နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်
အသက်၏ လမ်းခရီးသည် မည်သည့်လူမဆို ပိုင်ဆိုင်နိုင်သည့် အရာတစ်ခု မဟုတ်သကဲ့သို့ လူတိုင်း အလွယ်တကူ ရရှိနိုင်သောအရာ တစ်ခုလည်း မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် အသက်သည် ဘုရားသခင်ထံမှသာ လာနိုင်သောကြောင့်ဖြစ်၏၊ ဆိုလိုသည်မှာ ဘုရားသခင် ကိုယ်တိုင်သည်သာ အသက်၏အနှစ်သာရကို ပိုင်ဆိုင်ပြီး ဘုရားသခင်ကိုယ်တိုင်သာ အသက်၏ လမ်းခရီး ရှိလေသည်။ ထို့ကြောင့် ဘုရားသခင်သာလျှင် အသက်၏အရင်းအမြစ်ဖြစ်ပြီး အစဉ်စီးဆင်းနေသော ရှင်သန်သည့် အသက်စမ်းရေဖြစ်၏။ ကမ္ဘာကို ဖန်ဆင်းချိန်မှစ၍ ဘုရားသခင်သည် အသက်စွမ်းအားပါရှိသော အမှုတော်များစွာကို ပြုတော်မူခဲ့ပြီး လူသားထံ အသက်ကို ဆောင်ကြဉ်းပေးသည့် အမှုများစွာကိုလည်း လုပ်ဆောင်တော်မူခဲ့ကာ လူသားက အသက်ကို ရရှိနိုင်ရန်အလို့ငှာ ကြီးမားသော အဖိုးအခကိုလည်း ပေးဆပ်ခဲ့ပြီ ဖြစ်၏။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် ကိုယ်တော်တိုင်သည် ထာဝရအသက်ဖြစ်ပြီး ဘုရားသခင် ကိုယ်တော်တိုင်သည် လူသားအနေဖြင့် ရှင်ပြန်ထမြောက်နိုင်သည့် လမ်းခရီး ဖြစ်သောကြောင့် ဖြစ်၏။ ဘုရားသခင်သည် လူသား၏နှလုံးသားမှ မည်သည့်အခါမျှ ကင်းမဲ့ခြင်းမရှိဘဲ လူတို့အလယ်တွင် တစ်ချိန်လုံး အသက်ရှင်နေပေသည်။ သူသည် လူသား အသက်ရှင်မှု၏ တွန်းအား၊ လူသားရှင်သန်မှု၏ ဇာစ်မြစ်နှင့် မွေးဖွားပြီးနောက် လူ၏ ရှင်သန်ရပ်တည်မှုအတွက် ကြွယ်ဝသော အရင်းအမြစ်ဖြစ်သည်။ သူသည် လူတို့ကို ပြန်လည်မွေးဖွားစေနိုင်ပြီး ၎င်းတို့ကို ၎င်းတို့၏အခန်းကဏ္ဍတိုင်း၌ ဇွဲနပဲကြီးစွာ ရှင်သန်နိုင်စေ၏။ သူ၏တန်ခိုးနှင့် သူ၏ငြှိမ်းသတ်၍မရသော အသက် အင်အားပေါ် အမှီပြု၍ လူသားသည် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် အသက်ရှင်ကြလေသည်၊ ထိုစဉ်တွင် ဘုရားအသက်၏ တန်ခိုးသည် လူသားတို့ကြားထဲတွင် တစ်သမတ်တည်း ထောက်ပံ့ပေးနေခဲ့ကာ ဘုရားသခင်သည် မည်သည့်သာမန်လူတစ်ဦးမျှ မပေးဆပ်ခဲ့ဖူးသည့် အဖိုးအခကို ပေးခဲ့လေပြီ။ ဘုရားသခင်၏ အသက်အင်အားသည် မည်သည့်တန်ခိုးကိုမဆို အောင်နိုင်၏။ မည်သည့်တန်ခိုးထက်မဆို ပို၍ပင် သာလွန်၏။ သူ၏အသက်သည် ထာဝရဖြစ်၏၊ သူ၏တန်ခိုးသည် ထူးကဲသာလွန်ကာ သူ၏ အသက်အင်အားကို မည်သည့် အဖန်ဆင်းခံ သို့မဟုတ် မည်သည့် ရန်လိုသော အင်အားကမျှ မလွှမ်းမိုးနိုင်ပေ။ အချိန် သို့မဟုတ် နေရာသည် မည်သို့ပင်ဖြစ်စေ ဘုရားသခင်၏ အသက်အင်အားသည် တည်ရှိ၍ တောက်ပသောရောင်ခြည်ဖြင့် ထွန်းလင်း၏။ ကောင်းကင်နှင့် မြေကြီးသည် ဧရာမ ပြောင်းလဲမှုများကို ကြုံကောင်းကြုံရနိုင်သော်လည်း ဘုရားသခင်၏ အသက်မှာမူ ထာဝရ မပြောင်းလဲပေ။ အရာခပ်သိမ်းတို့သည် မတည်သော်လည်း ဘုရားသခင်၏ အသက်သည် တည်ရှိဆဲဖြစ်လိမ့်မည်။ ဤသည်မှာ ဘုရားသခင်သည် အရာခပ်သိမ်း၏ ရှင်သန်မှု အရင်းအမြစ်ဖြစ်ပြီး ရှင်သန်မှုအတွက် အရာခပ်သိမ်း မှီခိုအားထားရာ အခြေခံဖြစ်သောကြောင့်တည်း။ လူသား၏အသက်သည် ဘုရားသခင်ထံမှ အစပြု၏။ ကောင်းကင်သည် ဘုရားသခင်ကြောင့်တည်ရှိခြင်း ဖြစ်ပြီး ကမ္ဘာမြေကြီး ရှင်သန်ခြင်းသည်လည်း ဘုရားသခင်၏ အသက်တန်ခိုးမှ အရင်းခံခြင်းဖြစ်သည်။ အသက်ရှင်သည့်အရာတစ်ခုမျှ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ကျော်လွန်နိုင်ခြင်းမရှိသကဲ့သို့ အသက်ရှိသည့် မည်သည့်အရာမျှ ဘုရားသခင်၏ သြဇာအာဏာနယ်ပယ်မှ မလွတ်မြောက်နိုင်ပေ။ ဤနည်းဖြင့် မည်သူပင်ဖြစ်စေ လူအားလုံး ဘုရားသခင်၏ အုပ်စိုးမှုအောက် ကျိုးကျိုးနွံနွံ နာခံရမည်၊ လူအားလုံး ဘုရားသခင်၏ စိုးမိုးမှုအောက်တွင် အသက်ရှင်ရမည်ဖြစ်ပြီး ၎င်းတို့ထဲမှ မည်သူမျှ သူ၏လက်မှ မလွတ်မြောက်နိုင်ပေ။
ယခုအခါတွင် သင်သည် အသက်ကိုရရှိဖို့ လိုအင်ဆန္ဒရှိကောင်းရှိမည်၊ သို့မဟုတ် သင်သည် သမ္မာတရားကို ရရှိဖို့ လိုအင်ဆန္ဒရှိကောင်းရှိမည်။ မည်သို့ပင်ဖြစ်စေ သင်သည် ဘုရားသခင်ကို ရှာတွေ့ရန်၊ သင် မှီခိုနိုင်ပြီး သင့်ကို ထာဝရအသက်ပေးနိုင်သော ဘုရားသခင်ကို ရှာတွေ့ရန် ဆန္ဒရှိသည်။ သင်သည် ထာဝရအသက်ကို ရရှိလိုပါက ထာဝရအသက်၏ အရင်းအမြစ်ကို ပထမဦးစွာ သင်နားလည်ရမည်ဖြစ်ပြီး ဘုရားသခင်သည် အမှန်စင်စစ် မည်သည့်နေရာတွင် ရှိသည်ကို ပထမဦးစွာ သိရမည်ဖြစ်သည်။ ဘုရားသခင်သာလျှင် မပြောင်းလဲနိုင်သော အသက်ဖြစ်ကြောင်းနှင့် ဘုရားသခင်သာလျှင် အသက်၏ လမ်းခရီးကို ပိုင်ဆိုင်ကြောင်း ငါပြောနှင့်ပြီးဖြစ်သည်။ ဘုရားသခင်သည် မပြောင်းလဲသော အသက်ဖြစ်သည့်အတွက် ထိုသို့ဖြင့် သူသည် ထာဝရအသက် ဖြစ်၏။ ဘုရားသခင်သာလျှင် အသက်၏ လမ်းခရီး ဖြစ်သည့်အတွက် ဘုရားသခင် ကိုယ်တော်တိုင်သည် ထာဝရအသက်၏ လမ်းခရီးဖြစ်၏။ ထိုသို့ဖြင့် သင်သည် ဘုရားသခင် မည်သည့်နေရာတွင် ရှိသည်ဆိုသည်နှင့် ဤထာဝရအသက်၏ လမ်းခရီးအား မည်သို့ရရှိရမည်ကို ပထမဦးစွာ နားလည်သင့်ပေသည်။ ယခု ဤကိစ္စနှစ်ရပ်နှင့်ပတ်သက်၍ သီးခြားစီ မိတ်သဟာယဖွဲ့ကြပါစို့။
သင်သည် ထာဝရအသက်၏ လမ်းခရီးကို အမှန်တကယ် ရရှိလိုပါက၊ ပြီးလျှင် ယင်းကို သင်၏ ရှာဖွေမှုတွင် အငမ်းမရဖြစ်နေပါက ဤမေးခွန်းကို ပထမဦးစွာ ဖြေဆိုလော့၊ ယနေ့ ဘုရားသခင် မည်သည့်နေရာတွင် ရှိသနည်း။ သင်က “ဘုရားသခင်သည် ကောင်းကင်ဘုံတွင် အသက်ရှင်နေသည်မှာ သေချာပါသည်၊ သူသည် သင်၏အိမ်တွင် နေထိုင်မည် မဟုတ်သည်မှာ အမှန်ပင် မဟုတ်လော” ဟု ပြန်လည်ဖြေဆိုကောင်း ဖြေဆိုမည်။ ဘုရားသခင်သည် သိသာထင်ရှားစွာပင် အရာခပ်သိမ်းအလယ်တွင် နေထိုင်ကြောင်း သင် ပြောကောင်းပြောမည်။ သို့မဟုတ် ဘုရားသခင်သည် လူတစ်ဦးစီ၏ စိတ်နှလုံးထဲတွင် နေထိုင်သည်ဟုဖြစ်စေ၊ ဘုရားသခင်သည် ဝိညာဉ်ရေးရာနယ်ပယ်တွင် ရှိသည်ဟုဖြစ်စေ သင် ပြောကောင်းပြောမည်။ ဤအရာများထဲမှ မည်သည့်အရာကိုမျှ ငါ မငြင်းဆိုသော်လည်း ဤကိစ္စကို ငါ ရှင်းလင်းရမည်။ ဘုရားသခင်သည် လူ၏ စိတ်နှလုံးထဲတွင် နေထိုင်သည်ဟု ပြောခြင်းမှာ လုံးဝ မှန်ကန်ခြင်း မရှိသော်လည်း လုံးလုံးလျားလျား မှားယွင်းနေခြင်းလည်း မဟုတ်ပေ။ အကြောင်းမှာ ဘုရားသခင်ကို ယုံကြည်သူများအလယ်တွင် ယုံကြည်ခြင်း စစ်မှန်သူများနှင့် ယုံကြည်ခြင်း အယောင်ဆောင်သူများ ရှိကြသည်၊ ဘုရားသခင် အသိအမှတ်ပြုသော သူများနှင့် သူ အသိအမှတ်မပြုသော သူများ ရှိကြသည်၊ သူ့ကို နှစ်သက်စေသော သူများနှင့် သူ စက်ဆုပ်ရွံရှာသော သူများ ရှိကြပြီး သူ စုံလင်အောင်ပြုသော သူများနှင့် သူ ဖယ်ရှားရှင်းလင်းသော သူများ ရှိကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် လူအနည်းငယ်၏ စိတ်နှလုံးထဲတွင်သာ နေထိုင်သည်ဟု ငါပြောသည်၊ ပြီးလျှင် ဤလူများသည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူများ၊ ဘုရားသခင် အသိအမှတ်ပြုသော သူများ၊ သူ့ကို နှစ်သက်စေသော သူများနှင့် သူ စုံလင်အောင်ပြုသော သူများဖြစ်သည်မှာ ယုံမှားသံသယဖြစ်ဖွယ် မရှိပေ။ ၎င်းတို့သည် ဘုရားသခင်၏ ဦးဆောင်ခြင်းကို ခံရသူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ ဦးဆောင်ခြင်းကို ခံရသောကြောင့် ဘုရားသခင်၏ ထာဝရအသက် လမ်းခရီးကို ကြားသိပြီး မြင်တွေ့ပြီးဖြစ်သော လူများ ဖြစ်ကြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်း အယောင်ဆောင်သူများ၊ ဘုရားသခင်၏ အသိအမှတ်ပြုခြင်း မခံရသူများ၊ ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်း ခံရသူများ၊ ဘုရားသခင်၏ ဖယ်ရှားရှင်းလင်းခြင်း ခံရသူများ၊ ၎င်းတို့သည် ဘုရားသခင်၏ ငြင်းပယ်ခြင်းကို ခံရဖို့ သေချာသည်၊ အသက်၏ လမ်းခရီးမရှိဘဲ ကျန်ရစ်ဖို့ သေချာပြီး ဘုရားသခင် မည်သည့်နေရာတွင် ရှိသည်ကို မသိဘဲ ကျန်ရစ်ဖို့ သေချာလေသည်။ ဆန့်ကျင်ဘက်အနေဖြင့် မိမိတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင် နေထိုင်သော သူတို့သည် သူ မည်သည့်နေရာတွင် ရှိသည်ကို သိကြသည်။ ၎င်းတို့သည် ဘုရားသခင်က ထာဝရအသက်၏ လမ်းခရီးကို ပေးသနားသော လူများဖြစ်ကြပြီး ၎င်းတို့သည် ဘုရားသခင်နောက်သို့ လိုက်သော သူများ ဖြစ်ကြသည်။ ယခု ဘုရားသခင် မည်သည့်နေရာတွင် ရှိသည်ကို သင် သိသလော။ ဘုရားသခင်သည် လူ၏ စိတ်နှလုံးထဲတွင်ရော လူ၏အနီးတွင်ပါ ရှိတော်မူ၏။ သူသည် ဝိညာဉ်ရေးရာနယ်ပယ်နှင့် အရာခပ်သိမ်း၏ အထက်တွင် ရှိသည်သာမက လူသား တည်ရှိသော ကမ္ဘာမြေပေါ်တွင် သာ၍ပင် ရှိတော်မူ၏။ ထို့ကြောင့် နောက်ဆုံးသော ကာလ ရောက်ရှိလာခြင်းက ဘုရားသခင်၏ အမှုတော် ခြေလှမ်းများကို နယ်ပယ်သစ်တစ်ခုထဲသို့ ခေါ်ဆောင်သွားပြီး ဖြစ်သည်။ ဘုရားသခင်သည် အရာခပ်သိမ်းအလယ်တွင် ရှိပြီး အရာရာတိုင်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားသည်၊ ပြီးလျှင် သူသည် လူ၏ စိတ်နှလုံးထဲတွင်လည်း ရှိကာ လူ၏ အထောက်အပံ့အဖြစ် ဆောင်ရွက်သည်၊ ထို့ထက်မက သူသည် လူသားအလယ်တွင် တည်ရှိတော်မူ၏။ ဤနည်းအားဖြင့်သာ သူသည် အသက်၏ လမ်းခရီးကို လူသားမျိုးနွယ်ထံ ဆောင်ကြဉ်းပေးနိုင်ပြီး လူသားကို အသက်၏ လမ်းခရီးထဲသို့ ခေါ်ဆောင်သွားနိုင်ပေသည်။ လူသားသည် အသက်၏ လမ်းခရီးကို ရရှိနိုင်စေရန်အလို့ငှာနှင့် လူသား၏ တည်ရှိမှုအတွက် ဘုရားသခင်သည် ကမ္ဘာမြေသို့ ကြွလာပြီး လူတို့အလယ်တွင် အသက်ရှင်တော်မူ၏။ တစ်ချိန်တည်းတွင် လူတို့အလယ် သူလုပ်ဆောင်သော စီမံခန့်ခွဲမှုကို လွယ်ကူချောမွေ့စေရန်အလို့ငှာ သူသည် အရာခပ်သိမ်းအလယ်တွင် ရှိပြီး အရာရာတိုင်းကို အမိန့်ပေးတော်မူ၏။ ထို့ကြောင့် ဘုရားသခင်သည် ကောင်းကင်ဘုံနှင့် လူ၏ စိတ်နှလုံးထဲတွင် ရှိသည်ဟူသော အယူဝါဒကိုသာ သင် အသိအမှတ်ပြုသည့်တိုင် လူသားအလယ် ဘုရားသခင် တည်ရှိခြင်း၏ အမှန်တရားကို အသိအမှတ်မပြုပါက သင်သည် အသက်ကို မည်သည့်အခါမျှ ရရှိမည်မဟုတ်သည့်အပြင် သမ္မာတရား၏ လမ်းခရီးကို မည်သည့်အခါမျှ ရရှိမည် မဟုတ်ပေ။
ဘုရားသခင် ကိုယ်တော်တိုင်သည် အသက်ဖြစ်သည်၊ သမ္မာတရားလည်း ဖြစ်ပြီး သူ၏အသက်နှင့် သမ္မာတရားသည် အတူယှဉ်တွဲ တည်ရှိကြ၏။ သမ္မာတရားကို ရရှိနိုင်စွမ်း မရှိသူများသည် သေချာပေါက် အသက်ကို ရရှိလိမ့်မည် မဟုတ်။ သမ္မာတရား၏ လမ်းပြမှု၊ ပံ့ပိုးမှုနှင့် ထောက်ပံ့မှုမရှိဘဲနှင့် သင် ရရှိသမျှမှာ စကားလုံးများ၊ အယူဝါဒများ၊ ထို့ထက်မက သေခြင်းတရားတို့သာ ဖြစ်၏။ ဘုရားသခင်၏ အသက်သည် အစဉ်တည်ရှိနေပြီး တစ်ချိန်တည်းတွင် သူ၏သမ္မာတရားနှင့် အသက်တို့သည် အတူယှဉ်တွဲတည်ရှိ၏။ သင်သည် သမ္မာတရား၏ အရင်းအမြစ်ကို ရှာမတွေ့နိုင်ပါက အသက်၏အာဟာရကို ရရှိလိမ့်မည် မဟုတ်ပေ။ သင်သည် အသက်၏ ထောက်ပံ့မှုကို မရရှိနိုင်ပါက ဧကန်မုချ သမ္မာတရား ရှိလိမ့်မည် မဟုတ်၊ ပြီးလျှင် စိတ်ကူးများနှင့် အယူအဆများမှအပ သင်၏ဖြစ်ခြင်း တစ်ခုလုံးသည် သင်၏ ဇာတိပကတိ၊ သင်၏ နံစော်သော ဇာတိပကတိမှလွဲ၍ မည်သည့်အရာမျှ ပါဝင်လိမ့်မည် မဟုတ်။ စာအုပ်တို့၏ စကားလုံးများမျှကို အသက်အဖြစ် ထည့်တွက်၍မရနိုင်သည်ကို သမိုင်းမှတ်တမ်းများကို သမ္မာတရားအဖြစ် တရိုတသေ ကိုးကွယ်ထား၍ မရနိုင်သကဲ့သို့ အတိတ်၏ စည်းမျဉ်းစည်းကမ်းများသည် ဘုရားသခင်၏ လက်ရှိ နှုတ်ကပတ်တော်များ၏ မှတ်တမ်းတစ်ခုအဖြစ် အသုံးမခံနိုင်သည့်အပြင် ဘုရားသခင် ကမ္ဘာမြေသို့ ကြွလာပြီး လူသားအလယ် နေထိုင်ချိန်တွင် ဖော်ပြသော နှုတ်ကပတ်တော်များသည်သာ သမ္မာတရား၊ အသက်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သူ၏လက်ရှိ အမှုပြုသည့် နည်းလမ်း ဖြစ်သည်ကို သိလော့။ သင်သည် အတိတ်ခေတ်ကာလမှ ဘုရား ပြောဆိုခဲ့သော နှုတ်ကပတ်တော်များ၏ မှတ်တမ်းများကို ယူဆောင်ကာ ယနေ့ထိ လိုက်နာပါက ယင်းက သင့်ကို ရှေးဟောင်းသုတေသီတစ်ဦးဖြစ်စေပြီး ထိုအခြေအနေတွင် သင့်ကို ဖော်ပြရမည့် အသင့်တော်ဆုံး နည်းလမ်းမှာ သမိုင်းဝင် ရှေးဟောင်းပစ္စည်းဆိုင်ရာ သုတေသနတွင် ကျွမ်းကျင်သူတစ်ဦးဟူ၍ ဖြစ်သည်။ သင်သည် အတိတ် အချိန်ကာလများတွင် ဘုရားသခင် လုပ်ဆောင်ခဲ့သည့်အမှု၏ အရိပ်အယောင်များကို အစဉ်သဖြင့် ယုံကြည်ကာ ယခင်က လူသားအလယ် ဘုရားသခင် အမှုပြုခဲ့ချိန်တွင် ကျန်ရစ်ခဲ့သည့် ဘုရားသခင်၏အရိပ်ကိုသာ သင် ယုံကြည်ပြီး ယခင်အချိန်များတွင် ဘုရားသခင်က သူ၏ နောက်လိုက်များကို ပြောခဲ့သည့် လမ်းခရီးကိုသာ ယုံကြည်လေသည်၊ သို့ရာတွင် သင်သည် ယနေ့ ဘုရားသခင် အမှု၏ ဦးတည်ရာကို မယုံကြည်ပေ၊ ယနေ့ ဘုရားသခင်၏ ဘုန်းထင်ရှားသော မျက်နှာကို မယုံကြည်သကဲ့သို့ လက်ရှိ ဘုရားသခင် ဖော်ပြသည့် သမ္မာတရား၏ လမ်းခရီးကို မယုံကြည်ပေ။ ထို့ကြောင့် သင်သည် လက်တွေ့အရှိတရားနှင့် လုံးဝ ကင်းကွာသည့် စိတ်ကူးယဉ်သမား တစ်ဦးသာဖြစ်သည်မှာ ငြင်းမရနိုင်အောင် ဖြစ်သည်။ ယခု သင်သည် လူသားကို အသက်ရှင်သန်စေရန် မစွမ်းနိုင်သည့် စကားလုံးများကို ဖက်တွယ်နေဆဲဖြစ်ပါက သင်သည် ရှေးရိုးစွဲဆန်လွန်းသည့်အတွက်၊ ပေကပ်ကပ် နိုင်လွန်းသည့်အတွက်၊ အသိခေါက်ခက် အဝင်နက်သည့်အတွက် မျှော်လင့်ချက်မရှိသော သစ်ဆွေးတစ်ခုဖြစ်ပေသည်။
လူ့ဇာတိခံယူသော ဘုရားသခင်ကို ခရစ်တော်ဟုခေါ်သည်၊ ထို့ကြောင့် လူတို့ကို သမ္မာတရား ပေးနိုင်သော ခရစ်တော်ကို ဘုရားသခင်ဟု ခေါ်ခြင်းသည် လွန်ကဲခြင်း လုံးဝ မဟုတ်ပေ။ အကြောင်းမှာ ကိုယ်တော်သည် ဘုရားသခင်၏ အနှစ်သာရ၊ လူသားက မရရှိနိုင်သည့် ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သော ဉာဏ်ပညာတို့ ပိုင်ဆိုင်သောကြောင့်ဖြစ်၏။ မိမိတို့ကိုယ်ကို ခရစ်တော်ဟု ခေါ်သည့်တိုင် ဘုရားသခင်၏အမှုကို မလုပ်ဆောင်နိုင်သော သူတို့သည် အတုအယောင်များ ဖြစ်၏။ ခရစ်တော်သည် မြေကြီးပေါ်ရှိ ဘုရားသခင်၏ သရုပ်သကန်ဖြစ်ရုံမျှသာမက ဘုရားသခင်က မြေကြီးပေါ်တွင် သူ၏အမှုကို ဆောင်ရွက်ပြီး လူသားအလယ် သူ၏အမှုကို ပြီးစီးစေရန် ဘုရားသခင်ခံယူထားသော အထူးလူ့ဇာတိလည်း ဖြစ်၏။ ဤဇာတိပကတိကို မည်သည့်လူသား တစ်ဦးမျှ အစားထိုး၍ မရနိုင်ဘဲ ကမ္ဘာမြေပေါ်တွင် ဘုရားသခင်၏အမှုကို ပြည့်စုံလုံလောက်စွာ တာဝန်ယူ ထမ်းဆောင်နိုင်သော ဇာတိပကတိဖြစ်ပြီး ဘုရားသခင်၏ စိတ်သဘောထားကို ဖော်ပြနိုင်ကာ ဘုရားသခင်ကို ကောင်းစွာ ကိုယ်စားပြုနိုင်သကဲ့သို့ လူသားကို အသက်ဖြင့် ထောက်ပံ့ပေးနိုင်သော ဇာတိပကတိဖြစ်၏။ ၎င်းတို့သည် ခရစ်တော်ဖြစ်သည်ဟု အခိုင်အမာ ဆိုကြသော်လည်း ခရစ်တော်၏ အနှစ်သာရထဲမှ မည်သည့်အရာမျှ မပိုင်ဆိုင်ကြသည့်အတွက် ခရစ်တော်၏ အယောင်ကိုဆောင်သောသူ အားလုံးတို့သည် အနှေးနှင့်အမြန် ကျရှုံးကြလိမ့်မည်။ ထို့ကြောင့် ခရစ်တော်၏ စစ်မှန်မှုကို လူသားက သတ်မှတ်၍ မရနိုင်ဘဲ ဘုရားသခင် ကိုယ်တိုင်က အဖြေပေးကာ ဆုံးဖြတ်ထားခြင်း ဖြစ်သည်ဟု ငါပြောရပေသည်။ ဤနည်းအားဖြင့် သင်သည် အသက်၏ လမ်းခရီးကို အမှန်တကယ် ရှာဖွေလိုပါက လူသားအပေါ် အသက်၏ လမ်းခရီးကို ပေးသနားခြင်းအမှုကို ဆောင်ရွက်ရန် ဘုရားသခင် ကြွလာသည်မှာ လူတို့အလယ်တွင် ဖြစ်ကြောင်းကို သင် ပထမဦးစွာ အသိအမှတ်ပြုရမည်ဖြစ်ပြီး လူသားအပေါ် အသက်၏ လမ်းခရီးကို ပေးသနားရန် လူသားအလယ်သို့ သူ ကြွလာသည်မှာ အတိတ်တွင်မဟုတ်ဘဲ ယနေ့ဖြစ်သည့် နောက်ဆုံးသော ကာလအတွင်းတွင် ဖြစ်ကြောင်းကို သင် အသိအမှတ်ပြုရမည်။
နောက်ဆုံးသောကာလ၏ ခရစ်တော်သည် အသက် ယူဆောင်လာပြီး အဓွန့်ရှည်စွာ တည်တံ့ကာ ထာဝရတည်ရှိသော သမ္မာတရား၏ လမ်းခရီးကို ယူဆောင်လာ၏။ ဤသမ္မာတရားသည် လူသားက အသက်ရရှိသည့် လမ်းကြောင်းဖြစ်ပြီး လူသားက ဘုရားသခင်ကို သိပြီး ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ခံရမည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။ နောက်ဆုံးသောကာလ၏ ခရစ်တော်ပေးသည့် အသက်၏လမ်းခရီးကို သင်မရှာဖွေပါက ယေရှု၏ အသိအမှတ်ပြုခြင်းကို မည်သည့်အခါမျှ သင် ရရှိမည် မဟုတ်သည့်အပြင် ကောင်းကင်နိုင်ငံတော်၏ တံခါးကိုဝင်ရန် မည်သည့်အခါမျှ အရည်အချင်းပြည့်မီမည် မဟုတ်ပေ။ အကြောင်းမှာ သင်သည် သမိုင်း၏ ရုပ်သေးရုပ်ရော အကျဉ်းသားပါ ဖြစ်သောကြောင့်တည်း။ စည်းမျဉ်းစည်းကမ်းများဖြင့်လည်းကောင်း၊ စကားလုံးများဖြင့်လည်းကောင်း၊ သမိုင်း၏ ချုပ်နှောင်မှုအားဖြင့်လည်းကောင်း ထိန်းချုပ်ခြင်းခံရသူများသည် မည်သည့်အခါတွင်မျှ အသက်ကို ရရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့ အသက်၏ ထာဝရလမ်းခရီးကို ရရှိနိုင်မည် မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ထိုသူတို့ ရရှိသမျှအရာမှာ ပလ္လင်မှ စီးဆင်းသည့် အသက်ရေ ဖြစ်မည့်အစား နှစ်ပေါင်းထောင်ပေါင်းများစွာ ဆုပ်ကိုင်ထားသော နောက်ကျိသည့် ရေများသာ ဖြစ်ကြသောကြောင့် ဖြစ်၏။ အသက်ရေဖြင့် ထောက်ပံ့မှု မခံရသောသူတို့သည် လူသေကောင်များ၊ စာတန်၏ ကစားစရာများနှင့် ငရဲ၏သားများအဖြစ် ထာဝရရှိနေကြလိမ့်မည်။ သို့ဖြစ်ပါက ၎င်းတို့သည် ဘုရားသခင်ကို မည်သို့ ရှုမြင်နိုင်မည်နည်း။ သင်သည် အတိတ်ကို ဖက်တွယ်ရန်သာ ကြိုးစားသည်၊ တိုးတက်မှုမရှိဘဲ ရပ်တန့်နေခြင်းနှင့် အမှုအရာများကို ယင်းတို့ရှိနေသည့်အတိုင်း ထိန်းသိမ်းခြင်းတို့ကိုသာ ကြိုးစားသည့်အပြင် ပိုနေမြဲ ကျားနေမြဲ အခြေအနေကို ပြောင်းလဲရန်နှင့် သမိုင်းကို စွန့်ပစ်ရန် မကြိုးစားသောကြောင့် သင်သည် ဘုရားသခင်ကို အမြဲရန်လိုနေမည် မဟုတ်လော။ ဘုရားသခင်၏ အမှုတော်၏ ခြေလှမ်းများသည် ရုန်းကြွနေသော လှိုင်းတံပိုးများ၊ ပဲ့တင်ထပ်နေသော မိုးခြိမ်းသံများကဲ့သို့ လွှမ်းမိုး၍ တန်ခိုးကြီးလှသည့်တိုင် သင်တို့သည် အဟောင်းကိုသာ စွဲကိုင်လျက်၊ အလိုအလျောက် ဖြစ်လာမည်ကို စောင့်မျှော်လျက် ပျက်စီးခြင်းကို မည်သည့်အရာမျှမလုပ်ဘဲ ထိုင်စောင့်နေကြ၏။ ဤနည်းဖြင့် သိုးသငယ်၏ ခြေလှမ်းနောက် လိုက်သူတစ်ဦးအဖြစ် သင့်ကို မည်သို့ယူဆ၍ရနိုင်မည်နည်း။ သင် ဖက်တွယ်ထားသော ဘုရားသခင်သည် အစဉ်အသစ်ဖြစ်ကာ မည်သည့်အခါမျှ အိုဟောင်းခြင်းမရှိသည့် ဘုရားသခင်အဖြစ် သင် မည်သို့ သက်သေထူနိုင်မည်နည်း။ ပြီးလျှင် သင်၏ အဝါရောင် သန်းနေသော စာအုပ်များ၏ စကားလုံးများသည် သင့်ကို ခေတ်သစ်တစ်ခုထဲသို့ မည်သို့ သယ်ဆောင်သွားနိုင်မည်နည်း။ ဘုရားသခင့်အမှု၏ ခြေလှမ်းများကို ရှာဖွေရန် ယင်းတို့သည် သင့်ကို မည်သို့ဦးဆောင်နိုင်မည်နည်း။ ပြီးလျှင် ယင်းတို့သည် သင့်ကို ကောင်းကင်သို့ မည်သို့ခေါ်ဆောင်သွားနိုင်မည်နည်း။ သင်၏ လက်ထဲတွင် သင်ကိုင်စွဲသည့်အရာမှာ သင့်ကို ယာယီဖြေသိမ့်မှု ပေးနိုင်သည့် စကားလုံးများသာဖြစ်သည်၊ သင့်ကို အသက် ပေးနိုင်စွမ်းရှိသည့် သမ္မာတရားများ မဟုတ်ပေ၊ သင်ဖတ်သည့် ကျမ်းချက်များ၏ စကားလုံးများမှာ သင်၏နှုတ်ကိုသာ ကြွယ်ဝစေနိုင်ပြီး သင့်ကို စုံလင်စေခြင်းဆီသို့ ဦးဆောင်လမ်းပြပေးနိုင်သော လမ်းကြောင်းဖြစ်ဖို့ မဆိုထားနှင့်၊ လူ့အသက်တာကို သိရှိရန် သင့်ကို ကူညီနိုင်သည့် ဉာဏ်ပညာနှင့်ဆိုင်သော စကားများပင် မဟုတ်ပေ။ ဤကွာဟချက်သည် သင့်ကို ဆင်ခြင်သုံးသပ်ရန် အကြောင်းတရား မပေးပါသလော။ ယင်းသည် သင့်အား အတွင်း၌ ပါရှိသော နက်နဲမှုများထဲသို့ ထိုးထွင်းအမြင် မပေးသလော။ သင်သည် ဘုရားသခင်ကို သင့်ဘာသာ တွေ့ဆုံရန် မိမိကိုယ်ကို ကောင်းကင်ဘုံသို့ ပို့ဆောင်နိုင်စွမ်း ရှိသလော။ ဘုရားသခင်၏ ကြွလာခြင်းမရှိဘဲနှင့် သင်သည် ဘုရားသခင်နှင့် မိသားစုပျော်ရွှင်မှုကို မွေ့လျော်ခံစားရန် သင့်ကိုယ်သင် ကောင်းကင်ဘုံထဲသို့ ခေါ်ဆောင်သွားနိုင်သလော။ သင်သည် ယခု စိတ်ကူးယဉ် နေသေးသလော။ သို့ဆိုပါက စိတ်ကူးယဉ်ခြင်းကို ရပ်တန့်ပြီး ယခု မည်သူအမှုပြုနေသည်ကို ကြည့်ရန်၊ နောက်ဆုံးသောကာလတွင် လူသားကို ကယ်တင်ခြင်းအမှုအား ယခု မည်သူ ဆောင်ရွက်နေသည်ကို မြင်ရန် ကြည့်ဖို့ ငါ အလေးအနက် တိုက်တွန်း၏။ သင် ထိုသို့မလုပ်ဆောင်ပါက သမ္မာတရားကို မည်သည့်အခါတွင်မျှ သင် ရရှိမည်မဟုတ်သည့်အပြင် အသက်ကို မည်သည့်အခါတွင်မျှ ရရှိလိမ့်မည် မဟုတ်ပေ။
ခရစ်တော်ပြောဆိုခဲ့သည့် သမ္မာတရားကို အားကိုးခြင်းမရှိဘဲ အသက်ရရှိလိုသူတို့သည် ကမ္ဘာမြေပေါ်တွင် ယုတ္တိမရှိဆုံးသော လူများဖြစ်ပြီး ခရစ်တော်ယူဆောင်လာသည့် အသက်၏လမ်းခရီးကို လက်မခံသောသူတို့သည် စိတ်ကူးယဉ်အိပ်မက်ထဲတွင် ပျောက်ဆုံးကြပေသည်။ ထို့ကြောင့် နောက်ဆုံးသောကာလ ခရစ်တော်ကို လက်မခံသူများသည် ဘုရားသခင်၏ စက်ဆုပ်ရွံရှာမှုကို ထာဝရခံရမည်ဟု ငါဆို၏။ ခရစ်တော်သည် နောက်ဆုံးသော ကာလတွင် နိုင်ငံတော်သို့ လူသားဝင်ရောက်ရန် တံခါးပေါက်ဖြစ်ပြီး သူ့ကို ရှောင်ကွင်းသွားနိုင်သူ တစ်ဦးမျှမရှိပေ။ ခရစ်တော်အားဖြင့် မဟုတ်လျှင် မည်သူမျှ ဘုရားသခင်၏စုံလင်စေခြင်းကို မခံရနိုင်။ သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် သူ၏နှုတ်ကပတ်တော်များကို လက်ခံရမည်ဖြစ်ပြီး သူ၏ လမ်းခရီးကို ကျိုးနွံနာခံရမည်ဖြစ်သည်။ သမ္မာတရားကိုလည်းကောင်း၊ အသက်၏ ထောက်ပံ့မှုကိုလည်းကောင်း လက်မခံနိုင်ဘဲလျက် ကောင်းချီးမင်္ဂလာများ ရရှိရန်ကိုသာ မစဉ်းစားနှင့်။ ခရစ်တော်သည် ကိုယ်တော့်ကို စိတ်ရင်းမှန်ဖြင့် ယုံကြည်ကြသူ အပေါင်းတို့အား အသက်ကို ပေးသနားနိုင်ရန်အလို့ငှာ နောက်ဆုံးသောကာလတွင် ကြွလာခြင်း ဖြစ်သည်။ ဤအမှုသည် ခေတ်အဟောင်းကို အဆုံးသတ်ခြင်းနှင့် ခေတ်သစ်တစ်ခုထဲသို့ ဝင်ရောက်ခြင်းအတွက် တည်ရှိခြင်း ဖြစ်ပြီး ဤအမှုသည် ခေတ်အသစ်ထဲသို့ ဝင်ရောက်မည့်သူအားလုံး လျှောက်ရမည့် လမ်းကြောင်းဖြစ်၏။ သင်သည် ခရစ်တော်ကို အသိအမှတ်မပြုသည့်အပြင် သူ့ကို ပြစ်တင်ရှုတ်ချကာ ပြစ်မှားစော်ကားပါက သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ပါက သင်သည် ထာဝရလောင်ကျွမ်းခံရဖို့ သေချာပြီး ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ မည်သည့်အခါမျှ ဝင်ရောက်ရလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဤခရစ်တော်ကိုယ်တော်တိုင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဖော်ပြချက်၊ ဘုရားသခင်၏ ဖော်ပြချက်၊ ဘုရားသခင်က ကမ္ဘာမြေကြီးတွင် သူ၏အမှုကို ဆောင်ရွက်ရန် အပ်နှံထားသူ ဖြစ်သောကြောင့် နောက်ဆုံးသောကာလ ခရစ်တော် လုပ်ဆောင်သည့် အရာအားလုံးကို သင်လက်မခံနိုင်ပါက သင်သည် သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားစော်ကားသည်ဟု ငါပြောရပေသည်။ သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားစော်ကားသူတို့အတွက် ထိုက်တန်သည့် ပြစ်ဒဏ်ခတ်ခြင်းမှာ အားလုံးအဖို့ ပကတိအတိုင်း ရှင်းနေပြီးဖြစ်သည်။ ဤအရာကိုလည်း ငါပြောမည်။ သင်သည် နောက်ဆုံးသောကာလ ခရစ်တော်ကို ဆန့်ကျင်ပါက၊ နောက်ဆုံးသော ကာလ ခရစ်တော်ကို သင် ငြင်းပယ်ပါက ဤအရာအတွက် သင်၏ ကိုယ်စား အကျိုးဆက်များကို ခံစားပေးနိုင်မည့်သူ တစ်ဦးမျှ ရှိလိမ့်မည်မဟုတ်။ ထို့အပြင် ထိုအချိန်မှစ၍ သင်သည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို လက်ခံရရှိရန် အခွင့်အရေး မည်သည့်အခါမျှ ရှိမည်မဟုတ်ပေ။ သင်သည် မိမိကိုယ်ကို ရွေးနုတ်ရန် ကြိုးစားလိုလျှင်ပင် ဘုရားသခင်၏မျက်နှာကို တစ်ဖန် မြင်နိုင်လိမ့်မည် မဟုတ်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သင် အတိုက်အခံလုပ်နေသည်မှာ လူသားတစ်ဦးမဟုတ်၊ သင် ပစ်ပယ်နေသည်မှာ အရေးမပါသော လူသားတစ်ဦး မဟုတ်ဘဲ ခရစ်တော်ဖြစ်သောကြောင့် ဖြစ်၏။ ဤအရာ၏ အကျိုးဆက်များသည် မည်သည်တို့ ဖြစ်သည်ကို သင်သိပါသလော။ သင်သည် သေးငယ်သည့် အမှားတစ်ခု ပြုနေသည်သာ မဟုတ်ဘဲ အလွန်စက်ဆုပ်ရွံရှာ ဖွယ်ကောင်းသော အပြစ်တစ်ရပ် ကျူးလွန်နေခြင်း ဖြစ်သည်။ ထို့ကြောင့် သမ္မာတရားသည်သာ သင့်ကို အသက် ဆောင်ကြဉ်းပေးနိုင်ပြီး သမ္မာတရားမှလွဲ၍ မည်သည့်အရာကမျှ သင့်ကို ပြန်လည်မွေးဖွားရန်နှင့် ဘုရားသခင်၏မျက်နှာကို တစ်ဖန် ရှုမြင်ရန် ထောက်ကူမပေးနိုင်သည့်အတွက် သမ္မာတရားရှေ့မှောက်တွင် ခြိမ်းခြောက်မှုမပြုရန် သို့မဟုတ် ထင်ရာမြင်ရာ မှတ်ချက်များ မပြုရန် လူတိုင်းကို ငါအကြံပြုသည်။