၅။ ဘုရားသခင်နောက်သို့လိုက်ခြင်းနှင့် လူတို့၏နောက်သို့လိုက်ခြင်းအကြား ကွာခြားမှု

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်နောက်လိုက်ရာတွင် အဓိက အရေးကြီးသောအရာမှာ အရာရာတိုင်းသည် ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ ဖြစ်သင့်ခြင်း ဖြစ်သည်။ သင်သည် အသက်ထဲသို့ ဝင်ရောက်ခြင်းကို သင် အားထုတ်နေသည်ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းခြင်းအား အားထုတ်နေသည်ဖြစ်စေ၊ အရာရာတိုင်းသည် ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဗဟိုပြုသင့်ပေသည်။ အကယ်၍ သင်မိတ်သဟာယ ဖွဲ့သောအရာနှင့် အားထုတ်သော အရာတို့မှာ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဗဟိုမပြုပါက၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် စိမ်းသောသူတစ်ဦး ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏လုပ်ဆောင်ချက် လုံးဝ ကင်းမဲ့ပေသည်။ ဘုရားသခင် အလိုရှိသောအရာမှာ သူ၏ခြေလှမ်းများ နောက်လိုက်လျှောက်ကြသော လူများဖြစ်သည်။ ယခင်က သင် နားလည်ခဲ့သော အရာများသည် မည်သို့ နှစ်သက်ဖွယ်ဖြစ်ပြီး ဖြူစင်သည်ဖြစ်စေ၊ ဘုရားသခင်က ယင်းကို အလိုမရှိသကဲ့သို့၊ သင်သည် ထိုသို့သောအရာများကို သင် ဘေးဖယ် မထားနိုင်ပါက၊ ယင်းတို့သည် သင်၏ အနာဂတ် ဝင်ရောက်မှုအတွက် ကြီးမားသော အဟန့်အတား တစ်ခု ဖြစ်လိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလင်းနောက်သို့ လိုက်လျှောက်နိုင်သူ အားလုံးသည် မင်္ဂလာရှိကြ၏။ အတိတ်ကာလများ၏ လူတို့သည်လည်း ဘုရားသခင်၏ ခြေလှမ်းများနောက် လိုက်လျှောက်ခဲ့ကြသည်၊ သို့သော် ယနေ့ထိတိုင် ၎င်းတို့ မလိုက်လျှောက်နိုင်ခဲ့ကြချေ။ ဤသည်မှာ နောက်ဆုံးသောကာလ လူများ၏ ကောင်းချီးမင်္ဂလာ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလုပ်နောက်သို့ လိုက်လျှောက်နိုင်သောသူများနှင့် ဘုရားသခင်က ၎င်းတို့ကို ဦးဆောင်သည့် မည်သည့်နေရာသို့မဆို ဘုရားသခင် နောက်လိုက်ကြသည့် ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်လျှောက်နိုင်သော ထိုသို့သောသူများ- ဤသည်တို့မှာ ဘုရားသခင်၏ ကောင်းချီးပေးခြင်း ခံစားရသည့် လူများ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလုပ်နောက်သို့ မလိုက်လျှောက်သော သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သော အမှုထဲသို့ မဝင်ရောက်ကြသေးသကဲ့သို့၊ ၎င်းတို့ မည်မျှ အလုပ်လုပ်သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့၏ ဒုက္ခဆင်းရဲများ မည်မျှ ကြီးမားသည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့ မည်မျှ ဟိုဟိုသည်သည် အလုပ်များသည်ဖြစ်စေ၊ ထိုအရာထဲမှတစ်ခုမျှ ဘုရားသခင်အဖို့ အဓိပ္ပာယ် တစ်ခုတစ်လေမျှ မရှိသကဲ့သို့၊ သူသည် ၎င်းတို့ကို ချီးကျူးလိမ့်မည် မဟုတ်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အသစ်ဆုံးသောအမှုကို သိပြီး သူ၏ ခြေလှမ်းများနောက် လိုက်လော့

လူအချို့သည် တရားစီရင်မှုကို မဆိုထားနှင့်၊ သမ္မာတရား၌ပင် ဝမ်းမမြောက်ကြပေ။ ထို့အစား ၎င်းတို့သည် တန်ခိုးအာဏာနှင့် ကြွယ်ဝမှုများတွင် ဝမ်းမြောက်ကြသည်။ ထိုသို့သော လူများကို တန်ခိုးအာဏာ ရှာဖွေသူများဟု ခေါ်သည်။ ၎င်းတို့သည် ကမ္ဘာလောကထဲက လွှမ်းမိုးမှုရှိသော ဂိုဏ်းဂဏများကိုသာ ရှာဖွေကြပြီး၊ ကျမ်းစာကျောင်းများမှလာသော သင်းအုပ်များနှင့် ဆရာများကိုသာ ရှာဖွေကြသည်။ ၎င်းတို့ သမ္မာတရား၏ လမ်းခရီးကို လက်ခံကြပြီး ဖြစ်သော်လည်း၊ တစ်ဝက်တစ်ပျက်သာ ယုံကြည်နေကြပေသည်။ ၎င်းတို့သည် ၎င်းတို့၏ နှလုံးသားများနှင့် စိတ်များအားလုံးကို ပေးနိုင်စွမ်း မရှိကြချေ၊ ၎င်းတို့၏ နှုတ်များက ဘုရားသခင်အတွက် အသုံးခံခြင်းကို ပြောဆိုကြသော်လည်း၊ ၎င်းတို့မျက်လုံးများသည် ကြီးမြတ်သည့် သင်းအုပ်များနှင့် ဆရာများအပေါ်တွင်သာ အာရုံစိုက်ကာ၊ ခရစ်တော်ကို အာရုံမစိုက်ကြပေ။ သူတို့၏ နှလုံးသားများသည် ကျော်ကြားမှု၊ အခွင့်အလမ်းနှင့် ဂုဏ်အသရေတို့အပေါ်သာ အစွဲအလမ်းကြီးနေသည်။ ထိုသို့သော သေးသိမ်သည့် လူတစ်ဦးသည် အလွန်များစွာသော သူတို့ကို သိမ်းပိုက်နိုင်စွမ်းရှိမည်၊ သိပ်မထူးခြားသော သူတစ်ဦးက လူသားကို စုံလင်စေနိုင်မည်ဆိုသည်တို့မှာ မဖြစ်နိုင်ဟု ၎င်းတို့ တွေးထင်ကြသည်။ ဖုန်မှုန့်နှင့် နွားချေးပုံများထဲက ဤအညတရများသည် ဘုရားသခင်၏ ရွေးချယ်ခြင်းကို ခံထားရသောသူများ မဖြစ်နိုင်ဟု ၎င်းတို့ တွေးထင်ကြလေသည်။ အကယ်၍ ထိုသို့သော လူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရမည့်သူများ ဖြစ်ပါက၊ ကောင်းကင်နှင့်မြေကြီး ပြောင်းပြန်လှန်မည် ဖြစ်ပြီး၊ လူအားလုံး ထိန်းမနိုင်သိမ်းမရ ရယ်မောကြမည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ဘုရားသခင်သည် ထိုသို့သော အညတရလူများကို စုံလင်စေဖို့ ရွေးချယ်ခဲ့ပါက၊ ထိုကြီးမြတ်သော လူများသည် ဘုရားသခင်ကိုယ်တိုင် ဖြစ်လာကြလိမ့်မည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ၎င်းတို့၏ ရှုထောင့်များသည် မယုံကြည်မှုဖြင့် စွန်းထင်းသည်။ မယုံကြည်ခြင်းထက်၊ ၎င်းတို့သည် ယုတ္တိမရှိသော သားရဲတိရစ္ဆာန်များ သက်သက် ဖြစ်ကြပေသည်။ အကြောင်းမှာ ၎င်းတို့သည် အဆင့်အတန်း၊ ဂုဏ်သိက္ခာနှင့် တန်ခိုးအာဏာတို့ကိုသာ တန်ဖိုးထားကြပြီး၊ လူအုပ်ကြီးများနှင့် ဂိုဏ်းဂဏကြီးများကိုသာ အထင်ကြီးကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ခရစ်တော်၏ ဦးဆောင်ခြင်းခံရသောသူများကို စိုးစဉ်းမျှ အလေးမထားကြပေ။ ၎င်းတို့သည် ခရစ်တော်ကို၊ သမ္မာတရားနှင့် အသက်ကို ကျောခိုင်းသော သစ္စာဖောက်များ သက်သက် ဖြစ်ကြပေသည်။

သင် လေးစားအားကျသည်မှာ ခရစ်တော်၏နှိမ့်ချမှု မဟုတ်ဘဲ ထင်ရှားသည့် အဆင့်အတန်း ရှိသော သိုးထိန်းယောင်ဆောင်သူများကို ဖြစ်သည်။ သင်သည် ခရစ်တော်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှု၊ သို့မဟုတ် ဉာဏ်ပညာကို မကြည်ညိုဘဲ၊ ကမ္ဘာလောက၏ ဆိုးညစ်မှုတွင် မွေ့လျော်နေသည့်အကျင့်သီလမဲ့သူများကို ကြည်ညိုပေသည်။ ခေါင်းချရန် နေရာ မရှိသော ခရစ်တော်၏ နာကျင်မှုဝေဒနာကို သင် လှောင်သွေးသွမ်းသည်၊ သို့သော် လှူဖွယ်ပစ္စည်းများကို ရှာဖွေပြီး၊ သောက်စားပျော်ပါးမှုတွင် အသက်ရှင်သည့် အလောင်းကောင်များကို သင် လေးစားအားကျ၏။ သင်သည် ခရစ်တော်နှင့်အတူ ဆင်းရဲဒုက္ခခံစားရန် လိုလားမနေဘဲ၊ သင့်ကို ဇာတိပကတိ၊ စကားလုံးများနှင့် ထိန်းချုပ်မှုတို့ကိုသာ ပေးသည့် အဆင်အခြင်မဲ့သော အန္တိခရစ်များ၏ ရင်ခွင်ထဲသို့ ဝမ်းပန်းတသာ ခြေစုံပစ်ဝင်သည်။ ယခုတွင်ပင် သင်၏ နှလုံးသားသည် ၎င်းတို့ထံ၊ ၎င်းတို့၏ဂုဏ်သတင်းထံ၊ ၎င်းတို့၏ အဆင့်အတန်းထံ၊ ၎င်းတို့၏ လွှမ်းမိုးမှုထံသို့ လှည့်ထားဆဲ ဖြစ်သည်။ သို့တိုင်အောင် သင်သည် ခရစ်တော်၏အမှုကို လက်ခံရန် ခက်ခဲပြီး၊ ယင်းကို သင် လက်ခံလိုခြင်း မရှိသည့် သဘောထား တစ်ခုကို ဆက်လက် စွဲကိုင်လေသည်။ ဤသည်မှာ သင်သည် ခရစ်တော်ကို အသိအမှတ်ပြုရန် ယုံကြည်ခြင်း ကင်းမဲ့သည်ဟု ငါ ပြောရသည့် အကြောင်းရင်း ဖြစ်သည်။ သင့်အနေဖြင့် ယနေ့ထိ ခရစ်တော်နောက်သို့ လိုက်ရသည်အကြောင်းရင်းမှာ သင်သည် အခြားရွေးစရာ မရှိခဲ့သောကြောင့်သာ ဖြစ်သည်။ ဟိတ်ဟန်ကြီးသော ပုံရိပ်တသီတတန်းသည် သင့်နှလုံးသားတွင် အစဉ်အမြဲ လွှမ်းမိုးနေသည်။ ၎င်းတို့၏ စကားလုံးတိုင်းနှင့် လုပ်ရပ်တိုင်းကို သင်တို့ မမေ့လျော့နိုင်ကြသကဲ့သို့၊ ၎င်းတို့၏ ဩဇာညောင်းသော စကားလုံးများနှင့် လက်ရာများကို သင်မမေ့နိုင်ပေ။ သင်တို့၏နှလုံးသားတွင် ၎င်းတို့သည် အစဉ်အမြဲ အမြင့်ဆုံးနှင့် ထာဝရ သူရဲကောင်းများ ဖြစ်ကြသည်။ သို့ရာတွင် ယနေ့၏ ခရစ်တော်အတွက်မူ ထိုသို့မဟုတ်ပေ။ သူသည် သင်၏နှလုံးသားတွင် အစဉ်ထာဝရ အရေးမပါသကဲ့သို့၊ အစဉ်ထာဝရ ရိုသေလေးစားခြင်း မခံထိုက်ပေ။ အကြောင်းမှာ သူသည် အလွန်သာမန် ဖြစ်လွန်းပြီး၊ နည်းပါးလွန်းသည့် ဩဇာအရှိန်အဝါရှိကာ မြင့်မြတ်မှုမှ အလွန် အလှမ်းဝေးသောကြောင့် ဖြစ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ဘုရားသခင်ကို ယုံကြည်သူစစ်စစ်တစ်ယောက် ဖြစ်သလော

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

ဘုရားသခင်၏ နောက်တော်သို့ လိုက်ခြင်းသည် ဘုရားသခင်ကို အရာရာတိုင်းတွင် နာခံရန်၊ ဘုရားသခင်၏ စီမံမှုအားလုံးကို ကျိုးနွံနာခံရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လုပ်ဆောင်ရန်နှင့် ဘုရားသခင်ထံမှ လာသမျှအားလုံးကို လက်ခံရန်ကို ဆိုလိုပါသည်။ ဘုရားသခင်ကို ယုံကြည်သောသူတို့သည် ဘုရာသခင်၏ နောက်တော်သို့ လိုက်သင့်သည်၊ သို့ရာတွင် လူအများစုတို့သည် ယင်းကိုမသိဘဲ လူတို့၏နောက်သို့ လိုက်ကြသည်။ ဤသည်မှာ ရယ်ဖွယ်ရာလည်းဖြစ်၊ ကြေကွဲဝမ်းနည်းဖွယ်ရာလည်းဖြစ်သည်။ တိတိကျကျပြောရလျှင်၊ လူတို့သည် သူတို့လိုက်သည့် မည်သူကိုမဆို ယုံကြည်ကြလိမ့်မည်။ လူအချို့တို့သည် ဘုရားသခင်ကို မည်ကာမတ္တ ယုံကြည်သော်လည်း၊ သူတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင် မရှိပါ။ သူတို့၏ စိတ်နှလုံးက သူတို့ကို ဦးဆောင်နေသည့် ပုဂ္ဂိုလ်ကိုသာ ဝတ်ပြုနေသည်။ လူတို့သည် ဘုရားသခင်၏ စီမံမှုကို ငြင်းပယ်သည်အထိ ခေါင်းဆောင်ကို နာခံသောအခါ ယင်းသည် ဘုရားသခင်ကို ယုံကြည်သော်လည်း လူတို့၏နောက်သို့ လိုက်နေခြင်း၏ တိကျသည့် သရုပ်သကန်ဖြစ်သည်။ သမ္မာတရား မရရှိမီ၊ လူတို့သည် ဤစိတ်ရှုပ်ထွေးဖွယ်နည်းလမ်းကို ယုံကြည်ကြပြီး၊ ဘုရားသခင်၏ နောက်တော်သို့ လိုက်ခြင်းက အဘယ်အရာဖြစ်သည်ကိုပင် လုံးဝမသိကြပါ။ ဘုရားသခင်နောက်သို့လိုက်ခြင်းက အဘယ်အရာဖြစ်၏ဆိုသည်နှင့်၊ လူနောက်သို့လိုက်ခြင်းက အဘယ်အရာဖြစ်၏ဆိုသည်တို့အကြား မည်သို့ခွဲခြားသိမြင်ရမည်ကို မသိကြပါ။ စကားပြောအကောင်းဆုံး မည်သူကိုမဆို၊ ဟိတ်ဟန်အမြင့်ဆုံး ပြောဆိုသည့် မည်သူကိုမဆို၊ ၎င်းတို့ကို အဖေဟု သူတို့ခေါ်ကြသည်၊ သို့မဟုတ် ၎င်းတို့ကို အမေဟုခေါ်ကြသည်။ သူတို့အတွက်မှာမူ နို့ရည်ရှိသည့် မည်သူမဆိုသည် သူတို့၏အမေဖြစ်ပြီး၊ အာဏာရှိသည့် မည်သူမဆိုသည် သူတို့၏ကိုယ်ပိုင်အဖေဖြစ်သည်။ ဤသည်မှာ လူတို့သည် မည်မျှပင်သနားစဖွယ်ဖြစ်နိုင်ပုံပင် ဖြစ်သည်။ လူအများစုသည် အမျိုးမျိုးသောအတိုင်းအတာများဖြင့် ဤအခြေအနေ ရှိနေကြသည်ဟု ဆိုနိုင်ပါသည်။

ဘုရားသခင်နောက်သို့လိုက်ခြင်းက အဘယ်အရာကို ဆိုလိုပါသနည်း။ ထို့ပြင် သင်သည် ယင်းကို မည်သို့လက်တွေ့လုပ်ဆောင်သနည်း။ ဘုရားသခင်၏နောက်တော်သို့လိုက်ခြင်းတွင် ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် ဘုရားသခင်ကို ချီးမွမ်းခြင်းသာ ပါဝင်သည် မဟုတ်ပါ။ အရေးအကြီးဆုံးက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရန်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း နေထိုင်ရန်၊ သမ္မာတရားအတိုင်း ပြုမူရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် အသက်တာအတွေ့အကြုံလမ်းကို ရှာဖွေရန်၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံရန်၊ သင်၏တာဝန်တစ်ခုစီတိုင်းကို သင့်တင့်လျောက်ပတ်စွာ ထမ်းဆောင်ရန်နှင့် သန့်ရှင်းသော ဝိညာဉ်တော်က လမ်းပြပေးသည့်အတိုင်း သင်၏အရှေ့က လမ်းကြောင်းကို လျှောက်ရန်တို့ ဖြစ်ကြသည်။ အထူးသဖြင့်၊ အကျပ်အတည်းဖြစ်သော အဆင့်များတွင်၊ ကြီးမားသည့် ပြဿနာများ သင့်အပေါ်သို့ ကျရောက်လာသည့်အခါ၊ လူ့အယူဝါဒများ၏ လှည့်စားမှုခံရခြင်းကို သတိရှိရန်နှင့်၊ တစ်စုံတစ်ယောက်၏ ထိန်းချုပ်မှုအောက်သို့ မကျရောက်ရန်အလို့ငှာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေရန် ပို၍လိုအပ်လာသည်။ “ဘုရားသခင်ထံမှ လာသည့်အရာကို ကျွန်ုပ်နာခံပြီး လိုက်လျှောက်သည်၊ သို့ရာတွင် ၎င်းသည် လူ၏အလိုမှ လာခြင်းဖြစ်လျှင် ကျွန်ုပ်သည် ယင်းကို စွဲမြဲခိုင်မာစွာ ငြင်းပယ်ပါမည်။ ခေါင်းဆောင်များ၊ သို့မဟုတ် အမှုတော်ဆောင်များမှ ဟောသည့်တရားသည် ဘုရားသခင်၏ စီမံမှုများနှင့် သဘောထားကွဲလွဲနေလျှင် ကျွန်ုပ်သည် ဘုရားသခင်နောက်သို့ လုံးလုံးလိုက်ပြီး လူတို့ကို ငြင်းပယ်ပါသည်။ ဘုရားသခင်၏ အလိုတော်နှင့် စီမံမှုများနှင့် လုံးဝကိုက်ညီနေလျှင် ကျွန်ုပ်သည် ၎င်းကို နားထောင်နိုင်ပါသည်။” ဤနည်းလမ်းအတိုင်း လက်တွေ့ကျင့်ဆောင်သည့် လူတို့သည် ဘုရားသခင်၏နောက်တော်သို့ လိုက်သောသူများ ဖြစ်ကြသည်။

ထို့နောက် လူနောက်သို့လိုက်ခြင်းက အဘယ်အရာကို ဆိုလိုသနည်း။ ဆိုလိုသည်မှာ လူတစ်ဦးသည် သူကိုးကွယ်သည့် တစ်စုံတစ်ယောက်နောက်သို့ လိုက်ခြင်းဖြစ်သည်။ သူ၏စိတ်နှလုံးထဲတွင်၊ ဘုရားသခင်က နေရာသိပ်မရှိပေ။ သူသည် ဘုရားသခင်ကို ယုံကြည်သူတစ်ဦး၏ အသွင်ကို ဆောင်ထားရုံသက်သက်ဖြစ်သည်။ သူလုပ်သမျှအားလုံးသည် လူတို့ကို အတုခိုးပြီး သူတို့၏ပုံပမာနောက် လိုက်ခြင်းဖြစ်သည်။ အထူးသဖြင့် အရေးကြီးသည့် အရေးကိစ္စများတွင်၊ သူသည် လူများကို ဆုံးဖြတ်ချက်များ ချစေပြီး၊ လူတို့ကို သူ၏ကံကြမ္မာကို ပြဋ္ဌာန်းပေးစေသည်။ သူကိုယ်တိုင်သည် ဘုရားသခင်၏ဆန္ဒများကို မရှာဖွေဘဲ၊ လူတို့ပြောဆိုသည်ကို ချင့်ချိန်တွေးဆခြင်း မရှိပါ။ သူတို့ပြောသည်များက ကျိုးကြောင်းညီညွှတ်မှု ရှိနေသရွေ့၊ သူတို့ပြောသည်က သမ္မာတရားနှင့် ကိုက်ညီမှုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သူသည် ၎င်းတို့အားလုံးကို လက်ခံပြီး နာခံသည်။ ဤသည်မှာ လူတို့နောက်သို့လိုက်သည့်သူတစ်ဦး၏ အပြုအမူဖြစ်သည်။ ဘုရားသခင်ကို သူ၏ယုံကြည်ခြင်းက မူမရှိသည့်အပြင်၊ အရေးကိစ္စများကို သူကိုင်တွယ်ရာတွင်လည်း သမ္မာတရားမရှိပါ။ သူသည် အကျိုးသင့်အကြောင်းသင့်ပြောသည့် မည်သူကိုမဆို လိုက်နာသည်။ သူလေးစားအားကျသည့် ပုဂ္ဂိုလ်သည် မှားယွင်းသည့်လမ်းသို့ သွားခဲ့ပါက၊ သူသည် အဆုံးအထိ လိုက်လိမ့်မည်။ ဘုရားသခင်က သူလေးစားအားကျသည့်ပုဂ္ဂိုလ်ကို ပြစ်တင်ခဲ့လျှင်၊ သူသည် ထိုပုဂ္ဂိုလ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး၊ ဘုရားသခင်နှင့်စပ်လျဉ်း၍ အယူအဆတစ်ခု ရှိပါလိမ့်မည်။ သူ၏အကြောင်းပြချက်မှာ သူ့ကိုထိန်းချုပ်ထားသည့် မည်သူကိုမဆို သူနာခံသင့်ကြောင်းဖြစ်သည်။ အဆင့်မြင့်အရာရှိသည် တာဝန်ခံ မန်နေဂျာနှင့် တန်းမတူပါ။ ဤကား လူနုံလူအ၏ တွေးခေါ်နိုင်စွမ်း သက်သက်သာဖြစ်သည်။ လူနောက်သို့လိုက်သောသူများသည် အမှန်ပင် ဤသို့စိတ်ရှုပ်ထွေးကြသည်။ လူတို့၏နောက်သို့လိုက်သောသူများ၏ စိတ်နှလုံးထဲတွင် ဘုရားသခင်အတွက် နေရာမရှိဘဲ၊ သမ္မာတရားလည်း မရှိကြပါ၊ ထို့ပြင် သူတို့သည် ပုဂ္ဂိုလ်ရေးကိုးကွယ်သူများ ဖြစ်ကြသည်၊ အခြားသူများ၏ လှည့်စားခြင်းကို ခံရပြီး၊ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူများ မဟုတ်ကြပါ။ ဘုရားသခင်၏နောက်တော်သို့ လိုက်သူများသာ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ကြသည်။

—အထက်အရပ်မှ မိတ်သဟာယပြုခြင်း

များစွာသောလူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို နာခံခြင်းက အဘယ်အရာကို ဆိုလိုသည်ကို မသိကြဘဲ၊ အရာခပ်သိမ်းတွင် သူတို့ခေါင်းဆောင်များ၏ စကားကို နားထောင်ခြင်းက ဘုရားသခင်ကို နာခံခြင်းနှင့် တူညီသည်ဟု ထင်ကြသည်။ ထိုသို့သော အမြင်က လုံးဝအဓိပ္ပာယ် မရှိပါ၊ အဘယ်ကြောင့်ဆိုသော် သူတို့နာခံခြင်း၏ အရင်းအမြစ်က မှားနေသောကြောင့်ဖြစ်သည်။ သူတို့၏ ခေါင်းဆောင်များကို နားထောင်ခြင်းက ဘုရားသခင်ကို နာခံခြင်းဖြစ်သည်ဟု သူတို့ထင်မှတ်ကြသည်။ ဤအမြင်အရ ဘုရားသခင်ကို ယုံကြည်ခြင်းက ဘုရားသခင်ကို အမည်ခံသာ ယုံကြည်ခြင်းဖြစ်သည်။ လက်တွေ့မှာမူ၊ ဤသူတို့သည် လူတို့ကို ယုံကြည်ကြခြင်းဖြစ်သည်။...

ကျွန်ုပ်တို့သည် ဘုရားသခင်ကို ယုံကြည်သည့်အခါ၊ ဘုရားသခင်သည် ကျွန်ုပ်တို့၏ စိတ်နှလုံးထဲတွင် ဦးဆောင်သည့်နေရာကို ယူထားသင့်သည်၊ ကျွန်ုပ်တို့သည် အရာအားလုံး၌ ဘုရားသခင်ထိန်းချုပ်ခြင်းကို အပ်နှံရမည်၊ ကျွန်ုပ်တို့သည် အရာအားလုံးတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေသင့်သည်၊ ကျွန်ုပ်တို့၏ လုပ်ဆောင်မှုများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ကိုက်ညီမှု ရှိသင့်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှုနှင့် ကိုက်ညီမှုရှိရမည့်အပြင်၊ ကျွန်ုပ်တို့သည် ဘုရားသခင်ထံမှ လာသမျှအားလုံးကို နာခံသင့်သည်။ သင်သည် လူတို့ကို နားထောင်လျှင်၊ သင်၏စိတ်နှလုံးထဲတွင် ဘုရားသခင်အတွက် နေရာမရှိဘဲ၊ သင်၏စိတ်နှလုံးထဲတွင် လူတို့အတွက်သာ နေရာတစ်ခုရှိသည်ဟု ဤသည်က သက်သေပြနေသည်။ သမ္မာတရားကို လေ့လာလိုက်စားရန်နှင့် ဘုရားသခင်၏အလိုတော်ကို နားလည်ရန်ထက် လူတို့အတွက် မည်သည့်အရာကမျှ ပိုအရေးမကြီးပါ။ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေခြင်းနှင့် ဘုရားသခင်၏ အလိုတော်ကို နားလည်ခြင်းတို့ကို အာရုံမစိုက်လျှင် သင်၏နာခံခြင်းက စစ်မှန်မှုမရှိပါ။ သူတို့၏စကားများက မည်မျှပင် မှန်ကန်နေပုံ ရှိသော်လည်း၊ သင်သည် အစဉ်အမြဲ လူတို့ကို နားထောင်နေလျှင် အနှစ်သာရအားဖြင့် သင်သည် လူတို့ကို နာခံနေခြင်းဖြစ်သည်၊ ၎င်းသည် ဘုရားသခင်ကို နာခံခြင်းနှင့် လုံးဝမတူပါ။ အမှန်တကယ်အားဖြင့်၊ ဘုရားသခင်ကို ယုံကြည်သောသူတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို သူ၏နှုတ်ကပတ်တော်များမှ တိုက်ရိုက်နားလည်နိုင်ပါက၊ သူတို့သည် ကိုယ်တော်၏ နှုတ်ကပတ်တော်များကို လက်တွေ့ကျင့်ဆောင်ရန် သူတို့၏ ကိုယ်ပိုင်လမ်းကြောင်းကို ရှာတွေ့နိုင်ပါက၊ ထို့ပြင် သူတို့သည် သမ္မာတရားကို ပြောဆိုဆွေးနွေးပြီး၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များထဲမှ သမ္မာတရားကို နားလည်ပါက၊ ထို့နောက်တွင် သူတို့သည် ၎င်းကို လက်တွေ့လုပ်ဆောင်ပါက၊ အဓိကအခိုက်အတန့်တွင်၊ သူတို့သည် ပို၍ဆုတောင်းနိုင်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏လမ်းပြမှုကို ရှာဖွေနိုင်ကာ၊ သန့်ရှင်းသောဝိညာဉ်တော်၏ ရည်ရွယ်ချက်များကို နာခံနိုင်ပါက၊ ဤသည်မှာ ဘုရားသခင်ကို အမှန်တကယ် နာခံခြင်းဖြစ်သည်။ ဘုရားသခင်ကို နာခံသောသူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် လမ်းကြောင်းကို ရှာဖွေကြသည်၊ သူတို့၏ ပြဿနာများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ပြေလည်သွားပြီး၊ သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှုအလယ်တွင် လုပ်ဆောင်ကြသည်။ ဤကား ဘုရားသခင်ကို အမှန်တကယ် နာခံခြင်းဖြစ်သည်။ သူတို့၏ခေါင်းဆောင်များကို အရာရာတိုင်းတွင် နားထောင်သောသူများသည် သူတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်နှင့် အလွန်လမ်းလွဲနေသည်မှာ သေချာလှပါသည်။ ၎င်းထက်ပိုပြီး၊ သူတို့သည် ဘုရားသခင်၏ ရှေ့မှောက်တွင် ငြိမ်သက်ခြင်း မရှိ၊ သူတို့သည် ဘုရားသခင်၏ ရှေ့မှောက်တွင် နေထိုင်သူများ မဟုတ်သည့်အပြင်၊ သမ္မာတရားကို ရှာဖွေသူလည်း မဟုတ်ပါ၊ သူတို့သည် ဘုရားသခင်နှင့် ဆက်ဆံရေးမရှိဘဲ၊ သူတို့လုပ်ရပ်များ၏နောက်ကွယ်ရှိ အခြေခံသဘောတရားမှာ မှန်ကန်သောအရာများကို ပြောဆိုသည့် မည်သူမဆိုကို နားထောင်ရန်ဖြစ်သည်၊ ထို့ပြင် သူတို့၏ခေါင်းဆောင်က တစ်ခုခုပြောနေသရွေ့၊ သူတို့က နာခံလိမ့်မည်။ ထိုသို့သော ကျင့်ဆောင်မှုက ရယ်ဖွယ်ကောင်းလှသည်။ သူတို့တွင် သမ္မာတရားလည်းမရှိ၊ ခွဲခြားနိုင်သည့်စွမ်းရည်လည်း မရှိကြဘဲ၊ သူတို့၏ အယူအဆများ၊ သို့မဟုတ် ဉာဏ်များအရသာ မည်သည်ကမှန်သည်၊ သို့မဟုတ် မှားသည်ကို ဆုံးဖြတ်နိုင်သည်၊ ထိုသို့လျှင် ၎င်းသည် သမ္မာတရားနှင့် ကိုက်ညီမှု ရှိမရှိကို သူတို့အနေဖြင့် မည်ကဲ့သို့ သိနိုင်မည်နည်း။ ထိုသို့သော အမြင်တစ်ခုဖြင့် သူတို့သည် ဘုရားသခင်ကို ယုံကြည်လျှင် သူတို့၏အသက်တာတစ်ခုလုံး၌ သူတို့သည် သမ္မာတရားကို နားလည်မည်မဟုတ်၊ သို့မဟုတ် ဘုရားသခင်ကို သိလာမည်မဟုတ်။ ထိုသို့သောယုံကြည်မှုပုံစံကို သူတို့၏ ကိုယ်ပိုင်ဉာဏ်ကိုသာ ယုံကြည်ပြီး သူတို့၏ ကိုယ်ပိုင်လမ်းကြောင်းကို လျှောက်နေခြင်းဟု ပြောဆိုနိုင်သည်၊ ထို့ပြင် သူတို့သည် လက်တွေ့ကျသော ဘုရားသခင်နှင့် ဆက်ဆံမှုမရှိပေ။

—အထက်အရပ်မှ မိတ်သဟာယပြုခြင်း

အရှေ့သို့- ၄။ မှန်သောလမ်းနှင့် မှားသောလမ်းများ၊ နှင့် မှန်သောအသင်းတော်နှင့် မှားသောအသင်းတော်များအကြား ပိုင်းခြားသိမြင်ခြင်း

နောက်တစ်ခုသို့- ၆။ မှန်သောခေါင်းဆောင်များနှင့် မှားသောခေါင်းဆောင်များ၊ မှန်သောသိုးထိန်းများနှင့် မှားသောသိုးထိန်းများအကြား ပိုင်းခြားသိမြင်ခြင်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။