အမှုတော်နှင့် ဝင်ရောက်ခြင်း (၉)

ခိုင်မာစွာအမြစ်တွယ်နေသော လူမျိုးစုရိုးရာများနှင့် စိတ်ပိုင်းဆိုင်ရာ သဘောထားအမြင်တို့သည် ဖြူစင်၍ ကလေးသဖွယ်ဖြစ်သော လူသား၏ဝိညာဉ်ကို ကာလကြာမြင့်သည့် အချိန်ကတည်းက မျှော်လင့်ချက်နည်းပါးစေခဲ့ပြီး စိတ်ခံစားမှု သို့မဟုတ် အတ္တစိတ် လုံးဝမရှိသည့်အလား ၎င်းတို့သည် လူ့သဘာဝ စိုးစဉ်းမျှမရှိဘဲ၊ လူသား၏စိတ်ဝိညာဉ်ကို တိုက်ခိုက်ခဲ့၏။ ဤမကောင်းဆိုးဝါးတို့၏ နည်းလမ်းများသည် လွန်ကဲစွာရက်စက်၍ “ပညာပေး”နှင့် “ပြုစုပျိုးထောင်ခြင်း” တို့သည် နတ်ဆိုးတို့၏မင်းမှ လူသားအား သတ်ဖြတ်သည့် အစဉ်အလာနည်းလမ်းဖြစ်သွားခဲ့သည့်အလား ဖြစ်သည်။ ၎င်း၏ “လေးနက်သည့် အဆုံးအမ”ကို အသုံးပြု၍ ၎င်းသည် လူသား၏ ယုံကြည်မှုကို ရရှိရန် သိုးရေကိုခြုံပြီးနောက် လူသားက ထိုင်းမှိုင်းလေးကန်စွာ အိပ်စက်သည့်အခါ၊ သူ့အား လုံးလုံးလျားလျား ဝါးမျိုဖို့ အခွင့်ကောင်းယူရန် ၎င်း၏အကျည်းတန်သောဝိညာဉ်ကို အပြည့်အဝ ဖုံးအုပ်ထား၏။ သနားစဖွယ် လူသားမျိုးနွယ်ပေတည်း။ ၎င်းတို့ကို ကျွေးမွေးပြုစုသည့် နိုင်ငံသည် နတ်ဆိုး၏နိုင်ငံဖြစ်ကြောင်း၊ ၎င်းတို့ကို ကျွေးမွေးပြုစုသူသည် အကယ်စင်စစ် ၎င်းတို့ကို ထိခိုက်သော ရန်သူဖြစ်ကြောင်းကို ၎င်းတို့ မည်သို့သိနိုင်ခဲ့မည်နည်း။ သို့ရာတွင် လူသားသည် လုံးဝ နိုးထခြင်း မရှိပေ၊ အဆာပြေ၊ ရေငတ်ပြေပြီးနောက် သူသည် သူ့အားကျွေးမွေးပြုစုသည့် သူ့“မိဘများ” ၏ “ကြင်နာမှု” ကို ကျေးဇူးပြန်ဆပ်ရန် ပြင်ဆင်၏။ ယင်းမှာ လူသား ဘယ်လို ဘယ်ပုံဟူသည်ပင် ဖြစ်၏။ သူ့အား ကျွေးမွေးပြုစုခဲ့သော ဘုရင်မင်းသည် သူ၏ရန်သူဖြစ်ကြောင်းကို ယနေ့ သူမသိသေးပေ။ ကမ္ဘာမြေကြီးသည် သေဆုံးသူတို့၏ အရိုးများဖြင့် ပြန့်ကျဲလျက်ရှိပြီး နတ်ဆိုးသည် အလွန်အမင်း စိတ်လှုပ်ရှားမှု၊ စိတ်တက်ကြွမှုဖြင့် မရပ်မနား ပျော်မြူးကာ “မြေအောက်ကမ္ဘာ” တွင် လူသား၏အသားကို ဆက်လက်ဝါးမျို၍ လူ့အရိုးစုများနှင့် သင်္ချိုင်းတွင် အတူနေကာ လူသား၏ စုတ်ပြတ်နေသော လူ့ကိုယ်ခန္ဓာမှ နောက်ဆုံးအကြွင်းအကျန်များကို စားရန် အချည်းနှီး ကြိုးစား၏။ သို့ရာတွင် လူသားသည် အစဉ်ပင် အသိဉာဏ်မဲ့လျက်ရှိ၍ မာရ်နတ်အား သူ၏ရန်သူအဖြစ် မည်သည့် အခါမျှ သဘောထားခဲ့ခြင်း မရှိဘဲ ယင်းအစား ၎င်းအား စိတ်နှလုံးအကြွင်းမဲ့ အစေခံ၏။ ဤကဲ့သို့သော အကျင့်စာရိတ္တ ပျက်စီးသော လူများသည် ဘုရားသခင်ကို သိနိုင်စွမ်း ရှိကို မရှိနိုင်ကြပေ။ လူ့ဇာတိခံယူ၍ ၎င်းတို့အကြားလာကာ သူ၏ကယ်တင်ခြင်း အမှုတော် အားလုံးကို ဆောင်ရွက်နေခြင်းသည် ဘုရားသခင်အတွက် လွယ်ကူသလော။ မရဏနိုင်ငံအတွင်းသို့ ထိုးကျနှင့်ပြီးဖြစ်သော လူသားသည် ဘုရားသခင်၏ သတ်မှတ်ချက်များကို မည်သို့ ဖြည့်ဆည်းနိုင်မည်နည်း။ လူသား၏အလုပ်အတွက် ဘုရားသခင် ကြံ့ကြံ့ခံခဲ့သည့် အိပ်မပျော်သောညများမှာ များစွာဖြစ်၏။ အထက်အမြင့်အရပ်မှ အနိမ့်ဆုံးအနက်များအထိ ကိုယ်တော်သည် သူ၏နေ့ရက်များကို လူသားနှင့်အတူ ကျော်လွန်ရန်၊ လူသားနေထိုင်သော အသက်ရှင်လျက် ငရဲရောက်နေသကဲ့သို့ ခံစားရသည့်အရပ်သို့ ဆင်းသက်လာခဲ့ကာ ကိုယ်တော်သည် လူသားအကြားယုတ်ညံ့မှုကို မည်သည့်အခါမျှ ညည်းညူခဲ့ဖူးခြင်းမရှိ၊ ထို့အပြင် လူသားအား ၎င်း၏နာခံမှု မရှိခြင်းအတွက် အပြစ်တင်ခဲ့ဖူးခြင်း မရှိဘဲ၊ သူ၏အမှုကို သူကိုယ်တိုင် ထမ်းဆောင်ရင်း အကြီးမားဆုံးသော အရှက်ကွဲခြင်းကို ကြံ့ကြံ့ခံတော်မူ၏။ ဘုရားသခင်သည် ငရဲနှင့် အဘယ်သို့ သက်ဆိုင်နိုင်အံ့နည်း။ ကိုယ်တော်သည် ကိုယ်တော်၏ အသက်တာကို ငရဲ၌ အဘယ်သို့ ကုန်ဆုံးနိုင်အံ့သနည်း။ သို့သော် လူသားမျိုးနွယ် တစ်ရပ်လုံးသည် သာ၍ဆောလျင်စွာ ချမ်းသာခြင်းသို့ ရောက်ရန် ကိုယ်တော်သည် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် ကမ္ဘာမြေကြီးသို့ လာရန် အရှက်ကွဲခြင်းကို ကြံ့ကြံ့ခံခဲ့ကာ တရားမျှတမှုမရှိခြင်းကို ခံခဲ့သည့်အပြင်၊ လူသားကို ကယ်တင်ရန် သူကိုယ်တိုင် “ငရဲ” နှင့် “မရဏနိုင်ငံ” အတွင်း၊ ကျားအောင်းဂူအတွင်းသို့ ဝင်ရောက်ခဲ့၏။ လူသားသည် ဘုရားသခင်အား ဆန့်ကျင်ရန် အဘယ်သို့ အရည်အချင်း မီသနည်း။ ဘုရားသခင်အကြောင်း မကျေမနပ်ပြောရန် ၎င်းတွင် မည်သည့်အကြောင်းရင်း ရှိသနည်း။ ဘုရားသခင်ကို ကြည့်ရန် သူသည် အဘယ်သို့ ရဲတင်း၍ အရှက်မရှိ မျက်နှာပြောင်တိုက်နိုင်မည်နည်း။ ကောင်းကင်ဘုံ၏ ဘုရားသခင်သည် အညစ်ပေဆုံးသော ဤဒုစရိုက်ပြည်သို့ လာရောက်ခဲ့ပြီး ကိုယ်တော်၏ မကျေနပ်မှုများကို မည်သည့်အခါမျှ ထွက်ပေါက်ရှာခဲ့ဖူးခြင်း သို့မဟုတ် လူသားအကြောင်း ညည်းညူခဲ့ခြင်း မရှိဘဲ၊ ယင်းအစား လူသား၏ ဒဏ်ရာဒဏ်ချက်များနှင့် ဖိနှိပ်မှုတို့ကို တိတ်ဆိတ်စွာ လက်ခံ၏။ လူသား၏ မလျော်ကန်သော တောင်းဆိုမှုများကို မည်သည့်အခါမျှ တုံ့ပြန်ထိုးနှက်တိုက်ခိုက်ခြင်း မရှိ၊ လူသားအပေါ် လွန်ကဲသော တောင်းဆိုမှုများ မည်သည့်အခါမျှ မပြုခဲ့ဖူးသလို၊ လူသားအပေါ် မလျော်ကန်သော တောင်းဆိုမှုများ မည်သည့်အခါမျှ မပြုလုပ်ခဲ့ဖူးပေ၊ သူသည် သင်ကြားခြင်း၊ အသိဉာဏ် ပွင့်လင်းစေခြင်း၊ အပြစ်တင်ခြင်း၊ နှုတ်ကပတ်တော်များအား စစ်ဆေးခြင်း၊ သတိပေးခြင်း၊ အလေးအနက် တိုက်တွန်းခြင်း၊ နှစ်သိမ့်ခြင်း၊ တရားစီရင်ခြင်းနှင့် ထုတ်ဖော်ခြင်းစသည့် လူသား လိုအပ်သည့်အလုပ်ကို ညည်းညူမှုမရှိဘဲ၊ လုပ်ဆောင်ရုံသာ လုပ်ဆောင်၏။ ကိုယ်တော်၏ အဆင့်များအနက် အဘယ်အဆင့်သည် လူသား၏ ဘဝအတွက် မဟုတ်သနည်း။ ကိုယ်တော်သည် လူသား၏ မျှော်လင့်ချက်များနှင့် ကံကြမ္မာကို ဖယ်ရှားခဲ့သော်လည်း၊ ဘုရားသခင် ဆောင်ရွက်ခဲ့သည့် အဆင့်များအနက် မည်သည့်အဆင့်သည် လူသား၏ကံကြမ္မာအတွက် မဟုတ်ခဲ့သနည်း။ ၎င်းတို့အနက် မည်သည့်အဆင့်သည် လူသား၏ရှင်သန်နိုင်ရေးအတွက် မဟုတ်သနည်း။ ၎င်းတို့အနက် မည်သည့်အဆင့်သည် ဤဒုက္ခဝေဒနာနှင့် ညတမျှ မည်းနက်သော အမှောင်စွမ်းအားများ၏ ဖိနှိပ်ခြင်းတို့မှ လူသားအား လွတ်မြောက်စေရန် မဟုတ်ခဲ့သနည်း။ ၎င်းတို့အနက် မည်သည့်အဆင့်သည် လူသားအတွက် မဟုတ်သနည်း။ ချစ်ခင်ကြင်နာသော မိခင်၏ နှလုံးသားကဲ့သို့ဖြစ်သည့် ဘုရားသခင်၏ နှလုံးသားကို မည်သူ နားလည်နိုင်သနည်း။ ဘုရားသခင်၏ စိတ်အားထက်သန်သော နှလုံးသားကို မည်သူနားလည်နိုင်သနည်း။ ဘုရားသခင်၏ ပြင်းပြသောနှလုံးသားနှင့် ဇောသန်သော မျှော်လင့်ချက်များသည် အေးစက်သောနှလုံးသားများ၊ အကြင်နာ တရားမဲ့သော ဂရုမစိုက်သည့် မျက်လုံးများ၊ လူသား၏ ကြိမ်ဖန်တလဲ အပြစ်ဖော်ဆုံးမခြင်းများနှင့် စော်ကားမှုများဖြင့် ကျေးဇူးဆပ်ခံခဲ့ရ၏၊ ထိခိုက်နာကျည်းစေသော ဝေဖန်ချက်များ၊ ထေ့လုံးငေါ့လုံးနှင့် သိမ်ငယ်စေမှုများဖြင့် ကျေးဇူးဆပ်ခံခဲ့ရ၏၊ လူသား၏ လှောင်ပြောင် သရော်ခြင်း၊ သူ၏ နင်းခြေစော်ကားခြင်းနှင့် ငြင်းပယ်ခြင်း၊ သူ၏ နားလည်သဘောပေါက်မှုလွဲခြင်းနှင့် ညည်းတွားခြင်း၊ စိတ်ဝမ်းကွဲခြင်းနှင့် ရှောင်ရှားခြင်းတို့ဖြင့် ကျေးဇူးဆပ်ခံခဲ့ရကာ လှည့်ဖြားမှု၊ တိုက်ခိုက်မှုများနှင့် ခါးသီးမှုတို့မှလွဲ၍ မည်သည့်အရာမျှမပါရှိဘဲ ကျေးဇူးဆပ်ခံခဲ့ရ၏။ နွေးထွေးသောစကားများသည် ရက်စက် ကြမ်းကြုတ်သော မျက်ခုံးများနှင့် လှုပ်ယမ်းနေသော လက်ချောင်း တစ်ထောင်တို့၏ အေးစက်သော ပမာမခန့်ပြုမှုတို့နှင့် ရင်ဆိုင်ခဲ့ရသည်။ ဘုရားသခင်သည် စိတ်အလိုကျသော နွားထီးပမာ ခေါင်းငုံ့လျက် လူတို့အား အစေခံကာ သည်းခံရုံသာ တတ်နိုင်၏။ ကိုယ်တော်သည် ကိုယ်တော်၏အဖထံမှ ထွက်ခွာခြင်း၏ နာကျင်မှုထက် အဆတစ်ထောင် ကြီးမားသည့် မချိမဆံ့ဝေဒနာကို အောင့်ခံရင်း၊ လူသား၏တိုက်ခိုက်မှုများနှင့် ချိုးဖျက်မှုများကို အောင့်ခံရင်းအပြင် လူသား၏ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းတို့ကို ဟိုဖက်လှိမ့်၊ သည်ဖက်လှိမ့်ဖြင့် အောင့်ခံရင်း ကိုယ်တော်သည် မြောက်မြားစွာသော နေများလများ၊ ကြယ်များနှင့် အကြိမ်ပေါင်း များစွာ ရင်ဆိုင်ခဲ့သည်၊ ကိုယ်တော်သည် အကြိမ်ပေါင်းများစွာ အရုဏ်တက်၌ ထွက်ခွာသွားကာ နေဝင်ဆည်းဆာမှ ပြန်လာခဲ့သည်။ ဘုရားသခင်၏ နှိမ့်ချမှုနှင့် ဖုံးကွယ်မှုသည် လူသား၏ အခြေအမြစ်မရှိသော အစွဲအလမ်း၊ လူသား၏ မတရားသောအမြင်များ၊ မတရားသော ဆက်ဆံမှုများနှင့် ကျေးဇူးဆပ် ခံရကာ၊ ကိုယ်တော်၏ မထင်မရှား တိတ်ဆိတ်စွာ အလုပ်လုပ်ပုံ၊ ကိုယ်တော်၏ စိတ်ရှည်ခြင်းနှင့် ကိုယ်တော်၏ သည်းခံခြင်းတို့သည် လူသား၏လောဘကြီးသော အကြည့်ဖြင့် ကျေးဇူးဆပ်ခံခဲ့ရသည်၊ လူသားသည် စိတ်မလုံမလဲမဖြစ်ဘဲ၊ ဘုရားသခင် သေသည်အထိ ခြေနှင့်ဆောင့်နင်းရန် ကြိုးစားကာ ဘုရားသခင်အား မြေကြီးအတွင်းသို့ နင်းခြေရန် ကြိုးစား၏။ ဘုရားသခင်အပေါ် ဆက်ဆံခြင်း၌ လူသား၏ သဘောထားသည် “ရှားပါးသော လိမ္မာကျွမ်းကျင်မှု” တစ်ရပ်ဖြစ်ပြီး လူသား၏အနိုင်ကျင့်ခြင်းနှင့် မထီမဲ့မြင်ပြုခြင်းတို့ကို ခံရသော ဘုရားသခင်သည် ထောင်သောင်းပေါင်း များစွာသောလူတို့၏ ခြေများ အောက်တွင် ပြားနေအောင် အဖိခံရချိန်၌ လူသားကိုယ်၌သည် အံမတုနိုင်သည့် ခေါင်းဆောင်တစ်ဦးဖြစ်မည့်အလား၊ အကြွင်းမဲ့အာဏာကို ရယူ လိုသည့်အလား၊ အခြွေအရံများကို ခန်းဆီးနောက်ကွယ်မှ ဦးဆောင်ုရန်၊ ဘုရားသခင်ကို တန်ပြန်တိုက်ခိုက်ခြင်း သို့မဟုတ် ဒုက္ခပေးခြင်း ပြုခွင့်မရှိသော တာဝန်သိ၍ စည်းကမ်းလိုက်နာသည့် ပရိတ်သတ်မျက်ကွယ်က ညွှန်ကြားရေးမှူးအဖြစ် ပြုလုပ်ရန် မြင့်မားစွာ ရပ်လျက်ရှိ၏။ ဘုရားသခင်သည် နောက်ဆုံးသောဧကရာဇ်မင်း၏ အခန်းမှ ပါဝင်ရမည်၊ သူသည် လွတ်လပ်မှု လုံးဝကင်းမဲ့သည့် ရုပ်သေးရုပ်တစ်ရုပ် ဖြစ်ရမည်။ လူသား၏ လုပ်ဆောင်ချက်များသည် ပြောပြ၍မရသဖြင့် သူသည် ဘုရားသခင်အား ဤအရာ၊ ထိုအရာ တောင်းဆိုရန် အရည်အချင်း မည်သို့ပြည့်မီသနည်း။ ၎င်းသည် ဘုရားသခင်အား အကြံပြုချက်များ အဆိုပြုရန် အရည်အချင်း မည်သို့ပြည့်မီသနည်း။ ဘုရားသခင်သည် သူ၏အားနည်းချက်များကို ထောက်ထားရေးအတွက် တောင်းဆိုရန် အရည်အချင်း မည်သို့ ပြည့်မီသနည်း။ သူသည် ဘုရားသခင်၏ သနားကရုဏာကို လက်ခံရရှိရန် မည်သို့ သင့်တော်သနည်း။ ဘုရားသခင်၏ သဘောထားကြီးမှုကို ထပ်ခါတလဲလဲ လက်ခံရရှိရန် မည်သို့ သင့်တော်သနည်း။ သူသည် ဘုရားသခင်၏ ခွင့်လွှတ်ခြင်းကို ထပ်ခါတလဲလဲ လက်ခံရရှိရန် မည်သို့သင့်တော်သနည်း။ သူ၏ သြတပ္ပစိတ်သည် အဘယ်မှာနည်း။ ၎င်းသည် ရှေးအတိတ်တွင် ဘုရားသခင်၏ အသည်းကို ခွဲခဲ့ပြီး ထိုကြာမြင့်သည့် အချိန်ကတည်းက ဘုရားသခင်၏ နှလုံးသားကို အပိုင်းပိုင်းအစစ ထားခဲ့သည်။ အနည်းငယ်မျှသော နွေးထွေးမှုနှင့်ပင်ဖြစ်စေ လူသား သူ့အပေါ် စိတ်စေတနာရှိရန် မျှော်လင့်လျက် ဘုရားသခင်သည် လူသားအကြားသို့ စိတ်အားထက်သန်စွာ လာရောက်ခဲ့၏။ သို့ရာတွင် ဘုရားသခင်၏ နှလုံးသားသည် လူသား၏ နှစ်သိမ့်ခြင်းခံရရန် နှေးကွေး၏၊ ကိုယ်တော် လက်ခံရရှိသမျှမှာ တစ်မုဟုတ်ချင်း ကြီးထွားပြင်းထန်လာသည့် တိုက်ခိုက်မှုများနှင့် ညှဉ်းပန်းနှိပ်စက်မှုသာဖြစ်၏၊ လူသား၏ နှလုံးသားသည် လောဘရမ္မက်ကြီးလွန်း၏၊ သူ၏အလိုဆန္ဒသည် ကြီးမားလွန်း၍ သူသည် မည်သည့်အခါမှ အာသာပြေနိုင်မည် မဟုတ်ပေ၊ သူသည် အစဉ်ထိခိုက်နစ်နာစေ၍ မိုက်ရူးရဲဖြစ်၏၊ သူသည် ဘုရားသခင်အား မည်သည့်အခါမျှ လွတ်လပ်ခွင့် သို့မဟုတ် ပြောဆိုခွင့် မပေးဘဲ၊ ဘုရားသခင်အား အရှက်ခွဲခြင်းခံရရန်မှတစ်ပါး အခြားရွေးချယ်စရာ မပေးဘဲ၊ ၎င်းဆန္ဒရှိသည့်အတိုင်း ကိုယ်တော့်အား ခြယ်လှယ်ဖို့ လူသားကို ခွင့်ပေး၏။

ဖန်ဆင်းချိန်မှ ယခုတိုင် ဘုရားသခင်သည် နာကျင်မှု များစွာကို ကြံ့ကြံ့ခံခဲ့ကာ တိုက်ခိုက်မှုများစွာ ခံစားခဲ့ရ၏။ သို့သော် ယနေ့တွင်ပင် လူသားသည် ဘုရားသခင်အပေါ် ၎င်း၏ တောင်းဆိုမှုများကို လျှော့ပေါ့ခြင်း မရှိဘဲ၊ ဘုရားသခင်အား စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးဆဲ၊ ကိုယ်တော့်အပေါ် သည်းခံမှုလုံးဝ မရှိဆဲဖြစ်ကာ၊ ဘုရားသခင် လမ်းမှားသွားလိမ့်မည်၊ မြေကြီးပေါ်ရှိ ဘုရားသခင်သည် ရက်စက်ကာ ယုတ္တိတန်ခြင်းမရှိ၊ သို့မဟုတ် အထိန်းအချုပ်မဲ့ သောင်းကျန်းခြင်း သို့မဟုတ် ကိုယ်တော်သည် ဖြစ်ဖြစ်မြောက်မြောက် မရှိမည်ကို လွန်စွာကြောက်ရွံ့သည့်အလား ကိုယ်တော့်ကို အကြံပြုခြင်း၊ ဝေဖန်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းမှတစ်ပါး မည်သည့် အရာကိုမှ ပြုလုပ်ခြင်း မရှိပေ။ လူသားသည် ဘုရားသခင်အပေါ် ဤသို့သော သဘောထားမျိုး အမြဲရှိ၏။ ၎င်းမှာ ဘုရားသခင်အား ဝမ်းမနည်းစေဘဲ အဘယ်သို့ ရှိနိုင်မည်နည်း။ လူ့ဇာတိခံယူရာတွင် ဘုရားသခင်သည် ကြီးစွာသော နာကျင်မှုနှင့် အရှက်ကွဲမှုကို ကြံ့ကြံ့ခံခဲ့ရသည်၊ သို့ဖြစ်လျှင် လူသား၏ ပို့ချချက်များကို ဘုရားသခင်အား လက်ခံစေခြင်းမှာ မည်မျှသာ၍ ဆိုးရွားသနည်း။ လူသားအကြား ကိုယ်တော်ရောက်ရှိလာခြင်းသည် မရဏနိုင်ငံတွင် ထောင်ကျနေသည့်အလား၊ ကိုယ်တော့်အား လွတ်လပ်မှုအားလုံး ကင်းမဲ့စေ၏၊ ထို့အပြင် ကိုယ်တော်သည် ခုခံမှုစိုးစဉ်းမျှမရှိဘဲ၊ လူသား၏ ခွဲစိတ် စစ်ဆေးခြင်းကို လက်ခံခဲ့၏။ ဤသည်မှာ ရှက်ဖွယ် မဟုတ်လော။ သာမန်လူသားတစ်ဦး၏ မိသားစုအကြား လာရောက်ခဲ့ရာတွင် “ယေရှု” သည် အကြီးမားဆုံးသော မတရားမှုကို ခံခဲ့ရ၏။ သာ၍ ရှက်ဖွယ်ကောင်းသည်မှာ ကိုယ်တော်သည် ဖုန်ထူသော ဤလောကသို့လာခဲ့၍ အနိမ့်ကျဆုံးသော အနက်သို့ မိမိကိုယ်ကိုယ် နှိမ့်ချခဲ့ကာ သာမန်အဖြစ်ဆုံး၏ ဇာတိပကတိကို ခံယူခဲ့၏။ အမြင့်ဆုံးသော ဘုရားသခင်သည် နုံချာသော လူသားတစ်ဦး ဖြစ်လာခြင်း၌ ဒုက္ခအခက်အခဲ မခံရသလော။ ထို့အပြင် ကိုယ်တော် ထိုသို့လုပ်သည်မှာ လူသားမျိုးနွယ်အတွက် မဟုတ်သလော။ ကိုယ်တော်သည် သူ့အတွက်သူ စဉ်းစားသော အချိန်များ ရှိခဲ့ဖူးသလော။ ကိုယ်တော်သည် ယုဒလူတို့၏ ငြင်းပယ်ခြင်းခံရကာ အသတ်ခံရပြီးနောက်၊ လူတို့၏ ပြက်ရယ်ပြုခံရ၍ သရော်ခံရပြီးနောက်၊ ကောင်းကင်ဘုံအား ညည်းညူခြင်း သို့မဟုတ် မြေကြီးအား ကန့်ကွက်ခဲ့ခြင်းများ မည်သည့်အခါကမျှ မပြုခဲ့ပေ။ ယနေ့ နှစ်ထောင်ချီကြာ ဤအဖြစ်ဆိုးသည် ယုဒလူတို့နှင့်ဆင်သည့် လူတို့အကြား ပြန်၍ပေါ်ထွန်းလာခဲ့ပြီ ဖြစ်သည်။ ၎င်းတို့သည် ဤအပြစ်များကိုပင် ကျူးလွန်ကြသည် မဟုတ်လော။ ဘုရားသခင်၏ ကတိတော်များကို လက်ခံရရှိရန် မည်သည့်အရာက လူသားအား အရည်အချင်းမီစေသနည်း။ ၎င်းသည် ဘုရားသခင်အား ဆန့်ကျင်ပြီးနောက် ကိုယ်တော်၏ ကောင်းချီးမင်္ဂလာတို့ကို လက်ခံသည် မဟုတ်လော။ လူသားသည် မည်သည့်အခါမျှ တရားစီရင်ခြင်းကို မရင်ဆိုင်ရသည်မှာ သို့မဟုတ် သမ္မာတရားကို ရှာဖွေခြင်းမပြုသည်မှာ အဘယ်ကြောင့်နည်း။ ဘုရားသခင် ပြုလုပ်သည့်အရာကို သူသည် မည်သည့်အခါမျှ စိတ်မဝင်စားသည်မှာ အဘယ်ကြောင့်နည်း။ သူ၏ဖြောင့်မတ်ခြင်းသည် အဘယ်မှာနည်း။ သူ၏တရားမျှတခြင်းသည် အဘယ်မှာနည်း။ သူသည် ဘုရားသခင်ကို ကိုယ်စားပြုရန် အတင့်ရဲသလော။ သူ၏တရားမျှတမှုစိတ်သည် အဘယ်မှာနည်း။ လူသား ချစ်မြတ်နိုးသည့်အရာ မည်မျှသည် ဘုရားသခင်ချစ်မြတ်နိုးသည့်အရာ ဖြစ်သနည်း။ လူသားသည် အရေးကြီးသည့် ကွဲပြားမှုများကို ခွဲခြားနိုင်ခြင်း မရှိပေ၊ သူသည် အမည်းနှင့်အဖြူကို အစဉ်ပင် ရောထွေး၏၊ သူသည် တရားမျှတမှုနှင့် သမ္မာတရားတို့ကို ဖိနှိပ်ကာ မတရားမှုနှင့် မဖြောင့်မတ်မှုတို့ကို လေထဲ မြှောက်ထား၏။ သူသည် အလင်းကို နှင်ထုတ်၍ အမှောင်ထုအလယ်၌ ခုန်ပေါက်မြူးထူးသည်။ သမ္မာတရားနှင့် တရားမျှတမှုတို့ကို ရှာဖွေသူတို့သည် ရှာဖွေမည့်အစား အလင်းကို မောင်းနှင်ထုတ်ကြ၏၊ ဘုရားသခင်ကို ရှာဖွေသူတို့သည် ၎င်းတို့၏ခြေအောက်၌ ကိုယ်တော့်ကို နင်းခြေကြကာ မိမိတို့ကိုယ်ကိုယ် ကောင်းကင်သို့ မြှင့်တင်ကြ၏။ လူသားသည် ဓားပြ တစ်ဦးနှင့် ခြားနားခြင်း မရှိပေ။ သူ၏ဆင်ခြင်တုံတရားကား အဘယ်မှာနည်း။ အဘယ်သူသည် အမှားအမှန်ခွဲခြားနိုင်သနည်း။ မည်သူသည် တရားမျှတမှုကို စွဲကိုင်ထားနိုင်သနည်း။ သမ္မာတရားအတွက် ဒုက္ခခံရန် အဘယ်သူသည် လိုလိုလားလား ရှိသနည်း။ လူတို့သည် ရက်စက်၍ ဆိုးယုတ်၏။ ဘုရားသခင်ကို လက်ဝါးကပ်တိုင်၌ ရိုက်ပြီးနောက် ၎င်းတို့သည် လက်ခုပ်တီးသြဘာ ပေးကြပြီး ၎င်းတို့၏ အထိန်းကွပ်မဲ့ အော်ဟစ်သံများသည် ရပ်စဲခြင်း မရှိပေ။ ထိုသူတို့သည် ကြက်များ၊ ခွေးများကဲ့သို့ ဖြစ်၏၊ လိမ်လည်လှည့်ဖြားရန် ပေါင်းကြံကြ၍ မကောင်းမှုပြုလုပ်ရန် ပူးပေါင်းကြံစည်ကြ၏၊ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်နိုင်ငံတော်ကို တည်ထောင်ခဲ့ပြီးကြ၍ ၎င်းတို့၏ ဝင်ရောက် စွက်ဖက်မှုများသည် မည်သည့်နေရာကိုမျှ သည်အတိုင်း မထားခဲ့ပေ၊ ၎င်းတို့၏မျက်စိများပိတ်လျက် မရပ်မနား အရူးအမူး အူကြ၏၊ ၎င်းတို့အားလုံးသည် ကျဉ်းကျပ်စွာ အတူတကွ နေကြလျက်၊ မရှင်းလင်းသော ဝန်းကျင်စရိုက်သွင်ပြင်သည် ပျားပန်းခပ်မျှ လှုပ်ရှားကာ ဖျတ်လတ်တက်ကြွလျက် ပျံ့နှံ့နေ၏၊ ထို့အပြင် မိမိတို့ကိုယ်ကိုယ် သူတစ်ပါးနှင့် ဆင်ကန်းတောတိုး တွယ်ကပ်သောသူများ ပေါ်ထွက်ပြီးရင်း ပေါ်ထွက်လျက်ရှိပြီး၊ ၎င်းတို့အားလုံးသည် ၎င်းတို့ ဘိုးဘေးဘီဘင်များ၏ “အထင်ကရ” အမည်များကို အခိုင်အမာ စွဲကိုင်ထား၏။ ဤခွေးများနှင့်ကြက်များသည် ကာလကြာမြင့်စွာက ဘုရားသခင်အား မစဉ်းစားဘဲ၊ ဘုရားသခင်၏စိတ်နှလုံး၏ အခြေအနေကို မည်သည့်အခါကမျှ အထူးဂရုပြုခဲ့ခြင်း မရှိပေ။ လူသားသည် ခွေးတစ်ကောင် သို့မဟုတ် ကြက်တစ်ကောင်အလားဖြစ်ပြီး အခြားခွေးတစ်ရာကို အူစေသည့် ဟောင်နေသော ခွေးတစ်ကောင်အလား ဖြစ်သည်ဟု ဘုရားသခင်ပြောသည်မှာ အံ့သြဖွယ်သိပ်မရှိလှပေ။ ဤနည်းဖြင့် သူသည် များစွာတို့၏ဝက်ဝက်ကွဲ ဩဘာပေးခြင်းဖြင့် ဘုရားသခင်၏ အမှုတော်ကို လက်ရှိနေ့ရက်သို့ ယူဆောင်ခဲ့ကာ၊ ဘုရားသခင်၏ အမှုတော်သည် မည်သို့ရှိသည်၊ တရားမျှတမှု ရှိမရှိ၊ ဘုရားသခင်သည် ခြေချစရာနေရာတစ်ခု ရှိမရှိ၊ မနက်ဖြန်သည် မည်သို့ရှိမည်၊ ၎င်းကိုယ်တိုင်၏နိမ့်ကျမှုနှင့် ၎င်းကိုယ်တိုင်၏ ညစ်ညမ်းမှုတို့ကို ဂရုမပြုပေ။ လူသားသည် အမှုအရာများကို မည်သည့်အခါကမှ ဤမျှမစဉ်းစားခဲ့ဖူးပေ၊ သူသည် နက်ဖြန်အတွက် မည်သည့်အခါကမျှ သူ့ကိုယ်သူ စိုးရိမ်ခဲ့ဖူးခြင်း မရှိပေ၊ ထို့အပြင် အကျိုးရှိသော အရာအားလုံးနှင့် အဖိုးတန်သော အရာအားလုံးကို သူကိုယ်တိုင်၏ ရင်ခွင်အတွင်း ထွေးပိုက်ခဲ့ကာ အစအနများနှင့် စားကြွင်းစားကျန်များ၁၀ မှတစ်ပါး ဘုရားသခင်အတွက် မည်သည့်အရာမှ ချန်မထားပေ။ လူသားမျိုးနွယ်သည် ရက်စက်လှပေတကား။ သူသည် ဘုရားသခင်အတွက် မည်သည့်ခံစားမှုမှ မထားဘဲ၊ ဘုရားသခင်၏ အရာအားလုံးကို လျှို့ဝှက်စွာ ဝါးမျိုပြီးနောက်၊ သူသည် ဘုရားသခင်အား သူ၏အနောက်ဖက်ဝေးရာသို့ ပစ်လိုက်ကာ ကိုယ်တော်၏ တည်ရှိမှုအပေါ် ဆက်၍ဂရုမပြုတော့ပေ။ သူသည် ဘုရားသခင်၌ မွေ့လျော်သော်လည်း၊ ဘုရားသခင်ကို ဆန့်ကျင်ကာ ကိုယ်တော့်ကို ခြေအောက်နင်းခြေ၍၊ ထိုသို့ပြုလုပ်စဉ် သူ၏နှုတ်ကမူ ဘုရားသခင်အား ကျေးဇူးတင်လျက် ချီးမွမ်း၏၊ သူသည် ဘုရားသခင်ထံ ဆုတောင်းကာ ဘုရားသခင်အပေါ် မှီခိုစဉ်တွင် ဘုရားသခင်ကို လှည့်ဖြားခြင်းလည်း ပြု၏၊ သူသည် ဘုရားသခင်၏နာမကို “ချီးမြှောက်”၍ ဘုရားသခင်၏မျက်နှာတော်ကို မော်ကြည့်သော်လည်း၊ သူသည် ဘုရားသခင်၏ ပလ္လင်တော်အပေါ်၌ မျက်နှာပြောင်ဖြင့် အရှက်ကင်းမဲ့စွာထိုင်၍ ဘုရားသခင်၏ “မဖြောင့်မတ်မှု” ကို တရားစီရင်၏၊ ဘုရားသခင်၏ ကျေးဇူး သူ့အပေါ်တင်ရှိနေကြောင်း သူ၏နှုတ်မှ စကားများထွက်လာကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သူကြည့်သော်လည်း၊ သူ၏စိတ်နှလုံး၌ သူသည် ဘုရားသခင်အား ဆဲရေးခြင်းများ ပစ်ပေါက်၏၊ သူသည် ဘုရားသခင်ကို “သည်းခံ” သော်လည်း ဘုရားသခင်အား ဖိနှိပ်ကာ၊ ဤသည်မှာ ဘုရားသခင်အတွက်ဟု သူ၏နှုတ်မှပြောသည်၊ သူ၏လက်ထဲတွင် သူသည် ဘုရားသခင်၏ ဥစ္စာပစ္စည်းများကို ကိုင်ထား၍ သူ၏ပါးစပ်ထဲတွင် ဘုရားသခင် သူ့ကိုပေးခဲ့သည့်အစာကို သူဝါးသော်လည်း၊ သူ၏မျက်လုံးများသည် ဘုရားသခင်အပေါ် စိမ်းကား၍ ခံစားမှုကင်းမဲ့သောအကြည့်ဖြင့် ငေးစိုက်ကြည့်နေသည်မှာ ဘုရားသခင်တစ်ပါးလုံးကို လောဘတကြီး စားပစ်လိုသည့်အလားဖြစ်၏၊ သူသည် သမ္မာတရားကို ကြည့်သော်လည်း၊ ယင်းသည် စာတန်၏လှည့်စားမှုဟု မရမကပြော၏၊ သူသည် တရားမျှတမှုကို ကြည့်သော်လည်း ၎င်းကို မိမိကိုယ်ကို ငြင်းပယ်ချက်ဖြစ်စေရန် အတင်းအကျပ်ပြုလုပ်၏၊ သူသည် လူသား၏ လုပ်ဆောင်ချက်များကို ကြည့်ပြီး ယင်းတို့သည် ဘုရားသခင်၏ဖြစ်ခြင်းဟု ခိုင်ခိုင်မာမာပြော၏၊ သူသည် လူသား၏ ပင်ကိုအထုံပါရမီများကို ကြည့်ပြီး ၎င်းတို့သည် သမ္မာတရားဟု အခိုင်အမာပြော၏၊ သူသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို ကြည့်ပြီး ၎င်းတို့သည် မာနထောင်လွှားမှုနှင့် စိတ်ကြီးဝင်မှု၊ သင်္ကြန်အမြောက်နှင့် မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု ယူမှတ်ခြင်းဟု အခိုင်အမာပြော၏၊ လူသားသည် ဘုရားသခင်ကို ကြည့်သောအခါ၊ ကိုယ်တော့်ကို လူဟု အမည်တပ်ရန် အတင်းအကျပ်ပြုလုပ်၍ သူ့အား စာတန်နှင့် တစ်ကျိတ်တည်း တစ်ဉာဏ်တည်းရှိသော ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ နေရာတွင် ထားရန် ကြိုးစား၏၊ ၎င်းတို့သည် ဘုရားသခင်၏ မိန့်မြွက်ချက်များ ဖြစ်ကြောင်းကို သူသည်အပြည့်အဝ ကောင်းမွန်စွာ သိသော်လည်း၊ ၎င်းတို့အား လူသားတစ်ဦး၏ ရေးသားချက်များ ဟူ၍မှတစ်ပါး အခြားမည်သည့်အရာဟုမျှ မခေါ်ပေ၊ ဝိညာဉ်တော်သည် ဇာတိပကတိ၌ ဖြစ်ပေါ်သည်၊ ဘုရားသခင်သည် လူ့ဇာတိခံယူသည်ကို သူအပြည့်အဝ ကောင်းမွန်စွာသိသော်လည်း၊ ဤဇာတိပကတိသည် စာတန်မှ ဆင်းသက်လာသူဟုသာ ပြော၏၊ ဘုရားသခင်သည် နှိမ့်ချ၍ မထင်မရှားရှိကြောင်းကို သူအပြည့်အဝ ကောင်းမွန်စွာသိသော်လည်း၊ စာတန်သည် အရှက်ခွဲခံရ၍ ဘုရားသခင်သည် အနိုင်ရခဲ့ကြောင်းကိုသာ ပြော၏။ အသုံးမကျသော လူများပေတည်း။ လူသားသည် အစောင့်ခွေးများကဲ့သို့ အစေခံရန်ပင် မထိုက်တန်ပေ။ သူသည် အမည်းနှင့်အဖြူ ခွဲခြားခြင်းမရှိဘဲ၊ အမည်းကို အဖြူဖြစ်အောင် တမင်ပင် မလိမ့်တစ်ပတ်လုပ်၏။ ဘုရားသခင်၏ လွတ်မြောက်ခြင်းနေ့ရက်ကို လူသား၏အင်အားစုများနှင့် လူသား၏ ဝန်းရံတပ်ချခြင်းသည် သည်းခံနိုင်မည်လော။ ဘုရားသခင်ကို တမင်ဆန့်ကျင်ပြီးနောက် လူသားသည် အနည်းငယ်မျှ ဂရုမစိုက်ပေ သို့မဟုတ် ကိုယ်တော့်ကို သတ်သည်အထိ ပြုလုပ်၍ ဘုရားသခင် သူ့ကိုယ်သူ ပြသရန်အခွင့် မပေးပေ။ ဖြောင့်မတ်ခြင်းသည် အဘယ်မှာနည်း။ ချစ်ခြင်းမေတ္တာသည် အဘယ်မှာနည်း။ သူသည် ဘုရားသခင်ဘေးတွင် ထိုင်ကာ ဒူးထောက်၍ ခွင့်လွှတ်ခြင်းကို တောင်းခံစေရန်၊ သူ၏အစီအမံ အားလုံးကို နာခံစေရန်၊ သူ၏ အကွက်ဆင်မှုအားလုံးကို သဘောတူ လိုက်လျောစေရန် ဘုရားသခင်အား တွန်းအားပေး၏၊ ထို့အပြင် သူသည် ဘုရားသခင်အား သူလုပ်သမျှ၌ ၎င်း၏ ဦးဆောင်မှုနောက်သို့ လိုက်၍လုပ်စေ၏။ သို့မဟုတ်ပါက သူသည် ဒေါသအလွန်ထွက်ကာ၁၁ ယမ်းပုံမီးကျဖြစ်၏။ အမည်းကို အဖြူအဖြစ် မလိမ့်တစ်ပတ်လုပ်သည့် ဤသို့သော အမှောင်ထု လွှမ်းမိုးမှု အောက်တွင် ဘုရားသခင်သည် သောကမရောက်ဘဲ အဘယ်သို့ နေနိုင်မည်နည်း။ ကိုယ်တော်သည် မစိုးရိမ်ဘဲ အဘယ်သို့နေနိုင်မည်နည်း။ ဘုရားသခင်သည် သူ၏နောက်ဆုံး အလုပ်ကို စတင်သည့်အခါ၊ ယင်းသည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းသည့်အလုပ်နှင့် တူ၏ဟု အဘယ်ကြောင့် ပြောကြသနည်း။ လူသားတို့၏လုပ်ရပ်များသည် “ကြွယ်ဝလွန်း” ၏၊ “အစဉ်စီးဆင်းနေသော သက်စမ်းရေတွင်း” သည် လူသားနှလုံးသား၏ စိုက်ကွင်းကို စဉ်ဆက်မပြတ် “ဖြည့်တင်း” စဉ် လူသား၏ “သက်စမ်းရေတွင်း” သည် ကိုယ်ကျင့်သိက္ခာစောင့်စည်းမှု မရှိဘဲ၁၂ ဘုရားသခင်နှင့် ယှဉ်ပြိုင်၏၊ ဤအရာနှစ်ခုသည် ညှိနှိုင်း၍မရပေ၊ ထို့အပြင် ၎င်းသည် ဘုရားသခင်ကိုယ်စား လူတို့ကို ပြစ်ဒဏ်မခံရခြင်း ပေးစဉ် လူသားသည် ပါဝင်ပတ်သက်သော အန္တရာယ်များကို ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ ၎င်းနှင့်ပူးပေါင်းဆောင်ရွက်၏။ မည်သည့် သက်ရောက်မှု ရှိသနည်း။ ကိုယ်တော်သည် လူတို့၏ အာရုံစိုက်ခံရမည်ကို အလွန်အမင်း ကြောက်ရွံ့ကာ၊ ဘုရားသခင်၏ သက်စမ်းရေတွင်းသည် လူသားအား ဖြားယောင်းသွေးဆောင်ပြီး၊ လူသားအား ရရှိမည်ကို ကြီးလေးစွာကြောက်ရွံ့သဖြင့် သူသည် ဘုရားသခင်အား အေးစက်စွာ ဘေးဖယ်လျက် လူတို့ ဂရုစိုက်ခြင်းမရှိသည့် အဝေးတွင် ကိုယ်တော့်ကိုထား၏။ ထို့ကြောင့် လောကနှင့် သက်ဆိုင်သည့် အရာများနှင့် နှစ်ပေါင်းများစွာ ကြုံတွေ့ပြီးနောက်၊ သူသည် ဘုရားသခင်ကို မသိကျိုးကျွန်ပြုကာ လျှို့ဝှက်ကြံစည်ပြီး ခြေပုန်းခုတ်သည့်အပြင် ဘုရားသခင်ကို သူ၏ပြင်းထန်စွာ ဝေဖန်ရာ ပစ်မှတ် ဖြစ်စေ၏။ ယင်းမှာ သူ၏အမြင်ထဲတွင် ဘုရားသခင်သည် သစ်တုံးတစ်တုံးကဲ့သို့ ဖြစ်သွားသည့်အလားဖြစ်၍ သူသည် ဘုရားသခင်အား ဆုပ်ကိုင်ကာ စစ်ဆေးခြင်းနှင့် သန့်စင်ခြင်း ခံယူစေခြင်းငှာ ကိုယ်တော့်ကို မီးထဲသို့ပစ်ချရန် အရူးအမူးဖြစ်နေ၏။ ဘုရားသခင်၏ ကသိကအောက်ဖြစ်ခြင်းကို မြင်လျက် လူသားသည် သူ၏ရင်ကိုတီးကာ ရယ်မော၏၊ သူသည် ဝမ်းမြောက်၍ကခုန်ကာ ဘုရားသခင်သည်လည်း စစ်ဆေးခြင်း အတွင်းသို့ တွန်းချခံရသည်ဟု ပြောပြီး ဘုရားသခင်၏ မသန့်စင်မှုများကို သူသည် မီးမြိုက် သန့်စင်မည်ဟု ပြော၍ ဤသည်သာလျှင် မူမှန်ကာ သင့်တင့်လျောက်ပတ်သည့်အလား၊ ဤသည်တို့သာလျှင် ကောင်းကင်ဘုံ၏ တရားမျှတ၍ ထိုက်သင့်သော နည်းနာများ ဖြစ်သည့်အလား ဖြစ်သည်။ လူသား၏ ဤကြမ်းတမ်းသည့် အပြုအမူသည် တမင်ရည်ရွယ်ပုံရော၊ သတိမမူမိပုံပါရ၏။ လူသားသည် သူ၏ အကျည်းတန်သော မျက်နှာကိုရော၊ ကြောက်မက်ဖွယ်ကောင်းလျက် ညစ်ပေနေသည့်စိတ်ဝိညာဉ်ကိုပါ ထုတ်ဖော်သည့်အပြင် သူတောင်းစား တစ်ဦး၏ သနားစဖွယ်ကောင်းသော အသွင်ကိုပါ ထုတ်ဖော်၏။ ၎င်းသည် အနှံ့အပြား သောင်းကျန်းပြီးနောက် အလွန့်အလွန် သနားစဖွယ် ကောင်းသော ခွေးဘီလူးနှင့်ဆင်လျက် သနားစဖွယ် ရုပ်သွင်ဆောင်ကာ ကောင်းကင်ဘုံ၏ ခွင့်လွှတ်ခြင်းကို တောင်းခံ၏။ လူသားသည် မျှော်လင့်မထားသည့် နည်းလမ်းများနှင့် အစဉ်ပင်ပြုမူ၏၊ ၎င်းသည် “အခြားသူများကို ခြောက်လှန့်ရန် ကျား၏ကျောကို အစဉ်စီး၏က”၊ သူသည် ထိုဇာတ်ရုပ်ကို အမြဲပီပြင်အောင် သရုပ်ဆောင်နေ၏၊ သူသည် ဘုရားသခင်၏နှလုံးသားကို စိုးစဉ်းမျှပင် ထည့်သွင်း စဉ်းစားခြင်း မရှိသကဲ့သို့ သူ၏အနေအထားနှင့်လည်း မည်သည့် နှိုင်းယှဉ်မှုမျှ မပြုလုပ်ပေ။ ဘုရားသခင်မှ သူ့အပေါ် အမှားကျူးလွန်ခဲ့ကာ သူ့ကို ထိုကဲ့သို့ မဆက်ဆံသင့်သည့်အလား၊ ကောင်းကင်ဘုံသည် မျက်လုံးများ မရှိဘဲ၊ သူ့အတွက် အမှုအရာများကို တမင်ခက်ခဲအောင် ပြုလုပ်နေသည့်အလား သူသည် ဘုရားသခင်ကို တိတ်ဆိတ်စွာ ဆန့်ကျင်ခြင်းသာပြု၏။ ထို့ကြောင့် လူသားသည် ဆိုးယုတ်သည့် ကြံစည်မှုများကို အစဉ်ပင် လျှို့ဝှက်စွာ ဆောင်ရွက်ကာ ဘုရားသခင်အပေါ် သူ၏ တောင်းဆိုမှုများကို စိုးစဉ်းမျှပင် လျှော့ပေးခြင်းမရှိဘဲ၊ သရဲမရဲစီးနေသည့် မျက်လုံးများဖြင့် ကြည့်နေလျက် ဘုရားသခင်၏ လှုပ်ရှားမှုတိုင်းကို ဒေါသအမျက် ခြောင်းခြောင်းထွက်၍ စိန်းစိန်းဝါးဝါး ကြည့်ကာ သူသည် ဘုရားသခင်၏ရန်သူဖြစ်သည်ဟု တစ်ခါမျှ မစဉ်းစားဘဲ၊ ဘုရားသခင်သည် မြူကိုခွင်း၍ အမှုအရာများကို ရှင်းလင်းစေကာ သူ့အား “ကျား၏ခံတွင်းမှ” ကယ်တင်ပြီး သူ့ကိုယ်စား ကလဲ့စားချေသည့် နေ့ရက် ရောက်လာမည်ကို မျှော်လင့်လျက် ရှိသည်။ ယနေ့ပင်လျှင် လူတို့သည် ခေတ်များတစ်လျှောက် များစွာတို့ပါဝင်ခဲ့သည့် ဘုရားသခင်ကို ဆန့်ကျင်သော အခန်းကဏ္ဍတွင် သူတို့ ပါဝင်နေကြသည်ဟု မထင်ကြသေးပေ။ ၎င်းတို့လုပ်သမျှတိုင်းတွင် ၎င်းတို့ လမ်းလွဲသွားခဲ့သည်မှာ ကာလကြာမြင့်စွာကတည်းက ဖြစ်ကြောင်း၊ ၎င်းတို့ နားလည်ခဲ့သမျှသည် ကာလကြာမြင့်စွာကတည်းက ပင်လယ်များ၏ ဝါးမျိုခြင်းခံခဲ့ရပြီး ဖြစ်ကြောင်းကို ၎င်းတို့ မည်သို့သိနိုင်မည်နည်း။

သမ္မာတရားကို မည်သူ လက်ခံခဲ့ဖူးသနည်း။ ဘုရားသခင်အား မည်သူ လက်ကမ်းကြိုဆိုခဲ့ဖူးသနည်း။ ဘုရားသခင် ပေါ်ထွန်းလာရန် အဘယ်သူက ပျော်ရွှင်စွာဖြင့် တောင့်တဖူးသနည်း။ လူသား၏အပြုအမူသည် ကာလကြာမြင့်စွာကတည်းက ယိုယွင်းပျက်စီးခဲ့ပြီးဖြစ်ကာ သူ၏ဖျက်ဆီးရမ်းကားမှုကြောင့်၊ ဘုရားသခင်၏ ဗိမာန်တော်သည် မှတ်မိစရာမရှိ ဖြစ်ကျန်ခဲ့သည်မှာ ကာလကြာမြင့်စွာကတည်းက ဖြစ်သည်။ သို့သော်လည်း လူသားသည် ၎င်းကိုယ်တိုင်၏အလုပ်ကို ဆက်လုပ်၍ ဘုရားသခင်အား အစဉ်ပင် အထင်အမြင်သေးလျက်ရှိ၏။ ဤသည်မှာ ဘုရားသခင်ကို ၎င်း၏ဆန့်ကျင်ခြင်းသည် ပုံသေသတ်မှတ်ထားပြီး ပြောင်းလဲ၍မရကာ၊ အကျိုးဆက်အနေဖြင့် ၎င်း၏စကားများနှင့် ပြုမူချက်များအပေါ် နှိပ်စက်မှုကို နောက်ထပ်ခံစားမည့်အစား ၎င်းသည် ကျိန်ဆဲခံမည့်အလား ဖြစ်၏။ ဤကဲ့သို့သောလူများသည် ဘုရားသခင်အား မည်သို့သိနိုင်မည်နည်း။ ၎င်းတို့သည် ဘုရားသခင်၌ မည်သို့ ချမ်းသာစွာနေနိုင်မည်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ ရှေ့တော်မှောက်လာရန် မည်သို့ သင့်တော်နိုင်မည်နည်း။ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်၌ မိမိကိုယ်ကိုယ် မြှုပ်နှံထားသည်မှာ မမှားကြောင်း သေချာ၏။ သို့သော် လူတို့သည် ၎င်းတို့ကိုယ်တိုင်၏ သွေးနှင့် မျက်ရည်များကို တစ်ကိုယ်ကောင်းမဆန်ဘဲ ဆက်ကပ်ထားစဉ်၊ ဘုရားသခင်၏အလုပ်နှင့် ဘုရားသခင်၏အလုံးစုံကို အမြဲပင် အဘယ်ကြောင့် မစဉ်းစားကြသနည်း။ လူတို့၏ တစ်ကိုယ်ကောင်းမဆန်ဘဲ မြှုပ်နှံသောစိတ်ဓာတ်သည် အဖိုးတန်သည်မှာ သေချာ၏။ သို့သော် ၎င်းတို့ငင်သည့် “ပိုးချည်” သည် ဘုရားသခင်ဖြစ်ခြင်းကို ကိုယ်စားပြုရန် လုံးဝတတ်နိုင်စွမ်း မရှိကြောင်းကို ၎င်းတို့ မည်သို့သိနိုင်မည်နည်း။ လူတို့၏ စေတနာကောင်းများသည် အဖိုးတန်၍ ရှားပါးသည်မှာ သေချာ၏။ သို့သော် ၎င်းတို့သည် “အဖိုးမဖြတ်နိုင်သောရတနာ၁၃”ကို မည်သို့မျိုချနိုင်မည်နည်း။ သင်တို့အကြား တစ်ဦးစီသည် သင်တို့၏အတိတ်ကို ပြန်လည် စဉ်းစားသင့်သည်- သင်တို့သည် နှလုံးသားကင်းမဲ့သော ပြစ်တင်ဆုံးမမှုနှင့် ကျိန်ဆဲခြင်းများတို့မှ အဘယ်ကြောင့် မည်သည့်အခါမျှ ကင်းကွာခဲ့ခြင်း မရှိသနည်း။ လူတို့သည် ကြီးကျယ်သောစကားလုံးများ၊ ဖြောင့်မတ်သော တရားစီရင်ခြင်းတို့နှင့် ဤသို့ “ရင်းနှီးသည့်ဆက်ဆံရေး” အဘယ်ကြောင့် အစဉ်ရှိသနည်း။ ဘုရားသခင်သည် ၎င်းတို့ကို အကယ်ပင် စမ်းသပ်နေသလော။ ဘုရားသခင်သည် ၎င်းတို့ကို တမင် စစ်ဆေးနေသလော။ ထို့အပြင် စစ်ဆေးခြင်းအလယ်တွင် လူတို့သည် မည်သို့ ဝင်ရောက်ကြသနည်း။ ထိုသူတို့သည် ဘုရားသခင်၏အလုပ်ကို စစ်မှန်စွာသိကြသလော။ လူတို့သည် ဘုရားသခင်၏အလုပ်နှင့် ၎င်းတို့ကိုယ်တိုင်၏ ဝင်ရောက်မှုမှ မည်သည့်သင်ခန်းစာများ ရရှိခဲ့ပြီးသနည်း။ ဘုရားသခင်၏ တိုက်တွန်းမှုကို လူတို့မမေ့လျော့ပါစေနှင့်၊ ထို့ပြင် ၎င်းတို့သည် ဘုရားသခင်၏ အလုပ်အတွင်းသို့ ထိုးထွင်းသိမြင်မှု ရှိနိုင်ပါစေ၊ ယင်းကို ရှင်းလင်းစွာ ခွဲခြား၍ ၎င်းတို့ကိုယ်တိုင်၏ ဝင်ရောက်မှုကို သင့်တော်စွာ စီမံခန့်ခွဲနိုင်ပါစေ။

အောက်ခြေမှတ်စု(များ)-

၁။ လူသားတို့၏ နာခံမှုမရှိခြင်းကို ဖော်ထုတ်ရန် “ဒဏ်ရာဒဏ်ချက်များ” ကို အသုံးပြုထား၏။

၂။ “ရက်စက် ကြမ်းကြုတ်သော မျက်ခုံးများနှင့် လှုပ်ယမ်းနေသော လက်ချောင်း တစ်ထောင်တို့၏ အေးစက်သော ပမာမခန့်ပြုမှုတို့နှင့် ရင်ဆိုင်ခဲ့ရသည်၊ ဘုရားသခင်သည် စိတ်အလိုကျသော နွားထီးပမာ ခေါင်းငုံ့လျက် လူတို့အား အစေခံကာ သည်းခံရုံသာ တတ်နိုင်၏” သည် မူလက ဝါကျတစ်ကြောင်းသာဖြစ်သော်လည်း၊ ဤနေရာတွင် ပိုရှင်းသွားရန် နှစ်ကြောင်းခွဲထားခြင်းဖြစ်သည်။ ပထမဝါကျသည် လူသား၏ပြုမူချက်များကို ရည်ညွှန်း၍ ဒုတိယဝါကျသည် ဘုရားသခင် ကြုံရသည့် ဒုက္ခခံစားမှုကို ညွှန်ပြကာ ဘုရားသခင်သည် နှိမ့်ချ၍ မမြင်ရကြောင်းကို ညွှန်ပြ၏။

၃။ “အခြေအမြစ်မရှိသော အစွဲအလမ်း” သည် လူသားတို့၏ နာခံမှုမရှိသော အပြုအမူကို ရည်ညွှန်း၏။

၄။ “အကြွင်းမဲ့အာဏာကို ရယူ” သည် လူတို့၏ နာခံမှုမရှိသော အပြုအမူကို ရည်ညွှန်း၏။ ၎င်းတို့သည် မိမိကိုယ်ကိုယ် မြှင့်တင်၏၊ အခြားသူများကို ထိပ်တုံးခတ်၏၊ ထိုသူတို့အား ၎င်းတို့နောက်သို့လိုက်စေ၍ ၎င်းတို့အတွက် ဒုက္ခခံစားစေ၏။ ၎င်းတို့သည် ဘုရားသခင်အပေါ် ရန်လိုသည့် အင်အားစုများဖြစ်၏။

၅။ ဘုရားသခင်ကို မသိသူများအား လှောင်ပြောင်ရန် “ရုပ်သေး” ကို အသုံးပြုထား၏။

၆။ လူတို့၏ နိမ့်ကျသောအပြုအမူကို မီးမောင်းထိုးပြရန် “တစ်မုဟုတ်ချင်း ကြီးထွားပြင်းထန်လာသည့်” ကို အသုံးပြုထား၏။

၇။ “အရေးကြီးသည့် ကွဲပြားမှုများကို ခွဲခြားနိုင်ခြင်း မရှိ” က လူတို့သည် ဘုရားသခင်၏အလိုတော်ကို စာတန်ဆန်သောအရာ အရာတစ်ခုအဖြစ် လိမ်သည့်အခါကို ညွှန်ပြ၏။ ယေဘုယျအားဖြင့် လူတို့ ဘုရားသခင်အား ငြင်းပယ်သည့် အပြုအမူကို ရည်ညွှန်းသည်။

၈။ “အမည်းနှင့်အဖြူကို အစဉ်ပင် ရောထွေး၏၈” သည် သမ္မာတရားကို ထင်ယောင်ထင်မှားမှုများနှင့် ရောထွေးပစ်ခြင်း၊ ဖြောင့်မတ်ခြင်းကို ဆိုးယုတ်မှုနှင့် ရောထွေးပစ်ခြင်းအား ရည်ညွှန်းသည်။

၉။ လူတို့သည် အသိဉာဏ်ကင်းမဲ့လျက် ထိုးထွင်းသိမြင်မှု ချို့တဲ့နေသည်ကို ညွှန်ပြရန် “ဓားပြ” ကို အသုံးပြုထာသည်။

၁၀။ လူတို့ ဘုရားသခင်အား ဖိနှိပ်သည့် အပြုအမူကို ညွှန်ပြရန် “အစအနများနှင့် စားကြွင်းစားကျန်များ” ကို အသုံးပြုထား၏။

၁၁။ “ဒေါသအလွန်ထွက်ကာ” သည် ဒေါသထွက်၍ စိတ်အနှောင့်အယှက် ဖြစ်နေသော လူသား၏ အကျည်းတန်သော မျက်နှာကို ရည်ညွှန်း၏။

၁၂။ “ကိုယ်ကျင့်သိက္ခာစောင့်စည်းမှု မရှိဘဲ” သည် လူတို့ မဆင်မခြင်ပြုမူ၍ ဘုရားသခင်အပေါ် စိုးစဉ်းမျှ ကြည်ညိုလေးစားမှု မရှိသည့်အခါကို ရည်ညွှန်းသည်။

၁၃။ “အဖိုးမဖြတ်နိုင်သောရတနာ” သည် ဘုရားသခင်၏ အလုံးစုံကို ရည်ညွှန်း၏။

က။ ဤသည်မှာ တရုတ် ဓလေ့သုံးစကားဖြစ်သည့် “ဟူးဂျားဟူးဝေ” ဟူသည့် မူရင်းစာသားအပေါ် အခြေခံ၍ ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ ယင်းမှာ မြေခွေးတစ်ကောင်က ကျားတစ်ကောင်၏ အဖော်ပြုပေးခြင်းအားဖြင့် လမ်းလျှောက်လာပြီး ကျားကခံယူထိုက်သည့် ကြောက်ရွံ့မှုနှင့် သြဇာကို “ငှားရမ်းအသုံးပြု” ကာ အခြားတိရစ္ဆာန်များကို ခြောက်လှန့်မောင်းထုတ်သည့် ပုံပြင်တစ်ပုဒ်ကို ရည်ညွှန်းသည်။ ဤသည်မှာ အခြားလူများကို ကြောက်လန့်စေရန် သို့မဟုတ် ဖိနှိပ်ချုပ်ချယ်ရန်အတွက် တ်ခြားတစ်ဦးဦး၏ သြဇာကို “ငှားရမ်းအသုံးပြု” သော လူတို့ကို ရည်ရွယ်ပြောဆိုရန် ဤနေရာတွင် အသုံးပြုသည့် ဥပစာစကားတစ်ခု ဖြစ်သည်။

အရှေ့သို့- အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)

နောက်တစ်ခုသို့- အမှုတော်နှင့် ဝင်ရောက်ခြင်း (၁၀)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

အခန်း ၁၁

လူသားမျိုးနွယ်ထဲက လူတိုင်းသည် ငါ့ဝိညာဉ်တော်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခံရခြင်းကို လက်ခံသင့်သည်၊ ၎င်းတို့၏ စကားလုံးတိုင်းနှင့်...

အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်

လူအများစုသည် ၎င်းတို့၏ အနာဂတ် ခရီးပန်းတိုင်အတွက် သို့မဟုတ် ခဏတာ ပျော်ရွှင်မှုအတွက် ဘုရားသခင်ကို ယုံကြည်ကြသည်။ မည်သည့်...

အခန်း ၁၅

လူသားများအားလုံးသည် မိမိကိုယ်ကိုယ် သိသော အသိပညာမရှိသည့် သတ္တဝါများ ဖြစ်ကြပြီး ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် မသိရှိနိုင်ကြချေ။ သို့သော်...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။