(ည) ဘုရားသခင်ကို ချစ်ခြင်းအား လိုက်စားပုံနှင့် ပတ်သက်၍

(၄၃၆) ဘုရားသခင်၏အနှစ်သာရသည် လူသားယုံကြည်ရုံ အတွက်သာ မဟုတ်ပေ။ လူသား ချစ်ခင်ရန်အတွက်လည်း ဖြစ်၏။ သို့ရာတွင် ဘုရားသခင်ကို ယုံကြည်သော သူများစွာတို့သည် ဤ “လျှို့ဝှက်ချက်” ကို ရှာဖွေတွေ့ရှိနိုင်စွမ်း မရှိကြပေ။ လူတို့သည် ဘုရားသခင်ကို မချစ်ရဲကြ၊ ဘုရားသခင်ကို ချစ်ရန်အတွက်လည်း မကြိုးစားကြပေ။ ဘုရားသခင်နှင့်ပတ်သက်၍ ချစ်ခင်ဖွယ်ရာများ များစွာရှိသည်ကို သူတို့သည် တစ်ခါမျှ မသိခဲ့ပေ။ ဘုရားသခင်သည် လူသားကို ချစ်သောဘုရားဖြစ်ကြောင်း၊ ဘုရားသခင်သည် လူသားချစ်ရန်အတွက် ဖြစ်ကြောင်းကို သူတို့တစ်ခါမျှ မသိခဲ့ပေ။ ဘုရားသခင်၏ ချစ်ခင်နှစ်သက်ဖွယ် ကောင်းမှုကို သူ၏အလုပ်တွင် ဖော်ပြထားသည်။ လူတို့သည် ဘုရားသခင်၏အလုပ်ကို ကြုံတွေ့ခံစားသည့်အခါမှသာလျှင်၊ သူ၏ ချစ်ခင်နှစ်သက်ဖွယ်ကောင်းမှုကို သိနိုင်ကြမည် ဖြစ်သည်။ သူတို့၏ တကယ့် အတွေ့အကြုံများအားဖြင့် သာလျှင် ဘုရားသခင်၏ ချစ်ခင်နှစ်သက်ဖွယ်ကောင်းမှုကို သူတို့ သတိထားမိနိုင်မည် ဖြစ်သည်။ ၎င်းကို လက်တွေ့ဘဝတွင် စောင့်ကြည့်လေ့လာခြင်း မရှိဘဲနှင့် မည်သူမျှ ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုကို သိနိုင်မည် မဟုတ်ပေ။ ဘုရားသခင်၌ ချစ်စရာကောင်းသော အချက်များစွာရှိ၏၊ သို့ရာတွင် သူနှင့်အမှန်တကယ် ထိတွေ့ဆက်ဆံမှုမရှိဘဲ၊ လူတို့သည် ထိုအရာကို သိနိုင်စွမ်း ရှိမည်မဟုတ်ပေ။ ဆိုလိုသည်မှာ အကယ်၍ ဘုရားသခင်သည် လူ့ဇာတိ မခံယူခဲ့ပါက၊ လူတို့သည် ဘုရားသခင်နှင့် အမှန်တကယ် ထိတွေ့ဆက်ဆံနိုင်စွမ်း ရှိမည်မဟုတ်ပေ။ ဘုရားသခင်နှင့် အမှန်တကယ် မထိတွေ့မဆက်ဆံနိုင်ပါက၊ ဘုရားသခင်၏ အလုပ်ကိုလည်း တွေ့ကြုံနိုင်ကြမည် မဟုတ်ချေ။ သို့ဖြစ်လျှင် ဘုရားသခင်အပေါ်ထားသော သူတို့၏ ချစ်ခြင်းမေတ္တာ သည်လည်း မှားယွင်းမှုနှင့် စိတ်ကူးယဉ်မှု အမြောက်အမြားဖြင့် စွန်းထင်းနေမည် ဖြစ်သည်။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်ကို ချစ်ခြင်းသည် မြေကြီးပေါ်၌ရှိသော ဘုရားသခင်ကို ချစ်ခြင်းလောက် မစစ်မှန်ပေ၊ အကြောင်းရင်းမှာ ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် ပတ်သက်သော လူတို့၏အသိဉာဏ်သည် သူတို့၏ ကိုယ်ပိုင် မျက်လုံးများဖြင့် မြင်သည့်အရာများ၊ သူတို့ကိုယ်တိုင် ကြုံတွေ့ခဲ့သည့် အရာများထက်၊ သူတို့၏ စိတ်ကူးယဉ်မှုများ အပေါ်တွင်သာ တည်ဆောက် ထားသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်သို့ ရောက်လာချိန်တွင် လူတို့သည် သူ၏စစ်မှန်သော လုပ်ဆောင်ချက်များနှင့် သူ၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုတို့ကို တွေ့မြင်နိုင်ကြသည်၊ ပြီးလျှင် သူ၏လက်တွေ့ကျပြီး သာမန်ဖြစ်သည့် စိတ်သဘောထားနှင့် သက်ဆိုင်သော အရာအားလုံးကို တွေ့နိုင်ကြသည်၊ ဤအရာများ အားလုံးသည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်နှင့် ပတ်သက်သည့် အသိထက် အဆထောင်ပေါင်းများစွာ ပို၍စစ်မှန်သည်။ လူတို့သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို မည်မျှပင် ချစ်စေကာမူ၊ ထိုချစ်ခြင်းမေတ္တာနှင့် ပတ်သက်၍ စစ်မှန်သောအရာ တစ်စုံတစ်ခုမျှ မရှိဘဲ၊ ယင်းသည် လူသားတို့၏ ထင်မြင်ချက်များဖြင့်သာ ပြည့်နေသည်။ မြေကြီးပေါ်ရှိ ဘုရားသခင်ကို သူတို့၏ချစ်ခြင်းမှာ မည်မျှပင်သေးငယ်စေကာမူ ဤချစ်ခြင်းသည် စစ်မှန်ပေသည်။ စိုးစဉ်းမျှသာ ဖြစ်နေလျှင်ပင်၊ ယင်းသည် စစ်မှန်ဆဲဖြစ်ပေသည်။ ဘုရားသခင်သည် စစ်မှန်သော အလုပ်မှတစ်ဆင့် သူ့ကို လူများ သိလာအောင် လုပ်ဆောင်ပြီး ဤအသိမှတစ်ဆင့် လူတို့၏ချစ်ခြင်းမေတ္တာကို သူရယူသည်။ ယင်းမှာ ပေတရုကဲ့သို့ပင်ဖြစ်သည်- အကယ်၍ ပေတရုသည် ယေရှုနှင့်အတူ အသက်မရှင်ခဲ့လျှင်၊ ယေရှုကို သူ ကြည်ညိုရန် ဖြစ်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။ ထို့အတူ ယေရှုအပေါ်ထားသော သူ၏ သစ္စာစောင့်သိမှုသည်လည်း ယေရှုနှင့် သူ၏ထိတွေ့ဆက်ဆံမှုအပေါ်တွင် တည်ဆောက် ထားခဲ့သည်။ လူတို့ သူ့ကို ချစ်လာစေရန်အတွက် ဘုရားသခင်သည် လူတို့ အလယ်သို့ ကြွဆင်းလာပြီး လူတို့နှင့်အတူ နေထိုင်၏၊ ပြီးလျှင် ဘုရားသခင်က လူတို့ကို မြင်တွေ့စေသည့် တွေ့ကြုံခံစားစေသည့် အရာအားလုံးသည် ဘုရားသခင်၏ စစ်မှန်မှုပင် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည်

(၄၃၇) “ချစ်ခြင်းမေတ္တာ”ဟု ခေါ်ဆိုသည့်အရာသည် ဖြူစင်ပြီး အပြစ်အနာအဆာကင်းသော စိတ်ခံစားမှုတစ်ခု၊ ချစ်ရန်၊ ခံစားရန်နှင့် ထောက်ထားရန် သင်၏ စိတ်နှလုံးကို သင် အသုံးပြုသည့်အခိုက်ကို ရည်ညွှန်းပေသည်။ ချစ်ခြင်းမေတ္တာတွင် သတ်မှတ်ချက်များမရှိ၊ အတားအဆီးများမရှိသကဲ့သို့၊ အကွာအဝေးမရှိပေ။ ချစ်ခြင်းမေတ္တာတွင် သံသယစိတ်မရှိ၊ လှည့်ဖြားခြင်းမရှိသကဲ့သို့၊ ကောက်ကျစ်စဉ်းလဲခြင်း မရှိပေ။ ချစ်ခြင်းမေတ္တာတွင် အရောင်းအဝယ်မရှိသကဲ့သို့၊ မဖြူစင်သည့်အရာ မည်သည့်အရာမျှ မရှိပေ။ သင်ချစ်ပါက၊ လှည့်ဖြားမည် မဟုတ်၊ မကျေမနပ်ဖြစ်မည် မဟုတ်၊ သစ္စာဖောက်မည် မဟုတ်၊ ပုန်ကန်မည် မဟုတ်၊ အတင်းတောင်းဆိုမည် မဟုတ်၊ သို့မဟုတ် တစ်စုံတစ်ခုကို ရရှိဖို့၊ ပမာဏတစ်ခုခုကို ရရှိဖို့ ကြိုးစားမည် မဟုတ်ပေ။ သင်ချစ်လျှင်၊ သင်သည် သင့်ကိုယ်သင် ဝမ်းမြောက်ဝမ်းသာ ဆက်ကပ်မြှုပ်နှံလိမ့်မည်၊ အခက်အခဲကို ဝမ်းမြောက်ဝမ်းသာ ခံစားလိမ့်မည်။ သင်သည် ငါနှင့်သဟဇာတဖြစ်လိမ့်မည်၊ ငါ့အတွက် သင်၌ ရှိသမျှအားလုံးကို စွန့်လွှတ်လိမ့်မည်၊ သင်၏ မိသားစု၊ သင်၏ အနာဂတ်၊ သင်၏ ငယ်ရွယ်နုပျိုမှုနှင့် သင်၏ အိမ်ထောင်ရေးကို စွန့်လွှတ်လိမ့်မည်။ ထိုသို့မဟုတ်ပါက၊ သင်၏ ချစ်ခြင်းမေတ္တာသည် ချစ်ခြင်းမေတ္တာ လုံးဝ ဖြစ်မည်မဟုတ်ဘဲ၊ လှည့်ဖြားခြင်းနှင့် သစ္စာဖောက်ခြင်းတို့သာ ဖြစ်ပေမည်။ သင်၏ ချစ်ခြင်းမေတ္တာသည် မည်သို့သော ချစ်ခြင်းမေတ္တာမျိုး ဖြစ်သနည်း။ ယင်းသည် စစ်မှန်သောချစ်ခြင်းမေတ္တာလော။ သို့တည်းမဟုတ် အယောင်ဆောင်လော။ မည်မျှ သင်စွန့်လွှတ်ပြီးပြီနည်း။ မည်မျှ သင် ပူဇော်ပြီးပြီနည်း။ ငါသည် သင့်ထံမှ ချစ်ခြင်းမေတ္တာမည်မျှ ရရှိပြီးပြီနည်း။ သင်သိသလော။ သင်တို့၏စိတ်နှလုံးများသည် မကောင်းမှု၊ သစ္စာဖောက်ခြင်းနှင့် လှည့်ဖြားခြင်းတို့ဖြင့် ပြည့်နေလေသည်- ပြီးလျှင် ထိုသို့ဖြစ်နေသဖြင့်၊ သင်တို့၏ချစ်ခြင်းမေတ္တာ မည်မျှသည် မဖြူစင်သနည်း။ သင်တို့သည် ငါ့အတွက် အလုံအလောက် စွန့်လွှတ်ပြီးဖြစ်သည်ဟု ထင်မှတ်ကြ၏။ ငါ့အတွက် သင်တို့၏ချစ်ခြင်းမေတ္တာသည် လုံလောက်နှင့်ပြီးဖြစ်သည်ဟု သင်တို့ထင်မှတ်ကြ၏။ သို့ရာတွင် ထိုသို့ဆိုပါက သင်တို့၏စကားများနှင့် လုပ်ရပ်များသည် အဘယ်ကြောင့် အမြဲ ပုန်ကန်တတ်ပြီး လှည့်ဖြားတတ်သနည်း။ သင်တို့သည် ငါ့နောက်လိုက်ကြသော်လည်း ငါ၏ နှုတ်ကပတ်တော်များကို အသိအမှတ်မပြုကြပေ။ ဤအရာကို ချစ်ခြင်းမေတ္တာဟု မှတ်ယူသလော။ သင်တို့သည် ငါ့နောက်လိုက်ကြသော်လည်း၊ ငါ့ကို ဘေးဖယ်ထားကြ၏။ ဤအရာကို ချစ်ခြင်းမေတ္တာဟု မှတ်ယူသလော။ သင်တို့သည် ငါ့နောက်လိုက်ကြသော်လည်း၊ ငါ့ကို အယုံအကြည်ကင်းမဲ့ကြသည်။ ဤအရာကို ချစ်ခြင်းမေတ္တာဟု မှတ်ယူသလော။ သင်တို့သည် ငါ့နောက်လိုက်ကြသော်လည်း၊ ငါ၏ တည်ရှိခြင်းကို လက်မခံနိုင်ကြချေ။ ဤအရာကို ချစ်ခြင်းမေတ္တာဟု မှတ်ယူသလော။ သင်တို့သည် ငါ့နောက်လိုက်ကြသော်လည်း၊ ငါ အဘယ်သူဖြစ်သည်ဆိုသည်နှင့် သင့်လျော်စွာ ငါ့ကို မဆက်ဆံကြသကဲ့သို့၊ အလှည့်တိုင်းတွင် သင်တို့သည် ငါ့အတွက် အမှုအရာများ ခက်ခဲစေကြသည်။ ဤအရာကို ချစ်ခြင်းမေတ္တာဟု မှတ်ယူသလော။ သင်တို့သည် ငါ့နောက်လိုက်ကြသော်လည်း၊ ကိစ္စရပ်တိုင်းတွင် ငါ့ကို လှည့်စားဖို့နှင့် လှည့်ဖြားဖို့ သင်တို့ ကြိုးစားကြ၏။ ဤအရာကို ချစ်ခြင်းမေတ္တာဟု မှတ်ယူသလော။ သင်တို့သည် ငါ့ကို အစေခံကြသော်လည်း၊ ငါ့ကို မကြောက်ကြ။ ဤအရာကို ချစ်ခြင်းမေတ္တာဟု မှတ်ယူသလော။ သင်တို့သည် အချက်အားလုံးနှင့် အရာအားလုံးတွင် ငါ့ကို ဆန့်ကျင်ကြသည်။ ဤအရာအားလုံးကို ချစ်ခြင်းမေတ္တာဟု မှတ်ယူသလော။ သင်တို့သည် များစွာဆက်ကပ်မြှုပ်နှံကြပြီးဖြစ်သည်၊ ဤသည်မှာ မှန်၏။ သို့သော် သင်တို့ကို ငါတောင်းဆိုသောအရာကို သင်တို့ လုံးဝ လက်တွေ့မလုပ်ဆောင်ခဲ့ကြပေ။ ဤအရာကို ချစ်ခြင်းမေတ္တာဟု မှတ်ယူ၍ရနိုင်သလော။ စေ့စပ်သေချာသော တွက်ဆမှုက သင်တို့အတွင်းတွင် ငါ့ကို ချစ်ခြင်းအရိပ်အယောင် စိုးစဉ်းမျှ မရှိသည်ကို ပြသ၏။ နှစ်ပေါင်းများစွာ အမှုပြုပြီးနောက်နှင့် အားလုံးသော နှုတ်ကပတ်တော်များစွာ ငါ ထောက်ပံ့ပြီးသည့် နောက်တွင်၊ သင်တို့ မည်မျှ အမှန်တကယ် ရရှိပြီးပြီနည်း။ ဤအရာသည် သေချာပြန်စဉ်းစားထိုက်သည် မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခေါ်တော်မူသောသူအများရှိသော်လည်း ရွေးကောက်တော်မူသောသူနည်း၏

(၄၃၈) ဘုရားသခင်ကို ချစ်ခြင်း သင်ခန်းစာထက် မည်သည့်သင်ခန်းစာမှ မကြီးမြင့်ပေ။ လူတို့ ဘဝတစ်လျှောက်လုံး ယုံကြည်ခြင်းမှ သင်ယူရရှိခဲ့သော သင်ခန်းစာသည် ဘုရားသခင်ကို မည်ကဲ့သို့ ချစ်ရမည်ပင် ဖြစ်သည်ဟုပြောနိုင်ပါသည်။ ဆိုလိုသည်မှာ သင်သည် ဘုရားသခင်ကို ယုံကြည်လျှင် ဘုရားသခင်ကို ချစ်ရမည်။ သင်က ဘုရားသခင်ကို ယုံကြည်မှုသာရှိပြီး မချစ်ဘူးဆိုလျှင်၊ ဘုရားသခင်အား သိမြင်မှုကို မရရှိဘူးဆိုလျှင်၊ သင့်နှလုံးသားထဲမှလာသော စစ်မှန်သည့် ချစ်ခြင်းမေတ္တာနှင့် ဘုရားသခင်ကို တစ်ခါမျှ မချစ်ခဲ့ဘူးဆိုလျှင် ဘုရားသခင်အပေါ် သင်၏ယုံကြည်မှုက အဓိပ္ပာယ်မရှိပေ။ ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းမှာ သင်က ဘုရားသခင်ကို မချစ်ဘူးဆိုလျှင် သင်သည် အလဟဿ အသက်ရှင်နေခြင်းဖြစ်ပြီး သင်၏ ဘဝတစ်ခုလုံးသည် သက်ရှိအားလုံးထက် အနိမ့်ကျဆုံးဖြစ်သည်။ သင့်ဘဝ တစ်လျှောက်လုံး၌ သင်က ဘုရားသခင်ကို တစ်ခါမျှ မချစ်ခဲ့ဖူး၊ သို့မဟုတ် စိတ်မကျေနပ်စေခဲ့ဘူးဆိုလျှင် သင် အသက်ရှင်သန်နေရသည်မှာ အဘယ်အဓိပ္ပာယ်ရှိမည်နည်း။ ပြီးလျှင် ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းက အဘယ်အဓိပ္ပာယ်ရှိမည်နည်း။ အလကားသက်သက် ဖြစ်မနေဘူးလော။ ဆိုလိုသည်မှာ လူတွေသည် ဘုရားသခင်ကို ယုံကြည်ပြီး ချစ်မြတ်နိုးမည်ဆိုလျှင် သူတို့သည် ပေးဆပ်မှုများ ပြုလုပ်ရမည်ဖြစ်သည်။ အပေါ်ယံပုံစံနှင့် ပြုမူဖို့ ကြိုးစားနေခြင်းထက် မိမိတို့နှလုံးသားအတွင်းထဲမှ စစ်မှန်သော ထိုးထွင်းဉာဏ်ကို ရှာဖွေသင့်သည်။ သင်က သီချင်းဆိုခြင်းနှင့် ကခြင်းကို စိတ်အားထက်သန်ပြီး အမှန်တရားကို လက်တွေ့ မကျင့်သုံးဘူးဆိုလျှင် ဘုရားသခင်ကို ချစ်ပါသည်ဟု သင်ဆိုနိုင်ပါမည်လော။ ဘုရားသခင်ကို ချစ်ခြင်းသည် အရာအားလုံးထဲ၌ ဘုရားသခင်၏ အလိုတော်ကို ကြိုးစားရှာဖွေခြင်း၊ သင်၌ တစ်ခုခုဖြစ်သည့်အခါ နက်နက်နဲနဲ စူးစမ်းခြင်း၊ ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်ဖို့ ကြိုးစားခြင်း၊ ဤကိစ္စ၌ ဘုရားသခင်၏ အလိုတော်က အဘယ်နည်းဆိုသည်ကို သိဖို့ကြိုးစားခြင်း၊ သူက သင့်ကို မည်သည့်အရာများ ရရှိစေချင်သည်နှင့် သူ၏အလိုတော်ကို သင်မည်ကဲ့သို့ သတိထားသင့်သည် စသည်တို့ကို သိဖို့ကြိုးစားခြင်းတို့ လိုအပ်သည်။ ဥပမာ- သင့်အနေဖြင့် အခက်အခဲကိုတောင့်ခံရမည့်အရာတစ်ခု ဖြစ်ပျက်လာပါက ထိုအချိန်တွင် ဘုရားသခင်၏အလိုတော်သည် အဘယ်အရာဖြစ်သည်နှင့် သူ၏အလိုတော်နှင့်ပတ်သက်၍ သင်မည်ကဲ့သို့ သတိရှိသင့်ပုံတို့ကို သင်နားလည်သင့်သည်။ သင့်အနေဖြင့် ကိုယ့်ကိုယ်ကိုယ် ကျေနပ်အားရနေ၍ မရပေ။ ပထမဆုံး သင့်ကိုယ်သင် ဘေးဖယ်ထားလိုက်ပါ။ ဇာတိပကတိထက် ဆိုးဝါးသောအရာ ဘာမျှမရှိပေ။ သင်သည် ဘုရားသခင်ကို ကျေနပ်စေဖို့ ကြိုးစားလုပ်ဆောင်ရမည်ဖြစ်ပြီး သင်၏တာဝန်ကို ဖြည့်စွမ်းရပါမည်။ ဤကဲ့သို့အတွေးများနှင့်ဆိုလျှင် ဘုရားသခင်သည် ဤကိစ္စနှင့်ပတ်သက်၍ အထူးဉာဏ်ပွင့်ခြင်းကို သင့်အားပေးလိမ့်မည်ဖြစ်ပြီး သင့်နှလုံးသားသည်လည်း သက်သာခြင်းကို တွေ့ရှိလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်

(၄၃၉) ယခုဆိုလျှင် သင်တို့အားလုံး ဘုရားသခင်၌ လူသား၏ ယုံကြည်ခြင်းသည် ဝိညာဉ်ကယ်တင်ခြင်းနှင့် ဇာတိခန္ဓာ၏ သုခချမ်းသာ အတွက်သာလျှင် မဟုတ်သလို၊ ဘုရားသခင်အား ချစ်ခြင်းမှတစ်ဆင့် သူ၏အသက်တာအား ကြွယ်ဝ ချမ်းသာစေရန် မဟုတ်မှန်း အစရှိသည်ဖြင့် သိနားလည်ကြသည်။ ဤသို့ဖြစ်သည့်အတိုင်း သင်သည် ဇာတိခန္ဓာ၏ သုခချမ်းသာ သို့မဟုတ် တစ်ခဏတာ သာယာမှုအတွက် ဘုရားသခင်ကို ချစ်ပါက၊ ထို့နောက် အဆုံး၌ ဘုရားသခင်အား သင်၏ချစ်ခြင်းသည် အထွတ်အထိပ် ရောက်ရှိပြီး နောက်ထပ် သင်ဘာမျှပင် မတောင်းဆိုလင့်ကစား သင်ရှာဖွေသော ဤချစ်ခြင်းမေတ္တာသည် ညစ်ညမ်းသော ချစ်ခြင်းမေတ္တာသာ ဖြစ်ပြီး ဘုရားသခင်အဖို့ နှစ်လိုဖွယ်ရာ မဟုတ်ပေ။ ဘုရားသခင်အားချစ်ခြင်းကို မိမိတို့၏ ငြီးငွေ့ဖွယ် တည်ရှိမှုကို ကြွယ်ဝချမ်းသာစေရန်နှင့် မိမိတို့နှလုံးသားများရှိ လစ်ဟာမှုကို ဖြည့်ဆည်းရန် အသုံးပြုသူများမှာ ငြိမ်းအေးသက်သာသော အသက်တာကို အလိုကြီးသော လူမျိုးများသာ ဖြစ်ပြီး ဘုရားသခင်ကိုချစ်ရန် အမှန်တကယ် ရှာဖွေနေသောသူများ မဟုတ်ပေ။ ဤချစ်ခြင်းမျိုးသည် အတင်းအကျပ်ချစ်ခြင်း ဖြစ်သည်၊ စိတ်ကျေနပ်မှုကို လိုက်စားခြင်းဖြစ်ပြီး ဘုရားသခင်သည် ဤကဲ့သို့သော အရာကို မလိုအပ်ပေ။ ထို့ကြောင့် သင်၏ချစ်ခြင်းသည် မည်ကဲ့သို့သော ချစ်ခြင်းမျိုးနည်း။ ဘုရားသခင်ကို သင်မည်သည့်အတွက်ကြောင့် ချစ်သနည်း။ ယခုတွင် သင့်အတွင်း၌ ဘုရားသခင်အတွက် စစ်မှန်သောချစ်ခြင်း မည်မျှရှိ သနည်း။ သင်တို့အများစု၌ရှိသော ချစ်ခြင်းသည် ယခင် အထက်တွင် ဖော်ပြခဲ့ပြီးသည့် အမျိုးအစားဖြစ်သည်။ ထိုကဲ့သို့သော ချစ်ခြင်းမျိုးသည် ရှိရင်းစွဲကိုသာလျှင် ထိန်းသိမ်းနိုင်၏၊ ထာဝရတည်မြဲမှုကို မရရှိနိုင်သကဲ့သို့ လူသား၌လည်း အမြစ်တွယ်နိုင်မည် မဟုတ်ပေ။ ဤချစ်ခြင်းမျိုးသည် အသီးမသီးဘဲ ပွင့်လန်းပြီး ညှိုးနွမ်းသောပန်းနှင့်သာ တူသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ဘုရားသခင်ကို ထိုကဲ့သို့သောနည်းဖြင့် တစ်ကြိမ်ချစ်ပြီးနောက်တွင် ရှေ့၌ရှိသောလမ်းကြောင်း၌ သင့်ကိုဦးဆောင်မည့်သူ မရှိပါက၊ သင်သည် လဲပြိုကျသွားမည်ဖြစ်သည်။ သင်သည် ဘုရားသခင်အား ချစ်နေသည့်အချိန်၌သာ ချစ်နိုင်သော်လည်း နောက်ပိုင်းတွင် သင်၏အသက် စိတ်သဘောထား မပြောင်းလဲဘဲ ရှိနေပါက၊ သင်သည် အမှောင်ထုလွှမ်းမိုးမှု၏ ပိတ်ဖုံးမှုမှ မလွတ်မြောက်နိုင်ဘဲနေပြီး စာတန်မာရ်နတ်၏ အနှောင်အဖွဲ့များနှင့် ယင်း၏ လိမ်လည်လှည့်စားမှုမှလည်း သင်ရုန်းထွက်နိုင်လိမ့်မည် မဟုတ်ပေ။ ဤကဲ့သို့သောလူ မည်သူမျှ ဘုရားသခင်၏ အပြည့်အဝရယူခြင်းကို မခံရနိုင်ပေ။ အဆုံး၌ သူ၏ဝိညာဉ်၊ စိတ်နှင့်ခန္ဓာသည် စာတန်မာရ်နတ်နှင့် သက်ဆိုင်နေဦးမည်။ ဤအကြောင်းနှင့် ပတ်သက်၍ သံသယမရှိနိုင်ပေ။ ဘုရားသခင်၏ အပြည့်အဝရယူခြင်းကို မခံရနိုင်သောသူများသည် သူတို့၏ မူလနေရာ၊ ဆိုလိုသည်မှာ စာတန်မာရ်နတ်ထံသို့ ပြန်သွားမည်ဖြစ်ပြီး ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်း ဖြစ်သော နောက်တစ်ဆင့်ကို ခံယူရန် ကန့်နှင့်ရောနှောသော မီးအိုင်သို့ ဆင်းသက်ကြလိမ့်မည်။ ဘုရားသခင်၏ ရယူခြင်းခံရသူတို့သည် စာတန်မာရ်နတ်အား ကျောခိုင်းပြီး သူ၏အုပ်စိုးမှုအောက်မှလည်း လွတ်မြောက်သော သူများ ဖြစ်သည်။ ထိုသူတို့ကို နိုင်ငံတော်၏လူများထဲတွင် တရားဝင် ထည့်တွက်ထားသည်။ ဤသည်မှာ နိုင်ငံတော်၏လူများ ဖြစ်ပေါ်လာပုံဖြစ်သည်။ သင်သည် ဤကဲ့သို့သောလူမျိုး ဖြစ်လာရန် ဆန္ဒရှိသလော။ သင်သည် ဘုရားသခင်၏ ရယူခြင်းခံရရန် ဆန္ဒရှိသလော။ စာတန်၏ အုပ်စိုးမှုအောက်မှ လွတ်မြောက်၍ ဘုရားသခင်ထံ ပြန်လာရန် ဆန္ဒရှိသလော။ ယခု သင်သည် စာတန်နှင့် သက်ဆိုင်သလော သို့မဟုတ် နိုင်ငံတော်၏လူများထဲတွင် ထည့်တွက်ခံရသလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယုံကြည်သူများသည် မည်သည့်ရှုထောင့်အား ဆုပ်ကိုင်ထားသင့်သနည်း

(၄၄၀) လူသားသည် အမှောင်စွမ်းအား၏ ဖုံးကွယ်ပိတ်ဆီးမှုအောက်တွင် အစဉ်နေထိုင်ပြီး စာတန်၏ စွမ်းအား၏ ကျေးကျွန်အဖြစ် ထိန်းချုပ်ခံရကာ မလွတ်မြောက်နိုင်ဘဲ၊ သူ၏ စိတ်နေသဘောထားသည် စာတန်၏ ပြုပြင်မှု ခံရပြီးနောက် တိုး၍အကျင့်ပျက်လာ၏။ လူသားသည် ၎င်း၏အကျင့်ပျက်သည့် စာတန်ဆန်သော စိတ်နေသဘောထားအကြားတွင် အမြဲနေထိုင်ခဲ့ပြီး ဘုရားသခင်ကို စစ်မှန်စွာမချစ်နိုင်ဟု ဆိုနိုင်သည်။ ထိုသို့ဖြစ်သဖြင့် လူသားသည် ဘုရားသခင်ကို ချစ်ရန် ဆန္ဒရှိပါက မိမိကိုယ်မိမိ သူတစ်ပါးထက် သာ၍ဖြောင့်မှန်သည်၊ သာ၍ အရေးပါသည် ဟူသောစိတ်၊ အထက်စီးဆန်ခြင်း၊ စိတ်ကြီးဝင်ခြင်းနှင့် စာတန်၏ စိတ်သဘောထားနှင့် အလားတူသော အရာအားလုံးတို့ကို ပယ်ချွတ်ရမည်ဖြစ်သည်။ သို့မဟုတ်ပါက သူ၏ ချစ်ခြင်းသည် မသန့်စင်သော ချစ်ခြင်း၊ စာတန်ဆန်သော ချစ်ခြင်းဖြစ်ပြီး ဘုရားသခင်၏ သဘောကျထောက်ခံမှုကို လုံးဝမရရှိနိုင်သော ချစ်ခြင်းဖြစ်၏။ သန့်ရှင်းသော ဝိညာဉ်တော်၏ တိုက်ရိုက် စုံလင်စေခြင်းခံရခြင်း၊ ကိုင်တွယ်ဖြေရှင်းခံရခြင်း၊ ချိုးဖျက်ခံရခြင်း၊ ပြုပြင်ခံရခြင်း၊ ဆုံးမပဲ့ပြင်ခံရခြင်း၊ ရိုက်နှက်ခံရခြင်းနှင့် စစ်ဆေးခံရခြင်း မရှိဘဲ ဘုရားသခင်ကို မည်သူမှ စစ်မှန်စွာ ချစ်နိုင်မည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးသော လူသားသည် ဘုရားသခင်ကို ကိုယ်စားပြုခြင်းငှာ မတတ်စွမ်းနိုင်

(၄၄၁) လူတို့သည် ဘုရားသခင်ကို ၎င်းတို့၏ စိတ်နှလုံးနှင့် ဆက်သွယ်သည့်အခါ၊ ၎င်းတို့၏ စိတ်နှလုံးသည် သူ့ထံ လုံးဝ လှည့်နိုင်သည့်အခါ၊ ဤသည်မှာ ဘုရားသခင်အတွက် လူသား၏ ချစ်ခြင်းတွင် ပထမအဆင့် ဖြစ်သည်။ သင်သည် ဘုရားသခင်ကို ချစ်လိုပါက ပထမဆုံး သင့်နှလုံးသားကို သူ့ထံ လှည့်နိုင်ရမည်။ ဘုရားသခင်ထံ သင့်နှလုံးသားကို လှည့်ခြင်းဆိုသည်မှာ အဘယ်နည်း။ သင့်နှလုံးသား၌ လိုက်စားသည့် အရာတိုင်းသည် ဘုရားသခင်ကို ချစ်ခြင်းနှင့် ရရှိခြင်းအတွက် ဖြစ်သည့်အခါ ဖြစ်သည်။ ဤအရာက သင်သည် ဘုရားသခင်ထံ သင့်နှလုံးသားကို လုံးဝလှည့်ပြီး ဖြစ်သည်ကို ပြသည်။ ဘုရားသခင်နှင့် သူ၏ နှုတ်ကပတ်တော်များမှလွဲ၍ သင့် စိတ်နှလုံးထဲ၌ အခြားအရာ (မိသားစု၊ ချမ်းသာမှု၊ လင်ယောက်ျား၊ ဇနီးမယား၊ သားသမီးများ စသည်ဖြင့်) ဘာမျှမရှိလုနီးပါးဖြစ်သည်။ ရှိလျှင်ပင် ထိုသို့သော အရာများက သင့် စိတ်နှလုံး၌ နေရာမယူနိုင်သကဲ့သို့ သင်သည် သင်၏ အနာဂတ် အလားအလာများကို မတွေးဘဲ ဘုရားသခင်အား ချစ်ခြင်းကိုသာ လိုက်စားလေသည်။ ထိုသို့သော အချိန်၌ သင်သည် ဘုရားသခင်ထံ သင်၏ နှလုံးသားကို လုံးဝလှည့်ပြီး ဖြစ်လိမ့်မည်။ သင့်နှလုံးသား၌ သင့်အတွက် အစီအစဉ်များကို သင်ပြုလုပ်နေသေးပြီး ပုဂ္ဂိုလ်ရေး အကျိုးအမြတ်ကို အမြဲလိုက်စားနေကာ၊ “ဘုရားသခင်ထံ သေးငယ်သော တောင်းဆိုမှုတစ်ခုကို ကျွန်ုပ် မည်သည့်အချိန်တွင် ပြုနိုင်သနည်း။ ကျွန်ုပ်၏ မိသားစု မည်သည့်အချိန်တွင် ချမ်းသာကြွယ်ဝလာမည်နည်း။ ဝတ်ကောင်းစားလှအချို့ကို မည်သည့်အချိန်တွင် ကျွန်ုပ် ရနိုင်မည်နည်း။...” ဟု အမြဲတွေးနေပါက၊ ယင်းအခြေအနေတွင် သင် အသက်ရှင်နေပါက၊ သင့်နှလုံးသားက ဘုရားသခင်ထံ အပြည့်အဝ မလှည့်သေးဟု ပြပေသည်။ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသာ ရှိပြီး ဘုရားသခင်ထံ ဆုတောင်းနိုင်ကာ- သူက သင်နှင့် အလွန် ရင်းနှီးသည့်အလား၊ ဘုရားသခင်က သင့်အတွင်း၌ ရှိပြီး သင်က သူ့အတွင်း၌ ရှိသည့်အလား- တစ်ချိန်လုံး သူနှင့် ရင်းနှီးလာနိုင်ပါက၊ သင်သည် ထိုအခြေအနေမျိုးတွင် ရှိပါက၊ သင်၏ စိတ်နှလုံးသည် ဘုရားသခင်၏ မျက်မှောက်၌ ရှိသည်ဟု ဆိုလိုပေသည်။ သင်သည် ဘုရားသခင်ထံ ဆုတောင်းပြီး သူ၏နှုတ်ကပတ်တော်များကို နေ့စဉ် စားသောက်ပါက၊ အသင်းတော်၏ အလုပ်ကို အမြဲ စဉ်းစားနေပါက၊ ပြီးလျှင် ဘုရားသခင်၏ အလိုတော်ကို ထောက်ထားပါက၊ သူ့ကိုစစ်မှန်စွာ ချစ်ပြီး သူ၏ စိတ်နှလုံးကို ကျေနပ်စေဖို့ သင်၏ စိတ်နှလုံးကို အသုံးပြုပါက၊ သင်၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် သက်ဆိုင်ပေလိမ့်မည်။ အကယ်၍ သင်၏စိတ်နှလုံးသည် အခြားအရာအချို့၏ နေရာယူခြင်းကို ခံရပါက၊ သင့်စိတ်နှလုံးသည် စာတန်၏ နေရာယူထားခြင်းကို ခံရဆဲဖြစ်ပြီး ဘုရားသခင်ထံ အမှန်တကယ် မလှည့်သေးချေ။ တစ်စုံတစ်ဦး၏ စိတ်နှလုံးသည် ဘုရားသခင်ထံ အမှန်တကယ် လှည့်ပြီးသည့်အခါ ၎င်းတို့သည် ဘုရားသခင်အတွက် စစ်မှန်ပြီး သဘာဝအလျောက်ဖြစ်သော ချစ်ခြင်းမေတ္တာ ရှိမည်ဖြစ်ပြီး ဘုရားသခင်၏ အမှုကို ထောက်ထားနိုင်မည် ဖြစ်သည်။ ၎င်းတို့သည် မိုက်မဲပြီး မလျော်ကန်သော အခိုက်အတန့်များ ရှိနိုင်သေးသော်လည်း၊ ဘုရားသခင်၏အိမ်တော်၏ အကျိုးများ၊ သူ၏ အမှုနှင့် ၎င်းတို့ကိုယ်တိုင်၏ စိတ်သဘောထား ပြောင်းလဲမှုတို့အတွက် ပူပန်မှုကို ပြသကြပြီး ၎င်းတို့၏ ရည်ရွယ်ချက်များ မှန်ကန်ပေသည်။ လူအချို့က ၎င်းတို့ပြုသည့်အရာအားလုံးသည် အသင်းတော်အတွက်ဖြစ်သည်ဟု အမြဲတမ်း အခိုင်အမာဆိုကြသော်လည်း စင်စစ်အားဖြင့် မိမိတို့ကိုယ်ကျိုးအတွက် လုပ်နေခြင်းဖြစ်သည်။ ဤသို့သောလူတို့သည် မှားယွင်းသည့် ရည်ရွယ်ချက်မျိုး ရှိကြသည်။ ၎င်းတို့သည် ကောက်ကျစ်၍ လှည့်စားတတ်ကာ ၎င်းတို့လုပ်သောအရာ အများစုသည် မိမိတို့ကိုယ်တိုင်၏ ပုဂ္ဂိုလ်ရေး အကျိုးအမြတ်အတွက် ဖြစ်သည်။ ဤသို့သောလူမျိုးသည် ဘုရားသခင်ကို ချစ်ဖို့ အားမထုတ်ချေ။ ၎င်းတို့၏နှလုံးသားသည် စာတန်နှင့် သက်ဆိုင်ဆဲဖြစ်ပြီး ဘုရားသခင်ထံ မလှည့်နိုင်ချေ။ ထို့ကြောင့် ဘုရားသခင်သည် ဤသို့သော လူမျိုးကို ရယူရန် မဖြစ်နိုင်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်အတွက် စစ်မှန်သောချစ်ခြင်းသည် သဘာဝအလျောက် ဖြစ်သည်

(၄၄၂) လူများအတွင်း၌ ဘုရားသခင် လုပ်ဆောင်သည့် အဆင့်တိုင်းတွင် အပြင်ပန်းသဏ္ဌာန်မှာ လူများ၏ စီစဉ်မှုမှ ထွက်ပေါ်လာသကဲ့သို့ လူများကြားထဲ၌ ဆက်သွယ် လှုပ်ရှားမှုများအနေနှင့် သို့မဟုတ် လူများ၏ ကြားဝင်ပြုလုပ်မှုများအနေနှင့် ဖြစ်ပေါ်သည်။ သို့သော်လည်း နောက်ကွယ်မှာတော့ လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်းသည် ဘုရားသခင်ရှေ့မှာ စာတန်ပြုလုပ်သည့် အလောင်းအစားများဖြစ်ပြီး လူများ၌ ဘုရားသခင် အတွက် သူတို့၏ သက်သေခံမှုမှာ ခိုင်မြဲစွာ ရပ်တည်ဖို့ လိုအပ်သည်။ ယောဘ စမ်းသပ်ခံခဲ့ရသည့် အချိန်ကို ကြည့်ကြည့်ပါ။ ဥပမာ- နောက်ကွယ်မှာက စာတန်က ဘုရားသခင်နှင့် အလောင်းအစား လုပ်နေခြင်းဖြစ်သည်။ ယောဘအပေါ်မှာ ဖြစ်ပျက်ခဲ့သည့်အရာက လူသားတို့၏ လုပ်ဆောင်မှုဖြစ်ပြီး လူသားတို့၏ ကြားဝင်လုပ်ဆောင်မှု ဖြစ်သည်။ သင်တို့အတွင်းမှာ ဘုရားသခင် ပြုလုပ်သည့် အလုပ်အဆင့်တိုင်း၏ နောက်ကွယ်တွင် ဘုရားသခင်နှင့် ပြုလုပ်သည့် စာတန်၏ အလောင်းအစားရှိသည်။ ဤအရာ၏နောက်ကွယ်မှာ အားလုံးက တိုက်ပွဲပင်။ ဥပမာ- သင်က သင့်ညီအစ်ကို မောင်နှမတွေအပေါ်ကို မကောင်းမြင်နေသည်။ သင်ပြောချင်နေသည့် စကားလုံးများ ရှိနေသည်။ ဘုရားသခင်ကို မကျေနပ်စေနိုင်ဟု သင်ခံစားရနိုင်သည့် စကားလုံးများရှိနေသည်။ သို့သော်လည်း သူတို့ကို သင်မပြောလျှင် စိတ်မသက်မသာ ခံစားရလိမ့်မည်။ ဤအချိန်မှာ သင့်အတွင်း၌ တိုက်ပွဲတစ်ခု စတင်ဖြစ်ပေါ်လိမ့်မည်။ “ငါ ပြောမလား၊ မပြောဘူးလား။” ဤသည်မှာ တိုက်ပွဲပင်။ ထို့ကြောင့် သင်ကြုံရသမျှ အရာအားလုံးတွင် တိုက်ပွဲတစ်ခုရှိသည်။ သင့်အတွင်းတွင် တိုက်ပွဲတစ်ခုရှိသည့်အခါ၊ သင်၏ စစ်မှန်သော ပူးပေါင်းလုပ်ဆောင်မှုနှင့် စစ်မှန်သော ဆင်းရဲဒုက္ခခံစားရခြင်းတို့ကြောင့် သင့်အတွင်းတွင် ဘုရားသခင် အမှုပြုပေသည်။ အဆုံး၌ သင့်အတွင်းတွင် သင်သည် ပြဿနာကို ဘေးဖယ်ထားလိုက်နိုင်ပြီး ဒေါသသည် သဘာဝအလျောက် ပျက်ပြယ်သွားသည်။ ဤကဲ့သို့အရာမျိုးသည် ဘုရားသခင်နှင့်အတူ သင်၏ လက်တွဲလုပ်ဆောင်မှု၏ အကျိုးသက်ရောက်မှု ဖြစ်သည်။ လူတို့လုပ်သမျှ အားလုံးမှာ သူတို့၏ အားထုတ်မှုထဲ ပေးဆပ်မှု တစ်ခုလုပ်ဖို့ လိုအပ်သည်။ အမှန်တကယ် ဒုက္ခခံစားရခြင်း မပါဝင်ဘဲ၊ သူတို့သည် ဘုရားသခင်ကို စိတ်မကျေနပ်စေနိုင်ပေ။ သူတို့သည် ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းနှင့် နီးတောင် မနီးစပ်ပေ။ သူတို့က အနှစ်သာရမပါသည့် ဆောင်ပုဒ်များကို စကားကြောရှည်နေခြင်းပင် ဖြစ်သည်။ ဤအနှစ်သာရမရှိသည့် ဆောင်ပုဒ်များက ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်ပါသလား။ ဘုရားသခင်နှင့် စာတန်တို့သည် ဝိညာဉ်ရေးရာ နယ်ပယ်ထဲ တိုက်ပွဲ ဆင်နွှဲနေစဉ်မှာ သင်က ဘုရားသခင်ကို မည်ကဲ့သို့ စိတ်ကျေနပ်မှု ပေးသင့်သနည်း။ သူ့အတွက် သင်၏ သက်သေခံခြင်းမှာ မည်ကဲ့သို့ ခိုင်မာစွာ ရပ်တည်သင့်သနည်း။ သင့်ထံ ဖြစ်ပျက်သည့် အရာတိုင်းက ကြီးမားသော စမ်းသပ်မှုဖြစ်ပြီး သက်သေခံဖို့အတွက် ဘုရားသခင်က သင့်ကို လိုအပ်တဲ့အချိန် ဖြစ်သည်ဆိုသည်ကို သင်သိသင့်သည်။ အပြင်ပန်းမှဆိုလျှင် ယင်းတို့သည် အရေးမပါဟု ထင်စရာရှိနိုင်သော်လည်း ဤအရာများ ဖြစ်ပျက်သည့်အခါ သင်သည် ဘုရားသခင်ကို ချစ်သလား၊ မချစ်ဘူးလားဆိုသည်ကို ဤအရာများက ပြနေသည်။ သင်က ချစ်သည်ဆိုလျှင် သူ့အတွက် သင်၏သက်သေခံမှုမှာ ခိုင်မြဲစွာ ရပ်တည်နိုင်မှာဖြစ်ပြီး၊ သင်က သူ့အပေါ်ချစ်ခြင်းကို လက်တွေ့ မကျင့်သုံးဘူးဆိုလျှင် သင်သည် သမ္မာတရားကို လက်တွေ့ မကျင့်သုံးသည့်သူ၊ သင်သည် သမ္မာတရား မပါဝင်သည့်သူ၊ အသက် မပါဝင်သည့်သူ၊ တန်ဖိုးမရှိသူ တစ်ယောက် ဆိုသည်ကို ပြသည်။ လူတို့ထံ၌ ဖြစ်ပျက်သည့် အရာတိုင်းသည် သူ့အတွက် သူတို့၏ သက်သေခံမှုမှာ ခိုင်မြဲစွာရပ်တည်ဖို့ ဘုရားသခင် အလိုရှိသည့် အချိန်တွင် ဖြစ်ပျက်သည်။ လက်ရှိအချိန်တွင် သင်၌ ကြီးကြီးမားမား မည်သည့်အရာမျှ မဖြစ်ပျက်နေသည့်အပြင် သင်သည် ကြီးမားသည့် သက်သေကို မခံသော်လည်း သင့်နေ့စဉ်အသက်တာ၏ အသေးစိတ်တိုင်းသည် ဘုရားသခင်ကို သက်သေခံခြင်းနှင့်ဆိုင်သော ကိစ္စဖြစ်၏။ သင်က သင့်ညီအစ်ကို မောင်နှမများ၊ သင့်မိသားစုအဖွဲ့ဝင်များနှင့် သင့်ဘေးမှာရှိတဲ့ လူတိုင်း၏ လေးစားမှုကို ရယူနိုင်လျှင်၊ တစ်နေ့မှာ မယုံကြည်သူများ ရောက်လာပြီး သင်လုပ်ဆောင်သမျှအားလုံးကို လေးစားပြီး ဘုရားသခင် လုပ်ဆောင်သည့် အရာအားလုံးက အံ့သြဖွယ် ဖြစ်သည်ဆိုသည်ကို မြင်လျှင် သင်သည် သက်သေခံပြီး ဖြစ်သည်။ သင်သည် ထိုးထွင်းဉာဏ်မရှိ၊ အရည်အချင်းက နိမ့်ကျသော်လည်း၊ အညံ့ဖျင်းဆုံးသော အရည်အချင်းရှိသည့် လူတို့အထဲ၌ မည်သည့် ကြီးမြတ်သော အမှုကို ဘုရားသခင် လုပ်ဆောင်ပြီး ဖြစ်သည်ကို အခြားသူများအား ပြသရင်း၊ ဘုရားသခင်၏ သင့်ကို ပြည့်စုံစေခြင်းမှတစ်ဆင့် သင်သည် သူ့ကို ကျေနပ်စေနိုင်ပြီး သူ့အလိုကို သတိပြုမိမည် ဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို သိလာပြီး၊ စာတန်၏ရှေ့တွင် အောင်မြင်သောသူများ ဖြစ်လာချိန်တွင်၊ ဘုရားသခင်ကို ကြီးမားသည့် အတိုင်းအတာတစ်ခုအထိ သစ္စာရှိလာကြသည်၊ ထိုအခါတွင် ဤလူအုပ်စုများထက် အဘယ်သူမျှ သာ၍ အားမာန်မရှိကြသကဲ့သို့၊ ဤသည်မှာ အကြီးမားဆုံးသော သက်သေခံချက် ဖြစ်ပါလိမ့်မည်။ သင်က ကြီးမားသည့် အလုပ်များကို မလုပ်နိုင်သော်လည်း၊ ဘုရားသခင်ကို ကျေနပ်စေနိုင်သည်။ တစ်ခြားလူများက သူတို့၏ အယူအဆများကို ဘေးဖယ်မထားနိုင်သော်လည်း သင်က ဘေးဖယ်ထားနိုင်သည်။ တစ်ခြားလူများက သူတို့၏ အမှန်တကယ် အတွေ့အကြုံများမှာ ဘုရားသခင်ကို သက်သေမခံနိုင်သော်လည်း သင်က ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ပြီး သူ့အပေါ်မှာ ခိုင်မာသည့် သက်သေခံမှုကို ပြုလုပ်ဖို့အတွက် သင်၏ အမှန်တကယ် အရေးပါမှုနှင့် အပြုအမူတို့ကို အသုံးပြုနိုင်သည်။ ဤအချက်ကသာ ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်းအနေနှင့် အသိအမှတ်ပြုနိုင်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်

(၄၄၃) သမ္မာတရားကို လက်တွေ့လုပ်ဆောင်လေလေ သမ္မာတရားကို ပိုင်ဆိုင်လေလေ ဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်လေလေ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်လေလေ ဖြစ်သည်။ သမ္မာတရားကို လက်တွေ့ လုပ်ဆောင်လေလေ ဘုရားသခင်က ကောင်းချီးပေးလေလေ ဖြစ်သည်။ အကယ်၍ သင်သည် ထိုသို့အမြဲ လက်တွေ့လုပ်ဆောင်ပါက၊ သင့်အပေါ်ထားသည့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ပေတရုက ဘုရားသခင်ကို သိကျွမ်းလာခဲ့သည့်နည်းတူ သင့်အား တဖြည်းဖြည်း တွေ့မြင်စေလိမ့်မည်- ဘုရားသခင်၌ ကောင်းကင်၊ မြေကြီးနှင့် အရာအားလုံးကို ဖန်ဆင်းသော ဉာဏ်ပညာ ရှိရုံမျှသာမကဘဲ၊ ထို့အပြင် လူတို့ထဲတွင် စစ်မှန်သော အမှုကို ပြုနိုင်သည့် ဉာဏ်ပညာလည်း ရှိသည်ဟု ပေတရုက ပြောခဲ့သည်။ ဘုရားသခင်သည် ကောင်းကင်၊ မြေကြီးနှင့် အရာအားလုံးကို ဖန်ဆင်းခဲ့သောကြောင့်သာမက၊ ထို့အပြင် လူကို ဖန်ဆင်းနိုင်သော၊ ကယ်တင်နိုင်သော၊ လူကို စုံလင်အောင် ပြုလုပ်နိုင်သော၊ လူထံ၌ သူ၏ချစ်ခြင်းမေတ္တာကို ပေးထားခဲ့နိုင်သော သူ့အစွမ်းတို့ကြောင့်လည်း လူတို့၏ ချစ်ခြင်းမေတ္တာနှင့် ထိုက်တန်သည်ဟု ပေတရုက ပြောခဲ့သည်။ ထို့ကြောင့် ပေတရုက ဘုရားသခင်ထံတွင် လူသားတို့ ချစ်မြတ်နိုးရန် ထိုက်တန်သော အရာများစွာရှိသည်ဟုလည်း ပြောခဲ့၏။ “လူတို့၏ချစ်ခြင်းကို ကိုယ်တော်ခံထိုက်သည့် အကြောင်းရင်းမှာ ကောင်းကင်၊ မြေကြီးနှင့် အရာအားလုံးကို ဖန်ဆင်းခြင်းကြောင့်သာ ဖြစ်ပါသလော။ ကိုယ်တော်ထံတွင် ချစ်ခင်နှစ်လိုဖွယ်ကောင်းသော အရာများစွာရှိပါ၏။ ကိုယ်တော်သည် လက်တွေ့ဘဝတွင် ပြုမူလုပ်ဆောင်ပြီး လှုပ်ရှား သွားလာတော်မူသည်။ ကိုယ်တော်၏ ဝိညာဉ်တော်သည် ကျွန်ုပ်အား အတွင်း၌ တို့ထိတော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်အား အပြစ်တင်ကာ ဆုံးမတော်မူသည်— ဤအရာများက လူတို့၏ချစ်ခြင်းကို သာ၍ခံထိုက်ပါ၏။” ဟု ပေတရုက ယေရှုကို ပြောခဲ့သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မြင်တွေ့ကာ ကြုံတွေ့ခံစားလိုသည့်ဆန္ဒ ရှိပါက၊ သင့်အနေဖြင့် လက်တွေ့ဘဝကို စူးစမ်းစစ်ဆေးကာ လက်တွေ့ဘဝ၌ ရှာဖွေရမည်ဖြစ်ပြီး သင့်ကိုယ်ပိုင် ဇာတိပကတိကို ဘေးသို့ ဖယ်ထားရန် လိုလားနေရမည်။ သင်သည် ထိုသန္နိဌာန်ကို ချရမည်။ သင်သည် ပျင်းရိခြင်း၊ သို့မဟုတ် ဇာတိပကတိကို မွေ့လျော်ခြင်းများကို တပ်မက်ခြင်း မရှိဘဲ၊ ဇာတိပကတိအတွက် အသက်ရှင်ခြင်း မဟုတ်ဘဲ၊ ဘုရားသခင်အတွက် အသက်ရှင်ဖို့ စိတ်ပိုင်းဖြတ်ထားသောသူ၊ အရာရာ၌ ဘုရားသခင် စိတ်ကျေနပ်အောင် လုပ်နိုင်သောသူ ဖြစ်ရမည်။ သင်သည် ဘုရားသခင်ကို စိတ်ကျေနပ်အောင် မလုပ်ပေးသည့် အချိန်များ ရှိနိုင်သည်။ ထိုသို့ဖြစ်သည်မှာ ဘုရားသခင်၏ အလိုတော်ကို သင်နားမလည်သောကြောင့် ဖြစ်သည်။ နောက်တစ်ကြိမ်တွင် လုံ့လထုတ်ရန် ပိုလိုအပ်မည် ဖြစ်သော်လည်း၊ သင်သည် ဘုရားသခင်ကျေနပ်အောင် ပြုလုပ်ရမည်ဖြစ်ပြီး ဇာတိခန္ဓာကျေနပ်အောင် မပြုလုပ်ရ။ ဤသို့ သင်တွေ့ကြုံသောအခါ၊ သင်သည် ဘုရားသခင်ကို သိရှိလာပြီးဖြစ်လိမ့်မည်။ ဘုရားသခင်သည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းနိုင်ကြောင်း၊ လူတို့သည် သူ့ကို အမှန်တကယ် မြင်နိုင်ရန်၊ သူနှင့် အမှန်တကယ် ထိတွေ့ဆက်ဆံနိုင်စေရန်အတွက် ဘုရားသခင်သည် လူ့ဇာတိခံခဲ့ကြောင်း သင်မြင်လိမ့်မည်ဖြစ်သည်။ ထို့ပြင် လူတို့အလယ်တွင် သူသွားလာနိုင်စွမ်းရှိကြောင်း၊ သူ၏ဝိညာဉ်တော်သည် သူ၏ချစ်ခင်နှစ်သက်ဖွယ်ကောင်းမှုကို လူတို့အား တွေ့မြင်ခွင့်ပေးကာ သူ၏ဆုံးမပဲ့ပြင်ခြင်းများ၊ ပြစ်တင်ဆုံးမခြင်းများနှင့် ကောင်းချီးမင်္ဂလာများကို လူတို့အား ကြုံတွေ့ခံစားခွင့်ပေးလျက်၊ လက်တွေ့ဘဝတွင် လူတို့ကို စုံလင်အောင် ပြုလုပ်ပေးနိုင်ကြောင်းကို သင်တွေ့မြင်လိမ့်မည်။ ဤသို့ အမြဲတမ်း တွေ့ကြုံခံစားရလျှင်၊ လက်တွေ့ဘဝတွင် သင်သည် ဘုရားသခင်နှင့် ခွဲခွာ၍ရမည် မဟုတ်ပေ၊ ပြီးလျှင် အကယ်၍ တစ်နေ့တွင် ဘုရားသခင်နှင့် သင့်ကြားရှိ ဆက်ဆံရေးသည် ပုံမှန်အတိုင်း မဟုတ်တော့လျှင်၊ သင်သည် ပြစ်တင်ရှုတ်ချမှုကို ခံနိုင်စွမ်းနှင့်နောင်တရနိုင်စွမ်းလည်း ရှိလိမ့်မည်။ သင်သည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး ရှိချိန်တွင် ဘုရားသခင်အား လုံးဝ စွန့်ခွာလိုစိတ် ရှိမည်မဟုတ်။ အကယ်၍ တစ်နေ့ ဘုရားသခင်က သင့်ကို စွန့်ခွာသွားမည်ဟု ပြောလျှင်၊ သင်သည် ကြောက်ရွံ့ကာ ဘုရားသခင် ထားခဲ့ခြင်းကို ခံရမည်ထက် အသေခံလိုက်မည်ဟု ပြောလိမ့်မည်။ ဤသို့သော စိတ်ခံစားချက်များ ရှိသည်နှင့် တစ်ပြိုင်နက် သင်သည် ဘုရားသခင်ကို စွန့်ခွာနိုင်စွမ်းမရှိဟု ခံစားလာရမည်ဖြစ်ပြီး၊ ဤနည်းအားဖြင့် သင်၌ အခြေခံအုတ်မြစ်တစ်ခု ရှိလာကာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၌ စစ်မှန်စွာ မွေ့လျော်လာနိုင်မည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည်

(၄၄၄) ယနေ့ ဘုရားသခင်ကို သင်မည်မျှချစ်သနည်း။ ထို့ပြင် သင့်အထဲ၌ ဘုရားသခင်လုပ်ဆောင်ထားသော အရာအားလုံးကို သင်မည်မျှသိသနည်း။ ဤအရာများမှာ သင့်အနေဖြင့် သင်ယူသင့်သည့် အရာများဖြစ်သည်။ ကမ္ဘာမြေကြီးပေါ်သို့ ဘုရားသခင် ရောက်ရှိလာသည့်အချိန်တွင် လူသားအထဲ၌ သူလုပ်ဆောင်ထားပြီး လူသားကို တွေ့မြင် ခွင့်ပေးထားသော အရာအားလုံးမှာ လူသားအနေဖြင့် သူ့ကိုချစ်လာပြီး အမှန်တကယ်သိကျွမ်းရန်အလို့ငှာ ဖြစ်သည်။ လူသားသည် ဘုရားသခင်အတွက် ဝေဒနာခံစားနိုင်ပြီး ဤအချိန်အထိ ရောက်ရှိ လာနိုင်သည်မှာ တစ်ဖက်တွင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကြောင့် ဖြစ်ပြီး၊ အခြားတစ်ဖက်တွင် ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့် ဖြစ်သည်၊ ထိုမျှမက လူသားအထဲ၌ ဘုရားသခင်လုပ်ဆောင်ထားသော တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုကြောင့်ဖြစ်သည်။ အကယ်၍ သင်တို့တွင် တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ဘုရားသခင်၏ စမ်းသပ်ခြင်းတို့ မရှိပါက၊ ထို့ပြင် ဘုရားသခင်သည် သင်တို့ကို ဝေဒနာမခံစားစေပါက ပွင့်ပွင့်လင်းလင်းပြောရသော် သင်တို့သည် ဘုရားသခင်ကို အမှန်တကယ်မချစ်ပေ။ လူသားအထဲ၌ ဘုရားသခင်၏ အမှုက ပိုကြီးပြီး လူသား၏ ဒုက္ခဝေဒနာက ပိုကြီးမားလေ၊ ဘုရားသခင်၏အမှုမှာ မည်မျှအဓိပ္ပာယ်ပြည့်ဝကြောင်း ပိုထင်ရှားလေ ဖြစ်ပြီး လူသား၏စိတ်နှလုံးမှာ ဘုရားသခင်ကို အမှန်တကယ် ပိုချစ်နိုင်လေဖြစ်သည်။ ဘုရားသခင်ကို မည်သို့ချစ်ရမည့်အကြောင်းကို သင်မည်ကဲ့သို့သင်ယူမည်နည်း။ ညှဉ်းဆဲခြင်းနှင့် စစ်ဆေးခြင်းတို့ မရှိပါက၊ နာကျင်သည့် စမ်းသပ်မှုများ မရှိပါက၊ ထို့ပြင် လူသားကို ဘုရားသခင်ပေးခဲ့သည်တို့မှာ ကျေးဇူးတော်၊ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာတို့သာဖြစ်ပါက၊ ဘုရားသခင်အပေါ် စစ်မှန်စွာ ချစ်ခြင်း အဆင့်တစ်ခုအထိ သင်ရောက်နိုင်မည်လော။ တစ်ဖက်တွင် လူသားသည် ဘုရားသခင်၏ စမ်းသပ်မှုကာလများအတွင်း သူ၏အားနည်းချက်များကို သိလာပြီး သူသည် အရေးမပါကြောင်း၊ စက်ဆုပ်ဖွယ်ဖြစ်ကြောင်း၊ နိမ့်ကျကြောင်း၊ သူ၌ မည်သည့်အရာမျှ မရှိကြောင်းနှင့် သူသည် အနတ္တဖြစ်ကြောင်း မြင်လေ၏။ အခြားတစ်ဖက်တွင် ဘုရားသခင်သည် သူ၏စမ်းသပ်မှု ကာလများအတွင်း သူ၏နှစ်လိုဖွယ်ကောင်းခြင်းကို လူသားအား ပိုမိုတွေ့ကြုံခံစားနိုင်စေသည့် မတူညီသော ပတ်ဝန်းကျင်များကို လူသား အတွက် ဖန်တီးပေး၏။ နာကျင်မှုသည် ကြီးမားပြီး တစ်ခါတစ်ရံ ပြင်းထန်သော ပူဆွေးမှုအဆင့်ကို ရောက်သည်အထိပင် မကျော်လွှားနိုင် ဖြစ်ရသော်လည်း၊ ၎င်းကို တွေ့ကြုံခံစားပြီးနောက် လူသားသည် သူ့အထဲ၌ ဘုရားသခင်၏အမှုမှာ မည်မျှနှစ်လိုဖွယ်ကောင်းကြောင်း မြင်လေ၏၊ ထို့ပြင် ဤအုတ်မြစ် အပေါ်၌သာ လူသားအတွင်းတွင် ဘုရားသခင်အတွက် စစ်မှန်သည့် ချစ်ခြင်းမေတ္တာ မွေးဖွားလာခြင်းဖြစ်သည်။ ယနေ့ကာလတွင် လူသားသည် ဘုရားသခင်၏ ကျေးဇူးတော်၊ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာ သက်သက်ဖြင့်သာဆိုလျှင် လူ့အနှစ်သာရကို သိရန် မဆိုထားနှင့်၊ သူ့ကိုယ်သူပင် အမှန်တကယ် မသိနိုင်ကြောင်း မြင်လေ၏။ ဘုရားသခင်၏ စစ်ဆေးခြင်းနှင့် တရားစီရင်ခြင်းနှစ်ခုလုံးဖြင့်သာ၊ ထိုကဲ့သို့သော စစ်ဆေးခြင်းကာလအတွင်း၌သာ လူသားသည် သူ၏ အားနည်းချက်များကို သိနိုင်ပြီး သူ၌ဘာမျှမရှိကြောင်းကို သိနိုင်သည်။ ထို့ကြောင့် ဘုရားသခင်အပေါ် လူသား၏ချစ်ခြင်းမေတ္တာသည် ဘုရားသခင်၏စစ်ဆေးခြင်းနှင့် တရားစီရင်ခြင်းအုတ်မြစ်ပေါ်၌ တည်ဆောက်ထားခြင်းဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်

(၄၄၅) ယနေ့တွင် လူအများစု၌ ထိုအသိပညာ မရှိကြပေ။ ဒုက္ခဝေဒနာခံစားရခြင်းမှာ တန်ဖိုးမရှိဟု ၎င်းတို့ယုံကြည်ကြသည်၊ ၎င်းတို့သည် လောကကြီး၏ စွန့်ပစ်ခြင်းကိုခံကြရသည်၊ ၎င်းတို့၏ နေအိမ်အသက်တာ၌ သောကရောက်ကြရသည်၊ ၎င်းတို့သည် ဘုရားသခင်၏ ချစ်မြတ်နိုးခြင်းကို မခံကြရဘဲ ၎င်းတို့၏ ရှေ့ရေးများမှာ စိတ်ဓာတ်ကျဖွယ်ရာဖြစ်၏။ အချို့သူများ၏ ဒုက္ခဝေဒနာခံစားရခြင်းမှာ လွန်ကဲပြင်းထန်လာပြီး ၎င်းတို့၏အတွေးများသည် သေခြင်းတရားဘက်သို့ လှည့်သွားကြသည်။ ဤသည်မှာ ဘုရားသခင်အတွက် စစ်မှန်သော ချစ်ခြင်းမဟုတ်ပေ။ ထိုသို့သော လူများသည် သူရဲဘောကြောင်သူများ ဖြစ်ကြပြီး ၎င်းတို့၌ ဇွဲလုံ့လဝီရိယ မရှိကြပေ၊ ၎င်းတို့သည် အားနည်းပြီး အစွမ်းမရှိသူများပင် ဖြစ်ကြတော့သည်။ ဘုရားသခင်သည် သူ့ကို လူသားတို့ ချစ်ကြရန် စိတ်ထက်သန်သော်လည်း၊ လူသားက သူ့ကိုချစ်လေ၊ လူသား၏ ဒုက္ခဝေဒနာက ပိုကြီးလေဖြစ်ပြီး၊ လူသားက သူ့ကိုချစ်လေ၊ လူသား၏ စမ်းသပ်မှုများက ပိုကြီးလေဖြစ်သည်။ သူ့ကို သင်ချစ်လျှင် သင့်အပေါ်သို့ ဒုက္ခဝေဒနာမျိုးစုံ ကျရောက်လိမ့်မည်ဖြစ်ပြီး သူ့ကို သင်မချစ်လျှင် သင့်အတွက် အရာရာ အဆင်ပြေချောမွေ့နေ၍ သင့်ပတ်ပတ်လည်၌ အရာခပ်သိမ်း ငြိမ်းချမ်းကောင်း ငြိမ်းချမ်း နေလိမ့်မည်။ ဘုရားသခင်ကို သင်ချစ်သည့်အခါ၊ သင့်ပတ်ပတ်လည်၌ ရှိနေသည့်အရာများစွာကို ကျော်လွှားနိုင်မည် မဟုတ်ဟု သင်ခံစားရလိမ့်မည်၊ သင်၏ဝိညာဉ်ရင့်ကျက်မှုသည် အလွန် နုနယ်သည့်အတွက် သင်သည် စစ်ဆေးခြင်းကို ခံရလိမ့်မည်။ ထိုမျှမက သင်သည် ဘုရားသခင်ကို ကျေနပ်အားရစေနိုင်ခြင်း မရှိဘဲ ဘုရားသခင်၏ အလိုတော်မှာ အလွန်မြင့်မားပြီး လူသားအနေဖြင့် လက်လှမ်းမမီနိုင်ဟု သင်အမြဲ ထင်မြင်ယူဆလိမ့်မည်။ ဤအရာအားလုံးကြောင့် သင်သည် စစ်ဆေးခြင်းခံရမည်၊ သင့်အတွင်း၌ အားနည်းချက် များစွာရှိပြီး ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသောအရာများစွာ ရှိသည့်အတွက်၊ သင်သည် အတွင်း၌ စစ်ဆေးခြင်းကို ခံရလိမ့်မည်။ သို့သော် စစ်ဆေးခြင်းဖြင့်သာ သန့်စင်ခြင်းသို့ ရောက်နိုင်ကြောင်းကို သင်တို့ ရှင်းလင်းစွာ တွေ့မြင်ကြရမည်။ ထို့ကြောင့် ဤနောက်ဆုံးသောကာလအတောအတွင်း သင်တို့သည် ဘုရားသခင်ကို သက်သေခံကြရမည်။ သင်တို့၏ ဒုက္ခဝေဒနာက မည်မျှပင်ကြီးမားပါစေ သင်တို့သည် ဆုံးခန်းတိုင်အောင် လျှောက်သွားသင့်သည်၊ ထို့အပြင် သင်တို့၏နောက်ဆုံး ထွက်သက်၌ပင်လျှင် သင်တို့သည် ဘုရားသခင်ကို သစ္စာရှိပြီး ဘုရားသခင်၏စီစဉ်ညွှန်ကြားမှုကို ကျိုးနွံနာခံနေရမည်။ ဤအရာသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်းဖြစ်ပြီး၊ ဤအရာသည်သာလျှင် ခိုင်မာ၍ ထူးကဲသည့် သက်သေခံချက်ဖြစ်သည်။ သင်သည် စာတန်၏စုံစမ်းနှောင့်ယှက်ခြင်း ခံရသည့်အချိန်တွင် “ကျွန်ုပ်၏ စိတ်နှလုံးသည် ဘုရားသခင်နှင့်သက်ဆိုင်ပြီး၊ ဘုရားသခင်သည် ကျွန်ုပ်ကို ရရှိပြီးဖြစ်သည်။ သင်ကျေနပ်အောင် ကျွန်ုပ်မလုပ်ပေးနိုင်၊ ကျွန်ုပ်၏ အရာအားလုံးကို ဘုရားသခင် ကျေနပ်အားရစေရန် ဆက်ကပ်ရမည်” ဟု သင်ပြောသင့်သည်။ သင်သည် ဘုရားသခင်ကို ကျေနပ်မှုပေးလေ၊ ဘုရားသခင်သည် သင့်ကို ပို၍ကောင်းချီး ပေးလေဖြစ်ပြီး၊ ဘုရားသခင်ကို ချစ်သည့် သင်၏ပြင်းအားလည်း ပိုကြီးမားလာလေဖြစ်သည်။ ထို့နည်းတူ သင်၌ ယုံကြည်ခြင်းနှင့် စိတ်ဆုံးဖြတ်ချက်တို့ ရှိလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်ကို ချစ်ခြင်းဖြင့် အသက်တာကို ကုန်ဆုံးစေခြင်းထက် မည်သည့်အရာကမျှ ပို၍မထိုက်တန်၊ သို့မဟုတ် ပို၍အရေးမပါဟု သင်ခံစားလာရလိမ့်မည်။ လူသားသည် ဘုရားသခင်ကို ချစ်နေလျှင် သောကကင်းမည်ဟု ဆိုနိုင်သည်။ သင်၏ဇာတိပကတိက အားနည်းပြီး သင်သည် များစွာသော ဒုက္ခပြဿနာစစ်စစ်တို့၏ ဝန်းရံခြင်းကို ခံရသည့်အချိန်များ ရှိသော်လည်း၊ ယင်းအချိန်ကာလများတွင် သင်သည် ဘုရားသခင်ကို အမှန်တကယ် အားကိုးလိမ့်မည်၊ ထို့ပြင် သင့်ဝိညာဉ် အတွင်း၌ သင်သည် နှစ်သိမ့်ခြင်းကို ခံရ၍ စိတ်ချသေချာမှုကို ခံစားရလိမ့်မည်၊ သင်၌ အားကိုးမှီခိုစရာ ရှိသည်ဟုလည်း ခံစားရလိမ့်မည်။ ဤနည်းလမ်းဖြင့် သင်သည် ပတ်ဝန်းကျင်အခြေအနေများစွာကို အောင်မြင်ကျော်လွှားနိုင်လိမ့်မည် ဖြစ်သောကြောင့် သင်ခံစားရသည့် ပြင်းထန်သောဝေဒနာအတွက် ဘုရားသခင်ကို သင် ညည်းညူတော့မည် မဟုတ်ပေ။ ထိုအစား သင်သည် သီဆိုကခုန်ပြီး ဆုတောင်းပတ္ထနာပြုရန်၊ စုဝေးပြီး ပြောဆိုဆွေးနွေးရန်၊ ဘုရားသခင်အကြောင်း ဆင်ခြင်ရန် ဆန္ဒရှိလာ၍ သင့်ပတ်လည်၌ ဘုရားသခင် စီစဉ်ပေးထားသည့် လူများ၊ ကိစ္စများနှင့် အမှုအရာများ အားလုံးသည် အံကိုက်ဖြစ်နေကြောင်းကို သင်ခံစားရလိမ့်မည်။ ဘုရားသခင်ကို သင်မချစ်လျှင်၊ သင်ကြည့်သမျှ အရာအားလုံးမှာ သင့်အတွက် ဒေါသထွက်စရာ ဖြစ်နေမည်ဖြစ်ပြီး သင့်အမြင်တွင် မည်သည့်အရာကမျှ နှစ်လိုဖွယ်ရာမရှိ ဖြစ်နေလိမ့်မည်။ သင့်ဝိညာဉ်အတွင်း၌ သင်သည် လွတ်လပ်မှုမရှိဘဲ ဖိနှိပ်ခံနေရလိမ့်မည်၊ သင့်စိတ်နှလုံးသည် ဘုရားသခင်နှင့်ပတ်သက်၍ အမြဲ ညည်းညူလိမ့်မည်ဖြစ်ကာ သင်သည် ညှဉ်းပန်းနှိပ်စက်မှုများစွာကို ခံနေရပြီး ၎င်းမှာ အလွန်တရားမမျှတဟု သင်အမြဲခံစားရလိမ့်မည်။ သင်သည် ပျော်ရွှင်မှုအတွက် မလိုက်စားဘဲ၊ ဘုရားသခင်ကို ကျေနပ်မှုပေးရန်နှင့် စာတန်၏ စွပ်စွဲမှုကို မခံရရန် လိုက်စားသည်ဆိုပါက ထိုကဲ့သို့သော လိုက်စားမှုသည် သင့်ကို ဘုရားသခင်အား ချစ်ရန်အတွက် ကြီးမားသည့်ခွန်အားပေးလိမ့်မည်။ လူသားသည် ဘုရားသခင် မြွက်ကြားခဲ့သမျှကို လုပ်ဆောင်နိုင်စွမ်းရှိပြီး သူလုပ်ဆောင်သမျှသည် ဘုရားသခင်ကို ကျေနပ်မှုပေးနိုင်သည်- စစ်မှန်မှုကို ပိုင်ဆိုင်ခြင်းဟူသည်မှာ ဤအရာကို ဆိုလိုသည်။ ဘုရားသခင်၏ ကျေနပ်မှုကို လိုက်စားခြင်းသည် သူ၏နှုတ်ကပတ်တော်များကို လက်တွေ့ကျင့်ကြံရန် ဘုရားသခင် အပေါ်ထားသည့် ချစ်ခြင်းကို အသုံးပြုခြင်းဖြစ်သည်။ မည်သည့် အချိန်၌ပင်ဖြစ်စေ၊ အခြားသူများ အင်အားမရှိသည့် အချိန်တွင်ပင် သင့်အတွင်း၌ ဘုရားသခင်ကို ချစ်နေသည့် နှလုံးသား၊ ဘုရားသခင်ကို လေးလေးနက်နက် တောင့်တနေပြီး၊ ဘုရားသခင်ကို လွမ်းဆွတ်နေသည့် နှလုံးသားတစ်ခု ရှိနေသေးသည်။ ဤသည်ကား စစ်မှန်သည့် ဝိညာဉ်ရင့်ကျက်မှုဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်

(၄၄၆) လူသားသည် စာတန်၏ လွှမ်းမိုးမူအောက်သို့ အလွယ်ဆုံး ကျရောက်နိုင်သည်မှာ ခါးသီးသော စစ်ဆေးမှု အတောအတွင်းတွင် ဖြစ်သည်၊ ထို့ကြောင့် ထိုသို့စစ်ဆေးခြင်း အတောအတွင်းတွင် သင်သည် ဘုရားသခင်ကို မည်သို့ ချစ်သင့်သနည်း။ သင်သည် သင်၏ စိတ်နှလုံးကို ဘုရားသခင်၏ ရှေ့မှောက်တွင် ချထားရင်းနှင့် သင်၏ နောက်ဆုံးအချိန်ကို သူ့ထံ ဆက်ကပ်ရင်း၊ သင်၏ စိတ်စွမ်းအားကို လှုံ့ဆော်သင့်ပေသည်။ ဘုရားသခင်က သင့်ကို မည်သို့ စစ်ဆေးသည်ဖြစ်စေ၊ သင်သည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းရန် သမ္မာတရားကို လက်တွေ့ လုပ်ဆောင်နိုင်သင့်ပြီး ဘုရားသခင်ကို ရှာဖွေရန်နှင့် မိတ်သဟာယဖွဲ့ခြင်းကို ရှာဖွေရန် သင်ကိုယ်တိုင် လုပ်ဆောင်သင့်သည်။ ဤသို့သောအချိန်များတွင် သင်သည် မတုန်မလှုပ် ဖြစ်လေလေ အပျက်သဘောဆောင်လာလေ ဖြစ်လိမ့်မည်ဖြစ်ပြီး သင့်အတွက် ဆုတ်ယုတ်ဖို့ ပိုလွယ်ကူလေလေ ဖြစ်လိမ့်မည်။ သင်၏ လုပ်ငန်းတာဝန်ကို သင်ထမ်းဆောင်ဖို့ လိုအပ်သည့်အခါ၊ သင်သည် ကောင်းစွာ မထမ်းဆောင်သော်လည်း၊ သင် တတ်နိုင်သမျှ လုပ်ဆောင်ပြီး ဘုရားသခင်အပေါ် သင်၏ချစ်ခြင်းထက် မည်သည့်အရာကိုမျှ မသုံးဘဲ ထိုသို့ လုပ်ဆောင်၏။ အခြားလူများ မည်သည့်အရာ ပြောသည်ဖြစ်စေ- သင်သည် ကောင်းစွာ လုပ်ဆောင်ခဲ့သည် သို့မဟုတ် သင်သည် ဆိုးရွားစွာ လုပ်ဆောင်ခဲ့သည်ဟု ၎င်းတို့ ပြောကြသည်ဖြစ်စေ- သင်၏ ရည်ရွယ်ချက်များသည် မှန်ကန်ပြီး သင်သည် ဘုရားသခင်ကိုယ်စား ပြုမူနေသည့်အတွက် မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု မှတ်ယူခြင်းမရှိပေ။ အခြားသူများက သင့်ကို နားလည်မှုလွဲသောအခါ သင်သည် ဘုရားသခင်ထံ ဆုတောင်းပြီး၊ “အိုး ဘုရားသခင်။ အခြားသူများက အကျွန်ုပ်ကို သည်းခံဖို့၊ သို့မဟုတ် ကျွန်ုပ်ကို ကောင်းကောင်း ဆက်ဆံဖို့ ကျွန်ုပ် မတောင်းဆိုသကဲ့သို့၊ ၎င်းတို့ ကျွန်ုပ်ကို နားလည်ဖို့ သို့မဟုတ် လက်ခံဖို့ ကျွန်ုပ် မတောင်းဆိုပါ။ ကျွန်ုပ်၏ နှလုံးသားထဲတွင် ကိုယ်တော့်ကို ချစ်နိုင်ဖို့၊ ကျွန်ုပ်၏ နှလုံးသားထဲတွင် ငြိမ်းငြိမ်းချမ်းချမ်းရှိဖို့နှင့် ကျွန်ုပ်၏ လိပ်ပြာသန့်နိုင်ဖို့သာ ကျွန်ုပ်တောင်းဆိုပါ၏။ အခြားသူများက ကျွန်ုပ်ကို ချီးကျူးဖို့၊ သို့မဟုတ် ကျွန်ုပ်ကို အထင်ကြီးလေးစားဖို့ ကျွန်ုပ် မတောင်းဆိုပါ။ ကျွန်ုပ်နှလုံးသားမှ ကိုယ်တော့်ကို စိတ်ကျေနပ်စေဖို့သာ အကျွန်ုပ် ကြိုးစားပါသည်။ ကျွန်ုပ် တတ်နိုင်သမျှ လုပ်ဆောင်ခြင်းအားဖြင့် ကျွန်ုပ်၏အခန်းကဏ္ဍကို ကျွန်ုပ်ထမ်းဆောင်ပြီး၊ အကျွန်ုပ်သည် မိုက်မဲသောသူ၊ စဉ်းစားဉာဏ်မရှိသောသူ၊ အရည်အချင်း ညံ့ဖျင်းသောသူနှင့် မျက်စိကန်းသောသူ ဖြစ်သော်လည်း၊ ကိုယ်တော်သည် ချစ်ခင်နှစ်လိုဖွယ်ကောင်းသည်ကို ကျွန်ုပ်သိပြီး၊ ကျွန်ုပ်၌ ရှိသမျှအားလုံးကို ကိုယ်တော်ထံ ဆက်ကပ်ဖို့ ဆန္ဒရှိပါသည်” ဟု ဆိုနိုင်စွမ်း ရှိပေသည်။ ဤနည်းဖြင့် သင်ဆုတောင်းသည်နှင့် တစ်ပြိုင်နက်၊ ဘုရားသခင်အတွက် သင်၏ ချစ်ခြင်းမေတ္တာသည် ထွက်ပေါ်လာပြီး သင်၏စိတ်နှလုံးထဲတွင် သာ၍များစွာ စိတ်သက်သာရာ ရလေသည်။ ဤသည်မှာ ဘုရားသခင်ကို ချစ်ခြင်းအား လက်တွေ့လုပ်ဆောင်ခြင်းကို ဆိုလိုသည့်အရာ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စစ်ဆေးခြင်းကိုကြုံတွေ့ခြင်းအားဖြင့်သာ လူသားသည် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်နိုင်သည်

(၄၄၇) စစ်ဆေးခြင်း အတောအတွင်းတွင် လူသားသည် ဘုရားသခင်ကို မည်သို့ ချစ်သင့်သနည်း။ ဘုရားသခင်၏ စစ်ဆေးခြင်းကို လက်ခံဖို့ ကိုယ်တော်ကို ချစ်ရန်သန္နိဌာန်ကို အသုံးပြုခြင်းဖြင့်- စစ်ဆေးခြင်းအတောအတွင်းတွင် သင်သည် ဓားတစ်လက်က သင်၏ နှလုံးသားကို မွှေနှောက်လျက်ရှိသကဲ့သို့ အတွင်းပိုင်း၌ ညှဉ်းဆဲ ခံရသော်လည်း၊ သင်သည် ဘုရားသခင်ကို ချစ်သည့် သင်၏နှလုံးသားကို အသုံးပြုလျက် ဘုရားသခင်ကို စိတ်ကျေနပ်စေရန် လိုလိုလားလားရှိနေပြီး၊ ဇာတိပကတိကို ဂရုစိုက်ရန် လိုလိုလားလား ရှိမနေပေ။ ဤသည်မှာ ဘုရားသခင်ကို ချစ်ခြင်းအား လက်တွေ့လုပ်ဆောင်ခြင်းကို ဆိုလိုသည့်အရာ ဖြစ်သည်။ သင်သည် အတွင်းပိုင်းကို နာကျင်နေပြီး သင်၏ ဆင်းရဲဒုက္ခခံစားမှုသည် အတိုင်းအတာတစ်ခုထိ ရောက်ရှိပြီးဖြစ်သော်လည်း၊ သင်သည် ဘုရားသခင်၏ ရှေ့မှောက်သို့ လာရန် ဆန္ဒရှိဆဲဖြစ်ကာ၊ “အိုး ဘုရားသခင်။ ကျွန်ုပ်သည် ကိုယ်တော်ကို မစွန့်ခွာနိုင်ပါ။ ကျွန်ုပ်အတွင်းတွင် မှောင်မိုက်သော်လည်း ကိုယ်တော်ကို ကျေနပ်စေရန် ဆန္ဒရှိပါသည်။ ကိုယ်တော်သည် ကျွန်ုပ်၏ နှလုံးသားကို သိပြီး၊ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာကို ကျွန်ုပ်အထဲတွင် ပို၍မြှုပ်နှံစေလိုပါ၏” ဟု ဆိုလျက်၊ ဆုတောင်းသည်။ ဤအရာကို စစ်ဆေးခြင်း အတောအတွင်းတွင် လက်တွေ့လုပ်ဆောင်မှု ဖြစ်လေသည်။ သင်သည် ဘုရားသခင်ကို ချစ်ခြင်းအား အခြေခံအုတ်မြစ်အဖြစ် အသုံးပြုလျှင် စစ်ဆေးခြင်းသည် သင့်ကို ဘုရားသခင်နှင့် ပိုနီးစပ်အောင် ဆောင်ကြဉ်း သွားနိုင်ပြီး ဘုရားသခင်နှင့် သာ၍ ရင်းနှီးစေနိုင်၏။ ဘုရားသခင်ကို သင် ယုံကြည်သည့်အတွက်၊ သင်၏နှလုံးသားကို ဘုရားသခင်ထံ သင် လွှဲပြောင်းပေးအပ်ရမည်။ အကယ်၍ သင်သည် သင်၏နှလုံးသားကို ဘုရားသခင် ရှေ့မှောက်တွင် ဆက်ကပ်ပြီး ချခင်းထားပါက၊ စစ်ဆေးခြင်း အတောအတွင်းတွင် ဘုရားသခင်ကို ငြင်းပယ်ရန် သို့မဟုတ် ဘုရားသခင်ကို စွန့်ခွာရန်မှာ သင့်အတွက် မဖြစ်နိုင်ပေ။ ဤနည်းဖြင့်၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ယခင်ထက် သာ၍ နီးကပ်လာမည် ဖြစ်ပြီး၊ ယခင်ထက် သာ၍ ပုံမှန်ဖြစ်လာလိမ့်မည် ဖြစ်ကာ၊ ဘုရားသခင်နှင့် သင်၏ မိတ်သဟာယဖွဲ့ခြင်းသည် ယခင်ထက်သာ၍ ကြိမ်ဖန် များလာလိမ့်မည် ဖြစ်သည်။ သင်သည် ဤနည်းလမ်းဖြင့် အမြဲ လက်တွေ့လုပ်ဆောင်ပါက၊ ဘုရားသခင်၏အလင်း၌ ပို၍ အချိန်ကုန်ဆုံးလိမ့်မည် ဖြစ်ပြီး၊ သူ၏နှုတ်ကပတ်တော်၏ လမ်းပြမူအောက်တွင် ပို၍ အချိန်ကုန်ဆုံး လိမ့်မည် ဖြစ်သည်။ သင်၏ စိတ်သဘောထားတွင်လည်း ပို၍ ပို၍ အပြောင်းအလဲများ ရှိလိမ့်မည်ဖြစ်ပြီး၊ သင်၏ အသိပညာသည် တစ်နေ့ထက် တစ်နေ့ တိုးပွားလိမ့်မည်။ ဘုရားသခင်၏ စမ်းသပ်မှုများ သင့်အပေါ် ရုတ်တရက် ကျရောက်သည့် ရက် ရောက်လာသည့်အခါတွင်၊ သင်သည် ဘုရားသခင် ဘက်တွင် ရပ်တည်ပေးနိုင်လိမ့်မည် ဖြစ်ရုံသာမက၊ ဘုရားသခင်ကိုလည်း သက်သေခံနိုင်လိမ့်မည် ဖြစ်သည်။ ထိုအချိန်တွင်၊ သင်သည် ယောဘနှင့် ပေတရုကဲ့သို့ ဖြစ်မည်။ ဘုရားသခင်ကို သက်သေခံရင်း၊ သင်သည် သူ့ကို အမှန်တကယ် ချစ်လိမ့်မည်ဖြစ်ပြီး သူ့အတွက် သင့်အသက်ကို ဝမ်းမြောက်စွာ စွန့်လွှတ်လိမ့်မည် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ သက်သေဖြစ်ကာ ဘုရားသခင် ချစ်သောသူတစ်ဦး ဖြစ်လိမ့်မည်။ စစ်ဆေးခြင်းကို ကြုံတွေ့ခံစားရပြီးဖြစ်သည့် ချစ်ခြင်းမေတ္တာသည် အားနည်းခြင်းမရှိဘဲ၊ သန်မာလေသည်။ ဘုရားသခင်က သင့်ကို သူ၏ စမ်းသပ်မှုများအား မည်သည့်အချိန် သို့မဟုတ် မည်သို့ ခံစားစေသည်ကို ပဓာနမထားဘဲ၊ သင် ရှင်မည်လား သေမည်လားဆိုသည်နှင့်ပတ်သက်၍ သင်၏စိုးရိမ်ပူပန်မှုများကို စွန့်လွှတ်နိုင်သည်၊ ဘုရားသခင်အတွက် အရာရာကို ဝမ်းမြောက်စွာ ဘေးဖယ်ထားနိုင်၍ ဘုရားသခင်အတွက် မည်သည့်အရာကိုမဆို ပျော်ရွှင်စွာ သည်းခံနိုင်လေသည်- ထိုသို့ဖြင့် သင်၏ချစ်ခြင်းမေတ္တာသည် ဖြူစင်ပြီး သင်၏ ယုံကြည်ခြင်းသည် စစ်မှန်လိမ့်မည်။ ထိုအခါမှသာ သင်သည် ဘုရားသခင်၏ အမှန်တကယ် ချစ်ခြင်းခံရသောသူနှင့် ဘုရားသခင်၏ စုံလင်စေခြင်းကို အမှန်တကယ် ခံရသောသူတစ်ဦး ဖြစ်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စစ်ဆေးခြင်းကိုကြုံတွေ့ခြင်းအားဖြင့်သာ လူသားသည် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်နိုင်သည်

(၄၄၈) ဘုရားသခင်သည် သူ၏ အမှုက လိုအပ်သောကြောင့်အပြင်၊ လူသားက လိုအပ်သောကြောင့်၊ လူကို ပြစ်တင်ဆုံးမပြီး တရားစီရင်သည်။ လူသည် ပြစ်တင်ဆုံးမခံရဖို့နှင့် တရားစီရင်ခံရဖို့ လိုအပ်ပြီး၊ ထိုအခါမှသာ ဘုရားသခင်ကို ချစ်ခြင်းအား စွမ်းဆောင် ရရှိနိုင်ပေသည်။ ယနေ့တွင် သင်တို့ လုံးဝ လက်ခံယုံကြည်သွားပြီ ဖြစ်သော်လည်း၊ သင်တို့သည် အနည်းငယ်မျှသော ဆုတ်ဆိုင်းမှုကို ကြုံရသည့်အခါ၊ ဒုက္ခ ရောက်တော့သည်။ သင်တို့၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန်သေးငယ်ဆဲဖြစ်ပြီး၊ သင်သည် ပိုမိုနက်ရှိုင်းသော အသိကို ရရှိရန်အလို့ငှာ ထိုသို့သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ပိုမိုကြုံတွေ့ရန် လိုအပ်ဆဲဖြစ်သည်။ ယနေ့တွင် သင်တို့သည် ဘုရားသခင်ကို ရိုသေလေးမြတ်မှု အချို့ရှိပြီး၊ ဘုရားသခင်ကို ကြောက်ရွံ့သည်၊ ပြီးလျှင် သူသည် စစ်မှန်သော ဘုရားသခင်ဖြစ်သည်ကို သင်တို့သိသော်လည်း၊ ဖြူစင်သော ချစ်ခြင်းကို သင်တို့ရရှိရန် မဆိုထားနှင့် သူ့ကို ကြီးမားသောချစ်ခြင်း မရှိပေ။ သင်တို့၏ အသိပညာသည် အလွန်အပေါ်ယံဖြစ်ကာ သင်တို့၏ ဝိညာဉ်ရင့်ကျက်မှုသည် မလုံလောက်သေးပေ။ သင်တို့သည် ပတ်ဝန်းကျင်တစ်ခုကို အမှန်တကယ် ကြုံရချိန်တွင်၊ သင်တို့သည် သက်သေခံခြင်း မရှိသေးသကဲ့သို့၊ သင်တို့၏ အလွန်နည်းပါးသော ဝင်ရောက်မှုကသာ အခြေအနေဖန်တီးလုပ်ဆောင်ပြီး၊ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သင်တို့မသိပေ။ လူအများစုသည် မတုန်မလှုပ်နှင့် တက်ကြွမှု မရှိကြ။ ၎င်းတို့သည် ဘုရားသခင်အား ၎င်းတို့၏ နှလုံးသားများ၌သာ တိတ်တဆိတ် ချစ်ကြသော်လည်း၊ လက်တွေ့လုပ်ဆောင်မှု နည်းလမ်း မရှိကြသကဲ့သို့၊ ၎င်းတို့၏ ရည်မှန်းချက်များက မည်သည့်အရာများဖြစ်သည် ဆိုသည်နှင့် ပတ်သက်၍ မရှင်းလင်းကြချေ။ စုံလင်စေခြင်းခံရပြီးသောသူများသည် သာမန်လူ့သဘာဝကို ပိုင်ဆိုင်သည်သာမက၊ အသိစိတ်၏ စံနှုန်းများထက် မြင့်မားသည့် အသိစိတ် အတိုင်းအတာများကို ကျော်လွန်သည့် သမ္မာတရားများကို ပိုင်ဆိုင်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ရန် ၎င်းတို့၏ အသိစိတ်ကို အသုံးပြုရုံသာမက၊ ထို့ထက်ပို၍ ၎င်းတို့သည် ဘုရားသခင်ကို သိရှိကြပြီးဖြစ်ကာ၊ ဘုရားသခင်သည် ချစ်ခင်ဖွယ် ဖြစ်ကာ၊ လူသား၏ ချစ်ခြင်းနှင့် ထိုက်တန်ပြီး၊ ဘုရားသခင်၏ အထဲတွင် ချစ်ဖို့ အရာများလှစွာ ရှိသည်ကို တွေ့မြင်ပြီးဖြစ်သည်။ လူသားသည် ဘုရားသခင်ကို မချစ်ဘဲ မနေနိုင်ပေ။ စုံလင်စေခြင်း ခံရပြီးသောသူတို့၏ ဘုရားသခင်ကို ချစ်ခြင်းသည် ၎င်းတို့၏ ကိုယ်ပိုင် ပြင်းပြသော စိတ်ဆန္ဒများကို ဖြည့်ဆည်းရန်အလို့ငှာ ဖြစ်သည်။ ၎င်းတို့၏ ချစ်ခြင်းသည် အလိုအလျောက်ဖြစ်သော ချစ်ခြင်း၊ အပြန်အလှန်အားဖြင့် မည်သည့်အရာကိုမျှ မတောင်းဆိုသကဲ့သို့၊ အပေးအယူမဟုတ်သည့် ချစ်ခြင်းတစ်ခု ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်နှင့်ဆိုင်သည့် ၎င်းတို့၏ အသိပညာကြောင့်သာ ဘုရားသခင်ကို ချစ်ကြပေသည်။ ထိုသို့သော လူများသည် ၎င်းတို့အပေါ် ဘုရားသခင်က ကျေးဇူးတော်များ အပ်နှင်းသည်၊ မအပ်နှင်းသည်ကို ဂရုမစိုက်ကြသကဲ့သို့၊ ဘုရားသခင်အား ကျေနပ်စေခြင်းဖြင့်သာ ကျေနပ်ရောင့်ရဲကြသည်။ ၎င်းတို့သည် ဘုရားသခင်နှင့် အပေးအယူ မလုပ်ကြသကဲ့သို့၊ ဘုရားသခင်နှင့် ဆိုင်သည့် ၎င်းတို့၏ ချစ်ခြင်းကို အသိစိတ်ဖြင့် မတိုင်းတာကြပေ- “ကိုယ်တော် ကျွန်ုပ်ကို ပေးပြီးဖြစ်သည်၊ ထို့ကြောင့် အပြန်အလှန်အားဖြင့် ကိုယ်တော့်ကို ကျွန်ုပ်ချစ်သည်။ ကျွန်ုပ်အား ကိုယ်တော်မပေးလျှင်၊ အပြန်အလှန်အားဖြင့် ကိုယ်တော့်အတွက် မည်သည့်အရာမျှ ကျွန်ုပ်တွင် မရှိပါ။” စုံလင်စေခြင်း ခံရပြီးသောသူများက- “ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်ပြီး သူသည် ကျွန်ုပ်တို့အပေါ်၌ သူ့အမှုကို ဆောင်ရွက်သည်။ ကျွန်ုပ်သည် စုံလင်စေခြင်းခံရဖို့ ဤအခွင့်အရေး၊ အခြေအနေနှင့် အရည်အချင်းများ ရှိသည့်အတွက်၊ ကျွန်ုပ်၏ လိုက်စားမှုသည် အဓိပ္ပာယ်ရှိသော အသက်တာတစ်ခုကို အသက်ရှင်နေထိုင်ရန်ဖြစ်ပြီး၊ ဘုရားသခင်ကို ကျွန်ုပ် စိတ်ကျေနပ်စေသင့်သည်” ဟု အမြဲ ယုံကြည်ကြလေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ

(၄၄၉) သူ၏ တစ်သက်တာအတွင်းတွင်၊ ပေတရုသည် စစ်ဆေးခြင်းကို အကြိမ်ရာချီ ကြုံတွေ့ခဲ့ပြီး နာကျင်စရာ ဒုက္ခသုက္ခများစွာကို ကြုံခဲ့ရသည်။ ဤစစ်ဆေးခြင်းသည် ဘုရားသခင်ကို သူ၏ အထွတ်အထိပ် ချစ်ခြင်းအတွက် အခြေခံအုတ်မြစ်ဖြစ်လာခဲ့သကဲ့သို့ သူ၏ အသက်တာတစ်ခုလုံး၏ အရေးပါဆုံးသော အတွေ့အကြုံလည်း ဖြစ်လာခဲ့သည်။ ဘုရားသခင်ကို အထွတ်အထိပ် ချစ်ခြင်းမေတ္တာ သူပိုင်ဆိုင်နိုင်ခဲ့သည်မှာ တစ်နည်းအားဖြင့် ဘုရားသခင်ကို ချစ်ဖို့ သူ၏သန္နိဋ္ဌာန်ကြောင့်ဖြစ်သည်။ သို့သော်၊ ပို၍အရေးကြီးသည်မှာ သူကြုံခဲ့ရသည့် စစ်ဆေးခြင်းနှင့် ဆင်းရဲဒုက္ခကြောင့် ဖြစ်သည်။ ဤဆင်းရဲဒုက္ခသည် ဘုရားသခင်ကို ချစ်ခြင်းလမ်းကြောင်းပေါ် သူ၏လမ်းပြဖြစ်လာခဲ့ပြီး၊ သူ့အဖို့ အမှတ်ရဆုံးအရာ ဖြစ်လာခဲ့သည်။ လူတို့သည် ဘုရားသခင်ကို ချစ်သောအခါ၌ စစ်ဆေးခြင်း၏ နာကျင်မှုကို မကြုံရပါက၊ ၎င်းတို့၏ ချစ်ခြင်းမေတ္တာသည် မစင်ကြယ်မှုများနှင့် ၎င်းတို့၏ ဦးစားပေးမှုများဖြင့် ပြည့်နေသည်၊ ဤသို့သောချစ်ခြင်းတွင် စာတန်၏ စိတ်ကူးများ ပြည့်နေပြီး၊ အခြေခံအားဖြင့် ဘုရားသခင်၏ အလိုတော်ကို မဖြည့်ဆည်းပေးနိုင်ပေ။ ဘုရားသခင်ကိုချစ်ရန် သန္နိဋ္ဌာန်ရှိခြင်းသည် ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်းနှင့် မတူပေ။ ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့ စဉ်းစားသည့် အရာများအားလုံးသည် ဘုရားသခင်ကို ချစ်ခြင်းနှင့် ကျေနပ်စေခြင်းအတွက် ဖြစ်သော်လည်း၊ ၎င်းတို့၏ အတွေးများက ဘုရားသခင်ကို လုံးဝ ဆက်ကပ်အပ်နှံပြီး မည်သည့်လူသားစိတ်ကူးမျှ လုံးဝမရှိသည့်ပုံရသော်လည်း၊ ၎င်းတို့၏ အတွေးများ ဘုရားသခင်ရှေ့မှောက်သို့ ယူဆောင်ခံရသောအခါတွင်၊ ဘုရားသခင်သည် ထိုသို့သောအတွေးများကို မချီးကျူးပေ သို့မဟုတ် ကောင်းချီးမပေးပေ။ လူများသည် သမ္မာတရားများ အားလုံးကို အပြည့်အဝ နားလည်သောအခါ၌ပင်- ထိုအရာအားလုံးကို ၎င်းတို့သိလာသောအခါ၌ပင်- ဤသည်မှာ ဘုရားသခင်ကို ချစ်ခြင်း လက္ခဏာဖြစ်သည်ဟု ပြော၍မရသကဲ့သို့၊ ဤလူတို့သည် ဘုရားသခင်ကို အမှန်တကယ် ချစ်သည်ဟု ပြော၍မရပေ။ စစ်ဆေးခြင်းမကြုံရဘဲ သမ္မာတရားများစွာကို နားလည်ခြင်းရှိသော်လည်း၊ လူတို့သည် ဤသမ္မာတရားများကို လက်တွေ့လုပ်ဆောင်ရန် တတ်စွမ်းနိုင်ခြင်းမရှိကြချေ။ စစ်ဆေးခြင်းအတောအတွင်း၌သာ လူများသည် ဤသမ္မာတရားများ၏ စစ်မှန်သော အဓိပ္ပာယ်ကို နားလည်နိုင်သည်၊ ထိုအခါမှသာ လူတို့သည် ထိုသမ္မာတရားများ၏ အတွင်းပိုင်းအဓိပ္ပာယ်ကို စစ်မှန်စွာ သဘောပေါက်နိုင်သည်။ ထိုအချိန်တွင် ၎င်းတို့ တစ်ဖန် ကြိုးစားကြသောအခါ၊ သမ္မာတရားများကို မှန်ကန်စွာနှင့် ဘုရားသခင်၏ အလိုတော်နှင့်အညီ ၎င်းတို့ လက်တွေ့ လုပ်ဆောင်နိုင်ကြလေသည်။ ထိုအချိန်တွင်၊ ၎င်းတို့၏ လူ့စိတ်ကူးများ နည်းပါးလာသည်၊ ၎င်းတို့၏ လူ့ဖောက်ပြန်ပျက်စီးခြင်း လျော့နည်းသွားပြီး၊ ၎င်းတို့၏ လူ့စိတ်ခံစားမှုတို့သည်လည်း လျော့သွားလေသည်။ ထိုအချိန်မှသာလျှင် ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုသည် ဘုရားသခင်ကို ချစ်ခြင်း၏ စစ်မှန်သော သရုပ်သကန် ဖြစ်လေသည်။ ဘုရားသခင်ကို ချစ်ခြင်းနှင့်ဆိုင်သည့် သမ္မာတရား၏ အကျိုးသက်ရောက်မှုကို နှုတ်ပြောအသိပညာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ လိုလားမှုတို့မှတစ်ဆင့် မရရှိသကဲ့သို့၊ ထိုသမ္မာတရားကို သိနားလည်ခြင်း သက်သက်အားဖြင့် မရရှိနိုင်ပေ။ ယင်းသည် လူတို့က အဖိုးအခပေးဖို့ လိုအပ်သည်၊ ၎င်းတို့အနေဖြင့် စစ်ဆေးခြင်းအတောအတွင်းတွင် များစွာသော ခါးသီးမှုကို ကြုံရန် လိုအပ်ပြီး၊ ထိုအခါမှသာ ၎င်းတို့၏ ချစ်ခြင်းမေတ္တာသည် ဖြူစင်လာလိမ့်မည် ဖြစ်ပြီး ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်နိုင်လိမ့်မည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စစ်ဆေးခြင်းကိုကြုံတွေ့ခြင်းအားဖြင့်သာ လူသားသည် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်နိုင်သည်

(၄၅၀) သူ့အသက်ဆုံးခါနီး၊ စုံလင်စေခြင်းကို ခံရပြီးနောက် ပေတရုက- “အို ဘုရားသခင်၊ နှစ်အနည်းငယ် ကျွန်ုပ် အသက်ဆက်ရှင်ရမည်ဆိုလျှင် ကျွန်ုပ်သည် ကိုယ်တော်အား ပိုမိုဖြူစင်စွာနှင့် ပိုမိုလေးနက်စွာ ချစ်ခြင်းကို ရရှိလိုပါသည်” ဟု ဆိုခဲ့သည်။ ကားတိုင်ပေါ်၌ အတင်ခံရဆဲဆဲအချိန်တွင် စိတ်နှလုံးထဲမှ သူဆုတောင်းသည်မှာ- “အို ဘုရားသခင်၊ ကိုယ်တော်၏အချိန် ယခု ကျရောက်ပါပြီ၊ ကျွန်ုပ်အတွက် ကိုယ်တော်ပြင်ဆင်ထားသောအချိန် ကျရောက်ပါပြီ။ ကျွန်ုပ်သည် ကိုယ်တော်အတွက် အသေခံရမည်၊ ကိုယ်တော့်ထံ ဤသက်သေခံချက်ကို ကျွန်ုပ်ပြုရမည်၊ ပြီးလျှင် ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာသည် ကိုယ်တော်၏ တောင်းဆိုချက်များကို ဖြည့်ဆည်းနိုင်လိမ့်မည်၊ ချစ်ခြင်းသည်လည်း ပိုမိုဖြူစင်လာ နိုင်မည်ဟု ကျွန်ုပ်မျှော်လင့်ပါသည်။ ယနေ့၊ ကိုယ်တော်အတွက် အသေခံနိုင်ခြင်းနှင့် ကိုယ်တော်အတွက် ကားစင်တင်ခံရခြင်း တို့သည် ကျွန်ုပ်အား နှစ်သိမ့်စိတ်ချမှုကို ပေးပါသည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်အတွက် ကားတိုင်ပေါ်တွင် အသေခံခြင်းနှင့် ကိုယ်တော်၏အလိုတော်တို့ကို ဖြည့်ဆည်းနိုင်ခြင်း အပြင် ကျွန်ုပ်ကိုယ်ကို ကိုယ်တော့်လက်သို့ အပ်နိုင်ခြင်းနှင့် ကျွန်ုပ်၏အသက်ကို ကိုယ်တော့်ကို ဆက်ကပ်နိုင်ခြင်းတို့ထက် မည်သည့်အရာကမျှ ကျွန်ုပ်အား ပို၍ကျေနပ်အားရစေမည် မဟုတ်ပါ။ အို ဘုရားသခင်၊ ကိုယ်တော်သည် ချစ်ခင်ဖွယ် ကောင်းလှတကား။ ကိုယ်တော်သည် ကျွန်ုပ်ကို အသက်ရှင်ခွင့် ပေးခဲ့ပါက ကိုယ်တော့်ကို ပို၍ပင်ချစ်ရန် ကျွန်ုပ်လိုလားပါလိမ့်မည်။ ကျွန်ုပ် အသက်ရှင်နေသရွေ့ ကိုယ်တော့်ကို ချစ်ပါမည်။ ကိုယ်တော့်ကို ပိုမိုလေးနက်စွာ ချစ်လိုပါသည်။ ကိုယ်တော်သည် ကျွန်ုပ်ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမကာ စမ်းသပ်သည်၊ အကြောင်းမှာ ကျွန်ုပ်သည် မဖြောင့်မတ်ဘဲ အပြစ်ကျူးလွန် ခဲ့သောကြောင့် ဖြစ်သည်။ ထို့ပြင် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ပိုမို၍ သိသာထင်ရှားစွာ ကျွန်ုပ်မြင်လာပါသည်။ ကိုယ်တော်ကို ကျွန်ုပ် ပိုမိုနက်ရှိုင်းစွာ ချစ်လာနိုင်စေသည့်အတွက် ဤသည်မှာ ကျွန်ုပ်အဖို့ ကောင်းချီးမင်္ဂလာတစ်ခုဖြစ်ပြီး ကိုယ်တော် ကျွန်ုပ်ကို မချစ်လျှင်ပင် ဤနည်းအတိုင်း ကိုယ်တော့်ကို ကျွန်ုပ်ချစ်လိုပါသည်။ ကျွန်ုပ်သည် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ရှုမြင်လိုပါသည်။ ယင်းက ကျွန်ုပ်အား အဓိပ္ပာယ်ရှိသော အသက်တာကို သာ၍ အသက်ရှင်နိုင် စေသောကြောင့် ဖြစ်ပါသည်။ ကျွန်ုပ်သည် ကိုယ်တော့်အတွက် ကားတိုင်တင်ခံရပြီး ကိုယ်တော့်အတွက် အသေခံခြင်းသည် အဓိပ္ပာယ်ပြည့်ဝသောကြောင့် ကျွန်ုပ်၏ လက်ရှိအသက်တာသည် ပိုမိုလေးနက်လာသည်ဟု ကျွန်ုပ်ခံစားရပါသည်။ သို့သော် ကိုယ်တော့်အကြောင်းကို အနည်းငယ်သာ ကျွန်ုပ်သိသည့်အတွက်၊ ကျွန်ုပ်သည် ကိုယ်တော်၏ အလိုတော်တို့ကို ပြည့်စုံစွာ မဖြည့်ဆည်းနိုင်ကြောင်းနှင့် ကိုယ်တော့်ကို အနည်းငယ်သာ ပြန်လည်ပေးဆပ်ပြီးကြောင်းတို့ကို သိသည့်အတွက် ကျွန်ုပ် ကျေနပ်အားရခြင်း မရှိသေးပါ။ ကျွန်ုပ်၏အသက်တာတွင် ကိုယ်တော့်ကို မိမိအလုံးစုံကို ပြန်လည်ပေးဆပ်ရန် မတတ်စွမ်းနိုင်ခဲ့ပါ၊ ဝေးလှပါသေးသည်။ ဤအခိုက်အတန့်တွင် နောက်ကြောင်း ပြန်လှည့်ကြည့်သည့်အခါ ကျွန်ုပ်သည် ကိုယ်တော့်အပေါ် အလွန်ပင် ကျေးဇူးတင်ကြောင်း ခံစားရပါသည်။ ကျွန်ုပ်၏ အမှားများအားလုံးနှင့် ကိုယ်တော့်ကို ပြန်လည် မပေးဆပ်ခဲ့ရသည့် ချစ်ခြင်းမေတ္တာများအားလုံးကို ပြန်လည် ထေမိစေရန် ယခုတဒင်္ဂအချိန်သာ ရှိပါ၏” ဟူ၍ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ

(၄၅၁) လူသည် အဓိပ္ပာယ်ရှိသော အသက်တာကို နေထိုင်ရန် ရှာဖွေလိုက်လျှောက်ရမည်ဖြစ်ပြီး သူ၏ လက်ရှိအခြေအနေများဖြင့် ရောင့်ရဲမနေသင့်ပါ။ ပေတရု၏ ပုံရိပ်အတိုင်း ရှင်သန်ရန် လူသည် ပေတရုအကြောင်း အသိပညာနှင့် သူ၏ အတွေ့အကြုံများကို ပိုင်ဆိုင်ရမည်။ လူသည် ပိုမိုမြင့်မားပြီး ပိုမိုနက်နဲသိမ်မွေ့သော အရာများကို လေ့လာလိုက်စားရမည်။ သူသည် ဘုရားသခင်အား ပိုမိုလေးနက်၍ ပိုမိုဖြူစင်သော ချစ်ခြင်းအပြင် တန်ဖိုးနှင့် အဓိပ္ပာယ်ပြည့်ဝသော အသက်တာကို ရှာဖွေလိုက်လျှောက်ရမည် ဖြစ်သည်။ ဤသည်သာ အသက်ရှင်ခြင်းအကြောင်း ဖြစ်၏၊ သို့မှသာ လူသည် ပေတရုနှင့် တူမည်ဖြစ်သည်။ အကောင်းဘက်တွင် သင်၏ ဝင်ရောက်မှုအတွက် တက်ကြွထက်သန်ခြင်းကို သင်အာရုံစိုက်ရမည်၊ ပိုမိုလေးနက်ပြီး ပိုမိုတိကျကာ ပိုမိုလက်တွေ့ကျသည့် သမ္မာတရားများကို လျစ်လျူရှုရင်း တဒင်္ဂသာယာမှုအလို့ငှာ ဒုံရင်းသို့ပြန်ဆိုက်ရန် သင့်ကိုယ်သင် အညံ့ခံကာ ခွင့်မပြုရ။ သင့်ချစ်ခြင်းသည် လက်တွေ့ကျရမည်ဖြစ်ပြီး တိရစ္ဆာန်၏ဘဝနှင့် မခြားသည့် အကျင့်စာရိတ္တပျက်ပြားကာ ပေါ့ပေါ့တန်တန်ဘဝမှ မိမိကိုယ်ကို လွတ်မြောက်စေရန် နည်းလမ်းများကို သင်ရှာရမည်။ သင်သည် အဓိပ္ပာယ်ရှိသောဘဝ၊ တန်ဖိုးရှိသောဘဝကို ရှင်သန်နေထိုင်ရမည်ဖြစ်ပြီး သင့်ကိုယ်သင် အရူးလုပ်ခြင်း သို့မဟုတ် သင့်ဘဝကို ဆော့ကစားစရာ အရုပ်ကဲ့သို့ သဘောထားခြင်းတို့ကို မပြုလုပ်ရ။ ဘုရားသခင်အား ချစ်ရန် ဆန္ဒပြင်းပြသော လူတိုင်းအတွက် မရရှိနိုင်သော သမ္မာတရားများ ဆိုသည်မှာ မရှိပါ၊ သူတို့ ကြံ့ကြံ့မခံနိုင်သောအရာအတွက် တရားစီရင်မှုလည်း မရှိပါ။ သင့်အသက်တာကို မည်သို့နေထိုင်သင့်သနည်း။ ဘုရားသခင်ကို သင်မည်သို့ ချစ်သင့်ပြီး သူ့အလိုကိုဖြည့်ဆည်းရန် ထိုချစ်ခြင်းကို မည်သို့အသုံးပြုသင့်သနည်း။ သင့်အသက်တာတွင် ထို့ထက်ပို၍ ကြီးမြတ်သောအရာ မရှိပါ။ အထူးသဖြင့် သင့်တွင် ထိုကဲ့သို့သော ရည်မှန်းချက်များနှင့် ဇွဲလုံ့လတို့ ရှိရမည်ဖြစ်ပြီး ထိုကြောက်တတ်သော လူပျော့လူညံ့များကဲ့သို့ မဖြစ်သင့်ပါ။ အဓိပ္ပာယ်ပြည့်ဝသော အသက်တာကို တွေ့ကြုံရန်နှင့် အဓိပ္ပာယ်ပြည့်ဝသော သမ္မာတရားများကို တွေ့ကြုံရန် သင်လေ့လာရမည်ဖြစ်ပြီး ထိုကဲ့သို့ သင့်ကိုယ်သင် ဝတ်ကျေတန်းကျေ သဘောမထားသင့်ပေ။ သင်သတိမထားမိဘဲ သင့်အသက်တာသည် သင့်ကို ဝကွက်ချန်ထားခဲ့လိမ့်မည်၊ ယင်းနောက်တွင် ဘုရားသခင်ကိုချစ်ရန် သင်၌ နောက်တစ်ကြိမ် အခွင့်အရေး ရှိပါဦးမည်လော။ လူသည် သေလွန်ပြီးနောက် ဘုရားသခင်အား ချစ်နိုင်ပါမည်လော။ သင့်တွင် ပေတရုကဲ့သို့ တူညီသည့် ရည်မှန်းချက်များနှင့် စိတ်ဓာတ်ရှိရမည်၊ သင့်အသက်တာသည် အဓိပ္ပာယ်ပြည့်ဝရမည်ဖြစ်ပြီး သင့်ကိုယ်သင် မကစားသင့်ပါ။ လူသားတစ်ဦးအနေဖြင့်သာမက ဘုရားသခင် နောက်သို့ လိုက်လျှောက်သောသူတစ်ဦးအနေဖြင့် သင့်အသက်တာကို မည်သို့သဘောထားသင့်သည်၊ ဘုရားသခင်ထံ သင့်ကိုယ်သင် မည်သို့ဆက်ကပ်အပ်နှံသင့်သည်၊ ဘုရားသခင်၌ ပိုမိုလေးနက်သော ယုံကြည်မှုကို မည်သို့ထားရှိသင့်သည်တို့အပြင် ဘုရားသခင်ကို သင်ချစ်သည့်အလျောက် ဘုရားသခင်အား ပိုမိုဖြူစင်စွာ၊ ပို၍လှပစွာ၊ ပိုမိုကောင်းမွန်စွာ မည်သို့ချစ်သင့်သည်တို့ကို အသေအချာ သင်စဉ်းစားနိုင်ရမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ

(၄၅၂) အကယ်၍ လူတို့သည် ဘုရားသခင်ကို ချစ်ရန် ဆန္ဒရှိပါက၊ သူတို့သည် ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုကို မြည်းစမ်းကြည့်ရမည် ဖြစ်ပြီး ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုကို တွေ့မြင်ကြရမည်။ သို့မှသာ သူတို့အထဲ၌ ဘုရားသခင်ကိုချစ်သော နှလုံးသား၊ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို သစ္စာရှိစွာ ပေးဆပ်လာအောင် လူတို့ကို စေ့ဆော်ပေးသော နှလုံးသားက နိုးထလာပေမည်။ ဘုရားသခင်သည် သူ့ကို လူတို့ချစ်လာအောင် စကားလုံးများနှင့် အမူအရာများအားဖြင့် မလုပ်ပေ၊ သို့မဟုတ် သူတို့၏ စိတ်ကူးစိတ်သန်းအားဖြင့်လည်း မလုပ်ပေ။ လူတို့အား သူ့ကို အတင်းအဓမ္မလည်း မချစ်ခိုင်းပေ။ ထိုအစား သူသည် လူတို့ကို သူတို့သဘောနှင့်သူတို့ သူ့အား ချစ်လာစေပြီး သူ၏အလုပ်နှင့် မိန့်မြွက်ချက်များတွင် သူ၏ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုကို တွေ့မြင်စေသည်။ ထို့နောက်တွင် သူတို့အထဲ၌ ဘုရားသခင်ကို ချစ်ခြင်း ပေါက်ဖွားလာသည်။ ဤနည်းလမ်းအားဖြင့်သာ လူတို့သည် ဘုရားသခင်နှင့်ဆိုင်သည့် စစ်မှန်သော သက်သေခံချက်ကို ပေးနိုင်မည်ဖြစ်သည်။ လူတို့သည် အခြားသူများ၏ တွန်းအားပေးမှုကြောင့် ဘုရားသခင်ကို ချစ်ခြင်း မဟုတ်သကဲ့သို့ ရုတ်တရက် ဖြစ်ပေါ်သော စိတ်ခံစားမှုဆန္ဒအရ ချစ်ခြင်းလည်း မဟုတ်ပေ။ သူတို့သည် ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းကို တွေ့မြင်ခဲ့ပြီး ဖြစ်သောကြောင့်၊ လူတို့၏ ချစ်ခြင်းမေတ္တာကို ခံထိုက်သည့်အရာ သူ့အထဲ၌ များစွာရှိကြောင်းကို တွေ့မြင်ခဲ့ပြီးဖြစ်သောကြောင့်၊ ဘုရားသခင်၏ ကယ်တင်ခြင်း၊ ဉာဏ်ပညာနှင့် အံ့ဖွယ်လုပ်ရပ်များကို တွေ့မြင်ခဲ့သောကြောင့်၊ ဘုရားသခင်ကို ချစ်ကြခြင်းဖြစ်သည်— ရလဒ်အနေဖြင့် သူတို့သည် ဘုရားသခင်ကို အမှန်တကယ် ချီးမွမ်းကာ အမှန်တကယ် တောင့်တကြပြီး သူတို့စိတ်ထဲတွင် ဘုရားသခင်ကို မရလျှင် အသက်မရှင်နိုင်တော့သည့် စိတ်ထက်သန်ပြင်းပြမှု ပေါ်ပေါက်လာသည်။ ဘုရားသခင်အတွက် စစ်မှန်စွာ သက်သေခံသောသူများသည် သူ့အတွက် ထူးကဲသော သက်သေခံချက် ပေးနိုင်သည်မှာ သူတို့၏ သက်သေခံချက်သည် စစ်မှန်သော အသိတရားနှင့် ဘုရားသခင်ကို အမှန်တကယ် တောင့်တမှုတို့အပေါ်တွင် အခြေခံသောကြောင့် ဖြစ်သည်။ ယင်းသည် ရုတ်တရက် ဖြစ်ပေါ်လာသော စိတ်ဆန္ဒမဟုတ်ဘဲ၊ ဘုရားသခင်နှင့် သူ၏ စိတ်သဘောထားတို့ကို သိခြင်းအပေါ်တွင် အခြေခံသော သက်သေခံချက် ဖြစ်သည်။ သူတို့သည် ဘုရားသခင်ကို သိရှိလာသည့်အတွက် ဘုရားသခင်အတွက် သေချာပေါက် သက်သေခံရမည် ဖြစ်ပြီး ဘုရားသခင်ကို တမ်းတသောသူအားလုံး ဘုရားသခင်ကို သိရှိလာစေရန် ပြုလုပ်ကြရမည်၊ ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုနှင့် သူ၏လက်တွေ့ကျမှုတို့ကို သိရမည်ဟု သူတို့ ခံစားကြရသည်။ ဘုရားသခင်အပေါ်ထားသော လူတို့၏ ချစ်ခြင်းမေတ္တာကဲ့သို့ပင် သူတို့၏ သက်သေခံချက်များသည်လည်း အလိုအလျောက် ထွက်လာသော သက်သေခံချက်များဖြစ်သည်။ ယင်းမှာ မှန်ကန်မှုရှိပြီး စစ်မှန်သော အရေးပါမှုနှင့် တန်ဖိုးတို့ရှိ၏။ ထိုသက်သေခံချက်များသည် တက်ကြွမှုမရှိသော၊ သို့မဟုတ် အနှစ်သာရမရှိဘဲ အဓိပ္ပာယ်ကင်းမဲ့သော သက်သေခံချက်များ မဟုတ်ပေ။ ဘုရားသခင်ကို အမှန်တကယ် ချစ်မြတ်နိုးသော သူများသည်သာ သူတို့၏အသက်တာများ၌ အများဆုံးသော တန်ဖိုးနှင့် အဓိပ္ပာယ်တို့ရှိကြ၏။ ဘုရားသခင်ကို သူတို့သာ အမှန်တကယ် ယုံကြည်ကြခြင်းမှာ သူတို့သည် ဘုရားသခင်၏ အလင်းထဲတွင် အသက်ရှင်နေထိုင်ကြသောကြောင့်ဖြစ်ပြီး ဘုရားသခင်၏အမှုနှင့် စီမံခန့်ခွဲမှု အတွက် အသက်ရှင် နိုင်ကြသောကြောင့် ဖြစ်သည်။ သူတို့သည် အမှောင်ထုထဲတွင် မနေကြဘဲ၊ အလင်းထဲတွင် နေထိုင်ကြသောကြောင့် ဖြစ်သည်။ သူတို့သည် အဓိပ္ပာယ်မဲ့သောဘဝကို အသက်မရှင်ဘဲ၊ ဘုရားသခင်ကောင်းချီးပေးသော အသက်တာကို အသက်ရှင်ကြသည်။ ဘုရားသခင်ကို ချစ်သောသူများသာလျှင် ဘုရားသခင် အတွက် သက်သေခံနိုင်ကြသည်။ သူတို့သာလျှင် ဘုရားသခင်၏ သက်သေခံများ ဖြစ်ကြ၏။ သူတို့သာလျှင် ဘုရားသခင်၏ ကောင်းချီးပေးခြင်းကိုခံရပြီး သူတို့သာလျှင် ဘုရားသခင်၏ ကတိတော်များကို လက်ခံရရှိနိုင်ကြသည်။ ဘုရားသခင်ကို ချစ်သောသူများသည် ဘုရားသခင်နှင့် ရင်းနှီးသော မိတ်ဆွေများဖြစ်ကြသည်။ သူတို့သည် ဘုရားသခင်၏ ချစ်မြတ်နိုးခြင်းကို ခံရသောသူများဖြစ်ပြီး ဘုရားသခင်နှင့်အတူ ကောင်းချီးမင်္ဂလာများကို ခံစားမွေ့လျော် နိုင်ကြသည်။ ထိုသို့သောသူများသာလျှင် ထာဝရကာလတိုင် အသက်ရှင်နိုင်မည်ဖြစ်ပြီး သူတို့သာလျှင် ဘုရားသခင်၏ ဂရုစိုက်မှုနှင့် ကာကွယ်မှုအောက်တွင် အစဉ်အမြဲ နေထိုင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် လူတို့ ချစ်ဖို့ဖြစ်ပြီး၊ သူသည် လူသားတိုင်း၏ ချစ်ခြင်းမေတ္တာကိုရရှိရန် ထိုက်တန်သူဖြစ်သည်၊ သို့သော် လူသားတိုင်းသည် ဘုရားသခင်ကို ချစ်နိုင်ကြသည်ကား မဟုတ်ပေ၊ လူတိုင်းသည် ဘုရားသခင်အတွက် သက်သေခံနိုင်ခြင်း မရှိသကဲ့သို့၊ ဘုရားသခင်နှင့်အတူ တန်ခိုးအာဏာကို ကိုင်စွဲထားနိုင်ခြင်းလည်း မရှိပေ။ ဘုရားသခင်ကို စစ်မှန်စွာ ချစ်သောသူများသည် ဘုရားသခင်နှင့်ပတ်သက်၍ သက်သေခံနိုင်ပြီး ဘုရားသခင်၏ အလုပ်အတွက် သူတို့၏ ကြိုးပမ်းအားထုတ်မှုများကို လုံးလုံးလျားလျား ပေးအပ်မြှုပ်နှံထားနိုင်သဖြင့်၊ သူတို့သည် ကောင်းကင်အောက် မည်သည့်နေရာတွင်မဆို သူတို့ကို ဆန့်ကျင်ရဲသူမရှိဘဲ၊ သွားလာနိုင်၍ မြေကြီးပေါ်၌ အာဏာကို စွဲကိုင်နိုင်ပြီး ဘုရားသခင်၏ လူများအားလုံးကို အုပ်ချုပ်နိုင်သည်။ ထိုလူများသည် ကမ္ဘာတစ်ဝှမ်းမှ စုဝေးရောက်ရှိလာကြသည်။ သူတို့သည် မတူကွဲပြားသော ဘာသာစကား အမျိုးမျိုးကို ပြောကြကာ၊ အသားအရောင် အမျိုးမျိုးရှိကြသည်၊ သို့သော် သူတို့ဖြစ်တည်ခြင်း၏ အဓိပ္ပာယ်သည် တူကြ၏။ သူတို့အားလုံးထံတွင် ဘုရားသခင်ကို ချစ်သောနှလုံးသား ရှိကြပြီး တူညီသောသက်သေကိုခံကြကာ တူညီသော စိတ်ဆုံးဖြတ်ချက်နှင့် တူညီသောဆန္ဒလည်း ရှိကြသည်။ ဘုရားသခင်ကို ချစ်သောသူများသည် ကမ္ဘာအနှံ့အပြား လွတ်လပ်စွာ လျှောက်လှမ်း သွားလာနိုင်ကြသည်၊ ဘုရားသခင်ကို သက်သေခံသော သူများသည် စကြဝဠာတစ်ခွင် လှည့်လည်သွားလာနိုင်ကြသည်။ ထိုလူတို့သည် ဘုရားသခင်၏ချစ်ခြင်းကို ခံရသောသူများ ဖြစ်ကြပြီး၊ ဘုရားသခင်၏ ကောင်းချီးပေးခြင်းကို ခံရကာ သူတို့သည် ဘုရားသခင်၏ အလင်းထဲတွင် တစ်သက်လုံး နေထိုင်သွားကြမည် ဖြစ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည်

အရှေ့သို့- (ဈ) ယုံကြည်ခြင်းတွင် မိမိ၏လမ်းကြောင်းကို ရွေးချယ်ခြင်းပုံနှင့် ပတ်သက်၍

နောက်တစ်ခုသို့- (ဋ) ဘုရားသခင်နှင့်ပတ်သက်သည့် အသိပညာကို စွမ်းဆောင်ရရှိပုံနှင့် ပတ်သက်၍

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။