(ဂ) လူသားအတွက် ဘုရားသခင်၏ သတိပေးချက်များ

(၆၄၄) ခရစ်တော်ပြောဆိုခဲ့သည့် သမ္မာတရားကို အားကိုးခြင်းမရှိဘဲ အသက်ရရှိလိုသူတို့သည် ကမ္ဘာမြေပေါ်တွင် အဓိပ္ပာယ်မရှိဆုံးသော လူများဖြစ်ပြီး၊ ခရစ်တော်ယူဆောင်လာသည့် အသက်၏လမ်းခရီးကို လက်မခံသောသူတို့သည် စိတ်ကူးယဉ်အိပ်မက်ထဲတွင် ပျောက်ဆုံးကြပေသည်။ ထို့ကြောင့် နောက်ဆုံးသောကာလ ခရစ်တော်ကို လက်မခံသူများသည် ဘုရားသခင်၏ စက်ဆုပ်ရွံရှာမှုကို ထာဝရခံရမည်ဟု ငါဆို၏။ ခရစ်တော်သည် နောက်ဆုံးသော ကာလအတွင်းတွင် နိုင်ငံတော်သို့ လူသားဝင်ရောက်ရန် တံခါးပေါက်ဖြစ်ပြီး၊ သူ့ကို ရှောင်ကွင်းသွားနိုင်သူ မည်သူမျှမရှိပေ။ ခရစ်တော်ကို အမှီမပြုလျှင် မည်သူမျှ ဘုရားသခင်၏ စုံလင်စေခြင်းကို မခံရနိုင်ပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့်၊ သူ၏နှုတ်ကပတ်တော်များကို လက်ခံရမည်ဖြစ်ပြီး သူ၏လမ်းခရီးကို နာခံရမည်ဖြစ်သည်။ သမ္မာတရားကို လက်ခံနိုင်စွမ်းမရှိဘဲနှင့် အသက်၏ထောက်ပံ့မှုကို လက်ခံနိုင်စွမ်းမရှိဘဲ၊ ကောင်းချီးမင်္ဂလာ ရရှိရေးကိုသာ သင် စဉ်းစား၍မရပေ။ သူ့ကို စစ်မှန်စွာ ယုံကြည်သူအားလုံးသည် အသက်ဖြင့် ထောက်ပံ့ခံရဖို့အလို့ငှာ၊ ခရစ်တော်သည် နောက်ဆုံးသောကာလအတွင်း ကြွလာခြင်း ဖြစ်သည်။ သူ၏အမှုသည် ခေတ်အဟောင်းကို အဆုံးသတ်ခြင်းနှင့် ခေတ်သစ်တစ်ခုထဲသို့ ဝင်ရောက်ခြင်းအတွက် ဖြစ်ပြီး၊ သူ၏ အမှုသည် ခေတ်အသစ်ထဲသို့ ဝင်ရောက်မည့်သူအားလုံး လျှောက်ရမည့် လမ်းကြောင်းဖြစ်၏။ သင်သည် သူ့ကို အသိအမှတ်ပြုနိုင်စွမ်း မရှိဘဲ၊ ယင်းအစား သူ့ကို ပြစ်တင်ရှုတ်ချပါက၊ ပြစ်မှားစော်ကားပါက၊ သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ခြင်းပင် ပြုပါက၊ သင်သည် ထာဝရလောင်ကျွမ်းခံရဖို့ သေချာပြီး၊ ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ မည်သည့်အခါမျှ ဝင်ရောက်ရလိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ ဤခရစ်တော်ကိုယ်တော်တိုင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဖော်ပြချက်၊ ဘုရားသခင်၏ ဖော်ပြချက်၊ ဘုရားသခင်က ကမ္ဘာမြေကြီးတွင် သူ၏အမှုကို ဆောင်ရွက်ရန် တာဝန်ပေး စေခိုင်းထားသူ ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် နောက်ဆုံးသောကာလ ခရစ်တော် လုပ်ဆောင်ခဲ့သည့် အရာအားလုံးကို သင်လက်မခံနိုင်ပါက၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားစော်ကားသည်ဟု ငါပြောရပေသည်။ သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားစော်ကားသူတို့ ခံရမည့် ပြစ်ဒဏ်ခတ်ခြင်းမှာ အားလုံးအဖို့ ပကတိအတိုင်း ရှင်းနေပြီးဖြစ်သည်။ သင်သည် နောက်ဆုံးသောကာလ ခရစ်တော်ကို ဆန့်ကျင်ပါက၊ နောက်ဆုံးသော ကာလ ခရစ်တော်ကို သင် ပစ်ပယ်ပါက၊ သင်၏ ကိုယ်စား အကျိုးဆက်များကို ခံစားပေးမည့်သူ တစ်ဦးမျှရှိလိမ့်မည်မဟုတ်ဟုလည်း ငါသင့်ကို ပြော၏။ ထို့အပြင် ယနေ့မှစ၍ သင်သည် ဘုရားသခင်၏ လက်ခံမှုကိုရရှိရန် နောက်ထပ်အခွင့်အရေး ရှိမည် မဟုတ်ပေ။ သင်သည် မိမိကိုယ်ကိုယ် ရွေးနုတ်ရန် ကြိုးစားလျှင်ပင်၊ ဘုရားသခင်၏မျက်နှာကို မည်သည့်အခါတွင်မျှ တစ်ဖန် မြင်ရလိမ့်မည် မဟုတ်။ အဘယ်ကြောင့်ဆိုသော် သင်ဆန့်ကျင်သည်မှာ လူသားတစ်ဦးမဟုတ်၊ သင် ပစ်ပယ်သည်မှာ မဆိုစလောက်သတ္တဝါတစ်ဦးဦး မဟုတ်ဘဲ ခရစ်တော်ဖြစ်သောကြောင့် ဖြစ်၏။ ဤအရာ၏ အကျိုးဆက်များသည် မည်သည်တို့ ဖြစ်လိမ့်မည်ကို သင်သိပါသလော။ သင်သည် သေးငယ်သည့် အမှားတစ်ခု ပြုမိပြီးဖြစ်လိမ့်မည်မဟုတ်ဘဲ၊ အလွန်စက်ဆုပ်ရွံရှာ ဖွယ်ကောင်းသော ပြစ်မှုတစ်ရပ် ကျူးလွန်မိပြီး ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သမ္မာတရားသည်သာ သင့်ကို အသက် ဆောင်ကြဉ်းပေးနိုင်ပြီး၊ သမ္မာတရားမှလွဲ၍ မည်သည့်အရာကမျှ သင့်ကို ပြန်လည်မွေးဖွားမပေးနိုင်သကဲ့သို့၊ ဘုရားသခင်၏မျက်နှာကို တစ်ဖန် ရှုမြင်ခွင့် မပေးနိုင်သည့်အတွက်၊ သမ္မာတရား ရှေ့မှောက်တွင် ကြမ်းကြုတ်သည့် တုန့်ပြန်မှုများမပြုရန် သို့မဟုတ် အရေးမထားသည့် ဝေဖန်မှုများ မလုပ်ရန် အယောက်တိုင်းကို ငါအကြံပြု၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်

(၆၄၅) ဘုရားသခင် ရယူရန် အလိုရှိသည့်အရာကို မည်သည့်နိုင်ငံ သို့မဟုတ် မည်သည့် တန်ခိုးအာဏာကမျှ မတားဆီးနိုင်သည်ကို ငါတို့ယုံကြည်သည်။ ဘုရားသခင်၏ အမှုကို နှောင့်ယှက်သူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆန့်ကျင်ကာ ဘုရားသခင်၏ အကြံအစည်ကို နှောင့်ယှက်ပြီး ထိခိုက်စေသူများသည် နောက်ဆုံးတွင် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ခံရကြလိမ့်မည်။ ဘုရားသခင်၏ အမှုကို အာခံဖီဆန်သူသည် ငရဲသို့ ပို့ခံရလိမ့်မည်။ ဘုရားသခင်၏ အမှုကို အာခံဖီဆန်သော မည်သည့်နိုင်ငံမဆိုသည် ဖျက်ဆီးခြင်းကိုခံရလိမ့်မည်။ ဘုရားသခင်၏ အမှုကို ဆန့်ကျင်ရန် ထကြွသည့် မည်သည့် လူမျိုးမဆိုသည် ဤကမ္ဘာမြေမှ ဖယ်ရှားခံရလိမ့်မည်ဖြစ်ပြီး အပြီးတိုင် ကွယ်ပျောက်သွားလိမ့်မည်။ လူမျိုးအားလုံး၊ နိုင်ငံအားလုံးနှင့် စက်မှုလုပ်ငန်း အားလုံး၏ လူများကို ဘုရားသခင်၏ အသံအား နားထောင်ရန်၊ ဘုရားသခင်၏ အမှုကို ရှုစားရန်နှင့် လူသားမျိုးနွယ်၏ ကံကြမ္မာကို အာရုံစိုက်ရန်၊ ဘုရားသခင်ကို အသန့်ရှင်းဆုံး၊ ဂုဏ်အသရေ အရှိဆုံး၊ အမြင့်မားဆုံးနှင့် လူသားမျိုးနွယ်အလယ် တစ်ခုတည်းသော ကိုးကွယ်ဆည်းကပ်ရာ ဖြစ်စေဖို့အလို့ငှာနှင့် အာဗြဟံ၏ သားစဉ်မြေးဆက်များက ယေဟောဝါ၏ ကတိတော်များအောက်၌ အသက်ရှင်ခဲ့ကြသကဲ့သို့ပင်၊ ပြီးလျှင် ပထမဦးစွာ ဘုရားသခင် ဖန်ဆင်းခဲ့သော အာဒံနှင့်ဧဝတို့က ဧဒင်ဥယျာဉ်ထဲတွင် အသက်ရှင် ခဲ့သကဲ့သို့ပင်၊ လူသားမျိုးနွယ် တစ်ရပ်လုံးအား ဘုရားသခင်၏ ကောင်းချီးမင်္ဂလာအောက်၌ အသက်ရှင်ခွင့်ပေးရန် ငါ တိုက်တွန်း၏။

ဘုရားသခင်၏အမှုသည် ကြီးမားသော လှိုင်းလုံးတစ်ခုကဲ့သို့ ရှေ့သို့ တစ်ဟုန်ထိုးတက်လေသည်။ မည်သူကမျှ သူ့ကို မထိန်းနိုင်သကဲ့သို့ မည်သူကမျှ သူ၏ ချီတက်ခြင်းကို မရပ်တန့်စေနိုင်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သေချာစွာ နားထောင်သောသူများနှင့် ဘုရားသခင်ကို ရှာဖွေကာ ဆာငတ်သောသူတို့သာ ဘုရားသခင်၏ ခြေလှမ်းများနောက်လိုက်နိုင်ပြီး၊ သူ၏ကတိကို ရရှိနိုင်ပေသည်။ ထိုသို့မဟုတ်သူများသည် ပြင်းထန်သော ဘေးဒုက္ခနှင့် အလွန် ထိုက်တန်သည့် အပြစ်ပေးခြင်းကို ခံရကြလိမ့်မည်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်

(၆၄၆) ဘုရားသခင်သည် သူ ပေါ်ထွန်းလာဖို့ တောင့်တကြသူများကို ရှာဖွေသည်။ သူသည် သူ၏နှုတ်ကပတ်တော်များကို ကြားနိုင်သူများ၊ သူ၏ တာဝန်ပေးစေခိုင်းချက်ကို မမေ့လျော့သေးသကဲ့သို့ မိမိတို့၏ စိတ်နှလုံးနှင့် ခန္ဓာတို့ကို သူ့ထံ ပူဇော်ဆက်ကပ်သူများကို ရှာဖွေလေသည်။ သူ၏ ရှေ့တော်မှောက်တွင် ကလေးသူငယ်များလောက် နာခံတတ်ပြီး သူ့ကို မဆန့်ကျင်သူများကို သူ ရှာဖွေသည်။ သင်သည် မည်သည့် တန်ခိုးအာဏာ သို့မဟုတ် အင်အား၏ ပိတ်ဆီးခြင်းကိုမခံဘဲ၊ မိမိကိုယ်ကိုယ် ဘုရားသခင်ထံ ဆက်ကပ်အပ်နှံနိုင်ပါက၊ ဘုရားသခင်သည် သင့်ကို မျက်နှာသာပေးပြီး သူ၏ ကောင်းချီးမင်္ဂလာများကို အပ်နှင်းလိမ့်မည်။ အကယ်၍ သင်သည် မြင့်မားသည့် ရာထူးအဆင့်အတန်းရှိပါက၊ ဂုဏ်ယူစရာ နာမည်ဂုဏ်သတင်း ရှိပါက၊ အလျှံပယ်သော အသိပညာ ပိုင်ဆိုင်ပါက၊ ပေါများသော ပစ္စည်းဥစ္စာများ ပိုင်ဆိုင်သူ ဖြစ်ပြီး၊ များစွာသောလူတို့၏ ထောက်ခံအားပေးခြင်းကို ခံရသော်လည်း၊ ဤအရာများက ဘုရားသခင်၏ ခေါ်ခြင်းနှင့် သူ၏တာဝန်ပေး စေခိုင်းချက်ကို လက်ခံရန်နှင့် ဘုရားသခင်စေခိုင်းသည့်အရာကို လုပ်ဆောင်ရန် ဘုရားသခင်၏ ရှေ့မှောက်သို့ လာခြင်းမှ သင့်ကို မတားဆီးပါက၊ သင်လုပ်ဆောင်သမျှအားလုံးသည် ကမ္ဘာပေါ်က အဓိပ္ပာယ်အရှိဆုံး အကြောင်းတရားနှင့် လူသားမျိုးနွယ်ထဲမှ အဖြောင့်မတ်ဆုံး တာဝန် ဖြစ်လိမ့်မည်။ သင်သည် အဆင့်အတန်းနှင့် သင်၏ကိုယ်ပိုင် ရည်မှန်းချက်များအတွက် ဘုရားသခင်၏ ခေါ်ခြင်းကို ငြင်းပယ်ပါက၊ သင်လုပ်ဆောင်သမျှအားလုံးသည် ကျိန်ဆဲခြင်းကို ခံရလိမ့်မည် ဖြစ်ပြီး ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်းကိုပင် ခံရလိမ့်မည်။ သင်သည် သမ္မတတစ်ဦး၊ သိပ္ပံပညာရှင်တစ်ဦး၊ သင်းအုပ်တစ်ဦး သို့မဟုတ် အကြီးအကဲတစ်ဦး ဖြစ်ကောင်းဖြစ်လိမ့်မည်၊ သို့သော် သင်၏ရာထူး မည်မျှပင်မြင့်မားသည်ဖြစ်စေ၊ သင်၏ တာဝန်များတွင် သင်၏ အသိပညာနှင့် အရည်အချင်းအပေါ် သင် အားထားပါက၊ ဘုရားသခင်သည် သင်လုပ်ဆောင်သည့် မည်သည့်အရာကိုမျှ လက်မခံသကဲ့သို့၊ သင်၏တာဝန်က ဖြောင့်မတ်သောအရာတစ်ခုဟု လက်မခံသောကြောင့် သို့မဟုတ် သင်သည် လူသားမျိုးနွယ်၏ အကျိုးအတွက် အလုပ်လုပ်နေသည်ဟု သူလက်မခံသောကြောင့်၊ သင်သည် အမြဲကျရှုံးလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများ အမြဲကင်းမဲ့လိမ့်မည် ဖြစ်သည်။ သင် လုပ်ဆောင်သည့် အရာတိုင်းသည် ဘုရားသခင်၏ ကွယ်ကာမှုကို လူသားတို့ထံမှ ကန်ထုတ်ဖို့ ဖြစ်ကြောင်းနှင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ငြင်းပယ်ဖို့ ယင်းကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း လူသားမျိုးနွယ်၏ အသိပညာနှင့် အစွမ်းအစကို အသုံးပြုဖို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟု သူ ဆိုလိမ့်မည်။ သင်သည် လူသားမျိုးနွယ်ကို အမှောင်ထုဆီသို့၊ သေခြင်းတရားဆီသို့၊ ပြီးလျှင် လူသားက ဘုရားသခင်နှင့် သူ၏ ကောင်းချီးမင်္ဂလာများကို ဆုံးရှုံးသွားသည့် အကန့်အသတ်မဲ့ တည်ရှိမှုတစ်ခု၏ အစဆီသို့ ဦးဆောင်နေသည်ဟု သူ ဆိုလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်

(၆၄၇) ဖာရိရှဲတို့က ယေရှုကို ဆန့်ကျင်ခဲ့သည့် အကြောင်းရင်း၏ အရင်းအမြစ်ကို သင်တို့ သိလိုပါသလော။ ဖာရိရှဲတို့၏ အနှစ်သာရကို သင်တို့သိရှိရန် ဆန္ဒရှိသလော။ ၎င်းတို့သည် မေရှိယနှင့် ပတ်သက်သည့် စိတ်ကူးယဉ်မှုများနှင့် ပြည့်နှက်ခဲ့ကြသည်။ ထို့အပြင်၊ မေရှိယလာမည်ဟုသာ ၎င်းတို့ယုံကြည်ခဲ့ကြသော်လည်း၊ အသက် သမ္မာတရားကို မလိုက်စားခဲ့ကြချေ။ ထို့ကြောင့် ၎င်းတို့သည် အသက်၏လမ်းခရီးနှင့် သက်ဆိုင်သည့် အသိမရှိသကဲ့သို့၊ သမ္မာတရား၏လမ်းခရီးက မည်သည့်အရာဖြစ်သည်ကို မသိကြသည့်အတွက်၊ ယနေ့တွင်ပင် ၎င်းတို့သည် မေရှိယကို စောင့်ဆိုင်းဆဲဖြစ်၏။ ထိုသို့ မိုက်မဲသည့်၊ ခေါင်းမာပြီး မသိနားမလည်သော သူတို့သည် ဘုရားသခင်၏ ကောင်းချီး မင်္ဂလာကို ရရှိနိုင်မည်ဟု သင်တို့ မည်သို့ဆိုနိုင်မည်နည်း။ မေရှိယကို ၎င်းတို့ မည်သို့ ရှုမြင်နိုင်မည်နည်း။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှု ဦးတည်ရာကို မသိကြသောကြောင့်၊ ယေရှုပြောသည့် သမ္မာတရား၏လမ်းခရီးကို မသိကြသောကြောင့်၊ ထို့အပြင် မေရှိယကို ၎င်းတို့ နားမလည်ခဲ့ကြသောကြောင့် ယေရှုကို ဆန့်ကျင်ခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် မေရှိယကို လုံးဝ မမြင်ဖူးကြသကဲ့သို့၊ မေရှိယနှင့် အဖော်ပြုခြင်း လုံးဝမရှိကြသည့်အတွက်၊ မေရှိယ၏ အနှစ်သာရကို ဖြစ်နိုင်သမျှ မည်သည့်နည်းနှင့်မဆို ဆန့်ကျင်နေစဉ်တွင် မေရှိယ၏ နာမမျှကိုသာ ဖက်တွယ်နေခြင်းတည်းဟူသော အမှားကို ပြုမိခဲ့ကြ၏။ ဤဖာရိရှဲတို့သည် အနှစ်သာရအားဖြင့် ခေါင်းမာကြသည်၊ မာနထောင်လွှားပြီး၊ သမ္မာတရားကို မနာခံခဲ့ကြချေ။ ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်း အခြေခံသဘောတရားမှာ- သင်၏ဟောပြောမှု မည်မျှ နက်နဲသည်‌ဖြစ်စေ၊ သင်၏ သြဇာအာဏာ မည်မျှ မြင့်မားသည်ဖြစ်စေ၊ မေရှိယဟု အခေါ်မခံရပါက သင်သည် ခရစ်တော်မဟုတ်ဟူ၍ ဖြစ်သည်။ ဤယုံကြည်မှုသည် မဖြစ်နိုင်သကဲ့သို့ ရယ်ဖွယ်ကောင်းသည် မဟုတ်လော။ သင်တို့ကို နောက်ထပ် ငါ မေးမည်- ယေရှုနှင့်သက်ဆိုင်သည့် သိနားလည်မှု အနည်းငယ်မျှ မရှိသည်ကို ထောက်ဆလျှင်၊ အစောဆုံးကျသည့် ဖာရိရှဲတို့၏ အမှားများကို သင်တို့ ကျူးလွန်ရန် အလွန့်အလွန် လွယ်ကူသည် မဟုတ်လော။ သင်သည် သမ္မာတရား၏ လမ်းခရီးကို ထိုးထွင်းသိမြင်နိုင်သလော။ သင်သည် ခရစ်တော်ကို ဆန့်ကျင်မည်မဟုတ်ဟု အမှန်တကယ် အာမခံနိုင်သလော။ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်နောက် လိုက်နိုင်ပါသလော။ သင်သည် ခရစ်တော်ကို ဆန့်ကျင်မည်၊ မဆန့်ကျင်မည်ကို မသိပါက၊ သင်သည် သေခြင်း၏ချောက်ကမ်းစွန်းတွင် အသက်ရှင်နေနှင့်ပြီးဖြစ်သည်ဟု ငါဆိုသည်။ မေရှိယကို မသိခဲ့သောသူအားလုံးသည် ယေရှုကိုဆန့်ကျင်နိုင်စွမ်းရှိကြသည်၊ ယေရှုကိုငြင်းပယ်နိုင်စွမ်းရှိကြသည်၊ သူ့ကို အသရေဖျက်နိုင်စွမ်းရှိကြလေသည်။ ယေရှုကို နားမလည်သောလူ အားလုံးသည် သူ့ကို ငြင်းပယ်နိုင်စွမ်းရှိကြပြီး သူ့ကို ဝေဖန်ပုတ်ခတ်နိုင်စွမ်း ရှိသည်။ ထို့အပြင်၊ ၎င်းတို့သည် ယေရှု၏ ပြန်ကြွလာခြင်းကို စာတန်၏ လှည့်ဖြားမှုအဖြစ် မြင်နိုင်စွမ်းရှိကြပြီး ယေရှု လူ့ဇာတိ ပြန်လည်ခံယူသည်ကို သာ၍ များသော လူတို့က ရှုတ်ချကြလိမ့်မည်။ ဤအရာအားလုံးက သင်တို့ကို စိုးရွံ့စေသည် မဟုတ်လော။ သင် ရင်ဆိုင်သည့်အရာမှာ သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားစော်ကားခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်က အသင်းတော်များထံ မြွက်ဆိုသော နှုတ်ကပတ်တော်များအား ယိုယွင်းပျက်စီးစေခြင်းနှင့် ယေရှု ဖော်ပြခဲ့သည့် အရာအားလုံးကို ပစ်ပယ်ခြင်းတို့ ဖြစ်လိမ့်မည်။ သင်တို့သည် အလွန် စိတ်ရှုပ်ထွေးပါက၊ ယေရှုထံမှ မည်သည့်အရာကို ရရှိနိုင်မည်နည်း။ သင်တို့၏အမှားများကို နားလည်ဖို့ ခေါင်းမာစွာ ငြင်းဆိုပါက၊ ယေရှုသည် ဖြူသောမိုးတိမ်စီးကာ လူ့ဇာတိ ပြန်လည်ခံယူချိန်တွင် သူ၏ အမှုကို သင်တို့ မည်ကဲ့သို့ နားလည်နိုင်ကြမည်နည်း။ ဤအရာကို သင်တို့အား ငါ ပြော၏- သမ္မာတရားကို လက်မခံသော်လည်း၊ ယေရှု ဖြူသောမိုးတိမ်စီးကာ ကြွရောက်ခြင်းကို ကြောင်းကျိုးမမြင်ဘဲ စောင့်ဆိုင်းသည့် လူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို ဧကန်မုချ ပြစ်မှားစော်ကားမိမည်ဖြစ်ပြီး၊ ၎င်းတို့သည် ဖျက်ဆီးခံရမည့် အမျိုးအစားဖြစ်ပေသည်။ သင်တို့သည် ယေရှု၏ကျေးဇူးတော်ကိုမျှ အလိုရှိပြီး၊ ကောင်းကင်ဘုံ၏ အတိသုခပြည့်စုံသော နယ်ပယ်ကိုမျှ လိုချင်သော်လည်း၊ ယေရှုပြောခဲ့သည့် နှုတ်ကပတ်တော်များကို သင်သည် မည်သည့်အခါတွင်မျှ မနာခံဖူးသကဲ့သို့၊ သူ ပြန်လည် လူ့ဇာတိခံယူချိန်တွင် ယေရှု ဖော်ပြသည့် သမ္မာတရားကို မည်သည့်အခါတွင်မျှ ရရှိဖူးခြင်း မရှိပေ။ ယေရှု ဖြူသောမိုးတိမ်စီးကာ ပြန်ကြွလာခြင်း အချက်အတွက် အလဲအလှယ်အဖြစ် သင်တို့ မည်သည့်အရာကို စံပြုကြမည်နည်း။ အပြစ်များကို သင်တို့ ထပ်တလဲလဲ ကျူးလွန်ပြီးနောက် သင်တို့၏ ဝန်ချမှုကို ပြောဆိုသည့် ရိုးသားစစ်မှန်မှုကိုလော။ ဖြူသောမိုးတိမ်စီးကာ ပြန်ကြွလာသည့် ယေရှုကို သင်တို့ မည်သည့်အရာ ဆက်ကပ် ပူဇော်ကြလိမ့်မည်နည်း။ သင်တို့ မိမိတို့ကိုယ်ကိုယ် ချီးမြှောက်သည့် နှစ်ပေါင်းများစွာကြာသော အလုပ်ကိုလော။ ပြန်ကြွလာသည့် ယေရှုက သင်တို့ကို ယုံကြည်စိတ်ချစေရန် မည်သည့်အရာကို သင်တို့ စံပြုကြလိမ့်မည်နည်း။ မည်သည့်သမ္မာတရားကိုမျှ နာခံခြင်းမရှိသည့် သင်တို့၏ မာနထောင်လွှားသော သဘာဝကိုလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်

(၆၄၈) နိမိတ် လက္ခဏာများကြောင့် ဘုရားသခင်ကို ယုံကြည်သောသူများသည် ဖျက်ဆီးခံရမည့် အမျိုးအစား ဧကန်မုချ ဖြစ်ကြသည်ဟု သင်တို့ကို ငါပြော၏။ လူ့ဇာတိအဖြစ်သို့ ပြန်ကြွလာပြီးဖြစ်သော ယေရှု၏နှုတ်ကပတ်တော်များကို ရရှိနိုင်စွမ်းမရှိသူများသည် ငရဲ၏သားသမီးများ၊ ကောင်းကင်တမန်မင်း၏ သားစဉ်မြေးဆက်များ၊ ထာဝရပျက်စီးခြင်း ခံရမည့် အမျိုးအစား ဧကန်မုချ ဖြစ်ပေသည်။ ငါပြောသည့် အရာကို များစွာသော လူတို့သည် ဂရုမစိုက်ဘဲနေကောင်းနေနိုင်သည်၊ သို့သော် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို သင်တို့မျက်စိဖြင့်တွေ့သည့်အခါ၊ ဤသည်မှာ ဖြောင့်မတ်ခြင်း၏နေမင်း လူသိရှင်ကြား ပေါ်ထွက်လာခြင်းဖြစ်လိမ့်မည်ဟု သန့်ရှင်းသူများဟုဆိုသော ယေရှု၏နောက်သို့ လိုက်သူတိုင်းကို ငါပြောလိုသေး၏။ သင့်အတွက် ထိုအချိန်သည် အလွန်စိတ်လှုပ်ရှားဖွယ် ကောင်းသည့်အချိန်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်၊ သို့သော် ယေရှု ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို သင် မျက်မြင်ကြုံတွေ့ချိန်သည် အပြစ်ပေးခံရရန် သင် ငရဲသို့ ဆင်းသည့်အချိန်လည်း ဖြစ်သည်ကို သင်သိသင့်သည်။ ယင်းသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် အဆုံးသတ်ချိန် ဖြစ်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်က ကောင်းသောသူများကို ဆုလာဘ်ချီးမြှင့်ကာ ဆိုးယုတ်သောသူများကို အပြစ်ပေးသည့်အချိန် ဖြစ်လိမ့်မည်။ အကြောင်းမှာ သမ္မာတရား၏ ဖော်ပြချက်သာရှိသည့် အချိန်တွင်၊ လူသည် နိမိတ်လက္ခဏာများကို မမြင်မီ ဘုရားသခင်၏ တရားစီရင်ခြင်း အမှု ပြီးဆုံးပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်တည်း။ သမ္မာတရားကိုလက်ခံပြီး၊ နိမိတ်လက္ခဏာများကို မရှာဖွေသကဲ့သို့၊ ထိုသို့ဖြင့် သန့်စင်ခံရပြီးသူများသည် ဘုရားသခင်၏ပလ္လင်ရှေ့သို့ ပြန်လာကြပြီး ဖြစ်လိမ့်မည်ဖြစ်ကာ ဖန်ဆင်းရှင်၏ ထွေးပိုက်မှုထဲသို့ ဝင်ရောက်ရပြီးဖြစ်လိမ့်မည်။ “ဖြူသော မိုးတိမ်မစီးသည့် ယေရှုသည် ယေရှု အယောင်ဆောင်သောသူ ဖြစ်သည်” ဟု မလျှော့တမ်း ယုံကြည်ကြသူများသည်သာ ထာဝရအပြစ်ဒဏ်ပေးခြင်း ခံရမည်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် နိမိတ် လက္ခဏာများပြသော ယေရှု၌သာ ယုံကြည်ကြပြီး၊ ပြင်းထန်သည့် တရားစီရင်မှုကို ကြေညာကာ စစ်မှန်သော လမ်းခရီးနှင့် အသက်ကို ထုတ်ပြန်သော ယေရှုကို အသိအမှတ်မပြုကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ လူပုံအလယ်တွင် ပြန်ကြွလာချိန်တွင် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းသည်သာ ဖြစ်နိုင်ပေသည်။ ၎င်းတို့သည် ခေါင်းမာလွန်း၏။ မိမိတို့ကိုယ်ကိုယ် ယုံကြည်စိတ်များလွန်းသည်၊ မာနထောင်လွှားလွန်းကြလေသည်။ ထိုသို့သော ကိုယ်ကျင့်တရားပျက်သူများကို ယေရှုက မည်သို့ဆုလာဘ်ချီးမြှင့်နိုင်မည်နည်း။ ယေရှု၏ ပြန်ကြွလာခြင်းသည် သမ္မာတရားကို လက်ခံနိုင်စွမ်းရှိသူများအတွက် ကြီးမားသည့် ကယ်တင်ခြင်းတစ်ရပ် ဖြစ်သော်လည်း သမ္မာတရားကို လက်ခံနိုင်စွမ်းမရှိသူများအတွက် ယင်းမှာ ပြစ်ဒဏ်စီရင်ခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်သည်။ သင်တို့သည် မိမိတို့၏ ကိုယ်ပိုင်လမ်းကြောင်းကို ရွေးချယ်သင့်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်ကို မပြစ်မှားမစော်ကားသင့်သကဲ့သို့ သမ္မာတရားကို မငြင်းပယ်သင့်ပေ။ သင်တို့သည် မသိနားမလည်သူနှင့် မာနထောင်လွှားသူ တစ်ဦး မဖြစ်သင့်ဘဲ၊ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို နာခံပြီး၊ သမ္မာတရားကို တောင့်တကာ ရှာဖွေသူများ ဖြစ်သင့်ပေသည်။ ဤနည်းဖြင့်သာ သင်တို့သည် အကျိုးရှိလိမ့်မည်။ ဘုရားသခင်အား ယုံကြည်မှုလမ်းကြောင်းကို သတိဖြင့်လျှောက်ရန် သင်တို့ကို ငါအကြံပြု၏။ မြန်မြန်ဆန်ဆန် ကောက်ချက်များမချလိုက်နှင့်။ ထို့အပြင် ဘုရားသခင်၌ သင်တို့၏ ယုံကြည်မှုတွင် သာမန်ကာလျှံကာဖြစ်ကာ စာနာ ထောက်ထားမှု မကင်းမဲ့စေနှင့်။ အနည်းဆုံးအနေဖြင့် ဘုရားသခင်ကို ယုံကြည်သောသူတို့သည် စိတ်နှိမ့်ချပြီး ရိုသေလေးမြတ်မှု ရှိရမည်ဖြစ်သည်ကို သင်တို့သိသင့်သည်။ သမ္မာတရားကို ကြားပြီးဖြစ်သော်လည်း၊ နှာခေါင်းရှုံ့သောသူတို့သည် မိုက်မဲပြီး၊ အသိဉာဏ် ကင်းမဲ့ကြ၏။ သမ္မာတရားကို ကြားပြီးဖြစ်သော်လည်း၊ သတိမမူဘဲ အမြန် ကောက်ချက်ချသူများ သို့မဟုတ် ရှုတ်ချသူများသည် မာနထောင်လွှားမှုဖြင့် ဒုက္ခရောက်ကြရလေသည်။ ယေရှုကို ယုံကြည်သူ မည်သူမျှသည် အခြားသူများအား ကျိန်ဆဲရန် သို့မဟုတ် ရှုတ်ချရန် မသင့်တော်ပေ။ သင်တို့အားလုံးသည် အသိစိတ်ရှိပြီး သမ္မာတရားကို လက်ခံသူ တစ်စုံတစ်ဦး ဖြစ်သင့်ပေသည်။ သမ္မာတရားလမ်း အကြောင်းကို ကြားခြင်းနှင့် အသက်နှင့်ဆိုင်သော နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းဖြင့်၊ ဤစကားလုံး ၁၀,၀၀၀ အနက် စကားတစ်လုံးသာလျှင် သင်၏လက်ခံယုံကြည်ချက်များ၊ သမ္မာကျမ်းစာတို့နှင့် ကိုက်ညီသည်ဟု သင် ယုံကြည်ကောင်းယုံကြည်မည်ဖြစ်ပြီး၊ သို့ဆိုပါက ဤစကားလုံးများထဲမှ ၁၀,၀၀၀ မြောက်သောစကားလုံးကို သင် ဆက်လက်ရှာဖွေသင့်ပေသည်။ သင့်ကို နှိမ့်ချမှုရှိရန်၊ မိမိကိုယ်ကိုယုံကြည်စိတ် မလွန်ကဲရန်နှင့် မိမိကိုယ်ကို လွန်ကဲစွာ မချီးမြှောက်ရန် ငါ အကြံပြုသေး၏။ သင်၏နှလုံးသားက ဘုရားသခင်အတွက် အင်မတန် နည်းပါးသော ရိုသေလေးမြတ်မှု ရှိခြင်းဖြင့်၊ သင်သည် သာ၍ကြီးမားသော အလင်းကိုရလိမ့်မည်။ သင်သည် ဤနှုတ်ကပတ်တော်များကို သေချာစွာစစ်ဆေးပြီး ထပ်သလဲလဲ တွေးဆပါက၊ ၎င်းတို့ သမ္မာတရား ဟုတ်မဟုတ်ဆိုသည်နှင့် ၎င်းတို့ အသက်ဟုတ်မဟုတ်ဆိုသည်တို့ကို သင်နားလည်လိမ့်မည်။ ဝါကျအနည်းငယ်ကိုသာ ဖတ်လျက်၊ လူအချို့က “ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းအချို့ထက် ဘာမျှမပိုပါ။” သို့မဟုတ် “ဤသည်မှာ လူတို့အားလှည့်ဖြားရန် လာသည့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူဖြစ်၏။” ဟု ဆိုရင်း၊ ဤနှုတ်ကပတ်တော်များကို ကြောင်းကျိုးမမြင်ဘဲ ရှုတ်ချကောင်းရှုတ်ချကြပေမည်။ ထိုသို့သောအရာများကို ပြောသူတို့သည် မသိနားမလည်မှုဖြင့် မျက်စိကန်းကြပေသည်။ သင်သည် ဘုရားသခင်၏အမှုနှင့် ဉာဏ်ပညာကို အလွန်နည်းပါးစွာ နားလည်ပြီး၊ အစမှပြန်စရန် သင့်ကို ငါ အကြံပြု၏။ နောက်ဆုံးကာလထဲက ခရစ်တော်၏အယောင်ကို ဆောင်သောသူများ ပေါ်ထွက်ခြင်းကြောင့် သင်တို့သည် ဘုရားသခင် ဖော်ပြသော နှုတ်ကပတ်တော်များကို ကျိုးကြောင်းမမြင်ဘဲ မရှုတ်ချရ၊ ပြီးလျှင် သင်တို့သည် လှည့်ဖြားမှုကို ကြောက်ရွံ့သောကြောင့် သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားစော်ကားသော သူတစ်ဦး မဖြစ်ရ။ ယင်းသည် လွန်စွာ သနားဖွယ်ကောင်းမည် မဟုတ်လော။ များစွာစစ်ဆေးပြီးသည့်နောက် ဤနှုတ်ကပတ်တော်များသည် သမ္မာတရားမဟုတ်၊ လမ်းခရီးမဟုတ်သကဲ့သို့ ဘုရားသခင်၏ ဖော်ပြချက်မဟုတ်ဟု သင်ယုံကြည်ဆဲ ဖြစ်ပါက၊ သင်သည် နောက်ဆုံးတွင် အပြစ်ပေးခံရလိမ့်မည်ဖြစ်ပြီး၊ ကောင်းချီးမင်္ဂလာများ မရှိဘဲ ဖြစ်လိမ့်မည်။ ထိုသို့ အလွန် သိသိသာသာနှင့် ရှင်းလင်းစွာ ပြောဆိုထားသည့် သမ္မာတရားကို သင်လက်မခံနိုင်ပါက၊ သင်သည် ဘုရားသခင်၏ကယ်တင်ခြင်းနှင့် မသင့်တော်သည် မဟုတ်လော။ သင်သည် ဘုရားသခင်၏ပလ္လင်တော်ရှေ့ ပြန်လာရလောက်အောင် ကောင်းချီးမခံစားရသော သူတစ်ဦး ဖြစ်သည် မဟုတ်လော။ ယင်းနှင့် ပတ်သက်၍ စဉ်းစားကြည့်လော့။ အလျင်မလိုနှင့်၊ စိတ်မြန်လက်မြန် မဖြစ်နှင့်၊ ပြီးလျှင် ဘုရားသခင်၌ ယုံကြည်မှုကို ကစားပွဲတစ်ခုအဖြစ် သဘောမထားနှင့်။ သင်၏ခရီးဆုံးပန်းတိုင်အတွက်၊ သင်၏ အလားအလာများ အတွက်၊ သင်၏အသက်တာအတွက် စဉ်းစားလော့၊ ပြီးလျှင် မိမိကိုယ်ကိုယ် မလှည့်စားနှင့်။ ဤနှုတ်ကပတ်တော်များကို သင်လက်ခံနိုင်ပါသလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်

(၆၄၉) နောက်ဆုံးသောကာလ ခရစ်တော်သည် ကမ္ဘာလောကအနှံ့ရှိ လူတို့ကို သွန်သင်ရန် သမ္မာတရားကို အသုံးပြုမည်ဖြစ်ပြီး၊ သမ္မာတရားအားလုံးကို သူတို့အား သိစေမည်။ ဤသည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုဖြစ်၏။ လူတို့က ဘုရားသခင်သည် တရားစီရင်ခြင်းအမှုကို လုပ်ဆောင်ဖို့ လူ့ဇာတိခံယူသည်ကို ယုံကြည်ဖို့ အခက်တွေ့ကြသည့်အတွက်၊ များစွာသော သူတို့သည် ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းနှင့် ပတ်သက်၍ မကောင်းသော ခံစားချက်များရှိကြလေသည်။ သို့သော်လည်း ဘုရားသခင်၏ အမှုသည် လူသား၏ မျှော်လင့်ချက်များထက် မကြာခဏ ကျော်လွန်တတ်ပြီး လူသားစိတ်က လက်ခံရန် ခက်ခဲတတ်သည်ကို သင့်ကို ငါ ပြောရမည်။ လူတို့သည် ကမ္ဘာမြေကြီးပေါ်က လောက်ကောင်များသာ ဖြစ်သော်လည်း၊ ဘုရားသခင်မှာမူ စကြဝဠာကို ပြည့်စေသည့် အမြင့်ဆုံးသော သူဖြစ်သည့်အတွက် ဖြစ်သည်။ လူသား၏စိတ်သည် လောက်ကောင်များကိုသာ ပေါက်ပွားစေသည့် ညစ်ညမ်းသော ရေတွင်းတစ်ခုကဲ့သို့ ဖြစ်သည်၊ ဘုရားသခင်၏ အကြံအစည်များက ညွှန်ကြားသော အမှု၏ အဆင့်အသီးသီးမှာမူ ဘုရားသခင်၏ ဉာဏ်ပညာ၏ အကျိုးရလဒ် ဖြစ်ပေသည်။ လူတို့သည် ဘုရားသခင်ကို ဖက်ပြိုင်ရန် အမြဲ ကြိုးစားနေကြသည်၊ ယင်းတွင် နောက်ဆုံး၌ မည်သူ ဆုံးရှုံးမည်မှာ ပကတိအတိုင်း ရှင်းနေပြီဖြစ်သည်ဟု ငါပြောပေသည်။ သင်တို့အနေဖြင့် မိမိတို့ကိုယ်ကိုယ် ရွှေထက် သာ၍ တန်ဖိုးရှိသည်ဟု မထင်မှတ်ဖို့ သင်တို့ကို ငါ တိုက်တွန်း၏။ အခြားသူများသည် ဘုရားသခင်၏ တရားစီရင်ခြင်းကို လက်ခံနိုင်လျှင်၊ သင်သည် အဘယ်ကြောင့် လက်မခံနိုင်သနည်း။ သင်သည် အခြားသူများထက် မည်မျှ သာ၍ မြင့်မားစွာ ရပ်တည်သနည်း။ အခြားသူများသည် သမ္မာတရားရှေ့တွင် မိမိတို့၏ ဦးခေါင်းများကို ညွှတ်နိုင်ကြပါက၊ သင်သည်လည်း အဘယ်ကြောင့် မလုပ်နိုင်ရသနည်း။ ဘုရားသခင်၏ အမှုသည် ရပ်တန့်မရနိုင်သော အရှိန်အဟုန်တစ်ခု ရှိ၏။ သင် ပြုလုပ်ပြီးသော “ထောက်ပံ့မှု” ကြောင့်သာ သူသည် တရားစီရင်သည့် အမှုကို ထပ်လုပ်မည် မဟုတ်သကဲ့သို့၊ သင်သည် ထိုသို့သော အခွင့်ကောင်းတစ်ခုကို လွဲချော်စေခြင်းကြောင့် နောင်တစိတ်ဖြင့် မွှန်ထူသွားပေမည်။ သင်သည် ငါ၏နှုတ်ကပတ်တော်များကို မယုံကြည်ပါက၊ မိုးကောင်းကင်ရှိ ထိုဖြူသောပလ္လင်ကြီးက သင့်အပေါ် တရားစီရင်ချက်ချမည်ကိုသာ စောင့်လော့။ ဣသရေလလူ အားလုံးသည် ယေရှုကို ပစ်ပယ်ကာ ငြင်းပယ်ခဲ့ကြသော်လည်း၊ ယေရှု၏ လူသားမျိုးနွယ်ကို ရွေးနုတ်ခြင်း အမှန်တရားသည် စကြဝဠာတစ်လျှောက်လုံးနှင့် ကမ္ဘာမြေစွန်းများထိတိုင် တိုးချဲ့ဆဲ ဖြစ်ခဲ့သည်ကို သင်တို့ သိရမည်။ ဤသည်မှာ လွန်ခဲ့သော အချိန်များစွာက ဘုရားသခင်ပြုခဲ့သည့် လက်တွေ့အရှိတရား ဖြစ်သည် မဟုတ်လော။ အကယ်၍ သင်သည် ယေရှုက သင့်ကို ကောင်းကင်သို့ ဆောင်ယူမည်ကို စောင့်ဆိုင်းနေဆဲဖြစ်ပါက၊ သင်သည် ခေါင်းမာသော သစ်ခြောက်တစ်ခုက ဖြစ်သည်ဟု ငါပြောသည်။ သမ္မာတရားကို သစ္စာစောင့်သိမှုမရှိသကဲ့သို့၊ ကောင်းချီးများကိုသာ ရှာဖွေသည့် သင်ကဲ့သို့သော အယောင်ဆောင် ယုံကြည်သူတစ်ဦးကို ယေရှုသည် အသိအမှတ်ပြုလိမ့်မည် မဟုတ်ပေ။ ဆန့်ကျင်ဖက်အနေဖြင့်၊ သူသည် နှစ်ထောင်သောင်းချီ လောင်ကျွမ်းဖို့ မီးအိုင်ထဲသို့ သင့်ကို ချပစ်ရာတွင် သနားညှာတာမှု ပြမည်မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏

(၆၅၀) ဘုရားသခင်သည် ဤကမ္ဘာလောကကို ဖန်ဆင်းခဲ့ပြီး၊ ဤလူသားမျိုးနွယ်ကို သူဖန်ဆင်းခဲ့၏၊ ထို့အပြင် သူသည် ရှေးခေတ် ဂရိယဉ်ကျေးမှုနှင့် လူသားတို့၏ လူမှုအဖွဲ့အစည်းတိုးတက်မှု၏ ဗိသုကာ ဖြစ်ခဲ့သည်။ ဘုရားသခင်သည်သာ ဤလူသားမျိုးနွယ်ကို နှစ်သိမ့်မှု ပေးပြီး ဘုရားသခင်သည်သာ ဤလူသားမျိုးနွယ်ကို နေ့ရောညပါ စောင့်ရှောက်သည်။ လူသားများ၏ ဖွံ့ဖြိုးမှုနှင့် တိုးတက်မှုတို့ကို ဘုရားသခင်၏ အချုပ်အခြာအာဏာမှ ခွဲထုတ်၍မရနိုင်သကဲ့သို့၊ လူသားမျိုးနွယ်၏ သမိုင်းနှင့် အနာဂတ်သည်လည်း ဘုရားသခင်၏ အကြံအစည်များမှ ခွဲခြား၍မရနိုင်ပေ။ အကယ်၍ သင်သည် စစ်မှန်သော ခရစ်ယာန်တစ်ဦးဖြစ်ပါက၊ မည်သည့်တိုင်းနိုင်ငံ သို့မဟုတ် မည်သည့် လူမျိုးမဆို၏ ပေါ်ထွန်းခြင်းနှင့် ကျဆုံးခြင်းတို့သည် ဘုရားသခင်၏ အကြံအစည်များအတိုင်း ဖြစ်ပေါ်သည်ကို သင် ဧကန်မုချ ယုံကြည်ပေလိမ့်မည်။ ဘုရားသခင် တစ်ပါးတည်းသာ နိုင်ငံတစ်နိုင်ငံ သို့မဟုတ် လူမျိုးတစ်မျိုး၏ ကံကြမ္မာကို သိပြီး ဘုရားသခင် တစ်ပါးတည်းသာ ဤလူသားမျိုးနွယ်၏ လမ်းကြောင်းကို ထိန်းချုပ်သည်။ အကယ်၍ လူသားမျိုးနွယ်သည် ကောင်းမွန်သော ကံကြမ္မာတစ်ခု ရှိလိုပါက၊ နိုင်ငံတစ်ခုသည် ကံကြမ္မာကောင်းတစ်ခု ရှိလိုပါက၊ လူသားသည် ဘုရားသခင်ထံ ပျပ်ဝပ်ကိုးကွယ်ရမည်၊ နောင်တရပြီး ဘုရားသခင်၏ ရှေ့မှောက်တွင် ဝန်ချရမည်ဖြစ်သည်၊ သို့မဟုတ်ပါက လူသား၏ ကံကြမ္မာနှင့် ခရီးပန်းတိုင်သည် ရှောင်လွှဲမရသော ကပ်ဘေးတစ်ခု ဖြစ်ပေလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်

(၆၅၁) သင်တို့၏ ကံကြမ္မာအတွက် ဘုရားသခင်၏ လက်သင့်ခံမှုကို သင်တို့ရှာဖွေသင့်သည်။ ဆိုလိုသည်မှာ သင်တို့သည် ဘုရားအိမ်တော်၏ အိမ်တော်သားတစ်ယောက်ဖြစ်သည်ကို အသိအမှတ် ပြုသဖြင့်၊ သင်တို့သည် ဘုရားသခင်ထံသို့ စိတ်နှလုံး တည်ငြိမ်အေးချမ်းခြင်းကို ယူဆောင် လာသင့်ပြီး အရာရာတွင် ဘုရားသခင်ကို စိတ်ကျေနပ်စေသင့်သည်။ တစ်နည်းအားဖြင့် သင်၏ လုပ်ရပ်များ၌ ကိုယ်ကျင့်တရား ကောင်းကာ၊ ထိုလုပ်ရပ်များတွင် သမ္မာတရားနှင့် လိုက်လျောညီထွေ နေသင့်သည်။ အကယ်၍ ဤသည်မှာ သင်၏ လုပ်ဆောင် နိုင်စွမ်းထက်ကျော်လွန်ပါက၊ သင်သည် ဘုရားသခင်၏ ရွံမုန်းခြင်းနှင့် ငြင်းပယ်ခြင်းကို ခံရကာ လူတိုင်း၏ ပစ်ပယ်ခြင်းကို ခံရလိမ့်မည်။ ထိုကဲ့သို့ အကျပ်အတည်းနှင့် သင် ရင်ဆိုင်တွေ့ပါက၊ သင့်ကို ဘုရားသခင်၏ အိမ်တော်ထဲတွင် ထည့်သွင်းစဉ်းစား၍ မရနိုင်တော့ပေ။ ဤသည်မှာ ဘုရားသခင်၏ လက်သင့်ခံမှုကို မရရှိခြင်း၏ အဓိပ္ပာယ် အတိအကျဖြစ်လေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သတိပေးချက် သုံးချက်

(၆၅၂) ငါ၏ တောင်းဆိုချက်များသည် ရိုးရှင်းကောင်း ရိုးရှင်းနိုင်သော်လည်း၊ သင်တို့ကို ငါပြောနေသည့်အရာသည် တစ် အပေါင်း တစ်သည် နှစ်ဖြစ်သည်ဆိုသကဲ့သို့ သိပ်မရိုးရှင်းပေ။ သင်တို့ လုပ်ဆောင်သမျှ အားလုံးသည် ဤအရာနှင့်ပတ်သက်၍ သာမန်ကာလျှံကာ ပြောဆိုဖို့ သို့မဟုတ် အနှစ်မဲ့၊ ကြီးကျယ်သည့် ပြောဆိုချက်များနှင့်ပတ်သက်၍ စကားအူပေါက်ပြောဖို့ ဖြစ်ပါက၊ သင်တို့၏ စီမံချက်များနှင့် သင်တို့၏ဆန္ဒများသည် အစဉ်အမြဲ ဗလာစာရွက်တစ်ရွက်သာ ဖြစ်ပေလိမ့်မည်။ သင်တို့အထဲမှ နှစ်ပေါင်းများစွာ ဆင်းရဲဒုက္ခခံပြီး အလွန်ကြိုးစား အလုပ်လုပ်သော်လည်း၊ ယင်းအတွက် ပြသစရာ မည်သည့်အရာမျှ မရှိသူများအတွက် ငါသည် သနားသောစိတ် ရှိမည်မဟုတ်။ ဆန့်ကျင်ဖက် အနေဖြင့်၊ ငါ၏ တောင်းဆိုချက်များကို ဖြည့်ဆည်းမပေးလေသော သူများကို စာနာသနားခြင်းတစ်ခုတစ်လေဖြင့် မဆိုထားနှင့်၊ ဆုလာဘ်များမရှိဘဲ အပြစ်ပေးခြင်းဖြင့် ငါ ဆက်ဆံမည်ဖြစ်သည်။ သင်တို့အနေဖြင့် နှစ်ပေါင်းများလှစွာ နောက်လိုက်တစ်ဦးဖြစ်ရင်း၊ သင်တို့သည် မည်သို့ပင်ဖြစ်စေ အလုပ်ကြိုးစားပြီးဖြစ်ကာ၊ အစေခံသူတစ်ဦး ဖြစ်ခြင်းမျှ အတွက် ဘုရားသခင်၏ အိမ်တော်ထဲတွင် ထမင်း တစ်ပန်းကန် ရရှိသင့်သည်ဟု တွေးကောင်း တွေးကြပေမည်။ သင်တို့သည် အမှုအရာများထဲမှ မည်သို့ အခွင့်အရေးယူရမည်ဆိုသည်နှင့် မည်သို့ အခွင့်အရေးယူမခံရအောင်ပြုရမည်ဆိုသည်နှင့်သက်ဆိုင်သော အခြေခံ သဘောတရားကို အမြဲ လိုက်စားကြပြီးဖြစ်သည့်အတွက်၊ သင်တို့ထဲမှ အများစုသည် ထိုသို့ တွေးကြသည်ဟု ငါပြောမည်။ ထို့ကြောင့် ယခုတွင် ငါသည် သင်တို့ကို လေးနက်မှုအလုံးစုံဖြင့် ပြောမည်- သင်၏ ကြိုးစားလုပ်ဆောင်မှု မည်မျှပင် ချီးမွမ်းထိုက်သည်၊ သင်၏ အရည်အချင်းများ မည်မျှ အထင်ကြီးစရာဖြစ်သည်၊ သင်သည် ငါ့နောက်သို့ မည်မျှ နီးကပ်စွာ လိုက်သည်၊ သင်သည် မည်မျှ ကျော်ကြားသည်၊ သို့မဟုတ် သင်၏ သဘောထားကို သင် မည်မျှတိုးတက်စေပြီးဖြစ်သည်တို့ကို ငါဂရုမစိုက်ပေ။ သင်သည် ငါ၏တောင်းဆိုချက်များကို မဖြည့်ဆည်း သေးသရွေ့၊ ငါ၏ချီးမွမ်းခြင်းကို သင် လုံးဝ ရရှိနိုင်မည် မဟုတ်။ သင်တို့၏ ထိုစိတ်ကူးများနှင့် တွက်ချက်မှုများအားလုံးကို အမြန်ဆုံး ပယ်ဖျက်ပြီး ငါ၏သတ်မှတ်ချက်များကို လေးလေးနက်နက် စတင်သဘောထားလော့။ သို့မဟုတ်လျှင် ငါ၏အမှုကို အဆုံးတိုင်စေရန်အလို့ငှာ အယောက်တိုင်းကို ပြာအဖြစ်သို့ ငါပြောင်းလဲပစ်မည်ဖြစ်ပြီး၊ အဆိုးဆုံးအနေဖြင့် ငါ၏နှစ်ပေါင်းများစွာ အမှုနှင့် ဆင်းရဲဒုက္ခခံစားခြင်းကို အချည်းနှီးအဖြစ်သို့ ပြောင်းလဲပစ်မည် ဖြစ်သည်၊ အကြောင်းမှာ ငါ၏နိုင်ငံတော်ထဲသို့ ငါ၏ရန်သူများနှင့် ဆိုးယုတ်မှုအနံ့ထွက်ကာ စာတန်၏သွင်ပြင်ရှိသော လူတို့ကို ငါမခေါ်ဆောင်နိုင်သည့်အတွက်၊ သို့မဟုတ် ၎င်းတို့ကို နောက်တစ်ခေတ်ထဲသို့ ခေါ်ဆောင်မသွားနိုင်သည့်အတွက်ပင်တည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လွန်ကျူးခြင်းအပြစ်များက လူသားကိုငရဲသို့ ဦးဆောင်လမ်းပြလိမ့်မည်

(၆၅၃) ဤအချိန်သည် ကြီးမားသော အမှုများကို ငါ၏ဝိညာဉ်က လုပ်ဆောင်နေချိန် ဖြစ်ပြီး တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြား၌ ငါ၏အလုပ်ကို စတင်လုပ်ဆောင်ချိန် ဖြစ်သည်။ ထိုထက်ပို၍ပင် ဤအချိန်သည် ဖန်ဆင်းခံအားလုံးကို တစ်ဦးချင်း ယင်းတို့သက်ဆိုင်ရာ အုပ်စုအလိုက် ငါခွဲခြားချိန် ဖြစ်သည်။ ငါ၏ အလုပ် သာ၍ လျင်မြန်ထိရောက်စွာ ရှေ့ဆက်နိုင်ရန်အတွက် ထိုသို့လုပ်ဆောင်ခြင်း ဖြစ်သည်။ ထို့ကြောင့် ငါသင်တို့ဆီမှ တောင်းဆိုနေသည်မှာ ငါ၏အလုပ်အားလုံးအတွက် သင်၏ဖြစ်တည်ခြင်း တစ်ရပ်လုံးကို ဆက်ကပ်ရန်အပြင် သင်၌ ငါလုပ်ဆောင်ခဲ့သမျှကို သင်သည် ရှင်းရှင်းလင်းလင်း ထိုးထွင်းနားလည်ကာ သေသေချာချာ သိရန်နှင့် ငါ့အလုပ် ပိုမိုထိရောက်စေရန်အတွက် သင့်ခွန်အား အားလုံးကို အသုံးပြုရန် ဖြစ်ဆဲဖြစ်သည်။ သင်နားလည်ရမည်ကား ဤအချက် ဖြစ်သည်။ အချင်းချင်း ခိုက်ရန်ဖြစ်ခြင်း၊ နောက်ကြောင်းပြန်လှည့်ဖို့ လမ်းကို ရှာဖွေခြင်း၊ သို့မဟုတ် ဇာတိဆိုင်ရာ သက်သာမှုများ ရှာဖွေခြင်းကို ရပ်တန့်လော့။ ယင်းတို့သည် ငါ၏အလုပ်ကို နှောင့်နှေးစေမည့်အပြင် သင်၏ အံ့သြဖွယ် အနာဂတ်ကို နှောင့်နှေး စေမည့် အရာများဖြစ်သည်။ ထိုအရာများကို လုပ်ဆောင်ခြင်းသည် သင့်ကို အကာအကွယ် လုံးဝမပေးနိုင်သည့်အပြင် သင့်ကို ပျက်စီးစေမည် ဖြစ်သည်။ ယင်းသည် သင်မိုက်မဲခြင်းပင် ဖြစ်သည် မဟုတ်လော။ ယနေ့ သင်လောဘတကြီး မွေ့လျော်နေသော အရာသည် သင်၏အနာဂတ်ကို ဖျက်ဆီးမည့်အရာ ဖြစ်ပြီး၊ ယနေ့သင် ခံစားနေသည့် နာကျင်မှုသည် သင့်ကို အကာအကွယ်ပေးနေသည့် အရာပင် ဖြစ်သည်။ သင်သည် ဤအရာများကို ရှင်းရှင်းလင်းလင်း သိရမည်၊ ယင်းသည် သင့်ကိုယ်သင် လွတ်မြောက်စေရာ၌ အခက်တွေ့မည့် ဖြားယောင်းသွေးဆောင်မှုများ၏ သားကောင် ဖြစ်ခြင်းမှ ရှောင်ရှားရန်နှင့် ထူထပ်သည့်မြူထဲ၌ စမ်းတဝါးဝါးဖြစ်ပြီး နေကို မမြင်နိုင်ခြင်းအား ရှောင်ရှားရန်အလို့ငှာ ဖြစ်သည်။ ထူထပ်သည့်မြူ ရှင်းသွားသောအခါမှ ကြီးမြတ်သည့်နေ့၏ တရားစီရင်ခြင်း အလယ်၌ သင်ရောက်နေသည်ကို သင်တွေ့မည် ဖြစ်သည်။ ထိုအချိန်အရောက်တွင် ငါ၏ နေ့ရက်သည် လူသားမျိုးနွယ်ထံ ချဉ်းကပ်နေလိမ့်မည်။ ငါ၏တရားစီရင်မှုမှ သင်မည်သို့ လွတ်မြောက်မည်နည်း။ ခြစ်ခြစ်တောက်ပူသည့် နေ၏ဒဏ်ကို သင်မည်သို့ ခံနိုင်မည်နည်း။ ငါ၏ အလျှံပယ် ကြွယ်ဝခြင်းအား လူသားကို ပေးသောအခါ၌ သူသည် ယင်းကို မြတ်မြတ်နိုးနိုး ရင်ဝယ်ပိုက်ထားခြင်း မရှိဘဲ၊ မည်သူမျှ သတိမထားမိမည့် နေရာသို့ စွန့်ပစ်လိုက်သည်။ လူသားအပေါ် ငါ၏ နေ့ရက် ကျရောက်သော အခါ၌ သူသည် ငါ၏ အလျှံပယ် ကြွယ်ဝခြင်းကို တွေ့ရနိုင်တော့မည် မဟုတ်ပေ၊ သို့တည်းမဟုတ် တစ်ချိန်က သူ့ကို ငါပြောခဲ့သည့် ခါးသီးဖွယ် သမ္မာတရား စကားများကို တွေ့ရှိနိုင်တော့မည် မဟုတ်ပေ။ သူသည် အလင်း၏ တောက်ပမှုကို ဆုံးရှုံးပြီး အမှောင်ထဲသို့ ကျခဲ့သောကြောင့် ငိုကြွေး မြည်တမ်းလိမ့်မည်။ သင်တို့ ယနေ့တွေ့ရသော အရာသည် ငါ၏နှုတ်မှ ထက်သော ဓားသာ ဖြစ်သည်။ ငါ၏လက်ထဲ၌ရှိသော တုတ်ကို သော်လည်းကောင်း လူသားကို ငါလောင်ကျွမ်းစေသည့် မီးကို သော်လည်းကောင်း သင်တို့ မမြင်ရသေးပေ။ ထို့ကြောင့် သင်တို့သည် ငါ၏ ရှေ့မှောက်၌ မောက်မာနေဆဲ၊ စောင့်စည်းမှု မရှိနေဆဲ ဖြစ်သည်။ ထို့ကြောင့် ငါ၏ အိမ်တော်၌ သင်တို့သည် ငါ့နှုတ်ဖြင့် မြွက်ခဲ့သည့်အရာကို လူသား၏လျှာကိုသုံးပြီး အငြင်းပွားလျက် ငါနှင့် တိုက်ခိုက်နေဆဲဖြစ်သည်။ လူသားသည် ငါ့ကို ကြောက်ရွံ့ခြင်းမရှိ၊ ယနေ့တိုင်ငါ့ကို ရန်တွေ့နေသော်လည်း သူသည် ကြောက်ရွံ့ခြင်း လုံးဝမရှိပေ။ သင်တို့၏ နှုတ်များ၌ မဖြောင့်မတ်သော လျှာများ၊ သွားများ ရှိကြသည်။ သင်တို့၏ စကားများနှင့် လုပ်ဆောင်သော အရာများသည် ဧဝကို အပြစ်လုပ်အောင် သွေးဆောင်ခဲ့သည့် မြွေ၏ လုပ်ရပ်များကဲ့သို့ ဖြစ်သည်။ သင်တို့သည် တစ်ယောက်ကို တစ်ယောက် မျက်လုံးတစ်လုံးဖျက်လျှင် မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းချိုးလျှင် သွားတစ်ချောင်းဆိုပြီး တောင်းဆိုပြီး၊ ငါ၏ မျက်မှောက်၌ နေရာရဖို့၊ ကျော်ကြားဖို့၊ အမြတ်ရဖို့အတွက် သင်တို့သည် တစ်ယောက်ထံမှ တစ်ယောက် လုယူရန် အပြင်းအထန် ကြိုးပမ်းကြသည်။ သို့သော် သင်တို့ ပြောသောစကားများနှင့် သင်တို့၏ လုပ်ရပ်များကို ငါတိတ်တဆိတ် စောင့်ကြည့်နေကြောင်းကို သင်တို့ မသိကြ။ သင်တို့ ငါ့မျက်မှောက်သို့ မလာခင်၌ပင် ငါသည် သင်တို့နှလုံးသားများကို အောက်ခြေအထိတိုင်အောင် ကောင်းစွာ နားလည်ပြီး ဖြစ်သည်။ လူသားသည် အစဉ်သဖြင့် ငါ့လက်၏ ဆုပ်ကိုင်ခြင်းမှ ရုန်းထွက်လိုကြပြီး ငါ့ မျက်စိ၏ စောင့်ကြည့်ခြင်း မှလည်း ရှောင်ထွက်လိုကြသည်။ သို့သော် ငါမူကား သူပြောသော စကားများနှင့် သူလုပ်သော အရာများကို တစ်ကြိမ်တစ်ခါမျှ မရှောင်ခဲ့ပေ။ ထိုသို့ရှောင်မည့်အစား လူသား၏ မဖြောင့်မတ်မှုကို ပြစ်တင်ဆုံးမပြီး သူ၏ပုန်ကန်ခြင်းကို တရားစီရင်ရန်အတွက် သူပြောသောစကားများနှင့် သူလုပ်သော အရာများကို ငါ့မျက်စိအတွင်း ရည်ရွယ်ချက်ရှိရှိ ဝင်ရောက်စေခဲ့သည်။ ထို့ကြောင့် သူလျှို့ဝှက်စွာ ပြောဆိုခဲ့သည့် စကားနှင့် လျှို့ဝှက်စွာ လုပ်ခဲ့သည့် အရာများသည် ငါ၏ တရားစီရင်သည့် ပလ္လင်ရှေ့၌ အစဉ် ရှိနေပြီး၊ လူသား၏ ပုန်ကန်မှုသည် လွန်ကဲလှသောကြောင့် ငါ၏ တရားစီရင်ခြင်းသည် လူသားထံမှ မည်သည့်အခါမျှ ထွက်ခွာသွားခြင်း မရှိပေ။ ငါ၏အလုပ်သည် ငါ၏ ဝိညာဉ်ရှေ့၌ လူသား ပြောဆိုခဲ့သည့်စကားများ၊ လုပ်ဆောင်ခဲ့သည့် လုပ်ရပ်များကို လောင်ကျွမ်းစေပြီး သန့်ရှင်းစေဖို့ ဖြစ်သည်။ ဤနည်းအားဖြင့် ဤကမ္ဘာမှ ငါထွက်ခွာသောအခါ လူတို့သည် ငါ့အပေါ် ဆက်လက် သစ္စာရှိနေမည် ဖြစ်သည်။ ငါ၏အလုပ်အတွက် ငါ၏ သန့်ရှင်းသော အစေခံများအဖြစ် ငါ့ကို ဆက်လက် အစေခံဦးမည်ဖြစ်ပြီး ဤကမ္ဘာရှိ ငါ၏အလုပ် ပြီးသည့်နေ့ အထိ ဆက်လုပ်စေမည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည်

(၆၅၄) ကမ္ဘာမြေကြီးပေါ်တွင် နတ်ဆိုး အမျိုးမျိုးတို့သည် နားခိုရန်နေရာကို အစဉ်ရှာဖွေ ချောင်းမြောင်းလျက် ရှိကြပြီး စားနိုင်သော လူသေအလောင်းများကို အတောမသတ် ရှာဖွေနေကြသည်။ ငါ၏လူများတို့၊ သင်တို့သည် ငါ၏ဂရုစိုက်မှုနှင့် ကာကွယ်မှုအောက်တွင် ရှိနေရပေမည်။ မည်သည့်အခါမျှ အသောက်အစား အပျော်အပါး၌ မွေ့လျော်သော အသက်တာ၌ အသက်မရှင်ကြနှင့်။ မည်သည့်အခါမျှ အဆင်အခြင်မဲ့စွာ မပြုမူကြနှင့်။ ယင်းအစား သင်၏သစ္စာစောင့်သိခြင်းကို ငါ၏အိမ်တော်တွင် ပေးလှူလော့၊ သင်၏သစ္စာစောင့်သိခြင်းနှင့်သာလျှင် သင်သည် မာရ်နတ်၏ ကောက်ကျစ်မှုကို တန်ပြန်တွန်းလှန်နိုင်မည် ဖြစ်သည်။ မည်သည့် အခြေအနေမျိုးတွင်မျှ သင်သည် အတိတ်ကကဲ့သို့ ငါ၏မျက်မှောက်တွင်တစ်မျိုး ငါ၏နောက်ကွယ်တွင်တစ်မျိုး လုပ်ဆောင်ခြင်းမျိုး မပြုမူရ၊ ထိုသို့လုပ်ဆောင်ပါက သင့်ကို ရွေးနုတ်၍မရ ဖြစ်နေနှင့်ပြီးဖြစ်သည်။ ငါသည် ဤကဲ့သို့သော နှုတ်ကပတ်တော်များကို လုံလောက်သည်ထက် ပိုလျှံစွာပင် မိန့်မြွက်ဆိုခဲ့ပြီး မဟုတ်သလော။ တိတိကျကျ ဆိုပါက လူ၏သဘာဝအဟောင်းသည် ပြုပြင်၍ မရသောကြောင့် ငါသည် ကြိမ်ဖန်တလဲလဲ သူ့ကို သတိပေးနေခဲ့ရခြင်း ဖြစ်သည်။ ငြီးငွေ့မသွားလေနှင့်။ ငါပြောသမျှမှာ သင်တို့၏ကံကြမ္မာ သေချာရေရာမှု ရှိစေရန်အတွက် ဖြစ်သည်။ ဆိုးရွား၍ ညစ်ညူးသော အရပ်မှာ စာတန်လိုအပ်သည့်အရာ အတိအကျ ဖြစ်သည်။ သင်တို့သည် ကန့်သတ်ချက်ကို ကျိုးနွံနာခံရန် ငြင်းဆန်လျက်၊ မျှော်လင့်ချက်ကင်းမဲ့စွာနှင့် ရွေးနုတ်၍မရနိုင်အောင်ဖြစ်လေလေ ဖြစ်ပြီး၊ ဖောက်ပြန်ပျက်စီးလေလေ၊ မသန့်ရှင်းသော ထိုဝိညာဉ်များသည် ထိုးဖောက်ဝင်ရောက်ရန် ၎င်းတို့ရနိုင်သော မည်သည့်အခွင့်အရေးကိုမဆို အသုံးချလေလေပင် ဖြစ်မည်။ သင်တို့သည် ဤအခြေအနေအထိ ရောက်ပြီဆိုပါက သင်တို့၏သစ္စာစောင့်သိမှုသည် စစ်မှန်ခြင်း လုံးဝမရှိသည့် အကျိုးမရှိသော အမျှင်မပြတ်ပြောသော စကားသက်သက်မျှသာ ဖြစ်လိမ့်မည်ဖြစ်ပြီး၊ မသန့်ရှင်းသော ဝိညာဉ်များသည် သင်တို့၏ သန္နိဌာန်ကို ဝါးမျိုကာ ငါ၏အမှုကို နှောင့်ယှက်ရေးအတွက် အသုံးပြုရန် ၎င်းသန္နိဌာန်ကို မနာခံခြင်းနှင့် စာတန်၏လှည့်ကွက်များ အသွင်သို့ ပြောင်းလဲပစ်လိမ့်မည်။ ထိုအခါ သင်သည် အချိန်မရွေး ငါ၏ရိုက်နှက်ခြင်းကို ခံရနိုင်သည်။ ဤအခြေအနေ၏ လေးနက်မှုကို မည်သူမျှ နားမလည်ကြ၊ လူအားလုံးသည် သူတို့ကြားသော အရာကို ဂရုမစိုက်ဘဲသာနေကြပြီး စိုးစဉ်းမျှပင် သတိမမူကြ။ အတိတ်တွင် ပြုခဲ့ပြီးသောအရာကို ငါသည် မှတ်မိသည်မဟုတ်။ ငါသည် နောက်ထပ်တစ်ဖန် “မေ့ပျောက်ခြင်း” ဖြင့် သင့်ကို သက်ညှာပေးရန် သင်စောင့်မျှော်နေဆဲလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၀)

(၆၅၅) အများစုမှာ ရိုးသားစွာ ပြောဆိုပြုမူခြင်းထက် ငရဲသို့ စီရင်ခြင်းကိုသာ ခံလိုကြသည်။ မရိုးဖြောင့်သောသူများ အတွက် ငါ၌ ကုစားမှု အခြားတစ်ခု ရှိသေးသည်မှာ အံ့သြဖွယ်မကောင်းပေ။ သင်တို့သည် ရိုးသားဖို့ မည်မျှ ခက်ခဲသည်ကို ငါကောင်းစွာ သိသည်မှာ မှန်ပေ၏။ သင်တို့အားလုံးသည် အလွန် လိမ္မာပါးနပ်ကာ၊ သင်တို့၏သေးနုပ်သော စံပေတံလေးနှင့် လူများကို တိုင်းတာရာတွင် အလွန် ကျွမ်းကျင်လှသောကြောင့် ငါ့အမှုသည် သာ၍ ရိုးရှင်းသွားသည်။ ထို့အပြင် သင်တို့တစ်ဦးစီသည် သင်တို့၏ လျှို့ဝှက်ချက်များကို သင်တို့၏ရင်ခွင်၌ ပိုက်ထွေးထားသည့်အတွက်၊ သို့ဆိုလျှင် သင်တို့ တစ်ဦးပြီးတစ်ဦးကို မီးဖြင့် “သင်ယူဖို့ရန်” ဒုက္ခဆင်းရဲထဲသို့ စေလွှတ်မည်၊ သို့မှသာ ယင်းနောက်တွင် သင်တို့သည် ငါ၏ နှုတ်ကပတ်တော်များကို အကြွင်းမဲ့ ယုံကြည် လာနိုင်မည်ဖြစ်သည်။ နောက်ဆုံး၌ “ဘုရားသခင်သည် သစ္စာစောင့်သိသော ဘုရားသခင်တစ်ပါး” ဆိုသည့် စကားများကို သင်တို့၏ နှုတ်မှ ငါ ဆွဲနုတ်ယူမည် ဖြစ်ပြီး၊ သို့ဖြစ်၍ သင်တို့သည် ရင်ဘတ်စည်တီး၍ “လှည့်ဖျားတတ်သည်မှာ လူသား၏ နှလုံးသားဖြစ်သည်။” ဟု ငိုချင်းချလိမ့်မည်။ ဤအချိန်တွင် သင်တို့ စိတ်အခြေအနေမှာ အဘယ်သို့ ရှိမည်နည်း။ သင်သည် ယခုကဲ့သို့ အောင်မြင်၍ တက်ကြွပျော်မြူးအားရနေလိမ့်မည် မဟုတ်ဟု ငါထင်သည်။ ထို့အပြင် သင်သည် ယခုကဲ့သို့ “သိမ်မွေ့ပြီးနက်နဲ” ရန်မှာ သာ၍ နည်းပေမည်။ တချို့သူများသည် ဘုရားသခင် ရှေ့မှောက်တွင် အလွန် မှန်ကန်စွာပြုမူ၍ “အပြုအမူကောင်းများ” ရှိရန် အလွန် ကြိုးစားသော်လည်း၊ ဝိညာဉ်တော် ရှေ့မှောက်တွင်မူ ခြိမ်းခြောက်သည့် ဟန်ပန်များ လှပ်ပြလေသည်။ ရိုးသားခြင်း အဆင့်များထဲတွင် ထိုကဲ့သို့သော လူသားကို သင်တို့ ထည့်တွက်မည်လား။ အကယ်၍ သင်သည် ကြောင်သူတော် တစ်ဦးဖြစ်ပြီး “အပြန်အလှန် ဆက်ဆံရေးများ” အထူးကျွမ်းကျင်ပါက၊ သင်သည် ဘုရားသခင်အား မထီမဲ့မြင်ပြုသူ ဖြစ်သည်မှာ သေချာသည်ဟု ငါဆိုသည်။ အကယ်၍ သင့်စကားများက ဆင်ခြေများ၊ အဖိုးမတန်သော ကျိုးကြောင်းပြချက်များနှင့် ပြည့်နှက်နေမည် ဆိုပါက၊ သင်သည် သမ္မာတရား လက်တွေ့ကျင့်သုံး ရမည်ကို အလွန်တရာကို စက်ဆုပ်သောသူတစ်ဦး သာဖြစ်သည်ဟု ငါဆို၏။ အကယ်၍ သင်ထံတွင် လျှို့ဝှက်ကိစ္စများစွာ ရှိသဖြင့် သင်သည် ဝေမျှရန် ဝန်လေးနေပါက၊ သင်သည် အလင်း၏ လမ်းကို ရှာဖွေဖို့ အခြားသူများရှေ့တွင် သင်၏ လျှို့ဝှက်ချက်များကို- သင်၏ အခက်အခဲများကို- ချခင်းပြရန် အပြင်းအထန် ငြင်းဆန်နေပါက- သင်သည် ကယ်တင်ခြင်းကို အလွယ်တကူ မရရှိနိုင်သောသူ၊ အမှောင်ထုထဲမှ လွယ်ကူစွာ မထွက်နိုင်သူ ဖြစ်သည်ဟုငါဆို၏။...လူတစ်ယောက်၏ကံကြမ္မာသည် အဆုံး၌ မည်သို့ဖြစ်မည်ဆိုသည်မှာ သူ့ထံ၌ ရိုးသားမှုနှင့် သွေးသို့နီသော နှလုံးသားရှိ မရှိအပေါ်နှင့် သူ့ထံ၌ စင်ကြယ်သော စိတ်နှလုံး ရှိ မရှိတို့အပေါ်တွင် မူတည်သည်။ အကယ်၍ သင်သည် အလွန်မရိုးဖြောင့်သောသူတစ်ဦး၊ မလိုတမာစိတ်ရှိသူတစ်ဦး၊ မစင်ကြယ်သော စိတ်ဝိညာဉ်ရှိသူတစ်ဦး ဖြစ်နေပါက၊ သင်၏ ကံကြမ္မာမှတ်တမ်းတွင် ရေးသားသကဲ့သို့ လူတို့ အပြစ်ပေး ခံရသည့် နေရာတွင် သင် အဆုံးသတ်မည်မှာ သေချာ၏။ အကယ်၍ သင်သည် အလွန်တရာ ရိုးသားသည်ဟုဆိုသော်လည်း၊ သမ္မာတရားနှင့် ညီညွတ်စွာ ပြုမူခြင်း၊ အမှန်တရားနှင့်ဆိုင်သော စကားတစ်ခွန်းကိုမျှ ပြောဆိုခြင်းတို့ကို မည်သည့်အခါမျှ မပြုဖူးပါက၊ သင်သည် ဘုရားသခင်ကို သင့်အား ဆုချပေးစေရန် စောင့်မျှော်နေဆဲလော။ ဘုရားသခင်က သင့်ကို သူ၏ အချစ်မြတ်နိုးဆုံးသူအဖြစ် သတ်မှတ်ရန် စောင့်မျှော်နေသေးသလော။ ယင်းသည် ရယ်ဖွယ်ကောင်းသော တွေးနည်း မဟုတ်လော။ သင်သည် အရာရာ၌ ဘုရားသခင်ကို လှည့်စားသည်၊ ထို့ကြောင့် သင်ကဲ့သို့သော လက်မသန့်ရှင်းသူ တစ်ယောက်ကို ဘုရားသခင်၏အိမ်တော်၌ မည်ကဲ့သို့ နေရာ ပေးနိုင်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သတိပေးချက် သုံးချက်

(၆၅၆) ယခုတွင်၊ သင်တို့၏ လိုက်စားခြင်းက ထိရောက်မှုရှိ မရှိဆိုသည်ကို လောလောဆယ် သင်တို့ ပိုင်ဆိုင်သည့်အရာအားဖြင့် တိုင်းတာပေသည်။ ဤသည်မှာ သင်တို့၏ အကျိုးဆက်ကို ဆုံးဖြတ်ဖို့ အသုံးပြုသည့်အရာ ဖြစ်သည်။ ဤသည်မှာ၊ သင်တို့၏ အကျိုးဆက်သည် သင်တို့ ပြုပြီးသည့် စွန့်လွတ်မှုများနှင့် သင်တို့ လုပ်ဆောင်ပြီးဖြစ်သည့် အရာများတွင် ထုတ်ဖော်ပြခံရသည်ဟု ဆိုလိုသည်။ သင်တို့၏ အကျိုးဆက်ကို သင်တို့၏ လိုက်စားမှု၊ သင်တို့၏ ယုံကြည်ခြင်းနှင့် သင်တို့ လုပ်ဆောင်ပြီးဖြစ်သည့် အရာအားဖြင့် သိစေလိမ့်မည်ဖြစ်သည်။ သင်တို့ အားလုံးအလယ်တွင်၊ ကယ်တင်၍ မရနိုင်သော သူများစွာ ရှိနှင့်လေသည်၊ အကြောင်းမူကား ယနေ့သည် လူတို့၏ အကျိုးဆက်များကို ထုတ်ဖော်ပြသည့် နေ့ရက်ဖြစ်ပြီး ငါ၏ အမှု၌ ငါသည် မပြတ်မသားဖြစ်မည်မဟုတ်၊ ငါသည် လုံးဝ ကယ်တင်၍ မရသော သူတို့ကို လာမည့်ခေတ်ထဲသို့ ငါ ဦးဆောင်မည်မဟုတ်။ ငါ၏ အမှု ပြီးစီးသည့် အချိန်တစ်ချိန် ရှိလိမ့်မည်။ ငါသည် လုံးဝ ကယ်တင်၍မရနိုင်သည့် ထိုနံစော်သော၊ ဝိညာဉ်ကင်းမဲ့သော အသေကောင်များအပေါ် အမှုပြုမည်မဟုတ်။ ယခုသည် လူသား၏ ကယ်တင်ခြင်း၏ နောက်ဆုံးသော ကာလဖြစ်ပြီး အချည်းနှီးသော အမှုကို ငါလုပ်ဆောင်မည်မဟုတ်။ ကောင်းကင်နှင့် မြေကြီးကို မကြိမ်းမောင်းနှင့်- ကမ္ဘာလောက၏ အဆုံးသည် ရောက်လာ နေပြီဖြစ်သည်။ ယင်းကို ရှောင်လွှဲမရနိုင်ပေ။ အမှုအရာများသည် ဤအခြေအနေထိ ရောက်လာပြီးဖြစ်ကာ ၎င်းတို့ကို ရပ်တန့်စေဖို့ လူသားတစ်ဦးအနေဖြင့် သင် လုပ်ဆောင်နိုင်သည့်အရာ ဘာမျှမရှိ။ အမှုအရာများကို သင် ဆန္ဒရှိသည့်အတိုင်း ပြောင်းလဲ၍ မရနိုင်။ မနေ့က၊ သမ္မာတရားကို လိုက်စားဖို့ သင် အဖိုးအခ မပေးခဲ့သကဲ့သို့ သင်သည် သစ္စာမရှိခဲ့ပေ။ ယနေ့တွင်၊ အချိန်ကျလာပေပြီ၊ သင်သည် ကယ်တင်မရနိုင်ပေ။ မနက်ဖြန်တွင်၊ သင်သည် ပယ်ရှင်းခံ ရလိမ့်မည်ဖြစ်ပြီး သင်၏ ကယ်တင်ခြင်းအတွက် လူးသာလွန့်သာ ရှိလိမ့်မည်မဟုတ်။ ငါ၏ စိတ်နှလုံးသည် နူးညံ့သိမ်မွေ့ပြီး သင့်ကို ကယ်တင်ဖို့ ငါ အစွမ်းကုန် လုပ်ဆောင်နေသော်လည်း၊ သင့်အတွက် သင် မကြိုးပမ်းပါက သို့မဟုတ် သင့်အတွက် မည်သို့မျှ သင်မစဉ်းစားပါက၊ ဤအရာသည် ငါနှင့် အဘယ်သို့ သက်ဆိုင်သနည်း။ ၎င်းတို့၏ ဇာတိပကတိကိုသာ စဉ်းစားသူနှင့် ဇိမ်ခံစရာကို မွေ့လျော်သောသူများ၊ ယုံကြည်သည်ဟု ထင်ရသော်လည်း အမှန်တကယ် မယုံကြည်သူများ၊ မကောင်းသောဆေးနှင့် နတ်ဝိဇ္ဇာအတတ်၌ ပါဝင်ပတ်သက်သူများ၊ လူတကာနှင့် သောင်းပြောင်းလိင်ဆက်ဆံကာ စုတ်ဖွာပြီး စုတ်ပြတ်နေသူများ၊ ယေဟောဝါထံ ယဇ်ပူဇော်မှုများနှင့် သူ၏ ပိုင်ဆိုင်မှုများကို ခိုးယူသောသူများ၊ တံစိုးလက်ဆောင်များကို နှစ်သက်သောသူများ၊ ကောင်းကင်သို့ တက်ကြွရန် အလဟဿ အိပ်မက်မက်နေသူများ၊ မာန်မာနထောင်လွှားပြီး စိတ်ကြီးဝင်သူများ၊ ပုဂ္ဂိုလ်ရေးကျော်ကြားမှုနှင့် ပစ္စည်းဥစ္စာအတွက်သာ ကြိုးပမ်းကြသူများ၊ ရိုင်းပျသော စကားများကို ဖြန့်ဖြူးသူများ၊ ဘုရားသခင်ကိုယ်တိုင်အား ပြစ်မှားစော်ကားသူများ၊ ဘုရားသခင်ကိုယ်တိုင်အား ဝေဖန်မှုများပြုပြီး အသရေပျက်အောင် လုပ်ကြံပြောဆိုသည်မှလွဲ၍ ဘာမျှမလုပ်ဆောင်သောသူများ၊ အုပ်စုများဖွဲ့ပြီး လွတ်လပ်မှုကို ရှာဖွေသောသူများ၊ ဘုရားသခင်ထက် မိမိတို့ကိုယ်ကိုယ် ချီးမြှောက်သောသူများ၊ လိင်ကိစ္စများတွင် ကိုယ်ကျင့်သိက္ခာကင်းမဲ့မှု၌ မိနေသည့် ပေါ့ပျက်ပျက် လူငယ်၊ သက်လတ်ပိုင်းနှင့် သက်ကြီး အမျိုးသားများနှင့် အမျိုးသမီးများ၊ ပုဂ္ဂိုလ်ရေးကျော်ကြားမှုနှင့် ပစ္စည်းဥစ္စာ၌ မွေ့လျော်ပြီး အခြားအရာများအပြင် ပုဂ္ဂိုလ်ရေး အဆင့်အတန်းနောက် လိုက်သူများ၊ အပြစ်၌ ပိတ်မိနေသည့် နောင်တမရသော လူများ- ၎င်းတို့ အားလုံးသည် ကယ်တင်မရသောသူများ ဖြစ်ကြသည်မဟုတ်လော။ လိင်ကိစ္စများတွင် ကိုယ်ကျင့်သိက္ခာကင်းမဲ့ခြင်း၊ အပြစ်နှင့်ပြည့်ခြင်း၊ မကောင်းသောဆေး၊ နတ်ဝိဇ္ဇာအတတ်၊ ရိုသေလေးမြတ်မှုမရှိသော အပြုအမူနှင့် ရိုင်းပျသော စကားများအားလုံးသည် သင်တို့ကြားတွင် သောင်းကျန်းနေ၏။ ပြီးလျှင် သမ္မာတရားနှင့် အသက်နှင့်ဆိုင်သော နှုတ်ကပတ်တော်များသည် သင်တို့အလယ်တွင် နင်းချေခံရကြပြီး သန့်ရှင်းသော ဘာသာစကားသည် သင်တို့ကြားတွင် ညစ်ညမ်းလေသည်။ အညစ်အကြေးနှင့် မနာခံမှုတို့ဖြင့် ပွထနေသည့် အသင် တပါးအမျိုးသားတို့။ သင်တို့၏ နောက်ဆုံး ရလဒ်သည် မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ ဇာတိပကတိကို နှစ်သက်သူ၊ ဇာတိပကတိနှင့်ဆိုင်သည့် နတ်ဝိဇ္ဇာအတတ်ကို ကျူးလွန်သောသူနှင့် လိင်ကိစ္စ၌ ကိုယ်ကျင့်သိက္ခာမဲ့သည့် အပြစ်တွင် မိနေသောသူတို့သည် အဘယ်သို့ ဆက်လက်ရှင်သန်ဖို့ ရဲတင်းနိုင်သနည်း။ သင်တို့ကဲ့သို့သော လူတို့သည် ကယ်တင်မရသည့် လောက်ကောင်များ ဖြစ်ကြသည်ကို သင် မသိသလော။ ဟိုဟို သည်သည် တောင်းဆိုဖို့ မည်သည့်အရာက သင့်ကို အခွင့်ရှိစေသနည်း။ ယနေ့ထိ၊ သမ္မာတရားကို မနှစ်သက်သောသူနှင့် ဇာတိပကတိကိုသာ ချစ်သောသူတို့၌ ပြောင်းလဲမှု စိုးစဉ်းမျှ မရှိလေပြီ- ထိုသို့သော လူတို့သည် အဘယ်သို့ ကယ်တင်ခံရနိုင်အံ့နည်း။ အသက်လမ်းခရီးကို မနှစ်သက်သောသူ၊ ဘုရားသခင်ကို ချီးမြှောက်ခြင်း မရှိသကဲ့သို့ သူ့ကို သက်သေမခံသောသူ၊ မိမိတို့၏ ကိုယ်ပိုင်အဆင့်အတန်းအဖို့ လျှို့ဝှက်ကြံစည်သောသူ၊ မိမိတို့ကိုယ်ကိုယ် ထောမနာပြုသောသူများ- ၎င်းတို့သည် ယနေ့တွင်ပင် ဤအတိုင်း ရှိနေသေးသည် မဟုတ်လော။ ၎င်းတို့ကို ကယ်တင်ရာတွင် အဘယ်တန်ဖိုး ရှိသနည်း။ သင် ကယ်တင်ခံရနိုင်ခြင်း ရှိမရှိဆိုသည်မှာ သင် မည်မျှဝါရင့်သည် သို့မဟုတ် နှစ်ပေါင်းမည်မျှ သင် အလုပ်လုပ်နေခဲ့ပြီး ဖြစ်သည်ဆိုသည့်အပေါ် မူတည်ခြင်းမရှိပေ၊ သင့်တော်သော အရည်အချင်းများကို တစ်ဆင့်ပြီးတစ်ဆင့် သင် မည်မျှတည်ဆောက်ပြီးပြီဆိုသည့်အပေါ် သာ၍ပင် မူတည်ခြင်းမရှိပေ။ ယင်းထက်၊ ထိုအရာသည် သင်၏လိုက်စားခြင်းက အသီးသီးခြင်း ရှိမရှိ ဆိုသည့်အပေါ် မူတည်လေသည်။ ကယ်တင်ခံရသူတို့သည် အသီးသီးသည့် “သစ်ပင်များ” ဖြစ်ပြီး၊ စိမ်းလန်းစိုပြေသော သစ်ရွက်များ၊ အလျှံပယ်သော ပန်းပွင့်များနှင့် ဖြစ်သော်လည်း မသီးပွင့်သည့် သစ်ပင်များ မဟုတ်သည်ကို သင် သိသင့်သည်။ လမ်းများတွင် နှစ်များစွာ လှည့်လည်သွားလာရင်း သင် အချိန်ကုန်ဆုံးပြီးဖြစ်လျှင်ပင်၊ ယင်းက မည်သည့်အရေးနည်း။ သင်၏ သက်သေခံချက်မှာ အဘယ်မှာနည်း။ ဘုရားသခင်အပေါ် သင်၏ ကြည်ညိုခြင်းသည် သင့်ကိုယ်သင် ချစ်ခြင်းနှင့် သင်၏ ရမ္မက်ကြီးသော ဆန္ဒများထက် များစွာ လျော့လေသည်- ဤကဲ့သို့သော လူမျိုးသည် အကျင့်ပျက်သော သူတစ်ဦး ဖြစ်သည်မဟုတ်လော။ ၎င်းတို့သည် ကယ်တင်ခြင်းအတွက် အဘယ်သို့ နမူနာနှင့် စံပုံစံ ဖြစ်နိုင်မည်နည်း။ သင်၏ သဘာဝဗီဇသည် ပြုပြင်မရ၊ သင်သည် အလွန်ပုန်ကန်လွန်းလှပြီး၊ သင့်ကို ကယ်တင်၍ ရနိုင်မည် မဟုတ်ပေ။ ထိုသို့သော လူတို့သည် ပယ်ရှင်းခံရမည့်သူများ ဖြစ်ကြသည် မဟုတ်လော။ ငါ၏ အမှုပြီးစီးသည့် အချိန်သည် သင်၏ နောက်ဆုံးနေ့ရက် ရောက်ရှိသည့်အချိန် ဖြစ်သည် မဟုတ်လော။ ငါသည် သင်တို့ကြားတွင် အလွန်များလှစွာသော အမှုများကို ပြုပြီးဖြစ်ကာ အလွန်များလှစွာသော နှုတ်ကပတ်တော်များကို ပြောဆိုပြီးလေပြီ- ထိုအရာထဲမှ သင်တို့ အမှန်တကယ် မည်မျှနားဝင်ခဲ့သနည်း။ သင်တို့ မည်မျှ နာခံဖူးပါသနည်း။ ငါ၏ အမှုအဆုံးသတ်သည့်အခါ၊ ယင်းသည် သင်ငါ့ကို ဆန့်ကျင်ခြင်း ရပ်သည့်အချိန်၊ ငါ့ကို ဆန့်ကျင်ရပ်တည်ခြင်းအား သင် ရပ်တန့်သည့်အချိန် ဖြစ်လိမ့်မည်။ ငါ အမှုပြုစဉ်၊ သင်တို့သည် စဉ်ဆက်မပြတ် ငါ့ကို ဆန့်ကျင်ပြုမူ၏။ ငါ၏ နှုတ်ကပတ်တော်များကို သင်တို့ ဘယ်သောအခါမျှ မလိုက်နာကြ။ ငါ၏ အမှုကို ငါလုပ်ဆောင်ပြီး သင်သည် သင်၏ ကိုယ်ပိုင်နိုင်ငံငယ်ကို ဖန်တီးရင်း သင်၏ ကိုယ်ပိုင် “အလုပ်” ကို လုပ်သည်။ သင်တို့သည် ငါ့ကို အရာရာတွင် ငါ့ကို ဆန့်ကျင်နေသည့် မြေခွေးများနှင့် ခွေးများ တစ်အုပ်သာဖြစ်သည်။ ၎င်းတို့၏ မဆုတ်မနစ်သော ချစ်ခြင်းမေတ္တာကို သင့်အား ပေးသောသူတို့ကို ထွေးပိုက်ရန် သင်တို့ စဉ်ဆက်မပြတ် ကြိုးစားနေကြ၏- သင်တို့၏ ရိုသေမှုမှာ အဘယ်မှာနည်း။ သင်တို့ လုပ်သမျှတိုင်းသည် လှည့်ဖြားသော အရာဖြစ်သည်။ သင်တို့တွင် နာခံခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်း မရှိသကဲ့သို့ သင်တို့ လုပ်သမျှတိုင်းသည် လှည့်ဖြားသောအရာနှင့် ပြစ်မှား စော်ကားသောအရာ ဖြစ်၏။ ထိုသို့သော လူတို့သည် ကယ်တင်ခံရ နိုင်သလော။ ကာမဂုဏ်အာရုံဆိုင်ရာ အကျင့်ပျက်ပြီး ကာမရာဂ စိတ်ပြင်းပြသော သူတို့သည် ၎င်းတို့၏ ကိုယ်ပိုင် ပျော်မွေ့ခြင်းအတွက် မြူဆွယ်တတ်သော မိန်းမပျက်တို့ကို မိမိတို့ထံ အစဉ်အမြဲ ဆွဲခေါ်လိုကြလေသည်။ ထိုသို့သော ကာမဂုဏ်အာရုံဆိုင်ရာ အကျင့်ပျက်သော မကောင်းဆိုးဝါးများကို ငါသည် လုံးဝ ကယ်တင် လိမ့်မည်မဟုတ်။ ညစ်ညူးသော မကောင်းဆိုးဝါးတို့၊ အသင်တို့ကို ငါ မုန်း၏၊ ပြီးလျှင် သင်၏ ကာမရာဂစိတ်ပြင်းပြမှုနှင့် မြူဆွယ်ခြင်းတို့သည် သင်တို့ကို ငရဲသို့ ထိုးဆင်းစေလတ္တံ့။ သင်တို့ကိုယ်သင်တို့ မည်သို့ ရှင်းပြမည်နည်း။ အသင် ညစ်ညူးသော မကောင်းဆိုးဝါးများနှင့် ဝိညာဉ်ဆိုးများတို့သည် ရွံ့ရှာဖွယ်ဖြစ်၏။ သင်တို့သည် စက်ဆုပ်ဖွယ် ဖြစ်၏။ ထိုသို့သော အမှိုက်သည် အဘယ်သို့ ကယ်တင်ခံရနိုင်မည်နည်း။ အပြစ်ထဲ၌ မိနေသည့် ၎င်းတို့သည် ကယ်တင်ခံရနိုင်သေးသလော။ ယနေ့၊ ဤသမ္မာတရား၊ ဤလမ်းခရီးနှင့် ဤအသက်တို့ကို သင်တို့ စိတ်မဝင်စားစေပေ။ ယင်းထက်၊ သင်တို့သည် အပြစ်နှင့်ပြည့်ဝခြင်း၊ ငွေ၊ ရပ်တည်ချက်၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်၊ ဇာတိပကတိ၏ ပျော်မွေ့ခြင်း၊ အမျိုးသားများ၏ ချောမောခန့်ညားခြင်းနှင့် အမျိုးသမီးတို့၏ ဆွဲဆောင်မှုတို့ကို စိတ်ဝင်စားကြ၏။ ငါ၏ နိုင်ငံတော်ထဲသို့ ဝင်ရောက်ဖို့ရန် သင်တို့ကို မည်သည့်အရာက အရည်အချင်းနှင့် ပြည့်မီစေသနည်း။ လူတို့ကြား သင်တို့၏ သိက္ခာကို မဆိုနှင့်ဦးတော့၊ သင်တို့၏ ပုံရိပ်သည် ဘုရားသခင်၏ ပုံရိပ်ထက်ပင် ကြီးမား၏၊ သင်တို့၏ အဆင့်အတန်းသည် ဘုရားသခင်၏ အဆင့်အတန်းထက်ပင် မြင့်မား၏- သင်တို့သည် လူတို့ကိုးကွယ်သည့် ရုပ်တုဆင်းတုများ ဖြစ်လာကြပေပြီ။ သင်သည် ကောင်းကင်တမန်မင်း ဖြစ်လာပြီ မဟုတ်လော။ ကယ်တင်ခြင်း အမှု အဆုံးသတ်ဖို့ နီးမည့်အချိန်လည်းဖြစ်သော လူတို့၏နိဂုံး ထုတ်ဖော်ပြခံရသည့် အချိန်တွင်၊ သင်တို့သည် ကယ်တင်မရသည့် အလောင်းကောင်များ ဖြစ်ကြလိမ့်မည်ဖြစ်ပြီး ပယ်ရှင်းခံရကြပေမည်။ ကယ်တင်ခြင်း အမှု ပြုသည့် အတောအတွင်းတွင်၊ ငါသည် လူအားလုံးအပေါ် ကြင်နာပြီး ကောင်းမြတ်၏။ အမှု အဆုံးသတ်သည့်အခါတွင်၊ လူအမျိုးအစား အမျိုးမျိုး၏ အကျိုးဆက်များ ထုတ်ဖော်ပြခံရလိမ့်မည် ဖြစ်ပြီး၊ ထိုအချိန်တွင် ငါသည် ကြင်နာကာ ကောင်းမြတ်တော့လိမ့်မည် မဟုတ်ပေ။ အကြောင်းမူကား ထိုအချိန်တွင် လူတို့၏ အကျိုးဆက်များသည် ထုတ်ဖော်ပြခံရပြီးဖြစ်သကဲ့သို့ တစ်ဦးစီသည် မိမိတို့၏အမျိုးအစားအလိုက် ခွဲခြားခံရပြီးဖြစ်ကာ နောက်ထပ် ကယ်တင်ခြင်းအမှု ပြုခြင်းက အသုံးဝင်လိမ့်မည် မဟုတ်သည့်အတွက် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကယ်တင်ခြင်းခေတ်သည် လွန်သွားပြီးဖြစ်ကာ၊ ထိုသို့လွန်သွားပြီးဖြစ်သဖြင့်၊ ၎င်းသည် ပြန်ရောက်လာလိမ့်မည် မဟုတ်သောကြောင့် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၇)

(၆၅၇) ငါသည် သင်တို့ကို များစွာသော သတိပေးချက်များ ပေးပြီးဖြစ်သကဲ့သို့၊ သင်တို့ကို သိမ်းပိုက်ဖို့ ရည်ရွယ်လျက် များစွာသော သမ္မာတရားများကို သင်တို့အပေါ် ငါအပ်နှင်းပြီး ဖြစ်သည်။ ယခုတွင်၊ သင်တို့အားလုံးသည် အတိတ်က ကြွယ်ဝခဲ့သည်ထက် သိသိသာသာ သာ၍ ကြွယ်ဝသည်ဟု ခံစားရသည်၊ လူတစ်ဦး မည်သို့ဖြစ်သင့်သည်နှင့်သက်ဆိုင်သော အခြေခံသဘောတရားများစွာ နားလည်လာကြပြီးဖြစ်ကာ သစ္စာရှိသော သူတို့ ရှိသင့်သည့် သာမန်အသိစိတ် များစွာကို ပိုင်ဆိုင်လာကြပြီး ဖြစ်သည်။ ဤအရာအားလုံးသည် နှစ်ပေါင်းများစွာ တစ်လျှောက် သင်တို့ ရိတ်သိမ်းလာခဲ့သည့် အကျိုး ဖြစ်သည်။ ငါသည် သင်တို့၏အောင်မြင်မှုများကို မငြင်းသော်လည်း၊ သင်တို့ထဲတွင် သန့်ရှင်းသူ တစ်ဦးမျှ မရှိသည့်အတွက်၊ ဤနှစ်များစွာအတွင်း သင်တို့အနေဖြင့် ငါ့အပေါ် သင်တို့၏မြောက်မြားလှသည့် မနာခံခြင်းများနှင့် ပုန်ကန်ခြင်းများ တို့ကိုလည်း ငါ မငြင်းဟု တကယ်ကိုပွင့်လင်းစွာ ငါပြောရပေမည်။ သင်တို့သည် ခြွင်းချက်မရှိ၊ စာတန်၏ ဖျက်ဆီးခြင်း ခံရပြီးဖြစ်သည့် လူများ ဖြစ်သည်။ သင်တို့သည် ခရစ်တော်၏ ရန်သူများ ဖြစ်ကြ၏။ ယနေ့ထိ၊ သင်တို့၏ လွန်ကျူးခြင်းအပြစ်များနှင့် မနာခံမှုများသည် ရေတွက်ဖို့ များပြားလွန်းလှ၏၊ ထို့ကြောင့် ငါသည် သင့်အား အစဉ် ထပ်တလဲလဲတောင်းဆိုနေသည်ကို ထူးဆန်းသည်ဟု မယူဆနိုင်ပေ။ ငါသည် ဤပုံစံဖြင့် သင်တို့နှင့်အတူ အတူတည်ရှိရန် ဆန္ဒမရှိပေ- သို့သော် သင်တို့၏ အနာဂတ်များအတွက်၊ သင်တို့၏ ခရီးပန်းတိုင်များအတွက်၊ ယခု ဤနေရာတွင် နောက်တစ်ဖန် တကျည်ကျည် ငါ ပြောမည်။ သင်တို့သည် ငါ့ကို ခွင့်လွှတ်နားလည်သည့်အပြင်၊ ငါ၏ မိန့်မြွက်ချက်တိုင်းကို ယုံကြည်နိုင်ပြီး ငါ၏နှုတ်ကပတ်တော်များ၏ နက်ရှိုင်းသော သွယ်ဝိုက်သည့် အနက်အဓိပ္ပာယ်များကို ကောက်ချက် ချနိုင်မည်ဟု မျှော်လင့်သည်။ ငါ၏ နှုတ်ကပတ်တော်များကို သင် ဆန္ဒရှိသည်အတိုင်း ရွေးချယ်ပြီး သဘောရှိ ဘေးသို့ပစ်လိုက်ဖို့ နေနေသာသာ၊ ငါပြောသည့်အရာကို သံသယမရှိနှင့်။ ဤသည်မှာ ငါ သည်းမခံနိုင်စရာ ဖြစ်သည်။ ငါ၏ နှုတ်ကပတ်တော်များကို မဝေဖန်နှင့်၊ ပြီးလျှင် ငါ၏ နှုတ်ကပတ်တော်များကို သာ၍ပင် ပေါ့ပေါ့တန်တန် သဘောမထားနှင့်၊ သို့မဟုတ် ငါသည်သင်တို့အား အစဉ် သွေးဆောင်နေသည်ဟု မပြောနှင့်၊ သို့မဟုတ် သာ၍ဆိုးသည်မှာ သင်တို့အား ငါပြောပြီးသော အရာသည် တိကျမှန်ကန်မှု မရှိဟု မပြောနှင့်။ ဤအရာများသည်လည်း ငါသည်းမခံနိုင်စရာ ဖြစ်၏။ သင်တို့သည် ငါ၏ နှုတ်ကပတ်တော်များကို ဘယ်သောအခါမျှ လက်သင့်မခံသကဲ့သို့ ငါ့ကို လျစ်လျူရှုရင်း၊ ငါနှင့် ငါပြောသောအရာကို အလွန့်အလွန် သံသယဖြင့် ဆက်ဆံသောကြောင့်၊ သင်တို့အသီးသီးကို လုံးဝ လေးနက်မှုဖြင့် ငါ ပြောသည်မှာ- ငါပြောသော အရာကို အတွေးအခေါ်နှင့် မချိတ်ဆက်နှင့်၊ ငါ၏ နှုတ်ကပတ်တော်များကို ဆရာယောင်တို့၏ အလိမ်အညာများနှင့် မချိတ်ဆက်နှင့်။ ငါ၏ နှုတ်ကပတ်တော်များကို အထင်သေးခြင်းဖြင့် သာ၍ပင် မတုံ့ပြန်သင့်ပေ။ သင်တို့ကို ငါ မည်သည့်အရာပြောနေသည်ကို အနာဂတ်တွင် မည်သူမျှ သင်တို့ကို ပြောပြကောင်း ပြောပြနိုင်မည်မဟုတ်၊ သို့မဟုတ် သင်တို့ကို အလွန်ညှာတာစိတ်ရှိစွာ ပြောဆိုမည်မဟုတ် သို့မဟုတ် ထို့ထက်မက သာ၍ပင် စိတ်ရှည်စွာနှင့် သင်တို့ကို ဤအချက်များတစ်ခုပြီးတစ်ခု ရှင်းပြမည်မဟုတ်။ သင်တို့သည် လာမည့်နေ့ရက်များ၌ အချိန်အခါကောင်းများကို ပြန်လည်အမှတ်ရရင်း၊ သို့မဟုတ် ကျယ်လောင်စွာ ရှိုက်ငိုရင်း၊ သို့မဟုတ် နာကျင်မှုဖြင့် ညည်းတွားရင်း ကုန်ဆုံးရလိမ့်မည်၊ သို့မဟုတ် သင်တို့သည် သမ္မာတရား သို့မဟုတ် အသက်၏ ထောက်ပံ့မှု စိုးစဉ်းမျှ မရှိဘဲ အမှောင်ညများတစ်လျှောက် အသက်ရှင်နေရလိမ့်မည် သို့မဟုတ် သင်သည် မျှော်လင့်ချက်မဲ့စွာ စောင့်ဆိုင်းရုံ စောင့်ဆိုင်းနေရလိမ့်မည် သို့မဟုတ် သင်တို့ ဆင်ခြင်တုံတရားအားလုံး ဆုံးရှုံးသည်ထိ အင်မတန် ခါးသီးသော နောင်တဖြင့် နေထိုင်နေရလိမ့်မည်...။ သင်တို့ထဲမှ မည်သူမျှနီးပါး ဤဖြစ်နိုင်ချေများကို မလွတ်မြောက်နိုင်ကြချေ။ အဘယ့်ကြောင့်ဆိုသော် သင်တို့ထဲမှ မည်သူမျှ ဘုရားသခင်ကို သင်တို့ အမှန်တကယ် ကိုးကွယ်သည့် ရိပ်မြုံကို နေရာမယူကြဘဲ၊ အသက်နှင့် သမ္မာတရားတို့နှင့် မည်သို့မျှ မသက်ဆိုင်သည့် အရာများစွာနှင့် အမှန်တွင် ယင်းအရာများနှင့် ဆန့်ကျင်ဘက်ဖြစ်သည့် အရာများကို သင်တို့၏ ယုံကြည်ချက်များထဲသို့၊ စိတ်များထဲသို့၊ ဝိညာဉ်များထဲသို့၊ ခန္ဓာကိုယ်များထဲသို့ ရောထွေးမိရင်း၊ လိင်ကိစ္စတွင် ကိုယ်ကျင့်သိက္ခာမဲ့မှုနှင့် မကောင်းမှု လောကထဲတွင် မိမိတို့ကိုယ်ကိုယ် မြှုပ်နှံကြလေသည်။ ထို့ကြောင့် သင်တို့အတွက် ငါမျှော်လင့်သည့် အရာမှာ သင်တို့သည် အလင်း၏ လမ်းကြောင်းသို့ ဆောင်ယူခြင်းခံရနိုင်ဖို့ ဖြစ်သည်။ ငါ၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ သင်တို့သည် မိမိတို့ကိုယ်ကိုယ် စောင့်ရှောက်နိုင်စွမ်းရှိလာဖို့၊ မိမိတို့ကိုယ်ကိုယ် ဂရုစိုက်နိုင်စွမ်းရှိလာဖို့နှင့်၊ သင်တို့၏ အပြုအမူနှင့် ဒုစရိုက်အပြစ်များကို စိတ်မဝင်စားခြင်းဖြင့် ကြည့်ရှုစဉ်၊ သင်တို့၏ ခရီးပန်းတိုင်အပေါ် အလွန်တရာ အလေးအနက် ထားခြင်း မရှိရန် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လွန်ကျူးခြင်းအပြစ်များက လူသားကိုငရဲသို့ ဦးဆောင်လမ်းပြလိမ့်မည်

(၆၅၈) သာ၍များသော ဒုစရိုက်အပြစ်များ သင် ကျူးလွန်လေ၊ ကောင်းမွန်သည့် ခရီးပန်းတိုင်ကို ရရှိဖို့ အခွင့်အရေးများ သင် သာ၍နည်းပါးလေလေ ဖြစ်မည်။ အပြန်အလှန်အားဖြင့်၊ သာ၍ နည်းပါးသော ဒုစရိုက်အပြစ်များ သင်ပြုလေ၊ ဘုရားသခင်၏ ချီးမွမ်းခြင်းကို ခံလာရဖို့ အခွင့်အလမ်း သာ၍ ကောင်းလေလေပင် ဖြစ်သည်။ သင့်ကို ခွင့်လွှတ်ရန် ငါ့အတွက် မဖြစ်နိုင်သည့်အခြေအနေထိ၊ သင်၏ ဒုစရိုက်အပြစ်များ တိုးပွားပါက၊ သင်သည် ခွင့်လွှတ်ခြင်း ခံရမည့် သင်၏ အခွင့်အရေးများကို လုံးဝ ဖြုန်းတီးမိပြီး ဖြစ်လိမ့်မည်။ ထိုသို့ဖြင့်၊ သင်၏ ခရီးပန်းတိုင်သည် အထက်အရပ် မဟုတ်ဘဲ အောက်အရပ် ဖြစ်ပေလိမ့်မည်။ သင်သည် ငါ့ကို မယုံကြည်ပါက၊ ရဲရင့်ကာ အမှားကို လုပ်ဆောင်လော့၊ ပြီးလျှင် ယင်းက သင့်အား အဘယ်အရာ ပေးသည်ကို ကြည့်လော့။ သင်သည် မိမိ၏ သမ္မာတရားကို လက်တွေ့လုပ်ဆောင်မှုမှာ အလွန် စိတ်ထက်သန်သည့် လူတစ်ဦးဖြစ်ပါက၊ သင်၏ ဒုစရိုက်အပြစ်များအတွက် ခွင့်လွှတ်ခံရဖို့ အခွင့်အရေးတစ်ခု ဧကန်မုချ သင် ရရှိမည်ဖြစ်ပြီး၊ သင်၏ နာမခံတတ်မှုသည် မကြာမကြာ နည်းသထက် နည်းပေလိမ့်မည်။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားခြင်းမရှိသောလူတစ်ဦးဖြစ်ပါက၊ ဘုရားသခင်၏ ရှေ့၌ သင်၏ ဒုစရိုက်အပြစ်များသည် ဧကန်မုချ အရေအတွက် တိုးပွားလိမ့်မည်ဖြစ်ပြီး၊ သင်၏ လုံးဝဉဿုံ ပျက်စီးခြင်း အချိန်ကာလဖြစ်မည့် အကန့်အသတ်သို့ သင် ရောက်ရှိသည်အထိ၊ သင်သည် မကြာခဏ သာ၍ သာ၍ မနာခံတတ်လေလေ ဖြစ်လိမ့်မည်။ ဤသည်မှာ သင်၏ ကောင်းချီးများ ရရှိခြင်းနှင့်ဆိုင်သည့် ကြည်နူးဖွယ်အိပ်မက် ပျက်စီးသွားမည့် အချိန်ဖြစ်သည်။ သင်၏ ဒုစရိုက်အပြစ်များကို မရင့်ကျက်သူတစ်ဦး သို့မဟုတ် မိုက်မဲသောသူတစ်ဦး၏ အမှားတစ်ခုမျှအဖြစ် မမှတ်ယူနှင့်။ သင်၏ ညံ့ဖျင်းသော အရည်အချင်းက ထိုသို့လုပ်ဆောင်ဖို့ မဖြစ်နိုင်စေ သောကြောင့်၊ သမ္မာတရားကို သင် လက်တွေ့မလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟူသော ဆင်ခြေကို အသုံးမပြုနှင့်။ ထို့အပြင်၊ သင် ကျူးလွန်ပြီးဖြစ်သည့် ဒုစရိုက်အပြစ်များကို မည်သည့်အရာကိုမျှ သာ၍ ကောင်းကောင်းမသိခဲ့သော တစ်စုံတစ်ဦး၏ လုပ်ရပ်များအဖြစ် အလွယ်တကူ မမှတ်ယူနှင့်။ သင်သည် မိမိကိုယ်ကိုယ် ခွင့်လွှတ်ရာတွင် တော်ပြီး၊ မိမိကိုယ်ကိုယ် ရက်ရောမှုဖြင့် ဆက်ဆံရာတွင် တော်ပါက၊ သင်သည် သမ္မာတရားကို မည်သည့်အခါမျှ ရရှိမည်မဟုတ်သည့် သူရဲဘောကြောင်သောသူတစ်ဦး ဖြစ်သကဲ့သို့၊ သင်၏ ဒုစရိုက် အပြစ်များသည် သင့်ကို ခြောက်လှန့်ခြင်းအား မည်သည့်အခါတွင်မျှ ရပ်တန့်လိမ့်မည် မဟုတ်ဟု သင့်ကို ငါ ပြော၏။ ၎င်းတို့သည် သင့်အား သမ္မာတရား၏ တောင်းဆိုမှုများကို ဖြည့်ဆည်းခြင်းမှ ထိန်းထားလိမ့်မည် ဖြစ်ပြီး၊ စာတန်၏ သစ္စာရှိသော အပေါင်းအဖော်အဖြစ် သင့်အား ထာဝရဆက်ရှိစေမည် ဖြစ်သည်။ သင့်အဖို့ ငါ၏အကြံပေးချက်မှာ ဤသို့ဖြစ်နေဆဲဖြစ်သည်- သင်၏ ကွယ်ဝှက်ထားသော အပြစ်ဒုစရိုက်များကို သတိမပြုမိဘဲလျက် ရှိစဉ်တွင်၊ သင်၏ ခရီးပန်းတိုင် တစ်ခုတည်းကိုသာ အာရုံမစိုက်နှင့်။ ဒုစရိုက်အပြစ်များကို အလေးအနက် သဘောထားလော့၊ ပြီးလျှင် သင်၏ခရီးပန်းတိုင်ကို စိတ်ပူပန်မှုကြောင့် ၎င်းတို့ထဲမှ မည်သည့်အရာကိုမျှ လျစ်လျူမရှုမိစေနှင့်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လွန်ကျူးခြင်းအပြစ်များက လူသားကိုငရဲသို့ ဦးဆောင်လမ်းပြလိမ့်မည်

(၆၅၉) ဘုရားသခင်၏ အနှစ်သာရတွင် ချစ်ခြင်းမေတ္တာ၏ အခြေခံသဘောတရားပါဝင်ပြီး သူသည် တစ်ဦးတစ်ယောက်စီတိုင်းအား သနားကရုဏာစိတ် ရှိသော်လည်း၊ သူ၏ အနှစ်သာရမှာ ဂုဏ်သိက္ခာရှိသောသူလည်း ဖြစ်သည် ဟူသည့်အချက်ကို လူတို့ လျစ်လျူရှုပြီး မေ့လျော့ကြပြီးဖြစ်သည်။ သူ့၌ ချစ်ခြင်းမေတ္တာရှိ၏ ဟူသည်မှာ သူ့အထဲ၌ ခံစားချက်များ သို့မဟုတ် တုံ့ပြန်ချက်တစ်ခုကို နှိုးဆွခြင်းမရှိဘဲ၊ လူတို့က သူ့ကို လွတ်လပ်စွာ ပြစ်မှားနိုင်သည်ဟု ဆိုလိုခြင်း မဟုတ်သည့်အပြင် သူ၌ သနားခြင်းကရုဏာ ရှိ၏ ဟူသည်မှာ လူတို့ကို သူဆက်ဆံသည့်ပုံစံ၌ အခြေခံစည်းမျဉ်းများ မရှိပါဟု ဆိုလိုခြင်း မဟုတ်ပေ။ ဘုရားသခင်သည် အသက်ရှင်နေသည်၊ သူသည် အမှန်တကယ် တည်ရှိသည်။ သူသည် စိတ်ကူးဖြင့်ပုံဖော်ထားသော ရုပ်သေးရုပ်တစ်ရုပ် မဟုတ်သကဲ့သို့၊ အခြားအရာဝတ္ထု တစ်ခုခုလည်း မဟုတ်ပေ။ သူသည် တည်ရှိသည့်အတွက်၊ ငါတို့သည် သူ့စိတ်နှလုံး၏ဖွင့်ဟချက်ကို အချိန်တိုင်း ဂရုတစိုက် နားထောင်သင့်ကာ၊ သူ၏ စိတ်နေသဘောထားကို သေချာစွာ အာရုံစိုက်ပြီး သူ၏ ခံစားချက်များကို နားလည်လာသင့်သည်။ ငါတို့သည် ဘုရားသခင်ကို အဓိပ္ပာယ်ဖွင့်ရန်အတွက် လူသား၏ စိတ်ကူးများကို အသုံးမပြုသင့်သကဲ့သို့၊ ဘုရားသခင်အား လူသား၏ စိတ်ကူးများအပေါ် အခြေခံ၍ လူ့နည်းဟန်ဖြင့် လူတို့ကို ဆက်ဆံစေကာ၊ သူ့အပေါ် လူ့ထင်မြင်ချက်များ သို့မဟုတ် ဆန္ဒပြုချက်များကို မသွတ်သွင်းသင့်ပေ။ အကယ်၍ သင် ဤသို့ပြုပါက၊ သင်သည် ဘုရားသခင်ကို ဒေါသထွက်စေခြင်း၊ သူ၏ အမျက်ဒေါသကို ဆွဲဆောင်ခြင်းနှင့် သူ၏ ဂုဏ်သိက္ခာကို စိန်ခေါ်ခြင်းပင် ဖြစ်နေပေသည်။ ထို့ကြောင့် ဤကိစ္စ၏ ကြီးလေးမှုကို သင်တို့ နားလည် လာပြီးသည်နှင့်တစ်ပြိုင်နက်၊ သင်တို့ အယောက်စီတိုင်းကို သင်တို့၏ လုပ်ဆောင်ချက်များ၌ သတိထားရန်နှင့် ချင့်ချိန်တတ်ရန် ငါတိုက်တွန်းသည်။ သင်တို့၏ စကားပြောခြင်း၌လည်း သတိထားပြီး ချင့်ချိန်မှု ရှိကြလော့၊ ဘုရားသခင်ကို သင်တို့ မည်ကဲ့သို့ ဆက်ဆံသည်နှင့်စပ်လျဉ်း၍ သင်တို့သည် ပို၍သတိထားပြီး ပို၍ချင့်ချိန်လေ ပို၍ကောင်းလေ ဖြစ်လေသည်။ သင်သည် ဘုရားသခင်၏ သဘောထားမှာ မည်သည့်အရာ ဖြစ်သည်ကို နားမလည်သောအခါ၊ မဆင်မခြင်စကားပြောခြင်းမှ ရှောင်ကြဉ်လော့၊ သင်၏ လုပ်ဆောင်ချက်များ၌ မဆင်မခြင် မပြုနှင့်၊ ထို့ပြင် ပေါ့ပေါ့တန်တန် အမည်ပေးသမုတ်ခြင်း မပြုနှင့်။ ပို၍ပင် အရေးကြီးသည်မှာ ထင်ရာမြင်ရာ မည်သည့် ကောက်ချက်ချခြင်းများကိုမျှ မပြုလေနှင့်။ ထို့အစား သင်သည် စောင့်ဆိုင်းပြီး ရှာဖွေသင့်သည်။ ဤလုပ်ဆောင်ချက်များမှာလည်း ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်ခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ အကယ်၍ အရာခပ်သိမ်းထက် ဤအရာကို သင်ရရှိနိုင်ပြီး အရာခပ်သိမ်းထက် ဤသဘောထားကို သင်ပိုင်ဆိုင်နိုင်ပါက၊ ဘုရားသခင်သည် သင်၏ မိုက်မဲခြင်း၊ မသိနားမလည်ခြင်းနှင့် အမှုအရာများနောက်ကွယ်မှ အကြောင်းအရင်းများအား နားလည်မှု ကင်းမဲ့ခြင်းတို့အတွက် သင့်ကို အပြစ်တင်မည်မဟုတ်ပေ။ ထို့ထက် ဘုရားသခင်အား ပြစ်မှားမိမည်ကို ကြောက်ရွံ့ခြင်းနှင့်ယှဉ်သော သင်၏ သဘောထား၊ သူ၏ ရည်ရွယ်ချက်များအပေါ် ရိုသေလေးစားခြင်းနှင့် သူ့အားနာခံရန် ဆန္ဒရှိခြင်းတို့ကြောင့် ဘုရားသခင်က သင့်ကို အောက်မေ့မည်၊ သင့်ကို လမ်းပြပြီး ဉာဏ်အလင်းပွင့်စေမည်၊ သို့မဟုတ် သင်၏ မရင့်ကျက်ခြင်းနှင့် မသိနားမလည်ခြင်းကို သည်းခံမည်ဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် အကယ်၍ သူ့အပေါ် သင်၏သဘောထားမှာ သူ့ကို မိမိသဘောကျ တရားစီရင်ခြင်း သို့မဟုတ် ဘုရားသခင်၏ အတွေးအခေါ်များကို ထင်ရာမြင်ရာ မှန်းဆခြင်းနှင့် အဓိပ္ပာယ်ဖွင့်ခြင်းဖြင့် မထီမဲ့မြင်ပြုမည်ဆိုပါက၊ ဘုရားသခင်သည် သင့်ကို စီရင်ချက်ချမည်၊ ဆုံးမပဲ့ပြင်မည်၊ ထို့ပြင် အပြစ်ဒဏ်ပင် ခတ်လိမ့်မည်။ သို့မဟုတ်ပါက သူသည် သင့်ကို သုံးသပ်ချက် ပေးကောင်းပေးမည် ဖြစ်သည်။ ဤသုံးသပ်ချက်တွင် သင်၏ အဆုံးသတ် ပါဝင်ကောင်းပါဝင်လိမ့်မည်။ ထို့ကြောင့် ငါသည် နောက်ထပ်တစ်ကြိမ် အသားပေး၍ ပြောလိုသည်- သင်တို့ အယောက်စီတိုင်းသည် ဘုရားသခင်ထံမှ လာသောအရာ မှန်သမျှအပေါ် သတိရှိပြီး ဆင်ခြင်မြော်တွေးသင့်သည်။ မဆင်မခြင် စကားမပြောနှင့်၊ ထို့ပြင် သင်၏ လုပ်ဆောင်ချက်များ၌ သတိလက်လွတ် မဖြစ်စေနှင့်။ တစ်စုံတစ်ခုကို သင်မပြောမီ ရပ်ဆိုင်းပြီး ဆင်ခြင်သင့်သည်- ကျွန်ုပ်၏ ဤလုပ်ဆောင်ချက်က ဘုရားသခင်ကို ဒေါသထွက်စေမည်လော။ ဤအရာကို လုပ်ရာတွင် ဘုရားသခင်ကို ကျွန်ုပ် ကြောက်ရွံ့ရိုသေ ပါ၏လော။ သာမန်ကိစ္စရပ်များ၌ပင်လျှင် ဤမေးခွန်းများကို ဆက်၍ သင် နားလည်သဘောပေါက်ရန် ကြိုးစားပြီး ၎င်းတို့ကို ဆင်ခြင်သုံးသပ်ရန် အချိန်ပိုယူသင့်သည်။ အကယ်၍ သင်သည် ဤနိယာမများနှင့်အညီ ကဏ္ဍတိုင်း၊ အမှုအရာတိုင်း၊ အချိန်တိုင်းတွင် အမှန်တကယ် လက်တွေ့လုပ်ဆောင်နိုင်ပြီး အထူးသဖြင့် သင် တစ်စုံတစ်ခုကို နားမလည်သောအခါ၊ ထိုကဲ့သို့သော သဘောထားကို ခံယူနိုင်ပါက ဘုရားသခင်သည် သင့်ကို အမြဲလမ်းပြပြီး လိုက်လျှောက်ရန် လမ်းကြောင်း တစ်ခုကို သင့်အား ပေးမည်ဖြစ်သည်။ လူတို့သည် မည်သည့် အပြင်ပန်း သဏ္ဌာန်မျိုးကို ဟန်ဆောင်ပြသစေကာမူ ဘုရားသခင်သည် ယင်းတို့ကို အတော်ပင် ရှင်းလင်းပြတ်သားစွာ မြင်သည်ဖြစ်၍ သူသည် သင်၏ ဤထုတ်ဖော်ပြချက်များအပေါ် မှန်ကန်တိကျပြီး သင့်လျော်သော သုံးသပ်ချက်တစ်ခုကို ပေးလိမ့်မည်။ သင်သည် နောက်ဆုံးစမ်းသပ်မှုကို တွေ့ကြုံခံစားပြီးနောက်တွင်၊ ဘုရားသခင်သည် သင်၏ အပြုအမူအားလုံးကို ယူကာ သင်၏ အဆုံးသတ်ကို သတ်မှတ်ရန်အတွက် ၎င်းကို ပြည့်စုံစွာ ပေါင်းရုံးသုံးသပ်မည် ဖြစ်သည်။ ဤရလဒ်က တစ်ဦးတစ်ယောက်စီတိုင်းကို သံသယအရိပ်အငွေ့ မရှိဘဲ၊ လက်ခံယုံကြည်စေမည်။ ဤတွင် သင်တို့ကို ငါပြောလိုသောအရာမှာ ဤသို့ဖြစ်သည်- သင်တို့၏ လုပ်ဆောင်ချက်တိုင်း၊ သင်တို့၏ အပြုအမူတိုင်းနှင့် သင်တို့၏ စိတ်ကူးတိုင်းက သင်တို့၏ကံကြမ္မာကို အဆုံးအဖြတ်ပေးပါသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ

(၆၆၀) လူတို့က ဘုရားသခင်ကို မည်သို့ရှာဖွေပြီး၊ မည်သို့ချဉ်းကပ်ကြောင်းနှင့် ပတ်သက်၍ လူတို့၏ သဘောထားများသည် အထူးသဖြင့် အရေးကြီးပါသည်။ ဘုရားသခင်သည် သင်၏ ဦးခေါင်းအနောက်ဘက်မှ ဘာမျှမရှိသော လေထုကဲ့သို့သမျှ သူ့အား လျစ်လျူမရှုနှင့်။ သင် ယုံကြည်သော ဘုရားသခင်သည် အသက်ရှင်သော ဘုရားသခင်၊ စစ်မှန်သောဘုရားသခင် ဖြစ်ကြောင်းကို အမြဲ ဆင်ခြင်လော့။ သူသည် ဘာမျှလုပ်စရာမရှိဘဲ တတိယကောင်းကင်ဘုံထက်၌ ငုတ်တုတ်ထိုင်နေခြင်း မဟုတ်ပါ။ ထို့ထက် သူသည် အယောက်တိုင်းစီ၏ စိတ်နှလုံးထဲကို အစဉ်မပြတ် ကြည့်ရှုစစ်ဆေးလျက်၊ သင် လုပ်ဆောင်မည့်အရာကို အကဲခတ်ခြင်း၊ သင်၏ သေးငယ်သော စကားလုံးတိုင်းနှင့် သေးငယ်သော လုပ်ဆောင်မှုတိုင်းကို စောင့်ကြည့်ခြင်း၊ သင် မည်ကဲ့သို့ပြုမူပုံကို စောင့်ကြည့်ခြင်းနှင့် ဘုရားသခင်အပေါ် သင်၏ သဘောထားမှာ အဘယ်သို့ရှိကြောင်းကို ကြည့်မြင်ခြင်းတို့ကို ပြုလုပ်နေသည်။ သင်သည် ဘုရားသခင်အတွက် သင့်ကိုယ်သင် ပေးလိုသည်ဖြစ်စေ မပေးလိုသည်ဖြစ်စေ၊ သင်၏အပြုအမူနှင့် သင်၏ အတွင်းကျကျ အတွေးများနှင့် စိတ်ကူးများအားလုံးသည် ဘုရားသခင်ရှေ့၌ ထီးတည်းပြသလျက် ရှိပြီး သူ၏စောင့်ကြည့်ခြင်းကို ခံနေကြရသည်။ သင်၏ အပြုအမူကြောင့်၊ သင်၏ လုပ်ဆောင်ချက်များကြောင့်အပြင် ဘုရားသခင်အပေါ် သင်၏သဘောထားကြောင့် သင့်အပေါ် သူ၏ခံယူချက်နှင့် သင့်အပေါ် သူ၏သဘောထားမှာ အဆက်မပြတ် ပြောင်းလဲနေခြင်း ဖြစ်သည်။ လူတချို့ကို ငါအကြံတချို့ ပေးလိုသည်- ဘုရားသခင်သည် သင့်ကို အလွန်ချစ်သင့်သကဲ့သို့၊ သင့်ကို သူဘယ်သောအခါမျှ မစွန့်ခွာနိုင်သကဲ့သို့၊ သင့်အပေါ် သူ၏ သဘောထားမှာ လုံးဝပုံသေဖြစ်ပြီး ဘယ်သောအခါမျှ မပြောင်းလဲနိုင်သကဲ့သို့ ဘုရားသခင်၏ လက်ထဲတွင် မွေးကင်းစကလေးများကဲ့သို့ သင်တို့ကိုယ်သင်တို့ မထားကြနှင့်၊ ထို့ပြင် စိတ်ကူးယဉ်နေသည်ကို ရပ်တန့်လိုက်ဖို့ သင့်ကို ငါအကြံပေးသည်။ ဘုရားသခင်သည် လူအယောက်စီတိုင်းအပေါ် သူ၏ဆက်ဆံမှု၌ ဖြောင့်မတ်ပေသည်၊ ပြီးလျှင် လူတို့အား သိမ်းပိုက်ခြင်းနှင့် ကယ်တင်ခြင်း အမှုတို့အတွက် သူ၏လုပ်ကိုင်ပုံ၌ အလွန်စိတ်အားထက်သန်သည်။ ဤသည်မှာ သူ၏စီမံခန့်ခွဲမှု ဖြစ်သည်။ သူသည် လူတစ်ဦးချင်းစီကို နောက်ပြောင်ကျီစယ်စရာ အိမ်မွေးတိရစ္ဆာန် တစ်ကောင်ကဲ့သို့ မဟုတ်ဘဲ၊ အလေးအနက်ထား၍ ဆက်ဆံသည်။ လူသားများအတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမှာ ပိုးမွေးသကဲ့သို့သော သို့မဟုတ် အလိုလိုက်ပြီး ပျက်စီးစေသော ချစ်ခြင်းမေတ္တာမျိုး မဟုတ်သကဲ့သို့ လူသားမျိုးနွယ်အပေါ် သူ၏ သနားခြင်းကရုဏာနှင့် သည်းခံခြင်းမှာ အလိုလိုက်ခြင်း သို့မဟုတ် အမှုမဲ့အမှတ်မဲ့ပြုခြင်း မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် လူသားများအပေါ် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမှာ အမြတ်တနိုးထားခြင်း၊ သနားကြင်နာခြင်းနှင့် ဘဝကို အလေးထားခြင်းတို့ ပါဝင်သည်၊ သူ၏ သနားခြင်းကရုဏာနှင့် သည်းခံခြင်းသည် လူအပေါ် သူ၏မျှော်မှန်းချက်များကို သိရှိစေပြီး၊ ယင်းတို့မှာ လူသားတို့ အသက်ဆက်ရန်အတွက် လိုအပ်သောအရာပင် ဖြစ်သည်။ ဘုရားသခင်သည် အသက်ရှင်ပြီး အမှန်တကယ် တည်ရှိသည်၊ လူသားမျိုးနွယ်အပေါ် သူ၏သဘောထားမှာ စည်းစနစ်ကျပြီး တရားသေ စည်းမျဉ်းများ တစ်ပွေ့တစ်ပိုက် လုံးဝမဟုတ်ဘဲ၊ ၎င်းမှာ ပြောင်းလဲနိုင်သည်။ လူသားတို့အပေါ် သူ၏ ရည်ရွယ်ချက်များသည် အချိန်နှင့်အမျှ၊ အခြေအနေ ဖြစ်ပေါ်လာသည့်အပေါ် မူတည်ပြီး လူအယောက်စီတိုင်း၏ သဘောထားအလိုက် တဖြည်းဖြည်း ပြောင်းလဲလျက် အသွင်ပြောင်းနေ၏။ ထို့ကြောင့် သင်သည် ဘုရားသခင်၏ အနှစ်သာရမှာ ပြောင်းလဲခြင်းမရှိကြောင်း နှင့် သူ၏ စိတ်သဘောထားသည် မတူညီသော အချိန်များနှင့် မတူညီသော အခြေအနေများတွင် ထွက်ပေါ်လာလိမ့်မည် ဖြစ်ကြောင်းကို သင်၏ စိတ်နှလုံးထဲတွင် လုံးလုံးလျားလျား ရှင်းလင်းပြတ်သားမှုဖြင့် သိထားသင့်သည်။ ဤအရာမှာ လေးနက်သော ကိစ္စတစ်ခုဖြစ်သည်ဟု သင် ထင်ကောင်းထင်မည် မဟုတ်သည့်အပြင်၊ ဘုရားသခင်က အမှုအရာတို့ကို မည်ကဲ့သို့ ပြုသင့်ကြောင်း စိတ်ကူးရန် သင်၏ကိုယ်ပိုင် တစ်ကိုယ်ရေ အယူအဆများကို သင်အသုံးပြုကောင်း ပြုမည်။ သို့သော်လည်း သင့်ရှုထောင့်နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်သည့်အရာသည် မှန်ကန်သည့် အချိန်များရှိပြီး ဘုရားသခင်ကို ကြိုးစား၍ တွက်ချက်ရန် သင်၏ကိုယ်ပိုင် တစ်ကိုယ်ရေ အယူအဆများကို အသုံးပြုခြင်းဖြင့် သင်သည် သူ့ကို ဒေါသထွက်စေပြီးပြီ ဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သူပြုမည်ဟု သင်ထင်သည့်နည်းအတိုင်း စီမံခန့်ခွဲခြင်း မဟုတ်သည့်အပြင်၊ ဤအကြောင်းအရာကို ဤသို့သူမှတ်ယူမည်ဟု သင်ပြောသည့်အတိုင်း မမှတ်ယူခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် သင်၏ ပတ်လည်၌ရှိသော အရာမှန်သမျှအပေါ် သင် ကိုင်တွယ်ဖြေရှင်းရာတွင် သတိထားရန်နှင့် မြော်မြင်ချင့်ချိန်ရန်သာမက အရာခပ်သိမ်းတွင် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ခြင်းတည်းဟူသော ဘုရားသခင်၏ လမ်းခရီး၌ လျှောက်လှမ်းသည့် နိယာမအား မည်ကဲ့သို့ လိုက်လျှောက်ရမည်ကို သင်ယူလေ့လာရန် သင့်အား ငါသတိပေးခြင်း ဖြစ်သည်။ သင်သည် ဘုရားသခင်၏အလိုတော်နှင့် ဘုရားသခင်၏ သဘောထားဆိုင်ရာ အကြောင်းအရာများနှင့် စပ်လျဉ်း၍ ခိုင်ခံ့သော နားလည်ခြင်းတစ်ခု တိုးပွားလာရမည်၊ ဤအကြောင်းအရာများကို ပြောဆိုဆွေးနွေးပေးရန် ဉာဏ်အလင်းဖွင့်ပြခံရသောလူများကို ရှာရမည်ဖြစ်ပြီး သင် အလွန်စိတ်ထက်သန်စွာ ရှာဖွေရမည်။ သင်ယုံကြည်သည့် ဘုရားသခင်ကို သဘောရှိ တရားစီရင်ခြင်း၊ သူ့အပေါ် စိတ်ထင်ရာ ကောက်ချက်ချခြင်းများနှင့်၊ ဘုရားသခင်နှင့်ထိုက်တန်သော ရိုသေလေးစားမှုဖြင့် ဘုရားသခင်အား မဆက်ဆံခြင်းအားဖြင့် ရုပ်သေးရုပ် တစ်ရုပ်အဖြစ် မရှုမြင်နှင့်။ ဘုရားသခင်သည် သင့်အား ကယ်တင်ခြင်း ယူဆောင်လာစဉ်နှင့် သင်၏ အဆုံးသတ်ကို သတ်မှတ်နေစဉ် သူသည် သင့်အား သနားခြင်းကရုဏာ၊ သို့မဟုတ် သည်းခံခြင်း၊ သို့မဟုတ် တရားစီရင်ခြင်း နှင့် ပြစ်တင်ဆုံးမခြင်းကို ပေးကောင်း ပေးနိုင်သော်လည်း၊ မည်သို့ပင်ဖြစ်စေ သင့်အပေါ် သူ၏ သဘောထားမှာ ပုံသေမဟုတ်ပေ။ ၎င်းမှာ ဘုရားသခင်အပေါ် သင်၏သဘောထားသာမက သူ့အပေါ် သင်၏ သိနားလည်ခြင်းအပေါ် မူတည်သည်။ ဘုရားသခင်အပေါ် တစ်ခဏမျှသာ ဖြစ်သော သင်၏သိခြင်း သို့မဟုတ် နားလည်မှု ရှုထောင့်တစ်ခုအား သူ့ကို ရာသက်ပန် အဓိပ္ပာယ်ဖွင့်ရန် အခွင့်မပေးနှင့်။ အသက်မရှိသော ဘုရားသခင်ကို မယုံကြနှင့်၊ အသက်ရှင်သော ဘုရားသခင်ကို ယုံကြည်ကြလော့။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ

(၆၆၁) သင်တို့ကို ဘုရားသခင်အားရနှစ်သက်ရန် သင်တို့တောင့်တကြသည်၊ သို့သော် သင်တို့သည် ဘုရားသခင်နှင့် ဝေးကွာလျက်ရှိ၏။ ထိုသို့ဆိုလျှင် ပြဿနာမှာ အဘယ်အရာဖြစ်သနည်း။ သင်တို့သည် သူ၏ နှုတ်ကပတ်တော်များကိုသာ လက်ခံကြပြီး သူ၏အစီအစဉ်တိုင်းကို လက်ခံနိုင်ရန်၊ သူ့ကို အပြည့်အဝယုံကြည်နိုင်ရန်ဝေးစွ၊ သူ၏ကိုင်တွယ် ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းကိုပင် လက်မခံကြပေ။ ထိုသို့ဆိုလျှင် ပြဿနာမှာ အဘယ်အရာဖြစ်သနည်း။ နောက်ဆုံးဆန်းစစ်ကြည့်လျှင် သင်တို့၏ ယုံကြည်ခြင်းသည် အကောင်လုံးဝမပေါက်နိုင်သော ဗလာဥခွံဖြစ်သည်။ အကြောင်းမှာ သင်တို့၏ ယုံကြည်ခြင်းသည် သင်တို့ထံသို့ သမ္မာတရား မယူဆောင်လာပေး၊ သို့မဟုတ် အသက်ကို မပေးဘဲ ထိုအစား ဆက်လက်အသက်ရှင်နိုင်သည်ဟူသည့် လွဲမှားသော ခံစားချက်နှင့် မျှော်လင့်ခြင်းကိုသာ ပေးခဲ့သည်။ ဘုရားသခင်ကို သင်တို့ယုံကြည်ခြင်း၏ ရည်ရွယ်ချက်မှာ ထိုသို့သော လွဲမှားသည့် ခံစားချက်နှင့် မျှော်လင့်ခြင်းဖြစ်သည်၊ သမ္မာတရားနှင့် အသက်တို့ မဟုတ်ပေ။ ထို့အတွက်ကြောင့် ဘုရားသခင်ကို သင်တို့ယုံကြည်ခြင်း၏ ဖြစ်စဉ်သည် ခယဝယလုပ်ခြင်းနှင့် အရှက်အကြောက်မဲ့ခြင်းမှတစ်ဆင့် ဘုရားသခင်ကို မျက်နှာလို မျက်နှာရလုပ်ရန် ကြိုးစားခြင်းသက်သက်ဖြစ်၍ စစ်မှန်သော ယုံကြည်ခြင်းအဖြစ် မည်သည့်နည်းနှင့်မျှ မသတ်မှတ်နိုင်ဟု ငါပြောခြင်းဖြစ်၏။ ဤသို့သော ယုံကြည်ခြင်းမျိုးမှ မည်သို့လျှင် အကောင်ပေါက်နိုင်မည်နည်း။ တစ်နည်းအားဖြင့် ဤသို့သော ယုံကြည်ခြင်းမျိုးသည် မည်သည့်အရာကို အထမြောက်စေနိုင်သနည်း။ ဘုရားသခင်ကို သင်တို့ယုံကြည်ကြခြင်း၏ ရည်ရွယ်ချက်မှာ သင်တို့၏ ကိုယ်ပိုင်ရည်မှန်းချက်များကို စွမ်းဆောင်ရရှိရန် သူ့ကို အသုံးချဖို့ဖြစ်၏။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားကို သင်တို့စော်ကားခြင်း အကြောင်း နောက်ထပ်အချက်အလက်တစ်ခုဖြစ်သည် မဟုတ်လော။ သင်တို့သည် ကောင်းကင်ဘုံရှိ ဘုရားသခင်၏ တည်ရှိမှုကို ယုံသော်လည်း မြေကြီးပေါ်ရှိ ဘုရားသခင်၏ တည်ရှိမှုကိုမူ ငြင်းပယ်ကြ၏၊ သို့ရာတွင် သင်တို့၏အမြင်များကို ငါအသိအမှတ်မပြု၊ လက်တွေ့ကျကာ မြေကြီးပေါ်၌ရှိသော ဘုရားသခင်ကို အစေခံသောသူများကိုသာ ငါချီးကျူးပြီး မြေကြီးပေါ်၌ရှိသော ခရစ်တော်ကို တစ်ကြိမ်တစ်ခါမျှ အသိအမှတ် မပြုသူများကိုမူ ငါလုံးဝမချီးကျူးပေ။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်ကို ထိုသို့သောသူများက မည်မျှပင် သစ္စာစောင့်သိသည်ဖြစ်စေ အဆုံး၌ သူတို့သည် ကောက်ကျစ်သောသူများကို အပြစ်ပေးသည့် ငါ့လက်မှ လွတ်မြောက်မည်မဟုတ်။ ထိုသူတို့သည် ကောက်ကျစ်သော သူများ ဖြစ်ကြ၏၊ ဘုရားသခင်ကို ဆန့်ကျင်ပြီး ခရစ်တော်ကို မည်သည့်အခါကမျှ ဝမ်းမြောက်ဝမ်းသာ မနာခံဖူးသော ဆိုးယုတ်သူများ ဖြစ်ကြသည်။ မှန်ပေ၏၊ ထိုသူတို့အထဲတွင် ခရစ်တော်ကို မသိသောသူများ၊ ထို့အပြင် ခရစ်တော်ကို အသိအမှတ်မပြုသောသူများအားလုံး ပါဝင်သည်။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်အပေါ် သစ္စာစောင့်သိနေသရွေ့ ခရစ်တော်ကို မိမိစိတ်ကြိုက် ဆက်ဆံနိုင်သည်ဟု သင်ယုံကြည်သလော။ မှားလေစွ။ ခရစ်တော်ကို သင်မသိခြင်းသည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်ကို မသိခြင်းပင် ဖြစ်သည်။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်ကို မည်မျှပင် သင်သစ္စာစောင့်သိသည်ဖြစ်စေ ယင်းမှာ အချည်းနှီးစကားနှင့် ဟန်ဆောင်မှုမျှသာဖြစ်သည်၊ အဘယ်ကြောင့် ဆိုသော် မြေကြီးပေါ်၌ရှိသော ဘုရားသခင်သည် သမ္မာတရားနှင့် သာ၍နက်နဲသော အသိဉာဏ်ကို လူတို့လက်ခံရရှိရာတွင် အခရာကျသည် သာမကဘဲ လူကို ဝေဖန်ရှုတ်ချခြင်းနှင့် ထိုအရာပြီးနောက် ကောက်ကျစ်သောသူများကို အပြစ်ဒဏ်ပေးရန် အချက်အလက်များ ရယူရာတွင်လည်း အခရာကျသောကြောင့်ဖြစ်သည်။ ကောင်းသည့် ရလဒ်များ နှင့် ဆိုးသည့်ရလဒ်များကို သင်နားလည်ပြီလော။ ထိုရလဒ်များကို သင်ခံစားဖူးပြီလော။ ဘုရားသခင်ကို သိဖို့အတွက် သင်တို့သည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်ကို သိရမည်သာမက သာ၍အရေးကြီးသည်မှာ မြေကြီးပေါ်၌ရှိသော ဘုရားသခင်ကို သိရမည်ဟူသည့် သမ္မာတရားကို သင်တို့တစ်နေ့နားလည်လာဖို့ ငါအလိုရှိသည်။ မည်သည့်အရာကို ဦးစားပေးသင့်ကြောင်းကို ဇဝေဇဝါမဖြစ်နှင့်၊ သို့မဟုတ် အဓိကမဟုတ်သည့် အရာကို အဓိကနှင့် အစားမထိုးနှင့်။ သို့မှသာ ဘုရားသခင်နှင့် ကောင်းမွန်သော ဆက်ဆံရေးကို အမှန်တကယ် သင်တည်ဆောက်နိုင်မည်၊ ဘုရားသခင်နှင့် အမှန်တကယ် ပိုရင်းနှီးနိုင်မည်၊ သင်၏နှလုံးသားကို ဘုရားသခင်နှင့် ပိုနီးအောင် အမှန်တကယ် လုပ်ဆောင်နိုင်မည် ဖြစ်သည်။ သင့်အနေဖြင့် ယုံကြည်လာသည်မှာ နှစ်ပေါင်းများစွာကြာနေပြီး ငါနှင့်ပေါင်းသင်းဆက်ဆံ လာခဲ့သည်မှာ ကာလကြာမြင့်နေပြီဖြစ်သော်လည်း ငါနှင့် ဝေးကွာ နေသေးလျှင် သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို မကြာခဏ စော်ကားသောကြောင့် ဖြစ်ရမည်ဖြစ်ပြီး သင်၏အဆုံးကိုလည်း ခန့်မှန်းဖို့ အလွန်ခက်ပေလိမ့်မည်ဟု ငါပြော၏။ ငါနှင့် နှစ်ပေါင်းများစွာကြာအောင် ပေါင်းသင်းဆက်ဆံခဲ့ခြင်းက သင့်ကို လူ့သဘာဝရှိသောသူ၊ သမ္မာတရားရှိသောသူအဖြစ် ပြောင်းလဲအောင် ဆောင်ရွက်နိုင်ခြင်း မရှိသည်သာမက သင်၏ဆိုးယုတ်သော စရိုက်များကို သင်၏သဘာဝထဲတွင် အရိုးစွဲသွားအောင်ပြုပါက၊ ထို့အပြင် သင်သည် ယခင်ကထက် နှစ်ဆနှစ်ပြန် မာနထောင်လွှားလာသည်သာမကဘဲ ငါ့အပေါ် သင်၏အထင်အမြင်လွဲခြင်းများသည်လည်း တိုးပွားလာလိုက် သည်မှာ ငါ့ကိုပင် သင်၏လက်ထောက်လေးတစ်ဦးအဖြစ် သဘောထား လာသည်အထိ ဖြစ်လာပါက သင်၏ရောဂါသည် အရေပြား၌သာမက အရိုးထိတိုင်အောင် စွဲနေပြီဟု ငါပြော၏။ သင်လုပ်ရန်မှာ သင့်အတွက် အသုဘအစီအစဉ် လုပ်ပေးသည်ကို စောင့်ရန်သာ ကျန်တော့၏။ သို့ပြုလျှင် သင်သည် ငါ့ကို သင်၏ဘုရားသခင်ဖြစ်ပေးပါရန် အသနားခံဖို့ မလိုတော့ပေ၊ အကြောင်းမှာ သင်သည် ခွင့်မလွှတ်နိုင်သောအပြစ်၊ သေဒဏ်ပေးထိုက်သောအပြစ်ကို ကျူးလွန်ထားသောကြောင့် ဖြစ်သည်။ ငါသည် သင့်ကို ကရုဏာထားနိုင်သော်မှ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်က သင်၏အသက်ကို နုတ်ယူဖို့ အပြင်းအထန် တောင်းဆိုမည်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ စိတ်သဘောထားကို သင်၏စော်ကားခြင်းသည် သာမန်ပြဿနာတစ်ခု မဟုတ်ဘဲ အလွန်ကြီးလေးသည့်သဘာဝရှိသော ပြဿနာတစ်ခု ဖြစ်သောကြောင့်ဖြစ်သည်။ အချိန်တန်လျှင် သင့်ကို ကြိုတင်၍ သတိမပေးဟု ငါ့ကို အပြစ်မတင်နှင့်။ အစပြန်ကောက်ရမည်ဆိုလျှင်- သင်သည် မြေကြီးပေါ်၌ရှိသော ဘုရားသခင်ဖြစ်သူ ခရစ်တော်ကို သာမန်လူတစ်ဦးအဖြစ်သာ သတ်မှတ်ဆက်ဆံလျှင်၊ တစ်နည်းအားဖြင့် ဤဘုရားသခင်သည် သာမန်လူတစ်ယောက်ထက်မပိုဟု ယုံကြည်လျှင် သင်ပျက်စီးရပေလိမ့်မည်။ ဤသည်မှာ သင်တို့အားလုံးအတွက် ငါ၏တစ်ခုတည်းသော သတိပေးချက်ပင်တည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မြေကြီးပေါ်ရှိ ဘုရားသခင်ကို သိရှိနိုင်ပုံ

(၆၆၂) လူတိုင်းသည် ဘုရားသခင်၌ ယုံကြည်မှုဖြင့် အသက်ရှင်နေထိုင်သည့် ၎င်းတို့၏ အသက်တာ တစ်လျှောက်တွင်၊ ဘုရားသခင်အပေါ် ခုခံပြီး လှည့်စားသည့် အရာများ ပြုပြီးဖြစ်ကြသည်။ အချို့သော မကောင်းမှုများအား ပြစ်မှုအဖြစ် မှတ်သားရန် မလိုသော်လည်း၊ အချို့အရာများသည် ခွင့်လွှတ်နိုင်စရာမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ဖောက်ဖျက်သော ဘုရားသခင်၏ စိတ်သဘောထားကို စော်ကားရာရောက်သော လုပ်ရပ်များစွာ ရှိသောကြောင့်ဖြစ်သည်။ မိမိ၏ကံကြမ္မာအတွက် စိုးရိမ်သူ အများအပြားက ဤလုပ်ရပ်များမှာ အဘယ်နည်းဟု မေးမြန်းနိုင် ကြသည်။ သင်တို့သည် သဘာဝအားဖြင့် မာနကြီးပြီး မောက်မာကာ အမှန်တရားများကို နာခံရန် လိုလိုလားလား မရှိသည်ကို သိသင့်သည်။ ဤအကြောင်းရင်းကြောင့် သင့်ကိုယ်သင် ပြန်လည်သုံးသပ် ပြီးသည့်နောက် နည်းနည်းချင်း ငါပြောပြမည်။ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များထဲမှ ပါဝင်သည့် အကြောင်းအရာကို သင်တို့ ပိုမို နားလည်လာကြစေရန်နှင့် ဘုရားသခင်၏ စိတ်သဘောထားကို သင်တို့ သိရှိအောင် အားထုတ်ရန် ငါ တိုက်တွန်းသည်။ သို့မဟုတ်လျှင် သင်တို့အနေဖြင့်နှုတ်များကို ပိတ်ထားရန်နှင့် လျှာအရိုးမရှိတိုင်း ဟိတ်ဟန်ထွားသောစကားများ လွန်စွာပြောခြင်းကိုတားမြစ်ရန် ခက်ခဲပြီး၊ သန့်ရှင်းသောဝိညာဉ်တော်နှင့် အလင်း၏ မျက်မှောက်ကို ဆုံးရှုံးရလျက်၊ ဘုရားသခင်၏ စိတ်သဘောထားကို အမှုမဲ့အမှတ်မဲ့ ပြစ်မှားမိကာ အမှောင်ထဲသို့ ကျဆင်းရလိမ့်မည်။ သင်တို့သည် သင်တို့၏ အပြုအမူများ၌ ကိုယ်ကျင့်တရား မကောင်းသောကြောင့်၊ မပြောသင့် မလုပ်သင့်သည့် အရာများကို သင်ပြောမိလုပ်မိသောကြောင့်၊ ထိုက်သင့်သော ဒဏ်ခတ်မှုကို သင်ခံရလိမ့်မည်။ သင်သိသင့်သည့် အချက်မှာ သင်သည် အပြောနှင့်အလုပ်၌ သိက္ခာမဲ့သော်ငြားလည်း၊ ဘုရားသခင်က ထိုကိစ္စရပ်နှစ်ခုစလုံး၌ လွန်စွာသိက္ခာရှိသူဖြစ်သည်။ သင့်ကို ဒဏ်ခတ်ရခြင်း အကြောင်းရင်းမှာလည်း သင်သည် လူသားတစ်ဦးကို စော်ကားမိခဲ့ခြင်း မဟုတ်၊ ဘုရားသခင်ကို စော်ကားမိခဲ့ခြင်းကြောင့် ဖြစ်သည်။ အကယ်၍ သင့်ဘဝ၌ သင်သည် ဘုရားသခင်၏ စိတ်သဘောထားအား ပြစ်မှားစော်ကားခြင်းကို များစွာ ကျူးလွန်မိလျှင်၊ ငရဲသားဖြစ်ရန် သေချာသည်။ လူသားအတွက် သမ္မာတရားနှင့် မကိုက်ညီသည့် လုပ်ဆောင်ချက် အနည်းငယ်ကိုသာ ကျူးလွန်မိပြီး သည်ထက်မပိုပုံ ရနိုင်သည်။ သို့ရာတွင် ဘုရားသခင်၏ အမြင်၌ သင်သည် သင့်အတွက် အပြစ်ဖြေရာယဇ် မရှိတော့သောသူတစ်ဦး ဖြစ်နှင့်ပြီးသည်ကို သတိပြုမိသလော။ သင်သည် ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို တစ်ကြိမ်ထက်ပို ဖောက်ဖျက်ပြီးသည့်အပြင် နောင်တရသည့် အရိပ်လက္ခဏာ မပြခဲ့ခြင်းကြောင့် ဘုရားသခင်က လူသားအား အပြစ်ပေးသည့်ငရဲသို့ သင် ကျဆင်းသွားရမည်မှာ မလွဲဧကန် ဖြစ်သည်။ ဘုရားသခင်၏ နောက်သို့လိုက်စဉ် လူနည်းစုတစ်စုက ကိုယ်ကျင့်တရား ဖောက်ဖျက်သည့် လုပ်ရပ်အချို့ကို ကျူးလွန်မိကြသည်၊ သို့ရာတွင် ကိုင်တွယ်ဖြေရှင်းပြီး၊ လမ်းပြခြင်း ခံရပြီးသည့်နောက်တွင်၎င်းတို့သည် ၎င်းတို့၏ စာရိတ္တပျက်စီးမှုကို တဖြည်းဖြည်း သိမြင်လာကြပြီးနောက် စစ်မှန်မှု လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည် ရောက်ရှိလာကာ ယနေ့အထိ ကောင်းကောင်း အသိတရားရှိစွာ ဆက်လက် နေထိုင်သွားကြသည်။ ထိုကဲ့သို့သော လူသားများသည် အဆုံး၌ ကျန်ရှိနေမည့် သူများ ဖြစ်ကြသည်။ သို့သော် ငါရှာဖွေနေသည်မှာ ရိုးသားသူများဖြစ်သည်၊ အကယ်၍ သင်သည် ရိုးသားသူ တစ်ယောက်ဖြစ်ပြီး အခြေခံသဘောတရားအတိုင်း ပြုမူသူဖြစ်လျှင် သင်သည် ဘုရားသခင်၏ လူယုံတော် တစ်ယောက် ဖြစ်နိုင်သည်။ သင်၏ပြုမူချက်များတွင် သင်သည် ဘုရားသခင်၏ စိတ်နေသဘောထားကို မပြစ်မှားမိဘဲ၊ ဘုရားသခင်၏ အလိုတော်ကို ရှာဖွေကာ ဘုရားသခင်ကို ကြည်ညိုသည့်နှလုံးသား ရှိသူဖြစ်လျှင် သင်၏သက်ဝင်ယုံကြည်မှုသည် စံချိန်မီသည်။ ဘုရားသခင်ကို မကြည်ညိုဘဲ၊ ကြောက်ရွံ့တုန်လှုပ်သည့် စိတ်နှလုံးမရှိသူ မည်သူမဆိုသည် ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို အလွယ်တကူ ချိုးဖောက်ဖြစ်လိမ့်မည်။ လူအများအပြားက ၎င်းတို့၏စိတ်အားထက်သန်မှု အင်အားကြောင့် ဘုရားသခင်ထံတွင် အစေခံကြသော်လည်း၊ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို နားမလည်ကြဘဲ၊ သူ၏ နှုတ်ကပတ်တော်များ၏ သွယ်ဝိုက်ပြောဆိုမှုကို အရိပ်အမြွက်မျှ သိနားလည်ဖို့ သာ၍ နည်းပါးနေသေးသည်။ ထို့ကြောင့် ၎င်းတို့၏ ရည်ရွယ်ချက်ကောင်းများဖြင့် အဆုံး၌ ဘုရားသခင်၏ စီမံခန့်ခွဲမှုကို မကြာခဏ နှောင့်ယှက်တတ်သည့် အရာများလုပ်ဆောင်ကြပေသည်။ ပြင်းထန်ဆိုးရွားသော ကိစ္စများ၌ ထိုသူတို့ကိုဖယ်ရှားပြီး ဘုရားသခင်၏နောက်သို့ထပ်မံ လိုက်ပါ ခွင့်မပြုတော့ဘဲ၊ အဆုံး၌ ဘုရားသခင်၏ အိမ်တော်နှင့် ဆက်နွှယ်မှု အားလုံးတို့ကို ဖြတ်တောက်ကာ ငရဲသို့ပစ်ချခံရသည်။ ဤလူများသည် ဘုရားသခင်၏ အိမ်တော်၌ ၎င်းတို့၏ မသိနားမလည်သော ရည်ရွယ်ချက်ကောင်းများ၏ ခွန်အားဖြင့် လုပ်ကိုင်ကြပြီး ဘုရားသခင်၏ စိတ်သဘောထားကို ဒေါသဖြစ်စေခြင်းဖြင့် အဆုံးသတ်ကြ၏။ လူတို့သည် ဘုရားသခင်၏ အိမ်တော်သို့ ၎င်းတို့၏အကြီးအကဲများနှင့် သခင်များကို အလုပ်အကျွေး ပြုပုံများ ယူဆောင်လာပြီး၊ ဤနေရာ၌ ၎င်းတို့ကို သက်သောင့်သက်သာ အလွယ်ကလေးနှင့် အသုံးချနိုင်မည်ဟု အချည်းနှီးတွေးထင်ကြကာ ထည့်သွင်း လုပ်ဆောင်ရန် ကြိုးပမ်းကြသည်။ ဘုရားသခင်ထံတွင် သိုး၏ စိတ်သဘောထားမရှိဘဲ၊ ခြင်္သေ့၏ စိတ်သဘောထားသာ ရှိသည်ကို ထိုသူတို့ မည်သည့်အခါမျှ မတွေးမိခဲ့ကြပေ။ ထို့ကြောင့် ဘုရားသခင်နှင့် ပထမဦးဆုံး ပတ်သက်သူများသည် ဘုရားသခင်နှင့် ဆက်သွယ်ပြောဆို၍ မရနိုင်ပေ၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ နှလုံးသားသည် လူသား၏နှလုံးသားနှင့် မတူသောကြောင့်ဖြစ်သည်။ သမ္မာတရား များစွာကို သင်နားလည်ပြီးသည့် နောက်မှသာ ဘုရားသခင် အကြောင်းကို သင် အဆက်မပြတ် သိနိုင်လာလိမ့်မည်။ ဤအသိသည် စကား အသုံးအနှုန်းများ၊ အယူဝါဒများတို့ဖြင့် ဖွဲ့စည်းထားခြင်း မဟုတ်ဘဲ၊ ဘုရားသခင်က သင့်ကို ကျေနပ်ပီတိဖြစ်သည့် သက်သေ အဖြစ်လည်းကောင်း၊ ဘုရားသခင် ထံပါးသို့ ယုံကြည်မှုရှိရှိ ဝင်ရောက်နိုင်ခြင်းအတွက် ရတနာတစ်ပါး အနေဖြင့်လည်းကောင်း အသုံးပြုနိုင်သည်။ သင့်ထံတွင် လက်တွေ့ကျသော အသိမရှိ၊ သမ္မာတရားနှင့် ပြည့်စုံခြင်းလည်း မရှိပါက၊ သင်၏ ပြင်းပြသော အစေခံမှုသည် သင့်ထံသို့ ဘုရားသခင်၏ စက်ဆုပ်မှုနှင့် ရွံရှာမှုတို့သာ ယူဆောင်လာ ပေးနိုင်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သတိပေးချက် သုံးချက်

(၆၆၃) ငါပြောထားသော ဝါကျတိုင်းသည် အတွင်း၌ ဘုရားသခင်၏ စိတ်နေသဘောထား ပါဝင်၏။ သင်တို့သည် ငါ၏နှုတ်ကပတ်တော်များကို ဂရုတစိုက် ဆင်ခြင်တွေးဆသင့်သည်၊ ထိုသို့ပြုလျှင် ထိုအရာများထံမှ ဧကန်မုချပင် ကြီးစွာအကျိုးခံစားရလိမ့်မည်။ ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်သဘောပေါက်ရန်မှာ အလွန်ခက်လှသည်၊ သို့သော်လည်း ဘုရားသခင်၏ စိတ်နေသဘောထားနှင့်ပတ်သက်၍ သင်တို့အားလုံး၌ အနည်းဆုံးအနေဖြင့် နားလည်မှုတစ်ခုခု ရှိကြပြီဟု ငါယုံသည်။ ထိုသို့ဖြစ်လျှင် သင်တို့၌ ငါ့ကို ပြသရန် ဘုရားသခင်၏ စိတ်နေသဘောထားကို ပုန်ကန်ပြစ်မှားခြင်း မရှိသည့် သင်တို့လုပ်ဆောင်ထားသော အရာများ ပိုရှိနေလိမ့်မည်ဟု ငါမျှော်လင့်သည်။ ထိုသို့ဆိုလျှင် ငါသည် စိတ်ချလက်ချရှိပေလိမ့်မည်။ ဥပမာအားဖြင့် သင်၏နှလုံးသားထဲ၌ ဘုရားသခင်ကို အချိန်တိုင်း သိမ်းထားလော့။ သင်ပြုမူသည့်အခါ သူ၏နှုတ်ကပတ်တော်များအတိုင်း ပြုမူလော့။ အရာရာ၌ သူ၏ရည်ရွယ်ချက်များကို ဖွေရှာပြီး ဘုရားသခင်ကို အရိုအသေတန်စေကာ အရှက်ရစေသော အရာများအား လုပ်ဆောင်ခြင်းကို ရှောင်ကြဉ်လော့။ သင့်နှလုံးသားထဲရှိ အနာဂတ် လစ်ဟာနေခြင်းကို ဖြည့်ရန် ဘုရားသခင်ကို သင်၏အတွေးထဲ၌ နောက်သို့ပို့ထားခြင်းမျိုး သာ၍ပင် မပြုသင့်ပေ။ သင့်အနေဖြင့် ဤသို့ပြုမည်ဆိုလျှင် ဘုရားသခင်၏ စိတ်နေသဘောထားကို ပုန်ကန်ပြစ်မှားခဲ့ပြီး ဖြစ်ပေလိမ့်မည်။ ထို့အတူ အကယ်၍ သင်သည် သင့်ဘဝတစ်လျှောက်တွင် ဘုရားသခင်အပေါ် စော်ကားသော မှတ်ချက်များ၊ သို့မဟုတ် မကျေမနပ်ပြောဆိုချက်များ လုံးဝမပြုပါက၊ ထို့အတူ အကယ်၍ သင်သည် သင့်ဘဝတစ်လျှောက်တွင် သင့်အပေါ် သူတာဝန်ပေးစေခိုင်းထားသည့်အရာအားလုံးကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်ပြီး သူ၏နှုတ်ကပတ်တော်အားလုံးကို ကျိုးနွံနာခံနိုင်သည် ဆိုပါက သင်သည် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ဖောက်ဖျက်ခြင်းအား ရှောင်ရှားပြီး ဖြစ်လိမ့်မည်။ ဥပမာအားဖြင့် “ကိုယ်တော်သည် ဘုရားသခင်ဖြစ်၏ဟု ကျွန်ုပ်အဘယ်ကြောင့် မထင်ရသနည်း”၊ “ဤနှုတ်ကပတ်တော်များသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်ပွင့်လင်းစေမှုတစ်ခုခုထက် ဘာမျှမပိုဟု ကျွန်ုပ်ထင်သည်”၊ “ကျွန်ုပ်၏အမြင်ကိုပြောရလျှင် ဘုရားသခင်ပြုသမျှမှာ မှန်လှသည်လည်း မဟုတ်ပါ”၊ “ဘုရားသခင်၏ လူ့သဘာဝသည် ကျွန်ုပ်ထက် သာလွန်နေသည်ကား မဟုတ်ပါ”၊ “ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ယုံကြည်လက်ခံချင်စရာကို မကောင်းပါ”၊ သို့တည်းမဟုတ် ထိုသို့သော ဝေဖန်သည့် အခြားမှတ်ချက်များကို သင့်အနေဖြင့် ပြောခဲ့ဖူးပါလျှင် သင်၏အပြစ်များကို တိုး၍ဝန်ခံပြီး တိုး၍နောင်တရရန် ငါအလေးအနက်တိုက်တွန်း၏။ ထိုသို့မဟုတ်လျှင် သင်၌ ခွင့်လွှတ်ခြင်းခံရရန် အခွင့်အရေး မည်သည့်အခါမျှ ရှိမည်မဟုတ်ပေ၊ အကြောင်းမှာ သင်သည် လူသားတစ်ယောက်ကို မဟုတ်ဘဲ ဘုရားသခင်ကိုယ်တော်တိုင်ကို ပုန်ကန်ပြစ်မှားသောကြောင့် ဖြစ်သည်။ သင့်အနေဖြင့် လူသားတစ်ယောက်ကို ဝေဖန်နေသည်ဟု ထင်ကောင်း ထင်နေလိမ့်မည်၊ သို့သော်လည်း ဘုရားသခင်၏ ဝိညာဉ်တော်ကမူ ထိုသို့မမှတ်ယူပေ။ သူ၏ဇာတိခန္ဓာကို သင်၏မလေးမစားပြုမူခြင်းသည် သူ့ကို မလေးမစားပြုခြင်းနှင့် တန်းတူညီသည်။ ထိုသို့ဖြစ်လျှင် သင်သည် ဘုရားသခင်၏ စိတ်နေသဘောထားကို ပုန်ကန်ပြစ်မှားမိပြီ မဟုတ်လော။ ဘုရားသခင်၏ ဝိညာဉ်တော်ပြုခဲ့သမျှသော အရာအားလုံးသည် လူ့ဇာတိထဲရှိ သူ၏အမှုကို ကာကွယ်ရန်အလို့ငှာ ပြုခဲ့ခြင်းဖြစ်ပြီး ဤအမှုကို ကောင်းမွန်စွာ လုပ်ဆောင်ရန်အလို့ငှာ ပြုခဲ့ခြင်းဖြစ်သည်။ အကယ်၍ သင်သည် ဤအရာကို လျစ်လျူရှုပါလျှင် သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်းအရာ၌ လုံးဝအောင်မြင်မည်မဟုတ်သောသူ တစ်ယောက် ဖြစ်သည်ဟု ငါဆို၏။ သင်သည် ဘုရားသခင်၏ အမျက်ဒေါသကို သွားဆွခဲ့သောကြောင့် သင့်ကို သင်ခန်းစာပေးရန်အတွက် ထိုက်တန်သော အပြစ်ဒဏ်ပေးခြင်းကို သူအသုံးပြုပေလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန်မှာ အလွန်အရေးကြီးပေ၏

(၆၆၄) ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို နားလည်ပြီးသည့်နောက်တွင်၊ ဘုရားသခင်ကို မည်ကဲ့သို့ ဆက်ဆံသင့်သည် ဆိုသည့်နှင့်ပတ်သက်၍ ကောက်ချက်များ တစ်ခုတစ်လေကို သင်တို့ ချပြီးပြီလော။ နောက်ဆုံးတွင် ဤမေးခွန်းကို ပြန်ဖြေကြားရာတွင်၊ သင်တို့ကို အကြံဉာဏ်သုံးခု ငါပေးလိုသည်- ပထမဦးစွာ၊ ဘုရားသခင်ကို မစစ်ကြောနှင့်။ ဘုရားသခင်အကြောင်းကို သင်မည်မျှ နားလည်သည်ဖြစ်စေ၊ သူ၏စိတ်သဘောထားကို သင်မည်မျှ သိသည်ဖြစ်စေ၊ သူ့ကို လုံးဝ မစစ်ကြောဆေးနှင့်။ ဒုတိယအနေဖြင့် အဆင့်အတန်း အတွက် ဘုရားသခင်နှင့် မဖက်ပြိုင်နှင့်။ ဘုရားသခင်က သင့်ကို မည်သည့် အဆင့်အတန်းမျိုး ပေးသည်ဖြစ်စေ၊ သို့မဟုတ် သင့်ကို မည်သည့်အလုပ်မျိုး ပေးသည်ဖြစ်စေ၊ မည်သည့်တာဝန်မျိုးကို ဆောင်ရွက်ရန် သူသည် သင့်ကို ပျိုးထောင်သည်ဖြစ်စေ၊ ပြီးလျှင် ဘုရားသခင်အတွက် သင့်ကိုယ်သင် မည်မျှ အသုံးချပြီး စွန့်လွှတ်ခဲ့သည်ဖြစ်စေ၊ အဆင့်အတန်းအတွက် သူနှင့် လုံးဝ မဖက်ပြိုင်နှင့်။ တတိယအနေဖြင့် ဘုရားသခင်နှင့် မယှဉ်ပြိုင်ပါနှင့်။ သင်နားလည်သည်ဖြစ်စေ၊ သို့မဟုတ် သင်နှင့်ပတ်သက်၍ ဘုရားသခင် လုပ်ဆောင်သောအရာ၊ သင့်အတွက် သူစီစဉ်သောအရာနှင့် သင့်ထံ သူဆောင်ကြဉ်း လာသောအရာတို့ကို သင် ကျိုးနွံနာခံနိုင်သည်ဖြစ်စေ၊ ဘုရားသခင်နှင့် လုံးဝမယှဉ်ပြိုင်ပါနှင့်။ ဤအကြံဉာဏ်သုံးခုကို သင် လိုက်နာနိုင်ပါက၊ သင်သည် အတော်အတန် ဘေးကင်းလိမ့်မည် ဖြစ်ပြီး ဘုရားသခင်ကို ဒေါသ ထွက်စေလေ့ရှိမည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)

(၆၆၅) သင်အသက်ရှင်နေစဉ် သင့်အနေဖြင့် ဝေဒနာများစွာ ခံစားခဲ့ပြီးဖြစ်နိုင်သည်၊ သို့သော် ဘာကိုမျှ သင်နားမလည်သေး၊ အသက်အကြောင်း အရာခပ်သိမ်းကို သင်မသိဘဲ ဖြစ်နေသည်။ သင်သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို ခံရပြီးဖြစ်သော်လည်း သင်သည် လုံး၀ မပြောင်းလဲသေး သကဲ့သို့ သင်၏အတွင်းနက်နဲရာတွင် သင်သည် အသက်ကိုမရရှိသေးပေ။ သင်၏အလုပ်ကို စမ်းသပ်ဖို့ အချိန်ကျရောက်လာသောအခါ မီးတမျှ ပြင်းထန်သော စမ်းသပ်ခြင်းနှင့် သာ၍ပင်ကြီးမားသော ဆင်းရဲဒုက္ခကို သင်ခံစားရမည်။ ဤမီးက သင်၏ဖြစ်တည်ခြင်း တစ်ခုလုံးကို ပြာမှုန်များအဖြစ်သို့ ပြောင်းသွားစေလိမ့်မည်။ အသက်မပိုင်သော သူတစ်ဦး၊ အတွင်း၌ ရွှေစင်တစ်အောင်စမျှ မရှိသော သူတစ်ဦး၊ ဟောင်းနွမ်းပျက်စီးသော စိတ်သဘောထားနှင့် ကပ်ငြိဆဲသူတစ်ဦးနှင့် အဖြည့်ခံအဖြစ်၌ ကောင်းမြတ်သော အလုပ်တစ်ခုကိုပင် မလုပ်နိုင်သောသူတစ်ဦး ဖြစ်သည်နှင့်အညီ သင်သည် အဘယ်သို့ ဖယ်ရှားခြင်း မခံရနိုင်မည်နည်း။ တစ်ပြားမတန်သကဲ့သို့ အသက်မပိုင်သောသူ တစ်ဦးသည် သိမ်းပိုက်ခြင်းအမှုအတွက် အသုံးဝင်မှု တစ်စုံတစ်ရာ ရှိနိုင်ပါသလော။ ထိုအချိန်ရောက်လာသောအခါ သင်တို့၏ နေ့ရက်ကာလများသည် နောဧနှင့် သောဒုံတို့၏ နေ့ရက်ကာလများထက် ပိုခက်ခဲလိမ့်မည်ဖြစ်သည်။ သင်၏ ဆုတောင်းချက်များသည် ထိုအခါတွင် သင့်ကို ကောင်းကျိုးပြုလိမ့်မည်မဟုတ်။ ကယ်တင်ခြင်းအလုပ် အဆုံးသတ်ပြီးနှင့်ပြီး ဖြစ်သည့်အခါတွင်၊ သင်သည် နောက်မှပြန်လာ၍ အသစ်တဖန် နောင်တရနိုင်မည်နည်း။ ကယ်တင်ခြင်းအလုပ်အားလုံး ပြီးမြောက်သည်နှင့် တစ်ပြိုင်နက် နောက်ထပ် ကယ်တင်ခြင်းအလုပ် ရှိတော့မည် မဟုတ်။ ရှိမည့်အရာမှာ ဆိုးယုတ်သောသူကို အပြစ်ပေးခြင်းအလုပ် စတင်ခြင်းဖြစ်သည်။ သင်သည် ခုခံသည်၊ ပုန်ကန်သည်၊ ပြီးလျှင် သင်သည် ဆိုးညစ်မှန်းသိသောအရာများကို လုပ်သည်။ သင်သည် ပြင်းထန်သော ပြစ်ဒဏ်စီရင်ခြင်း၏ ပစ်မှတ် မဟုတ်လော။ ယနေ့ ဤအရာကို သင့်အတွက် ငါရှင်းအောင်ပြောနေသည်။ နားမထောင်ဖို့ သင်ရွေးချယ်လျှင်၊ နောက်ပိုင်းတွင် သင့်အပေါ်သို့ ဘေးဒုက္ခ ကျရောက်သည့်အခါ၊ ထိုအခါမှ သင်စတင်နောင်တရပြီး စတင်ယုံကြည်လျှင် နောက်ကျလွန်းလိမ့်မည် မဟုတ်လော။ ငါသည် သင့်ကို ယနေ့ နောင်တရဖို့အခွင့်အရေး ပေးနေသော်လည်း သင်သည် နောင်တရရန် ဆန္ဒမရှိ။ သင်သည် အဘယ်မျှကြာ စောင့်ဆိုင်းချင်သနည်း။ ပြစ်တင်ဆုံးမခြင်း နေ့ရက်တိုင်အောင်လော။ ယနေ့ ငါသည် သင်၏ အတိတ်က ကျူးလွန်ခြင်းများကို မအောက်မေ့ပေ။ ငါသည် သင်၏ အပြုသဘော ဘက်သို့သာ ကြည့်ဖို့ရန် အပျက်သဘောမှ အဝေးသို့လှည့်ရင်း သင့်ကို အဖန်ဖန် ငါ ခွင့်လွှတ်၏၊ အဘယ့်ကြောင့်ဆိုသော် ငါ၏ လက်ရှိ နှုတ်ကပတ်တော်အားလုံးနှင့် အလုပ်အားလုံးတို့သည် သင့်ကို ကယ်တင်ဖို့ရန်ဖြစ်ပြီး သင့်အပေါ်မကောင်းသော ရည်ရွယ်ချက် ငါ၌မရှိပေ။ သို့သော် သင်သည် ၀င်ရောက်ရန် ငြင်းဆန်၏၊ မကောင်းသောအရာမှ ကောင်းသောအရာကို သင်မခွဲခြားနိုင်သကဲ့သို့ ကြင်နာမှုကို မည်သို့တန်ဖိုးထားရမည်ကို သင်မသိပေ။ ယင်းသို့သောသူတို့သည် ပြစ်ဒဏ်ပေးခြင်းနှင့် ဖြောင့်မတ်သော ဒဏ်ခတ်ခြင်းကိုသာ စောင့်ဆိုင်းနေသည် မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၁)

(၆၆၆) သင်တို့ကြား ငါ၏ အလုပ်လုပ်ခြင်းသည် ဣသရေလ၌ ယေဟောဝါ၏ အလုပ်လုပ်ခြင်းနှင့် လုံးဝတူညီခြင်းမရှိသကဲ့သို့ အထူးသဖြင့် ယုဒပြည်၌ ယေရှု လုပ်ဆောင်ခဲ့သည့် အလုပ်နှင့် မတူပေ။ ကြီးမားသော သည်းခံစိတ်ဖြင့် ငါသည် စကားပြောဆိုကာ အလုပ်လုပ်ပြီး ဤအကျင့်တရားပျက်သူတို့ကို ငါသိမ်းပိုက်သည်မှာ အမျက်ဒေါသနှင့် တရားစီရင်ခြင်းတို့ဖြင့် ဖြစ်သည်။ ယင်းသည် ဣသရေလ၌ မိမိလူတို့ကို ယေဟောဝါ လမ်းပြခြင်းနှင့် မည်သို့မျှ မတူပေ။ ဣသရေလ၌ သူ၏အမှုမှာ အစားအစာနှင့် အသက်ရေကို ပေးသနားရန်ဖြစ်ပြီး ၎င်းတို့အတွက် ထောက်ပံ့ပေးနေစဉ်တွင် သူသည် သူ၏လူတို့အတွက် သနားစုံမက်ခြင်းနှင့် ချစ်ခြင်း အပြည့်အဝ ရှိခဲ့သည်။ ယနေ့အမှုကို ရွေးချယ်ခြင်းမခံရသည့်၊ ကျိန်ခြင်းခံရသော တိုင်းနိုင်ငံတစ်ခု၌ လုပ်ဆောင်၏။ ပြည့်လျှံသော ကုန်ပစ္စည်းများ ထောက်ပံ့မှုရှိဖို့ မပြောနှင့်၊ အစာပေါများခြင်းမရှိသကဲ့သို့ ရေငတ်ပြေစေသော အသက်ရေ၏ အာဟာရလည်း မရှိပေ။ ပြည့်လျှံသော တရားစီရင်ခြင်း၊ ကျိန်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အထောက်အပံ့သာ ရှိသည်။ နောက်ချေးပုံထဲတွင် ရှင်သန်သော ဤလောက်ကောင်များသည် ဣသရေလလူမျိုးပေါ် ငါနှင်းအပ်ခဲ့သကဲ့သို့ တောင်ပုံရာပုံအပြည့်ဖြစ်သော သိုးနွား တိရစ္ဆာန်များ၊ ကြီးစွာသော ချမ်းသာကြွယ်၀မှုနှင့် မြေတစ်ပြင်လုံးက အလှဆုံး ကလေးသူငယ်များကို ရရှိခြင်းနှင့် လုံးဝမထိုက်တန်ကြပေ။ ပညတ်တော်အရ ယေဟောဝါ တောင်းဆိုသော ဆယ်ဖို့တစ်ဖို့ထက် ကျော်လွန်ပြီး မျက်မှောက်ခေတ် ဣသရေလသည် ယင်း၏လူတို့ကို ငါအာဟာရဖြစ်စေသည့် သိုးနွား တိရစ္ဆာန်များနှင့် ရွှေထည်၊ ငွေထည် ပစ္စည်းများကို ယဇ်ပလ္လင်ပေါ်တွင် ပူဇော်ကြ၏၊ ထို့ကြောင့် ၎င်းတို့အား ငါ ပို၍ပင် ပေးခဲ့လေသည်- ပညတ်တရားအရ ဣသရေလတို့ ရရှိဖို့အရာ၏ အဆတစ်ရာကျော်ကို ပေးခဲ့လေသည်။ ဣသရေလကို ငါကျွေးမွေးခဲ့သောအရာသည် အာဗြဟံ ရရှိခဲ့သည့်အရာ အားလုံးထက် ကျော်လွန်ပြီး၊ ဣဇာတ် ရရှိခဲ့သည့်အရာ အားလုံးထက် ကျော်လွန်သည်။ ငါသည် ဣသရေလ၏ မိသားစုကို ဖြစ်ထွန်းစေကာ ပွားများစေမည်ဖြစ်ပြီး၊ ငါ၏ ဣသရေလလူမျိုးကို ကမ္ဘာမြေတစ်လျှောက် ပျံ့နှံစေမည်။ ငါကောင်းချီးပေးပြီး စောင့်ရှောက်သော သူတို့မှာ အရွေးချယ်ခံ ဣသရေလလူမျိုး ဖြစ်လျက်ပင် ရှိသေး၏- ဆိုလိုသည်မှာ ငါ့ကို အရာအားလုံး ဆက်ကပ်ပြီး ငါ့ထံမှ အရာအားလုံး ရရှိပြီးဖြစ်သည့် လူများ ဖြစ်သည်။ ထိုသို့ဖြစ်ရသည်မှာ ငါ၏ပြန်ကြွလာခြင်းကို စောင့်စားမျှော်လင့်ရာတွင် ၎င်းတို့၏ မွေးကင်းစ သားဦးတို့ကို ပူဇော်ကြသည်အထိ ငါ၏သန့်ရှင်းသော ယဇ်ပလ္လင်ထက်တွင် ၎င်းတို့၏ မွေးကင်းစ နွားသားပေါက်များနှင့် သိုးသူငယ်များကို ၎င်းတို့ယဇ်ပူဇော်ကြပြီး ငါ၏ရှေ့မှောက်တွင် ၎င်းတို့ ရှိသမျှတိုင်းကို ဆက်ကပ်ပူဇော်ကာ ငါ့ကို အမှတ်ထားကြသောကြောင့် ဖြစ်သည်။ သင်တို့ရော အဘယ်သို့နည်း။ သင်တို့သည် ငါ၏ အမျက်ဒေါသကို နှိုးဆွကြ၏၊ ငါ့ကို တောင်းဆိုချက်များ ပြုလုပ်ကြပြီး၊ ငါ့အား ဆက်ကပ်ပူဇော်သော သူတို့၏ ယဇ်များကို ခိုးယူကြပြီး ငါ့ကို သင်တို့ စော်ကားနေကြသည်ကို သင်တို့ မသိကြ၊ ထို့ကြောင့် သင်တို့ရရှိသမျှမှာ အမှောင်တွင် ငိုကျွေးခြင်းနှင့် ပြစ်ဒဏ်ပေးခြင်းတို့ ဖြစ်သည်။ သင်တို့သည် ငါ၏ အမျက်ကို အကြိမ်ပေါင်းများစွာ ဆွခဲ့ကြပြီး လူအတော်အတန် အနည်းငယ်သည် ဝမ်းနည်းဖွယ် အဆုံးသတ်ခြင်းနှင့် တွေ့ကြုံကြရပြီးဖြစ်ကာ ပျော်ရွှင်ဖွယ်ရာအိမ်များသည် ပျက်စီးခြောက်ကပ်သော သင်္ချိုင်းများ ဖြစ်သွားသည်အထိ ငါ၏ လောင်သောမီးများကို ငါ ရွာချခဲ့လေပြီ။ ဤလောက်ကောင်များအတွက် ငါ၌ရှိသမျှမှာ မပြေနိုင်သော အမျက်ဒေါသဖြစ်ပြီး ၎င်းတို့ကို ကောင်းချီးပေးရန် ငါ၌ ရည်ရွယ်ချက်မရှိ။ ငါ၏အမှုအတွက်သာ ငါသည် ခြွင်းချက်တစ်ခု ပြုလုပ်ခဲ့ပြီး သင်တို့ကို အားပေးခဲ့သကဲ့သို့၊ ကြီးမားသော အရှက်ရခြင်းကို သည်းခံကာ သင်တို့၏အလယ်၌ အမှုပြုခဲ့ခြင်း ဖြစ်သည်။ ငါ့ခမည်းတော်၏ အလိုတော်အတွက်သာ မဟုတ်ခဲ့ပါက၊ နောက်ချေးပုံထဲ လူးလွန့်နေကြသော လောက်ကောင်များနှင့်အတူ တစ်အိမ်တည်းတွင် ငါ မည်သို့ နေနိုင်မည်နည်း။ သင်တို့၏ လုပ်ရပ်များနှင့် စကားများအားလုံးအတွက် အလွန့်အလွန် စက်ဆုပ်ရွံရှာမှုကို ငါခံစားရပြီး၊ မည်သို့ဆိုစေ သင်တို့၏ အညစ်အကြေးနှင့် ပုန်ကန်မှုတို့ကို ငါ “စိတ်ဝင်စားမှု” အချို့ရှိသောကြောင့်၊ ဤသည်မှာ ငါ၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သော ကြီးမားသည့် စုဆောင်းမှုတစ်ခု ဖြစ်လာလေပြီ။ သို့မဟုတ်ပါက၊ သင့်တို့အကြားတွင် အလွန်အချိန်ကြာမြင့်စွာ ငါလုံးဝ ရှိခဲ့လိမ့်မည်မဟုတ်။ ထို့ကြောင့် ဤအရာကို ငါ၏အလုပ်အတွက်သာ လုပ်ဆောင်ခြင်း ဖြစ်သောကြောင့် သင်တို့အပေါ် ငါ၏သဘောထားမှာ ကိုယ်ချင်းစာတရားနှင့် သနားခြင်းတို့သာဖြစ်သည်ကို သင်တို့ သိသင့်ကြသည်။ သင်တို့အတွက် ချစ်ခြင်းမေတ္တာ တစ်စက်မျှပင် ငါ၌မရှိ။ ငါသည် ဤအရာကို ငါ၏ အမှုအတွက်သာ လုပ်ဆောင်သောကြောင့်၊ သင်တို့အတွက် ငါ ရှိသည့်အရာမှာ သည်းခံခြင်းသာ ဖြစ်၏။ ထို့အပြင် ငါသည် ညစ်ညမ်းမှုနှင့် ပုန်ကန်ခြင်းတို့ကို “ကုန်ကြမ်းများ” အဖြစ် ရွေးချယ်ခဲ့ခြင်း ကြောင့်သာ ငါ၏ လုပ်ဆောင်ချက်တို့ကို သင်တို့ မြင်ခဲ့ကြရခြင်း ဖြစ်သည်။ သို့မဟုတ်ပါက ဤလောက်ကောင်များအား ငါ၏ လုပ်ဆောင်ချက်များကို ငါ လုံးဝထုတ်ဖော်ပြမည် မဟုတ်။ ငါသည် ဣသရေလ၌ ငါ့အလုပ်ကို အဆင်သင့်ရှိခြင်းနှင့် လိုလားခြင်းတို့ဖြင့် လုပ်ဆောင်ခဲ့သကဲ့သို့ လုံးဝမဟုတ်ဘဲ၊ မလိုလားခြင်းဖြင့်သာ သင်တို့ထဲ၌ ငါ အလုပ်လုပ်သည်။ သင်တို့ကြားတွင် ငါ့ကိုယ်ငါ စကား အတင်းအကျပ် ပြောစေစဉ်တွင် ငါ၌ အမျက်ဒေါသ ရှိနေ၏။ ငါ၏ သာ၍ကြီးမားသော အမှုအတွက် မဟုတ်ပါက၊ ထိုသို့သော လောက်ကောင်များကို ဆက်၍ မြင်နေခြင်းအား ငါအဘယ်သို့ သည်းခံနိုင်မည်နည်း။ ငါ၏ နာမဖို့အလို့ငှာမဟုတ်ပါက၊ ငါသည် အမြင့်ဆုံးသော အထွတ်သို့ တက်သွားပြီး ဤလောက်ကောင်များကို ၎င်းတို့၏နောက်ချေးပုံ နှင့်အတူ ငါလုံးလုံးလျားလျား မီးရှို့ဖျက်ဆီးခဲ့ပြီးဖြစ်လိမ့်မည်။ ငါ၏ ဘုန်းအသရေအဖို့အလို့ငှာ မဟုတ်ခဲ့ပါက၊ ဤဆိုးညစ်သော နတ်ဆိုးများအား ငါ၏ မျက်လုံးများရှေ့တွင် ၎င်းတို့၏ ဦးခေါင်းများ လှုပ်ယမ်းကာ ငါ့ကို ပွင့်ပွင့်လင်းလင်း ခုခံတွန်းလှန်ရန် ငါ အဘယ်ကြောင့် ခွင့်ပြုနိုင်မည်နည်း။ အနည်းငယ်မျှ အတားအဆီးမရှိဘဲ ငါ၏ အမှုကို ချောချောမွေ့မွေ့ ဆောင်ရွက်နိုင်ဖို့သာ မဟုတ်ခဲ့ပါက၊ ဤလောက်ကောင်နှင့်တူသော လူတို့အား အကြောင်းမဲ့သက်သက် ငါ့ကို စော်ကားရန် ငါ အဘယ်သို့ ခွင့်ပြုနိုင်မည်နည်း။ ဣသရေလရှိ ရွာတစ်ရွာမှ လူပေါင်းတစ်ရာက ငါ့ကို ဤသို့ အတိုက်အခံလုပ်ရန် ထကြွခဲ့ကြပါက၊ ငါ့အား ယဇ်ပူဇော်မှုများ ၎င်းတို့လုပ်ဆောင်ခဲ့ကြလျှင်ပင်၊ အခြားမြို့များမှ လူများကို မည်သည့်အခါမျှ နောက်တစ်ဖန် ပုန်ကန်မှုမပြုရန် တားဆီးဖို့ရန်အလို့ငှာ ၎င်းတို့ကို ငါ ချေဖျက်ကာ မြေထဲက အက်ကြောင်းများ ထဲသို့ ပစ်ချလိမ့်ဦးမည် ဖြစ်သည်။ ငါသည် အလုံးစုံ ကျွမ်းလောင်သောမီးဖြစ်ကာ ပုန်ကန်ပြစ်မှားမှုကို သည်းမခံပေ။ လူသားအားလုံးကို ငါ ဖန်ဆင်း ထားသောကြောင့်၊ ငါမည်သည့်အရာကို ပြောဆိုလုပ်ဆောင်သည်ဖြစ်စေ၊ ၎င်းတို့ နာခံကြရမည် ဖြစ်ကာ မပုန်ကန်ရပေ။ လူတို့သည် ငါ၏ အမှု၌ ၎င်းတို့ ဝင်စွက်ဖက်ပိုင်ခွင့်မရှိပေ၊ ထို့အပြင် ငါ၏အမှုနှင့် ငါ၏ စကားများ၌ မည်သည့်အရာ မှန်သည်၊ မှားသည်ကို စိစစ်ရန် သာ၍ပင် အရည်အချင်းမမီပေ။ ငါသည် ဖန်ဆင်းခြင်း၏ အရှင်သခင်ဖြစ်ပြီး အဖန်ဆင်းခံ သတ္တဝါများအနေဖြင့် ငါ့အား ကြောက်ရွံ့သော စိတ်နှလုံးဖြင့် ငါသတ်မှတ်ထားသော အရာတိုင်းကို ရရှိသင့်ကြ၏။ ၎င်းတို့သည် ငါနှင့်အတူ အကျိုးသင့် အကြောင်းသင့်ပြောဖို့ မကြိုးစားသင့်သကဲ့သို့ အထူးသဖြင့် ငါ့ကို မခုခံသင့်ပေ။ ငါသည် ငါ၏ဩဇာအာဏာဖြင့် ငါ၏လူတို့ကို အုပ်စိုးပြီး ငါ၏ဖန်ဆင်းခြင်းနှင့် သက်ဆိုင်သော သူအားလုံးသည် ငါ၏ သြဇာအာဏာကို ကျိုးနွံနာခံသင့်ကြ၏။ ယနေ့ ငါ၏ရှေ့တွင် သင်တို့သည် ရဲရင့်ကြပြီး မိမိကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲကြသော်လည်း၊ သင်တို့ကို ငါသင်ပေးသော နှုတ်ကပတ်တော်များကို သင်တို့ မနာခံကြသကဲ့သို့ ကြောက်ရွံ့မှုမရှိကြသော်လည်း၊ ငါသည် သင်တို့၏ ပုန်ကန်မှုကို သည်းခံခြင်းဖြင့်သာ ရင်ဆိုင်၏။ အလွန်သေးငယ်၍ အရေးမပါသော လောက်တို့သည် နောက်ချေးပုံထဲ၌ အညစ်အကြေးကို မွှေနှောက်ကြသောကြောင့် ငါသည် အမျက်ဒေါသထွက်မည် မဟုတ်သကဲ့သို့ ငါ၏အလုပ်အပေါ် သက်ရောက်စေမည် မဟုတ်ပေ။ ခမည်းတော်၏ အလိုတော်အဖို့အလို့ငှာ ငါမနှစ်မြို့သော အရာတိုင်းနှင့် ငါစက်ဆုပ်သောအရာအားလုံး၏ ဆက်လက် တည်ရှိခြင်းကို ငါသည်းခံပြီး၊ ငါ၏ မိန့်မြွက်ချက်များ ပြည့်စုံသည်အထိ၊ ငါ၏ နောက်ဆုံး အခိုက်အတန့်အထိ ငါထိုသို့ လုပ်ဆောင်မည်ဖြစ်သည်။ မစိုးရိမ်နှင့်။ ငါသည် အမည်မဲ့ လောက်တစ်ကောင်ကဲ့သို့ အလားတူအဆင့်ထိ နစ်မြုပ် မသွားနိုင်သကဲ့သို့ ငါ၏ ကျွမ်းကျင်မှုအဆင့်ကို သင်နှင့် နှိုင်းယှဉ်မည်မဟုတ်။ ငါသည် သင့်ကို စက်ဆုပ်သော်လည်း သည်းခံနိုင်၏။ သင်သည် ငါ့ကို မနာခံသော်လည်း ငါ၏ ခမည်းတော်က ငါ့အား ကတိထားတော်မူသည့်အတိုင်း သင့်ကို ငါ ပြစ်တင်ဆုံးမမည့် နေ့ရက်ကို သင် မလွတ်မြောက်နိုင်ပေ။ အဖန်ဆင်းခံ လောက်တစ်ကောင်သည် ဖန်ဆင်းခြင်း၏ အရှင်နှင့် နှိုင်းယှဉ်နိုင်သလော။ ဆောင်းဦးရာသီတွင် ရွက်ကြွေများသည် ၎င်းတို့ အမြစ်များဆီ ပြန်သွားကြ၏။ သင်သည် သင့် “အဖ” ၏ အိမ်သို့ ပြန်သွားမည်ဖြစ်ပြီး၊ ငါသည် ငါ့ခမည်းတော် ထံပါးသို့ ပြန်သွားလိမ့်မည်။ ငါ့ခမည်းတော်၏ နူးညံ့သော ချစ်ခြင်းမေတ္တာသည် ငါနှင့်အတူ ပါရှိလိမ့်မည်ဖြစ်ပြီး သင်မူကား သင့်အဖ၏ နင်းခြေခြင်းက သင့်နောက်မှ လိုက်လာလိမ့်မည် ဖြစ်သည်။ ငါသည် ငါ့ခမည်းတော်၏ ဘုန်းအသရေကို ရရှိလိမ့်မည်ဖြစ်ကာ၊ သင်သည် သင့်အဖ၏ အရှက်ကို ရရှိလိမ့်မည်။ ငါသည် သင့်ကို အဖော်ပြုရန် ရှည်ကြာစွာ ထိန်းထားခဲ့သော ပြစ်တင်ဆုံးမမှုကို အသုံးပြုမည်ဖြစ်ပြီး သင်သည် ငါ၏ ပြစ်တင်ဆုံးမမှုကို နှစ်သောင်းချီ ပျက်ဆီးပြီးဖြစ်သော ဆီချေးဆော်နံသည့် သင်၏ ဇာတိ အသွေးအသားဖြင့် ကြုံတွေ့လိမ့်မည်။ ငါသည် သည်းခံစိတ်နှင့်အတူ၊ သင့်အထဲက ငါ၏နှုတ်ကပတ်တော်များနှင့်ဆိုင်သော အမှုကို ငါအဆုံးသတ်မည် ဖြစ်ပြီး သင်သည် ငါ၏နှုတ်ကပတ်တော်များမှ ဘေးအန္တရာယ် ခံစားခြင်း အခန်းကဏ္ဍကို စတင် ဖြည့်ဆည်းရလိမ့်မည်။ ငါသည် ကြီးစွာ ဝမ်းမြောက်ကာ ဣသရေလ၌ အလုပ်လုပ်မည်။ သင်သည် နွံထဲ၌ တည်ရှိကာ သေအံ့ဆဲဆဲ ဖြစ်လျက်၊ ငိုကြွေးကာ အံသွားခဲကြိတ်လိမ့်မည်။ ငါသည် ငါ၏နဂိုမူလ ပုံသဏ္ဌာန်ကို ပြန်လည် ရရှိလိမ့်မည်ဖြစ်ပြီး သင်နှင့်အတူ အညစ်အကြေးထဲ၌ ဆက်ရှိနေတော့မည် မဟုတ်ချိန်တွင်၊ သင်သည် သင်၏ မူလ အကျည်းတန်မှုကို ပြန်လည်ရရှိကာ နောက်ချေးပုံတစ်ဝိုက် ဆက်၍ လိုဏ်ခေါင်းတူးလိမ့်မည် ဖြစ်သည်။ ငါ၏ အလုပ်နှင့် နှုတ်ကပတ်တော်များ ပြီးဆုံးသွားသည့်အခါ၊ ယင်းသည် ငါ့အဖို့ ဝမ်းမြောက်ခြင်း နေ့တစ်နေ့ ဖြစ်လိမ့်မည်။ သင်၏ ခုခံခြင်းနှင့် ပုန်ကန်ခြင်း ပြီးဆုံးသွားသောအခါ၊ သင့်အဖို့ ငိုကြွေးရာနေ့တစ်နေ့ ဖြစ်လိမ့်မည်။ ငါသည် သင့်ကို စာနာလိမ့်မည် မဟုတ်သကဲ့သို့ သင်သည် ငါ့ကို နောက်တစ်ဖန် လုံးဝ မြင်ရလိမ့်မည် မဟုတ်။ ငါသည် သင်နှင့်အတူ အပြန်အလှန် စကားပြောဆိုတော့မည် မဟုတ်သကဲ့သို့၊ သင်သည် ငါနှင့် နောက်ထပ် ဆုံရလိမ့်မည်မဟုတ်။ ငါသည် သင်၏ ပုန်ကန်မှုကို မုန်းတီးလိမ့်မည်ဖြစ်ကာ၊ သင်သည် ငါ၏ ချစ်ဖွယ်ဖြစ်ခြင်းကို အောက်မေ့လိမ့်မည်။ ငါသည် သင့်ကို ဒဏ်ခတ်မည်ဖြစ်ပြီး သင်သည် ငါ့ကို တမ်းတလိမ့်မည်။ ငါသည် သင့်ထံမှ ဝမ်းမြောက်ဝမ်းသာစွာ ထွက်သွားလိမ့်မည် ဖြစ်ပြီး သင်သည် ငါ့ထံတင်ရှိနေသည့် သင်၏ ကြွေးမြီကို သတိပြုမိလိမ့်မည်။ ငါသည် သင့်ကို တစ်ဖန် လုံးဝ တွေ့လိမ့်မည် မဟုတ်သော်လည်း၊ သင်သည် ငါ့ကို အမြဲ မျှော်လင့်လိမ့်မည်။ လောလောဆယ်တွင် သင်သည် ငါ့ကို ခုခံသောကြောင့် သင့်ကို ငါ မုန်းမည်ဖြစ်ပြီး၊ လောလောဆယ် သင့်ကို ငါ ပြစ်တင်ဆုံးမသောကြောင့် သင်သည် ငါ့ကို အောက်မေ့လိမ့်မည်။ ငါသည် သင်နှင့်အတူ တွဲဖက်၍ အသက်ရှင်ဖို့ လိုလားလျက်ရှိလိမ့်မည် မဟုတ်သော်လည်း၊ သင်သည် ထိုအရာအတွက် ခါးသီးစွာ တမ်းတကာ ထာဝရ ငိုကြွေးရလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် ငါ့အား သင်ပြုသမျှ အရာအားလုံးအတွက် သင်နောင်တရလိမ့်မည် ဖြစ်သည့်အတွက် ဖြစ်သည်။ သင်၏ ပုန်ကန်မှုနှင့် ခုခံခြင်းအတွက် သင်နောင်တရလိမ့်မည် ဖြစ်ပြီး နောင်တဖြင့် မြေပြင်ပေါ် မျက်နှာပင်အပ်ကာ ငါ၏ရှေ့တွင် လဲကျလျက် ငါ့ကို နောက်ထပ် လုံးဝ မနာခံဘဲ မနေတော့ဖို့ရန် သင်ကျိန်ဆိုလိမ့်မည်။ သို့သော် သင်၏ စိတ်နှလုံးထဲ၌ သင်သည် ငါ့ကို ချစ်ရုံသာ ချစ်မည်ဖြစ်သော်လည်း၊ ငါ့စကားသံကို ဘယ်သောအခါမျှ ကြားနိုင်လိမ့်မည် မဟုတ်။ ငါသည် သင့်ကိုယ်သင် အရှက်ရစေမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ရွက်ကြွေများ ၎င်းတို့အမြစ်များဆီ ပြန်သွားကြချိန် ပြုပြီးသမျှ မကောင်းမှုအားလုံးကို သင်နောင်တရလတ္တံ့

(၆၆၇) ငါ့ကို နားပူနားဆာလုပ်ခဲ့သည့် သင်၏ အလိုလိုက်သောဇာတိကို ယခု ငါကြည့်နေပြီး၊ ငါသည် သင့်ကို ပြစ်တင်ဆုံးမမှုဖြင့် “အစေခံ” မည် မဟုတ်သော်လည်း၊ သင့်အတွက် သေးငယ်သော သတိပေးချက်တစ်ခုသာ ငါ၌ ရှိ၏။ ငါ၏ အလုပ်၌ သင် မည်သည့် အခန်းကဏ္ဍ၌ ပါဝင်သည်ကို သိသင့်ပြီး၊ ထို့နောက်တွင် ငါ စိတ်ကျေနပ်လိမ့်မည်ဖြစ်သည်။ ဤအရာထက် ကျော်လွန်သော ကိစ္စရပ်များတွင်၊ သင်သည် ငါ့ကို ခုခံပါက၊ သို့မဟုတ် ငါ၏ ငွေကို သုံးပါက၊ သို့မဟုတ် ငါ ယေဟောဝါအတွက် ဖြစ်သော ယဇ်ကောင်များကို စားသုံးပါက၊ သို့မဟုတ် အသင် လောက်ကောင်တို့သည် အချင်းချင်း ကိုက်ကြပါက၊ သို့မဟုတ် အသင် ခွေးနှင့်တူသော သတ္တဝါများသည် ပဋိပက္ခများ ရှိပါက သို့မဟုတ် အချင်းချင်း စော်ကားခြင်းများ ရှိပါက- ထိုသို့သောအရာ တစ်ခုတစ်လေကို ငါ စိတ်ဝင်စားခြင်းမရှိ။ သင်တို့ မည်သည့်အရာ အမျိုးအစားများ ဖြစ်ကြသည်ကိုသာ သင်တို့သိဖို့လိုပြီး ငါသည် စိတ်ကျေနပ်လိမ့်မည်။ ဤအရာများအားလုံးမှအပ၊ သင်တို့အချင်းချင်း တစ်ဦးပေါ်တစ်ဦး လက်နက်များ ဆွဲထုတ်လိုကြပါက သို့မဟုတ် စကားလုံးများဖြင့် အချင်းချင်း တိုက်ခိုက်လိုကြပါက၊ ကိစ္စမရှိပေ။ ထိုသို့သော အရာများ၌ စွက်ဖက်ဖို့ရန် ငါဆန္ဒမရှိသကဲ့သို့၊ လူသားကိစ္စရပ်များတွင် ငါသည် အနည်းငယ်မျှ ပါဝင်ပတ်သက်မှု မရှိပေ။ ယင်းမှာ သင်တို့ကြားက ပဋိပက္ခများကို ငါအရေးမစိုက်ခြင်း မဟုတ်။ ငါသည် သင်တို့ထဲက တစ်ဦးမဟုတ်သောကြောင့် သင်တို့အကြားရှိသည့် အရေးကိစ္စများတွင် ငါမပါဝင်ခြင်း ဖြစ်သည်။ ငါကိုယ်တိုင်သည် အဖန်ဆင်းခံသတ္တဝါ တစ်ဦးမဟုတ်သကဲ့သို့၊ လောကနှင့် မဆိုင်ချေ၊ ထို့ကြောင့် ငါသည် လူတို့၏ ယောက်ယက်ခတ်နေသော ဘဝနှင့် ၎င်းတို့ကြားက ရှုပ်ထွေးသော၊ မလျော်ကန်သော ဆက်ဆံရေးများကို ငါ စက်ဆုပ်၏။ ငါသည် ကျွက်ကျွက်ညံသော လူအစုအဝေးများကို အထူးသဖြင့် စက်ဆုပ်၏။ သို့သော် အဖန်ဆင်းခံ သတ္တဝါအသီးသီး၏ စိတ်နှလုံးများထဲက မစင်ကြယ်မှုများနှင့်ဆိုင်သော နက်နဲသည့် အသိပညာတစ်ခု ငါ၌ရှိပြီး၊ သင်တို့ကို မဖန်ဆင်းမီတွင်၊ လူသား စိတ်နှလုံးထဲတွင် နက်နက်ရှိုင်းရှိုင်း တည်ရှိခဲ့သည့် မတရားမှုကို ငါသိနှင့်ပြီးဖြစ်ကာ၊ လူသားစိတ်နှလုံးထဲက လှည့်စားခြင်းနှင့် ကောက်ကျစ်ခြင်းများအားလုံးကို ငါသိခဲ့သည်။ ထို့ကြောင့် လူတို့က မတရားသောအမှုတို့ကို လုပ်ဆောင်သည့်အခါ သဲလွန်စများ လုံးဝမရှိသော်လည်း သင်တို့၏ စိတ်နှလုံးများထဲတွင် သိုထားသော မတရားမှုသည် ငါဖန်ဆင်းခဲ့သော အရာခပ်သိမ်း၏ ပေါများကြွယ်ဝမှုထက် သာလွန်ကြောင်းကို ငါသိနေဆဲဖြစ်၏။ သင်တို့ အယောက်တိုင်းသည် လူအမြောက်အများ၏ အမြင့်ဆုံးသော အထွတ်သို့ တက်ကြပြီးဖြစ်သည်။ လူအမြောက်အများ၏ ဘိုးဘေးများဖြစ်ဖို့ရန် သင်တို့ တက်ခဲ့ကြပြီးဖြစ်သည်။ သင်တို့သည် အလွန့်အလွန် ထင်တိုင်းကြဲကြကာ ငြိမ်းအေးသော နေရာတစ်ခုကို ရှာဖွေရင်းနှင့် သင်တို့ထက် ပိုသေးငယ်သော လောက်ကောင်များကို ဝါးမျိုရန် ကြိုးပမ်းလျက်၊ လောက်ကောင်များ အားလုံးကြားတွင် ဒေါသတကြီး လျှောက်ရမ်းကြသည်။ သင်တို့သည် သမုဒ္ဒရာအောက်ခြေ၌ နစ်မြုပ်သွားကြသော သရဲတစ္ဆေများထက်ပင် ကျော်လွန်ပြီး သင်တို့၏ စိတ်နှလုံးများတွင် မလိုမုန်းထားကြကာ ရက်စက် ယုတ်မာတတ်ကြသည်။ သင်တို့သည် လောက်ကောင်များကို မငြိမ်းချမ်းစေသည်အထိ ထိပ်မှ အောက်ခြေသို့တိုင် နှောင့်ယှက်ကြရင်း၊ အချင်းချင်း တစ်ခဏမျှ တိုက်ခိုက်ကြပြီးနောက် ပြန်ငြိမ်သွားကြရင်း နောက်ချေး၏ အောက်ခြေတွင် နေထိုင်ကြသည်။ သင်တို့၏နေရာကို သင်တို့မသိကြ၊ သို့သော် နောက်ချေးထဲ၌ အချင်းချင်း တိုက်ခိုက်နေကြဆဲဖြစ်၏။ ထိုသို့သော ရုန်းကန်လှုပ်ရှားခြင်းမှ သင်တို့ မည်သည့်အရာ ရရှိနိုင်သနည်း။ သင်တို့ စိတ်နှလုံးထဲတွင် ငါ့အတွက် ကြောက်ရွံ့မှု အမှန်တကယ် ရှိခဲ့ပါက၊ ငါ၏ကွယ်ရာတွင် သင်တို့အချင်းချင်း အဘယ်ကြောင့် တိုက်ခိုက်နိုင် ကြမည်နည်း။ သင့်အဆင့်အတန်း မည်မျှမြင့်မားပါစေ သင်သည် နောက်ချေး ထဲက နံဟောင်နေသော တီကောင်ငယ်လေး ဖြစ်နေဆဲ မဟုတ်လော။ သင်သည် အတောင်ပေါက်ကာ ကောင်းကင်၌ ချိုးငှက်တစ်ကောင် ဖြစ်လာ နိုင်လိမ့်မည်လော။ အသင် နံဟောင်နေသော တီကောင်ငယ်လေးများသည် ငါယေဟောဝါ၏ ယဇ်ပလ္လင်ထက်က ယဇ်များကို ခိုးယူကြ၏။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် သင်တို့၏ ပျက်စီးနေသော၊ ကျရှုံးခဲ့သော နာမည်ဂုဏ်သတင်းကို ဆယ်တင်နိုင်ကာ အရွေးချယ်ခံ ဣသရေလ၏လူမျိုး ဖြစ်လာနိုင်သလော။ သင်တို့သည် အရှက်မဲ့သော စုတ်ချာနေသည့်သူများ ဖြစ်ကြသည်။ ယဇ်ပလ္လင်ပေါ်က ထိုယဇ်များသည် ငါ့ကို ကြောက်ရွံ့ကြသော သူများထံမှလာသည့် သဒ္ဓါတရားရှိသော စိတ်ခံစားချက်များကို ဖော်ပြချက် အနေဖြင့် လူတို့က ငါ့ကို ပူဇော်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် ငါထိန်းချုပ်ဖို့အတွက်ဖြစ်ပြီး ငါအသုံးပြုဖို့အတွက် ဖြစ်သည်၊ ထို့ကြောင့် ငါ့ကို လူတို့ ပေးထားသော ချိုးငှက်ငယ်လေးများကို ငါ့ထံမှ သင်တို့ အဘယ်သို့ လုယက်ဖို့ ဖြစ်နိုင်သနည်း။ ယုဒတစ်ဦး ဖြစ်လာမည်ကို သင် မကြောက်သလော။ သင့်မြေသည် သွေးမြေဖြစ်လာမည်ကို သင်မကြောက်သလော။ အရှက်မဲ့လိုက်သည့် အသင်။ လူတို့ပူဇော်ထားသည့် ချိုးငှက်ငယ်လေးများသည် အသင် လောက်ကောင်၏ ဝမ်းကို အာဟာရ ဖြည့်တင်းဖို့ဟု ထင်သလော။ သင့်ကို ငါပေးပြီးသောအရာသည် ငါ အားရကျေနပ်ကာ လိုလိုလားလား ပေးခဲ့သော အရာဖြစ်သည်။ ငါသင့်ကို မပေးထားသော အရာသည် ငါအလိုရှိသလို အသုံးပြုနိုင်သော အရာဖြစ်၏။ ငါ၏ ယဇ်များကို သင် လုံးဝခိုးယူ၍ မရ။ အလုပ်လုပ်သောသူမှာ ငါ ယေဟောဝါ- ဖန်ဆင်းခြင်း၏ အရှင်- ဖြစ်ပြီး ငါ့ကြောင့် လူတို့က ယဇ်များကို ပူဇော်ကြခြင်း ဖြစ်သည်။ ဤသည်မှာ သင်အလုပ်များသမျှ အားလုံးအတွက် ဆုလာဘ်ဟု သင်ထင်သလော။ သင်သည် အမှန်တကယ် အရှက်မဲ့သောသူပါတကား။ မည်သူ့အတွက် သင်အလုပ်များ နေရသနည်း။ သင်ကိုယ်တိုင်အတွက် မဟုတ်လော။ သင်သည် အဘယ်ကြောင့် ငါ၏ ယဇ်များကို ခိုးယူသနည်း။ ငါ၏ ငွေအိတ်မှ ငွေကို သင်အဘယ်ကြောင့် ခိုးယူသနည်း။ သင်သည် ယုဒရှကာယုတ်၏သား မဟုတ်လော။ ငါ ယေဟောဝါအဖို့ဖြစ်သော ယဇ်များသည် ယဇ်ပုရောဟိတ်များ ပျော်မွေ့ဖို့ရာ ဖြစ်သည်။ သင်သည် ယဇ်ပုရောဟိတ်တစ်ဦးလော။ သင်သည် ငါ၏ ယဇ်များကို ဘဝင်ခိုက်စွာ စားဝံ့ပြီး ၎င်းတို့ကို စားပွဲပေါ်၌ပင် တည်ခင်း၏၊ သင်သည် တန်ဖိုးအလျှင်း မရှိသူ ဖြစ်သည်။ အသင် အသုံးမကျသည့် စုတ်ချာသောသူ။ ငါ၏မီး၊ ယေဟောဝါ၏ မီးသည် သင့်ကို ပြာကျစေလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ရွက်ကြွေများ ၎င်းတို့အမြစ်များဆီ ပြန်သွားကြချိန် ပြုပြီးသမျှ မကောင်းမှုအားလုံးကို သင်နောင်တရလတ္တံ့

(၆၆၈) ငါသည် သင်တို့အလယ်တွင် ဤနည်းဖြင့် အမှုပြုကာ စကားပြောပြီး ဖြစ်သည်၊ အလွန်များစွာသော အားအင်များနှင့် အားထုတ်မှုကို ငါ အသုံးပြုပြီး ဖြစ်သည်၊ သို့သော် သင်တို့ကို ရှင်းလင်းစွာ ငါပြောသည့် အရာကို မည်သည့်အချိန်တွင် သင်တို့ နားထောင်ဖူးကြသနည်း။ အနန္တတန်ခိုးရှင် ငါ့ကို သင်တို့ အဘယ်မှာ ပျပ်ဝပ်ဖူးကြသနည်း။ သင်တို့သည် အဘယ်ကြောင့် ဤကဲ့သို့ ငါ့ကို ဆက်ဆံကြသနည်း။ အဘယ်ကြောင့် သင်တို့ ပြောသမျှနှင့် လုပ်ဆောင်သမျှတိုင်းသည် ငါ၏အမျက်ဒေါသကို နှိုးဆော်သနည်း။ အဘယ်ကြောင့် သင်တို့၏ နှလုံးသားများသည် အလွန် မာကျောသနည်း။ ငါသည် သင်တို့ကို အလဲထိုးဖူးပါသလော။ ငါ့ကို ဝမ်းနည်းစေကာ ပူပန်စေသည်မှလွဲ၍ သင်တို့ အဘယ်ကြောင့် မည်သည့်အရာကိုမျှ မလုပ်ဆောင်ကြသနည်း။ သင်တို့အပေါ် ငါယေဟောဝါ၏ အမျက်ဒေါသ ကျရောက်မည့်နေ့ကို သင်တို့ စောင့်ဆိုင်းနေကြသလော။ သင်တို့၏ မနာခံမှုက ဆွပေးသည့် ငါ၏အမျက်ဒေါသကို စေလွှတ်ဖို့ သင်တို့ စောင့်ဆိုင်းနေကြသလော။ ငါလုပ်ဆောင်သမျှတိုင်းသည် သင်တို့အတွက် မဟုတ်သလော။ သို့သော်လည်း သင်တို့သည် ယေဟောဝါ ဖြစ်သည့် ငါ့ကို ဤနည်းလမ်းဖြင့် အမြဲ ဆက်ဆံကြလေပြီ- ငါ၏ ပူဇော်သက္ကာများကို ခိုးယူခြင်း၊ ငါ၏ ယဇ်ပလ္လင်ပေါ်ရှိ လှူဖွယ်ပစ္စည်းများကို သားပေါက်များနှင့် သားပေါက်များ၏ သားပေါက်များကို ကျွေးဖို့ အိမ်မှ ဝံပုလွေ၏ သားရဲတွင်းသို့ ယူသွားခြင်းတို့ဖြစ်သည်။ လူတို့သည် ဒေါသထွက်သည့် စိန်းစိန်းဝါးဝါး အကြည့်များ၊ ဓါးများနှင့် လှံများဖြင့် အချင်းချင်း ရင်ဆိုင်ကြလျက်၊ အနန္တတန်ခိုးရှင် ငါ၏ စကားကို မစင်ကဲ့သို့ ညစ်ညမ်းလာဖို့ အိမ်သာထဲသို့ ပစ်လျက်၊ အချင်းချင်း ဆန့်ကျင်တိုက်ခိုက်ကြ၏။ သင်တို့၏ တည်ကြည်မှုမှာ အဘယ်မှာနည်း။ သင်တို့၏ လူ့သဘာဝသည် သားရဲသဘောဆန်ခြင်း ဖြစ်လာလေပြီ။ သင်တို့၏ နှလုံးသားများသည် ကျောက်တုံးအဖြစ်သို့ ပြောင်းသွားပြီး ဖြစ်သည်မှာ အချိန်ကြာမြင့်စွာကတည်းက ဖြစ်သည်။ ငါ၏ အမျက်ဒေါသနေ့ရက် ကျရောက်မည့်အချိန်သည် အနန္တတန်ခိုးရှင် ငါ့ကို ယနေ့ ဆန့်ကျင်လျက် သင်တို့ ကျူးလွန်သည့် မကောင်းမှုကို ငါက တရားစီရင်မည့်အချိန် ဖြစ်သည်ကို သင်တို့ မသိကြသလော။ ဤနည်းဖြင့် ငါ့ကို လှည့်စားခြင်းအားဖြင့်၊ ငါ၏စကားများကို ရွှံ့နွံထဲသို့ ပစ်ချခြင်းနှင့် ယင်းတို့ကို နားမထောင်ခြင်းအားဖြင့်- ငါ၏နောက်ကွယ်တွင် ဤကဲ့သို့ ပြုမူခြင်းအားဖြင့် ငါ၏အမျက်ဒေါသနှင့် ပြည့်နေသော အကြည့်ကို လွတ်မြောက်နိုင်မည်ဟု သင်တို့ ထင်ကြသလော။ ငါ၏ ပူဇော်သက္ကာများကို ခိုးယူပြီး ငါ၏ ပိုင်ဆိုင်မှုများကို သင်တို့ တပ်မက်ချိန်တွင်၊ ငါယေဟောဝါ၏ မျက်စိများဖြင့် သင်တို့ကို တွေ့မြင်နှင့်ပြီးဖြစ်သည်ကို သင်တို့မသိကြသလော။ ငါ၏ ပူဇော်သက္ကာများကို သင်တို့ ခိုးယူချိန်တွင်၊ ပူဇော်သက္ကာကို ပေးလှူသည့်နေရာ ယဇ်ပလ္လင် ရှေ့မှောက်တွင် ထိုသို့ သင်တို့ လုပ်ဆောင်ခဲ့ကြသည်ကို သင်တို့မသိကြသလော။ ဤနည်းဖြင့် ငါ့ကို လှည့်ဖြားရလောက်အောင် ပါးနပ်လှသည်ဟု သင်တို့ကိုယ်သင်တို့ အဘယ်သို့ ယုံကြည်နိုင်ကြသနည်း။ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော သင်တို့၏ အပြစ်များမှ ငါ၏အမျက်ဒေါသ အဘယ်သို့ ထွက်သွားနိုင်မည်နည်း။ သင်တို့၏ မကောင်းသည့် လုပ်ဆောင်ချက်များမှ အဘယ်သို့ ငါ၏ပြင်းထန်သော အမျက်သည်းခြင်းသည် ကျော်သွားနိုင်မည်နည်း။ ယနေ့ သင်တို့ ကျူးလွန်သည့် မကောင်းမှုသည် သင်တို့အတွက် လမ်းမဖွင့်ပေးဘဲ၊ မနက်ဖြန်အတွက် သင်တို့၏ ပြစ်တင်ဆုံးမခြင်းကို သိုထားလေပြီ။ ယင်းသည် သင်တို့အပေါ် အနန္တတန်ခိုးရှင် ငါ၏ ပြစ်တင်ဆုံးမခြင်းကို လှုံ့ဆော်လေသည်။ သင်တို့၏ မကောင်းသည့် လုပ်ဆောင်ချက်များနှင့် မကောင်းသော စကားလုံးများသည် ငါ၏ ပြစ်တင်ဆုံးမခြင်းမှ အဘယ်သို့ လွတ်မြောက်နိုင်မည်နည်း။ သင်တို့၏ ဆုတောင်းချက်များသည် အဘယ်သို့ ငါ၏နားများဆီသို့ ရောက်ရှိနိုင်မည်နည်း။ သင်တို့၏ မဖြောင့်မတ်ခြင်းအတွက် အဘယ်သို့ ငါ ထွက်ပေါက် ဖွင့်ပေး နိုင်မည်နည်း။ ငါကို ဖီဆန်ခြင်းဖြင့် သင်တို့၏ မကောင်းသည့် လုပ်ဆောင်ချက်များကို အဘယ်သို့ ငါလွှတ်လိုက်နိုင်မည်နည်း။ မြွေ၏ အဆိပ်လောက် အဆိပ်ပြင်းသည့် သင်တို့၏ လျှာများကို အဘယ်ကြောင့် ငါမဖြတ်နိုင်ရမည်နည်း။ သင်တို့သည် သင်တို့၏ ဖြောင့်မတ်ခြင်းအတွက် ငါ့ကို မခေါ်ကြဘဲ၊ ယင်းအစား သင်တို့၏ မဖြောင့်မတ်ခြင်း၏ အကျိုးဆက်အဖြစ် ငါ၏အမျက် ဒေါသကို သိုထားကြပေသည်။ သင်တို့ကို အဘယ်သို့ ငါခွင့်လွှတ်နိုင်မည်နည်း။ အနန္တတန်ခိုးရှင် ငါ၏ မျက်စိထဲတွင် သင်တို့၏ စကားများနှင့် အပြုအမူများသည် ညစ်ညူးနေသည်။ အနန္တတန်ခိုးရှင် ငါ၏ မျက်စိများက သင်တို့၏ မဖြောင့်မတ်ခြင်းအား ရက်စက်သော ပြစ်တင်ဆုံးမခြင်းအဖြစ် မြင်သည်။ ငါ၏ ဖြောင့်မတ်သော တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းသည် သင်တို့ထံမှ အဘယ်သို့ ထွက်ခွာသွားနိုင်မည်နည်း။ ငါ့ကို ဝမ်းနည်းစေကာ အမျက်ထွက်စေလျက်၊ ဤအရာကို ငါ့အား သင်တို့ လုပ်ဆောင်ကြသောကြောင့်၊ သင်တို့ကို အဘယ်သို့ ငါ၏ လက်များမှ လွတ်မြောက်ခွင့်ပေးပြီး ငါ ယေဟောဝါက သင်တို့ကို ပြစ်တင်ဆုံးမကာ ကျိန်ဆဲသည့် နေ့ရက်မှ သင်တို့ကို သွေဖည်ခွင့်ပေးနိုင်မည်နည်း။ မကောင်းသည့် သင်တို့စကားများနှင့် မြွက်ဆိုချက်တို့သည် ငါ၏နားသို့ ရောက်နှင့်ပြီးဖြစ်သည်ကို သင်တို့မသိသလော။ သင်တို့၏ မဖြောင့်မတ်မှုသည် ငါ၏ သန့်ရှင်းသော ဖြောင့်မတ်ခြင်းဝတ်လုံကို အသရေဖျက်နှင့်ပြီဖြစ်သည်ကို သင်တို့မသိသလော။ သင်တို့၏ မနာခံမှုသည် ငါ၏ ပြင်းထန်သော ဒေါသကို ဆွပေးနှင့်ပြီးဖြစ်သည်ကို သင်တို့ မသိကြသလော။ သင်တို့သည် အချိန်ကြာမြင့်စွာကတည်းက ငါ့ကို ဒေါသအမျက်ခြောင်းခြောင်း ထွက်စေရစ်ခဲ့ကြပြီး အချိန်ကြာမြင့်စွာကတည်းက ငါ့ကို စိတ်အနှောင့်အယှက် ဖြစ်စေပြီးဖြစ်သည်ကို သင်တို့ မသိကြသလော။ သင်တို့သည် ငါ၏ကိုယ်ခန္ဓာကို အဝတ်စုတ်များဖြစ် စေလျက် ဖျက်ဆီးနှင့်ကြပြီး ဖြစ်သည်ကို သင်တို့ မသိကြသလော။ ယခုအချိန်ထိ ငါ သည်းခံပြီးဖြစ်သည်မှာ ငါသည် ငါ၏အမျက်ဒေါသကို ထွက်စေပြီး၊ သင်တို့အပေါ် စိတ်ရှည်သည်းခံခြင်း မရှိတော့ပေ။ သင်တို့၏ မကောင်းသည့် အပြုအမူများသည် ငါ၏ မျက်စိများဆီသို့ ရောက်ရှိနှင့်ကြပြီးဖြစ်သကဲ့သို့၊ ငါ၏ငိုကြွေးမှုများသည် ငါ့အဖခမည်းတော်၏ နားများဆီသို့ ရောက်ရှိနှင့်ပြီးဖြစ်သည်ကို သင်တို့ မသိကြသလော။ သူသည် ငါ့ကို ဤကဲ့သို့ ဆက်ဆံခွင့် သင်တို့အား အဘယ်သို့ ပေးနိုင်မည်နည်း။ သင်တို့အထဲတွင် ငါလုပ်ဆောင်သော အမှုတစ်ခုတစ်လေသည် သင်တို့အတွက် မဟုတ်သလော။ သို့သော်လည်း ငါ ယေဟောဝါ၏ အမှုကို သင်တို့ထဲမှ မည်သူက သာ၍ ချစ်ခင်နှစ်သက် လာသနည်း။ ငါသည် အားနည်းသောကြောင့်၊ ငါခံစားရပြီးဖြစ်သည့် မချိတင်ကဲဝေဒနာကြောင့်၊ ငါ့ခမည်းတော်၏ အလိုကို သစ္စာ ရှိနိုင်မည်လော။ ငါ့စိတ်နှလုံးကို သင်တို့ နားမလည်ကြသလော။ ငါသည် ယေဟောဝါ လုပ်ဆောင်ခဲ့သကဲ့သို့ သင်တို့ကို စကားပြော၏- သင်တို့အတွက် ငါသည် များစွာသောအရာတို့ကို စွန့်လွှတ်ပြီးဖြစ်သည် မဟုတ်လော။ ငါ့ခမည်းတော်၏ အမှုအတွက် ဤဆင်းရဲဒုက္ခ အားလုံးကိုခံရန် လိုလားနေသော်လည်း၊ ငါ၏ ဆင်းရဲဒုက္ခ အကျိုးဆက် တစ်ခုအနေဖြင့် သင်တို့အပေါ် ငါယူဆောင်လာသည့် ပြစ်တင်ဆုံးမခြင်းမှ သင်တို့ အဘယ်သို့ လွတ်နိုင်မည်နည်း။ ငါ့ကို အလွန်များစွာ သင်တို့ မွေ့လျော်ခံစားကြပြီး ‌ဖြစ်သည် မဟုတ်လော။ ယနေ့တွင် ငါ၏ ခမည်းတော်သည် သင်တို့အပေါ် ငါ့ကို အပ်နှင်းထားပြီး ဖြစ်သည်။ ငါ၏ ရက်ရောသော စကားများထက် သာ၍အလွန်များစွာ သင်တို့ မွေ့လျော် ခံစားကြသည်ကို သင်တို့ မသိကြသလော။ ငါ၏ အသက်သည် သင်တို့၏ အသက်နှင့် သင်တို့ မွေ့လျော်ခံစားသောအရာတို့အတွက် အလဲအလှယ် ပြုခံရသည်ကို သင်တို့မသိကြသလော။ ငါ၏ ခမည်းတော်သည် ငါ့အသက်ကို စာတန်နှင့် တိုက်ပွဲဝင်ရန် အသုံးပြုသကဲ့သို့၊ သင်တို့ကို အဆတစ်ရာ ရရှိစေကာ၊ အလွန်များသည့် စုံစမ်းသွေးဆောင်မှုများစွာကို သင်တို့အား ရှောင်ရှားခွင့်ပေးလျက်၊ ငါ၏ အသက်ကိုလည်း သင်တို့အပေါ် သူအပ်နှင်းပြီးဖြစ်သည်ကို သင်တို့မသိကြသလော။ များစွာသော စုံစမ်းသွေးဆောင်ခြင်းနှင့် များစွာသော ပြင်းထန်သည့် ပြစ်တင်ဆုံးမခြင်းများမှ သင်တို့ ကင်းလွတ်ပြီးဖြစ်သည်မှာ ငါ၏ အမှုမှတစ်ဆင့်သာ ဖြစ်သည်ကို သင်တို့မသိကြသလော။ ယခုအချိန်ထိ ငါ၏ ခမည်းတော်က သင်တို့ကို မွေ့လျော်ခံစားခွင့်ပေးသည်မှာ ငါ့ကြောင့်ဖြစ်သည်ကို သင်တို့ မသိကြသလော။ သင်တို့၏ နှလုံးသားများအပေါ်တွင် အသားမာများ တက်ပြီး ဖြစ်သည့်အလား သင်တို့သည် ယနေ့တွင် အဘယ်ကြောင့် အလွန် မာကျောပြီး အလျှော့မပေးဘဲ ရှိနေနိုင်ကြသနည်း။ ယနေ့ သင်တို့ ကျူးလွန်သော မကောင်းမှုသည် ကမ္ဘာမြေမှ ငါ၏ ထွက်ခွာခြင်းနောက် လိုက်လာမည့် အမျက်ဒေါသကျရောက်သည့်နေ့ကို အဘယ်သို့ လွတ်မြောက် နိုင်မည်နည်း။ အလွန်မာကျောပြီး အလျှော့မပေးသော သူတို့ကို ယေဟောဝါ၏ အမျက်ဒေါသမှ ငါအဘယ်သို့ လွတ်မြောက်ခွင့် ပေးနိုင်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမျက်ဒေါသ ကျရောက်မည့်နေ့ကို အသွေးအသားရှိသောသူ မည်သူမျှ မလွတ်မြောက်နိုင်

(၆၆၉) အတိတ်ကို ပြန်တွေးကြည့်လော့- မည်သည့်အချိန်တွင် သင်တို့အပေါ် ငါ၏အကြည့်သည် ဒေါသခိုးလျှံထန်ဖူးကာ ငါ၏အသံ တင်းမာဖူးသနည်း။ ဘယ်အချိန်က သင်တို့နှင့်ပတ်သက်၍ ငါ ရေးကြီးခွင်ကျယ် လုပ်ဖူးသနည်း။ ဘယ်အချိန်က သင်တို့ကို လွန်လွန်ကဲကဲ ငါအပြစ်ဖော်ဆုံးမဖူးသနည်း။ မည်သည့်အချိန်တွင် ငါသည် သင်တို့ကို ဗြောင်ကျကျ အပြစ်ဖော် ဆုံးမဖူးသနည်း။ သင်တို့ကို သွေးဆောင်ဖြားယောင်းခြင်းတိုင်းမှ ထိန်းသိမ်းရန် ငါ့ခမည်းတော်ကို ငါတောင်းခံသည်မှာ ငါ၏ အမှုအတွက် ဖြစ်သည် မဟုတ်လော။ သင်တို့သည် အဘယ်ကြောင့် ဤကဲ့သို့ ငါ့ကို ဆက်ဆံကြသနည်း။ သင်တို့ ကိုယ်ခန္ဓာကို ဒဏ်ခတ်ဖို့ ငါ၏ ဩဇာအာဏာကို ငါ အသုံးပြုဖူးပါသလော။ အဘယ်ကြောင့် ငါ့ကို ဤသို့ ပြန်ဆပ်ကြသနည်း။ ငါ့အပေါ် သင်တို့၏ သဘောထားကို ခုတစ်မျိုး တော်ကြာတစ်မျိုး ပြောင်းပြီးနောက်၊ သင်တို့သည် အေးလည်းမအေး၊ ပူလည်းမပူသကဲ့သို့၊ ထို့နောက်တွင် သင်တို့သည် ငါ့ကို နားပူနားဆာလုပ်ရန်နှင့် ငါ့ထံမှ အမှုအရာများကို ကွယ်ဝှက်ရန် ကြိုးစားကြပြီး၊ သင်တို့၏ နှုတ်များသည် မဖြောင့်မတ်သောသူများ၏ တံတွေးဖြင့် ပြည့်နှက်လေသည်။ သင်တို့၏ လျှာများသည် ငါ၏ ဝိညာဉ်တော်ကို လိမ်လည်နိုင်မည်ဟု သင်တို့ ထင်ကြသလော။ သင်တို့၏ လျှာများသည် ငါ၏အမျက်ဒေါသမှ ရုန်းထွက်လွတ်မြောက်နိုင်မည်ဟု သင်တို့ ထင်ကြသလော။ သင်တို့၏ လျှာများသည် ၎င်းတို့ ဆန္ဒရှိသည်အတိုင်း ငါ ယေဟောဝါ၏ လုပ်ဆောင်ချက်များအပေါ် အကဲဖြတ်ဝေဖန်နိုင်သည်ဟု သင်တို့ ထင်ကြသလော။ ငါသည် လူသားက အကဲဖြတ်ဝေဖန်ခံရသည့် ဘုရားသခင် ဖြစ်သလော။ သေးငယ်သော လောက်ကောင်တစ်ကောင်ကို ငါ့ကို ထိုသို့ ပြစ်မှားစော်ကားဖို့ ငါခွင့်ပြုနိုင်မည်လော။ ထိုသို့သော ငြင်းဆန်သောသူတို့ကို ငါ၏ ထာဝရ ကောင်းကြီးမင်္ဂလာများအလယ် အဘယ်သို့ ငါ ထားရှိနိုင်မည်နည်း။ သင်တို့၏စကားများနှင့် လုပ်ရပ်များသည် အချိန်ကြာမြင့်စွာကတည်းက သင်တို့ကို ဖော်ထုတ်ကာ ပြစ်တင်ရှုတ်ချကြပြီး ဖြစ်သည်။ ငါသည် မိုးကောင်းကင်ကို ဖြန့်ကြက်ပြီး အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ချိန်တွင်၊ ငါသည် အမှုအရာတစ်ခုတစ်လေက ငါ၏ အမှုနှင့် စီမံခန့်ခွဲခြင်းကို ဆန္ဒရှိသည်အတိုင်း နှောင့်ယှက်ခွင့်ပေးဖို့ မဆိုထားနှင့်၊ မည်သည့် အဖန်ဆင်းခံ သတ္တဝါကိုမျှ ၎င်းတို့ နှစ်သက်သည်အတိုင်း ပါဝင်ရန် ငါ အခွင့်မပေးခဲ့ပေ။ ငါသည် မည်သည့် လူသား သို့မဟုတ် မည်သည့်အရာဝတ္ထုကိုမျှ သည်းမခံပေ။ ငါ့အပေါ် ရက်စက်ပြီး လူမဆန်သောသူများကို ငါသည် အဘယ်သို့ ချမ်းသာပေးနိုင်မည်နည်း။ ငါ၏ စကားများကို ပုန်ကန်သောသူတို့အား အဘယ်သို့ ငါခွင့်လွှတ်နိုင်မည်နည်း။ ငါ့ကို မနာခံသောသူတို့ကို ငါအဘယ်သို့ ချမ်းသာပေးနိုင်မည်နည်း။ လူသား၏ ကံကြမ္မာသည် ငါ၊ အနန္တတန်ခိုးရှင်၏ လက်တွင် ရှိသည်မဟုတ်လော။ သင်၏ မဖြောင့်မတ်ခြင်းနှင့် မနာခံခြင်းတို့ကို သန့်ရှင်းသည်ဟု အဘယ်သို့ ငါမှတ်ယူနိုင်မည်နည်း။ သင်၏အပြစ်သည် ငါ၏သန့်ရှင်းခြင်းကို အဘယ်သို့ ညစ်ညမ်းစေနိုင်မည်နည်း။ ငါသည် မဖြောင့်မတ်သော သူများ၏ မစင်ကြယ်ခြင်းဖြင့် အညစ်ညမ်းမခံသကဲ့သို့၊ မဖြောင့်မတ်သူများ၏ လှူဖွယ်ပစ္စည်းများကိုလည်း ငါမမွေ့လျော်ပေ။ ယေဟောဝါဖြစ်သည့် ငါ့အပေါ် သင်သည် သစ္စာစောင့်သိခဲ့မည်ဆိုပါက၊ ငါ၏ယဇ်ပလ္လင်ပေါ်ရှိ ပူဇော်သက္ကာကို သင့်အတွက် သင် ယူဆောင်နိုင်မည်လော။ ငါ၏သန့်ရှင်းသောနာမကို ပြစ်မှားစော်ကားရန် အဆိပ်ရှိသော သင်၏လျှာကို သင် အသုံးပြုနိုင်မည်လော။ ဤနည်းဖြင့် ငါ၏စကားများကို သင် ပုန်ကန်နိုင်မည်လော။ ငါ၏ဘုန်းအသရေနှင့် သန့်ရှင်းသော အမည်နာမကို ဆိုးယုတ်သောသူ ဖြစ်သည့် စာတန်ကို အစေခံရန် တန်ဆာပလာ တစ်ခုအဖြစ် သင် အသုံးပြုနိုင်မည်လော။ ငါ၏ အသက်ကို သန့်ရှင်းသောသူများ၏ ပျော်မွေ့ခြင်းအတွက် ပေးထားခြင်း ဖြစ်သည်။ သင် ဆန္ဒရှိသည့်အတိုင်း ငါ၏အသက်ကို ကစားရန် နှင့် သင်တို့အလယ် သဘောထားကွဲလွဲမှုအတွက် တန်ဆာပလာတစ်ခုအဖြစ် အသုံးပြုရန် အဘယ်သို့ ငါခွင့်ပြုပေးနိုင်မည်နည်း။ အဘယ်ကြောင့် သင်တို့သည် ငါ့အပေါ် ဆက်ဆံရာတွင်၊ အလွန်အကြင်နာကင်းမဲ့ကာ ကောင်းမြတ်သောသူ၏ ပြုမူပုံ အလွန် ချို့တဲ့လွန်းရသနည်း။ အသက်နှင့်ဆိုင်သော ဤနှုတ်ကပတ်တော်များတွင် သင်တို့၏ မကောင်းသည့် လုပ်ဆောင်ချက်များကို ရေးသားထားနှင့်ပြီး ဖြစ်သည်ကို သင်တို့ မသိကြသလော။ ငါသည် အဲဂုတ္တုပြည်ကို ဆုံးမသောအချိန်၌ အမျက်ဒေါသ ကျရောက်မည့်နေ့ကို သင်တို့ အဘယ်သို့ လွတ်မြောက်နိုင်မည်နည်း။ ဤနည်းဖြင့် ငါ့ကို ထပ်ခါတလဲလဲ ဆန့်ကျင်ကာ အာခံရန်၊ ငါသည် သင်တို့ကို အဘယ်သို့ ခွင့်ပြုနိုင်မည်နည်း။ သင်တို့ကို ငါ ရှင်းရှင်းလင်းလင်း ပြောမည်- အချိန်ကျရောက်သောအခါ၊ သင်တို့ကို ပြစ်တင်ဆုံးမခြင်းသည် အဲဂုတ္တုပြည်၏ ပြစ်တင်ဆုံးမခြင်းထက် သာ၍ မခံမရပ်နိုင်အောင် ဖြစ်လိမ့်မည်။ ငါ၏ အမျက်ဒေါသ ကျရောက်မည့်နေ့ကို အဘယ်သို့ သင်တို့ လွတ်မြောက်နိုင် မည်နည်း။ သင်တို့အား ငါ အမှန်အကန် ဆိုသည်ကား- ငါ၏သည်းခံခြင်းသည် သင်တို့၏ မကောင်းသော လုပ်ဆောင်ချက်များအတွက် ပြင်ဆင် ထားခြင်းဖြစ်ပြီး၊ ထိုနေ့ရက်၌ သင်တို့၏ ပြစ်တင်ဆုံးမခြင်းအတွက် တည်ရှိခြင်း ဖြစ်သည်။ သင်တို့သည် ငါ၏ သည်းခံခြင်း အဆုံးသို့ ရောက်ရှိပြီးဖြစ်သည်နှင့်တစ်ပြိုင်နက်၊ အမျက်ဒေါသ တရားစီရင်ခြင်းကို ခံရမည့်သူများ ဖြစ်ကြသည် မဟုတ်လော။ အရာခပ်သိမ်းသည် ငါအနန္တတန်ခိုးရှင်၏ လက်ထဲတွင် ရှိသည် မဟုတ်လော။ ကောင်းကင်အောက်တွင်၊ ငါ့ကို ထိုသို့ မနာခံဖို့ သင်တို့ကို အဘယ်သို့ ငါ ခွင့်ပြုနိုင်မည်နည်း။ ကြွရောက်လာမည်ဟု ပြောထားခဲ့သော်လည်း၊ မည်သည့်အခါမျှ ကြွမလာခဲ့သည့် မေရှိယကို သင်တို့တွေ့ဆုံပြီး ဖြစ်သောကြောင့် သင်တို့ အသက်တာများသည် အလွန် ခက်ခဲလိမ့်မည်။ သင်တို့သည် သူ၏ရန်သူများ ဖြစ်ကြသည် မဟုတ်သလော။ ယေရှုသည် သင်တို့နှင့် မိတ်ဆွေဖြစ်ပြီးသော်လည်း၊ သင်တို့သည် မေရှိယ၏ ရန်သူများဖြစ်ကြဆဲ ဖြစ်သည်။ သင်တို့သည် ယေရှုနှင့် မိတ်ဆွေများ ဖြစ်သော်လည်း၊ သင်တို့၏ မကောင်းသော လုပ်ဆောင်ချက်များက စက်ဆုပ်ဖွယ်ကောင်းသော သူများ၏ တန်ဆာများကို ဖြည့်ကြပြီးဖြစ်သည်ကို သင်တို့ မသိကြသလော။ သင်တို့သည် ယေဟောဝါနှင့် အလွန် ရင်းနှီးသော်လည်း၊ သင်တို့၏ မကောင်းသော စကားများသည် ယေဟောဝါ၏ နားများသို့ရောက်ရှိပြီး သူ၏ အမျက်ဒေါသကို ဆွပေးပြီးဖြစ်သည်ကို သင်တို့မသိကြသလော။ သူသည် အဘယ်သို့ သင်နှင့်ရင်းနှီးနိုင်မည်နည်း၊ ပြီးလျှင် မကောင်းသော လုပ်ဆောင်ချက်များနှင့် ပြည့်နှက်သည့် သင်၏တန်ဆာများကို သူသည် အဘယ်သို့ မီးမရှို့ဘဲနေနိုင်မည်နည်း။ အဘယ်သို့ သူသည် သင်၏ ရန်သူ မဖြစ်နိုင်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမျက်ဒေါသ ကျရောက်မည့်နေ့ကို အသွေးအသားရှိသောသူ မည်သူမျှ မလွတ်မြောက်နိုင်

(၆၇၀) သင်တို့ အားလုံးသည် သင်တို့ကဲ့သို့အတန်းစားဖြစ်သော ပိုမိုငယ်ရွယ်သည့် မျိုးဆက်များကို ဩဝါဒပေးရင်းနှင့် ၎င်းတို့ အားလုံးကို သင်တို့နှင့်အတူ ထိုင်စေလျက် တင့်တယ်သော ထိုင်စရာနေရာများတွင် ထိုင်ကြ၏။ သင်တို့၏ “သားစဉ်မြေးဆက်များ” သည် အချိန်ကြာမြင့်စွာက ထွက်သက်ကုန်ဆုံးကာ ငါ၏ အမှုအား ဆုံးရှုံးခဲ့သည်ကို သင်တို့ အလျှင်းမသိကြ။ ငါ၏ ဘုန်းအသရေသည် အရှေ့ပြည်မှ အနောက်ပြည်သို့ ထွန်းလင်း၏၊ သို့သော် ယင်းသည် ကမ္ဘာမြေ အဆုံးအထိ ပျံ့နှံ့ကာ စတင်ထမြောက်ပြီး ထွန်းလင်းသည့်အခါ၊ ရှေ့အရပ်တွင် ငါ့ကို စွန့်ပယ်သော အမှောင်၏လူတို့သည် ထိုအချိန်မှစ၍ အလင်းပေးမှု ကင်းမဲ့စေရန်အလို့ငှာ ငါသည် အရှေ့ အရပ်မှ ငါ၏ ဘုန်းအသရေကို ယူကာ အနောက်အရပ်သို့ ယူဆောင်လာမည် ဖြစ်သည်။ ထိုသို့ဖြစ်သည့်အချိန်တွင် သင်တို့သည် အရိပ်လွှမ်းမိုးသော ချိုင့်ဝှမ်းထဲတွင် အသက်ရှင်ရလိမ့်မည်။ ယနေ့ခေတ် လူတို့သည် ယခင်ထက် အဆတစ်ရာ ပို၍ ကောင်းကြသော်လည်း ငါ၏ သတ်မှတ်ချက်များကို ၎င်းတို့ မပြည့်မီနိုင်သေးသကဲ့သို့၊ ငါ၏ ဘုန်းအသရေအဖို့ သက်သေခံချက် တစ်ခု မဟုတ်ကြသေးချေ။ သင်တို့သည် ယခင်ထက် အဆတစ်ရာ ပို၍ ကောင်းနိုင်ကြသည်မှာ ငါ ပြုသောအမှု၏ရလဒ် လုံးလုံးလျားလျား ဖြစ်၏။ ယင်းသည် ကမ္ဘာမြေကြီးပေါ်က ငါ၏ အမှုမှ ဖြစ်ထွန်းသော အသီးအပွင့် ဖြစ်သည်။ သို့သော်၊ သင်၏ စကားများနှင့် လုပ်ရပ်များအပြင် သင်၏ အကျင့်စရိုက်များကို ငါသည် စက်ဆုပ်နေဆဲဖြစ်သကဲ့သို့၊ သင်တို့သည် ငါ့ကို သိနားလည်မှု တစ်စုံတစ်ရာ မရှိကြသည့်အတွက်၊ ငါ၏ ရှေ့တွင် သင်တို့ ပြုမူကြပုံအပေါ် ငါသည် မယုံနိုင်လောက်အောင် မကျေမချမ်းမှု ဖြစ်၏။ ထို့ကြောင့် သင်တို့သည် ငါ၏ ဘုန်းအသရေကို မည်သို့ အသက်ရှင်နေထိုင်လာနိုင်မည်နည်း၊ ပြီးလျှင် ငါ၏ အနာဂတ် အမှုကို မည်သို့ လုံးဝ သစ္စာစောင့်သိနိုင်မည်နည်း။ သင်တို့၏ ယုံကြည်ခြင်းသည် အလွန်နှစ်လိုဖွယ်ကောင်း၏။ သင်တို့သည် ငါ၏အမှုကိုယ်စား သင်တို့၏အသက်တာ တစ်ခုလုံးကို အသုံးပြုရန် လိုလားလျက်ရှိပြီး၊ ယင်းအတွက် သင်တို့၏ အသက်တာများကို စွန့်လွှတ်ရန် လိုလားလျက်ရှိသည်ဟု သင်တို့ဆိုကြသည်၊ သို့သော် သင်တို့၏ စိတ်သဘောထားများမှာ များစွာ ပြောင်းလဲခြင်း မရှိသေးပေ။ သင်တို့၏ တကယ့်အပြုအမူသည် အလွန် စိတ်ပျက်စရာ ဖြစ်သော်လည်း၊ သင်တို့သည် မာနထောင်လွှားစွာသာ စကားပြောဆို ကြသည်။ လူတို့၏ လျှာနှင့် နှုတ်ခမ်းတို့သည် ကောင်းကင်တွင် ရှိသော်လည်း ၎င်း၏ ခြေထောက်များမှာ အလွန် အောက်ဝေးဝေးက ကမ္ဘာမြေကြီးပေါ်တွင်ရှိကြသည့်အလား ဖြစ်ပြီး၊ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့၏ စကားများ၊ လုပ်ရပ်များနှင့် ၎င်းတို့၏ နာမည်ဂုဏ်သတင်းများသည် စုတ်ပြတ်ကာ ပြိုပျက်လျက် ရှိကြဆဲ ဖြစ်သည်။ သင်တို့၏ နာမည်ဂုဏ်သတင်းများသည် ဖျက်ဆီးခံရပြီးဖြစ်သည်၊ သင်တို့၏ အမူအရာသည် ပျက်ပြား၏၊ သင်တို့၏ စကားပြောဆိုပုံသည် အောက်တန်းကျပြီး၊ သင်တို့၏ အသက်တာများမှာ စက်ဆုပ်ဖွယ်ကောင်းလေသည်။ သင်တို့၏ လူသားသဘာဝတစ်ခုလုံးပင် ယုတ်ညံ့သော အောက်တန်းကျမှုတွင် နစ်မြုပ်နေလေပြီ။ သင်တို့သည် အခြားသူများအပေါ် သဘောထားကျဉ်းမြောင်းပြီး၊ သေးငယ်သော အရာတိုင်းအပေါ် သင်တို့ ကတ်သီးကတ်သတ် ပြောဆိုကြသည်။ သင်တို့သည် ငရဲနှင့် မီးအိုင်ထဲသို့ ဆင်းသက်ရန် လိုလားကြသည်အထိပင်၊ သင်တို့ကိုယ်တိုင်၏ နာမည်ဂုဏ်သတင်းများနှင့် အဆင့်အတန်း အပေါ် ငြင်းခုံတတ်ကြသည်။ သင်တို့၏ လက်ရှိ စကားများနှင့် လုပ်ရပ်များသည် သင်တို့ အပြစ်ရှိကြောင်း ငါဆုံးဖြတ်ဖို့အတွက် လုံလောက်ပေသည်။ ငါ၏အမှုအပေါ် သင်တို့၏ သဘောထားသည် သင်တို့အား မတရားသော သူများ ဖြစ်သည်ဟု ငါဆုံးဖြတ်ရန်အတွက် လုံလောက်ပြီး သင်တို့၏ စိတ်သဘောထားများ အားလုံးမှာ သင်တို့သည် စက်ဆုပ်ရွံ့ရှာမှုများဖြင့် ပြည့်နှက်နေသော ညစ်ညမ်းသည့် ဝိညာဉ်များဖြစ်သည်ဟု ထောက်ပြဖို့ရန် လုံလောက်ပေသည်။ သင်တို့၏ သရုပ်သကန်များနှင့် သင်တို့ ထုတ်ဖော်ပြသော အရာများမှာ သင်တို့သည် ညစ်ညူးသော ဝိညာဉ်များ၏သွေးကို အဝသောက်ပြီးသော လူများ ဖြစ်သည်ဟု ဆိုရန် လုံလောက်ပေသည်။ နိုင်ငံတော်ထဲ ဝင်ရောက်ခြင်းကို ဖော်ပြသည့်အခါ၊ သင်တို့သည် သင်တို့၏ ခံစားချက်များကို ထုတ်ဖော်ပြခြင်း မရှိပေ။ သင်တို့ ယခု ဖြစ်နေသည့်ပုံစံသည် ငါ၏ ကောင်းကင်နိုင်ငံတော်သို့ သွားရာ တံခါးကို ဖြတ်လျှောက်ဖို့ သင်တို့အတွက် လုံလောက်သည်ဟု သင်တို့ ယုံကြည်ကြသလော။ သင်တို့ကိုယ်တိုင်၏ စကားများနှင့် လုပ်ရပ်များက ငါ၏ စမ်းသပ်ခြင်းကို ဦးစွာ မခံရဘဲ၊ ငါ၏ အမှုတော်နှင့် နှုတ်ကပတ်တော်များ၏ သန့်ရှင်းသောပြည်ထဲသို့ ဝင်ရောက်ခြင်းကို ရရှိနိုင်သည်ဟု ယုံကြည်ကြသလော။ အဘယ်သူသည် ငါ့ကို မမှန်မကန်ပြောခြင်းဖြင့် လှည့်စားနိုင်သနည်း။ သင်တို့၏ စက်ဆုပ်ဖွယ်ကောင်းသော၊ အောက်တန်းကျသော အပြုအမူများနှင့် စကားပြောဆိုမှုများသည် ငါ၏အမြင်မှ ရှောင်လွှဲနိုင်မည်နည်း။ သင်တို့သည် ငါ့ ရှေ့မှောက်၌ ညစ်ညူးသော ဝိညာဉ်များကို နေ့စဉ် အတုခိုးကြသောကြောင့် ငါသည် သင်တို့၏ ဘဝများကို ညစ်ညူးသော ဝိညာဉ်များ၏ အသွေးကိုသောက်ပြီး အသားကို စားသော ဘဝများအဖြစ် သတ်မှတ်ထားပြီးဖြစ်သည်။ ငါ၏ ရှေ့တွင် သင်တို့၏အပြုအမူသည် အထူးသဖြင့် ဆိုးရွား၏၊ ထို့ကြောင့် ငါ သင့်ကို မရွံရှာဘဲ အဘယ်သို့ နေနိုင်မည်နည်း။ သင်တို့၏ စကားများသည် ညစ်ညူးသော ဝိညာဉ်များ၏ မစင်ကြယ်မှုများ ပါရှိသည်- သင်တို့သည် မှော်အတတ်၌ ပါဝင်ပတ်သက်သော သူတို့ကဲ့သို့နှင့် ဖောက်ပြန်ပြီး မတရားသော သူတို့၏အသွေးကို သောက်သောသူတို့ကဲ့သို့ နားပူနားဆာ လုပ်တတ်ကြသည်၊ ဖုံးကွယ်တတ်ကြပြီး မြှောက်ပင့်ပြောဆို တတ်ကြလေသည်။ လူသားအားလုံး၏ ထုတ်ဖော်ပြမှုအားလုံးမှာ အလွန့်အလွန် မတရားသောကြောင့် ဖြောင့်မတ်သောသူများရှိသည့် သန့်ရှင်းသော ပြည်ထဲတွင် လူအားလုံးကို မည်ကဲ့သို့ ထားရှိနိုင်မည်နည်း။ သင်၏ စက်ဆုပ်ဖွယ်ကောင်းသော အပြုအမူက သင့်အား မတရားသော သူများနှင့် နှိုင်းယှဉ်ရာတွင် သန့်ရှင်းသူအဖြစ် ခြားနားစေနိုင်သည်ဟု သင်ထင်သလော။ ပျက်စီးစေတတ်ပြီး စက်ဆုပ်ရွံရှာဖွယ်ရာများကို လုပ်ဆောင်သော သင်၏ ဇာတိပကတိကို သင်၏ မြွေဆိုးကဲ့သို့သော လျှာသည် နောက်ဆုံးတွင် ပျက်စီးစေလိမ့်မည်ဖြစ်ပြီး၊ ညစ်ညူးသော ဝိညာဉ်များ၏အသွေးဖြင့် ဖုံးလွှမ်းနေသော သင်၏ လက်များသည်လည်း သင်၏ဝိညာဉ်ကို နောက်ဆုံးတွင် ငရဲထဲသို့ ဆွဲချလိမ့်မည်။ ထိုသို့ဖြစ်လျှင် ညစ်ညမ်းမှုဖြင့် ဖုံးလွှမ်းနေသော သင်၏လက်များကို သန့်စင်ရန် ဤအခွင့်အရေးကို သင် အဘယ်ကြောင့် မဆိုင်းမတွ မရယူသနည်း။ ပြီးလျှင် မတရားသော စကားများကို ပြောဆိုသော သင်၏ လျှာကို ဖြတ်ပစ်ရန်အတွက်ဤ အခွင့်အရေးကို သင်အဘယ်ကြောင့် အသုံးမချသနည်း။ သင်၏လက်များ၊ လျှာနှင့် နှုတ်ခမ်းများအတွက် ငရဲ မီးလျှံထဲတွင် ဝေဒနာခံစားရန် သင်လိုလားနေခြင်း ဖြစ်နိုင်သလော။ လူသားမျိုးနွယ်ကို ငါ မဖန်ဆင်းမီ အချိန်များစွာ ကြာကတည်းက ၎င်းတို့၏ စိတ်နှလုံးများကို ငါ၏ လက်အတွင်းတွင် ဆုပ်ကိုင်ထားခဲ့ပြီး ဖြစ်သောကြောင့် လူတိုင်း၏ စိတ်နှလုံးကို ငါ၏ မျက်စိနှစ်ဘက်ဖြင့် ငါ ဆက်လက်စောင့်ကြည့်၏။ ငါသည် အချိန်များစွာ ကြာကတည်းက လူတို့၏ စိတ်နှလုံးကို ရိပ်စားမိခဲ့ပြီးဖြစ်သည်၊ ထို့ကြောင့် ၎င်းတို့၏ အကြံအစည်များသည် ငါ၏ အမြင်မှ အဘယ်သို့ လွတ်မြောက်နိုင်မည်နည်း။ ငါ၏ဝိညာဉ်ဖြင့် လောင်ကျွမ်းခံရခြင်းကို ရှောင်လွှဲဖို့ အဘယ်သို့ မနောက်ကျလွန်းဘဲ နေနိုင်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့အားလုံးသည် အကျင့်စရိုက် အလွန် ယုတ်ညံ့ကြသည်တကား

(၆၇၁) ငါသည် နွေဦးနှင့် ဆောင်းဦး ကာလတစ်ချို့တွင် သင်တို့ကို ပေါင်းဖော်ရင်း၊ သင်တို့အကြားတွင် ရှိနေခဲ့၏။ ငါသည် အချိန်ကြာမြင့်စွာ သင်တို့ အကြားတွင် အသက်ရှင်ပြီးဖြစ်ကာ သင်တို့နှင့်အတူ အသက်ရှင်ပြီး ဖြစ်သည်။ သင်တို့၏ စက်ဆုပ်ဖွယ်ကောင်းသော အပြုအမူမည်မျှသည် ငါ၏ မျက်စိရှေ့ တည့်တည့်တွင် လွတ်ထွက်ပြီးပြီနည်း။ သင်တို့၏ အူလှိုက်သည်းလှိုက် စကားများသည် ငါ၏ နားထဲတွင် စဉ်ဆက်မပြတ် ပဲ့တင်သံထပ်နေသည်။ သင်တို့၏ သန်းချီသော ပြင်းပြသည့် အလိုဆန္ဒများသည် ငါ၏ ပလ္လင်ပေါ်တွင် ခင်းထား၏- မရေမတွက်နိုင်အောင် များပြားလွန်းလှပေသည်။ သို့သော်၊ သင်တို့၏ ဆက်ကပ်မှုနှင့် သင်တို့ အသုံးပြုခဲ့သည့်အရာများကိုမူ၊ သင်တို့သည် အနည်းငယ်မျှပင် မပေးကြပေ။ ငါ၏ ပလ္လင်ပေါ်တွင် ရိုးသားစစ်မှန်မှု တစ်စက်လေးမျှပင် သင်တို့ မထားရှိကြ။ ငါ့ကို သင်တို့၏ ယုံကြည်မှု အသီးအပွင့်များမှာ ဘယ်မှာနည်း။ သင်တို့သည် ငါ့ထံမှ အဆုံးမရှိသော ကျေးဇူးတော်ကို ရရှိပြီးဖြစ်ကာ၊ ကောင်းကင်မှ အဆုံးမရှိသော နက်နဲမှုများကို သင်တို့ မြင်ကြရပြီး ဖြစ်သည်။ ကောင်းကင်၏ မီးတောက်မီးလျှံများကိုပင် သင်တို့အား ငါ ပြသပြီးဖြစ်သော်လည်း၊ ငါသည် သင်တို့ကို လောင်မြိုက်စေခြင်း မပြုရက်ပေ။ သို့ဖြစ်စေကာမူ၊ သင်တို့သည် အတုံ့အလှည့်အနေဖြင့် ငါ့ကို မည်မျှ ပေးပြီးကြပြီနည်း။ ငါ့ကို သင်တို့ မည်မျှပေးဖို့ လိုလားကြသနည်း။ သင်၏လက်၌ ငါ ပေးပြီးသော အစားအစာဖြင့်၊ သင်သည် လှည့်ပြီး ထိုအရာကို ငါ့အား ပူဇော်သည်မှာ၊ ယင်းသည် သင် ကိုယ်တိုင် ကြိုးစားအားထုတ်သည့် ချွေးစက်အတွက် ပြန်လည်ရရှိသည့် အရာတစ်ခုဖြစ်ပြီး သင်၌ ရှိသမျှကို ငါ့အား သင် ပူဇော်ခြင်း ဖြစ်သည်ဟု ဆိုသည်အထိ ဖြစ်သည်။ ငါ့အား သင် “ပေးလှူသောအရာများ” မှာ ငါ၏ ပလ္လင်မှ အခိုးယူခံခဲ့ရသော အရာများအားလုံးသာဖြစ်သည်ကို သင် အဘယ်သို့ မသိနိုင်ရသနည်း။ ထို့အပြင်၊ သင်သည် ထိုအရာများကို ငါ့အား ယခု ပေးလှူနေသည်၊ ငါ့ကို သင် လိမ်လည်လှည့်ဖြားနေခြင်း မဟုတ်လော။ ယနေ့ ငါ မွေ့လျော်သော အရာများအားလုံးမှာ ငါ၏ ပလ္လင်ပေါ်မှယဇ်များ ဖြစ်ကာ၊ သင်၏ ကြိုးစားအားထုတ်သော လုပ်ဆောင်မှုမှ ရရှိပြီးနောက် ငါ့အား ပေးလှူသောအရာများ မဟုတ်သည်ကို သင် အဘယ်သို့ မသိရသနည်း။ ဤနည်းဖြင့် သင်တို့ ငါ့ကို အမှန်တကယ် လိမ်လည်လှည့်ဖြားဝံ့ကြ၏၊ ထို့ကြောင့် သင်တို့ကို ငါ အဘယ်သို့ ခွင့်လွှတ်နိုင်မည်နည်း။ ဤအရာကို ငါ ဆက်၍သည်းခံဖို့ သင် အဘယ်သို့ မျှော်လင့်နိုင်သနည်း။ ငါသည် အရာရာကို သင်တို့အား ပေးပြီးဖြစ်၏။ သင်တို့ထံ အရာရာကို ငါ ဖွင့်ပြပြီးဖြစ်သည်၊ သင်တို့၏ လိုအပ်ချက်များကို ထောက်ပံ့ပေးပြီးဖြစ်ကာ၊ သင်တို့၏ မျက်စိများကို ဖွင့်ခဲ့သော်လည်း၊ သင်တို့၏ အသိစိတ်ကို လျစ်လျူရှုရင်း သင်တို့သည် ငါ့ကို ဤသို့ လိမ်လည်လှည့်ဖြားကြ၏။ သင်တို့သည် ဒုက္ခဆင်းရဲခံရသော်လည်း ငါ ကောင်းကင်မှ ယူဆောင်လာခဲ့သော အရာခပ်သိမ်းကို သင်တို့သည် ငါ့ထံမှ ရရှိပြီးဆဲ ဖြစ်ဖို့ရန်အလို့ငှာ ငါသည် ကိုယ်ကျိုးမငဲ့ဘဲ အရာခပ်သိမ်းကို သင်တို့အပေါ် ပေးအပ်လေပြီ။ ဤသို့ဖြစ်စေကာမူ၊ သင်တို့သည် ဆက်ကပ်မှု လုံးဝမရှိပေ၊ ထို့အပြင် ပါဝင်ပေးလှူမှုလေးတစ်ခု သင် ပြုလုပ်ပြီးလျှင်ပင်၊ နောက်ပိုင်းတွင် ငါနှင့် “စာရင်းရှင်းဖို့” ကြိုးစားကြ၏။ သင်၏ ပါဝင်ပေးလှူမှုသည် အချည်းနှီး ဖြစ်မည် မဟုတ်လော။ သင် ငါ့ကို ပေးပြီးသော အရာမှာ သဲတစ်ပွင့်မျှ ဖြစ်သော်လည်း၊ သင် ငါ့ထံမှ တောင်းသောအရာမှာ ရွှေတစ်တန် ဖြစ်သည်။ သင်သည် တကယ်ကို မလျော်ကန်သည် မဟုတ်သလော။ ငါသည် သင်တို့အကြားတွင် အမှု ပြု၏။ နောက်ထပ် ယဇ်ပူဇော်မူများ တစ်ခုတစ်လေ မပြောနှင့်၊ ငါကို ပေးသင့်သော တစ်ဆယ်ရာခိုင်နှုန်း၏ အရိပ်အယောင် လုံးဝ မရှိပေ။ ထို့အပြင်၊ ဘုရားတရားကိုင်းရှိုင်းသူတို့ ပေးလှူသော ထိုတစ်ဆယ်ရာခိုင်နှုန်းသည် စဉ်းလဲသူတို့၏ သိမ်းပိုက်ခြင်းကို ခံရလေသည်။ သင်တို့အားလုံးသည် ငါ့ထံမှ လူစုကွဲသွားကြပြီ မဟုတ်လော။ သင်တို့ အားလုံးသည် ငါ့အပေါ် ရန်လိုကြသည် မဟုတ်လော။ သင်တို့ အားလုံးသည် ငါ ယဇ်ပလ္လင်ကို ဖျက်ဆီးနေကြသည် မဟုတ်လော။ ထိုသို့သော လူများကို ငါ၏ မျက်စိတွင် ရတနာများအဖြစ် အဘယ်သို့ မြင်နိုင်မည်နည်း။ ၎င်းတို့သည် ငါ စက်ဆုပ်သော ဝက်များနှင့် ခွေးများ ဖြစ်ကြသည် မဟုတ်လော။ သင်တို့၏ မကောင်းမှုဒုစရိုက်ကို ရတနာတစ်ပါးအဖြစ် ငါ အဘယ်သို့ ရည်ညွှန်းနိုင်မည်နည်း။ ငါ၏အမှုကို မည်သူ့အတွက် အမှန်တကယ် လုပ်ဆောင်သနည်း။ ယင်း၏ ရည်ရွယ်ချက်မှာ ငါ၏ သြဇာအာဏာကို ထုတ်ဖော်ပြရန် သင်တို့ အားလုံးကို သတ်ဖို့ရန်များသာ ဖြစ်နိုင်မည်လော။ သင်တို့၏ အသက် အားလုံးသည် ငါ့ထံမှ နှုတ်ကပတ်တော်တစ်လုံးအပေါ် တည်ထားသည်မဟုတ်လော။ သင်တို့ကို သွန်သင်ရန် ငါသည် နှုတ်ကပတ်တော်များကို အသုံးပြုရုံသာပြုနေပြီး၊ သင်တို့အား တတ်နိုင်သမျှ အမြန်ဆုံးသတ်ရန် ထိုနှုတ်ကပတ်တော်များကို အမှန်တရားများအဖြစ် ငါ ပြောင်းလဲမသွားစေသည်မှာ အဘယ်ကြောင့်နည်း။ ငါ၏ နှုတ်ကပတ်တော်များနှင့် ငါ၏ အမှုတော်၏ ရည်ရွယ်ချက်မှာ လူသားမျိုးနွယ်ကို သတ်ရန်သာ ဖြစ်သလော။ ငါသည် အပြစ်မဲ့သော သူများကို လက်လွတ်စပယ် သတ်ဖြတ်သော ဘုရားသခင် ဖြစ်သလော။ ယခု၊ လူ့ဘဝ၏ မှန်သော လမ်းကြောင်းကို ရှာဖွေဖို့ သင်၏ဖြစ်တည်မှု တစ်ခုလုံးဖြင့် ငါ၏ ရှေ့မှောက်သို့ သင်တို့ထဲမှမည်မျှ လာနေကြသနည်း။ ငါ့ ရှေ့မှောက်တွင် ရှိသည်မှာ သင်တို့၏ ကိုယ်ခန္ဓာများသာ ဖြစ်၏။ သင်တို့၏ စိတ်နှလုံးများမှာ လွတ်နေဆဲဖြစ်ပြီး ငါ့ထံမှ အလွန် အလှမ်းဝေးဆဲဖြစ်သည်။ ငါ၏အမှုမှာ မှန်တကယ် မည်သည့်အရာ ဖြစ်သည်ကို သင်တို့ မသိကြသောကြောင့်၊ ယင်းအစား ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း မရှိသည့် ပရဒိသုဘုံတွင် နေထိုင်ဖို့ မျှော်လင့်ရင်း ငါ့ထံမှ ထွက်ခွာရန် ဆန္ဒရှိကာ မိမိကိုယ်ကိုယ် ငါ့ထံမှ ခွဲခွာနေသူ သင်တို့ထဲမှ များစွာ ရှိလေသည်။ ဤသည်မှာ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် လူတို့ဆန္ဒရှိသော အရာဖြစ်သည် မဟုတ်လော။ ငါသည် သင့်အား အကျပ်ကိုင်ရန် ဧကန်မုချ ကြိုးစားနေခြင်း မဟုတ်။ သင် ရွေးချယ်သည့် မည်သည့် လမ်းကြောင်းမဆိုသည် သင်ကိုယ်တိုင်၏ ရွေးချယ်မှုဖြစ်၏။ ယနေ့၏ လမ်းကြောင်းသည် တရားစီရင်ခြင်းနှင့် ကျိန်ခြင်းတို့ အတူပါရှိသည့် လမ်းကြောင်းတစ်ခု ဖြစ်၏၊ သို့သော်လည်း၊ တရားစီရင်ခြင်း ဖြစ်စေ၊ ပြစ်တင်ဆုံးမခြင်း ဖြစ်စေ- သင်တို့အပေါ် ငါပေးအပ်ပြီးဖြစ်သည့် အရာအားလုံးသည် သင်တို့အား ငါ ပေးနိုင်သည့် အကောင်းဆုံး ဆုကျေးဇူးများဖြစ်ပြီး သင်တို့ အရေးတကြီး လိုအပ်သောအရာ အားလုံး ဖြစ်သည်ကို သင်တို့အားလုံး သိသင့်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့အားလုံးသည် အကျင့်စရိုက် အလွန် ယုတ်ညံ့ကြသည်တကား

(၆၇၂) စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရသည့် ဝိညာဉ် အားလုံးသည် စာတန်၏ အုပ်စိုးမှုထဲတွင် ထိန်းသိမ်းခံထားရသည်။ ခရစ်တော်ကို ယုံကြည်သောသူတို့ကိုသာ ခွဲထားပြီး၊ စာတန်၏ စခန်းမှ ကယ်တင်ခံရကာ ယနေ့၏ နိုင်ငံတော်ထဲသို့ ခေါ်ဆောင်ခံရလေသည်။ ဤလူများသည် စာတန်၏ လွှမ်းမိုးမှုအောက်တွင် အသက်မရှင်ကြတော့ချေ။ သို့သော်ငြားလည်း၊ လူသား၏ သဘာဝ ဗီဇသည် လူသား၏ ဇာတိပကတိထဲ အမြစ်တွယ်ဆဲဖြစ်သည်၊ ယင်းမှာ သင်တို့၏ ဝိညာဉ်သည် ကယ်တင်ခံရပြီးဖြစ်သော်လည်း သင်တို့၏ သဘာဝဗီဇက ယခင်အတိုင်း ရှိဆဲဖြစ်ပြီး၊ ငါ့ကို သင်တို့ သစ္စာဖောက်မည့် အလားအလာက တစ်ရာရာခိုင်နှုန်း ရှိနေဆဲ ဖြစ်သည်ဟု ဆိုလိုသည်။ ထို့ကြောင့် သင်တို့၏ သဘာဝဗီဇက ပေကတ်ကတ်နိုင်သည်နှင့်အမျှ ငါ၏ အမှု အလွန်ရှည်ကြာရခြင်း ဖြစ်သည်။ ယခု၊ သင်တို့၏ တာဝန်များကို သင်တို့ ဖြည့်ဆည်းကြသည်နှင့်အမျှ၊ သင်တို့၏ အရည်အချင်းရှိသမျှ ဆင်းရဲဒုက္ခများကို သင်တို့အားလုံး ကြုံနေကြရပေသည်၊ သို့တိုင် သင်တို့အသီးသီးသည် ငါ့ကို သစ္စာဖောက်နိုင်စွမ်းရှိကြပြီး စာတန်၏ အုပ်စိုးမှုဆီသို့၊ သူ၏ စခန်းဆီသို့ ပြန်သွားနိုင်စွမ်းရှိကြသကဲ့သို့၊ သင်တို့၏ အသက်တာဟောင်းများဆီသို့ ပြန်သွားနိုင်စွမ်း ရှိကြသည်- ဤသည်မှာ ငြင်းမရနိုင်သည့် အချက်တစ်ခု ဖြစ်သည်။ ထိုအချိန်တွင်၊ ယခု သင်တို့ ပြသကဲ့သို့ လူ့သဘာဝ သို့မဟုတ် လူသားနှင့် ဆင်တူမှု အနည်းငယ်မျှ ပြဖို့ရန် သင်တို့အတွက် ဖြစ်နိုင်လိမ့်မည် မဟုတ်။ ကြီးလေးသည့် ကိစ္စရပ်များတွင်၊ သင်တို့ ဖျက်ဆီးခံရလိမ့်မည်ဖြစ်ပြီး၊ ထို့ထက်ပို၍၊ ထာဝရ ကံဆိုးမိုးမှောင်ကျကိန်းကြုံလိမ့်မည်၊ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရလိမ့်မည်၊ ဘယ်သောအခါမျှ တစ်ဖန် လူဝင်စားလိမ့်မည် မဟုတ်ချေ။ ဤသည်မှာ သင်တို့ရှေ့တွင် ချထားသည့် ပြဿနာ ဖြစ်သည်။ ဤနည်းဖြင့် သင်တို့ကို ငါ သတိပေးသည်မှာ ပထမဦးစွာ ငါ၏ အမှု အချည်းနှီးမဖြစ်ဖို့ရန် အလို့ငှာဖြစ်ပြီး၊ ဒုတိယအနေဖြင့် အလင်း၏ နေ့ရက်များထဲတွင် သင်တို့အားလုံး အသက်ရှင်နိုင်ကြဖို့ အလို့ငှာ ဖြစ်သည်။ အမှန်တွင်၊ ငါ၏ အမှု အချည်းနှီးဖြစ်သည်၊ မဖြစ်သည်က အရေးကြီးသည့် ပြဿနာ မဟုတ်ပေ။ အရေးကြီးသည့်အရာမှာ သင်တို့သည် ပျော်ရွှင်သော ဘဝများနှင့် အံ့ဩဖွယ် အနာဂတ်တစ်ခု ရှိနိုင်ကြဖို့ ဖြစ်သည်။ ငါ၏ အမှုမှာ လူတို့၏ ဝိညာဉ်များကို ကယ်တင်ခြင်း အမှု ဖြစ်သည်။ သင်၏ ဝိညာဉ်သည် စာတန်၏ လက်ထဲသို့ ကျရောက်ပါက၊ သင်၏ ခန္ဓာသည် ငြိမ်သက်ခြင်းဖြင့် အသက်ရှင် လိမ့်မည် မဟုတ်။ ငါသည် သင်၏ ခန္ဓာကို ကွယ်ကာပေးနေပါက၊ သင်၏ ဝိညာဉ်သည်လည်း ငါ၏ စောင့်ရှောက်မှုအောက်တွင် ဧကန်မုချ ရှိလိမ့်မည်။ သင့်ကို အမှန်တကယ် ငါ စက်ဆုပ်ပါက၊ သင်၏ ခန္ဓာနှင့် ဝိညာဉ်တို့သည် စာတန်၏ လက်ထဲသို့ တစ်ပြိုင်နက်တည်း ကျရောက်လိမ့်မည်။ ထိုအခါ သင်၏ အခြေအနေကို သင် စိတ်ကူးနိုင်သလော။ တစ်နေ့ ငါ၏ နှုတ်ကပတ်တော်များသည် သင့်အပေါ် ကျွဲပါးစောင်းတီးဖြစ်ပါက၊ ငါ့ကို သစ္စာဖောက်သည့် သင်တို့၏ စိတ်နှလုံးများ ဘယ်သောအခါမျှ ပြောင်းလဲလိမ့်မည် မဟုတ်သည့်အတွက်၊ ငါ၏ အမျက်ဒေါသ လုံးဝ ကွယ်ပျောက်သည်အထိ သင့်ကို ဝေဒနာပြင်းထန်သော ညှဉ်းဆဲမှုကို ခံစေမည့် စာတန်ဆီ လုံးဝ ငါ လွှဲပြောင်းပေးအပ်မည်၊ သို့မဟုတ် ရွေးနှုတ်ကယ်တင်မရသည့် အသင် လူသားတို့ကို ငါ ကိုယ်တိုင်ကိုယ်ကျ အပြစ်ပေးမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၂)

(၆၇၃) ငါ၏ အမှု နောက်ဆုံးအဆင့်တွင်၊ သင်တို့သည် သင်တို့၏ အပြောင်မြောက်ဆုံးသော စွမ်းဆောင်မှုကို ပေးနိုင်လိမ့်မည်ဖြစ်ပြီး၊ စိတ်မပါ့တပါ မဖြစ်တော့ဘဲ၊ မိမိတို့ကိုယ်ကိုယ် စိတ်ပါလက်ပါ ဆက်ကပ်ကြလိမ့်မည်ဟုသာ ငါ မျှော်လင့်၏။ ဟုတ်ပေ၏၊ သင်တို့ အားလုံး ကောင်းမွန်သော ခရီးပန်းတိုင်တစ်ခု ရှိကြဖို့လည်း ငါ မျှော်လင့်ပေသည်။ သို့သော်လည်း၊ ငါ၌ ငါ၏ သတ်မှတ်ချက် ရှိဆဲဖြစ်၏၊ ယင်းမှာ သင်တို့၏ တစ်ခုတည်းနှင့် နောက်ဆုံးဖြစ်သော ဆက်ကပ်မှုကို ငါ့အား ပေးအပ်ရာတွင် အကောင်းဆုံး ဆုံးဖြတ်ချက်ကို သင်တို့ ပြုလုပ်ဖို့ ဖြစ်သည်။ တစ်စုံတစ်ဦးသည် ထိုတစ်ခုတည်းသော ဆက်ကပ်မှုမရှိပါက၊ သူသည် ဧကန်မုချ စာတန်၏ တန်ဖိုးထားရသော ပိုင်ဆိုင်မှုတစ်ခုဖြစ်ပြီး၊ ငါသည် သူ့ကို ဆက်လက်အသုံးပြုတော့မည် မဟုတ်ဘဲ၊ သူ၏မိဘများ၏ ကြည့်ရှုစောင့်ရှောက်မှုကို ခံရဖို့ သူ့ကို အိမ်သို့ ပို့မည်ဖြစ်သည်။ ငါ၏ အမှုသည် သင်တို့အဖို့ ကြီးမားသော အထောက်အကူတစ်ခု ဖြစ်၏။ သင်တို့ထံမှ ငါရဖို့ မျှော်လင့်သည့်အရာမှာ ရိုးသားပြီး ရည်ရွယ်ချက်မြင့်မားသော နှလုံးသားတစ်ခု ဖြစ်သော်လည်း၊ ယခုထိ ငါသည် လက်ချည်းဗလာ ဖြစ်နေဆဲဖြစ်သည်။ ထိုအရာနှင့်ပတ်သက်၍ စဉ်းစားကြလော့- တစ်နေ့တွင် ငါသည် ပြောဖို့ စကားလုံးများ၏ အတိုင်းအတာ ကျော်လွန်သည်အထိ၊ အလွန်စိတ်ထိခိုက်ရဆဲဖြစ်ပါက၊ သင်တို့အပေါ် ငါ၏ သဘောထားသည် အဘယ်အရာဖြစ်လိမ့်မည်နည်း။ ထိုအခါ ငါသည် ယခုကဲ့သို့ သင်တို့ကို ဖော်ရွေမည်လော။ ထိုအခါတွင် ငါ၏စိတ်နှလုံးသည် ယခုကဲ့သို့ တည်ငြိမ်အေးချမ်းမည်လော။ ဒုက္ခသုခခံ၍ စိုက်ကွင်းကို ထွန်ယက်လျက်၊ ဂျုံစပါးတစ်စေ့ကိုမျှ မရိတ်သိမ်းရသေးသည့် လူတစ်ဦး၏ ခံစားချက်များကို သင်တို့ နားလည်သလော။ အလွန် ထိုးကြိတ်ခံရပြီးသည့်အခါတွင်၊ လူတစ်ဦး၏ နှလုံးသားသည် မည်မျှကြီးမားစွာ အနာတရဖြစ်သည်ကို သင်တို့ နားလည်သလော။ တစ်ချိန်က မျှော်လင့်ချက် အလွန်ပြည့်ခဲ့လျက်၊ မသင့်မြတ်၍ ခွဲခွာခဲ့ရပြီးသည့် လူတစ်ဦး၏ ခါးသီးမှုကို သင်တို့ မြည်းစမ်းနိုင်သလော။ ရန်စခံခဲ့ရသော လူတစ်ဦးထံမှ ထွက်သည့် အမျက်ဒေါသကို သင်တို့ မြင်ဖူးသလော။ မလိုမုန်းထားစိတ်နှင့် လှည့်ဖြားမှုတို့ဖြင့် ဆက်ဆံခံရပြီးသော လူတစ်ဦး၏ လက်စားချေဖို့အတွက် စိတ်ထက်သန်မှုကို သင်တို့ သိနိုင်သလော။ ဤလူတို့၏ စိတ်နေသဘောထားကို သင်တို့ နားလည်ပါက၊ သူ၏ ဒဏ်ခတ်ခြင်း အချိန်ကာလတွင် ဘုရားသခင် ထားရှိမည့် သဘောထားကို တွေးကြည့်ဖို့ သင်တို့အတွက် မခက်ခဲသင့်ဟု ငါ ထင်သည်။ နောက်ဆုံးအနေဖြင့်၊ သင်တို့၏ အားထုတ်မှုများတွင် လှည့်ဖြားသော နည်းလမ်းကို အသုံးမပြုသည်က သာ၍ ကောင်းမည်ဖြစ်သော်လည်း၊ သင်တို့၏ ခရီးပန်းတိုင်အတွက် လေးနက်သော အားထုတ်မှုကို သင်တို့အားလုံး ထားရှိမည်ဟု ငါ မျှော်လင့်၏၊ သို့မဟုတ်ပါက၊ ငါ၏စိတ်နှလုံးထဲ၌ သင်တို့ကို ဆက်လက် စိတ်ပျက်နေမိလိမ့်မည်ဖြစ်သည်။ ထိုသို့သော စိတ်ပျက်ခြင်းသည် မည်သည့်အရာသို့ ဦးတည်သနည်း။ သင်တို့သည် မိမိတို့ကိုယ်ကိုယ် လှည့်စားနေခြင်း မဟုတ်လော။ မိမိတို့၏ ခရီးပန်းတိုင်ကို ဆင်ခြင်တွေးတောမှုပြုသော်လည်း၊ ယင်းကို ဖျက်ဆီးသောသူများသည် ကယ်တင်ခံရဖို့ အနည်းဆုံးသော လူများဖြစ်သည်။ သူသည် စိတ်တိုလာပြီး ဒေါသထွက်လာလျှင်ပင်၊ အဘယ်သူသည် ထိုသို့သော လူတစ်ဦးအပေါ် သနားမည်နည်း။ အားလုံး ခြုံကြည့်သော်၊ သင့်လျော်ကာ ကောင်းမွန်သော ခရီးပန်းတိုင်တစ်ခုရှိဖို့ သင်တို့အတွက် ငါ ဆန္ဒရှိဆဲ ဖြစ်သကဲ့သို့၊ ထို့ထက်ပင်ပို၍၊ သင်တို့ထဲမှ မည်သူမျှ ကပ်ဘေးထဲသို့ ကျရောက်လိမ့်မည်မဟုတ်ဟု ငါမျှော်လင့်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရီးပန်းတိုင်နှင့်ပတ်သက်၍

(၆၇၄) ငါ၏နောက်ဆုံးအလုပ်သည် လူသားကို အပြစ်ပေးရန်အတွက်သာ မဟုတ်ဘဲ၊ လူသား၏ ပန်းတိုင်ကို စီစဉ်ရန် အတွက်လည်းဖြစ်၏။ ထိုထက်မက ယင်းသည် ငါ၏ ပြုမူလုပ်ဆောင်ချက်များကို လူအားလုံး အသိအမှတ်ပြုရန်အလို့ငှာ ဖြစ်သည်။ ငါပြုလုပ်ခဲ့သည့် အမှုအရာအားလုံးသည် မှန်ကန်ကြောင်းနှင့် ငါပြုလုပ်ခဲ့သည့် အမှုအရာ အားလုံးသည် ငါ၏ စိတ်သဘောထားကို ဖော်ပြခြင်းဖြစ်ကြောင်း လူခပ်သိမ်းတို့အား ငါသိစေလို၏။ လူသားမျိုးနွယ်ကို မွေးဖွားခဲ့သည့်အရာသည် လူသား၏လုပ်ဆောင်ချက် မဟုတ်၊ သဘာဝကြောင့် သာ၍ပင်မဟုတ်ဘဲ ဖန်ဆင်းခြင်းတွင် သက်ရှိအရာတိုင်းကို အာဟာရပေးသည်မှာ ငါ ဖြစ်သည်။ ငါမရှိလျှင် လူသားမျိုးနွယ်သည် ပျက်စီးခြင်းသို့သာ ရောက်ပြီး ကပ်ဘေးများစွာ၏ဒုက္ခကို ခံစားရလိမ့်မည်။ လှပသည့်နေနှင့်လ သို့မဟုတ် စိမ်းလန်းစိုပြေသည့် ကမ္ဘာမြေကို မည်သည့်လူသားမျှ နောက်ထပ် မြင်တွေ့ရလိမ့်မည် မဟုတ်ပေ။ လူသားမျိုးနွယ်သည် အလွန်အေးစက်သော ညများနှင့် ရှောင်လွှဲမရသည့် သေမင်း၏အရိပ်လွှမ်းမိုးသော ချိုင့်ဝှမ်းနှင့်သာ ကြုံတွေ့ရလိမ့်မည်။ ငါသာလျှင် လူသားမျိုးနွယ်၏ တစ်ခုတည်းသော ကယ်တင်ရာဖြစ်၏။ ငါသာလျှင် လူသားမျိုးနွယ်၏ တစ်ခုတည်းသော မျှော်လင့်ရာ ဖြစ်သည်သာမက၊ ငါသည် လူသားမျိုးနွယ်တစ်ရပ်လုံး၏ တည်ရှိခြင်းအတွက် တည်မှီရာဖြစ်သည်။ ငါမရှိလျှင် လူသားမျိုးနွယ်သည် ချက်ချင်း လုံးဝဥဿုံရပ်တန့်သွားမည်။ ငါ့ကို မည်သူမျှ အလေးမစိုက်သော်လည်း၊ ငါမရှိလျှင် လူသားမျိုးနွယ်သည် ရုတ်တရက် ဖြစ်ပွားသည့် ကပ်ဘေးဒဏ်ခံရပြီး တစ္ဆေအမျိုးမျိုးတို့၏ ဖဝါးအောက် နင်းချေခြင်းခံရလိမ့်မည်။ အခြားမည်သူမျှ မပြုနိုင်သည့်အမှုကို ငါပြုခဲ့ပြီဖြစ်ပြီး လူသားသည် ငါ့ကို အချို့သော ကောင်းမှုများဖြင့် ကျေးဇူးပြန်ဆပ်ရန်သာ ငါမျှော်လင့်သည်။ ငါ့ကို ကျေးဇူးဆပ်နိုင်သူတို့မှာ အလွန်နည်းပါးသော်လည်း၊ ငါသည် ဤလူ့လောကတွင် ငါ၏ခရီးကို အဆုံးသတ်ပြီး ငါ၏ဖွင့်လှစ်ပြခြင်းအမှု၏ နောက်တစ်ဆင့်ကို စတင်ဦးမည် ဖြစ်သည်၊ အကြောင်းမူကား ဤနှစ်ပေါင်းများစွာ လူသားအကြား ငါ၏ခေါက်တုံ့ခေါက်ပြန် အပူတပြင်း လုပ်ဆောင်မှုသည် အကျိုးဖြစ်ထွန်းပြီးဖြစ်၍ ငါသည် အလွန်ကျေနပ်၏။ ငါအရေးစိုက်သည်မှာ လူအရေအတွက် မဟုတ်ဘဲ၊ သူတို့၏ ကောင်းမှုများသာ ဖြစ်၏။ မည်သို့ပင်ဖြစ်စေကာမူ သင်တို့ကိုယ်တိုင်၏ ပန်းတိုင်အတွက် ကောင်းမှုများအလုံအလောက် သင်တို့ပြင်ဆင်မည်ဟု ငါမျှော်လင့်၏။ ထိုအခါ ငါကျေနပ်လိမ့်မည်။ သို့မဟုတ်ပါက သင်တို့ အပေါ်ကျရောက်လာမည့် ဘေးအန္တရာယ်ကို သင်တို့တစ်ဦးမျှ ရှောင်နိုင်မည် မဟုတ်။ ဤဘေးဒုက္ခသည် ငါ့ထံမှစတင်၍ ငါစီစဉ်ညွှန်ကြားခြင်း ဖြစ်သည်မှာ မှန်ပေသည်။ ငါ၏အမြင်၌ သင်တို့သည် ကောင်းမွန်ပုံ မပေါက်လျှင် သင်တို့သည် ဘေးဒုက္ခခံစားရခြင်းမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။ သင်တို့၏ယုံကြည်ခြင်းနှင့် ချစ်ခြင်းတို့သည် အနှစ်သာရ မရှိဖြစ်ခဲ့ကြပြီး သင်တို့သည် တွန့်ဆုတ်တတ်သူများ သို့မဟုတ် ခက်ထန်သောသူများ အဖြစ်သာ မိမိကိုယ်ကိုယ် ပြသခဲ့ကြသောကြောင့်၊ ကြီးစွာသော ဆင်းရဲဒုက္ခအကြားတွင် သင်တို့၏ ပြုမူလုပ်ဆောင်ချက်များသည် လုံးလုံးလျားလျား သင့်လျော်သည်ဟု ယူဆခြင်း မခံခဲ့ရပေ။ ဤအရာနှင့်ပတ်သက်၍ ကောင်း၏၊ ဆိုး၏ကိုသာ တရားစီရင်မှုတစ်ခု ငါပြုမည်။ သင်တို့တစ်ဦးစီ ပြုမူပုံနှင့် မိမိကိုယ်ကိုယ် ဖော်ပြပုံသာ ငါ၏အမှုထားစရာကိစ္စ ဖြစ်မြဲဖြစ်နေပြီး ၎င်းတို့အပေါ်အခြေခံ၍ သင်တို့၏နိဂုံးကို ငါဆုံးဖြတ်အံ့။ သို့ရာတွင် ဆင်းရဲဒုက္ခကြီးစွာ ခံစားရချိန်များတွင် ငါ့အပေါ် စိုးစဉ်းမျှ သစ္စာစောင့်သိမှု မပြသခဲ့သူများအား ငါသည် နောက်ထပ် သနားကြင်နာတော့မည် မဟုတ်ဘဲ ငါ၏ကရုဏာသည် အကန့်အသတ်ရှိကြောင်းကို ငါရှင်းလင်းစေရမည်။ ထို့ပြင် တစ်ချိန်က ငါ့ကို သစ္စာဖောက်ခဲ့သူ မည်သူ့ကိုမျှ ငါနှစ်သက်ခြင်းမရှိ၊ ၎င်းတို့၏မိတ်ဆွေများ၏ အကျိုးအပေါ် သစ္စာဖောက်သူများနှင့် ငါသည် သာ၍ပင် ပတ်သက်ဆက်နွှယ်လိုခြင်း မရှိ။ ထိုသူသည် မည်သူပင်ဖြစ်စေ ဤသည်မှာ ငါ၏စိတ်သဘောထား ဖြစ်သည်။ ငါ၏နှလုံးကို ကြေကွဲစေသူ မည်သူမဆို ငါ့ထံမှ ဒုတိယအကြိမ် သက်ညှာမှု ရလိမ့်မည် မဟုတ်ကြောင်းနှင့် ငါ့အပေါ်သစ္စာရှိနေခဲ့သောသူ မည်သူမဆို ငါ၏နှလုံးသားတွင် ထာဝရ တည်ရှိနေမည် ဖြစ်ကြောင်း သင်တို့ကို ငါပြောကြားရမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့

အောက်ခြေမှတ်စု(များ)-

က။ သစ်ခြောက်တစ်ခု- “ကူညီ၍မရနိုင်တော့သော” ဟု ဆိုလိုသည့် တရုတ်ဥပစာစကားတစ်ရပ်။

ခ။ မူရင်းစာသားတွင် “ဤနည်းအားဖြင့်” ဆိုသည့် စကားစု မပါဝင်ပါ။

အရှေ့သို့- (ခ) လူသားအပေါ် ဘုရားသခင်၏ တိုက်တွန်းချက်များ၊ နှစ်သိမ့်မှုများ

နောက်တစ်ခုသို့- ၁၄။ လူသား၏ရလဒ်နှင့် လူအမျိုးအစားတိုင်းအတွက် နိဂုံးအပေါ် သတ်မှတ်ခြင်းအတွက် ဘုရားသခင်၏ စံနှုန်းများနှင့် ပတ်သက်သည့် နှုတ်ကပတ်တော်များ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။