သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၂)

ငါတို့၏ ပြီးခဲ့သော စုဝေးပွဲတွင် သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ အဘယ်ဖြစ်ကြောင်း မိတ်သဟာယဖွဲ့ခဲ့သည်။ ပြန်လှန်ဆန်းစစ်ကြည့်ခြင်းအားဖြင့် စတင်ကြပါစို့။ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ အဘယ်နည်း။ ဤမေးခွန်းအတွက် သင်တို့တွင် အဖြေရှိသလော။ ယခင်အခေါက်က ငါတို့ မိတ်သဟာယဖွဲ့ပြီးနောက်တွင် ဤအရာကို သင်တို့ တွေးဆကြည့်ခဲ့သလော။ အချို့သော အကြောင်းအရာများကို ငါတို့ မိတ်သဟာယဖွဲ့ပြီးနောက်တွင် ထိုအရာများကို တွေးဆကြည့်ဖို့လိုမည်။ ထို့နောက်တွင် သင်တို့၏ တကယ့်အသက်တာများ၌ ထိုအရာများကို လက်တွေ့ကျကျ ကြုံတွေ့ဖြတ်သန်းဖို့ လိုအပ်မည်။ ထိုအခါမှသာ စစ်မှန်သော အသိအမြင်ကို ရရှိနိုင်လိမ့်မည်။ ထိုအခါမှသာ သင်တွေးဆလျက်ရှိသော ထိုအကြောင်းအရာများကို အမှန်တကယ် နားလည်ပြီး သဘောပေါက်နိုင်လိမ့်မည်။ ထိုအခါမှသာ စစ်မှန်သော အတွေ့အကြုံနှင့် အသိအမြင်ကို ပေးနိုင်လိမ့်မည်။ ဤကဲ့သို့ မဟုတ်သလော။ (ဟုတ်ပါသည်။) ဤသို့ဆိုလျှင် ဤမေးခွန်းကို သင်တို့ တွေးဆကြည့်ခဲ့သလော။ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ အဘယ်နည်း။ သမ္မာတရားကို လိုက်စားရာတွင် မည်သည့်အချက်များ ပါဝင်သနည်း။ ပါဝင်သော အဓိကအရာများမှာ အဘယ်နည်း။ ဤအရာများကို သင်တို့ အနှစ်ချုပ်ပြီးပြီလော။ (ယခင်တစ်ခေါက်က ဘုရားသခင်သည် သမ္မာတရား လိုက်စားခြင်းနှင့် ပတ်သက်ပြီး လူတို့တွင်ရှိသည့် အမျိုးမျိုးသော စိတ်ကူးမှားများ၊ အမြင်မှားများ၊ သဘောထားအမှားများအကြောင်းကို မိတ်သဟာယပြုခြင်းအားဖြင့် စတင်ပါသည်။ ထို့နောက်တွင် ဘုရားသခင်သည် သမ္မာတရား လိုက်စားခြင်းနှင့်သက်ဆိုင်သည့် အဆင့်ငါးဆင့်ကို အသေးစိတ် မိတ်သဟာယဖွဲ့ခဲ့ပါသည်။) ငါတို့၏ ယခင်တစ်ခေါက်က မိတ်သဟာယဖွဲ့ချက်တွင် အခြေခံအားဖြင့် အဓိကအပိုင်း နှစ်ပိုင်းပါသည်။ သမ္မာတရား လိုက်စားခြင်းနှင့်ပတ်သက်ပြီး လူများစွာတွင် ရှိသော အပျက်သဘောဆောင်သည့် အခြေအနေအချို့ သို့မဟုတ် မှားယွင်းသော အမြင်အချို့၊ သမ္မာတရား လိုက်စားခြင်းနှင့်ပတ်သက်ပြီး လူ၏ နားလည်မှုလွဲခြင်းများအပြင် သမ္မာတရား မလိုက်စားခြင်းအတွက် လူတို့ပေးသော ဆင်ခြေများနှင့် ကျိုးကြောင်းပြချက်များသည် ပထမ အဓိကအပိုင်းဖြစ်သည်။ ဒုတိယအပိုင်းမှာ အဆင့်ငါးဆင့်ပါဝင်သည့် သမ္မာတရား လိုက်စားခြင်းအကြောင်းကို မိတ်သဟာယဖွဲ့ချက် ဖြစ်သည်။ နှစ်ပိုင်းသာရှိသော်လည်း တစ်ပိုင်းစီအတွင်းရှိ အသေးစိတ် အချက်အလက်များစွာကို ငါတို့ ပြောဆိုခဲ့ကြသည်။ သမ္မာတရား လိုက်စားခြင်းနှင့်ပတ်သက်ပြီး လူ၏ လွဲမှားသော အသိအမြင်နှင့် နားလည်သဘောပေါက်မှုအချို့ကို ငါ ဖွင့်ပြခဲ့သည်။ သမ္မာတရားအား လူတို့လိုက်စားရာတွင် ရှိနေသော အခက်အခဲအချို့ကိုလည်း ငါ ဖော်ထုတ်ခဲ့ပြီး သမ္မာတရားကို စိတ်ကုန်သောသူများက သမ္မာတရား မလိုက်စားခြင်းအတွက် ပေးသော ဆင်ခြေအချို့၊ ကျိုးကြောင်းပြချက်အချို့၊ မူမမှန်သော အကြောင်းပြချက်အချို့ကိုလည်း ငါဖော်ထုတ်ခဲ့သည်။ သမ္မာတရား လိုက်စားခြင်းနှင့်ပတ်သက်လျှင် လူတို့ပြသသော အပျက်သဘောဆောင်သည့်၊ တက်ကြွမှုမရှိသည့် သဘောထားများနှင့် သိမြင်မှုများသည် ၎င်းတို့၏ တကယ့်အသက်တာများတွင် ၎င်းတို့ကိုင်စွဲသော လူနေမှုဘဝပုံစံများ၊ လိုက်စားမှုများနှင့် ကိုက်ညီပြီး သမ္မာတရားအပေါ်တွင် ၎င်းတို့ ထားရှိသည့် သဘောထားများနှင့်လည်း ကိုက်ညီသည်။ ယင်းတို့အားလုံးသည် လူတို့၏ သတ်သတ်မှတ်မှတ်ဖြစ်သော အပြုအမူများ၊ သတ်သတ်မှတ်မှတ်ဖြစ်သော ဖွင့်ပြမှုများနှင့် ဆက်စပ်နေသည်။ ထို့နောက် လူ၏ အမျိုးမျိုးသော အပြုအမူများကို အခြေခံကာ သမ္မာတရား လိုက်စားခြင်းလမ်းကြောင်းနှင့် ပတ်သက်ပြီး သတ်သတ်မှတ်မှတ် ဖြစ်သော လက်တွေ့လုပ်ဆောင်ရမည့် နည်းလမ်းနှင့် အဆင့်အနည်းငယ်ကို ငါ ချပေးခဲ့သည်။ ဤအရာအားလုံးကို သင်တို့ ရှင်းလင်းသလော။ (ရှင်းလင်းပါသည်။) အမှန်တကယ် ရှင်းလင်းသလော။ ဤသို့ဆိုလျှင် အဘယ်ကြောင့် ဘာမျှ မပြောကြသနည်း။ သင်တို့အတွက် သိပ်မရှင်းလင်းသေးသည့် ပုံစံရှိသည်။ ငါတို့ မိတ်သဟာယပြုဖို့ လိုသည့်အရာများ ထပ်ရှိသေးသည်။

ဘုရားသခင်ကို ယုံကြည်ခြင်းတွင် အကြီးမြတ်ဆုံးသောအရာမှာ သမ္မာတရား လိုက်စားခြင်းဖြစ်သည်။ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ အဘယ်နည်း။ သမ္မာတရား လိုက်စားခြင်းကိစ္စနှင့် ပတ်သက်လျှင် လူတို့၏ သရုပ်သကန်များအားလုံးက ၎င်းတို့၏ ပြဿနာများနှင့် အခက်အခဲများစွာကို ဖွင့်ပြသည်။ သမ္မာတရားအား မလိုက်စားခြင်းအတွက် ကျိုးကြောင်းပြချက်မျိုးစုံနှင့် ဆင်ခြေမျိုးစုံကိုလည်း လူတို့က ပိုင်ဆိုင်ကြသေးသည်။ အတားအဆီးများက အလွန်ပင် ကြီးမားလှ၏။ လူတို့၏ အမျိုးမျိုးသော အခက်အခဲများကြောင့် ၎င်းတို့သည် သမ္မာတရားအား လိုက်စားခြင်းနှင့် ပတ်သက်လျှင် အလွန်အမင်း ဝန်ပိပြီး အနေရခက်သည့် ပုံစံရှိသည်။ ဤသည်မှာ အလွန်ခက်ခဲသည်ဟု ၎င်းတို့ ထင်ကြ၏။ အမှန်တကယ်တွင် သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ အဘယ်နည်း။ ဟူသည့် မေးခွန်းကိုယ်၌ကမူ ဖြေရန် လွယ်ကူသောအရာဖြစ်သည်။ ဤသို့ဆိုလျှင် သမ္မာတရားအား လူတို့မလိုက်စားနိုင်သည်မှာ အဘယ်ကြောင့်နည်း။ အကြောင်းပြချက်မှာ အဘယ်နည်း။ လူတိုင်းက ၎င်းတို့တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသည်၊ ဘုရားသခင်အား ၎င်းတို့ အမှန်တကယ် ယုံကြည်သည်၊ မိမိတို့၏ တာဝန်ကို ထမ်းဆောင်နိုင်သည်၊ ဒုက္ခခံလိုစိတ်ရှိပြီး အဖိုးအခပေးဆပ်ရန် အသင့်ရှိသည်ဟု ကြွားဝါကြသည်။ ၎င်းတို့၏ အခြေခံအုတ်မြစ်အဖြစ် ဤအပြုအမူကောင်းများ ရှိနေသော်လည်း သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းကို ၎င်းတို့မစတင်နိုင်ကြသည်မှာ အဘယ်ကြောင့်များနည်း။ ၎င်းတို့တွင် အလွန်ကောင်းသော လူ့သဘာဝ၊ သမာဓိနှင့် ကြီးမြတ်သော ဂုဏ်ရှိသည်။ ၎င်းတို့၏ လိုက်စားမှုနှင့်ပတ်သက်ပြီး ၎င်းတို့တွင် စိတ်ဆန္ဒများ၊ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများ ရှိကြသည်။ ၎င်းတို့၏ တစ်ဖက်သတ်အားစိုက်မှု၊ ဆင်းရဲဒုက္ခများကို ခံရန် စိတ်စွမ်းအားနှင့် အဖိုးအခပေးဆပ်သည့် သဘောထားတို့ ရှိကြသည်။ သမ္မာတရားကို လက်ခံရန် တက်ကြွသော၊ အပြုသဘောဆောင်သော၊ တိုးတက်မှုရှိလိုသော သဘောထားရှိကြသည်။ ၎င်းတို့၏ အခြေခံအုတ်မြစ်အဖြစ် ဤအရာများ ရှိနေပါလျက်နှင့် အဘယ်ကြောင့် သမ္မာတရားကို ၎င်းတို့လိုက်စားရန် အရည်အချင်းမပြည့်မီကြသနည်း။ ၎င်းတို့သည် သမ္မာတရားအား လိုက်စားခြင်းကို အဘယ်ကြောင့် မရရှိနိုင်ကြသနည်း။ ပြဿနာ၏ အရင်းအမြစ်က အဘယ်မှာနည်း။ (လူသည် သဘောသဘာဝအရ သမ္မာတရားကို မချစ်ဘဲ စိတ်ကုန်ပါသည်။) ဤသည်မှာ တိကျသော အဖြေဖြစ်သည်။ အခြေခံအကျဆုံး အကြောင်းပြချက်မှာ လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိခြင်း ဖြစ်သည်။ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် စာတန်နှင့် သက်ဆိုင်သည်။ စာတန်နှင့် သက်ဆိုင်သည့်အရာမှန်သမျှသည် ဘုရားသခင်နှင့် သမ္မာတရားကို ရန်မူသည်။ ထို့ကြောင့် လူတို့အား သမ္မာတရားကို လိုက်စားခိုင်းခြင်းသည် ၎င်းတို့၏ ရှိရင်းစွဲ ဘဝနှင့် သဘောထားများကို စွန့်လွှတ်ရန်၊ ဘဝအပေါ် ၎င်းတို့၏ ရှိရင်းစွဲ လိုက်စားမှုနှင့် အမြင်ပုံစံတို့ကို စွန့်လွှတ်ရန် တောင်းဆိုခြင်းနှင့် ညီမျှသည်။ ဤမှားယွင်းသောအရာများကို စွန့်လွှတ်ခြင်း၊ ၎င်းတို့၏ ဇာတိပကတိ နှစ်သက်မှုများကို စွန့်လွှတ်ခြင်း၊ ဤအစား ၎င်းတို့၏ ဇာတိပကတိက မနှစ်သက်သော၊ ၎င်းတို့တွင် မပိုင်ဆိုင်သော၊ ၎င်းတို့ အထင်သေးပြီး မုန်းတီးကာ ငြင်းပယ်သော ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားအား လိုက်စားခြင်း၊ လက်တွေ့လုပ်ဆောင်ခြင်းတို့ကို ၎င်းတို့က ခက်ခဲသည်ဟု မြင်ကြသည်။ သမ္မာတရားကို လိုက်စားရန် သင့်အား တောင်းဆိုခြင်းသည် သင်၏ ရှိရင်းစွဲ ဘဝကို စွန့်လွှတ်ရန် တောင်းဆိုခြင်းနှင့် ညီမျှသည်။ ဤသည်မှာ သင်၏ ဘဝကို စွန့်လွှတ်ခြင်းနှင့် မတူသလော။ (တူပါသည်။) ဤသည်မှာ သင်ကိုယ်တိုင်၏ ဘဝကို သင်စွန့်လွှတ်ခြင်းပင် ဖြစ်သည်။ လူတို့သည် အမှုအရာများအတွက် ၎င်းတို့၏ ဘဝကို လိုလိုလားလား စွန့်လွှတ်ကြသလော။ (မစွန့်လွှတ်ကြပါ။) ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် “ငါစွန့်လွှတ်မည် မဟုတ်” ဟု ပြောသည်။ အကြိမ်တစ်ရာ၊ အကြိမ်တစ်ထောင်၊ အကြိမ်တစ်သောင်းအထိ “ငါစွန့်လွှတ်မည် မဟုတ်” ဟု ပြောကြသည်။ မည်သို့ပင်ဖြစ်စေ လူတို့သည် ၎င်းတို့ပိုင်ဆိုင်သည့် ရှိရင်းစွဲဖြစ်သော၊ ဆိုးယုတ်သော အရာများကို လက်လွှတ်ရန် ခက်ခဲသည်။ ဤသည်မှာ အမှန်တရားတစ်ခုဖြစ်သည်။ သင်တို့ နက်နက်နဲနဲ အမှန်တကယ် တွေ့ကြုံခဲ့ပြီးသော အရာဖြစ်သည်။ လူတို့သည် သမ္မာတရားကို လိုက်စားရန်အတွက် ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် ဇာတိပကတိကို စွန့်လွှတ်လိုစိတ် မရှိကြ၊ သို့မဟုတ် သဘာဝအနှစ်သာရသည် စာတန်နှင့် သက်ဆိုင်သော ၎င်းတို့၏ ဘဝကို မစွန့်လွှတ်လိုကြ၊ သို့မဟုတ် ၎င်းတို့၏ ရှိရင်းစွဲဖြစ်သော၊ ဆိုးယုတ်သော ပင်ကိုအရည်အချင်းများကိုဖြစ်စေ၊ ၎င်းတို့၏ ဆိုးယုတ်သော သဘာဝကိုဖြစ်စေ မစွန့်လွှတ်လိုကြပေ။ ထို့ကြောင့် ဆိုးယုတ်သော စိတ်သဘောထားများဖြင့် အသက်ရှင်ကြကုန်သော ဆိုးယုတ်သည့် သဘာဝရှိသူများအတွက်မူ သမ္မာတရားအား ချစ်ခြင်းနှင့် လိုက်စားခြင်းသည် ၎င်းတို့၏ စိတ်ဆန္ဒနှင့် ဆန့်ကျင်နေသဖြင့် ထိုသို့ လုပ်ဆောင်ရန် တွန့်ဆုတ်ကြသည်။ ဤအရာ၏ အရင်းအမြစ်မှာ အဘယ်နည်း။ ဤသည်မှာ လူအတွင်းတွင်ရှိသော ပင်ကိုအရည်အချင်းများက စာတန်နှင့်သက်ဆိုင်ပြီး ယင်းတို့သည် ဘုရားသခင်အပေါ် ပင်ကိုအားဖြင့် ရန်လိုသောကြောင့်ဖြစ်သည်။ ထို့ကြောင့် လူတို့သည် သမ္မာတရားကို ကြားကာ နားလည်ပြီးသောအခါတွင် သမ္မာတရားကို ချစ်သော၊ သမ္မာတရားအတွက် ကြိုးပမ်းပြီး အဖိုးအခပေးဆပ်လိုစိတ် ရှိသော၊ ဤစိတ်ဆန္ဒ၊ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒတို့ ရှိသောသူများသာ သမ္မာတရားအား နားလည်သည်နှင့် တစ်ပြိုင်နက် လက်တွေ့လုပ်ဆောင်နိုင်ကြသည်။ ၎င်းတို့သည်သာ သမ္မာတရားနှင့်အညီ အသက်ရှင်နိုင်စွမ်းရှိပြီး သမ္မာတရား၏ လက်တွေ့အရှိတရားကို အသက်ရှင်နေထိုင်နိုင်စွမ်း ရှိကြသည်။ သမ္မာတရားအား လက်တွေ့လုပ်ဆောင်လိုစိတ်ရှိသောသူ များစွာရှိသည်။ သို့သော် ၎င်းတို့သည် ၎င်းတို့၏ ဆိုးယုတ်သော သဘာဝများ၊ စိတ်သဘောထားများ၏ တားဆီးခြင်းကို ခံရသည်။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ လိုအင်ဆန္ဒတို့ ရှိကောင်းရှိနိုင်သော်လည်း လက်တွေ့လုပ်ဆောင်နိုင်ခြင်းကား မရှိကြပေ။ အမှန်မှာ လက်တွေ့ဘဝတွင် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းသည် လုပ်ရန် အလွန်ခက်ခဲသောအရာဖြစ်သည်။ သင်အနှစ်သက်ဆုံး အဝတ်အစားနှင့် လက်ဝတ်ရတနာများ၊ သို့မဟုတ် သင်နှစ်သက်သောအရာများ၊ သို့မဟုတ် သင်နှစ်သက်သော အလုပ်နှင့် အသက်မွေးမှု၊ သို့မဟုတ် သင်၏ အားသာချက်များနှင့် ဝါသနာများ၊ သို့မဟုတ် ဤသို့သောအရာမှန်သမျှကို သင့်အား လက်လွှတ်ခိုင်းဖို့မှာ ဤမျှ မခက်ပေ။ ဤအရာအားလုံးကို သင် စွန့်လွှတ်နိုင်သည်။ ဤအရာများကို လွှတ်ချရန် လွယ်ကူသည်။ သို့သော် သင်၏ ဇာတိပကတိနှင့် သင်၏ ဆိုးယုတ်သော စိတ်သဘောထားကို စွန့်လွှတ်စေခြင်း၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်အပေါ် နာခံစေခြင်းတို့ကမူ အလွန်ပင်ပို၍ ခက်ခဲသည်။ တိကျမှုမရှိသော စကားရပ်ကို သုံး၍ ရှင်းပြရလျှင် ယင်းမှာ ဘဲတစ်ကောင်ကို အတင်းအိပ်တန်းတက်ခိုင်းခြင်း၊ သို့မဟုတ် နွားထီးတစ်ကောင်ကို သစ်ပင်တက်ခိုင်းခြင်းကဲ့သို့ ဖြစ်လိမ့်မည်။ ဤအရာများသည် ၎င်းတို့အတွက် ခက်ခဲပင်ပန်းလွန်းသည်။ ကြောင်ကဲ့သို့သော တိရစ္ဆာန်တစ်ကောင်ကို သစ်ပင်တက်ခိုင်းဖို့ လွယ်ကူလိမ့်မည်။ ဤသည်မှာ ၎င်းတို့အတွက် သဘာဝပင် ဖြစ်သည်။ သို့သော် ထိုတိရစ္ဆာန်ကို အသားအစား ကောက်ရိုးကို စားခိုင်းလျှင် အလွန်ပင် မဖြစ်နိုင်ပေ။ လူတစ်ယောက်အား အနည်းငယ် ဒုက္ခခံရန်၊ အနည်းငယ် အဖိုးအခ ပေးဆပ်ရန်၊ ကျန်သည့် သူ့ဘဝတစ်လျှောက်လုံးကို နှိမ့်ချစွာ အသက်ရှင်သွားရန် တောင်းဆိုလျှင် ဤသည်မှာ ထိုသို့လုပ်ဆောင်ရန် စိတ်ဓာတ်အားအင်ရှိသော မည်သူမဆို လုပ်ဆောင်နိုင်သောအရာတစ်ခုဖြစ်သည်။ စင်စစ်အားဖြင့် ဘုရားသခင်အား အမှန်တကယ် ယုံကြည်ပြီး သမ္မာတရားကို တောင့်တသောသူတစ်ယောက်အတွက် မည်သည့်ရုပ်ပိုင်းဆိုင်ရာ အခက်အခဲမဆို ပြဿနာကြီးတစ်ခု မဟုတ်ပေ။ ဥပမာအားဖြင့် ဇာတိပတိ သက်သာမှုများတွင် မွေ့လျော်မှုမရှိခြင်း၊ သို့မဟုတ် ၎င်းတို့၏ နေ့စဉ် အိပ်ချိန်ပမာဏကို လျှော့ချခြင်း၊ သို့မဟုတ် ဆယ်နှစ်ဆက်တိုက် ခက်ခဲကြမ်းတမ်းစွာ နေထိုင်ခြင်း၊ သို့မဟုတ် အလွန်ဆိုးသော အစားအစာ၊ အဝတ်အစား၊ နေအိမ်၊ သယ်ယူပို့ဆောင်ရေးတို့ဖြင့် ဖြစ်အောင်နေထိုင်ခြင်း ဤသို့သော ဆင်းရဲဒုက္ခများနှင့် ပေးဆပ်မှုများကို လုပ်ဆောင်ရန် စိတ်ဓာတ်အားအင်ရှိသရွေ့၊ သမ္မာတရားကို လိုက်စားလိုစိတ် ရှိသရွေ့၊ မိမိကိုယ်ကို ချုပ်တည်းနိုင်မှု အနည်းငယ်ရှိသရွေ့ မည်သူမဆို လုပ်ဆောင်နိုင်သည်။ သို့သော် တစ်ယောက်ယောက်အား ဇာတိပကတိနှင့် စာတန်ကို စွန့်လွှတ်ရန်၊ ဘုရားသခင်၏ တောင်းဆိုချက်များနှင့် လုံးဝအညီသာ လုပ်ဆောင်ရန်၊ ဘုရားနှုတ်ကပတ်တော်ကို လုံးဝအခြေခံ၍သာ လုပ်ဆောင်ရန်၊ သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်ပြီး ဤသို့ဖြင့် ဘုရားသခင်အပေါ် အမှန်တကယ် နာခံခြင်းရှိရန် တောင်းဆိုလျှင် မည်သူမဆို ဤအရာကို ခက်ခဲသည်ဟု မြင်လိမ့်မည်။ ဤသည်မှာ လူ၏ အခက်အခဲများ ရှိသည့်နေရာ ဖြစ်သည်။ ထို့ကြောင့် သမ္မာတရားအား လိုက်စားရာတွင် လူတို့အနေဖြင့် စိတ်ပိုင်းဖြတ်ပြီး စမ်းလုပ်ကြည့်၍ရသည့် အရာမျိုး မဟုတ်ပေ၊ သို့မဟုတ် စိတ်ချုပ်တည်းခြင်းကို လေ့ကျင့်ပြီး စည်းကမ်းများကို လိုက်နာကာ ထို့နောက်တွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး သမ္မာတရားကို ပိုင်ဆိုင်နိုင်သည့် အရာမျိုး မဟုတ်ပေ။ သမ္မာတရားအား လိုက်စားခြင်းသည် ဖောက်ပြန်သော လူသားမျိုးနွယ်က လုပ်ဆောင်ရန် အခက်ခဲဆုံး၊ မလွယ်ကူဆုံးသောအရာဖြစ်သည်။ ဤပြဿနာ၏ အရင်းအမြစ်က မည်သည့်နေရာမှ စတင်ဖြစ်ပေါ်လာသနည်း။ (စာတန်၏ စိတ်သဘောထားမှ စတင်ဖြစ်ပေါ်လာပါသည်။) မှန်သည်။ စာတန်၏ စိတ်သဘောထားသည် လူ၏ အကြီးမားဆုံးသော စိန်ခေါ်မှုဖြစ်သည်။ လူတစ်ယောက်၌ ညံ့ဖျင်းသော အစွမ်းအစရှိနိုင်သည်၊ သို့မဟုတ် မကောင်းသော ဒေါသစိတ်နှင့် ပင်ကိုစရိုက်ရှိနိုင်သည်။ ထိုသူ၌ ပြောပြစရာ အားသာချက်၊ ပါရမီ၊ သို့မဟုတ် ဆုကျေးဇူးတစ်ခုမျှ မရှိဘဲ ဖြစ်နေနိုင်သည်။ ဤအရာများထဲမှ မည်သည့်အရာကမျှ ၎င်းတို့အတွက် ကြီးမားသော စိန်ခေါ်မှုဖြစ်မည် မဟုတ်ပေ။ အဆုံးတွင် ပြဿနာသည် လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ စတင်ဖြစ်ပေါ်လာသည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် လူတို့၏ လက်၊ ခြေ၊ ၎င်းတို့၏ စိတ်များ၊ အယူအဆများ၊ အတွေးများ၊ ၎င်းတို့၏ စဉ်းစားပုံနှင့် ၎င်းတို့ဝိညာဉ်၏ အတွင်းပိုင်းတို့ကို မြဲမြံစွာ ထိန်းချုပ်ထားသည်မှာ ၎င်းတို့အတွက် သမ္မာတရားအား လိုက်စားခြင်းလမ်းရှိ ခြေလှမ်းတိုင်းကို လျှောက်ရန် ခက်ခဲသည်အထိပင် ဖြစ်သည်။ လူတစ်ယောက်သည် မည်သည့်အရာကိုမျှ မရရှိဘဲ ဘုရားသခင်အား သုံး၊ လေး၊ ငါးနှစ်ကြာ ယုံကြည်ကောင်း ယုံကြည်နိုင်သည်။ ဆယ်နှစ်၊ အနှစ်နှစ်ဆယ်၊ အနှစ်သုံးဆယ် ယုံကြည်ပြီး အနည်းငယ်မျှသာ ရရှိခဲ့သော လူအချို့ပင် ရှိသည်။ အချို့မှာ မည်သည့်အရာကိုမျှ မရရှိပေ။ ထို လက်ဗလာဖြစ်သော လူများသည် မည်မျှပင် ချွတ်ခြုံကျပြီး သနားစရာ ကောင်းလိုက်သနည်း။ ၎င်းတို့သည် ဘုရားသခင်အား အနှစ်သုံးဆယ်ကြာ ယုံကြည်ခဲ့သော်လည်း ချွတ်ခြုံကျနေဆဲဖြစ်ပြီး မမြင်မကန်းရှိနေဆဲပင် ဖြစ်ကာ မည်သည့်အရာကိုမျှ ပြစရာမရှိပေ။ ၎င်းတို့သည် အပျက်သဘောဆောင်မှုထဲသို့ ကျရောက်သွားသောအခါ လွတ်မြောက်အောင် မည်သို့လုပ်ရမည်ကို မသိကြပေ။ ဘုရားသခင်နှင့်ပတ်သက်ပြီး နားလည်မှုလွဲသောအခါ ယင်းကို ပပျောက်အောင် မည်သို့လုပ်ရမည်ကို မသိကြပေ။ ၎င်းတို့အပေါ်သို့ အခက်အခဲများ ကျရောက်သောအခါ မည်သို့ရင်ဆိုင်ရမည်ကို မသိကြသကဲ့သို့ ထိုအခက်အခဲမျိုးကို မည်သို့ဖြေရှင်းရမည်ကိုလည်း မသိကြပေ။ မိမိကိုယ်ကို ချုပ်တည်းရန် တစ်ဖက်သတ် စိတ်ဓာတ်ခွန်အားကို အသုံးပြုခြင်းအားဖြင့်၊ သို့မဟုတ် အဆုံးမဲ့ မလျှော့တမ်းလုပ်ဆောင်ရန် မိမိ၏ စိတ်ရှည်မှုကို အမှီပြုခြင်းအားဖြင့်သာ ပြဿနာများကို ဖြေရှင်းနိုင်သလော။ လူတို့သည် အခြေအနေများကို ကျော်ဖြတ်ပြီးသည်အထိ တစ်ဆင့်ချင်း ရုန်းသွားကောင်း ရုန်းသွားနိုင်သော်လည်း ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကမူ ကျန်ရှိဆဲဖြစ်သည်။ ထိုအရာများကို မဖြေရှင်းရသေးပေ။ ၎င်းတို့သည် အပျက်သဘောဆောင်မှုကို အကြိမ်မည်မျှ ကြုံတွေ့ပြီးဖြစ်စေ၊ ဘုရားသခင်အပေါ် နားလည်မှုလွဲခြင်း၊ ဘုရားသခင်အပေါ် အယူအဆများရှိခြင်း၊ ကျရှုံးခြင်း၊ လဲကျခြင်း၊ အားနည်းခြင်းတို့ အကြိမ်မည်မျှ ရှိသည်ဖြစ်စေ ယနေ့အချိန်အခါအထိ ၎င်းတို့သည် အတွေ့အကြုံကို အခြေခံသည့် သက်သေခံချက် အနည်းငယ်မျှကိုပင် ပေးနိုင်စွမ်း မရှိသေးသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များနှင့်ပတ်သက်ပြီး ၎င်းတို့၏ အသိပညာ၊ အတွေ့အကြုံ၊ သို့မဟုတ် ထိတွေ့မှုတို့နှင့်ပတ်သက်၍လည်း တစ်ခုမျှ ပြောစရာမရှိပေ။ ၎င်းတို့၏ စိတ်နှလုံးသည် ဗလာဖြစ်နေပြီး ၎င်းတို့ဝိညာဉ်များ၏ အတွင်းပိုင်းတွင် ဗလာဖြစ်နေသည်။ ၎င်းတို့တွင် သမ္မာတရားနှင့်ပတ်သက်၍ အတွေ့အကြုံကို အခြေခံသော နားလည်မှုမရှိ။ ဘုရားနှုတ်ကပတ်တော်များကိုလည်း အမှန်တကယ် သိမြင်မှုမရှိ။ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားတို့အား သိမြင်ဖို့ဆိုလျှင် ပို၍ပင် ဝေးသေးသည်။ ၎င်းတို့သည် ချွတ်ခြုံကျ၊ အမြင်ကန်းကာ သနားစဖွယ် မဖြစ်နေသလော။ (ဖြစ်နေပါသည်။) လူတစ်ယောက်သည် သမ္မာတရားကို မလိုက်စားလျှင် ဘုရားသခင်ကို ယုံကြည်သည်မှာ နှစ်မည်မျှကြာသည်ဖြစ်စေ အဓိပ္ပာယ်မရှိပေ။ ဤသို့ဆိုလျှင် လူတစ်ယောက်သည် မိမိကိုယ်ကို ဤအခြေအနေသို့ ရောက်အောင် အဘယ်ကြောင့် လုပ်ရသနည်း။ အကြောင်းက မည်သည့်နေရာတွင် တည်ရှိသနည်း။ ဤတွင်လည်း ပြဿနာက လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ စတင်ဖြစ်ပေါ်သည်။ ဤသည်မှာ ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းတရားဖြစ်သည်။

သမ္မာတရားအား လူတို့မလိုက်စားခြင်းအတွက် ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းတရားက မည်သည့်အရာဖြစ်ကြောင်းကို ရှင်းလင်းအောင် ငါတို့ပြောပြီးပြီ ဖြစ်သည်။ ယခုအခါ ပုဂ္ဂလဓိဋ္ဌာန်ကျသော အကြောင်းတရားကို ငါတို့ အနည်းငယ် ပြောဆိုသွားကြမည်။ ပုဂ္ဂလဓိဋ္ဌာန်ကျသော အကြောင်းတရားမှာ လူတို့သည် ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသည်ဟု ဘုရားသခင်၏ အမှုတော်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံးမှ၊ သို့မဟုတ် ၎င်းတို့၏ လက်တွေ့ဘဝမှတစ်ဆင့် သိလာနိုင်သော်လည်း ဘုရားနှုတ်ကပတ်တော်များနှင့်၊ သမ္မာတရားနှင့် မိမိတို့ကိုယ်ကို မည်သည့်အခါမျှ မနှိုင်းယှဉ်ကြည့်ကြခြင်းပင် ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မည်သည့်အခါမျှ မသိသကဲ့သို့ စွန့်ပစ်ခြင်းလည်း မရှိကြခြင်းပင် ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များနှင့်အညီ လက်တွေ့လုပ်ဆောင်ခြင်းလည်း လုံးဝ မရှိကြခြင်းပင် ဖြစ်သည်။ လူတို့သည် ဘုရားသခင်အား ယုံကြည်ခြင်းလမ်းပေါ်တွင် အလွန်ပင် အားထုတ်ကြိုးပမ်းပြီး အသုံးခံကောင်းခံနိုင်သော်လည်း၊ ထိုလမ်းတွင် အလွန်အလုပ်ကြိုးစားခြင်း၊ များစွာ ဒုက္ခခံခြင်း၊ အဖိုးအခများစွာ ပေးဆပ်ခြင်းတို့ ရှိနိုင်သော်လည်း ဤအရာများအားလုံးက အပြင်ပန်း အပြုအမူများ ဖြစ်နေခြင်းပင် ဖြစ်သည်။ ဤအရာများက လူတစ်ယောက်သည် သမ္မာတရားအား လိုက်စားခြင်း လမ်းကြောင်းကို စတင်ပြီးဖြစ်သည်ဟု သက်သေမပြပေ။ အများဆုံး ဒုက္ခခံခဲ့သော သူများသည် အစောပိုင်းကာလများတွင် ဘုရားသခင်နောက်သို့ စတင်လိုက်ခဲ့သော၊ အသက်နှစ်ဆယ်ဝန်းကျင်တွင် တာဝန်ထမ်းဆောင်သောသူများ ဖြစ်သည်။ ဤလူများသည် ယခုတွင် အသက် ၅၀ ခန့်ရှိပြီဖြစ်ပြီး အိမ်ထောင်မပြုရသေးပေ။ ၎င်းတို့သည် ၎င်းတို့၏ ပျိုရွယ်ချိန်ကို ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုအတွက် ဆက်ကပ်အပ်နှံခဲ့ပြီး မိသားစုနှင့် အိမ်ထောင်ပြုခြင်းကို စွန့်လွှတ်ခဲ့သည်ဟု ဆိုနိုင်၏။ ဤသည်မှာ ကြီးမားသော ပေးဆပ်မှုဟုတ်သလော။ (ဟုတ်ပါသည်။) ၎င်းတို့၏ ပျိုရွယ်ချိန်ကို စွန့်လွှတ်ပြီး ၎င်းတို့၏ ဘဝတစ်ခုလုံးကို ပေးဆပ်ခဲ့သည်။ ဤအရာမှ မည်သည့်အရာကို ရရှိသနည်း။ ၎င်းတို့ပေးဆပ်သည့် အဖိုးအခက ကြီးမား၏။ သို့သော် အဆုံးတွင် ၎င်းတို့ ရရှိသည့်အရာသည် ၎င်းတို့ အသုံးခံပေးခဲ့မှုနှင့် ညီမျှခြင်း၊ သို့မဟုတ် ကိုက်ညီခြင်း မရှိပေ။ ဤတွင် ပြဿနာက မည်သည့်အရာနည်း။ ၎င်းတို့ အဖိုးအခပေးဆပ်သည့် သဘောထား၊ စိတ်ခိုင်မာမှု၊ ၎င်းတို့ အသုံးခံပေးခဲ့သည့် အချိန်ကာလ၊ ပမာဏ၊ အတိုင်းအတာတို့ကို အခြေခံလျှင် သမ္မာတရားကို ၎င်းတို့နားလည်ပြီး လက်တွေ့လုပ်ဆောင်နိုင်မည့် ပုံစံရှိသည်။ ၎င်းတို့သည် သက်သေခံချက်နှင့် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးတို့ ရှိလောက်သည်၊ ဘုရားသခင်ကို သိမြင်ခြင်း ရှိလောက်သည်၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းသောအကျင့်ကို ရှောင်သည့် လမ်းကြောင်းပေါ်တွင် စတင်လျှောက်လှမ်းပြီး ဖြစ်လောက်သည်၊ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီး ဖြစ်လောက်သည်ဟု သင်ထင်ပေမည်။ သို့သော် အမှန်တကယ်တွင် ဤသည်မှာ ကောက်ချက်ချမှုတစ်ခုသာ ဖြစ်သည်။ ဤအရာနှစ်ခုသည် ယုတ္တိကျသော ဆက်နွှယ်မှုတစ်ခုသာရှိသည်။ အမှန်တရားနှင့်၊ သို့မဟုတ် ဤလူများ အသက်ရှင်နေထိုင်သည့်အရာနှင့် မကိုက်ညီပေ။ ဤတွင် ပြဿနာသည် အဘယ်နည်း။ ဤအရာကို စုံစမ်းစစ်ဆေးခြင်း၊ ဆွေးနွေးခြင်း မပြုလုပ်သင့်သလော။ ဤသည်မှာ လေးနက်စွာ စဉ်းစားကြည့်ထိုက်သည့် ပြဿနာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားအမှုတော်၏ ဤအဆင့်ကို နှစ်နှစ်၊ သုံးနှစ်ကြာ လက်ခံပြီးဖြစ်သောသူများထဲတွင် အတွေ့အကြုံနှင့် သက်သေခံချက်ရှိသောလူများ မနည်းလှပေ။ ဘုရားနှုတ်ကပတ်တော်များက ၎င်းတို့ကို မည်သို့ ပြောင်းလဲပေးခဲ့ပြီး ရိုးသားသူများဖြစ်အောင် မည်သို့ပြုလုပ်ပေးခဲ့ကြောင်း ၎င်းတို့ သက်သေခံကြသည်။ သမ္မာတရားအား လိုက်စားခြင်း လမ်းကြောင်းပေါ်တွင် သမ္မာတရားကို ၎င်းတို့ နားလည်အောင် ဘုရားနှုတ်ကပတ်တော်များက မည်သို့လုပ်ပေးခဲ့ကြောင်း သက်သေခံကြသည်။ ဘုရားနှုတ်ကပတ်တော်များက ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ ၎င်းတို့၏ မာနထောင်လွှားမှုနှင့် လှည့်စားတတ်မှု၊ ၎င်းတို့၏ ပုန်ကန်မှု၊ အဆင့်အတန်းအား တောင့်တမှု၊ ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများ စသည်ဖြင့်တို့ကို မည်သို့ဖြေရှင်းပေးခဲ့ကြောင်း သက်သေခံကြသည်။ ဤလူတို့သည် ဘုရားသခင်အား နှစ်နှစ်၊ သုံးနှစ်ကြာမျှ ယုံကြည်ပြီးနောက်တွင်ပင် အတွေ့အကြုံနှင့် သက်သေခံချက် ရှိနိုင်စွမ်းရှိကြသည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်နှင့်ပတ်သက်၍ အတွေ့အကြုံကို အခြေခံသည့် လေးနက်သော နားလည်မှုရှိကြသည်။ ဘုရားနှုတ်ကပတ်တော်များ၏ စစ်မှန်မှုကိုလည်း ခံစားနိုင်ကြသည်။ ဤသို့ဆိုလျှင် လူအချို့သည် ဘုရားသခင်အား အနှစ်နှစ်ဆယ်၊ သုံးဆယ်ကြာ ယုံကြည်ခဲ့ပြီး အဖိုးအခများစွာ ပေးဆပ်ကာ များစွာ ဒုက္ခခံပြီး ပြေးလွှားလှုပ်ရှားခဲ့ကြသော်လည်း ၎င်းတို့၏ စိတ်နှလုံး အတွင်းပိုင်းနှင့် ဝိညာဉ်လောကတို့သည် ဗလာဖြစ်နေပြီး ဟာလာဟင်းလင်းဖြစ်နေခြင်းမှာ အဘယ်ကြောင့်နည်း။ ဤသို့သော အခြေအနေမျိုးတွင်ရှိသည့် လူများစွာသည် မကြာခဏ လမ်းပျောက်ကြသည်။ ၎င်းတို့က “ကျွန်ုပ်အင်မတန်လမ်းပျောက်နေပြီ” ဟု အစဉ်ပြောကြသည်။ “ယခုဆိုလျှင် ဘုရားသခင်ကို သင်ယုံကြည်လာသည်မှာ အနှစ်နှစ်ဆယ်၊ သုံးဆယ်ရှိပေပြီ။ အဘယ်သို့ လမ်းပျောက်ဆဲ ဖြစ်နေရသနည်း။ မည်သည့်အရာကိုမျှ သင်မရရှိခဲ့ကြောင်း ရှင်းလင်းစွာ မြင်နိုင်သည်” ဟု ငါပြောသည်။ ယနေ့အထိ လူအချို့က အပျက်သဘောဆောင်ပြီး အားနည်းနေဆဲ ဖြစ်သည်။ ၎င်းတို့က “ဘုရားကို ကျွန်ုပ်ယုံကြည်လာသည်မှာ နှစ်ပေါင်းများစွာ ကြာချေပြီ။ အဘယ်အရာကို ကျွန်ုပ်ရခဲ့ပါသနည်း” ဟု ပြောကြသည်။ မကြာခဏပင် ၎င်းတို့သည် အပျက်သဘောဆောင်ပြီး အားနည်းသောအခါ၊ သို့မဟုတ် အဆင့်အတန်းနှင့် အကျိုးအမြတ်များ မရှိသောအခါ၊ သို့မဟုတ် ၎င်းတို့၏ မာနကအလိုမပြည့်သောအခါ ဘုရားသခင်ကို အပြစ်တင်ပြီး ဘုရားသခင်အား နှစ်များစွာ ယုံကြည်ခဲ့သည်ကို နောင်တရကြသည်။ အစကတည်းက ဘုရားနှုတ်ကပတ်တော်များအား ယုံကြည်ခဲ့သည်ကို ၎င်းတို့ နောင်တရသည်။ ဘုရားသခင်နောက်သို့ လိုက်ရန်အတွက် ၎င်းတို့၏ အလုပ်၊ အိမ်ထောင်နှင့် မိသားစု၊ ကောလိပ်ကျောင်းတက်ရန် အခွင့်အလမ်းတို့အား ပြတ်ပြတ်သားသား လက်လွှတ်ခဲ့သည်ကို နောင်တရသည်။ အချို့မှာ အသင်းတော်မှ ထွက်ခွာရန်ပင် စဉ်းစားကြသည်။ ၎င်းတို့အနေနှင့် အဘယ်ကြောင့် အစကတည်းက ဒုက္ခရှာကာ ယုံကြည်ခဲ့ရသနည်းဟု ယခုတွင် ၎င်းတို့၏ ယုံကြည်ခြင်းနှင့်ပတ်သက်ပြီး လွန်စွာ နောင်တရလျက်ရှိကြသည်။ ၎င်းတို့သည် အနှစ်နှစ်ဆယ်၊ သုံးဆယ်ကြာအထိ ဘုရားသခင်ကို ယုံကြည်ခဲ့ကြသည်။ သမ္မာတရားများစွာကို ၎င်းတို့ ကြားနာခဲ့ပြီး ဘုရားသခင်၏ အမှုတော်များစွာကို ကြုံတွေ့ခဲ့ကြသည်။ သို့တိုင်အောင် ၎င်းတို့၏ စိတ်နှလုံးအတွင်းပိုင်းသည် ဗလာဖြစ်နေဆဲပင်။ ၎င်းတို့သည် ပရမ်းပတာဖြစ်ခြင်း၊ ရှုပ်ထွေးခြင်း၊ နောင်တရခြင်း၊ တွန့်ဆုတ်ခြင်း၊ ၎င်းတို့၏ အနာဂတ်နှင့်ပတ်သက်ပြီး မရေမရာပင် ဖြစ်သည့် အခြေအနေများထဲသို့ မကြာခဏ ကျရောက်သွားကြသည်။ မည်သည်က ဤအရာကို ဖြစ်စေသနည်း။ ဤသို့သောလူများသည် သနားခြင်းနှင့် ထိုက်တန်သလော။ (မထိုက်တန်ပါ။) ဤလူများကို ငါမြင်သည့်အခါတိုင်းတွင်၊ ၎င်းတို့၏ သတင်းများကို ကြားပြီး ၎င်းတို့၏ လတ်တလော မတော်တရော် ကိစ္စများကို သိရသည့်အခါတိုင်းတွင် ၎င်းတို့နှင့်ပတ်သက်ပြီး စိတ်လေးမိသည်။ ၎င်းတို့နှင့်ပတ်သက်ပြီး ဤသို့ ငါ တွေးမိ၏။ ၎င်းတို့၏ အခြေအနေနှင့် ၎င်းတို့၏ အတွင်းရေးကိစ္စများက ငါ့အတွက် အဘယ်ကြောင့်များ အလွန် ရင်းနှီးနေရသနည်း။ ယခုအချိန်တွင်ပင် ၎င်းတို့သည် ဘုရားသခင်၏ အိမ်တော်၌ ဆက်လက်ရှိနေကြပြီး တာဝန်များထမ်းဆောင်နေကြသည်။ ၎င်းတို့ အမှီပြုနေသည်မှာ မည်သည့်အရာများနည်း။ ကျေးဇူးတော်အားဖြင့် ကယ်တင်ခံရသည်ဟူသည့် စိတ်နေစိတ်ထားပင်လော။ အဆုံးတိုင်အောင် ဘုရားနောက်သို့ လိုက်လျှင် မလွဲဧကန် ကယ်တင်ခံရလိမ့်မည်ဟူသော စိတ်နေစိတ်ထားပင်လော။ သို့မဟုတ် ကံနှင့် အခွင့်အရေးကို အခြေခံသော စိတ်ထားပင်လော။ ဤအရာများ လုံးဝ မဟုတ်ပေ။ ဤသို့ဆိုလျှင် အဘယ်အရာနည်း။ ပေါလုပြောခဲ့သကဲ့သို့ပင် ဖြစ်သည်။ “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။” (တိမောသေ ဩဝါဒစာ ဒုတိယစောင် ၄:၇-၈) ဤကျမ်းပိုဒ်ကို စိစစ်ပြီး ရိုးရှင်းစွာ ဆိုရလျှင် ဤစကားများတွင် အပေးအယူ လက္ခဏာသဘော ရှိနေသည်။ ဤစကားများအတွင်းတွင် အပေးအယူ လုပ်ဆောင်ရန်အတွက် သဘောထား၊ စိတ်ကူးနှင့် အစီအစဉ်တစ်ခု ရှိနေသည်။ ဤစကားများက လိုအင်ဆန္ဒနှင့် ရည်မှန်းချက် ရှိသည့်နေရာမှ လာသည်။ ဤစကားများတွင် မည်သည့်အချက်များကို သင်မြင်သနည်း။ လူတို့သည် ဘုရားသခင်အပေါ် ယုံကြည်မှုတွင် မည်သည့်အရာကို လိုက်စားသနည်း။ (သရဖူနှင့် ကောင်းချီးများ ဖြစ်ပါသည်။) ဟုတ်သည်။ ၎င်းတို့သည် ကောင်းချီးများနှင့် ကောင်းသော ခရီးပန်းတိုင်နောက်သို့ လိုက်သည်။ ထိုကောင်းသော ခရီးပန်းတိုင်နှင့် ကောင်းချီးများအတွက် မည်သည့်အရာကို ၎င်းတို့ လဲလှယ်မည်နည်း။ ထိုအရာများအတွက် မည်သည့်အရာနှင့် အလဲအလှယ်ပြုမည်နည်း။ (၎င်းတို့၏ အားသွန်ခွန်စိုက် လုပ်ဆောင်မှုနှင့် ပင်ပန်းစွာ လုပ်ဆောင်မှုများ၊ ၎င်းတို့၏ အနစ်နာခံမှုနှင့် အသုံးခံမှုများ၊ ၎င်းတို့၏ ဒုက္ခခံမှုနှင့် အဖိုးအခပေးဆပ်မှုများတို့ ဖြစ်ပါသည်။) ပေါလု၏ စကားများကို အသုံးပြုရလျှင် ၎င်းတို့သည် တိုက်လှန်ခြင်းကို ပြုပြီးပြီ။ ပြေးရသောလမ်းကို ပြေးပြီးပြီ။ ၎င်းတို့ လုပ်ဆောင်သင့်သည့် အရာမှန်သမျှကို လုပ်ဆောင်ပြီးပြီ။ ထို့ကြောင့် ၎င်းတို့သည် လူသားမျိုးနွယ်အတွက် ဘုရားသခင် ပြင်ဆင်ထားသည့် ကောင်းသော ခရီးပန်းတိုင်နှင့် ကောင်းချီးများကို ရရှိသင့်သည်ဟု ယုံကြည်ကြသည်။ ဤသည်မှာ ဘုရားသခင် လုပ်ဆောင်သင့်သည့်အရာ၊ လုပ်ဆောင်ရမည့်အရာ ဖြစ်သည်မှာ ပြောစရာမလိုကြောင်း၊ ဘုရားသခင်က ဤသို့ မလုပ်ဆောင်လျှင် ဘုရားဖြစ်မည် မဟုတ်ကြောင်း ၎င်းတို့ ထင်ကြသည်။ သိသာစွာပင် ဤနေရာ၌ ဘုရားသခင်အပေါ် နာခံခြင်း မရှိပေ။ သမ္မာတရားအား လိုက်စားခြင်းသဘောထား မရှိပေ။ ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ရန် သဘောထား၊ သို့မဟုတ် အစီအစဉ် မရှိပေ။ ဤသည်မှာ ဘုရားသခင်က လူသားမျိုးနွယ်အား ကတိပေးထားခဲ့သည့် ကောင်းချီးများကို ရရှိရန်အတွက် ၎င်းတို့လုပ်ဆောင်နိုင်သည့်အရာအနည်းငယ်ဖြင့် လဲလှယ်လိုသည့် ဆန္ဒတစ်ခုသာ ဖြစ်သည်။ ထို့ကြောင့် ငါတို့ ယခုပြောဆိုနေသည့် လူများသည် ၎င်းတို့၏ စိတ်အတွင်းတွင် ဟာတာတာဖြစ်နေကြောင်း၊ ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် အမှီပြုစရာ ဘာမျှမရှိကြောင်း မကြာခဏ ခံစားကြရသည်။ သို့တိုင်အောင် ၎င်းတို့သည် ၎င်းတို့ အစဉ်သဖြင့် လုပ်ဆောင်နေကျ ပုံစံအတိုင်း ဆက်လက် လုပ်ဆောင်ကြသည်။ အဖိုးအခများ အလွန်ပေးဆပ်ပြီး ဒုက္ခခံကြသည်။ ၎င်းတို့၏ တိုက်လှန်ခြင်းကို မလျှော့တမ်းပြုလုပ်ပြီး ပြေးရသောလမ်းကို ပြေးလျက်ရှိကြသည်။ မည်သည့်အရာကို ၎င်းတို့ အမှီပြုကြသနည်း။ ၎င်းတို့၏ “ယုံကြည်ခြင်း” ကို ကျားကန်ပေးထားသည်မှာ ၎င်းတို့ဖက်တွယ်ထားပြီး ဇွတ်မှိတ် ယုံကြည်နေသည့် ပေါလု၏ ထိုစာကိုးများ ဖြစ်သည်။ ၎င်းတို့သည် ဆုချီးမြှင့်ခံရပြီး ဆုသရဖူရရှိဖို့ ဖြစ်သည့် ၎င်းတို့၏ ရည်မှန်းချက်နှင့် ဆန္ဒများကို အမှီပြုကြသည်။ ကြီးမြတ်သော ကောင်းချီးများကို လက်ခံရရှိရန် အပေးအယူဆန်သော လဲလှယ်မှုကို အသုံးပြုခြင်းဖြစ်သော သူတို့အိပ်မက်ကို အမှီပြုကြသည်။ ဘုရားသခင်၏ အမှုတော်ကို နားလည်ခြင်း၊ သို့မဟုတ် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံစဉ်တွင် သမ္မာတရားအား လိုက်စားခြင်းအားဖြင့် ရရှိသည့် အတွေ့အကြုံနှင့် အသိပညာတို့ကို အမှီမပြုပေ။ ဤသည်မှာ ၎င်းတို့ အမှီပြုသည့်အရာ မဟုတ်ပေ။

ငါတို့ ယခု မိတ်သဟာယဖွဲ့ခဲ့သည့်အရာကို ကြည့်လျှင် သမ္မာတရားအား လိုက်စားခြင်း လမ်းပေါ်တွင် လက်တွေ့ကျသော အခက်အခဲများစွာ ရှိသည့်အပြင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ အချုပ်အနှောင်များ၊ အကန့်အသတ်များ၊ ကြီးစွာသော အခက်အခဲနှင့် အတားအဆီးများစွာ ရှိသော်လည်း မိမိ၌ စစ်မှန်သော ယုံကြည်ခြင်းရှိသရွေ့ ဘုရားနှုတ်ကပတ်တော်၏ လမ်းပြမှုနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို အမှီပြုခြင်းအားဖြင့် မိမိသည် သမ္မာတရားအား လိုက်စားခြင်း လမ်းကြောင်းပေါ်တွင် အလုံးစုံ စတင်နိုင်လိမ့်မည်ဟု ယုံကြည်သင့်သည်ကို မြင်နိုင်သည်။ ပေတရုက ဤအရာ၏ သာဓကပင် ဖြစ်သည်။ လူများစွာတို့သည် ဘုရားသခင်ကို ယုံကြည်ရာတွင် ဘုရားအတွက် အလုပ်လုပ်ခြင်းသက်သက်ကိုသာ အာရုံစိုက်ကြသည်။ ဒုက္ခခံခြင်း၊ အဖိုးအခပေးဆပ်ခြင်းဖြင့်သာ ကျေနပ်ကြသည်။ သို့ရာတွင် သမ္မာတရားကို လုံးဝ မလိုက်စားကြပေ။ ရလဒ်အနေဖြင့် ဘုရားသခင်အား ဆယ်နှစ်၊ အနှစ်နှစ်ဆယ်၊ အနှစ်သုံးဆယ်ကြာ ယုံကြည်ပြီးနောက်တွင် ဘုရားသခင်၏ အမှုတော်အပေါ် စစ်မှန်သော အသိမရှိကြချေ။ ထို့ပြင် သမ္မာတရား သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များနှင့်ပတ်သက်သည့် အတွေ့အကြုံကိုသော်လည်းကောင်း၊ အသိပညာကိုသော်လည်းကောင်း ဘာတစ်ခုမျှ မပြောဆိုနိုင်ပေ။ စုဝေးပွဲများအတောအတွင်းတွင် ၎င်းတို့၏ အတွေ့အကြုံကို အခြေခံသော သက်သေခံချက် အနည်းငယ်ကို ပြောဆိုဖို့ ကြိုးစားကြသည့်အခါ ၎င်းတို့တွင် ပြောစရာမရှိပေ။ ၎င်းတို့ ကယ်တင်ခြင်းခံရမည်၊ မခံရမည်ကို ၎င်းတို့ လုံးဝ မသိပေ။ ဤတွင် ပြဿနာသည် အဘယ်နည်း။ ဤသည်မှာ သမ္မာတရားကို မလိုက်စားသည့် လူတို့၏ပုံစံဖြစ်သည်။ ၎င်းတို့သည် ယုံကြည်သူများဖြစ်လာသည်မှာ နှစ်မည်မျှကြာပြီးပြီဖြစ်စေ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ မဆိုထားနှင့်၊ သမ္မာတရားကို နားလည်နိုင်စွမ်းပင် မရှိကြချေ။ သမ္မာတရားကို လုံးလုံး လက်မခံသောသူတစ်ဦးသည် သမ္မာတရားစစ်မှန်မှုထဲသို့ မည်သို့ဝင်ရောက်နိုင်မည်နည်း။ ဤပြဿနာကို မရိပ်စားမိနိုင်ကြသော လူအချို့ရှိ၏။ စကားများနှင့် အယူဝါဒများကို သံယောင်လိုက်ပြောသည့် လူများက သမ္မာတရားကို လက်တွေ့လုပ်ဆောင်လျှင် သမ္မာတရားစစ်မှန်မှုထဲသို့လည်း ထိုလူတို့ ဝင်ရောက်နိုင်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ဤသည်မှာ မှန်ကန်သလော။ စကားများနှင့် အယူဝါဒများကို သံယောင်လိုက်ပြောသော သူများသည် ပင်ကိုအားဖြင့် သမ္မာတရားကို နားလည်နိုင်စွမ်း မရှိကြချေ။ သို့ဖြစ်၍ ၎င်းတို့သည် သမ္မာတရားကို မည်သို့ လက်တွေ့လုပ်ဆောင်နိုင်မည်နည်း။ ၎င်းတို့ လက်တွေ့လုပ်ဆောင်သည့် အရာသည် သမ္မာတရားကို မချိုးဖောက်သည့်ပုံရှိပြီး လုပ်ရပ်ကောင်းများနှင့် အပြုအမူကောင်းများ ဖြစ်သည့်ပုံရသည်။ သို့သော်လည်း ဤသို့သော လုပ်ရပ်ကောင်းများနှင့် အပြုအမူကောင်းများကို သမ္မာတရားစစ်မှန်မှုဟု မည်သို့ခေါ်ဆိုနိုင်မည်နည်း။ သမ္မာတရားကို နားမလည်သောသူတို့သည် သမ္မာတရားစစ်မှန်မှုက မည်သည့်အရာ ဖြစ်သည်ကို မသိကြပေ။ ၎င်းတို့က လူတို့၏ လုပ်ရပ်ကောင်းများနှင့် အပြုအမူကောင်းများကို သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းအဖြစ် ယူဆကြသည်။ ဤသည်မှာ အဓိပ္ပာယ်မရှိဖြစ်သည် မဟုတ်လော။ ဤသည်မှာ ဘာသာရေးသမားများ၏ အတွေးများ၊ အမြင်များနှင့် မည်သို့ကွာခြားသနည်း။ ဤသို့သော မှားယွင်းနေသည့် သိနားလည်မှု ပြဿနာများကို မည်သို့ ဖြေရှင်းနိုင်သနည်း။ အခြားသူများကို ကြည့်ပြီး ၎င်းတို့၏ သရုပ်မှန်ကို ပိုင်းခြားသိမြင်နိုင်ရန်၊ သမ္မာတရားစစ်မှန်မှုကို ၎င်းတို့ပိုင်ဆိုင်ခြင်းရှိမရှိ ပြောနိုင်ရန်အလို့ငှာ လူတို့သည် ရှေးဦးစွာ ဘုရားနှုတ်ကပတ်တော်များမှ ဘုရားသခင်၏ အလိုတော်ကို နားလည်ရမည်။ သမ္မာတရားကို နားလည်ခြင်းသည် မည်သည့်အရာဖြစ်သည်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် မည်သည့်အရာဖြစ်သည်ကို သိရမည်။ ဘုရားသခင်၏ အမှုတော်နှင့် လူကို ကယ်တင်ခြင်းသည် သမ္မာတရားကို လူတို့နားလည်ပြီး လက်တွေ့လုပ်ဆောင်အောင် ပြုဖို့ ရည်ရွယ်သည်။ ထိုအခါမှသာ လူတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို စွန့်ခွာနိုင်မည်ဖြစ်ပြီး စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်နိုင်မည်ဖြစ်ကာ သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။ သမ္မာတရားကို သင် မလိုက်စားလျှင်၊ သင်၏ ကိုယ်ပိုင်အယူအဆများ၊ စိတ်ကူးထင်မြင်မှုများအရ ဘုရားသခင်အတွက် အသုံးခံခြင်း၊ ဒုက္ခခံခြင်း၊ အဖိုးအခ ပေးဆပ်ခြင်းဖြင့်သာ ကျေနပ်နေလျှင် သင်လုပ်သမျှတိုင်းသည် သမ္မာတရားအား သင်၏ လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားအား သင်၏ နာခံခြင်းတို့ကို ကိုယ်စားပြုလိမ့်မည်လော။ သင်၏ အသက်တာ စိတ်သဘောထားကို သင်ပြောင်းလဲပြီးကြောင်း ထိုအရာက သက်သေပြလိမ့်မည်လော။ ဘုရားသခင်ကို သင်အမှန်တကယ် သိမြင်မှုရှိကြောင်း ထိုအရာက ကိုယ်စားပြုလိမ့်မည်လော။ ကိုယ်စားပြုမည် မဟုတ်ပေ။ ဤသို့ဆိုလျှင် သင်လုပ်ဆောင်သမျှသည် မည်သည့်အရာကို ကိုယ်စားပြုမည်နည်း။ သင်၏ တစ်ကိုယ်ရေ အကြိုက်များအပြင် သိနားလည်မှုနှင့် စိတ်ကူးယဉ်အတွေးတို့ကိုသာ ကိုယ်စားပြုနိုင်သည်။ သင်လုပ်ဆောင်လိုသောအရာနှင့် လုပ်ဆောင်ချင်စိတ်ရှိသော အရာများသက်သက်သာ ဖြစ်မည်။ သင်လုပ်သမျှသည် သင်၏ကိုယ်ပိုင်ဆန္ဒများ၊ လိုအင်များ၊ သင်စံပြုထားသော အရာများကိုသာ အလိုဖြည့်ပေးသည်။ ဤသည်မှာ သမ္မာတရားကို လိုက်စားခြင်းမဟုတ်သည်ကား ရှင်းသည်။ သင်၏ လုပ်ရပ်တစ်ခုတလေ၊ သို့မဟုတ် အပြုအမူတစ်ခုတလေကမျှ သမ္မာတရားနှင့်ဖြစ်စေ၊ ဘုရားသခင်၏ တောင်းဆိုချက်များနှင့်ဖြစ်စေ ဘာမျှ သက်ဆိုင်မှုမရှိပေ။ သင်၏ လုပ်ရပ်များနှင့် အပြုအမူများ အားလုံးသည် သင်ကိုယ်တိုင်အတွက် ဖြစ်သည်။ သင်သည် မိမိစံပြုထားသော အရာများအပြင် မိမိ၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့အတွက်သာ အလုပ်လုပ်နေခြင်း၊ ကြိုးစားနေခြင်း၊ ပြေးလွှားနေခြင်းဖြစ်သည်။ ဤအရာကြောင့် သင်သည် ဆုချီးမြှင့်ခံရရန်၊ ဆုသရဖူရရှိရန်၊ ကောင်းကင်နိုင်ငံတော်သို့ ဝင်ရန်အတွက်သာ အသက်တာတစ်လျှောက်လုံး အပင်ပန်းခံ အလုပ်လုပ်ခဲ့သော ပေါလုနှင့် ဘာမျှ မခြားပေ။ သင်သည် ရှင်းလင်းစွာပင် ပေါလု၏ လမ်းကြောင်းအား လျှောက်လှမ်းနေသည်ကို ဤအရာက ပြသည်။ အချို့က “ကျွန်ုပ်သည် လိုလိုလားလား အပင်ပန်းခံပြီး အလုပ်လုပ်၏။ ဘုရားနှင့် အပေးအယူလုပ်ဖို့ မကြိုးစားဖူးပါ” ဟူ၍ ပြောကြသည်။ သင်သည် ဘုရားသခင်နှင့် အပေးအယူလုပ်ဖို့ ကြိုးစားခဲ့သည်ဖြစ်စေ၊ မကြိုးစားခဲ့သည်ဖြစ်စေ၊ ဘုရားသခင်နှင့် အပေးအယူလုပ်ဖို့ တိကျပြတ်သားသော ရည်ရွယ်ချက် သင်၏စိတ်၊ သို့မဟုတ် သဘောထားတွင် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သင့်တွင် ဤသို့သော အစီအစဉ်၊ ပန်းတိုင်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မည်သို့ပင်ဖြစ်စေကာမူ အရေးမပါပေ။ သင်သည် ကောင်းကင်နိုင်ငံတော်၏ ဆုလာဘ်များနှင့် ဆုသရဖူအား သင်၏ အပင်ပန်းခံ အလုပ်လုပ်ခြင်း၊ သင်၏ ဆင်းရဲဒုက္ခများ၊ သင်ပေးဆပ်ခဲ့သည့် အဖိုးအခတို့ဖြင့် လဲလှယ်ဖို့ ကြိုးစားနေသည်။ ဤပြဿနာ၏ အနှစ်သာရမှာ သင်သည် ဘုရားသခင်နှင့် အပေးအယူလုပ်ရန် ကြိုးစားနေသည့် အဖြစ်ပင်။ သင်က ဤသို့လုပ်ဆောင်နေသည်ကို သတိမထားမိခြင်းသာ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ လူတစ်ယောက်က ကောင်းချီးများရရန်အတွက် ဆင်းရဲဒုက္ခများကို ကြုံတွေ့ပြီး အဖိုးအခပေးဆပ်သရွေ့ သူ့လိုက်စားမှု၏ အနှစ်သာရသည် ပေါလုနှင့် အတူတူပင် ဖြစ်သည်။ မည်သို့သောပုံစံဖြင့် တူညီသနည်း။ နှစ်ခုစလုံးက မိမိ၏ အပင်ပန်းခံ လုပ်ဆောင်မှုများ၊ မိမိဖြတ်သန်းရသည့် ဆင်းရဲဒုက္ခများ၊ မိမိပေးဆပ်သည့် အဖိုးအခများ စသည်တို့ဖြစ်သည့် မိမိ၏ အပြုအမူကောင်းများနှင့် ဘုရားသခင်၏ ကောင်းချီးများ၊ လူသားမျိုးနွယ်ကို ဘုရားသခင် ကတိပေးထားသော ကောင်းချီးများကို လဲလှယ်ရန် ကြိုးစားအားထုတ်မှုများပင် ဖြစ်သည်။ ဤအရာတို့မှာ အနှစ်သာရအားဖြင့် အတူတူပင် မဟုတ်လော။ (ဟုတ်ပါသည်။) အနှစ်သာရအားဖြင့် တူညီသည်။ အမှန်တကယ် ကွာခြားမှု မရှိပေ။ သင်သည် ပေါလု၏ လမ်းကြောင်းကို မလျှောက်လိုဘဲ ပေတရု၏ လမ်းကြောင်းကို လျှောက်လိုလျှင်၊ ဘုရားသခင်၏ လက်ခံမှုကို သင် ရရှိလိုလျှင် မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ သံသယရှိစရာ မလိုပေ။ သင်သည် သမ္မာတရားကို လိုက်စားရန် သင်ယူရမည်။ သမ္မာတရားအပြင် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းသာမက ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းတို့ကိုပါ လက်ခံနိုင်ရမည်။ သင့်ကိုယ်သင် သိမြင်ခြင်း၊ သင်၏ စိတ်သဘောထား ပြောင်းလဲလာအောင် လုပ်ခြင်းတို့အပေါ် အာရုံစိုက်ရမည်ဖြစ်ပြီး ဘုရားသခင်အား ချစ်ခြင်းကို လက်တွေ့လုပ်ဆောင်ဖို့ အားထုတ်ရမည်။ သမ္မာတရားအား လိုက်စားခြင်းလမ်းကို လျှောက်ခြင်းနှင့် ပေတရု၏ လမ်းကြောင်းပေါ်တွင် စတင်လျှောက်လှမ်းခြင်းဟူသည်မှာ ဤအရာကို ဆိုလိုသည်။ ပေတရု၏လမ်းကြောင်းကို လျှောက်ရန်အတွက် လူအပေါ် ဘုရားသခင် တောင်းဆိုသည့်အရာနှင့် လူအား ဘုရားသခင် ညွှန်ပြထားသည်မှာ မည်သည့်လမ်းကြောင်းဖြစ်သည်တို့ကို ရှေးဦးစွာ နားလည်ရမည်။ ကယ်တင်ခြင်းဆီသို့ ဦးတည်သည့် ဘုရားသခင်အား ယုံကြည်ခြင်းလမ်းကြောင်းနှင့် ထာဝရပြစ်ဒဏ်နှင့် ပျက်စီးခြင်းသို့ ဦးတည်သည့် လမ်းကြောင်းကို သင် ပိုင်းခြားသိမြင်နိုင်ရမည်။ သင်သည် အဘယ်ကြောင့် ပေါလု၏ လမ်းကြောင်းကို လျှောက်လှမ်းနိုင်ခဲ့သည်ဆိုသည်ကို အမှန်တကယ် ဆင်ခြင်သုံးသပ်ဖို့လိုပြီး ထိုလမ်းကြောင်းကို လျှောက်ရန် မည်သည့်စိတ်သဘောထားက သင့်အား အမိန့်ပေးသည်ကို သေချာအောင် စုံစမ်းဖို့ လိုသည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများတွင် မာနထောင်လွှားခြင်း၊ သို့မဟုတ် လှည့်စားခြင်း၊ သို့မဟုတ် ဆိုးယုတ်ခြင်းကဲ့သို့သော အပေါ်လွင်ဆုံး၊ အသိသာဆုံး အရာများကို သင်ပိုင်းခြားသိမြင်သင့်သည်။ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် စတင်ပြီး ဆင်ခြင်သုံးသပ်ပါ။ စိစစ်ပါ။ သင့်ကိုယ်သင် သိမြင်အောင် လုပ်ပါ။ သင့်ကိုယ်သင် အမှန်တကယ် သိမြင်လာအောင်၊ သင့်ကိုယ်သင် အမှန်တကယ် မုန်းတီးလာအောင် လုပ်ဆောင်နိုင်လျှင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ခွာချရန် သင့်အတွက် လွယ်ကူလိမ့်မည်။ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ရန် သင့်အတွက် လွယ်ကူလိမ့်မည်။ ဤသို့ဆိုလျှင် ဤအရာကို တိတိကျကျ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်နည်း။ မာနထောင်လွှားသော စိတ်သဘောထားတစ်ခု၏ ဥပမာကို အသုံးပြုပြီး ဤအရာကို ရိုးရှင်းစွာ မိတ်သဟာယပြုကြပါစို့။ သင်၏ နေ့စဉ်အသက်တာတွင် စကားပြောခြင်း၊ ပြုမူဆောင်ရွက်ပြီး အမှုအရာများကို ကိုင်တွယ်ခြင်း၊ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်း၊ အခြားလူများနှင့် မိတ်သဟာယဖွဲ့ခြင်း စသည်ဖြင့်တို့ကို လုပ်ဆောင်သောအခါ လက်ရှိအကြောင်းကိစ္စက မည်သည့်အရာဖြစ်စေ၊ သင် မည်သည့်နေရာတွင် ရှိသည်ဖြစ်စေ၊ အခြေအနေများက မည်သို့ရှိသည်ဖြစ်စေ သင်သည် မည်သို့သော မာနထောင်လွှားသည့် စိတ်သဘောထားအား ဖွင့်ပြသည်ကို အချိန်ပြည့် အာရုံစိုက်ကာ ဆန်းစစ်ရမည်။ သင်၏ မာနထောင်လွှားသည့် စိတ်သဘောထားမှလာသော သင် သတိထားမိပြီး သိမြင်နိုင်သည့် ဖွင့်ပြမှုများ၊ အတွေးများ၊ စိတ်ကူးများအားလုံးအပြင် သင်၏ ရည်ရွယ်ချက်များနှင့် ပန်းတိုင်များကိုပါ ဖော်ထုတ်ရမည်။ အထူးသဖြင့် သူတစ်ပါးတို့အား အထက်စီးမှနေ၍ အစဉ် ဩဝါဒပေးလိုခြင်း၊ မည်သူ့ကိုမျှ မနာခံခြင်း၊ မိမိကိုယ်ကို အခြားသူများထက် သာသည်ဟု မြင်ခြင်း၊ အခြားလူများက မည်မျှ မှန်နိုင်သည်ဖြစ်စေ ၎င်းတို့ပြောသည့်အရာကို လက်မခံခြင်း၊ သင်မှားနေလျှင်ပင် သင်ပြောသည့်အရာကို အခြားလူများ လက်ခံပြီး နာခံအောင် လုပ်ဆောင်ခြင်း၊ အစဉ်သဖြင့် အခြားလူများအား ဦးဆောင်လိုစိတ်ရှိခြင်း၊ ခေါင်းဆောင်များနှင့် အမှုဆောင်များက သင့်အား ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းသောအခါ မလိုက်နာခြင်း၊ ကျိုးကြောင်းပြပြောဆိုခြင်း၊ ၎င်းတို့အား မှားယွင်းသည်ဟု ရှုတ်ချခြင်း၊ အခြားလူများအား အစဉ် ရှုတ်ချပြီး မိမိကိုယ်ကို မြှင့်တင်ခြင်း၊ အခြားလူတိုင်းထက် မိမိက သာသည်ဟု အစဉ်ထင်မြင်ခြင်း၊ အစဉ်သဖြင့် ထင်ပေါ်ကျော်ကြားကာ ထူးကဲပေါ်လွင်သည့်သူ ဖြစ်လိုခြင်း၊ သင့်အား အခြားလူများက အထင်ကြီးပြီး ကိုးကွယ်ရန်အတွက် ကြွားဝါရခြင်းကို အစဉ် နှစ်သက်ခြင်း အစရှိသည်တို့ ဖြစ်သည်။ ဤဖောက်ပြန်ပျက်စီးမှု ဖွင့်ပြခြင်းများကို ဆင်ခြင်သုံးသပ်ခြင်း၊ စိစစ်ခြင်းတို့အား လက်တွေ့လုပ်ဆောင်ခြင်းမှတစ်ဆင့် သင်၏ မာနထောင်လွှားသော စိတ်သဘောထားက မည်မျှအကျည်းတန်သည်ကို သိလာနိုင်သည်။ သင့်ကိုယ်သင် ရွံရှာမုန်းတီးလာနိုင်သည်။ သင်၏ မာနထောင်လွှားသော စိတ်သဘောထားကို ပို၍ပင် မုန်းတီးလာနိုင်သည်။ ဤသို့အားဖြင့် သင်သည် အမှုအရာများအားလုံးတွင် မာနထောင်လွှားသော စိတ်သဘောထားကို ဖွင့်ဟခြင်း ရှိမရှိအား ဆင်ခြင်သုံးသပ်လိုစိတ် ရှိလာမည်။ တစ်ပိုင်းက သင်၏စကားတွင် မည်သည့် မာနထောင်လွှားသော၊ မိမိကိုယ်ကို အမှန်ထင်သော စိတ်သဘောထားများ ဖွင့်ပြသည်၊ မည်သည့် ကြွားဝါသော၊ မာနထောင်လွှားသော၊ အသိမဲ့သော အရာများ သင်ပြောသည်ကို ဆင်ခြင်သုံးသပ်ခြင်းဖြစ်သည်။ အခြားအပိုင်းကမူ သင်၏ အယူအဆများ၊ စိတ်ကူးများ၊ ရည်မှန်းချက်များနှင့် ဆန္ဒများအတိုင်း ပြုမူစဉ်တွင် သင်လုပ်ဆောင်မိသည့် အဓိပ္ပာယ်မရှိသော၊ အသိတရားမရှိသော အရာများကို ဆင်ခြင်သုံးသပ်ခြင်းဖြစ်သည်။ ဤသို့သော မိမိကိုယ်ကို သုံးသပ်ခြင်းသည်သာ မိမိကိုယ်ကို သိမြင်မှုကို ရရှိနိုင်သည်။ သင့်ကိုယ်သင် အမှန်တကယ် သိမြင်မှုကို ရရှိပြီးသည်နှင့် ရိုးသားသူဖြစ်ဖို့ လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းများနှင့် စည်းမျဉ်းများကို ဘုရားနှုတ်ကပတ်တော်များတွင် ရှာဖွေသင့်သည်။ ထို့နောက် ဘုရားနှုတ်ကပတ်တော်များထဲတွင် ညွှန်ပြထားသည့် လမ်းကြောင်းများ၊ စည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်ပြီး သင်၏တာဝန်ကို ထမ်းဆောင်သင့်ကာ အခြားလူများကို ချဉ်းကပ်ပြီး ဆက်ဆံသင့်သည်။ ဤနည်းဖြင့် တစ်လတန်သည်ဖြစ်စေ၊ နှစ်လတန်သည်ဖြစ်စေ အချိန်တစ်ခု ကြာသည်အထိ လက်တွေ့လုပ်ဆောင်ပြီးသောအခါတွင် သင်သည် ဤအရာနှင့်ပတ်သက်ပြီး စိတ်နှလုံး ရွှင်ပျခြင်း ရှိလာမည်။ ဤအရာမှတစ်ဆင့် တစ်ခုခုရရှိမည်ဖြစ်ပြီး အောင်မြင်မှု၏ အရသာကို မြည်းစမ်းရမည်။ ရိုးသားသူ၊ အသိတရားရှိသူတစ်ယောက် ဖြစ်လာအောင် လုပ်၍ရမည့် လမ်းကြောင်းတစ်ခု သင့်တွင် ရှိသည်ဟု ခံစားရမည်။ သင်သည် အလွန်ပို၍ တည်ငြိမ်ခိုင်မာမှုကိုလည်း ခံစားရမည်။ သင်သည် သမ္မာတရား၏ အထူးနက်နဲသော အသိပညာအကြောင်း မပြောနိုင်သေးသော်လည်း သမ္မာတရားကို သိမြင်နားလည်မှုရှိသော အသိပညာအချို့အပြင် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခုကိုပါ ရရှိလိမ့်မည်။ သင်သည် ဤအရာကို စကားဖြင့် ရှင်းလင်းစွာ ဖော်ပြနိုင်မည် မဟုတ်သော်လည်း မာနထောင်လွှားသော စိတ်သဘောထားက လူတို့အပေါ် ဖြစ်ပေါ်စေသည့် ထိခိုက်မှုနှင့် ၎င်းတို့၏ လူ့သဘာဝအား မည်သို့ ပုံဖျက်သည်ကို အနည်းငယ် ပိုင်းခြားသိမြင်မှု ရှိလိမ့်မည်။ ဥပမာအားဖြင့် မာနထောင်လွှားသော၊ စိတ်ကြီးဝင်သော လူတို့သည် ကြွားဝါသော၊ ကြမ်းတမ်းသော အရာများကို မကြာခဏပြောပြီး အခြားလူများကို လှည့်စားရန်အတွက် မုသားများ ပြောဆိုကြသည်။ ၎င်းတို့သည် ကြီးကျယ်သည့် စကားများကို ပြောဆိုသည်။ ဆောင်ပုဒ်များကို အော်ဟစ်သည်။ ဟိတ်ဟန်ကြီးသော မိန့်ခွန်းရှည်ကြီးများကို ကြာရှည်စွာ ပြောဆိုကြသည်။ ဤအရာတို့သည် မာနထောင်လွှားသော စိတ်သဘောထား၏ အမျိုးမျိုးသော သရုပ်သကန်များ မဟုတ်သလော။ ဤမာနထောင်လွှားသော စိတ်သဘောထားများကို ဖွင့်ပြသည်မှာ အလွန်ပင် အသိစိတ်ကင်းမဲ့သည် မဟုတ်လော။ သင်သည် ဤသို့သော မာနထောင်လွှားသည့် စိတ်သဘောထားများကို ဖွင့်ပြသည်မှာ သင်၏ သာမန်လူသား အသိစိတ် ပျောက်ဆုံးခဲ့၍ ဖြစ်ရမည်ဖြစ်ကြောင်း၊ မာနထောင်လွှားသော စိတ်သဘောထားအတွင်းတွင် အသက်ရှင်ခြင်းသည် လူ့သဘာဝထက် နတ်ဆိုးအဖြစ်ကို အသက်ရှင်နေထိုင်ခြင်း ဖြစ်ကြောင်း အမှန်တကယ် နားလည်နိုင်လျှင် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားသည် ဆိုးယုတ်သော စိတ်သဘောထားဖြစ်သည်ကို အမှန်တကယ် သိမြင်လိမ့်မည်ဖြစ်ပြီး စာတန်နှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင်၏ စိတ်နှလုံးအတွင်းမှ မုန်းတီးနိုင်လိမ့်မည်။ ဤသို့သော အတွေ့အကြုံ ခြောက်လ၊ သို့မဟုတ် တစ်နှစ်ကြာ ရှိပြီးလျှင် သင်သည် မိမိကိုယ်ကို အမှန်တကယ် သိမြင်နိုင်စွမ်း ရှိလိမ့်မည်။ မာနထောင်လွှားသော စိတ်သဘောထားကို တစ်ဖန် ဖွင့်ပြလျှင် ချက်ချင်း သတိပြုမိလိမ့်မည်ဖြစ်ပြီး ယင်းကို ကျောခိုင်းစွန့်ပစ်နိုင်လိမ့်မည်။ သင်သည် စတင်ပြောင်းလဲလိမ့်မည်။ သင်၏ မာနထောင်လွှားသော စိတ်သဘောထားကို တဖြည်းဖြည်းချင်း ဖယ်ရှားပြီး အခြားလူများနှင့် ပုံမှန် အဆင်ပြေနိုင်လိမ့်မည်။ ရိုးသားစွာ ပြောဆိုနိုင်မည်ဖြစ်ပြီး စိတ်နှလုံးအတွင်းမှ ပြောဆိုနိုင်လိမ့်မည်။ မုသားများကို ပြောဆိုတော့မည်မဟုတ်၊ သို့မဟုတ် မာနထောင်လွှားသော အရာများကို ပြောမည် မဟုတ်တော့ပေ။ ဤသို့ဆိုလျှင် သင်သည် အသိစိတ်အနည်းငယ်နှင့် ရိုးသားသူတစ်ယောက်၏ ပုံသဏ္ဌာန်အချို့ကို ပိုင်ဆိုင်လိမ့်မည် မဟုတ်လော။ ထိုဝင်ရောက်မှုကို ရရှိပြီး ဖြစ်လိမ့်မည် မဟုတ်လော။ ဤသည်မှာ တစ်ခုခုကို သင် စတင်ရရှိမည့် အချိန်ဖြစ်သည်။ ဤနည်းအားဖြင့် ရိုးသားသူတစ်ယောက်ဖြစ်ရန် လက်တွေ့လုပ်ဆောင်သောအခါတွင် သင်သည် မည်သို့သော မာနထောင်လွှားသည့် စိတ်သဘောထားမျိုးကို ဖွင့်ဟပါစေ သမ္မာတရားအား ရှာဖွေနိုင်ပြီး သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်နိုင်မည်။ အချိန်အနည်းငယ် ကြာသည်အထိ ဤနည်းဖြင့် ရိုးသားသူတစ်ယောက်ဖြစ်ခြင်းကို တွေ့ကြုံပြီးနောက်တွင် သင်သည် ရိုးသားသူတစ်ယောက်ဖြစ်ခြင်းနှင့် သက်ဆိုင်သည့် သမ္မာတရားများနှင့် ဆက်စပ်မှုရှိသော ဘုရားနှုတ်ကပတ်တော်များကို မသိစိတ်မှနေ၍ တဖြည်းဖြည်းချင်း နားလည်လာလိမ့်မည်။ သင်၏ မာနထောင်လွှားသော စိတ်သဘောထားကို စိစစ်ရန် ထိုသမ္မာတရားများကို သင် အသုံးပြုသောအခါ သင်၏ စိတ်နှလုံးအတွင်းတွင် ဘုရားနှုတ်ကပတ်တော်များ၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် အလင်းပေးမှု ရှိလိမ့်မည်။ သင်၏ စိတ်နှလုံးသည် ပို၍လည်း စတင်ရွှင်ပျအားတက်လာလိမ့်မည်။ မာနထောင်လွှားသော စိတ်သဘောထားက လူတို့ထံသို့ သယ်ဆောင်လာသော ဖောက်ပြန်ပျက်စီးမှုနှင့် ယင်းက လူတို့ကို အသက်ရှင်နေထိုင်စေသည့် အကျည်းတန်မှုကို သင် ရှင်းလင်းစွာ မြင်လိမ့်မည်။ မာနထောင်လွှားသော စိတ်သဘောထားကို လူတို့ဖွင့်ပြသောအခါ ၎င်းတို့တွင်ရှိသော ဖောက်ပြန်ပျက်စီးသည့် အခြေအနေတစ်ခုစီကိုလည်း သင် ပိုင်းခြားသိမြင်နိုင်လိမ့်မည်။ ပို၍ စိစစ်လျှင် သင်သည် စာတန်၏ အကျည်းတန်မှုကို ပို၍ပင် ရှင်းလင်းစွာ မြင်လိမ့်မည်ဖြစ်ပြီး စာတန်ကို ပို၍ပင် မုန်းလိမ့်မည်။ ဤသို့ဖြင့် သင်၏ မာနထောင်လွှားသော စိတ်သဘောထားကို ဖယ်ရှားရန် လွယ်ကူလိမ့်မည်။ သင်၏ အသိပညာက ဤအတိုင်းအတာထိ ရောက်လာသောအခါ သင်သည် ဘုရားနှုတ်ကပတ်တော်တွင် ရှိသော ဆက်စပ်မှုရှိသော သမ္မာတရားကို ပွင့်လင်းမြင်သာစွာ နားလည်သဘောပေါက်နိုင်လိမ့်မည်။ လူသားအပေါ် ဘုရားသခင်တောင်းဆိုသည့် အရာအားလုံးမှာ သာမန်လူ့သဘာဝ ရှိသည့်သူတို့အနေဖြင့် ပိုင်ဆိုင်ပြီး အသက်ရှင်နေထိုင်သင့်သည့် အရာများဖြစ်သည်ကိုလည်း သင်သိလိမ့်မည်။ ဤသို့ဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် သင့်အတွက် ခက်ခဲမည် မဟုတ်တော့ပေ။ ထိုအစား သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည်လုံးဝပင် သဘာဝကျပြီး ခိုင်လုံမှုရှိသည်၊ လူသားက အသက်ရှင်သင့်သည့် ပုံစံဖြစ်သည်ကို သင် ယုံကြည်လိမ့်မည်။ ဤအချိန်တွင် ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားအား သင် လက်တွေ့လုပ်ဆောင်မှုသည် လုံးဝ အလိုအလျောက်ဖြစ်လိမ့်မည်။ အပြုသဘောဆောင်ပြီး တက်ကြွမှုရှိလိမ့်မည်။ တစ်ချိန်တည်းတွင် သင်သည် သမ္မာတရားကို ပို၍ပင် ချစ်လိမ့်မည်။ သင်၏ စိတ်နှလုံးထဲရှိ အပြုသဘောဆောင်သော အရာများ၏ အရေအတွက်သည် တိုးလာမည်ဖြစ်ပြီး ဘုရားသခင်အား အမှန်တကယ် သိမြင်မှုသည်လည်း သင်၏ စိတ်နှလုံးတွင် တဖြည်းဖြည်းချင်း မြင့်တက်လာမည်။ သမ္မာတရားကို အမှန်တကယ် နားလည်ခြင်းဟူသည်မှာ ဤအရာကို ဆိုလိုသည်။ သင်သည် အမှုအရာအားလုံးတွင် မှန်ကန်သော အမြင်နှင့် ရှုထောင့်ရှိလိမ့်မည်။ ဤစစ်မှန်သော အသိပညာနှင့် ဤမှန်ကန်သော အမြင်များသည် သင်၏ စိတ်နှလုံးတွင် တဖြည်းဖြည်းချင်း အမြစ်တွယ်လာလိမ့်မည်။ ဤသည်မှာ သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးဖြစ်သည်ဆိုသည့် အဓိပ္ပာယ်ဖြစ်သည်။ ဤသည်မှာ မည်သူကမျှ သင့်ကို မပိတ်ပင်နိုင်သည့်၊ သို့မဟုတ် သင့်ထံမှ မလုယူနိုင်သည့် အရာတစ်ခုဖြစ်သည်။ ဤအပြုသဘောဆောင်သော အရာများကို တဖြည်းဖြည်းချင်း စုဆောင်းပြီးနောက်တွင် သင်၏ စိတ်နှလုံးအတွင်း၌ အလွန်ပင် ကြွယ်ဝမှုကို ခံစားရမည်။ ဘုရားသခင်ကို ယုံကြည်ခြင်းက အဓိပ္ပာယ်မရှိဟု သင်ခံစားရတော့မည် မဟုတ်ဘဲ သင်၏ စိတ်နှလုံးတွင် ဟာနေသော ခံစားချက်သည်လည်း ပျောက်ကွယ်သွားလိမ့်မည်။ သမ္မာတရားကို နားလည်ရသည်မှာ မည်မျှပင်ကောင်းသည်ကို သင်ခံစားရပြီး လူ့အသက်တာ၏ အလင်းကို မြင်တွေ့ပြီးသောအခါတွင် သင်၌ စစ်မှန်သော ယုံကြည်ခြင်း ဖြစ်ပေါ်လာလိမ့်မည်။ သင်သည် ဘုရားသခင်၏ အမှုတော်ကို ကြုံတွေ့ဖို့ ယုံကြည်ခြင်းရှိသောအခါ၊ သမ္မာတရားအား လိုက်စားခြင်းနှင့် ကယ်တင်ခြင်းကို ရရှိခြင်းသည် မည်မျှစစ်မှန်ပြီး လက်တွေ့ကျသည်ကို မြင်သောအခါ ဘုရားနှုတ်ကပတ်တော်များကို အပြုသဘောဆောင်စွာ၊ တက်ကြွစွာ လက်တွေ့လုပ်ဆောင်ပြီး ကြုံတွေ့ခံစားလိမ့်မည်။ သင်၏ စစ်မှန်သော အတွေ့အကြုံနှင့် အသိပညာကို မိတ်သဟာယဖွဲ့လိမ့်မည်။ ဤသို့ဖြင့် ဘုရားသခင်အား သက်သေခံပြီး ဘုရားနှုတ်ကပတ်တော်များ၏ တန်ခိုးအစွမ်းနှင့် သမ္မာတရားက လူတို့ထံ သယ်ဆောင်ပေးသော အကျိုးကျေးဇူးများအကြောင်း ပို၍များသောလူတို့ သိလာအောင် ကူညီပေးလိမ့်မည်။ ထို့နောက်တွင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး သင်၏တာဝန်ကို ကောင်းစွာထမ်းဆောင်ရန် ပို၍ ယုံကြည်ခြင်းရှိလိမ့်မည်။ ဤသို့ဖြင့် သင်သည် ဘုရားသခင်အပေါ် အမှန်တကယ် နာခံပြီး ဖြစ်လိမ့်မည်။ သင်၏ အတွေ့အကြုံကို အခြေခံသည့် စစ်မှန်သော သက်သေခံချက်အကြောင်း သင် ပြောသောအခါ သင်၏ စိတ်နှလုံးသည် ပို၍ပို၍ လင်းလက်လာလိမ့်မည်။ သင်သည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ရန် ပို၍ လမ်းကြောင်းရှိသည်ဟု ခံစားရမည်။ တစ်ချိန်တည်းတွင် သင်၌ အားနည်းချက်များစွာ ရှိသည်၊ သင် လက်တွေ့လုပ်ဆောင်သင့်သည့် သမ္မာတရားများစွာ ရှိသည်ကို မြင်လိမ့်မည်။ ဤသို့သော အတွေ့အကြုံကို အခြေခံသည့် သက်သေခံချက်သည် အခြားလူများအတွက် အကျိုးရှိပြီး တည်ဆောက်စရာ ဖြစ်စေရုံမကဘဲ သင်သည်လည်း သမ္မာတရားကို လိုက်စားရာတွင် တစ်ခုခုကို ရရှိခဲ့သည်၊ ဘုရားသခင်၏ ကောင်းချီးများကို အမှန်တကယ် လက်ခံရရှိခဲ့သည်ဟု ခံစားရမည်။ လူတစ်ယောက်သည် ဘုရားသခင်အတွက် သက်သေခံနိုင်စွမ်း ရှိသည်အထိ ဘုရားသခင်၏ အမှုတော်ကို ဤသို့ကြုံတွေ့သောအခါတွင် ပို၍များသောလူတို့ကို ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား သိစေခြင်း၊ ထိုစိတ်သဘောထားများ၏ အချုပ်အနှောင်များ၊ အကန့်အသတ်များ၊ ဝေဒနာများကို ဖယ်ရှားခြင်း၊ စာတန်၏ တန်ခိုးအစွမ်းအောက်မှ လွတ်မြောက်စေခြင်းတို့ကို ဖြစ်စေနိုင်ရုံသာမက ထိုလူကိုလည်း သမ္မာတရားအား လိုက်စားခြင်းနှင့် စုံလင်ခံရခြင်းလမ်းကို လျှောက်ရန် ပို၍ ပို၍ များသော ယုံကြည်ခြင်းကို ပေးနိုင်သည်။ ဤသို့သော အတွေ့အကြုံသည် စစ်မှန်သော သက်သေခံချက် ဖြစ်မလာသလော။ စစ်မှန်သော သက်သေခံချက်ဆိုသည်မှာ ဤအရာပင် ဖြစ်သည်။ ဘုရားသခင်အတွက် ဤသို့သော သက်သေခံချက်ကို ပေးနိုင်စွမ်းရှိသောသူသည် ဘုရားသခင်အား ယုံကြည်ခြင်းက ပျင်းရိဖွယ်ဖြစ်သည်၊ သို့မဟုတ် အဓိပ္ပာယ်မရှိ၊ သို့မဟုတ် အနှစ်မရှိဟု ခံစားရမည်လော။ လုံးဝ ခံစားရမည် မဟုတ်ပေ။ လူတစ်ယောက်သည် ဘုရားသခင်အတွက် သက်သေခံနိုင်သောအခါ၊ ဘုရားသခင်အား အမှန်တကယ် သိမြင်သောအခါ သူ၏ စိတ်နှလုံးအတွင်းပိုင်းသည် ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းနှင့် ပြည့်ပြီး သူသည် ကြွယ်ဝခြင်း၊ အလွန်တည်ကြည်ခိုင်မာခြင်းကို ခံစားရသည်။ ဤသို့သော အခြေအနေနှင့် နယ်ပယ်တွင် အသက်ရှင်သောအခါ ထိုသူသည် ဒုက္ခခံရန်၊ အဖိုးအခပေးဆပ်ရန်၊ ကန့်သတ်ခြင်းခံရရန် မိမိကိုယ်ကို အတင်းအကျပ်ခိုင်းစေမည် မဟုတ်သည်မှာ သဘာဝပင် ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်ကို ပဲ့ပြင်ဆုံးမပြီး ဇာတိပကတိကို စွန့်ပစ်ရန် သူ့ကိုယ်သူ အတင်းအကျပ်စေခိုင်းရုံမျှ စေခိုင်းမည် မဟုတ်ပေ။ ထိုသူက ပို၍ လုပ်ဆောင်မည့်အရာမှာ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအကြောင်း သိမြင်မှုကို အပြုသဘောဆောင်စွာ ရရှိရန်ဖြစ်သည်။ သူသည် ဘုရားသခင်၏ စိတ်သဘောထား၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းအကြောင်း သိမြင်မှုရအောင်လည်း အားထုတ်မည်ဖြစ်ပြီး ဘုရားသခင်အား နာခံရန်နှင့် ဘုရားကျေနပ်စေရန်အတွက် မည်သည့်အရာ လုပ်ဆောင်သင့်သည်ကို နားလည်လိမ့်မည်။ ဤသို့အားဖြင့် သူသည် သူ၏အတွင်းရှိ ခဏတာဖြစ်သော ခံစားချက်များတွင် တဝဲလည်လည် ဖြစ်နေမည့်အစား ဘုရားနှုတ်ကပတ်တော်အတွင်းရှိ ဘုရားအလိုတော်ကို နားလည်သဘောပေါက်လိမ့်မည်။ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများကို ရှာတွေ့လိမ့်မည်။ ဥပမာအားဖြင့် အမှုအရာများ ဖြစ်ပေါ်သောအခါ မိမိကိုယ်ကို မချုပ်တည်းနိုင်ခြင်း၊ စိတ်ဆိုးဒေါသထွက်ခြင်း၊ အမြင်မကြည်လင်သောစိတ်ရှိခြင်း၊ ထိုနေ့တွင် နောက်တစ်ဖန် စိတ်ဆိုးခြင်း၊ ထိုနေ့တွင် တစ်စုံတစ်ခုကို ညံ့ဖျင်းစွာ လုပ်ဆောင်ခြင်း၊ သို့မဟုတ် စံချိန်စံနှုန်းပြည့်မီစွာ မလုပ်ဆောင်ခြင်း၊ သို့မဟုတ် ထိုသို့သော အသေးအဖွဲကိစ္စတိုင်းတို့ ဖြစ်သည်။ ဤအရာများသည် သမ္မာတရားအား သင် လက်တွေ့လုပ်ဆောင်မှုကို မဟန့်တားသရွေ့ ဤအရာများကို စိုးရိမ်ရန် မလိုပေ။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းခြင်းနှင့် ဘုရားသခင်အား ကျေနပ်စေပြီး ဘုရားအလိုတော်နှင့် ညီသည့် ပုံစံဖြင့် မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို ရှာဖွေခြင်းတို့ကို အာရုံစိုက်သင့်သည်။ သမ္မာတရားအား ဤသို့ လက်တွေ့လုပ်ဆောင်လျှင် သင်သည် အသက်တာတွင် လျင်မြန်စွာ တိုးတက်လိမ့်မည်။ သမ္မာတရားအား လိုက်စားခြင်းနှင့် စုံလင်ခံရခြင်းလမ်းကို စတင်လျှောက်လှမ်းပြီး ဖြစ်လိမ့်မည်။ သင်၏ စိတ်နှလုံးသည် ဗလာဖြစ်နေမည် မဟုတ်တော့ပေ။ ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်းရှိလိမ့်မည်။ ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားကို ပို၍ပို၍ စိတ်ဝင်စားလာပြီး တိုး၍တိုး၍ ချစ်မြတ်နိုးလာလိမ့်မည်။ ဘုရားအလိုတော်နှင့် ဘုရားသခင်၏ တောင်းဆိုချက်များကို ပို၍ပို၍ နားလည်လာလိမ့်မည်။ လူတစ်ယောက်သည် ဤအဆင့်သို့ ရောက်သောအခါတွင် သူသည် ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားစစ်မှန်မှုအတွင်းသို့ အလုံးစုံ ဝင်ရောက်ပြီး ဖြစ်သည်။

ယခုတွင် လူများစွာက လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်နေသောအရာသည် သမ္မာတရားစစ်မှန်မှုမဟုတ်ပေ။ ၎င်းတို့သည် အခြေအနေတစ်မျိုးသို့ ဝင်ရောက်သည်။ ထိုအခြေအနေတွင် ၎င်းတို့သည် အပြင်ပန်း အပြုအမူကောင်းများကို ပြသည်။ အဖိုးအခပေးဆပ်လိုစိတ်ရှိပြီး ဒုက္ခခံရန် အသင့်ဖြစ်ကြသည်။ အရာရာကို အသုံးခံရန် အသင့်ဖြစ်ကြသည်။ သို့ရာတွင် ၎င်းတို့၏ စိတ်နှလုံးအတွင်းပိုင်းကမူ ဗလာဖြစ်လျက်ရှိသည်။ ၎င်းတို့၏ စိတ်အတွင်းတွင် ၎င်းတို့ကို ထောက်ပံ့ရန် မည်သည့်အရာမျှ မရှိပေ။ အဘယ်ကြောင့် အထောက်အပံ့မရှိသနည်း။ အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ခုက ၎င်းတို့အပေါ် ဖြစ်ပျက်လာသောအခါ ၎င်းတို့တွင် လမ်းကြောင်းမရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် စိတ်ကူးယဉ် အတွေးကို အမှီပြုသည်။ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းအတွက် စည်းမျဉ်းမရှိပေ။ ၎င်းတို့ထံမှ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပွင့်ထွက်လာသောအခါ ၎င်းတို့သည် မိမိကိုယ်ကို ချုပ်တည်းခြင်းကိုသာ လက်တွေ့လုပ်ဆောင်နိုင်သည်။ ဤအရာကို ဖြေရှင်းရန် သမ္မာတရားကို မရှာဖွေနိုင်ပေ။ လူတို့အတွက် ကံကောင်းသည်မှာ ၎င်းတို့၏ အသွေးအသားဟောင်းတွင် ပင်ကိုအရည်အချင်း ရှိနေခြင်းပင်။ ယင်းသည် ဒုက္ခခံနိုင်သည်။ မယုံကြည်သူများကြားတွင် ဆိုရိုးစကားတစ်ခုရှိသည်။ “မခံနိုင်သည့် ဒုက္ခမရှိ၊ ခံစား၍မရသည့် ကောင်းချီးများသာ ရှိသည်” ဟူ၍ဖြစ်သည်။ လူ၏ အသွေးအသားတွင် မွေးရာပါ၊ ပင်ကိုအရည်အချင်းတစ်ခုရှိသည်။ ထိုအသွေးအသားက ကောင်းချီးအလွန်အကျွံ ခံစား၍မရ။ သို့သော် မည်သည့်အရာကိုမဆို ဒုက္ခခံနိုင်သည်။ တောင့်ခံနိုင်သည်။ ချုပ်တည်းနိုင်သည်။ ဤသည်မှာ ကောင်းသောအရာဖြစ်သလော။ အားသာချက်ဖြစ်သလော၊ သို့မဟုတ် အားနည်းချက်၊ ချို့ယွင်းချက်ဖြစ်သလော။ ၎င်းတို့၏ ဆိုရိုးစကားသည် သမ္မာတရားဟုတ်သလော။ (မဟုတ်ပါ။) မဟုတ်ပေ။ တစ်စုံတစ်ခုက သမ္မာတရားမဟုတ်လျှင် ပေါက်ကရသာ ဖြစ်သည်။ ထိုဆိုရိုးစကားသည် အနှစ်မရှိသော စကားများသာဖြစ်သည်။ သင်၏ ပြဿနာတစ်ခုတလေကိုမျှ မဖြေရှင်းပေးနိုင်သကဲ့သို့ သင်၏ လက်တွေ့ အခက်အခဲများကိုလည်း မဖြေရှင်းပေးနိုင်ပေ။ တိတိကျကျဆိုရလျှင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မဖြေရှင်းပေးနိုင်ပေ။ ထို့ကြောင့် ထိုအရာကို ပြောနေခြင်းက အသုံးမဝင်။ သင်သည် ယင်းကို အနည်းငယ်သိမြင်မှု ရှိနိုင်သော်လည်း၊ သတိပြုမိနိုင်ပြီး နက်နဲစွာ ကြုံတွေ့ပြီးဖြစ်နိုင်သော်လည်း အသုံးမဝင်သေးပေ။ မယုံကြည်သူများတွင် အခြားဆိုရိုးစကားများလည်း ရှိသည်။ “သေရမည်ကို ကျွန်ုပ်မကြောက်။ သို့ဖြစ်၍ ရှင်ရမည်ကို အဘယ်ကြောင့် ကြောက်နေရမည်နည်း”၊ “သန်းခေါင်ထက် ညဉ့်မနက်” ဆိုသည့်အရာများဖြစ်သည်။ ဤအရာများသည် အလွန်ကြီးကျယ်သော ပြောဆိုချက်များ ဖြစ်သည်မဟုတ်လော။ အလွန်ပင် စိတ်တက်ကြွစေပြီး အတွေးအခေါ်ဆန်သည် မဟုတ်လော။ မယုံကြည်သူများက ဤဆိုရိုးစကားများကို “နှလုံးသား အာဟာရ” ဟု ခေါ်သည်။ ဤသို့သော ဆိုရိုးစကားများကို သင်နှစ်သက်သလော။ (မနှစ်သက်ပါ။) အဘယ်ကြောင့်နည်း။ အချို့က “ဤအရာများကို ကြိုက်ကို မကြိုက်ပါ။ ဤအရာများက မယုံကြည်သူတို့ ပြောသည့်အရာများ ဖြစ်သည်။ ကျွန်ုပ်တို့ကမူ ဘုရားနှုတ်ကပတ်တော်များကို ကြိုက်သည်” ဟု ပြောနိုင်သည်။ ဤသို့ဆိုလျှင် ဘုရားနှုတ်ကပတ်တော်များ၏ မည်သည့်အပိုင်းကို နှစ်သက်သနည်း။ မည်သည့်စကားစုကို သမ္မာတရားအဖြစ် သင် မှတ်ယူသနည်း။ မည်သည့်စကားစုကို သင် တွေ့ကြုံခဲ့သနည်း။ လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်ခဲ့သနည်း။ ရရှိခဲ့သနည်း။ ဤမယုံကြည်သူများ၏ ဆိုရိုးစကားများကို မနှစ်သက်ခြင်းသက်သက်က အသုံးမဝင်ပေ။ သင်သည် ဤအရာတို့ကို မနှစ်သက်ခြင်း ဖြစ်နိုင်သည်။ သို့သော် ဤအရာများ၏ အနှစ်သာရကို သင် ရှင်းလင်းစွာ ပိုင်းခြားသိမြင်နိုင်ခြင်း မရှိပေ။ ဤဆိုရိုးစကားများသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) မှန်သည်ဖြစ်စေ၊ မမှန်သည်ဖြစ်စေ မယုံကြည်သူများ၏ စကားများသည် သမ္မာတရားနှင့် လုံးဝ မသက်ဆိုင်ပေ။ လူတို့က ဤအရာများအား ကောင်းမွန်၊ မှန်ကန်သည်ဟု မှတ်ယူလျှင်ပင် ဤအရာတို့သည် သမ္မာတရားနှင့် မညီပေ။ သမ္မာတရား၏ အဆင့်သို့ မတက်လှမ်းနိုင်ပေ။ ထိုအရာအားလုံးတို့သည် သမ္မာတရားကို ချိုးဖောက်ပြီး သမ္မာတရားကို ရန်လိုသည်။ မယုံကြည်သူများက သမ္မာတရားကို လက်မခံပေ။ ထို့ကြောင့် မည်သည့်အရာက မှန်သည်၊ မှားသည်ဆိုသည်ကို ၎င်းတို့နှင့် ငြင်းခုံဖို့ မလို။ ငါတို့ လုပ်နိုင်သမျှမှာ ၎င်းတို့၏ စကားများကို မရေရာသော ပေါက်ကရများအဖြစ် မှတ်ယူပြီး ပစ်ထားလိုက်ဖို့ဖြစ်သည်။ “ပေါက်ကရ” ဆိုသည်မှာ မည်သည့်အရာနည်း။ လူတို့အတွက်၊ သို့မဟုတ် ၎င်းတို့၏ ဘဝများအတွက်၊ သို့မဟုတ် ၎င်းတို့ လျှောက်သည့် လမ်းကြောင်းများအတွက်၊ သို့မဟုတ် ၎င်းတို့၏ ကယ်တင်ခြင်းအတွက် လုံးဝ တည်ဆောက်စရာမဖြစ်သော၊ တန်ဖိုးမရှိသော စကားများကို ဆိုလိုသည်။ ဤသို့သော ပြောဆိုမှုအားလုံးသည် ပေါက်ကရသာ ဖြစ်သည်။ အနှစ်မရှိသော စကားများဟုလည်း ဆိုနိုင်သည်။ လူသားတို့၏ ရှင်ခြင်း၊ သေခြင်း၊ သို့မဟုတ် ၎င်းတို့လျှောက်သော လမ်းကြောင်းများနှင့် လုံးဝ မသက်ဆိုင်ပေ။ အပြုသဘောဆောင်သော လုပ်ဆောင်မှုမရှိသည့် ပေါက်ကရသာ ဖြစ်သည်။ လူတို့သည် ဤသို့သော စကားစုကို ကြားပြီး ၎င်းတို့၏ အသက်တာများကို ၎င်းတို့ ရှင်သန်မည့်ပုံစံအတိုင်း၊ ၎င်းတို့ အစဉ် ရှင်သန်ခဲ့သည့် ပုံစံအတိုင်း ရှင်သန်ကြသည်။ ဤသို့သော စကားစုသည် မည်သည့်အချက်အလက်များကိုမျှ ပြောင်းလဲမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ယင်းသည် သမ္မာတရားမဟုတ်သောကြောင့် ဖြစ်သည်။ သမ္မာတရားတစ်ခုတည်းသာ လူအတွက် တည်ဆောက်စရာဖြစ်သည်။ ယင်းသည် တိုင်းတာ၍မရသော တန်ဖိုးရှိသည်။ ဤအရာကို အဘယ်ကြောင့် ငါပြောရသနည်း။ အဘယ်ကြောင့်ဆိုသော် သမ္မာတရားက လူတို့၏ ကံကြမ္မာများကို ပြောင်းလဲနိုင်သည်။ လူတို့၏ အတွေးအမြင်များ၊ စိတ်အတွင်းပိုင်းများကို ပြောင်းလဲနိုင်သည်။ အရေးကြီးဆုံးမှာ သမ္မာတရားသည် လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို လွင့်ပြယ်စေနိုင်သည်။ လူတစ်ယောက်၏ ပင်ကိုအရည်အချင်းများကို ပြောင်းလဲနိုင်ပြီး သူ၏ ဆိုးယုတ်သော ပင်ကိုအရည်အချင်းများကို သမ္မာတရား၏ ပင်ကိုအရည်အချင်းများအဖြစ် ပြောင်းလဲနိုင်သည်။ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် အသက်ရှင်သောသူတစ်ယောက်ကို သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်များဖြင့် အသက်ရှင်သောသူအဖြစ် ပြောင်းလဲပေးနိုင်သည်။ လူတစ်ယောက်သည် ဘုရားနှုတ်ကပတ်တော်များကို သူ၏ အခြေပြုချက်အဖြစ်ထားပြီး သမ္မာတရားစစ်မှန်မှုကို အသက်ရှင်နေထိုင်သောအခါ ဤနည်းအားဖြင့် သူ၏ အသက်တာ မပြောင်းလဲသလော။ လူတစ်ယောက်၏ ဘဝ ပြောင်းလဲသောအခါ သူ၏ အတွေးအမြင်များ ပြောင်းလဲသွားသည်ဟု ဆိုလိုသည်။ လူများနှင့် အမှုအရာများအပေါ် သူ၏ သုံးသပ်ချက်၊ သဘောထားနှင့် အမြင်များ ပြောင်းလဲသွားသည်ဟု ဆိုလိုသည်။ ဖြစ်ရပ်များနှင့် အမှုအရာများအပေါ် သူ၏ ရပ်တည်ချက်နှင့် အမြင်များက ယခင်နှင့် မတူညီတော့ဟု ဆိုလိုသည်။ မယုံကြည်သူများထံမှ ထိုဆိုရိုးစကားများအားလုံးသည် အနှစ်မရှိသော စကားလုံးများနှင့် ပေါက်ကရများဖြစ်သည်။ ထိုအရာများသည် မည်သည့်ပြဿနာများကိုမျှ မဖြေရှင်းနိုင်ပေ။ ငါ ယခုပြောခဲ့သော “မခံနိုင်သည့် ဒုက္ခမရှိ၊ ခံစား၍မရသည့် ကောင်းချီးများသာ ရှိသည်” ဆိုသည့်အရာသည် ပေါက်ကရများ၊ အနှစ်မရှိသော စကားများ မဟုတ်လော။ (ဟုတ်ပါသည်။) သင် ဒုက္ခခံနိုင်သည်။ အဘယ်အရေးနည်း။ သင်သည် သမ္မာတရားကို ရရှိရန် ဒုက္ခခံခြင်းမဟုတ်။ ဂုဏ်သိက္ခာနှင့် အဆင့်အတန်းကို ခံစားရန်အတွက် သင် ဒုက္ခခံခြင်း ဖြစ်သည်။ သင်၏ ဒုက္ခသည် တန်ဖိုး၊ သို့မဟုတ် အရေးပါခြင်း လုံးဝ မရှိ။ အမှန်တရားများကို ကြည့်ပါ။ သင်သည် များစွာ ဒုက္ခခံခဲ့ပြီး အလွန်ပင် အဖိုးအခပေးဆပ်ခဲ့သည်။ သို့တိုင်အောင် သင့်ကိုယ်သင် မသိသေး။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ ဖြစ်ပေါ်လာသော အတွေးများ၊ စိတ်ကူးများကိုပင် နားလည်သဘောပေါက်နိုင်ခြင်း မရှိသကဲ့သို့ ယင်းတို့ကို ဖြေလည်း မဖြေရှင်းနိုင်ပေ။ ဤသို့ဆိုလျှင် သင်သည် အသက်ဝင်ရောက်မှု ရှိနိုင်သည်ဟု ထင်သလော။ သင်၏ ဒုက္ခသည် တန်ဖိုးရှိသလော။ လုံးဝ တန်ဖိုးမရှိပေ။ လူအချို့၏ ဒုက္ခသည် တန်ဖိုးရှိသည်။ ဥပမာ သမ္မာတရားကို ရရှိရန်အတွက် လူတို့ ကြုံရသော ဒုက္ခသည် တန်ဖိုးရှိသည်။ လူတစ်ယောက်သည် သမ္မာတရားကို ရသောအခါ အခြားလူများကို တည်ဆောက်ပေးပြီး ထောက်ပံ့ပေးနိုင်သည်။ လူများစွာသည် ဧဝံဂေလိဖြန့်ဝေရန်အတွက် ဒုက္ခခံပြီး အဖိုးအခပေးဆပ်ကာ အသင်းတော်နှင့် ဘုရားအိမ်တော်၏ အလုပ်ကို ချဲ့ထွင်ရန် ကူညီသည်။ ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိကို ဖြန့်ဝေသည်။ ဤအချက်မှ သမ္မာတရားကို ရရှိပြီး ဘုရားသခင်ကို ကျေနပ်စေဖို့ရန် ဒုက္ခခံပြီး အဖိုးအခပေးဆပ်သူ မည်သူမဆိုသည် ဤအရာမှ တစ်ခုခုရရှိလိမ့်မည်ဆိုသည်ကို ငါတို့ မြင်နိုင်သည်။ ဤလူတို့သည် ဘုရားသခင်၏ လက်ခံမှုကို ရရှိလိမ့်မည်။ သို့သော် သမ္မာတရားကို မလိုက်စားသောသူအချို့ရှိသည်။ ၎င်းတို့သည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံပြီး ဒုက္ခခံနိုင်သော်လည်း၊ ဘုရားသခင်၏ ကြင်နာမှုကို လက်ခံရရှိနိုင်သော်လည်း ထိုကြင်နာမှုသည် ဘုရားသခင်က လူကို ပြသသော ဘုရား၏ သနားခြင်း၊ သည်းခံခြင်း၊ မျက်နှာသာပေးမှု ထင်ဟပ်ခြင်းအပြင် လူကို သူချပေးသော ကျေးဇူးတော်သက်သက်ထက် မပိုပေ။ မည်သို့သော ကျေးဇူးတော်မျိုး ဖြစ်သနည်း။ ရုပ်ဝတ္ထုဆိုင်ရာ ကောင်းချီးအနည်းငယ်သာဖြစ်ပြီး ထိုထက် မပိုပေ။ ဤသည်မှာ သင်အလိုရှိသော အရာဖြစ်သလော။ ဤသည်မှာ ဘုရားသခင်အား ယုံကြည်ရာတွင် သင်၏ အဆုံးစွန် ပန်းတိုင်ဖြစ်သလော။ ဤသို့ဖြစ်သည်ဟု ငါမထင်ပေ။ ဘုရားသခင်အား သင်ယုံကြည်ခဲ့သည့် နေ့ကတည်းက သင်သည် သူ၏ ကြင်နာမှု၊ သူ၏ ကွယ်ကာမှု၊ သူ ချပေးသည့် ရုပ်ဝတ္ထုဆိုင်ရာ ကောင်းချီးအနည်းငယ်ကိုသာ ရရန် ဆန္ဒရှိခဲ့သလော။ ထိုအရာများသည် သင်အလိုရှိသောအရာများ ဖြစ်သလော။ ထိုအရာများသည် သင်၏ ယုံကြည်မှုတွင် သင်လိုက်စားသော အရာဖြစ်သလော။ (မဟုတ်ပါ။) ဤအရာများသည် သင်၏ ကယ်တင်ခြင်း အမှုကိစ္စကို ဖြေရှင်းနိုင်သလော။ (မဖြေရှင်းနိုင်ပါ။) သင်တို့သည် အလွန် ရှင်းလင်းစွာ စဉ်းစားသည့် ပုံစံရှိသည်။ မည်သည့်အရာက အရေးပါသည်၊ မည်သည့်အရာက အရေးကြီးသည်ကို သင်တို့ နားလည်သည်။ ခေါင်းရှုပ်နေခြင်း မရှိပေ။ မည်သည့်အရာက လေးနက်ပြီး မည်သည့်အရာက မလေးနက်သည်ကို သိသည်။ သို့ရာတွင် သင်တို့သည် သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းပေါ်တွင် စတင်လျှောက်လှမ်းနိုင်ခြင်း ရှိမရှိကိုကား မသိရှိရသေးပေ။

ဘုရားသခင်အား ယုံကြည်ခြင်းသည် ကျေးဇူးတော်ကို ရရှိခြင်း၊ သို့မဟုတ် ဘုရားသခင်၏ သည်းခံခြင်း၊ သနားခြင်းကို ရရှိခြင်းနှင့် မသက်ဆိုင်ပေ။ သို့ဖြစ်လျှင် မည်သည့်အရာနှင့် သက်ဆိုင်သနည်း။ ကယ်တင်ခံရခြင်းနှင့် သက်ဆိုင်သည်။ ဤသို့ဆိုလျှင် ကယ်တင်ခြင်း၏ လက္ခဏာသည် အဘယ်နည်း။ ဘုရားသခင်က သတ်မှတ်ထားသည့် စံနှုန်းများမှာ အဘယ်နည်း။ ကယ်တင်ခြင်းခံရရန် မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းခြင်းဖြစ်သည်။ ဤသည်မှာ အဓိကအချက်ဖြစ်၏။ ထို့ကြောင့် နောက်ဆုံးတွင် စာရင်းချုပ်လိုက်ပါက သင်မည်မျှဒုက္ခခံခဲ့သည်ဖြစ်စေ၊ သင်ပေးဆပ်ခဲ့သည့် အဖိုးအခက မည်မျှကြီးသည်ဖြစ်စေ၊ သင့်ကိုယ်သင် စစ်မှန်သော ယုံကြည်သူဖြစ်သည်ဟု မည်မျှကြေညာပါစေ အဆုံးတွင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မဖြေရှင်းရသေးလျှင် သင်သည် သမ္မာတရားကို လိုက်စားသောသူမဟုတ်ဟု အဓိပ္ပာယ်ရသည်။ သို့မဟုတ် သင်သည် သမ္မာတရားကို မလိုက်စားသောကြောင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မဖြေရှင်းရသေးဟု ဆိုနိုင်သည်။ ဤသည်မှာ သင်သည် ကယ်တင်ခြင်းလမ်းကြောင်းပေါ်တွင် စတင်လျှောက်လှမ်းခြင်း လုံးဝ မရှိဟု အဓိပ္ပာယ်ရသည်။ ဤသည်မှာ လူကို ကယ်တင်ရန်အတွက် ဘုရားသခင် ပြောသမျှနှင့် ဘုရားသခင် လုပ်ဆောင်သမျှ အမှုအားလုံးသည် သင့်အထဲတွင် မည်သည့်အရာကိုမျှ မရရှိခဲ့၊ သင့်ထံမှ သက်သေခံချက် ထွက်လာအောင် မလုပ်နိုင်ခဲ့၊ သင့်အတွင်းတွင် အသီးအပွင့် ဖြစ်ထွန်းခြင်းမရှိခဲ့ဟု အဓိပ္ပာယ်ရသည်။ ဘုရားသခင်က ဆိုလိမ့်မည်။ “သင်က ဒုက္ခခံပြီး အဖိုးအခပေးဆပ်ခဲ့သောကြောင့် ဤဘဝနှင့် ဤကမ္ဘာတွင် သင်နှင့် ထိုက်တန်သော ကျေးဇူးတော်နှင့် ကောင်းချီးများအပြင် ဂရုစိုက်မှုနှင့် ကွယ်ကာမှုကို သင့်အား ငါပေးခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ကယ်တင်ခံရပြီးနောက် လူတို့ ထိုက်တန်သည့် အရာကား သင်နှင့် သက်ဆိုင်ခြင်းမရှိ။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ဤဘဝနှင့် ဤကမ္ဘာတွင် သင်နှင့် ထိုက်တန်သောအရာကို သင့်အား ငါ ပေးအပ်ပြီးဖြစ်သောကြောင့် ဖြစ်သည်။ ကယ်တင်ခံရပြီးသည့်နောက် လူတို့ ထိုက်တန်သောအရာနှင့် ပတ်သက်လျှင်မူ သင့်အတွက် မည်သည့်အရာမျှမရှိ။ အဘယ်ကြောင့်ဆိုသော် သင်သည် သမ္မာတရားအား လိုက်စားခြင်း လမ်းကြောင်းပေါ်တွင် စတင်လျှောက်လှမ်းခြင်း မရှိသောကြောင့် ဖြစ်သည်” ဟူ၍ ဖြစ်သည်။ သင်သည် ကယ်တင်ခံရမည့်သူများထဲတွင် မပါပေ။ သင်သည် စစ်မှန်သော ဖန်ဆင်းခံတစ်ယောက် ဖြစ်မလာခဲ့၍ ဘုရားသခင်က သင့်ကို အလိုမရှိ။ ဘုရားသခင်သည် သူ့အတွက် အလုပ်လုပ်ရုံ၊ သွားလာလှုပ်ရှားရုံ၊ ဒုက္ခခံရုံ၊ အဖိုးအခပေးဆပ်ရုံသာ ရှိသောသူများ၊ အတော်အတန် အမှန်တကယ် ယုံကြည်ပြီး ယုံကြည်ခြင်း အနည်းငယ်ရှိသော်လည်း ဤထက် မပိုသောသူများကို အလိုမရှိပေ။ ဤသို့သော လူတို့ကို ဘုရားသခင်၏ ယုံကြည်သူအုပ်စုများအတွင်းတွင် နေရာတကာ၌ ရှာတွေ့နိုင်သည်။ တစ်နည်းအားဖြင့် ထိုသို့သောသူ များစွာရှိသည်။ ဘုရားသခင်အတွက် အလုပ်လုပ်ပြီး အစေခံသောသူများသည် တွက်ဆနိုင်သည်ထက် အရေအတွက်ပိုများ၏။ ထိုသူတို့သည် ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းပြီး ရွေးချယ်ထားသောသူဖြစ်လျှင်၊ ဘုရားအိမ်တော်သို့ ဘုရားသခင်၏ ပြန်လည်ခေါ်ဆောင်ခြင်း ခံရသောသူဖြစ်လျှင် မည်သူကမျှ ဘုရားသခင်အတွက် အလုပ်မလုပ်လိုစိတ်၊ အစေမခံလိုစိတ် ရှိမည်မဟုတ်ပေ။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ထိုသို့ လုပ်ဆောင်ရန် အလွန်လွယ်ကူသောကြောင့် ဖြစ်သည်။ ဤအတွက်ကြောင့် ဘုရားသခင်အတွက် အစေခံပြီး ကြိုးပမ်းလုပ်ဆောင်သော လူများစွာရှိခြင်း ဖြစ်သည်။ ဤအရာကို လုပ်ဆောင်နိုင်သော ပေါလုကဲ့သို့ အန္တိခရစ်များ၊ ဆိုးယုတ်သော လူများပင် ရှိသည်။ ပေါလုနှင့်တူသည့်လူ အများအပြား မရှိသလော။ (ရှိပါသည်။) သင်သည် အသင်းတော်တစ်ပါးသို့ သွားပြီး “သင့်အနေနှင့် ဘုရားအတွက် လှုပ်ရှားသွားလာလိုစိတ်၊ ဒုက္ခခံပြီး အဖိုးအခပေးဆပ်လိုစိတ် ရှိသရွေ့ ဖြောင့်မတ်ခြင်းသရဖူက သင့်အတွက် စောင့်နေလိမ့်မည်” ဟူ၍ တရားဟောလျှင် လူများစွာက သင်၏ နှိုးဆော်ချက်ကို လက်ခံတုံ့ပြန်မည်ဟု ထင်သလော။ လူအများအပြားက လက်ခံတုံ့ပြန်ပေလိမ့်မည်။ သို့သော် ကံမကောင်းသည်မှာ အဆုံးတွင်မူ ဤလူတို့သည် ဘုရားသခင်က ကယ်တင်မည့်၊ သို့မဟုတ် ကယ်တင်ခံရနိုင်သည့် လူများမဟုတ်ခြင်းပင်။ ဤသို့သောသူတို့သည် အစေခံသည့် အဆင့်တွင်သာ တရစ်ဝဲဝဲနေနေသည်။ ၎င်းတို့သည် ဘုရားသခင်အတွက် အစေခံလိုစိတ်သာ ရှိသည်။ တစ်နည်းအားဖြင့် ဤလူတို့သည် ၎င်းတို့၏ လုပ်အားကို ဘုရားသခင်၏ ကောင်းသော စည်းစိမ်နှင့်၊ ဘုရား၏ ကျေးဇူးတော်၊ ကောင်းချီးများနှင့် လဲလှယ်လိုစိတ်သာရှိသည်။ ၎င်းတို့၏ အသက်ရှင်သန်ရေး နည်းလမ်းများ၊ သို့မဟုတ် နေထိုင်သည့် နည်းလမ်းများ၊ သို့မဟုတ် အသက်ရှင်ရန် ၎င်းတို့ အမှီပြုသည့် အခြေခံအုတ်မြစ်တို့ကို ပြောင်းလဲရန် ဆန္ဒမရှိပေ။ ၎င်းတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပြောင်းလဲရန် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံဖို့ဖြစ်စေ၊ ကယ်တင်ခြင်းရရန်အတွက် သမ္မာတရားကို လိုက်စားဖို့ဖြစ်စေ မလိုလားကြ။ ပင်ကိုအားဖြင့် ဤလူတို့သည် ဒုက္ခခံပြီး အဖိုးအခပေးဆပ်လိုစိတ်သာ ရှိကြောင်း၊ ၎င်းတို့တွင် ရှိသမျှကို စွန့်ပစ်ပြီး ပေးဆပ်လိုစိတ်သာ ရှိကြောင်း၊ အဖိုးအခက မည်မျှကြီးသည်ဖြစ်စေ ၎င်းတို့ တတ်နိုင်သမျှ အသုံးခံလိုစိတ်သာ ရှိကြောင်း၊ ဖြစ်နိုင်သမျှ မည်သည့်နည်းလမ်းဖြင့်မဆို ကြိုးပမ်းလုပ်ဆောင်လိုစိတ် ရှိကြောင်း ဆိုနိုင်သည်။ သို့တိုင်အောင် ၎င်းတို့အား မိမိတို့ကိုယ်ကို သိမြင်ရန်၊ သမ္မာတရားကို လက်ခံရန်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန်၊ ဇာတိပကတိကို စွန့်ပစ်ရန်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်၊ နိနဝေမြို့သားများ လုပ်ဆောင်ခဲ့သကဲ့သို့ ၎င်းတို့၏ ဆိုးယုတ်မှုကို လွှတ်ချပြီး ဘုရားသခင်ဘက်သို့ ခြေဦးလှည့်ရန်၊ ဘုရားနှုတ်ကပတ်တော်များကို အရေးစိုက်ပြီး ဘုရားနှုတ်ကပတ်တော်များအတိုင်း အသက်ရှင်ရန် တောင်းဆိုလျှင် ၎င်းတို့အတွက် အလွန့်အလွန် ခက်ခဲပေလိမ့်မည်။ ဤသို့မဟုတ်သလော။ (ဟုတ်ပါသည်။) ဤသည်မှာ အလွန်ပင် ဒုက္ခမပေးသလော။ ဘုရားသခင်သည် အလုပ်များစွာ လုပ်ခဲ့ပြီး နှုတ်ကပတ်တော်များစွာကို ပြောခဲ့သည်။ သို့ဖြစ်လျက်နှင့် သမ္မာတရားအား လိုက်စားခြင်းသည် အလွန်ခက်ခဲသည်ဟု လူတို့က အဘယ်ကြောင့်ခံစားရသနည်း။ ၎င်းတို့သည် ယင်းအပေါ် အဘယ်ကြောင့် အစဉ် စိတ်မပါကြသနည်း။ တရားဒေသနာများကို နှစ်ချီ နားထောင်ပြီးနောက်တွင်ပင် ၎င်းတို့သည် ပြောင်းလဲရန် ရည်ရွယ်ချက် မရှိသေးပေ။ ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးအတွင်းတွင် ဘုရားသခင်ထံ မည်သည့်အခါမျှ ရိုးသားစစ်မှန်စွာ နောင်တမရဖူးကြသကဲ့သို့ ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသည်ကို အမှန်တကယ် အသိအမှတ်ပြုခြင်း၊ သို့မဟုတ် လက်ခံခြင်းလည်း လုံးဝ မရှိ။ အကြောင်းအရာများနှင့် လုပ်ရပ်များအပေါ် ၎င်းတို့၏ အမြင်နှစ်ခုလုံးတွင် ၎င်းတို့၏ ကိုယ်ပိုင်သဘောထားများကို လက်လွှတ်ပြီး သမ္မာတရားကို ရှာဖွေခြင်း လုံးဝ မရှိစဖူး။ ၎င်းတို့သည် ၎င်းတို့၏ သဘောထားများကို ပြောင်းပြန်လှန်ပြီး ဘုရားသခင်ထံ နောင်တရသည့် သဘောထားဖြင့် အမှုအရာတိုင်းကို မည်သည့်အခါမျှ မချဉ်းကပ်ကြ။ ထို့ကြောင့် များစွာ ကြုံတွေ့ပြီး အလုပ်များစွာ လုပ်ဆောင်ခဲ့သော်လည်း၊ တာဝန်ထမ်းဆောင်နေသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သော်လည်း မည်သည့်သက်သေခံချက်ကိုမျှ မပေးနိုင်သေးသောသူ များစွာရှိသည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များအား သိမြင်ခြင်း၊ သို့မဟုတ် တွေ့ကြုံခြင်း မရှိသေးပေ။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များနှင့် သက်ဆိုင်သော ၎င်းတို့၏ အတွေ့အကြုံနှင့် အသိပညာကို ပြောသောအခါ အလွန်အရှက်ရပြီး အကူအညီမဲ့ဖြစ်ကြသည်။ အလွန်အမင်း အသုံးမကျသည့် ပုံစံရှိကြသည်။ ဤအတွက် အကြောင်းရင်းမှာ ၎င်းတို့သည် သမ္မာတရားအား သိမြင်ခြင်း မရှိသောကြောင့်၊ သို့မဟုတ် သမ္မာတရားအား စိတ်မဝင်စားသောကြောင့် ဖြစ်သည်။ တစ်ဖက်တွင် ကြိုးပမ်းလုပ်ဆောင်ခြင်းကမူ အလွန်ရိုးရှင်းပြီး အလွန်လွယ်ကူသည်။ ထို့ကြောင့် လူတိုင်းက ဘုရားသခင်အတွက် အစေခံလိုစိတ် ရှိသော်လည်း သမ္မာတရားအား လိုက်စားရန် မရွေးချယ်ကြပေ။

ဤအရာများ ပြောပြီးပြီဖြစ်၍ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ အတိအကျ မည်သို့ အဓိပ္ပာယ်ရသနည်း။ ငါတို့သည် များစွာ ပြောခဲ့ပြီးဖြစ်သည်။ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ အဘယ်ဖြစ်သည်ကို အနက်မဖွင့်သင့်သလော။ သင်တို့ အဓိပ္ပာယ်ဖွင့်ဆိုနိုင်သလော။ အလွန်ပင် ရိုးရှင်းသော အဓိပ္ပာယ်ဖွင့်ဆိုချက် ဖြစ်သင့်ပေသည်၊ ဟုတ်သည်မဟုတ်လော။ သင်တို့က စကားများကို တွေးဆခြင်း၊ စားမြုံ့ပြန်ခြင်း၊ စဉ်းစားချင့်ချိန်ခြင်းသာ ပြုလုပ်လျှင် သိမြင်လိမ့်မည်လော။ “သမ္မာတရား လိုက်စားခြင်းဟူသည်မှာ ကြီးမားသည့် အကြောင်းအရာဖြစ်ပါသည်။ စာကြောင်း သုံးလေးကြောင်းမျှနှင့် ရှင်းရှင်းလင်းလင်း ဖော်ပြ၍မရပါ။ အဘယ်အရာကို ပြောရမည်မှန်း မသိပါ။ မည်သည့်စကားလုံးများက ယင်းကို ဖော်ပြပေးနိုင်ပါသနည်း။ သမ္မာတရားကို လိုက်စားခြင်းဟူသည်မှာ ကြီးမားလှသည့် ကိစ္စပင် ဖြစ်၍ တကယ့်ကို အကြီးကျယ်အခံ့ညားဆုံး စကားများကသာလျှင် ယင်းကို သင့်လျော်စွာ ဖော်ပြနိုင်ပြီး အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါသည်။ ဤအရာကသာ လူတိုင်းကို အင်မတန် အထင်ကြီးသွားအောင် လုပ်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်ပါသည်” ဟု ပြောသောသူအချို့ ရှိနိုင်သည်။ ဤသို့ဖြစ်ရမည်ဟု သင်တို့ ထင်သလော။ (မထင်ပါ။) ဤသို့ဆိုလျှင် နေ့စဉ်သုံး စကားဖြင့် သမ္မာတရား လိုက်စားခြင်းကို အဓိပ္ပာယ်ဖွင့်ဆိုကြည့်ပါ။ (သမ္မာတရားကို လိုက်စားခြင်းဆိုသည်မှာ ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရန် သမ္မာတရားအား အသုံးပြုခြင်းကို ဆိုလိုပါသည်။) ဤအဖြေကို အဓိပ္ပာယ်ဖွင့်ဆိုချက်အဖြစ် သတ်မှတ်၍ ရသလော။ ဤအဖြေနှင့် ကောက်ချက်ချနေခြင်းလော။ သမ္မာတရား လိုက်စားခြင်းကို အဓိပ္ပာယ်ဖွင့်ဆိုရန် လွယ်ကူသလော။ အဓိပ္ပာယ်ဖွင့်ဆိုခြင်းသည် လွယ်ကူသော အလုပ်မဟုတ်ပေ။ အနည်းငယ် အားစိုက်ပြီး ချင့်ချိန်စဉ်းစားဖို့ လိုသည်။ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ အဘယ်နည်း။ ကြိုးစားပြီး အဓိပ္ပာယ်ဖွင့်ဆိုကြည့်ကြပါစို့။ လူ့ဘာသာစကားအားလုံးတွင် အကောင်းဆုံးမှာ ရိုးရှင်းသော၊ အရပ်သုံးဖြစ်သော၊ လက်တွေ့ကျမှန်ကန်သော ဘာသာစကားပင် ဖြစ်သည်။ မရင်းနှီးသော ဘာသာစကားဖြင့်၊ သို့မဟုတ် ခမ်းနားကြီးကျယ်သော စကားအချို့နှင့် ငါတို့ ပြောဆိုမည်မဟုတ်။ သာမန်လူတို့၏ နေ့စဉ်သုံး ဘာသာစကားဖြင့် ပြောဆိုမည်။ ပြေပြစ်သော၊ အရပ်သုံးဖြစ်သော၊ နားလည်သဘောပေါက်လွယ်သော နည်းဖြင့် ပြောကြမည်။ ဤနည်းအားဖြင့် လူတို့သည် ငါတို့ပြောသွားသည့်စကားကို ချက်ချင်း နားလည်နိုင်ပေမည်။ ငယ်ရွယ်သူများ၊ သို့မဟုတ် အလွန်ရိုးအလွန်း၍ဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာ မူမမှန်၍ဖြစ်စေ ဤအရာကို နားမလည်နိုင်သည့် သူများမှလွဲ၍ ပုံမှန်စဉ်းစားတတ်သော မည်သည့် အရွယ်ရောက်သူမဆိုသည် ငါတို့ အသုံးပြုသည့် ဘာသာစကားကို ကြားသည်နှင့်တစ်ပြိုင်နက် နားလည်နိုင်လိမ့်မည်။ ဤသည်မှာ အရပ်သုံးဖြစ်သော ဘာသာစကား၏ အဓိပ္ပာယ်ဖြစ်သည်။ ဤသည်မှာ နေ့စဉ်သုံးဘာသာစကားဟု ဆိုသောအရာ ဖြစ်သည်။ ဤသို့ဆိုလျှင် သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ အဘယ်နည်း။ သမ္မာတရားအား မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး ဘုရားနှုတ်ကပတ်တော်များကို လုံးလုံးလျားလျား အခြေခံကာ ဘုရားနှုတ်ကပတ်တော်များနှင့်အညီ လူများ၊ အမှုအရာများကို ရှုမြင်ခြင်းအပြင် ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ခြင်း၊ ဤသည်မှာ သမ္မာတရား လိုက်စားခြင်း ဟူ၍ဖြစ်သည်။ ဤသည်မှာ သမ္မာတရား လိုက်စားခြင်း၏ တိကျသော အဓိပ္ပာယ်ဖွင့်ဆိုချက်ပုံစံဖြစ်သည်။ အမေး။ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ အဘယ်နည်း။ အဖြေ။ သမ္မာတရားအား မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး လူများ၊ အမှုအရာများကို လုံးလုံးလျားလျား ဘုရားနှုတ်ကပတ်တော်နှင့်အညီ ရှုမြင်ခြင်းအပြင် ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤသည်မှာ သမ္မာတရား လိုက်စားခြင်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ဖြစ်သည်။ ရိုးရှင်းသည် မဟုတ်လော။ သင်တို့ထဲမှ အချို့က “သမ္မာတရား လိုက်စားခြင်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ထိုစာကြောင်းတစ်ကြောင်းသာ ဖြစ်နေလျက်နှင့် ဤအချိန်တစ်လျှောက်လုံးတွင် ကိုယ်တော်က ထိုအရာ၏ အဓိပ္ပာယ်နှင့်ပတ်သက်ပြီး မိတ်သဟာယဖွဲ့နေခဲ့သည်။ ဤသည်မှာ ထိုမျှ ရိုးရှင်းပါသလား” ဟု ဆိုနိုင်သည်။ ဟုတ်သည်။ ထိုမျှ ရိုးရှင်းသည်။ အလွန်ရိုးရှင်းသော အဓိပ္ပာယ်ဖွင့်ဆိုချက်ဖြစ်သည်။ သို့တိုင်အောင် ဆက်နွှယ်မှုရှိသော အကြောင်းအရာများစွာနှင့် သက်ဆိုင်နေ၏။ ထိုဆက်နွှယ်နေသော အကြောင်းအရာများ အားလုံးသည် သမ္မာတရား လိုက်စားခြင်းအကြောင်းနှင့် သက်ဆိုင်နေသည်။ ထိုအကြောင်းအရာများတွင် လူ၏ အခက်အခဲများ၊ လူ၏ အတွေးများနှင့် ရှုမြင်သုံးသပ်ချက်များအပြင် သမ္မာတရား လိုက်စားခြင်းနှင့်ပတ်သက်၍ လူ၌ ရှိနေသည့် မရေမတွက်နိုင်သော ဆင်ခြေများ၊ ကျိုးကြောင်းပြပြောဆိုမှုများ၊ နည်းလမ်းများ၊ သဘောထားများလည်း ပါဝင်သည်။ သမ္မာတရား လိုက်စားခြင်းကို လူက အတိုက်အခံဖြစ်ခြင်းနှင့် လုပ်ဆောင်ရန် ငြင်းဆန်ခြင်းအကြောင်းလည်း ရှိသည်။ ဤအရာတို့သည် လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကြောင့် ဖြစ်ပေါ်သည်။ သင်တို့အား ငါပြောထားသည့် အရာများဖြစ်သော သမ္မာတရားအား လိုက်စားခြင်းအတွက် အချို့သော လမ်းကြောင်းများနှင့် အဆင့်များ၊ သမ္မာတရားအား လိုက်စားသည့် နည်းလမ်း၊ သမ္မာတရားအား လိုက်စားခြင်းဖြင့် ရရှိသော ရလဒ်များ၊ သမ္မာတရားအတိုင်း အသက်ရှင်နေထိုင်နေသော လူတို့တွင် မြင်တွေ့နိုင်သည့် သမ္မာတရားစစ်မှန်မှုတို့သည်လည်း သမ္မာတရားအား လိုက်စားခြင်း အကြောင်းအရာနှင့် သက်ဆိုင်သည်မှာ မှန်သည်။ ဤအရာ၏ နောက်ဆုံးရလဒ်မှာ ဘုရားနှုတ်ကပတ်တော်များအပြင် လူကို ကယ်တင်သည့် ဘုရားအမှုတော်တို့အပေါ် အတွေ့အကြုံကို အခြေခံသည့် သက်သေခံချက်ပင် ဖြစ်သည်။ ဤအရာက သမ္မာတရားကို လူတို့လိုက်စားပြီး ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ကာ တွေ့ကြုံသောအခါတွင် ဖြစ်ပေါ်လာ၏။ ဤသည်မှာ အကြီးမားဆုံး ရလဒ်ဖြစ်သည်။ ဤသို့သော သက်သေခံချက်၏ အင်္ဂါရပ်တစ်ခုမှာ ယင်းသည် ဘုရားအမှုတော်၏ ရလဒ်များကို သက်သေခံခြင်း ဖြစ်သည်။ အခြားတစ်ခုမှာ ယင်းသည် သမ္မာတရားအား လိုက်စားထားသော လူများတွင် တွေ့မြင်နိုင်သည့် အပြုသဘောဆောင်သော သက်ရောက်မှုများကို သက်သေခံခြင်း ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် အနည်းနှင့်အများ ပြေလည်သွားသည့် အချက်ဖြစ်သည်။ ဥပမာအားဖြင့် အလွန်မာနထောင်လွှားလေ့ရှိသော၊ မိမိ၏ လုပ်ရပ်များတွင် တစ်ဖက်သတ်ဆန်သော၊ မဆင်မခြင်ဖြစ်သော၊ ထင်ရာစိုင်းသောသူတစ်ယောက်သည် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ခြင်းမှတစ်ဆင့် ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြစ်သည်ဟု သိသွားပြီး ဤအရာကို လက်ခံကာ အသိအမှတ်ပြုသည်။ တဖြည်းဖြည်းချင်းဖြင့် သူသည် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက အခြားလူများနှင့် မိမိအပေါ် ဖြစ်စေသော ထိခိုက်မှုကို သိလာသည်။ သေးငယ်သော ရှုထောင့်မှကြည့်လျှင် ယင်းသည် လူတို့ကို ထိခိုက်စေသည်။ ကြီးသော ရှုထောင့်မှကြည့်လျှင် ယင်းသည် အသင်းတော်အလုပ်ကို နှောင့်ယှက်၊ ဖျက်ဆီးပြီး ထိခိုက်စေသည်။ ဤသည်မှာ ရလဒ်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ဤသည်မှာ လူတစ်ယောက်က ဘုရားနှုတ်ကပတ်တော်များကို နားလည်သောအခါ သိရှိလာသောအရာဖြစ်သည်။ ထို့အပြင် ထိုသူသည် ဘုရားနှုတ်ကပတ်တော်များ၏ ဖွင့်ပြခြင်းကို အခြေခံပြီး သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အသိအမှတ်ပြုသည်။ ထို့နောက်တွင် ဘုရားသခင် စီစဉ်ပေးသော အခြေအနေများ၌ သူသည် တဖြည်းဖြည်းချင်း နောင်တရလာသည်။ တစ်ခါက သူကိုင်စွဲခဲ့သော ဘဝနေထိုင်မှုပုံစံအပြင် သူ၏ ကျင့်ကြံပြုမူပုံနှင့် လုပ်ရပ်များအပေါ် သူထားရှိခဲ့သော သဘောထားကို လွှတ်ချသည်။ သူသည် ဘုရားနှုတ်ကပတ်တော်များထဲတွင် စည်းမျဉ်းများနှင့် လမ်းကြောင်းများကို ရှာတွေ့ပြီး ဘုရားသခင်က သူ့အား ပေးအပ်ထားသော လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများနှင့်အညီ အမှုအရာများကို ကိုင်တွယ်သည်။ ဤသည်မှာ စစ်မှန်သော နောင်တဖြစ်ပြီး မိမိကိုယ်ကို အမှန်တကယ် ပြောင်းလဲခြင်းဖြစ်သည်။ သူသည် ဘုရားနှုတ်ကပတ်တော်များကို အခြေခံပြီး ကျင့်ကြံပြုမူနိုင်စွမ်းနှင့် လုပ်ဆောင်နိုင်စွမ်း ရှိသည်။ အဆုံးတွင် သူသည် ပြုမူဆောင်ရွက်သည့်အခါတိုင်း၌ သမ္မာတရား စည်းမျဉ်းများကို ရှာဖွေလာသည်။ ပြီးလျှင် ဘုရားနှုတ်ကပတ်တော်များအား သူ၏ အခြေပြုချက်အဖြစ် ယူသည့် စစ်မှန်မှု၏ အစိတ်အပိုင်းကို အသက်ရှင်နေထိုင်သည်။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထားကို ဖြေရှင်းခြင်း ဥပမာတစ်ခုဖြစ်သည်။ ဤအရာမှ ရရှိသော နောက်ဆုံးရလဒ်မှာ ဤလူသည် မာနထောင်လွှားခြင်းနှင့် အသက်ရှင်နေထိုင်ခြင်း မရှိတော့ဘဲ ထိုအစား သူ၌ အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိလာသည်။ သမ္မာတရားစည်းမျဉ်းများကို ရှာဖွေနိုင်လာသည်။ သမ္မာတရားကို အမှန်တကယ် နာခံလာသည်။ ထိုသူ လက်တွေ့လုပ်ဆောင်ပြီး အသက်ရှင်နေထိုင်သည့် အရာသည် ဖောက်ပြန်ပျက်စီးသော သူ့စိတ်သဘောထား၏ အုပ်စိုးခြင်းကို မခံရတော့ဘဲ ထိုအစား သမ္မာတရားကို သူ၏ စံသတ်မှတ်ချက်အဖြစ် မှတ်ယူသည်။ ပြီးလျှင် ဘုရားနှုတ်ကပတ်တော်များ၏ စစ်မှန်မှုအတိုင်း အသက်ရှင်နေထိုင်သည်။ ဤသည်မှာ ရလဒ်ဖြစ်သည်။ ဤရလဒ်ကို သမ္မာတရားအား လိုက်စားခြင်းဖြင့် ရရှိသည်မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ သမ္မာတရားအား လိုက်စားခြင်းကြောင့် လူတစ်ယောက်တွင် ဖြစ်ပေါ်လာသော ရလဒ်မျိုးဖြစ်သည်။ ဘုရားသခင်အတွက်ဆိုလျှင်လည်း ဤသို့ အသက်ရှင်ခြင်းသည် သူနှင့် သူ၏ အမှုတော်အတွက် စစ်မှန်သော သက်သေခံချက်ဖြစ်သည်။ ယင်းသည် ဖန်ဆင်းခံတစ်ယောက်က တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ဘုရားနှုတ်ကပတ်တော်များနှင့် ထိတွေ့ခြင်းအား ဖြတ်သန်းပြီးသည့်အခါတွင် ရရှိသော ရလဒ်တစ်ခုဖြစ်သည်။ ဤသည်မှာ စစ်မှန်သော သက်သေခံချက်ဖြစ်သည်။ ဘုရားသခင်အတွက် ဂုဏ်ကျက်သရေရှိသော အရာတစ်ခုဖြစ်သည်။ လူအတွက်ဆိုလျှင် ဤသည်မှာ ဂုဏ်ကျက်သရေရှိသောအရာ မဟုတ်သည်ကား မှန်၏။ ဂုဏ်ရှိသော၊ ဂုဏ်ယူဖွယ်ဖြစ်သော အရာဟုသာ ခေါ်ဆိုနိုင်သည်။ ဤသည်မှာ ဖန်ဆင်းခံတစ်ယောက်သည် ဘုရားအမှုတော်ကို တွေ့ကြုံပြီးနောက်တွင် ရှိထားသင့်ပြီး အသက်ရှင်နေထိုင်သင့်သည့် သက်သေခံချက်ဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို လိုက်စားသောသူတစ်ယောက်တွင် ရရှိသည့် အပြုသဘောဆောင်သော သက်ရောက်မှုတစ်ခုဖြစ်သည်။ ဘုရားသခင်ကလည်း ဤသို့သော အတွေ့အကြုံနှင့် အသိပညာအပြင် ဤလူတို့ အသက်ရှင်နေထိုင်သည့်အရာတို့ကို သူ၏ အမှုတော်အားဖြင့် ရရှိသည့် ရလဒ်များအဖြစ် သဘောထားသည်။ ဘုရားသခင်အတွက်ဆိုလျှင် ဤသည်မှာ စာတန်အား ကြီးမားသောအားဖြင့် ပြန်လည်တိုက်ခိုက်သည့် သက်သေခံချက်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် ချစ်ပြီး တန်ဖိုးထားသည့် အရာဖြစ်သည်။

သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ အဘယ်ဖြစ်သည်ကို ငါတို့ ယခု ဖွင့်ဆိုပြီးဖြစ်သည်။ ဤအဓိပ္ပာယ်ဖွင့်ဆိုချက်မှတစ်ဆင့် သမ္မာတရား လိုက်စားခြင်းဆိုသည်မှာအပေါ် သင်တို့၏ အမြင်က လက်တွေ့အရှိတရားနှင့် ပို၍ နီးစပ်လာသလော။ (နီးစပ်လာပါသည်။) သမ္မာတရားလိုက်စားခြင်းကို သင်တို့နားလည်သည့် ပုံစံဖြင့် ယခုတွင် အဓိပ္ပာယ်ဖွင့်ဆိုပြီးပြီဖြစ်၍ သင်တို့၏ ယခင်က လိုက်စားမှုများကို မည်သို့ မှတ်ယူသင့်သနည်း။ သင်တို့အများစုသည် သမ္မာတရားကို လိုက်စားသောသူများ မဟုတ်သည်မှာ ဖြစ်နိုင်သည်။ ဤအရာကို ကြားရသည်မှာ သင်တို့အတွက် အနည်းငယ် စိတ်မချမ်းသာစရာ ဖြစ်နိုင်၏၊ ဟုတ်သည်မဟုတ်လော။ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို နောက်တစ်ကြိမ်ဖတ်ပါ။ (သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ အဘယ်နည်း။ အဖြေ။ သမ္မာတရားအား မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး လူများ၊ အမှုအရာများကို လုံးလုံးလျားလျား ဘုရားနှုတ်ကပတ်တော်နှင့်အညီ ရှုမြင်ခြင်းအပြင် ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ခြင်း ဖြစ်သည်။) ယခုတွင် သင်တို့ တိကျစွာ ပြောနိုင်ပေပြီ။ ထပ်၍ စဉ်းစားကြည့်လျှင် ဤသည်မှာ မှန်ကန်သလော။ (မှန်ကန်ပါသည်။) ဤအဓိပ္ပာယ်ဖွင့်ဆိုချက်ကို အခြေခံပြီး သင်တို့၏ ယခင်က လိုက်စားမှုများနှင့် ကျင့်သုံးမှုများကို တိုင်းတာလျှင် ရလဒ်က မည်သို့ဖြစ်မည်နည်း။ သင်တို့သည် လက်ရှိတွင် သမ္မာတရားစစ်မှန်မှုကို ပိုင်ဆိုင်ခြင်းရှိမရှိ သင်ယူနိုင်လိမ့်မည်။ သင်တို့၏ လက်ရှိ ပြုမူဆောင်ရွက်မှုသည် သမ္မာတရားအား လိုက်စားခြင်းဟုတ်မဟုတ်ကို အတည်ပြုနိုင်လိမ့်မည်။ ဤသို့ပြောခြင်းက စိတ်ကူးသဘောသက်သက် မဖြစ်ဘူး မဟုတ်လော။ အလွန်ပင် အရပ်သုံးဘာသာစကားဆန်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ မည်သည့်သာမန်လူမဆို နားလည်နိုင်သော သာမန်ဘာသာစကားဖြစ်သည်။ ဤသည်မှာ နားလည်ရန် အလွန်လွယ်ကူသည့် ပုံစံရှိနိုင်သော်လည်း လူတို့တွင် ပြဿနာရှိနေသည်။ မည်သည့်ပြဿနာ ဖြစ်သနည်း။ ၎င်းတို့သည် အဓိပ္ပာယ်ဖွင့်ဆိုချက်ကို နားလည်သည်နှင့် အနေရခက်ပြီး စိတ်မချမ်းမသာဖြစ်ကြခြင်းပင်။ အဘယ်ကြောင့် စိတ်မချမ်းမသာဖြစ်သနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ အတိတ်က ဒုက္ခများနှင့် ၎င်းတို့ ပေးဆပ်ခဲ့သော အဖိုးအခများက ရှုတ်ချခံရသည်၊ ဤအရာတို့ကို အချည်းနှီး ပေးဆပ်ခဲ့သည်ဟု ၎င်းတို့ခံစားရပြီး ဤအတွက်ကြောင့် စိတ်မကြည်မသာ ဖြစ်ကြ၍ဖြစ်သည်။ အချို့လူတို့သည် ဤအရာကို ကြားပြီး “အိုး၊ သမ္မာတရားကို လိုက်စားခြင်း၏ အဓိပ္ပာယ်မှာ ဤသို့ဖြစ်လေတကား။ ဤ အဓိပ္ပာယ်အတိုင်းဆိုလျှင် ကျွန်ုပ်တို့ ပေးဆပ်ခဲ့သည့် အဖိုးအခများအားလုံးနှင့် ကျွန်ုပ်တို့၏ အတိတ်က အသုံးခံခဲ့ခြင်းများက အချည်းနှီး မဖြစ်သွားပါသလော။ သမ္မာတရားလိုက်စားခြင်းဆိုသည်မှာ အဘယ်ဖြစ်ကြောင်း ကိုယ်တော် အဓိပ္ပာယ်မဖွင့်ဆိုပြခဲ့လျှင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ လိုက်စားမှုတွင် ကောင်းစွာ လုပ်ဆောင်နေသည်ဟု ထင်မြင်လျက် ရှေ့ဆက်နေမိမည်ဖြစ်သည်။ ယခုတွင် ကိုယ်တော်က ဤအဓိပ္ပာယ်ဖွင့်ဆိုချက်ကို ပေးလိုက်သည်ဖြစ်၍ ကျွန်ုပ်တို့၏ လိုက်စားမှုများနှင့် ကျွန်ုပ်တို့ ပေးဆပ်ခဲ့သော အဖိုးအခများ အားလုံးက အလဟဿမဖြစ်သွားသလော။ ဆုသရဖူရရှိပြီး ဆုချီးမြှင့်ခြင်းခံရဖို့ဖြစ်သည့် ကျွန်ုပ်တို့၏ အိပ်မက်အားလုံးတို့ ပျက်စီးသွားပြီ မဟုတ်လော။ သမ္မာတရားကို ကျွန်ုပ်တို့ နားလည်သောအခါ ကျွန်ုပ်တို့သည် ကောင်းချီးခံစားရသင့်ပြီး ကျွန်ုပ်တို့၏ အိပ်မက်များက လက်တွေ့ဖြစ်လာသင့်ပါသည်။ ထို့ကြောင့် ယခု သမ္မာတရားကို ကျွန်ုပ်တို့ နားလည်ပါလျက်နှင့် အဘယ်ကြောင့် တရားစီရင်ခြင်း ခံနေရပါသနည်း။ အဘယ်ကြောင့် ကျွန်ုပ်တို့သည် မှောင်မိုက်ထဲတွင် မျှော်လင့်ချက်မဲ့စွာ အသက်ရှင်နေရပါသနည်း။ ကျွန်ုပ်တို့၏ အတိတ်နှင့် ပစ္စုပ္ပန်သည် ရှုတ်ချခံရလေပြီ။ အနာဂတ်က မည်သို့ရှိမည်ကိုလည်း မသိနိုင်ပါ။ ကျွန်ုပ်တို့သည် ကောင်းချီးခံစားရဖို့ မျှော်လင့်ချက်မရှိသည့်ပုံစံ ဖြစ်နေပါသည်” ဟူ၍ ပြောဆိုကြပေမည်။ ဤသို့ ဖြစ်သလော။ လူတို့က ဤသို့စဉ်းစားသည်မှာ မှန်ကန်သလော။ (မမှန်ပါ။) ဤသို့ဆိုလျှင် လူတို့သည် ဤသို့ စဉ်းစားသင့်သလော။ (မစဉ်းစားသင့်ပါ။) မစဉ်းစားသင့်ပေ။ သို့သော် ဤအရာနှင့်ပတ်သက်ပြီး ကောင်းသောအရာတစ်ခုရှိသည်။ သမ္မာတရားအား လိုက်စားခြင်း၏ ဤအဓိပ္ပာယ်ဖွင့်ဆိုချက်ကို သင်သည် ထပ်ခါထပ်ခါ ဆုတောင်းသည့်ပုံစံဖြင့် ဖတ်ရှုနိုင်သည်။ ပြီးနောက်တွင် သင်၏ အတိတ်ကာလကို ပြန်ကြည့်နိုင်သည်။ သင်၏ လက်ရှိကာလကို ကြည့်နိုင်ပြီး သင်၏ အနာဂတ်ကာလကို မျှော်ကြည့်နိုင်သည်။ သင့်အနေနှင့် စိတ်မချမ်းမသာဖြစ်နိုင်သည်။ သို့သော် ထိုသို့ခံစားရခြင်းမှာ သင်သည် ထုံထိုင်းခြင်းမရှိဆိုသည့် သဘောဖြစ်သည်။ သင်၏ အတိတ်၊ လက်ရှိနှင့် အနာဂတ်ကာလအကြောင်း စဉ်းစားရမည်ကို သင်သိသည်။ သင်၏ ရှေ့ရေးအတွက် အစီအစဉ်များ ရေးဆွဲရမည်၊ ထိုအရာများအကြောင်း စဉ်းစားရမည်၊ စိတ်ပူရမည်၊ ထိုအရာများနှင့် ပတ်သက်ပြီး ရတက်မအေးဖြစ်ရမည်ကို သင်သိသည်။ ဤသည်မှာ ကောင်းသောအရာဖြစ်၏။ ဤသည်မှာ သင်သည် အသက်ရှင်နေဆဲဖြစ်ကြောင်း၊ သက်ရှိလူတစ်ယောက်ဖြစ်ကြောင်း၊ သင်၏ စိတ်နှလုံးသည် သေဆုံးခြင်း မရှိကြောင်းကို သက်သေပြသည်။ စိတ်ပူစရာကောင်းသည်မှာ လူတစ်ယောက်သည် သူ့အား မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းကို မည်သို့ ရှင်းလင်းစွာ မိတ်သဟာယပြုပေးသည်ဖြစ်စေ စိတ်မပါဘဲ ရှိနေသည့်အခါတွင် ဖြစ်သည်။ ထိုသူက “ကျွန်ုပ်သည် ဤသို့သောလူပင် ဖြစ်၏။ ကျွန်ုပ်ကောင်းချီးပေးခံရမည်လော၊ ကပ်ဘေးများ ကျွန်ုပ်အပေါ် ကျလာမည်လောကို မည်သူဂရုစိုက်သနည်း။ ကျွန်ုပ်ကို တရားစီရင်သည်ဖြစ်စေ၊ ရှုတ်ချသည်ဖြစ်စေ ကိုယ်တော်နှစ်သက်သလိုသာ ပြုပါလေတော့” ဟူ၍ စဉ်းစားကြသည်။ ထိုသူအား မည်သည့်အရာကို ပြောသည်ဖြစ်စေ သူသည် ထုံထိုင်းနေသည်။ ဤသည်မှာ ပြဿနာရှိ၏။ ပြဿနာဟု ဆိုရာ၌ အဘယ်အရာကို ငါ ဆိုလိုသနည်း။ ထိုသူအား သမ္မာတရားအကြောင်းကို သင် မည်သို့ မိတ်သဟာယပြုပေးသည်ဖြစ်စေ သူသည် နားလည်မည်မဟုတ်ဟု ဆိုလိုသည်။ သူသည် ဝိညာဉ်မရှိသည့် လူသေဖြစ်သည်။ သူသည် ဘုရားသခင်အား ယုံကြည်ခြင်း၊ သမ္မာတရားအား လိုက်စားခြင်း၊ ကယ်တင်ခံရခြင်း၊ သို့မဟုတ် လူကို ကယ်တင်သည့် ဘုရားသခင်၏ အမှုတော်ကဲ့သို့သော အရာများကို လုံးဝ သိမြင်ခြင်းမရှိ။ ထိုသို့သောအရာများကို နားမလည်ပေ။ ဤသည်မှာ သံစဉ်အတက်အကျ နားမဝင်သူကို သီချင်းဆိုတတ်အောင် သင်ပေးရန် ကြိုးစားခြင်း၊ သို့မဟုတ် အရောင်များ မမြင်နိုင်သောသူကို အရောင်များ ရောစပ်တတ်ရန် သင်ပေးခြင်းကဲ့သို့ ဖြစ်သည်။ ဤသည်မှာ ဖြစ်ကို မဖြစ်နိုင်ပေ။ ဤအရာများကို မိတ်သဟာယဖွဲ့ခြင်းသည် ထိုသူအတွက် မည်သည့်အရေးပါမှု၊ သို့မဟုတ် မည်သည့်တန်ဖိုးမျှမရှိ။ အဘယ်ကြောင့်ဆိုသော် မည်သည့်အရာကို သင်ပြောသည်ဖြစ်စေ၊ သင်ပြောသည့်အရာက လေးနက်သည်ဖြစ်စေ၊ ပေါ့တန်သည်ဖြစ်စေ၊ အသေးစိတ်ကျသည်ဖြစ်စေ၊ ကျယ်ပြန့်သည်ဖြစ်စေ ထူးခြားမည်မဟုတ်၍ ဖြစ်သည်။ သူသည် မည်သို့ဖြစ်ဖြစ် မည်သည့်အရာကိုမျှ ခံစားရမည်မဟုတ်ပေ။ သူသည် မျက်မှန်တပ်ဆင်ထားသော မျက်ကန်းတစ်ယောက်ကဲ့သို့ဖြစ်သည်။ ထိုမျက်မှန်ကို တပ်သည်ဖြစ်စေ၊ မတပ်သည်ဖြစ်စေ သူ၏ အမြင်အာရုံအပေါ်တွင် သက်ရောက်မှုမရှိ။ လူအချို့က “သန်းခေါင်ထက် ညဉ့်မနက်”၊ “သေရမည်ကို ကျွန်ုပ်မကြောက်။ သို့ဖြစ်၍ ရှင်ရမည်ကို အဘယ်ကြောင့် ကြောက်နေရမည်နည်း”၊ “ကျွန်ုပ်လက်ကို ဆတ်ခနဲ လှုပ်လိုက်သော်လည်း တိမ်တစ်မျှင်ကိုမျှ ယူသွားနိုင်မည် မဟုတ်” ဆိုသည်တို့ကို မကြာခဏ ပြောကြသည်။ ဤအရာများသည် မိမိတို့ကိုယ်ကို အလွန်တော်သည်ဟု ထင်သည့် ဝိညာဉ်ကင်းမဲ့သော၊ လူသေများ၏ စကားလုံးများသာဖြစ်သည်။ ဝိညာဉ်ရေးအသုံးအနှုန်းဖြင့် ဆိုရလျှင် ၎င်းတို့သည် ဝိညာဉ်ရေးရာ နားလည်မှု ကင်းမဲ့သည်။ ဝိညာဉ်ရေးရာ နားလည်မှု ကင်းမဲ့သူများသည် အသက်ရှင်စဉ်တွင်ပင် လူသေများဖြစ်ကြသည်။ လူသေများသည် အသက်ရှင်သူများ၏ စကားများကို နားလည်နိုင်သလော။ ၎င်းတို့က “သမ္မာတရားကို လိုက်စားခြင်းအကြောင်း၊ လူများနှင့် အကြောင်းအရာများအပေါ် မိမိ၏ အမြင်များအကြောင်း၊ မိမိ၏ ကျင့်ကြံပြုမူပုံနှင့် လုပ်ရပ်များအကြောင်း ဤပြောဆိုခြင်းများက ကျွန်ုပ်နှင့် မည်သို့သက်ဆိုင်ပါသနည်း။ သေရမည်ကို ကျွန်ုပ်မကြောက်။ သို့ဖြစ်၍ ရှင်ရမည်ကို အဘယ်ကြောင့် ကြောက်နေရမည်နည်း” ဟူ၍ စဉ်းစားကြသည်။ ဤသို့ စဉ်းစားသူမည်သူမဆိုသည် လမ်းဆုံးပြီဖြစ်သည်။ ထိုသူသည် သေသူတစ်ဦး ဖြစ်သည်။ သမ္မာတရားအား လိုက်စားခြင်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ဤအတိုင်းပင် ဖြစ်သည်။ ဤ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ဖတ်ပြီးနောက်တွင် သင်၏ အနာဂတ်လမ်းကြောင်းအတွက် မည်သည့်ရည်ရွယ်ချက်များ၊ သို့မဟုတ် အစီအစဉ်များ ရှိသည်ဖြစ်စေ၊ သင် မည်သို့ ပြောင်းလဲမည်ဖြစ်စေ အားလုံးက သင်၏ တစ်ကိုယ်ရေ လိုက်စားမှုနှင့် သက်ဆိုင်သည်။ ဤအရာတို့သည် ငါပြောရန် လိုအပ်သည့် စကားများဖြစ်ပြီး ငါလုပ်ဆောင်ရန် လိုအပ်သည့် အလုပ်ဖြစ်သည်။ ငါပြောဖို့လိုအပ်သည့် အရာအားလုံးကို ပြောခဲ့ပြီးဖြစ်သည်။ ငါပြောစရာရှိသည့် အရာအားလုံးကိုလည်း ပြောခဲ့ပြီးဖြစ်သည်။ သင်တို့သည် သမ္မာတရားကို အမှန်တကယ် ချစ်ပြီး သမ္မာတရားအား လိုက်စားရန် စိတ်ဆန္ဒရှိပါက လူများနှင့် အမှုအရာများကို သင်တို့ ရှုမြင်လေ့ရှိသည့်ပုံစံ၊ သင်တို့ ကျင့်ကြံပြုမူကာ လုပ်ဆောင်လေ့ရှိသည့်ပုံစံနှင့် ပတ်သက်လျှင် ငါပေးခဲ့သော သမ္မာတရားအား လိုက်စားခြင်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို သင်တို့၏ လိုက်စားမှုအတွက် ပန်းတိုင်နှင့် ဦးတည်ချက်အဖြစ် ခံယူသင့်ပေသည်၊ သို့မဟုတ် ကိုးကားချက်အဖြစ် ခံယူသင့်ပေသည်။ ဘုရားနှုတ်ကပတ်တော်၏ စစ်မှန်မှုနှင့် သမ္မာတရားစစ်မှန်မှုထဲသို့ ဤနည်းအားဖြင့် တဖြည်းဖြည်းချင်း သင်တို့ဝင်ရောက်နိုင်ရန် ဖြစ်သည်။ ဤသို့ ခံယူပါက သင်သည် မဝေးသော အနာဂတ်ကာလတွင် သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်း၌ တစ်စုံတစ်ခုကို သေချာပေါက် ရရှိလိမ့်မည်။ အချို့က “သမ္မာတရားကို လိုက်စားဖို့ ဘယ်သောအခါမျှ နောက်ကျလွန်းသည်ဟူ၍ မရှိပါ” ဟု ဆိုနိုင်သည်။ ဤသည်မှာ မတိကျပေ။ ဘုရားသခင်၏ အမှုတော်ပြီးဆုံးသွားသည်အထိ သမ္မာတရားအား သင် မလိုက်စားလျှင် အမှန်ပင် နောက်ကျလွန်းသွားလိမ့်မည်။ ထိုအယူအဆကို မည်သို့ ရှင်းပြရမည်နည်း။ သမ္မာတရားအား လိုက်စားခြင်းကို ဘုရားသခင်၏ အမှုတော် မပြီးဆုံးမီတွင် လုပ်ဆောင်ရမည်။ တစ်နည်းအားဖြင့် ဘုရားသခင်က သူ၏ အမှုတော် အဆုံးသတ်သည်ကို ပြရန် ခေါင်းလောင်းမတီးမီတွင် ဤဖော်ပြချက်က မှန်ကန်သည်။ သို့သော် ဘုရားသခင်၏ အမှုတော် ပြီးဆုံးသောအခါ သူသည် “လူအား ကယ်တင်ခြင်းအမှုကို ငါထပ်၍ လုပ်ဆောင်မည်မဟုတ်။ ကယ်တင်ခြင်းကို လူတို့ရရှိအောင် ကူညီပေးရန် စကားများ၊ သို့မဟုတ် လူ၏ ကယ်တင်ခြင်းပါဝင်သည့် စကားများကို ငါ ထပ်၍ ပြောမည်မဟုတ်။ ထိုသို့သောအရာများကို ငါ ထပ်၍ ပြောမည်မဟုတ်” ဟု ပြောသည်။ ထို့နောက်တွင် သူ၏ အမှုတော်သည် အမှန်တကယ် ပြီးဆုံးလိမ့်မည်။ သင်သည် သမ္မာတရားကို လိုက်စားရန် ထိုအချိန်အထိ စောင့်ဆိုင်းလျှင် အမှန်ပင် နောက်ကျလွန်းသွားလိမ့်မည်။ မည်သို့ပင်ဖြစ်စေ သင်သည် ယခုတွင် သမ္မာတရားအား စတင်လိုက်စားလျှင် အချိန်ရှိလိမ့်ဦးမည်။ ကယ်တင်ခြင်းအား ရယူရန် အခွင့်အရေးရှိသေးသည်။ ယခုမှစပြီး သမ္မာတရားအား သင်၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး ဘုရားနှုတ်ကပတ်တော်များနှင့်အညီ လူများ၊ အမှုအရာများကို တဖြည်းဖြည်းချင်း ရှုမြင်ရန်နှင့် ကျင့်ကြံပြုမူပြီး လုပ်ဆောင်ရန် အစွမ်းကုန် ဆောင်ရွက်လော့။ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်သည့် ဘုရားနှုတ်ကပတ်တော်အားလုံးကို အချိန်တိုအတွင်း ဖတ်ပြီး နားလည်ရန် ကြိုးပမ်းကာ သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်ခြင်း၊ သင့်ကိုယ်သင် သိမြင်ခြင်းကို လက်တွေ့လုပ်ဆောင်လော့။ ဤသို့လုပ်ဆောင်ခြင်းသည် သင်၏ အသက်ဝင်ရောက်မှုအတွက် များစွာ အကျိုးရှိသည်။ ဥပမာအားဖြင့် ဘုရားနှုတ်ကပတ်တော်ထဲတွင် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်သည့်၊ အန္တိခရစ်များ၏ စိတ်သဘောထားအကြောင်း ပြောသည့် နှုတ်ကပတ်တော်များကို ကြည့်လော့။ ထိုအရာများသည် အခြေခံအကျဆုံး နှုတ်ကပတ်တော်များ မဟုတ်သလော။ (ဟုတ်ပါသည်။) သင်၏ အခြေပြုချက် ဖြစ်နေသော ထိုနှုတ်ကပတ်တော်များနှင့် သင် မည်သည့်အရာ လုပ်ဆောင်သင့်သနည်း။ သင့်ကိုယ်သင် ရှုတ်ချသင့်သလော။ ကျိန်ဆဲသင့်သလော။ သင်၏ အနာဂတ်နှင့် ကံတရားကို လက်လွတ်ဆုံးရှုံးသင့်သလော။ မဟုတ်ပေ။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိရန် ထိုနှုတ်ကပတ်တော်များကို အသုံးပြုရမည်ဖြစ်သည်။ ဤအရာမှ လွတ်ဖို့ မကြိုးစားနှင့်။ ဤသည်မှာ လူတိုင်း ဖြတ်သန်းရမည့် အဆင့်ဖြစ်သည်။ ဤအဆင့်ကို လူတိုင်း ဖြတ်သန်းရမည်ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ဤသည်မှာ လူတိုင်းက မိခင်နှင့် ဖခင်ထံမှ မွေးဖွားလာပြီးနောက် အရွယ်ရောက်ကာ အသက်ကြီးလာပြီး သေဆုံးသည့်ပုံစံကဲ့သို့ ဖြစ်သည်။ ဤအရာတို့သည် လူတိုင်းက တစ်ခုပြီးတစ်ခု ဖြတ်သန်းရမည့် အဆင့်များဖြစ်သည်။ သမ္မာတရားအား လိုက်စားခြင်းသည် မည်မျှ အရေးကြီးသနည်း။ လူ၏ နေ့စဉ်အစားအသောက်ကဲ့သို့ အရေးကြီးသည်။ သင်သည် နေ့စဉ် စားသောက်ခြင်းကို ရပ်လိုက်လျှင် သင်၏ အသွေးအသားက မရှင်သန်နိုင်ပေ။ သင်၏ အသက်က ရှေ့မဆက်နိုင်ပေ။ “ဘုရားနှုတ်ကပတ်တော်များနှင့်အညီ” ဆိုသည်မှာ သင်သည် လူများ၊ အမှုအရာများကို လုံးလုံးလျားလျား ဘုရားနှုတ်ကပတ်တော်နှင့်အညီ ရှုမြင်ရမည့်အပြင် ကျင့်ကြံပြုမူပြီး လုပ်ဆောင်ရမည်ဟု ဆိုလိုသည်။ ရလဒ်အနေဖြင့် သင်၏ ရှုမြင်သုံးသပ်ချက်များ၊ နည်းလမ်းများနှင့် လက်တွေ့လုပ်ဆောင်မှုများ ဖြစ်ပေါ်လာသည်။ “ဘုရားနှုတ်ကပတ်တော်များနှင့်အညီ” ဆိုသည်မှာ “သမ္မာတရားအား မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး” ဆိုသည်နှင့် ညီမျှသည်မှာ မှန်သည်။ ထို့ကြောင့် သမ္မာတရားအား လိုက်စားခြင်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် “ဘုရားနှုတ်ကပတ်တော်များနှင့်အညီ” ဆိုသည့်အချက်ဖြင့်ပင် လုံလောက်သည်။ အဘယ်ကြောင့် “သမ္မာတရားအား မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး” ဆိုသည်ကို ဖြည့်စွက်ရသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားနှုတ်ကပတ်တော်များတွင် ပြောဆိုထားခြင်းမရှိသည့် အသေးစိတ်ကျသော ပြဿနာအချို့ရှိသောကြောင့် ဖြစ်သည်။ ဤသို့သော အခြေအနေများတွင် သင်သည် သမ္မာတရားစည်းမျဉ်းများကို ရှာသင့်သည်။ ထိုစည်းမျဉ်းများ အတွင်းတွင် လူများ၊ အမှုအရာများကို ရှုမြင်သင့်ပြီး ကျင့်ကြံပြုမူကာ ဆောင်ရွက်သင့်သည်။ ဤသို့လုပ်ဆောင်ခြင်းအားဖြင့် သင်သည် သေချာပေါက် အပြည့်အဝ တိကျခြင်း ရှိလိမ့်မည်။ အပြည့်အဝ တိကျမှုမရှိခင်တွင် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိပြီး မိမိ၏ ဖောက်ပြန်ပျက်စီးသော ဖွင့်ပြမှုများနှင့် ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို အသိအမှတ်ပြုရမည်။ ထို့နောက်တွင် ရိုးသားစစ်မှန်စွာ နောင်တရရမည်။ ထိုသို့အားဖြင့် မိမိကိုယ်ကို အမှန်တကယ် ပြောင်းလဲရမည်။ ဤဖြစ်ရပ်ရှိ ဖြစ်စဉ်တစ်ခုစီသည် မရှိမဖြစ် ဖြစ်၏။ လူတစ်ယောက်က အစာစားသည့် အချိန်တွင် ကဲ့သို့ဖြစ်သည်။ အစားအစာကို ပါးစပ်ထဲသို့ ထည့်ရမည်။ ထို့နောက် အစာက သူ၏ အစာပြွန်ကို ဖြတ်သန်း၍ အစာအိမ်ထဲသို့ ရောက်ရမည်။ ထို့နောက်တွင် အစာချက်ပြီး စုပ်ယူသည်။ ထို့နောက်တွင်မှ အစာသည် သွေးထဲသို့ တဖြည်းဖြည်းချင်း ဝင်နိုင်ပြီး ကိုယ်ခန္ဓာက လိုအပ်သော အာဟာရဖြစ်လာနိုင်သည်။ လူတို့သည် သမ္မာတရားကို လိုက်စားပြီး သမ္မာတရားအား ၎င်းတို့၏ စံသတ်မှတ်ချက်အဖြစ် သတ်မှတ်လာသည်။ ထို့နောက်တွင် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး အသက်ရှင်နေထိုင်နိုင်သည်။ သမ္မာတရားစစ်မှန်မှုသို့ ဝင်ရောက်နိုင်သည်။ ဤအစီအစဉ်ရှိ သာမန်ဖြစ်စဉ်တစ်ခုစီသည် မရှိမဖြစ် ဖြစ်၏။ ထိုအရာတို့သည် သမ္မာတရားကို လိုက်စားသောသူတိုင်း သမ္မာတရား၏ မည်သည့်အချက်ကိုမဆို လိုက်စားရာတွင် ဖြတ်သန်းရမည့် မလုပ်၍မရသော အဆင့်များဖြစ်သည်။ အချို့က “သမ္မာတရားကို လိုက်စားဖို့ ဤအဆင့်များ၊ ဖြစ်စဉ်များကို ကျွန်ုပ်ဖြတ်သန်းဖို့ မလို။ သမ္မာတရားကို တိုက်ရိုက်ရှာဖွေပြီးနောက် လက်တွေ့လုပ်ဆောင်ကာ သမ္မာတရားကို ကျွန်ုပ်၏ လက်တွေ့အရှိတရား ဖြစ်လာအောင် လုပ်မည်” ဟူ၍ ပြောနိုင်သည်။ ဤသည်မှာ ရိုးစင်းလွန်းသော နားလည်မှုဖြစ်သည်။ သို့သော် ရလဒ်များ ရရှိနိုင်လျှင် ပိုကောင်းသည့် နည်းလမ်းဖြစ်သည်ကား မှန်သည်။ ဤသည်မှာ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပုံမှန် သိမြင်လာစဉ်တွင် အသိပညာနှင့် အောင်မြင်မှု ပမာဏအချို့ကို စုဆောင်းပြီးဖြစ်ကြောင်း ပြသည်။ ထို့ကြောင့် သင်သည် စစ်ဆေးခြင်း၊ သိမြင်ခြင်း၊ လက်ခံခြင်း၊ နောင်တရခြင်း စသည့် ဖြစ်စဉ်များကို ဖယ်ရှားနိုင်ပြီး သမ္မာတရား စည်းမျဉ်းများကို ရှာဖွေခြင်းအား တိုက်ရိုက်လုပ်ဆောင်နိုင်သည်။ လူတစ်ယောက်သည် သမ္မာတရား စည်းမျဉ်းများအား ရှာဖွေခြင်းကို တိုက်ရိုက်လုပ်ဆောင်ရန်အတွက်ဆိုလျှင် ဝိညာဉ်ရင့်ကျက်မှု အတိုင်းအတာတစ်ခုကို ပိုင်ဆိုင်ရမည်။ ဤသို့သော ဝိညာဉ်ရင့်ကျက်မှုရှိခြင်းမှာ မည်သို့ အဓိပ္ပာယ်ရသနည်း။ ဤသည်မှာ ထိုသူသည် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အမှန်တကယ် သိမြင်ခြင်းရှိသည်၊ သူ့အပေါ် ဖြစ်ပျက်လာသော အရာတစ်ခုနှင့်ပတ်သက်သည့် သမ္မာတရားများကို နားမလည်သောအခါ မိမိကိုယ်ကို သိမြင်ဖို့၊ သို့မဟုတ် နောင်တရဖို့၊ သို့မဟုတ် သူ၏လမ်းကြောင်းကို ပြန်လှည့်ဖို့ မလိုအပ်တော့ဟု အဓိပ္ပာယ်ရသည်။ သူလုပ်ဆောင်ဖို့ လိုအပ်သမျှမှာ သမ္မာတရား စည်းမျဉ်းများအား နားလည်ခြင်းကို တိုက်ရိုက်ရယူရန်သာ ဖြစ်သည်။ ထို့နောက်တွင် သမ္မာတရား စည်းမျဉ်းများနှင့်အညီ ဆက်၍ လက်တွေ့လုပ်ဆောင်သွားဖို့သာ ဖြစ်သည်။ ဤသည်မှာ လုံလောက်၏။ ဤသည်မှာ သာမန်လူတစ်ယောက်၏ ဝိညာဉ်ရင့်ကျက်မှု မဟုတ်ပေ။ ဤသို့သော ဝိညာဉ်ရင့်ကျက်မှုရှိသူသည် အနည်းဆုံးအနေဖြင့် ဘုရားသခင်၏ ကြမ်းတမ်းစွာ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ပဲ့ပြင်ဆုံးမခြင်း၊ စမ်းသပ်ခြင်းတို့ ခံရသည့် ဖြစ်စဉ်ကို တွေ့ကြုံပြီးဖြစ်သည်။ သူသည် ဘုရားသခင်အား နာခံပြီးဖြစ်ပြီး စုံလင်အောင် ပြုလုပ်ပေးခြင်း ခံရမည့် လမ်းကြောင်းပေါ်တွင် ရောက်ရှိနေပြီဖြစ်သည်။ ဤသို့သောသူတို့သည် မိမိ၏ ဖောက်ပြန်ပျက်စီးမှုကို သိခြင်း၊ ထို့နောက်တွင် ယင်းကို အသိအမှတ်ပြုခြင်း၊ နောင်တရခြင်းနှင့် မိမိကိုယ်ကို ပြောင်းလဲခြင်းကဲ့သို့သော ဖြစ်စဉ်များကို မလိုအပ်ပေ။ ဤသို့ဆိုလျှင် သင်တို့က အဘယ်သို့ ရှိသနည်း။ သင်တို့အများစုသည် မိမိကိုယ်ကို သိမြင်ခြင်းမှ စတင်ဖို့ လိုအပ်သလော။ သင့်ကိုယ်သင် မသိလျှင် သင်သည် လက်ခံယုံကြည်မည် မဟုတ်ပေ။ သမ္မာတရားအား လက်ခံရန် သင့်အတွက် လွယ်ကူမည် မဟုတ်သကဲ့သို့ စစ်မှန်သော နောင်တကို ရရှိနိုင်မည်လည်း မဟုတ်ပေ။ သင်သည် အမှန်တကယ် နောင်တမရလျှင် သမ္မာတရားကို နာခံနိုင်သလော။ ဘုရားသခင်အား နာခံနိုင်သလော။ သေချာပေါက် မနာခံနိုင်ပေ။ ဤသို့ဆိုလျှင် သင်သည် ကယ်တင်ခြင်းခံရမည့်သူ မဟုတ်ပေ။

ဤမိတ်သဟာယအပြီးတွင် သင်တို့၌ ယခု သမ္မာတရားအား လိုက်စားခြင်းအတွက် လမ်းကြောင်းအနည်းငယ် ရှိလာပြီလော။ သမ္မာတရားကို လိုက်စားရန် ယုံကြည်ချက်ရှိသလော။ (ရှိပါသည်။) ကောင်းသည်။ မည်သည့်အရာမျှ မရှိလျှင် စိုးရိမ်ဖွယ်ဖြစ်နေလိမ့်မည်။ တရားဒေသနာအပြီးတွင် အပျက်သဘောဆောင်သောသူအချို့ ရှိနိုင်သည်။ “မဖြစ်သေးပါ။ ကျွန်ုပ်သည် အစွမ်းအစ မကောင်းပါ။ တရားဒေသနာကို နားထောင်သော်လည်း ဘာတစ်ခုကိုမျှ နားမလည်နိုင်ပါ။ အယူဝါဒနည်းနည်းသာ နားလည်၏။ ကျွန်ုပ်တွင် ဝိညာဉ်ရေး နားလည်မှု သိပ်မရှိသည့် ပုံစံပင်။ သမ္မာတရားကို လိုက်စားရေးနှင့်ပတ်သက်ပြီး ကျွန်ုပ်စိတ်မပါလှပါ။ ကိုယ့်တာဝန်ကို ထမ်းဆောင်ရာတွင် ကျွန်ုပ်လုပ်နိုင်သည်မှာ အနည်းငယ် ကြိုးပမ်းလုပ်ဆောင်ခြင်းသာ ဖြစ်နေသည်။ ကျွန်ုပ်တွင် အားနည်းချက်များ များလွန်းလှသည်။ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများနှင့် ပြည့်နေသည်။ ဤအရာကို ပြောင်းလဲ၍ မရဟု ထင်ပါသည်။ ဤအတိုင်းသာ ဆက်ဖြစ်နေပေမည်။ အစေခံသူလုပ်ခြင်းနှင့်တင် ကျွန်ုပ်အတွက် လုံလောက်ပါပြီ” ဟူ၍ ဖြစ်သည်။ ဤကဲ့သို့သော အပျက်သဘောဆောင်သည့် အတွေးများ ရှိသူတစ်ယောက်သည် သမ္မာတရားအား လိုက်စားခြင်း လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်သလော။ အနည်းငယ် အန္တရာယ်ရှိသည့် ပုံစံရှိသည်။ လူတစ်ယောက်၏ သမ္မာတရားအား လိုက်စားခြင်းတွင် ကြီးမားသော အတားအဆီးဖြစ်စေသည်မှာ ဤအပျက်သဘောဆောင်သော အတွေးများဖြစ်သောကြောင့် ဖြစ်သည်။ ထိုအရာများကို မဖြေရှင်းလျှင် မည်မျှကောင်းသည်ဖြစ်စေ ဤလမ်းကြောင်းပေါ်တွင် ၎င်းတို့ စတင်လျှောက်လှမ်းနိုင်မည် မဟုတ်။ လူအချို့သည် သမ္မာတရားအား လိုက်စားခြင်းလမ်းပေါ်တွင် ကြိမ်ဖန်များစွာ ကျရှုံးပြီး လဲကျကြသဖြင့် အဆုံးတွင် စိတ်ဓာတ်ကျကုန်၏။ “တော်ပြီ။ သမ္မာတရားကို ငါ လိုက်စားဖို့ မလိုတော့။ ငါသည် ကောင်းချီးပေးခံရမည့် ကံမပါလာ။ ‘ကောင်းချီးမင်္ဂလာများကို ခံစားနိုင်သူ၏ မျက်နှာကို ပိုင်ဆိုင်ခြင်းရှိသလော’ ဟူ၍ ဘုရားသခင်ကိုယ်တော်တိုင်က ပြောခဲ့သည် မဟုတ်ပါလား။ ငါ၌ စိတ်ဓာတ်အားအင် ကင်းမဲ့သည့် မျက်လုံး၊ အချိုးမကျသည့် ရုပ်ဆင်းအင်္ဂါများနှင့် ခံ့ညားခြင်း တစ်စက်မျှမရှိသည့် သာမန်အသွင်အပြင်ရှိကြောင်း မှန်ကို တစ်ချက်ကြည့်ရုံနှင့် မြင်ရသည်ပင်။ မည်သို့ကြည့်ကြည့် ငါသည်ကောင်းချီးပေးခံရသူနှင့် တူကို မတူပါ။ ဘုရားသခင်က ကြိုတင်မပြဋ္ဌာန်းထားလျှင် လူတို့အနေနှင့် မိမိတို့သဘောရှိ လိုက်စားပါစေ ဘာမျှ အသုံးဝင်မည် မဟုတ်ပါ” ဟူ၍ ဖြစ်သည်။ ဤလူတို့၏ စိတ်အခြေအနေကို ကြည့်လော့။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဖြေရှင်းရန် ကျန်သေးသည့် အကျည်းတန်သော အရာများစွာရှိနေ၍ သမ္မာတရားအား လိုက်စားခြင်းလမ်းပေါ်တွင် အဘယ်သို့ စတင်လျှောက်လှမ်းနိုင်မည်နည်း။ သမ္မာတရားအား လိုက်စားခြင်းသည် ဘဝတွင် အကြီးမြတ်ဆုံး အမှုအရာဖြစ်သည်။ သင်လုပ်နိုင်သည့် အဆိုးဆုံးအရာမှာ ယင်းကို ကောင်းချီးရရှိခြင်းနှင့် ဆက်စပ်ခြင်းဖြစ်သည်။ လူတစ်ယောက်သည် ကောင်းချီးရရန် ဖြစ်သည့် ၎င်းတို့၏ ရည်ရွယ်ချက်ကို အရင်ဆုံး ဖြေရှင်းရမည်။ ထို့နောက်တွင် သမ္မာတရားအား လိုက်စားခြင်းက အနည်းငယ်ပို၍ ချောမွေ့သွားလိမ့်မည်။ သမ္မာတရားအား လိုက်စားခြင်းနှင့်ပတ်သက်လျှင် အရေးပါဆုံးသောအရာမှာ ဤလမ်းကြောင်းပေါ်တွင် လူများစွာရှိမရှိကို မကြည့်ရန်၊ လူအများစု ရွေးချယ်သောအရာနောက်သို့ မလိုက်ဘဲ ပေတရုကို အတုယူလျက် ဘုရားသခင်၏ တောင်းဆိုချက်များနှင့် ကိုက်ညီရန် ကြိုးပမ်းခြင်းကိုသာ အာရုံစိုက်ရန် ဖြစ်သည်။ အရေးကြီးဆုံးအရာမှာ ပစ္စုပ္ပုန်အချိန်ကာလကို ရှင်းလင်းစွာ မြင်ပြီး ဤအချိန်ကာလတွင် အသက်ရှင်ခြင်း၊ လက်ရှိတွင် မည်သည့်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက သင့်ထံမှ ပွင့်အံထွက်နေသည်ကို သိခြင်း၊ ယင်းကို ဖြေရှင်းရန် သမ္မာတရားကို ရုတ်တရက် ချက်ချင်း ရှာဖွေကာ ရှေးဦးစွာ နှံ့နှံ့စပ်စပ် စိစစ်ကာ သိမြင်ပြီးနောက် ဘုရားသခင်ထံ နောင်တရခြင်းဖြစ်သည်။ သင်နောင်တရသောအခါ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းသည် အရေးကြီးဆုံးဖြစ်သည်။ ဤသည်မှာ တကယ့်ရလဒ်များကို ရရှိရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ သင်သည် “ဘုရားသခင်၊ ကျွန်ုပ် နောင်တရလိုစိတ် ရှိပါသည်။ တောင်းပန်ပါသည်။ ကျွန်ုပ် မှားပါသည်။ ခွင့်လွှတ်တော်မူပါ” ဟူ၍သာ ဘုရားသခင်အား ပြောပြီး ဘုရားသခင်၏ လက်ခံမှုကို ရရှိရန်အတွက် သင်လုပ်ဆောင်ရန် လိုအပ်သည်မှာ ဤအရာသာ ဖြစ်သည်ဟု ထင်လျှင် အလုပ်ဖြစ်မည်လော။ (မဖြစ်ပါ။) သင်သည် “ဘုရားသခင်၊ တောင်းပန်ပါသည်။ ကျွန်ုပ် မှားပါသည်” ဟု ဘုရားသခင်အား ပြောဖို့ အစဉ် ဆန္ဒရှိပြီး ဤသို့ပြောသောအခါ ဘုရားသခင်က “ရပါသည်။ ဆက်၍ လုပ်ဆောင်ပါ” ဟု ပြောမည်ဟု မျှော်လင့်လျှင်၊ သင်သည် ဤအခြေအနေမျိုးတွင် အစဉ် အသက်ရှင်လျှင် သမ္မာတရားသို့ ဝင်ရောက်နိုင်မည်မဟုတ်။ ဤသို့ဆိုလျှင် ဘုရားသခင်အား မည်သို့ဆုတောင်းပြီး နောင်တရသင့်သနည်း။ လမ်းကြောင်းရှိသလော။ ဤအရာကို အတွေ့အကြုံရှိသူ မည်သူမဆို ဤအကြောင်း အနည်းငယ်ပြောဆိုနိုင်သည်။ မည်သူမျှ မရှိသလော။ သာမန်အားဖြင့် သင်တို့သည် နောင်တရသည့် ဆုတောင်းခြင်းများ လုံးဝ မလုပ်ဆောင်သကဲ့သို့ အပြစ်များကို ဝန်ချပြီး ဘုရားသခင်ထံ နောင်တရခြင်းကိုလည်း မလုပ်ဆောင်ကြသည့်ပုံ ရသည်။ ဤသို့ဆိုလျှင် သင်တို့၏ ကိုယ်ပိုင်လိုအင်ဆန္ဒများနှင့် ရည်ရွယ်ချက်များကို မည်သို့ လွှတ်ချသင့်သနည်း။ သင်တို့၏ ဖောက်ပြန်ပျက်စီးမှုကို မည်သို့ဖြေရှင်းသင့်သနည်း။ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းရှိသလော။ ဥပမာပေးရလျှင် သင်သည် မာနထောင်လွှားသော စိတ်သဘောထားကို ဖြေရှင်းရန် လမ်းကြောင်းမရှိလျှင် ဘုရားသခင်အား ဤသို့ ဆုတောင်းသင့်သည်။ “ဘုရားသခင်၊ ကျွန်ုပ်တွင် မာနထောင်လွှားသော စိတ်သဘောထား ရှိပါသည်။ အခြားသူများထက် ကျွန်ုပ် ပိုထက်မြက်သည်၊ ပိုတော်သည်၊ ပိုပါးနပ်သည်ဟု ထင်နေပါသည်။ အခြားသူများကို ကျွန်ုပ်ပြောသည့်အတိုင်း လုပ်စေချင်နေပါသည်။ ဤသည်မှာ အသိတရား အင်မတန် ကင်းမဲ့ပါ၏။ ဤအရာသည် မာနထောင်လွှားခြင်းမှန်း သိသော်လည်း အဘယ်ကြောင့် ကျွန်ုပ်လက်မလွှတ်နိုင်ပါသနည်း။ ကျွန်ုပ်ကို ပဲ့ပြင်ဆုံးမပြီး အပြစ်တင်ဖို့ ကိုယ်တော့်ကို တောင်းပန်ပါသည်။ ကျွန်ုပ်၏ မာနထောင်လွှားမှုနှင့် ကိုယ်ပိုင်လိုအင်ဆန္ဒကို လက်လွှတ်ပြီး ထိုအစား ကိုယ်တော်၏ အလိုတော်ကို ရှာဖွေလိုစိတ် ရှိပါသည်။ ကိုယ်တော့် နှုတ်ကပတ်တော်များကို နားထောင်ပြီး ကျွန်ုပ်၏ အသက်အဖြစ်၊ ကျွန်ုပ် လိုက်နာဆောင်ရွက်သည့် စည်းမျဉ်းများအဖြစ် လက်ခံလိုစိတ် ရှိပါသည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်များအတိုင်း အသက်ရှင်နေထိုင်လိုစိတ် ရှိပါသည်။ ကျွန်ုပ်ကို လမ်းပြဖို့ ကိုယ်တော့်ကို တောင်းလျှောက်ပါသည်။ ကျွန်ုပ်ကို ကူညီပြီး ဦးဆောင်ဖို့ ကိုယ်တော့်ကို တောင်းလျှောက်ပါသည်” ဟူ၍ဖြစ်သည်။ ဤစကားများတွင် နာခံခြင်းသဘောထား ရှိသလော။ နာခံရန် ဆန္ဒရှိသလော။ (ရှိပါသည်။) အချို့က “တစ်ကြိမ်သာ ဆုတောင်းရုံနှင့် အလုပ်မဖြစ်ပါ။ ကျွန်ုပ်အပေါ် တစ်ခုခုဖြစ်ပျက်လာသောအခါ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအတိုင်း အသက်ရှင်နေဆဲပင်။ ကျွန်ုပ်သာ ဦးဆောင်ချင်နေဆဲပင်” ဟူ၍ ဆိုနိုင်သည်။ ဤသို့ဆိုလျှင် ဆက်လက်၍ ဆုတောင်းပါ။ “ဘုရားသခင်၊ ကျွန်ုပ်သည် အင်မတန် မာနထောင်လွှားပါ၏။ အင်မတန် ပုန်ကန်ပါ၏။ ကျွန်ုပ်ကို ပဲ့ပြင်ဆုံးမဖို့၊ ကျွန်ုပ်၏ မကောင်းမှုလုပ်ဆောင်နေခြင်းကို ရပ်တန်းကရပ်အောင် တားဆီးဖို့၊ ကျွန်ုပ်၏ မာနထောင်လွှားသည့် စိတ်သဘောထားကို ထိန်းချုပ်ဖို့ ကိုယ်တော့်ကို တောင်းလျှောက်ပါသည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်နေထိုင်နိုင်ဖို့အတွက်၊ ကိုယ်တော်၏ နှုတ်ကပတ်တော်နှင့် တောင်းဆိုချက်များအတိုင်း လုပ်ဆောင်ပြီး လက်တွေ့ကျင့်သုံးဖို့အတွက် ကျွန်ုပ်ကို လမ်းပြဦးဆောင်ဖို့ ကိုယ်တော့်ကို တောင်းလျှောက်ပါသည်” ဟူ၍ဖြစ်သည်။ ဆုတောင်းလျက်၊ အသနားခံလျက်ဖြင့် ဘုရားသခင်ရှေ့သို့ ပို၍ လာပြီးလျှင် ဘုရားသခင်အား လုပ်ဆောင်စေလော့။ သင်၏ စကားများက ရိုးသားစစ်မှန်လေလေ၊ သင်၏ စိတ်နှလုံးက ရိုးသားစစ်မှန်လေလေ သင်၏ ဇာတိပကတိနှင့် သင့်ကိုယ်သင်အား စွန့်ပစ်လိုစိတ်က ကြီးလေလေဖြစ်လိမ့်မည်။ ဤအရာသည် မိမိကိုယ်ပိုင်အလိုဆန္ဒအတိုင်း လုပ်ဆောင်လိုသော သင်၏ ဆန္ဒကို လွှမ်းမိုးသွားသောအခါ သင်၏ စိတ်နှလုံးသည် တဖြည်းဖြည်းချင်း သူ့ဘာသာ ပြောင်းလဲလာမည်။ ဤသို့ ဖြစ်သောအခါတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး သမ္မာတရားစည်းမျဉ်းများအတိုင်း ဆောင်ရွက်ဖို့ရန် သင့်အတွက် မျှော်လင့်ချက်ရှိလိမ့်မည်။ သင်ဆုတောင်းသောအခါ ဘုရားသခင်သည် သင့်အား မည်သည့်အရာကိုမျှ ပြောမည်မဟုတ်၊ သို့မဟုတ် မည်သည့်အရာကိုမျှ ညွှန်ပြမည်မဟုတ်၊ သို့မဟုတ် မည်သည့်အရာကိုမျှ ကတိပေးမည်မဟုတ်။ သို့သော် သူသည် သင်၏ စိတ်နှလုံးနှင့် သင်၏ စကားများနောက်ကွယ်ရှိ ရည်ရွယ်ချက်ကို စစ်ဆေးလိမ့်မည်။ သင်ပြောသည့်အရာက ရိုးသားစစ်မှန်ပြီး မှန်ကန်ခြင်းရှိမရှိ၊ သင်သည် ရိုးသားသော စိတ်နှလုံးဖြင့် ဘုရားသခင်အား အသနားခံပြီး ဆုတောင်းနေခြင်းဟုတ်မဟုတ်ကို လေ့လာစောင့်ကြည့်လိမ့်မည်။ သင်၏ စိတ်နှလုံးက ရိုးသားသည်ကို ဘုရားသခင် မြင်သောအခါ သူ့အား လုပ်ဆောင်ရန် သင်တောင်းဆိုပြီး ဆုတောင်းသည့်အခါတွင် သူသည် သင့်အား ဦးဆောင်လမ်းပြလိမ့်မည်။ သူသည် သင့်အား ပြင်းထန်စွာ အပြစ်တင်ပြီး ပဲ့ပြင်ဆုံးမမည်မှာလည်း မှန်သည်။ သင်အသနားခံခဲ့သည့် အရာကို ဘုရားသခင်က ဖြည့်ဆည်းပေးသောအခါ သင်၏ စိတ်နှလုံးသည် ဉာဏ်အလင်းဖွင့်ပြခြင်းခံရပြီး အတော်အတန် ပြောင်းလဲလာလိမ့်မည်။ ဆန့်ကျင်ဘက်အနေဖြင့် ဘုရားသခင်အပေါ် သင်၏ ဆုတောင်းချက်များနှင့် အသနားခံခြင်းများသည် ရိုးသားစစ်မှန်ခြင်းမရှိလျှင်၊ သင်သည် နောင်တရရန် အမှန်တကယ် ဆန္ဒမရှိဘဲ သင်၏ စကားများဖြင့် ဘုရားသခင်ကို ဝတ်ကျေတမ်းကျေ နှစ်သိမ့်ပေးပြီး လှည့်စားရန် ကြိုးစားခြင်းသာ ဖြစ်လျှင် ဘုရားသခင်သည် သင်၏ စိတ်နှလုံးကို စစ်ဆေးပြီးသောအခါ သူသည် သင့်အတွက် မည်သည့်အရာကိုမျှ လုပ်ဆောင်ပေးမည်မဟုတ်။ သင့်အား အလွန်မုန်းတီးပြီး ငြင်းပယ်လိမ့်မည်။ ဤအခြေအနေများတွင်လည်း ဘုရားသခင်က သင့်အား တစ်စုံတစ်ခု ပြောဆိုသည်၊ သို့မဟုတ် တစ်စုံတစ်ခုကို လုပ်ဆောင်သည်၊ သို့မဟုတ် တစ်စုံတစ်ရာ အရေးယူဆောင်ရွက်သည်ဟု သင်လုံးဝ ခံစားရမည် မဟုတ်ပေ။ သို့သော် ဘုရားသခင်သည် သင့်ထံတွင် မည်သည့်အမှုကိုမျှ ပြုမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် သင်၏ စိတ်ရင်းက ရိုးသားခြင်းမရှိသောကြောင့် ဖြစ်သည်။ ဘုရားသခင်က မည်သည့်အမှုကိုမျှ မပြုသောအခါ မည်သို့ ဖြစ်မည်နည်း။ သင် ရည်ရွယ်ခဲ့သကဲ့သို့ပင် သင်၏ စိတ်နှလုံးသည် နောင်တရလိုသည့် ဆန္ဒ ကင်းမဲ့လိမ့်မည်။ လုံးဝ ပြောင်းလဲမည် မဟုတ်ပေ။ ထို့ကြောင့် ထိုအခြေအနေတွင်၊ သင့်အပေါ် ဖြစ်ပျက်လာသော ထိုဖြစ်ရပ်တွင် သင်လုပ်ဆောင်သည့် အရာသည် သမ္မာတရား စည်းမျဉ်းများကို အခြေခံထားခြင်းထက် လူ့အလိုဆန္ဒနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ဆုံးဖြတ်ပေးခြင်းကို ခံရဆဲ ဖြစ်လိမ့်မည်။ သင်သည် သင်အလိုရှိပြီး ဆန္ဒရှိသည့်အရာအတိုင်းသာ ဆောင်ရွက်ပြီး ကျင့်သုံးနေဦးမည်ဖြစ်သည်။ ဘုရားသခင်အပေါ် သင့်ဆုတောင်းချက်များ၏ ရလဒ်သည် သင်ဆုမတောင်းခင်ကနှင့် အတူတူပင် ဖြစ်လိမ့်မည်။ ပြောင်းလဲမှုရှိမည် မဟုတ်ပေ။ သင်သည် သင့်ကိုယ်သင် လုံးဝ မပြောင်းလဲဘဲ သင်နှစ်သက်သမျှကို လုပ်ဆောင်ဆဲဖြစ်လိမ့်မည်။ ဤသည်မှာ သမ္မာတရားအား လိုက်စားခြင်းလမ်းစဉ်တွင် သမ္မာတရားကို လူတို့နားလည်ခြင်း ရှိမရှိက အရေးကြီးသကဲ့သို့ လူတို့၏ တစ်ဖက်သတ် အားစိုက်ထုတ်မှုများကလည်း အရေးကြီးသည်ဟု အဓိပ္ပာယ်ရသည်။ တစ်ချိန်တည်းတွင် လူတို့သည် သမ္မာတရားကို နားလည်ပြီး လက်တွေ့လုပ်ဆောင်လိုသော်လည်း လုပ်ဆောင်ရန် ခက်ခဲသည်ကို တွေ့ရှိရသောအခါ ၎င်းတို့သည် ဘုရားသခင်အား အမှီပြုရမည်။ ၎င်းတို့၏ စိတ်နှလုံးကို ပေးအပ်ပြီး ရိုးသားစစ်မှန်စွာ ဆုတောင်းရမည်။ ဤသည်မှာလည်း အလွန်အရေးကြီးသည်။ ဤအရာများအားလုံးသည် မရှိမဖြစ် ဖြစ်၏။ သင်လုပ်သမျှမှာ ပြီးစလွယ်ဖြင့်၊ ဝတ်ကျေတမ်းကျေပုံစံဖြင့် ဘုရားသခင်အား ဆုတောင်းပြီး “ဘုရားသခင်၊ တောင်းပန်ပါသည်။ ကျွန်ုပ် မှားပါသည်” ဟူ၍သာ ပြောဆိုလျှင်၊ သင်၏ ဆုတောင်းချက်ပါ စကားများကဲ့သို့ သင်၏ စိတ်နှလုံးသည်လည်း ဘုရားသခင်အပေါ် ဝတ်ကျေတမ်းကျေဆန်လျှင် ဘုရားသခင်က မည်သည့်အမှုကိုမျှ ပြုမည်မဟုတ်သကဲ့သို့ သင့်အား အရေးလည်းစိုက်မည်လည်း မဟုတ်ပေ။ သင်က “ဘုရားသခင်၊ တောင်းပန်ပါသည်။ ကျွန်ုပ်မှားပါသည်” ဟု ပြောလျှင် ဘုရားသခင်က “ရပါသည်” ဟု သေချာပေါက် ပြောမည်မဟုတ်ပေ။ ဘုရားသခင်အား သင်ပြောခဲ့သည့် ပြီးစလွယ်ဖြစ်သော၊ ဝတ်ကျေတမ်းကျေဖြစ်သော စကားများကြောင့် ဘုရားသခင်က သင့်ကို “မည်သည့်ပုံစံဖြင့် သင်မှားခဲ့သနည်း။ မည်သည့်အရာကို လုပ်ဆောင်ရန် ရည်ရွယ်သနည်း။ သင် နောင်တရမည်လော။ သင်၏ ဆိုးယုတ်မှုကို စွန့်ပစ်ပြီး သင့်ကိုယ်သင် ပြောင်းလဲမည်လော။ သင့်ကိုယ်ပိုင် လိုအင်ဆန္ဒ၊ ရည်ရွယ်ချက်များ၊ အကျိုးစီးပွားများကို လက်လွှတ်ပြီး သင့်ကိုယ်သင် ပြောင်းလဲရန် အပူတပြင်း လုပ်ဆောင်မည်လော။ သင့်ကိုယ်သင် ပြောင်းလဲရန် ဆုံးဖြတ်ချက်ချနိုင်သလော” ဟူ၍ မေးလိမ့်မည်။ ဤသို့ ဖြစ်ပျက်စဉ်တွင် ဘုရားသခင်က သင့်အား တစ်စုံတစ်ရာ မေးသည်ကို သင် မကြားဘဲ ဖြစ်နေနိုင်၏။ သို့သော် သင်က ဘုရားသခင်အား “ဘုရားသခင်၊ တောင်းပန်ပါသည်။ ကျွန်ုပ် မှားပါသည်” ဟု ဆိုလျှင် ဘုရားသခင်၏ အမြင်ရှုထောင့်၌ သူ၏ သဘောထားသည် ငါ ယခုပြောခဲ့သည့်အတိုင်း ဖြစ်လိမ့်မည်။ သူသည် ဤစကားများဖြင့် သင့်အား မေးခွန်းထုတ်လိမ့်မည်။ သင့်အား မည်သို့ မေးခွန်းထုတ်မည်နည်း။ သင်က “ဘုရားသခင်၊ တောင်းပန်ပါသည်။ ကျွန်ုပ် မှားပါသည်” ဟု ပြောပြီးနောက်တွင် ဘုရားသခင်သည် သင်လုပ်ဆောင်သည့်အရာနှင့် သင်ပြုလုပ်သည့် ရွေးချယ်မှုများကို ဆက်လက်စောင့်ကြည့်လိမ့်မည်။ သင့်တွင် သင်၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးမှုကို အမှန်တကယ် အသိအမှတ်ပြုခြင်း၊ မုန်းတီးခြင်းမှ ဖြစ်ပေါ်လာသော စစ်မှန်သည့် နောင်တရှိမရှိကို သူ ကြည့်လိမ့်မည်။ ဘုရားသခင်အပေါ်တွင် သင်၏ သဘောထားက မည်သို့ရှိသည်၊ သမ္မာတရားအပေါ် သင်၏ သဘောထားက မည်သို့ရှိသည်၊ သင့်အနေနှင့် သင်၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို မည်သို့မှတ်ယူပြီး ထိုစိတ်သဘောထားအပေါ် မည်သည့်အမြင်များ ရှိသည်တို့ကို သိရန်၊ သင်၏ မှားယွင်းသော အမြင်များနှင့် မှားယွင်းသော နည်းလမ်းများကို လက်လွှတ်ဖို့ သင်ရည်ရွယ်ထားခြင်း ရှိမရှိတို့ကို သိရန်အတွက် ဘုရားသခင်က ကြည့်လိမ့်မည်။ သင်၏ ရွေးချယ်မှုများကိုလည်းကောင်း၊ သမ္မာတရားအား လိုက်စားခြင်းလမ်းပေါ်တွင် လျှောက်ရန် သင် ရွေးချယ်ခြင်း ရှိမရှိကိုလည်းကောင်း၊ အနာဂတ်တွင် သင်မည်သို့ လုပ်ဆောင်သင့်သည်နှင့် သင် ထိန်းသိမ်းသင့်သည့် စည်းမျဉ်းများကိုလည်းကောင်း၊ သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်နိုင်ပြီး ဘုရားသခင်အား နာခံနိုင်ခြင်း ရှိမရှိကိုလည်းကောင်း ဘုရားသခင်က ကြည့်လိမ့်မည်။ ဘုရားသခင်သည် သင်၏ လှုပ်ရှားမှုတိုင်း၊ သင်၏ ရည်ရွယ်ချက်နှင့် ရွေးချယ်မှုတိုင်းကို ခြုံငုံလေ့လာလိမ့်မည်။ ထိုသို့ လုပ်ဆောင်စဉ်တွင် သူသည် ဤရွေးချယ်မှုများကို သင်ပြုလုပ်ပြီးနောက် သင်လုပ်ဆောင်သော အရာများသည် အမှန်တကယ်ပင် နောင်တရသည့် လုပ်ရပ်များနှင့် သင့်ကိုယ်သင် ပြောင်းလဲအောင် လုပ်နေသည့် လုပ်ရပ်များ ဟုတ်မဟုတ်ကို သိရန်အတွက် ကြည့်ရှုလိမ့်မည်။ ဤသည်မှာ အရေးပါလှသော အမှုကိစ္စဖြစ်သည်။

လူတို့သည် နောင်တရရန် ရွေးချယ်ပြီးနောက်တွင် မိမိကိုယ်ကို ပြောင်းလဲရန် မည်သို့ လုပ်ဆောင်ကြသနည်း။ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ရန်၊ အမှန်တကယ် ပြောင်းလဲရန် မိမိ၏ ဆန္ဒများ၊ မိမိ၏ အတွေးအမြင်များ၊ မိမိ၏ နည်းလမ်းဟောင်းများကို လွှတ်ချခြင်းအားဖြင့် ဖြစ်သည်။ ဤသည်မှာ မိမိကိုယ်ကို အမှန်တကယ် ပြောင်းလဲခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ သင်သည် သင့်ကိုယ်သင် ပြောင်းလဲလိုစိတ် ရှိသည်ဟူ၍သာ ပြောဆိုပြီး စိတ်နှလုံးတွင် သင်၏ ကိုယ်ပိုင်လိုအင်ဆန္ဒများကို ဖက်တွယ်နေဆဲဖြစ်ပြီး သမ္မာတရားကို စွန့်ပစ်ကာ သင်၏ နည်းလမ်းဟောင်းများအတိုင်း ဆက်လက်ပြုလုပ်နေဆဲဖြစ်လျှင် သင်သည် သင့်ကိုယ်သင် အမှန်တကယ် ပြောင်းလဲနေခြင်း မဟုတ်ပေ။ သင်ဆုတောင်းသောအခါတွင် ဘုရားသခင်ထံသို့ သင်ပြောသမျှမှာ “ဘုရားသခင်၊ တောင်းပန်ပါသည်။ ကျွန်ုပ် မှားပါသည်” ဟူ၍ဖြစ်သော်လည်း နောက်ပိုင်းတွင် သင်၏ အပြုအမူအားလုံး၌ သင်သည် သင်၏ ကိုယ်ပိုင်လိုအင်ဆန္ဒအတိုင်း ရွေးချယ်နေဆဲ၊ ဆောင်ရွက်နေဆဲ၊ ကျင့်သုံးနေဆဲ၊ အသက်ရှင်နေဆဲဖြစ်ပြီး ဤအရာများအားလုံး၌ သမ္မာတရားကို ဆန့်ကျင်လုပ်ဆောင်နေလျှင် ဘုရားသခင်၏ အမြင်၌ သင့်အား မည်သို့ အဓိပ္ပာယ်သတ်မှတ်သင့်သနည်း။ သင်သည် သင့်ကိုယ်သင် မပြောင်းလဲရသေးပေ။ အနည်းဆုံးအနေဖြင့် သင်သည် သင့်ကိုယ်သင် ပြောင်းလဲဖို့ မရည်ရွယ်ဟု ဘုရားသခင်က ပြောလိမ့်မည်။ သင်က ဘုရားသခင်အား “ဘုရားသခင်၊ တောင်းပန်ပါသည်။ ကျွန်ုပ် မှားပါသည်” ဟု ပြောဆိုနိုင်သည်။ သို့သော် ဤအရာတို့သည် ပြီးစလွယ်ဖြစ်သော စကားများသာ ဖြစ်သည်။ သင်၏ စိတ်နှလုံးအတွင်းထဲမှလာသော နောင်တနှင့် ဝန်ချခြင်း မဟုတ်ပေ။ ဤစကားတို့သည် အမှားကို ဝန်ခံပြီး နောင်တရသည့် သဘောထားကို မထင်ဟပ်ပေ။ အနှစ်မရှိသော စကားများသာဖြစ်သည်။ ဘုရားသခင်က သင်ပြောသည့်အရာကို နားမထောင်ပေ။ သင် စဉ်းစားသည့်၊ စီစဉ်သည့်၊ လျှို့ဝှက်ကြံစည်သည့် အရာများကို သူကြည့်သည်။ သင်၏ လုပ်ရပ်များအတွက် အခြေပြုချက်နှင့် စည်းမျဉ်းများသည် သမ္မာတရားနှင့် ဆန့်ကျင်နေဆဲဖြစ်သည်ကို ဘုရားသခင်က မြင်သောအခါ သူသည် သင့်အပေါ်တွင် မှန်ကန်သော၊ စစ်မှန်သော၊ တိကျသော ထင်မြင်ချက်ကို ပေးလိမ့်မည်။ သူက “သင်သည် သင့်ကိုယ်သင် မပြောင်းလဲရသေး။ သင့်ကိုယ်သင် ပြောင်းလဲအောင် လုပ်ဆောင်နေခြင်းလည်း မရှိ” ဟု ပြောလိမ့်မည်။ ဘုရားသခင်က ဤသို့ ပြောသောအခါ၊ ဘုရားသခင်က သင့်အပေါ် ဤထင်မြင်ချက်ကို ပေးသောအခါ ဘုရားသခင်က သင့်အား အရေးစိုက်မည် မဟုတ်တော့ပေ။ ဘုရားသခင်က သင့်အား အရေးမစိုက်သောအခါ သင်၏ စိတ်နှလုံးသည် လာမည့်နေ့ရက်များတွင် မှောင်မိုက်လိမ့်မည်။ သင်လုပ်ဆောင်သမျှတွင် ဉာဏ်အလင်းပွင့်ခြင်းနှင့် အလင်းရရှိခြင်း ကင်းမဲ့လိမ့်မည်။ ပြီးလျှင် သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖွင့်ပြသောအခါ လုံးဝ သတိပြုမိမည်မဟုတ်သကဲ့သို့ ဤအတွက် ပဲ့ပြင်ဆုံးမခြင်းကို ခံရမည်လည်း မဟုတ်ပေ။ သင်သည် ဆက်၍ ထုံထိုင်းပြီး ငြီးငွေ့လိမ့်မည်။ ဟာတာတာဖြစ်နေလိမ့်မည်။ သင့်တွင် အမှီပြုစရာ ဘာမျှမရှိဟု ခံစားရမည်။ အဆိုးဆုံးမှာ သင်သည် သင်၏ တစ်ဖက်သတ်ဖြစ်သော၊ မဆင်မခြင် အပြုအမူကို ဆက်လက်၍ အလိုလိုက်ပြီး သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဆက်လက်၍ အထိန်းအကွပ်မရှိ တိုးပွားပြီး ကြီးထွားလာစေလိမ့်မည်။ ဤသည်မှာ ဖြစ်လာမည့်အရာဖြစ်သည်။ လူတစ်ယောက်သည် ဤသို့လုပ်ဆောင်ခြင်းအတွက် အဆုံးစွန်အကျိုးဆက်မှာ အဘယ်အရာဖြစ်မည်နည်း။ လူတစ်ယောက်သည် သမ္မာတရားကို စွန့်ပစ်သောအခါ သူ့ကိုယ်သူအပေါ်သို့ သူကျရောက်စေသော အကျိုးဆက်မှာ ဘုရားသခင်၏ အရေးစိုက်မှုကို သူမခံရခြင်းပင် ဖြစ်သည်။ ဘုရားသခင်က မည်သည့်အရာကိုမျှ မပြောကောင်း မပြောနိုင်သော်လည်း၊ သို့မဟုတ် သင့်အား မည်သည့်အရာကိုမျှ ရှင်းရှင်းလင်းလင်း ညွှန်ပြခြင်း မရှိနိုင်သော်လည်း သင်က ယင်းကို ခံစားသိရှိနိုင်လိမ့်မည်။ သင်၏ အတွေးများ၊ အယူအဆများ၊ သင်၏ တကယ့်အခြေအနေများအပြင် သမ္မာတရားအပေါ် သင်၏ သဘောထားတို့ကို အခြေခံပြီးကြည့်လျှင် သင်၏ အဘက်ဘက်မှ အခြေအနေသည် ထုံထိုင်းခြင်း၊ ငြီးငွေ့ခြင်း၊ ခေါင်းမာခြင်းနှင့် ဤကဲ့သို့သော အခြားသရုပ်သကန်များ ဖြစ်နေသည်မှာ ရှင်းလိမ့်မည်။ ဤအရာများသည် လူတို့တွင် ထင်ဟပ်သည်။ ထို့ကြောင့် သင်တို့၏ တကယ့်အသက်တာများနှင့် သင်တို့ လက်တွေ့လုပ်ဆောင်သောအရာများကို ဤအရာနှင့် နှိုင်းယှဉ်ပြီးနောက်တွင် သင်တို့သည် အောက်ပါတို့ကို လေ့လာစူးစမ်းနိုင်သည်။ သင်သည် ဘုရားသခင်ဘက်သို့ လုံးဝ ပြန်မလှည့်သောအခါ ဘုရားသခင်အား ကြားကောင်းသော၊ ချိုသာသော စကားများစွာကို ပြောကောင်းပြောနိုင်သည်။ သို့သော် ထိုသို့ သင်လုပ်ဆောင်သောအခါတွင် သင်သည် မည်သည့်အခြေအနေနှင့် အနေအထားတွင် ရောက်နေသနည်း။ သင့်ကိုယ်သင် အမှန်တကယ် ပြောင်းလဲပြီးသောအခါတွင် သင်သည် ဘုရားသခင်အား ချိုသာသော၊ ကြားကောင်းသော စကားများဖြင့် ဆုမတောင်းခြင်း ရှိနိုင်သော်လည်း၊ သင်၏ စိတ်နှလုံးအတွင်းမှ အနည်းငယ်သာ ပြောဆိုနိုင်သော်လည်း ထိုအခိုက် သင်သည် မည်သည့်အခြေအနေနှင့် အနေအထားတွင် ရောက်နေသနည်း။ ဤအခြေအနေနှစ်ခုသည် လုံးဝ ကွဲပြားသည်။ လူတို့၏ နေ့စဉ်ဘဝများတွင် ၎င်းတို့အား တစ်စုံတစ်ရာကို ရှင်းလင်းစွာ ဘုရားသခင်ညွှန်ပြခြင်း မရှိဘဲ ဖြစ်နေနိုင်သည်၊ သို့မဟုတ် သိသာသော စကားများဖြင့် ၎င်းတို့ကို ပြောဆိုခြင်း မရှိဘဲ ဖြစ်နေနိုင်သည်။ သို့သော် လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှု၊ သူလုပ်ဆောင်သော အရာရာတိုင်းနှင့် သူဖော်ပြလိုသော အလိုဆန္ဒတိုင်းကို ၎င်းတို့၏ နေ့စဉ်အသက်တာများတွင် ခံစားရနိုင်သင့်သည်။ ပင်ကိုအားဖြင့် လေ့လာစောင့်ကြည့်သူများသည်လည်း ဤအရာများကို ရှာဖွေတွေ့ရှိနိုင်သည်။ ထုံထိုင်းပြီး တုံးအသောသူတစ်ယောက်သည် ရုတ်တရက် ပါးနပ်လာနိုင်သည်၊ သို့မဟုတ် ပါးနပ်လေ့ရှိသောသူတစ်ယောက်သည် ရုတ်တရက် ထုံထိုင်းပြီး တုံးအကာ အသုံးမကျဖြစ်လာနိုင်သည်။ ဤအနေအထား၊ သို့မဟုတ် အခြေအနေနှစ်မျိုးသည် လူတစ်ယောက်တွင်၊ သို့မဟုတ် မတူညီသောလူများတွင် တစ်ချိန်တည်း ဖြစ်ပေါ်နိုင်သည်။ ဤသည်မှာ အလွန်ပင် မကြာခဏဖြစ်သော အရာတစ်ခုဖြစ်သည်။ ဤအရာကို ကြည့်လျှင် ဖြစ်ရပ်များစွာ၌ လူတစ်ယောက် ပါးနပ်ခြင်း၊ သို့မဟုတ် မိုက်မဲခြင်းသည် သူ၏ ဦးနှောက်၊ အတွေး၊ စွမ်းရည်တို့နှင့် မသက်ဆိုင်ဘဲ ဘုရားသခင်က ဆုံးဖြတ်ထားခြင်းဖြစ်သည်ကို မြင်နိုင်သည်။ ရှင်းလင်းသလော။ (ရှင်းပါသည်။) သင်သည် ဤအရာတို့ကို မတွေ့ကြုံရသေးခင်တွင် လုံးဝ နားလည်မည်မဟုတ်ပေ။ ဤအရာတို့ကို တွေ့ကြုံပြီးသည်နှင့် သင် သိလိမ့်မည်။ ဤအရာများအပေါ် သင်၏ အတွေ့အကြုံက လေးနက်လေလေ၊ သင်၏နားလည်မှုက နှံ့စပ်လေလေဖြစ်မည်။ ဤအရာများအပေါ် သင်၏ တန်ဖိုးထားမှုက လေးနက်လေလေဖြစ်မည်။ ဘုရားသခင်၏ အလိုတော်က သူ၏ လုပ်ရပ်များတွင် ရှိသည်။ သူသည် ယင်းကို သင့်အား သိသာစွာ ညွှန်ပြမည် မဟုတ်သကဲ့သို့ ယင်းနှင့်ပတ်သက်ပြီး သင့်အား ပြည့်စုံရှင်းလင်းစွာ ပြောပြမည်လည်း မဟုတ်၊ သို့မဟုတ် ယင်းအကြောင်းကို သင့်အား ပြောမည်လည်း မဟုတ်။ သို့သော် ဤသည်မှာ သူသည် သင့်အပေါ်တွင် ရပ်တည်ချက်မရှိဟု မဆိုလိုပေ။ သင့်တွင်ရှိသော အတွေး၊ အယူအဆ၊ အခြေအနေ၊ သို့မဟုတ် သဘောထားတစ်စုံတစ်ရာနှင့်ပတ်သက်ပြီး ဘုရားသခင်၌ အမြင်မရှိဟု မဆိုလိုပေ။ လူတစ်ယောက်သည် သူ့အပေါ်သို့ တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ သူ၏ တစ်ကိုယ်ရေ ရည်ရွယ်ချက်များနှင့် အစီအစဉ်များကို ထားရှိသောအခါ၊ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတစ်ခုကို ရှင်းလင်းစွာ ဖွင့်ပြသောအခါ ဤသည်မှာ သူ့ကိုယ်သူ ဆင်ခြင်သုံးသပ်ပြီး သမ္မာတရားကို ရှာဖွေသင့်သည့်အချိန် အတိအကျပင်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က ထိုသူကို စစ်ဆေးသည့် အရေးပါလှသော အချိန်များလည်းဖြစ်သည်။ ထို့ကြောင့် သမ္မာတရားကို သင် ရှာဖွေနိုင်ခြင်း၊ သမ္မာတရားကို လက်ခံနိုင်ခြင်း၊ အမှန်တကယ် နောင်တရနိုင်ခြင်း ရှိမရှိဟူသည်တို့မှာ လူတစ်ယောက်ကို အထုတ်ဖော်ဆုံးသော အချိန်အခိုက်အတန့်တို့ဖြစ်သည်။ ထိုအချိန်များတွင် သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိပြီး အမှန်တကယ် နောင်တရလိုစိတ်ရှိသည်ကို ဝန်ခံသင့်သည်။ သင်သည် “ဘုရားသခင်၊ တောင်းပန်ပါသည်။ ကျွန်ုပ် မှားပါသည်” ဟု ဘုရားသခင်အား ပေါ့ပေါ့တန်တန် ပြောခြင်းထက် ဘုရားသခင်ထံသို့ ရိုးသားစစ်မှန်သော ကြေညာချက်တစ်ခုကို ပြုလုပ်သင့်သည်။ သင့်ထံမှ ဘုရားသခင်လိုအပ်သောအရာမှာ သင်၏ ပေါ့တန်ခြင်း မဟုတ်ဘဲ ရိုးသားစစ်မှန်သော နောင်တ၏ သဘောထားဖြစ်သည်။ သင့်တွင် အခက်အခဲများရှိလျှင် ဘုရားသခင်က သမ္မာတရားကို လိုက်စားခြင်း၊ လက်ခံခြင်း လမ်းကြောင်းပေါ်သို့ သင်ရောက်ရှိအောင်၊ သင့်ကိုယ်သင် ပြောင်းလဲလာအောင် ကူညီပေးလိမ့်မည်၊ လမ်းပြပေးလိမ့်မည်၊ တစ်ဆင့်ချင်း ဦးဆောင်ပေးလိမ့်မည်။ သင်၏ နောင်တသည် စကားသက်သက်သာ ဖြစ်လျှင်၊ သို့မဟုတ် သင်သည် နောင်တရဖို့ ရည်ရွယ်ပြီး သင်၏ ရည်ရွယ်ချက်များနှင့် ဆန္ဒများကို လွှတ်ချလိုစိတ် ရှိသော်လည်း ထိုကိစ္စနှင့်ပတ်သက်၍ ရိုးသားစစ်မှန်ခြင်း မရှိဘဲ လုပ်ဆောင်ရန် စိတ်ဓာတ်အားအင် မရှိလျှင် ဘုရားသခင်က သင့်အား အတင်းလုပ်ဆောင်စေမည် မဟုတ်သည်မှာ မှန်သည်။ ဘုရားသခင်နှင့်ပတ်သက်လျှင် လူသားအပေါ် သူ၏ သဘောထားတွင် “မဖြစ်မနေလုပ်ရမည်” ဟူ၍ မရှိပေ။ ဘုရားသခင်က သင့်အား လွတ်လပ်ခွင့်ပေးပြီး ရွေးချယ်ခွင့်ပေးသည်။ ပြီးလျှင် သူသည် စောင့်ဆိုင်းနေသည်။ မည်သည့်အရာကို စောင့်ဆိုင်းနေသနည်း။ သင်သည် အဆုံးတွင် မည်သည့်ရွေးချယ်မှုကို ပြုလုပ်သည်နှင့် သင်၌ နောင်တရရန် ရည်ရွယ်ချက် ရှိမရှိတို့ကို ကြည့်ရန် စောင့်ဆိုင်းနေခြင်းဖြစ်သည်။ သင်သည် နောင်တရရန် ရည်ရွယ်လျှင် မည်သည့်အချိန်တွင် လုပ်ဆောင်မည်နည်း။ သင်၏ နောင်တကို မည်သို့ဖော်ပြမည်နည်း။ သင်သည် နောင်တရရန် ရည်ရွယ်ပြီး နောင်တရလိုစိတ် ရှိသော်လည်း ပြုမူဆောင်ရွက်သောအခါ သင်၏ ကိုယ်ကျိုးစီးပွားကို ကာကွယ်ရန် ကြိုးစားသေးလျှင်၊ သင်၏ အဆင့်အတန်းကို အဆုံးခံဖို့ ဆန္ဒမရှိသေးလျှင် အမှန်တကယ် နောင်တရခြင်းမရှိ၊ ရိုးသားစစ်မှန်ခြင်း မရှိဆိုသည်ကို ရှင်းလင်းစွာ မြင်နိုင်သည်။ သင်သည် နောင်တရရန် အနည်းငယ်မျှသာ ဆန္ဒရှိခြင်းဖြစ်သည်။ သို့သော် အမှန်တကယ် နောင်တရခြင်းကား မရှိ။ သင်သည် နောင်တရရန် ရည်ရွယ်ခြင်းမျှသာဖြစ်ပြီး အမှန်တကယ် နောင်တမရလျှင် ဘုရားသခင်က သင်၌ အလုပ်လုပ်မည်လော။ အလုပ်လုပ်မည် မဟုတ်ပေ။ ဘုရားသခင်က “ဤသို့ဆိုလျှင် မည်သည့်အချိန်တွင် နောင်တရရန် သင် ရည်ရွယ်သနည်း” ဟု ဆိုလိမ့်မည်။ သင်က သိမည်မဟုတ်ပေ။ ဘုရားသခင်က သင့်ကို နောက်တစ်ဖန် မေးမည်လော။ ဘုရားသခင်က မေးမည်မဟုတ်ဘဲ “သို့ဖြစ်လျှင် သင်သည် အမှန်တကယ် နောင်တရခြင်းမဟုတ်။ ဤသို့ဆိုလျှင် ငါ စောင့်ဆိုင်း၍သာ နေမည်” ဟု ဆိုလိမ့်မည်။ သင်သည် နောင်တရရန် မရည်ရွယ်ခြင်း ဖြစ်နိုင်သည်။ နောင်တရရန် မလိုလားခြင်း ဖြစ်နိုင်သည်၊ သို့မဟုတ် သင်၏ အဆင့်အတန်းနှင့် အကျိုးစီးပွားများကို လက်လွှတ်ဖို့ မလိုလားခြင်း ဖြစ်နိုင်သည်။ ကောင်းပြီ။ ဘုရားသခင်က သင့်အား လွတ်လပ်ခွင့်ပေးထား၍ သင်နှစ်သက်သည့် မည်သည့်ရွေးချယ်မှုကိုမဆို ပြုလုပ်နိုင်သည်။ ဘုရားသခင်က သင့်အား အတင်းခိုင်းစေမည်မဟုတ်။ သို့သော် သင်ထည့်တွက်ရမည့် အချက်တစ်ချက်ကား ရှိသည်။ သင်သည် နိနဝေမြို့သားများကဲ့သို့ သင့်ကိုယ်သင် ပြောင်းလဲပြီး နောင်တမရလျှင် မည်သို့ဖြစ်လာမည်နည်း။ ဖျက်ဆီးခြင်းခံရပေမည်။ သင်သည် လက်ရှိတွင် နောင်တရရန် ရည်ရွယ်ခြင်းသာရှိပြီး နောင်တရဖို့အတွက် အမှန်တကယ် လုပ်ဆောင်ခြင်းမရှိလျှင် ဘုရားသခင်က သင့်အား အရေးစိုက်မည်မဟုတ်။ ဘုရားသခင်က သင့်အား အဘယ်ကြောင့် အရေးစိုက်မည် မဟုတ်သနည်း။ ဘုရားသခင်က “သင်သည် စစ်မှန်ခြင်းမရှိ။ သင် မည်သည့်နေရာတွင် ရပ်တည်သည်ကို ကြေညာခြင်းမရှိ။ သင်၏ စိတ်နှလုံးက ယိမ်းယိုင်နေဆဲဖြစ်သည်” ဟု ပြောသည်။ သင်သည် ခဏတာ စဉ်းစားပြီးသည့်နောက်တွင် နောင်တရလိုစိတ်ရှိသည်ဟု ပြောဆိုနိုင်သည်။ သို့သော် ယင်းသည် လက်တွေ့လုပ်ဆောင်ခြင်း၊ သို့မဟုတ် ခိုင်မာသော အစီအစဉ် တစ်စုံတစ်ရာမျှ မရှိဘဲ သင်၏ အတွေးတစ်စမျှသာ ဖြစ်သည်၊ အနှစ်မပါသော ဖော်ပြချက်တစ်ခုမျှသာဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က “ငါသည် သင်ကဲ့သို့သော လူများကို ဘေးဖယ်ထားမည်။ သင့်ကို ငါအရေးမစိုက်။ သင် အလိုရှိသလို လုပ်ဆောင်လော့” ဟု ပြောသည်။ တစ်နေ့တွင် သင်သည် “မဖြစ်ချေ။ ကျွန်ုပ်နောင်တရဖို့လိုသည်” ဟု အသိတရားရသောအခါ မည်သို့လုပ်ဆောင်သင့်သနည်း။ ဘုရားသခင်သည် သင်ပြောသော ထိုစကားများ၏ လှည့်စားခြင်းကို ခံပြီး မစဉ်းမစားဖြင့် အလုပ်လုပ်ကာ “သူက နောင်တရဖို့ ရည်ရွယ်သည်။ ထို့ကြောင့် ယခု ငါသည် သူ့အား ကောင်းချီးပေးဖို့လိုသည် မဟုတ်လော” ဟု ပြောမည်မဟုတ်ပေ။ ဘုရားသခင်က ဤသို့ လုပ်ဆောင်မည် မဟုတ်။ မည်သည့်အရာကို လုပ်ဆောင်မည်နည်း။ သူသည် သင့်အား စစ်ဆေးလိမ့်မည်။ သင်သည် နောင်တရဖို့ ရည်ရွယ်သည်။ နောင်တရဖို့ ဆန္ဒရှိသည်။ သင်၏ တောင်းဆိုချက်က ယခင်ကထက်ပို၍ ပြင်းထန်သည်။ သို့သော် မည်မျှကြာပြီးသည့်အခါမှ သင်အမှန်တကယ် ပြုလုပ်မည်ကို မည်သူသိသနည်း။ သင်သည် ခိုင်မာသော အဆင့်များကို မလုပ်ဆောင်သေးလျှင်၊ သို့မဟုတ် နောင်တရခြင်းကို လက်တွေ့လုပ်ဆောင်ရန် ခိုင်မာသော အစီအစဉ်မရှိလျှင် ယင်းသည် စစ်မှန်သော နောင်တရခြင်းမဟုတ်ပေ။ သင်သည် လက်တွေ့လုပ်ဆောင်ရမည်။ သင် လက်တွေ့လုပ်ဆောင်ပြီးသည်နှင့် ဘုရားသခင်၏ လုပ်ဆောင်မှုက နောက်မှ လိုက်လာလိမ့်မည်။ ဘုရားသခင်၏ လုပ်ဆောင်မှုနှင့် လူတို့အပေါ် ဘုရားသခင်၏ ဆက်ဆံမှုတွင် စည်းမျဉ်းများ မရှိသလော။ ဘုရားသခင်က အလုပ်လုပ်သောအခါ လူတစ်ယောက်သည် ဉာဏ်အလင်းပွင့်လင်းမှုကို ရရှိသည်။ သူ၏ အမြင်တို့က လင်းလက်ပြီး သမ္မာတရားကို သူနားလည်ကာစစ်မှန်မှုအတွင်းသို့ ဝင်ရောက်နိုင်သည်။ သူ၏ အကျိုးအမြတ်သည် ရာချီ၊ ထောင်ချီ၍ ဆတိုး တိုးပွားသည်။ ဤသို့ ဖြစ်ပျက်သည်နှင့် သင်သည် အမှန်တကယ် ကောင်းချီးခံစားရပြီ ဖြစ်သည်။ ထို့ကြောင့် ဤအရာများကို ရရှိရန်အတွက် လူတို့သည် မည်သည့်အခြေခံအုတ်မြစ်အပေါ်တွင် တည်ဆောက်ထားရမည်နည်း။ (အမှန်တကယ် နောင်တရနိုင်စွမ်း ဖြစ်ပါသည်။) မှန်သည်။ လူတို့သည် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားများနှင့် ဆန္ဒများကို အမှန်တကယ် လွှတ်ချသောအခါ၊ ဘုရားသခင်ထံတွင် အမှန်တကယ် နောင်တရသောအခါ ၎င်းတို့၏ မကောင်းမှုကျူးလွန်ခြင်းကို ရပ်တန်းက ရပ်ပစ်လိုက်သည်ဟူ၍ လည်းကောင်း၊ ၎င်းတို့၏ ဆိုးယုတ်မှု၊ ၎င်းတို့၏ ဆန္ဒများနှင့် ရည်ရွယ်ချက်များကို လွှတ်ချလိုက်သည်ဟူ၍ လည်းကောင်း၊ ဘုရားသခင်ထံ ဝန်ချသည်၊ ဘုရားသခင်၏ တောင်းဆိုချက်များနှင့် ဘုရားနှုတ်ကပတ်တော်တို့ကို လက်ခံသည်ဟူ၍ လည်းကောင်း အဓိပ္ပာယ်ရသည်။ ထို့နောက်တွင် ၎င်းတို့သည် မိမိတို့ကိုယ်ကို ပြောင်းလဲခြင်း၏ စစ်မှန်မှုထဲသို့ စတင်ဝင်ရောက်လိမ့်မည်။ ဤအရာသည်သာ စစ်မှန်သော နောင်တဖြစ်သည်။

သမ္မာတရားကို လူတို့လိုက်စားသည့် လမ်းကြောင်းတွင် မကြာခဏ တွေ့ရှိရသော ပြဿနာများနှင့် သမ္မာတရားကို လိုက်စားသူများ သတိပြုမိပြီး သိမြင်လာနိုင်သည့် ပြဿနာများကို ယခု ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ၎င်းတို့သည် ဧကန်ပင် ဖြေရှင်းသင့်သည့် ပြဿနာများပင်ဖြစ်သည်။ ယခင်က ဤပြဿာနာများကို ငါတို့ အလွန်အကျွံ ရှင်းပြမှု၊ သို့မဟုတ် စိစစ်မှု မရှိခဲ့ခြင်း ဖြစ်နေနိုင်သည်။ ဤအရာများနှင့်ပတ်သက်ပြီး ရှင်းလင်းစွာ ကောက်ချက်ချခြင်း တစ်စုံတစ်ရာပင် မရှိခဲ့ခြင်း ဖြစ်နိုင်၏။ သို့သော် သမ္မာတရားအား လိုက်စားသည့် ဖြစ်စဉ်တွင် လူက ကြုံတွေ့ရသော အဆင့်တစ်ခုစီနှင့် ဤဖြစ်စဉ်အတွင်း ၎င်းတို့၌ ရှိသည့် မတူညီသော အပြုအမူများ၊ အခြေအနေများနှင့်ပတ်သက်လျှင် ဘုရားသခင်၌ ကိုက်ညီမှုရှိသော လုပ်ဆောင်မှုနှင့် နှုတ်ကပတ်တော်များ ရှိသည်။ ဘုရားသခင်၌ ထိုအရာများကို ချဉ်းကပ်ပြီး ဖြေရှင်းသည့် ဆက်စပ်မှုရှိသော နည်းနာနိဿယများရှိသည်။ လူတို့သည် ဤအရာများအားလုံးကို အနည်းငယ် ကြုံတွေ့နိုင်ပြီး နားလည်နိုင်သည်။ ၎င်းတို့သည် ဘုရားသခင်ကို နားလည်မှုမလွဲသင့်ပေ၊ သို့မဟုတ် ဘုရားသခင်နှင့်ပတ်သက်ပြီး လက်တွေ့အရှိတရားနှင့် မကိုက်ညီသော အယူအဆ၊ စိတ်ကူးတစ်စုံတစ်ရာကို မထားရှိသင့်ပေ။ ထို့အပြင် သမ္မာတရားအား လိုက်စားခြင်းတွင် ပါဝင်သော အဆင့်တိုင်း၊ လုပ်ဆောင်မှုပုံစံတိုင်း၊ ကျင့်သုံးမှုပုံစံတိုင်းနှင့်ပတ်သက်ပြီး ရွေးချယ်မှုများ ပြုလုပ်ရန်အတွက် ဘုရားသခင်သည် လူတို့အား လုံလောက်သော လွတ်လပ်ခွင့်နှင့် လုံလောက်သော ဆောင်ရွက်ခွင့်တို့ကို ပေးသည်။ ဘုရားသခင်သည် လူတို့ကို အတင်းအကျပ် မစေခိုင်းပေ။ ဤနှုတ်ကပတ်တော်များနှင့် တောင်းဆိုချက်များကို စာသားဖြင့် ပုံနှိပ်ထားပြီး ရှင်းလင်းတိကျသော ဘာသာစကားဖြင့် ပြောဆိုထားသော်လည်း လူတိုင်းအနေနှင့် ဤသမ္မာတရားများကို မည်သို့ချဉ်းကပ်မည်ဆိုသည်နှင့် ပတ်သက်ပြီး မိမိ၏ ကိုယ်ပိုင်လွတ်လပ်စွာ ရွေးချယ်မှုကို ပြုလုပ်ရန်မှာ ၎င်းတို့အပေါ်တွင် မူတည်သည်။ ဘုရားသခင်က လူတို့ကို အတင်းမစေခိုင်းပေ။ သင်သည် သမ္မာတရားအား လိုက်စားလိုစိတ်ရှိလျှင် သင်သည် ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက်ရှိသည်။ သင်သည် သမ္မာတရားအား လိုက်စားလိုစိတ် မရှိလျှင်၊ ဤသမ္မာတရားများကို ဂရုမစိုက်ဘဲ ငြင်းပယ်လျှင်၊ သမ္မာတရားအား လိုက်စားခြင်းကို လက်တွေ့လုပ်ဆောင်သည့် ဤနည်းလမ်းများကို လုံးဝ စိတ်မဝင်စားလျှင်လည်း ကိစ္စမရှိပေ။ ဘုရားသခင်က အတင်းခိုင်းစေမည် မဟုတ်။ သင်သည် ဘုရားသခင်အတွက် ကြိုးပမ်းလုပ်ဆောင်လိုစိတ်သာ ရှိလျှင် ဤသည်မှာလည်း ကိစ္စမရှိပေ။ စည်းမျဉ်းများကို သင်မချိုးဖောက်သရွေ့ ဘုရားအိမ်တော်သည် သင့်အား ကိုယ်ပိုင်ရွေးချယ်မှုကို ပြုလုပ်ခွင့်ပေးလိမ့်မည်။ သမ္မာတရားအား လိုက်စားခြင်းသည် ကယ်တင်ခြင်းအား ရယူခြင်းနှင့် ခွဲခြား၍ မရနိုင်အောင် ဆက်စပ်နေပြီး နီးကပ်စွာ ဆက်နွှယ်နေသော်လည်း သမ္မာတရားအား လိုက်စားခြင်းကို စိတ်မဝင်စားသောသူများ၊ စဉ်းစားခြင်းမရှိသူများ၊ သို့မဟုတ် ထိုသို့လုပ်ဆောင်ရန် ရည်ရွယ်ချက်မရှိသကဲ့သို့ မည်သည့်အစီအစဉ်မျှလည်း မရှိသူများသည် မနည်းလှပေ။ ဤသို့ဆိုလျှင် ဤလူများသည် ရှုတ်ချခြင်း ခံရသလော။ ထိုသို့လည်း မဟုတ်ပေ။ ဤလူတို့သည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် ဘုရားအိမ်တော်၏ သတ်မှတ်ချက်များနှင့် ညီလျှင် ဘုရားအိမ်တော်၌ ၎င်းတို့၏ တာဝန်များကို ဆက်လက်၍ ထမ်းဆောင်နိုင်သည်။ ဘုရားအိမ်တော်သည် သမ္မာတရားကို သင် မလိုက်စားသောကြောင့် သင်၏ တာဝန်ထမ်းဆောင်ခွင့်ကို ဖယ်ရှားမည်မဟုတ်ပေ။ သို့သော် ဤနည်းဖြင့် တာဝန်ထမ်းဆောင်ခြင်းကို “ကြိုးပမ်းလုပ်ဆောင်ခြင်း” ဟု ယခုအချိန်အထိ သတ်မှတ်ထားသည်။ “ကြိုးပမ်းလုပ်ဆောင်ခြင်း” ဆိုသည်မှာ ကောင်းမွန်စွာ သုံးနှုန်းထားခြင်းဖြစ်သည်။ ဘုရားအိမ်တော်က အသုံးပြုသော အခေါ်အဝေါ် ဖြစ်သည်။ သို့သော် အမှန်တကယ်တွင် “အလုပ်လုပ်ခြင်း” ဟု ရိုးရှင်းစွာ ခေါ်ဆိုနိုင်သည်။ သင်တို့ထဲမှ အချို့က “အလုပ်လုပ်သည့်အခါ လုပ်အားခရသည်” ဟူ၍ ဆိုနိုင်သည်။ ဟုတ်သည်။ အလုပ်လုပ်ခြင်းအတွက် လုပ်အားခရနိုင်သည်။ ဤသို့ဆိုလျှင် သင်၏ လုပ်အားခများက အဘယ်နည်း။ ဘုရားသခင်က သင့်အား ပေးခဲ့သော ကျေးဇူးတော်များအားလုံးဖြစ်သည်။ ထိုအရာများသည် သင်၏ လုပ်အားခများဖြစ်သည်။ ပြီးလျှင် သမ္မာတရားအား လိုက်စားခြင်းအတွက် သင်သည် မည်သည့်အရာကို လုပ်ဆောင်ရန် ရည်ရွယ်သည်ဖြစ်စေ၊ စီစဉ်သည်ဖြစ်စေ၊ ဆန္ဒရှိသည်ဖြစ်စေ သင်သည် လွတ်လပ်ကြောင်းကို သင့်အား ယခု ငါ ရှင်းလင်းစွာ ပြောနိုင်သည်။ သင်သည် သမ္မာတရားကို လိုက်စားနိုင်သည်။ ကိစ္စမရှိ။ မလိုက်စားလျှင်လည်း ကိစ္စမရှိ။ သို့သော် သင်တို့အား ငါပြောမည့် နောက်ဆုံးသောအရာမှာ သမ္မာတရားအား လိုက်စားခြင်းမှတစ်ဆင့်သာ ကယ်တင်ခြင်းခံရနိုင်ကြောင်းပင်။ သမ္မာတရားအား မလိုက်စားလျှင် ကယ်တင်ခြင်းခံရရန် သင့်အတွက် မျှော်လင့်ချက် လုံးဝ မရှိပေ။ ဤသည်မှာ သင့်ကို ငါပြောမည့် အချက်ဖြစ်သည်။ ဤအချက်ကို သင်တို့အား ပြောရမည်။ ထိုသို့အားဖြင့် သင်တို့၏ စိတ်နှလုံးထဲတွင် ရှင်းလင်းစွာ၊ သေချာစွာ၊ တိကျစွာ၊ ထင်ရှားစွာ စွဲကပ်နေစေရန် ဖြစ်သည်။ ဤသို့အားဖြင့် ကယ်တင်ခြင်းရရှိရန် မျှော်လင့်ချက်သည် မည်သည့်အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ထားသည်ကို သင်တို့ ရှင်းလင်းစွာသိနိုင်ရန် ဖြစ်သည်။ သင်သည် ကြိုးပမ်းလုပ်ဆောင်ခြင်းဖြင့်သာ ကျေနပ်နေပြီး “ကျွန်ုပ် တာဝန်ထမ်းဆောင်နိုင်ပြီး ဘုရားအိမ်တော်မှ နှင်ထုတ်ခြင်း မခံရလျှင် ကိစ္စအားလုံး အဆင်ပြေသည်ပင်။ သမ္မာတရားကို လိုက်စားခြင်းကဲ့သို့ ခက်သည့်ကိစ္စမျိုးနှင့် ကိုယ့်ကိုယ်ကိုယ် စိတ်ရှုပ်ခံဖို့ မလိုပါ” ဟု စဉ်းစားနေလျှင် သင်၏ ဤအမြင်သည် ခိုင်မာမှုရှိမည်လော။ သင်သည် ယခုတွင် ဘုရားသခင်ကို ယုံကြည်ဆဲ ဖြစ်သော်လည်း၊ သို့မဟုတ် တာဝန်ထမ်းဆောင်ဆဲ ဖြစ်သော်လည်း အဆုံးထိ ဘုရားသခင်နောက်သို့ လိုက်နိုင်သည်ဟု ယုံကြည်မှုရှိသလော။ မည်သို့ပင်ဖြစ်စေ သမ္မာတရားအား လိုက်စားခြင်းသည် ဘဝတွင် ကြီးမြတ်သော ကိစ္စဖြစ်သည်။ ဤသည်မှာ အိမ်ထောင်ပြုခြင်း၊ သားသမီးမွေးခြင်း၊ သင်၏သားသမီးများကို ပျိုးထောင်ခြင်း၊ သင်၏ ဘဝကို ရှင်သန်ပြီး စည်းစိမ်ကို ရှာဖွေခြင်းတို့ထက် ပို၍ အရေးကြီးသည်။ ဘုရားအိမ်တော်တွင် တာဝန်ထမ်းဆောင်ခြင်း၊ အနာဂတ်တစ်ခုနောက်သို့ လိုက်ခြင်းထက်ပင် ပို၍ အရေးကြီးသည်။ စာရင်းချုပ်လိုက်လျှင် သမ္မာတရားအား လိုက်စားခြင်းသည် လူတစ်ယောက်၏ ဘဝလမ်းကြောင်းတွင် အရေးပါဆုံးသောအရာ ဖြစ်သည်။ သင်တို့သည် သမ္မာတရားအား လိုက်စားခြင်းကို စိတ်ဝင်စားမှု မရှိသေးလျှင် မည်သူကမျှ သင်တို့အား သတ်မှတ်ချက်ပေးမည်မဟုတ်။ သင်တို့သည် နောင်တွင် သမ္မာတရားအား လိုက်စားမည်မဟုတ်ဟု ပြောမည်မဟုတ်ပေ။ ငါသည်လည်း သင်တို့အား သတ်မှတ်ချက်ပေးမည်မဟုတ်။ သမ္မာတရားအား ယခု မလိုက်စားလျှင် နောင်တွင် မည်သည့်အခါမျှ လိုက်စားမည်မဟုတ်ဟု ပြောမည်မဟုတ်ပေ။ ဤသို့ ဖြစ်ပျက်နေခြင်း မဟုတ်ပေ။ ဤသို့သော ယုတ္တိတန်သည့် ဆက်စပ်မှုမရှိပေ။ ဤသည်မှာ အမှန်တရား မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ မဝေးသော အနာဂတ်တွင်၊ သို့မဟုတ် ဤအခိုက်အတန့်တွင်ပင် သမ္မာတရားအား လိုက်စားခြင်း လမ်းကြောင်းကို သင်တို့ စတင်နိုင်ဖို့၊ သမ္မာတရားအား လိုက်စားသူများဖြစ်လာဖို့၊ ကယ်တင်ခြင်းရရှိရန် မျှော်လင့်ချက်ရှိသည့်သူများထဲတွင် ပါဝင်ဖို့ ငါ အမှန်မျှော်လင့်သည်။

သမ္မာတရားအား လိုက်စားခြင်းသည် ကယ်တင်ခြင်းကို ရရှိခြင်းနှင့် တိုက်ရိုက် ဆက်နွှယ်နေသည်။ ထို့ကြောင့် သမ္မာတရားအား လိုက်စားခြင်းအကြောင်းသည် အသေးအဖွဲ အကြောင်းအရာ မဟုတ်ပေ။ အတွေ့ရများသော အကြောင်းအရာ ဖြစ်သော်လည်း များလှစွာသော သမ္မာတရားများနှင့် သက်ဆိုင်နေသည်။ အမှန်တွင် ဤအကြောင်းအရာသည် လူ၏ ကံတရား၊ မျှော်လင့်ချက်များနှင့် နီးကပ်စွာ ဆက်နွှယ်နေသည်။ ဤအရာကို ငါတို့ မကြာခဏ မိတ်သဟာယဖွဲ့သော်လည်း လူတို့သည် သမ္မာတရားအား လိုက်စားခြင်းနှင့် ပတ်သက်ပြီး ၎င်းတို့ နားလည်ဖို့လိုအပ်သည့် အမျိုးမျိုးသော သမ္မာတရားများနှင့် ပြဿနာများအပေါ် သိပ်မရှင်းကြသေးပေ။ ထိုအစား ရေရာမှုမရှိသော ပုံစံဖြင့် လူတို့က ကောင်းသည်ဟု မှတ်ယူသည့် အမျိုးမျိုးသော အပြုအမူများနှင့် နည်းလမ်းများအပြင် အတော်အတန် တက်ကြွမှုရှိသည်၊ တိုးတက်မှုရှိသည်၊ အပြုသဘောဆောင်သည်ဟု လူတို့က မြင်သော အတွေးအမြင်အချို့ကို ယူပြီး ထိုအရာများကို သမ္မာတရားအဖြစ် လိုက်စားကြသည်။ ဤသည်မှာ ဆိုးဝါးသော အမှားဖြစ်သည်။ လူတို့က ကောင်းသည်၊ ဟုတ်သည်၊ မှန်သည်ဟု မြင်သော်လည်း တိတိကျကျပြောရလျှင် သမ္မာတရားမဟုတ်သောအရာ များစွာရှိသည်။ အလွန်ဆုံးအနေဖြင့် ထိုအရာများထဲမှ အချို့မှာ သမ္မာတရားနှင့် ကိုက်ညီနိုင်သည်။ သို့သော် ထိုအရာများသည် သမ္မာတရားဖြစ်သည်ဟု မဆိုနိုင်ပေ။ လူအများစုသည် သမ္မာတရားအား လိုက်စားခြင်းနှင့်ပတ်သက်ပြီး အလွန်ပင် နားလည်မှုလွဲကြသည်။ သမ္မာတရားအား လိုက်စားခြင်းနှင့်ပတ်သက်ပြီး မှားယွင်းသော နားလည်မှုနှင့် တစ်ဖက်သတ်ဆန်သော အမြင်တို့လည်း များစွာရှိကြသည်။ ဤအတွက်ကြောင့် ငါတို့သည် ဤအရာကို ရှင်းလင်းစွာ မိတ်သဟာယပြုရန်၊ ဤအတွင်းရှိ လူတို့နားလည်သင့်သည့် သမ္မာတရားများနှင့် လူတို့ဖြေရှင်းသင့်သည့် ပြဿနာများကို ၎င်းတို့နားလည်အောင် ပြုလုပ်ပေးရန် လိုအပ်ခြင်းဖြစ်သည်။ ငါတို့ ယခုတင် မိတ်သဟာယဖွဲ့ခဲ့သည့် သမ္မာတရားအား လိုက်စားခြင်းနှင့်သက်ဆိုင်သော အကြောင်းအရာတစ်ခုခုနှင့် ပတ်သက်ပြီး သင်တို့တွင် အတွေးတစ်စုံတစ်ရာ ရှိသလော။ အစီအစဉ်၊ သို့မဟုတ် ရည်ရွယ်ချက်တစ်စုံတစ်ရာ ရှိသလော။ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ အဘယ်ဖြစ်ကြောင်း ပို၍ အသေးစိတ်ကျသော အဓိပ္ပာယ်တစ်ခုကို ယခု ငါတို့၏ မိတ်သဟာယမှတစ်ဆင့် ဖွင့်ဆိုပြီးသောအခါ လူများစွာတို့သည် ၎င်းတို့ လုပ်ဆောင်လေ့ရှိသည့်၊ ဖွင်ပြလေ့ရှိသည့် အရာများအပြင် အနာဂတ်တွင် ၎င်းတို့ လုပ်ဆောင်ရန် ရည်ရွယ်သည့် အရာတို့နှင့်ပတ်သက်ပြီး အနည်းငယ် ပဟေဠိဖြစ်ကြသည်။ ၎င်းတို့သည် စိတ်မချမ်းမသာဖြစ်ကြသည်။ အချို့မှာ ၎င်းတို့၌ မျှော်လင့်ချက်မရှိ၊ ဖယ်ရှားခံရမည့် အန္တရာယ်ရှိသည်ဟုပင် ခံစားကြရသည်။ သမ္မာတရားကို ရှင်းလင်းစွာ မိတ်သဟာယပြုပြီးသော်လည်း လူတို့သည် လေးကန်ဖင့်နွှဲနေသေးလျှင် ၎င်းတို့၏ အခြေအနေမှာ မှန်ကန်သလော။ သာမန်ဖြစ်သလော။ (သာမန်မဟုတ်ပါ။) သင်သည် ယခင်က သမ္မာတရားကို လိုက်စားခဲ့ပြီး ထိုသို့လိုက်စားခဲ့ကြောင်း အတည်ပြုချက်ကို ဤမိတ်သဟာယအား နားထောင်ခြင်းအားဖြင့် လက်ခံရရှိလျှင် ပို၍ အားအင်ပြည့်ဝခြင်းကို သင်ခံစားရမည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသို့ဆိုလျှင် အဘယ်ကြောင့် လူတို့သည် လေးကန်ဖင့်နွှဲကြသနည်း။ ထိုလေးကန်ဖင့်နွှဲခြင်း၏ အကြောင်းရင်းမှာ အဘယ်နည်း။ သမ္မာတရားကို ပွင့်လင်းမြင်သာစွာ၊ ရှင်းလင်းစွာ မိတ်သဟာယဖွဲ့လေလေ၊ လူတို့သည် လမ်းကြောင်းရှိသင့်လေလေ ဖြစ်သည်။ ဤသို့ဆိုလျှင် လူတို့သည် ပို၍ လမ်းကြောင်းရှိလျှင် အဘယ်ကြောင့် ပို၍ လေးကန်ဖင့်နွှဲလာကြသနည်း။ ဤတွင် ပြဿနာတစ်ခု မရှိနေသလော။ (ရှိနေပါသည်။) မည်သည့်ပြဿနာဖြစ်သနည်း။ (လူတစ်ယောက်သည် သမ္မာတရားကို လိုက်စားခြင်းက ကောင်းသည်ဟု သိသော်လည်း လိုက်စားလိုစိတ် မရှိလျှင် သူသည် သမ္မာတရားကို မချစ်သောကြောင့် ဖြစ်ပါသည်။) လူတို့သည် သမ္မာတရားကို မချစ်ပေ၊ သို့မဟုတ် သမ္မာတရားကို လိုက်စားရန် မရည်ရွယ်ကြပေ။ ထို့ကြောင့် ၎င်းတို့သည် လေးကန်ဖင့်နွှဲနေကြခြင်း ဖြစ်သည်။ ၎င်းတို့၏ ယခင်က လုပ်ရပ်များရော အဘယ်သို့ဖြစ်သနည်း။ (ရှုတ်ချခြင်းခံရပါသည်။) “ရှုတ်ချခြင်းခံရသည်” ဆိုသည်မှာ လုံးလုံး မှန်သော စကားလုံး မဟုတ်သေး။ အတိအကျဆိုရလျှင် ၎င်းတို့၏ ယခင်က လုပ်ရပ်များသည် အသိအမှတ်ပြုခြင်း မခံရပေ။ မိမိ၏ လုပ်ရပ်များက အသိအမှတ်အပြုမခံရခြင်းမှာ မည်သည့်ရလဒ်မျိုး ဖြစ်သနည်း။ မိမိ၏ လုပ်ရပ်များက အသိအမှတ်အပြုမခံရလျှင် မည်သည့်အရာ ဖြစ်ပျက်နေသနည်း။ မည်သို့အဓိပ္ပာယ်ရသနည်း။ ဤသည်မှာ ရိုးရှင်းသည်။ လူတစ်ယောက်၏ လုပ်ရပ်များသည် အသိအမှတ်ပြုခြင်း မခံရလျှင် သူသည် သမ္မာတရားကို လိုက်စားခြင်းမရှိကြောင်း၊ ထိုအစား လူတို့က မှန်သည်၊ ကောင်းသည်ဟု မှတ်ယူသောအရာများကို လိုက်စားကြောင်း၊ သူ၏ အယူအဆများ၊ စိတ်ကူးများနှင့် အသက်ရှင်နေဆဲဖြစ်ကြောင်းကို ပြသည်။ ဤသို့ ဖြစ်ပျက်နေသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသို့ ဖြစ်ပျက်နေခြင်း ဖြစ်သည်။ လူတို့၏ လုပ်ရပ်များကို ဘုရားသခင်က အသိအမှတ်မပြုသောအခါ ၎င်းတို့သည် စိတ်မချမ်းမသာ ဖြစ်ကြသည်။ ဤသို့သော အချိန်များ၌ ၎င်းတို့တွင် အပြုသဘောဆောင်ပြီး မှန်ကန်သော လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခုခု မရှိသလော။ လူတစ်ယောက်သည် သူ၏ လုပ်ရပ်များက အသိအမှတ်ပြုခြင်း မခံရရုံသက်သက်နှင့် အပျက်သဘောဆောင်လာခြင်း၊ မိမိတာဝန်ကို စွန့်ပစ်ခြင်း၊ မျှော်လင့်ချက်မဲ့သည်ဟူ၍ မိမိကိုယ်ကို အရှုံးပေးခြင်းသည် မှန်ကန်မည်လော။ ဤသည်မှာ မှန်ကန်သော လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်း ဟုတ်သလော။ (မဟုတ်ပါ။) ဤသည်မှာ မှန်ကန်သော လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်း မဟုတ်ပေ။ ဤသို့သောအရာမျိုးသည် လူတစ်ယောက်အပေါ် ဖြစ်ပျက်လာသောအခါ၊ သူသည် မိမိ၏ ကိုယ်ပိုင်ပြဿနာများကို ရှာဖွေတွေ့ရှိသောအခါ သူ၏ လမ်းကြောင်းကို ချက်ချင်း နောက်ပြန်လှည့်သင့်သည်။ သင်၏ ယခင်က လုပ်ရပ်များနှင့် အပြုအမူများသည် သမ္မာတရား လိုက်စားခြင်းနှင့် မည်သို့မျှ မသက်ဆိုင်ဆိုသည်ကို သမ္မာတရားလိုက်စားခြင်းဆိုသည်မှာ အဘယ်ဖြစ်ကြောင်း ငါတို့၏ မိတ်သဟာယပြုခြင်းမှတစ်ဆင့် သင်တွေ့ရှိလျှင် ဤသည်မှာ သင့်ကို စိတ်မချမ်းမသာ ဖြစ်စေသည်ဖြစ်စေ၊ မဖြစ်စေသည်ဖြစ်စေ သင်လုပ်ဆောင်သင့်သည့် ပထမဆုံးသောအရာမှာ သင်၏ မှားယွင်းသော ယခင်က လက်တွေ့လုပ်ဆောင်မှု နည်းလမ်းများနှင့် နည်းစနစ်များအပြင် သင့်လိုက်စားမှု၏ မမှန်ကန်သော လမ်းကြောင်းကိုပါ နောက်ပြန်လှည့်သင့်သည်။ သင်သည် ဤအရာများကို ချက်ချင်း နောက်ပြန်လှည့်သင့်သည်။ လူအချို့သည် ၎င်းတို့၏ ယခင်က လုပ်ရပ်များကို ဘုရားသခင်က ငြင်းပယ်ပြီး အသိအမှတ်မပြုသောအခါ၊ ဤလုပ်ရပ်များသည် ကြိုးပမ်းလုပ်ဆောင်ခြင်းသာ ဖြစ်သည်၊ သမ္မာတရားအား လိုက်စားခြင်းနှင့် လုံးဝ မသက်ဆိုင်ဟု ဘုရားသခင်က ဆိုသောအခါ “ဪ၊ ငါတို့ လူသားများသည် အမှန်ပင် မိုက်မဲပြီး မမြင်နိုင်ကြပါတကား။ သမ္မာတရားကိုလည်း နားမလည်ကြ၊ အကြောင်းအရာများကိုလည်း အရှိအတိုင်း မမြင်နိုင်ကြပါ။ ဤတစ်လျှောက်လုံးတွင် ငါတို့သည် သမ္မာတရားကို လက်တွေ့လုပ်နေကြောင်း၊ သမ္မာတရားကို လိုက်စားနေကြောင်း၊ ဘုရားကျေနပ်အောင် လုပ်နေကြောင်း ယုံကြည်နေခဲ့ကြသည်။ ‘သမ္မာတရားကို လိုက်စားခြင်း’ ဟု ငါတို့ခေါ်သည့်အရာတွင် ငါတို့လုပ်နေသော အရာများသည် ကောင်းသည့် လူ့အပြုအမူများသက်သက်သာ ဖြစ်ကြောင်းကို ယခုမှသာ ငါတို့ သိလိုက်ရသည်။ ဤအရာများသည် ဗီဇဓာတ်ခံ အရည်အချင်း၊ အစွမ်းအစနှင့် လူတို့ဇာတိပကတိ၏ ပင်ကိုစွမ်းရည် အမျိုးမျိုးကို အခြေခံပြီး လူတို့လုပ်သော အရာများ ဖြစ်နေသည်။ ဤအရာများသည် သမ္မာတရားကို လိုက်စားခြင်း၏ အနှစ်သာရ၊ အဓိပ္ပာယ် ဖွင့်ဆိုချက်၊ သတ်မှတ်ချက်များနှင့် ခြားနားလွန်းလှသည်။ သက်ဆိုင်မှုကို မရှိချေ။ ဤကိစ္စနှင့်ပတ်သက်ပြီး အဘယ်အရာကို ငါတို့ လုပ်သင့်သနည်း” ဟူ၍ စဉ်းစားကြလိမ့်မည်။ ဤသည်မှာ အကြီးစားပြဿနာတစ်ခုဖြစ်ပြီး ဖြေရှင်းသင့်သည်။ ဤအရာကို ဖြေရှင်းရန် နည်းလမ်းမှာ အဘယ်နည်း။ ဤမေးခွန်းကို မေးပြီးဖြစ်သည်။ ကောင်းသည်ဟု လူတို့ ယခင်က မှတ်ယူထားသော အပြုအမူများနှင့် နည်းလမ်းများသည် တစ်စုတစ်စည်းတည်း ငြင်းပယ်ခံလိုက်ရပြီး ဘုရားသခင်က ၎င်းတို့ကို အမှတ်ရခြင်း မရှိသကဲ့သို့ သမ္မာတရားအား လိုက်စားခြင်းအဖြစ်လည်း အဓိပ္ပာယ်မဖွင့်ဆိုသည်ကို ကြည့်လျှင် သမ္မာတရားအား လိုက်စားခြင်းဆိုသည်မှာ အဘယ်နည်း။ ဤအရာကို ဖြေရန်အတွက် လူတစ်ယောက်သည် သမ္မာတရားအား လိုက်စားခြင်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ဆုတောင်းသည့်ပုံစံဖြင့် ဖတ်ရှုရမည်။ ထိုအဓိပ္ပာယ်ဖွင့်ဆိုချက်မှတစ်ဆင့် လက်တွေ့လုပ်ဆောင်ရန် နည်းလမ်းတစ်ခုကို ရှာရမည်။ ပြီးလျှင် ထိုအရာကို သူ့အသက်တာ၏ လက်တွေ့အရှိတရားဖြစ်အောင် ပြောင်းလဲပစ်ရမည်။ လူတို့သည် ယခင်က သမ္မာတရားအား လိုက်စားခြင်းကို လက်တွေ့မလုပ်ဆောင်ခဲ့ကြပေ။ ထို့ကြောင့် ယခုမှစပြီး လူတို့သည် သမ္မာတရားအား လိုက်စားခြင်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ၎င်းတို့၏ အခြေပြုချက်အဖြစ်၊ ၎င်းတို့ကျင့်ကြံပြုမူပုံ၏ အခြေခံအုတ်မြစ်အဖြစ် မှတ်ယူရမည်။ ဤသို့ဆိုလျှင် သမ္မာတရားအား လိုက်စားခြင်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ အဘယ်နည်း။ ဤသို့ဖြစ်သည်။ သမ္မာတရားအား မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး လူများ၊ အမှုအရာများကို လုံးလုံးလျားလျား ဘုရားနှုတ်ကပတ်တော်နှင့်အညီ ရှုမြင်ခြင်းအပြင် ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ခြင်း။ ဤသည်မှာ အရှင်းလင်းဆုံး၊ အပြည့်စုံဆုံးပင် ဖြစ်သည်။ လူတို့၏ ယခင်က လုပ်ရပ်များနှင့် အပြုအမူများ အားလုံးမှာ အဘယ်နည်း။ ယင်းတို့သည် ဘုရားနှုတ်ကပတ်တော်များနှင့် ကိုက်ညီသလော၊ သမ္မာတရားအား မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိသလော။ ပြန်စဉ်းစားကြည့်လော့။ ဤသို့ဖြစ်သလော။ (မဖြစ်ပါ။) ဤသို့သော လုပ်ရပ်များနှင့် အပြုအမူများကို အင်မတန် ကြုံတောင့်ကြုံခဲသာ တွေ့ရှိရပြီး မည်သည့်နေရာတွင်မျှ မတွေ့ရှိရလုနီးပါး ဖြစ်သည်ဟု ဆိုနိုင်သည်။ ဤသို့ဆိုလျှင် လူသည် ဘုရားသခင်အား ယုံကြည်လာသည့်၊ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ပြီး မိတ်သဟာယပြုသည့် နှစ်များစွာတွင် အမှန်တကယ်ပင် မည်သည့်အရာကိုမျှ မရရှိခဲ့သလော။ လူတို့သည် တစ်ခုသောအရာကိုမျှ ဘုရားနှုတ်ကပတ်တော်များနှင့်အညီ လက်တွေ့မလုပ်ဆောင်ခဲ့သလော။ ဤတွင် ငါတို့ ပြောသော “သမ္မာတရားအား မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး လူများ၊ အမှုအရာများကို လုံးလုံးလျားလျား ဘုရားနှုတ်ကပတ်တော်နှင့်အညီ ရှုမြင်ခြင်းအပြင် ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ခြင်း” ဟူသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ မည်သည့်အရာကို ညွှန်းဆိုသနည်း။ မည်သည့်ပြဿနာကို ဖြေရှင်းရန် ရည်ရွယ်သနည်း။ မည်သည့်လူ့ပြဿနာများနှင့် လူ့စိတ်သဘောထား အနှစ်သာရ၏ မည်သည့်ကဏ္ဍကို ညွှန်းဆိုသနည်း။ လူတို့သည် ယခုတွင် သမ္မာတရားအား လိုက်စားခြင်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို နားလည်ကောင်း နားလည်နိုင်သည်။ သို့သော် ၎င်းတို့၏ ယခင်က လုပ်ရပ်များက အဘယ်ကြောင့် အသိအမှတ်ပြုခြင်းမခံရသည်၊ အဘယ်ကြောင့် သမ္မာတရားအား လိုက်စားခြင်းအဖြစ် သတ်မှတ်ခြင်းမခံရသည်နှင့် ပတ်သက်လျှင်မူ ၎င်းတို့အတွက် ရှင်းလင်းခြင်းမရှိ၊ နားလည်နိုင်ခြင်းမရှိ၊ ထင်ရှားခြင်းမရှိ ဖြစ်နေဆဲဖြစ်သည်။ အချို့က ပြောလိမ့်မည်။ “ကျွန်ုပ်တို့သည် ဘုရားသခင်၏ အမည်နာမတော်ကို လက်ခံပြီးချိန်ကစ၍ များစွာ စွန့်လွှတ်ခဲ့ပါသည်။ ကျွန်ုပ်တို့မိသားစုနှင့် အလုပ်ကို စွန့်လွှတ်ခဲ့သည်။ ကျွန်ုပ်တို့၏ တက်လမ်းများကို စွန့်ပစ်ခဲ့ပါသည်။ တချို့က အလုပ်အကိုင်ကောင်းမှ နုတ်ထွက်ခဲ့ကြသည်။ တချို့က ပျော်ရွှင်သည့် မိသားစုများကို စွန့်ပစ်ခဲ့ကြသည်။ တချို့က အကန့်အသတ်မရှိသည့် တက်လမ်းများရှိပြီး ငွေကောင်းကောင်းရသော အသက်မွေးအလုပ်များ ရှိသော်လည်း ဤအရာအားလုံးကို စွန့်လွှတ်ခဲ့သည်။ ဤအရာများသည် ကျွန်ုပ်တို့ စွန့်လွှတ်ခဲ့သည့် အရာများပင်။ ဘုရားကို ယုံကြည်ချိန်မှစပြီး နှိမ့်ချဖို့၊ စိတ်ရှည်ဖို့၊ သည်းခံဖို့ကို ကျွန်ုပ်တို့ သင်ယူခဲ့ပါသည်။ အခြားသူများနှင့် ဆက်ဆံသည့်အခါ အငြင်းအခုံ မလုပ်ပါ။ အသင်းတော်တွင် ဖြစ်လာသည့် မည်သည့်ကိစ္စကိုမဆို ကျွန်ုပ်တို့သည် အကောင်းဆုံး ကိုင်တွယ်ပါ၏။ ညီအစ်ကိုမောင်နှမများတွင် ပြဿနာတစ်ခုခု ရှိသည့်အခါတိုင်းလည်း သူတို့ကို ချစ်ချစ်ခင်ခင်နှင့် ကူညီပေးဖို့ ကျွန်ုပ်တို့ အစွမ်းကုန် လုပ်ကြပါသည်။ အခြားသူများကို ဒုက္ခမပေးမိအောင် ရှောင်သည်။ အခြားလူများ၏ အကျိုးစီးပွားများကို မဖျက်ဆီးမိအောင် အတတ်နိုင်ဆုံး ရှောင်ပါသည်။ ဤနည်းလမ်းများက သမ္မာတရားကို လိုက်စားခြင်းနှင့် အမှန်ပင် ဘာမျှမဆိုင်လေသလော” ဟူ၍ ဖြစ်သည်။ ယခုတွင် သေချာ စဉ်းစားကြည့်လော့။ လူ၏ စွန့်လွှတ်ခြင်း၊ အသုံးခံခြင်း၊ အားစိုက်ခြင်း၊ သည်းခံခြင်း၊ စိတ်ရှည်ခြင်းနှင့် ဒုက္ခခံခြင်းကပင် မည်သည့်အရာနှင့် ဆက်နွှယ်သနည်း။ ဤအရာများကို မည်သို့ စွမ်းဆောင်ကြသနည်း။ ယင်းတို့က မည်သည့်အရာအပေါ်တွင် အခြေခံထားသနည်း။ ဤအရာများကို လုပ်ဆောင်ရန်အတွက် မည်သည့် တွန်းအားပေးသောအရာက လူတို့ကို တိုက်တွန်းသနည်း။ ဤအရာကို ဆင်ခြင်သုံးသပ်လော့။ ဤအရာများသည် အလေးအနက်စဉ်းစားဖို့ မထိုက်တန်သလော။ (ထိုက်တန်ပါသည်။) ဤသို့ဆိုလျှင် ဤအရာများသည် အလေးအနက်စဉ်းစားရန် ထိုက်တန်သောကြောင့် ဤအရာများကို ယနေ့ စူးစမ်းလေ့လာပြီး စစ်ဆေးကြည့်ကြစို့။ ကောင်းသည်၊ မှန်သည်၊ မြင့်မြတ်သည်ဟု လူတို့က အစဉ် မှတ်ယူလာသော ဤအရာများသည် သမ္မာတရားအား လိုက်စားခြင်းနှင့် တစ်စုံတစ်ရာ သက်ဆိုင်ခြင်းရှိမရှိကို ကြည့်ကြစို့။

လူ၏ စွန့်လွှတ်ခြင်း၊ အားစိုက်ခြင်းအပြင် လူက ပေးဆပ်သော အဖိုးအခများကို ကြည့်ခြင်းအားဖြင့် စတင်မည်။ ဤစွန့်လွှတ်ခြင်း၊ အားစိုက်ခြင်း၊ ပေးဆပ်ခြင်းများ၏ ဆက်စပ်အကြောင်းအရာ၊ သို့မဟုတ် အခြေအနေက မည်သို့ရှိသည်ဖြစ်စေ ဤအရာများအတွက် အဓိက တွန်းအားပေးသောအရာက မည်သည့်နေရာမှ လာသနည်း။ ငါ၏ အနှစ်ချုပ်တွင် အရင်းအမြစ်နှစ်ခုရှိသည်။ ပထမတစ်ခုက လူတို့သည် ၎င်းတို့၏ စိတ်ကူးများနှင့် အယူအဆများတွင် “ဘုရားကို မိမိယုံလျှင် စွန့်လွှတ်သင့်သည်။ ကိုယ့်ကိုယ်ကိုယ် အသုံးခံပြီး ဘုရားအတွက် အဖိုးအခ ပေးဆပ်သင့်သည်။ လူများ ဤသို့လုပ်လျှင် ဘုရားနှစ်သက်သည်။ လူတို့သည် သက်သက်သာသာနေခြင်းမှာ မွေ့လျော်ပြီး လောကီအရာများနောက်ကို လိုက်လျှင်၊ သို့မဟုတ် ဘုရား၏ အမည်နာမတော်ကို လက်ခံကြောင်းပြောပြီး ဘုရား၏ နောက်လိုက်များ ဖြစ်လာပြီးသည့်နောက်တွင် စိတ်ဝင်စားခြင်းမရှိဘဲ ၎င်းတို့၏ ကိုယ်ပိုင်ဘဝများကို ဆက်ပြီး အသက်ရှင်နေလျှင် ဘုရားမကြိုက်ပါ။ လူများ ဤသို့လုပ်လျှင် ဘုရားမကြိုက်ပါ” ဟု ထင်ကြသည်။ လူတို့၏ တစ်ဖက်သတ် စိတ်ဆန္ဒများနှင့်ပတ်သက်လျှင် ဤအတွေးသည် သေချာသည်။ ဘုရားသခင်နှင့် ဘုရားအမှုတော်သစ်ကို လက်ခံခြင်းအတွက် လူတစ်ယောက်၏ အကြောင်းပြချက်သည် မည်သည့်အရာဖြစ်စေ သူ၏ တစ်ဖက်သတ် စိတ်ဆန္ဒသည် ဤသို့ လုပ်ဆောင်ရန် သဘောတူပြီး လူတို့က ဤသို့ လုပ်ဆောင်မှသာ ဘုရားသခင်က နှစ်သက်သည်၊ ဤသို့လုပ်ဆောင်ခြင်းအားဖြင့်သာ ဘုရားသခင်၏ ပျော်ရွှင်မှုနှင့် ကျေနပ်မှုကို ရရှိမည်ဟု ယုံကြည်သည်။ လူတို့က ဇွဲကောင်းကောင်းနှင့် ကြိုးစားရုန်းကန်ပြီး အားစိုက်ထုတ်သရွေ့၊ အပြန်အလှန်အနေဖြင့် မည်သည့်အရာကိုမျှ မတောင်းဆိုဘဲ အားထုတ်ကြိုးပမ်းသရွေ့၊ အဖိုးအခပေးဆပ်ရန်အတွက် ၎င်းတို့၏ အောင်မြင်မှု၊ ကျရှုံးမှုတို့ကို လျစ်လျူရှုသရွေ့၊ ဆက်လက်အားထုတ်ကြိုးပမ်းသရွေ့၊ အဖိုးအခပေးဆပ်ပြီး ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံကာ ပေးအပ်သရွေ့ ဘုရားသခင်က သေချာပေါက် ပျော်ရွှင်လိမ့်မည်ဟု ထင်ကြသည်။ ထို့ကြောင့် လူတစ်ယောက်သည် ဤအရာကို ယုံကြည်သည်နှင့် ထပ်၍ မစဉ်းစားတော့ဘဲ ဦးညွှတ်သည်။ အခြားအရာအားလုံးက မည်သို့ရှိသည်ဖြစ်စေ သူ စွန့်လွှတ်နိုင်သည့် အရာရာတိုင်းကို စွန့်လွှတ်တော့သည်။ သူ ပေးအပ်နိုင်သည့် အရာရာတိုင်းကို ပေးအပ်တော့သည်။ သူ ခံနိုင်သည့် မည်သည့်ဒုက္ခကိုမဆို တောင့်ခံတော့သည်။ လူတို့သည် ဤနည်းလမ်းများကို လုပ်ဆောင်ကြသည်။ သို့သော် မည်သူက ခေါင်းမော့ပြီး ဘုရားသခင်အား “ဘုရားသခင်၊ ကျွန်ုပ်လုပ်ဆောင်နေသည့် အရာများသည် ကိုယ်တော်လိုအပ်သော အရာဟုတ်ပါသလော။ ဘုရားသခင်၊ ကျွန်ုပ်၏ အသုံးခံမှု၊ အားထုတ်ကြိုးပမ်းမှု၊ ဒုက္ခခံမှုအပြင် ကျွန်ုပ်ပေးဆပ်ခဲ့သော အဖိုးအခများကို ကိုယ်တော် အသိအမှတ်ပြုပါသလော” ဟု မေးသနည်း။ လူတို့သည် ဤအရာကို ဘုရားသခင်အား လုံးဝ မမေးပေ။ ဘုရားသခင်၏ တုံ့ပြန်ချက်၊ သို့မဟုတ် သဘောထားက မည်သို့ရှိသည်ကို မသိဘဲ အကောင်းမြင်စွာဖြင့် ဆက်လက်၍ အားထုတ်ကြိုးပမ်းကြသည်။ ပေးအပ်ကြသည်။ မိမိကိုယ်ကို အသုံးခံကြသည်။ ၎င်းတို့သည် ဤသို့ ဒုက္ခခံမှသာ ဘုရားသခင်က ပျော်ရွှင်ကျေနပ်လိမ့်မည်ဟု ယုံကြည်ကြသည်။ လူအချို့သည် အစာသွတ်မုန့်လုံးအား စားလျှင် ဘုရားသခင် မပျော်မရွှင် ဖြစ်မည်ကို ကြောက်ရွံ့ပြီး မစားတော့ဘဲ စွန့်လွှတ်သည်အထိပင် ပြုလုပ်ကြသည်။ ထိုအစား ၎င်းတို့သည် ပြောင်းဖူးပေါင်မုန့်ပေါင်းကို စားကြကာ အစာသွတ်မုန့်လုံးကို စားခြင်းသည် သက်သာခြင်းတွင် မွေ့လျော်ခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် ပြောင်းဖူးပေါင်မုန့်ပေါင်း၊ နံသော ဂျုံမုန့်ပြား၊ အချဉ်ဖောက်ထားသော ဟင်းသီးဟင်းရွက်များကို စားရသောအခါတွင်မှသာ ငြိမ်းအေးခြင်းရှိကြပြီး ၎င်းတို့သည် ငြိမ်းအေးခြင်းရှိသောအခါ ဘုရားသခင်ကလည်း သေချာပေါက် ကျေနပ်မည်ဟု ထင်ကြသည်။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ခံစားချက်များ၊ ၎င်းတို့၏ ကိုယ်ပိုင်ဝမ်းမြောက်မှု၊ ဝမ်းနည်းမှု၊ စိတ်ဆိုးမှု၊ ပျော်ရွှင်မှုတို့ကို ဘုရားသခင်၏ ခံစားချက်များအဖြစ်၊ ဘုရားသခင်၏ ဝမ်းမြောက်မှု၊ ဝမ်းနည်းမှု၊ စိတ်ဆိုးမှု၊ ပျော်ရွှင်မှုတို့အဖြစ် တလွဲထင်ကြသည်။ ဤသည်မှာ အဓိပ္ပာယ်မရှိ မဖြစ်သလော။ လူများစွာတို့သည် လူက မှန်ကန်သည်ဟု မှတ်ယူသော အရာများကို သမ္မာတရားအဖြစ် မှတ်ယူကြပြီး ထိုအရာများကို ဘုရားအပေါ်သို့ သတ်မှတ်ကာ လူတို့အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များအဖြစ် ဖော်ပြကြသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ လူအားလုံးက ယုံကြည်သောအရာ ဖြစ်သောကြောင့်ဖြစ်သည်။ လူတို့က ဤသို့သော ယုံကြည်မှုကို ကိုင်စွဲသရွေ့ လူတို့သည် ဤဖော်ပြချက်များ၊ အပြုအမူများနှင့် နည်းလမ်းများကို သမ္မာတရားအဖြစ် မသိစိတ်မှနေ၍ အမျိုးအစား သတ်မှတ်ကြမည်မှာ အလွန်ဖြစ်နိုင်ခြေရှိပြီး သဘာဝပင်ဖြစ်သည်။ ပြီးလျှင် ထိုအရာများက သမ္မာတရားဖြစ်သည်ဟု လူတို့က ဆုံးဖြတ်ကြသောကြောင့် ထိုအရာများသည် လူတို့ လိုက်နာဖို့လိုအပ်သော လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများဖြစ်ရမည်၊ လူတစ်ယောက်က ထိုအရာများကို ဤသို့ လက်တွေ့လုပ်ဆောင်ပြီး လိုက်နာလျှင် သူသည် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်နေခြင်း ဖြစ်သည်၊ သမ္မာတရားကို လိုက်စားနေခြင်း ဖြစ်သည်၊ ဘုရားအလိုတော်ကို ထမ်းဆောင်ခြင်း ဖြစ်သည်မှာလည်း မှန်သည်ဟု ထင်မြင်ကြမည်။ လူတို့သည် “ဘုရားသခင်၏ အလိုတော်ကို ထမ်းဆောင်နေခြင်း” ဖြစ်သောကြောင့် ၎င်းတို့၏ ဆင်းရဲဒုက္ခများက ထိုက်တန်ခြင်း မရှိသလော။ ၎င်းတို့သည် ဤအဖိုးအခကို မှန်ကန်စွာ ပေးဆပ်ခြင်း မရှိသလော။ ဤသည်မှာ ဘုရားသခင်က ကျေနပ်ပြီး အမှတ်ရသော အရာတစ်ခု မဟုတ်သလော။ သေချာပေါက်ဟုတ်သည်ဟု လူတို့က ထင်ကြလိမ့်မည်။ ဤသည်မှာ လူက “သမ္မာတရား” ဟု ယုံကြည်သောအရာနှင့် ဘုရားနှုတ်ကပတ်တော်များကြား အကွာအဝေးနှင့် ခြားနားမှုဖြစ်သည်။ လူတို့သည် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများတွင် လူ့ကျင့်ဝတ်စရိုက်နှင့် ညီသော၊ ကောင်းသော၊ မြင့်မြတ်သော၊ မှန်ကန်သော အရာရာတိုင်းကို သမ္မာတရားအဖြစ် တစ်စုတစ်စည်းတည်း အမျိုးအစား သတ်မှတ်ပြီး ထိုဦးတည်ချက်အတိုင်း ရှေ့ဆက် လက်တွေ့လုပ်ဆောင်ကာ ကြိုးပမ်းအားထုတ်သည်။ တစ်ချိန်တည်းတွင် မိမိတို့ကိုယ်ကို တင်းကျပ်သော တောင်းဆိုမှုများ ပြုလုပ်ကြသည်။ ၎င်းတို့သည် ဤအတွက်ကြောင့် သမ္မာတရားကို လိုက်စားနေသည်၊ ၎င်းတို့သည် အမှန်ပင် သမ္မာတရားကို လိုက်စားသောသူများ ဖြစ်သည်၊ ၎င်းတို့သည် ကယ်တင်ခံရနိုင်မည့် လူများ အပြည့်အဝ ဖြစ်သည်မှာလည်း မှန်သည်ဟု ယုံကြည်ကြသည်။ အမှန်မှာ ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားသည် လူတို့၏ အယူအဆများတွင် ကောင်းသည်၊ မှန်သည်၊ အပြုသဘောဆောင်သည်ဟု လူတို့မှတ်ယူသော ထိုအရာများနှင့် လုံးဝ မသက်ဆိုင်ပေ။ သို့တိုင်အောင် လူတို့သည် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ပြီး ၎င်းတို့၏ လက်တွင် ကိုင်ဆောင်ထားသောအခါ၌ပင် ၎င်းတို့၏ အယူအဆများတွင် ကောင်းသည်၊ မှန်သည်၊ လှပသည်၊ ကြင်နာသည်၊ အပြုသဘောဆောင်သည်ဟု လူတို့မြင်ပြီး ထောက်ခံသော အရာရာတိုင်းကို သမ္မာတရားအဖြစ်၊ အပြုသဘောဆောင်သော အရာများအဖြစ် မှတ်ယူကြပြီး ထိုအရာများကို မမောမပန်း လိုက်စားကြသည်။ ထိုအရာများကို လိုက်စားပြီး ရရှိရန် မိမိတို့ကိုယ်ကို တောင်းဆိုရုံမကဘဲ အခြားလူများကိုလည်း လိုက်စားပြီး ရရှိရန် တောင်းဆိုကြသည်။ လူတို့သည် လူက ကောင်းသည်ဟု မြင်သောအရာများကို သမ္မာတရားအဖြစ် မမောနိုင်မပန်းနိုင် တလွဲထင်ကြသည်။ ထို့နောက်တွင် ၎င်းတို့သည် ထိုအရာများက တောင်းဆိုသော စံနှုန်းများ၊ ဦးတည်ချက်များအတိုင်း လိုက်စားကြကာ ဤသို့ဖြင့် ၎င်းတို့သည် သမ္မာတရားအား လိုက်စားနေပြီး သမ္မာတရားစစ်မှန်မှုကို အသက်ရှင်နေထိုင်နေကြပြီဖြစ်သည်ဟု ယုံကြည်ကြသည်။ ဤသည်မှာ သမ္မာတရားအား လိုက်စားခြင်းနှင့်ပတ်သက်ပြီး လူတို့တွင်ရှိသော မှားယွင်းနေသည့် နားလည်မှုများ၏ ရှုထောင့်တစ်ခုဖြစ်သည်။ ဤမှားယွင်းနေသော နားလည်မှုမှာ လူတို့သည် ၎င်းတို့၏ အယူအဆများတွင် ကောင်းသည်၊ မှန်သည်၊ အပြုသဘောဆောင်သည်ဟု ယုံကြည်သောအရာများကို ၎င်းတို့၏ စံနှုန်းများအဖြစ် ယူခြင်း၊ လူအပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များ၊ ဘုရားနှုတ်ကပတ်တော်၏ တောင်းဆိုချက်များ၊ စံနှုန်းများကို ထိုအရာများနှင့် အစားထိုးခြင်းဖြစ်သည်။ လူတို့သည် ၎င်းတို့၏ အယူအဆများတွင် မှန်သည်၊ ကောင်းသည်ဟု ယုံကြည်သော ဤအရာများကို သမ္မာတရားအဖြစ် တလွဲထင်၏။ ထိုမျှပင်မဟုတ်ဘဲ ဤအရာများကို လိုက်နာကာ လိုက်စားခြင်းလည်း ပြုလုပ်ကြသည်။ ဤသည်မှာ ပြဿနာတစ်ခု မဟုတ်သလော။ (ဟုတ်ပါသည်။) ဤသည်မှာ လူ့အတွေးအမြင်များနှင့် ပတ်သက်သော ပြဿနာဖြစ်သည်။ လူတို့သည် ဤအရာများကို လုပ်ဆောင်သောအခါ မည်သည့်အရာ၏ တွန်းအားပေးခြင်းကို ခံရသနည်း။ ဤစိတ်ကူးများနှင့် မှားယွင်းနေသော နားလည်မှုများ ၎င်းတို့တွင် ရှိလာစေသည့် အကြောင်းရင်းမှာ အဘယ်နည်း။ အကြောင်းရင်းမှာ ဘုရားသခင်က ဤအရာများကို နှစ်သက်သည်ဟု လူတို့က ယုံကြည်ကြခြင်း ဖြစ်သည်။ ထို့ကြောင့် ဤအရာများကို ဘုရားအပေါ်သို့ သတ်မှတ်ကြသည်။ ဥပမာအားဖြင့် ရိုးရာယဉ်ကျေးမှုက လူတို့ကို လုံ့လရှိပြီး ခြိုးခြံချွေတာဖို့ ပြောသည်။ လုံ့လဝီရိယနှင့် ချွေတာခြင်းသည် လူ့အရည်အသွေးများ ဖြစ်သည်။ “အသာစံဖို့အတွက် အနာခံရမည်” ဆိုသည်မှာ ထိုသို့သော လူ့အရည်အသွေးနောက်တစ်ခုဖြစ်သည့်နည်းတူ “ဆရာမပြ၊ နည်းမကျ” နှင့် နောက်ထပ် အလားတူအယူအဆများသည်လည်း လူ့အရည်အသွေးများပင် ဖြစ်လေသည်။ လူမျိုးတိုင်း၊ အုပ်စုတိုင်းတွင် လူတို့သည် ကောင်းသည်၊ မှန်သည်၊ အပြုသဘောဆောင်သည်၊ တက်ကြွသည်၊ တိုးတက်မှုရှိသည်ဟု ၎င်းတို့မှတ်ယူသော အရာတိုင်းသည် သမ္မာတရားဖြစ်သည်ဟု ယုံကြည်ကြသည်။ ဤအရာများကို သမ္မာတရားအဖြစ် သဘောထားပြီး ဘုရားသခင်ဖော်ပြသည့် သမ္မာတရားအားလုံးနှင့် အစားထိုးပစ်ကြသည်။ လူက ခိုင်မြဲစွာ ယုံကြည်သော၊ စာတန်နှင့် သက်ဆိုင်သော အရာများကို သမ္မာတရားအဖြစ်၊ ဘုရားသတ်မှတ်ချက်များ၏ စံနှုန်းများအဖြစ် တလွဲထင်ကြသည်။ ၎င်းတို့သည် ၎င်းတို့၏ လိုက်စားမှုကို ၎င်းတို့ စိတ်ကူးထင်မြင်ပြီး မှန်ကန်သည်ဟု ယုံကြည်သည့် အကောင်းဆုံးသောအရာများ၊ ဦးတည်ချက်များနှင့် ပန်းတိုင်များဆီသို့ ဦးတည်ထားကြသည်။ ဤသည်မှာ ဆိုးရွားသော အမှားဖြစ်သည်။ လူသား၏ အယူအဆနှင့် စိတ်ကူးများမှလာသော ဤအရာများသည် ဘုရားနှုတ်ကပတ်တော်များနှင့် လုံးဝ မကိုက်ညီပေ။ ၎င်းတို့သည် သမ္မာတရားနှင့် လုံးဝ ဆန့်ကျင်နေသည်။

လူတို့သည် ၎င်းတို့၏ အယူအဆများတွင် ကောင်းသည်၊ မှန်သည်ဟု မှတ်ယူသောအရာများကို သမ္မာတရားအဖြစ် တလွဲထင်ကြသည့် ဥပမာအချို့ကို ငါပေးမည်။ ဤသို့ဖြင့် ဤအယူအဆသည် အလွန်ပင် စိတ်ကူးသက်သက်သဘော မဆန်နေအောင်၊ ဤအယူအဆကို သင်တို့ နားလည်နိုင်အောင် ဖြစ်သည်။ ဥပမာအားဖြင့် အချို့သော အမျိုးသမီးများသည် ဘုရားသခင်အား ယုံကြည်ပြီးနောက်တွင် မိတ်ကပ်များ လိမ်းကျံခြင်း၊ လက်ဝတ်ရတနာများ ဝတ်ဆင်ခြင်း မရှိတော့ပေ။ ဘုရားသခင်ကို ယုံကြည်သူများသည် ကောင်းစွာ ပြုမူနေထိုင်သင့်ကြောင်း၊ မိတ်ကပ်လိမ်း၍ မရ၊ သို့မဟုတ် လှပစွာ ဝတ်စား၍မရဟု ထင်မြင်လျက် ၎င်းတို့၏ မိတ်ကပ်နှင့် လက်ဝတ်ရတနာများကို ဘေးဖယ်လိုက်ကြသည်။ လူအချို့သည် ကားများကို ပိုင်ဆိုင်ကြသော်လည်း မောင်းနှင်ခြင်းမရှိဘဲ ထိုအစား စက်ဘီးစီးကြသည်။ ကားမောင်းခြင်းသည် သက်သာမှုတွင် မွေ့လျော်ခြင်းဖြစ်သည်ဟု ထင်ကြသည်။ လူအချို့သည် အသားစားရန် ပိုက်ဆံရှိသော်လည်း အစဉ်သဖြင့် အသားစားနေပြီး အခြေအနေတစ်ခုခုကြောင့် အသားစား၍ မရတော့သောအချိန်ကို ရောက်လာလျှင် အပျက်သဘောဆောင်လာပြီး အားနည်းလာကာ ဘုရားကို သစ္စာဖောက်မိမည်ဟု တွေးကာ အသားမစားကြပေ။ ထို့ကြောင့် ၎င်းတို့သည် ကြိုတင်၍ အသားမစားဘဲ ဒုက္ခခံရန် သင်ယူကြသည်။ အခြားလူတို့ကမူ ၎င်းတို့သည် ဘုရားသခင်အား ယုံကြည်သူများအနေဖြင့် ကောင်းစွာ ပြုမူနေထိုင်သည့် ပုံစံရှိရမည်ဟု ထင်ကြသည်။ ထို့ကြောင့် ၎င်းတို့၏ အားနည်းချက်များနှင့် မကောင်းသော အကျင့်များကို ဆန်းစစ်ကြသည်။ ၎င်းတို့၏ လေသံကို ပြောင်းလဲရန် ကြိုးစားလုပ်ဆောင်ကြသည်။ ၎င်းတို့၏ ဒေါသစိတ်ကို ချုပ်တည်းကြသည်။ ယဉ်ကျေးသိမ်မွေ့ရန်၊ ရိုင်းပျခြင်းမရှိရန် အကောင်းဆုံး လုပ်ဆောင်ကြသည်။ လူတစ်ယောက်သည် ဘုရားသခင်ကို ယုံကြည်ပြီးသည်နှင့် မိမိကိုယ်ကို ကန့်သတ်၊ ချုပ်တည်းရမည်၊ အခြားလူများ၏ အမြင်တွင် လူကောင်းဖြစ်ရမည်၊ ကောင်းစွာ ပြုမူနေထိုင်ရမည်ဟု ၎င်းတို့က ထင်ကြသည်။ ဤသို့လုပ်ဆောင်ရာတွင် ၎င်းတို့သည် အဖိုးအခပေးဆပ်နေခြင်း ဖြစ်သည်၊ ဘုရားသခင်ကျေနပ်အောင် လုပ်နေခြင်း ဖြစ်သည်၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ထင်ကြသည်။ လူအချို့သည် ရံဖန်ရံခါ လှပစွာ ဝတ်စားပြီး ဈေးဝယ်ထွက်ကြသည်။ ပြီးလျှင် ထိုသို့လုပ်ဆောင်ခြင်းကြောင့် အပြစ်ရှိသကဲ့သို့ ခံစားကြသည်။ ၎င်းတို့က ယခုတွင် ဘုရားသခင်ကို ယုံကြည်သောကြောင့် မိတ်ကပ်လိမ်း၍ မရ၊ လှပစွာ ဝတ်စား၍မရ၊ ဝတ်ကောင်းစားလှများကို ဝတ်စား၍မရဟု ထင်ကြသည်။ ၎င်းတို့ မိတ်ကပ်လိမ်းလျှင်၊ လှပစွာ ဝတ်စားလျှင်၊ ဝတ်ကောင်းစားလှများကို ဝတ်လျှင် ဘုရားသခင်က ရွံ့မုန်းပြီး နှစ်သက်မည်မဟုတ်ဟု ယုံကြည်ကြသည်။ ဘုရားသခင်က ရှေးဦး လူသားမျိုးနွယ်ကို နှစ်သက်သည်၊ စက်မှုလုပ်ငန်း၊ သို့မဟုတ် ခေတ်သစ်သိပ္ပံ၊ သို့မဟုတ် ရေပန်းစားသော အရာမှန်သမျှကို ဘုရားသခင်က နှစ်သက်ခြင်းမရှိဟု ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့သည် ဤအရာများအား လိုက်စားခြင်းကို လက်လွှတ်မှသာ သမ္မာတရားအား လိုက်စားခြင်းဖြစ်သည်ဟု ထင်ကြသည်။ ဤသည်မှာ ပုံမှန်မဟုတ်သော သဘောပေါက်နားလည်မှု မဟုတ်သလော။ (ဟုတ်ပါသည်။) ဤလူတို့သည် ဘုရားနှုတ်ကပတ်တော်များကို ဂရုတစိုက် ဖတ်ပြီးပြီလော။ ဘုရားနှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် ယူပြီးပြီလော။ (မဟုတ်ပါ။) ဘုရားနှုတ်ကပတ်တော်ကို သမ္မာတရားအဖြစ် မယူရသေးသောကြောင့် ၎င်းတို့သည် သမ္မာတရားကို လိုက်စားနေခြင်းဖြစ်သလော။ (မဖြစ်ပါ။) ဤအတွက်ကြောင့် ဤချဉ်းကပ်မှုများနှင့် သရုပ်သကန်များသည် လူတို့အနေနှင့် ၎င်းတို့၏ အယူအဆများတွင် မှန်သည်၊ ကောင်းသည်ဟု မှတ်ယူသောအရာများကို သမ္မာတရားအဖြစ် တလွဲထင်နေခြင်း၊ သမ္မာတရားအား အစားထိုးရန် ထိုအရာများကို အသုံးပြုနေခြင်းဖြစ်သည်။ ၎င်းတို့သည် အကောင်းမြင်စွာဖြင့် ဤအရာများကို လက်တွေ့လုပ်ဆောင်ကြသည်။ ထို့နောက်တွင် ၎င်းတို့သည် သမ္မာတရားအား လိုက်စားနေသည်၊ သမ္မာတရားစစ်မှန်မှုကို ပိုင်ဆိုင်သောသူများ ဖြစ်သည်ဟု ထင်ကြသည်။ ဥပမာ ဘုရားသခင်အား ယုံကြည်ပြီးကတည်းက တီဗီရှိုးကို မကြည့်သော၊ သို့မဟုတ် သတင်းကို မကြည့်သော၊ သို့မဟုတ် ဈေးဝယ်ပင် မထွက်သောသူများ ရှိကြသည်။ ၎င်းတို့သည် ဧဝံဂေလိဖြန့်ဝေပြီး တာဝန်များကို ထမ်းဆောင်နေသောကြောင့် ကောက်ရိုးပုံများတွင် ညများစွာ အိပ်စက်ခဲ့ရပြီး ခွေးလှောင်အိမ်များဘေးတွင် ရက်များစွာ နေခဲ့ရသည်။ ၎င်းတို့သည် အေးစက်သော အစားအစာကို စားရခြင်းကြောင့် အစာအိမ်နာခြင်းများစွာ ဖြစ်ခဲ့သည်။ အိပ်ရေးမဝခြင်းနှင့် မစို့မပို့သာ စားရခြင်းကြောင့် ပေါင်ချိန်များစွာ ကျသွားပြီး များစွာ ဒုက္ခခံရသည်။ ဤအရာများကို ၎င်းတို့ ကောင်းစွာသိသည်။ တစ်ခုချင်း စာရင်းမှတ်ထားသည်။ ၎င်းတို့သည် အဘယ်ကြောင့် ဤအရာများကို ဤသို့ ရှင်းလင်းစွာ မှတ်သားထားရသနည်း။ အကြောင်းမှာ ဤအပြုအမူများနှင့် နည်းလမ်းများသည် သမ္မာတရားအား လိုက်စားခြင်းဖြစ်သည်၊ ဘုရားသခင်ကို ကျေနပ်စေခြင်းဖြစ်သည်၊ ဤကောင်းသော အပြုအမူအားလုံးကို စွမ်းဆောင်ရရှိလျှင် ဘုရားသခင်က ၎င်းတို့ကို လက်ခံလိမ့်မည်ဟု ၎င်းတို့က ယုံကြည်ကြ၍ ဖြစ်သည်။ ထို့ကြောင့် လူတို့သည် စောဒကမတက်ဘဲ ဤအရာများကို တွန့်ဆုတ်ခြင်းမရှိဘဲ လက်တွေ့လုပ်ဆောင်ကြသည်။ ၎င်းတို့သည် ဤအရာများအကြောင်း ပြောရခြင်း၊ ဤအရာများကို ထပ်မံလုပ်ဆောင်ခြင်း၊ ပြန်လည်အမှတ်ရခြင်းတို့ကို လုံးဝ မမောပန်းပေ။ ၎င်းတို့၏ စိတ်နှလုံးများက အလွန်ကျေနပ်ကြသည်။ သို့တိုင်အောင် ၎င်းတို့သည် ဘုရားသခင်၏ စမ်းသပ်မှုများနှင့် ကြုံရသောအခါ၊ ဘုရားသခင်စီစဉ်သော အခြေအနေသည် ၎င်းတို့ဆန္ဒရှိသည့်အတိုင်း မဖြစ်သောအခါ၊ ၎င်းတို့အပေါ် ဘုရားသခင် တောင်းဆိုသောအရာနှင့် ဘုရားသခင်၏ လုပ်ရပ်များက ၎င်းတို့၏ အယူအဆများနှင့် မညီသောအခါ ဤလူများက မှန်ကန်သည်ဟု မှတ်ယူသောအရာများအပြင် ၎င်းတို့ ပေးဆပ်သော အဖိုးအခများနှင့် ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုများသည် လုံးဝ အသုံးမဝင်ဖြစ်လိမ့်မည်။ ထိုအရာများသည် ၎င်းတို့ရင်ဆိုင်ရသော အခြေအနေများအတွင်းတွင် ဘုရားသခင်အား နာခံရန်၊ သို့မဟုတ် ဘုရားသခင်အား သိမြင်ရန်အတွက် ၎င်းတို့ကို အနည်းငယ်မျှပင် ကူညီပေးလိမ့်မည် မဟုတ်ပေ။ ထိုသို့ဖြစ်မည့်အစား ဘုရားနှုတ်ကပတ်တော်များ၏ စစ်မှန်မှုအတွင်းသို့ ၎င်းတို့ဝင်ရောက်ရာ၌၊ ဘုရားသခင်အား ၎င်းတို့နာခံရာ၌ ထိုအရာများသည် ၎င်းတို့အတွက် ခလုတ်တံသင်းများ၊ အတားအဆီးများ ဖြစ်လာလိမ့်မည်။ ဤအရာ၏ အကြောင်းရင်းမှာ လူတို့သည် ၎င်းတို့က မှန်ကန်သည်ဟု ယုံကြည်သောအရာများမှာ အခြေခံအားဖြင့် သမ္မာတရားမဟုတ်၊ ၎င်းတို့ လက်တွေ့လုပ်ဆောင်သည့်အရာသည် သမ္မာတရားအား လိုက်စားခြင်းမဟုတ်ဆိုသည်ကို လုံးဝ မသိရှိသောကြောင့်ဖြစ်သည်။ ဤသို့ဆိုလျှင် လူတို့သည် ဤအရာများမှ မည်သည့်အရာကို ရရှိဖို့ အလားအလာရှိသနည်း။ ကောင်းသော အပြုအမူ အမျိုးအစား တစ်ခုခုမျှသာဖြစ်သည်။ လူတို့သည် ဤအရာတို့မှ သမ္မာတရားနှင့် အသက်ကို ရရှိမည်မဟုတ်ပေ။ သို့တိုင်အောင် ဤကောင်းသော အပြုအမူများသည် သမ္မာတရားစစ်မှန်မှုဖြစ်သည်ဟု မှားယွင်းစွာ ယုံကြည်ကြသည်။ ၎င်းတို့၏ အယူအဆများတွင် မှန်ကန်သည်ဟု မှတ်ယူထားသော ဤအရာများသည် သမ္မာတရားဖြစ်သည်၊ အပြုသဘောဆောင်သော အရာများဖြစ်သည်ဟူသော ၎င်းတို့၏ သတ်မှတ်ချက်က ပို၍ပင် ပြတ်သားလာပြီး အကျိုးဆက်အနေဖြင့် ထိုသတ်မှတ်ချက်သည် ၎င်းတို့၏ စိတ်နှလုံးတွင် အမြစ်တွယ်လာသည်။ လူတို့သည် ၎င်းတို့၏ အယူအဆများတွင် မှန်ကန်သည်ဟု မှတ်ယူထားသော ဤအရာများကို ကိုးကွယ်ပြီး မစဉ်းမစား ယုံကြည်လေလေ၊ သမ္မာတရားကို ငြင်းပယ်လေလေဖြစ်ပြီး ဘုရားသခင်၏ တောင်းဆိုချက်များ၊ ဘုရားနှုတ်ကပတ်တော်များနှင့် အလှမ်းဝေးလေလေဖြစ်သည်။ တစ်ချိန်တည်းတွင် လူတို့သည် အဖိုးအခပေးဆပ်လေလေ၊ ၎င်းတို့အရင်းအနှီး ရရှိနေသည်ဟု ထင်လေလေဖြစ်ပြီး ၎င်းတို့သည် ကယ်တင်ခြင်းခံရရန်၊ ဘုရားသခင်၏ ကတိတော်ကို ရရှိရန် အရည်အချင်းပြည့်မီသည်ဟု ယုံကြည်ကြလေလေဖြစ်သည်။ ဤသည်မှာ ရုန်းမထွက်နိုင်သည့် သံသရာဝဲဂယက်တစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ဤပြဿနာ၏ အရင်းအမြစ်မှာ အဘယ်နည်း။ အဓိက တရားခံမှာ အဘယ်နည်း။ (လူတို့က ၎င်းတို့၏ အယူအဆများကို အပြုသဘောဆောင်သော အရာများအဖြစ် တလွဲထင်ပြီး ဘုရားနှုတ်ကပတ်တော်များအား ထိုအယူအဆများဖြင့် အစားထိုးခြင်း ဖြစ်ပါသည်။) လူတို့သည် ဘုရားနှုတ်ကပတ်တော်များအား ၎င်းတို့၏ ကိုယ်ပိုင် အယူအဆများဖြင့် အစားထိုးသည်။ ဘုရားနှုတ်ကပတ်တော်များကို ဘေးဖယ်ထားသည်။ အခြေခံအားဖြင့် ဘုရားနှုတ်ကပတ်တော်များကို လျစ်လျူရှုကြသည်။ တစ်နည်းအားဖြင့် ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် လုံးဝ မမှတ်ယူကြပေ။ လူတို့သည် ဘုရားသခင်အား ယုံကြည်ပြီးနောက်တွင် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ကောင်း ဖတ်နိုင်သော်လည်း ၎င်းတို့ လိုက်စားသည့်၊ ရွေးချယ်သည့်၊ လက်တွေ့လုပ်ဆောင်သည့် အရာသည် လူ၏ အယူအဆများနှင့် စိတ်ကူးများကို အခြေခံနေဆဲဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ တောင်းဆိုချက်များနှင့်အညီ ဘုရားသခင်အား ယုံကြည်ခြင်းလမ်းကြောင်းပေါ်တွင် စတင်လျှောက်လှမ်းခြင်းမရှိဟု ဆိုလျှင် မမှားပေ။ လူတို့က ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးများကို အခြေခံပြီး ဘုရားသခင်အား ယုံကြည်ကြသည့် ပြဿနာသည် မည်သည့်နေရာမှ အတိအကျ အရင်းခံလာသနည်း။ လူ၏ အယူအဆများနှင့် စိတ်ကူးများသည် မည်သည့်နေရာမှ ဖြစ်ပေါ်လာသနည်း။ မည်သည့်နေရာမှ လာသနည်း။ ထိုအရာများသည် အရင်းခံအားဖြင့် ရိုးရာယဉ်ကျေးမှုမှ လာသည်၊ လူ၏ အမွေဆက်ခံခြင်းများမှ လာသည်၊ ထို့အပြင် ဘာသာရေးလောက၏ ပုံစံသွင်းမှုနှင့် လွှမ်းမိုးမှုမှလာသည်ဟု ဆိုနိုင်သည်။ လူ၏ အယူအဆများနှင့် စိတ်ကူးများသည် ဤအရာများနှင့် တိုက်ရိုက် ဆက်နွှယ်နေသည်။

လူတို့သည် ၎င်းတို့၏ အတွေးအမြင်များတွင် အခြားမည်သည့်အရာများကို ကောင်းသည်၊ မှန်သည်၊ အပြုသဘောဆောင်သည်ဟု ယုံကြည်ကြသနည်း။ အချို့သော အရာများကို ဥပမာအနေဖြင့် အမည်တပ်ပြောဆိုကြည့်ပါ။ “ကောင်းသောသူများ၌ ငြိမ်းချမ်းသည့် ဘဝရှိသည်”၊ “မာယာကင်းသော လူများ အမြဲ အောင်မြင်သည်” ဟူ၍ လူတို့က မကြာခဏ ပြောဆိုကြသည်။ ဤသည်တို့မှာ အချို့သောအရာများ ဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) ပြီးလျှင် “ကောင်းသောအရာကို ကောင်းသောအရာဖြင့်လည်းကောင်း၊ မကောင်းမှုကို မကောင်းမှုအားဖြင့်လည်းကောင်း ပြန်လည်ဆပ်ပေးခံရသည်။ ယနေ့ အဆပ်မခံရလျှင် တစ်နေ့နေ့ အဆပ်ခံရမည်ပင်”၊ “မကောင်းမှုကို ဆက်တိုက် လုပ်ဆောင်ခြင်းသည် မိမိကိုယ်ကို ပျက်စီးရာပျက်စီးကြောင်း ဖြစ်စေသည်”၊ “ဘုရားသည် သူဖျက်ဆီးမည့်သူကို ရှေးဦးစွာ ရူးသွပ်စေသည်”၊ “အသာစံဖို့အတွက် အနာခံရမည်”၊ “အလိမ္မာ စာမှာရှိသည်” စသည်တို့လည်းရှိသည်။ ဤပေါက်ကရ အားလုံးတို့သည် ရွံရှာဖွယ်ရာဖြစ်သည်။ ဤသို့သော စကားများကို ငါ ကြားသောအခါ ချက်ချင်း အမျက်ဒေါသထွက်သည်။ သို့တိုင်အောင် လူတို့သည် ဤအရာများကို အလွန်လွယ်ကူစွာ ပြောဆိုကြ၏။ ၎င်းတို့သည် ဤစကားများကို အဘယ်ကြောင့် အလွန် လွယ်ကူစွာ ပြောဆိုနိုင်သနည်း။ ငါမူကား ပြောနိုင်သည့် ပုံစံမရှိသည်မှာ အဘယ်ကြောင့်နည်း။ ဤစကားများ၊ ဤဆိုရိုးစကားများကို ငါ မနှစ်သက်ပေ။ သင်တို့ထံ၌ ထိုအရာများက အဆင်သင့်ရှိနေသည့်အချက်၊ သင်တို့၏ လျှာမှ ထိုအရာများ ချက်ချင်းထွက်လာသည့်အချက်နှင့် ထိုအရာများကို သင်တို့ အလွန်ချောမွေ့စွာ ဖတ်ရွတ်သည့်ပုံစံတို့က သင်တို့သည် ဤအရာများကို အထူးပင် မြတ်နိုးပြီး ကိုးကွယ်ကြောင်း သက်သေပြသည်။ သင်တို့သည် ဤအနှစ်မရှိသော၊ မရေရာသော၊ အစစ်အမှန်မဟုတ်သော အရာများကို ကိုးကွယ်ပြီး တစ်ချိန်တည်းတွင် ထိုအရာများကို သင်တို့၏ ဆောင်ပုဒ်များအဖြစ်၊ သင်တို့၏ လုပ်ရပ်များအတွက် စည်းမျဉ်းများအဖြစ်၊ စံသတ်မှတ်ချက်နှင့် အခြေပြုချက်အဖြစ် ယူကြသည်။ ထို့နောက်တွင် ဤအရာများကို ဘုရားသခင်ကလည်း ယုံကြည်သည်၊ သူ၏ နှုတ်ကပတ်တော်များသည် ဤတူညီသော အယူအဆများအပေါ် မတူညီသော ချဉ်းကပ်မှုပင်ဖြစ်သည်၊ ဤအရာများသည် ဘုရားနှုတ်ကပတ်တော်များ၏ အကြမ်းဖျင်း အဓိပ္ပာယ်ဖြစ်သည်၊ လူတို့ကို လူကောင်းပီသအောင် နေရန် နှိုးဆော်ခြင်းဖြစ်သည်ဟုပင် သင်တို့ ထင်မြင်ကြသည်။ ဤအမြင်မှာ မှန်ကန်သလော။ ဤအရာများသည် ဘုရားနှုတ်ကပတ်တော်များနှင့် ဘုရားသခင် ဖော်ပြသည့် သမ္မာတရားများ၏ အဓိပ္ပာယ်ဖြစ်သလော။ လုံးဝမဟုတ်ပေ။ ဘုရားသခင် ဆိုလိုသည့်အရာသည် ဤအရာများနှင့် လုံးဝ မသက်ဆိုင်ပေ။ ထို့ကြောင့် သမ္မာတရားအပေါ် လူတို့၏ သဘောထားကို နောက်ပြန်လှည့်ရမည်။ ပြီးလျှင် သမ္မာတရားအပေါ် ၎င်းတို့၏ အသိအမှတ်ပြုပုံကို ပြုပြင်ဖို့ လိုသည်။ သမ္မာတရားကို ပုံဖော်နေရာချရာ၌ ၎င်းတို့သုံးသည့် စံနှုန်းကို ပြုပြင်ပြီး နောက်ပြန်လှည့်ဖို့ လိုအပ်သည်ဟု ဆိုလိုသည်။ ဤသို့မဟုတ်လျှင် ၎င်းတို့အတွက် သမ္မာတရားကို လက်ခံရန် ခက်ခဲလိမ့်မည်။ သမ္မာတရားအား လိုက်စားခြင်း လမ်းကြောင်းပေါ်တွင် စတင်လျှောက်လှမ်းရန် နည်းလမ်းရှိမည် မဟုတ်ပေ။ သမ္မာတရားဆိုသည်မှာ အဘယ်နည်း။ ခြုံငုံ၍ ပြောရလျှင် ဘုရားနှုတ်ကပတ်တော်အားလုံးသည် သမ္မာတရားဖြစ်သည်။ ဤသို့ဆိုလျှင် ပို၍ အသေးစိတ်ကျစွာ ဆိုရပါက သမ္မာတရားဆိုသည်မှာ အဘယ်နည်း။ သင်တို့အား ယခင်က ငါပြောခဲ့သည်ပင်။ မည်သည့်အရာကို ငါပြောခဲ့သနည်း။ (“သမ္မာတရားသည် လူ၏ကျင့်ကြံပြုမူခြင်း၊ လုပ်ရပ်များ၊ ဘုရားသခင်ကို ကိုးကွယ်ခြင်းတို့အတွက် စံသတ်မှတ်ချက်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈ (အပိုင်း ၃))) မှန်သည်။ သမ္မာတရားသည် လူ၏ကျင့်ကြံပြုမူခြင်း၊ လုပ်ရပ်များ၊ ဘုရားသခင်ကို ကိုးကွယ်ခြင်းတို့အတွက် စံသတ်မှတ်ချက်ဖြစ်သည်။ ဤသို့ဆိုလျှင် သမ္မာတရားသည် လူတို့၏ အယူအဆများတွင် မှန်သည်၊ ကောင်းသည်ဟု လူတို့ယုံကြည်သော အရာများနှင့် သက်ဆိုင်မှုတစ်စုံတစ်ရာ ရှိသလော။ (မရှိပါ။) ထိုလူ့အရာများသည် မည်သည့်နေရာမှ လာသနည်း။ (စာတန်၏ ရှင်သန်ရေး အတွေးအခေါ်နှင့် ရိုးရာယဉ်ကျေးမှုက လူ့အတွင်းသို့ သွတ်သွင်းခဲ့သော အတွေးအချို့မှ လာပါသည်။) မှန်သည်။ အတိအကျဆိုရလျှင် ဤအရာများသည် စာတန်ထံမှ အရင်းခံသည်။ လူသားအတွင်းသို့ ဤအရာများကို သွတ်သွင်းပေးသော ထင်ပေါ်ကျော်ကြားသည့် လူများမှာ မည်သူတို့ဖြစ်သနည်း။ ၎င်းတို့သည် စာတန်ပင်ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်တို့၏ ထိုခေါင်းဆောင်များ အားလုံးသည် စာတန်ဖြစ်သည်။ ၎င်းတို့သည် ရှင်သန်နေသော၊ အသက်ရှူနေသော စာတန်ပင် ဖြစ်သည်။ တရုတ်လူမျိုးတို့က ထောက်ခံအားပေးသော ဤဆိုရိုးစကားများကိုသာ ကြည့်လော့။ “အဝေးမှ မိတ်ဆွေတစ်ယောက် လာသောအခါ အလွန်ဝမ်းမြောက်ဖွယ်ဖြစ်သည်”၊ “ရောက်နေပြီဖြစ်ရကား နေသွားလိုက်သည်က ကောင်းမည်”၊ “သင်၏မိဘများ အသက်ရှင်နေစဉ် အဝေးသို့ ခရီးမသွားနှင့်”၊ “သားသမီးဝတ်သည် အရာအားလုံးထက် ပိုပြီး ထိန်းသိမ်းရမည့် သူတော်ကောင်းတရား ဖြစ်၏”၊ “သားသမီးဝတ်မကျေခြင်း သုံးမျိုးတွင် အမွေဆက်ခံသူ မရှိခြင်းသည် အဆိုးဆုံးဖြစ်သည်”၊ “အသက်ရှင်သူများ၏အမြင်တွင် ကွယ်လွန်ပြီးသူများသည် ကြီးမြတ်ကြ၏။”၊ “လူတစ်ယောက် သေခါနီးဖြစ်သောအချိန်၌ သူ၏ စကားများသည် မှန်ပြီး ကြင်နာမှုရှိသည်”။ ဤစကားများကို အသေအချာ စိစစ်လော့။ ၎င်းတို့ထဲမှ တစ်ခုတလေက သမ္မာတရားဟုတ်သလော။ (မဟုတ်ပါ။) ဤအရာအားလုံးသည် ပေါက်ကရများ၊ အတွေးမှားများဖြစ်သည်။ ငါ့ကို ပြောလော့။ လူတို့သည် ဘုရားသခင်၏ အမှုတော်ကို လက်ခံပြီးနောက်တွင် ဤအတွေးမှားများနှင့် ပေါက်ကရများကို သမ္မာတရားအဖြစ် တလွဲထင်ကြသည်မှာ မည်မျှမိုက်မဲသနည်း။ ဤလူတို့သည် သမ္မာတရားအား နားလည်သဘောပေါက်နိုင်စွမ်း ရှိသလော။ (မရှိပါ။) ဤသို့သော လူတို့သည် အဓိပ္ပာယ်မရှိသော လူစားများဖြစ်ပြီး သမ္မာတရားအား နားလည်သဘောပေါက်နိုင်စွမ်း လုံးဝ မရှိပေ။ သင်တို့ကမူ ဘုရားနှုတ်ကပတ်တော်များစွာကို ဖတ်ပြီးနောက်တွင် သမ္မာတရား၏ အသိပညာအနည်းငယ်ကို မပိုင်ဆိုင်သလော။ (ပိုင်ဆိုင်ပါသည်။) သမ္မာတရားသည် အဘယ်ကလာသနည်း။ (ဘုရားသခင်ထံမှ လာပါသည်။) သမ္မာတရားသည် ဘုရားသခင်ထံမှ လာ၏။ ဘုရားသခင်က မပြောထားသည့် မည်သည့်စကားကိုမျှ မယုံကြည်နှင့်။ ထိုဆိုးယုတ်သော ရှင်သန်ရေး အတွေးအခေါ်များနှင့် ရိုးရာယဉ်ကျေးမှုမှလာသော ထိုအယူအဆများသည် သမ္မာတရားမဟုတ်ပေ။ လူတစ်ယောက်သည် ထိုအရာများနှင့်အညီဖြစ်စေ၊ ထိုသို့သောအရာများကို မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိ၍ဖြစ်စေ လူများ၊ အမှုအရာများကို မရှုမြင်ရ၊ သို့မဟုတ် ကျင့်ကြံပြုမူပြီး လုပ်ဆောင်ခြင်း မပြုရ။ အဘယ်ကြောင့်ဆိုသော် ထိုအရာများသည် ဘုရားသခင်ထံမှ မလာသောကြောင့်ဖြစ်သည်။ တစ်စုံတစ်ခုသည် ရိုးရာယဉ်ကျေးမှုမှ လာသည်ဖြစ်စေ၊ ကျော်ကြားသောသူ တစ်ယောက်ယောက်ထံမှ လာသည်ဖြစ်စေ၊ သင်ယူခြင်းမှ၊ သို့မဟုတ် လူ့အဖွဲ့အစည်းမှ ထွက်ပေါ်လာသောအရာဖြစ်စေ၊ မည်သည့်မင်းဆက်၊ သို့မဟုတ် လူမျိုးထံမှ ဆင်းသက်လာသည်ဖြစ်စေ လူထံမှ လာသောအရာ ဖြစ်နေသရွေ့ သမ္မာတရား မဟုတ်။ သို့တိုင်အောင် ဤအရာတို့သည် လူတို့က သမ္မာတရားအဖြစ် မှတ်ယူသော၊ သမ္မာတရားအစား လိုက်စားပြီး လက်တွေ့လုပ်ဆောင်သော အရာများ အတိအကျပင် ဖြစ်နေသည်။ ဤအချိန်တစ်လျှောက်လုံးတွင် ၎င်းတို့သည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်နေသည်၊ ဘုရားအလိုတော်ကို ဖြည့်ဆည်းဖို့ နီးစပ်နေသည်ဟု ထင်ကြသည်။ အမှန်တကယ်တွင်မူ အတိအကျပင် ဆန့်ကျင်ဘက်ဖြစ်နေ၏။ သင်သည် ဤအရာများကို အခြေခံပြီး လိုက်စားကာ လက်တွေ့လုပ်ဆောင်သောအခါ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ပို၍ပို၍ ဝေးကွာသွားပြီး သမ္မာတရားနှင့် ပို၍ပို၍ ဝေးကွာသွားသည်။

လူက ကောင်းသည်၊ အပြုသဘောဆောင်သည်ဟု မြင်သောအရာများကို သမ္မာတရားအဖြစ် လူတို့တလွဲထင်ခြင်းနှင့် ထိုအရာများကို သမ္မာတရားကဲ့သို့ လိုက်စားခြင်းသည် ပင်ကိုအားဖြင့် အဓိပ္ပာယ်မရှိပေ။ ဘုရားသခင်၏ အမှုတော်ကို လက်ခံထားပြီး ဘုရားနှုတ်ကပတ်တော်များစွာကို ဖတ်ရှုထားသောသူများသည် အဘယ်သို့လျှင် လူက ကောင်းသည်ဟု မြင်သောအရာများကို သမ္မာတရားအဖြစ် တလွဲထင်မြဲ ထင်နေပြီး သမ္မာတရားကဲ့သို့ လိုက်စားမြဲ လိုက်စားနေရသနည်း။ ဤတွင် ပြဿနာက အဘယ်နည်း။ ဤသည်မှာ ထိုလူများသည် သမ္မာတရားက မည်သည့်အရာဖြစ်သည်ကို နားမလည်ကြောင်း၊ သမ္မာတရားကို အမှန်တကယ် သိမြင်မှုမရှိကြောင်း ပြရန် လုံလောက်သည်။ ဤသည်မှာ “ဤအရာများသည် သမ္မာတရားမဟုတ်သည်ကို ကြည့်လျှင် လူတို့သည် ဤအရာများကို ဆက်လက်၍ လက်တွေ့လုပ်ဆောင်နေသော်လည်း သမ္မာတရားအား ၎င်းတို့ လက်တွေ့လုပ်ဆောင်နေသည်ဟု အဘယ်သို့ ထင်မြင်နိုင်ရသနည်း” ဟူ၍ ငါယခုမေးခဲ့သည့် မေးခွန်းတွင်ရှိသော အချက်တစ်ချက်ဖြစ်သည်။ အခြားအချက်ကို ငါပြောမည်။ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် သက်ဆိုင်သော အချက်ဖြစ်သည်။ မိမိတို့၏ အယူအဆများတွင် မှန်သည်၊ ကောင်းသည်၊ အပြုသဘောဆောင်သည်ဟု မှတ်ယူသော အရာများမှာ သမ္မာတရားဖြစ်သည်ဟု လူတို့က ယုံကြည်ကြပြီး ဤအခြေခံအုတ်မြစ်ပေါ်တွင် အကွက်ချကြံစည်ကြသည်။ ဘုရားသခင်ကျေနပ်အောင် ၎င်းတို့လုပ်ပြီး၍ ဘုရားသခင်က ပျော်ရွှင်သောအခါ လူအပေါ် ဘုရားကတိပြုထားသော ကောင်းချီးများကို ဘုရားက ၎င်းတို့အား ချပေးလိမ့်မည်ဟုလည်း ယုံကြည်ကြသည်။ ဤအကွက်ချကြံစည်မှုမှာ ဘုရားသခင်နှင့် အပေးအယူပြုလုပ်ရန် ကြိုးစားခြင်းဖြစ်သည် မဟုတ်သလော။ (ဟုတ်ပါသည်။) တစ်ဖက်တွင် လူတို့သည် မမှန်ကန်သော၊ အဓိပ္ပာယ်မရှိသော နားလည်မှုကို သိုထားလျက် ဤအရာများကို ကိုင်စွဲပြီး လိုက်စားကြသည်။ တစ်ချိန်တည်းတွင် ၎င်းတို့၏ ကိုယ်ပိုင်လိုအင်ဆန္ဒများ၊ ရည်မှန်းချက်များနှင့်အတူ ဘုရားသခင်နှင့် အပေးအယူလုပ်ရန်လည်း ကြိုးစားကြသည်။ ဤသည်မှာ အခြားအချက်တစ်ခုဖြစ်သည် မဟုတ်သလော။ (ဟုတ်ပါသည်။) ယခင်က ဤအချက်အကြောင်းကို ငါတို့ ကြိမ်ဖန်များစွာ မိတ်သဟာယပြုပြီးဖြစ်သည်။ ထို့ကြောင့် ယခုတွင် ဤအရာကို အသေးစိတ်ပြောမည်မဟုတ်။ ဤသို့ဆိုလျှင် ငါ သင်တို့ကို မေးမည်။ ဘုရားသခင်အား ယုံကြည်သောသူတစ်ယောက်သည် စွန့်လွှတ်သောအခါ၊ ဒုက္ခခံသောအခါ၊ မိမိကိုယ်ကို အသုံးခံပြီး ဘုရားသခင်အတွက် အဖိုးအခပေးဆပ်သောအခါ ဤသို့ သူလုပ်ဆောင်ရာတွင် ရည်ရွယ်ချက်နှင့် ပန်းတိုင်တစ်ခု မရှိသလော။ (ရှိပါသည်။) “ကျွန်ုပ် ဘာကိုမျှ မလိုချင်ပါ။ ဘာကိုမျှလည်း မတောင်းဆိုပါ။ အခြေအနေများက မည်သို့ပင် ဖြစ်နေပါစေ စွန့်လွှတ်ပြီး ကိုယ့်ကိုယ်ကိုယ် အသုံးခံပါမည်။ အဖိုးအခပေးဆပ်ပါမည်။ ဤအရာသာ ရှိပါ၏။ ကိုယ်ပိုင်ဆန္ဒများ၊ ရည်မှန်းချက်များ တစ်ခုမျှ မရှိပါ။ ဘုရားက ကျွန်ုပ်ကို မည်သို့ဆက်ဆံပါစေ ကိစ္စမရှိပါ။ ဘုရားက ကျွန်ုပ်ကို ဆုချီးမြှင့်ကောင်း ချီးမြှင့်နိုင်သည်။ မချီးမြှင့်ဘဲလည်း နေနိုင်သည်။ မည်သို့ပင် ဖြစ်ပါစေ ကျွန်ုပ်သည် ဘုရား၏ သတ်မှတ်ချက်များနှင့်အညီ လုပ်ဆောင်ခဲ့ပါသည်။ ကျွန်ုပ်ကိုယ်ကျွန်ုပ် ပေးဆပ်ခဲ့ပါသည်။ အားလုံးကို စွန့်လွှတ်ခဲ့ပါသည်။ အဖိုးအခပေးဆပ်ပြီး ဒုက္ခခံခဲ့ပါသည်” ဟု ပြောသောသူ တစ်ယောက်ယောက်ရှိသလော။ ဤသို့သောသူများ ရှိသလော။ (မရှိပါ။) ယခုအထိ ဤသို့သောသူမျိုး မမွေးသေးပေ။ အချို့က “ဤသို့သော လူမျိုးသည် လက်တွေ့ဘဝနှင့် ကင်းကွာနေမှ ရမည်” ဟု ဆိုနိုင်သည်။ လူတစ်ယောက်သည် လက်တွေ့ဘဝနှင့် ကင်းကွာနေလျှင်ပင် ဤသို့ဖြစ်မည်မဟုတ်။ သူ၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအပြင် ရည်မှန်းချက်များနှင့် ဆန္ဒများရှိနေဆဲ ဖြစ်လိမ့်မည်။ ဘုရားသခင်နှင့် အပေးအယူလုပ်ရန် ကြိုးစားဆဲ ဖြစ်လိမ့်မည်။ ထို့ကြောင့် ဤမေးခွန်းတွင်ရှိသော ဒုတိယအချက်မှာ လူတို့သည် ၎င်းတို့၏ အယူအဆများတွင် မှန်သည်ဟု ယုံကြည်သော အရာများကို သမ္မာတရားအဖြစ် မှတ်ယူလိုက်သည်နှင့် အကွက်ချ ကြံစည်ကြခြင်းပင် ဖြစ်သည်။ ထိုအကွက်ချကြံစည်မှုမှာ အဘယ်နည်း။ လူအတွက် ဘုရားသခင်ကတိပြုထားသော ကောင်းချီးများနှင့်၊ လှပသော ခရီးပန်းတိုင်နှင့် လဲလှယ်ရန်အတွက် ဤအရာများကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်။ တစ်စုံတစ်ခုအား လူက အပြုသဘောဆောင်သည်ဟု မှတ်ယူသရွေ့ ယင်းသည် မှန်ကန်ရမည်ဟု ၎င်းတို့က ယုံကြည်၏။ ထို့ကြောင့် ၎င်းတို့သည် မှန်ကန်သည်ဟု ၎င်းတို့ယုံကြည်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ပြီး လိုက်စားကြသည်။ ပြီးလျှင် ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် ၎င်းတို့သည် ဘုရားသခင်၏ ကောင်းချီးပေးခြင်းကို သေချာပေါက်ခံရမည်ဟု ထင်ကြသည်။ ဤသည်မှာ လူ၏ အကွက်ချကြံစည်မှုဖြစ်သည်။ ဤဒုတိယအချက်သည် လူတို့က ၎င်းတို့၏ ကိုယ်ပိုင်ရည်မှန်းချက်များ၊ ဆန္ဒများကို ဖြည့်ဆည်းဖို့ ကြိုးစားခြင်း၊ ဘုရားသခင်နှင့် အပေးအယူလုပ်ဖို့ ကြိုးစားခြင်းတို့နှင့်သာ လုံးလုံး သက်ဆိုင်သည်။ ဤအရာကို သင်မယုံကြည်လျှင် လူတို့အပေးအယူလုပ်ခြင်းကို တားမြစ်ဖို့ ကြိုးစားကြည့်လော့။ ၎င်းတို့၏ ဆန္ဒများနှင့် ရည်မှန်းချက်များကို ဖယ်ရှားကြည့်လော့။ ၎င်းတို့၏ ဆန္ဒများ၊ ရည်မှန်းချက်များကို လွှတ်ချခိုင်းကြည့်လော့။ ၎င်းတို့သည် ဒုက္ခခံပြီး အဖိုးအခပေးဆပ်ရန် အားအင်များ ရုတ်တရက် ဆုံးရှုံးသွားလိမ့်မည်။ အဘယ်ကြောင့် ၎င်းတို့သည် ဤအရာများ လုပ်ဆောင်ရန် အားအင်ကို ဆုံးရှုံးမည်နည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ၎င်းတို့၏ တက်လမ်းများနှင့် ကံကြမ္မာကို ဆုံးရှုံးသွားပြီဖြစ်ကြောင်း၊ ကောင်းချီးခံစားရရန် မျှော်လင့်ချက်တစ်ခုမျှ မရှိတော့ကြောင်း၊ ရရှိစရာ တစ်ခုမျှမရှိကြောင်း ခံစားရမည်ဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့ လက်တွေ့လုပ်ဆောင်သော အရာသည် သမ္မာတရားမဟုတ်။ ၎င်းတို့ လိုက်စားသော အရာသည်လည်း သမ္မာတရားမဟုတ်။ အပြုသဘောဆောင်သည်ဟု ၎င်းတို့စိတ်ကူးထင်မြင်သော အရာများသာ ဖြစ်သည်။ သို့သော် ၎င်းတို့၏ ဆန္ဒများနှင့် ရည်မှန်းချက်များ ပျက်စီးသွားသောအခါ ထိုအရာများအတွက်ပင် ပေးဆပ်လိုစိတ် ၎င်းတို့၌ မရှိတော့ပေ။ ငါ့ကို ပြောလော့။ လူတို့တွင် မည်သည့်အရာ ရှိသနည်း။ စစ်မှန်သော ယုံကြည်ခြင်းရှိသလော။ (မရှိပါ။) ပို၍တစ်ဆင့်တက်ပြီး ပြောရလျှင် လူတို့သည် သစ္စာရှိသလော။ လူအချို့က “ယခု မည်သည့်အရာကို ဘုရားသခင် ပြောသည်ဖြစ်စေ ကျွန်ုပ်တို့ သူ့နောက် လိုက်ပါမည်။ ဘုရားက မည်သည့်အရာကို ပြောသည်ဖြစ်စေ ကျွန်ုပ်တို့ အပျက်သဘောမဆောင်ပါ။ စိတ်ဓာတ်မကျပါ။ အရှုံးပေးဖို့ မပြောနှင့်၊ နောက်ပင် မဆုတ်ပါ။ ကျွန်ုပ်တို့ကို ဘုရားအလိုမရှိလျှင်ပင်၊ ကျွန်ုပ်တို့သည် အစေခံသူများ၊ ကြိုးပမ်းလုပ်ဆောင်သူများ ဖြစ်ကြောင်း၊ သမ္မာတရားကို လိုက်စားသူများ မဟုတ်ကြောင်း၊ ကျွန်ုပ်တို့တွင် ကယ်တင်ခံရမည့် မျှော်လင့်ချက် မရှိကြောင်း ဘုရားက ပြောလျှင်ပင် ကျွန်ုပ်တို့သည် တွန့်ဆုတ်မနေဘဲ ဘုရားနောက်ကို ဆက်လိုက်ပြီး တာဝန်များကို ထမ်းဆောင်မြဲ ထမ်းဆောင်နေမည်ပင်။ ဤသည်မှာ သစ္စာရှိခြင်း မဟုတ်သလော။ ယုံကြည်ခြင်းရှိခြင်း မဟုတ်သလော။ သစ္စာရှိခြင်းနှင့် ယုံကြည်ခြင်းရှိခြင်းသည် သမ္မာတရားကို လိုက်စားခြင်းနှင့် အတူတူပင်ဖြစ်သည် မဟုတ်သလော။ ဤသည်မှာ ကျွန်ုပ်တို့သည် သမ္မာတရားကို အတိုင်းအတာတစ်ခုအထိ လိုက်စားနေသည်ဟု မဆိုလိုပါသလော” ဟူ၍ ပြောကောင်း ပြောနိုင်သည်။ ငါ့ကို ပြောလော့။ ဤသည်မှာ သမ္မာတရားကို လိုက်စားခြင်း ဟုတ်သလော။ (မဟုတ်ပါ။) ဤသည်မှာ သမ္မာတရားကို လိုက်စားခြင်းမဟုတ်ဟု ပြောခြင်းသည် အဘယ်အရာကို ဆိုလိုသနည်း။ လူ၏ “အသက်သွေးကြောများ” အားလုံး ပိတ်သွားပြီဖြစ်ကြောင်း၊ ၎င်းတို့၌ ဖမ်းဆုပ်စရာ ကောက်ရိုးတစ်မျှင်ပင် မရှိတော့ကြောင်း ဆိုလိုသည်။ ဤသို့ဆိုလျှင် မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ လုပ်ဆောင်၍ ရသည့်အရာ တစ်ခုခုရှိသလော။ ဤအရာနှင့်ပတ်သက်ပြီး လူတို့ လုပ်ဆောင်နိုင်သည့်အရာ တစ်ခုခုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဤအရာကို ကြားပြီးနောက်တွင် လူတို့သည် မည်သို့ခံစားရသနည်း။ “ဤသို့ဆိုလျှင် ကျွန်ုပ်၌ ကောင်းချီးခံစားရမည့် မျှော်လင့်ချက် မရှိဟု အကယ်ပင် ဆိုလိုပါသလော။ မည်သည့်အရာများ ဖြစ်ပျက်နေပါသနည်း” ဟူ၍ အလွန်အမင်း စိတ်ပျက်ကြသည်။ လူတို့သည် ဤအခြေအနေများတွင် လုံးဝ လမ်းပျောက်ကုန်ကြ၏။ ယခုအခါ ငါ၏ စကားများက သင်တို့၏ “အသက်သွေးကြောများ” အားလုံးကို ဖယ်ရှားပြီးပြီဖြစ်၍ သင်တို့သည် ဤနေရာမှ မည်သည့်နေရာသို့ သွားမည်ကို ငါ ကြည့်မည်။ အချို့က “ကြိုးပမ်းလုပ်ဆောင်ခြင်း၊ အပေးအယူလုပ်ဖို့ ကြိုးစားခြင်း၊ မူမမှန်သည့် နားလည်မှုတို့ ရှိနေခြင်း၊ ဒုက္ခခံပြီး အဖိုးအခပေးဆပ်ခြင်းတို့က မမှန်ဟု ဆို၏။ ဤသို့ဖြစ်လျှင် မည်သည့်အရာများက လုပ်ဆောင်ဖို့ မှန်ကန်သည့်အရာများ ဖြစ်သနည်း။ ဘုရားသခင်က မည်သည့်အရာကို ပြောသည်ဖြစ်စေ ကျွန်ုပ်တို့သည် ဘုရားကို စွန့်ခွာသွားမည် မဟုတ်ပါ။ မိမိတို့၏ တာဝန်များကို ဆက်လက် ထမ်းဆောင်မည်ပင်။ ဤသည်က သမ္မာတရားကို လိုက်စားခြင်းနှင့် မညီမျှပါသလော” ဟု ပြောကြသည်။ ဤမေးခွန်းကို ရှင်းလင်းစွာ နားလည်ထားရမည်။ လူတို့သည် သမ္မာတရားကို နားမလည်ဘဲ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း၏ အဓိပ္ပာယ်နှင့်ပတ်သက်ပြီး မူမမှန်သော နားလည်မှုကို အစဉ်သိုထားသောကြောင့် စွန့်လွှတ်ခြင်း၊ အသုံးခံခြင်း၊ ဒုက္ခခံခြင်း၊ အဖိုးအခပေးဆပ်ခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်၊ ဘုရားသခင်ကို နာခံခြင်း ဖြစ်သည်ဟု ယုံကြည်ကြသည်။ ဤသည်မှာ ဆိုးဝါးသော အမှားဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်။ သို့သော် လူတို့သည် ယင်းတို့ကို စည်းမျဉ်းများနှင့် လက်တွေ့လုပ်ဆောင်ရမည်။ လူ၏ အယူအဆများ၊ စိတ်ကူးများကို အခြေခံပြီး လုံးဝ မလုပ်ဆောင်ရပေ။ ဘုရားသခင် အလိုရှိသော အရာသည် ရိုးသားစစ်မှန်သော စိတ်နှလုံး၊ ဘုရားကိုချစ်သော စိတ်နှလုံး၊ သူ့အား ကျေနပ်စေသော စိတ်နှလုံးဖြစ်သည်။ ဤနည်းအားဖြင့် ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ခြင်းကသာ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်။ လူတစ်ယောက်သည် ဘုရားသခင်အတွက် မိမိကိုယ်ကို အသုံးခံသောအခါ အစဉ်သဖြင့် ဘုရားနှင့် အပေးအယူလုပ်ရန် ဆန္ဒရှိနေလျှင်၊ သူ၏ ကိုယ်ပိုင် ရည်မှန်းချက်များနှင့် ဆန္ဒများကို ဖြည့်ဆည်းရန် ဆန္ဒရှိနေလျှင် သူသည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်နေခြင်း မဟုတ်ပေ။ သူသည် သမ္မာတရားကို ဆော့ကစားနေခြင်း၊ နင်းခြေနေခြင်းဖြစ်ပြီး ကြောင်သူတော်တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် လူတစ်ယောက်သည် ဘုရားသခင်၏ တရားစီရင်ခြင်း နှုတ်ကပတ်တော်များကို လက်ခံနိုင်လျှင်၊ ကောင်းချီးရရန်ဖြစ်သည့် သူ၏ရည်ရွယ်ချက်များ၊ ဆန္ဒများ ပျက်စီးသွားသော်လည်း၊ မျှော်လင့်စရာ မည်သည့်အရာမျှ မရှိသော်လည်း၊ တွန်းအားပေးသည့်အရာ လုံးဝ မရှိသော်လည်း ဘုရားသခင်ကို မစွန့်ခွာဘဲ တာဝန်ကို ဆက်လက်ထမ်းဆောင်လျှင် ဤသည်မှာ သမ္မာတရား လိုက်စားခြင်း၊ လက်တွေ့လုပ်ဆောင်ခြင်းနှင့် ညီမျှသလော။ ငါမြင်သည်မှာ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို အခြေခံပြီး ဤအရာကို တိုင်းတာလျှင် ဤအရာသည် သမ္မာတရား လိုက်စားခြင်း မဟုတ်သေးပေ။ သမ္မာတရားအား လိုက်စားခြင်း၏ စံနှုန်းနှင့် လုံးဝ မကိုက်ညီပေ။ ယခုတွင် ငါတို့၌ သမ္မာတရားအား လိုက်စားခြင်းနှင့် ပတ်သက်သည့် တိကျသော အဓိပ္ပာယ်ဖွင့်ဆိုချက် ရှိပြီဖြစ်သောကြောင့် လူတို့၏ လုပ်ရပ်များ၊ အပြုအမူအနေအထိုင်များ၊ သရုပ်သကန်များကို အကဲဖြတ်သောအခါ ဤအရာကို တင်းကျပ်စွာ လိုက်နာသင့်သည်။ မျှော်လင့်စရာ ကောင်းချီးများ မရှိသော်လည်း ဘုရားသခင်နှင့် ဆက်လက်နေထိုင်ပြီး တာဝန်ကို ဆက်လက်ထမ်းဆောင်နိုင်သည့် လူတစ်ယောက်၏ စွမ်းပကားကို အခြေခံ၍ မည်သည့်အကဲဖြတ်မှုကို ပြုလုပ်နိုင်သနည်း။ ဖန်ဆင်းခံများအနေဖြင့် လူတို့သည် ၎င်းတို့၏ လူ့သဘာဝတွင် ချီးကျူးထိုက်သောအရာနှစ်ခုနှင့်အတူ မွေးဖွားလာကြောင်း၊ ထိုအရာများကို အသုံးချနိုင်လျှင် အနည်းဆုံးအဆင့်အနေဖြင့် ဘုရားသခင်နောက်သို့ သင်လိုက်ရန် သေချာသွားမည်ဖြစ်ကြောင်းပင်။ ဤအရာနှစ်ခုသည် မည်သည့်အရာဖြစ်သည်ကို သင်တို့ သိသလော။ (အသိစိတ်နှင့် ဆင်ခြင်တုံတရား ဖြစ်ပါသည်။) မှန်သည်။ လူ၏ လူ့သဘာဝအတွင်းတွင် တန်ဖိုးအရှိဆုံးသောအရာ နှစ်ခုရှိသည်။ လူတို့သည် သမ္မာတရားကို နားမလည်သော်လည်း၊ အလွန်ညံ့ဖျင်းသော အစွမ်းအစရှိကာ ဘုရားသခင်၏ သတ်မှတ်ချက်များအပြင် သမ္မာတရားနှင့် ပတ်သက်ပြီး မည်သည့်သိမြင်မှု၊ သို့မဟုတ် ဝင်ရောက်မှုမျှ မရှိသော်လည်း ၎င်းတို့၏ နေရာတွင် ခိုင်မြဲစွာ ရပ်တည်နိုင်ကြဆဲ ဖြစ်၏။ ၎င်းတို့အား ဤအရာကို စွမ်းဆောင်နိုင်စေသည့် အခြေခံ ကြိုတင်သတ်မှတ်ချက်သည် အဘယ်နည်း။ ၎င်းတို့၌ သာမန်လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိနေ၍ ဖြစ်ရပေမည်။ ဤသို့ဆိုလျှင် အဖြေက ရှင်းသည်။ လူတို့သည် သမ္မာတရားကို မလိုက်စားသည့်အတွက်၊ ကောင်းချီးခံစားရရန် ဆန္ဒ၊ သို့မဟုတ် ရည်မှန်းချက် မရှိသည့်အတွက်၊ ကောင်းချီးခံစားရဖို့ဖြစ်သည့် ၎င်းတို့၏ ဆန္ဒက ဖယ်ရှားခြင်းခံလိုက်ရသည့်အတွက် ၎င်းတို့သည် ဘုရားသခင်နောက်သို့ လိုက်ပြီး ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းနိုင်ဆဲ ဖြစ်နေလျှင် မည်သည့်အရာကို အခြေခံပြီး ၎င်းတို့ ဤသို့ လုပ်ဆောင်ကြသနည်း။ မည်သည့်အရာက ၎င်းတို့ကို တွန်းအားပေးနေသနည်း။ ၎င်းတို့၏ လုပ်ရပ်များအတွက် အခြေပြုချက်၊ သို့မဟုတ် တွန်းအားမရှိပေ။ သာမန်လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို လူတို့ ပိုင်ဆိုင်သရွေ့ ဤအရာများကို ၎င်းတို့ လုပ်ဆောင်နိုင်သည်။ ယခုတွင် အခြေအနေက ဤသို့ဖြစ်သည်။ သင်သည် သမ္မာတရားကို နားမလည်ပေ။ ဤသည်မှာ အမှန်တရားဖြစ်သည်။ အယူဝါဒများအပေါ် သင်၏ နားလည်မှုကလည်း အသုံးမဝင်ပေ။ ဤသည်မှာ သင်သည် သမ္မာတရားစစ်မှန်မှုအတွင်းသို့ ဝင်ရောက်ပြီးဖြစ်သည်ဟု မဆိုလိုပေ။ သင့်ကိုယ်သင်အတွက် တက်လမ်းများနှင့် ကံတရားနောက်ကို လိုက်ရန်အလို့ငှာ ဘုရားသခင်နှင့် အပေးအယူလုပ်ဖို့ ကြိုးစားခြင်းသည် မှားယွင်းကြောင်း သင်သိသည်။ သို့သော် တက်လမ်းများနှင့် ကံတရားအား လိုက်စားမှုအပြင် ကောင်းချီးခံစားရလိုသည့် ဆန္ဒတို့ ရှုတ်ချခံရကာ သင့်ထံမှ ဖယ်ရှားခံရပြီးနောက်တွင် သင်သည် ဘုရားသခင်နောက်သို့ လိုက်ပြီး သင်၏ တာဝန်ကို ထမ်းဆောင်ရန် လိုလိုချင်ချင် ဖြစ်နေဆဲဖြစ်လျှင် အကယ်ပင် ထူးခြားပြောင်မြောက်နေပေလိမ့်မည်။ သင်သည် သမ္မာတရားကို မရရှိသေးဘဲ ဘုရားသခင်နောက်သို့ လိုက်နိုင်လျှင် ဤသည်မှာ မည်သည့်အရာအပေါ်တွင် မူတည်နေမည်နည်း။ သင်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားပေါ်တွင် မူတည်နေပေမည်။ လူတစ်ယောက်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားသည် သူ၏ သာမန်ဖြစ်တည်မှု၊ အသက်နှင့် လူများ၊ အမှုအရာများအပေါ် ဆက်ဆံမှုတို့ကို ပံ့ပိုးပေးနိုင်သည်။ ဤသို့ဆိုလျှင် သင်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားအပေါ် အခြေခံပြီး သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းနှင့် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းတို့ကြား ကွာဟချက်မှာ အဘယ်နည်း။ သမ္မာတရားကို လိုက်စားသည့် လူတစ်ယောက်ဖြစ်ကြောင်း ပြသမှုမှာ ထိုသူသည် သမ္မာတရားအား မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး လူများ၊ အမှုအရာများကို လုံးလုံးလျားလျား ဘုရားနှုတ်ကပတ်တော်နှင့်အညီ ရှုမြင်ခြင်းအပြင် ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ခြင်းတို့ ဖြစ်သည်။ မိမိ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကိုသာ အခြေခံပြီး လုပ်ဆောင်သောသူများကမူ သမ္မာတရားကို လိုက်စားခြင်း မရှိနိုင်ချေ။ သို့သော် ၎င်းတို့၏ မှတ်တမ်းတွင် နာမည်ပျက်မရှိဘဲ ကြိုးပမ်းလုပ်ဆောင်နိုင်ဆဲ၊ တာဝန်များကို ထမ်းဆောင်နိုင်ဆဲ၊ ဘုရားအိမ်တော်တွင် ဆက်လက်ရှိနေနိုင်ဆဲ ဖြစ်သည်။ ဤသည်မှာ မည်သည့်အရာအပေါ်တွင် မူတည်သနည်း။ ၎င်းတို့သည် သမ္မာတရားအား မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး ဘုရားနှုတ်ကပတ်တော်များနှင့်အညီ လူများ၊ အမှုအရာများကို ရှုမြင်ကာ ကျင့်ကြံပြုမူပြီး လုပ်ဆောင်ရမည့်အစား ၎င်းတို့အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ စံသတ်မှတ်ချက်အပေါ်တွင် အခြေခံပြီး ထိုသို့ဆောင်ရွက်ကြသည်။ ထို့ကြောင့် ဤအရာကို စိတ်တွင်ထား၍ ပြောရမည်ဆိုပါက သင်သည် သင်၏ အသိစိတ်နှင့် ဆင်ခြင်တုံရားကိုသာ အခြေခံပြီး တာဝန်ထမ်းဆောင်ရုံမျှ ထမ်းဆောင်လျှင် ဤအရာနှင့် သမ္မာတရားအား လိုက်စားခြင်းကြားတွင် ကွာဟချက်တစ်ခု မရှိသလော။ (ရှိပါသည်။) မိမိ၏ အသိစိတ်၊ ဆင်ခြင်တုံတရားကို အခြေခံပြီး တာဝန်ထမ်းဆောင်ခြင်းသည် ကြိုးပမ်းလုပ်ဆောင်ခြင်းဖြင့်သာ ကျေနပ်နေခြင်း ဖြစ်သည်။ ဤသည်မှာ ကောင်းစွာ ကြိုးပမ်းလုပ်ဆောင်ခြင်း၊ အနှောင့်အယှက်၊ အဖျက်အဆီးများ မပြုလုပ်ခြင်း၊ လိုက်နာခြင်းနှင့် နာခံခြင်း၊ ကောင်းသော အပြုအမူများအပြင် အခြားသူများနှင့် ဆက်ဆံရေးကောင်းများကိုပါ ပိုင်ဆိုင်ခြင်း၊ မိမိ၏ မှတ်တမ်းတွင် နာမည်ပျက်မရှိခြင်းကဲ့သို့သော အရာများကို မိမိ၏ စံနှုန်းအဖြစ် ယူခြင်းဖြစ်သည်။ ဤသည်မှာ သမ္မာတရားအား လိုက်စားခြင်းအဆင့်နှင့် ညီသလော။ မညီချေ။ လူတစ်ယောက်သည် ကောင်းသော အပြုအမူ မည်မျှကို ပိုင်ဆိုင်သည်ဖြစ်စေ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို လုံးဝ သိမြင်မှုမရှိလျှင်၊ သူ၏ ပုန်ကန်မှု၊ အယူအဆများ၊ ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆအမှားများ၊ သူ၏ အမျိုးမျိုးသော အပျက်သဘောဆောင်သည့် အခြေအနေများနှင့် သက်ဆိုင်သည့် အသိပညာတစ်စုံတစ်ရာလည်း မရှိလျှင်၊ ဤအရာများကို ဖြေရှင်းရန် သူ့အတွက် မဖြစ်နိုင်လျှင်၊ သမ္မာတရားအား လိုက်စားခြင်း၏ စည်းမျဉ်းများကို နားလည်ရန် သူ့အတွက် မဖြစ်နိုင်လျှင်၊ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ဖွင့်ပြခြင်းတစ်ခုကိုမျှ မဖြေရှင်းရသေးလျှင်၊ သူသည် မာနထောင်လွှားနေဆဲ၊ မိမိကိုယ်ကို အမှန်ထင်နေဆဲ၊ တစ်ဖက်သတ်ဆန်ပြီး မဆင်မခြင်ပြုလုပ်နေဆဲ၊ ကောက်ကျစ်ပြီး လှည့်စားနေဆဲဖြစ်လျှင်၊ အပျက်သဘောဆောင်ပြီး အားနည်းလာကာ ဘုရားသခင်အား သံသယဖြစ်သော အချိန်များပင် ရှိလျှင်၊ အစရှိသည့် အရာများသည် သူ၏ အတွင်းတွင် ရှိနေဆဲဖြစ်လျှင် သူသည် ဘုရားသခင်အပေါ် စစ်မှန်သော နာခံခြင်းကို စွမ်းဆောင်နိုင်သလော။ သူ၏အတွင်းတွင် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိနေဆဲဖြစ်လျှင် သူသည် ဘုရားသခင်၏ အမှုတော်ကို အမှန်တကယ် တွေ့ကြုံနိုင်မည်လော။ လူတစ်ယောက်သည် ကောင်းသော အပြုအမူများကိုသာ ပိုင်ဆိုင်လျှင် ဤသည်မှာ သမ္မာတရားအား လိုက်စားခြင်းဖြစ်ကြောင်း ပြသခြင်း ဟုတ်သလော။ (မဟုတ်ပါ။) လူတွင်ရှိသော အကောင်းဆုံးသော အရာများမှာ အဘယ်နည်း။ လူ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားသာ ဖြစ်သည်။ ဤအရာနှစ်ခုသည်သာ အပြုသဘောဆောင်သော အရာများဖြစ်သည်။ ပြီးလျှင် ဤအရာတို့သည် လူတွင် ချီးကျူးထိုက်သောအရာများ ဖြစ်သည်။ သို့ရာတွင် ယင်းတို့အထဲမှ မည်သည့်အရာကမျှ သမ္မာတရားနှင့် မဆက်စပ်ပေ။ ယင်းတို့သည် လူ၏ သမ္မာတရားအား လိုက်စားခြင်းအတွက် အခြေခံအကျဆုံး ကြိုတင်သတ်မှတ်ချက်ထက် မပိုပေ။ အဓိပ္ပာယ်မှာ သင်သည် လူ့သဘာဝ၏ သာမန် အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်လျှင်၊ သမ္မာတရားကို နားလည်နိုင်လျှင် သင့်ထံ၌ အမှုအရာများ ဖြစ်ပျက်လာသောအခါ မှန်ကန်သော ရွေးချယ်မှုများကို ပြုလုပ်နိုင်လိမ့်မည်။ လူက ပိုင်ဆိုင်သော အသိစိတ်နှင့် ဆင်ခြင်တုံတရားမှာ ဤသို့ဖြစ်သည်။ ဘုရားသခင်သည် ဖန်ဆင်းခြင်း သခင်ဖြစ်ပြီး သင်သည် ဖန်ဆင်းခံဖြစ်သည်။ ဘုရားသခင်က သင့်ကို ရွေးချယ်ခဲ့သည်။ ထို့ကြောင့် သင်သည် ဘုရားသခင်အတွက် သင့်ကိုယ်သင် ဆက်ကပ်အပ်နှံပြီး သင့်ကိုယ်သင် အသုံးခံမှသာ မှန်ကန်သည်။ ဘုရားနှုတ်ကပတ်တော်အား သင်နားထောင်မှသာ မှန်ကန်သည်။ ဤ“ပြုလုပ်မှသာ မှန်ကန်သည်” ဆိုသည်ကို သင်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားက ဆုံးဖြတ်သည်။ သို့သော် ဘုရားနှုတ်ကပတ်တော်များကို သင်နားထောင်ပြီးပြီလော။ သင့်လုပ်ရပ်များ၏ နောက်ကွယ်ရှိ စည်းမျဉ်းနှင့် နည်းလမ်းများမှာ အဘယ်နည်း။ သင့်တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသည်။ ယင်းကို သင်စွန့်ပစ်ပြီးပြီလော။ ဖြေရှင်းပြီးပြီလော။ ဤသို့သောအရာများသည် “ပြုလုပ်မှသာ မှန်ကန်သည်” ဆိုသည့်အရာနှင့် လုံးဝ မသက်ဆိုင်ပေ။ သင်သည် ပြုလုပ်မှသာ မှန်သည်ဆိုသည့်အရာနှင့် မည်သို့ပြုမူဆောင်ရွက်မှသာ မှန်ကန်သည်ဟူသည့် ဤအခြေခံအုတ်မြစ်ထက်ပို၍ မလုပ်ဆောင်လျှင်၊ “ပြုလုပ်မှသာ မှန်ကန်သည့်” အရာ၏ ကန့်သတ်ချက်ဘောင်များအတွင်းသာ နေထိုင်လျှင် ဤသည်မှာ သင်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ သက်ရောက်မှုတစ်ခုဖြစ်သည် မဟုတ်သလော။ (ဟုတ်ပါသည်။) သင်၏ ဆင်ခြင်တုံတရားက သင့်အား ပြောသည်။ “ဘုရားက ငါ့ကို ကယ်တင်ခဲ့သည်။ ထို့ကြောင့် သူ့အတွက် ငါ့ကိုယ်ငါ အသုံးခံသင့်၏။ ဘုရားက ငါ့အသက်ကို ကယ်တင်ခဲ့ပြီး ငါ့အား ဒုတိယအသက်ကို ပေးခဲ့သည်။ ထို့ကြောင့် သူ၏ ချစ်ခြင်းကို ပြန်ပေးဆပ်မှသာ မှန်ကန်လိမ့်မည်။ ဘုရားသခင်က ဖန်ဆင်းခြင်းသခင်ဖြစ်သည်။ ငါမူကား ဖန်ဆင်းခံဖြစ်၏။ ထို့ကြောင့် ဘုရား၏ စီစဉ်ပေးမှုများကို ငါနာခံသင့်သည်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ သင်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ သက်ရောက်မှု မဟုတ်သလော။ (ဟုတ်ပါသည်။) လူတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ သက်ရောက်မှုကြောင့် လူတို့တွင် ဖြစ်ပေါ်သည့် အမျိုးမျိုးသော အပြုအမူများ၊ ကျင့်သုံးမှု ပုံစံများ၊ သဘောထားများနှင့် အမြင်များသည် ၎င်းတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားက သဘာဝအလျောက် စွမ်းဆောင်နိုင်သော ကန့်သတ်ချက်ဘောင်များကို မကျော်လွန်ချေ။ ၎င်းတို့သည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းအဆင့်ကို မမီပေ။ ဤသို့ဖြစ်သည် မဟုတ်သလော။ (ဟုတ်ပါသည်။) ဥပမာအားဖြင့် လူအချို့က “ဘုရားအိမ်တော်က ကျွန်ုပ်ကို တာဝန်ထမ်းဆောင်ခွင့်ပေး၍ မြှင့်တင်ပေးခဲ့သည်။ ဘုရားအိမ်တော်က ကျွန်ုပ်ကို ကျွေးမွေးသည်။ ဝတ်ဆင်ပေးသည်။ အိုးအိမ်ပြင်ဆင်ပေးသည်။ ဘုရားအိမ်တော်က ကျွန်ုပ်ဘဝ၏ ကဏ္ဍတိုင်းကို ကြည့်ရှုစောင့်ရှောက်ပေးသည်။ ဘုရား၏ ကျေးဇူးတော်များစွာကို ကျွန်ုပ်ခံစားထားရပါသည်။ ထို့ကြောင့် ဘုရား၏ ချစ်ခြင်းကို ကျွန်ုပ်ပြန်ပေးဆပ်သင့်၏။ နှောင့်ယှက်၊ ဖျက်ဆီးခြင်း တစ်စုံတစ်ရာကို လုပ်ရန် မဆိုထားနှင့်၊ မိမိတာဝန်၌ ဝတ်ကျေတမ်းကျေလုပ်ခြင်းဖြင့် ဘုရားအား လှည့်စားခြင်းကိုပင် မလုပ်သင့်ပါ။ ကျွန်ုပ်အတွက် ဘုရားအိမ်တော်က စီစဉ်ပေးသည့်အရာမှန်သမျှကို နာခံလိုစိတ်ရှိပါသည်။ ဘုရားအိမ်တော်က ကျွန်ုပ်ကို မည်သည့်အရာ လုပ်ခိုင်းသည်ဖြစ်စေ ကျွန်ုပ်ညည်းညူမည် မဟုတ်ပါ” ဟူ၍ ဆိုနိုင်သည်။ ဤသို့သော ကြေညာမှုမျိုးက ပြဿနာမရှိပေ။ ဤအရာကို လုပ်ဆောင်ရန်မှာ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသောသူတစ်ယောက်အတွက် အလွန် လွယ်ကူသည် မဟုတ်သလော။ (ဟုတ်ပါသည်။) ဤအရာသည် သမ္မာတရားအား လိုက်စားခြင်းအဆင့်သို့ တက်နိုင်သလော။ (မတက်နိုင်ပါ။) သမ္မာတရားအား လိုက်စားခြင်းအဆင့်ကို မမီပေ။ ထို့ကြောင့် လူတစ်ယောက်သည် အသိစိတ် မည်မျှ မြင့်မြတ်ပါစေ၊ ဆင်ခြင်တုံတရား မည်မျှပင် ပုံမှန်ဖြစ်ပါစေ၊ သူ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ စိုးမိုးမှုအောက်တွင် အရာရာကို လုပ်ဆောင်နိုင်သည်ဖြစ်စေ၊ သူ၏ လုပ်ရပ်များက မည်မျှသင့်တင့်လျောက်ပတ်ပါစေ၊ ဤလုပ်ရပ်များကို အခြားလူများက မည်မျှလေးစားပါစေ ဤအရာတို့သည် ကောင်းသော လူ့အပြုအမူများထက် မပိုပေ။ ၎င်းတို့ကို ကောင်းသော လူ့အပြုအမူများ၏ နယ်ပယ်အတွင်း၌သာ အမျိုးအစားသတ်မှတ်နိုင်သည်။ ၎င်းတို့သည် သမ္မာတရားအား လိုက်စားခြင်းအဆင့်ကို အခြေခံအားဖြင့် မမီပေ။ သူတစ်ပါးတို့နှင့် သင်၏ ဆက်ဆံရေးများကို သင်၏ အသိစိတ်ပေါ်တွင် အခြေခံထားသောအခါ သင်သည် စကားပြောဆိုရာတွင် အနည်းငယ်ပို၍ ယဉ်ကျေးသိမ်မွေ့လိမ့်မည်။ သူတစ်ပါးတို့ကို တိုက်ခိုက်မည်မဟုတ်၊ သို့မဟုတ် စိတ်ဆိုးမည်မဟုတ်။ သင်သည် အခြားလူများကို ဖိနှိပ်ခြင်း၊ ထိန်းချုပ်ခြင်း၊ အနိုင်ကျင့်ခြင်း၊ ခုတုံးလုပ်ခြင်း စသည်တို့ ရှိမည်မဟုတ်။ ဤအရာများအားလုံးသည် သာမန်လူ့သဘာဝ၏ အသိစိတ်ဖြင့် စွမ်းဆောင်ရရှိနိုင်သော အရာများဖြစ်သည်။ သို့သော် ၎င်းတို့သည် သမ္မာတရားအား လိုက်စားခြင်းနှင့် သက်ဆိုင်သလော။ မသက်ဆိုင်ပေ။ ၎င်းတို့သည် လူ၏ အသိစိတ်ဖြင့် စွမ်းဆောင်ရရှိနိုင်သော အရာများဖြစ်သည်။ ၎င်းတို့နှင့် သမ္မာတရားကြားတွင် အကွာအဝေးအတန်ငယ်ရှိသည်။

မိမိ၏ အသိစိတ်၊ ဆင်ခြင်တုံတရားကို အခြေခံပြီး လုပ်ဆောင်ခြင်းသည် သမ္မာတရားအား လက်တွေ့လုပ်ခြင်းနှင့် သက်ဆိုင်မှုမရှိဟု ငါ အဘယ်ကြောင့်ဆိုသနည်း။ ဥပမာတစ်ခုပေးမည်။ ဆိုကြပါစို့။ လူတစ်ယောက်က သင့်အပေါ် ကြင်နာမှုရှိပြီး သင်က ထိုသူနှင့် ဆက်ဆံရေး အဆင်ပြေသည်။ သူသည် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံပြီး သင့်အား ဧဝံဂေလိ ဖြန့်ဝေသည်။ ဤသည်မှာ ဘုရားသခင်က သင့်ထံသို့ ဧဝံဂေလိ ဖြန့်ဝေရန် ထိုသူအား အသုံးပြုခြင်းနှင့် အတူတူဖြစ်သည်။ သင်က ဘုရားသခင်၏ အမှုတော်အသစ်ကို လက်ခံပြီးနောက်တွင် သူ့အား ပို၍ပင် ကျေးဇူးတင်သွားသည်။ သူ့အား အစဉ် ကျေးဇူးဆပ်လိုသည်။ ထို့ကြောင့် သင်သည် သင်လုပ်ဆောင်သမျှတွင် သူ့အား အနည်းငယ် လွတ်လပ်စွာ ပြုမူခွင့်ပေးသည်။ သူ့အား သင်ပြောသမျှတွင် သင်သည် အစဉ်သဖြင့် အထူး ယဉ်ကျေးသည်။ သင်သည် သူ့အား အထူးပင် ရိုသေပြီး လေးစားလိုက်နာသည်။ သည်းခံသည်။ မည်သည့်မကောင်းသော အရာများကို သူလုပ်ဆောင်ပါစေ၊ သို့မဟုတ် သူ၏ စရိုက်လက္ခဏာက မည်သို့ရှိသည်ဖြစ်စေ သင်သည် သူ့အပေါ် စိတ်ရှည်ပြီး လိုက်လျောသည်။ အခက်အခဲတစ်ခုကို သူရင်ဆိုင်ရ၍ သင့်အား ဆက်သွယ်ကာ အကူအညီတောင်းသည့် အချိန်တိုင်းတွင် သင့်အနေနှင့် အကြွင်းမဲ့ ကူညီပေးသည်အထိပင် ဖြစ်သည်။ သင်သည် အဘယ်ကြောင့် ဤသို့ လုပ်ဆောင်သနည်း။ မည်သည့်အရာက သင်၏ လုပ်ရပ်များအပေါ် သက်ရောက်နေသနည်း။ (ကျွန်ုပ်၏ အသိစိတ် ဖြစ်ပါသည်။) ဤသည်မှာ သင့်အသိစိတ်၏ သက်ရောက်မှုအနေဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်။ သင့်အသိစိတ်၏ ဤသက်ရောက်မှုကို အပြုသဘောဆောင်သည်၊ သို့မဟုတ် အပျက်သဘောဆောင်သည်ဟု ခေါ်ဆို၍ မရနိုင်ပေ။ သင့်တွင် အသိစိတ်ရှိသည်၊ လူ့သဘာဝ အနည်းငယ်ရှိသည်၊ တစ်ယောက်ယောက်က သင့်အပေါ် ကြင်နာပြသောအခါ သင်က ကျေးဇူးသိပြီး ပြန်လည်ကျေးဇူးဆပ်သည်ဟူ၍သာ ဆိုနိုင်သည်။ ထိုရှုထောင့်မှကြည့်လျှင် သင်က ကျေနပ်ဖွယ်ရာ လူတစ်ယောက် ဖြစ်သည်။ သို့သော် သမ္မာတရားအား အသုံးပြုပြီး ဤအရာကို တိုင်းတာရမည်ဆိုလျှင် မတူညီသည့် သုံးသပ်ချက်ကို ရရှိကောင်းရရှိနိုင်သည်။ ဆိုကြပါစို့။ တစ်နေ့တွင် ထိုလူသည် မကောင်းမှုလုပ်ပြီး အသင်းတော်၏ ရှင်းလင်းပစ်ခြင်းကို ခံရတော့မည်။ သင်ကမူ သူ့အား သင်၏ အသိစိတ်ဖြင့် တိုင်းတာဆဲဖြစ်ပြီး “ကျွန်ုပ်ကို ဧဝံဂေလိ ဖြန့်ပေးခဲ့သူမှာ သူပင်ဖြစ်သည်။ ကျွန်ုပ် အသက်ရှင်သရွေ့ သူ့၏ ကြင်နာမှုကို မေ့မည်မဟုတ်။ သူ့ကြောင့်သာ မဟုတ်လျှင် ဤနေရာတွင် ကျွန်ုပ်ရှိနေမည် မဟုတ်ပါ။ ယနေ့တွင် သူ့အနေနှင့် မကောင်းမှု လုပ်ခဲ့သော်လည်း သူ့ကို ကျွန်ုပ်ဖော်ထုတ်၍ မဖြစ်။ သူလုပ်ခဲ့သည့်အရာက မှားကြောင်းကို ကျွန်ုပ်မြင်သော်လည်း မှားသည်ဟု ပြော၍မဖြစ်။ အကြောင်းမှာ သူကျွန်ုပ်ကို များစွာ ကူညီပေးခဲ့၍ ဖြစ်သည်။ ကျွန်ုပ်သူ့ကို ပြန်ပြီး ကျေးဇူးဆပ်ချင်မှ ဆပ်နိုင်မည်။ သို့သော် သူ့ကို တိုက်ခိုက်၍ မဖြစ်ပါ။ တခြားတစ်ယောက်ယောက်က သူ့ကို တိုင်လိုလျှင် တိုင်ကြပါလေ့စေ။ ကျွန်ုပ်ကား တိုင်မည်မဟုတ်။ သူ့အနာထဲကို ကျွန်ုပ်ဆားသိပ်ပေး၍ မဖြစ်ပါ။ ထိုသို့လုပ်ပါက ကျွန်ုပ်သည် မည်သည့်လူစားမျိုး ဖြစ်သွားမည်နည်း။ အသိစိတ်မရှိသည့်သူ ဖြစ်သွားမည် မဟုတ်လော။ အသိစိတ်မရှိသည့်သူသည် သားရဲတိရစ္ဆာန်ပင် ဖြစ်သည် မဟုတ်ပါလော” ဟူ၍ ပြောသည်။ သင် မည်သို့ထင်သနည်း။ ဤသို့သော အခြေအနေမျိုးတွင် အသိစိတ်၏ သက်ရောက်မှုမှာ အဘယ်နည်း။ ထိုနေရာတွင် အသိစိတ်၏ သက်ရောက်မှုမှာ သမ္မာတရားကို မချိုးဖောက်သလော။ (ချိုးဖောက်ပါသည်။) လူတစ်ယောက် အသိစိတ်၏ သက်ရောက်မှုများသည် သူ့ခံစားချက်များ၏ ကန့်သတ်မှု၊ လွှမ်းမိုးမှုကို ခံရ၍ ရလဒ်အနေဖြင့် သူ၏ ဆုံးဖြတ်ချက်များသည် သမ္မာတရား စည်းမျဉ်းများနှင့် ကွဲလွဲနေသည်ကို ဤအရာမှ ငါတို့ မြင်နိုင်သည်။ အလားတူပင် အချက်အလက်တစ်ခုကို ငါတို့ ရှင်းလင်းစွာ မြင်နိုင်သည်။ လူတစ်ယောက် အသိစိတ်၏ သက်ရောက်မှုသည် သမ္မာတရား၏ စံနှုန်းထက် နိမ့်ကျသည်။ တစ်ခါတစ်ရံတွင် လူတို့သည် ၎င်းတို့၏ အသိစိတ်ကို အခြေခံပြီး လုပ်ဆောင်စဉ် သမ္မာတရားကို ချိုးဖောက်ကြသည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားဖြင့် အသက်မရှင်ဘဲ ဤအစား သင်၏ အသိစိတ်ကို အခြေခံပြီး လုပ်ဆောင်လျှင် မကောင်းမှုလုပ်ပြီး ဘုရားကို အာခံနိုင်သလော။ သင်သည် မကောင်းသောအရာအချို့ကို အမှန်ပင် လုပ်ဆောင်နိုင်လိမ့်မည်။ မိမိ၏ အသိစိတ်ကို အခြေခံပြီး လုပ်ဆောင်ခြင်းသည် မည်သည့်အခါမျှ မမှားဟု လုံးဝ မဆိုနိုင်ပေ။ ဤသည်မှာ လူတစ်ယောက်သည် ဘုရားသခင်အား ကျေနပ်စေပြီး ဘုရားအလိုတော်နှင့် ကိုက်ညီရန် ဆန္ဒရှိလျှင် မိမိ၏ အသိစိတ်ကိုသာ အခြေခံ၍ လုပ်ဆောင်ခြင်းသည် အလွန်ပင် လုံလောက်မှုမရှိကြောင်း ပြသည်။ ဘုရားသခင်၏ တောင်းဆိုချက်များကို ဖြည့်ဆည်းရန်အတွက် သမ္မာတရားကို အခြေခံပြီး လုပ်ဆောင်ရမည်။ သင်သည် သင်၏ အသိစိတ်ကို သမ္မာတရားအဖြစ် သဘောထားပြီး အရာအားလုံးထက် သာလွန်သည်ဟု မှတ်ယူလျှင် သမ္မာတရားကို မည်သည့်နေရာတွင် သင်ထားရှိသနည်း။ သင်သည် သမ္မာတရားကို သင်၏ အသိစိတ်ဖြင့် အစားထိုးလိုက်ပြီဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို အာခံခြင်း မဟုတ်လော။ သမ္မာတရားကို ဆန့်ကျင်ခြင်း မဟုတ်လော။ သင်သည် သင်၏ အသိစိတ်ဖြင့် အသက်ရှင်လျှင် သမ္မာတရားကို ချိုးဖောက်နိုင်သည်။ သမ္မာတရားကို ချိုးဖောက်ခြင်းသည် ဘုရားသခင်ကို အာခံခြင်းဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ပြီးနောက်တွင် မိမိ၏ ပြောဆို၊ ပြုမူမှုများအတွက် စံနှုန်းအဖြစ် မိမိ၏ အသိစိတ်ကို ထားရှိကြသူများနှင့် မိမိ၏ အသိစိတ်ကို အခြေခံကာ ကျင့်ကြံပြုမူကြသည့် သူများလည်း များစွာရှိသည်။ မိမိ၏ အသိစိတ်ကို အခြေခံပြီး လုပ်ဆောင်ခြင်းသည် သမ္မာတရားကို လုပ်ဆောင်ခြင်း ဖြစ်သလော၊ မဖြစ်သလော။ မိမိ၏ အသိစိတ်သည် သမ္မာတရားကို ဝင်ရောက်အစားထိုးနိုင်သလော။ မိမိ၏ အသိစိတ်ကို အခြေခံပြီး လုပ်ဆောင်ခြင်းသည် သမ္မာတရားကို အခြေခံပြီး လုပ်ဆောင်ခြင်းနှင့် မည်သည့်ပုံစံဖြင့် အတိအကျ ကွာခြားနေသနည်း။ လူအချို့သည် မိမိတို့၏ အသိစိတ်ကို အခြေခံပြီး အစဉ် မရမက လုပ်ဆောင်ကြကာ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောသူဖြစ်သည်ဟု ထင်ကြသည်။ ထိုအမြင်မှာ မှန်သလော။ (မမှန်ပါ။) လူတစ်ယောက် အသိစိတ်၏ ခံစားချက်များသည် သမ္မာတရားအား ဝင်ရောက်အစားထိုးနိုင်သလော။ (အစားမထိုးနိုင်ပါ။) ဤလူတို့သည် မည်သည့်အမှားများကို လုပ်ဆောင်နေကြသနည်း။ (သမ္မာတရားကို ချိုးဖောက်နေခြင်းဖြစ်ပြီး ဤသည်မှာ ဘုရားကို အာခံခြင်းဖြစ်ပါသည်။) မှန်သည်။ ၎င်းတို့သည် ၎င်းတို့အသိစိတ်၏ ခံစားချက်များကို သမ္မာတရားနှင့် တန်းတူထားရှိသည်။ ဤအတွက်ကြောင့် ၎င်းတို့သည် သမ္မာတရားအား ချိုးဖောက်ရန် ဖြစ်နိုင်ခြေများသည်။ ဤသို့သောသူသည် သူ့အသိစိတ်ကို သူ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိကာ သူ့အသိစိတ်၏ စံနှုန်းကို အခြေခံပြီး လူများ၊ အမှုအရာများကို အစဉ် ရှုမြင်သည်။ အစဉ် ကျင့်ကြံပြုမူပြီး လုပ်ဆောင်သည်။ သူသည် သူ့အသိစိတ်၏ ရစ်ပတ်ခြင်း၊ ထိန်းချုပ်ခြင်းကို ခံရသည်။ တစ်ချိန်တည်းတွင် သူ၏ ဆင်ခြင်တုံတရားသည်လည်း ထိုအသိစိတ်၏ ထိန်းချုပ်ခြင်းကို ခံရသည်။ လူတစ်ယောက်သည် သူ့အသိစိတ်၏ ထိန်းချုပ်ခြင်းခံရလျှင် သမ္မာတရားကို ရှာဖွေနိုင်ပြီး သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်နိုင်သေးသလော။ မလုပ်ဆောင်နိုင်ပေ။ ဤသို့ဆိုလျှင် အသိစိတ်သည် သမ္မာတရားကို ဝင်ရောက်အစားထိုးနိုင်သလော။ အစားမထိုးနိုင်ပေ။ အချို့က “တခြားလူများအား ကျွန်ုပ်တို့ဆက်ဆံပုံကို တိုင်းတာဖို့ ကျွန်ုပ်တို့၏ အသိစိတ်ကို အသုံးပြု၍ မရသည့်အပြင် ကျွန်ုပ်တို့ အသိစိတ်ကို သမ္မာတရားအဖြစ် မှတ်ယူ၍လည်း မရသဖြင့် ဘုရားသခင်အား ကျွန်ုပ်တို့ ဆက်ဆံပုံကို တိုင်းတာဖို့ ကျွန်ုပ်တို့ အသိစိတ်၏ စံနှုန်းများကို အသုံးပြုလျှင် မှန်ပါသလော” ဟု မေးနိုင်သည်။ ဤမေးခွန်းသည် စဉ်းစားကြည့်ဖို့ ထိုက်တန်၏။ မည်သို့ပင်ဖြစ်စေ လူတစ်ယောက်၏ အသိစိတ်သည် သမ္မာတရားကို ဝင်ရောက်အစားမထိုးနိုင်ပေ။ သင်သည် သမ္မာတရားကို မပိုင်ဆိုင်ဘဲ သင်၏ အသိစိတ်ကို အခြေခံပြီး ဘုရားသခင်ကို ချဉ်းကပ်လျှင် လူသား၏ စံနှုန်းအရ လက်ခံဖွယ်ဖြစ်သည်ဟု သဘောထား၍ ရသော်လည်း ဤစံနှုန်းကို အမှီပြုခြင်းအားဖြင့် ဘုရားသခင်အား ချစ်ခြင်း၊ သို့မဟုတ် နာခံခြင်းကို စွမ်းဆောင်ရရှိနိုင်မည်ကား မဟုတ်ပေ။ အများဆုံးအနေဖြင့် သမ္မာတရားအား ချိုးဖောက်ခြင်း၊ သို့မဟုတ် ဘုရားသခင်အား အာခံခြင်းကို ရှောင်ကြဉ်နိုင်မည်။ ဤအရာကိုယ်၌က အလွန်ကောင်းသည်။ အချို့က “တခြားလူများနှင့်ဆိုလျှင် ကိုယ့်အသိစိတ်ကို သုံးဖို့ မလိုပါ။ ဘုရားနှင့်ဆိုလျှင်လည်း ကိုယ့်အသိစိတ်ကို အသုံးပြုဖို့ မလိုပါ” ဟု ဆိုနိုင်သည်။ ဤသည်မှာ မှန်ကန်သလော။ မမှန်ကန်သလော။ အယူဝါဒနှင့် သဘောတရား၏ ရှုထောင့်မှ ကြည့်လျှင် မှားယွင်းသည့် ပုံစံရှိသည်မဟုတ်လော။ ဤသို့ဆိုလျှင် ဤအရာကို တိုင်းတာရန် သမ္မာတရားကို အသုံးပြုလော့။ ဤသည်မှာ သင့်အမြင်တွင် မှန်ကန်သည့်ပုံ ရသလော။ ဘုရားသခင်သည် လူတို့အား ၎င်းတို့၏ အသိစိတ်ကို အသုံးပြုပြီး သူ့ကို ချဉ်းကပ်ရန် ပြောသလော။ ဘုရားသခင်သည် လူထံမှ မည်သည့်အရာကို တောင်းဆိုသနည်း။ ဘုရားထံသို့ မည်သို့ချဉ်းကပ်ပါဟု ဘုရားသခင်က လူကို တောင်းဆိုသနည်း။ သင်သည် အသိစိတ်ရှိနိုင်သည်။ သို့သော် သင်သည် ရိုးသားစစ်မှန်သလော။ သင်သည် အသိစိတ်ရှိသော်လည်း ရိုးသားစစ်မှန်ခြင်း မရှိလျှင် အလုပ်ဖြစ်မည် မဟုတ်ပေ။ ဘုရားသခင်က သူ့အား ရိုးသားစစ်မှန်မှုဖြင့် ချဉ်းကပ်ရန် လူကို တောင်းဆိုသည်။ ကျမ်းစာတွင် ရေးထားသည်။ “သင်၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့။” (ရှင်မာကုခရစ်ဝင် ၁၂:၃၀) ဘုရားသခင်က မည်သည့်အရာကို တောင်းဆိုထားသနည်း။ (လူတို့အနေဖြင့် ဘုရားသခင်အား စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်ရန် ဖြစ်ပါသည်။) ဘုရားသခင်က လူတို့ထံမှ မည်သည့်အရာကို အလိုရှိသနည်း။ (လူတို့၏ ရိုးသားစစ်မှန်မှု ဖြစ်ပါသည်။) မှန်သည်။ ဘုရားသခင်က “သင်တို့၏ အသိစိတ်၊ ဆင်ခြင်တုံတရားနှင့် သင်တို့၏ ပင်ကိုအသိစိတ်ဖြင့် ငါ့အား ချစ်ရမည်” ဟု ပြောခဲ့သလော။ ဘုရားသခင်က ဤသို့ ပြောခဲ့သလော။ (မပြောခဲ့ပါ။) ဘုရားသခင်က အဘယ်ကြောင့် ဤသို့ မပြောသနည်း။ (အသိစိတ်က သမ္မာတရားမဟုတ်သောကြောင့် ဖြစ်ပါသည်။) အသိစိတ်ဆိုသည်မှာ အဘယ်နည်း။ (လူ့သဘာဝ၏ အနိမ့်ဆုံးသော စံနှုန်းဖြစ်ပါသည်။) မှန်သည်။ အသိစိတ်နှင့် ဆင်ခြင်တုံတရားသည် လူ့သဘာဝ၏ အနိမ့်ဆုံး၊ အခြေခံအကျဆုံး စံနှုန်းများဖြစ်သည်။ လူတစ်ယောက်က ကောင်းသည်၊ မကောင်းသည်၊ သူ့တွင် လူ့သဘာဝရှိသည်၊ မရှိသည်ကို မည်သို့ ပြောနိုင်သနည်း။ ဤအရာကို မည်သို့ တိုင်းတာနိုင်သနည်း။ မည်သည့်အရာဖြင့် တိုင်းတာမည်နည်း။ အနိမ့်ဆုံးနှင့် အခြေခံအကျဆုံး စံနှုန်းမှာ ထိုလူသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိမရှိပင် ဖြစ်သည်။ ဤသည်မှာ လူတစ်ယောက်က လူ့သဘာဝ ပိုင်ဆိုင်ခြင်းရှိမရှိကို တိုင်းတာနိုင်သည့် စံနှုန်းဖြစ်သည်။ ဤသို့ဆိုလျှင် လူတစ်ယောက်သည် သမ္မာတရားအား လိုက်စားခြင်းရှိမရှိကို တိုင်းတာသည့် စံနှုန်းမှာ အဘယ်နည်း။ လူတစ်ယောက်သည် သမ္မာတရားအား လိုက်စားခြင်းရှိမရှိကို သူ့တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ ရှိမရှိအပေါ်၌ အခြေခံပြီး ပြောနိုင်သည်။ ဤစကားများသည် အမှန်တရားဖြစ်သလော။ မှန်ကန်သလော။ (မမှန်ကန်ပါ။) ဤသို့ဆိုလျှင် လူထံမှ ဘုရားသခင် အလိုရှိသောအရာသည် အဘယ်နည်း။ (ရိုးသားစစ်မှန်မှု ဖြစ်ပါသည်။) ဘုရားသခင်သည် လူ၏ ရိုးသားစစ်မှန်မှုကို အလိုရှိသည်။ ထိုရိုးသားစစ်မှန်မှုကို မည်သည့်အရာဖြင့် ပြုလုပ်ထားသနည်း။ ရိုးသားစစ်မှန်မှုကို ထင်ရှားစေရန်အတွက် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ လူတစ်ယောက်က သူသည် ဆုတောင်းသောအခါ သူ၏ ရိုးသားစစ်မှန်မှုကို ဘုရားသခင်အား ပေးအပ်သည်ဟုသာ ပြောပြီး ထို့နောက်တွင် ဘုရားသခင်အတွက် မိမိကိုယ်ကို ရိုးသားစစ်မှန်စွာ အသုံးမခံလျှင်၊ သို့မဟုတ် မိမိတာဝန်ကို သစ္စာရှိစွာ မထမ်းဆောင်လျှင် ဤသည်မှာ ရိုးသားစစ်မှန်မှု ဖြစ်သလော။ ယင်းသည် ရိုးသား စစ်မှန်မှုမဟုတ်ပေ။ လှည့်စားမှုဖြစ်သည်။ ဤသို့ဆိုလျှင် မည်သည့်အပြုအမူက ရိုးသားစစ်မှန်မှုဖြစ်ကြောင်း ပြသမှုဖြစ်သနည်း။ အသေးစိတ် လက်တွေ့လုပ်ဆောင်မှုမှာ အဘယ်နည်း။ သိကြသလော။ ဤသည်မှာ ဘုရားသခင်အပေါ် နာခံခြင်း သဘောထားမဟုတ်သလော။ (ဟုတ်ပါသည်။) လူတစ်ယောက်သည် နာခံခြင်းသဘောထား ရှိမှသာလျှင် ရိုးသားစစ်မှန်သည်။ ဤသည်မှာ အသိစိတ်ထက် အလွန်ပို၍ သာလွန်သည် မဟုတ်လော။ လူ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားသည် ရိုးသားစစ်မှန်မှုနှင့် နီးစပ်ခြင်းပင် မရှိပေ။ ၎င်းတို့ကြားတွင် အကွာအဝေးတစ်ခုရှိသည်။ လူတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားသည် ၎င်းတို့၏ ရှင်သန်ဖြစ်တည်မှု၊ ၎င်းတို့၏ သာမန်ဘဝများ၊ ၎င်းတို့၏ အခြားလူများနှင့် ဆက်ဆံရေးတို့အား ထိန်းသိမ်းဖို့အတွက် အခြေခံအကျဆုံး သတ်မှတ်ချက်များထက် မပိုပေ။ လူတို့သည် ၎င်းတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ဆုံးရှုံးလျှင် ရှင်သန်ဖြစ်တည်မှု၊ သာမန်ဘဝ ရှိမှု၊ သို့မဟုတ် အခြားလူများနှင့် ဆက်ဆံရေးတို့၏ အခြေခံအကျဆုံး အဆင့်ကိုပင် စွမ်းဆောင်နိုင်မည် မဟုတ်ပေ။ အသိစိတ်နှင့် ဆင်ခြင်တုံတရားမရှိသည့် ထိုဆိုးယုတ်သော လူများကိုသာ ကြည့်လော့။ အုပ်စုတစ်ခုထဲရှိ လူတစ်ဦးဦးက ၎င်းတို့နှင့် လိုလိုလားလား ဆက်ဆံမည်လော။ (ဆက်ဆံမည် မဟုတ်ပါ။) မည်သူကမျှ ၎င်းတို့နှင့် လိုလိုလားလား ဆက်ဆံမည် မဟုတ်ပေ။ လူတို့သည် ၎င်းတို့နှင့် ဆက်ဆံစဉ်တွင် မည်သည့်အရာကို ခံစားရသနည်း။ စက်ဆုပ်ခြင်း၊ ရွံရှာခြင်းဖြစ်သည်။ ၎င်းတို့ကြောင့် ကြောက်ရွံ့ခြင်း၊ စိတ်ကျဉ်းကျပ်ခြင်း၊ ချည်နှောင်ခံရခြင်းကိုပင် ခံစားရနိုင်သည်။ ဤသို့သော လူတို့သည် သာမန် လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကိုပင် မပိုင်ဆိုင်ပေ။ မည်သူကမျှ ၎င်းတို့နှင့် လိုလိုလားလား ဆက်ဆံမည်လည်း မဟုတ်ပေ။ ငါ့ကို ပြောလော့။ ဘုရားသခင်က ဤလူတို့ကို ကယ်တင်မည်လော။ (ကယ်တင်မည် မဟုတ်ပါ။) ဆိုးယုတ်သောသူတစ်ယောက်သည် သူ့အား စိတ်ဆိုးစေသော မည်သူ့ကိုမဆို “အခြေအနေက အခွင့်ပေးလာလျှင် ငါ သင့်ကို သတ်ပစ်မည်။ ဖျက်ဆီးပစ်မည်” ဟု တုံ့ပြန်ပြောဆိုလျှင် သူသည် ဤအရာများကို အမှန်တကယ် လုပ်ဆောင်နိုင်စွမ်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဤသို့သောအရာများကို ပြောဆိုနိုင်သည့် အချက်ကြောင့် ထိုသူသည် ဆိုးယုတ်သောသူ မဖြစ်သလော။ (ဖြစ်ပါသည်။) ဤသို့ဆိုလျှင် မိမိ၏ စကားဖြင့် သူတစ်ပါးတို့ကို ကြောက်ရွံ့မှုဖြစ်စေသောသူသည် မည်သို့သောသူမျိုးဖြစ်သနည်း။ သူသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသောသူ ဟုတ်သလော။ (မဟုတ်ပါ။) အသိစိတ်နှင့် ဆင်ခြင်တုံတရား မရှိသောသူများသည် လူ့သဘာဝရှိသလော။ (မရှိပါ။) လူ့သဘာဝမရှိသည့် ဆိုးယုတ်သောသူမျိုးနှင့် မည်သူက ဆက်ဆံရဲသနည်း။ ထိုဆိုးယုတ်သောသူတို့သည် အခြားလူများနှင့် သာမန်ဆက်ဆံရေးရှိသလော။ (မရှိပါ။) အခြားလူများနှင့် ၎င်းတို့ဆက်ဆံရေး၏ အခြေအနေမှာ မည်သို့ရှိသနည်း။ လူတိုင်းက ၎င်းတို့ကို ကြောက်ကြသည်။ လူတိုင်းက ၎င်းတို့ကြောင့် ကန့်သတ်ခံရပြီး စိတ်ကျဉ်းကျပ်ကြသည်။ ၎င်းတို့သည် ၎င်းတို့တွေ့ဆုံသောသူတိုင်းကို အနိုင်ကျင့်လိုသည်။ လူတိုင်းကို အပြစ်ဒဏ်ပေးလိုသည်။ ဤသို့သောလူတို့သည် သာမန်လူ့သဘာဝ ရှိသလော။ မည်သူကမျှ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို မပိုင်ဆိုင်သည့် ဤသို့သော လူမျိုးနှင့် မဆက်ဆံရဲပေ။ ၎င်းတို့သည် သာမန်လူသားဘဝကိုပင် မရှင်သန်နိုင်ကြပေ။ ထို့ကြောင့် ၎င်းတို့သည် နတ်ဆိုးများ၊ သားရဲများနှင့် မကွာခြားကြ။ အုပ်စုများတွင် ၎င်းတို့သည် တစ်ယောက်ပြီးတစ်ယောက်ကို အပြစ်ဒဏ်ပေးလျက် အစဉ်သဖြင့် အခြားလူများကို ကြိမ်းမောင်းပြောဆိုကြသည်။ နောက်ဆုံးတွင် လူတိုင်းက ၎င်းတို့နှင့် ခပ်ခွာခွာ နေကုန်ကြတော့သည်။ လူတိုင်းက ၎င်းတို့ကို ရှောင်ကြတော့သည်။ ကြောက်စရာကောင်းလိုက်ကြမည့် လူများပင်။ ၎င်းတို့သည် သာမန်လူ့ဆက်ဆံရေးများကိုပင် စွမ်းဆောင်နိုင်ခြင်း မရှိပေ။ အုပ်စုတစ်ခုအတွင်းတွင်လည်း ခြေကုပ်မယူနိုင်ကြပေ။ ၎င်းတို့သည် မည်သည့်အရာမျိုး ဖြစ်သနည်း။ ဤသို့သောလူများသည် လူ့သဘာဝကိုပင် မပိုင်ဆိုင်ကြပေ။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားနိုင်သလော။ (မလိုက်စားနိုင်ပါ။) မည်သို့သောသူမျိုးက လူ့သဘာဝမရှိသနည်း။ သားရဲများ၊ နတ်ဆိုးများဖြစ်သည်။ ဘုရားသခင်သည် သူဖော်ပြသော သမ္မာတရားများအား လူသားမျိုးနွယ်အပေါ် ချပေးသည်။ သားရဲများနှင့် နတ်ဆိုးများကို မပေးပေ။ အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသောသူများကိုသာ လူသားဟု ခေါ်ထိုက်သည်။ ငါ့ကို ထပ်၍ပြောလော့။ လူတစ်ယောက်အတွက် အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်ခြင်းသည် သာမန်လူ့သဘာဝအား အပြည့်အဝ အသက်ရှင်နေထိုင်ဖို့ လိုအပ်သည့်အရာအားလုံး ဖြစ်သလော။ လူတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသောကြောင့် ကွာဟမှုတစ်ခုရှိသည်ဟု ဆိုကောင်းဆိုနိုင်သည်။ ၎င်းတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားပြီး သာမန်လူ့သဘာဝအား အသက်ရှင်နေထိုင်နိုင်ခြင်း မရှိမီတွင် သမ္မာတရားအား လိုက်စားရမည်။ အချို့က “ကျွန်ုပ်တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသည်။ မကောင်းမှု မလုပ်မိအောင် သေချာထိန်းသရွေ့ သမ္မာတရားစစ်မှန်မှုကို ကျွန်ုပ်ပိုင်ဆိုင်မည်” ဟု ဆိုနိုင်သည်။ ဤသည်မှာ မှန်သလော။ လူတစ်ယောက်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိလျှင် သမ္မာတရားအား လိုက်စားနေပြီဖြစ်သည်ဟု မဆိုလိုပေ။ သူ၏ အသိစိတ်၊ ဆင်ခြင်တုံတရားနှင့် သူအသက်ရှင်နေသည့် အချက်ကလည်း ထိုသို့ မဆိုလိုပေ။ ဤသို့ဆိုလျှင် အတိအကျအားဖြင့် အသိစိတ်နှင့် ဆင်ခြင်တုံတရားဆိုသည်မှာ အဘယ်နည်း။ လူ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားသည် သမ္မာတရားကို လိုက်စားရန်အတွက် လူတို့ ပိုင်ဆိုင်ရမည့် လူ့သဘာဝ၏ အခြေခံအကျဆုံး အမှတ်အသားနှင့် အရည်အသွေးများဖြစ်သည်။ ဤအရာနှစ်ခုနှင့် အသက်ရှင်ခြင်းသည် လူတစ်ယောက်က သမ္မာတရားကို လိုက်စားနေသည်ဟု မဆိုလိုပေ။ သူသည် သမ္မာတရားစစ်မှန်မှုကို ပိုင်ဆိုင်သည်ဟု ပို၍ပင် သက်သေမပြပေ။ ငါ ယခုပြောခဲ့သည့် ဥပမာမှတစ်ဆင့် လူတစ်ယောက်သည် သူ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို အခြေခံပြီး လူများ၊ အမှုအရာများကို ရှုမြင်သောအခါ၊ ကျင့်ကြံပြုမူကာ ဆောင်ရွက်သောအခါတွင် သမ္မာတရားနှင့် စည်းမျဉ်းများကို ချိုးဖောက်နိုင်ခြေရှိကြောင်း မြင်နိုင်၏။ သူသည် သမ္မာတရားအား မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး ဘုရားနှုတ်ကပတ်တော်များနှင့်အညီ ထိုအရာများကို လုပ်ဆောင်ခြင်း၏ စံနှုန်းအား အလွန်ပင် ပြည့်မီခြင်းမရှိပေ။ ထို့ကြောင့် သင်သည် အသိစိတ်မည်မျှကို ပိုင်ဆိုင်သည်ဖြစ်စေ၊ သင်၏ ဆင်ခြင်တုံတရားက မည်မျှပင် သာမန်ဆန်သည်ဖြစ်စေ သမ္မာတရားအား မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး ဘုရားနှုတ်ကပတ်တော်များနှင့်အညီ လူများ၊ အမှုအရာများကို မရှုမြင်နိုင်လျှင်၊ ကျင့်ကြံပြုမူပြီး လုပ်ဆောင်နိုင်ခြင်း မရှိလျှင် သမ္မာတရားကို လိုက်စားနေခြင်း မဟုတ်ပေ။ အလားတူပင် သင်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ ပင်ကိုစရိုက် နယ်ပယ်အတွင်းတွင် သင်မည်မျှ ဒုက္ခခံပြီး အလုပ်လုပ်ပါစေ သင်သည် သမ္မာတရားအား လိုက်စားနေသည်ဟု မဆိုနိုင်ပေ။

အကြောင်းအရာသုံးခုကို ငါတို့ ယခု ပိုင်းခြားစိစစ်ခဲ့သည်။ ထိုအရာအားလုံးသည် သမ္မာတရားအား လိုက်စားခြင်းနှင့်ပတ်သက်ပြီး လူတို့တွင်ရှိသော တစ်ဖက်သတ်ဆန်သော အမြင်များနှင့် နားလည်မှုလွဲခြင်းများ ဖြစ်သည်။ ငါ့ကို ပြောလော့။ ထိုအကြောင်းအရာသုံးခုမှာ အဘယ်နည်း။ (ပထမတစ်ခုမှာ လူတို့က ၎င်းတို့၏ အယူအဆများတွင် ကောင်းသည်၊ မှန်သည်၊ အပြုသဘောဆောင်သည်ဟု မှတ်ယူသောအရာများကို သမ္မာတရားအဖြစ် တလွဲထင်ပြီး ထိုအရာများကို ၎င်းတို့၏ စံနှုန်းအဖြစ် အသုံးပြုကာ လူအပေါ် ဘုရားသခင်၏ တောင်းဆိုချက်များ၊ ဘုရားနှုတ်ကပတ်တော်၏ တောင်းဆိုချက်နှင့် စံနှုန်းများကို အစားထိုးကြပြီး ထို့နောက်တွင် ထိုအရာများကို လိုက်စား၍ လက်တွေ့လုပ်ဆောင်ကြခြင်း ဖြစ်ပါသည်။ ဒုတိယတစ်ခုမှာ လွဲမှားသော နားလည်မှုများကို လူတို့ဖက်တွယ်ကြသည့် အခြေခံအုတ်မြစ်ပေါ်တွင် ၎င်းတို့သည် ဆန္ဒများ၊ ရည်မှန်းချက်များကို ထားရှိလျက် ဘုရားသခင်နှင့် အပေးအယူလုပ်ရန် ကြိုးစားကြခြင်း ဖြစ်ပါသည်။ လူတို့က ၎င်းတို့သည် ဘုရားသခင်အား ကျေနပ်စေပြီး ဘုရားသခင်က ပျော်ရွှင်သည်နှင့် ဘုရားသခင်က ၎င်းတို့အပေါ် သူ၏ ကတိတော်ကို ချပေးမည်ဟု ယုံကြည်ကြခြင်း ဖြစ်ပါသည်။ တတိယတစ်ခုမှာ လူတို့သည် ၎င်းတို့၏ အသိစိတ်၊ ဆင်ခြင်တုံတရားကို အခြေခံပြီး ကျင့်ကြံပြုမူခြင်း၊ လုပ်ဆောင်ခြင်းအားဖြင့် သမ္မာတရားကို လိုက်စားနေပြီဟု ယုံကြည်ကြခြင်း ဖြစ်ပါသည်။) ထိုအကြောင်းအရာသုံးခုကို ဘေးဖယ်ထားလျှင် သမ္မာတရားကို လိုက်စားခြင်းဆိုသည်မှာ အတိအကျ မည်သို့အဓိပ္ပာယ်ရသနည်း။ သမ္မာတရားအား လိုက်စားခြင်းနှင့်ပတ်သက်ပြီး ငါတို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ပြန်သွားကြစို့။ “သမ္မာတရားအား မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး လူများ၊ အမှုအရာများကို လုံးလုံးလျားလျား ဘုရားနှုတ်ကပတ်တော်နှင့်အညီ ရှုမြင်ခြင်းအပြင် ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ခြင်း။” သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ အဘယ်ဖြစ်ကြောင်းနှင့် မည်သို့လိုက်စားရမည်ကို လူတို့နားလည်ရန် ဤစကားများက လုံလောက်သည်။ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ အဘယ်ဖြစ်ကြောင်းကို ငါတို့ များစွာ ပြောဆိုပြီးဖြစ်သည်။ ဤသို့ဆိုလျှင် သမ္မာတရားအား မည်သို့လိုက်စားရသနည်း။ ဤအရာနှင့်ပတ်သက်ပြီး ယခုအချိန်နှင့် ယခင်အချိန် နှစ်ခုလုံးတွင် များစွာ မိတ်သဟာယဖွဲ့ပြီးဖြစ်သည်။ သင်သည် လူများ၊ အမှုအရာများကို ရှုမြင်သည်ဖြစ်စေ၊ ကျင့်ကြံပြုမူပြီး လုပ်ဆောင်သည်ဖြစ်စေ သမ္မာတရားအား မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး ဘုရားနှုတ်ကပတ်တော်များနှင့်အညီ ဖြစ်ရမည်။ ဤသည်မှာ သမ္မာတရားအား လိုက်စားခြင်းဖြစ်သည်။ ထိုစကားများနှင့် မသက်ဆိုင်သော အခြားမည်သည့်အရာမဆိုသည် သမ္မာတရားအား လိုက်စားခြင်းမဟုတ်။ “သမ္မာတရားအား မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး လူများ၊ အမှုအရာများကို လုံးလုံးလျားလျား ဘုရားနှုတ်ကပတ်တော်နှင့်အညီ ရှုမြင်ခြင်းအပြင် ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ခြင်း” ဆိုသည်မှာ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မရည်ညွှန်းလျှင် လူ၏ အတွေးအမြင်နှင့် အယူအဆအချို့ကို ရည်ညွှန်းသည်မှာ မှန်သည်။ ယင်းက ဤအရာများကို ရည်ညွှန်းလျှင်၊ သမ္မာတရား စည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်အောင်၊ ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားကို နာခံအောင် လူကို ထောက်ကူပေးရေး ဟူသည့် ပန်းတိုင်အား ရရှိရန် ရည်ရွယ်လျှင် ထိုအရာသည် အလိုအလျောက်ပင် နောက်ဆုံးရလဒ် ဖြစ်လိမ့်မည်။ “သမ္မာတရားအား မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး လူများ၊ အမှုအရာများကို လုံးလုံးလျားလျား ဘုရားနှုတ်ကပတ်တော်နှင့်အညီ ရှုမြင်ခြင်းအပြင် ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ခြင်း” ဆိုသည်မှာ အလွန်ပင် ရှင်းလင်းပြီး တိကျပြတ်သားသည်။ ဤအရာက လူတို့ကို နောက်ဆုံးတွင် ပေးသော လမ်းကြောင်းသည် လူတို့အား ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုများတွင် ၎င်းတို့၏ တစ်ဖက်သတ်ဆန်သော အမြင်များကို ဖယ်ရှားရန်၊ ၎င်းတို့၏ ဆန္ဒများနှင့် ရည်မှန်းချက်များကို လက်လွှတ်ရန် ထောက်ကူပေးသည်။ တစ်ချိန်တည်းတွင် လူတို့သည် ၎င်းတို့က သာလွန်သည်၊ လူ့သဘာဝ၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သည်ဆိုသည့် ယုံကြည်မှုနောက်တွင် ပုန်းကွယ်လျက် အသက်မရှင်ရ။ သမ္မာတရားအား မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး မိမိ၏ အခြေပြုချက်အဖြစ် ဘုရားနှုတ်ကပတ်တော်ကို ယူသည့် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းကို အစားထိုးရန်အတွက် ဤအရာကို အသုံးပြုခြင်း မပြုလုပ်ရ။ သင့်တွင် မည်သည့်ကျိုးကြောင်းပြချက်များရှိပါစေ၊ မည်သည့်အားသာချက်နှင့် အကျိုးကျေးဇူးများကို သင်ပိုင်ဆိုင်ပါစေ ၎င်းတို့သည် သမ္မာတရားအား မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး ဘုရားနှုတ်ကပတ်တော်များနှင့်အညီ လူများ၊ အမှုအရာများကို ရှုမြင်ခြင်း၊ ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ခြင်းအား အစားထိုးရန် မလုံလောက်ပေ။ ဤသည်မှာ အကြွင်းမဲ့ သေချာသည်။ ဆန့်ကျင်ဘက်အားဖြင့် လူများ၊ အမှုအရာများကို သင်၏ ရှုမြင်ခြင်း၊ သင်၏ ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ခြင်းများအတွက် အစပြုမှတ်သည် ဘုရားနှုတ်ကပတ်တော်များနှင့် လုံးဝ ညီလျှင်၊ သမ္မာတရားအား သင်၏ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများအဖြစ် ထားရှိလျှင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း ဖြစ်သည်။ ဤသို့မဟုတ်လျှင် သမ္မာတရားအား လက်တွေ့လုပ်ဆောင်နေခြင်း မဟုတ်ပေ။ အနှစ်ချုပ်ပြောရလျှင် လူတို့သည် လူ့အယူအဆများနှင့် စိတ်ကူးများတွင် အသက်ရှင်ခြင်း၊ အပေးအယူလုပ်ရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်း၊ သို့မဟုတ် သမ္မာတရားအား လိုက်စားခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းအား ကောင်းသော အကျင့်စာရိတ္တ များစွာကို ၎င်းတို့ ပိုင်ဆိုင်သည်ဆိုသည့် ယုံကြည်ချက်ဖြင့် စဉ်ဆက်မပြတ် အစားထိုးခြင်းကဲ့သို့သော ဤချဉ်းကပ်မှုများအားလုံးသည် မိုက်မဲသည်။ ၎င်းတို့ထဲမှ မည်သည့်အရာကမျှ သမ္မာတရားအား လိုက်စားခြင်းဖြစ်ကြောင်း ပြသခြင်းမဟုတ်ပေ။ အဆုံးတွင် ဤမိုက်မဲသော ချဉ်းကပ်မှုများ၏ ရလဒ်သည် သမ္မာတရားကို လူတို့နားမလည်ခြင်း၊ ဘုရားအလိုတော်ကို နားလည်သဘောပေါက်နိုင်စွမ်း မရှိခြင်း၊ ကယ်တင်ခြင်း လမ်းပေါ်တွင် စတင်လျှောက်လှမ်းနိုင်စွမ်း မရှိခြင်းတို့ပင် ဖြစ်လိမ့်မည်။ သင်တို့ နားလည်သလော။ (နားလည်ပါသည်။) သမ္မာတရားအား မလိုက်စားသော သူများကြားတွင် ကယ်တင်ခြင်းမခံရနိုင်သူများမှ လွဲ၍ အသက်ရှင်ကျန်ရစ်မည့် အစေခံသူများဖြစ်ရန် လိုလားသောသူအချို့ရှိသည်ကိုကား ပြောရန်ပင် မလိုပေ။ ဤသည်မှာ အတော်အတန် အဆင်ပြေသည်။ ဤအရာကို သမ္မာတရားအား မလိုက်စားခြင်းအတွက် ကောင်းသော အခြားရွေးချယ်စရာတစ်ခုအဖြစ် မှတ်ယူနိုင်သည်။ မည်သည့်လမ်းကြောင်းကို သင်တို့ သီးသန့်ရွေးချယ်သည်မှာ သင်တို့အပေါ်တွင် မူတည်သည်။ လူအချို့က “ဤမျှအထိ မိတ်သဟာယပြုပြီးသော်လည်း လူများ၊ အမှုအရာများကို မည်သို့ရှုမြင်ရမည်၊ သို့မဟုတ် မည်သို့ကျင့်ကြံပြုမူကာ လုပ်ဆောင်ရမည်ကို ကျွန်ုပ်တို့အား ကိုယ်တော် မပြောရသေးပါ” ဟု ဆိုကောင်းဆိုလိမ့်မည်။ ငါမပြောခဲ့သလော။ (ပြောခဲ့ပါသည်။) မည်သည့်အရာနှင့်အညီ လူများ၊ အမှုအရာများကို ရှုမြင်ပြီး ကျင့်ကြံပြုမူကာ လုပ်ဆောင်သင့်သနည်း။ (ဘုရားနှုတ်ကပတ်တော်များနှင့်အညီ ဖြစ်ပါသည်။) မိမိ၏ စံသတ်မှတ်ချက်အဖြစ် မည်သည့်အရာကို ထားရှိရမည်နည်း။ (သမ္မာတရားအား မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိရပါမည်။) ဤသို့ဆိုလျှင် ဘုရားနှုတ်ကပတ်တော်များသည် မည်သည့်အရာဖြစ်သနည်း။ သမ္မာတရားသည် အဘယ်မှာနည်း။ (ဘုရားနှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်ပါသည်။) ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာရှိသည်။ ထိုနှုတ်ကပတ်တော်တို့သည် လူများ၊ အမှုအရာများကို မည်သို့ရှုမြင်ရမည်၊ မည်သို့ကျင့်ကြံပြုမူကာ လုပ်ဆောင်ရမည်ဆိုသည်နှင့် သက်ဆိုင်သော ကဏ္ဍတိုင်းကို လူတို့အား ပြောပြသည်။ ထို့ကြောင့် ယခုတွင် ဤအရာများနှင့်ပတ်သက်ပြီး ငါတို့ အသေးစိတ် ပြောမည်မဟုတ်။ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ ကို ထပ်၍ ဖတ်ပါ။ (သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ အဘယ်နည်း။ သမ္မာတရားအား မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး လူများ၊ အမှုအရာများကို လုံးလုံးလျားလျား ဘုရားနှုတ်ကပတ်တော်နှင့်အညီ ရှုမြင်ခြင်းအပြင် ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ခြင်း ဖြစ်ပါသည်။) ဤစကားလုံးများကို သင်တို့၏ စိတ်နှလုံးတွင် ရေးထိုးထားပြီး သင်တို့၏ ဘဝဆောင်ပုဒ်အဖြစ် အသုံးပြုရမည်။ ဤအရာတို့ကို စဉ်းစားပြီး သုံးသပ်ဆင်ခြင်နိုင်ရန်အတွက် မကြာခဏ ထုတ်ပြောလော့။ ဤအရာတို့ကို သင်၏ အပြုအမူ၊ ဘဝအပေါ် သဘောထား၊ အမှုအရာများအပေါ် သင်၏ ရှုမြင်မှုများ၊ သင်၏ ရည်ရွယ်ချက်နှင့် ပန်းတိုင်များဖြင့် ယှဉ်ကြည့်လော့။ ထို့နောက်တွင် သင်သည် သင်၏ တကယ့်အခြေအနေက မည်သို့ဖြစ်သည်၊ သင်ဖွင့်ပြသည့် စိတ်သဘောထား၏ အနှစ်သာရက မည်သို့ဖြစ်သည်ဆိုသည်တို့ကို ရှင်းလင်းစွာ ခံစားနိုင်လိမ့်မည်။ သင်၏ အပြုအမူ၊ ဘဝအပေါ် သဘောထား၊ အမှုအရာများအပေါ် သင်၏ ရှုမြင်မှုများ၊ သင်၏ ရည်ရွယ်ချက်နှင့် ပန်းတိုင်များကို ဤစကားများဖြင့် နှိုင်းယှဉ်လော့။ ဤစကားများကို သင်၏ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများအဖြစ်၊ သင်၏ လက်တွေ့လုပ်ဆောင်မှုအတွက် လမ်းကြောင်းနှင့် ဦးတည်ချက်အဖြစ် ယူလော့။ သင်သည် ဤသို့ လိုက်စားသောအခါ၊ ဤစကားများကို အပြည့်အဝ ဝင်ရောက်နိုင်ပြီး ဤစကားများအတိုင်း အသက်ရှင်နေထိုင်နိုင်သောအခါ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ အဘယ်ဖြစ်ကြောင်းကို နားလည်လိမ့်မည်။ သင်သည် ဤစကားများ၏ စစ်မှန်မှုအတွင်းသို့ ဝင်ရောက်သောအခါ အလိုအလျောက်အားဖြင့် သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းပေါ်တွင် စတင်လျှောက်လှမ်းနေပြီး ဖြစ်လိမ့်မည်။ သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းပေါ်တွင် သင် စတင်လျှောက်လှမ်းသောအခါ မည်သည့်အရာ ဖြစ်ပေါ်လာမည်နည်း။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ နှောင့်ယှက်မှု၊ ထိန်းချုပ်မှုနှင့် ကန့်သတ်မှုတို့ကြောင့်ဖြစ်သော စိတ်သောကသည် ပို၍ပို၍ ပေါ့ပါးလာလိမ့်မည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရန်အတွက် လမ်းကြောင်းရှိကြောင်း၊ သင် ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက်ရှိကြောင်း ခံစားရမည်ဖြစ်သောကြောင့် ဖြစ်သည်။ ထိုအခါမှသာ သင်သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သည့်၊ ဘုရားနှုတ်ကပတ်တော်များကို စားသောက်သည့် အသက်တာသည် ကျေနပ်ဖွယ်ဖြစ်သည်၊ ငြိမ်းချမ်းသည်၊ ဝမ်းမြောက်ဖွယ်ဖြစ်သည်ဟု ခံစားရလိမ့်မည်။ သမ္မာတရားကို မချစ်သောသူတို့သည် ဘုရားသခင်အား နှစ်များစွာ ယုံကြည်ပြီးနောက်တွင် ဘဝသည် အလွန်ပင် ဟာတာတာဖြစ်သည်၊ ၎င်းတို့ အမှီပြုစရာ မည်သည့်အရာမျှမရှိဟု ခံစားရဆဲဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအတွင်းတွင် အသက်ရှင်ရသည်မှာ အမှန်တကယ် နာကျင်ရသည်ဟုပင် ၎င်းတို့ မကြာခဏ ခံစားကြရသည်။ ယင်းကို ၎င်းတို့ ဖယ်ရှားလိုသော်လည်း မဖယ်ရှားနိုင်ပေ။ ၎င်းတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ကန့်သတ်ခြင်း၊ ချုပ်ချယ်ခြင်း၊ ချည်နှောင်ခြင်းတို့ကို ထာဝရ ခံရလျက်ရှိသည်။ ဤအတွက်ကြောင့် ၎င်းတို့သည် အလွန်ပင် စိတ်သောကရောက်သည်။ သို့တိုင်အောင် ၎င်းတို့၌ လိုက်လျှောက်ရန် လမ်းကြောင်း လုံးဝ မရှိပေ။ ၎င်းတို့၏ ဤခါးသီးသော နေ့ရက်များသည် အဆုံးမရှိပေ။ သမ္မာတရားကို ၎င်းတို့ လက်ခံနိုင်ပြီး ကယ်တင်ခြင်းကို ရယူနိုင်လျှင် ဤခါးသီးသော နေ့ရက်များ ကုန်ဆုံးသွားမည်ဖြစ်သည်။ သို့ရာတွင် ဤအရာအားလုံး၏ ရလဒ်များသည် သင်တို့၏ နောင်ကာလ လိုက်စားမှုနှင့် ဝင်ရောက်မှုအပေါ်တွင် မူတည်သည်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်

အရှေ့သို့- သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁)

နောက်တစ်ခုသို့- သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၃)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။