(ဋ) ဘုရားသခင်နှင့်ပတ်သက်သည့် အသိပညာကို စွမ်းဆောင်ရရှိပုံနှင့် ပတ်သက်၍

(၄၅၃) အမှု၏ အဆင့်သုံးဆင့်သည် လူသားမျိုးနွယ်ကို ကယ်တင်ခြင်း၌ ဘုရားသခင်၏ အမှု တစ်ရပ်လုံး ဖြစ်၏။ လူသားသည် ဘုရားသခင်၏အမှုနှင့် ကယ်တင်ခြင်းအမှုထဲက ဘုရားသခင်၏ စိတ်သဘောထားကို သိရမည် ဖြစ်သည်။ ဤအချက်မရှိဘဲနှင့် ဘုရားသခင်နှင့်သက်ဆိုင်သည့် သင်တို့၏ အသိပညာသည် အနှစ်သာရကင်းမဲ့သော စကားများသာ ပါရှိပြီး၊ ထိုင်ရာမှမထဘဲ လူတတ်လုပ်နေခြင်းထက် ဘာမျှမပိုပေ။ ထိုသို့သော အသိပညာသည် လူသားကို သိမ်းသွင်းနိုင်ခြင်း မရှိသကဲ့သို့ သိမ်းပိုက်နိုင်ခြင်းလည်း မရှိပေ။ ယင်းသည် အမှန်တရားနှင့် ဆန့်ကျင်ကွဲလွဲပြီး၊ သမ္မာတရား မဟုတ်ပေ။ ယင်းသည် အလွန်ပေါများပြီး နားဝင်ချိုနိုင်သော်လည်း၊ ဘုရားသခင်၏ ပင်ကိုစိတ်သဘောထားနှင့် သဘောကွဲလွဲပါက၊ ဘုရားသခင်သည် သင့်ကို ချမ်းသာပေးမည် မဟုတ်ပေ။ သူသည် သင်၏အသိပညာကို ချီးကျူးလိမ့်မည် မဟုတ်သည်သာမက၊ သူ့ကို ပြစ်မှားစော်ကားသည့် အပြစ်သားတစ်ဦး ဖြစ်ခြင်းအတွက် သင့်အပေါ် ဒဏ်ခတ်ခြင်းလည်း ပြုလိမ့်မည် ဖြစ်သည်။ ဘုရားသခင်ကို သိခြင်းနှင့်ဆိုင်သည့် စကားများကို ပေါ့ပေါ့တန်တန် ပြောဆိုထားခြင်း မဟုတ်ပေ။ သင်သည် စကားကို ရွှန်းရွှန်းဝေအောင်ပြောတတ်ပြီး စကားကြွယ်ကာ၊ သင်၏စကားလုံးများသည် အမည်းကို အဖြူအဖြစ် နှင့် အဖြူကို အမည်းအဖြစ်သို့ ငြင်းခုံနိုင်လောက်အောင် အလွန် လိမ္မာပါးနပ်သော်လည်း၊ ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာအကြောင်း ပြောခြင်းနှင့် ပတ်သက်လာသည့်အခါ၊ သင်သည် ဉာဏ်မမီဆဲ ဖြစ်ပေသည်။ ဘုရားသခင်သည် သင် မဆင်မခြင် ဝေဖန်၍ရသူတစ်ဦး သို့မဟုတ် သာမန်ကာလျှံကာ ချီးမွမ်း၍ရသူတစ်ဦး သို့မဟုတ် ခပ်တည်တည်နှင့် သိက္ခာချ၍ရသူတစ်ဦး မဟုတ်ပေ။ သင်သည် မည်သူ့ကိုမဆိုနှင့် အယောက်တိုင်းကို ချီးမွမ်းသော်လည်း၊ ဘုရားသခင်၏ အထွတ်အထိပ် ကျေးဇူးတော်ကို ဖော်ပြရန် သင့်တော်သည့် စကားလုံးများကို ရှာတွေ့ဖို့ သင် အပြင်းအထန် ကြိုးပမ်းရ၏- ဤသည်မှာ အရှုံးသမားတိုင်း သဘောပေါက် လာရသည့်အရာ ဖြစ်သည်။ ဘုရားသခင်ကို ဖော်ပြနိုင်စွမ်း ရှိသည့် ဘာသာစကား ကျွမ်းကျင်သူများစွာ ရှိသော်လည်း၊ ၎င်းတို့ ဖော်ပြသည့်အရာ၏ တိကျမှန်ကန်မှုမှာ ဘုရားသခင်နှင့်သက်ဆိုင်၍ ဝေါဟာရ အနည်းအကျဉ်းသာ ပိုင်ဆိုင်သော်လည်း၊ ဆွဲထုတ်ဖို့ ကြွယ်ဝသော အတွေ့အကြုံရှိသူတို့ ပြောဆိုသော သမ္မာတရား၏ တစ်ရာပုံတစ်ပုံသာရှိ၏။ ထို့ကြောင့် ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာသည် တိကျမှန်ကန်မှုနှင့် အဖြစ်မှန်တို့တွင် ရှိကြောင်း၊ စကားလုံးများကို ပါးနပ်စွာ အသုံးပြုခြင်း၊ သို့မဟုတ် ကြွယ်ဝသည့် ဝေါဟာရများတွင် မရှိကြောင်းနှင့်၊ လူသား၏ အသိပညာနှင့် ဘုရားသခင်၏ အသိပညာတို့သည် လုံးဝ တခြားစီ ဖြစ်ကြောင်းကို တွေ့နိုင်သည်။ ဘုရားသခင်ကို သိခြင်းသင်ခန်းစာသည် လူသားမျိုးနွယ်၏ မည်သည့် သဘာဝသိပ္ပံပညာရပ်မဆိုထက် ပို၍ မြင့်မား၏။ ယင်းမှာ ဘုရားသခင်ကို သိရန်ကြိုးစားသည့် အလွန့်အလွန် နည်းပါးသော လူဦးရေသာ စွမ်းဆောင်ရရှိနိုင်သည့် သင်ခန်းစာ တစ်ရပ်ဖြစ်ပြီး ပါရမီရှိသည့် မည်သူမဆိုကမျှ စွမ်းဆောင်ရရှိနိုင်သည့်အရာ မဟုတ်ပေ။ ထို့ကြောင့် သင်တို့သည် ဘုရားသခင်ကို သိခြင်းနှင့် သမ္မာတရားအား အားထုတ်ခြင်းတို့ကို သာမန်ကလေး တစ်ဦးက ရယူနိုင်သော အရာများကဲ့သို့ မမြင်ရ။ သင်သည် သင်၏မိသားစုဘဝ၊ သို့မဟုတ် သင်၏အသက်မွေးအလုပ်၊ သို့မဟုတ် သင်၏အိမ်ထောင်ရေးတို့တွင် လုံးဝ အောင်မြင်ပြီးသူတစ်ဦး ဖြစ်ချင်ဖြစ်မည်၊ သို့ရာတွင် သမ္မာတရားနှင့် ဘုရားသခင်ကို သိခြင်း သင်ခန်းစာနှင့်ပတ်သက်လာသည့်အခါ သင်သည် မိမိကိုယ်ကိုယ်အတွက် ပြစရာဘာမျှမရှိသကဲ့သို့၊ မည်သည့်အရာကိုမျှ စွမ်းဆောင်ရရှိခြင်း မရှိလေပြီ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် သင်တို့အတွက် ကြီးမားသော အခက်အခဲရှိသည်ဟု ဆိုနိုင်ပြီး၊ ဘုရားသခင်ကို သိခြင်းသည် သာ၍ ကြီးမားသော ပြဿနာ ဖြစ်သည်ဟု ဆိုနိုင်သည်။ ဤသည်မှာ သင်တို့၏အခက်အခဲဖြစ်ပြီး လူသားမျိုးနွယ်တစ်ရပ်လုံး ရင်ဆိုင်ရသည့် အခက်အခဲလည်း ဖြစ်သည်။ ဘုရားသခင်ကို သိခြင်းအမှုတွင် အောင်မြင်မှုအချို့ ရရှိပြီးသူ အချို့အလယ်တွင် အဆင့်အတန်းမီသူ လုံးဝ မရှိလုနီးပါး ဖြစ်သည်။ ဘုရားသခင်ကို သိခြင်းမှာ မည်သည်ကို ဆိုလိုကြောင်း သို့မဟုတ် ဘုရားသခင်ကိုသိရန် အဘယ်ကြောင့် လိုအပ်ကြောင်း သို့မဟုတ် ဘုရားသခင်ကို သိရှိရန် မည်သည့် အတိုင်းအတာထိ ကြိုးပမ်းရရှိရမည်ကို လူသားသည် မသိပေ။ ဤသည်မှာ လူသားမျိုးနွယ်အဖို့ အလွန် ဝေခွဲမရဖြစ်ရသည့်အရာ ဖြစ်ပြီး၊ ယင်းသည် လူသားမျိုးနွယ် ရင်ဆိုင်ရသည့် အကြီးမားဆုံးသော ပဟေဠိဖြစ်သည်မှာ အတော်အတန် ရိုးရှင်းလှ၏- မည်သူမျှ ဤမေးခွန်းကို ဖြေနိုင်စွမ်း မရှိသကဲ့သို့၊ မည်သူမျှလည်း ဤမေးခွန်းကို ဖြေရန် လိုလားခြင်းမရှိပေ၊ အဘယ်ကြောင့်ဆိုသော် ယနေ့အထိ ဤအမှုကို လေ့လာရာတွင် လူသားမျိုးနွယ်အလယ် မည်သူမျှ အောင်မြင်ခြင်း မရှိသေးသောကြောင့် ဖြစ်သည်။ အမှု၏ အဆင့်သုံးဆင့်နှင့်ဆိုင်သည့် ပဟေဠိကို လူသားမျိုးနွယ်ထံ အသိပေးသည့်အခါ၊ ဘုရားသခင်ကို သိရှိသည့် ပါရမီရှင်အုပ်စု တစ်စုပြီးတစ်စု ပေါ်ကောင်း ပေါ်လာပေမည်။ ဟုတ်ပေ၏၊ ထိုသို့ဖြစ်သည်ကို ငါမျှော်လင့်မိပြီး၊ ထို့အပြင် ငါသည် ဤအမှုအား ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်တွင် ရှိပြီး၊ မကြာတော့သည့် အနာဂတ်တွင် ပိုမိုများပြားသည့် ထိုသို့သော ပါရမီရှင်များ ပေါ်ထွက်ခြင်းကိုတွေ့ရန် ငါမျှော်လင့်သည်။ ၎င်းတို့သည် ဤအမှုအဆင့်သုံးဆင့်၏ အဖြစ်မှန်များကို သက်သေခံသူများ ဖြစ်လာကြလိမ့်မည် ဖြစ်ပြီး၊ ဤအမှု၏ အဆင့်သုံးဆင့်အတွက် ပထမဆုံး သက်သေခံသူများလည်း ဖြစ်မည်မှာ အမှန်ဖြစ်သည်။ ဘုရားသခင်၏အမှု အဆုံးသတ်သည့်နေ့တွင် ထိုသို့သော ပါရမီရှင်များ မပေါ်ထွက်ပါက၊ သို့မဟုတ် လူ့ဇာတိခံ ဘုရားသခင်၏ စုံလင်စေခြင်းကို ကိုယ်တိုင်ကိုယ်ကျ လက်ခံပြီးသူ ထိုသို့သောလူ တစ်ဦး နှစ်ဦးသာ ရှိပါက၊ သာ၍ စိတ်သောကရောက်စရာနှင့် သာ၍နောင်တရစရာ မည်သည့်အရာမျှ ရှိမည်မဟုတ်ပေ။ သို့သော် ဤသည်မှာ အဆိုးဆုံး ဖြစ်နိုင်ခြေသာ ဖြစ်သည်။ မည်သို့ပင် ဖြစ်စေကာမူ၊ အမှန်တကယ် လိုက်စားသူများသည် ဤကောင်းချီးမင်္ဂလာကို ရရှိနိုင်မည်ဟု ငါမျှော်လင့်ဆဲဖြစ်၏။ အချိန်၏ အစကတည်းက၊ ဤကဲ့သို့သောအမှု တစ်ခါမျှ မရှိဖူးပေ။ လူသား၏ ဖွံ့ဖြိုးတိုးတက်မှု သမိုင်းတွင် ထိုသို့သော တာဝန်တစ်ခုသည် မည်သည့်အခါမျှ မဖြစ်ပေါ်ဖူးပေ။ အကယ်၍ သင်သည် ဘုရားသခင်ကို အဦးဆုံးသိသူများထဲမှ တစ်ဦး အမှန်တကယ် ဖြစ်လာနိုင်ပါက၊ ဤသည်မှာ သတ္တဝါများအားလုံးအလယ်တွင် အမြင့်ဆုံးသော ဂုဏ်သိက္ခာတစ်ရပ် ဖြစ်မည်မဟုတ်လော။ လူသားမျိုးနွယ်ထဲမှ အဖန်ဆင်းခံသတ္တဝါ တစ်ဦးတစ်လေသည် ဘုရားသခင်၏ ချီးကျူးခြင်းကို သာ၍ ခံရမည်လော။ ထိုသို့သောအမှုကို စွမ်းဆောင်ရရှိရန် မလွယ်သော်လည်း၊ နောက်ဆုံးတွင် ဆုလာဘ်များ ရိတ်သိမ်းရလိမ့်ဦးမည် ဖြစ်သည်။ ၎င်းတို့ အမျိုးသား အမျိုးသမီးဖြစ်မှု၊ သို့မဟုတ် နိုင်ငံသားဖြစ်ခြင်းတို့ကို ပဓာနမထားဘဲ၊ ဘုရားသခင်၏အလိုတော်နှင့်ဆိုင်သည့် အသိပညာ ရရှိနိုင်စွမ်း ရှိသူများသည် နောက်ဆုံးတွင် ဘုရားသခင်၏ အကြီးမားဆုံးသော ဂုဏ်ပြုခြင်းကို ရရှိလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်၏ သြဇာအာဏာကို ပိုင်ဆိုင်သည့် တစ်ဦးတည်းသောသူများသာ ဖြစ်ကြလိမ့်မည်။ ဤသည်မှာ ယနေ့၏အမှုဖြစ်ပြီး အနာဂတ်၏အမှုလည်း ဖြစ်၏။ ဤသည်မှာ အနှစ်ခြောက်ထောင် အမှုတွင် ပြီးမြောက်မည့် နောက်ဆုံးနှင့် အမြင့်မားဆုံးသော အမှုဖြစ်ကာ လူသား၏ အတန်းအစားအသီးသီးကို ထုတ်ဖော်ပြသည့် အမှုပြုခြင်း နည်းလမ်းတစ်ခု ဖြစ်သည်။ လူသားအား ဘုရားသခင်ကို သိစေခြင်း အမှုမှတစ်ဆင့် လူသား၏ မတူကွဲပြားသည့် အဆင့်များကို ဖော်ထုတ်ပြသည်- ဘုရားသခင်ကို သိသူများသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ရရှိရန်နှင့် သူ၏ကတိများကို လက်ခံရန် အရည်အချင်းမီကြသော်လည်း၊ ဘုရားသခင်ကို မသိသူများသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ရရှိရန်နှင့် သူ၏ကတိများကို လက်ခံရန် အရည်အချင်း မမီကြပေ။ ဘုရားသခင်ကို သိသူများသည် ဘုရားသခင်နှင့် ရင်းနှီးသူများ ဖြစ်ပြီး၊ ဘုရားသခင်ကို မသိသူများအား ဘုရားသခင်နှင့် ရင်းနှီးသူများဟု ခေါ်၍မရပေ။ ဘုရားသခင်၏ ရင်းနှီးသူများသည် ဘုရားသခင်၏ မည်သည့် ကောင်းချီးမင်္ဂလာကိုမဆို လက်ခံရရှိနိုင်သော်လည်း၊ သူနှင့် မရင်းနှီးသူများသည် သူ၏မည်သည့် အမှုနှင့်မျှ မထိုက်တန်ပေ။ ဆင်းရဲဒုက္ခများဖြစ်စေ၊ စစ်ဆေးခြင်း ဖြစ်စေ၊ တရားစီရင်ခြင်းဖြစ်စေ၊ ဤအားလုံးသည် နောက်ဆုံးတွင် ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာအား လူသားကို ရရှိခွင့်ပေးခြင်းအတွက်နှင့် ဘုရားသခင်ကို လူသားက ကျိုးနွံနာခံနိုင်ရန်အလို့ငှာ ဖြစ်၏။ ဤသည်မှာ အဆုံးတွင်ရရှိမည့် တစ်ခုတည်းသော အကျိုးတရား ဖြစ်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်

(၄၅၄) ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်း၊ ဘုရားသခင်၏ အနှစ်သာရ၊ ဘုရားသခင်၏ စိတ်သဘောထား စသည်တို့အားလုံးကို သူ၏ နှုတ်ကပတ်တော်များမှတစ်ဆင့် လူသားမျိုးနွယ်အား သိရှိစေပြီး ဖြစ်သည်။ လူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခံစားရသည့်အခါ၊ ၎င်းတို့ကို လက်တွေ့ကျင့်သုံးစဉ်တွင် ဘုရားသခင်ပြောဆိုသော နှုတ်ကပတ်တော်များ၏ နောက်ကွယ်မှ ရည်ရွယ်ချက်ကို နားလည်လာလိမ့်မည်၊ ဘုရားသခင့်နှုတ်ကပတ်တော်များ၏ အရင်းအမြစ်နှင့် နောက်ခံအကြောင်းတို့ကို နားလည်လာလိမ့်မည်ဖြစ်ပြီး ဘုရားသခင့်နှုတ်ကပတ်တော်များ၏ ရည်ရွယ်ထားသည့် ရလဒ်တို့ကို နားလည်လာကာ သဘောပေါက်လာလိမ့်မည်။ လူသားမျိုးနွယ်အတွက်၊ သမ္မာတရားနှင့် အသက်ကို ရရှိဖို့ရန်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သဘောပေါက်ရန်၊ မိမိ၏စိတ်သဘောထားထဲတွင် ပုံသဏ္ဌာန်ပြောင်းလဲလာရန်နှင့် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်ခြင်းများကို နာခံလာနိုင်ရန်အလို့ငှာ ဤအရာများအားလုံးသည် လူသား တွေ့ကြုံရမည့်၊ နားလည်သဘောပေါက်ရမည့်၊ ရယူရမည့်အရာများ ဖြစ်သည်။ ဤအရာများကို လူသားက တွေ့ကြုံကာ နားလည်သဘောပေါက်ပြီး ရယူသည်နှင့် တစ်ချိန်တည်းမှာပင် ဘုရားသခင်နှင့်ဆိုင်သော သိနားလည်မှုကို သူတဖြည်းဖြည်း ရရှိလာပြီးဖြစ်လိမ့်မည်၊ ထို့ပြင် ဤအချိန်တွင် ဘုရားသခင်နှင့်ဆိုင်သည့် အမျိုးမျိုးသော အသိပညာအဆင့်များကိုလည်း သူရရှိပြီးဖြစ်လိမ့်မည်။ ဤနားလည်ခြင်းနှင့် အသိပညာတို့သည် လူသား စိတ်ကူးထားသည့်အရာ၊ သို့မဟုတ် ရေးစပ်ထားသည့်အရာမှ ထွက်ပေါ်လာခြင်း မဟုတ်ဘဲ သူ၏အတွင်းစိတ်ထဲ၌ သူသဘောပေါက်ကာ တွေ့ကြုံ၍ ခံစားရပြီး အတည်ပြုသည့်အရာမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ဤအရာတို့ကို သဘောပေါက်ကာ တွေ့ကြုံ၍ ခံစားလျက် အတည်ပြုပြီးသည့်နောက်တွင်သာ ဘုရားသခင်နှင့်ဆိုင်သည့် လူသား၏အသိပညာသည် အနှစ်သာရ ရှိလာလေသည်။ ဤအချိန်၌ လူသားရရှိသည့် အသိပညာသည်သာလျှင် လက်တွေ့ကျကာ စစ်မှန်ပြီး တိကျမှန်ကန်မှု ရှိလေသည်၊ ထို့ပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သဘောပေါက်ခြင်း၊ တွေ့ကြုံခြင်း၊ ခံစားခြင်းနှင့် အတည်ပြုခြင်းတို့မှတစ်ဆင့် ဘုရားသခင်နှင့်ဆိုင်သည့် စစ်မှန်သော သိနားလည်မှုနှင့် အသိပညာတို့ကို ရယူခြင်းတည်းဟူသော ဤဖြစ်စဉ်သည် လူသားနှင့် ဘုရားသခင်၏ စစ်မှန်သည့် ဆက်ဆံရေးပင် ဖြစ်ပေသည်။ ဤသို့သော ဆက်ဆံရေးမျိုးအလယ်တွင် လူသားသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အမှန်တကယ် နားလည်ကာ သဘောပေါက်လာသည်၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို အမှန်တကယ် နားလည်ကာ သိရှိလာသည်၊ ဘုရားသခင်၏အနှစ်သာရကို အမှန်တကယ် နားလည်ကာ သိရှိလာသည်၊ ဘုရားသခင်၏ စိတ်သဘောထားကို တဖြည်းဖြည်း နားလည်ကာ သိရှိလာသည်၊ ဖန်ဆင်းရာအပေါင်းတို့အပေါ် ဘုရားသခင်၏ အုပ်စိုးမှုဟူသော အမှန်တရားနှင့် ပတ်သက်၍ မှန်ကန်သော အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် စစ်မှန်သော စိတ်ချသေချာမှုတို့ကို ရလာသည်၊ ထို့ပြင် ဘုရားသခင်၏ ကိုယ်ပိုင်လက္ခဏာ၊ ဂုဏ်အဆင့်အတန်းနှင့်ပတ်သက်၍ ပဓာနကျသော ဆက်စပ်မှုနှင့် အသိပညာတို့ကို ရရှိလာသည်။ ဤကဲ့သို့ ဆက်ဆံရေးမျိုးအလယ်တွင် ဘုရားသခင်အကြောင်း မရှိကိုအရှိလုပ်၍ စိတ်ကူးကြည့်ခြင်း၊ ဘုရားသခင်နှင့်ပတ်သက်သည့် မိမိ၏ကိုယ်ပိုင်သံသယများကို ဇက်ကုန်လွှတ်လိုက်ခြင်း၊ ဘုရားသခင်ကို နားလည်မှုလွဲခြင်း၊ ပြစ်တင်ရှုတ်ချခြင်း၊ ဝေဖန်ခြင်း၊ သို့မဟုတ် သံသယဝင်ခြင်းတို့ မလုပ်တော့ဘဲ လူသားသည် ဘုရားသခင်နှင့်ပတ်သက်သည့် သူ၏အမြင်များကို တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲလေသည်။ ဤကဲ့သို့ဖြင့် လူသားသည် ဘုရားသခင်နှင့် ငြင်းခုံခြင်း သာ၍နည်းလာမည်ဖြစ်ပြီး ဘုရားသခင်နှင့် ပဋိပက္ခဖြစ်မှု သာ၍နည်းလာမည်ဖြစ်ကာ ဘုရားသခင်ကို ပုန်ကန်သည့် ဖြစ်ရပ်များ သာ၍နည်းလာပေမည်။ အပြန်အလှန်အားဖြင့် ဘုရားသခင်အပေါ် လူသား၏ အရေးစိုက်ခြင်းနှင့် နာခံခြင်းတို့မှာ တိုး၍ကြီးထွားလာမည်ဖြစ်ပြီး ဘုရားသခင်ကို သူ၏ရိုသေလေးမြတ်မှုမှာ ပို၍စစ်မှန်လာမည်ဖြစ်သည့်အပြင် ပို၍လည်း နက်နဲလာလိမ့်မည်။ ဤကဲ့သို့ ဆက်ဆံရေးမျိုးအလယ်တွင် လူသားသည် သမ္မာတရား၏ အထောက်အပံ့၊ အသက်နှင့်ဆိုင်သော ဗတ္တိဇံတို့ကို ရလိမ့်မည်သာမကဘဲ တစ်ချိန်တည်းမှာပင် ဘုရားသခင်နှင့်ဆိုင်သည့် မှန်ကန်သည့် အသိပညာကိုလည်း ရရှိလိမ့်မည် ဖြစ်သည်။ ဤကဲ့သို့ ဆက်ဆံရေးမျိုးအလယ်တွင် လူသားသည် သူ၏စိတ်သဘောထားထဲ၌ ပုံသဏ္ဌာန်ပြောင်းလဲပြီး ကယ်တင်ခြင်းကို ရရှိမည်သာမကဘဲ တစ်ချိန်တည်းတွင် ဘုရားသခင်အပေါ်ထားသည့် ဖန်ဆင်းခံတစ်ဦး၏ စစ်မှန်သော ရိုသေလေးမြတ်ခြင်းနှင့် ကိုးကွယ်ခြင်းတို့ကိုလည်း ရှာမှီးလိမ့်မည်။ ဤကဲ့သို့ ဆက်ဆံရေးမျိုးကို ရရှိပြီးနောက် ဘုရားသခင်ကို လူသား၏ ယုံကြည်ခြင်းသည် စာရွက်အလွတ်တစ်ရွက်၊ သို့မဟုတ် အပြောသက်သက်ဖြစ်သည့် နှုတ်ကတိတစ်ခု၊ သို့မဟုတ် မျက်စိစုံမှိတ် လိုက်စားခြင်းနှင့် ပုဂ္ဂိုလ်ရေးရာ ကိုးကွယ်ခြင်းပုံစံမျိုး ဖြစ်တော့မည် မဟုတ်ချေ။ ဤကဲ့သို့ ဆက်ဆံရေးမျိုးဖြင့်သာ လူသား၏အသက်သည် တစ်ရက်ပြီးတစ်ရက် ရင့်ကျက်ခြင်းဆီသို့ ကြီးထွားလာမည်ဖြစ်ပြီး၊ ထိုအချိန်မှသာ သူ၏စိတ်သဘောထားက တဖြည်းဖြည်းချင်း ပုံသဏ္ဌာန်ပြောင်းလဲလာမည်ဖြစ်ကာ ဘုရားသခင်ကို သူ၏ယုံကြည်ခြင်းသည် မရေရာ၊ မသေချာသော ယုံကြည်ခြင်းမှ စစ်မှန်သည့် နာခံခြင်းနှင့် အရေးစိုက်ခြင်း၊ စစ်မှန်သည့် ရိုသေလေးမြတ်ခြင်းအဖြစ်သို့ တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲသွားမည်ဖြစ်သည်၊ ထို့ပြင် လူသားသည် ဘုရားသခင်၏နောက်ကို လိုက်နေစဉ်တွင် တုံဏှိဘာဝေနေနေသည့်အဖြစ်မှ နိုးကြားထကြွသည့်အဖြစ်သို့၊ အပျက်သဘောမှ အပြုသဘောသို့လည်း တဖြည်းဖြည်းချင်း တိုးတက်သွားပေလိမ့်မည်။ ဤကဲ့သို့ ဆက်ဆံရေးမျိုးဖြင့်သာ လူသားသည် ဘုရားသခင်ကို မှန်မှန်ကန်ကန် သိနားလည်ပြီး သဘောပေါက်ကာ ဘုရားသခင်နှင့်ဆိုင်သည့် မှန်ကန်သော အသိပညာကို ရရှိလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ကျမ်းဦးစကား

(၄၅၅) ဘုရားသခင်၏ သြဇာအာဏာ၊ ဘုရားသခင်၏ တန်ခိုး၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် ဘုရားသခင်၏ အနှစ်သာရတို့နှင့်ဆိုင်သည့် အသိပညာကို သင်၏ စိတ်ကူးစိတ်သန်းအပေါ် အမှီပြုခြင်းအားဖြင့် မရရှိနိုင်ပေ။ သင်သည် ဘုရားသခင်၏ သြဇာအာဏာကို သိရှိရန် စိတ်ကူးစိတ်သန်းကို အမှီမပြုနိုင်သည့်အတွက်၊ ဘုရားသခင်၏ သြဇာအာဏာနှင့် ဆိုင်သည့် စစ်မှန်သော အသိပညာကို မည်သည့်နည်းလမ်းဖြင့် သင် ရရှိနိုင်သနည်း။ ဤအရာကို လုပ်ဆောင်ရမည့် နည်းလမ်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းမှတစ်ဆင့်၊ မိတ်သဟာယပြုခြင်းမှတစ်ဆင့်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြုံတွေ့ခံစားခြင်းမှတစ်ဆင့် ဖြစ်သည်။ ထိုသို့ဖြင့် သင်သည် ဘုရားသခင်၏ သြဇာအာဏာနှင့်ဆိုင်သည့် ဖြည်းညင်းသော အတွေ့အကြုံတစ်ခုနှင့် အတည်ပြုခြင်း ရှိလိမ့်မည်ဖြစ်ပြီး၊ ယင်းနှင့်သက်ဆိုင်သည့် ဖြည်းညင်းသော သိနားလည်မှုနှင့် နည်းနည်းချင်းတိုးပွားသော အသိပညာတို့ကို ရရှိလိမ့်မည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ သြဇာအာဏာနှင့်ဆိုင်သည့် အသိပညာကို ရရှိဖို့ တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။ ဖြတ်လမ်းများ မရှိပေ။ သင်တို့ကို စိတ်မကူးရန် တောင်းဆိုခြင်းသည် ပျက်စီးခြင်းကို စောင့်ဆိုင်းရန် သင်တို့ကို မလှုပ်မယှက် ထိုင်စေခြင်း သို့မဟုတ် တစ်ခုတစ်လေကို လုပ်ဆောင်ခြင်းမှ သင်တို့ကို တားဆီးခြင်းနှင့် မတူပေ။ စဉ်းစားရန်နှင့် စိတ်ကူးရန် သင်၏ ဦးနှောက်ကို အသုံးမပြုခြင်းသည် ကောက်ချက်ချရန် ဆင်ခြင်တွေးခေါ်မှုစနစ်ကို အသုံးမပြုခြင်း၊ စိစစ်ရန် အသိပညာကို အသုံးမပြုခြင်း၊ အခြေခံအကြောင်းရင်းအဖြစ် သိပ္ပံပညာကို အသုံးမပြုဘဲ၊ ထိုအစား သင်ယုံကြည်သည့် ဘုရားသခင်က သြဇာအာဏာရှိသည်ဆိုသည်ကို နားလည်ခြင်း၊ စိစစ်ခြင်းနှင့် အတည်ပြုခြင်း၊ သူသည် သင်၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာ စွဲကိုင်သည်ဆိုသည်နှင့် အချိန်တိုင်းတွင် သူ၏ တန်ခိုးက သူသည် စစ်မှန်သည့် ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်မှန်း သက်သေပြသည်ကို ဘုရားသခင်၏နှုတ်ကပတ်တော်များမှ တစ်ဆင့်၊ သမ္မာတရား မှတစ်ဆင့်၊ ဘဝတွင် သင်ကြုံရသည့် အရာရာတိုင်းမှတစ်ဆင့် အတည်ပြုခြင်းကို ဆိုလိုပေသည်။ ဤသည်မှာ ဘုရားသခင်နှင့်ဆိုင်သည့် သိနားလည်မှုကို မည်သူမဆို ရရှိနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ အချို့က ၎င်းတို့သည် ဤရည်မှန်းချက်ကို စွမ်းဆောင်ရရှိရန် ရိုးရှင်းသည့် နည်းလမ်းတစ်ခုကို ရှာတွေ့ လိုသည်ဟု ပြောကြသည်၊ သို့ရာတွင် ထိုသို့သောနည်းလမ်းကို သင်တို့ စဉ်းစားနိုင်သလော။ သင့်ကို ငါပြော၏၊ စဉ်းစားရန်မလိုပေ- အခြားနည်းလမ်းများမရှိပေ။ တစ်ခုတည်းသော နည်းလမ်းမှာ သူဖော်ပြသည့် နှုတ်ကပတ်တော်တိုင်းနှင့် သူလုပ်ဆောင်သည့် အရာရာတိုင်း မှတစ်ဆင့် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို သေသေချာချာ စဉ်းစားချင့်ချိန်စွာနှင့် တည်ကြည်ခိုင်မာစွာ သိရှိပြီး မှန်ကန်ကြောင်း အတည်ပြုရန် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို သိရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်၏အရာအားလုံးနှင့် ဖြစ်ခြင်းနှင့် ဘုရားသခင်၏ အရာရာတိုင်းသည် ပေါ့တန်ပြီး အနှစ်မဲ့သောအရာမဟုတ်ဘဲ၊ စစ်မှန်သောကြောင့် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)

(၄၅၆) ဘုရားသခင်သည် သူနှင့်သက်ဆိုင်သည့် အသိပညာကို လူသားက ရရှိကောင်း ရရှိစေနိုင်ဖို့အလို့ငှာ၊ ပြီးလျှင် သူ၏သက်သေခံချက်အတွက် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုကို လုပ်ဆောင်သည်။ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်သက်ဆိုင်သည့် ဘုရားသခင်၏တရားစီရင်မှုမရှိပါက၊ လူသားသည် မည်သည့် ပုန်ကန်ပြစ်မှားမှုကိုမျှ သည်းမခံသည့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သိကျွမ်းဖို့ ဖြစ်နိုင်မည် မဟုတ်သကဲ့သို့ လူသည် ဘုရားသခင်နှင့် သက်ဆိုင်သည့် သူ၏ အိုဟောင်းသော အသိပညာကို အသစ်တစ်ခုအဖြစ်သို့ ပြောင်းလဲနိုင်မည်လည်း မဟုတ်ပေ။ သူ၏သက်သေခံချက်အတွက်၊ ပြီးလျှင် သူ၏ စီမံခန့်ခွဲမှုအတွက်၊ သူ၏အလုံးစုံကို အများသိရှိအောင် သူပြုလုပ်သည်၊ ထိုသို့ဖြင့် သူ၏လူသိရှင်ကြား ပေါ်ထွန်းခြင်းမှတစ်ဆင့် လူသားကို ဘုရားသခင်နှင့် သက်ဆိုင်သည့် အသိဉာဏ်အား ရရှိနိုင်စေသည်၊ သူ၏စိတ်သဘောထား၌ ပြောင်းလဲနိုင်စေပြီး၊ ဘုရားသခင်အဖို့ ထူးကဲလှသော သက်သေခံချက်ကို သက်သေခံနိုင်စေလေသည်။ လူသား၏ စိတ်သဘောထား ပြောင်းလဲမှုကို များစွာသော ဘုရားသခင်၏ အမှုအမျိုးမျိုးမှတစ်ဆင့် စွမ်းဆောင်ရရှိပေသည်။ သူ၏စိတ်သဘောထား၌ ထိုသို့သော ပြောင်းလဲမှုများ မရှိဘဲနှင့်၊ လူသားသည် ဘုရားသခင်ကို သက်သေခံနိုင်မည် မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်နိုင်မည် မဟုတ်ပေ။ လူသား၏စိတ်သဘောထား ပြောင်းလဲမှုက လူသားသည် စာတန်၏ ကျေးကျွန်ဘဝနှင့် အမှောင်၏ လွှမ်းမိုးမှုအောက်မှ မိမိကိုယ်ကိုယ် လွတ်မြောက်စေပြီးဖြစ်သကဲ့သို့၊ ဘုရားသခင်၏ အမှုနှင့် သက်ဆိုင်သည့် စံပုံစံနှင့် နမူနာတစ်ခု၊ ဘုရားသခင်၏သက်သေနှင့်၊ ဘုရားသခင်၏စိတ်နှလုံးနှင့် ညီညွတ်သော သူတစ်ဦး ဧကန်အမှန် ဖြစ်လာသည်ကို ညွှန်ပြပေသည်။ ယနေ့တွင်၊ လူ့ဇာတိခံ ဘုရားသခင်သည် ကမ္ဘာမြေပေါ်တွင် သူ၏အမှုကို လုပ်ဆောင်ရန် ကြွလာပြီးဖြစ်ကာ လူသားအနေဖြင့် သူနှင့်သက်ဆိုင်သည့် အသိပညာ၊ သူ့ကို နာခံခြင်း၊ သူ့ကို သက်သေခံခြင်းတို့ကို ရရှိရန်၊ သူ၏ လက်တွေ့ကျပြီး ပုံမှန်ဖြစ်သော အမှုကိုသိရှိရန်၊ လူသား၏ အယူအဆများနှင့် မကိုက်ညီသော သူ၏နှုတ်ကပတ်တော်များနှင့် အမှုအားလုံးကို နာခံရန်နှင့် လူသားကိုကယ်တင်ရန် သူပြုသော အမှုအားလုံးအပြင် လူသားကိုသိမ်းပိုက်ရန် သူပြီးမြောက်သော လုပ်ဆောင်ချက်များ အားလုံးကို သက်သေခံရန် သူတောင်းဆို လေသည်။ ဘုရားသခင်ကို သက်သေခံသောသူတို့သည် ဘုရားသခင်နှင့် သက်ဆိုင်သော အသိပညာ ရှိရမည်။ ဤသို့သော သက်သေခံချက်မျိုးသည်သာ တိကျပြီး စစ်မှန်ကာ ဤသို့သော သက်သေခံချက်ကသာ စာတန်ကို အရှက်ရစေနိုင်သည်။ ဘုရားသခင်သည် သူ၏တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းတို့ကို ကြုံခြင်းမှတစ်ဆင့်၊ သူ့အား သိကျွမ်းလာသူများကို သူ့ကို သက်သေခံရန် အသုံးပြုသည်။ သူသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးသူတို့ကို သူ့ကို သက်သေခံရန် အသုံးပြုသည်၊ ထိုနည်းတူ မိမိတို့၏စိတ်သဘောထား ပြောင်းလဲပြီးသူများနှင့် ထိုသို့ဖြင့် သူ၏ကောင်းချီးမင်္ဂလာများကို ရရှိပြီးသူများအား သူ့ကို သက်သေခံရန် အသုံးပြုလေသည်။ ဘုရားသခင်သည် လူသားက နှုတ်အားဖြင့် သူ့အားချီးမွမ်းရန် မလိုအပ်သကဲ့သို့၊ သူ၏ ကယ်တင်ခြင်းမခံရသေးသည့် စာတန်အမျိုး၏ ချီးမွမ်းခြင်းနှင့် သက်သေခံခြင်းတို့ကိုလည်း သူမလိုအပ်ပေ။ ဘုရားသခင်ကို သိကျွမ်းသောသူတို့သာ သူ့ကို သက်သေခံရန် အရည်အချင်းပြည့်မီပြီး၊ ၎င်းတို့၏စိတ်သဘောထား၌ အသွင်ပြောင်းလဲပြီးသူများသာ ဘုရားသခင်အဖို့ သက်သေခံရန် အရည်အချင်းပြည့်မီလေသည်။ ဘုရားသခင်သည် သူ၏နာမအပေါ် အရှက်ရစေရန် လူသားအား တမင်တကာ ခွင့်ပြုလိမ့်မည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကိုသိသောသူများသာလျှင် ဘုရားသခင်ကို သက်သေခံနိုင်ကြသည်

(၄၅၇) ဘုရားသခင်၏ အနှစ်သာရကို သိကျွမ်းလာခြင်းအရာသည် မပြောပလောက်သော ကိစ္စရပ် မဟုတ်ပေ။ သင့်အနေဖြင့် သူ၏စိတ်နေသဘောထားကို နားလည်ရပေမည်။ ဤနည်းအားဖြင့် သင်သည် တဖြည်းဖြည်း အမှုမဲ့အမှတ်မဲ့နှင့် ဘုရားသခင်၏ အနှစ်သာရကို သိကျွမ်းလာလိမ့်မည်။ ဤအသိတရားကို သင်ရရှိပြီးသည့်အခါ ပို၍ မြင့်မားပြီး ပို၍လှပသော အခြေအနေထဲသို့ သင်ဝင်ရောက်နေသည်ကို တွေ့ရလိမ့်မည်။ အဆုံးတွင် သင်သည် သင်၏အကျည်းတန်သော စိတ်ကို ရှက်လာမည်ဖြစ်သည့်အပြင် သင်၏အရှက်ရခြင်းမှ ပုန်းကွယ်ရန်နေရာ မရှိဟု ခံစားရလိမ့်မည်။ ထိုအချိန်တွင် သင်၏အပြုအမူ၌ ဘုရားသခင်၏ စိတ်နေသဘောထားကို ပုန်ကန်ပြစ်မှားသောအရာ ပို၍ပို၍ နည်းလာမည်ဖြစ်ပြီး သင်၏နှလုံးသားသည် ဘုရားသခင်၏ နှလုံးသားနှင့် တိုး၍တိုး၍ နီးကပ်လာမည်ဖြစ်ကာ သူ့ကိုချစ်ခြင်းသည် သင်၏နှလုံးသား ထဲတွင် တဖြည်းဖြည်း ကြီးထွားလာလိမ့်မည်။ ဤသည်မှာ လှပသော အခြေအနေထဲသို့ လူသားမျိုးနွယ် ဝင်ရောက်ခြင်း၏ သင်္ကေတဖြစ်သည်။ သို့သော်လည်း ယခုတိုင် သင်တို့သည် ဤအရာကို မရရှိကြသေးပေ။ သင်တို့အားလုံးသည် သင်တို့၏ကံကြမ္မာအတွက် ပြေးလွှားလုပ်ကိုင် ကြသည့်အားလျော်စွာ ဘုရားသခင်၏ အနှစ်သာရကို သိကျွမ်းရန်အတွက် ကြိုးစားခြင်းအရာ၌ စိတ်ဝင်စားသောသူ မည်သူရှိသနည်း။ ဤသို့ဆက်ဖြစ် နေပါလျှင် သင်တို့သည် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို အမှုမဲ့အမှတ်မဲ့ ချိုးဖောက်မိကြလိမ့်မည်၊ အကြောင်းမှာ သင်တို့သည် ဘုရားသခင်၏ စိတ်နေသဘောထားကို မဖြစ်စလောက်မျှသာ နားလည်ကြ သောကြောင့်ဖြစ်သည်။ ထို့ကြောင့် သင်တို့ ယခုပြုကြသည့်အရာမှာ ဘုရားသခင်၏ စိတ်နေသဘောထားကို ပုန်ကန်ပြစ်မှားခြင်းများ၏ အခြေခံအုတ်မြစ်ကို ချနေကြခြင်းပင် မဟုတ်လော။ ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန် သင်တို့ကို ငါတောင်းဆိုခြင်းသည် ငါ၏အမှုနှင့် ကင်းကွာနေခြင်း မရှိပေ။ အကြောင်းမှာ သင်တို့သည် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို မကြာမကြာ ချိုးဖောက်နေပါက သင်တို့အထဲမှ မည်သူက အပြစ်ဒဏ်ပေးခြင်းမှ လွတ်မြောက်လိမ့်မည်နည်း။ ထိုသို့ဆိုပါက ငါ၏အမှုသည် အချည်းနှီးသက်သက် ဖြစ်နေခဲ့လိမ့်မည် မဟုတ်လော။ ထို့ကြောင့် သင်တို့၏ ကိုယ်ပိုင်အပြုအမူကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကြရန်အပြင် သင်တို့လှမ်းသော ခြေလှမ်းများကိုပါ သတိထားကြရန် ယခုတိုင် ငါတောင်းဆိုနေခြင်းဖြစ်သည်။ ဤသည်မှာ သင်တို့အပေါ် ငါပြုသည့် ပို၍မြင့်မားသော တောင်းဆိုချက်ဖြစ်ပြီး သင်တို့အားလုံးသည် ထိုအရာကို ဂရုတစိုက် ဆင်ခြင်သုံးသပ်ကြကာ အလွန်ထက်သန်သော အလေးထားမှု ပြုကြလိမ့်မည်ဟု ငါမျှော်လင့်သည်။ သင်တို့၏လုပ်ရပ်များသည် ငါ့ကို ရှူးရှူးရှားရှား ဒေါသဖြစ်စေသည်အထိ စိတ်လာဆွသည့်နေ့ ရောက်လာပါက အကျိုးဆက်များမှာ သင်တို့ အတွက်သာလျှင် သုံးသပ်ဆင်ခြင်စရာ ဖြစ်လိမ့်မည်၊ ထို့အပြင် သင်တို့ကိုယ်စား အပြစ်ဒဏ်ပေးခြင်းကို ခံပေးမည့် အခြားမည်သူမျှ ရှိလိမ့်မည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန်မှာ အလွန်အရေးကြီးပေ၏

(၄၅၈) ဘုရားသခင်ကို သိခြင်းဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ သူ၏ ဝမ်းမြောက်ခြင်း၊ ဒေါသ၊ ဝမ်းနည်းခြင်းနှင့် ပျော်ရွှင်ခြင်းတို့ကို သဘောပေါက်နိုင်ခြင်းပြီး သို့ဖြစ်၍ ဘုရားသခင်၏ စိတ်သဘောထားကို သိခြင်းကို ဆိုလို၏- ဤသည်မှာ ဘုရားသခင်ကို အမှန်တကယ် သိခြင်းဟူသည့်အရာ ဖြစ်သည်။ သင်သည် သူ့ကို မြင်တွေ့ခဲ့ပြီဟု အခိုင်အမာဆိုသည့်တိုင် သူ၏ ဝမ်းမြောက်ခြင်း၊ ဒေါသ၊ ဝမ်းနည်းခြင်းနှင့် ပျော်ရွှင်ခြင်းတို့ကို သင်နားမလည်သကဲ့သို့၊ သူ၏ စိတ်သဘောထားကို သင်နားမလည်ပေ။ သင်သည် သူ၏ဖြောင့်မတ်ခြင်းကို နားမလည်သကဲ့သို့၊ သူ၏ကရုဏာစိတ် ရှိခြင်းကို နားမလည်သည်သာမက၊ သူနှစ်သက်သည့် အရာ၊ သို့မဟုတ် သူစက်ဆုပ်ရွံရှာသည့်အရာကိုလည်း သင်မသိပေ။ ဤသည်မှာ ဘုရားသခင်ကိုသိခြင်း မဟုတ်ပေ။ ထို့ကြောင့် လူတစ်ချို့တို့က ဘုရားသခင်နောက်ကို လိုက်နိုင်ကြသော်လည်း၊ ဘုရားသခင်ကို သူတို့ သေချာပေါက် အမှန်တကယ် ယုံကြည်နိုင်စွမ်းမရှိကြချေ။ ဤနေရာ၌ ခြားနားမှု ရှိပေသည်။ ဘုရားသခင်ကိုသင်သိပါက၊ သူ့ကိုနားလည်ပြီး သူ၏အလိုတော်အချို့ကို နားလည်နိုင်ပါက၊ သင်သည် သူ့အား စစ်မှန်စွာယုံကြည်ခြင်း၊ သူ့အား စစ်မှန်စွာနာခံခြင်း၊ သူ့အား စစ်မှန်စွာချစ်ခြင်းနှင့် စစ်မှန်စွာကိုးကွယ်ခြင်းတို့ ပြုလုပ်နိုင်မည် ဖြစ်သည်။ ဤအရာများကို သင်နားမလည်ပါက သင်သည် အသာပြေးပြီး အလိုက်သင့်သွားနေသည့် နောက်လိုက် တစ်ဦးသာဖြစ်၏။ ယင်းကို စစ်မှန်သော ကျိုးနွံနာခံခြင်း၊ သို့မဟုတ် စစ်မှန်သော ကိုးကွယ်ခြင်းဟု မခေါ်ဆိုနိုင်ပေ။ စစ်မှန်သော ကိုးကွယ်ခြင်း မည်သို့ဖြစ်ပေါ်လာသနည်း။ ခြွင်းချက်မရှိ၊ ဘုရားသခင်ကို စစ်မှန်စွာသိသူအားလုံးသည် သူ့ကို မြင်သည့်အခါတိုင်းတွင် ကိုးကွယ်ကာ ကြည်ညိုကြ၏။ ၎င်းတို့အားလုံးသည် သူ့ကို ဦးညွှတ်ကာ ကိုးကွယ်ဖို့ လှုံ့ဆော်ခံရကြ၏။ လတ်တလောတွင်၊ လူ့ဇာတိခံ ဘုရားသခင် အမှုပြုနေစဉ်တွင် သူ၏ စိတ်သဘောထားနှင့် သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းကို လူတို့ သာ၍နားလည်လေလေ၊ ၎င်းတို့သည် ဤအရာများကို သာ၍တန်ဖိုးထားလေလေ ဖြစ်ပြီး၊ သူ့ကို သာ၍ချစ်ကြောက်ရိုသေလေလေ ဖြစ်လိမ့်မည်။ ယေဘုယျအားဖြင့် လူတို့သည် သိနားလည်မှု သာ၍နည်းလေ၊ သာ၍ဂရုမပြုလေဖြစ်ပြီး၊ ထို့ကြောင့် ဘုရားသခင်ကို လူသားကဲ့သို့ ၎င်းတို့ ဆက်ဆံကြလေသည်။ လူတို့သည် ဘုရားသခင်ကို အမှန်တကယ်သိရှိကာ မြင်ခဲ့ကြပါက၊ ၎င်းတို့သည် ကြောက်ရွံ့ခြင်းဖြင့် တုန်လှုပ်ခဲ့ကြလိမ့်မည်။ “ငါ့နောက်ကြွလာသောသူသည် ငါ့ထက် တတ်စွမ်းနိုင်၏။ ထိုသူ၏ခြေနင်းတော်ကိုမျှဆောင်ခြင်းငှာ ငါမထိုက်။” ယောဟန်သည် ဤအရာကို အဘယ်ကြောင့်ဆိုခဲ့သနည်း။ စိတ်ထဲတွင် အလွန် နက်နဲသော သိနားလည်မှု သူ မရှိခဲ့သော်လည်း၊ ဘုရားသခင်သည် အံ့ဖွယ်ကောင်းသည်ကို သူသိခဲ့၏။ ယနေ့ခေတ် လူမည်မျှသည် ဘုရားသခင်ကို ကြည်ညိုကြောက်ရွံ့နိုင်စွမ်း ရှိသနည်း။ သူ၏ စိတ်သဘောထားကို ၎င်းတို့ မသိပါက၊ သူ့ကို မည်သို့ ကြောက်ရွံ့နိုင်သနည်း။ လူတို့သည် ဘုရားသခင် အမှန်တကယ် ကိုးကွယ်နိုင်ဖို့ မဆိုထားနှင့်၊ ခရစ်တော်၏ အနှစ်သာရကို ၎င်းတို့ မသိသကဲ့သို့၊ ဘုရားသခင်၏ စိတ်သဘောထားကိုလည်း နားမလည်ကြပေ။ ၎င်းတို့သည် ခရစ်တော်၏ သာမန်နှင့် ပုံမှန်အပြင်ပန်းသဏ္ဌာန်ကိုသာ မြင်သော်လည်း၊ သူ၏အနှစ်သာရကို မသိပါက၊ သူတို့သည် ခရစ်တော်အား သာမန်လူသားတစ်ဦးအဖြစ်သာ ဆက်ဆံရန် ၎င်းတို့အတွက် လွယ်ကူ၏။ ထိုသူတို့သည် သူ့အပေါ် မရိုသေသောသဘောထား ခံယူကောင်းခံယူနိုင်သည်၊ ပြီးလျှင်သူ့ကို လိမ်လည်လှည့်စားနိုင်သည်၊ သူ့ကို ခုခံနိုင်သည်၊ သူ့ကို မနာခံဘဲနေနိုင်ပြီး၊ သူ့အပေါ် တရားစီရင်ချက် ချမှတ်နိုင်သည်။ ၎င်းတို့အနေဖြင့် မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူနိုင်ပြီး သူ၏နှုတ်ကပတ်တော်များကို အလေးအနက် ထားကောင်း ထားနိုင်မည်မဟုတ်။ ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်သည့် အယူအဆများ၊ ရှုတ်ချမှုများနှင့် ပြစ်မှားစော်ကားမှုတို့ကိုပင် ဖြစ်ပေါ်စေနိုင်၏။ ဤပြဿနာများကို ဖြေရှင်းရန်၊ ခရစ်တော်၏ အနှစ်သာရနှင့် ဘုရားသဘောသဘာဝတို့ကို သိရမည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကိုသိခြင်း၏ အဓိကလက္ခဏာဖြစ်၏၊ ထိုအရာသည် လက်တွေ့ကျသော ဘုရားသခင်ကို ယုံကြည်သည့် အယောက်တိုင်းက ဝင်ရောက်၍ ရရှိရမည့်အရာဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး

(၄၅၉) ဘုရားသခင်ကို ယုံကြည်ရန်နှင့် သိကျွမ်းရန်မှာ ကောင်းကင်ဘုံက စီမံထားပြီး ကမ္ဘာမြေက အသိအမှတ်ပြုထားခြင်းဖြစ်ကာ လူ့ဇာတိခံယူသော ဘုရားသခင်သည် သူ၏အမှုကို ကိုယ်တော်တိုင် ဆောင်ရွက်နေသည့် ကာလအတွင်းဖြစ်သော ယနေ့သည်၊ ဘုရားသခင်ကိုသိကျွမ်းရန် အထူးသဖြင့် ကောင်းမွန်သောအချိန်ကာလ ဖြစ်သည်။ ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းသည် ဘုရားသခင်၏ အလိုကို သိနားလည်ခြင်း အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ခြင်းဖြင့် ရရှိသည့်အရာ တစ်ခုဖြစ်ပြီး၊ ဘုရားသခင်၏ အလိုကို သိနားလည်ရန်အလို့ငှာ ဘုရားသခင်နှင့်သက်ဆိုင်သည့် အသိပညာ အချို့ရှိရန် လိုအပ်သည်။ ဘုရားသခင်နှင့်သက်ဆိုင်သော ဤအသိပညာသည် ဘုရားသခင်ကို ယုံကြည်သူ တစ်ဦးအနေဖြင့် ရှိရမည့် ရူပါရုံဖြစ်သည်၊ ယင်းမှာ လူသား၏ ဘုရားသခင်၌ ယုံကြည်မှု အခြေခံအကြောင်းရင်း ဖြစ်သည်။ ဤအသိပညာ ကင်းမဲ့ခြင်းဖြင့်၊ လူသား၏ ဘုရားသခင်၌ ယုံကြည်မှုသည် မရေရာသော အခြေအနေတစ်ခုတွင်၊ အနှစ်သာရ မဲ့သော သဘောတရားအလယ်တွင် တည်ရှိပေမည်။ ဘုရားသခင် နောက်သို့လိုက်ရန်မှာ ဤသို့သောလူများ၏ ဆုံးဖြတ်ချက်ဖြစ်လျှင်ပင်၊ မည်သည့်အရာကိုမျှ ၎င်းတို့ ရရှိကြလိမ့်မည်မဟုတ်။ ဤရေစီးကြောင်းတွင် မည်သည့်အရာမျှ မရရှိသောသူအားလုံးသည် ဖယ်ရှားခံရမည့်သူများဖြစ်သည်- ၎င်းတို့အားလုံးသည် ကပ်ပါးရပ်ပါးများ ဖြစ်ကြ၏။...အကယ်၍ လူသားသည် ရူပါရုံများကို မရရှိနိုင်ပါက၊ ဘုရားသခင်၏အမှုသစ်ကို မရရှိနိုင်ပေ၊ ပြီးလျှင် လူသားသည် ဘုရားသခင်၏အမှုသစ်ကို မနာခံနိုင်ပါက၊ ဘုရားသခင်၏ အလိုတော်ကို နားလည်နိုင်မည် မဟုတ်ပေ၊ ထို့ကြောင့် ဘုရားသခင်နှင့်ပတ်သက်သော သူ၏အသိပညာသည် အချည်းနှီးသဘော သက်ရောက်ပေမည်။ လူသားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မဆောင်ရွက်မီတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သိရမည်ဖြစ်သည်။ ဆိုလိုသည်မှာ သူသည် ဘုရားသခင်၏ အလိုတော်ကို နားလည်ရမည်ဖြစ်သည်။ ဤနည်းဖြင့်သာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တိကျစွာ ဆောင်ရွက်နိုင်ပြီး၊ ဘုရားသခင်၏အလိုတော်နှင့်အညီ ဖြစ်နိုင်ပေသည်။ ဤသည်မှာ သမ္မာတရားကို ရှာဖွေသောသူတိုင်း ပိုင်ဆိုင်ထားရမည့် အရာတစ်ခုဖြစ်ပြီး၊ ဘုရားသခင်ကို သိကျွမ်းရန်ကြိုးစားသော သူတိုင်းကြုံရမည့် ဖြစ်စဉ်လည်း ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သိကျွမ်းလာခြင်း ဖြစ်စဉ်သည် ဘုရားသခင်နှင့် ဘုရားသခင်၏ အမှုကို သိကျွမ်းလာခြင်း ဖြစ်စဉ်ဖြစ်သည်။ ထို့ကြောင့် ရူပါရုံများကိုသိရှိခြင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ လူ့သဘာဝအား သိကျွမ်းခြင်းကိုသာ မရည်ညွှန်းဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် အမှုကိုသိကျွမ်းခြင်းတို့လည်း ပါဝင်ပေသည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်မှ ဘုရားသခင်၏ အလိုကို သိနားလည်လာကြပြီး၊ ဘုရားသခင်၏ အမှုမှ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ဖြစ်ခြင်းတို့ကို သိကျွမ်းလာကြလေသည်။ ဘုရားသခင်၌ ယုံကြည်မှုသည် ဘုရားသခင်ကို သိကျွမ်းခြင်းအဖို့ ပထမခြေလှမ်းဖြစ်သည်။ ဘုရားသခင်ကို ဤကနဦးယုံကြည်ခြင်းမှ သူ့ကို အလေးနက်ဆုံး ယုံကြည်ခြင်းဆီသို့ တိုးတက်ခြင်းဖြစ်စဉ်သည် ဘုရားသခင်ကို သိကျွမ်းလာခြင်းဖြစ်စဉ်၊ ဘုရားသခင်၏အမှုကို တွေ့ကြုံခြင်း ဖြစ်စဉ် ဖြစ်သည်။ သင်သည် ဘုရားသခင်ကို သိကျွမ်းလာခြင်းအတွက် မဟုတ်ဘဲ၊ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက်သာ သင်သည် ဘုရားသခင်ကို ယုံကြည်ပါက၊ သင်၏ယုံကြည်ခြင်းတွင် စစ်မှန်မှု မရှိသကဲ့သို့ သင်၏ ယုံကြည်ခြင်းသည် ဖြူစင်မလာနိုင်ပေ- ဤအရာနှင့်ပတ်သက်၍သံသယဖြစ်စရာမရှိပေ။ လူသည် ဘုရားသခင်၏အမှုကို တွေ့ကြုံသည့် ဖြစ်စဉ်အတွင်းတွင်၊ သူသည် ဘုရားသခင်ကို တဖြည်းဖြည်း သိကျွမ်းလာပါက၊ သူ၏ စိတ်သဘောထားသည် တဖြည်းဖြည်း ပြောင်းလဲလိမ့်မည်ဖြစ်ပြီး၊ သူ၏ယုံကြည်မှုသည် တိုး၍ စစ်မှန်လာလိမ့်မည်။ ဤနည်းဖြင့်၊ လူသည် ဘုရားသခင်၌ သူ၏ယုံကြည်ခြင်းတွင် အောင်မြင်မှုရရှိသောအခါတွင်၊ သူသည် ဘုရားသခင်ကို အပြည့်အဝ ရရှိသွားပြီး ဖြစ်လိမ့်မည်။ ဘုရားသခင်သည် သူ၏အမှုကို ကိုယ်တော်တိုင် လုပ်ဆောင်ဖို့ ဒုတိယအကြိမ် လူ့ဇာတိခံယူရန် ထိုကဲ့သို့ အပတ်တကုပ် ကြိုးစားရခြင်း အကြောင်းရင်းမှာ လူသားသည် သူ့ကိုသိကျွမ်းလာနိုင်ဖို့နှင့် သူ့ကို တွေ့မြင်လာနိုင်ဖို့အလို့ငှာ ဖြစ်သည်။ ဘုရားသခင်ကို သိကျွမ်းခြင်းက သည် ဘုရားသခင့်အမှု၏နိဂုံးတွင် ရရှိရမည့် နောက်ဆုံးအကျိုးတရား ဖြစ်သည်။ ယင်းသည် ဘုရားသခင် အနေဖြင့် လူသားမျိုးနွယ်ကို ပြုလုပ်သည့် နောက်ဆုံးသတ်မှတ်ချက် ဖြစ်သည်။ ဤအရာကို ဘုရားသခင် လုပ်ဆောင်ရသည့် အကြောင်းရင်းမှာ သူ၏နောက်ဆုံး သက်သေခံချက်အတွက်ဖြစ်သည်။ လူသားအနေဖြင့် နောက်ဆုံးတွင် သူ့ထံသို့ လုံးဝ ပြန်လှည့်နိုင်စေဖို့အလို့ငှာ၊ ဤအမှုကို သူပြုခြင်း ဖြစ်သည်။ လူသားသည် ဘုရားသခင်ကို သိကျွမ်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ချစ်လာနိုင်ပြီး၊ ဘုရားသခင်ကို ချစ်ရန် သူသည် ဘုရားသခင်ကို သိကျွမ်းရမည် ဖြစ်သည်။ သူသည် မည်သို့ရှာဖွေသည်ဖြစ်စေ၊ သို့မဟုတ် မည်သည့်အရာကိုရရှိရန် ကြိုးစားသည်ဖြစ်စေ၊ သူသည် ဘုရားသခင်နှင့်ပတ်သက်သော အသိပညာကို ရရှိနိုင်ရမည်ဖြစ်သည်။ ဤနည်းဖြင့်သာ လူသည် ဘုရားသခင်၏စိတ်နှလုံးကို ကျေနပ်စေနိုင်ပေသည်။ ဘုရားသခင်ကို သိကျွမ်းခြင်းအားဖြင့်သာ လူသားသည် ဘုရားသခင်၌ စစ်မှန်သည့် ယုံကြည်ခြင်း ရှိနိုင်ပြီး၊ ဘုရားသခင်ကို သိကျွမ်းခြင်းအားဖြင့်သာ သူသည် ဘုရားသခင်ကို အမှန်တကယ် ကြည်ညိုကာ နာခံနိုင်ပေသည်။ ဘုရားသခင်ကို မသိသော သူတို့သည် ဘုရားသခင်ကို စစ်မှန်စွာနာခံခြင်းနှင့် ကြည်ညိုခြင်းသို့ မည်သည့်အခါမျှ ရောက်ရှိမည်မဟုတ်ပေ။ ဘုရားသခင်ကို သိကျွမ်းခြင်းတွင် သူ၏စိတ်သဘောထားကိုသိခြင်း၊ သူ၏အလိုကို နားလည်ခြင်းနှင့် သူ၏ဖြစ်ခြင်းကိုသိခြင်းတို့ ပါဝင်သည်။ သို့သော်လည်း တစ်စုံတစ်ယောက်သည် မည်သည့်ရှုထောင့်ကို သိရှိလာသည်ဖြစ်စေ၊ ရှုထောင့်အသီးသီးသည် လူတို့အနေဖြင့် အဖိုးအခပေးရန် လိုအပ်ပြီး၊ နာခံရန် အလိုဆန္ဒ လိုအပ်ပေသည်၊ ထိုအရာမပါဘဲနှင့် မည်သူမျှ အဆုံးထိ ဆက်လက်လိုက်လျှောက်နိုင်မည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကိုသိသောသူများသာလျှင် ဘုရားသခင်ကို သက်သေခံနိုင်ကြသည်

(၄၆၀) ဘုရားသခင်ကိုသိကျွမ်းလာခြင်း သင်ခန်းစာ၏ အကျိုးတရားများကို တစ်ရက် သို့မဟုတ် နှစ်ရက်ဖြင့် မရရှိနိုင်ပေ။ လူသားအနေဖြင့် အတွေ့အကြုံများကို စုဆောင်းရမည်၊ ဆင်းရဲဒုက္ခကို ကြုံရမည်ဖြစ်ပြီး၊ စစ်မှန်သော ကျိုးနွံနာခံခြင်းကို ရရှိရမည်။ ပထမဦးဆုံးအနေဖြင့် ဘုရားသခင်၏အမှုနှင့် နှုတ်ကပတ်တော်များမှ စတင်လော့။ ဘုရားသခင်နှင့် ပတ်သက်သော အသိပညာတွင် မည်သည့်အရာ ပါဝင်သည်၊ ဤအသိပညာကို မည်သို့ရရှိနိုင်မည် ဆိုသည်နှင့် သင်၏အတွေ့အကြုံများထဲတွင် ဘုရားသခင်ကို မည်သို့တွေ့မြင်ရမည်တို့ကို သင့်အနေဖြင့် နားလည်ရန်မှာ အလွန်အရေးကြီးသည်။ ဤသည်မှာ ဘုရားသခင်ကို မသိသေးသည့် အချိန်တွင် အယောက်တိုင်းလုပ်ဆောင်ရမည့် အရာဖြစ်သည်။ ဘုရားသခင်၏အမှုနှင့် နှုတ်ကပတ်တော်များကို မည်သူမျှ တစ်ချက်တည်းဖြင့် သဘောမပေါက်နိုင်သကဲ့သို့၊ ဘုရားသခင်၏ အလုံးစုံနှင့် ပတ်သက်သော အသိပညာကို အချိန်တိုတစ်ခုအတွင်း မည်သူမျှမရရှိနိုင်ပေ။ လိုအပ်သည့် အတွေ့အကြုံဖြစ်စဉ်တစ်ခုရှိပြီး၊ ယင်းမပါဘဲနှင့် မည်သူမျှ ဘုရားသခင်ကို သိကျွမ်းနိုင်မည်မဟုတ်၊ သို့မဟုတ် စိတ်ရင်းအမှန်ဖြင့် သူ့နောက်လိုက်နိုင်မည် မဟုတ်ပေ။ သာ၍ များသော အမှုကို ဘုရားသခင် လုပ်ဆောင်လေ၊ သူ့ကို လူသားက သာ၍သိလေဖြစ်သည်။ ဘုရားသခင်၏အမှုသည် လူသား၏ အယူအဆများနှင့် သာ၍ကွဲလွဲမှုရှိလေ၊ ဘုရားသခင်နှင့် ပတ်သက်သော လူသား၏ အသိပညာသည် သာ၍အသစ်ပြုပြင်ခံရကာ သာ၍လေးနက်လေဖြစ်သည်။ အကယ်၍ ဘုရားသခင်၏အမှုသည် အစဉ်အမြဲ တစ်သမတ်တည်းဖြစ်ပြီး မပြောင်းလဲဘဲရှိနေပါက၊ လူသား၏ ဘုရားသခင်နှင့်ပတ်သက်သော အသိပညာမှာ သိပ်ရှိမည် မဟုတ်ပေ။ ဖန်ဆင်းခြင်း အချိန်ကာလနှင့် မျက်မှောက်ကာလကြားတွင် ပညတ်တော်ခေတ်အတွင်း ဘုရားသခင်ပြုခဲ့သော အရာ၊ ကျေးဇူးတော်ခေတ်အတွင်း သူပြုခဲ့သောအရာနှင့် နိုင်ငံတော်ခေတ် အတွင်း သူပြုသည့်အရာ- ဤရူပါရုံများအကြောင်းကို သင်တို့အနေဖြင့် ရှင်းလင်းပြတ်သားရမည်။ သင်တို့သည် ဘုရားသခင်၏အမှုကို သိရမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကိုသိသောသူများသာလျှင် ဘုရားသခင်ကို သက်သေခံနိုင်ကြသည်

(၄၆၁) ယေရှုနောက်လိုက်သည့် အချိန်အတောအတွင်းတွင်၊ ကိုယ်တော်နှင့်ပတ်သက်သည့် အယူအဆများစွာ ပေတရု ဖြစ်ပေါ်ခဲ့ပြီး မိမိ၏ ကိုယ်ပိုင်ရှုထောင့်အမြင်မှနေ၍ သူ့ကို အမြဲ ဝေဖန်မိခဲ့သည်။ ပေတရုသည် ဝိညာဉ်တော်နှင့် သက်ဆိုင်၍ သိနားလည်မှု အတိုင်းအတာတစ်ခု ရှိသော်လည်း သူ၏ သိနားလည်မှုက အနည်းငယ် မရှင်းမလင်းဖြစ်လေသည်၊ ထို့ကြောင့် သူက၊ “ကောင်းကင်ဘုံ အဖက စေလွှတ်သော သူနောက် ကျွန်ုပ် လိုက်ရပါမည်။ သန့်ရှင်းသော ဝိညာဉ်တော် ရွေးချယ်သောသူကို ကျွန်ုပ် အသိအမှတ်ပြုရပါမည်။” ဟု ပြောခြင်း ဖြစ်သည်။ ယေရှု လုပ်ဆောင်ခဲ့သည့် အရာများကို သူ နားမလည်ခဲ့သကဲ့သို့ ၎င်းတို့နှင့် ပတ်သက်၍ ရှင်းလင်းမှု မရှိခဲ့ချေ။ ကိုယ်တော့်နောက် အချိန်အတန်ကြာ လိုက်ပြီးနောက်တွင်၊ ကိုယ်တော် လုပ်ဆောင်ခဲ့သည့်အရာ၊ ပြောခဲ့သည့်အရာနှင့် ယေရှုကိုယ်တိုင်ကို ပေတရုက စိတ်ဝင်စားမှုတိုးလာခဲ့သည်။ ယေရှုက ချစ်ခင်မှုနှင့် လေးစားမှု နှစ်ခုလုံးကို ဖြစ်စေသည်ဟု သူ ခံစားလာခဲ့ရသည်။ ကိုယ်တော်နှင့်အတူ သူ ပေါင်းဖော်ရန်နှင့် သူ့ထံပါးတွင် နေဖို့ နှစ်သက်ခဲ့ပြီး ယေရှု၏ နှုတ်ကပတ်တော်များကို နားထောင်ခြင်းက သူ့ကို အထောက်အပံ့နှင့် အကူအညီပေးခဲ့သည်။ ယေရှုနောက် သူလိုက်ခဲ့သည့်အချိန်အတွင်းတွင်၊ သူ၏ လုပ်ရပ်များ၊ နှုတ်ကပတ်တော်များ၊ လှုပ်ရှားမှုများနှင့် မျက်နှာအမူအရာများ ဖြစ်သည့် ကိုယ်တော့် အသက်တာ၊ နှင့်ပတ်သက်သော အရာတိုင်းကို ပေတရုက လေ့လာပြီး နှလုံးသွင်းခဲ့သည်။ ယေရှုက သာမန်လူများကဲ့သို့ မဟုတ်ခဲ့ကြောင်းကို နက်ရှိုင်းသော နားလည်မှုတစ်ရပ် သူရရှိခဲ့သည်။ သူ၏ လူသား ပုံပန်းက အလွန်အမင်း သာမန်ဖြစ်ခဲ့သော်လည်း သူသည် လူသားအတွက် ချစ်ခြင်းမေတ္တာ၊ သနားကရုဏာနှင့် သည်းခံခြင်းတို့ဖြင့် ပြည့်ခဲ့ပေသည်။ သူလုပ်ဆောင်ခဲ့သည့်အရာတိုင်း သို့မဟုတ် ပြောဆိုခဲ့သည့်အရာတိုင်းက အခြားသူအတွက် ကြီးမားသော အထောက်အကူဖြစ်ခဲ့ပြီး ပေတရုသည် ယခင်က သူ တစ်ခါမျှ မမြင်ဖူးခဲ့သကဲ့သို့ မပိုင်ဆိုင်ဖူးခဲ့သော အရာများကို ယေရှုထံမှ မြင်တွေ့ကာ ရရှိခဲ့သည်။ ယေရှုက ထည်ဝါခံ့ညားသော အရပ်အမောင်းဖြစ်စေ ပုံမှန်မဟုတ်သော လူသားသဘာဝ တစ်ခုတစ်လေဖြစ်စေ မရှိခဲ့သော်လည်း၊ သူနှင့်ပတ်သက်၍ အမှန်ပင် သာမန်ထက်ထူးကဲပြီး ရှားပါးသော ဟန်ပန်တစ်ခု ရှိခဲ့ပေသည်။ ယင်းကို ပေတရုက အပြည့်အစုံ မရှင်းပြနိုင်သော်လည်း၊ ယေရှုက အခြားလူတိုင်းနှင့် မတူကွဲပြားစွာ ပြုမူခဲ့သည်ကို သူ မြင်နိုင်ခဲ့သည်၊ အဘယ့်ကြောင့်ဆိုသော် ယေရှုလုပ်ဆောင်ခဲ့သည့်အရာများသည် သာမန်လူတို့ လုပ်ဆောင်သည့်အရာများနှင့် အလွန်ကွဲပြားသောကြောင့် ဖြစ်သည်။ ယေရှုနှင့် သူထိတွေ့ဆက်ဆံရသည့် အချိန်များမှ၊ ပေတရုက ယေရှု၏ အကျင့်စရိုက်သည် သာမန်လူတစ်ဦး၏ အကျင့်စရိုက်မှ ကွဲပြားသည်ကိုလည်း မြင်တွေ့ခဲ့သည်။ ကိုယ်တော်သည် တည်ကြည်စွာ အမြဲ ပြုမူခဲ့ပြီး ဘယ်သောအခါမျှ အလျင်စလိုမဖြစ်၊ အကြောင်းအရာတစ်ခုကို ဘယ်သောအခါမျှ ချဲ့ကားပြောဆိုခြင်း မရှိသကဲ့သို့ အရေးမကြီးလေဟန် မလုပ်ခဲ့ပေ၊ ပြီးလျှင် သူသည် သူ၏အသက်တာကို သာမန်ဘ၀ရော ကြည်ညိုဖွယ်ဖြစ်သည့် အဖြစ်ပါ ဖော်ပြသည့် ပုံစံတစ်ခုဖြင့် သူ့ဘ၀ကို ပြုမူနေထိုင်ခဲ့သည်။ စကားစမြည်ပြောဆိုရာတွင်၊ ယေရှုသည် ရွှင်ပျသည့်တိုင် တည်ငြိမ်အေးချမ်းသော ပုံစံတစ်ခုဖြင့် အမြဲဆက်ဆံရင်း၊ ပွင့်ပွင့်လင်းလင်းနှင့် ချေငံစွာ စကားပြောခဲ့လေသည်၊ သို့တိုင် သူ၏ အမှုဆောင်ရွက်နေစဉ်တွင် သူ၏ ဂုဏ်သိက္ခာကို ဘယ်သောအခါမျှ သူ မဆုံးရှုံးခဲ့ပေ။ ယေရှုက တစ်ခါတစ်ရံ စကားနည်းသော်လည်း အခြားအချိန်များတွင် မရပ်မနားပြောခဲ့သည်ကို ပေတရု မြင်ခဲ့သည်။ တစ်ခါတစ်ရံ သူ အလွန်ပျော်ရွှင်ခဲ့သည်မှာ မြူးထူးပြီး ဆော့ကစားနေသော ချိုးငှက်အလား ထင်ရပြီး အခြားအချိန်များတွင် သူ အလွန်ဝမ်းနည်းသည်မှာ ခြေကုန်လက်ပန်းကျကာ မောပန်းနွမ်းနယ်သော မိခင်တစ်ဦးအလား ၀မ်းနည်းပူဆွေးမှုဖြင့် ဆို့နင့်နေပုံရလျက် လုံးဝ စကားမပြောခဲ့ပေ။ တစ်ခါတစ်ရံတွင် သူသည် ရန်သူတစ်ဦးကို သတ်ဖြတ်ရန် တစ်ဟုန်ထိုး ၀င်၍တိုက်ခိုက်နေသည့် ရဲရင့်သော စစ်သားတစ်ဦးအလား ဒေါသဖြင့် ပြည့်လေသည်၊ သို့မဟုတ် တစ်ချို့အချိန်များတွင် သူသည် ဟိန်းဟောက်နေသည့် ခြင်္သေ့ တစ်ကောင်နှင့်ပင် ဆင်တူလေသည်။ တစ်ခါတစ်ရံ သူ ရယ်မောခဲ့သည်၊ အခြားအချိန်များတွင် သူ ဆုတောင်းပြီး ငိုကြွေးခဲ့သည်။ ယေရှု အဘယ်သို့ ပြုမူပါစေ၊ ပေတရုသည် သူ့အတွက် အကန့်အသတ်မဲ့ ချစ်ခြင်းနှင့် လေးစားခြင်းတို့ တိုးပွားလာခဲ့သည်။ ယေရှု၏ ရယ်မောခြင်းက သူ့ကို ပျော်ရွှင်ခြင်းဖြင့် ပြည့်စေခဲ့သည်၊ ကိုယ်တော်၏ ဝမ်းနည်းခြင်းက သူ့ကို ပူဆွေးမှုထဲသို့ ထိုးဆင်းစေခဲ့သည်၊ ကိုယ်တော်၏ အမျက်ဒေါသက သူ့ကို ထိတ်လန့်စေသော်လည်း၊ ကိုယ်တော်၏ ကရုဏာ၊ ခွင့်လွှတ်ခြင်းနှင့် လူတို့အပေါ် ကိုယ်တော်ပြုသည့် တင်းကျပ်သော တောင်းဆိုမှုများက သူ့ကို ယေရှုအား အမှန်ချစ်လာစေပြီး ကိုယ်တော့်ကို စစ်မှန်သော ကြည်ညိုခြင်းနှင့် တောင့်တခြင်းတို့ကို ဖြစ်ပေါ်လာစေခဲ့သည်။ ဟုတ်ပေ၏၊ နှစ်များစွာ ယေရှုနှင့်အတူ အသက်ရှင်ပြီးမှ ဤအရာအားလုံးကို ပေတရု တဖြည်းဖြည်း နားလည်လာခဲ့ခြင်း ဖြစ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှုကို ပေတရု သိကျွမ်းလာခဲ့ပုံ

(၄၆၂) သင်သည် ဘုရားသခင်ကို သိချင်ပါက၊ သူ့ကို အမှန်တကယ် သိကျွမ်းလိုပါက၊ သူ့ကို အမှန်တကယ် နားလည်လိုပါက၊ သင့်ကိုယ်သင် ဘုရားသခင်၏ အမှုအဆင့်သုံးဆင့်နှင့်သာ သို့မဟုတ် အတိတ်က သူ ဆောင်ရွက်ခဲ့သည့် အမှုဇာတ်ကြောင်းများနှင့်သာ မကန့်သတ်လေနှင့်။ သင်သည် သူ့ကို ထိုနည်းဖြင့် သိရန်ကြိုးစားပါက သင်သည် ဘုရားသခင်အား ကန့်သတ်ချက်များ ထားရှိနေခြင်း၊ သူ့ကို ဘောင်ခတ်နေခြင်းဖြစ်သည်။ သင်သည် ဘုရားသခင်အား အလွန်သေးနုပ်သော အရာတစ်ခုအဖြစ် မြင်နေခြင်းဖြစ်သည်။ ထိုသို့ လုပ်ဆောင်ခြင်းက လူတို့ကို မည်သို့ ထိခိုက်မည်နည်း။ သင်သည် ဘုရားသခင်၏ အံ့သြဖွယ်ရာကောင်းခြင်းနှင့် သာလွန်မှုတို့ကို မည်သည့်အခါမျှ သိနိုင်မည် မဟုတ်သကဲ့သို့ သူ၏တန်ခိုး၊ အရာခပ်သိမ်းတတ်စွမ်းနိုင်ခြင်းနှင့် သူ၏ ဩဇာအာဏာ အတိုင်းအတာတို့ကိုလည်း မည်သည့်အခါမျှ သိနိုင်မည်မဟုတ်ပေ။ ထိုသို့သော သိနားလည်မှုတစ်ရပ်သည် ဘုရားသခင်မှာ အရာခပ်သိမ်း၏ အုပ်စိုးရှင်ဖြစ်သည်ဆိုသည့် သမ္မာတရားအား သင်၏လက်ခံနိုင်စွမ်းအပြင် ဘုရားသခင်၏ စစ်မှန်သော ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းတို့နှင့်ဆိုင်သည့် သင်၏ အသိပညာအပေါ် သက်ရောက်မှုတစ်ခု ရှိလိမ့်မည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်ကို သင်၏သိနားလည်ခြင်းသည် အတိုင်းအတာအားဖြင့် အကန့်အသတ်ရှိပါက၊ သင်ရရှိနိုင်သည့် အရာသည်လည်း အကန့်အသတ်ရှိ၏။ ဤသည်မှာ သင့်အနေဖြင့် သင်၏အတိုင်းအတာကို ချဲ့ထွင်ကာ သင်၏နယ်ပယ်ကို တိုးချဲ့ရမည့် အကြောင်းရင်း ဖြစ်သည်။ ဘုရားအမှု၏ နယ်ပယ်၊ သူ၏ စီမံခန့်ခွဲမှု၊ သူ၏အုပ်စိုးမှုနှင့် သူ စီမံခန့်ခွဲသည့် အရာအားလုံးနှင့် သူ အုပ်စိုးသည့် အရာများ- ထိုအရာအားလုံးကို သင် နားလည်ဖို့ ကြိုးစားသင့်၏။ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သင် သိလာသင့်သည်မှာ ဤအရာများမှတဆင့် ဖြစ်သည်။ ထိုသို့သော နားလည်မှုတစ်ခုဖြင့်၊ ၎င်းတို့ကြားတွင် ဘုရားသခင်က အရာခပ်သိမ်းကို အုပ်စိုးသည်၊ စီမံခန့်ခွဲပြီး ထောက်ပံ့သည်ကို မရည်ရွယ်ဘဲ သင်ခံစားလာ ရလိမ့်မည်ဖြစ်ပြီး၊ သင်သည် အရာခပ်သိမ်း၏ အစိတ်အပိုင်း တစ်ရပ်နှင့် အဖွဲ့ဝင်တစ်ဦးဖြစ်သည်ကိုလည်း အမှန်တကယ် ခံစားရလိမ့်မည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို ထောက်ပံ့ပေးသည်နှင့်အမျှ၊ သင်သည်လည်း ဘုရားသခင်၏ အုပ်စိုးမှုနှင့် ထောက်ပံ့မှုကို လက်ခံလျက်ရှိပေသည်။ ဤသည်မှာ မည်သူမျှမငြင်းနိုင်သည့် အမှန်တရားဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၈)

(၄၆၃) လူတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်နှင့်ဆိုင်သည့် သိနားလည်မှု မည်ရွေ့မည်မျှရှိပါစေ၊ ယင်းမှာ ၎င်းတို့ စိတ်နှလုံးများတွင် ဘုရားသခင် ကိုင်စွဲထားသည့် နေရာ အတိုင်းအတာလည်း ဖြစ်ပေသည်။ ၎င်းတို့ စိတ်နှလုံးများတွင် ဘုရားသခင်နှင့်ဆိုင်သည့် အသိ မည်ရွေ့မည်မျှ ကြီးမားပါစေ၊ ယင်းမှာ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင် မည်မျှကြီးမြတ်သည်ဆိုသည့်အရာ ဖြစ်၏။ သင် သိသည့် ဘုရားက အနှစ်မဲ့ပြီး မရေမရာ ဖြစ်ပါက၊ သင် ယုံကြည်သည့် ဘုရားသည်လည်း အနှစ်မဲ့ပြီး မရေမရာဖြစ်ပေသည်။ သင် သိသည့် ဘုရားသည် သင်၏ကိုယ်ပိုင် ကိုယ်ရေးကိုယ်တာ အသက်တာ၏ နယ်ပယ်ထိ ကန့်သတ်ထားခြင်း ခံရပြီး စစ်မှန်သည့် ဘုရားသခင် ကိုယ်တိုင်နှင့် ဘာမျှသက်ဆိုင်မှု မရှိပေ။ ထို့ကြောင့် ဘုရားသခင်၏ လက်တွေ့ကျသည့် လုပ်ဆောင်ချက်များကို သိခြင်း၊ ဘုရားသခင်၏ စစ်မှန်မှုနှင့် သူ၏ အရာအားလုံး တတ်စွမ်းနိုင်ခြင်းကို သိခြင်း၊ ဘုရားသခင် ကိုယ်တိုင်၏ စစ်မှန်သည့် ပင်ကိုလက္ခဏာကို သိခြင်း၊ သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို သိခြင်း၊ သူ၏ ဖန်ဆင်းခြင်း အရာအားလုံးကြားတွင် သူ ထင်ရှားစေပြီးဖြစ်သည့် လုပ်ရပ်များကို သိခြင်း- ဤအရာများသည် ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာကို လိုက်စားသည့် လူတစ်ဦးစီတိုင်းအဖို့ အလွန် အရေးကြီးပေသည်။ ယင်းတို့သည် လူများအနေဖြင့် သမ္မာတရား စစ်မှန်မှုသို့ ဝင်ရောက်နိုင်ခြင်း ရှိမရှိဆိုသည့်အပေါ် တိုက်ရိုက် ဆက်စပ်မှုရှိသည်။ သင်သည် ဘုရားသခင်နှင့်ဆိုင်သည့် သင်၏သိနားလည်မှုကို စကားလုံးများ သက်သက်အဖြစ်သာ ကန့်သတ်ထားပါက၊ သင်၏ နည်းပါးသော ကိုယ်ပိုင်အတွေ့အကြုံအထိသာ၊ သင် ခန့်မှန်းသည့်အရာကို ဘုရားသခင်၏ ကျေးဇူးတော်ဖြစ်ဖို့အထိ သို့မဟုတ် ဘုရားသခင်အဖို့ သင်၏ နည်းပါးသော သက်သေခံချက်များ အထိသာ ယင်းကို ကန့်သတ်ထားပါက၊ သင်ယုံကြည်သည့် ဘုရားသခင်သည် စစ်မှန်သည့်ဘုရားသခင်ကိုယ်တိုင် လုံးဝ မဟုတ်ဟု ငါပြော၏။ ထိုမျှမက သင်ယုံကြည်သည့် ဘုရားသခင်သည် စိတ်ကူးသက်သက် ဘုရားသခင် တစ်ပါးဖြစ်ပြီး၊ စစ်မှန်သည့်ဘုရားသခင် မဟုတ်ဟုလည်း ဆိုနိုင်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် စစ်မှန်သည့် ဘုရားသခင်သည် အရာရာတိုင်းအပေါ် အုပ်စိုးသည့်၊ အရာရာတိုင်းအလယ်တွင် လျှောက်လှမ်းသည့်၊ အရာရာတိုင်းကို စီမံသည့်သူ ဖြစ်သည်။ သူသည် လူသားမျိုးနွယ်အားလုံး၏ ကံကြမ္မာနှင့် အရာရာတိုင်း၏ ကံကြမ္မာကို မိမိလက်တွင် ကိုင်စွဲထားသူ ဖြစ်သည်။ ငါပြောဆိုနေသည့် ဘုရားသခင်၏ အမှုနှင့် လုပ်ဆောင်ချက်များသည် လူအစိတ်အပိုင်း အနည်းငယ်မျှအထိသာ ကန့်သတ်မထားပေ။ ဆိုလိုသည်မှာ ယင်းတို့သည် လတ်တလော၌ သူ့နောက်ကို လိုက်နေသည့်လူများ အထိသာ ကန့်သတ်မထားပေ။ သူ၏ လုပ်ဆောင်ချက်များသည် အရာခပ်သိမ်းထဲတွင်၊ အရာခပ်သိမ်း၏ ရှင်သန်မှုနှင့် အရာခပ်သိမ်း၏ ပြောင်းလဲခြင်း နိယာမများထဲတွင် သိသာထင်ရှားလေသည်။

သင်သည် သူ၏ ဖန်ဆင်းခြင်း အရာအားလုံးထဲတွင် ဘုရားသခင်၏လုပ်ဆောင်ချက် တစ်ခုတစ်လေကို မမြင်နိုင်ပါက သို့မဟုတ် သတိမပြုမိနိုင်ပါက၊ သင်သည် သူ၏ မည်သည့် လုပ်ဆောင်ချက်များကိုမျှ သက်သေမခံနိုင်ပေ။ သင်သည် ဘုရားသခင်အတွက် သက်သေမခံနိုင်ပါက၊ သင်သည် သင်သိသည့် သေးငယ်သည့် ဘုရားဟုခေါ်သည့်အရာကိုသာ ဆက်လက် ပြောဆိုပါက၊ သင်၏ကိုယ်ပိုင် စိတ်ကူးများအထိ ကန့်သတ်ထားပြီး သင်၏ကျဉ်းမြောင်းသည့် စိတ်အတွင်း ပိတ်လှောင်ထားသည့် ထိုဘုရား၊ ထိုဘုရားမျိုးကို သင် ဆက်လက်ပြောဆိုပါက၊ ဘုရားသခင်သည် သင်၏ယုံကြည်ခြင်းကို မည်သည့်အခါတွင်မျှ ချီးမွမ်းလိမ့်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်အတွက် သက်သေခံသည့်အခါတွင်၊ သင်က ဘုရားသခင်၏ကျေးဇူးတော်ကို မည်သို့ မွေ့လျော်သည်၊ ဘုရားသခင်၏ ပဲ့ပြင်ဆုံးမမှုနှင့် သူ၏ ပြစ်တင်ဆုံးမခြင်းကို သင် မည်သို့ လက်ခံသည်ဆိုသည်နှင့်၊ သူ့အတွက် သင်၏ သက်သေခံခြင်း၌ သူ၏ ကောင်းချီးမင်္ဂလာများကို သင် မည်သို့ မွေ့လျော်ခံစားသည် ဆိုသည်တို့အရသာ သင် ထိုသို့သက်သေခံပါက၊ ယင်းမှာ ဘယ်မှာမှ လုံလောက်ရန် မနီးစပ်သကဲ့သို့ သူ့ကို စိတ်ကျေနပ်စေရန်ပင် မနီးစပ်ပေ။ သင်သည် ဘုရားသခင်၏ အလိုနှင့်ကိုက်ညီသည့် နည်းလမ်းတစ်ခုဖြင့် ဘုရားသခင်အတွက် သက်သေခံလိုပါက၊ စစ်မှန်သည့် ဘုရားသခင် ကိုယ်တိုင်အတွက် သက်သေခံလိုပါက၊ သင်သည် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို သူ၏ လုပ်ဆောင်ချက်များမှ မြင်ရမည် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ ဩဇာအာဏာကို အရာခပ်သိမ်းအပေါ် သူ၏အုပ်စိုးမှုမှ တွေ့မြင်ရမည်ဖြစ်ပြီး လူသားမျိုးနွယ် အားလုံးအတွက် သူ မည်သို့ ပံ့ပိုးပေးသည်ဆိုသည့် သမ္မာတရားကို သင် မြင်ရမည်။ သင်သည် သင်၏ နေ့စဉ် အာဟာရနှင့် ဘဝ၌ သင်၏လိုအပ်ချက်များက ဘုရားသခင်ထံမှ လာသည်ဆိုသည်ကိုသာ အသိအမှတ်ပြုပြီး ဘုရားသခင်သည် လူသားမျိုးနွယ်အားလုံးနှင့်ဆိုင်သည့် ပံ့ပိုးမှုအတွက် သူ၏ ဖန်ဆင်းခြင်း အရာအားလုံးကို ဆောင်ယူပြီးဖြစ်သည်ဆိုသည်နှင့် အရာခပ်သိမ်းအပေါ် အုပ်စိုးခြင်းအားဖြင့် လူသားမျိုးနွယ် အားလုံးကို သူဦးဆောင်နေသည် ဆိုသည့်အမှန်တရားကို သင်မတွေ့မြင်နိုင်ပါက၊ သင်သည် ဘုရားသခင်အတွက် မည်သည့်အခါတွင်မျှ သက်သေခံနိုင်လိမ့်မည် မဟုတ်ပေ။ ဤအရာအားလုံးကို ပြောဆိုရာတွင် ငါ၏ရည်ရွယ်ချက်မှာ မည်သည့်အရာ ဖြစ်သနည်း။ ယင်းမှာ သင်တို့သည် ဤအရာကို ပေါ့ပေါ့တန်တန် သဘောမထားဖို့အလို့ငှာ၊ ငါ ပြောဆိုပြီးဖြစ်သည့် ဤအကြောင်းအရာများသည် သင်တို့၏ ကိုယ်ပိုင် ကိုယ်ရေးကိုယ်တာ အသက်အတွင်း ဝင်ရောက်ခြင်းနှင့် ဆီလျော်မှု မရှိဟု မှားယွင်းစွာ မယုံကြည်ကြဖို့အလို့ငှာနှင့်၊ သင်တို့အနေဖြင့် ဤအကြောင်းအရာများကို အသိပညာ သို့မဟုတ် အယူဝါဒ အမျိုးအစား တစ်ခုမျှ အဖြစ် သဘောမထားကြစေဖို့အလို့ငှာ ဖြစ်သည်။ သင်သည် ထိုသဘောထားမျိုးဖြင့် ငါ ပြောဆိုနေသည့်အရာကို နားထောင်ပါက၊ အမှုအရာ တစ်ခုကိုမျှ ရရှိလိမ့်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်ကို သိရန်ဖြစ်သော ဤကြီးမားသည့် အခွင့်အရေးကို ဆုံးရှုံးလိမ့်မည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၉)

(၄၆၄) လူသားသည် အရာခပ်သိမ်းတို့ကို အုပ်စိုးသည့် သိပ္ပံပညာနှင့် နိယာမများနှင့်ဆိုင်သော ၎င်း၏ သုတေသနတွင် နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်နိုင်ကောင်း လုပ်ဆောင်နိုင်သော်လည်း၊ ထိုသုတေသနသည် နယ်ပယ်အရ ကန့်သတ်မှုရှိ၏၊ ဘုရားသခင်ကမူ အရာခပ်သိမ်းကို ထိန်းချုပ်လေသည်။ လူသားအတွက်၊ ဘုရားသခင်၏ ထိန်းချုပ်မှုသည် အနန္တဖြစ်၏။ လူတစ်ဦးသည် ဘုရားသခင်၏ အသေးနုပ်ဆုံးသော လုပ်ဆောင်ချက်တစ်ခုကို စစ်မှန်သည့် ရလာဒ်များတစ်ခုတစ်လေ မရရှိဘဲ သုတေသန ပြုခြင်းဖြင့် သူ၏ ဘဝတစ်ခုလုံး ကုန်ဆုံးသွားနိုင်သည်။ ဤသည်မှာ သင့်အနေဖြင့် ဘုရားသခင်ကို လေ့လာရန် အသိပညာနှင့် သင်ယူထားသည့်အရာကို အသုံးပြုပါက၊ သင်သည် ဘုရားသခင်ကို မည်သည့်အခါမျှ သိနိုင်မည်မဟုတ် သို့မဟုတ် နားလည်နိုင်မည် မဟုတ်သည့် အကြောင်းရင်းဖြစ်သည်။ သို့သော် သင်သည် သမ္မာတရားနှင့် ဘုရားသခင်ကို ရှာဖွေသည့်နည်းလမ်းကို ရွေးချယ်ပြီး ဘုရားသခင်ကို သိကျွမ်းလာရန်ဟူသည့် ရှုထောင့်မှ ဘုရားသခင်ကို ကြည့်ပါက ဘုရားသခင်၏ လုပ်ဆောင်မှုများနှင့် ဉာဏ်ပညာသည် နေရာတိုင်းတွင် တစ်ပြိုင်တည်းရှိသည်ဟု တစ်နေ့တွင် သင် သတိပြုမိလိမ့်မည်ဖြစ်ကာ ဘုရားသခင်ကို အရာခပ်သိမ်း၏သခင်နှင့် အရာခပ်သိမ်းအတွက် အရင်းအမြစ်ဟု အဘယ်ကြောင့် ခေါ်ဆိုသည်ကိုလည်း သင်သိလိမ့်မည်။ ထိုသို့သော သိနားလည်မှုကို သင်ရလေ၊ ဘုရားသခင်အား အရာခပ်သိမ်း၏ သခင်ဟု အဘယ်ကြောင့်ခေါ်သည်ကို သင်နားလည်လေဖြစ်မည်။ သင် အပါအဝင် အရာခပ်သိမ်းနှင့် အရာရာတိုင်းသည် ဘုရားသခင်၏ ပုံမှန်စီးဆင်းနေသော ထောက်ပံ့မှုကို စဉ်ဆက်မပြတ်ရရှိနေ၏။ ဤလောကထဲနှင့် ဤလူသားမျိုးနွယ်ကြားတွင် ဘုရားသခင်မှလွဲ၍ အရာခပ်သိမ်း၏ ဖြစ်တည်မှုအပေါ် အုပ်စိုးရန်၊ စီမံခန့်ခွဲရန်နှင့် ထိန်းသိမ်းရန် အစွမ်းအစနှင့် အနှစ်သာရ ရှိနိုင်သူ မရှိသည်ကိုလည်း သင့်အနေဖြင့် ရှင်းလင်းစွာ ခံစားနိုင်လိမ့်မည်။ ဤသိနားလည်မှု တစ်ရပ်သို့ သင်ရောက်ရှိသည့်အခါ၊ ဘုရားသခင်သည် သင်၏ ဘုရားသခင်ဖြစ်ကြောင်းကို စစ်မှန်စွာ သင် သိမှတ်လိမ့်မည်။ ဤအဆင့်ကို သင်ရောက်သောအခါ၊ သင်သည် ဘုရားသခင်ကို စစ်မှန်စွာလက်ခံပြီးဖြစ်လိမ့်မည်ဖြစ်ကာ၊ သူ့ကို သင်၏ဘုရားသခင် နှင့် သင်၏သခင်ဖြစ်ခွင့်ပေးပြီး ဖြစ်လိမ့်မည်။ သင်သည် ထိုသို့သော သိနားလည်မှုတစ်ရပ်ရှိပြီး သင်၏အသက်တာက ထိုသို့သော အဆင့်တစ်ခုသို့ ရောက်ရှိသည့်အခါ၊ သင်သည် ဘုရားသခင်ကို နားလည်လိမ့်မည်၊ သူ၏ စိတ်နှလုံးကို သိလိမ့်မည်ဖြစ်ပြီး သင်၏ စိတ်နှလုံးတွင် ဘုရားသခင်ကို အမှန်တကယ် လက်ခံပြီး ဖြစ်လိမ့်မည်ဖြစ်သောကြောင့် ဘုရားသခင်သည် သင့်ကို နောက်ထပ် စမ်းသပ်ကာ တရားစီရင်တော့မည်မဟုတ်သကဲ့သို့၊ သင့်အပေါ် မည်သည့် တောင်းဆိုမှုမျှ ပြုလိမ့်မည် မဟုတ်တော့ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၈)

(၄၆၅) ဘုရားသခင်ကို သိကျွမ်းရန်မှာ လွယ်ကူသောအရာ မဟုတ်ဟု လူတို့က မကြာခဏ ပြောတတ်ကြသည်။ သို့သော်လည်း ဘုရားသခင်သည် လူသားမြင်တွေ့စေရန် သူ၏လုပ်ဆောင်ချက်များကို မကြာခဏ ပြသသောကြောင့် ဘုရားသခင်ကို သိကျွမ်းခြင်းသည် ခဲယဉ်းသောကိစ္စ လုံးဝမဟုတ်ဟု ငါဆိုသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်နှင့် သူ၏ အပြန်အလှန်ဆွေးနွေးခြင်းကို ဘယ်သောအခါမျှ မရပ်စဲခဲ့ဖူးပေ၊ သူသည် သူ့ကိုယ်သူ လူသားထံမှ ဘယ်သောအခါမျှ မဖုံးကွယ်ဖူးသကဲ့သို့ သူ့ကိုယ်သူလည်း မကွယ်ဝှက်ဖူးပေ။ သူ၏အတွေးများ၊ သူ၏စိတ်ကူးများ၊ သူ၏နှုတ်ကပတ်တော်များနှင့် သူ၏လုပ်ဆောင်ချက်များ အားလုံးကို လူသားမျိုးနွယ် တစ်ရပ်လုံးအား ထုတ်ဖော်ပြသည်။ ထို့ကြောင့် လူသားသည် ဘုရားသခင်ကို သိကျွမ်းရန် ဆန္ဒရှိသရွေ့၊ သူသည် နည်းစနစ်များနှင့် နည်းလမ်းမျိုးစုံဖြင့် ဘုရားသခင်ကို နားလည်သိမြင်လာနိုင်သည်။ ဘုရားသခင်သည် လူသားကို တမင်ရှောင်သည်၊ ဘုရားသခင်သည် လူသားမျိုးနွယ်မှ သူ့ကိုယ်သူ တမင်ဖုံးကွယ်ထားသည်၊ သူ့ကို လူသားနားလည်သိမြင်ရန် ခွင့်ပြုဖို့ ဘုရားသခင်တွင် ရည်ရွယ်ချက်မရှိဟု လူသားသည် မျက်စိစုံမှိတ် ထင်ရသည့်အကြောင်းရင်းမှာ သူသည် ဘုရားသခင် မည်သူဖြစ်သည်ကို မသိသကဲ့သို့ ဘုရားသခင်ကို နားလည်ရန် ဆန္ဒလည်း မရှိသောကြောင့် ဖြစ်သည်။ ထို့ထက်ပို၍ လူသားသည် ဖန်ဆင်းရှင်၏ အတွေးများ၊ နှုတ်ကပတ်တော်များ၊ သို့မဟုတ် လုပ်ဆောင်ချက်များတို့ကို စိတ်မဝင်စားသောကြောင့်ပင် ဖြစ်သည်။...အရင်းအတိုင်းပြောရလျှင် လူတစ်ယောက်က ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များနှင့် လုပ်ဆောင်ချက်များအပေါ် အာရုံစိုက်ပြီး နားလည်ရန် သူ၏အားနေသောအချိန်ကိုသာ အသုံးပြုပါက၊ ဖန်ဆင်းရှင်၏ အတွေးများနှင့် သူ့နှလုံးသား၏ အသံတော်ကို အနည်းငယ်သာ အာရုံစိုက်မှု ပြုမည်ဆိုပါက ဖန်ဆင်းရှင်၏ အတွေးများ၊ နှုတ်ကပတ်တော်များနှင့် လုပ်ဆောင်ချက်များမှာ ထင်ရှားပြီး ပွင့်လင်းမြင်သာကြောင်း ထိုသူအနေဖြင့် သဘောပေါက်ရန် ခဲယဉ်းလိမ့်မည်မဟုတ်ပေ။ အလားတူပင် ဖန်ဆင်းရှင်သည် လူသားအကြားတွင် အမြဲတမ်းရှိနေကြောင်း၊ သူသည် လူသားအပြင် ဖန်ဆင်းခြင်းအလုံးစုံနှင့် အမြဲတမ်း စကားစမြည်ပြောနေကြောင်း၊ ထို့အပြင် သူသည် အမှုသစ်များကို နေ့စဉ်လုပ်ဆောင်နေကြောင်းတို့ကို သဘောပေါက်ရန် အနည်းငယ်သာ အားထုတ်ကြိုးပမ်းရလိမ့်မည်။ သူ၏အနှစ်သာရနှင့် စိတ်သဘောထားတို့ကို လူသားနှင့် အပြန်အလှန်ဆွေးနွေးခြင်းတွင် ဖော်ပြထားသည်၊ သူ၏အတွေးများနှင့် စိတ်ကူးများကို သူ၏လုပ်ဆောင်ချက်များတွင် ပြည့်စုံစွာ ထုတ်ဖော်ထားသည်၊ သူသည် လူသားမျိုးနွယ်နှင့်အတူ အမြဲတမ်းပါရှိပြီး စောင့်ကြည့်နေသည်။ “ငါသည် ကောင်းကင်တွင် တည်ရှိ၏၊ ထို့ပြင် ငါသည် ငါ၏ဖန်ဆင်းရာထဲတွင် တည်ရှိ၏။ ငါသည် အိပ်ဖန်စောင့်ပေးနေသည်၊ ငါသည် စောင့်ဆိုင်းနေသည်၊ ငါသည် သင်၏အပါးတွင် ရှိနေသည်...” ဟု သူသည် လူသားမျိုးနွယ်နှင့် ဖန်ဆင်းရာအားလုံးတို့ကို သူ၏ အသံတိတ်စကားလုံးများဖြင့် ညင်ညင်သာသာ စကားပြောသည်။ သူ၏လက်များမှာ နွေးထွေးပြီး ခွန်အားကြီး၏၊ သူ၏ခြေလှမ်းတို့မှာ ပေါ့ပါး၏၊ သူ၏အသံမှာ သိမ်မွေ့၍ တင့်တယ်ပေ၏၊ သူ၏အသွင်သဏ္ဌာန်မှာ လူသားမျိုးနွယ်အားလုံးကို ပွေ့ဖက်ရင်း ဖြတ်သွားလှည့်ပတ်၏၊ သူ၏မျက်နှာထားမှာ လှပ၍ နူးညံ့သိမ်မွေ့၏။ သူသည် ဘယ်သောအခါမျှ ထွက်ခွာမသွား၊ ပျောက်ကွယ်မသွားဖူးပေ။ သူသည် နေ့ရောညပါ လူသားမျိုးနွယ်ဘေးမှ ထွက်ခွာသွားခြင်း မရှိဘဲ သူတို့၏ အမြဲရှိနေသော အဖော်ပင်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)

(၄၆၆) လူတို့သည် ဘုရားသခင်ကို နားမလည်သကဲ့သို့ သူ၏ စိတ်သဘောထားကို မသိကြသောအခါတွင်၊ ၎င်းတို့၏ စိတ်နှလုံးသည် သူ့ထံ လုံးဝ အမှန်တကယ် ဖွင့်ဟနိုင်မည် မဟုတ်ပေ။ ဘုရားသခင်ကို ၎င်းတို့နားလည်သည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် ဘုရားသခင်၏ စိတ်နှလုံးထဲ၌ ရှိသောအရာကို စတင်တန်ဖိုးထားကာ စိတ်ဝင်စားမှု၊ ယုံကြည်ခြင်းနှင့်အတူ စတင် အရသာခံကြလိမ့်မည်ဖြစ်သည်။ ဘုရားသခင်၏ စိတ်နှလုံးထဲ၌ ရှိသောအရာကို သင်သည် တန်ဖိုးထားပြီး အရသာ ခံသောအခါတွင်၊ သင်၏စိတ်နှလုံးသည် နည်းနည်းချင်း တဖြည်းဖြည်း သူ့ထံ ဖွင့်ဟလိမ့်မည် ဖြစ်သည်။ သင်၏ စိတ်နှလုံးသည် သူ့ထံ ဖွင့်ဟသောအခါတွင်၊ ဘုရားသခင်နှင့် သင်၏ အပြန်အလှန် အချီအချပြောဆိုမှုများ၊ ဘုရားသခင်အပေါ် သင်၏တောင်းဆိုမှုများနှင့် သင်ကိုယ်တိုင်၏ လွန်ကျူးသော ဆန္ဒများက မည်မျှရှက်ဖွယ်ကောင်းပြီး မည်မျှ စက်ဆုပ်ဖွယ် ဖြစ်သည်ကို သင်ခံစားရလိမ့်မည်။ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ထံ အမှန်တကယ် ဖွင့်ဟသောအခါတွင်၊ သူ၏ နှလုံးသားသည် ထိုသို့ အဆုံးအစမရှိသော လောကတစ်ခု ဖြစ်သည်ကို သင် မြင်ရလိမ့်မည်ဖြစ်ပြီး၊ ယခင်က သင် လုံးဝ မတွေ့ကြုံဖူးသော နယ်ပယ်ထဲသို့ ဝင်ရောက်လိမ့်မည်။ ဤနယ်ပယ်ထဲတွင် လှည့်စားခြင်းမရှိ၊ လှည့်ဖြားခြင်းမရှိ၊ မှောင်မိုက်ခြင်းမရှိသကဲ့သို့ ဆိုးယုတ်ခြင်း မရှိပေ။ ရိုးသား စစ်မှန်ခြင်းနှင့် သစ္စာစောင့်သိခြင်းသာရှိသည်။ အလင်းနှင့် ရိုးသားဖြောင့်မတ်ခြင်းသာ ရှိသည်။ ဖြောင့်မတ်ခြင်းနှင့် ကြင်နာခြင်းတို့သာ ရှိသည်။ ချစ်ခြင်းနှင့် ဂရုစိုက်မှုတို့ဖြင့် ပြည့်နေသည်၊ သနားကရုဏာနှင့် သည်းခံခြင်းတို့ဖြင့် ပြည့်နေသည်၊ ပြီးလျှင် ထိုမှတစ်ဆင့် သင်သည် အသက်ရှင် ရခြင်း၏ ပျော်ရွှင်မှုနှင့် ဝမ်းမြောက်မှုကို ခံစားရသည်။ ဤအရာတို့သည် ဘုရားသခင်ထံသို့ သင်၏ စိတ်နှလုံးကို ဖွင့်ဟသောအခါ၌၊ သင့်ကို ဘုရားသခင် ထုတ်ဖော်ပြသည့် အရာများ ဖြစ်သည်။ အဆုံးမရှိသော ဤကမ္ဘာလောကသည် ဘုရားသခင်၏ ဉာဏ်ပညာနှင့် အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်းတို့ဖြင့် ပြည့်နေသည်။ ယင်းသည် သူ၏ချစ်ခြင်းနှင့် သူ၏ ဩဇာအာဏာတို့ဖြင့်လည်း ပြည့်လေသည်။ ဤနေရာတွင် သင်သည် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း၏ ရှုထောင့်တိုင်း၊ သူ့ကို ဘယ်အရာက ဝမ်းမြောက်စေသည်၊ အဘယ်ကြောင့် သူ စိုးရိမ်ပူပန်ပြီး အဘယ်ကြောင့် သူ ဝမ်းနည်းလာသည်၊ အဘယ်ကြောင့် သူ စိတ်ဆိုးလာသည် စသည်တို့ကို သင်မြင်နိုင်သည်။ ဤသည်မှာ မိမိတို့၏စိတ်နှလုံးကို ဖွင့်ဟပြီး ဘုရားသခင်ကို ဝင်ခွင့်ပေးသော လူ တစ်ဦးစီတိုင်းက မြင်နိုင်သောအရာ ဖြစ်သည်။ သင်သည် သင်၏ စိတ်နှလုံးကို သူ့အား ဖွင့်ဟပေးမှသာ ဘုရားသခင်သည် သင့်စိတ်နှလုံးထဲသို့ ဝင်လာနိုင်ပေသည်။ သူသည် သင့်စိတ်နှလုံးထဲကို ဝင်ရောက်လာမှသာ၊ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို သင်မြင်နိုင်ပြီး သင့်အတွက် သူ၏ရည်ရွယ်ချက်များကို သင်မြင်နိုင်သည်။ ထိုအချိန်တွင် ဘုရားသခင်နှင့်ပတ်သက်သော အရာတိုင်းသည် အလွန် တန်ဖိုးရှိသည်၊ သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းသည် အလွန် တန်ဖိုးထားထိုက်သည်ကို သင်တွေ့ရှိလာလိမ့်မည်။ ယင်းနှင့် နှိုင်းယှဉ်ပါက၊ သင်၏ အနီးအနားရှိ လူများ၊ သင့်ဘဝထဲက အရာဝတ္ထုနှင့် အဖြစ်အပျက်များ၊ ပြီးလျှင် သင်၏ ချစ်ခင်ရသောသူများ၊ သင်၏ အဖော်နှင့် သင် နှစ်သက်သော အရာများပင်လျှင် ထုတ်ဖော်ပြောရန် မထိုက်တန်ပေ။ ထိုအရာများသည် အလွန်သေးငယ်ပြီး အလွန်နိမ့်ကျသည်။ မည်သည့်ရုပ်ဝတ္ထုပစ္စည်းများမျှ သင့်ကို တစ်ဖန် ဆွဲဆောင်နိုင်မည် မဟုတ်၊ သို့မဟုတ် မည်သည့်ရုပ်ဝတ္ထုပစ္စည်းကမျှ ယင်းအတွက် အဖိုးအခကို ပေးဆပ်စေရန် သင့်ကို တစ်ဖန် ဖြားယောင်းနိုင်မည် မဟုတ်ဟု သင်ခံစားရလိမ့်မည်။ ဘုရားသခင်၏ နှိမ့်ချခြင်းတွင် သူ၏ကြီးမြတ်မှုနှင့် သူ၏ သာလွန်မှုကို သင်မြင်ရလိမ့်မည်။ ထို့အပြင် ယခင်က အတော်အတန် သေးငယ်သည်ဟု သင်ယုံကြည်ခဲ့သည့် ဘုရားသခင်၏ လုပ်ဆောင်ချက်အချို့တွင် သူ၏အဆုံးမရှိသော ဉာဏ်ပညာနှင့် သူ၏သည်းခံခြင်းကို သင် မြင်ရလိမ့်မည်ဖြစ်ပြီး၊ သူ၏ စိတ်ရှည်မှု၊ သူ၏ သည်းခံမှုနှင့် သင့်အပေါ် သူ၏နားလည်မှုတို့ကို သင်မြင်ရလိမ့်မည်။ ဤအရာက သင့်အထဲတွင် သူ့အတွက် ကြည်ညိုမှုတစ်ခု ဖြစ်ပေါ်စေလိမ့်မည်။ ထိုနေ့တွင် လူသားမျိုးနွယ်သည် အင်မတန် ညစ်ညမ်းနေသော ကမ္ဘာလောကတစ်ခု၌ အသက်ရှင်နေသည်၊ သင့် နံဘေးရှိလူများနှင့် သင့်ဘဝ၌ ဖြစ်ပျက်သောအရာများ၊ ပြီးလျှင် သင်ချစ်သောသူများ၊ သင့်အတွက် ၎င်းတို့၏ချစ်ခြင်းမေတ္တာနှင့် ၎င်းတို့၏ ကွယ်ကာမှုဟု ခေါ်သောအရာများ၊ သို့မဟုတ် သင့်အတွက် ၎င်းတို့၏ ပူပန်မှုများပင်လျှင် ဖော်ပြရန် မထိုက်- ဘုရားသခင်သာ သင်ချစ်ခင်မြတ်နိုးရသောသူဖြစ်ပြီး သင် တန်ဖိုးအထားဆုံးက ဘုရားသခင်သာဖြစ်သည်ကို သင် ခံစားရပါလိမ့်မည်။ ထိုနေ့ရောက်လာသောအခါတွင်- ဘုရားသခင်၏ ချစ်ခြင်းသည် အလွန်ကြီးမြတ်ပြီး၊ သူ၏ အနှစ်သာရသည် အလွန်သန့်ရှင်းသည်- ဘုရားသခင်၌ လှည့်စားခြင်း မရှိ၊ ဆိုးယုတ်ခြင်း မရှိ၊ မနာလိုခြင်း မရှိသကဲ့သို့၊ ခိုက်ရန်ဖြစ်ခြင်း မရှိဘဲ၊ ဖြောင့်မတ်ခြင်းနှင့် စစ်မှန်ခြင်းသာရှိပြီး ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းဖြစ်သော အရာရာတိုင်းကို လူသားတို့ တောင့်တသင့်ပေသည် ဟု ပြောသည့် လူအချို့ ရှိလိမ့်မည်ဟု ငါယုံကြည်သည်။ လူသားတို့သည် ယင်းအတွက် ကြိုးပမ်းသင့်ပြီး ဆန္ဒပြင်းပြသင့်ပေသည်။ ဤအရာကို စွမ်းဆောင်ရရှိဖို့ လူသားမျိုးနွယ်၏ အရည်အချင်းသည် မည်သည့်အခြေခံ အကြောင်းရင်းပေါ်တွင် တည်ဆောက်ထားသနည်း။ ယင်းသည် ဘုရားသခင်၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် ၎င်းတို့၏ နားလည်မှု အခြေခံအကြောင်းရင်းနှင့် ဘုရားသခင်၏ အနှစ်သာရနှင့် သက်ဆိုင်သည့် ၎င်းတို့၏ သိနားလည်မှုအပေါ်တွင် တည်ဆောက် ထားပေသည်။ ထို့ကြောင့် ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းကို နားလည်ခြင်းသည် လူတိုင်း အတွက် ရာသက်ပန် သင်ခန်းစာတစ်ခု ဖြစ်သည်။ ဤသည်မှာ မိမိတို့၏ စိတ်သဘောထားကို ပြောင်းလဲရန် ကြိုးပမ်းပြီး၊ ဘုရားသခင်ကို သိရန် ကြိုးပမ်းသောသူတိုင်း အားထုတ်သည့် ရာသက်ပန် ရည်မှန်းချက်တစ်ခု ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)

(၄၆၇) ဘုရားသခင်ကိုယ်တော်တိုင်က ဘုရားသခင်ကိုယ်တော်တိုင်ပင်ဖြစ်သည်။ သူသည် ဖန်ဆင်းခြင်းအစိတ်အပိုင်းတစ်ခု ဘယ်တော့မျှ ဖြစ်လာမည် မဟုတ်ပေ။ သူ့အနေဖြင့် ဖန်ဆင်းခံသတ္တဝါဝင်တစ်ဦး ဖြစ်လာလျှင်ပင် သူ၏ရှိရင်းစွဲစိတ်သဘောထားနှင့် အနှစ်သာရသည် ပြောင်းလဲမည်မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်ကို သိခြင်းက အရာဝတ္ထုတစ်ခုကို သိခြင်းနှင့် မတူပေ။ ဘုရားသခင်ကို သိခြင်းသည် တစ်ခုခုကို ခွဲခြမ်းစိတ်ဖြာလေ့လာခြင်း မဟုတ်သကဲ့သို့ လူတစ်ယောက်ကို နားလည်ခြင်းအဖြစ်နှင့်လည်း မတူညီပေ။ အကယ်၍ လူသားသည် အရာဝတ္ထုတစ်ခုကိုသိဖို့၊ သို့မဟုတ် လူတစ်ယောက်ကို နားလည်ဖို့အတွက်သုံးသည့် သူ၏အယူအဆ၊ သို့တည်းမဟုတ် နည်းလမ်းကို ဘုရားသခင်ကို သိဖို့ရန် အသုံးပြုလျှင် သင်သည် ဘုရားသခင်၏အကြောင်းကို ဘယ်တော့မျှ သိနိုင်မည်မဟုတ်ပေ။ ဘုရားသခင်ကိုသိခြင်းက အတွေ့အကြုံ၊ သို့မဟုတ် စိတ်ကူးထင်မြင်ခြင်းအပေါ်မှာ အမှီမပြုပေ။ ထို့ကြောင့် သင်သည် သင်၏အတွေ့အကြုံ၊ သို့မဟုတ် စိတ်ကူးထင်မြင်မှုကို ဘုရားသခင်အပေါ် ဘယ်တော့မျှ သတ်မှတ်ခြင်း မပြုရပေ။ သင်၏အတွေ့အကြုံနှင့် စိတ်ကူးထင်မြင်မှုတို့က မည်မျှပင်ကြွယ်ဝနေပါစေ ၎င်းတို့က အကန့်အသတ်ရှိသည်။ ထို့အပြင် သင်၏စိတ်ကူးထင်မြင်မှုက သမ္မာတရားနှင့် ကိုက်ညီရန် မဆိုထားနှင့်၊ အချက်အလက်များနှင့်ပင် ကိုက်ညီခြင်း မရှိပေ။ ၎င်းက ဘုရားသခင်၏ စိတ်သဘောထားအမှန်အပြင် အနှစ်သာရအမှန်တို့နှင့်လည်း သဟဇာတမဖြစ်ပေ။ ဘုရားသခင်၏ အနှစ်သာရကို နားလည်ဖို့ရန် သင်၏စိတ်ကူးထင်မြင်မှုကို အမှီပြုလျှင် သင်ဘယ်တော့မျှ အောင်မြင်မည်မဟုတ်ပေ။ တစ်ခုတည်းသော လမ်းကြောင်းမှာ ဤသို့ဖြစ်သည်- ဘုရားသခင်ထံမှလာသည့် အရာအားလုံးကို လက်ခံလော့၊ ထို့နောက် ၎င်းကို တဖြည်းဖြည်းနှင့် တွေ့ကြုံခံစားပြီး နားလည်လော့။ သင်၏ပူးပေါင်းလုပ်ဆောင်မှုကြောင့်၊ သမ္မာတရားအပေါ် သင်၏ငတ်မွတ်ဆာလောင်မှုကြောင့် ဘုရားသခင်သည် သူ့ကိုအမှန်တကယ်နားလည်ပြီး သိဖို့ရန် သင့်ကို ဉာဏ်အလင်းဖွင့်ပြသည့်နေ့ ရောက်လာလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)

(၄၆၈) “ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်း” နှင့် ဘုရားသခင်ကို သိခြင်းတို့သည် မြောက်မြားစွာသော ကြိုးမျှင်တို့ဖြင့် ခွဲ၍မရနိုင်အောင် ချိတ်ဆက်နေပြီး ၎င်းတို့အကြား ဆက်နွှယ်မှုမှာ ပကတိအတိုင်း ရှင်းနေပြီးဖြစ်သည်။ အကယ်၍ တစ်ဦးတစ်ယောက်အနေဖြင့် မကောင်းသော အကျင့်ကို ရှောင်ခြင်းအား ရရှိလိုပါက ဦးစွာပထမ ထိုသူ၌ ဘုရားသခင်ကို စစ်မှန်သော ကြောက်ရွံ့မှု ရှိရမည်။ အကယ်၍ တစ်ဦးတစ်ယောက်အနေဖြင့် ဘုရားသခင်ကို စစ်မှန်သော ကြောက်ရွံ့ခြင်း ရရှိလိုပါက ဦးစွာပထမ ထိုသူ၌ ဘုရားသခင်နှင့်ဆိုင်သည့် စစ်မှန်သော အသိပညာရှိရမည်။ အကယ်၍ တစ်ဦးတစ်ယောက်အနေဖြင့် ဘုရားသခင်နှင့်ဆိုင်သည့် စစ်မှန်သော အသိပညာ ရရှိလိုပါက ဦးစွာပထမ ထိုသူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံရမည်၊ ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ရမည်၊ ဘုရားသခင်၏ ရိုက်နှက်ဆုံးမခြင်းနှင့် ပဲ့ပြင်ခြင်း၊ သူ၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို တွေ့ကြုံရမည် ဖြစ်သည်။ အကယ်၍ တစ်ဦးတစ်ယောက်အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံလိုပါက ဦးစွာပထမ ထိုသူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် တေ့တေ့ဆိုင်ဆိုင် ဆုံရမည်၊ ဘုရားသခင်နှင့် မျက်နှာချင်းဆိုင် ဆုံရမည်ဖြစ်ပြီး၊ လူများ၊ အဖြစ်အပျက်များနှင့် အရာဝတ္ထုများပါဝင်သော ပတ်ဝန်းကျင်မျိုးစုံ ပုံစံဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းငှာ အခွင့်အရေးများပေးပါရန် ဘုရားသခင်အား တောင်းလျှောက်ရပေမည်။ အကယ်၍ တစ်ဦးတစ်ယောက်အနေဖြင့် ဘုရားသခင်နှင့်၊ ထို့ပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် တေ့တေ့ဆိုင်ဆိုင် ဆုံချင်ပါက ဦးစွာပထမ ထိုသူသည် ရိုးစင်းကာ ရိုးသားသော နှလုံးသား၊ သမ္မာတရားကို လက်ခံရန် အဆင်သင့်ဖြစ်မှု၊ ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံလိုသည့် စိတ်ဆန္ဒ၊ မကောင်းသောအကျင့်ကို ရှောင်ရန် ဆုံးဖြတ်ချက်နှင့် သတ္တိ၊ စစ်မှန်သော ဖန်ဆင်းခံတစ်ဦး ဖြစ်လာရန် ပြင်းပြသည့် ဆန္ဒတို့ကို ပိုင်ဆိုင်ထားရမည်။...ဤနည်းအားဖြင့် ရှေ့သို့ တစ်လှမ်းချင်း လှမ်းခြင်းဖြင့် သင်သည် ဘုရားသခင်ထံ သာ၍ တိုးဝင်ချဉ်းကပ်လာလိမ့်မည်၊ သင့်နှလုံးသားသည် ပို၍သန့်စင်လာလိမ့်မည်ဖြစ်ပြီး သင့်အသက်တာနှင့် ရှင်သန်ခြင်းတန်ဖိုးတို့သည် ဘုရားသခင်နှင့်ဆိုင်သည့် သင်၏အသိ နောက်ပိုင်းတွင် တိုး၍ အဓိပ္ပာယ်ရှိမည်ဖြစ်ကာ ပို၍ပင် တောက်ပ အရောင်လက်လာလိမ့်မည်။ တစ်နေ့၊ ဖန်ဆင်းရှင်မှာ ပဟေဠိမဟုတ်တော့ကြောင်း၊ ဖန်ဆင်းရှင်သည် သင့်ထံမှ မည်သည့်အခါမျှ ပုန်းကွယ်မနေခဲ့ကြောင်း၊ ဖန်ဆင်းရှင်သည် သူ့မျက်နှာအား သင့်ထံမှ မည်သည့်အခါမျှ ဖုံးကွယ်မထားကြောင်း၊ ဖန်ဆင်းရှင်သည် သင်နှင့် လုံးဝ မဝေးကွာကြောင်း၊ ဖန်ဆင်းရှင်သည် သင့်အတွေးများထဲတွင် စဉ်ဆက်မပြတ် တမ်းတသော်လည်း သင့်ခံစားချက်များဖြင့် လက်လှမ်းမမီနိုင်သည့်သူ မဟုတ်တော့ကြောင်း၊ သင့်အသက်တာကို ပံ့ပိုးပေးရင်း၊ သင်၏ကံကြမ္မာကို ထိန်းချုပ်ပေးရင်း သူသည် သင်၏လက်ဝဲနှင့် လက်ျာနှစ်ဖက်ကို ဧကန်စင်စစ်စောင့်ရှောက်နေကြောင်း သင်ခံစားလာရလိမ့်မည်။ သူသည် ဝေးလံလှသော မိုးကုပ်စက်ဝိုင်းတွင် ရှိနေသည်မဟုတ်သကဲ့သို့ မိမိကိုယ်ကို တိမ်တောင်မြင့်မြင့်ကြားတွင် ဝှက်ထားသည်လည်း မဟုတ်ပေ။ သူသည် သင်၏အရာအားလုံးကို ဦးဆောင်လျက် သင့်နံဘေးတွင် ရှိနေသည်။ သူသည် သင်၌ရှိသမျှ အရာခပ်သိမ်းဖြစ်ပြီး သင်၌ရှိသည့် တစ်ခုတည်းသောအရာ ဖြစ်သည်။ ထိုကဲ့သို့သော ဘုရားသခင်သည် သင့်စိတ်နှလုံးဖြင့် သူ့ကိုချစ်ခွင့်၊ သူ့ကို ဖက်တွယ်ခွင့်၊ သူ့ကို နီးကပ်စွာ ဆုပ်ကိုင်ခွင့်၊ သူ့ကို ကြည်ညိုခွင့်၊ သူ့ကို ဆုံးရှုံးရမည်အား ကြောက်ရွံ့ခွင့်တို့ကို ပေးပြီး သူ့ကို စွန့်ခွာရန်၊ သူ့ကို မနာခံရန်၊ သူ့ကို ရှောင်ဖယ်ရန်၊ သို့မဟုတ် သူ့ကို ခပ်ဝေးဝေးတွင်ထားရန် မလိုမလား ဖြစ်စေသည်။ သူ့ကို အရေးစိုက်ရန်၊ နာခံရန်၊ သင့်ကို သူပေးသမျှအား တုံ့ပြန်ရန်နှင့် သူ၏အုပ်စိုးမှုကို ကျိုးနွံနာခံရန်သာ သင်လိုချင်တော့သည်။ သင်သည် သူ၏လမ်းညွှန်မှု၊ ပံ့ပိုးမှု၊ စောင့်ကြည့်မှုနှင့် ကာကွယ်စောင့်ရှောက်မှုတို့ကို ခံယူရန် မငြင်းပယ်တော့သကဲ့သို့၊ သင့်အတွက် သူဆုံးဖြတ်ပေးပြီး ဘိသိက်ပေးသည့် အရာတို့ကိုလည်း သင်မငြင်းပယ်တော့ပေ။ သူ့နောက်လိုက်ရန်၊ သူ၏အဖော်ပြုခြင်း၌ သူ၏အနီးအနားတွင် နေရန်သာ သင်လိုချင်၏၊ သူ့ကို သင်၏ တစ်ခုတည်းသော အသက်အဖြစ် လက်ခံရန်၊ သင်၏ တစ်ဦးတည်းသော သခင်၊ တစ်ဦးတည်းသော ဘုရားသခင်အဖြစ် လက်ခံရန်သာ သင်လိုချင်လေတော့သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ကျမ်းဦးစကား

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာသားတွင် “ဘုရားသခင်ကိုသိကျွမ်းခြင်းအမှု။”

အရှေ့သို့- (ည) ဘုရားသခင်ကို ချစ်ခြင်းအား လိုက်စားပုံနှင့် ပတ်သက်၍

နောက်တစ်ခုသို့- (ဌ) ဘုရားသခင်ကို အစေခံပုံ၊ သူ့ကို သက်သေခံပုံတို့နှင့် ပတ်သက်၍

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။