ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်

ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်၊ လူသား၌ သူ၏အမှု စွမ်းဆောင်ရရှိသော အကျိုးသက်ရောက်မှုနှင့် လူသားအတွက် သူ၏ အလိုတော် အတိအကျမှာ မည်သည့်အရာဖြစ်သည်တို့ကို သဘောပေါက်ရန်- ဤသည်မှာ ဘုရားသခင်၏ နောက်သို့ လိုက်သောလူတိုင်း ရရှိသင့်သောအရာ ဖြစ်သည်။ ယနေ့ခေတ်တွင်၊ ဘုရားသခင်၏ အမှုနှင့်ဆိုင်သော အသိပညာမှာ လူအားလုံး ကင်းမဲ့လျက်ရှိသည့်အရာ ဖြစ်သည်။ ကမ္ဘာလောက၏ ဖန်ဆင်းခြင်းမှသည် မျက်မှောက်ကာလအထိ၊ လူတို့အပေါ် ဘုရားသခင် ပြုပြီးသော လုပ်ဆောင်ချက်များ၊ ဘုရားသခင်၏ အမှုအလုံးစုံနှင့် လူသားအတွက် သူ၏ အလိုတော် အတိအကျမှာ မည်သည့်အရာဖြစ်သည်- ဤအရာများသည် လူသားက မသိသကဲ့သို့ သဘောမပေါက်သော အရာများ ဖြစ်သည်။ ဤသည်မှာ ဘာသာရေးလောက တစ်လျှောက်လုံးတွင် မြင်ရသည့် အားနည်းချက်ဖြစ်သည်သာမက၊ ဘုရားသခင်ကို ယုံကြည်သူများ အားလုံး၌လည်း တွေ့ရပေသည်။ သင်သည် ဘုရားသခင်ကို စစ်မှန်စွာ ရှုမြင်ရသည့်အချိန် ရောက်လာသည့်အခါ၊ ဘုရားသခင်၏ ဉာဏ်ပညာကို အမှန်တကယ် နားလည်သဘောပေါက်သည့်အခါ၊ ဘုရားသခင် ပြုပြီးသည့် လုပ်ဆောင်ချက်များအားလုံးကို သင် ရှုမြင်ရသည့်အချိန်၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို သင် သတိပြုမိသည့်အချိန်- သူ၏ ရက်ရောမှု၊ ဉာဏ်ပညာ၊ အံ့သြဖွယ်နှင့် လူတို့အပေါ် သူပြုပြီးသော အရာအားလုံးကို သင် မြင်ပြီးသည့်အခါ၊ ထိုအခါတွင် သင်သည် ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းတွင် အောင်မြင်မှု ရှိပြီးလိမ့်မည်ဖြစ်သည်။ ဘုရားသခင်သည် အလုံးစုံ လွှမ်းခြုံကာ အလုံးစုံ အလျှံပယ်ဖြစ်သည်ဟု ဆိုရာတွင်၊ မည်သည့်ပုံစံဖြင့် သူသည် အလုံးစုံ လွှမ်းခြုံပြီး၊ မည်သည့်ပုံစံဖြင့် အလုံးစုံ အလျှံပယ် ဖြစ်သနည်း။ ဤအရာကို သင်နားမလည်ပါက၊ သင်သည် ဘုရားသခင်၌ ယုံကြည်သည်ဟု ယူဆ၍မရနိုင်ပေ။ ဘာသာရေး လောက၌ ရှိသူများသည် ဘုရားသခင်၌ ယုံကြည်သူများ မဟုတ်ဘဲ၊ မတရားသဖြင့်ပြုသောသူများ၊ နတ်ဆိုးနှင့် တူသောသူများ ဖြစ်သည်ဟု အဘယ်ကြောင့် ငါဆိုသနည်း။ ၎င်းတို့သည် မတရားသဖြင့်ပြုသောသူများ ဖြစ်သည်ဟု ငါပြောသည့်အခါ၊ ယင်းမှာ ၎င်းတို့သည် ဘုရားသခင်၏ အလိုကို နားမလည်ကြသကဲ့သို့၊ သူ၏ ဉာဏ်ပညာကို မမြင်နိုင်ကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် သူ၏အမှုကို ၎င်းတို့အား မည်သည့်အခါမျှ ထုတ်ဖော်မပြပေ။ ၎င်းတို့သည် မျက်မမြင်များ ဖြစ်ကြလေသည်။ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို ၎င်းတို့ မမြင်နိုင်ကြချေ၊ ၎င်းတို့သည် ဘုရားသခင်၏ စွန့်ပစ်ခြင်း ခံရကြပြီးဖြစ်ကာ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို မဆိုထားနှင့်၊ ဘုရားသခင်၏ ဂရုစိုက်မှုနှင့် ကွယ်ကာမှုတို့ လုံးဝ ကင်းမဲ့ကြလေသည်။ ဘုရားသခင်၏ အမှု မရှိကြသူများသည် အားလုံး မတရားသဖြင့်ပြုသောသူများ ဖြစ်ကြပြီး ဘုရားသခင်၏ ရန်ဘက်များ ဖြစ်သည်။ ငါပြောသော ဘုရားသခင်၏ ရန်ဘက်များသည် ဘုရားသခင်ကို မသိသောသူများ၊ ဘုရားသခင်ကို ၎င်းတို့၏ နှုတ်များဖြင့် အသိအမှတ်ပြုသော်လည်း၊ သူ့ကို မသိသောသူများ၊ ဘုရားသခင် နောက်လိုက်သော်လည်း၊ သူ့ကို မနာခံကြသူများနှင့် ဘုရားသခင်၏ ကျေးဇူးတော်၌ အကြိုက်တွေ့သော်လည်း၊ ဘုရားသခင်အဖို့ သက်သေမရပ်တည်နိုင်ကြသူများကို ရည်ညွှန်းပေသည်။ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို သိနားလည်ခြင်း သို့မဟုတ် လူသား၌ ဘုရားသခင် ပြုသော အမှုကို သိနားလည်ခြင်းမရှိဘဲ၊ သူသည် ဘုရားသခင်၏အလိုနှင့် မကိုက်ညီနိုင်သကဲ့သို့၊ ဘုရားသခင်အဖို့လည်း သက်သေမရပ်တည်နိုင်ပေ။ တစ်ဘက်၌ လူသားသည် ဘုရားသခင်ကို ဆန့်ကျင်သည့်အကြောင်းရင်းမှာ သူ၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ အစပြုပြီး၊ အခြားတစ်ဘက်တွင် ဘုရားသခင်ကို မသိနားမလည်ခြင်းနှင့် ဘုရားသခင် အမှုပြုသည့် အခြေခံသဘောတရားများနှင့် လူသားအတွက် သူ၏အလိုကို သိနားလည်မှုကင်းမဲ့ခြင်းတို့မှ အစပြုပေသည်။ အတူတကွကြည့်သည့်အခါ၊ ဤရှုထောင့်နှစ်ခုသည် ဘုရားသခင်ကို လူသား၏ ခုခံခြင်းသမိုင်းတစ်ခု ဖြစ်၏။ ယုံကြည်ခြင်း၌ လူသစ်များသည် ၎င်းတို့၏ သဘာဝ၌ ထိုသို့သော ဆန့်ကျင်မှု တည်ရှိသောကြောင့် ဘုရားသခင်ကို ဆန့်ကျင်ကြသော်လည်း၊ ယုံကြည်ခြင်း နှစ်ပေါင်းများစွာ ရှိသောသူတို့၏ ဘုရားသခင်ကို ဆန့်ကျင်ခြင်းမှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားအပြင် ဘုရားသခင်ကို ၎င်းတို့ မသိနားမလည်မှု၏ အကျိုးဆက်ဖြစ်ပေသည်။ ဘုရားသခင် လူ့ဇာတိမခံယူမီ အချိန်တွင်၊ လူတစ်ဦးက ဘုရားသခင်ကို ဆန့်ကျင်မှုပြုသည်၊ မပြုသည်ကို တိုင်းတာမှုမှာ သူသည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင် ချမှတ်ထားသည့် အမိန့်များကို လိုက်နာခြင်းရှိ၊ မရှိဆိုသည့်အပေါ် အခြေခံပေသည်။ သာဓကအားဖြင့်၊ ပညတ်တော်ခေတ်တွင်၊ ယေဟောဝါ၏ ပညတ်တရားများကို မလိုက်နာခဲ့သည့် မည်သူမဆိုကို ဘုရားသခင်အား ဆန့်ကျင်သူအဖြစ် မှတ်ယူခဲ့သည်။ ယေဟောဝါထံ ယဇ်ပူဇော်မှုများကို ခိုးယူသောသူမည်သူမဆို၊ သို့မဟုတ် ယေဟောဝါ မျက်နှာသာ ပေးသောသူတို့ကို ဆန့်ကျင်သောသူ မည်သူမဆိုသည် ဘုရားသခင်အား ဆန့်ကျင်သူတစ်ဦးအဖြစ် မှတ်ယူခံခဲ့ရပြီး သေသည်အထိ ကျောက်ခဲဖြင့်ပစ်ခံခဲ့ရမည်ဖြစ်သည်။ မိမိ၏ဖခင်နှင့်မိခင်တို့ကို မရိုသေသောသူ မည်သူမဆိုနှင့် သူတစ်ပါးကို ရိုက်နှက်သောသူ သို့မဟုတ် ကျိန်ဆဲသောသူ မည်သူမဆိုသည် ပညတ်တရားများကို မစောင့်ထိန်းသောသူအဖြစ် မှတ်ယူခြင်းခံခဲ့ရသည်။ ပြီးလျှင် ယေဟောဝါ၏ ပညတ်တရားများကို မစောင့်ထိန်းသောသူ အားလုံးသည် သူ့ကို ဆန့်ကျင်နေကြသကဲ့သို့ မှတ်ယူခံခဲ့ရသည်။ ယေရှုကို ဆန့်ကျင်သူ မည်သူမဆိုကို ဘုရားသခင်အား ဆန့်ကျင်သူအဖြစ် မှတ်ယူပြီး ယေရှု မိန့်မြွက်သော နှုတ်ကပတ်တော်များကို မနာခံသောသူ မည်သူမဆိုကို ဘုရားသခင်အား ဆန့်ကျင်သူအဖြစ် မှတ်ယူသည့်အချိန်ဖြစ်သော ကျေးဇူးတော်ခေတ်ထဲတွင် ထိုသို့ မဟုတ်တော့ပေ။ ဤအချိန်ကာလတွင်၊ ဘုရားသခင်အား ဆန့်ကျင်ခြင်းအား အနက်ဖွင့်သည့် နည်းလမ်းသည် သာ၍ တိကျလာပြီး သာ၍လည်း လက်တွေ့ကျလာခဲ့သည်။ ဘုရားသခင် လူ့ဇာတိမခံယူခဲ့သေးသည့် အချိန်ကာလတွင်၊ ဘုရားသခင်ကို လူသားက ဆန့်ကျင်ခြင်း ရှိ၊ မရှိဆိုသည်ကို တိုင်းတာမှုမှာ ကောင်းကင်ဘုံ၌ရှိသော မမြင်နိုင်သည့် ဘုရားသခင်ကို လူသားက ကိုးကွယ်ကာ ကြည်ညိုခြင်း ရှိ၊ မရှိဆိုသည့်အပေါ် အခြေခံခဲ့ပေသည်။ ထိုအချိန်က လူသားသည် ဘုရားသခင်ကို မမြင်နိုင်သကဲ့သို့ ဘုရားသခင်၏ ပုံသဏ္ဌာန် မည်သည့်အရာနှင့်တူသည် သို့မဟုတ် သူမည်သို့ စကားပြောဆိုခဲ့ပြီး အမှုပြုခဲ့သည်ကို မသိခဲ့ကြသောကြောင့်၊ ဘုရားသခင်အား ဆန့်ကျင်ခြင်းကို အနက်ဖွင့်သည့် နည်းလမ်းမှာ လုံးဝ လက်တွေ့မကျခဲ့ပေ။ လူသားသည် ဘုရားသခင်နှင့်ပတ်သက်၍ မည်သည့် အယူအဆမျှ လုံးဝ မရှိခဲ့သကဲ့သို့၊ ဘုရားသခင်သည် လူသားထံ မပေါ်ထွန်းသေးသောကြောင့် ဘုရားသခင်၌ မရေမရာ ယုံကြည်ခဲ့သည်။ ထို့ကြောင့်၊ လူသားသည် ဘုရားသခင်ကို မိမိ၏ စိတ်ကူးစိတ်သန်းဖြင့် မည်သို့ ယုံကြည်သည်ဖြစ်စေ၊ လူသားသည် ဘုရားသခင်ကို လုံးဝ မမြင်နိုင်ခဲ့သောကြောင့်၊ ဘုရားသခင်သည် လူသားကို ပြစ်တင်ရှုတ်ချခြင်း မပြုသကဲ့သို့ လူသားအပေါ် များလှစွာသော တောင်းဆိုချက်များ မပြုခဲ့ပေ။ ဘုရားသခင်သည် လူ့ဇာတိကို ခံယူပြီး၊ လူသားတို့ကြား အမှုပြုရန် ကြွလာသောအခါ အားလုံးသည် သူ့ကို ရှုမြင်ကြရပြီး၊ သူ၏ နှုတ်ကပတ်တော်များကို ကြားကြရကာ၊ သူ၏ လူ့ဇာတိခန္ဓာအတွင်းမှ ဘုရားသခင် ပြုသော လုပ်ဆောင်ချက်များကို မြင်ကြရ၏။ ထိုအခိုက်အတန့်တွင်၊ လူသား၏ အယူအဆအားလုံးသည် အမြှုပ်ဖြစ်သွားသည်။ လူ့ဇာတိ၌ ဘုရားသခင် ပေါ်ထွန်းသည်ကို မြင်ပြီးသောသူများအတွက်မူ၊ သူ့ကို လိုလားစွာ နာခံကြပါက၊ ၎င်းတို့ ရှုတ်ချခံရလိမ့်မည်မဟုတ်၊ သူ့ကို တမင်တကာ ဆန့်ကျင်သောသူတို့မှာမူ ဘုရားသခင်၏ ရန်ဘက်အဖြစ် သတ်မှတ်ခံရလိမ့်မည်။ ထိုသို့သောလူများသည် အန္တိခရစ်များ၊ ဘုရားသခင်ကို တမင် ဆန့်ကျင်သော ရန်သူများ ဖြစ်ကြလေသည်။ ဘုရားသခင်နှင့် စပ်လျဉ်း၍ အယူအဆများ သိုထားသော်လည်း၊ သူ့ကို နာခံရန် အဆင်သင့်ရှိပြီး လိုလားနေသူများသည် ပြစ်တင်ရှုတ်ချခြင်းကို ခံကြရလိမ့်မည်မဟုတ်။ ဘုရားသခင်သည် လူသားကို သူ၏အတွေးများနှင့် စိတ်ကူးများအတွက် ဘယ်သောခါမျှ ပြစ်တင်ရှုတ်ချခြင်း မပြုဘဲ၊ လူသား၏ ရည်ရွယ်ချက်များနှင့် လုပ်ရပ်များပေါ် အခြေခံ၍ ပြစ်တင်ရှုတ်ချလေသည်။ အကယ်၍သာ သူသည် လူသား၏ ၎င်း၏ အတွေးများနှင့် စိတ်ကူးများပေါ် အခြေခံ၍ စီရင်မည်ဆိုပါက၊ လူတစ်ဦးမျှ ဘုရားသခင်၏ အမျက်ဒေါသနှင့်ပြည့်သော လက်များမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ လူ့ဇာတိခံ ဘုရားသခင်ကို တမင် ဆန့်ကျင်သော သူတို့သည် ၎င်းတို့၏ မနာခံမှုအတွက် အပြစ်ဒဏ်ပေးခံကြရမည် ဖြစ်သည်။ ဘုရားသခင်ကို တမင် ဆန့်ကျင်သောသူတို့နှင့် စပ်လျဉ်း၍၊ ၎င်းတို့၏ ဆန့်ကျင်ခြင်းသည် ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများ ၎င်းတို့ သိုထားသည့်အချက်မှ အစပြု၏၊ ယင်းကတစ်ဆင့် ဘုရားသခင်၏ အမှုကို နှောင့်ယှက်သည့် လုပ်ရပ်များသို့ ၎င်းတို့ကို သွေးဆောင်လေသည်။ ဤလူများသည် ဘုရားသခင်၏အမှုကို တမင်သက်သက် ခုခံကာ ဖျက်ဆီးကြလေသည်။ ၎င်းတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများရှိသည်သာ မဟုတ်ဘဲ၊ သူ၏အမှုကို နှောင့်ယှက်သည့် လုပ်ဆောင်ချက်များတွင်လည်း ပါဝင်ပတ်သက်ကြကာ၊ ဤအကြောင်းကြောင့် ဤလူစားမျိုးများသည် ပြစ်တင်ရှုတ်ချခံရပေလိမ့်မည်။ ဘုရားသခင်၏အမှုကို တမင် နှောင့်ယှက်ခြင်း မရှိသူတို့သည် ရည်ရွယ်ချက်ရှိရှိ နာခံနိုင်ကြပြီး အနှောင့်အယှက်များနှင့် အတားအဆီးများ ဖြစ်စေသည့် လုပ်ဆောင်ချက်များတွင် ပါဝင်ပတ်သက်ခြင်း မရှိကြသောကြောင့် အပြစ်သားများကဲ့သို့ ပြစ်တင်ရှုတ်ချခံရလိမ့်မည် မဟုတ်ပေ။ ဤကဲ့သို့သော လူတို့သည် ပြစ်တင်ရှုတ်ချခံရလိမ့်မည် မဟုတ်။ သို့သော်၊ လူတို့သည် ဘုရားသခင်၏အမှုကို နှစ်ပေါင်းများစွာ တွေ့ကြုံပြီးသည့်အချိန်တွင်၊ ဘုရားသခင်နှင့် ပတ်သက်၍ အယူအဆများ ၎င်းတို့ သိုထားဆဲဖြစ်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်၏ အမှုကို မသိနိုင်မြဲရှိပါက၊ ပြီးလျှင် သူ၏အမှုကို နှစ်ပေါင်းမည်မျှ ၎င်းတို့ ကြုံတွေ့ပြီးသည်ဖြစ်စေ၊ ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများဖြင့် ၎င်းတို့ ဆက်လက် ပြည့်နှက်ကြကာ သူ့ကို မသိလာနိုင်ကြသေးပါက၊ အနှောင့်အယှက် ပေးသော လုပ်ဆောင်ချက်များတွင် ၎င်းတို့ ပါဝင်ပတ်သက်ခြင်း မရှိလျှင်ပင်၊ ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်နှင့်ပတ်သက်သော အယူအဆများစွာဖြင့် ပြည့်နှက်ကြပြီး၊ ဤအယူအဆများသည် သိသာလာခြင်း မရှိသော်လည်း၊ ဤကဲ့သို့သော လူများသည် ဘုရားသခင်၏အမှုအဖို့ မည်သို့မျှ အကူအညီမဖြစ်ပေ။ ၎င်းတို့သည် ဘုရားသခင်အတွက် ဧဝံဂေလိတရားကို မဖြန့်ဝေနိုင်ကြပေ၊ သို့မဟုတ် သူ့အဖို့ သက်သေမရပ်တည်နိုင်ကြပေ။ ဤသို့သော လူများသည် အသုံးမကျသကဲ့သို့ ဉာဏ်မရှိသူများ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို မသိကြသည့်အပြင် ဘုရားသခင်နှင့် ပတ်သက်သည့် ၎င်းတို့၏ အယူအဆများကို လုံးလုံးလျားလျား မစွန့်ပစ်နိုင်ကြသောကြောင့်၊ ၎င်းတို့ ပြစ်တင်ရှုတ်ချခံကြရ၏။ ယင်းကို ဤသို့ဆိုနိုင်၏- ယုံကြည်ခြင်း၌ လူသစ်များအတွက် ဘုရားသခင်နှင့် ပတ်သက်သည့် အယူအဆများ ကိုင်စွဲခြင်း သို့မဟုတ် သူနှင့်ပတ်သက်၍ ဘာမျှမသိခြင်းသည် ပုံမှန်ဖြစ်သော်လည်း၊ နှစ်ပေါင်းများစွာ ဘုရားသခင်၌ ယုံကြည်ပြီးဖြစ်ကာ သူ၏အမှုကို များစွာတွေ့ကြုံရပြီးသူတစ်ဦးအတွက်၊ အယူအဆများကို ဆက်လက်ကိုင်စွဲဖို့မှာ ထိုသို့သောလူတစ်ဦးအတွက် ပုံမှန်မဟုတ်သကဲ့သို့၊ ဘုရားသခင်နှင့် သက်ဆိုင်သော အသိပညာ မရှိဖို့ဆိုသည်မှာ ဤကဲ့သို့သော လူတစ်ဦးအတွက် သာ၍ပင် ပုံမှန်မဟုတ်ပေ။ ဤသည်မှာ ပုံမှန်အခြေအနေတစ်ခု မဟုတ်သောကြောင့် ၎င်းတို့ ပြစ်တင်ရှုတ်ချခြင်း ခံရကြပေသည်။ ဤပုံမှန်မဟုတ်သော လူများသည် အမှိုက်သာဖြစ်၏။ ၎င်းတို့သည် ဘုရားသခင်ကို အဆန့်ကျင်ဆုံးသော သူများနှင့် ဘုရားသခင်၏ ကျေးဇူးတော်ကို အချည်းနှီး မွေ့လျော်ကြသူများ ဖြစ်၏။ ထိုသို့သော လူအားလုံးသည် အဆုံးတွင် ပယ်ထုတ်ခံကြရပေမည်။

ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်သောသူ မည်သူမဆိုသည် ဘုရားသခင်ကို ဆန့်ကျင်သောသူဖြစ်ပြီး၊ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို သိနားလည်လာသော်လည်း၊ ဘုရားသခင်ကို ကျေနပ်စေဖို့ မကြိုးစားကြသေးသူသည် ဘုရားသခင်၏ ရန်ဘက်တစ်ဦးအဖြစ် သာ၍ပင် ယူဆခံရပေသည်။ ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုပြီး တစ်နေ့လုံး အာဂုံဆောင်သောသူများ ရှိသော်လည်း၊ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်ပေ။ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်ကို မသိနိုင်ကြပေ။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ အလိုနှင့် ကိုက်ညီနိုင်ခြင်းမရှိပေ။ ၎င်းတို့အားလုံးသည် အသီးသီး ဘုရားသခင်ကို ဩဝါဒပေးရန် အမြင့်တွင် ရပ်တည်ကြရင်း၊ အသုံးမကျသောသူ၊ ဆိုးယုတ်သော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏အောင်လံကို သယ်ဆောင်နေသည့် တစ်ချိန်တည်းမှာပင် ဘုရားသခင်ကို တမင် ဆန့်ကျင်ကြလေသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းကို အခိုင်အမာဆိုလျက်၊ ၎င်းတို့သည် လူ့အသားကိုစားပြီး လူ့အသွေးကို သောက်ကြဆဲ ဖြစ်သည်။ ထိုသို့သောလူအားလုံးသည် လူသား၏ ဝိညာဉ်ကို ဝါးမျိုသည့် နတ်ဆိုးများ၊ မှန်ကန်သောလမ်းကြောင်းပေါ်သို့ ခြေလှမ်းရန် ကြိုးစားနေသူတို့၏ လမ်းတွင် တမင်သက်သက် တားဆီးသော မကောင်းဆိုးဝါးများ၏ ဦးသျှောင်နှင့် ဘုရားသခင်ကို ရှာဖွေသောသူတို့ကို ပိတ်ဆို့သော ခလုတ်တံသင်းများဖြစ်ကြ၏။ ၎င်းတို့သည် “ခိုင်မာသည့် ဖွဲ့စည်းမှု” ရှိပုံရကြသော်လည်း၊ ၎င်းတို့သည် လူတို့အား ဘုရားသခင်ကို ဆန့်ကျင်ရန် လမ်းပြသည့် အန္တိခရစ်များသာဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်သို့ သိကြမည်နည်း။ ၎င်းတို့သည် လူ့ဝိညာဉ်များကို ဝါးမျိုရန် ရည်မှန်းချက်တွင် နှစ်မြှုပ်ထားသော ရှင်သန်နေသည့် နတ်ဆိုးများဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်ကဲ့သို့သိမည်နည်း။ ဘုရားသခင်၏ မျက်မှောက်တွင် မိမိကိုယ်ကိုယ် အထင်ကြီးတတ်ကြသူများသည် လူများထဲမှ အဆိုးရွားဆုံးသောသူများ ဖြစ်သော်လည်း၊ မိမိတို့ကိုယ်ကိုယ် နိမ့်ကျသည်ဟုထင်သောသူတို့မှာ ဂုဏ်ပြုအခံရဆုံးသောသူများ ဖြစ်ကြ၏။ ပြီးလျှင် ဘုရားသခင်၏ အမှုကို ၎င်းတို့ သိသည်ဟု ထင်သည့်အပြင်၊ ဘုရားသခင်ကို တိုက်ရိုက်ကြည့်ကာပင် ကြီးမားသော ခမ်းနားကြီးကျယ်မှုဖြင့် အခြားသူများထံ ဘုရားသခင်၏အမှုကို ကြွေးကြော်နိုင်စွမ်းရှိသူများ- ဤသူတို့သည် လူများထဲမှ မသိနားမလည်ဆုံးသော သူများ ဖြစ်သည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ သက်သေခံချက်မရှိ၊ မာနထောင်လွှားကြကာ စိတ်ကြီးဝင်ခြင်းဖြင့် ပြည့်လေသည်။ ဘုရားသခင်နှင့်သက်ဆိုင်သော တကယ့် အတွေ့အကြုံနှင့် လက်တွေ့ကျသည့် အသိပညာရှိလင့်ကစား၊ ၎င်းတို့သည် ဘုရားသခင်နှင့် သက်ဆိုင်သော အသိပညာ အလွန်နည်းပါးသည်ဟု ယုံကြည်ကြသူများသည် ဘုရားသခင်၏ အချစ်ခင်ရဆုံးသောသူများ ဖြစ်သည်။ ထိုသို့သောလူတို့သာ သက်သေခံချက် အမှန်တကယ်ရှိကြပြီး၊ ဘုရားသခင်၏ စုံလင်စေခြင်း ခံရနိုင်စွမ်း အမှန်တကယ် ရှိကြပေသည်။ ဘုရားသခင်၏ အလိုကို နားမလည်သောသူတို့သည် ဘုရားသခင်၏ ရန်ဘက်များ ဖြစ်ကြ၏။ ဘုရားသခင်၏ အလိုကို နားလည်သော်လည်း၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူတို့သည် ဘုရားသခင်၏ ရန်ဘက်များ ဖြစ်ကြ၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်သော်လည်း၊ ဘုရားနှုတ်ကပတ်တော်၏ အနှစ်သာရကို ဆန့်ကျင်ကြသူတို့သည် ဘုရားသခင်၏ ရန်ဘက်များဖြစ်ကြ၏။ လူ့ဇာတိခံ ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများရှိသည့်အပြင်၊ ပုန်ကန်မှုတွင် ပါဝင်ပတ်သက်ရန် စိတ်ဆန္ဒရှိသူတို့သည် ဘုရားသခင်၏ ရန်ဘက်များ ဖြစ်ကြ၏။ ဘုရားသခင်အပေါ် ဝေဖန်သောသူတို့သည် ဘုရားသခင်၏ ရန်ဘက်များ ဖြစ်ကြ၏။ ပြီးလျှင် ဘုရားသခင်ကို မသိနိုင်သူ သို့မဟုတ် သူ့ကို သက်သေမခံနိုင်သူ မည်သူမဆိုသည် ဘုရားသခင်၏ ရန်ဘက် ဖြစ်သည်။ ထို့ကြောင့် သင်တို့ကို ငါ တိုက်တွန်းသည်- သင်တို့သည် ဤလမ်းကြောင်းကို လျှောက်နိုင်သည်ဟု ယုံကြည်ခြင်း အမှန်တကယ်ရှိပါက၊ ဆက်လက် လိုက်လျှောက်လော့။ သို့သော် သင်တို့သည် ဘုရားသခင်ကို ဆန့်ကျင်ခြင်းအား မရှောင်ကြဉ်နိုင်ပါက၊ အချိန် အလွန်မနှောင်းမီ ထွက်သွားသည်က အကောင်းဆုံး ဖြစ်ပေမည်။ သို့မဟုတ်ပါက၊ သင်တို့၏ သဘာဝသည် တကယ်ကို ဖောက်ပြန်ပျက်စီးလွန်းလှသောကြောင့်၊ သင်တို့အတွက် အမှုအရာများ ဆိုးရွားစွာ ဖြစ်သွားဖို့ အခွင့်အရေး အလွန့်အလွန် မြင့်မားပေသည်။ သစ္စာစောင့်သိမှု သို့မဟုတ် နာခံမှု၊ သို့မဟုတ် ဖြောင့်မတ်ခြင်းတရားနှင့် သမ္မာတရားကို ဆာငတ်သော စိတ်နှလုံးတစ်ခု သို့မဟုတ် ဘုရားသခင်ကို ချစ်ခြင်းတို့နှင့် ပတ်သက်၍၊ သင်တို့ စိုးစဉ်းမျှ၊ တစ်စက်မျှ မရှိပေ။ ဘုရားသခင်ရှေ့တွင် သင်တို့၏ အခြေအနေသည် လုံးလုံး ပရမ်းပတာဖြစ်သည်ဟု ဆိုနိုင်ပေသည်။ သင်တို့သည် လိုက်နာသင့်သည့်အရာကို မလိုက်နာနိုင်ကြသကဲ့သို့၊ ပြောသင့်သည့်အရာကို မပြောနိုင်ကြပေ။ သင်တို့ လက်တွေ့လုပ်ဆောင်သင့်သည့် အရာကို၊ သင်တို့ လက်တွေ့လုပ်ဆောင်ရန် ပျက်ကွက်ကြလေပြီ။ ပြီးလျှင် သင်တို့ ဖြည့်ဆည်းသင့်သည့် လုပ်ငန်းတာဝန်ကို၊ သင်တို့ မဖြည့်ဆည်းနိုင်ကြလေပြီ။ သင်တို့ရှိသင့်သည့် သစ္စာစောင့်ခြင်း၊ အသိတရား၊ နာခံမှု၊ သို့မဟုတ် စိတ်ဆုံးဖြတ်ချက် သင်တို့ မရှိကြချေ။ သင်တို့ ခံရပ်အပ်သည့် ဆင်းရဲဒုက္ခကို သင်တို့ ခံရပ်ခြင်း မရှိကြလေပြီ၊ ပြီးလျှင် သင်တို့ ရှိသင့်သော ယုံကြည်ခြင်း သင်တို့၌ မရှိကြပေ။ အတော်ကို သိသိသာသာပင်၊ သင်တို့သည် မည်သည့်ကောင်းမြတ်ခြင်းမျှ လုံးဝ မရှိကြချေ- သင်တို့သည် ဆက်လက်အသက်ရှင်ရန် မရှက်ကြသလော။ ထာဝရ ငြိမ်သက်ခြင်း ချမ်းသာတွင် သင်တို့၏ မျက်လုံးများကို မှိတ်ထားပြီး၊ ထိုသို့ဖြင့် သင်တို့၏ ဖြစ်ပျက်ပုံနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ခြင်းနှင့် သင်တို့အတွက် ဆင်းရဲဒုက္ခခံခြင်းမှ ဘုရားသခင်ကို လွတ်စေခြင်းသည် သာ၍ ကောင်းမည်ဟု သင်တို့ကို ငါဖျောင်းဖျဦးမည်။ သင်တို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ သူ၏အလိုကို မသိကြပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်တို့ စားသောက်သော်လည်း၊ လူသားကို ဘုရားသခင် တောင်းဆိုသည့်အရာအား မလိုက်နာနိုင်ကြချေ။ သင်တို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ သူ့ကို မသိကြသည့်အပြင်၊ ကြိုးပမ်းရမည့် ရည်မှန်းချက်တစ်ခု မရှိဘဲ၊ မည်သည့်တန်ဖိုးမျှမရှိဘဲ၊ မည်သည့်အဓိပ္ပါယ်မျှ မရှိဘဲ၊ အသက်ရှင်မြဲရှင်ကြလေသည်။ သင်တို့သည် လူသားအဖြစ် အသက်ရှင်သော်လည်း၊ အသိတရား၊ ဂုဏ်သိက္ခာ သို့မဟုတ် ယုံကြည်လက်ခံနိုင်မှု အတိုင်းအတာ စိုးစဉ်းမျှမရှိကြချေ- သင်တို့သည် မိမိတို့ကိုယ်ကိုယ် လူသားများအဖြစ် ခေါ်ဆိုနိုင်သေးသလော။ သင်တို့သည် ဘုရားသခင်ကို ယုံသော်လည်း၊ သူ့ကို လှည့်ဖြားကြသည်။ ထို့အပြင်၊ ဘုရားသခင်၏ ငွေကို သင်တို့ ယူပြီး၊ ဘုရားသခင်ထံပြုသော ပူဇော်သက္ကာများကိုလည်း စားပစ်လိုက်ကြသည်။ သို့သော် အဆုံးတွင် ဘုရားသခင်၏ ခံစားချက်များကို စာနာထောက်ထားမှု အနည်းငယ်မျှပြရန် သို့မဟုတ် ဘုရားသခင်အပေါ် အသိတရား ရေးရေးမျှပြရန် ပျက်ကွက်ဆဲ ဖြစ်သည်။ ဘုရားသခင်၏ အသေးအဖွဲအဖြစ်ဆုံးသော တောင်းဆိုချက်များကိုပင် သင်တို့ မဖြည့်ဆည်းနိုင်ကြ။ သင်တို့ကိုယ်သင်တို့ လူသားများဟု ခေါ်ဆိုနိုင်သေးသလော။ သင့်ကို ဘုရားသခင်ပေးသော အစာကို စားရင်းနှင့် သင့်ကို သူ ပေးသည့် အောက်ဆီဂျင်ကို ရှူရှိုက်ရင်း၊ သူ၏ ကျေးဇူးတော်ကို မွေ့လျော်ရင်းဖြစ်သော်လည်း၊ နောက်ဆုံးတွင် ဘုရားသခင်နှင့် သက်ဆိုင်သော အသိပညာ အနည်းငယ်မျှ သင်တို့ မရှိကြချေ။ ဆန့်ကျင်ဘက်အနေဖြင့်၊ သင်တို့သည် ဘုရားသခင်ကို ဆန့်ကျင်သည့် အသုံးမကျသူများ ဖြစ်လာကြလေပြီ။ ယင်းသည် သင်တို့ကို ခွေးထက်ပင် နိမ့်ကျသည့် သားရဲတစ်ကောင် ဖြစ်စေသည် မဟုတ်လော။ တိရစ္ဆာန်များ ကြားတွင်၊ သင်တို့ထက် သာ၍ မလိုမုန်းထားသောသူ တစ်ဦးတစ်လေ ရှိသလော။

တရားဟော စင်မြင့်တွင်ရပ်၍ အခြားသူများကို သွန်သင်နေသည့် သင်းအုပ်များနှင့် အကြီးအကဲများသည် ဘုရားသခင်၏ ရန်ဘက်များနှင့် စာတန်နှင့် မဟာမိတ်များ ဖြစ်သည်။ သင်တို့အထဲမှ တရားဟော စင်မြင့်တွင် ရပ်၍ အခြားသူတို့ကို သွန်သင်ခြင်းမပြုသူတို့သည် ဘုရားသခင်၏ သာ၍ပင် ကြီးမားသော ရန်ဘက်များ ဖြစ်မည်မဟုတ်လော။ သင်တို့သည် ၎င်းတို့ထက်ပင် စာတန်နှင့် တစ်ကျိတ်တည်းတစ်ဉာဏ်တည်း ဖြစ်ကြသည် မဟုတ်လော။ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်သောသူတို့သည် ဘုရားသခင်၏အလိုနှင့် မည်သို့ကိုက်ညီရမည်ကို မသိကြချေ။ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်ကို နားလည်သော သူတို့သည် ဘုရားသခင်၏ အလိုနှင့် မည်သို့ကိုက်ညီရမည်ကို မသိမည်မှာ ဧကန်မုချ မဖြစ်နိုင်ပေ။ ဘုရားသခင်၏ အမှုသည် မည်သည့်အခါတွင်မျှ မမှားယွင်းပေ။ ယင်းထက်၊ အပြစ်အနာပါသည်မှာ လူသား၏လိုက်စားရှာဖွေမှု ဖြစ်သည်။ ဘုရားသခင်ကို တမင်ဆန့်ကျင်သော ကိုယ်ကျင့်တရားပျက်သူများသည် ထိုသင်းအုပ်ဆရာနှင့် အကြီးအကဲများထက် သာ၍ ဆိုးယုတ်ပြီး မလိုမုန်းထားသည် မဟုတ်လော။ များစွာသောသူတို့သည် ဘုရားသခင်ကို ဆန့်ကျင်သူများဖြစ်ကြသော်လည်း၊ ၎င်းတို့ကြားတွင် ဘုရားသခင်ကို ၎င်းတို့ ဆန့်ကျင်သည့် မတူကွဲပြားသော နည်းလမ်းများစွာ ရှိလေသည်။ ယုံကြည်သူမျိုးစုံ ရှိသည်နှင့်အမျှ၊ တစ်ဦးနှင့်တစ်ဦးမတူသည့် ဘုရားသခင်ကို ဆန့်ကျင်သူ မျိုးစုံရှိလေသည်။ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း အသိအမှတ်ပြုရန် ပျက်ကွက်သူများထဲမှ တစ်ဦးတစ်ယောက်မျှ ကယ်တင်မခံရနိုင်ပေ။ အတိတ်ကာလတွင် လူသည် ဘုရားသခင်ကို မည်သို့ ဆန့်ကျင်ကောင်းဆန့်ကျင်နိုင်သည်ကို ပဓာနမထားဘဲ၊ လူသားသည် ဘုရားသခင်၏ အမှု၏ ရည်ရွယ်ချက်ကို နားလည်လာပြီး ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းငှာ သူ၏ အားထုတ်မှုများကို ဆက်ကပ်သည့်အခါ၊ သူ၏ ယခင်အပြစ်များအားလုံးကို ဘုရားသခင် သန့်စင်ဖယ်ရှားမည် ဖြစ်သည်။ လူသားသည် သမ္မာတရားကို ရှာဖွေကာ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သရွေ့၊ သူလုပ်ဆောင်ခဲ့သည့်အရာကို ဘုရားသခင် အမှတ်ထားမည်မဟုတ်ပေ။ ထို့အပြင်၊ လူသားကို ဘုရားသခင် ဖြောင့်မတ်စေသည်မှာ သမ္မာတရားကို လူသား၏ လက်တွေ့လုပ်ဆောင်ခြင်းအရ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်း ဖြစ်၏။ လူသားသည် ဘုရားသခင်ကို မမြင်ဖူးမီ သို့မဟုတ် သူ၏အမှုကို မတွေ့ကြုံဖူးမီတွင်၊ ဘုရားသခင်အပေါ် လူသားက မည်သို့ပြုမူစေကာမူ၊ ယင်းကို ဘုရားသခင် အမှတ်မထားပေ။ သို့သော်၊ လူသားသည် ဘုရားသခင်ကို တွေ့မြင်ပြီး သူ၏အမှုကို တွေ့ကြုံဖူးသည်နှင့် တစ်ပြိုင်နက်၊ လူသားသည် ဘုရားသခင်ကို မြင်ရပြီးဖြစ်ကာ သူ၏ အမှုအလယ်တွင် အသက်ရှင်ရပြီးဖြစ်သည့်အတွက်၊ လူသား၏ လုပ်ဆောင်ချက်များနှင့် အပြုအမူများအားလုံးကို ဘုရားသခင်သည် “နှစ်အလိုက်မှတ်တမ်း” ထဲတွင် ရေးသွင်းလိမ့်မည်ဖြစ်သည်။

လူသားသည် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို အမှန်တကယ် တွေ့မြင်ပြီးသည့်အခါ၊ ဘုရားသခင်၏ ကြီးစိုးမှုကို သူ တွေ့မြင်ပြီးသည့်အခါနှင့် ဘုရားသခင်၏အမှုကို အမှန်တကယ် သိရှိလာကြပြီးသည့်အခါ၊ ထို့အပြင် လူသား၏ ဟောင်းနွမ်းသော စိတ်သဘောထား ပြောင်းလဲသည့်အခါတွင်၊ လူသားသည် ဘုရားသခင်ကို ဆန့်ကျင်သည့် သူ၏ ပုန်ကန်တတ်သော စိတ်သဘောထားကို လုံးဝ စွန့်ပစ်လိမ့်မည် ဖြစ်သည်။ အယောက်တိုင်းသည် တစ်ချိန်တစ်ခါက ဘုရားသခင်ကို ဆန့်ကျင်ဖူးကြပြီး၊ အယောက်တိုင်းသည် တစ်ချိန်တစ်ခါက ဘုရားသခင်ကို ပုန်ကန်ဖူးကြသည်ဟု ဆိုနိုင်ပေသည်။ သို့သော်၊ သင်သည် လူ့ဇာတိခံ ဘုရားသခင်ကို ရည်ရွယ်ချက်ရှိရှိ နာခံပြီး၊ ဤအခြေအနေမှ သင်၏ သစ္စာစောင့်သိမှုဖြင့် ဘုရားသခင်၏ စိတ်နှလုံးကို ကျေနပ်စေပါက၊ သင်လက်တွေ့လုပ်ဆောင်သင့်သည့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပါက၊ သင်ထမ်းဆောင်သင့်သည့် ဝတ္တရားကို ထမ်းဆောင်ပြီး၊ သင်လိုက်နာသင့်သည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာပါက၊ သင်သည် ဘုရားသခင် စိတ်ကျေနပ်စေရန် သင်၏ ပုန်ကန်မှုကို စွန့်ပစ်ရန် လိုလားနေသူ တစ်ဦးဖြစ်ပြီး၊ ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရနိုင်သူတစ်ဦး ဖြစ်ပေသည်။ သင်သည် သင်၏ အမှားများကို ကြည့်ဖို့ ခေါင်းမာစွာ ငြင်းဆန်ပြီး မိမိကိုယ်ကိုယ် နောင်တရခြင်းငှာ ရည်ရွယ်ချက်မရှိခဲ့ပါက၊ ဘုရားသခင်နှင့် ပူးပေါင်းလုပ်ဆောင်ခြင်းနှင့် သူ့ကို စိတ်ကျေနပ်စေခြင်းငှာ ရည်ရွယ်ချက် နည်းနည်းမျှမရှိဘဲ သင်၏ ပုန်ကန်တတ်သော အမူအကျင့်ဖြင့် သင် မရမက လုပ်ဆောင်ပါက၊ သင်ကဲ့သို့သော အင်မတန် ခေါင်းမာပြီး ပြုပြင်မရသော လူတစ်ဦးသည် သေချာပေါက် အပြစ်ပေးခံရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ စုံလင်စေခြင်း ခံရသူတစ်ဦး ဘယ်သောအခါမျှ သေချာပေါက် ဖြစ်မည်မဟုတ်ပေ။ သို့ဖြစ်၍၊ သင်သည် ယနေ့တွင် ဘုရားသခင်၏ ရန်သူဖြစ်ပြီး မနက်ဖြန်တွင်လည်း ဘုရားသခင်၏ ရန်သူဖြစ်လိမ့်မည်ဖြစ်ကာ နောက်နေ့တွင်လည်း ဘုရားသခင်၏ရန်သူ ဖြစ်မြဲဖြစ်ပေလိမ့်မည်။ သင်သည် အစဉ်ထာဝရ ဘုရားသခင်၏ ရန်ဘက်နှင့် ဘုရားသခင်၏ ရန်သူတစ်ဦး ဖြစ်လိမ့်မည်။ ထိုအခြေအနေတွင်၊ ဘုရားသခင်သည် သင့်ကို မည်သို့ သက်ညှာနိုင်မည်နည်း။ ဘုရားသခင်ကို ဆန့်ကျင်ဖို့ဆိုသည်မှာ လူသား၏သဘာဝတွင် ရှိသော်လည်း၊ သူ၏ သဘာဝကို ပြောင်းလဲခြင်းသည် ကျော်လွှားမရနိုင်သော အလုပ်တစ်ခု ဖြစ်သောကြောင့်မျှဖြင့် လူသားသည် ဘုရားသခင်ကို ဆန့်ကျင်ခြင်းနှင့်ဆိုင်သည့် “လျှို့ဝှက်ချက်” ကို တမင်တကာ ရှာဖွေရမည်မဟုတ်ပေ။ ထိုသို့ဖြစ်မည်ဆိုပါက၊ အနာဂတ်တွင် သင်၏ ပြစ်တင်ဆုံးမမှု သာ၍ ပြင်းထန်လာမည်စိုးသဖြင့်၊ ပြီးလျှင် နောက်ဆုံးတွင် သင်၏ သွေးသားခန္ဓာကို ဘုရားသခင် အဆုံးသတ်ရသည်အထိ၊ သင်၏ကြမ်းကြုတ်သော သဘာဝ ပွင့်ထွက်ပြီး ထိန်းမရနိုင်ဖြစ်လာမည် စိုးသဖြင့်၊ အလွန်နောက်မကျမီ သင်ထွက်သွားသည်က ပိုကောင်းပေမည်။ သင်သည် ကောင်းချီးမင်္ဂလာများ ရရှိဖို့ ဘုရားသခင်ကို ယုံကြည်၏။ သို့သော် နောက်ဆုံးတွင် ကံအကြောင်းမလှသည့် ဖြစ်ရပ်သာ သင့်အပေါ် ကျရောက်ပါက၊ ယင်းသည် အရှက်ရစရာ ဖြစ်မည်မဟုတ်လော။ သင်တို့အနေဖြင့် အခြားအစီအစဉ် ပြုလုပ်သည်က ပိုကောင်းပေလိမ့်မည်ဟု သင်တို့ကို ငါ တိုက်တွန်း၏။ သင်တို့ လုပ်ဆောင်နိုင်သည့် မည်သည့်အရာမဆိုသည် ဘုရားသခင်ကို ယုံကြည်ခြင်းထက် သာ၍ ကောင်းပေမည်- ဤလမ်းကြောင်းတစ်ခုသာ ရှိသည်မှာ ဧကန်မုချ မဖြစ်နိုင်။ သမ္မာတရားကို သင်တို့ မရှာဖွေခဲ့ပါက၊ သင်တို့ ဆက်လက်ရှင်သန်ခဲ့ကြမည် မဟုတ်လော။ အဘယ်ကြောင့် သင်သည် ဤနည်းဖြင့် ဘုရားသခင်နှင့် သဘောကွဲလွဲရမည်နည်း။

အရှေ့သို့- မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်

နောက်တစ်ခုသို့- ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၁)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။