အခြားသူတို့၏ လေးစားမှုကို လိုက်စားခြင်းမှ ကျွန်ုပ်ရရှိသည့်အရာ

30.09.2022

ရှန့်ရှီး တရုတ်နိုင်ငံ

ပြီးခဲ့တဲ့ အောက်တိုဘာတုန်းက ကျွန်မတာဝန်ကို လုပ်ဖို့ အသင်းတော်ကို သွားခဲ့တယ်။ အသင်းတော် ခေါင်းဆောင် အစ်မလျန်က စုဝေးတဲ့ အဖွဲ့အနည်းငယ်ကို အရင်ဆုံး ဦးဆောင်ခိုင်းတယ်။ စုဝေးပွဲပြီးတိုင်းမှာ၊ ကျွန်မနားမလည်တဲ့ မေးခွန်းတွေကို အစ်မလျန်ဆီ အမြဲ ဖွင့်ပြောပြီး မေးခဲ့တယ်။ အစ်မလျန်က ကျွန်မကို စိတ်ရှည်ရှည်နဲ့ မိတ်သဟာယပြုပေးတယ်။ အဲဒီအတောအတွင်းမှာ၊ နေ့တိုင်း ဆန်းသစ်တာတစ်ခုခု ရရှိတယ်လို့ ခံစားရတယ်။ တစ်ပတ်ကြာပြီးတဲ့နောက်မှာ၊ ကြီးကြပ်ရေးမှူး အစ်မချင်က ကျွန်မတို့နဲ့ စုဝေးဖို့ လာတယ်။ ရံဖန်ရံခါ၊ ကျွန်မက ငယ်ရွယ်တယ်၊ အစွမ်းအစကောင်းရှိတယ်၊ လူ့သဘာဝ ရင့်ကျက်ပြီး ကိုယ့်တာဝန်မှာ ဝန်တာထားတယ်လို့ အစ်မလျန်ပြောတာ ကျွန်မ ကြားရတယ်။ ကျွန်မ တော်တော် အံ့ဩသွားတယ်။ ကျွန်မအပေါ် အစ်မလျန်ရဲ့ သုံးသပ်ချက် သိပ်ကောင်းမယ်မှန်း မမျှော်လင့်မိဘူးလေ။ အစ်မချင်က အကြိမ်တော်တော်များများ ကျွန်မကို အသင်းတော် ခေါင်းဆောင်အနေနဲ့ ပျိုးထောင်ချင်တယ်လို့ ပြောပြီး အသင်းတော်ရဲ့ အလုပ်အမျိုးမျိုးနဲ့ ကျွန်မကို အကျွမ်းဝင်အောင်လုပ်ဖို့ အစ်မလျန်ကို ခိုင်းတာ ကြားရတယ်။ အဲဒီအချိန်မှာ၊ ကျွန်မ အပြင်ပန်းမှာ တည်ငြိမ်နေပေမဲ့၊ စိတ်နှလုံးထဲမှာတော့ အရမ်းကို ပျော်သွားတာပေါ့။ အသင်းတော်ထဲမှာ ကျွန်မက တန်ဖိုးရှိတဲ့ ပါရမီရှင် ဖြစ်နေတဲ့ပုံပဲ။ လူတိုင်းက ကျွန်မကို အရမ်းအထင်ကြီးကြတော့၊ နောင်မှာ ကောင်းကောင်း ဆောင်ရွက်ပြီး ကျွန်မရဲ့ အားနည်းချက်တွေကို တခြားလူတွေကို မြင်ခွင့်ပေးလို့ မဖြစ်ဘူးလို့ ခံစားရတယ်။ မဟုတ်ရင်၊ ဘယ်သူကမှ ကျွန်မကို လေးစားကြမှာ မဟုတ်ဘူးလေ။

မကြာခင်၊ နောက်ထပ် စုဝေးပွဲမှာ၊ အစ်မချင်ကို တွေ့တော့၊ ကျွန်မ အလိုလို ကြောက်လာတယ်။ သူ့ရှေ့မှာ ဆောင်ရွက်တာ ညံ့ရင်၊ သူ့အမြင်မှာရှိတဲ့ ကျွန်မရဲ့ ပုံရိပ်ကို ဖျက်စီးမိပြီး သူ ကျွန်မကို မပျိုးထောင်တော့မှာကို ကြောက်တယ်။ အဲဒီအချိန်မှာ ကျွန်မတို့ကို အစ်မချင်က ဒီအတောအတွင်းမှာ ဘာရခဲ့ကြလဲလို့ ရုတ်တရက်မေးတယ်။ ကျွန်မ တွေးမိတယ်။ “ဒီအတောအတွင်းမှာ၊ အသင်းတော်အလုပ်ကို စရုံပဲရှိသေးတာ။ နေ့တိုင်း အရမ်းအလုပ်များပြီး၊ အသက်ဝင်ရောက်မှုကို သိအာရုံမစိုက်မိခဲ့လို့၊ ငါ့မှာ ပြောစရာ ဘာမှမရှိဘူး။ ဒါပေမဲ့ ရိုးရိုးသားသား ပြောရရင်၊ ငါက အသက်ဝင်ရောက်မှုကို အာရုံမစိုက်သလို သမ္မာတရားကို လိုက်စားတဲ့သူတစ်ယောက် မဟုတ်ဘူးလို့ အစ်မချင်က မပြောဘူးလား။ အဲဒါဆိုရင် သူ ငါ့ကို ပျိုးထောင်နိုင်ပါဦးမလား။ မဖြစ်ဘူး၊ ငါ့မှာ အသက်ဝင်ရောက်မှုမရှိဘူးလို့ သူ့ကို မြင်ခွင့်ပေးလို့ မဖြစ်ဘူး”လို့ပေါ့။ ဒါကြောင့် ကျွန်မ နည်းနည်း နာလည်တဲ့ လတ်တလော အရေးမပါတဲ့ အတွေ့အကြုံတွေကို သတိရအောင် ဦးနှောက်ခြောက်ခံ စဉ်းစားပြီး၊ ဒါတွေကို လူတိုင်းနဲ့ ဝေမျှလိုက်တယ်။ ကျွန်မ မိတ်သဟာယပြီးတော့၊ အစ်မချင်က ကျွန်မအကြောင်း ဘာတစ်ခုမှ မပြောတာ မြင်တော့၊ သက်ပြင်းရှည်ကြီး ချမိတယ်။

အဲဒီနောက်မှာ၊ အစ်မချင်က စုဝေးပွဲတွေလာတိုင်း၊ ကျွန်မ အရမ်း သတိထားခဲ့ပြီး၊ မပြောခင် ကိစ္စတွေကို အသေးစိတ် စဉ်းစားတယ်။ လွယ်ပေါက်တွေ မရှိဘူးလို့ ခံစားရင်၊ ပြောချင်ခဲ့တယ်။ ကိုယ့်အခြေအနေအကြောင်း ပြောတဲ့အခါ ဆိုးရွားတဲ့ ပြဿနာတွေကို ဖော်ပြတာကိုလည်း ရှောင်ခဲ့ပြီး၊ ပြဿနာတွေကို ဆွေးနွေးတဲ့အခါ ကိုယ့်ကိုယ်ပိုင် အမြင်တွေကို ဖော်ပြဖို့ ပဏာမခြေလှမ်း လှမ်းခဲတယ်။ စုဝေးပွဲတစ်ခုမှာ အစ်မချင်က အလားအလာရှိတဲ့ ဧဝံဂေလိ လက်ခံသူတစ်ဦးနဲ့ ပတ်သက်လို့ မေးတာ သတိရမိတယ်။ ကျွန်မတွဲဖက် ညီအစ်မက စကားပြောတာပြီးသွားတော့၊ သူ့ရဲ့ ဧဝံဂေလိ ဟောပြောချက်ထဲက သွေဖည်တာတွေကို အစ်မချင်က ထောက်ပြပြီး၊ ကျွန်မတို့ကို မေးတယ်။ “ရှင်တို့ကို ဧဝံဂေလိ ဟောခိုင်းရင် ဘာလုပ်မလဲ”တဲ့။ ကျွန်မ ကြက်သေသေသွားပြီး အရမ်း စိတ်လှုပ်ရှားသွားတယ်။ “ငါတို့ တွေးတာကို အစ်မချင်က ဘာလို့ မေးနေတာလဲ။ ခေါင်းဆောင်တွေဖြစ်ဖို့ ကျွန်မတို့မှာ ဦးနှောက်နဲ့ အစွမ်းအစရှိလားလို့ သိချင်တာများလား”လို့ပေါ့။ အရင်က ဖတ်ခဲ့တဲ့ ဧဝံဂေလိ စာပေတွေကို မှတ်မိဖို့ ကျွန်မ ကြိုးစားလိုက်ပြီး၊ ဖြေဖို့ နည်းလမ်းမှန်ကို ရှာဖွေလိုက်တယ်။ အဲဒီမချိန်၊ ကျွန်မမှာ စိတ်ကူးတချို့ရှိပေမဲ့၊ မှန်တယ်ဆိုတာ မသေချာလို့ ဘာကိုမှ မပြောခဲ့ဘူး။ ကျွန်မ စတွေးမိတယ်၊ “ငါ့ စိတ်ကူးတွေ အလုပ်ဖြစ်ရင် ကိစ္စမရှိပေမဲ့၊ အလုပ်မဖြစ်ဘဲ တခြားညီအစ်မတွေက ပိုကောင်းတဲ့ စိတ်ကူးတွေ တွေးမိကြရင်၊ ငါ့မှာ အစွမ်းအစမရှိသလို ကိစ္စတွေကို အရမ်းပဲ ရိုးရိုးရှင်းရှင်း စဉ်းစားတယ်လို့ တွေးမလား။ ဒါက ငါ့ရဲ့ ပုံရိပ်ကောင်းကို ဖျက်ဆီးမှာပဲ မဟုတ်လား”ပေါ့။ ဒါကို တွေးရင်းနဲ့၊ ကျွန်မရဲ့ တွဲဖက်နှစ်ယောက်အပေါ် ကျွန်မ မရည်ရွယ်ဘဲ ကြည့်လိုက်မိပြီး၊ ကျွန်မ စိတ်က စခန့်မှန်းတယ်၊ “သူတို့ ဘာပြောစရာရှိလဲ အရင်ဆုံး နားထောင်လိုက်ရအောင်ပါ။ သူတို့စိတ်ကူးတွေက ငါ့ထက် ပိုကောင်းရင်၊ သူတို့အတွေးတွေကို ငါ ချဲ့ကားလို့ရနိုင်တယ်။ သူတို့ စိတ်ကူးတွေက မကောင်းရင်၊ ငါတွေးတာကို ပြောလို့ရတာပဲ။ အဲဒီလိုနဲ့ ငါ့အားနည်းချက်တွေကို ဘယ်သူမှ သတိထားမိမှာ မဟုတ်သလို၊ ခေါင်းဆောင်ရဲ့ အမြင်မှာ ငါ့ပုံရိပ်ကောင်းကို ထိခိုက်မှာ မဟုတ်ဘူး”လို့ပေါ့။ ဒါကြောင့် ခေါင်းတစ်ဖက်လှည့်လိုက်ပြီး ညီအစ်မနှစ်ယောက် ဖြေတာကို စောင့်ရင်းနဲ့ စဉ်းစားနေသလို ဟန်ဆောင်လိုက်တယ်။ သူတို့ ပြောတာပြီးသွားတော့၊ သူတို့အတွေးရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံးနေရာတွေကို ကိုယ့်ကိုယ်ပိုင် အတွေးနဲ့ ပေါင်းစပ်ပြီး ပြောလိုက်တယ်။ အစ်မချင်က ကျွန်မကို ချီးမွမ်းရုံချီးမွမ်းနေတာ မြင်တော့ ကျွန်မ အရမ်းပျော်သွားတယ်။ ကျွန်မ စိတ်နှလုံးထဲ ပန်းတွေ ပွင့်နေသလိုပါပဲ။ အစ်မချင်ရဲ့ အမြင်မှာ ကျွန်မရဲ့ ပုံရိပ်က သေချာပေါက် တိုးတက်သွားပြီလို့ ခံစားရတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ကျွန်မ စိတ်ငြိမ်သွားပြီး၊ စုဝေးပွဲတွေမှာ အမြဲ ကျွန်မ သတိထားနေခဲ့ပုံကို သတိရတော့၊ ကိုယ့်စိတ်နှလုံးမှာ အပြစ်တင်စိတ် နည်းနည်း ခံစားခဲ့ရတယ်။ “ခေါင်းဆောင်နဲ့ စုဝေးတဲ့အခါ ငါ့ အတွေးက ဘာလို့ အမြဲ ရှုပ်ထွေးနေရတာလဲ။ အစ်မချင်ကို ငါ့ အခြေအနေအကြောင်း ဖွင့်ပြောသင့်တယ် ထင်တယ်”လို့ပေါ့။ ကျွန်မအခြေအနေနဲ့ အခက်အခဲတွေအကြောင်း အခု ကျွန်မ ဖွင့်ပြောလိုက်ရင်၊ ကျွန်မက လှည့်စားတတ်ပြီး အများကြီး ဖုံးကွယ်ထားတယ်လို့ အစ်မချင်က ပြောမလား။ ငါ့ကို သူ ဆက်ပြီး ပျိုးထောင်ပေးပါဦးမလားပေါ့။ ခဏကြာ ကိုယ့်ဘာသာဒွိဟဖြစ်ပြီးတဲ့နောက်၊ စကားလုံးတွေကို မျိုသိပ်လိုက်တော့တယ်။

အဲဒီအတောအတွင်းမှာ၊ ပျိုးထောင်ခံရတဲ့ သူတွေက ချွတ်ယွင်းချက်တစ်ခုမှ မရှိသင့်ဘူးလို့ တွေးမိလို့ ကိုယ့်ကိုယ်ကိုယ် ပြရုပ်တင်ဖို့ အကောင်းဆုံး အမြဲ ကြိုးစားခဲ့တယ်။ တစ်ခါတစ်လေ ဘယ်လိုဖြေရှင်းရမယ်မှန်း မသိတဲ့ အခက်အခဲတွေ ရှိခဲ့ပြီး၊ အစ်မချင်ဆီ ဖွင့်ပြော၊ ရှာဖွေချင်ခဲ့ပေမဲ့၊ အကြိမ်ကြိမ် ဝန်လေးခဲ့တယ်။ “ငါ့အပေါ် အစ်မလျန်ရဲ့ သုံးသပ်ချက်တွေက အမြဲ ကောင်းခဲ့ပြီးပြီ။ ငါ ဖွင့်ပြောပြီး ရှာဖွေလိုက်ရင်၊ အလုပ်ကိုင်တွယ်ဖို့ ငါ့ရဲ့ ဝိညာဉ်ရင့်ကျက်မှု နည်းလွန်းတယ်လို့ ခေါင်းဆောင်က ထင်မလား”လို့ပေါ့။ ဒီလိုတွေးမိတော့၊ ကျွန်မ စကားမပြောချင်တော့ဘူး၊ ဒါပေမဲ့ အပြင်ပန်းမှာတော့၊ ကိုယ့်တာဝန်မှာ အရမ်း တက်ကြွသလို ဟန်ဆောင်နေတုန်းပဲ။ ကိုယ့်မှာ အခက်အခဲတွေ၊ အားနည်းချက်တွေ မရှိခဲ့သလိုမျိုးပေါ့။ တဖြည်းဖြည်းနဲ့၊ စုဝေးပွဲ အတောအတွင်းမှာ၊ ကိုယ့်ရဲ့ တကယ့် အခြေအနေနဲ့ အခက်အခဲတွေအကြောင်း ဖွင့်ပြောတာ နည်းသထက်နည်းသွားတယ်။ ကျွန်မက ပျိုးထောင်ခံရမဲ့သူလို့ ညီအစ်ကို မောင်နှမတွေ ပြောတာ ကြားတဲ့အခါတိုင်း၊ ကိုယ့်ကိုယ်ကိုယ် အရမ်းဟန်ဆောင်ပြီး သတိထားခဲ့တယ်။ အနီးအနားက ညီအစ်ကို မောင်နှမတွေက ကျွန်မကို အထင်ကြီးကြပြီး သွားတဲ့နေရာတိုင်းမှာ ချီးကျူးတာတွေ ရပေမဲ့၊ ဖော်ပြလို့မရတဲ့ ခါးသီးမှုကို ခံစားခဲ့ရတယ်။ မျက်နှာဖုံးတစ်ခု တပ်လျက်သား အသက်ရှင်နေသလို မကြာခဏ ခံစားရတယ်။ စကားလုံးတိုင်းကို အချိန်အတော်ကြာ စဉ်းစားရတယ်။ ကိုယ့်စိတ်နှလုံးမှာ အလေးချိန်တစ်ခု ရှိသလိုမျိုး ခံစားရတယ်။ ဘုရားနဲ့ ကျွန်မရဲ့ ဆက်ဆံရေးက ပိုဝေးသထက်ဝေးသွားတယ်။ စုဝေးပွဲတွေမှာ အလင်းတစ်ခုမှ မခံစားရသလို၊ ကျွန်မအခြေအနေက ပိုဆိုးသထက်ဆိုးသွားတယ်။ လမ်းဆုံးတစ်ခုကို ကျွန်မ လျှောက်နေသလို ခံစားရတယ်။ အဲဒီအချိန်မှာ ဘုရားဆီဆုတောင်းပြီး ဒီအခြေအနေကို ပြောင်းလဲပေးဖို့ပဲ တောင်းလျှောက်နိုင်ခဲ့တယ်။

အဲဒီနောက် ဘုရားနှုတ်ကပတ်တော်မှာ ဖတ်ရတယ်၊ “လူအချို့သည် ညီအစ်ကိုမောင်နှမများနှင့် ဆက်ဆံနေစဉ်တွင်၊ သို့မဟုတ် ပေါင်းဖော်နေစဉ်တွင် ၎င်းတို့အတွင်း၌ ပြဿနာများရှိသည်ကို ညီအစ်ကိုမောင်နှမများ သိရှိသွားမည်ကိုလည်းကောင်း၊ ညီအစ်ကိုမောင်နှမများက ၎င်းတို့ ဝိညာဉ်ရင့်ကျက်မှု နည်းသည်ဟု ပြောမည်ကိုလည်းကောင်း၊ သို့မဟုတ် အထင်သေးမည်ကိုလည်းကောင်း စိုးရွံ့ကြသည်။ ၎င်းတို့စကားပြောစဉ် ၎င်းတို့သည် စိတ်အားထက်သန်ကြောင်း၊ ဘုရားသခင်ကို တောင့်တကြောင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ စိတ်အားတက်ကြွကြောင်း ထင်မြင်စေဖို့ အစဉ်ကြိုးစားကြသော်လည်း၊ အမှန်မှာမူ ၎င်းတို့၏စိတ်နှလုံးထဲ၌ ၎င်းတို့သည် အတော်အတန် အားနည်းပြီး အလွန်အမင်း အပျက်သဘောဆောင်ကြသည်။ မည်သူကမျှ ၎င်းတို့ကို မရိပ်စားမိစေဖို့အလို့ငှာ၊ ၎င်းတို့က ကြံ့ခိုင်သယောင် ဟန်ဆောင်ကြသည်။ ဤအရာမှာလည်း လိမ်လည်လှည့်ဖြားမှု ဖြစ်သည်။ အတိုချုပ်ပြောရလျှင် သင်သည် အသက်တာ၌ဖြစ်စေ၊ တာဝန်ဝတ္တရားကို ထမ်းဆောင်ရာ၌ဖြစ်စေ အခြားသူများက သင့်အား အထင်ကြီးလေးစားပြီး ကိုးကွယ်သည်အထိ၊ သို့မဟုတ် သင့်ကို အထင်မသေးသည်အထိ အလိမ်အညာပြောခြင်းနှင့် ဟန်ဆောင်ခြင်းနှင့် လှည့်စားခြင်း၊ သို့မဟုတ် လှည့်ကွက်များဖြင့် လှည့်ဖြားခြင်းတို့၌ ပါဝင်လုပ်ဆောင်လျှင် သင်လုပ်ဆောင်နေသည့်အရာသည် လှည့်စားမှုသာဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်) ဘုရားနှုတ်ကပတ်တော်က ရှင်းရှင်း ဖော်ပြတယ်။ အနီးအနားရှိသူတွေရဲ့ အရမ်းအရေးထားတာ ရဖို့၊ ကိုယ်တွေ့ကြုံရတဲ့ အခက်အခဲတွေ၊ မကောင်းတဲ့ အခြေအနေတွေကို လုံးဝ မပြဘဲ၊ တခြားလူတွေကို အားသာချက်ရှိပုံပေါ်ပြီး အတွေးမှားနဲ့ အမြဲ လှည့်စားသလို၊ ကိုယ့်ရဲ့ တကယ့်အခြေအနေကို တခြားလူတွေကို လုံးဝ မြင်ခွင့်မပေးတဲ့အခါ၊ ဒါ လှည့်စားမှုပဲ။ ကျွန်မရဲ့ အပြုအမူကို ပြန်ကြည့်ပြီး၊ ဒါဟာ အဲဒီအတောအတွင်း ကျွန်မ လုပ်နေတဲ့အရာ အတိအကျဖြစ်မှန်း သဘောပေါက်လိုက်တယ်။ ကျွန်မကို ပျိုးထောင်ချင်တယ်လို့ ခေါင်းဆောင် ပြောတာ ကြားကတည်းက၊ ခေါင်းဆောင်စိတ်ထဲက ကိုယ့်ပုံရိပ်ကို ကျွန်မ စဂရုစိုက်လာခဲ့တယ်။ ကျွန်မရဲ့ အခြေအနေနဲ့ ပတ်သက်လို့ ခေါင်းဆောင်က မေးပြီး အဲဒီအတောအတွင်း ကျွန်မမှာ အသက်ဝင်ရောက်မှု မရှိတဲ့အခါ၊ အဲဒါကို ပြောလိုက်ရင်၊ ခေါင်းဆောင်ရဲ့ အမြင်မှာ ကျွန်မပုံရိပ်ကောင်းကို ဖျက်ဆီးမိသွားမှာ စိုးရိမ်ခဲ့တယ်။ ဒါကြောင့် အရေးမပါတဲ့ အတွေ့အကြုံ တချို့အတွက် ဦးနှောက်ခြောက်ခံစဉ်းစားပြီး တကယ့် အဖြစ်မှန်တွေကို ဖုံးဖိဖို့ ဆိုးရွားတဲ့ ပြဿနာတွေ ဆွေးနွေးတာကို ရှောင်လိုက်တယ်။ ဧဝံဂေလိ ဟောပြောခြင်းအတွက် ခေါင်းဆောင်က ကျွနမတို့ စိတ်ကူးတွေကို မေးတဲ့အခါ၊ မှားသွားမှာနဲ့ ကျွန်မရဲ့ စစ်မှန်တဲ့ အတိုင်းအတာကို မြင်သွားရင် ခေါင်းဆောင်က မပျိုးထောင်ပေးတော့မှာကို ကြောက်ခဲ့တယ်။ ဒါကြောင့် တမင် စဉ်းစားသလို ဟန်ဆောင်ပြီး၊ စိတ်ဝင်စားဖို့ အကောင်းဆုံးနေရာတွေကို ချဲ့ပြောလို့ရအောင်လို့ ကျွန်မတွဲဖက်ညီမတွေ အရင်ပြောတာကို စောင့်ခဲ့တယ်။ ပိုပြီး ကိုယ့်ကိုယ်ကိုယ် ဟန်ဆောင်ခဲ့တယ်၊ ကိုယ့်ရဲ့ အပျက်သဘောဆောင်တဲ့ အခြေအနေကို ဖွင့်မပြောရဲခဲ့သလို၊ အပြုသဘောဆောင်တဲ့ အခြေအနေမှာ ရှိသလို အမြဲ ဟန်ဆောင်ခဲ့တယ်။ အယောင်ဆောင် ဘဝမှာ အသက်ရှင်နေခဲ့တာပဲ။ ဒါက သူတော်ကောင်းယောင်ဆောင်ပြီး လှည့်စားနေတာပဲ မဟုတ်လား။ ဒါကို သဘောပေါက်လိုက်တာနဲ့ ဘုရားဆီ ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ ဒီအခြေအနေမှာ ကျွန်မ ဆက်အသက်မရှင်ချင်တော့ဘူး။ ကိုယ့်အခြေအနေအကြောင်း ဖွင့်ပြောပြီး ရိုးသားတဲ့ လူဖြစ်ဖို့ ကျေးဇူးပြုပြီး ကူညီပါ” လို့ပေါ့။

နောက်နေ့မှာ၊ ကျွန်မတို့နဲ့ စုဝေးဖို့ အစ်မချင် လာပြီး၊ ကိုယ့်အခြေအနေကို ကျွန်မ ဖွင့်ပြောလိုက်တယ်။ အဲဒီနောက် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ကျွန်မတို့ အတူဖတ်ကြတယ်။ ဘုရားသခင်က ပြောသည်- “အကယ်၍ သင်သည် သမ္မာတရားအား ရှာဖွေရန် ဆန္ဒရှိပါက၊ အကယ်၍ သင်သည် သင်၏မှားယွင်းနေသော စိတ်ဓာတ်လှုံ့ဆော်မှုများ၊ အခြေအနေများ၊ သို့မဟုတ် စိတ်နေစိတ်ထားများကဲ့သို့သော အမျိုးမျိုးသော ကဏ္ဍများ အား အစုံလိုက်အပြုံလိုက်ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာရန် ဆန္ဒရှိပါက၊ ကျန်သည့်အရာအားလုံးထက်၊ သင်သည် မိမိထင်မြင်ခံစားရသည့်အတိုင်း ပြောဆိုရန်နှင့် မိတ်သဟာယဖွဲ့ရန်အတွက် သင်ယူရမည်ဖြစ်သည်။...ပထမဦးစွာအနေဖြင့်၊ ဤသည်မှာ ၎င်းတို့ ထင်မြင်ခံစားချက်အတိုင်း ပြောကာ မိမိကိုယ်ကိုယ် ထုတ်ဖော်ပြလျက်၊ ဘုရားသခင်ရှေ့မှောက်တွင် လူတစ်ဦး ပိုင်ဆိုင်သင့်သည့် သဘောထားပင်ဖြစ်ကာ၊ ဤသဘောထားသည် အလွန်အရေးကြီးသည်။ ‘ဒါတွေက ငါ့ရဲ့အခက်အခဲတွေပဲ၊ ငါက အခြေအနေဆိုးတစ်ခုရှိတယ်၊ ငါက အပျက်သဘောဆောင်တယ်၊ ဒါပေမဲ့ ငါ ဘယ်သူ့ကိုမှ မပြောသေးဘူး။ ငါ့ဘာသာ အားလုံး စိတ််ထဲမှာပဲ ထားမယ်’ဟု ပြော၍ ချူပ်တည်းမထားလေနဲ့။ သင်သည် ဆုတောင်းသည့်အခါ သင်ကိုယ်တိုင်၏ အခြေအနေကို မည်သည့်အခါမျှ မဖွင့်ဟလျှင် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြခြင်းကို လက်ခံရရှိရန် ခက်ခဲလာလိမ့်မည်။ အချိန်ကြာလာသောအခါ သင်သည် ဆုတောင်းလိုစိတ် ရှိတော့မည်မဟုတ်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်လိုစိတ် ရှိတော့မည်မဟုတ်ပေ။ သင်၏အခြေအနေသည် တောင်အောက်သို့ ပို၍ ပို၍ လျှောကျသွားမည်ဖြစ်ကာ၊ အမူအရာများအား ပြောင်းလဲ လုပ်ဆောင်ရာ၌ ခက်ခဲလာမည် ဖြစ်သည်။ ထို့ကြောင့် သင်၏အခြေအနေသည် မည်သို့ပင်ဖြစ်စေ၊ သင်သည် အပျက်သဘောဆောင်သည်ဖြစ်စေ၊ အခက်အခဲ ကြုံနေရသည်ဖြစ်စေ၊ သင် ကိုယ်တိုင်၏တစ်ကိုယ်ရေ စိတ်ဓာတ်လှုံ့ဆော်မှုများ သို့မဟုတ် အစီအစဉ်များ မည်သို့ ရှိသည် ဖြစ်စေ၊ သင် မည်သည့်အရာအား သိရှိလာသည်ဖြစ်စေ၊ သို့မဟုတ် စစ်ဆေးမှုမှ တစ်ဆင့် သဘောပေါက်လာသည်ဖြစ်စေ၊ သင်သည် ထင်မြင်ခံစားရသည့်အတိုင်း ပြောဆိုရန်နှင့် မိတ်သဟာယဖွဲ့ရန်အတွက် သင်ယူရမည် ဖြစ်ကာ၊ သင် မိတ်သဟာယဖွဲ့သည်နှင့်အမျှ သန့်ရှင်းသော ၀ိညာဉ်တော်သည် အလုပ်လုပ်ဆောင်မည် ဖြစ်သည်။ ပြီးလျှင် သန့်ရှင်းသောဝိညာဉ်တော်သည် မည်သို့ လုပ်ဆောင်သနည်း။ သူသည် သင့်အား ဉာဏ်အလင်းဖွင့်ပြပြီး ပြသာနာ၏ ပြင်းထန်မှုကို မြင်စေသည်။ သူသည် သင့်အား ပြသာနာ၏ အရင်းအမြစ်နှင့် အနှစ်သာရအား သတိမူမိစေသည်၊ ထို့နောက် သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်နိုင်ရန်အတွက်၊ ထိုမှနေ၍ သမ္မာတရား၏ စစ်မှန်မှုအတွင်းသို့ ဝင်ရောက်နိုင်ရန်အတွက် တဖြည်းဖြည်းချင်း သမ္မာတရားနှင့် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများကို သင်နားလည်စေရန် ဉာဏ်အလင်းဖွင့်ပြသည်။ ဤသည်မှာ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်မှ ရရှိသော သက်ရောက်မှုဖြစ်သည်။ လူတစ်ယောက်က ပွင့်လင်းစွာ မိတ်သဟာယဖွဲ့နိုင်လျှင် ၎င်းတို့သည် သမ္မာတရားအပေါ် ရိုးသားသော သဘောထားတစ်ခုရှိသည်ဟု ဆိုလိုသည်။ လူတစ်ယောက်သည် ရိုးသားသူဟုတ်မဟုတ်၊ ၎င်းတို့သည် ရိုးသားသူဟုတ်မဟုတ်ကို သမ္မာတရားနှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားအပြင် သမ္မာတရားကို ၎င်းတို့ လက်ခံပြီး ဘုရားသခင်ကို နာခံနိုင်ခြင်းရှိမရှိဖြင့်လည်း တိုင်းတာသည်။ ဤသည်မှာ အရေးကြီးဆုံးဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီးတဲ့နောက် ဖွင့်ပြောပြီး သမ္မာတရား ရှာဖွခြင်းရဲ့ အရေးပါမှုကို ကျွန်မ နားလည်သွားတယ်။ ဒါက သမ္မာတရား စစ်မှန်မှုတွေထဲ ဝင်ရောက်ဖို့ လမ်းကြောင်းပဲ။ ဖွင့်ပြောနိုင်ပြီး မိတ်သဟာယပြုနိုင်တာက သမ္မာတရားအပေါ် လူတစ်ယောက်ရဲ့ သဘောထား စစ်မှန်တဲ့ သဘောဖြစ်ပြီး၊ ရှာဖွေပြီး လက်ခံတဲ့ သဘောထားပဲ ဖြစ်တယ်။ ဖွင့်ပြောခြင်းနဲ့ မိတ်သဟာယပြုခြင်းအားဖြင့်ပဲ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပေးမှုကို ကျွန်မတို့ ရနိုင်သလို၊ အဲဒီအခါမှပဲ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို သတိပြုမိနိုင်ပြီး အခက်အခဲတွေကို ဖြေရှင်းနိုင်တာပါ။ အဲဒီအတောအတွင်းမှာ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ရင်းနဲ့၊ ကိုယ့်ညီအစ်ကို မောင်နှမတွေရှေ့မှာ ပြည့်စုံတဲ့ ပုံရိပ်တစ်ခု အမြဲ ကျွန်မ တည်ဆောက်ချင်ခဲ့တာ တွေ့ရတယ်။ ကျွန်မ မပြောခင်မှာ၊ တခြားလူတွေ ကျွန်မကို ရိပ်စားမိရာကနေ၊ အထင်သေးရာကနေ ဘယ်လို ရှောင်ရှားရမယ်ဆိုတာကို နှစ်ခါ အမြဲ စဉ်းစားခဲ့ရတယ်။ အဲဒါက ကျွန်မရဲ့ စဉ်းစားပုံကို အရမ်း ရှုပ်ထွေးသွားစေခဲ့တယ်။ ကျွန်မရဲ့ အခြေအနေက သိသိသာသာကို မကောင်းခဲ့ပေမဲ့၊ ထုတ်ဖော်မပြရဲခဲ့ဘူး။ ကျွန်မ စိတ်မချမ်းမြေ့ဖြစ်ပြီး၊ ပင်ပန်းခဲ့တယ်၊ စိတ်ဆင်းရဲရတယ်၊ ကျွန်မအခြေအနေက ဆိုးသထက်ဆိုးလာခဲ့ပြီး၊ လုံးဝ ကိုယ့်ဘာသာရတဲ့ ဒဏ်ရာပဲ။ ဘုရားရဲ့ အနှစ်သာရက သစ္စာရှိခြင်းဖြစ်ပြီး ရိုးသားတဲ့ လူတွေကို ဘုရားနှစ်သက်တယ်။ သူတို့မှာ ဘာအတွေးတွေပဲရှိရှိ၊ ဘာဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ပြပါစေ၊ ရိုးသားတဲ့ လူတွေက သူတို့ ညီအစ်ကို မောင်နှမတွေဆီ ဟန်ဆောင်၊ ဖုံးကွယ်တာမရှိဘဲ တကယ်ကို ဖွင့်ပြောနိုင်ကြတယ်။ အဲဒီလိုလူတွေက ဘုရားရဲ့ စစ်ဆေးတာ လက်ခံနိုင်တယ်၊ သမ္မာတရားကို လက်တွေ့လုပ်ဖို့ လိုလားကြပြီး၊ သိက္ခာနဲ့ အသက်ရှင်ကြတယ်။ ဒါက ဘုရားကို ယုံကြည်သူတွေ ပြုမူသင့်တဲ့ပုံစံပဲ။ အဲဒီနောက် အလုပ်ကိစ္စ ကျွန်မတို့ ဆွေးနွေးတော့၊ ကျွန်မရဲ့ အမြင်ကို သတိရှိရှိ ဖော်ပြပြီး၊ ကိစ္စတွေကို ကျွန်မ နားမလည်တဲ့အခါ၊ တခြားလူတွေနဲ့ ရှာဖွေခဲ့တယ်။ စုဝေးပွဲတွေအတွင်းမှာ၊ ကိုယ့်ရဲ့ တကယ့်အခြေအနေအကြောင်း လူတိုင်းကို ဖွင့်ပြောနိုင်ခဲ့တယ်။ ဒါကိုလုပ်လိုက်တာနဲ့၊ ကျွန်မစိတ်နှလုံးထဲက ဝန်ထုပ် နည်းနည်း ပေါ့သွားတယ်။

နောက်ပိုင်းမှာ တခြားလူတွေ အရမ်းအလေးထားတာကို ကျွန်မ အမြဲ ရှာရတဲ့ အနှစ်သာရကို နားလည်အောင် ကူညီပေးခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် တွေ့ခဲ့တယ်။ ဘုရားသခင်က ပြောသည်- “အခြေအနေမှာ မည်သို့ဖြစ်ပါစေ၊ ၎င်းတို့ မည်သည့်တာဝန်ကို ထမ်းဆောင်ပါစေ၊ အန္တိခရစ်သည် ၎င်းအနေဖြင့် အားမနည်းကြောင်း၊ ၎င်းသည် အစဉ် စိတ်ဓာတ်ကြံ့ခိုင်ကာ၊ ယုံကြည်စိတ်ချမှု အပြည့်ရှိ၍ လုံးဝ အပျက်သဘောမဆောင်ကြောင်း အသွင်အပြင်ကို ကြိုးစားပြီး ပြလိမ့်မည်။ ၎င်းတို့၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုကိုဖြစ်စေ၊ ဘုရားအပေါ် စစ်မှန်သော သဘောထားကိုဖြစ်စေ မည်သည့်အခါမျှ မထုတ်ဖော်ပေ။ အမှန်တကယ်တွင် ၎င်းတို့၏စိတ်နှလုံး နက်ရှိုင်းရာတွင်၊ ၎င်းတို့ လုပ်နိုင်သည့်အရာ လုံးဝ မရှိဟု ၎င်းတို့ အမှန်တကယ် ယုံကြည်သလော။ ၎င်းတို့၌ အားနည်းခြင်း မရှိကြောင်း၊ အပျက်သဘောဆောင်ခြင်း မရှိကြောင်း၊ သို့မဟုတ် ဖောက်ပြန်ပျက်စီးမှု ပွင့်အန်ထွက်လာခြင်း မရှိကြောင်း ၎င်းတို့ အမှန်တကယ် ယုံကြည်ကြသလော။ လုံးဝ မယုံကြည်ပေ။ ၎င်းတို့သည် ဟန်ဆောင်ရာ၌ တော်သည်၊ အမှုကိစ္စများကို ကွယ်ဝှက်ထားရာ၌ ကျွမ်းကျင်ကြသည်။ ၎င်းတို့၏ ကြံ့ခိုင်ပြီး ဂုဏ်သရေရှိသည့်ဘက်ကို လူများအား ပြလိုကြသည်။ ၎င်းတို့၏အားနည်းပြီး စစ်မှန်သည့် ဘက်ကို ထိုသူတို့အား မမြင်စေလိုကြပေ။ ၎င်းတို့၏ရည်ရွယ်ချက်က သိသာထင်ရှားပေသည်။ ယင်းမှာ သိက္ခာရှိဖို့၊ လူများ၏စိတ်နှလုံးထဲ၌ ၎င်းတို့ရထားသည့် နေရာကို ကာကွယ်ဖို့သက်သက်ပင် ဖြစ်သည်။ အခြားသူများအရှေ့တွင် ၎င်းတို့၏ကိုယ်ပိုင် အပျက်သဘောဆောင်ခြင်းနှင့် အားနည်းချက်တို့ကို ဖွင့်ဟလျှင်၊ ၎င်းတို့၏ ပုန်ကန်လိုစိတ်ရှိပြီး ဖောက်ပြန်ပျက်စီးသောဘက်ကို ထုတ်ဖော်ပြလျှင်၊ ဤသည်မှာ ၎င်းတို့၏ဂုဏ်အဆင့်အတန်းနှင့် ဂုဏ်သတင်းတို့အဖို့ ကြီးလေးသော ထိခိုက်မှု ဖြစ်လိမ့်မည် ဖြစ်ပြီး— ကောင်းကျိုးထက် ဆိုးကျိုးက ပိုဖြစ်စေသည်ဟု ၎င်းတို့ ထင်မြင်ကြသည်။ ထို့ကြောင့် ၎င်းတို့က မိမိတို့၏အားနည်းချက်၊ ပုန်ကန်လိုစိတ်နှင့် အပျက်သဘောဆောင်ခြင်းတို့ကို စိတ်ထဲတွင်သာ ထားရှိလိုကြသည်။ ပြီးလျှင် လူတိုင်းက ၎င်းတို့၏ အားနည်းပြီး ပုန်ကန်လိုသည့်ဘက်ကို တွေ့သည့်နေ့ရက်ကို ရောက်လာလျှင်၊ ၎င်းတို့က ဖောက်ပြန်ပျက်စီးပြီး လုံးဝ မပြောင်းလဲသည်ကို သူတို့ တွေ့မြင်သည့်အခါ၊ ၎င်းတို့က ဆက်လက် ဟန်ဆောင်ရမည် ဖြစ်သည်။ ၎င်းတို့က ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိခြင်း၊ သာမန်လူတစ်ဦးဖြစ်ခြင်း၊ သေးငယ်ပြီး အရေးမပါသောသူတစ်ဦးဖြစ်ခြင်းကို ဝန်ခံလျှင်၊ လူများ၏ စိတ်နှလုံးထဲတွင် ၎င်းတို့၏နေရာကို ဆုံးရှုံးကာ လူတိုင်း၏ကြည်ညိုမှုနှင့် မြတ်နိုးမှုတို့ကို ဆုံးရှုံးပြီး၊ သို့ဖြစ်၍ လုံးလုံး ရှုံးနိမ့်ရလိမ့်မည်ဟု ထင်မြင်ကြသည်။ ထို့ကြောင့် မည်သည့်အရာပင် ဖြစ်ပါစေ၊ လူများကို ၎င်းတို့ ဖွင့်ပြောမည် မဟုတ်ဘဲ၊ မည်သည့်အရာဖြစ်ပါစေ၊ ၎င်းတို့၏အာဏာနှင့် ဂုဏ်အဆင့်အတန်းတို့ကို အခြားမည်သူတစ်ဦးကိုမျှ ပေးမည် မဟုတ်ပေ။ ထိုအစား ၎င်းတို့က ယှဉ်ပြိုင်ဖို့ အစွမ်းကုန်ကြိုးစားကာ၊ မည်သည့်အခါမျှ လက်လျှော့မည် မဟုတ်ပေ။...ကြီးမားသောအရာတစ်ခုခုဖြစ်ပေါ်ကာ ဤဖြစ်ရပ်နှင့်ပတ်သက်ပြီး ၎င်းတို့၏ နားလည်မှုကို တစ်ယောက်ယောက်ကမေးလျှင် ၎င်းတို့သည် ၎င်းတို့အမြင်ကို ဖွင့်ပြရန် တွန့်ဆုတ်ကြသည်။ ထိုအစား အခြားလူများကို အရင်ပြောစေသည်။ ၎င်းတို့ တွန့်ဆုတ်သည်မှာ အကြောင်းပြချက်များရှိသည်။ ၎င်းတို့က အမြင်မရှိခြင်းမဟုတ်ဘဲ ၎င်းတို့အမြင်က မှားနေပြီး သူများကြားအောင်ပြောလျှင် အခြားလူများက ပြန်လည်ချေပမည်ဖြစ်ပြီး ၎င်းတို့ကို အရှက်ရစေမည်ကို စိုးရွံ့ကြခြင်းဖြစ်သည်။ ထို့ကြောင့် မပြောခြင်းဖြစ်သည်၊ သို့မဟုတ်လျှင် ၎င်းတို့တွင် အမြင်မရှိဘဲ အကြောင်းအရာကို ရှင်းရှင်းလင်းလင်းမသိနိုင်၊ ၎င်းတို့အမှားကို လူတို့က လှောင်ရယ်ကြမည်ကို ကြောက်သောကြောင့် ထင်ရာမြင်ရာ မပြောရဲပေ၊ ထို့ကြောင့် တိတ်တဆိတ်နေခြင်းက ၎င်းတို့၏ တစ်ခုတည်းသော ရွေးချယ်မှုဖြစ်သည်။ အချုပ်အားဖြင့် ၎င်းတို့သည် ၎င်းတို့၏ အရှိအတိုင်းကို ဖွင့်ပြမိမည်ကိုကြောက်သောကြောင့်၊ ၎င်းတို့သည် ချွတ်ခြုံကျပြီး သနားစရာဖြစ်သည်ကို လူတို့မြင်သွားကာ ဤသို့ဖြင့် ၎င်းတို့အပေါ် အခြားလူတို့၏အမြင် ပြောင်းလဲသွားမည်စိုးသောကြောင့် ၎င်းတို့အမြင်ကို ဖော်ပြရန် မဆိုင်းမတွ ထုတ်မပြောခြင်းဖြစ်သည်။ ထို့ကြောင့် အခြားလူတိုင်းက ၎င်းတို့၏ အမြင်များ၊ အတွေးများ၊ အသိပညာများကို မိတ်သဟာယဖွဲ့ပြီးနောက်တွင် ၎င်းတို့သည် အဆင့်မြင့်သော၊ ယုတ္တိတန်သော အဆိုများကို ဖမ်းဆုပ်ပြီး ၎င်းတို့၏ ကိုယ်ပိုင်အဖြစ် ထုတ်ပြသည်။ ထိုအရာများကို ၎င်းတို့က အနှစ်ချုပ်ပြီး အဖွဲ့သို့ မိတ်သဟာယဖွဲ့ပေးသည်။ ဤနည်းအားဖြင့် အခြားလူတို့၏ စိတ်နှလုံးထဲတွင် မြင့်မားသော အဆင့်အတန်းကိုရရှိသည်။...မိမိတို့ကိုယ်ကို အပြစ်အနာအဆာကင်းပြီး သန့်ရှင်းသည်ဟု ထင်သူအားလုံးသည် အယောင်ဆောင်များဖြစ်ကြသည်။ ၎င်းတို့အားလုံးက အယောင်ဆောင်များဖြစ်သည်ဟု ငါ အဘယ်ကြောင့်ဆိုသနည်း။ ငါ့ကို ပြောလော့။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်တွင် အပြစ်အနာအဆာကင်းသောသူ တစ်စုံတစ်ယောက်ရှိသလော။ အမှန်တကယ် သန့်ရှင်းသောသူ တစ်စုံတစ်ယောက်ရှိသလော။ (မရှိပါ။) မရှိသည်မှာ မှန်သည်။ လူသားသည် စာတန်၏ ဖျက်ဆီးခြင်းကို အလွန်အမင်းခံထားရပြီး၊ သမ္မာတရားကို ပင်ကိုအားဖြင့် မပိုင်ဆိုင်သောအခါတွင် အပြစ်အနာအဆာကင်းမဲ့ခြင်းကို မည်သို့ ရရှိနိုင်မည်နည်း။ ဘုရားသခင်သာလျှင် သန့်ရှင်းသည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အားလုံးသည် ညစ်ညမ်းသည်။ လူတစ်ယောက်သည် အပြစ်အနာအဆာကင်းမဲ့သည်ဟု ပြောဆိုလျက် မိမိကိုယ်ကို သန့်ရှင်းသည်ဟု ဖော်ပြလျှင် ထိုသူသည် မည်သည့်အရာဖြစ်မည်နည်း။ စာတန်နတ်ဆိုး၊ ကောင်းကင်တမန်မင်းဖြစ်လိမ့်မည်။ ထိုသူသည် အန္တိခရစ်စစ်စစ်ဖြစ်လိမ့်မည်။ အန္တိခရစ်ကသာ အပြစ်အနာအဆာကင်းပြီး သန့်ရှင်းသည်ဟု ပြောဆိုလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၁၀)) အန္တိခရစ်တွေက သူတို့ရဲ့ စစ်မှန်တဲ့ အတွေးတွေကို တခြားလူတွေဆီ လုံးဝ ဖွင့်မပြောကြဘူးလို့ ဘုရားက ထုတ်ဖော်တယ်၊ စကားမပြောခင် သူတို့ နှစ်ခါ စဉ်းစားတယ်၊ အမြဲ ဖုံးဖိဖာထေးပြီး လိမ်သလို၊ ပြီးပြည့်စုံတဲ့ ပုံရိပ်နဲ့ လူတွေကြား လူတိုင်းထက် ပိုတော်တဲ့ ပုံရိပ်ကို တည်ဆောက်ကြတယ်။ ဂုဏ်သိက္ခာကို ရနိုင်ပြီး အဲဒါရဲ့ အကျိုးတွေ ခံစားနိုင်ဖို့ မျှော်လင့်ပြီးတော့ပေါ့။ ဘုရားက ကျွန်မကို မျက်နှာချင်းဆိုင် ထုတ်ဖော်နေသလို ခံစားရတယ်။ ကျွန်မကို ခေါင်းဆောင်က ပျိုးထောင်ပေးချင်တယ်လို့ ပြောတာ ကြားလိုက်တာနဲ့၊ ကိုယ့်ကိုယ်ကိုယ် မြောက်ကြွလာတော့တာပဲ။ ပျိုးထောင်ခံရမယ်ဆိုမှတော့၊ သာမန်လူထက် ကျွန်မ ပိုတော်လို့ပဲ ဖြစ်ရမယ်လို့ ခံစားရပြီး၊ အထင်ကြီးခံရတာနဲ့ တခြားလူတွေရဲ့ တန်ဖိုးထားခံရတဲ့ ခံစားချက်ကို နှစ်သက်ခံစားခဲ့တယ်။ ဒါကြောင့် ခေါင်းဆောင်နဲ့ စုဝေးပွဲတွေမှာ၊ ညီအစ်ကို မောင်နှမတွေနဲ့ အဆင်ပြေတဲ့အခါ၊ ကျွန်မ တွေးမိသမျှက လူတိုင်းရဲ့ အမြင်မှာ ပုံရိပ်ကောင်းကို ဘယ်လိုထိန်းသိမ်းပြီး လူတိုင်း ကျွန်မကို အထင်ကြီးအောင်လုပ်ရမလဲဆိုတာပဲ။ စကားမပြောခင် နှစ်ခါ အမြဲ စဉ်းစားခဲ့ရတယ်။ ကိုယ့်ထင်မြင်ချက်တွေကို လုံးဝ မဖော်ပြဘူး၊ ကိုယ့် အားနည်းချက်တွေကို ပေါ့ပေါ့တန်တန် မဖော်ထုတ်သလို၊ လူတိုင်းကို လှည့်ဖြားပြီး သူတို့ စိတ်နှလုံးမှာ နေရာတစ်ခု အရယူဖို့ ဒီစက်ဆုပ်စရာ နည်းလမ်းကို သုံးခဲ့တယ်။ အရမ်းကို သူတော်ကောင်းဟန်ဆောင်ပြီး ဆိုးယုတ်ခဲ့တာပဲ။ ကျွန်မမှာ လူသား ပုံသဏ္ဍာန်တစ်ခုခု လုံးဝ ရှိခဲ့လို့လား။ လူတွေက ဘုရားကို အားလုံးထက် ဂုဏ်ပြုသင့်ပြီး သူတို့စိတ်နှလုံးမှာ ဘုရားရှိသင့်တယ်။ ဒါပေမဲ့ ကျွန်မက ကိုယ့်ကို လူတွေ အထင်ကြီးပြီး၊ သူတို့စိတ်နှလုံးမှာ နေရာတစ်ခုရှိအောင်လို့ ကိုယ့်ကိုယ်ကိုယ် ပြီးပြည့်စုံသလို အမြဲ ပြရုပ်တင်ချင်ခဲ့တယ်။ ဒါက ရာထူးအတွက် ဘုရားနဲ့ ပြိုင်ဆိုင်တာ မဟုတ်လား။ အထူးသဖြင့် ဒီဘုရားနှုတ်ကပတ်တော်တွေ ဖတ်မိတဲ့အခါမှာပေါ့။ “ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်တွင် အပြစ်အနာအဆာကင်းသောသူ တစ်စုံတစ်ယောက်ရှိသလော။ အမှန်တကယ် သန့်ရှင်းသောသူ တစ်စုံတစ်ယောက်ရှိသလော။ (မရှိပါ။) မရှိသည်မှာ မှန်သည်။ လူသားသည် စာတန်၏ ဖျက်ဆီးခြင်းကို အလွန်အမင်းခံထားရပြီး၊ သမ္မာတရားကို ပင်ကိုအားဖြင့် မပိုင်ဆိုင်သောအခါတွင် အပြစ်အနာအဆာကင်းမဲ့ခြင်းကို မည်သို့ ရရှိနိုင်မည်နည်း။ ဘုရားသခင်သာလျှင် သန့်ရှင်းသည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အားလုံးသည် ညစ်ညမ်းသည်။ လူတစ်ယောက်သည် အပြစ်အနာအဆာကင်းမဲ့သည်ဟု ပြောဆိုလျက် မိမိကိုယ်ကို သန့်ရှင်းသည်ဟု ဖော်ပြလျှင် ထိုသူသည် မည်သည့်အရာဖြစ်မည်နည်း။ စာတန်နတ်ဆိုး၊ ကောင်းကင်တမန်မင်းဖြစ်လိမ့်မည်။ ထိုသူသည် အန္တိခရစ်စစ်စစ်ဖြစ်လိမ့်မည်။ အန္တိခရစ်ကသာ အပြစ်အနာအဆာကင်းပြီး သန့်ရှင်းသည်ဟု ပြောဆိုလိမ့်မည်။” ဘုရားရဲ့ ဘုန်းအာနုဘော်နဲ့ အမျက်ဒေါသကို ဒီစကားတွေမှာ ကျွန်မ ခံစားရပြီး အဲဒါတွေက စူးရှပြီး ကြောက်လန့်စရာကောင်းတယ်။ ကျွန်မက ဘုရားရဲ့ ရှုတ်ချတာ ခံနေရသလိုမျိုးပဲ။ ဒီစကြာဝဠာမှာရှိတဲ့ အရာခပ်သိမ်းထဲမှာ ဘုရားကပဲ အနန္တတန်ခိုးရှိတာ။ ကျွန်မက စာတန်ရဲ့ ဖောက်ပြန်ပျက်စီးစေခြင်း ခံရသူ၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထား အပြည့်နဲ့ ဖြစ်ပေမဲ့၊ ကိုယ့်ကိုယ်ကိုယ် သိတဲ့အသိ နည်းနည်းမှတောင် မရှိခဲ့ဘူး။ မှန်မှန်ကန်ကန် ပြုမူနေထိုင်ခဲ့ခြင်း မရှိဘူး၊ သူတော်ကောင်းယောင်ဆောင်ခဲ့ပြီး၊ ကျွန်မကို အထင်ကြီးအောင်လို့ လူတွေရဲ့ စိတ်နှလုံးမှာ ပုံရိပ်ကောင်းရှိဖို့ အမြဲကြိုးစားခဲ့တယ်။ ကျွန်မ တကယ် အရမ်းကို မာနထောင်လွှားပြီး အရှက်မဲ့ခဲ့သလို၊ အဲဒါက ကျွန်မအပေါ် ဘုရားကို စက်ဆုပ်၊ မုန်းတီးစေတယ်။ ကိုယ့်ကိုယ်ကိုယ် ဒီလို သိသွားပြီးတဲ့နောက်မှပဲ ကျွန်မရဲ့ “ပြီးပြည့်စုံတဲ့” ပုံရိပ်နောက်က စက်ဆုပ်ဖွယ်ဖြစ်ခြင်း၊ အကျည်းတန်ခြင်းနဲ့ ညစ်ညမ်းမှုကို မြင်ခဲ့တာပါ။ အခု၊ ညီအစ်ကို မောင်နှမတွေ ကျွန်မကို ချီးမွမ်းကြတဲ့အချိန်မှာ ကျွန်မ ဘယ်လိုမာနရှိပြီး ကိုယ့်ကိုယ်ကိုယ် ကျေနပ်ခဲ့ပုံနဲ့ ကိုယ့်ကိုယ့်ကိုယ် ပြန်ရုပ်တင်ချိန်မှာ ကျွန်မရဲ့ စိတ်အခြေအနေကို ပြန်တွေးကြည့်တော့၊ ကိုယ့်ကိုယ်ကိုယ် စက်ဆုပ်မိပြီး၊ လုံးဝ ဆင်ခြင်တုံတရားမရှိခဲ့ဘူးလို့ ခံစားရတယ်။ တကယ်တော့၊ လူအများကြီးက ကျွန်မကို အထင်ကြီးပြီး ထောက်ခံကြရင်တောင်၊ ကျွန်မရဲ့ စိတ်သဘောထား မပြောင်းလဲသလို၊ စာတန်ရဲ့ သူတော်ယောင်ဖြစ်ပြီး လှည့်ဖြားတဲ့ ပုံရိပ်ကိုပဲ အသက်ရှင်နေထိုင်ပြီးတော့ နောက်ဆုံးမှာ ထုတ်ပယ်ခံလိုက်ရရင်၊ အားလုံးက အချည်းနှီးဖြစ်သွားမှာ မဟုတ်လား။

အဲဒီနောက်မှာ၊ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို တွေ့ရတယ်။ “ရိုးရိုးနှင့် သာမန်လူတစ်ဦးဖြစ်ဖို့ သင်မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ဤသည်ကို မည်သို့ လုပ်ဆောင်နိုင်သနည်း။...ရှေးဦးစွာ သင်ကိုယ်တိုင်၏ ရာထူးတွင် ပိတ်မိမနေနှင့်။ ‘ငါက ခေါင်းဆောင်ဖြစ်တယ်။ အဖွဲ့ရဲ့ ဦးဆောင်သူဖြစ်တယ်။ ကြီးကြပ်ရေးမှူးဖြစ်တယ်။ ဘယ်သူကမှ ဒီအလုပ်ကို ငါ့ထက်ပိုမသိဘူး။ ကျွမ်းကျင်မှုတွေကို ဘယ်သူမှ ငါ့လောက်နားမလည်ဘူး’ ဟူ၍ မပြောနှင့်။ သင် ကိုယ်တိုင်ခန့်ထားသောရာထူးတွင် ပိတ်မိမနေနှင့်။ ပိတ်မိသည်နှင့် တစ်ပြိုင်နက် ယင်းသည် သင်၏ လက်နှင့်ခြေများကို ချည်နှောင်လိမ့်မည်။ သင်ပြောသည့်၊ လုပ်ဆောင်သည့်အရာအပေါ် သက်ရောက်လိမ့်မည်။ သင်၏ ပုံမှန် စဉ်းစားပုံနှင့် အကဲဖြတ်ပုံကိုလည်း သက်ရောက်လိမ့်မည်။ ဤအဆင့်အတန်း၏ အချုပ်အနှောင်များမှ သင့်ကိုယ်သင် လွတ်မြောက်အောင် ပြုလုပ်ရမည်။ ရှေးဦးစွာ သင့်၌ ရှိသည်ဟု သင့်ဘာသာစိတ်ကူးသော ဤတရားဝင်ရာထူးမှ သင့်ကိုယ်သင် နှိမ့်ချပြီး သာမန်လူတစ်ယောက်၏ နေရာတွင် ရပ်တည်ပါ။ ရပ်တည်လျှင် သင်၏ သဘောထားက ပုံမှန်ဖြစ်လာလိမ့်မည်။ သင်သည် ‘ဒါကို ဘယ်လိုလုပ်ရမလဲ ငါမသိဘူး။ အဲဒါကိုလည်း နားမလည်ဘူး။ သုတေသနနဲ့ လေ့လာတာတွေ နည်းနည်းလုပ်ရမယ်’ သို့မဟုတ် ‘ဒါကို ငါ လုံးဝ မကြုံဖူးဘူး။ ဒါကြောင့် ဘာလုပ်ရမယ်ဆိုတာ ငါမသိဘူး’ ဟူ၍လည်း ဝန်ခံပြီး ပြောရမည်။ သင်သည် အမှန်တကယ်ထင်မြင်သည့်အရာကို ပြောခြင်း၊ ရိုးသားစွာ စကားပြောဆိုခြင်းကို လုပ်ဆောင်နိုင်စွမ်းရှိသောအခါ ပုံမှန်အသိစိတ်ကို သင် ပိုင်ဆိုင်လိမ့်မည်။ သူတစ်ပါးတို့က သင်၏ အစစ်အမှန်ကို သိလိမ့်မည်။ ထိုသို့ဖြင့် သင့်အပေါ်တွင် သာမန်အမြင်ရှိလိမ့်မည်။ သင်သည် ဟန်လုပ်ဖို့လိုမည်မဟုတ်သကဲ့သို့ သင့်အပေါ် ကြီးမားသော ဖိအားတစ်ခုတလေရှိမည်မဟုတ်ပေ။ ထို့ကြောင့် သင်သည် လူတို့နှင့် ပုံမှန်ဆက်သွယ်ပြောဆိုနိုင်လိမ့်မည်။ ဤသို့ အသက်ရှင်ခြင်းသည် လွတ်လပ်ပြီး လွယ်ကူသည်။ အသက်ရှင်ရသည်မှာ ပင်ပန်းသည်ဟု မြင်သော မည်သူမဆိုသည် မိမိတို့ကိုယ်တိုင်ကြောင့် ဤသို့ ဖြစ်ခြင်းဖြစ်သည်။ အယောင်မဆောင်နှင့်၊ သို့မဟုတ် ဟန်မလုပ်နှင့်။ လူတိုင်းက သတိထားမိပြီး နားလည်ဖို့ရန်အလို့ငှာ ရှေးဦးစွာ သင်၏ စိတ်နှလုံးတွင် စဉ်းစားနေသည့်အရာ၊ သင်၏ တကယ့် အတွေးများနှင့်ပတ်သက်၍ ဖွင့်ပြောပါ။ ရလဒ်အနေဖြင့် သင်၏ စိတ်ပူပန်မှုများ၊ သင်နှင့် သူတစ်ပါးတို့ကြားရှိ အတားအဆီးများနှင့် သံသယများသည် ဖယ်ရှားခံရလိမ့်မည်။ သင်သည်လည်း အခြားတစ်စုံတစ်ခုကြောင့် အခက်အခဲဖြစ်ရသည်။ သင့်ကိုယ်သင် အဖွဲ့၏ ဦးဆောင်သူ၊ ခေါင်းဆောင်၊ အမှုဆောင်၊ သို့မဟုတ် ရာထူးနှင့် အဆင့်အတန်းရှိသူတစ်ယောက်အဖြစ် အစဉ် သတ်မှတ်သည်။ သင်သည် တစ်စုံတစ်ခုကို နားမလည်၊ မလုပ်ဆောင်နိုင်ဟုပြောလျှင် သင့်ကိုယ်သင် သိက္ခာချနေသည် မဟုတ်လော။ သင်၏စိတ်နှလုံးတွင် ဤအချုပ်အနှောင်များကို ဘေးဖယ်ထားသောအခါ၊ ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်အဖြစ် သင့်ကိုယ်သင် စဉ်းစားခြင်းကို ရပ်လိုက်သောအခါ၊ သင်သည် အခြားလူတို့ထက် ပိုသာသည်ဟု စဉ်းစားခြင်းကို ရပ်လိုက်ပြီး သင်သည် အခြားလူတိုင်းနှင့်တူသော သာမန်လူတစ်ယောက်ဖြစ်သည်၊ သင်သည် သူတစ်ပါးတို့ထက် နိမ့်ကျသည့် အချို့နယ်ပယ်များရှိသည်ဟု ခံစားရသောအခါ၊ သင်သည် ဤသဘောထားနှင့် သမ္မာတရား၊ အလုပ်နှင့်ဆက်နွှယ်သော ကိစ္စများကို မိတ်သဟာယဖွဲ့သောအခါ သက်ရောက်မှုက ကွာခြားပြီး တုံ့ပြန်ခံစားရသည်မှာလည်း ကွာခြားသည်။ သင်၏ စိတ်နှလုံးတွင် အစဉ်သဖြင့် သံသယများရှိလျှင်၊ အစဉ်ဖိစီးပြီး အခက်အခဲဖြစ်လျှင်၊ ဤအရာများကို သင်ဖယ်ရှားလိုသော်လည်း မဖယ်ရှားနိုင်လျှင် ဘုရားသခင်အား အလေးအနက်ဆုတောင်းခြင်း၊ သင့်ကိုယ်သင် သုံးသပ်ခြင်း၊ သင်၏ အားနည်းချက်များကို မြင်ခြင်း၊ သမ္မာတရားဆီသို့ ကြိုးပမ်းခြင်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတို့အားဖြင့် သင်သည် ထိုသို့လုပ်ဆောင်ရာတွင် ထိရောက်မှုရှိနိုင်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားနှုတ်ကပတ်တော်ကို တန်ဖိုးထားခြင်းသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွင် အခြေခံအုတ်မြစ်ဖြစ်သည်) ကျွန်မ အမြဲတွေးခဲ့တယ်။ အပျိုးထောင်ခံရမှတော့၊ ကျွန်မက အတော်ဆုံးနဲ့ အပြည့်စုံဆုံးပဲ ဖြစ်ရမယ်လို့ပေါ့။ အခု ဒီအမြင် မမှန်မှန်း သိသွားပြီ။ ပြီးပြည့်စုံတဲ့ လူတွေ၊ မဟာလူသားတွေ၊ ကြီးမြတ်သူတွေကို ဘုရားအိမ်တော်က မမြှင့်တင်သလို မပျိုးထောင်ပေးဘူး။ ချွတ်ယွင်းချက်တွေ၊ ဖောက်ပြန်ပျက်စီးခြင်းရှိတဲ့ သာမန်လူတွေကို မြှင့်တင်ပြီး ပျိုးထောင်ပေးတာ။ ပျိုးထောင်ခံရတာက လက်တွေ့လုပ်ဆောင်ဖို့ ဘုရားက အခွင့်အရေးတစ်ခု ပေးတာထက် ဘာမှမပိုဘူး။ လူတွေမှာ ချွတ်ယွင်းချက်မရှိဘူး၊ ဒါမှမဟုတ် သာမန်လူတွေထက် သူတို့ ပိုတော်တယ်ဆိုတဲ့ သဘောမဟုတ်ဘူး။ တကယ်တော့၊ ဘာတာဝန်ပဲ ထမ်းဆောင်ပါစေ၊ ကျွန်မ ပျိုးထောင်ခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ၊ ဖောက်ပြန်ပျက်စီးခြင်း၊ ချွတ်ယွင်းချက်တွေ ရှိတဲ့ သာမန်လူတစ်ယောက်ပဲဖြစ်ပြီး တချို့ကိစ္စတွေကို ကျွန်မလိုက်မမီဘူး။ ကိုယ့်အားသာချက်တွေ၊ အားနည်းချက်တွေကို မှန်မှန်ကန်ကန် ကျွန်မ သဘောထားရမယ်၊ မြင့်တဲ့နေရာကနေ ဆင်းပေးဖို့ သင်ယူရမယ်၊ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ဖို့ ဘုရားရှေ့မှာ မကြာခဏ လာနိုင်ရမယ်၊ တစ်ချိန်တည်းမှာ၊ လူတိုင်း ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးခြင်းနဲ့ အာနည်းချက်တွေကို မြင်နိုင်အောင် ကိုယ်ဖော်ထုတ်တာကို ဖွင့်ပြောနိုင်ပြီး တခြားလူတွေအတွက် တွေးပေးနိုင်ရမယ်။ ဒါကသာ ယုတ္တိတန်တာဖြစ်တယ်။ အရင်က၊ ကိုယ့်ရဲ့ ချို့ယွင်းချက်နဲ့ အားနည်းချက်တွေကို ကျွန်မ အမြဲ ဟန်ဆောင်ခဲ့ပြီး၊ အဲဒါတွေ ပေါ်သွားရင် လူတိုင်း ကျွန်မကို အထင်သေးကြမှာကို အမြဲ ကြောက်ခဲ့တယ်။ တကယ်တော့၊ ကျွန်မက ကိုယ့်ကိုယ်ကိုယ်ကိုပဲ ထိခိုက်နစ်နာနေစေခဲ့တာပဲ။ အဲဒါက ကျွန်မကို ဘုရားနဲ့ ပုံမှန် ဆက်ဆံရေး မရှိစေရုံမက၊ ကျွန်မရဲ့ အားနည်းချက်တွေကို တာဝန်မှာ လူတွေက မမြင်ရတဲ့အခါ၊ ကျွန်မကို မကူညီနိုင်ဘူး၊ အဲဒါတွေအတွက် မပြုပြင်ပေးနိုင်ကြတော့ဘူး။ အဲဒါက ကျွန်မတာဝန်ကို ဘယ်လောက် ကြာကြာ လုပ်ပါစေ၊ တိုးတက်မှု ကျွန်မ လုံးဝ မလုပ်နိုင်ဘူးဆိုတဲ့ သဘောပဲ။ ဒါကို သဘောပေါက်တာနဲ့၊ ဘုရားအလိုရှိတဲ့အတိုင်း ရိုးသားတဲ့လူဖြစ်ဖို့နဲ့ ဘုရားပြောတဲ့အတိုင်း ဖန်ရေကြည်လောက် ကြည်လင်ဖို့၊ ကျွန်မစိတ်နှလုံးထဲ ရှိတဲ့အရာကို မြင်နိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ဟန်မဆောင်တော့ဖို့ အားထုတ်ချင်ခဲ့တယ်။ ဘုရားရှေ့မှာ ကျွန်မ ကျမ်းကျိန်လိုက်တယ်။ “ကျွန်မ သာမန်လူဖြစ်ချင်ပြီး လူတိုင်းအတွက် စစ်မှန်တဲ့ သဘောသဘာဝကို ပြချင်ပါတယ်။” ရက်နည်းနည်းကြာပြီးတော့၊ တခြားအသင်းတော်မှာ ကိုယ့်တာဝန်ကိုလုပ်ဖို့ အသင်းတော်က စီစဉ်ပေးခဲ့တယ်။ တခြားလူတွေနဲ့ အဆင်ပြေတဲ့အချိန် ကိုယ့်ကိုယ်ကိုယ် ဟန်ဆောင်ခဲ့တဲ့ အခိုက်အတန့်တွေကို ပြန်တွေးမိပြီး၊ တွေးရင်းနဲ့ ဖော်ပြလို့မရတဲ့ ဝမ်းနည်းမှုနဲ့ နောင်တကို ခံစားရတယ်။ “ငါ့ညီအစ်ကို မောင်နှမတွေကို အချိန်အကြာကြီး ငါ လှည့်ဖြားမိခဲ့တာပဲ။ ငါမသွားခင်၊ သူတို့ကို ဖွင့်ပြောပြီး ငါ့ကို အမှန်အတိုင်း မြင်ခွင့်ပေးရမယ်”လို့ပေါ့။ ကျွန်မတို့စုဝေးပွဲအတွင်းမှာ၊ ဒီအတောအတွင်း ကျွန်မရဲ့ အခြေအနေနဲ့ သင်ယူခဲ့ရတဲ့ သင်ခန်းစာတွေကို ကျွန်မ ဝေမျှပြီး၊ သူတို့ဆီ အရာအားလုံးကို ဖွင့်ပြောခဲ့တယ်။ ကျွန်မ ဖွင့်ပြောပြီးတော့၊ မျိုသိပ်ထားတဲ့ ကျွန်မရဲ့ ခံစားချက်ဟောင်းက ချက်ချင်းပျောက်သွားပြီး၊ လွတ်မြောက်တဲ့ ခံစားချက်က နေရာယူသွားတယ်။ ညီအစ်ကို မောင်နှမတွေက ကျွန်မကို အထင်မသေးကြတာ၊ ကျွန်မကို အားပေးကြတာ မြင်တော့ ကျွန်မ အံ့ဩသွားရတယ်။ စိတ်ခံစားချက်နဲ့ ကျွန်မ လွှမ်းမိုးသွားပြီး ပါးပြင်မှာ မျက်ရည်တွေစီးကျလာတယ်။ အဲဒီနေ့ အိမ်အပြန်လမ်းမှာ၊ ဆောင်းနေက အထူးသဖြင့် ကျွန်မခန္ဓာကိုယ်ကို နွေးစေတယ်လို့ ခံစားရပြီး၊ စိတ်နှလုံးထဲမှာ ဘုရားကို ကျေးဇူးတင်၊ ချီးမွမ်းမိတယ်။ အဲဒီနောက် ကျွန်မရဲ့ အလုပ်သစ်မှာ၊ ကိုယ့်ရဲ့ ပုံရိပ်ကောင်းဆိုတဲ့အရာကို အာရုံမစိုက်တော့ဘူး။ အခြေအနေ၊ အခက်အခဲ တစ်ခုခု ရှိတဲ့အခါတိုင်း၊ ဖွင့်ပြောပြီး တခြားလူတွေနဲ့ ရှာဖွေခဲ့တယ်။ စုဝေးပွဲတွေအတွင်းမှာ၊ ကိုယ်နားလည်သလောက် ပြောပြီး၊ နားမလည်ရင်၊ ညီအစ်ကို မောင်နှမတွေကို အကူအညီတောင်းတယ်။ သူတို့ရဲ့ မိတ်သဟာယနဲ့ အကူအညီကတစ်ဆင့်၊ အရင်က နားမလည်ခဲ့တဲ့ အရာတွေကို တဖြည်းဖြည်း နားလည်လာခဲ့တယ်။ ဒါကို အတန်ကြာလုပ်ပြီးတဲ့နောက်မှာ၊ ကိုယ့်တာဝန်မှာ တိုးတက်မှုတချို့လုပ်ခဲ့တာကို တွေ့ရပြီး၊ နက်ရှိုင်းတဲ့ လွတ်လပ်၊ လွတ်မြောက်မှု ခံစားချက် ခံစားခဲ့ရတယ်။ ရိုးသားတဲ့ လူတစ်ယောက်ဖြစ်ခြင်းကို လက်တွေ့လုပ်ဆောင်ခြင်းက ဆောင်ကြဉ်းတဲ့ လုံးခြုံမှုနဲ့ အေးချမ်းမှု အသိစိတ်ကိုလည်း ခံစားခဲ့ရတယ်။ အဲဒါ အရမ်းကောင်းတယ်လို့ ကျွန်မ လှိုက်လှိုက်လှဲလှဲ ပြောနိုင်တယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

တရားစီရင်ခြင်းသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ ဖြစ်သည်

ရှီးအင်း အမေရိကန်နိုင်ငံ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “လူသားသည် အဆုံး၌ ဘုရားသခင်အတွက် မည်သည့်သက်သေကိုခံသနည်း။ ဘုရားသခင်သည်...

သာလွန်ဖို့ ကျွန်ုပ်၏ ကြိုးစားရုန်းကန်ခြင်းမှ လွတ်မြောက်ပြီ

ရှင်းလျန် ဂျာမနီနိုင်ငံ ရေလောင်းတဲ့ အဖွဲ့ရဲ့ ခေါင်းဆောင်အနေနဲ့ ကျွန်မ စအစေခံချိန်မှာ၊ အဲဒီတာဝန်မှာရှိတဲ့ ညီအစ်ကို မောင်နှမတွေက ပြဿနာတွေ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။