စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း (၂၉)
အရာခပ်သိမ်း ပြန်လည်ထမြောက်သည့်နေ့တွင် ငါသည် လူသားတို့အကြားလာ၍၊ သူနှင့်အတူ နှစ်သက်ပျော်ရွှင်ဖွယ် နေ့ညများကို ငါ ကုန်လွန်စေခဲ့ပြီ ဖြစ်သည်။ ဤအခိုက်အတန့်မှသာ လူသားသည် ငါ၏ ချဉ်းကပ်၍ရနိုင်ခြင်းကို အနည်းငယ် သတိပြုမိပြီး သူနှင့်ငါ မကြာခဏ အပြန်အလှန် ပိုမိုပေါင်းသင်းဆက်ဆံလာသည်နှင့်အမျှ၊ သူသည် ငါ၏အရာအားလုံးနှင့် ဖြစ်ခြင်းအချို့ကို မြင်လျက်၊ ရလဒ်အနေဖြင့် သူသည် ငါ့အကြောင်း အသိပညာတချို့ ရရှိ၏။ လူတို့အားလုံးအကြား၊ ငါသည် ငါ၏ဦးခေါင်းကိုမော့၍ ကြည့်ပြီး၊ သူတို့အားလုံး ငါ့ကိုမြင်၏။ သို့ရာတွင် ကမ္ဘာမြေကြီးပေါ်သို့ ဘေးအန္တရာယ် ကျရောက်သည့်အခါ၊ သူတို့သည် ချက်ချင်းပင် စိုးရိမ်ကြောင့်ကြလာ၍၊ ငါ၏ပုံရိပ်သည် သူတို့၏နှလုံးသားများမှ ပျောက်ကွယ်သွား၏။ ဘေးအန္တရာယ် ရောက်ရှိလာမှုကြောင့် ကြောက်စိတ်မွှန်လျက်၊ သူတို့သည် ငါ၏တိုက်တွန်းချက်များကို ဂရုမစိုက်ပေ။ ငါသည် လူသားတို့အကြား နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့သော်လည်း၊ သူသည် အမြဲပင် သတိမမူမိဘဲ ရှိနေခဲ့ပြီး ငါ့ကို မည်သည့်အခါမျှ မသိခဲ့ဖူးပေ။ ယနေ့ ငါကိုယ်တိုင်၏နှုတ်ဖြင့် ဤအရာကို သူ့အား ငါပြောပြီး၊ လူတို့အားလုံးကို ငါ့ထံမှ တစ်စုံတစ်ခု ရရှိရန် ငါ့ရှေ့မှောက်သို့ လာစေသော်လည်း၊ သူတို့သည် ငါနှင့်ဝေးရာတွင် နေလျက်ရှိသေးသဖြင့် ငါ့ကို မသိကြပေ။ စကြဝဠာအနှံ့နှင့် ကမ္ဘာမြေစွန်းများသို့ ငါ၏ခြေလှမ်းများ နင်းလျှောက်သည့်အခါ၊ လူသားသည် သူ့ကိုယ်သူ စတင်၍ ဆင်ခြင်မည်ဖြစ်ကာ၊ လူတို့အားလုံးသည် ငါ့ထံသို့လာ၍ ငါ့ရှေ့တွင် ပျပ်ဝပ်လျက် ငါ့ကို ဝတ်ပြုကြလိမ့်မည်။ ဤသည်မှာ ငါ ဘုန်းအသရေ ရရှိနေ့၊ ငါတစ်ဖန် ပြန်လာသောနေ့ဖြစ်ပြီး ငါထွက်ခွာသည့်နေ့လည်း ဖြစ်လိမ့်မည်။ ယခုတွင်မူ ငါသည် လူသားမျိုးနွယ်ခပ်သိမ်းအကြား ငါ၏အမှုကို စတင်ပြီးဖြစ်သည်၊ စကြဝဠာတစ်ခွင်လုံး၌ ငါ၏ စီမံခန့်ခွဲမှု အစီအစဉ်၏ ဇာတ်သိမ်းပိုင်းကို တရားဝင် စတင်ပြီးဖြစ်သည်။ ယခုအချိန်မှစ၍ သတိမထားမိသူ မည်သူမဆို ကရုဏာကင်းမဲ့သော မည်သူမဆို ကရုဏာကင်းမဲ့သော ပြစ်တင်ဆုံးမမှုအကြား ကျရောက်စေခြင်း ခံရဖွယ်ရှိပြီး ဤသည်မှာ မည်သည့်အချိန်၌မဆို ဖြစ်လာနိုင်ဖွယ်ရှိ၏။ ဤသည်မှာ ငါသည် သနားကြင်နာမှု ကင်းမဲ့၍မဟုတ်ပေ။ ထို့ထက် ယင်းက ငါ့စီမံခန့်ခွဲမှုအစီအစဉ်၏ အဆင့်တစ်ဆင့် ဖြစ်၏။ အရာခပ်သိမ်းသည် ငါ့အစီအစဉ်၏ အဆင့်များအတိုင်း ရှေ့ဆက်ရမည်ဖြစ်ကာ၊ မည်သူကမျှ ဤအရာကို မပြောင်းလဲနိုင်ပါ။ ငါသည် ငါ၏အမှုကို တရားဝင်စတင်သည့်အခါ လူတို့အားလုံးသည် ငါလှုပ်ရှားသည်အတိုင်း လှုပ်ရှားသဖြင့်၊ စကြဝဠာတစ်လျှောက်လုံးရှိ လူတို့သည် ငါနှင့်ထပ်တူ ခြေလှမ်းလှမ်းရာ၌ အချိန်ကုန်လွန်ကြသည်အထိ ဖြစ်၏၊ စကြဝဠာ တစ်လျှောက်လုံး၌ “ကြီးစွာဝမ်းမြောက်ခြင်း” ရှိကာ၊ လူသားသည် ရှေ့သို့တက်လှမ်းရန် ငါ၏ စေ့ဆော်ခြင်းကို ခံရ၏။ အကျိုးသက်ရောက်မှု အနေဖြင့်၊ အဆင်းနီသောနဂါးကြီး ကိုယ်တိုင်သည် ငါ့အားဖြင့် သွေးရူးသွေးတန်း ဖြစ်ကာ စိတ်မွှန်ထူသွား၍၊ ၎င်းသည် ငါ၏အမှုကို အစေခံကာ၊ ဆန္ဒမရှိလင့်ကစား၊ ၎င်း၏ ကိုယ်ပိုင်ဆန္ဒများ နောက်သို့ မလိုက်နိုင်ဘဲ၊ ငါ၏ထိန်းချုပ်မှုကို နာခံရန်မှလွဲ၍ အခြားရွေးချယ်စရာ ဘာမျှမရှိတော့ပေ။ ငါ၏အစီအစဉ်အားလုံးတွင်၊ အဆင်းနီသော နဂါးကြီးသည် ငါ၏အဖြည့်ခံ၊ ငါ၏ရန်သူနှင့် ငါ၏အစေခံကျွန်လည်း ဖြစ်၏။ သို့ဖြစ်၍ ငါသည် ၎င်းအပေါ် ငါ၏ “သတ်မှတ်ချက်များ” ကို မည်သည့်အခါမျှ လျှော့ပေးခြင်း မရှိပေ။ ထို့ကြောင့် ငါ၏ လူ့ဇာတိခံယူခြင်းအမှု၏ နောက်ဆုံးအဆင့်သည် ၎င်း၏အိမ်ထောင်စု အတွင်းတွင် အပြီးသတ်ခဲ့၏။ ဤနည်းအားဖြင့် အဆင်းနီသောနဂါးကြီးသည် ငါ့အတွက် ကောင်းမွန်စွာ အစေခံခြင်းကို သာ၍ လုပ်ဆောင်နိုင်ကာ၊ ဤသို့အားဖြင့် ငါသည် သူ့အားသိမ်းပိုက်၍ ငါ၏အစီအစဉ်ကို အဆုံးသတ်မည်။ ငါသည် အမှုဆောင်စဉ် ကောင်းကင်တမန် အားလုံးသည် ငါနှင့်အတူ အဆုံးအဖြတ်ပေးသည့် တိုက်ပွဲကို စတင် လုပ်ဆောင်၍ နောက်ဆုံးအဆင့်တွင် ငါ၏ဆန္ဒများကို ဖြည့်ဆည်းရန် ဆုံးဖြတ်၏၊ သို့မှသာ ကမ္ဘာမြေကြီးပေါ်ရှိလူတို့ ငါ့ရှေ့မှောက်တွင် ကောင်းကင်တမန်တို့ကဲ့သို့ အရှုံးပေးပြီး ငါ့ကို ဆန့်ကျင်လိုသည့်ဆန္ဒ မရှိသည့်အပြင်၊ ငါ့ကို ပုန်ကန်သည့်အရာ တစ်ခုမျှမလုပ်ဘဲ နေမည်ဖြစ်သည်။ ဤသည်တို့မှာ စကြဝဠာတစ်ခွင်လုံး၌ ငါ့အမှု၏ ရွေ့လျားနေသော အင်အားများ ဖြစ်ကြ၏။
လူသားတို့ကြား ငါရောက်လာခြင်း၏ ရည်ရွယ်ချက်နှင့် အရေးပါမှုတို့မှာ လူသားမျိုးနွယ်ကို ကယ်တင်ရန်၊ လူသားမျိုးနွယ် အားလုံးကို ငါ၏အိမ်ထောင်စုသို့ ပြန်လည် ခေါ်ဆောင်လာရန်၊ ကောင်းကင်နှင့်မြေကြီးကို ပြန်လည် ပေါင်းစပ်ပေးရန်နှင့် ကောင်းကင်နှင့်မြေကြီးအကြား “အချက်ပြချက်များ” ကို လူသားမှ ပေးပို့စေရန် ဖြစ်သည်၊ အကြောင်းမှာ လူသား၏ ရှိရင်းစွဲ အလုပ်တာဝန်ပင် ဖြစ်သည်။ လူသားမျိုးနွယ်ကို ငါဖန်ဆင်းခဲ့သည့်အချိန်၌ လူသားမျိုးနွယ်အတွက် အရာခပ်သိမ်းကို အဆင်သင့်ရှိရန် ငါလုပ်ဆောင်ခဲ့ပြီးဖြစ်ကာ၊ ထို့နောက်တွင် ငါ၏သတ်မှတ်ချက်များအတိုင်း သူ့ကိုငါပေးခဲ့သည့် ကြွယ်ဝချမ်းသာမှုများကို လူသားမျိုးနွယ်အား လက်ခံခွင့်ကို ငါပေး၏။ ထို့ကြောင့် လူသားမျိုးနွယ်အားလုံးက ယနေ့ကို ရောက်ရှိလာခဲ့သည်မှာ ငါ၏လမ်းပြမှုအောက်၌ ဖြစ်သည်ဟု ငါဆို၏။ ထို့ပြင် ဤသည်မှာ ငါ၏အစီအစဉ်ချည်းသာဖြစ်၏။ လူသားမျိုးနွယ်အားလုံးအကြား၌၊ မရေမတွက် နိုင်သော လူများစွာတို့သည် ငါ့ချစ်ခြင်းမေတ္တာ၏ ကွယ်ကာမှုအောက်တွင် တည်ရှိကြကာ၊ မရေမတွက်နိုင်သော လူတို့သည် ငါ၏မုန်းတီးမှု၏ ပြစ်တင်ဆုံးမမှုအောက်တွင် နေကြ၏။ လူတို့အားလုံး ငါ့ထံ ဆုတောင်းကြသော်လည်း၊ သူတို့သည် သူတို့၏လက်ရှိအခြေအနေများကို ပြောင်းလဲနိုင်စွမ်း မရှိကြသေးပေ။ သူတို့သည် မျှော်လင့်ချက် ဆုံးရှုံးသွားသည်နှင့် သည်အတိုင်းခွင့်ပြုရန်သာ တတ်နိုင်ပြီး ငါ့အား မနာခံခြင်းကို ရပ်စဲလိုက်ရ၏၊ အကြောင်းမှာ ဤသည်မှာ လူသား လုပ်ဆောင်နိုင်သမျှ အားလုံးပင် ဖြစ်လေသည်။ လူသား၏ဘဝ အခြေအနေနှင့် ပတ်သက်၍မူ၊ လူသားသည် စစ်မှန်သောဘဝကို ရှာမတွေ့သေးပေ၊ သူသည် ကမ္ဘာမြေကြီး၏ မတရားမှု၊ အနိဋ္ဌာရုံမြင်ကွင်းနှင့် စိတ်မချမ်းမြေ့ဖွယ်ရာ အခြေအနေများကို မရိပ်စားမိသေးပေ— ထို့ကြောင့် ဘေးအန္တရာယ် ကျရောက်ခြင်းသာ မရှိခဲ့လျှင်၊ လူအများစုက အမိသဘာဝတရားကို လက်ခံယုံကြည်နေကြဦးမည် ဖြစ်ကာ၊ “ဘဝ” ၏ အရသာများတွင် မိမိကိုယ်ကိုယ် အာရုံနစ်မြုပ်နေကြဦးမည် ဖြစ်သည်။ ဤသည်မှာ ကမ္ဘာကြီး၏ လက်တွေ့အရှိတရား မဟုတ်ပေလော။ ဤသည်မှာ လူသားထံ ငါထုတ်ပြောသည့် ကယ်တင်ခြင်း၏အသံ မဟုတ်ပေလော။ လူသားမျိုးနွယ် အကြား၌ မည်သူမျှ ငါ့ကို စစ်မှန်စွာ မချစ်ခဲ့သည်မှာ အဘယ်ကြောင့်နည်း။ လူသားသည် ပြစ်တင်ဆုံးမမှုနှင့် စစ်ဆေးမှုတို့ အလယ်၌သာ ငါ့ကိုချစ်သော်လည်း၊ ငါ၏ကွယ်ကာမှုအောက်၌ရှိစဉ်တွင် မည်သူမျှ ငါ့ကို မချစ်သည်မှာ အဘယ်ကြောင့်နည်း။ ငါသည် လူသားမျိုးနွယ်အပေါ် ကြိမ်ဖန်များစွာ ငါ၏ပြစ်တင်ဆုံးမမှုကို ပေးပြီးခဲ့ပြီဖြစ်သည်။ သူတို့သည် ၎င်းကိုကြည့်သော်လည်း၊ လျစ်လျူရှုလိုက်ပြီး ယခုအချိန်တွင် ၎င်းကို လေ့လာခြင်းနှင့် စဉ်းစားဆင်ခြင်ခြင်း မပြုလုပ်ကြသောကြောင့်၊ လူသားအပေါ် ကျရောက်သည့် အရာအားလုံးသည် ကရုဏာကင်းမဲ့သည့် တရားစီရင်ခြင်းသာ ဖြစ်၏။ ဤသည်မှာ ငါ၏ အမှုပြုခြင်း နည်းလမ်းများအနက် တစ်ရပ်သာ ဖြစ်သော်လည်း၊ ယင်းက လူသားကို ပြောင်းလဲစေရန်နှင့် ငါ့အား ချစ်စေရန်အတွက် ဖြစ်၏။
ငါသည် နိုင်ငံတော်ထဲတွင် အုပ်စိုးသည်သာမက၊ စကြဝဠာ တစ်ခွင်လုံးတွင်လည်း ငါအုပ်စိုး၏။ ငါသည် နိုင်ငံတော်၏ ရှင်ဘုရင်ရော စကြဝဠာ၏အကြီးအကဲပါ ဖြစ်၏။ ဤအချိန်မှစ၍ ငါသည် ရွေးချယ်ခြင်း မခံရသောသူ အားလုံးကို စုဝေးစေ၍ ငါ၏အမှုကို တစ်ပါးအမျိုးသားများ ကြားတွင် အစပြုမည် ဖြစ်ပြီး ငါ့အမှု၏ နောက်အဆင့်ကို အောင်မြင်စွာ စတင်နိုင်ရန်အတွက် ငါသည် စကြဝဠာတစ်ခွင်လုံးသို့ ငါ၏စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များကို ကြေညာမည်။ ငါသည် တစ်ပါးအမျိုးသားများကြား၌ ငါ့အမှုကို ပျံ့နှံ့စေရန် ပြစ်တင်ဆုံးမခြင်းကို အသုံးပြုမည်၊ ဆိုလိုသည်မှာ ငါသည် တစ်ပါးအမျိုးသားများ အားလုံးအပေါ် အင်အားသုံးမည်။ ပင်ကိုအားဖြင့် ဤအမှုကို ရွေးကောက်ခံရသူတို့ ကြားက ငါ့အမှုကဲ့သို့ တစ်ချိန်တည်းတွင် လုပ်ဆောင်မည်။ ငါ၏လူတို့သည် ကမ္ဘာမြေကြီးပေါ်၌ အုပ်စိုး၍ အာဏာစွဲကိုင်သည့်အခါ၊ ယင်းမှာ ကမ္ဘာမြေကြီးပေါ်ရှိ လူတို့အားလုံး သိမ်းပိုက်ခံရသည့်အချိန် ဖြစ်သည်သာမက၊ ယင်းက ငါအနားယူသည့်အချိန်လည်း ဖြစ်လိမ့်မည်— ထို့နောက်မှသာ ငါသည် သိမ်းပိုက်ခံရသူတို့ထံ ပေါ်ထွန်းလာမည်။ ငါသည် သန့်ရှင်းသော နိုင်ငံတော်သို့ ပေါ်ထွန်းလာပြီး ညစ်ညူးသောနိုင်ငံမှ ငါ့ကိုယ်ငါ ကွယ်ဝှက်ထား၏။ သိမ်းပိုက်ခံရသူအားလုံးနှင့် ငါ့ရှေ့မှောက်တွင် နာခံလာသောသူ အားလုံးတို့သည် ငါ၏မျက်နှာကို သူတို့ကိုယ်တိုင်၏ မျက်လုံးများဖြင့် မြင်နိုင်ကြကာ ငါ၏အသံကို သူတို့ကိုယ်တိုင်၏ နားများဖြင့် ကြားနိုင်ကြ၏။ ဤသည်မှာ နောက်ဆုံးသောကာလအတွင်း မွေးဖွားသူများ၏ ကောင်းချီးမင်္ဂလာ ဖြစ်၏၊ ဤသည်မှာ ငါမှ ကြိုတင်ပြဋ္ဌာန်းထားသော ကောင်းချီးမင်္ဂလာ ဖြစ်ပြီး ဤသည်ကို မည်သည့်လူသားကမျှ ပြောင်းလဲ၍ မရပေ။ ယနေ့ခေတ်တွင် ငါသည် အနာဂတ်၏ အမှုအတွက်အလို့ငှာ ဤနည်းအားဖြင့် အလုပ်လုပ်၏။ ငါ၏အမှုအားလုံးသည် တစ်ခုနှင့်တစ်ခု အပြန်အလှန် ဆက်စပ်လျက်ရှိ၍၊ ဤအရာအားလုံးတွင် ခေါ်ဆိုချက်နှင့် တုံ့ပြန်ချက်တစ်ခု ရှိ၏- မည်သည့်အဆင့်မျှမဆို ရုတ်တရက် ရပ်တန့်သွားခြင်း လုံးဝ မရှိသည့်အပြင် မည်သည့်အဆင့်ကိုမျှ အခြားအဆင့်မှ သီးခြား အကောင်အထည်ဖော်ခြင်း လုံးဝမရှိပေ။ ဤသည်မှာ မမှန်ကန်သလော။ အတိတ်ကအမှုသည် ယနေ့အမှု၏ အခြေခံအုတ်မြစ် မဟုတ်ပေသလော။ အတိတ်က နှုတ်ကပတ်တော်များသည် ယနေ့ နှုတ်ကပတ်တော်များ၏ ရှေ့ပြေး မဟုတ်ပေသလော။ အတိတ်က ခြေလှမ်းများသည် ယနေ့ခြေလှမ်းများ၏ အစပြုရာ မဟုတ်သလော။ ငါသည် စာစောင်ကို တရားဝင် ဖွင့်လိုက်သည့်အခါ၊ ယင်းသည် စကြဝဠာတစ်ခွင်လုံးရှိ လူတို့ ပြစ်တင်ဆုံးမခြင်း ခံရသည့်အချိန်၊ ကမ္ဘာတစ်ဝှမ်းလုံးရှိ လူတို့ စမ်းသပ်မှုများခံရသည့် အချိန်ဖြစ်ပြီး ငါ့အမှု၏ အထွတ်အထိပ်ပင် ဖြစ်သည်။ လူတို့အားလုံးသည် အလင်းမဲ့နိုင်ငံ၌ နေကြပြီး လူတို့အားလုံးသည် သူတို့ပတ်ဝန်းကျင်က ဖြစ်ပေါ်စေသည့် ခြိမ်းခြောက်မှုများ ကြား၌ နေကြ၏။ တစ်နည်းအားဖြင့်ဆိုလျှင် ယင်းမှာ လူသားအနေဖြင့် ဖန်ဆင်းခြင်းခေတ်မှ မျက်မှောက်နေ့ရက်အထိ မည်သည့်အခါမျှ မတွေ့ကြုံခဲ့ဖူးသည့် ဘဝဖြစ်ပြီး ခေတ်ကာလများတစ်လျှောက် မည်သူကမျှ ဤသို့သောဘဝမျိုးကို “မခံစား” ခဲ့ဖူးပါချေ၊ ထို့ကြောင့် ယခင်က တစ်ခါမျှ မလုပ်ဆောင်ခဲ့ဖူးသော အမှုကို ငါလုပ်ဆောင်ပြီးပြီဟု ငါပြော၏။ ဤသည်မှာ အခြေအနေအမှန်ဖြစ်ပြီး၊ ဤသည်မှာ အတွင်းကျကျအဓိပ္ပာယ် ဖြစ်၏။ ငါ၏နေ့ရက်သည် လူသားမျိုးနွယ်နှင့် နီးကပ်လာသောကြောင့်၊ ယင်းက ဝေးကွာပုံမရဘဲ လူသား၏ မျက်စိရှေ့တည့်တည့်တွင် ရှိသည်ဖြစ်၍ ရလဒ်အနေဖြင့် မည်သူသည် မကြောက်ရွံ့ဘဲ နေနိုင်မည်နည်း။ မည်သူသည် ဤသည်ကို ဝမ်းသာကြည်နူးခြင်း မရှိဘဲ နေနိုင်မည်နည်း။ ညစ်ညူးသော ဗာဗုလုန်မြို့သည် အဆုံးတွင် ၎င်း၏နိဂုံးသို့ ရောက်လာခဲ့၏။ လူသားသည် အသစ်စက်စက် ကမ္ဘာနှင့် နောက်တစ်ဖန် တွေ့ပြီးဖြစ်ကာ ကောင်းကင်နှင့် မြေကြီးသည် ပြောင်းလဲ၍ အသစ်ပြုလုပ်ထားပြီး ဖြစ်၏။
ငါသည် တိုင်းနိုင်ငံများအားလုံးနှင့် လူမျိုးအပေါင်းထံသို့ ပေါ်ထွန်းလာသည့်အခါ၊ ကောင်းကင်တွင် တိမ်ဖြူများ အလိပ်လိပ်ထ၍ ငါ့ကို လွှမ်းခြုံထား၏။ ထိုနည်းတူပင် ကမ္ဘာမြေကြီးပေါ်ရှိ ငှက်များသည် ကမ္ဘာမြေကြီးပေါ်က ဝန်းကျင်အခြေအနေကို မီးမောင်းထိုးပြခြင်းဖြင့် ဝမ်းမြောက်လျက် ငါ့အား တေးဆိုကပြကြ၏၊ ထို့ကြောင့် ကမ္ဘာမြေကြီးပေါ်ရှိ အရာခပ်သိမ်းကို အသက်ဝင်လာစေလျက် “အောက်သို့ ဖြည်းဖြည်းချင်း အနည်ထိုင်” မနေတော့ဘဲ၊ တက်ကြွသည့် အခြေအနေထဲ၌သာ အသက်ရှင်ကြ၏။ ငါသည် တိမ်များကြားတွင် ရှိနေသည့်အခါ၊ လူသားသည် ငါ၏မျက်နှာနှင့် ငါ၏မျက်လုံးများကို ရေးရေးမျှသာ မြင်ကြပြီး၊ ဤအချိန်တွင် သူသည် အနည်းငယ် ကြောက်ရွံ့၏။ အတိတ်တွင် သူသည် ဒဏ္ဍာရီများထဲ၌ ငါ့အကြောင်း သမိုင်းမှတ်တမ်းများကို ကြားခဲ့ဖူးကာ၊ ရလဒ်အနေဖြင့် သူသည် ငါ့အပေါ် ယုံတစ်ဝက်၊ မယုံတစ်ဝက်သာ ဖြစ်နေ၏။ ငါမည်သည့်နေရာတွင် ရှိသည် သို့မဟုတ် ငါ၏မျက်နှာ မည်မျှကြီးမားသည်ကိုပင် သူမသိ— ယင်းက ပင်လယ်တမျှ ကျယ်ဝန်းသလော သို့တည်းမဟုတ် စိမ်းလန်းသော ကျက်စားရာများကဲ့သို့ အကန့်အသတ် မဲ့သလော။ ဤအရာများကို မည်သူမျှ မသိပေ။ လူသားသည် ငါ၏မျက်နှာကို ယနေ့ တိမ်တိုက်ထဲ၌ မြင်သည့်အခါမှသာ ဒဏ္ဍာရီထဲမှ ငါသည် အမှန်တကယ် ရှိသည်ဟု ခံစားရသဖြင့် သူသည် ငါ့အပေါ် အနည်းငယ်ပို၍ အကောင်းမြင်လာကြပြီး ငါ၏ လုပ်ဆောင်ချက်များကြောင့်သာ ငါ့အပေါ် သူ၏ မြတ်နိုးလေးစားမှုမှာ အနည်းငယ် ပို၍ ကြီးမားလာ၏။ သို့သော် လူသားသည် ငါ့ကို မသိသေးဘဲ၊ တိမ်တိုက်ထဲတွင် ငါ၏တစ်စိတ်တစ်ပိုင်းကိုသာ မြင်၏။ ထို့နောက်တွင် ငါသည် ငါ၏လက်များကို ဆန့်တန်းလျက် လူသားကို ပြ၏။ လူသားသည် အံ့သြကာ သူ၏ပါးစပ်ကို လက်များဖြင့် အုပ်ထားလျက်၊ ငါ့လက်ဖြင့် အရိုက်ခံရမည်ကို အလွန်အမင်းကြောက်ရွံ့သဖြင့် သူ၏မြတ်နိုးလေးစားမှုတွင် ကြောက်ရွံ့ရိုသေမှု အနည်းငယ် ထပ်ဖြည့်၏။ သူဂရုမပြုသည့်အခါ၊ ငါ၏ရိုက်နှက်ခြင်း ခံရမည်ကို အလွန်အမင်း ကြောက်ရွံ့သဖြင့် လူသားသည် ငါ၏လှုပ်ရှားမှုတိုင်းကို မျက်ခြေမပြတ် စောင့်ကြည့်၏— သို့ရာတွင် လူသား၏ စောင့်ကြည့်ခံရခြင်းကြောင့် ငါသည် ကန့်သတ်ချုပ်ချယ်ခြင်း မခံရဘဲ ငါသည် ငါ့လက်များဖြင့် အမှုကို ဆက်လက် ဆောင်ရွက်၏။ ငါ၏ လုပ်ဆောင်ချက်များ အားလုံး၌သာ လူသားသည် ငါ့ကို အနည်းငယ် မျက်နှာသာ ပေးကာ၊ သို့ဖြစ်၍ ငါနှင့်ပေါင်းသင်းဆက်ဆံရန် ငါ့ရှေ့မှောက်သို့ တဖြည်းဖြည်း ရောက်လာကြ၏။ လူသားအား ငါ၏အလုံးစုံကို ထုတ်ဖော်သည့်အခါ၊ လူသားသည် ငါ၏မျက်နှာကိုမြင်ပြီး၊ ထိုအချိန်မှစ၍ ငါသည် လူသားထံမှ ငါ့ကိုယ်ငါ ကွယ်ဝှက်ခြင်း သို့မဟုတ် ဖုံးကာခြင်း ပြုတော့မည် မဟုတ်ပေ။ စကြဝဠာတစ်ခွင်လုံးတွင် ငါသည် လူတို့အားလုံးထံ လူသိရှင်ကြား ပေါ်ထွန်းလာမည်ဖြစ်၍၊ အသွေးအသားနှင့် လူအားလုံးသည် ငါ၏လုပ်ဆောင်ချက်များ အားလုံးကို မြင်ကြလိမ့်မည်။ ဝိညာဉ်ပကတိ ဖြစ်သောသူအားလုံးသည် ငါ၏အိမ်ထောင်စုတွင် ငြိမ်းချမ်းစွာ မုချနေထိုင်ပြီး ငါနှင့်အတူ အံ့သြဖွယ် ကောင်းချီးမင်္ဂလာများကို အသေအချာ ခံစားရလိမ့်မည်။ ငါအလွန်ချစ်ခင်သူ အားလုံးသည် ပြစ်တင်ဆုံးမခြင်းမှ ကင်းလွတ်မည်မှာ သေချာပြီး စိတ်ဝိညာဉ်၏ နာကျင်မှုနှင့် ဇာတိအသွေးအသား၏ ဝေဒနာတို့ကို မလွဲဧကန် ရှောင်ရှားမည် ဖြစ်သည်။ ငါသည် လူမျိုးများအားလုံးထံ လူသိရှင်ကြား ပေါ်ထွန်းလာပြီး အုပ်စိုးကာ အာဏာစွဲကိုင်လိမ့်မည်၊ သို့မှသာ အလောင်းကောင်များ၏ အပုပ်နံ့က စကြဝဠာကို ပျံ့နှံ့မသွားမည်ဖြစ်သည်။ ထို့အစား ငါ၏ လတ်ဆတ်သော မွှေးရနံ့သည် ကမ္ဘာတစ်ဝှမ်းလုံးသို့ ပျံ့နှံ့သွားလိမ့်မည်။ ငါ၏နေ့ရက်သည် နီးလာနေပြီဖြစ်သောကြောင့်၊ လူသားသည် နိုးထလာ၏၊ ကမ္ဘာမြေကြီးပေါ်ရှိ အရာခပ်သိမ်းတို့သည် စနစ်တကျရှိလျက်ရှိပြီး၊ ကမ္ဘာမြေကြီး၏ ဆက်လက်ရှင်သန်ခြင်း နေ့ရက်များ ရှိတော့မည် မဟုတ်၊ ငါရောက်လာပြီ ဖြစ်သောကြောင့်တည်း။
၁၉၉၂ ခုနှစ်၊ ဧပြီလ ၆ ရက်