ပြည့်မီသော တာဝန်ထမ်းဆောင်မှုဆိုသည်မှာ အဘယ်နည်း။

ပြီးခဲ့သော စည်း‌ဝေးပွဲအတွင်း မိတ်သဟာယပြုချက်၏ အဓိက ခေါင်းစဉ်မှာ လူတစ်ဦးအနေဖြင့် တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံခြင်းအားဖြင့် စုံလင်အောင်ပြုခြင်း ခံရဖို့အတွက် အခြေခံကျသော အခြေအနေလေးရပ် ဖြစ်သည်။ အခြေခံကျသော ဤအခြေအနေလေးရပ်မှာ အဘယ်နည်း။ (ပထမ အခြေအနေမှာ ပြည့်မီသော တာဝန်ထမ်းဆောင်မှု ဖြစ်သည်။ ဒုတိယမှာ ဘုရားသခင်အား ကျိုးနွံနာခံခြင်းစိတ်ထားရှိခြင်း ဖြစ်၏။ တတိယမှာ အခြေခံအားဖြင့် ရိုးသားသော လူတစ်ဦးဖြစ်ခြင်းပင် ဖြစ်သည်။ ထို့ပြင် စတုတ္ထမှာ နောင်တရသော စိတ်နှလုံးရှိခြင်း ဖြစ်သည်။) ဤအခြေအနေလေးရပ် တစ်ခုစီအတွက် အသေးစိတ် အချက်အချို့သာမက ခိုင်လုံသော လက်တွေ့လုပ်ဆောင်မှုများနှင့် တိကျသော ရည်ညွှန်းကိုးကားချက်များလည်း ရှိသည်။ အမှန်တွင် ဤခေါင်းစဉ်လေးခုကို နှစ်ပေါင်းများစွာ ဆွေးနွေးခဲ့ကြပြီဖြစ်သည်။ ယင်းတို့ကို ငါတို့ ယနေ့ထပ်မံ ဆွေးနွေးကြပါက ယင်းကို လမ်းဟောင်းပြန်လျှောက်ခြင်းဟု သတ်မှတ်ရမည်လော။ (သတ်မှတ်ရမည် မဟုတ်ပါ။) အဘယ့်ကြောင့် ထိုသို့ မသတ်မှတ်ရမည်နည်း။ အဘယ့်ကြောင့်ဆိုသော် ဤအခြေအနေ လေးရပ်အနက် တစ်ခုစီ၌ပါဝင်သည့် အကြောင်းအရာများတွင် မကုန်ဆုံးနိုင်သော ခေါင်းစဉ်များဖြစ်သည့် သမ္မာတရားစစ်မှန်မှုနှင့် အသက်ဝင်ရောက်မှုတို့ ပါဝင်လေသည်။ လူအများစုမှာ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်သည့်အဆင့်အထိ မရောက်ရှိကြသေးပေ။ ၎င်းတို့သည် သမ္မာတရားအဓိပ္ပာယ်၏ အ‌ပေါ်ယံမျှကိုသာ နားလည်ကြသည်။ ရိုးစင်းသော အယူဝါဒအချို့ကိုသာ နားလည်ကြသည်။ ၎င်းတို့သည် အချို့သော စစ်မှန်မှုများကို မိတ်သဟာယပြုနိုင်သော်လည်း သမ္မာတရား စစ်မှန်မှုများထဲသို့ ဝင်‌ရောက်ခြင်းကို မပြည့်မီကြပေ။ ထို့ကြောင့် သမ္မာတရား၏ မည်သည့်ကဏ္ဍ ပါဝင်သည်ဖြစ်စေ ယင်းကို မကြာခဏ မိတ်သဟာယ ပြုရမည်ဖြစ်ပြီး မကြာခဏ နာယူရမည်ဖြစ်သည်။ ဤနည်းအားဖြင့် သမ္မာတရားအမျိုးမျိုးအပေါ် လူတို့၏နားလည်မှုသည် ၎င်းတို့၏ တကယ့်အတွေ့အကြုံအားဖြင့် နက်ရှိုင်းလာမည်ဖြစ်ပြီး ၎င်းတို့၏ အတွေ့အကြုံများမှာ ပို၍ပို၍ တိကျမှန်ကန်လာမည် ဖြစ်သည်။

တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံခြင်းအားဖြင့် စုံလင်အောင်ပြုခြင်းခံရဖို့အတွက် အခြေခံအခြေအနေ လေးရပ်ကို ယခုတင် အတိုချုပ်ပြောခဲ့ကြပြီဖြစ်သည်။ ထို့နောက် ငါတို့၏ ဆွေးနွေးချက်ကို “ပြည့်မီသော တာဝန်ထမ်းဆောင်မှု” ဟူသည့် ပထမအခြေအနေမှ အစပြုကြပါစို့။ လူအချို့က “လွန်ခဲ့သော ဤနှစ်နှစ်တာ ဆွေးနွေးချက်များက တာဝန်ထမ်းဆောင်ခြင်း အကြောင်းချည်းသာ ဖြစ်သည်။ အထူးသဖြင့် မည်သို့ တာဝန်ထမ်းဆောင်ရမည်၊ မည်သို့ကောင်းစွာ ထမ်းဆောင်ရမည်၊ ထမ်းဆောင်နေစဉ် မည်သည့်စည်းမျဉ်းများကို လိုက်လျှောက်ရမည် ဟူသည့် ဤအကြောင်းအရာများကို ကျွန်ုပ်၏စိတ်နှလုံးထဲတွင် နောကျေနေပြီး သည့်ထက် ပို၍ မရှင်းလင်းနိုင်တော့ပေ။ ထို့ပြင် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ကျွန်ုပ်၏ နေ့စဉ်အသက်တာမှာ မိမိ၏တာဝန်ထမ်းဆောင်ခြင်းနှင့် ဆက်စပ်သည့် သမ္မာတရားများချည်းသာ ဖြစ်လာခဲ့သည်။ ကျွန်ုပ်သည် မိမိ၏တာဝန်ကို စတင်ထမ်းဆောင်ခဲ့စဉ်ကတည်းက ယင်းနှင့်ဆက်စပ်သည့် သမ္မာတရားများကို ရှာဖွေ၊ စားသောက်ပြီး နာယူခဲ့ပြီဖြစ်သည်။ ယင်းကို ကျွန်ုပ်၏စိတ်နှလုံးထဲ၌ နားလည်ထားခဲ့သည်မှာ ကြာညောင်းခဲ့ပြီးဖြစ်သည်။ ယင်းမှာ အမှန်တွင် သင်၏တာဝန်ကို ကောင်းစွာလုပ်ဆောင်ခြင်းသာ မဟုတ်သလော။ ပြည့်မီစွာ တာဝန်ထမ်းဆောင်ခြင်းဟူသည် ယခင်ဖော်ပြခဲ့ထားသော ထိုစည်းမျဉ်းများအား လိုက်လျှောက်ခြင်းသာ မဟုတ်လော။ သင်၏ဘုရားသခင်ကို သင်၏ စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှနှင့် ချစ်လော့။ စည်းမျဉ်းများကို ရှာဖွေလော့။ သင့်စိတ်အလိုဆန္ဒများအပေါ် အမှီမပြုဘဲ၊ တာဝန်ထမ်းဆောင်စဉ် သဟဇာတကျကျ ညှိနှိုင်းဆောင်ရွက်လော့။ သင်၏ တာဝန်ထမ်းဆောင်ခြင်းကို အသက်ဝင်ရောက်မှုနှင့် တစ်ပြိုင်နက် ဖြစ်စေလော့။ ယင်းအတွက် ထိုမျှပင်ဖြစ်၏” ဟု ဆိုကြသည်။ နေ့စဉ်အသက်တာများတွင် သင်တို့ ရင်ဆိုင်တွေ့ကြုံသည့် အရာများမှာ ဤခေါင်းစဉ်များသာဖြစ်၍ ယင်းမှာ သင်တို့နားလည်သမျှပင် ဖြစ်၏။ သင်တို့ မည်မျှနားလည်ပါစေ၊ ဤသမ္မာတရားကို ယနေ့ ငါတို့ဆွေးနွေးရန် လိုသေးသည်။ တစ်စုံတစ်ခုကို ထပ်ပြောမိပါက ယင်းသည် သင်တို့အတွက် အကျိုးဖြစ်မည်ဖြစ်ပြီး ယင်းကို သင်တို့ ထပ်မံ၍ စဉ်းစာဆင်ခြင်နိုင်လေသည်။ အကယ်၍ ယင်းမှာ ယခင်က မဆွေးနွေးခဲ့ဖူးသေးသော အရာတစ်ခုဖြစ်ပါက ခံယူလော့။ အပ်ကြောင်းထပ်သည်ဖြစ်စေ မထပ်သည်ဖြစ်စေ ဂရုတစိုက် နာယူသင့်သည်။ ဤနေရာတွင် မည်သည့်သမ္မာတရာများ ပါဝင်ကြောင်း၊ ဤသမ္မာတရားများက သင်တို့၏ အသက်ဝင်ရောက်မှုအတွက် အကျိုးကျေးဇူးတစ်ခုခု ရှိမရှိနှင့် ယင်းတို့က သင်တို့အား ပြည့်မီစွာ တာဝန်ထမ်းဆောင်စေရန် အကူအညီပေးနိုင်မည် ဖြစ်သည်။ ထို့ကြောင့် ပြည့်မီသော တာဝန်ထမ်းဆောင်ခြင်းဟူသည့် ခေါင်းစဉ်ကို ပြန်ကျော့ဖို့ အမှန်တကယ် လိုအပ်လေသည်။

ပြည့်မီသော တာဝန်ထမ်းဆောင်ခြင်းနှင့် ပတ်သက်၍ “ပြည့်မီသည်” ဟူသည့် အဓိပ္ပာယ်ကို ဦးစွာ ချန်လှပ်ထားပြီး ထိုအစား တာဝန်ဟူသည် မည်သည့်အရာဖြစ်ကြောင်း ပြောကြပါစို့။ အဆုံးတွင် တာဝန်ဟူသည့် မည်သည့်အရာဖြစ်ကြောင်း၊ မည်သည့်အရာကို ပြည့်မီသည်ဟု သတ်မှတ်ကြောင်းနှင့် တာဝန်ကို မည်ကဲ့သို့ ထမ်းဆောင်သင့်ကြောင်း သင်တို့ သိမည်ဖြစ်သည်။ စံချိန်နှင့် ကိုက်ညီအောင် တာဝန်ထမ်းဆောင်ခြင်းအတွက် လက်တွေ့လုပ်ဆောင်မှုဟူသည့် လမ်းကြောင်းရရှိမည်ဖြစ်သည်။ သို့ဆိုလျှင် တာဝန်ဟူသည်မှာ အဘယ်နည်း။ (တာဝန်ဟူသည် ဘုရားသခင်က လူသားလုပ်ဆောင်ဖို့ တာဝန်ပေးစေခိုင်းသည့် အရာဖြစ်ပြီး ဖန်ဆင်းခံသတ္တဝါတစ်ဦး ပြုလုပ်သင့်သည့် အရာဖြစ်သည်။) ဤပြောဆိုချက်သည် အမှန်တစ်ဝက်သာ ဖြစ်၏။ အယူအဆ သဘောတရားအရ ယင်း၌ ဘာမျှမမှားသော်လည်း ပို၍ အနီးကပ်စစ်ဆေးကြည့်လျှင် ဤရှင်းပြချက်က မပြည့်စုံပေ။ ကြိုတင်သတ်မှတ်ချက်တစ်ခု ရှိသင့်သည်။ ဤခေါင်းစဉ်ကို စေ့စေ့ငုငု လေ့လာကြပါစို့။ ယုံကြည်သူနှင့် မယုံကြည်သူတိုင်းအတွက် ၎င်းတို့၏ အသက်တာများကို မည်သို့ အသက်ရှင်သည်ဖြစ်စေ၊ ဤလူ့ကမ္ဘာထဲတွင် ၎င်းတို့ မည်သည့်အရာ ပြုလုပ်သည်ဖြစ်စေ၊ ထို့ပြင် ၎င်းတို့၏ ဘဝကံကြမ္မာ၊ ဤအရာများအားလုံးသည် ဘုရားသခင် ကြိုတင်ပြဋ္ဌာန်းထားသည့်အရာများ မဟုတ်လော။ (ဟုတ်ပါသည်။) သာဓကအားဖြင့် ဤကမ္ဘာပေါ်တွင် လူအချို့သည် တေးဂီတ၌ စိတ်ဝင်စားသည်။ ဂီတဖန်တီးခြင်းသည် ဘဝတွင် ၎င်းတို့၏ အထူးတာဝန်ဖြစ်၏။ ဤအထူးတာဝန်ကို ၎င်းတို့၏ တာဝန်အဖြစ် ယူဆ၍ရသလော။ (မရပါ။) လူအချို့သည် ဤကမ္ဘာပေါ်တွင် အံ့မခန်းဖွယ်အရာများကို ပြုလုပ်ခဲ့ကြပြီဖြစ်ကာ၊ လူသားမျိုးနွယ် တစ်ရပ်လုံးကို အကျိုးသက်ရောက်စေလျက် အထောက်အကူပြု ဆောင်ရွက်မှုများကို ပြုလုပ်ကာ ခေတ်တစ်ခေတ်ကိုပင် ပြောင်းလဲပစ်ကြသည်။ ဤသည်မှာ ၎င်းတို့ဘဝ၏ အထူးတာဝန်ဖြစ်သည်။ ဤဘဝ၏ အထူးတာဝန်ကို ၎င်းတို့၏တာဝန်ဟု ခေါ်နိုင်သလော။ (မခေါ်နိုင်ပါ။) သို့သော် ဤဘဝ၏ အထူးတာဝန်နှင့် ၎င်းတို့တစ်သက်လုံး ပြုလုပ်ခဲ့ပြီးသော အရာမှာ ၎င်းတို့အား ဘုရားသခင် တာဝန်ပေး စေခိုင်းထားသည့် အရာတစ်ခုမဟုတ်လော။ ယင်းမှာ ဖန်ဆင်းခံသတ္တဝါတစ်ဦး ပြုလုပ်သင့်သည့် အရာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) မှန်ပေ၏။ ဘုရားသခင်က ၎င်းတို့ကို အထူးတာဝန်တစ်ခုကို ပေးထားပြီး ဤခန့်အပ်ခံရသည့်လုပ်ငန်းဖြင့် ၎င်းတို့ကို တာဝန်ပေးစေခိုင်းထားသည့်အပြင် လူသားမျိုးနွယ် တစ်ရပ်လုံးထဲတွင် လူသားမျိုးနွယ် အစိတ်အပိုင်းတစ်ခုကိုယ်၌အဖြစ် ၎င်းတို့ ပြုလုပ်သင့်သည် အရာတစ်ခု၊ ၎င်းတို့ထမ်းဆောင်သင့်သည့် တာဝန်ဝတ္တရားတစ်ခုကို ရှိကြလေသည်။ ၎င်းတို့ ပါဝင်ပတ်သက်သည့် နယ်ပယ်ဖြစ်သော အနုပညာဖြစ်စေ၊ စီးပွားရေးလုပ်ငန်းဖြစ်စေ၊ နိုင်ငံရေး၊ စီးပွားရေး၊ သိပ္ပံသုတေသန စသည့်အရာများအားလုံးကို ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။ သို့ရာတွင် ခြားနားချက်တစ်ခု ရှိ၏။ ဘုရားသခင်သည် ယင်းကို မည်သို့စီမံထားသည်ဖြစ်စေ ဤလူတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ်၏ အပြင်ဘက်တွင် ရှိကြသည်။ ၎င်းတို့သည် မယုံကြည်သူများဟု သတ်မှတ်ခံရပြီး ၎င်းတို့ပြုလုပ်သည့်အရာမှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ်အတွက် ပြင်ပဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ တာဝန်ဝတ္တရားများ၊ ၎င်းတို့လက်ခံထားသည့် တာဝန်ပေးစေခိုင်းချက်နှင့် ၎င်းတို့ဘဝ၏ အထူးတာဝန်ကို တာဝန်ဟု ခေါ်၍ရသလော။ (မရပါ။) ၎င်းတို့ပြုလုပ်သည့်အရာမှာ လူသားမျိုးနွယ်အား ကယ်တင်ခြင်းဟူသည့် ဘုရားသခင်၏အလုပ်နှင့် မဆက်စပ်သောကြောင့် ၎င်းတို့သည် တာဝန်ထမ်းဆောင်နေကြသည် မဟုတ်ပေ။ ဤကမ္ဘာပေါ်ရှိ လူသားအားလုံးသည် ဖန်ဆင်းရှင်၏ တာဝန်ပေးစေခိုင်းချက်နှင့် သူပေးထားသည့် အထူးတာဝန်ကို မလှုပ်မယှက် လက်ခံကြသည်။ သို့သော် ဘုရားသခင်အား မယုံကြည်သူတို့ လက်ခံသည့် အထူးတာဝန်နှင့် ၎င်းတို့ ဖြည့်ဆည်းသည့် ဝတ္တရာများမှာ တာဝန် မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ယင်းတို့သည် လူသားမျိုးနွယ်အား ကယ်တင်ခြင်းနှင့်ဆိုင်သည့် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်နှင့် မဆက်စပ်သည့်အပြင် ယင်း၌လည်း မပါဝင်ပေ။ ၎င်းတို့သည် ဘုရားသခင်ကို လက်မခံသည့်အပြင် ဘုရားသခင်သည်လည်း ၎င်းတို့အပေါ် အလုပ်မလုပ်သောကြောင့် ၎င်းတို့သည့် မည်သည့်တာဝန်ဝတ္တရားများကို လက်ခံပြီး မည်သည့် တာဝန်ပေးစေခိုင်းချက်ကို လက်ခံသည်ဖြစ်စေ၊ သို့မဟုတ် ဤဘဝတွင် မည်သည့်အထူးတာဝန်ကို ၎င်းတို့ ပြီးမြောက်အောင်မြင်သည်ဖြစ်စေ ယင်းကို ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေကြသည်ဟု ဆို၍မရပေ။ သို့ဆိုလျှင် မည်သည့်အရာသည်ပင် တာဝန်ဖြစ်သလော။ ဤအယူအဆနှင့် ဤကိစ္စနှင့်စပ်လျဉ်းသည့် သမ္မာတရားတို့ကို ရှင်းလင်းစွာ၊ တိကျမှန်ကန်စွာ၊ ပြည့်စုံကျယ်ပြန့်စွာ ရှင်းပြရန်အလို့ငှာ မည်သည့် လိုအပ်ချက်မျိုးတို့ကို ထပ်ဖြည့်သင့်သနည်း။ ယခုတင်ပြုလုပ်သော ငါတို့၏ မိတ်သဟာယပြုချက်မှ အယူအဆသဘောတရားတစ်ခုကို သင်တို့နားလည်ပြီးပြီလော။ မည်သည့် အယူအဆသဘောတရား ဖြစ်သနည်း။ လူသားမျိုးနွယ်အကြား လူတစ်ဦးဦးအတွက်ဆိုလျှင် ၎င်းတို့လက်ခံထားသည့် မည်မျှကြီးမားသော အထူးတာဝန်တစ်ခု ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့ဖြစ်ပေါ်စေသည့် ပြောင်းလဲမှုအဆင့်၊ သို့မဟုတ် လူသားမျိုးနွယ်အတွက် ၎င်းတို့၏ အထောက်အကူပြု ဆောင်ရွက်ချက်ဖြစ်စေ ထိုကဲ့သို့သော အထူးတာဝန်နှင့် ခန့်အပ်ခံရသောလုပ်ငန်းများကို တာဝန်များဟု ခေါ်၍မရပေ။ ဤသည်မှာ ယင်းတို့သည် လူသားမျိုးနွယ်အား ကယ်တင်ခြင်းနှင့်ဆိုင်သည့် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်နှင့် ဆက်စပ်မှုမရှိသောကြောင့် ဖြစ်၏။ ယင်းတို့မှာ အထူးတာဝန်များသာ ဖြစ်ကြသည်။ ၎င်းတို့သည် တက်ကြွစွာ လုပ်ဆောင်သည်ဖြစ်စေ၊ မလှုပ်မယှက်ဖြင့် လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့ ပြုလုပ်နေသမျှမှာ အထူးတာဝန်တစ်ခုကို ပြီးစီးအောင်လုပ်ဆောင်ခြင်းပင် ဖြစ်သည်။ ဤအရာကို ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ၎င်းတို့၏လုပ်ဆောင်ချက်များက ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်နှင့် မသက်ဆိုင်သရွေ့၊ လူသားမျိုးနွယ်အား ကယ်တင်ခြင်းနှင့်ဆိုင်သည့် ဘုရားသခင်၏ အလုပ်နှင့် မသက်ဆိုင်သရွေ့ ထိုသို့သော အထူးတာဝန်များအား ဖြည့်ဆည်းလုပ်ဆောင်ခြင်းကို တာဝန်ထမ်းဆောင်ခြင်းဟု ခေါ်၍မရပေ။ ဤသည်မှာ သံသယလုံးလုံး မရှိနိုင်‌လောက်အောင် သေချာသည်။ သို့ဆိုလျှင် တာဝန်ဟူသည်မှာ အဘယ်နည်း။ ဤသည်မှာ ယင်းကို နားလည်ထားရမည့်ပုံစံ ဖြစ်သည်။ တာဝန်ဟူသည်မှာ လူသားမျိုးနွယ်ကို ကယ်တင်မည့် သူ၏ စီမံခန့်ခွဲမှုအလုပ်၏ အတိုင်းအတာထဲ၌ ဘုရားသခင်ပေးထားသည့် တာဝန်ပေးစေခိုင်းချက်နှင့် အထူးတာဝန်ပင်ဖြစ်၏။ ယင်းကို ဤပုံစံဖြင့် ဖော်ပြခြင်းသည် ပြည့်စုံပြီး တိကျမှန်ကန်သည် မဟုတ်လော။ တိကျမှန်ကန်သည့်အရာမှာ သမ္မာတရားသာလျှင် ဖြစ်သည်။ တိကျမှန်ကန်မှု မရှိသည့်အပြင် တစ်ဖက်စောင်းနင်း ဖြစ်သည့်အရာမှာ သမ္မာတရားမဟုတ်ဘဲ အယူဝါဒသက်သက်သာ ဖြစ်သည်။ တာဝန်ဟူသည် မည်သည့်အရာဖြစ်ကြောင်း အပြည့်အဝ နားလည်သဘောပေါက်ခြင်းနှင့် လုံးလုံးလျားလျား အသိအမှတ်ပြုခြင်းမရှိလျှင် သင်သည် တာဝန်နှင့် ဆက်စပ်သည့် သမ္မာတရားများက မည်သည့်အရာဖြစ်ကြောင်းကိုပင် သိမည်မဟုတ်ပေ။ ယခင်က လူတို့သည် တာဝန်နှင့်ဆိုင်သည့် ၎င်းတို့၏ သိနားလည်ခြင်း၌ နားလည်မှုလွဲမှားခြင်းများစွာ ရှိခဲ့ကြပြီးဖြစ်သည်။ ယင်းမှာ ၎င်းတို့က သမ္မာတရားကို နားမလည်ခဲ့သောကြောင့် ဖြစ်ကာ၊ ယင်းက အယူအဆများနှင့် အနက်ထွေပြားခြင်းမျိုးစုံဆီသို့ ပို့ဆောင်ပေးခဲ့သည်။ ထိုအခါ လူတို့သည် တာဝန်ကို ရှင်းပြရန်အတွက် ဤအယူအဆများနှင့် အနက်ထွေပြားခြင်းများကို အသုံးချခဲ့ကြပြီး နောက်ပိုင်းတွင် ယင်းကို ဤထင်မြင်ချက်များပေါ် အခြေခံ၍ မှတ်ယူခဲ့ကြသည်။ ဥပမာ လူအချို့က လူတစ်ဦး၏ တစ်ဘဝလုံးကို မည်သည့်မိသားစုမျိုးထဲသို့ မွေးဖွားမည်၊ လူတစ်ဦးသည် ဘဝတွင် ချမ်းသာမည် သို့မဟုတ် ဆင်းရဲမည်နှင့် မည်သည့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို လိုက်စားမည် စသည်တို့အားလုံးကို ဘုရားသခင်က ကြိုတင်သတ်မှတ်ထားသည့်အတွက် လူတစ်ဦးသည် မိမိတစ်သက်လုံး၌ ပြုလုပ်သည့် မည်သည့်အရာမဆိုနှင့် သူအောင်မြင်ပြီးစီးသည့် အရာများအားလုံးသည် ဘုရားသခင်ပေးအပ်သည့် တာဝန်ပေးစေခိုင်းချက်များ ဖြစ်ပြီး မိမိ၏ အထူးတာဝန်ပင် ဖြစ်ကြသည်။ ယင်း၌ အထူးတာဝန်တစ်ခု ပါဝင်သောကြောင့်ပင် ၎င်းတို့က ယင်းကို တာဝန်ဖြစ်သည်ဟု ထင်မှတ်ကြသည်။ ဤသည်မှာ တာဝန်နှင့်ပတ်သက်၍ ၎င်းတို့၏ သဘောထားခံယူချက်၌ ကြုံရာကျပန်း စမ်းတဝါးဝါး လျှောက်ကြသည့်ပုံစံ ဖြစ်သည်။ ဤသည်မှာ အထင်အမြင်လွဲမှားမှုတစ်ခု မဟုတ်လော။ အိမ်ထောင်ပြုပြီး သားသမီးရှိသည့် လူအချို့က “ကလေးငယ်များရှိခြင်းသည် ကျွန်ုပ်တို့အား ဘုရားသခင်၏ အပ်နှံခဲ့သည့် တာဝန်ပေးစေခိုင်းချက် ဖြစ်သည်၊ ကျွန်ုပ်တို့၏ အထူးတာဝန်ဖြစ်သည်။ ကျွန်ုပ်တို့၏ ကလေးငယ်များကို အရွယ်‌ရောက်သည်အထိ ကျွေးမွေးပြုစုရန်မှာ ကျွန်ုပ်တို့၏ တာဝန်ဖြစ်သည်” ဟု ပြောတတ်ကြသည်။ ဤသည်မှာ မှားယွင်းသော နားလည်မှုတစ်ခု မဟုတ်လော။ ထို့ပြင် “ကျွန်ုပ်တို့ကို စိုက်ပျိုးမွေးမြူရန် ဤကမ္ဘာမြေပေါ် ထားရှိခဲ့သည်။ ယင်းက ကျွန်ုပ်တို့၏ကံကြမ္မာ ဖြစ်သည့်အတွက် ယင်းနှင့်ပတ်သက်၍ ကောင်းမွန်စွာ လုပ်ဆောင်သင့်သည်။ အဘယ့်ကြောင့်ဆိုသော် ယင်းသည် ကျွန်ုပ်တို့၏ ဘုရားပေးထားသည့် တာဝန်ပေးစေခိုင်းချက်နှင့် အထူးတာဝန်ပင်ဖြစ်သည်။ ကျွန်ုပ်တို့သည် မည်မျှဆင်းရဲသွားသည်ဖြစ်စေ၊ သို့မဟုတ် မည်မျှခက်ခဲသွားသည်ဖြစ်စေ ညည်းတွား၍မရပေ။ ဤတစ်ဘဝလုံး ကောင်းမွန်စွာ စိုက်ပျိုးမွေးမြူခြင်းမှာ ကျွန်ုပ်တို့၏တာဝန်ဖြစ်သည်” ဟု ဆိုသည့် အခြားသူများ ရှိသည်။ ၎င်းတို့က လူတစ်ဦး၏ ကံကြမ္မာကို သူ၏အထူးတာဝန်၊ တာဝန်နှင့် တန်းတူသဘောထားသည်။ ဤသည်မှာ အထင်လွဲမှားမှု မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းမှာ အမှန်တကယ် အထင်လွဲမှားမှုတစ်ခု ဖြစ်၏။ ထို့ပြင် “ကျွန်ုပ်သည် ယခင်က မည်သည့်အရာ၌မျှ မအောင်မြင်ခဲ့ပေ။ သို့သော် စီးပွားရေးလုပ်ပြီးနောက် ဘဝသည် အတော်ပင် ကောင်းမွန်ပြီး တည်ငြိမ်လာခဲ့သည်။ ဘုရားသခင်က ကျွန်ုပ်ကို ဤတစ်ဘဝလုံး စီးပွားရေး ပြုလုပ်ရန်၊ ထိုအရာအားဖြင့် ကျွန်ုပ်၏မိသားစုကို ထောက်ပံ့ရန်အတွက် ကံစီမံပေးထားသည့် ပုံပေါက်သည်။ ထို့ကြောင့် အကယ်၍ ဤတစ်ဘဝလုံး ကျွန်ုပ်သည် စီးပွားရေးအောင်မြင်ပြီး ကျွန်ုပ်၏လုပ်ငန်းကို တိုးချဲ့နိုင်လျက် ကျွန်ုပ်၏မိသားစုဝင်အားလုံးအတွက် ထောက်ပံ့ပေးနိုင်ပါက ဤသည်မှာ ကျွန်ုပ်၏ အထူးတာဝန်ဖြစ်ပြီး၊ ဤအထူးတာဝန်မှာ ကျွန်ုပ်၏တာဝန်ပင် ဖြစ်ကောင်းဖြစ်နိုင်သည်” ဟု ဆိုသည့် ကမ္ဘာပေါ်တွင် စီးပွားရေးလုပ်ကိုင်သည့် လူအချို့လည်း ရှိလေသည်။ ဤသည်မှာ အထင်လွဲမှားမှု မဟုတ်လော။ လူတို့သည် ၎င်းတို့၏ နေ့တဓူဝ အရေးကိစ္စများ၊ ၎င်းတို့ အသက်မွေးသည့်နည်းလမ်း၊ ၎င်းတို့ရရှိသည့် ဘဝပုံစံနှင့် ၎င်းတို့ခံစားသည့် ဘဝအရည်အသွေးဟူသည့် ၎င်းတို့၏ အထူးတာဝန်နှင့် ဆက်စပ်သည့် အရာများအားလုံးကို ၎င်းတို့၏ တာဝန်အဖြစ် သဘောထားကြသည်။ ဤသည်မှာ မှားယွင်း၏။ ယင်းသည် တာဝန်ဟူသည် မည်သည့်အရာဖြစ်သည်နှင့်ပတ်သက်၍ လိုရာဆွဲသည့် နားလည်မှုတစ်ခုပင် ဖြစ်၏။

သို့ဆိုလျှင် တာဝန်ဟူသည်မှာ မည်သည့်အရာပင်နည်း။ လူအများစု၌ ဤကိစ္စနှင့်ပတ်သက်၍ မူမမှန်သော၊ မှားယွင်းသော နားလည်မှုအချို့ ရှိသည်။ ဘုရားသခင်၏အသင်းတော်က သင့်အနေဖြင့် ဆန်စပါးနှင့် ဟင်းသီးဟင်းရွက်များကို သွား၍ စိုက်ပျိုးရန် စီစဉ်လျှင် ဤအစီအစဉ်ကို သင် မည်သို့သဘောထားမည်နည်း။ လူအချို့က ယင်းကို နားလည်ကောင်း နားလည်နိုင်မည် မဟုတ်ဘဲ “စိုက်ပျိုးမွေးမြူခြင်းသည် မိမိ၏မိသားစုကို ထောက်ပံ့ရန်အတွက် ဖြစ်သည်။ ယင်းက တာဝန်မဟုတ်။ တာဝန်နှင့်ပတ်သက်သည့် အမြင်သဘောထား၌ ဤကဏ္ဍမပါဝင်” ဟု ဆိုကြသည်။ ၎င်းတို့သည် အမှုအရာများကို အဘယ့်ကြောင့် ဤနည်းအတိုင်း သဘောပေါက်ကြသနည်း။ ယင်းမှာ ၎င်းတို့သည် တာဝန်ထမ်းဆောင်ခြင်းနှင့် ဆက်စပ်သည့် သမ္မာတရားများကို နားမလည်သောကြောင့် ဖြစ်ပြီး တာဝန်ဟူသည် မည်သည့်အရာဖြစ်ကြောင်း နားမလည်ကြပေ။ အကယ်၍ လူတစ်ဦးသည် သမ္မာတရား၏ ဤကဏ္ဍကို တကယ်နားလည်ပါက ထိုလယ်ကွင်းကို သွား၍ လုပ်ကိုင်လိုစိတ် ရှိမည်ဖြစ်သည်။ ဘုရားသခင်၏ အိမ်တော်၌ စိုက်ပျိုးမွေးမြူခြင်းကို ၎င်းတို့၏မိသားစုအား ထောက်ပံ့ရန်အလို့ငှာ လုပ်ကိုင်ခြင်းမဟုတ်ဘဲ အချိန်ပြည့် တာဝန်ထမ်းဆောင်သူတို့ကို ပုံမှန်အတိုင်း ဆက်လက်၍ ထမ်းဆောင်ခွင့်ပြုရန်အလို့ငှာ လုပ်ကိုင်ခြင်းဖြစ်ကြောင်း ၎င်းတို့သိကြမည်ဖြစ်သည်။ အမှန်အားဖြင့် ဤသည်မှာ ဘုရားခန့်အပ်ပေးသည့် လုပ်ငန်းလည်း ဖြစ်သည်။ ထိုအလုပ်ကိုယ်၌သည် နှမ်းစေ့တစ်စေ့ သို့မဟုတ် သဲတစ်ပွင့်မျှထက်ပင် မည်သို့မျှ ပို၍ အရေးပါကောင်းပါမည် မဟုတ်သော်လည်း ယင်း၏ အရေးပါမှု ရှိသည်ဖြစ်စေ ယင်းသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ်၏ နယ်ပယ်ထဲတွင် ဖန်တီးထားသည့် အလုပ်တစ်ခုဖြစ်သည်။ ယခုတွင် သင့်အနေဖြင့် ဤအလုပ်ကို အပြီးသတ်ရန်လိုသည်ဟု ဘုရားသခင်က ဆိုသည်။ ယင်းကို သင် မည်သို့လက်ခံရရှိသနည်း။ ယင်းကို သင်၏တာဝန်အဖြစ် သင်လက်ခံသင့်သည့်အပြင် မည်သည့် အကြောင်းပြချက်မျှ မပေးဘဲ လက်ခံသင့်လေသည်။ အကယ်၍ ယင်းက သင့်အတွက် စီစဉ်ထားခဲ့သည့် အရာဖြစ်သောကြောင့် သင်သည် မလှုပ်မယှက်ပုံစံဖြင့်သာ နာခံပါက အဆင်ပြေမည်မဟုတ်။ ဤတွင် သင်နားလည်ရမည့် စည်းမျဉ်းတစ်ခုရှိသည်။ သင့်အား စိုက်ပျိုးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်ရန်နှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရန် စီစဉ်နေသော အသင်းတော်သည် သင့်အနေဖြင့် ချမ်းသာလာနိုင်ရန်အတွက် စီစဉ်နေခြင်း မဟုတ်သကဲ့သို့ သင့်အနေဖြင့် ပြည့်စုံလုံလောက်ပြီး သင့်မိသားစုကို ထောက်ပံ့နိုင်ရန်အတွက် စီစဉ်နေခြင်းလည်း မဟုတ်ပေ။ ယင်းမှာ ကပ်ဘေးကာလအတွင်း ဘုရားသခင်၏အိမ်တော်ရှိ အလုပ်၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် ဖြစ်သည်။ ယင်းမှာ ဘုရားအိမ်တော်၌ အချိန်ပြည့် တာဝန်ထမ်းဆောင်နေသူအားလုံး ၎င်းတို့၏ နေ့စဉ်အစာအာဟာရ ရှိကာ၊ ထိုသို့ဖြင့် ဘုရားအိမ်တော်၏ အလုပ်ကို ကြန့်ကြာစေခြင်းမရှိဘဲ ၎င်းတို့၏ တာဝန်များကို ပုံမှန်အတိုင်း ထမ်းဆောင်နိုင်ဖို့အတွက် သေချာစေရန်ဖြစ်သည်။ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးခြံရှိ အသင်းတော်၌ စိုက်ပျိုးမွေးမြူရေးလုပ်နေသော လူအချို့ကို ၎င်းတို့၏တာဝန်အား ထမ်းဆောင်နေသည်ဟု သဘောထားလေသည်။ ဤသည်မှာ သဘာဝအားဖြင့် သာမန်လယ်သမားများ၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းနှင့် ကွာခြားသည်။ သာမန်လယ်သမားများအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း၏ သဘာဝမှာ အဘယ်နည်း။ သာမန်လယ်သမားများသည် ၎င်းတို့၏မိသားစုများကို ထောက်ပံ့ရန်နှင့် အသက်ရှင်ရပ်တည်ရန်အတွက် စိုက်ပျိုးမွေးမြူကြသည်။ ဤသည်မှာ ၎င်းတို့အတွက် ဘုရားသခင် ကံစီမံထားသည့်အရာ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ ကံကြမ္မာဖြစ်သောကြောင့် ၎င်းတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် စိုက်ပျိုးမွေးမြူကြသည်။ ယင်းသည် ၎င်းတို့၏ တာဝန်နှင့် မည်သို့မျှ မသက်ဆိုင်ပေ။ ယခုတွင် သင်သည် ဘုရားအိမ်တော်သို့ ရောက်လာပြီး စိုက်ပျိုးမွေးမြူရေးလည်း လုပ်ကိုင်ကြသည်။ သို့သော် ဤသည်မှာ ဘုရားအိမ်တော်ရှိ အလုပ်၏ သတ်မှတ်ချက်ဖြစ်သည်။ ယင်းမှာ ဘုရားသခင်အဖို့ အသုံးခံခြင်းပုံစံတစ်ခု ဖြစ်သည်။ ဤသည်မှာ သဘာဝအားဖြင့် သင့်ကိုယ်ပိုင်မြေပေါ်၌ စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်ခြင်းနှင့် ကွာခြားလေသည်။ ဤသည်မှာ သင်၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းနေခြင်းနှင့် ပတ်သက်သည်။ ဤသည်မှာ လူတစ်ဦး ထမ်းဆောင်သင့်သည့် တာဝန်ဖြစ်သည်။ ယင်းမှာ သင့်အား ဖန်ဆင်းရှင်မှ အပ်နှံထားသည့် တာဝန်ပေးစေခိုင်းချက်နှင့် တာဝန်ဝတ္တရားဖြစ်သည်။ သင့်အတွက်မှာမူ ဤအရာသည် သင်၏တာဝန်ဖြစ်၏။ သို့ဆိုလျှင် ဤတာဝန်ကို သင်၏ လောကီရေးရာ အထူးတာဝန်နှင့် နှိုင်းယှဉ်သောအခါ မည်သည့်အရာက ပို၍ အရေးကြီးသနည်း။ (ကျွန်ု၏တာဝန်ဖြစ်ပါသည်။) အဘယ့်ကြောင့် ယင်းက အကြောင်းရင်းဖြစ်သနည်း။ တာဝန်ဟူသည်မှာ ဘုရားသခင်က သင့်အား လုပ်ဆောင်ရန် သတ်မှတ်ပြဋ္ဌာန်းသည့် အရာဖြစ်ပြီး သူက သင့်ကို တာဝန်ပေးစေခိုင်းထားသည့် အရာဖြစ်သည်။ ဤသည်မှာ အကြောင်းပြချက်၏ အစိတ်အပိုင်းဖြစ်၏။ အခြားသော အဓိကကျသည့် အကြောင်းပြချက်မှာ သင်သည် ဘုရားအိမ်တော်၌ တာဝန်ယူပြီး ဘုရားသခင်ခန့်အပ်ထားသော လုပ်ငန်းကို လက်ခံသောအခါ သင်သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ်နှင့် သက်ဆိုင်မှုရှိလာသည်။ ဘုရားသခင်၏ အိမ်တော်တွင် သင် လုပ်ဆောင်ရန်အတွက် မည်သည့်အရာကို စီစဉ်ပေးသည်ဖြစ်စေ၊ ယင်းက ဆင်းရဲဒုက္ခ၊ သို့မဟုတ် ပင်ပန်းသောအလုပ်ဖြစ်စေ၊ သင် နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ ယင်းသည် သင်၏ တာဝန်ဖြစ်သည်။ သင်သည် ထိုအလုပ်အား ဘုရားသခင်က သင့်အားပေးထားသည့် စေခိုင်းချက်နှင့် တာဝန်တစ်ခုအဖြစ် မှတ်ယူနိုင်လျှင် သင်သည် လူကို ကယ်တင်သည့် သူ၏ အမှုနှင့် သက်ဆိုင်သည်။ သင်လုပ်ဆောင်သည့်အရာနှင့် သင်ထမ်းဆောင်သော တာဝန်သည် လူကို ကယ်တင်ခြင်းဖြစ်သည့် ဘုရားသခင်၏ အမှုနှင့် သက်ဆိုင်ပြီး သင်သည် ဘုရားသခင်က သင့်အားပေးထားသည့် စေခိုင်းချက်ကို လေးနက်စွာ၊ ရိုးသားစစ်မှန်စွာ လက်ခံနိုင်လျှင် ဘုရားသခင်သည် သင့်အား မည်သို့ မှတ်ယူမည်နည်း။ ဘုရားသခင်သည် သင့်အား သူ၏ မိသားစုဝင်အဖြစ် မှတ်ယူလိမ့်မည်။ ဤသည်မှာ ကောင်းချီးဖြစ်သလော၊ ကျိန်ဆဲခြင်းဖြစ်သလော။ (ကောင်းချီးဖြစ်သည်။) ဤသည်မှာ ကြီးမြတ်သော ကောင်းချီးဖြစ်သည်။ လူအချို့သည် တာဝန်ထမ်းဆောင်နေစဉ် ခက်ခဲမှုအနည်းငယ် ရင်ဆိုင်ရသောအခါ ၎င်းတို့ရရှိထားသည့် များလှစွာသော ကောင်းချီးများကို ပေါ့‌ပေါ့တန်တန်ဖြင့် သတိမမူမိဘဲ ညည်းတွားကြသည်။ အလွန်များပြားသော အကျိုးကျေးဇူးများကို ရရှိထားပြီးနောက် ဘုရားသခင်နှင့်ပတ်သက်၍ ညည်းတွားခြင်းမှာ တကယ့်ကို မိုက်မဲသည် မဟုတ်လော။ ဤအဆင့်တွင် သမ္မာတရားကို နားလည်ရန်၊ ဤသည်မှာ သင်၏တာဝန်ဖြစ်ကြောင်းနှင့် ယင်းကို ဘုရားသခင်ထံမှ လက်ခံရမည်ဖြစ်ကြောင်းကို အသိအမှတ်ပြုရန် အရေးပါလှသည်။ ယခုတွင် သင်တို့၌ တာဝန်သည် မည်သည့်အရာဖြစ်ကြောင်းနှင့် ပတ်သက်၍ အသစ်သော သိနားလည်ခြင်း သို့မဟုတ် အသစ်သော ထိုးထွင်းအမြင် ရှိကြသလော။ ယင်းကို နက်နက်နဲနဲ နားလည်ကြပြီလော။ တာဝန်သည် ကယ်တင်ခြင်းရရှိခြင်းအတွက် အရေးကြီးသလော။ (အရေးကြီးပါသည်။) အဘယ်မျှ အရေးကြီးသနည်း။ တာဝန်ထမ်းဆောင်ခြင်းနှင့် ကယ်တင်ခြင်းရရှိခြင်းကြားတွင် တိုက်ရိုက် ဆက်နွှယ်မှုရှိသည်ဟု ဆိုနိုင်သည်။ ဤဘဝတွင် သင်သည် မည်သည့် အထူးတာဝန်များကို ပြီးမြောက်သည်ဖြစ်စေ သင်၏တာဝန်ကို မထမ်းဆောင်ခဲ့လျှင် ကယ်တင်ခြင်းရရှိခြင်းနှင့် ဘာမျှသက်ဆိုင်မှု မရှိပေ။ တစ်နည်းဆိုရလျှင် အခြားလူသားများကြား၌ အဘယ်မျှ ကြီးကျယ်ခမ်းနားသော စွမ်းဆောင်မှုများကို ဤဘဝတွင် သင်ပြီးမြောက်အောင်မြင်သည်ဖြစ်စေ သင်သည် အထူးတာဝန်တစ်ခုကို ပြီးစီးအောင် လုပ်ဆောင်နေရုံမျှသာ ဖြစ်နေခဲ့သည်။ ဖန်ဆင်းခံသတ္တဝါတစ်ဦး၏ တာဝန်ကို မဖြည့်ဆည်းခဲ့သေးသဖြင့် သင်သည် ကယ်တင်ခြင်းကို ရရှိခြင်း သို့မဟုတ် လူသားမျိုးနွယ်အား စီမံခန့်ခွဲခြင်းနှင့်ဆိုင်သည့် ဘုရားသခင်၏ အလုပ်နှင့် သက်ဆိုင်မှုမရှိပေ။

ဘုရားသခင်၏ အိမ်တော်တွင် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အား လက်ခံခြင်းနှင့် မိမိတာဝန်ကို ကောင်းစွာထမ်းဆောင်ခြင်းတို့နှင့် ပတ်သက်၍ အစဉ်ပြောဆိုကြသည်။ တာဝန် မည်သို့မည်ပုံ ပေါ်ပေါက်လာသနည်း။ ကျယ်ကျယ်ပြန့်ပြန့်ဆိုရလျှင် လူသားတို့ထံ ကယ်တင်ခြင်းကို ယူဆောင်လာခြင်းတည်းဟူသော ဘုရားသခင့် စီမံခန့်ခွဲမှုအလုပ်၏ ရလဒ်တစ်ခုအဖြစ် ပေါ်ပေါက်လာသည်။ အတိအကျ ဆိုရလျှင် ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ်သည် လူသားတို့ကြားတွင် သိသာထင်ရှားလာသည်နှင့်အမျှ လူတို့ ပူးပေါင်းဆောင်ရွက်ရန်နှင့် ပြီးစီးအောင် လုပ်ဆောင်ရန် လိုအပ်သည့် အလုပ်မျိုးစုံ ပေါ်ပေါက်လာသည်။ ယင်းမှ လူတို့ဖြည့်ဆည်းရန် တာဝန်များနှင့် အထူးတာဝန်များ ပေါ်ပေါက်လာရာ ယင်းတာဝန်များနှင့် အထူးတာဝန်များသည် ဘုရားသခင်က လူသားမျိုးနွယ်အပေါ် ပေးသနားသည့် တာဝန်များပေတည်း။ ဘုရားသခင်၏ အိမ်တော်တွင် လူတို့၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်သည့် အလုပ်အမျိုးမျိုးမှာ ၎င်းတို့ဖြည့်ဆည်းသင့်သည့် တာဝန်များဖြစ်သည်။ ထို့ကြောင့် တာဝန်များကြားတွင် သာ၍ကောင်းမွန်ခြင်းနှင့် သာ၍ဆိုးခြင်း၊ မြင့်မားခြင်းနှင့် နိမ့်ကျခြင်း၊ သို့မဟုတ် ကြီးမြတ်ခြင်းနှင့် သေးငယ်ခြင်းတို့အရ ခြားနားချက်များရှိသလော။ ထိုသို့သော ခြားနားချက်များ မတည်ရှိပေ။ တစ်စုံတစ်ရာသည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအမှုနှင့် ပတ်သက်သရွေ့၊ တစ်စုံတစ်ရာသည် သူ့အိမ်တော်အမှု၏ သတ်မှတ်ချက်တစ်ခု ဖြစ်သရွေ့၊ ဘုရားသခင်၏ ဧဝံဂေလိဖြန့်ဝေခြင်း၌ လိုအပ်သရွေ့ ယင်းသည် လူတစ်ဦး၏ တာဝန်ဖြစ်သည်။ ဤသည်မှာ တာဝန်၏ ဇာစ်မြစ်နှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်ဖြစ်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအမှု မရှိဘဲနှင့်၊ ကမ္ဘာပေါ်ရှိ လူတို့၌- ၎င်းတို့မည်သို့အသက်ရှင်ကြသည်ဖြစ်စေ- တာဝန်များ ရှိကြမည်လော။ ရှိမည်မဟုတ်ပါ။ ယခု သင်တို့ ရှင်းလင်းစွာ မြင်ရပြီ။ လူတစ်ဦး၏ တာဝန်သည် မည်သည့်အရာနှင့် ပတ်သက်သနည်း။ (ယင်းသည် လူသားမျိုးနွယ်အား ကယ်တင်ခြင်းဟူသည့် ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ်နှင့် ပတ်သက်သည်။) မှန်ပေ၏။ လူသားမျိုးနွယ်၏ တာဝန်များ၊ ဖန်ဆင်းခံသတ္တဝါများ၏ တာဝန်များနှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းနှင့် သက်ဆိုင်သော ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှုတို့ကြားတွင် တိုက်ရိုက်ဆက်နွှယ်မှုတစ်ခု ရှိသည်။ လူသားမျိုးနွယ်ကို ဘုရားသခင်၏ ကယ်တင်ခြင်းမရှိဘဲ၊ ထို့ပြင် လူသားကြားတွင် လူဇာတိခံယူသော ဘုရားသခင်အစပျိုးထားသည့် စီမံခန့်ခွဲခြင်းအမှု မရှိဘဲ၊ လူတို့၌ ပြောစရာ မည်သည့်တာဝန်များမျှ ရှိမည်မဟုတ်ကြောင်း ဆိုနိုင်သည်။ တာဝန်များသည် ဘုရားသခင်၏အလုပ်မှ ထွက်ပေါ်လာသည်။ ယင်းမှာ လူတို့အပေါ် ဘုရားသခင်တောင်းဆိုသည့် အရာဖြစ်၏။ ယင်းကို ဤရှုထောင့်မှ ကြည့်သည့်အခါ၊ တာဝန်သည် ဘုရားသခင်နောက်လိုက်သည့် လူတိုင်းအတွက် အရေးကြီး၏၊ ဟုတ်သည် မဟုတ်လော။ ယင်းမှာ အလွန်အရေးကြီး၏။ ကျယ်ကျယ်ပြန့်ပြန့် ပြောရမည်ဆိုလျှင်၊ သင်သည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အစီအစဉ်နှင့် သက်ဆိုင်သော အမှုတွင် ပါဝင်နေခြင်း ဖြစ်သည်။ သာ၍ တိတိကျကျပြောရလျှင်၊ သင်သည် မတူကွဲပြားသော အချိန်များနှင့် မတူကွဲပြားသော လူစုတို့အလယ် လိုအပ်သည့် ဘုရားသခင်၏ အလုပ်အမျိုးအစား အမျိုးမျိုးကို ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်သည်။ သင်၏တာဝန်သည် မည်သည့်အရာဖြစ်နေပါစေ ယင်းသည် သင့်ကို ဘုရားသခင်ပေးထားသည့် လုပ်ငန်းတာဝန်ဖြစ်၏။ တစ်ခါတစ်ရံ အရေးကြီးသော အရာဝတ္ထုတစ်ခုကို စောင့်ရှောက်ဖို့၊ သို့မဟုတ် ကာကွယ်ပေးဖို့ သင်သည် တောင်းဆိုခံရကောင်း ခံရနိုင်သည်။ ဤသည်မှာ ယှဉ်ကြည့်လျှင် သင်၏ တာဝန်တစ်ခုအဖြစ်သာ ဆိုနိုင်သည့် အသေးအဖွဲကိစ္စတစ်ခု ဖြစ်ကောင်းဖြစ်မည်၊ သို့သော် ယင်းသည် သင့်ကို ဘုရားသခင်ပေးထားသည့် တာဝန်တစ်ခု ဖြစ်သည်။ သင်သည် ယင်းကို သူ့ထံမှ လက်ခံခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်၏ လက်ထဲမှ သင်လက်ခံခဲ့ပြီး ဤသည်မှာ သင်၏ တာဝန်ဖြစ်သည်။ ထိုကိစ္စ၏ အကြောင်းရင်းနှင့်ပတ်သက်၍ သင်၏တာဝန်မှာ သင့်အား ဘုရားသခင် တာဝန်ပေးစေခိုင်းခြင်းဖြစ်သည်။ ယင်း၌ အဓိကအားဖြင့် ဧဝံဂေလိဖြန့်ဝေခြင်း၊ သက်သေခံခြင်း၊ ဗီဒီယိုရိုက်ကူးခြင်း၊ အသင်းတော်၌ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်ခြင်း ပါဝင်သည်၊ သို့တည်းမဟုတ် ယင်းမျာ ပို၍ပင် အန္တရာယ်ရှိပြီး ပို၍ အရေးကြီးသော အလုပ်ဖြစ်ကောင်း ဖြစ်မည်။ သို့ဖြစ်စေကာမူ ယင်းသည် ဘုရားသခင်၏ အလုပ်၊ ဧဝံဂေလိအား ဖြန့်ဖြူးခြင်းအလုပ်၏ လိုအပ်ချက်နှင့် ပတ်သက်နေသရွေ့ လူတို့သည် ယင်းကို ဘုရားသခင်ထံမှ တာဝန်တစ်ခုအဖြစ် လက်ခံသင့်သည်။ ပို၍ပင် ကျယ်ပြန့်သော စကားလုံးဖြင့် ဖော်ပြရလျှင် တာဝန်ဟူသည် လူတစ်ဦး၏ အထူးတာဝန်၊ ဘုရားသခင်အပ်နှံသည့် တာဝန်ပေးစေခိုင်းချက်ပင် ဖြစ်သည်။ ပို၍အတိအကျဆိုရလျှင် ယင်းမှာ သင်၏တာဝန်၊ သင်၏ဝတ္တရားဖြစ်၏။ ယင်းသည် သင်၏အထူးတာဝန်၊ သင့်အား ဘုရားသခင်အပ်နှံသည့် တာဝန်ပေးစေခိုင်းချက် ဖြစ်သည့်အပြင် သင်၏ တာဝန်နှင့်ဝတ္တရားဖြစ်သည်ကို ထောက်ဆလျှင် သင်၏ တာဝန်ထမ်းဆောင်ခြင်းသည် သင်၏တစ်ကိုယ်ရေ အရေးကိစ္စများနှင့် သက်ဆိုင်မှုမရှိ‌ပေ။ တာဝန်သည် တစ်ကိုယ်ရေ အရေးကိစ္စများနှင့် မသက်ဆိုင်။ ဤအကြောင်းအရာကို အဘယ့်ကြောင့် ဖော်ပြရသနည်း။ အဘယ့်ကြောင့်ဆိုသော် လူတို့သည် မိမိတို့၏တာဝန်အား မည်သို့ သဘောထားပြီး မည်သို့သဘောပေါက်ရမည်ကို နားလည်ရပေမည်။ တာဝန်ဟူသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ်ထဲ၌ ဖန်ဆင်းခံသတ္တဝါများ လက်ခံရသည့် တာဝန်ပေးစေခိုင်းချက်နှင့် ၎င်းတို့အပြီးသတ်ရမည့် အထူးတာဝန်ပင် ဖြစ်သည်။ လူတို့သည် ယေဘုယျအဆိုကို သိကြသော်လည်း ပို၍အနုစိတ်ကျသော အချက်အလက်များကား မည်သို့နည်း။ လူတစ်ဦးသည် သူ၏တာဝန်ကို တိကျမှန်ကန်သော နားလည်မှုရှိသည်ဟု သဘောထားခံရအောင် မည်သို့ကိုင်တွယ်ဖြေရှင်း သင့်သနည်း။ လူအချို့က ၎င်းတို့၏တာဝန်ကို တစ်ကိုယ်ရေ အ‌ရေးကိစ္စများအဖြစ် သဘောထားကြသည်။ ဤသည်မှာ မှန်ကန်သော စည်းမျဉ်းဟုတ်သလော။ (မဟုတ်ပါ။) ယင်းသည် အဘယ့်ကြောင့် မှားသနည်း။ သင့်ကိုယ်သင့်အတွက် အမှုအရာများ ပြုလုပ်ခြင်းသည် သင်၏တာဝန်ကို ဖြည့်ဆည်းနေခြင်းမဟုတ်ပေ။ သင်၏တာဝန်ကို ဖြည့်ဆည်းခြင်းသည် သင့်ကိုယ်သင့်အတွက် အမှုအရာများ ပြုလုပ်နေခြင်းနှင့် မဆိုင်၊ ထိုအစား သင့်အား ဘုရားအပ်နှံခဲ့သည့် အလုပ်ကို လုပ်ဆောင်ခြင်းပင် ဖြစ်သည်။ ဤနှစ်ခုကြားတွင် ကွာခြားချက် ရှိသည်။ မိမိကိုယ်ကိုယ်အတွက် အမှုအရာများ ပြုလုပ်ခြင်းနှင့် ပတ်သက်လာလျှင် မည်သည့်အရာသည် စည်းမျဉ်းဖြစ်သနည်း။ ယင်းမှာ အခြားသူများအား တိုင်ပင်ခြင်းမရှိသည့်အပြင် ဘုရားသခင်အား ဆုတောင်းခြင်း သို့မဟုတ် ရှာဖွေခြင်းမရှိဘဲ မိမိလုပ်ချင်သည့် အရာမှန်သမျှကို ပြုလုပ်ခြင်းဖြစ်သည်။ ယင်းသည် သင့်အား အကျိုးပြုသရွေ့ သင့်ကိုယ်ပိုင် စိတ်ကူးပေါက်ရာအတိုင်းနှင့် အကျိုးဆက်အတွက် အလေးထားမှုမရှိဘဲ လုပ်ဆောင်ခြင်းဖြစ်သည်။ ဘုရားအိမ်တော်၌ သင့်တာဝန်ကို ဖြည့်ဆည်းခြင်းအတွက် ဤစည်းမျဉ်းသည် လက်ခံနိုင်ဖွယ်ရှိသလော။ (မရှိပါ။) လူအချို့က “ကျွန်ုပ်သည် မိမိကိုယ်ပိုင် အရေးကိစ္စများကို အလေးအနက်ပင်မထား သို့မဟုတ် များစွာပင် ကြိုးစားအားထုတ်မှု မပြုပါချေ။ ကျွန်ုပ်သည် တာဝန်ကို မိမိကိုယ်ပိုင်လုပ်ငန်းသဖွယ် သဘောထားပြီး ဤစည်းမျဉ်းက တကယ့်ကို သင့်လျော်သည်” ဟု ဆိုကြသည်။ ဤသည်မှာ တာဝန်ကိုလက်ခံရရှိရန် မှန်ကန်သောနည်းလမ်း ဟုတ်သလော။ လုံးဝ မဟုတ်ပေ။ သို့ဆိုလျှင် တာဝန်အပေါ် လူတစ်ဦး သဘောထားမှာ မည်သည့်အရာ ဖြစ်သင့်သနည်း။ (ယင်းကို ဘုရားသခင်ထံမှ လက်ခံခြင်း။) “ယင်းကို ဘုရားသခင်ထံမှ လက်ခံခြင်း။” ဤစကားလုံးလေးလုံးမှာ ပြောရန် လွယ်ကူသော်လည်း ယင်းတို့ထဲ၌ ပါဝင့်သည့် သမ္မာတရားအား မည်သို့ အမှန်တကယ် လက်တွေ့လုပ်‌ဆောင်ရမည်မှာ တာဝန်ကို သင် မည်သို့ သဘောထားရမည့်အပေါ် မူတည်သည်။ ငါတို့သည် တာဝန်ဟူသည် မည်သည့်အရာဖြစ်ကြောင်း ယခုတင် အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြသည်။ တာဝန်သည် ဘုရားသခင်ထံမှလာသည်။ ယင်းသည် ဘုရားသခင်အပ်နှံသည့် တာဝန်ပေးစေခိုင်းချက်တစ်ခု ဖြစ်သည်။ ယင်းမှာ သူ၏ စီမံခန့်ခွဲမှုအစီအစဉ်နှင့် လူ၏ ကယ်တင်ခြင်းဟူသည့် အလုပ်နှင့် ဆက်စပ်သည်။ ဤရှုထောင့်မှကြည့်လျှင် တာဝန်သည် ပြုမူကျင့်ကြံမှုနှင့်ဆိုင်သည့် သင်၏ တစ်ကိုယ်ရေ အခြေခံသဘောတရားများနှင့် ပတ်သက်မှု ရှိသလော။ ယင်းသည် သင်၏ တစ်ကိုယ်ရေ နှစ်သက်မှုများ၊ သင်ဘဝ၏ အလေ့အထများ၊ သို့မဟုတ် သင့်ဘဝ၏ လုပ်ရိုးလုပ်စဉ်များနှင့် ပတ်သက်မှုရှိသလော။ စိုးစဉ်းမျှ မရှိချေ။ သို့ဆိုလျှင် မည်သည့်အရာနှင့် ပတ်သက်သနည်း။ ယင်းမှာ သမ္မာတရားနှင့် ပတ်သက်သည်။ လူအချို့က “ဤတာဝန်ကို ကျွန်ုပ်အား ခန့်အပ်သည့်အတွက် ယင်းသည် ကျွန်ုပ်၏ကိုယ်ပိုင် အရေးကိစ္စဖြစ်သည်။ ထို့ပြင် ကျွန်ုပ်၌ တာဝန်ထမ်းဆောင်ခြင်းအတွက် အမြင့်ဆုံးသော စည်းမျဉ်းရှိကာ၊ ယင်းကို သင်တို့ မည်သူမျှမရှိချေ။ ဘုရားသခင်သည် လူတို့အား သူတို့၏ စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းရှိသမျှဖြင့် ဖြည့်ဆည်းရန် တောင်းဆိုသည်။ သို့သော် ဤအရာအပြင် ကျွန်ုပ်၌ ပို၍ပင် မြင့်မားသော စည်းမျဉ်းရှိကာ၊ ကျွန်ုပ်၏တာဝန်ကို ကျွန်ုပ်၏ကိုယ်ပိုင် အဓိက အလေးထားစရာကဲ့သို့ သဘောထားရန်နှင့် ယင်းကို ဝီရိယရှိရှိ လုပ်ဆောင်ပြီး အကောင်းဆုံးရလဒ်ရအောင် ကြိုးစားရန် ဖြစ်သည်” ဟု ဆိုကြသည်။ ဤစည်းမျဉ်းမှာ မှန်ကန်သလော။ (မမှန်ကန်ပါ။) အဘယ့်ကြောင့် မှားသနည်း။ သင်သည် သင့်တာဝန်ကို ဘုရားသခင်ထံမှ လက်ခံပြီး သင့်အား သူအပ်နှံကြောင်း သင့်စိတ်နှလုံးထဲ၌ ရှင်းလင်းပါက ဤတာဝန်ပေးစေခိုင်းချက်ကို သင် မည်သို့ သဘောထားသင့်သနည်း။ ဤအရာသည် တာဝန်ထမ်းဆောင်ခြင်းဟူသည့် စည်းမျဉ်းများနှင့် ပတ်သက်သည်။ မိမိ၏တာဝန်ကို မိမိကိုယ်ပိုင်လုပ်ငန်းအဖြစ်ထက်ပင် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အဖြစ် သဘောထားခြင်းက များစွာပို၍ မြင့်မြတ်သည်မဟုတ်လော။ ဤအရာနှစ်ခုမှာ ခြားနားသည် မဟုတ်လော။ အကယ်၍ သင်သည် သင့်တာဝန်ကို ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်နှင့်ဆိုင်သော အရာတစ်ခု၊ ဘုရားသခင်ရှေ့၌ သင့်တာဝန်အား ဖြည့်ဆည်းခြင်းအဖြစ်သာမက တာဝန်ဖြည့်ဆည်းခြင်းအားဖြင့် ဘုရားသခင်အား ကျေနပ်စေခြင်းအဖြစ် သဘောထားပါက တာဝန်ထမ်းဆောင်ခြင်းနှင့်ဆိုင်သည့် သင်၏စည်းမျဉ်းမှာ ယင်းကို သင့်ကိုယ်ပိုင်လုပ်ငန်းအဖြစ် သဘောထားရန်သက်သက် မဟုတ်တော့ချေ။ သင်၏တာဝန်အပေါ်တွင် သင်ရှိသင့်သည့်၊ မှန်ကန်ပြီး ဘုရားသခင်၏ အလိုတော်နှင့်ညီသည်ဟုဆိုနိုင်သည့် သဘောထားသည် အဘယ်နည်း။ ပထမဦးစွာ ယင်းကို မည်သူက စီစဉ်သည်၊ မည်သည့်ခေါင်းဆောင်မှုအဆင့်က တာဝန်ပေးသည်တို့ကို သင်က စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေး၍မရချေ— သင်သည် ယင်းကို ဘုရားသခင်ထံမှ လက်ခံသင့်သည်။ ဤအရာကို သင်ပိုင်းခြားစိစစ်ခြင်း ပြုလုပ်၍မရပေ။ ဘုရားသခင်ထံမှ ဤအရာကို လက်ခံသင့်သည်။ ဤသည်မှာ သတ်မှတ်ချက်တစ်ခုဖြစ်သည်။ ထို့အပြင် သင်၏တာဝန် မည်သို့ပင်ဖြစ်ပါစေ၊ အထက်အောက် မခွဲခြားနှင့်။ “ဤအလုပ်သည် ဘုရားသခင်မှ အပ်နှံသည့်အလုပ်နှင့် ဘုရားသခင်အိမ်တော်၏ အလုပ်ဖြစ်သော်လည်း၊ အကယ်၍ ငါလုပ်ပါက လူအများက ငါ့ကိုအထင်သေးနိုင်သည်။ တစ်ပါးသူများက သူတို့အား ထင်ရှားစေသောအလုပ်ကို လုပ်ကြသည်။ ငါ့ကို မထင်ရှားစေဘဲ နောက်ကွယ်တွင် ကြိုးပမ်းအားထုတ်ရမည့် ဤအလုပ်ကို ငါ့အား ပေး၏၊ ဤသည်မှာ မျှတခြင်း မရှိ။ ဤတာဝန်ကို ငါလုပ်ဆောင်မည်မဟုတ်။ ငါ၏တာဝန်သည် သူတစ်ပါးတို့ရှေ့တွင် ငါ့အားထင်ရှားစေသောအလုပ် ဖြစ်ပြီး၊ ငါ့ကိုကျော်ကြားစေသောအလုပ် ဖြစ်ရမည်။ ထို့အပြင် အကယ်၍ငါ မကျော်ကြားပါက သို့မဟုတ် မထင်ရှားပါက၊ ထိုအလုပ်မှ ငါအကျိုးအမြတ်ရဖို့နှင့် ရုပ်ပိုင်းဆိုင်ရာ အပူအပင်ကင်းဖို့ လိုသည်။” ဟု သင်ကပြောသည် ဆိုပါစို့။ ယင်းသည် လက်ခံနိုင်ဖွယ် သဘောထားလော။ ဇီဇာကြောင်ခြင်းဟူသည် ဘုရားသခင်ထံမှ အမှုအရာများကို လက်မခံခြင်း ဖြစ်သည်။ သင့်အကြိုက်များအတိုင်း ရွေးချယ်ခြင်းဖြစ်သည်။ ဤသည်မှာ သင်၏တာဝန်ကို လက်ခံခြင်းမဟုတ်၊ သင်၏တာဝန်ကို ငြင်းပယ်ခြင်းဖြစ်သည်။ ဘုရားသခင်အပေါ် သင့်ပုန်ကန်တတ်မှု၏ သရုပ်သကန်ဖြစ်၏။ ထိုကဲ့သို့သော ဇီဇာကြောင်မှုဟူသည် သင်၏ပုဂ္ဂိုလ်ရေးအကြိုက်များ၊ အလိုဆန္ဒများဖြင့် ရောနေသည်။ သင်သည် သင့်ကိုယ်ကျိုး၊ သင့်ဂုဏ်သတင်း၊ စသည်တို့ကို ထည့်သွင်းစဉ်းစားသောအခါ၊ တာဝန်အပေါ်ထားရှိသော သင်၏သဘောထားသည် နာခံမှု မဟုတ်ပေ။ သင့်တာဝန်အပေါ်တွင် မည်သည့်သဘောထား ထားရှိသင့်သနည်း။ ပထမအနေဖြင့် သင့်ကို တာဝန်ပေးခဲ့သည်မှာ မည်သူဖြစ်ကြောင်း သေချာအောင်လေ့လာဖို့ ကြိုးစားလျက်။ ယင်းကို သင်မဆန်းစစ်ရပေ။ ယင်းအစား ထိုအရာကို သင့်အား ဘုရားသခင်အပ်နှင်းသည့် တာဝန်တစ်ခုအဖြစ်၊ ဘုရားထံမှ သင်လက်ခံသင့်သည်။ ပြီးလျှင် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို နာခံသင့်ပြီး ဘုရားသခင်ထံမှ သင်၏ တာဝန်ကို လက်ခံသင့်သည်။ ဒုတိယအနေဖြင့် တာဝန်ကို အမြင့်နှင့်အနိမ့် ခွဲခြားခြင်း မပြုလေနှင့်။ ပြီးလျှင် ထိုတာဝန်သည် သင့်ကို ထင်ပေါ်စေခြင်းရှိမရှိ၊ လူအများရှေ့တွင် လုပ်ဆောင်သလော၊ နောက်ကွယ်တွင် လုပ်ဆောင်ရသလောဆိုသည့် ထိုတာဝန်၏ သဘောသဘာဝကို အရေးမစိုက်နှင့်။ ဤအရာများကို ထည့်မစဉ်းစားနှင့်။ အခြားသဘောထားတစ်ခုလည်းရှိသည်။ နာခံခြင်းနှင့် တက်ကြွသော ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ သင်သည် တာဝန်တစ်ခုခုကို ထမ်းဆောင်နိုင်သည်ဟု ခံစားရသော်လည်း သင်သည် အမှားလုပ်မိပြီး အထုတ်ခံရမည်ကိုလည်း ကြောက်ရွံ့သောကြောင့် သင်သည် တွန့်ဆုတ်တတ်လျှင်၊ ရပ်တန့်ပြီး တိုးတက်မှုမရှိနိုင်လျှင် ယင်းမှာ နာခံခြင်းသဘောထားဖြစ်သလော။ ဥပမာ သင်၏ ညီအစ်ကိုမောင်နှမများက သင့်ကို သူတို့၏ ခေါင်းဆောင်အဖြစ် ရွေးချယ်လျှင် သင်က ရွေးချယ်ခြင်းခံရသောကြောင့် ဤတာဝန်ကို ထမ်းဆောင်ရန် ဝတ္တရားရှိသည်ဟု ခံစားရနိုင်သည်။ သို့သော် သင်က ဤတာဝန်ကို တက်ကြွသော သဘောထားဖြင့် မှတ်ယူခြင်းမရှိပေ။ သင်သည် အဘယ်ကြောင့် မတက်ကြွသနည်း။ ထိုအရာနှင့်ပတ်သက်ပြီး သင့်တွင် အတွေးများရှိသောကြောင့်ဖြစ်ပြီး၊ “ခေါင်းဆောင်ဖြစ်ရသည်မှာ လုံးဝ ကောင်းသောအရာမဟုတ်။ ဓားသွားပေါ်တွင် လမ်းလျှောက်နေရသကဲ့သို့၊ သို့မဟုတ် ပါးလွှာသော ရေခဲပြင်တွင် လမ်းလျှောက်နေရသကဲ့သို့ ဖြစ်သည်။ ငါသည် ကောင်းစွာလုပ်လျှင် ဆုလာဘ်ရှိမည်မဟုတ်။ ကောင်းစွာမလုပ်လျှင် ကိုင်တွယ်ဖြေရှင်းခံရပြီး ပြုပြင်ခြင်းခံရမည်။ ကိုင်တွယ်ဖြေရှင်းခံရခြင်းသည် အဆိုးဆုံးပင်မဟုတ်သေးပေ။ လူစားထိုးခံရလျှင်၊ အထုတ်ခံရလျှင် မည်သို့ပြုမည်နည်း။ ထိုသို့ဖြစ်လျှင် ငါ့အတွက် အားလုံး ပြီးဆုံးသွားပြီမဟုတ်လော” ဟု ခံစားရသောကြောင့်ဖြစ်သည်။ ထိုအချိန်တွင် သင်က စိတ်ရှုပ်ထွေးလာသည်။ ဤသဘောထားမှာ အဘယ်နည်း။ ဤသည်မှာ သတိထားနေခြင်း၊ အထင်လွဲခြင်းဖြစ်သည်။ ဤသည်မှာ မိမိတို့၏ တာဝန်အပေါ်် လူတို့ ရှိသင့်သည့် သဘောထားမဟုတ်ပေ။ ယင်းသည် စိတ်ဓာတ်ကျဆင်းစေပြီး အပျက်သဘောဆောင်သော သဘောထားဖြစ်သည်။ ဤသို့ဆိုလျှင် အပြုသဘောဆောင်သော သဘောထားက မည်သည့်အရာမျိုး ဖြစ်သင့်သနည်း။ (ကျွန်ုပ်တို့သည် စိတ်ကောင်းရှိပြီး ပွင့်လင်းသင့်သည်။ တာဝန်ယူရန် သတ္တိရှိသင့်သည်။) ယင်းသည် နာခံမှုနှင့် တက်ကြွလိုလားသော ပူးပေါင်းလုပ်ဆောင်မှုနှင့်ဆိုင်သော အရာတစ်ခု ဖြစ်သင့်သည်။ သင်တို့ ပြောသည့်အရာမှာ အနည်းငယ် အဓိပ္ပာယ်မဲ့သည်။ သင်သည် ဤကဲ့သို့ အလွန်ကြောက်ရွံ့သောအခါ မည်သို့ စိတ်ကောင်းရှိပြီး ပွင့်လင်းနိုင်မည်နည်း။ ထို့ပြင် တာဝန်ယူဖို့ သတ္တိရှိခြင်းဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ တာဝန်ယူဖို့ သတ္တိကို သင့်အား မည်သည့်စိတ်နေစိတ်ထားက ပေးမည်နည်း။ အကယ်၍ သင်သည် တစ်ခုခုမှားသွားပြီး ယင်းကို သင် မကိုင်တွယ်နိုင်မည်ကို အမြဲကြောက်ရွံ့နေပြီး သင်သည် စိတ်ထဲမှ အနှောင့်အယှက်များစွာ ရှိပါက သင်သည် အခြေခံအားဖြင့် တာဝန်ယူဖို့ သတ္တိကင်းမဲ့မည် ဖြစ်သည်။ သင်တို့ ပြောပြသည့် “စိတ်ကောင်းရှိပြီး ပွင့်လင်းခြင်း” “တာဝန်ယူဖို့ သတ္တိရှိခြင်း” သို့မဟုတ် “သေခြင်းတရားကို ရင်ဆိုင်ရလျှင်ပင် မည်သည့်အခါမျှ နောက်မဆုတ်ခြင်း” သည် စိတ်ဆိုးနေသော လူငယ်များ အော်ဟစ်သည့် ကြွေးကြော်သံများနှင့် အနည်းငယ်တူပေသည်။ ဤကြွေးကြော်သံများက လက်တွေ့ပြဿနာများကို ဖြေရှင်းနိုင်မည်လော။ ယခုလိုအပ်နေသည့် အရာမှာ မှန်ကန်သောစိတ်ထား ဖြစ်သည်။ မှန်ကန်သောစိတ်ထားကို ပိုင်ဆိုင်ရန်အတွက် သမ္မာတရား၏ ဤကဏ္ဍကို နားလည်ရမည်။ ဤသည်မှာ သင်၏ စိတ်ထဲမှ အခက်အခဲများကို ဖြေရှင်းပေးရန်နှင့် သင့်အား ဤတာဝန်ပေးစေခိုင်းချက်၊ ဤတာဝန်ကို ရှောရှောရှူရှူ လက်ခံခွင့်ပေးရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ဤသည်မှာ လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်း ဖြစ်ပြီး၊ ဤအရာသည်သာ သမ္မာတရားဖြစ်သည်။ သင်သည် သင်ခံစားရသော ကြောက်ရွံ့မှုကို ကိုင်တွယ်ရန် “စိတ်ကောင်းရှိပြီး ပွင့်လင်းခြင်း၊” “တာဝန်ယူရန် သတ္တိရှိခြင်း” ကဲ့သို့သော ဝေါဟာရများကို အသုံးပြုလျှင် ဤသည်မှာ ထိရောက်မှုရှိမည်လော။ (ရှိမည်မဟုတ်ပါ။) ဤသည်မှာ ဤအရာများသည် သမ္မာတရား မဟုတ်သကဲ့သို့ လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်း မဟုတ်သည်ကိုလည်း ညွှန်ပြသည်။ “ငါသည် စိတ်ကောင်းရှိပြီး ပွင့်လင်းသည်၊ အနိုင်မခံ အရှုံးမပေးသော ဝိညာဉ်ရင့်ကျက်မှုရှိသည်၊ ငါ၏ စိတ်နှလုံးထဲတွင် အခြားအတွေးများ သို့မဟုတ် မသန့်စင်သောအရာများ မရှိ၊ တာဝန်ယူရန် သတ္တိရှိသည်” ဟု သင် ဆိုနိုင်သည်။ အပြင်ပန်းတွင် သင်သည် သင့်တာဝန်ကို ယူသည်၊ သို့သော် နောက်တွင် အတန်ကြာ တွေးတောပြီးနောက်တွင် သင်သည် တာဝန်ယူဆောင်ရွက်နိုင်ခြင်းမရှိဟု ခံစားရဆဲဖြစ်သည်။ သင်သည် ကြောက်ရွံ့နိုင်နေသေးသည်။ ထို့အပြင် အခြားလူများ ကိုင်တွယ်ဖြေရှင်းခံရသည်ကို သင်မြင်ရပြီး သင်သည် သားရေကြိုးကို ကြောက်ရွံ့သော အရိုက်ခံထားရသည့်ခွေးကဲ့သို့ ပို၍ပင် ကြောက်လာနိုင်သည်။ သင်၏ ဝိညာဉ်ရင့်ကျက်မှုသည် သေးငယ်လွန်းသည်၊ ဤတာဝန်သည် ကျယ်ပြန့်ပြီး ဖြတ်သန်းလို့မရနိုင်သော ချောက်နက်ကြီးတစ်ခုကဲ့သို့ ဖြစ်သည်ဟု တိုး၍ ခံစားရလိမ့်မည်။ အဆုံးတွင် ဤဝန်ထုပ်ကို သင်ခံယူနိုင်မည်မဟုတ်သေးပေ။ ဤအတွက်ကြောင့် ဆောင်ပုဒ်များကို ကြွေးကြော်ခြင်းသည် လက်တွေ့ပြဿနာများကို မဖြေရှင်းနိုင်ပေ။ ဤသို့ဆိုလျှင် ဤပြဿနာကို အမှန်တကယ်တွင် မည်သို့ ဖြေရှင်းနိုင်သနည်း။ သင်သည် သမ္မာတရားကို တက်ကြွစွာ ရှာဖွေသင့်ပြီး ကျိုးနွံနာခံ၊ ပူးပေါင်းလုပ်ဆောင်တတ်သော သဘောထားကို ခံယူရမည်။ ယင်းက ပြဿနာကို အပြည့်အဝ ဖြေရှင်းနိုင်သည်။ တွန့်ဆုတ်ခြင်း၊ ကြောက်ရွံ့ခြင်းနှင့် စိုးရိမ်ပူပန်ခြင်းသည် အသုံးမဝင်ပေ။ သင်က ဖော်ထုတ်ခံရပြီး ထုတ်ပယ်ခံရခြင်းရှိမရှိနှင့် ခေါင်းဆောင်ဖြစ်ခြင်းတို့ကြားတွင် ဆက်နွှယ်မှုတစ်ခုခု ရှိသလော။ သင်သည် ခေါင်းဆောင်မဟုတ်လျှင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ပျောက်သွားမည်လော။ အနှေးနှင့် အမြန် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင် ဖြေရှင်းရမည်။ ထို့အပြင် သင်သည် ခေါင်းဆောင်မဟုတ်လျှင် လက်တွေ့လုပ်ဆောင်ရန် အခွင့်အလမ်းများပို၍ ရှိလိမ့်မည်မဟုတ်သကဲ့သို့၊ ဘဝတွင် စုံလင်ခြင်းခံရမည့် နည်းပါးသောအခွင့်အရေးများဖြင့် တိုးတက်မှုနှေးလိမ့်မည်။ ခေါင်းဆောင် သို့မဟုတ် အမှုဆောင်ဖြစ်ခြင်းတွင် အနည်းငယ်ပို၍ ဒုက္ခခံရခြင်းရှိသော်လည်း ယင်းက အကျိုးအမြတ်များစွာကိုလည်း ဆောင်ကျဉ်းပေးသည်။ သင်သည် သမ္မာတရားလိုက်စားခြင်း လမ်းကြောင်းကို လျှောက်နိုင်လျှင် စုံလင်ခြင်း ခံရနိုင်သည်။ ယင်းမှာ အလွန်ကြီးမြတ်သော ကောင်းချီးပါတကား။ ထို့ကြောင့် သင်သည် ကျိုးနွံနာခံပြီး တက်ကြွစွာ ပူးပေါင်းသင့်သည်။ ဤအရာမှာ သင်၏တာဝန်နှင့် ဝတ္တရားဖြစ်သည်။ ရှေ့လျှောက်လမ်း မည်သို့ ရှိပါစေ၊ သင်၌ နာခံသည့် စိတ်နှလုံး ရှိသင့်သည်။ ဤသည်မှာ သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် အသုံးပြုသင့်သည့် သဘောထားဖြစ်သည်။

လူတစ်ဦး၏ တာဝန်ကို ဖြည့်ဆည်းခြင်းအကြောင်းအရာမှာ မည်သူ့အတွက်မျှ စိမ်းနေသည်မဟုတ်ပေ။ ယင်းမှာ အကြောင်းအရာသစ် မဟုတ်ပေ။ သို့ရာတွင် ဘုရားသခင်အား ယုံကြည်သူတို့အတွက် ဤအကြောင်းအရာက အလွန်ပင် အရေးကြီးသည်။ ယင်းမှာ နားလည်ထားပြီး ဝင်ရောက်ရမည့် သမ္မာတရားတစ်ခု ဖြစ်၏။ ဖန်ဆင်းခံများသည် ဖန်ဆင်းရှင်၏ ချီးကျူးခြင်းကို မခံရမီ ၎င်းတို့၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရမည်။ ထို့ကြောင့် လူတို့အနေဖြင့် တာဝန်ထမ်းဆောင်ခြင်းသည် မည်သည့်အရာကို ဆိုလိုကြောင်း နားလည်ရန်မှာ အလွန် အရေးကြီးခြင်းဖြစ်သည်။ တာဝန်ထမ်းဆောင်ခြင်းသည် သဘောတရားမျိုး မဟုတ်သကဲ့သို့ ကြွေးကြော်သံလည်း မဟုတ်ပေ။ ယင်းမှာ သမ္မာတရား၏ လက္ခဏာသွင်ပြင်တစ်ခုဖြစ်၏။ သို့ဆိုလျှင် တာဝန်ထမ်းဆောင်ခြင်းဟူသည် မည်သည့်အရာကို ဆိုလိုသနည်း။ ထို့ပြင် သမ္မာတရား၏ ဤလက္ခဏာသွင်ပြင်ကို နားလည်ခြင်းအားဖြင့် မည်သည့်ပြဿနာများကို ဖြေရှင်းပေးနိုင်သနည်း။ အနည်းဆုံးအနေဖြင့် ယင်းက ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို မည်သို့ လက်ခံပြီး သ‌ဘောထားသင့်သည်ဟူသည့် ကိစ္စကိုလည်းကောင်း၊ သင့်အား ဘုရားအပ်နှံခဲ့သည့် တာဝန်ပေးစေခိုင်းချက်ကို အပြီးသတ်သောအခါ မည်သည့်သဘောထားမျိုးနှင့် ဆုံးဖြတ်ချက်မျိုး ရှိသင့်သည်ဟူသည့် ကိစ္စကိုလည်းကောင်း ဖြေရှင်းပေးနိုင်သည်။ တစ်ချိန်တည်းတွင် လူတို့နှင့် ဘုရားသခင်ကြားမှ မူမမှန်သော ဆက်ဆံရေးအချို့ကို ဖြေရှင်းပေးမည်ဟုလည်း ဆိုနိုင်သည်။ လူအချို့သည် ၎င်းတို့၏တာဝန်များကို ဖြည့်ဆည်းခြင်းအား အရင်းအနှီးအဖြစ် မြင်ကြသည်၊ အချို့က ၎င်းတို့၏တာဝန်များကို ဖြည့်ဆည်းခြင်းအား ၎င်းတို့၏ကိုယ်ပိုင် ကိုယ်ရေးကိုယ်တာ အလုပ်များအဖြစ် မြင်ကြပြီး အချို့က ၎င်းတို့၏တာဝန်များကို ဖြည့်ဆည်းခြင်းအား ၎င်းတို့၏ ကိုယ်ပိုင်အလုပ်နှင့် ကိုယ်ပိုင်လုပ်ငန်းများအဖြစ် မြင်ကြသည်၊ သို့တည်းမဟုတ် တာဝန်တစ်ခုကို ဝါသနာပါ၍လုပ်သော အလုပ်မျိုး၊ ဖြေဖျော်မှုမျိုး၊ သို့မဟုတ် အချိန်ဖြုန်းရန် ဝါသနာတစ်ခုမျိုးအဖြစ် မြင်ကြသည်။ တိုတိုပြောရလျှင် သင်၌ သင်၏တာဝန်အပေါ် မည်သည့်သဘောထား ရှိသည်ဖြစ်စေ ယင်းကို ဘုရားသခင်ထံမှ သင် လက်မခံပါက၊ ပြီးလျှင် ယင်းကို ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ်အတွင်းရှိ ဖန်ဆင်းခံတစ်ဦး လုပ်ဆောင်သင့်သည့်၊ သို့မဟုတ် သူနှင့်အတူ ပူးပေါင်းလုပ်ဆောင်သင့်သည့် အလုပ်တစ်ခုအဖြစ် သင်သဘောမထားပါက သင်လုပ်ဆောင်နေသည့်အရာမှာ သင်၏တာဝန်ကို ဖြည့်ဆည်းခြင်း မဟုတ်ပေ။ သင့်အနေဖြင့် တာဝန်ကို မိသားစုလုပ်ငန်းအဖြစ် သဘောထားခြင်းက မှန်ကန်သလော။ ယင်းကို ကိုယ်ပိုင်အလုပ် သို့မဟုတ် ကိုယ်ပိုင်ဝါသနာ၏ အစိတ်အပိုင်းအဖြစ် သဘောထားခြင်းက မှန်ကန်သလော။ ယင်းကို ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုအဖြစ် သဘောထားခြင်းက မှန်ကန်သလော။ ဤအရာတစ်ခုမျှ မမှန်ချေ။ အဘယ့်ကြောင့် ဤအကြောင်းအရာများကို ထုတ်ပြောဖို့ လိုအပ်သနည်း။ ဤအကြောင်းအရာများအပေါ် မိတ်သဟာယပြုခြင်းဖြင့် မည်သည့်ပြဿနာ ပြေလည်သွားမည်နည်း။ ယင်းက လူတို့၌ မိမိတို့၏တာဝန်အ‌ပေါ် မမှန်ကန်သော သဘောထားများ ရှိခြင်းနှင့် ၎င်းတို့၏တာဝန်ကို နမော်နမဲ့နှင့် ဝတ်ကျေတမ်းကျေ ထမ်းဆောင်သည့် နည်းလမ်းများ အမြောက်အမြား ရှိခြင်းနှင့်ဆိုင်သော ပြဿနာကို ဖြေရှင်းပေးမည် ဖြစ်သည်။ မိမိ၏တာဝန်အား ထမ်းဆောင်ခြင်းနှင့် ပတ်သက်သည့် သမ္မာတရား၏ လက္ခဏာသွင်ပြင်ကို နားလည်ခြင်းဖြင့်သာလျှင် မိမိတို့၏တာဝန်အပေါ် ထားရှိသည့် လူတို့၏ သဘောထားက ပြောင်းလဲမည်ဖြစ်သည်။ ၎င်းတို့၏ သဘောထားမှာ သမ္မာတရားနှင့် ဖြည်းဖြည်းချင်း လိုက်လျောညီထွေ ရှိလာပြီး ဘုရားသခင်၏ တောင်းဆိုချက်များနှင့်လည်းကောင်း၊ သူ၏အလိုတော်နှင့်လည်းကောင်း ကိုက်ညီမည်ဖြစ်သည်။ အကယ်၍ လူတို့သည် ၎င်းတို့၏တာဝန်အား ထမ်းဆောင်ခြင်းနှင့်ပတ်သက်သည့် သမ္မာတရား၏ လက္ခဏာသွင်ပြင်ကို နားမလည်ပါက ၎င်းတို့၏တာဝန်နှင့် ၎င်းတို့၏တာဝန်နောက်ကွယ်မှ စည်းမျဉ်းများအပေါ် ထားရှိသည့် ၎င်းတို့၏သဘောထားတွင် ပြဿနာများ ဖြစ်ပေါ်လာမည်ဖြစ်ပြီး ၎င်းတို့သည် တာဝန်ထမ်းဆောင်ခြင်း၏ ရလဒ်ကို ရရှိနိုင်မည်မဟုတ်ပေ။ တာဝန်များဟူသည် လူတို့အား ဘုရားသခင်အပ်နှံသည့် လုပ်ငန်းတာဝန်များ ဖြစ်သည်။ ယင်းတို့သည် လူတို့ အပြီးသတ်ရမည့် အထူးတာဝန်များ ဖြစ်သည်။ သို့ရာတွင် တာဝန်ဟူသည်မှာ သင်၏ ကိုယ်ရေးကိုယ်တာ စီမံခန့်ခွဲမှုမဟုတ်သကဲ့သို့ သင့်အနေဖြင့် လူထုထဲမှနေ၍ ထင်ပေါ်ဖို့အတွက် လှေကားထစ်တစ်ခုလည်း မဟုတ်သည်မှာ သေချာသည်။ လူအချို့က ၎င်းတို့၏တာဝန်များကို ၎င်းတို့၏ကိုယ်ပိုင် စီမံအုပ်ချုပ်မှုထဲ ပါဝင်ပတ်သက်ဖို့နှင့် အုပ်စုများဖွဲ့ဖို့ အခွင့်အရေးများအဖြစ် အသုံးချတတ်သည်၊ သူတို့အနေဖြင့် သူတို့၏တာဝန်များကို ဆောင်ရွက်နေသရွေ့ သူတို့သည် ဘုရားသခင်၏အိမ်တော်နှင့် လူသားအတွက် ဘုရားသခင်စီမံပေးသည့် အံ့သြဖွယ်ကောင်းသော ခရီးဆုံးပန်းတိုင်ကို မျှဝေခံစားကြရလိမ့်မည်ဟု တွေးထင်လျက် အချို့က မိမိတို့၏ အလိုဆန္ဒများကို ဖြည့်ဆည်းရန်၊ အချို့က မိမိတို့အထဲတွင် ခံစားရသော လစ်ဟာမှုများကို ပြည့်စေရန်နှင့် အချို့က မိမိတို့၏ ကံကိုယုံ၍ ဆူးပုံနင်းသော စိတ်ထားကို ကျေနပ်စေရန် မိမိတို့၏ တာဝန်များကို အခွင့်အရေးများအဖြစ် အသုံးချတတ်ကြလေသည်။ တာဝန်နှင့်ပတ်သက်၍ ထိုသို့သော သဘောထားများမှာ မမှန်ကန်ပေ။ ယင်းတို့က ဘုရားသခင်ကို စက်ဆုပ်ရွံရှာစေသဖြင့် အဆောတလျင် ဖြေရှင်းရမည်ဖြစ်သည်။

တာဝန်သည် မည်သည့်အရာဖြစ်သည်၊ လူတို့သည် ၎င်းတို့၏တာဝန်ကို မည်သို့သဘောထားသင့်သည်၊ တာဝန်အပေါ် ၎င်းတို့ရှိသင့်သည့် သဘောထားများ၊ အမြင်များနှင့် ပတ်သက်၍ ဤအရေးကိစ္စများကို အဓိကအားဖြင့် မိတ်သဟာယပြုခဲ့ပြီးသား ဖြစ်သည်။ သင်တို့အားလုံးသည် ဤအရာများကို ဂရုတစိုက် ဆင်ခြင်သင့်သည်။ ဤလက္ခဏာသွင်ပြင်များရှိ သမ္မာတရားများကို နားလည်ခြင်းမှာ အရေးကြီးဆုံးနှင့် အလျင်အလိုဆုံးဖြစ်၏။ ယခုအခါတွင် သင်တို့အနေဖြင့် နားလည်ဖို့အလိုအပ်ဆုံး သမ္မာတရားမှာ အဘယ်နည်း။ တစ်ဖက်တွင် ဤလက္ခဏာသွင်ပြင်ရှိ ရူပါရုံများနှင့် ဆက်စပ်နေသည့် သမ္မာတရားများကို သင် နားလည်ဖို့လိုကာ နောက်တစ်ဖက်တွင် သင်သည် လက်တွေ့လုပ်ဆောင်မှုနှင့် လက်တွေ့ဘဝထဲရှိ ဤသမ္မာတရားများနှင့် ပတ်သက်၍ နားလည်မှုလွဲခြင်းများနှင့် ခံယူချက်လွဲမှားမှုများ မည်သည့်နေရာ၌ ရှိကြောင်းကို နားလည်ဖို့လိုသည်။ သင်သည် တာဝန်ထမ်းဆောင်ခြင်းနှင့်ဆိုင်သည့် သမ္မာတရားများပါဝင်သော အရေးကိစ္စများကို ကြုံတွေ့ရသောအခါ ဤနှုတ်ကပတ်တော်များနှင့် သမ္မာတရားများက သင်၏ စိတ်တွင်းအခြေအနေကို ဖြေရှင်းပေးနိုင်လျှင် ဤအရာက သင်သည် မိတ်သဟာယပြုထားပြီးသည့် အကြောင်းအရာကို အမှန်တကယ်ပင် လုံးစေ့ပတ်စေ့ နားလည်ပြီးဖြစ်ကြောင်း သက်သေပြသည်။ အကယ်၍ ယင်းတို့က တာဝန်ဖြည့်ဆည်းခြင်းနှင့်ဆိုင်သည့် ကိစ္စများရှိ သင် နေ့စဉ် ရင်ဆိုင်ရသည့် အခက်အခဲများကို မဖြေရှင်းပေးနိုင်လျှင် သင်သည် ဤသမ္မာတရားများထဲသို့ မဝင်ရောက်ရသေးကြောင်း ယင်းက ပြသသည်။ ဤသမ္မာတရားများကို နာယူပြီးနောက်တွင် သင်တို့သည် ယင်းတို့ကို အနှစ်ချုပ်ကာ ဆင်ခြင်သုံးသပ်ပြီးပြီလော။ သင်မှတ်သားထားလိုက်သည့် အချိန်အခိုက်အတန့်တိုင်းတွင် သင်နားလည်သော်လည်း အချိန်ကုန်လွန်သည်နှင့်အမျှ ယင်းတို့ကို မည်သည့်အခါမျှ မကြားဖူးသည့်အလား မေ့လျော့သွားသည်မှာ ဟုတ်သလော။ (ဟုတ်ပါသည်။) ဤသည်မှာ သင်တို့ကိုယ်တိုင် ဝင်ရောက်မှုစိုးစဉ်းမျှပင် မရှိသောကြောင့် ဖြစ်သည်။ အခြေခံအားဖြင့် သင်တို့ လက်တွေ့လုပ်ဆောင်သည့်အရာမှာ ဤသမ္မာတရားများနှင့် မည်သည့်အရာမျှ မသက်ဆိုင်သည့်အပြင် သမ္မာတရားနှင့် လုံးလုံးလျားလျား ဆက်စပ်မှု မရှိပေ။ အမှန်တွင် တာဝန်ဖြည့်ဆည်းခြင်းနှင့်ဆိုင်သည့် ဤသမ္မာတရားများမှာ ဘုရားသခင်အား ယုံကြည်ခြင်းဖြစ်စဉ်၌ လူတစ်ဦး နားလည်ပြီး ဝင်ရောက်သင့်သည့် အခြေခံအကျဆုံး သမ္မာတရားများပင် ဖြစ်သည်။ အကယ်၍ သမ္မာတရားနှုတ်ကပတ်တော်များကို ကြားနာပြီးနောက် မရှင်းမလင်းဖြစ်ကာ မရေရာဖြစ်နေသေးလျှင် သင်၏ အရည်အသွေးမှာ တကယ်ပင် အလွန်ညံ့ဖျင်းလွန်းနေပြီး ဝိညာဉ်ရင့်သန်မှု လုံးလုံး မရှိချေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်း၊ ဆုတောင်းခြင်းနှင့် စုဝေးပွဲများကို တက်ခြင်းတို့ကိုသာ လုပ်နိုင်မည်။ သင်သည် ဘာသာရေးယုံကြည်မှု၌ ပါဝင်သောသူတစ်ဦးကဲ့သို့ပင် သင့်အားစေခိုင်းသည့်အရာ မည်သည့်အရာကိုမဆို ပြုလုပ်သည်။ ဤသည်မှာ သင်၌ အသက်ဝင်ရောက်မှု မရှိသည့်အပြင် ဝိညာဉ်ရင့်သန်မှုလည်း မည်သို့မျှ မရှိသည်ကို ဆိုလိုသည်။ ဝိညာဉ်ရင့်သန်မှု မရှိခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားသခင်အား ယုံကြည်ခြင်းနှင့် တာဝန်ဖြည့်ဆည်းခြင်း ဖြစ်စဉ်တွင် လူတစ်ဦးက သင့်ကို လှည့်စားသရွေ့ သင်သည် သူ့နောက်ကိုလိုက်ပြီး ဘုရားသခင်ကို မယုံကြည်တော့ပေ။ အကယ်၍ သင်သည် အမှားတစ်ခုခု ပြုလုပ်ကာ လူတစ်ဦးက သင့်အား အနည်းငယ် ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းလျက် အတော်လေး ခက်ထန်သည့်ပုံစံဖြင့် စကားပြောပါက သင်သည် ယုံကြည်မှုကို စွန့်လွှတ်ကောင်း စွန့်လွှတ်နိုင်သည်။ အကယ်၍ သင့်ဘဝ၌ ဆုတ်ဆိုင်းမှုများ သို့မဟုတ် အခက်အခဲအမျိုးမျိုးကို ကြုံတွေ့ရပါက သင်သည် ဘုရားသခင်နှင့်ပတ်သက်၍ မကျေမနပ် ပြောကောင်းပြောနိုင်ပြီး ဘုရားသခင်က သင့်ကို ကျေးဇူးတော် ပေးသနားခြင်း သို့မဟုတ် သင်၏အခက်အခဲများအား ဖြေရှင်းပေးနေခြင်း မရှိကြောင်း တွေ့ရသဖြင့် သင်သည် လှည့်ထွက်သွားပြီး ဘုရားအိမ်တော်ကို စွန့်ခွာလျက် ယုံကြည်ခြင်းကို ရပ်တန့်ပစ်နိုင်သည်။ အကယ်၍ သင်သည် တာဝန်ဖြည့်ဆည်းခြင်းနှင့် ဆိုင်သော သမ္မာတရားများထဲမှ ဤအခြေခံအကျဆုံးဖြစ်သည့် သမ္မာတရား၏ လက္ခဏာသွင်ပြင်အချို့ထဲသို့ ဝင်ရောက်ပြီးဖြစ်လျှင် ယင်းက သင်သည် သမ္မာတရားနှင့် ဆက်နွှယ်နေပြီဖြစ်ကြောင်း သက်သေပြသည်။ သင်သည် သမ္မာတရားစစ်မှန်မှုနှင့် ဆက်နွှယ်နေပြီးသားဖြစ်ကာ ဝင်ရောက်မှုအချို့ ပြုလုပ်ထားပြီဖြစ်သည်။ အကယ်၍ သင်သည် ဤသမ္မာတရားစစ်မှန်မှုနှင့် ပတ်သက်၍ စိုးစဉ်းမျှပင် မဆိုထားနှင့် မည်သည့်အရာမျှ မရှိလျှင် ယင်းက သမ္မာတရားသည် သင့်စိတ်နှလုံးထဲ၌ အမြစ်မတွယ်သေးကြောင်း သက်သေပြသည်။

တာဝန်သည် အတိအကျ မည်သည့်အရာဖြစ်ကြောင်း လူတို့အား နားလည်ခွင့်ပေးရန်အတွက် တာဝန်သည် မည်သည့်အရာ ဖြစ်သည်ကိုသာမက တာဝန်၏ ဇာစ်မြစ်များနှင့် ဖြစ်ပေါ်လာခြင်းတို့ အကြောင်းကို ယခုလေးတင် ငါ မိတ်သဟာယပြုပြီးဖြစ်သည်။ ဤအရာကို သိရာ၌ မည်သည့်အကျိုးကျေးဇူးများ ရှိသနည်း။ လူတို့က တာဝန်သည် မည်သည့်အရာဖြစ်ကြောင်းနှင့် ပတ်သက်သည့် သမ္မာတရားကို နားလည်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် တာဝန်၏ အရေးကြီးပုံကို သိကြမည်ဖြစ်သည်။ အနည်းဆုံးအနေဖြင့် စိတ်နှလုံးအတွင်းထဲ၌ ၎င်းတို့သည် တာဝန်အပေါ် မှန်ကန်သော သဘောထား ရှိသင့်ကြောင်းနှင့် ၎င်းတို့သည် စိတ်ကူးပေါက်လျှင် ပေါက်သလို ပြုမူလုပ်ဆောင်၍ မရကြောင်း ခံစားမိကြမည်ဖြစ်သည်။ အနည်းဆုံး ဤအယူအဆသည် ၎င်းတို့၏စိတ်ထဲတွင် ရှိမည်ဖြစ်သည်။ တာဝန်ဟူသည် သင်ဖြည့်ဆည်းသင့်သည့် အရာဖြစ်ပြီး သင့်အား ဘုရားသခင်ပေးသည့် တာဝန်ပေးစေခိုင်းချက်နှင့် အထူးတာဝန် ဖြစ်သော်လည်း ယင်းသည် သင်၏ ကိုယ်ရေးကိုယ်တာ အရေးကိစ္စ မဟုတ်သကဲ့သို့ သင်၏ကိုယ်ပိုင်အလုပ်လည်း မဟုတ်ပေ။ ဤသည်မှာ ရှေ့နောက်မညီသလို ထင်ရနိုင်သော်လည်း ယင်းမှာ အမှန်တကယ် သမ္မာတရားဖြစ်သည်။ သမ္မာတရားဖြစ်သည့် မည်သည့်အရာမဆို လူတို့၏ လက်တွေ့လုပ်ဆောင်မှု၊ ဝင်ရောက်မှုတို့နှင့် ဆက်စပ်သည့် ယင်း၏ လက်တွေ့အပိုင်းသာမက ဘုရားသခင်၏ သတ်မှတ်ချက်များလည်း ရှိသည်။ ယင်းက အနှစ်မမဲ့ပေ။ ဤသည်မှာ သမ္မာတရား ဖြစ်သည့်ပုံဖြစ်သည်။ ဤသမ္မာတရားစစ်မှန်မှုအား တွေ့ကြုံခြင်းနှင့် ဝင်ရောက်ခြင်းဖြင့်သာလျှင် သင်သည် သမ္မာတရား၏ ဤလက္ခဏာသွင်ပြင်ကို တိုး၍ နားလည်နိုင်သည်။ အကယ်၍ သင်သည် သမ္မာတရားကို အမြဲတမ်း မေးခွန်းထုတ်ပြီး သံသယများထားကာ မပြတ် စေ့စေ့စပ်စပ် စစ်ဆေးပြီး ပိုင်းခြားစိတ်ဖြာလျှင် သမ္မာတရားသည် သင့်အတွက် မည်သည့်အခါမျှ သမ္မာတရား ဖြစ်မည်မဟုတ်ချေ။ ယင်းသည် သင်၏ တကယ့်ဘဝနှင့် ဆက်စပ်မည် မဟုတ်သည့်အပြင် သင်နှင့်ပတ်သက်သည့် မည်သည့်အရာကိုမျှ ပြောင်းလဲပေးနိုင်မည် မဟုတ်ပေ။ အကယ်၍ လူတစ်ဦးသည် သူ၏စိတ်နှလုံးအတွင်းထဲ၌ သမ္မာတရားကို လက်ခံပြီး ထိုသမ္မာတရားကို ရှင်သန်ခြင်းနှင့် ပြုမူဆောင်ရွက်ခြင်းတို့အတွက် လမ်းညွှန်အဖြစ်၊ ပြုမူနေထိုင်ခြင်းနှင့် ဘုရားသခင်အား ယုံကြည်ခြင်းအတွက် လမ်းညွှန်အဖြစ် ခံယူပါက သမ္မာတရားသည် သူ၏ အသက်တာကို ပြောင်းလဲပေးမည်ဖြစ်သည်။ ယင်းက သူ၏ ဘဝပန်းတိုင်များ၊ သူ၏ ဘဝဦးတည်ချက်များနှင့် လောကကြီးနှင့် ပေါင်းသင်းဆက်ဆံပုံကို ပြောင်းလဲပေးမည် ဖြစ်သည်။ ဤသည်မှာ သမ္မာတရား၏ အကျိုးသက်ရောက်မှုဖြစ်၏။ တာဝန်သည် မည်သည့်အရာဖြစ်သည်ကို နားလည်ခြင်းသည် လူတို့အတွက် မိမိတို့၏တာဝန်ဖြည့်ဆည်းရာ၌ ကြီးစွာသော အကျိုးကျေးဇူးနှင့် အထောက်အကူ ဖြစ်စေမည်မှာ သေချာ၏။ အနည်းဆုံးအနေဖြင့် အကြင်သူသည် တာဝန်ဟူသည်မှာ ဘုရားသခင်ကို ယုံကြည်သူတိုင်းအတွက် အလွန် အရေးကြီးကြောင်း၊ ကယ်တင်ခြင်းနှင့် စုံလင်အောင်ပြုခြင်းခံရဖို့အတွက် စိတ်ဝင်စားသော သို့မဟုတ် တိကျသော သတ်မှတ်ချက်များ သို့မဟုတ် ရည်မှန်းချက်များ ရှိသောသူတို့အတွက် ပို၍ပင် ကြီးမားသော အရေးပါမှုရှိကြောင်းကို သိမည်ဖြစ်သည်။ ဤသည်မှာ ကယ်တင်ခံရဖို့အတွက် လူတိုင်းနားလည်သင့်သည့် အခြေခံအကျဆုံးသော သမ္မာတရားဖြစ်ပြီး ယင်းမှာ လူတစ်ဦးဝင်ရောက်သင့်သည့် အခြေခံအကျဆုံးသော သမ္မာတရားလည်း ဖြစ်သည်။ အကယ်၍ သင်က တာဝန်သည် မည်သည့်အရာဖြစ်ကြောင်း နားမလည်ပါက တာဝန်ကို ကောင်းမွန်စွာ မည်သို့ဖြည့်ဆည်းရမည်ဖြစ်ကြောင်း သိမည်မဟုတ်သကဲ့သို့ တာဝန်ကို လက်ခံရရှိပြီး သ‌ဘောထားရမည့် စိတ်ထားအမှန်ကိုလည်း သိမည်မဟုတ်ပေ။ ဤသည်မှာ အန္တရာယ်ရှိကာ တစ်ဖက်တွင် သင်သည် တာဝန်ကို ကောင်းစွာ ဖြည့်ဆည်းနိုင်ဖွယ် ရှိမည်မဟုတ်သည့်အပြင် စိတ်ကူးပေါက်သလို နမော်နမဲ့နှင့် ဝတ်ကျေတမ်းကျေ ပုံစံဖြင့် ပြုမူလုပ်ဆောင်မည် ဖြစ်သည်။ နောက်တစ်ဖက်တွင် သင်သည် အသင်းတော်၏ အလုပ်ကို ဖျက်ဆီးပြီး နှောင့်ယှက်သည့် အရာများကို ပြုလုပ်ကောင်း ပြုလုပ်နိုင်သည်၊ သို့မဟုတ် ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ဖောက်ဖျက်သည့် ဆိုးယုတ်သော လုပ်ရပ်များကိုပင် ကျူးလွန်ကောင်း ကျူးလွန်နိုင်သည်။ အတော်ပင် သတိထားလျက် ဆိုရလျှင် ဆင်ခြင်သုံးသပ်ခြင်းအတွက် သင့်ကို သီးသန့်ခွဲထားကောင်း ခွဲထားနိုင်ပြီး ကြီးလေးသော ကိစ္စများတွင် ဖယ်ရှားခြင်းခံရနိုင်သည်။ ထို့ကြောင့် တာဝန်သည် မည်သည့်အရာဖြစ်ကြောင်း နားလည်ခြင်းသည် သမ္မာတရား၏ တကယ့်အခြေခံ လက္ခဏာသွင်ပြင် ဖြစ်လင့်ကစား လူတစ်ဦး၏ ကယ်တင်ခြင်းနှင့်လည်း ဆက်စပ်နေသည်။ ယင်းက မဆီမဆိုင်ဖြစ်ခြင်း မဟုတ်၊ ဤသည်မှာ အလွန်အရေးကြီးသည်။ တာဝန်သည် မည်သည့်အရာဖြစ်သည်ကို နားလည်ပြီးနောက် ယင်းမှာ အယူဝါဒတစ်ခုကို ရင်းနှီးသည့်ကိစ္စသာ မဟုတ်ပေ။ ရည်ရွယ်ထားသော ရလဒ်မှာ လူတို့အနေဖြင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို သဘောပေါက်ရန်နှင့် ၎င်းတို့၏တာဝန်ကို မှန်ကန်သော သဘောထားဖြင့် မှတ်ယူရန်အတွက် အခွင့်ပေးဖို့ဖြစ်သည်။ တာဝန်တစ်ခုခုကို ထမ်းဆောင်ရာ၌ လုံ့လစိုက်ထုတ်ရုံမျှဖြင့် ရလဒ် ရရှိနိုင်မည်မဟုတ်။ တာဝန်ကို လုံ့လစိုက်ထုတ်ရုံမျှဖြင့် ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်သည်ဟု အမြဲစဉ်းစားခြင်းက ဝိညာဉ်ရေးရာ သိနားလည်ခြင်း ကင်းမဲ့သည်ကို ပြသသည်။ အမှန်တွင် တာဝန်ဖြည့်ဆည်းခြင်း၌ အသေးစိတ်အချက်များ အကျုံးဝင်ကာ စိတ်ဓာတ်အမှန်၊ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများနှင့် စစ်မှန်သော နာခံမှုရှိခြင်းသာမက ဝိညာဉ်ရေးရာ ဉာဏ်ပညာကို ပိုင်ဆိုင်ခြင်းတို့လည်း ပါဝင်သည်။ လူတစ်ဦး၌ သမ္မာတရား၏ ဤလက္ခဏာသွင်ပြင်များ ရှိသောအခါမှသာ သူ၏ တာဝန်များကို ကောင်းစွာ ဖြည့်ဆည်းနိုင်ပြီး တာဝန်ကို နမော်နမဲ့နှင့် ဝတ်ကျေတမ်းကျေဖြင့် ထမ်းဆောင်ခြင်းဟူသည့် ပြဿနာကို အပြည့်အဝ ဖြေရှင်းနိုင်သည်။ မိမိတို့၏ တာဝန်အပေါ် သဘောထားအမှန်မရှိသော သူတို့သည် သမ္မာတရားစစ်မှန်မှု ကင်းမဲ့သော လူတို့ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးမရှိသည့် လူတို့ဖြစ်ပြီး အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့ကြသည်။ ထို့အတွက်ကြောင့် ဘုရားသခင်နောက် လိုက်ဖို့အတွက် လူတစ်ဦးသည် တာဝန်ဖြည့်ဆည်းခြင်း၏ အဓိပ္ပာယ်ကို နားလည်ရမည်။ ဤသည်မှာ ဘုရားသခင်နောက်လိုက်ခြင်းအတွက် အရေးပါလှသည်။

တာဝန်သည် မည်သည့်အရာဖြစ်ကြောင်းနှင့် ယင်း၏ ဇာစ်မြစ်များကို နားလည်ပြီးနောက် သင်သည် လူ့အဖွဲ့အစည်းထဲ၌ တာဝန်၏သဘာဝနှင့် အလုပ်၏သဘာဝကို ခွဲခြားနိုင်မည်ဖြစ်သည်။ သင့်အား ဘုရားအိမ်တော်မှ အပ်နှံထားသော အလုပ်ကို တာဝန်တစ်ခုအဖြစ် သဘောထားခြင်းနှင့် လောကီအလုပ်အဖြစ် သဘောထားခြင်းကြားမှ ခွဲခြားသိမြင်နိုင်သောအချက်မှာ အဘယ်နည်း။ အကယ်၍ သင်သည် ယင်းကို တာဝန်တစ်ခုဖြစ် သဘောထားပါက သင်သည် ဘုရားသခင်၏ အလိုတော်နှင့် သမ္မာတရားကို ရှာဖွေဖို့လိုသည်။ “ဤသည်မှာ ကျွန်ုပ်၏တာဝန်ဖြစ်သောကြောင့် ယင်းကို မည်ကဲ့သို့ လုပ်ဆောင်သင့်သနည်း။ ဘုရားသခင်က မည်သည့်အရာကို တောင်းဆိုသနည်း။ အသင်းတော်၏ စည်းမျဉ်းစည်းကမ်းများမှာ မည်သည့်အရာများနည်း။ ယင်း၏ နောက်ကွယ်မှ စည်းမျဉ်းများနှင့် ပတ်သက်၍ ကျွန်ုပ်ရှင်းလင်းဖို့လိုသည်” ဟု သင်ဆိုလိမ့်မည်။ ဤပုံစံအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းကသာ သင်၏တာဝန်အား မှတ်ယူသည့်အပေါ် မှန်ကန်သော သဘောထား ဖြစ်သည်။ ဤအရာကသာလျှင် လူတို့အနေဖြင့် သူတို့၏တာဝန်အပေါ် ရှိသင့်သည့် သဘောထားဖြစ်သည်။ သို့သော် လောကီအလုပ် သို့မဟုတ် ၎င်းတို့၏ ကိုယ်‌ရေးကိုယ်တာ ဘဝများထဲမှ ကိစ္စများကို ကိုင်တွယ်ဖြေရှင်းရာ၌ လူတို့သည် မည်သည့်သဘောထားမျိုး ရှိသင့်သနည်း။ သို့ဆိုလျှင် သမ္မာတရား သို့မဟုတ် စည်းမျဉ်းများကို ရှာဖွေဖို့ လိုအပ်ချက်တစ်ခုခု ရှိသလော။ သင်သည် စည်းမျဉ်းများကိုပါ ရှာဖွေကောင်းရှာဖွေနိုင်သော်လည်း ယင်းတို့သည် ငွေပို၍ရှာခြင်း၊ သာယာသောဘဝတစ်ခုဖြင့် အသက်ရှင်ခြင်း၊ ဥစ္စာဓနကို စုဆောင်းမိခြင်း၊ အောင်မြင်မှုကို ရရှိခြင်း၊ ကျော်ကြားမှုနှင့် အခွင့်အလမ်းနှစ်ခုလုံးကို ရရှိခြင်းဟူသည့် ဤကဲ့သို့သော စည်းမျဉ်းများသာလျှင် ဖြစ်မည်ဖြစ်သည်။ ဤစည်းမျဉ်းများမှာ လုံးလုံးလျားလျား လောကီဆန်လျက် မျက်မှောက် ရေပန်းစားမှုများနှင့် သက်ဆိုင်လေသည်။ ယင်းတို့မှာ စာတန်နှင့် ဆိုးယုတ်သော ဤလူသားမျိုးနွယ်တို့၏ စည်းမျဉ်းများပင် ဖြစ်ကြသည်။ တာဝန်ဖြည့်ဆည်းခြင်း၏ စည်းမျဉ်းများမှာ အဘယ်နည်း။ ယင်းတို့က ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် လုံးဝ ကိုက်ညီရမည်။ ယင်းတို့သည် သမ္မာတရားနှင့် ဘုရားသခင်၏ သတ်မှတ်ချက်တို့နှင့် အတွင်းကျကျ ဆက်စပ်နေပြီး သမ္မာတရားမှလည်းကောင်း ဘုရားသခင်၏ သတ်မှတ်ချက်များမှလည်းကောင်း ခွဲခြား၍မရပေ။ ဆန့်ကျင်ဘက်အနေဖြင့် ကမ္ဘာပေါ်၌ လူတို့ပါဝင်သော သက်မွေးမှုလုပ်ငန်းများ သို့မဟုတ် အလုပ်များသည် သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် မည်သည့်အရာမျှ မသက်ဆိုင်ပေ။ သင်သည် အတော်ပင် တတ်စွမ်းနိုင်ကာ အခက်အခဲကို သည်းခံလိုစိတ်ရှိပြီး ဇွဲလုံ့လရှိ၍ ဆိုးယုတ်သည့်အပြင် ရဲတင်းနေသရွေ့ လူ့အဖွဲ့အစည်းတွင် ထင်ပေါ်နိုင်ပြီး ကြီးမားသော သက်မွေးမှုလုပ်ငန်းတစ်ခုကိုပင် တည်ဆောက်ကောင်း တည်ဆောက်နိုင်မည် ဖြစ်သည်။ သို့ရာတွင် ဤစည်းမျဉ်းများနှင့် ဒဿနအမြင်များကို ဘုရားအိမ်တော်၌ မလိုအပ်ပေ။ ဘုရားအိမ်တော်၌ သင်သည် မည်သည့်တာဝန်မျိုးကို ထမ်းဆောင်ရပါစေ၊ ယင်းတာဝန်၏ သဘာဝက မည်သည့်အရာဖြစ်ပါစေ၊ ယင်းသည် မြင့်မားပုံပေါ်သည်ဖြစ်စေ၊ နိမ့်ကျပုံပေါ်သည်ဖြစ်စေ၊ မြင့်မြတ်ပုံပေါ်သည်ဖြစ်စေ အညတရဖြစ်သည့်ပုံပေါ်သည်ဖြစ်စေ၊ ယင်းသည် ထင်ပေါ်သည်ဖြစ်စေ၊ မှေးမှိန်သည်ဖြစ်စေ၊ ယင်းကို ဘုရားသခင်မှ သင့်အား အပ်နှံသည်ဖြစ်စေ၊ အသင်းတော်ခေါင်းဆောင်တစ်ဦးမှ သင့်အား ချမှတ်ပေးသည်ဖြစ်စေ၊ ဘုရားအိမ်တော်က သင့်အား မည်သည့်အလုပ်ကို ချမှတ်သည်ဖြစ်စေ သင့်အလုပ်ကို လုပ်ဆောင်ရာ၌ သင်လိုက်နာသည့် စည်းမျဉ်းများက သမ္မာတရား၏ စည်းမျဉ်းများကို မ‌ကျော်လွန်သင့်ပေ။ ယင်းတို့သည် သမ္မာတရားနှင့် ဆက်စပ်သင့်သည်၊ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ဆက်စပ်သင့်သည့်အပြင် ဘုရားအိမ်တော်၏ စည်းမျဉ်းစည်းကမ်း၊ အလုပ်စီမံခန့်ခွဲမှုများနှင့် ဆက်စပ်သင့်သည်။ အတိုချုပ်အားဖြင့် ကမ္ဘာပေါ်တွင် လူတစ်ဦးပါဝင်ဆောင်ရွက်သည့် တာဝန်နှင့် အလုပ်တို့အကြား ခွဲခြားသိမြင်သင့်သည်။

ငါတို့သည် တာဝန်ထမ်းဆောင်ခြင်းနှင့် လောကီအလုပ်၌ ပါဝင်ဆောင်ရွက်ခြင်းကြားမှ ခြားနားချက်နှင့်ပတ်သက်၍ အဘယ့်ကြောင့် မိတ်သဟာယပြုနေရသနည်း။ ဤအရာသည် အရေးကြီးသလော။ (အရေးကြီးပါသည်။) အရေးကြီးမှုက မည်သည့်နေရာ၌ ရှိသနည်း။ ယင်းသည် လူတို့၏ တာဝန်ထမ်းဆောင်ခြင်းအပေါ် ၎င်းတို့ထားရှိသည့် သဘောထားနှင့် ပတ်သက်သည်။ သင်၏ လောကီအလုပ်ထဲ၌ သင်ထားရှိသော သဘောထားနှင့် စည်းမျဉ်းများကို တာဝန်ထမ်းဆောင်ခြင်း နယ်ပယ်ထဲသို့ ယူမလာနှင့်။ ထိုသို့သင်ပြုလျှင် အကျိုးဆက်များမှာ မည်သည့်အရာများနည်း။ (မိမိ၏ကိုယ်ပိုင် လိုအင်ဆန္ဒများအတိုင်း ပြုမူလုပ်ဆောင်ခြင်းဖြစ်သည်။) မိမိ၏ကိုယ်ပိုင် လိုအင်ဆန္ဒများအတိုင်း ပြုမူလုပ်ဆောင်ခြင်းသည် အဖြစ်များသော အရေးကိစ္စဖြစ်၏။ ယင်းမှာ လုပ်ငန်းများကို ဆောင်ရွက်ရာ၌ အခြားသူများအား တိုင်ပင်ညှိနှိုင်းလိုမှု မရှိခြင်း၊ နောက်ဆုံးပိတ် ဆုံးဖြတ်ပိုင်ခွင့်ရလိုခြင်းနှင့် မိမိအလိုရှိရာ ပြုလုပ်လိုခြင်း၊ ဤသို့ပြုမူလုပ်ဆောင်ခြင်းက မည်သည့် ဖိနှိပ်ချုပ်ချယ်ခြင်း သို့မဟုတ် စိတ်မချမ်းမြေ့ခြင်း ခံစားချက်တစ်ခုခုမျှ မရှိဘဲ ကိုယ်စိတ်ချမ်းသာခြင်းနှင့် အားရကျေနပ်ခြင်းကို ဆောင်ကြဉ်းပေးသည်ဟု ခံစားရခြင်းကို ဆိုလို၏။ ထို့အပြင် ယင်းက လျှို့ဝှက်ကြံစည်ခြင်း၊ မနာလိုခြင်း၊ သဘောထား ကွဲလွဲမှုနှင့် အုပ်စုဖွဲ့ခြင်းသာမက ဆုလာဘ်များ အသိအမှတ်ပြုမှုကို ရှာဖွေခြင်း၊ ကြွားလုံးထုတ်ခြင်း၊ နမော်နမဲ့နှင့် ဝတ်ကျေတမ်းကျေ ပြုမူလုပ်ဆောင်ခြင်း၊ တာဝန်မဲ့ခြင်း၊ မိမိအထက်နှင့် အောက်၌ရှိသော သူတို့ကို လှည့်ဖြားခြင်းနှင့် မိမိကိုယ်ပိုင်နိုင်ငံကို တည်ထောင်ခြင်းတို့ကို ဖြစ်စေတတ်သည်။ အတိုချုပ်အားဖြင့် တာဝန်ထမ်း‌ဆောင်ခြင်းသည် လောကီအလုပ်၌ ပါဝင်ဆောင်ရွက်ခြင်းနှင့် ကွာခြားသည်။ တာဝန်ထမ်းဆောင်ခြင်းသည် ဘုရားသခင်ထံမှ သတ်မှတ်ချက်နှင့် ဘုရားသခင်ထံမှ စီစဉ်မှု ဖြစ်၏။ ဤသည်မှာ တာဝန်ထမ်းဆောင်ခြင်းနှင့် လောကီအလုပ်၌ ပါဝင်ဆောင်ရွက်ခြင်းတို့ကြားမှ အကြီးမားဆုံးသော ခြားနားချက်ဖြစ်သည်။ တာဝန်ထမ်းဆောင်ခြင်းကို ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း၊ ပြီးလျှင် သမ္မာတရား စည်းမျဉ်းများကို အခြေခံ၍ ပြုလုပ်ရမည်။ ယင်းမှာ လူတစ်ဦး၏ ကိုယ်ရေးကိုယ်တာ စီမံခန့်ခွဲမှု မဟုတ်သည်သာမက သူ၏ ကိုယ်ရေးကိုယ်တာ လုပ်ငန်းလည်း မဟုတ်သည့်အပြင် မည်သူတစ်ဦးတစ်ယောက်၏ တစ်ကိုယ်ရေ အရေးကိစ္စမျှလည်း မဟုတ်ပေ။ ယင်း၌ ကိုယ်ကျိုးများ၊ ဂုဏ်သိက္ခာ၊ အဆင့်အတန်း၊ သြဇာလွှမ်းမိုးမှု၊ သို့မဟုတ် အနာဂတ်တက်လမ်းတို့နှင့် ဆက်စပ်မှုမရှိချေ။ ယင်းမှာ လူတို့၏ အသက်ဝင်ရောက်မှုနှင့် စိတ်သဘောထားပြောင်းလဲမှုနှင့်သာ ဆက်စပ်ပြီးလျှင် ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ်နှင့် ဆက်စပ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် သင်သည် လောကီအလုပ်၌ ပါဝင်ဆောင်ရွက်သောအခါ ကိုယ်ရေးကိုယ်တာ စီမံခန့်ခွဲမှုအပေါ်၌သာ လုံးလုံးလျားလျား အာရုံစိုက်သည်။ သင်သည် အလုပ်တစ်ခုကို ထမ်းဆောင်သည်ဖြစ်စေ၊ လုပ်ငန်းတစ်ခုကို ဆောင်ရွက်သည်ဖြစ်စေ အဖိုးအခ အဘယ်မျှကြီးမားစွာ ပေးစေကာမူ၊ အဘယ်မျှများပြားစွာ စွန့်လွှတ်စေကာမူ၊ သို့မဟုတ် ဤစိတ်ပိုင်းဆိုင်ရာဖြစ်စေ၊ ရုပ်ခန္ဓာပိုင်းဆိုင်ရာ ကဏ္ဍများဖြစ်စေ ဒုက္ခဆင်းရဲ အဘယ်မျှများပြားစွာ ခံစားရစေကာမူ၊ သို့မဟုတ် သင်သည် အနိုင်ကျင့်ခြင်းနှင့် အရှက်ခွဲခြင်း သို့မဟုတ် အထင်လွဲမှားခြင်း ခံရစေကာမူ၊ သို့မဟုတ် လူထု၏ ကြီးမားသော ဖိအားကိုပင် ရင်ဆိုင်ရစေကာမူ သင်ပြုလုပ်သမျှမှာ သင်၏ တစ်ကိုယ်ရေ အလိုဆန္ဒ၊ ရည်မှန်းချက်များ၊ ရည်ရွယ်ချက်များနှင့် လိုအင်ဆန္ဒများ၌သာ ဗဟိုပြုလေသည်။ ယင်းမှာ ဤသဘာဝ တစ်ခုတည်းနှင့်သာ ဆိုင်သည်။ ဤသဘာဝမှာ ကိုယ်ရေးကိုယ်တာ စီမံခန့်ခွဲမှု၌ ပါဝင်ဆောင်ရွက်ခြင်းနှင့် ကိုယ်ရေးကိုယ်တာ လုပ်ငန်းကို လုပ်ဆောင်ခြင်းသာ ဖြစ်၏။ လူသားမျိုးနွယ်ကြားတွင် “ကျွန်ုပ်သည် လူသားမျိုးနွယ်အဖို့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း လုပ်ဆောင်နေသည်။ ကျွန်ုပ်သည် ကောင်းကင်မှပေးအပ်သော ယုံကြည်မှုဝါဒများနှင့် စည်းမျဉ်းများအတိုင်း ပြုမူလုပ်ဆောင်လိုသည်” ဟု ဆိုလျက် ရှေ့ထွက်လာသောသူ တစ်ဦးတစ်ယောက်မျှ မရှိပေ။ ထိုကဲ့သို့သော လူမျိုးမရှိပေ။ အကယ်၍ လူတစ်ဦးက “ကျွန်ုပ်သည် လူသားမျိုးနွယ်အတွက် ကိုယ်ကျိုးမငဲ့ဆုံး၊ အကြီးမားဆုံး ကြိုးပမ်းအားထုတ်မှုကို လုပ်ဆောင်ရန်၊ လူတို့အတွက် ကောင်းကျိုးချမ်းသာကို ဖန်တီးပြီး ကောင်းမှုများကို ပြုလုပ်ရန် အလိုရှိသည်” ဟု ဆိုဖို့ ရှေ့ထွက်လာလျှင်ပင် သူ၏ ရည်ရွယ်ချက်ပန်းတိုင်မှာ သိပ်မစင်ကြယ်ပေ။ ၎င်းတို့သည် ကျော်ကြားမှုအတွက် ယင်းကို လုပ်ဆောင်နေခြင်းသာ ဖြစ်၏။ ဤသည်မှာ ကိုယ်ရေးကိုယ်တာ စီမံခန့်ခွဲမှု၌ ပါဝင်ဆောင်ရွက်နေခြင်း မဟုတ်လော။ ယင်းမှာ ကိုယ်ရေးကိုယ်တာ စီမံခန့်ခွဲမှုအတွက်ချည်းသာ ဖြစ်သည်။ ၎င်းတို့၏ စကားလုံးများက အဘယ်မျှကြားကောင်းစေကာမူ၊ ၎င်းတို့သည် အဘယ်မျှကြီးမားသော ဆင်းရဲဒုက္ခကို ခံစားရပြီးစေကာမူ၊ အဘယ်မျှကြီးမားသော အဖိုးအခကို ပေးထားပြီးစေကာမူ၊ အဘယ်မျှကြီးမားသော အကျိုးပြုဆောင်ရွက်မှုကို ပြုလုပ်ခဲ့ပြီးစေကာမူ၊ သို့မဟုတ် လူသားမျိုးနွယ်ကို ပြောင်းလဲစေပြီးဖြစ်စေ၊ ခေတ်ကာလ တစ်ခုကို အသွင်ပြောင်းစေပြီးဖြစ်စေ၊ သို့မဟုတ် ခေတ်သစ်တစ်ခေတ်ကို ဆန်းသစ်စေခဲ့ပြီဖြစ်စေ၊ မည်သည့်အရာကို ပြုလုပ်သည်ဖြစ်စေ ၎င်းတို့၏ ရည်ရွယ်ချက်မှာ အခြားသူများအတွက်မဟုတ်၊ သူတို့ကိုယ်တိုင်အတွက်ပင် ဖြစ်၏။ ဖောက်ပြန်ပျက်စီးသော လူသားများအားလုံးသည် အမှုအရာများကို ဤပုံစံအတိုင်း ပြုလုပ်ကြသည်။ လူတစ်ဦးက ကြီးမားသည့်အရာကို ပြုလုပ်သည်ဖြစ်စေ၊ သေးငယ်သောအရာကို ပြုလုပ်သည်ဖြစ်စေ သူ၏ ကြံရွယ်ချက်မှာ ကျော်ကြားမှုအတွက် သို့မဟုတ် အကျိုးအမြတ်အတွက် တစ်ခုခုပင်ဖြစ်သည်။ သူ့လုပ်ရပ်များ၏ သဘာဝမှာ အဘယ်နည်း။ ယင်းမှာ ကိုယ်ရေးကိုယ်တာ စီမံခန့်ခွဲမှု၌ ပါဝင်ခြင်းဖြစ်၏။ ကိုယ်ရေးကိုယ်တာ စီမံခန့်ခွဲမှုသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့် တစ်စုံတစ်ရာ သက်ဆိုင်မှုရှိသလော။ ယင်း၌ လုံးဝ ဆက်စပ်မှုမရှိပေ။ လူအချို့က “ယင်းက မမှန်ပေ။ လူအချို့သည် ဤလောကထဲ၌ ဝင်‌ရောက်လာပြီး ခေတ်တစ်ခုကို ပြောင်းလဲကြသည်။ ယင်းကိုလည်း ဘုရားသခင်၏ ကြိုတင်ပြဋ္ဌာန်းထားသည် မဟုတ်လော။ ယင်း၌ သူ၏ စီမံခန့်ခွဲမှု ရှိသည်မဟုတ်‌လော” ဟု ဆိုကြသည်။ ဤအရာများက ဆက်စပ်သလော။ (မဆက်စပ်ပါ။) အဆက်အစပ်မရှိဟု အဘယ့်ကြောင့်ဆိုသနည်း။ (အဘယ့်ကြောင့်ဆိုသော် ယင်းသည် လူသားမျိုးနွယ်အား ကယ်တင်ခြင်းနှင့်ဆိုင်သည့် ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ်နှင့် ဘာမျှမသက်ဆိုင်၍ဖြစ်သည်။) မှန်လိုက်လေစွ။ လူသားမျိုးနွယ်အား ကယ်တင်ခြင်းနှင့်ဆိုင်သည့် ဘုရားသခင်၏ အလုပ်နှင့် မသက်ဆိုင်ပါက ယင်းသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့် မဆက်စပ်ပေ။ သို့ရာတွင် ဤပြောဆိုချက်မှာ အမှန်တစ်ဝက်သာ ဖြစ်၏။ ဤတွင် အနှစ်သာရနှင့်သက်ဆိုင်သော ကိစ္စတစ်ခုဖြစ်သည့် နောက်ထပ် ကြိုတင်သတ်မှတ်ချက်တစ်ခု ရှိသည်။ အကယ်၍ ယင်းသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်နှင့် မဆက်စပ်ပါက ယင်းသည် လူသား၏ စီမံခန့်ခွဲမှုချည်းသာ ဖြစ်သည်။ ယင်းက လက္ခဏာသွင်ပြင်တစ်ခု ဖြစ်သော်လည်း သင်တို့အတွက် တစ်စုံတစ်ခုကို ငါထပ်ပြောမည်။ ၎င်းတို့လုပ်နေသည့်အရာ၏ သဘာဝမှာ ပုဂ္ဂိုလ်ရေး ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ဖြစ်သည်။ နောက်ဆုံး အကျိုးခံစားရသူမှာ သူတို့ကိုယ်တိုင်ပင် ဖြစ်သည်။ ၎င်းတို့ပြုလုပ်သမျှ၏ သဘာဝ၊ စည်းမျဉ်းများနှင့် နောက်ဆုံးရလဒ်မှာ မည်သူ့အတွက်နည်း။ (သူတို့အတွက် ဖြစ်သည်။) ယင်းက သူတို့ကိုယ်တိုင်အတွက် ဖြစ်ကာ ပို၍ကွယ်ဝှက်သော အဓိပ္ပာယ်အားဖြင့် မည်သူ့အတွက်နည်း။ (စာတန်အတွက် ဖြစ်သည်။) မှန်၏၊ စာတန်အတွက် ဖြစ်၏။ စာတန်အတွက် အမှုအရာများပြုလုပ်ခြင်း၏ သဘာဝမှာ အဘယ်နည်း။ (ဘုရားသခင်၏ ရန်သူဖြစ်ခြင်းပင်။) ထို့ပြင် ဘုရားသခင်၏ ရန်သူဖြစ်ခြင်း၏ နောက်ကွယ်မှ ငုပ်နေသော အနှစ်သာရမှာ မည်သည့်အရာနည်း။ ဤသည်မှာ ဘုရားသခင်၏ ရန်သူဖြစ်ခြင်း ဖြစ်သည်ဟု ငါတို့ အဘယ့်ကြောင့်ဆိုသနည်း။ (၎င်းတို့လုပ်ရပ်များ၏ အစ၊ မူလဇာစ်မြစ်နှင့် စည်းမျဉ်းများ အားလုံးမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဆန့်ကျင်သည်။) ဤသည်မှာ လက္ခဏာသွင်ပြင်တစ်ခု ဖြစ်ပြီး ယင်းက အခြေခံကိစ္စတစ်ခု ဖြစ်သည်။ ၎င်းတို့ ပြုလုပ်နေသည့်အရာ၏ အစ၊ မူလဇာစ်မြစ်နှင့် စည်းမျဉ်းများအားလုံးမှာ စာတန်နှင့်ဆိုင်ပြီး ဆိုးယုတ်သည်။ သို့ဆိုလျှင် နောက်ဆုံးရလဒ်မှာ အဘယ်နည်း။ ၎င်းတို့သည် မည်သူ့ကို သက်သေခံနေကြသနည်း။ (စာတန်ဖြစ်သည်။) မှန်၏၊ ၎င်းတို့က စာတန်ကို သက်သေခံနေကြ၏။ လူ့သမိုင်းတစ်လျှောက်တွင် ခေတ်တစ်ခေတ်စီ၌ လူသားများ ပြုလုပ်ခဲ့ပြီးသည့် အရာများ၏ အောင်မြင်မှုများနှင့်ပတ်သက်၍ ဖန်ဆင်းရှင်အား ဂုဏ်ပြုသည့် သမိုင်းပညာရှင် သို့မဟုတ် စာရေးဆရာ တစ်ဦးဦး ရှိဖူးသလော။ (မရှိဖူးပါ။) ဤအရာများသည် လူသားမျိုးနွယ်၏ ကြီးကျယ်ခမ်းနားသော တာဝန်ယူဆောင်ရွက်ချက်များမှ ကျန်ရစ်ခဲ့သည့် အမွေအနှစ်များ သို့မဟုတ် ကြီးမားသော အောင်မြင်မှုများဖြစ်သည်ဟုသာ ၎င်းတို့ ဆိုလိမ့်မည်။ ဤအရာများကို ချန်ရစ်သွားသည့် ကြီးမြတ်သော လူတို့နှင့် ထင်ပေါ်ကျော်ကြားသော ပုဂ္ဂိုလ်များသည် လူသားမျိုးနွယ်၏ အမြင်တွင် မည်သူ့ကို ကိုယ်စားပြုသနည်း။ ထင်ပေါ်ကျော်ကြားသော ပုဂ္ဂိုလ်များ သို့မဟုတ် ကြီးမြတ်သောလူများ၊ သို့တည်းမဟုတ် လူသားမျိုးနွယ်အား အရေးပါသော အကျိုးပြုဆောင်ရွက်မှုများကို ပြုလုပ်ထားပြီးသော သူတို့အားလုံးကို ဖောက်ပြန်ပျက်စီးသော လူသားများက ဝတ်ပြုကိုးကွယ်ကြသည်။ လူတို့၏စိတ်နှလုံးထဲ၌ ၎င်းတို့ယူထားသည့် နေရာသည် ဘုရားသခင်၏ အဆင့်နေရာအဖြစ် လူတို့သတ်မှတ်သည့် နေရာပင် ဖြစ်၏။ ဤသည်မှာ ထိုကိစ္စ၏ အနှစ်သာရပင် မဟုတ်လော။ (ဟုတ်ပါသည်။) လူတို့လုပ်ရပ်များ၏ မူလဇာစ်မြစ်များ၊ စေ့ဆော်မှုများ၊ အစများနှင့် စည်းမျဉ်းများအားလုံးသည် ဆိုးယုတ်သော အတွေးအခေါ်မှ မြစ်ဖျားခံလာပြီး သမ္မာတရားနှင့် မကိုက်ညီပေ။ လူတို့သည် လူသား၏ နည်းလမ်းများအားဖြင့် သို့မဟုတ် ၎င်းတို့၏ ဆုကျေးဇူးများအားဖြင့် တစ်စုံတစ်ခုကို အောင်မြင်ပြီးမြောက်ကာ အခြားသူများကြားတွင် ထင်ပေါ်ကျော်ကြားလာသည့်အပြင် နောက်ဆုံး အကျိုးဆက်မှာ လူသားမျိုးနွယ်သည် ဤအရာအားလုံးကို စာတန်ကြောင့်ဟု မှတ်ယူခြင်းပင်ဖြစ်သည်။ ကွန်ဖြူးရှပ်နှင့် ကွမ်ယုကဲ့သို့ သမိုင်းမှ ထင်ပေါ်ကျော်ကြားသော ပုဂ္ဂိုလ်များနှင့် ကြီးမြတ်သော လူတို့ကို ယခု လူများစွာက ဝတ်ပြုကိုးကွယ်ကြသည့် ပုံစံအတိုင်းပင်။ အခြေခံကျကျ ဆိုရလျှင် ဤလူတို့က အဘယ်မျှကြီးမြတ်သော လုပ်ဆောင်ချက်များကို ပြုလုပ်ခဲ့ပြီးစေကာမူ အမျိုးမျိုးသော ဤပုဂ္ဂိုလ်ထူးများကို ဤလောကသို့ ရောက်လာရန်နှင့် မတူညီသော ခေတ်ကာလများ၌ အထူးလုပ်ဆောင်ချက်များကို ပြုလုပ်ရန် စီစဉ်ခဲ့သူမှာ အမှန်တွင် ဘုရားသခင်ပင် ဖြစ်သည်။ သို့ရာတွင် ရှေးဟောင်းခေတ်တွင် ဖြစ်စေ၊ မျက်မှောက်ခေတ်တွင် ဖြစ်စေ မှတ်တမ်းတင်ထားသော လူ့သမိုင်းတစ်ခုလုံး၌ ဖန်ဆင်းရှင်၏ လုပ်ဆောင်ချက်များကို သက်သေခံသည့် ဖြစ်စဉ်တစ်ခုမျှ မရှိချေ။ သမ္မာကျမ်းစာကသာလျှင် ပညတ်တရားခေတ်နှင့် ကျေးဇူးတော်ခေတ်၌ ဘုရားသခင်၏ အမှုတော်အဆင့်နှစ်ဆင့်၏ အရိပ်လက္ခဏာအချို့ကို မှတ်တမ်းတင်လေသည်။ သို့သော် ထိုနေရာ၌ မှတ်တမ်းတင်ထားသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကပင် အတော့်ကို နည်းပါး၏။ အမှန်တကယ်တွင် ဘုရားသခင်သည် နှုတ်ကပတ်တော်များစွာကို မိန့်ဆိုထားပြီးဖြစ်ကာ များပြားလှသော လုပ်ဆောင်ချက်များကို ပြုလုပ်ထားပြီး ဖြစ်သော်လည်း လူသားများမှ မှတ်တမ်းတင်ထားသော အရာမှာ အလွန်အမင်း နည်းပါးလှသည်။ ဆန့်ကျင်ဘက်အားဖြင့် ထင်ပေါ်ကျော်ကြားပြီး ကြီးမြတ်သော လူတို့ကို မှတ်တမ်းတင်သည့်၊ သက်သေခံသည့်၊ သို့မဟုတ် ချီးကျူးဂုဏ်ပြုသည့် မရေတွက်နိုင်သော စာအုပ်များရှိ၏။ ဤအရာက ငါတို့ ခုလေးတင် ဆွေးနွေးခဲ့သည့်ကိစ္စ၏ အနှစ်သာရကို ရှင်းလင်းသည်မဟုတ်လော။ သမိုင်းတစ်လျှောက်တွင် ထင်ပေါ်ကျော်ကြားပြီး ကြီးမြတ်သော လူတို့သည် သူတို့အတွက်သာ ပြုမူလုပ်ဆောင်ကြပြီးဖြစ်ကြောင်း ငါတို့ ခုလေးတင် ဖော်ပြခဲ့သည်။ အနှစ်သာရအားဖြင့် စာတန်အတွက် ပြုမူလုပ်ဆောင်ခြင်းပင်။ ၎င်းတို့သည် ၎င်းတို့၏တာဝန်များကို ဖြည့်ဆည်းနေခဲ့ခြင်း မဟုတ်ဘဲ၊ မိမိတို့၏ကိုယ်ပိုင် စီမံခန့်ခွဲမှုကို လုပ်ဆောင်နေခြင်း သို့မဟုတ် မိမိတို့၏ကိုယ်ပိုင်လုပ်ငန်း၌ ပါဝင်ခြင်းသာဖြစ်ကြောင်း ဤအရာက ပြသသည်။ ဤလောကတွင် လူတို့တာဝန်ယူသည့် အလုပ်တစ်ခုခု၏ သဘာဝ၊ အနှစ်သာရမှာ မည်သည့်အရာနည်း။ (ကိုယ်ရေးကိုယ်တာ စီမံခန့်ခွဲမှု၌ ပါဝင်ဆောင်ရွက်ခြင်းဖြစ်သည်။) ယင်းကို ကိုယ်ရေးကိုယ်တာ စီမံခန့်ခွဲမှု၌ ပါဝင်ဆောင်ရွက်ခြင်းဟု အဘယ့်ကြောင့် သဘောထားသနည်း။ အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ ၎င်းတို့သက်သေခံသည်မှာ စာတန် ဖြစ်သောကြောင့်တည်း။ ၎င်းတို့၏ ပြုမူလုပ်ဆောင်ခြင်းအတွက် စည်းမျဉ်းများနှင့် စေ့ဆော်မှုများ အားလုံးမှာ စာတန်ထံမှလာသည်ဖြစ်၍ သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် မည်သည့်အရာမျှ မသက်ဆိုင်ပေ။ သို့ဆိုလျှင် တာဝန်၏သဘာဝမှာ အဘယ်နည်း။ ယင်းက ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ရသော အလုပ်ကို ရည်ညွှန်းကာ၊ အလုပ်ကို သမ္မာတရား၌ အခြေပြုရမည်၊ သမ္မာတရား စည်းမျဉ်းများအတိုင်း လုပ်ဆောင်ရမည်ဖြစ်ပြီး ဘုရားသခင်၏ တောင်းဆိုမှုများနှင့်အညီ ပြုလုပ်ရမည်ဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ ရလဒ်မှာ လူတို့အနေဖြင့် ဘုရားသခင်ကို သက်သေခံနိုင်ပြီး ဘုရားသခင်အပေါ် နာခံမှုကို ပိုင်ဆိုင်ကာ သူနှင့်ပတ်သက်၍ အသိပညာရှိခြင်းဖြစ်သည်။ ၎င်းတို့၌ ဖန်ဆင်းရှင်နှင့်ပတ်သက်၍ ပိုမိုနက်နဲသော သိနားလည်ခြင်းနှင့် ပို၍စစ်မှန်သော ကျိုးနွံနာခံမှုရှိသည့်အပြင် ၎င်းတို့သည် ဖန်ဆင်းခံများ ပြုသင့်သည့်အရာကို ပြုလုပ်နိုင်ကြသည်။ ဤသည်မှာ ဤအရာနှစ်ခုကြားမှ အကြီးဆုံးသော ခြားနားချက်ဖြစ်၏။ လူတို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း ၎င်းတို့၏ တာဝန်များကို လက်ခံသောအခါ ဘုရားသခင်နှင့် ၎င်းတို့၏ဆက်ဆံရေးမှာ ပို၍ပို၍ ပုံမှန်ဖြစ်လာသည်။ သို့ဆိုလျှင် ဤလောကကြီးတွင် လူတို့ ပါဝင်ဆောင်ရွက်သည့် မည်သည့်အလုပ်မဆို ဤအကျိုးသက်ရောက်မှုကို ရရှိနိုင်သလော။ လုံးဝ မရနိုင်၊ ရလဒ်က တကယ့်ကို ပြောင်းပြန်ဖြစ်သည်။ လူတစ်ဦးသည် လောကီအလုပ်လုပ်ရင်း နှစ်ကာလများ ပို၍ကုန်လွန်လေ၊ ဘုရားသခင်အား ပို၍ပုန်ကန်ပြီး သူ့ထံမှ ပို၍ဝေးဝေး လွင့်မျောလေ ဖြစ်သည်။ လူတစ်ဦး၏ ကိုယ်ရေးကိုယ်တာ စီမံခန့်ခွဲမှု ပို၍အဆင်ပြေလေ၊ ဘုရားသခင်ထံမှ ပို၍ဝေးဝေး ရောက်သွားလေ ဖြစ်သည်။ လူတစ်ဦး၏ ကိုယ်ရေးကိုယ်တာ စီမံခန့်ခွဲမှု ပို၍အောင်မြင်လာလေ၊ ဘုရားသခင်၏ သတ်မှတ်ချက်များမှ ပို၍ဝေးဝေးသို့ လမ်းလွဲလေ ဖြစ်သည်။ ထို့အတွက်ကြောင့် တာဝန်ထမ်းဆောင်ခြင်းနှင့် လောကီအလုပ်၌ ပါဝင်ဆောင်ရွက်ခြင်းတို့တွင် လုံးလုံးလျားလျား မတူညီသော သဘာဝနှစ်ခု ရှိလေ၏။

လူတစ်ဦး၏ တာဝန်နှင့် လောကီအလုပ်၌ ပါဝင်သော လူတစ်ဦးတို့ကြားမှ ခြားနားချက်ကို ယခုပင် ဆွေးနွေးခဲ့သည်။ ဤဆွေးနွေးချက်မှာ သမ္မာတရား၏ မည်သည့်လက္ခဏာသွင်ပြင်ကို လူတို့နားလည်ဖို့ အထောက်အကူပြုရန် ရည်ရွယ်ထားသနည်း။ မည်သည့်တာဝန်ကို သင်လက်ခံရရှိသည်ဖြစ်စေဘုရားသခင် စေခိုင်းသည့်အတိုင်း သင်ထမ်းဆောင်သင့်သည်။ ဥပမာအနေဖြင့် သင်သည် အသင်းတော်၏ ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးကောက်ခံရသည့်အခါ၊ သင်၏တာဝန်သည် အသင်းတော်ခေါင်းဆောင်တစ်ဦး၏ အလုပ်ကို ထမ်းဆောင်ဖို့ဖြစ်သည်။ ဤအလုပ်ကို သင်၏တာဝန်အဖြစ် ယူပြီးသည်နှင့်တစ်ပြိုင်နက်၊ သင်အဘယ်အရာကို လုပ်ဆောင်သင့်သနည်း။ ပထမဦးစွာ ခေါင်းဆောင်တစ်ဦးအနေဖြင့် သင့်အလုပ်၏ အောင်မြင်မှုသည်သာ သင့်တာဝန် ထမ်းဆောင်ခြင်း ဖြစ်သည်ကို သိလော့။ သင်သည် အပြင်လောက၌ အရာရှိတစ်ဦးအဖြစ် အစေခံနေခြင်း မဟုတ်ပေ။ သင်သည် ခေါင်းဆောင်တစ်ဦးဖြစ်လာပြီးနောက် သင့်ကိုယ်သင် အရာရှိတစ်ဦးအဖြစ် ယူဆပါက သင်သည် လမ်းလွဲပြီဖြစ်သည်။ သို့ရာတွင် သင်က “ယခုအခါ ကျွန်ုပ်သည် အသင်းတော်ခေါင်းဆောင်တစ်ဦး ဖြစ်လာပြီဖြစ်သောကြောင့် ကျွန်ုပ်သည် တင်စီး၍မဖြစ်ပေ၊ အခြားလူတိုင်း၏ အောက်တွင် မိမိကိုယ်ကိုယ်ထားရှိရမည်၊ ၎င်းတို့အား ကျွန်ုပ်ထက် မြင့်မားပြီး အရေးပါသည့်သူများဖြစ်စေရမည်”ဟု ပြောဆိုလျှင်၊ ဤစိတ်နေစိတ်ထားသည်လည်း မှားယွင်းပေသည်။ သမ္မာတရားကို သင်နားမလည်ပါက ဟန်ဆောင်ခြင်း တစ်ခုတစ်လေသည် အသုံးမဝင်ပေ၊ သင့်တာဝန်နှင့်ပတ်သက်၍ မှန်ကန်သည့် နားလည်မှုသည်သာ အလုပ်ဖြစ်လိမ့်မည်။ ပထမဦးစွာ အသင်းတော်ခေါင်းဆောင်တစ်ဦး၏ အလုပ်နှင့်ပတ်သက်သည့် အရေးပါမှုကို သင်သိမှတ်ရမည် ဖြစ်သည်။ အသင်းတော်တစ်ခု၌ အသင်းသား ဒါဇင်အချို့ရှိနိုင်ပြီး ဤလူများကို ဘုရားရှေ့မှောက်သို့ မည်သို့ ဦးဆောင်ရမည်ကိုလည်းကောင်း၊ ၎င်းတို့ထဲမှ အများစုအား သမ္မာတရားကို နားလည်ဖို့၊ သမ္မာတရား စစ်မှန်မှုသို့ ဝင်ရောက်ဖို့ မည်သို့ ခွင့်ပြုရမည်ကိုလည်းကောင်း သင်တွေးရမည်။ အပျက်သဘောဆောင်ပြီး အားနည်းနေသည့်သူများကို အပျက်သဘောဆောင်ပြီး အားနည်းခြင်းမှ တားဆီးဖို့နှင့် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်နိုင်စေဖို့ ရေလောင်းခြင်းနှင့် ထောက်ပံ့ခြင်းတို့အတွက်လည်း သင် အချိန်ပိုသုံးရမည်။ မိမိတို့၏တာဝန်များကို ထမ်းဆောင်နိုင်စွမ်းရှိသူအားလုံးအား သမ္မာတရားကို နားလည်ခြင်းနှင့် လက်တွေ့အရှိတရားသို့ ဝင်ရောက်ခြင်း၊ အခြေခံသဘောတရားများအတိုင်း ပြုမူခြင်းနှင့် မိမိတို့၏တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ပြီး၊ ထိုသို့ဖြင့် သာ၍ ကြီးမားသော အကျိုးရရှိစေဖို့လမ်းပြရမည်။ ဘုရားသခင်ကို နှစ်အတန်ကြာ ယုံကြည်လာပြီးသော လူအချို့ရှိသော်လည်း အသင်းတော်၏ အလုပ်ကို အမြဲတစေ ဖျက်ဆီးနှောင့်ယှက်သည့် အတော်ပင် ဆိုးယုတ်သော လူ့သဘာဝရှိကာ၊ ဤလတို့ကို လိုအပ်သလို ပြုပြင်သင့်သည်။ နောင်တရဖို့ ခေါင်းမာမာနှင့် ငြင်းဆန်သူတို့ကို ရှင်းလင်းသင့်သည်။ ထိုသူတို့ကို စည်းမျဉ်းနှင့်အညီ ကိုင်တွယ်သင့်ပြီး သင့်တော်သလို စီမံသင့်သည်။ အားလုံးထက် အရေးကြီးဆုံးသောအရာလည်း ရှိ၏။ အသင်းတော်ထဲရှိ အချို့သည် အတော်ပင်ကောင်းသော လူ့သဘာဝနှင့် အစွမ်းအစအနည်းငယ် ကို ပိုင်ဆိုင်ကာ အလုပ်၏ သေချာသော ကဏ္ဍတစ်ခုကို တာဝန်ယူနိုင်စွမ်း ရှိသည်။ ထိုသို့သော လူတို့အားလုံးကို နှောင့်နှေးခြင်းမရှိ၊ အချိန်ဆွဲမနေဘဲ ပြုစုပျိုးထောင်ပေးရမည်။ ထိုသူတို့ ကျွမ်းကျင်လာရန်အတွက် လေ့ကျင့်မှုလိုမည်ဖြစ်ပြီး လေ့ကျင့်မှုတစ်ခုခု လုံးဝမရှိလျှင် သူတို့ မည်သည့်အရာမျှ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ ဤသည်တို့မှာ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ကောင်းစွာ ထမ်းဆောင်ဖို့ အရေးတကြီးလိုအပ်သည့် လုပ်ငန်းများ မဟုတ်လော။ အကယ်၍ သင်သည် ခေါင်းဆောင်တစ်ဦး ဖြစ်လာပြီး စိတ်ထဲတွင် ဤကိစ္စများကို မစောင့်ထိန်းသည့်အပြင် အလုပ်ကို ဤပုံစံအတိုင်း မထမ်းဆောင်ပါက သင့်တာဝန်ကို ကောင်းစွာ ဖြည့်ဆည်းနိုင်မည်လော။ (ဖြည့်ဆည်းနိုင်မည် မဟုတ်ပါ။) ခေါင်းဆောင်တစ်ဦး အနေဖြင့် အသင်းတော်အလုပ်၏ ကဏ္ဍတစ်ခုစီတိုင်းကို ဖြေရှင်းဖို့လိုအပ်သည်။ ပထမအနေဖြင့် အရေးကြီးဆုံး ကိစ္စမှာ ပါရမီရှိသော လူတို့ကို ပြုစုပျိုးထောင်ဖို့ ဖြစ်သည်။ ကောင်းသော လူ့သဘာဝရှိသူတို့နှင့် အစွမ်းအစ ပိုင်ဆိုင်သူတို့ကို မြှင့်တင်ပေးကာ ထိုသူတို့ကို ပြုစုပျိုးထောင်ပြီး လေ့ကျင့်ပေးလော့။ ဒုတိယအနေဖြင့် ညီအစ်ကို မောင်နှမများကို သမ္မာတရားစစ်မှန်မှုထဲ ဝင်ရောက်ဖို့ ခေါ်ဆောင်ပြီး မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ရန်၊ မိမိတို့ကိုယ်ကို သိနားလည်ရန်၊ အယူဝါဒမှားများနှင့် အထင်အမြင်မှားခြင်းတို့ကို ပိုင်းခြားသိမြင်ရန်၊ လူတို့ကို ပိုင်းခြားသိမြင်ရန်နှင့် မိမိတို့၏ တာဝန်များကို ကောင်းစွာ ဖြည့်ဆည်းရန် ထိုသူတို့ကို အထောက်အကူပေးလော့။ ဤသည်မှာ အသက်ဝင်ရောက်မှု၏ အစိတ်အပိုင်းတစ်ခု ဖြစ်၏။ တတိယအနေဖြင့် (သိမ်ငယ်သော လူ့သဘာဝရှိသူတို့ မပါဝင်ဘဲ) မိမိတို့၏ တာဝန်များကို ဖြည့်ဆည်းနိုင်သောသူ အများစုကို ထိုသို့ အမှန်တကယ် ပြုလုပ်ရန် အထောက်အကူပေးပြီး ထိုသူတို့သည် နမော်နမဲ့နှင့် ဝတ်ကျေတမ်းကျေသာ ပြုမူလုပ်ဆောင်ခြင်းထက် မိမိတို့၏ တာဝန်များကို ဖြည့်ဆည်းရာ၌ ရလဒ်များကို ရရှိစေရန် သေချာစေလော့။ စတုတ္ထအနေဖြင့် အသင်းတော်၏အလုပ်ကို ဖျက်ဆီးနှောင့်ယှက်သူတို့ကို မဆိုင်းမတွ ကိုင်တွယ်လော့။ ထိုသူတို့က မိတ်သဟာယပြုရာ၌ သမ္မာတရားကို ငြင်းဆိုပါက ပြုပြင်ရမည်။ ထို့အပြင် ထိုကာလအတွင်း နောင်တမရဘဲ နေလျှင် ထိုသူတို့ကို မိမိကိုယ်ကို ဆန်းစစ်ခြင်းအတွက် အဆက်အသွယ် ဖြတ်သင့်သည့်အပြင် ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းပင် ပြုသင့်သည်။ ပဉ္စမအနေဖြင့် ဘုရားသခင်ရွေးကောက်သော လူတို့ကို မယုံကြည်သူများ၊ အတုအယောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များအား ပိုင်းခြားသိမြင်ရန် အထောက်အကူပေးလျက် ၎င်းတို့ လှည့်စားမခံရအောင်နှင့် ဘုရားသခင်အား ယုံကြည်ခြင်းနှင့်ဆိုင်သည့် လမ်းကြောင်းမှန်ပေါ် တတ်နိုင်သမျှ အမြန်ဆုံး ဝင်ရောက်နိုင်ရန် သေချာစေလော့။ အထက်ပါအချက် ငါးချက်စလုံးမှာ အရေးကြီးပြီး ခေါင်းဆောင်မှုနှင့်ဆိုင်သည့် ရှိရင်းစွဲ လုပ်ငန်းတာဝန်များ ဖြစ်သည်။ အလုပ်၏ ဤလက္ခဏာသွင်ပြင် ငါးရပ်ကို ဖြည့်ဆည်းခြင်းသည် လူတစ်ဦးအား အရည်အချင်းပြည့်မီသော အသင်းတော်ခေါင်းဆောင်တစ်ဦး ဖြစ်စေသည့်အရာ ဖြစ်သည်။ ထို့ပြင် အထူးအခြေအနေများကိုလည်း ကောင်းမွန်စွာ ကိုင်တွယ်ရမည်။ ဥပမာအနေဖြင့် လူအချို့၏ အဆိုးမြင်မှုနှင့် အားနည်းချက်က ယာယီဖြစ်ကောင်းဖြစ်နိုင်ပြီး သင်သည် ယင်းတို့ကို သင့်လျော်သလို ပြုမူဆက်ဆံသင့်သည်။ သိမ်းကျုံးဖော်ပြသော အကဲဖြတ်ချက်များကို ပြု၍မရပေ။ အကယ်၍ လူတစ်ဦးသည် အခိုက်အတန့် အဆိုးမြင်ပြီး သူ့ကို သင် “အဆိုးမြင်သမား” သို့မဟုတ် “တာရှည်အဆိုးမြင်သည်” ဟု တံဆိပ်ကပ်ကာ ဘုရားသခင်က သူ့ကို အလိုမရှိတော့ဟု ဆိုပါက ယင်းမှာ မသင့်လျော်ပေ။ ထိုမျှမက လူတိုင်းသည် မိမိတို့ကိုယ်စီ အခန်းကဏ္ဍများကို ဖြည့်ဆည်းသင့်ပြီး မိမိတို့၏ အစွမ်းအစများအတိုင်း ကူညီပံ့ပိုးသင့်သည်။ တစ်ဦးချင်းစီ၏ ဆုကျေးဇူးများ၊ ပါရမီများ၊ အစွမ်းအစ၊ အသက်နှင့် ဘုရားသခင်အား ယုံကြည်လာသည့် ကာလအတိုင်းအတာတို့အပေါ် မူတည်၍ တာဝန်ထမ်းဆောင်ခြင်းအတွက် အစီအမံများကို သင့်လျော်သလို ပြုလုပ်သင့်သည်။ ဤလုပ်နည်းကိုင်နည်းကို ကွဲပြားသော လူစားမျိုးများနှင့် ကိုက်ညီအောင် အံဝင်ခွင်ကျ စီမံထားပေးလျက် ထိုသူတို့ကို ဘုရားသခင်၏ အိမ်တော်၌ သူတို့၏တာဝန်များကို ဖြည့်ဆည်းရန်နှင့် သူတို့၏ အသုံဝင်မှုကို အကောင်းဆုံး အသုံးချရန် အခွင့်ပေးရမည်ဖြစ်သည်။ အကယ်၍ သင်သည် စိတ်ထဲ၌ ဤထည့်တွက်စဉ်းစားရမည့် အချက်များကို မှတ်ထားပါက သင်သည် ဝန်တာစိတ်ဖြစ်ပေါ်လာမည်ဖြစ်ပြီး လေ့လာအကဲခတ်ခြင်းအပေါ် အမြဲတမ်း အာရုံစိုက်ရမည် ဖြစ်သည်။ မည်သည့်အရာကို လေ့လာအကဲခတ်ရမည်နည်း။ သင် ပို၍ ဆက်ဆံနိုင်ရအောင် ကြည့်ကောင်းသောသူမဟုတ်။ သင် ချန်လှပ်ထားနိုင်ရအောင် ရုပ်ဆိုးသည်ဟု သင်ထင်သောသူမဟုတ်။ သင် မျက်နှာချိုသွေးနိုင်ရအောင် စွမ်းဆောင်ရည်နှင့် အဆင့်အတန်း ရှိပုံပေါ်သောသူမဟုတ်။ ထို့ပြင် သူ့ကို သင် အပြစ်ဒဏ်ပေးဖို့ ကြိုးစားနိုင်ရအောင် သင့်အား ဦးညွှတ်ဂါရဝပြုသောသူ မဟုတ်သည်မှာ သေချာ၏။ ဤအရာများ တစ်ခုမျှမဟုတ်ပေ။ သို့ဆိုလျှင် မည်သည့်အရာကို လေ့လာအကဲခတ်သင့်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ်၊ လူမျိုးစုံအပေါ် သူ၏ စိတ်ထားများနှင့် ပြဋ္ဌာန်းချက်များကို အခြေခံ၍ လူတို့ကို ပိုင်းခြားသိမြင်သင့်ပြီး စည်းမျဉ်းများကို အခြေခံ၍ သူတို့ကို ပြုမူဆက်ဆံသင့်သည်။ ဤအရာသည် သမ္မာတရားနှင့် ကိုက်ညီ၏။ ပထမဦးစွာ အသင်းတော်ထဲရှိ လူစားအမျိုးမျိုးတို့ကို အမျိုးအစားခွဲလော့။ ကောင်းသော အရည်အသွေးနှင့် သမ္မာတရားကို လက်ခံဖို့ အစွမ်းအစရှိသောသူတို့ကို အမျိုးအစားတစ်ခုအဖြစ်၊ ညံ့ဖျင်းသော အရည်အ‌သွေးနှင့် သမ္မာတရားကို လက်ခံဖို့ အစွမ်းအစမရှိသောသူတို့ကို အခြား အမျိုးအစားတစ်ခုအဖြစ်၊ မိမိတို့၏ တာဝန်များကို ဖြည့်ဆည်းနိုင်သောသူတို့ကို အခြား အမျိုးအစားတစ်ခုအဖြစ်၊ ထို့ပြင် မဖြည့်ဆည်းနိုင်သောသူတို့ကို အခြား အမျိုးအစားတစ်ခုအဖြစ် ခွဲခြားလော့။ နောက်ဆုံးတွင် အမြဲတမ်း ညည်းညူသော၊ အယူအဆများကို ဖြန့်ဖြူးသော၊ အပျက်သဘောထဲသို့ ကျရောက်သော၊ ထို့ပြင် အဖျက်အမှောင့်များကို ဖြစ်စေသော သူတို့ကိုလည်း အမျိုးအစားတစ်ခုထဲ၌ ထားရှိသင့်သည်။ လူတိုင်းကို အမျိုးအစားခွဲထားပြီး အုပ်စုတစ်ခုစီ၏ တကယ့်အခြေအနေကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း စေ့စေ့စပ်စပ် သိရှိထားလျက် ကယ်တင်၍ရနိုင်မည့်သူနှင့် မရမည့်သူကို ရှင်းလင်းစွာ မြင်တွေ့ပြီးသည်နှင့် တစ်ပြိုင်နက် သင်သည် လူမျိုးစုံကို ရိပ်စားမိနိုင်မည်ဖြစ်သည်။ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ပြီး မည်သူ့ကို ဘုရားသခင် ကယ်တင်လိုပြီး မည်သူ့ကို ဖယ်ရှားလိုသည်ကို သိမည်ဖြစ်သည်။ သင်၏ ဝန်တာစိတ်ကြောင့် ဤအရာအားလုံး ထွက်ပေါ်လာသည် မဟုတ်လော။ ဤသည်မှာ တာဝန်အပေါ်ထားရမည့် မှန်ကန်သော စိတ်ထားမဟုတ်လော။ အကယ်၍ သင်သည် သင့်အထဲ၌ မှန်ကန်သော ဤစိတ်ထားနှင့် ဝန်တာစိတ်တစ်ခုကို ပိုင်ဆိုင်ပါက သင်သည် သင်၏အလုပ်ကို ကောင်းစွာလုပ်ဆောင်နိုင်မည်။ အကယ်၍ သင်သည် သင်၏တာဝန်များကို ဤပုံစံအတိုင်း မပြုမူဘဲ၊ ထိုအစား တရားဝင်ရာထူးတစ်ခု၌ ရှိနေသည့်အလား တာဝန်များ ထမ်းဆောင်ခြင်းကို ရှုမြင်လျက် “ခေါင်းဆောင်တစ်ဦးဖြစ်ခြင်းသည် ရာထူးရယူထားသည်နှင့် တူသည်။ ဤသည်မှာ ဘုရားသခင်ထံမှ ကောင်းချီးတစ်ခု ဖြစ်လေ၏။ ယခုတွင် ငါ၌ အဆင့်အတန်းရှိသည်ဖြစ်၍ လူတို့က ငါ့အား နာခံရပြီး၊ ယင်းမှာ ကောင်းသောအရာတစ်ခု ဖြစ်လေ၏” ဟု အမြဲတမ်း စဉ်းစားပါက၊ ခေါင်းဆောင်တစ်ဦးဖြစ်ခြင်းသည် အရာရှိတစ်ဦးဖြစ်ခြင်းနှင့် တူညီသည်ဟု စဉ်းစားပါက သင် ဒုက္ခရောက်ပေပြီ။ သင်သည် အရာရှိတစ်ဦး၏ ပုံစံအတိုင်းနှင့် အရာရှိများ အလုပ်လုပ်သည့်ပုံစံကို အခြေခံ၍ ဦးဆောင်မည်မှာ အသေအချာဖြစ်သည်။ သို့ဆိုလျှင် အသင်းတော်၏အလုပ်ကို သင့်တင့်လျောက်ပတ်စွာ ထမ်းဆောင်နိုင်မည်လော။ ထိုသို့သောအမြင်မျိုးဖြင့် သင်သည် ဖော်ထုတ်ခံရပြီး ဖယ်ရှားခံရမည်မှာ မုချဖြစ်၏။ သင်သည် သွားလေရာတိုင်းတွင် လူတို့ဝိုင်းရံခံရမည့်အပြင် သင်ပြောသည့်အရာတိုင်းကို လူတို့က ဆောင်ရွက်ရမည့် အရာရှိတစ်ဦးအဖြစ် မိမိကိုယ်မိမိ အမြဲတမ်း စိတ်ကူးကြည့်နေပေမည်။ အသင်းတော်၌ မည်သည့်အကျိုးအမြတ်တွင်မဆို ဗွေဆော်ဦးရွေးချယ်ခွင့်ကိုလည်း ရရမည်ဖြစ်သည်။ အသင်းတော်၌ မည်သည့်အလုပ်ရှသည်ဖြစ်စေ၊ သင်သည် အမိန့်များပေးဖို့သာ လိုပြီး သင်ကိုယ်တိုင် မည်သည့်အရာမျှ လုပ်စရာမလိုရပေ။ ဤသည်မှာ မည်သို့သော စိတ်ထားမျိုးနည်း။ ဤသည်မှာ အဆင့်အတန်းနှင့်ဆိုင်သည့် အကျိုးအမြတ်များ၌ အရသာတွေ့ခြင်းမဟုတ်လော။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမဟုတ်လော။ သမ္မာတရားကို မလိုက်စားသောသူတို့အားလုံးသည် ၎င်းတို့၏ တာဝန်များကို ဆိုးယုတ်သော စိတ်သဘောထားကို အခြေခံ၍ ထမ်းဆောင်ကြသည်။ ခေါင်းဆောင်နှင့် အမှုဆောင်တို့ အများအပြား ဖော်ထုတ်ခံရပြီး ဖယ်ရှားခံရသည်မှာ ၎င်းတို့၏ တာဝန်များကို သမ္မာတရားအရိပ်အယောင်တစ်ခုကိုမျှပင် လက်မခံခြင်းမရှိ၊ ဆိုးယုတ်သော စိတ်သဘောထားကို အခြေခံ၍ အမြဲတမ်း ထမ်းဆောင်ခဲ့ကြသောကြောင့် ဖြစ်သည်။ ယခုတွင် ခေါင်းဆောင်းအချို့က ဤပုံစံအတိုင်း ပြုမူနေကြသေးသည်။ ခေါင်းဆောင်တစ်ဦး ဖြစ်လာပြီးနောက် သူတို့သည် အတွင်းစိတ်၌ အတော်လေး အူမြူးနေကြပြီး အနည်းငယ် မိမိကိုယ်မိမိ ကျေနပ်နေကြသည်။ ထိုစိတ်ခံစားမှုကို ဖော်ပြဖို့ ခက်ခဲသော်လည်း၊ မည်သို့ပင်ဆိုစေ သူတို့သည် အတော်ပင် ကောင်းစွာ လုပ်ဆောင်ထားကြပြီဟု ထင်ကြသည်။ သို့ရာတွင် ထိုသူတို့က “ငါသည် မြောက်ကြွမြောက်ကြွ နေ၍မရ။ မြောက်ကြွမြောက်ကြွ ဖြစ်ခြင်းသည် မာနထောင်လွှားခြင်း၏ သင်္ကေတတစ်ခုဖြစ်ပြီး မာနထောင်လွှားခြင်းသည် ကျရှုံးခြင်းမှုအတွက် ရှေ့ပြေးနိမိတ် ဖြစ်၏။ ငါသည် ခပ်လျှိုလျှိုဖြစ်သင့်၏” ဟု တွေးဆတော့သည်။ အပေါ်ယံတွင် ထိုသူတို့သည် ခပ်လျှိုလျှို ပြုမူကာပြီး ဤသည်မှာ ဘုရားသခင်ထံမှ မြှင့်တင်ခြင်းနှင့် တာဝန်ပေးစေခိုင်းချက်တစ်ခု ဖြစ်ကြောင်း၊ သူ၌ ယင်းကို လုပ်ဆောင်ရုံမှတစ်ပါး ရွေးချယ်စရာမရှိကြောင်း လူတိုင်းကို ပြောပြလေသည်။ သို့ရာတွင် အတွင်း၌မူကား ထိုသူသည် “နောက်ဆုံးတွင် ငါ အရွေးခံရပြီ။ ငါ၏အစွမ်းအစ မကောင်းဟု အဘယ်သူဆိုသနည်း။ ငါ၏အစွမ်းအစ ညံ့ဖျင်းခဲ့ပါက အဘယ်သို့ ငါ အရွေးခံရနိုင်မည်နည်း။ အဘယ်ကြောင့် အခြားတစ်ယောက်ယောက် အရွေးမခံခဲ့ရသနည်း။ ငါ၌ အခြားသူများထက် အရေးသာမှုများ တကယ်ရှိနေပုံရသည်” ဟု ဆိုလျက် တိတ်တဆိတ် ဝမ်းသာနေသည်။ ထိုသူ့အပေါ် ဤတာဝန် ကျရောက်သောအခါ ဤသည်တို့မှာ သူ၏စိတ်နှလုံးထဲ၌ ပထမဆုံး စဉ်းစားမိသည့်အရာများ ဖြစ်သည်။ “ယခုတွင် ဤတာဝန်မှာ ငါ့အပေါ် ကျရောက်လာပြီ။ ယင်းကို ငါ အဘယ်သို့ ဖြည့်ဆည်းသင့်သနည်း။ မည်သူသည် ငါသင်ယူရမည့်အကြောင်း အတိတ်၌ ကောင်းသောအလုပ်ကို လုပ်ဆောင်ခဲ့ပြီးပြီနည်း။ ဤတာဝန်ကို ဖြည့်ဆည်းခြင်းအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များမှာ အဘယ်နည်း။ အသင်းတော်၏ အလုပ်စီမံခန့်ခွဲမှုများတွင် ထိုသို့သော သတ်မှတ်ချက်များတစ်ခုခု ရှိသလော။ ငါသည် အသင်းတော်အလုပ်၏ ဤလက္ခဏာသွင်ပြင်များနှင့် ပတ်သက်၍ မည်သည့်အခါမျှ မစိုးရိမ်ခဲ့ဖူးသော်လည်း ယခုတွင် ငါသည် ခေါင်းဆောင်တစ်ဦးအဖြစ် အရွေးခံရပြီ။ ဘာလုပ်သင့်သနည်း” ဟု မစဉ်းစားပေ။ အမှန်တွင် သင်၌ ကြံ့ခိုင်မှုရှိပြီး သမ္မာတရားကို ရှာဖွေနိုင်သရွေ့ လမ်းကြောင်းရှိ၏။ အကယ်၍ သင်သည် အလုပ်ကို သင်၏တာဝန်အဖြစ် သဘောထားပါက ယင်းကို ကောင်းစွာ လုပ်ဆောင်ဖို့ လွယ်ကူမည်ဖြစ်သည်။ လူအချို့သည် ခေါင်းဆောင်များဖြစ်လာပြီးလျှင် “ယခု ဤလူတို့ကို ငါ့အား အပ်နှံထားပြီ။ သူတို့စုဝေးမည့်ပုံနှင့် သူတို့အတွက် မည်သည့်အလုပ်ကို စီမံခန့်ခွဲမည်မှာ ငါ၏တာဝန်ဖြစ်ပေမည်။ အလိုလေး၊ ယခုပင်လျှင် ငါ စိတ်လေးနေပြီ” ဟု ဆိုကြသည်။ ဤစကားလုံးများက မည်သည့်အရာကို သွယ်ဝိုက်ညွှန်းဆိုသနည်း။ ယင်းမှာ သူတို့က ကြီးမားသော အရာများကို ပြီးမြောက်နိုင်မည်ကဲ့သို့ ဖြစ်၏။ ယင်းတို့အားလုံးမှာ အနှစ်မဲ့သော ပြောဆိုမှုနှင့် သြဝါဒများပင် ဖြစ်သည်။ ဤကဲ့သို့သော လူစားမျိုးမှာ အနည်းငယ် ကြောင်သူတော်ဆန်သည် မဟုတ်လော။ သင်တို့အနက် တစ်ဦးဦးသည် ထိုကဲ့သို့သောအရာများကို ဆိုဖူးသလော။ (ဆိုဖူးပါသည်။) သို့ဆိုလျှင် သင်တို့အားလုံးလည်း အတော်ပင် ကြောင်သူတော်ဆန်ကြသည်။ သို့ရာတွင် ထိုကဲ့သို့သော အပြုအမူသည် လူတို့အတွက် ပုံမှန်ဖြစ်၏။ အရေးမပါသော အရာရှိများဖြစ်လာသူတို့ပင် အနည်းငယ် ကြွားဝါကြသည်။ ထိုသူတို့က ၎င်းတို့၏ ပုဂ္ဂိုလ်ရေးတန်ဖိုးမှာ တက်လာသည်ဟု ရုတ်တရက် ခံစားကြကာ၊ အဆင့်အတန်းနှင့် ကျော်ကြားမှုအနည်းငယ်၏ အရသာကို သိလာသည်နှင့် တစ်ပြိုင်နက် ၎င်းတို့၏ စိတ်နှလုံးများက တလိပ်လိပ်တက်လာသည့် ပင်လယ်ကဲ့သို့ မှောက်လှန်သွားပြီး အခြားလူတစ်ဦးကဲ့သို့ ဖြစ်သွားသည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် လွန်ကဲသော စိတ်ဆန္ဒများ အားလုံးက ပေါ်ထွက်လာသည်။ လူတိုင်း၌ အဆိုးမြင်သော၊ အပျက်သဘောဆောင်သော ဤအပြုအမူများ ရှိသည်။ ဖောက်ပြန်ပျက်စီးသည့် လူသားဖြစ်သော မည်သူမဆို ယင်းကို ပိုင်ဆိုင်သည်။ လူအချို့သည် ခေါင်းဆောင်များ ဖြစ်လာပြီးနောက် သူတို့ မည်သို့ လမ်းလျှောက်သင့်သည်ကို မသေချာကြတော့ပေ။ အချို့မှာ လူတို့အား မည်သို့ စကားပြောသင့်သည်ကို မသေချာကြတော့ပေ။ ယင်းမှာ ၎င်းတို့သည် မဝံ့မရဲခြင်းကြောင့် မည်သို့ စကားပြောသင့်သည်ကို မသေချာကြခြင်း မဟုတ်၊ ထို့ထက် ခေါင်းဆောင်တစ်ဦး မည်သို့ ပြုမူနေထိုင်သင့်သည်နှင့် ပတ်သက်၍ မသေချာကြခြင်းကြောင့် ဖြစ်သည်မှာ အသေအချာပင်။ အခြားလူတို့မှာ ခေါင်းဆောင်များ ဖြစ်လာပြီးနောက် မည်သည့်အရာ စားရမည်၊ မည်သည့်အရာ ဝတ်ရမည်ကို မသေချာကြပေ။ ပြုမူလုပ်ဆောင်ပုံ အမျိုးမျိုးရှိ၏။ သင်တို့တစ်ယောက်ယောက်က ဤပြုမူလုပ်ဆောင်ပုံများကို ပြသလော။ ခြားနားသော အတိုင်းအတာများဖြင့် သင်တို့အားလုံး ပြကြသည်မှာ အသေအချာဖြစ်၏။ သို့ဆိုလျှင် ဤအခြေအနေများနှင့် အပြုအမူများကို ကျော်လွန်ဖို့ အဘယ်မျှ ကြာမည်နည်း။ တစ်နှစ် သို့မဟုတ် နှစ်နှစ်လော၊ သုံးနှစ် သို့မဟုတ် ငါးနှစ်လော၊ မဟုတ်လျှင် ဆယ်နှစ်လော။ ယင်းမှာ သူတို့ သမ္မာတရားကို လိုက်စားရမည့် လူတစ်ဦး၏ စိတ်ပိုင်းဖြတ်ချက်နှင့် အတိုင်းအတာအပေါ် မူတည်၏။

သမ္မာတရားကို လိုက်စားခြင်းဖြစ်စဉ်တွင် သမ္မာတရားနှင့် ပတ်သက်၍ လူအချို့၏နားလည်မှုသည် သူတို့၏ဝင်ရောက်မှုနှင့် တိုက်ရိုက်အချိုးကျသည်။ နှစ်ခုစလုံးသည် ညီတူညီမျှဖြစ်၏။ ၎င်းတို့သည် နားလည်နိုင်သမျှအတိုင်း များပြားသော သမ္မာတရားထဲသို့ ဝင်ရောက်နိုင်သည်။ သမ္မာတရားနှင့်ပတ်သက်၍ ၎င်းတို့၏ နားလည်မှုအတိမ်အနက်သည် ၎င်းတို့၏ ဝင်ရောက်မှုအတိမ်အနက်လည်း ဖြစ်သည်သာမက ၎င်းတို့၏ သဘောပေါက်မှု၊ စိတ်ခံစားမှုများနှင့် အတွေ့အကြုံများ၏ အတိမ်အနက်လည်း ဖြစ်သည်။ သို့ရာတွင် လူအချို့သည် သြဝါဒ အများအပြားကို နားလည်သော်လည်း ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုနှင့် ဝင်ရောက်မှုမှာ သုညသာ ရှိသည်။ ထို့အတွက်ကြောင့် တရားဒေသနာ မည်မျှကို ၎င်းတို့ နာယူခဲ့ပြီးပါစေ၊ ၎င်းတို့၏ အတွင်းစိတ်အခက်အခဲများကို မည်သည့်အခါမျှ မဖြေရှင်းနိုင်ကြပေ။ သေးငယ်သော ကိစ္စတစ်ခုကို ရင်ဆိုင်ရသောအခါ ၎င်းတို့၏ ရုပ်ဆိုးသောအပိုင်းက ရုတ်တရက် ထွက်ပေါ်လာပြီး ၎င်းတို့ မည်သို့ကြိုးစားပါစေ၊ မထိန်းချုပ်နိုင်ကြပေ။ ၎င်းတို့ မည်သို့ဖုံးကွယ်ပါစေ၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှုက ပေါ်လွင်နေသေးသည်။ ၎င်းတို့သည် ဖြေရှင်းချက်များအတွက် သမ္မာတရားကို လက်ခံဖို့ သို့မဟုတ် သမ္မာတရားကို ရှာဖွေဖို့ မစွမ်းနိုင်ဘဲ ရှိနေကြဆဲဖြစ်သည်။ ၎င်းတို့သည် အပေါ်ယံမျက်နှာဖုံးကို ဝတ်ဆင်ဖို့၊ လှည့်စားဖို့နှင့် ကောင်းချင်ယောင်ဆောင်ဖို့ပင် သင်ယူကြသည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှာ မကွာကျဘဲ၊ မပြောင်းလဲဘဲ ကျန်ရှိနေသည်။ ဤသည်မှာ သမ္မာတရား မလိုက်စားခြင်း၏ ရလဒ်ဖြစ်၏။ ထို့ကြောင့် နောက်ဆုံး အကျဉ်းချုပ်ပါက ယင်းတို့အားလုံးမှာ တူညီသောစကားရပ်သို့ ပြန်‌ရောက်ရသည်မှာ သမ္မာတရားလိုက်စားခြင်းသည် အလွန် အရေးကြီး၏ဟူသည်ပင်။ လူတစ်ဦး၏ တာဝန်များအား ဖြည့်ဆည်းခြင်းမှာ ထို့အတူပင်ဖြစ်သည်။ မည်သည့်တာဝန်ကို သင်လက်ခံရရှိသည်ဖြစ်စေ၊ သင့်အပေါ် မည်သည့်တာဝန် ကျရောက်သည်ဖြစ်စေ၊ ယင်းက ကြီးမားသော ဝတ္တရား သို့မဟုတ် ပို၍ရိုးစင်းသော ဝတ္တရားကို ဖြစ်ပေါ်စေသည့် တာဝန်ဖြစ်စေ၊ သို့တည်းမဟုတ် ယင်းမှာ သိပ်အရေးမပါသည်ပင်ဖြစ်စေ၊ သင်သည် သမ္မာတရားကို ရှာဖွေနိုင်ပြီး ထိုတာဝန်ကို သမ္မာတရားစည်းမျဉ်းများအတိုင်း ပြုမူဆက်ဆံပါက သင်သည် သင်၏တာဝန်ကို ကောင်းစွာ ဖြည့်ဆည်းနိုင်မည်ဖြစ်သည်။ ထိုမျှမက တာဝန်ထမ်းဆောင်နေခြင်းဖြစ်စဉ်တွင် သင်၏ အသက်ဝင်ရောက်မှုနှင့် စိတ်သဘောထားပြောင်းလဲမှု၌ ခြားနားသော အတိုင်းအတာများကို တွေ့ကြုံရမည်ဖြစ်သည်။ သို့ရာတွင် သင်သည် သမ္မာတရားကို မလိုက်စားဘဲ သင့်တာဝန်ကို ကိုယ်ပိုင်စီမံခန့်ခွဲမှု၊ ကိုယ်ပိုင်လုပ်ငန်းအဖြစ်သာ သ‌ဘောထားပါက၊ သို့တည်းမဟုတ် ကိုယ်ပိုင်ရွေးချယ်မှု သို့မဟုတ် ကိုယ်ရေးကိုယ်တာ အလုပ်အဖြစ် သဘောထားပါက သင်သည် ဒုက္ခတွေ့ပြီဖြစ်သည်။ သင့်တာဝန်အား ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအဖြစ် သဘောထားခြင်းနှင့် သမ္မာတရားစည်းမျဉ်းများအတိုင်း ပြုမူဆက်ဆံခြင်းမှာ ကွာခြားသည်။ သင့်တာဝန်ကို ကိုယ်ပိုင်စီမံခန့်ခွဲမှုအဖြစ် သဘောထားသောအခါ သင်သည် မည်သည့်အရာကို လိုက်စားနေသနည်း။ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကို လိုက်စားနေပြီး အခြားသူများအား သင်၏တောင်းဆိုမှုများကို ပြည့်မီရန် မျှော်လင့်နေသည်။ သင်၏တာဝန်အား ဤပုံစံအတိုင်း ထမ်းဆောင်ခြင်း၏ အဆုံးသတ်ရလဒ်မှာ မည်သည့်အရာ ဖြစ်မည်နည်း။ တစ်ဖက်တွင် ဤပုံစံအတိုင်း သင်၏တာဝန်အား ထမ်းဆောင်ခြင်းသည် စံချိန်စံညွှန်းကို ပြည့်မီမည်မဟုတ်ပေ။ ယင်းက အချည်းနှီးအားထုတ်မှုသဘော သက်ရောက်သည်။ အကယ်၍ သင်သည် အပေါ်ယံတွင် ကြီးမားသော အားထုတ်ကြိုးပမ်းမှုကို ပြုလုပ်ပြီးဖြစ်လျှင်ပင် သင်သည် သမ္မာတရားကို မရှာဖွေရသေးသောကြောင့် သင့်တာဝန်၏ အသီးအပွင့်များက ညံ့ဖျင်းမည်ဖြစ်ပြီး ဘုရားသခင်လည်း ကျေနပ်မည်မဟုတ်ပေ။ အခြားတစ်ဖက်တွင သင်သည် ပြစ်မှားခြင်းများကို မကြာခဏ ကျူးလွန်မည်ဖြစ်ပြီး မကြာခဏ ဖျက်ဆီးနှောင့်ယှက်ကာ မကောင်းသော အကျိုးဆက်များအဖြစ် ရလဒ်ဖြစ်စေသည့် အမှားများကို မကြာခဏ ပြုလုပ်မိမည်ဖြစ်သည်။ ယခုတွင် လူများစွာတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းတွင် လုံးဝ အဆင့်မမီကြပေ။ ၎င်းတို့သည် တစ်ဇွတ်ထိုးနှင့် ဝတ်ကျေတမ်းကျေ ပြုမူကြကာ၊ အခြေခံအားဖြင့် ရလဒ်များ မရရှိသည့်အပြင် တစ်ခါတစ်ရံ အသင်းတော်၏အလုပ်အတွက် ဆုံးရှုံမှုများကိုပင် ဖြစ်ပေါ်စေကြသည်။ တာဝန်အား ထိုသို့ဖြင့် ထမ်းဆောင်ခြင်းသည် အသင်းတော်အလုပ်ကို အမှန်တကယ် နှောင့်ယှက်ဖျက်ဆီးနေခြင်း ဖြစ်သည်။ ယင်းမှာ တကယ့်ကို ဒုစရိုက်သမား၏ အပြုအမူဖြစ်၏။ မိမိတို့၏ တာဝန်များအား ဖြည့်ဆည်းခြင်းအပေါ် နမော်နမဲ့နှင့် ဝတ်ကျေတမ်းကျေ နည်းလမ်းကို အမြဲတစေ အသုံးပြုသူတို့ကို ဖော်ထုတ်ရမည်၊ ထိုသို့ဖြင့် ၎င်းတို့သည် မိမိတို့ကိုယ်ကို ဆင်ခြင်စဉ်းစားနိုင်မည် ဖြစ်သည်။ ၎င်းတို့သည် အမှန်တကယ် ဆင်ခြင်စဉ်းစားနိုင်ပါက၊ မိမိတို့၏ အမှားများကို သတိပြုမိပြီး မိမိတို့ကိုယ်ကို မုန်းနိုင်ပါက တည်တံ့နေပြီး မိမိတို့၏တာဝန်များကို ဆက်လက်၍ ထမ်းဆောင်နိုင်မည်ဖြစ်သည်။ သို့သော် အကယ်၍ ၎င်းတို့သည် မိမိတို့၏အမှားများကို လုံးဝ ဝန်မခံဘဲ မိမိတို့ကိုယ်ကို ခုခံကာကွယ်ပြီး ရှင်းချက်ထုတ်နေသေးကာ ဘုရားအိမ်တော်၌ ချစ်ခြင်းမေတ္တာမရှိကြောင်းနှင့် မိမိတို့သည် မတရား ပြုမူဆက်ဆံခြင်းခံရကြောင်း အခိုင်အမာဆိုပါက ဤသည်မှာ ခေါင်းမာမာနှင့် နောင်တမရခြင်း၏ လက္ခဏာတစ်ခုဖြစ်ပြီး ၎င်းတို့သည် အသင်းတော်မှ ဖယ်ထုတ်ခြင်းကို ခံရသင့်သည်။ ဤလူတို့၏ ဖျက်ဆီးနှောင့်ယှက်မှုများ၏ အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့သည် ဖျက်ဆီးနှောင့်ယှက်ရန် တမင်တကာ ကြံစည်ခဲ့သောကြောင့်လော။ မဟုတ်ချေ၊ အဓိက အကြောင်းရင်းမှာ ၎င်းတို့၌ သမ္မာတရားအား ချစ်ခြင်း လုံးဝ မရှိသည့်အပြင် ၎င်းတို့၏ လူ့သဘာဝမှာ အလွန်ညံ့သောကြောင့် ဖြစ်သည်။ ဤလူတို့အချို့၌ အစွမ်းအစ အနည်းငယ်ရှိပြီး သမ္မာတရားကို နားလည်နိုင်သော်လည်း သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ နေနေသာသာ၊ စိုးစဉ်းမျှ လက်မခံကြချေ။ ၎င်းတို့၏ လူ့သဘာဝမှာ အလွန်အမင်း ဆိုးညစ်သည်။ မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ၊ ၎င်းတို့သည် ဖျက်ဆီးနှောင့်ယှက်မှုများကို အမြဲတမ်း ပြုလုပ်နေကြပြီး အသင်းတော်၏အလုပ်ကို ဖျက်ဆီးပစ်ကာ ဆိုးဝါးသော သြဇာလွှမ်းမိုးမှုနှင့်အတူ မကောင်းသော ရလဒ်များစွာကို ဖြစ်ပွားစေကြသည်။ ဤလူတို့သည် မယုံကြည်သူများ ဖြစ်ကြောင်းနှင့် ၎င်းတို့အားလုံးမှာ ဆိုးယုတ်သောလူများ ဖြစ်ကြောင်း သံသယရှိစရာ မလိုပေ။ ဤသည်မှာ ၎င်းတို့ ဖယ်ရှားခံရခြင်း အရင်းခံအကြောင်းဖြစ်သည်။ ယခုတွင် လူအများစုက မယုံကြည်သူများကို ပိုင်းခြားသိမြင်နိုင်ကြသည်။ ဤလူတို့၏ အပြုအမူအမျိုးမျိုးကို သူတို့တွေ့ရသောအခါ စိတ်ဆိုးကြသည်။ ဤလူတို့ကို ဘုရားသခင်အား ယုံကြည်သူများဟု အဘယ်သို့ ယူဆ၍ရမည်နည်း။ ထိုသူတို့သည် အသင်းတော်၏ အလုပ်ကို ဖျက်ဆီးနှောင့်ယှက်ဖို့ စေလွှတ်ခံရသည့် စာတန်၏ လက်ပါးစေများဖြစ်ကြသည်။ အချို့မှာ စင်စစ် ကပ်ပါးရပ်ပါးများ ဖြစ်ကာ သက်သာခြင်းကို ချစ်မြတ်နိုးပြီး အလုပ်ကို မုန်းသောသူတို့နှင့် ဆိုင်သည်။ ထိုသူတို့သည် မည်သည့်အလုပ်ကိုမျှ မလုပ်ချင်ဘဲ နေ့တိုင်း ကောင်းကောင်း စားချင်ကြသေးသည်။ ထိုသူတို့သည် ကပ်ပါးကောင်များ မဟုတ်သလော။ ထိုသူတို့သည် အစောင့်ခွေးများထက်ပင် နိမ့်ကျသည်။ ထို့အတွက်ကြောင့် ဤလူတို့ ဖယ်ရှားခံခဲ့ရခြင်း ဖြစ်သည်။ ဘုရားသခင်က အမှန်တကယ် ယုံကြည်သူတို့အားလုံးသည် မိမိတို့၏ တာဝန်ကို ဖြည့်ဆည်းရန် စိတ်ဆန္ဒရှိပြီး စိတ်အားထက်သန်သူများ ဖြစ်သည်။ လူအများစုက တာဝန်ဟူသည်မှာ အမှန်တကယ် မည်သည့်အရာကို ဆိုလိုသည်ကို မသိသော်လည်း အနည်းဆုံးအနေဖြင့် လူတို့သည် မိမိတို့၏တာဝန်ကို ဖြည့်ဆည်းသင့်ကြောင်း သူတို့၏ စိတ်နှလုံးများထဲတွင် သိကြကာ၊ ထိုသို့ပြုရန် စိတ်ဆန္ဒရှိကြသည်။ သို့သော် မိမိ၏တာဝန်များကို ဖြည့်ဆည်းလိုစိတ်ရှိခြင်းသည် လူတစ်ဦးက ထိုအတွက်ကြောင့် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းကို ဆိုလိုသလော။ ဤအတွင်းစိတ်မှ ဆန္ဒရှိခြင်းသည် လူတစ်ဦး မိမိ၏တာဝန်များကို ဖြည့်ဆည်းပြီးဖြစ်သည်ဟု ဆိုလိုသလော။ လုံးဝ မဟုတ်ပေ။ လူတစ်ဦးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရမည် ဖြစ်ပြီး မိမိ၏တာဝန်များကို ကောင်းစွာ ဖြည့်ဆည်းပြီးပြီဟု သတ်မှတ်ခံရဖို့အတွက် စည်းမျဉ်းများအတိုင်း ပြုမူလုပ်ဆောင်ခြင်းနှင့်ဆိုင်သည့် စံချိန်စံညွှန်းကို ပြည့်မီရမည် ဖြစ်သည်။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ပြီးခင် သင်၌ ယုံကြည်ခြင်းမည်မျှရှိသည်ဟု ဆိုသည်ဖြစ်စေ၊ သို့မဟုတ် သင်သည် အဘယ်မျှ စိတ်အားထက်သန်ပြီး စိတ်ဆန္ဒရှိကာ သင့်အသက်ကို စွန့်စားနိုင်ပြီး မီးနှင့်ရေကို ကျော်ဖြတ်ဖို့ နောက်မတွန့်သည်ဖြစ်စေ ဤအရာအားလုံးမှာ အရာမရောက်သည့် ကြွေးကြော်သံများသာ ဖြစ်သည်။ သင်သည် ဤစိတ်ဆန္ဒကို အခြေခံ၍ သမ္မာတရား စည်းမျဉ်းများအတိုင်းလည်း ပြုမူလုပ်ဆောင်ရမည်။ သင်က “ကျွန်ုပ်သည် အထူးသဖြင့် သမ္မာတရားကို မချစ်သကဲ့သို့ လိုက်စားခြင်းလည်း မရှိသည့်အပြင် ကျွန်ုပ်၏တာဝန်များကို ဖြည့်ဆည်းစဉ်တွင် စိတ်သဘောထား၌ များစွာ မပြောင်းလဲသေးပေ။ သို့သော် ကျွန်ုပ်ဖက်တွယ်ထားသည့် အရာတစ်ခု ရှိသည်။ ကျွန်ုပ်အား ပြောသမျှကို လုပ်သည်။ အဖျက်အဆီးများ သို့မဟုတ် အနှောင့်အယှက်များကို ကျွန်ုပ် မပြုလုပ်ပေ။ ကျိုးနွံနာခံခြင်း ရှိကောင်းရှိနိုင်မည် မဟုတ်သော်လည်း အမှန်တကယ် နားထောင်ပါသည်” ဟု ဆိုသည်။ ဤအရာကို ပြုလုပ်နိုင်သူတစ်ဦးက အသင်းတော်ထဲ၌ ရှိမြဲရှိနေပြီး မိမိ၏တာဝန်များကို ပုံမှန်အတိုင်း ထမ်းဆောင်ရမည် မဟုတ်လော။ သို့သော် ဖယ်ရှားခံခဲ့ရသည့် ထိုဒုစရိုက်သမားများနှင့် မယုံကြည်သူများသည် အနိမ့်ဆုံးသော ဤသတ်မှတ်ချက်ကိုပင် မပြည့်မီနိုင်ကြဘဲ၊ အနှောင့်အယှက်များကိုပင် ဖန်တီးခဲ့ကြသည်။ ထိုကဲ့သို့သော မယုံကြည်သူများ သို့မဟုတ် ဒုစရိုက်သမားများကို ၎င်းတို့၏ တာဝန်များအား ထမ်းဆောင်ရန်အတွက် အသင်းတော်ထဲ၌ ဆက်နေခွင့် မပြုသင့်ချေ။ ဘုရားသခင်ရွေးကောက်ထားသော လူတို့သည် မယုံကြည်သူများနှင့် ဒုစရိုက်သမားများကို ပိုင်းခြားသိမြင်ရမည်။ သို့မဟုတ်လျှင် ၎င်းတို့သည် ထိုသူတို့၏ လှည့်စားခြင်းကို အလွယ်တကူ ခံရမည်ဖြစ်သည်။ အသိတရားနှင့် ဆင်ခြင်တုံတရားရှိသူ မည်သူမဆို မယုံကြည်သူများနှင့် ဒုစရိုက်သမားများအပေါ် ပစ်ပယ်တတ်သော စိတ်ထားတစ်ခုကို မွေးမြူသင့်ပေသည်။

လူတစ်ဦး၏ တာဝန်များကို ဖြည့်ဆည်းခြင်းသည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ဆိုင်သည့် အရေးပါဆုံးသော လက္ခဏာသွင်ပြင်ဖြစ်၏။ ပထမဦးစွာ လူတစ်ဦးသည် တာဝန်သည် မည်သည့်အရာဖြစ်သည်ကို နားလည်ရမည်ဖြစ်ပြီး ယင်းနှင့်ပတ်သက်၍ စစ်မှန်သော အတွေ့အကြုံနှင့် နားလည်ခြင်း တဖြည်းဖြည်း ရရှိရမည်။ လူတစ်ဦးသည် သူ၏တာဝန်အပေါ် ရှိသင့်သည့် အနိမ့်ဆုံးသော စိတ်ထားမှာ အဘယ်နည်း။ အကယ်၍ သင်က “ဘုရားအိမ်တော်သည် ကျွန်ုပ်အား ဤတာဝန်ကို ပေးခဲ့သဖြင့် ယင်းကို ကျွန်ုပ်ပိုင်သည်။ ကျွန်ုပ် နှစ်သက်သလို ပြုလုပ်နိုင်သည်။ အဘယ့်ကြောင့်ဆိုသော် ဤသည်မှာ ကျွန်ုပ်၏ အလုပ်ကိစ္စဖြစ်ပြီး မည်သူမျှ ဝင်ရောက်စွက်ဖက်၍မရ” ဟု ဆိုလျှင် ဤသည်မှာ လက်ခံ၍ရသော စိတ်ထားဟုတ်သလော။ လုံးဝ မဟုတ်ပေ။ ဤသည်မှာ တာဝန်ထမ်းဆောင်စဉ် သင်၏စိတ်ထား ဖြစ်ပါက သင်၏စိတ်ထားသည် သမ္မာတရားစည်းမျဉ်းများနှင့် မကိုက်ညီသောကြောင့် သင်သည် ဒုက္ခရောက်ပေပြီ။ သင်၏စိတ်ထားသည် ဘုရားသခင်ကိုကြောက်ရွံ့သော စိတ်နှလုံးရှိဖို့ နေနေသာသာ၊ သမ္မာတရားကို ရှာဖွေခြင်းထက် သင်လုပ်ချင်သမျှကို လုပ်ဆောင်ခြင်းဟူသည့် စိတ်ထားမျိုး ဖြစ်၏။ လူတစ်ဦးသည် ဇွတ်တရွတ်နိုင်လွန်းပါက သူသည် တာဝန်ထမ်းဆောင်စဉ် သူ၏ တကယ့်အလုပ်ကို အတော်ပင် လျစ်လျူရှုမည် ဖြစ်သည်။ တာဝန်ထမ်းဆောင်စဉ် လူတစ်ဦးသည် မည်သည့်စိတ်ထား ရှိသင့်သနည်း။ သူသည် ဘုရားသခင်ကို နာခံရန်နှင့် သူ့အား ကျေနပ်စေရန် အလိုဆန္ဒရှိရမည်။ အကယ်၍ သူသည် ဘုရားသခင် သူ့အား အပ်နှံထားသည့် အမိန့်ပေးစေခိုင်းချက်ကို မပြီးစီးပါက ဘုရားသခင်ကို စိတ်ပျက်စေမိပြီဟု ခံစားရသည့်အပြင် သူ၏တာဝန်ကို ကောင်းမွန်စွာ မထမ်းဆောင်ခဲ့ပါက လူသားဟုအခေါ်ခံရဖို့ မထိုက်တန်ဟု ခံစားရလေသည်။ တာဝန်ထမ်းဆောင်စဉ် ဤစိတ်ထားမျိုးရှိခြင်းက သင့်အား သစ္စာစောင့်သိစေသည်။ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန်အတွက် သင်သည် အရင်ဆုံး ဘုရားသခင်တောင်းဆိုသည့်အရာကို သိရမည်ဖြစ်ကာ၊ သမ္မာတရားကို ရှာဖွေပြီး စည်းမျဉ်းများကို ရှာဖွေရမည် ဖြစ်သည်။ သင့်အား ဘုရားသခင်ပေးထားသည့် တာဝန်ပေးစေခိုင်းချက်မှာ သင်၏တာဝန်ဖြစ်ကြောင်း သင် အသေအချာ လေ့လာသိရှိပြီး ဖြစ်သည်နှင့်တစ်ပြိုင်နက် သင်သည် “ကျွန်ုပ်၏တာဝန်ကို မည်သို့ ထမ်းဆောင်နိုင်မည်နည်း။ မည်သည့်သမ္မာတရားစည်းမျဉ်းများကို လက်တွေ့လုပ်ဆောင်သင့်သနည်း။ ဘုရားသခင်က လူတို့အား မည်သည့်အရာကို တောင်းဆိုသနည်း။ မည်သည့်အလုပ်ကို ကျွန်ုပ် ပြုလုပ်သင့်သနည်း။ ကျွန်ုပ်၏ တာဝန်ဝတ္တရားများကို ဆောင်ရွက်ပြီး သစ္စာစောင့်သိနိုင်ဖို့အတွက် မည်ကဲ့သို့ ပြုမူလုပ်ဆောင်သင့်သနည်း” ဟု စဉ်းစားခြင်းဖြင့် ရှာဖွေသင့်သည်။ သင်သည် မည်သူ့ကို သစ္စာစောင့်နေသနည်း။ ဘုရားသခင်ကို ဖြစ်၏။ သင်သည် ဘုရားသခင်ကို သစ္စာစောင့်ပြီး လူတို့အတွက် သင်၏တာဝန်ဝတ္တရားများကို ထမ်းဆောင်ရမည် ဖြစ်သည်။ သင်၏တာဝန်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သမ္မာတရားစည်းမျဉ်းများနှင့်အညီ ထမ်းဆောင်သင့်ကာ သင်၏တာဝန်ကို မြဲမြံစွာ ထိန်းသိမ်းထားသင့်သည်။ သင်၏တာဝန်ကို မြဲမြံစွာ ထိန်းသိမ်းထားသည်ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဥပမာအားဖြင့် အကယ်၍ တစ်နှစ်နှစ်နှစ်အတွက် တာဝန်တစ်ခုကို သင့်ထံ ပေးထားသော်လည်း ယခုထက်ထိ မည်သူကမျှ သင်နှင့်ပတ်သက်၍ စစ်ဆေးခြင်းမရှိသေးပါက မည်သည့်အရာကို သင်လုပ်ဆောင်သင့်သနည်း။ မည်သူကမျှ သင်နှင့်ပတ်သက်၍ စစ်ဆေးခြင်းမရှိပါက၊ ယင်းမှာ တာဝန်ကုန်ဆုံးသွားပြီဟု ဆိုလိုသလော။ မဆိုလိုပေ။ သင်နှင့်ပတ်သက်၍ တစ်ဦးတလေက စစ်ဆေးခြင်း ရှိမရှိ၊ သို့မဟုတ် သင်မည်သည့်အရာ လုပ်ဆောင်နေသည်ကို စုံစမ်းစစ်ဆေးခြင်း ရှိမရှိကို အလေးဂရုမပြုနှင့်။ ဤတာဝန်ကို သင့်အား ပေးအပ်ထားပြီးဖြစ်သောကြောင့် ယင်းသည် သင့်တာဝန်ဖြစ်၏။ ဤအလုပ်ကို မည်သို့လုပ်ဆောင်သင့်ကာ ယင်းကို မည်သို့ကောင်းမွန်စွာ လုပ်ဆောင်နိုင်သည်ကို သင်စဉ်းစားသင့်ပြီး၊ ယင်းမှာ သင်လုပ်ဆောင်သင့်ပုံ ဖြစ်သည်။ အခြားသူများက သင့်အပေါ် စစ်ဆေးဖို့အတွက်၊ ၎င်းတို့ သင့်ကို ကြီးကြပ်ဖို့နှင့် တိုက်တွန်းဖို့အတွက် သင်အမြဲစောင့်ဆိုင်းနေပါက၊ ဤသည်မှာ သင်၏တာဝန်တွင် သင်ထားရှိသင့်သည့် သဘောထားလော။ ဤသည်မှာ မည်သည့်သဘောထားမျိုး ဖြစ်သနည်း။ ဤသည်မှာ မတုန်မလှုပ်သော သဘောထားတစ်ခု ဖြစ်သည်။ ဤသည်မှာ သင်၏တာဝန်အပေါ် သင်ခံယူသင့်သည့် သဘောထား မဟုတ်ပေ။ သင်သည် ဤစိတ်ထားကို မွေးမြူလျှင် သင်၏ တာဝန်ထမ်းဆောင်မှုသည် ပြည့်မီခြင်းမရှိမည်မှာ သေချာ၏။ သင့်တာဝန်ကို ပြည့်မီစွာ ထမ်းဆောင်ဖို့ရန်အတွက် သင်သည် အရင်ဆုံး သင့်တင့်လျောက်ပတ်သော စိတ်ထားရှိရမည် ဖြစ်ပြီး သင်၏စိတ်ထားသည် သမ္မာတရားစည်းမျဉ်းများနှင့် ကိုက်ညီရမည် ဖြစ်သည်။ ဤသည်မှာ သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် အာမခံသည့် တစ်ခုတည်းသော နည်းလမ်းဖြစ်၏။

တာဝန်သည် မည်သည့်အရာဖြစ်သည်နှင့် စပ်လျဉ်း၍ တာဝန်အပေါ် လူတစ်ဦး၏ စိတ်ထားသာမက သူ၏တာဝန် ဖြည့်ဆည်းခြင်းနှင့် မည်သည့်လောကီအလုပ်မျိုးမဆို၌ ပါဝင်ခြင်းကြားမှ ခြားနားချက်ဟူသည့် ဤ‌ခေါင်းစဉ်များအပေါ် ငါတို့၏မိတ်သဟာယပြုချက်သည် လောလောဆယ် ဤနေရာတွင် အဆုံးသတ်မည်။ သင်တို့အားလုံးသည် မိတ်သဟာယပြုထားသည့် အကြောင်းအရာအပေါ် တွေးဆသင့်သည်။ ဥပမာ၊ လူတစ်ဦး၏ တာဝန်ဖြည့်ဆည်းခြင်းနှင့် ကိုယ်ရေးကိုယ်တာ စီမံခန့်ခွဲမှု၌ ပါဝင်ခြင်းကြားမှ ဆက်သွယ်ချက်အကြောင်း အဘယ့်ကြောင့် ဆွေးနွေးရသနည်း။ ဤခေါင်းစဉ်များအား ဆွေးနွေးခြင်း၏ ရည်ရွယ်ထားသော ရလဒ်မှာ အဘယ်နည်း။ အပြုသဘောဖက်တွင် ယင်းက လူတို့ကို တာဝန်ဖြည့်ဆည်းခြင်းအတွက် မှန်ကန်သော လမ်းကြောင်း၊ မှန်ကန်သော ဦးတည်ချက်နှင့် မှန်ကန်သော စည်းမျဉ်းများကို ပေးနိုင်သည်။ အပျက်သဘောဖက်တွင် ယင်းက မည်သည့်အပြုအမူများက ကိုယ်ရေးကိုယ်တာ စီမံခန့်ခွဲမှု၌ ပါဝင်ခြင်းအဖြစ် ယူဆကြောင်း လူတို့ကို သတိပြုမိစေရန်လည်း အကူအညီပေးနိုင်သည်။ ဤလက္ခဏာသွင်ပြင်နှစ်ခုလုံးသည် အပြန်အလှန် ဆက်စပ်နေပြီး တစ်ခုနှင့်တစ်ခု ကွဲပြားခြားနားသည်။ ဤနှစ်ဖက်လုံးကို နားလည်ခြင်းက သမ္မာတရား၏ စကားလုံးများကို နားလည်ရုံနားလည်ခြင်းနှင့်သာ မဆိုင်ပေ။ သင်သည် မည်သည့်အခြေအနေများနှင့် သရုပ်သကန်များ ပါဝင်ကြောင်း သဘောပေါက်ရမည်။ သင်သည် ဤအခြေအနေများနှင့် သရုပ်သကန်များနှင့် ပတ်သက်၍ လုံးစေ့ပတ်စေ့ နားလည်ခြင်းရှိပြီး ယင်းတို့ကို ပိုင်းခြားသိမြင်နိုင်သည်နှင့်တစ်ပြိုင်နက် နောက်တစ်ကြိမ် မမှန်ကန်သော ဤအခြေအနေများနှင့် သရုပ်သကန်များအား သင် ပြသသည့်အခါ၊ သင်သည် သမ္မာတရားအား လိုက်စားသည့်လူတစ်ဦးဖြစ်ပါက သင်သည် ထိုနေရာမှ လွတ်ရာလမ်းတစ်ခုကို တွေ့ရှိဖို့ရန် သမ္မာတရားကို ရှာဖွေမည်ဖြစ်သည်။ အကယ်၍ သင်သည် သမ္မာတရား၏ ဤလက္ခဏာသွင်ပြင်ကို နားမလည်ပါက ဘုရားသခင်အတွက် မိမိကိုယ်ကို အသုံးခံနေသည်ဟု ထင်ကာ သင့်တာဝန်ကို ဖြည့်ဆည်းနေပြီး အလွန် သစ္စာရှိသည်ဟုပင် ထင်မှတ်လျက် သင်သည် ကိုယ်ရေးကိုယ်တာ စီမံခန့်ခွဲမှုတွင် ပါဝင်ကောင်း ပါဝင်မည်ဖြစ်သည်။ ထိုကဲ့သို့သော အကျိုးဆက်များသည် သမ္မာတရားအား နားမလည်ခြင်းမှ ထွက်ပေါ်လာမည်ဖြစ်သည်။ သာဓကအနေဖြင့် တာဝန်ထမ်းဆောင်ခြင်း ဖြစ်စဉ်အတွင်း သင်၏ ထင်မြင်ချက်များနှင့် နည်းလမ်းများအချို့သာမက သင့်လုပ်ဆောင်ချက်များ၏ နောက်ကွယ်မှ ရည်ရွယ်ချက်များနှင့် စေ့ဆော်မှုများလည်း ပေါ်ထွက်လာသောအခါ သင်သည် တာဝန်ကို ဖြည့်ဆည်းနေခြင်း မဟုတ်သည့်အပြင် မိမိ၏တာဝန်အား ဖြည့်ဆည်းခြင်းနှင့်ဆိုင်သည့် စည်းမျဉ်းများနှင့် နယ်ပယ်မှ သွေဖည်သွားပြီဖြစ်ကြောင်း သတိပြုမိလေသည်။ ထိုသဘာဝမှာ ပြောင်းလဲသွားပြီး သင်သည် အမှန်တွင် ကိုယ်ရေးကိုယ်တာ စီမံခန့်ခွဲမှု၌ ပါဝင်နေခြင်းဖြစ်သည်။ ဤသမ္မာတရားများကို သင် နားလည်သောအခါမှသာ ထိုနေရာမှ လွတ်ရာလမ်းကို တွေ့ရှိနိုင်ပြီး ထိုကဲ့သို့သော ထင်မြင်ချက်များ၊ လုပ်ဆောင်ချက်များနှင့် သရုပ်သကန်များကို အဆုံးသတ်နိုင်မည် ဖြစ်သည်။ သို့ရာတွင် သင်သည် သမ္မာတရားကို နားမလည်ဘဲ တာဝန်ထမ်းဆောင်နေစဉ် သင့်ကိုယ်ပိုင် ကိုယ်ရေးကိုယ်တာ၌ ပါဝင်နေပါက သင်သည် စည်းမျဉ်းများကို ချိုးဖောက်ပြီးသားဖြစ်သည် ဟူသည့်အချက်ကို သတိပြုမိမည် မဟုတ်ပေ။ ဥပမာ၊ ပေါလုကဲ့သို့ဖြစ်၏။ နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီး ပြေးလွှားနေပြီးနောက်တွင် သူသည် “ကိုယ်တော်သည် ကျွန်ုပ်အား သရဖူးမပေးပါက ကိုယ်တော်သည် ဘုရားသခင်မဟုတ်” ဟု ဆိုလျက် ဘုရားသခင်အား အော်ပြောရင်း ဇာတ်သိမ်းခဲ့ရသည်။ သူသည် ထိုကဲ့သို့သော စကားများကို ပြောဆိုနိုင်သေးသည်ကို သင်တွေ့ရသည်။ အကယ်၍ ယနေ့ လူတို့သည် သမ္မာတရားကို နားလည်ထားပြီးနောက် ပေါလု၏လမ်းကြောင်းနောက် လိုက်နေသေးပါက ၎င်းတို့သည် သမ္မာတရားကို ချစ်သောသူများ မဟုတ်ပေ။ သင်သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောလူတစ်ဦး ဖြစ်ပါက သမ္မာတရားနားလည်ခြင်းမှာ သင့်အတွက် အရေးပါလှသည်။ သမ္မာတရားနားလည်ခြင်း မရှိဘဲ သင်သည် ဆိုးယုတ်သော စိတ်သဘောထားကို အခြေခံ၍ အသက်ရှင်နေသည်မှာ သေချာပေါက်ဖြစ်၏။ အမျှော်လင့်နိုင်ဆုံးဆိုရလျှင် သင်သည် စည်းကမ်းတစ်ချို့ကို လိုက်နာခြင်းနှင့် မြင်သာသော အမှားများအား ကျူးလွန်မှုကို ရှောင်ကြဉ်ခြင်း ရှိရုံရှိမည်ဖြစ်ကာ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည်ဟု ထင်နေဆဲဖြစ်မည်။ ယင်းမှာ အတော်ပင် သနားစရာဖြစ်မည်။ ထို့ကြောင့် လူတစ်ဦးသည် သမ္မာတရားကို လိုက်စားရန် အလိုဆန္ဒရှိပြီး သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်ရန် ရည်မှန်းပါက အရင်ဦးစွာ သမ္မာတရားကို နားလည်ရမည်။ သမ္မာတရား နားလည်ခြင်း၏ ရည်ရွယ်ချက်မှာ လူတို့အနေဖြင့် အခြားလူများနှင့် ဖြစ်ရပ်များကို တိကျမှန်ကန်စွာ သဘောပေါက်မိနိုင်ရန်၊ ပိုင်းခြားသိမြင်နိုင်ရန်၊ လုပ်ဆောင်ချက်အတွက် စည်းမျဉ်းများရှိနိုင်ရန်၊ လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်း ရှိနိုင်ရန်နှင့် ဘုရားသခင်အား ကျိုးနွံနာခံခြင်း ရရှိနိုင်ရန်အဖို့ ဖြစ်သည်။ သမ္မာတရားကို သင် နားလည်သောအခါ သင်သည် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာမျိုးစုံကို ပိုင်းခြားနိုင်သည်၊ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းမှန်ကို ရွေးချယ်နိုင်သည်၊ စည်းမျဉ်းများအတိုင်း ပြောဆိုပြုမူနိုင်သည်၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ချွတ်ချနိုင်သည်၊ ပြီးလျှင် ဘုရားသခင်အား ကျိုးနွံနာခံမှုကို ရရှိနိုင်သည်။ သမ္မာတရားကို နားမလည်ပါက သင်လျှောက်လှမ်းသည့် လမ်းကြောင်း မှားမည်မှာ သေချာပြီး မည်သည့် အသက်ဝင်ရောက်မှုမျှ ရှိမည်မဟုတ်သကဲ့သို့ ကယ်တင်ခြင်းလည်း ခံရနိုင်မည်မဟုတ်ပေ။ လူအချို့သည် သူတို့ကိုယ်သူတို့ အယောင်ဆောင်ရာ၌ အထူးကျွမ်းကျင်ပြီး သမ္မာတရား လိုက်စားနေကြသကဲ့သို့ မြင်ရသည်။ သို့သော် ထိုသူတို့၏ လုပ်ဆောင်ချက်များ၌ စည်းမျဉ်းမရှိသည့်အပြင် သူတို့ပြုလုပ်သမျှက အနှောင့်အယှက်များနှင့် ဖျက်ဆီးမှုများကို ဖြစ်ပွားစေလျက် အသင်းတော်၏အလုပ်အတွက် များစွာသော ဒုက္ခကို ဖန်တီးပေးလေသည်။ ထိုကဲ့သို့သော လူတို့ကို ကယ်တင်၍မရပေ။ ထို့အတွက်ကြောင့် တရားဒေသနာများအား မကြာခဏ နာယူခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအား မကြာခဏ စားသောက်ခြင်း၏ ရည်ရွယ်ချက်မှာ အပေါ်ယံပါဝင်ခြင်း သို့မဟုတ် စိတ်နှလုံးအား ပြည့်ဝစေခြင်းအတွက်သာ မဟုတ်သကဲ့သို့ ယင်းမှာ မိမိကိုယ်ကို သြဝါဒများဖြင့် ပြင်ဆင်ရန် သို့မဟုတ် နှုတ်ရေးကောင်းရန် လေ့ကျင့်ရန်အတွက်လည်း မဟုတ်ပေ။ ယင်းမှာ မိမိကိုယ်ကို သမ္မာတရားဖြင့် ပြင်ဆင်ရန်နှင့် သမ္မာတရားအား နားလည်ခြင်း ရရှိရန်အတွက် ဖြစ်သည်။ ယခုတင် ဆွေးနွေးခဲ့သောအရာသည် အမှန်တွင် ဘုရားသခင်အားသိခြင်းနှင့် ဆိုင်သည့် သမ္မာတရားအရ အထူးသဖြင့် မနက်နဲပါချေ။ ယင်းမှာ အခြေခံအကျဆုံးသော သမ္မာတရားဖြစ်၏။ သမ္မာတရားနှင့် ပတ်သက်၍ လူတို့၏နားလည်ခြင်းသည် အကန့်အသတ်ရှိပြီး အတိမ်အနက်တွင် ခြားနားကာ လူတစ်ဦးချင်းစီ၏ အစွမ်းအစပေါ် မူတည်သည်။ လူအချို့က ပို၍နက်နဲစွာ သဘောပေါက်သည်။ ဆိုလိုသည်မှာ ၎င်းတို့၌ သဘော‌ပေါက်မှုစွမ်းရည် ရှိသည်။ အခြားသူများက အတော်ပင် အပေါ်ယံအားဖြင့် သဘောပေါက်သည်။ လူတစ်ဦး၏ သဘောပေါက်မှု အတိမ်အနက် မည်မျှပင်ရှိပါစေ အရေးပါဆုံးဖြစ်သည်မှာ သမ္မာတရားအား လက်တွေ့လုပ်ဆောင်မှု ဖြစ်၏။ သို့ရာတွင် သမ္မာတရားကို အကြီးအသေး၊ အမြင့်အနိမ့်ဟူ၍ ခွဲခြား၍မရသကဲ့သို့ အတိမ်အနက်ဟူ၍ ခွဲခြား၍မရပေ။ ဆိုလိုသည်မှာ သမ္မာတရားကို အခြေခံအကျဆုံး သို့မဟုတ် မူလအကျဆုံးအဖြစ် အတန်းအစား သတ်မှတ်၍ရသော်လည်း အတိမ်အနက်နှင့်ဆိုင်သည့် အတိုင်းအတာဟူ၍ ခွဲခြား၍မရပေ။ ယင်းမှာ လူတို့အနေဖြင့် ယင်းကို ခြားနားသော အတိမ်အနက်များဖြင့် သဘော‌ပေါက်ပြီး တွေ့ကြုံခြင်းသာ ဖြစ်သည်။ သမ္မာတရား၏ အနှစ်သာရနှင့် ပတ်သက်သည့် မည်သည့်အရာမဆို အညီအမျှ လေးနက်ပြီး မည်သူမဆို အပြည့်အဝ တွေ့ကြုံနိုင်သည့် သို့မဟုတ် လုံးလုံးလျားလျား ပိုင်ဆိုင်နိုင်သည့် အရာတစ်ခု မဟုတ်ပေ။ သမ္မာတရား၏ မည်သည့်လက္ခဏာသွင်ပြင်နှင့် ပတ်သက်၍ဖြစ်စေ၊ လူတို့သည် ၎င်းတို့၏ သဘောပေါက်မှုနှင့် လက်တွေ့လုပ်ဆောင်မှု၌ အတိမ်ဆုံးသော အလွှာမှ အစပြုရမည်ဖြစ်ပြီးလျှင် တိမ်ရာမှ နက်ရာသို့ တဖြည်းဖြည်းချင်း တိုးတက်ကာ သမ္မာတရားအား တကယ်နားလည်ခြင်းနှင့် စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းကို ရောက်ရှိရမည်ဖြစ်သည်။ သမ္မာတရား၏ အတိမ်ဆုံးအပိုင်းမှာ တိုက်ရိုက် နားလည်နိုင်သည့်အရာ ဖြစ်သည်။ အကယ်၍ လူတို့သည် ယင်းကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း သို့မဟုတ် ဝင်ရောက်နိုင်ခြင်း မရှိပါက စကားနှင့် သြဝါဒအချို့ကိုသာ နားလည်ခြင်းဖြစ်သည်။ စကားများနှင့် သြဝါဒများအား နားလည်ရုံနားလည်ခြင်းသည် သမ္မာတရား၏ အနှစ်သာရ တကယ့်ကို မပြည့်မီပေ။ သမ္မာတရားကို နားမလည်သော လူတို့သည် တိုက်ရိုက်အဓိပ္ပာယ်အား ရှင်းပြနိုင်စွမ်းကို သမ္မာတရားအား နားလည်ခြင်းအဖြစ် အမြဲတမ်း ယူမှတ်ကြသည်။ ဤသည်မှာ လူသား၏ မသိနားမလည်မှုသာ ဖြစ်၏။ အကယ်၍ သင်၏ သမ္မာတရားအား လက်တွေ့လုပ်ဆောင်မှုသည် စည်းကမ်းများအား လိုက်လျှောက်ခြင်းနှင့် မည်သည့်စည်းမျဉ်းမျှ မရှိဘဲ ယင်းတို့ကို တင်းကျပ်စွာ ကျင့်သုံးခြင်းနှင့်သာ သက်ဆိုင်ပါက ဤသည်မှာ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းနှင့် စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းဖြစ်သည်ဟု မထင်လေနှင့်။ သင်သည် ထိုအရာမှ အလှမ်းဝေးနေသေး၏။ အကယ်၍ သင်သည် နှစ်ကာလအချို့ ဆက်လက်၍ လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံသည့်အပြင် သင့်အနေဖြင့် နောက်ထပ် လ သို့မဟုတ် နှစ်အချို့ကြာအောင် လက်တွေ့လုပ်ဆောင်ရန်နှင့် တွေ့ကြုံရန်အတွက် လုံလောက်မည့် အလင်းကို များစွာပို၍ ရှာတွေ့ပြီး၊ ထို့နောက် အတွေ့အကြုံ ပို၍ပင် ရရှိပါက သင်သည် ပို၍ဆန်းသစ်သော အလင်းကို ရှာတွေ့နိုင်ကာ ဤကဲ့သို့ တိမ်ရာမှာ နက်ရာသို့ တစ်ဆင့်ချင်းပုံစံဖြင့် တိုးတက်ပြီးနောက်တွင် သမ္မာတရားစစ်မှန်မှုထဲသို့ အမှန်တကယ် ဝင်ရောက်ပြီး ဖြစ်ပေသည်။ သမ္မာတရားစစ်မှန်မှုထဲသို့ အပြည့်အဝ ဝင်ရောက်ပြီးသူတစ်ဦးသာလျှင် သမ္မာတရားကို ရရှိပြီးသောသူ ဖြစ်သည်။ အကယ်၍ တစ်နေ့တွင် သင်သည် သမ္မာတရား၏ စစ်မှန်မှုအတိုင်း အသက်ရှင်နေထိုင်ပြီး သမ္မာတရားကို သင်ရရှိပြီးပြီဟု ဆို၍ရလျှင်ပင် အမှန်တကယ်တွင် သင် တွေ့ကြုံထားပြီး သိလာပြီးသည့် အရာမှာ အကန့်အသတ်နှင့် ဖြစ်နေသေးသည်။ သင်သည် သမ္မာတရားဖြစ်သည်ဟု ဆို၍မရသကဲ့သို့ ပေါလုဆိုခဲ့သကဲ့သို့ “အသက်ရှင်သည်အရာမှာ ခရစ်တော်ဖြစ်၏။” (ဖိလိပ္ပိသြဝါဒစာ ၁:၂၁) ဟုလည်း ဆို၍မရပေ။ အဘယ့်ကြောင့်ဆိုသော် သမ္မာတရားမှာ လေးနက်လွန်းလှကာ၊ တစ်သက်တာလုံး၏ ဆယ်စုနှစ်အချို့တွင် လူတစ်ဦး တွေ့ကြုံနားလည်နိုင်သည့်အရာမှာ အလွန်အမင်း အကန့်အသတ်ရှိ၏။ ထို့နောက် သိသိသာသာပင် သမ္မာတရား နားလည်ခြင်းကို လူတို့အနေဖြင့် အတိုင်းအတာတစ်ခုအထိ ရရှိနိုင်သော်လည်း သမ္မာတရားအား ပိုင်ဆိုင်ခြင်းမှာ မည်သည့်နည်းနှင့်မျှ လွယ်ကူသော ကိစ္စတစ်ခု မဟုတ်ချေ။ အကယ်၍ လူတစ်ဦးသည် အတိမ်ဆုံး သမ္မာတရားများကိုပင် နားလည်နိုင်ခြင်း သို့မဟုတ် လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိပါက၊ ယင်းမှာ သမ္မာတရားအား မချစ်သူတစ်ဦးဖြစ်ပြီး ဝိညာဉ်ရေးရာ နားလည်မှုကင်းမဲ့သည်မှာ အသေအချာပင်။ သမ္မာတရားနှင့် မည်သို့မျှမနီးစပ်သော လူတို့ကို ကယ်တင်၍မရပေ။ သမ္မာတရားကို မည်သည့်အခါမျှ နားမလည်သောသူတို့သည် ၎င်းတို့၏ တာဝန်များကို ကောင်းစွာ မထမ်းဆောင်နိုင်ကြပေ။ ၎င်းတို့သည် သက်ရှိအမှိုက်များ၊ လူ့အဝတ်အစားနှင့် သားရဲများဖြစ်ကြ၏။ လူအချို့က သြဝါဒအချို့ကို နားလည်သောကြောင့် ၎င်းတို့သည် သမ္မာတရားကို နားလည်သည်ဟု ထင်ကြသည်။ အကယ်၍ ၎င်းတို့သည် သမ္မာတရားအချို့ကို အမှန်တကယ် နားလည်လျှင် ၎င်းတို့၏ တာဝန်များကို အဘယ့်ကြောင့် ကောင်းစွာ မထမ်းဆောင်နိုင်ကြသနည်း။ ၎င်းတို့၏ လုပ်ဆောင်ချက်များ၌ အဘယ့်ကြောင့် စည်းမျဉ်းများ မရှိရသနည်း။ ဤအရာက သြဝါဒများအား နားလည်ခြင်းသည် အကျိုးမရှိကြောင်း ပြသည်။ ပို၍များသော သြဝါဒများကို နားလည်ခြင်းသည် သမ္မာတရားအား နားလည်ခြင်းအဓိပ္ပာယ် မသက်ရောက်ပေ။

တာဝန်နှင့်ဆိုင်သော ခေါင်းစဉ်ကို မိတ်သဟာယပြုပြီးနောက် ပြည့်မီသော တာဝန်ထမ်းဆောင်မှုနှင့်ဆိုင်သည့် အ‌ရေးကိစ္စသို့ ငါတို့ ယခု ကူးပြောင်းမည်။ ပြည့်မီသော တာဝန်ထမ်းဆောင်မှုနှင့် စပ်လျဉ်း၍ အသားပေးမှုမှာ “ပြည့်မီသော” ဟူသည့် စကားလုံးအပေါ်တွင် ဖြစ်သည်။ သို့ဆိုလျှင်၊ “ပြည့်မီသော” ဟူသည်ကို မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုသင့်သနည်း။ ဤအရာတွင်လည်း ရှာဖွေဖို့ သမ္မာတရားများရှိ၏။ အသင့်အတင့်ဖြစ်သော အလုပ်တစ်ခုကို လုပ်ဆောင်ရုံမျှသည် ပြည့်မီသလော။ “ပြည့်မီသော” ဟူသည့် စကားလုံးကို မည်သို့နားလည်ပြီး မှတ်ယူရမည်ဆိုသည်နှင့် သက်ဆိုင်သည့် တိကျသော အသေးစိတ်အချက်လက်များအတွက်၊ သင်သည် သမ္မာတရားများစွာကို နားလည်ရမည်ဖြစ်ပြီး သမ္မာတရားအပေါ် သာ၍မိတ်သဟာယပြုရမည်။ သင်၏တာဝန်ကို ဖြည့်ဆည်းခြင်းဖြစ်စဉ်တွင်၊ သမ္မာတရားနှင့် စည်းမျဉ်းများကို သင်နားလည်ရမည်။ ထိုအခါတွင်သာ ပြည့်မီသော တာဝန်ထမ်းဆောင်မှုတစ်ခုသို့ သင်ရောက်ရှိနိုင်သည်။ လူတို့သည် ၎င်းတို့၏ တာဝန်များကို အဘယ်ကြောင့် ဖြည့်ဆည်းသင့်သနည်း။ ဘုရားသခင်ကို ၎င်းတို့ယုံကြည်ပြီး သူ၏တာဝန်ပေးစေခိုင်းချက်ကို လက်ခံပြီးလျှင်ပြီးချင်း လူတို့၌ ဘုရားအိမ်တော်၏အမှုနှင့် ဘုရားသခင့်အမှု၏အလုပ်ခွင်ရှိ တာဝန်၊ ဝတ္တရားတို့နှင့်သက်ဆိုင်သည့် ၎င်းတို့၏ဝေစုရှိကြကာ အပြန်အလှန်အနေဖြင့်၊ ဤတာဝန်နှင့် ဝတ္တရားကြောင့်၊ ၎င်းတို့သည် ဘုရားသခင်၏အမှုတွင် လိုအပ်ချက်တစ်ခု- ဘုရားသခင်၏အမှုကို လက်ခံသူများနှင့်ဆိုင်သည့် လိုအပ်ချက်တစ်ခုနှင့် ဘုရားသခင်၏ကယ်တင်ခြင်းကို လက်ခံသူများနှင့်ဆိုင်သည့် လိုအပ်ချက်တစ်ခု ဖြစ်လာပြီး ဖြစ်သည်။ လူတို့၏ ကယ်တင်ခြင်းနှင့် ၎င်းတို့၏ တာဝန်များကို ၎င်းတို့ဖြည့်ဆည်းပုံ၊ ယင်းတို့ကို ၎င်းတို့ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခြင်း ရှိမရှိနှင့် ယင်းတို့ကို ၎င်းတို့ပြည့်မီစွာ လုပ်ဆောင်နိုင်ခြင်း ရှိမရှိတို့ကြား အတော်အတန် အဓိကကျသော ဆက်နွှယ်မှုတစ်ခုရှိ၏။ သင်သည် ဘုရားအိမ်တော်၏ အစိတ်အပိုင်းဖြစ်လာပြီးဖြစ်ကာ သူ၏တာဝန်ပေးစေခိုင်းချက်ကို လက်ခံပြီးဖြစ်သည့်အတွက်၊ ယခု သင်၌ တာဝန်တစ်ခုရှိ၏။ ဤတာဝန်ကို မည်သို့ ဖြည့်ဆည်းသင့်သည်မှာ သင့်သဘောအတိုင်း မဟုတ်ပေ။ ယင်းသည် ဘုရားသခင်၏သဘောဖြစ်ပြီး၊ သမ္မာတရား၏ သဘောအတိုင်း ဖြစ်ကာ၊ ယင်းကို သမ္မာတရား၏ စံနှုန်းများက သတ်မှတ်ထားပေသည်။ ထို့အတွက်ကြောင့် ဘုရားသခင်သည် လူတို့၏ တာဝန်များအား မည်ကဲ့သို့ တိုင်းတာသည်နှင့် သူသည် မည်သည့်အရာအရ ယင်းတို့အား တိုင်းတာသည်ကို လူတို့ သိသင့်သည်၊ နားလည်သင့်သည်၊ ပြီးလျှင် ရှင်းလင်းသင့်သည်။ ဤသည်မှာ ရှာဖွေထိုက်သည့် အရာတစ်ခု ဖြစ်သည်။ ဘုရားသခင်၏ အလုပ်၌ မတူညီသော လူတို့သည် မတူညီသော တာဝန်များကို ရရှိကြသည်။ ဆိုလိုသည်မှာ၊ မတူညီသော ဆုကျေးဇူးများ၊ အစွမ်းအစများ၊ အသက်များနှင့် အခြေအနေများရှိသည့် လူတို့သည် မတူညီသော အချိန်ကာလများတွင် မတူညီသော တာဝန်များကို လက်ခံရရှိကြသည်။ မည်သည့်တာဝန်ကို သင်ရရှိထားသည်ဖြစ်စေ၊ ထို့ပြင် ယင်းကို သင်ရရှိသော အချိန်ကာလများ သို့မဟုတ် အနေအထားများ မည်သို့ရှိစေ၊ သင်၏တာဝန်မှာ သင်ထမ်းဆောင်ရမည့် တာဝန်တစ်ခုနှင့် ဝတ္တရားတစ်ခုသာ ဖြစ်သည်၊ ယင်းမှာ သင်၏ စီမံခန့်ခွဲမှုမဟုတ်သကဲ့သို့ သင်၏ စီးပွားရေးလုပ်ငန်းလည်း မဟုတ်ချေ။ သင်၏ တာဝန်ထမ်းဆောင်မှုအတွက် ဘုရားသခင်တောင်းဆိုသည့် စံချိန်စံညွှန်းမှာ “ပြည့်မီ” ရန် ဖြစ်သည်။ “ပြည့်မီသည်” ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ ဘုရားသခင်၏ တောင်းဆိုချက်များကို ပြည့်မီရန်နှင့် သူ့အား ကျေနပ်စေရန် ဆိုလိုသည်။ ဘုရားသခင်က ယင်းကို ပြည့်မီသည်ဟု ဆိုရမည်ဖြစ်ပြီး ယင်းက သူ၏ချီးကျူးမှုကို ရရှိရမည်ဖြစ်သည်။ ထိုအခါမှသာ သင်၏ တာဝန်ထမ်းဆောင်မှုမှာ ပြည့်မီထားပြီးဖြစ်လိမ့်မည်။ အကယ်၍ ဘုရားသခင်က ယင်းကို ပြည့်မီခြင်းမရှိဟုဆိုလျှင် သင်သည် တာဝန်ကို မည်မျှကြာကြာ ထမ်းဆောင်လာနေပါစေ၊ သို့မဟုတ် အဖိုးအခမည်မျှကို သင်ပေးဆပ်ခဲ့ပြီးဖြစ်စေ ယင်းက မပြည့်မီပါချေ။ ထိုအခါ ရလဒ်က မည်သည့်အရာ ဖြစ်မည်နည်း။ ယင်းတို့အားလုံးကို ဝန်ဆောင်မှုပေးခြင်းအဖြစ် အမျိုးအစားသတ်မှတ်မည် ဖြစ်သည်။ သစ္စာရှိသော စိတ်နှလုံးများရှိသည့် ဘုရားသခင်ကို အစေခံသူ အနည်းစုသာလျှင် ကင်းလွတ်မည်ဖြစ်သည်။ တဲ့တိုးပြောရလျှင် ၎င်းတို့သည် ကပ်ဘေးတစ်ခုတွင် ဖျက်ဆီးခြင်းခံရမည်။ အကယ်၍ လူတစ်ဦးသည် မိမိ၏တာဝန်ကို ထမ်းဆောင်သောအခါ လုံးဝ အဆင့်မမီလျှင် သူသည် သူ၏ တာဝန်ထမ်းဆောင်ခွင့်ကို နုတ်ယူခြင်းခံရမည် ဖြစ်သည်။ ဤအခွင့်အ‌ရေးကို နုတ်ယူပြီးသောအခါ လူအချို့သည် ဖယ်ထားခြင်းကို ခံရမည်။ ဖယ်ထားခြင်းကို ခံရသောအခါ ထိုသူတို့သည် အခြားနည်းလမ်းများဖြင့် ဖြေရှင်းခြင်းကို ခံရမည်။ “အခြားနည်းလမ်းများဖြင့် ဖြေရှင်းခြင်းခံရမည်” ဟူသည်မှာ ဖယ်ရှားခံရခြင်းကို ဆိုလိုသလော။ သေချာပေါက် မဟုတ်ပါချေ။ ဘုရားသခင်က လူတစ်ဦး နောင်တရပြီးခြင်းရှိမရှိကို အဓိကအားဖြင့် ကြည့်သည်။ ထို့အတွက်ကြောင့် တာဝန်ကို သင် မည်သို့ထမ်းဆောင်သည်မှာ အရေးပါလှပြီး လူတို့က ယင်းကို အလေးအနက်နှင့် တာဝန်သိသိ ခံယူသင့်သည်။ သင်၏ တာဝန်ထမ်းဆောင်ခြင်းသည် သင်၏ အသက်ဝင်ရောက်မှု၊ သမ္မာတရားစစ်မှန်မှုများထဲ ဝင်ရောက်မှုသာမက သင်၏ကယ်တင်ခြင်း၊ စုံလင်အောင်ပြုခံရခြင်းကဲ့သို့ ကြီးမားသော အရေးကိစ္စများနှင့်လည်း တိုက်ရိုက် ဆက်စပ်နေသောကြောင့် သင်သည် တာဝန်ထမ်းဆောင်မှုကို ဘုရားသခင်ကို ယုံကြည်ရာ၌ ပထမဆုံးနှင့် အဓိကအကျဆုံး အလုပ်တာဝန်အဖြစ် သဘောထားရမည်။ သင်သည် ယင်းနှင့်ပတ်သက်၍ နားဝေတိမ်တောင် ဖြစ်၍မရပေ။ ၎င်းတို့၏တာဝန်များအား ဖြည့်ဆည်းခြင်းဖြစ်စဉ်တွင် အမျိုးမျိုးသော လူတို့သည် မတူညီသော အပြုအမူအမျိုးမျိုးကို ပြသမည်ဖြစ်သည်။ မတူညီသော ဤအပြုအမူများသည် လူတို့ထံမှာသာမက ဘုရားသခင်ထံ၌လည်း သိသာထင်ရှားသည်။ အမှတ်ပေးပြီး တန်ဖိုးဖြတ်သည်မှာ အသင်းတော်သာ မဟုတ်ပေ။ အဆုံးစွန်အနေဖြင့် ဘုရားသခင်ကလည်း မိမိတို့၏တာဝန်များကို ထမ်းဆောင်သူတို့ အားလုံးကို အမှတ်ပေးပြီး တန်ဖိုးဖြတ်မည်ဖြစ်သည်။ လူအချို့သည် အခြေခံအားဖြင့် စံချိန်ပြည့်မီကြသော်လည်း အခြားသူများမှာ လုံးလုံးလျားလျား မပြည့်မီကြပေ။ မပြည့်မီသော အချို့လူတို့သည် လေ့လာစောင့်ကြည့်ခြင်းအောက်တွင် ရှိနေဦးမည်ဖြစ်သော်လည်း အချို့မှာ ဘုရားသခင်၏ အပြီးအပြတ် အမျိုးအစားခွဲထားခြင်း ခံရပြီးသားဖြစ်မည်။ ဘုရားသခင်က မပြည့်မီဟုမြင်သော လူတို့မှာ မည်သူတို့နည်း။ ၎င်းတို့မှာ ညံ့ဖျင်းသော လူ့သဘာဝရှိပြီး အသိတရားနှင့် ဆင်ခြင်တုံတရား ကင်းမဲ့သောသူ၊ မိမိတို့၏ တာဝန်များကို နမော်နမဲ့နှင့် ဝတ်ကျေတမ်းကျေ ပုံစံဖြင့် အမြဲတစေ ထမ်းဆောင်သူတို့ ဖြစ်ကြသည်။ ဘုရားသခင်၏ ကျေးဇူးတော်ကို ၎င်းတို့ မည်မျှခံစားရသည်ဖြစ်စေ၊ ၎င်းတို့သည် အပြန်အလှန်တုံ့လှယ်ခြင်းနှင့် စိတ်မဝင်စားဘဲ ကျေးဇူးတရား ကင်းမဲ့သူများ ဖြစ်ကြသည်။ ဤအရာ၌ ပင်ကိုအားဖြင့် ဒုစရိုက်သမားများလည်း ပါဝင်သည်မှာ အသေအချာပင်။ ညံ့ဖျင်းသော လူ့သဘာဝရှိပြီး အသိတရားနှင့် ဆင်ခြင်တုံတရား ကင်းမဲ့သောသူ မည်သူမဆို ၎င်းတို့၏ တာဝန်များကို ပြည့်မီခြင်းမရှိဘဲ ထမ်းဆောင်ကြသည်ဟု ဆိုနိုင်သည်။ သိသာထင်ရှားစွာ ဆိုးယုတ်သောသူတို့သည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နေစဉ် မရေမတွက်နိုင်သော အမှားများကို မလွဲမသွေ ကျူးလွန်ကြမည်ဖြစ်သည်။ ၎င်းတို့သည် ဖယ်ရှားခြင်းမခံရသရွေ့ အဆိုးကို ဆက်၍ ကျူးလွန်နေကြမည်ဖြစ်သည်။ ထိုကဲ့သို့သော လူတို့ကို မဆိုင်းမတွ ရှင်းလင်းပစ်ရမည်။ လူ့သဘာဝအသွင် အနည်းငယ်ရှိဟန်တူပြီး လူဆိုးဖြစ်ပုံမရသည့် လူအချို့လည်း ရှိသည်။ သို့သော် ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုမှာ နမော်နမဲ့နှင့် ဝတ်ကျေတမ်းကျေ ဖြစ်ပြီး ရလဒ် မထွက်ပေ။ ပြုပြင်ခြင်းကို ခံရပြီး သမ္မာတရားအပေါ် မိတ်သဟာယပြုချက် ရရှိပြီးနောက်တွင် ၎င်းတို့သည် အဆုံးစွန်အားဖြင့် မည်ကဲ့သို့ ထမ်းဆောင်ပြီး စစ်မှန်ရိုးသားစွာ နောင်တရပြီးခြင်း ရှိမရှိအပေါ် မူတည်မည်ဖြစ်သည်။ ထိုကဲ့သို့သော လူတို့ကိုမူ ဘုရားသခင်သည် စောင့်ဆိုင်းနေပြီး လေ့လာစောင့်ကြည့်နေဆဲ ဖြစ်သည်။ ညံ့ဖျင်းသော လူ့သဘာဝရှိပြီး အသိတရားနှင့် ဆင်ခြင်တုံတရား ကင်းမဲ့သောသူတို့သာမက သိသာထင်ရှားစွာ ဆိုးယုတ်သောသူတို့ကိုမူ ဘုရားသခင်သည် ၎င်းတို့အပေါ် ပြည့်စုံခိုင်လုံသော ဆုံးဖြတ်ချက်တစ်ခုကို ရောက်ရှိနှင့်ပြီးဖြစ်သည်။ ၎င်းတို့မှာ လုံးလုံးလျားလျား ဖယ်ပစ်ခြင်းကို ခံရဖို့ပင်ဖြစ်သည်။

မပြည့်မီသော တာဝန်ထမ်းဆောင်ခြင်းနှင့် ပတ်သက်၍ မည်သည့်သရုပ်သကန်များ ရှိကြောင်းကို ငါတို့ နောက်ထပ် ဆွေးနွေးကြစို့။ ဥပမာတစ်ခုကို ငါ မိတ်သာဟာပြုမည် ဖြစ်ပြီး၊ ဤသူသည် သူ၏တာဝန်ကို ပြည့်မီစွာနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း ထမ်းဆောင်နေခြင်းရှိမရှိ သင်တို့အားလုံး ပိုင်းခြားသိမြင်နိုင်သည်။ အသင်းတော်ထဲတွင် ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးချယ်ခံခဲ့ရကာ၊ မိသားစုဝင်အချို့က ယုံကြည်သူများဖြစ်ပြီး အချို့ကမဟုတ်သော ယုံကြည်သူထက်ဝက်ရှိသည့် မိသားစုမှ လက်ခံကျွေးမွေးပေးခဲ့သော လူတစ်ဦး ရှိခဲ့သည်။ သို့ရာတွင် ၎င်းတို့အားလုံး၌ တစ်မူထူးသော လက္ခဏာရှိကာ၊ ယင်းမှာ ၎င်းတို့သည် အခွင့်အာဏာရှိသော သူတို့၏ စိတ်နေစိတ်ထားကို ဖတ်ပြီး မြှောက်ပင့်ရာ၌ အထူးသဖြင့် ကျွမ်းကျင်ကြခြင်း ဖြစ်သည်။ ဤလက္ခဏာက ခေါင်းဆောင်တစ်ဦးအတွက် မည်သည့်အရာကို အမှုမဲ့အမှတ်မဲ့ ဖြစ်ပေါ်စေမည်နည်း။ (ယင်းက စုံစမ်းသွေးဆောင်ခြင်းကို ဖြစ်ပေါ်စေမည်။) ယင်းက စုံစမ်းသွေးဆောင်ခြင်းတစ်ခုကို ဖြစ်ပေါ်စေခဲ့ပေသည်။ ဤသည်မှာ သူ့အတွက် ကောင်းချီးလော၊ ကံဆိုးခြင်းလော။ ယင်းက ကောင်းချီးလော၊ ကံဆိုးခြင်းလော ဟူသည်ကို ကြည့်ရဦးမည်ဖြစ်သည်။ ဆက်၍ ပြောကြစို့။ ဤမိသားစုက ထိုခေါင်းဆောင်ကို လက်ခံပြီးနောက်တွင် ၎င်းတို့က သူ့ကို အစာစားချိန်တိုင်းတွင် အသားဟင်းနှင့် ဟင်းကောင်းတို့ဖြင့် ကျွေးမွေးခဲ့ကြသည်။ ၎င်းတို့က ထိုခေါင်းဆောင်ကို အဘယ့်ကြောင့် ဤပုံစံအတိုင်း လက်ခံထားကြသနည်း။ ယင်းမှာ ချစ်ခြင်းမေတ္တာအားဖြင့် ဟုတ်သလော။ ၎င်းတို့က ညီအစ်ကို မောင်နှမများအား ဤပုံစံအတိုင်း လက်ခံထားခဲ့ကြမည်လော။ လုံးဝ မဟုတ်ပေ။ ထိုခေါင်းဆောင်သည် ထိုနေရာ၌ရှိခဲ့စဉ် ၎င်းတို့က သူ့အတွက် နေ့စဉ် အသားဟင်းချက်ပြုတ်ပေးခဲ့သည်။ နောက်ဆုံးတွင် ထိုခေါင်းဆောင်က အစားအသောက်များကို ကျေနပ်အားရသဖြင့် ထိုမိသားစုကို “သင်တို့မိသားစုတစ်ခုလုံးသည် ဘုရားသခင်ကို ချစ်ကြသည်။ သင်၏မိခင်သည် နိုင်ငံတော်ကို ဝင်စားနိုင်သည်၊ သင်၏သားသည် နိုင်ငံတော်ကို ဝင်စားနိုင်သည်၊ ပြီးလျှင် သင်နှင့် သင့်ဇနီးသည်လည်း နိုင်ငံတော်ကို ဝင်စားနိုင်သည်။ အနာဂတ်တွင် သင်တို့မိသားစုတစ်ခုလုံး နိုင်ငံတော်ကို ဝင်စားနိုင်သည်” ဟု ပြောလေသည်။ ဤသည်ကို ကြားရသည်တွင် ထိုမိသားစုက ဘဝင်ခိုက်သွားပြီး “ငါတို့မိသားစုတစ်ခုလုံး နိုင်ငံတော်ကို ဝင်စားနိုင်သည်၊ ငါတို့ကြားမှ မယုံကြည်သူများပင် ဝင်စားနိုင်သည်။ သူ့ကို ငါတို့ ကျွေးမွေးလာခဲ့သော အသားဟင်းက အလဟဿမဟုတ်ပုံပေါက်ပေသည်။ ငါတို့ သူ့အား ဆက်လက်၍ အသားဟင်းကျွေးမွေးသင့်သည်” ဟု စဉ်းစားကြလေသည်။ အမှန်တွင်မူ ဤမိသားစုသည် နိုင်ငံတော်ဝင်စားခြင်းအတွက် မည်သည့်အရာ လိုအပ်ကြောင်းနှင့်ပတ်သက်၍ နားလည်မှု အနည်းငယ်သာ ရှိခဲ့သော်လည်း ယင်းက ကောင်းသောအရာဖြစ်မှန်း သိခဲ့ကြသည်။ ဘုရားသခင်ကို ယုံကြည်သူတို့ကြားတွင် ကောင်းကင်နိုင်ငံတော် ဝင်စားပြီး ကောင်းချီးများမရချင်မည့်သူ အဘယ်သူရှိမည်နည်း။ ၎င်းတို့က “ခေါင်းဆောင်က ငါတို့ နိုင်ငံတော် ဝင်စားနိုင်သည်ဟု ပြောသရွေ့ ငါတို့ဝင်စားနိုင်သည် မဟုတ်လော။ ခေါင်းဆောင်၏စကားက အတည်ဖြစ်သည်။ အမှန်တွင် ခေါင်းဆောင်က ဘုရားသခင်ကို ကိုယ်စားပြုသည်” ဟု တွေးကြသည်။ ထို့နောက်တွင် ထိုခေါင်းဆောင်က ၎င်းတို့ နိုင်ငံတော် ဝင်စားနိုင်သည်ဟု ပို၍ဆိုလေ၊ ၎င်းတို့က သူ့ကို အစားအသောက်များ ပို၍ရက်ရက်ရောရော ကျွေးမွေးလေဖြစ်သည်။ တဖြည်းဖြည်းနှင့် ဤခေါင်းဆောင်သည် အခြားမိသားစုများကို နောက်ထပ် မလည်ပတ်ချင်တော့ပေ။ အဘယ့်ကြောင့်ဆိုသော် ထိုသူတို့က သူ့အား ဤကောင်းသောအရာများကို မကျွေးမွေး၊ သို့မဟုတ် သူ့ကို ဤပုံစံအတိုင်း မမြှောက်ပင့်ခဲ့ကြပေ။ များမကြာမီ ထိုခေါင်းဆောင်သည် ပို၍ပို၍ ကိုယ်အလေးချိန်တိုးလာသည်။ သူ၏ဦးခေါင်းသည်လည်း ပို၍ဝလာကာ “လူ့ခေါင်း” မှ “ဝက်ခေါင်း” အဖြစ်သို့ ရောက်လာသည်။ လုပ်ဆောင်ဆောင်ဖက်များ၏ စည်းဝေးပွဲအတွင်း၌ သူ့ကို ချက်ချင်း မှတ်မိနိုင်၏။ တစ်လမျှ သူ့ကို မမြင်ရသည့်နောက် သူသည် ကိုယ်အလေးချိန် များစွာတိုးခဲ့ပြီးဖြစ်၍ ထိုသူတို့က သူ၏အလုပ်နှင့်ပတ်သက်၍ အရေးတကြီး မေးမြန်းကြသည်။ ထိုသူတို့သည် စိုးရိမ်စရာ အရေးကိစ္စများကို ရှာဖွေတွေ့ရှိပြီး သူ့အား တင်းကျပ်သော ပြုပြင်ခြင်းကိုပေးလျက်၊ နောက်ဆုံး ဤအတုအယောင်ခေါင်းဆောင်ကို အစားမထိုးခင် သူ့ပြဿနာ၏ အနှစ်သာရကို စိတ်ဖြာလေ့လာခဲ့ကြသည်။ နောက်ထပ်စုံစမ်းစစ်ဆေးမှုက ပိုများသော ပြဿနာများကို ထုတ်ဖော်ခဲ့သည်။ ဤအတုအယောင်ခေါင်းဆောင်သည် မည်သည့် တကယ့်အလုပ်ကိုမျှ မလုပ်ဘဲ သူ့အဆင့်အတန်း၏ အကျိုးကျေးဇူးများကို နေ့စဉ် ပျော်မွေ့ခံစားခဲ့သည်။ သူသည် သူ့အား မြှောက်ပင့်ပြောဆိုသူတို့ကို မျက်နှာသာပေးကာ ထိုသူတို့ကို အဆင့်တိုးမြှင့်ပေးနေစဉ် သူ့အား လက်ဆောင်ပဏ္ဏာများ မပေးသူတို့ကို နှိပ်ကွပ်ခဲ့သည်။ သူ့အား သူ့ဇနီးသည်မှ စားစရာ ကြက်သား ပို၍ယူဆောင်လာရန်ပင် တောင်းဆိုခဲ့သည်။ သို့ဖြစ်၍ ဤအတုအယောင်ခေါင်းဆောင်၏ တာဝန်ထမ်းဆောင်မှုနှင့် ပတ်သက်၍ သင်တို့ မည်သို့ထင်မြင်ကြသနည်း။ သူ၏တာဝန်များအပေါ် သူ၏စိတ်ထားမှာ မည်သည့်အရာ ဖြစ်ခဲ့သနည်း။ သူသည် အမှန်တွင် အလုပ်လုပ်နေခြင်း မရှိခဲ့ပေ။ အခြားတစ်နေရာရာတွင် အရာရှိတစ်ဦးလုပ်ရန် သွားခဲ့သည်နှင့် ပို၍တူသည်။ သို့မဟုတ်လျှင် သူသည် ထိုမျှများသော ကိုယ်အလေးချိန်ကို အဘယ်သို့ ရနိုင်ခဲ့မည်နည်း။ ဤအရာအတွက် အကြောင်းရင်းနှစ်ခုရှိ၏။ တစ်ဖက်တွင် သူသည် အသားဟင်းစားရနိုင်မည့် အိမ်ရှင်မိသားစုများကို တမင်သက်သက် ရွေးချယ်ကာ ထိုနေရာတွင်နေပြီး အဆက်မပြတ် ခံစားမွေ့လျော်ခဲ့သည်။ အခြားတစ်ဖက်တွင် သူ၏တာဝန်များကို ထမ်းဆောင်ရာ၌ ဝန်တာစိတ် မရှိသည့်အပြင် မည်သည့်အခက်အခဲကိုမျှ ကြံ့ကြံ့မခံခဲ့သည်မှာ အသေအချာပင်။ အကယ်၍ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးသည် ဝန်တာစိတ်မရှိလျှင် အသင်းတော်၏ ကျယ်ပြန့်သော အလုပ်ပမာဏနှင့် အရေးတကြီး ဖြေရှင်းဖို့လိုအပ်သည့် အရေးကိစ္စအမြောက်အမြားကို မြင်ရသောအခါ စိတ်ဖိစီးပြီး စိုးရိမ်သောက ရောက်တော့မည် မဟုတ်လော။ ဤစိုးရိမ်သောကရောက်ခြင်းက သူ့ကို လုပ်ဆောင်မှုရှိလာအောင် လှုံ့ဆော်မည်ဖြစ်သည်။ သူသည် ဤအ‌ရေးကိစ္စများအား ကိုင်တွယ်ခြင်းကို ချက်ချင်း အစပြုမည်ဖြစ်ကာ၊ စွမ်းအင်ကို အသုံးပြုပြီး အခက်အခဲအချို့ကို ကြံ့ကြံ့ခံမည်ဖြစ်သည်။ ရုပ်ခန္ဓာပိုင်းတွင် သူသည် ကိုယ်အလေးချိန်သာ ကျဆင်းမည်။ ယင်းမှာ သဘာဝနိယာမဖြစ်၏။ လူတစ်ဦးသည် မည်သည့် အခြေအနေများအောက်တွင် ဆက်လက်၍ ပိုစားပြီး ကိုယ်အလေးချိန် တိုးမည်နည်း။ ယင်းမှာ တစ်နေကုန် စိတ်ရှိသလောက် စားပြီး မည်သည့်အရာကိုမျှ အာရုံမစိုက်၊ ဝန်ပိခြင်းမှ လွတ်ကင်းပြီး မြင့်မြတ်ခန့်ညားစွာ ထိုင်လျက်၊ လူ့အသိုင်းအဝိုင်းနှင့် လုပ်ငန်းခွင်တို့နှင့် ကင်းကွာပြီး ကာမဂုဏ်ဇိမ်ခံမှုများ၌ မွေ့လျော်ခံစားခြင်းဖြင့်သာ ဖြစ်နိုင်သည်။ ထိုအခါမှသာ သူသည် ဆက်လက်၍ ကိုယ်အလေးချိန်တိုးပြီး တစ်လကျော်မျှအတွင်း “လူ့ခေါင်း” မှ “ဝက်ခေါင်း” အဖြစ်သို့ အသွင်ပြောင်းနိုင်သည်။ သို့ဖြစ်၍ ဤခေါင်းဆောင်သည် သူ၏ တာဝန်များကို မည်မျှကောင်းစွာ ထမ်းဆောင်နေခဲ့သနည်း။ ခေါင်းဆောင်တစ်ဦးအဖြစ် သူ့အခန်းကဏ္ဍ၏ သဘာဝမှာ ပြောင်းလဲခဲ့ပြီးဖြစ်သည်။ ဤသည်မှာ သူ၏တာဝန်များအား ဖြည့်ဆည်းခြင်းနှင့် မဆိုင်တော့ဘဲ ဇိမ်ခံမှုနှင့် အဆင့်အတန်း၏ အကျိုးကျေးဇူးများ၌ မွေ့လျော်ခြင်းနှင့်သာ ဆိုင်တော့သည်။ သူသည် အစိုးရအရာရှိတစ်ဦးကဲ့သို့ ပြုမူနေခဲ့သည်။ တကယ့်အလုပ်ကို ရှောင်လွဲခဲ့သည်သာမက အပြစ်ပြုခြင်း၌လည်း ပါဝင်ခဲ့ခြင်းဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးက သူ့ကို မမြှောက်ပင့်လျှင် သို့မဟုတ် အရသာရှိသော အစားအစာဖြင့် မကျွေးမွေးလျှင် သူ့ကို နှိပ်ကွပ်သည်။ ထိုမျှမက သူသည် ထိုသူ့ကို ပြုပြင်ရာ၌ ပါဝင်ရန် ညီအစ်ကိုမောင်နှမများကို လှုံ့ဆော်ကာ၊ နောက်ဆုံးတွင် လူထုအမျက်ကို နှိုးဆွပေးလေသည်။ လူတို့က ထိုသူ့ကို စတင်၍ အော့ကြောလန်ပြီး သူ့ကို ဝေးဝေးရှောင်ကြသည်။ သူအား ဖယ်ရှားခြင်းအကြောင်းရင်းကို ခဏဘေးဖယ်လျက်၊ သူ၏ တာဝန်ထမ်းဆောင်မှု၏ ပြည့်မီခြင်းအကြောင်းကိုသာ ဆွေးနွေးကြစို့။ အဆင့်အတန်း၏ အကျိုးကျေးဇူးများ၌ သူ၏ မွေ့လျော်ခြင်းနှင့် တကယ့်အလုပ်ကင်းမဲ့ခြင်းမှာ အရေးကြီးဆုံး အရေးကိစ္စဖြစ်သည်။ သူသည် ဘုရားသခင်ရွေးကောက်ထားသော လူတို့ကို အစေခံနေခြင်းမရှိပေ။ သူသည် ၎င်းတို့အပေါ် အရာရှိတစ်ဦးကဲ့သို့ ပြုမူနေခဲ့ပြီး သူ၏တာဝန်များကို မည်သည့်နည်းနှင့်မျှ ဖြည့်ဆည်းနေခြင်း မရှိပေ။ ခေါင်းဆောင်တစ်ဦးအဖြစ် သူ၏အလုပ်၌ သူ၏တာဝန်များကို ထမ်းဆောင်ရာတွင် သူ၏စိတ်နှလုံးနှင့် စွမ်းအားကို ပေးအပ်မြှုပ်နှံဖို့ နေနေသာသာ၊ သစ္စာစောင့်သိခြင်း တစက်မျှ မပြသခဲ့ပေ။ သူ၏စိတ်နှလုံးနှင့် စွမ်းအားကို စားသောက်ခြင်းနှင့် ပျော်ပါးမွေ့လျော်ခြင်းအတွက်သာ ပေးခဲ့သည်။ သူသည် သူ့အဆင့်အတန်း၏ အကျိုးကျေးဇူးများအား မည်သို့မွေ့လျော်ရမည်ကို စဉ်းစားလျက် ဦးနှောက်‌ခြောက်ကာ၊ ဖော်လံဖားသော ဤအပြုအမူမျိုးကို တားမြစ်ဖို့အတွက် အိမ်ရှင်မိသားစုအား သမ္မာတရားကို မိတ်သဟာယ မပြုပေးခဲ့ပေ။ ထိုမျှမက သူတို့ကို လှည့်စားကာ၊ ထိုကဲ့သို့သော ဧည့်ဝတ်ပြုခြင်းကသာ နိုင်ငံတော်ထဲသို့ ဝင်ရောက်ရန်နှင့် ဆုလဒ်များရရှိရန် အခွင့်ပေးလိမ့်မည်ဟု ပြောခဲ့သည်။ ဤသည်မှာ ဒုစရိုက်ပြုနေခြင်း မဟုတ်လော။ အကယ်၍ ဤသည်မှာ အိမ်ရှင်မိသားစုကို သူ ပြုမူဆက်ဆံခဲ့သည့် ပုံစံဖြစ်ခဲ့လျှင် အသင်းတော်၏အလုပ်တွင် သူ မည်ကဲ့သို့ ပြုလုပ်မည်နည်း။ ဘုရားသခင်ရွေးကောက်ထားသော လူတို့ကို သူ မည်ကဲ့သို့ ပြုမူဆက်ဆံမည်နည်း။ ယင်းမှာ လှည့်စားခြင်း၊ အရေးမထားခြင်းနှင့် ဝတ်ကျေတမ်းကျေပြုခြင်းတို့နှင့် ပြည့်နှက်နေမည်မှာ သေချာ၏။ ဤပုဂ္ဂိုလ်သည် တာဝန်က မည်သည့်အရာဖြစ်ကြောင်း အမှန်တကယ် သိခဲ့သလော။ ဘုရားသခင်က သူ့အား ပေးအပ်ခဲ့သည့်အလုပ်မှာ မည်သည့်အရာဖြစ်ကြောင်း သူသိခဲ့သလော။ ဤတာဝန်ပေး စေခိုင်းချက်ကို သူက မည်သည့်အရာအဖြစ် ယူဆခဲ့သနည်း။ သူက ယင်းကို အရည်အသွေးကောင်းတစ်ခုနှင့် သူ့အဆင့်အတန်း၏ အကျိုးကျေးဇူးများအား ပျော်မွေ့စရာအကြောင်းရင်းအဖြစ် ယူဆခဲ့ကာ၊ ရလဒ်အနေဖြင့် သူသည် မကောင်းမှုအတော်များများကို ကျူးလွန်လျက်၊ အသင်းတော်၏ အသက်တာကို အနှောင့်အယှက်ပေးပြီး ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုတွင် ဆုံးရှုံးနစ်နာမှုကို ဖြစ်ပွားစေခဲ့သည်။ ထိုသို့သော တာဝန်ထမ်းဆောင်မှုပုံစံမှာ မပြည့်မီရုံသာမက ဆိုးယုတ်သော လုပ်ရပ်များအဖြစ်လည်း ပြောင်းလဲသွားခဲ့သည်။ လူတစ်ဦး၏ တာဝန်ထမ်းဆောင်မှုတွင် ပြည့်မီသော အစိတ်အပိုင်းတစ်ခုခု ကင်းမဲ့လျှင် ၎င်းတို့ကို ဘုရားသခင်က အောက်မေ့နိုင်မည်လော။ (အောက်မေ့နိုင်မည် မဟုတ်ပါ။) မအောက်မေ့နိုင်မည်မှာ သိသာထင်ရှားကာ၊ ယင်းမှာ အတော်ပင် သနားစရာကောင်း၏။ သမ္မာတရားကို နားမလည်ခြင်းက သနားစရာ ကောင်း၏။ သမ္မာတရားကို နားလည်သော်လည်း လက်တွေ့မလုပ်ဆောင်ခြင်းက ပို၍ပင် သနားစရာကောင်းသလော။ (သနားစရာကောင်းပါသည်။) ဤသည်မှာ “လူ့ခေါင်းမှ ဝက်ခေါင်းအဖြစ် ပြောင်းလဲသွားခြင်း” အမှုဟူသည့် အမှုနံပါတ်တစ် ဖြစ်သည်။ ဤအမှုသည် အတော်ပင် ရိုးရှင်း၏။ ယင်း၌ အဆင့်အတန်း၏ အကျိုးကျေးဇူးများ၌ မွေ့လျော်ခံစားခြင်း၊ မိမိ၏တာဝန်အား သစ္စာစောင့်သိမှု တစ်စက်မျှမရှိဘဲ ထမ်းဆောင်ခြင်းနှင့် ဘုရားသခင်အားကြောက်ရွံ့သော စိတ်နှလုံး အနည်းငယ်မျှပင် ကင်းမဲ့ခြင်းတို့ ပါဝင်၏။ ဤခေါင်းဆောင်က သူ၏ ဘုရားပေးတာဝန်ကို သူ့အဆင့်အတန်း၏ အကျိုးကျေးဇူးများ၌ မွေ့လျော်ခံစားခြင်းအဖို့ အရည်အသွေးကောင်းအဖြစ် သဘောထားခဲ့သည်။ ဤအရာကို ပိုင်းခြားနားလည်ဖို့ လွယ်ကူ၏။ အနာဂတ်တွင် သင်တို့သည် နှိုင်းယှဉ်မှုပြုနိုင်ရန်၊ အခြားသူများအား ပိုင်းခြားနားလည်ရန်နှင့် မိမိတို့ကိုယ်ကို တွန်းအားပေးနိုင်ရန်အလို့ငှာ အမှုနံပါတ်တစ်၏ အမည်ကို သတိရလော့။ ငါပြောပြလိုက်သော ဤအမှုကိစ္စကို သင်တို့ မည်သို့သဘောရသနည်း။ သင်တို့သည် ထိုကဲ့သို့သော လူတို့နှင့် ထိုကဲ့သို့သော လုပ်ရပ်များကို စက်ဆုပ်ရွံ့ရှာသလော။ (စက်ဆုပ်ရွံရှာပါသည်။) အကယ်၍ သင်တို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံပါက ထိုကဲ့သို့သော လုပ်ရပ်များကို ကျူးလွန်နိုင်သလော။ သင်တို့၌ ထိုအတုအယောင်‌ခေါင်းဆောင်ထက် ပို၍ ဆင်ခြင်တုံတရားရှိပြီး အတော်လေး ချုပ်တည်းနိုင်ကာ သမ္မာတရားအဖို့ ကြိုးပမ်းနိုင်ခဲ့ပါက မျှော်လင့်ချက်အနည်းငယ် ရှိသေးသည်။ သို့သော် ထိုသူကဲ့သို့ စားသောက်ခြင်နှင့် အဆင့်အတန်း၏ အကျိုးကျေးဇူးများအား မွေ့လျော်ခံစားခြင်း၌ ကျူးလွန်နိုင်ခဲ့ပါက သင်သည် ထုတ်ဖော်ခြင်းနှင့် ဖယ်ရှားခြင်းကို ခံရမည်ဖြစ်သည်။ သင်သည် အတုအယောင် ခေါင်းဆောင်တစ်ဦးနှင့် ဘုရားသခင်စက်ဆုပ်ရွံ့ရှာသော လူတစ်ဦးသက်သက် ဖြစ်မည်။ ယခုတွင် သင်တို့၌ ပိုင်းခြားနားလည်မှု အနည်းငယ်ရှိပြီး သမ္မာတရားအချို့ကို နားလည်ကြသည်။ သင် ချုပ်တည်းနိုင်ပြီး မိမိကိုယ်ကို ထိန်းချုပ်နိုင်သည့် အတိုင်းအတာက ကယ်တင်ခြင်းအဖို့ သင်၌ မျှော်လင့်ချက်အဘယ်မျှရှိသည်ကို အဆုံးအဖြတ်ပေးသည်။ ယင်းတို့မှာ တိုက်ရိုက်အချိုးကျဖြစ်၏။ အကယ်၍ သင်သည် သင့်ကိုယ်သင် မချုပ်တည်းနိုင်ဘဲ သင့်ကိုယ်ပိုင် ဦးစားပေးမှုများအတိုင်း ဆက်လက်ပြုမူလျက် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြင့် အသက်ရှင်ပြီး အဆင့်အတန်း၏ အကျိုးကျေးဇူးများကို မွေ့လျော်ခံစားကာ၊ တစ်စုံတစ်ဦးက သင့်အား မြှောက်ပင့်ပြောဆိုသောအခါ မိမိကိုယ်မိမိ ဆင်ခြင်သုံးသပ်ခြင်း သို့မဟုတ် စစ်မှန်သော နောင်တတရား တစ်ခုမျှမရှိဘဲ ကျေနပ်အားရပြီး သာယာယစ်မူးနေပါက ကယ်တင်ခြင်းရရှိဖို့အတွက် သင်၌ရှိသော မျှော်လင့်ချက်မှာ သုညသာ ဖြစ်ပေ၏။

ထို့နောက် အခြားအမှုအကြောင်း ပြောြကစို့။ ဧဝံဂေလိတရား ကျယ်ပြန့်နေစဉ်အတွင်း အသင်းတော်ထဲရှိ လူများစွာတို့သည် ဧဝံဂေလိဖြန့်ဝေဖို့ရန် နေရာမျိုးစုံသို့ သွားကြသည်။ ဧဝံဂေလိဖြန့်ဝေခြင်းအလုပ်သည် လူတိုင်းအတွက် တာဝန်ဖြစ်သည်။ ယင်းကို သင် မည်သို့ သဘောထားဖြစ်စေ သို့မဟုတ် ဤတာဝန်ကို သင်သည် ကောင်းသည်ဟု ထင်သည်ဖြစ်စေ၊ မထင်သည်ဖြစ်စေ ယင်းသည် လူတို့အား ဘုရားသခင်ပေးသည့် တာဝန်ပေးစေခိုင်းချက် ဖြစ်၏။ လူတို့ထံ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်နှင့် ပတ်သက်၍ ဆိုရလျှင် ဤအရာသည် လူတို့၏ ဝတ္တရားနှင့် ပတ်သက်ပြီး လူတို့၏ တာဝန်နှင့်လည်း ပတ်သက်သည်။ ယင်းသည် လူတို့၏ တာဝန်နှင့် ပတ်သက်သဖြင့် လူတစ်ဦးက သူ၏တာဝန်ကို မည်သို့ထမ်းဆောင်သည်နှင့်လည်း ပတ်သက်သည်။ ဧဝံဂေလိတရားဖြန့်ဝေခြင်း လုပ်ငန်းစဉ်အတွင်း လူအချို့က အထူးသဖြင့် ချမ်းသာကြွယ်ဝသော ဒေသများနှင့် ချမ်းသာကြွယ်ဝသော အိမ်ထောင်စုများကို ရှာကြသည်။ ၎င်းတို့သည် လူတစ်ဦး ကားကောင်းကောင်းမောင်းသည် သို့မဟုတ် အိမ်ကြီးကြီး၌နေသည်ကို တွေ့ရသောအခါ အားကျပြီး မနာလိုဖြစ်ကြသည်။ ၎င်းတို့ကို ကောင်းမွန်စွာ ဧည့်ခံသည့် အိမ်ထောင်စုတစ်ခုကို တွေ့ရှိပါက ကြာကြာနေပြီး တပ်မက်သော စိတ်နှလုံးရှိကြသည်။ ၎င်းတို့သည် ဧဝံဂေလိဖြန့်ဝေခြင်း လုပ်ငန်းစဉ်၌ အကျိုးပြုလုပ်ဆောင်မှုများ ပြုခဲ့သဖြင့် ကျေးဇူးတော် အနည်းငယ်ကို ခံစားသင့်သည်ဟု ထင်ကြသည်။ သို့ဆိုလျှင် ၎င်းတို့၏ ဧဝံဂေလိဖြန့်‌ဝေမှုက ဘာဖြစ်သွားသနည်း။ ၎င်းတို့လုပ်သမျှမှာ ကာမဂုဏ်သာယာမှုများ၌ မွေ့လျော်လျက် ၎င်းတို့၏ အစေခံမှုကို ရုပ်ပိုင်းဆိုင်ရာ ပျော်မွေ့ဖွယ်ရာနှင့် အလဲအလှယ်ပြုရန် ဖြစ်သည်။ ယင်းက ၎င်းတို့၏ အားထုတ်မှုအား ရောင်းချခြင်း ဖြစ်လာ၏။ နှစ်နှစ်သုံးနှစ်ကြာပြီးနောက် ၎င်းတို့သည် ထိုနေရာ၌ ဧဝံဂေလိဖြန့်ဝေခြင်းဖြင့် လူအချို့ကို ရရှိထားကာ အသင်းတော်တစ်ပါးကိုပင် တည်ထောင်ကြပြီး ဖြစ်သည့်အတွက် အရည်အသွေးကောင်း အနည်းငယ်ကို စုဆောင်းရမိပြီဖြစ်သည်။ ထို့နောက် ၎င်းတို့သည် စတင်၍ စိတ်မထိန်းနိုင်တော့ဘဲ မိမိတို့၏ ဇာတိမြို့သို့ “ကြီးကျယ်ခမ်းနားစွာ” ပြန်သွားသည့်အချိန်တွင် ၎င်းတို့သည် တောက်ပရွှန်းစိုလျက် ခေတ်ဆန်သောလူတစ်ဦး ဖြစ်လာသလောက် ဖြစ်သည်။ ၎င်းတို့သည် ခေတ်မီဆန်းပြားသော မိသားစုအသုံးအဆောင်များနှင့် လျှပ်စစ်ပစ္စည်းများကို ပြန်သယ်သွားကြကာ၊ ခြေဆုံးခေါင်းဆုံး ဝတ်ကောင်းစားလှ ဝတ်ဆင်ကြသည်။ ဒေသခံလူတို့က ၎င်းတို့ကို မမှတ်မိကြတော့ဘဲ တစ်နေရာရာတွင် ပွပေါက်တိုးလာရမည်ဟု ထင်ကြသည်။ ဤတွင် ပြဿနာရှိပြီ မဟုတ်လော။ ၎င်းတို့သည် နှစ်ပေါင်းများစွာ ယုံကြည်သူဖြစ်လာကာ အမြဲတမ်း အိမ်နှင့်ကင်းကွာလျက် တာဝန်ထမ်းဆောင်ကြရသည်။ အစပိုင်းတွင် ၎င်းတို့၏အိမ်၌ အမှန်တကယ် တန်ဖိုးရှိသည့်အရာ ဘာမျှမရှိခဲ့သော်လည်း ယခုတွင် ၎င်းတို့သည် လူတို့ပေးသည့် ဝတ်ကောင်းစားလှနှင့် ပစ္စည်းကောင်းကောင်းများအားလုံးကို ပြန်ယူလာကြသည်။ ၎င်းတို့သည် ကောင်းကောင်း ဝတ်ဆင်ထားသကဲ့သို့ ကောင်းကောင်းလည်း ပြည့်စုံလာကြသည်။ ၎င်းတို့က ဤအရာကို ဘုရားသခင်၏ ကျေးဇူးတော်ဟု သဘောထားကြသည်။ သို့သော် ဤအရာများက အမှန်တကယ် မည်သည့်နေရာမှ လာသနည်း။ ယင်းတို့မှာ ၎င်းတို့၏ ဧဝံဂေလိဖြန့်ဝေခြင်းနှင့်ဆိုင်သည့် အားထုတ်မှုအတွက် လဲလှယ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ အခြားသူအချို့က ၎င်းတို့၏ နှစ်ပေါင်းများစွာ ယုံကြည်မှုနှင့် ဧဝံဂေလိဖြန့်ဝေရာ၌ ၎င်းတို့၏ အလုပ်ကြိုးပမ်းမှုကို တွေ့မြင်သဖြင့် ဤသူ့ကို ပစ္စည်းကောင်းအချို့ ပေးခဲ့ကြသည်။ ဤ “ပေးကမ်းခြင်း” က ဒါနလော။ ယင်းက သနားကြင်နာမှုလော။ အကယ်၍ ၎င်းတို့အား အခြားသူများမှ မြှောက်လုံးပင့်လုံးအားဖြင့် ပေးခဲ့သည့် ဤပစ္စည်းကောင်းများကို ဧဝံဂေလိဖြန့်ဝေခြင်းကြောင့် ရရှိခဲ့သည်ဆိုလျှင် ဤသူ့အနေဖြင့် ယင်းတို့ကို ဘုရားသခင်၏ မျက်နှာသာပေးမှု သို့မဟုတ် ဘုရားသခင်၏ ကျေးဇူးတော်ဟု သဘောထားဖို့ သင့်တော်သ‌လော။ တဲ့တိုးပြောရလျှင် ၎င်းတို့သည် ဤအရာများကို ရရှိဖို့အတွက် ဧဝံဂေလိဖြန့်ဝေသည့် အခွင့်အရေးကို အခွင့်ကောင်းယူနေကြသည်။ အကယ်၍ ၎င်းတို့သည် အခြားသူများရှေ့တွင် ၎င်းတို့၏ဆင်းရဲခြင်းကို အမြဲတမ်း ညည်းညူနေခိုက် ဤအရာကိုကြိုက်သည် သို့မဟုတ် ထိုပစ္စည်းကို ကြိုက်သည်ဟုလည်း ပြောဆိုနေပါက လူတို့သည် ယင်းကို ၎င်းတို့အား အင်တင်တင်ဖြင့် ပေးတော့သည်။ ယင်း၌ ငွေညှစ်ခြင်း သို့မဟုတ် အကျပ်ကိုင်ခြင်းပုံစံမျိုး ရှိသည်မဟုတ်‌လော။ ဧဝံဂေလိဟောပြောသည့် လူအချို့က အခြားသူများအား “ကျွန်ုပ်တို့ ဧဝံဂေလိဖြန့်ဝေသူများသည် ဘုရားသခင်စေလွှတ်သော ဘုရားသခင်၏ တမန်များဖြစ်ကြသည်။ သင်တို့သည် ဘုရားသခင်၏ ဧဝံဂေလိတရားကို ကျွန်ုပ်တို့ထံမှ ရရှိသည်။ သင်တို့ရရှိနေသည်မှာ ကြီးမားသော ကောင်းချီးနှင့် အကျိုးကျေးဇူးပါတကား။ သင်တို့ အဘယ်သို့ ကြွယ်ဝချမ်းသာပြီး ဘုရားသခင်၏ ကျေးဇူးတော်ကို အဘယ်မျှ ခံစားထားရသည်ကိုထောက်ရှုလျှင် အသိအမှတ်ပြုခြင်း အနည်းငယ်ကို ပြသသင့်သည်မဟုတ်လော။ သင်တို့သည် သင်တို့ ပိုလျှံသည့်အရာ သို့မဟုတ် မသုံးတော့သောအရာအချို့ကို ကျွန်ုပ်တို့အား မဝေမျှသင့်သလော” ဟု ပြောတတ်ကြသည်။ ထိုကဲ့သို့သော တိုက်တွန်းမှုအပြီးတွင် လူအချို့သည် ရှက်ကိုးရှက်ကန်းဖြင့် ပေးလိုက်ရသည်ဖြစ်ကာ၊ ဧဝံဂေလိဖြန့်ဝေသူများက ၎င်းတို့ လုံးဝတရားသည်ဟု ထင်ကြသည်။ ပေးသောသူတို့သည် ယင်းကို အမှန်တကယ် မိမိဆန္ဒအလျောက် ပေးကြသလော။ ပေးကမ်းသူများက စိတ်ဆန္ဒရှိသည်ဖြစ်စေ ဤအရာများမှာ ဧဝံဂေလိဖြန့်ဝေသူများ ရရှိသင့်သည့်အရာများ ဟုတ်သလော။ (မဟုတ်ပါ။) အချို့က “ဤအရာများကို ငါ အဘယ့်ကြောင့် မရရှိသင့်သနည်း။ ငါသည် ဧဝံဂေလိတရားကို ကြိုးစား၍ ဟောပြောခဲ့သည်။ ဤအနည်းငယ်သော အရာများကို ရရှိခြင်းသည် ဘုရားသခင်၏ ကျေးဇူးတော်သာ မဟုတ်လော” ဟု အကြောင်းပြသည်။ သင်သည် ဧဝံဂေလိဟောပြောသောအခါ မည်သည့်အရာ ပြုလုပ်နေသနည်း။ သင်၏အလုပ်ကိစ္စမှာ အသက်မွေးမှုပြုဖို့လော။ ဧဝံ‌ဂေလိဟောပြောခြင်းသည် အရောင်းအဝယ်ကိစ္စ မဟုတ်ပေ။ ယင်းက သင်၏တာဝန်ဖြစ်သည်။ သင်သည် လူတို့ထံမှ အရာများကို တောင်းဆိုသောအခါ သင်သည် အခြေခံအားဖြင့် ဘုရားသခင်ထံမှ အရာများကို တောင်းဆိုနေခြင်း ဖြစ်သည်။ သို့သော် သင်သည် ဘုရားသခင်ကို လက်လှမ်းမမီသည့်အပြင် သူ့အား သင် မတောင်းဝံ့သဖြင့်၊ ထိုအစား သင်သည် လူတို့ကို လက်လှမ်းပြီး ဝိညာဉ်ရေးရာ သဘောတရားများ တစ်ပုံတစ်ခေါင်းကို ပြောြခင်းဖြင့် ထိုသူတို့အား လှည့်စားသည်။ သင်သည် ဧဝံဂေလိဖြန့်ဝေခြင်းမှ လူအချို့ကို ရရှိခြင်းအားဖြင့် အကျိုးကိုရရှိပြီဟူ၍လည်းကောင်း၊ သင်၏ကြိုးပမ်းမှုများကြောင့် ခံစားခွင့်အနည်းငယ်မျှ ရရှိရန် အခွင့်ရှိသည်ဟူ၍လည်းကောင်း သင် ခံစားရသည်။ ငွေကြေးကို တိုက်ရိုက်တောင်းရမ်းလျှင် ကောင်းမည်မဟုတ်ဟု သင်စဉ်းစားသောကြောင့်၊ ထိုအစား အရာဝတ္တုများကို တောင်းရမ်းကာ၊ ဤနည်းဖြင့် သင်၏ ကြိုးပမ်းမှုများသည် အချည်းနှီးမဖြစ်တော့ဟု ယူဆခြင်းဖြစ်သည်။ ဤသည်မှာ တာဝန်ကို ဖြည့်ဆည်းခြင်းဟုတ်သလော။ (မဟုတ်ပါ။) သင့်လုပ်ရပ်၏ သဘာဝမှာ ပြောင်းလဲသွားပြီဖြစ်သည်။ ဧဝံဂေလိဖြန့်ဝေခြင်းကို မည်သည့်အရာအဖြစ်သို့ သင်ပြောင်းလဲလိုက်ပြီလော။ သင်သည် ဘုရားသခင်၏ ဧဝံဂေလိတရားကို စီးပွားရေးလုပ်လိုက်ပြီဖြစ်ကာ၊ ယင်းကို ရုပ်ဝတ္ထုပစ္စည်းများဖြင့် ဖလှယ်ရောင်းဝယ်လိုက်ခြင်း ဖြစ်သည်။ ဤသည်မှာ မည်ကဲ့သို့သော အပြုအမူဖြစ်သနည်း။ (အချောင်သမားဝါဒ ဖြစ်သည်။) ဤသည်မှာ အချောင်သမားဝါဒလော။ ယင်းကို အချောင်သမားဝါဒဟု ခေါ်ခြင်းက ယင်း၏ ပြင်းထန်မှုကို လျှော့ချပစ်ခြင်းလော။ အမှန်တကယ် ယင်းမှာ မကောင်းမှုပြုခြင်း မဟုတ်လော၊ ဆိုးယုတ်သော လုပ်ရပ်မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းကို ဆိုးယုတ်သောလုပ်ရပ်ဟု အဘယ့်ကြောင့် သဘောထားရသနည်း။ ဧဝံဂေလိဖြန့်ဝေခြင်းသည် တာဝန်ကို ထမ်းဆောင်ခြင်းနှင့် ဘုရားသခင်အား သက်သေခံခြင်းဖြစ်သည်။ သင်သည် ဘုရားသခင်ကို သက်သေခံသည်နှင့်အမျှ တစ်ချိန်တည်းမှာပင် လူတစ်ဦးထံ ဧဝံဂေလိတရားကို သယ်ဆောင်ပေးခြင်းဖြစ်ကာ၊ ဘုရားသခင်က ထိုသူ့ကို ရရှိပြီး၊ ထိုသို့ဖြင့် သင်က သင်၏အထူးတာဝန်ကို ပြီးစီးခြင်းဖြစ်သည်။ သင်၏ အထူးတာဝန်အား ပြီးစီးခြင်းအတွက် သင် မည်သည့်အရာကို ရရှိသင့်သည်ဖြစ်စေ၊ ယင်းကို သင့်အား ဘုရားသခင် ပေးမည်ဖြစ်သည်။ မည်သူ့ကိုမျှ သင် တောင်းရမ်းစရာမလိုသကဲ့သို့ ဤဧဝံဂေလိတရားအတွက် မည်သူမျှ ပေးကမ်းစွန့်ကြဲမှုနှင့် ဖလှယ်ဖို့ အကြောင်းလည်း မရှိချေ။ ဘုရားသခင်၏ ဧဝံဂေလိတရားသည် တန်ဖိုးဖြတ်၍မရပေ။ မည်သည့် ငွေကြေးပမာဏနှင့်မျှ ယင်းကို ဝယ်၍မရသကဲ့သို့ မည်သည့်အရာနှင့်မျှ ယင်းကို လဲလှယ်၍လည်း မရပေ။ သင်သည် ဧဝံဂေလိဖြန့်ဝေခြင်းကို ရုပ်ဝတ္ထုဆိုင်ရာ အကျိုးအမြတ်ရရှိဖို့ အခွင့်အရေးအဖြစ် အသုံးချပါက သင်သည် သင်၏သက်သေခံချက်ကို ဆုံးရှုံးလေသည်။ ဤလုပ်ကိုင်ပုံက ပြစ်မှားစော်ကားခြင်း ဖြစ်ပြီး ဘုရားသခင်အား အသရေပျက်စေခြင်း ဖြစ်သည်။ ထိုမျှမက လူတို့အား သင် ဧဝံဂေလိဖြန့်ဝေပြီးနောက် ထိုသူတို့ကို သင့်အား ကျေးဇူးတင်စေသည့် သဘာဝမှာ မည်သည့်အရာ ဖြစ်သနည်း။ ဤသည်မှာ ဘုရားသခင်၏ ဘုန်းအသရေကို ခိုးယူခြင်း ဖြစ်၏။ ဘုရားသခင်၏ ဧဝံဂေလိတရားနှင့် ဘုရားသခင်၏ အမှုတော်သည် လူသုံးကုန်ပစ္စည်းများ မဟုတ်ပေ။ ဘုရားသခင်သည် သူ၏ ဧဝံဂေလိတရားကို လူသားအပေါ် ရက်ရက်ရောရော ပေးအပ်သည်။ ယင်းမှာ အခမဲ့ဖြစ်ပြီး မည်သည့်အရောင်းအဝယ်မျှ မပါဝင်ပေ။ သို့တစေ လူတို့သည် ဘုရားသခင်၏ ဧဝံဂေလိတရားကို အခြားသူများအား ရောင်းချရန်အတွက် လူသုံးကုန်အဖြစ် ပြောင်းလဲစေကြကာ၊ ထိုသူတို့ထံမှ ငွေကြေးနှင့် ရုပ်ဝတ္ထုပစ္စည်းများကို တောင်းဆိုကြသည်။ ဤအရာ၌ သက်သေခံချက် ကင်းမဲ့ပြီး ဘုရားသခင်၏ နာမတော်ကို အသရေပျက်စေသည်။ ဤအရာမှာ ဆိုးယုတ်သော လုပ်ရပ်တစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းမှာ စင်စစ် ဆိုးယုတ်သော လုပ်ရပ်ဖြစ်၏။ ဤသည်မှာ ပြည့်မီသော တာဝန်ထမ်းဆောင်လော။ (မဟုတ်ပါ။) ဤသည်မှာ ငါတို့ ယခုတင် ပြောခဲ့သည့် “လူ့ခေါင်းမှ ဝက်ခေါင်းအဖြစ် ပြောင်းလဲသွားခြင်း” အမှုထက် သဘာဝအားဖြင့် ပို၍ ပြင်းထန်သလော။ (ပို၍ ပြင်းထန်ပါသည်။) ထိုကြီးလေးခြင်းက မည်သည့်နေရာ၌ ရှိသနည်း။ (ဘုရားသခင်အား အသရေပျက်စေခြင်း၌ ရှိပါသည်။) ဤသည်မှာ ဘုရားသခင်ကို အသရေပျက်စေခြင်း၊ ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်းနှင့် ဘုရားသခင်၏ ဘုန်းအသရေကို ခိုးယူခြင်းပင် ဖြစ်ချေ၏။ ဘုရားသခင်၏ ဧဝံဂေလိတရားကို ယူ၍ လူတို့အား ရောင်းချခြင်း၊ ယင်းသည် လူသုံးကုန်တစ်ခုကဲ့သို့ ထိုသူတို့အား လှည့်လည်‌ရောင်းချခြင်းနှင့် မတန်တဆ အမြတ်ထွက်ခြင်းနှင့် ထိုမှ ကိုယ်ရေးကိုယ်တာ အမြတ်အစွန်း ရှာဖွေခြင်းစသည့် ဤအရာကို မည်သို့သော သတ္တဝါမျိုးတို့က ပြုလုပ်မည်နည်း။ ဤသူတို့မှာ ဓားပြများနှင့် ဒုစရိုက်သမားများ ဖြစ်ကြကာ စာတန်၏ နည်းလမ်းအတိုင်း ပြုမူကြခြင်းပင်။ ဘုရားသခင်သည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကိုသာမက လူသားမျိုးနွယ်ကိုပါ ဖန်ဆင်းခဲ့သည်မှာ သိသာထင်ရှားသည်။ သို့တစေ စာတန်နှင့် ဝိညာဉ်ဆိုးများက ၎င်းတို့သည် လူသားများ၊ ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းခဲ့သူများဖြစ်သည်ဟု ဆိုခြင်းဖြင့် လူတို့အား လှည့်စားကြကာ လူတို့အား ၎င်းတို့ကို ဘုရားနှင့် ဖန်ဆင်းရှင်အဖြစ် ကိုးကွယ်စေသည်။ ဤသည်မှာ ဘုရားသခင်၏ ဘုန်းအသရေကို ခိုးယူခြင်းမဟုတ်လော။ ဤသည်မှာ အပြစ်ဖြစ်၏၊ ဆိုးယုတ်သော လုပ်ရပ်ဖြစ်၏၊ ဘုရားသခင်အား ဆန့်ကျင်ခြင်းဖြစ်ပေ၏။ လူသား၏ ဧဝံ‌ဂေလိတရားအား ရောင်းချခြင်းသည် စာတန်၏ အပြုအမူကဲ့သို့ပင် ဟုတ်သလော။ (ဟုတ်ပါသည်။) ၎င်းတို့၏ ဧဝံဂေလိတရားအား ရောင်းချခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ဧဝံဂေလိတရားသည် ၎င်းတို့ထံမှ ပေါ်ပေါက်လာသကဲ့သို့အပြင် ၎င်းတို့၌ ဆုံးဖြတ်ချက်ချဖို့ တန်ခိုးအာဏာရှိသကဲ့သို့ ၎င်းတို့အား ဧဝံဂေလိတမန်အဖြစ် လူတို့အား သတ်မှတ်စေရန်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ဘုန်းအသရေကို ခိုးယူခြင်းပင် မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင်၏ ဘုန်းအသရေကို ခိုးယူခြင်းဖြင့် မည်သို့သော အပြစ်မျိုးကို ကျူးလွန်ထားသနည်း။ ဤအရာ၏ သဘာဝမှာ အဘယ်နည်း။ ဤသည်မှာ ဘုရားသခင်အား ဆန့်ကျင်ခြင်းဟူသည့် ဆိုးယုတ်သော လုပ်ရပ်ဖြစ်သည်။ ယင်းမှာ ဘုရားသခင်အား ပြစ်မှားစော်ကားသည့် အပြုအမူဖြစ်သည်။ ဤပုံစံအတိုင်း ဧဝံဂေလိဖြန့်ဝေခြင်းကို မိမိ၏တာဝန်အား ထမ်း‌ဆောင်ခြင်းအဖြစ် လက်ခံနိုင်သေးသလော။ ဤသည်မှာ လုံးလုံးလျားလျားပင် မကောင်းမှုပြုခြင်း ဖြစ်၏။ ယင်းမှာ ဘုရားသခင်အား ဆန့်ကျင်ခြင်းဖြစ်၏။ ဤပုံစံအတိုင်း ဧဝံဂေလိ ဖြန့်ဝေခြင်းသည် ဘုရားသခင်အတွက် သက်သေခံခြင်း လုံးဝ မဟုတ်သောကြောင့် မိမိ၏တာဝန်အား ဖြည့်ဆည်းခြင်း မဟုတ်ပေ။ ယင်းမှာ မကောင်းမှုပြုခြင်းသက်သက် ဖြစ်၏။ လူအချို့က “ဧဝံဂေလိ ဖြန့်ဝေခြင်းသည် ထိုမျှ ခက်ခဲသောအလုပ်ဖြစ်သည်။ ပစ္စည်းကောင်းအချို့ ရရှိခြင်းမှာ တရားပါသည်။ မည်သည့်အရာက ကြီးကြီးမားမားကိစ္စ ဖြစ်သနည်း။ ဤအရာသည် မယုံကြည်သူများကြား၌ အမှားတစ်ခုခုအဖြစ် မယူဆ” ဟု ဆိုကြသည်။ ဤပြောဆိုချက်မှာ မှန်ကန်သလော။ ယင်းသည် သင်၏ ရည်ရွယ်ချက်များက မည်သည့်အရာဖြစ်သည်၊ သင်သည် မည်သည့်အရာကို တပ်မက်နေသည်နှင့် သင်တပ်မက်နေသည့်အရာ၏ သဘာဝက မည်သည့်အရာဖြစ်သည် ဟူသည့်အပေါ် မူတည်၏။ အကယ်၍ သင်သည် ယင်းကို ကိုယ်ရေးကိုယ်တာ အမြတ်အစွန်းအတွက် ပြုလုပ်နေလျှင်၊ သင်ရောင်းချနေသည်မှာ ဘုရားသခင်၏ ဧဝံဂေလိတရား ဖြစ်နေလျှင်၊ ထို့ပြင် အဆုံးစွန်အနေဖြင့် သင်ရရှိသည်မှာ သင်၏ ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်ဖြစ်နေလျှင် ယင်းမှာ စင်စစ် ဆိုးယုတ်သော လုပ်ရပ်ဖြစ်၏။ ဤအရာကို ဆိုးယုတ်သော လုပ်ရပ်အဖြစ် ဖော်ပြသည်မှာ လွန်သလော။ (မလွန်ပါ။) ယင်းမှာ စိုးစဉ်းမျှ မလွန်ပေ။ လူတစ်ဦးသည် သူ၏တာဝန်ကို ရရှိပြီး ဆောင်ရွက်ပြီးခါမှ ထိုကဲ့သို့သော အကျိုးအဆက်များ ပေါ်ထွက်လာပါက မည်သူ့ကို အပြစ်တင်ရမည်နည်း။ (ထိုသူကိုယ်တိုင် ဖြစ်သည်။) သူသည် မိမိကိုယ်မိမိသာ အပြစ်တင်နိုင်သည်။ သို့ဖြစ်၍ ဤအကျိုးဆက်များမှာ မည်ကဲ့သို့ ဖြစ်ပေါ်လာခဲ့သနည်း။ ယင်းမှာ လူတို့၏ မကောင်းသော သဘာဝနှင့် တိုက်ရိုက်ဆက်စပ်သည်။ လူအချို့က သမ္မာတရားကို မလိုက်စားဘဲ ရှက်စိတ်၊ ဂုဏ်သိက္ခာနှင့် အသိတရား ရှိကြသောကြောင့် ထိုကဲ့သို့သော အရာများကို ပြုလုပ်မည်မဟုတ်ပေ။ အကယ်၍ လူတစ်ဦးသည် ထိုကဲ့သို့သော လုပ်ရပ်များ၌ ပါဝင်ပါက ဤသူ၌ လူ့သဘာဝကင်းမဲ့ကြောင်း ပြသသည်။ သူသည် လောဘကြီးပြီး ယုတ်မာသော စိတ်သဘောထားရှိ၏။ ဤအရာက မိမိ၏တာဝန်များကို ပြည့်မီစွာ ထမ်းဆောင်နိုင်ဖို့ ပျက်ကွက်ခြင်းကို ဦးတည်စေသည်သာမက အမှန်မှာမူ ယင်းကို မကောင်းမှုပြုခြင်းအဖြစ်သို့ ပြောင်းလဲစေသည်။ လူအချို့က “ယင်းကို မကောင်းမှုပြုခြင်းအဖြစ် အဘယ်သို့ သတ်မှတ်၍ ရမည်နည်း။ သူသည် ဧဝံဂေလိဖြန့်ဝေခြင်းအားဖြင့် လူအတော်လေးများများကို ရရှိထားပြီဖြစ်သည်။ သူ၌ သိသာထင်ရှားသော ရလဒ်များ ရရှိထားပြီဟူသည့်အချက်က သူသည် မကောင်းမှုပြုနေသည်ဟူသည့် ထင်မြင်ချက်ကို ငြင်းဆိုသင့်သည် မဟုတ်လော” ဟု ပြောတတ်သည်။ ဤပြောဆိုချက်မှာ မှန်ကန်သလော။ (မမှန်ကန်ပါ။) ယင်းက အဘယ့်ကြောင့် မမှန်ကန်သနည်း။ ဧဝံဂေလိဖြန့်ဝေခြင်းက သူ၏တာဝန်၊ သူ၏ဝတ္တရား ဖြစ်၏။ သူ့တာဝန်၏နောက်ကွယ်ရှိ ရည်ရွယ်ချက်နှင့် အကြောင်းရင်းမှာ အဘယ်နည်း။ သူ၏တာဝန်ကို မည်သည့်စည်းမျဉ်းများက လမ်းညွှန်သနည်း။ သူသည် သူ၏လုပ်ရပ်များ၌ တာဝန်ရှိသလော။ ဤအချက်အလက်များကို အ‌ခြေခံ၍ မိမိသည် လူတစ်ဦးက သူ၏တာဝန်များကို ထမ်းဆောင်နေသလော၊ မကောင်းမှုပြုနေသလော ဟူသည်ကို အဆုံးအဖြတ်ပေးနိုင်သည်။ သူသည် သူ၏တာဝန်ကို ထမ်းဆောင်နေလင့်ကစား သူ၏ထမ်းဆောင်မှုအတွက် အစပြုရာသည် မှားယွင်း၏။ သူသည် စည်းမျဉ်းများအတိုင်း ပြုမူထားခြင်း မရှိသည့်အပြင် ဆိုးယုတ်သော လုပ်ရပ်များစွာကို ကျူးလွန်ထားပြီ ဖြစ်သည်။ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းဟူသည့် သရုပ်သကန် စိုးစဉ်းမျှမရှိချေ။ ဤကဲ့သို့သော ဧဝံဂေလိဖြန့်ဝေခြင်းမျိုး၏ အနှစ်သာရမှာ အဘယ်နည်း။ (ဧဝံဂေလိတရားကို ရောင်းချခြင်းပင်။) ဤအမှုကို မည်သည့်အရာဟု ခေါ်သင့်သနည်း။ “ဧဝံဂေလိတရားကို ရောင်းချခြင်း” အမှုဟူ၍ပင်။ ဤအမည်နာကို ကြားရလျှင်ပင် ထိုကိစ္စ၏ သဘာဝက အလွန်ကြီးလေးကြောင်း သင်သိပေသည်။ လူတစ်ဦးသည် ဘုရားသခင်၏ ဧဝံဂေလိတရားကို မည်ကဲ့သို့ ရောင်းချနိုင်သနည်း။ ဧဝံဂေလိတရားကို ရောင်းချခြင်းဟူသည့် ဤကိစ္စ၏ သဘာဝမှာ အလွန်ကြီးလေး၏။ သို့ဆိုလျှင် ဧဝံဂေလိတရားအား ရောင်းချခြင်းဟူသည်ကို ဖော်ပြသည့်အချိန်တိုင်း လူတို့က မည်သည့်အကြောင်းကိစ္စ ဖြစ်ကြောင်း၊ မည်သည့် အခြေအနေများ၊ အပြုအမူများနှင့် နည်းလမ်းများဖြစ်ကြောင်း သိသင့်သည်မဟုတ်လော။ ဤသည်မှာ အမှုနံပါတ်နှစ်ဖြစ်ပြီး၊ ဤအမှု၏ သဘာဝမှာ ယခင်အမှုထက် ပို၍ကြီးလေး၏။

ဆက်လက်ဖော်ပြပါအမှုသည်လည်း ဧဝံဂေလိဖြန့်ဝေခြင်း လုပ်ငန်းစဉ်အတွင်း ဖြစ်ပျက်သောအရာတစ်ခု ဖြစ်၏။ အတိတ်တွင် ဘုရားသခင်၏အိမ်တော်သည် ဧဝံဂေလိဖြန့်ဝေခြင်းအတွက် စည်းမျဉ်းများနှင့် နည်းစနစ်များအချို့ကို တည်ဆောက်ခဲ့ပြီး ဖြစ်ကာ၊ သနားကရုဏာနှင့် မိတ်ဆွေဖွဲ့ခြင်းတို့နှင့် ပတ်သက်သည့် နည်းစနစ်များ ပါဝင်သည်။ ဤအရာက လူအချို့အား အသုံးချဖို့ လွတ်ပေါက်များကို ရှာတွေ့ခွင့်ပေးခဲ့သည်။ ဤလွတ်ပေါက်များကို မည်သည့်လူတို့က အသုံးချခဲ့သနည်း။ သမ္မာတရားကို မချစ်သည့် ဆိုးယုတ်သော သဘာဝရှိသည့် လူတို့ပင်ဖြစ်သည်။ ဧဝံဂေလိဖြန့်ဝေခြင်း လုပ်ငန်းစဉ်၌ ချစ်မှုရေးရာကြင်ဖော်များကို ရှာဖွေဖို့အပြင် ချစ်မှုရေးရာနှင့် နီးစပ်သော ဆက်ဆံရေးများ၌ ပါဝင်ဖို့ရန် ဤအခွင့်အရေးကို အမိအရ အသုံးချသည့် ဆိုးယုတ်သော လူအချို့ တကယ်ရှိလေ၏။ ထိုကဲ့သို့သော အရာများ ဖြစ်ပျက်သောခါ ယင်းအတွက် အကြောင်းရင်းများရှိသည်ဟု ၎င်းတို့ထင်ကြကာ၊ အမှန်မှာမူ လွတ်ပေါက်များကို အသုံးချသည်မှာ စာတန်၏ ဆိုးယုတ်သော ဤပုဂ္ဂိုလ်များပင် ဖြစ်သည်။ ဧဝံဂေလိဖြန့်ဝေခြင်းဟူသည့် အခွင့်အရေးကို ဆန့်ကျင်ဘက်လိင်နှင့် အဆက်အသွယ်ရရှိဖို့ အသုံးချရင်း ဤလူတို့သည် သင့်တော်သူ သို့မဟုတ် နှစ်သက်သူကို ရှာတွေ့သောအခါ ထိုသူတို့နှင့် ပေါင်းသင်းဆက်ဆံပြီး ဆွဲဆောင်ဖို့ အခွင့်အရေးများကို ရှာရန်အတွက် ၎င်းတို့၏ အစွမ်းအစဖြင့် အရာရာကို ပြုလုပ်သည်။ အပေါ်ယံတွင် ဧဝံဂေလိဖြန့်ဝေခြင်းဖြင့် လူတို့ကိုရရှိရန်အတွက် ဖြစ်သည်ဟု ထင်ရသော်လည်း အမှန်တွင် ၎င်းတို့၏ တစ်ကိုယ်ရေတပ်မက်ခြင်းကို ကျေနပ်စေဖို့ ဖြစ်သည်။ ၎င်းတို့သည် ဤအရာအားလုံးကို ဧဝံဂေလိ ဖြန့်ဝေခြင်းဟူသည့် ခေါင်းစဉ်အောက်တွင်၊ ဘုရားသခင်၏အလုပ်အား ကျယ်ပြန့်စေခြင်းဟူသည် ခေါင်းစဉ်အောက်တွင်၊ ဘုရားသခင်အတွက် သက်သေခံခြင်းနှင့် ဘုရားသခင်ထံ မိမိကိုယ်ကိုမိမိ ဆက်ကပ်ခြင်းဟူသည့် ခေါင်းစဉ်အောက်နှင့် မိမိတို့၏တာဝန်ကို ဖြည့်ဆည်းခြင်းဟူသည့် ခေါင်းစဉ်အောက်တွင်လည်း ပြုလုပ်ခြင်းဖြစ်သည်။ မည်သူကမျှ ဤအရာများကို မတော်တဆ ပြုလုပ်ခြင်းမဟုတ်ပေ။ အမှန်တွင် ၎င်းတို့သည် အပြည့်အဝ သတိပြုမိလင့်ကစား မလျှော့တမ်းဖြင့် ရောထွေးဟန်ဆောင်ကြသည်။ လူတစ်ဦးချင်းစီသည် ဤအရာများကို ပြုလုပ်သောအခါ မိမိတို့၏ စိတ်နှလုံးထဲတွင် ယင်းသည် အပြစ်ရှိကြောင်း၊ ဘုရားသခင်က မုန်းတီးရွံရှာကြောင်းကို သိသော်လည်း ၎င်းတို့၏ အသွေးအသား တပ်မက်ခြင်းကို မထိန်းချုပ်နိုင်သည့်အပြင် ၎င်းတို့ကျူးလွန်သည့် အပြစ်များအတွက် ဆင်ခြေဆင်လက်များနှင့် အကြောင်းပြချက်များကို မရမက ဖန်တီးသည်။ ဤအရာက ၎င်းတို့ကိုယ်တိုင်၏ အရေးကိစ္စများကို ဖုံးကွယ်နိုင်သလော။ အကယ်၍ သင်သည် ထိုကဲ့သို့သော အပြစ်များကို တစ်ကြိမ်နှစ်ကြိမ် ကျူးလွန်ပြီးမှ နောင်တရလျှင် ဘုရားသခင်သည် သင့်ကို ခွင့်လွှတ်ကောင်း ခွင့်လွှတ်နိုင်ဦးမည်။ သို့သော် သင်သည် ပြောင်းလဲဖို့ ထပ်တလဲလဲ ငြင်းဆန်နေလျှင် သင်သည် အန္တရာယ်ရှိပြီဖြစ်သည်။ လူအချို့သည် ထိုကဲ့သို့သော အပြစ်ကို ကျူးလွန်သည့်အခါတိုင်း အတော်ပင် စိတ်မသက်မသာဖြစ်ကာ “ကျွန်ုပ် ဤအတိုင်းပြုမူလျှင် ကယ်တင်ခြင်း ခံရနိုင်မည်လော” ဟု တွေးကောင်းတွေးမည် ဖြစ်သည်။ ထို့နောက်တွင်မူ ၎င်းတို့က “ဤသည်မှာ ကြီးမားသောအပြစ်တစ်ခု မဟုတ်။ အလွန်ဆုံးတွင် ဖောက်ပြန်ပျက်စီးခြင်း၏ ပွင့်ထွက်လာမှုပင် ဖြစ်သည်။ ယင်းကို ကျွန်ုပ် နောက်ထပ်မလုပ်တော့။ ယင်းသည် ကျွန်ုပ်၏ အဆုံးသတ်နှင့် ပန်းတိုင်ကို ထိခိုက်မည်မဟုတ်” ဟု စဉ်းစားကြသည်။ ပြစ်မှားမှုကို ကျူးလွန်ခြင်းအပေါ် ဤစိတ်ထားသည် စစ်မှန်သော နောင်တမျိုး ဟုတ်သလော။ ၎င်းတို့၏စိတ်နှလုံးထဲတွင် နောင်တတရားပင် မရှိပါက ၎င်းတို့သည် ဆက်လက်၍ ပြန်ဖောက်မည် မဟုတ်လော။ ယင်းက အလွန် အန္တရာယ်များသည်ဟု ငါထင်၏။ ထိုကဲ့သို့သော လူတစ်ဦးသည် သူ၏တာဝန်ကို ပြည့်မီစွာ ထမ်းဆောင်နိုင်သလော။ သူ၏တာဝန်ကို ထမ်းဆောင်ရာ၌ “တစ်ကိုယ်တော်လှုပ်ရှားမှု” ဟူသည့် အရိပ်အယောင်များ ရှိနေသေးသည်။ သူသည် “လူထုနှင့် တစ်ကိုယ်တော်” ကို ရောထွေးနေကာ၊ ယင်းမှာ ကြီးမားသော ရောထွေးလိမ်ယှက်မှုပင်။ ဤသည်မှာ ဘုရားသခင်၏ စိတ်နေသဘောထားကို စော်ကားသည်မှာ သေချာ၏။ ဤလူတို့ကို တာဝန်ဖြည့်ဆည်းရာ၌ “ပြည့်မီသည်” ဟု ယူဆ၍ မရပေ။ ဤသည်မှာ အရာဝတ္ထုများကို တောင်းရမ်းခြင်း သို့မဟုတ် ဧဝံဂေလိတရားကို ရောင်းချခြင်းထက် ပို၍ကြီးလေးသည်။ ယင်းသည် မည်ကဲ့သို့ ပို၍ကြီးလေးခြင်း ဖြစ်သနည်း။ ယင်းမှာ ရွံရှာဖွယ် ကောင်း၏။ ယင်းမှာ အသွေးအသားနှင့် တပ်မက်မှုနှင့်ပတ်သက်၍ အရောင်းအဝယ်လုပ်ခြင်း ဖြစ်သည်။ သို့ဆိုလျှင် ဤအရေးကိစ္စ၏ သဘာဝမှာ အဘယ်နည်း။ ယင်းသည် သမ္မာတရားကို သိလျက်နှင့် တမင်တကာ အပြစ်လုပ်ခြင်း ဖြစ်၏။ “တမင်တကာ” ဟူသည့် စကားလုံးက ထိုအရေးကိစ္စ၏ သဘာဝကို ပြောင်းလဲပစ်သည်။ အမှန်တွင် အလုပ်အစီအစဉ်များနှင့် ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများကို လူတို့အား ဉာဏ်ပညာကို လက်တွေ့လုပ်ဆောင်စေရန်နှင့် စာတန်အား ၎င်းတို့အပေါ် ကုတ်အားရရှိခြင်းမှ ကာကွယ်ရန် ပုံစံရေးဆွဲထားခြင်း ဖြစ်သည်။ ရည်ရွယ်ချက်မှာ လူတို့အား ဘုရားထံသို့ ပို့ဆောင်ပေးရန် ဖြစ်သော်လည်း ၎င်းတို့က လွတ်ပေါက်များကို အသုံးချဖို့နှင့် ၎င်းတို့၏ ဆိုးယုတ်သော တပ်မက်မှုများကို လွတ်လွတ်လပ်လပ် ထွက်ပေါက်ပေးဖို့ အခွင့်အရေးများကို အမိအရ အသုံးချကြသည်။ ဤသည်ကို တမင်တကာ အပြစ်ကျူးလွန်ခြင်းဟု ခေါ်သည်။ ဤအရာနှင့်ပတ်သက်၍ သမ္မာကျမ်းစာကို မည်သည့်အရာ ဆိုထားသနည်း။ (“အကြောင်းမူကား၊ သမ္မာတရားကို သိပြီးမှ ကိုယ်အလိုသို့လိုက်၍ ပြစ်မှားပြန်လျှင်၊ နောက်တဖန် အပြစ်ဖြေသော ယဇ်ကို ပူဇော်ရာအခွင့်မရှိဘဲ။” (ဟေဗြဲသြဝါဒစာ ၁၀:၂၆)) အကယ်၍ လက်ဝါးကားတိုင်၏ အပြစ်ဖြေခြင်း နောက်ထပ်မရှိတော့လျှင်ပင် ဤလူတို့၌ ကယ်တင်ခြင်းနှင့် ဆက်နွှယ်မှုတစ်ခုခု ရှိနေသေးသလော။ ယင်းက အခြေအနေပေါ် မူတည်၏။ လူအချို့က လိုအပ်မှုအပေါ် ပြုမူလုပ်ဆောင်ကြသည်၊ သို့မဟုတ် အတွင်းစိတ်တွင် သူတို့ကိုယ်သူတို့ ရှုတ်ချကြသည်။ သို့သော် အခိုက်အတန့်တွင် အနေအထားများကြောင့် ဤပုံစံအတိုင်း လုပ်ဆောင်ရန် အတင်းအကျပ်ပြုခံရသည်။ အကြိမ်အရေအတွက်က မများလွန်းဘဲ သုံးကြိမ်ထိမရှိပါက ၎င်းတို့ကို ခွင့်လွှတ်၍ရသည်။ ၎င်းတို့ကို ခွင့်လွှတ်၍ရသည်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ပထမအကြိမ် ပုန်ကန်ပြစ်မှားခြင်း၌ ၎င်းတို့သည် အသိတရားပြန်ရသည်၊ သမ္မာတရားကို ရှာဖွေသည်၊ နောင်တတရား၏ အရိပ်လက္ခဏာများကို ပြသည်၊ ပြီးလျှင် ပုန်ကန်ပြစ်မှားခြင်းတစ်ခုကို ထပ်၍ မကျူးလွန်ဘဲ ပြန်လှည့်လာလျက်၊ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ဖို့ တောင်းဆိုလျှင် ၎င်းတို့၏ အပြစ်များကို ပြေစေဖို့အခွင့်အရေးကို ပေး၍ရသည်။ ထိုကဲ့သို့သော အ‌ရေးကိစ္စများတွင် ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်ရှိသေးသည်။ သို့သော် မျှော်လင့်ချက် အဘယ်မျှရှိသည်မှာ တစ်ဦးတစ်ယောက်စီ၏ လိုက်စားမှုအပေါ် မူတည်၏။ မည်သူမျှ သင့်အတွက် အပြီးအပြတ် တရားစီရင်မှုကို မပြုနိုင်၊ မည်သူမျှ သင့်အား အာမခံချက်များ မပေးနိုင်ပေ။ ယင်းသည် အဓိကအားဖြင့် သင်၏ကိုယ်ပိုင် လိုက်စားမှုအပေါ် မူတည်သည်။ သင်သည် ဤအပြစ်ကို ထပ်၍ မကျူးလွန်သရွေ့ ကယ်တင်ခံရမည်မှာ သေချာသည်ဟု ဆိုလျက် သင့်အား မည်သည့်ကတိကိုမျှ ငါမပေးချေ။ သင်၏ အနာဂတ် ထမ်းဆောင်မှုက မည်သည့်အရာ ဖြစ်မည်ကို ငါမသိသောကြောင့် ထိုကတိကို ငါပေးမည်မဟုတ်ပေ။ သင်သည် ခွင့်လွှတ်နိုင်သည့် အကြိမ်အရေအတွက်ကို ကျော်လွန်ပါက၊ ပြောင်းလဲဖို့ ထပ်ကာတလဲလဲ ငြင်းဆန်ပါက၊ ထို့ပြင် သင်၏ ဆိုးယုတ်သော လုပ်ရပ်များကို ထေမိနိုင်သည့် ဧဝံဂေလိတရား ဟောကြားခြင်းလုပ်ငန်းစဉ်တွင် သင်၌ ကောင်းမွန်သော လုပ်ဆောင်ချက်များ မရှိပါက သင်သည် လုံးလုံးလျားလျား ပျက်စီးပေပြီ။ သင်သည် ကောင်းမွန်သော လုပ်ဆောင်ချက် တစိုးတစိမျှမရှိဘဲ မကောင်းမှုများစွာကို ကျူးလွန်ထားပြီး ဖြစ်သည်။ သင်၏ ဧဝံဂေလိဟောပြောခြင်းသည် နီးစပ်သော ဆက်ဆံရေးများ၌ မဆင်မခြင် ပါဝင်ဖို့သက်သက်ပင် ဖြစ်ပြီး တာဝန်ကို ကောင်းစွာ ထမ်းဆောင်ဖို့မဟုတ်၊ ယင်းက သင်၏ တာဝန်ထမ်းဆောင်မှုနှင့် အဆက်အစပ်မရှိပါချေ။ ဤသည်မှာ အပြစ်ဖြေစရာ ရှိခြင်း သို့မဟုတ် မရှိခြင်းဟူသည့် အရေးကိစ္စ မဟုတ်တော့ပေ။ ထိုကဲ့သို့သော လူတို့ကို မည်သည့်အရာအဖြစ် အမျိုးအစားခွဲသင့်သနည်း။ ၎င်းတို့ကို ညစ်ညူးသော နတ်ဆိုးများနှင့် ဆိုးညစ်သော ဝိညာဉ်များအဖြစ် အမျိုးအစားခွဲသင့်သည်။ ၎င်းတို့သည် သာမန်လူများ မဟုတ်ပေ။ ၎င်းတို့သည် အပြစ်ကျူးလွန်နေရုံမျှ မဟုတ်။ ၎င်းတို့သည် တာဝန်ထမ်းဆောင်ခြင်းနှင့် ဘာမျှမဆိုင်ချေ။ ၎င်းတို့၏ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်ရှိသေးသလော။ မရှိပါချေ။ ထိုကဲ့သို့သော လူတို့ကို ဘုရား၏အိမ်တော်မှ မောင်းထုတ်ထားပြီး ဖြစ်သည်။ ၎င်းတို့ကို အဆက်ဖြတ်ထားပြီဖြစ်ပြီး ဘုရားသခင်သည် ၎င်းတို့ကို ကယ်တင်မည်မဟုတ်ပေ။ ၎င်းတို့လုပ်သည့်အရာနှင့် ၎င်းတို့ပြုမူသည့်ပုံသည် ၎င်းတို့၏တာဝန်ကို ထည့်စဉ်းစားဖို့ ပျက်ကွက်လေသည်။ ယင်းကို ပြည့်မီသော တာဝန်ထမ်းဆောင်မှုနှင့် ဆိုင်သည့်ကိစ္စဟုပင် သဘောထား၍မရပေ။ ထိုကဲ့သို့သော လူတို့အတွက် အပြီးသတ်ရလဒ်နှင့် အဆုံးသတ်ကို ၎င်းတို့၏ အမျိုးအစားသတ်မှတ်ချက်ကို အခြေခံ၍ အဆုံးအဖြတ်ပေးမည် ဖြစ်သည်။ ဤအမှုမှာ အတော်ပင် စက်ဆုပ်ရွံရှာဖွယ် ကောင်းသည် မဟုတ်လော။ ယင်း၏သဘာဝမှာ ငါတို့ ယခုတင် ဆွေးနွေးသည့် ဒုတိယအမှုထက် ပို၍ပင် ပြင်းထန်၏။ ထိုကဲ့သို့သော လူတို့ကြားတွင် သဘာဝအားဖြင့် ပို၍ပြင်းထန်သော အမှုများရှိသောသူ အချို့ရှိသည်။ ထိုသူတို့သည် ပြန်လှည့်လာနိုင်မည်လော။ ထိုသူတို့၌ နောင်တရသော စိတ်နှလုံးရှိပြီး ထိုကဲ့သို့သောအရာများ ပြုလုပ်ခြင်းကို ရပ်တန့်နိုင်သည့်အပြင် ဧဝံဂေလိတရား ဖြန့်ဝေပြီး ဘုရားအိမ်တော်၌ အစေခံနိုင်သေးမည်လော။ ဤသို့သောလူများ ရှိသလော။ (မရှိပါ။) ထိုသူတို့သည် လိုလိုလားလား အစေခံနိုင်သလော။ (မခံနိုင်ကြပါ။) အမှန်တွင် ဤလူတို့အချို့သည် ၎င်းတို့ ဧဝံဂေလိဖြန့်ဝေသည့် အချိန်အတွင်း လူအချို့ကို ရရှိထားကြပြီ ဖြစ်သည်။ သို့သော် ယခုတွင် သူတို့ပြုလုပ်ခဲ့ပြီးသည့် ဤအလုပ်အားလုံးသည် မည်သည့်အရာသဘော သက်ရောက်သွားပြီနည်း။ ယင်းမှာ တာဝန်ထမ်းဆောင်ခြင်း မဟုတ်ဘဲ၊ အစေခံမှုသဘော သက်ရောက်လေသည်။ အမှန်တကယ်တွင် ဤလူတို့သည် ကြိုးပမ်းအားထုတ်မှု ကင်းမဲ့သည်မဟုတ်ဘဲ၊ သူတို့ လျှောက်လှမ်းလာသည့် လမ်းကြောင်းက သူတို့၏ ကံကြမ္မာနှင့် အဆုံးသတ်ကို အဆုံးအဖြတ်ပေးထားပြီး ဖြစ်သည်။ ယင်းသည် ဧဝံဂေလိဖြန့်ဝေသူတို့ကြားတွင်လည်း ၎င်းတို့တစ်ဦးချင်းစီက ထိုကဲ့သို့သော စုံစမ်းသွေးဆောင်ခြင်းများကို ကြုံတွေ့မည်ဟူသည့်ကိစ္စ ဟုတ်သလော။ လူတိုင်းက ဤစုံစမ်းသွေးဆောင်ခြင်းမျိုးတို့ကို မတူညီသော အခြေအနေများတွင် ခြားနားသော အတိုင်းအတာများဖြင့် ရင်ဆိုင်ကြမည်ဟု ဆိုနိုင်သော်လည်း ယင်းက ၎င်းတို့တစ်ဦးချင်းစီသည် စုံစမ်းသွေးဆောင်ခြင်းကို မလွန်ဆန်နိုင်ဘဲ အပြစ်ကျူးလွန်မည်ဟု ဆိုလိုသလော။ (မဆိုလိုပါ။) လူတိုင်း အပြစ်ကျူးလွန်နိုင်သည် မဟုတ်၊ လူတိုင်း ထိုကဲ့သို့သော အမှုကိစ္စများ၌ ပါဝင်နိုင်သည် မဟုတ်၊ ဤအရာက ဤအမှုကိစ္စမျိုးများ၌ တကယ်ပါဝင်သူတို့ကို ရှုတ်ချပြစ်တင်ကာ၊ ထို့အတွက်ကြောင့် ၎င်းတို့မှာ ဖော်ထုတ်ခံရခြင်း ဖြစ်သည်။ ဤအရာက ၎င်းတို့၏ စိတ်သဘောထားနှင့် ၎င်းတို့၏ လူ့သဘာဝ၌ တစ်စုံတစ်ရာ မှားယွင်းကြောင်း ပြသသည်။ ထိုသို့သော အဆုံးသတ်မျိုးရှိခြင်းအတွက် ၎င်းတို့က မည်သူ့ကို အပြစ်တင်၍ရသနည်း။ (သူတို့ကိုယ်သူတို့ပင် ဖြစ်သည်။) ၎င်းတို့သည် မိမိတို့ကိုယ်ကိုသာ အပြစ်တင်နိုင်ပြီ၊ အခြားမည်သူ့ကိုမျှ အပြစ်တင်၍ မရပေ။

လူအချို့သည် ၎င်းတို့ ဧဝံ‌ဂေလိဖြန့်ဝေသည့် အချိန်အတွင်း မည်သည့်ပြစ်မှားခြင်းများကို ကျူးလွန်သည်ဖြစ်စေ၊ ယင်းတို့ကို ဖြေရှင်းဖို့အတွက် မည်သည့်အခါမျှ သမ္မာတရားကို မရှာဖွေ၊ ဘုရားသခင်ကို ဆုမတောင်းသည့်အပြင် မည်သည့်အခါမျှ မိမိကိုယ်ကို ပြန်လည်ဆင်ခြင်ခြင်း မပြုကြပေ။ ယင်းက ၎င်းတို့သည် ခေါင်းမာမာဖြင့် နောင်တမရကြောင်းကို ပြသသည်။ အဆုံးတွင် ဤလူတို့သည် ဖယ်ရှားခြင်းကိုခံရသည်။ ဧဝံဂေလိဖြန့်ဝေနေစဉ် အမျိုးသမီးတစ်ဦးကို လက်ဝယ်ရရှိထားပြီး သူ့ကို ကြင်ဖော်ရှာပြီး အိမ်ထောင်ပြုရန်ပင် ခွင့်ပြုမည်မဟုတ်သည့် လူတစ်ဦးအကြောင်းကို ကြားဖူးသည်။ ဤအရာ၏သဘာဝမှာ အလွန်ပင် ပြင်းထန်၏။ ဤသည်မှာ မည်သို့သောလူစားမျိုး ဖြစ်သနည်း။ (ဆိုးယုတ်သော လူတစ်ဦးဖြစ်ပါသည်။) ထိုကဲ့သို့ဆိုးယုတ်သော လူများသည် ဘုရားအိမ်တော်၌ ဆက်နေ၍ရသလော။ (မရပါ။) ဘုရားသခင်၏ အိမ်တော်တွင် ထိုကဲ့သို့သော နိုင်လိုမင်းထက်ပြုသူများအတွက် နေရာမရှိပေ။ ထိုသူတို့သည် ဘုရားသခင်ကို အသရေပျက်စေ၏။ ထိုကဲ့သို့သော အရာများကို ပြုလုပ်ခြင်းဖြင့် ထိုသူတို့သည် ဘုရားသခင်နှင့်ဆိုင်သည့် မရေတွက်နိုင်သော လူတို့၏ သိမြင်နားလည်မှုကို ထိခိုက်ပြီး များစွာသောသူတို့အား ဘုရားသခင်ကို အထင်မြင်လွဲမှားစေပေသည်။ လူတို့က “ဘုရားသခင်ကို ယုံကြည်သော သူတစ်ဦးက ထိုကဲ့သို့သော အရာများကို အဘယ်သို့ ပြုလုပ်နိုင်မည်နည်း” ဟု ဆိုမည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အတွက် အသရေပျက်စေခြင်းပင် ဖြစ်နေပြီ။ အကယ်၍ အသင်းတော်က ထိုကဲ့သို့သောသူများကို မနှင်ထုတ်သည့်အပြင် ကိုင်တွယ်ဖြေရှင်းခြင်း မရှိဘဲ၊ ထိုအစား ဆက်လက်၍ ဧဝံ‌ဂေလိ ဖြန့်ဝေခွင့်ပြုပြီး နောင်တရဖို့ အခွင့်အရေးပေးပါက ယင်းမှာ လုံးလုံးလျားလျား မှားယွင်းသည်။ ဤသူသည် ပထမဆုံးအကြိမ် ပြစ်မှားကျူးလွန်သူ မဟုတ်ပေ။ သူ၏အပြုအမူသည် သဘာဝအားဖြင့် ပြင်းထန်ပြီး သူ့ကို အလျင်အမြန် နှင်ထုတ်သင့်သည်။ သို့မဟုတ်ပါက ယင်းက ဘုရားသခင်ကို အသရေပျက်စေမည် ဖြစ်ပြီး စာတန်အား ဘုရားအိမ်တော်ကို တရားစီရင်ပြီး ပြစ်တင်ရှုတ်ချဖို့ ကုတ်အားကို ပေးမည်ဖြစ်သည်။ ထို့ကြောင့် စာတန်အား ကုတ်အားရရှိဖို့ အခွင့်အရေး ပေး၍မဖြစ်ပေ။ ကိုယ်ကျင့်သိက္ခာမဲ့နေကျ ဖြစ်သောသူတို့ကို အသင်းတော်မှ နှင်ထုတ်ရမည်။ ထိုကဲ့သို့သော လူများသည် ဘုရားသခင်ကို အသရေပျက်စေနှင့်ပြီးသော ကိုယ်ကျင့်သိက္ခာမဲ့သော ပုဂ္ဂိုလ်များ ဖြစ်ကြပြီး ဘုရားသခင်သည် ထိုသူတို့ကို လုံးဝ ကယ်တင်မည်မဟုတ်ပေ။ ၎င်းတို့၏ ဧဝံဂေလိဟောပြောခြင်းက မည်သို့ ထိရောက်သည်ဖြစ်စေ သို့မဟုတ် လူမည်မျှကို ၎င်းတို့ ရရှိထားသည်ဖြစ်စေ၊ မှန်ကန်သောလမ်းကြောင်းကို မလျှောက်ပါက ၎င်းတို့သည် မိမိတို့ကိုယ်ကို ဖျက်ဆီးပြီးသားနှင့် ဆုံးရှုံးပြီးသား ဖြစ်သည်။ ထိုသို့သောလူတို့ကို ဘုရားအိမ်တော်ထဲ၌ နေခွင့်မပေးပါချေ။ ၎င်းတို့သည် အဆက်ဖြတ်ထားခြင်းခံရမည့် ပစ်မှတ်များ ဖြစ်ကြသည်။ သို့ဆိုလျှင် ၎င်းတို့၏ လုပ်ဆောင်ချက်များကို တာဝန်ထမ်းဆောင်ခြင်းအဖြစ် ယူဆသလော။ မယူဆပါပေ၊ ၎င်းတို့၏ အကျိုးပြုလုပ်ဆောင်မှုများကို ဘုရားသခင်၏အမြင်တွင် လုံးလုံးလျားလျား ဖျောက်ဖျက်ခြင်းခံရပြီ ဖြစ်ပြီး သူက သတိရအောက်မေ့မည် မဟုတ်ချေ။ ၎င်းတို့သည် မပြည့်မီရုံသာမဟုတ်။ ၎င်းတို့ တာဝန်ထမ်းဆောင်မှု၏ သဘာဝမှာ ပြောင်းလဲသွားပြီဖြစ်ပြီး ယင်းက မကောင်းမှုပြုခြင်း ဖြစ်လာပြီဖြစ်သည်။ ဘုရားသခင်သည် မကောင်းမှုပြုသောသူတို့ကို မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းသနည်း။ ၎င်းတို့ကို သူ အဆက်ဖြတ်လိုက်သည်။ အဆက်ဖြတ်ခံရခြင်းဟူသည် အဘယ်နည်း။ ယင်းမှာ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားပြီး ကယ်တင်ဖို့ ပြင်ဆင်ထားသည့် လူတို့ကြားမှ ဖယ်ရှားခံရသည်ကို ဆိုလိုသည်။ ၎င်းတို့သည် ထိုသူတို့ကြားတွင် နေရာမရှိပေ။ ထိုအစား ၎င်းတို့ကို ဆိုးညစ်သောဝိညာဉ်များ၊ ညစ်ညမ်းသော နတ်ဆိုးများနှင့် ကယ်တင်ခြင်းမခံရသူများကြား၌ ရှိရန် အမျိုးအစားခွဲထားခြင်း ခံရသည်။ ၎င်းတို့၏ ကယ်တင်ခြင်းရရှိမှုအတွက် အခွင့်အရေးများမှာ အဘယ်နည်း။ (သုညဖြစ်ပါသည်။) ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ပြီး ဘုရားသခင်နောက် လိုက်ခဲ့ကြသော်ငြားလည်း အဆုံးတွင် ဤသို့သောလူမျိုးသည် ဤအဆင့်အထိ ရောက်ရှိပြီး ဖယ်ရှားခံရလေသည်။ သို့ဖြစ်၍ ဤသည်မှာ နောက်ထပ် အခြားလူစားမျိုး ဖြစ်သည်ကို သင်တွေ့ရပေသည်။ ဤအမှု၏ သဘာဝသည် ယခင်အမှုထက် ပို၍ ကြီးလေးသလော။ (ကြီးလေးပါသည်။) ယင်းက ပို၍ပင်ကြီးလေးသည်။ ယင်းကို ရည်ရွယ်ထားလေသည်။ ဤအမှုကို တတိယအမှုနှင့် ပေါင်းသင့်သည်။ ယင်းမှာ တတိယဥပမာထဲမှ အထူးတလည်ဖြစ်သော၊ တကယ့်အမှု အမျိုးအစားထဲ၌ ပါဝင်ပြီး ယင်းကို ရည်ရွယ်ထားလေသည်။ ဤအမှုကို မည်သို့‌ခေါ်သင့်သနည်း။ “ဒုစရိုက်သမားများမှာ ဖြတ်တောက်ခြင်းခံရမည်” ဟူ၍ဖြစ်ပြီး ထိုအမည်ကို အတည်ပြုကြစို့။ ဤအမှုသုံးခုရှိ လူသုံးမျိုးအတွက် ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုသည် အခြေခံအားဖြင့် အရာမထင်ဘဲ အစေခံခြင်းသဘော သက်ရောက်လေသည်။ အရာမထင်ဘဲ အစေခံခြင်းမှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ ၎င်းတို့သည် မိမိတို့၏တာဝန်ကို အစေခံခြင်းသက်သက်အဖြစ် ပြောင်းလဲလိုက်ပြီး၊ ထို့နောက်မှာပင် ၎င်းတို့သည် ကောင်းစွာ အစေခံခြင်းမရှိခဲ့ သို့မဟုတ် သင့်တင့်လျောက်ပတ်စွာ တာဝန်ထမ်းဆောင်ခြင်း မရှိခဲ့ပေ။ ၎င်းတို့သည် မိမိတို့၏တာဝန်ကို တာဝန်အဖြစ် သဘောမထားခဲ့သည့်အပြင် အမျိုးမျိုးသော အပြစ်များနှင့် ဆိုးယုတ်သော လုပ်ရပ်များကိုပင် ကျူးလွန်ကာ အဆုံးသတ်ကောင်းကို မတွေ့ရဘဲ နောက်ဆုံးတွင် ဖယ်ရှားခြင်းခံရလေသည်။ ဤအမှုသုံးခုစလုံး၏ သဘာဝမှာ အလွန်ပင် ကြီးလေး၏။

နောက်ထပ်အမှုတစ်ခု ရှိပြီး ယင်း၏သဘာဝမှာလည်း အတော်ပင် ဆိုးရွား၏။ နှစ်‌ပေါင်းများစွာ အလုပ်ကို ထမ်းဆောင်ခဲ့သည့် လူတစ်ဦးရှိခဲ့ကာ၊ အပေါ်ယံတွင် သမ္မာတရားကို လိုက်စားပြီး မိမိကိုယ်ကို အမှန်တကယ် အသုံးခံဟန်တူခဲ့သည်။ သူသည် အိမ်ထောင်နှင့် မိသားစုကို ကျောခိုင်းခဲ့သည်၊ သူ၏ အသက်မွေးဝမ်းကြောင်းအလုပ်နှင့် တက်လမ်းများကို စွန့်လွှတ်ခဲ့သည်၊ သူ၏တာဝန်များကို ထမ်းဆောင်ဖို့ နေရာဒေသများစွာသို့ သွားခဲ့သည်၊ ထို့အပြင် အရေးသိပ်မပါသည့် အလုပ်တစ်ခုခုကိုလည်း တာဝန်ယူခဲ့သည်။ သို့သော် သူ၏ တာဝန်များကို ထမ်းဆောင်နေစဉ်တွင် သူသည် သမ္မာတရားကို အမှန်တကယ် မလိုက်စားခဲ့သောကြောင့် သမ္မာတရား အနည်းငယ်ကိုသာ နားလည်ခဲ့သည့်အပြင်၊ သူသည် စကားနှင့် သြဝါဒအချို့နှင့်ပတ်သက်၍ ပြောပြနိုင်ခဲ့သောကြောင့် အဆင်ပြေနေသည်ဟု ထင်ခဲ့သည်။ ပို၍ကြီးလေးသည်မှာ ဤပုဂ္ဂိုလ်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း လုံးဝ မရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူ၏ တာဝန်ထမ်းဆောင်မှုမှာ သြဝါဒအချို့ကို ဟောပြောခြင်းနှင့် စည်းကမ်းအချို့ကို လိုက်လျှောက်ခြင်းသာလျှင် ဖြစ်ကာ၊ ပုံမှန်အားဖြင့် အခြားသူများအပေါ် ကြင်နာစွာ ပြုမူပြီး မည်သူ့ကိုမျှ စိတ်အနှောင့်အယှက် မဖြစ်စေခဲ့ပေ။ အသင်းတော်၏ အလုပ်ကို မည်သို့ထမ်းဆောင်ရမည်နှင့် မည်သည့်အရေးကိစ္စများ ရှိခဲ့သေးသည်နှင့် ပတ်သက်၍ သူ အာရုံမစိုက်ခဲ့၊ ကြိုးပမ်းအားထုတ်မှု မပြုခဲ့သည့်အပြင် ဤအရေးကိစ္စများအား ဖြေရှင်းဖို့ သမ္မာတရားကို မရှာဖွေခဲ့ပေ။ အချုပ်ဆိုသော်၊ အလုပ်အပေါ် သူ၏သဘောထားမှာ အပေါ်ယံဖြစ်ပြီး စိတ်ဝင်စားမှု မရှိပေ။ သူသည် အချောင်ခိုပုံမပေါက်သော်လည်း ခြေကုန်လက်ပန်းလည်း မကျပေ။ သူသည် နမော်နမဲ့နှင့် ဝတ်ကျေတမ်းကျေ ပုံစံဖြင့် ပြုမူနေပုံ မရသော်လည်း သူ့အလုပ်၏ ရလဒ်များမှာ အထူးသဖြင့် ကောင်းမွန်ခြင်း မရှိပေ။ ဖြစ်ရပ်တစ်ခုတွင် သူ၏ ပေါ့ဆမှုနှင့် နမော်နမဲ့၊ ဝတ်ကျေတမ်းကျေ သဘောထားကြောင့် ဘုရားသခင်အတွက် အလှူငွေများဖြစ်သည့် ယွမ်ငွေ ၁၀ သန်းကျော် ဆုံးရှုံးမှုကို ဖြစ်စေခဲ့သည်။ ယွမ် ၁၀ သန်းဟူသည် မည်သို့သော ကိန်းဂဏန်းမျိုးနည်း။ သာမန်လူတို့သည် ဤပမာဏကို ကြားရလျှင် အလွန်ကြီးမားသော ကိန်းဂဏန်းဖြစ်သည်ဟု ယူဆကြမည်ဖြစ်သည်။ ၎င်းတို့သည် မယုံကြည်နိုင်အောင်ပင် ပင့်သက်ရှိုက်ကြမည်ဖြစ်ပြီး ထိုမျှများပြားသော ငွေကို ၎င်းတို့တစ်သက်လုံး မည်သည့်အခါမျှ မမြင်ဖူးသဖြင့် ထိုငွေနှင့်ပတ်သက်၍ မစဉ်းစားဝံ့အောင် ဖြစ်ရသည်။ သို့သော် ဤ “အသက်ကြီးသော အမျိုးကောင်းသား” သည် အလှူငွေ ယွမ် ၁၀ သန်းကျော် ဆုံးရှုံးမှုကို ဖြစ်စေပြီးနောက် နောင်တမရ၊ နောင်တရသည့် အရိပ်အယောင်မျှ မရှိသည့်အပြင် ဝမ်းလည်း မနည်းခဲ့ပေ။ အသင်းတော်က သူ့ကို နှင်ထုတ်သောအခါ သူက မကျေမနပ် ပြောခဲ့သေးသည်။ မည်သို့သော သတ္တဝါမျိုးက ဤသို့ ပြုလိမ့်မည်နည်း။ အချက်နှစ်ချက်ကို ဆွေးနွေးကြစို့။ ပထမအချက်မှာ သင်အလုပ်လုပ်နေစဉ် ဤငွေပမာဏ ဆုံးရှုံးခဲ့ပြီး ယင်းက မည်သူ့အပြစ်ဖြစ်စေ သင်သည် တာဝန်ရှိ၏။ သင်၌ ယင်းကို ထိန်းသိမ်းကာကွယ်ရန် ဝတ္တရားရှိသော်လည်း သင်သည် ထိုသို့ပြုရန် ပျက်ကွက်၏။ ဤအရာသည် လူနှင့်ဆိုင်သော ငွေမဟုတ်သောကြောင့် ဤသည်မှာ တာဝန်ဝတ္တရားကို တမင်ပျက်ကွက်ခြင်း ဖြစ်၏။ ဤသည်မှာ အလှူငွေဖြစ်ပြီး လူတို့က ယင်းကို အဆုံးစွန်သော သစ္စာရှိမှုဖြင့် ပြုမူသင့်သည်။ အကယ်၍ အလှူငွေများ ဆုံးရှုံးမှုတစ်ခု ဖြစ်ပွားလျှင် မိမိသည် မည်ကဲ့သို့ စဉ်းစားသင့်သနည်း။ သေခြင်းတရားသည်ပင်လျှင် လုံလောက်သော လျော်ကြေးဖြစ်မည် မဟုတ်။ လူ့အသက်တစ်ချောင်းသည် ငွေကြေးအားဖြင့် မည်မျှတန်သနည်း။ အကယ်၍ ဆုံးရှုံးမှုက ကြီးမားလွန်းလျှင် မိမိ၏အသက်ကို စွန့်လွှတ်ခြင်းသည်ပင်လျှင် ယင်းကို ပြန်ဆပ်ဖို့ လုံလောက်မည်မဟုတ်ပေ။ အဓိကမှာ ဤအရေးကိစ္စ၏ သဘာဝသည် ဆိုးရွားလွန်း၏။ ဤ “အသက်ကြီးသော အမျိုးကောင်းသား” သည် အလှူငွေမြောက်မြားစွာ ဆုံးရှုံးခြင်းကို အလေးအနက် မထားခဲ့ချေ။ ဤသူသည် မုန်းတီးစက်ဆုပ်ဖွယ် ကောင်းလွန်း၏။ အလှူငွေ ယွမ် ၁၀ သန်းကျော် ဆုံးရှုံးခြင်းသည် သူ့အတွက် ယွမ် ၁၀၀ လောက် ဆုံးရှုံးခြင်းနှင့် တူသည်။ သူသည် ထိုအရာကို အထက်သို့ လုံးဝ သတင်းမပို့ခဲ့၊ ဤအရေးကိစ္စအတွက် နောင်တလုံးဝ မရခဲ့သည့်အပြင် သူ့အနီးအနား၌ ရှိသောသူတို့ထံ “ဤငွေကြေး မည်ကဲ့သို့ ပျောက်ဆုံးခဲ့ပြီး မည်သည့်အရာ ပြုလုပ်သင့်သည်ကို စိစစ်ပိုင်းခြားကြစို့။ ယင်းကို ကျွန်ုပ်တို့ ပြန်ဆပ်သင့်သလော၊ သို့မဟုတ် အခြားဖြေရှင်းချက် ရှာဖွေသင့်သလော။ သို့တည်းမဟုတ် ကျွန်ုပ်တို့သည် အထက်ကို အကြောင်းကြားခြင်း၊ တာဝန်ရှိမှုကို ဝန်ခံခြင်းနှင့် အလုပ်ထွက်ခြင်းအပြင် ကျွန်ုပ်တို့၏ အပြစ်များကို ဘုရားသခင်ထံ ဝန်ချတောင်းပန်ခြင်းတို့ ပြုလုပ်ကောင်း ပြုလုပ်ရမည်” ဟု မပြောခဲ့ချေ။ သူ၌ ဤသဘောထားပင် မရှိခဲ့ပေ။ ဤသည်မှာ စက်ဆုပ်ဖွယ်ကောင်းသလော။ ထိုကဲ့သို့ကြီးမားသော သူ၏ မကောင်းမှုပြုနိုင်စွမ်းက တာဝန်နှင့် ဘုရားအပေါ် သူ၏ သဘောထားကို ထုတ်ဖော်သည်။ ဒုတိယအနေဖြင့် နှင်ထုတ်ခြင်း ခံရပြီးနောက် သူက ယင်းကို လက်မခံသည့်အပြင် သူ၏အပြစ်ကိုပါ မဝန်ခံဘဲ မကျေမနပ်ပင် ပြောခဲ့သည်။ ထိုကဲ့သို့သော လူမျိုးကို စဉ်းစား၍မရပေ။ သူအနေဖြင့် မကျေမနပ် ပြောကောင်းပြောနိုင်မည့် အရာနှင့်ပတ်သက်၍ စဉ်းစားကြည့်လော။ သူက “ငါသည် ဘုရားသခင်ကို နှစ်ပေါင်း ၂၀ ကျော် ယုံကြည်လာခဲ့သည်။ ငါသည် အိမ်ထောင်လည်း မပြုခဲ့ဖူးပေ၊ များစွာ စွန့်လွှတ်ခဲ့သည်၊ ဆင်းရဲဒုက္ခများစွာ ခံခဲ့ရသည်၊ ယခုတွင် သူတို့ ငါ့ကို နှင်ထုတ်ကြသည်၊ ပစ်ပယ်ကြသည်။ ငါ့အဖို့ နေစရာ ငါရှာရတော့မည်” ဟု မကျေမနပ် ပြောခဲ့သည်။ များမကြာမီတွင် သူ အိမ်ထောင်ပြုလိုက်သည်။ အကယ်၍ အသိတရားနှင့် လူ့သဘာဝရှိသည့် လူသားစစ်စစ်တစ်ဦး၌ သူ၏အသိစိတ် အနည်းငယ်မျှရှိခဲ့လျှင် ထိုမျှမြန်မြန် အိမ်ထောင်ပြုမည်လော။ သူသည် ယင်းအတွက် ဆန္ဒရှိမည်လော။ အများအားဖြင့် အသိတရားနှင့် လူ့သဘာဝ အနည်းငယ်မျှပင်ရျိသည့် လူတစ်ဦးသည် ထိုမျှအရေးကြီးသောကိစ္စကို ရင်ဆိုင်ရသောအခါ သေခြင်းတရားကိုပင် ဆင်ခြင်မိပြီး “ကျွန်ုပ်၏ဘဝမှာ ပြီးဆုံးပြီ။ ကျွန်ုပ်သည် ဘုရားသခင်ကို နှစ်ပေါင်း ၂၀ ကျော် ယုံကြည်ပြီးနောက် ထိုသို့သောလုပ်ရပ်မျိုးကို အဘယ်သို့ ကျူးလွန်နိုင်မည်နည်း။ ကျွန်ုပ်သည် မိမိကိုယ်ကိုသာ အပြစ်တင်စရာရှိပြီး နှင်ထုတ်ခံရထိုက်ပေ၏။ ၁၀ သန်းကိစ္စကို အသာထား၊ တစ်သန်းကိုပင် ကျွန်ုပ် ပြန်မဆပ်နိုင်ပေ။ မိမိကိုယ်ကို ရောင်းလျှင်ပင် ယင်းကို ထေမိစေနိုင်မည် မဟုတ်၊ ကျွန်ုပ်၏အသက်သည် ဘာမျှမတန်” ဟု စဉ်းစားမည်ဖြစ်သည်။ ယင်းကို မတတ်နိုင်မှန်း သိခဲ့လျှင် အဘယ့်ကြောင့် လုပ်ခဲ့သေးသနည်း။ ထိုငွေသည် ဘုရားသခင်၌ ဆက်ကပ်ထားသည့် အလှူငွေဖြစ်ကြောင်း သင်မသိသလော။ ထိုငွေသည် သင့်ငွေမဟုတ်။ သင်၏ တာဝန်မှာ ယင်းကို ကာကွယ်ပေးဖို့ ဖြစ်သည်။ ယင်းသည် သင်နှင့် ပတ်သက်မှုမရှိသည့် အရာတစ်ခု မဟုတ်ပေ။ ယင်းသည် သင် လုံခြုံစေရမည့် အရာတစ်ခု ဖြစ်သည်။ ယင်းသည် အ‌ရေးကြီးဆုံးသော အရာဖြစ်ပြီး သင်၏ အရေးမထားခြင်းသည် တာဝန်ကို တမင်ပျက်ကွက်ခြင်း ဖြစ်၏။ ယင်းကို ဆုံးရှုံးသွားလျှင် သင်သည် ယင်းအတွက် တာဝန်ဝတ္တရားကို ရှောင်လွှဲ၍မရမည်မှာ ဧကန်မုချဖြစ်၏။ ဘုရားသခင်ကို ယုံကြည်သူတစ်ဦးအနေဖြင့် ဤအလှူငွေများကို လုံခြုံစေရန်နှင့် မတော်တဆမှုတစ်ခုခုမှ ကာကွယ်ရန် သင်၌ တာဝန်ဝတ္တရား ရှိခဲ့သည်မဟုတ်လော။ သင်သည် တစ်စုံတစ်ရာ အမှားအယွင်းရှိခြင်း အန္တရာယ်ကို နည်းနိုင်သမျှ နည်းစေခဲ့သင့်သည် မဟုတ်လော။ ယင်းကိုပင် မပြုလုပ်နိုင်လျှင် သင်သည် မည်သည့်အရာ ဖြစ်သနည်း။ သင်သည် အသက်ရှင်လျက်နေသော နတ်ဆိုးတစ်ကောင် မဟုတ်‌လော။ (ဟုတ်ပါသည်။) ယင်းသည် လုံးလုံးလျားလျား စက်ဆုပ်ရွံရှာစရာကောင်းပြီး လူ့သဘာဝ ကင်းမဲ့သည်တကား။ ထိုမျှမက နှင်ထုတ်ခံရပြီးနောက် သူသည် ဘုရားသခင်အား ဆက်၍ မယုံကြည်တော့ဘဲ အိမ်ထောင်ပြုခဲ့သည်သာမက သူ၏မိသားစုထဲမှ ယုံကြည်သူများကိုလည်း အနှောင့်အယှက်ပေးခဲ့သည်။ ဤအရာ၏ သဘာဝက ပို၍ပင် ကြီးလေး၏။ သူသည် သူ၏တာဝန်ကို နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့သည်၊ များစွာ စွန့်လွှတ်ခဲ့သည်၊ ပေးဆပ်မှုများစွာ ပြုလုပ်ခဲ့သည်၊ အလုပ်အတော်များများကို လုပ်ဆောင်ခဲ့သည်၊ စွန့်စားမှုများ ပြုလုပ်ခဲ့သည်၊ ပြီးလျှင် အချုပ်လည်း ကျခဲ့သည်။ သို့သော် ဤအပြင်ပန်း အကြောင်းရင်းများက လူတစ်ဦး၏ ကံကြမ္မာကို အဆုံးအဖြတ် မပေးပေ။ မည်သည့်အရာက အဆုံးအဖြတ်ပေးသနည်း။ မိမိရွေးချယ်သည့် လမ်းကြောင်းပင် ဖြစ်သည်။ သူသည် သမ္မာတရား လိုက်စားခြင်းလမ်းကြောင်းကို ရွေးချယ်ခဲ့ပြီးပါက ဤကဲ့သို့ အဆုံးသတ်ခဲ့မည် မဟုတ်သည့်အပြင် ဘုရားသခင်၏ အိမ်တော်အတွက် ထိုမျှကြီးမားသော ဆုံးရှုံးမှုကို ဖြစ်ပွားစေခဲ့မည် မဟုတ်ပေ။ ထိုကဲ့သို့သော ကြီးမားသော မတော်တဆမှု ဖြစ်ပျက်သည်မှာ အလျဉ်းသင့်သလို လုံးဝ မဟုတ်ပေ။ ယင်းက သူ၏ လူ့သဘာဝအရည်အသွေး၊ သူရွေးချယ်ခဲ့သော လမ်းကြောင်းနှင့် တိုက်ရိုက် ဆက်စပ်နေသည်။ ဘုရားသခင်သည် သူရောက်ရှိနေသည့် လမ်းကြောင်းကို သိနေသည်ဟု သင်တို့ ထင်သလော။ (ထင်ပါသည်။) ဘုရားသခင် သိပေ၏။ သို့ဆိုလျှင် ဤအဖြစ်အပျက်မှာ သူ့အား ဖော်ထုတ်ဖို့ သို့မဟုတ် သူ့အား ဖယ်ရှားဖို့ ရည်ရွယ်ခဲ့သလော။ ယင်းမှာ သူ့အား ဖော်ထုတ်ဖို့ရော ဖယ်ရှားဖို့အတွက်ပါ ဖြစ်၏။ လူ့အမြင်တွင် သူသည် သူ၏တာဝန်ကို ပေးအပ်မြှုပ်နှံခြင်း၊ အသုံးခံခြင်း၊ အဖိုးအခပေးလိုစိတ်နှင့် အခက်အခဲကို ကြံ့ကြံ့ခံနိုင်စွမ်းတို့ဖြင့် ကောင်းစွာ ဖြည့်ဆည်းနေသည့်ဟန်တူသည်။ သို့ဆိုလျှင် ဘုရားသခင်သည် သူ့အား ဤကဲ့သို့သော တစ်စုံတစ်ရာကို ပြုရသနည်း။ ဘုရားသခင်သည် သူ့ကို အဘယ့်ကြောင့် ဖော်ထုတ်ရသနည်း။ ဖော်ထုတ်ခံရသည်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ သူ၏အဆုံးသတ်အား ဖော်ထုတ်ရုံသက်သက်လော။ မဟုတ်ပေ၊ ယင်းမှာ သူ၏ယုံကြည်မှုကို ဖော်ထုတ်ဖို့၊ သူ၏ လူ့သဘာဝကို ဖော်ထုတ်ဖို့၊ သူ၏ အနှစ်သာရနှင့် သဘာဝကို ဖော်ထုတ်ဖို့ ရည်ရွယ်ခဲ့သည်။ ယခု ဤအရာအားလုံးမှာ ဖော်ထုတ်ပြခြင်းခံရပြီ ဖြစ်သည်။ ဘုရားသခင်က ထိုကဲ့သို့သော လူတစ်ဦးကို ကယ်တင်နိုင်သေးသလော။ ဘုရားသခင်သည် သူ့အတွက် မျှော်လင့်ချက်ရေးရေးလေးပင် ရှိသလော။ ဘုရားသခင်၌ ထိုကဲ့သို့သော လူတစ်ဦးအတွက် မျှော်လင့်ချက် လုံးဝမရှိပေ။ ဘုရားသခင်၌ သူ့အတွက် ချစ်ခြင်းမေတ္တာ သို့မဟုတ် ကျေးဇူးကရုဏာ တစ်ခုခု ကျန်ရှိသ‌လော။ လုံးဝ မကျန်ရှိပေ။ အချို့က “ဘုရားသခင်၌ သူ့အတွက် ချစ်ခြင်းမေတ္တာ သို့မဟုတ် ကျေးဇူးကရုဏာ မရှိလျှင် ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်နှင့် အမျက်ဒေါသသာ ကျန်ရှိသလော” ဟု ဆိုကောင်းဆိုမည်။ ယင်းမှာ မှန်၏။ ထိုကဲ့သို့ ဆိုးယုတ်သော လူတစ်ဦးသည် ချစ်ခြင်းမေတ္တာ သို့မဟုတ် ကျေးဇူးကရုဏာကို နောက်ထပ် မလိုအပ်တော့သည့်အပြင် ယင်းအတွက် နောက်ထပ် လိုအပ်မှု မရှိတော့ပေ။ အဘယ့်ကြောင့်ဆိုသော် သူသည် ဘုရားသခင်၏ စိတ်သဘောထားကို အကြီးအကျယ် ပြစ်မှားစော်ကားမိပြီ ဖြစ်သည်။ ဘုရားသခင်ထံမှ သူ့အတွက် ကျန်ရှိနေသမျှမှာ ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်နှင့် အမျက်ဒေါသပင် ဖြစ်၏။ သူ၏ အဆုံးသတ်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ်နှင့် မသက်ဆိုင်၊ ယင်း၌ လူသားမျိုးနွယ်အား ကယ်တင်ခြင်းနှင့်ဆိုင်သည့် ဘုရားသခင်၏ အလုပ်နှင့် လုံးဝမသက်ဆိုင်ပေ။ သူသည် မောင်းထုတ်ခြင်းနှင့် ဖယ်ရှားခြင်း ခံထားရသည်။ ထို့အတွက်ကြောင့် ဤသူသည် ယခု မည်သည့်နေရာ၌ ရှိသည်ဖြစ်စေ၊ ဘုရားသခင်၏အမြင်တွင် သူသည် ရှင်လျက်နှင့်သေနေသောလူ၊ ညစ်ညမ်းသော နတ်ဆိုးများနှင့် ဆိုးညစ်သော ဝိညာဉ်များကြား၊ လူ့မျက်နှာအသွင် ဆောင်သော်လည်း လူမဆန်သော စိတ်နှလုံးရှိပြီး လူ့အဝတ်အစား ဝတ်ဆင်ထားသည့် သားရဲများကြား၌ နေထိုင်သည့် လမ်းလျှောက်နေသော အလောင်းကောင် ဖြစ်သည်။ ဤသည်တို့မှာ သူ၏ အစွမ်းအစများဖြစ်ပြီး သူသည် ဖန်ဆင်းရှင်၏ မျက်စိရှေ့မှ အဆက်ဖြတ်ခြင်း ခံထားရသည်။ သူ၏အဆုံးသတ်နှင့် သူ့ဘဝ၌ ဖြစ်ပျက်ခဲ့သည့် ဤအရေးကြီးသော အဖြစ်အပျက်အပေါ် သူ၏ နောက်ဆုံးသဘောထားကို ဆင်ခြင်သုံးသပ်လျှင် ဤကာလတစ်ခုလုံး သူ၏ တာဝန်ထမ်းဆောင်မှုသည် “ပြည့်မီသည်” ဟူသော စကားလုံးနှင့် သက်ဆိုင်သ‌လော။ (မသက်ဆိုင်ပါ။) ဤအဖြစ်မပျက် မတိုင်မီပင် သူ၏ တာဝန်ထမ်းဆောင်မှုက မပြည့်မီခဲ့ဟု သင် မည်ကဲ့သို့ သိသနည်း။ ယင်းက အကဲဖြတ်မှုနှင့် ကောက်ချက်ချမှုအားဖြင့်လော၊ သို့တည်းမဟုတ် သင်သည် ဤသုံးသပ်ချက်ကို သူ၏အနှစ်သာရအား လေ့လာအကဲခတ်ခြင်းဖြင့် ပြုသလော။ (သူ၏အနှစ်သာရအား လေ့လာအကဲခတ်ခြင်းဖြင့် ဖြစ်၏။) ယင်းသည် မှန်၏။ ပေါလုကို ဥပမာအဖြစ်ယူလော့။ အကယ်၍ သူသည် သမ္မာတရားကို လိုက်စားခဲ့လျှင်၊ သူသည် ပေတရုကဲ့သို့ စုံလင်အောင်ပြုခြင်း ခံရဖို့အတွက် ရှာဖွေနိုင်ခဲ့လျှင် သူသည် ထိုကဲ့သို့ ဘုရားကိုပြစ်မှားသော စကားမျိုးကို ပြောဆိုမိခဲ့မည်မဟုတ်ပေ။ အဆုံးသတ်တိုင်း၌ အကြောင်းရင်းရှိ၏။ ဤသူတွေ့ရှိခဲ့သည့် အဆုံးသတ်၌ ငုပ်နေသော အကြောင်းများရှိသည်။ ယနေ့ ဤပုဂ္ဂိုလ်က ဤအဆင့်သို့ မရောက်ရှိနိုင်သည့်အချက်မှ၊ ဘုရားသခင်အပေါ် သူ၏ သဘောထား၊ အလှူငွေများအပေါ် သူ၏သဘောထားနှင့် သူကိုယ်တိုင်၏ ဆိုးယုတ်သော လုပ်ရပ်များအပေါ် သူ၏သဘောထားမှနေ၍ သူသည် မည်သည့်လမ်းကြောင်းကို လျှောက်နေကြောင်းနှင့် ဘုရားသခင်၌ သူ၏ယုံကြည်ခြင်းမှာ အမှန်တကယ် မည်သည့်အရာဖြစ်ကြောင်းကို လူတို့အား ရှင်းလင်းစွာ မြင်တွေ့စေဖို့အတွက် လုံလောက်သည်။ ဤအရာက သူ၏ အနှစ်သာရနှင့် သူရောက်ရှိနေသည့် လမ်းကြောင်းကို လုံးလုံးလျားလျား ထုတ်ဖော်၏။ အကယ်၍ သူသည် သမ္မာတရား လိုက်စားခြင်းလမ်းကြောင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်သည့် လမ်းကြောင်းပေါ် ရောက်ရှိနေခဲ့လျှင်၊ ထို့ပြင် သူ၏တာဝန်ကို သူ၏ တာဝန်ဝတ္တရားအဖြစ် အမှန်တကယ် သဘောထားနိုင်ခဲ့လျှင် ထိုအရာ မလွှဲသာမရှောင်သာ ဖြစ်ပျက်ခဲ့သောအခါ ဤအခြေအနေကို မည်ကဲ့သို့ ကိုင်တွယ်ခဲ့မည်နည်း။ ယခု သူ၌ရှိသည့် ခုခံခြင်းနှင့် မကျေမနပ်ပြောဆိုချက်နှင့်ဆိုင်သည့် သဘောထား လုံးဝရှိခဲ့မည် မဟုတ်ပေ။ သူ၏ မကောင်းဆိုးဝါးဆန်သော အပိုင်းမှာ ဖော်ထုတ်ပြခြင်း ခံရပြီဖြစ်သည်။ နက်ရှိုင်းသော သူ့စိတ်ဝိညာဉ်၏ သဘာဝအနှစ်သာရမှာ လုံးလုံးလျားလျား ထုတ်ဖော်ခံရပြီဖြစ်သည်။ သူသည် လူသားတစ်ဦးမဟုတ်၊ မကောင်းဆိုးဝါးတစ်ကောင် ဖြစ်သည်။ သူသည် လူဖြစ်လျှင် ဘုရားသခင်ကို နှစ်ပေါင်း ၂၀ ကျော် ယုံကြည်ပြီးနောက် ဤကဲ့သို့ အဆုံးသတ်ခဲ့မည်မဟုတ်ပေ။ သူသည် လူဖြစ်လျှင် ထိုမျှကြီးမားသော အလှူငွေဆုံးရှုံးမှုအတွက် နောင်တမည်မျှ ရခဲ့မည်နည်း။ မျက်ရည်အဘယ်မျှ ကျခဲ့မည်နည်း။ မည်သည့်အတိုင်းအတာအထိ တုန်လှုပ်ခဲ့မည်နည်း။ သူသည် မလွှဲသာမရှောင်သာ တာဝန်ရှိသည်ဟုသာမက ဆိုးဝါးသော အပြစ်ရှိသည်ဟုလည်း မလုံမလဲ ခံစားလျက် မိမိကိုယ်ကို ခွင့်လွှတ်၍မရဟု ထင်မှတ်ကာ နောင်တရပြီး ဘုရားသခင်ထံ မိမိ၏ အပြစ်များကို ဝန်ချသင့်သည်ဟု ခံစားရမည်ဖြစ်သည်။ အနည်းဆုံးအနေဖြင့် အသင်းတော်က သူ့ကို နှင်ထုတ်လျှင်ပင် သူသည် သူ့မိသားစု၏ ဘုရားသခင်အား ယုံကြည်မှုကို နှောင့်ယှက်ဖို့နေနေသာသာ၊ ယုံကြည်ခြင်းကို ရပ်တန့်မည်ဟုတ်သကဲ့သို့ ဘုရားသခင်ကိုလည်း သစ္စာဖောက်မည် မဟုတ်ပေ။ ဤလူ၏ နောက်ဆက်တွဲ အပြုအမူအမျိုးမျိုးမှနေ၍ ငါတို့သည် မည်သည့်အရာကို ပိုင်းခြားသိမြင်ရသနည်း။ သူသည် သမ္မာတရားကို ချစ်မြတ်နိုးခြင်းမရှိသော မယုံကြည်သူတစ်ဦး ဖြစ်ကြောင်း၊ သူ၏သဘာဝသည်လည်း အငြိုးအတေးထားကြောင်း ပိုင်းခြားသိမြင်ရသည်။ ဤသည်မှာ စတုတ္ထမြောက်အမှု ဖြစ်၏။ ဤအမှုကို ငါတို့ မည်သို့အမည်ပေးသင့်သနည်း။ (“အလှူငွေဆယ်သန်း ဆုံးရှုံးခြင်းအမှု” ဟုပင်။) ငါတို့သည် ယင်းအပေါ် သူ၏တုံ့ပြန်မှုကို ထပ်ပေါင်းပြီး ထိုအမှုကို “အလှူငွေဆယ်သန်း ဆုံးရှုံးသော်လည်း နောင်တအရိပ်အယောင် မရှိခြင်းအမှု” ဟု ခေါ်သင့်သည်။ ထိုအမည်က ပို၍မကောင်းသလော။ ယင်းသည် အခြားသူများအတွက် သတိပေးချက်အဖြစ် အသုံးဝင်သည်။ အနည်းဆုံး ယင်းသည် သူ့လုပ်ရပ်၏ ဆိုးရွားမှုက မည်သည့်နေရာ၌ရှိကြောင်း လူတို့အား သတိပြုမိစေသည်။

ဤအဖြစ်ရပ်များအားလုံး ဖြစ်ပျက်ခြင်း၊ ဤလူတို့ပြသသော အပြုအမူအမျိုးမျိုးသာမက ဤဖြစ်ရပ်များ ဖြစ်ပျက်ပြီးနောက် ဘုရားသခင်အပေါ် ၎င်းတို့၏သဘောထားများအားလုံး ထွက်ပေါ်ခဲ့ပြီး ၎င်းတို့၏တာဝန်များကို ထမ်းဆောင်နေစဉ် ပေါ်လွင်လာသည်။ ထို့ကြောင့် အတိုင်းအတာတစ်ခုအထိ ဘုရားသခင်ကို ယုံကြည်ရာ၌ မိမိလျှောက်သောလမ်းကြောင်းနှင့် မိမိ၏နောက်ဆုံး အဆုံးသတ်သည် မိမိ၏ တာဝန်ထမ်းဆောင်မှုနှင့် လွန်စွာ ဆက်စပ်နေသည်။ တိုက်ရိုက် ဆက်စပ်မှုရှိသည်ဟုပင် ပြောနိုင်သည်။ တာဝန်ထမ်းဆောင်ခြင်းဟူသည့် ခေါင်းစဉ်သည် အမြဲတည်တံ့သော ဘာသာရပ်ဖြစ်သင့်ပြီး ဤလက္ခဏာသွင်ပြင်နှင့် ပတ်သက်သည့် သမ္မာတရားသည်လည်း အမြဲတည်တံ့သော ဘာသာရပ်ဖြစ်သင့်သည်။ ယင်းသည် လူတို့အနေဖြင့် အဓိကကျဆုံးအနေဖြင့် နားလည်သင့်သည့် သမ္မာတရားဖြစ်သည့်အပြင် လူတို့၏ အသက်တာကြီးထွားမှုနှင့် ဘုရားသခင်အား ယုံကြည်ခြင်းဖြစ်စဉ်၌ စဉ်ဆက်မပြတ် ဆွေးနွေးသင့်သည့် ခေါင်းစဉ်တစ်ခုဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ယင်းသည် လူတို့၏ စိတ်သဘောထားများ ပြောင်းလဲမှုများနှင့်၊ ၎င်းတို့၏ အသက်ဝင်ရောက်မှုနှင့်၊ ထို့ပြင် ၎င်းတို့လျှောက်သော လမ်းကြောင်းအမျိုးအစားနှင့် နောက်ဆုံးတွင် ၎င်းတို့၌ရှိသင့်သည့် အဆုံးသတ်အမျိုးအစားတို့နှင့် ခွဲ၍မရအောင် ဆက်စပ်နေသောကြောင့် ဖြစ်သည်။ ယနေ့ ငါတို့သည် တာဝန်ထမ်းဆောင်ခြင်းနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် မိတ်သဟာယပြုပြီးဖြစ်သည့်အပြင် အမှုအချို့နှင့် ပတ်သက်၍လည်း မိတ်သဟာယပြုပြီးပြီ ဖြစ်သည်။ ဤအရာ၏ အဓိကရည်ရွယ်ချက်မှာ ဘုရားသခင်ချီးမွမ်းသည့်ပုံစံဖြင့် မည်ကဲ့သို့ တာဝန်ထမ်းဆောင်ရမည်၊ သင် မကောင်းမှုပြုလျှင် အကျိုးဆက်များက မည်သည့်အရာဖြစ်သည်နှင့် အဆင့်မီအောင် တာဝန်ထမ်းဆောင်ခြင်း၏ အရေးကြီးမှုကို သင်တို့အား နားလည်စေရန် ဖြစ်၏။ ဤအမှုများရှိ ဖြစ်ရပ်များမှာ တရွေ့ရွေ့ ပို၍ ဆိုးရွားလာပြီး တိုး၍သာ ထိတ်လန့်ဖွယ်ကောင်းလာသော်လည်း ယင်းတို့ကို ငါလုပ်ဇာတ်မခင်းပေ။ ယင်းတို့သည် ဘုရားသခင်အား ယုံကြည်သူတို့ကြားနှင့် တာဝန်များကို ထမ်းဆောင်နေကြသော သူတို့၏ အကြီးအကဲမဟုတ်သူများအတွင်း၌ အမှန်တကယ် ဖြစ်ပျက်ခဲ့သည်။ ဤအရာက မည်သည့်အရာကို ညွှန်ပြသနည်း။ လူအချို့က “ဟင်၊ ကျွန်ုပ်တို့သည် တာဝန်မထမ်းဆောင်လျှင် အရေးကိစ္စ မရှိသော်လည်း ထမ်းဆောင်သောအခါ ပြဿနာများက အမြဲတမ်း ပေါ်ထွက်လာသည်။ သို့ဆိုလျှင် တာဝန်မထမ်းဆောင်ဘဲ နေလိုက်လျှင် အဆင်ပြေမည်လော” ဟု ဆိုကြသည်။ ဤစဉ်းစားတွေးခေါ်သည့် လမ်းကြောင်းက မည်သို့ရှိသနည်း။ ဤသည်မှာ အစာနင်မည်စိုး၍ စားသောက်ခြင်းကို အလျှော့ပေးခြင်းပင် မဟုတ်လော။ ဤသည်မှာ မိုက်မဲရာ မကျသလော။ သင်သည် ဤအရေးကိစ္စများကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေရန် သင်ယူရမည်။ ဤသည်မှာ လိုလားတက်ကြွသော သဘောထားနှင့် သာမန်လူတစ်ဦး ရှိသင့်သည့် သဘောထားမျိုးဖြစ်၏။ အကယ်၍ တာဝန်ထမ်းဆောင်နေစဉ် စီရင်ချက်ချခံရခြင်း၊ နှင်ထုတ်ခံရခြင်း၊ ဖယ်ရှားခံရခြင်း သို့မဟုတ် အဆက်ဖြတ်ခံရခြင်းသို့ ဦးတည်မည့် ပြဿနာများ ပေါ်ကောင်းပေါ်ထွက်လာနိုင်ပြီး နောက်ဆုံးတွင် ကယ်တင်ခြင်းရရှိဖို့ မျှော်လင့်ချက်တစ်စုံတစ်ရာ ပျောက်ဆုံးမည်ကို စိုးရိမ်သည့်အပြင် သင်၏ တာဝန်များထမ်းဆောင်မှုကို အလွယ်တကူ ရပ်တန့်ခြင်း သို့မဟုတ် တာဝန်များအပေါ် အပျက်သဘောဆန်သော၊ ဆန့်ကျင်လိုသော ကိုင်တွယ်ဖြေရှင်းနည်းအား ခံယူခြင်းရှိပါက ယင်းမှာ မည်သို့သောသဘောထားမျိုး ဖြစ်သနည်း။ (မကောင်းသော သဘောထားဖြစ်၏။) အခြားသူများအချို့က “ကျွန်ုပ်တို့၏ လူ့သဘာဝသည် တာဝန်ထမ်းဆောင်ဖို့အတွက် ညံ့ဖျင်းလွန်းသည်။ ထို့ကြောင့် အစေခံခြင်းကိုသာ တင်းတိမ်ရောင့်ရဲစွာ ဆောင်ရွက်ကြစို့လား။ ဘုရားသခင်သည် အစေခံသောသူတို့အတွက် မြင့်မားသော သတ်မှတ်ချက်များ မရှိသည့်အပြင် မည်သည့် စံချိန်စံညွှန်းမျှ သို့မဟုတ် မည်သည့် စည်းမျဉ်းမျှ မရှိပေ။ အားထုတ်ကြိုးပမ်းရုံမျှက လုံလောက်၏။ စေခိုင်းသမျှကို လုပ်ဆောင်လော့။ နာခံလော့။ အရေးပါသော မည်သည့်တာဝန်ဝတ္တရားကိုမျှ မယူနှင့်။ ထို့ပြင် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်လာဖို့ မည်သည့်ရည်မှန်းချက်မျှ မထားလေနှင့်။ အဆုံးတိုင်အောင် တည်ရှိနေရုံမျှက အကြီးဆုံးသော ကောင်းချီးဖြစ်ပေမည်” ဟု ပြောကြသည်။ ဤစေ့ဆော်မှုများက မည်သို့ရှိသနည်း။ ယင်းတို့မှာ အတော်ပင် ယုတ်ညံ့ပြီး ဆိုးညစ်သည် မဟုတ်လော။ ထိုကဲ့သို့ ရည်မှန်းချက်မကြီးမားသော သူတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိနိုင်မည်လော။ လူ့သဘာဝမရှိသည့် လူတစ်ဦးသည် ပြည့်မီစွာ အစေခံနိုင်မည်လော။ လူ့သဘာဝမရှိသောသူတို့သည် ပြည့်မီစွာ အစေမခံနိုင်ကြပေ။ ထိုသူတို့သည် ဆက်လက်နေရသည့် သစ္စာရှိသော အစေခံသူများ ဖြစ်လာကြမည် မဟုတ်ပေ။

ပြီးခဲ့သည့် အကြိမ်အနည်းငယ် ဤမိတ်သဟာယပြုများ အတောအတွင်း ဖော်ပြထားသည့် ဥပမာအရေအတွက်မှာ အတော်ပင် များပြားသည်။ ဤအဖြစ်အပျက်များကို သတိရဖို့ လွယ်ကူသော်လည်း ငါမိတ်သဟာယပြုခဲ့ပြီးသည့် သမ္မာတရားများမှာ နားလည်ဖို့ ခက်ခဲ၏။ သို့ရာတွင် ဤအတွက် အကျိုးကျေးဇူးတစ်ခု ရှိသည်။ ဤအဖြစ်အပျက်များကို ဆွေးနွေးခြင်းဖြင့် သင်တို့သည် ယင်းတို့၌ ပါဝင်သည့် သမ္မာတရားများကို သတိရကောင်း သတိရကြမည် သို့မဟုတ် အနည်းငယ် နားလည်ကောင်း နားလည်လာကြမည်။ အကယ်၍ ငါတို့သည် ဤအမှုများနှင့်ပတ်သက်၍ မပြောဆိုလျှင် ဤရလဒ်မျိုးရရှိခြင်းက ကြိုးစားအားထုတ်မှုကို ပို၍ လိုအပ်မည်မှာ သေချာသလောက်ဖြစ်၏။ ဤအမှုများကို ဆွေးနွေးခြင်းမှာ တွန်းအားအဖြစ်ရော သတိပေးချက်အဖြစ်ပါ အသုံးဝင်လျက်၊ လူတို့အား သူတို့အထဲမှနေ၍ မှန်ကန်သောလမ်းကြောင်းကို ရှာတွေ့စေသည်။ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များအား ဖောက်ဖျက်ရာရောက်ခြင်း၊ ကြီးမားသော အမှားများကို ပြုလုပ်ခြင်း၊ သို့မဟုတ် လမ်းမှားလျှောက်ခြင်းကို ရှောင်ကြဉ်ဖို့အတွက် သင်၏ယုံကြည်မှု၌ မည်သည့်လမ်းကြောင်းအား လျှောက်ရမည်ကို သိခြင်းထဲသို့ ယင်းက လမ်းညွှန်လေသည်။ အဓိကပန်းတိုင်မှာ လူတို့အား ၎င်းတို့၏တာဝန်များကို ပြည့်မီစွာ ထမ်းဆောင်စေဖို့ ဖြစ်သည်။ ဤအမှုလေးမှုအကြောင်း ကြားနာပြီးနောက် သင်တို့ မည်ကဲ့သို့ ခံစားရသနည်း။ ပြည့်မီစွာ တာဝန်ထမ်းဆောင်ခြင်းနှင့် ပတ်သက်၍ အသစ်သောနားလည်မှု ရှိကြသလော။ လူတို့အနေဖြင့် မိမိတို့၏ တာဝန်များကို ပြည့်မီစွာ ထမ်းဆောင်ရန် လွယ်ကူသလော။ (မလွယ်ကူပါ။) အခက်အခဲက မည်သည့်နေရာ၌ ရှိသနည်း။ ယင်းမှာ လူတို့က သမ္မာတရားကို နားမလည်သည့်အပြင် စည်းမျဉ်းများကို ရှာမတွေ့နိုင်သဖြင့် အမှားများကို လုပ်မြဲလုပ်ခြင်းကြောင့်လော။ (မဟုတ်ပါ။) သို့ဖြစ်ပါက အခက်အခဲမှာ မည်သည့်နေရာ၌ရှိသနည်း။ ယင်းက ဤအရာ၌ရှိ၏။ လူတို့သည် သမ္မာတရားကို မချစ်သကဲ့သို့ ယင်းကို လိုက်လည်း မလိုက်စားကြပေ။ မိမိတို့၏တာဝန်များကို ထမ်းဆောင်နေစဉ် လူတို့သည် သမ္မာတရားကို မလိုက်စားသည့်အပြင် လက်တွေ့မလုပ်ဆောင်ဘဲ ၎င်းတို့၏ ကြောက်စရာကောင်းသော၊ ဆိုးယုတ်သော၊ မာနထောင်လွှားသော စိတ်သဘောထားများနှင့်ပါ ပေါင်းစပ်လျှင် ဤအရာက ကျိန်းသေသော အကျိုးဆက်များသို့ အလွယ်တကူ ဦးတည်ပြီး လူတို့မမျှော်လင့်ထားသော သို့မဟုတ် မတွေ့မြင်လိုသော အဆုံးသတ်များကို ဖြစ်ပေါ်စေနိုင်သည်။ မည်သူသည် သူ့အတွက် မကောင်းသောအဆုံးသတ်ကို မျှော်လင့်သနည်း။ (မမျှော်လင့်ပါ။) အသက်မဆုံးဘဲ အဆုံးတိုင်အောင် ရုန်းကန်ရပ်တည်နိုင်သရွေ့ အဆင်ပြေသည်ဟု စဉ်းစားလျက် သာမညောင်ည အဆုံးသတ်ကိုသာ မျှော်လင့်သောသူတို့ ရှိသလော။ (ရှိပါသည်။) ဤသူတို့မှာ မည်ကဲ့သို့သောသူတို့ ဖြစ်သနည်း။ ဤသူတို့မှာ သမ္မာတရားကို မလိုက်စားသောလူများ ဖြစ်သည်။ ၎င်းတို့သည် သေမည့်အချိန်ကို စောင့်ဆိုင်းရင်း မှေး၍သာနေကြသည်။ ထိုသို့သောလူတို့အတွက် ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုသည် လုံးဝ နမော်နမဲ့နှင့် ဝတ်ကျေတမ်းကျေဖြစ်ဖို့ သေချာလျက် ၎င်းတို့အနေဖြင့် အမှားလုပ်ရန် သို့မဟုတ် အပြစ်ကျူးလွန်ရန် လွယ်ကူစေပြီး အဆင့်မီအောင် တာဝန်ထမ်းဆောင်ဖို့ ခက်ခဲစေကြသည်။ မည်သို့သော လူစားမျိုးတို့က မိမိတို့၏ တာဝန်များကို အဆင့်မီအောင် ထမ်းဆောင်နိုင်သနည်း။ (သမ္မာတရားကို လိုက်စားသောသူတို့ ဖြစ်ကြ၏။) အခြားမည်သူရှိသနည်း။ (လူ့သဘာဝရှိသော လူတို့ဖြစ်၏။) လူ့သဘာဝတွင် မည်သည့်အရာ ခြုံငုံသနည်း။ (အသိတရားနှင့် ဆင်ခြင်တုံတရားဖြစ်၏။) အသိတရားနှင့် ဆင်ခြင်တုံတရားရှိသောသူ၊ လူ့သဘာဝကို ပိုင်ဆိုင်သောသူတို့သည် သမ္မာတရားကို လိုက်စားပါက အဆင့်မီအောင် အလွယ်တကူ တာဝန်ထမ်းဆောင်ကြမည် ဖြစ်သည်။ လူအချို့က “သင်သည် ပြည့်မီစွာ တာဝန်ထမ်းဆောင်ဖို့ ပျက်ကွက်သော လူတို့နှင့်ပတ်သက်၍ ဆိုးရွားသည့် အပျက်သဘောဆောင်သော ဤဥပမာများအကြောင်းကို ပြောမြဲပြောနေပြီး ယင်းက ကျွန်ုပ်တို့အား မိမိကိုယ်ကို ယုံကြည်စိတ်ချမှု ပျောက်ဆုံးစေသည်။ ကျွန်ုပ်တို့သည် ပြည့်မီစွာ တာဝန်ထမ်းဆောင်ခြင်းဟူသည့် စံချိန်စံညွှန်းကို မည်သည့်အခါများ ရောက်ရှိမည်နည်း။ ဤအရာနှင့်ပတ်သက်၍ အပြုသဘောဆောင်သော ဥပမာတစ်ခုခု ရှိသလော။” သို့ဆိုလျှင် ပို၍ စိတ်ဓာတ်မြှင့်တင်ပေးပြီး အပြုသဘောဆောင်သော အရာတစ်ခုကို ဆွေးနွေးကြစို့။ လတ်တလောတွင် လူများစွာတို့သည် သမ္မာတရားအား လိုက်စားခြင်းအပေါ် စတင်၍ အာရုံစိုက်လာကြပြီး ၎င်းတို့သည် တာဝန်ထမ်းဆောင်သောအခါတွင်လည်း စတင်၍ လုံ့လဝီရိယ ပိုရှိလာကြသည်။ သာဓကအားဖြင့် အချို့သည် တာဝန်များကို ထမ်းဆောင်နေစဉ် အခြားသူများနှင့် သဟဇာတကျကျ ပူးပေါင်းဆောင်ရွက်နိုင်ကြသည်။ သဟဇာတကျကျ ပူးပေါင်ဆောင်ရွက်ခြင်း ဟူသည်မှာ မည်သည့်အဓိပ္ပာယ်ရှိသနည်း။ ယင်း၏ သရုပ်သကန်တစ်ခုမှာ ဤအရာဖြစ်၏။ ယင်းမှာ အပြင်ပန်းတွင် သဘောထားကွဲလွဲမှု သို့မဟုတ် လျှို့ဝှက်ကြံစည်မှု မရှိဘဲ လူတိုင်း အဆင်ပြေသည့် ကိစ္စသက်သက် မဟုတ်ပေ။ သဟဇာတကျကျ ပူးပေါင်းဆောင်ရွက်ခြင်းဟူသည် အလုပ်တွင် အရေးကိစ္စအမျိုးမျိုးကို ရင်ဆိုင်ရသောအခါ ယင်းတို့နှင့်ပတ်သက်၍ သင်၌ ထိုးထွင်းအမြင် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ထို့ပြင် သင်၏ ရှုထောင့်အမြင်က မှန်ကန်သည်ဖြစ်စေ၊ မမှန်ကန်သည်ဖြစ်စေ သင်သည် အခြားသူများနှင့် တိုင်ပင်ညှိနှိုင်းပြီး မိတ်သဟာယပြုနိုင်သည်၊ သမ္မာတရားစည်းမျဉ်းများကို ရှာဖွေနိုင်သည်၊ ထို့နောက် အများဆန္ဒကို ရောက်ရှိနိုင်လေသည်။ ယင်းမှာ သဟဇာတကျကျ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်၏။ ယင်းမှာ မိမိ၏ တာဝန်များကို ပိုကောင်းအောင် ဖြည့်ဆည်းဖို့၊ အသင်းတော်၏ အလုပ်ကို ပိုကောင်းအောင် လုပ်ဆောင်ဖို့နှင့် ဘုရားသခင်အား သက်သေခံနိုင်ဖို့ ဖြစ်၏။ အကယ်၍ သင်သည် အဆင့်မီဖို့ တာဝန်များကို ထမ်းဆောင်လိုပါက တာဝန်ထမ်းဆောင်နေစဉ် သဟဇာတကျကျ ပူးပေါင်းဆောင်ရွက်မှုကို အရင်ဦးစွာ ရရှိရမည်။ လက်ရှိတွင် သဟဇာတကျကျ ပူးပေါင်းဆောင်ရွက်မှုကို လက်တွေ့လုပ်ဆောင်နေပြီးသော လူအချို့ရှိသည်။ သမ္မာတရားကို နားလည်ပြီးနောက် သမ္မာတရားကို အပြည့်အဝ လက်တွေ့မကျင့်သုံးနိုင်လင့်ကစား၊ ထို့ပြင် လမ်းတစ်လျှောက်လုံး ကျရှုံးမှုများ၊ အားနည်းချက်နှင့် သွေဖည်ခြင်းတို့ ရှိလင့်ကစား ၎င်းတို့သည် သမ္မာတရားစည်းမျဉ်းများသို့ရောက်အောင် ကြိုးပမ်းနေကြဆဲ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် သဟဇာတကျကျ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ မျှော်လင့်ချက် ရှိကြသည်။ ဥပမာ၊ တစ်ခါတစ်ရံတွင် သင်သည် သင်ပြုလုပ်နေသော အရာမှာ မှန်ကန်သည်ဟု ထင်ကောင်းထင်နိုင်သော်လည်း သင်သည် မိမိကိုယ်ကို မှန်ကန်နိုင်စွမ်း မရှိပေ။ အခြားသူများသည် ရှင်းလင်းပြီး ရေရာသည်အထိ ၎င်းတို့နှင့် ဆွေးနွေးပြီး သမ္မာတရား စည်းမျဉ်းများအပေါ် အတူတကွ မိတ်သဟာယဖွဲ့နိုင်သည်။ ဤသို့ဖြင့် လူတိုင်းက နားလည်ပြီး ဤအရာပြုလုပ်ခြင်းက အကောင်းဆုံးရလဒ်ကို ရရှိမည်ဟု သဘောတူကြမည်ဖြစ်သည်။ ယင်းသည် စည်းမျဉ်းများ၏ အပြင်ဘက်သို့ မကျော်လွန်ကြောင်း၊ ယင်းသည် ဘုရားအိမ်တော်၏ အကျိုးကို ထည့်သွင်းစဉ်းစားကြောင်း၊ ဘုရားအိမ်တော်၏ အကျိုးကို အမြင့်မားနိုင်ဆုံးသော အတိုင်းအတာအထိ ကာကွယ်ပေးမည် ဖြစ်ကြောင်းကိုလည်း သဘောတူကြမည်ဖြစ်သည်။ ဤပုံစံအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းသည် သမ္မာတရားစည်းမျဉ်းနှင့် ကိုက်ညီ၏။ အဆုံးသတ်ရလဒ်သည် သင်မျှော်မှန်းသကဲ့သို့ အမြဲတမ်း ဖြစ်ကောင်းဖြစ်မည် မဟုတ်သော်လည်း သင်၏ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း၊ ဦးတည်ချက်နှင့် ပန်းတိုင်မှာ မှန်ကန်၏။ သို့ဆိုလျှင် ယင်းကို ဘုရားသခင် မည်ကဲ့သို့ မြင်သနည်း။ ဤကိစ္စကို ဘုရားသခင် မည်ကဲ့သို့ အဓိပ္ပာယ်ဖွင့်သနည်း။ သင်၏ တာဝန်ထမ်းဆောင်မှုသည် ပြည့်မီသည်ဟု ဘုရားသခင် ပြောမည်ဖြစ်သည်။ ပြည့်မီခြင်းဟူသည်မှာ သင်၏တာဝန်ကို ဘုရားသခင်၏ အလိုတော်အတိုင်း ထမ်းဆောင်သည်ကို ဆိုလိုသလော။ မဟုတ်ပေ။ ပြည့်မီခြင်းဟူသည်မှာ ဘုရားသခင်၏ အလိုတော်ကို ကျေနပ်စေခြင်း၊ ဘုရားသခင်၏ သဘောကျမှုကို ရရှိခြင်းနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များအား အပြည့်အဝ လိုက်နာခြင်း၌ လက်တွေ့လုပ်ဆောင်ခြင်းတို့မှ အလှမ်းဝေးနေသေး၏။ ပြည့်မီခြင်းဟူသည်မှာ သင်သည် မှန်ကန်သော လမ်းကြောင်းပေါ်၌ ရှိနေသည်၊ သင်၏ ရည်ရွယ်ချက်များက မှန်ကန်သည်၊ ပြီးလျှင် သင်၏ ဦးတည်ချက်က မှန်ကန်သည်ကိုသာ ဆိုလိုသော်လည်း ဘုရားသခင် သတ်မှတ်ထားသည့်အတိုင်း သမ္မာတရားစည်းမျဉ်းများအတိုင်း ပြုမူလုပ်ဆောင်ခြင်းဟူသည့် မြင့်မားသော စံချိန်စံညွှန်းကို မရောက်ရှိသေးပေ။ သာဓကအနေဖြင့် နာခံမှုနှင့်ပတ်သက်၍ ဘုရားအိမ်တော်သည် သင့်အနေဖြင့် တာဝန်များကို ထမ်းဆောင်စဉ်အတွင်း တစ်စုံတစ်ရာပြုလုပ်ရန် စီစဉ်သည်ဆိုပါစို့။ သင်သည် တာဝန်များကို ထမ်းဆောင်ရာ၌ အဆင့်မီဖို့ရန်အတွက် မည်ကဲ့သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ အလုပ်ကိစ္စအကြောင်း ပထမဦးစွာ ကြားသောအခါ သင်၌ ထင်မြင်ချက်အချို့ ရှိကောင်းရှိမည်။ သို့သော် အနည်းငယ် ဆင်ခြင်သုံးသပ်ပြီးနောက် သင်သည် “ကျွန်ုပ်တို့ နားမလည်သည့် ကိစ္စများ၌ ကျွန်ုပ်တို့သည် ရှာဖွေပြီး ကျိုးနွံနာခံသင့်သည်ဟု ဘုရားသခင် ဆိုထားပြီးဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်သည် ရှာဖွေရမည်။ သမ္မာတရားကို ကျွန်ုပ်နားမလည်သော်လည်း သို့မဟုတ် မည်ကဲ့သို့ လက်တွေ့လုပ်ဆောင်သင့်သည်ကို ကျွန်ုပ်မသိသော်လည်း အလုပ်ကိစ္စက ကျွန်ုပ်အပေါ် ကျရောက်ပြီဖြစ်သဖြင့် ကျွန်ုပ်သည် လိုက်နာဆောင်ရွက်ပြီး ကျိုးနွံနာခံရမည်။ ယင်းသည် စည်းကမ်းများကို လိုက်နာခြင်းသက်သက်ပင် ဖြစ်လျှင်ပင် ယင်းတို့ကို အရင်ဦးစွာ လိုက်နာသင့်သည်” ဟု စဉ်းစားသည်။ သင်သည် ဤပုံစံအတိုင်း လက်တွေ့လုပ်ဆောင်နိုင်ပါက အဆင့်မီနေခြင်း ဖြစ်သည်။ သို့သော် စံချိန်စံညွှန်းကို မီခြင်းနှင့် ဘုရားသခင်၏ သဘောကျမှုကို ရရှိခြင်းတို့ကြား၌ ကွာဟချက်ရှိသလော။ (ရှိပါသည်။) ဤကွာဟချက်ကို သမ္မာတရားကို သင်နားလည်သည့် အတိုင်းအတာအားဖြင့် တွက်ချက်သည်။ သင်သည် ကျိုးနွံနာခံနိုင်သော်လည်း ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင်နားမလည်သည့်အပြင် သမ္မာတရားစည်းမျဉ်းများကို အပြည့်အဝ မခွဲခြားသေး သို့မဟုတ် ယင်းတို့ကို လက်တွေ့မကျင့်သုံးသေးပေ။ သင်သည် စည်းကမ်းများကို လိုက်နာရုံမျှ လိုက်နာထားခြင်း ဖြစ်သည်။ သင်သည် အသိတရားနှင့် စည်းကမ်းများတို့နှင့်ဆိုင်သည့် စံချိန်စံညွှန်းများအတိုင်း လူတစ်ဦးပြုလုပ်သင့်သည့် အခြေခံကျသော အရာများကို လိုက်နာထားခြင်း ဖြစ်သည်။ ထို့ကြောင့် အကောင်အထည်ဖော်မှုအရ ပြဿနာများ မရှိသည့်အပြင် သင့်လုပ်ဆောင်ချက်များ၏ သဘာဝအရ မည်သည့်အရာမျှ မမှားယွင်းပေ။ သို့ရာတွင် ဤအရာက သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းဟူသည့် စံချိန်စံညွှန်းကို မမီချေ။ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားမလည်သေးချေ။ သင်သည် သင်၏တာဝန်များကို မလှုပ်မလှုပ်နှင့် အမှုမဲ့အမှတ်မဲ့သာ ထိန်းသိမ်းနေခြင်း ဖြစ်သည်။ ယင်းတို့ကို သမ္မာတရားစည်းမျဉ်းများအတိုင်း ကောင်းမွန်စွာ ဖြည့်ဆည်းနေခြင်း မရှိခဲ့ပေ။ ဘုရားသခင်အား သက်သေခံနိုင်သော သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များအား ဖြည့်ဆည်းနိုင်သော အဆင့်တစ်ခုကို မရောက်ရှိသေးပေ။ သက်သေခံခြင်းအတွက် စံချိန်စံညွှန်းကို မမီသေးချေ။ ထို့ကြောင့် ဤပုံစံအတိုင်း တာဝန်ထမ်းဆောင်ခြင်းသည် ပြည့်မီရုံသာရှိပြီး ဘုရားသခင်၏ သဘောကျမှုကို မမီသေးချေ။

လူတစ်ဦးအနေဖြင့် သူ၏တာဝန်ကို ပြည့်မီစွာ ထမ်း‌ဆောင်ခဲ့ပြီးခြင်း ရှိမရှိကို ဆုံးဖြတ်ရန်အတွက် စံနှုန်းမှာ အဘယ်နည်း။ အကယ်၍ လူတစ်ဦး၏ တာဝန်ထမ်းဆောင်ခြင်း လမ်းကြောင်းက မှန်ကန်လျှင် ဦးတည်ချက် မှန်ကန်ပြီး ရည်ရွယ်ချက် မှန်ကန်သည်။ အကယ်၍ မူလအကြောင်းရင်း မှန်ကန်ပြီး စည်းမျဉ်းများ မှန်ကန်လျှင်၊ ထို့နောက် ဤလက္ခဏာသွင်ပြင်များက မှန်ကန်သည်ဆိုလျှင် လူတစ်ဦး ထမ်းဆောင်ပြီးသည့် တာဝန်က ပြည့်မီသည်။ လူများစွာက ဤအရာကို သဘောတရားအားဖြင့် နားလည်သော်လည်း သူ့အ‌ပေါ် တစ်စုံတစ်ခု အမှန်တကယ် ဖြစ်ပျက်သောအခါ စိတ်ရှုပ်ထွေးသွားလေသည်။ ယင်းကို အကျဉ်းရုံးဖို့အတွက် သင်တို့ကို ငါ စည်းမျဉ်းတစ်ခု ပြောပြမည်။ အခြေအနေများကို ရင်ဆိုင်ရသောအခါ ထင်ရာမြင်ရာနှင့် တစ်ဖက်သတ် မလုပ်ဆောင်နှင့်။ အဘယ့်ကြောင့် ထင်ရာမြင်ရာနှင့် တစ်ဖက်သတ် ပြုမူလုပ်ဆောင်၍ မဖြစ်သနည်း။ တစ်ချက်အနေဖြင့် ထိုပုံစံမျိုးအတိုင်း ပြုမူလုပ်ဆောင်ခြင်းသည် တာဝန်ထမ်းဆောင်ခြင်း စည်းမျဉ်းများနှင့် မကိုက်ညီပေ။ နောက်တစ်ချက် အနေဖြင့် တာဝန်တစ်ရပ်ဟူသည် သင်၏ကိုယ်ပိုင် သီးသန့်အရေးကိစ္စ မဟုတ်ပေ။ သင်သည် မိမိကိုယ်တိုင်အတွက် လုပ်ဆောင်နေခြင်း၊ သင်၏ကိုယ်ပိုင် စီမံခန့်ခွဲမှု၌ ပါဝင်လုပ်ဆောင်နေခြင်း မဟုတ်ပေ။ ယင်းသည် သင်၏ ကိုယ်ပိုင်လုပ်ငန်းမဟုတ်ချေ။ သင်သည် ဘုရားသခင်၏ အိမ်တော်ထဲတွင် မည်သည့်အရာကို လုပ်ဆောင်စေကာမူ သင်၏ကိုယ်ပိုင်လုပ်ငန်းကို လုပ်ဆောင်နေခြင်း မဟုတ်ပါ။ ယင်းမှာ ဘုရားအိမ်တော်၏အလုပ်၊ ဘုရားသခင်၏အလုပ် ဖြစ်သည်။ သင်သည် ဤအသိနှင့် နားလည်သဘောပေါက်မှုကို စိတ်ထဲအမြဲတမ်း မွေးထားရမည်ဖြစ်ပြီး “ဤအရာသည် ကျွန်ုပ်၏ ကိုယ်ပိုင်အရေးကိစ္စ မဟုတ်ပါ။ ကျွန်ုပ်သည် ကျွန်ုပ်၏တာဝန်ကို လုပ်ဆောင်နေပြီး ကျွန်ုပ်၏ဝတ္တရားကို ဆောင်ရွက်နေခြင်း ဖြစ်သည်။ အသင်းတော်အလုပ်ကို လုပ်ဆောင်နေခြင်းဖြစ်သည်။ ဤသည်မှာ ကျွန်ုပ်အား ဘုရားသခင် အပ်နှံခဲ့သောတာဝန်ဖြစ်ပြီး ကျွန်ုပ်သည် ဘုရားသခင်အတွက် လုပ်ဆောင်နေခြင်းဖြစ်သည်။ ဤသည်မှာ ကျွန်ုပ်၏ တာဝန်ဖြစ်ပြီး ကျွန်ုပ်၏ ကိုယ်ပိုင်ကိုယ်ရေးကိုယ်တာ ကိစ္စမဟုတ်ပေ” ဟု ပြောရမည်ဖြစ်သည်။ ဤသည်မှာ လူတို့နားလည်သင့်သည့် ပထမဆုံးအရာဖြစ်သည်။ သင်သည် တာဝန်တစ်ခုကို သင်၏ ကိုယ်ပိုင် အရေးကိစ္စများအဖြစ် သဘောထားပြီး ပြုမူဆောင်ရွက်သည့်အခါတွင် သမ္မာတရားစည်းမျဉ်းများကို မရှာဖွေသကဲ့သို့ သင်၏ ကိုယ်ပိုင်ရည်ရွယ်ချက်များ၊ အမြင်များ၊ လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်လျှင် သင်သည် အမှားများပြုလုပ်နိုင်ခြေ အလွန်များသည်။ ထို့ကြောင့် သင်သည် သင်၏တာဝန်နှင့် သင်၏ကိုယ်ပိုင် တစ်ကိုယ်ရေကိစ္စများကြား အလွန်ရှင်းလင်းသော ကွာခြားမှုကို ပြုလုပ်ပြီး ဤသည်မှာ တာဝန်တစ်ခုဖြစ်သည်ကို သတိမူမိလျှင် မည်သို့ သင်ဆောင်ရွက်သင့်သနည်း။ (ဘုရားသခင်တောင်းဆိုသည့်အရာကို ရှာဖွေပြီး စည်းမျဉ်းများကို ရှာဖွေရမည်။) မှန်သည်။ သင့်ထံ တစ်စုံတစ်ခုဖြစ်ပျက်ပြီး သမ္မာတရားကို သင်နားမလည်ပါက၊ သင့်တွင် စိတ်ကူးအချို့ရှိသော်လည်း ကိစ္စများသည် သင့်အတွက် မရှင်းလင်းဆဲဖြစ်ပါက အတူမိတ်သဟာယဖွဲ့ရန် သမ္မာတရားကို နားလည်သော ညီအစ်ကို မောင်နှမများကို ရှာရမည်။ ဤသည်မှာ သမ္မာတရားကို ရှာဖွေခြင်းဖြစ်သည်။ အခြားအရာအားလုံးထက် ဤသည်မှာ သင့်တာဝန်အပေါ် ထားရှိသင့်သည့် သဘောထားဖြစ်သည်။ သင်က သင့်လျော်သည်ဟု ထင်သည့်အရာအပေါ် အခြေခံ၍ အမှုအရာများကို ဆုံးဖြတ်ပြီးနောက် တူကိုထုကာ အမှုပိတ်သိမ်းပြီဟု ပြောဆိုခြင်းကို မလုပ်ဆောင်သင့်ပေ။ ဤအရာက ပြဿနာများကို အလွယ်တကူ ဖြစ်စေသည်။ တာဝန်တစ်ခုသည် သင်၏ကိုယ်ပိုင် တစ်ကိုယ်ရေးကိုယ်တာကိစ္စမဟုတ်ပေ။ အကြီးစားဖြစ်စေ၊ အသေးစားဖြစ်စေ ဘုရားအိမ်တော်၏ အရေးကိစ္စများသည် မည်သူမျှ၏ ကိုယ်ရေးကိုယ်တာ အရေးကိစ္စမျှမဟုတ်ပေ။ တာဝန်တစ်ခုနှင့် ဆက်နွှယ်သရွေ့ သင်၏ သီးသန့်အရေးကိစ္စမဟုတ်ပေ။ ယင်းသည် သင်၏ ကိုယ်ရေးကိုယ်တာကိစ္စမဟုတ်ပေ။ ယင်းသည် သမ္မာတရားနှင့် သက်ဆိုင်ပြီး စည်းမျဉ်းနှင့် သက်ဆိုင်သည်။ ဤသို့ဆိုလျှင် သင်တို့လုပ်ဆောင်သင့်သည့် ပထမဆုံးအရာမှာ အဘယ်နည်း။ သမ္မာတရားကို ရှာဖွေသင့်ပြီး စည်းမျဉ်းများကို ရှာဖွေသင့်သည်။ သမ္မာတရားကို နားမလည်လျှင် စည်းမျဉ်းများကို အရင်ဦးဆုံး ရှာဖွေသင့်သည်။ သမ္မာတရားကို နားလည်နှင့်ပြီးသားဖြစ်လျှင် စည်းမျဉ်းများကို ခွဲခြားဖော်ထုတ်ခြင်းက လွယ်ကူလိမ့်မည်။ စည်းမျဉ်းများကို နားမလည်လျှင် သင် မည်သည့်အရာ လုပ်ဆောင်သင့်သနည်း။ နည်းလမ်းတစ်ခုရှိ၏။ အမှန်တကယ် နားလည်သောသူတို့နှင့် မိတ်သဟာယပြုနိုင်သည်။ သင်သည် အရာရာတိုင်းကို နားလည်ပြီး အမြဲတမ်း မှန်ကန်သည်ဟု အမြဲတစေ မယူဆနှင့်။ ဤသည်မှာ အမှားပြုလုပ်ဖို့ လွယ်ကူသောနည်းလမ်းတစ်ခု ဖြစ်သည်။ သင်သည် အမြဲတမ်း အပြီးသတ်ဆုံးဖြတ်ချက်ချခွင့် ရှိလိုသောအခါ ယင်းက မည်သို့သော စိတ်သဘောထားမျိုး ဖြစ်သနည်း။ ဤသည်မှာ မာနထောင်လွှားမှုနှင့် မိမိကိုယ်ကိုမှန်ကန်သည်ဟု ယူမှတ်မှု ဖြစ်၏။ ယင်းမှာ ထင်ရာမြင်ရာနှင့် တစ်ဖက်သတ် ပြုမူလုပ်ဆောင်ခြင်း ဖြစ်၏။ လူအချို့က “ငါသည် ကောလိပ်ပညာတတ် ဖြစ်သည်။ သင်တို့ထက် ပို၍ ပညာဗဟုသုတ ကြွယ်ဝသည်။ ငါ၌ နားလည်သဘောပေါက်မှုစွမ်းရည် ရှိသည်။ သင်တို့အားလုံး၌ သေးငယ်သော ဝိညာဉ်ရင့်သန်မှုရှိပြီး သမ္မာတရားကို နားမလည်သဖြင့် ငါပြောသမျှကို နားထောင်သင့်သည်။ ငါကသာ ဆုံးဖြတ်ချက်များ ချမှတ်နိုင်သည်” ဟု တွေးကြသည်။ ဤအမြင်သည် အဘယ်သို့နည်း။ သင်၌ ဤအမြင်မျိုးရှိပါက သင်သည် ဒုက္ခရောက်သွားမည်ဖြစ်သည်။ သင်သည် မိမိ၏တာဝန်များကို မည်သည့်အခါမျှ ကောင်းစွာ ထမ်းဆောင်မည် မဟုတ်ပေ။ သင်သည် သဟဇာတကျကျ ပူးပေါင်းဆောင်ရွက်ခြင်း မရှိဘဲ အပြီးသတ် ဆုံးဖြတ်ချက်ခွင့်ရှိသည့်သူ အမြဲဖြစ်လိုသောအခါ တာဝန်များကို မည်သို့ကောင်းစွာထမ်းဆောင်နိုင်မည်နည်း။ ဤပုံစံအတိုင်း သင့်တာဝန်များကို ထမ်းဆောင်ခြင်းက ရည်မှန်းချက် လုံးဝ အောင်မြင်မည်မဟုတ်ပေ။ ဤအရာကို အဘယ့်ကြောင့် ငါဆိုသနည်း။ သင်သည် အခြားသူများကို အမြဲတမ်း ချုပ်ထိန်းလိုပြီး သင့်အား နားထောင်စေလိုသည်။ သင်သည် အခြား မည်သူတစ်ဦးဦး ပြောသည့်အရာကိုမျှ နားမဝင်ပေ။ ဤသည်မှာ အစွဲရှိပြီး ခေါင်းမာခြင်း ဖြစ်လေသည်။ ယင်းမှာ မာနထောင်လွှားမှုနှင့် မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်မှုလည်း ဖြစ်သည်။ ဤပုံစံအတိုင်းဆိုလျှင် သင်၏တာဝန်များကို ကောင်းစွာ ထမ်းဆောင်ရန် ပျက်ကွက်မည် ဖြစ်သည့်အပြင် အခြားသူများအားလည်း သူတို့၏တာဝန်များကို ကောင်းစွာ ထမ်း‌ဆောင်ခြင်းမှ ဟန့်တားမည်ဖြစ်သည်။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထား၏ အကျိုးဆက်ဖြစ်သည်။ ဘုရားသခင်သည် လူတို့ထံမှ သဟဇာတကျကျ ပူးပေါင်းဆောင်ရွက်ခြင်းကို အဘယ့်ကြောင့် တောင်းဆိုသနည်း။ တစ်ဖက်တွင် ယင်းသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်ရန်အတွက် အကျိုးပြုကာ ထိုသို့အားဖြင့် ၎င်းတို့အား မိမိတို့ကိုယ်ကိုသိရန်နှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ခဝါချရန် အခွင့်ပေးလေသည်။ ဤအရာက ၎င်းတို့၏ အသက်ဝင်ရောက်မှုကို အကျိုးပြု၏။ အခြားတစ်ဖက်တွင် သဟဇာတကျကျ ပူးပေါင်းဆောင်ရွက်ခြင်းသည် အသင်းတော်၏အလုပ်အတွက်လည်း အကျိုးပြုသည်။ လူတိုင်းက သမ္မာတရားနားလည်မှု ကင်းမဲ့ပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောကြောင့် သဟဇာတကျကျ ပူးပေါင်းဆောင်ရွက်ခြင်း မရှိနိုင်ပါက သူ၏ တာဝန်များကို ကောင်းစွာ ထမ်းဆောင်နိုင်စွမ်း ရှိမည်မဟုတ်ပေ။ ယင်းက အသင်းတော်၏အလုပ်ကို ထိခိုက်လိမ့်မည်။ ဤအရာ၏ အကျိုးဆက်ကား ကြီးလေး၏။ အကျဉ်းချုပ်အားဖြင့် ပြည့်မီသော တာဝန်ထမ်းဆောင်မှုကို ရရှိဖို့အတွက် လူတစ်ဦးသည် သဟဇာတကျကျ ပူးပေါင်းလုပ်ဆောင်ရန် သင်ယူရမည်ဖြစ်ပြီး အခြေအနေများကို ရင်ဆိုင်ရသောအခါ ဖြေရှင်းချက်များကို ရှာတွေ့ဖို့ သမ္မာတရားကို မိတ်သဟာယပြုရမည်ဖြစ်သည်။ ဤသည်မှာ ပဓာနကျလေသည်။ ယင်းက အသင်းတော်၏အလုပ်ကို အကျိုးပြုသည်သာမက ဘုရားသခင်ရွေးကောက်ထားသော လူတို့၏ အသက်ဝင်ရောက်မှုကိုလည်း အကျိုးပြုလေသည်။ လူအချို့က ဤအရာကို ရပင်မရနိုင်ပေ။ ၎င်းတို့က သဟဇာတကျကျ ပူးပေါင်းဆောင်ရွက်ခြင်းက စိတ်အနှောင့်အယှက်ဖြစ်ရလွန်းသည်ဟု လည်းကောင်း၊ တစ်ခါတစ်ရံတွင် သမ္မာတရားကို မိတ်သဟာယပြုခြင်းက ရလဒ်များကို အလွယ်တကူ မဖြစ်ထွန်းစေဟုလည်းကောင်း အမြဲ ထင်မှတ်ကြသည်။ ထိုအခါ ဤလူတို့က “ပြည့်မီသော တာဝန်ထမ်းဆောင်မှုကို ရရှိဖို့အတွက် သဟဇာတကျကျ ပူးပေါင်းဆောင်ရွက်ရန် အမှန်ပင် လိုအပ်သလော။ အခြေအနေတစ်ခုခုကို ရင်ဆိုင်ရသောအခါ လူတိုင်း၏ အတူတကွ မိတ်သဟာယပြုချက်က ရလဒ်များကို အသေအချာ ထွက်ပေါ်စေမည်လော။ ဤသည်မှာ ဟန်ဆောင်လုပ်ပြခြင်း သက်သက်သာ ဖြစ်သည်ဟု ထင်သည်။ ဤစည်းကမ်းများကို လိုက်နာခြင်းသည် အဓိပ္ပာယ်မရှိ” ဟု ဆိုလျက် သံသယဝင်တော့သည်။ ဤအမြင်သည် မှန်ကန်သလော။ (မမှန်ကန်ပါ။) ဤအမြင်က မည်သည့်ပြဿနာကို ဖော်ထုတ်သနည်း။ (တာဝန်ထမ်းဆောင်ခြင်းအပေါ် ထားသည့် ၎င်းတို့၏ သဘောထားက ပြဿနာရှိနေသည်ကို ဖော်ထုတ်သည်။) လူအချို့၌ မာနထောင်လွှားပြီး မိမိကိုယ်ကိုမှန်ကန်သည် ယူမှတ်သော စိတ်သဘောထားရှိသည်။ ၎င်းတို့သည် သမ္မာတရားကို မိတ်သဟာယပြုလိုစိတ် မရှိသည့်အပြင် အပြီးသတ်ဆုံးဖြတ်ခွင့်ကို အမြဲ ရလိုကြသည်။ မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်သော လူတစ်ဦးသည် အခြားသူများနှင့် သဟဇာတကျကျ ပူးပေါင်းဆောင်ရွက်နိုင်သလော။ ဘုရားသခင်သည် လူတို့ကို ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ဖြေရှင်းရန်၊ ပြည့်မီသော တာဝန်ထမ်းဆောင်မှုကို ရရှိရန်အတွက် မိမိတို့၏တာဝန်များကို ထမ်းဆောင်ခြင်းဖြစ်စဉ်တွင် ဘုရားသခင်၏ အလုပ်အား နာခံမှုကို သင်ယူပြီး မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားရာတွင် ကူညီပေးရန် ၎င်းတို့၏တာဝန်များကို ထမ်းဆောင်ရာ၌ သဟဇာတကျကျ ပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုလေသည်။ အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်ခြင်းနှင့် ထင်ရာမြင်ရာ၊ တစ်ဖက်သတ် ပြုမူလုပ်ဆောင်လိုခြင်း၊ လူတိုင်းအား သင့်ကိုနားထောင်စေခြင်းတို့သည် သင်၏တာဝန်အပေါ် ရှိသင့်သည့်သဘောထား ဟုတ်သလော။ တာဝန်ထမ်းဆောင်ခြင်းအပေါ် သင်၏သဘောထားသည် သင်၏ အသက်ဝင်ရောက်မှုနှင့် ဆက်စပ်ပေ၏။ ဘုရားသခင်က တစ်ရက်ချင်းစီတွင် သင်၌ မည်သည့်အရာ ဖြစ်ပျက်နေသည်၊ သို့မဟုတ် သင်အလုပ်မည်မျှလုပ်သည်၊ သင်မည်မျှ အားစိုက်ထုတ်သည်တို့ကို အရေးမစိုက်ပေ။ သူကြည့်သောအရာမှာ ဤအရာများအပေါ် သင်၏ သဘောထားက မည်သို့ရှိသည်ဆိုသည်ကို ဖြစ်သည်။ ဤအရာများကို သင်လုပ်ဆောင်သည့် သဘောထားနှင့် သင်လုပ်ဆောင်သည့်ပုံစံသည် မည်သည့်အရာနှင့် ဆက်နွှယ်သနည်း။ ယင်းသည် သမ္မာတရားကို သင်လိုက်စားခြင်းရှိမရှိနှင့် ဆက်နွှယ်ပြီး သင်၏ အသက်ဝင်ရောက်မှုနှင့်လည်း ဆက်နွှယ်သည်။ ဘုရားသခင်က သင်၏ အသက်ဝင်ရောက်မှုကို ကြည့်သည်။ သင်လျှောက်လှမ်းသည့် လမ်းကြောင်းကို ကြည့်သည်။ သင်သည် သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းကို လျှောက်ကာ သင့်တွင် အသက်ဝင်ရောက်မှုရှိလျှင် တာဝန်များထမ်းဆောင်သောအခါ သင်သည် သူတစ်ပါးတို့နှင့် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်နိုင်လိမ့်မည်။ ထို့ပြင် ပြည့်မီသည့် နည်းလမ်းတစ်ခုဖြင့် သင်၏ တာဝန်များကို အလွယ်တကူ ထမ်းဆောင်လိမ့်မည်။ သို့သော် သင်၏ တာဝန်ကိုထမ်းဆောင်စဉ်တွင်သင်သည် အရင်းအနှီးရှိကြောင်း၊ သင်၏အလုပ်လမ်းကြောင်းကို နားလည်ကြောင်း၊ သင့်ထံတွင် အတွေ့အကြုံရှိကြောင်း၊ ဘုရားအလိုတော်ကို သတိပြုမိကြောင်း၊ မည်သူမဆိုထက် သမ္မာတရားကိုပို၍ လိုက်စားကြောင်း အစဉ် အလေးထားပြောဆိုလျှင်၊ ထို့နောက်တွင် ဤအရာများကြောင့် သင်သည် အဆုံးသတ်ဆုံးဖြတ်ပိုင်ခွင့်ရရန် အရည်အချင်းပြည့်မီသည်ဟု ထင်မြင်ပြီး မည်သည့်အရာကိုမဆို အခြားမည်သူမဆိုနှင့် မဆွေးနွေးလျှင် အစဉ်သဖြင့် ထင်ရာစိုင်းပြီး သင်၏ ကိုယ်ပိုင်စီမံခန့်ခွဲမှု၌ ပါဝင်ဆောင်ရွက်ကာ အစဉ်သဖြင့် “တစ်ခုတည်းသော ဖူးပွင့်နေသည့်ပန်း” ဖြစ်ချင်လျှင် သင်သည် အသက်ဝင်ရောက်မှုလမ်းကြောင်းကို လျှောက်သလော။ မလျှောက်ပေ။ ဤသည်မှာ ဂုဏ်အဆင့်အတန်းကို လိုက်စားခြင်းဖြစ်သည်။ ပေါလု၏ လမ်းကြောင်းကို လျှောက်လှမ်းခြင်း ဖြစ်သည်။ အသက်ဝင်ရောက်မှုလမ်းကြောင်း မဟုတ်ပေ။ ဘုရားသခင်အနေဖြင့် လူတို့အား အသက်ဝင်ရောက်မှုလမ်းကြောင်းနှင့် သမ္မာတရားလိုက်စားမှု လမ်းကြောင်းကို လျှောက်စေသည့်ပုံစံ၌ ထိုသို့သော အပြုအမူမျိုး မပါဝင် သို့မဟုတ် ဤသရုပ်သကန်များကို မပြသပေ။ ပြည့်မီသော တာဝန်ထမ်းဆောင်မှုအတွက် စံနှုန်းသည် အဘယ်နည်း။ (အရာခပ်သိမ်း၌ သမ္မာတရားကို ရှာဖွေခြင်း၊ စည်းမျဉ်းများအတိုင်း ပြုမူနိုင်ခြင်းပင် ဖြစ်သည်။) မှန်ပေ၏။ သင်၏တာဝန်ကို ပြည့်ပြည့်ဝဝ ထမ်းဆောင်ဖို့၊ သင်၏တာဝန်တွင် သင် အတွေ့အကြုံမည်မျှ ရှိခဲ့သည်ကို မဆိုထားနှင့်၊ ဘုရားသခင်ကို သင် နှစ်ပေါင်းမည်မျှ ယုံကြည်ပြီးသည်ဖြစ်စေ၊ မည်မျှများသော တာဝန်များကို သင် ထမ်းဆောင်ပြီးဖြစ်ပါစေ၊ သို့မဟုတ် ဘုရားသခင်၏ အိမ်တော်အဖို့ ပံ့ပိုးမှုများ သင် မည်မျှ ပြုလုပ်ပြီးသည်ဖြစ်စေ အရေးမကြီးပေ။ ဘုရားသခင် ကြည့်ရှုသည့် အဓိကအရာမှာ လူတစ်ဦး သွားသည့် လမ်းကြောင်း ဖြစ်သည်။ တစ်နည်းအားဖြင့် သမ္မာတရား၊ စည်းမျဉ်းများ၊ ဦးတည်ချက်၊ ဇာစ်မြစ်တို့အပေါ် လူတစ်ဦး၏ သဘောထားနှင့် လူတစ်ဦး၏ လုပ်ဆောင်ချက်များ နောက်ကွယ်မှ မူလကြံရွယ်ချက်တို့ကို သူ ကြည့်လေသည်။ ဤအရာများအပေါ် ဘုရားသခင် အာရုံစိုက်၏။ ယင်းတို့သည် သင် လျှောက်လှမ်းသည့် လမ်းကြောင်းကို ဆုံးဖြတ်သည့် အရာဖြစ်သည်။ သင်၏ တာဝန်ကို သင်ဖြည့်ဆည်းခြင်းဖြစ်စဉ်တွင် ဤအပြုသဘောဆောင်သော အရာများကို သင့်အထဲတွင် လုံးဝ မတွေ့ရသကဲ့သို့ သင်၏ လုပ်ဆောင်မှု၏ စည်းမျဉ်း၊ လမ်းကြောင်းနှင့် အခြေပြုချက်မှာ သင်၏ အတွေးများ၊ ရည်ရွယ်ချက်များနှင့် ကြံစည်မှုများဖြစ်ပါက သင်၏ မူလကြံရွယ်ချက်မှာ သင်၏ ကိုယ်ပိုင် အကျိုးစီးပွားများကို ကာကွယ်ဖို့နှင့် သင်၏ နာမည်ဂုဏ်သတင်းနှင့် ရာထူးကို ကာကွယ်ပေးဖို့ ဖြစ်ပါက သင်၏ လုပ်နည်းလုပ်ဟန်သည် သမ္မာတရားကို ရှာဖွေဖို့ မဆိုထားနှင့် အမှုအရာများကို အခြားသူများနှင့် မည်သည့်အခါမျှ ဆွေးနွေးခြင်းမရှိဘဲ သို့မဟုတ် သဟဇာတဖြစ်စွာ ပူးပေါင်းလုပ်ဆောင်ခြင်းမရှိဘဲ၊ သင်အမှားပြုလုပ်ပြီးသောအခါ အကြံဉာဏ်များကို မည်သည့်အခါမျှ နားမထောင်ဘဲ ဆုံးဖြတ်ချက်များ ပြုလုပ်ဖို့နှင့် တစ်ကိုယ်တည်း လုပ်ဆောင်ကာ အဆုံးအဖြတ်ပေးဖို့ဖြစ်ပါက၊ ဘုရားသခင်သည် သင့်ကို မည်သို့ မြင်မည်နည်း။ သင်၏ တာဝန်ကို ထိုသို့ သင် ထမ်းဆောင်ပါက သင်သည် အဆင့်အတန်းမမီသေးပေ။ ထို့ပြင် သင်သည် သင်၏ တာဝန်ကို လုပ်ဆောင်သည့်အခါတွင် သမ္မာတရားစည်းမျဉ်းများကို ရှာဖွေခြင်းမရှိသကဲ့သို့ သင် ဆန္ဒရှိသည့်အတိုင်း အမြဲလုပ်ဆောင်သောကြောင့်၊ သင်နှစ်သက်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်သောကြောင့် သင်သည် သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းပေါ် ခြေမချရသေးပေ။ ဤသည်မှာ လူအများစုက ၎င်းတို့၏ တာဝန်များကို ပြည့်မီစွာ မထမ်းဆောင်ကြသည့် အကြောင်းရင်း ဖြစ်သည်။ သို့ဆိုလျှင် ဤပြဿနာကို မည်ကဲ့သို့ ဖြေရှင်းသင့်သနည်း။ မိမိ၏ တာဝန်ကို ပြည့်ပြည့်ဝဝ ဖြည့်ဆည်းခြင်းသည် ခက်ခဲသည်ဟု သင်တို့ပြောမည်လော။ အမှန်တွင် မခက်ခဲပေ။ လူတို့အနေဖြင့် နှိမ့်ချခြင်းသဘောတစ်ခုသာ ခံယူနိုင်ရမည်၊ အသိစိတ်အနည်းငယ် ပိုင်ဆိုင်နိုင်ရမည်ဖြစ်ပြီး သင့်တော်သော အနေအထားတစ်ခု ခံယူနိုင်ရမည်ဖြစ်သည်။ သင် မည်မျှ ပညာတတ်ပါစေ၊ မည်သည့် ဆုများကို သင် ရရှိပြီးဖြစ်ပါစေ၊ သင် မည်သည့်အရာကို စွမ်းဆောင်ရရှိပြီးဖြစ်ပါစေ၊ သင်၏ အဆင့်အတန်းနှင့် ရာထူးတို့ မည်မျှမြင့်မားနိုင်ပါစေ ဤအရာများအားလုံးကို သင်လက်လွှတ်ရမည်။ သူတစ်ပါးကို အထက်စီးမှ မဆက်ဆံရချေ။ ဤအရာအားလုံးသည် အချည်းနှီးအဖြစ် မှတ်ယူ၍ ရပေသည်။ ဘုရားအိမ်တော်တွင် ဤဂုဏ်အသရေတို့ မည်မျှကြီးမားပါစေ ဤအပေါ်ယံအရာများသည် သမ္မာတရား မဟုတ်သည့်အတွက် သမ္မာတရားထက် မမြင့်မားနိုင်သလို၊ သမ္မာတရား၏နေရာကို မယူနိုင်ချေ။ ဤကိစ္စနှင့်ပတ်သက်၍ သင် ရှင်းလင်းရမည် ဖြစ်သည်။ သင်က “ကျွန်ုပ်သည် အလွန် အထုံပါရမီရှိသည်၊ ကျွန်ုပ်၌ အလွန်ထက်မြက်သည့်ဉာဏ် ရှိသည်၊ ကျွန်ုပ်၏ တုံ့ပြန်မှုသည် အလွန်မြန်သည်၊ ကျွန်ုပ်သည် မြန်မြန်ဆန်ဆန် သင်ယူနိုင်သူတစ်ဦး ဖြစ်ပြီး ပြီးလျှင် ကျွန်ုပ်၌ အလွန့်အလွန်ကောင်းသော မှတ်ဉာဏ် ရှိသောကြောင့် အဆုံးသတ် ဆုံးဖြတ်ချက်ချဖို့ ကျွန်ုပ် အရည်အချင်းပြည့်မီသည်”ဟု ပြောလျှင်၊ ဤအရာများကို အရင်းနှီးအဖြစ် သင် အစဉ် အသုံးပြုပြီး ယင်းတို့ကို တန်ဖိုးရှိသော၊ အပြုသဘောဆောင်သော အရာများအဖြစ် မြင်ပါက ဤသည်မှာ ပြဿနာဖြစ်သည်။ သင်၏စိတ်နှလုံးကို ဤအရာများက နေရာယူပါက၊ ယင်းတို့သည် သင်၏စိတ်နှလုံးထဲ အမြစ်တွယ်ပြီး ဖြစ်ပါက သင့်အတွက် သမ္မာတရားကို လက်ခံဖို့ ခက်ခဲလိမ့်မည်ဖြစ်ပြီး ယင်း၏ အကျိုးဆက်များမှာ မတွေးရက်စရာဖြစ်သည်။ ထို့ကြောင့် သင်ချစ်သည့်၊ ကောင်းပုံရသည့်၊ သင့်အတွက် အဖိုးတန်သည့် ထိုအရာများကို ဦးစွာချပြီး ငြင်းပယ်ရမည်။ ထိုအရာများသည် သမ္မာတရား မဟုတ်ပေ။ ယင်းထက် ၎င်းတို့သည် သမ္မာတရားထဲသို့ ဝင်ရောက်ခြင်းမှ သင့်ကို ပိတ်ဆို့နိုင်ပေသည်။ ယခုအချိန်တွင် လုပ်ဆောင်ရန် အလိုအပ်ဆုံးသောအရာမှာ သင်၏ တာဝန်ထမ်းဆောင်ခြင်းသည် ပြည့်မီလာသည်အထိ၊ သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် သမ္မာတရားကို ရှာဖွေပြီး သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်ရမည်။ အကြောင်းမှာ ပြည့်မီသည့် တာဝန်ထမ်းဆောင်မှုသည် အသက်ဝင်ရောက်မှု လမ်းကြောင်းပေါ်သို့ ပထမဆုံးခြေလှမ်းမျှသာ ဖြစ်သောကြောင့် ဖြစ်သည်။ ဤတွင် “ပထမဆုံးခြေလှမ်း” ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ခရီးတစ်ခုအား စတင်ခြင်းကို ဆိုလိုသည်။ အရာရာအားလုံးတွင် ခရီးကို စတင်ရမည့် အရာတစ်ခုရှိသည်။ အခြေခံအကျဆုံး၊ အဓိကအကျဆုံး အရာတစ်ခုဖြစ်သည်။ ပြည့်မီသည့် တာဝန်ထမ်းဆောင်မှုကို ရရှိခြင်းသည် အသက်ဝင်ရောက်မှုလမ်းကြောင်း ဖြစ်သည်။ သင်၏တာဝန်ထမ်းဆောင်မှုသည် ယင်းကို လုပ်ဆောင်သည့် နည်းလမ်းနှင့် ကိုက်ညီရုံမျှသာ ရှိသော်လည်း သမ္မာတရားစည်းမျဉ်းများနှင့် မကိုက်ညီလျှင် သင်သည် သင့်တာဝန်ကို ပြည့်မီစွာ ထမ်းဆောင်နေခြင်း မဟုတ်ပေ။ ထို့ကြောင့် ဤအရာနှင့် ပတ်သက်၍ မည်သို့ လုပ်ဆောင်ရမည်နည်း။ သမ္မာတရားစည်းမျဉ်းများအပေါ်တွင် အားစိုက်လုပ်ဆောင်ပြီး ရှာဖွေရမည်။ သမ္မာတရားစည်းမျဉ်းများဖြင့် ပြင်ဆင်ခြင်းသည် အရေးပါသည့်အရာ ဖြစ်သည်။ သင်၏ အပြုအမူနှင့် စိတ်ကို တိုးတက်စေရုံမျှသာ ရှိသော်လည်း သမ္မာတရား စစ်မှန်မှုများဖြင့် ပြင်ဆင်မထားလျှင် အသုံးမဝင်ပေ။ သင့်တွင် ဆုကျေးဇူး၊ သို့မဟုတ် အထူးကျွမ်းကျင်သောအရာ တစ်ခုခုရှိနိုင်သည်။ ဤသည်မှာ ကောင်းသည့်အရာ ဖြစ်သည်။ သို့သော် ယင်းကို သင်၏ တာဝန်ထမ်းဆောင်ခြင်းတွင် အသုံးပြုခြင်းကသာလျှင် ယင်းကို မှန်ကန်စွာ အသုံးပြုနေခြင်းဖြစ်သည်။ သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်းသည် သင်၏ လူ့သဘာဝ၊ သို့မဟုတ် ပင်ကိုယ်စရိုက်တွင် တိုးတက်မှုမလိုအပ်သကဲ့သို့ သင်၏ ဆုကျေးဇူး၊ သို့မဟုတ် ပါရမီကို ဘေးဖယ်ရန်လည်း မလိုပေ။ ဤသည်မှာ လိုအပ်သည့်အရာ မဟုတ်ပေ။ အရေးပါသည့်အရာမှာ သမ္မာတရားကို သင်နားလည်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံရန် သင်ယူခြင်းဖြစ်သည်။ သင်သည် တာဝန်ထမ်းဆောင်သောအခါ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ပွင့်အန်ထွက်လာမည်မှာ မလွှဲမရှောင်သာသလောက်ပင် ဖြစ်သည်။ ထိုသို့သောအချိန်တွင် သင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ပြဿနာကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေပြီး သမ္မာတရားစည်းမျဉ်းများနှင့်အညီ ဆောင်ရွက်ရမည်။ ဤအရာကို လုပ်ဆောင်လော့၊ ယင်းက သင့်အနေဖြင့် တာဝန်ကို ကောင်းစွာထမ်းဆောင်ဖို့အတွက် ပြဿနာဖြစ်မည်မဟုတ်ပေ။ သင်၏ ဆုကျေးဇူး၊ သို့မဟုတ် အထူးကျွမ်းကျင်မှုသည် မည်သည့်နယ်ပယ်တွင်ဖြစ်စေ၊ မည်သည့်နေရာတွင် အသက်မွေးမှုဆိုင်ရာ အသိပညာအချို့ သင်ရှိသည်ဖြစ်စေ တာဝန်ထမ်းဆောင်ခြင်းတွင် ဤအရာများကို အသုံးပြုခြင်းသည် အသင့်လျော်ဆုံးဖြစ်သည်။ ယင်းမှာ သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ တစ်ဖက်မှာ သင်၏တာဝန်ကို ထမ်းဆောင်ဖို့အတွက် အသိစိတ်နှင့် ဆင်ခြင်တုံတရားအပေါ် အမှီပြုခြင်းဖြစ်ပြီး အခြားတစ်ဖက်မှာ သင်၏ ဖောက်ပြန်ပျက်စီးမှုကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေရမည် ဖြစ်သည်။ မိမိတာဝန်ကို ဤနည်းဖြင့် ထမ်းဆောင်ခြင်းအားဖြင့် အသက်ဝင်ရောက်မှုကို ရရှိပြီး မိမိတာဝန်ကို ပြည့်မီစွာ ထမ်းဆောင်နိုင်လာကြသည်။

ယခုလက်ရှိမြင်လာရသည်မှာ ပြည့်မီသော တာဝန်ထမ်းဆောင်မှုသည် သမ္မာတရားအား ရှာဖွေခြင်း၊ သမ္မာတရား စည်းမျဉ်းများအတိုင်း ပြုမူလုပ်ဆောင်ခြင်းနှင့် ခွဲခြား၍မရပေ။ အကယ်၍ လူတစ်ဦးသည် ပြဿနာများကို ဖြေရှင်းရန်အတွက် သမ္မာတရားကို မရှာဖွေနိုင်သည့်အပြင် စည်းမျဉ်းများအတိုင်း ပြုမူလုပ်ဆောင်ခြင်းအဆင့်ကို မရောက်ရှိနိုင်ပါက ပြည့်မီသော တာဝန်ထမ်းဆောင်မှုကို မရရှိနိုင်ပေ။ ပြည့်မီသော တာဝန်ထမ်းဆောင်မှု၏ အဓိပ္ပာယ်ဖွင့်ဆိုချက်သည် ရှင်းပြထားသကဲ့သို့ ဖြစ်၏။ လူသားအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များသည် မြင့်မားသလော။ အမှန်တွင် ယင်းတို့သည် မမြင့်မားပေ။ သူသည် သင့်အား သင့်လုပ်ရပ်များ၌ မှန်ကန်သော သဘောထား၊ ရည်ရွယ်ချက်နှင့် အမြင်ရှုထောင့်တို့ ရှိရန် တောင်းဆိုခြင်းသာ ဖြစ်၏။ ဤအခြေခံအကြောင်းရင်းအရ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရရှိနိုင်ပြီး မိမိကိုယ်ကိုသိကျွမ်းခြင်းကို ပို၍နက်ရှိုင်းအောင် လုပ်ဆောင်နိုင်သည်။ ထိုအခါ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းများကို ခံနိုင်မည်ဖြစ်ကာ သင့်အား ပို၍နက်နဲသော သမ္မာတရားများကို ဝင်ရောက်ရန်နှင့် စိတ်သဘောထား၌ ပြောင်းလဲမှုများကို ကြုံရရန် အထောက်အကူ ပေးမည်ဖြစ်သည်။ သင်သည် စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းများကို မခံရမီ သမ္မာတရားနှင့်ဆိုင်သည့် သင်၏သိနားလည်ခြင်းအပေါ် အခြေခံ၍ ဘုရားသခင်က တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်း အနည်းငယ်ကို ပေးမည်ဖြစ်သည်။ သို့သော် တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းတို့အပြင် စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့အတွက် အခြေခံအုတ်မြစ်က အဘယ်နည်း။ ယင်းမှာ သင်သည် ပြည့်မီစွာ တာဝန်ထမ်းဆောင်ခြင်းအဆင့်ကို ရောက်သွားခြင်းရှိမရှိ၊ တစ်နည်းဆိုရလျှင် သင်သည် အသက်ဝင်ရောက်မှုကို ရရှိထားခြင်းရှိမရှိပင် ဖြစ်သည်။ သင်၏ အသက်ဝင်ရောက်မှုသည် အသင်းတော်ထဲရှိ သင်၏အလုပ်နှင့် တာဝန်ဝတ္တရားများနှင့် အဆက်အစပ်မရှိခြင်း မဟုတ်ပေ။ အကယ်၍ သင်သည် အိမ်တွင် တစ်နေ့လုံး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းဖြင့် အချိန်ကုန်ပြီး သင်၏ တာဝန်ထမ်းဆောင်ခြင်း၊ အသက်ဝင်ရောက်မှုတို့နှင့် ပတ်သက်၍ အဓိပ္ပာယ်မဲ့စွာ စကားပြောပါက ဤသည်မှာ သဘာဝမကျသည့်အပြင် အကျိုးမရှိပေ။ ယင်းမှာ ထိုင်ရာမှမထဘဲ ဗျူဟာရေးဆွဲခြင်းကဲ့သို့ ဖြစ်၏။ သင်သည် မည်သည့် ဆက်ကပ်မှု သို့မဟုတ် အသုံးခံမှုမျှမရှိဘဲ၊ ပြီးလျှင် ဒုက္ခခံခြင်း သို့မဟုတ် အခက်အခဲများကို တွေ့ကြုံခြင်း လုံးဝမရှိဘဲ တာဝန်ကို ပြည့်မီစွာ ထမ်းဆောင်ခြင်းအကြောင်းနှင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံရရှိခြင်း အကြောင်းကို တစ်နေကုန် ပြောဆိုလေသည်။ အကယ်၍ တစ်ခါတစ်ရံ သင်သည် ဓမ္မသီချင်းများ သီဆိုခြင်း သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းဖြင့် မျက်ရည်ကျရအောင် စိတ်ထိခိုက်လျှင်ပင် ဤအရာက မည်သည့်အကျိုးတရားကိုမျှ ဖြစ်ပေါ်စေမည်မဟုတ်ပေ။ ဤရှုထောင့်မှကြည့်လျှင် ပြည့်မီစွာ တာဝန်ထမ်းဆောင်ခြင်းအဆင့်သို့ ရောက်ရှိခြင်းနှင့် ကယ်တင်ခြင်း ရရှိခြင်းတို့ကြားတွင် ဆက်နွှယ်မှုရှိသလော။ သို့တည်းမဟုတ် ယင်းက ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုတို့နှင့် ဆက်စပ်သလော။ ၎င်းတို့မှာ ဆက်စပ်ပေသည်။ ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို ရရှိရန်အတွက် လူတစ်ဦးသည် မိမိ၏တာဝန်နှင့်ပတ်သက်၍ ပြည့်မီသောထမ်းဆောင်မှု ရရှိရမည်ဖြစ်သည်။ ဘုရားသခင်သည် အဘယ့်ကြောင့် လူတို့အား ၎င်းတို့၏တာဝန်နှင့် ပတ်သက်၍ ပြည့်မီသော ထမ်းဆောင်မှုကို ရရှိဖို့ တောင်းဆိုလျက် ထိုသို့သော စံနှုန်းမျိုးကို သတ်မှတ်ရသနည်း။ ယင်းမှာ သင်၏ အသက်ဝင်ရောက်မှုအတိုင်းအတာကို ခန့်မှန်းရန်အတွက် ဘုရားသခင်က သင်၏ တာဝန်ထမ်းဆောင်မှုကို အသုံးပြုသောကြောင့် ဖြစ်သည်။ အကယ်၍ သင်သည် တာဝန်များအား ပြည့်မီသော ထမ်းဆောင်မှုကို ရရှိပြီးဖြစ်ပါက ယင်းမှာ သင်၏ အသက်ဝင်‌ရောက်မှုသည် သင့်အနေဖြင့် တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံခွင့်ရရှိစေသည့် စံနှုန်းတစ်ခုကို ရရှိထားပြီးသား ဖြစ်သည်ကို ဆိုလိုကာ ယင်းမှာ သင့်အပေါ်၌ ဘုရားသခင်၏ စုံလင်စေခြင်းအလုပ်ကို လက်ခံရန်အတွက် အရည်အချင်းပြည့်မီသည်ဟုလည်း ဆိုလိုသည်။ သို့ဆိုလျှင် ဤအရာကို ရရှိဖို့အတွက် ဘုရားသခင်သည် လူသားအပေါ် မည်သည့်အခြေအနေကို ပြင်ဆင်သတ်မှတ်ပြီးဖြစ်သနည်း။ ဘုရားသခင်၏အမြင်တွင် သင်၏ တာဝန်ထမ်းဆောင်မှုသည် ပြည့်မီသည်ဟု ရှုမြင်ခြင်းခံရမှဖြစ်မည်၊ တစ်နည်းဆိုသော် ဘုရားသခင်က လက်ခံပြီး အရည်အချင်း ပြည့်မီသည်ဟု ယူဆသည့် သင်၏ အသက်ဝင်ရောက်မှုအတွက် အခြေခံကျသော လမ်းကြောင်းနှင့် ဦးတည်ချက်ရှိသည့် သဘောဖြစ်သည်။ ဤအရာကို ဘုရားသခင် မည်ကဲ့သို့ စမ်းသပ်သနည်း။ သင်၏ တာဝန်ထမ်းဆောင်မှုအားဖြင့် အဓိကစမ်းသပ်ခြင်း ဖြစ်၏။ သင်သည် သင့်တာဝန်များကို ပြည့်မီစွာ ထမ်းဆောင်ခြင်းဖြင့် ဘုရားသခင်၏ လက်ခံခြင်းကို ရရှိပြီးသည်နှင့်တစ်ပြိုင်နက် နောက်တစ်ဆင့်က ချက်ချင်း အစပြုသည်။ ဘုရားသခင်က သင့်အား တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို စတင်၍ ခံစေမည်ဖြစ်သည်။ မည်သည့်အမှားများကို သင်ပြုလုပ်သည်ဖြစ်စေ ဆုံးမပဲ့ပြင်ခံရမည်။ ယင်းမှာ ဘုရားသခင်က သင့်အား အနီးကပ် စောင့်ကြည့်စစ်ဆေးရန် စတင်ပြီး သကဲ့သို့ဖြစ်သည်။ ဤသည်မှာ ကောင်းသောအရာဖြစ်၏။ ယင်းမှာ သင်သည် ဘုရားသခင်၏ အတည်ပြုခြင်းခံရပြီးပြီဟု ဆိုလိုသည်။ သင်၌ နောက်ထပ် အန္တရာယ် မရှိတော့သည့်အပြင် သင်သည် သိသာထင်ရှားစွာ ဆိုးယုတ်သော အပြုအမူများကို လုံးဝ ကျူးလွန်မည်မဟုတ်သည့် သင့်တော်မှန်ကန်သော လူစားမျိုးပင် ဖြစ်ပေသည်။ အဓိပ္ပာယ်တစ်မျိုးဖြင့်ဆိုလျှင် ဘုရားသခင်က သင့်ကို ကာကွယ်မည်ဖြစ်သည်။ နောက်တစ်မျိုးဖြင့် ပုဂ္ဂိုလ်ရေးအမြင်မှဆိုရလျှင် သင်ရောက်နေသည့်လမ်းကြောင်း၊ သင်၏ ဘဝပန်းတိုင်များနှင့် ဦးတည်ချက်တို့သည် မှန်သောလမ်းခရီး၌ အမြစ်တွယ်နေပြီးပြီ ဖြစ်သည်။ သင်သည် ဘုရားသခင်ကို စွန့်ခွာမည်မဟုတ်သကဲ့သို့ လမ်းကြောင်းလွဲမည် မဟုတ်ပေ။ ထို့နောက် ဘုရားသခင်သည် သင့်ကို စုံလင်စေမည်မှာ အသေအချာဖြစ်သည်။ ဤကောင်းချီးမင်္ဂလာသည် သင့်အပေါ်၌ရှိနေပြီဖြစ်သည်။ ထို့ကြောင့် လူတစ်ဦးသည် ဤကောင်းချီးကို ရရှိဖို့ ဆန္ဒရှိပြီး စုံလင်အောင်ပြုခံရခြင်း လမ်းကြောင်းကို လျှောက်ပါက ပထမဆုံးသတ်မှတ်ချက်မှာ မိမိ၏တာဝန်များနှင့်ပတ်သက်၍ ပြည့်မီသော ထမ်းဆောင်မှုကို ရရှိရန်ဖြစ်သည်။ ဘုရားသခင်နှင့် သမ္မာတရားအပေါ် သင်၏သဘောထားများကို နားလည်ရန်အလို့ငှာ ဘုရားအိမ်တော်၌ သင်၏ အမျိုးမျိုးသော ထမ်းဆောင်မှုများကိုသာမက သင့်ကို သူပေးသည့် လုပ်ငန်းများ၊ တာဝန်ပေးခိုင်းစေချက်များနှင့် အထူးတာဝန်များကို ဘုရားသခင်က စောင့်ကြည့်လေ့လာသည်။ ဤသဘောထားများအားဖြင့် ဘုရားသခင်သည် အတိအကျ မည်သည့်လမ်းကြောင်းအား သင်လျှောက်လှမ်းနေသည်ကို အကဲဖြတ်သည်။ သင်သည် သမ္မာတရားလိုက်စားနေသည့် လမ်းကြောင်းပေါ် ရောက်နေလျှင် သင်၏ တာဝန်များထမ်းဆောင်မှုက စံနှုန်းပြည့်မီမည်ဖြစ်ပြီး သင်သည် အသက်ဝင်ရောက်မှုနှင့် စိတ်သဘောထား ပြောင်းလဲမှုဆိုင်ရာ အတိုင်းအတာအမျိုးမျိုးကိုလည်း သေချာပေါက် ရှိလိမ့်မည်ဖြစ်သည်။ ဤအရာအားလုံးကို သင်၏ တာဝန်များထမ်းဆောင်ခြင်း ဖြစ်စဉ်အတွင်း ရရှိသည်။ ဘုရားသခင်က သင့်ကို သတ်သတ်မှတ်မှတ်ဖြင့် စုံလင်အောင်မပြုမီတွင် ဤအရာမှာ လူသား၏ ကြိုးစားအားထုတ်မှုအပေါ် အမှီပြုခြင်းဖြင့် သင်ရနိုင်သည့် အများဆုံးအတိုင်းအတာ ဖြစ်သည်။ ဘုရားသခင်၏ အလုပ်မပါဘဲ သင်သည် ဤအဆင့်ကိုသာ ရောက်ရှိနိုင်သည်။ ထို့ထက်ပိုရောက်အောင် ကြိုးစားခြင်းက ခက်ခဲပေမည်။ သင်သည် စိတ်ဓာတ်စွမ်းအားဖြင့် သင့်ကိုယ်သင် ချုပ်တည်းခြင်း၊ ဒုက္ခကို သည်းခံခြင်း၊ အဖိုးအခများပေးခြင်း၊ စွန့်လွှတ်ခြင်း၊ စိတ်ခံစားချက်များကို ကိုင်တွယ်ဖြေရှင်းခြင်း၊ လောကကို ကျောခိုင်းခြင်း၊ ဆိုးယုတ်‌သော ရေပန်းစားမှုများကို သတိပြုမိခြင်း၊ ဇာတိပကတိကို စွန့်ပစ်ခြင်း၊ တာဝန်ကို သစ္စာရှိစွာ ထမ်းဆောင်ခြင်း၊ ပိုင်းခြားသိမြင်ခြင်းနှင့် လူသားနောက် မလိုက်လျှောက်ခြင်းတို့ကဲ့သို့သော သင်၏နည်းစနစ်များနှင့် လူသား၏ လုပ်နိုင်စွမ်းအတွင်း၌ ရှိသည့်အရာကို ဖြစ်မြောက်ရန်အတွက် သင့်ကိုယ်သင့်အပေါ်သာ အမှီပြုနိုင်သည်။ ဤအရာများအားလုံးကို ရရှိပြီးသောအခါ သင်သည် ဘုရားသခင်၏ စုံလင်အောင်ပြုခြင်းခံရရန် အရည်အချင်း ပြည့်မီနေပြီဖြစ်သည်။ ဘုရားသခင်သည် အခြေခံအားဖြင့် လူသားများ ဖြစ်မြောက်နိုင်သည့်အရာကို ဝင်မစွက်ပေ။ သူသည် သင့်ကို သမ္မာတရားဖြင့် အဆက်မပြတ် ထောက်ပံ့ပေးသည်၊ သင့်ကို အဆက်မပြတ် ရေလောင်းပေးသည်၊ သမ္မာတရားကို နားလည်အောင် သင့်ကို ထောက်ခံအားပေးသည်၊ သမ္မာတရားကို လက္ခဏာသွင်ပြင် အမျိုးမျိုးဖြင့် မည်သို့နားလည်ရမည်နှင့် သမ္မာတရားစစ်မှန်မှုများထဲသို့ မည်သို့ဝင်ရောက်ရမည်ကို ပြောပြသည်။ သင်သည် ဤအရာများကို နားလည်ပြီး ဝင်‌ရောက်ပြီးသည်နှင့်တစ်ပြိုင်နက် ဘုရားသခင် သင့်ကို အရည်အချင်းပြည့်မီကြောင်း တရားဝင် အသိအမှတ်ပြုမှု ပေးမည်ဖြစ်ပြီး ကယ်တင်ခံရခြင်းနှင့်ဆိုင်သည့် သင်၏အခွင့်အရေးမှာ ၈၀ ရာခိုင်နှုန်းဖြစ်မည်ဖြစ်သည်။ သို့ရာတွင် ၈၀ ရာခိုင်နှုန်း မရောက်မီ သင်၏ စွမ်းအားနှင့် ကြိုးစားအားထုတ်မှု ရှိသမျှကို ရင်းနှီးမြှုပ်နှံရမည်။ ဤဘဝကို အချည်းနှီးနေထိုင်၍ မရပေ။ လူအချို့က “ကျွန်ုပ်သည် ယခုဆို နှစ်ပေါင်းနှစ်ဆယ်တိုင်တိုင် ဘုရားသခင်ကို ယုံကြည်လာခဲ့ပြီ။ ကျွန်ုပ်၏စွမ်းအင်ရှိသမျှကို ရင်းနှီးထားပြီးပြီလော” ဟု ဆိုကြသည်။ ဤအရာကို နှစ်ကာလအရေအတွက်ဖြင့် မတိုင်းတာပေ။ လူအချို့က “ကျွန်ုပ်သည် ဘုရားသခင်ကို ယခုဆိုလျှင် ငါးနှစ်ကြာ ယုံကြည်လာခဲ့ပြီး သမ္မာတရားအချို့ကို နားလည်လာခဲ့ပြီဖြစ်သည်။ မိမိ၏တာဝန်ကို ပြည့်မီစွာ မည်သို့လုပ်ဆောင်ရမည်ကို သိပြီး ဤဦးတည်ချက်အတိုင်း ကြိုးပမ်းအားထုတ်နေသည်။ ယခုတွင် နည်းလမ်းအချို့ကို သိပြီး ကျွန်ုပ်၏ စိတ်နှလုံးထဲ၌ အတော်ပင် ငြိမ်းအေးပြီး စိတ်ချမ်းသာပြီဟု ထင်ရသည်” ဟု ဆိုကြသည်။ ဤစိတ်ခံစားမှုက အခြေခံအားဖြင့် တိကျမှန်ကန်သော်လည်း ယင်းက သင်သည် ကယ်တင်ခံရခြင်းနှင့် ပတ်သက်၍ ၈၀ ရာခိုင်နှုန်း ရှိပြီဟု ဆိုလိုသလော။ မဆိုလိုပေ။ သင်သည် အမှန်တကယ် မည်မျှရောက်ရှိထားပြီနည်း။ ၁၀ မှ ၁၅ ရာခိုင်နှုန်းကြားထဲ ဖြစ်သည်။ တာဝန်ကို ပြည့်မီစွာ ဖြည့်ဆည်းခြင်းဖြစ်စဉ်၌ သင်သည် ကြိမ်ဖန်များစွာ ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းကို တွေ့ကြုံရဦးမည် ဖြစ်သောကြောင့်ပင်။ အခြေအနေများစွာကို တွေ့ကြုံရမည်ဖြစ်သည်။ ဤအခြေအနေများရှိ အပြုသဘောဆောင်သော အပိုင်းသည် ဘုရားသခင်က သင့်အား အနည်းငယ် ထိတွေ့ခံစားစေမည်ဖြစ်သည်။ ဤလူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများအား ထိတွေ့စေခြင်းဖြစ်စဉ်တွင် ဆိုလိုသည်မှာ လက်တွေ့ကျသော ဤအခြေအနေများတွင် ဘုရားသခင်က သင့်အား သမ္မာတရားအချို့ကို နားလည်ခွင့်ပြုသည်။ သူက သင့်အား အဘယ့်ကြောင့် ဤလူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများမှတစ်ဆင့် သမ္မာတရားများကို နားလည်ခွင့်ပြုသနည်း။ အကယ်၍ သင်သည် ဤအတွေ့အကြုံများကို မဖြတ်သန်းပါက သင်၏ သမ္မာတရားနားလည်ခြင်းသည် စကားလုံးများ၊ အယူဝါဒများနှင့် ဆောင်ပုဒ်များအဆင့်၌ ထာဝရ ဆက်ရှိနေမည်ဖြစ်သည်။ အသက်တာတွင် အခြေအနေအမျိုးမျိုးကို တွေ့ကြုံပြီးသည်နှင့် တစ်ပြိုင်နက် ယခင်က သင်နားလည်လာခဲ့သည့် သို့မဟုတ် သင့်မှတ်ဉာဏ်ထဲ၌ သဘောပေါက်လာနိုင်ပြီး အပြည့်အဝ သိနားလည်နိုင်သည့် ထိုအယူဝါဒများက စစ်မှန်မှုတစ်မျိုး ဖြစ်လာမည်ဖြစ်သည်။ ဤစစ်မှန်မှုမှာ သမ္မာတရား၏ လက်တွေ့ကျသောအပိုင်း ဖြစ်ပြီး ယင်းမှာ သင်နားလည်သင့်သည့်အပြင် ဝင်ရောက်သင့်သည့် အရာပင် ဖြစ်၏။

လူတစ်ဦးသည် သူ၏တာဝန်အား ပြည့်မီစွာ ထမ်းဆောင်ခြင်းနှင့် ဆိုင်သည့် စံနှုန်းကို မပြည့်မီရသေးသောအခါ သူ၏ ကယ်တင်ခံရခြင်း၏ အလားအလာများမှာ အဘယ်နည်း။ အများဆုံး ၁၀ မှ ၁၅ ရာခိုင်နှုန်းကြားထဲ၌ ရှိသည်။ အဘယ့်ကြောင့်ဆိုသော် သူသည် သမ္မာတရားကို နားမလည်သည့်အပြင် စစ်မှန်သော နာခံမှု လုံးလုံးလျားလျား မရှိနိုင်သောကြောင့် ဖြစ်သည်။ သမ္မာတရားကို နားမလည်သော လူတစ်ဦးသည် စည်းမျဉ်းများနှင့်အညီ ပြုမူလုပ်ဆောင်နိုင်သလော။ သူသည် သူ၏တာဝန်ကို အလေးအနက်၊ တာဝန်သိသိ ခံယူနိုင်သလော။ လုံးဝ မခံယူနိုင်ပေ။ သမ္မာတရားကို နားမလည်သောသူတို့ အားလုံးသည် ၎င်းတို့၏ ကိုယ်ပိုင်ဆန္ဒအတိုင်း ပြုမူလုပ်ဆောင်ကြသည်၊ အမှုအရာများကို နမော်နမဲ့နှင့် ဝတ်ကျေတမ်းကျေ ပုံစံဖြင့် ပြုလုပ်ကြသည်၊ အတ္တဆန်သော ကြံရွယ်ချက်များစွာ၌ ရောထွေးကြပြီး မိမိတို့၏ကိုယ်ပိုင် ဦးစားပေးမှုများကို အခြေခံ၍ ပြုမူလုပ်ဆောင်ကြသည်။ သင်သည် အယူဝါဒများစွာကို ပြောနိုင်ပြီး အယူအဆသဘောတရားများနှင့် ဆောင်ပုဒ်များကို ကရားရေလွှတ် တတွတ်တွတ်ပြောနိုင်လျှင်ပင် ယင်းက သင်၌ သမ္မာတရား စစ်မှန်မှုရှိသည်ဟု မဆိုလိုပေ။ ထို့ကြောင့် သင်၏ ကယ်တင်ခံရခြင်း အခွင့်အရေးများက မမြင့်မားပေ။ စစ်မှန်သော ကယ်တင်ခြင်းကို ရရှိဖို့နှင့် စာတန်၏ စွမ်းအားမှ လွတ်မြောက်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် အသက်ရှင်ဖို့အတွက် နောက်တစ်ဆင့်မှာ သမ္မာတရားအမျိုးမျိုးထဲ၌ ကြိုးစားအားထုတ်မှု ပြုရန်ဖြစ်သည်။ ဤကြိုးစားအားထုတ်မှု၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ သမ္မာတရားစစ်မှန်မှုထဲသို့ ပို၍ တိကျမှန်ကန်စွာနှင့် ပို၍ ခိုင်ခိုင်ခံ့ခံ့ ဝင်ရောက်ဖို့ ဖြစ်သည်။ သမ္မာတရားထဲသို့ ဝင်ရောက်ပြီးသောအခါမှသာ သင့်အသက်တာအတွက် လမ်းကြောင်းမှန်ပေါ် စတင်တက်ရောက်နိုင်သည်။ အကယ်၍ သင်သည် အယူဝါဒများနှင့် ဆောင်ပုဒ်များအား မည်သို့တတွတ်တွတ်ပြောရမည်ကိုသာ သိပြီး တာဝန်ဖြည့်ဆည်းခြင်းနှင့်ပတ်သက်သည့် သမ္မာတရားစည်းမျဉ်းများကို သဘောမ‌ပေါက်သည့်အပြင် ကိုယ်ပိုင်စိတ်ကူးပေါက်ရာများကို အခြေခံ၍ မဆင်မခြင် ပြုမူလုပ်ဆောင်နိုင်စွမ်းပင် ရှိပါက သင်၌ သမ္မာတရားစစ်မှန်မှု ကင်းမဲ့ပေ၏။ ထို့ပြင် သင်သည် များစွာ အလှမ်းဝေးနေသေးသည်။ လူတစ်ဦးသည် သူ၏တာဝန်ကို ထမ်းဆောင်နေစဉ် အမှုအရာများစွာ တွေ့ကြုံထားပြီး သမ္မာတရားကို နားမလည်ကြောင်းသာမက အဘယ်မျှများစွာ ကင်းမဲ့နေကြောင်းကိုပါ သဘော‌ပေါက်ပြီးနောက်၌ သမ္မာတရားကို စတင်၍ ကြိုးစားအားထုတ်လေသည်။ တဖြည်းဖြည်းဖြင့် သူသည် အယူဝါဒများနှင့် ဆောင်ပုဒ်များကို တတွတ်တွတ်ပြောခြင်းမှသည် စစ်မှန်သော သိနားလည်ခြင်း၊ သမ္မာတရားအား တိကျမှန်ကန်စွာ လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်အား အမှန်တကယ် နာခံခြင်းဆီသို့ ပြောင်းလဲသွားသည်။ ဤနည်းအားဖြင့် ကယ်တင်ခြင်းခံရမည်ဟူသည့် သူ၏မျှော်လင့်ချက်က တိုးပွားလာပြီး အလားအလာ ပို၍မြင့်မားလာသည်။ ဤတိုးပွားမှုက မည်သည့်အရာကို အခြေခံသနည်း။ (ယင်းသည် သမ္မာတရားကို သူနားလည်သည့် အတိုင်းအတာကို အခြေခံပါသည်။) သမ္မာတရားကို လူတစ်ဦး နားလည်သည့် အတိုင်းအတာသည် အရေးကြီးဆုံးအချက် မဟုတ်ပေ။ အရေးကြီးဆုံးမှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ယင်း၏စစ်မှန်မှုထဲ ဝင်ရောက်ခြင်းဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြင့်သာ ယင်းကို သင်နားလည်နိုင်သည်။ သမ္မာတရားကို သင်လက်တွေ့မလုပ်ဆောင်လျှင် ယင်းကို မည်သည့်အခါမျှ နားလည်မည်မဟုတ်ချေ။ စကားများနှင့် အယူဝါဒများကို နားလည်ရုံသက်သက် နားလည်ခြင်းသည် သမ္မာတရားအား နားလည်ခြင်းနှင့် မတူညီပေ။ သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်လေ၊ စစ်မှန်မှု ပို၍ရှိလေ၊ သင် ပို၍ ပြောင်းလဲလေဖြစ်ပြီး သမ္မာတရားကို ပို၍ကောင်းစွာ နားလည်လေ ဖြစ်သည်။ သို့ဖြစ်ရာ ကယ်တင်ခံရမည်ဟူသည့် သင်၏ မျှော်လင့်ချက်မှာ ဤနည်းအတိုင်းပင် တိုးပွားလာမည်ဖြစ်သည်။ သင်၏ တာဝန်ထမ်းဆောင်ခြင်း ဖြစ်စဉ်တွင် အပြုသဘောဆောင်သော အပိုင်း၌ သင်သည် တာဝန်များကို မှန်ကန်သောပုံစံဖြင့် သဘောထားနိုင်ကာ၊ အခြေအနေများကို ရင်ဆိုင်ရပါစေ ယင်းတို့ကို မည်သည့်အခါမျှ မစွန့်လွှတ်ပါက၊ ထို့ပြင် အခြားသူများက ယုံကြည်ခြင်းပျောက်ဆုံး၍ ၎င်းတို့၏ တာဝန်များအား ထမ်းဆောင်ခြင်းကို ရပ်တန့်လိုက်သည့် အချိန်တွင်ပင် သင်သည် သင်၏ ယုံကြည်ခြင်းကို မြဲမြံစွာ ထိန်းသိမ်းနေသေးပြီး ယင်းတို့ကို အစမှအဆုံး မည်သည့်အခါမျှ မစွန့်လွှတ်ဘဲ သင်၏တာဝန်များအပေါ် အဆုံးတိုင်အောင် ဆက်လက်၍ တည်ကြည်ခိုင်မာပြီး သစ္စာစောင့်သိနေလျှင် သင်သည် သင်၏တာဝန်များကို တာဝန်များအဖြစ် အမှန်တကယ် သ‌ဘောထားနေပြီး အပြည့်အဝ ဆက်ကပ်ခြင်းကို လက်တွေ့ပြသနေသည်။ သင်သည် ဤစံနှုန်းကို ပြည့်မီနိုင်လျှင် တာဝန်များအား ပြည့်မီစွာ ထမ်းဆောင်ရန်အတွက် အခြေခံအားဖြင့် စံနှုန်းပြည့်ပြီး ဖြစ်သည်။ ဤသည်မှာ အပြုသဘောဆောင်သော အပိုင်း၌ ရှိနေပြီဖြစ်သည်။ သို့ရာတွင် ဤစံနှုန်းကို မရောက်မီ အပျက်သဘောဆောင်သော အပိုင်းတွင် လူတစ်ဦးသည် စုံစမ်းသွေးဆောင်ခြင်းအမျိုးမျိုးကို ကြံ့ကြံ့ခံနိုင်ရမည်။ လူတစ်ဦးသည် တာဝန်ထမ်းဆောင်နေစဉ်အတွင်း စုံစမ်းသွေးဆောင်မှုများကို ကြံ့ကြံ့မခံနိုင်သဖြင့် မိမိ၏တာဝန်ကို စွန့်ပစ်ပြီး ထွက်ပြေးကာ တာဝန်အပေါ် သစ္စာဖောက်သည့်အခါ ယင်းက မည်သည့်ပြဿနာမျိုး ဖြစ်သနည်း။ ယင်းက ဘုရားသခင်ကို သစ္စာဖောက်ခြင်းသဘော သက်ရောက်သည်။ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အား သစ္စာဖောက်ခြင်းသည် ဘုရားသခင်အား သစ္စာဖောက်ခြင်း ဖြစ်သည်။ ဘုရားသခင်ကို သစ္စာဖောက်သည့် လူတစ်ဦးသည် ကယ်တင်ခြင်းခံရနိုင်သေးသလော။ ဤလူသည် ပြီးသွားပြီဖြစ်သည်။ မျှော်လင့်ချက်တစ်ခုလုံး ဆုံးရှုံးသွားပြီးလျှင် ယခင်က ထမ်းဆောင်ခဲ့သော တာဝန်များမှာ ဝန်‌ဆောင်မှု ပေးခြင်းသက်သက်သာ ဖြစ်သွားကာ ယင်းက သူ၏သစ္စာဖောက်ခြင်းနှင့်အတူ စုပ်စမြုပ်စပျောက်ကွယ်သွားလေသည်။ ထို့ကြောင့် မိမိ၏တာဝန်အား မြဲမြံစွာ ထိန်းသိမ်းထားဖို့ ပဓာနကျလေသည်။ ထိုသို့ပြုခြင်းဖြင့် မျှော်လင့်ချက် ရှိသည်။ မိမိ၏တာဝန်ကို သစ္စာရှိစွာ ဖြည့်ဆည်းခြင်းဖြင့် လူတစ်ဦးသည် ကယ်တင်ခြင်းကို ခံရနိုင်ပြီး ဘုရားသခင်၏ လက်ခံမှုကို ရယူနိုင်သည်။ မိမိ၏တာဝန်အား မြဲမြံစွာ ထိန်းသိမ်းထားခြင်းတွင် အခက်အခဲဆုံး အပိုင်းဖြစ်သည်ဟု လူတိုင်း တွေ့မြင်ကြသည်မှာ မည်သည့်အပိုင်း ဖြစ်သနည်း။ ယင်းမှာ စုံစမ်းသွေးဆောင်ခြင်းကို ရင်ဆိုင်ရသောအခါ ခိုင်မာစွာ ရပ်တည်နိုင်ခြင်းရှိမရှိပင် ဖြစ်သည်။ ဤစုံစမ်းသွေးဆောင်မှုများ၌ မည်သည့်အရာများ ပါဝင်သနည်း။ ငွေ၊ အဆင့်အတန်း၊ အတွင်းကျကျ ဆက်ဆံရေးများ၊ စိတ်ခံစားမှုများပင်။ အခြားမည်သည့်အရာ ရှိ‌သေးသနည်း။ အကယ်၍ တာဝန်အချို့က မိမိဘဝအတွက် အန္တရာယ်ဖြစ်စေသည်အထိပင် အန္တရာယ်များကို ယူဆောင်လာပြီး ထိုကဲ့သို့သော တာဝန်များအား ဖြည့်ဆည်းခြင်းသည် အဖမ်းခံရခြင်းနှင့် ထောင်ချခံရခြင်း သို့မဟုတ် သေသည်အထိ နှိပ်စက်ညှဉ်းပန်းခံရခြင်းတို့ကိုပင် အကျိုးဆက်ဖြစ်ပေါ်စေခဲ့မည်ဆိုလျှင် သင်သည် သင့်တာဝန်ကို ဖြည့်ဆည်းနိုင်ဦးမည်လော။ သင်သည် မဆုတ်မနစ် လုံ့လထုတ်နိုင်မည်လော။ ဤစုံစမ်းသွေးဆောင်မှုများကို အလွယ်တကူ ကျော်လွှားနိုင်ရန်ဟူသည်မှာ မိမိအနေဖြင့် သမ္မာတရားကို လိုက်စားခြင်းရှိမရှိအပေါ် မူတည်သည်။ ယင်းမှာ သမ္မာတရားကို လိုက်စားနေစဉ် ဤစုံစမ်းသွေးဆောင်မှုများကို တဖြည်းဖြည်းချင်း ပိုင်းခြားသိမြင်ပြီး သတိပြုမိရန်၊ ယင်းတို့၏ အနှစ်သာရနှင့် ယင်းတို့၏နောက်ကွယ်မှ ဆိုးယုတ်သော လှည့်ကွက်များကို သတိပြုမိရန်အတွက် မိမိ၏ အစွမ်းအစပေါ် မူတည်သည်။ ယင်းက မိမိ၏ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ မိမိ၏ သဘာဝအနှစ်သာရနှင့် မိမိ၏ အားနည်းချက်များအား သတိပြုမိရန်ကိုလည်း တောင်းဆိုသည်။ လူတစ်ဦးသည် သူ့အနေဖြင့် ဤစုံစမ်းသွေးဆောင်မှုများကို ကြံ့ကြံ့ခံနိုင်ရန်အတွက် သူ့အား ကာကွယ်ရန် ဘုရားသခင်အား အဆက်မပြတ်လည်း တောင်းဆိုရမည်။ လူတစ်ဦးသည် ယင်းတို့ကို ကြံ့ကြံ့ခံနိုင်ပြီး မည်သည့်အခြေအနေ၌မျှ သစ္စာဖောက်ခြင်းမရှိဘဲ သို့မဟုတ် ထွက်ပြေးခြင်းမရှိဘဲ တာဝန်ကို မြဲမြံစွာ ထိန်းသိမ်းထားနိုင်လျှင် ကယ်တင်ခံရနိုင်ခြေမှာ ၅၀ ရာခိုင်နှုန်း ရောက်ရှိလေသည်။ ဤ ၅၀ ရာခိုင်နှုန်းမှာ အလွယ်တကူ ရရှိနိုင်သလော။ အဆင့်တစ်ခုစီတိုင်းသည် စိန်ခေါ်မှုတစ်ခုဖြစ်ပြီး ကြီးမားသော အန္တရာယ်နှင့် အပြည့်ဖြစ်၏။ ယင်းကို ရရှိရန် မလွယ်ကူချေ။ သမ္မာတရား လိုက်စားခြင်းကို အလွန်ခက်ခဲသည်ဟု ရှုမြင်သဖြင့် ဘဝသည် အလွန်ပင် ခြေကုန်လက်ပန်းကျစေသည်ဟု ခံစားပြီး သေသွားဖို့ လိုလားမည့်လူများ ရှိသလော။ မည်ကဲ့သို့သော လူစားမျိုးက ဤပုံစံအတိုင်း ခံစားရသနည်း။ ဤသည်မှာ မယုံကြည်သူများ ခံစားသည့်ပုံဖြစ်၏။ ရှင်သန်ဖို့သက်သက်ဆိုလျှင် လူတို့သည် ဦးနှောက်ခြောက်အောင် စဉ်းစားနိုင်ကြသည်၊ မည်သည့် အခက်အခဲမဆို သည်းခံနိုင်ကြပြီးလျှင် ဘေးဒုက္ခများထဲတွင် ဘဝကို ကျားကုတ်ကျားခဲ ဖက်တွယ်ထားနိုင်ကြသေးကာ ၎င်းတို့၏ နောက်ဆုံးထွက်သက်အထိ အရှုံးမပေးကြပေ။ အကယ်၍ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခဲ့ပြီး သမ္မာတရားကို ဤသို့သော အားမာန်မျိုးဖြင့် လိုက်စားခဲ့လျှင် ရလဒ်များကို အသေအချာ ရရှိကြမည် ဖြစ်သည်။ အကယ်၍ လူတို့သည် သမ္မာတရားကို မချစ်သည့်အပြင် ယင်းအတွက် ကြိုးပမ်းအားထုတ်လိုစိတ် မရှိပါက ၎င်းတို့သည် အသုံးမကျသူများ ဖြစ်ကြပေ၏။ သမ္မာတရားအား လိုက်စားမှုသည် လူ့ကြိုးစားအားထုတ်မှုသက်သက်ဖြင့် ရရှိနိုင်သည့် အရာတစ်ခု မဟုတ်ပေ။ ယင်းက သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နှင့် ပေါင်းစပ်ထားသည့် လူ့ကြိုးစားအားထုတ်မှု လိုအပ်သည်။ ယင်းက ဘုရားသခင်အနေဖြင့် လူတို့အား စမ်းသပ်ဖို့နှင့် စစ်ဆေးဖို့အတွက် အခြေအနေအမျိုးမျိုးကို စီစဉ်ညွှန်ကြားရန်နှင့် သန့်ရှင်းသော ဝိညာဉ်တော်အနေဖြင့် ၎င်းတို့အား ဉာဏ်အလင်းပေးရန်၊ အလင်းပေးရန်နှင့် လမ်းညွှန်ရန် လိုအပ်သည်။ သမ္မာတရားကို ရရှိဖို့အတွက် လူတစ်ဦး ခံစားရသည့် ဒုက္ခဆင်းရဲသည် လုံးလုံးလျားလျား အကျိုးအကြောင်းခိုင်လုံပေသည်။ တောင်ထိပ်များကို ကုတ်ကတ်တက်ဖို့ မိမိတို့၏အသက်ကို ရင်းရသော တောင်တက်သမားများကဲ့သို့ ၎င်းတို့သည် မိမိတို့၏အသက်များကို အရဲစွန့်ရသည်အထိပင် ကန့်သတ်ချက်များကို စိန်ခေါ်ရန်အတွက် မိမိတို့၏ ရှာဖွေမှုတွင် အခက်အခဲကို မကြောက်ရွံ့ကြပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သမ္မာတရားကို ရရှိခြင်းသည် တောင်တက်ခြင်းထက် ပို၍ ခက်ခဲသလော။ ကောင်းချီးမင်္ဂလာများကို အလိုရှိသော်လည်း ဒုက္ခဆင်းရဲ မခံစားလိုသောသူတို့မှာ မည်သို့သော လူစားမျိုးများ ဖြစ်သနည်း။ ၎င်းတို့သည် အသုံးမကျသောသူများ ဖြစ်၏။ စိတ်ဓာတ်စွမ်းအားမပါဘဲ သမ္မာတရားကို လိုက်စားခြင်းနှင့် ရရှိခြင်း မရှိနိုင်ပေ။ ယင်းကို ဒုက္ခဆင်းရဲခံစားနိုင်စွမ်း မရှိဘဲ မရပေ။ ယင်းကို ရရှိဖို့အတွက် အဖိုးအခပေးရမည်ဖြစ်သည်။

ပြည့်မီခြင်းနှင့်ဆိုင်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ပြည့်မီဖို့အတွက် စံချိန်စံညွှန်း၊ ပြည့်မီဖို့အတွက် ဤစံချိန်စံညွှန်းကို ဘုရားသခင်က အဘယ့်ကြောင့် သတ်မှတ်ထားသည်ဟူသော အကြောင်းရင်း၊ မိမိ၏တာဝန်အား ပြည့်မီစွာ ထမ်းဆောင်ခြင်းနှင့် အသက်ဝင်ရောက်မှုတို့ကြားမှ ဆက်စပ်မှု၊ ပြည့်မီသော တာဝန်ထမ်းဆောင်မှုဆိုင်ရာ သမ္မာတရားနှင့် ဆက်စပ်သည့် ထိုကဲ့သို့သော အခြားသော အခြေခံအကြောင်းများကို လူတို့ နားလည်လာကြပြီဖြစ်သည်။ ထို့နောက် ၎င်းတို့သည် မည်သည့်အချိန် သို့မဟုတ် နေရာဖြစ်စေ၊ လက်မလျှော့ဘဲ မိမိတို့၏တာဝန်ကို မြဲမြံစွာ ထမ်းဆောင်နိုင်ပြီး စုံစမ်းသွေးဆောင်မှုအမျိုးမျိုးကို ကြံ့ကြံ့ခံနိုင်သည့်အပြင် မိမိတို့အတွက် ဘုရားသခင်စီစဉ်သည့် မတူညီသော အခြေအနေများအားလုံး၌ ဘုရားသခင် သတ်မှတ်သည့် အမျိုးမျိုးသော သမ္မာတရားအားလုံးကို သိကျွမ်းခြင်းနှင့် ယင်းတို့ထဲသို့ ဝင်ရောက်မှုကို နားလည်ပြီး ရရှိနိုင်ပါက ဘုရားသခင်၏အမြင်၌ မိမိတို့သည် အခြေခံအားဖြင့် ပြည့်မီခြင်းကို ရရှိထားပြီဖြစ်သည်။ မိမိ၏တာဝန်အား ထမ်းဆောင်ရာ၌ ပြည့်မီခြင်းကို ရရှိရန် အခြေခံအကြောင်းရင်း သုံးခုရှိသည်။ ပထမမှာ မိမိတို့၏တာဝန်အပေါ် မှန်ကန်သော သဘောထားရှိခြင်းနှင့် မည်သည့်အချိန်၌မဆို မိမိတို့၏တာဝန်အား စွန့်ပစ်၍မထားခြင်း ဖြစ်သည်။ ဒုတိယမှာ မိမိတို့ တာဝန်ထမ်းဆောင်စဉ် စုံစမ်းသွေးဆောင်မှု အမျိုးမျိုးကို ကြံ့ကြံ့ခံနိုင်ခြင်းနှင့် လဲကျမသွားခြင်း ဖြစ်သည်။ တတိယမှာ မိမိတို့ တာဝန်ထမ်းဆောင်စဉ် သမ္မာတရား၏ လက္ခဏာသွင်ပြင်တိုင်းကို နားလည်နိုင်ခြင်းနှင့် စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်ခြင်း ဖြစ်သည်။ လူတို့သည် ဤအရာသုံးခုကို ပြီးမြောက်‌အောင်မြင်ကာ အဆင့်မီထားပြီးပါက တရားစီရင်မှု၊ ပြစ်တင်ဆုံးမခြင်းနှင့် စုံလင်အောင်အပြုခံရခြင်းအား လက်ခံဖို့အတွက် ပထမဆုံးလိုအပ်ချက်ဖြစ်သည့် မိမိ၏တာဝန်အား ပြည့်မီစွာ ထမ်းဆောင်ခြင်းကို ပြည့်စုံစေပြီး ဖြစ်လိမ့်မည်။

ပြည့်မီသော တာဝန်ထမ်းဆောင်မှုနှင့် စပ်လျဉ်း၍ “ပြည့်မီသည်” ဟူသော အသုံးအနှုန်းနှင့်ပတ်သက်သည့် အကြောင်းအရာ အနည်းငယ်ကို ယခင်က ဆွေးနွေးခဲ့ကြပြီ ဖြစ်သည်။ ယခင်ဆွေးနွေးချက်များတွင် “ပြည့်မီသည်” ဟူသည်ကို အခြေခံအားဖြင့် မည်ကဲ့သို့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့သနည်း။ (စည်းမျဉ်းများအတိုင်း ပြုမူလုပ်ဆောင်ခြင်းအဖြစ် ဖွင့်ဆိုခဲ့သည်။) ယနေ့ ဆွေးနွေးသည့် “ပြည့်မီခြင်း” သည် လူသားအတွက် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် စံချိန်စံညွှန်းများအထိ ဝင်ရောက်ပြီးဖြစ်သည်။ လူတို့သည် မိမိတို့၏တာဝန်ကို ပြည့်မီသော စံချိန်စံညွှန်းရောက်အောင် ထမ်းဆောင်ဖို့အတွက် ဘုရားသခင် အဘယ့်ကြောင့် သတ်မှတ်ထားသနည်း။ ဤသည်မှာ လူတို့အား ကယ်တင်ဖို့ ဘုရားသခင်၏ ရည်ရွယ်ချက်အပြင် လူတို့အား ကယ်တင်ခြင်း၊ စုံလင်စေခြင်းအတွက် သူ၏ စံချိန်စံညွှန်းများနှင့် ဆက်စပ်လေသည်။ အကယ်၍ သင်သည် တာဝန်ထမ်းဆောင်ရာ၌ ပြည့်မီခြင်းကို မရရှိလျှင် ဘုရားသခင်က သင့်ကို စုံလင်အောင်ပြုမည် မဟုတ်ပေ။ ယင်းမှာ ဘုရားသခင်အနေဖြင့် လူတို့ကို စုံလင်အောင်ပြုဖို့ရန် အ‌ရေးပါဆုံးသော အနေအထားဖြစ်သည်။ ထို့အတွက်ကြောင့် လူတစ်ဦးသည် ဘုရားသခင်၏ စုံလင်အောင်အပြုခံရနိုင်ခြင်း ရှိမရှိမှာ သူ၏တာဝန်ထမ်းဆောင်မှု ပြည့်မီခြင်းရှိမရှိအပေါ် အရေးတကြီး မူတည်၏။ သင်၏ တာဝန်ထမ်းဆောင်မှုမှာ မပြည့်မီလျှင် လူတို့အား စုံလင်အောင်ပြုခြင်းဟူသည့် ဘုရားသခင်၏အလုပ်သည် သင်နှင့်မဆိုင်ပေ။ ယခုတွင် လူအချို့သည် ၎င်းတို့၏ တာဝန်ထမ်းဆောင်ရာတွင် မှန်ကန်သောလမ်းကြောင်းပေါ်၌ ရှိကြပြီး ၎င်းတို့၏ ဦးတည်ချက်မှာလည်း မှန်ကန်သည်။ သို့သော် ၎င်းတို့ကို မိမိတို့၏တာဝန်များအား ပြည့်မီစွာ ထမ်းဆောင်နေသည်ဟု ယူဆ၍ မရသေးချေ။ အဘယ့်ကြောင့်နည်း။ လူတို့က သမ္မာတရားနှင့်ဆိုင်၍ အနည်းငယ်သာ နားလည်ကြသောကြောင့် ဖြစ်သည်။ ယင်းမှာ မိမိတို့၏ အိမ်ထောင့်တာဝန်များအား မိမိတို့၏ မိဘများနှင့် ဝိုင်းလုပ်လိုသော်လည်း ထိုသို့ပြုရန်အတွက် အရေးပါမှု ရှိကောင်းရှိမည် မဟုတ်သည့် ကလေးငယ်အချို့နှင့် တူ၏။ ၎င်းတို့သည် မည်သည့်အဆင့်တွင် အိမ်ထောင့်တာဝန်အချို့ကို အမှန်တကယ် ဝိုင်းလုပ်ဖို့ အရေးပါမှု ရှိမည်နည်း။ ယင်းမှာ လူကြီးများကို မပူပန်စေဘဲ အရာအချို့ကို လုပ်ဆောင်နိုင်သည့်အခါ ဖြစ်သည်။ ထို့နောက် ၎င်းတို့သည် အိမ်ထောင့်တာဝန်များ၌ ဝိုင်းလုပ်နိုင်ပြီး ယင်းမှာ ၎င်းတို့ လုပ်ဆောင်နိုင်သည့်အချိန် ဖြစ်သည်။ ယခုတွင် သင်သည် အမှုအရာအချို့ကို ပြုလုပ်နိုင်သော်လည်း သင်နားလည်သည့် သမ္မာတရားက အပေါ်ယံဆန်လွန်းသောကြောင့်၊ သင်လက်တွေ့လုပ်ဆောင်သည့် သမ္မာတရားက နည်းလွန်းသောကြောင့်၊ ထို့ပြင် သင်နားလည်သဘောပေါက်နိုင်သည့် စည်းမျဉ်းများက နည်းပါးလွန်းသောကြောင့် သင်သည် လုံ့လစိုက်ထုတ်ခြင်းနှင့် အစေခံခြင်းဟူသည့် အဆင့်၌ ကျန်ရစ်နေသေးသည်။ သင်သည် မကြာခဏ စမ်းတဝါးဝါး လျှောက်နေသည့်ဖြစ်စဉ်၌ ရှိနေသည်၊ မကြာခဏ ဇဝေဇဝါဖြင့် လုပ်ဆောင်နေသည်၊ ထို့ကြောင့် သင့်အနေဖြင့် မိမိလုပ်ဆောင်နေသည့် အရာက ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီမှုရှိမရှိ အတည်ပြုဖို့ အလွန်ခက်ခဲသည်။ သင်သည် စိတ်ထဲတွင် အမြဲတမ်း မသဲမကွဲ ဖြစ်နေသည်။ သို့ဆိုလျှင် သင်၏ တာဝန်ထမ်း‌ဆောင်မှုကို ပြည့်မီသည်ဟု ယူဆ၍ရသလော။ သင်သည် သမ္မာတရားကို အနည်းငယ်သာ နားလည်ပြီး သင်၏ အသက်ဝင်ရောက်မှုသည် ဘုရားသခင်သတ်မှတ်သည့် အဆင့်ကို မရောက်ရှိသေးသောကြောင့် ယူဆ၍မရ‌သေးပေ။ သင်၏ ဝိညာဉ်ရင့်သန်မှုက သေးငယ်လွန်းသည်။ လူတစ်ဦး၏ ဝိညာဉ်ရင့်သန်မှု သေးငယ်လွန်းသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ အချို့က ယင်းသည် သမ္မာတရားအား အပေါ်ယံဆန်သော နားလည်ခြင်းဟု ဆိုသော်လည်း၊ အမှန်မှာ ယင်းမှာ သမ္မာတရားအား အပေါ်ယံဆန်သော နားလည်ခြင်းကိစ္စသာ မဟုတ်ချေ။ ယင်းမှာ လူတစ်ဦး၏ မရင့်ကျက်သေးသော လူ့သဘာဝ သို့မဟုတ် သူ၏ ညံ့ဖျင်းသော အစွမ်းအစနှင့် အပျက်သဘောဆောင်သော အရာမြောက်မြားစွာ ရှိနေခြင်းနှင့်လည်း တိုက်ရိုက်ပတ်သက်နေသည်။ ဥပမာ၊ သင့်အပေါ် တာဝန်တစ်ခုကျရောက်ပြီး ထိုအရာအား မည်သို့လုပ်ဆောင်ရမည်ကို သင်မသိပါက သင်သည် အသုံးမကျသည့်အပြင် ဘုရားသခင်၏ အလိုတော်အား အရေးမထားနိုင်ဟု သင်ခံစားကောင်း ခံစားရမည်။ ဤအရာက အပျက်သဘောဆောင်ပြီး အားနည်းလာစေကာ၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုများမှာ မကောင်းသည့်အပြင် သင် မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ဘဲ ဖယ်ရှားခံရဖို့ သေချာသည်ဟု ခံစားရလေသည်။ ထို့နောက် သင်သည် တာဝန်ထမ်းဆောင်လိုစိတ် နောက်ထပ် မရှိတော့ပေ။ ဤသည်မှာ သေးငယ်သော ဝိညာဉ်ရင့်သန်မှု၏ သရုပ်သကန်တစ်ခုဖြစ်သည် မဟုတ်လော။ ထိုမျှမက ယခုတွင် အိမ်ထောင်မပြုရသေးသည့် ညီအစ်ကိုမောင်နှမ များစွာရှိ၏။ အကယ်၍ ၎င်းတို့သည် ချောမောသော ယောကျ်ား သို့မဟုတ် မိန်းမကို ကြုံတွေ့ပါက ဘဝင်ခိုက်ကောင်း ခိုက်သွားမည်ဖြစ်ပြီး ၎င်းတို့ကြားမှ အပြန်အလှန် အနည်းငယ် အကြည့်ချင်းဆုံမှုက စိတ်ခံစားမှုများကို ဖြစ်ပေါ်စေနိုင်သည်။ ထိုမျှအားကောင်းသော ခင်တွယ်မှုများ အစပျိုးနေလျှင် ၎င်းတို့ စတင်ချိန်းတွေ့သောအခါ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နိုင်ဦးမည်လော။ ဤသည်မှာ စုံစမ်းသွေးဆောင်မှုထဲသို့ ကျ‌ရောက်ခြင်းပင် ဖြစ်သည်။ ဤသည်မှာ သေးငယ်သော ဝိညာဉ်ရင့်သန်မှုအား ညွှန်ပြနေသည်မဟုတ်လော။ အမှန်ပင် ညွှန်ပြနေသည်။ ထို့အပြင် လူအချို့၌ အထူးဆုကျေးဇူးများ အချို့ရှိပြီး ၎င်းတို့သည် ဘုရားအိမ်တော်ထဲ၌ အထူးတာဝန်များ အချို့ကို ထမ်းဆောင်ကြသည်။ ဤအရာက ၎င်းတို့၌ အရည်အသွေးကောင်း အနည်းငယ်ရှိသည်ဟု ခံစားစေသောကြောင့် ၎င်းတို့သည် ဆိုက်ထုတ်လိုကြပြီး အမြဲတမ်း ကြွားလုံးထုတ်ချင်ကြ၏။ ၎င်းတို့သည် ကြွားလုံးထုတ်သည်နှင့်တစ်ပြိုင်နက် အမှုအရာများ လုပ်ဆောင်ရာ၌ စည်းမျဉ်းများ ပျောက်ဆုံးသွားသည်။ ထို့ပြင် အခြားသူများက ၎င်းတို့ကို အနည်းငယ်မျှပင် ချီးမွမ်းလိုက်ပါက ၎င်းတို့သည် အမှုအရာများ လုပ်ဆောင်ရာ၌ ၎င်းတို့၏ စည်းမျဉ်းများ ပျောက်ဆုံးသွားမည်မှာ အသေအချာဖြစ်ကာ၊ မိမိဘာသာ အားရကျေနပ်လာပြီး မိမိတို့၏ တာဝန်များကို မေ့ပျောက်သွားသည်။ ဤသည်မှာလည်း စုံစမ်းသွေးဆောင်မှုထဲသို့ ကျရောက်ခြင်းပင်ဖြစ်၏။ ဤသည်မှာ သေးငယ်သော ဝိညာဉ်ရင့်သန်မှုအား ညွှန်ပြနေသည် မဟုတ်လော။ အရေးမပါသော ကိစ္စများကပင် သေးငယ်သော ဝိညာဉ်ရင့်သန်မှုရှိသည့် လူတစ်ဦးကို လဲကျစေနိုင်၏။ ဥပမာ၊ လူအချို့သည် ဘုရားအိမ်တော်ထဲတွင် သရုပ်ဆောင်များအဖြစ် အလုပ်လုပ်ကြသည်။ ၎င်းတို့သည် မိမိတို့၏ ရုပ်သွင်နှင့် သြဇာတိက္ကမဖြင့် ရုပ်ရှင်ဇာတ်လမ်းအနည်းငယ်၌ ပါလာပြီးနောက် ကျော်ကြားမှုအနည်းငယ် ရရှိထားပြီးသကဲ့သို့ ခံစားကြသည်။ ၎င်းတို့က “ယခု ငါကိုယ်တိုင် အနည်းငယ် နာမည်ကြီးလာပြီ။ အကယ်၍ ဤအရာက အပြင်‌လောကထဲ၌ဆိုလျှင် လူတို့သည် ငါ၏ အမှတ်တရလက်ရေးကို တောင်းနေကြမည်မဟုတ်လော။ ဘုရားအိမ်တော်ထဲရှိ မည်သူကမျှ အဘယ့်ကြောင့် ငါ၏ အမှတ်တရ လက်ရေးကို မလိုချင်ကြသနည်း။ ငါသည် နောက်ထပ် ဇာတ်လမ်းကောင်းကောင်းတွင် သရုပ်ဆောင်လျှင် ကောင်းမည့်ပုံဖြစ်သည်” ဟု စဉ်းစားကြသည်။ သို့ရာတွင် ၎င်းတို့သည် နောက်ထပ်ဇာတ်လမ်းထဲတွင် ခေါင်းဆောင်နေရာကို မရသောအခါ မိမိတို့၏ တာဝန်များကို စွန့်လွှတ်လိုက်ချင်ကြပြီး မိမိကိုယ်ကို အကျိုးမရှိဟု ယူဆကြသည်။ ၎င်းတို့သည် ခေါင်းဆောင်နေရာများ၌ အမြဲတမ်း သရုပ်ဆောင်လိုကြပြီး နာမည်ကြီးသရုပ်ဆောင် ဖြစ်လိုသည့်အပြင် ယင်းကို မရရှိသောအခါ စိတ်ဓာတ်ကျလာသည်၊ ဒေါပွလာပြီး ထွက်ရန်ပင် စဉ်းစားကြသည်။ ဤသည်မှာ သေးငယ်သော ဝိညာဉ်ရင့်သန်မှုရှိခြင်း ဖြစ်သည်။ သေးငယ်သော ဝိညာဉ်ရင့်သန်မှု ရှိခြင်းဟူသည်မှာ သင်သည် အရေးပါသော တာဝန်ဝတ္တရားများအတွက် မသင့်တော်ဟု ဆိုလိုခြင်းဖြစ်သည်။ အကယ်၍ သင့်ကို ဘုရားသခင်မှ တာဝန်တစ်ခုကို ခွင့်ပြုလျှင်ပင် သင်သည် သူ၏စိတ်ချယုံကြည်မှုကို မရရှိနိုင်သေးချေ။ မှားယွင်းသော ထင်မြင်ချက်တစ်ခု သို့မဟုတ် သင်၏ စိတ်ဆန္ဒများနှင့် ဆန့်ကျင်သော အရာတစ်ခုရှိလျှင် သင်သည် တာဝန်များကို စွန့်လွှတ်ပြီး ဘုရားသခင်ကို ဘက်ပြန်နိုင်သည်။ ဤသည်မှာလည်း သေးငယ်သော ဝိညာဉ်ရင့်သန်မှုအား ညွှန်ပြနေသည် မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းမှာ အလွန်တရာသေးငယ်သော ဝိညာဉ်ရင့်သန်မှုတစ်ခု ဖြစ်၏။ ထိုမျှသေးငယ်သော ဝိညာဉ်ရင့်သန်မှုနှင့် ဤအပြုအမူများနှင့်ဆိုလျှင် လူတစ်ဦးသည် မိမိ၏တာဝန်များအား ပြည့်မီစွာ ထမ်းဆောင်ခြင်းမှ အဘယ်မျှ အလှမ်းဝေးနေသနည်း။ ကွာဟချက်သည် မည်သည့်နေရာ၌ ရှိသနည်း။ ယင်းမှာ လူတစ်ဦးက သမ္မာတရားကို အဘယ်မျှချစ်သည် ဟူသည့်အထဲ၌ ရှိသည်။ တာဝန်များကို ထမ်းဆောင်နေစဉ် မိမိတို့၏ အနီးစပ်ဆုံး မိသားစုဝင်တစ်ဦး နာမကျန်းဖြစ်သွားကြောင်း သိရှိရသည့် လူအချို့လည်း ရှိသည်။ ထိုအခါ ၎င်းတို့သည် စည်းဝေးပွဲများ တက်ရောက်ခြင်းကို ရပ်လိုက်ပြီး မိမိတို့၏တာဝန်များကို လျစ်လျူရှုလျက် မိမိတို့၏ တာဝန်များအား နှစ်ရက်သုံးရက် ရှောင်လွဲခြင်းက အရေးမကြီးဟု ထင်မှတ်ကြသည်။ နောက်ဆုံးတွင် ၎င်းတို့၏ မိသားစုဝင်သည် သေဆုံးဖို့ ဖြစ်လာပါက ၎င်းတို့သည် ထာဝရပျောက်ကွယ်သွားမည် ဖြစ်သည်။ သို့သော် ၎င်းတို့က မိမိ၏ တာဝန်ထမ်းဆောင်ခြင်းသည် အသက်နှင့် ပတ်သက်နေသည့် အရေးပါသောကိစ္စဖြစ်ကြောင်း၊ ယင်းမှာ ကယ်တင်ခြင်းရရှိဖို့အတွက် မိမိ၏တစ်ခုတည်းသော အခွင့်အရေး ဖြစ်ကြောင်းကို ထည့်သွင်းစဉ်းစားဖို့ ပျက်ကွက်ကြသည်။ ၎င်းတို့က မိမိတို့၏ တာဝန်များနှင့် ကယ်တင်ခြင်းရရှိမှုထက် စိတ်ခံစားမှုများနှင့် မိသားစုကို ဦးစားပေးကြသည်။ ဤသည်မှာ သေးငယ်သော ဝိညာဉ်ရင့်သန်မှုအား ညွှန်ပြနေသည်မဟုတ်‌လော။ ၎င်းတို့၏ ဝိညာဉ်ရင့်သန်မှုက အလွန်မှပင် သေးငယ်လှပါတကား။ ဤအရာက ၎င်းတို့သည် အသက်နှင့်ဆိုင်သည့် တကယ့်အရေးကိစ္စများကို နားမလည်သည့်အပြင် တကယ့်လုပ်ငန်းတာဝန်များ၌ ပါဝင်ခြင်းကို မသိကြပေ။ လူတစ်ဦး၏ ဝိညာဉ်ရင့်သန်မှု အရွယ်အစားမှာ သူ၏ အသက်အရွယ်အပေါ် မူတည်သလော။ မမူတည်ချေ။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ ထို့ပြင် မည်သည့်အသက်အရွယ်၊ မည်သည့်မွေးရာဇာတိ၊ သို့မဟုတ် မည်သည့်နိုင်ငံသားဖြစ်စေ ဖောက်ပြန်ပျက်စီးသော လူသားအားလုံး၌ တူညီသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိကြသည်။ ၎င်းတို့အားလုံးသည် စာတန်၏ သဘာဝကို ပိုင်ဆိုင်ကြပြီး ဘုရားသခင်အား ပုန်ကန်ခုခံနိုင်ကာ မကောင်းမှုမျိုးစုံကို ကျူးလွန်ကြ၏။ အကယ်၍ လူတစ်ဦးသည် သမ္မာတရားကို မလိုက်စားပါက သူ၌ စစ်မှန်သော နောင်တတရား ရှိနိုင်သ‌လော။ မည်သည့်အခါမျှ မရှိနိုင်ပေ။ ၎င်းတို့ ပြောင်းလဲမည်မဟုတ်ချေ။ လူအချို့သည် နာမကျန်းဖြစ်လာပြီး ဘုရားသခင်ကို အမှီပြုကြောင်းနှင့် သေခြင်းတရားအား မကြောက်ရွံ့ကြောင်း အော်ဟစ်ကြသော်လည်း ထိုင်ရုံထိုင်နေပြီး ဘာမျှမလုပ်ဘဲ နေ၍မရဟူ၍လည်း ခံစားကြသည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို မထမ်းဆောင်ပါက သေဆုံးသွားမည်မှာ အသေအချာဖြစ်သည်ဟု စဉ်းစားသောကြောင့် ချက်ချင်းပင် တာဝန်များကို သွား၍ ထမ်းဆောင်ကြသည်။ ၎င်းတို့သည် မည်သည့်တာဝန်၌ အလုပ်ရှုပ်ဆုံးသော လုပ်ငန်းတာဝန်များ ရှိပြီး အရေးကြီးဆုံးဖြစ်ကြောင်း၊ မည်သည့်လုပ်ငန်းတာဝန်ကို ဘုရားသခင် တန်ဖိုးထားကြောင်းကို ကြည့်ပြီး ယင်းအတွက် အလျင်အမြန် လျှောက်ကြသည်။ တာဝန်ထမ်းဆောင်စဉ်တစ်လျှောက် ၎င်းတို့က “ဤရောဂါသည် ပျောက်နိုင်သလော။ ပျောက်နိုင်မည်ဟု အသေအချာ မျှော်လင့်သည်။ ကျွန်ုပ်သည် မိမိ၏အသက်ကို ပေးအပ်မြှုပ်နှံထားသည်။ ကျွန်ုပ်သည် ပျောက်ကင်းသင့်သည် မဟုတ်လော” ဟု အမြဲတစေ တွေးနေကြသည်။ အမှန်တွင်မူ ၎င်းတို့၌ရှိသည့် ရောဂါက ကျွမ်းနေပြီဖြစ်သည်။ ၎င်းတို့သည် တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ၊ မထမ်းဆောင်သည်ဖြစ်စေ သေမည်ဖြစ်သည်။ ၎င်းတို့သည် ယခုတွင် တာဝန်ထမ်းဆောင်သော်လည်း ဘုရားသခင်က လူ၏စိတ်နှလုံးကို ရှာဖွေစိစစ်၏။ ထိုမျှသေးငယ်သော ဝိညာဉ်ရင့်သန်မှုနှင့် ထိုကဲ့သို့သော စေ့ဆော်မှုဖြင့် ၎င်းတို့သည် မိမိတို့၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်မည်လော။ လုံးဝ မထမ်းဆောင်နိုင်ပေ။ ဤသို့သော လူစားမျိုးသည် သမ္မာတရားကို မလိုက်စားသည့်အပြင် ၎င်းတို့၏ လူ့သဘာဝမှာ မကောင်းမွန်ပေ။ ၎င်းတို့သည် စိတ်ထဲတွင် မိမိတို့ကိုယ်ပိုင် အကြံအစည်လေး အမြဲတမ်းရှိကြသည်။ ၎င်းတို့၏ရောဂါ ပြန်ထသည် သို့မဟုတ် အနည်းငယ်မျှပင် နေထိုင်မကောင်းဖြစ်သည်နှင့် တစ်ပြိုင်နက် “ဘုရားသခင်သည် ကျွန်ုပ်ကို အမှန်တကယ် ကောင်းချီးပေးပြီးပြီလော။ သူသည် ကျွန်ုပ်ကို အမှန်တကယ် ဂရုစိုက်ပြီး ကွယ်ကာပေးသလော။ သူသည် ကွယ်ကာပေးသည့်ပုံ မပေါက်သည်ဖြစ်၍ ကျွန်ုပ်သည် မိမိ၏တာဝန်များကို နောက်ထပ် ထမ်းဆောင်တော့မည်မဟုတ်” ဟု စတင် စဉ်းစားကြတော့သည်။ အနည်းငယ် ကသိကအောက် ခံစားရသည့်အခိုက် ၎င်းတို့သည် မိမိတို့၏တာဝန်များကို စွန့်လွှတ်ချင်ကြသည်။ ၎င်းတို့၌ ဝိညာဉ်ရင့်သန်မှုပင် ရှိကြသလော။ (မရှိကြပါ။) ထို့ကြောင့် အမျိုးမျိုးသော လူတို့သည် ဤနေရာတွင် ထိုင်ပြီး တရားဒေသနာများကို နာယူနိုင်သောကြောင့်၊ သို့မဟုတ် ၎င်းတို့သည် ဘုရားအိမ်တော်ရှိ အဆင့်အတန်းတစ်ခုခုတွင် ၎င်းတို့၏ကိုယ်ပိုင် အတတ်ပညာဆိုင်ရာ စွမ်းရည်များ သို့မဟုတ် ကျွမ်းကျင်မှုနယ်ပယ်များနှင့် ဆက်စပ်သည့် အလုပ်ကို လုပ်ဆောင်ခြင်းဟူသည့် ၎င်းတို့၏တာဝန်များကို ထမ်းဆောင်ရန်အတွက် ၎င်းတို့၏ မိသားစုများနှင့် သက်မွေးမှုလုပ်ငန်းများကို စွန့်လွှတ်နိုင်သောကြောင့် ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေကြသည်မှာ သေချာပေါက်ဖြစ်သည်ဟု မထင်မှတ်လေနှင့်။ ယင်းမှာ မိမိတို့၏ တာဝန်များကို ထမ်းဆောင်သူများအားလုံးက ဝိညာဉ်ရင့်သန်မှုတစ်ခုခု ပိုင်ဆိုင်ဖို့ဝေးစွ၊ တာဝန်များကို ထမ်းဆောင်သူတိုင်းက မိမိဆန္ဒအလျောက် ထမ်းဆောင်နေကြသည်ဟုလည်း မဆိုလိုပေ။ အပြင်ပန်းတွင် လူတို့သည် အလုပ်ရှုပ်နေကြဟန်တူပြီး အမှုအရာများကို မိမိဆန္ဒအလျောက် လုပ်ဆောင်နေကြကာ ဘုရားသခင်အား စစ်မှန်စွာ ယုံကြည်ခြင်းဟူသည့် အခြေခံအုတ်မြစ်အပေါ် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံနေကြပုံပေါက်သည်။ အမှန်တွင်မူ ၎င်းတို့၏ စိတ်နှလုံးအတွင်း၌ လူတိုင်းသည် မကြာခဏ အားနည်းကြသည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်များအား လက်လျှော့လိုက်ဖို့ မကြာခဏ စိတ်ကူးကြသည်၊ မိမိတို့၏ကိုယ်ပိုင် အကြံအစည်များ မကြာခဏ ရှိကြသည်၊ ထို့ပြင် ၎င်းတို့သည် အလျင်အမြန် ကောင်းချီးရရှိနိုင်ဖို့အတွက် ဘုရားသခင်၏အလုပ် မကြာခင် ပြီးဆုံးသွားရန် ပို၍မကြာခဏပင် မျှော်လင့်ကြသည်။ ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်က ထိုအရာပင် ဖြစ်၏။ ဘုရားသခင်က ဖြေရှင်းဖို့ရည်မှန်းသည်မှာ ဤအရာများဖြစ်သော လူ့အားနည်းချက်များ၊ ပုန်ကန်လိုစိတ်ရှိခြင်းနှင့် သေးငယ်သော ဝိညာဉ်ရင့်သန်မှုသာမက လူတို့၏ မသိနားမလည်သော စိတ်ကူးများနှင့် လုပ်ဆောင်ချက်များလည်း ဖြစ်သည်။ ဤကိစ္စများအားလုံး ပြေလည်သွားပြီး နောက်ထပ်ပြဿနာများ မရှိတော့သောအခါ၊ ဖြစ်ပေါ်လာသည့် မည်သည့်အရာကမျှ သင်၏ တာဝန်ထမ်း‌ဆောင်နိုင်စွမ်းကို မထိခိုက်နိုင်သောအခါ ယင်းသည် လုံလောက်ပြီဖြစ်ပြီး သင်၏ ဝိညာဉ်ရင့်သန်မှု ကြီးထွားလာပြီဖြစ်သည်။ လူတစ်ဦး နောက်ဆုံးတွင် လျှောက်မည့်လမ်းကြောင်းနှင့် သူလျှောက်မည့် အတိုင်းအတာကို ကြွေးကြော်သံများအား သူ အဘယ်မျှကျယ်လောင်စွာ အော်ဟစ်သည် ဆိုသည့်အရာအားဖြင့် အဆုံးအဖြတ်မပေးသကဲ့သို့ ၎င်းတို့၏ တဒင်္ဂဖြစ်သော စိတ်ခံစားချက်များ သို့မဟုတ် စိတ်ဆန္ဒများအားဖြင့်လည်း အဆုံးအဖြတ်မပေးချေ။ ထိုအစား ယင်းမှာ ၎င်းတို့၏ သမ္မာတရားလိုက်စားမှုနှင့် ၎င်းတို့၏ သမ္မာတရားအား ချစ်သည့် အတိုင်းအတာအပေါ် မူတည်သည်။

သင်တို့သည် မည်သည့်အခြေအနေများ၌ တာဝန်ကို လက်လျှော့ရမည်နည်း။ ယင်းမှာ သင်သည် သေခြင်းတရားကို ရင်ဆိုင်နေသောအခါ ဟုတ်သလော။ သို့မဟုတ် အသက်တာ၌ အသေးအဖွဲ စိတ်ထိခိုက်စရာများကို ကြုံတွေ့သောအခါ ဟုတ်သလော။ လူအချို့သည် တာဝန်ထမ်းဆောင်ခြင်းနှင့် ပတ်သက်လာလျှင် တောင်းဆိုချက်များစွာ ရှိကြသည်။ တစ်ဖက်တွင် ၎င်းတို့သည် လေ သို့မဟုတ် နေကို ထိတွေ့မခံရသည့်အပြင် ၎င်းတို့၏ အလုပ်ပတ်ဝန်းကျင်က သက်သောင့်သက်သာ ရှိရမည်။ ၎င်းတို့သည် နာကြည်းချက်အနည်းငယ်မျှကိုပင် တေးမှတ်၍မရပေ။ ထို့အပြင် ၎င်းတို့သည် ခင်ပွန်းသည် (သို့မဟုတ် ဇနီးသည်) နှင့် မကြာခဏ အတူရှိရမည်၊ နှစ်ဦးသားကမ္ဘာ၌ နေရမည်ဖြစ်ပြီး၊ ဖြေဖျော်မှုအတွက် အပြင်ထွက်လည်ခြင်း၊ အားလပ်ရက်များယူခြင်း အစရှိသည့် ၎င်းတို့၏ သီးသန့်ဘဝများလည်း ရှိရမည်ဖြစ်ကာ၊ ယင်းတို့အားလုံးက ၎င်းတို့ကို ကျေနပ်စေရမည် ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် အနည်းငယ်မျှပင် ကျေနပ်မှုမရှိပါက ၎င်းတို့၏စိတ်နှလုံးထဲတွင် မသက်မသာဖြစ်ပြီး အစဉ်အမြဲ မကျေမနပ်ဖြစ်လာမည် ဖြစ်ကာ ယူဆချက်များကို ပျံနှံ့စေခြင်းဖြင့် အခြားသူများကိုပင် အနှောင့်အယှက်ပေးမည် ဖြစ်သည်။ သမ္မာတရားကို နားလည်သော လူအချို့က ဤလူတို့သည် မကောင်းကြောင်း၊ ထိုလူတို့သည် မယုံကြည်သူများ ဖြစ်ပြီး ထိုသူတို့နှင့် ကင်းအောင်နေမည်ဖြစ်ကြောင်း ပိုင်းခြားသိမြင်နိုင်ကြသည်။ သို့သော် သမ္မာတရား နားမလည်သော လူအချို့ရှိသည်။ ၎င်းတို့၌ သေးငယ်သော ဝိညာဉ်ရင့်သန်မှုရှိပြီး ပိုင်းခြားသိမြင်မှု ကင်းမဲ့ကြကာ၊ ၎င်းတို့သည် ဤလူတို့၏ အနှောင့်အယှက်များ၏ ထိခိုက်ခြင်းကို ခံရမည်ဖြစ်သည်။ ထိုကဲ့သို့သော ဒုစရိုက်သမားများကို အသင်းတော်ထဲမှ ရှင်းထုတ်သင့်သလော၊ ငါ့ကိုပြောလော့။ (ရှင်းထုတ်သင့်ပါသည်။) အသင်းတော်၏ အလုပ်ကို အမြဲတစေ နှောင့်ယှက်ဖျက်ဆီးသည့် ဤလူစားမျိုးကို သေးငယ်သော ဝိညာဉ်ရင့်သန်မှုရှိပြီး မသိနားမလည်သော သူတို့အား ကာကွယ်ရန်အတွက် ရှင်းထုတ်ပစ်ရမည်။ သင်တို့ကိုယ်တိုင်သည် မည်သည့် အနေအထားများတွင် တာဝန်များကို စွန့်ပစ်ပြီး အသိမပေးဘဲ ထွက်သွားရမည်လော။ ဥပမာ၊ ဧဝံဂေလိဖြန့်ဝေနေစဉ် သင်သည် အထူးသဖြင့် ချောမောပြီး သြဇာတိက္ကမရှိစွာ စကားပြောသူတစ်ဦးဦးကို တွေ့ပြီး သူ့ကို ပိုကြည့်လေလေ လေးစားကြည်ညိုမှု ပိုတိုးလေလေဖြင့် “ငါ၏တာဝန်များကို မထမ်းဆောင်ဘဲနေပြီး ဤကဲ့သို့သော ကြင်ဖော်တစ်ဦးကို ရှာတွေ့လျှင် အဘယ်မျှကောင်းလိမ့်မည်နည်း” ဟု စဉ်းစားလေသည်။ သင်သည် ဤပုံစံအတိုင်း စဉ်းစားလိုက်သည်နှင့် သင် ဒုက္ခရောက်ပြီဖြစ်သည်။ စုံစမ်းသွေးဆောင်မှုကို အရှုံးပေးဖို့ လွယ်ကူမည် ဖြစ်သည်။ ထို့ပြင် ထိုအကြောင်းကို စဉ်းစားမိလိုက်သည်နှင့် သင်သည် ဤဆက်ဆံရေးအား လိုက်စားခြင်းကို စတင်မိပြီဖြစ်သည်။ သို့သော် သင်သည် နောက်ဆုံး၌ သူကိုသိမ်းသွင်းပြီးသောအခါ သူသည်လည်း ဖောက်ပြန်ပျက်စီးသော လူသားတစ်ဦးဖြစ်ပြီး တကယ်တော့ ထိုမျှမထူးခြားကြောင်း သတိပြုမိသော်လည်း ထိုအချိန်၌ နောင်တရရန် လွန်စွာ နောက်ကျပြီ ဖြစ်သည်။ တစ်စုံတစ်ဦးသည် အချစ်ရေးနှောင်တွယ်မှုများဟူသည့် စုံစမ်းသွေးဆောင်မှုထဲသို့ ကျရောက်သည်နှင့်တစ်ပြိုင်နက် ပြန်ထွက်ဖို့ မလွယ်တော့ချေ။ တစ်နှစ်နှစ်နှစ်၊ သို့မဟုတ် သုံးနှစ်မှ ငါးနှစ်အထိ အချိန်မယူဘဲ ပြန်လှည့်လာဖို့ လွယ်မည်မဟုတ်ချေ။ သင် အားပြန်ဖြည့်ရသည့် ဤသုံးနှစ်မှ ငါးနှစ်အတွင်း သင်သည် သမ္မာတရား အဘယ်မျှများများ လက်လွှတ်ဆုံးရှုံလိမ့်မည်နည်း။ ထိုဆုံးရှုံးမှုက သင့်အသက်အတွက် အဘယ်မျှကြီးမားလိမ့်မည်နည်း။ သင်၏ အသက်ကြီးထွားမှုမှာ အဘယ်မျှနှောင့်နှေးလိမ့်မည်နည်း။ အခြားလူအချို့သည် အခြားသူများ လောကီကမ္ဘာထဲ၌ ငွေအမြောက်အမြား ရရှိကာ၊ ဒီဇိုင်းပညာရှင်၏ အဝတ်အစားများ ဝတ်ဆင်လျက် ကောင်းစွာ စားသောက်နေကြသည်ကို တွေ့ရပြီး ၎င်းတို့၏ စိတ်နှလုံးနိုးကြွလာသည်။ ၎င်းတို့လည်း ငွေသွားရှာချင်ကြသည်။ ယင်းမှာ စုံစမ်းသွေးဆောင်မှု ပေါ်ထွက်လာသည့်ပုံ ဖြစ်၏။ အခြေအနေများကို ရင်ဆိုင်ရသောအခါ မိမိ၏စိတ်တို့ စတင်၍ တရိပ်ရိပ်ပြေးကာ တာဝန်ကို စွန့်ပစ်ဖို့အကြောင်း စဉ်းစားနေသည့် မည်သူမဆို စုံစမ်းသွေးဆောင်မှုကို ကြံ့ကြံ့မခံနိုင်ပေ။ ၎င်းတို့သည် ဒုက္ခရောက်နေပြီ။ ဤသည်မှာ သေးငယ်သော ဝိညာဉ်ရင့်သန်မှု၏ လက္ခဏာတစ်ခု ဖြစ်သည်။ သင်သည် အစားအစာကောင်းတစ်ခုခု စားသောက်နေသော အခြားလူတစ်ဦးဦးကို မြင်ရသောအခါ ဝမ်းနည်းပြီး မကျေမနပ်ဖြစ်ရသည်။ သင်သည်လည်း ကြင်ဖော်ကောင်းတစ်ဦးရှိသော အခြားလူတစ်ဦးဦးကို တွေ့ရသောအခါ မကျေမနပ်ဖြစ်ရသည်။ ထို့ပြင် သင်သည် သင့်အသက်လောက်ရှိပြီး အလားတူ ဆွဲဆောင်မှုရှိသော်လည်း သင့်ထက် ပိုကောင်းအောင် ဝတ်စားထားပြီး နာမည်ပင်ကြီးသူတစ်ဦးဦးကို မြင်သောအခါ မပျော်ရွှင်တော့ပေ။ သင်သည် ပညာရေးကို မစွန့်ပစ်ခဲ့ဘဲ ဘွဲ့ရပြီး အလုပ်အကိုင်တွေ့ရှိခဲ့လျှင် ထိုသူတို့ထက် သာနေမည်မှာ သေချာသည်ဟု စတင်စဉ်းစားတော့သည်။ ဤအခြေအနေများကို ရင်ဆိုင်ရသည့်အခါတိုင်း သင်သည် ရက်အတော်ကြာ စိတ်သောက ရောက်ရသည်။ ဤစုံစမ်းသွေးဆောင်မှုများမှာ သင့်အတွက် ချုပ်တည်းမှုတစ်မျိုး၊ စိတ်ဒုက္ခတစ်မျိုးဖြစ်ကာ ယင်းက သင်၏ ဝိညာဉ်ရင့်သန်မှုက သေးငယ်ကြောင်း ပြသည်။ သင်တို့သည် ဧဝံဂေလိကို ဖြန့်ဝေနေပြီး လိုက်ဖက်ညီသော ဆန့်ကျင်ဘက်လိင် တစ်ဦးဦးဖြစ်သည့် “ဒေါင်ကောင်းကောင်း၊ ငွေကြေးချမ်းသာပြီး ခန့်ခန့်ညားညား” အမျိုးအစား သို့မဟုတ် အသားဖြူဖြူ၊ ငွေကြေးချမ်းသာပြီး ချောမောလှပသော အမျိုးသမီးတစ်ဦးကို တွေ့လျှင် သင်သည် စုံစမ်းသွေးဆောင်မှုကို သေချာပေါက် ရှောင်နိုင်မည်မဟုတ်ပေ။ ယင်းကို ရှောင်နိုင်မည်မဟုတ်သည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ သင်၏ ဝိညာဉ်ရင့်သန်မှုက စုံစမ်းသွေးဆောင်မှု အမျိုးမျိုးကို သင်ကျော်လွှားနိုင်သည့် အဆင့်သို့ မရောက်သေးသည်ကို ဆိုလိုသည်။ သင်သည် ယင်းတို့ကို မရှောင်နိုင်သောကြောင့် သင်၏စိတ်နှလုံးသည် သိမ်းပိုက်ခံရပြီး ဖြားယောင်းခံရသည်။ သင် စဉ်းစားသည့်အရာ၊ သင်ခေါင်းထဲ၌ တွေးဆသည့်အရာ၊ သင်မျှော်လင့်သည့်အရာနှင့် အခြားသူများနှင့် ဆွေးနွေးသောအရာအားလုံးမှာ ဤကိစ္စများနှင့် ပတ်သက်လာကြသည်။ ယင်းက သင်၏ တာဝန်ထမ်းဆောင်မှုကို ထိခိုက်လေသည်။ သမ္မာတရားကို မိတ်သဟာယပြုနေစဉ် အခြားသူများ၌ ပြောစရာအများကြီး ရှိသော်လည်း သင်သည် ပါဝင်ဆွေးနွေးမှု ပို၍ပို၍ နည်းလာကာ ဘုရားသခင်ကို ယုံကြည်ရာ၌ စိတ်ဝင်စားမှု ပျောက်ဆုံးတော့သည်။ ဤသည်မှာ ဖြားယောင်းခံရခြင်း မဟုတ်လော။ ယင်းမှာ စုံစမ်းသွေးဆောင်မှုထဲ ကျရောက်ခြင်းဖြစ်ပြီး အန္တရာယ်ရှိလေသည်။ သင်သည် တစ်စုံတစ်ယောက်ကို စတင်၍ ချိန်းတွေ့ပြီးမှ သို့မဟုတ် သူနှင့် ထွက်သွားပြီးမှ စုံစမ်းသွေးဆောင်မှုထဲ ကျရောက်ရခြင်းသာ ဖြစ်သည်ဟု လူတို့က ထင်သော်လည်း သင် ထိုအဆင့်ရောက်ပြီးသောအခါ ကျဉ်းထဲကျပ်ထဲ ကျပြီဖြစ်သည်။ သင်တို့သည် ထိုသို့သောကိစ္စများကို ကြုံတွေ့ရသောအခါ ဤကဲ့သို့သော အခြေအနေများ ဖြစ်ပေါ်နိုင်သလော။ (ကျွန်ုပ် မသိပါ။) သင်မသိလျှင် ယင်းက သင်တို့၏ ဝိညာဉ်ရင့်သန်မှုက သေးငယ်ကြောင်း သက်သေပြသည်။ ဤအရာက အဘယ့်ကြောင့် သင်၏ ဝိညာဉ်ရင့်သန်မှု သေးငယ်ကြောင်း သက်သေပြသနည်း။ တစ်ဖက်တွင် သင်သည် ထိုသို့သောကိစ္စများကို မည်သည့်အခါမျှ မရင်ဆိုင်ခဲ့ဖူးသောကြောင့် မည်သို့တုံ့ပြန်ရမည်ကို သင်မသိခြင်း ဖြစ်သည်။ သင်သည် မိမိကိုယ်ကို နားလည်သဘောပေါက်ခြင်း မရှိပေ။ နောက်တစ်ဖက်တွင် ဤကဲ့သို့သော အခြေအနေမျိုးကို ရင်ဆိုင်ရသောအခါ ဤပြဿနာမျိုးကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် သင်၌ မှန်ကန်သော သဘောထားနှင့် လုပ်ပုံလုပ်နည်း မရှိပေ။ သင်သည် ပြဿနာကို ဖြေရှင်းဖို့ သမ္မာတရားကို မရှာဖွေနိုင်လျှင် ယင်းက သင်သည် အပျက်သဘောဆောင်ကြောင်းကို ဆီလျော်သည်။ အပျက်သ‌ဘောဆန်ခြင်းက သင်၌ သေးငယ်သော ဝိညာဉ်အသက်တာ ရှိပြီး သင်သည် မသိနားမလည်ကြောင်း သက်သေပြသည်။ သင်သည် အခြားသူများကို တက်တက်ကြွကြွ မြှူဆွယ်ကောင်း မြှူဆွယ်မည် မဟုတ်သော်လည်း အခြားသူများက သင့်ကို သေချာပေါက် မြှူဆွယ်နိုင်ပြီး ယင်းက သင်၏လမ်းကြောင်းသို့ စုံစမ်းသွေးဆောင်မှုကို ယူဆောင်လာသည်။ အကယ်၍ သင်သည် ယင်းကို မကျော်လွှားနိုင်ပါက ပြဿနာပင်ဖြစ်၏။ သာဓကအားဖြင့် တစ်စုံတစ်ယောက်က သင့်အား ငွေကြေးနှင့် အဆင့်အတန်းကို ကမ်းလှမ်းလျှင်၊ သို့မဟုတ် ပို၍ပင် သာလွန်သော လူတစ်ဦး ပေါ်လာပြီး သင့်အား သွေးဆောင်ဖို့ ကြိုးစားလျှင် မည်သို့ရှိမည်နည်း။ ယင်းကို ကျော်လွှားဖို့ လွယ်ကူမည်လော။ ယင်းကို ကျော်လွှားနိုင်ဖို့ အလားအလာက မည်သည့်အရာနည်း။ လူအချို့သည် ၎င်းတို့ ကြိုက်နေသည့် လူတစ်ဦးဦးထံမှ ချောကလက်နှစ်ခုမျှ ရရှိလျှင် အရူးအမူး ဖြစ်သွားပြီး ထိုသူနှင့် အချစ်ဇာတ်လမ်း အစပြုဖို့ စဉ်းစားကြသည်။ ယင်းမှာ ၎င်းတို့၏ ဝိညာဉ်ရင့်သန်မှု သေးငယ်သည့်ပုံ ဖြစ်၏။ ဤသည်မှာ ဘုရားသခင်၌ အချိန်ကြာကြာ မယုံကြည်သေးသည့် ကိစ္စတစ်ခု ဟုတ်သလော။ သေချာပေါက် မဟုတ်ပေ။ လူအချို့သည် ဆယ်စုနှစ်တစ်ခုကျော်မျှ ယုံကြည်သူများ ဖြစ်လာပြီးနောက် ထိုသို့သော အခြေအနေများကို ကြုံတွေ့ရသည်တွင် စုံစမ်းသွေးဆောင်မှုထဲသို့ ကျရောက်နိုင်ကြသေးသည်။ ယင်းက ၎င်းတို့အတွက် ဤအရာကို ကြုံတွေ့ရသည်မှာ ပထမဆုံးအကြိမ်၊ ဒုတိယအကြိမ် သို့မဟုတ် တတိယအကြိမ်ဖြစ်စေ ၎င်းတို့သည် သွေးဆောင်ခံရနိုင်သေးသည်။ ဤအရာအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ ၎င်းတို့၏ ဝိညာဉ်ရင့်သန်မှုက သေးငယ်ပြီး သမ္မာတရားအချို့အား သိနားလည်မှု အမှန်ပင် ကင်းမဲ့ခြင်းဖြစ်သည်။ ၎င်းတို့သည် အဘယ့်ကြောင့် နားလည်မှုကင်းမဲ့သနည်း။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် သမ္မာတရားကို မလိုက်စားပေ။ အမြဲတမ်း နားဝေတိမ်တောင် ဖြစ်ကြသည်။ ၎င်းတို့၏အမြင်၌ ထိုကဲ့သို့သော ကိစ္စများမှာ အရေးမပါချေ။ ၎င်းတို့က “လိုက်ဖက်ညီသော အတွဲ အမှန်တကယ် ပေါ်လာပါက အဘယ့်ကြောင့် ငါလက်မထပ်ဘဲ နေရမည်နည်း။ လိုက်ဖက်ညီသော သူတစ်ဦးကိုမျှ ငါမတွေ့ဖူးသေးခြင်းသာ ဖြစ်ပြီး မည်သူ့ကိုမျှ ငါ သဘောမကျသောကြောင့် ကြုံသလိုသာ နေလိုက်မည်” ဟု စဉ်းစားကြသည်။ ဤကြုံသလိုနေခြင်းမှာ သမ္မာတရားကို လိုက်စားသည့်သဘောထား မဟုတ်ပေ။ ယင်းမှာ ကယ်တင်ခြင်းကို ရရှိခြင်းနှင့် စုံလင်အောင်အပြုခံရခြင်းဟူသည့် လမ်းကြောင်းကို လျှောက်နေခြင်း မဟုတ်။ ယင်းမှာ ဤစိတ်ထားမျိုးမဟုတ်ပေ။ ၎င်းတို့သည် တစ်နေ့တစ်နေ့ ကြုံသလိုသာ အသက်ရှင်လျက် ဘဝ၏ ခေါ်ဆောင်ရာအတိုင်းသာ သွားနေရင်း ရုန်းကန်၍သာ နေချင်ကြသည်။ ထို့ပြင် ၎င်းတို့ ရှေ့ဆက်၍မရသည့် နေ့တစ်နေ့ အမှန်တကယ် ရောက်လာပါက ထိုအတိုင်းသာ ရှိစေတော့။ ၎င်းတို့သည် လူတို့အား ကယ်တင်ဖို့ ဘုရားသခင်၏ ရည်ရွယ်ချက် သို့မဟုတ် ဤကယ်တင်ခြင်းအတွက် ဘုရားသခင်ပြုသော အလုပ်ကို စိတ်မဝင်စားပေ။ ထိုမျှမက ၎င်းတို့သည် လူသားအပေါ် ဘုရားသခင်၏ ကယ်တင်ခြင်းနှင့်ပတ်သက်သည့် သမ္မာတရားအမျိုးမျိုးကို စိတ်အားထက်သန်စွာ မရှာဖွေသည်သာမက ယင်းကို စိတ်ထဲ၌လည်း မထားချေ။ အချို့က “သို့ဖြစ်စေကာမူ ၎င်းတို့သည် တရားဒေသနာများ နာယူဖို့ အမြဲတမ်း ရောက်လာကြသည်။ ၎င်းတို့သည် ယင်းကို စိတ်ထဲမထားဟု အဘယ်သို့ ကိုယ်တော်ပြောနိုင်သနည်း” ဟု ဆိုချင်ဆိုကြမည်။ သို့တစေ စည်းဝေးပွဲများ တက်ရောက်ခြင်းနှင့် တရားဒေသနာများ နာယူခြင်းဟူသည့် ပုံမှန်ဓလေ့အား လိုက်နာရုံ လိုက်နာခြင်းသည် သမ္မာတရားအား လက်ခံခြင်းနှင့် ကွဲပြားခြားနား၏။ တရားဒေသနာများကို နာယူသောလူ အမြောက်အမြားရှိသော်လည်း မည်မျှသည် သမ္မာတရားကို အမှန်တကယ် လက်တွေ့လုပ်ဆောင်သနည်း။ သမ္မာတရား လိုက်စားခြင်းဟူသည့် လမ်းကြောင်းကို စတင်လျှောက်သောသူတို့မှာ ပို၍ပင် နည်းပါး၏။ သြဝါဒများအား နားလည်ခြင်းနှင့် တရားဒေသနာများအား နာယူသောအခါ ၎င်းတို့၏ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးစိတ်သန်းများကို တိုးပွားစေခြင်း တစ်ခုတည်းကိုသာ အာရုံစိုက်သောလူ များစွာရှိ၏။ သမ္မာတရားကို ချစ်သောသူတို့သည် ယင်းကို ရှာဖွေရန်နှင့် လက်ခံရန်ဟူသည့် ရည်ရွယ်ချက်ဖြင့် နာယူကြသည်။ ၎င်းတို့သည် တရားဒေသနာများကို နာယူပြီးလျှင် ၎င်းတို့ကြားခဲ့သည့် အရာကို မိမိတို့၏ကိုယ်ပိုင် အခြေအနေများနှင့် နှိုင်းယှဉ်လျက် မိမိတို့ကိုယ်ကို ပြန်လည်ဆင်ခြင်နိုင်ကြပြီး မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းဖို့ အာရုံစိုက်နိုင်ကြသည်။ သမ္မာတရား၏ လက်တွေ့ကျသော လက္ခဏာသွင်ပြင်များကို နားလည်သဘောပေါက်ကြသည်။ ၎င်းတို့သည် ဤလက္ခဏာသွင်ပြင်များအား လက်တွေ့လုပ်ဆောင်ခြင်း၊ တွေ့ကြုံခြင်းနှင့် သမ္မာတရားအား ရရှိခြင်းကို အလေးထားကြသည်။ ထို့အတွက်ကြောင့် သမ္မာတရားကို ချစ်သောသူတို့သည် အသက်ကို ရရှိရန်၊ သမ္မာတရားကို နားလည်ပြီး မိမိတို့ကိုယ်ကို အသွင်ပြောင်းလဲရန်အတွက် တရားဒေသနာများကို နာယူကြသည်။ ၎င်းတို့သည် သမ္မာတရားကို စိတ်နှလုံးထဲတွင် လက်ခံကြပြီး ယင်းကို လက်တွေ့လုပ်ဆောင်သောအခါ ၎င်းတို့နားလည်သော သမ္မာတရားက ၎င်းတို့ကို အကျိုးပြုလေသည်။ သမ္မာတရားကို နားလည်ခြင်းက လမ်းကြောင်းတစ်ခုကို ပေးစွမ်း၏။ သမ္မာတရားကို မလိုက်စားသော သူတို့အနေဖြင့် တရား‌ဒေသနာများကို မရေမရာပုံစံဖြင့် နာယူကြသည်။ ၎င်းတို့သည် ဒေသနာတစ်ပုဒ်လုံးကို အစအဆုံး နားထောင်မည်ဖြစ်ပြီး၊ ထို့နောက် ၎င်းတို့ မည်သည့်အရာ နားလည်လိုက်ကြောင်း သင်မေးသောအခါ ၎င်းတို့က “ကျွန်ုပ် ထိုအရာအားလုံးကို နားလည်သည်။ အကုန်လုံးကို မှတ်စုများ ရှင်းရှင်းလင်းလင်း ယူထားသည်” ဟု ပြောကြမည်ဖြစ်သည်။ သို့သော် ဤအရာက ၎င်းတို့ကို မည်ကဲ့သို့ အကူအညီပေးကြောင်း သင်မေးလျှင် ၎င်းတို့က ယင်းသည် အတော်ပင် အကူအညီဖြစ်စေသည်ဟုသာ ဝိုးတိုးဝါးတား ဆိုကြမည်ဖြစ်သည်။ ဤအရာက အမှန်ပင် အကူအညီပေးသလော။ မပေးချေ၊ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် တရားဒေသနာ၏ သမ္မာတရားများကို မဆည်းပူးမိကြပေ။ အဘယ့်ကြောင့် ၎င်းတို့ မဆည်းပူးမိကြသနည်း။ ၎င်းတို့သည် ယင်းကို လက်မခံရသေးသောကြောင့် အဘယ်သို့ ဆည်းပူးနိုင်မည်နည်း။ လူအချို့က “၎င်းတို့က ယင်းကို အဘယ်သို့ မဆည်းပူးမိဘဲ နေမည်နည်း။ ယင်းကို အဘယ်သို့ လက်မခံရသေးဘဲ နေမည်နည်း။ ၎င်းတို့သည် အလွန်အာရုံစိုက်လျက် နားထောင်ပြီး မှတ်စုများပင် ယူထားကြသည်” ဟု ဆိုသည်။ လူအချို့က လုပ်ရိုးလုပ်စဉ်အလို့ငှာသာ မှတ်စုယူပြီး သမ္မာတရားကို တောင်းတသောကြောင့် မဟုတ်ပေ။ သမ္မာတရားကို မိတ်သဟာယပြုသောသူ အချို့က သမ္မာတရားကို သေချာပေါက် လက်ခံကောင်း လက်ခံကြမည်မဟုတ်ပေ။ ယင်းသည် ၎င်းတို့၏ စိတ်နှလုံးက သမ္မာတရားကို အမှန်တကယ် တောင်းတခြင်း ရှိမရှိအပေါ် မူတည်၏။ သို့ဆိုလျှင် သမ္မာတရားကို အမှန်တကယ် လက်ခံခြင်းဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ လူတစ်ဦးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအား ဖတ်ရှုပြီးနောက် သူကိုယ်တိုင်၏ အခြေအနေ၊ သူကိုယ်တိုင်၏ အနေအထိုင်နှင့် လုပ်ဆောင်ချက်များ၊ ဘုရားသခင်အား ယုံကြည်ခြင်းဟူသည့် စည်းမျဉ်းများ၊ ဘုရားသခင်ပေးထားသည့် တာဝန်ပေးစေခိုင်းချက်များနှင့် တာဝန်ဝတ္တရားများအပြင် ၎င်းတို့လျှောက်နေသော လမ်းကြောင်းတို့နှင့် ချိန်ညှိနိုင်ခြင်းကို ဆိုလိုသည်။ ၎င်းတို့သည် ဤအရာများအားလုံးနှင့် စပ်လျဉ်း၍ မိမိတို့ကိုယ်ကို ပြန်၍ဆင်ခြင်နိုင်သည်၊ ယင်းတို့ကို ရှင်းလင်းစွာ ပိုင်းခြားသိမြင်သည်၊ သမ္မာတရားအား သိနားလည်မှုကို ရရှိနိုင်သည်၊ ထို့နောက် ထိုအရာကို လက်တွေ့လုပ်ဆောင်ပြီး ထိုအရာထဲသို့ ဝင်ရောက်နိုင်သည်။ ဤသည်သာလျှင် သမ္မာတရားကို လက်ခံသောသူ ဖြစ်၏။ ဤသည်သာလျှင် သမ္မာတရားကို လိုက်စားသောသူ ဖြစ်၏။

သေးငယ်သော ဝိညာဉ်ရင့်သန်မှုရှိသည့် လူတို့၏ သရုပ်သကန်များကို ယခုတင် ဆွေးနွေးခဲ့ကြသည်။ သမ္မာတရား နားလည်ခြင်းဟူသည့် ဖြည်းညင်းသော ဖြစ်စဉ်၌ လူတို့သည် မိုက်မဲမှု၊ မသိနားမလည်မှု၊ မဝံ့ရဲမှုနှင့် အားနည်းမှုစသည့် ၎င်းတို့၏ သေးငယ်သော ဝိညာဉ်ရင့်သန်မှုနှင့်ဆိုင်သည့် အရေးကိစ္စများကို တဖြည်းဖြည်းချင်း ဖြေရှင်းကြမည်ဖြစ်သည်။ အားနည်းမှုဟူသည်မှာ မည်သည့်အရာကို ရည်ညွှန်းသနည်း။ ယင်းမှာ ဘုရားသခင်အပေါ် သင်၏ယုံကြည်မှု အစိတ်အပိုင်းက အထူးသဖြင့် သေးငယ်ခြင်းကို ဆိုလိုသည်။ ဘုရားသခင်အပေါ် သင်၏ယုံကြည်မှုက အလွန် နည်းပါးခြင်းဖြစ်သည်။ သြဝါဒအပိုင်းတွင် သင်သည် ဘုရားသခင်က အရာရာကို ပြီးမြောက်အောင်မြင်နိုင်ကြောင်း၊ သူသည် အရာခပ်သိမ်းကို အချုပ်အခြာအာဏာဖြင့် အုပ်စိုးနေကြောင်း သင် ယုံကြည်သော်လည်း တကယ့်အခြေအနေများနှင့် ရင်ဆိုင်ရသောအခါ သင်သည် ဘုရားသခင်ကို မယုံကြည်ဝံ့တော့ပေ။ အရာရာကို သူ့ထံ စိတ်နှလုံးအကြွင်းမဲ့ မပုံအပ်ရဲတော့သည့်အပြင် ကျိုးနွံနာခံခြင်း မရှိနိုင်ပေ။ ဤသည်မှာ အားနည်းမှုဖြစ်၏။ လူတို့၏ မိုက်မဲမှု၊ မသိနားမလည်မှု၊ မဝံ့ရဲမှုနှင့် ပုန်ကန်တတ်ခြင်းဟူသည့် ဤအပျက်သဘောဆောင်သော အရာများကို တာဝန်ထမ်းဆောင်ရာ၌ သမ္မာတရားအား ရှာဖွေခြင်းအားဖြင့် တဖြည်းဖြည်းချင်းသာ ဖြေရှင်းနိုင်သည် သို့မဟုတ် မတူညီသော အတိုင်းအတာများအထိသာ တိုးတက်လာနိုင်သည်။ တိုးတက်လာခြင်းဟူသည် မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ အပျက်သဘောဆောင်သော ဤအရာများက တဖြည်းဖြည်းချင်း ပြေလည်သွားခြင်းကို ဆိုလိုသည်။ သင်၏ တာဝန်ထမ်းဆောင်မှု ရလဒ်များက ပို၍ပို၍ ကောင်းမွန်လာပြီး အခြေအနေများနှင့် ရင်ဆိုင်ရသောအခါ ယခင် သည်းခံနိုင်သည်ထက် ပို၍ သည်းခံနိုင်ခြင်း ဖြစ်သည်။ သာဓကအားဖြင့်၊ အတိတ်တွင် ထိုကဲ့သို့သော အခြေအနေများနှင့် ထိပ်တိုက်တွေ့ဆုံသောအခါ သင်၏ သေးငယ်သော ဝိညာဉ်ရင့်သန်မှုကြောင့် သင်သည် အားနည်းပေမည်၊ အပျက်သဘောဆောင်လာပေမည်၊ ထို့ပြင် ယင်းက တာဝန်ထမ်းဆောင်မှုအပေါ် သင်၏သဘောထားကိုပင် ထိခိုက်ပေမည်။ သင်သည် ဝုန်းဒိုင်းကြဲချင်ကြဲမည်၊ တာဝန်များကို လက်လျှော့ချင်လျှော့မည်၊ နမော်နမဲ့နှင့် ဝတ်ကျေတမ်းကျေ ဖြစ်ချင်ဖြစ်မည်၊ ထို့ပြင် သစ္စာစောင့်သိခြင်းကို ပြချင်မှပြမည် ဖြစ်သည်။ ယခုတွင် ထိုကဲ့သို့သော အခြေအနေများနှင့် ရင်ဆိုင်ရသောအခါ တာဝန်ထမ်းဆောင်ခြင်းအပေါ် သင်၏ သစ္စာစောင့်သိမှု အတိုင်းအတာမှာ လျော့နည်းမသွားပေ။ အကယ်၍ သင်သည် စိတ်နှလုံးထဲတွင် အခက်အခဲများ သို့မဟုတ် အားနည်းမှုများ ရှိပါက ယင်းတို့ကိုဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေနိုင်သည်။ ဆိုလိုသည်မှာ အသက်ဝင်ရောက်မှုနှင့်ဆိုင်သည့် အရေးကိစ္စသည် သင်၏ တာဝန်ထမ်းဆောင်မှုကို နောက်ထပ် ထိခိုက်မည်မဟုတ်ပေ။ သင်၏ စိတ်ထားများ၊ သင်၏ အခြေအနေနှင့် သင်၏ အားနည်းမှုက သင်၏ သတ်မှတ်ထားသော အလုပ်ကို နောက်ထပ် ထိခိုက်မည် မဟုတ်သကဲ့သို့ ယင်းတို့က သင်၏ အလုပ်တာဝန်များ၊ တာဝန်များနှင့် ဝတ္တရားများကိုလည်း ထိခိုက်မည်မဟုတ်ပေ။ ဤသည်မှာ အရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းပြီး ပြင်ပဖြစ်ရပ်များအား ခန့်ခွဲနိုင်မည့် သင်၏အစွမ်းအစ တိုးပွားလာမှု မဟုတ်လော။ ဤသည်မှာ ဝိညာဉ်ရင့်သန်မှုပိုင်းတွင် တိုးတက်ခြင်းဖြစ်၏။ လူအချို့က ခေါင်းဆောင်နေရာတွင် သရုပ်ဆောင်ရန် တောင်းဆိုခံရလျှင် အလွန်ပျော်သွားပြီး လေထဲမြောက်နေသကဲ့သို့ပင် လမ်းလျှောက်ကြသည်။ သို့သော် နောက်တော်ပါအဖွဲ့ဝင်အဖြစ် သရုပ်ဆောင်ဖို့ တောင်းဆိုခံရလျှင် အင်တင်တင်ဖြစ်ပြီး သုန်မှုန်လာကြကာ ခေါင်းငိုက်စိုက်ဖြင့် လမ်းလျှောက်ကြသည်။ လူအချို့သည် ဧဝံဂေလိဖြန့်ဝေသောအခါ အမြဲတမ်း ထင်ပေါ်ချင်ကြသော်လည်း သမ္မာတရားကို မိတ်သဟာယ မပြုနိုင်ကြပေ။ ၎င်းတို့သည် လေ့ကျင့်မှုကို မလုပ်ဆောင်သော်လည်း မြင့်သောနေရာများ၌ အမြဲရပ်ပြီး မျက်နှာပြချင်ကြသေးသည်။ ဤသည်မှာ စစ်မှန်သော ကျိုးနွံနာခံမှုလော။ ဤသည်မှာ မိမိ၏တာဝန်အား ထမ်းဆောင်ခြင်းအပေါ် မှန်ကန်သောသဘောထား ဟုတ်သလော။ လူတစ်ဦး၏ စိတ်ထားမမှန်ကန်ဘဲ သူ၏ အခြေအနေ မှားယွင်းသောအခါ သူသည် ဖြေရှင်းချက်အတွက် သမ္မာတရားကို ရှာဖွေသင့်ပြီး မည်သည့်အခြေအနေ ပေါ်ပေါက်သည်ဖြစ်စေ နောက်ဆုံးတွင် သမ္မာတရားကို ရှာဖွေပြီး လက်တွေ့လုပ်ဆောင်နိုင်သင့်သည်။ ဤသည်မှာ အသက်အတွေ့အကြုံရှိခြင်း ဖြစ်၏။ သင်သည် အရေးကိစ္စမျိုးစုံကို ပိုင်းခြားသိမြင်နိုင်သည်နှင့် ခံနိုင်ရည်ရရှိပြီး ဖြစ်သည်။ သင် မည်သည့်အရာကို ကြုံတွေ့သည်ဖြစ်စေ၊ သို့မဟုတ် ထိုအရာ ဖြစ်ပျက်သောအခါ၌ဖြစ်စေ ယင်းက သင်၏ တာဝန်ထမ်းဆောင်မှုကို ထိခိုက်မည်မဟုတ်ပေ။ သင်၏ ထမ်းဆောင်မှုကိုလည်း မည်သည့် အသေးအဖွဲ့ကိစ္စ၊ မည်သည့်ပေါ့တန်သော စိတ်ထား၊ သို့မဟုတ် လူတို့ထဲက အပြောင်းအလဲများ၊ အဖြစ်အပျက်များ၊ အမှုအရာများနှင့် အနေအထားများကမျှ ထိခိုက်မည်မဟုတ်ပေ။ သင်၏ အပြစ်ကို ကျော်လွှားနိုင်စွမ်းနှင့် အမျိုးမျိုးသော အနေအထားများနှင့် စိတ်ထားများကို ကျော်လွှားနိုင်စွမ်းက ပို၍ အားကောင်းလာမည်။ ဤသည်မှာ သင်၏ ဝိညာဉ်ရင့်သန်မှုက တိုးပွားလာသည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ဝိညာဉ်ရင့်သန်မှုသည် မည်ကဲ့သို့ တိုးပွားသနည်း။ ယင်းမှာ လူတို့က ပြဿနာများကို ဖြေရှင်းဖို့အတွက် သမ္မာတရားကို ရှာဖွေခြင်းအားဖြင့် သမ္မာတရားစစ်မှန်မှုထဲသို့ တဖြည်းဖြည်း ဝင်ရောက်သောအခါ၌ ရရှိသည့် ရလဒ်ပင်ဖြစ်သည်။ သင်သည် သမ္မာတရားအချို့ကို နားလည်ပြီး ဤသမ္မာတရားများက သင့်အသက်၊ သင့်အနေအထိုင်၏ အခြေခံအုတ်မြစ်၊ အရေးကိစ္စများကို စောင့်ကြည့်ဖို့အတွက် သင်၏ရှုထောင့်အမြင်နှင့် သင်၏ လမ်းပြအလင်း ဖြစ်လာကြသည်နှင့်တစ်ပြိုင်နက် သင်သည် ဒဏ်ခံနိုင်လာမည် ဖြစ်သည်။ မကြာခဏ အားနည်းတော့မည်မဟုတ်။ ဥပမာ၊ သင်သည် ယခင်က ခေါင်းဆောင်တစ်ဦးအဖြစ် ခန့်အပ်ခံခဲ့ပါက အလွန်ပျော်ရွှင်မည်ဖြစ်သည်။ အကယ်၍ သင့်ကို လူစားထိုးခဲ့လျှင် သင်သည် တစ်လနှစ်လခန့် အပျက်သဘောဆောင်ကာ၊ သင့်ကို တစ်ခုခုလုပ်ဆောင်ရန် တောင်းဆိုခံခဲ့ရပါက လုပ်ချင်စိတ် ရှိမည်မဟုတ်၊ မည်သည့်လုပ်ငန်းတာဝန်ကိုမဆို အပျက်သဘောဆောင်သော သဘောထားဖြင့် ထမ်းဆောင်လျက် လုံးလုံးလျားလျား စွန့်လွှတ်သည်အထိပင် နမော်နမဲ့နှင့် ဝတ်ကျေတမ်းကျေ ပုံစံဖြင့် ပြုမူခဲ့မည် ဖြစ်သည်။ ယခုမူ သင်သည် လူစားထိုးခံရတော့မည်ဆိုလျှင် သင်သည် “ကျွန်ုပ်ကို လူစားထိုးလျှင်ပင် ကျွန်ုပ်ကို ထိခိုက်မည်မဟုတ်။ ကျွန်ုပ်သည် တစ်ရက်တစ်လေမျှ အပျက်သဘောဆောင်မည် မဟုတ်။ ကျွန်ုပ်ကို ယနေ့ လူစားထိုးလျှင် ကျွန်ုပ် မနက်ဖြန် ပြုလုပ်သင့်သည့်အရာကို ဆက်လုပ်မည်။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအမံများကို ကျွန်ုပ်လက်ခံပြီး ကျိုးနွံနာခံပါသည်” ဟု ပြောမည် ဖြစ်သည်။ ဤသည်မှာ ဒဏ်ခံနိုင်ခြင်းပင်ဖြစ်၏။ ဤဒဏ်ခံနိုင်ခြင်းက မည်ကဲ့သို့ ဖြစ်ပေါ်လာသနည်း။ အကယ်၍ သင်သည် သမ္မာတရားကို မလိုက်စားဘဲ အမှုကိစ္စများကို ရင်ဆိုင်ရသောအခါ ဖြေရှင်းချက်အတွက် သမ္မာတရားကို မရှာဖွေသည့်အပြင် စည်းမျဉ်းများဖြင့် ပြုမူလုပ်ဆောင်ခြင်းကို အာရုံမစိုက်ပါက သင်သည် ဤဝိညာဉ်ရင့်သန်မှု ရှိလိမ့်မည်လော။ သင်သည် လောကကြီးကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် မယုံကြည်သူများ၏ အတွေးအခေါ်များအတိုင်း အသက်ရှင်ပါက မည်သည့်အခါမျှ ဒဏ်ခံနိုင်မည်မဟုတ်ပေ။ သမ္မာတရားအတိုင်း အသက်ရှင်မှသာလျှင် မာန်မာန၊ အဆင့်အတန်းနှင့် ဝင့်ဝါမှုတို့ကို တဖြည်းဖြည်းချင်း လက်လွှတ်နိုင်မည်ဖြစ်ကာ၊ ဤသို့ဖြင့် အဆုံးတွင် မည်သည့်အရာကမျှ သင့်ကို မပြိုလဲစေနိုင်သည့်အပြင် မည်သည့်အရာကမျှ တာဝန်များကို ကောင်းစွာ ထမ်းဆောင်ရာ၌ သင့်အား ထိခိုက်စေနိုင်မည် မဟုတ်ပေ။ ဤသည်မှာ ဝိညာဉ်ရင့်သန်မှုရှိခြင်း ဖြစ်သည်။ ယင်းမှာ ဒဏ်ခံနိုင်ခြင်း ဖြစ်သည်။ သင်သည် ဒဏ်ခံနိုင်ပြီး သင်၏ ဝိညာဉ်ရင့်သန်မှု ကြီးထွားလာသောအခါ သင်သည် သင်၏တာဝန်များကို စံချိန်မီအောင် ပို၍ပို၍ ထမ်းဆောင်သည်မဟုတ်လော။ သင်သည် တာဝန်များကို ပြည့်မီစွာ ထမ်းဆောင်သောအခါ ယင်းမှာ သင်၌ ဝိညာဉ်ရင့်သန်မှု တစ်ခုခု ရှိပြီးသားဖြစ်ကြောင်း ဆိုလိုသည်မဟုတ်လော။ ဤဝိညာဉ်ရင့်သန်မှုတွင် မည်သည့်အရာ ပါဝင်သနည်း။ ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်း၊ ဘုရားသခင်အား စစ်မှန်သော ကျိုးနွံနာခံမှုနှင့် ဘုရားသခင်အပေါ် သစ္စာစောင့်သိမှုသာမက သင်၏ တာဝန်များကို မှန်ကန်စွာ သဘောထားနိုင်စွမ်းတို့ ဖြစ်သည်။ ဖြစ်ပျက်သည့် မည်သည့်အရာကိုမဆို ဘုရားသခင်ထံမှ လာသည်ဟု လက်ခံရရှိခြင်းနှင့် ဘုရားသခင်အား ကျိုးနွံနာခံနိုင်ခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်နိုင်ခြင်းတို့ ဖြစ်သည်။ ဤသည်တို့မှာ ဝိညာဉ်ရင့်သန်မှု ကြီးထွားခြင်း၏ သရုပ်သကန်များပင် ဖြစ်၏။

ယခုတွင် သင်တို့သည် ကယ်တင်ခံရခြင်းကို လုပ်ငန်းစဉ်ထဲတွင် ထည့်သွင်းဖို့လိုကြောင်းနှင့် သင်သည် ယင်းနှင့်ပတ်သက်၍ နောက်ထပ် မရေမရာဖြစ်၍ မရတော့ကြောင်း သင်၏အသိဉာဏ်ထဲ၌ ခံစားမိပြီလော။ သမ္မာတရား တစ်ခုချင်းစီတိုင်းကို နားလည်ခြင်းသည် ကယ်တင်ခံရခြင်းအတွက် အလွန်အမင်း အရေးကြီး၏။ သင်သည် မည်သည့်သမ္မာတရား တစ်ခုတစ်လေနှင့်မျှပတ်သက်၍ မရေမရာဖြစ်၍ မရပေ။ ဘုရားသခင်အား ယုံကြည်ခြင်းသည် အနည်းငယ် လုံ့လစိုက်ထုတ်ခြင်း၊ လွန်စွာ အလုပ်ရှုပ်ခြင်း၊ ဆင်းရဲဒုက္ခအနည်းငယ်ကို ကြံ့ကြံ့ခံခြင်းနှင့် စမ်းသပ်မှုများကြားတွင် မလဲကျဘဲ သည်းခံကြိုးပမ်းနိုင်ခြင်းမျှသာ မဟုတ်ပေ။ အကယ်၍ ဘုရားသခင်ကို ယုံကြည်သောလူတို့သည် ကယ်တင်ခံရခြင်းကို အသက်တာ၌ အရေးပါသောကိစ္စအဖြစ် အမှန်တကယ် မှတ်ယူပြီး သမ္မာတရားရရှိခြင်းကို အသက်တာ၌ အရေးပါသောကိစ္စအဖြစ် သဘောထားပါက ၎င်းတို့သည် မည်သည့်အရာကိုမဆို လက်လွှတ်နိုင်မည် ဖြစ်သည်။ လက်လွှတ်ခြင်းသည် ၎င်းတို့အတွက် လွယ်ကူမည်ဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် ကယ်တင်ခံရဖို့ အဘယ်မျှအရေးကြီးကြောင်း မခံစားမိသေးလျှင် ယင်းမှာ မိုက်မဲပြီး မသိနားမလည်ရာကျ၏။ ၎င်းတို့၏ ယုံကြည်ခြင်းက သေးငယ်လွန်းပြီး ၎င်းတို့သည် သေရေးရှင်ရေးဖြစ်နေသော လက္ခဏာဖြင့် အသက်ရှင်နေကြသေးသည်။ အကယ်၍ တစ်စုံတစ်ဦးသည် သမ္မာတရားကို မချစ်ပါက သူ့အနေဖြင့် ပြည့်မီသော တာဝန်ထမ်းဆောင်မှုကို ရရှိဖို့ ခက်ခဲမည်ဖြစ်သည်။ ဤသည်မှာ လူတစ်ဦးသည် ပြည့်မီသော တာဝန်ထမ်ဆောင်မှုကို ရရှိဖို့အတွက် သမ္မာတရားများစွာကို နားလည်ရန်နှင့် သမ္မာတရားများစွာထဲသို့ ဝင်ရောက်ရန်လည်း လိုအပ်သောကြောင့် ဖြစ်သည်။ သမ္မာတရားအား နားလည်ခြင်းနှင့် ဝင်ရောက်ခြင်းဖြစ်စဉ်တွင် လူတစ်ဦး ထမ်းဆောင်သော တာဝန်သည် တဖြည်းဖြည်းချင်း ပြည့်မီလာမည် ဖြစ်သည်။ ၎င်းတို့၏ အားနည်းချက်အမျိုးမျိုးက တဖြည်းဖြည်းချင်း ပြောင်းလဲသွားမည် ဖြစ်သည့်အပြင် ၎င်းတို့၏ အခြေအနေအမျိုးမျိုးသည်လည်း တဖြည်းဖြည်းချင်း တိုးတက်မည် ဖြစ်သည်။ သမ္မာတရားအား နားလည်ခြင်းနှင့် သမ္မာတရားစစ်မှန်မှုထဲ ဝင်ရောက်ခြင်းဖြစ်စဉ်တွင် လူတစ်ဦးသည် ဘုရားသခင်အား ယုံကြည်ခြင်းနှင့် ကယ်တင်ခံရခြင်းတို့နှင့် စပ်လျဉ်းသည့် ရူပါရုံနှင့် ပတ်သက်၍ မိမိ၏စိတ်ထဲတွင် ပို၍ပို၍ ရှင်းလင်းမည်ဖြစ်ကာ၊ တစ်ချိန်တည်းမှာပင် ကယ်တင်ခံရဖို့အတွက် မိမိ၏ အလိုဆန္ဒနှင့် တောင်းဆိုမှုတို့မှာ ပို၍ပို၍ အရေးတကြီးဖြစ်လာမည် ဖြစ်သည်။ အရေးတကြီးဟုဆိုခြင်းဖြင့် မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ ကယ်တင်ခံရခြင်းသည် အရေးတကြီးကိစ္စ၊ အလွန်အမင်း အ‌ရေးကြီးသောကိစ္စဖြစ်ကြောင်း၊ ထို့ပြင် သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မဖြေရှင်းပါက အလွန်အန္တရာယ်ရှိပြီး ကယ်တင်ခြင်းကို သင် မရရှိနိုင်ကြောင်း သင်ခံစားရနိုင်ခြင်းကို ဆိုလိုသည်။ ဤသည်မှာ အရေးတကြီးဖြစ်ခြင်း အသိကို စွဲလမ်းနေသည့် စိတ်ထားမျိုးဖြစ်၏။ အစကနဦးတွင် သင်၌ ကယ်တင်ခံရခြင်း သို့မဟုတ် စုံလင်အောင်အပြုခံရခြင်းဟူသည့် ယူဆချက်မရှိပေ။ တဖြည်းဖြည်းချင်းဖြင့် လူသားများ၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိပြီး ၎င်းတို့အား ကယ်တင်ဖို့ ဘုရားသခင်ကို လိုအပ်ကြောင်း သင်နားလည်လာသည်။ လူတို့သည် အပြစ်တရား၌ အသက်ရှင်လျက် လွတ်မြောက်ခြင်းမရှိဘဲ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၌ ပိတ်မိကာ လွန်ကဲသော ဆင်းရဲဒုက္ခနှင့်ပြည့်သည့် ဘဝကို နေထိုင်ရကြောင်းနှင့်၊ ၎င်းတို့သည် အနှေးနှင့်အမြန်ဆိုသလို စာတန်၏ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းဖြင့် ဖယ်ရှားခံရမည်ဖြစ်ကြောင်း သင် တွေ့ရှိရသည်။ သင်သည် အဘယ်သို့ ဒဏ်ခံနိုင်သည် သို့မဟုတ် စိတ်ပိုင်းဖြတ်ထားသည်ဖြစ်စေ သင်သည် ဘုရားသခင်နောက်ကို အဆုံးတိုင်အောင် လိုက်မည်ဟု အာမမခံနိုင်သကဲ့သို့ လူသားများသည် မိမိတို့ဘာသာ ခိုင်မာစွာ မရပ်တည်နိုင်ကြောင်း၊ သင်သည် သမ္မာတရားကို လိုက်စားရမည်၊ သမ္မာတရားကို နားလည်ပြီး မိမိကိုယ်ကို သိဖို့အတွက် တရားစီရင်မှု၊ ပြစ်တင်ဆုံးမမှု၊ စမ်းသပ်မှုများနှင့် စစ်‌ဆေးမှုများကို တွေ့ကြုံရမည်ဖြစ်ကြောင်းနှင့်၊ ထိုမှသာ သင်သည် ဘုရားသခင်နောက်သို့ အဆုံးတိုင်အောင် လိုက်ဖို့ စိတ်ဓာတ်ကြံ့ခိုင်မှု ရှိမည်ဖြစ်ကြောင်း သဘော‌ပေါက်သည်။ သင်သည် ကယ်တင်ခံရခြင်းနှင့်ပတ်သက်၍ အရေးတကြီးဖြစ်ခြင်း တစ်ခုခုကို စတင်၍ ခံစားမိသည်မှာ ဤအဆင့်တွင်ဖြစ်သည်။ သမ္မာတရားကို နားလည်ခြင်းသည် ကယ်တင်ခံရခြင်းအတွက် အရေးပါ၏။ သမ္မာတရားကို လိုက်စားခြင်းသည် လူတစ်ဦး မည်သည့်အခါမျှ မစွန့်ပစ်ရမည့် သို့မဟုတ် လျစ်လျူမရှုရမည့် အရေးပါသော ကိစ္စတစ်ခု ဖြစ်၏။ သင်သည် သမ္မာတရားကို လိုက်စားခြင်းရှိမရှိ ဟူသည့်အရာ၌ ကယ်တင်ခံရခြင်းနှင့် တိုက်ရိုက်ဆက်နွှယ်မှု ရှိပြီး ယင်းမှာ သင်သည် ဘုရားသခင်၏ စုံလင်အောင်အပြုခံရနိုင်ခြင်း ရှိမရှိ ဟူသည့်အရာနှင့် ခွဲခြားမရနိုင်အောင် ဆက်စပ်နေသည်။ သင်၏ တာဝန်ထမ်းဆောင်ခြင်း ဖြစ်စဉ်တွင် သင်ကြုံတွေ့ရသည့် ပြဿနာများနှင့် အခက်အခဲများ အားလုံးကို သမ္မာတရားအား ရှာဖွေခြင်းဖြင့် ဖြေရှင်းရမည်ဖြစ်သည်။ သင်၏ အားနည်းမှု၊ မသိနားမလည်ခြင်းနှင့် မိုက်မဲခြင်းတို့သည်လည်း တဖြည်းဖြည်းချင်း ပြောင်းလဲသွားမည် ဖြစ်သည်။ ဤပြောင်းလဲမှုက မည်သည့်အရာကို ရည်ညွှန်းသနည်း။ ယင်းမှာ သင်၏ အပြစ်တရားအား ကျော်လွှားနိုင်စွမ်းသည် ပို၍အားကောင်းလာပြီး သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ဆိုးယုတ်သော အမှုအရာများအား ပို၍ပို၍ သတိထားတုန့်ပြန်တတ်လာသည်ကို ဆိုလိုသည်။ သင်သည် ပိုင်းခြားသိမြင်မှုကို ပို၍ ရရှိနေပြီး ဤကိစ္စများအပေါ် သင်၏စိတ်နှလုံးထဲတွင် တွေးတောနေသည်။ လတ်တလောတွင် လူအချို့သည် ဤအမြင်ပွင့်ခြင်း ကင်းမဲ့နေသေးပြီး အပြစ်တရား၊ မကောင်းမှု သို့မဟုတ် ဆိုးယုတ်သော အမှုအရာများကို တွေ့မြင်သောအခါ ဘာမျှမခံစားကြ။ ဤသည်မှာ လက်မခံနိုင်စရာ ဖြစ်ပြီး ၎င်းတို့၏ ဝိညာဉ်ရင့်သန်မှုက အ‌တော်ပင် အလှမ်းဝေးနေကြောင်း ပြသည်။ အခြားသူများအချို့တွင် ခံစားမှုများ မရှိ၊ ပိုင်းခြားသိမြင်မှု မရှိသည့်အပြင် အပြစ်ရှိသော အပြုအမူအမျိုးမျိုးနှင့် စာတန်၏ အကျည်းတန်သော လက္ခဏာသွင်ပြင်အမျိုးမျိုးအပေါ် စစ်မှန်သောအမုန်း တစိုးတစိမျှပင် မရှိကြချေ။ ထိုသူတို့၌ မိမိတို့၏ လုပ်ဆောင်ချက်များနှင့် မိမိတို့ထုတ်ဖော်သည့် ယိုယွင်းခြင်းသာမက ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် မိမိတို့၏ နက်ရှိုင်းသော စိတ်နှလုံးအတွင်းရှိ အကျည်းတန်သော အရာများအတွက် မည်သည့်အမုန်းကိုမျှ မဆိုနှင့်၊ မည်သည့်အမြင်ပွင့်ခြင်း သို့မဟုတ် မည်သည့်ပိုင်းခြားသိမြင်မှုမျှလည်း မရှိကြ။ ဤလူတို့သည် ဝိညာဉ်ရင့်သန်မှုရှိခြင်းမှ အလှမ်းဝေးနေကြသေးသည်။ သို့ရာတွင် ကွာဟချက်က အဘယ်မျှ ဝေးကွာသည်ဖြစ်စေ၊ လူတစ်ဦးသည် အဘယ်မျှ အားနည်းသည်ဖြစ်စေ သို့မဟုတ် သူ၏ ဝိညာဉ်ရင့်သန်မှုက လောလောဆယ်တွင် အဘယ်မျှ သေးငယ်သည်ဖြစ်စေ ဤသည်မှာ ပြဿနာမဟုတ်၊ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် လူတို့အား ဤအရေးကိစ္စများကို ဖြေရှင်းဖို့အတွက် လမ်းကြောင်းနှင့် ဦးတည်ချက်ကို စီစဉ်ပေးထားပြီး ဖြစ်သည်။ သင်သည် ပြည့်မီစွာ တာဝန်ထမ်းဆောင်မှုနှင့်ဆိုင်သည့် စံချိန်စံညွှန်းကို တဖြည်းဖြည်းချင်း ရောက်ရှိသည်နှင့်အမျှ သင်သည် သမ္မာတရားအား နားလည်ခြင်းနှင့် သမ္မာတရား စစ်မှန်မှုများထဲသို့ ဝင်ရောက်ခြင်းကိုလည်း လိုက်စားနေပေသည်။ သမ္မာတရားအား နားလည်ခြင်းနှင့် သမ္မာတရား စစ်မှန်မှုများထဲ ဝင်ရောက်ခြင်းကို သင်လိုက်စားသည်နှင့်အမျှ သင်၏ အပြစ်တရားအား ကျော်လွှားနိုင်စွမ်းမှာ ပို၍ အားကောင်းလာပြီး သင်၏ မကောင်းသော အမှုအရာများအား ပိုင်းခြားသိမြင်နိုင်စွမ်းမှာလည်း တိုးပွားလာကာ၊ ထိုသို့ဖြင့် သင်၏ အားနည်းမှုနှင့် ပုန်ကန်တတ်ခြင်းမှာ အတိုင်းအတာအမျိုးမျိုးအထိ ပြေလည်သွားလေသည်။ ဥပမာ၊ သင်၏ ဝိညာဉ်ရင့်သန်မှု သေးငယ်နေပြီး အခြေအနေတစ်ခုကို ကြုံတွေ့ရသောအခါ သင်သည် ယင်းက မကောင်းကြောင်း သိလျှင်ပင် သင်သည် ထိုအရာအားဖြင့် ချုပ်ထိန်းခြင်းနှင့် ချည်နှောင်ခြင်းကို ခံချင်ခံရဦးမည် ဖြစ်ပြီး ထိုအရာထဲ၌ပင် ပါဝင်ချင်ပါဝင်ဦးမည် ဖြစ်သည်။ သင်သည် သမ္မာတရားကို နားလည်ပြီး သမ္မာတရားအချို့ကို လက်တွေ့လုပ်ဆောင်နိုင်သောအခါ သင်၏စိတ်နှလုံးထဲတွင် ထိုကဲ့သို့သော အရေးကိစ္စများကို မုန်းတီးစက်ဆုပ်သည့်အပြင် သင်သည် ယင်းတို့ကိုလည်း ငြင်းပယ်သည့်အပြင် ပါဝင်ဖို့ငြင်းဆန်မည် ဖြစ်သည်။ တစ်ချိန်တည်းတွင်လည်း အခြားသူများအား ယင်းတို့မှနေ၍ လွတ်မြောက်အောင် ကူညီမည်ဖြစ်သည်။ ဤသည်မှာ တိုးတက်မှုဖြစ်၏။ ဤသည်မှာ ဝိညာဉ်ရင့်သန်မှု တိုးပွားခြင်းဖြစ်၏။ ဝိညာဉ်ရင့်သန်မှု တိုးပွားခြင်း၏ ပြယုဂ်များမှာ အဘယ်နည်း။ ပထမဆုံးအနေဖြင့် တာဝန်ဖြည့်ဆည်းခြင်းအပေါ် အလေးထားမှုရှိကာ၊ နမော်နမဲ့ သို့မဟုတ် ဝတ်ကျေတမ်းကျေ အပြုအမူမရှိတော့ချေ။ ထို့အပြင် ဘုရားသခင်အပေါ် လူတစ်ဦး၏ ယုံကြည်ခြင်းသည် ပို၍ စစ်မှန်လာပြီး ပို၍ လက်တွေ့ကျလာကာ၊ ဘုရားသခင်အပေါ် စစ်မှန်သော ကျိုးနွံနာခံမှု ရှိလေသည်။ ထို့ထက်မက လူတစ်ဦးသည် စာတန်၏ စုံစမ်းသွေးဆောင်မှုများနှင့် နှောင့်ယှက်ဖျက်ဆီးမှုများကို ပိုင်းခြားသိမြင်နိုင်ပြီး အောင်မြင်ကျော်လွှားနိုင်သည်။ စာတန်က သူ့ကို နောက်ထပ် လှည့်စားနိုင်ခြင်း သို့မဟုတ် ထိန်းချုပ်နိုင်ခြင်း မရှိတော့သည့်အပြင် သူသည် စာတန်၏စွမ်းအားမှ လွတ်မြောက်နိုင်၏။ ဤအရာအားဖြင့် လူတစ်ဦးသည် ကယ်တင်ခံရခြင်းအတွက် စံချိန်စံညွှန်းကို အမှန်တကယ် ပြည့်မီပြီးဖြစ်လေသည်။

ယနေ့မိတ်သဟာယပြုချက်ပြီးနောက်တွင် သင်တို့သည် သင်တို့ထမ်းဆောင်သည့် တာဝန်များက အဆင့်မီခြင်းရှိမရှိ မည်ကဲ့သို့ တွက်ချက်ရမည်ကို သိပြီလော။ သိပြီဆိုလျှင် ယင်းက သင်၌ ဤသမ္မာတရားများအား နားလည်ခြင်းအနည်းငယ် ရှိပြီး တိုးတက်လာပြီ ဖြစ်ကြောင်း သက်သေပြသည်။ အကယ်၍ မသိလျှင် ယင်းက သင်သည် ပြောခဲ့သည့်အရာကို နားမလည်သေးဘဲ အဆင့်မမီသေးကြောင်း သက်သေပြသည်။ သင်သည် လက္ခဏာသွင်ပြင်နှစ်ရပ်တွင် ရှင်းလင်းမှု လိုအပ်သည်။ တစ်ခုမှာ မိမိကိုယ်ကို ပြန်လည်သုံးသပ်နိုင်စွမ်းနှင့် နောက်တစ်ခုမှာ အဆင့်မီရန်နှင့် လမ်းကြောင်းကိုသိရန်အတွက် မည်သို့ တာဝန်ထမ်း‌ဆောင်ရမည်ကို သိခြင်းပင်ဖြစ်သည်။ အတိတ်တွင် များသောအားဖြင့် အာရုံစိုက်ရာမှာ တာဝန်ထမ်းဆောင်မှုအပေါ် ဖြစ်ခဲ့ပြီး၊ တာဝန်အား ပြည့်မီစွာ ထမ်းဆောင်ခြင်းကိုမူ သိပ်မဖော်ပြခဲ့ကြပေ။ ယနေ့တွင်မူ အဓိကဆွေးနွေးချက်မှာ ပြည့်မီသော တာဝန်ထမ်းဆောင်မှုအတွက် စံချိန်စံညွှန်းများနှင့် ပတ်သက်နေသည်။ ပြည့်မီခြင်းအတွက် စံချိန်စံညွှန်းများနှင့် ဤလက္ခဏာသွင်ပြင်၌ ပါဝင်သည့် သမ္မာတရားအမျိုးမျိုးတို့ကို အခြေခံအားဖြင့် တကယ့်ကို ရှင်းရှင်းလင်းလင်း မိတ်သဟာယပြုပြီး ဖြစ်သည်။ ထို့အပြင် တာဝန်ထမ်းဆောင်ခြင်း ဖြစ်စဉ်တွင် မည်သည့်အရေးကိစ္စများကို ရှောင်သင့်ကြောင်းနှင့် မည်သည့်စည်းမျဉ်းများကို ထိန်းသိမ်းသင့်ကြောင်းကိုသာမက မလုပ်သင့်သည့် အမှားများဟူသည့် ဤအရာများအားလုံးမှာ အလွန်အရေးကြီး၏။ အထူးသဖြင့် အလှူငွေများကို မခိုးနှင့်၊ ချစ်မှုရေးရာ ဇာတ်လမ်းများ၌ မဆင်မခြင် မပါဝင်နှင့်၊ ပြီးလျှင် အလုပ်အစီအစဉ်များကို မဖီဆန်နှင့်။ အကယ်၍ ဤအမှားများကို ကျူးလွန်မိလျှင် သင်သည် လုံးဝ ဆုံးခန်းတိုင်ပြီဖြစ်သည်။ ကယ်တင်ခံရဖို့ မျှော်လင့်ချက် မရှိတော့ချေ။ ထို့ကြောင့် လမ်းကြောင်းမှားကို မလျှောက်နှင့်၊ ဒုစရိုက်သမား၏ လမ်းကြောင်းကို မလျှောက်လေနှင့်။ ထိုလမ်းမပေါ် ခြေချမိလိုက်သည်နှင့် အမှန်တကယ် မျှော်လင့်ချက်မရှိတော့ပေ။ သင့်ကို မည်သူမျှ မကယ်တင်နိုင်ပေ။ သင့်ကို ဘုရားသခင် မကယ်တင်ပါက သင့်ကိုယ်သင်လည်း မကယ်တင်နိုင်သည်မှာ အသေအချာပင်။ အကယ်၍ တစ်စုံတစ်ဦးသည် ထိုအဆင့်ကိုရောက်ပါက ယင်းမှာ စိုးရိမ်ရသော ပြဿနာတစ်ခု ဖြစ်သည်။ ပြန်လှည့်လာဖို့ မလွယ်ကူချေ။ ယင်းမှာ အခြေခံအားဖြင့် ဦးတည်ရာမဲ့သော လမ်းမဖြစ်ချေ၏။

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်

အရှေ့သို့- သမ္မာတရားကို နားလည်ခြင်းအားဖြင့်သာ ဘုရားသခင်၏လုပ်ဆောင်ချက်များကို သိနိုင်သည်

နောက်တစ်ခုသို့- ဧဝံဂေလိတရား ဖြန့်ဝေခြင်းသည် ကျင့်ဝတ်သိက္ခာအရ ယုံကြည်သူများအားလုံး မဖြစ်မနေလုပ်ရမည့် တာဝန်တစ်ခုဖြစ်သည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။