ဘုရားသခင်အတွက် စစ်မှန်သောချစ်ခြင်းသည် သဘာဝအလျောက် ဖြစ်သည်

လူအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကြောင့် စစ်ဆေးခြင်းကို ခံကြရသည်။ ဘုရားသခင်သည် လူ့ဇာတိ မခံယူပြီးခဲ့ပါက၊ လူသားမျိုးနွယ်သည် ဤစစ်ဆေးခြင်းမှတစ်ဆင့် ဆင်းရဲဒုက္ခနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာ ရှိခဲ့လိမ့်မည် မဟုတ်ပေ။ တစ်နည်းအားဖြင့်၊ ဘုရားနှုတ်ကပတ်တော်များ၏ စမ်းသပ်မှုများကို လက်ခံနိုင်သော သူများအားလုံးသည် ကောင်းချီးခံစားရပေသည်။ လူများ၏ ပင်ကိုအရည်အသွေး၊ ၎င်းတို့၏ အပြုအမူနှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားများကို အခြေခံ၍ ၎င်းတို့သည် ဤကဲ့သို့သော စစ်ဆေးခြင်းမျိုးကို ရရှိခြင်းငှာ မထိုက်တန်ကြပေ။ ၎င်းတို့အနေဖြင့် ဤကောင်းချီးမင်္ဂလာကို မွေ့လျော်ခဲ့သည်မှာ ဘုရားသခင်က ၎င်းတို့ကို မြှင့်တင်ခဲ့သောကြောင့် ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ မျက်နှာကို မြင်ခြင်းငှာ သို့မဟုတ် သူ၏နှုတ်ကပတ်တော်များကို ကြားခြင်းငှာ မထိုက်တန်ဟု ပြောလေ့ရှိကြသည်။ ယနေ့တွင်၊ လူတို့အနေဖြင့် ဘုရားနှုတ်ကပတ်တော်များ၏ စစ်ဆေးခြင်းကို ရရှိကြသည်မှာ ဘုရားသခင်၏ ချီးမြှောက်ခြင်းနှင့် သူ၏ ကရုဏာကြောင့် လုံးလုံးလျားလျားဖြစ်သည်။ ဤသည်မှာ နောက်ဆုံးသော ကာလ၌ မွေးဖွားကြသည့် လူတစ်ဦးချင်းစီတိုင်း၏ ကောင်းချီးမင်္ဂလာဖြစ်သည်- ဤသည်ကို သင်တို့ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံပြီးပြီလော။ မည်သည့်ရှုထောင့်များဖြင့် ဆင်းရဲဒုက္ခနှင့် အနှောင့်အယှက်တို့ကို လူတို့ တွေ့ကြုံသင့်သည်ကို ဘုရားသခင်က ကြိုတင်ခွဲခန့်မှတ်ထားခြင်းဖြစ်၏- ယင်းသည် လူတို့ကိုယ်တိုင်၏ သတ်မှတ်ချက်များပေါ် အခြေမခံပေ။ ဤအချက်က ပြတ်သားသည့် သမ္မာတရားဖြစ်သည်။ ယုံကြည်သူတိုင်းသည် ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ စမ်းသပ်မှုများကို လက်ခံနိုင်စွမ်းနှင့် သူ့နှုတ်ကပတ်တော်အတွင်း ဆင်းရဲဒုက္ခခံစားနိုင်စွမ်းကို ပိုင်ဆိုင်သင့်သည်။ ဤသည်မှာ သင်တို့အဖို့ ရှင်းလင်းပါသလော။ ထို့ကြောင့် သင်ကြုံတွေ့ပြီးဖြစ်သည့် ဆင်းရဲဒုက္ခများအတွက် အလဲအလှယ်အနေဖြင့်၊ သင်သည် ယနေ့၏ ကောင်းချီးမင်္ဂလာများကို ရရှိပြီးဖြစ်သည်။ သင်သည် ဘုရားသခင်အတွက် ဒုက္ခမခံပါက သူ၏ချီးမွမ်းမှုကို မရရှိနိုင်။ သင်သည် ယခင်က ညည်းညူခဲ့နိုင်သည်၊ သို့သော် သင်သည် မည်မျှ ညည်းညူခဲ့သည်ဖြစ်စေ၊ ဘုရားသခင်သည် သင်နှင့်ပတ်သက်၍ ထိုအကြောင်းကို မမှတ်မိပေ။ ယနေ့သည် ရောက်လာလေပြီ၊ ယမန်နေ့၏ အရေးကိစ္စများကို စုံစမ်းစစ်ဆေးရန် မလိုပေ။

လူအချို့က ဘုရားသခင်ကို ၎င်းတို့ ချစ်ဖို့ကြိုးစားသော်လည်း မချစ်နိုင်ကြဟု ပြောကြသည်။ ထို့နောက်၊ ဘုရားသခင် ထွက်ခွာတော့မည်ကို ၎င်းတို့ကြားသောအခါတွင်၊ သူ့အတွက် ၎င်းတို့၏ချစ်ခြင်းမေတ္တာကို ရုတ်တရက် ခံစားကြရလေသည်။ လူအချို့သည် ယေဘုယျအားဖြင့် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြသကဲ့သို့၊ ဘုရားသခင်သည် အမျက်ဒေါသဖြင့် ထွက်သွားတော့မည်ကို ၎င်းတို့ကြားသောအခါ သူ၏ ရှေ့မှောက်သို့လာပြီး၊ “အိုး ဘုရားသခင်။ ကျေးဇူးပြုပြီး မသွားပါနှင့်။ ကျွန်ုပ်တို့ကို အခွင့်အရေးတစ်ခုပေးတော်မူပါ။ ဘုရားသခင်။ ယခင်က ကိုယ်တော့်ကို ကျွန်ုပ် စိတ်ကျေနပ်စေခြင်း မပြုခဲ့ပါ။ ကျွန်ုပ်သည် ကိုယ်တော့်အား ကျေးဇူးကြွေးတင်ရှိပြီးဖြစ်ကာ ကိုယ်တော့်ကို ခုခံမိပါသည်။ နောက်ဆုံးတွင် ကိုယ်တော့်ကို စိတ်ကျေနပ်စေဖို့နှင့် ချစ်မြတ်နိုးဖို့ရန်အလို့ငှာ ကျွန်ုပ်၏ ကိုယ်ခန္ဓာနှင့် နှလုံးသားကို အပြည့်အဝ ပူဇော်ဖို့ ကျွန်ုပ် လိုလားလျက်ရှိပါ၏။ ဤအခွင့်အရေးကို နောက်တစ်ခါကျွန်ုပ် ရမည်မဟုတ်ပါ” ဟု ဆုတောင်းကြသည်။ သင်တို့ ဤဆုတောင်းချက်မျိုးကို ပြုဖူးပါသလော။ တစ်စုံတစ်ဦးသည် ဤနည်းဖြင့် ဆုတောင်းသည့်အခါ၊ ၎င်းတို့၏ အသိစိတ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် လှုံ့ဆော်ခံရသောကြောင့် ဖြစ်သည်။ လူသားများအားလုံးသည် ထုံအပြီး ထိုင်းကြသည်။ ၎င်းတို့သည် ပြစ်တင်ဆုံးမခြင်းနှင့် စစ်ဆေးခြင်းတို့ကို ခံရသော်လည်း ဤအရာမှတဆင့် ဘုရားသခင်က မည်သည့်အရာ ပြီးမြောက်စေဖို့ ကြိုးစားနေသည်ကို မသိကြချေ။ ဘုရားသခင်သည် ဤနည်းလမ်းဖြင့် အမှုမပြုခဲ့ပါက၊ လူတို့သည် စိတ်ရှုပ်ထွေးနေဦးမည် ဖြစ်သည်။ လူတို့၏ နှလုံးသားများထဲက ဝိညာဉ်ရေးရာ ခံစားချက်များကို မည်သူမျှ မနှိုးဆွနိုင်ပေ။ အကျိုးဖြစ်ထွန်းစေနိုင်သည်မှာ လူတို့ကို တရားစီရင်ပြီး ထုတ်ဖော်ပြသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များသာ ဖြစ်သည်။ ထို့ကြောင့် အရာအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကြောင့် ရရှိပြီး ပြည့်စုံကာ၊ ဘုရားသခင်အတွက် လူသားမျိုးနွယ်၏ ချစ်ခြင်းမေတ္တာ နိုးကြွလာသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကြောင့်သာ ဖြစ်သည်။ လူသား၏ အသိစိတ် တစ်ခုတည်းအပေါ် အခြေခံသော ဘုရားကိုချစ်ခြင်းက လိုချင်သည့် အကျိုးကို ရရှိလိမ့်မည်မဟုတ်ပေ။ လူတို့သည် ၎င်းတို့၏ ဘုရားသခင်ကို ချစ်ခြင်းအား ၎င်းတို့၏ အသိစိတ်အပေါ် ယခင်က အခြေခံခဲ့ကြသည် မဟုတ်လော။ မိမိ၏ ကိုယ်ပိုင် အရည်အချင်းဖြင့် ဘုရားသခင်ကို ချစ်ခဲ့သူ လူတစ်ဦးပင် ရှိခဲ့ဖူးသလော။ ဘုရားသခင်ကို လူတို့ ချစ်ကြလေသည်မှာ ဘုရားနှုတ်ကပတ်တော်များ၏ အားပေးတိုက်တွန်းခြင်းမှတစ်ဆင့်သာ ဖြစ်သည်။ လူအချို့က၊ “ဘုရားသခင်နောက်ကို နှစ်များစွာ ငါလိုက်ခဲ့ပြီးဖြစ်သလို၊ ကိုယ်တော့်၏ ကျေးဇူးတော်များစွာ၊ ကောင်းချီးမင်္ဂလာများစွာတို့ကို ငါ မွေ့လျော်ခဲ့ပြီးလေပြီ။ ငါသည် ကိုယ်တော်၏ နှုတ်ကပတ်တော်များမှ စစ်ဆေးခြင်းနှင့် တရားစီရင်ခြင်းတို့ကို ခံရပြီးဖြစ်သည်။ ထို့ကြောင့်၊ ငါသည် များစွာ နားလည်လာပြီးဖြစ်ကာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မြင်ပြီးလေပြီ။ ကိုယ်တော့်ကို ငါကျေးဇူးတင်ရမည်၊ ကိုယ်တော်၏ ကျေးဇူးတော်ကို ငါပြန်ပေးဆပ်ရမည်။ ဘုရားသခင်ကို သေခြင်းနှင့် ငါစိတ်ကျေနပ်စေမည်၊ ပြီးလျှင် ကိုယ်တော့်အတွက် ငါ၏ချစ်ခြင်းကို ငါ၏အသိစိတ်အပေါ်တွင် အခြေပြုမည်” ဟူ၍ ပြောကြသည်။ လူတို့သည် မိမိတို့အသိစိတ်၏ ခံစားချက်များကိုသာ နားထောင်ပါက၊ ဘုရားသခင်၏ ချစ်ဖွယ်ကောင်းခြင်းကို ၎င်းတို့ ခံစားနိုင်မည် မဟုတ်။ ၎င်းတို့သည် မိမိတို့၏ အသိစိတ်အပေါ်၌သာ မှီခိုပါက ဘုရားသခင်အတွက် ၎င်းတို့၏ ချစ်ခြင်း အားနည်းလိမ့်မည်။ သင်သည် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ချစ်ခြင်းကို ပြန်လည်ပေးဆပ်ခြင်းကိုသာ ပြောဆိုပါက၊ သူ့အတွက် သင်၏ချစ်ခြင်း၌ မည်သည့်စိတ်ဓာတ်ခွန်အားမျှ ရှိမည်မဟုတ်ချေ။ သင့်အသိစိတ်၏ ခံစားချက်များအပေါ် အခြေခံ၍ သူ့ကိုချစ်ခြင်းသည် တက်ကြွလှုပ်ရှားမှုမရှိသော ချဉ်းကပ်မှုသာဖြစ်သည်။ တက်ကြွလှုပ်ရှားမှု မရှိသော ချဉ်းကပ်မှုဟု အဘယ်ကြောင့် ငါပြောသနည်း။ ဤသည်မှာ လက်တွေ့ကျသော ပြဿနာတစ်ခုဖြစ်၏။ ဘုရားသခင်အတွက် သင်၏ ချစ်ခြင်းမေတ္တာမှာ မည်သို့သော ချစ်ခြင်းမျိုးနည်း။ ယင်းမှာ ဘုရားသခင်ကို လှည့်စားခြင်းနှင့် သူ့အတွက် ဟန်ဆောင်လုပ်ပြနေခြင်းသာ ဖြစ်သည် မဟုတ်လော။ ဘုရားသခင်ကို ချစ်ခြင်းအတွက် ဆုလာဘ်မရှိသည့်အပြင် သူ့ကိုမချစ်ခြင်းအတွက် ပြစ်တင်ဆုံးမခြင်းခံရမည် ဖြစ်သည့်အတွက်၊ ခြုံကြည့်လျှင် အပြစ်မလုပ်ခြင်းသက်သက်က လုံလောက်သည်ဟု လူအများစုက ယုံကြည်ကြသည်။ ထို့ကြောင့် မိမိအသိစိတ် ခံစားချက်များပေါ်အခြေခံ၍ ဘုရားသခင်ကို ချစ်ခြင်းနှင့် သူ၏ ချစ်ခြင်းမေတ္တာအတွက် ပြန်ပေးဆပ်ခြင်းသည် တက်ကြွလှုပ်ရှားမှုမရှိသော ချဉ်းကပ်မှုဖြစ်ပြီး ယင်းသည် မိမိစိတ်နှလုံးမှ သဘာဝအလျောက်လာသော ဘုရားသခင်အတွက် ချစ်ခြင်း မဟုတ်ပေ။ ဘုရားသခင်အတွက် ချစ်ခြင်းသည် လူတစ်ဦးနှလုံးသား၏ နက်ရှိုင်းသောနေရာမှ စစ်မှန်သည့် ခံစားချက်တစ်ခု ဖြစ်သင့်ပေသည်။ လူအချို့က၊ “ကျွန်ုပ်ကိုယ်တိုင် ဘုရားသခင်ကို ရှာဖွေပြီး သူ့နောက်လိုက်ဖို့ ဆန္ဒရှိသည်။ ယခု ဘုရားသခင်က ကျွန်ုပ်ကို စွန့်ပစ်ချင်လျှင်ပင်၊ သူ့နောက် ကျွန်ုပ် လိုက်နေဦးမည်ဖြစ်သည်။ သူ ကျွန်ုပ်ကို လိုချင်သည်ဖြစ်စေ၊ မလိုချင်သည်ဖြစ်စေ၊ သူ့ကို ကျွန်ုပ် ချစ်နေဦးမည်ဖြစ်ပြီး၊ အဆုံးတွင် သူ့ကို ကျွန်ုပ် ရရှိရမည်။ ကျွန်ုပ်သည် ကျွန်ုပ်နှလုံးသားကို ဘုရားသခင်အား ပူဇော်ပြီး၊ သူ မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ ကျွန်ုပ်၏ တစ်သက်တာလုံး သူ့နောက်လိုက်ပါမည်။ မည်သို့ပင်ဖြစ်စေ၊ ဘုရားသခင်ကို ကျွန်ုပ် ချစ်ရမည်ဖြစ်ပြီး သူ့ကို ရရှိရမည်။ သူ့ကို မရမချင်း ကျွန်ုပ် နားမည်မဟုတ်” ဟူ၍ ပြောကြသည်။ သင်၌ ဤသန္နိဌာန်မျိုး ရှိသလော။

ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းကြောင်းနှင့် သူ့ကိုချစ်ခြင်း လမ်းကြောင်းသည် တစ်ခုတည်းပင်ဖြစ်၏။ သင်သည် သူ့ကို ယုံကြည်ပါက သူ့ကို ချစ်ရမည်။ သို့သော် သူ့ကိုချစ်ခြင်းသည် သူ၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ခြင်း သို့မဟုတ် သင်၏အသိစိတ်၏ ခံစားချက်များပေါ် အခြေခံ၍ သူ့ကို ချစ်ခြင်းအား မရည်ညွှန်းပေ- ယင်းသည် ဘုရားသခင်အတွက် ဖြူစင်သည့် ချစ်ခြင်းဖြစ်သည်။ တစ်ခါတစ်ရံတွင် လူတို့သည် မိမိတို့၏ အသိစိတ်တစ်ခုတည်းပေါ် အခြေခံ၍ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မခံစားနိုင်ကြပေ။ “ဘုရားသခင်၏ ဝိညာဉ်တော်သည် ငါတို့၏ စိတ်ဝိညာဉ်များကို တို့ထိပါစေ” ဟု အဘယ်ကြောင့် ငါအမြဲပြောသနည်း။ ဘုရားသခင်ကို ချစ်ရန် လူတို့၏ အသိစိတ်များကို နှိုးဆော်ခြင်းအား အဘယ်ကြောင့် ငါမပြောခဲ့သနည်း။ ယင်းမှာ လူတို့၏ အသိစိတ်သည် ဘုရားသခင်၏ ချစ်ဖွယ်ကောင်းခြင်းကို မခံစားနိုင်သောကြောင့် ဖြစ်သည်။ သင်သည် ဤနှုတ်ကပတ်တော်များအားဖြင့် ယုံကြည်လက်ခံခြင်းမရှိပါက၊ သူ၏ချစ်ခြင်းကို ခံစားရရန် သင်၏ အသိစိတ်ကို အသုံးပြုဖို့ ကြိုးစားကြည့်လော့။ သင်သည် ခဏတာ စိတ်ဓာတ်ခွန်အား ရှိလိမ့်မည်ဖြစ်သော်လည်း မကြာမီ ပျောက်ကွယ်သွားမည် ဖြစ်သည်။ ဘုရားသခင်၏ ချစ်ဖွယ်ကောင်းမှုကို သင်၏ အသိစိတ်ဖြင့်သာ သင် ခံစားပါက၊ သင်ဆုတောင်းစဉ်တွင် လှုံ့ဆော်ခံရမည်ဖြစ်သော်လည်း မရှေးမနှောင်းပင် တက်ကြွမှုသည် လျော့ပါးကာ ကွယ်ပျောက်သွားလိမ့်မည်။ ယင်းမှာ အဘယ်ကြောင့်နည်း။ သင်သည် မိမိ၏ အသိစိတ်ကိုသာ အသုံးပြုပါက ဘုရားသခင်အတွက် သင်၏ချစ်ခြင်းကို သင်နှိုးဆွနိုင်မည် မဟုတ်ပေ။ သင့်နှလုံးသားထဲ၌ ဘုရားသခင်၏ ချစ်ဖွယ်ကောင်းမှုကို အမှန်တကယ် ခံစားရသောအခါ၊ သင်၏ စိတ်ဝိညာဉ်သည် သူ၏ တို့ထိခြင်းကို ခံရလိမ့်မည်ဖြစ်ပြီး သင်၏ အသိစိတ်က ၎င်း၏ နဂိုအခန်းကဏ္ဍကို ဆောင်ရွက် နိုင်လိမ့်မည်မှာ ဤအချိန်တွင်သာ ဖြစ်သည်။ ဆိုလိုသည်မှာ လူသား၏ စိတ်ဝိညာဉ်ကို ဘုရားသခင် တို့ထိသောအခါ၊ ပြီးလျှင် လူသားသည် အသိပညာရှိပြီး သူ၏ စိတ်နှလုံးထဲတွင် တိုက်တွန်းခြင်းခံရသည့်အခါ၊ ဆိုလိုသည်မှာ အတွေ့အကြုံ ရရှိသည့်အခါ၊ ထိုအခါတွင်မှ သူသည် မိမိ၏ အသိစိတ်ဖြင့် ဘုရားသခင်ကို ထိရောက်စွာ ချစ်နိုင်မည်ဖြစ်သည်။ ဘုရားသခင်ကို သင်၏အသိစိတ်ဖြင့် ချစ်ခြင်းက မမှားပေ- ဤသည်မှာ ဘုရားသခင်အတွက် ချစ်ခြင်း၏ အနိမ့်ဆုံး အတိုင်းအတာ ဖြစ်သည်။ “ဘုရားသခင်၏ ကျေးဇူးတော်ကို ထိုက်တန်ရုံမျှသာ” ချစ်ခြင်းသည် မိမိဘက်မှ စ၍ တက်ကြွစွာ ဝင်ရောက်ဖို့ လူသားကို တကယ် စေ့ဆော်လိမ့်မည် မဟုတ်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုအချို့ကို လူတို့ရရှိသည့်အခါ၊ ဆိုလိုသည်မှာ၊ ၎င်းတို့၏ လက်တွေ့အတွေ့အကြုံထဲ၌ ဘုရားသခင်၏ ချစ်ခြင်းကို မြင်တွေ့ပြီး ခံစားရသည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်နှင့်ဆိုင်သော အသိပညာအချို့ရှိပြီး ဘုရားသခင်သည် လူသားမျိုးနွယ်၏ ချစ်ခြင်းနှင့် အလွန်ထိုက်တန်ပြီး အဘယ်မျှ ချစ်ဖွယ်ကောင်းသည်ကို အမှန်တကယ် သိမြင်သည့်အခါ၊ ထိုအခါမှသာ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ချစ်နိုင်ကြပေသည်။

လူတို့သည် ဘုရားသခင်ကို ၎င်းတို့၏ စိတ်နှလုံးနှင့် ဆက်သွယ်သည့်အခါ၊ ၎င်းတို့၏ စိတ်နှလုံးသည် သူ့ထံ လုံးဝ လှည့်နိုင်သည့်အခါ၊ ဤသည်မှာ ဘုရားသခင်အတွက် လူသား၏ ချစ်ခြင်းတွင် ပထမအဆင့် ဖြစ်သည်။ သင်သည် ဘုရားသခင်ကို ချစ်လိုပါက ပထမဆုံး သင့်နှလုံးသားကို သူ့ထံ လှည့်နိုင်ရမည်။ ဘုရားသခင်ထံ သင့်နှလုံးသားကို လှည့်ခြင်းဆိုသည်မှာ အဘယ်နည်း။ သင့်နှလုံးသား၌ လိုက်စားသည့် အရာတိုင်းသည် ဘုရားသခင်ကို ချစ်ခြင်းနှင့် ရရှိခြင်းအတွက် ဖြစ်သည့်အခါ ဖြစ်သည်။ ဤအရာက သင်သည် ဘုရားသခင်ထံ သင့်နှလုံးသားကို လုံးဝလှည့်ပြီး ဖြစ်သည်ကို ပြသည်။ ဘုရားသခင်နှင့် သူ၏ နှုတ်ကပတ်တော်များမှလွဲ၍ သင့် စိတ်နှလုံးထဲ၌ အခြားအရာ (မိသားစု၊ ချမ်းသာမှု၊ လင်ယောက်ျား၊ ဇနီးမယား၊ သားသမီးများ စသည်ဖြင့်) ဘာမျှမရှိလုနီးပါးဖြစ်သည်။ ရှိလျှင်ပင် ထိုသို့သော အရာများက သင့် စိတ်နှလုံး၌ နေရာမယူနိုင်သကဲ့သို့ သင်သည် သင်၏ အနာဂတ် အလားအလာများကို မတွေးဘဲ ဘုရားသခင်အား ချစ်ခြင်းကိုသာ လိုက်စားလေသည်။ ထိုသို့သော အချိန်၌ သင်သည် ဘုရားသခင်ထံ သင်၏ နှလုံးသားကို လုံးဝလှည့်ပြီး ဖြစ်လိမ့်မည်။ သင့်နှလုံးသား၌ သင့်အတွက် အစီအစဉ်များကို သင်ပြုလုပ်နေသေးပြီး ပုဂ္ဂိုလ်ရေး အကျိုးအမြတ်ကို အမြဲလိုက်စားနေကာ၊ “ဘုရားသခင်ထံ သေးငယ်သော တောင်းဆိုမှုတစ်ခုကို ကျွန်ုပ် မည်သည့်အချိန်တွင် ပြုနိုင်သနည်း။ ကျွန်ုပ်၏ မိသားစု မည်သည့်အချိန်တွင် ချမ်းသာကြွယ်ဝလာမည်နည်း။ ဝတ်ကောင်းစားလှအချို့ကို မည်သည့်အချိန်တွင် ကျွန်ုပ် ရနိုင်မည်နည်း။...” ဟု အမြဲတွေးနေပါက၊ ယင်းအခြေအနေတွင် သင် အသက်ရှင်နေပါက၊ သင့်နှလုံးသားက ဘုရားသခင်ထံ အပြည့်အဝ မလှည့်သေးဟု ပြပေသည်။ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသာ ရှိပြီး ဘုရားသခင်ထံ ဆုတောင်းနိုင်ကာ- သူက သင်နှင့် အလွန် ရင်းနှီးသည့်အလား၊ ဘုရားသခင်က သင့်အတွင်း၌ ရှိပြီး သင်က သူ့အတွင်း၌ ရှိသည့်အလား- တစ်ချိန်လုံး သူနှင့် ရင်းနှီးလာနိုင်ပါက၊ သင်သည် ထိုအခြေအနေမျိုးတွင် ရှိပါက၊ သင်၏ စိတ်နှလုံးသည် ဘုရားသခင်၏ မျက်မှောက်၌ ရှိသည်ဟု ဆိုလိုပေသည်။ သင်သည် ဘုရားသခင်ထံ ဆုတောင်းပြီး သူ၏နှုတ်ကပတ်တော်များကို နေ့စဉ် စားသောက်ပါက၊ အသင်းတော်၏ အလုပ်ကို အမြဲ စဉ်းစားနေပါက၊ ပြီးလျှင် ဘုရားသခင်၏ အလိုတော်ကို ထောက်ထားပါက၊ သူ့ကိုစစ်မှန်စွာ ချစ်ပြီး သူ၏ စိတ်နှလုံးကို ကျေနပ်စေဖို့ သင်၏ စိတ်နှလုံးကို အသုံးပြုပါက၊ သင်၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် သက်ဆိုင်ပေလိမ့်မည်။ အကယ်၍ သင်၏စိတ်နှလုံးသည် အခြားအရာအချို့၏ နေရာယူခြင်းကို ခံရပါက၊ သင့်စိတ်နှလုံးသည် စာတန်၏ နေရာယူထားခြင်းကို ခံရဆဲဖြစ်ပြီး ဘုရားသခင်ထံ အမှန်တကယ် မလှည့်သေးချေ။ တစ်စုံတစ်ဦး၏ စိတ်နှလုံးသည် ဘုရားသခင်ထံ အမှန်တကယ် လှည့်ပြီးသည့်အခါ ၎င်းတို့သည် ဘုရားသခင်အတွက် စစ်မှန်ပြီး သဘာဝအလျောက်ဖြစ်သော ချစ်ခြင်းမေတ္တာ ရှိမည်ဖြစ်ပြီး ဘုရားသခင်၏ အမှုကို ထောက်ထားနိုင်မည် ဖြစ်သည်။ ၎င်းတို့သည် မိုက်မဲပြီး မလျော်ကန်သော အခိုက်အတန့်များ ရှိနိုင်သေးသော်လည်း၊ ဘုရားသခင်၏အိမ်တော်၏ အကျိုးများ၊ သူ၏ အမှုနှင့် ၎င်းတို့ကိုယ်တိုင်၏ စိတ်သဘောထား ပြောင်းလဲမှုတို့အတွက် ပူပန်မှုကို ပြသကြပြီး ၎င်းတို့၏ ရည်ရွယ်ချက်များ မှန်ကန်ပေသည်။ လူအချို့က ၎င်းတို့ပြုသည့်အရာအားလုံးသည် အသင်းတော်အတွက်ဖြစ်သည်ဟု အမြဲတမ်း အခိုင်အမာဆိုကြသော်လည်း စင်စစ်အားဖြင့် မိမိတို့ကိုယ်ကျိုးအတွက် လုပ်နေခြင်းဖြစ်သည်။ ဤသို့သောလူတို့သည် မှားယွင်းသည့် ရည်ရွယ်ချက်မျိုး ရှိကြသည်။ ၎င်းတို့သည် ကောက်ကျစ်၍ လှည့်စားတတ်ကာ ၎င်းတို့လုပ်သောအရာ အများစုသည် မိမိတို့ကိုယ်တိုင်၏ ပုဂ္ဂိုလ်ရေး အကျိုးအမြတ်အတွက် ဖြစ်သည်။ ဤသို့သောလူမျိုးသည် ဘုရားသခင်ကို ချစ်ဖို့ အားမထုတ်ချေ။ ၎င်းတို့၏နှလုံးသားသည် စာတန်နှင့် သက်ဆိုင်ဆဲဖြစ်ပြီး ဘုရားသခင်ထံ မလှည့်နိုင်ချေ။ ထို့ကြောင့် ဘုရားသခင်သည် ဤသို့သော လူမျိုးကို ရယူရန် မဖြစ်နိုင်ပေ။

သင်သည် ဘုရားသခင်ကို အမှန်တကယ် ချစ်ပြီး သူ၏ရယူခြင်းခံရဖို့ ဆန္ဒရှိပါက၊ ပထမခြေလှမ်းမှာ ဘုရားသခင်ထံ သင့်နှလုံးသားကို လုံးဝ လှည့်လိုက်ဖို့ ဖြစ်သည်။ သင်လုပ်သမျှ တစ်ခုစီတိုင်း၌၊ သင့်ကိုယ်သင် စိစစ်ကာ၊ “ဘုရားသခင်အတွက် ချစ်ခြင်းစိတ်နှလုံးတစ်ခုကို အခြေခံကာ ဤအရာကို ငါ လုပ်နေသလား။ ဤအရာ၏ နောက်ကွယ်တွင် ပုဂ္ဂိုလ်ရေး ရည်ရွယ်ချက်များ တစ်ခုတလေ ရှိသလား။ ဤအရာကို လုပ်ဆောင်ရာတွင် ကျွန်ုပ်၏ တကယ့်ရည်မှန်းချက်မှာ အဘယ်နည်း” ဟု မေးလော့။ သင်၏ စိတ်နှလုံးကို ဘုရားသခင်ထံ သင် လွှဲပြောင်းလိုပါက၊ ပထမဦးစွာ သင်ကိုယ်တိုင်၏ စိတ်နှလုံးကို သင်ချိုးနှိမ်ရမည်၊ သင်ကိုယ်တိုင်၏ ရည်ရွယ်ချက်အားလုံးကို စွန့်လွှတ်ပြီး ဘုရားသခင်အတွက် အပြည့်အဝ ဖြစ်တည်မှု အခြေအနေတစ်ခုကို ရရှိရမည်။ ဤသည်မှာ ဘုရားသခင်ထံ သင်၏နှလုံးသားကို ပေးအပ်ခြင်းကို လက်တွေ့ကျင့်သုံးခြင်း လမ်းကြောင်းဖြစ်သည်။ မိမိကိုယ်တိုင်၏ စိတ်နှလုံးကို ချိုးနှိမ်ခြင်းဆိုသည်မှာ မည်သည့်အရာကို ရည်ညွှန်းသနည်း။ မိမိ၏ဇာတိပကတိ၏ လွန်ကဲသော စိတ်ဆန္ဒများကို လက်လွှတ်ခြင်း၊ ကိုယ်စိတ်ချမ်းသာခြင်း သို့မဟုတ် အဆင့်အတန်းနှင့်ဆိုင်သော အကျိုးကျေးဇူးများကို တပ်မက်မှု မရှိခြင်း ဖြစ်သည်။ ဘုရားသခင် စိတ်ကျေနပ်စေရန် အရာရာကို လုပ်ဆောင်ခြင်းနှင့် မိမိစိတ်နှလုံးကို မိမိကိုယ်တိုင်အတွက် မဟုတ်ဘဲ သူ့အတွက် အပြည့်အဝ ဖြစ်စေခြင်း ဖြစ်သည်။ ဤသည်မှာ လုံလောက်ပေသည်။

ဘုရားသခင်အတွက် စစ်မှန်သော ချစ်ခြင်းသည် နှလုံးသားအတွင်း နက်ရှိုင်းသောနေရာမှ လာ၏။ ယင်းသည် ဘုရားသခင်နှင့်ဆိုင်သော လူသား၏အသိပညာ၏ အခြေခံအကြောင်းရင်းအပေါ်တွင်သာ တည်ရှိသည့် ချစ်ခြင်းမေတ္တာ ဖြစ်သည်။ တစ်စုံတစ်ဦး၏ စိတ်နှလုံးသည် ဘုရားသခင်ထံ လုံးဝ လှည့်သောအခါ ဘုရားသခင်အတွက် ချစ်ခြင်းမေတ္တာ ၎င်းတွင် ရှိသော်လည်း ထိုအချစ်သည် သေချာပေါက် ဖြူစင်သည် မဟုတ်သကဲ့သို့ သေချာပေါက် စုံလင်သည်လည်း မဟုတ်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်ထံ လူတစ်ယောက်၏ နှလုံးသား လုံးဝလှည့်ခြင်းနှင့် ထိုလူက ဘုရားသခင်အပေါ် စစ်မှန်သည့် သိနားလည်မှုနှင့် သူ့အပေါ်၌ စစ်မှန်သည့် ကြည်ညိုမှုရှိခြင်းတို့ အကြားတွင် ကွာဟချက်တစ်ခု ရှိသေးသောကြောင့် ဖြစ်၏။ လူသားက ဘုရားသခင်ကို စစ်မှန်သည့် ချစ်ခြင်း ရရှိပြီး ဘုရားသခင်၏ စိတ်သဘောထားကို သိရှိလာသည့် နည်းလမ်းမှာ ဘုရားသခင်ထံ ၎င်းတို့၏ စိတ်နှလုံးကို လှည့်ဖို့ဖြစ်သည်။ လူသားသည် မိမိ၏ စစ်မှန်သည့် စိတ်နှလုံးကို ဘုရားသခင်အား ပေးလိုက်သည့်အခါ၊ သူသည် အသက်တာ၏ အတွေ့အကြုံထဲသို့ စတင်ဝင်ရောက်လေသည်။ ဤနည်းဖြင့် သူ၏ စိတ်သဘောထားသည် စတင်ပြောင်းလဲကာ ဘုရားသခင်အတွက် သူ၏ ချစ်ခြင်းမေတ္တာ တဖြည်းဖြည်း ကြီးထွားလာပြီး၊ ဘုရားသခင်နှင့်ဆိုင်သော သူ၏ အသိပညာသည်လည်း တဖြည်းဖြည်း တိုးပွားပေသည်။ ထို့ကြောင့် လူတစ်ဦး၏စိတ်နှလုံးကို ဘုရားသခင်ထံ လှည့်ခြင်းက ဘဝအတွေ့အကြုံ၏ လမ်းမှန်ပေါ် ရောက်ဖို့ရန် မရှိမဖြစ် လိုအပ်ချက်သာ ဖြစ်သည်။ လူတို့သည် ဘုရားသခင်ရှေ့၌ မိမိတို့၏ စိတ်နှလုံးများကို ထားရှိသည့်အခါ၎င်းတို့သည် ဘုရားသခင်နှင့်သက်ဆိုင်၍ သိနားလည်မှု မရှိကြသောကြောင့် သူ့ကို တောင့်တသော စိတ်နှလုံးသာ ရှိပြီး သူ့အတွက် ချစ်ခြင်းမေတ္တာ မရှိကြချေ။ ဤအခြေအနေ၌ သူ့အတွက် ချစ်ခြင်းအချို့ ၎င်းတို့၌ ရှိကြသော်လည်း ယင်းသည် သဘာဝအလျောက် မဟုတ်သကဲ့သို့ စစ်မှန်ခြင်း မရှိချေ။ ဤသို့ဖြစ်ရခြင်းမှာ လူသား၏ ဇာတိပကတိမှလာသော အရာတိုင်းက စိတ်ခံစားမှု၏ ရလဒ်ဖြစ်ပြီး စစ်မှန်သော သိနားလည်ခြင်းမှ လာခြင်း မဟုတ်သောကြောင့် ဖြစ်သည်။ ယင်းသည် တဒင်္ဂဖြစ်ပေါ်သည့် စေ့ဆော်မှုတစ်ခုသာဖြစ်ပြီး ကြာရှည်တည်မြဲသည့် မြတ်နိုးမှု မရရှိနိုင်ပေ။ လူတို့သည် ဘုရားသခင်နှင့် သက်ဆိုင်သော သိနားလည်မှု မရှိသည့်အခါ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်၏ နှစ်သက်မှုများနှင့် မိမိတို့၏ တစ်ဦးချင်း အယူအဆများအပေါ်၌ အခြေခံ၍သာ သူ့ကို ချစ်နိုင်သည်။ ဤချစ်ခြင်းမျိုးကို သဘာဝအလျောက်ချစ်ခြင်းဟု မခေါ်နိုင်သကဲ့သို့ စစ်မှန်သော ချစ်ခြင်းဟုလည်း မခေါ်ဆိုနိုင်ပေ။ လူသားတစ်ဦး၏ နှလုံးသားသည် ဘုရားသခင်ထံ စစ်မှန်စွာ လှည့်နိုင်ပြီး အရာရာတွင် ဘုရားသခင်၏ အကျိုးများကို တွေးတောနိုင်စွမ်း ရှိကောင်းရှိနိုင်သော်လည်း၊ ဘုရားသခင်နှင့် သက်ဆိုင်သော သိနားလည်မှု ၎င်း၌ မရှိပါက၊ ၎င်းသည် စစ်မှန်စွာ သဘာဝအလျောက်ဖြစ်သော ချစ်ခြင်းမေတ္တာကို ရှိနိုင်စွမ်းရှိလိမ့်မည် မဟုတ်ပေ။ ၎င်း လုပ်နိုင်လိမ့်မည့်အရာမှာ အသင်းတော်အတွက် လုပ်ငန်းတာဝန်အချို့ကို ဖြည့်ဆည်းဖို့ သို့မဟုတ် ၎င်း၏တာဝန်ကို အနည်းငယ် ဆောင်ရွက်ဖို့ ဖြစ်သည်၊ သို့သော် ၎င်းက အကြောင်းရင်း မရှိဘဲ ထိုသို့ လုပ်ဆောင်ပေလိမ့်မည်။ ဤလူစားမျိုး၏ စိတ်သဘောထားသည် ပြောင်းလဲဖို့ ခက်ခဲ၏။ ထိုသို့သော လူတို့သည် သမ္မာတရားကို မလိုက်စားသကဲ့သို့ နားလည်းမလည်ပေ။ လူတစ်ဦးသည် ဘုရားသခင်ထံ မိမိနှလုံးသားကို လုံးဝ လှည့်လိုက်လျှင်ပင်၊ ၎င်း၏စိတ်နှလုံးထဲ၌ ဘုရားသခင် ရှိသော သူတို့သည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်အတွက် ချစ်ခြင်းမေတ္တာ ရှိကြသည်မှာ သေချာပေါက် မဟုတ်သောကြောင့် ၎င်းတို့၏ ဘုရားသခင်ကို ချစ်ခြင်း စိတ်နှလုံးသည် လုံးဝ ဖြူစင်သည်ဟု မဆိုလိုပေ။ ဤသည်မှာ ဘုရားသခင်အား သိနားလည်ဖို့ အားထုတ်သောသူ၊ အားမထုတ်သောသူတို့ကြား ကွာခြားချက်နှင့် သက်ဆိုင်သည်။ လူတစ်ဦးသည် ဘုရားသခင်နှင့်ဆိုင်သော သိနားလည်ခြင်းတစ်ခု ရှိသည်နှင့်တစ်ပြိုင်နက် သူ၏နှလုံးသားသည် ဘုရားသခင်ထံ လုံးဝ လှည့်ပြီးဖြစ်သည်ကို ပြ၏။ ၎င်းတို့ စိတ်နှလုံးထဲက ဘုရားသခင်အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာက သဘာဝအလျောက်ဖြစ်သည်ကို ပြ၏။ ဤသို့သော လူမျိုးကသာ ၎င်း၏နှလုံးသား၌ ဘုရားသခင်ရှိသောသူ ဖြစ်သည်။ ဘုရားသခင်ထံ မိမိနှလုံးသားကို လှည့်ခြင်းသည် လမ်းမှန်ပေါ် မိမိရောက်ရှိခြင်းအတွက်၊ ဘုရားသခင်ကို သိနားလည်ခြင်းအတွက်၊ ဘုရားသခင်၏ ချစ်ခြင်းကို ရရှိခြင်းအတွက် မရှိမဖြစ် လိုအပ်ချက်တစ်ခု ဖြစ်သည်။ ယင်းမှာ ဘုရားသခင်ကိုချစ်ဖို့ ၎င်းတို့၏တာဝန်ကို ဖြည့်ဆည်းခြင်း အမှတ်အသား မဟုတ်သကဲ့သို့ သူ့အတွက် စစ်မှန်သော ချစ်ခြင်းရှိခြင်း၏ အမှတ်အသားလည်း မဟုတ်ပေ။ တစ်စုံတစ်ဦးအတွက် ဘုရားသခင်ကို စစ်မှန်သောချစ်ခြင်း ရရှိရန် တစ်ခုတည်းသော နည်းလမ်းမှာ ၎င်းတို့၏နှလုံးသားကို သူ့ထံလှည့်ဖို့ ဖြစ်ပြီး၊ ယင်းသည် သူ၏ဖန်ဆင်းခြင်းထဲမှ တစ်ဦးအနေဖြင့် လုပ်ဆောင်သင့်သည့် ပထမဆုံးသော အရာလည်းဖြစ်သည်။ ဘုရားသခင်ကို ချစ်သောသူများသည် အသက်ကို လိုက်စားသူများအားလုံး ဖြစ်သည်၊ ဆိုလိုသည်မှာ သမ္မာတရားကို လိုက်စားသောသူများနှင့် ဘုရားသခင်ကို အမှန်တကယ် လိုချင်သောသူများ ဖြစ်သည်။ ၎င်းတို့ အားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြခြင်းရှိပြီး သူ၏တို့ထိခြင်းကို ခံထားရကြသည်။ ၎င်းတို့အားလုံး ဘုရားသခင်၏ လမ်းပြမှုကို ရရှိနိုင်ကြသည်။

တစ်စုံတစ်ဦးသည် ဘုရားသခင်အပေါ် ၎င်းတို့ကျေးဇူးကြွေးတင်ရှိသည်ဟု ခံစားနိုင်ပါက၊ ယင်းမှာ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကို ခံရခဲ့သောကြောင့် ဖြစ်၏။ ဤသို့ ခံစားရသောသူတို့သည် တောင့်တသည့် စိတ်နှလုံးသားရှိလေ့ရှိကြပြီး အသက်တာထဲ ဝင်ရောက်ခြင်းကို လိုက်စားနိုင်ကြလိမ့်မည်။ သို့သော် အဆင့်တစ်ဆင့်၌ သင်ရပ်တန့်လိုက်ပါက ပိုပြီး နက်နက်နဲနဲ သွားနိုင်မည် မဟုတ်ချေ။ စာတန်၏ ပိုက်ကွန်ထဲ၌ မိနေနိုင်သော အန္တရာယ်က ရှိနေသေးပြီး တစ်ချိန်ချိန်တွင် စာတန်က သင့်ကို ဖမ်းဆီးလိမ့်မည်ဖြစ်သည်။ ဘုရားသခင်၏ အလင်းပေးခြင်းသည် လူတို့ကို မိမိတို့ကိုယ်မိမိတို့ သိခွင့်ကိုပေးပြီး နောက်ပိုင်းတွင် ဘုရားသခင်အပေါ် ၎င်းတို့၏ကျေးဇူးကြွေးတင်ရှိခြင်းကို ခံစားခွင့်ပေးလေသည်။ ၎င်းတို့သည် သူနှင့်အတူ ပူးပေါင်းလုပ်ဆောင်ရန်နှင့် သူ့ကို မနှစ်သက်စေသည့် အရာများအား စွန့်ပစ်ဖို့ရန် လိုလားလာကြလေသည်။ ဤသည်မှာ ဘုရားသခင်၏အမှု၏ အခြေခံသဘောတရားဖြစ်သည်။ သင်တို့အားလုံးသည် သင်တို့ အသက်တာထဲ၌ ကြီးထွားခြင်းနှင့် ဘုရားသခင်အား ချစ်ခြင်းတို့ကို အားထုတ်လိုကြသည်၊ သို့ဆိုလျှင် သင်၏ အပေါ်ယံပုံစံများကို ဖယ်ရှင်းပြီးပြီလော။ သင်၏အပေါ်ယံပုံစံများကို ဖယ်ရှားပြီး အနှောင့်အယှက်ဖြစ်စေပြီး ကြွားဝါသည့် အပြုအမူကို ရှောင်ကြဉ်ခြင်းတို့ကိုသာ ပြုပါက၊ ယင်းသည် သင်၏အသက်တာထဲ ကြီးထွားခြင်းကို လိုက်စားခြင်း အမှန်ပင်လော။ သင်သည် အပေါ်ယံအပြုအမူအားလုံးကို ဖယ်ရှားသော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲသို့ ဝင်ရောက်ခြင်းမရှိပါက၊ သင်သည် မှန်မှန် တိုးတက်ခြင်းမရှိသည်ကို ဤအရာက ပြပေသည်။ အပေါ်ယံအပြုအမူ၏ အရင်းအမြစ်မှာ အဘယ်နည်း။ သင်၏ လုပ်ဆောင်ချက်များသည် သင်၏ အသက်တာ၌ ကြီးထွားခြင်းအတွက်လော။ ဘုရားသခင်၏ လူများထဲမှ တစ်ဦးအဖြစ် အများကလက်ခံဖို့ သင် ကြိုးစားနေသလော။ သင်အာရုံစိုက်သည့်အရာ မည်သည့်အရာဖြစ်ပါစေ ထိုအရာသည် သင်အသက်ရှင် နေထိုင်မည့် အရာဖြစ်သည်။ အကယ်၍ သင်သည် အပေါ်ယံ အပြုအမူအပေါ် အာရုံစိုက်ပါက၊ သင်၏ စိတ်နှလုံးသည် အပြင်ပန်းကို မကြာခဏ ကြည့်လိမ့်မည်ဖြစ်ပြီး၊ သင့်အသက်တာထဲ၌ ကြီးထွားခြင်းကို လိုက်စားရန် နည်းလမ်း သင်၌ရှိလိမ့်မည် မဟုတ်။ ဘုရားသခင်သည် စိတ်သဘောထား ပြောင်းလဲမှုကို တောင်းဆိုထားသော်လည်း သင်သည် အပြင်ပန်းအရာများကို အမြဲ လိုက်စားနေသည်။ ဤသို့သောလူမျိုးသည် မိမိတို့စိတ်သဘောထားကို ပြောင်းလဲနိုင်စွမ်း မရှိချေ။ ဘဝတွင် ရင့်ကျက်ခြင်းသို့ ရောက်ရှိခြင်း ဖြစ်စဉ်တွင်၊ အယောက်တိုင်းသည် လမ်းကြောင်းတစ်ခုနောက် လိုက်ရပေမည်။ ၎င်းတို့အနေဖြင့် တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ဘုရားနှုတ်ကပတ်တော်များ၏ စုံလင်စေခြင်းတို့ကို လက်ခံရမည်။ အကယ်၍ သင်၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များမရှိဘဲ သင်၏ ကိုယ်ပိုင်အသိစိတ်နှင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကိုသာ အမှီပြုပါက၊ သင်လုပ်သမျှအရာတိုင်းသည် စိတ်အားထက်သန်မှု အပေါ်၌သာ အခြေခံပေသည်။ ဆိုလိုသည်မှာ သင့်အသက်တာ၌ ကြီးထွားခြင်းကို သင်အလိုရှိပါက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် စားသောက်ကာ သာ၍နားလည်ရပေမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စုံလင်စေခြင်းခံရသော သူအားလုံးသည် ထိုနှုတ်ကပတ်တော်တို့အတိုင်း အသက်ရှင် နေထိုင်နိုင်ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စစ်ဆေးခြင်းကို မကြုံတွေ့သောသူများ၊ သူ့နှုတ်ကပတ်တော်၏ တရားစီရင်မှုကို မကြုံတွေ့သောသူများသည် သူအသုံးပြုဖို့အတွက် မသင့်တော်နိုင်ပေ။ ထို့ကြောင့်၊ မည်သည့် အတိုင်းအတာအထိ သူ၏ နှုတ်ကပတ်တော်များအတိုင်း သင် အသက်ရှင်နေထိုင်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်တို့ စားသောက်ပြီး၊ သင်တို့ကိုယ်တိုင်၏ အသက်တာအခြေအနေနှင့် ၎င်းတို့ကို နှိုင်းယှဉ်နိုင်ကာ၊ ငါတင်ပြပြီးသည့် အကြောင်းအချက်များအရ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းကို ရှာတွေ့နိုင်မှသာ၊ သင်တို့၏ လက်တွေ့လုပ်ဆောင်ခြင်းသည် မှန်ကန်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ အလိုတော်နှင့် ညီညွတ်ပေလိမ့်မည်။ ဤသို့သော လက်တွေ့လုပ်ဆောင်မှုမျိုး ရှိသည့်သူတစ်ဦးသည်သာ ဘုရားသခင်ကို ချစ်ရန် လိုအင်ဆန္ဒရှိသောသူ ဖြစ်သည်။

အရှေ့သို့- ဘုရားသခင်၏ ယနေ့အမှုကို သိသောသူများသာလျှင် ဘုရားသခင်ကို အစေခံနိုင်သည်

နောက်တစ်ခုသို့- ဆုတောင်းခြင်းကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပတ်သက်၍

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။