သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ကျမ်းစာက သခင့်ကို ကိုယ်စားပြုနိုင်လား

6

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင် ကိုယ်တိုင်သည် အသက်ဖြစ်၏။ သမ္မာတရားလည်း ဖြစ်၍ သူ၏အသက်နှင့် သမ္မာတရားတို့ အတူယှဉ်လျက် တည်ရှိကြ၏။ သမ္မာတရားကို ရရှိနိုင်စွမ်း မရှိသူများသည် မည်သည့်အခါမျှ အသက်ကို ရရှိလိမ့်မည် မဟုတ်။ သမ္မာတရား၏ လမ်းပြမှု၊ ပံ့ပိုးမှုနှင့် ထောက်ပံ့မှုမရှိလျှင် သင်သည် ကျမ်းဟောင်းတရားများ၊ အယူဝါဒများ အပြင် သေခြင်းကိုသာ ရရှိလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ အသက်သည် အစဉ်ရှိနေ၍ သူ၏သမ္မာတရားနှင့် အသက်တို့သည် အတူယှဉ်လျက်တည်ရှိ၏။ သင်သည် သမ္မာတရား၏ အရင်းအမြစ်ကို ရှာမတွေ့နိုင်ပါက သင်သည် အသက်၏အာဟာရကို ရရှိလိမ့်မည် မဟုတ်ပေ။ သင်သည် အသက်၏ ထောက်ပံ့မှုကို မရရှိနိုင်ပါက သင့်တွင် သမ္မာတရားရှိမည် မဟုတ်သည်မှာ သေချာသဖြင့် စိတ်ကူးယဉ်မှုများနှင့် အတွေးအခေါ်များမှလွဲ၍ သင်၏ခန္ဓာကိုယ် တစ်ခုလုံးသည် သင်၏ နံစော်သော အသွေးအသားမှအပ မည်သည့်အရာမျှ ဖြစ်လိမ့်မည် မဟုတ်။ စာအုပ်တို့၏ စကားလုံးများသည် အသက်မဟုတ်ကြောင်းကို သိထားပါ။ သမိုင်းမှတ်တမ်းများကို သမ္မာတရားအဖြစ် တခမ်းတနား ဂုဏ်မပြုနိုင်ပါ။ ထို့အပြင် အတိတ်မှ အယူဝါဒများသည် ဘုရားသခင်က ပစ္စုပ္ပန်တွင်ပြောသော နှုတ်ကပတ်တော်များအဖြစ် ဆောင်ရွက်နိုင်ခြင်း မရှိပါ။ ဘုရားသခင် ကမ္ဘာမြေကြီးသို့ လာ၍ လူသားအကြား နေထိုင်သည့်အခါတွင် ဖော်ထုတ်သော အရာသည်သာ သမ္မာတရား၊ အသက်၊ ဘုရားသခင်၏ အလိုနှင့် သူ၏လက်ရှိ အမှုဆောင်နည်း ဖြစ်၏။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ဟိုအရင်ကဆို ကျွန်မက သခင့်ကို ယုံကြည်တယ်ဆိုတာ၊ ကျမ်းစာရဲ့တိုက်ရိုက်အနက်ကိုပဲ ယုံကြည်နေခဲ့တာပါ။ ကျမ်းစာဆိုတာ သခင့်ကို ကိုယ်စားပြုတဲ့အတွက်၊ အသက်ကို ရမယ့် တစ်ခုတည်းသောလမ်းပဲဆိုပြီး ထင်ခဲ့တာ။ အဲဒါတွေက ကျွန်မရဲ့စိတ်ကူးတွေ၊ အယူအဆတွေပါလားဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကြောင့် မြင်လာခဲ့တာပါ။ ဘုရားသခင်ကသာ သမ္မာတရားပါ၊ ဘုရားသခင်ကပဲ လူ့အသက်ရဲ့ရင်းမြစ်ပါ။ သမ္မာကျမ်းဆိုတာ ဘုရားအမှုတော်ရဲ့ မှတ်တမ်းသက်သက်ပဲ။ ကိုယ်တော့်လက်ရှိအမှုတော်နဲ့ နှုတ်ကပတ်တော်တွေရဲ့နေရာကို ယူလို့မရပါဘူး။ ကျွန်မတို့ယုံကြည်သူတွေက ကျမ်းစာကိုပဲ လိုက်နာပြီးတော့၊ ဘုရားရဲ့ခြေလှမ်းတွေနောက် မလိုက်ဘူး၊ သူ့ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်မခံဘူးဆိုရင်၊ ကျွန်မတို့က အဆုံးသတ်အထိ ယုံကြည်ကောင်း ယုံကြည်နေကြလိမ့်မယ်။ သမ္မာတရားနဲ့ အသက်ကိုတော့ ရကြမှာမဟုတ်ဘူး။

၂၀၁၇ နွေတုန်းက ကျွန်မ ကြုံခဲ့ရတာပါ။ တွဲဖက်အကျိုးဆောင်တစ်ယောက်က ကျွန်မကို မာမာထန်ထန်နဲ့၊ “နင့်အမေက အရှေ့အရပ်မှလျှပ်ပြက်ခြင်းနဲ့ အဆက်အသွယ်ရှိနိုင်တယ်။ နင် သတိထားဖို့ ပြောတာ။ သူတို့လမ်းစဉ်ကို ငါ ကြားပြီးပြီ။ သူတို့က ကျမ်းစာကို မလိုက်နာဘူး၊ ကျော်လုပ်ကြတယ်” ဆိုပြီး ပြောလာတယ်။ ကျွန်မလည်း ဒါကို ယုံရခက်ခက်ပေါ့။ ကျွန်မအမေက သင်းထောက်ပါ။ ကျမ်းစာကို ခိုင်ခိုင်မာမာ အခြေပြုထားတဲ့သူ။ သူလိုလူက အရှေ့အရပ်မှလျှပ်ပြက်ခြင်းကို ဆက်သွယ်နိုင်ပါ့မလား။ ကျွန်မလည်း စိုးရိမ်တာနဲ့၊ ကိုယ်တိုင်လည်း သိရအောင် အိမ်အမြန်ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်။

အိမ်လည်း ပြန်ရောက်ရော၊ အမေက ကျွန်မကို ပြောတယ်။ သခင်ယေရှုက ပြန်ကြွလာပြီတဲ့။ နှုတ်ကပတ်တော်တွေ အများကြီး ဖော်ပြနေတယ်။ ဘုရားအိမ်တော်က အစပြုတဲ့ တရားစီရင်ခြင်းကို လုပ်ဆောင်နေတယ်ပေါ့လေ။ ကျွန်မကိုလည်း ဘုရားရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လေ့လာခိုင်းတယ်။ ကျွန်မလည်း ပြန်ပြောတာပေါ့၊ “သမ္မာကျမ်းဆိုတာ ဘုရားသခင်ရဲ့လှုံ့ဆော်မှုကြောင့် ဖြစ်ခဲ့တာ၊ ကျမ်းစာဆိုတာ ဘုရားရဲ့နှုတ်ကပတ်တော်အားလုံးပဲဆိုပြီး သင်းအုပ်က အမြဲပြောတယ်လေ။ သခင့်ကို ယုံကြည်တယ်ဆိုတာ ကျမ်းစာကို ယုံကြည်တာပဲ။ အဲဒါကလွဲရင် သခင့်ကို ယုံကြည်တာမဟုတ်ဘူး။ အရှေ့အရပ်မှလျှပ်ပြက်ခြင်းရဲ့လမ်းစဉ်က ကျမ်းစာကို ကျော်နေတယ်။ သခင့်လမ်းခရီးကနေ သွေဖည်သွားတယ်။ သူတို့နဲ့ အဆက်အသွယ်မလုပ်ပါနဲ့” ပေါ့။ ဒါပေမဲ့ ကျွန်မအမေက သာသာလေးပဲ ပြန်ပြောတယ်၊ “ငါက အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်အဖွဲ့ဝင်တွေနဲ့ စည်းဝေးနေတာ လေးငါးရက်လောက် ရှိနေပြီ။ တချို့သမ္မာတရားတွေလည်း သိလိုက်ရပြီ။ ငါ့ယုံကြည်ခြင်းမှာ ရှိခဲ့ဖူးတဲ့ ရှုပ်ထွေးနေတာတွေက အခုဆို ရှင်းသွားပြီ။ သူတို့မိတ်သဟာယက သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လမ်းပြမှုနဲ့ ဉာဏ်အလင်းပေးမှု ပါတယ်။ သင်းအုပ်ဆိုရင် အဲဒါမျိုးတွေ ဘယ်တော့မှ ပြောမှာမဟုတ်ဘူး။ သူတို့နဲ့ စည်းဝေးရတာ ကျေနပ်စရာကောင်းတယ်။ အားလည်း ဖြစ်တယ်။ သခင့်ကို ကြိုဆိုတယ်ဆိုတာ အရေးကြီးတဲ့ကိစ္စပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို အရင်ဆုံး ဖတ်ကြည့်။ ပြီးရင် ညီအစ်ကိုမောင်နှမတွေရဲ့ မိတ်သဟာယကို နားထောင်” တဲ့။ သူက မလျှော့တမ်းဖြစ်နေတော့၊ ကျွန်မလည်း ဘာမှ ထပ်မပြောတော့ဘူး။ ကိုယ့်အခန်းထဲ ရောက်တော့မှ၊ သူ ပြောတာတွေကို အေးအေးဆေးဆေး စဉ်းစားကြည့်တယ်။ သူ ပြောတာ မှန်တာပဲ။ ကျွန်မက သူတို့ပြောတာတွေကို အရင်ဆုံး နားမထောင်ကြည့်ဘဲ၊ အရှေ့အရပ်မှလျှပ်ပြက်ခြင်းကို ခပ်ပေါ့ပေါ့ ဝေဖန်နေတာလေ။ အဲဒါက မမျှတဘူး။ ဒါပေမဲ့ နောက်တော့ တွေးမိပြန်ရော၊ “သင်းအုပ်က အမြဲပြောတယ်၊ ကျမ်းစာထဲပါသမျှကို ဘုရားက မှုတ်သွင်းတော်မူတာ။ အဲဒါက ငါတို့ယုံကြည်ခြင်းရဲ့ အခြေခံအုတ်မြစ်ပဲ။ အဲဒါလည်း မှန်တာပဲ” ပေါ့။ ကျွန်မခံစားချက်တွေက ပဋိပက္ခဖြစ်ကုန်ရော။ ဘယ်သူ ပြောတာနားထောင်ရမှန်း မသိတော့ဘူး။ ကျွန်မအနေနဲ့ အမှန်နဲ့အမှားကို ခွဲခြားသိလာအောင် လမ်းပြပေးဖို့၊ သခင့်ကိုပဲ ဆုတောင်းပြီး တောင်းလျှောက်မိတယ်။

နောက်နေ့ကျတော့ အမေက ကျွန်မကို၊ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ အမှုတော်ကို စူးစမ်းသင့်တယ်ပဲ ထပ်ပြောတယ်။ သခင့်ကို ကြိုဆိုဖို့ ဒီအခွင့်အရေးကို လွတ်သွားရင်၊ နောင်တဆိုတာ နောင်မှရလိမ့်မယ်ပေါ့။ အဲဒါနဲ့ ကျွန်မလည်း၊ “သူတို့ ဘာတွေဟောတယ်ဆိုတာ ငါတော့ သွားကြည့်သင့်တယ်ထင်တယ်။ ဒါမှ အနန္တတန်ခိုးရှင်ဘုရားသခင်ဆိုတာ တကယ်ပဲ ပြန်ကြွလာတဲ့ သခင်ယေရှုလားဆိုတာ အဖြေထုတ်နိုင်မယ်” ပေါ့။ သူတို့မိတ်သဟာယကို သွားနားထောင်မယ်ဆိုပြီး သဘောတူလိုက်တယ်။ စည်းဝေးပွဲတစ်ခုမှာ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်က အစ်ကိုယန်က ဘုရားသခင်ရဲ့ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်အကြောင်း ဆွေးနွေးပေးတယ်။ စာတန်က လူတွေကို ဘယ်လိုပျက်စီးစေတယ်၊ ဘုရားက လူသားကို ကယ်တင်ခြင်းအတွက် ဘယ်လို အဆင့်ဆင့်လုပ်ဆောင်တယ်ဆိုတာတွေလည်း ပါတယ်။ အဲဒီလို အသိဉာဏ်ဖွင့်ပေးတဲ့ မိတ်သဟာယမျိုးကို ကျွန်မ လုံးဝ မကြားဖူးခဲ့ဘူး။ ပိုပိုပြီးတော့ စိတ်ဝင်စားလာတယ်။ အရှေ့အရပ်မှလျှပ်ပြက်ခြင်းကို လေ့လာမယ်လို့ ဆုံးဖြတ်လိုက်တယ်။

တစ်ခါတော့ စည်းဝေးပွဲတစ်ခုမှာ ကျွန်မက အစ်ကိုယန်ကို မေးတယ်၊ “ကျမ်းစာဆိုတာ ဘုရားရဲ့လှုံ့ဆော်မှုကြောင့် ဖြစ်တာ၊ ကျမ်းစာထဲပါသမျှက ကိုယ်တော့်နှုတ်ကပတ်တော်ပဲဆိုပြီး သင်းအုပ်က အမြဲတမ်း ပြောတယ်။ ဒါပေမဲ့ အားလုံးက ဘုရားရဲ့နှုတ်ကပတ်တော်တွေ မဟုတ်ဘူး၊ လူသားရဲ့စကားတွေလည်း ပါတယ်လို့ အစ်ကိုက ပြောတယ်။ ဘာလို့ အဲဒီလိုပြောတာလဲ” ပေါ့။ သူက စိတ်ရှည်လက်ရှည်နဲ့ ပြန်ဖြေတယ်၊ “ဘာသာရေးသမားတွေ တော်တော်များများက ကျမ်းစာဆိုတာ ဘုရားရဲ့လှုံ့ဆော်မှုကြောင့် ဖြစ်တာ၊ ကျမ်းစာဆိုတာ ဘုရားရဲ့နှုတ်ကပတ်တော်တွေပဲဆိုပြီး ခံယူကြတယ်။ ဒါပေမဲ့ အဲဒီအယူအဆက ဘုရားရဲ့နှုတ်ကပတ်တော်မှာ တကယ် အခြေခံရဲ့လားဆိုတာကို ဘယ်သူမှ မစူးစမ်းခဲ့ကြဘူး။ အမှန်တကယ်တော့ အဲဒါကို သန့်ရှင်းသောဝိညာဉ်တော်ကရော သခင်ယေရှုကရော လုံးဝ မပြောခဲ့ဖူးဘူး။ ပရောဖက်ကျမ်းတွေမှာလည်း မရေးထားဘူး။ ‘ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍’ ဆိုတာ ရှင်ပေါလု ပြောခဲ့တာပဲ။ ရှင်ပေါလုဆိုတာ သာမန်လူပုဂ္ဂိုလ်တစ်ယောက်မှန်း ကျွန်တော်တို့ သိကြတယ်။ ဒါကြောင့် သူ့စကားတွေက သမ္မာတရား မဟုတ်ဘူး။ ကျွန်တော်တို့က အချက်အလက်တွေကို မစစ်ဆေးဘဲနဲ့၊ အဲဒီအဆိုကို အခြေခံပြီးတော့၊ ကျမ်းစာဆိုတာ ဘုရားရဲ့နှုတ်ကပတ်တော်တွေပဲဆိုပြီး ရမ်းသန်း ဆုံးဖြတ်တယ်ဆိုရင်၊ တစ်ဖက်သတ် မဆန်လွန်းဘူးလား။ အမှန်တော့၊ ပရောဖက်ကျမ်း တချို့တလေကိုပဲ ဘုရားက မှုတ်သွင်းတော်မူခဲ့တာပါ။ အဲဒါတွေလောက်ပဲ သူ့ရဲ့နှုတ်ကပတ်တော်တွေပါ။ ပြီးတော့ အားလုံးကို ရှင်းရှင်းလင်းလင်း အမှတ်အသားပြုထားတယ်၊ ဥပမာ၊ ‘ယေဟောဝါက ထိုသို့ဆို၏’၊ ‘ယေဟောဝါက အကျွန်ုပ်အား မိန့်တော်မူ၏’၊ ဒါမှမဟုတ် ‘ဟေရှာယ၏ ဗျာဒိတ်ရူပါရုံ’ စသဖြင့်ပေါ့။ ကျန်တာတွေက လူသားရဲ့စကားတွေပါ။ များသောအားဖြင့် ဘုရားရဲ့အမှုတော်ကို လူသားက မှတ်တမ်းတင်ထားတာတွေပဲ။ ကျွန်တော်တို့က ဘာအခြေပြုချက်မှမရှိဘဲနဲ့၊ ကျမ်းစာထဲက လူသားရဲ့စကားတွေကို ဘုရားက မှုတ်သွင်းတော်မူတာ၊ အဲဒါတွေက ဘုရားရဲ့နှုတ်ကပတ်တော်ပဲဆိုပြီး၊ ခံယူတယ်ဆိုရင်၊ ရောရောထွေးထွေးနဲ့ လှည့်စားသလို ဖြစ်မနေဘူးလား တဲ့။ ဗျာဒိတ်ကျမ်းထဲက သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေနဲ့ ပရောဖက်ပြုချက်တွေကလွဲရင်၊ ဓမ္မသစ်ကျမ်းဆိုတာ အဓိကအားဖြင့် တပည့်တော်တွေ၊ တမန်တော်တွေရဲ့ ပေးစာတွေပဲ။ လူသားရဲ့အသိပညာတွေပါ။ အဲဒါတွေထဲမှာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပေးမှု ပါတယ်။ သမ္မာတရားနဲ့လည်း ကိုက်ညီကြတယ်။ စာရိတ္တကိုလည်း အမှန်တကယ် မြှင့်တင်ပေးကြတယ်။ ဒါပေမဲ့ အဲဒါတွေက လူသားရဲ့စကားတွေ ဖြစ်နေတုန်းပဲ။ အဲဒါတွေကို ဘုရားရဲ့နှုတ်ကပတ်တော် ဖြစ်တယ်၊ ဘုရားက မှုတ်သွင်းတော်မူတယ်လို့ ဆိုနိုင်ပါ့မလား။ ဘုရားသခင်ဆိုတာ သမ္မာတရားဖြစ်တယ်၊ လမ်းခရီးဖြစ်တယ်၊ အသက်လည်း ဖြစ်တယ်။ ဘုရားကသာ သမ္မာတရားကို ဖော်ပြနိုင်တယ်။ ဘုရားရဲ့နှုတ်ကပတ်တော်ကို ဖော်ပြဖို့၊ သမ္မာတရားကို ဖော်ပြဖို့၊ ဘယ်လူသားမှ မစွမ်းနိုင်ဘူး။ ဘုရားသခင်ဆိုတာ ဘုရားသခင်ပဲ။ လူသားဆိုတာ လူသားပါပဲ။ ဘုရားသခင်နဲ့ လူသားရဲ့ပြောစကားတွေဆိုတာ ဘယ်တော့မှ အဆင့်အတန်းတူ မဖြစ်နိုင်ဘူး။ ကျမ်းစာထဲက ရှင်ပေါလုလို လူသားရဲ့စကားတွေကို ဘုရားရဲ့နှုတ်ကပတ်တော်ဆိုပြီး မှတ်ယူတယ်ဆိုရင်၊ အဲဒါက ပြစ်မှားစော်ကားတာပဲ။ ကျမ်းစာဆိုတာ ဘုရားရဲ့လှုံ့ဆော်မှုကြောင့် ဖြစ်တာ၊ ကျမ်းစာဆိုတာ ဘုရားရဲ့နှုတ်ကပတ်တော်အားလုံးပဲဆိုတဲ့ ထင်မြင်ချက်က လူသားရဲ့ အဓိပ္ပာယ်ကောက်မှုသက်သက်ပဲ၊ အချက်အလက်တွေကို အခြေခံတာမဟုတ်ဘူး” တဲ့။

အစ်ကိုယန်ရဲ့မိတ်သဟာယကို ကျွန်မ လက်ခံမိတယ်။ ကျမ်းစာထဲမှာ လူသားရဲ့စကားတွေ ပါနေတယ်။ ဘုရားရဲ့နှုတ်ကပတ်တော်ချည်းပဲ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မ အဲဒါကို ချက်ချင်း လက်မခံနိုင်ခဲ့ဘူး။ ကျွန်မ စဉ်းစားတာက၊ “ကျမ်းစာတစ်ခုလုံးကို ဘုရားက ဖြစ်စေခဲ့တာလို့ ဘာသာရေးလောကတစ်ခုလုံးက ယူဆကြတယ်။ အားလုံးက မှားနေတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား” ပေါ့။ အဲဒီအချိန်မှာ သခင့်ဆီကို ကျွန်မ တိတ်တိတ်လေး ဆုတောင်းမိတယ်။ “သခင်၊ ကျမ်းစာထဲ ရှိသမျှအားလုံးက သခင့်ဆီက လာတာ မဟုတ်ဘူးဆိုတာ အမှန်ပဲဆိုရင်၊ ကျွန်မကို အသိဉာဏ်ဖွင့်ပေးတော်မူပါ။ ကျွန်မ နားလည်အောင် လမ်းပြပေးပါ” ပေါ့။

အစ်ကိုယန်ကတော့ ဆက်ပြောတယ်၊ “ကျမ်းစာတစ်ခုလုံးက ဘုရားရဲ့လှုံ့ဆော်မှုကြောင့် ဖြစ်ခဲ့တာဆိုရင်၊ ကျမ်းစာတစ်ခုလုံးမှာ အမှားဆိုတာ နည်းနည်းလေးမှ မပါသင့်ဘူး။ ဒါပေမဲ့ တကယ်တမ်းက ကျမ်းစာမှာ အမှားတွေ တော်တော် ပါနေတယ်။ ယေခေါနိ နန်းတက်တဲ့အကြောင်းကိုပဲ ကြည့်ပါ။ ရာဇဝင်ချုပ်ဒုတိယစောင် ၃၆:၉ မှာ ပြောထားတယ်၊ ‘ယေခေါနိသည် အသက်ရှစ်နှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ သုံးလနှင့် ဆယ်ရက် စိုးစံလေ၏။’ ပြီးတော့ ဓမ္မရာဇဝင်စတုတ္ထစောင် ၂၄:၈ မှာ ပြောပြန်တယ်၊ ‘ယေခေါနိသည် အသက်ဆယ့်ရှစ်နှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ သုံးလ စိုးစံလေ၏။’ ဒီစာပိုဒ်တွေက ယေခေါနိ ဘုရင်အဖြစ် စိုးစံတာကိုပဲ မှတ်တမ်းတင်တာ။ ဒါပေမဲ့ တစ်ခုမှာ အသက် ‘ရှစ်နှစ်’ လို့ဆိုပြီး၊ နောက်တစ်ခုက ‘ဆယ့်ရှစ်နှစ်’ လို့ပြောတယ်။ သူက သုံးလနဲ့ ဆယ်ရက် စိုးစံခဲ့တယ်လို့ စာပိုဒ်တစ်ခုက ပြောတယ်။ ဒါပေမဲ့ နောက်တစ်ခုမှာ သူက သုံးလစိုးစံတယ်လို့ဆိုပြန်ရော။ ခရစ်ဝင်ကျမ်း လေးခုထဲမှာလည်း ရှင်ပေတရုက သခင့်ကို ငြင်းပယ်တဲ့အကြောင်း ပါတယ်။ ရှင်မဿဲခရစ်ဝင်ကျမ်း ၂၆:၇၅ မှာ ရေးထားတာက၊ ‘ကြက်မတွန်မီ သင်သည် သုံးကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်’ ဒါပေမဲ့ ရှင်မာကုခရစ်ဝင်ကျမ်း ၁၄:၇၂ မှာကျတော့ ဒီလိုရေးထားတယ်၊ ‘ကြက်သည် နှစ်ကြိမ်မတွန်မီ သင်သည် သုံးကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်’ အဖြစ်အပျက် တစ်ခုတည်းဆိုပေမဲ့၊ အချိန်ကိုက်မှုမှာ သိသိသာသာ ကွဲလွဲနေတာပါ။ အဲဒါက ဘာကို မြင်သာစေလဲဆိုရင်၊ ကျမ်းစာရဲ့တချို့အပိုင်းတွေက လူသားရဲ့မှတ်တမ်းတွေပဲ၊ ဘုရားရဲ့လှုံ့ဆော်မှု မဟုတ်ဘူး” ပေါ့။

အစ်ကိုယန်ရဲ့မိတ်သဟာယကို ကျွန်မ ဘာမှ ပြန်မပြောနိုင်တော့ဘူး။ စိတ်ထဲမှာလည်း၊ “မှန်တာပေါ့။ အဖြစ်အပျက်တစ်ခုတည်းကို မှတ်တမ်းတင်ထားတဲ့ စာပိုဒ်တွေမှာကို သိသိသာသာ ကွဲလွဲနေတာပဲ။ တကယ်ကို သန့်ရှင်းသောဝိညာဉ်တော်ဆီက ဖြစ်လာခဲ့တာဆိုရင်၊ ကွဲလွဲနေမှာ မဟုတ်ဘူး” ဆိုပြီး စဉ်းစားမိတယ်။ ဟိုအရင်ကဆို ဒီကိစ္စတွေကို ကျွန်မ သတိမထားမိခဲ့ဘူး။ ကျမ်းစာတစ်ခုလုံးကို ဘုရားက ဖြစ်စေခဲ့တာ၊ အားလုံးက သူ့နှုတ်ကပတ်တော်ချည်းပဲဆိုပြီး ထင်ခဲ့တာ။ ဒါပေမဲ့ ဒီလိုနားလည်မှုထဲက အမှားကို အဲဒီအချိန်မှာ ကျွန်မ မြင်သွားတယ်။

စည်းဝေးပွဲပြီးသွားတော့၊ အစ်ကိုယန်ရဲ့မိတ်သဟာယကို လေးလေးနက်နက် စဉ်းစားကြည့်တယ်။ ကျွန်မတို့ မြင်ပြီးကြတဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တချို့ကိုလည်း ပြန်ဖတ်မိတယ်။ “ယနေ့ခေတ်တွင် လူတို့က ‘သမ္မာကျမ်းစာသည် ဘုရားသခင် ဖြစ်သည်၊ ဘုရားသခင်သည်လည်း သမ္မာကျမ်းစာ ဖြစ်သည်’ ဟု ယုံကြည်ကြသည်။ ထို့ကြောင့် သမ္မာကျမ်းစာထဲမှ စကားလုံးများသည်သာ ဘုရားသခင်ပြောကြားခဲ့သည့် စကားလုံးများ ဖြစ်ကြပြီး ထိုစကားလုံးများအားလုံးကို ဘုရားသခင် ပြောခဲ့သည်ဟုလည်း ယုံကြည်ကြသည်။ ဘုရားသခင်ကို ယုံကြည်ကြသည့် သူများသည် ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းများထဲက ကျမ်းပေါင်း ခြောက်ဆယ့်ခြောက်ကျမ်းကို လူများက ရေးခဲ့ကြသော်လည်း ထိုကျမ်းအားလုံးကို ဘုရားသခင်က မှုတ်သွင်းတော်မူခြင်းအားဖြင့် ပေးအပ်ခဲ့ပြီး သန့်ရှင်းသောဝိညာဉ်တော်၏ မိန့်မြွက်ချက်များနှင့်ဆိုင်သော မှတ်တမ်းတစ်ခု ဖြစ်သည်ဟုပင်လျှင် ယူဆကြသည်။ ဤသည်မှာ လူတို့၏ မှားယွင်းသော သဘောပေါက်နားလည်မှုဖြစ်ပြီး အချက်အလက်များနှင့် လုံးဝ ကိုက်ညီခြင်း မရှိကြပါ။ အမှန်တွင် အနာဂတ္တိကျမ်းများမှအပ ဓမ္မဟောင်းကျမ်းထဲမှ ကျမ်းအများစုသည် သမိုင်းမှတ်တမ်းများ ဖြစ်သည်။ ဓမ္မသစ်ကျမ်းထဲမှ သြဝါဒစာအချို့သည် လူတို့၏ ဘဝအတွေ့အကြုံများမှ လာခြင်းဖြစ်ပြီး တစ်ချို့မှာ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုကြောင့် လာခြင်း ဖြစ်သည်။ ဥပမာအားဖြင့် ပေါလု၏ စာများသည် လူတစ်ဦး၏ လုပ်ဆောင်ချက်မှ ထွက်ပေါ်လာခဲ့ပြီး ၎င်းတို့ အားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုကြောင့် ပေါ်ပေါက်လာသော ရလဒ် ဖြစ်ကာ အသင်းတော်များအတွက် ရေးခဲ့သော စာများဖြစ်ပြီး အသင်းတော်မှ ညီအစ်ကိုမောင်နှမများကို နှိုးဆော်အားပေးသော စကားများ ဖြစ်သည်။ ထိုစကားများသည် သန့်ရှင်းသောဝိညာဉ်တော်က ပြောသောစကားများ မဟုတ်ပါ— ပေါလုသည် သန့်ရှင်းသောဝိညာဉ်တော်၏ ကိုယ်စား မပြောနိုင်သကဲ့သို့ သူသည် ယောဟန် ရှုမြင်ခဲ့ရသော ရူပါရုံများကို မြင်ခဲ့ဖို့ရန်ဝေးစွ၊ ပရောဖက်တစ်ဦးပင် မဟုတ်ခဲ့ပါ။ ပေါလုရေးခဲ့သော သြဝါဒစာများသည် ဧဖက်မြို့၊ ဖိလဒေလဖိမြို့၊ ဂလာတိပြည်နှင့် အခြားသော အသင်းတော်များအတွက် ရေးသောစာများ ဖြစ်သည်။…အကယ်၍ လူတို့သည် ဓမ္မသစ်ကျမ်းမှ သြဝါဒစာများ သို့မဟုတ် ပေါလု၏ စကားများကဲ့သို့သော စကားများကို သန့်ရှင်းသောဝိညာဉ်တော်၏ ပြောကြားချက်များအဖြစ် မြင်ကြပြီး ၎င်းတို့ကို ဘုရားကဲ့သို့ ကိုးကွယ်မည်ဆိုလျှင် လူတို့သည် အလွန်အမင်း မဆင်မခြင်ပြုမူနေခြင်း ဖြစ်သည်ဟုသာ ဆိုနိုင်ပေသည်။ သာ၍ ခပ်ကြမ်းကြမ်း ပြောရမည်ဆိုလျှင် ဤသည်မှာ ဘုရားသခင်ကို ပြစ်မှားစော်ကားနေကြခြင်းပင် ဖြစ်သည်မဟုတ်လော။ လူတစ်ယောက်က ဘုရားသခင်ကိုယ်စား မည်သို့ ပြောဆိုနိုင်ပါမည်နည်း။ ထို့အပြင် လူတို့သည် ပေါလု၏ သြဝါဒစာများနှင့် သူပြောသော စကားများနှင့်ဆိုင်သော မှတ်တမ်းကို သန့်ရှင်းသော ကျမ်းစာ သို့မဟုတ် ကောင်းကင်ဘုံမှလာသော ကျမ်းစာဖြစ်သည့်အလား သတ်မှတ်ကာ ၎င်းတို့ရှေ့၌ မည်သို့ ပျပ်ဝပ်နိုင်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူတစ်ယောက်က သာမန်ကာလျှံကာ ပြောနိုင်ပါမည်လော။ လူတစ်ယောက်က ဘုရားသခင်ကိုယ်စား မည်သို့ ပြောဆိုနိုင်ပါမည်နည်း။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) သမ္မာကျမ်းထဲမှာ ဘယ်အရာတွေက ဘုရားရဲ့နှုတ်ကပတ်တော် ဖြစ်တယ်၊ ဘယ်အရာတွေက လူသားရဲ့စကားတွေ၊ အတွေ့အကြုံတွေနဲ့ နားလည်မှုတွေ ဖြစ်တယ်ဆိုတာကို အနန္တတန်ခိုးရှင်ဘုရားသခင်က ရှင်းလင်းပြတာပါ။ ကျမ်းစာဆိုတာ ဘုရားနှုတ်ကပတ်တော်ချည်းပဲ လုံးလုံး မဟုတ်မှန်း ကျွန်မ သေချာလာတယ်။ ယေဟောဝါဘုရားသခင်၊ သခင်ယေရှုနဲ့ ဘုရားရဲ့လှုံ့ဆော်မှုကို ခံရတဲ့ ပရောဖက်တွေရဲ့ နှုတ်ထွက်စကားတွေ၊ ဗျာဒိတ်ကျမ်းထဲက ပရောဖက်ပြုချက်တွေကပဲ ဘုရားရဲ့နှုတ်ကပတ်တော် ဖြစ်မှန်း၊ နားလည်သွားတယ်။ ကျန်တာတွေက အများအားဖြင့် လူသားရဲ့စကားတွေနဲ့ မှတ်တမ်းတွေပါ။

နောက်တစ်နေ့ စည်းဝေးပွဲတစ်ခုမှာ ကျွန်မလည်း အစ်ကိုယန်ကို ပြောလိုက်တယ်၊ “ကျွန်မ အခု နားလည်ပါပြီ။ ရှင်ပေါလု ပြောတဲ့ ‘ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍’ ဆိုတာ သိပ်ပြီး မမှန်ပါဘူး။ ဒါပေမဲ့ ကျွန်မ မရှင်းတာတစ်ခု ရှိသေးတယ်။ ကျွန်မတို့သင်းအုပ်က ပြောတယ်လေ၊ သမ္မာကျမ်းဆိုတာ ခရစ်ယာန်ယုံကြည်ခြင်းရဲ့ အခြေခံအုတ်မြစ်ပဲ၊ အဲဒါက ဘုရားကို ကိုယ်စားပြုတယ်။ ကျမ်းစာကို လိုက်နာတယ်ဆိုတာ ဘုရားသခင်ကို ယုံကြည်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲ။ ကျွန်မလည်း အဲဒီလိုပဲထင်တယ်။ ဒါပေမဲ့ မှန်ရဲ့လားဆိုတာတော့ မသိဘူး” ပေါ့လေ။

အစ်ကိုယန်က ပြောပြန်ရော၊ “ဘာသာရေးသမား တော်တော်များများက အမြင်တစ်မျိုးတည်းကိုပဲ ကိုင်ထားကြတယ်။ သူတို့က ကျမ်းစာကို ဘုရားနဲ့တန်းတူ ထားကြတယ်။ ဘုရားရဲ့အထက်မှာတောင် ထားကြတယ်။ အဲဒါက သခင့်အလိုတော်နဲ့ ကိုက်ညီနိုင်ပါ့မလား။ ဘုရားသခင်ဆိုတာ ဖန်ဆင်းရှင်ပါ။ အသက်အားလုံးရဲ့ ရင်းမြစ်ပဲ။ ဘယ်တော့မှ မခန်းခြောက်တဲ့ အသက်စမ်းရေကို ကျွန်တော်တို့ကို ပေးတယ်။ ဘုရားရဲ့အလျှံပယ်ဖြစ်ခြင်းဆိုတာ မကုန်ခန်းနိုင်ပါဘူး။ တခြားတစ်ဖက်မှာကျတော့ သမ္မာကျမ်းဆိုတာ ဘုရားအမှုတော်ရဲ့ မှတ်တမ်းတစ်ခုသက်သက်ပဲ။ သမိုင်းမှတ်တမ်းစာအုပ်ပဲ။ ဘုရားရဲ့အမှုတော်နဲ့ နှုတ်ကပတ်တော်တွေရဲ့ မှတ်တမ်းတွေဆိုတာ အကန့်အသတ်ရှိလွန်းတယ်။ အဲဒါတွေက ဘုရားသခင်နဲ့ ဘယ်လိုလုပ် တန်းတူဖြစ်နိုင်မှာလဲ။ ဘုရားကို ကိုယ်စားပြုနိုင်ပါ့မလား” တဲ့။ ပြီးတော့ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြထားတဲ့ ဗီဒီယိုနှစ်ခုကိုလည်း သူက ပြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သမ္မာကျမ်းစာ ရှိသည့် အချိန်မှ စ၍၊ သခင့်အပေါ် လူတို့၏ ယုံကြည်မှုသည် သမ္မာကျမ်းစာအား ယုံကြည်မှုပင် ဖြစ်ခဲ့သည်။ လူများသည် သခင်ကို ယုံကြည်ကြသည်ဟု ပြောမည့်အစား၊ သူတို့သည် သမ္မာကျမ်းစာကို ယုံကြည်ကြသည်ဟု ပြောလျှင် ပိုကောင်းသည်။ သူတို့သည် သမ္မာကျမ်းစာကို စတင် ဖတ်ရှုနေကြပြီဟု ပြောမည့်အစား၊ သူတို့သည် သမ္မာကျမ်းစာကို စတင်ယုံကြည်နေကြပြီဟု ပြောလျှင် ပိုကောင်း မည်ဖြစ်ပြီး၊ သူတို့သည် သခင့်ရှေ့မှောက် ပြန်လာခဲ့ကြပြီဟု ပြောမည့်အစား သူတို့သည် သမ္မာကျမ်းစာရှေ့မှောက် ပြန်လာခဲ့ကြပြီဟု ပြောလျှင် ပိုကောင်းလိမ့်မည်။ ဤနည်းဖြင့်၊ လူတို့သည် သမ္မာကျမ်းစာကို ဘုရားသခင်သဖွယ်၊ ၎င်းသည် သူတို့၏ အသက်သွေးကြောသဖွယ် ကိုးကွယ်ကြပြီး၊ သမ္မာကျမ်းစာကို ဆုံးရှုံးခြင်းသည် သူတို့၏ အသက်ကို ဆုံးရှုံးရခြင်းနှင့် တူညီလေသည်။ လူများသည် သမ္မာကျမ်းစာကို ဘုရားသခင်ကဲ့သို့ပင် မြင့်မြတ်သည်ဟု မြင်ပြီး၊ ဘုရားသခင်ထက်ကိုပင် ပိုမြင့်မြတ်သည် ဟု မြင်သူများပင် ရှိကြသည်။ လူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုမပါဘဲ၊ သူတို့သည် ဘုရားသခင်ကို မခံစားနိုင်ကြဘဲ၊ ဆက်ပြီး အသက်ရှင် နေထိုင်နိုင်ကြသည်— သို့သော် သူတို့သည် သမ္မာကျမ်းစာ ပျောက်သွားပါက၊ သို့မဟုတ် သမ္မာကျမ်းစာထဲမှ နာမည်ကြီး အခန်းကြီးများနှင့်၊ ပြောဆိုချက်များ ပျောက်သွားပါက၊ သူတို့၏ အသက်များကို ဆုံးရှုံးသွားသည့်အလား ဖြစ်သည်။” “၎င်းတို့သည် သမ္မာကျမ်းစာ အတိုင်းအတာအတွင်း၌သာ ငါ၏ဖြစ်တည်မှုကို ယုံကြည်ကြ၏။ ၎င်းတို့အတွက် ငါသည် သမ္မာကျမ်းစာနှင့် အတူတူပင်ဖြစ်၏၊ သမ္မာကျမ်းစာမရှိဘဲ ငါသည်မရှိနိုင်၊ ထို့အပြင် ငါမရှိဘဲ သမ္မာကျမ်းစာမရှိနိုင်ပေ။ ၎င်းတို့သည် ငါ၏ဖြစ်တည်မှု သို့မဟုတ် လုပ်ဆောင်ချက်များကို လုံးဝဂရုမစိုက်ကြသော်လည်း သမ္မာကျမ်းစာ၏စကားလုံးတိုင်းကို အလွန်အကျွံ အထူးဂရုပြုကာ မြှုပ်နှံကြ၏။ ထို့အပြင် သမ္မာကျမ်းစာမှ ကြိုတင်ဟောကြားခြင်း မရှိပါက ငါလုပ်ဆောင်လိုသည့် မည်သည့်အရာကိုမျှ မလုပ်သင့်ဟု ၎င်းတို့အများအပြားက ယုံကြည်ကြသည်။ ၎င်းတို့သည် သမ္မာကျမ်းစာအပေါ် အလွန်အကျွံ အရေးပေးကြ၏။ ၎င်းတို့သည် ငါပြောသည့် နှုတ်ကပတ်တော်တိုင်းကို တိုင်းတာရန် သမ္မာကျမ်းစာမှ ကျမ်းပိုဒ်များကို အသုံးပြု၍ ငါ့ကို ပြစ်တင်ရှုတ်ချသည့် အတိုင်းအတာအထိ စကားလုံးများနှင့် ထုတ်ဖော်ချက်များကို အရေးကြီးလွန်းသည်ဟု မြင်ကြသည်ဟု ဆိုနိုင်၏။ ၎င်းတို့ရှာဖွေ နေသည်မှာ ငါနှင့်သဟဇာတဖြစ်ရန် လမ်းခရီးသော်လည်းကောင်း၊ သမ္မာတရားနှင့် သဟဇာတဖြစ်ရန် လမ်းခရီးသော်လည်းကောင်း မဟုတ်ဘဲ သမ္မာကျမ်းစာ၏စကားလုံးများနှင့် သဟဇာတဖြစ်ရန် လမ်းခရီးဖြစ်၍၊ သမ္မာကျမ်းစာနှင့် ကိုက်ညီခြင်းမရှိသည့် အရာတစ်ခုခုသည် ခြွင်းချက်မရှိ ငါ၏အမှုမဟုတ်ဟု ၎င်းတို့ ယုံကြည်သည်။ ထိုကဲ့သို့သောလူတို့သည် ဖာရိရှဲများထံမှ တာဝန်ကျေသည့် ဆင်းသက်လာသူများ မဟုတ်ပေဘူးလော။ ယုဒ ဖာရိရှဲတို့သည် ယေရှုကို ပြစ်တင်ရှုတ်ချရန် မောရှေ၏ပညတ်ကို အသုံးပြုခဲ့ကြ၏။ ၎င်းတို့သည် ထိုကာလက ယေရှုနှင့် သဟဇာတဖြစ်ရန် ကြိုးပမ်းခြင်း မပြုကြသော်လည်း၊ အဆုံးတွင် အပြစ်မဲ့သောယေရှုကို ဓမ္မဟောင်းကျမ်း၏ ပညတ်တော်ကို မလိုက်နာခြင်း၊ မေရှိယ မဟုတ်ခြင်းတို့ဖြင့် တရားစွဲဆိုပြီးနောက်၊ ကားတိုင်၌ရိုက်ထားသည့် အတိုင်းအတာအထိ ပညတ်တရားကို ဝီရိယရှိစွာ အတိအကျလိုက်နာ၏။ ၎င်းတို့၏အနှစ်သာရကား အဘယ်နည်း။ ၎င်းတို့သည် သမ္မာတရားနှင့် သဟဇာတရှိသည့် လမ်းခရီးကို ရှာဖွေခဲ့ခြင်း မပြုခဲ့သည် မဟုတ်သလော။ ၎င်းတို့သည် သမ္မာကျမ်းစာ၏စကားလုံး တစ်လုံးချင်းစီကို စွဲစွဲလမ်းလမ်း အထအနကောက်ခဲ့ကြသော်လည်း ငါ၏အလိုဆန္ဒနှင့် ငါ့အမှု၏ အဆင့်နှင့် နည်းနာများကိုမူ လုံးဝဂရုပြုခြင်း မရှိပေ။ ၎င်းတို့သည် သမ္မာတရား ရှာဖွေခဲ့ကြသူများ မဟုတ်ဘဲ စကားလုံးများကို တင်းတင်းကျပ်ကျပ် ဖက်တွယ်ခဲ့ကြသူများဖြစ်၏။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည် ခဲ့ကြသူများ မဟုတ်ဘဲ သမ္မာကျမ်းစာကို ယုံကြည် ခဲ့ကြသူများ ဖြစ်၏။ အဓိကအားဖြင့် ၎င်းတို့သည် ကျမ်းစာကို စောင့်ကြပ်သူများ ဖြစ်ခဲ့ကြ၏။ သမ္မာကျမ်းစာ၏အကျိုးစီးပွားတို့ကို ကာကွယ်ရန်နှင့် ဂုဏ်သိက္ခာကိုထိန်းသိမ်းထားရန်နှင့် သမ္မာကျမ်းစာ၏ ဂုဏ်သတင်းကို ကာကွယ်ရန်၊ ၎င်းတို့သည် ကရုဏာရှင်ယေရှုကို လက်ဝါးကပ်တိုင်တွင် ရိုက်ထားသည်အထိ ပြုခဲ့ကြ၏။ ၎င်းတို့သည် ဤသည်ကို သမ္မာကျမ်းစာကို ကာကွယ်ရုံအတွက်သာနှင့် လူတို့၏ နှလုံးသားရှိ သမ္မာကျမ်းစာ၏ စကားလုံးတိုင်း၏ အနေအထားကို ထိန်းသိမ်းထားရန် ဤသို့ပြုခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် သမ္မာကျမ်းစာ၏ အယူဝါဒနှင့် ကိုက်ညီခြင်းမရှိခဲ့သော ယေရှုအား သေဒဏ်ချမှတ်ရေးအတွက် ၎င်းတို့၏အနာဂတ်နှင့် အပြစ် ဖြေရာယဇ်တို့ကို စွန့်ပယ်ရန် ပိုမိုလိုလားခဲ့ကြ၏။ ထိုသူတို့သည် သမ္မာကျမ်းစာ၏ စကားလုံးတိုင်း၏ လက်ပါးစေများ ဖြစ်ခဲ့သည် မဟုတ်လော။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏)

နောက်တော့ သူက ရှင်းပြတယ်၊ “ကျွန်တော်တို့ သိရမှာက၊ ကျမ်းစာကို မျက်ကန်း ကိုးကွယ်တာမျိုး၊ သခင်နဲ့ သူ့အမှုတော်ရဲ့နေရာမှာ ကျမ်းစာနဲ့အစားထိုးတာမျိုးတောင် လုပ်တယ်ဆိုရင်၊ အဲဒါက တကယ်တော့ သခင့်ကို ယုံကြည်တာမဟုတ်ဘူး၊ ကျမ်းစာကို ယုံကြည်နေတာပဲ။ ဘုရားရဲ့ခြေလှမ်းတွေနောက် မလိုက်ဘဲ၊ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်ချက်နောက် မလိုက်ဘဲနဲ့၊ ကျမ်းစာကို ဖက်တွယ်နေတယ်ဆိုတာ သခင့်ကို ဆန့်ကျင်နေတာပါ။ ဖာရိရှဲတွေဆိုရင် ကျမ်းစာတွေကို ကျန်တာတွေအားလုံးရဲ့အထက်မှာ ရှိတယ်လို့ သဘောထားခဲ့ကြတယ်။ ကျမ်းစာစကားတွေအတိုင်းပဲ အတိအကျ ယုံကြည်ခဲ့ကြတယ်။ သခင်ယေရှု ပေါ်ထွန်းပြီး အမှုတော်ပြုချိန်မှာ၊ သူတို့က ကိုယ်တော့်အမှုတော်နဲ့ နှုတ်ကပတ်တော်တွေကို သြဇာအာဏာ ပါမှန်း အသိအမှတ်ပြုနိုင်ပေမဲ့၊ အဲဒါတွေကို မရှာဖွေခဲ့ဘူး၊ မစူးစမ်းခဲ့ဘူး။ ကိုယ်တော့်အမှုတော်နဲ့ နှုတ်ကပတ်တော်တွေက ဓမ္မကျမ်းဟောင်းကို ကျော်လွန်နေတယ်ဆိုပြီး၊ အပြစ်ရှာဖို့ပဲ ကြိုးစားခဲ့ကြတယ်။ ဒီတော့ ကိုယ်တော့်ကို ရှုတ်ချပြီး၊ ကားတိုင်တင်မိတဲ့အထိ ကြံစည်မိခဲ့ကြတယ်။ ဒါက ဘုရားရဲ့စိတ်သဘောထားကို ပုန်ကန်ပြစ်မှားတာဖြစ်လို့၊ အပြစ်ဒဏ်ပေးခံခဲ့ကြရတယ်။ ဘာသာရေးသမားတွေက နောက်ဆုံးသောကာလမှာလည်း ကျမ်းစာကို မျက်ကန်း ကိုးကွယ်ကြတယ်။ ကျမ်းစာကို ဘုရားရဲ့အထက်မှာတောင် ထားကြတယ်။ ဘုရားက နောက်ဆုံးသောကာလမှာ တရားစီရင်ခြင်း လုပ်ဆောင်ဖို့ သမ္မာတရားတွေ ဖော်ပြနေတယ်လို့ ကြားရတော့လည်း၊ မစူးစမ်းကြဘူး။ ကျမ်းစာထဲ မပါဘူးဆိုပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်တွေကို ကြမ်းကြမ်းတမ်းတမ်း ဆန့်ကျင်ရှုတ်ချကြတယ်။ ဖာရိရှဲတွေအားလုံး ကျမ်းစာကို ဖက်တွယ်ပြီး သခင့်ကို ဆန့်ကျင်ခဲ့တာမျိုးနဲ့ ဘာများ ကွာခြားလို့လဲ။ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်ချက်ကို မရှာဖွေဘဲ၊ ဘုရားရဲ့ခြေလှမ်းတွေနောက် မလိုက်ဘဲနဲ့၊ ကျမ်းစာကိုပဲ ကိုးကွယ်နေတယ်ဆိုတာ မှားယွင်းတယ်၊ သခင့်လမ်းခရီးကို ဆန့်ကျင်နေတယ်ဆိုတာ ရှင်းရှင်းလေးပါ” တဲ့။

ဒါတွေအားလုံးကို ကြားရတော့၊ ကျွန်မ တော်တော် ရှက်လာတယ်။ လုံးလုံး လက်ခံသွားမိတယ်။ ကျွန်မက သခင့်အစား ကျမ်းစာကို ယုံကြည်ခဲ့တာပဲဆိုတာ မြင်သွားတယ်။ ကျွန်မက ကိုယ့်ယုံကြည်ခြင်းမှာ သခင့်အလိုတော်ကို ရှာဖွေခဲ့တာမဟုတ်ဘူး၊ သင်းအုပ်နဲ့ အကြီးအကဲတွေ ပြောတာကိုပဲ မျက်ကန်း ယုံကြည်ခဲ့တယ်ဆိုတာကို သဘောပေါက်မိတယ်။ ဘုရားရဲ့အမှုတော်နဲ့ နှုတ်ကပတ်တော်တွေ အားလုံးက ကျမ်းစာထဲမှာပဲ ရှိတယ်၊ ကျမ်းစာဆိုတာ သခင့်ကို ကိုယ်စားပြုတယ်၊ တခြားဟာတွေက ကိုယ်တော့်ကို ယုံကြည်ခြင်းမဟုတ်ဘူးဆိုပြီး ထင်ခဲ့တာ။ ဒါဆို ကျွန်မလည်း ဖာရိရှဲတွေရဲ့အမှားမျိုးကို လုပ်မိနေတာ မဟုတ်ဘူးလား။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ တော်တော် လေးစားသွားမိတယ်။ စိတ်ထဲမှာလည်း၊ “ဒီ နှုတ်ကပတ်တော်တွေက ကျမ်းစာနဲ့ပတ်သက်တဲ့ သမ္မာတရားကို တော်တော် စေ့စေ့စပ်စပ် ရှင်းပြတာပဲ။ လူသားတွေရဲ့ ကျမ်းစာအပေါ် သဘောထားကိုတောင် ပြည့်စုံအောင် ဖော်ထုတ်ပြတယ်။ ဒါတွေက တကယ်ပဲ ဘုရားရဲ့နှုတ်ကပတ်တော်တွေ ဖြစ်နိုင်လား” ပေါ့။

အစ်ကိုယန်ကလည်း သူ့မိတ်သဟာယကို ဆက်ပြန်ရော။ “ဒါတွေက ကျမ်းစာရဲ့တန်ဖိုးကို ငြင်းပယ်ဖို့ ရည်ရွယ်တာ မဟုတ်ဘူး။ တကယ်တော့ ကျမ်းစာကို မှန်မှန်ကန်ကန် ချဉ်းကပ်နိုင်အောင်လို့ပါ။ သခင်ယေရှုက ပြောခဲ့တယ်၊ ‘ကျမ်းစာအားဖြင့် ထာဝရအသက်ကို ရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကို စေ့စေ့ကြည့်ရှုကြ၏။ ထိုကျမ်းစာပင် ငါ၏သက်သေ ဖြစ်၏။ သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့ လာခြင်းငှါ အလိုမရှိကြ။’ (ရှင်ယောဟန်ခရစ်ဝင် ၅:၃၉-၄၀) သခင်ယေရှုရဲ့စကားတွေက ရှင်းပါတယ်။ ကျမ်းစာဆိုတာ ဘုရားကို သက်သေခံတာပဲ။ ပညတ်တော်ခေတ်နဲ့ ကျေးဇူးတော်ခေတ်က ဘုရားအမှုတော်ရဲ့ မှတ်တမ်းတစ်ခုသက်သက်ပဲ။ ကျွန်တော်တို့က ခရစ်တော်နောက် မလိုက်ဘဲ၊ ဘုရားရဲ့ လက်ရှိအမှုတော်ကို မနာခံဘဲနဲ့၊ ကျမ်းစာကိုပဲ ဖက်တွယ်နေတယ်ဆိုရင်၊ တစ်သက်စာ ယုံကြည်ခြင်းရှိတယ်ဆိုရင်တောင်၊ သမ္မာတရားကို ရကြမှာမဟုတ်ဘူး။ ထာဝရအသက် ရဖို့ဆိုတာ ပိုဝေးတာပေါ့။ ခရစ်တော်နောက် လိုက်ခြင်းအားဖြင့်သာ ထာဝရအသက်ကို ရနိုင်ကြတာပါ။ သခင်ယေရှုက လူသားတွေကို ရွေးနုတ်ဖို့၊ နောင်တလမ်းကို ပေးဖို့အတွက်၊ ကျေးဇူးတော်ခေတ်မှာ ကားတိုင်တင်ခံခဲ့တယ်။ သခင့်ကို ယုံကြည်ခြင်းအားဖြင့် ကျွန်တော်တို့အပြစ်တွေ ခွင့်လွှတ်ခံရနိုင်ပေမဲ့၊ လွဲမှားတဲ့ ကျွန်တော်တို့သဘာဝတွေက ရှိနေဦးမှာပဲ။ အပြစ်လုပ်ပြီး ဝန်ခံတယ်ဆိုတဲ့ အခြေအနေထဲမှာ ကျွန်တော်တို့ ဆက်ပြီး ရှင်သန်ကြတယ်။ ကျွန်တော်တို့က အပြစ်ကနေ မလွတ်မြောက်သေးတာပါ၊ မသန့်စင်သေးတာပါ။ သခင်က သန့်ရှင်းပါတယ်။ ဒီတော့ အပြစ်လုပ်ပြီး သူ့ကို ခုခံနေကြသေးတဲ့ လူတွေကို သူ့နိုင်ငံတော်ထဲ ဘယ်လိုလုပ် ဝင်ခွင့်ပြုနိုင်မှာလဲ။ အဲဒါကြောင့် သူဟာ လူသားတွေကို သန့်စင်ကယ်တင်ဖို့နဲ့ ဘုရားရဲ့နိုင်ငံတော်ထဲ ခေါ်ဆောင်ဖို့အတွက်၊ တရားစီရင်ခြင်းအမှုကို ဟောကြားလုပ်ဆောင်ဖို့ ထပ်ကြွလာမယ်ဆိုပြီး သခင်ယေရှုက ပရောဖက်ပြုခဲ့တာပါ။ သခင်ယေရှု ပရောဖက်ပြုခဲ့တဲ့အတိုင်းပဲပေါ့၊ ‘သင်တို့အား ငါ ပြောစရာ စကားအများရှိသော်လည်း၊ သင်တို့သည် ယခု မခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။’ (ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) ‘ငါ့ကို ပယ်၍ ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သောသူ ရှိသေး၏။ ငါ ဟောပြောသောစကားပင် နောက်ဆုံးသောနေ့၌ ထိုသူအား အပြစ်စီရင်လိမ့်မည်။’ (ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၈) ရှင်ပေတရုသြဝါဒစာ ပထမစောင်မှာလည်း ပြောတယ်၊ ‘ဘုရားသခင်၏ အိမ်တော်သားတို့ကို ရှေ့ဦးစွာ စစ်ကြောစီရင်ရသော အချိန်ရှိပြီ’ (ရှင်ပေတရုသြဝါဒစာ ပဌမစောင် ၄:၁၇) သခင်ယေရှုက ပြန်ကြွလာပါပြီ။ သူက နောက်ဆုံးသောကာလရဲ့ ခရစ်တော်၊ အနန္တတန်ခိုးရှင်ဘုရားသခင်ပါပဲ။ ကိုယ်တော်က တရားစီရင်ခြင်းအမှုကို လုပ်ဆောင်နေတယ်။ လူသားတွေကို သန့်စင်ကယ်တင်ဖို့အတွက် သမ္မာတရားတွေကို ဖော်ပြနေတယ်။ ဥပမာပြောရရင်၊ ဘုရားသခင်နဲ့ သူ့အမှုတော်ကို ဘယ်လို သိအောင်လုပ်မလဲဆိုတာမျိုး၊ ဘုရား ကယ်တင်ခြင်းအမှုတော်ရဲ့ အဆင့်သုံးဆင့်နဲ့ အဲဒီကနေ ထွက်ပေါ်တဲ့ အသီးအပွင့်အကြောင်း၊ စာတန်က လူသားကို ဘယ်လိုပျက်စီးစေလဲ၊ ဘုရားက လူသားကို ဘယ်လိုကယ်တင်လဲ၊ စာတန်ကြောင့် ဖြစ်တဲ့ ဖောက်ပြန်ပျက်စီးခြင်းရဲ့အဖြစ်မှန်ကို ဘယ်လို နားလည်အောင် လုပ်မလဲ၊ ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဘယ်လိုသန့်စင်ခံရအောင် လုပ်မလဲဆိုတာတွေပေါ့။ ဘုရားကို အမှန်တကယ် ကြောက်ရွံ့၊ ချစ်ခင်ပြီး နာခံတယ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာတွေလည်း ပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်တွေက သခင် ပြန်လာခြင်းပရောဖက်ပြုချက်တွေကို ပြည့်စုံစေတာပါ။ သိုးသငယ်ရဲ့ခြေလှမ်းတွေနောက် လိုက်ပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ အမှုတော်ကို လက်ခံပြီးတော့၊ ဘုရားရဲ့တရားစီရင်ခြင်းကို ခံရခြင်းအားဖြင့်သာ၊ သမ္မာတရားနဲ့ အသက်ကို ရနိုင်ပြီး၊ ကိုယ်တော့်နိုင်ငံတော်ထဲ ဝင်နိုင်ကြတာပါ။”

အစ်ကိုယန်က သူ့မိတ်သဟာယ အဆုံးသတ်အနေနဲ့ ထပ်ပြတဲ့ ဘုရားနှုတ်ကပတ်တော် ဗီဒီယိုတွေကို၊ “ဘုရားသခင် ကိုယ်တိုင်သည် အသက်ဖြစ်၏။ သမ္မာတရားလည်း ဖြစ်၍ သူ၏အသက်နှင့် သမ္မာတရားတို့ အတူယှဉ်လျက် တည်ရှိကြ၏။ သမ္မာတရားကို ရရှိနိုင်စွမ်း မရှိသူများသည် မည်သည့်အခါမျှ အသက်ကို ရရှိလိမ့်မည် မဟုတ်။ သမ္မာတရား၏ လမ်းပြမှု၊ ပံ့ပိုးမှုနှင့် ထောက်ပံ့မှုမရှိလျှင် သင်သည် ကျမ်းဟောင်းတရားများ၊ အယူဝါဒများ အပြင် သေခြင်းကိုသာ ရရှိလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ အသက်သည် အစဉ်ရှိနေ၍ သူ၏သမ္မာတရားနှင့် အသက်တို့သည် အတူယှဉ်လျက်တည်ရှိ၏။ သင်သည် သမ္မာတရား၏ အရင်းအမြစ်ကို ရှာမတွေ့နိုင်ပါက သင်သည် အသက်၏အာဟာရကို ရရှိလိမ့်မည် မဟုတ်ပေ။ သင်သည် အသက်၏ ထောက်ပံ့မှုကို မရရှိနိုင်ပါက သင့်တွင် သမ္မာတရားရှိမည် မဟုတ်သည်မှာ သေချာသဖြင့် စိတ်ကူးယဉ်မှုများနှင့် အတွေးအခေါ်များမှလွဲ၍ သင်၏ခန္ဓာကိုယ် တစ်ခုလုံးသည် သင်၏ နံစော်သော အသွေးအသားမှအပ မည်သည့်အရာမျှ ဖြစ်လိမ့်မည် မဟုတ်။ စာအုပ်တို့၏ စကားလုံးများသည် အသက်မဟုတ်ကြောင်းကို သိထားပါ။ သမိုင်းမှတ်တမ်းများကို သမ္မာတရားအဖြစ် တခမ်းတနား ဂုဏ်မပြုနိုင်ပါ။ ထို့အပြင် အတိတ်မှ အယူဝါဒများသည် ဘုရားသခင်က ပစ္စုပ္ပန်တွင်ပြောသော နှုတ်ကပတ်တော်များအဖြစ် ဆောင်ရွက်နိုင်ခြင်း မရှိပါ။ ဘုရားသခင် ကမ္ဘာမြေကြီးသို့ လာ၍ လူသားအကြား နေထိုင်သည့်အခါတွင် ဖော်ထုတ်သော အရာသည်သာ သမ္မာတရား၊ အသက်၊ ဘုရားသခင်၏ အလိုနှင့် သူ၏လက်ရှိ အမှုဆောင်နည်း ဖြစ်၏။” “နောက်ဆုံးသောကာလ၏ ခရစ်တော်သည် အသက်ယူဆောင်လာ၍ အဓွန့်ရှည်စွာ တည်တံ့ကာ ထာဝရတည်ရှိသော သမ္မာတရား၏ လမ်းခရီးကို ယူဆောင်လာ၏။ ဤသမ္မာတရားသည် လူသား အသက်ရရှိမည့် လမ်းကြောင်းဖြစ်၍ လူသားက ဘုရားသခင်ကိုသိမည့် တစ်ခုတည်းသော လမ်းကြောင်းနှင့် ဘုရားသခင်က လက်ခံမည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။ နောက်ဆုံးသောကာလတွင် ခရစ်တော်ပေးသည့် အသက်၏လမ်းခရီးကို သင်မရှာပါက သင်သည် ယေရှု၏အတည်ပြုမှုကို မည်သည့်အခါမျှ ရမည်မဟုတ်ဘဲ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုဝင်ရန် မည်သည့်အခါမျှ အရည်အချင်းမီမည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သင်သည် သမိုင်း၏ရုပ်သေးနှင့် အကျဉ်းသားပါ ဖြစ်သောကြောင့်ဖြစ်၏။ စည်းမျဉ်းစည်းကမ်းများ၊ ကျမ်းဟောင်းတရားများ၏ ထိန်းချုပ်ခံနေရသူများနှင့် သမိုင်း၏ ထိတ်တုံးခတ်ခံနေရသူများသည် မည်သည့်အခါမျှ အသက်ကို ရရှိနိုင်စွမ်းမည် မဟုတ်ဘဲ မည်သည့်အခါမျှ ထာဝရအသက်၏ လမ်းခရီးကို ရနိုင်မည် မဟုတ်ပါ။ ဤသည်မှာ ထိုသူတို့၌ရှိသမျှမှာ ပလ္လင်တော်မှစီးဆင်းလာသည့် အသက်ရေအစား နှစ်ထောင်ပေါင်းများစွာ စွဲကပ်ထားသည့် နောက်ကျိသောရေများ ဖြစ်ကြသောကြောင့်ဖြစ်၏။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏)

ဒါကို နားထောင်လိုက်ရတာ ရင်ထဲမှာ တကယ် ကြည်လင်သွားတယ်။ ကျမ်းစာဆိုတာ ဘုရားရဲ့ အတိတ်က အမှုတော်ရဲ့ မှတ်တမ်းတစ်ခုဆိုပေမဲ့၊ ကျမ်းစာဆိုတာ အသက်ရဲ့ရင်းမြစ်မဟုတ်မှန်း ကျွန်မ နားလည်သွားတယ်။ ဘုရားသခင်ကပဲ ကျွန်မတို့အသက်ရဲ့ ရင်းမြစ်ပါ။ ကျွန်မတို့က ကျမ်းစာနဲ့ ပိတ်မိနေလို့မရဘူး။ အရေးကြီးဆုံးက ဘုရားသခင်ရဲ့ လက်ရှိအမှုတော်နဲ့ နှုတ်ကပတ်တော်တွေကို နာခံခြင်းပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ဒီနေ့ခေတ်အတွက် ဘုရားရဲ့ နှုတ်ကပတ်တော်တွေပဲဆိုတာ ကျွန်မ သံသယကင်းကင်းနဲ့ သိသွားတယ်။ အနန္တတန်ခိုးရှင်ဘုရားရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မတို့အယူအဆတွေကိုရော၊ ကျမ်းစာနောက်ကွယ်က အဖြစ်မှန်ကိုရော စေ့စေ့စပ်စပ် ရှင်းပြပေးတယ်။ ဒီလို သြဇာအာဏာ ပါတဲ့ အကြောင်းအရာတွေကို ဘုရားသခင်သာ မဟုတ်ရင် တခြားဘယ်သူက ပြောဆိုနိုင်မှာလဲ။ အဲဒီနောက်ပိုင်း ရက်တွေမှာ၊ ကျွန်မလည်း အခွင့်အရေးရတိုင်း၊ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ညီအစ်ကိုမောင်နှမတွေနဲ့ မိတ်သဟာယပြုတယ်။ ဘုရားရဲ့လူ့ဇာတိခံယူခြင်းအကြောင်း၊ နောက်ဆုံးသောကာလမှာ ဘုရားက လူသားကို ဘယ်လိုတရားစီရင်လဲ၊ ဘယ်လိုယုံကြည်ခြင်းမျိုးက ဘုရားအလိုတော်နဲ့ အမှန်တကယ် ကိုက်ညီတာလဲဆိုတာတွေကို ကျွန်မ နည်းနည်း နားလည်သွားတယ်။ လူတွေရဲ့အဆုံးသတ်တွေနဲ့ ပန်းတိုင်တွေအကြောင်း၊ ပြီးတော့ တခြားသမ္မာတရားတွေအကြောင်းလည်း နည်းနည်း သိသွားတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုပဲဆိုတာ ကျွန်မအတွက် တော်တော် သေချာလာတယ်။ ပြီးတော့ ကိုယ်တော့်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံမိပါတယ်။ အနန္တတန်ခိုးရှင်ဘုရားရဲ့ ကျေးဇူးတော်ပါပဲ။

သက်ဆိုင်သည့် အကြောင်းအရာ