အခန်း (၁)
ချီးမွမ်းခြင်းသည် ဇိအုန်သို့ရောက်လာပြီဖြစ်ကာ ဘုရားသခင်၏ စံမြန်းရာအရပ်သည် ပေါ်ထွန်းလာပြီးဖြစ်သည်။ ဘုန်းတော်ထင်ရှားသည့် သန့်ရှင်းသောနာမသည် ဘုရားသခင် ရွေးချယ်ထားသော မြောက်မြားလှစွာသော လူများ၏ ချီးမွမ်းခြင်းခံရပြီး ပျံ့နှံ့နေသည်။ အို အနန္တတန်ခိုးရှင် ဘုရားသခင်။ စကြဝဠာ၏ဦးသျှောင်၊ နောက်ဆုံးသောကာလ၏ ခရစ်တော်ဖြစ်သော သူသည် တောက်ပနေသည့်နေမင်းဖြစ်၏၊ ဘုန်းအာနုဘော်ရှိပြီး ကြီးကျယ်ခမ်းနားသော ဇိအုန်တောင်အပေါ်တွင် စကြဝဠာတစ်ခုလုံးအတွင်း ပေါ်ထွက်လာပြီဖြစ်၏...
အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကျွန်ုပ်တို့သည် ဝမ်းမြောက်ကြည်နူးစွာ ကိုယ်တော်အား ဟစ်အော်ခေါ်နေကြပါ၏၊ ကျွန်ုပ်တို့သည် ကခုန်ပြီး သီချင်းဆိုနေကြပါ၏။ ကိုယ်တော်သည် အမှန်တကယ် ကျွန်ုပ်တို့၏ ရွေးနုတ်ရှင်၊ စကြဝဠာ၏ ကြီးမြတ်သော ဘုရင်ဖြစ်၏။ ကိုယ်တော်သည် အောင်နိုင်သောသူတစ်စုကို ပြုလုပ်ပြီးဖြစ်ကာ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို ပြီးမြောက်စေလေပြီ။ ဘုရားသခင် ရွေးချယ်ထားသော မြောက်မြားလှစွာသော လူများသည် ဤတောင်သို့ သေချာပေါက် စုဝေးကြလိမ့်မည်။ ဘုရားသခင် ရွေးချယ်ထားသော မြောက်မြားလှသော လူများသည် ပလ္လင်တော်ရှေ့တွင် ပျက်ဝပ်ကိုးကွယ်ကြလိမ့်မည်။ ကိုယ်တော်သည် တစ်ပါးတည်းသော စစ်မှန်သည့် ဘုရားသခင်ဖြစ်တော်မူပြီး ဘုန်းအသရေနှင့် ဂုဏ်ပြုခြင်းတို့ ထိုက်တန်ပါ၏။ ဘုန်းအသရေ၊ ချီးမွမ်းခြင်းနှင့် ဩဇာအာဏာအားလုံးတို့သည် ပလ္လင်တော်၌ ရှိစေသတည်း။ အသက်စမ်းရေသည် ပလ္လင်တော်မှ စီးထွက်ကာ ဘုရားသခင်၏လူအားလုံးတို့ကို ရေလောင်းပြီး ကျွေးမွေးလေသည်။ အသက်သည် နေ့စဉ်နှင့်အမျှ ပြောင်းလဲ၏။ အသစ်သောအလင်းနှင့် ဗျာဒိတ်တော်များသည် ကျွန်ုပ်တို့နောက် လိုက်ကြပြီး ကျွန်ုပ်တို့သည် ဘုရားသခင်အကြောင်း အသစ်သော ထိုးထွင်းသိမြင်မှုများကို စဉ်ဆက်မပြတ် ရရှိကြ၏။ အတွေ့အကြုံများမှတစ်ဆင့် ဘုရားသခင်နှင့် ပတ်သက်၍ လုံးဝ အတည်ပြုနိုင်ကြသည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်များသည် စဉ်ဆက်မပြတ် ပေါ်ထွန်းကာ မှန်ကန်သောလူများအတွင်းတွင် ပေါ်ထွန်းလာသည်။ ကျွန်ုပ်တို့သည် ဧကန်အမှန် ကောင်းချီးအလွန်ခံစားကြရပါ၏။ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် နေ့စဉ် တေ့တေ့ဆိုင်ဆိုင် တွေ့ရကာ အရာခပ်သိမ်းနှင့်ပတ်သက်၍ ဘုရားသခင်နှင့် မိတ်သဟာယပြုပြီး ဘုရားသခင်အား အရာရာအပေါ် အုပ်စိုးစေသည်။ ကျွန်ုပ်တို့သည် ဘုရားနှုတ်ကပတ်တော်ကို သေချာစွာ စဉ်းစားချင့်ချိန်၍ ကျွန်ုပ်တို့၏နှလုံးသားသည် ဘုရားသခင်၌ ငြိမ်သက်လျက်ရှိပြီး ဤသို့ဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ ရှေ့မှောက်သို့ လာရောက်ကြကာ ထိုနေရာတွင် ကိုယ်တော်၏ အလင်းပေးခြင်းကို လက်ခံရရှိကြ၏။ နေ့စဉ်နေ့တိုင်း ဘဝ၊ အပြုအမူ၊ အပြောအဆို၊ အတွေးများနှင့် စိတ်ကူးတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ အသက်ရှင်နေထိုင်ပြီး ခပ်သိမ်းသော အချိန်တို့၌ ပိုင်းခြားသိမြင်မှု ရှိသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် တိကျသေချာစွာ လမ်းပြ၏၊ ကျွန်ုပ်တို့အတွင်း ကွယ်ဝှက်ထားသောအရာများသည် တစ်ခုပြီးတစ်ခု မမျှော်လင့်ဘဲ ပေါ်လာကြ၏။ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်းသည် နှောင့်နှေးခြင်းကို သည်းမခံချေ။ အတွေးများနှင့် စိတ်ကူးများသည် ဘုရားသခင်၏ ဖော်ထုတ်ခြင်းကို ခံရသည်။ အခိုက်အတန့်တိုင်းတွင် ကျွန်ုပ်တို့သည် ခရစ်တော်၏ပလ္လင်တော်ရှေ့၌ အသက်ရှင်နေထိုင်နေကြပြီး ခရစ်တော်၏ ပလ္လင်တော်ရှေ့မှောက်တွင် တရားစီရင်ခြင်းကို တွေ့ကြုံကြ၏။ ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာအတွင်းရှိ နေရာတိုင်းသည် စာတန်၏ ဆက်လက်သိမ်းပိုက်ထားခြင်းကို ခံနေရသည်။ ယနေ့တွင် ဘုရားသခင်၏ ဘုရင့်အရိုက်အရာကို ပြန်လည် ရရှိရန်အလို့ငှာ သူ၏ဗိမာန်တော်ကို သန့်စင်ဖို့ လိုအပ်ပေသည်။ ဘုရားသခင်၏ နေရာယူခြင်းကို အပြည့်အဝခံရဖို့ရန် သေရေးရှင်ရေး ရုန်းကန်မှုတစ်ရပ်ကို ဖြတ်သန်းရမည်ဖြစ်သည်။ ဇာတိပကတိအဟောင်းကို လက်ဝါးကပ်တိုင်ပေါ်တွင် ကားစင်တင်ပြီးမှသာ ခရစ်တော်၏ ရှင်ပြန်ထမြောက်သော အသက်သည် အုပ်စိုးနိုင်ပေသည်။
ယခုတွင် သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့ကို ပြန်သိမ်းယူခြင်းအတွက် တိုက်ပွဲဝင်ရန် ကျွန်ုပ်တို့၏ နေရာအနှံ့တွင် ရုတ်တရက် တစ်ဟုန်ထိုးတိုက်ပွဲတစ်ရပ် စတင်၏။ ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ကို လိုလားစွာ ငြင်းပယ်ပြီး ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်ဖို့ လိုလားနေသရွေ့ ကျွန်ုပ်တို့သည် ဘုရားသခင်အားဖြင့် တတ်နိုင်သမျှအမြန်ဆုံး ပြီးပြည့်စုံစေခြင်း ခံရနိုင်စေရန်အလို့ငှာ ဘုရားသခင်သည် ကျွန်ုပ်တို့ကို အတွင်းမှ အချိန်တိုင်း အလင်းပေးကာ သန့်စင်ပေးမည်ဖြစ်ပြီး စာတန်သိမ်းပိုက်ထားခဲ့သည့်အရာကို အသစ်ပြန်လည် သိမ်းယူလိမ့်မည်မှာ သေချာ၏။ အချိန်မဖြုန်းနှင့်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်းတွင် အချိန်တိုင်း အသက်ရှင်လော့။ သူတော်စင်တို့နှင့်အတူ တည်ဆောက်ခြင်းခံကြလော့၊ နိုင်ငံတော်အတွင်း ခေါ်ဆောင်ခြင်းခံကြလော့၊ ပြီးလျှင် ဘုရားသခင်နှင့်အတူ ဘုန်းတော်ဝင်စားကြလော့။