ခက်ခဲသော ပတ်ဝန်းကျင်၏ စမ်းသပ်မှု

13.12.2022

ဂျူနီယာ အာဖရိကတိုက်

ကျွန်တော် ငယ်ငယ်ကတည်းက လူ့အဖွဲ့အစည်းရဲ့ လွှမ်းမိုးမှု အမြဲခံခဲ့ရတယ်။ လုပ်သမျှမှာ သူများတွေလို လိုက်လုပ်ရတာကို ကျွန်တော် ကြိုက်ခဲ့တယ်။ ကျွန်တော့်အနီးအနားက လူတွေက ခရစ်ယာန်တွေဆိုတော့၊ ကျွန်တော်လည်း ခရစ်ယာန်ပဲပေါ့။ ဒါပေမဲ့ ဘုရားနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ရှာဖွေသင်ယူဖို့ တောင့်တတဲ့အခါ မေးခွန်းတချို့ကို စတွေးတောလာမိတယ်။ ကျွန်တော်တို့ ဘာလို့ ဘုရားကို ယုံကြည်တာလဲ။ ကျွန်တော်တို့ ဘုရားကို ဘယ်လို သိနိုင်လဲ။ ဒီမှောင်မိုက်ပြီး ဆိုးယုတ်တဲ့ ကမ္ဘာကြီးမှာ တကယ်တော့ သမ္မာတရားက ဘယ်မှာလဲ။ လူတွေက ဘဝမှာ ဘာလို့ အခက်အခဲရင်ဆိုင်ကြရတာလဲ။ ဒီမေးခွန်းတွေက နက်နဲမှု တစ်ခုပြီးတစ်ခုလိုပဲ၊ ကျွန်တော် ဘယ်တော့မှ အဖြေတွေ မတွေ့ခဲ့ဘူး။ ကံကောင်းချင်တော့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ဧဝံဂေလိကို ကျွန်တော် လက်ခံပြီးတဲ့နောက် ဒီမရှင်းတာတွေအားလုံးရဲ့ အဖြေတွေကို အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်မှာ တွေ့ခဲ့တယ်။ ယုံကြည်ခြင်းမှာ လူတွေဟာ ဘုရားနှုတ်ကပတ်တော်နဲ့ အမှုတော်တို့ကို တွေ့ကြုံခြင်းအားဖြင့်၊ ဘုရားကို သိကျွမ်းခြင်း၊ နာခံခြင်းနဲ့ ဘုရားကို ချစ်ခြင်းတို့ စွမ်းဆောင်ရရှိနိုင်တယ်ဆိုတာ ကျွန်တော် သိရတယ်။ နောက်ဆုံးသောကာလမှာ လူတွေကို စုံလင်စေဖို့၊ သူတို့ဖောက်ပြန်ပျက်စီးခြင်းကို သန့်စင်ပေးဖို့ ဘုရားသခင်က တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်မှုနဲ့ စစ်ဆေးခြင်းတို့ကို သုံးတာလည်း ကျွန်တော် သိရတယ်။ ဒါနဲ့ ကျွန်တော့်အပေါ် စမ်းသပ်မှုတွေ ကျရောက်ဖို့အတွက် ကျွန်တော် ဆုတောင်းခဲ့တာပေါ့။ ကျွန်တော်က တရုတ်လူမျိုး ညီအစ်ကိုမောင်နှတွေလိုပဲ ဆိုးယုတ်တဲ့ အစိုးရရဲ့ ဖိနှိပ်ညှဉ်းဆဲတာကို ကြုံတွေ့နိုင်ဖို့၊ ထူးကဲတဲ့ သက်သေကို ခံပြီး အခက်အခဲကတစ်ဆင့် ဘုရားရဲ့ အောင်မြင်သူအဖြစ် ပြုလုပ်တာခံဖို့ တရုတ်ပြည်မှာ မွေးခဲ့ရင်ကောင်းမယ်လို့တောင် ဆန္ဒပြုမိတယ်။ အဲဒီနိုးထမှုရတာနဲ့ မကြာခင်မှာပဲ ကျွန်တော် တစ်ခုခုဖြစ်တယ်။

ကမ္ဘာ့ကပ်ရောဂါကြောင့် ကျွန်တော် အလုပ်လုပ်တဲ့ ကုမ္ပဏီပိတ်သိမ်းပြီး ကျွန်တော် အလုပ်ပြုတ်ရော။ တခြားကုမ္ပဏီတွေ အများကြီးမှာ အလုပ်ရှာဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ တစ်ခါမှ အင်တာဗျူး အခေါ်မခံခဲ့ရဘူး။ အချိန်ကြာလာတာနဲ့အမျှ၊ အခြေအနေတွေက ပိုပိုဆိုးလာတယ်။ အစားအစာဝယ်ဖို့ ဝင်‌ငွေရော၊ ပိုက်ဆံရော မရှိဘူး။ ဘာလုပ်ရမှန်း မသိခဲ့ဘူး။ အဲဒီမတိုင်ခင်က အွန်လိုင်းစုဝေးပွဲတွေမှာ ပါတယ်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေဖတ်တယ်၊ အသင်းတော်ရုပ်ရှင်တွေကြည့်ပြီး အလုပ်ပြီးရင် သူများတွေနဲ့ ကိုယ့်တာဝန်ကို လုပ်တယ်။ အဲဒါတွေက ကျွန်တော့်အတွက် အရေးအကြီးဆုံးအရာတွေပဲ၊ ဒါဟာ ယုံကြည်ခြင်းကို လက်တွေ့လုပ်ဆောင်ဖို့ ကောင်းတဲ့ နည်းလမ်းပဲပေါ့။ အခု ကျွန်တော့်မှာ ဒီဒုက္ခသုက္ခကို ဖြတ်သန်းနေရတော့၊ တွေးမိတယ်၊ စစ်မှန်တဲ့ တစ်ပါးတည်းသော ဘုရားကို ယုံကြည်တဲ့အတွက် သူက ကိုယ့်ကို သေချာပေါက် ကူညီစောင့်ရှောက်မှာပါပေါ့။ ကျွန်တော့်ကို အလုပ်ပေးဖို့ ဘုရားကိုလည်း ဆုတောင်းခဲ့တယ်။ ကိုယ်က ယုံကြည်သူဆိုတော့ ဘုရားက ကိုယ်တောင်းတဲ့ ဘယ်အရာကိုမဆို ပေးမှာပါပေါ့၊ ဒါပေမဲ့ ဘုရားက အဲဒါကို မလုပ်ခဲ့ဘူး။ အားနည်းချက်နဲ့ မရှင်းမလင်းဖြစ်တာကို ခံစားခဲ့ရတယ်။ ကျွန်တော် ဘုရားနှုတ်ကပတ်တော်ကို နေ့တိုင်းဖတ်ပြီး ဆုတောင်းခဲ့တယ်။ ဒီတော့ ကိုယ်ဒုက္ခရောက်နေချိန်မှာ ဘုရားက ဘာလို့ မကူညီတာလဲ။ အဲဒီအတွေး ပေါ်လာတော့၊ ယောဘအကြောင်း တွေးမိတယ်။ သူ့ပိုင်ဆိုင်မှုတွေ အားလုံး ဆုံးရှုံးတဲ့အချိန်မှာ သူက သူ့သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်တုန်းပဲ။ အကောင်းအဆိုး မှန်သမျှကို ဘုရားက စီစဉ်ပေးတယ်လို့ ယောဘက ယုံကြည်ပြီး သူဘယ်တော့မှ မညည်းညူခဲ့ဘူး။ သူ့ကို ရုပ်ဝတ္ထုဆိုင်ရာ ကောင်းချီးတွေ ပေးတဲ့အတွက် သူက ဘုရားကို ကျေးဇူးတင်ခဲ့တယ်။ အဲဒီကောင်းချီးတွေ ဘုရားယူသွားတဲ့အခါမှာလည်း ယေဟောဝါဘုရားရဲ့ နာမတော်ကို သူချီးမွမ်းတုန်းပဲ။ ယောဘရဲ့ ယုံကြည်ခြင်းနဲ့ ဆု‌တောင်းချက်တွေကို တကယ်တွေးကြည့်လိုက်တော့၊ ကိုယ့်ယုံကြည်ခြင်းက ဘယ်လောက် သေးနုပ်တယ်ဆိုတာ၊ ယောဘရဲ့ ယုံကြည်ခြင်းနဲ့ ယှဉ်လို့မရနိုင်တာကို ကျွန်တော် သဘောပေါက်သွားတယ်။ ယောဘရဲ့ ပုံသက်သေကို လိုက်လျှောက်သင့်ပြီး သူ့လိုပဲ ဘုရားရဲ့ အုပ်စိုးမှုနဲ့ စီစဉ်မှုတွေကို ကျိုးနွံနာခံသင့်မှန်း ကျွန်တော် သိခဲ့ရတယ်။ ဒါပေမဲ့ စားဖို့ မလောက်ငတဲ့ ရှေ့ရေးအကြောင်း တွေးမိတော့၊ ဘာလုပ်ရမှန်း မသိခဲ့ဘူး။ အရေးအကြီးဆုံးကတော့ ပြီးခဲ့သုံးလကမှ အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံခဲ့တာဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်ကို ကျွန်တော် သိပ်နားမလည်ခဲ့ဘူးလေ။ ကိုယ့်မိုဘိုင်းလ်ဒေတာကို ချွေသုံးနေရတော့ အွန်လိုင်း စုဝေးပွဲတွေကိုလည်း မတက်နိုင်ခဲ့ဘူး။ ဘုရားကို အသနားခံရုံပဲ တတ်နိုင်တယ်။ “ဘုရားသခင်၊ ကျွန်တော် ငတ်ပြီး သေမသေဆိုတာ ကိုယ်တော့် လက်ထဲမှာပါ။ ကျွန်တော် သေရင်တောင်၊ ကိုယ်တော့် အုပ်စိုးမှုနဲ့ စီစဉ်မှုတွေကို ကျွန်တော် ကျိုးနွံနာခံပါမယ်” ပေါ့။ အဲဒီနည်းနဲ့ ဆုတောင်းတာက ကျွန်တော့်ကို စိတ်အေးချမ်းမှုတစ်ခု ပေးတယ်။ အဲဒီနေ့မှာပဲ၊ ဆုတောင်းပြီးတော့ ရုတ်တရက်ကြီး တစ်ခုခုဖြစ်ခဲ့တယ်။ ကျွန်တော် သူ့ဆောက်လုပ်ရေး ကုမ္ပဏီမှာ အလုပ်သွားလုပ်ချင်လားဆိုပြီး ကျွန်တော့်ဦးလေးက ဖုန်းဆက််မေးတယ်။ ဆောက်လုပ်ရေးအလုပ်က ပင်ပန်းပေမဲ့ တစ်ပတ်စာလုပ်ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ခဏတာ ထောက်ပံ့ဖို့ ငွေအလုံအလောက် ရခဲ့တယ်။ ဘုရားကို တကယ် ကျေးဇူးတင်တယ်။ ဒီအခြေအနေမှာ အလုပ်ကူရှာပေးဖို့ ဘုရားကို တောင်းလျှောက်တုန်းက ဘာလို့ ဘုရားက မလုပ်ပေးခဲ့ဘဲ၊ နာခံဖို့ အဆင်သင့်ဖြစ်ပါပြီလို့ ဆုတောင်းတော့ သူ ကူညီခဲ့လဲဆိုတာကို ကျွန်တော် စတွေးမိတယ်။

ဒါနဲ့ တစ်နေ့မှာ ဒါကို နားလည်မှုတချို့ပေးတဲ့ ဘုရားနှုတ်ကပတ်တော်တချို့ကို ဖတ်ခဲ့ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “၎င်းတို့ကို ငါ အနာငြိမ်းစေနိုင်၍သာ ငါ့ကို များစွာသောသူတို့က ယုံကြည်ကြသည်။ ၎င်းတို့၏ခန္ဓာကိုယ်များမှ မသန့်ရှင်းသော ဝိညာဉ်များကို နှင်ထုတ်ရန် ငါ၏တန်ခိုးများကို အသုံးပြုနိုင်၍သာ ငါ့ကို များစွာသောသူတို့က ယုံကြည်ကြပြီး၊ ငါ့ထံမှ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို ၎င်းတို့ ရကောင်းရလိမ့်မည် ဖြစ်သောကြောင့်သာ ငါ့ကို များစွာသော သူတို့က ယုံကြည်ကြပေသည်။ သာ၍ကြီးမားသော ရုပ်ဝတ္ထုဆိုင်ရာ ကြွယ်ဝမှုကို ငါ့ထံမှ တောင်းခံရန်သာ များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ ဤဘဝကို အေးအေးချမ်းချမ်း ကုန်ဆုံးပြီး၊ နောင်ဘဝတွင် ဘေးကင်းလုံခြုံမှုရှိဖို့ရန်သာ များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ ငရဲ၏ဒုက္ခဆင်းရဲကို ရှောင်ရှားပြီး၊ ကောင်းကင်၏ကောင်းချီးမင်္ဂလာများ ရရှိရန် များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ များစွာသောသူတို့က ယာယီ ကိုယ်စိတ်ချမ်းသာခြင်းအတွက်သာ ငါ့ကို ယုံကြည်သော်လည်း၊ နောင်ဘဝ၌ မည်သည့်အရာမျှ ရရှိရန် မကြိုးစားကြပေ။ လူသားအပေါ် ငါ၏ အမျက်ဒေါသကို ဆောင်ကြဉ်းခဲ့ပြီး တစ်ချိန်က သူ ပိုင်ဆိုင်ခဲ့သည့် ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ကို ငါ သိမ်းပိုက်ခဲ့ချိန်တွင်၊ လူသားသည် သံသယရှိလာခဲ့၏။ ငါသည် လူသားကို ငရဲ၏ ဆင်းရဲဒုက္ခကို ပေးပြီး ကောင်းကင်၏ ကောင်းချီးမင်္ဂလာတို့ကို ပြန်လည် သိမ်းယူသည့်အခါ၊ လူသား၏အရှက်သည် ဒေါသအဖြစ်သို့ ပြောင်းသွား၏။ သူ့ကို ရောဂါငြိမ်းစေရန် ငါ့အား သူတောင်းဆိုသည့်အခါ၊ ငါသည် သူ့ကို အလေးဂရုမပြုသကဲ့သို့ သူ့အပေါ် စက်ဆုပ်ရွံရှာမှု ခံစားခဲ့ရသည်။ လူသားသည် အောက်လမ်းဆေးဝါးနှင့် မှော်အတတ်တို့၏ နည်းလမ်းကိုသာ ရှာရန် ငါ့ထံမှ ထွက်ခွာသွားခဲ့သည်။ ငါ့ထံမှ လူသားတောင်းဆိုခဲ့ပြီးသမျှအားလုံးကို ငါသိမ်းယူလိုက်ချိန်တွင်၊ အယောက်တိုင်းက အစအနရှာ၍မရအောင် ပျောက်သွားကြ၏။ ထို့ကြောင့် ငါသည် အလွန်များလှစွာသော ကျေးဇူးတော်ပေးပြီး ရရန် များလွန်းသောကြောင့်၊ လူသားသည် ငါ၌ ယုံကြည်ခြင်း ရှိသည်ဟု ငါဆို၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်း)လူသား၏ ဘုရားသခင်နှင့် ဆက်ဆံရေးမှာ ပကတိ မိမိ၏ကိုယ်ကျိုးစီးပွားတစ်ခုမျှသာ ဖြစ်ပေသည်။ ယင်းသည် ကောင်းချီးမင်္ဂလာများ လက်ခံရရှိသူနှင့် ပေးသူတို့အကြား ဆက်ဆံရေးတစ်ခု ဖြစ်သည်။ ရှင်းရှင်းပြောပါက၊ အလုပ်သမားနှင့် အလုပ်ရှင်တို့အကြား ဆက်ဆံရေးနှင့် ဆင်ဆင်တူပေသည်။ အလုပ်သမားသည် အလုပ်ရှင် ချပေးသော ဆုလာဘ်များကို လက်ခံရရှိရန်သာ အလုပ်လုပ်သည်။ ထိုသို့သော ဆက်ဆံရေးတစ်ရပ်တွင် ချစ်ခင်ခြင်းမရှိပေ၊ အပေးအယူသာ ရှိသည်။ ချစ်ခြင်း သို့မဟုတ် အချစ်ခံရခြင်းမရှိ၊ ပေးကမ်းစွန့်ကြဲခြင်းနှင့် သနားကရုဏာသာ ရှိသည်။ နားလည်မှုမရှိ၊ မျိုသိပ်ထားသော နာကြည်းမှုနှင့် လှည့်ဖြားခြင်းသာ ရှိသည်။ ရင်းနှီးမှုမရှိ၊ ဖြတ်သန်းမရနိုင်သည့် ကွာဟချက်သာ ရှိသည်။ အမှုအရာများက ဤအဆင့်သို့ ရောက်ပြီးဖြစ်သဖြင့်၊ မည်သူသည် ထိုသို့သော လမ်းကြောင်းတစ်ခုကို ပြောင်းပြန် လှည့်နိုင်မည်နည်း။ ဤဆက်ဆံရေးက မည်မျှ ကြောက်မက်ဖွယ်ဖြစ်လာပြီး ဖြစ်သည်ကို လူမည်မျှက အမှန်တကယ် နားလည်နိုင်စွမ်းရှိသနည်း။ လူများသည် ကောင်းချီးမင်္ဂလာခံစားရခြင်း၏ ဝမ်းမြောက်မှုတွင် မိမိတို့ကိုယ်ကိုယ် နှစ်မြုပ်ထားသည့်အခါ၊ ဘုရားသခင်နှင့် ထိုသို့သော ဆက်ဆံရေးက မည်မျှရှက်ဖွယ်ကောင်းပြီး မြင်မကောင်း ရှုမကောင်း ဖြစ်သည်ကို မည်သူမျှ စိတ်မကူးနိုင်ဟု ငါယုံကြည်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၃)- ဘုရားသခင်၏ စီမံခန့်ခွဲမှုအလယ်၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်) ဘုရားနှုတ်ကပတ်တော်က ကောင်းချီးနဲ့ ဖောက်ပြန်ပျက်စီးတဲ့ အခြေအနေအတွက် ကိုယ့်ကြံရွယ်ချက်တွေကို ထုတ်ဖော်ပြတယ်။ လူတော်တော်များများက တကယ်တော့ သူတို့ယုံကြည်ခြင်းမှာ ဘုရားရဲ့ နှစ်သိမ့်မှုကိုပဲ ရှာကြတယ်။ သူတို့က ဘယ်လိုကံအကြောင်းမလှတဲ့ ဖြစ်ရပ်ကိုမှ မခံချင်ဘဲ၊ သူတို့လိုချင်သမျှကို ဘုရားက ပေးမှာပဲလို့ မျှော်လင့်နေကြတယ်။ ဒါပေမဲ့ သူတို့က ဘုရားကို စိတ်ကျေနပ်စေလားဆိုတာကို လုံးဝ ဂရုမစိုက်ဘူး။ သူတို့အတွက်ကတော့ ဘုရားကို ကျိုးနွံတာ၊ သူ့တောင်းဆိုချက်တွေ ဖြည့်ဆည်းတာက အရေးမကြီးဘူး။ အရေးအကြီးဆုံးက သူတို့လိုချင်တာ ဘုရားက ပေးဖို့ပဲ။ သခင့်အပေါ် ကျွန်တော့်ရဲ့ယုံကြည်ခြင်းမှာ ဘုရားရဲ့ကောင်းချီးတွေအတွက် ကျွန်တော်တို့ ဆုတောင်းသင့်တယ်လို့ သင်းအုပ်တွေနဲ့ အကြီးအကဲတွေက ခဏခဏ ဟောကြတယ်။ ဒါပေမဲ့ အဲဒီလိုလိုက်စားမှုမျိုးက ဘုရားနဲ့ကိုယ့်ဆက်ဆံရေးမှာ အစွန်းအထင်း ဖြစ်စေတယ်လေ။ ဘုရားနှုတ်ကပတ်တော်တွေက ထုတ်ဖော်သလိုပါပဲ။ “လူသား၏ ဘုရားသခင်နှင့် ဆက်ဆံရေးမှာ ပကတိ မိမိ၏ကိုယ်ကျိုးစီးပွားတစ်ခုမျှသာ ဖြစ်ပေသည်။ ယင်းသည် ကောင်းချီးမင်္ဂလာများ လက်ခံရရှိသူနှင့် ပေးသူတို့အကြား ဆက်ဆံရေးတစ်ခု ဖြစ်သည်။ ရှင်းရှင်းပြောပါက၊ အလုပ်သမားနှင့် အလုပ်ရှင်တို့အကြား ဆက်ဆံရေးနှင့် ဆင်ဆင်တူပေသည်။ အလုပ်သမားသည် အလုပ်ရှင် ချပေးသော ဆုလာဘ်များကို လက်ခံရရှိရန်သာ အလုပ်လုပ်သည်။ ထိုသို့သော ဆက်ဆံရေးတစ်ရပ်တွင် ချစ်ခင်ခြင်းမရှိပေ၊ အပေးအယူသာ ရှိသည်။” ဘုရားနှုတ်ကပတ်တော်တွေက သမ္မာတရားဖြစ်လို့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ခဲ့တယ်။ ကိုယ့်ယုံကြည်ချက်ကလည်း ဘုရားကောင်းချီးတွေကို ရဖို့ပဲဆိုတာ တွေ့လိုက်ရတယ်။ အဲဒီရည်ရွယ်ချက်က ကျွန်တော့်နှလုံးသား ချောင်ထဲမှာ နက်နက်ပုန်းကွယ်နေတာ။ ဘုရားက ကမ္ဘာပေါ်ကို ပြန်ကြွလာပြီဆိုတော့ သူ့ကို လက်ခံတဲ့လူတိုင်းကို သူက သေချာပေါက် ကောင်းချီးပေးမှာပဲပေါ့။ ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်တော် လက်ခံခဲ့တဲ့အတွက် ကောင်းချီးတွေက မဝေးလောက်ဘူး၊ ကိုယ့်ဘဝကလည်း ပိုကောင်းလာတော့မှာပါပေါ့။ ဒါပေမဲ့ အခြေအနေတွေက အဲဒီလို မဖြစ်လာပဲနဲ့၊ ဒုက္ခတွေတွေ့ပြီး ကျွန်တော့်ဘဝက ပိုခက်ခဲလာတယ်။ ဒါနဲ့ ကျွန်တော် အားနည်းပြီး အပျက်သဘောဆောင်လာတယ်။ ကျွန်တော့်မှာ ဝင်ငွေမရှိ၊ စားစရာလည်း မရှိဘူး။ အွန်လိုင်းစုဝေးပွဲတွေမှာ ပါဖို့ အင်တာနက်မသုံးနိုင်ခဲ့ဘူး။ ကိုယ့်ယုံကြည်ခြင်းကို ဘယ်လို လက်တွေ့လုပ်ဆောင်နိုင်မှာလဲ။ ကျွန်တော့်မှာ စိတ်ချဉ်ပေါက်ပြီး ဘုရားက ကိုယ့်အပေါ် ဂရုမစိုက်သလို ခံစားရတယ်။ အလုပ်အတွက် နေရာအနှံ့ ပြေးလွှားသွားလာခဲ့ပြီး ဘုရားအကူအညီအတွက် ဆုတောင်းခဲ့တယ်။ ဒါပေမဲ့ ဘုရားက လုံးဝ ပြန်အဖြေမပေးသလို၊ ကျွန်တော် ဆုတောင်းတာကိုလည်း မပေးခဲ့ဘူး။ ဘုရားနဲ့ပတ်သက်ပြီး ကျွန်တော် သံသယတွေဖြစ်လာတယ်။ သူက စစ်မှန်တဲ့ ဘုရားလား။ ဘုရား ပြောခဲ့သလိုပါပဲ။ “လူသားအပေါ် ငါ၏ အမျက်ဒေါသကို ဆောင်ကြဉ်းခဲ့ပြီး တစ်ချိန်က သူ ပိုင်ဆိုင်ခဲ့သည့် ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ကို ငါ သိမ်းပိုက်ခဲ့ချိန်တွင်၊ လူသားသည် သံသယရှိလာခဲ့၏။” ဘုရားနှုတ်ကပတ်တော်တွေရဲ့ ထုတ်ဖော်ပြချက်က ကျွန်တော်ပြခဲ့မိတာနဲ့ ပတ်သက်ပြီး အရှက်ရစေတယ်။ ကောင်းချီးတွေအတွက် ယုံကြည်တာဟာ မှားယွင်းတဲ့ သဘောထားပဲဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေက ပြခဲ့တယ်။ ဘုရားကို ကောင်းချီးတွေ ပေးတဲ့သူလိုတစ်မျိုး၊ ကိုယ့်ကိုယ်ကိုယ် ကောင်းချီး လက်ခံသူလိုတစ်ဖုံ မြင်ခဲ့မိလို့လေ။ ဘုရားက ကျွန်တော်လိုချင်သလို အလုပ်ကောင်းတစ်ခု မပေးတော့ သူ့ကို အပြစ်တင်ပြီး ကျွန်တော့်ကို သူ လုံးဝ ဂရုမစိုက်ဘူးလို့ ထင်ခဲ့တယ်။ ယုံကြည်ခြင်းအပေါ် ကျွန်တော့် အမြင်က ဘယ်လောက် အဓိပ္ပာယ်မဲ့မှန်း၊ မသိနားမလည်မှန်း၊ မိုက်မဲမှန်း မြင်လိုက်ရတယ်။ ကျွန်တော် ငယ်ငယ်တည်းက စုဝေးပွဲတွေကို သွားခဲ့ပုံနဲ့ ကြားခဲ့သမျှက ဒါမျိုးတွေ ဖြစ်ပုံကို တွေးမိတယ်။ “ဘုရားက မင်းကို ကောင်းချီးအကြီးကြီး ပေးလိမ့်မယ်။ မင်း ယုံကြည်သူဖြစ်ရင် ဘုရားက ကောင်းချီးပေးမယ်။ ကိစ္စတွေအတွက် ဆုတောင်းပြီး တောင်းလျှောက်ရင် သူက သေချာပေါက် အဖြေပေးလိမ့်မယ်” လို့ပေါ့။ ဘာသာရေးလောက၊ ကိုယ့်မိဘတွေနဲ့ ကိုယ့်နားက တခြားလူတွေဆီကနေ ကြားခဲ့တာတွေက ကျွန်တော့်အပေါ် အကျိုးသက်ရောက်မှုကြီး ရှိခဲ့တယ်။ ဘုရားကောင်းချီးတွေကို ရဖို့နဲ့ လောကီ ဒုက္ခတွေက လွတ်ဖို့က ယုံကြည်ဖို့သာ လိုတယ်လို့ ခံစားရစေတယ်။ အရင်က ယုံကြည်ခြင်းမှာ ကောင်းချီးတွေကို လိုချင်တာက မှားတယ်လို့ လုံးဝ မတွေးခဲ့ဘူး။ ဒါဟာ ဆိုးယုတ်တဲ့ စိတ်သဘောထားမှန်း တကယ် မသိခဲ့ဘူး။ လူတွေရဲ့ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်တဲ့ ဘုရားနှုတ်ကပတ်တော်တွေ ဖတ်မှသာ သိနားလည်မှုရခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် မေးမိတယ်။ ယုံကြည်ခြင်းက တကယ်ကို ရုပ်ဝတ္ထုဆိုင်ရာ ကောင်းချီးတွေ ရဖို့ပဲလား။ ငွေနဲ့ ရုပ်ဝတ္ထုဆိုင်ရာ ပိုင်ဆိုင်မှု လုံလုံလောက်လောက် ရှိတဲ့သူတွေက ဘုရား လက်ခံတဲ့သူတွေလား။ အဲဒီလိုသာဆိုရင်၊ ယောဟန် ၆:၂၇မှာ သခင်ယေရှုက ဒီလို ဘာလို့ပြောခဲ့တာလဲ။ “ပျက်စီးတတ်သောအစာကိုရခြင်းငှါ မကြိုးစားကြနှင့်။ လူသားသည် သင်တို့အား ပေး၍ ထာဝရအသက်နှင့်အမျှ တည်တတ်သောအစာကိုရခြင်းငှါ ကြိုးစားကြလော့။ ထိုသားသည် ခမည်းတော်ဘုရား၏တံဆိပ်ခတ်ခြင်းကို ခံသောသူဖြစ်သည်ဟု မိန့်တော်မူ၏။” သူက ပြောသေးတယ်။ “သံချေး၊ ပိုးရွဖျက်ဆီး၍ သူခိုးထွင်းဖောက်ခိုးယူရာ မြေကြီးပေါ်မှာ ဘဏ္ဍာကို မဆည်းဖူးကြနှင့်။ သံချေး၊ ပိုးရွ မဖျက်ဆီး၍ သူခိုးမထွင်းမဖောက် မခိုးမယူရာ ကောင်းကင်ဘုံ၌ ဘဏ္ဍာကိုဆည်းဖူး ကြလော့။ အကြောင်းမူကား၊ အကြင်အရပ်၌ သင်တို့၏ဘဏ္ဍာရှိ၏။ ထိုအရပ်သို့ သင်တို့၏ စိတ်နှလုံးရောက် တတ်၏။(ရှင်မဿဲခရစ်ဝင် ၆:၁၉-၂၁) အဲဒီနောက်မှာ ကျွန်တော် သဘောပေါက်လိုက်တယ်။ ရုပ်ဝတ္ထုဆိုင်ရာ ကောင်းချီးတွေအတွက် ဘုရားကို အမြဲတောင်းတာက လူသားမျိုးနွယ်ရဲ့ လွန်ကျူးတဲ့ဆန္ဒပဲ၊ အဲဒါဟာ ဖောက်ပြန်ပျက်စီးခြင်းဖြစ်ပြီး ဘုရားက ရွံမုန်းတယ်ဆိုတာကိုပေါ့။ ဒါဟာ ကျွန်တော်တို့က ကိုယ့်ဖန်ဆင်းရှင်ကို မကျိုးနွံမနာခံနိုင်အောင် စာတန်က လူတွေကို လှည့်စားပြီး ဘုရားရဲ့ပင်ကိုလက္ခဏာကိုရော၊ အထူးသဖြင့် ကျွန်တော်တို့ ကံကြမ္မာတွေကို ဘုရားအုပ်စိုးတာကိုပါ မသိအောင် တားဆီထားလို့ပဲ။ အကုန်လုံး အဆင်ပြေနေတဲ့အခါမှာ၊ ကျွန်တော်တို့က ဘုရားကို ကျေးဇူးတင်ပြီး ချီးမွမ်းကြတယ်။ ဒါပေမဲ့ ဘဝမှာ ဒုက္ခနဲ့ ရင်ဆိုင်ရတဲ့အခါ၊ ဘုရားက ကိုယ့်တောင်းဆိုချက်တွေကို မဖြည့်ပေးတဲ့အခါမှာ ဘုရားကို ကျွန်တော်တို့ ရှောင်ကြဉ်ပြီး အပြစ်တင်ကြတယ်။ ဒါက အာဗြဟံကို သတိရစေတယ်။ သူက ဘုရားဆီက ဘာမဆိုကို နာခံဖို့ လိုလားခဲ့တယ်။ ကောင်းကောင်းဆိုးဆိုး၊ သူ့မှာ ကိုယ်ပိုင်ရွေးချယ်မှု မရှိခဲ့ဘူး။ ဘုရားက အာဗြဟံဆီ သူ့သားကို ယဇ်အဖြစ်သုံးခိုင်းတဲ့အခါမှာ၊ အာဗြဟံက ဘုရားခိုင်းတဲ့အတိုင်း လုပ်ဖို့ အဆင်သင့်ပဲ။ သူအရမ်းနာကျင်ရပေမဲ့၊ ဘုရားကို ဒီလို မမေးခဲ့ဘူး။ “ကိုယ်တော့် ဘာလို့ ဒါလုပ်ခိုင်းတာလဲ။ ကျွန်တော့်ကို ဒါမျိုး ဘယ်လိုလုပ် ဆက်ဆံနိုင်ရတာလဲ” လို့လေ။ ဘုရားက ဘာကိုပဲ တောင်းဆိုပါစေ၊ သူ နာခံသင့်တယ်လို့ အာဗြဟံက ယုံကြည်ခဲ့တယ်။ ဘုရားက ဖန်ဆင်းရှင်ဖြစ်သလို၊ သူကိုယ်တိုင်ကလည်း ဖန်ဆင်းခံမို့လို့၊ သူက အကြွင်းမဲ့ နာခံသင့်ပြီး ဘုရားဆီက ဘယ်ပညတ်တော်ကိုမဆို၊ တောင်းဆိုချက်ကိုမဆို လက်ခံသင့်တယ်ဆိုတာ သူသိခဲ့တယ်။ အာဗြဟံရဲ့ ယုံကြည်ခြင်းက ဘုရားရဲ့ လက်ခံမှုကို ရခဲ့တယ်။ ဒါပေမဲ့ ဒီနေ့လူတွေဟာ အာဗြဟံနဲ့ လုံးလုံး မတူကြဘူး။ ကျွန်တော်တို့က ရုပ်ဝတ္ထုဆိုင်ရာ ကောင်းချီးတွေနဲ့ ပတ်သက်တဲ့ အတွေးတွေနဲ့ အမြဲ နစ်မြုပ်နေပြီး၊ ဘုရားအလိုတော်ကို လျစ်လျူရှုကြတယ်။ သခင်ယေရှုက တိုက်တွန်းခဲ့တယ်။ “ဘုရားသခင်၏ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြလော့။ နောက်မှ ထိုအရာ များကို ထပ်၍ပေးတော်မူလတံ့။(ရှင်မဿဲခရစ်ဝင် ၆:၃၃) ရုပ်ဝတ္ထုဆိုင်ရာ ကောင်းချီးတွေကို မရှာသင့်ဘဲ၊ ဘုရားအလိုတော်ကို လုပ််ဖို့၊ သမ္မာတရားလိုက်စားပြီး ကိုယ့်တာဝန်တွေကို ကောင်းကောင်း လုပ်ဖို့ ကြိုးစားသင့်တယ်။ အဲဒါက အရေးကြီးတဲ့အရာပဲ။ ဘုရားက ဖန်ဆင်းရှင်ပါ။ ကျွန်တော်တို့အတွေးတွေကို သူအသိဆုံး။ ကျွန်တော်တို့ လိုအပ်တဲ့အရာကိုလည်း သူအသိဆုံးပဲ။ ဒါပေမဲ့ စာတန်ရဲ့ ဖောက်ပြန်ပျက်စီးစေခြင်းကြောင့် လူသားမျိုးနွယ်ရဲ့ အတွေးတွေအားလုံးကို လောဘနဲ့ ရုပ်ဝတ္ထုဆိုင်ရာ ကောင်းချီးတွေက နေရာယူသွားကြတယ်။ ဒီတော့ ကျွန်တော်တို့က နာခံဖို့နဲ့ ဖြည့်ဆည်းဖို့ ဘုရားကို မယုံကြည်ကြဘဲ၊ ကောင်းချီးတွေရဖို့နဲ့ ကိုယ့်ကိုယ်ပိုင်ဆန္ဒတွေကို ဖြည့်ဆည်းဖို့အတွက်ပဲ ယုံကြတာ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ထုတ်ဖော်တဲ့အတိုင်းပဲ။ “ဖောက်ပြန်ပျက်စီးသော လူသားအားလုံး ၎င်းတို့ကိုယ်တိုင်အတွက် အသက်ရှင်နေထိုင်ကြ၏။ မိမိကိုယ်သာ ကိုးကွယ်ရာ၊ ဤသည်မှာ လူ့သဘာဝ၏ အနှစ်ချုပ်ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် မိမိအတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး၊ ၎င်းတို့သည် ဘုရားသခင်အတွက် အမှုအရာများကို စွန့်လွှတ်ပြီး မိမိတို့ကိုယ်ကိုယ် အသုံးခံကြသည့်အခါ ယင်းသည် ကောင်းချီးခံစားရရန်ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်အပေါ် သစ္စာရှိသောအခါ ယင်းသည် ဆုချီးမြှင့်ခြင်းခံရရန်ဖြစ်သည်။ အနှစ်ချုပ်လျှင် အားလုံးက ကောင်းချီးရဖို့၊ ဆုချီးမြှင့်ခြင်းခံရဖို့၊ ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရဖို့ ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်။ လူ့အဖွဲ့အစည်းတွင် လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးအမြတ်အတွက် အလုပ်လုပ်သည်။ ဘုရားသခင်၏ အိမ်တော်တွင် ၎င်းတို့က ကောင်းချီးရရန် တာဝန်ထမ်းဆောင်ကြသည်။ ကောင်းချီးမင်္ဂလာများ ရရှိရန်အတွက် လူတို့သည် အရာခပ်သိမ်းကို စွန့်ပယ်ခြင်းဖြစ်ကာ များစွာသော ဒုက္ခကို ကြံ့ကြံ့ခံနိုင်ခြင်းဖြစ်သည်။ လူသား၏ ဆိုးယုတ်သော သဘာဝနှင့်ပတ်သက်ပြီး ပိုကောင်းသော အထောက်အထားမရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်တော့်အကြောင်း အတိအကျ အမှန်တရားကို ဖော်ထုတ်ခဲ့တယ်။ ကိုယ့်မာနထောင်လွှားမှုနဲ့ အတ္တကို မြင်ခဲ့ပြီး ကိုယ်မကြိုက်တာတစ်ခုခု ကြုံတဲ့အခါ ဘုရားဆီမှာ ဆုတောင်းပြီး နာခံသင့်ပုံ၊ ကျေးဇူးတော်နဲ့ ကောင်းချီးတွေနောက်ပဲ လိုက်လို့မရပုံကို သိခဲ့ရတယ်။ ဒါပေမဲ့ မကြာခင်မှာ အဲဒီလိုပြဿနာမျိုး ကြုံပြန်တယ်။ ကျွန်တော်က ကျွန်တော့်ဦးလေးရဲ့ နေရာမှာ တစ်ပတ်ပဲ အလုပ်လုပ်ပြီး ထွက်လိုက်သလို၊ အဲဒီနောက်မှာ ကိုယ့်တာဝန်ကို အာရုံစိုက်ဖို့ အိမ်မှာပဲနေခဲ့တော့၊ ပိုက်ဆံက ကုန်တာ တော်တော် မြန်တယ်။ နောက်တစ်နပ်စာက ဘယ်က လာမယ်မှန်း မသိသလို၊ အလုပ်ကို ဘယ်လိုရှာသင့်မှန်းလည်း မသိခဲ့ဘူး။ ကျွန်တော်က ဘွဲ့မရထားလို့၊ အလုပ်အတွက် ဘာအရည်အချင်းမှလည်း မရှိလို့လေ။ ကိုယ်ပိုင်တာဆိုလို့ ဘာမှမရှိဘူး၊ ဖုန်းဘေပက်ကေ့ချ့်မှာ ဒေတာ ထပ်ဝယ်ဖို့ ပိုက်ဆံလည်း မရှိဘူး။ စုဝေးပွဲတွေမှာ ပါဖို့နဲ့ တာဝန်ကို ထမ်းဆောင်ဖို့ အင်တာနက် တော်တော် လိုခဲ့တယ်။ ဒါကိုတွေးရင် ထပ်အားနည်းသွားပြီး မျှော်လင့်ချက် မမြင်ရသလို ခံစားရတယ်။ အဲဒီအချိန်မှာပဲ အမေက ပြောလာတယ်။ ကမ္ဘာ့ကပ်ရောဂါကြောင့် သူတို့မှာ စားစရာတစ်ပြားမှ မရှိတော့ဘဲ၊ ကျွန်တော်များ သူတို့ကို တစ်ခုခု ပေးနိုင်မလားလို့ မျှော်လင့်မိတယ်တဲ့။ အမေလည်း ကျွန်တော်လို ဒုက္ခရောက်နေတာကို သိတော့ ကျွန်တော် အားနည်းပြီး နာကျင်ရပါတယ်။ ဘာလုပ်ရမှန်း မသိခဲ့ဘူး။ တခြားလူတွေထက် အများကြီး ပိုပြီး ဒုက္ခရောက်နေသလို ခံစားခဲ့ရတယ်။ ကိုယ့်ဘဝက အရမ်း ကြမ်းတမ်းသလိုပေါ့။ ဘုရားအလိုတော်ကို ရှင်းရှင်းလင်းလင်း နားမလည်နိုင်ခဲ့ဘူး။ ကိုယ့်တာဝန်နဲ့ နေ့တိုင်း အလုပ်ရှုပ်နေတော့၊ ဘုရားက ကိုယ့်ကို စောင့်ရှောက်သင့်တာ၊ ဒါဆို ကျွန်တော့်အခြေအနေက ဘာလို့ ပိုဆိုးလာတာလဲလို့ တွေးမိတယ်။

အဲဒီတုန်းက ကျွန်တော် ဘုရားနှုတ်ကပတ်တော်တွေ အများကြီးဖတ်ပြီး ချီးမွမ်းခြင်း ဓမ္မတေး တော်တော် နားထောင်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်က သူ့အလိုတော်ကို နားလည်အောင် ကူပေးခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၌ သူတို့၏ ယုံကြည်ခြင်းတွင် လူတို့ ရှာဖွေကြသည့်အရာမှာ အနာဂတ်အတွက် ကောင်းချီးမင်္ဂလာများကို ရရှိရန်ဖြစ်သည်၊ ဤသည်မှာ သူတို့၏ ယုံကြည်ခြင်းထဲက သူတို့၏ ရည်ရွယ်ချက်ဖြစ်သည်။ လူအပေါင်း၌ ဤရည်ရွယ်ချက်နှင့် မျှော်လင့်ချက် ရှိကြသည်။ သို့သော်လည်း သူတို့၏သဘာဝဗီဇအတွင်းမှ ဖောက်ပြန်ပျက်စီးခြင်းကို စမ်းသပ်မှုများအားဖြင့် ဖြေရှင်းရမည်ဖြစ်သည်။ သင်တို့အနေဖြင့် သန့်စင်စေခြင်း မခံရသေးသော၊ ဖောက်ပြန်ပျက်စီးခြင်းကို ဖွင့်ပြသော မည်သည့်ကဏ္ဍများတွင်မဆို ယင်းကဏ္ဍများ၌ စစ်ဆေးခြင်းကို သင်ခံရမည်၊ ဤသည်မှာ ဘုရားသခင်၏ အစီအစဉ်ဖြစ်သည်။ ဘုရားသခင်သည် သင့်အတွက် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးသည်၊ သင်၏ဖောက်ပြန်ပျက်စီးခြင်းကို သင်သိနိုင်ရန် ထိုနေရာတွင် သင့်ကို မဖြစ်မနေ အစစ်ဆေးခံစေသည်။ အဆုံးတွင် သင်သည် သေလိုပြီး သင်၏အကြံအစည်များနှင့် အလိုဆန္ဒများကို စွန့်လွှတ်လိုသည့် အနေအထားအထိရောက်ကာ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်ကို ကျိုးနွံနာခံမည်ဖြစ်သည်။ ထို့ကြောင့် အကယ်၍ လူတို့သည် နှစ်အနည်းငယ် စစ်ဆေးခံရခြင်း မရှိပါက၊ အကယ်၍ ၎င်းတို့သည် အတိုင်းအတာတစ်ခုအထိ ဒုက္ခဆင်းရဲခြင်းကို မခံရပါက ၎င်းတို့သည် ၎င်းတို့၏အတွေးများနှင့် စိတ်နှလုံးများထဲမှ ဇာတိပကတိဖောက်ပြန်ပျက်စီးခြင်း၏ ချုပ်နှောင်မှုကို ဖယ်ရှားနိုင်မည် မဟုတ်ပေ။ လူတို့သည် စာတန်၏ ချုပ်နှောင်ခြင်းကို ခံနေရသေးသော မည်သည့်ကဏ္ဍများတွင်မဆို၊ ၎င်းတို့၏ ကိုယ်ပိုင် အလိုဆန္ဒများ၊ ၎င်းတို့၏လိုအင်များ ရှိနေသေးသော မည်သည့်ကဏ္ဍများတွင်မဆို ၎င်းတို့သည် ယင်းကဏ္ဍများတွင် ဒုက္ခဆင်းရဲခံသင့်သည်။ ဒုက္ခဆင်းရဲထဲ၌သာ သင်ခန်းစာများကို သင်ယူနိုင်ပြီး၊ ယင်းမှာ သမ္မာတရားကို ရနိုင်စွမ်းနှင့် ဘုရားသခင်၏ အလိုတော်ကို နားလည်နိုင်စွမ်းရှိခြင်းကို ဆိုလိုသည်။ အမှန်အားဖြင့် သမ္မာတရားများစွာကို နာကျင်သော စမ်းသပ်မှုများအား တွေ့ကြုံခြင်းဖြင့် နားလည်ကြခြင်း ဖြစ်သည်။ သက်သောင့်သက်သာရှိပြီး လွယ်ကူသော ပတ်ဝန်းကျင်တစ်ခု၌ ရှိသောအခါ၊ သို့မဟုတ် အခြေအနေများ ကောင်းမွန်နေသောအခါ၌ မည်သူမျှ ဘုရားသခင်၏ အလိုတော်ကို နားလည်နိုင်ခြင်း၊ ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာကို အသိအမှတ်ပြုနိုင်ခြင်း၊ သို့မဟုတ် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို နားလည်သဘောပေါက်ခြင်း ရှိနိုင်မည် မဟုတ်ပေ။ ထိုအရာမှာ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး)လူတို့သည် ၎င်းတို့စိတ်အတွင်းတွင် ဘုရားသခင်အပေါ် အလွန်အကျူးတောင်းဆိုမှုများ အစဉ်ရှိကြသည်။ ၎င်းတို့က ‘ငါတို့က မိသားစုတွေကို ထားခဲ့ပြီး တာဝန်တွေ ထမ်းဆောင်နေကြတာ။ ဒါကြောင့် ဘုရားက ငါတို့ကို ကောင်းချီးပေးသင့်တယ်။ ဘုရားတောင်းဆိုတဲ့အတိုင်း ငါတို့ လုပ်ကြတယ်။ ဒါကြောင့် ဘုရားက ငါတို့ကို ဆုချီးမြှင့်သင့်တယ်။’ ဟု အစဉ် ထင်မြင်ကြသည်။ လူများစွာတို့သည် ဘုရားသခင်ကို ယုံကြည်ရာတွင် ၎င်းတို့၏ စိတ်နှလုံး၌ ဤသို့သောအရာများ တည်ရှိနေကြသည်။...လူတို့သည် အလွန်ပင် အသိတရားမရှိကြပေ။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သော်လည်း ဘုရားသခင်ကို အပြစ်တင်ကြသည်။ လုပ်သင့်သည့်အရာကို မလုပ်ဆောင်ကြပေ။ လူတို့သည် သမ္မာတရားကို လိုက်စားခြင်းလမ်းကြောင်းအား ရွေးချယ်သင့်သည်။ သို့တိုင်အောင် ၎င်းတို့သည် သမ္မာတရားကို စိတ်ကုန်ပြီး ဇာတိပကတိ သာယာမှုများကို တောင့်တကြသည်။ ကောင်းချီးများနှင့် ကျေးဇူးတော်ခံစားခြင်းနောက်သို့ အစဉ်လိုက်ကြသည်။ လူသားအပေါ် ဘုရားသခင်၏ တောင်းဆိုမှုများက များလွန်းသည်ဟု အစဉ် ညည်းညူနေကြသည်။ ၎င်းတို့သည် ဘုရားသခင်အား ၎င်းတို့ကို ကြင်နာစွာဆက်ဆံစေရန်၊ ကျေးဇူးတော်များကို ပို၍ ချပေးစေရန်၊ ဇာတိပကတိ ခန္ဓာသာယာမှုကို ခွင့်ပြုစေရန် မလျှော့တမ်း ကြိုးစားကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူများဟုတ်သလော။...ဤအရာများကို ပြောဆိုရာတွင် လူတို့သည် အသိတရားနှင့် ယုံကြည်ခြင်း လုံးဝ မရှိကြပေ။ ယင်းတို့အားလုံးသည် ၎င်းတို့၏ လွန်ကျူးသော တောင်းဆိုချက်များ မရရှိသောကြောင့် ဘုရားသခင်အပေါ် လူသားက မကျေနပ်ခြင်းမှ အရင်းခံလာကြသည်။ ယင်းတို့အားလုံးသည် လူသား၏ စိတ်နှလုံးမှ ပွင့်အန်ထွက်လာသောအရာများဖြစ်သည်။ ယင်းတို့သည် လူ့သဘာဝဗီဇ၏ လုံးဝ ကိုယ်စားပြုသောအရာများ ဖြစ်သည်။ ဤအရာများသည် လူ၏အတွင်းတွင်ရှိသည်။ ၎င်းတို့က ဤအရာများကို မဖယ်ရှားလျှင် ဤအရာများကြောင့် ၎င်းတို့က အချိန် နေရာမရွေး ဘုရားသခင်ကို အပြစ်တင်ခြင်း၊ နားလည်မှုလွဲခြင်းတို့ ဖြစ်စေနိုင်သည်။ လူသားသည် ဘုရားသခင်ကို ဆန့်ကျင်စော်ကားနိုင်ခြေလည်း ရှိလိမ့်မည်။ ပြီးလျှင် ၎င်းတို့သည် မည်သည့်နေရာ၊ မည်သည့်အချိန်တွင်မဆို စစ်မှန်သောလမ်းခရီးမှ သွေဖည်သွားနိုင်သည်။ ဤသည်မှာ သဘာဝအလျောက်ဖြစ်ပေါ်သောအရာတစ်ခုဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်တော် တစ်ခုခုကို သင်ယူရတယ်။ ကိုယ့်မိသားစုကို အာရုံမစိုက်နိုင်တော့တဲ့အထိ နေ့တိုင်း ကိုယ့်တာဝန်ကို အာရုံစိုက်မိတယ်။ အဲဒီနည်းနဲ့ ကိုယ့်ကိုယ်ကိုယ် အသုံးခံတော့ ဘုရားက ကျွန်တော့်ကို ဆုလာဘ်ချီးမြှင့်ပြီး ကောင်းချီးတွေ ပေးသင့်တယ်လို့ ထင်ခဲ့တာ။ အလျှံပယ်ဆုလာဘ်တွေ ဘုရားဆီက မလိုချင်ခဲ့ပါဘူး။ ဖူလုံဖို့ လုံလောက်တဲ့ အလုပ်လေးတစ်ခုလောက်ပဲ လိုချင်တာပါ။ အလုပ်တစ်ခုရပြီးရင် ကိုယ့်တာဝန်မှာ ပိုကောင်းတဲ့အလုပ်ကို လုပ်နိုင်မယ်လေ။ အဲဒါဟာ ယုတ္တိတန်တဲ့ တောင်းဆိုမှုဖြစ်ပြီး မလွန်ကဲလောက်ဘူးလို့ ကျွန်တော် ခံစားခဲ့တာ။ ဒါပေမဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်ပြီးတဲ့နောက်၊ အဲဒီလို လွန်ကဲတဲ့ ဆန္ဒတွေနဲ့ အလိုတွေက ဘုရားကို ကျွန်တော် မနာခံရသေးကြောင်း ပြနေတယ်ဆိုတာ တွေ့လိုက်ရတယ်။ ကျွန်တော့်အတွက် ဒါလုပ်ပါ၊ ဟိုဟာလုပ်ပါဆိုပြီး ဘုရားကို တောင်းဆိုနေတာပေါ့။ ဘုရားနှုတ်ကပတ်တော်က ပြခဲ့တယ်။ လူတစ်ယောက်က ဘုရားကို အမြဲ ယုတ္တိမရှိတာတွေပဲ တောင်းနေရင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ခက်ပြီး၊ ့ သူတို့တောင်းဆိုတာမရရင် ဘုရားကို သစ္စာဖောက်ပြီး စွန့်လွှတ်နိုင်ချေများမယ်တဲ့။ အဲဒီမှာ ကျွန်တော် နားလည်လိုက်တယ်။ ကိုယ်ရင်ဆိုင်ရတဲ့ အခက်အခဲတွေက အပြင်ပန်းမှာ တကယ် သနားစရာဖြစ်သလိုမျိုး အရမ်း ဒုက္ခရောက်နေပုံရပေမဲ့၊ တကယ်တော့ ကျွန်တော်က ဒုက္ခရဲ့ ချိုးနှိမ်မှုကို ကြုံနေရတာပါ။ ကျွန်တော် သည်းမခံနိုင်တော့သလို ခံစားရပေမဲ့ ဘုရားက ကျွန်တော့်ကို မစွန့်ပစ်ထားပါဘူး။ အဲဒါဟာ ကိုယ့်ယုံကြည်ခြင်းထဲက ကြံရွယ်ချက်အမှားတွေနဲ့ မသန့်စင်တာတွေကို ကျွန်တော် မြင်ရအောင်လို့ပါ။ လူတွေ လိုက်လျှောက်ဖို့ ဘုရားမျှော်လင့်တဲ့ မှန်ကန်တဲ့ ဦးတည်ချက်ဆီ အဲဒါတွေကို ပြောင်းလဲနိုင်ဖို့ပေါ့။ ကျွန်တော် မတွေးမိဘဲ မနေနိုင်ဘူး။ ပိုက်ဆံပိုရှာလို့ရတဲ့ နေရာက အလုပ်ကောင်းတစ်ခု မလိုချင်ဘူးလား။ ပိုများတဲ့ ဖုန်းဒေတာတွေနဲ့ ကိုယ့်အခြေခံလိုအပ်ချက် ပြည့်စုံတာကို မလိုချင်ဘူးလားပေါ့။ ကိုယ့်တာဝန်ကို ပြဿနာတစ်ခုမှ မရှိဘဲ ရှောရှောရှူရှူ မလုပ်ချင်ဘူးလားပေါ့။ ကျွန်တော် လချင်တာပေါ့။ ဒါဆိုရင် ဒါတွေကို ရဖို့ ကျွန်တော် မျှော်လင့်ထားတာကို ဘုရားက ကျွန်တော် အဲဒါတွေရဖို့ ဘာလို့ စီစဉ်မပေးရတာလဲ။ ကျွန်တော်ကိုက အဲဒီလောက် ကံခေလား။ အဲဒီလောက် ကံဆိုးလား။ လုံးဝ မဟုတ်ပါဘူး။ ကျွန်တော်ဟာ အရမ်း ကံကောင်းတာပါ။ ဒါဟာ ကျွန်တော့်အတွက် ဘုရားရဲ့ မေတ္တာပါ။ ကျွန်တော့်အတွက် ဘုရားက အဲဒီအခြေအနေကို ပြင်ဆင်ပေးတာလေ။ သမ္မာတရား ရှာဖွေဖို့၊ သင်ခန်းစာယူဖို့နဲ့ ကိုယ့်ယုံကြည်ခြင်းထဲက အရောအနှောတွေကို သန့်စင်ဖို့ပေါ့။ မကောင်းတဲ့၊ သဘောမကျစရာ အခြေအနေတွေကို မတွေ့ကြုံဘဲ၊ လုံးလုံး ကောင်းမွန်ပြီး သက်သောင့်သက်သာဖြစ်တဲ့ ပတ်ဝန်းကျင်မှာ ကိုယ့်ယုံကြည်ခြင်းကို လက်တွေ့လုပ်ဆောင်ရင်၊ ဘုရားအတွက် ကိုယ့်ယုံကြည်ခြင်းနဲ့ ချစ်ခြင်းတွေက ကြံရွယ်ချက်တွေ၊ ဆန္ဒတွေနဲ့ အရောအနှောတွေ ပါနေမှာ။ အဲဒါကို ဘုရားက လက်ခံမှာ မဟုတ်ဘူး။ လူတွေက ဘယ်အခြေအနေမှာမဆို သူ့အပေါ် ရိုးသားစစ်မှန်တာ၊ သူ့အပေါ် ဆက်ကပ်ပြီး နာခံတာကို ဘုရားက မျှော်လင့်တယ်။ ကလေးတစ်ယောက်လိုပါပဲ။ သက်သောင့်သက်သာဖြစ်တဲ့ ရုပ်ဝတ္ထုဆိုင်ရာ ဘဝတစ်ခုကို ပေးနေတဲ့အချိန်မှာပဲ သူတို့အဖေကို ချစ်ကြပြီး၊ မရရင်တော့ မုန်းပြီး “လိုချင်တာအကုန် မပေးလို့ကတော့ အဖေ့ကို လေးစားမှာမဟုတ်ဘူး။ အဖေလို့လည်း သတ်မှတ်မှာ မဟုတ်ဘူး” မုန်းပြီးပြောကြရင်၊ အဲဒါက ဘယ်လို ကလေးမျိုးလဲ။ အသိစိတ်နဲ့ ဆင်ခြင်တုံတရားမရှိတဲ့ သားသမီးဝတ် မကျေပွန်တဲ့ ကလေးပေါ့။ ဘုရားကျေးဇူးတော်ပဲ။ ကျွန်တော်လည်း အဲဒီလို အခြေအနေကို ရင်ဆိုင်ခဲ့ရတာ။ အဲဒါတွေကို ဖြန်သန်းရတာက ကိုယ့်ယုံကြည်မှုထဲက အရောအနှောတွေကို သန့်စင်ဖို့ ကျွန်တော် လိုအပ်တဲ့အရာ အတိအကျပဲ။

ဘုရားနှုတ်ကပတ်တော်ထဲမှာ တခြားတစ်ခုလည်း ဖတ်ခဲ့ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယနေ့တွင် ဘုရားသခင်၌ ယုံကြည်မှု အစစ်အမှန်မှာ အဘယ်အရာနည်း။ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင့်အသက်၏ လက်တွေ့အရှိတရား အဖြစ် လက်ခံခြင်းနှင့် ဘုရားသခင်ကို စစ်မှန်သည့် ချစ်ခြင်းအား ရရှိဖို့အလို့ငှာ ဘုရားသခင်၏နှုတ်ကပတ်တော်မှ သူ့ကို သိကျွမ်းခြင်း ဖြစ်သည်။ ရှင်းအောင်ဆိုရလျှင်- ဘုရားသခင်၌ ယုံကြည်မှုဆိုသည်မှာ သင်သည် ဘုရားသခင်ကို နာခံနိုင်ရန်၊ ဘုရားသခင်အား ချစ်နိုင်ရန်နှင့် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် ဆောင်ရွက်သင့်သော တာဝန်ကို ဆောင်ရွက်နိုင်ဖို့အလို့ငှာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၌ ယုံကြည်ခြင်း၏ ရည်မှန်းချက်ဖြစ်သည်။ သင်သည် ဘုရားသခင်၏ ချစ်ဖွယ်ကောင်းမှု နှင့်ဆိုင်သည့် အသိ၊ ဘုရားသခင်သည် သူ၏ ကြည်ညိုခြင်း မည်မျှ ခံထိုက်တန်ကြောင်းနှင့်ဆိုင်သည့် အသိ၊ ဘုရားသခင်သည် သူ၏ဖန်ဆင်းခံများ၌ ကယ်တင်ခြင်းအမှုကို မည်သို့လုပ်ဆောင်ပြီး ၎င်းတို့ကို စုံလင်စေခြင်း နှင့်ဆိုင်သည့် အသိပညာကို ရရှိရမည်ဖြစ်သည်- ဤအရာများသည် ဘုရားသခင်၌ သင်၏ယုံကြည်မှုနှင့်ဆိုင်သည့် မရှိမဖြစ် လိုအပ်သောအရာများ ဖြစ်သည်။ ဘုရားသခင်၌ ယုံကြည်ခြင်းဆိုသည်မှာ အဓိကအားဖြင့် ဇာတိပကတိနှင့် သက်ဆိုင်သော အသက်တာမှ ဘုရားသခင်ကို ချစ်ခြင်းနှင့်ဆိုင်သည့် အသက်တာသို့ ပြောင်းလဲခြင်း၊ ဖောက်ပြန်ပျက်စီးခြင်း အတွင်း အသက်ရှင်ခြင်းမှ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သက်ဆိုင်သော အသက်တာအတွင်း အသက်ရှင်ခြင်းသို့ ပြောင်းလဲခြင်း ဖြစ်သည်။ ယင်းသည် စာတန်၏အုပ်စိုးမှုအောက်မှ ထွက်လာခြင်းနှင့် ဘုရားသခင်၏ စောင့်ရှောက်မှုနှင့် ကာကွယ်မှုအောက်၌ အသက်ရှင်ခြင်း ဖြစ်သည်။ ယင်းသည် ဘုရားသခင်ကို နာခံမှုနှင့် ဇာတိပကတိကို မနာခံမှုတို့အား စွမ်းဆောင်ရရှိနိုင်ခြင်း ဖြစ်သည်။ ယင်းသည် ဘုရားသခင်အား သင်၏ စိတ်နှလုံးတစ်ခုလုံးကို ရယူခွင့်ပေးခြင်း၊ ဘုရားသခင်အား သင့်ကို စုံလင်စေရန် အခွင့်ပေးခြင်းနှင့် ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားမှ မိမိကိုယ်ကိုယ် လွတ်မြောက်စေခြင်းတို့ ဖြစ်သည်။ ဘုရားသခင်၌ ယုံကြည်မှုသည် အဓိကအားဖြင့် ဘုရားသခင်၏ ဘုန်းအသရေနှင့် တန်ခိုးတို့ သင့်အထဲ၌ ထင်ရှားစေရန်အလို့ငှာ၊ ဘုရားသခင်၏ အလိုကို သင် လုပ်ဆောင်နိုင်ပြီး ဘုရားသခင်၏ အစီအစဉ်ကို ပြီးမြောက်စေနိုင်ဖို့အလို့ငှာနှင့် စာတန်၏ရှေ့၌ ဘုရားသခင်အဖို့ သင်သက်သေခံနိုင်စေရန်အလို့ငှာ ဖြစ်သည်။ ဘုရားသခင်၌ ယုံကြည်မှုသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ရှုမြင်လိုသည်ဆန္ဒကို ဗဟိုမပြုသင့်သကဲ့သို့၊ သင်၏ ကိုယ်ရေးကိုယ်တာ ဇာတိပကတိအတွက်လည်း မဖြစ်သင့်ပေ။ ယင်းသည် ဘုရားသခင်ကို သိကျွမ်းခြင်းငှာ အားထုတ်ခြင်းနှင့် ဘုရားသခင်ကို နာခံနိုင်ခြင်း၊ ပြီးလျှင် ပေတရုကဲ့သို့ သေသည်အထိ သူ့ကို နာခံနိုင်ခြင်းအကြောင်း ဖြစ်သင့်ပေသည်။ ဤသည်တို့မှာ ဘုရားသခင်၌ ယုံကြည်ခြင်း၏ အဓိက ရည်မှန်းချက်များ ဖြစ်သည်။ တစ်ဦးတစ်ယောက်သည် ဘုရားသခင်ကို သိကျွမ်းဖို့နှင့် ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းဖို့ရန်အလို့ငှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ခြင်းသည် သင့်ကို ဘုရားသခင်နှင့်ဆိုင်သည့် သာ၍ကြီးမားသော အသိပညာ ပေးနိုင်သည်၊ ထို့နောက်မှသာ သင်သည် ဘုရားသခင်ကို နာခံနိုင်ပေသည်။ ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာဖြင့်သာ သူ့ကို သင် ချစ်နိုင်ပြီး၊ ဤသည်မှာ လူသားက ဘုရားသခင်၌ သူ၏ ယုံကြည်မှုတွင် ရှိသင့်သည့် ရည်မှန်းချက်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်) အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်တော် ယုံကြည်ပြီးတဲ့နောက်မှာ ဘုရားနှုတ်ကပတ်တော် ဒီကျမ်းပိုဒ်ကို ကျွန်တော် ဖတ်ရတာ။ ဒါပေမဲ့ အဲဒီအချိန်ကတော့ တကယ် နားမလည်ခဲ့ဘူး။ အဲဒီခက်ခဲတဲ့အချိန်တဲ့အားလုံး ကြုံပြီးမှ ဘုရားအလိုတော်ကို နည်းနည်း နားလည်ခဲ့တယ်။ စစ်မှန်တဲ့ ယုံကြည်မှုဆိုတာ ဘုရားအတွက် အသုံးခံနေသရွေ့ သူက ကျွန်တော့်ကို စောင့်ရှောက်ပြီး ကာကွယ်တဲ့အပြင် ကျွန်တော့်လိုအပ်ချက်တွေကို ဖြည့်သင့်တယ်လို့ ကျွန်တော် ထင်ထားသလို မဟုတ်ခဲ့ဘူး။ ယုံကြည်ခြင်းနဲ့ပတ်သက်တဲ့ အဲဒီအမြင်မျိုးက မမှန်ဘူး။ ကျွန်တော်တို့ယုံကြည်ခြင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို တွေ့ကြုံပြီး အရာရာမှာ သူ့ကို စိတ်ကျေနပ်စေသင့်တယ်။ ဘုရား ပေးသည်ဖြစ်စေ၊ ယူသွားသည်ဖြစ်စေ၊ သူ့ကို ကျိုးနွံနာခံသင့်ပြီး ကိုယ့်ကိုယ်ကိုယ် အမှန်တကယ် ပေးအပ်သင့်တယ်။ လူတွေရဲ့ ယုံကြည်ခြင်းမှာ ဘုရားကို သူ့နှုတ်ကပတ်တော်တွေကတစ်ဆင့် သိဖို့ပဲ လိုက်စားတယ်ဆိုရင် သူ့အုပ်စိုးမှုနဲ့ စီစဉ်မှုတွေကို ကျိုးနွံနာခံတယ်ဆိုရင်၊ ဘုရားက အဲဒီလို ယုံကြည်မှုမျိုးကို လက်ခံတယ်။ ဘုရားကို ပေတရုလိုမျိုး အဆုံးစွန်အထိ ချစ်ပြီး သေတဲ့အထိ နာခံနိုင်တဲ့သူ ဘယ်သူမဆိုဟာ ဘုရားက စုံလင်စေတဲ့သူပဲ။ ကံကောင်းထောက်မလို့ ယုံကြည်မှုအပေါ် မှန်ကန်တဲ့ ရှုထောင့်အမြင်ကို သိဖို့ ဘုရားက ဒီအခြေအနေကတစ်ဆင့် ကျွန်တော့်ကို ဉာဏ်အလင်းပေးခဲ့ပြီး၊ ဒါက ကျွန်တော့်ကို စစ်မှန်တဲ့ ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှု ပေးခဲ့တယ်။ အဲဒီဒုက္ခကို တောင့်ခံနိုင်အောင် ကျွန်တော့်ကို ခွန်အားပေးဖို့ တောင်းလျှောက်ရင်း ဘုရားကို ကျိုးနွံနာခံတဲ့ ဆုတောင်းချက်တစ်ခု ပြုလိုက်တယ်။

နောက်တစ်နေ့မှာ ကျွန်တော့်ဦးလေးက ငွေနည်းနည်းပို့လိုက်လို့ အစားအစာနည်းနည်းနဲ့ ဖုန်းဒေတာ ဝယ်ခွင့်ရလိုက်တော့ အံ့အားသင့်ခဲ့ရတယ်။ ရှေ့ဆက်ရမဲ့ လမ်းကို ပေးတဲ့အတွက် ဘုရားကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိတယ်။

အဲဒီအပြင် ကျွန်တော် အချိန်ပိုင်းအလုပ်လည်း ရှာနိုင်ခဲ့တယ်။ အဲဒါက လုံးဝကို လွယ်ကူတဲ့ အလုပ်မဟုတ်ပေမဲ့ ကိုယ့်အခြေခံလိုအပ်ချက်တွေ ဖြည့်ဖို့ လောက်ငအောင်ရှာနိုင်ခဲ့တယ်။ အဲဒါကို ကျွန်တော့်အတွက် ဘုရား စီစဉ်ပေးမှန်း သိခဲ့ရပါတယ်။ ဘုရားရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ အစီအစဉ်တွေကို လက်ခံပြီး ကျိုးနွံနာခံတာက လက်တွေ့ဘဝကတစ်ဆင့် သင်ယူသင့်တဲ့ အခြေခံသင်ခန်းစာဖြစ်မှန်း၊ ကိုယ့်အတွေ့အကြုံတွေကတစ်ဆင့် ဘုရားရဲ့ အနန္တတန်ခိုး အုပ်စိုးမှုနဲ့ နက်နဲတဲ့ နည်းလမ်းတွေကို သိဖို့ ကူညီပေးမှန်း ကျွန်တော် တကယ် တွေ့ကြုံခဲ့ရတယ်။ ဒါဟာ ဘဝထဲက ပြဿနာမျိုးစုံအပေါ် ကျွန်တော်တို့ ထားသင့်တဲ့ သဘောထားပဲ။ အဲဒါက ဘုရားနှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ခုကို သတိရစေတယ်။ “လက်တွေ့ဘဝ ပြဿနာများကို ရင်ဆိုင် ရသည့်အခါ ဘုရားသခင်၏ သြဇာအာဏာနှင့် သူ၏အချုပ်အခြာ အာဏာတို့ကို သင် မည်သို့သိပြီး နားလည်သင့်သနည်း။ ဤပြဿနာများနှင့် သင် ရင်ဆိုင်ရပြီး ၎င်းတို့ကို မည်သို့နားလည် ရမည်၊ ကိုင်တွယ်ရမည်၊ တွေ့ကြုံရမည်ကို သင်မသိသည့်အခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံဖို့ သင်၏ ရည်ရွယ်ချက်၊ ဆန္ဒနှင့် သင်၏ ကျိုးနွံနာခံခြင်း နှင့်ဆိုင်သော စစ်မှန်မှုကို ပြသဖို့ရန် သင် မည်သို့ သဘောထားမျိုး ခံယူသင့်သနည်း။ ပထမဆုံးအနေဖြင့် စောင့်ဆိုင်းဖို့ သင် သင်ယူရပါမည်။ ထို့နောက် ရှာဖွေဖို့ သင်ယူရမည်။ ထို့နောက် ကျိုးနွံနာခံဖို့ သင်ယူရမည်။ ‘စောင့်ဆိုင်းခြင်း’ က ဘုရားသခင်၏ အချိန်ကို စောင့်ခြင်းကို ဆိုလိုသည်။ သင့်အတွက် ဘုရားသခင် စီစဉ်ထားသည့် လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများကို စောင့်ဆိုင်းခြင်းဖြစ်သည်။ သူ၏အလိုကို သင့်ဆီကို သူ့ဘာသာ တဖြည်းဖြည်း ထုတ်ဖော်ပြသဖို့ စောင့်ခြင်း ဖြစ်သည်။ ‘ရှာဖွေခြင်း’ ဆိုသည်မှာ သူချပြပေးခဲ့သည့် လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများမှ တစ်ဆင့် သင့်အတွက် ထောက်ထားသော ဘုရားသခင်၏ ရည်ရွယ်ချက်များကို လေ့လာခြင်းနှင့် သိနားလည်ခြင်း၊ ၎င်းတို့မှတစ်ဆင့် သမ္မာတရားကို သိနားလည်ခြင်း၊ လူသားက ပြီးမြောက်ရမည့် အရာနှင့် ၎င်းတို့ စောင့်ထိန်းလိုက်နာရမည့် လမ်းခရီးများကို သိနားလည်ခြင်း၊ ဘုရားသခင်က လူသားများထဲမှ မည်သည့်ရလဒ်များကို ရရှိရန် ရည်ရွယ်သည်၊ လူသားများထဲမှ မည်သည့် အောင်မြင်မှုများကို ရယူရန် ရည်ရွယ်သည်တို့ကို နားလည်ခြင်းအား ဆိုလိုသည်။ ဟုတ်ပေ၏၊ ‘ကျိုးနွံနာခံခြင်း’ ဆိုသည်မှာ ဘုရားသခင် စီစဉ်ညွှန်ကြားသည့် လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများကို လက်ခံခြင်း၊ သူ့၏ အချုပ်အခြာအာဏာကို လက်ခံခြင်းနှင့် ၎င်းမှတစ်ဆင့် ဖန်ဆင်းရှင်က လူသားကံကြမ္မာကို မည်သို့ ပြဋ္ဌာန်းသည်၊ သူ့၏အသက်ဖြင့် လူသားများကို သူ မည်သို့ထောက်ပံ့သည်၊ လူသားအတွင်း၌ သမ္မာတရားကို သူမည်သို့ လုပ်ဆောင်သည်ကို သိလာခြင်းအား ရည်ညွှန်းပေသည်။ ဘုရားသခင်၏ စီစဉ်မှုများနှင့် အချုပ်အခြာအာဏာ အောက်က အရာအားလုံးသည် သဘာဝနိယာမများကို နာခံသည်။ သင့်အတွက် အရာအားလုံးကို ဘုရားသခင် စီစဉ်ပြီး ပြဋ္ဌာန်းခွင့်ပြုဖို့ သင်စိတ်ပိုင်းဖြတ်ထားပါက၊ သင် စောင့်ဆိုင်းတတ်ဖို့ သင်ယူရ ပါမည်။ ရှာဖွေတတ်ဖို့ သင်ယူရမည်။ ကျိုးနွံနာခံတတ်ဖို့ သင်ယူရပေမည်။ ဤသည်မှာ ဘုရားသခင်၏ သြဇာအာဏာကို ကျိုးနွံနာခံချင်သည့် လူတိုင်း ခံယူရမည့် သဘောထား၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်မှုတို့ကို လက်ခံချင်သည့် လူတိုင်း ပိုင်ဆိုင်ရမည့် အခြေခံ အရည်အသွေးတို့ ဖြစ်၏။ ထိုသို့သောသဘောထားကို ထိန်းသိမ်းဖို့၊ ထိုသို့သော အရည်အသွေးတစ်ခုကို ပိုင်ဆိုင်ဖို့၊ သင်တို့ ပိုကြိုးစားရမည်။ ဤသည်မှာစစ်မှန်သည့် လက်တွေ့အရှိတရားထဲသို့ သင်တို့ ဝင်ရောက်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) ဒီဘုရားနှုတ်ကပတ်တော် ကျမ်းပိုဒ်ကို အရင်က ဖတ်ဖူးတယ်။ ဒါပေမဲ့ ခက်ခဲတဲ့အချိန်တချို့ ကြုံပြီးနောက်မှာ ထပ်ဖတ်ရတာ တစ်မျိုး ခံစားရတယ်။ ဘုရားနှုတ်ကပတ်တော်တွေကနေ မြင်ရတယ်။ ဘုရားအလိုတော်ကို ရှာတာ၊ စောင့်ဆိုင်းတာ၊ ကျိုးနွံနာခံတာက လူတစ်ယောက် ပြဿနာရင်ဆိုင်ရတဲ့အခါ ထားသင့်တဲ့ ပထမဆုံးနည်းလမ်းပဲဆိုတာကိုလေ။ ဒါပေမဲ့ အဲဒါဟာ မတုန်မလှုပ်နဲ့ စောင့်တာမျိုးတော့ မဟုတ်ဘူး။ ဆုတောင်းတာ၊ ဘုရားနှုတ်ကပတ်တော်တွေ ဖတ်တာ၊ ဘုရားအလိုတော်ကို ရှာဖွေတာနဲ့ ကိုယ့်ကိုယ်ကိုယ် သုံးသပ်တာတွေ ပါတယ်။ ဒီနည်းနဲ့ဆို ကိုယ့်အခြေအနေအမှန်ကို ကိုယ် သိနိုင်ပြီး ဘယ်ထဲကို ဝင်သင့်တယ်ဆိုတာကို နားလည်နိုင်တယ်။ ဒီလို ရှာဖွေခြင်းနဲ့ အတွေ့အကြုံမျိုးကတစ်ဆင့် ဘုရားရဲ့ အနန္တတန်ခိုး အုပ်စိုးမှုနဲ့ သူ့ရဲ့တကယ့်လုပ်ဆောင်ချက်တွေကို ကျွန်တော်တို့ မြင်နိုင်တယ်။

အစတော့ အဲဒီခက်ခဲတဲ့ အချိန်ပိုင်းအလုပ်ကို ကျွန်တော် တစ်လပဲ လုပ်ချင်ခဲ့တယ်။ ဒါဆိုရင် ကျွန်တော် ဖူလုံလောက်ငအောင် ငွေရှာပြီး ကိုယ့်ကျန်တဲ့အချိန်တွေကို ကိုယ့်တာဝန်အတွက် သုံးနိုင်မှာလေ။ ဒါပေမဲ့ ကျွန်တော့် လက်ကိုင်ဖုန်းက ပြဿနာတက်ရော။ နောက်တစ်လလောက် ထပ်လုပ်လိုက်ရင်၊ နောက်ဖုန်းတစ်လုံးနဲ့ လက်တော့ပ်တစ်လုံး ဝယ်နိုင်မယ်လို့ တွက်လိုက်တာပေါ့။ ဒါပေမဲ့ ကျွန်တော်က အသင်းတော် ခေါင်းဆောင်ဆိုတော့ ကိုင်တွယ်စရာ အသင်းတော်အလုပ်တွေ အများကြီး ရှိခဲ့တယ်။ ကိုယ့်တာဝန်ကို ထမ်းဆောင်တာက ကျွန်တော့်အတွက် အရေးအကြီးဆုံးပဲ။ အဲဒါ ကျွန်တော့် ဦးစားပေးပါ။ ဒါနဲ့ ကျွန်တော် အလုပ်ကထွက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ အထက်ခေါင်းဆောင်က ကျွန်တော့် အခြေအနေကို သိပြီးတော့ ကျွန်တော့်တာဝန်ကို ကောင်းကောင်း လုပ်နိုင်ဖို့ အထောက်အကူဖြစ်တဲ့ဟာကို ပြောပြခဲ့တယ်။ အသင်းတော်က ကျွန်တော့်ကို လက်တော့ပ်တစ်ခုနဲ့ အင်တာနက် ဒေတာတချို့ ဝယ်ပေးလို့ရတယ်တဲ့။ အဲဒါကြားတော့ ကျွန်တော် အရမ်းစိတ်လှုပ်ရှားခဲ့တာ။ ကျွန်တော် ပြောပြနိုင်တာထက် ပိုစိတ်လှုပ်ရှားခဲ့တယ်။ ဒါက ဘုရားရဲ့ ကျေးဇူးတော် လုံးလုံး ဖြစ်မှန်း၊ ကျွန်တော့်တာဝန်ကို ကောင်းကောင်း လုပ်နိုင်ဖို့ ကျွန်တော့်အတွက် ဘုရားက လမ်းဖွင့်ပေးနေတာမှန်း သိခဲ့တယ်။ ဘုရားက ကျွန်တော်အတွက် ကိစ္စတွေကို ခက်ခဲအောင် လုပ်နေတာ မဟုတ်မှန်းလည်း မြင်ခဲ့တယ်။ ဘုရားက ကျွန်တော့်ကို စစ်မှန်ပြီး နာခံစေချင်တာသာ ရှိတာပါ။ ခက်ခဲတဲ့အချိန်တွေကတစ်ဆင့် ဘုရားရဲ့အချစ်ကို ကျွန်တော် ကိုယ်တိုင် တွေ့ကြုံခဲ့ရတယ်။ အရင်က လူသားအတွက် ဘုရားရဲ့ချစ်ခြင်းအကြောင်း ကျွန်တော် တွေးခဲ့တာက မရေရာသလို၊ လက်တွေ့အရှိတရားနဲ့ မညီဘူး။ တကယ့် အဖြစ်မှန် အခြေအနေတွေကတစ်ဆင့် ဒီသင်ခန်းစာတွေကို ရပြီးနောက်မှာမှ ကျွန်တော် အမှန်တကယ် နားလည်ခဲ့ရတယ်။ ဒီအခြေအနေတွေကတစ်ဆင့် ကျွန်တော့်ရဲ့မသိနားမလည်မှုနဲ့ အတ္တကို တွေ့ရတယ်။ ဒါက ယုံကြည်မှုအပေါ် ကျွန်တော့် မမှန်တဲ့ ရှုထောင့်အမြင်ကို ဖြည်းဖြည်းချင်းပြောင်းပြီး လမ်းကြောင်းမှန်ပေါ်ရောက်စေတယ်။ တကယ်ကို ကျွန်တော့်အတွက် ဘုရားရဲ့ချစ်ခြင်းပါပဲ။ ခက်ခဲတဲ့အချိန်တွေကို ကြုံဖို့ သဘောထားအမှန်နဲ့ ဘုရားကို ချဉ်းကပ်ပုံကိုလည်း ကျွန်တော် နားလည်လာတယ်။ အရင်က ကိုယ့်မှာ ယုံကြည်ခြင်းရှိသရွေ့၊ ဘုရားက ကိုယ့်ကို အရာရာ ထောက်ပံ့သင့်တယ်လို့ အမြဲတွေးခဲ့တယ်။ အခုတော့ သိပါပြီ။ ယုံကြည်ခြင်းမှာ ဘုရားဆီက အမြဲတမ်း မတောင်းဆိုသင့်ဘဲ၊ အရာရာမှာ ဘုရားကို ကျိုးနွံနာခံပြီး သူ့အလိုတော်ကို ဖြည့်ဆည်းရမယ်ဆိုတာပေါ့။

သိပ်မကြာခင်မှာပဲ နောက်ထပ် တကယ့်စမ်းသပ်မှုကို ရင်ဆိုင်ခဲ့ရတယ်။ အဲဒီအလုပ်ကို တစ်လလုပ်ပြီးတဲ့နောက်၊ ကျွန်တော် လုပ်အားခရတဲ့နေ့မှာ လမ်းမှာ ရုတ်တရက် အလုခံလိုက်ရတယ်။ ကျွန်တော့်လစာရဲ့ တစ်ဝက်ကို ယူသွားကြတယ်။ ဒါပေမဲ့ ဘုရားရဲ့ ကွယ်ကာမှုကြောင့် သူတို့မှာ ဓားတွေပါပေမဲ့လည်း၊ ကျွန်တော့်ကို အနာတရဖြစ်အေင် မလုပ်ခဲ့ဘူး။ ဘုရားက သူ့ရဲ့ ရည်ရွယ်ချက်ကောင်းတွေကြောင့် အဲဒါကို ူဖြစ်ခွင့်ပေးတယ်လို့ ကျွန်တော် ရုတ်တရက် တွေးမိတယ်။ ကျွန်တော် တွေးမိတယ်။ ယောဘက အရမ်းချမ်းသာပေမဲ့၊ သူ့ပိုင်ဆိုင်မှုတွေ အားလုံး ပါသွားပြီး သူ့သားသမီးတွေအားလုံး ဆုံးသွားတဲ့အချိန်မှာ သူက အကြွင်းမဲ့ ကျိုးနွံနာခံတယ်၊ မညည်းညူဘူး၊ ဘုရားနာမတော်ကို ချီးမွမ်းတုန်းပဲ။ ကျွန်တော်က မချမ်းသာပါဘူး။ သာမန်လူတစ်ယောက်ပါပဲ။ ပိုက်ဆံလေးနည်းနည်း အခိုးခံရပြီး အဲဒီငွေကို ကျွန်တော် လိုအပ်သလို အဲဒီငွေနဲ့ လုပ်မဲ့အရာတွေအတွက် အစီအစဉ် အများကြီး ရှိပေမဲ့လည်း၊ ယုံကြည်ခြင်းနဲ့ နာခံခြင်းမှာ‌ ယောဘရဲ့ ပုံသက်သေကို လိုက်လျှောက်ဖို့ အဆင်သင့်ပဲ။ ကျွန်တော် ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ ကိုယ်တော့်ကို နားလည်ရခက်ပါတယ်။ ဖြစ်သွားတာကိုလည်း ကျွန်တော် လုံးလုံး နားမလည်နိုင်ပါဘူး။ အဲဒီထဲမှာ ကိုယ်တော့်အလိုတော် ကွယ်ဝှက်ထားတယ်လို့ ကျွန်တော် ယုံကြည်တယ်။ ကိုယ်တော့် အစီအစဉ်တွေကို နာခံဖို့ အသင့်ပါပဲ။ ကျွန်တော် အပျက်သဘောဆောင်တဲ့ အခြေအနေထဲ မရောက်အောင်၊ ကျွန်တော့် စိတ်နှလုံးကို တို့ထိပြီး လမ်းပြတော်မူပါ။” ဆုတောင်းပြီးတော့ ဘာမှမဖြစ်ခဲ့သလိုပဲ ကျွန်တော် တကယ်ကို တည်ငြိမ်သွားတယ်။ စိုးရိမ်တာ၊ ကြောင့်ကြတာ မရှိဘဲ၊ အရင်လိုပဲ ကိုယ့်တာဝန်ကို ဆက်ပြီး တည်တည်ငြိမ်ငြိမ် ထမ်းဆောင်တယ်။ ဘုရားရဲ့ အုပ်စိုးမှုကို နားမလည်ခင်က ကျွန်တော့်သဘောထားနဲ့ ယှဉ်ရင်တော့၊ အဲဒါက လုံးလုံးကို မတူတာ။ အဲဒါက ကျွန်တော့်ကို သန့်စင်ပြီး ကယ်တင်ဖို့ ဘုရားက ကိစ္စတွေကို အဲဒီလိုစီစဉ်ခဲ့မှန်း ကျွန်တော် သိခဲ့ရလို့ပါ။ ဘုရားရဲ့ချစ်ခြင်းအပေါ်ကျွန်တော့်နားလည်မှုကိုလည်း ပိုနက်ရှိုင်းစေခဲ့တယ်။ သူ့မေတ္တာကို ဘုရားထုတ်ဖော်ပြသတာဟာ ကျွန်တော်တို့ကို ရုပ်ဝတ္ထုဆိုင်ရာ ကောင်းချီးတွေပဲ ပေးဖို့ မဟုတ်ဘူး။ အဲဒီပစ္စည်းတွေက ကိုယ့်ဇာတိဆိုင်ရာ အလိုဆန္ဒတွေကိုပဲ ဖြည့်ဆည်းပေးလို့လေ။ ဘုရားရဲ့ စစ်မှန်တဲ့ချစ်ခြင်းက သူ့နှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်း၊ စမ်းသပ်မှုနဲ့ စစ်ဆေးခြင်းတို့ကို ကြုံတွေ့ရာကတစ်ဆင့် သမ္မာတရားကို သင်ယူစေဖို့၊ ကျွန်တော်တို့ ယုံကြည်ခြင်း ရှိရတဲ့အကြောင်းအရင်း၊ ဘုရားကို ကြောက်ပြီး မကောင်းမှုကို ရှောင်ပုံ၊ ဘုရားကို ချစ်ပြီး စိတ်ကျေနပ်စေပုံတို့ကို သိစေဖို့၊ အဆုံးမှာ ဘုရားအစီအစဉ်တွေအားလုံးကို ကျိုးနွံနာခံစေဖို့ပါပဲ။ အဲဒါက ဘုရားနှုတ်ကပတ်တော် တချို့ကို သတိရစေတယ်။ “ဘုရားသခင်အပေါ် လူသား၏ချစ်ခြင်းမေတ္တာသည် ဘုရားသခင်၏စစ်ဆေးခြင်းနှင့် တရားစီရင်ခြင်းအုတ်မြစ်ပေါ်၌ တည်ဆောက်ထားခြင်းဖြစ်သည်။ အေးချမ်းသည့် မိသားစုဘဝ၊ သို့မဟုတ် ရုပ်ဝတ္တုကောင်းချီးမင်္ဂလာများရှိကာ၊ ဘုရားသခင်၏ ကျေးဇူးတော်ကိုသာ သင်ခံစားမွေ့လျော်ပါက၊ သင်သည် ဘုရားသခင်ကို မရရှိသေးသည့်အပြင်၊ ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းကို အောင်မြင်သည်ဟု မယူဆနိုင်ပေ။ ဘုရားသခင်သည် လူ့ဇာတိ၌ ကျေးဇူးတော်အမှု၏ အဆင့်တစ်ဆင့်ကို လုပ်ဆောင်ခဲ့နှင့်ပြီးဖြစ်၍ လူသားကိုလည်း ရုပ်ဝတ္တုကောင်းချီးမင်္ဂလာများ ပေးအပ်ခဲ့နှင့်ပြီးဖြစ်သည်။ သို့သော် လူသားကို ကျေးဇူးတော်၊ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာသက်သက်ဖြင့် စုံလင်အောင် မပြုလုပ်နိုင်ပေ။ လူသားသည် သူ၏အတွေ့အကြုံများထဲတွင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအချို့ကို ကြုံတွေ့ရပြီး၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာကို မြင်တွေ့ရသော်လည်း၊ သူသည် ထိုအရာများကို အချိန်ကာလ တစ်ခုကြာအောင် တွေ့ကြုံခံစား သွားပြီးချိန်တွင် ဘုရားသခင်၏ ကျေးဇူးတော်၊ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာတို့သည် လူသားကို စုံလင်အောင် မပြုလုပ်နိုင်ကြောင်း၊ လူသားအတွင်း၌ ဖောက်ပြန်ပျက်စီးနေသည့် အရာများကို မထုတ်ဖော်နိုင်ကြောင်းနှင့် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မဖယ်ရှားနိုင်ကြောင်း၊ သို့မဟုတ် သူ၏ ချစ်ခြင်းမေတ္တာနှင့် ယုံကြည်မှုကို စုံလင်အောင် မပြုလုပ်နိုင်ကြောင်း တွေ့မြင်လေ၏။ ဘုရားသခင်၏ ကျေးဇူးတော်အမှုသည် ကာလတစ်ခု၏ အမှုဖြစ်ပြီး၊ လူသားသည် ဘုရားသခင်ကို သိရှိရန်အတွက် ဘုရားသခင်၏ကျေးဇူးတော်ကို မွေ့လျော်ခံစားခြင်းအပေါ်၌ အမှီပြု၍ မရပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်)လူသားကို ဘုရားသခင်၏ စုံလင်အောင် ပြုခြင်းသည် မည်သည့်အရာအားဖြင့် ပြီးမြောက်အောင်မြင်သနည်း။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားအားဖြင့် ပြီးမြောက်အောင်မြင်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထားတွင် အဓိကအားဖြင့် ဖြောင့်မတ်ခြင်း၊ အမျက်ဒေါသ၊ ဘုန်းအာနုဘော်၊ တရားစီရင်ခြင်းနှင့် ကျိန်ဆဲခြင်းတို့ ပါဝင်ပြီး၊ ဘုရားသခင်သည် လူသားကို အဓိကအားဖြင့် တရားစီရင်ခြင်းမှတစ်ဆင့် စုံလင်စေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရင်း၊ ဘုရားရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုတော်က လူသားမျိုးနွယ်ကို သန့်စင်ပြီး ပြောင်းလဲဖို့ဆိုတာ ကျွန်တော် နက်နက်နဲနဲ ခံစားရတယ်။ ကိုယ့်ယုံကြည်ခြင်းက မသန့်စင်မှုတွေနဲ့ ကိုယ့်ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်း၊ စမ်းသပ်မှုနဲ့ စစ်ဆေးခြင်းတို့ကတစ်ဆင့်သာ သန့်စင်နိုင်တယ်။ အဲဒါကို ဘုရားရဲ့ကျေးဇူးတော်အပေါ် အမှီပြုရုံနဲ့ မရနိုင်ဘူး။ ဘုရားနှုတ်ကပတ်တော်တွေ မပါဘဲ၊ ဒီခက်ခဲတဲ့ အတွေ့အကြုံတွေ မပါဘဲ၊ ဒါတွေကို ကျွန်တော် ဘယ်တော့မှ နားလည်မှာ မဟုတ်ဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင် ကျေးဇူးတော်ပဲ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

သမ္မာတရားအပေါ် သစ္စာရှိပါ။ စိတ်ခံစားချက်အပေါ် သစ္စာမရှိပါနှင့်

ကျားဟောင် တရုတ်နိုင်ငံ ဇူလိုင်၊ ၂၀၁၇ခုနှစ်မှာ ခေါင်းဆောင်တစ်ယောက်ဆီကနေ ကျွန်မ စာစောင်ရတယ်။ အသင်းတော်က မယုံကြည်သူတွေကို...

ကျွန်မ ရိုးသားစွာ ပြုမူနေထိုင်နိုင်ခြင်းမရှိသည့် အကြောင်းရင်း

ရှောင်ဖန် တရုတ်နိုင်ငံ လူသစ်တွေကို ရေလောင်းတဲ့ အလုပ်ကို ကျွန်မ ပထမဆုံး စကြီးကြပ်တော့ ကျွန်မရဲ့ တွဲဖက် အစ်မကျန်းက စုဝေးပွဲတွေမှာ အယူဝါဒကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။