နိုင်ငံတိုင်းနှင့် လူမျိုးတိုင်း၏ ကံကြမ္မာကို ဘုရားထိန်းချုပ်ကျူး
နိုင်ငံတစ်ခု၏ တိုးတက်ခြင်းနှင့် ကျဆုံးခြင်းတို့သည် ထိုနိုင်ငံကို အုပ်ချုပ်သူများအနေဖြင့် ဘုရားသခင်ကို ကိုးကွယ်မှု ရှိမရှိနှင့် ပြည်သူများကို ဘုရားသခင်နှင့် နီးကပ်စေအောင်၊ ဘုရားသခင်ကို ကိုးကွယ်ဆည်းကပ်အောင် ဦးဆောင်နိုင်ခြင်း ရှိမရှိတို့အပေါ် အခြေခံသည်။
၁ သင့်နိုင်ငံသည် လောလောဆယ် ချမ်းသာကြွယ်ဝကောင်းကြွယ်ဝနေနိုင်သည်၊ သို့သော် သင့်ပြည်သူများကို ဘုရားသခင်ထံမှ လမ်းလွဲသွားရန် သင်ခွင့်ပြုပါက သင့်နိုင်ငံသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို တိုး၍တိုး၍ ဆုံးရှုံးလာလိမ့်မည်။ သင့်နိုင်ငံ၏ လူ့အဖွဲ့အစည်းကြီးသည်လည်း ခြေဖဝါးအောက်တွင် တိုး၍တိုး၍ ချနင်းခံရလိမ့်မည်ဖြစ်ပြီး မကြာမီ လူတို့သည် ဘုရားသခင်ကို ဆန့်ကျင်ပြီး ကောင်းကင်ဘုံကို ကျိန်ဆဲလာကြလိမ့်မည်။ သို့နှင့် နိုင်ငံတစ်ခု၏ ကံကြမ္မာသည် လူသားအနေနှင့် ဘာမျှမသိလိုက်ဘဲနှင့် ပျက်စီးဆုံးရှုံးခြင်းသို့ ကျရောက်လိမ့်မည်။ ဘုရားသခင်၏ကျိန်ခြင်းကို ခံထားရသော ထိုနိုင်ငံများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဘုရားသခင်သည် အင်အားကြီးနိုင်ငံများကို ပေါ်ပေါက်စေလိမ့်မည်ဖြစ်ပြီး ယင်းတို့ကို ကမ္ဘာမြေမျက်နှာပြင်ပေါ်မှ ဖယ်ရှားခြင်းပင် ပြုနိုင်သည်။
၂ ဤကမ္ဘာပေါ်တွင် ဖြောင့်မှန်သည့် စွမ်းပကားများ အမှန်ရှိသော်လည်း လူ့နှလုံးသားထဲတွင် ဘုရားသခင်အတွက် နေရာမရှိသည့် အုပ်ချုပ်ရေးမှာ မခိုင်ခန့်ပါ။ ဘုရားသခင်၏ ကောင်းချီးမပါပါက နိုင်ငံရေးနယ်ပယ်သည် ဖရိုဖရဲဖြစ်ကာ ထိုးနှက်တိုက်ခိုက်မှုကို ခုခံနိုင်စွမ်း နည်းလာပါမည်။ လူသားတို့အတွက်မူ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာ မရှိခြင်းသည် နေရောင်ခြည်မရှိခြင်းနှင့် တူပေသည်။ အုပ်ချုပ်သူများအနေဖြင့် ၎င်းတို့၏ ပြည်သူများအတွက် မည်မျှပင် စေ့စပ်သေချာစွာ ကြိုးစားလုပ်ဆောင်စေကာမူ၊ လူသားများအနေဖြင့် ဖြောင့်မှန်သော ညှိနှိုင်းဆွေးနွေးပွဲများ မည်မျှပင်အတူလုပ်ဆောင်စေကာမူ၊ ထိုလုပ်ဆောင်မှုများက ဖြစ်ပြီးသောအရာများကို နောက်ပြန်လှည့်ရန် သို့မဟုတ် လူသားတို့၏ ကံကြမ္မာကို ပြောင်းလဲရန် မစွမ်းသာပါ။
၃ လူသားတို့သည် နိုင်ငံသားများ စားရေး၊ ဝတ်ရေး ပြေလည်လျှင်၊ ငြိမ်းအေးချမ်းသာစွာ အတူတကွနေရလျှင် ထိုနိုင်ငံကို နိုင်ငံကောင်းတစ်ခု၊ ခေါင်းဆောင်မှုကောင်းသော နိုင်ငံတစ်ခုဟု ထင်မြင်ယူဆကြသည်။ သို့သော် ဘုရားသခင်ကမူ ထိုသို့မယူဆပါ။ သူ့ကို ကိုးကွယ်သောသူ မရှိသည့် နိုင်ငံသည် သူသုတ်သင်ဖယ်ရှားမည့်နိုင်ငံဟု သူယူဆသည်။ လူသားတို့၏ တွေးခေါ်ပုံသည် ဘုရားသခင်၏တွေးခေါ်ပုံနှင့် အလွန်ကွာခြားသည်။ ထို့ကြောင့် နိုင်ငံတစ်နိုင်ငံ၏ ခေါင်းဆောင်သည် ဘုရားသခင်ကို မကိုးကွယ်ပါက ထိုနိုင်ငံ၏ ကံကြမ္မာသည် ဝမ်းနည်းဖွယ်ရာ ဖြစ်လိမ့်မည်ဖြစ်ပြီး ထိုနိုင်ငံတွင် ခရီးပန်းတိုင်လည်း ရှိမည်မဟုတ်ပါ။
၄ ဘုရားသခင်သည် လူတို့၏နိုင်ငံရေးတွင် မပါဝင်ပေ၊ သို့သော် နိုင်ငံ သို့မဟုတ် လူမျိုးတို့၏ ကံကြမ္မာကို ဘုရားသခင်က ထိန်းချုပ်ထားသည်။ ဘုရားသခင်သည် ဤကမ္ဘာကြီးနှင့် စကြဝဠာတစ်ခုလုံးကို ထိန်းချုပ်ထားသည်။ လူသားတို့၏ ကံကြမ္မာနှင့် ဘုရားသခင်၏ အကြံအစည်မှာ အတွင်းကျကျ ချိတ်ဆက်နေပြီး မည်သည့်လူ၊ မည်သည့်တိုင်းနိုင်ငံကမျှ ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်မှ ကင်းလွတ်နိုင်ခြင်းမရှိပါ။ အကယ်၍ လူသားသည် မိမိ၏ကံကြမ္မာကို သိလိုပါက ဘုရားသခင်၏ရှေ့တော်သို့ သူလာရပေမည်။ ဘုရားသခင်နောက်ကို လိုက်လျှောက်ပြီး သူ့အား ကိုးကွယ်သောသူများကို ဘုရားသခင်က အောင်မြင်ကြီးပွားစေသည်။ ဘုရားသခင်ကို ဆန့်ကျင်ပစ်ပယ်သူများကို ဘုရားသခင်ကလည်း ငြင်းပယ်ဖယ်ရှားမည်ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသားမျိုးနွယ်အားလုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။