၂။ သေခြင်းတရားအားဖြင့် စမ်းသပ်မှုကာလ
အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသည် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်ကို ကယ်တင်ဖို့အလို့ငှာ ကမ္ဘာမြေပေါ်သို့ အမှုပြုရန်ကြွလာပြီဖြစ်သည်။ ဤအရာတွင် မုသားမပါပေ။ မုသား ပါရှိခဲ့ပါက၊ သူသည် သူ၏အမှုကို ပြုရန် ကိုယ်တိုင် သေချာပေါက် ကြွလာမည် မဟုတ်ပေ။ အတိတ်တွင် သူ၏ ကယ်တင်ခြင်းနည်းလမ်းတွင် အဆုံးစွန်သော ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာကို ပြသခြင်း ပါဝင်ခဲ့သည်မှာ သူသည် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် အလဲအလှယ်အနေဖြင့် သူ၏ အရာအားလုံးကို စာတန်အား ပေးအပ်ခဲ့သည်အထိ ဖြစ်သည်။ လက်ရှိသည် အတိတ်နှင့် မည်သို့မျှ မတူပေ။ ယနေ့ သင်တို့အပေါ် အပ်နှင်းသော ကယ်တင်ခြင်းသည် အသီးသီးကို အမျိုးအစားအလိုက် ခွဲခြားခြင်း အတောအတွင်းဖြစ်သည့် နောက်ဆုံးသောကာလနှင့်ဆိုင်သည့် အချိန်ကာလတွင် ဖြစ်ပေါ်ပေသည်။ သင်တို့၏ ကယ်တင်ခြင်း နည်းလမ်းမှာ ချစ်ခြင်းမေတ္တာ၊ သို့မဟုတ် သနားခြင်းကရုဏာ မဟုတ်ဘဲ၊ လူသားအနေဖြင့် ပို၍စေ့စေ့စပ်စပ် ကယ်တင်ခံရနိုင်စေရန်အလို့ငှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ ဖြစ်သည်။ ထို့ကြောင့် သင်တို့ရရှိသမျှအားလုံးသည် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့် မညှာမတာ ရိုက်နှက်ခြင်းတို့ ဖြစ်သော်လည်း၊ ဤအရာကို သိကြလော့- ဤသနားအကြင်နာမဲ့သော ရိုက်နှက်ခြင်းတွင် အပြစ်ဒဏ်ပေးခြင်း စိုးစဉ်းမျှ မပါပေ။ ငါ၏ နှုတ်ကပတ်တော်များ မည်မျှ ကြမ်းတမ်းသည်ဖြစ်စေ၊ သင်တို့အပေါ် ကျရောက်သည့်အရာမှာ သင်တို့အဖို့ လုံးဝ အကြင်နာမဲ့ပုံပေါ်သည့် နှုတ်ကပတ်တော် အနည်းငယ်သာ ဖြစ်ပြီး၊ ငါ မည်မျှ ဒေါသထွက်မည်ဖြစ်စေ၊ သင်တို့အပေါ်သို့ ကျရောက်သည်မှာ သွန်သင်ခြင်း နှုတ်ကပတ်တော်များ ဖြစ်နေဆဲဖြစ်သည်၊ ပြီးလျှင် ငါသည် သင်တို့ကို ထိခိုက်နစ်နာစေရန် သို့မဟုတ် သေခြင်းသို့ ရောက်စေရန် မရည်ရွယ်ပေ။ ဤသည်မှာ အမှန်တရားချည်းသာ မဟုတ်လော။ ယခုခေတ်တွင် ဖြောင့်မတ်သည့် တရားစီရင်မှုဖြစ်စေ၊ အကြင်နာကင်းမဲ့သည့် စစ်ဆေးခြင်းနှင့် ပြစ်တင်ဆုံးမခြင်းဖြစ်စေ အရာအားလုံးသည် ကယ်တင်ခြင်းအတွက် ဖြစ်သည်ကို သိမှတ်လော့။ ယနေ့ အသီးသီးကို အမျိုးအစားအလိုက် အုပ်စုခွဲခြားသည်ဖြစ်စေ၊ သို့မဟုတ် လူအမျိုးအစားများကို ချပြသည်ဖြစ်စေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုအားလုံးတို့၏ ရည်ရွယ်ချက်သည် ဘုရားသခင်ကို အမှန်တကယ် ချစ်ကြသူများကို ကယ်တင်ရန် ဖြစ်သည်။ ဖြောင့်မတ်သည့် တရားစီရင်ခြင်းကို လူသားအား သန့်စင်ရန် ဆောင်ကြဉ်းခြင်း ဖြစ်သည်၊ အကြင်နာကင်းမဲ့သည့် စစ်ဆေးခြင်းကို ၎င်းတို့အား သန့်ရှင်းစေရန် လုပ်ဆောင်ခြင်း ဖြစ်သည်။ ကြမ်းတမ်းသောစကားများ၊ သို့မဟုတ် ပြစ်တင်ဆုံးမခြင်းတို့ကို သန့်စင်စေရန် လုပ်ဆောင်ခြင်းဖြစ်ပြီး ကယ်တင်ခြင်းအတွက် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့သည် အဆင့်အတန်းနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများကို ဘေးဖယ်ပြီး လူသားထံ ကယ်တင်ခြင်းကို ဆောင်ကြဉ်းဖို့ ဘုရားသခင်၏ အလိုကို နားလည်သင့်၏) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်တော့်ကို တကယ်ကို တို့ထိခဲ့ပြီး လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကျော်က သေခြင်းတရားအားဖြင့် စမ်းသပ်မှုကာလမှာ ကျွန်တော် ကြုံတွေ့ခဲ့ရတဲ့ မမေ့နိုင်တဲ့ အတွေ့အကြုံတစ်ခုကို ပြန်စဉ်းစားမိစေတယ်။ ဘုရားရဲ့ တရားစီရင်မှုနဲ့ ပြစ်တင်ဆုံးမမှုဆိုတာ လူသားအတွက် ကိုယ်တော့်ချစ်ခြင်းနဲ့ ကယ်တင်ခြင်းဖြစ်မှန်း ကျွန်တော် အမှန်တကယ် နားလည်လာခဲ့တာပါ။ ဘုရားနှုတ်ကပတ်တော်တွေက ဘယ်လောက်ပဲ ပြင်းထန်နေပါစေ၊ စိတ်မချမ်းသာစရာ ကောင်းနေပါစေ အဲဒါတွေက ကျွန်တော်တို့ကို သန့်စင်ပြောင်းလဲစေဖို့အတွက်ပါပဲ။
အဲဒီတုန်းက ၁၉၉၂ ဖေဖော်ဝါရီလပေါ့။ အစေခံသူတွေကို စမ်းသပ်မှု ပြီးသွားတော့၊ ဘုရားက ကျွန်တော်တို့ကို နိုင်ငံတော်ခေတ်ရဲ့လူတွေအဖြစ် မြှင့်တင်ပေးလိုက်တယ်။ သတ်မှတ်ချက်တွေလည်း ပေးတယ်။ ကိုယ်တော့်နှုတ်ကပတ်တော်တွေကို ဖတ်ပြီး လက်တွေ့လုပ်ဆောင်ဖို့ကို အာရုံစိုက်ဖို့၊ ဘုရားကို သိအောင် ကြိုးစားဖို့၊ စမ်းသပ်မှုတွေကတစ်ဆင့် ဘုရားကို သက်သေခံဖို့၊ နိုင်ငံတော်သားတွေရဲ့ အဆင့်အတန်းကို တတ်နိုင်သမျှမြန်မြန် ရရှိကြဖို့ပေါ့။ အဲဒီအချိန်တုန်းကဆို ဘုရားနှုတ်ကပတ်တော်တွေမှာ မကြာမကြာ ဖော်ပြတတ်တယ်၊ “ငါ့အိမ်ထောင်ရှိ လူများ” နှင့် “ငါ့နိုင်ငံတော်၏ လူမျိုး” ဆိုတာတွေပေါ့။ ဒီစကားလုံးတွေကို ကြားရတိုင်း၊ ဘုရားက ငါတို့ကို သူ့ကိုယ်ပိုင်မိသားစုလို မြင်တာပဲဆိုတာမျိုး အမြဲတမ်း ခံစားရတယ်။ နွေးထွေးတယ်၊ အားပေးတယ်ဆိုတဲ့ ခံစားချက်မျိုး ရခဲ့တာ။ ဒါနဲ့ ကျွန်တော်လည်း ဘုရားရဲ့လူတစ်ယောက်ဖြစ်ဖို့ ကြိုးပမ်းခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်တယ်၊ ဆုတောင်းတယ်။ နှုတ်ကပတ်တော်တွေကတစ်ဆင့် ကိုယ်တော့်အလိုကို ဆင်ခြင်ကြည့်တယ်။ ကိုယ့်တာဝန်ကို တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တယ်။ ကိုယ့်တစ်သက်လုံး ဘုရားနောက် လိုက်ဖို့ပဲ ဆုံးဖြတ်လိုက်တယ်။ အဲဒီတုန်းက ကျွန်တော့်အသက် ၂၂ နှစ်ပေါ့။ ကိုယ်နဲ့ရွယ်တူတွေက အဲဒီအချိန်လောက်မှာ များသောအားဖြင့် အိမ်ထောင်ကျပြီး ကလေးတွေ ရနေပြီ။ ဘာသာရေးအယုံအကြည်မရှိတဲ့ ကျွန်တော့်မိသားစုကလည်း မိန်းမရှာပေးဖို့ပဲ ကြိုးစားနေတာ။ ဒါပေမဲ့ ကျွန်တော်က ငြင်းပစ်တာချည်းပဲ။
ကျွန်တော်က “ကောင်းကင်နိုင်ငံတော်သီချင်း” ဆိုရတာကို တကယ် ကြိုက်ခဲ့တာ။ အထူးသဖြင့် ဒီအပိုဒ်လေးပေါ့၊ “ကောင်းကင်နိုင်ငံတော်၏ ဂုဏ်ပြုခြင်း အသံတွင်၊ စာတန်၏နိုင်ငံတော် ပြိုလဲ၏၊ ကောင်းကင်နိုင်ငံတော်သီချင်း၏ မြည်ဟည်းသံတွင် နောက်တစ်ဖန် လုံးဝ မပေါ်ထွန်းတော့ရန် အမြစ်ဖြတ်ချေမှုန်းခံရ၏။” “ကမ္ဘာပေါ်က မည်သူသည် ထ၍ဆန့်ကျင်ဝံ့သနည်း။ မြေကြီးပေါ်သို့ ငါဆင်းသက်သည်နှင့်အမျှ၊ ငါသည် လောင်ကျွမ်းခြင်းကို ဆောင်ကြဉ်း၏၊ အမျက်ဒေါသကို ဆောင်ကြဉ်း၏၊ ကပ်ဘေးမျိုးစုံကို ဆောင်ကြဉ်း၏။ လောကီနိုင်ငံတို့သည် ယခုတွင် ငါ၏ နိုင်ငံတော်ဖြစ်လေပြီ။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “ကောင်းကင်နိုင်ငံတော်သီချင်း (၁) ဘုရားသခင်ရဲ့နိုင်ငံတော် မြေကြီးပေါ် ရောက်လာ”) ကျွန်တော် စဉ်းစားကြည့်တယ်။ ဘုရားရဲ့နိုင်ငံတော်က မြေကြီးပေါ်မှာ ဘယ်လိုမျိုး ဖြစ်ပေါ်လာမယ်၊ ပြီးတော့ ဘုရားရဲ့အမှုတော် ပြီးဆုံးချိန်မှာ ကပ်ဘေးကြီးတွေ လာမယ်၊ ဘုရားကို ဆန့်ကျင်တဲ့လူတိုင်း ဖျက်ဆီးခံရလိမ့်မယ်ဆိုတာတွေပေါ့။ ဘုရားကို နာခံတဲ့ ကျွန်တော်တို့ကျတော့ အသက်ရှင် ကျန်ကြလိမ့်မယ်။ ဘုရားက ကျွန်တော်တို့ကို ထာဝရကောင်းချီးတွေ ခံစားရအောင် နိုင်ငံတော်ထဲကို ခေါ်ဆောင်လိမ့်မယ်ပေါ့။ ဒါတွေအားလုံးကို တွေးကြည့်ရတာ သိပ်ပြီး ပျော်စရာကောင်းတယ်။ အဲဒီတုန်းကတော့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နာမတော်ကို လက်ခံပြီး၊ နိုင်ငံတော်သားတွေအဖြစ် ပါဝင်ဖို့ ချီမခံရတာကို ကျွန်တော်က ဘယ်လိုထင်လဲဆိုရင်၊ ဒီအသက်မှာ ဘုရားရဲ့နိုင်ငံတော်ထဲ ဝင်ရောက်ရတယ်ဆိုတာ ကိုယ့်ဆီကနေ ဘယ်သူမှ လုယူလို့မရတဲ့ ကတိကဝတ်တစ်ခုပဲပေါ့။ ကျွန်တော် တော်တော်ကို ပျော်ခဲ့တာ။ ကျွန်တော်တို့ဝိညာဉ်တွေက အားရှိလာကြတယ်။ ဝမ်းသာလို့မဆုံး ဖြစ်ကြတယ်။ ဘုရားအတွက် ကိုယ့်ကိုယ်ကိုယ် မမောနိုင်မပန်းနိုင် အသုံးခံခဲ့ကြတာပါ။
ဒါပေမဲ့ ဘုရားက ဖြောင့်မတ်၊ သန့်ရှင်းပါတယ်။ ကျွန်တော်တို့စိတ်နှလုံးတွေရဲ့ အတွင်းထဲအထိ မြင်တယ်။ ကျွန်တော်တို့ ဖုံးကွယ်ထားတဲ့ အယူအဆတွေ၊ စိတ်ကူးတွေ၊ မကောင်းတဲ့ လိုအင်ဆန္ဒတွေကို ကိုယ်တော်က သိတယ်။ ကျွန်တော်တို့က ငါတို့တော့ နိုင်ငံတော်ထဲ ရောက်လိမ့်မယ်၊ ဘုရားရဲ့ ကောင်းချီးတွေနဲ့ ပျော်ရွှင်ရတော့မယ်ဆိုပြီး မျှော်လင့်ချက်အပြည့်နဲ့ဖြစ်နေကြတုန်းမှာပဲ ဧပြီလကုန်ပိုင်းလောက်မှာ ဘုရားက နှုတ်ကပတ်တော်သစ်တွေကို မိန့်ဆိုလိုက်တယ်။ ကျွန်တော်တို့အားလုံးကို သေခြင်းတရားအားဖြင့် စမ်းသပ်မှုဆီ ဦးတည်ပေးလိုက်တာ။
တစ်ရက်ကျတော့ အသင်းတော်ခေါင်းဆောင်တစ်ယောက်က စည်းဝေးပွဲတစ်ခု လုပ်ပြီး၊ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြတယ်၊ “လူသားများ စိတ်ကူးယဉ်နေစဉ်အတွင်းတွင် ငါသည် ကမ္ဘာ့နိုင်ငံများကို သွားရောက်လည်ပတ်ကာ ငါ၏ လက်မှ ‘သေဆုံးခြင်း ရံနံ့’ ကို လူသားအကြားတွင် ပက်ဖြန်း နေသည်။ လူတို့အားလုံးသည် အသက်ပါမှုကို ချန်ရစ်ပြီး လူ့ဘဝ၏ နောက်ထပ် အဆင့်တစ်ခုကို ဝင်ရောက်ကြသည်။ လူသားမျိုးနွယ်များအနက် သက်ရှိသတ္တဝါများ တစ်စုံတစ်ရာကို မြင်တွေ့ နိုင်တော့မည်မဟုတ်ပေ။ အလောင်းကောင်များ နေရာတိုင်းတွင်ပြန့်ကျဲနေသည်။ အသက်ပါမှုဖြင့် ပြည့်နေသော အရာများသည်လည်း ခြေရာလက်ရာမကျန် ရုတ်တရက် ပျောက်ကွယ်သွားပြီး အလောင်းကောင်များ၏ မွန်းကြပ်လှသော အနံ့များသည် တိုင်းပြည်အတွင်း စိမ့်ဝင်ပျံ့နှံ့နေသည်။...ယနေ့ ဤနေရာတွင် လူတို့အားလုံး၏ အလောင်းကောင်များသည် ဖရိုဖရဲဖြင့်လဲလျောင်းနေသည်။ လူတို့မသိရှိဘဲ ငါ၏ လက်မှ ကပ်ရောဂါများ ထုတ်လွှတ်လိုက်ပြီး လူ့ခန္ဓာကိုယ်များသည်ဦးခေါင်းမှ ခြေချောင်းတိုင်အောင် လူ့ဇာတိ အထောက်အထားမချန်ဘဲ ယိုယွင်းပျက်စီးပေမည်။ ထို့နောက် လူသားနှင့် ဝေးရာကို ငါထွက်ခွာမည်။ ငါ၏ စီမံခန့်ခွဲမှုတစ်ခုလုံး၏နောက်ဆုံးအဆင့်သည် အဆုံးသတ်ပြီဖြစ်သည့် အတွက် ငါသည် နောက်တစ်ကြိမ် လူသားနှင့် ဘယ်သောအခါမျှ စုစုရုံးရုံးနေလိမ့်မည် မဟုတ့်၊ လူတို့အကြား နောက်ထပ် ဘယ်သောအခါမျှ လာလိမ့်မည် မဟုတ်၊ ထို့အပြင် ငါသည် လူသားမျိုးနွယ်ကို နောက်ထပ် ဖန်ဆင်းလိမ့်မည်မဟုတ်၊ လူသားကိုလည်း ဂရုစိုက်မှုများ နောက်ထပ်ပေးလိမ့်မည် မဟုတ်ပေ။ ငါ၏ ပါးစပ်မှနှုတ်ကပတ်တော်များကို အဓိပ္ပါယ် ကောက်ယူပြီးနောက် လူတို့အားလုံးသည် မသေလိုသည့်အတွက် မျှော်လင့်ချက်များ ပျောက်ဆုံးကြသည်။ သို့သော် ‘အသက်ရှင်ပြန်ထမြောက်ရန်’ အတွက် မည်သူ ‘မသေဆုံး’ သနည်း။ လူတို့ကို အသက်ရှင်သန်ရန်ပြုလုပ်သည့် တန်ခိုး ငါ့တွင် မရှိဟု လူတို့ကိုပြောသည့်အခါ ၎င်းတို့သည် နာကျင်စွာဖြင့် ရုတ်တရက်ငိုကြွေးကြသည်။ ငါသည် ဧကန်အမှန်ပင် ဖန်ဆင်းရှင်တစ်ဦးဖြစ်သော်လည်း လူတို့ကို သေဆုံးစေနိုင်သော တန်ခိုးသာ ငါ့တွင်ရှိပြီး ၎င်းတို့ ပြန်လည်ရှင်သန်နိုင်ရန်အတွက် ပြုလုပ်နိုင်စွမ်း မရှိပေ။ ဤအကြောင်းတွင် ငါ လူသားကို တောင်းပန်သည်။ ထို့ကြောင့် ‘ငါသည် မပေးဆပ်နိုင်သော အကြွေးသူ့အပေါ်တွင် တင်မိသည်’ ဟု ငါ သူ့ကို ကြိုတင်၍ပြောခဲ့သည်။ သို့သော် သူသည် ငါ ယဉ်ကျေးနေခဲ့ခြင်းသာဖြစ်သည် ဟု တွေးခဲ့သည်။ အမှန်တရားဖြစ်ပေါ်လာမှုနှင့်အတူ ငါသည် ယနေ့တွင် ဤအရာကို ပြောနေဆဲပင်ဖြစ်သည်။ ငါ စကားပြောသည့်အခါတွင် ဤအချက်အလက်များကို ငါ ထုတ်ပြောမည်မဟုတ်ပေ။ ၎င်းတို့၏ စိတ်ကူးများထဲတွင် ငါပြောဆိုသည့်နည်း အများအပြားရှိကြောင်း ယုံကြည်နေကြပြီး ထိုသူတို့သည် အခြား တစ်စုံတစ်ခုအတွက် မျှော်လင့်နေစဉ် ငါပြောလိုက်သော စကားလုံးများကို အမြဲတမ်း ဆုပ်ကိုင်ထားကြသည်။ ဤအရာများသည် လူသား၏ မှားယွင်းသော ကြံရွယ်ချက်များ မဟုတ်လော။ လူသားသည် ငါ့အပေါ်တွင် စစ်မှန်စွာ ချစ်ခင်ခြင်းမရှိ သည်ကို ဤအခြေအနေများတွင် ငါ ‘ရဲဝံ့စွာ’ ပြောဆိုဝံ့သည်။ လူသားများကို သူတို့၏ အကောင်းဆုံးစံနမူနာ တိုင်းပြည်သို့ ငါသည် ခေါ်ဆောင်သွားလိမ့်မည် မဟုတ်သည့်အတွက် ငါသည် အသိတရားကိုကျောခိုင်းကာ အချက်အလက်များကို မမှန်မကန်ဖြစ်စေရန် ပြောင်းလဲခြင်းပြုမည်မဟုတ်၊ နောက်ဆုံးတွင် ငါ၏ အလုပ်ပြီးဆုံးသွားသောအခါ ၎င်းတို့ကို သေဆုံးခြင်းတိုင်းပြည်ဆီသို့ ဦးဆောင်သွားတော့မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၄၀)) ကျွန်တော်က “ငါသည် ဧကန်အမှန်ပင် ဖန်ဆင်းရှင်တစ်ဦးဖြစ်သော်လည်း လူတို့ကို သေဆုံးစေနိုင်သော တန်ခိုးသာ ငါ့တွင်ရှိပြီး ၎င်းတို့ ပြန်လည်ရှင်သန်နိုင်ရန်အတွက် ပြုလုပ်နိုင်စွမ်း မရှိပေ။” ဆိုတာကို ဖတ်ရတော့၊ တော်တော် ခေါင်းရှုပ်သွားတာ။ “ဘုရားက ဘာလို့ အဲဒီလိုမျိုး မိန့်ဆိုရတာလဲ။” “လူသားရဲ့ ရှင်ခြင်းနဲ့ သေခြင်းဆိုတာ ဘုရားရဲ့လက်ထဲမှာရှိတယ်။ လူသားကို အသက်ရှင်လာအောင် ‘လုပ်နိုင်စွမ်း’ မရှိဘူးလို့ ဘာကြောင့်ပြောတာလဲ။ ငါတို့ယုံကြည်သူတွေက နောက်ဆုံးအချိန်မှာ တကယ်ပဲ သေကြရဦးမှာလား။ ငါတို့က နိုင်ငံတော်သားတွေပဲ။ ဒီတော့ ဘယ်လိုလုပ် သေနိုင်မှာလဲ။ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ဘုရားက ငါတို့ကို ကျီစားမှာတော့ မဟုတ်ဘူး။ ‘နောက်ဆုံးတွင် ငါ၏ အလုပ်ပြီးဆုံးသွားသောအခါ ၎င်းတို့ကို သေဆုံးခြင်းတိုင်းပြည်ဆီသို့ ဦးဆောင်သွားတော့မည်။’ ဆိုပြီး နှုတ်ကပတ်တော်တွေက ရှင်းရှင်းလင်းလင်း ဖော်ပြတာပဲ။ နောက်ဆုံးတော့ ငါတို့က သေခြင်းတရားကို ရင်ဆိုင်ရမှာပဲဆိုတဲ့ အဓိပ္ပာယ်မဟုတ်ဘူးလား။ ဒါတွေအားလုံးက ဘာတွေလဲ” ဆိုပြီး လျှောက်စဉ်းစားတယ်။ ဘုရားက အဲဒါမျိုးကို ဘယ်လိုကြောင့်မိန့်တာလဲဆိုတာ ကျွန်တော် စဉ်းစားလို့ကိုမရဘူး။ ကျွန်တော့်ဘေးက တခြားညီအစ်ကိုမောင်နှမတွေလည်း ဘယ်လို နားလည်ရမှန်းမသိဖြစ်နေတဲ့ ပုံစံမျိုးတွေပဲ။ အဲဒီတော့မှ အသင်းတော်ခေါင်းဆောင်က ကျွန်တော်တို့ကို မိတ်သဟာယပေးတယ်၊ “ကျွန်တော်တို့ရဲ့ ဇာတိပကတိဆိုတာ စာတန်ကြောင့် ဆိုးဆိုးဝါးဝါး ပျက်စီးနေတာ။ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေနဲ့ ပြည့်နေတယ်။ ကျွန်တော်တို့ဟာ မာနထောင်လွှားတယ်။ လှည့်စားတတ်တယ်။ တစ်ကိုယ်ကောင်းဆန်ပြီး လောဘကြီးတယ်။ ကျွန်တော်တို့က တစ်ချိန်လုံး လိမ်ညာလှည့်ဖြားနေကြတုန်းပဲ။ ဘုရားကို ယုံကြည်ပြီး ကိုယ့်ကိုယ်ကိုယ် အသုံးခံနိုင်တာမျိုး ရှိချင်ရှိမယ်။ ဒါပေမဲ့ ကျွန်တော်တို့က ကိုယ်တော့်နှုတ်ကပတ်တော်တွေကို လက်တွေ့မလုပ်ဆောင်နိုင်ကြဘူး။ စမ်းသပ်မှုတွေ၊ ဆင်းရဲဒုက္ခတွေ လာပြီဆိုရင်၊ ကိုယ်တော့်ကို အပြစ်တင်ဝေဖန်နေကြတုန်းပဲ။ ကျွန်တော်တို့ရဲ့ ဇာတိပကတိက ဘုရားကို ခုခံတတ်တယ်၊ စာတန်နဲ့သက်ဆိုင်နေတယ်ဆိုတာ ဒါက ပြနေတယ်။ ဘုရားရဲ့စိတ်သဘောထားက ဖြောင့်မတ်၊ သန့်ရှင်းတယ်။ ပုန်ကန်ပြစ်မှားလို့မရနိုင်ဘူး။ စာတန်နဲ့သက်ဆိုင်တဲ့ လူတွေကို ကိုယ်တော်က သူ့နိုင်ငံတော်ထဲ ဘယ်လိုလုပ် ဝင်ခွင့်ပြုနိုင်မှာလဲ။ ဒါကြောင့် ကိုယ်တော့်အမှုတော် ပြီးစီးချိန်မှာ ကပ်ဘေးကြီးတွေ လာလိမ့်မယ်။ တကယ်လို့ ကျွန်တော်တို့ယုံကြည်သူတွေက သမ္မာတရားကို မရကြသေးဘူး၊ အသက်စိတ်သဘောထားတွေ မပြောင်းလဲကြသေးဘူးဆိုရင်၊ ကျွန်တော်တို့တွေ သေကြရဦးမှာပဲ” တဲ့။
ခေါင်းဆောင်ဆီကနေ ဒီမိတ်သဟာယကို ကြားရတော့၊ ကျွန်တော် စိတ်ခံစားချက်တွေနဲ့ ပြည့်နေခဲ့ပြီး ဘယ်လိုခံစားရမှန်း မသိတော့ဘူး။ ရုတ်တရက်ကြီး မိုးပြိုကျသလို ခံစားလိုက်ရတယ်။ တုန်လှုပ်သွားတာ။ ခေါင်းထဲမှာ စိတ်ရှုပ်တာရော မကျေမနပ်ဖြစ်တာတွေရော ပြည့်လာတယ်။ ကျွန်တော် စဉ်းစားတယ်၊ “ငါတို့က နောက်ဆုံးမျိုးဆက်ဆိုတော့ ကောင်းချီးပေးခံရဆုံး မဟုတ်ဘူးလား။ ဘုရားက ငါတို့ကို နိုင်ငံတော်ခေတ်ရဲ့လူတွေဖြစ်အောင် မြှင့်တင်ပေးထားပြီ။ ငါတို့က ဘုရားနိုင်ငံတော်ရဲ့ဒေါက်တိုင်တွေပဲ။ နောက်ဆုံးအချိန်မှာ ငါတို့က ဘယ်လိုလုပ် သေနိုင်မှာလဲ။ ငါက ဘုရားနောက် လိုက်ဖို့အတွက် ကိုယ့်လူငယ်ဘဝကိုရော အိမ်ထောင်ကျဖို့ မျှော်လင့်ချက်တွေကိုရော စွန့်လွှတ်ခဲ့တာ။ ဘုရားအတွက် ကိုယ့်ကိုယ်ကိုယ် အသုံးခံပြီး အလုပ်တွေ များခဲ့ရတယ်။ အများကြီး ဒုက္ခခံခဲ့တယ်။ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖမ်းဆီးနှိပ်စက်တာကို ခံခဲ့ရပြီးပြီ။ မယုံကြည်သူတွေ လှောင်ပြောင်ကြတာကိုလည်း ခံခဲ့ပြီးပြီ။ ငါက နောက်ဆုံးအချိန်မှာဘာကြောင့် သေရဦးမှာလဲ။ ငါ ဆင်းရဲဒုက္ခခံတာတွေအားလုံးက အလကားဖြစ်သွားပြီလား။” ပေါ့။ ဒီလိုတွေးရတာတော်တော် စိတ်ထိခိုက်တယ်။ ကိုယ့်ပေါ်မှာ အလေးအပင်ကြီး ပိနေသလို ခံစားရပြီး အသက်ရှူရတာ မဝသလိုဖြစ်လာတယ်။ ကိုယ့်ဘေးက လူတိုင်းလည်း အဲဒီလိုခံစားနေရမှန်း ကျွန်တော် သတိထားမိတယ်။ တချို့ဆို ကြိတ်ပြီး ငိုနေကြတာ။ တချို့ကျတော့ မျက်နှာတွေ လက်နဲ့အုပ်ပြီး ငိုယိုကြတာ။ စည်းဝေးပွဲပြီးသွားတော့ ကျွန်တော့်အမေက သက်ပြင်းချရင်း ပြောလာရော၊ “ငါကတော့ အသက် ၆၀ ကျော်နေပြီ။ သေခြင်းတရားကို လက်ခံထားပြီးသား။ ဒါပေမဲ့ ငါ့သားက ငယ်လွန်းသေးတယ်။ နင့်အသက်က စတယ်ဆိုရုံရှိသေးတာ...” တဲ့။ သူ ဒီလိုပြောတာ ကြားရတော့ ကျွန်တော် ပိုပြီး ဝမ်းနည်းတာပေါ့။ ကျွန်တော်လည်း မျက်ရည်တွေ မထိန်းနိုင်တော့ဘူး။ အဲဒီညရောက်တော့ အိပ်ရာထဲမှာ လူးလှိမ့်နေတာပေါ့။ လုံးဝ အိပ်လို့မရဘူး။ ဘယ်လိုမှ နားမလည်နိုင်ဘူးလေ။ ကျွန်တော်က ဘုရားအတွက် ကိုယ့်ကိုယ်ကိုယ် ထက်ထက်သန်သန်နဲ့ အသုံးခံခဲ့တာ။ ကိုယ်တော့်နောက် လိုက်ဖို့ အားလုံးကို စွန့်လွှတ်ထားတာ။ ဒီတော့ ကပ်ဘေးကြီးတွေထဲမှာ ကျွန်တော်က ဘာကြောင့် သေရမှာလဲ။ ကျွန်တော် တကယ်ကို လက်မခံနိုင်ခဲ့ဘူး။ ဒါနဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ဟိုဟိုဒီဒီ လိုက်ဖတ်ကြည့်တယ်။ သဲလွန်စတစ်ခုလောက် တွေ့မလား၊ ကျွန်တော်တို့အဆုံးသတ်တွေများ ပြောင်းလဲနိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့။ ဒါပေမဲ့ ကျွန်တော် လိုချင်တဲ့အဖြေတွေ ရှာမတွေ့ဘူး။ ကျွန်တော် တော်တော်ကို အံ့အားသင့်သွားတာ၊ “ဘုရားက ငါတို့ကို တကယ်ပဲ အပြစ်စီရင်လိုက်ပြီ၊ ငါတို့ရဲ့ သေခြင်းတွေက သေချာနေပြီနဲ့တူတယ်။ အဲဒါကို ဘယ်သူမှ မပြောင်းလဲနိုင်ဘူး။ ကောင်းကင်ဘုံက အမိန့်ချမှတ်ထားတဲ့အရာပဲ” ဆိုပြီး တွေးမိခဲ့တယ်။
နောက်သုံးလေးရက်လောက်အထိ ကျွန်တော် တကယ် စိတ်ဓာတ်တွေကျတယ်။ စကားပြောပြီဆို အသံက ထွက်တယ်ဆိုရုံလောက်ပဲ။ ဘာမှလည်း မလုပ်ချင်တော့ဘူး။ ကျွန်တော်က ဘုရားနှုတ်ကပတ်တော်တွေကို စာနဲ့ ပြန်စီပေးရတဲ့အလုပ်ကို လက်တွေနာတဲ့အထိ၊ အချိန်တော်တော်ကြာတဲ့အထိ လုပ်ပေးခဲ့တာချည်းပဲ။ အဲဒီအတွက် တစ်ခါမှ စိတ်မညစ်ခဲ့ဘူး။ ဘုရားရဲ့ မိန့်မြွက်ချက်အသစ်တွေကို ညီအစ်ကိုမောင်နှမတွေ တတ်နိုင်သမျှအမြန်ဆုံး ဖတ်ရစေချင်တာ။ ဒါပေမဲ့ အဲဒီတာဝန်သိစိတ်က အခုတော့ မရှိတော့ဘူး။ ဟုန်းဟုန်းတောက် ထက်သန်တဲ့စိတ်ကလည်း ရုတ်တရက်ကြီး အေးစက်နေပြီ။ အဲဒီအချိန်မှာ ဘုရားနှုတ်ကပတ်တော်တွေကို စာရိုက်ပေးရပြီဆိုလည်း၊ စိတ်ထဲကနေ “ငါက ငယ်သေးတယ်။ ကောင်းကင်နိုင်ငံတော်ရဲ့ ကောင်းချီးတွေကို အခုထိ မခံစားရသေးဘူး။ ငါ ဒီလိုမျိုးတော့ လုံးဝ မသေချင်ဘူး” ဆိုပြီး တွေးနေတာ။ အဲဒီအကြောင်းတွေပဲ အများကြီး စဉ်းစားရင်းနဲ့ ကျွန်တော် ငိုလာမိရော။ အဲဒီအချိန်တွေတစ်လျှောက်လုံး ကျွန်တော့်ရင်ထဲမှာ လေးလံနေတာ၊ ဓားနဲ့ ထိုးခံထားရသလိုမျိုး နာကျင်တာ။ လောကကြီးက ကိုယ့်အတွက် အနှစ်အရသာ မရှိတော့ဘူး။ ကပ်ဘေးကြီးတွေက အချိန်မရွေး ကျလာတော့မလိုလို ခံစားရတယ်။ ဘယ်အချိန်မှာ ကိုယ် သေရတော့မယ်ဆိုတာ မသိဘူးလေ။ ကမ္ဘာကြီး အဆုံးသတ်သွားသလို ခံစားခဲ့ရတာ။
နောက်ပိုင်းမှာတော့ ကျွန်တော် ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီး၊ ကိုယ့်ကိုယ်ကိုယ် နားလည်မှုနည်းနည်း ရသွားတယ်။ နောက်တော့ တဖြည်းဖြည်း အချိန်ကြာလာရင်း နေသာသွားတာ။ ဘုရားနှုတ်ကပတ်တော်တွေထဲမှာ ဒီစာပိုဒ်ကို ဖတ်မိလို့ပါ၊ “ယနေ့တွင်၊ နိုင်ငံတော်၏ ဂိတ်တံခါးဆီသို့ ချီတက်ခြင်း အချိန်၌ လူအပေါင်းသည် တစ်ဟုန်ထိုးသွားနေကြသည်- သို့သော် ၎င်းတို့ ဂိတ်တံခါးရှေ့ ရောက်သည့်အခါ၊ ငါသည် ဂိတ်တံခါးကို ပိတ်လိုက်သည်၊ လူတို့အား ငါ အဝင်မခံသကဲ့သို့၊ ၎င်းတို့၏ ဝင်ခွင့် လက်မှတ်များကို ပြရန် ငါတောင်းဆိုသည်။ ထိုသို့သော တစ်မူထူးသည့် လှုပ်ရှားမှုသည် လူတို့၏ မျှော်လင့်ချက်များနှင့် လုံးဝ ဆန့်ကျင်ပြီး၊ ၎င်းတို့အားလုံး အလွန် အံ့သားသင့်ကြသည်။ အမြဲ ကျယ်စွာ ဖွင့်ထားသော- ဂိတ်တံခါးသည် အဘယ်ကြောင့် ယနေ့တွင် ရုတ်ခြည်း တင်းတင်း ပိတ်ထားလေပြီနည်း။ လူတို့သည် ၎င်းတို့၏ ခြေကိုဆောင့်ကာ ဟိုဟိုသည်သည် လျှောက်လှမ်းကြသည်။ ၎င်းတို့သည် တိုးဝှေ့ဝင်နိုင်ကြမည်ဟု စိတ်ကူးကြသော်လည်း ၎င်းတို့၏ ဝင်ခွင့် လက်မှတ်အတုများကို ငါ့အား ကမ်းပေးသောအခါ၊ ငါသည် ၎င်းတို့ကို မီးအိုင်ထဲသို့ ချက်ချင်း ပစ်ချပြီး၊ ၎င်းတို့၏ ‘အပတ်တကုတ်လုပ်ရသော အားထုတ်မှုများကို’ မီးလျှံများထဲတွင် မြင်ရသည့်အခါ၊ ၎င်းတို့ မျှော်လင့်ချက် ပျောက်ဆုံးကြလေသည်။ ၎င်းတို့သည် ငိုကြွေးရင်း၊ နိုင်ငံတော်အတွင်းက လှပသော မြင်ကွင်းများကို ကြည့်ရသော်လည်း မဝင်ရောက်နိုင်ကြဘဲ၊ ၎င်းတို့၏ ဦးခေါင်းများကို ဆုပ်ကိုင်ထားကြသည်။ သို့သော် ၎င်းတို့၏ သနားစရာ အခြေအနေကြောင့် ၎င်းတို့အား ငါ ဝင်ခွင့်မပြုပေ- မည်သူသည် ငါ၏ အစီအစဉ်ကို ၎င်းတို့ သဘောရှိ ကမောက်ကမ ဖြစ်စေနိုင်သနည်း။ အနာဂတ် ကောင်းချီးမင်္ဂလာများကို လူတို့၏ စိတ်အားထက်သန်မှုအတွက် အတုံ့အလှည့်ပေးခြင်း ဖြစ်သလော။ လူသား ဖြစ်တည်မှု အဓိပ္ပာယ်သည် စိတ်ရှိသည့်အတိုင်း ငါ၏ နိုင်ငံတော်ထဲသို့ ဝင်ရောက်ခြင်း၌ တည်သလော။...ငါသည် အချိန်ကြာမြင့်စွာက လူသား၌ ယုံကြည်ခြင်း ပျောက်ဆုံးပြီးဖြစ်ကာ၊ ၎င်းတို့သည် ရည်မှန်းချက် ကင်းမဲ့ကြသည့်အတွက်၊ အချိန်ကြာမြင့်စွာကတည်းက ငါသည် လူတို့၌ မျှော်လင့်ချက် ပျောက်ဆုံးပြီးဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်ကို ချစ်သော စိတ်နှလုံးတစ်ခုကို ငါ့အား မည်သည့်အခါမျှ မပေးနိုင်ဖူးကြသကဲ့သို့၊ ထိုအစား ငါ့အား ၎င်းတို့၏ ကြံရွယ်ချက်များကို အမြဲ ပေးကြသည်။ ငါသည် လူသားထံ များစွာ ပြောဆိုပြီးဖြစ်ကာ၊ လူတို့သည် ငါ၏ အကြံဉာဏ်ကို ယနေ့တွင် မသိကျိုးကျွန်ပြုကြဆဲဖြစ်သည့်အတွက်၊ အနာဂတ်တွင် ငါ၏ စိတ်နှလုံးအား နားလည်မှုလွဲခြင်းမှ ၎င်းတို့ကို တားဆီးရန် ၎င်းတို့အား ငါ၏ အမြင်ကို ငါပြောပြ၏။ နောင်လာမည့် ကာလများတွင် ၎င်းတို့ ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ၎င်းတို့၏ ကိစ္စ ဖြစ်သည်။ ဤအရာပေါ် ငါ ထိန်းချုပ်ခြင်း မရှိ။ ၎င်းတို့သည် ရှင်သန်မှုဆီသို့ ၎င်းတို့၏ ကိုယ်ပိုင် လမ်းကြောင်းကို ရှာတွေ့မည်ဟု ငါ မျှော်လင့်သည်။ ဤအရာ၌ ငါ အစွမ်းမဲ့ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၄၆)) “လူတို့သည် ၎င်းတို့၏ဘဝများကို စွန့်လွှတ်ရန် အဆင်သင့်ဖြစ်သည့်အခါ၊ အရာရာတိုင်းသည် အသေးအဖွဲ ဖြစ်လာကြပြီး၊ မည်သူမျှ ၎င်းတို့ကို ခက်ခဲအောင် ပြုလုပ်နိုင်ခြင်းမရှိတော့ချေ။ အသက်ထက် မည်သည့်အရာသည် သာ၍အရေးကြီးနိုင်မည်နည်း။ ထို့ကြောင့် စာတန်သည် လူတို့အထဲတွင် နောက်ထပ် မည်သည့်အရာမျှ လုပ်ဆောင်နိုင်စွမ်း ရှိမလာပေ၊ လူနှင့် ပတ်သက်၍ ၎င်းလုပ်ဆောင်နိုင်သည့်အရာ မည်သည့်အရာမျှ မရှိပေ။ ‘ဇာတိပကတိ’ ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် ဇာတိပကတိသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရသည်ဟု ဆိုထားသော်လည်း၊ လူတို့သည် မိမိတို့ကိုယ်ကိုယ် အမှန်တကယ် ဆက်ကပ်အပ်နှံပြီး စာတန်၏ တိုက်တွန်းခြင်း မခံရပါက၊ မည်သူမျှ ၎င်းတို့ကို ခက်ခဲအောင် ပြုလုပ်နိုင်ခြင်းမရှိချေ။ ပြီးလျှင် ဤအချိန်တွင် ဇာတိပကတိသည် ယင်းနောက်ထပ် အလုပ်တာဝန်ု ဆောင်ရွက်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်၏ ဝိညာဉ်၏ လမ်းညွှန်မှုကို တရားဝင် စတင်ရရှိလိမ့်မည်။ ဤသည်မှာ လိုအပ်သော လုပ်ငန်းစဉ်တစ်ခုဖြစ်၏၊ ယင်းသည် တစ်ဆင့်ပြီးတစ်ဆင့် ဖြစ်ပေါ်ရပေမည်။ သို့မဟုတ်ပါက ဘုရားသခင်သည် ခေါင်းမာသော ဇာတိပကတိထဲတွင် အမှုပြရန် နည်းလမ်းရှိမည် မဟုတ်ပေ။ ယင်းမှာ ဘုရားသခင်၏ ဉာဏ်ပညာဖြစ်၏။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၃၆)) ဘုရားနှုတ်ကပတ်တော်တွေကို သေချာဆင်ခြင်ကြည့်ရင်းနဲ့၊ ကျွန်တော် တော်တော် စိုးရိမ်သွားတာ။ ကျွန်တော်က သေခြင်းတရားကို ကြောက်လို့၊ ကောင်းချီးတွေကို အများကြီးလိုချင်လွန်းလို့၊ စိတ်ဆင်းရဲပြီး အပျက်သဘောဆောင်နေခဲ့တာ မဟုတ်ဘူးလား။ အစပိုင်းနှစ်တွေတုန်းကဆိုရင် ကျွန်တော်က ကောင်းချီးတွေရဖို့၊ ကောင်းကင်နိုင်ငံကို ဝင်ရဖို့ဆိုပြီး ဘုရားကို ယုံကြည်ခဲ့တာ။ ကျွန်တော်က အစေခံသူတွေ စမ်းသပ်ခံရမှုကို ကြုံခဲ့ရပြီးပြီ၊ ကောင်းချီးတွေလိုချင်တဲ့ ဆန္ဒကို နည်းနည်းလေး စွန့်နိုင်ခဲ့တယ်၊ ဘုရားအတွက် အစေခံဖို့ ဆုံးဖြတ်ခဲ့တယ်ဆိုပေမဲ့၊ မကောင်းမှုလုပ်တတ်တဲ့၊ ဆိုးယုတ်တဲ့၊ မရိုးသားတဲ့ ကျွန်တော့်သဘာဝက ဆိုးဆိုးဝါးဝါး အမြစ်တွယ်နေတာပါ။ ဘုရားက ကျွန်တော်တို့ကို သူ့ရဲ့လူတွေအဖြစ် ပြုလုပ်ပြီးတာနဲ့ ကျွန်တော့်ရင်ထဲမှာ မျှော်လင့်ချက်တွေ ခုန်ထလာပြန်ရော။ ငါတော့ ကောင်းကင်နိုင်ငံတော်ကို ဒီတစ်ခါ သေချာပေါက် ဝင်နိုင်တော့မယ်ဆိုပြီး ထင်ခဲ့တာ။ ဘုရားရဲ့နာမတော်ကို လက်ခံတယ်၊ နိုင်ငံတော်သားတစ်ယောက် ဖြစ်ဖို့ ဘုရားရဲ့ချီမတာကို ခံရတယ်၊ အားလုံးကို စွန့်လွှတ်တယ်၊ ကိုယ့်ကိုယ်ကိုယ် အသုံးခံတယ်ဆိုတာတွေကြောင့် ငါတော့ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ရမှာပဲဆိုပြီး ထင်တာ။ ကျိန်းသေတယ်ပေါ့။ ဘုရားရဲ့အမှုတော်က ကိုယ့်အယူအဆတွေကို ရိုက်ချိုးပစ်လိုက်တဲ့အခါ၊ ကိုယ့်မျှော်လင့်ချက်တွေနဲ့ ပန်းတိုင်ကို ဖယ်ရှားပစ်လိုက်တဲ့အခါကျတော့ ကျွန်တော်က အပျက်သဘောဆောင်ပြီး ပျော့ညံ့လာတယ်။ ဘုရားကို မကျေမနပ်ပြောတယ်။ ဟိုအရင်က ပေးဆပ်ခဲ့တာတွေကိုတောင် နောင်တရလိုက်သေးတာ။ ကိုယ် ကြိုးစားအားထုတ်ခဲ့တာတွေ အားလုံးက ကောင်းကင်နိုင်ငံရဲ့ ကောင်းချီးတွေကို အပြန်အလှန်သဘော ရချင်လို့ လုပ်ခဲ့တာပဲဆိုတာ ကျွန်တော် မြင်သွားတယ်။ ကျွန်တော်က ဘုရားကို အပေးအယူတွေ လုပ်နေတာ မဟုတ်ဘူးလား။ ကိုယ်တော့်ကို လှည့်စားပြီး အသုံးချနေတာ မဟုတ်ဘူးလား။ စမ်းသပ်မှုနဲ့ ကြုံရတိုင်း ပုန်ကန်တာတွေ၊ မကျေမနပ်ဖြစ်တာတွေချည်းပဲ ကျွန်တော့်ဆီမှာ ပေါ်ခဲ့တယ်။ ကိုယ်တော့်ကို နာခံချင်ပေမဲ့ မနာခံနိုင်ခဲ့ဘူး။ ကိုယ် ကောင်းကောင်းသိတဲ့ သမ္မာတရားတွေကို လက်တွေ့မလုပ်ဆောင်နိုင်ခဲ့ဘူး။ ကျွန်တော့် ရဲ့ သဘောသဘာဝကိုက ဘုရားကို ခုခံတတ်တယ်၊ ကျွန်တော်က စာတန်နဲ့ သက်ဆိုင်တဲ့သူပဲဆိုတာကို နားလည်မိတယ်။ မကောင်းတဲ့ စိတ်သဘောထားတွေ ပြည့်နှက်နေတဲ့ ကျွန်တော့်လို လူတစ်ယောက်က သေသင့်တယ်၊ ဖျက်ဆီးခံရသင့်တယ်။ ကျွန်တော်က ဘုရားရဲ့နိုင်ငံတော်ထဲ ဝင်ရောက်ဖို့ လုံးဝ မသင့်တော်ခဲ့တာပါ။ ဒါကို ဖြောင့်မတ်တဲ့ ကိုယ်တော့် စိတ်သဘောထားအရ ချမှတ်ထားတာ။ ဘုရားနောက် လိုက်ပြီး ဖြောင့်မတ်တဲ့ သူ့စိတ်သဘောထားကို သိခွင့်ရခဲ့တယ်ဆိုတာ ကျွန်တော့်အသက် အချည်းနှီးမဖြစ်ခဲ့ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ။ နောက်တော့ ဘုရားဆီမှာ ကျွန်တော် ဆုတောင်းလိုက်တယ်၊ “ကျွန်တော့်ဇာတိပကတိအတွက် မရှင်သန်ချင်တော့ပါဘူး။ ကိုယ်တော့်အုပ်စိုးမှုနဲ့ အစီအစဉ်တွေကိုပဲ နာခံချင်ပါတယ်။ ကျွန်တော့်အဆုံးသတ်က ဘယ်လိုပဲဖြစ်နေပါစေ၊ ကျွန်တော် သေရမယ်ဆိုရင်တောင် ကိုယ်တော့်ဖြောင့်မတ်မှုကို ချီးမွမ်းနေပါဦးမယ်” ပေါ့။ ကိုယ့်အဆုံးသတ်နဲ့ ပန်းတိုင်အကြောင်း စဉ်းစားတာတွေကို ရပ်လိုက်ပြီးတော့၊ ဘုရားရဲ့အစီအစဉ်တွေကို ကိုယ့်အသက်နဲ့ရင်းပြီးတော့ကို နာခံချင်လာတဲ့အချိန်မှာ အံ့သြဖို့ကောင်းတဲ့ လွတ်ငြိမ်းမှုအရသာကို ကျွန်တော် ခံစားလိုက်ရတယ်။
ဒါပေမဲ့ အဲဒီအချိန်တုန်းကတော့ ကျွန်တော်တို့က ကိုယ့်အဆုံးသတ်ကို ဂရုမစိုက်ဘဲ၊ ဘုရားနောက် လိုက်ပြီး၊ နာခံနိုင်ခဲ့ကြတယ်ဆိုပေမဲ့၊ အားထုတ်ရမယ့် ပန်းတိုင်ဆိုတာ ကျွန်တော်တို့မှာ မရှိခဲ့ဘူး။ ဒါပေမဲ့ ၁၉၉၂ မေလမှာ ဘုရားက နှုတ်ကပတ်တော်တွေကို ထပ်ပြီး ဖော်ပြတယ်။ အဓိပ္ပာယ်ရှိတဲ့ဘဝတွေကို အသက်ရှင်နေထိုင်ကြဖို့၊ အသက်ရှင်နေတုန်းမှာ ဘုရားကို ချစ်တတ်အောင် ကြိုးစားကြဖို့ ကျွန်တော်တို့ကို တိုက်တွန်းတာတွေပါ။ ဘုရားကို ချစ်ခင်ခြင်းဆိုတဲ့ အချိန်ကာလဆီ ကျွန်တော်တို့ကို လမ်းပြပေးလိုက်တာ။ သေခြင်းတရားအားဖြင့် စမ်းသပ်မှုကလည်း ပြီးသွားတယ်။ ဘုရားနှုတ်ကပတ်တော်တွေ ဖတ်တာ၊ စည်းဝေးတာ၊ မိတ်သဟာယပြုတာတွေကနေ ကျွန်တော်လည်း နားလည်သွားတယ်။ လူသားရဲ့ကံကြမ္မာက ဘုရားရဲ့လက်ထဲမှာရှိတယ်၊ ဘယ်သူမှ သေခြင်းတရားကို မလွတ်နိုင်ဘူးဆိုပေမဲ့၊ သေခြင်းတရားကို ဆန့်ကျင်တဲ့သဘောနဲ့ ရင်ဆိုင်တာမျိုးက ကျွန်တော်တို့အတွက် ဘုရားရဲ့အလိုတော် မဟုတ်ဘူး။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ဖို့၊ ကျွန်တော်တို့ရဲ့ ပျက်စီးတဲ့ စိတ်သဘောထားတွေကို စွန့်နိုင်ဖို့၊ အပြည့်အဝ ကယ်တင်ခံရနိုင်ဖို့အတွက်၊ ကျွန်တော်တို့ အသက်ရှင်နေတုန်းမှာ သူ့ကို ချစ်တတ်အောင် ကိုယ်တော်က ကြိုးစားကြစေချင်တာ။ အဲဒီတော့မှ ကျွန်တော်တို့က ကိုယ်တော့်နိုင်ငံတော်ထဲ ဝင်ရောက်ဖို့ သင့်တော်လိမ့်မယ်။ နောက်ဆုံး ကျွန်တော် နားလည်သွားတာက၊ ကျွန်တော်တို့ကို သေခြင်းတရားအားဖြင့် စမ်းသပ်မှုဆီ ဦးတည်ပေးတယ်ဆိုတာ ဘုရားက ကျွန်တော်တို့ကို သေခြင်းတရားဆီ ခေါ်ဆောင်နေတာမဟုတ်ဘူး။ ဖြောင့်မတ်တဲ့ သူ့စိတ်သဘောထားကို ကျွန်တော်တို့ဆီ ထုတ်ဖော်နေတာပါ။ ဘယ်သူတွေကို ကယ်တင်တယ်၊ ဘယ်သူတွေကို ဖျက်ဆီးတယ်၊ ဘယ်သူတွေက နိုင်ငံတော်ထဲ ဝင်ရောက်ဖို့ သင့်တော်တယ်ဆိုတာတွေကို ကျွန်တော်တို့ နားလည်နိုင်အောင်၊ ကိုယ်တော်က ဒါကို လုပ်ဆောင်တာပါ။ စာတန်ကြောင့် ကျွန်တော် ဘယ်လောက်ပျက်စီးခဲ့တယ်ဆိုတာလည်း မြင်သွားတယ်။ ကိုယ့်အယူအဆတွေ၊ စိတ်ကူးတွေနဲ့ ကောင်းချီးတွေလိုချင်တဲ့ ကိုယ့်ဆန္ဒကို စွန့်ပစ်နိုင်သွားတယ်။ ဘုရားရဲ့အုပ်စိုးမှုနဲ့ အစီအစဉ်တွေကို ကျွန်တော် နာခံနိုင်လာတယ်။ သမ္မာတရားကိုလည်း အမှန်တကယ် အားထုတ်လာမိတယ်။ ဒါက ကျွန်တော့်အတွက် ဘုရားရဲ့ကယ်တင်ခြင်းပါပဲ။ ကျွန်တော် ထပ်ပြီးမြင်ခဲ့မိတာက၊ ဘုရားက လူတွေကို တရားစီရင် ပြစ်တင်ဆုံးမတယ်ဆိုတာ၊ ကျွန်တော်တို့ကို မုန်းတီးလို့ နှိပ်စက်ချင်လို့ မဟုတ်ဘူး။ သမ္မာတရားကို အားထုတ်ပြီး ကယ်တင်ခံရခြင်းဆိုတဲ့ လမ်းမှန်ပေါ် ရောက်အောင် ကျွန်တော်တို့ကို လမ်းပြပေးဖို့ပါပဲ။ ကျွန်တော်တို့ဆီမှာ ဘုရား လုပ်ဆောင်တာတွေ အားလုံးက သူ့အလိုလို ဖြစ်ပေါ်လာတာတွေ မဟုတ်ဘူး။ ကျွန်တော်တို့ကို တရားစီရင်၊ ပြစ်တင်ဆုံးမတဲ့၊ စမ်းသပ်စစ်ဆေးတဲ့ နှုတ်ကပတ်တော်တွေကို ဖော်ပြရင်းနဲ့ပဲ အကျိုးရလဒ်တွေ ဖြစ်စေတာပါ။ ဘုရားရဲ့လုပ်ဆောင်ချက်က အမြော်အမြင်ရှိလွန်းတယ်။ လူသားအတွက် သူ့ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ကယ်တင်ခြင်းကလည်း သိပ်ကို စစ်မှန်ပါတယ်။