သင်၏ တာဝန်တွင် မကြိုးစားခြင်း၏ ရလဒ်

10.04.2022

ရိချန် အီတလီနိုင်ငံ

၂၀၁၉ခုနှစ်မှာ ကျွန်မနဲ့ အစ်မကျန်းက အနုပညာအဖွဲ့မှာ ဦးဆောင်ရတယ်။ ဒီတာဝန်ကို ကျွန်မစလုပ်တော့ စည်းမျဉ်းတွေ တော်တော်များများကို သဘောမပေါက်ဘူး။ အဲဒါနဲ့ အစ်မကျန်းက ကျွန်မနဲ့ စိတ်ရှည်ရှည် မိတ်သဟာယပြုပြီး အလုပ်အများစုကို သူပဲလုပ်တယ်။ နောက်ပိုင်းမှာ သူက ဒီတာဝန်ကိုယူတာ နှစ်နှစ်ကြာပြီးတော့ အလုပ်အတွေ့အကြုံတချို့ရှိတာ၊ အစည်းအဝေးတွေမှာ မိတ်သဟာယဖွဲ့တာကနေ အလုပ်ကို အနှစ်ချုပ်တာအထိ အရာရာတိုင်းမှာ သူက ကျွန်မထက်ပိုပြီး ပြည့်ပြည့်စုံစုံ စဉ်းစားတာကို သိခဲ့ရတယ်။ ညီအစ်ကိုမောင်နှမတွေက မေးခွန်းတွေ ထုတ်လာတဲ့အခါမှာ သူက အမြဲတမ်း ဖြေရှင်းချက်ကောင်းတွေရှိတယ်။ သူနဲ့ ယှဉ်ကြည့်ရင် ကျွန်မက တော်တော်ကို နောက်ကျကျန်နေတယ်လို့ ခံစားမိတယ်။ ကျွန်မ စဉ်းစားတယ်။ “အစ်မကျန်းလိုဖြစ်ဖို့က ဘယ်လောက် ဒုက္ခခံပြီး အဖိုးအခပေးဆပ်ရမှာလဲ။ သူက အတွေ့အကြုံပိုရှိပြီး တာဝန်ကို ပိုယူလို့ သူ့ကိုပဲ အလုပ်တွေပိုလုပ်ခိုင်းလိုက်တော့မယ်” ပေါ့။

အလုပ်အနှစ်ချုပ်တွေမှာ သူက ကျွန်မကို ပြဿနာတွေကို ဖြေရှင်းဖို့ ဘယ်လိုမိတ်သဟာယဖွဲ့ရမယ်ဆိုတာကို စဉ်းစားခိုင်းတယ်။ ကျွန်မက စဉ်းစားတယ်။ “ဒါဆို တော်တော်ကရိကထများမှာပဲ။ တာဝန်မှာ ရှိနေတဲ့ ပြဿနာတွေကို အနှစ်ချုပ်တာအပြင် မိတ်သဟာယဖွဲ့ဖို့အတွက် သက်ဆိုင်တဲ့ ဘုရားနှုတ်ကပတ်တော်တွေနဲ့ စည်းမျဉ်းတွေကို ရှာရမယ်။ အထူးသဖြင့် အတတ်ပညာပိုင်းဆိုင်ရာ ပြဿနာတွေမှာ ငါက အတွေ့အကြုံသိပ်မရှိဘူး။ ဖြေရှင်းချက်ပေးဖို့အတွက် အချက်အလက်တွေအများကြီး ရှာရမှာ။ ငါနားမလည်တဲ့ဟာနဲ့ပတ်သက်ပြီး မိတ်သဟာယကို ရှာဖွေရမှာ။ ဒါဆိုရင် အချိန်တွေ၊ အင်အားတွေ အများကြီးကုန်မှာပဲ။ အစ်မကျန်းက ဒီနယ်ပယ်ကို သိတယ်။ ဒီတော့ အနှစ်ချုပ်တွေကို သူလုပ်နိုင်တယ်။ သူ့ကိုလုပ်ခိုင်းထားလိုက်တော့မယ်” ပေါ့။ အဲဒီနောက်မှာ အလုပ်အနှစ်ချုပ်တွေအကြောင်း ကျွန်မ လုံးဝ ထပ်မစဉ်းစားတော့ဘူး။ နောက်ပိုင်းမှာ ကျွန်မ ဘယ်လိုစဉ်းစားလဲဆိုတာကို အစ်မကျန်းကမေးတော့ ကျွန်မက ပြောလိုက်တယ်။ “ကျွန်မက ဒီနယ်ပယ်နဲ့ သိပ်မရင်းနှီးဘူး။ ဒီတော့ အနှစ်ချုပ်တွေကို အစ်မလုပ်တာ အကောင်းဆုံးပါပဲ” ပေါ့။ တစ်ခါတလေမှာ သူက ကျွန်မတို့ရဲ့ လေ့လာတဲ့ဦးတည်ချက်ကို စီစဉ်တဲ့အချိန်မှာ ကျွန်မဝင်လုပ်ချင်လားဆိုပြီးတော့ သူက မေးတယ်။ သူ့ကို အကြံဉာဏ်ပေးပြီး ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို ရှောင်နိုင်အောင် ကူညီပေးဖို့ပေါ့။ ကျွန်မ စဉ်းစားတယ်။ “အစ်မကျန်းက ဒီနယ်ပယ်အတွက် တာဝန်ရှိသူတစ်ယောက် အမြဲတမ်းဖြစ်နေခဲ့တာပဲ။ ငါက သူ့လောက်နားမလည်ဘူး။ ဝင်လုပ်ဖို့ဆိုရင် ဒါနဲ့ပတ်သက်ပြီး ငါစဉ်းစားရမယ်။ မသိတာတွေကို လေ့လာရမယ်။ ဒါဆို အားစိုက်ရတာ များလွန်းတယ်။ ထားလိုက်ပါတော့။ ငါဝင်မပါတော့ဘူး” ပေါ့။ အဲဒါနဲ့ ကျွန်မ အစ်မကျန်းကို ငြင်းလိုက်တယ်။

နောက်ပိုင်းမှာ ကျွန်မတို့က ပုံဆွဲနည်းအသစ်တစ်ခုကို သင်ကြတယ်။ ကျွန်မတို့မှာ အခက်အခဲတွေ၊ ပြဿနာတွေ အများကြီးရှိပေမဲ့ သူက ကျွန်မတို့နဲ့အတူ ဆွေးနွေးပြီး ဖြေရှင်းခဲ့တယ်။ ကျွန်မက ဒီနယ်ပယ်ကို ကောင်းကောင်းမသိတော့ နှစ်ခါရှင်းပြတာကို ကြားပြီးတာတောင် ရှုပ်နေတုန်းပဲ။ ကျွန်မ တွေးမိတယ်။ “ဒီနယ်ပယ်မှာ ကျွမ်းကျင်မှုအသစ်တွေကို သင်ရတာ အရမ်းပင်ပန်းတာပဲ။ ဒီတစ်ခါတော့ ငါဝင်မပါဖြစ်လောက်ဘူးထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ငါတို့မှာ အစ်မကျန်းရှိတာပဲ။ သူက ငါတို့ကို ကူသင်ပေးနိုင်တာပဲ” ပေါ့။ နောက်ပိုင်းမှာ ကျွန်မ စာသင်နေတဲ့အချိန်မှာ သေချာနားမထောင်ခဲ့ဘူး။ တစ်ခါတလေမှာ ကျွန်မ စကားတစ်ခွန်းမှမပြောဘူး။ တခြားအချိန်တွေမှာဆို တခြားကိစ္စတွေလုပ်ဖို့ ထွက်သွားတယ်။ အစ်မကျန်းက ကျွန်မ စိတ်ကူးနဲ့ အတွေးတွေကို မေးတဲ့အချိန်မှာ ကျွန်မမှာ ဘာမှမရှိဘူးလို့ အမြဲ ပေါ့ပေါ့ပဲ ဖြေခဲ့တယ်။ နောက်ဆုံးတော့ ကျွန်မက တာဝန်ယူတာ ပိုပိုနည်းလာတာကို တွေ့ရတယ်။ ကျွန်မက သိပ်မကျွမ်းကျင်ဘူးလို့ ခံစားရလေလေ၊ ပြဿနာတွေကို သတိမထားမိလေလေပဲ။ အဲဒီအချိန်ကာလအတွင်းမှာ ကျွန်မစိတ်နှလုံးက နေ့တိုင်း ဗလာဖြစ်နေပြီး ပိုပို အပျက်သဘောဆောင်လာတယ်။ ကျွန်မရဲ့ အစွမ်းအစက နည်းပါးတယ်၊ တာဝန်နဲ့ မထိုက်တန်ဘူးလို့ ခံစားရတယ်။ တစ်ခါတလေမှာ အစ်မကျန်းကို ကျွန်မ တော်တော်အားကျမိတယ်။ သူက အတွေ့အကြုံနဲ့ အစွမ်းအစကောင်းရှိလို့ သူ့တာဝန်ကို ကောင်းကောင်းထမ်းဆောင်နိုင်တာ၊ ဒါပေမဲ့ ကျွန်မက မတူဘူးလို့ စဉ်းစားမိတယ်။ ကျွန်မက အစွမ်းအစနည်းပြီး အတွေ့အကြုံမရှိလို့ တာဝန်ထမ်းဆောင်ရတာ ခက်ခဲတယ်။

တစ်နေ့မှာ ကျွန်မအလုပ်ကို အစ်မကျန်းနဲ့ ဆွေးနွေးပြီးတဲ့နောက်မှာ သူက ကျွန်မကိုပြောတယ်။ “အစ်မက ဒီတာဝန်ယူထားတာ နည်းနည်းကြာနေပြီ။ ဒါပေမဲ့ အတွေ့အကြုံမရှိဘူး၊ နားမလည်ဘူးလို့ပြောတယ်။ တကယ်က အစ်မက တာဝန်မယူချင်တာ၊ အားမစိုက်ထုတ်ချင်တာပဲ။ ကျွန်မ အကြံဉာဏ်ကောင်းတချို့ ရှိတဲ့အကြောင်းရင်းက ခဏခဏဆုတောင်းလို့၊ ဘုရားကိုအားကိုးလို့၊ ကိစ္စတွေကို နားလည်အောင် စည်းမျဉ်းတွေကိုရှာလို့ပဲ။ အတတ်ပညာပိုင်းဆိုင်ရာ ရှုထောင့်တွေကို နားမလည်တဲ့အခါ လေ့လာရမယ်။ မဟုတ်ရင် တာဝန်ကို ဘယ်လို ကောင်းကောင်းလုပ်နိုင်မှာလဲ” တဲ့။ အဲဒီနောက် သူက အခက်အခဲတွေ ကြုံရတဲ့အချိန်မှာ ဘုရားကို အားကိုးပုံနဲ့ ဖြေရှင်းချက်တွေကိုတွေ့ဖို့ ရှာပုံကို ပြောပြတယ်။ ဝမ်းနည်းစရာက အဲဒီတုန်းက ကျွန်မပြဿနာကို လုံးဝ နားမလည်ခဲ့ဘူး။ အဲဒီအစား အစ်မကျန်းက ကျွန်မအခက်အခဲတွေကို နားမလည်ဘူးလို့ ခံစားမိခဲ့တယ်။ အဲဒါနဲ့ သူ့အကြံတွေကို အလေးအနက်မထားခဲ့ဘူး။ နောက်ပိုင်းမှာ ကိုယ့်ကိုယ်ကိုယ်လည်း ဆင်ခြင်သုံးသပ်မကြည့်ခဲ့ဘူး။

သိပ်မကြာခင်မှာ အစ်မကျန်းက တခြားအလုပ်မှာ ဦးဆောင်ရတယ်။ သူထွက်သွားတော့ ကျွန်မ တော်တော်ဝမ်းနည်းတယ်။ အလုပ်တွေအများကြီးနဲ့ ရင်ဆိုင်ရလို့ ကျွန်မစိတ်က ဗလာဖြစ်နေခဲ့တယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ်မေးတယ်။ “ငါက ဒီအလုပ်ကို ဦးဆောင်တာ အခုဆို တစ်နှစ်ရှိပြီ။ ဒါဆိုရင် ဒီအလုပ်ကို ငါဘာလို့မလုပ်နိုင်သေးတာလဲ” ပေါ့။ ဒီအချိန်မှာ အစ်မကျန်းက ပြောခဲ့တာကို သတိရမိတယ်။ ကျွန်မက တကယ်ပဲ တာဝန်ခံယူမှုမရှိဘူးလား။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ရင်းနဲ့ ဘုရားရဲ့လမ်းပြမှုကိုတောင်းလျှောက်တယ်။ နောက်ပိုင်းမှာ ဒီဘုရားနှုတ်ကပတ်တော်ကို ကျွန်မ ဖတ်တယ်။ “အချိန်အများစုတွင် သင်တို့သည် အလုပ်ကိစ္စများအကြောင်း မေးသည့်အခါ ပြန်မဖြေနိုင်ကြပေ။ အလုပ်သည် လူအရေအတွက်များစွာ ပါဝင်သော်လည်း၊ ယင်းသည် အဆင်ပြေခြင်း ရှိမရှိ သင်တို့ မည်သည့်အခါမျှ မမေးမြန်းပေ၊ သို့မဟုတ် ဤအကြောင်းကို တွေးပင်မတွေးကြပေ။ သင်တို့အားလုံးသည် ဤအလုပ်တွင် ပါဝင်ကြပြီးဖြစ်သောကြောင့် သင်တို့၏ အစွမ်းအစနှင့် အသိပညာတို့ကို ထောက်လျှင်၊ သင်တို့သည် မည်သည့်အရာကိုမျှ မသိဘဲမနေသင့်ပေ။ သို့ဆိုလျှင် လူအများစုသည် အဘယ်ကြောင့် မည်သည့်အရာမျှ မပြောဘဲ နေကြသနည်း။ မည်သည့်အရာ ပြောရမည်ကို အမှန်တကယ် သင်တို့ မသိ၍ဖြစ်နိုင်သည်— အမှုကိစ္စများ အဆင်ပြေခြင်း ရှိမရှိကို သင်မသိ၍ဖြစ်နိုင်သည်။ ဤအတွက် အကြောင်းပြချက်နှစ်ခုရှိသည်။ တစ်ခုမှာ သင်သည် လုံးဝ စိတ်မဝင်စားဘဲ၊ ဤအရာများနှင့်ပတ်သက်၍ မည်သည့်အခါမျှ ဂရုမစိုက်၍ ဖြစ်သည်၊ ပြီးလျှင် ယင်းတို့အား ပြီးစီးရမည့် လုပ်ဆောင်ချက်တာဝန်တစ်ခုအဖြစ်သာ အစဉ် သဘောထားခဲ့၍ ဖြစ်သည်။ အခြားတစ်ခုမှာ သင်တို့သည် ဤအရာများကို ဂရုစိုက်ဖို့ မလိုလား၍ ဖြစ်သည်။ သင်သည် တကယ် ဂရုစိုက်ပြီး အမှန်တကယ် စိတ်ဝင်စားပါက၊ သင်၌ အရာခပ်သိမ်းအပေါ် အမြင်နှင့် ရှုထောင့်တို့ ရှိပြီးဖြစ်လိမ့်မည်။ ရှုထောင့်၊ သို့မဟုတ် အမြင်မရှိခြင်းသည် စိတ်မဝင်စားခြင်းနှင့် စိတ်မပါခြင်းအပြင်၊ တာဝန်တစ်ခုမျှ မယူခြင်းတို့မှ လာလေ့ရှိသည်။ သင်သည် မိမိလုပ်ဆောင်သည့် တာဝန်အပေါ် လုံ့လဝီရိယမရှိ၊ မည်သည့်တာဝန်မျှ မယူ၊ အဖိုးအခပေးဆပ်ဖို့၊ သို့မဟုတ် ပါဝင်ပတ်သက်ဖို့ လိုလားနေခြင်း မရှိသကဲ့သို့ မည်သည့် နာကျင်မှုမျှ သင်မခံယူချေ၊ သို့မဟုတ် မည်သည့် သာ၍ကြီးမားသော အင်အားကိုမျှ သုံးရန် လိုလားနေခြင်း မရှိချေ။ သင်သည် လက်အောက်ငယ်သား တစ်ဦးဖြစ်ဖို့သာ ဆန္ဒရှိသည်၊ ယင်းမှာ မယုံကြည်သူတစ်ဦးက သူ၏အလုပ်ရှင်အတွက် အလုပ်လုပ်သည့်အခါနှင့် မကွာခြားပေ။ မိမိ၏တာဝန်ကို ဤသို့ ထမ်းဆောင်ခြင်းသည် ဘုရားသခင် ချစ်မြတ်နိုးသောအရာ မဟုတ်ချေ၊ ယင်းကို ဘုရားသခင် လက်မခံပေ၊ ဘုရားသခင်က ဤအရာကို ရွံမုန်းသည်၊ ပြီးလျှင် အနှေးနှင့်အမြန် ဤလူ သုတ်သင်ပယ်ရှင်းခံရလိမ့်မည်။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ရိုသားခြင်းအားဖြင့်သာ စစ်မှန်သော လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်နိုင်သည်”) ဘုရားနှုတ်ကပတ်တော်က ကျွန်မရဲ့ အခြေအနေကို အတိအကျဖွင့်ပြတယ်။ အစ်မကျန်းနဲ့ ကျွန်မအလုပ်လုပ်ပြီး ဆွေးနွေးတဲ့အခါမှာ ကျွန်မမှာ ကိုယ်ပိုင်အမြင်တွေ၊ စိတ်ကူးတွေ လုံးဝ မရှိခဲ့ဘူး။ ဒါဟာ ကျွန်မက ဒီနယ်ပယ်ကို၊ အလုပ်ကို ကောင်းကောင်းမသိတာကြောင့်လို့ပဲ အမြဲခံစားမိခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်ကိုဖတ်ပြီးမှပဲ ဒါဟာ ကျွန်မရဲ့ ပေါ့ဆမှုနဲ့ တာဝန်မယူမှုကြောင့်ပဲဆိုတာ နားလည်ခဲ့ပါတယ်။ အစ်မကျန်းနဲ့ ကျွန်မ လက်တွဲခဲ့တာကို ပြန်စဉ်းစားကြည့်တော့ အတတ်ပညာပိုင်းဆိုင်ရာပြဿနာတစ်ခုရှိတဲ့အခါတိုင်းမှာ ကျွန်မက အဲဒါကို လုံးဝ စိတ်မပူခဲ့ဘူး။ ရှောင်ဖို့အတွက် ဆင်ခြေအနေနဲ့ တာဝန်မှာ အတွေ့အကြုံမရှိတာ၊ စည်းမျဉ်းတွေကို နားလည်မှုနည်းတာကို သုံးခဲ့တယ်။ အလုပ်အကြောင်းဆွေးနွေးတဲ့အခါ ကျွန်မက နားထောင်သူသက်သက်ပဲ။ ဘယ်တော့မှ ဂရုတစိုက် မစဉ်းစားခဲ့ဘူး။ ကျွန်မက နားမလည်ဘူး၊ သူက အလုပ်အတွေ့အကြုံ ပိုရှိတယ်ဆိုပြီး အစ်မကျန်းရဲ့ရှေ့မှာ ခဏခဏပြောခဲ့ပေမဲ့ ဒါတွေက အလိမ်အညာတွေ၊ ဆင်ခြေတွေပါပဲ။ ကျွန်မရဲ့ တကယ့်ရည်ရွယ်ချက်က သူ့ရဲ့ သနားကြင်နာမှုနဲ့ နားလည်မှုကိုရဖို့ပဲ။ ဒီလိုနဲ့ သူက အလုပ်တွေပိုလုပ်ပြီး ကျွန်မက ဆက်ပြီး နားနေနိုင်ဖို့အတွက်ပေါ့။ ကျွန်မက တော်တော် ဉာဏ်များပြီး လှည့်စားတတ်ခဲ့တယ်။ ကျွန်မက ဒီတာဝန်ကို တစ်နှစ်ကြာယူခဲ့ပြီး အတတ်ပညာပိုင်းအခြေခံရှိခဲ့ပါတယ်။ ဒါကြောင့် ကျွန်မက တာဝန်ယူပြီး လုံ့လရှိရှိနဲ့ လေ့လာခဲ့ရင် အလုပ်အကြောင်းဆွေးနွေးတဲ့အခါ ကျွန်မမှာ ကိုယ်ပိုင်အမြင်တချို့ရှိလာမှာပဲ။ အစ်မကျန်းပြောင်းရွှေ့သွားတဲ့အခါမှာ ကျွန်မ လုပ်တောင်လုပ်နိုင်လောက်တယ်။ ကျွန်မက တာဝန်မှာ ဝတ်ကျေတန်းကျေလုပ်ပြီး တာဝန်မယူတာကလွဲလို့ တခြားဘာမှမလုပ်ခဲ့ဘူး။ တစ်နေ့တစ်နေ့ အနည်းဆုံးအားစိုက်မှု၊ စိုးရိမ်မှုနဲ့ ရှင်သန်နေရင်းနဲ့ စားဝတ်နေရေးဖူလုံရုံသာ အလုပ်လုပ်နေသလိုမျိုးပေါ့။ အမှုကိစ္စတွေကို ဘယ်လိုမှန်မှန်ကန်ကန်နဲ့ အစွမ်းကုန်လုပ်ပြီး တာဝန်ကို ဖြည့်ဆည်းရမယ်ဆိုတာ တစ်ခါမှ မတွေးခဲ့ဘူး။ ကျွန်မက ဇာတိပကတိဒုက္ခကို ရှောင်ဖို့နည်းလမ်းပဲ စဉ်းစားရင်း ဝတ်ကျေတန်းကျေ လုပ်နေတာသက်သက်ပဲ။ ဘုရားအလိုတော်ကို လုံးဝ ထည့်မစဉ်းစားခဲ့ဘူး။ ကျွန်မက စိတ်နှလုံးထဲမှာ ဘုရားအတွက် နေရာရှိတယ်လို့ ဘယ်လိုလုပ်ပြောနိုင်မှာလဲ။ တာဝန်အပေါ် ကျွန်မရဲ့ သဘောထားကြောင့် ဘုရားက ကျွန်မကို ဘယ်လိုမမုန်းဘဲနေနိုင်မလဲ။

အဲဒီနောက်မှာ ကျွန်မ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်တယ်။ “သခင်ယေရှုသည် တစ်ချိန်က၊ ‘အကြင်သူသည် ရတတ်၏။ ထိုသူ၌ ကြွယ်ဝပြည့်စုံစေခြင်းငှါ ပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏။ ထိုသူ၌ရှိသမျှကိုပင် နှုတ်လိမ့်မည်။’ (ရှင်မဿဲခရစ်ဝင် ၁၃:၁၂) ဤနှုတ်ကပတ်တော်များ၏အဓိပ္ပာယ်မှာ အဘယ်နည်း။ ဆိုလိုသည်မှာ သင်သည် သင်၏ကိုယ်ပိုင် တာဝန်၊ သို့မဟုတ် အလုပ်ကို လုပ်ဆောင်ခြင်း၊ သို့မဟုတ် ဆက်ကပ်အပ်နှံခြင်းပင် မရှိပါက၊ ဘုရားသခင်သည် တစ်ချိန်က သင်ပိုင်ဆိုင်ခဲ့သည့်အရာကို ဖယ်ရှားလိုက်လိမ့်မည်ဟူ၍ ဖြစ်သည်။ ‘ဖယ်ရှားသည်’ ဆိုသည်မှာ အဘယ်အဓိပ္ပာယ်နည်း။ ဤအရာက လူများကို အဘယ်သို့ ခံစားရစေသနည်း။ ယင်းမှာ သင်၏အစွမ်းအစနှင့် ဆုကျေးဇူးများက သင့်အား ရရှိခွင့်ပြုနိုင်ပြီးဖြစ်မည့်အရာကို သင်မရနိုင်သကဲ့သို့၊ သင် မည်သည့်အရာမျှ မခံစားရဘဲရှိကာ၊ သင် မယုံကြည်သူဖြစ်ခဲ့သည့်အချိန်က အလားတူအခြေအနေကို ပြန်ရောက်သွားခြင်း ဖြစ်နိုင်ပေသည်။ ဤအရာအားလုံးကို ဘုရားသခင်က ဖယ်ရှားလိုက်သည်။ သင်၏တာဝန်၌ သင်သည် ပေါ့လျော့ပြီး အဖိုးအခ မပေးဆပ်သကဲ့သို့ မရိုးသားပါက၊ ဘုရားသခင်သည် တစ်ချိန်က သင်ပိုင်ဆိုင်ခဲ့သည့်အရာကို ဖယ်ရှားလိမ့်မည်၊ သင်၏တာဝန် ထမ်းဆောင်ခွင့်ကို သူ ပြန်သိမ်းယူမည် ဖြစ်သည်၊ သင့်အား ဤလုပ်ပိုင်ခွင့်ကို သူပေးမည် မဟုတ်ချေ။ ဘုရားသခင်က သင့်အား ဆုကျေးဇူးများနှင့် အစွမ်းအစတို့ ပေးထားသော်လည်း၊ သင်က သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခဲ့ခြင်း မရှိ၊ ဘုရားသခင်အတွက် အသုံးမခံ၊ သို့မဟုတ် အဖိုးအခ မပေးဆပ်သကဲ့သို့၊ ယင်းကို စိတ်မနှစ်ထားသောကြောင့်၊ ဘုရားသခင်က သင့်အား ကောင်းကြီး မပေးရုံသာမက၊ သင် တစ်ချိန်က ရှိခဲ့သောအရာကိုလည်း ဖယ်ရှားလိမ့်မည်။ ဘုရားသခင်သည် လူသားကို အထူးကျွမ်းကျင်မှုများအပြင် အသိဉာဏ်နှင့် ဉာဏ်ပညာတို့ကို ပေးလျက် လူသားအပေါ် ဆုကျေးဇူးများ အပ်နှင်းလေသည်။ လူသားသည် ဤအရာများကို မည်သို့ အသုံးပြုသင့်သနည်း။ (၎င်းတို့သည် မိမိတို့၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် ဤဆုကျေးဇူးများကို သုံးသင့်သည်။) သင်၏ အထူးကျွမ်းကျင်မှုများ၊ သင်၏ ဆုကျေးဇူးများ၊ သင်၏ အသိဉာဏ်နှင့် ဉာဏ်ပညာတို့ကို သင်၏ တာဝန်၌ မြှုပ်နှံထားရမည်။ သင် သိရှိသည့်အရာတိုင်း၊ သင် နားလည်သည့်အရာတိုင်း၊ သင် စွမ်းဆောင်ရရှိနိုင်သည့် အရာတိုင်းနှင့် သင်၏ တာဝန်နှင့် သက်ဆိုင်၍ သင် တွေးထင်သည့်အရာတိုင်းကို အသုံးချရာတွင် သင်၏ စိတ်နှလုံးကို အသုံးပြုရမည်ဖြစ်ပြီး အစွမ်းကုန် စဉ်းစားတွေးတောရမည်ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် သင်သည် ကောင်းချီးမင်္ဂလာခံစားရလိမ့်မည်။ ဘုရားသခင်၏ ကောင်းကြီး ခံစားရခြင်းဆိုသည်မှာ အဘယ်အဓိပ္ပာယ်နည်း။ ဤအရာက လူများအား အဘယ်သို့ ခံစားရစေသနည်း။ (ယင်းက ၎င်းတို့သည် မိမိတို့၏တာဝန်ကို ထမ်းဆောင်သည့်အခါ လမ်းကြောင်းတစ်ခု ရှိကြောင်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း ၎င်းတို့ ခံရပြီးဖြစ်ကြောင်း ဖြစ်သည်။) ၎င်းတို့သည် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြခြင်းခံရပြီးဖြစ်သည်။ လူများအဖို့ သင်၏စွမ်းရည် နယ်ပယ်အတွင်းတွင် သင်၏ အစွမ်းအစနှင့် သင်ယူပြီးဖြစ်သော အရာများသည် သင်ဆန္ဒရှိသည့်အရာကို လုပ်ခွင့်ပေးဖို့ မလုံလောက်ဟု ထင်ရနိုင်သည်— သို့ရာတွင် ဘုရားသခင်က သင့်အား အမှုပြုပြီး ဉာဏ်အလင်းပေးပါက၊ သင်သည် နားလည်နိုင်ရုံသာမကဘဲ၊ သာ၍ကောင်းစွာလည်း လုပ်ဆောင်နိုင်ပေသည်။ သင်က၊ ‘ကျွန်ုပ်သည် ထိုမျှ မကျွမ်းကျင်ပေ။ ကျွန်ုပ်အတွင်း၌ ယခု သာ၍များစွာ ရှိသည်ဟု ခံစားရသည်။ ကျွန်ုပ် တစ်ခါမျှ မသင်ယူဖူးသည့် အရာများကို အဘယ်သို့ ရုတ်တရက်ကြီး နားလည်ပြီး များစွာ လုပ်ဆောင်နိုင်ရသနည်း။ ကျွန်ုပ်သည် ရုတ်တရက်ကြီး အဘယ်သို့ အလွန် ထက်မြက်လာရပြီးဖြစ်သနည်း’ဟု သင့်ဘာသာ တွေးလေသည်။ သင် မရှင်းပြနိုင်ပေ။ ဤသည်မှာ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် ကောင်းကြီးမင်္ဂလာဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က လူများကို ကောင်းကြီးမင်္ဂလာပေးသည့် ပုံစံ ဖြစ်သည်။ သင်တို့၏တာဝန်ကို ထမ်းဆောင်သည့်အခါ၊ သို့မဟုတ် သင်၏အလုပ်ကို လုပ်ဆောင်သည့်အခါတွင် ဤအရာကို သင်မခံစားရပါက၊ သင်သည် ဘုရားသခင်၏ ကောင်းကြီးပေးခြင်း ခံစားရခြင်း မရှိသေးပေ။ သင်၏တာဝန်ကို လုပ်ဆောင်ခြင်းသည် သင့်အတွက် အစဉ် အဓိပ္ပာယ်မဲ့သည်ဟု ခံစားရပါက၊ မည်သည့်အရာမျှ လုပ်ဆောင်ဖို့မရှိဟု ခံစားရပြီး သင့်ကိုယ်သင် ဖြည့်ဆည်းဖို့ လုပ်ဆောင်စေနိုင်ခြင်း မရှိပါက၊ သင်သည် မည်သည့်အခါမျှ ဉာဏ်အလင်းပေးခံရခြင်း မရှိသကဲ့သို့ ထုတ်ယူစရာ ကျွမ်းကျင်မှု၊ သို့မဟုတ် ဉာဏ်ပညာတစ်ခုတစ်လေမျှ မရှိဟု မိမိကိုယ်ကိုယ် ခံစားရပါက၊ ဤသည်မှာ ပြဿနာဖြစ်သည်။ ယင်းက သင်သည် မိမိ၏တာဝန်ကို ထမ်းဆောင်ဖို့ မှန်ကန်သည့် စေ့ဆော်မှုမရှိကြောင်း၊ သင်သည် လျော့ရိလျော့ရဲနှင့် ပေါ့ပေါ့တန်တန် လုပ်ဆောင်ကြောင်း၊ ပြီးလျှင် မှန်ကန်သော လမ်းကြောင်းကို မလျှောက်ကြောင်း၊ ဘုရားသခင်သည် သင့်ကို လက်မခံ၊ သို့မဟုတ် ကောင်းကြီးမပေးကြောင်း ပြပေသည်။ ဤသည်တို့သည် သင်ရောက်ရှိပြီးဖြစ်သော အခြေအနေမျိုး ဖြစ်လေသည်။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ရိုသားခြင်းအားဖြင့်သာ စစ်မှန်သော လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်နိုင်သည်”) ဘုရားနှုတ်ကပတ်တော်တွေကို ချင့်ချိန်စဉ်းစားပြီးနောက်မှာ ဘုရားသခင်က ရိုးသားပြီး သူ့အတွက် ရိုးသားစွာ အသုံးခံတဲ့သူတွေကို ကောင်းချီးပေးတာ ကျွန်မ နားလည်ခဲ့တယ်။ လူတစ်ယောက်က တာဝန်မှာ လုံ့လရှိပြီး တိုးတက်ဖို့ကြိုးစားလေလေ သန့်ရှင်းသောဝိညာဉ်တော်က သူတို့ကို လမ်းပြလေလေ၊ တာဝန်မှာ ပိုပြီး ထိရောက်မှုရှိလေလေပဲ။ ဒါပေမဲ့ တာဝန်မှာ ကလိမ်ကကျစ်ထမ်းဆောင်ရင်၊ လုံ့လမရှိရင်၊ အဖိုးအခမပေးဆပ်ရင် ကိုယ့်တာဝန်ကနေ ဘယ်တော့မှ တိုးတက်မှု၊ အကျိုးအမြတ်ရှိမှာမဟုတ်ဘူး။ ပြီးတော့ ရပြီးတဲ့ဟာတောင်မှ ဆုံးရှုံးရနိုင်တယ်။ ဒီအချိန်မှာပဲ အစ်မကျန်းက ကျွန်မကိုပြောပြခဲ့တဲ့ အတွေ့အကြုံတစ်ခုကို ပြန်အမှတ်ရမိတယ်။ သူက အစတုန်းက အလုပ်တော်တော်များများကို နားမလည်ဘူး။ ဒါပေမဲ့ သူက ဆုတောင်းရင်း၊ ရှာဖွေရင်း၊ ချင့်ချိန်စဉ်းစားရင်းနဲ့ သူ့ပြဿနာတွေကို ဘုရားဆီသယ်ဆောင်ပြီး သူများတွေနဲ့ မိတ်သဟာယပြုခဲ့တယ်။ မသိလိုက်ဘဲ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပေးတာခံရပြီး အမြဲပဲ စိတ်ကူးအသစ်တွေရှိတယ်။ သူက တိုးတက်မှုတွေ အဆက်မပြတ်ရှိလာပြီး တာဝန်မှာ ပိုပြီး ထိရောက်မှုရှိလာတယ်။ ဒါပေမဲ့ ကျွန်မက ရှိရင်းစွဲအခြေအနေကို ထိန်းသိမ်းဖို့ကြိုးစားပြီး တိုးတက်ဖို့ မရှာဖွေဘူး။ အားလပ်ချိန်ကို ခံစားဖို့ ကြိုးစားတယ်။ ဘယ်တော့မှ ဒုက္ခမခံချင်ဘူး။ အဖိုးအခမပေးဆပ်ချင်ဘူး။ ရလဒ်အနေနဲ့ ကျွန်မက ဘယ်တော့မှ တိုးတက်လာနိုင်ခြေမရှိတော့ဘူး။ ဘုရားနှုတ်ကပတ်တော်က ပြောသလိုပဲ။ “အကြင်သူသည် ဆင်းရဲ၏။ ထိုသူ၌ရှိသမျှကိုပင် နှုတ်လိမ့်မည်။” (ရှင်မဿဲခရစ်ဝင် ၁၃:၁၂) ဘုရားက တာဝန်အပေါ်မှာ ကျွန်မရဲ့ ပေါ့ဆပြီး တာဝန်မယူတတ်တဲ့သဘောထားကို မုန်းတီးခဲ့တယ်။ ကျွန်မ နောင်တမရခဲ့ရင် ဘုရားသခင်ရဲ့ ငြင်းပယ်ခြင်း၊ ရွံမုန်းခြင်းကို ခံရပြီး အဆုံးမှာ ကျွန်မတာဝန်ကိုလုံးလုံး ဆုံးရှုံးရမယ်ဆိုတာ သဘောပေါက်ခဲ့ပါတယ်။ ဒီလိုစဉ်းစားမိပြီး ကျွန်မကြောက်လာတယ်။ အဲဒါနဲ့ လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းကို ရှာဖွေရာမှာ ဘုရားရဲ့လမ်းပြမှုကိုရှာဖို့၊ နောင်တရလိုစိတ်ရှိတာကိုပြောဖို့ ဘုရားကို ချက်ချင်းဆုတောင်းလိုက်တယ်။

ကျွန်မ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ဖတ်ပါတယ်။ “လူတို့သည် သူတို့၏ တာဝန်များကို အဘယ်သို့ နားလည်သင့်သနည်း။ ဖန်ဆင်းရှင် ဘုရားသခင်က လူတစ်ဦးကို ပြုလုပ်ရမည့် အလုပ်တာဝန်တစ်ခု ပေးသည့်အခါနှင့် ထိုအခိုက်အတန့်တွင် ထိုလူ၏တာဝန် ပေါ်လာခြင်းဖြစ်သည်။ သင့်ကို ဘုရားသခင်ပေးသည့် အလုပ်တာဝန်များ၊ သင့်ကို ဘုရားသခင်ပေးသည့် တာဝန်ပေးခိုင်းစေချက်များ၊ ဤအရာများမှာ သင်၏ တာဝန်များဖြစ်သည်။ ယင်းတို့ကို သင်၏ ပန်းတိုင်များအဖြစ် သင်လိုက်လျှောက်ပြီး၊ ဘုရားသခင်ကို ချစ်သောနှလုံးသား သင်၌ အမှန်တကယ်ရှိသောအခါ၊ ငြင်းချက်တစ်ခု သင် ပြုနိုင်သေးသလော။ (မပြုနိုင်ပါ။) ဤသည်မှာ သင်လုပ်ဆောင်နိုင်သည့်၊ သို့မဟုတ် မလုပ်ဆောင်နိုင်သည့် အကြောင်းအရာတစ်ခုမဟုတ်ပါ။ ယင်းတို့ကို သင်မငြင်းဆန်သင့်ပေ။ ယင်းတို့ကို သင်လက်ခံသင့်ပေသည်။ ဤသည်မှာ လက်တွေ့လုပ်ဆောင်ခြင်း၏ လမ်းကြောင်းဖြစ်သည်။ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းသည် အဘယ်နည်း။ (အရာခပ်သိမ်းတွင် လုံးလုံး ဆက်ကပ်အပ်နှံထားခြင်း ဖြစ်ပါသည်။) ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းဖို့ အရာခပ်သိမ်းတွင် ဆက်ကပ်အပ်နှံခြင်း ဖြစ်သည်။ ဤနေရာတွင် အခရာအချက်သည် မည်သည့်နေရာ၌ တည်ရှိသနည်း။ ယင်းက ‘အရာခပ်သိမ်းတွင်’ ဖြစ်သည်။ ‘အရာခပ်သိမ်း’ ဆိုသည်မှာ သင်ရင်းနှီးကျွမ်းဝင်ပြီးသား အရာများကို ဆိုလိုရန် မဆိုထားနှင့်၊ သင်နှစ်သက်သည့် အရာများ၊ သို့မဟုတ် သင်ကျွမ်းကျင်သည့် အရာများကိုပင် သေချာပေါက် မဆိုလိုပေ။ တစ်ခါတစ်ရံတွင် သင်သည် တစ်စုံတစ်ခု၌ မကျွမ်းကျင်ပေ။တစ်ခါတစ်ရံတွင် သင်ယူဖို့ လိုအပ်သည်။ တစ်ခါတစ်ရံတွင် သင်သည် အခက်အခဲများကို ကြုံတွေ့လိမ့်မည်ဖြစ်ပြီး တစ်ခါတစ်ရံတွင် ဒုက္ခခံရမည်။ သို့သော် မည်သည့်တာဝန်ပင် ဖြစ်ပါစေ ယင်းက ဘုရားသခင် တာဝန်ပေးစေခိုင်းသည့်အရာဖြစ်သည့် ကာလပတ်လုံး သင်သည် ယင်းကို သူ့ထံမှ လက်ခံရမည်၊ ယင်းကို သင်၏တာဝန်အဖြစ် မှတ်ယူရမည်၊ ယင်းကို ဖြည့်ဆည်းဖို့ ဆက်ကပ်အပ်နှံထားရမည် ဖြစ်ပြီး ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းရမည်။ ဤသည်မှာ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်း ဖြစ်သည်။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ရိုသားသောလူတစ်ဦး ဖြစ်ခြင်းအားဖြင့်သာ လူတစ်ဦးသည် အမှန်တကယ် ပျော်ရွှင်နိုင်၏”) နောက်တစ်ပိုဒ်က “လူများ၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုရှိသည့်အခါ၊ ၎င်းတို့သည် မိမိတို့၏တာဝန်ကို ထမ်းဆောင်သည့်အခါ မကြာခဏ ဝတ်ကျေတမ်းကျေပြုပြီး ပေါ့ဆကြသည်။ ဤသည်မှာ အဆိုးရွားဆုံး ပြဿနာများထဲမှတစ်ခု ဖြစ်ပေသည်။ လူများသည် မိမိတို့၏တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်မည်ဖြစ်ပါက၊ ၎င်းတို့သည် ဝတ်ကျေတမ်းကျေပြုခြင်းနှင့် ပေါ့ဆခြင်းဖြစ်သည့် ဤပြဿနာကို ဦးစွာ ကိုင်တွယ်ဖြေရှင်းရမည်။ ၎င်းတို့၌ ထိုသို့သော ဝတ်ကျေတမ်းကျေပြုခြင်းနှင့် ပေါ့ဆခြင်း သဘောထားတစ်ခုရှိသရွေ့၊ မိမိတို့၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်လိမ့်မည် မဟုတ်ပေ၊ ယင်းမှာ ဝတ်ကျေတမ်းကျေပြုခြင်းနှင့် ပေါ့ဆခြင်း ပြဿနာကို ဖြေရှင်းခြင်းသည် အလွန်အမင်း အရေးကြီးသည်ကို ဆိုလိုပေသည်။ ထို့ကြောင့် ၎င်းတို့သည် ဤအရာကို မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ပထမဦးစွာ ၎င်းတို့သည် မိမိတို့၏ စိတ်အခြေအနေနှင့်သက်ဆိုင်သည့် ပြဿနာကို ဖြေရှင်းရမည်။ ၎င်းတို့သည် မိမိတို့၏တာဝန်ကို မှန်ကန်စွာ ချဉ်းကပ်ရမည်၊ ပြီးလျှင် လှည့်စားခြင်း၊ သို့မဟုတ် ဝတ်ကျေတမ်းကျေပြုခြင်း မရှိဘဲ၊ အမှုကိစ္စတို့ကို အလေးအနက်ထားခြင်းနှင့် တာဝန်ယူစိတ်တို့ဖြင့် လုပ်ဆောင်ရမည်။ အကြင်သူ၏တာဝန်သည် ဘုရားသခင်အတွက် ထမ်းဆောင်ခြင်း ဖြစ်သည်၊ မည်သည့်လူတစ်ဦးအတွက်မျှ မဟုတ်ချေ။ လူများသည် ဘုရားသခင်၏စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို လက်ခံနိုင်ပါက၊ ၎င်းတို့၌ မှန်ကန်သော စိတ်အခြေအနေ ရှိလိမ့်မည်။ ထို့အပြင်၊ လူများသည် တစ်စုံတစ်ခုကို လုပ်ဆောင်ပြီးသည့်နောက်တွင်၊ ယင်းကို ဆန်းစစ်ပြီး ဆင်ခြင်သုံးသပ်ရမည်၊ ပြီးလျှင် ၎င်းတို့၏စိတ်နှလုံးထဲ၌ သံသယတစ်ခုခုရှိကာ အသေးစိတ်ကျကျ စစ်ဆေးပြီးသည့်နောက်တွင် ပြဿနာတစ်ခု အမှန်တကယ် ရှိသည်ကို ရှာဖွေတွေ့ရှိပါက၊ အပြောင်းအလဲများ ပြုလုပ်ရပေမည်။ ဤအပြောင်းအလဲများ ပြုလုပ်ပြီးသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့၏စိတ်နှလုံးထဲတွင် သံသယတစ်ခုမျှ ရှိတော့မည် မဟုတ်ချေ။ လူများ၌ သံသယရှိသည့်အခါ၊ ဤအရာက ပြဿနာရှိသည်ကို ပြပြီး ၎င်းတို့သည် မိမိတို့ လုပ်ဆောင်ပြီးသည့်အရာကို အထူးသဖြင့် အဓိကအဆင့်များ၌ ဝီရိယရှိရှိ စစ်ဆေးရမည်ဖြစ်သည်။ ဤသည်မှာ တာဝန်ကို ထမ်းဆောင်ရာ၌ အရေးကြီးသော၊ တာဝန်ခံယူမှုရှိသော သဘောထားဖြစ်သည်။ လူတစ်ဦးသည် အလေးအနက်ထားနိုင်သောအခါ၊ တာဝန်သိနိုင်သောအခါ၊ ဆက်ကပ်နိုင်သောအခါ၊ ကြိုးစားနိုင်သောအခါတွင် အလုပ်သည် သင့်လျော်စွာ ပြီးမြောက်မည်ဖြစ်သည်။ တစ်ခါတစ်ရံတွင် သင်သည် မှားယွင်းသော စိတ်အခြေအနေတွင် ရှိနေပြီး အလွန်ရှင်းလင်းသော အမှားတစ်ခုကို သင် ရှာဖွေ တွေ့ရှိနိုင်ခြင်း မရှိပေ။ သင်သည် မှန်ကန်သော စိတ်အခြေအနေတွင် ရှိနေပါက၊ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုနှင့် လမ်းပြမှုအားဖြင့် ဤပြဿနာကို သင် ဖော်ထုတ်နိုင်လိမ့်မည်။ သို့သော် သန့်ရှင်းသောဝိညာဉ်တော်က ထိုသို့သော သိမြင်မှုကို သင့်အား လမ်းပြပြီး ပေးအပ်ခဲ့ကာ၊ တစ်ခုခုလွဲမှားနေသည်ကို သင့်အား သိမြင်စေသည့်တိုင်အောင် သင်သည် မှားယွင်းသော စိတ်အခြေအနေ၌ ရှိနေကာ၊ သတိလစ်ဟင်းနေပြီး ပေါ့ဆလျှင်၊ အမှားကို သင်သတိပြုမိနိုင်မည်လော။ (မပြုမိနိုင်ပါ။) သင် သတိပြုမိနိုင်မည် မဟုတ်ပေ။ ဤအရာမှ အဘယ်အရာကို မြင်ရသနည်း။ (လူများ၏စိတ်နှလုံးများသည် ဘုရားသခင်၏ ရှေ့မှောက်၌ ငြိမ်သက်ခြင်း ရှိသည့်အခါမှသာလျှင်၊ ၎င်းတို့၏တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းရှိသမျှဖြင့် ထမ်းဆောင်ကြကာ၊ ၎င်းတို့၏စိတ်ဝိညာဉ်သည် ပါးနပ်ချက်ချာလိမ့်မည်။) မှန်ပေသည်။ လူတို့မှ ပူးပေါင်းဆောင်ရွက်ရန် အလွန်အရေးကြီးသည်ကို ပြသည်။ ၎င်းတို့၏ စိတ်နှလုံးသည် အလွန်အရေးကြီးသည်။ ပြီးလျှင် ၎င်းတို့၏ အတွေးများနှင့် ရည်ရွယ်ချက်များကို အဘယ်နေရာသို့ ဦးတည်သည်မှာ အလွန်အရေးကြီးသည်။” (ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း) ဒီနှုတ်ကပတ်တော်တွေကို တွေးတောပြီးတဲ့နောက်မှာ ကျွန်မ အရမ်းကို ခွန်အားရတယ်။ ကျွန်မတာဝန်က ဘုရားဆီက စေခိုင်းချက်တစ်ခု၊ ဘုရားရဲ့ တာဝန်တစ်ခုပဲ။ ကျွန်မက ဒါကို ကျွမ်းကျင်ခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ရိုးရှင်းသည်ဖြစ်စေ၊ ရှုပ်ထွေးသည်ဖြစ်စေ ဒါက ဘုရားဆီက လာတာပဲ။ ဒါကြောင့် ကျွန်မ တာဝန်သိတတ်ပြီး တတ်နိုင်သလောက် သစ္စာရှိရမယ်။ အကောင်းဆုံးလုပ်ပြီး ကိုယ့်တာဝန်ကို ဖြည့်ဆည်းပြီးမှသာ ဘုရားရဲ့ ကောင်းချီးကို ရရှိမှာပါ။ ကျွန်မက ဘုရားရဲ့ချစ်ခြင်းကို ပြန်ပေးဆပ်ဖို့အတွက် တာဝန်တွေကို သစ္စာရှိရှိနဲ့ ထမ်းဆောင်မယ်လို့ ဘုရားရှေ့မှာ ကျိန်ဆိုခဲ့တဲ့ အချိန်တွေအားလုံးကို စဉ်းစားမိတယ်။ တာဝန်က နည်းနည်းရှုပ်ထွေးလာပြီး ခက်လာတော့၊ ဒုက္ခခံပြီး အဖိုးအခပေးဆပ်ရတော့ ကျွန်မက ဝတ်ကျေတန်းကျေလုပ်ပြီး ရှောင်ဖို့ကြိုးစားခဲ့တယ်။ ဒါကို ကျွန်မ သဘောပေါက်တော့ ဘုရားအပေါ် ကျွန်မအကြွေးတင်ပြီး သူ့ရဲ့ချစ်ခြင်းကိုခံစားဖို့ မထိုက်တန်ဘူးလို့ မြင်မိတယ်။ ကျွန်မ ဒီလိုဆက်သွားလို့မဖြစ်တော့ဘူး။ ဘုရားနှုတ်ကပတ်တော်နဲ့ အညီ လက်တွေ့လုပ်ဆောင်ရမယ်။ တာဝန်တွေကို ရိုးရိုးသားသား ကိုင်တွယ်ရမယ်။ အနာဂတ်မှာ နောင်တတွေရတာကို ရှောင်ဖို့ တာဝန်တွေကို ထမ်းဆောင်ရမယ်ပေါ့။

အဲဒါနဲ့ တစ်ခါတုန်းက ကျွန်မကို ခေါင်းရှုပ်စေခဲ့တဲ့အလုပ်ကို စပြီး စူးစမ်းလေ့လာပြီး ရင်းနှီးကျွမ်းဝင်လာတယ်။ ပြီးတော့ တချို့ရှုပ်ထွေးတဲ့ပြဿနာတွေကို ကျွန်မ မရှောင်တော့ဘူး။ အဲဒီအစား အဲဒါတွေကို ညီအစ်ကိုမောင်နှမတွေနဲ့ ဆွေးနွေး၊ မိတ်သဟာယဖွဲ့ပြီး ကျွန်မနားမလည်တဲ့အခါမှာ သင်ပေးဖို့ ပြောခဲ့တယ်။ နောက်ဆုံးတော့ အသေးစိတ်အချက်အလက်တွေကို ကျွန်မ ကျွမ်းကျင်လာတယ်။ သူများတွေက အခက်အခဲတွေရှိတဲ့အချိန်မှာ ဖြေရှင်းချက်တွေ ပေးနိုင်လာတယ်။ ကျွန်မတို့အလုပ်ကို အနှစ်ချုပ်တဲ့အခါမှာ အစတုန်းက ကျွန်မ ဘာမှကိုမသိဘဲ ခေါင်းရှောင်ချင်ခဲ့တယ်။ ဒါပေမဲ့ ဘုရားနှုတ်ကပတ်တော်ထဲမှာ ကျွန်မဖတ်ရတာကို ပြန်အမှတ်ရတယ်။ အဲဒါနဲ့ သတိရှိရှိနဲ့ ကျွန်မရဲ့ ဇာတိပကတိကို စွန့်ပစ်ပြီး တာဝန်မှာရှိတဲ့ ပြဿနာတွေကို စဉ်းစားတယ်။ စည်းမျဉ်းတွေကိုရှာဖွေပြီး အချက်အလက်တွေကို ကြည်ဖို့အလုပ်လုပ်တယ်။ ဒီလိုမျိုး အချိန်တစ်ခုကြာအောင်လက်တွေ့လုပ်ဆောင်ပြီးတဲ့နောက်မှာ ဘုရားရဲ့ကောင်းချီးနဲ့လမ်းပြခြင်းကို ကျွန်မ ရှင်းရှင်းလင်းလင်း ခံစားရတယ်။ နားမလည်တာ၊ ကျွန်မကို ရှုပ်ထွေးစေတာတွေကို ကျွမ်းကျင်လာအောင် စလုပ်တယ်။ ကျွန်မအလုပ်အနှစ်ချုပ်တွေက ရလဒ်တွေရလာခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေက ကျွန်မ အနှစ်ချုပ်ပေးတာတွေကို လက်တွေ့လုပ်ဆောင်ကြပြီး တိုးတက်မှုလည်းရှိလာကြတယ်။

တာဝန်အပေါ် ကျွန်မသဘောထားက နည်းနည်းပြောင်းသွားပြီလို့ထင်ခဲ့တယ်။ ဒါပေမဲ့ ဘုရားက ကျွန်မအတွက် နောက်ထပ်အခြေအနေတစ်ခု စီစဉ်ပေးတော့ ကျွန်မ အရင်ပုံစံအတိုင်း ပြန်ဖြစ်သွားတယ်။

၂၀၂၁ခုနှစ်၊ စက်တင်ဘာလမှာ အလုပ်လိုအပ်ချက်တွေကြောင့် လူသစ်တွေကို ရေလောင်းဖို့ အစ်မလီနဲ့ ကျွန်မ တွဲလုပ်ရတယ်။ ဒီတာဝန်က နည်းပညာပိုင်းဆိုင်ရာ ပြဿနာတွေ မပါတော့ သိပ်ခေါင်းမကိုက်ရလောက်ဘူးလို့ ထင်ခဲ့တာ။ ဒါပေမဲ့ ကျွန်မစလုပ်တာနဲ့ လူသစ်တွေကို ရေလောင်းရတာက မလွယ်ဘူးဆိုတာ တွေ့လိုက်ရတယ်။ ကျွန်မက အင်္ဂလိပ်စကားနဲ့ ဆက်သွယ်ပြောဆိုရရုံမကဘဲ သူတို့ရဲ့အယူအဆတွေနဲ့ ရှုပ်ထွေးမှုတွေကို အမြန်ဖြေရှင်းဖို့ သမ္မာတရားကိုလည်း မိတ်သဟာယပြုရတယ်။ အစ်မလီက အလုပ်ကဏ္ဍတွေအားလုံးမှာ တော်တော်ကျွမ်းကျင်တာ တွေ့ရတယ်။ သူက လူသစ်တွေရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ဆက်စပ်မှုရှိတဲ့ သမ္မာတရားကို အမြန်ရှာနိုင်တယ်။ ဒါပေမဲ့ ကျွန်မက အဲဒီနေရာမှာ တော်တော်ကို မကျွမ်းကျင်ဘူး။ ခဏခဏပဲ သမ္မာတရားကို ရှင်းအောင် မိတ်သဟာယမပြုနိုင်ဘူး။ သူတို့ပြဿနာတွေကို မဖြေရှင်းနိုင်ဘူး။ အစ်မလီရဲ့ အဆင့်ကိုရောက်ဖို့ ကျွန်မက လေ့လာသင်ယူပြီး ကိုယ့်ကိုယ်ကိုယ်အချိန်အတော်ကြာ ပြင်ဆင်ဖို့၊ သိသာတဲ့ အဖိုးအခကိုပေးဆပ်ဖို့ လိုတယ်။ ကျွန်မ စဉ်းစားတယ်။ “ထားလိုက်ပါတော့။ အစ်မလီက အခု ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်ပဲ။ ဒီတော့ စိုးရိမ်စရာမလိုပါဘူး” ပေါ့။ ဒီလိုစဉ်းစားပြီးတော့ သမ္မာတရားကို ကျွန်မ အရမ်းစိတ်ထက်ထက်သန်သန်နဲ့ မရှာခဲ့ဘူး။ အစည်းအဝေးတွေပြီးတော့ လူသစ်တွေရဲ့ပြဿနာတွေအကြောင်းကို ကိုယ်ကအရင်မမေးခဲ့ဘူး။ တစ်ရက်မှာ ကျွန်မက ရေလောင်းတဲ့တာဝန်ကို နှစ်လကြာလုပ်နေပြီး ကိုယ်တစ်ယောက်တည်း လူသစ်တစ်ယောက်ကို ရေမလောင်းပေးနိုင်သေးတာ ဆင်ခြင်မိတယ်။ ကျွန်မက နားမလည်ဘူးလို့ အမြဲတမ်းခံစားရပေမဲ့ အဖိုးအခပေးဆပ်ဖို့အတွက် မကြိုးစားခဲ့ဘူး။ ကျွန်မ မနေနိုင်တော့ဘဲ ကိုယ့်ကိုယ်ကိုယ် မေးမိတယ်။ “ငါမကျွမ်းတဲ့တာဝန်ကို ကြုံရတာနဲ့ တာဝန်ကို ဝတ်ကျေတန်းကျေလုပ်ဖို့ ဘယ်လိုလုပ်ရမှန်းမသိတာကို ဆင်ခြေအနေနဲ့ သုံးပြီး အဖိုးအခမပေးဆပ်ချင်တာ ဘာကြောင့်လဲ” ပေါ့။ ကျွန်မရဲ့ အခြေအနေနဲ့ စိတ်ရှုပ်ထွေးမှုကို ဘုရားရှေ့ကိုယူလာပြီး ဆုတောင်းခဲ့တယ်။

တစ်နေ့မှာ ကျွန်မ ဘုရားဝတ်ပြုနေတုန်း ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ်ကို သွားတွေ့တယ်။ “သင်၏တာဝန်ကို ထမ်းဆောင်သည့်အချိန်တွင် ပြင်ပ နေပူထဲသွားခြင်း၊ သို့မဟုတ် မိုးထဲတွင် ကားမောင်းခြင်း မပါဝင်သည့် မပင်ပန်းသော အလုပ်များ၊ လွယ်ကူသောအလုပ်များကို အမြဲ ရွေးလုပ်ခြင်း၊ အန္တရာယ်များပြီး ခက်ခဲသော အလုပ်ပါဝင်သည့် လုပ်ဆောင်ချက်တာဝန်များကို ရှောင်ခြင်း၊ ယင်းတို့ကို အခြားတစ်ယောက်အပေါ် ပုံပေးခြင်းနှင့် သင်ကိုယ်တိုင်အတွက် လွယ်ကူသော လုပ်ဆောင်ချက်တာဝန်တစ်ခုကို ရှာဖွေခြင်း၊ သင်၌ ညံ့ဖျင်းသော အစွမ်းအစရှိကြောင်း၊ ဤအလုပ်ကို သင်လုပ်နိုင်စွမ်းမရှိကြောင်း၊ ယင်းကို သင်မလုပ်ဆောင်နိုင်ကြောင်း၊ သင်သည် တုံးအကြောင်းနှင့် ပေါ်ပေါက်လာသည့် ပြဿနာတစ်ခုတလေကိုမျှ ကိုင်တွယ်နိုင်မည် မဟုတ်ကြောင်းပြောလျက်၊ ဆင်ခြေရှာဖွေခြင်း— ဤသည်မှာ လက်ကြောမတင်းသော လူတစ်ဦးဖြစ်ပြီး ဇာတိပကတိ၏ သက်သောင့်သက်သာဖြစ်မှုများကို ငမ်းငမ်းတက်လိုချင်ခြင်း၏ သရုပ်သကန်ဖြစ်သည်။...မိမိတို့၏တာဝန်ကို ထမ်းဆောင်စဉ်တွင် လူများ အစဉ် ညည်းညူသည့်အချိန်လည်း ရှိသည်၊ ၎င်းတို့သည် မည်သည့်ကြိုးစားအားထုတ်မှုမျှ မပြုလိုသည့်အချိန်၊ ၎င်းတို့၌ အလုပ်အားလပ်သည့်အချိန် အနည်းငယ်ရှိသည်နှင့်တစ်ပြိုင်နက်၊ အနားယူပြီး စကားစမြည်ပြောဖို့လိုအပ်ပြီး ၎င်းတို့ အလုပ် စလုပ်သည်နှင့်တစ်ပြိုင်နက် ဆက်လက် ညည်းညူနေသည့်အချိန်၊ ၎င်းတို့ အခက်အခဲ တစ်ခုတလေမြင်သည်နှင့် နောက်ဆုတ်ပြီး ‘ဤအရာသည်ကျွန်ုပ်နှင့် မကိုက်ပါ၊ ကျွန်ုပ်၏ အစွမ်းအစသည် အလွန် ညံ့ဖျင်းသည်။ ထိုလူ ဤလူသည်ကျွန်ုပ်ထက် သာ၍ ကောင်းသော အစွမ်းအစ ရှိသည်၊ ၎င်းတို့သည် ကျွန်ုပ်ထက် သာ၍ ထိုးထွင်းအမြင်ရှိသည်၊ သာ၍ လုပ်နိုင်စွမ်းသည်၊ ဤအလုပ်၌ အောင်မြင်နိုင်သည်’ ဟု ပြောလျက် အကြောင်းပြချက်၊ သို့မဟုတ် ဆင်ခြေတစ်ခုရှာဖွေရင်း ထွက်ပြေးဖို့ ကြိုးစားကာ ၎င်းတို့ အပျင်းဖြေဖို့ အချိန်ပိုရစေရန် ပေါ့ပါးသည့် အလုပ်အချို့ကို သွားရှာကြသည့်အချိန်တို့ ရှိပေသည်။...ဤသည်မှာ ဇာတိပကတိ၏ သက်သောင့်သက်သာဖြစ်ခြင်းကို အငမ်းမရဖြစ်သည့်သူတစ်ဦး ဖြစ်သည် မဟုတ်လော။ ဤသည်တို့သည် ဇာတိပကတိ၏ သက်သောင့်သက်သာဖြစ်ခြင်းကို အငမ်းမရဖြစ်ခြင်း၏ သရုပ်သကန်များ ဖြစ်သလော။ ထိုသို့သော လူများသည် တာဝန်တစ်ခု ထမ်းဆောင်ဖို့အတွက် သင့်တော်သည့် လူများ ဖြစ်သလော။ ၎င်းတို့၏တာဝန် ထမ်းဆောင်ခြင်း အကြောင်းအရာကို ဆွေးနွေးကြလော့၊ အဖိုးအခပေးခြင်းနှင့် ဒုက္ခခံခြင်းအကြောင်း ပြောလော့၊ ပြီးလျှင် ၎င်းတို့သည် မိမိတို့၏ခေါင်းများကို မပြတ်ခါကြပေသည်။ ၎င်းတို့၌ ပြဿနာများစွာ ရှိမည်၊ ၎င်းတို့သည် စောဒကအပြည့်ရှိကြသည်၊ အရာရာနှင့်ပတ်သက်၍ အပျက်သဘောဆောင်ကြသည်။ ထိုသို့သော လူများသည် အသုံးမကျပေ၊ ၎င်းတို့သည် မိမိတို့၏တာဝန်ကို ထမ်းဆောင်ဖို့ အခွင့်မရှိဘဲ၊ မောင်းထုတ်ခံရသင့်သည်။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၂)”) “အချို့သော အယောင်ဆောင် ခေါင်းဆောင်များ၌ အစွမ်းအစ အနည်းငယ် အမှန်တကယ် ရှိကြသော်လည်း၊ လက်တွေ့အလုပ်ကို မလုပ်ဆောင်သကဲ့သို့ ဇာတိပကတိဆိုင်ရာ သက်သောင့်သက်သာဖြစ်ခြင်းကို အငမ်းမရဖြစ်ကြသည်။ ငါ့အဖို့မူ၊ ဇာတိပကတိဆိုင်ရာ သက်သောင့်သက်သာဖြစ်ခြင်းကို အငမ်းမရဖြစ်သည့်သူများသည် ဝက်များနှင့် မခြားနားပေ။ ဝက်များသည် နေ့စဉ်နေ့တိုင်း စားရင်း၊ အိပ်ရင်း အချိန်ကုန်ဆုံးကြသည်။ ၎င်းတို့၏အသားကို အနာဂတ်တွင် သင်စားနိုင်ဖို့အလို့ငှာ သင်သည် ၎င်းတို့အား နှံစားသီးနှံများစွာ ဝမ်းမြောက်ဝမ်းသာ ကျွေးမွေးလေသည်။ အယောင်ဆောင် ခေါင်းဆောင်များကိုလည်း ဝက်များကဲ့သို့ ကျွေးမွေးပြုစုကာ၊ ကြီးထွားပြီး ဝဖြိုးစေဖို့ မွေးမြူသော်လည်း၊ နေရာ အလဟဿပြီး မည်သည့်အလုပ်မျှ မလုပ်ပါက၊ သင်သည် ၎င်းတို့ကို အဘယ်ကြောင့် ကျွေးမွေးပြုစုနေသနည်း။ ထို့ကြောင့် အယောင်ဆောင်ခေါင်းဆောင်တစ်ဦးကို ကျွေးမွေးပြုစုခြင်းသည် ဝက်တစ်ကောင်ကို ကျွေးမွေးပြုစုခြင်းထက် သာ၍ နိမ့်ကျပေသည်။ ဝက်တစ်ကောင်သည် တစ်နေ့သုံးကြိမ် အခမဲ့ စားသောက်လျက် အဘယ်အရာမျှ မလုပ်သော်လည်း၊ နှစ်ကုန်၌ အသားစားရသောအခါ၊ ဝက်က ဖြည့်ဆည်းမှုတစ်ခုပြုခဲ့သည်ဟု သင်ခံစားရသည်။ ယင်းကို တစ်နှစ်လုံး ကျွေးမွေးရသည်မှာ ပင်ပန်းစရာဖြစ်သည်၊ ခက်ခဲသော အလုပ်ဖြစ်သည်၊ သို့ရာတွင် ဤကြိုးစားအားထုတ်မှုအားလုံးသည် အလဟဿ မဖြစ်ခဲ့ပေ။ သင်၏စိတ်နှလုံးထဲတွင် ယင်းက တန်သည်ဟု ခံစားရသည်။ သို့ရာတွင် အယောင်ဆောင် ခေါင်းဆောင်များက အဘယ်သို့နည်း။ ၎င်းတို့၌ ‘ခေါင်းဆောင်’ ဟူသည့် ဂုဏ်ပုဒ် ရှိကောင်းရှိနိုင်သည်၊ ၎င်းသည် ဤရာထူးကို ရထားကောင်း ရထားနိုင်သည်၊ ပြီးလျှင် တစ်နေ့လျှင် သုံးကြိမ် ကောင်းကောင်းစားပြီး ဘုရားသခင်၏ ကျေးဇူးတော်များစွာကို ပျော်မွေ့ခံစားနိုင်သော်လည်း၊ အဆုံး၌ နှစ်ကုန်တွင် ၎င်းတို့သည် ဝအထိ စားသောက်ပြီးသည့်အချိန်တွင်၊ အလုပ်က မည်သို့ အခြေအနေရှိသနည်း။ ဤနှစ်၌ သင့်အလုပ်တွင် ပြီးမြောက်ခဲ့သည့် အရာများအားလုံးကို ကြည့်လော့။ မည်သည့်အလုပ်များက အကျိုးဖြစ်ထွန်းသနည်း၊ သင်သည် မည်သည့်လက်တွေ့အလုပ်ကို လုပ်ဆောင်ခဲ့သနည်း။ ဘုရားသခင်၏အိမ်‌တော်က သင့်အား အလုပ်တိုင်းကို ပြီးပြည့်စုံစွာ လုပ်ဆောင်ဖို့ မတောင်းဆိုသော်လည်း၊ အဓိကကျသော အလုပ်ကို သင် ကောင်းစွာ လုပ်ဆောင်ရမည်— ဥပမာအားဖြင့် ဧဝံဂေလိအလုပ် သို့မဟုတ် ရုပ်သံရိုက်ကူးထုတ်လုပ်ရေး အလုပ်၊ သက်သေခံချက် ရေးသားခြင်း အလုပ် စသည်တို့ဖြစ်သည်။ ဤအလုပ်များအားလုံး အကျိုးဖြစ်ထွန်းရမည်။ တစ်နှစ်ပြီးသည့်နောက် သင်၏တာဝန် နယ်ပယ်အတွင်းရှိ မည်သည့်အလုပ်သည် အအောင်မြင်ဆုံး ဖြစ်သည်၊ အဘယ်အရာတွင် သင်သည် အကြီးမားဆုံး အဖိုးအခ ပေးဆပ်ပြီး ဒုက္ခအခံရဆုံး ဖြစ်သည်ကို ကြည့်လော့။ သင်၏ အောင်မြင်မှုများကို ကြည့်လော့။ သင်၏စိတ်နှလုံးထဲတွင် ဘုရားသခင်၏ကျေးဇူးတော်ကို တစ်နှစ် ပျော်မွေ့ခံစားပြီးသည့်နောက်တွင် သင်သည် အဖိုးတန်အောင်မြင်မှုအချို့ ပြုခဲ့ခြင်း ရှိမရှိနှင့်ပတ်သက်၍ သင် အနည်းအကျဉ်း သိသင့်သည်။ ဤတစ်ချိန်လုံးတွင် ဘုရားသခင့်အိမ်တော်၏ အစားအစာများကို သင်စားပြီး ဘုရားသခင်၏ကျေးဇူးတော်ကို ပျော်မွေ့ခံစားနေစဉ်တွင် သင်သည် အဘယ်အရာကို ပြုနေခဲ့သနည်း။ သင်သည် တစ်ခုတလေ စွမ်းဆောင် ရရှိခဲ့သလော။ သင်သည် မည်သည့်အရာမျှ စွမ်းဆောင်ရခဲ့ရှိခြင်း မရှိပါက၊ အယောင်ဆောင် ခေါင်းဆောင်သဖွယ်ဖြစ်သော ကပ်ပါးရပ်ပါးလုပ်သူတစ်ဦးပင် ဖြစ်ပေသည်။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၄)”) ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ တွေးတောရင်းနဲ့ ဒါတွေက ကျွန်မစိတ်နှလုံးကို ထိုးဖောက်သွားသလို ခံစားမိတယ်။ ကျွန်မက တာဝန်မှာရှိတဲ့ အခက်အခဲကို ရှောင်ပြီး နားမလည်တာ၊ ဘယ်လိုလုပ်ရမှန်းမသိတာကို အကာအကွယ်အနေနဲ့ အသုံးပြုနေတာက ကျွန်မက ပျင်းလွန်းပြီး ဇာတိပကတိ သက်သာမှုကို အလွန်အကျွံ မက်မောလို့ဆိုတာ အဲဒီအခါကျမှ ကျွန်မ နားလည်ခဲ့တယ်။ အရင် ကျွန်မက အစ်မကျန်းနဲ့အတူလုပ်တဲ့ ကြီးကြပ်သူဖြစ်ခဲ့တုန်းက ကျွန်မကိုယ်တိုင်အတွက် ရိုးရှင်းလွယ်ကူတဲ့အလုပ်တွေကိုပဲ အမြဲတမ်းရွေးပြီး ကျွန်မ မကျွမ်းကျင်တဲ့၊ ဂရုစိုက်စဉ်းစားဖို့လိုတဲ့အရာမှန်သမျှကို သူ့ကိုပေးခဲ့တယ်။ အစ်မလီနဲ့အတူ လူသစ်တွေကို ရေလောင်းတဲ့နေရာမှာ ကျွန်မက စိတ်မပူချင်နေတုန်းပဲ။ ဒုက္ခခံပြီး အဖိုးအခ မပေးဆပ်ချင်နေတုန်းပဲ။ ဘာကြောင့်ဒီလိုပြုမူခဲ့လဲဆိုတာ ပြန်ဆင်ခြင်ကြည့်ပြီး အဓိကအကြောင်းပြချက်က ကျွန်မက ဆိုးယုတ်တဲ့ အတွေးအခေါ်တွေရဲ့ ထိန်းချုပ်တာ ခံခဲ့ရတယ်ဆိုတာ သဘောပေါက်ခဲ့တယ်။ “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏”၊ “လူ့ဘဝသည် တိုတောင်းသဖြင့် တစ်နေ့တာအချိန်ကို ပျော်ရွှင်အောင်အသုံးချပါ” ဆိုတာမျိုးတွေက ကျွန်မစိတ်နှလုံးအတွင်းထဲမှာ အမြစ်တွယ်နေခဲ့တယ်။ လူတွေက ကိုယ့်အတွက်ကိုယ် အသက်ရှင်ရမယ်၊ ဇာတိပကတိ သက်သာမှုရှိပြီး စိုးရိမ်မှုတွေမရှိတဲ့အခါမှာ နေသင့်သလို နေနေတယ်လို့ အမြဲ ခံစားခဲ့ရတယ်။ ကျွန်မက တာဝန်ထမ်းဆောင်ဖို့အတွက် ဘုရားအိမ်တော်ကိုလာတဲ့အခါမှာ ဒီအမြင်ကို ကိုင်စွဲထားတုန်းပဲ။ အခက်အခဲတွေ၊ ကျွန်မ မကျွမ်းကျင်တဲ့အရာတွေရှိတဲ့အခါမှာ၊ ကျွန်မက ဒုက္ခခံရတဲ့အခါ၊ အဖိုးအခပေးဆပ်ရတဲ့အခါမှာ လူကြောက်တစ်ယောက်လို နောက်တွန့်ပြီး ဇာတိပကတိ သက်သာမှုကို ဦးစားပေးခဲ့တယ်။ ဒီလိုနေထိုင်နေတဲ့ ကျွန်မက ဝက်တစ်ကောင်နဲ့ မခြားပါဘူး။ ဝက်တွေက ဘာအတွေးမှမရှိဘူး။ ဘာကိုမှမလုပ်ဘူး။ စားဖို့၊ သောက်ဖို့၊ အိပ်ဖို့ပဲသိတယ်။ ကျွန်မလည်း အတူတူပဲ။ ဇာတိပကတိသာယာမှုကိုပဲ အရေးစိုက်တယ်။ တော်တော် အောက်တန်းကျတဲ့ဘဝကို ကျွန်မက ရှင်သန်နေခဲ့တာပါ။ အရင်တုန်းက ကြီးကြပ်သူတစ်ယောက်ဖြစ်ခဲ့ပြီး အခုရေလောင်းတဲ့နေရာမှာရှိနေတာဟာ ဘုရားက ကျွန်မကို အများကြီး ချီးမြှောက်ခဲ့တာပါ။ ဒါပေမဲ့ ကျွန်မက တိုးတက်မှုရှိအောင် မကြိုးစားခဲ့ဘူး။ ကျွန်မတာဝန်ဝတ္တရားတွေကို လုံးဝ ထည့်မစဉ်းစားခဲ့ဘူး။ ကျွန်မက အသင်းတော်အလုပ်နဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ ဘဝတွေအပေါ် တာဝန်မသိတတ်ခဲ့ဘူး။ အသိတရားနည်းနည်းလေးမှ မရှိခဲ့ဘူး။ ကျွန်မက ဒုက္ခခံပြီး အဖိုးအခမပေးဆပ်ချင်တာ ရှင်းပါတယ်။ ဒါပေမဲ့ ကျွန်မအမှားတွေကို ဝန်ခံနိုင်တယ်လို့ သူများတွေထင်အောင်လုပ်ဖို့ ကျွန်မကို သနားလာဖို့ နားမလည်ဘူး၊ မသိဘူးဆိုတဲ့ ဆင်ခြေကို အမြဲတမ်းအသုံးပြုခဲ့တယ်။ ဒီလိုနဲ့ သူတို့က ကျွန်မကို အသိတရားရှိပြီး ရိုးသားတယ်လို့မြင်အောင်ပေါ့။ တကယ်ကတော့ ကျွန်မ်ရဲ့ ပျင်းရိမှုနဲ့ တာဝန်မသိတတ်မှုကို ဖုံးကွယ်ဖို့ ဒီစကားတွေကို အသုံးပြုခဲ့တာပဲ။ ကျွန်မက အရမ်းကို ဉာဏ်များပြီး လှည့်စားတတ်တာက ညီအစ်ကိုမောင်နှမတွေအားလုံးကို အရူးလုပ်ခဲ့တဲ့အထိပေါ့။ ကျွန်မက သူတို့ကို ခဏလောက် အရူးလုပ်နိုင်ပေမဲ့ ဘုရားက အရာရာကို မြင်တယ်။ ပြီးတော့ ဘုရားက ဖြောင့်မတ်တယ်။ ကျွန်မက ဘုရားသခင်ကို အရူးလုပ်ပြီး လှည့်စားဖို့ ကြိုးစားနေတာပါ။ ဒီတော့ ဘုရားက ကျွန်မကို ဘယ်လို မမုန်းတီးပဲနေမှာလဲ။ ဒါကြောင့်မို့ အဲဒီအချိန်ကာလအတွင်းမှာ ကျွန်မတာဝန်တွေမှာ ဘုရားရဲ့ကောင်းချီးတွေ၊ လမ်းပြမှုတွေကို တစ်ခါမှ မတွေ့ခဲ့တာပဲ။ ပြဿနာတွေက ကိုယ့်ကို ရှုပ်ထွေးစေပြီး ကိုယ့်ရဲ့တိုးတက်မှုက မသိသာရင် ဒါတွေက အန္တရာယ်ရှိတဲ့ လက္ခဏာတွေပဲ။

အဲဒီနောက်မှာ ကျွန်မ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်က နောဧအား သင်္ဘောတည်ဆောက်ခြင်းကို ပေးအပ်ခဲ့သည့် အချိန်မှ နောဧသည် မည်သည့်အချိန်၌မျှ ‘ဘုရားသခင်က ကမ္ဘာကြီးကို မည်သည့်အချိန်တွင် ဖျက်ဆီးမည်နည်း။ သူသည် ထိုသို့လုပ်ဆောင်မည်ဟု မည်သည့်အချိန်တွင် အချက်ပြမည်နည်း’ ဟု သူ့ဘာသာသူ မစဉ်းစားခဲ့ချေ။ ထိုသို့သော အကြောင်းအရာများကို တွေးဆနေမည့်အစား နောဧသည် ဘုရားသခင်က သူမှတ်မိအောင် ပြောထားခဲ့သည့် အရာတစ်ခုချင်းစီကို မှတ်သားရန်၊ ထို့နောက် တစ်ခုချင်းစီကို ဆောင်ရွက်ရန် အပြင်းအထန် ကြိုးစားခဲ့သည်။ ဘုရားသခင်က သူ့အား တာဝန်ပေးစေခိုင်းခဲ့သောအရာကို လက်ခံပြီးနောက်၊ နောဧသည် သင်္ဘောတည်ဆောက်ခြင်းကို ဆောင်ရွက်ခြင်းနှင့် ပြီးမြောက်အောင်မြင်ခြင်းကို နှောင့်နှေးကြန့်ကြာဖို့ အတွေးတစ်ခုမျှမရှိဘဲ သူ၏ဘဝ၌ အရေးအကြီးဆုံး အရာတစ်ခုအလား စတင် လုပ်ဆောင်ခဲ့သည်။ နေ့ရက်များ ကျော်ဖြတ်ကာ နှစ်များကုန်လွန်လျက် အချိန်က မရပ်မနားရှေ့ဆက်နေခဲ့သည်။ ဘုရားသခင်သည် နောဧအပေါ် မည်သည့်ဖိအားမျှ လုံးဝမပေးခဲ့သော်လည်း နောဧသည် သူ့အား ဘုရားသခင်တာဝန်ပေးစေခိုင်းထားသော အရေးကြီးဆုံးအလုပ်၌ ဤအချိန်ကာလတစ်လျှောက်လုံး မဆုတ်မနစ်ကြိုးပမ်းခဲ့သည်။ ဘုရားသခင် မိန့်မြွက်ပြီးသော စကားလုံးတိုင်းနှင့် စကားစုတိုင်းကို ကျောက်ပြားပေါ်တွင် ထွင်းထုထားသော စာလုံးများကဲ့သို့ နောဧ၏ နှလုံးသားထက်တွင် ရေးထိုးထားခဲ့လေသည်။ သူသည် ပြင်ပလောကရှိ အပြောင်းအလဲများ၊ သူ၏ပတ်ဝန်းကျင်၌ ရှိသောသူတို့၏ လှောင်ပြောင်သရော်မှု၊ ပါဝင်သည့် ခက်ခဲမှု၊ သို့မဟုတ် သူကြုံတွေ့ရသော အခက်အခဲများကို မမှုဘဲ သူ့အား ဘုရားသခင်တာဝန်ပေးစေခိုင်းထားခဲ့သော အရာ၌ မည်သည့်အခါမျှ စိတ်ပျက်ခြင်းမရှိ သို့မဟုတ် လက်လျှော့ဖို့ စိတ်ကူးမရှိဘဲ တစ်ချိန်လုံး အပတ်တကုတ်ကြိုးစားခဲ့သည်။ ဘုရားသခင်၏ စကားများကို နောဧ၏နှလုံးသားပေါ်၌ ရေးထိုးထားခဲ့ပြီး ယင်းတို့က သူ၏ နေ့စဉ် လက်တွေ့အရှိတရား ဖြစ်လာခဲ့ပြီးဖြစ်သည်။ နောဧသည် သင်္ဘောဆောက်လုပ်ဖို့ လိုအပ်သည့်ပစ္စည်းများ တစ်ခုချင်းစီကို ရှာဖွေပြီး သိုလှောင်ခဲ့သည်၊ ဘုရားသခင်အမိန့်ပေးထားသည့် သင်္ဘော၏ပုံစံနှင့် အသေးစိတ်သတ်မှတ်ချက်များက နောဧ၏ တူနှင့်ဆောက်တို့၏ ဂရုတစိုက် ထုရိုက်ချက်အသီးသီးတို့နှင့်အတူ တဖြည်းဖြည်း ပုံပေါ်လာခဲ့၏။ လူတို့က သူ့ကို ရယ်သွမ်းသွေးပြီး အသေရေပျက်အောင် မည်သို့ ပြောဆိုကြသည်ဖြစ်စေ တစ်နှစ်ပြီးတစ်နှစ် လေနှင့်မိုးတစ်လျှောက်လုံး နောဧ၏အသက်တာမှာ ဤပုံစံအတိုင်း ရှေ့ဆက်ခဲ့သည်။ ဘုရားသခင်သည် သူ့ကို နောက်ထပ် စကားမိန့်မြွက်ခြင်း မရှိဘဲ နောဧ၏ လုပ်ဆောင်ချက်တိုင်းကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့ပြီး သူ၏စိတ်နှလုံးကို နောဧက တို့ထိခဲ့လေသည်။ သို့သော်လည်း နောဧသည် ဤအရာကို သိလည်းမသိ၊ ခံလည်းမခံစားခဲ့ပေ။ သူသည် အစမှအဆုံးတိုင် သင်္ဘောကိုသာ ဆောက်လုပ်ခဲ့ပြီး ဘုရားသခင်၏စကားကို မမှိတ်မသုန် သစ္စာစောင့်သိခြင်းဖြင့် သက်ရှိသတ္တဝါမျိုးစုံကို စုဝေးစေခဲ့သည်။ နောဧ၏ စိတ်နှလုံးထဲတွင် သူလိုက်နာသင့်ပြီး လုပ်ဆောင်သင့်သော ထို့ထက်ပိုမြင့်မားသည့် ညွှန်ကြားချက်မရှိပေ— ဘုရားသခင်၏စကားများက သူ၏ ရာသက်ပန်ဦးတည်ချက်နှင့် ရည်မှန်းချက်ပန်းတိုင် ဖြစ်ခဲ့သည်။ ထို့ကြောင့် ဘုရားသခင်က သူ့အား မည်သည့်အရာကို ပြောခဲ့သည်ဖြစ်စေ၊ ဘုရားသခင်က သူ လုပ်ဆောင်ရန် မည်သည့်အရာကို ခိုင်းစေခဲ့သည်ဖြစ်စေ၊ အမိန့်ပေးခဲ့သည်ဖြစ်စေ နောဧက မမေ့လျော့ရုံသာမက၊ ယင်းကို သူ၏စိတ်ထဲတွင် အာရုံစိုက်ရုံသာမက၊ ဘုရားသခင်၏ စေစားချက်ကို လက်ခံရန်နှင့် ဆောင်ရွက်ရန်အတွက် သူ၏အသက်တာကို အသုံးပြုလျက် ယင်းကို သူ့ကိုယ်ပိုင်ဘဝ၏ လက်တွေ့အရှိတရားလည်း ဖြစ်စေခဲ့သည်။ ဤသို့ဖြင့် ပျဉ်ပြားတစ်ချပ်ပြီးတစ်ချပ်ဖြင့် သင်္ဘောကို ဆောက်လုပ်ခဲ့သည်။ နောဧ၏ လှုပ်ရှားမှုတိုင်း၊ သူ၏ နေ့ရက်စဉ်တိုင်းကို ဘုရားသခင်၏ ပညတ်ချက်များနှင့် စကားများအတွက် ရည်စူးထားခဲ့သည်။ နောဧသည် အလွန်အရေးပါသော တာဝန်တစ်ရပ်ကို ထမ်းဆောင်နေသည့်ပုံ ပေါက်ကောင်းပေါက်မည် မဟုတ်သော်လည်း ဘုရားသခင်၏ အမြင်တွင်ကား သူပြုလုပ်ခဲ့သမျှ၊ တစ်စုံတစ်ရာ ဖြစ်မြောက်အောင်လုပ်ဖို့ လှမ်းသော သူ၏ခြေလှမ်းတိုင်း၊ သူ့လက်အားဖြင့် လုပ်ဆောင်သည့် အားထုတ်မှုတိုင်း— ၎င်းတို့အားလုံးမှာ အဖိုးတန်ပြီး ဂုဏ်ပြုထိုက်ကာ ဤလူသားမျိုးနွယ်က အတုယူထိုက်လေသည်။ နောဧသည် သူ့အား ဘုရားသခင် တာဝန်ပေး စေခိုင်းထားခဲ့သည့်အရာကို လိုက်နာစောင့်ထိန်းခဲ့သည်၊ သူသည် ဘုရားသခင်မိန့်မြွက်ခဲ့သည့် စကားတိုင်း မှန်ကန်သည်ဟူသည့် မဆုတ်မနစ်သော ယုံကြည်မှုရှိခဲ့ကာ၊ ယင်းနှင့်ပတ်သက်၍ ၎င်း၌ သံသယလုံးဝ မရှိခဲ့ပေ။ ရလဒ်အနေဖြင့် သင်္ဘောသည် ပြီးစီးခြင်းသို့ရောက်ခဲ့ပြီး သက်ရှိသတ္တဝါမျိုးစုံက ယင်းအပေါ်၌ အသက်ရှင်နိုင်ခဲ့သည်။” (အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “အသေးစိတ်ရှင်းလင်းချက် ၂- နောဧနှင့် အာဗြဟံတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ခဲ့ပြီး သူ့ကို လိုက်နာခဲ့ပုံ (အပိုင်း ၁)”) ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ ဆင်ခြင်ရင်းနဲ့ အရမ်းကို တို့ထိခြင်းခံရပါတယ်။ နောဧက ဘုရားကို နာခံပြီး အရေးထားတယ်။ ဘုရားက နောဧကို သင်္ဘောကြီးဆောက်ဖို့ ပြောတဲ့အခါ နောဧက ဘုရားရဲ့ စေခိုင်းချက်နဲ့ တောင်းဆိုချက်တွေကို ချစ်မြတ်နိုးပြီး လိုက်နာခဲ့တယ်။ အစတော့ သင်္ဘောကြီးကို ဘယ်လိုဆောက်ရမယ်ဆိုတာ သူမသိဘူး။ ဆောက်ဖို့အခက်အခဲက အရမ်းကြီးလွန်းတယ်။ အဆင့်တိုင်းမှာ သူဟာ ဒုက္ခခံပြီး အဖိုးအခပေးဆပ်ရတယ်။ ဒါပေမဲ့ နောဧက ဘုရားရဲ့ စေခိုင်းချက်အပေါ် သစ္စာရှိတယ်။ ဘုရားရဲ့ စေခိုင်းချက်ကို ပြီးမြောက်စေဖို့ သူဟာ ဒုက္ခခံတယ်။ အဖိုးအခပေးဆပ်တယ်။ သင်္ဘောကြီးကို သံတစ်ချောင်းချင်းစီနဲ့ ဆောက်တယ်။ နောဧက နှစ် ၁၂၀ကြာအထိ ဇွဲရှိရှိနဲ့လုပ်ခဲ့ပြီး နောက်ဆုံးမှာ ဘုရားရဲ့ စေခိုင်းချက်ကို ပြီးမြောက်ခဲ့တယ်။ နောဧက သင်္ဘောကြီးကိုတည်ဆောက်ဖို့ အများကြီးဒုက္ခခံရပြီး ဇာတိပကတိသက်သာမှုကို မခံစားခဲ့ရပေမဲ့ ဘုရားရဲ့ စေခိုင်းချက်ကို သူ ဆောင်ရွက်ခဲ့တယ်။ ဘုရားကို ကျေနပ်စေပြီး ဘုရားရဲ့ နှစ်သက်မှုကို ရရှိခဲ့တယ်။ နောဧရဲ့ ဘဝက အရမ်းကို အဓိပ္ပာယ်ရှိတဲ့ဘဝပဲ။ နောဧနဲ့ ယှဉ်ကြည့်ရင် ကျွန်မက လူ့သဘာဝမရှိဘူးဆိုတာ တွေ့ရတယ်။ ဘုရားသခင်ရဲ့ စေခိုင်းချက်ကို ကျွန်မ မမြတ်နိုးခဲ့ဘူး။ ကျွန်မက သစ္စာမရှိခဲ့ဘူး။ ပျင်းရိပြီး ဉာဏ်များတယ်။ ဇာတိပကတိသက်သာမှုကိုပဲ မက်မောပြီး လုံးဝ ဒုက္ခခံဖို့ မလိုလားခဲ့ဘူး။ ဘုရားရဲ့ စေခိုင်းချက်နဲ့ ကျွန်မ မထိုက်တန်ခဲ့ပါဘူး။ ကျွန်မက တကယ်ကို စက်ဆုပ်ဖွယ်ပါပဲ။ ကျွန်မက ဒီလိုဆက်သွားပြီး မပြောင်းလဲခဲ့ရင် အဆုံးမှာ ဘုရားဆီက တာဝန်ကို ကျွန်မ ဆုံးရှုံးရမှာ၊ အဲဒါကို အသက်ထက်ဆုံး နောင်တရနေရမှာ။

နောက်တစ်နေ့မှာ ကျွန်မရဲ့အချိန်ကို ကျွန်မ စီစဉ်တယ်။ လူသစ်တွေကို ရေလောင်းတာနဲ့ပတ်သက်ပြီး နေ့စဉ် ကိုယ့်ကိုယ်ကိုယ် သမ္မာတရားနဲ့ ပြင်ဆင်တယ်။ တစ်နေ့ အစည်းအဝေးမှာ ညီအစ်ကိုမောင်နှမတွေက ရေလောင်းတဲ့အလုပ်မှာရှိတဲ့ ပြဿနာကို ထုတ်ပြတယ်။ ကျွန်မနားမလည်တဲ့အရာတစ်ခုကိုကြားတဲ့အခါ ကျွန်မ ရှောင်ချင်တယ်။ သူတို့ဘာသာသူတို့ ဖြေရှင်းခိုင်းလိုက်ဖို့ ကျွန်မ စဉ်းစားတယ်။ ဒါပေမဲ့ ဒီတစ်ခါတော့ ကျွန်မက ဝတ်ကျေတန်းကျေ လုပ်ချင်ပြီး တာဝန်မယူချင်တာကို သတိပြုမိခဲ့တယ်။ နောဧက သူ့ရဲ့ စေခိုင်းချက်အပေါ်ထားတဲ့ လေးနက်ပြီး တာဝန်သိတတ်တဲ့ သဘောထားကို ကျွန်မ တွေးမိတယ်။ နောက်တော့ ကျွန်မ သတိရှိရှိနဲ့ ကျွန်မရဲ့ မမှန်ကန်တဲ့ အခြေအနေကို ပြုပြင်ခဲ့ပါတယ်။ ပြဿနာဖြေရှင်းဖို့ သမ္မာတရားအပေါ် သူတို့ မိတ်သဟာယပြုပုံကို ကျွန်မ အာရုံစိုက်နားထောင်တယ်။ သူတို့က အနှစ်ချုပ်တဲ့အခါမှာ ကျွန်မ သူတို့ကို အကြံပေးခဲ့တယ်။ ကျွန်မရဲ့ အကြံက ကောင်းတယ်လို့သူတို့ပြောတော့ အံ့သြရတယ်။ အစ်မလီနဲ့အတူ လူသစ်တွေကို ကျွန်မ ရေလောင်းတဲ့အချိန်မှာ လူသစ်တွေရဲ့ လက်တွေ့အခက်အခဲတွေကို ဖြေရှင်းတာကို လက်တွေ့လုပ်ဆောင်တယ်။ ကျွန်မ မဖြေရှင်းနိုင်တဲ့ပြဿနာတွေရှိရင် သူ့အကူအညီကို ကျွန်မ ချက်ချင်းတောင်းတယ်။ အချိန်နည်းနည်းကြာတော့ လူသစ်တွေကို ကျွန်မလည်း ကိုယ့်ဘာသာ ရေလောင်းနိုင်လာတယ်။ ကျွန်မမှာ ချို့ယွင်းချက်၊ အားနည်းချက်တွေရှိနေသေးပေမဲ့ ကျွန်မ တိုးတက်လာတာ၊ ပိုသိလာတာကို ကိုယ့်ဘာသာခံစားမိတယ်။ ပြီးတော့ ပိုပြီး သက်သောင့်သက်သာဖြစ်လာတယ်။ ကျွန်မရခဲ့တဲ့ နားလည်မှုနဲ့ အကျိုးအမြတ်တွေက လုံးဝ ဘုရားအလုပ်ရဲ့ သက်ရောက်မှုပါ။ ကျေးဇူးတော်ပါပဲ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဂုဏ်အဆင့်အတန်းနောက်သို့လိုက်ခြင်း၏ ဆင်းရဲဒုက္ခ

ကျိန်းယွမ် တရုတ်နိုင်ငံ ၂၀၁၇မှာ ကျွန်မ အသင်းတော်ခေါင်းဆောင်တစ်ယောက်အနေနဲ့ ရွေးချယ်ခံခဲ့ရတယ်။ အသင်းတော်တချို့ရဲ့အလုပ်ကို ကြီးကြပ်ဖို့အတွက်...

လူသစ်တွေကို လေ့ကျင့်ပေးရင်း ကျွန်တော် ထုတ်ဖော်ခံရတယ်

ရှောင်ဇောင် ဂရိနိုင်ငံ နိုင်ငံတော်ဧဝံဂေလိတရား ပျံ့နှံ့လာတာနဲ့အမျှ၊ ဘုရားရဲ့နောက်ဆုံးသောကာလ အမှုတော်ကို စုံစမ်းတဲ့လူတွေက တစ်နေ့တခြား...

အဆင့်အတန်းကို လက်လွှတ်ရာတွင် ကျွန်ုပ် လွတ်မြောက်သည်

ဟောင်လီ တရုတ်နိုင်ငံ ၂၀၁၉ ခုနှစ် ဩဂုတ်လမှာ ခေါင်ဆောင်ရာထူးတစ်ခု ကျွန်မယူခဲ့တယ်။ တစ်ကြိမ် စုဝေးပွဲတစ်ခုမှ ကျွန်မရဲ့ မိတ်သဟာယကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။