၂၆၁ လူသားတို့အနာဂတ်အတွက် ဘုရားသခင်ပူဆွေး
၁ အပြောကျယ်လှသော ဤလောကကြီးတွင် ကွင်းပြင်များအတွင်းသို့ သမုဒ္ဒရာရေများ နုန်းတင်ခြင်း၊ သမုဒ္ဒရာအတွင်းသို့ ကွင်းပြင်များ ဖုံးလွှမ်းသွားခြင်းတို့ကဲ့သို့သော မရေတွက်နိုင်သည့် ပြောင်းလဲမှုများသည် ထပ်ခါထပ်ခါ ဖြစ်ပွားခဲ့သည်။ စကြ၀ဠာရှိ အရာအားလုံးကို အစိုးရသော ဘုရားသခင်မှတစ်ပါး မည်သူမျှ ဤလူသားမျိုးနွယ်ကို မဦးဆောင်၊ မညွှန်ကြားနိုင်ပေ။ ဤလူသားမျိုးနွယ်အတွက် ကြိုးပမ်းရန်၊ သို့မဟုတ် ပြင်ဆင်မှုများ လုပ်ဆောင်ရန် အင်အားကြီးသောသူ တစ်ယောက်မျှ မရှိပေ၊ ဤလူသားမျိုးနွယ်ကို အလင်းပန်းတိုင်ဆီသို့ ဦးဆောင်သွား နိုင်သူနှင့် ကမ္ဘာကြီး၏ မတရားမှုများမှ လွတ်မြောက်စေနိုင်သူ သာ၍ပင် မရှိပေ။ ဘုရားသခင်သည် လူသားတို့၏ အနာဂတ်အတွက် ဝမ်းနည်းသည်၊ လူသားတို့၏ ကျဆင်းမှုအတွက် ပူဆွေးသောက ရောက်သည်၊ ထို့ပြင် လူသားတို့သည် ယိုယွင်းပျက်စီးခြင်းနှင့် ပြန်လမ်းမဲ့လမ်းကြောင်းဆီသို့ တဖြည်းဖြည်း ချီတက်သွားနေခြင်း အတွက် ဝမ်းနည်းပူဆွေးရသည်။ ဘုရားသခင်၏ စိတ်နှလုံးကို ကြေကွဲစေခဲ့ပြီး၊ ဆိုးယုတ်သောသူကို ရှာဖွေရန် ဘုရားသခင်ကို စွန့်လွှတ်ခဲ့ကြသည့် လူသားတို့ပင်ဖြစ်သည်၊ ဤကဲ့သို့သော လူသားတို့ ရှေးရှုသွားနိုင်သည့် ဦးတည်ချက်နှင့် ပတ်သက်ပြီး စဉ်းစားခဲ့ဖူးသောသူ ရှိသလော။
၂ ဘုရားသခင်၏ အမျက်ဒေါသကို မည်သူမျှ သတိမပြုမိကြခြင်း၊ ဘုရားသခင်ကို ကျေနပ်သဘောကျစေမည့်လမ်းကို မည်သူမျှ မရှာဖွေကြခြင်း၊ သို့မဟုတ် ဘုရားသခင်ထံတော်သို့ တိုးဝင်ချဉ်းကပ်ရန် မည်သူမျှ မကြိုးစားကြခြင်း၊ ထိုထက်ပို၍ပင် ဘုရားသခင်၏ ပူဆွေးမှုနှင့် နာကျင်ရမှုတို့ကို နားလည်ပေးရန် မည်သူမျှ မကြိုးစားကြခြင်းတို့မှာ ထိုအကြောင်းကြောင့်ပင် ဖြစ်တော့သည်။ ဘုရားသခင်၏ အသံတော်ကို ကြားပြီးသည့်နောက်တွင်ပင် လူသားသည် သူ့လမ်းသူ ဆက်လျှောက်နေ၏၊ ဘုရားသခင်ထံမှ လမ်းလွဲသွားရန် မလျှော့တမ်း ပေလုပ်နေပြီး၊ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ဂရုစိုက်မှုကို ရှောင်ဖယ်ကာ ဘုရားသခင်၏ သမ္မာတရားကို ရှောင်ရှားလျက် ဘုရားသခင်၏ ရန်သူဖြစ်သော စာတန်ထံသို့ သူ့ကိုယ်သူ ရောင်းချရန်သာ ပိုနှစ်သက်နေသည်။ လူသားသည် ဆက်လက်ခေါင်းမာ နေမည်ဆိုပါက ဘုရားသခင်သည် နောင်တရခြင်းမရှိဘဲ သူ့ကိုပစ်သွားသည့် ဤလူသားတို့အပေါ် မည်ကဲ့သို့ တုံ့ပြန်မည်ဆိုသည်ကို မည်သူစဉ်းစားဖူးသနည်း။
၃ ဘုရားသခင်၏ အကြိမ်ကြိမ် သတိပေးခြင်းနှင့် တိုက်တွန်းနှိုးဆော်ရခြင်းများ၏ အကြောင်းရင်းမှာ လူသား၏ခန္ဓာနှင့် စိတ်ဝိညာဉ်တို့ ခံရပ်နိုင်မည် မဟုတ်သည့် တစ်ခါမျှမဖြစ်ဖူးသေးသော ကပ်ဘေးကို သူ၏ လက်တော်ထဲတွင် ပြင်ဆင်ထားသောကြောင့်ဖြစ်ကြောင်းကို မည်သူမျှမသိပေ။ ဤကပ်ဘေးသည် ခန္ဓာအတွက်သာ မဟုတ်ဘဲ စိတ်ဝိညာဉ်အတွက်ပါ အပြစ်ဒဏ်ပေးခြင်း ဖြစ်သည်။ ဘုရားသခင်၏ အကြံအစည် ပျက်ပြားသွားပြီး၊ သူ၏သတိပေးချက်များနှင့် တိုက်တွန်းနှိုးဆော်ချက်များအပေါ် တုံ့ပြန်မှုများ မရှိပါက သူ့အနေဖြင့် မည်သို့အမျက်မျိုး ထုတ်လွှတ်မည်ကို သင်သိသင့်သည်။ သူ၏အမျက်သည် ဖန်ဆင်းခံသူတို့ ကြုံတွေ့ဖူးသော၊ ကြားဖူးသော အရာများနှင့် လုံးဝတူညီမည်မဟုတ်ပေ။ ထို့ကြောင့် ထိုကပ်ဘေးသည် မကြုံစဖူးသောအရာဖြစ်ပြီး မည်သည့်အခါမျှလည်း ထပ်မံ ဖြစ်ပေါ်လာမည် မဟုတ်ဟု ငါပြောသည်။ အကြောင်းမှာ ဘုရားသခင်၏ အကြံအစည်သည် လူသားမျိုးနွယ်ကို ဤတစ်ကြိမ်သာ ဖန်ဆင်း၍ ဤတစ်ကြိမ်သာ ကယ်တင်ရန် ဖြစ်သောကြောင့်ဖြစ်သည်။ ဤအကြိမ်မှာ ပထမဆုံးအကြိမ်ဖြစ်သကဲ့သို့ နောက်ဆုံးအကြိမ်လည်း ဖြစ်သည်။ ထို့ကြောင့် လူသားမျိုးနွယ်ကို ဤတစ်ကြိမ်ကယ်တင်သော ဘုရားသခင်၏ စေ့စပ်သေချာသည့် ရည်ရွယ်ချက်များနှင့် စိတ်ထက်သန်သော မျှော်လင့်စောင့်စားမှုတို့ကို မည်သူမျှ နားမလည်နိုင်ပေ။
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်