အခန်း (၃)
အောင်ပွဲခံသော ရှင်ဘုရင်သည် ဘုန်းအသရေနှင့်ပြည့်သော သူ၏ပလ္လင်ပေါ်၌ ထိုင်လေ၏။ သူသည် ရွေးနုတ်ခြင်း ပြီးမြောက်ပြီးဖြစ်ကာ ဘုန်းအသရေဖြင့် ပေါ်ထွန်းဖို့ သူ၏လူအပေါင်းကို ဦးဆောင်ပြီးလေပြီ။ တည်ရှိသမျှ အရာအားလုံးသည် သူ၏ လက်တော်ထဲတွင် ရှိပြီး သူ၏ ဘုရားသဘောသဘာဝ ဉာဏ်ပညာ၊ တန်ခိုးတို့ဖြင့် သူသည် ဇိအုန်တောင်ကို တည်ဆောက်ကာ ခိုင်ခံ့စေခဲ့ပြီ ဖြစ်သည်။ သူ၏ ဘုန်းအာနုဘော်ဖြင့် သူသည် အပြစ်ရှိသော လောကကို တရားစီရင်သည်၊ မြောက်မြားလှသော နိုင်ငံများနှင့် လူမျိုးများ၊ မြေကြီးနှင့် သမုဒ္ဒရာများအပြင် ယင်းတို့ထဲရှိ သက်ရှိသတ္တဝါ အားလုံးကိုလည်းကောင်း၊ ကာမဂုဏ်လိုက်စားခြင်း စပျစ်ရည်ဖြင့် မူးယစ်နေသူများကိုလည်းကောင်း တရားစီရင်လေသည်။ ဘုရားသခင်သည် သေချာပေါက် တရားစီရင်ခြင်းကို ချမှတ်လိမ့်မည်၊ ဘုရားသခင်သည် ၎င်းတို့အပေါ် သေချာပေါက် အမျက်ထွက်လိမ့်မည်ဖြစ်ပြီး သူ၏ ဘုန်းအာနုဘော်ကို ထင်ရှားစေလျက် နှောင့်နှေးခြင်းမရှိဘဲ ချက်ချင်း တရားစီရင်မှုကို ချမှတ်လိမ့်မည်။ ဘုရားသခင်၏ အမျက်ဒေါသမီးသည် ၎င်းတို့၏ ကြီးမားသော အပြစ်များကို ဧကန်မုချ မီးရှို့ဖျက်ဆီးမည်ဖြစ်ပြီး ၎င်းတို့အပေါ် သေချာပေါက် အချိန်မရွေး ကပ်ဘေးကျရောက်လေမည်။ ၎င်းတို့သည် လွတ်မြောက်ရန် လမ်းကို သိကြမည်မဟုတ်ဘဲ ပုန်းအောင်းစရာ နေရာမရှိ ဖြစ်ကြမည်၊ ၎င်းတို့သည် ငိုကြွေးကာ အံသွားခဲကြိတ်ကြလေမည်ဖြစ်ပြီး ကိုယ့်သေတွင်းကိုယ် တူးကြလိမ့်မည်။
အောင်ပွဲခံပြီးဖြစ်သော ဘုရားသခင်၏ ချစ်လှစွာသော သားများသည် ဇိအုန်တောင်တွင် သေချာပေါက် နေထိုင်ကြလိမ့်မည်ဖြစ်ပြီး ယင်းမှ မည်သည့်အခါမျှ ထွက်ခွာသွားမည် မဟုတ်ပေ။ ဘုရားသခင် ရွေးချယ်ထားသော မြောက်မြားလှသော လူများသည် သူ၏ အသံတော်ကို အနီးကပ် နားထောင်ကြလိမ့်မည်၊ ၎င်းတို့သည် သူ၏ လုပ်ဆောင်ချက်များကို ဂရုတစိုက် အာရုံစိုက်ကြလိမ့်မည်ဖြစ်ပြီး ချီးမွမ်းသံများသည် မည်သည့်အခါမျှ ရပ်တန့်သွားမည် မဟုတ်ပေ။ စစ်မှန်သည့် တစ်ပါးတည်းသော ဘုရားသခင်သည် ပေါ်ထွန်းလေပြီ။ ငါတို့သည် စိတ်ဝိညာဉ်၌ သူနှင့်ပတ်သက်၍ ယုံမှားဖွယ်မရှိဘဲ၊ သူ့နောက်သို့ နီးကပ်စွာ လိုက်သင့်ပေသည်။ ငါတို့သည် အစွမ်းကုန် ရှေ့သို့ တစ်ဟုန်ထိုးပြေးပြီး နောက်ထပ် မတုံ့ဆိုင်းသင့်ပေ။ ကမ္ဘာလောက၏ အဆုံးသတ်သည် ငါတို့ရှေ့၌ ဖွင့်ဟလျက်ရှိ၏။ မှန်ကန်သော အသင်းတော် အသက်တာအပြင် ငါတို့ပတ်လည်၌ရှိသော လူများ၊ အရေးကိစ္စများနှင့် အမှုအရာများသည် ယခုပင်လျှင် ငါတို့၏ လေ့ကျင့်ခြင်းကို ပို၍ပြင်းထန်စေနေသည်။ လောကကို အလွန်ချစ်သော ငါတို့၏စိတ်နှလုံးများကို အလျင်အမြန် ပြန်ယူကြပါစို့။ အလွန် မှေးမှိန်သော ငါတို့၏ရူပါရုံကို အလျင်အမြန် ပြန်ယူကြပါစို့။ ငါတို့သည် နယ်နိမိတ်များကို မကျော်လွန်မိနိုင်စေရန် ငါတို့၏ ခြေလှမ်းများကို ထိန်းကြစို့။ ငါတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် လျှောက်လှမ်းပြီး ငါတို့၏ အကျိုးအမြတ်များနှင့် ဆုံးရှုံးမှုတို့ကို ခုခံပြောဆိုခြင်းမရှိနိုင်တော့ဖို့အလို့ငှာ ငါတို့၏နှုတ်များကို ရပ်တန့်ကြစို့။ လောကီနှင့် ကြွယ်ဝချမ်းသာခြင်းကို သင်၏ အလိုကြီးသော တွယ်တာခြင်း၊ အို၊ ယင်းကို လက်လွှတ်လော့။ ခင်ပွန်းသည်များနှင့် သားသမီးများကို သင်၏ နှောင်တွယ်နေသော သံယောဇဉ်၊ အို၊ ယင်းမှ မိမိကိုယ်ကို လွတ်မြောက်စေကြလော့။ သင်တို့၏ရှုထောင့်အမြင်များနှင့် အခြေအမြစ် မရှိသော စွဲလမ်းမှုများကို ကျောခိုင်းကြလော့။ အို၊ နိုးထကြလော့၊ အချိန်သည် တိုတောင်း၏။ သင်တို့၏စိတ်ဝိညာဉ်အတွင်းမှ အထက်သို့ မျှော်ကြည့်လော့၊ အထက်သို့ မျှော်ကြည့်လော့၊ ပြီးလျှင် ဘုရားသခင်ကို ထိန်းချုပ်ခွင့်ပေးလော့။ မည်သည့်အရာ ဖြစ်ပါစေ လောတ၏ နောက်ထပ်ဇနီး ဖြစ်မလာစေကြနှင့်။ ပစ်ပယ်ခံရခြင်းမှာ သနားချင့်စဖွယ် ဖြစ်သည်တကား။ အမှန်ပင် သနားချင့်စဖွယ် ဖြစ်ပါတကား။ အို၊ နိုးထကြလော့။