောက်တဲ့အလုပ်အားလုံးအတွက် ကျွန်မပဲ နာမည်ရအောင် အရှက်မရှိလုပ်ခဲ့တယ်။ ကျွန်မက အရမ်း ကြီးကျယ်ခဲ့တယ်။ တကယ်ပါပဲ။ သန့်ရှင်းသောဝိညာဉ်တော်ရဲ့အလုပ်ကို ကျွန်မ နားမလည်ခဲ့ဘူး။ ကျွန်မရဲ့ ဝိညာဉ်ရင့်ကျက်မှုအပေါ် ရှင်းလင်းတဲ့ အမြင်မရှိခဲ့ဘူး။ ကျွန်မက အလုပ်တချို့ကိုလုပ်နိုင်လို့ ကျွန်မမှာ သမ္မာတရားရဲ့ စစ်မှန်မှုရှိတယ်လို့ ထင်ပြီး ဆုံးဖြတ်ချက်မှားခဲ့ပါတယ်။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ချီးကျူးတဲ့ အခြေအနေမှာ ရှင်သန်နေရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေခဲ့တယ်။ သန့်ရှင်းသောဝိညာဉ်တော်ရဲ့အလုပ်အတွက်၊ ညီအစ်ကိုမောင်နှမတွေရဲ့ မိတ်သဟာယနဲ့ အထောက်အကူဖြစ်တဲ့ မှတ်ချက်တွေအတွက် နာမည်တွေအားလုံးကို ကျွန်မ ယူနေခဲ့တယ်။ ကျွန်မက လုပ်တာ အရမ်းကိုကောင်းတယ်လို့ အမြဲတမ်းထင်ခဲ့ပြီး ပိုပိုပြီး မာနထောင်လွှားပြီး အရှက်မဲ့လာတယ်။ ညီအစ်ကိုမောင်နှမတွေ ကျွန်မကို လေးစားအောင်လုပ်ဖို့ ကြွားပြောတာကို မရပ်နိုင်ခဲ့ဘူး။ ကျွန်မက ဘာမှမသိဘဲ ဘုရားရဲ့စိတ်သဘောထားကို ပုန်ကန်ပြစ်မှားနေပြီး ဘုရားကိုဆန့်ကျင်တဲ့လမ်းကြောင်းပေါ် ရောက်နေခဲ့တာ။ အရမ်းကို သနားစရာကောင်းပြီး မသိနားမလည်ခဲ့တာပဲ။ သန့်ရှင်းသောဝိညာဉ်တော်ရဲ့အလုပ်နဲ့ ကိုယ့်ရဲ့တကယ့် ဝိညာဉ်ရင့်ကျက်မှုကို ခွဲခြားခြင်းက အဓိကသော့ချက်ပဲ။ ဒီလိုဆိုရင် ဝိညာဉ်တော်ရဲ့အလုပ်ကို ကျွန်မတို့ရဲ့ ကိုယ်ပိုင်သမ္မာတရားရဲ့ စစ်မှန်မှုအဖြစ် မှတ်ယူမှာမဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် ပျော်မွေ့နေမှာမဟုတ်ဘူး။ အဲဒီနောက်မှာ ကျွန်မပိုပြီးတော့ နှိမ့်ချလာခဲ့တယ်။ စုဝေးပွဲတွေမှာ ကျွန်မမှာ မျှဝေဖို့ သိမြင်မှုတချို့နဲ့ လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းရှိတဲ့အခါမှာ ဘုရားရဲ့လမ်းပြမှုအတွက် ကျွန်မ ကျေးဇူးတင်တယ်။ အားလုံးက ကျွန်မကြောင့်လို့တွေးတာကို ရပ်ပြီး ကြွားပြောတာကို ရပ်ခဲ့ပါတယ်။

ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့သဘာဝကို တကယ်နားမလည်ခဲ့လို့ အခြေအနေပေးလာရင် ထပ်ပြီး ကြွားပြောတယ်။ တွဲဖက်အမှုဆောင်အစည်းအဝေးလုပ်နေတုန်းမှာ အစ်မကျန်းကပြောတယ်။ အသင်းတော်တစ်ခုမှာ ချန်းဆိုတဲ့ ခေါင်းဆောင်က မယုံကြည်သူနဲ့ မကောင်းမှုပြုသူတချို့ကို ရှင်းမထုတ်ပစ်ဘူး။ ပြီးတော့ သူတို့တွေက ချန်းရဲ့ ဆွေမျိုးတွေတဲ့။ အစ်မကျန်းက ချန်းနဲ့ပတ်သက်ပြီး မသေချာဘူး။ ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ မသိဘူး။ အန္တိခရစ်တွေက ဆွေမျိုးကောင်းစားရေးဝါဒကို ကျင့်သုံးတတ်ကြတယ်လို့ ဘုရားပြောတာကို ကျွန်မ စဉ်းစားမိပြီး ချန်းက အဲဒီလိုလုပ်နေတာကို ကျွန်မ မြင်တယ်။ အဲဒါနဲ့ ကျွန်မက ချန်းရဲ့ အပြုအမူရဲ့ အနှစ်သာရနဲ့ပတ်သက်ပြီး ညီအစ်ကိုမောင်နှမတွေနဲ့ မိတ်သဟာယဖွဲ့ဖို့အတွက် ဘုရားနှုတ်ကပတ်တော်တွေကို အသုံးပြုတယ်။ လူတိုင်းက သဘောတူကြပြီးတော့ သိပ်ကောင်းတဲ့ စုဝေးပွဲတစ်ခုဖြစ်ပြီး ပြဿနာကိုဖြေရှင်းဖို့ သမ္မာတရားကို သူတို့နားလည်အောင် ကူညီပေးတယ်လို့ စိတ်လှုပ်ရှားရင်းနဲ့ ပြောကြတယ်။ ဒါက ကျွန်မခေါင်းထဲကို တန်းရောက်သွားတယ်။ အရင်တစ်ခေါက်တုန်းက လီဟာ အန္တိခရစ်ပဲ၊ သူ့မှာ အဲဒီအနှစ်သာရရှိတယ်ဆိုတာကို ကျွန်မ အတိအကျသိခဲ့တယ်လို့လည်း ကျွန်မ တွေးမိတယ်။ ဒီတစ်ခါမှာ ချန်းရဲ့ ပြဿနာတွေကို ကျွန်မ သတိပြုမိတယ်။ ဒီတော့ သမ္မာတရားကို ကျွန်မ တကယ်နားလည်တာပဲလို့ တွေးမိတာပေါ့။ ကျွန်မက အသင်းတော်တိုင်းကိုသွားပြီး မိတ်သဟာယတချို့မျှဝေရင် ညီအစ်ကိုမောင်နှမတွေက ပိုင်းခြားသိမြင်မှုတချို့ ရနိုင်တယ်လို့ တွေးမိတယ်။ ဒီလိုကောက်ချက်ချပြီးနောက်မှာ ကျွန်မ အရမ်းပျော်သွားပြန်တယ်။ နောက်တစ်နေ့ စုဝေးပွဲတစ်ခုမှာ အခုနောက်ပိုင်းမှာ လူတွေအပေါ် ကျွန်မရှိတဲ့ ပိုင်းခြားသိမြင်မှုအကြောင်း၊ အသင်းတော်တစ်ခုမှာ ခေါင်းဆောင်ကောင်းတစ်ယောက်ရှိဖို့က ဘယ်လောက်အရေးကြီးကြောင်း၊ ခေါင်းဆောင်တွေက လက်တွေ့အလုပ်ကို လုပ်နိုင်မှသာ အမှုကိစ္စတွေကို နှောင့်ယှက်နေတဲ့ အဲဒီလူတွေကို ဖယ်ရှားပစ်ဖို့ ဖြစ်နိုင်ကြောင်း ကျွန်မ စပြောလာတယ်။ ဒီနေရာမှာ ဒီလိုစကားပြောတာက ကျွန်မရဲ့ ထိုးထွင်းသိမြင်မှုကို ကြွားပြောနေတယ်၊ တကယ့်အလုပ်ကို လုပ်နိုင်တယ်လို့ကြွားနေတယ်လို့ သူများတွေက ထင်နိုင်တယ်ဆိုတာ သဘောပေါက်မိတယ်။ အဲဒါနဲ့ ဒီအန္တိခရစ်ကို ရိပ်စားမိခြင်းက ဘုရားရဲ့လမ်းပြမှုဖြစ်တယ်လို့ အမြန်ပြောလိုက်တယ်။ ပြီးတော့ အစ်ကိုတစ်ယောက်ကပြောတယ်။ “ဒါက တကယ်ပဲ ဘုရားရဲ့လမ်းပြမှုဖြစ်ပြီး အစ်မလုပ်တာမဟုတ်ပါဘူး” တဲ့။ ကျွန်မက ဒါကိုကြားရတာ သိပ်မကျေနပ်ဘူး။ သူ့ကို အပြည့်အဝ သဘောမတူဘူး။ ဘယ်လိုလုပ် ငါလုပ်တာမဟုတ်ဘဲနေမလဲဆိုပြီး စဉ်းစားနေခဲ့တာ။ ဘုရားရဲ့လမ်းပြမှုတော့ ဟုတ်တာပေါ့။ ဒါပေမဲ့ ကျွန်မလည်း တစ်စိတ်တစ်ပိုင်းပါဝင်တာပဲ ပေါ့။ ဒီလိုမဟုတ်ရင် ချန်းရဲ့ ပြဿနာတွေကို မြင်တာ ဘာလို့ ကျွန်မတစ်ယောက်တည်းဖြစ်တာလဲ ပေါ့။ ကျွန်မကသာ ဝန်တာရှိသူ၊ အစွမ်းအစရှိသူ်မို့လို့ ဘုရားက ကျွန်မကို ဉာဏ်အလင်းပေးခဲ့တာ ပေါ့။ အဲဒီစုဝေးပွဲပြီးနောက်မှာ ကျွန်မ ဗိုက်က အရမ်းနာလာပြီး ဘာအစားအစာမှ မျိုချလို့မရဘူး။ အဲဒီညမှာ တော်တော်ဖျားခဲ့တယ်။ ဒါဟာ ကျွန်မအတွက် ဘုရားရဲ့ ပဲ့ပြင်ဆုံးမမှုပဲဆိုတာ သဘောပေါက်ခဲ့ပါတယ်။ အရင်သုံးလေးရက်မှာ ကျွန်မ ပြန်ပြီးတော့ ကြွားဝါလာတယ်။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားလာတယ်။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ဖို့ ဘုရားရှေ့ကို ကျွန်မ အမြန်လာခဲ့တယ်။

ပြီးတော့ ဘုရားနှုတ်ကပတ်တော်ထဲမှာ ဒါကို ဖတ်တယ်။ “သင်တို့၏တာဝန်ကို ထမ်းဆောင်ခြင်းတစ်လျှောက်တွင်၊ သင်သည် ဘုရားသခင်၏လမ်းပြမှုနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းတို့ကို ခံစားနိုင်သလော။ (ခံစားနိုင်ပါသည်။) သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်ကို သင်ခံစားနိုင်ပြီး သင့်ကိုယ်သင် အထင်ကြီးနေဆဲဖြစ်ကာ သင်သည် စစ်မှန်မှုကို ပိုင်ဆိုင်သည်ဟု ထင်နေဆဲဖြစ်ပါက၊ ဤတွင် အဘယ်အရာ ဖြစ်နေသနည်း။ (ကျွန်ုပ်တို့ တာဝန်ကို ကျွန်ုပ်တို့ ထမ်းဆောင်ခြင်းသည် အသီးအပွင့်အချို့ ဖြစ်ထွန်းသည့်အခါ၊ ဂုဏ်ပြုခြင်းတစ်ဝက်သည် ဘုရားသခင်နှင့်သက်ဆိုင်ပြီး တစ်ဝက်က ကျွန်ုပ်တို့နှင့် သက်ဆိုင်သည်ဟု တဖြည်းဖြည်း စတင်တွေးတောလာကြသည်။ ကျွန်ုပ်တို့၏ ပူးပေါင်းဆောင်ရွက်ခြင်းထက် သာ၍ အရေးကြီးသည့်အရာ မရှိဟုလည်းကောင်း၊ ထိုအရာမပါဘဲ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းသည်လည်း မဖြစ်နိုင်ဟုလည်းကောင်း တွေးထင်လျက်၊ ကျွန်ုပ်တို့၏ ပူးပေါင်းဆောင်ရွက်ခြင်းကို အကန့်အသတ်မရှိသော အတိုင်းအတာတစ်ခုအထိ ပုံကြီးချဲ့သည်။) သို့ဆိုလျှင် ဘုရားသခင်သည် သင့်ကို အဘယ့်ကြောင့် ဉာဏ်အလင်းပေးသနည်း။ ဘုရားသခင်သည် အခြားသူများကိုရော ဉာဏ်အလင်းပေး၍ ရနိုင်သလော။ (ရနိုင်ပါသည်။) ဘုရားသခင်သည် တစ်စုံတစ်ဦးကို ဉာဏ်အလင်းပေးသည့်အခါ၊ ဤသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်ဖြစ်သည်။ ပြီးလျှင် သင်၏အပိုင်းတွင် အနည်းငယ်သော ထိုပူးပေါင်းဆောင်ရွက်ခြင်းက အဘယ်နည်း။ ယင်းမှာ သင် နာမည်ကောင်းရဖို့ ထိုက်တန်သည့် အရာတစ်ခုဖြစ်သလော— သို့မဟုတ် ယင်းမှာ သင်၏တာဝန်၊ သင်၏ ဝတ္တရားဖြစ်သလော။ (တာဝန်နှင့် ဝတ္တရားတို့ ဖြစ်ပါသည်။) ယင်းသည် တာဝန်နှင့် ဝတ္တရားဖြစ်သည်ဟု သင် သတိပြုမိသည့်အခါ၊ ဤသည်မှာ မှန်ကန်သော စိတ်နေစိတ်ထား ဖြစ်ပြီး သင်သည် နာမည်ကောင်းယူဖို့ ကြိုးစားသည့် အတွေးများ ရှိလိမ့်မည် မဟုတ်ချေ။ အကယ်၍ သင်ယုံကြည်သည့်အရာသည် ‘ဤသည်မှာ ကျွန်ုပ်၏ အရင်းအနှီးဖြစ်သည်။ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းသည် ကျွန်ုပ်၏ ပူးပေါင်းဆောင်ရွက်ခြင်း မရှိဘဲ ဖြစ်နိုင်ခဲ့မည်လော။ ဤအရာသည် လူများ၏ ပူးပေါင်းဆောင်ရွက်ခြင်း လိုအပ်သည်။ ဤအရာ၏အများစုသည် လူများ၏ ပူးပေါင်းဆောင်ရွက်ခြင်းကြောင့်သာ ဖြစ်သည်’ဟု အစဉ် ဖြစ်ပါက၊ ဤသည်မှာ မှားယွင်းပေသည်။ သန့်ရှင်းသော ဝိညာဉ်တော်က သင့်အား ဉာဏ်အလင်းမပေးခဲ့ပါက၊ ပြီးလျှင် ဘုရားသခင်က အဘယ်အရာမျှ မလုပ်ဆောင်ခဲ့ဘဲ၊ မည်သူကမျှလည်း သင့်အား သမ္မာတရား၏ အခြေခံသဘောတရားများကို မိတ်သဟာယမပြုခဲ့ပါက၊ သင် မည်သို့ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့မည်နည်း။ သို့မဟုတ် ဘုရားသခင် တောင်းဆိုသည့်အရာကို သင် သိမည်လော။ သင်သည် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းကိုပင် သိမည် မဟုတ်ချေ။ သင်သည် ဘုရားသခင်ကို နာခံလိုပြီး ဘုရားသခင်၏အမှုတွင် ပူးပေါင်းဆောင်ရွက်လိုလျှင်ပင်၊ မည်သို့ လုပ်ဆောင်ရမည်ကို သင်သိမည် မဟုတ်ချေ။ သင်၏ ဤ ‘ပူးပေါင်းဆောင်ရွက်ခြင်း’ သည် အနှစ်မဲ့သော စကားများသာ မဟုတ်လော။ စစ်မှန်သော ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ၊ သင်သည် သင်၏ကိုယ်ပိုင် အကြံဉာဏ်များအတိုင်း ပြုမူဆောင်ရွက်နေခြင်းသာ ဖြစ်ပေသည်— ထိုအခြေအနေတွင် သင်ထမ်းဆောင်သည့် တာဝန်သည် စံနှုန်းမီသလော။ (မမီပါ။) မမီပေ၊ ယင်းက ပြဿနာကို ရည်ညွှန်းပေသည်။ ဤအရာက အဘယ်ပြဿနာကို ရည်ညွှန်းသနည်း။ လူတစ်ဦးသည် မည်သည့်တာဝန်ကို ထမ်းဆောင်ပါစေ၊ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့နှင့် သူ၏လက်ခံမှုကို ရရှိဖို့ ရလဒ်များ အောင်မြင်ရရှိခြင်းနှင့် မိမိ၏တာဝန်ကို စံနှုန်းအတိုင်း ထမ်းဆောင်ခြင်းတို့က ဘုရားသခင်၏ လုပ်ဆောင်ချက်များပေါ်တွင် မူတည်သည်။ သင်၏ဝတ္တရားများကို သင်ဆောင်ရွက်သော်လည်း၊ သင်၏တာဝန်ကို သင်ဆောင်ရွက်သော်လည်း၊ ဘုရားသခင်က မည်သည့်အရာမျှ မလုပ်ဆောင်ဘဲ၊ မည်သည့်အရာ လုပ်ရမည်ကို သင့်အား မပြောပါက၊ သင်သည် သင်၏လမ်းကြောင်း၊ ဦးတည်ချက် သို့မဟုတ် သင်၏ပန်းတိုင်တို့ကို သိမည် မဟုတ်ပေ။ အဆုံးသတ်၌ မည်သည့်ရလဒ်ကို ရရှိမည်နည်း။ ယင်းမှာ အချည်းနှီး အားထုတ်ကြိုးပမ်းမှုတစ်ခု ဖြစ်မည်၊ သင်သည် အဘယ်အရာမျှ ရရှိမည် မဟုတ်ချေ။ သို့ဖြစ်၍ သင်၏တာဝန်ကို စံနှုန်းအတိုင်း လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်၏အိမ်တော်အတွင်း ခိုင်မာစွာ ရပ်တည်နိုင်ခြင်း၊ ညီအစ်ကိုမောင်နှမများအတွက် စိတ်ဓာတ်မြှင့်တင်ပေးခြင်းနှင့် ဘုရားသခင်၏ လက်ခံမှုကို ရရှိခြင်းတို့က ဘုရားသခင်အပေါ် လုံးလုံး မူတည်လေသည်။ လူများသည် ၎င်းတို့ ကိုယ်တိုင်ကိုယ်ကျ တတ်နိုင်စွမ်းသည့် အရာများ၊ ၎င်းတို့ လုပ်ဆောင်သင့်သည့် အရာများ၊ ၎င်းတို့၏ ပင်ကိုစွမ်းရည်များအတွင်း ရှိသည့် အရာများကိုသာ လုပ်ဆောင်နိုင်သည်။ ထို့ထက်ပို၍ မည်သည့်အရာမျှ မလုပ်ဆောင်နိုင်ပါ။ ထို့ကြောင့် သင်၏တာဝန်မှ အဆုံးသတ် ရိတ်သိမ်းရရှိသည့် ရလဒ်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လမ်းညွှန်မှုနှင့် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဉာဏ်အလင်းပေးခြင်းတို့အားဖြင့် အဆုံးအဖြတ်ပေးသည်၊ ယင်းက သင့်အား ဘုရားသခင်ပေးသည့် လမ်းကြောင်း၊ ပန်းတိုင်များ၊ ဦးတည်ချက်နှင့် အခြေခံသဘောတရားတို့ကို နားလည်စေသည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “မိမိကိုယ်ကိုယ် ပြုမူနေထိုင်ခြင်းတွင် ရှိထားသင့်သည့် အခြေခံသဘောတရားများ”)ဘုရားသခင်၏ ရယူခြင်းကို သင်ခံရသောအခါ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သင်ပိုင်ဆိုင်သည်သာ မဟုတ်။ အဓိကအားဖြင့် လက်တွေ့ကျသော ဘုရားသခင်၏ သတ်မှတ်ချက်များကို သင် အသက်ရှင်နေထိုင်နိုင်လိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ရှိခြင်းမျှဖြင့် သင်သည် အသက်ရှိပြီဟု မဆိုလိုပေ။ အဓိကကျသောအချက်မှာ ဘုရားသခင်၏ ရယူခြင်းကို သင် ခံရနိုင်ခြင်း ရှိ မရှိဆိုသည်နှင့် ဆက်နွှယ်သည့်၊ သင်နှင့်သက်ဆိုင်သည့် လက်တွေ့ကျသော ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း သင် ပြုမူနိုင်ခြင်းရှိ၊ မရှိ ဆိုသည့်အရာ ဖြစ်သည်။ ဤသည်တို့မှာ လူ့ဇာတိ၌ လက်တွေ့ကျသော ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် အကြီးမြတ်ဆုံးသော အဓိပ္ပာယ် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့ကျသော ဘုရားသခင်သည် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ကို သင်သိသင့်သည်) ဒါကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ တော်တော်ရှက်မိတယ်။ တာဝန်တစ်ခုမှာ ကျွန်မတို့ စွမ်းဆောင်ရရှိတဲ့အရာတိုင်းက ဘုရားရဲ့လမ်းပြမှုကြောင့်ပဲဆိုတာ ကျွန်မ မြင်ခဲ့ရတယ်။ သူ့ရဲ့ ဉာဏ်အလင်းပေးမှုမရှိဘဲ၊ သူဖော်ပြတဲ့ သမ္မာတရားတွေမရှိဘဲ ကျွန်မတို့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ဘာကိုမှ ဖြစ်မြောက်မှာမဟုတ်ဘူး။ ပြီးတော့လည်း အလုပ်မှာ ပေါ်လာတဲ့ ဘယ်ပြဿနာတိုင်းကိုမဆို ဖြေရှင်းတာက ခေါင်းဆောင်တစ်ယောက်ရဲ့ တာဝန်ပဲ။ သူ့ရဲ့ ဝတ္တရားပဲ။ ဒီလိုမလုပ်တာက ကျရှုံးမှုတစ်ခုပဲ။ ဒါကို ပြီးမြောက်အောင်လုပ်တာက ကိုယ့်အလုပ်ကိုယ်လုပ်တာပဲ။ ဘာမှ ကြွားဝါစရာမရှိဘူး။ ဒါပေမဲ့ အားလုံးက ကျွန်မကိုယ်တိုင်ရဲ့ အောင်မြင်မှုတွေလို့ တလွဲထင်ခဲ့တယ်။ အဲဒါကြောင့် ကျွန်မက ကြွားဝါပြောဆိုနေခဲ့တယ်။ တော်တော်ကို ကျိုးကြောင်းမသင့်တာပဲ။ အန္တိခရစ်ကို ရိပ်စားမိတဲ့ ကျွန်မ အရည်အချင်းက အားလုံးက ဘုရားနှုတ်ကပတ်တော်ကြောင့် မဟုတ်ဘူးလား။ ဘုရားက သမ္မာတရားကို ဖော်ပြပြီး သူတို့ရဲ့ အနှစ်သာရနဲ့ အပြုအမူကို မထုတ်ဖော်ပြရင် ကျွန်မ ဘယ်လောက်ပဲ ကြိုးစားပါစေ၊ ဦးနှောက်ခြောက်ခံစဉ်းစားပါစေ လုံးဝ ရိပ်စားမိမှာမဟုတ်ဘူး။ ကျွန်မမှာ ဘာမှ ကြွားပြောစရာမရှိဘူးဆိုတာ သဘောပေါက်ခဲ့တယ်။ လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းနဲ့ စည်းမျဉ်းတွေကို သင်ပေးခဲ့တာက ဘုရားရဲ့ လမ်းပြမှုနဲ့ နှုတ်ကပတ်တော်တွေပါ။ ဒါကြောင့် ကျွန်မ ဘာလုပ်သင့်တယ်ဆိုတာကို သိခဲ့တာ။ ဒီလိုမဟုတ်ရင် သမ္မာတရားကို ကျွန်မ ဘယ်တော့မှ နားလည်မှာမဟုတ်ဘူး။ ဘာကိုမှ ဖြစ်မြောက်မှာမဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မက မမြင်မကန်းဖြစ်ပြီး မိုက်မဲခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်အတိုင်းမလုပ်ဘဲ ဘုရားရဲ့ ဘုန်းအသရေကို ခိုးယူဖို့ ကြိုးစားတယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ ကြည်ညိုမှုကိုရဖို့ ကြွားဝါခဲ့တယ်။ ပိုဆိုးတာက အစ်ကိုတစ်ယောက်က ဒါဟာ ဘုရားရဲ့လမ်းပြမှုဖြစ်တယ်။ ကျွန်မလုပ်တာမဟုတ်ဘူးလို့ ပြောတဲ့အခါ ကျွန်မလုပ်တာက အရမ်းအရေးကြီးတယ်လို့ထင်ပြီး စိတ်ဆိုးခဲ့တယ်။ ကျွန်မက အရမ်းကို မာနထောင်လွှားပြီး ကျိုးကြောင်းမသင့်ခဲ့တာပါ။ ကျွန်မလျှောက်တဲ့လမ်းကြောင်းက ဘုရားကိုဆန့်ကျင်တဲ့ အန္တိခရစ်တစ်ယောက်ရဲ့လမ်းကြောင်းပဲ။ ကျွန်မက သမ္မာတရားကို နားလည်လို့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့အလုပ်ကို ရခဲ့တယ်လို့လည်း တလွဲ ယုံကြည်ခဲ့တယ်။ ဒါပေမဲ့ ဝိညာဉ်တော်ရဲ့အလုပ်ရှိတာက သမ္မာတရား၊ အသက်ရှိတဲ့သဘောမဟုတ်ဘဲ အဓိကက လူတစ်ယောက်က ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့လုပ်နိုင်မလုပ်နိုင်ဆိုတာပဲ။ ဒါ အခု ကျွန်မ သိပြီ။ ဘုရားနှုတ်ကပတ်တော်တွေကို ကြုံတွေ့ပြီး အသက်ရှင်ခြင်းကသာ သမ္မာတရားကို တကယ်နားလည်ပြီး သမ္မာတရားစစ်မှန်မှုရှိခြင်းပါပဲ။ ကျွန်မက တော်တော်ကြာတဲ့အထိ ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းနေခဲ့တာ။ ကျွန်မက ပူးပေါင်းပြီးမလုပ်ရင် သန့်ရှင်းသောဝိညာဉ်တော်က ကျွန်မထဲမှာ အလုပ်လုပ်မှာမဟုတ်ဘူး၊ ကျွန်မက နာမည်တစ်ဝက်ယူလို့ရတယ်လို့ အမြဲတမ်းထင်နေခဲ့တာ။ ဘုရားရဲ့ ဘုန်းအသရေကို ကျွန်မက အရှက်မရှိခိုးယူနေခဲ့တာပါ။ ကျွန်မလို မာနထောင်လွှားပြီး ကျိုးကြောင်းမသင့်တဲ့သူတစ်ယောက်က သမ္မာတရားရဲ့ စစ်မှန်မှုကို ဘယ်လိုပိုင်ဆိုင်နိုင်မှာလဲ။ ကျွန်မက အန္တိခရစ်တွေကို ရိပ်စားနိုင်တယ်လို့ အမြဲ ထင်ခဲ့တယ်။ ဒါပေမဲ့ အန္တိခရစ်ဖြစ်လာတဲ့ ကျွန်မရဲ့ ကိုယ်ပိုင်လမ်းကြောင်းကို လုံးဝ သတိမထားမိခဲ့ဘူး။ တော်တော် မာနထောင်လွှားပြီး မသိနားမလည်ခဲ့တာပါ။ နောက်တော့ ဘုရားရှေ့ကို ကျွန်မလာပြီး ဆုတောင်းတယ်။ “ဘုရားသခင်၊ ကျွန်မ ကိုယ့်ကိုယ်ကိုယ် မသိပါဘူး။ ကိုယ်တော်ရဲ့ ဘုန်းအသရေကို ခိုးယူနေမိပါတယ်။ ကိုယ်တော်ကိုဆန့်ကျင်တဲ့လမ်းကြောင်းပေါ် ရောက်နေပါတယ်။ ဘုရားသခင် ကျေးဇူးပြုပြီး ကယ်တင်တော်မူပါ” ဆိုပြီးတော့။

အဲဒီလိုဆုတောင်းပြီးတဲ့နောက်မှာ ဒီ ဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ဖတ်ပါတယ်။ “‘ဘုန်းအသရေ’ ဆိုသည့်စကားသည် လူတို့နှင့် မသက်ဆိုင်ဘဲ၊ ဘုရားသခင်၊ ဖန်ဆင်းရှင်နှင့်သာ သက်ဆိုင်သည်။ လူတို့နှင့် ဆက်နွှယ်မှုမရှိပေ။ လူတို့သည် အားထုတ်မှုတစ်ခု ပြုကောင်းပြုနိုင်သည်။ ပူးပေါင်းလုပ်ကိုင်နိုင်သည်။ သို့သော် ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် လမ်းပြမှုအောက်တွင် ရှိနေဆဲဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်မပါဘဲ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်နိုင်သနည်း။ ‘သက်သေခံချက်’ဆိုသည့် စကားသည်လည်း အလားတူပင်ဖြစ်သည်။ ကြိယာအနေဖြင့် ‘သက်သေခံခြင်း’ ဖြစ်စေ၊ သို့မဟုတ် နာမ်အနေဖြင့် ‘သက်သေခံချက်’ ဖြစ်စေ မည်သည့်အရာကမျှ ဖန်ဆင်းခံလူသားများနှင့် မည်သည့်ဆက်သွယ်မှုမျှ မရှိပေ။ ဖန်ဆင်းရှင်သည်သာ လူတို့၏ သက်သေခံချက်၊ သက်သေခံခြင်းကို ခံရခြင်းနှင့် ထိုက်တန်သည်။ ယင်းကို ဘုရားသခင်၏ ကိုယ်ပိုင်လက္ခဏာ၊ အဆင့်အတန်းနှင့် အနှစ်သာရတို့ဖြင့် သတ်မှတ်ထားပြီး၊ ဘုရားသခင် လုပ်ဆောင်သောအရာ အားလုံးကြောင့်၊ ဘုရားသခင် ပြုလုပ်ခဲ့သော အနစ်နာခံမှုများ အားလုံးကြောင့် ယင်းမှာ သူ၏ ရထိုက်သောအရာ ဖြစ်သည်။ လူတို့ စွမ်းဆောင်နိုင်သည့် အရာသည် နည်းပါးလွန်းပြီး သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုအားဖြင့် လမ်းပြခြင်းခံရသည့် ရလဒ်သက်သက်သာ ဖြစ်သည်။ လူ့သဘာဝက ဤသို့ဖြစ်သည်မှာ ၎င်းတို့သည် သမ္မာတရား အနည်းငယ်ကို နားလည်ပြီး အလုပ်အချို့ကို လုပ်နိုင်သည့်အခါ မိုက်ရိုင်းလာကြသည်အထိ ဖြစ်သည်။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမပါဘဲ မည်သူကမျှ ဘုရားသခင်ကို နာခံကာ သက်သေခံနိုင်စွမ်း မရှိပေ။ ၎င်းတို့သည် ပါရမီ၊ သို့မဟုတ် အားသာချက်အနည်းငယ်ရှိရန်၊ သို့မဟုတ် အလုပ်အကိုင်၊ သို့မဟုတ် ကျွမ်းကျင်မှုအချို့ကို သင်ယူရရှိရန်၊ သို့မဟုတ် အနည်းငယ် လိမ္မာပါးနပ်ရန် ဘုရားသခင်၏ ကြိုတင်စီမံထားခြင်းခံရသောကြောင့် လူတို့သည် ဘဝင်မြင့်လာပြီး ဘုရားသခင်၏ ဘုန်းအသရေနှင့် သက်သေခံချက်ကို ဝေစုကို ရရန် အစဉ် ကြိုးစားကြသည်။ ဤသည်မှာ ကျိုးကြောင်းမဲ့သည် မဟုတ်လော။ လုံးဝ ကျိုးကြောင်းမဲ့သည်။ ဤသည်မှာ စည်းကျော်လွန်ပြီး ၎င်းတို့အရှိအတိုင်းထက် ပို၍ မိမိတို့ကိုယ်ကိုယ် မြင်သည့် ဖြစ်ရပ်ဖြစ်သည်။ လူသားတို့၏ နှိမ့်ချခြင်းသည် လူသားများက မိမိတို့ကိုယ်ကိုယ် နှိမ့်ချခြင်းကြောင့်မဟုတ်ပေ။ လူသားတို့သည် အစဉ်နှိမ့်ချကာ နိမ့်ကျပြီးဖြစ်သည်။ ဘုရားသခင်၏ နှိမ့်ချခြင်းသည် သူ့ကိုယ်သူ နှိမ့်ချခြင်းကြောင့်ဖြစ်သည်။ အမှန်တကယ်တွင် လူသားသည် နိမ့်ကျစဉ်တွင် လူတစ်ယောက်နှိမ့်ချသည်ဟု ပြောခြင်းသည် ထိုသူကို ချီးမြှောက်ခြင်းနှင့်ညီမျှသည်။ လူတို့သည် အစဉ်သဖြင့် ဘုရားသခင်နှင့် ယှဉ်ပြိုင်လိုကြသည်။ ယင်းသည် ၎င်းတို့ကို စာတန်၏နေရာသို့ ရောက်စေသည်။ ဤသည်မှာ စာတန်၏ သဘာဝဖြစ်သည်။ ၎င်းတို့သည် အမှန်တကယ်ပင် စာတန်၏ သားစဉ်မြေးဆက်များ ဖြစ်သည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၁)”) ဒါကိုဖတ်ရတာ တကယ်ကို ဉာဏ်အလင်းပွင့်စေတယ်။ ဘုရားသခင်ဟာ ကျွန်မတို့အားလုံးကို ပြုလုပ်ခဲ့တဲ့ ဖန်ဆင်းရှင်ပါ။ စာတန်ရဲ့ တန်ခိုးအောက်ကနေ ကျွန်မတို့ကို ကယ်တင်ဖို့အတွက်နဲ့ ဘုရားဟာ လူ့ဇာတိခံယူပြီး အရာအားလုံးကို ပေးဆပ်ခဲ့တယ်။ သိပ်ကြီးမြတ်တဲ့အလုပ်ကို လုပ်ခဲ့ပေမဲ့ နည်းနည်းလေးမှ ဘယ်တော့မှ မကြွားဝါဘူး။ အရမ်းကို မယုံနိုင်စရာကောင်းတဲ့၊ ချီးကျူးထိုက်တဲ့အရာတစ်ခုကို လုပ်ခဲ့တယ်လို့လည်း သူ မခံစားရဘူး။ အဲဒီအစား သူ့အလုပ်ကို တိတ်တဆိတ်လုပ်ရင်းနဲ့ နှိမ့်ချပြီး ပုန်းကွယ်နေတယ်။ ဘုရားရဲ့ အနှစ်သာရက အရမ်းကို ချစ်စရာဖြစ်ပြီး အရမ်း အကျိုးပြုတတ်ပါတယ်။ ဘုရားသာ ဘုန်းအသရေနဲ့ ထိုက်တန်တယ်။ ကျွန်မတို့ရဲ့ ထာဝရချီးမွမ်းကိုးကွယ်မှုနဲ့ ထိုက်တန်တယ်။ ကျွန်မက ဖန်ဆင်းခံ၊ ဖောက်ပြန်ပျက်စီးတဲ့ လူသားတစ်ယောက်ပါပဲ။ ထိုးထွင်းသိမြင်မှုတချို့ရဖို့ သမ္မာတရားကို ကျွန်မ နားလည်နိုင်ဖို့အတွက် ဘုရားက ဆုကျေးဇူးတချို့၊ သူ့နှုတ်ကပတ်တော်တွေကို နားလည်ဖို့ အရည်အချင်းတချို့ကို ပေးအပ်ခဲ့တယ်။ ဒါဟာ ဘုရားရဲ့ ကျေးဇူးတော်ပဲ။ ဘုရားဆီကနေ ကျွန်မ အများကြီးရခဲ့တယ်။ ဒါပေမဲ့ သူ့ကို လုံးဝ သက်သေမခံဘူး။ သူ့ကို ဘုန်းအသရေ မပေးခဲ့ဘူး။ အဲဒီအစား ကျွန်မက မခံနိုင်လောက်အောင် မာနထောင်လွှားခဲ့တယ်။ ကျွန်မက အရေးကြီးတယ်လို့ထင်ပြီး ဘုရားရဲ့ ဘုန်းအသရေကို ခိုးယူချင်ခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေကို ကျွန်မရှေ့ကို ခေါ်ဆောင်ချင်ခဲ့တယ်။ တကယ်ကို အရှက်မဲ့ခဲ့တာပဲ။ ဒါပေမဲ့ နောက်တော့ စာတန်က ဆိုးယုတ်တဲ့ စိတ်သဘောထားတစ်ခု သွင်းပေးခဲ့တာပဲ၊ ဘာသမ္မာတရားကိုမှ ကျွန်မ မပိုင်ဆိုင်ဘူးဆိုတာ သဘောပါက်ခဲ့ပါတယ်။ ကျွန်မ လုပ်ခဲ့တဲ့ ဘယ်အောင်မြင်မှုမဆို ဘုရားရဲ့လမ်းပြမှုကြောင့်ပါပဲ။ ဒါကြောင့် ဘုန်းအသရေအားလုံးကို သူရသင့်တယ်။ ဖန်ဆင်းခံတစ်ယောက်ရဲ့နေရာကနေ ကျွန်မတာဝန်ကို လုပ်ဆောင်သင့်တယ်။

အဲဒီနောက်မှာ ကျွန်မ ကိုယ့်ကိုယ်ကိုယ် မေးတယ်။ ငါဘာလို့ အရမ်းကို ကျိုးကြောင်းမသင့်ဖြစ်ရတာလဲ ပေါ့။ ဒါကိုနားလည်အောင်ကူညီပေးတဲ့ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မ ဖတ်ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “မာနထောင်လွှားခြင်းသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အရင်းအမြစ်ဖြစ်သည်။ လူတို့သည် ပို၍ မာနထောင်လွှားလေ သူတို့သည် ဘုရားသခင်ကို ပို၍ဆန့်ကျင်လေ ဖြစ်တတ်သည်။ ဤပြဿနာက အဘယ်မျှ ဆိုးရွားလိုက်သနည်း။ မာနထောင်လွှားသော စိတ်သဘောထားနှင့် လူတို့သည် အခြားလူတိုင်းကို သူတို့၏အောက်၌ ရှိသည်ဟု ယူဆကြသည့်အပြင်၊ အဆိုးဆုံးမှာ သူတို့သည် ဘုရားကိုပင် တင်စီးနေကြလေသည်။ အချို့လူတို့သည် အပြင်ပန်းတွင် ဘုရားသခင်၌ ယုံကြည်သက်ဝင်ပြီး သူ့ကို လိုက်လျှောက်ကြသည့်ပုံ ပေါ်သော်လည်း၊ သူတို့သည် သူ့ကို ဘုရားသခင်အဖြစ် လုံးဝမဆက်ဆံကြချေ။ သူတို့သည် သမ္မာတရားကို ပိုင်ဆိုင်ထားသည်ဟု အမြဲထင်မြင်ကြပြီး မိမိကိုယ်ကိုယ် အလွန်အထင်ကြီးတတ်ကြသည်။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထား၏ အနှစ်သာရနှင့် အရင်းအမြစ်ဖြစ်ပြီး၊ ယင်းက စာတန်ထံမှ လာလေသည်။ ထို့ကြောင့် မာနထောင်လွှားခြင်း ပြဿနာကို ဖြေရှင်းရမည်။ လူတစ်ဦးသည် အခြားလူများထက် ပိုသာသည်ဟူသော ထင်မြင်ချက်မှာ အသေးအဖွဲကိစ္စ ဖြစ်သည်။ အရေးပါသောအချက်မှာ လူတစ်ဦး၏ မာနထောင်လွှားသော စိတ်သဘောထားက ဘုရားသခင်၊ သူ၏အုပ်ချုပ်မှုနှင့် သူ၏စီမံချက်များအပေါ် နာခံခြင်းမှ သူ့ကို ဟန့်တားနေခြင်းပင် ဖြစ်သည်၊ ထိုကဲ့သို့သောသူသည် အခြားသူများအပေါ် အာဏာရှိရေးအတွက် ဘုရားသခင်နှင့်ယှဉ်ပြိုင်လိုစိတ် အမြဲရှိနေသည်။ ထိုကဲ့သို့သောလူက ဘုရားသခင်အားချစ်ခြင်း သို့မဟုတ် သူ့အားနာခံခြင်းကို မဆိုထားနှင့်၊ ဘုရားသခင်အားကြောက်ရွံ့ခြင်း စိုးစဉ်းမျှ မရှိပေ။ ထောင်လွှားကာ စိတ်ကြီးဝင်သူများ၊ အထူးသဖြင့် အင်မတန် ထောင်လွှားလွန်းသဖြင့် အသိဉာဏ်ပျောက်သွားသူများသည် ဘုရားသခင်၌ ယုံကြည်ခြင်းတွင် ကိုယ်တော်ကို မနာခံနိုင်ရုံမက မိမိတို့ကိုယ်ကိုယ် ဂုဏ်တင်ကာ သက်သေပင် ခံလိုက်သေးသည်။ ထိုသို့သောလူများသည် ဘုရားသခင်ကို အဆန့်ကျင်ဆုံးဖြစ်သည်။ အကယ်၍ လူတို့သည် ဘုရားသခင်ကို ကြည်ညိုသောအဆင့်ဆီ ရောက်လိုလျှင် သူတို့သည် သူတို့၏ ထောင်လွှားသော စိတ်သဘောထားများကို ပထမဦးစွာ ဖြေရှင်းရမည်။ သင်၏ ထောင်လွှားသောစိတ်သဘောထားကို စေ့စပ်သေချာစွာ ဖြေရှင်းလေလေ၊ ဘုရားသခင်ကို ကြည်ညိုကိုင်းရှိုင်းလေလေ ဖြစ်သည်။ ထိုအခါမှသာ သင်သည် ကိုယ်တော်ကိုနာခံနိုင်ကာ သမ္မာတရားကို ရနိုင်ပြီး ကိုယ်တော်ကို သိနိုင်မည်။(ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း)မိမိကိုယ်ကိုသိခြင်း၏ သမ္မာတရားကို အမှန်တကယ်သိရန် ပို၍ကြိုးစားအားထုတ်လျှင် သင်တို့အတွက် အကောင်းဆုံးဖြစ်မည်။ သင်တို့သည် အဘယ်ကြောင့် ဘုရားသခင်ထံမှ မျက်နှာသာ မရသေးသနည်း။ သင်တို့၏ စိတ်သဘောထားသည် အဘယ်ကြောင့် သူ့အတွက် စက်ဆုပ်ဖွယ်ကောင်းနေသနည်း။ သင်တို့၏ စကားပြောခြင်းသည် အဘယ်ကြောင့် သူ၏ရွံရှာမှုကို နှိုးဆွပေးနေသနည်း။ သင်တို့သည် သစ္စာစောင့်သိမှုအနည်းငယ်ကို ပြသပြီးသည်နှင့် ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းပြောဆိုကြပြီး၊ အနည်းငယ် ထည့်ဝင်လှူဒါန်းရခြင်းအတွက် ဆုလာဘ်တောင်းဆိုကြသည်၊ သင်တို့သည် နာခံမှု အသင့်အတင့်ပြနိုင်လျှင် သူတစ်ပါးကို အထင်အမြင်သေးပြီး၊ သေးငယ်သောအမှုတစ်ခုခုကို ပြီးမြောက်လျှင် ဘုရားသခင်ကို ပမာမခန့်ပြုလာကြ၏။ ဘုရားသခင်ကို ကြိုဆိုဧည့်ခံသည့်အတွက် ငွေကြေး၊ လက်ဆောင်များနှင့် ချီးမွမ်းစကားများကို သင်တို့တောင်းဆိုကြ၏။ ငွေတစ်ပြားနှစ်ပြား ပေးလှူသည့်အခါ သင်တို့၏နှလုံးများ နာကျင်၏၊ တစ်ဆယ်ပေးသည့်အခါ ကောင်းချီးမင်္ဂလာများ တောင့်တ၍ ဂုဏ်ထူးအသရေဖြင့် ဆက်ဆံခံလိုကြ၏။ သင်တို့၏ လူ့သဘာဝအကြောင်း ပြောရကြားရသည်မှာ အကယ်ပင် မသတီစရာကောင်း၏။ သင်တို့၏စကားများ၊ အပြုအမူများတွင် ချီးမွမ်းထိုက်သောအရာ ရှိသလော။ မိမိတို့၏တာဝန်ကို ဆောင်ရွက်သူများနှင့် မဆောင်ရွက်သူများ၊ ဦးဆောင်သူများနှင့် နောက်လိုက်သူများ၊ ဘုရားသခင်ကို ကြိုဆိုဧည့်ခံသူများနှင့် ဧည့်မခံသူများ၊ ပေးကမ်းသူများနှင့် မပေးကမ်းသူများ၊ တရားဟောသူများနှင့် နှုတ်ကပတ်တော်ကို လက်ခံသူများ စသည်ဖြင့် ထိုကဲ့သို့သော လူအားလုံးတို့သည် မိမိကိုယ်ကို ချီးမွမ်းကြ၏။ ဤအရာသည် ရယ်ဖွယ်ကောင်းသည်ဟု သင်တို့မထင်ပေသလော။ သင်တို့သည် ဘုရားသခင်ကိုယုံကြည်ကြောင်း အသေအချာ သိသော်ငြားလည်း သင်တို့သည် ဘုရားသခင်နှင့် သဟဇာတ မဖြစ်နိုင်ကြ။ သင်တို့တွင် ကောင်းကျိုး လုံးဝမရှိကြောင်းကို အသေအချာ သိသော်ငြားလည်း သင်တို့သည် မလျှော့တမ်း ဝါကြွားကြ၏။ သင်တို့တွင် မိမိကိုယ်ကိုချုပ်တည်းနိုင်ခြင်း မရှိတော့သည်အထိ သင်တို့၏အသိစိတ်သည် ယိုယွင်းလာခဲ့ပြီကို သင်တို့ မခံစားရပေသလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ ရန်ဘက်များဖြစ်ကြသည်) ဘုရားနှုတ်ကပတ်တော်တွေက လူတွေရဲ့ ကြွားဝါခြင်းရဲ့ အရင်းအမြစ်ကို ဖော်ထုတ်ပြတယ်။ အဓိကက မာနထောင်လွှားတဲ့ သဘာဝ၊ ကိုယ့်ကိုယ်ကိုယ် မသိခြင်းကနေ အရင်းခံတယ်။ ကျွန်မက အလုပ်မှာ နည်းနည်းလောက် အောင်မြင်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဘာသိမြင်မှုမှမရှိဘဲ မာနကြီးပြီး မကြွားဝါဘဲ မနေနိုင်ခဲ့ဘူး။ ဘုရားအကြောင်းကို လုံးဝ မတွေးဘဲနဲ့ ကျွန်မက နည်းနည်းလောက် ပြီးအောင်လုပ်ခဲ့ပြီး လုံးလုံး လမ်းလွဲသွားခဲ့တယ်။ ကျွန်မအောင်မြင်မှုတွေအားလုံးက ကျွန်မရဲ့ ကိုယ်ပိုင်ဖြစ်တယ်လို့ ထင်ခဲ့တယ်။ သူများတွေ ကျွန်မကို အလွန်အကျွံမြှောက်စားအောင်လို့ ဘုရားရဲ့အလုပ်ကို ကျွန်မက အရှက်မရှိ နာမည်ယူခဲ့တယ်။ သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်တယ်လို့ ထင်ပြီး လူတိုင်းက ကျွန်မဆီကနေ သမ္မာတရားတချို့ကို သင်ယူနိုင်အောင်လို့ အသင်းတော်တိုင်းကို သွားဖို့ဆိုတဲ့ လွန်ကဲတဲ့ အတွေးတွေ ရှိခဲ့တယ်။ ကျွန်မက မယုံနိုင်လောက်အောင် မာနထောင်လွှားလာတယ်ဆိုတာ မြင်ခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယ် လုံးဝ မသိခဲ့ဘူး။ ကျွန်မရဲ့ အနှစ်သာရနဲ့ ကိုယ် ဘယ်သူဆိုတာ မသိခဲ့ဘဲ သမ္မာတရားရဲ့ ရေသောက်မြစ်အဖြစ် ကိုယ့်ကိုယ်ကိုယ် မြင်ခဲ့တယ်။ ကျွန်မက ဘုရားကိုယ်တိုင်လို ပြုမူနေပြီး စကားတွေ၊ လုပ်ရပ်တွေမှာ ဘုရားရဲ့နေရာကို ယူဖို့ ကြိုးစားနေတာမဟုတ်ဘူးလား။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်လေလေ၊ ကျွန်မမှာ ထုတ်ဖော်ပြတဲ့အရာတွေကို ကြောက်လေလေပဲ။ ဒါက ဘုရားကို အရမ်းကို ပုန်ကန်ပြစ်မှားခဲ့ပါတယ်။ ဒါ အရမ်းအန္တရာယ်ရှိတဲ့ အခြေအနေပဲ။ ကြွားဝါတာက အရေးကြီးတယ်လို့ အရင်က တစ်ခါမှ မမှတ်ယူခဲ့ဘူး။ ဒါဟာ လူတွေကို အမြင်မှားစေပြီး ထိန်းချုပ်ဖို့ နည်းလမ်းတစ်ခုဆိုတာ အန္တိခရစ်ရဲ့လမ်းကြောင်းဆိုတာ ကျွန်မ မြင်ပါပြီ။ ဘုရားသခင်ရဲ့ ချက်ချင်း ပဲ့ပြင်ဆုံးမမှုကြောင့်မဟုတ်ရင် ကျွန်မရဲ့ မာနထောင်လွှားမှုက ဘယ်လောက်ထိကြီးလိမ့်မယ်ဆိုတာ တကယ် မသိပါဘူး။ ဒါဆိုရင် ကျွန်မလုပ်တဲ့ ဘယ်မကောင်းမှုမဆိုကနေ နောင်တရဖို့ အရမ်းနောက်ကျသွားမှာပဲ။ ဒါတွေအားလုံးကို သဘောပေါက်ပြီးတဲ့နောက်မှာ ကျွန်မရဲ့ မာနထောင်လွှားတဲ့ သဘာဝအပေါ် နည်းနည်းကြောက်ပြီး ရွံလာတယ်။ ဘုရားကိုလည်း တောင်းပန်ခဲ့တယ်။ အမှန်တကယ်နောင်တရပြီး တာဝန်သိတတ်စိတ်နဲ့ ပြုမူအောင် ကျွန်မကို လမ်းပြဖို့ တောင်းလျှောက်ခဲ့တယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်ထဲက ဒါကို ကျွန်မ ဖတ်ပါတယ်။ “ဘုရားသခင်၏အမြင်တွင် သင်သည် သေးငယ်သည့် ဖန်ဆင်းခံတစ်ခုသာ ထာဝရဖြစ်နေမည်ဖြစ်သည်။ သင်၏ကျွမ်းကျင်မှုနှင့် အရည်အချင်းက မည်မျှကြီးမားပါစေ၊ သင့်တွင် ဆုကျေးဇူးများ မည်မျှပင်ရှိပါစေ၊ သင်၏ အရာအားလုံးသည် ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်တွင်ရှိသည်။...ဖန်ဆင်းခံတစ်ခုအနေနှင့် လူသားသည် သူ၏ကိုယ်ပိုင်အနေအထားကို ထိန်းသိမ်းပြီး အသိဉာဏ်ရှိရှိပြုမူရမည်။ ဖန်ဆင်းရှင်က တာဝန်ပေးစေခိုင်းထားသည့်အရာကို တာဝန်သိတတ်စွာနှင့် စောင့်ရှောက်ရမည်။ စည်းကျော်၍ မလုပ်ရ၊ သို့မဟုတ် မိမိတတ်နိုင်သည့် နယ်ပယ်ထက် ကျော်၍မလုပ်ရ၊ သို့မဟုတ် ဘုရားသခင် စက်ဆုပ်သည့် အရာများကို မလုပ်ရ။ ကြီးမြတ်ရန်၊ သို့မဟုတ် အာဂလူသားဖြစ်ရန်၊ သို့မဟုတ် အခြားလူများထက်ကျော်လွန်ရန် မလုပ်ရသကဲ့သို့ ဘုရားဖြစ်အောင်လည်း မကြိုးစားရ။ ဤသည်မှာ လူတို့ဆန္ဒမပြုသင့်သည့် အရာဖြစ်သည်။ ကြီးမြတ်ရန်၊ သို့မဟုတ် အာဂလူသားဖြစ်ရန် ကြိုးစားလုပ်ဆောင်ခြင်းက အဓိပ္ပာယ်မရှိပေ။ ဘုရားဖြစ်ရန် ကြိုးစားလုပ်ဆောင်ခြင်းက ပို၍ပင် ဆိုးဝါးသည်။ ဤသည်မှာ ရွံ့ရှာစက်ဆုပ်ဖွယ်ဖြစ်ပြီး ယုတ်ညံ့၏။ ချီးကျူးထိုက်ပြီး အရာအားလုံးထက် ဖန်ဆင်းခံတို့ စွဲကိုင်ထားသင့်သည့် အရာမှာ စစ်မှန်သည့် ဖန်ဆင်းခံဖြစ်ရန်ဖြစ်၏။ ဤသည်မှာ လူအားလုံး လိုက်လျှောက်သင့်သည့် တစ်ခုတည်းသော ပန်းတိုင်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)) ဘုရားနှုတ်ကပတ်တော်က လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခုကို ပေးပါတယ်။ ကျွန်မက သာမန်လူတစ်ယောက်သက်သက်ပါ။ ဘုရားက ကျွန်မကို ဘာဆုကျေးဇူးပဲ ပေးအပ်ပါစေ၊ တာဝန်မှာ ဘာကိုပဲ စွမ်းဆောင်ရရှိပါစေ ဘုရားရှေ့မှာ ကျွန်မက အမြဲတမ်း ဖန်ဆင်းခံတစ်ယောက်ပဲဖြစ်နေမှာပါ။ ကျွန်မရဲ့ ကိုယ်ပိုင်လက္ခဏာနဲ့ အဆင့်အတန်းက ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ဘူး။ ဘာရည်မှန်းချက်နဲ့ ဆန္ဒမှ ကျွန်မ မရှိသင့်ဘူး။ ကျွန်မနေရာကိုသိပြီး ကျွန်မတာဝန်ကိုပဲလုပ်သင့်တယ်။ ဒါကို သဘောပေါက်သွားတော့ ကျွန်မအတွက် တော်တော်စိတ်သက်သာရာရပြီး ဘယ်လိုရှေ့ဆက်ရမယ်ဆိုတာ ကျွန်မ သိခဲ့ပါတယ်။

အဲဒီနောက် ကျွန်မတို့ စုဝေးပွဲတွေမှာ လူတွေရဲ့ ပြဿနာတွေကို ဖြေရှင်းတဲ့အခါ၊ တချို့အရာတွေကို ကျွန်မ ဖြစ်မြောက်တဲ့အခါမှာ ကိုယ့်ကိုယ်ပိုင်အရည်အချင်းကြောင့်လို့ မမှတ်ယူဘဲ ဘုန်းအသရေအားလုံးကို ဘုရားကိုပေးခဲ့တယ်။ တစ်ခါတော့ အစ်မတစ်ယောက်နဲ့ အလုပ်ဆွေးနွေးတဲ့အခါမှာ ကျွန်မ သူ့ကို အသေးစိတ် အကြံပြုချက်တစ်ခုပေးခဲ့ပြီး သူက အာရုံစိုက်နားထောင်နေတာကို မြင်ရတယ်။ ကျွန်မက သမ္မာတရားကို နားလည်ပြီး ပြဿနာတွေကို ဖြေရှင်းနိုင်တယ်လို့ တွေးပြီး သူ ကျွန်မကို လေးစားသလား စဉ်းစားနေမိတယ်။ ဒါပေမဲ့လည်း လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းကို ကျွန်မ မျှဝေနိုင်တာက ဘုရားရဲ့ ဉာဏ်အလင်းပေးမှုကြောင့်ပဲဆိုတာ သဘောပေါက်ခဲ့ပါတယ်။ ဒါက ခေါင်းဆောင်အနေနဲ့ ကျွန်မရဲ့ တာဝန်လည်းဖြစ်ပြီး ဘာမှ ကြွားစရာမရှိပါဘူး။ ဘုန်းအသရေအားလုံးကို ဘုရားက ရသင့်တယ်။ အဲဒီနောက်မှာ ကျွန်မရဲ့ တာဝန်ကို ကောင်းကောင်းလုပ်ဖို့ ကြိုးစားရင်းနဲ့ ကျွန်မရဲ့ စဉ်းစားပုံကို ချိန်ညှိခဲ့ပြီး သူ့ပြဿနာကို ကိုင်တွယ်ဖို့အတွက် သူနဲ့ မိတ်သဟာယပြုဖို့ အာရုံစိုက်ခဲ့ပါတယ်။ ဒီလိုလုပ်ပြီးတဲ့နောက်မှာ ကျွန်မ တော်တော်ပိုပြီး နေလို့ကောင်းသွားတယ်။ ဒီနားလည်မှုနဲ့ ပြောင်းလဲမှုကို ရတာက ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကြောင့်သက်သက်ပါ။ အနန္တတန်ခိုးရှင် ဘုရားသခင် ဘုန်းကြီးပါစေ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ယုံကြည်ခြင်းမှာ ဘုရားသခင်အပေါ် မှီခိုအားကိုးခြင်းကို ဆိုလိုသည်

ချန်ချန် အီတလီနိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သင်၏ယုံကြည်ခြင်းအတွင်း၌သာ ဘုရားသခင်ကို သင်မြင်တွေ့နိုင်မည် ဖြစ်ပြီး သင်၌...

တာဝန်တစ်ခုသည် ကောင်းချီးရရန်အတွက် အပေးအယူလုပ်သည့်အရာမဟုတ်ပေ

ရှောင်ချန် တရုတ်နိုင်ငံ ကျွန်တော်က အမြဲတမ်း နေမကောင်းဖြစ်လွယ်တယ်။ အသက် ၁၁နှစ်မှာ ကျွန်တော် သွေးအားနည်းရောဂါရှိနေတယ်လို့ တွေ့ရတယ်။ ဒါကြောင့်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။